http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ငြိမ်းချမ်းရေးအတွက် သုံးစွဲနေသော ငွေကြေးများ ပွင့်လင်းမြင်သာမှုရှိရန်

Sunday, March 17, 2013
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးလျက်ရှိနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် သုံးစွဲနေသော ငွေကြေးများ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်အချို့နှင့် နိုင်ငံရေးလေ့လာသူများကဝေဖန်ထောက်ပြပြောဆိုခဲ့ပါသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းထားသည့် Myanmar Peace Center (MPC) မှ အဓိကထားလုပ်ဆောင်နေပြီး အဆိုပါအဖွဲ့ကို နော်ဝေနှင့် ဥရောပသမဂ္ဂ (EU) တို့မှ ငွေကြေးထောက်ပံ့မှုများ ပေးအပ်ထားသည်။

လက်ရှိ အခြေအနေများအရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်နိုင်ငံတော်မှ ငွေကြေးစိုက်ထုတ် သုံးစွဲခြင်းထက် နိုင်ငံတကာ အလှူရှင်များ၏ ထောက်ပံ့မှုအပေါ် ရပ်တည်၍ လုပ်ဆောင်နေခြင်းဖြစ်သဖြင့် ငွေကြေးသုံးစွဲမှု အပိုင်းတွင် ပွင့်လင်းမြင်သာမှု မရှိပါကနောင်တွင်အရှုပ်အရှင်း ဖြစ်လာနိုင်ကြောင်း နိုင်ငံရေး ဆောင်းပါးများရေးသားနေသူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါသည်။

"ကျွန်တော့်အမြင်ကတော့၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အစိုးရကပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ကို ဖွဲ့စည်းပြီး လုပ်နေတာဖြစ်တဲ့အတွက် အတိမ်းအစောင်း အမှားအယွင်း ရှိခဲ့ရင် အစိုးရမှာလည်း တာဝန်ရှိမှာပါ။ အဓိကကတော့ ငွေရေးကြေးရေးအပိုင်း ပွင့်လင်းမြင်သာမှုက အရေးကြီးတယ်လို့ မြင်ပါတယ်။ နော်ဝေ၊ အီးယူနဲ့ အခြားနိုင်ငံတွေက ငြိမ်းချမ်းရေးအတွက် ငွေကြေးအထောက်အပံ့ပေးတယ်ဆိုရင် Myanmar Peace Center ကို ပေးတာမဟုတ်သလို၊ အစိုးရကဖွဲ့တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ကိုလည်း ပေးတာ မဟုတ်ပါဘူး။ တကယ်တော့ တိုင်းပြည်နဲ့ ပြည်သူကို ပေးတာပါ။ တိုင်းပြည်နဲ့ ပြည်သူကိုယ်စား၊ အစိုးရက ဖွဲ့တဲ့အဖွဲ့၊ ဒါမှမဟုတ်အခြား အဖွဲ့အစည်းတွေက အဲဒီငွေကြေးတွေကို ရယူသုံးစွဲတာပါ။ သူတို့အနေနဲ့ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် ရငွေ၊ သုံးငွေစာရင်း ရှင်းဖို့လိုတယ်။ အများပြည်သူသိအောင် ပိုချပြဖို့ လိုတယ်။ အဲဒီလို မလုပ်နိုင်ဘူးဆိုရင် ရှေ့လျှောက်ရှင်းရမယ့် အရှုပ်တွေ ပိုများလာမယ် ထင်ပါတယ်" ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အဓိကကူညီနေသည့် အဖွဲ့အစည်းများမှာ နော်ဝေမှ ဦးဆောင်ဖွဲ့စည်းခဲ့သော Peace Donor Support Group (PDSG)၊ Myanmar Peace Support Initiative (MPSI) အဖွဲ့တို့ဖြစ်ကြပြီးဂျပန် နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းကလည်း တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ထောက်ပံ့ကူညီမှုများ လုပ်ဆောင်လျက် ရှိသည်။

Peace Donor Support Group (PDSG) အဖွဲ့ကို နော်ဝေနိုင်ငံမှ ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုအဖွဲ့တွင် သြစတြေးလျ၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်တို့ ပါဝင်ခဲ့ကာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ထောက်ပံ့မည်ဟု ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ကတိပြု ပြောဆို ထားပါသည်။ နော်ဝေနိုင်ငံကပင် ဦးဆောင်ဖွဲ့စည်းထားသော Myanmar Peace Support Initiative (MPSI) အဖွဲ့အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် ထောက်ပံ့ရန် စီစဉ်ထားကြောင်း ၂၀၁၂ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့သော သတင်းများအရ သိရသည်။

နီပွန်ဖောင်ဒေးရှင်းသည် Myanmar Peace Center (MPC) ၏ အကူအညီဖြင့် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များအတွက် ၂၀၁၂ ခုနှစ် တစ်နှစ်တည်းမှာပင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့အပြင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သို့လည်း ကူညီမှုများပြုလုပ်ထားပါသည်။

"အခုလောလောဆယ်ပေါ့။ ကျွန်တော်တို့ UNFC နဲ့ နီပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်ဖို့ လက်မှတ်ထိုးထားတာ ရှိတယ်။ ဒီအဖွဲ့က အစည်းအဝေးတွေ၊ ခရီးစဉ်တွေ၊ တိုင်ပင်နှီးနှောတာတွေတော့ အကူအညီ ပေးပါတယ်။ သူ့နိုင်ငံမှာ ခေါ်ယူပြီး အစည်းအဝေးတွေ လုပ်ပေးတာတွေ ရှိပါတယ်။ သို့သော် နော်ဝေတို့၊ ဥရောပ အထောက် အပံ့တွေကတော့ Myanmar Peace Center ကို အဓိကထားပြီး သွားတယ်လို့ သိရတယ်။ ထူးဆန်းတာက နေပြည်တော်အစိုးရဘက်က တစ်ပြားမှ မထုတ်ဘူး။ သူ့ရဲ့ ဘတ်ဂျက်တစ်ခုလုံးမှာ ငြိမ်းချမ်းရေး လုပ်ငန်းအတွက် ဘတ်ဂျက်ဘယ်လောက် လျာထားတယ်ဆိုတာ မရှိဘူး။ ဒါကို သူတို့ကိုယ်တိုင်လည်း ၀န်ခံတယ်" ဟု UNFC ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဥက္ကဋ္ဌဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြောသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ပထမပတ်အတွင်းက ပြုလုပ်ခဲ့သော MPC ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည့် EU ဥက္ကဋ္ဌ José Manuel Barroso က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် MPC သို့ ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ ၉ သိန်း ထောက်ပံ့ထားပြီး၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၅ သန်း ထောက်ပံ့မည်ဟု ကတိပြုခဲ့သည်။

"လက်ရှိအချိန်မှာတော့ ဒီအဖွဲ့ရဲ့ ငွေကြေးသုံးစွဲမှု အခြေအနေတွေက ပွင့်လင်းမြင်သာမှု မရှိသေးဘူးလို့ပဲ ပြောရမှာပေါ့။ ထုတ်ပြန်မှုတွေတော့ လုပ်သင့်ပါတယ်။ အသေးစိတ် မဟုတ်တောင် အကြမ်းဖျင်း ထုတ်ပြန်တာမျိုးတွေ ရှိသင့်ပါတယ်" ဟု ဧရာဝတီသတင်းဌာနမြန်မာနိုင်ငံရုံးခွဲ တာဝန်ခံ ကိုရဲနည်က ပြောပါသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့်လည်း MPC ၏ လုပ်ဆောင်မှုများကို လေ့လာစောင့်ကြည့်နေကြောင်းနှင့် ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်ပြီး ရှင်းလင်းမှု ရှိထားပါက ပိုကောင်းမည်ဟု ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးမိုးစိုင်းလက ပြောသည်။

"ကျွန်တော်တို့လည်း ဒီအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို လေ့လာစောင့်ကြည့် နေတယ်။ ငွေကြေးပိုင်းကိုတော့ ရှင်းရှင်းလင်းလင်း လုပ်ထားသင့်တယ်။ အဲဒါတွေ လုပ်ထားရင်တော့ ကောင်းတာပေါ့။ မဟုတ်ရင် နောင်တစ်ချိန်မှာ ဒီငွေကြေးတွေကို ခုတုံးလုပ်ပြီး သုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ဖြစ်ကောင်း၊ ဖြစ်လာနိုင်တယ်" ဟု ဦးမိုးစိုင်းလက ပြောသည်။

"ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်သွားရင်တော့ ဘာမှ မဖြစ်နိုင်ပေမဲ့ မအောင်မြင်ဘူးဆိုရင် အဲဒါကို အကြောင်းပြုပြီး အောက်ခြေမှာ အရှုပ်အရှင်းတွေ ရှိလာနိုင်တယ်" ဟု ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) အနေဖြင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့ တွေ့ဆုံနိုင်ရန်အတွက် ခုနစ်ကြိမ်ခန့် ဖန်တီးပေးခဲ့ပြီး ထိုသို့ ဖန်တီးမှုများအတွက် ငွေကျပ် သိန်းနှစ်ထောင်ကျော် သုံးစွဲခဲ့ကြောင်း၊ ယင်းငွေကြေးများကို PCG အဖွဲ့ဝင်များက စိုက်ထုတ်ခဲ့ခြင်းဖြစ်ကာ အစိုးရ၊ KIO နှင့် ပြည်သူများထံမှ မည်သည့်ငွေကြေးမျှ ရယူခဲ့ခြင်းမရှိဟု ဦးလမိုင်ဂွမ်ဂျာက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက MPC အဖွဲ့ဝင် ဒါရိုက်တာတစ်ဦးက တစ်လလျှင် လစာငွေ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ဖြင့် တစ်နှစ်စာအတွက် အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ ပေးရန် တောင်းခံခဲ့သည်ဆိုသော သတင်းများ Facebook ၌ ပျံ့နှံ့ခဲ့ပြီး ထိုသတင်း မှန်ကန်မှုမရှိကြောင်း ကာယကံရှင်က ငြင်းဆိုခဲ့သည်။ သို့သော် ထိုအချိန်မှစတင်ပြီး MPC ၏ ဖွဲ့စည်းပုံနှင့် ၀န်ထမ်းများအတွက် အသုံးပြုသော အသုံးစရိတ်များအပေါ် မေးခွန်းထုတ်မှုများ ပေါ်ပေါက်ခဲ့ပါသည်။

စတင်တည်ထောင်ချိန်မှ စတင်ပြီး လက်ရှိအချိန်အထိ MPC မှ ရရှိခဲ့သောနိုင်ငံတကာ ထောက်ပံ့ကြေးငွေ မည်မျှရှိကြောင်းနှင့် ၀န်ထမ်းအသုံးစရိတ်များအပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အသုံးစရိတ်များ မည်မျှရှိမည်ဆိုသည်ကို MPC အုပ်ချုပ်ရေးပိုင်းကို မေးမြန်းခဲ့သော်လည်း ၎င်းတို့အနေဖြင့် တရားဝင်ဖြေကြားရန် အစီအစဉ်မရှိကြောင်းပြန်လည်ဖြေကြားခဲ့သည်။

"ကျွန်တော်တို့က ရုံးလုပ်ငန်းပဲ လုပ်တာဆိုတော့ သတင်းထုတ်ပြန်မှု အားလုံးက သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကပဲ ပြောခွင့်ရှိတယ်ဗျ။ ကျွန်တော်တို့ကို ပြောခွင့်ပေးမထားပါဘူး။ နိုင်ငံတော်ကလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာအားလုံးကို သမ္မတရုံးကနေ လုပ်တဲ့အတွက် ကျွန်တော်တို့ တစ်ဦးချင်းစီအနေနဲ့ ပြောပြခွင့်မရှိပါဘူး" ဟု MPC ၏ အုပ်ချုပ်ရေးတာဝန်ခံ ဦးကျော်စိုးလှိုင်က ပြောသည်။

MPC ၏ ထောက်ပံ့ငွေကြေး ရရှိမှု၊ လည်ပတ်သုံးစွဲငွေ အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ထံ မေးမြန်းခဲ့သော်လည်း ခရီးလွန်နေသဖြင့် ပြန်လည်ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။ အခြားတစ်ဖက်တွင်လည်း MPC ၏ ရပ်တည်မှုနှင့် ပတ်သက်၍မေးခွန်းထုတ်စရာများ ရှိနေကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်သည်။

"သူတို့ရဲ့ တရားဝင်မှုက တစ်ဝက်တစ်ပျက်ပဲ။ တိုင်းပြည်တစ်ပြည်ရဲ့ တရားဝင်လမ်းကြောင်းပြောရင် လွှတ်တော်ကို ဖြတ်ရတယ်။ စုံစမ်းရေး ကော်မရှင်တစ်ခု၊ ဘာလေးပဲ ဖွဲ့ဖွဲ့၊ အစိုးရကဖွဲ့တဲ့ကော်မရှင်တစ်ရပ်က အစုအဖွဲ့တစ်ရပ်က သူ့ရဲ့လုပ်ပိုင်ခွင့်နဲ့လွှတ်တော်ကို တင်တယ်။ ပြဋ္ဌာန်းဥပဒေနဲ့ တင်တယ်။ လွှတ်တော်က အတည်ပြုလိုက်ရင်တော့ ပိုခိုင်မာတာပေါ့။ အခု MPC ကိုကျတော့ သမ္မတကြီးရဲ့ အထူးဒီဂရီပေါ့။ အထူးအမိန့်နဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ ပထမပိုင်းလောက်မှာ သူက အကျိုးဆောင် ကြားနေ၊ ဟိုဘက်လည်း မပါဘူး။ ဒီဖက်လည်း မပါဘူး။ အဲဒီ role ကို ပြတယ်။ ဒါပေမဲ့ လုပ်ရင်းလုပ်ရင်းနဲ့ မပြနိုင်တော့ဘူး။ ဘက်တစ်ဘက်ကို ပါသွားတယ်။ ပါသွားတော့ အခု MPC ဆိုရင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်အဖြစ် ထည့်လိုက်တယ်။အရင်ကတော့ ကြားမှာနေသလို လုပ်တယ်။ အခုတော့ ရှင်းသွားပြီ" ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် KIO တို့၏ ဆွေးနွေးပွဲတွင်ဆွေးနွေးပွဲအတွက် ကုန်ကျစရိတ်၊ နေရာထိုင်ခင်း စိုက်ထုတ်ပြီး စီစဉ်ပေးခဲ့သည့် တရုတ်နိုင်ငံက ကြားဝင်စွက်ဖက်မှုများ ရှိခဲ့သဖြင့် နိုင်ငံတကာ အထောက်အပံ့များဖြင့် လုပ်ဆောင်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြားသူများ ၀င်ရောက်စွက်ဖက်မှု ရှိလာနိုင်ကြောင်း သုံးသပ်မှုများ ရှိခဲ့ပါသည်။

"ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အစိုးရဘတ်ဂျက်ထဲမှာ မရှိတာကတော့ မသင့်တော်ဘူး ထင်တယ်။ ကိုယ့်နိုင်ငံ ငြိမ်းချမ်းရေးအတွက် ကိုယ့်ဘက်က ငွေကြေးစိုက်ထုတ်မှုလည်း ရှိသင့်တယ် ထင်ပါတယ်။ ငြိမ်းချမ်းရေးအတွက် နိုင်ငံခြား အထောက်အပံ့ ငွေကြေးကို လက်ခံတဲ့နေရာမှာ နှောင်ကြိုးမဲ့ဖို့ လိုပါတယ်။ နောက်ထောက်ပံ့ငွေရဲ့နောက်မှာ Political & Personal Benefit တွေ မရှိနေဖို့လည်း လိုပါတယ်။ နောက်ထောက်ပံ့ငွေပေးလို့ လုပ်ငန်းစဉ်မှာ ၀င်စွက်ဖက် မယ်။ ခြယ်လှယ်မယ် ဆိုတာမျိုးကတော့ မသင့်တော်ဘူး ထင်ပါတယ်။ ကျွန်တော်တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လွတ်လွတ်လပ်လပ်နဲ့ ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ လုပ်နိုင်ဖို့ လိုပါတယ်" ဟု ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်ခဲ့သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သော Myanmar Peace Center (MPC) ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ဦးဆောင်ခဲ့ပြီးပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးစိုးသိန်း၊ ဦးခင်ရီတို့လည်း ပါဝင်ခဲ့ကာ ဒေါက်တာ ကျော်ရင်လှိုင် (Myanmar Egress)၊ ဦးလှမောင်ရွှေ (Myanmar Egress)၊ ဦးအောင်နိုင်ဦး (Vahu Development Institute) ၊ ဒေါက်တာမင်းဇော်ဦးနှင့် ဦးကျော်စိုးလှိုင် (Myanmar Egress) တို့က အဓိက အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့သည်။

ဓာတ်ပုံ - မတ်လ ၁၁ ရက်နေ့ ရွှေလီဆွေးနွေးပွဲတွင် KIO ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့်အတူ တွေ့ရသော MPC အဖွဲ့ဝင်များ (ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး၊ ဦးအောင်နိုင်ဦး၊ဒေါက်တာကျော်ရင်လှိုင်)
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com