http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြွေတောင် သတ္တုစီမံကိန်း လုပ်သား ၁၃၀၀ ကျော် အသုံးပြုမည်

ကလေး၊ ဇူလိုင် ၁၀
နီကယ်နှင့် သတ္တုရိုင်းများ တူးဖော်ရနိုင်မည်ဟု ခန့်မှန်းထားကြသော ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် အတွင်းရှိ မြွေတောင် သတ္တုစီမံကိန်းတွင် လုပ်သား ၁၃၀၉ ဦးခန့် အသုံးပြုသွားမည် ဖြစ်ကြောင်း အဆိုပါစီမံကိန်းကို တာဝန်ယူ တူးဖော်မည့် North Mining Investment ကုမ္ပဏီမှ ဘူမိဗေဒ အရာရှိချုပ် ဦးလင်းမြင့်က The Voice သို့ ပြောကြားသည်။

“စီမံခန့်ခွဲရေးဝန်ထမ်း ၈၂ ဦးနဲ့ ထုတ်လုပ်ရေးလုပ်သား ၁၂၂၇ ဦးကို ခန့်အပ်သွားမှာ ဖြစ်ပါတယ်။ ခန့်အပ်တဲ့ နေရာမှာလည်း ခြောက်လ သင်တန်းပေးပြီး ခန့်အပ်သွားမှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ လုပ်သားများတွင် မြန်မာလူမျိုး အလုပ်သမား အနည်းဆုံး ၉၉၃ ဦး ခန့်အပ်သွားမည် ဖြစ်ပြီး လာရောက်လုပ်ကိုင်မည့် နိုင်ငံခြားသား အလုပ်သမားများက ဒေသခံပြည်သူများအပေါ် လူမှုကျင့်ဝတ် ချိုးဖောက်မှုများ မဖြစ်ပေါ်စေရန်အတွက် ၎င်းတို့မရောက်ခင် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ နှစ်ပတ်ကြိုတင် အကြောင်းကြားပေးမည် ဖြစ်ကြောင်း၊ အလုပ်ခန့်အပ်မှု စာချုပ်တွင် ဒေသခံပြည်သူနှင့် လက်ထပ်ထိမ်းမြားလျှင် အလုပ်မှ ရပ်စဲသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိ ကုမ္ပဏီအနေနှင့် သတ္တုတွင်းဝန်ကြီးဌာနသို့ စီမံကိန်းဆိုင်ရာလုပ်ငန်း သဘောထားများကို တင်ပြထားပြီဖြစ်ပြီး အကျိုးအမြတ် ခွဲဝေမှုနှင့် ပွင့်လင်းမြင်သာမှု ကိစ္စရပ်တို့ကို အမှတ်(၁) သတ္တုတွင်း လုပ်ငန်းနှင့် ညှိနှိုင်းဆဲ ဖြစ်ကြောင်း အမှတ်(၁) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့က ကျင်းပခဲ့သော တီးတိန်မြို့ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားကုမ္ပဏီများ အနေနှင့် မြန်မာ အလုပ်သမားများ ခန့်အပ်ရာတွင် ကျွမ်းကျင်မှု မလိုအပ်သော အလုပ်သမားဆိုပါက ပထမနှစ်တွင် ၂၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် ၅၀ ရာခိုင်နှုန်း၊ တတိယနှစ်တွင် ၇၅ ရာခိုင်နှုန်းကို ခန့်အပ်မည်ဖြစ်ပြီး ကျွမ်းကျင်မှု လိုအပ်ပါက ညှိနှိုင်းရမည် ဖြစ်ကြောင်း ဦးကျော်ဆန်းက ဆက်လက်ပြောဆိုသည်။
The Voice Weekly

မြန်မာ့တိုင်းရင်းဆေးနှင့် အနောက်တိုင်း ဆေးပညာ အသိအမှတ်ပြု ဆရာဝန်များ မဟုတ်ဘဲ လိုင်စင်မရှိသည့် တရုတ်ဆေးဆရာ အများအပြား ထိုးဖောက်ဝင်ရောက်နေ

ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
Thursday, 11 July 2013
မြန်မာ့တိုင်းရင်းဆေးနှင့် အနောက်တိုင်း ဆေးပညာ အသိအမှတ်ပြု ဆရာဝန်များ မဟုတ်ဘဲ လိုင်စင်မဲ့ တရုတ်ဆေးဆရာများ ထိုးဖောက်ဝင်ရောက်လျက်ရှိကြောင်း ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ဇူလိုင် ၁၀ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာနေလင်း၏ ဆေးကုခန်းများနှင့် ဆေးဝါးများ၏ ကြော်ငြာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆေးကောင်စီ အနေဖြင့် ဆေးကုထုံး မှန်ကန်မှု ရှိမရှိ၊ ကြော်ငြာကဏ္ဍများတွင် မည်သည့်အချက်အလက်များအပေါ် အခြေခံ၍ တရားဝင်ကြော်ငြာခွင့်ပြုချက် ပေးမှုကို သိရှိလိုသည့် မေးခွန်းအပေါ် ပြန်လည်ဖြေကြားရာတွင် ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆေးကုနေတဲ့ ဆရာဝန်ကလည်း အနောက်တိုင်း ဆရာဝန်လည်း မဟုတ်ဘူး။ တိုင်းရင်းဆေးဆရာဝန်လည်း မဟုတ်တဲ့အတွက် အရေးယူပေးဖို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို အကြောင်းကြားတဲ့အခါမှာ အလွန်လည်ပါတယ်။ ဆိုင်းဘုတ်ကို အ၀တ်စလေးနဲ့၊ ဗီနိုင်းတို့ ဘာတို့နဲ့ ဖုံးလိုက်တယ်။ ဖုံးလိုက်ပြီးတော့ သူတို့ရဲ့ ဆေးခန်းတွေက ဆေးခန်းလည်း မကဘူး။ ရုံးလည်းရှိတယ်။ လူတွေက ဆက်ပြီးတော့ ၀င်ထွက်နေတယ်။ ဆေးခန်းတော့ ပိတ်လိုက်ပါပြီ ဆိုပေမယ့် ကျိတ်ပြီးတော့ ဆက်ကုနေကြတယ် . . . . .

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က "ကျွန်တော်တို့မှာ ဆေးကုသခွင့် ပေးထားတာက လိုင်စင်က အနောက်တိုင်း ဆေးပညာဘက်က တစ်အုပ်စုရှိတယ်။ တိုင်းရင်းဆေးပညာဘက်က တစ်အုပ်စု ရှိတယ်။ အနောက်တိုင်း ဆေးပညာဘက်က ဆရာဝန်ဆိုရင် ဆရာဝန်မှတ်ပုံတင်ရယ်၊ ဆေးကုသခွင့် လိုင်စင်ရယ် နှစ်မျိုးပါ။ အရင်တုန်းကတော့ လူတွေက တစ်မျိုးတည်း ရောထွေးပြီး သုံးနေကြတာ။ ဆမဆိုတာ ဆေးကုသခွင့် လိုင်စင်ဖြစ်ပါတယ်။ Licence of Practice  ဖြစ်ပါတယ်။ Registration ဆိုတာက ဆရာဝန် မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။ တချို့တွေက ဆရာဝန်တော့ ဆရာဝန်ဆေးကုသခွင့် လိုင်စင်ကို ယာယီရုပ်သိမ်း ထားတာမျိုးလည်း ရှိတတ်တယ်။ အကြောင်းအမျိုးမျိုးကြောင့်။ ဒီလိုပဲ သခ လို့ခေါ်တဲ့ သွားဆရာဝန်၊ သွားနဲ့ခံတွင်း ဆရာဝန်များမှတ်ပုံတင် ရှိပါတယ်။ သူနာပြုတွေ ဘာတွေကတော့ သားဖွားတွေမှာ သူတို့ရဲ့ မှတ်ပုံတင်ကောင်စီက ပေးထားတာ ရှိပါတယ်။ တိုင်းရင်းဆေးမှာလည်း တဆလို့ခေါ်တဲ့ မြန်မာ့တိုင်းရင်းဆေးက ပေးထားတဲ့မှတ်ပုံတင် ရှိပါတယ်။ အခုရန်ကုန်မှာ စမ်းချောင်းမြို့နယ်၊ လသာမြို့နယ်၊ ကြည့်မြင်တိုင် မြို့နယ်တို့မှာ အဓိက ဖြစ်နေတာက တရုတ်ဆေးဆရာလို့ခေါ်တဲ့ ဆေးဆရာတွေကို။ အဲဒါတွေက အနောက်တိုင်း ဆေးဆရာဝန် မဟုတ်တဲ့ အတွက်လည်း ဆမ၊ ခုနကလိုပေါ့။

Registration မှာက Common Registration,Temporarily Registration, Limited  Registration စသည်ဖြင့် ရှိတဲ့အခါမှာ အနောက်နိုင်ငံက ဆရာဝန်ကြီးတွေ ကျွန်တော်တို့နိုင်ငံက မြန်မာဆရာဝန်များနဲ့ ပူးပေါင်းပြီး ကုမယ်။ အဲဒီအခါကျရင် ကျွန်တော်တို့က သူတို့ရဲ့ CV တွေ၊ ဘာတွေကို စစ်ဆေးပြီး ဘယ်ကျောင်းက အောင်တယ်ဆိုတာတွေရယ် စစ်ဆေးပြီးတော့ Limited Registration ပေါ့။ အချိန်ကို ကန့်သတ်တယ်။ နေရာကို ကန့်သတ်တယ်။ Field ပေါ့နော်။ ကလေးဆိုလည်း ကလေးပေါ့။ လူကြီးဆိုလည်း လူကြီးပေါ့။ ကလေးဆိုလည်း ခွဲစိတ်တဲ့အခါမှာ ကန့်သတ်တယ်။ နောက်ပြီးတော့ မြန်မာဆရာဝန်ကြီးများနဲ့ ပူးပေါင်း၍ သို့မဟုတ် မြန်မာဆရာဝန်များရဲ့ ကြီးကြပ်မှု အောက်တွင်ဆိုပြီး ဒါမျိုးကန့်သတ်တဲ့ အခါမှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဆိုတာလည်း မထိခိုက်ဘူး။ ကျွန်တော်တို့နိုင်ငံက နိုင်ငံသားတို့ရဲ့ အခွင့်အရေး ဆိုတာကိုလည်း ကာကွယ်ပြီးသား ဖြစ်တယ်။ ဒီလိုကျွန်တော်တို့က တစ်ဖက်က ကျင့်သုံးနေတဲ့ အချိန်မှာ ခုနကလို အနောက်တိုင်း ဆေးပညာအရလည်း Registration ထုတ်ပေးလို့မရ။

တိုင်းရင်းဆေးလည်း မဟုတ်ဘဲ ဒီဆေးပညာရှင်လို့ ခေါ်တဲ့သူတွေကို ၀င်လာပြီးတော့ ကုနေတဲ့အခါမှာ အဲဒီဟာလေးကို ကျွန်တော်တို့ အနေနဲ့ Enforce လုပ်ရတာ တိုင်းရင်းဆေးကို ပြောတော့လည်း သူနဲ့အကြုံးမ၀င်ဘူး ပြောတယ်။ ဆေးကောင်စီနဲ့လည်း အကြုံးမ၀င်ဘူး။ ကျွန်တော်တို့က အဲဒီအခါမှာ ကျွန်တော်တို့ ထုတ်ပေးလိုက်တာက ဒီဆေးခန်းမှာ ဆေးခန်းကလည်း ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကော်မတီကလည်း ဆေးခန်းလိုင်စင်လည်း ထုတ်ပေးမထားဘူး။ ဆေးကုနေတဲ့ ဆရာဝန်ကလည်း အနောက်တိုင်း ဆရာဝန်လည်း မဟုတ်ဘူး။ တိုင်းရင်းဆေးဆရာဝန်လည်း မဟုတ်တဲ့အတွက် အရေးယူပေးဖို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို အကြောင်းကြားတဲ့အခါမှာ အလွန်လည်ပါတယ်။ ဆိုင်းဘုတ်ကို အ၀တ်စလေးနဲ့၊ ဗီနိုင်းတို့ ဘာတို့နဲ့ ဖုံးလိုက်တယ်။ ဖုံးလိုက်ပြီးတော့ သူတို့ရဲ့ ဆေးခန်းတွေက ဆေးခန်းလည်း မကဘူး။ ရုံးလည်းရှိတယ်။ လူတွေက ဆက်ပြီးတော့ ၀င်ထွက်နေတယ်။

ဆေးခန်းတော့ ပိတ်လိုက်ပါပြီ ဆိုပေမယ့် ကျိတ်ပြီးတော့ ဆက်ကုနေကြတယ်။ အဲဒါကို ကျွန်တော်တို့က မြို့နယ်ဆရာဝန်တွေနဲ့ ဆက်ပြီးထောက်လှမ်းတဲ့အခါမှာ ရုံးခန်းတွေက Apartment  တွေ အများကြီးရှိတဲ့ နေရာကြီးတွေမှာ ဖွင့်ထားတဲ့ အခါကျတော့ လှေကားက တက်သွားရင် သူ့ဆေးခန်းကို သွားတာလား၊ တခြားရုံးခန်းကို သွားတာလား သိဖို့ခက်တယ်။ ရုံးခန်းလို့ ပြောပြီးတော့ အဲဒီဆေးခန်းတွေကို သွားပြီးကုနေတာကျတော့ သိဖို့ခက်တယ်။ အဲဒီတော့ ကျွန်တော်တို့က တစ်ခါရန်ကုန်တိုင်းဒေသကြီးနဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ထပ်ပြော။ ထပ်ပြီးတော့ သွားကြည့်ပါဦး။ ပိတ်ချင်ယောင်ဆောင်ပြီးတော့ ဆက်ဖွင့်နေတယ်။ ဆိုလိုတဲ့သဘောက Laws တွေ By law တွေ ဘယ်လိုပဲရှိရှိ Enforcement က အားနည်းလို့ရှိရင် ကျွန်တော်တို့ လုပ်ရမှာ ဖြစ်ပါတယ်။

Enforcement ဆိုတာကလည်း ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ကတော့ ဒီဟာတွေသည် စည်းကမ်းနဲ့ မညီပါဘူး။ အရေးယူပေးပါလို့၊ ကျွန်တော်တို့မှာ ဖမ်းပိုင်ခွင့်၊ ဆွဲထုတ်ပိုင်ခွင့်တို့ ဘာမှမရှိပါဘူး။ ဒီလိုပဲEnforcement လို့ပြောတဲ့အခါမှာ တစ်ဖက်ကလည်း Public Education က လိုပါတယ်။ ကျွန်တော်တို့ လူတွေသည် စနစ်တကျနဲ့ မှန်မှန်ကန်ကန် ကုဖို့သူ့ထက်ကို ဆေးတစ်လုံးတည်းနဲ့ ၉၆ ပါးသော ရောဂါတစ်ခါတည်းနဲ့ တစ်သက်စာပျောက်တယ် ဆိုတာမျိုးကိုပဲ လိုချင်နေကြတဲ့ လူကများတော့ ဒီထဲမှာပညာတတ်တွေလည်း ပါနေကြတဲ့ကိစ္စ ဖြစ်ပါတယ်" ဟု  ပြောကြားသည်။

ရိုဟင်ဂျာ တရားဝင်လက်ခံရေး မြန်မာအစိုးရကို အင်ဒိုနီးရှား ဖိအားပေး

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa (၃၀ ဇွန် ၂၀၀၁၃)
10.07.2013
မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို တရားဝင် အသိအမှတ်ပြုဖို့အတွက် အင်ဒိုနီးရှားအစိုးရက မြန်မာအစိုးရကို ဖိအားပေးနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံနဲ့ တခြားပြည်ပမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံနေတဲ့ ရိုဟင်ဂျာ အရေအတွက်က တိုးလာနေတဲ့အချိန်မှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီ ဂါဝါ (Marty Natalegawa) က မြန်မာအစိုးရကို ပြည်တွင်းမှာ မတူကွဲပြားတဲ့ လူမှု အသိုင်းအ၀ိုင်း နှစ်ရပ်ကြားမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာ အဆုံးသတ်အောင် လုပ်ဆောင်ဖို့ လိုတယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Ron Corben က ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်း က တင်ပြထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီ ဂါဝါက မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ဖော်ဆောင်သွားဖို့ လိုအပ်တဲ့အကြောင်းနဲ့ တချိန်တည်းမှာပဲ ပြည်တွင်းမှာ ရောက်ရှိနေတဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာ မူဆလင်တွေရဲ့ တရားဝင် ရပိုင်ခွင့်တွေကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

လွန်ခဲ့တဲ့နှစ်က မြန်မာနိုင်ငံတ၀ှမ်း အထူးသဖြင့် ရခိုင်ပြည်နယ်မှာ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက်မှုတွေကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း သောင်းနဲ့ချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ အဲ့ဒီအထဲ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ သောင်းနဲ့ချီ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ၈ သိန်းလောက်ရှိတယ်ဆိုတဲ့ ရိုဟင်ဂျာ အများစုကို မြန်မာအစိုးရက နိုင်ငံသား ခံယူခွင့် မပြုပါဘူး။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီ ဂါဝါ က တင်းမာမှုတွေ လျော့ပါးရေးအတွက် ပထမဦးဆုံး ခြေလှမ်းအဖြစ် ရိုဟင်ဂျာတွေကို မြန်မာအစိုးရက တရားဝင် အသိအမှတ်ပြုမယ်ဆိုတဲ့အတွက် အင်ဒိုနီးရှားအနေနဲ့ အားတက်မိတဲ့အကြောင်း ဘန်ကောက်မြို့တော်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။

“ဒီနေရာမှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံယူနိုင်ရေးကိစ္စ ရှိနေပါတယ်။ ဒီကိစ္စဟာ နိုင်ငံရေးအရရော၊ ဥပဒေကြောင်းအရရော ပတ်သက်နေပါတယ်။ မြန်မာအစိုးရက ဒီကိစ္စကို အခြေခံကျကျ ကိုင်တွယ်ဖြေရှင်းပေးမယ်ဆိုလို့ ကျနော်တို့ အားတက်မိပါတယ်။ ရိုဟင်ဂျာတွေအနေနဲ့ တရားဝင် အသိအမှတ်ပြု ခံရပြီး အခြားကျန် နိုင်ငံသားတွေနဲ့အတူ ဥပဒေအရ အခွင့်အရေးတွေကို ရရှိစေမှာဖြစ်ပါတယ်။”

မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံသားတွေဖြစ်ကြတဲ့ တိုင်းရင်းသားအုပ်စုတွေထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးဆိုတာကို ကာလကြာရှည် ခံယူထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်က တရားမ၀င် ရောက်လာကြတဲ့ ဘင်္ဂါလီတွေ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

မစ္စတာ နာတလီ ဂါဝါ က မြန်မာနိုင်ငံမှာ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ လူနည်းစု မူဆလင်တွေအကြား တဘက်နဲ့တဘက် ယုံကြည်မှု မရှိကြတာ တွေ့ရပြီး၊ အဲ့ဒီကတဆင့် သွေးထွက်သံယိုမှုတွေ ဖြစ်ပွားခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားအနေနဲ့လည်း ၁၉၉၀ ခုနှစ်များ နှောင်းပိုင်းက ဒီမိုကရေစီ စတင်ဖော်ဆောင်ရာမှာ အလားတူ အကြမ်းဖက် တိုက်ခိုက်မှုမျိုးတွေ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး၊ ဖြေရှင်းယူခဲ့ရတာဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါကြောင့်လည်း လူမှုအသိုင်းအ၀ိုင်းတွေကို ပြန်လည်တည်ဆောက်ရာမှာ မြန်မာအာဏာပိုင်တွေကို အင်ဒိုနီးရှားရဲ့ အတွေ့အကြုံ မျှဝေပေးဖို့ အဆင်သင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။

“ဖြေရှင်းရမယ့် ကိစ္စရပ် ရှိနေတယ်ဆိုတာကို ကျနော်တို့ သိထားပါတယ်။ ဒါဟာလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်းအားထုတ်မှုတွေရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်တယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါကို သီးခြားခွဲထားလို့ မရနိုင်ပါဘူး။ ဒါကြောင့် မြန်မာအစိုးရကို ကျနော်တို့ အရင်က ပြောထားပြီးဖြစ်တဲ့အတိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရာမှာ ဒါတွေကို တပြိုင်တည်း ဖော်ဆောင်သွားရမှာပါ။ အချိန်ပိုင်းခြားထားလို့ မရပါဘူး။ တချိန်တည်းမှာ လူမှုအသိုင်းအ၀ိုင်းတွေအကြား တင်းမာမှုတွေ ဖြစ်ပွားနေတဲ့ကိစ္စနဲ့ နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ လိုပါတယ်။”

ရိုဟင်ဂျာ ထောင်ပေါင်းများစွာတို့ဟာ ပြည်ပမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံဖို့အတွက် လှေတွေနဲ့ အန္တရာယ်ကြီးလှတဲ့ ပင်လယ်ခရီးလမ်းကနေ ထွက်ပြေးကြရာမှာ ဘယ်နှစ်ဦး သေဆုံးခဲ့ကြတယ်ဆိုတာတော့ အတိအကျ မသိနိုင်ပါဘူး။ အင်ဒိုနီးရှားအနေနဲ့ ဒီနှစ်အတွင်း ဒေသန္တရ ညီလာခံတရပ် ကျင်းပပြီး ဒေသတွင်းမှာ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးနဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေအတွက် လျော့ပါးရေးအတွက် ကြိုးပမ်းဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။
ဒေါ်လှလှသန်း
ဗွီအိုအေ (မြန်မာပိုင်း)

မြီးကောင်ပေါက် ကိုယ်ဝန် ပြဿနာ

မိန်းကလေးငယ် ကိုယ်ဝန်ဆောင်မှုတွေ ရှိနေ
10 ဇူလိုင်လ 2013
ဇူလိုင်လ ၁၁ ရက် နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ လူဦးရေနေ့ ဆောင်ပုဒ်က မြီးကောင်ပေါက် ကိုယ်ဝန် ပြဿနာ ဖြစ်ပါတယ်။

ကမ္ဘာမှာ တနှစ်ကို အသက် ၁၈ နှစ် အောက် မိန်းကလေး ၁၆ သန်းလောက် ကလေးမွေး နေရပြီး နောက် ၃ သန်းကျော်က အန္တရာယ် ကြီးတဲ့ နည်းတွေနဲ့ ကိုယ်ဝန်ဖျက်ချ နေရတယ်လို့ ကုလ သမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့က ထုတ်ပြန် ပါတယ်။

မိန်းကလေး တွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင် ချပေးတာ၊ ကျူးလွန် စော်ကား ခံရတာ၊ ပညာသင်ခွင့် ဆုံးရှုံးတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရမှု တွေနဲ့ သေဆုံး ချည့်နဲ့ တဲ့ထိ ကျန်းမာရေး နောက်ဆက်တွဲ ဆိုးကျိုး တွေကြောင့် ဒီပြဿနာကို ကုလသမဂ္ဂ က မီးမောင်း ထိုးပြတာ ဖြစ်ပါတယ်။

အိုင်ယာလန် နိုင်ငံ မှာတော့ ကိုယ်ဝန်ဖျက်ချခွင့် ဆိုင်ရာ ဥပဒေ ကို လွှတ်တော်မှာ အခြေအတင် ငြင်းခုံ နေကြပါတယ်။

အရေးပေါ် ကျန်းမာရေး အခြေအနေမှာ အမျိုးသမီးတွေကို သန္ဓေ ဖျက်ခွင့် ပေးတဲ့ ပြင်ဆင်ချက် ၁၆ဝ ကျော် ပါတဲ့ ဥပဒေကို လွှတ်တော်မှာ အများစု ထောက်ခံမဲနဲ့ တင်သွင်း ခဲ့ပေမယ့် အစိုးရက ပယ်ချ ခဲ့ပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ်က ဒီဥပဒေအရေး ကြာသပတေးနေ့ လွှတ်တော်မှာဆက်လက် ဆွေးနွေးခွင့် ပြုခဲ့ပါ တယ်။

ပဋိသန္ဓေ မလိုချင်ဘဲ လွယ်ရတာတွေ အဆုံးသတ်ဖို့၊ ဘေးကင်း စိတ်ချရတဲ့ မီးဖွားမှု တွေ ဖြစ်ဖို့နဲ့ လူငယ် ဘဝ အညွန့်တလူလူ တက်နေဖို့ ရည်ရွယ်တယ်လို့ ကမ္ဘာ့ လူဦးရေ နေ့မှာ ကုလသမဂ္ဂက ထုတ်ပြန် လိုက်ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ လူဦးရေတိုးပွားမှု ထိန်းချုပ်ဖို့ လိုအပ်ပြီလို့ မပြောနိုင်သေး ပေမယ့် ကျန်းမာရေး လူမှုရေး ရှုထောင့်အရ မိသားစု သားဆက်ခြား စီမံကိန်းတော့ ရှိဖို့ လိုအပ်တယ်လို့ ပညာပေးရေး လုပ်ဆောင် နေသူတွေက ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

အီဂျစ်မွတ်ဆလင်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်

မစ္စတာ ဘဒီး ကတော့ ငြိမ်းချမ်းစွာ ပြုလုပ် နေတဲ့ တော်လှန်ရေးလို့ ပြောပါတယ်
အီဂျစ် နိုင်ငံတော် ရှေ့နေရုံး ကနေ မွတ်ဆလင် ညီနောင်များ အဖွဲ့ ခေါင်းဆောင် မိုဟာမက် ဘဒီး နဲ့ တခြား ထိပ်တန်း ခေါင်းဆောင် အတော် များများကို ဖမ်းဝရမ်း ထုတ်လိုက် ပါတယ်။

တနင်္လာနေ့က ကိုင်ရိုမြို့ စစ်တန်းလျား အနီး လူပေါင်း ၅၀ ကျော် သေဆုံး ခဲ့ရတဲ့ အကြမ်းဖက် မှုကို အဲဒီ ခေါင်းဆောင်တွေက လှုံ့ဆော်ဖန်တီးခဲ့တာလို့ စွပ်စွဲပြီး အခုလိုဖမ်းဝရမ်းထုတ်လိုက် တာလည်း ဖြစ်ပါတယ်။

အဲဒီတုန်းက သေဆုံးသွားသူ အများစုဟာ မစ္စတာမော်စီကို ထောက်ခံကြတဲ့ သူတွေ ဖြစ်ကြပါတယ်။

မွတ်ဆလင် ညီနောင်များအဖွဲ့ ကတော့ လုံခြုံရေး တပ်ဖွဲ့တွေဟာ အစုံလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန် ခဲ့တယ်လို့ စွပ်စွဲ ပြောကြားပါတယ်။

ဒါပေမယ့်လို့ စစ်တပ်နဲ့ ရဲကတော့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အနေနဲ့ ပစ်ခတ် တာသာ ဖြစ်တယ်လို့ ပြောပါတယ်။

အသစ် ခန့်အပ်ထားတဲ့ ကြားဖြတ် ဝန်ကြီးချုပ်ကတော့ အစိုးရတရပ် ဖွဲ့စည်းဖို့အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်နေပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

အာဇာနည်နေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့်

FB-ဟာဂျူလီ ကသာ

ဘော်စတွန် ဗုံးကွဲမှု စွဲချက်တွေ ငြင်းဆန်

Tsarnaev ရုံးထုတ်ချိန် လုံခြုံရေး အပြည့်ချ
10 ဇူလိုင်လ 2013
ဘော်စတွန် မာရသွန် ဗုံးကွဲမှု လက်သည်လို့ စွဲဆို ခံရတဲ့ Dzhokhar Tsarnaev က လူအများကို သေကြေပျက်စီး စေတဲ့ လက်နက် သုံးတယ် ဆိုတဲ့ စွဲချက် အပါအဝင် စွဲချက်တွေ အားလုံး အတွက် သူ့မှာ အပြစ်မရှိဘူးလို့ ထွက်ဆို သွားပါတယ်။

လူ ၃ ယောက် သေဆုံးပြီး ၂၆ဝ ကျော် ဒဏ်ရာ ရခဲ့တဲ့ ဧပြီလ တိုက်ခိုက်မှု အပြီး မစ္စတာ Tsarnaev ဘော်စတွန် တရားရုံး တရုံးမှာ ပထမဆုံး အကြိမ် ထွက်ဆို ခဲ့တာ ဖြစ်ပါတယ်။

ချက်ချင် လူမျိုး အသက် ၁၉ နှစ် အရွယ် ကျောင်းသားကို လက်ထိပ်ခတ်ပြီး ရုံးထုတ် လာချိန်မှာ ရုံးထဲမှာ လူပရိသတ် အပြည့် ရှိနေပါတယ်။

သားတယောက် အသက်ဆုံးပြီး နောက်တယောက် တရားခံ ဖြစ်နေတဲ့ Tsarnaev တို့ အမေ Liz Norden လည်း တရားခွင်မှာ ရှိပါတယ်။

ကြားနာပွဲ အချိန်တိုတွင်း အဆုံးသတ် သွားပြီးနောက် မစ္စတာ Tsarnaev မိသားစုကို နှုတ်ဆက်ပြီး တရားခွင်ကနေ ပြန်လည် ခေါ်ဆောင် သွားပါတယ်။

ခပေါင်းချောင်းတွင် အမျိုးသားတစ်ဦး၏အလောင်းတွေ့

Photo google
တောင်ငူ၊ ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ခပေါင်းတံတားထိပ်အနီး ခပေါင်းချောင်းရေပြင်ရှိ ဒိုက်ပုံတွင် ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီခန့်က အသက် (၅၀) အရွယ်ခန့်ရှိ သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း တောင်ငူမြို့ အမှတ် (၁) ရဲစခန်းမှ ရဲအုပ်အောင်ကျော်လွင်က The Voice သို့ပြောကြားသည်။

သေဆုံးသူ ဦးတင်ဝင်း (၅၀) နှစ်သည် အုတ်တွင်းမြို့နယ် တောပုကျေးရွာအုပ်စု သိုက်ကုန်း ကျေးရွာတွင် နေထိုင်ပြီး ဇူလိုင်လ ၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ညီ၊ သားကြီးမောင်သန်းနိုင်ဦး (၁၆) နှစ်နှင့်အတူ ဇီးပင်သာရွာမှ ကင်းဆိပ်ကျေးရွာသို့ ဝါးပို့ရန် ဝါးဖောင်ဖြင့် မျောလာစဉ် ဇီးပင်သာရွာနှင့် တစ်မိုင်အကွာတွင် ဖောင်ကိုရပ်တန့် (ဂွဲသတ်) စဉ် အရှိန်လွန်ကာ ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သေသူ၏သားဖြစ်သူ မောင်သန်းနိုင်ဦးက ပြောကြားသည်။

“အဖေက တစ်မနက်လုံး အရက်သောက်တာ မူးပြီးထတောင် မထနိုင်တာကို ဆင်းပြီးဖောင်ရပ်ဖို့ ပြင်တုန်း အခုလိုဖြစ်သွားတာပါ။ ကျွန်တော်လည်း ဆင်းဆယ်ပါသေးတယ်။ ရေကျနေတော့ မမီဘူး ဖြစ်သွားတယ်။ ရွာကအမျိုးတွေနဲ့ ချောင်းထဲလိုက်ရှာပါတယ်။ ခုမှတွေ့တာ” ဟု ၎င်းကဆိုသည်။

အဆိုပါ ရေနစ်သေဆုံးမှုကို သေမှုသေခင်းအမှတ် ၄/၂၀၁၃ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်း တောင်ငူမြို့ အမှေတ် (၁) ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

လက်ပံတောင်းတောင် ထွန်တုံးတိုက်ပွဲဝင်သူများ ထောင်ဒဏ်ချမှတ်၊ ကူညီသူတစ်ဦး ထောင်ဒဏ် ၁၁ နှစ်အထိ ချမှတ်ခံရ

ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၀ ရက်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ထွန်တုံးတိုက်ပွဲ ဆင်နွှဲသူများကို ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် တရားရုံးမှ ယခုလ ၈ ရက်တွင် ပြစ်ဒဏ်များ ချမှတ်လိုက်ရာ ယင်းတို့အထဲတွင် ပါဝင်သူတစ်ဦးမှာ ထောင်ဒဏ် ၁၁နှစ်ထိ ချမှတ်ခံရသည်ဟု တရားရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြစ်ဒဏ်ချမှတ်ခံရသူများမှာ ဒေသခံ ဆည်တဲရွာသားနှစ်ဦးနှင့် ရန်ကုန်မှ ထွန်တုံးတိုက်ပွဲကူညီရန်သွားခဲ့သူတစ်ဦးဖြစ်သည်။ အမိန့်ချမှတ်ခဲ့ရာတွင် ဆည်တည်းရွာသား နှစ်ဦးဖြစ်သူ ကိုစိုးသူနှင့် ဦးမောင်စန်းတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၁၈၈)၊ ပုဒ်မ(၁၄၃) (ဥပဒေနှင့် ဆန့်ကျင်သည့် စုဝေးမှု ပုဒ်မ (၅၀ဝ)၊ ပုဒ်မ(၃၃၂)၊ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈)တို့ဖြင့် ထောင်ဒဏ် နှစ်နှစ် ခြောက်လချမှတ်ခဲ့သည်။ ထွန်တုံး တိုက်ပွဲဝင်ရန်ကူညီသူ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးကို ထောင်ဒဏ် ၁၁ နှစ် ခြောက်လချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဥပဒေပညာရှင် ဦးစောကျော်ကျော်မင်းက မဇ္ဈိမကိုပြောသည်။

လျော်ကြေးငွေ မယူထားသော လယ်ယာမြေများတွင် လယ်ထွန်သည့်အတွက် ဧပြီလ ၂၅ ရက်တွင် ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် ဝင်ရောက်ရိုက်နှက်ခဲ့ပြီး ထိုနေရာတွင်ရောက်ရှိနေသော ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးနှင့် ဆည်တည်းရွာမှ လယ်သမားနှစ်ဦးဖြစ်သူ ကိုစိုးသူနှင့် ဦးမောင်စန်းတို့အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ပြစ်ဒဏ်ချမှတ်လိုက်သော်လည်း မိမိဘက်မှ ခုခံကာကွယ်ပြောဆိုပိုင်ခွင့်မရကြောင်း ၎င်းတို့၏ရှေ့နေကပြောသည်။

ရှေ့နေ ဦးအောင်သူရိန်ထွန်းက “ပါဝါလည်းရရော သူတို့ကို အမိန့်ချဖို့ အသင့်ဖြစ်နေပြီ။ ကျွန်တော့်ဘက်က ဘာမှကာကွယ် ပြောဆိုခွင့်မရခဲ့ဘူး”ဟု ဆိုသည်။

ဆည်တည်းရွာဟောင်းမှ ဒေသခံတစ်ဦးက “မေလထဲတုန်းက တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာတဲ့စာထဲမှာ ကိုအောင်စိုး ဆိုသူကို အမှုသုံးမှုနဲ့ ထောင်ဒဏ် တစ်နှစ် နဲ့ ခြောက်လချမှတ်ခဲ့ပြီး ကျန်အမှုငါးမှုအတွက်လည်း ဆက်လက်ပြီး စစ်ဆေးနေတယ်ဆိုတာ ရေးသားထားပါတယ်။ ဒေသခံရွာသား နှစ်ဦးကိုတော့ အဲ့ဒီတုန်းကခြောက်လစီ အမိန့်ချထားခဲ့တယ်လို့ သိရပါတယ်”ဟု ပြောသည်။

ပြစ်ဒဏ်ချခံရသူ သုံးဦးကို ဇွန်လ ၂ ရက်ကပင် ပြစ်ဒဏ်များ အသီးသီးချမှတ်ထားပြီးလည်းဖြစ်ရာ ယခုတစ်ကြိမ်နှင့်ပေါင်းပါက ကျခံရသည့်ပြစ်ဒဏ် များသွားခြင်းဖြစ်သည်။ ဇွန် ၂ ရက်က ပြစ်ဒဏ်များတွင် ၄င်းတို့ကို ပုဒ်မ ၃၃၃ (တာဝန်ဝတ္တရား ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု)၊ ၄၄၇ (စီမံကိန်း ဧရိယာအတွင်းကျော်နင်းမှု)၊ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သည့် စုဝေးမှု)၊ ၃၄ (အကြံအစည်တစ်ခုကို အထမြောက်စေရန် တစ်ဦးထက်ပိုသော လူများစုဝေးမှု) စသည့် အမှုများနှင့် ဆားလင်းကြီးတရားရုံးတွင် အမှုဖွင့်ထားခဲ့ပြီး ထောင်ဒဏ်ခြောက်လမှ တစ်နှစ်ခွဲအထိ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပြီးဖြစ်သည်။

ယင်းအမှုကို ဆားလင်းကြီးမြို့နယ် တရားရုံး၌ ကြားနာစစ်ဆေးမည်ဆိုပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်ဟု သက်ဆိုင်ရာမှ ယုံကြည်သည့်အတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၂၆ အရ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ တင်ပြလျှောက်ထားခဲ့ရာ ၎င်းအမှုများအား ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တရားရုံးသို့ပြောင်းရွှေ့ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပြစ်ဒဏ်ကျခံနေရသူများအတွက် ရွှေဘိုခရိုင်တရားရုံးသို့ အယူခံဝင်မည်ဟုလည်း ၎င်းတို့၏ရှေ့နေက ပြောသည်။
ကိုတိုးကြီး (မုံရွာ) ၊ ခိုင်ခိုင်
Mizzima - News in Burmese

ကြိုးကိုင်သူမမိသေးသည့် ရခိုင်ပဋိပက္ခတွင် ဖမ်းထားသူ ၁၂၀ဝ ခန့် ရှိ

ရခိုင်ပြည်နယ်မှ ပဋိပက္ခများနှင့်ဆက်စပ်၍ ပြစ်မှုကျူးလွန်သူဟု သံသယရှိသဖြင့် ဖမ်းဆီးထားသူ ၁၂၀ဝ ဦးခန့်ရှိကြောင်း ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဇူလိုင် ၉ ရက်က မဇ္ဈိမ၏မေးမြန်းမှုကို ဖြေကြားသည်။

သို့သော် နောက်ကွယ်က ကြိုးကိုင်သူများကိုမူ ထိုသူများထဲတွင် စစ်ဆေးမတွေ့ရှိကြောင်း ပြည်နယ်ဝန်ကြီးက ဆိုသည်။

ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဆက်ဆံရေးရုံးတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ကုလအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကို ဇူလိုင် ၉ ရက်က ပြုလုပ်ခဲ့ပြီး ပြည်နယ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းလည်း တက်ရောက်သဖြင့် မဇ္ဈိမကမေးမြန်းရာ ယင်းကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရာဇဝတ်မှုကျူးလွန်ကြောင်း သံသယရှိသဖြင့် ဖမ်းဆီးထားသူများသည် ပြစ်မှုပေါင်း ၂၇၅ ခုဖြင့်ဆက်စပ် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပြစ်မှု ၂၀ဝ ခန့်မှာ ပြစ်ဒဏ်ချမှတ် ပြီးပြီဖြစ်ပြီး တရားရုံးက အပြစ်ပေးလိုက် သူ ၅၀ဝ ကျော်ရှိပြီဟုလည်း သူက အသေးစိတ်ရှင်းပြခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အမြင်မတူသည့် လူအုပ်စုနှစ်ခုကြားမှ ပဋိပက္ခများက ပြည်နယ်၏ မြို့နယ် ၁၃ ခု သို့ ကူးစက်ခဲ့ပြီး နိုင်ငံအနှံ့အပြားသို့လည်း ပျံ့နှံ့ခဲ့ရသည်။

ဖမ်းဆီးအရေးယူထားသူများနှင့်ပတ်သက်ပြီး “အမှုအားလုံးက သာမန်ပြစ်မှုတွေဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် လုံခြုံရေးဝန်ကြီးက ဆိုသည်။

သူက “ကြိုးကိုင်မှုတွေ လှုံ့ဆော်မှုတွေရှိတယ်ဆိုတာ ကျွန်တော်တို့ ထင်မြင်ယူဆချက်သာ ဖြစ်ပါတယ်။ သက်သေအထောက်အထား မပြနိုင်သေးပါဘူး”ဟုလည်း သူကပြောကြားခဲ့သည်။

သမ္မတကဖွဲ့ပေးလိုက်သည့် ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် ပဋိပက္ခများ၏ နောက်ကွယ်တွင် ကြိုးကိုင်နေသူများရှိနေသည်ဟု ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းပြန်ကြားရေးဆပ် ကော်မတီဥက္ကဋ္ဌဖြစ်သည့် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကလည်း ပဋိပက္ခများနှင့်ဆက်စပ်သော အမှုများနှင့်ပတ်သက်၍ “တချို့အမှုတွေက သက်သေအထောက်ထားမခိုင်လုံလို့ ကြန့်ကြာနေတာဖြစ်သလို လတ်တလော ပိတ်သိမ်းထားတဲ့အမှုတွေလည်းရှိပါတယ်”ဟု ပြောကြားခဲ့သေးသည်။
ကေဇင်ဦး
Mizzima - News in Burmese

ဘော်စတွန်မာရသွန် ဗုံးခွဲမှု သံသယတရားခံကို ပထမဆုံးအကြိမ် တရားရုံးတွင် စစ်ဆေးမည်

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်က အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့တွင် ကျင်းပသော မာရသွန်ပြိုင်ပွဲကို ဗုံးခွဲတိုက်ခိုက်ခဲ့သည့် သံသယတရားခံ ဇိုခါ ဆာနေ့ဗ်အား ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၀ ရက်) တွင် ပထမဆုံးအကြိမ် တရားရုံးထုတ် စစ်ဆေးမည်ဖြစ်သည်။

အသက် ၁၉ နှစ်အရွယ် ဆာနေ့ဗ်အား ဘော်စတွန်မာရသွန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး ၄ ရက်အကြာ ဧပြီ ၁၉ ရက်တွင် ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သည်။ ဘော်စတွန်မာရသွန် ဗုံးဖောက်ခွဲမှုကို အဓိက စီစဉ်ဆောင်ရွက်သူဖြစ်ကြောင်း ဆာနေ့ဗ်က ထွက်ဆိုထားသည့် ၎င်း၏အကိုဖြစ်သူမှာမူ ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း ဧပြီ ၁၈ ရက်က သေဆုံးခဲ့သည်။
Planet Myanmar Network

ဘန်ကောက်တွင် အမေရိကန်တစ်ဦးအား ဓားဖြင့်ခုတ်သတ်သည့် တက္ကစီယာဉ်မောင်းကို ဖမ်းဆီးရမိ

(ဓာတ်ပုံ - ရဲတပ်ဖွဲ့၏ ဖမ်းဆီးပြီးခံရပြီးနာက် ပီလ်ကင်တန်အား ဓားဖြင့်ခုတ်ခဲ့ပုံကို တက္ကစီယာဉ်မောင်း Chidchai က သရုပ်ပြစဉ်)
ထိုင်းနိုင်ငံ ဘန်ကောက်တွင် အမေရိကန်တစ်ဦးကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် တက္ကစီယာဉ်မောင်းကို ဖမ်းဆီးရမိဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က တနင်္လာနေ့တွင် ကြေညာသည်။ အသက် ၃၂ နှစ်အရွယ် တက္ကစီယာဉ်မောင်းက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သည်ဟု ရဲတပ်ဖွဲ့ အရာရှိက ပြောကြားသည်။

အမေရိကန်လူမျိုးက တက္ကစီးအငှားခ ကျသင့်ငွေ ၅၁ ဘတ် (၁.၆၀ ဒေါ်လာ) မပေးဘဲ တက္ကစီပေါ်မှ ဆင်းသွားကြောင်း၊ ၎င်းကကျသင့်ငွေ တောင်းသော်လည်း မပေးနိုင်ဟုဆိုကာ ငြင်းဆိုသဖြင့် တက္ကစီတွင် အသင့်ဆောင်ထားသော အရှည် ၁၂ လက်ရှိသော တောခုတ်ဓားဖြင့် အကြိမ်ကြိမ် ခုတ်ခဲ့ကြောင်း တက္ကစီယာဉ်မောင်းက ဝန်ခံခဲ့သည်။

စနေနေ့ (ဇူလိုင် ၆ ရက်) က ဘန်ကောက်မြို့ရှိ လူစည်းကားရာ ‪#‎Sukhumvit‬ လမ်းတွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်ကို အနီးအနားရှိ လုံခြုံရေးကင်မရာတွင် မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်သည်။ လုံခြုံရေးကင်မရာ ဗီဒီယိုမှတ်တမ်းတွင် တက္ကစီယာဉ်မောင်းက တောခုတ်ဓားဖြင့် လွှဲခုတ်လိုက်စဉ် အခုတ်ခံရသူက လက်ဖြင့်ကာရင်း တက္ကစီယာဉ်မောင်းကို လှမ်းဆွဲရန် ကြိုးပမ်းခဲ့သည်ကို တွေရသည်။

ထို့နောက် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ၎င်းတို့နှစ်ဦးလုံး ကင်မရာမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ စက္ကန့်ပိုင်းမျှအကြာတွင်မူ ဓားကိုင်ထားသည့် တက္ကစီယာဉ်မောင်းမှာ ကင်မရာမြင်ကွင်းတွင် ပြန်ပေါ်လာပြီး အဆိုပါနေရာမှ ထွက်ပြေးသွားသည်ကို တွေ့ရှိရသည်။

အသတ်ခံရသည့် အသက် ၅၁ နှစ်အရွယ် အမေရိကန်လူမျိုး ပီလ်ကင်တန်မှာ အမေရိကန်စက်ယန္တရားကုမ္ပဏီ ‪#‎Caterpillar‬ ‪#‎Inc‬. တွင် အလုပ်လုပ်ကိုင်သူဖြစ်ပြီး ထိုင်းနိုင်ငံတွင် နေထိုင်သည်မှာ အနည်းဆုံး ၃ နှစ်ကြာပြီဖြစ်သည်။

တရားခံဖြစ်သူ တက္ကစီယာဉ်မောင်း Chidchai အား စစ်ဆေးရာတွင် ၎င်းအား ပီလ်ကင်တန်က တက္ကစီမီတာကို အကြံအဖန်လုပ်သည်ဟု စွပ်စွဲကြောင်း၊ ထို့နောက် ယာဉ်ကြောပိတ်ဆို့သည့်နေရာတွင် တက္ကစီပေါ်မှ ဆင်းသွားကြောင်း ထွက်ဆိုသည်။

ပီလ်ကင်တန်အား တက္ကစီငှားရမ်းခ တောင်းသည့်အခါ ၎င်းအား ကော်ဖီဖြင့် ပက်ခဲ့ကြောင်း၊ ထို့နောက် တက္ကစီတွင် ဆောင်ထားသည့် တောခုတ်ဓားကို ဆွဲကာ ပ်ီလ်ကင်တန်နောက်သို့ လိုက်သွားခဲ့ကြောင်း ယာဉ်မောင်း Chidchai က ဆက်လက်ထွက်ဆိုသည်။

လုံခြုံရေးကင်မရာ၏ ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုပြီးနောက် ရဲတပ်ဖွဲ့က မည်သူမည်ဝါဖြစ်ကြောင်း ရှာဖွေအတည်ပြုကာ တက္ကစီယာဉ်မောင်း Chidchai အား တနင်္ဂနွေနေ့က ၎င်း၏နေအိမ်တွင် ဖမ်းဆီးခဲ့သည်။ Chidchai ကို လူသတ်မှုနှင့် လက်နက်ကိုင်ဆောင်မှုတို့ဖြင့် စွဲချက်တင်ထားကြောင်း သိရှိရသည်။
Planet Myanmar Network

သွေးလွန်တုပ်ကွေး ဖြစ်ပါက ငွေအတွက်မပူဘဲ ကလေးဆေးရုံကြီးသို့ အမြန်လာရန် နှိုးဆော်

ရန်ကုန် ကလေးဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေး ကလေးလူနာတဦးကို သူနာပြုများ ပြုစုနေစဉ် (ဓာတ်ပုံ – စတိဗ် တက္ကနာ / ဧရာဝတီ)

9/7/2013
ကလေးငယ်များ သွေးလွန်တုပ်ကွေးဝေဒနာ ခံစားရပြီး သွေးလန့်ခြင်းအတွက် ရန်ကုန်ကလေး ဆေးရုံကြီးတွင် ဆေးဝါးများ လိုအပ်သည်ထက် ပိုမို ဖြည့်တင်းထားပြီဖြစ်ရာ ငွေကြေး အဆင်မပြေမှုကြောင့် ဆေးရုံ အရောက်နောက်ကျခြင်း မဖြစ်စေလို ကြောင်း ရန်ကုန် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်က ဧရာဝတီသို့ ပြောသည်။

“မိဘတွေကို မှာချင်တာက နိုင်ငံတော်က ဆေးဝါးနဲ့ ပတ်သက်လို့ အလုံအလောက် ဖြန့်ဖြူးပေးထားတာ ရှိတယ်။ ကလေး ဆေးရုံမှာ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်တဲ့၊ ဆေးသွင်း ကုသရမယ့် ဆေးပုလင်းတွေ လုံလောက်တာထက် ပိုလျှံပြီး ရှိတယ်။ ဆေးသွင်းပြီး ကုသရမယ့် ငွေရေးကြေးရေး ကုန်ကျစရိတ် မလိုဘူး။ ဒါကြောင့် ဆေးရုံသွားရင် ငွေကုန်မှာပဲ ဆိုပြီးတော့ ဒီ သွေးလွန်တုပ်ကွေး အတွက် ငွေရှာပြီးမှ မလာပါနဲ့၊ စိတ်ပူတယ်ဆိုရင် ချက်ချင်းသာ လာခဲ့ပါ” ဟု ဒေါက်တာ သန်းထိုက်က ပြောသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါကို ကာကွယ်တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ယခု ၂၀၁၃ ခုနှစ် အတွက် ကျပ် သိန်း ၁၅၀၀ ချထားပေးကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာန၊ သွေးလွန်တုပ်ကွေး ဋ္ဌာနစိတ်မှ သိရသည်။

“သွေးလွန်တုပ်ကွေးက ၄ နှစ်တကြိမ် အဖြစ်များတယ်။ ဒီနှစ်နည်းနည်း အဖြစ်များတဲ့ အတွက် နိုင်ငံတော်က ဘတ်ဂျက်နဲ့ ရေထဲမှာခပ်တဲ့ အဘိတ်ဆေး ခတ်ဖို့နဲ့ ဆေးမှုတ်ဖို့ ဘတ်ဂျက် ချပေးတယ်” ဟု သွေးလွန်တုပ်ကွေး ဌာနစိတ်မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာနီနီအေးက ပြောသည်။

သွေးလွန်တုပ်ကွေး ရောဂါကြောင့် နောက်ဆက်တွဲ သွေးလန့်ခြင်း လက္ခဏာသည် ၂၄ နာရီမှ ၄၈ နာရီအထိ ကြာတတ်ပြီး စောလျဉ်စွာ ကုသမှု မရရှိပါက အသက်သေဆုံးနိုင်သည်အထိ ဖြစ်တတ်ရာ၊ ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင် ပေးရန် လိုအပ်ကြောင်း ရန်ကုန် ကလေးဆေးရုံမှ ဆေးရုံအုပ်ကြီးက ပြောသည်။

“နောက်ကျပြီး မလာနဲ့၊ နေ့နေ့ ညညမရွေး ချက်ချင်း လာခဲ့စေချင်တယ်။ သွေးလန့်တဲ့ လက္ခဏာတွေ ရှိရင် မစောင့်ပါနဲ့။ ချက်ချင်း လာပါ။ ညမိုးချုပ်နေပြီ၊ ဒီအချိန်သွားလည်း ဆေးရုံမှာ ဘယ်သူမှ ရှိမှာမဟုတ်ဘူး။ မနက်ကျမှ သွားမယ် မလုပ်ပါနဲ့။ စပြီး သွေးလန့်တဲ့ အချိန်နဲ့ စနစ်တကျ ဆေးသွင်းကုတဲ့အချိန်က ဝေးလေလေ၊ ကြာလေလေ ကလေးသေဖို့ များလေလေပဲ။ ၁၂ နာရီကျော် သွားရင် သိပ်မကောင်းဘူး။ ၂၄ နာရီကျော်သွားရင် မကောင်းဘူး။ ၄၈ နာရီ ကျော်သွားရင်တော့ သေဖို့ များသွားပြီ” ဟု ဒေါက်တာသန်းထိုက်က ရှင်းပြသည်။

သွေးလွန်တုပ်ကွေးကြောင့် အပြင်းအထန် ဖျားနေသည့် အချိန်သည် အသက်အန္တရာယ် စိုးရိမ်ရသောအချိန် မဟုတ်သေးဘဲ၊ ရုတ်တရက် အဖျားကျပြီးနောက် ကလေးငယ်၏ ဒူးခေါင်းနှင့် တံတောင်ဆစ် အောက်ပိုင်း ခြေနှင့် လက်များ အေးစက်စေးထန်း နေခြင်း၊ ဆီးသွားနည်းလာခြင်း၊ အဖျားကျသွားသော်လည်း ကလေးသဘာဝ ဆော့ခြင်း၊ အစာစားခြင်းများ မပြုလုပ်ခြင်း၊ မကြာ ခဏ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ နားနှင့်နှာခေါင်းမှ သွေးလျှံခြင်း၊ အရွယ်မတိုင်မီ ရာသီသွေးဆင်းခြင်း၊ အမည်းရောင် ၀မ်း သွားခြင်းများ၊ ခန္ဓာကိုယ် အနှံ့တွင် အနီစက်များ ပေါ်လာခြင်းတို့သည် အသက်အန္တရာယ် စိုးရိမ်ရသော သွေးလန့်ခြင်း လက္ခဏာများ ဖြစ်ကြောင်း သိရသည်။

သွေးလွန်တုတ်ကွေး သွေးလန့်ခြင်းကြောင့် ၁ ပတ်ကြာဆေးရုံ တက်ခဲ့ရသည့် ၈ နှစ်အရွယ် ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်တင်နွယ်ဦးက “သမီးလေး ဆေးရုံတက်ရတာ ၁ ပတ်တိတိ ကြာတယ်။ နှာခေါင်းသွေးလျှံတဲ့ အဆင့်အထိ ဖြစ်တယ်။ ဆရာဝန်တွေ၊ ဆရာမတွေ အရမ်းကို ဂရုစိုက်တယ်။ အရမ်းကို ကျေးဇူးတင်ပါတယ်။ ဆေးသွင်းဖို့အတွက် ဆေးဝယ်စရာ မလိုဘူး။ ဆေးရုံက ဆေးတွေနဲ့ပဲ ကုပေးတယ်။ ဆေးရုံမှာ မရှိတဲ့ ဆေးတချို့လောက်ပဲ အပြင်ဆိုင်မှာ ၀ယ်ရတယ်။ တပတ်လုံးမှာမှ ဆေးဖိုး ကျပ် ၂ သောင်းလောက်ပဲ ကုန်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်၍ ပြီးခဲ့သည့် ဇွန်လကုန်အထိ ရန်ကုန် ကလေးဆေးရုံကြီးသို့ သွေးလွန်တုပ်ကွေး ရောဂါကြောင့် တက်ရောက် ဆေးကုသခံခဲ့သူ ၁၇၂၇ ဦးရှိပြီး သေဆုံးသူ ၇ ဦး ရှိခဲ့ကြောင်း သိရသည်။
Irrawaddy

နေပြည်တော် ဆေးရုံလေးရုံ စီမံကိန်း ဆိုင်းငံ့ထားမှုမှ ဘတ်ဂျက်ငွေများအနက် ကျပ်ငါးဘီလျံအား ရန်ကုန် ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရာတွင် အသုံးပြုရန် လျာထား

Tuesday, 09 July 2013
နေပြည်တော်တွင် ဆောက်လုပ်ရန် စီစဉ်ထားသည့် ခုတင် ၅၀၀ ဆံ့ ဆေးရုံလေးရုံကို ဆိုင်းငံ့ထားပြီး ယင်းဆေးရုံများ ဆောက်လုပ်ရာတွင် ကုန်ကျမည့် ဘတ်ဂျက်ငွေများ အနက် ကျပ်ငါးဘီလျံအား ရန်ကုန် ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရာတွင် အသုံးပြုရန် လျာထားကြောင်း သိရသည်။

ယင်းပြောကြားချက်ကို ဇူလိုင် ၇ ရက် က မြန်မာနိုင်ငံ ဆရာဝန်အသင်း၌ ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ကျန်းမာရေး မြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဦးကျော်မြင့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေး ၀န်ကြီးဌာန အနေနဲ့ တင်ထားတာ ငွေလုံးငွေရင်းထဲမှာ စိစစ်ကြည့်တဲ့ အခါမှာ နေပြည်တော်မှာ ခုတင် ၅၀၀ ဆံ့ ဆေးရုံတွေကို တည်ဆောက်ဖို့ပါ။ အဲဒါတွေက အလွန်များတဲ့ အတွက် ခေတ္တဆိုင်းငံ့ထားပြီး ဒီလိုဆိုင်းငံ့ ထားရာကနေ ထွက်လာတဲ့ ငွေထဲကမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ မလိုအပ်ပါဘူးဆိုပြီး တင်ပြခဲ့တယ်...

''၂၀၁၃-၁၄ ဘတ်ဂျက်မှာဆိုရင် ကျန်းမာရေး ၀န်ကြီးဌာန အနေနဲ့ တင်ထားတာ ငွေလုံးငွေရင်းထဲမှာ စိစစ်ကြည့်တဲ့ အခါမှာ နေပြည်တော်မှာ ခုတင် ၅၀၀ ဆံ့ ဆေးရုံတွေကို တည်ဆောက်ဖို့ပါ။ အဲဒါတွေက အလွန်များတဲ့ အတွက် ခေတ္တဆိုင်းငံ့ထားပြီး ဒီလိုဆိုင်းငံ့ ထားရာကနေ ထွက်လာတဲ့ ငွေထဲကမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ မလိုအပ်ပါဘူးဆိုပြီး တင်ပြခဲ့တယ်။ လွှတ်တော်မှာဆက်ပြီး တင်ပြတာက ဒီငွေတွေကို လုံးဝ မဖြတ်ဘဲနဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ တခြားကဏ္ဍမှာ သုံးစွဲဖို့ လျာထားခဲ့ပါတယ်။ ဒီနှစ်မှာဆိုရင် ရန်ကုန်ဆေးရုံကြီး မြှင့်တင်ဖို့အတွက် ငါးဘီလျံကို သုံးစွဲဖို့ လျာထားကြောင်း တင်ပြလိုပါတယ်'' ဟု ပါမောက္ခ ဒေါက်တာဦးကျော်မြင့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

နေပြည်တော် ခုတင် ၅၀၀ ဆံ့ ဆေးရုံလေးရုံ စီမံကိန်းမှ ထွက်ရှိလာသည့် ကျပ် ၁၂ ဘီလျံ နီးပါးကို အခြေခံ ပြည်သူ့ ကျန်းမာရေးကဏ္ဍ၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပြုပြင်ရန်နှင့် တောင်ကြီး ဆေးတက္ကသိုလ် တည်ဆောက်ရာတွင် အသုံးပြုမည် ဖြစ်ကြောင်းလည်း ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ပြီးဖြစ်သည်။

ရန်ကုန် ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာရှင်များဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပြုပြင်မွမ်းမံမှု လုပ်ငန်းများ ပြုလုပ်နိုင်ရန် အတွက် ယခင်ကျန်းမာရေး ၀န်ကြီးဌာန မြေနေရာတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တိုးချဲ့လူနာဆောင်သစ် ဆောက်လုပ်လျက်ရှိပြီး ယင်းတိုးချဲ့ဆောင် ပြီးစီးပါက မူလဆေးရုံဟောင်းမှ လူနာများ အားလုံးကို ရွှေ့ပြောင်း နေရာချထားပေးမည် ဖြစ်ကြောင်းနှင့် လူနာများ ရွှေ့ပြောင်းပြီးပါက မူလဆေးရုံဟောင်းမှ ပင်မဆေး ကုသဆောင်များ အားလုံးကို ပြုပြင် မွမ်းမံမှု လုပ်ငန်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Eleven Media Group

ကနေဒါ ရေနံစိမ်းတင် ရထားတွဲ ပေါက်ကွဲမီးလောင်မှု (ရုပ်/သံ)

စနေနေ့ (ဇူလိုင် ၆ ရက်) က ကနေဒါနိုင်ငံ Quebec ဒေသရှိ Lac Megantic မြို့ငယ်လေးတွင် ရေနံစိမ်းတင် ရထားတွဲ လမ်းချော်ရာမှ ပေါက်ကွဲမီလောင်မှု ဖြစ်ပွားခဲ့ရာ အနည်ဆုံး လူ ၁၃ ဦးသေဆုံးပြီး အခြား လူ ၅၀ ဝန်းကျင် ပျောက်ဆုံးလျက်ရှိသည်။ ရထားတွဲမှာ လမ်းချော်သွားပြီးနောက် Lac Megantic မြို့လေး၏ မြို့လယ်ခေါင်သို့ ရောက်ရှိကာ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Planet Myanmar Network

ဂျပန်တွင် အပူဒဏ်ကြောင့် လူ ၃ ဦးသေဆုံးကာ ထောင်နှင့်ချီ၍ ဆေးရုံသို့ တင်ပို့ရ

ဂျပန်နိုင်ငံတွင် အပူဒဏ်ကြောင့် တစ်ပတ်အတွင်း လူ ၃ ဦးသေဆုံးပြီး အခြား လူပေါင်း ၂,၅၀၀ ကို ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း အစိုးရက ယနေ့ (ဇူလိုင် ၉ ရက်) ထုတ်ပြန်ပြောကြားသည်။

ယာမာနာရှီတွင် ယနေ့ အပူချိန်မှာ ၃၅ ဒီဂရီ ဆဲလ်စီယပ်စ် အထိ မြင့်တက်ခဲ့ပြီး အခြားနေရာများတွင်လည်း အပူချိန်မှာ ၃၅ ဒီဂရီ ဆဲလ်စီယပ်စ်အထိ မြင့်တက်ခဲ့သည်။ ဇူလိုင်လ ပထမပတ်အတွင်း အပူဒဏ်ခံစားရမှုကြောင့် လူပေါင်း ၂,၅၉၄ ဦးအား ဆေးရုံသို့ တင်ပို့ခဲ့ရပြီး ယင်းတို့အနက်မှ ၃ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

အပူဒဏ်ကြောင့် သေဆုံးသူများနှင့် ဆေးရုံသို့ တင်ပို့လိုက်ရသူများ၏ ၄၂ ရာခိုင်နှုန်းမှာ အသက် ၆၅ နှစ်နှင့်အထက် ရှိသူများဖြစ်ကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အေဂျင်စီက ပြောကြားသည်။ ဂျပန်တွင် ယခုသီတင်းများအတွင်း အပူလှိုင်းဖြတ်သန်းမှု ဖြစ်ပေါ်နေသဖြင့် အစိုးရက အပူဒဏ်ကာကွယ်ရေး သတိပေးချက်များကို ထုတ်ပြန်ပေးလျက်ရှိသည်။
Planet Myanmar Network

NLDမှ အာဇာနည်နေ့ အကြိုဂုဏ်ပြုခြင်းအခမ်းအနားပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၉။
ရန်ကုန်မြို့၊ မြောက်ဥက္ကာလာမြို့နယ်တွင် (၆၆)နှစ်မြောက် အာဇာနည်နေ့ကို အကြိုဂုဏ်ပြုခြင်းနှင့်
ဆွမ်းကပ်လှူခြင်းကို ယနေ့ နံနက် (၆)နာရီတွင် (ဃ)ရပ်ကွက် NLD ရုံး၌ လူဦးရေ နှစ်ရာခန့်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ခေါင်းဆောင်ကြီးတွေကို အစဉ်လေးစားလို့ လုပ်ဖြစ်တာပါ။ ဆွမ်းကပ်တာကတော့ ခေါင်းဆောင်ကြီးတွေ ကောင်းရာသုဂတိ လားပါစေဆိုတဲ့ ဆန္ဒနဲ့ပါ”ဟု အမှုဆောင်ဥက္ကဌ ဒေါက်တာ ဌေးကြွယ်က ပြောကြားသည်။

၎င်းအခမ်းနားတွင် နိုင်ငံတော်အလံကို အလေးပြုခြင်း၊ ကျဆုံးသွားခဲ့သော အာဇာနည်များအား
အလေးပြုခြင်းနှင့် သံဃာတော်(၅)ပါးအား ဆွမ်းများဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၆ နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ‘အာဇာနည်များသို့ ဦးညွှတ်ခြင်း’ အခမ်းအနားကိုလည်း အရပ်ဘက် လူ့အဖွဲ့အစည်းများမှ
စုပေါင်း၍ ယုဒဿန်ခမ်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။
ပိုင်လေး
မြန်မာ့ခေတ်

တိုင်းရင်းသား ကိုယ်စားလှယ်များ နှင့်NLD ညစာစားပွဲ

Photo-SUNNY
ဇူလိုင် ၈ရက်
ယမန်နေ့ (ဇူလိုင်၈ရက်နေ့ )ည ၆း၀၀ နာရီက စည်ပင်ရိပ်သာ(နေပြည်တော်)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတည်ခင်းဧည့်ခံသော ညစာစားပွဲတွင် ကော့မှူးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ခင်မင်ရင်းနှီးစွာ တွေ့ဆုံခဲ့ကြောင်းသိရသည်။
Ref. Sun Ny
Popular Journal

ခွပ်ဒေါင်းတံဆိပ် ဆက်သုံးမည်ဟု NLD ဆို

Tuesday, July 09, 2013
နိုင်ငံရေးပါတီများ ခွပ်ဒေါင်းတံဆိပ်ကို အသုံးမပြုရန် ၇ ဇူလိုင် အထိမ်းအမှတ်နေ့တွင် ကျောင်းသားဟောင်း အဖွဲ့အစည်းများက တောင်းဆိုခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD
ပါတီက ယင်းသင်္ကေတကိုသာ ပါတီအမှတ်တံဆိပ်အဖြစ် ဆက်လက် အသုံးပြုသွားမည် ဖြစ်ကြောင်း ဆိုပါ ပါတီအတွင်းရေးမှူး ဦးဉာဏ်ဝင်းက The Voice သို့ပြောကြားသည်။

ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသား အရေးတော်ပုံ အထိမ်းအမှတ်နေ့တွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးပွဲများတွင် ကျောင်းသားများ၏ အာဏာရှင် ဆန့်ကျင်ရေး သင်္ကေတဖြစ်သော ခွပ်ဒေါင်းတံဆိပ်ကို အသုံးမပြုရန် ၁၉၆၂ ခုနှစ် ကျောင်းသားများအဖွဲ့က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“ခွပ်ဒေါင်းတံဆိပ်က ပါတီတွေ အာဏာရဖို့ သင်္ကေတ မဟုတ်ဘူး၊ ကျောင်းသားလှုပ်ရှားမှုသမိုင်းရဲ့ အမှတ်တံဆိပ်ပဲ” ဟု ၁၉၆၂ ခုနှစ် ကျောင်းသားများ အဖွဲ့မှ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေက ဆိုသည်။

ခွပ်ဒေါင်း အမှတ်တံဆိပ်သည် ကျောင်းသားသမဂ္ဂ၏ ကိုယ်စားပြု အမှတ်တံဆိပ် ဖြစ်သော်လည်း နိုင်ငံရေးပါတီများ အသုံးမပြုရန် သတ်မှတ်ထားခြင်း မရှိကြောင်း NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

ခွပ်ဒေါင်းအမှတ်တံဆိပ်သည် ကျောင်းသားများကို ကိုယ် စားပြုခြင်း ဖြစ်သော်လည်း ယင်းသင်္ကေတကို အသုံးပြုသင့် မပြုသင့်ဆိုသည်မှာ ပါတီ၏ရည်ရွယ်ချက်နှင့်သာ သက်ဆိုင်ကြောင်း
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်မီမီး ကဆိုသည်။

အဆိုပါ ခွပ်ဒေါင်းတံဆိပ်ကို ပါတီလိုဂိုအဖြစ် အသုံးပြုကာ ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ထားသည့် ပါတီနှစ်ခုရှိကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ခမောက်သင်္ကေတကို ပါတီလိုဂိုအဖြစ် အသုံးပြုခဲ့သော်လည်း ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ခမောက်လိုဂိုကို ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတစ်ခုက အသုံးပြုပြီး ဖြစ်နေသောကြောင့် ခွပ်ဒေါင်းလိုဂိုကို ရွေးချယ် ခဲ့ခြင်း ဖြစ်ကြောင်းယင်းပါတီ နာယက ဦးတင်ဦးက ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ်ခရီးစဉ်များတွင် ပြောကြားထားသည်။

အဆိုပါ ခွပ်ဒေါင်း အမှတ်တံဆိပ်ကို ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်းတို့၏ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုများတွင် စတင်အသုံးပြုခဲ့ပြီး ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂများ ကျောင်းသား လှုပ်ရှားမှုများတွင် အသုံးပြုလျက်ရှိသည်။
ဟိန်းသွင်ထက်
The Voice Weekly

ပိုင်ရှင်မဲ့ ကျွဲ/နွားများ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၉
၈.၇.၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် မှော်ဘီ မြို့နယ်၊မြောင်းတကာ ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် မှော်ဘီမြို့နယ်၊ မျောက်ချောကုန်းရွာ၊ ရန်ကုန်-ပြည်လမ်း မိုင်တိုင်အမှတ်(၃၉/၆) အနီးတွင် ရပ်တန့်ထားသော ၈ဆ /---- CANTER အဖြူရောင် ယာဉ်ပေါ်၌ ကျွဲ/နွားများအားတင်ဆောင်ထားရှိကြောင်းသတင်းအရ သွားရောက် ရှာဖွေရာယာဉ်မောင်းနှင့် ကျွဲ/နွားပိုင်ရှင်များ အားမတွေ့ရှိရဘဲ ၎င်းယာဉ်ပေါ်၌ ကျွဲ(၃)ကောင်နှင့် နွား(၈)ကောင်အား တွေ့ရှိရ၍ မှော်ဘီမြို့မရဲစခန်း (ပ)၃၉၉/၂၀၁၃၊ အရေးကြီး ကုန်စည်နှင့် ၀န်ဆောင်မှုဥပဒေပုဒ်မ (၅)ဖြင့် အရေးယူထားရှိကာ ယာဉ်မောင်းနှင့်ကျွဲ/နွားပိုင်ရှင်များအား စုံစမ်းလျက်ရှိ ကြောင်းသတင်းရရှိပါသည်။
Yangon Police

ဓမ္မစကူလ်ဖောင်ဒေးရှင်း၏ ဆင့်ပွားဆရာဖြစ်သင်တန်း ကလေးမြို့တွင် ပထမဆုံး ပို့ချ

ကလေးမြို့-ဇူလိုင်၉
ရန်ကုန်မြို့အခြေစိုက် ဓမ္မစကူလ်ဖောင်ဒေးရှင်း၏ ဆင့်ပွား ဓမ္မစကူလ်သင်တန်းအား ဇူလိုင်လဆန်းက ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက် မင်္ဂလာဥယျာဉ်ဓမ္မာရုံတော်ကြီးမှာပို့ချခဲ့ကြောင်း မင်္ဂလာဥယျာဉ်ဆရာတော် ဦးပဏ္ဍ၀ံသက ပြောသည်။

အဆိုပါ ဓမ္မစကူလ် ဆင့်ပွား သင်တန်းအား ကလေးမြို့အနေဖြင့် ပထမဆုံး သင်တန်းအဖြစ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းမှူး ဒေါ်ဇင်ဇင်ဝင်းမှ သင်တန်းပို့ချကာ ရက်တိုသင်တန်းအဖြစ် သတ်မှတ်ကာ (၆)ရက်
သင်တန်းပို့ချပြီး ဗဟိုဖောင်ဒေးရှင်းဌာနမှ (၄) ရက်သာ သင်ကြားပို့ချကာ ကျန်(၂) ရက်အား ကလေးမြို့မှ သင်တန်းဆင်းပြီးဖြစ်သော ကိုအောင်မြင့်ထွန်းမှ သင်တန်းဆရာအဖြစ် ဆက်လက်ပို့ချကြောင်းသိရသည်။

သင်တန်းအနေဖြင့် ကလေးမြို့ရှိ (၁၅) ဌာနအား ပို့ချပေးကာ တစ်ဌာနလျှင် (၃) ဦးပါဝင် တက်ရောက်ခဲ့ပြီး စုစုပေါင်း သင်တန်းသား (၄၅) ဦးသာ သတ်မှတ်ထားသော်လည်း အခြား စိတ်ပါဝင်စားသူများပါ တက်ရောက်ခဲ့သည်။

ဓမ္မစကူလ် ဆင့်ပွား ဆရာဖြစ်သင်တန်းအား တက်ရောက်သင်ကြားနိုင်သော လူပုဂ္ဂိုလ်များအနေဖြင့် ပညာအရည်အချင်းသတ်မှတ်ချက် ချထားပြီး အနည်းဆုံးဒဿမတန်းအောင်များမှသာ တက်ရောက်သင်ကြားနိုင်ကာ သံဃာတော်နှင့် သီလရှင်ဆရာလေး/ဆရာကြီးများအတွက်ကိုတော့
ပညာအရည်အချင်း သတ်မှတ်ချက်မရှိကြောင်း သင်တန်းပြီးဆုံးတာနှင့် သင်တန်းတက်ရောက်လာသော သင်တန်းသားများအား ဆရာကိုင် ကျောင်းသားကိုင် သင်ထောက်ကူ စာအုပ်များကိုပါ
ပေးအပ်သွားမည်ဖြစ်ကြောင်း သင်တန်းတာဝန်ခံ ဆရာလေး ဒေါ်ကေတုမာလာ ထံမှ
သိရသည်။

သင်ထောက်ကူ စာအုပ်များအနေဖြင့် ပထမတန်းမှ တတိယတန်းအထိသာ လက်ရှိ သင်ရိုးရေးဆွဲချပြီး ဆက်လက်၍ှဆဋ္ဌမတန်းအထိ သင်ရိုးကိုပါ ရေးဆွဲမည်ဖြစ်သည်။ ဓမ္မစကူလ် ဖောင်ဒေးရှင်းအား ဥက္ကဋ္ဌအဖြစ် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တ သာသန၀ရမှ တာဝန်ယူဆောင်ရွက်လျှက်ရှိသည်။

ဓမ္မစကူလ်ဖောင်ဒေးရှင်း ၏ အနာဂတ်မျှော်မှန်းချက်အဖြစ် ခေတ်မီ သင်ကြားရေးစနစ်များ ပါဝင်သည့် အတန်းစဉ်အလိုက် ပြဋ္ဌာန်းထားသော သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးမည့် ဓမ္မစကူးလ်များ မြန်မာနိုင်ငံအနှံ့ပေါ်ပေါက်လာပြီး မျိုးဆက်သစ်လူငယ်များ ဗုဒ္ဒတရားတော်များကို အခြေခံမှစ၍ လေ့လာသင်ကြားနိုင်စေရန်။

ဗုဒ္ဒတရားတော်များကို သိရှိနားလည်ပြီး ဘာသာတရားကို တန်ဘိုးထားချစ်ခင်မြတ်နိုးကာ ယဉ်ကျေးသိမ်မွေ့ပြီး ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန်။ မိရိုးဖလာ ဗုဒ္ဒဘာသာဝင်မှ ဗုဒ္ဒတရားတော်များကို လက်တွေ့ဘ၀တွင် အသုံးချနိုင်သော အဆင့်မြင့် ဗုဒ္ဒဘာသာဝင်များ ဖြစ်ပေါ်လာစေရန်။ ဆရာနှင့်ဒကာ ညီညာစွာ လက်တွဲ၍ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်သွားနိုင်ရန်ဟူ၍ အချက်(၄) ချက် ထားရှိကြောင်း သိရသည်။
ချစ်သူမောင်
Popular Myanmar News Journal

စာဖတ်သူတို့ ရုပ်သံလိုင်း အခမဲ့ ဒစ်ဂျစ်တယ် ရုပ်သံလိုင်းသစ် စမ်းသပ် ထုတ်လွှင့်မည်

စာဖတ်သူတို့ ရုပ်သံလိုင်း (Readers Channel) အခမဲ့ ဒစ်ဂျစ်တယ် ရုပ်သံလိုင်းသစ်ကို စမ်းသပ် ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒစ်ဂျစ်တယ် ရုပ်သံလိုင်းသစ်ကို ဇူလိုင် ၁၄ ရက်မှ စတင်ကာ နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေး မြို့ကြီးများတွင် စမ်းသပ် ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်း၊ (၄) နာရီ အစီအစဉ်သစ်များကို တစ်နေ့ လျှင် ၄ ကြိမ်၊ မနက် ၆ နာရီ မှ ည ၁၀ နာရီ အထိ စမ်းသပ် ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ Readers Channel (စာဖတ်သူတို့ ရုပ်သံလိုင်း) အခမဲ့ ဒစ်ဂျစ်တယ် ရုပ်လိုင်းသစ်ကို 4 TV, 5 Network, MWD အစရှိသော DVB-T Digital Receiver များဖြင့် လည်းကောင်း၊ DVB-T Digital Tuner ပါသော မည်သည့် LCD TV, LED TV များတွင် မဆို အခမဲ့ ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

နေပြည်တော်နှင့် အနီးတစ် ၀ိုက် ၂၅ မိုင်ပတ်လည်တွင် UHF လှိုင်းနှုန်း Channel 22 တွင်လည်း ကောင်း၊ ရန်ကုန်မြို့နှင့်အနီးတစ် ၀ိုက် မိုင် ၃၀ ပတ်လည်တွင် UHFလှိုင်းနှုန်း Channel - 24 တွင်လည်းကောင်း၊ မန္တလေးနှင့်အနီးတစ်ဝိုက် မိုင် ၃၀ ပတ်လည်တွင် UHF လှိုင်းနှုန်း Channel - 25 တွင်လည်းကောင်း ဖမ်းယူ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။ စာပေဆိုင်ရာ အစီအစဉ်များ အပါအ၀င် သုတ၊ ရသ ကဏ္ဍစုံစွာ ထုတ်လွှင့် ပေးသွားမည်ဟု သိရသည်။
Internet Journal

CDMA ကွန်ရက် ပြည့်ကျပ်လာသည့် အတွက် GSM ကို ပြောင်းလဲချပေးဖွယ်ရှိ


ငွေကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းလိုင်း အတွက် ရည်ရွယ် တည်ဆောက်ခဲ့သည့် CDMA 800 မိုဘိုင်းကွန်ရက်သည် သတ်မှတ်လိုင်း အရေအတွက် ပြည့်ခဲ့ပြီ ဖြစ်သည့် အတွက် ထပ်မံချထားပေးမည့် မို ဘိုင်းဖုန်းလိုင်းများမှာ GSM ဖုန်းလိုင်းများ ဖြစ်လာဖွယ်ရှိကြောင်း ဆက်သွယ်ရေး အင်ဂျင်နီယာမှူး တစ်ဦး က ပြောသည်။

“ညွှန်ကြားချက်တော့ မရောက်သေးဘူး။ ဖြစ်နိုင်ပါတယ်။ GSM ချထားပေးမယ်ဆိုတာ။ CDMA လိုင်းတွေကလည်း ပြည့်နေပြီဆိုတော့”” ဟု ၎င်းက ပြောသည်။ လက်ရှိကာလ၌ ငွေကျပ် ၁၅၀၀ ဖြင့် လိုင်းအရေအတွက် အများဆုံး ရောင်းချပေးနေသည့် CDMA 800 မိုဘိုင်းဖုန်းလိုင်းများကို မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ က ပူးပေါင်းရောင်းချခဲ့ခြင်းဖြစ်သည်။

MEC သည် ဧပြီလမှ စတင်၍ ၁၅၀၀ ကျပ်တန် မိုဘိုင်းဖုန်းလိုင်းကို တစ်လလျှင် လိုင်းအရေအတွက် ၃ သိန်းခွဲချထားပေးခဲ့သည့် အတွက် လက်ရှိအချိန် ၌ MEC မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူအရေအတွက်မှာ ၁၀ သိန်းကျော် အထိ ရှိလာခဲ့သည်။ “ဂျီ (GSM) ရရင် တော့ ဂျီပဲ ကိုင်ချင်တာပေါ့။ ဘယ်သူ့မေးမေး နားလည်တဲ့လူတိုင်း CDMA တော့ ဘယ်သုံးချင်မလဲ။ ဒါပေမယ့်လည်း သူတို့ရောင်းတာပဲ ၀ယ်ရတာ။ ကိုယ်လိုချင်တာ ဝယ်လို့မှမရတာ””ဟု CDMA ဖုန်းလိုင်း ကို ကိုင်ဆောင်ထားသည့် ကိုအာကာ က ပြောသည်။

“GSM ချထားပေးမယ်ဆို ကောင်းတာပေါ့။ အားလုံးကလည်း ဒါကိုပဲ မျှော်နေကြတာပါ။ ဈေးကွက်က သိပ်ပြီးပြောင်းလဲသွားမယ် မထင်ဘူး။ ဆိုင်တွေကလည်း များတယ်။ ထွက်တဲ့ကတ်ကလည်း နည်းတယ်။ သူမိတ်နဲ့ သူနဲ့ပဲသွားမယ် ထင်တယ်။ အရင်လို CDMA 800 ဖုန်းတွေလိုပဲ ဖြစ်မယ်ထင်တယ်”ဟု ACE ဟန်းဆက် အရောင်းဆိုင်မှ ဦးသန်းထိုက် က ပြောသည်။
Internet Journal

ဘုရင့်နောင် ခုံးကျော်တံတား တိုင်ကျိုးသည့် သတင်း မဟုတ်မမှန်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၈
ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချမည့် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်နေသော ဘုရင့်နောင် ခုံးကျော် တံတား၏ တိုင် တစ်တိုင် ကျိုးကျသည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မှန်ကန်ခြင်း မရှိကြောင်း အဆိုပါတံတား ဆောက်လုပ်ရေးအဖွဲ့မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ထောက်တိုင် ပြုလုပ်ရန် လုပ်ဆောင်ထားသော ကွန်ကရစ် အားဖြည့် သံချောင်းများကို လုပ်ငန်းခွင် အတွင်း မောင်းနှင်သော ကရိန်းဖြင့် ညနေ ၆ နာရီ ဝန်းကျင်ခန့်က တိုက်မိရာမှ အဆိုပါ သံချောင်းများ ကျိုးပဲ့သွားခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီသံချောင်းတွေက ထောက်တိုင်လုပ်ဖို့ အရင် ကြိုလုပ်ရတဲ့ဟာ ဖြစ်ပြီးတော့ လုပ်ရတာလည်း အချိန် မကြာတဲ့အတွက် လုပ်ငန်းစဉ်ကိုတော့ နှောင့်နှေးမှု မဖြစ်စေနိုင်ပါဘူး” ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

ဘုရင့်နောင် ခုံးကျော် တံတားသစ်ကို ၂၀၁၂ ခုနှစ်အတွင်းက စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခု နှစ်ကုန်ပိုင်းတွင် အပြီးသတ် ဆောင်ရွက်မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ (လမ်းနှင့်တံတား) ထံမှ သိရသည်။
The Voice Weekly

မြန်မာသံဃာတော်များနှင့် ဘုရားဖူးများလုံခြုံရေး အိန္ဒိယအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်၊ ဇူလိုင် ၈
အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်တွင် ဇူလိုင်လ ၇ ရက်နေ့က ဗုံးပေါက်ကွဲခဲ့မှုကြောင့် အိန္ဒိယနိုင်ငံတွင် သီတင်းသုံးနေသော မြန်မာ သံဃာတော်များနှင့် မြန်မာနိုင်ငံသား ဘုရားဖူးများ၏ လုံခြုံရေးအတွက် အိန္ဒိယ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

“အိန္ဒိယနိုင်ငံအစိုးရ၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ ဗုဒ္ဓဂယာတွင် ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာ အများဆုံး ကိုးကွယ်သည့် မြန်မာနိုင်ငံ အနေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနတို့က လုပ်ဆောင်သင့်သည့် လုပ်ငန်းများကို သုံးသပ်ဆောင်ရွက်နေကြောင်း ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံတော် အစိုးရအနေနှင့်လည်း ဗုဒ္ဓဘာသာ အပါအဝင် အခြားဘာသာဝင်များ၏ ဘာသာရေး အဆောက်အအုံများနှင့် အများပြည်သူဆိုင်ရာ နေရာများကို အကြမ်းဖက် တိုက်ခြင်းများသည် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ၎င်းကပြောကြားသည်။

“ကျွန်တော်တို့ အစိုးရဘက်ကနေ တရားခံကို အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ တရားခံမိရင်တော့ အရေးယူမှုတွေ ပြုလုပ်သွားမှာပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယ သံအမတ်ကြီး Mr.Sailas Thangal က The Voice သို့ပြောကြားသည်။

ယင်းသို့ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ မဟာဗောဓိစေတီတော်တွင် ဗုံးခွဲမှုနှင် ပတ်သက်၍ ဗုဒ္ဓဘာသာ နိုင်ငံအများစုက အပြင်းအထန် ရှုတ်ချခဲ့ပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်ရန် အိန္ဒိယအစိုးရကို တိုက်တွန်းခဲ့ကြသည်။

အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီမှ အရာရှိများ အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့ပြီး စစ်ဆေးမှုများနှင့် စေတီပရဝဏ်အတွင်း တပ်ဆင်ထားသော CCTV ကင်မရာမှ တစ်ဆင့် ခြေရာခံမှုများ ပြုလုပ်ခဲ့ကြသည်။

ပရဝဏ်အတွင်း တွေ့ရှိသော သက်သေခံကတ်ပြားနှင့် CCTV ကင်မရာမှ ရရှိသော အထောက်အထား အချို့ကြောင့် ဗုံးဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်နေသည်ဟု ယူဆရသူတစ်ဦးကို ဇွန်လ ၈ ရက်နေ့လယ်ပိုင်းက ဖမ်းဆီးစစ်ဆေးနေပြီ ဖြစ်ကြောင်း အိန္ဒိယသတင်းဌာနများတွင် ဖော်ပြထားသည်။

သို့သော် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယသံအမတ်ကြီး Mr.Sailas Thangal က ဖမ်းဆီးထားသည် ဆိုသူမှာ တရားခံ မဟုတ်ကြောင်း၊ ၎င်းကိုစစ်ဆေးရန်သာ ထိန်းသိမ်းထားကြောင်း၊ တရားခံကို ဖမ်းမိပါက သံရုံးမှတစ်ဆင့် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း The Voice သို့ပြောကြားသည်။

ယင်းသို့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီခန့်က အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားနေသော နိုင်ငံအသီးသီးမှ သံဃာတော်များ၊ အိန္ဒိယနိုင်ငံသားများ၊ ကျောင်းသားများက အကြမ်းဖက်မှုကို ရှုတ်ချသည့် အနေနှင့် ဆန္ဒပြ ထုတ်ဖော်ခဲ့ကြပြီး ဘင်္ဂလားဒေရှ် နိုင်ငံတွင်လည်း ဗုဒ္ဓဘာသာဝင်များ စုစည်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ် ဂယာမြို့ရှိ မဟာဗောဓိစေတီ ပရဝဏ်အတွင်းတွင် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ဗုံး ကိုးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ရာ မြန်မာသံဃာတော်တစ်ပါး အပါအဝင် ငါးဦး ဒဏ်ရာရရှိခဲ့သည်။

မဟာဗောဓိစေတီ ပရဝဏ်အတွင်း ပေါက်ကွဲခဲ့သည့် ဗုံးအပါအဝင် စုစုပေါင်း ဗုံးကိုးလုံး ပေါက်ကွဲခဲ့ပြီး ယင်းအနက် မဟာဗောဓိစေတီ ပရဝဏ်အတွင်းတွင် ငါးလုံး ပေါက်ကွဲခဲ့ကြောင်း၊ ယင်းအနက် ဗုံး တစ်လုံးမှာ ဗုဒ္ဓမြတ်စွာ ဘုရားပွင့်တော်မူခဲ့သည့် မဟာဗောဓိ ညောင်ပင်ရင်းတွင် ပေါက်ကွဲခဲ့ပြီး ကျန်သုံးလုံးမှာ ယင်းအနီးတစ်ဝိုက်တွင် ပေါက်ကွဲခဲ့ရာ မြန်မာသံဃာတော် တစ်ပါး၊ တိဘက်ဘုန်းတော်ကြီး တစ်ပါးနှင့် ဘူရားဖူးနှစ်ဦး အပါအဝင် ငါးဦးဒဏ်ရာ ရရှိခဲ့သည်။

ယင်းပေါက်ကွဲမှုမှာ အိန္ဒိယနိုင်ငံရှိ မူဂျာဟစ်ဒင်အဖွဲ့ ပါဝင် ပတ်သက်နိုင်သည်ဟု ယူဆကြောင်း ဘီဟားရ်ပြည်နယ် ရဲတပ်ဖွဲ့က ပြောဆိုထားသည်။
The Voice Weekly

လားရှိုးတွင် အလုပ်ကိစ္စဆွေးနွေးရာမှ သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား

လားရှိုး၊ ဇူလိုင် ၉။
လားရှိုးမြို့၊ ရပ်ကွက် (၅)၊ နယ်မြေ (၉) ခိုင်ရွှေဝါလမ်းမှ ကိုးကန့်ငါးပါးသီလကျောင်း အနီးရှိ
ဦးယူဆင်း၏ နေအိမ်သို့ ပြည်သူ့စစ် တစ်ဦးက လမ်းပေါ်မှ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်သူမှာ တာမိုးညှင်း ပြည်သူ့စစ်အဖွဲ့၏ စီးပွားရေး တာဝန်ခံတစ်ဦးဖြစ်ပြီး ပစ်ခတ်ခံရသူ မိသားစုနှင့် ယခင်က စီးပွားရေး လုပ်ငန်းများ အကျိုးတူလုပ်ဆောင်ခဲ့ပြီး ငွေကြေးအရှုပ်အရှင်းများရှိခဲ့သဖြင့် သွားရောက် ဖြေရှင်းရာမှ စကားများကြပြီး အပြန်တွင် လမ်းပေါ်မှ သေနတ်ဖြင့်
ပစ်ခတ်သွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြသည်။

“နေ့လည်ခင်းကြီးမှာ ကားနဲ့ရောက်လာတယ်။ မကျေနပ်တိုင်း စိတ်ထင်သလို ဒီလိုသေနတ်ကိုင်ပြီး ပစ်ချင်ရာလျှောက်ပစ် သွားတာကတော့ တရားဥပဒေ မရှိသလိုဘဲ။ မပြေလည်တာရှိရင် ညှိနှိုင်းယူပေါ့ဗျာ။ ပစ်ခတ်ပြီးမှ ကားမောင်းပြီးတော့ ထွက်သွားတာ”ဟု ရပ်ကွက်အတွင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားရာ အနီးရှိ မျက်မြင်တွေ့ရှိသူ တစ်ဦးက “သူတို့အိမ်မှာက ကလေးတွေလဲရှိတယ်။
သူ့ယောက်ျားက အပြင်တွေဘာတွေ သွားတာများတယ်။ မိန်းမနဲ့ ကလေးပဲ ရှိတဲ့အချိန်ဆိုရင် ဘယ်လိုလုပ်မလဲ။ မြို့ထဲမှာ အဲဒီလို လက်နက်တွေကိုင်ပြီး လျှောက်သွားတာ လျှောက်ပစ်တာ တွေကို ရုပ်ရှင်တွေ ဗီဒီယိုတွေထဲမှာပဲ မြင်ဖူးတယ်။ အရင်တုန်းကလည်း လားရှိုးမှာ နေ့ခင်းကြီး ဈေးထဲကရွှေဆိုင်ကို သေနတ်တွေနဲ့ ၀င်စီးသွားသေးတယ်။ ပြည်သူ့စစ် တစ်ယောက်က တာဝန်ချိန် မဟုတ်ဘဲ မြို့ထဲမှာ သေနပ်ကိုင်ပြီး၊ လုပ်ချင်ရာ လျှောက်လုပ်နေတာက အင်မတန် ရုပ်ဆိုးလွန်းတယ်။ ကြောက်စရာလဲ ကောင်းတယ်”ဟု ပြောသည်။

လူတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ မရရှိသော်လည်း နေအိမ်တံခါးပေါက်တွင် (၄)ချက်၊ အိမ်အ၀င်ပေါက် အုတ်နံရံတွင် (၁)ချက်၊ စုစုပေါင်း (၅)ချက်ထိမှန်ခဲ့ကြောင်း သိရသည်။
သေနပ်ဖြင့် ပစ်ခတ်သွားသူအား နယ်မြေခံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများမှ လိုက်လံဖမ်းဆီးရာ
သိန်းနီမြို့နယ်၊ ရေပူကျေးရွာရှိ ရေပူဂိတ်တွင် အခင်းဖြစ်ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း
အမှတ်(၁)ရဲစခန်းမှ သိရသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်အမျိုးအစား၊ ပစ်ခတ်ရသော အကြောင်းရင်း၊ တရားခံအား
အရေးယူဆောင်ရွက် ထားမှု၊ အပစ်ခံရသူအိမ်ရှင်အမျိုးသမီးအား စခန်းသို့ ခေါ်ဆောင်ထားသော
အကြောင်းများနှင့် အသေးစိတ် အချက်အလက် များအား မြန်မာ့ခတ်မှ ဇူလိုင်လ ၈ရက်နေ့တွင် အမှတ်(၁)ရဲစခန်းသို့ သွားရောက် မေးမြန်းရာ တာဝန်မှူး ဒုရဲအုပ်က“ ကျွန်တော်က ဒီကနေ့မနက်မှ
ဂျူတီချိန်းတာ ကျွန်တော်တော့ မသိဘူး။ ဒါပေမယ့် ရုံးအုပ်ချုပ်ကတော့ သိတယ်။ သူ့ကိုမေးလိုက်ပါ”ဟု ဖြေကြားသည်။ ရုံးအုပ်ချုပ်ထံ မေးမြန်းရန် စောင့်ဆိုင်းနေသော်လည်း တစ်စုံတစ်ရာ ဖြေကြားပေးခြင်းမရှိဘဲ စခန်းအတွင်းမှ ထွက်ခွာသွားသည်။

ခရိုင်မြို့ကြီး တစ်မြို့တွင် သက်ဆိုင်ရာ အာဏာပိုင်များ၊ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့များ၊ တပ်မတော်တပ်ရင်းများစွာ ရှိနေပြီး အရေးပေါ် အက်ဥပဒေ ပုဒ်မ ၁၄၄ထုတ်ပြန်ထားသော်လည်း ယင်းကဲ့သို့ လက်နက်ကိုင်ပစ်ခတ်မှုဖြစ်ပေါ်ခဲ့သဖြင့် မြို့ခံပြည်သူ လူထုများက စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြကြောင်း သိရသည်။
ချစ်ထွေး (လားရှိုး)
မြန်မာ့ခေတ်

ရော်နယ်လ်ဒို၏ ကစားသမားဘဝ ရီးယဲလ်တွင်သာ ကုန်ဆုံးလိမ့်မည်ဟု ပီရက်ဇ် ပြောကြား

ခရစ္စတီယာနို ရော်နယ်လ်ဒိုသည် မိမိတို့ အသင်းတွင်သာ ကစားသမားဘဝ ကုန်ဆုံးလိမ့်မည်ဟု ရီးယဲလ်မက်ဒရစ် ဥက္ကဋ္ဌကြီး ဖလော်ရင်တီနို ပီရက်ဇ်က ပြောကြားလိုက်သည်။ ရော်နယ်လ်ဒိုသည် ရီးယဲလ်မှ ထွက်ခွာပြီး အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်သို့ ပြန်သွားနိုင်ကြောင်း သတင်းကြီးနေသလို ပြင်သစ်ချန်ပီယံ PSGကလည်း ၎င်းကို စိတ်ဝင်စားနေသည်။

ရော်နယ်လ်ဒို၏ စာချုပ်သက် (၂၀၁၅)ခုနှစ်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်ပြီး ပီရက်ဇ်က မိမိတို့သည် ပေါ်တူဂီ လက်ရွေးစင် ကစားသမားကို ဆက်ထိန်းသွားမည်ဟု ပြောဆိုထားသည်။ ယခုအခါ ဥက္ကဋ္ဌကြီးက ရော်နယ်လ်ဒိုသည် ကစားသမားဘဝ ပြီးဆုံးချိန်ထိ ဘာနေဗျူးတွင်သာ ရှိနေလိမ့်မည်ဟု မှတ်ချက်ပြုသွားခဲ့သည်။

အသက်(၂၈)နှစ်ရှိ ရော်နယ်လ်ဒိုသည် ၎င်း၏ အနာဂတ်ကို တိတိကျကျ ပြောဆိုထားခြင်း မရှိသေးချေ။ ပီရက်ဇ်ကမူ "ရော်နယ်လ်ဒိုက ရီးယဲလ်မှာပဲ ဘောလုံးသမားဘဝ အဆုံးသတ်ချင်တာပါ။ ရီးယဲလ်ကလည်း သူ့ကို အသင်းမှာ ကစားရင်းပဲ အနားယူသွားစေချင်တယ်"ဟု ဆိုသည်။

၎င်းက "ကျွန်တော်တို့ စာချုပ်သစ်အတွက် ဘာမှ မဆွေးနွေးရသေးဘူး။ ဒါကလည်း သူလောလောဆယ် အားလပ်ရက် အနားယူနေလို့ပါ။ ဒါပေမဲ့ ရော်နယ်လ်ဒို ဒီမှာပဲ ကစားရင်း အနားယူမယ်ဆိုတာ သံသယ မရှိပါဘူး။ ဇနီဒင်း ဇီဒန်းနဲ့ တခြား ထိပ်သီး ဘောလုံးသမား တချို့လိုပဲ ဆိုပါတော့"ဟု ဆက်လက် ပြောကြားခဲ့သည်။

ပီရက်ဇ်က တော့တင်ဟမ် ဟော့စပါး တောင်ပံလူ ဂါရတ်သ်ဘေးလ်ကို ခေါ်ယူနိုင်ကြောင်း ထင်ကြေးများနှင့် ပတ်သက်ပြီး "သူဟာ ကစားသမားကောင်း တစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့နဲ့ ခင်မင်ရင်းနှီးမှုရှိတဲ့ ကလပ်အသင်း တစ်ခုမှာ ကစားနေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ သူ့အတွက် ဘာကမ်းလှမ်းမှုမှ မလုပ်ခဲ့ပါဘူး"ဟု ငြင်းဆိုသွားသည်။
Planet Myanmar Network

ဘင်လာဒင်အား ရှင်းလင်းသုတ်သင်မှု မှတ်တမ်းဖိုင်များကို CIA သို့ လျှို့ဝှက် ပေးပို့ထိန်းသိမ်း

၂၀၁၁ ခုနှစ်အတွင်း အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင်အား အမေရိကန် ‎#Navy ‎#SEAL တပ်ဖွဲ့က စီးနင်းတိုက်ခိုက် သတ်ဖြတ်ခဲ့သည့် စစ်ဆင်ရေး အသေးစိတ် အချက်အလက် မှတ်တမ်းများပါဝင်သော ဖိုင်များကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ကွန်ပျူတာစနစ်မှ ဖယ်ရှားရှင်းလင်းလိုက်ပြီး ‎#CIA သို့ လျှို့ဝှက်ပေးပို့လိုက်ကြောင်း ‎#AP သတင်းက ပြောကြားသည်။

သာမန် ပြည်သူများကြား အဆိုပါဖိုင်များ ရောက်ရှိမသွားစေရန် ပိုမိုလုံခြုံမှု ရှိစေရေးအတွက် CIA သို့ ပေးပို့လိုက်ခြင်းဖြစ်ကြောင်း ပင်တဂွန်မှ အရာရှိတစ်ဦးထံမှတစ်ဆင့် AP က သတင်းရရှိခဲ့ခြင်းဟုဆိုသည်။
Planet Myanmar Network

နောက်ဆုံးတော့....





Myanmartandawsint Newspaper

ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီဗုံးပေါက်ကွဲမှု အား CCTVကင်မရာမှရိုက်ကူးချက် (ရုပ်/သံ)

ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီဗုံးပေါက်ကွဲမှု အား CCTVကင်မရာမှရိုက်ကူးချက်
FB-စတီ ဗင်

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com