အသက် ၁၂ဝ နှစ်ကျော်ပြီဆိုတော့ မျက်စိမှုန်လာသည်။ အသံကို အနည်း ငယ်ကြားရသည်။ အတိတ်ကို ပြန်လှည့် ကြည့်သည့်အခါ တချို့အကြောင်းအရာ များက ဟိုရောက်သည်ရောက်၊ ဇရာက အတိတ်ကို ဝေဝါးစေသည့်သဘော။ သို့ သော် အရာတိုင်းသည် ဝေဝါးနေခြင်းမျိုး တော့ မဟုတ်။ အချို့သော အတိတ်သည် အလင်းပြန်မှုအားကောင်းသော မှန်တစ်ချပ်လို ကြည်လင်စွာ။
''အဖွားငယ်ငယ်က စစ်ဖြစ်တော့ အဖွားကထိန်ကုန်းမှာနေတာ။ ကြောက် လို့ဆိုပြီး အနောက်ဘက်မယ်တော်စုကို နွားလှည်းနဲ့ ပြန်တာ။ အပြန်လမ်းမှာ ဂျပန်တွေက နွားနှစ်ကောင်လုံးရဲ့ နဖား ကြိုးကိုကိုင်ထားတာ။ ပြီးတော့ သေနတ် ကို မိုးပေါ်ထောင်ပစ်ပြီး အကုန်လုံးကို ဆင်းခိုင်းတယ်။ အဖွားနဲ့ အဖွားသမီးက လှည်းပေါ်မှာ စောင်ခြုံကြီးနဲ့။
နွားလှည်း ဆရာကလက်ဟန်ခြေဟန်နဲ့ နေမကောင်း ကြောင်း ရှင်းပြတာ မရဘူး။ စောင်ကို ဇွတ်လှန်တော့မှ အဖွားရော သမီးမှာ ကျောက်ဖြူတွေ ပေါက်နေတာတွေ့သွား တော့
ရန်မပြုတော့ဘဲ ထွက်သွားတယ်။ လူသေအလောင်းတွေတင်ဖို့ လှည်းကို လုတာလေ''ဟု အဖွားက ဆိုသည်။
အဖွား၏အမည်မှာ ဒေါ်မြကြည်။ မြန်မာ သက္ကရာဇ် ၁၂၅၄ ခုနှစ် သတင်း ကျွတ်လဆန်း ၁ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး အမရပူရမြို့နယ်၊မယ်တော် စုရွာတွင်မွေးဖွားခဲ့သည်ဆိုတော့ အသက် အားဖြင့် ၁၂၁ နှစ်သို့ပင်ရောက်ပြီ။
အသက်က ၁၂ဝ ကျော်သော် လည်း အမရပူရမြို့နယ်၊ ပေါက်ချိုင်ကုန်း ရွာ၊ ရွာဦးကျောင်းဘေးတွင် အိမ်ကလေး ဆောက်၍ တစ်ဦးတည်း နေသည်။ အဖွားက သီးသန့်သာ နေချင်သည်တဲ့။ မည်သူ့နောက်မှ လိုက်မနေ။
အဖွား၏ မြေး မမူဝင်းမိသားစုက ရွာထဲမှာနေ။ အဖွား၏ ဝေယျာဝေစ္စလုပ် ပေးပြီးလျှင်ပြန်။ အတူလာနေသည်ကို မကြိုက်။ အတင်းနှင်ထုတ်သည်ဟု မမူ ဝင်းက ပြောသည်။
''လေယာဉ်ပေါ်က ဗုံးကြဲချရင် အောက်မှာ လူသေအလောင်းတွေ အ များကြီးပဲ။ ပုပ်စော်ကလည်း နံဟောင် နေတာပဲ။ လင်းတတရုန်းရုန်းနဲ့။ ထမင်း ချက်ရင်တောင်မီးခိုးမထွက်ရဘူး။ ထွက် ရင် လေယာဉ်ပေါ်က ဗုံးကြဲချတယ်။ တော်တော်ဆိုးဆိုးဝါးဝါးပဲ''ဟု အဖွားက ထပ်ပြောပြသည်။
အဖွားပြောသည့် ဒုတိယကမ္ဘာစစ် အတွေ့အကြုံ ဖျတ်ခနဲ အရိပ်တစ်ကွက်။ အဖွားပြောသလိုတော်တော့်ကို ဆိုးရွား ခဲ့လို့လားမသိ စစ်၏အနိဋ္ဌာရုံ ပုံရိပ် အချို့မှာ ယနေ့တိုင် စိမ်းစိုလို့။
အဖွားက အသက် ၁၆နှစ်မှာ အိမ် ထောင်ကျတာလို့ ပြောတော့။ ရှက်သံဝဲ နေသောအသံနှင့် ခပ်ရှက်ရှက်ပြုံးလို့။
''မောင်နီဆိုတဲ့လူနဲ့ ကလေးနှစ် ယောက်ရတယ်။ ယောက်ျားကတော့ အဖွားအသက် ၃၅ နှစ်အရွယ်မှာ ဆုံး သွားတယ်''ဟု ပြောသည်။ နံဘေးတွင် ရှိနေသော အဖွား၏ မြေးဖြစ်သူ မမူဝင်းက အဖွားက အိမ်ထောင်သုံးဆက်ကျခဲ့သောကြောင့်အိမ် ထောင်ရေးအကြောင်း မေးလျှင် သိပ်မကြိုက် ရှက်တတ်သည်ဟု ဆိုသည်။
အဖွားကတော့ အကြားအာရုံ အထိုက်အလျောက် ချို့တဲ့နေပြီမို့ မြေး ဖြစ်သူ၏ စကားကြားဟန် မတူ။ အဖွား ၏ မျက်လုံးများမှာ ငေးရီမှိုင်းဝေလျက်။ ရသလောက် အသိအာရုံဖြင့် အတိတ်ကို ခြေရာ ပြန်ခံနေသလား မသိ။ မြေး မမူဝင်းက ပထမဦးဆုံး ဦး သိန်းဆိုသူနှင့် အိမ်ထောင်ကျ၊ မသန်း ညွန့်နှင့် ဦးခိုဟူသည့် သားသမီး နှစ်ဦး ထွန်းကား၊ ဒုတိယဦးအောင်ဘနှင့် အိမ်ထောင်ကျ၊
မလှမြိုင်နှင့် ဒေါ်ညို တင်တို့ ကို မွေးဖွား။ နောက်ဆုံးအိမ်ထောင်ရေး မှာ ဦးနီဆိုသူနှင့်။မကုလားမနှင့် မသေး မာတို့ကို မွေးဖွား။ လက်ရှိတွင် မကုလား မ (၆ဝ)နှစ်နှင့် မသေးမာ (၇၅)နှစ်တို့ သာ ကျန်ရှိတော့ကြောင်း ပြောပြသည်။
အဖွားသည် ရွာဦးကျောင်းတွင် တစ်ကိုယ်ရေ နေထိုင်သော်ငြား ဧည့်က တော့ မပျက်။ အသက် ၁၂ဝ ကျော် အ ဖွားအပေါ် တစ်ရွာလုံးက ဂုဏ်ယူမ ဆုံး။ ရွာထဲသို့ ဧည့်လာပြီဆို များသောအားဖြင့် အဖွားထံသို့ပင် ဖြစ်သည်။ အဖွားသတင်းကြားသူများက အဖွားဆီသို့ စုံစမ်းပြီး လာကြသည်။ လှူဒါန်းကြ သည်။ လစဉ် ၅ ဦးနှင့်အထက် အလှူရှင်ရှိသည်ဟု မမူဝင်းက ပြောသည်။
''သူရတဲ့ပိုက်ဆံ သူ့ဘာသာခေါင်းရင်းက သေတ္တာလေးထဲ ထည့်ထားတယ်။ တစ်ခါတလေကျွန်မတို့ကို မုန့်ဖိုး ပေးတယ်''ဟု မမူဝင်းက ပြောပြသည်။
အဖွားသည်ရလာသည့် အလှူငွေများကို သေတ္တာထဲထည့်၍ ကျစ်ကျစ်ပါ သိမ်းထားသည်တော့ မဟုတ်။ ရသမျှ အလှူဆင့်ပွားလှူဒါန်းခြင်းဖြင့် ကုသိုလ်ပွားသည်။
ဘုန်းကြီးကျောင်းတွင် ဘုရားတည်သည်။ ရေအိုးစင်ဆောက်သည်။ ဆက်တီခုံလှူသည်။ ရွာအတွက် လမ်း ဖောက်သည်။ ရွာထိပ်တွင် ဇရပ်တည်သည်။
''အဖွားကို လှူသမျှငွေ အဖွားက ပြန်လှူနေဦးမှာ''ဟု ကြည်လင်သော မျက်နှာဖြင့် အဖွားက ပြောသည်။အဖွားက သူများအားမကိုးချင် အားနာ၍ ဖြစ်သည်။ ''ထလည်း အကူနဲ့ ထိုင်လည်း အကူနဲ့ ဘယ်သူက ရေရှည် လုပ်ပေးချင်မှာတုန်း''ဟု အဖွားက ပြောသည်။
ထို့ကြောင့်ပင် ရွားဦးဘုန်းကြီး ကျောင်းဘေး တစ်ယောက်တည်းနေသည်။ မနက်လင်းလျှင် လာလှူထားသော မုန့်အချို့(ဘီစကစ်၊ အိုဗာတင်း) တို့ကို မမူဝင်းတို့မိသားစုမှ အားတဲ့လူ လာတိုက်ရသည်။ နေ့လယ် ထမင်းတစ်နပ်သာ စားပြီးညနေစာ လှူထားသည့် မုန့်သာ စားသည်ဟု မမူဝင်းက ပြောသည်။ ကြက်သား၊ ဝက်သား၊ ငါး လုံးဝ စားခြင်း မရှိဘဲ ငါးခြောက်သာ တစ်ခါ တလေ စားသည်ဟု ဆိုသည်။ ညနေ ၅ နာရီကျော်လျှင် ဘုရားဝတ်ပြုပြီး အိပ်သည်ဟု ဆိုသည်။
ထူးဆန်းသည်မှာ အဖွားက ကြက်ကလေးတစ်ကောင်မွေးထားသည်။ နဂိုက နှစ်ကောင်မွေးသည်ဟု ဆို၏။ တစ်ကောင်သေသွားပြီး တစ်ကောင်သာ ကျန်သောကြောင့် အဖွားက ကြက်နာမည်ကို အထီးလားအမလားမသိ မိကျန်ဟုသာ ပေးထားသည်။ အဖွားက ကြက်လေးကို အရမ်းချစ်သည်ဟု အဖွား၏မြေး မမူဝင်းက ပြောသည်။ မျက်စိအောက်က အပျောက်မခံ။ ကြက်က လည်း အဖွားခေါ်လျှင် လာသည်ဟုဆို၏။ ညအိပ်လျှင် အဖွားရင်ခွင်ထဲ ဝင်အိပ်သည်။
''ကျွန်မတို့က အဖွားကို ဆိတ်မှာစိုးလို့ ကြက်ကို ခဏခဏ ဝှက်ထား ဖူးတယ်။ ကြက်ပျောက်ရင် ငိုတော့တာပဲ။ ပြန်မရောက်မချင်း ငိုတာ။ အဲဒီလို အခါမျိုးဆို ကျွန်မကို သုံးလေးရက် လောက်ထိစကားမပြောတော့ဘူး။ အဲဒါနဲ့ ကျွန်မလည်း နောက်မလုပ်ရဲတော့ဘူး''ဟု မမူဝင်းက ဆိုသည်။
အဖွားက ကျန်းမာသည်။ ယခု အချိန်အထိ ရောဂါကြီးကြီးမားမား ဖြစ် ခဲ့ဖူးခြင်း မရှိ။ ''စစ်တုန်းက ကျောက်ဖြူ ပေါက်တုန်းကသာ ကြီးကြီးမားမား ရောဂါဖြစ်ဘူးတာ''ဟု အဖွားက ပြောသည်။ အဖွားအားကျန်းမာရေးဒါနအဖြစ် လစဉ် လာကုပေးသည့် လူငယ်ဆရာဝန်လေး တစ်ဦးရှိသည်။
အဖွားတစ်ခုခုဖြစ်လျှင် ခေါ်တိုင်းလာသည်ဟု မမူဝင်းကပြောသည်။ ထိုဆရာဝန်လေးမှာ ကိုအောင် ခိုင်ဦး ဖြစ်သည်။
''ကြီးကြီးမားမားရောဂါမရှိဘူး။ တစ်ခါတလေ အားနည်းတာ။ အစား သိပ်မစားတာလောက်ပဲ ရှိတာ။ အခု ရက်ပိုင်းဆို နေတအားပြင်းတော့ နည်းနည်းနုံးတာလောက်ပဲ ရှိတာ။ သွေးပေါင်လည်း ကောင်းတယ်''ဟု ဒေါက်တာ အောင်ခိုင်ဦးက ပြောသည်။
အဖွားက အသက် ၁၂ဝ ကျော် နေရသောကြောင့် ကျေနပ်သည်ဟု ဆိုသည်။ နောက်ထပ်လည်း လှူချင်သေးသဖြင့် အသက် ဆက်ရှည်ချင်သေး သည်ဟုဆို၏။
အဖွားတွင်သားသမီး ခြောက်ယောက် မြေးပေါင်းဆယ်ဂဏန်း ကျော်။ မြစ်ဆိုသည်ကား မည်မျှရှိမည်ကို တွက်ဆမရနိုင်တော့။ တချို့တွေ အဝေးတစ်နေရာရောက်သွား၍ ဖြစ်သည်။ အဖွား သက်ရှိထင်ရှား ရှိသေးသည်ကို အချို့မြေးတွေ မြစ်တွေမသိရှိကြတော့။ မြန်မာနိုင်ငံအနှံ့အပြားတွင် ရောက်ရှိ နေကြပြီဟုမမူဝင်းကပြောသည်။''တချို့တွေဆို ရှမ်းပြည်ဘက် ရောက်ကုန်တယ်လို့ ကြားတယ်''ဟု မမူဝင်းက ပြောသည်။ သို့သော် အဖွားအား တီတီတာတာပြောပြီး အဖွားကိုလည်း ချစ်၊ အဖွားကလည်း ချစ်သည့် ကျောင်းနေအရွယ် မြစ်နှစ်ယောက်ရှိသည်။ ထိုက လေးနှစ်ယောက်မှာ တခြားသူမဟုတ် မမူဝင်း၏သားနှစ်ယောက် ဖြစ်သည်။
''အဖွားလှူချင်သေးတယ်။ မသေ ချင်သေးဘူး။ ဒီမြစ်နှစ်ယောက်ကို ရှင်ပြုပြီးမှ သေချင်သေပေါ့။ ဖြစ်ချင်ရာ ဖြစ်ပါ။ အဖွားပိုက်ဆံစုပြီး လှူဖို့ကြိုးစားဦးမယ်''ဟု အဖွားဒေါ်မြကြည်က ပြောသည်။
၁၂၅၄ ခုနှစ်မှ ယနေ့အချိန်ထိဟု ဆိုပါလျှင် အသက် ၁၂၁ နှစ်ထဲမှာပင်။ မြန်မာနိုင်ငံ၏ အသက်ကြီးဆုံး အဖွား အိုဟု ဆိုနိုင်သည်။ ထို့အပြင် ကမ္ဘာ့အ သက်အကြီးဆုံးသူဟုလည်း ဆိုချင် ဆို နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် ၁၁၅ နှစ်ဖြင့် ဂျပန်လူမျိုးတစ်ဦးက ဂင်းနစ်မှတ်တမ်းတင်ထားခြင်းကြောင့်ဖြစ်သည်။ မကြာသေးခင်အချိန်က အဖွားဒေါ်မြကြည်အား ဂင်းနစ်မှတ်တမ်းတင် ဖို့လူနှစ်ယောက်လာရောက်စစ်ဆေးဖူးသည်ဟု အဖွား၏ မြေး
မမူဝင်းက ပြောသည်။
''လူနှစ်ယောက်လာကြည့်သွားတယ်။ ဘယ်သူတွေလည်းတော့ မသိဘူး။ ပြောတာတော့ စံချိန်တင်ဖို့ဆိုလားပဲ။ အဖွားကိုရော သားသမီးတွေကိုရော မြေးတွေမြစ်တွေကိုရော စစ်သွားတယ်။ နောက်တော့ ပြန်မလာတော့ဘူးဟု မမူဝင်းက ပြောသည်။
အဖွားဒေါ်မြကြည်သည် ဂင်းနစ် မှတ်တမ်းတင်လျှင် တင်လို့ရနိုင်သည်။ ဂင်းနှစ်မှတ်တမ်းတင်လျှင် အဖွားဒေါ်မြ ကြည် ကမ္ဘာကျော်နိုင်သည်။ ကမ္ဘာမ ကျော်လျှင်တောင်မှ နိုင်ငံကျော်မည်ဖြစ်သည်။ သို့သော် အဖွားကမူ နိုင်ငံမ ကျော်သည်ဖြစ်စေ၊ ကမ္ဘာမကျော်သည် ဖြစ်စေ အသက် ၁၂ဝ ကျော်ခဲ့ပြီဖြစ်သည်။ စကားကောင်းစွာ ပြောနိုင်နေသည်။ လှူနိုင်တန်းနိုင်နေသေးသည်။ ရည်ရွယ်ချက်တွေ ရှိနေသေးသည်။ မျှော်လင့်ချက်တွေ ရှိနေသေးသည်။ ကမ္ဘာမကျော်လည်း ဘာမှမဖြစ်။ သူ၏ မြစ်နှစ်ယောက်ကို ရှင်ပြုဖို့သာ သူ၏ရည်ရွယ်ချက် ဖြစ်သည်။
ဖိုးလပြည့်
Popular Myanmar News Journal
အသက် ၁၂ဝ ကျော်၊ ရည်မှန်းချက်ရှင်သန်ဆဲ မြစ်နှစ်ယောက်ကို ရှင်ပြုပေးချင်သေးသည်တဲ့
Labels:
ဖြစ်ရပ်မှန်များ