http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နတလ နှစ်(၂)ဦး ဘောဒူဘ ဒုက္ခသည်စခန်းတွင် အရိုက်ခံရ

ဓါတ်ပုံ google
Share Arakan News သတင်းတွင် “ ဘောဒူဘ ဒုက္ခသည်စခန်းတွင် တာဝန်ဖြင့် သွားရောက်သူ (၂)ဦး ဘင်္ဂလီများ၏၀ိုင်းရိုက်ခြင်းခံရပြီး ဒဏ်ရာရ ” သတင်းဖော်ပြပါရှိခြင်းနှင့်ပတ်သက်၍ ဖြစ်စဉ် အမှန်အား ပြည်သူများသိရှိရေး ဖော်ပြအပ်ပါသည်-
၁၇-၇-၂၀၁၃ ရက်နေ့(၁၀၃၀)အချိန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်းထားသည့် ကယ်ဆယ်ရေးအဆောက်အဦများ အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ စစ်တွေ ခရိုင်အင်ဂျင်နီယာမှူး ဦးကိုကိုအောင် ဦးစီး(၁၄)ဦးခန့်သည် မော်တော်ယာဉ်(၂)စီးဖြင့် အဖွဲ့(၂)ဖွဲ့ခွဲကာ စစ်တွေမြို့နယ်၊ ဘောဒူဖကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိခဲ့ပြီး ဦးကိုကိုအောင် ဦးစီးအဖွဲ့၊ နတလ ဒုဦးစီး ဦးအောင်ဝင်းနိုင် ဦးစီးအဖွဲ့(၂)ဖွဲ့ခွဲကာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

(၁၂၂၅)အချိန် နတလ ဒုဦးစီး ဦးအောင်ဝင်းနိုင် ဦးစီးအဖွဲ့သည် ဘောဒူဖဒုက္ခသည် စခန်းရှိ အဆောက်အဦများကို စစ်ဆေးနေစဉ် ဘင်္ဂလီ ဒုက္ခသည်(၇၀)ဦးခန့်မှ ခဲများဖြင့် ပစ်ပေါက်သဖြင့်မြို့နယ် စာရင်းစစ်ရုံးမှ ရုံးအကူ ခိုင်မင်းထွန်း (၂၀)နှစ်၊ (ဘ)ဦးမောင်သန်းလှိုင် ရခိုင်/ဗုဒ္ဓ၏ နှာခေါင်းတွင် ပေါက်ပြဲဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)၊ နတလ ဒုဦးစီးမှူး ဦးကျော်ဟိန်း (၂၅)နှစ်(ဘ)ဦးထွန်းရင်တွင် ယာဘက်ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)တို့ ရရှိပြီး ၎င်းတို့အဖွဲ့စီးလာသည် ဟွန်ဒါကားအမှတ်၊ ၁ခ/၅၈၉၇၏ ရှေ့လေကာမှန် ခဲမှန်၍ အက်သွားခဲ့ကြောင်းသိရသဖြင့်အနီးရှိ လုံခြုံရေးတပ်စခန်းရှိ အဖွဲ့မှသွားရောက်ရှင်းလင်း ပေးခဲ့ပါသည်။

အကြောင်းအရင်းအား စိစစ်ရာ ၂၀၁၂ ခုနှစ်၊ ဇွန်လ ရခိုင်/ဘင်္ဂလီ ပဋိပက္ခဖြစ်စဉ်တွင် ခိုင်မင်းထွန်းမှ ဘင်္ဂလီနေအိမ်များအား မီးရှို့ရာတွင် ပါဝင်သူ(၁)ဦးဖြစ်ကြောင်း ဘင်္ဂလီ(၇၀)ဦးခန့်မှ စွပ်စွဲ ပြောဆိုပြီး ခဲဖြင့်ပစ်ပေါက်ခံရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

ဖြစ်စဉ်တွင်ပါဝင်သူများအား ဖော်ထုတ်နိုင်ရေးအတွက် စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင် အနီးကပ်ကြပ်မတ်ဆောင်ရွက်ခဲ့ရာ (၁၄၄၅)အချိန် အေးချမ်းစွာ ပြီးဆုံးသွားခဲ့ပါသည်။ ကိုယ်ထိ လက်ရောက်ကျူးလွန်သူများအား သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းမှ ဆက်လက်ဖော်ထုတ်လျက်ရှိပါသည်။
Rakhine Mpf

ဗမာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်ကြီး ဘယ်ရောက်နေပါသလဲ

မူလအစကတည်းက ယဉ်ယဉ် ကလေးပါ။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် နေ့ တပ်မတော်က တိုင်းပြည်အာဏာ သိမ်းစကပင် တပ်မှူးညီလာခံများ အ ကြိမ်ကြိမ် လျှို့ဝှက်လုပ်ကိုင်ပြီး ရန်ကုန် တက္ကသိုလ်ကျောင်းသား သမဂ္ဂကို ဖြို ခွင်းရန်ဆိုသည့် ဆုံးဖြတ်ချက်ကို ချမှတ် ပြီးဖြစ်ပါသည်။ ထိုစဉ်က အာဏာ သိမ်း တော် လှန် ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင်က နောက်တွင်တက္ကသိုလ် ကျောင်းသားများသည် မြေအောက်နဲ့ ဆက်သွယ်နေကြတယ်။

ရန်ကုန် တက္က သိုလ် သမဂ္ဂအဆောက်အအုံ ဟာလည်း မြေအောက်သွေးထိုးလှုံ့ဆော်မှုကြောင့် တက္ကသိုလ်ကျောင်းအာဏာပိုင်များ နှင့် အစိုးရကိုပုန်ကန်ရန် လှုံ့ဆော်ရာ အ ဆောက် အအုံဖြစ်တယ်။ ကြာရှည်ခွင့် မပြုနိုင်လို့ ဖြိုခွဲလိုက်ရကြောင်း၊”ဓားဓား ချင်း လှံလှံချင်း”လို့ ပြောကြားခဲ့ပါသည်။

ဘယ်လိုစကားများပါလိမ့်၊ အာ ဏာသိမ်းတပ်မတော်ကြီး က မောင်းပြန် သေနတ်မျိုးစုံနဲ့ ချိန်တွယ်ပစ်ခတ်ပြီး တက္ကသိုလ်ကျောင်းသားများ ကလောင် တံနဲ့လက် သီးဆုပ် အော်ဟစ်နေရုံမျှနှင့် ဓားဓားချင်းလှံလှံချင်းလို့ ကြိမ်းဝါးခဲ့ပုံမှာ အံ့သြကုန်နိုင်ဖွယ်ရာပင်။အာဏာသိမ်းပြီး တိုင်းသူပြည် သားများကို လှည့်စားလိုသည့် အစီအ စဉ်တစ်ရပ်အနေနှင့် ၁၉၆၂ ခုနှစ်၊ဇူလိုင် လ ၁၉ ရက်နေ့ ၁၅ နှစ်မြောက် အာ ဇာနည်နေ့ အကြီးအကျယ်အထိမ်းအ မှတ် ပြပွဲကြီးကိုရန်ကုန်မြို့၊ ဦးဝိစာရ လမ်း၊ အင်ဗွိုင်းခန်းမ(ယခုတပ်မတော် ခန်းမ)တွင် ကျင်းပ၍ ပြည်သူလူထုအား လှည့်စားအယုံသွင်းခဲ့ပါသည်။

အဲဒီလိုကျင်းပရာမှာတော့ ကျွန် တော်တို့ရဲ့မျိုးချစ်ခေါင်းဆောင်ကြီး ဗ မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ကြေးရုပ်ပုံတူကြီးကို တ ခမ်းတနား ဝင်ဝင်ချင်းတွေ့နိုင်အောင် ပြသထားခဲ့သည့်အတွက် ပြည်သူပြည် သား ရဟန်းရှင်လူအများက ပြပွဲဝင်ဝင် ချင်း ဦးညွှတ်အလေးပြုခဲ့ကြရသည်။

”ဗမာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆန်း ပုံတူကြေးရုပ်ကြီး ခုဘယ် ချောင်ထိုးထားပါသလဲ”ပုံတူကြေးရုပ်ကြီးသတင်းကို ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ ထုတ် ‘အထောက်တော်’၊ ‘ယုဝတီ’ စ သည့်သတင်းစာများတွင် ဓာတ်ပုံနှင့် တကွ သတင်းထုတ်ပြန်ခဲ့ သည်ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။

”ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေး ရုပ်သစ်ကြီးတစ်ခုကို တပ်မတော်မော် ကွန်းတိုက်မှ တာဝန်ယူ၍ ပြုလုပ်ခဲ့ရာ ယခုအခါ လုံးဝပြီးပြီဖြစ်၍ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် တနင်္ဂနွေနေ့မှစတင် လျက်၊ ရန်ကုန်မြို့ဦးဝိစာရလမ်း အာဇာ နည်ကြီးများ အတ္ထုပ္ပတ္တိပြခန်း (အင်ဗွိုင်း ခန်းမဆောင်) တွင် ပြည်သူလူထုအား ပြသမည်ဖြစ်သည်။ ကြေးရုပ်ကြီးမှာ အမြင့် ၈ ပေ ၂ လက်မရှိပြီး အလေးချိန် ၁ တန်ခန့်ရှိသည်။

ကြိုးပမ်းသွန်းလုပ်

ကြေးရုပ်ကြီးကို ကြေးမသွန်း လောင်းမီ၌ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်မှူး ချုပ်အောင်ကြီးနှင့် အိန္ဒိယပြည်ရှိ မြန်မာသံအမတ်ကြီး ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည်တို့ကိုယ်တိုင် အကြိမ်ကြိမ် ကြည့်ရှုစစ်ဆေးပြီးမှ အတည်ပြုခဲ့ ကြောင်း၊ ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ဗိုလ်ချုပ် ကတော်ဒေါ် ခင်ကြည် တို့၏ ညွှန်ကြားအကြံပေးချက်များအတိုင်း ရာဇဝင်အထောက်အထား မှန်ကန်မှု အချိုးအစားကျနမှုများ ရှိစေရန်အ တွက် တပ်မတော်မော်ကွန်းတိုက်မှူး ဒုဗိုလ် မှူးကြီးမောင်ဘိုနှင့် တပ်မတော် မော်ကွန်းတိုက် သုတေသနအရာရှိချုပ် ဗိုလ်ကြီးသန်းကြွယ်တို့ အကြိမ်ပေါင်း မြောက်မြားစွာ ကြိုးပမ်းပြုပြင်သွန်း လုပ်စေခဲ့ပါသည်။

ပန်းပုဆရာကြီးဦးဟန်တင်

ဤဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ကြီးသွန်းလုပ်သူမှာ နာမည်ကျော်ပန်းပု ဆရာကြီး ဦးဟန်တင်ဖြစ်ပြီး ရန်ကုန် တစ်ဖက်ကမ်း ဒလမြို့ရှိ ဧရာဝတီ သင်္ဘောကျင်း၌ သွန်းလုပ်ခဲ့ပါသည်။ ဤကြေးရုပ်ကြီးမှာ နောင်အခါတွင် တိုး ချဲ့ဆောက်လုပ်မည့်တပ်မတော် မော် ကွန်းတိုက်တွင်ထားရှိရန် ရည်ရွယ်ခဲ့ သော်လည်း လူထုဖခင်ဗိုလ်ချုပ် ၏ကြေး ရုပ်ဖြစ်သည့်အားလျော်စွာ ပြည်သူလူထုများမြင်တွေ့နိုင်မည့် နေရာ၌ထားရှိ မည်ဟု သိရှိရပါသည်။

လုပ်ခငွေ ၂၅ဝဝဝိ/- ကျပ်

ဗိုလ်ချုပ်၏ကြေးရုပ်မှာ ဗမာ့ကာ ကွယ်ရေးတပ်မတော် စစ်သေနာပတိ ဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ထမ်း ဆောင်နေချိန်က စစ်ဝတ်စုံနှင့်အဆင့်အ တန်းများ တပ်ဆင်ဖော်ပြကာ ပြုလုပ် ထားခြင်းဖြစ်သည်။ ကြေးရုပ်ကြီး သွန်း လုပ်ခငွေကျပ် ၂၅ဝဝဝ ကုန်ကျသည်ဟု သိရှိရပါသည် ဟူ၍ သတင်းစာများတွင် ပါရှိသည်ကို မှတ်ယူသိမ်းဆည်းထားခဲ့ ပါသည်။အဆိုပါ ဗမာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကြီး ထု လုပ်သည့်အခါ အနီးကပ်ကြီးကြပ် ပေးသည့် တပ်မတော်မော် ကွန်းတိုက်မှူး ဒုဗိုလ်မှူးကြီး မောင်ဘို၊ တပ်မတော် မော်ကွန်းတိုက်သုတေသနအရာရှိချုပ် ဗိုလ်ကြီးသန်းကြွယ်၊ အနီးကပ်လာ ရောက်ကြည့်ရှု အတည်ပြုပေးခဲ့သော ဗိုလ်ချုပ်ကတော် အမေဒေါ်ခင်ကြည် လည်းမရှိတော့ပါ။

၁။ ဒီတော့ ”ယခု ဖခင်ဗိုလ်ချုပ်အောင် ဆန်း ကြေးရုပ်ကြီးဘယ်မှာလဲ”။ ဂျပန် တော်လှန်ရေးအစ စစ်ထွက်ခဲ့သော တော်လှန်ရေးပန်းခြံရဲ့ ချုံပုတ်တစ်နေရာ မှာ နေပူမိုးရွာမရှောင် နေနေရရှာပါ သည်ဟုထင်ပါသည်။

၂။ ဘာဖြစ်လို့ စတုတ္ထမြန်မာနိုင်ငံ ထူထောင်သူကြီး၏ ရုပ်တုကို နေပြည်တော် စစ်ရေးပြကွင်းမှ ပထမ၊ ဒုတိယ၊ တတိ ယ မြန်မာနိုင်ငံထူထောင်သူများနှင့် ဘာလို့မ ထားနိုင်ရတာလဲ။

၃။ ဒီလိုဆို အမေရိကန်နိုင်ငံ ”ရက် ရှမော” (MT RUSHMORE) မှာရှိတဲ့ အမေရိကန်သမ္မတ ၄ ဦးရုပ်တုလိုမျိုး

(က) လွတ်လပ်ရေးကိုအရယူပေးခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း

(ခ) ဒီမိုကရေစီ စတင်လျှောက်လှမ်းခဲ့သူ ဦးနု

(ဂ) ဆိုရှယ်လစ်လမ်းစဉ် ချမှတ်လျှောက်လှမ်းခဲ့သူ ဗိုလ်ချုပ်ကြီးနေဝင်း

(ဃ) မြန်မာ့လူ့ဘောင်ကို ကပြောင်းက ပြန်ဖြစ်စေခဲ့သူ ဗိုလ်ချုပ်မှူးကြီးတို့ရဲ့
ရုပ်တုကြီးများကိုလည်းတွဲလျက် မြန်မာပြည်၏ တောင်မြင့်တစ်ခုခုမှာ
နောင် လာနောက်သားများအတွက် သမိုင်း မှတ်တမ်းတွင်ရစ်စေရန် ထုလုပ်ထားစေ ချင်ပါသည်။
ခင်မောင်သိန်း
Popular Myanmar News Journal

(၆၆) နှစ်ပြည့် အာဇာနည်နေ့အတွက် နှိုးဆော်ဖိတ်ကြားလွှာ

ဟင်္သာတ ၁၇.၇
မကြာမှီ ၁၉.၇.၂၀၁၃ သောကြာနေ့ မှာ ကျရောက်တော့မည့် (၆၆) နှစ်ပြည့် အာဇာနည် နေ့တွင် အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးပြီး  ဟင်္သာတမြို့ ပဒေသာဈေး မိသားစု တို့မှ (ပထမ) အကြိမ် ဘုရားကြီး ကျောင်းတိုက်ရှိ ဆရာတော်နှင့်တကွ သံယာတော် အရှင်မြတ်တို့အား ၀ါဆိုသင်္ကန်းနှင့်တကွ လှူဘွယ် ၀တ္ထုအစုစု တို့ကို ဆက်ကပ်လှူဒါန်းပြီး နေ့ဆွမ်းအဖြစ် ပဒေသာဈေးသူ
/ဈေးသား များမှ (ဘုံဆွမ်း) ဆက်ကပ် လှူဒါန်းကာ လှူါ်ဒါန်းမှု့ အစုစုတို့ကို အာဇာနည်ခေါင်းဆောင်ကြီး များအားရည်စူး အမျှပေးဝေမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
Di York

မန်းတိုင်း ရဲတပ်ဖွဲ့ကို လူ့အခွင့် အရေး ချိုးဖောက်မှုဖြင့် လိင်တူ ချစ်သူများ ကွန်ရက် တရားစွဲမည်

မိန်းမလျာများအား ဖမ်းဆီးခဲ့မှုကြောင့် မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့အား လူ့အခွင့်အရေး ချိုး ဖောက်မှုဖြင့် တရား စွဲဆိုသွားရန် စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံ လိင်တူ ချစ်သူများ အခွင့်အရေး ဆိုင်ရာ ကွန်ရက်အဖွဲ့မှ သိရသည်။

အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် များအနေဖြင့် အရပ်ဝတ် ဝတ်ဆင်ကာ ဇူလိုင် ၆ ရက်နှင့် ၇ ရက် နေ့ညနေပိုင်းမှ စတင် ၍ မန္တလေးမြို့ ကျုံးအရှေ့ဘက်၌ အမျိုးသမီး သဖွယ် ဝတ်ဆင်ထားသော အမျိုးသား များအား အကြောင်းပြချက် တစ်စုံတစ်ရာ ပေးခြင်း မရှိဘဲ အဓမ္မဖမ်းဆီးပြီး ရဲစခန်း များသို့ ခေါ် ဆောင်ခဲ့ကြောင်း၊ ဆဲဆို ကြိမ်းမောင်းခြင်းများ ပြု လုပ်ခဲ့ကြောင်း၊ ထို့အပြင် ဖမ်းဆီးခံရ သူများအား မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့အတွင်းရှိ သီးသန့် ခန်း အတွင်း ထားရှိကာ ရဲတပ်သား ဆယ်ဦးခန့်မှ စိတ်ပိုင်း ဆိုင်ရာ စော်ကားမှုများ ပြုလုပ် ခဲ့ကြောင်း ဖော်ပြ ထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လိင်တူချစ်သူများ ကွန်ရက်အဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်မျိုးမင်းက ”သံသယဖြင့် ဖမ်းဆီးခံထားရသူကို ဖြစ်စေ၊ ပြစ် ဒဏ် ကြောင့် ဖမ်းဆီးခံ ရသူ ကိုဖြစ်စေ လူသားကဲ့သို့ ဆက်ဆံ ရမည်ဟု အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ၆ တွင် လည်းကောင်း၊ မည်သူ့ကိုမျှ မတရားနှိပ်စက်ခြင်း မပြုရ ဟူသော စာတမ်း ကို အပိုဒ် ၅ တွင် လည်းကောင်း အတိအလင်း ဖော်ပြ ထားကြောင်း” ပြောသည်။

မန္တလေး ကျုံးထောင့်တွင် မိန်းမလျာများအား အရေးယူ ရခြင်းမှာ အများပြည်သူ စိတ် အနှောင့်အယှက် ဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ရုံး မှ ဦးစိုးငြိမ်းက ပြောသည်။

”ကျွန်တော် တို့ အနေနဲ့ လိင်ခွဲခြားပြီးတော့ ဖမ်းတာ မဟုတ်ဘူး။ အများသူငါ စိတ်အနှောင့် အယှက်ဖြစ်လို့ပါ။ ဘာလို့လဲ ဆိုတော့ အပန်းဖြေတဲ့ လူတွေ စိတ်အနှောင့် အယှက်ဖြစ်ရင် ကျွန်တော်တို့ အနေနဲ့ အရေးယူမှုပြုလုပ်မှာပါ။ မိန်းမမှ ယောက်ျား မှ မိန်းမလျာ မှဆိုပြီး မခွဲပါဘူး”ဟု ၄င်းက ပေါ်ပြူ လာနယူးစ်ကို ပြောသည်။

မိန်းမလျာများအား ဖမ်းဆီးပြီး နောက်တစ် နေ့တွင် ကျုံးဘေး၌ အရက် သောက်နေပြီး မူးနေသော အမျိုးသား သုံးဦးကိုလည်း ရဲ အက် ဥပဒေနှင့် အရေးယူ ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။ ဖမ်းဆီးမှုခံရသူ မြတ်နိုးက ၄င်းတို့အား ဖမ်းဆီးချိန်တွင် ရိုက်ခြင်းများ ပြုလုပ်ပြီး စခန်း တွင်လည်းမဖွယ်မရာပြု လုပ်ခြင်း ခံရကြောင်း၊ ကွမ်း တံတွေး သုတ်ခိုင်းခြင်း၊ ဖိနပ် တိုက်ခိုင်းခြင်း၊ အင်္ကျီ ချွတ်ပြီး ခုန်ခိုင်းခြင်းများ စေခိုင်းခံ ရကြောင်း ဇူလိုင် ၁၄ ရက်က မန္တလေး၌ ပြုလုပ်သော သတင်း စာ ရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရဲမှူးဦးစိုးငြိမ်း က ရဲများ အနေနှင့် ၄င်းတို့ပြော သကဲ့သို့ ပြုလုပ်ခြင်း လုံးဝမရှိဘဲ ရှာဖွေခြင်းသာ ရှိကြောင်း ပြောသည်။

ထို့အပြင် ၄င်းကဲ့သို့ ဥပဒေမဲ့ လုပ်ဆောင်နေသော သူများအား ဖော်ထုတ် အရေး ယူပေးရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီ တို့ထံ တင်ပြတိုင် တန်းထားပြီး ဖြစ်သည့် အပြင် အသရေ ဖျက်မှု၊ လူ့ အခွင့်အရေး ချိုးဖောက်မှု၊ မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင်မှု တို့ဖြင့် မန္တလေး တိုင်းဒေသကြီး တရား လွှတ်တော်၌ အမှုဖွင့် တိုင်ကြား သွားမည်ဖြစ် ကြောင်း လိင်တူ ချစ်သူများ ကွန်ရက်အဖွဲ့မှ ထပ်မံ သိရသည်။
သူရထွန်း၊ စိုင်းလမင်း
Popular Myanmar News Journal

သူတို့လည်ပင်း ကြိုးကွင်းစွပ်မှာကိုးဗျ…

(၆၆) နှစ်မြောက် အာဇာနည်နေ့အကြို ကိုသန်း (ကြည့်မြင်တိုင်)နှင့် တွေ့ဆုံခြင်း
လက်ရှိ အသက် ၈၇ နှစ်ရှိပြီဖြစ်သည့် ကိုသန်း(ကြည့်မြင်တိုင်)သည် ဗိုလ်ချုပ် အောင်ဆန်း သက်ရှိထင်ရှားရှိစဉ် မြန်မာ့လွတ် လပ်ရေးကြိုးပမ်းမှုကာလအတွင်း လူငယ် တစ်ဦး အနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ထိုအချိန်က ဝန်ကြီး ဦးဗဆွေ၏ လက်အောက်၌ ပါဝင်အမှုထမ်းခဲ့ကာ ဖဆပလခေတ်၊ တော် လှန်ရေး ကောင်စီခေတ်၊ မဆလ ခေတ်၊ နဝတ ခေတ် စသည်ဖြင့် ခေတ်အဆက်ဆက်ကို သိမီခဲ့သူလည်း ဖြစ်သည်။

ယင်းအတွက် (၆၆) နှစ်ပြည့် အာဇာနည်နေ့ အကြိုအဖြစ် ခေတ်အဆက်ဆက် အစိုးရတို့၏ အာဇာနည်ပုဂ္ဂိုလ်ကြီးများအပေါ် သဘောထားကို နိုင်ငံရေးသမားဟောင်း၊ စာရေးဆရာ ကိုသန်း(ကြည့်မြင်တိုင်)၏ သဘောထားအမြင် အား ပေါ်ပြူလာ နယူးစ်စာဖတ်ပရိသတ်အတွက် ထုတ်နုတ်တင်ပြလိုက်ရပါသည်။

► ဆရာ့မှတ်ဥာဏ်မှာ စွဲထင်နေသေး တဲ့ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ အကြောင်းများ ရှိပါသလား။

ဦးဗဆွေက ဗိုလ်ချုပ်အောင်ဆန်း ကို အဲဒီနေ့က လုပ်မယ့် အစည်းအဝေး အချိန်ရွှေ့ဖို့ ပြောတယ်။ ရွှေ့လို့ မရဘူး ဆိုရင် ခင်ဗျား အဲဒီနေရာမှာ မကျင်းပနဲ့။ ခင်ဗျားအိမ်မှာ လုပ်။ အဲဒီလို ဦးဗဆွေ က ပြောတာ။ အဲဒီဟာကို သူ (ဗိုလ်ချုပ်)က ငြင်းတယ်လေ။ နှစ်ခုစလုံးကို ငြင်း တယ်။ ဟိုမှာ (အတွင်းဝန်ရုံး)မှာပဲ လုပ်မယ်ပေါ့ဗျာ။ သူ့အိမ်မှာလည်း မလုပ်ဘူး ဘာညာဆိုပြီး ပြောတယ်။ အဲဒီနေ့အစည်းအဝေးမှာ အတွင်းဝန် ရုံးကို ရောက်တော့လည်း ကျွန်တော့် ကောင်လေးနှစ်ကောင်ကို တွေ့တော့ ဒီကောင်တွေ ဘယ်ကကောင်တွေလည်း ဆိုပြီး ပြောတာ။ မဟုတ်ပါဘူး။ ဒါ ဗိုလ်ချုပ်လုံခြုံရေးအတွက် လူကြီးတွေက စီမံတာဆိုပြီး ဗိုလ်ထွန်းလှက ပြောတဲ့အခါ ကျတော့ ရပါတယ်ကွာ သိပ် ပူမနေစမ်း ပါနဲ့။ မင်းတို့နေခဲ့ဆိုပြီး အဲဒီကောင်လေး တွေကို မောင်းချတာ။

နောက်တစ်ခု ကျွန်တော်တို့ လုပ် လို့ မရလိုက်တာကတော့ ဘတ်စ်ကား နှစ်စီးတိုက်စာလောက် အတွင်းဝန်ရုံးမှာ လုံခြုံရေးချထားဖို့ပါ။ အဲဒါက အချိန်မမီ တော့တာ။ မလုပ်လိုက်ရဘူး။ နောက် တစ်ခုလုပ်လိုက်တာက ပျော်ဘွယ်ဦးမြ က ရဲကားတစ်စီးစာကို ဗိုလ်ချုပ်အခန်း ကို တက်တဲ့လှေကားအရင်းမှာ ချထား ချင်တယ်။ အဲဒီမှာ ဟိုကောင်တွေလာ ရင် ရဲနဲ့အရင်တွေ့မှာပေါ့။ အဲဒါကို လည်း ဗိုလ်ချုပ်ကတွေ့တော့ ဒီမှာ ဘာ လာလုပ်တာလဲပေါ့။

ဗိုလ်ချုပ် လုံခြုံ ရေးအတွက်လို့ ပြောတော့၊ မလိုပါဘူး ကွာတဲ့ မင်းတို့ တခြားလုပ်စရာရှိတာ တွေ အရေးကြီးတဲ့ကိစ္စတွေ သွားလုပ် ဆိုပြီး မောင်းထုတ်လိုက်ပြန်ရော။ အဲဒီ မှာ ဦးရာဇတ်တပည့် ရဲဘော်ကိုထွေး က သေနတ် သံကြားလို့ ဘုမသိ ဘမသိ ပြေးလာရင်း အပြစ်ခံရလို့ သေတာ။
အဲဒီတော့ဗျာ အချိန်မီ သတိပေး တဲ့ဟာတွေကို လက်ခံလိုက်ရင် တစ် မျိုးဖြစ်မှာပေါ့။ ဒါ နံပါတ်တစ်အချက်ပေါ့ ဗျာ။နောက်ကျွန်တော့်အကြောင်း လည်း ပြောရဦးမယ်။

ကျွန်တော့်ကိုကျ တော့ သူတို့ကိစ္စမဖြစ်ခင် လေးငါးရက် လောက်အလိုကတည်းက ဦးဗဆွေက ကျွန်တော့်ဆီကို သံကြိုးရိုက်ပြီး သခင် တင်မြ စစ်တွေကနေပြီးတော့ မင်းဘူး ထဲကို ဝင်လာတယ်တဲ့။ မင်းခရိုင်ရဲဝန် ဆီက လက်နက်တောင်းပြီးတော့ အဲဒီ ကောင်တွေနဲ့ မင်းသွားပိတ်ဆို့ချေတဲ့။ ကျွန်တော့်ကို အဲဒီလိုခိုင်းတာ။ အဲဒီလို ပြောတော့ ကျွန်တော်က လုပ်ရတာပေါ့။ ဦးဗဆွေက ကျွန်တော့်ကို ခိုင်းသာခိုင်း တာ သခင်တင်မြကို ကျွန်တော် လုံးဝ မမြင်ဖူးသေးဘူး။ သခင်တင်မြက ကျွန် တော့်ကို ဝင်တိုက်သွားရင်တောင် ကျွန် တော်သိမှာမဟုတ်ဘူး။ အဲဒီလိုနဲ့ လွဲ သွားပြီး ကျွန်တော်ပြန်လာတုန်း လမ်း မှာ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတယ်ဆိုပြီး ကြားတာ။

အစတော့ မဟုတ်ဘူး ထင် တာပေါ့ဗျာ။ နောက်တော့မှ ဟုတ်တယ် ဆိုလို့ ကျွန်တော် သေနတ်ဆွဲပြီး ဘတ်စ် ကားနဲ့ ရန်ကုန်ပြန်လိုက်လာတာ။ ဇူလိုင် ၁၉ မှာ ကျွန်တော် က စေတုတ္တ ရာဘက် ရောက်နေတာ။

► ခေတ်အဆက်ဆက် အစိုးရတွေရဲ့ အာဇာနည်တွေအပေါ် သဘောထား သိချင်ပါတယ်။ ဖဆပလခေတ် အစိုးရ ရဲ့ အာဇာနည်တွေအပေါ် သဘော ထား။ ဗိုလ်နေဝင်းလက် ထက် အာဇာ နည်ပုဂ္ဂိုလ်ကြီးတွေအပေါ် သဘောထား ပေါ့။ အခု နောက်ဆုံး ကျွန်တော်တို့ သိမီတဲ့ စစ်အစိုးရပုဂ္ဂိုလ်တွေရဲ့အာဇာနည် တွေအပေါ် သဘောထား။ ဘာေ ကြာင့် ဒီလို သဘောထားခဲ့တာလဲပေါ့။

ဗိုလ်နေဝင်းခေတ်တုန်းကတော့ ဒီလောက် မဆိုးသေးဘူးဗျ။ နောက်ပိုင်း ကောင်တွေက ဆိုးတာ။ နောက်ပိုင်း ပိုဆိုးတယ်ဆိုတာက မစု (ဒေါ်အောင် ဆန်းစုကြည်) ကလည်း ဝင်လာတာကိုးဗျ။ မစုဝင်လာတဲ့အခါကျ မစုက ဗိုလ်ချုပ်ကို အကြောင်းပြုပြီး သြဇာအာဏာထူထောင်ပြီးတော့ သူတို့ကို ဖဲ့မှာကြောက်တာ။ အဲဒါပဲ။ တခြားအကြောင်း မဟုတ်ဘူး။ကျွန်တော်သိသလောက် ဗိုလ်နေဝင်းက အာဇာနည်ကုန်းတက်လွမ်းသူ့ပန်းခွေချတာတို့ ဘာတို့ရှိတယ်ပေါ့။ ဒါက ရှေ့ပိုင်း မှာ။ နောက်ပိုင်းတော့ သူလည်း အဲဒီလို မလုပ်တော့ဘူး။ နောက် စစ်အစိုးရလက်ထက်မှာလည်း တိုင်းပြည်ရဲ့ ဘယ်လူကြီးကမှ ဗိုလ်ချုပ် တို့အထိမ်းအမှတ် အာဇာနည်ကုန်း မတက်တော့ဘူးလေ။ဗိုလ်နေဝင်းလည်း တစ်ကြိမ်နှစ် ကြိမ်လောက်တော့ သူ လုပ်တယ်နဲ့တူ တယ်။ နောက်တော့ ယဉ်ကျေးမှုဝန်ကြီး ကို သွားခိုင်းတာ။ ဗိုလ်နေဝင်း မတက်တော့ဘူး။

► ဒါဆိုရင် ဗိုလ်နေဝင်းက စပြီးသမိုင်း စဖျောက်ခဲ့တာပေါ့။
သူကိုယ်တိုင် အာဏာရှင်ကြီးဖြစ်ပြီး ဗိုလ်ချုပ်တို့ကို အလေးမထားတော့တာပေါ့။

ဟုတ်တယ်ဗျ။ ဒီလူက လူတစ်မျိုး။ ကျွန်တော်လည်း စောစောတုန်းက မသိ ဘူး။ ကျွန်တော်က ဘယ်သူနဲ့ခင်လည်း ဆိုတော့ ကိုအောင်ကြီး (ဗိုလ်မှူးချုပ် အောင်ကြီး) ကိုမောင်မောင်တို့နဲ့ ခင် တာ။ သူ့တပည့်တွေပေါ့လေ။ နောက် ပိုင်း ကျွန်တော်သိရတာက ဒီလူက နိုင်ငံရေး လုံးဝနားမလည်တဲ့သူဗျာ။ သူ က မိန်းမလိုက်စားတဲ့သူ။ တက္ကသိုလ် တုန်းကလည်း သမဂ္ဂတွေ ဘာတွေမှာ ပါတာမဟုတ်ဘူး။

သူက ပြည်သားဆို တော့ သခင်ထွန်းအုပ်တို့၊ သခင်ဗစိန် တို့ကို အားကျတာကိုး။ အဲဒီမှာ ဝင်ပါ တာလည်း သခင်ဗစိန်ကို ဘရမ်ဒီ ဝင်ပေးတာတို့ ဘာတို့။ တောက်တိုမယ် ရ လုပ်တဲ့သူဗျ။ ကျွန်တော်တို့တောင် ဆိုရှယ်လစ် ရူး ရူးပြီးတော့ သူပြောတာ ဟုတ်မယ် ဆိုပြီး ထောက်ခံခဲ့သေးတာ။ ဒါပေမဲ့ တစ်နှစ်အတွင်း ကျွန်တော် သိ တာပါပဲ။ ပြည်သူပိုင်သိမ်းလိုက်ကတည်းက သိလိုက်ပြီ။

► ၁၉ ဇူလိုင် ဗိုလ်ချုပ်တို့ကျဆုံးတဲ့ ၁ဝ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲပြီး အရိုအသေပြုတဲ့ အစဉ်အလာက ဘယ်အချိန်မှာစခဲ့ပြီး ဘယ်အချိန်မှာကွယ် ပျောက်သွားပါသလဲ။

အဲဒါက ကျွန်တော်ထင်တယ်ဗျ။ ဗိုလ်ချုပ်နေဝင်းခေတ်အထိပါလာသေး တယ်။ ကျွန်တော် မမှတ်မိတော့ဘူးဗျ။ ဦးစောမောင်လက်ထက်ထိပဲနဲ့ တူတယ်။

► ၁၉၈၈ ခုနှစ်လောက်အထိပေါ့။

ဟုတ်တယ်။

► အာဏာရှင်တွေ သမိုင်း ဖျောက်ဖျက်လိုမှုရဲ့ အဓိကအကြောင်းက ဘာလဲခင်ဗျ။

သူတို့လည်ပင်းကြိုးကွင်းစွပ်မှာကိုးဗျ။ ကျွန်တော်တောင် ရေးထားသေးတယ်။ ရန်ဘက်မရှိ မိတ်ဖက်သာ ရှိတယ်ဆိုပြီး။ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းဝါဒကို ရေးတာ။ အဲဒီရေးတဲ့သဘောက ဘာကြောင့်လဲဆိုတော့ တချို့က တရုတ်ကို ရန်လုပ်နေတာ။ လက်ပံတောင်းတောင် ကိစ္စ၊ ဘာကိစ္စညာကိစ္စပေါ့။ အဲဒါလည်း သူတို့ ဘာ လုပ်တာ မှန်းကို ကျွန်တော်မသိဘူး။

ကိုသန်းရွှေ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) တို့၊ ကိုသိန်းစိန် (သမ္မတဦးသိန်းစိန်) တို့ပါပြီးတော့ ဘယ်လိုသဘောတူညီချက် လုပ်လာလဲဆို တာကျွန်တော်တို့ မသိဘူး။ ဒါပေမဲ့ ဒီလူတွေ ဒီမိုကရေစီ အသိစိတ်ပါလာတာ ကြိုဆိုတယ်ဆိုပြီး ကျွန်တော် တစ်ခါရေးခဲ့သေးတယ်။
မိုးမြင့်မြတ်
Popular Myanmar News Journal

ပြည်ပနိုင်ငံများမှ Western Union ဖြင့် ငွေလွှဲဝန်ဆောင်မှု ဧရာဝတီဘဏ် ၃၈ခုတွင် လုပ်ဆောင်နိုင်

ဇူလိုင်လ ၁၇ ရက် ၂၀၁၃
ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံပေါင်း ၂၀၀ ကျော်ခန့်တွင် ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းလုပ်ဆောင်နေသည့် အမေရိကန်အခြစိုက် Western Union က ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍ နိုင်ငံတကာက ငွေလွှဲခြင်းကို ယင်းဘဏ်ခွဲ ၃၈ ခုတွင် မိနစ်ပိုင်းအတွင်း လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ဧရာဝတီဘဏ်၏ နိုင်ငံတကာဘဏ်ဌာနမှ ဒေါ်တင်မေဦးက မဇ္ဈိမသို့ပြောသည်။

“ငွေလာထုတ်တဲ့အခါ ငွေလွှဲလိုက်သူပေးလိုက်တဲ့ ကုတ်နံပါတ် ၁၀ ခုပါရမယ် ပြီးတော့ မှတ်ပုံတင်လည်း ပါရမယ်” ဟု ဒေါ်တင်မေဦးက ဆိုသည်။

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသား အလုပ်သမားများနှင့် စီးပွားရေးလုပ်ကိုင်နေသူများသည် ယင်းဝန်ဆောင်မှုကြောင့် မြန်မာနိုင်ငံသို့ အချိန်တိုအတွင်း ငွေလွှဲပို့နိုင်မည်ဖြစ်သည်။

ပြည်ပနိုင်ငံများမှ ငွေလွဲခြင်းကိုသာ လက်ခံနိုင်သေးပြီး မြန်မာနိုင်ငံမှ ငွေလွဲခြင်းကိုမူ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးကြောင်းနှင့် ၀န်ဆောင်ခမှာ Western Union က သတ်မှတ်သည့်အတိုင်းပင် ဖြစ်သည်ဟု ဆက်ပြောသည်။

ဧရာဝတီဘဏ်သည် တစ်နှစ်အတွင်း ထပ်မံဖွင့်လှစ်မည့် ဘဏ်ခွဲပေါင် ၆၀ ခန့်တွင်လည်း Western Union ၏ ငွေလွှဲခြင်း ၀န်ဆောင်မှုကိုရရှိနိုင်မည်ဟု ယင်းဘဏ်ကထုတ်ပြန်ကြေငြာထားသည်။ အဆိုပါ ငွေလွှဲလုပ်ငန်းကြောင့် ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်ကြသော မြန်မာနိုင်ငံမှအလုပ်သမားများ လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်မည်ဖြစ်ပြီး ယခင်က ဟွန်ဒီ (တရားမ၀င် ငွေလွဲလုပ်ငန်း) များကဲ့သို့ အမှားအယွင်းမရှိနိုင်တော့သဖြင့် ထိခိုက်နစ်နာမှုများလည်း နည်းပါသွားမည်ဟု မြန်မာနိုင်ငံလတ်မှတ်ရ ပြည် သူ့စာရင်းကိုင်အသင်း ဥက္ကဌ ဦးကျော်တင့်က မဇ္ဈိမသို့ ပြောသည်။

“ဒီလိုငွေလွှဲလုပ်ငန်းတွေက အခုလောလောဆယ်မှာတော့ အခွန်ကောက်တဲ့စနစ် မရှိသေးတဲ့အတွက်ကြောင့် တိုင်းပြည်အတွက် အခွန်ကတော့ရသေးမှာမဟုတ်ဘူး ဒါပေမဲ့ ဒီလိုမျိုးပြည်ပရောက် နိုင်ငံသားတွေရဲ့ စာရင်းဇယားကိုရနိုင်တဲ့အတွက်ကြောင့် စီးပွားရေးပေါ်လစီတွေ ချမှတ်တဲ့အခါ အကျိုးဖြစ်ထွန်းနိုင်တယ်”ဟု ၎င်းက မှတ်ချက်ပြုပြောသည်။

ယခင်က Western Union ငွေလွှဲလုပ်ငန်းသည် ပြည်တွင်းဘဏ် ခုနစ်ခုဖြစ်သော ပထမပုဂ္ဂလိကဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ သမ၀ါယမဘဏ်၊ United Amara ၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘာ့ရတနာ အများပိုင်ဘဏ် (မြန်မာမွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်)၊ ကမ္ဘာဇဘဏ်တို့ နှင့် ချိတ်ဆက်ပြီး နောက်ပိုင်း ဧရာဝတီဘဏ်က ချိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

Western Union ငွေလွှဲလုပ်ငန်းသည် နိုင်ငံတကာမှငွေလွှဲပို့ခြင်းကို မြန်မာနိုင်ငံရှိ ယင်းနှင့်ချိတ်ဆက်ထားသော ပြည်တွင်းဘဏ်များတွင် ထုတ်ယူနိုင်ပြီး ယင်းငွေလွှဲဝန်ဆောင်မှုသည် နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ပိတ်ဆို့မှုများ လျော့ချခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံး ၀င်ရောက်လာသည့် နိုင်ငံတကာငွေလွှဲလုပ်ငန်း ဖြစ်သည်။

ယင်းငွေလွှဲ လုပ်ငန်းသည် စီးပွားရေး လုပ်ငန်းများနှင့် သုံးစွဲသူများအတွက် ကမ္ဘာတစ်ဝန်း ငွေပို့ပေးခြင်း ငွေလက်ခံပေးခြင်းနှင့် ငွေပေးချေခြင်းလုပ်ငန်းများကို နိုင်ငံပေါင်း ၂၀၀ ကျော်ရှိ ကိုယ်စားလှယ်ပေါင်း ငါးသိန်းကျော်ခန့်နှင့် ATM ငွေထုတ် စက်ပေါင်း တစ်သိန်းကျော်ခန့်တွင် ငွေလွှဲဝန်ဆောင်မှုကို ရရှိနိုင်ပြီး သုံးစွဲသူပေါင်း ၂၃၁ သန်းခန့်ရှိကြောင်း၊ စီးပွားရေးဆိုင်ရာ ငွေလွှဲမှုပေါင်း ၄၃၂ သန်းခန့်ရှိကြောင်း Western Union ကုမ္ပဏီ၏ သတင်းထုတ်ပြန်ကြောညာချက်တွင် ဖော်ပြထားသည်။
မင်းသူရ
Mizzima - News in Burmese

တစ်လအတွင်း ကြွေးမဆပ်နိုင်သော လုပ်ငန်းရှင်များကို မွေး/ရေ တရားစွဲမည်

ရန်ကုန်၊ ဇူလိုင်၁၆
မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနသို့ ကြွေးဆပ်ရန် ကျန်ရှိသော လုပ်ငန်းရှင်များ တစ်လအတွင်း ကြွေးမဆပ်နိုင်ပါက တရားစွဲဆိုမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးပြည့်စုံက ပြောကြားသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဌာနသို့ ကြွေးဆပ်ရန် ကျန်ရှိသော လုပ်ငန်းရှင် ၄၃ဦး ရှိရာ အဆိုပါ လုပ်ငန်းရှင်များကို ဇူလိုင်လ၁၇ရက်နေ့တွင် သတိပေးစာများ ပေးပို့သွားမည်ဖြစ်ပြီး
ရက် ၃၀အတွင်း ပြန်လည် မဆပ်နိုင်ပါက တရားစွဲမည်ဟု ၄င်းကဆိုသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဌာနသည် အစိုးရသို့ ပေးသွင်းရန်ကျန်ရှိ သည့်ကြွေးကျန်များကို ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ကုန်တွင် ပြန်လည် ပေးဆပ်ရမည် ဖြစ်ခြင်းကြောင့် ယင်းသို့ကြွေး ပြန်မဆပ်သည့် လုပ်ငန်းရှင်များကို တရားစွဲဆိုရန် စီစဉ်ရခြင်းဖြစ်သည်ဟု ၄င်းက
ဆိုသည်။
"အကြွေးဆိုပေမယ့် ငွေချေးတာ မဟုတ်ဘူး။ မွေးမြူရေးအစာအကြွေးပါ။ ချေးထားတာက သန်းလေးသောင်း နှစ်ထောင်ကျော်။ ရဖို့ကျန်နေတာက သန်းနှစ်သောင်းကျော်" ဟု ၄င်းကဆိုသည်။

ရက်၃၀အတွင်း အကြွေးပြန်လည် ဆပ်ရန် သတိပေးစာ (Notice) ကိုဇူလိုင်၁၇ ရက်နေ့တွင် နေပြည်တော်ရှိ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးရုံးတွင် လုပ်ငန်းရှင်များကို ပြည်ထောင်စုဝန်ကြီးက ပေးအပ်မည် ဖြစ်သည်။

မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဌာနသည်၂၀၀၇ ခုနှစ်ခန့်က စတင်၍ လုပ်ငန်းရှင်များကို မွေးမြူရေးအစာ ဝယ်ယူရန်အတွက် မွေးမြူရေးအစာများကို အကြွေး စနစ်ဖြင့် ချထားပေးခဲ့ကြောင်း၊ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သည့် ကာလအတွင်း ငါးမွေးမြူရေးကန်များ ပျက်စီးခြင်း အပါအဝင် ငွေလဲနှုန်းကျဆင်းမှု ဂယက်ပါ တွေ့ကြုံခဲ့ရသည့် အတွက် ယင်းသို့ ချေးယူထားသော အကြွေးများ ပြန်မဆပ်နိုင်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းလွင်ကပြော ကြားသည်။
"တရားစွဲလည်း ခံရမှာပဲ"ဟုအဆိုပါ ပုဂ္ဂိုလ်ကဆိုသည်။

မွေးမြူရေးဝန်ကြီးဌာန သည် ၂၀၁၃ခုနှစ် နှစ်ဦးပိုင်းတွင် မွေးမြူရေး အစားအစာ ထုတ်လုပ်ရောင်းချသူများ အသင်းသို့ အိန္ဒိယမှ ပဲပုပ်ဝယ်ယူရန် အတွက် ကျပ်သိန်း ၇၀၀၀ကျပ် ထုတ်ချေးခဲ့ကြောင်း အဆိုပါ အသင်း၏ ဥက္ကဋ္ဌ ဦးအုန်းလွင် က ပြောကြားသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်းရှင်များ သည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် မကုန်မီ အကြွေးများကို ပြန်လည်ပေးဆပ်ရန် နှင့် ပေးဆပ်နိုင်ခြင်း မရှိပါက ဥပဒေကြောင်း အရ ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေးက ဖေဖော်ဝါရီလ အတွင်း၌ သက်ဆိုင်ရာ လုပ်ငန်းရှင်များကို မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ကျင်းပသည့် အပတ်စဉ် အစည်းအဝေးများ၌ အသိပေး ပြောကြားခဲ့ပြီး ဖြစ်သည်။
The Voice Weekly

၈၈ မျိုးဆက် ကိုမာကီး၏ ပထမဆုံးစာအုပ် ထုတ်ဝေ

ရန်ကုန်၊ ဇူလိုင် ၁၆
၈၈ မျိုးဆက်ကျောင်းသားတစ်ဦး ဖြစ်သောကိုမာကီး ထောင်တွင်း၌ ရေးသားခဲ့သည့် သမိုင်းစကား (၈၈မျိုးဆက်တစ်ဦး၏ ဖြတ်သန်းမှုများ) စာအုပ် ကို ဇူလိုင်လ ၁၆ ရက်နေ့မှစ၍ ဖြန့်ချိမည် ဖြစ်ကြောင်း စာရေးသူ ကိုမာကီးက The Voice သို့ ပြောကြားသည်။

စာအုပ်မိတ်ဆက်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီမှ ၃ နာရီအတွင် G Lotus စာအုပ်ထုတ်ဝေရေးနှင့် အင်းဝ စာအုပ်တိုက် တို့က ပူးပေါင်းကျင်းပမည် ဖြစ်ပြီး အင်းဝစာအုပ်တိုက် တွင် ပွဲကို ကျင်းပသွားမည်ဖြစ်ကာ နိုင်ငံရေးပါတီ အသင်းအဖွဲ့များ၊ စာပေဝါသနာပါသူ များနှင့် သတင်းများ မီဒီယာများကို ဖိတ်ကြား ထားကြောင်း ၄င်းက ပြောကြားသည်။
"ပထမဆုံး စာအုပ်ပါ အဓိက ဆိုလိုရင်းကတော့ ထောင်တွင်းအတွေ့အကြုံ တွေနဲ့ နိုင်ငံရေးအမြင်တွေကို ရေးသား ထားပါတယ်" ဟု ၄င်းကဆိုသည်။

ယင်းစာအုပ်ကို အုပ်ရေတစ်ထောင် ထုတ်ဝေ၍ တစ်အုပ်လျှင် ကျပ် ၂၂၀၀ နှုန်း ဖြင့် ဖြန့်ဝေ ရောင်းချသွားမည်ဖြစ်ကြောင်း ကိုမာကီးက ဆက်လက် ပြောကြားသည်။
The Voice Weekly

လယ်ယာမြေ မှတ်ပုံတင် အမြန်လုပ်ပေးဖို့ တိုင်းဝန်ကြီးချုပ်ပြော

ဧရာဝတီတိုင်းအတွင်းမှာ ဒေသခံတွေအတွက် လယ်ယာမြေ မှတ်ပုံတင်တွေ အမြန်လုပ်ပေးမယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရ၀န်ကြီးချုပ် ဦးသိန်းအောင်က တောင်သူတွေကို ကတိပေးလိုက်ပါတယ်။
ပုသိမ်မြို့ ကမ်းနားလမ်းမြို့တော်ခန်းမမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ လယ်သမားတွေ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ မနေ့ကနဲ့ ဒ်ီနေ့ နှစ်ရက်တာ ကျင်းပတဲ့ဆွေးနွေးပွဲမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

အခုလို ဆွေးနွေးပွဲဖြစ်မြောက်လာတာနဲ့ ပတ်သက်လို့ ကရုဏာ လူမှုရေးကူညီမှုအသင်းမှ ဦးအောင်အောင်က RFA ကို ခုလို ပြောပါတယ်။

"ပွဲကျင်းပတဲ့ ရည်ရွယ်ချက်က တောင်သူလယ်သမားရေးရာ၊ ပညာရေးရေးရာ၊ ကျန်းမာရေးရေးရာတို့ကို ပြည်သူလူထုနဲ့ ရင်းရင်းနှီးနှီး ဆွေးနွေးတဲ့ပွဲပါ"

ဧရာဝတီတိုင်းအတွင်းက သစ်တောဧရိယာအတွင်းရှိနေတဲ့ အိမ်ခြေ ၅၀ နဲ့အထက် အမည်မပေါက်သေးတဲ့ကျေးရွာတွေကို တရားဝင်ကျေးရွာတွေအဖြစ် သတ်မှတ်ပေးသွားမယ်လို့လည်း တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဒ်ီနေ့ကတိပေးခဲ့ပါတယ်။

တိုင်းအစိုးရရဲ့ သစ်တောရေးရာဝန်ကြီး ဦးစိုးမြင့်ကလဲ အဲဒီလို တရားဝင်အသိအမှတ်ပြုနိုင်ဖို့အတွက် ဧရာဝတီတိုင်းအနေနဲ့ သစ်တောဧကပေါင်း ၂ သိန်းနီးပါးကို ပယ်ဖျက်ပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။

"ဧရာဝတီတိုင်းဒေသကြီးအတွင်းက ဆင်းရဲမှုလျော့ချရေးကို အခြေခံပြီးတော့ သစ်တောကြိုးဝိုင်းတွေအတွင်းမှာ နှစ်ကာလကြာရှည်စွာ ကျူးကျော်နေထိုင်တဲ့ ပြည်ထဲရေး အမည်မပေါက်တဲ့ကျေးရွာတွေကို တစ်ပြည်လုံးအတိုင်းအတာအနေနဲ့ ၅၆.၂ရာခိုင်နှုန်း ပယ်ဖျက်ပေးဖို့ရှီပါတယ်"

ဒီကနေ့ဆွေးနွေးပွဲကို အရပ်ဖက် လူ့အဖွဲ့အစည်း ၃၀ ကျော်နဲ့ တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ်အပါအ၀င် အစိုးရအဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပေမယ့် တောင်သူလယ်သမား ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးမူနည်းပါးတယ်လို့ သိရပါတယ်။
RFA Burmese

တရားဝင်သိမ်းယူထားခြင်းမဟုတ်သည့် မြေများကို ပြန်လည်ရယူလိုကြောင်း

ရန်ကုန်၊ ဇူလိုင် ၁၇။
နှစ် ၉၀စာ ဂရမ် ပေါက်သည့် မြေများကို အိုးအိမ်က တရားဝင်အကြောင်းကြားစာ မပေးဘဲ သိမ်းယူထားပြီး တရားဝင်စာရွက်စာတမ်း ရှိပါလျက်နှင့် ပြန်လည်ပေးအပ်ခြင်း မရှိကြောင်း မြေသိမ်းခံရသူ တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်အေးက ပြောကြားသည်။

“၉၆ မှာမြေသိမ်းတယ်ပြောတယ် သိမ်းကြောင်း အကြောင်းကြားစာ မရှိဘူး။ ကျွန်မတို့ အိုးအိမ်ရဲ့စည်းစိမ်ကို လိုချင်တာမဟုတ်ဘူး။ ကိုယ့်ရဲ့စည်းစိမ်ကို လိုချင်တာပါ”ဟု ၎င်းက ပြောကြားသည်။

အိုးအိမ်အမိန့်တစ်ခုတည်းဖြင့် လုပ်ဆောင်နေသော သူများကို အရေးယူမှု မရှိကြောင်း သိမ်းဆည်းခံ
မြေပိုင်ရှင်များ ကိုယ်စားလှယ်ခေါင်းဆောင် ဦးမြင့်အောင်က “အရင်က စာစောင်ထဲမှာ မြို့တော်ဝန် ဦးလှမြင့်က နိုင်ငံတော်မြေမှာ ခွင့်ပြုမဲ့ဆောက်ရင် ပုဒ်မ ၃၀ နဲ့ တရားစွဲမယ်လို့ ပြောဖူးတယ်။ ယနေ့ထိ ဘာဖြစ်လို့ တရားမစွဲလဲ” ဟု ဦးမြင့်အောင်က ပြောကြားသည်။

ဆက်လက်၍ ၎င်းတို့သည် တိုင်ကြားစာများ အကြိမ်ကြိမ်ပို့ထားပြီး စာများတွင်လည်း မှတ်ချက်များ
တွဲတင်ပေးကြောင်း လုပ်ဆောင်သင့်သည်များကို ချမှတ်ပေးရန်လည်း မှတ်ချက်များ တောင်းဆိုခဲ့ကြောင်း ပြောကြားသည်။

အိုးအိမ်မှ သိမ်းဆည်းထားသော မြေများသည် ၇၁၃ကွက်ဖြစ်ပြီး ပိုင်ရှင် ၆၀ ကျော်ကသာ ၎င်းတို့လက်ထဲတွင်တရားဝင် အထောက်အထားများ ရှိသောကြောင့် မြေပိုင်ဆိုင်ခွင့် ပြန်လည်တောင်းခံကြခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းမြေများသည် ကိုလိုနီခေတ်ကပင် ဝယ်ယူထားကြပြီး နှစ် ၉၀ စာဂရမ် ရရှိထားကာ အခွန်များလည်း ဆောင်ထားကြောင်း နောက်ပိုင်းတွင် စစ်ထောက်ချုပ်က လက်နက်ပစ္စည်းဂိုဒေါင်အဖြစ် ပြုလုပ်ရန် ငှားရမ်းခဲ့ကာ မြေပိုင်ရှင်များကို မြေငှားခပေးခဲ့ကြောင်း မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်အေး ပြောကြားသည်။

လက်ရှိတွင် ဆောက်လုပ်ရေး ကုမ္ပဏီများက ဆောက်လုပ်ရေး လုပ်ငန်းများလုပ်ကိုင်နေပြီး တချို့ကုမ္ပဏီများသည် မြေကွက်လွတ် အတိုင်းပင် ထားရှိသေးကြောင်း မြေပိုင်ရှင်တို့က ပိုင်ဆိုင်မှု အထောက်အထားရှိပြီး အိုးအိမ်ကို ပြန်ပေးရန် စာတင်သော်လည်း အကြောင်းမပြန်ဘဲ ပြန်ပေးခြင်းလည်း မရှိကြောင်း မြေသိမ်းခံမြေပိုင်ရှင် ကိုယ်စားလှယ် ဒုခေါင်းဆောင် ဦးတင်ဦးက ပြောကြားသည်။

ယခုကိစ္စနှင့် စပ်လျဉ်း၍ မြို့တော်ခန်းမရှေ့တွင် တစ်ကြိမ် ဆန္ဒပြခဲ့ပြီး အိုးအိမ်ရှေ့တွင် နှစ်ကြိမ်
ဆန္ဒဖော်ထုတ်ခြင်းများ ပြုလုပ်ထားကာ နောက်တစ်ကြိမ်လည်း ဆန္ဒထုတ်ဖော်ရန် အစီအစဉ်ရှိကြောင်း မြေပိုင်ရှင်တစ်ဦးဖြစ်သူက ပြောကြားသည်။

နှစ်ကိုးဆယ် မြေဂရမ်ကွက်များသည် သက်တမ်းမပြည့်မီ ၁၉၉၄တွင် သိမ်းယူခံခဲ့ရခြင်း ဖြစ်သော်လည်း အချို့မြေပိုင်ရှင်များသည် ၂၀၀၁ ခုနှစ်ထိ မြေငှားရမ်းခ ရရှိပြီး တချို့မှာ ၁၉၈၀ကျော် ကာလထိ အစိုးရထံမှ ငှားရမ်းခများ ရရှိကြကြောင်း သိရသည်။
ထွန်းလင်း
မြန်မာ့ခေတ်


သမ္မတ ဦးသိန်းစိန် နဲ့ ဘီဘီစီ မေးမြန်းခန်း

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဘီဘီစီ တွေ့ဆုံ
16 ဇူလိုင်လ 2013
ဗြိတိန် ဝန်ကြီးချုပ် ရဲ့ ဖိတ်ကြားချက် နဲ့ ဗြိတိန် နိုင်ငံ ကို ရောက်လာတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန် ကို အင်္ဂါနေ့ က ဘီဘီစီ မြန်မာဌာန မှ သီးသန့် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် ပြောသွားတဲ့ အထဲမှာ ဘာသာရေး ကို ခုတုံးလုပ်ပြီး မိမိ ရဲ့ ကိုယ်ကျိုးအတွက် အမုန်းတရား ပွားအောင် လုပ်ဆောင် နေသူတွေ ကို လုံးဝ သည်းခံ မှာ မဟုတ်ဘူးလို့ ပြောပါ တယ်။

ပြီးခဲ့တဲ့ အရေးအခင်း ကာလတွေမှာ လှုံ့ဆော်သူတွေ၊ ပြစ်မှု ကျူးလွန်သူတွေ ကို အရေးယူမှုတွေ ပြုလုပ်နေသလို၊ နောက်ထပ်လည်း ဖေါ်ထုတ်ပြီး ဥပဒေ အရ အရေးယူဖို့ ရှိကြောင်း ဘီဘီစီ ကို ပြောပါတယ်။

မြောက်ကိုးရီးယား နဲ့ မြန်မာ နိုင်ငံ အကြား စစ်ရေး ဆက်ဆံမှုတွေ ရှိခဲ့တဲ့ အထောက်အထားတွေ ကြောင့် မြန်မာစစ်တပ် အရာရှိကြီး တယောက် ကို အမေရိကန် က ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်တဲ့ ကိစ္စ နဲ့ ပတ်သက်လို့၊ အခု အခါမှာ မြောက်ကိုးရီးယား နဲ့ မြန်မာ အကြားမှာ စစ်ရေး ဆက်ဆံမှု လုံးဝ မရှိတော့ဘူး လို့ သမ္မတဦးသိန်းစိန် က ဆိုပါတယ်။ သံတမန် ဆက်ဆံရေး မှ အပ၊ သူ့ အစိုးရ လက်ထက် မှာ တိကျတဲ့ တားဆီးမှု ပြုထားသလို အဆက်အသွယ် လည်း မရှိကြောင်း ပြောပါတယ်။

တခါ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတဦးသိန်းစိန် ပါဝင် ယှဉ်ပြိုင်မှာ ပါလား ဆိုတဲ့ မေးခွန်း ကိုတော့ အသက် အရွယ်အရ လာမယ့်နှစ် သမ္မတ သက်တမ်း ကို မျှော်မှန်းချက် မထားတဲ့ အကြောင်း၊ ဒါပေမယ့် တိုင်းပြည်မှာ တာဝန်ရှိသူ အနေနဲ့ ၂၀၁၅ ခု ရွေးကောက်ပွဲ ဟာ ဘယ်လို ဖြစ်လာနိုင်မလည်း ဆိုတာ မျှော်မှန်းလို့ မရကြောင်း ဘီဘီစီ မြန်မာ ဌာန နဲ့ မေးမြန်းခန်း မှာ ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

Civil society will hold matry's day (ရုပ်/သံ)

ယမန်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ပြည်လမ်းရှိ ယုဒဿန်ရိပ်သာမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းများ စုပေါင်းကာ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်သော (၆၆)နှစ်မြောက် အာဇာနည်နေ့ ကျင်းပပြုလုပ်မည့် အစီအစဉ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

မြန်မာ့ခေတ်

အာဇာနည်နေ့တွင် တ.က.သ နှင့် ပြည်သူပူးပေါင်း၍ မြို့နယ်ပေါင်း ၃၅ မြို့တွင် ဟွန်းတီးကန်ပိန်း ပြုလုပ်မည်

ရန်ကုန်၊ ဇူလိုင် ၁၆။
မကြာမီ ကျရောက်မည့် ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့်
တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တ.က.သ) နှင့် ပြည်သူလူထု ပူးပေါင်း၍ မြို့နယ်ပေါင်း ၃၅
မြို့တွင် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်၌ ဟွန်းတီးကန်ပိန်းကို တစ်ပြိုင်တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်အောင်ကျော်လမ်းရှိ HOME တွင် ယနေ့ ကျင်းပပြုလုပ်သော စာနယ်ဇင်းတွေ့ဆုံပွဲ၌ ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုဇေယျာလွင်က ပြောကြားသည်။

မြန်မာတစ်မျိုးသားလုံးအတွက် ဝမ်းနည်းဖွယ်နေ့ဖြစ်သည့် ၆၆နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကိုလက်ရှိ အရပ်သား အစိုးရမှ ပြုလုပ်ရန် ပျက်ကွက်ခဲ့ကြောင်း၊ ထို့ကြောင်း ကျောင်းသားထုများ ကိုယ်စား တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်၍ ပြည်သူလူထုနှင့် ပူးပေါင်းကာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား မြို့နယ်ပေါင်း ၁၇ မြို့နယ်တွင် တစ်ပြိုင်နက် ဥသြစွဲ ဂုဏ်ပြုမည်ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

“ရန်ကုန်မြို့ရဲ့ လူစည်းကားတဲ့ နေရတွေမှာ မနက် ၁၀ နာရီကတည်းက လူစုပြီးတော့ ၁၀ နာရီ ၃၇ မိနစ် အချိန်ရောက်တာနဲ့ တစ်ပြိုက်နက် ကားဟွန်းတီးပြီး ဥသြဆွဲသွားမှာပါ။ နိုင်ငံတော် အစိုးရက မလုပ်နိုင်တဲ့အရာကို ကျောင်းသားတွေနဲ့ ပြည်သူတွေက ပူးပေါင်းပြီး လုပ်တဲ့သဘောပါပဲ။ ကျွန်တော်တို့ ဘက်ကလည်း စတစ်ကာတွေ၊ ပန်းဖလက်တွေနဲ့ လူစည်ကားရာနေရာတွေမှာ ဝေမျှထားပြီး ဖြစ်ပါတယ်”ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုနန်းလင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာတိုင် အာဏာရှင် အစိုးရမှ အာဇာနည်နေ့ အခမ်းအနားကို
မျက်ကွယ်ပြုခဲ့သည့်အတွက် လူထုကြားတွင် အာဇာနည်နေ့၏ သမိုင်းနှင့် အစဉ်အလာများ
မှေးမှိန်ခဲ့ရကြောင်း၊ ထို့ပြင် အာဇာနည်နေ့၏ ဝမ်းနည်းခြင်း အမှတ်သင်္ကေတဖြစ်သည့် ဥသြဆွဲသည့်
အစီအစဉ်လည်း  ပိတ်ပင်ခံခဲ့ရပြီး ပြည်သူမှ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုသည့်
အခွင့်အလမ်းကိုလည်း ကြာမြင့်စွာ ဆုံးရှုံးခဲ့ရကြောင်း တ.က.သ မှ မအိအိမော်က ပြောကြားသည်။

“ဒလမှာတော့ ကျွန်တော်တို့က ဟွန်းတီးတာထက် သင်္ဘောတွေကနေ ဥသြဆွဲပေးဖို့ ကန်ပိန်း ဆင်းထားတာတွေရှိပါတယ်။ အဓိကကတော့ ကျောင်းသားတွေရဲ့ အခန်းကဏ္ဍ၊ ပြည်သူလူထုရဲ့ အခန်းကဏ္ဍ ဘယ်လောက် ရှိတယ်ဆိုတာ သိစေချင်ပါတယ်” ဟု ကိုဇေယျာလွင်က ပြောကြားသည်။

ဟွန်းတီးကန်ပိန်းပြုလုပ်မည့် ရန်ကုန်မြို့တွင်းမှ မြို့နယ်များမှာ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊
ကမာရွတ်၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ရန်ကင်း၊ ဗဟန်း၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊
တောင်ဥက္ကလာ၊ ဒလ၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ သင်္ဃန်းကျွန်း၊ တာမွေ၊
မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သာကေတ စသည်တို့ ဖြစ်ပြီး သံလျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊
တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ မြောင်းမြ၊ ပုသိမ်၊ ဟင်္သာတ၊ ထားဝယ်၊ လွိုင်ကော်၊ ပန်းတနော်
စသည့် မြို့နယ်များရှိ လူစည်ကားရာ နေရာများတွင်လည်း ဟွန်းတီးကန်ပိန်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

ရှားပါးစာရင်းဝင်ငါးသလောက် စီးပွားဖြစ်သားဖောက်ရန် နော်ဝေပညာရှင်များ ကူညီမည်

ရန်ကုန်၊ ဇူလိုင် ၁၅
ကမ္ဘာ့ရှားပါး ငါးစာရင်းဝင် ငါးသလောက်ကို မြန်မာနိုင်ငံ၌ မျိုးဖောက်ရန် စီစဉ်နေရာ နော်ဝေနိုင်ငံ မွေးမြူရေးနှင့် သုတေသန အဖွဲ့အစည်း တစ်ခုဖြစ်သော နော်ဖီးမား (Nofima) အဖွဲ့မှ ပညာရှင်များက စက်တင်ဘာလတွင် လာရောက်ကူညီမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

နော်ဝေပညာရှင်များသည် ငါးသလောက်မျိုးရိုးဗီဇ လေ့လာမှု လုပ်ငန်းစဉ်များ၊ မျိုးရိုးထိန်းသိမ်းမှု လုပ်ငန်းစဉ်များနှင့် ငါးသလောက် သားပေါက်များ ပြုစုပုံ နည်းစနစ်များကို သင်ကြားပြသမည် ဖြစ် သည်ဟု ၎င်းကဆိုသည်။

“ငါးသလောက်က တစ်ကမ္ဘာလုံးမှာ ဘင်္ဂလားပင်လယ်အော်မှာပဲ ကျက်စားတယ်။ ဒီလို လူကြိုက်များပြီး ရှားပါးတဲ့ ငါးသလောက်ကို မွေးမြူနိုင်ဖို့ နော်ဝေ ပညာရှင်တွေက လာကူညီမှာပါ” ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားပင်လယ်အော်တွင်သာ ဖမ်ဆီးရရှိနိုင်၍ ရှားပါးငါးမျိုးအဖြစ် ကမ္ဘာကျော်သည့်အတွက် နော်ဝေပညာရှင်များသည် မြန်မာနိုင်ငံတွင် နည်းပညာပို့ချပြီးပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။

“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ငါးသလောက် ပြည်ပပို့တာ တစ်နှစ်ကိုတန်ချိန် တစ်သိန်းလောက် ရှိတယ်။ အခုကတော့ တစ်သောင်းနီးပါလောက်ပဲ ပို့နိုင်တော့တယ်” ဟု ကုန်ကြမ်း ရှားပါးမှုကြောင့် ငါးသလောက် ပြည်ပတင်ပို့မှု လျော့ကျလာခြင်းကို ၎င်းကရှင်းပြသည်။

ထိုင်းနိုင်ငံထုတ် တစ်လက်မပတ်လည် ငါးဖမ်းပိုက်များဖြင့် ဖမ်းယူမှုကြောင့် ငါးသလောက် ၁၀ ကျပ်သား အကောင်သေးများအထိ ဖမ်းဆီးရရှိ၍ ပင်လယ်ပြင်အတွင်း ငါးသလောက် ရှားပါးမှု ဖြစ်ပေါ်လာကြောင်း ဦးဟန်ထွန်းက ကောက်ချက်ချသည်။

ငါးသလောက် ဖမ်းဆီးရမိမှု တစ်နှစ်ထက်တစ်နှစ် နည်းပါးလာခြင်းကြောင့် ငါးသလောက် ဝယ်မရသည့် နေ့များပင် ရှိလာကြောင်း နာဂစ်မုန်တိုင်း တိုင်မီက ငါးသလောက် ပေါပေါများများ ဖမ်းမိခဲ့သည့် ဒေးဒရဲမြို့နယ် ဥတိုကျေးရွာအတွင်း ငါးအဝယ်ဒိုင် ဖွင့်လှစ်ထားသူ ဦးငယ်လေးက ပြောကြားသည်။

ငါးသလောက် သားဖောက်မှု လုပ်ငန်းစဉ်များ အကူအညီပေးရန်အတွက် ၂၀၁၃ ခုနှစ် ဇွန်လအတွင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် တာဝန်ရှိသူများ နော်ဝေနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်စဉ်က ယင်းသို့ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

မာလာလာ သို့မဟုတ် ပညာတိုက်ပွဲ သူရဲကောင်း

သူမ နာမည် အပြည့်အစုံက မာလာလာ ယူဆပ်ဇိုင်ယာ ဖြစ်သည်။ သို့သော် တစ်ကမ္ဘာလုံးကတော့ သူ့ကို မာလာလာဟုသာ ချစ်စနိုး ခေါ်ကြသည်။ ၁၉၉၇ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့တွင် မွေးဖွားသဖြင့် ယခုဆိုလျှင် အသက် ၁၆ နှစ် ပြည့်ခဲ့ပြီ။ ကလေး တစ်ယောက်မျှသာ ရှိသေးသော်လည်း မကြာသေးမီ သူမ အသက် ၁၆ နှစ် ပြည့်မြောက်သည့်နေ့တွင် ကုလသမဂ္ဂသို့ တက်ပြီး စကားပြောခွင့် ရသည်။ ကုလသမဂ္ဂ၏ အထူး ဧည့်သည်တော်ကြီးများသာ ထိုင်ရလေ့ရှိသော အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဘေးတွင် ထိုင်ခွင့်ရပြီး ကမ္ဘာ့ ခေါင်းဆောင်များနှင့် တစ်တန်းတည်းထားကာ ဆက်ဆံခြင်း ခံခဲ့ရသည်။ အဘယ်ကြောင့်နည်း။

မာလာလာသည် ပါကစ္စတန် အနောက်မြောက်ပိုင်း ခီဘာပတ်တွန်ခဝါ ပြည်နယ်၊ ဆွပ်ဒေသအတွင်းရှိ မင်ဂိုရာ မြို့ငယ်လေးတစ်ခုတွင် မွေးဖွားခဲ့သော သာမန် မိန်းကလေး တစ်ဦးသာ ဖြစ်သည်။ ဆွပ်တောင်ကြား ဒေသတွင် တာလီဘန်တို့ စိုးမိုးလျက်ရှိပြီး အမျိုးသမီးများ ကျောင်းတက်ခွင့်ကို ပိတ်ပင်ထားရာ ဒေသတွင် သူမ လူဖြစ်လာရခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ် အစောပိုင်း၊ မာလာလာ အသက် ၁၂ နှစ်သမီး အရွယ်တွင် ဘီဘီစီ ဘလော့ဂ်သို့ တာလီဘန်တို့ အုပ်စိုးမှုအောက်တွင် နေထိုင်ရသော အမျိုးသမီးတို့ ဘဝအကြောင်း အမည်ဝှက်ဖြင့် ရေးသား ပေးပို့လိုက်သည်။ တာလီဘန်တို့ အုပ်စိုးမှုအောက်တွင် အမျိုးသမီးတို့သည် ပညာသင်ကြားခွင့် မရသဖြင့် အမျိုးသမီးများ ပညာသင်ကြားခွင့်ရရေးကို သူမ အမြင်ဖြင့် စာရေးကာ ပေးပို့လိုက်ခြင်း ဖြစ်သည်။

နောက်နှစ် နွေရာသီတွင် နယူးယော့ခ်တိုင်းမ် သတင်းစာကြီးက ဖြစ်ရပ်မှန် မှတ်တမ်းတင် ရုပ်ရှင် ဇာတ်လမ်းတိုလေး တစ်ခုကို သူမကို အခြေပြုပြီး လာရိုက်သွားသည်။ ထိုဒေသသို့ သတင်းအဖွဲ့က ခက်ခဲစွာ လာရောက်ပြီး စွန့်စား ရိုက်ကူးသွားသည့် သတင်းတိုလေးအား ကမ္ဘာသို့ ထုတ်လွှင့် ပြသ လိုက်ခြင်းကြောင့် မာလာလာနှင့် ပါကစ္စတန်နိုင်ငံ တာလီဘန်တို့ လက်အောက်တွင် နေထိုင်ရသည့် အမျိုးသမီးတို့ အခွင့်အရေးများ ဆုံးရှုံးနေခြင်းကို ကမ္ဘာက သိရှိသွားတော့သည်။ ထိုမှတ်တမ်း ရုပ်ရှင် လေးကြောင့် မာလာလာကို လူသိများသွားခဲ့သည်။ သတင်း မီဒီယာနှင့် ရုပ်သံ ဌာနများကလည်း လာရောက်ပြီး စုံစမ်း မေးမြန်းကာ သတင်း မီဒီယာများတွင် ရေးသား ဖော်ပြခဲ့ကြသည်။

အမျိုးသမီးများနှင့် ကလေးသူငယ်များဆိုင်ရာ ပညာသင်ခွင့်အတွက် သူမ လှုပ်ရှားမှုများကို ကမ္ဘာက အသိအမှတ်ပြုသည့်အနေဖြင့် ဒက်စ်မွန်တူးတူး ပေးအပ်သည့် နိုင်ငံတကာ ကလေးများ ငြိမ်းချမ်းရေးဆုအတွက် လျာထားခြင်း ခံရသလို၊ ငြိမ်းချမ်းရေး နိုဗယ်ဆုများလည်း ပေးရန် လျာထားခြင်း ခံရသည်။ ကမ္ဘာ့သမိုင်းတွင် အသက်အငယ်ဆုံး ထိုဆုများကို လျာထားခြင်းခံရသူ လည်း ဖြစ်သည်။ ပါကစ္စတန်နိုင်ငံ၏ အမျိုးသား လူငယ် ငြိမ်းချမ်းရေးဆုကိုလည်း ပထမဦးဆုံး ရရှိခဲ့သည်။

၂၀၁၂ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် မာလာလာနှင့် သူငယ်ချင်းများ ကျောင်းမှ အိမ်သို့ပြန် လာသည့် ဘတ်စ်ကားကို တာလီဘန်တို့သည် ရပ်ခိုင်းပြီး မာလာလာ၏ ဦးခေါင်းနှင့် လည်ပင်းတို့ကို သေနတ်ဖြင့် ပစ်ကာ လုပ်ကြံ သတ်ဖြတ်ခဲ့သည်။ ဦးခေါင်း သေနတ် ဒဏ်ရာကြောင့် သတိမေ့သွားပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားသို့ ရောက်ခဲ့သည်။ ပါကစ္စတန် ဆေးရုံမှ တစ်ဆင့် အခြေအနေ စိုးရိမ်ရသောကြောင့် ဗြိတိန်နိုင်ငံ၊ ဘာမင်ဟမ်ရှိ ‘ကွင်းအဲလိဇဘက်’ ဆေးရုံကြီးသို့ ပေးပို့လိုက်ရသည်။ အောက်တိုဘာ ၁၂ ရက်နေ့တွင် ပါကစ္စတန်ရှိ အစ္စလာမ္မစ် ဘာသာရေး ခေါင်းဆောင် ၅၀ သည် သူမကို သတ်ရန် အားထုတ်ခဲ့သည့် တာလီဘန်တို့ကို အစ္စလာမ် ဓမ္မသတ်နှင့် ဆန့်ကျင်သူများဟု ကြေညာခဲ့သည်။ တာလီဘန်တို့ကလည်း မာလာလာကို မသေမချင်း ထပ်လုပ်ကြံမည့်အပြင် သူမ၏ ဖခင်ကိုပါ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။

ယခင် ဗြိတိန် ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ယခု ကုလသမဂ္ဂ ပညာရေး အထူး သံတမန်အဖြစ် တာဝန် ထမ်းဆောင်နေသော ဂေါ်ဒန်ဘရောင်းကလည်း ကုလသမဂ္ဂ၏ ပန်ကြားလွှာတွင် မာလာလာ၏ အမည်ကို ၂၀၁၅ ခုနှစ်တွင် ကလေးများအားလုံး ကျောင်းသို့ရောက်ရန် လှုံ့ဆော်သည့် ဆောင်ပုဒ် အဖြစ် သုံးရန် တင်ပြခဲ့သည်။ ထိုဆောင်ပုဒ်မှာ "I am Malala" ဖြစ်သည်။ ထိုဆောင်ပုဒ်ကို ပါကစ္စတန် သမ္မတ အဆစ်အလီဇာဒါရီထံ ဂေါ်ဒန်ဘရောင်းက လာမည့် နိုဝင်ဘာလတွင် လွှဲပြောင်း ပေးအပ်မည် ဖြစ်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း ဇူလိုင်လ ၁၂ ရက်နေ့ (မာလာလာ မွေးနေ့) ကို ‘မာလာလာနေ့’ အဖြစ် ကျင်းပရန် ကြေညာခဲ့သည်။ အဓိက ဦးတည်ချက်မှာ ကလေးများအတွက် ပညာရေး ပန်းတိုင် မပျောက်ရေးကို ဦးတည် လုပ်ဆောင်ကြရန် ဖြစ်သည်။

၂၀၁၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ TIME မဂ္ဂဇင်း မျက်နှာဖုံးတွင် ကမ္ဘာကို အလွှမ်းမိုးဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းဝင်အဖြစ် မာလာလာကို ဂုဏ်ပြု ဖော်ပြခဲ့သည်။ သူမကို ဂုဏ်ပြုသည့် ဆောင်းပါးကိုလည်း ယင်းမဂ္ဂဇင်းတွင် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၏ သမီးဖြစ်သူ ချဲလ်ဆီးလ်ကလင်တန် က ရေးသားခဲ့သည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ မာလာလာ ၁၆ နှစ်ပြည့် မွေးနေ့တွင် ပြန်လည် ကျန်းမာလာသည့် မာလာလာကို ကုလသမဂ္ဂ လူငယ် ညီလာခံ၌ တက်ရောက် မိန့်ခွန်း ပြောကြားခွင့် ပြုခဲ့သည်။ (မိန့်ခွန်း အပြည့်အစုံကို ၁၅.၇.၂၀၁၃ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။)

ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ ဆရာ အသစ်များ၊ ကျောင်းများ၊ စာအုပ်များ ရရှိရေးအတွက် ထောက်ပံ့ရန်နှင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ကလေးတိုင်း ကျောင်းတက်ခွင့်ရရေး၊ ပညာသင်ခွင့် ရရေးကို တိုက်တွန်း တောင်းဆိုခဲ့သည်။

မာလာလာကို ဖခင်ဖြစ်သူ ဇီယာအူဒင်ယူဆပ် ဇိုင်ယာက အိမ်တွင် ခိုးပြီး ပညာ သင်ကြားပေးခဲ့သည်။ သူ့ဖခင်သည် ကဗျာဆရာ တစ်ယောက်ဖြစ်ပြီး၊ ကျောင်း တစ်ကျောင်းလည်း ဖွင့်ထားသည်။ သူသည် ပညာရေးနှင့် ပတ်သက်ပြီး အစဉ်အလာကို ဆန့်ကျင်သော တက်ကြွသည့် လှုပ်ရှားသူ တစ်ဦးလည်း ဖြစ်သည်။ သူ့ ကျောင်းအမည်မှာ ခူရှာလ် ပြည်သူ့ကျောင်း ဖြစ်သည်။ မာလာလာသည် ဆရာဝန် ဖြစ်ချင်သော်လည်း ဖခင်က နိုင်ငံရေးသမား ဖြစ်စေချင်ခဲ့သည်။ သို့ဖြစ်ရာ ညမအိပ်မီ သမီးနှင့် နှစ်ယောက်သား နိုင်ငံရေး အကြောင်းများကို ညဥ့်နက်သည်အထိ ပြောဆို ဆွေးနွေး ငြင်းခုံခဲ့ကြသည်။

၂၀၀၈ ခုနှစ်လောက်တွင် မာလာလာ ကိုယ်တိုင်က အမျိုးသမီးများ ပညာသင်ကြားခွင့် ရရှိရေးအတွက် စတင် ပြောကြားလာခဲ့သည်။ သူမဖခင်က ပတ်ရှ်ဝါမြို့ရှိ သတင်းဌာန တစ်ခုသို့ ခေါ်သွားပြီး သမီးကို စကားပြောစေခဲ့ခြင်း ဖြစ်သည်။

“တာလီဘန်တွေက ကျွန်မဆီကနေ ပညာ သင်ကြားပိုင်ခွင့်ကို သိမ်းပိုက်ထားလို့ ရသလား” ဆိုသည့် သူမ၏ ရဲရဲတောက် ပြောကြားမှုများသည် သတင်းစာများနှင့် ရုပ်မြင်သံကြားများတွင် ဖော်ပြခြင်း ခံလိုက်ရပြီး ဒေသ တစ်လုံးသို့ ပျံ့နှံ့သွားကာ တာလီဘန်တို့ကိုလည်း စိန်ခေါ်လိုက်သလို ဖြစ်သွားခဲ့ သည်။

၂၀၀၉ ခုနှစ်တွင် မာလာလာသည် ဘီဘီစီ အူရ်ဒူ အစီအစဉ်သို့ စာတစ်စောင် ရေးပို့လိုက်သည်။ ဘီဘီစီ သတင်းထောက် အဘဒူဟိုင်ကာကာအား မာလာလာ၏ ဖခင်က တာလီဘန်တို့ လက်အောက် ရှိ အမျိုးသမီးတို့၏ ပညာ သင်ကြားရသည့် ဘဝကို စာဖြင့် ရေးသား ပေးပို့ရန် ဖိတ်ခေါ်ခိုင်းခဲ့သည်။

ထိုစဉ်က တာလီဘန် စစ်ရေး ခေါင်းဆောင်မှာ မော်လာနာဖာဇ် လူလာ ဖြစ်သည်။ မော်လာနာသည် ဆွပ် တောင်ကြား ဒေသကို သိမ်းပိုက်ပြီး စိုးမိုးနေသူလည်း ဖြစ်သည်။ သူက ရုပ်မြင်သံကြား ကြည့်ခွင့်၊ သီချင်း နားထောင်ခွင့်၊ မိန်းကလေးများ ပညာ သင်ကြားခွင့်နှင့် မိန်းကလေးများ ဈေးဝယ် ထွက်ခွင့် တို့ကိုပါ ပိတ်ပင် တားမြစ်ခဲ့သည်။ ပြည်သူများကို ခြိမ်းခြောက်သည့် အနေနှင့် ခေါင်းဖြတ်ထားသည့် ရဲများ၏ အလောင်းများကို မြို့လယ်ရှိ ကွက်လပ်တွင် ချိတ်ဆွဲ ပြသထားခဲ့သည်။

မာလာလာ ဖခင်ကျောင်းမှ အီရှာဆိုသူက ဘီဘီစီထံ စာ တစ်စောင် ရေးရန် သဘောတူခဲ့သော်လည်း မိဘများက တာလီဘန်တို့ သတ်ဖြတ်မည်ကို စိုးရိမ်သဖြင့် အစီအစဉ် ပျက်သွားခဲ့ရသည်။ ထို့ကြောင့် မာလာလာက ဘီဘီစီထံ စာရေးရန် သဘောတူလိုက်ပြီး စာရေးပေးခဲ့ခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့တွင် မာလာလာ၏ စာကို ဘီဘီစီ အူရ်ဒူပိုင်း အစီအစဉ်ကို လွှင့်ထုတ် ဖတ်ပြခဲ့သည်။ ဆွပ်နယ်တွင် တာလီဘန်တို့သည့် ကျောင်းတက်နေသည့် အမျိုးသမီးများကို လိုက်လံ တားမြစ်ခဲ့သည့်အပြင် မာလာလာ တက်နေသည့် ကျောင်းကိုလည်း ပိတ်လိုက်တော့သည်။

၂၀၀၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် တာလီဘန်တို့က မင်ဂိုရာ၌ မည်သည့် မိန်းကလေးမှ ကျောင်း မတက်ရ အမိန့် ထုတ်လိုက်သည်။ ထို့ပြင် အမျိုးသမီး ကျောင်းပေါင်း ၁၀၀ ခန့်ကိုလည်း ဗုံးများဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ မာလာလာ တက်နေသည့် ကျောင်းမှ ကျောင်းအုပ်ကြီးကလည်း ကျောင်းသူများကို ကျောင်းလာလျှင် ကျောင်းဝတ်စုံ ဝတ်မလာဘဲ သာမန် ဝတ်စုံများဖြင့်သာ လာကြ ရန် ပြောခဲ့သည်။ မာလာလာက ထိုအကြောင်းနှင့် ပတ်သက်ပြီး “သမီးကတော့ သမီးအကြိုက်ဆုံး ပန်းရောင် ဝတ်စုံလေးကို ဝတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အခြား မိန်းကလေးတွေလည်း ကျောင်းကို အဝတ်အစား အမျိုးမျိုးတွေနဲ့ ရောက်လာကြတယ်။ ကျောင်းက ကျောင်းနဲ့ မတူတော့ဘူး အိမ်လို ဖြစ်သွားတယ်” ဟု သူ့ ဘလော့ဂ်တွင် ရေးသားခဲ့သည်။

မာလာလာသည် ၂၀၀၉ ခုနှစ်မှ စတင်ပြီး အမျိုးသမီးများ ပညာသင်ကြားခွင့်ရရေးကို သူမ၏ ဘလော့ဂ်မှ လည်းကောင်း၊ ကျောင်းများ ဒေသများ အတွင်းသို့ လှည့်လည် သွားလာ၍ လည်းကောင်း ဟောပြော စည်းရုံး လှုပ်ရှားခဲ့သည်။ သူမအတွက် ဖခင်ကသာ နောက်မှ မားမားမတ်မတ် ရပ်တည် ပေးပြီး လှုပ်ရှားမှုတိုင်းတွင် လိုက်ပါ ကူညီခဲ့သည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် မာလာလာသည် ‘စစ်နှင့် ငြိမ်းချမ်းရေး အစီရင်ခံစာ အဖွဲ့’ တွင် ပါဝင်ခွင့် ရခဲ့သည်။ ထိုပရောဂျက်သည် သတင်း မီဒီယာ သင်တန်း တစ်ခုဖြစ်ပြီး ပါကစ္စတန်နိုင်ငံ အတွင်းရှိ ကျောင်းပေါင်း ၄၂ ကျောင်းနှင့် ပတ်သက်ပြီး လေ့လာ သုံးသပ် ဆွေးနွေးခဲ့ကြသည်။ သူတို့ ဆန်းစစ်ချက်များကို ပြည်တွင်းထုတ် သတင်းစာများတွင် ဖော်ပြခွင့်များ ရရှိခဲ့သည်။ ထိုသင်တန်းတွင် တက်ရောက်သည့် အမျိုးသမီးများထဲ၌ မာလာလာသည် အငယ်ဆုံးနှင့် အတက်ကြွဆုံး ဖြစ်ခဲ့သည်။

သူ့ဖခင်က မျှော်မှန်းနေသည်မှာ မာလာလာ ဖောင်ဒေးရှင်းတစ်ခု ထောင်ပြီး ဆင်းရဲသည့် မိန်းကလေး များကို ကျောင်း ပို့ပေးနိုင်ရေး ဆောင်ရွက်ရန် ဖြစ်သည်။ မာလာလာကလည်း ဖော်ဒေးရှင်းတစ်ခု ထူထောင်နိုင်ရန် အပြင်းအထန် ကြိုးစားနေပြီး ၂၀၁၂ ဧပြီလတွင် အမျိုးသမီးများ ပညာရေးအတွက် ဗီဒီယို အစီအစဉ် တစ်ခုကို ထုတ်လွှင့်ခဲ့သည်။

နောက်ပိုင်းတွင် မာလာလာကို မီဒီယာများက အလေးပေးလာပြီး ကမ္ဘာက သိလာသည်ကို စိုးရိမ် ထိတ်လန့်လာသည့် တာလီဘန်များက သေနတ်ဖြင့် ပစ်ခတ်ပြီး လုပ်ကြံ သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ကြ သည်။ သို့ဖြစ်ရာ သူမအိမ်သို့ စာများ ပို့ကာ ခြိမ်းခြောက်ခြင်း၊ Facebook ပေါ်တွင် သူမအကြောင်းနှင့် ပတ်သက်ပြီး လုပ်ကြံ ရေးသားချက်များ တင်ခြင်း စသည်တို့နှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် အမျိုးသမီးများ ပညာသင်ခွင့် ရရေးကို မည်သည့် အကြောင်းပြချက်နှင့်မျှ မရပ်နားရန် ဆုံးဖြတ်ချက် ပိုမို ခိုင်မြဲစေခဲ့သည်။

ခြိမ်းခြောက်တိုင်း မကြောက်သည့် မာလာလာကို တာလီဘန်တို့က အကြမ်းဖက် သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ကြောင်း ကြေညာလိုက်သည်။

တစ်နေ့ ပါကစ္စတန် ဆွပ်တောင်ကြားတွင် ဘတ်စ်ကား တစ်စီး မောင်းလာနေသည်။ ထိုကားပေါ်တွင် စာမေးပွဲဖြေပြီး ပြန်လာသည့် ကျောင်းသားလေးများ ပါလာကြသည်။ ကားကို မျက်နှာဖုံးစွပ် လက်နက်ကိုင် သူပုန်များက ရပ်ခိုင်းပြီး ကားပေါ် တက်လာခဲ့ကြသည်။ သေနတ် ကိုင်ထားသည့် တစ်ယောက်က “ဘယ်သူ မာလာလာလဲဟေ့” ဟု အော်ပြောလိုက်သည်။ ပြီးလျှင် “ပြောရင်ပြော မပြောရင် အားလုံးကို ပစ်သတ်မယ်” ဟုလည်း အော်လိုက်သည်။ မာလာလာက သူမဖြစ်ကြောင်း မတ်တတ်ထပြီး ပြောလိုက်သည်။ တာလီဘန် သူပုန်တွေက သူမ မျက်နှာကို သေနတ်ဖြင့် တစ်ချက် ပစ်လိုက်သည်။ ပြီးတော့ လည်ပင်းကို နောက်တစ်ချက် ထပ်ပစ်လိုက်ပြန်သည်။ နောက်တစ်ချက် ပခုံးကို ထပ်ပစ်လိုက်သည်။ ပစ်ခတ်မှုတွင် အခြား မိန်းကလေး နှစ်ဦးကိုလည်း ကျည်တွေ ထိကုန် သည်။ ထိုတိုက်ခိုက်မှု အကြောင်းကို မာလာလာအား ပစ်ခတ်စဉ် ထိခိုက်ခဲ့သော ရီရာ့ဇ်နှင့် ရမ်ဇမ် ဆိုသည့် မိန်းကလေး နှစ်ဦးက ဒဏ်ရာရနေသည့် ကြားမှ သတင်းထောက်များကို ပြောပြနေခြင်း ဖြစ်သည်။

သေနတ် ဒဏ်ရာများဖြင့် မေ့မြောနေသော မာလာလာကို ပတ်ရှာဝါ စစ်ဆေးရုံကြီးသို့ ရဟတ်ယာဉ် ဖြင့် ချက်ချင်း ခေါ်ဆောင်သွားခဲ့သည်။ ဦးနှောက်ကို ထိထားသည့် အပိုင်းမှ လွဲပြီး ခွဲစိတ် ကုသပေး ခဲ့သည်။ ကျည်ဆန်က ခေါင်းကို ဖောက်ထွက်သွားခြင်း ဖြစ်သည်။ သုံးနာရီအကြာ ခွဲစိတ်ပြီး လည်ပင်း နှင့် ပခုံးထဲမှ ကျည်များကို ထုတ်ခဲ့ရသည်။

ခွဲစိတ်မှုများ မလုပ်မီ အချိန်အထိ စိတ်ဓာတ် ခိုင်မာလှသော မာလာလာသည် လက်နှင့် ခြေထောက် များကို လှုပ်နိုင်ခဲ့သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးစတွင်လည်း ဆရာကို စကားပြောသွားခဲ့ သေးသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် မာလာလာကို ပါကစ္စတန် စစ်ဆေးရုံကြီးမှ ဗြိတိန်သို့ ပို့ဆောင် ကုသရန် ဆုံးဖြတ်ခဲ့ကြသည်။ အောက်တိုဘာ ၁၇ ရက်နေ့တွင် မာလာလာ မေ့မြောနေပြီး ဦးနှောက် မပျက်စီးရန် ကုသဖို့ လိုကြောင်း အဲလိဇဘတ် ဆေးရုံကြီးက ကြေညာခဲ့သည်။ ၂၆ ရက်နေ့ တွင် အခြေအနေ ပြန်ကောင်းလာသည်။ နိုဝင်ဘာ ၈ ရက်နေ့တွင် အခြေအနေ ကောင်းလာသဖြင့် ခုတင်ပေါ် ထိုင်ပြီး ဓာတ်ပုံ အရိုက်ခံနိုင်ခဲ့သည်။

မာလာလာသည် အမျိုးသမီးများ ပညာ သင်ကြားခွင့်ရရေး၊ ကျောင်းနေအရွယ် ကျောင်းသားတိုင်း ပညာ သင်ကြားခွင့် ရရေးကို စိတ်ဓာတ် ခိုင်မာစွာဖြင့် ဆက်လက် လုပ်ဆောင်နေခဲ့သည်။ သေလောက်သည့် ဒဏ်ရာများဖြင့် မိန်းမောနေခဲ့သည့်တိုင် သူမ စိတ်ကူးထဲတွင် ကလေးတွေကို စာတွေ သင်နေသည်။ အမျိုးသမီးတွေကို ကျောင်း ပို့နေသည်။

မာလာလာသည် ယခုမှ အသက် ၁၆ နှစ်သာ ရှိသေးသည်။ အသက် ၁၆ နှစ်အရွယ် ကလေး တစ်ယောက်၏ လှုပ်ရှား ဆောင်ရွက်ခဲ့မှုများကား အံ့သြစရာပင်။ လူတစ်ယောက် တစ်ခါသာ သေသည်ဟု ဆိုပါသည်။ သူမသည် တကယ်တော့ တစ်ခါ သေခဲ့ပြီးပြီ။ မသေမီ အားလုံးအတွက် ပညာရေးကို ဟစ်ကြွေး ပေးခဲ့သည်။

“ကျွန်မ မာလာလာ” ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျောင်းနေအရွယ် ကလေးတိုင်းကို ကျောင်းပို့ပေးခဲ့ သည်။ သူမ နောက်တစ်ကြိမ် ပြန်နိုးထလာသည်။ ယခုတစ်ကြိမ် သူမ ကြွေးကြော်ချက်က ကြက်သီးထစရာ ဖြစ်သည်။

“ကလေး တစ်ယောက်၊ ဆရာ တစ်ယောက်၊ စာအုပ် တစ်အုပ်နဲ့ ကလောင် တစ်ချောင်းဟာ ကမ္ဘာကြီး ကို ပြောင်းလဲနိုင်ပါတယ်” ဟူ၍ ဖြစ်သည်။
Wikipedia နှင့် အင်တာနက်ပေါ်မှ အချက်အလက်များကို ရယူ ရေးသားပါသည်။
(အယ်ဒီတာတစ်ဦး)
The Voice Weekly

ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၆
ရန်ကုန်မြို့တော် တစ်ဖက်ကမ်း ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက်တွင် အတက်ရောဂါဖြစ်ပွားပြီး သူစိမ်းအိမ် မှားဝင်မိသူ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးကို ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ နယ်ထိန်း ရဲတပ်ကြပ်ကြီး၊ ဆယ်အိမ်မှူး သုံးဦးနှင့် အရန် မီးသတ်စုမှူးတို့ အပါအဝင် လူ ခြောက်ဦးက သူခိုးဟု ယူဆကာ ဝိုင်းဝန်း ရိုက်ခဲ့သဖြင့် ဆေးရုံတင်ပြီး လေးရက်အကြာ တွင် သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ အစ်မ ဒေါ်မြင့်မြင့်ရည်က The Voice သို့ ပြောကြားသည်။

ဇွန်လ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်က ဒေါ်လှလှစိန်သည် အပြင်ထွက်ရာ ရာဇသင်္ကြန် ရပ်ကွက် ကန်ပတ်လမ်း အရောက်တွင် အတက်ရောဂါ ဖြစ်ပွားပြီး သတိလွတ်ကာ ယင်းလမ်းရှိ နေအိမ်များသို့ ဝင်ရောက်ခဲ့ရာမှ ပတ်ဝန်းကျင် လူများက သူခိုးဟု ထင်ကာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးသို့ သွားရောက် အပ်နှံခဲ့ရာမှ ယင်းကဲ့သို့ ရုံးတံခါးပိတ် ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ဒေါ်မြင့်မြင့်ရီက ရှင်းပြသည်။

သေဆုံးသူ ဒေါ်လှလှစိန်သည် ဒလမြို့နယ် ညောင်ကုန်းရပ်ကွက် တွင် နေထိုင်ပြီး အလုံမြို့နယ် အမှတ် (၁) ပရိဘောဂ စက်ရုံတွင် ထိုင်ခုံ ကြိမ်ထိုးသည့် လုပ်ငန်းတွင် ဝန်ထမ်းအဖြစ် မသေဆုံးမီ အထိ ၁၅ နှစ်ကြာ လုပ်ကိုင်ခဲ့သူ ဖြစ်ကြောင်း၊ ၎င်းသည် မကြာခဏ အတက်ရောဂါ ဖြစ်ပွားလေ့ ရှိပြီး ယင်းကဲ့သို့ ဖြစ်ပွားချိန်တွင် သတိ ကင်းလွတ်ကာ စိတ်ထဲထင်ရာ လုပ်လေ့ရှိကြောင်း ၎င်း၏ အစ်မ ဖြစ်သူက ရှင်းပြသည်။

အဆိုပါ ရိုက်နှက်မှုကြောင့် ဘယ်ဘက်ပေါင်၊ လက် ဘက်လက်ဖျံ၊ ဒူးခေါင်း၊ ညာဘက် နားရွက်နှင့် မြှီးညှောင်ရိုးတို့ ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး နှာခေါင်း ပါးစပ်တို့မှ သွေးများ ထွက်ခဲ့သဖြင့် အလုပ်သမား ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရာ လေးရက်အကြာတွင် သေဆုံးခဲ့ကြောင်း ဒေါ်မြင့်မြင့်ရည်က ပြော ကြားသည်။

အဆိုပါ အမျိုးသမီးကြီးကို ရုံးတံခါး ပိတ်၍ ၎င်းနေထိုင်သည့် ညောင်ကုန်း ရပ်ကွက်မှ နယ်ထိန်း ရဲတပ်ကြပ် မြအေးက နောက်ပြန် လက်ထိပ်ခတ်ပြီး စက်ဘီး တာယာပတ်ဖြင့် လည်းကောင်း၊ ရာဇာသင်္ကြန် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်၊ ဆယ်အိမ်မှူး ဦးကျော်ဦး၊ ဆယ်အိမ်မှူး ဦးကမားရူး၊ ရာအိမ်မှူး ဦးပါနှင့် အရန် မီးသတ်တပ်ဖွဲ့ တပ်စု မစိမ်းတို့က ရိုက်နှက်ခြင်းများ ပြုလုပ် ခဲ့ကြောင်း ဒေါ်မြင့်မြင့်ရည်က ထပ်မံ ပြောကြား သည်။

“ရုံးရောက်တော့ ဖုန်းလိုင်းကတ် လာထုတ်သူတွေကို အပြင် ထွက်ခိုင်းပြီး ရုံးထဲမှာ အခန်းတံခါးပိတ်ပြီး ရိုက်တယ်လို့ တွေ့တဲ့သူတွေက လာပြော တယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရာဇသင်္ကြန် ရပ်ကွက် ဥက္ကဌ ဦးကျော်သန်းက ပြောကြားသည်။

ရဲတပ်ကြပ် အပါအဝင် လူ ငါးဦးက ကျပ်နှစ်သိန်းခွဲ ပေးမည်ဟု ဆို၍ အမှု မဖွင့်ဘဲ ညှိနှိုင်းရန် ဇူလိုင်လ ၉ ရက်နေ့က ပြောကြားခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရာဇသင်္ကြန် ရပ်ကွက် ဥက္ကဌ ဦးကျော်သန်းက ရှင်းပြသည်။

ရိုက်နှက်ရာတွင် ပါဝင်သည်ဟု စွပ်စွဲခံရသူ ရာဇသင်္ကြန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်ကို The Voice က တွေ့ဆုံ မေးမြန်း ခဲ့ရာ ဒေါ်လှလှစိန်သည် အိမ် တစ်အိမ်သို့ တက်ရောက်၍ ခိုးယူရန် ကြံသည် ဟုဆိုကာ ရပ်ကွက်ရုံးသို့ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း ထိုရိုက်နှက်မှုကို မိမိ မသိရှိရကြောင်း၊ ဒေါ်လှလှစိန်ကို မေးမြန်းရာ ညောင်ကုန်းရပ်ကွက်မှဟု သိရ၍ အဆိုပါ ရပ်ကွက်မှ ရာအိမ်မှူး တစ်ဦးကို သွားရောက် ခေါ်ဆောင် ပြီး ပြန်လည် ထည့်ပေးလိုက်စဉ် ဒေါ်လှလှစိန်က ပြန်လည် ထွက်ပြေး သွားကြောင်း၊ ဒေါ်လှလှစိန်ကို ထိန်းသိမ်းပေးရန် ညောင်ကုန်း ရပ်ကွက်မှ နယ်ထိန်း တပ်ကြပ်ကြီး မြအေးကို ရဲစခန်းမှ တစ်ဆင့် ခေါ်ဆောင် ခဲ့ကြောင်း ပြန်လည် ပြောကြားသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၁၆/၂၀၁၃ ဖြင့် စစ်ဆေးလျက် ရှိပြီး မီးသဂြိုလ်ပြီးမှ လာရောက် တိုင်တန်းသည့်အတွက် အမှု ပြန်လည် စစ်ဆေးရာတွင် အခက်အခဲများ ရှိနိုင်ကြောင်း၊ အဓိက မျက်မြင် တွေ့ရှိသည့် သက်သေများကို စစ်ဆေးပြီး တိကျမှ သာလျှင် ရဲတပ်ဖွဲ့ဝင်ကို စစ်ဆေး မည်ဖြစ်ကြောင်း၊ ဒလမြို့နယ် မြို့မ ရဲစခန်းမှ ရဲအရာရှိက The Voice သို့ ပြောကြားသည်။

“စစ်ရင်း စစ်ရင်းနဲ့ ရဲတပ်ဖွဲ့ဝင်လည်း အပြစ်ရှိတယ်ဆိုတာ ပေါ်ပေါက်လာနိုင် ပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းရိုက်နှက်မှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသူ ဦးကမားရှုးကမူ မိမိတို့ မရိုက် ရကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးသို့ လာရောက်စဉ် ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်၌ ဝင်ကြည့်ရာ ဒေါ်လှလှစိန်သည် ရေသောက် ပြီး ရေခွက်ကို ပေါက်ခွဲရာ ရဲ တပ်ကြပ်ကြီး ကိုမြအေးက မျက်နှာကို လက်ဝါးဖြင့် နှစ်ခါ ဆင့်ရိုက်ကြောင်း၊ ဆက်လက်ပြီး ပြောနေ၍ နောက်ပြန် လက်ထိပ်ခတ်ပြီး တစ်တောင်ခန့်ရှိသော စက်ဘီး တာယာပတ်ဖြင့် လေးချက် ခန့် ရိုက်သည်ကို တွေ့ရပြီး ရုံးတံခါးပိတ်ပြီး ရိုက်သည်ဆိုခြင်းမှာ မဟုတ် မှန်ကြောင်း ပြောကြားသည်။

စက်ဘီး တာယာဖြင့် ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံရသူ ရဲတပ်ကြပ်ကြီး မြအေး ကို ဆက်သွယ်၍ မရသေးပေ။
The Voice Weekly

မွေးရာပါ ခြေလေးချောင်းရှိတဲ့ ကလေးငယ် စတင်ခွဲစိတ် (ရုပ်/သံ)

Jul 16, 2013
မွေးရာပါ ခြေလေးချောင်းရှိတဲ့ ကလေးငယ်တစ်ဦးကို ရန်ကင်း ကလေးဆေးရုံကြီးမှာ ပထမဆုံးအကြိမ်အဖြစ် ဇူလိုင်လ ၁၆ ရက်က စတင်ခွဲစိတ်နေပါတယ်။ ဒေါ်နေရီရီက ပေးပို့ထားပါတယ်။
ရိုက်ကူး-နေရီရီ

DVB TV News

သီတဂူဆရာတော်ဟာ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးက မျက်စိဝေဒနာရှင်တွေကို အခမဲ့ခွဲစိတ်ကုသပေးနေ (ရုပ်/သံ)

တောင်တန်းသာသနာပြု သီတဂူဆရာတော် အရှင်ညာဏိဿရဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်ပြည်နယ်လုံးက မျက်စိဝေဒနာရှင်တွေကို အခမဲ့ခွဲစိတ်ကုသပေးနေပါတယ်။ ဒီအကြောင်းအပြည့်အစုံကို RFA သတင်းထောက် ကိုကျော်သူက သတင်းပေးပို့ထားပါတယ်။

RFA Burmese

သိမ်းယူထားတဲ့ လယ်မြေတွေကိစ္စ ဖြေရှင်းမပေးတဲ့အတွက် ပဲခူး လယ်သမားတွေ ဆန္ဒပြ


Wednesday, 17 July 2013
ပဲခူးတိုင်းဒေသကြီး၊ ဥဿမြို့သစ် ရပ်ကွက်ကြီး ၈ နဲ့ ၉ တို့မှာရှိကြတဲ့ လယ်မြေဧကပေါင်း တစ်သောင်းကျော်ကို စက်မှုဇုန်၊ မြို့ပြ ၊ ပဲခူးတက္ကသိုလ်တိုးချဲ့ဖို့နဲ့ ဟံသာဝတီ လေဆိပ်စီမံကိန်းဆိုပြီး အာဏာပိုင်တွေက သိမ်းယူခဲ့တဲ့ကိစ္စတွေကို ဖြေရှင်းပေးမှု မရှိသေးတဲ့အတွက် ဒီကနေ့မှာ လယ်ဆုံးရှုံးခဲ့တဲ့ လယ်သမားတွေက ပဲခူးမြို့ပေါ်မှာ ဆန္ဒပြကြပါတယ်။

ဆန္ဒပြပွဲမှာပါဝင်တဲ့ လယ်သမား ဦးစောထိန်လင်းက RFAကိုအခုလိုပြော ပါတယ်။

"သိမ်းခဲ့တုန်းက ဘယ်သူမှလာပြီး အကြောင်းမကြားပါဘူး၊၂ဝ၁၂ ခုနှစ်လောက်မှ သူတို့အုတ်တံတိုင်းလာခတ်တော့မှ ကျနော်တို့တရားဝင်သိရတာပေါ့၊ သိမ်းဆည်းခံ လယ်ယာမြေတွေကို တရားဥပဒေနဲ့အညီ ပွင့်လင်းမြင်သာမ၊ ကြိုင်တင်ညှိနှိုင်းမှုမရှိတဲ့အတွက်ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်"

ဆန္ဒပြပွဲမှာ လယ်သမားတွေက အသိမ်းခံထားရတဲ့ လယ်ကိစ္စအတွက် အာဏာပိုင်တွေဘက်က ပွင့်လင်းမြင်သာမှုရှိရှိ ဖြေရှင်းပေးရေး၊ မြေလွတ်မြေရိုင်းတွေကို စီမံခန့်ခွဲပြီး လယ်သမားတွေကို ပြန်လည်နေရာချထားပေးရေးစတဲ့ အချက်တွေကို ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။
RFA Burmese

‘‘ရာဇာမင်း’’ ခရီးသည်တင်ယာဉ်အား လုယက်၍ လူသတ်ခဲ့သူများကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးမိ

၈-၆-၂ဝ၁၃ ရက်နေ့ ၂၁ဝဝ အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်း ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၅၄/၄-၅)အကြား ဘုရားကုန်းကွေ့၌ ကျိုက္ခမီ-ရန်ကုန် ‘‘ရာဇာမင်း’’ ခရီးသည်တင်မှန်လုံယာဉ်အမှတ် ၈ဇ/×××× အား ဘုရားကုန်းကွေ့ အရောက် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များအနက် သေနတ်အတိုများကိုင်ဆောင်ထားသည့် အမည်မသိ လူ(၅)ဦးတို့မှ ယာဉ်အား အနီးရှိတောထဲသို့ ခေါ်ဆောင်မောင်းနှင်သွားပြီး သေနတ်ပစ်ဖောက်ကာ ယာဉ်ပေါ်ပါ ခရီးသည်များထံမှ ရွေ၊ ငွေ ပစ္စည်းများ စုစုပေါင်းတန်ဘိုး (၄၈၈၇ဝဝဝိ/-)ခန့်အား ယူဆောင် သွားပြီး ယာဉ်နောက်လိုက် နိုင်လင်းထွန်း၊ ယာဉ်မောင်း ဇော်လင်းထူးတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားခဲ့သဖြင့် သထုံမြို့မရဲစခန်း (ပ)၉ဝ/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။
ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်နှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းကာ ပြစ်မှုကျူးလွန်သူများရောက်ရှိခိုအောင်းနိုင်သည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း သတင်းစုံစမ်းရေးအဖွဲ့များ စေလွတ်၍ စုံစမ်းခြင်း၊ ဧည့်စာရင်း စစ်ဆေးခြင်း၊ ပိတ်ဆို့စစ်ဆေးခြင်းနှင့် ယာဉ်အဝင်/အထွက်သွားလာမှုများအား ပိုက်စိပ်တိုက်စစ်ဆေး ဆောင်ရွက်ခဲ့သည်။

စုံစမ်းချက်များအရ ၉-၆-၂ဝ၁၃ ရက်နေ့ ၁၉ဝဝ အချိန်တွင် သထုံမြို့နယ်၊ ညောင်ချောင်း ကျေးရွာအနီးရှိ ရာဘာခြံလုပ်သားများအား အမည်မသိလူများမှခေါ်ယူ၍ လမ်းပြခိုင်းကြောင်း သတင်းအရ ညောင်ချောင်းကျေးရွာသို့ သွားရောက်စုံစမ်းခဲ့ရာ ၉-၆-၂ဝ၁၃ ရက်နေ့ ၂ဝဝဝ အချိန်ခန့်တွင် အမည်မသိလူ(၄)ဦး ရောက်ရှိလာပြီး လမ်းပြပေးရန် လာခေါ်ခဲ့ကြောင်း၊ အဆိုပါလူ(၄)ဦးတွင် ဝင်းဗိုလ်ဆိုသူ ပါဝင်ကြောင်း၊ ဝင်းဗိုလ်(၃၅)နှစ်မှာ အလုပ်အကိုင်အတည်တကျ မရှိဘဲ မိန်းမ(၃/၄)ဦးခန့် ယူထားကြောင်း၊ ဝင်းဗိုလ်တို့(၄)ဦးအား လိုက်ပို့စဉ် ကျန်လူများမှာ ခမ်းလှမ်းလှမ်းမှလိုက်ပါခဲ့ကြောင်း၊ ၎င်းနောက် ဖားပိုင်ကုန်း ကျေးရွာသို့သွားသည့် လမ်းအတိုင်း ဆက်လက်ထွက်ခွာသွားကြောင်းနှင့် ဝင်းဗိုလ်မှာ လွန်ခဲ့သော(၂)နှစ်ခန့်က ဘုန်းကြီးဝတ်ဖြင့်ပင် မြဝတီဘက်သို့ထွက်ခွာသွားခဲ့ရာ ပြန်လာခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

စစ်ဆေးရေးအဖွဲ့သည် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည်ဟုယူဆရသူ ဝင်းဗိုလ်၏ ဓါတ်ပုံအား ဆက်စပ်နယ်မြေရဲစခန်းများသို့ ပေးပို့စုံစမ်းခြင်း၊ အခင်းဖြစ်စဉ်က ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များအား ဓါတ်ပုံပြသ၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ဟုတ်/မဟုတ် တိုက်ဆိုင်စစ်ဆေးခြင်းများ၊ ၎င်းသွားလာတတ်သော ညောင်ချောင်းစခန်းကြီးရွာ၊ ထန်းပင်ကုန်းရွာ၊ တောင်ကြားရွာများတွင် ဝင်းဗိုလ်၏ သတင်းရရှိရေးအတွက် စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

၇-၇-၂ဝ၁၃ ရက်နေ့ ၁ဝ၃ဝ အချိန်တွင် သထုံမြို့နယ်၊ စခန်းကြီးကျေးရွာနေ ဒေါ်ရွေဇင်၏ ဈေးဆိုင်ရှိ အငှားဖုန်းသို့ ၎င်းရွာနေ ဒေါ်ခင်အုန်းမြင့်ထံ ဖုန်းနံပါတ် ဝ၈၈၁၄၆၂၅၃၃ မှ ဦးဇင်း ဝင်းဗိုလ်က ဖုန်းဆက်ခဲ့ကြောင်း သိရှိရသဖြင့် အဆိုပါဖုန်းနံပါတ်ကို အခြေခံ၍ စုံစမ်းခဲ့ရာ ဝင်းဗိုလ်မှာ မြဝတီမြို့နယ်၊ ထိကော်ထောကျေးရွာအနီးရှိ ၈၁၇ ကျေးရွာတွင် ရှိနိုင်ကြောင်း သိရှိရသည်။

၎င်းနောက် မြဝတီခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ နယ်ခြားစောင့် တပ်များမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းလျက် မြဝတီမြို့နယ်၊ ထိကော်ထောကျေးရွာ အနီး ၈၁၇ ကျေးရွာနယ်မြေဒေသနှင့် ပတ်ဝန်းကျင်ဒေသများသို့ ၈-၇-၂ဝ၁၃ ရက်နေ့ ၁၆ဝဝ အချိန်မှစ၍ ဝိုင်းဝန်း ပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ ၂၂၃ဝ အချိန်တွင် နယ်မြေခံတပ်က မြဝတီမြို့နယ်၊ ၈၁၇ ရွာရှိ မဉ္ဇူမြိုင် ဘုန်းကြီးကျောင်း၌ ဝင်းဗိုလ်အား ဖမ်းဆီးရမိခဲ့သဖြင့် ရဲတပ်ဖွဲ့သို့ လွဲပြောင်းပေးအပ်ခဲ့သည်။
ဝင်းဗိုလ်အား စစ်ဆေးချက်အရ ခရီးသည်တင်မှန်လုံယာဉ်အား ဓါးပြတိုက်လူသတ်မှုကျူးလွန်ခဲ့ ရာတွင် ၎င်းကိုယ်တိုင်ခေါင်းဆောင်ခဲ့ပြီး ၎င်းနှင့်အတူ သထုံမြို့နယ်၊ ဖားပိုင်ကုန်းကျေးရွာနေ အောင်ထူးနှင့် ဇော်ဝိတ်၊ ဝါးဂုတ်ကျေးရွာနေ စောသာပလို့ထူးနှင့် မောင်ငယ်ထွေး၊ ကမ်းနီကုန်းကျေးရွာနေ မောင်ငယ်တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

သို့ဖြစ်၍ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၁၃-၇-၂ဝ၁၃ ရက်နေ့ ၁၁၃ဝ အချိန်တွင် သထုံမြို့နယ်၊ စခန်းကြီးကျေးရွာနေသူများ ဖြစ်ကြသည့် ဇော်ဝိတ်(၃၈)နှစ်၊ အောင်ထူး(၃၆)နှစ်နှင့် မောင်ငယ်(၃၄)နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။ ကျန်ရှိနေသည့် ဝါးဂုတ်ရွာ နေသူများဖြစ်သည့် မောင်ငယ်ထွေးနှင့် စောသာပလို့ထူး တို့အား အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် သက်သေခံ ပစ္စည်းများ သိမ်းဆည်းနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

သံဃာတစ်ပါး အသတ်ခံရမှု


ရန်ကုန်၊ ဇူလိုင် ၁၇
၁၆.၇.၂၀၁၃ ရက်နေ့ ၁၇၃၀ အချိန် မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်ရှိ ရတနာသိင်္ဂီကျောင်း တိုက်တွင် သံဃာတစ်ပါး သေဆုံးနေကြောင်း သတင်းအရ မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့မှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ၄င်းကျောင်းတိုက်ဘေးရှိ အင်းရဲမင်္ဂလာစံကျောင်းတိုက်
ကျောင်းထိုင်ဆရာတော် ဦးနန္ဒ(ခ)ဦးထွန်းဝင်း၊(၄၅)နှစ်၊ (၂၅)၀ါ၊ (ဘ)ဦးအုန်းမြ မှာရင်ဝထိုးသွင်းဒဏ်ရာ ၀မ်းဗိုက်ဝဲဘက် ထိုးသွင်းဒဏ်ရာ၊ ၀ဲနားနောက်စုတ်ပြဲဒဏ်ရာ၊ ၀ဲလက်မောင်းစုတ်ပြဲ
ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရပြီး တရားခံအားစုံစမ်းရာ ရတနာသိင်္ဂီကျောင်းထိုင်ဆရာတော် ဦးကုမာရ(ခ)ဦးကျော်ရှင်၏သားဖြစ်သူ ၀င်းမြင့်၊(၄၃)နှစ်၊(ဘုန်းကြီးကျောင်းနေသူ)ဖြစ်ကြောင်း သိရှိရသဖြင့် ထွက်ပေါက်များအားပိတ်ဆို့လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ ၂၀၂၅ အချိန် ကျောင်းတိုက်၏နောက်ကျော ဘက်ရှိအထက(၅)စာသင်ကျောင်းဝင်းအတွင်းမှ ဖမ်းဆီးရမိသဖြင့် ၀င်းမြင့်အား
မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ)၅၇၈/၂၀၁၃၊ပုဒ်မ ၃၀၂ ဖြင့် အရေးယူ ဆောင်ရွက်ထားရှိ ကြောင်း သတင်းရရှိပါသည်။
Yangon Police

ရတနာ သုံးပါး

မြတ်ဗုဒ္ဓက ဆရာဝန်တစ်ယောက်နှင့်တူတယ်၊ ရောဂါ အခြေအနေနဲ့ အကြောင်းတရားကို ကောင်းကောင်းနားလည်ပြီး ဘယ်လို ကုသရမယ်ဆိုတာကိုလည်း သိတဲ့ ဆရာဝန်လိုပဲ။

ဓမ္မကတော့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ၊ ဆရာဝန်က သောက်သုံးရန် ညွှန်ကြားတဲ့ ဆေးညွှန်း လိုပါပဲ။

သံဃာကတော့ ဘုရားပေးတဲ့ ဆေးတွေကို ဖြန့်ဝေပြီး လူတွေ သောက်သုံးဖြစ်အောင် ကူညီပေးတဲ့ သာသနာ့အဖွဲ့အစည်းတခုဖြစ်တယ်။

The Buddha is like a Doctor
who understands the disease
and knows how to treat it.

The Dhamma, his teaching,
is the medicine he prescribed.

The Sangha is the spiritual community
that helps you to take the medicine.

( Keanu Reeves - From Discovering Buddhism )
The eXistence မှဘာသာပြန် ပူဇော်ပါသည်။
Credit To : Discovering Buddhism

ဖျက်လေ ဖျက်လေ အရောင်တောက်လေ

FB-ကာတွန်း မိုးကောင်း

သွေးစုပ်ဖုတ်ကောင် သင်္ချိုင်းနေရာဟောင်း မနုဿဗေဒပညာရှင်များ ရှာဖွေတွေ့ရှိ

Jul 16 13
အလယ်ခေတ်က သွေးစုပ်ဖုတ်ကောင် ယုံကြည်မှု ကျယ်ပြန့်ချိန်တွင် သုတ်သင်ခံရသော ဖုတ်ကောင်စာရင်းဝင်များကို ယခုသင်္ချိုင်း၌ စုရုံး မြှုပ်နှံခဲ့ကြောင်း သုတေသီများက ကောက်ချက်ချခဲ့သည်။ အလောင်းများတွင် ဦးခေါင်းကို ဖြတ်တောက်ကာ ခြေထောက်များကြား ထည့်သွင်း၍ မြေမြှုပ်ခဲ့ခြင်း ဖြစ်သည်။

မနုဿဗေဒ ပညာရှင်များသည် ပိုလန်နိုင်ငံတွင် သွေးစုပ်ဖုတ်ကောင်များ မြှုပ်နှံထားသည်ဟု ယူဆရသော သင်္ချိုင်းနေရာဟောင်း တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ အလယ်ခေတ်က သွေးစုပ်ဖုတ်ကောင် ယုံကြည်မှု ကျယ်ပြန့်ချိန်တွင် သုတ်သင်ခံရသော ဖုတ်ကောင်စာရင်းဝင်များကို ယခုသင်္ချိုင်း၌ စုရုံး မြှုပ်နှံခဲ့ကြောင်း သုတေသီများက ကောက်ချက်ချခဲ့သည်။ အလောင်းများတွင် ဦးခေါင်းကို ဖြတ်တောက်ကာ ခြေထောက်များကြား ထည့်သွင်း၍ မြေမြှုပ်ခဲ့ခြင်း ဖြစ်သည်။ (၁၆)ရာစုနှင့် (၁၇)ရာစုများက အသုံးပြုခဲ့သည်ဟု ယူဆရသော သင်္ချိုင်းမြေနေရာဟောင်းတွင် အခြားသော သင်္ချိုင်းဟောင်းများကဲ့သို့ အဖိုးတန် လူ့အသုံးအဆောင်များကို ထည့်သွင်းမြှုပ်နှံထားမှုလည်း မရှိဟု ဆိုသည်။

ထိုခေတ်က သွေးစုပ်ဖုတ်ကောင်များကို သတ်ဖြတ်ပြီးပါက ပြန်လည် ရှင်သန်လာလေ့ ရှိသောကြောင့် ခေါင်းဖြတ်ကာ ခန္ဓာကိုယ်နှင့် ကင်းကွာအောင် ပြုလုပ်ရသည်ဟု ယုံကြည်မှုမျိုး ပေါ်ပေါက်ခဲ့သည်။ အလယ်ခေတ်က သွေးစုပ်ဖုတ်ကောင်ဟု စွပ်စွဲခံရသူ များစွာတို့ကို သတ်ဖြတ်မှုများ ရှိခဲ့သည်။ ဂီးလ်ဝစ်မြို့အနီးတွင် သုတေသီများသည် ခေါင်းဖြတ်ကာ ခြေထောက်များကြား၌ နေရာချ မြှုပ်နှံခြင်း ခံရသည့် ရုပ်ကြွင်း(၄)ခုကို ရှာဖွေ တွေ့ရှိခဲ့သည်။ သမိုင်းပညာရှင်များက ယင်းသည် သွေးစုပ်ဖုတ်ကောင် ယုံကြည်မှု၌ အပြီးသတ် သုတ်သင်မှုအတွက် သေချာစေရန် လုပ်ဆောင်ရသည့် ဓလေ့ထုံးစံ တစ်ခုဟု ပြောကြားခဲ့သည်။

ယခုတွေ့ရှိသော အရိုးစု ရုပ်ကြွင်းများ ကြုံတွေ့ခဲ့ရသော ကံကြမ္မာကို တိတိကျကျ မသိရသေးသော်လည်း သွေးစုပ်ဖုတ်ကောင် စွပ်စွဲချက်များနှင့် ဆက်နွယ်နေမည်ဟု သမိုင်းသုတေသီများက ယုံကြည်နေသည်။ "ဒီသင်္ချိုင်းရဲ့ ထူးခြားတဲ့ အခြေအနေတွေအတွက် အဖြေထုတ် ပြောနိုင်ဖို့ကတော့ ခက်ခဲနေတုန်းပါ"ဟု သုတေသီ တစ်ဦးဖြစ်သော ဒေါက်တာ ဂျာဆက်ပီရာဇက်ခ်က မှတ်ချက်ပြုခဲ့သည်။ "တခြား သင်္ချိုင်းဟောင်းတွေမှာ သေသူတွေအတွက် အနာဂတ် ဘဝမှာ အသုံးပြုဖို့ အဖိုးတန် ပစ္စည်းတွေ ထည့်မြှုပ်တာမျိုး ရှိတတ်တယ်။ ဒီမှာ ဘာမှ မတွေ့ရဘူး"ဟုလည်း ၎င်းက ဆိုသည်။

ယမန်နှစ်က ဘူလ်ဂေးရီးယားတွင် မနုဿဗေဒ ပညာရှင်များက သွေးစုပ်ဖုတ်ကောင် ရုပ်အလောင်းနှစ်ခုကို ဖော်ထုတ် တွေ့ရှိကြောင်း ကြေညာခဲ့သေးသည်။ ပင်လယ်နက် ဆိပ်ကမ်းမြို့ တစ်ခုဖြစ်သည့် ဆိုဇိုပိုးလ်ရှိ ဘုရားကျောင်းဟောင်း တစ်ခုအနီး တူးဖော်ရာတွင် သက်တမ်း နှစ်ပေါင်း(၈၀၀)ကျော်ပြီဖြစ်သော ရုပ်ကြွင်းများကို တွေ့ရှိခဲ့သည်။ ၎င်းတို့၏ ရင်ဘတ်တွင် ကြီးမားလေးလံသည့် သံချောင်းကြီးများ စိုက်ထားသည်ကို တွေ့ရသည်။ ယင်းသည် သွေးစုပ်ဖုတ်ကောင်များကို ပြန်လည်နိုးထခြင်း မရှိအောင် တားဆီးနိုင်သည့် နည်းလမ်းဟု ရှေးက ယုံကြည်မှုများ ရှိခဲ့သည်။

ဥရောပ အလယ်ခေတ် သင်္ချိုင်းဟောင်းများတွင် သွေးစုပ်ဖုတ်ကောင် ယုံကြည်မှုနှင့် ဆက်နွယ်သော ရုပ်ကြွင်းများ တွေ့ရှိရမှုမှာ အဆန်းမဟုတ်တော့ချေ။ ချက်နိုင်ငံတွင် သင်္ချိုင်းဟောင်း နေရာအချို့၌ ပါးစပ်ကိုဖြဲကာ ကျောက်တုံးကြီးများ ဆို့လျှက်သား ထည့်သွင်းခံထားရသည့် သွေးစုပ်ဖုတ်ကောင်ဟု စွပ်စွဲသတ်ဖြတ်ခံရသော အရိုးစုများကိုလည်း တွေ့ရှိခဲ့ဖူးကြောင်း သိရှိရသည်။
Planet Myanmar Network

သမ္မတဟောင်းမော်စီ ထောက်ခံသူများနှင့် အီဂျစ်လုံခြုံရေးတပ်ဖွဲ့ ထိပ်တိုက်တွေ့

Jul 16 13
အမေရိကန် ကိုယ်စားလှယ် အဖွဲ့တစ်ခုက လက်ရှိ စစ်တပ်ထောက်ခံသော ယာယီအစိုးရအား နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အုံကြွဆူပူမှုများကို ငြိမ်သက်အောင် လုပ်ဆောင်ကြိုးပမ်းရန် တိုက်တွန်းစဉ် ယခုလို ပြဿနာများ တိုးပွားလာခြင်း ဖြစ်သည်။

သမ္မတဟောင်း မိုဟာမက် မော်စီကို ထောက်ခံသည့် ရာပေါင်းများစွာသော အစ္စလာမ်မစ် ဆန္ဒပြသူများသည် အီဂျစ်တွင် လုံခြုံရေး တပ်ဖွဲ့များနှင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တစ်ခုက လက်ရှိ စစ်တပ်ထောက်ခံသော ယာယီအစိုးရအား နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အုံကြွဆူပူမှုများကို ငြိမ်သက်အောင် လုပ်ဆောင်ကြိုးပမ်းရန် တိုက်တွန်းစဉ် ယခုလို ပြဿနာများ တိုးပွားလာခြင်း ဖြစ်သည်။ မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့ကို ထောက်ခံပြီး သမ္မတ မော်စီကို အာဏာပြန်လည် အပ်နှင်းရန် တောင်းဆိုသော ဆန္ဒပြသူများနှင့် လုံခြုံရေး တပ်ဖွဲ့တို့ကြား တနင်္လာနေ့က ထိပ်တိုက် တွေ့ဆုံမှုများ ဖြစ်ပေါ်ခဲ့သည်။ ဆန္ဒပြသူများသည် နိုင်းလ်မြစ်ကို ဖြတ်ကျော်ကာ ကိုင်ရိုမြို့လယ်နှင့် ဆက်သွယ်ထားသည့် အောက်တိုဘာ(၆) တံတားကိုလည်း ချိုးဖျက်ပစ်ခဲ့သည်။

AFPသတင်းဌာနက လုံခြုံရေး တပ်ဖွဲ့များသည် ရှေ့တိုးလာသည့် ဆန္ဒပြသူများကို ဖြိုခွင်းရန်အတွက် မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ယခုပဋိပက္ခသည် ပြီးခဲ့သည့် သီတင်းပတ်က လုံခြုံရေး တပ်ဖွဲ့များက အထူးစစ်ဆင်ရေး တပ်ဖွဲ့တစ်ခု အပြင်ဘက်တွင် အုံကြွလာသူများကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်နောက် ပထမဆုံးအကြိမ် အင်အားအကြီးဆုံး လှုပ်ရှားမှုလည်း ဖြစ်ခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့များက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့သည့်နောက် (၁၀)မိနစ်မျှ အကြာတွင် ဆန္ဒပြသူများ ဆုတ်ခွာသွားခဲ့သည်။

တနင်္လာနေ့က အမေရိကန် ပြည်ထောင်စုသည် ဆန္ဒပြသူများနှင့် အီဂျစ် အစိုးရတို့ စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရန် တိုက်တွန်းခဲ့သေးသည်။ ဇူလိုင်လ (၃)ရက်နေ့၊ အီဂျစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာသော အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်သူ ဘီလ်ဘန်းစ်က "ဦးစားပေး လုပ်ဆောင်ရမှာက ပဋိပက္ခတွေ ငြိမ်းချမ်းသွားဖို့၊ သွေးထိုး လှုံ့ဆော်မှုတွေကို ဖယ်ရှားဖို့ပါ။ ဒီအချက်က နိုင်ငံ ပြန်လည် သင့်မြတ်ရေးမှာ အတားအဆီးတွေ ဖြစ်နေစေတယ်"ဟု ပြောကြားခဲ့သည်။ ၎င်းသည် အာဏာသိမ်း စစ်ဗိုလ်ချုပ် အက်ဘ်ဒဲလ် ဖာတား အယ်လ်ဆီဆီ၊ လတ်တလော သမ္မတအဖြစ် တာဝန်ယူထားသည့် အက်ဒ်လီ မန်ဆာနှင့် ကြားဖြတ် ဝန်ကြီးချုပ် ဟာဇမ်အယ်လ် ဘက်ဘ်လာဝီတို့နှင့်ပါ တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
Planet Myanmar Network

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂)ဦးနှင့် နောက်ဆက်တွဲ သတင်း

ရန်ကုန်၊ ဇူလိုင် ၁၆
၉.၇.၂၀၁၃ ရက်နေ့ တွင် အရေးယူဆောင်ရွက်ခဲ့သည့် ပန်းဘဲတန်းမြို့မရဲစခန်း(ပ)၂၀၃/၂၀၁၃ ၊ပုဒ်မ ၂၉၅-က အမှုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား များဖြစ်သည့် PARSUJET BARUA ၊(၂၈)နှစ်၊(ဘ)RAJON BARUA၊ BARUA လူမျိုး/ဗုဒ္ဓ၊ လယ်လုပ်၊ North NOLBILA WART No.2. RALARMAR
CHHORAMAHESHKA HILL, COXS BAZAR မြို့နယ်နေသူနှင့် ANTER BARUA(၂၉)နှစ်၊ (ဘ) DUIAKUP BARUA၊ BARUA လူမျိုး/ဗုဒ္ဓ၊ လယ်လုပ်၊ မ/SHILKUP WART No-09၊ MONKIR
CHRR PANSHKHALL CHITTA GONG မြို့နယ် နေသူတို့ (၂)ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနိုင်ငံ သို့သွားရောက် ရန်အတွက် ပန်းဘဲတန်းမြို့နယ် (၈)ရပ်ကွက်၊ အနော်ရထာလမ်း၊
အမှတ်၂၄၀ရှိ ပိုလိုတည်းခိုခန်း၌ သင်္ကန်းဝတ်ဖြင့်ရောက်ရှိတည်းခို နေထိုင်စဉ် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ (၂)ဦးသည် တရားဝင်ဗီဇာဖြင့် လာရောက်သော်လည်း ဗီဇာရသူသည် ပြည်ထောင်စုမြန်မာနိုင်ငံ
အတွင်းသို့ ၀င်ခွင့် ပြုထားသော စည်းကမ်းချက်များကို ဖေါက်ဖျက်ကျူးလွန်ခဲ့သောကြောင့် ဥပဒေအရအရေးယူပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ တိုင်တန်းခဲ့သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ) ၂၁၃/၂၀၁၃ ၊ လ၀ကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့်အရေးယူခဲ့ပါသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂)ဦးအား အခကြေးငွေရယူ၍ မလေးရှားနိုင်ငံသို့ တရားမ၀င်ပို့ဆောင်ရန်အတွက် မင်္ဂလာဒုံလေဆိပ်မှ ကြိုဆို ခေါ်ဆောင်ခဲ့သူ မင်းနိုင်၊ (၃၅)နှစ်၊(ဘ)ဦးအာဇီစူမောက်၊ သာကေတမြို့နယ်နေသူနှင့် ၎င်း၏ဇနီးဖြစ်သူ မရင်ရင်ဝင်း(၂၇)နှစ်၊ (ဘ)ဦးမာမက်ဆူလတန် တို့(၂)ဦးသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့တရားဥပဒေနှင့် ဆန့်ကျင်၍ ၀င်ရောက်စေရန် ကူညီပေးခဲ့သောကြောင့် ဥပဒေအရအရေးယူပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ တိုင်တန်းခဲ့သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ) ၂၁၄/၂၀၁၃ ၊ လ၀ကအက် ဥပဒေ ပုဒ်မ ၁၃(၅)ဖြင့်အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိ ပါသည်။
Yangon Police

လယ်လုပ်ခွင့်လက်မှတ် ကျပ် ၅၀၀ ဖြင့်ရရှိမည်

ပုသိမ်၊ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် တောင်သူများ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ကို ကျပ် ၅၀၀ ဖြင့် ရရှိမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာနထံမှ သိရသည်။

လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ ရရှိရန် ဧရိယာအကျယ်အဝန်း မည်မျှကိုမဆို လုပ်ကွက်တစ်ခုလျှင် စာရွက်စာတမ်း ကုန်ကျစရိတ်မလိုဘဲ ကျပ် ၅၀၀ ကို မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းရမည်ဖြစ်ကာ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူသည် ပုံစံ ၇ ရရှိပြီးပါက လယ်ယာ မြေဥပဒေနှင့် နည်းဥပဒေများအရ ပိုင်ဆိုင်လုပ်ပိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

တောင်သူများကို လယ်ယာမြေ မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ထုတ်ပေးခြင်းတို့ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း ပြီးစီးအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောကြားသည်။

လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် မရရှိသေးသည့် ကာလအတွင်း အငြင်းပွားမှု ဖြစ်နေသည့် လယ်ယာမြေများကို စုံစမ်းစစ်ဆေး၍ ဥပဒေနှင့်အညီ ရာသီချိန်အမီ စိုက်ပျိုးနိုင်ရန် ယခင်နှစ်က လုပ်ကိုင်ခဲ့သူကို ယာယီသီးစား ချထားပေးမည် ဖြစ်ကြောင်း ငပုတောမြို့နယ် လယ်ယာမြေစီမံ ခန့်ခွဲရေး အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုက ရှင်းပြသည်။

ဧရာဝတီတိုင်းဒေသကြီး ၂၆ မြို့နယ်တွင် ၂၀၁၃ ခုနှစ် ဇွန်လအတွင်း ကျေးရွာအုပ်စုပေါင်း ၈၇၈ အုပ်စုမှ တောင်သူများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် တစ်သိန်းကျော် ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှူး ဦးကျော်ထင်က ပြောကြားသည်။
The Voice Weekly

အမေရိကန်သည် စနိုးဒန်အား ရုရှားတွင် ပိတ်မိနေစေလိုကြောင်း ပူတင်စွပ်စွဲပြောကြား

မော်စကို၊ ဇူလိုင် ၁၆။
ရုရှားသမ္မတပူတင်က အမေရိကန်သည် အမေရိကန် စုံစမ်းရေးအစီအမံများကို ပေါက်ကြားစေခဲ့သူ စနိုးဒန်အားရုရှားတွင် ပိတ်မိနေစေခဲ့ကြောင်း စွပ်စွဲပြီး စနိုးဒန်သည်လည်း ရုရှားမှ တတ်နိုင်သမျှ
မြန်ဆန်စွာ ထွက်ခွာသွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ပြောကြားသည်။

“သူသွားမယ့်နေရာ သေချာပြီဆိုရင် သူတကယ် ထွက်သွားမှာပါ” ဟု ပူတင်က မှတ်ချက်ပြုသည်။

“သူဟာရုရှားကို မဖိတ်ခေါ်ဘဲ ရောက်လာတယ်။ ကျွန်တော်တို့ဆီ ရည်ရွယ်ပြီး လေယာဉ်စီးလာတာ မဟုတ်ဘူး၊ ဒီကနေတစ်ဆင့် ပြောင်းစီးဖို့ ရောက်လာတာပါ” ဟု ပူတင်ကဆိုသည်။

“ဒါပေမယ့် သူလေယာဉ်စီးတယ် ဆိုရင်ပဲ အဲဒါကိုသိတဲ့ ကျွန်တော်တို့ရဲ့မိတ်ဆွေ အမေရိကန်နိုင်ငံက သူနောက်ထပ် လေယာဉ်မစီးနိုင်အောင် ပိတ်လိုက်တယ်လေ”ဟု ဆက်လက် ပြောကြားသည်။

ယခုကဲ့သို့ ပြောဆိုခြင်းသည် စနိုးဒန် လေယာဉ်ကွင်းတွင် အခွင့်အရေး လှုပ်ရှားတက်ကြွသူများ
ရှေ့နေများနှင့် လွန်ခဲ့သည့် ရက်သတ္တပတ် သောကြာနေ့ တွေ့ဆုံပြီးချိန်မှစ၍ ပြည်သူများထံ
၎င်းနှင့်ပတ်သက်၍ ပထမဆုံး မှတ်ချက်ပြုခြင်းဖြစ်သည်။

စနိုးဒန်သည် ဟောင်ကောင်မှ မော်စကိုသို့ ဇွန် ၂၃ တွင်ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းနေ့တွင်ပင်
အမေရိကန်က ၎င်း၏ပတ်စ်ပို့ကို ပယ်ဖျက်လိုက်သည်။

စနိုးဒန်သည် မော်စကိုမှ ကျူးဘားရှိ ဟားဗားနားမြို့သို့ သွားရောက်ရန် ကြိုတင်လက်မှတ်
မှာထားသော်လည်း လေယာဉ် မစီးလိုက်ရဘဲ လေယာဉ်စီးမည့် ခရီးသည်များ ထွက်ခွာရာ
နေရာတွင် ပိတ်မိနေခဲ့သည်။

ပူတင်က အမေရိကန်သည် အခြားနိုင်ငံများကိုလည်း ခြောက်လှန့်ထားပြီး နိုင်ငံအများအပြားက
၎င်းကိုလက်မခံတော့ကြောင်း စနိုးဒန် ရုရှားနိုင်ငံတွင်း ပိတ်မိနေစေရန် အမေရိကန်ကသာ
လုပ်ဆောင်ခဲ့ကြောင်း ပြောကြားသည်။

စနိုးဒန်က ခိုလှုံခွင့် လက်ခံသည့် နိုင်ငံများရှိသော လက်တင်အမေရိက နိုင်ငံများသို့ မထွက်ခွာမီ ရုရှားတွင်ယာယီခိုလှုံခွင့် ရချင်ကြောင်း သောကြာနေ့ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

၎င်းသည် အစောပိုင်းတွင် ရုရှားသို့ ခိုလှုံခွင့်တောင်းခဲ့သော်လည်း ရုရှားအစိုးရက ထပ်မံဖွင့်ချခြင်းများ
ရပ်ဆိုင်းပါက လက်ခံမည်ဆိုသောကြောင့် ခိုလှုံခွင့်ကို လက်လျှော့ခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က ယာယီခိုလှုံခွင့် တောင်းခံခဲ့ရာတွင် စနိုးဒန်က အမေရိကန် အကျိုးစီးပွားကိုထပ်မံမထိခိုက်စေရန် ကတိပေးကြောင်း ပြောကြားခဲ့သည်။

“သူ့ရဲ့နောက်ဆုံး ထုတ်ပြန်ချက်ကိုကြည့်ရတာ သူတနည်းတဖုံတော့ ပြောင်းလဲ လာတဲ့ပုံပဲ။ ဒါပေမယ့် ခုထိတော့အခြေအနေ သေချာရှင်းလင်းသေးတာ မဟုတ်ဘူး”ဟု ပူတင်က ပြောကြားပြီး
စနိုးဒန် ခိုလှုံခွင့်ကို လက်ခံမခံပြောကြားခြင်း မရှိပေ။

လက်ရှိတွင် သမ္မတပူတင်သည် စက်တင်ဘာ အစောပိုင်းတွင်ပြုလုပ်မည့် ဂျီ ၂၀ ဆွေးနွေးပွဲအပြီး မော်စကိုတွင်သမ္မတအိုဘားမားနှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။

ပူတင်က “ရုရှားဟာ အမေရိကန်နဲ့ ချိတ်ဆက်မှုတွေရှိတယ်။ စနိုးဒန်ရဲ့လုပ်ဆောင်ချက်တွေကြောင့် အမေရိကန်နဲ့ရုရှားကြား ချိတ်ဆက်မှုတွေ မပျက်စီးစေချင်ဘူး”ဟု စနိုးဒန်နှင့် ပတ်သက်၍
ရှင်းရှင်းလင်းလင်း ပြောကြားသည်။

စနိုးဒန်သည် သူ၏လုပ်ဆောင်မှုများအား ဆက်လက် လုပ်ဆောင်မည်ဟု ပြောကြားထားကြောင်း ပူတင်ကဆက်လက်ပြောကြားပြီး “အဲလိုလုပ်မယ်ဆိုလည်း ကျွန်တော်တို့ မပါဘဲလုပ်တာ ဖြစ်မှာပါ၊
ကျွန်တော်တို့မှာ လုပ်စရာတွေ ရှိသေးတယ်”ဟု ပူတင်က ပြောကြားသည်။
Ref:AFP
မြန်မာ့ခေတ်

မန်း ဘုရားကြီးအနောက်မုခ် ၈၄လမ်းပေါ်တွင် နံနက်စောစောစကားများရာမှ ဓါးထိုးမှုဖြစ်ပွား

မန္တလေး -ဇူလိုင် ၁၆
စကားများရာမှ ကိုရင်တပါးအား ဓားဖြင့် ထိုးမှု ယနေ့နံနက်က ဘုရားကြီးအနောက်မုခ် ၈၄လမ်းပေါ်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ကိုရင်အား ဓါးဖြင့်ထိုးသူကို---- ဗမာ/ဗုဒ ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သူမှာ မဟာမြတ်မုနိဘုရားကြီးအနောက်မုခ် ၈၄လမ်းမပေါ်တွင် ဖွင့်လှစ်ထားသော 3D အင်တာနက်နှင့် နက်ဂိမ်းဆိုင်တွင် ညကတည်းက မူးပြီးအိပ်နေကြောင်း၊ မနက် ၆နာရီခွဲခန့်တွင် အဆိုပါမြို့နယ် ဓမ္မာစရိယအေးကျောင်းတိုက်မှ ကိုရင်ရှင်တိက္ခမှာ ဆွမ်းခံရင်း အပြန်တွင် ဂိမ်းဆိုသို့ဝင်ရာ ကို--နှင့်တွေ့ပြီး အရက်စော်နံကြောင်း ပြောရာမှတစ်ဆင့် အချင်းများရာ ဂိမ်းဆိုင်အပြင်ဘက်သို့ခေါ်ဆောင်သွားပြီး အသင့်ယူဆောင်လာသည့် အရိုးသွား ဆယ်လက်မ ခန့်ရှိသောဓားဖြင့် ရင်ညွှန့်အားထိုးခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဓားဖြင့်ထိုးသူကို---အား အနီးရှိ တာဝန်ကျ တပ်သားမှ ရဲစခန်းအား ဖုန်းဆက်အကြောင်းကြားကာ
ချက်ခြင်းဖမ်းဆီးနိုင်ခဲ့ပြီး ကိုရင်ရှင်တိက္ခမှ မန္တလေးမြို့အထွေထွေရောဂါကု ဆေးရုံသို့ ပို့ဆောင်ကုလျှက်ရှိပြီး ထိုးသွင်းဒဏ်ရာမှာ မစိုးရိမ်ရကြောင်းသိရှိသည်။
ဖိုးလပြည့်
Popular Myanmar News Journal

အချိန်တိုအတွင်း ဈေးကွက်ထဲတင်ပို့နိုင်မည့် ငါးမျိုးများ မွေးမြူထုတ်လုပ်ရန်လိုအပ် (ရုပ်/သံ)

မြန်မာနိုင်ငံမှာ သဘာဝအင်းအိုင် ခမ်းခြောက်လာခြင်းနဲ့ ငါးမွေးသူတွေအနေနဲ့ကလည်း မွေးမြူတာကို လျော့ချလာတာကြောင့် ထုတ်လုပ်မှုလျော့နည်းသွားပြီး ဈေးကွက်မှာ ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။
ငါးမွေးမြူသူတွေအနေနဲ့ နှစ်ရှည်မွေးမြူရတဲ့ ငါးမျိုးတွေကြောင့် ကုန်ကျစရိတ်အတွက် တွက်ချေကိုက်မှု မရှိဘဲ ငါးသားပေါက်ထည့်သွင်းမှု လျော့နည်းသွားပြီး ငါးအထွက်နှုန်းလျော့နည်းသွားတဲ့အတွက် လက်ရှိမှာ ငါးဈေးနှုန်း မြင့်တက်နေရခြင်းဖြစ်ကြောင်းနှင့် မွေးမြူတဲ့အချိန်တိုအတွင်းမှာ ဈေးကွက်တင်ပို့နိုင်တဲ့ ငါးမျိုးတွေကို မွေးမြူထုတ်လုပ်ကာ ဈေးကွက်ရှာဖွေနိုင်ပါက လက်ရှိအခက်အခဲများအားလုံး အဆင်ပြေသွားနိုင်တယ်လို့ ငါးလုပ်ငန်းအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်တိုးနန္ဒတင်က အခုလို ပြောဆိုပါတယ်။

မြန်မာ့ခေတ်

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com