http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မန္တလေးက ဆန္ဒပြသူများ ထောင်ဒဏ် ချမှတ်ခံရ

အချုပ်ကားပေါ်တွင် လက်ပြနေသော ကိုညီညီကျော် ကို ယနေ့ တွေ့ရစဉ် (ဓာတ်ပုံ – Shwezin Zawwin / Facebook)
June 12, 2013
မန္တလေးမြို့မှ ကိုင်းတန်းညဈေး ပြောင်းရွှေ့ရေးနှင့် ပတ်သက်၍ ခွင့်ပြုချက်မယူဘဲ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြသူ ၇ ဦးကို ချမ်းအေး သာဇံ မြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ဆန္ဒပြသူများ ဖြစ်သည့် ကိုအေးသိန်း၊ ကိုစိန်အောင်၊ ကိုဝင်းဆွေမြင့် တို့အား အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ၃ လ စုစုပေါင်း ၁ နှစ် နှင့် ၃ လ ချမှတ်ကြောင်း၊ ကိုညီညီကျော်၊ မနွယ်နွယ်ဦး၊ မနီနီအောင်၊ မသဲသဲ တို့ကို ပုဒ်မ ၁၈ အရ ထောင်ဒဏ် ၃ လ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ တရားခွင်ကို သွားရောက်ခဲ့သည့် သတင်းသမားတဦးက“အမျိုးသမီးတွေက ထောင်ဒဏ်တွေချမယ်လို့ မထင်ဘူး၊ ဒဏ်ငွေ လောက်ပဲ ချမယ်ထင်တာ၊ ထောင်ဒဏ်ချတယ်ဆိုတော့ သူတို့လည်း စိတ်ထိခိုက်သွားတယ်”ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လက မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် ကိုင်းတန်းညဈေးအား ကမ်းနား ချော်ဆိပ် အနီးသို့ ပြောင်းရွှေ့ခိုင်းရာ ဈေးသူဈေးသားများက မကျေနပ်သည့်အတွက် ဈေးသူဈေးသား ၁၀၀ ခန့် မြို့တော်ဝန်ရုံးသို့ ချီတက် ဆန္ဒပြကြခြင်းဖြစ်သည်။

ထိုစဉ်က အထက်မြန်မာပြည် အလုပ်သမားအရေးဆောင်ရွက်သူ ကိုအေးသိန်း၊ ကိုင်းတန်းဈေး တာဝန်ခံ ကိုဝင်းဆွေမြင့်၊ ကိုညီညီ ကျော်(ပဋိပက္ခ ကြိုတင် ကာကွယ်တားဆီးရေး အဖွဲ့ဝင်) တို့အား မြို့တော်ဝန် ဦးအောင်မောင်းက ခေါ်ယူဆွေးနွေးပြီးနောက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ရုံးတင် တရားစွဲခဲ့ခြင်းဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် ဆန္ဒပြခွင့်ပြုသော်လည်း ကြိုတင်ခွင့်တောင်းရမည်ဖြစ်ပြီး ခွင့်ပြုချက်ရယူခြင်းမရှိပါက ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

အစိုးရသစ်လက်ထက်တွင် တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်များ ချမှတ်နေရာ ယမန်နေ့ကလည်း ပဲခူးတိုင်း အနောက်ခြမ်း နတ္တလင်းမြို့တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က သိမ်းဆည်းထားသည့် လယ်ယာမြေများပြန်လည်ရရှိရေး ၀င်ရောက်ကူညီသည့် ပြည်သူ့ကွန်ရက် အဖွဲ့ဝင် ဒေါ်မြင်မြင့်အေး အပါအ၀င် ၃ ဦးကို ပေါင်းတည်ထောင်တွင် ထိန်းသိမ်းကာ တရားစွဲဆိုရန် ပြင်ဆင်နေသည်။

သမ္မတဦးသိန်းစိန်က အမေရိကန်နိုင်ငံ ခရီးစဉ်တွင် မြန်မာနိုင်ငံ၌ ဆန္ဒပြသူများသည် နေ့စားခရသည့်အတွက် ဆန္ဒပြသူများ ဖြစ် သည်ဟု စွပ်စွဲ ပြောဆိုခဲ့သေးသည်။
ရန်ပိုင်
ဧရာဝတီ

နည်းစနစ် အားနည်းချက်ကြောင့် ဗီယက်နမ်ကို အရေးနိမ့်ခဲ့ဟု ဦးတင်မြင့်အောင် ဖွင့်ဟ

Wednesday, 12 June 2013 


ယမန်နေ့ ညနေ(၆)နာရီက ဗီယက်နမ်နိုင်ငံ သောင်နတ် အားကစားကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ ယူ-၂၃ အသင်းနှင့် အိမ်ရှင် ဗီယက်နမ် ယူ-၂၃ အသင်းတို့ ပွဲစဉ်တွင် မြန်မာအသင်း အရေးနိမ့် ခဲ့ရခြင်း အဓိက အကြောင်းရင်းမှာ နည်းစနစ်ပိုင်း အားနည်းချက် များကြောင့်ဟု အသင်းအုပ်ချုပ်သူ ဦးတင်မြင့်အောင်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဗီယက်နမ် မီဒီယာများ အား ရှင်းလင်း ပြောကြားခဲ့သည်။ မြန်မာ ယူ-၂၃ အသင်းမှာ အဆိုပါ ပွဲစဉ်တွင် (၂-၀) ဂိုးဖြင့် ဗီယက်နမ် အသင်းအား ရှုံးနိမ့်ခဲ့ရ ခြင်းဖြစ်ပြီး နည်းပြပက်ဆောင်ဟွာ အနေဖြင့် ကစားသမားများ စမ်းသပ်သုံးစွဲခြင်း နှင့်နည်းဗျူဟာပိုင်း စမ်းသပ်မှု များ အတွက်သာ ခြေစမ်းပွဲများ ကစား ခဲ့ခြင်းဖြစ် ဖြစ်ကြောင်းလည်း တွေ့ရသည်။

" ကျွန်တော့် အမြင်အရ ဗီယက်နမ် ယူ-၂၃ အသင်းဟာ ဒီနေ့ပွဲမှာ တကယ်ကို ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲမှာ သူတို့ နိုင်သင့်တာ မှန်ပါတယ်။ ကျွန်တော်တို့ အသင်း အနေနဲ့ကတော့ အဓိက အားနည်းချက်ဟာ နည်းစနစ်ပိုင်း ပါပဲ။ နည်းစနစ်ပိုင်း မကောင်းခဲ့တဲ့အတွက် အိမ်ရှင်ကို အရှုံးပေးခဲ့ရတာပါ" ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဗီယက်နမ် နှင့် မြန်မာ ယူ-၂၃ အသင်းများခြေစမ်းပွဲကို ကွင်းအပြည့် လာရောက် အားပေးခဲ့ကြသလို ဘင်ခရာအဖွဲ့များ၊ အမာခံ ပရိသတ်များ ဖြင့် များစွာ အားပေးမှု ရှိခဲ့သည်။ အိမ်ရှင် ဗီယက်နမ် အသင်းအတွက် ပွဲချိန် ၃၂ မိနစ်တွင် Dang Ngoc နှင့် ၅၃ မိနစ် တွင် Ha Ming Tuan တို့က သွင်းယူပေးခဲ့ကြ ခြင်းဖြစ်သည်။

" အသင်းမှာ ကစားသမား အသစ်တွေ များနေပြီး ဒီနေ့ တစ်ပွဲလုံးမှာ အာရုံစူးစိုက်မှု နည်းပါးနေတာ တွေ့ရတယ်။ ကျွန်တော့်မှာ အသင်းအတွက် အိုင်ဒီယာ အများကြီး ရှိပေမယ့် လေ့ကျင့်ရက်က ၂ ပတ်ပဲ ရှိသေးတာကြောင့် အချိန်ယူရ ဦးမှာပါ။ ၂၇ ကြိမ် မြောက် ဆီးဂိမ်းစ်အတွက် ကျွန်တော်တို့ ပြင်ဆင်ဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ " ဟု ဗီယက်နမ် နည်းပြ ဟောင်က ဆိုသည်။ မြန်မာ ယူ-၂၃ အသင်းသည် ဗီယက်နမ် ခြေစမ်း ခရီးစဉ်တွင် ပထမ ပွဲ၌ ဒေါင်နန်း ကလပ်အသင်းကို (၃-၁)ဂိုး၊ ဒုတိယ ခြေစမ်းပွဲ၌ ဗီယက်နမ် ယူ-၂၃ အသင်းကို (၂-၀)ဂိုး တို့ဖြင့် အရေးနိမ့် ခဲ့ရသည်။ ဗီယက်နမ် ယူ-၂၃ အသင်းနှင့် မြန်မာ ယူ-၂၃ အသင်းတို့သည် ၂၀၁၁ အင်ဒိုနီးရှား ဆီးဂိမ်းစ် တတိယ နေရာလုပွဲတွင် မြန်မာက (၄)ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ဒုတိယ အကြိမ် ထပ်မံ တွေ့ဆုံမှုတွင် ယခုကဲ့သို့ ဗီယက်နမ်က အိမ်ကွင်းတွင် ပြန်လည် အနိုင်ရရှိခဲ့သည်။


Okocha
Myanmar Football Federation

စက်မှုဇုန်များတွင် ခေါင်းပုံဖြတ်မှု၊ အဓမ္မ ခိုင်းစေမှုများ တွေ့ရှိ

ရွှေပြည်သာ မြို့နယ်ရှိ စံကောင်းစက်ရုံသို့ လွှတ်တော်မှ တာဝန်ရှိသူများ လာရောက်မည်ဆိုသည့် ဇွန် ၃ ရက်က အလုပ်သမားများ စက်ရုံရှေ့တွင် စောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ-ဥမ္မာအောင်)
Wednesday, 12 June 2013
လွှတ်တော်က စက်မှုဇုန်များသို့ ကွင်းဆင်းလေ့လာရာတွင် အလုပ်သမားများအား ခေါင်းပုံဖြတ်မှုများနှင့် အဓမ္မ ခိုင်းစေမှုများကို တွေ့ရှိနေရကြောင်း ပြည်ထောင်စုလွှတ်တော် အလုပ်ရှင် အလုပ်သမား အခွင့်အရေး လေ့လာရေး ကော်မရှင်မှ ဒေါက်တာမြတ်ဥာဏစိုးက ပြောကြားခဲ့သည်။

လွှတ်တော် ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် အလုပ်ရှင် အလုပ်သမား အခွင့်အရေး လေ့လာရေး ကော်မရှင် အနေဖြင့် မေလဆန်းပိုင်းမှစ၍ လှိုင်သာယာ၊ အင်းစိန်၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း စသည့်စက်မှုဇုန်များသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ကွင်းဆင်းလေ့လာတဲ့ အခါမှာ အလုပ်ရှင်တွေဘက်က အခက်အခဲတွေကို ပြောရရင် စက်မှုဇုန်တွေကို ၂၄ နာရီ မီးဖြတ်ထားတဲ့ အခြေအနေမျိုး၊ စက်မှုဇုန် မြေတွေကို အမည်ခံ ၀ယ်ယူထားတဲ့ သူတွေဆီက ငှားရမ်းအသုံးပြု နေရတာကြောင့် ငှားရမ်းစရိတ် အဆမတန် တက်တာတွေ ရှိတယ်။ နောက်ပြီး အလုပ်သမားတွေဘက်က ပြောရမယ်ဆိုရင် အခြေခံ လစာကို သုံးသောင်းလောက်ပဲရပြီး အခြားအိုတီကြေးတို့ အခြားအကြောင်း အရာတို့နဲ့ပေါင်းမှ အများဆုံး ရှစ်သောင်းလောက်ပဲ ရတယ်။ အလုပ်သမားတွေက ခေါင်းပုံဖြတ်ခံ ရသလို ဖြစ်နေတယ်။ အခြေခံလစာက အင်မတန် နည်းတဲ့အတွက် နေရေး၊ စားရေး အဆင်ပြေအောင် အချိန်ပို ဆင်းရတယ်။ တစ်နေ့ကို ၁၂ နာရီကနေ ၁၆ နာအထိ အလုပ်လုပ် နေရတာတွေ ရှိတယ်။ ဒါက အဓမ္မခိုင်းစေမှု သဘောကို သက်ရောက်နေတယ်" ဟု ပြည်ထောင်စုလွှတ်တော် အလုပ်ရှင် အလုပ်သမား အခွင့်အရေး လေ့လာရေး ကော်မရှင်မှ ဒေါက်တာမြတ်ဥာဏစိုးက ပြောကြားခဲ့သည်။

အဆိုပါ ကော်မရှင် အနေဖြင့် ကွင်းဆင်းလေ့လာရာတွင် ရရှိလာသော အချက်အလက်များကို လာမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

ပြည်ထောင်စုလွှတ်တော် အလုပ်ရှင် အလုပ်သမား အခွင့်အရေး လေ့လာရေး ကော်မရှင်အား အလုပ်ရှင် အလုပ်သမားကြား ဖြစ်ပွားနေသော ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် အလုပ်သမားများ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိစေရန် ရည်ရွယ်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group

ဌာနဆိုင်ရာ အသီးသီးတွင် အဂတိ လိုက်စားမှု ပပျောက်ရေး နိုင်ငံတကာ စံနှုန်းနှင့်အညီ ဆောင်ရွက်သွားမည်

 Wednesday, 12 June 2013
ပြည်သူ့ဝန်ထမ်း ဌာနဆိုင်ရာ အသီးသီး၌ အဂတိလိုက်စားမှု ပပျောက်ရေးကို နိုင်ငံတကာ စံနှုန်းနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံမှ လျှောက်လမ်းနေသည့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် သန့်ရှင်းသော အစိုးရတစ်ရပ် ပေါ်ထွန်းလာရေးကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဂတိ လိုက်စားမှုကို နိုင်ငံတကာ စံနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်သည်။
အဂတိ လိုက်စားမှု ပပျောက်ရေး ဆောင်ရွက်တဲ့ အခါမှာ နိုင်ငံတကာ စံတွေနဲ့အညီ ဘယ်လိုဆောင်ရွက် သွားမလဲဆိုတဲ့ လုပ်ငန်းစဉ်ပေါ်မှာ လက်တွေ့စဉ်းစား ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် . . . . .

ဒေါက်တာ ဇော်ဦး MDRI-CESD က "အခုလို ဆွေးနွေးခြင်းအားဖြင့် အဂတိ လိုက်စားမှု ပပျောက်ရေး လက်တွေ့ဆောင်ရွက်နေတဲ့ ပြည်သူ့ဝန်ထမ်း ဌာနဆိုင်ရာ အသီးသီးကလည်း အဂတိ လိုက်စားမှု ပပျောက်ရေး ဆောင်ရွက်တဲ့ အခါမှာ နိုင်ငံတကာ စံတွေနဲ့အညီ ဘယ်လိုဆောင်ရွက် သွားမလဲဆိုတဲ့ လုပ်ငန်းစဉ်ပေါ်မှာ လက်တွေ့စဉ်းစား ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ နောက်ကျနေတဲ့ ကျွန်တော်တို့ နိုင်ငံအတွက်က အင်မတန်မှ ကြီးမားတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ ရှေ့ဆက်သွားနိုင်ဖို့ အခွင့်အလမ်းတွေထဲမှာ နိုင်ငံတကာ သင်ခန်းစာနှင့် အတွေ့အကြုံတွေကို ယူပြီး ဆောင်ရွက်ခြင်းအားဖြင့် အချိန်တိုအတွင်းမှာ မြန်မြန်ဆန်ဆန်နဲ့ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မယ် ဆိုပြီးတော့လည်း ကျွမ်းကျင်ပုဂ္ဂိုလ်တွေက မှတ်ချက်ပေးထားတာ ရှိပါတယ်" ဟု ဆိုသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မတီကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။


ဒေါက်တာ တင်မောင်သန်း MDRI-CESD က "အရေးကြီးဆုံး အချက်ကတော့ ဒုသမ္မတက သူ့မိန့်ခွန်းထဲမှာ ပွင့်လင်းမြင်သာမှုနှင့် အဂတိ လိုက်စားမှု အဆင့်မှာ တော်တော်နိမ့်တဲ့ နေရာ ကို ရောက်နေတယ်ဆိုတာ အသိအမှတ်ပြု ပြောကြားသွားတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ခေါ်လာတာကိုလည်း အစိုးရက လက်ခံတယ်။ အဖွင့်မိန့်ခွန်းကို ပြောလာတဲ့ ဒုသမ္မတကြီး ပြောတာကိုက ကြီးမားတဲ့ ခြေလှမ်းပေါ့။ အဂတိ လိုက်စားမှုကို အားလုံးဝိုင်းစဉ်းစားကြရင် တစ်စုံတစ်ရာ ပေါ်လာမှာပဲလို့ ယူဆပါတယ်။ အကျင့်ပျက် ခြစားမှုက လုပ်ငန်းလုပ်တဲ့ စနစ်ပေါ်မှာလည်း မူတည်တယ်။ လုပ်ပိုင်ခွင့် အာဏာတည်ဆောက် ထားပုံကိုလည်း ပြောင်းဖို့ လိုအပ်တယ်။ အဲ့ဒါတွေက အစိုးရဌာန ပြုပြင်ပြောင်းလဲရေးနဲ့လည်း ဆက်စပ်နေတယ်။ ဒါတွေကို ပြုပြင်ဖို့ဆိုတာ အင်မတန် ကြီးမားတဲ့ စိန်ခေါ်ချက်ပါပဲ" ဟု ပြောကြားခဲ့သည်။
Eleven Media Group

အထက်က

‘နာရေး ကူညီမှု အသင်း (ရန်ကုန်) တွင် အခမဲ့သင်ကြား ပို့ချပေးနေသည့် အင်္ဂလိပ်စာ သင်တန်း၊ ရှေးဦး သူနာပြုစုနည်း သင်တန်း၊ လူမှုရေး စွမ်းရည်မြှင့် သင်တန်း၊ ဗုဒ္ဓ ဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းများ စသည့်စသည့် သင်တန်း မျိုးစုံနှင့် သင်တန်းဆင်းပွဲ များကိုလည်း ‘အထက် အမိန့် အရ’ လာရောက် စုံစမ်း မေးမြန်းခြင်း များ လည်း ရှိသည့် အပြင် ကျွန်တော်၏ နယ်လှည့် လူမှုရေး ဟောပြောပွဲ များကိုလည်း ‘အထက်က ညွန်ကြား ထားသည့် အတွက် မှတ်တမ်း လာယူခြင်း၊ ထောက် လှမ်းခြင်း’ များလည်း စဉ်ဆက်မပြတ် လုပ်နေဆဲပင် ဖြစ်သည်။ ယင်းကဲ့သို့ သင်တန်း များတွင် ထို ထောက်လှမ်း သတင်းယူကြသူ တို့၏ ဇနီး၊ သားသမီး များပင် လာရောက်၍ သင်တန်း တက်ကြသည်။ ကျွန်တော်တို့ ဝမ်းသာစွာ ကြိုဆိုပါသည်။ သို့မှလည်း ကျွန်တော် တို့၏ မွန်မြတ်သော လုပ်ဆောင်ချက် များကို အထက်မှ လူကြီး များ ထဲထဲ ဝင်ဝင် သိရှိမည် ဖြစ်သည်။ ‘ဟူသော  ပရဟိတ လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရမှု တချို့ကြောင့် ဖွင့်ဟ ရေးသား လာသူ ဦးကျော်သူ ၏ ‘အထက်ကတဲ့ လား’ အမည် ရ အွန်လိုင်း ဆောင်းပါး တစ်ပုဒ်သည် အင်တာနက်တွင် ပရိသတ်ကြား အထူး ရေးပန်းစားသည့် အတွက် ကောက်နုတ် ဖော်ပြလိုက်ရပါသည်။

ကျွန်တော် တို့နိုင်ငံတွင် အထက်ဟူသော စကားရပ်မှာ နိုင်ငံတော် သမ္မတကြီးနှင့် နိုင်ငံ့ အကြီးအကဲများကို ဆိုလိုသည်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ကလည်း ဒီမိုကရေစီ နိုင်ငံတော်သစ် ဆီသို့ ချီတက်ကြရာဝယ် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အင်အား လိုအပ်ကြောင်း၊ ပူးပေါင်း လုပ်ကိုင် စေလိုကြောင်း တရားဝင်ပြောဆို ခဲ့ပြီးဖြစ်သည်။ ထို့ပြင် သမ္မတကြီးနှင့် တကွ ယခု နိုင်ငံ့ခေါင်းဆောင် များသည်လည်း ဘာသာတရားအား ကြည်ညိုလေး စားကြသောသူများ ပင်ဖြစ်သည်။ မြတ်စွာ ဘုရား ၏ ဆိုဆုံးမမှုကို လိုက်နာကျင့် သုံးသူများဖြစ်ကြသည်။ ထို့ကြောင့် မြတ်စွာဘုရား ဟောကြားထားသော ဗြဟ္မစိုရ် တရားလေးပါးကို လိုက်နာ ကျင့်သုံးနေကြသော ကျွန်တော်တို့ ပရဟိတ သမားများ၊ လူမှုရေး အသင်းအဖွဲ့များအား ပိတ်ပင်၊ တားဆီး၊ ဟန့်တားစေ လိုသော ဆန္ဒလည်း ရှိမည် မဟုတ်။ အမိန့် ထုတ်ပြန်ခြင်း လည်း ပြုမည် မဟုတ်ဟု ကျွန်တော် ထင်မိပါသည်။ ဤသို့ဆိုလျှင် နိုင်ငံတော်တွင် အထက်နှင့် အောက် အကြား “အလယ်ထက်၊ အထက်လယ်” ဆိုသည်များ ရှိနေပြီ လား မသိတော့ချေ။

ယခု အဆိုးဆုံး ဖြစ်ရပ်ကား ခေတ်မီ တိုးတက်သော နိုင်ငံတော် ထူထောင် ရာတွင် သတိထားရမည့် လူ့ကျင့်ဝတ် ဖြစ်သော “စည်းမဲ့ကမ်းမဲ့ အမှိုက် စွန့်ပစ်ခြင်း” လုပ်ရပ်ဆိုး အား ပြည်သူလူထု တို့အား သင်ခန်းစာ ပေးလိုသည့်၊ ဥပမာ ပေးလိုသည့် ဆန္ဒဖြင့် စံပြ အမှိုက်ကောက် ခွင့်ပြုပါရန် တိုင်း၊မြို့နယ် များသို့ တရားဝင် စာတင်၍ လေးလေးစားစား တင်ပြခဲ့ရာတွင် ရန်ကုန် မြို့တော် စည်ပင်သာယာရေး အဖွဲ့မှကောက်ခွင့်မပြု၊ “အထက်အမိန့်အရ” ဟူသော အသုံး အနှုန်း မျိုးဖြင့် ပြန် လည် ပြောဆိုခဲ့ခြင်း ပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ မြို့သူ /သား ပြည်သူလူထု တို့အား အမှိုက် မကောက်ရလျှင် “အမှိုက်ပစ်ကြ” “အမှိုက် ဖွကြ” ဟုပြော ဆို မိန့်ကြား သကဲ့ သို့ ခံစားခဲ့ကြရသည်။

မည်သို့ ဆိုစေကာမူ ကျွန်တော် တို့သည် သမ္မတကြီးအား လည်းကောင်း၊ နိုင်ငံတော် အကြီးအကဲများအား လည်းကောင်း၊ တိုင်းဒေသကြီး အကြီးအကဲများ အား လည်းကောင်း ယုံကြည် သည်။ ယခု ကဲ့သို့သော လူနေမှု ဘဝမြင့်မား တိုးတက်အောင် သဲတစ်ပွင့် အဖြစ် ပေးဆပ် ထမ်းရွက်နေသော လူမှုရေး အသင်း အဖွဲ့ များကို အထက် လူကြီးများ အနေဖြင့် ဟန့်တားပိတ်ဆို့ခြင်း များလုပ်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် အထက်က ..အထက်ကသည် မည်သူတွေ များဖြစ်မည်နည်း။ ပြည်သူလူထု ပရဟိတ သမားများ အနေဖြင့် “အထက်က” ဟူတိုင်း ကြောက်ရန် မလိုချေ။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်တို့ ပရဟိတ သမားများ၏ “အထက်က” သည် ဗုဒ္ဓမြတ် စွာ ဘုရားသခင် တစ်ဦးတည်းသာ ရှိသည်။ ထို့ကြောင့် မြတ်စွာဘုရားနှင့် တကွ ဘာသာပေါင်းစုံတို့၏ ဘုရား သခင်တို့ နှစ်သက်မြတ်နိုး ချီးကျူးသော ပရဟိတစိတ်ဓာတ် များ မွေးဖွား ရှင်သန်သူ ဘာသာ လူမျိုးမရွေးတို့ အတွက် ဘုရားသခင်တို့၏ အလိုဆန္ဒ အတိုင်း လူ သားချင်း စာနာထောက်ထားသော စိတ်ဓာတ်များ ရှင်သန် ထက်မြက် ကြီးထွား လာရန်သာ “အထက်က” ဆုံးမသြဝါဒ (သို့) ဘုရားသခင်တို့၏ တူညီမျှတသော ငြိမ်းချမ်းရေး သြဝါဒ များကိုသာ မြေဝယ်မကျ လိုက်နာ ကျင့်သုံး ကြရန်သာ လိုအပ်ပါတော့သည်။

(ကျွန်တော်တို့၏ အထက်သည် အတု မရှိ မြတ်စွာဘုရား သခင်သာ ဖြစ်တော့သည်။ ထို့ ကြောင့်ဘုရား စကား ကိုသာ လိုက်နာ ကျင့်သုံးရမည် ဖြစ်သည်။)
ကျော်သူ
Popular Journal

ကျောင်းတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို မျှလုပ်နေတဲ့ မော်ဒယ်ဟန်သီ

အသက်ငယ်ငယ်နဲ့ မော်ဒယ်လောကထဲကို ဝင်ရောက်ခဲ့ပြီး မော်ဒယ် ပြိုင်ပွဲတွေမှာ ဆုတွေများစွာရရှိ ပိုင်ဆိုင်ခဲ့သူက ဟန်သီပဲဖြစ်ပါတယ်။Miss Face of Myanmar ဆုရရှိခဲ့တဲ့အချိန်ကစပြီး အနုပညာ အလုပ်တွေကို ပိုပြီးလှုပ်ရှားဖြစ်ခဲ့ကြောင်း ပြောပါတယ်။ ဟန်သီကMISY မှာGrade-9 ကျောင်းရဲ့ ပညာသင်ကြားနေပြီး ဇူလိုင်လမှာ အသက် ၁၆ နှစ်ပြည့်မှာဖြစ်ပါတယ်။ ကျောင်းတစ်ဖက်နဲ့ အနုပညာ အလုပ်တွေကို မျှပြီးလုပ်ဖြစ်ေ နတဲ့အပေါ် ဟန်သီက.. “ကျောင်းပိတ်ရက်မှာ အားတဲ့အချိန်တွေအကုန်လုံးကို အနုပညာအလုပ်အတွက် အချိန်ပေးပါတယ်။ ကျောင်းချိန်ကိုတော့ မပျက်ဘူး။ ပျက်တာရှားတယ်။ ကျောင်းစာလစ်ဟင်းသွားရင်

ပညာရေးအတွက်မကောင်းတော့ဘူးဆိုတော့ ကျောင်းကိုတော့ အပျက်မခံပါဘူး” လို့ ပြောပါတယ်။ မော်ဒယ်ဟန်သီ ရဲ့ အနာဂတ် ရည်မှန်းချက် ကတော့…

”အခုဒီအင်္ဂလိပ်ကျောင်းတက် နေတာက ၁၂တန်းထိ ပြီးသွားရင် နိုင်ငံခြားမှာ သွားတက်ရမှာပါ။ နိုင်ငံခြား မှာ ကျောင်း သွားတက်ရင် လည်း အနုပညာလိုင်းကိုပဲ ယူဖြစ်သွားမှာပါ။ အနုပညာကို တအား ဝါသနာပါပါတယ်” လို့ ပြောပါတယ်။ ဟန်သီက လတ်တလော မှာ ကြော် ငြာဘေ ဘုတ်၊မဂ္ဂဇင်းကာဗာတွေ အတွက် ဓာတ်ပုံရိုက်ဖြစ်နေပြီး သရုပ်ဆောင်ဘက်ကိုတော့ ကျောင်းပြီးမှ လုပ်မှာဖြစ်ကြောင်း ဟန်သီက ပြောပါတယ်။ အနုပညာအလုပ်တွေကို အကောင်းဆုံးဖြစ် အောင် လုပ်ဆောင်သွားမယ်ဆိုတဲ့ ဟန်သီက ဖေ့စ်ဘုတ်ကိုလည်း အသုံးပြုဖြစ်ပြီး ဖေ့စ်ဘုတ်မှာ သူ့ရဲ့ ပရိသတ်တစ်ယောက်တိုးလာတိုင်း လည်း တအားပျော်ရွှင်ရကြောင်း ပြောပါတယ်။
ခိုင်ဝေလွင်
Popular Journal

မင်းကိုနိုင်နှင့်ကိုကိုကြီး အမေရိကန်ပြည်ထောင်စုမှ ပြန်လည်ရောက်ရှိ

၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့သည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံမှတဆင့် လေကြောင်းခရီးဖြင့် ယနေ့ဇွန်လ ၁၂ ရက် နံနက် ၈း၅၀ နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြပြီဖြစ်သည်။

မင်းကိုနိုင်နှင့်ကိုကိုကြီးတို့နှစ်ဦးအား ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှ လှိုင်သာယာစက်မှုဇုံမှ အလုပ်သမားများ၊လယ်သမားများ၊ ကျောင်းသားသမဂ္ဂဖြစ်မြေက်ရေးအဖွဲ့ဝင်၊ ကျောင်းသားကျောင်းသူများ၊ တ.က.သ အဖွဲ့ဝင် ကျောင်းသားကျောင်းသူများ၊ ဗ.က.သ အဖွဲ့ဝင် ကျောင်းသားကျောင်းသူများ၊ ဦးမြကြိုင်ကျောင်းမှ ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများနှင့် ၈၈မျိုးဆက်အဖွဲ့ဝင်များ အင်အား ၅၀၀ ခန့်က ပန်းစည်းများ၊ အလံငယ်များ ကိုင်ဆောင်ကာ ကြိုဆိုခဲ့ကြသည်။
Popular Myanmar News Journal




အမေရိကန်နှင့် ပညာရေးပူးပေါင်းမှုအစီအစဉ်အရ ရန်ကုန်တက္ကသိုလ်ဝင်ခွင့် ယခုနှစ် အမှတ်အများဆုံးဖြစ်နိုင်

ဘာသာရပ်တစ်ခုလျှင် ကျောင်းသား ၂ဝ ဦးခန့်သာ တက်ရောက်ခွင့်ပြုမည့် ယခုနှစ် ရန်ကုန်တက္ကသိုလ်ဝင်ခွင့်မှာ အမှတ်အများ ဆုံး ဖြစ်လာနိုင်ကြောင်းတက္ကသိုလ်အသိုင်းအဝိုင်းက ခန့်မှန်းကြသည်။

ရန်ကုန်တက္ကသိုလ်အား အဆင့်မြှင့်တင် ရန် ကော်မတီဖွဲ့စည်းလိုက်ခြင်းနှင့် အမေရိကန် ဂျွန်ဟော့ကင်းတက္ကသိုလ်က ပညာရပ်ဆိုင်ရာ လာရောက်ပူးပေါင်းခြင်းတို့အပြင် ဆယ်စုနှစ် ၂ စုစာဘွဲ့ကြိုသင်တန်း တက်ရောက်ခွင့် ပိတ်ပင် ထားမှုကို ယခုနှစ်တွင် ပထမဦးဆုံး ပြန်လည် ခွင့်ပြုပေးခြင်း စသည့်အချက်များကို စုပေါင်း၍ ၎င်းတို့က သုံးသပ်လိုက်ကြခြင်း ဖြစ်သည်။

ယခင်နှစ်က စက်မှုတက္ကသိုလ် တစ်ဖြစ်လဲ ရန်ကုန်နည်းပညာအဆင့်မြင့်တက္ကသိုလ်၏ ပထမဦးဆုံး ပထမနှစ်အတွက် ကျောင်းသား၊ ကျောင်းသူ ၂၅ဝ ခေါ်ယူခဲ့မှုတွင်လည်း အမြင့် ဆုံးအမှတ်ဖြစ်ခဲ့ကြောင်း တက္ကသိုလ်ဆရာ တစ်ဦးက ထောက်ပြသည်။ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက

''အမှတ်ပိုင်းဖြတ်တာကို တက္ကသိုလ်ဝင်ခွင့် စိစစ် ရွေးချယ်ရေးအဖွဲ့က
ဆောင်ရွက်ရပါတယ်။ ဒီ့ အတွက်အခုကို မပြောနိုင်သေးပါဘူး။ ရန်ကုန် တက္ကသိုလ်က ဘွဲ့ကြိုသင်တန်းခေါ်ယူမှာကတော့ ဟုတ်ပါတယ်။ အထူးချွန်ဆုံးတွေကို ရွေးခေါ်မှာ ဆိုတာလည်း ဟုတ်ပါတယ်''ဟု ပြောသည်။

ရန်ကုန်တက္ကသိုလ်နှင့် နီးစပ်သည့်အသိုင်း အဝိုင်း၏အဆိုအရ သင်ကြားပေးမှုကို ဂျွန်ဟော့ ကင်းတက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ရန်ကုန် တက္ကသိုလ်မှ ဆရာ၊ ဆရာမများက ဆောင်ရွက် ကြမည်ဖြစ်ပြီး B.Sc, B.A ဘွဲ့တို့မှာ နိုင်ငံခြားကျောင်းများနှင့် အလွယ်တကူ ချိတ်ဆက်တက်ရောက်နိုင်သည်အထိ အဆင့်မီမည်ဟု သိရသည်။ပညာရေးဝန်ကြီးဌာနက အသေးစိတ် အချက်အလက်ကို မကြာမီ ထုတ်ပြန်ပေးမည်ဟု ပေါ်ပြူလာနယူးစ်သို့ ပြောဆိုခဲ့သည်။

အဆင့်မြင့်ပညာဦးစီးဌာနက ရန်ကုန် တက္ကသိုလ်တွင်ဂျွန်ဟော့ကင်းတက္ကသိုလ်မှ
ဆရာများရောက်ရှိနေပြီး တက္ကသိုလ်မှ ဆရာ၊ ဆရာမအချို့ကို ပညာရပ်ဆိုင်ရာ သင်တန်းပေး နေသည်ဟု ထုတ်ဖော်ပြောသည်။

အခြားသော သက်မွေးပညာ တက္ကသိုလ်တို့က ယခုနှစ်အတွက် ကျောင်းသားခေါ်ယူမှု ကိစ္စအပေါ် ယခင်နှစ်က လျှော့ချထားခဲ့သည့် အတိုင်းသာခေါ်ယူမည်ဟု တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့မှ သိရသည်။အရည်အသွေးထိန်းချုပ်မှုဆိုင်ရာ အစီအမံ ဖြင့် ၂ဝ၁၂ ခုနှစ်က သက်မွေးပညာ တက္ကသိုလ် များ၏ ဝင်ခွင့်ခေါ်ယူမှုတွင် ယခင်နှစ်များကထက်
ထက်ဝက်ခန့်နှင့် သုံးပုံတစ်ပုံခန့် လျှော့ချခေါ်ယူ ခဲ့ရာ ထိုနည်းအတိုင်းယခုနှစ်တွင်လည်းဆောင် ရွက်မည်ဟု အဆင့်မြင့်ပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

''တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ထဲမှာတော့ အသေးစိတ် ထုတ်ပြန်သွားမှာပါ။ အခုကတော့ ဒီလောက်ပဲပြောနိုင်ပါတယ်''ဟု ၎င်းကဆိုသည်။

၂ဝ၁၂ ခုနှစ်မတိုင်မီက ဆေး တက္ကသိုလ် ၄ ခုမှ ၂၄ဝဝ ဦး ခေါ်ယူနေမှုကို ၁၂ဝဝ ဦးသာ လျှော့ချ ခေါ်ယူသည့်နည်းတူ ဆေးဝါး တက္ကသိုလ်တွင်လည်း လူလျှော့ခဲ့သည်။

ယခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ ၏ ကျောင်းသားခေါ်ယူမှုကို ကျန်းမာရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူးက မနှစ်ကအတိုင်းမပြောင်းပါဟု ပြောသည်။ထို့အတူ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနလက်အောက်ခံလေကြောင်းနှင့် အာကာသတက္ကသိုလ်၊ ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ် ကောလိပ်များကလည်းယခင်နှစ်ကထက်မများနိုင်သည့် အပြင်အနည်းငယ်လျှော့ချမှုပင် ရှိနိုင်သည်ဟု ၎င်းဝန်ကြီးဌာနမှ ဒုတိယရုံးအဖွဲ့မှူးက ပြောသည်။

စီးပွားရေး တက္ကသိုလ်၊ ပညာရေး တက္ကသိုလ်၊ နိုင်ငံခြားဘာ သာတက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ်၊ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်တို့တွင်လည်း ဝင်ခွင့်ခေါ်ယူ မှုက မနှစ်ကအတိုင်း
ပြောင်းလဲမှု သိပ်မရှိနိုင်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ယခုနှစ် အောင်ချက်ရာခိုင်နှုန်းမှာ မနှစ်ကထက် ရာခိုင်နှုန်းအနည်းငယ် လျော့ကာ ၃ဝ ရာခိုင်နှုန်းကျော်သာ အောင်မြင်ခဲ့သည်။စာမေးပွဲကို ကျောင်း သား ၄၈ဝဝဝဝ ကျော် ဝင်ရောက်ဖြေ ဆိုခဲ့သည်။ယခင်နှစ်က သက်မွေးဆိုင်ရာ တက္ကသိုလ်များထဲတွင် ရန်ကုန်နည်း ပညာတက္ကသိုလ်က ဝင်ခွင့်အမှတ် ၅ဝဝ ကျော်ဖြင့် ပထမအဆင့် ရပ်တည်ခဲ့ပြီး ၎င်းတို့နောက်မှ ဆေး၊ ရေကြောင်း၊ မန္တလေးနည်းပညာတက္ကသိုလ်တို့က ရှိနေခဲ့သည်။
မင်းသုအောင်
Popular Myanmar News Journal

နယ်အထိ လေယာဉ်စီးရန် လိုအပ်ပါက အဲပုဂံက အခမဲ့ပို့ဆောင်မည်

မလေးရောက် မြန်မာများရန်ကုန်ရောက်ရှိပြီးပြည်တွင်းလေယာဉ်စီးရန်လိုအပ်ပါက အဲပုဂံလေကြောင်းလိုင်းမှ အခမဲ့စီးနင်းခွင့်ပြုမည်ဟု ၎င်းလေယာဉ်လိုင်းမှ Marketing Manager ဒေါ်ယဉ်မျိုးက ပြောသည်။

မလေးရှိ မြန်မာများအတွင်း ကနဦး အလှူ ငွေ အဖြစ် ထူးဖောင်ဒေးရှင်းက ကန်ဒေါ်လာ ၁ သိန်းပေးအပ်လှူဒါန်းမည်ဟု ထုတ်ပြန်အပြီး နာရီပိုင်းအကြာ
တွင် အဲပုဂံမှ အကူအညီပေးမည့် အစီအစဉ်ကို ထိုသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

''မလေးကနေ ရန်ကုန်ပြန်ရောက်ပြီး နေရပ်ပြန်ဖို့ပြည်တွင်း ဘယ်ခရီးစဉ်မဆို လေကြောင်းနဲ့ အခမဲ့စီးဖို့အတွက်ပါပဲ'' ဟု ၎င်းကဆိုသည်။

ကချင်ပြည်နယ်အတွင်း လေယာဉ် မတော် တဆဖြစ်ပွားပြီးနောက်ပိုင်း လူမှုရေးလုပ်ငန်းများ ကို အားထည့်လုပ်ဆောင်လာသည့် ဦးတေဇက ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ Max ဦးဇော်ဇော်တို့၏ မလေးရှားရောက် မြန်မာများအ ပေါ်ကူညီမည်ဟု ကတိပြုအပြီး အလှူငွေ၊ ပြည် တွင်းလေယာဉ်ခအပြင် အလုပ်အကိုင်ခန့်ထား ရေးတွင်ပါ ထပ်မံကူညီမည်ဟု ဆက်လက်ထုတ် ပြန်ခဲ့သည်။

Air Bagan မှ Public Relation Department တာဝန်ရှိသူတစ်ဦးက ''Air Bagan လေကြောင်းလိုင်းနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းများရဲ့ လစ်လပ်နေရာတွေမှာ ခန့်ထားဖို့ပါပဲ။

ပြန်လာလို့ အလုပ်အတွက် လာလျှောက်ထားရင်လစ်လပ်နေရာအလိုက် ခန့်ထားပေးပါ့မယ်'' ဟု ပြောသည်။ MAI လေကြောင်းလိုင်းကလည်း မလေးရှားရန်ကုန်လေကြောင်းခရီးစဉ်အတွက် နေရပ်ပြန်လိုသောမြန်မာတို့ကို လေယာဉ်ခ ၅ဝ ရာခိုင် နှုန်းလျှော့ပေးမည်ဟု ကြေညာထားသည်။
ဝေယံ၊ မင်းသုအောင်
Popular Myanmar News Journal





ကံ


ပုဂံအွန်လိုင်းမီဒီယာ

မြန်မာ့မြေပေါ်မှ သမိုင်းဝင်စီးပွားရေးဖိုရမ်

“လွန်ခဲ့တဲ့ ၁၂ လတုန်းက ဘန်ကောက်မှာ ကြေညာခဲ့တုန်းက လူတွေကသံသယရှိခဲ့ပါတယ်။ မဖြစ်နိုင်ဘူးလို့လည်း ပြောခဲ့ကြပါတယ်။ အခုတော့ ကျွန်တော်တို့ အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့ပါပြီ” ဟု ကမ္ဘာ့စီးပွားရေးဖိုရမ်ကျင်းပရေး အကြီးတန်းညွှန်ကြားရေးမှူးက မစ္စတာ Sushant က ပြောကြားသည်။

ထို့အပြင် စီးပွားရေးဖိုရမ်သို့ တက်ရောက်ဆွေးနွေးခဲ့ကြသော ကမ္ဘာ့စီးပွားရေးဖိုရမ်ပူးတွဲဥက္ကဋ္ဌများအနေဖြင့် ယခုဆွေးနွေးပွဲမှ အခြားသူများကို မျှဝေလိုသော၊ ပြန်ပြောလိုသည်များ ပြောပေးရန် ကြေညာလိုက်သောအခါ “ဒေါ် အောင်ဆန်းစုကြည်တစ်ယောက် လွန်ခဲ့တဲ့သုံးနှစ်ကမှ နေအိမ်
အကျယ်ချုပ်က လွတ်မြောက်လာတယ်ဆိုတာကို သတိရဖို့ ကိုယ့်ကိုယ်ကိုယ် ဆွဲဆိတ်ကြည့်ရပါ့မယ်။ သူဒီမှာ ငြင်းခုံဆွေးနွေးနေတာကို မြင်ရတာ မယုံကြည်စရာပါဘဲ”ဟု ကမ္ဘာ့စီးပွားရေးဖိုရမ် ပူးတွဲဥက္ကဋ္ဌတစ်ဦးဖြစ်သော ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အုပ်ချုပ်ရေးမှူးမစ္စတာ ဟယ်လင်က ဆက်လက်ပြောသည်။

GE ကုမ္ပဏီ၏ အကြီးအကဲဖြစ်သူ မစ္စတာ John ကလည်း “စွမ်းအင်အကြောင်း ပြောခဲ့ပါတယ်။ ဒေသတွင်းနိုင်ငံအကြောင်း ပြောခဲ့ပါတယ်။ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကိစ္စ ပြောခဲ့ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ မြန်မာအစိုးရကို ချီးကျူးချင်ပါတယ်။ ပထ၀ီနိုင်ငံရေးအရ ရရှိနေတဲ့ အခွင့်အရေးတွေကို ရအောင်ယူပြီးတော့ နောင်မျိုးဆက်အတွက်ရော လက်ရှိလူတွေအတွက် လုပ်ဆောင်ဖို့ပါ” ဟု မှတ်ချက်ပေးသည်။

“နိုင်ငံတကာအသိုင်းအ၀ိုင်းအတွက် ကျွန်တော့်ရဲ့ သတင်းစကားကတော့ ထောက်ခံအားပေးမှုဆက်ပြီး လုပ်သွားပါဆိုတာပါပဲ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ စိတ်ကူးမျှော်မှန်းထားတဲ့အတိုင်း ဆက်ဖြစ်သွားဖို့ အရေးကြီးတယ်ဆိုတာ အသေအချာပါပဲ” ဟု ကမ္ဘာ့စီးပွားရေးဖိုရမ် နောက်ဆုံးနေ့တွင် ဗြိတိသျှဝန်ကြီးချုပ်ဟောင်း တိုနီဘလဲကပြောကြားသည်။

နေပြည်တော်တွင် ဇွန်လ ၅ ရက်မှ ၇ ရက်အထိ သုံးရက်တာ ကျင်းပခဲ့သော (၂၂) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ပုဂ္ဂိုလ် ၁,၀၀၀ ကျော် တက်ရောက်ခဲ့သည်။ ထိုတက်ရောက်ခဲ့သော ပမာဏသည် ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်သမိုင်းတစ်လျှောက် အများဆုံးဖြစ်သည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်ကို မြန်မာသမ္မတဦးသိန်းစိန်၊ ဗီယက်နမ်ဝန်ကြီးချုပ်နှင့် လာအိုဝန်ကြီးချုပ်တို့က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး သမ္မတ ဦးသိန်းစိန်က ပထမဦးဆုံးအကြိမ် အင်္ဂလိပ်ဘာသာဖြင့် မိန့်ခွန်းပြောကြားသည်။

သုံးရက်တာကာလအတွင်း ဆွေးနွေးပွဲပေါင်း ၃၀ ကျင်းပခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စွမ်းအင်၊ ဘဏ္ဍာရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် သတင်းနှင့်နည်းပညာ ကဏ္ဍတို့ ပါဝင်ခဲ့သည်။ သီးသန့် စကားပြောခြင်းကဏ္ဍအတွက် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဖိလစ်ပိုင်သမ္မတ အကွီနိုတို့တက်ရောက်ဆွေးနွေးခဲ့ကြပြီး အနာဂတ်မြန်မာနိုင်ငံ စကားစစ်ထိုးပွဲတွင် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် နိုင်ငံရေး အကျဉ်းသူဟောင်း မဇင်မာအောင် တို့ ပြောဆိုခဲ့ကာ ထိုစကားစစ်ထိုးပွဲတွင် ကမ္ဘာ့စီးပွားရေးဖိုရမ်တက်ရောက်သူ အများဆုံးဖြစ်ခဲ့သည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်ဖွင့်ပွဲ အခမ်းအနားတွင် သမ္မတဦးသိန်းစိန်က “မြန်မာ့သမိုင်းမှာ အရေးကြီးတဲ့အချိန် ကာလတစ်ခုမှာ လူကြီးမင်းတို့ မြန်မာနိုင်ငံဆီရောက်လာကြတာပါ။ ကျွန်တော်တို့ဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီကူးပြောင်းဖို့ အပြင်းအထန်လုပ်ဆောင်နေပါတယ်။ စီးပွားရေးကိုလည်း ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးကနေ လွတ်လပ်တဲ့ဈေးကွက်ပေါ်မှာ အခြေခံတဲ့ စီးပွားရေးစနစ်ကို ကူးပြောင်းဖို့ လုပ်နေပါတယ်။ ဒီလိုလုပ်နေတဲ့နေရာမှာ အောင်မြင်မှုရရှိဖို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက အရေးကြီးပါတယ်”ဟု ပြောကြားကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ခဲ့သည်။

မြန်မာနိုင်ငံတွင် တရားဥပ ဒေစိုးမိုးမှုအားနည်းနေခြင်းနှင့် အခြေခံအဆောက်အအုံမရှိခြင်းတို့ကြောင့်ရင်းနှီးမြှုပ်နှံသူ အများစုမှာ လာရောက် လေ့လာသည့် အဆင့်တွင်သာရှိနေသေးကြောင်းဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မြန်မာနိုင်ငံသားများ အလုပ်အကိုင်ရရှိရေး၊ စွမ်းအင်ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ကျွမ်းကျင်လုပ်သား မွေးထုတ်ရေးကိစ္စ၊ အသက်မွေးဝမ်းကျောင်း ပညာရေးနှင့် စွမ်းအင်ကဏ္ဍတို့တွင် အဓိက ဆွေးနွေးခဲ့သည်။

အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများကို ရန်ကုန်တစ်ဝိုက်မှာသာမက မဖွံ့ဖြိုးသည့် နေရာများနှင့် တိုင်းရင်းသားဒေသများ အထိပါ တိုးချဲ့ဖွင့်လှစ်ရန် တိုက်တွန်းခဲ့ပြီး ထိုသို့ဖွင့်လှစ်နိုင်မှသာ အားလုံးပါဝင်သော ဖွံ့ဖြိုးမှုဖြစ်ကြောင်း ပြောကြားသည်။

“လူသားအရင်းအနှီးဆိုတာ နှစ်သက်စရာ စေးကပ်တဲ့ အရင်းအနှီးပါပဲ။ အကယ်၍သာ ခင်ဗျားရဲ့ အဖွဲ့အစည်းမှာ လူသားအရင်းအနှီး ကောင်းကောင်း ဖွံ့ဖြိုးအောင် လုပ်နိုင်ရင် စိတ်တူကိုယ်တူ လူတွေကို ဆွဲဆောင်နိုင်ပါတယ်။ လူငယ်ဘွဲ့ရတွေမေးတာက ငါ့ကိုဖွံ့ဖြိုးတိုးတက် အောင် ဒီအဖွဲ့အစည်းက ဘာလုပ်ပေးမလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်” ဟု စင်ကာပူစီမံခန့်ခွဲရေးတက္ကသိုလ်ပါမောက္ခက Taking Myanmar To Work အစီအစဉ်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘဏ္ဍာရေးနှင့် ပတ်သက်၍ အင်္ဂလန်အခြေစိုက်စတမ်းတက်ချာတာဘဏ် အမှုဆောင်အရာရှိချုပ်က မြန်မာနိုင်ငံ၏ဘဏ္ဍာရေး စနစ်သည် အလွန်ရှေးကျသော အခြေခံအဆင့်မှာသာရှိပြီး တရားဝင်လုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော်ရာတွင် အရည်အချင်း မပြည့်ဝသူများကြောင့် မရေရာမှုများ ရှိနေကြောင်း မှတ်ချက်ပေးပြောကြားသည်။

သို့သော် နိုင်ငံခြားငွေလဲနှုန်း သတ်မှတ်ခြင်း၊ ဘဏ်လုပ်ငန်းအတွက် လုပ်ပိုင်ခွင့်များဖွင့်ပေးခြင်း၊ ဆက်သွယ်ရေးအတွက် ပြည်ပကုမ္ပဏီများ လိုင်စင်ချထားပေးခြင်းတို့၌ လွန်စွာမြန်ဆန်အောင် ဆောင်ရွက်နိုင်ကြောင်း အသိအမှတ်ပြုပြီး မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးကျင့် သုံးနေသော နိုင်ငံဖြစ်သွားပြီဟုလည်း မှတ်ချက်ပေးခဲ့သည်။

အိန္ဒိယနိုင်ငံအခြေစိုက် တာတာကားကုမ္ပဏီအနေဖြင့် မန္တလေးမြို့၌ အသက်မွေးဝမ်း ကျောင်းဆိုင်ရာနည်းပညာတစ်ခုကို စက်တင်ဘာလတွင် ဖွင့်လှစ်မည်ဟု ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ကြေညာခဲ့သည်။

နေပြည်တော်၌ ပြုလုပ်သော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် အမေရိကန်ထိပ်တန်းကုမ္ပဏီကြီးဖြစ်သည့် GE ကုမ္ပဏီက မြန်မာနိုင်ငံအတွက် ဖောင်ဒေးရှင်းတစ်ခုတည်ထောင်၍ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် ကူညီရန် ကြေညာပြီး မိုက်ခရိုဆော့ဖ်ကုမ္ပဏီကလည်း နည်းပညာအကူအညီပေးမည်ဟု ကြေညာသည်။

ကမ္ဘာ့လူငယ်ခေါင်းဆောင်များအဖွဲ့က မြန်မာနိုင်ငံရှိ ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေးဆောင်ရွက်ရန် ကြေညာပြီး မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံ လေးနိုင်ငံဗီဇာတစ်ခုတည်းဖြင့် လည်ပတ်ရန် သဘောတူညီခဲ့ကြသည်။

ယခုကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းများမှ ကျောင်းသား ၁၂၀ ကျော်အား အတွေ့အကြုံရရန် ကမ္ဘာ့ စီးပွားရေးဖိုရမ်ကျင်းပသူများနှင့် လက်တွဲလုပ်ကိုင်စေခဲ့သည်။

“ဒီနိုင်ငံရဲ့ တကယ့်အခြေအနေကို နားလည်သွားတာပေါ့။ ဒီနိုင်ငံက ဒီလိုပွဲကြီးကျင်းပနိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုတာ သိသွားတာပေါ့။ ၂၀၁၄ အတွက် စိတ်ပူတဲ့လူတွေအတွက်လည်း ဒီလိုစွမ်းရည်ရှိတာ သိသွားတာပေါ့။ နိုင်ငံတော်အတွက် အများကြီးအတွေ့အကြုံရတယ်”ဟု ကမ္ဘာ့စီးပွားရေးဖိုရမ် မြန်မာနိုင်ငံတွင် ကျင်းပရန် ဖိတ်ခေါ်ခဲ့သည့် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကပြောသည်။

“ဒီစီးပွားရေးဖိုရမ်ကနေရလိုက်တာကို ပြောရရင် အနာဂတ်မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ မြန်မာ့လူငယ်တွေရဲ့ အလုပ်အကိုင်အခွင့် လမ်းအတွက် သေချာပေါက်မဟုတ်ရင်တောင် လမ်းစတစ်ခုတော့ ပေါ်ပေါက်လာတယ်။ နောက်ပြီးဒီဖိုရမ်ကြီးကို နိုင်ငံတကာက လုပ်ငန်းရှင်
တွေ အများကြီးတက်ရောက်ကြတယ်။ နိုင်ငံ့ခေါင်းဆောင်တွေလည်း တက်ရောက်ကြတယ်။ သူတို့ရဲ့ ဆွေးနွေးမှုတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ် အခြေခံထားတာတွေ့ရတယ်။ ဒါတွေဟာအနာဂတ်တိုင်းပြည်အတွက်၊ လူငယ်ထုအတွက် အားရကျေနပ် စရာလည်းဖြစ်ပါ တယ်”ဟု မြန်မာနိုင်ငံလူငယ်များအစည်းအရုံး (Myanmar Youths Union-MYU) ဥက္ကဋ္ဌ ဦးဇွဲရန်နိုင်က မှတ်ချက်ပေးသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် တက်ရောက်လာသူအများစုက လူသားအရင်းအမြစ်ဖွံ့ဖြိုးရန်၊ ဆက်သွယ်ရေးလုပ်ငန်းများ ကောင်းမွန်ရန်နှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖြစ်လာရန် အကြံပြုခဲ့သည်။

မြန်မာ့စီးပွားရေးဖိုရမ်တွင် အမေးများသော မေးခွန်းမှာ မြန်မာနိုင်ငံသည် နောက်ကြောင်းပြန်လှည့်နိုင်သလားဟူ၍ဖြစ်ပြီး ထိုမေးခွန်း နှင့်ပတ်သက်၍ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲက “နောက်ကြောင်းပြန်လှည့်နိုင်သလားဆိုတာကတော့ ကြီးမားတဲ့ စကားလုံးတစ်ခုပါ။ သေချာတာကတော့ ပြည်တွင်းပြည်ပက အခုလုပ်ငန်းစဉ်ကို ထောက်ခံအားပေးမှုကြီးကြီးမားမား ရှိနေတယ်ဆိုတာပါ။ ဒါကြောင့်နောက်ကြောင်း ပြန်လှည့်ချင်တဲ့ ဘယ်သူမဆို နေရာတိုင်းမှာ အတိုက်အခံအများကြီးနဲ့ ရင်ဆိုင်ရမယ်လို့ ကျွန်တော် ထင်ပါတယ်”ဟု ဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ “ဒီလုပ်ငန်းစဉ်က နောက်ပြန်လှည့်နိုင်သလားဆိုတာဟာ နှစ်ဖက်စလုံးကလူတွေရဲ့ စိတ်သဘောထား၊ ခံယူချက်ကို ပြောင်းနိုင်သလားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ နိုင်ငံရဲ့ လူများစုက ဒီလုပ်ငန်းစဉ်ကို ရှေ့ဆက်သွားဖို့ ခိုင်မာတဲ့ သန္ဒိဋ္ဌာန်ပေါ်မှာလည်း မူတည်ပါတယ်။ ဒါဟာလွယ်ကူတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ လုပ်နိုင်လိမ့်မယ်ဆိုတာ ကျွန်မယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။
အောင်သူရ
7Day News Journal

ရခိုင်ပြည်နယ် ပဋိပက္ခတစ်နှစ်အလွန်

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
၂၀၁၂ ခုနှစ် မေလ ၂၈ ရက်တွင် ကျောက်နီမော်မှ စတင်ခဲ့သော ရခိုင်ပြည်နယ်ပဋိပက္ခသည် တစ်နှစ်ကျော်လွန်ခဲ့ပြီ ဖြစ်သည်။ ၂၀၁၂မေ ၂၈ ရက်က ဖြစ်ပွားခဲ့သော မသီတာထွေးကိစ္စမှစတင်၍ ဇွန်လ ၃ ရက်တွင် တောင်ကုတ်အကြမ်းဖက်မှု၊ ဇွန်၈ရက်တွင် မောင်တောအကြမ်းဖက်တိုက်ခိုက်မှုတို့ ကြောင့် ပြည်နယ်တစ်ဝန်း ပဋိပက္ခများ ကူးစက်ခဲ့၍ လူပေါင်း ၁၉၂ ဦး သေဆုံးခဲ့ပြီး ၂၆၅ ဦးဒဏ်ရာရရှိကာ အိမ်ခြေအဆောက်အအုံပေါင်း ၈၆၁၄လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

ရခိုင်ပြည်နယ် ပဋိပက္ခမပြေလည်သေးမီ မိတ္ထီလာ၊ ဥက္ကံ၊ လားရှိုးမြို့တစ်ဝန်း၌ ဘာသာရေးအသွင်ဆောင်သော အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူ ၅၀ နီးပါးသေဆုံး၍ တစ်ရာခန့်ဒဏ်ရာရရှိကာ အိမ်ခြေနှင့်ဘာသာရေး အဆောက်အအုံ နှစ်ထောင်နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။ ထို့နောက် ပဋိပက္ခများသည် နိုင်ငံနယ်နိမိတ်ကို ကျော်လွန်ဖြစ်ပွားခဲ့ပြီး မကြာသေးမီရက်ပိုင်းအတွင်း မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားများ အကြမ်းဖက်တိုက်ခိုက်ခြင်းများ ခံခဲ့ရကာ ဇွန်လ ၈ ရက်ထိ ခြောက်ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများလည်း အကြမ်းဖက်တိုက်ခိုက်ခြင်းများ ခံခဲ့ရပြီး မောင်တောနှင့် ကျောက်တော်မြို့နယ်များသို့ လူဦးရေတစ်ထောင်ကျော် ၀င်ရောက်တိမ်းရှောင်ခဲ့ရသည်။

၂၀၁၃ ခုနှစ် ဧပြီလအတွင်းက နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့သော ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာတွင် ၁၉၄၂ ခုနှစ် ၀န်းကျင်ကပင် စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် ဘင်္ဂါလီလူမျိုးတို့က ၎င်းတို့ဒေသကို သိမ်းပိုက်ရန် စနစ်တကျ ကြိုးပမ်းမှုကြောင့်ဟု ရခိုင်လူမျိုးများက ယူဆပြီး ခေတ်အဆက်ဆက်အစိုးရက တိုင်းရင်းသားများကို အကာအကွယ် မပေးနိုင်ခြင်း၊ အကျင့်ပျက်ဝန်ထမ်းများက လာဘ်ငွေယူ၍ တရားမ၀င် ၀င်ရောက်လာသူများကို ကာကွယ်ပေးခြင်းတို့ကြောင့် ပိုမိုဆိုးဝါးလာခြင်းဟု ဖြေဆိုကြကြောင်း ဖော်ပြထားသည်။

ဘင်္ဂါလီလူမျိုး ၅၅ ရာခိုင်နှုန်းကမူ ပဋိပက္ခဖြစ်ပွားမှု၏ အဓိကအကြောင်းအရင်းတစ်ခုမှာ အစိုးရက နိုင်ငံသားရသည့်သူများကို နိုင်ငံသားတစ်ယောက် အခွင့်အရေးမပေးဘဲ မတရားထိန်းချုပ်ထားမှုများကြောင့်ဟု ဖြေဆိုကြကြောင်း ကော်မရှင်အစီရင်ခံစာတွင် ဖော်ပြထားသည်။

သမိုင်းတစ်လျှောက်တွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုများသည် တရားဥပဒေ တည်ငြိမ်စိုးမိုးမှု အားနည်းနေချိန်များတွင် ဖြစ်ပွားခဲ့ခြင်းဟု စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ရခိုင်အရေးလေ့လာသူများက သုံးသပ်ကြသည်။

နိုင်ငံ၏ အသွင်ကူးပြောင်းရေးကို ထိခိုက်စေပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သောရခိုင်ပြည်နယ် ပဋိပက္ခကို ပြေလည်နိုင်စေရန် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို စနစ်တကျအကောင်အထည်ဖော်မှသာ ပြဿနာအများစု ပြေလည်သွားမည်ဟု စုံစမ်းစစ်ဆေး ရေးကော်မရှင်နှင့် ရခိုင်အင်အားစုများက သုံးသပ်ပြောဆိုကြသည်။

“တည်ဆဲ ၁၉၈၂ ဥပဒေနဲ့ နိုင်ငံသားဖြစ်ခွင့်ရှိသူ၊ နိုင်ငံသားမဟုတ်သူကို ခွဲခြားနိုင်ဖို့လိုတယ်။ ဒီဥပဒေနဲ့ အမြန်ဆုံးဆောင်ရွက်တာ အသင့်တော်ဆုံးပေါ့”ဟု ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောသည်။

“နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့်အရေးကို အခြေခံပြီး တရားဥပဒေစိုးမိုးမှုရှိအောင်လုပ်ရမယ်။ နိုင်ငံသားဖြစ်နေသူတွေကိုလည်း အခွင့်အရေးကို လွတ်လွတ်လပ်လပ်ပေးဖို့လိုတယ်။ ဒါမှတစ်နိုင်ငံလုံး တည်ငြိမ်တဲ့ လူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်မယ်” ဟု အစ္စလာမ်ဘာသာဝင်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌဦးသာအေးက ပြောသည်။

ဒေသတည်ငြိမ်ရေးအတွက် ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ အတိဒုက္ခရောက်ခဲ့ရသော ဒုက္ခသည်ပေါင်း တစ်သိန်းကျော်ကို ပြန်လည်ထူထောင်ရေးများ ပြုလုပ်ရန်မှာလည်း အရေးကြီးသည်ဟု ရခိုင်အရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

“အလုပ်လည်း မလုပ်ရ။ ရှိတာလေးနဲ့ ခွဲဝေပြီးစားရတယ်။ အေးအေးချမ်းချမ်း အိမ်ပြန်ပြီးနေချင်လှပြီ” ဟု နေအိမ်မီးရှို့ခံရမှုကြောင့် စစ်တွေမြို့၊ မင်းဂံ ကယ်ဆယ်ရေးစခန်းတွင် ယမန်နှစ်ကပင် ခိုလှုံနေသူ ဒေါ်မဘုချေက ပြောသည်။

ဒေသ၊ နိုင်ငံနယ်နိမိတ်ကိုကျော်လွန်၍ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားစေခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာများကို ဖြေရှင်းဖို့ တစ်ဖက်နှင့် တစ်ဖက် အပြစ်တင်ခြင်းများကို ရပ်တန့်ပြီး လက်တွေ့ကျတဲ့ နည်းလမ်းများနဲ့ ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာဖို့ကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်ဖို့ အချိန်ကျပြီဖြစ်ပါတယ်” ဟု မေလအတွင်းက ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာနှင့်ပတ်သက်၍ မိန့်ခွန်းတွင်ပြောကြားခဲ့သည်။
အောင်ခိုင်
7Day News Journal

ရဟန်း၊ ပြည်သူများ အမေး ဒေါ်အောင်ဆန်းစုကြည်အဖြေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၉ ရက်က ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဘုရားဝင်းအတွင်း လူထုနှင့်တွေ့ဆုံစဉ် ရဟန်း၊ ပြည်သူများမေးသောမေးခွန်းများအပေါ် ပြန်လည်ဖြေကြားချက်များကို ဖော်ပြလိုက်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဆယ်စုနှစ်တစ်စုကျော်မရောက်ဖြစ်သည့် ပြင်ဦးလွင်မြို့သို့ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက လာရောက်မည်ဟု ကတိပြုထားသောကြောင့် ဇွန် ၉ ရက်တွင် ပြင်ဦးလွင်သို့ ရောက်ရှိလာပြီး မဟာအံ့ထူးကံသာ ဘုရားဝင်းအတွင်း လူထုနှင့် တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံရာတွင် လူငယ်များ အလုပ်လက်မဲ့ဖြစ်နေသည့် ကိစ္စရပ်များ၊ ရေရှားပါးမှု၊ လျှပ်စစ်မီးမရရှိမှု၊ ညံ့ဖျင်းနေသော ပညာရေးစနစ်၊ တရားဥပဒေစိုးမိုးရေး အရေးပါမှု၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ နိုင်ငံသူနိုင်ငံသားများ ညီညွတ်ရေး အစရှိသည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်။ယင်းဆွေးနွေးချက်များအပြင် လူထုကို မေးခွန်း ၅ ခု မေးခွင့်ပြုခဲ့သည်။

အမျိုးသားတစ်ဦး- အမေစုခင်ဗျာ။ ကျွန်တော်တို့ နိုင်ငံအတွက်တရားဥပဒေစိုးမိုးမှုရှိအောင် မည်ကဲ့သို့ ဆောင်ရွက်ပေးပါမလဲခင်ဗျာ။ လက်ရှိ ကျွန်တော်တို့မှာ အိုးအိမ်တွေ ဖျက်ဆီးခံထားရတာ အတိဒုက္ခဖြစ်နေပါတယ်။ ကူညီပေးပါ အမေစုခင်ဗျား။
ဒီကိစ္စကိုလည်း ကျွန်မဆီ စာတက်လာပါတယ်။ အဲဒီဟာကို သက်ဆိုင်ရာဌာနနဲ့ ကျွန်မဆက်သွယ်ပြီး ကျွန်မမေးမြန်ပါ့မယ်။ ကျွန်မတို့ လွှတ်တော်မှာဆိုလို့ရှိရင် ဥပဒေပြဋ္ဌာန်းခြင်းအားဖြင့် မတော်မတရားကိစ္စတွေ မဖြစ်အောင်လို့ လုပ်ပေးနိုင်တဲ့ နည်းလမ်းရှိတယ်။ နောက်ပြီးတော့ မတရားတဲ့ကိစ္စတွေဖြစ်နေတယ်ဆိုလို့ရှိရင်လည်း ကျွန်မတို့ တရားဥပဒေစိုးမိုးရေးကော်မတီအနေနဲ့က သက်ဆိုင်ရာဌာနတွေကို ဘာကြောင့် ဒီလိုဖြစ်နေလဲ၊ ဒါတွေကို ဘယ်လိုပြုပြင်ပေးနိုင်မလဲဆိုတာတွေကို ကျွန်မတို့က မေးမြန်းပြီးတော့ စုံစမ်းလို့ရပါတယ်၊ အဲဒီဟာကတော့ ကျွန်မလုပ်ပေးပါမယ်။

ဆရာတော်တစ်ပါး-ဒကာမကြီး ဒေါ်စု၊ ဦးပဉင်းတို့ကလည်း ဒကာမကြီးကို မိခင်တစ်ယောက်လိုပဲ တိုင်းသူပြည်သားတွေကလည်း မိခင်တစ်ယောက်လို အားကိုးခဲ့တယ်နော်။ ခုလည်းပဲ အနှစ်နှစ်ဆယ်ကျော်ကြာ အမေစုကို မျှော်ခဲ့ရတာ ဒီနေ့ချိန်ထိရောက်ပြီ။ ဒါပေမဲ့ အခုဒီနေ့ ဒီအချိန်မှာ ဦးပဉ္ဇင်းတို့ တိုင်းပြည်အတွင်းမှာ ဦးပဉ္ဇင်းတို့ ဘာသာတရားကို ချုပ်ချယ်ပြီးတော့ အမျိုးမျိုးခုတုံးလုပ်
ပြီးတော့ နှိပ်စက်ခံနေရတာ၊ လူမျိုးခြားတွေက နှိပ်စက်နေတာ အမေစုအနေနဲ့ အဲဒါအတတ်နိုင်ဆုံးဘယ်လိုများ အကောင်းဆုံး လုပ်ပေးနိုင်ပါမလဲ။

တပည့်တော် ဒီကိစ္စကို မကြာခင်တုန်းက ကမ္ဘာ့စီးပွားရေးဖိုရမ်တက်ခဲ့တယ်လေ။ ငါးရက် ခြောက်ရက်၊ ခုနစ်ရက်မှာ၊ အဲဒါဆိုရင် တစ်ကမ္ဘာလုံးက လူမျိုးစုံ ဘာသာစုံတွေ ရောက်ကြပါတယ်။ ရောက်ကြတဲ့အခါကျတော့ လူမျိုးစုံဘာသာစုံနဲ့ တူတူအလုပ်လုပ်ကြတယ်။ တူတူနှီးနှောဖလှယ်ကြတယ်။ အဲဒီကလူငယ်တွေကို တပည့်တော်မ မေးကြည့်ပါတယ်။ အခုဆိုလို့ရှိရင် ဘာသာရေးနဲ့ ပတ်သက်လို့ လူမျိုးရေးနဲ့ ပတ်သက်လို့ ပဋိပက္ခတွေဖြစ်နေတာတွေက ဘာဖြစ်လို့ဖြစ်နေတယ်လို့ထင်သလဲ။ ဒါတွေကို ဘယ်လိုပြေလည် အောင်လုပ်ရမလဲ။ လုပ်လို့ရမလဲလို့ထင်သလဲလို့ တပည့်တော်မတို့ ဆွေးနွေးတဲ့အခါကျတော့ အခြေခံအားဖြင့် လိုအပ်ချက်ကတော့ အပြန်အလှန်နားလည်မှု ရှိရမယ်။ အပြန်အလှန်လေးစားမှုရှိရမယ်။ တစ်ဖက်ကနေ တစ်ဖက်ကို အထင်သေးတယ်။ တစ်ဖက်ကနေ တစ်ဖက်ကို နိုင်ထက်ကလူပြုတယ်ဆိုတာ မရှိရဘူး။ နောက်ပြီးတော့ ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို့ စိတ်ထဲမှာထားလို့ မဖြစ်ဘူး။ အဲဒီတော့ တပည့်တော်မတို့ ပဋိပက္ခဖြစ်တယ်ဆိုတာ နှစ်ဖက်ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက ကြိုးစားရမှာပါ။ ဒီတော့ တပည့်တော်မတို့ရဲ့ နိုင်ငံအတွင်းက နိုင်ငံသူ နိုင်ငံသားများဟာ ကိုယ့်နိုင်ငံကို ဦးထိပ်ထားပြီးတော့ ဒီနိုင်ငံအတွင်းမှာ အေးချမ်းဖို့အတွက်ကို အဲဒါကို အဓိကထားပြီးတော့ လုပ်ဖို့ကအရေးကြီးပါတယ်။

တပည့်တော်မကလည်းပြောပါတယ်။ ဒီနိုင်ငံမှာ၊ အခုခေတ်မှာဆိုလို့ရှိရင် တစ်နိုင်ငံအတွင်းမှာ ဖြစ်တဲ့ကိစ္စတွေက သူ့ချည်းပဲအထီးကျန်ထားလို့မရဘူး။ တစ်ကမ္ဘာလုံးအဖြစ်အပျက်တွေနဲ့ ဆက်နွှယ်နေတယ်။ အဲဒီ ဆက်နွှယ်နေတာကြောင့် အမြင်ကျယ်ကျယ်နဲ့ ကြည်ရမယ်။ အပြင်ကနေ အထဲကို ကြည့်တဲ့အခါမှာလည်း နားလည်မှုနဲ့ကြည့်ရမယ်။ အထဲကနေအပြင်ကိုကြည့်တဲ့အခါမှာလည်း နားလည်မှုနဲ့ ကြည့်ရမယ်။ တပည့်တော်မတို့ရဲ့ ပြည်သူပြည်သားတွေဟာ သဘောထားလည်းကြီးရမယ်။ အမှန်တရားကိုလည်း မြတ်နိုးရမယ်။ နောက်ပြီးတော့ တပည့်တော်မတို့ ဗုဒ္ဓဘာသာများဖြစ်တဲ့အတိုင်း မေတ္တာကရုဏာကိုလည်း တတ်နိုင်သလောက်ပွားရမယ်။ ဒါပေမဲ့ အဓိက အရေးကြီးဆုံးကတော့ ခုနက တပည့်တော်မပြောတဲ့ တရားဥပဒေစိုးမိုးရေးပဲ။ အဲဒီဟာနဲ့စတာပဲ။ တပည့်တော်မက ဘယ်နေရာမှာဘာဆိုပြီး အသေးစိတ် ပြောမသွားချင်ဘူး။

ဒါပေမဲ့ ဖြစ်တဲ့ကိစ္စမှန်သမျှဟာ စောစောစီးစီးကတည်းက တရားဥပဒေစိုးမိုးရေးနဲ့ ကြပ်ကြပ်မတ်မတ်ထိန်းလိုက်လို့ရှိရင် အဲဒီလောက် အန္တရာယ်တွေက ပွားသွားမှာမဟုတ်ဘူး။ အဲဒီလို တရားဥပဒေနဲ့ ကြပ်ကြပ်မတ်မတ် မထိန်းလိုက်လို့ ဒီလိုဖြစ်ခဲ့တာလို့ တပည့်တော်မ ဒီလိုပဲပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားဥပဒေစိုးမိုးရေးရဲ့ အရေးကြီးရလဒ်တစ်ခုကတော့ လူတွေရဲ့ စိတ်လုံခြုံမှုပဲ။ စိတ်လုံခြုံမှုရှိပြီဆိုရင် ငါတို့ရဲ့ အိမ်တွေကို ဘယ်သူကမှ မီးနဲ့မရှို့ဘူး။ ငါတို့ကို ဘယ်သူကမှ အန္တရာယ်မပြုဘူး။ စိတ်လုံခြုံမှုရှိပြီဆိုလို့ရှိရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုယူလို့ရတယ်။ စိတ်လုံခြုံမှုမရှိတဲ့သူကို တစ်ယောက်နဲ့တစ်ယောက် နားလည်မှုယူပါလို့ဆိုတာ ပြောလို့မရဘူး။ အဲဒါတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် တပည့်တော်မတို့ ဥပဒေစိုးမိုးရေးကို အလေးထားတဲ့အလျောက် တရားဥပဒေစိုးမိုးရေးကနေစရမယ်လို့ တပည့်တော်မ လျှောက်ချင်ပါတယ်။

ဦးပဉ္ဇင်းတို့ မြန်မာပြည်သူတွေနဲ့တကွ ဘုရားသားတော်တွေကအစပေါ့လေ။ ဒကာမကြီးပြောသလို မေတ္တာတရားကို အခြေခံပြီးတော့ ဦးပဉ္ဇင်းတို့က အတိုင်းအတာတစ်ခုထိတော့ သည်းခံခဲ့တာပေါ့လေ။ ဒါပေမဲ့ ခုဖြစ်နေတဲ့ အခြေအနေက ဘာလဲဆိုတော့ လူ့အခွင့်အရေးဆိုတဲ့ အခွင့်အရေးတစ်ခုကို ရဟန်းသံဃာတော်တွေကလည်း အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတယ်။ ပြည်သူပြည်သားတွေလည်း ဒီဘာသာတရားနဲ့ ပတ်သက်ပြီး အိုးအိမ်တွေကို စွန့်ခွာပြီးတော့ ကိုယ်လုပ်ချင်တဲ့ ဒါန၊ သီလ၊ ဘာဝနာတောင် မလုပ်နိုင်တဲ့အတွက် အဲ့လို အခြေအနေဖြစ်နေတာကို အမေစုအနေနဲ့ အတတ်နိုင်ဆုံးပေါ့လေ။ အဲဒါလေးကို တင်ပြချင်တာပါ။

တင်ပါ့ဘုရား။ အဲဒါလည်းတရားဥပဒေစိုးမိုးရေးပေါ့။ ဒီဟာကို ရပ်ရွာအေးချမ်းရေးကို ကာကွယ်စောင့်ရှောက်ရမှာ ဘယ်သူ့တာဝန်လဲ။ ဒါအုပ်ချုပ်ရေးပိုင်းဆိုင်ရာရဲ့ တာဝန်ပဲ။ တရားဥပဒေ စိုးမိုးရေးနဲ့ စောင့်ရှောက်သွားရမှာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

ကျောင်းသားတစ်ဦး- ကျွန်တော်သိချင်တာ ပညာရေး၊ လူတိုင်းပညာတတ်ချင်တယ်။ ပညာကို သိအောင်လုပ်ရမယ်။ ဥပဒေကို နားလည်ရမယ်။ အဲဒါကို အမေစုကြည့်ပြီး စီစဉ်ပေးပါ။ ခုဟာက ဘာသာရေးမှာ ပညာရေးရှိတယ်ပေါ့နော်။ အမေစု ကျွန်တော် အမေစုကို ပုံမှန်မေးတာပေါ့နော်။ အခုဟာက ဥပဒေဘယ်သူမှ မတတ်ဘူး။ အဲဒီဥပဒေဘယ်သူမှ မတတ်လို့ လူတွေခံနေရတာ။
အဲဒါက ဥပဒေရေးဆွဲတဲ့သူတွေတောင်မှ အချို့က မတတ်တတတ်ပါပဲ။ ကျွန်မကိုယ်ကျွန်မ ပြောတာပါ။ ဘာလို့လဲဆိုတော့ ကျွန်မကလွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ဆိုတော့ ဥပဒေပြုဆိုင်ရာပေါ့နော်။ ကျွန်မလဲ ခုမှ သင်ယူနေရတာပါ။ ဘာလို့လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာဆိုလို့ရှိရင် ဒီလိုတရားဥပဒေ စိုးမိုးရေးဆိုတာလည်း မရှိခဲ့တာကြာပြီ။ နောက်ပြီးတော့ လွှတ်တော်ဆိုတာလည်း မရှိခဲ့တာကြာပြီ။ ဆက်ပြီးမေးချင်လို့လား မေးလိုက်ပါ။

အမေစု ကျွန်တော်တို့ ကျောင်းတွေပေါ့နော်။ ဥပဒေပညာ တအားဖွင့်ပေးစေချင်တယ်။
သား၊ ကျောင်းတွေအကြောင်းမပြောနဲ့။ တက္ကသိုလ်က ဥပဒေတောင်မှ အဆင့်မမီသေးလို့ ကြိုးပမ်းနေရတယ်။ ကြိုးစားပါ့မယ်။ မူလတန်းအဆင့်ကနေပြီးတော့ ကြိုးစားရမယ်။ ကျွန်မတို့ဟာ အဓိကအားဖြင့် ကျွန်မတို့ ကလေးတွေဟာ မူလတန်းအဆင့် ရောက်အောင်တင်မကဘူး။ မူလတန်းအဆင့်မှာ သင်ရတာ လုံလောက်ရမယ်။ အဲဒီကနေစရမှာ။ အခုကျွန်မတို့ တက္ကသိုလ်မှာ ဥပဒေပညာအဆင့်မြှင့်ရေးအတွက် အင်မတန်မှ ကြိုးစားနေပါတယ်လို့ ပြောပါရစေ။

ကျောင်းသားတစ်ဦး- ကျွန်တော်တို့ကတော့ နိုင်ငံတကာ ဆက်ဆံရေးပညာလေ့လာနေတဲ့ ကျောင်းသားတွေပါ ခင်ဗျ။ ကျွန်တော်တို့ အဓိက သိချင်တာက ကျွန်တော်တို့က အမေစုကို သမ္မတဖြစ်စေချင်ပါတယ်။ ကျွန်တော်တို့စဉ်းစားရမယ့်ကိစ္စတွေက အခြေခံဥပဒေ ကိစ္စတွေပေါ့လေ။ အဲဒါတွေနဲ့ ပတ်သက်လို့ အမေစုသိမြင်နိုင်တဲ့ သုံးသပ်နိုင်တဲ့ အနေအထားတွေနဲ့ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင် မယ်ဆိုတာလေးတွေ ပြောပြစေချင်ပါတယ်။

ကျွန်မတို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ တကယ်တော့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့ဥပေဒဖြစ်တယ်။ ဒါကျွန်မရှင်း ရှင်းလင်းလင်းပြောတာ။ အချို့က ပြောတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူတွေက လက်ခံပြီးတော့ အတည်ပြုခဲ့တာပါလို့။ အဲဒါကို ကျွန်မ သိပ်မယုံချင်ဘူး။ အဲဒီအချိန်တုန်းက တစ်ခုတော့ ပြောနိုင်တယ်။ ကျွန်မက လုံးဝမ ထောက်ခံခဲ့ဘူး။ ကျွန်မက အကျယ်ချုပ်ဘ၀အနေနဲ့ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ ကန့်ကွက်မဲထည့်ခဲ့တယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေက ထောက်ခံတဲ့ ၉၂ ရာခိုင်နှုန်းဆိုတာ ကျွန်မကတော့ စဉ်းစားစရာလို့ စိတ်ထဲမှာ ဒီလိုပဲရှိပါတယ်။ အဲဒီတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်မတို့ ပြုပြင်ဖို့ ကြိုးစားရမယ်။ ဒီလို ပြုပြင်ဖို့ ကြိုးစားတာနဲ့ ပတ်သက်လို့ ကျွန်မတစ်ခုပြောချင်တယ်။ ကျွန်မတို့ မကြာခင်ကာလတွေ အတွင်းမှာ နေပြည်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပိုပြီးတော့ တရားရေးနဲ့ ပတ်သက်ပြီးတော့ နားလည်ဖို့ ဥပဒေနဲ့ ပတ်သက်ပြီး နားလည်နိုင်ဖို့ ကျွန်မတို့ သင်တန်းတွေ စီစဉ်တယ်။ သင်တန်းတွေ စီစဉ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့လည်း သင်တန်းတစ်ခုပြုလုပ်ခဲ့တယ်။ အဲဒီသင်တန်းမှာ လာပြီးတော့ စကားပြောတဲ့ အမေရိကန်ပြည်ထောင်စုက နာမည်ကြီးတက္ကသိုလ်က ဘယ်လိုပြောသွားလဲဆိုတော့ သူတစ်ကမ္ဘာလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို လေ့လာခဲ့ပြီးပြီတဲ့။ ဒီနိုင်ငံက ဥပဒေလောက် ပြင်ရခက်တဲ့ ဥပဒေတစ်ခါမှ မတွေ့ဖူးဘူးတဲ့။ အဲဒီဟာကို က ပြောင်းလဲဖို့လိုပြီလို့ ပြောသွားပါတယ်။

ကျွန်မတို့လဲ ဒီအတိုင်းပဲ ကြိုးစားသွားမယ်။ ကျွန်မက ဘာမဆို အေးအေးချမ်းချမ်းနဲ့ စည်းကမ်းဘောင်အတွင်းက ဖြစ်စေချင်တယ်။ အဲဒီလိုဖြစ်စေချင် တယ်ဆိုတာက ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ကိုကြည့်ပြီး ဖြစ်စေချင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အေးအေးချမ်းချမ်း တည်တည်ငြိမ်
ငြိမ်နဲ့ ဥပဒေဘောင်အတွင်းကလုပ်တဲ့ အလေ့အကျင့်ဖြစ်သွားပြီဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် ကျွန်မတို့ အများကြီး စိတ်ချရပြီ။

ကျွန်မက မောရစ်သျှနိုင်ငံက လာတာပါ။ ကျွန်မ ဒီနိုင်ငံကို ရောက်တာ နှစ်ရက်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒီနှစ်ရက်အတွင်းမှာတောင်မှ မြန်မာနိုင်ငံရဲ့ အလားအလာတွေ ကောင်းတယ်ဆိုတာ မြင်ရပါတယ်။ ကျွန်မရဲ့အတွေးအခေါ်အရ ဒီနိုင်ငံဟာ ထွန်းသစ်စ နေမင်းကြီးလို တစ်နေ့ထက်တစ်နေ့ တိုးတက်လာမယ်လို့ ကျွန်မ ယုံကြည်ပါတယ်တဲ့။ အဲဒါကြောင့် နိုင်ငံခြားမှာရောက်နေတဲ့ အရည်အချင်းပြည့်စုံတဲ့ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားများ ပြန်လာပြီးတော့ မိမိတို့နိုင်ငံကို ကူညီဖို့ အားပေးပါ၊ တိုက်တွန်းပါလို့ အကြံပြုပါတယ်။

(သူမ၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ဘာသာပြန်ဆိုပြောပေးကာအဖြေပေးသည်။)
ကျွန်မတို့နိုင်ငံနဲ့ ဘာမှမပတ်သက်တဲ့ နှစ်ရက်သာ အလည်လာနေတဲ့ နိုင်ငံခြားသူတစ်ယောက်ကနေပြီးတော့ ကျွန်မတို့ နိုင်ငံတိုးတက်ဖို့အတွက် နိုင်ငံခြားရောက် နိုင်ငံသူ၊ နိုင်ငံသားများ ဖိတ်ခေါ်သင့်တယ်ဆိုလို့ရှိရင် ကျွန်မတို့ အဝေးရောက် နိုင်ငံသူ၊ နိုင်ငံသားများကလဲ ကိုယ့်နိုင်ငံ တိုးတက်ဖို့အတွက် ကောင်းမွန်ဖို့ ၀င်ရောက်ပြီးတော့ ကူညီလို့ရတဲ့ ကဏ္ဍကနေပြီး ကူညီကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။
ညီညီဇော်
7Day News Journal

မလေးရှားရောက် မြန်မာလုပ်သားများ ပြန်လာရန်အခက်ကြုံ

ဓာတ်ပုံ- ကျော်ဇင်သန်း
ရန်ကုန်၊ ဇွန်-၁၀
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများအား အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ဆက်တိုက်ကြုံတွေ့ရပြီး မလေးရှားရဲတပ်ဖွဲ့ကလည်း မြန်မာအလုပ်သမားများကို လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေသောကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသားအများစုမှာ ပြန်လာလိုကြသော်လည်း အခက်အခဲများရှိနေကြောင်း သတင်းရရှိသည်။

မြန်မာလုပ်သားအများစု၏ နိုင်ငံကူး လက်မှတ်နှင့် စာရွက်စာတမ်းများကို ၎င်းတို့၏ သူဌေးများက ကိုင်ဆောင်ထားသောကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန်အတွက် အခက်အခဲများရှိနေကြောင်း ခုနစ်ရက်သားသမီးများ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောသည်။

“ဟိုမှာဆက်နေရင် နောက်ကြောမလုံသလို ခံစားရတယ်။ အဲဒါကြောင့် အပြီးပြန်လာတယ်။ ဟိုမှာရှိနေတဲ့ မြန်မာတွေ ခြောက်ဆယ်ရာခိုင်နှုန်းလောက်က ပြန်လာချင်နေကြတယ်။ ပြန်ဖို့ရာကလည်း ပတ်စ်ပို့က ကိုယ့်လက်ထဲရှိမှ ပြန်လို့ရတာ သူဌေးတွေက သူတို့ကိုင်ထားတာ များတယ်” ဟု မုံရွာမြို့မှ မလေးရှားနိုင်ငံ ဆာလာရမ်းမြို့တွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး ဇွန် ၉ ရက်တွင် ပြန်လာသူ ကိုမျိုးမင်းထွန်းက ပြောသည်။

လုပ်သားအများစုမှာ ပြန်လာလိုပါက ၎င်းနေရာအတွက် အလုပ်သမားတစ်ဦး အစားထိုးရန်ရှိပါမှ သူဌေးများက ပြန်လွှတ်ပေးကြောင်း ကိုမျိုးမင်းထွန်းက ဆက်ပြောသည်။

မေ ၃၀ ရက်မှ ဇွန် ၈ ရက်အထိ ဆလန်းဂါးပြည်နယ် အချို့နေရာနှင့် ကွာလာလမ်ပူမြို့တို့တွင် မြန်မာနိုင်ငံသားများနှင့် မလေးရှားဒေသခံများသည် အနည်းဆုံးဆယ်ကြိမ် တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံသား ခြောက်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ အကြမ်းဖက်မှုများ ဖြစ်ပွားပြီး ဇွန် ၅ ရက်တွင် ကွာလာလမ်ပူမြို့နှင့် အခြားမြို့တို့တွင် မလေးရှားရဲတပ်ဖွဲ့က မြန်မာနိုင်ငံ သားတစ်ထောင်ကျော် ၀န်းကျင်ကို ဖမ်းဆီးခဲ့ကြသေးသည်။ ဖမ်းဆီးမှုများကို ဇွန် ၈ ရက်နှင့် ၉ ရက်ဖြစ်သော စနေ၊ တနင်္ဂနွေနေ့ များတွင် ဖမ်းဆီးမှုများ မပြုလုပ်ဘဲ ဇွန် ၁၀ ရက်တွင်မူ ကွာလာလမ်ပူမြို့အရှေ့ဘက် ဂျိုဟိုး၊ ပီနန်၊ ဘတ်တာဝပ်၊ ဘလက်ကောင်း
စသည့်မြို့နယ်တို့တွင် ပြန်လည်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း မလေးရှားရောက် မြန်မာများက ဆိုသည်။

ပြဿနာ စတင်ဖြစ်ပွားသော ရက်အနည်းငယ်က ဆာလာရမ်း၊ ခပ်ပွန်းနှင့် ကွာလာလမ်ပူမြို့တို့တွင်သာ အကြမ်းဖက်မှုများ ရှိခဲ့သော်လည်း ဇွန် ၉ ရက် ညတွင် မလေးရှားနိုင်ငံသားအချို့သည် ဂျလန်းမြို့နယ်နှင့် ဂျိုဟိုးမြို့နယ်တို့တွင် ကားဖြင့်လှည့်လည်ပြီး အကြမ်းဖက်မှုများ လိုက်လံပြုလုပ်နေကြောင်း သတင်းရရှိသည်။

“ကားပေါ်မှာ လူ ၂၀ လောက်ပါတယ်။ တုတ်၊ ဓားတွေကိုင်ထားကြတာ။ ဒီမှာရှိနေတဲ့ မြန်မာတွေ မအိပ်ရဲကြဘူး။ ကင်းစောင့်ပြီးတော့ နေနေရတယ်” ဟု ဂျလန်းမြို့တွင် အလုပ်လုပ်နေသူ ကိုဆန်းမျိုးက ပြောသည်။

မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်နေသော မြန်မာနိုင်ငံသားအချို့မှာ ဇွန်လဆန်းမှစ၍ မြန်မာနိုင်ငံသို့ ဆက်တိုက် ပြန်လာသူများရှိနေကြောင်း လေကြောင်းလိုင်းများမှ သတင်းရရှိသည်။

“မလေးကနေ ပြန်လာတဲ့သူတွေကတော့ ရှိနေပါတယ်။ အလုပ်သမားတွေလည်း ပါပါတယ်။ ဒါပေမဲ့ သိသိသာသာကြီးတော့ ပြန်မလာကြသေးပါဘူး” ဟု အမ်အေအိုင်လေကြောင်းလိုင်းမှ တာဝန်ရှိတစ်ဦးက ပြောသည်။

ဖမ်းဆီးထားသော မြန်မာနိုင်ငံသားများ ပတ်စ်ပို့စာရွက်စာတမ်းရှိလျှင် ပြန်လွှတ်ပေးနေပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း သံရုံးမှ အတည်ပြုလျှင်လည်း ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆိုထားသည်။

“သူတို့က ပြန်လွှတ်ပေးမယ်လို့လည်း ပြောတယ်။ အခုကျလည်း ဆက်ဖမ်းနေတယ်။ လူသတ်တရားခံတွေကျ အခုထိ ဖမ်းဆီးမိခြင်း မရှိသေးဘူး။ မြန်မာသံရုံးကလည်း အကူအညီမပေးဘူး” ဟု ဦးစန်းဝင်းက ဆိုသည်။

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ လုံခြုံရေးနှင့်ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ရန်အတွက် အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို မလေးရှားနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်းနှင့် ခရီးစဉ်နဲ့ပတ်သက်ပြီး နှစ်ဖက်ညှိနှိုင်းနေဆဲဖြစ်ကြောင်း ဇွန် ၁၀ ရက်တွင် ဦးရဲထွဋ်က သူ၏ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားဦးရေ ၅၀၀၀၀၀ ၀န်းကျင်ခန့်ရှိပြီး တရားဝင် နေထိုင်သူ ၂၀၀၀၀၀ ၀န်းကျင်၊ တရားမ၀င်နေထိုင်သူ ၂၀၀၀၀၀ ၀န်းကျင်နှင့် နိုင်ငံရေး ခိုလှုံသူ လူဦးရေ ၁၀၀၀၀၀ ၀န်းကျင်ခန့်ရှိကြောင်း သတင်းရရှိသည်။

“မလေးရှားရဲတွေက ပြဿနာဖြေရှင်းတာ မှားနေတာပါ။ သူတို့က အကုန်ဖမ်းနေတော့ တကယ်ပတ်စ်ပို့ရှိတဲ့ သူတွေလည်း အဖမ်းခံရတယ်။ နောက်က သူဌေးလိုက်ရွေးမှရတာ။ အခု ရက်ပိုင်းအတွင်းတော့ ကျွန်တော်တို့က အေးအေးဆေးဆေးဖြစ်နေတဲ့ မြို့တွေပဲ လွှတ်တယ်။ သွားတဲ့သူလည်း နည်းပါတယ်” ဟု မိုးယံပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှကို ကျော်ထင်ကျော်က ယခုရက်ပိုင်းအတွင်း မလေးရှားသို့ အလုပ်သမားသွားရောက်မှုနည်းကြောင်း ပြောသည်။

ထိုအကြမ်းဖက် တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးရန် မလေးရှားအစိုးရအား တောင်းဆိုထားပြီး အမ်အေအိုင်လေကြောင်းလိုင်းမှ ပြန်လာရန် ပြင်ဆင်နေသော မြန်မာနိုင်ငံသားများအတွက် လေယာဉ်လက်မှတ်ခ ၅၀ ရာခိုင်နှုန်း ဈေးလျှော့ယူမည်ဟု ကြေညာထားသည်။ ထို့အပြင် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌဦးအောင်ကိုဝင်းက မလေးရှားရောက် မြန်မာများအတွက် ဒေါ်လာငါးသောင်း၊ မက်စ်မြန်မာ ကုမ္မဏီဥက္ကဋ္ဌ ဦးဇော်ဇော်က ပြန်လာလိုသူ ၁၀၀၀ ဦးအတွက် လေယာဉ်လက်မှတ်များ လှူဒါန်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။
7Day News Journal

ပဋိပက္ခများအတွက် အဖြေရှာရန် သံဃာ့ခေါင်းဆောင် ၂၀၀ ကျော် ညီလာခံ ကျင်းပမည်

ရန်ကုန်၊ ဇွန် ၁၀
ရခိုင်ပြည်နယ်မှ အစပြုကာ မြန်မာ နိုင်ငံနေရာဒေသအချို့တွင် ဆက်တိုက် ဖြစ်ပွားနေသည့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ အဆုံးသတ်ရေး အဖြေရှာရန် နိုင်ငံတစ်ဝန်းရှိ သံဃာ့ခေါင်းဆောင် ဆရာတော်အပါး ၂၀၀ ကျော် ပါဝင်မည့် ညီလာခံတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ ပါမောက္ခ ဆရာတော်ဒေါက်တာ အရှင်ဓမ္မပီယက မိန့်ကြားသည်။

ယင်းညီလာခံတွင် ပဋိပက္ခများ အဆုံးသတ်ရေး တင်ပြလာသည်များ အားလုံးကို လက်ခံဆွေးနွေးကြမည် ဖြစ်ကြောင်း၊ ၉၆၉ နှင့်ပတ်သက်သည့် ကိစ္စရပ်များ ကိုလည်း ထည့်သွင်းဆွေးနွေးဖွယ် ရှိကြောင်း ဆရာတော် က ဆက်လက်မိန့်ကြားသည်။
"ဒီညီလာခံက သံဃာ့ခေါင်းဆောင်တွေ အားလုံးပါဝင်မယ့် နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကြီးလုပ်ဖို့ အကြိုဆွေးနွေး တာလည်းဖြစ်တယ်။ ပဋိပက္ခ ကိစ္စရပ်တွေကို ဘယ်လိုဖြေရှင်းမယ် ဆိုတာ ညီလာခံပြီးရင် အဖြေတစ်ခု ထွက်လာမှာပေါ့" ဟု ဆရာတော်က မိန့်ဆိုသည်။

မှော်ဘီမြို့နယ်၊ အောက်ဝါးနက် ချောင်းကျေးရွာရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ဇွန်လ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပမည့် ယင်းညီလာခံသို့ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ သံဃာ့ဝန်ဆောင် ဆရာတော်များ၊ နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ဝင် ဆရာတော်အချို့နှင့် အခြားထင်ရှားသည့် ဆရာတော်ကြီးများကို ပင့်ဖိတ်ထားကြောင်း ညီလာခံကျင်းပရေး ကော်မတီထံမှ သိရသည်။

ညီလာခံတွင် လက်ရှိဖြစ်ပွား နေသည့် ပဋိပက္ခများ ပြေလည်နိုင်ရေး ဆွေးနွေးမည်ဖြစ်ကာ မည်သို့ဖြေရှင်း ဆောင်ရွက်မည်ကို ညီလာခံအပြီး၌ ကြေညာချက်တစ်ရပ် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ညီလာခံကျင်းပရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ညီလာခံသို့ ပြည်ပခရီးစဉ်ကြွရောက် နေသည့် သီတဂူဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရ ပါဝင်တက်ရောက်နိုင်မည် မဟုတ်ဘဲ သြဝါဒကထာ ပေးပို့ထားကြောင်း ယင်းကော်မတီထံမှ သိရသည်။

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော်ဦးဝီရသူက ယင်းညီလာခံသို့
ပါဝင်တက်ရောက်မည် ဖြစ်ကြောင်း ညီလာခံကျင်းပရေး ကော်မတီထံမှ သိရသည်။

ပဋိပက္ခများ ဖြေရှင်းနိုင်ရန် ယခုကဲ့သို့ သံဃာ့ခေါင်းဆောင်များ တွေ့ဆုံကြမည်ကို ကြိုဆိုပါကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လဝီအဖွဲ့ချုပ် တွဲဖက်အတွင်း ရေးမှူး ဦးရဲနောင်သိန်းက ပြောကြားသည်။
"ခုလိုတစ်နိုင်ငံလုံးက ခေါင်းဆောင် ဆရာတော်တွေ တွေ့ဆုံဆွေးနွေးကြမယ် ဆိုတဲ့သတင်း ကြားရတာ တော်တော် ဝမ်းသာပါတယ်" ဟု ၄င်းက ထုတ်ဖော်ပြော ကြားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် အတွင်း ဘင်္ဂါလီများနှင့် ဒေသခံရခိုင် လူမျိုးများ ပဋိပက္ခများ စတင်ဖြစ်ပွား ခဲ့ပြီးနောက် ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ရှိ မြို့ကြီးအချို့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

မေလ၃၀ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသား အများစု သွားရောက်အလုပ်လုပ် ကိုင်သည့် မလေးရှားနိုင်ငံတွင် ဘာသာရေး အသွင်ဆောင် အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် မြန်မာနိုင်ငံသား ခြောက်ဦး သေဆုံးခဲ့သည်။
The Voice Weekly

ရှစ်လေးလုံး အင်အားစုများ ပြည်တော်ပြန်ရန် ဗီဇာခက်ခဲ

ရန်ကုန်၊ ဇွန် ၁၁
ရန်ကုန်မြို့တွင် ကျင်းပမည့် (၂၅) နှစ်ပြည့် ရှစ်လေးလုံး ငွေရတု အခမ်းအနားအတွက် ကမ္ဘာ့နိုင်ငံ အနှံ့အပြားရောက်ရှိနေသော ရှစ်လေးလုံး မျိုးဆက် အင်အားစု မြန်မာများသည် ပြန်လာရန် ဆန္ဒပြင်းပြနေကြသော်လည်း ပြည်ဝင်ခွင့်ဗီဇာ ခက်ခဲနေကြောင်း ၁၉၈၈ ဂျွန်၏ ထင်ရှားသော ကျောင်းသားခေါင်းဆောင် ဦးမောင်မောင်ကျော်က ပြောကြားသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံတကာဗီဇာ မူဝါဒနှင့် ပတ်သက် ၍ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းတို့နှင့် တွေ့ဆုံ သွားမည်ဖြစ်ကြောင်း၊ ပြည်ပရောက် မြန်မာများသည် နိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ရန် ကောင်းမွန်သော သဘောထားများ ဖြင့် ပြည်တွင်းသို့ ပြန်လည် လာရောက်လိုခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"အလည်အပတ်ဗီဇာ ထုတ်ပေးဖို့ ဒီကအစိုးရကို မေတ္တာရပ်ခံသွားမှာပါ" ဟု ဦးမောင်မောင်ကျော်က ဆိုသည်။

ပြည်ပရောက် မြန်မာလူမျိုး ဗီဇာလျှောက်ထားရာတွင် စာရွက်စာတမ်း အချက်အလက် မပြည့်စုံပါက သက်ဆိုင်ရာ မြန်မာသံရုံးက ဗီဇာ မထုတ်ပေးကြောင်း၊ မြန်မာနိုင်ငံသို့ အလည်အပတ် လာမည်ဆိုလျှင် မခက်ခဲနိုင်ကြောင်း နိုင်ငံတော်သမ္မတ အကြံပေးပုဂ္ဂိုလ် ဦးရဲထွဋ်က ပြော ကြားသည်။

"သမ္မတရုံးကို အကူအညီတောင်းရင် စဉ်းစားပေးမှာပါ။ ပြန်လာချင်သူ မှန်သမျှ ကူညီနေတာပဲ" ဟု ၎င်းက ဆိုသည်။

ဥရောပနိုင်ငံများဖြစ်သော နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံတို့ရှိ မြန်မာသံရုံးများတွင် ပြည်တော်ပြန်လာ ရန် ဗီဇာလျှောက်ထားရာ အငြင်းခံရပြီး အကြောင်းပြချက်တစ်ခုခုပေးပြီး ငြင်းလွှတ်နေသည်ဟု ဦးမောင်မောင်ကျော်က ပြောဆိုသည်။

ရှစ်လေးလုံး ငွေရတုအခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသား များနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စသည့်ပြည်ပရောက် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၈၈ အင်အားစုများနှင့် ပူးပေါင်းကျင်းပ မည်ဖြစ်ကြောင်း ထုတ်ဖော် ကြေညာထားသည်။

ရှစ်လေးလုံး ငွေရတုအခမ်းအနားကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း ယင်းအခမ်း အနား ကျင်းပရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင် ဦးဥာဏ်လင်းက ဆိုသည်။
The Voice Weekly

မလေးရောက်မြန်မာများအတွက် MAI ထပ်မံတိုးချဲ့ ပြေးဆွဲမည်

ရန်ကုန်၊ ဇွန် ၁၁
မြန်မာနိုင်ငံသားများ ဒုတိယ အများဆုံး သွားရောက် အလုပ် လုပ်ကိုင်နေ သည့် မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်တိုက် ကြုံတွေ့လာရပြီးနောက် ဆက်လက်နေထိုင် လုပ်ကိုင်လိုသည့် ဆန္ဒမရှိသူ မြန်မာအလုပ်သမားများ ပြန်ရန် အခက်အခဲ ရှိပါက အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI က ၅၀ ရာခိုင်နှုန်း လျှော့၍ ထပ်မံတိုးချဲ့ ပျံသန်းပြေးဆွဲသွားရန် အစီအစဉ် ရှိကြောင်း အဆိုပါ လေကြောင်းလိုင်းမှ ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက The Voice သို့ ပြောကြားသည်။

လက်ရှိတွင် ငွေကြေး အခက်အခဲရှိသော မလေးရှားရောက် မြန်မာ အလုပ် သမားများ ပြန်လာနိုင်ရန် MAI က ဇွန်လ ၁၂ ရက်မှစ၍ ဇူလိုင်လ ၁၂ ရက်နေ့ထိ လေယာဉ်လက်မှတ်ခ ၅၀ ရာခိုင်နှုန်း လျှော့ချရောင်းပေးသွား မည်ဖြစ်ပြီး တစ်ပတ်လျှင် သုံးရက် (တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေ) ပျံသန်းပြေးဆွဲ ၍ မလေးရှားဒေသ စံတော်ချိန် ၁၂ နာရီ ၅၀ မိနစ်၊ မြန်မာဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းက သတင်း ထုတ်ပြန်သည်။

MAI လေကြောင်းလိုင်းမှ စင်းလုံးငှားလေယာဉ်ဖြင့် မလေးရှားရှိ မြန်မာ သံရုံးနှင့် ညှိနှိုင်း၍ ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး လေယာဉ်လက်မှတ် ဝယ်ယူလိုသူများသည် MAI ကွာလာလမ်ပူရုံး ဖုန်းနံပါတ် +၆၀၃၂၀၇၂၁၂၆၁ နှင့် MAI ရန်ကုန် ရုံးချုပ် ဖုန်းနံပါတ် +၉၅၁၂၅၅၂၆၀ တို့တွင် မည်သူမဆို ဆက်သွယ် ဝယ်ယူနိုင်ကြောင်း ဒေါ်အေးမရသာက ဆိုသည်။

မလေးရှား-ရန်ကုန် MAI လေကြောင်း ခရီးစဉ် လေယာဉ်လက်မှတ်ခမှာ ပုံမှန် ဒေါ်လာ ၂၀၀ ဝန်းကျင် ရှိကြောင်း ပြည်တွင်း ပြည်ပ လေယာဉ် လက်မှတ် အရောင်းဌာနများထံမှ သိရသည်။
The Voice Weekly

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲရန် ယူရိုကိုးသိန်း EU ထောက်ပံ့

ရန်ကုန် ၊ ဇွန် ၁၁မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းများ ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နိုင်သည့် စွမ်းရည် မြှင့်တင်ရေးအတွက် ဥရောပသမဂ္ဂ (EU) က ယူရိုကိုးသိန်း ထောက်ပံ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) ထံမှ သိရသည်။

အထက်ပါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထောက် ပံ့ခြင်းဖြစ်ကြောင်း Y.C.D.C ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ ဌာနမှူး ဦးသန်းလွင်ဦးက ပြောကြားသည်။

အဆိုပါလုပ်ငန်းစဉ်ကို ကဏ္ဍသုံးခုဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး အီတလီနိုင်ငံ မှ Torino မြို့တော် မြူနီစပယ်၊ Lthaca တက္ကသိုလ်၊မြန်မာနိုင်ငံအခြေစိုက် CESVI WORLD AID အဖွဲ့အစည်းတို့နှင့် Y.C.D.C တို့က ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

လုပ်ငန်းများကို ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းရှိ လူဦးရေ ထူထပ်သော လှိုင်သာယာ၊ တာမွေနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ပြည်သူလူထုနှင့် ထိတွေ့ဆောင်ရွက်မည်ပြီး လုပ်ငန်းကာလကို သုံးနှစ်သတ်မှတ် ထားကြောင်း Y.C.D.C ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ထံမှ သိရှိရသည်။

"နိုင်ငံတကာက ပြည်သူ့အတွက် ထောက်ပံ့ပေးတာဖြစ်လို့ လုပ်ငန်းစဉ်တွေ လုပ်တဲ့အခါမှာ ပြည်သူတွေ သိနိုင်အောင် ပွင့်လင်းမြင်သာမှု ရှိရှိ ဆောင်ရွက်ဖို့ လိုပါတယ်" ဟု ဗဟန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းကသုံးသပ်ပြောကြား သည်။

ဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲရန်၊ စည်ပင်သာယာရေးကော်မတီနှင့် အီတလီနိုင်ငံ Torino မြို့တော်မြူနီစီပယ်တို့ အမှိုက်သိမ်းဆည်းခြင်း ဆိုင်ရာ လေ့လာရေးအဖွဲ့များ အပြန်အလှန် စေလွှတ်ရန်၊ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုအပေါ် JICA က စစ်တမ်းရယူပြုစုထားသော ကိန်းဂဏန်းများကို အခြေခံ၍ ရေတိုစီမံချက်များ ရေးဆွဲရန်၊ ရုံးချုပ်မှ မြို့နယ်အသီးသီးသို့ တိုက်ရိုက်စီမံခန့်ခွဲနိုင်ရန်၊ိစက်မှုဇုန်ထွက်အမှိုက်များကို စောင့်ကြည့်လေ့ လာခြင်းများ ဆောင်ရွက်ရန်၊ (Reuse, Reduce, Recycle)3Rs လုပ်ငန်းစဉ်ကို တိုးမြှင့်ရန်၊ အမှိုက်မှ ထွက်လာမည့် သဘာဝမြေဆွေးကို အသုံးပြုမှု များလာစေရန်အတွက် ဈေးကွက်ရှာဖွေရန်နှင့် အခြားသော လုပ်ငန်းစဉ်များလည်း ပါဝင်ကြောင်း YCDC ကော်မတီဝင်(၃) ဦးညီညီ က ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်များရှိ အမှိုက်ကန်များမှတစ်ဆင့် စွန့်ပစ်အမှိုက် တစ်ရက်လျှင် တန်ချိန် ၁၆၀၀ ကျော် ထွက်ရှိကြောင်း YCDC ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။
The Voice Weekly

လေကြောင်း စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ ကော့သောင်းသို့ထွက်ခွာ

ရန်ကုန်၊ ဇွန် ၁
မော်လမြိုင်-ကော့သောင်း ခရီးစဉ် ပြေးဆွဲနေသော မြန်မာ့လေကြောင်းပိုင် ခရီးသည်တင်လေယာဉ် ဇွန်လ ၁၀ ရက်နေ့က ပြေးလမ်းချော်မှုနှင့် ပတ်သက်၍ စစ်ဆေးရန် လေကြောင်း စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့သည် ဇွန်လ ၁၁ ရက်နေ့တွင် ကော့သောင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာ သွားခဲ့ကြောင်း မြန်မာ့လေကြောင်း ရုံးချုပ်ထံမှ စုံစမ်းသိရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းပေးသော စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ တွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအောက် ရှိ လေကြောင်းသိပ္ပံ ကျောင်းအုပ်ကြီး ဦးသန်းမင်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာနမှ အဖွဲ့ဝင် တစ်ဦးနှင့် မြန့်မာ့လေကြောင်းမှ အဖွဲ့ဝင်တစ်ဦးတို့ လိုက်ပါ သွားကြောင်း မြန်မာ့လေကြောင်း အထွေထွေမန်နေဂျာ ဦးသန်းထွဋ် က ပြောကြားသည်။

"မနေ့က ခုံရုံးဖွဲ့ပြီး ကော့သောင်းကိုသွားတာ ရာသီဥတု မကောင်း လို့ လေယာဉ်ဆင်းဖို့ အဆင်မပြေလို့ ပြန်လာတာ။ ဒီနေ့နေ့လယ် မှာ မြန်မာ့လေကြောင်း ခရီးစဉ်နဲ့ ထွက်တယ်" ဟု ၎င်းက ဆိုသည်။

ယင်း စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့နှင့်အတူ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန် မြန်မာ့လေကြောင်းမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းထွန်း၊ မြန်မာ့အာမခံ ကိုယ်စားလှယ်များနှင့် မြန်မာ့လေကြောင်း အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာခြောက်ဦးတို့ လိုက်ပါသွားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ခရီးသည် ၅၃ ဦး၊ လေယာဉ်မှူး လေယာဉ်မောင် လေယာဉ်မယ် လေး ဦးနှင့် လေယာဉ်တာဝန်ကျ ရဲနှစ်ဦးပါသော မြန်မာ့လေကြောင်းပိုင် တရုတ်နိုင်ငံထုတ် MA 60 ၊ HY AIT လေယာဉ်သည် ကော့သောင်းလေ ယာဉ်ကွင်းသို့ ဆင်းသက်စဉ် ရှေ့ဘီး အတင်အချ ဟိုက်ဒရောလစ်စက် မကောင်းသဖြင့် ပြေးလမ်းအပြင်ဘက် ပေ ၂၀၀ ခန့်ချော်ကာ လေယာဉ် ခြံစည်းရိုး အပြင်ဘက် ချုံတောသို့ တိုးဝင်ခဲ့မှု ဖြစ်ပွားခဲ့သော် လည်း လေယာဉ်ပေါ် လိုက်ပါလာသူများကို ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း မြန်မာ့လေကြောင်းရုံးထံမှ သိရသည်။

မေလအတွင်းက မိုင်းဆတ် လေယာဉ်ကွင်းသို့ ဆင်းသက် သည့် မြန်မာလေကြောင်းပိုင် လေယာဉ် လမ်းချော်မှုနှင့်ပတ်သက်၍လည်း အဆိုပါ ဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ကာ ယနေ့အထိ စုံစမ်း စစ်ဆေးလျက်ရှိသည်။
ဟိန်းသွင်ထက်
The Voice Weekly

မြန်မာအလုပ်သမား အရေး ITUC စိုးရိမ်

မြန်မာ ဆိပ်ကမ်း လုပ်သား
11 ဇွန်လ 2013
နိုင်ငံတကာ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် အိုင်တီယူစီက Countries at Risk စိုးရိမ် ရသော နိုင်ငံများ ဆိုတဲ့ နာမည်နဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ အစီရင်ခံစာ ထဲမှာ နိုင်ငံပေါင်း ၈၇ နိုင်ငံက အလုပ်သမား တွေရဲ့ အခြေအနေ ကို လေ့လာ ရေးသား ထားပြီး အဲဒီအထဲမှာ မြန်မာ၊ ဖီဂျီ၊ ဂျော်ဂျီယာ၊ ဂွါတီမာလာ အပါအဝင် နိုင်ငံ ၇ နိုင်ငံကတော့ extreme risk အလွန် စိုးရိမ်ရတဲ့ နိုင်ငံတွေလို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တိုးတက်မှု တွေတော့ ရှိခဲ့တယ် လို့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် မက်သီရူး ဒီဘရော့်ခ်စ် က ဘီဘီစီ ကိုရှင်းပြပါတယ်။ တိုးတက်မှုတွေကတော့ အဖွဲ့ဝင်ပေါင်း ၁ သောင်း ၈ ထောင်လောက်ရှိတဲ့ အလုပ်သမားသမဂ္ဂပေါင်း ၁၃၀ လောက်ပေါ်ပေါက်လာတဲ့အချက်ကို ပြောပါတယ်။ အထူးသဖြင့်ပြီးခဲ့တဲ့ ၂ နှစ် အ တွင်း နိုင်ငံတကာ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် အိုင်တီယူစီကို မြန်မာနိုင်ငံမှာ ရုံးခန်းဖွင့်ခွင့် ရခဲ့ပါပြီ။ ဒါပေမဲ့ ဖွဲ့ရတာ အခက်အခဲတွေ ရှိနေ၊ ရင်ဆိုင်နေရတုံးပါပဲလို့ ပြောသွားပါတယ်။

အလုပ်သမား အဖွဲ့အစည်းတွေ တရားဝင် ဖွဲ့စည်းနိုင်ဖို့ ဥပဒေ ပေါ်ပေါက်လာတာဟာ တိုးတက်တဲ့ အချက်ဆိုတာ ပြောစရာ မလိုလောက်အောင် သိသာပေမယ့် ဥပဒေမှာ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ လုပ်ငန်းတခုမှာရှိတဲ့ အလုပ်သမား အရေအတွက်ရဲ့ ၁၀ ရာနှုန်းပါဝင်မှ သမဂ္ဂဖွဲ့ခွင့်ပြုမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုးပါ။ အခြေခံဥပဒေမှာကိုက လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့်ကို ကန့်သတ်ချုပ်ချယ်တဲ့ ချွင်းချက်တွေ ထည့်သွင်းထားပါသေးတယ်။

ဝန်ကြီးဌာန လေးခုမှာ အစိုးရ ဝန်ထမ်းတွေက အလုပ်သမား သမဂ္ဂဖွဲ့စည်းဖို့ ကြိုးစားတဲ့အခါ အဲဒီလူတွေကို နယ်ပြောင်းပစ်တာမျိုး ရှိခဲ့တယ်လို့ လည်း ဆိုပါတယ်။ ဒါ့အပြင် အလုပ်သမားသမဂ္ဂဖွဲ့စည်းတာကို နှောင့်ယှက် ကန့်ကွက် ဆန့်ကျင်သူတွေ လည်း ရှိနေပါတယ်။ ဒါတွေကို ကာကွယ်ပေးဖို့ ပြောတဲ့ အခါ အလုပ်သမား ဝန်ကြီးဌာနက အဲဒီ အလုပ်သမားတွေမှာလည်း ကန့်ကွက်ခွင့် ရှိတယ်လို့ အကြောင်းပြကြောင်း ပြောပြပါတယ်။

အလုပ်သမားတွေရဲ့ လုပ်ငန်းခွင် အခြေအနေ လစာအခြေအနေတွေဟာလည်း အများကြီး တိုးတက်ဖို့လိုသေးတယ်လို့ ပြောပါတယ်။

ဒါတွေကို ဘယ်လို တိုးတက်အောင်လုပ်ယူရမလဲဆိုရင် အလုပ်သမားနဲ့ အလုပ်ရှင်တွေ ဆွေးနွေးညှိနှိုင်းခြင်းအားဖြင့် တိုးတက်မှု ရနိုင်မယ်လို့ သူကဆိုပါတယ်။ အဲသလို ဆွေးနွေမှုတွေဟာ စနေပါပြီ။ ဒီ့ထက်ပိုပြီးဆွေးနွေးမှုတွေရှိလာဖို့ လိုအပ်ပါတယ်လို့ ပြောပါတယ်။

ဒီတော့ မြန်မာနိုင်ငံမှာ အလုပ်သမားနဲ့ အလုပ်ရှင်ဆိုတာ အမြဲတန်းနီးနီးကပ်ကပ် ရှိနေလို့ သူတို့ချင်းဆွေးနွေး ရုံနဲ့သာ ပြဿနာတွေ ပြေလည်မယ်ဆိုရင် အလုပ်သမား ပြဿနာရယ်လို့ မရှိအောင် အုပ်ချုပ်ရေး အာဏာပိုင်တွေပါ ဝင်ရောက် ဆွေးနွေးမှုတွေ လည်း လိုပါတယ်လို့ မက်သီရူး ဒီဘရော့်ခ်စ် ကဆိုပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ဦးခင်ညွန့်ရဲ့ လက်ရာ ငရဲနဲ့ တာဝတိံသာ

ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့် (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)
June 11, 2013
စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရာကနေ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပြီးတဲ့နောက် သူအရင် နေထိုင်ခဲ့တဲ့ ခြံဝန်းကြီးထဲမှာ နဝဒေး ပန်ချီပြခန်း နဝဒေး ကော်ဖီကော်နာနဲ့ နဝဒေး အမှတ်တရ ပစ္စည်းဆိုင်တွေကို ဖွင့်လှစ်ခဲ့ပါတယ်။

ဒီဆိုင်တွေကို ကျပ်သိန်းထောင်ချီ အကုန်အကျခံ တည်ဆောက်ခဲ့တဲ့ ဦးခင်ညွန့်က “ဘဘ ချမ်းသာတဲ့ သူမဟုတ်ဘူး” လို့ ပြောဆိုခဲ့ပေမယ့် နိုင်ငံရေးယုံကြည်ချက်နဲ့ ထောင်ကျပြီး လွတ်မြောက်လာခဲ့သူတွေနဲ့ စာရင် စစ်ဗိုလ်ချုပ်ကြီးဟောင်း က တိုက်တာ ခြံဝန်းတွေနဲ့ စည်းစိမ် မပြတ်နေနိုင်တာ တွေ့ရပါတယ်။

စစ်အစိုးရ လက်ထက် ထောက်လှမ်းရေး ညွှန်မှူး၊ အတွင်းရေးမှူး ၁ နဲ့ ဝန်ကြီးချုပ်တာဝန်တွေကို ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ သြဇာ အရှိန်အဝါ ကြီးထွားခဲ့သူ တဦးဖြစ်ခဲ့ပြီး သူ့လက်ထက်မှာ ရာထောင်ချီတဲ့ နိုင်ငံရေး သမားတွေ၊ တက်ကြွ လှုပ်ရှားသူတွေနဲ့ ရဟန်း သံဃာတွေကို အာဏာ အလွဲသုံးစားလုပ်ပြီး လက်လွတ်စပယ် အကျဉ်းထောင်တွေထဲ ပို့ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့လည်း နာမည်ကျော်ကြားသူဖြစ်ပါတယ်။

အဲဒီလို ယုံကြည်ချက်နဲ့ လှုပ်ရှားနေတဲ့ သူတွေကို ဖမ်းဆီး နှိပ်စက်ပြီး နှစ်ရှည် ထောင်ဒဏ်တွေချ၊ နှိပ်ကွပ် တာတွေကြောင့် အကျဉ်း ကျနေသူတွေဟာ မိသားစုတွေနဲ့ အိမ်ထောင်ကွဲသူတွေ၊ သားသမီး မိသားစုတွေနဲ့ ကွဲသူတွေ၊ သေကွဲကွဲသူတွေ၊ ရှင်ကွဲကွဲသူတွေ၊ ပညာရေး၊ စီးပွားရေး၊ ကျမ်းမာရေးနဲ့ လူမှုရေး စတဲ့ ကဏ္ဍအသီးသီးမှာ နည်းအမျိုးမျိုး ထိခိုက် ပျက်စီးမှု တွေကို ခါးစည်းခံခဲ့ကြရပါတယ်။

ဦးခင်ညွန့် အကျဉ်းထောင်က လွတ်လာပြီး တင့်တင့်တယ်တယ် နေထိုင်နိုင်ပေမယ့် သူ့လက်ထက်မှာ နှိပ်ကွပ်ခံခဲ့ရသူတွေ ကတော့ လွတ်မြောက်လာပြီးတဲ့နောက် အများစုက အပြင်လောကမှာ စီးပွားရေး၊ ပညာရေး၊ လူမှုရေးနဲ့ ဘဝရပ်တည်ဖို့ အခက် အခဲတွေ ရင်ဆိုင်နေရကြတာလည်း မနည်းပါဘူး။

အဲဒီအထဲမှာ ၁၉၈၉ ခုနှစ်က သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲမှုနဲ့ လွဲမှား အကျဉ်းချခံခဲ့ရပြီး ၂၃ နှစ်ကြာမှ လွတ်မြောက်လာခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ် ကိုသန်းဇော်လည်း ပါဝင်ပါတယ်၊ သူထောင်ကျနေစဉ် အချိန်မှာပဲ မိဘ နှစ်ပါး ဆုံးပါးသွားခဲ့သလို ထောင်က လွတ်လာတဲ့ အချိန်ကတည်းက ခုချိန်အထိ နေစရာအိမ် အတည်တကျ မရှိသေးသလို၊ အလုပ်အကိုင်အတွက်လည်း အခက်ကြုံ နေရပါတယ်။

လောလောဆယ် ညီမဖြစ်သူ အိမ်နဲ့ သူငယ်ချင်းတွေအိမ်မှာ ခိုကပ်နေပြီး ထောင်ထဲမှာ နှစ်ရှည် အကျဉ်းစံခဲ့ရတဲ့ သူ့အတွက် အပြင်လောကက လုပ်ငန်းတွေ၊ အတတ်ပညာတွေနဲ့ အံဝင်မှု မရှိတော့ ဝမ်းရေးအတွက်၊ အတည်တကျ မရှိတဲ့ ကြုံရာ ကျပန်း အလုပ်တွေကိုပဲ ရှာဖွေ လုပ်ကိုင် နေရသူ ဖြစ်ပါတယ်။

“ကျနော့်ဘဝက မပျက်စီးဘူးလို့ပြောရင် လိမ်ရာကျမယ်၊ အခုလောလောဆယ်ကို ကျနော့်မှာ နေစရာ အိမ်မရှိဘူး။ အဖေရော၊ အမေရော ဆုံးရှုံးသွားရတယ်၊ အခု ညီမအိမ်နဲ့ အပေါင်းအသင်းတွေ အိမ်မှာ ကုပ်ကတ်နေတယ်၊ ကျနော်က ယောက်ျားဗျနော်၊ အလုပ်လုပ် ချင်တယ်၊ ဒါပေမယ့် အလုပ်အကိုင်က မရှိဘူး၊ ကျနော့်ဘဝကြီးက ပျက်တာထက် ဆိုးတာပေါ့ဗျာ။ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကုန်ပျက်စီးတာပေါ့” လို့ ကိုသန်းဇော် က သူ့အခြေအနေကို ပြောပြပါတယ်။

ထောင်က လွတ်လာပြီးတဲ့နောက် NLD ကထုတ်ဝေတဲ့ ဒီလှိုင်းဂျာနယ်မှာ စေတနာ့ဝန်ထမ်း အဖြစ် လုပ်ကိုင်ပေးခဲ့ပေမယ့် သူ့ရဲ့ ဝမ်းရေးအတွက် ကျပန်းလုပ်ငန်းတွေ ရှာကြံ လုပ်ကိုင်နေရတာကြောင့် သွားပြီး မကူညီနိုင်တော့တာ ၂ လလောက် တောင် ရှိပြီလို့ ဆိုပါတယ်။

ဒီအခြေအနေ မျိုးတွေဟာ ကိုသန်းဇော် တယောက်တည်း ဒီလိုကြုံနေရတာတော့ မဟုတ်ပါဘူး၊ သူနဲ့အတူ အမှုတွဲ တခုတည်းနဲ့ ထောင်အတူတူ ကျခဲ့ကြတဲ့ သန်လျင်က NLD လူငယ် ခေါင်းဆောင်တွေဖြစ်တဲ့ ကိုညီညီဦးနဲ့ ကိုမိုးကျော်သူ တို့လည်း ထောင်က လွတ်လာပြီးတဲ့နောက် အလားတူ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

သူတို့ ၃ ဦးကို ၁၉၈၉ ခုနှစ် ဇူလိုင်လထဲမှာ ဦးခင်ညွန့်ရဲ့ ထောက်လှမ်းရေး တပ်ဖွဲ့တွေက သန်လျင် ရေနံချက်စက်ရုံဗုံးခွဲမှု သံသယနဲ့ ဖမ်းဆီးခဲ့ရာက ငရဲခန်းလို့ နာမည်ကြီးလှတဲ့ ရေကြည်အိုင် စစ်ကြောရေးစခန်းမှာ နည်းလမ်းပေါင်းစုံနဲ့ ညှဉ်းပန်းနှိပ်စက်ပြီး ဗုံးခွဲ တရားခံဖြစ်ကြောင်း အတင်းအဓမ္မ ဝန်ခံခိုင်းခဲ့တယ်၊ ပြီးတော့ သေဒဏ် ချမှတ်ခဲ့တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

နောက်ပိုင်းမှာ သန်လျင်ရေနံချက်စက်ရုံနဲ့ ရန်ကုန်မြို့တော် ခန်းမကို ဗုံးခွဲတယ်ဆိုတဲ့ တရားခံ အစစ်ကို ဖမ်းမိခဲ့ပါတယ်၊ ကာယကံရှင် ကလည်း သူဖောက်ခွဲကြောင်း ဝန်ခံခဲ့တဲ့အတွက် သေဒဏ် ချမှတ်ခဲ့ပါတယ်၊ ဒါပေမယ့် လွဲမှား ဖမ်းဆီးခဲ့တဲ့ သူတို့ ၃ ယောက်ကိုတော့ ပြန်လွှတ်ပေးခြင်းမရှိဘဲ မြေအောက် လှုပ်ရှားတဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်တယ် ဆိုပြီး နောက်တမှု ဖွင့်ပြီး ထောင်ဒဏ် စီယင်ခဲ့တာကို ခံခဲ့ကြရပြန်ပါတယ်။

လူငယ်တယောက်ရဲ့ ဘဝ အညွန့်တလူလူ တက်စ အသက် ၂၀ ဝန်းကျင် ကာလမှာ တရားခံ အစစ်မဟုတ်ဘဲ ညှဉ်းပန်း နှိပ်စက်ခံခဲ့ရပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ အကျဉ်းချ ခံခဲ့ရတဲ့အတွက် သူတို့ဘဝတွေဟာ စိတ်ပိုင်းကော၊ ရုပ်ပိုင်းဆိုင်ရာပါ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ သူတို့လို အလားတူ ခံစားခဲ့ရသူတွေ ဦးခင်ညွန့် လက်ထက်မှာ ရာချီ ရှိပေမယ့် ဦးခင်ညွန့် အပေါ် အာဃာတ မထားကြပါဘူးလို့ ကိုသန်းဇော်က ပြောပါတယ်။

“ကျနော်တို့ ကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ အာဃာတ တရားမထားဘူး၊ မေတ္တာနဲ့ပဲ အတတ်နိုင်ဆုံး ကြိုးစား ပြီးတော့ နေတယ်။ သူ (ဦးခင်ညွန့်) အဆင့်မြင့်နေလို့၊ ဇိမ်ကျနေလို့ မနာလိုဝန်တိုတာလည်း မရှိဘူး၊ တခုတော့ ရှိတာပေါ့၊ သူလုပ်ခဲ့တာတွေဟာ ကျနော်အပါအဝင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ ဆင်းရဲဒုက္ခ ရောက်ကြရတာ ရှိတာပေါ့၊ သူလုပ်ခဲ့တာ တွေဟာ တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိပါ။ သူကိုယ်တိုင်လည်း အသိဆုံးပါ။ ဒါ လိမ်လို့မရပါဘူး၊ လူဆိုတာ ကံဇာတာ ရှိတုန်း စံနိုင်သလို၊ ဝဋ်လည်ရင်လည်း ခံရမှာပဲ” လို့ သူက ဆိုပါတယ်။

ဦးခင်ညွန့်ဟာ ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ လက်ရင်း လူယုံ တဦးဖြစ်ပြီးနောက် စစ်ထောက်လှမ်းရေး အကြီးအကဲ ဖြစ်လာခဲ့တာပါ။ သူ့ကို ၁၉၈၈ ခုနှစ်က လူထု အုံကြွမှုတွေမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ညှဉ်းပန်းနှိပ်စက်၊ ဖမ်းဆီးထောင်ချတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ အဖြစ်လည်း အများက ပြောဆိုခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့တဲ့ ဦးခင်ညွန့်ဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) စစ်အစိုးရ အတွင်းရေးမှူး (၁) တာဝန်၊ အဲဒီနောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) စစ်အစိုးရ လက်ထက် ၀န်ကြီးချုပ် တာဝန်တွေကို ယူခဲ့တာပါ။

သူဟာ ၂၀၀၄ ခုနှစ် အောက်တိုဘာလထဲမှာ သူနဲ့ လက်အောက်ခံ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ၃၈ ဦးကို လာဘ်ပေး လာဘ်ယူမှု၊ အာဏာ အလွဲသုံးစား လုပ်မှုတွေနဲ့ ထောင်ဒဏ် အနှစ် ၂၀ ကနေ ၁၆၀ နှစ်အထိ ချမှတ်ခံခဲ့ရပေမယ့် ဦးခင်ညွန့် ကိုတော့ ဆိုင်းငံ့ပြစ်ဒဏ် ၄၄ နှစ် ချမှတ်ခဲ့ပြီး နေအိမ် အကျယ်ချုပ်နဲ့ ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ဦးခင်ညွန့်ဟာ သူ့လက်ထက် လူပုဂ္ဂိုလ်တွေတင် မကဘဲ ရဟန်းသံဃာတော်တွေကိုပါ ဖမ်းဆီးနှိပ်စက် အကျဉ်းချမှုတွေ ရှိခဲ့ပါတယ်။ သူ့လက်ထက် ၁၉၈၈ လူထု အရေးတော်ပုံအပြီး ၁၉၉၁ ခုနှစ်မှာ သြဇာတိက္ကမ ကြီးမားတဲ့ ရဟန်းသံဃာတွေကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် ထောင်ချမှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီအထဲမှာ မဟာဂန္ဓာရုံ တိပိဋကဓရ ဆရာတော် အရှင် သုမင်္ဂလာလင်္ကာရလို့ ထင်ရှားတဲ့ ဆရာတော် တွေလည်း ပါဝင်ခဲ့ပါတယ်။ မစိုးရိမ်ဆရာတော်ကြီး အရှင် ရာဇဓမ္မာဘိဝံသ၊ အင်းစိန် ရွာမဆရာတော် အရှင် တိလောကာဘိဝံသ တို့ကိုလည်း ထောင်းသွင်း အကျဉ်းချဖူးပါတယ်။

အခုတလော ပန်းချီပြခန်း၊ ကော်ဖီကော်နာနဲ့ အမှတ်တရ ပစ္စည်း ဆိုင်ခန်းတွေဖွင့်တာကို အကြောင်းပြပြီး ဦးခင်ညွန့်ရဲ့ ရုပ်ပုံတွေဟာ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ရုပ်သံတွေနဲ့ အင်တာနက် စာမျက်နှာတွေပေါ်မှာ နေရာယူလာတာကို တွေ့ရပါတယ်။

သတင်း မီဒီယာသမားတွေနဲ့ တွေ့တဲ့အခါ သူဟာ ချမ်းသာသူ မဟုတ်တဲ့အကြောင်း၊ ပန်းစိုက်ပြီး အိမ်စရိတ် ရှာဖွေသူ ဖြစ်ကြောင်း ပြောဆိုလေ့ရှိပါတယ်။ မကြာသေးခင်က ဧရာဝတီ သတင်းထောက်တွေနဲ့ တွေ့ဆုံတုန်းကလည်း အဲဒီလိုပဲ သူ ပြောခဲ့ပါတယ်။

“ဘဘချမ်းသာတဲ့ သူမဟုတ်ဘူး။ ဘဘ တချိန်တုန်းက လာဘ်စား ခဲ့တဲ့သူလည်း မဟုတ်ဘူး။ အမြတ်ကြီးစား လုပ်ခဲ့တဲ့ သူလည်း မဟုတ်ဘူး။ စီးပွားရေး သမားတွေကို ပေါင်းဖော်ပြီးတော့မှ စီးပွားဖြစ်အောင် လုပ်ခဲ့တဲ့ လူစားလည်း မဟုတ်ဘူး” လို့ ဦးခင်ညွန့်က ပြောဆိုနေပေမယ့် လက်ရှိနေထိုင်နေတဲ့ ခြံဝင်းကြီးနဲ့ တိုက်ကြီးဟာ စစ်သား တယောက်ရဲ့ လစာနဲ့ ဝယ်ယူနိုင်ဖို့ မလွယ်ကူဘူးလို့ ဝေဖန်သူတွေ များနေပါတယ်။

သတင်းမီဒီယာတွေက ဦးခင်ညွန့်နဲ့ တိုက်ရိုက် တွေ့ဆုံမေးမြန်းခွင့်တွေ ရခဲ့ကြပေမယ့် သူဖွင့်ထားတဲ့ ဆိုင်တွေ အကြောင်း ကိုသာ မေးခွင့်ရှိပြီး သူ စစ်ထောက်လှမ်းရေးဘဝက လုပ်ကိုင်ခဲ့တဲ့ အကြောင်းတွေကိုတော့ မေးခွင့် မပေးပါဘူး၊ အဲဒီ အတွက်လည်း ဟန့်တားပါတယ်၊ အဲဒီလို မေးခွန်းတွေမေးမယ့် သတင်းမီဒီယာ အဖွဲ့တွေဆိုရင်လည်း အင်တာဗျူး မပေးဘူးဆိုပြီး ကြိုတင် ပြောဆိုပါတယ်။

သတင်းမီဒီယာတွေပေါ်မှာ ဦးခင်ညွန့် ပုံတွေကို တွေ့မြင်လာရတော့ စစ်အစိုးရ လက်ထက်က နှိပ်ကွပ်ခဲ့တာတွေကို ကာယကံ ရှင်တွေက သတိပြန်ရမိစေ ခဲ့တယ်လို့ ဦးခင်ညွန့် လက်ထက် ဖမ်းဆီးထောင်ချခံရပြီး ၁၉၉၁ ခုနှစ် ထောင်တွင်းမှာ သေဆုံး သွားခဲ့တဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ခရမ်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်လှိုင်ကြူ က ပြောပါတယ်။

“အင်တာနက် စာမျက်နှာတွေမှာ တွေ့လာရတယ်၊ စိတ်ထဲမှာတော့ သြော်၊ ဒီလူကြီးတော့ ပြန်ပေါ်လာပြီပေါ့လို့ တွေးမိပါတယ်။ ဒီလူတွေပဲ ဖြစ်နေတာပဲပေါ့၊ ကိုယ့်မှာတော့ ဆုံးရှုံးရတယ်ပေါ့၊ အိမ်ထောင်စု တခုမှာ အိမ်ထောင်ဦးစီး ဆုံးရှုံးခဲ့ရတဲ့ ခံစားမှု ဖြစ်တာပေါ့။ သားတွေ၊ သမီးတွေနဲ့ အန်တီတို့မှာ ရုန်းကန်ခဲ့ရတာ” လို့ ဒေါ်ခင်လှိုင်ကြူက ပြောရင်း စိတ်မထိန်းနိုင်ဘဲ ငိုပါတယ်။

ဦးတင်မောင်ဝင်း ရှိစဉ်က သူ့သားသမီးတွေကို ပညာတတ်တွေဖြစ်အောင် ကြိုးစားဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့သလို သူ့သား အပေါ်မှာလည်း မျှော်လင့်ချက် ကြီးခဲ့တယ်လို့ ဒေါ်ခင်လှိုင်ကြူက ဆိုပါတယ်။ ဦးတင်မောင်ဝင်း အဖမ်းခံရစဉ်တုန်းက သူတို့ရဲ့ သားဖြစ်သူဟာ ၉ တန်း ကျောင်းသားဖြစ်ပြီး စာတော်သူ တဦး ဖြစ်တယ်လို့ သိရပါတယ်။

ဦးတင်မောင်ဝင်း မတရား ဖမ်းဆီးထောင်ချခံခဲ့ပြီး ထောင်ထဲမှာပဲ သေဆုံးခဲ့ရမှုအပေါ် သားဖြစ်သူက စိတ်ထိခိုက်ခဲ့ရပြီး ပညာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်ခဲ့တဲ့ အတွက် ခင်ပွန်း ဆုံးပါးမှုကြောင့် နာကြင်ခံစားခဲ့ရသလို သားဖြစ်သူ အတွက်လည်း သောက ပွေခဲ့ရတယ်လို့ ဒေါ်ခင်လှိုင်ကြူက ငိုရင်း ပြောပါတယ်။

“ဦးခင်ညွန့်ကတော့ သူလုပ်ခဲ့တဲ့အကြောင်းတွေ ပြန်မေးရင် သူ့လက်နဲ့ လုပ်တာမဟုတ်ဘူး၊ သူလုပ်တာ မဟုတ်ဘူးလို့ ပြောမှာပေါ့၊ ဒါပေမယ်လို့ သူ့ရဲ့ လက်ညှိုးညွှန်ရာတွေနဲ့ လူတွေ ဘယ်လောက် ဒုက္ခရောက်ခဲ့ရလဲ။ သူ့လက်မှာ သွေး မစွန်းပေမယ့်၊ သူ့ခန္ဓာကိုယ်က ထွက်တဲ့ သွေးတွေကတော့ အညစ်အကြေးတွေနဲ့ ပါပဲ” လို့ သူက ဆက်ပြောပါတယ်။

ခင်ပွန်း ဖြစ်သူ ဦးတင်မောင်ဝင်းဟာ ဖဆပလ အစိုးရ လက်ထက် အထက်တန်းကျောင်းသား ဘဝကတည်းက ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂမှာ ပါဝင်ခဲ့ပြီး ၁၉၆၂ စစ်အာဏာ သိမ်းမှုကိုလည်း ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။ ကျောင်းသား လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တဲ့ အတွက် ၁၉၆၄ ခုနှစ်မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရဖူးပြီး ဦးခင်ညွန့် တန်ခိုးထွားတဲ့အချိန် ထောင်ကျ စဉ်မှာတော့ ထောင်တွင်းမှာပဲ သေဆုံးခဲ့ရပါတယ်။

ဦးခင်ညွန့်လက်ထက်မှာ ထောက်လှမ်းရေး အဖွဲ့တွေက နိုင်ငံရေးသမားတွေကို ဖမ်းဆီးပြီးတဲ့အခါ ရက်ရက်စက်စက် ညှဉ်းပန်း တာတွေ လုပ်တဲ့အပြင် ထောင်ထဲမှာပဲ ဘဝတွေ သေဆုံးသွားအောင် ဥပဒေ အမျိုးမျိုးတပ်ပြီး နှိပ်ကွပ်ခဲ့တာတွေလည်း ရှိတယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်နွှယ်မှုနဲ့ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ဦးဘမျိုးသိန်းက ပြောပါတယ်။

“ခေါင်းစွပ် အမည်းကြီး စွပ်ထားပြီးတော့ အမျိုးမျိုး ကန်ကျောက် ရိုက်နှက်ပြီးတော့ မေးကြတယ်၊ နားရင်း နှစ်ဘက်ကို ညှပ်ပြီးတော့ ရိုက်တယ်၊ မတ်တပ်ရပ် အနေအထားမှာ ခြေဖျားထောက်၊ လက်နှစ်ဘက်ကွေးပြီး ဆိုင်ကယ်မောင်းတဲ့ပုံ အကြာကြီး နေခိုင်းတယ်။ ကျနော်ဆိုရင် စ အဖမ်းခံရတုန်းက ထောက်လှမ်းရေး ၆ မှာ ၁ လကျော်လောက် ခံလိုက်ရတယ်” လို့ ဦးဘမျိုးသိန်းက ဖြစ်စဉ်တွေကို ပြန်ရှင်းပြပါတယ်။

ဦးဘမျိုးသိန်းဟာ ၁၉၉၀ ပြည့်နှစ်မှာ PDF နဲ့ ဆက်နွှယ်မှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၇ နှစ် ချခံခဲ့ရပါတယ်၊ လွတ်ရက် မစေ့ခင်မှာဘဲ အထင်ကရ သတင်းစာဆရာကြီး ဦးဝင်းတင်တို့နဲ့အတူ “ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုင်ရာ အစီရင်ခံစာ” ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးထံ လိပ်မူပြီး လျှို့ဝှက် ပို့ပေးမှု၊ ထောင်တွင်း လူ့အခွင့်အရေး လှုပ်ရှားမှု တွေကြောင့် ထောင်ထဲမှာ အနှစ် ၂၀ ခန့် နေလိုက်ရပြီး ၂၀၁၀ ပြည့်နှစ်မှာ လွတ်မြောက်လာခဲ့တာပါ။

၂၀၀၉ ခုနှစ်မှာ သူ့ကို အာဏာပိုင်တွေက လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် လွတ်မြောက်ဖို့ အခွင့်အရေး တကြိမ် ရရှိခဲ့ပေမယ့် ပုဒ်မ ၄၀၁ ကို လက်မှတ်မထိုးတဲ့ အတွက် အာဏာပိုင်တွေက လွှတ်မပေးခဲ့ပါဘူး။

“ထောင်ကျတဲ့ အတွက် လွတ်လပ်မှုတွေ၊ အချိန်တွေ ဆုံးရှုံးတာပေါ့ဗျာ။ အဆိုးဆုံးကတော့ ထောင်ကျနေတဲ့ အချိန်မှာ ကျနော့် မိခင် ဆုံးသွားတယ်၊ ကျနော်လည်း နောက်မှသိရတာ၊ ထောင်ကထွက်လာတော့လည်း နေစရာမရှိဘူး။ ကိုယ်တည်းခိုတဲ့ နေရာတွေကို လိုက် ပြဿနာ ရှာတာတွေ၊ ဖိအားပေးတာတွေ ခံခဲ့ရတယ်ဗျ။ ဘဝဆိုရင်လည်း သုညကနေ ပြန်စရတယ်၊ ဒါတွေကို ဦးခင်ညွန့်က မခံစားရပါဘူး” လို့ ဦးဘမျိုးသိန်းက သူ့အကြောင်းတွေ ရှင်းပြပါတယ်။

ဦးခင်ညွန့် နေအိမ်အကျယ်ချုပ်က လွတ်လာပြီးတဲ့ နောက်ပိုင်း သတင်းမီဒီယာတွေနဲ့ တွေ့ဆုံတဲ့အခါ သူ့လက်ထက်တုန်းက လုပ်ခဲ့တဲ့ ကိစ္စတွေဟာ သူ့အလိုကျ လုပ်ခဲ့တာမဟုတ်ဘဲ အထက်ကပေးတဲ့ တာဝန်အရ လုပ်ဆောင်ခဲ့ရတာဖြစ်တယ်လို့ ပြောဆိုပါတယ်။

အဲဒီလို ပြောဆိုမှုအပေါ် ဦးဘမျိုးသိန်းက “တာဝန်အရ လုပ်တယ်ဆိုတာကိုတော့ လက်ခံလို့ မရဘူးဗျ။ တာဝန်ဆိုတာ ဘာ တာဝန်လဲပေါ့၊ နိုင်ငံနဲ့ လူမျိုး တိုးတက်ရာ တိုးတက်ကြောင်း အတွက် လုပ်ဆောင်နေတဲ့လူတွေကို စနစ်တကျ ပိတ်ပင်တဲ့၊ ဖိနှိပ်နှိပ်ကွပ်တဲ့ ဟာကို တာဝန်လားလို့ မေးရမလို ဖြစ်နေတာပေါ့ဗျာ။ အခုအချိန်မှာ သူ့အနေနဲ့ အမြင်ပြောင်းလာတယ် ဆိုရင်တော့ လက်ခံပါတယ်၊ ဒါပေမယ့် သူလုပ်ခဲ့တဲ့ အမှားတွေအတွက် တိုင်းသိ၊ ပြည်သိ ဝန်ချတောင်းပန်ဖို့တော့ လိုတာပေါ့” လို့ ဆိုပါတယ်။
စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ၀န်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်
ဦးခင်ညွန့်ဟာ အကျဉ်းကျခဲ့တယ် ဆိုပေမယ့် သူကိုယ်တိုင် ဖမ်းဆီး ထောင်ချခဲ့တဲ့လူတွေ အကျဉ်းကျရတဲ့ ပုံစံတွေနဲ့ မတူညီသလို ထောင်က ထွက်လာတဲ့ အနေအထား တွေကလည်း ကွာခြားလွန်းပြီး နိုင်းယှဉ် ပြစရာတောင် မရှိဘူးလို့ အထင်ကရ သတင်းစာ ဆရာကြီး လည်းဖြစ် နိုင်ငံရေးလောကမှာ ထင်ရှားသူ တဦးလည်းဖြစ်တဲ့ ဦးဝင်းတင်က ပြောပြပါတယ်။

“ကွာခြားပုံက နှိုင်းစရာတောင် မရှိသလောက်ဘဲ။ ကွာခြားချက်က ၂ မျိုးရှိတယ်၊ တမျိုးက အကျဉ်းကျ ခံရတဲ့ကာလမှာ နိုင်ငံရေး အကျဉ်းသားတွေက ဒုက္ခ၊ သောကတွေ ခံစားရတယ်။ သူ (ဦးခင်ညွန့်) နဲ့ ယှဉ်ရင် သာဝတိံသာနဲ့ ငရဲပြည်လို ကွာတယ်၊ နိုင်ငံရေး အကျဉ်းသားတွေက အကျဉ်းထောင်က လွတ်လာတဲ့ အခါမှာလည်း ကိုယ့်ကိုယ်ကိုယ် ပြန် တည်ဆောက်ဖို့၊ ဂုဏ်သိက္ခာရှိရှိ အိနြေ္ဒမပျက် လူရာသူရာဝင် နေနိုင်ဖို့ ဆိုတာ အတော့်ကို ခဲယဉ်းတယ်။ သူ (ဦးခင်ညွန့်) လွတ်လာတော့ တခမ်းတနားကြီး နေနိုင်တယ်” လို့ ဦးဝင်းတင်က ထောက်ပြ ပြောဆိုပါတယ်။

ဦးဝင်းတင်က သူ့ရဲ့ ကျန်းမာရေး စရိတ်၊ စာမူခနဲ့ တခြား အလှူငွေတွေထဲကနေပြီး လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို သူကိုယ်တိုင် ကူညီ စောင့်ရှောက် ပေးနေတာ ဖြစ်တာကြောင့် ဦးခင်ညွန့်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အကြား ထောင်တွင်း၊ ထောင်ပြင် ကွာခြားလွန်းလှတဲ့ အခြေအနေတွေကို လက်တွေ့ တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။

ဦးဝင်းတင် ကိုယ်တိုင်ကလည်း ဦးခင်ညွန့် လက်ထက်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရတဲ့ အကျဉ်းသား တဦးဖြစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ပြန်လွှတ်ပေးခဲ့တာပါ။ အာဏာပိုင်တွေက သူ့ကို နေအိမ်အရောက် အတင်းအကျပ် ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။

ဦးခင်ညွန့် လက်ထက် မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နေအိမ်အကျယ်ချုပ် ကျစဉ် ကာလမှာ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့် ပိတ်ပင်ခံရမှုတွေ၊ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် ဆောင်ရွက်မှုမျိုးတွေ ရှိတယ်ဆိုပြီး သတင်း မီဒီယာတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ပြောဆိုခဲ့ဖူးတာတွေလည်း ရှိခဲ့ပါတယ်။

ဦးခင်ညွန့်ကတော့ မကြာသေးခင်က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံတုန်းက သူ့အနေနဲ့ နိုင်ငံရေး လုပ်ငန်းတွေ လုပ်တော့မှာ မဟုတ်ဘဲ လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်ပြီး အေးအေးချမ်းချမ်း နေသွားလိုကြောင်း အခုဖွင့်လှစ်တဲ့ ဆိုင်တွေနဲ့ ပတ်သက် ပြီးတော့လည်း အေးအေးချမ်းချမ်း နေထိုင်ဖို့ ဖွင့်လှစ်တာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။

“ဘဘ အေးချမ်းတဲ့ ဘ၀ကို တည်ဆောက်ချင်တယ်ကွယ်။ အခုလည်း အေးချမ်းပါတယ်။ ဒီထက်ပိုပြီး အေးချမ်းအောင်လို့ ဒါလေးကို ထူထောင်လိုက် ရင်တော့ ပိုပြီးအေးချမ်းမယ် ဆိုပြီးတော့ မျှော်မှန်းချက်နဲ့ ဒါလေးကို တည်ဆောက်ရတာ ဖြစ်တယ်” လို့ ဆိုင်ဖွင့်ရတဲ့ ရည်ရွယ်ချက်ကို ဦးခင်ညွန့်က ပြောပါတယ်။

ဒီဆိုင်ကို ဖွင့်လိုက်တဲ့ ရည်ရွယ်ချက်ဟာ လူထုနဲ့ပြန်ပြီး ထိတွေ့ပြီး နိုင်ငံရေး လောကထဲကို ဝင်ဖို့မဟုတ်ဘူး လို့တော့ ဦးခင်ညွန့်က ပြောပေမယ့် ဝေဖန်သူ တချို့ကတော့ ဒီဆိုင်ကို ဘန်းပြပြီး ပြည်တွင်း ပြည်ပ ထောက်လှမ်းရေး ကွန်ရက်တွေနဲ့ ဆက်သွယ်ဖို့ အတွက် လွယ်ကူအောင် ပြုလုပ်တာလို့ ပြောဆိုနေကြ တာတွေလည်း ရှိပါတယ်။
ကျော်ခ 
ဧရာဝတီ

ရခိုင်မွတ်စလင်များ ကလေးနှစ်ယောက်သာ ယူရေး ဦးခင်ရီ ထောက်ခံ

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသရှိ မွတ်စလင်များ ကလေးနှစ်ယောက်ထက် ပိုမယူရ မူဝါဒသည် လွန်ခဲ့သော ဆယ်စုနှစ်တွေ ကတည်းက ရှိလာခဲ့သည် (ဓာတ်ပုံ- Reuters)
June 12, 2013
ရခိုင်ပြည်နယ်မှ လူနည်းစ်ုမွတ်စလင်မိသားစုတခုလျှင် ကလေးနှစ်ယောက်သာမွေးရန် မူဝါဒ ချမှတ်ခြင်းနှင့် ပတ်သက်၍ မြန်မာအစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထောက်ခံပြောဆိုလိုက် သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ရခိုင်ပြည်နယ်မှ “ဘင်္ဂလီ”ဟု မြန်မာအစိုးရမှ သတ်မှတ်ခေါ်ဆိုသည့် နိုင်ငံမဲ့ မွတ်စလင်များအပေါ်တွင် သက်ဆိုင်ရာဒေသ အာဏာပိုင်များမှ ဒေသန္တရအမိန့်အဖြစ် ထုတ်ပြန်ခဲ့သော ကလေးနှစ်ယောက်မူဝါဒနှင့် ပတ်သက်၍ အရင်ဆုံး လူသိရှင်ကြား ထောက်ခံ ပြောဆိုခဲ့သော အစိုးရထိပ်တန်းတာဝန်ရှိသူတဦး ဖြစ်သည်။

“ဒီအမိန့်က ဘင်္ဂလီ အမျိုးသမီးတွေအတွက် အကျိုးရှိစေပါလိမ့်မယ်” ဟု ဦးခင်ရီက ရိုတ်တာသတင်းဌာန နှင့်တွေ့ဆုံ ရာတွင်ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ဘာသာဝင်များကြား ယမန်နှစ်မှ စတင်ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများတွင် လူရာနှင့်ချီ၍ သတ်ဖြတ်ခြင်းခံခဲ့ရပြီး လူ ၁၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ရခြင်းနှင့် ပတ်သက်၍ အစိုးရ၏ ကိုင်တွယ်အရေးယူမှုများအတွက် နိုင်ငံတကာမှ စိုးရိမ်ပူပန်မှုများ ပိုမိုတိုးမြင့်လာနေသည့် အချိန်တွင် ဦးခင်ရီက ယင်းကဲ့သို့ ထောက်ခံပြောဆိုလိုက်ခြင်းဖြစ်သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအဖွဲ့ကမူ ထိုမူဝါဒကို ခွဲခြားဆက်ဆံခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်း အဖြစ် ဝေဖန်ပြစ်တင်ခဲ့ကြသည်။

၂၀၁၁ ခုနှစ် မတ်လမှ စတင်တာဝန်ယူခဲ့သည့် ပြုပြင်ပြောင်းလဲရေးအစိုးရ အတွက်လည်း ဆက်လက်ဖြစ်ပေါ်နေသော ဘာသာရေး တင်းမာမှုများက ကြီးမားသောစိန်ခေါ်မှုတွေ ဖြစ်လာသည်။

ကျန်းမာရေးဝန်ထမ်းများက ကလေးနှစ်ယောက်မူဝါဒကြောင့် အရှေ့တောင်အာရှ၏ အဆင်းရဲဆုံးဒေသတွင် ကလေးဖျက်ချခြင်းများ တိုးပွားလာစေလိမ့်မည်ဟု ပြောကြသည်။

ရခိုင်ဒေသ အာဏာပိုင်များကမူ နောက်ဖြစ်လာနိုင်သည့် မငြိမ်သက်မှုများကို ကာကွယ်ရန်အတွက် မွတ်စလင်များကို ထိန်းချုပ်ရန်လိုအပ်သည်ဟု ဆိုသည်။ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် ဗုဒ္ဓဘာသာများနှင့် မွတ်စလင်များကို လူမျိုး ဘာသာရေး ခွဲခြားသည့်မူဝါဒများ ချမှတ်ပြီး သီးခြားစီ နေထိုင်စေသည်။ မွတ်စလင်အများစုသည် ယခင်နှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ဆူပူမှုများနောက်ပိုင်းတွင် အကျဉ်းထောင်နှင့် မခြားသော စခန်းများတွင် နေထိုင်ကြရသည်။

ရခိုင်ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက စစ်အစိုးရလက်ထက် ၂၀၀၅ ခုနှစ်တွင် လျှင်မြန်စွာတိုးတက်လာနေသော မွတ်စလင်လူဦးရေကို ထိန်းချုပ်ရန် ချမှတ်ထားခဲ့သည့် ကလေးနှစ်ယောက်အမိန့်ကို ဘူးသီးတောင်နှင့် မောင်တော မြို့နယ် နှစ်ခုတွင် ချမှတ်ကျင့်သုံးမည်ဟု ယခင်လအတွင်းက ထပ်မံအတည်ပြုပြောဆိုခဲ့သည်။

“ရခိုင်ပြည်နယ်က ဘင်္ဂလီအမျိုးသမီးတွေမှာ ကလေးတွေအများကြီးရှိတယ်။ တချို့နေရာတွေမှာဆိုရင် မိသားစုတစုမှာ ကလေးက ဆယ်ယောက်၊ ဆယ့်နှစ်ယောက်လောက်ကို ရှိနေတယ်။ ဒါကြောင့် ကလေးတွေ အာဟာရပြည့်အောင် မကျွေးနိုင်ဘူး၊ ကျောင်းထားဖို့လည်း မလွယ်ကူတော့ဘူး၊ ကလေးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ အခက်အခဲတွေ အများကြီးရှိပါတယ်” ဟု ဦးခင်ရီကပြောသည်။

ကလေးနှစ်ယောက်မူဝါဒကို ထောက်ခံပါသလားဟု ရိုက်တာမှ မေးသောအခါ သူက “ထောက်ခံပါတယ်” ဟုဖြေသည်။

 “လူ့ အခွင့်အရေးနဲ့ မကိုက်ညီပါဘူး”

ထိုမူဝါဒကို နိုင်ငံတကာမှ ဝေဖန်ပြစ်တင်ခဲ့ကြသလို မြန်မာအစိုးရ၏ ရခိုင်ရှိ နိုင်ငံမဲ့ မွတ်စလင်များအရေး ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ ဆွေးနွေး ငြင်းခုန်မှုတွေ များပြားလာရသည်။ မွတ်စလင်များက ရခိုင်ပြည်နယ်တွင် သူတို့တွေ ရာစုနှင့်ချီ၍ အခြေချနေထိုင်ခဲ့ကြသည်ဟု ဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂကလည်း ကလေးနှစ်ယောက်သာမွေးရန် မူဝါဒနှင့် လုပ်ဆောင်မှုများကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှု အဖွဲ့ကလည်း ထိုဥပဒေသည် နိုင်ငံတကာလူ့အခွင့်အရေးကာကွယ်မှု များကို ချိုးဖောက်ခြင်းဖြစ်ပြီး အမျိုးသမီးများ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်ပျက်စီးစေနိုင်သည် ဟု ဆိုသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကလေးနှစ်ယောက် မူဝါဒကို ခွဲခြားဆက်ဆံခြင်းဖြစ်ပြီး လူ့အခွင့်အရေးနှင့် ကိုက်ညီခြင်းမရှိဟု ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာအစိုးရက  “ဘင်္ဂလီ”များသည် မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီအဖြစ်ရှိစဉ်ကာလ ၁၈၂၄ မှ ၁၉၄၈ အတွင်းတွင်  ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရောက်ရှိလာသည့် မွတ်စလင်များ ဖြစ်သည်ဟု ဆိုသည်။ “ဘင်္ဂလီ” ဆိုသော ဝေါဟာရမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမ၀င် ရောက်ရှိလာသူများ ဟု အဓိပ္ပါယ်ရသည်။

၁၉၈၂ နိုင်ငံသားဥပဒေအရ ၎င်းတို့ကို နိုင်ငံမဲ့များ အဖြစ်သတ်မှတ်ခြင်းခံရသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း သူတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းပယ်ထားပြီး ၁၉၉၂ ခုနှစ်မှ စတင်၍ ဒုက္ခသည်အဖြစ် သတ်မှတ်လက်ခံခြင်းကို ရပ်ဆိုင်းခဲ့သည်။

ဦးခင်ရီက မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ရှိပြီး “ဘင်္ဂလီ”က ၁.၃၃ သန်းရှိသည်ဟု ပြောသည်။ ယခင် ခန့်မှန်းတွက် ချက်မှုများ အရ ၈၀၀၀၀၀ ရှိသည်။ ရခိုင်ပြည်နယ်တွင် ၁.၀၈ သန်းရှိပြီး ၄၀၀၀၀ ခန့်သာနိုင်ငံသားများ ဖြစ် ကြသည်ဟုလည်းဆိုသည်။

ဦးခင်ရီက ကလေးနှစ်ယောက်မူဝါဒကို ဒေသဆိုင်ရာ အာဏာပိုင်များက အောက်ခြေအဆင့်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားဖွယ် ရှိသည်ဟုလည်း ပြောသည်။ “ဒီအမိန့်ကို ဗဟို အစိုးရက ထုတ်တာမဟုတ်ပါဘူး။ ရခိုင်ပြည်နယ် အစိုးရက ထုတ်တာလည်း မဟုတ်ပါဘူး” ဟုပြောသည်။

သို့သော်လည်း ထိုမူဝါဒသည် လူဦးရေများပြီး ဆင်းရဲနွမ်းပါးသော မိသားစုများကြောင့်ဖြစ်သည့် ပြဿနာ များကို လျော့ နည်းသွားအောင် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု သူကဆိုသည်။

“ဘင်္ဂလီ အမျိုးသမီး အားလုံးနီးပါးဟာ အရမ်းဆင်းရဲကြတယ်။ ပညာမတတ်ကြဘူး။ ဒါကြောင့် ကလေးတွေကို ထိန်း သိမ်းစောင့်ရှောက်ဖို့ အခက်အခဲတွေ ကြုံကြရတယ်။ ကလေးနှစ်ယောက်၊ ဒါမှ မဟုတ် သုံးယောက်ပဲ မွေးဖို့ မူဝါဒချ မှတ်ပေးမယ်ဆိုရင် သူတို့ အတွက်လုံလောက်ပါတယ်။ ဒါ ကျနော့် အမြင်သက်သက်ပါ” ဟု ဦးခင်ရီ က ပြောသည်။

အန္တရာယ်များသည့် ကိုယ်ဝန်ဖျက်ချခြင်း

ဥပဒေအရ ဒဏ်ငွေ ပေးဆောင်ရခြင်းနှင့် ဖမ်းဆီးခံရခြင်းမျိုးတွေကို ရှောင်လွှဲနိုင်ရန် မွတ်စလင် ကိုယ်ဝန်ဆောင် အမျိုးသမီး များအနေဖြင့် တရားမ၀င် ကိုယ်ဝန်ဖျက်ခြင်းများ ပြုလုပ်လာနိုင်သည်ဟု ကျန်းမာရေး ၀န်ထမ်းများက ပြော ကြသည်။

“အမျိုးသမီးတွေဟာ ကိုယ်ဝန်ဖျက်ချပြီးတဲ့နောက် ကူးစက်ရောဂါတွေ နောက်ဆက်တွဲ တခြားရောဂါတွေနဲ့ ကျမတို့ ဆီကို ရောက်လာကြတယ်” ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (မြန်မာ)မှ ဒုတိယအကြီးအကဲ Vickie Hawkins ကပြောသည်။ ၎င်းတို့ အဖွဲ့သည် ရခိုင်ပြည်နယ်သို့ ၁၉၉၄ ခုနှစ်ကထဲက ရောက်ရှိနေခဲ့ကြသည်။

“တင်းကျပ်တဲ့ စည်းကမ်းနဲ့ မူဝါဒတွေကြောင့် အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချကြတာဖြစ်တယ်လို့ ကျမတို့ သုံးသပ်မိပါတယ်” ဟု Hawkins ကဆိုသည်။

ကလေးနှစ်ယောက်မူဝါဒ နှင့်ပတ်သက်၍လည်း Hawkins က “လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ရှိခဲ့တဲ့ မူဝါဒ တခုကို ခိုင်ခိုင်မာမာ ဖြစ်အောင်ပြန်လုပ်တာပါပဲ” ဟုပြောသည်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့သည် ရခိုင်ပြည်နယ်တွင်  မွတ်စလင် အများဆုံးနေထိုင်သည့် နေရာများဖြစ်သော ဘူးသီး တောင်နှင့် မောင်တောမြို့နယ်များတွင် ဆေးခန်းများဖွင့်လှစ် ကုသပေးလျှက်ရှိသည်။ အစိုးရက အဆိုပါဒေသများသို့ နိုင်ငံ ခြားသတင်းထောက်များ သွားရောက်ခွင့်မပြုပေ။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှုအဖွဲ့က  မွတ်စလင် အမျိုးသမီးများသည် ချမှတ်ထားသော ဥပဒေကို ရှောင်လွှဲနိုင်ရန် မိမိကလေးကို အခြား တရားဝင် လက်ထပ်ထားသူများ၏ နာမည်ဖြင့် မှတ်ပုံတင်ခွင့်ရရှိရေးအတွက် တာဝန်ရှိသူများကို လာဘ်ငွေများ ပေးကြရ သည်ဟုဆိုသည်။

အချို့ကတော့ ဒဏ်ရိုက်မခံရစေရန်၊ ထောင်မကျစေရန် သူတို့ကလေးများကို ၀ှက်၍ ဖြစ်စေ မှတ်ပုံမတင်ဘဲဖြစ်စေ ထား ကြသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှုအဖွဲ့ကပြောသည်။ အကယ်၍ ကလေး နှစ်ယောက်ထက် ပိုနေသည် ကို အာဏာပိုင်များက စစ်ဆေးတွေ့ ရှိသွားလျှင် နာမည်ပျက်စာရင်းသွင်းပြီး အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်ခြင်း ခံရသည် ဟုလည်း ဆိုသည်။

ကလေးနှစ်ယောက် မူဝါဒက  မွတ်စလင်ဆန့်ကျင်ရေး စိတ်ဓာတ်နှင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်လာစေရန် ခြိမ်းချောက်မှုတခု ဖြစ်လာသည်။ ဇွန်လ အစောပိုင်း၌ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေ နှင့် မြောက်ဦး၊ မင်းပြား အစရှိသောမြို့များတွင် ရာနှင့်ချီသော ရခိုင်များက ကလေးနှစ်ယောက် မူဝါဒကို ထောက်ခံကြောင်းချီတက်ဆန္ဒ ပြခဲ့ကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ အဓိကရုဏ်းများ မတိုင်မီကလည်း အစ္စလမ်မစ် နိုင်ငံများအဖွဲ့ချုပ် (OIC) ကို ဆန့်ကျင် သော ဆန္ဒပြပွဲများကို ဗုဒ္ဓဘာသာဘုန်းကြီးများက ဦးဆောင်ပြီး မြန်မာနိုင်ငံအနှံ့အပြား ပြုလုပ်ခဲ့ကြသည်။

(Jason Szep နှင့် Andrew R.C. Marshall ၏ Myanmar minister backs two-child policy for Rohingya minority ကို နိုင်မင်းသွင် ဘာသာပြန်သည်)
ဂျေဆင်ဇပ်နှင့် အင်ဒရူးမာရှယ်
ဧရာဝတီ

ကားနှင့်တိုက်၍ သေဆုံးခဲ့သော ကိုရီးယားဟာသကြယ်ပွင့် ဟမ်ဟျိုဂျူး

ကိုရီးယားနိုင်ငံက ဟာသသရုပ်ဆောင် ဟမ်ဟျိုဂျူးသည် ပြီးခဲ့သော ဇွန်လ(၈)ရက်နေ့က ကားနှင့် အတိုက်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။ သူမ၏ ၀မ်းနည်းကြေကွဲဖွယ် အသုဘအခမ်းအနားပွဲကို ဟာသသရုပ်ဆောင် အပေါင်းအသင်းများ တက်ရောက်ခဲ့ကြသည်။

ဟမ်သည် ဇွန်လ (၈)ရက်နေ့ နံနက် (၃)နာရီတွင် ယုံဒိုပို ခရိုင် စင်ဂဲဒုံအနီးတွင် အလုပ်ပါတီတစ်ခုအပြီး အိမ်ကိုပြန်လာချိန်တွင် ယခုလိုအတိုက်ခံခဲ့ရပြီး ဟမ်၏နမော်နမဲ့လမ်းလျှောက် မှုကြောင့်ဟု ထုတ်ပြန်တင်ပြခဲ့ကြောင်း သိရသည်။ ဟမ်သေဆုံးမှုအတွက် သူမ၏ အပေါင်းအသင်းများက ကြေကွဲဝမ်းနည်းခဲ့ကြသည်။ ဟမ်သည် ဆိုးလ်အနုပညာကျောင်းက သရုပ်ဆောင်ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီးနောက်(၂၀၀၅)ခုနှစ်တွင် ဟာသသရုပ်ဆောင်တစ်ဦးအနေဖြင့် စတင်လုပ်ကိုင် ခဲ့သည်။

သူမကျောင်းပြီးသောနောက်တွင် ဟာသသရုပ်ဆောင်အဖြစ် လုပ်ကိုင်ရုံသာမက K-Pop ကြယ်ပွင့်များကို သရုပ်ဆောင်ပိုင်းများ သင်ကြားပေးခဲ့ကြောင်း MSN သတင်းဆိုက်မှ သိရသည်။
SkyNet TV Browser

မြန်မာနိုင်ငံတွင် ကိုရီးယားကင်ဆာအထူးကုဆေးရုံ ပထမဆုံးဖွင့်လှစ်မည်

ရန်ကုန်၊ ဇွန် ၁၁
ကိုရီးယားနိုင်ငံ၏ ထိပ်တန်းကင်ဆာ အထူးကုဆေးရုံ SAM Medical Center ကို မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်ရန် စီစဉ်နေကြောင်း အဆိုပါစင်တာ တာဝန်ရှိသူတစ်ဦးက The Voice သို့ပြောကြားသည်။

ပြည်ပ ပုဂ္ဂလိက ဆေးရုံများအတွက် ဥပဒေမရှိသောကြောင့် ပြည်တွင်းရှိ ပုဂ္ဂလိက ဆေးရုံသို့မဟုတ် ကျန်းမာရေးဝန်ကြီးဌာနလက်အောက် အစိုးရဆေးရုံ တစ်ခုခုနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် ရှိကြောင်း၊ နှစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနချင်း ညှိနှိုင်းဆောင်ရွက်မှု ထားပြီးဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆေးဘက်ဆိုင်ရာနှင့်ပတ်သက်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဥပဒေ မပေါ်ပေါက်နိုင်သေးသည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံ လိုသူများက ဂရုပြုစောင့်ကြည့်လျက်ရှိကြောင်း ပုဂ္ဂလိက ဆေးရုံအသင်းဝင် ပန်းလှိုင်ဆေးရုံမှ ဆေးရုံအုပ်ကြီး ဦးရဲမိုးမြင့်က ရှင်းပြသည်။

"ဒီကိုရီးယားဆေးရုံက မြန်မာပြည်ကိုလာတဲ့ ပထမဆုံးဆေးရုံမဟုတ်ဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ထားတဲ့ ဆေးရုံတွေ အများကြီးရှိတယ်" ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

ပြည်တွင်း ပုဂ္ဂလိက ဆေးရုံများအတွက် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက် မှုဥပဒေ ရှိထားသော်လည်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ တို့တွင် သတ်မှတ်ချက်များ ပြဋ္ဌာန်းထားမှု မရှိသေးပေ။
The Voice Weekly

အကြမ်းဖက်တရားခံများကို ဖော်ထုတ်အရေးယူပေးမည်ဟု မလေးရှားရဲမှူး ကတိပေး

ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၂ ရက် ၂၀၁၃
မလေးရှားနိုင်ငံတွင် မေလကုန်ပိုင်းမှစပြီး မြန်မာအလုပ်သမားများ သေဆုံးဒဏ်ရာရရှိမှုများအပေါ် အကြမ်းဖက် တရားခံများအား ဖော်ထုတ်အရေးယူပေးမည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ လာရောက်ပြောဆို သွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇင်ယော် က ဇွန်လ ၁၁ ရက်တွင်ပြောဆိုလိုက်သည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို ကူညီဆောင်ရွက်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဦးဇင်ယော်နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်း တို့ပါဝင်သည့် ကိုယ်စားလှယ် လေးဦးက ဇွန်လ ၁၁ ရက် ညနေတွင် မလေးရှားသို့ ထွက်ခွာသွားပြီလည်း ဖြစ်သည်။

''တချို့တိုက်ခိုက်မှုတွေမှာ CCTV ကင်မရာနဲ့ ရိုက်ထားတာတွေရှိပါတယ်။ လူလုံးမကွဲတာတို့ ၊ လူရှာတာတို့ စသဖြင့်ပေါ့။ Footage တွေကိုတော့ မိပါတယ်။ ဒီဟာတွေကို စုံစမ်းဖော်ထုတ်ပြီးတော့ အရေးယူပေးပါ မယ်ဆိုပြီးတော့ သက်ဆိုင်ရာ အခင်းဖြစ်ပွားတဲ့ ရဲမှူးကိုယ်တိုင် သံရုံးမှာလာတွေ့ပြီးတော့ ပြောပါတယ်။ ခုလောလောဆယ်တော့ ဖမ်းဆီးရမိတဲ့သူ မရှိဘူးလို့ သိရပါတယ်'' ဟု ဦးဇင်ယော်၏ ပြောဆိုချက်ကို
နိုင်ငံပိုင်ရုပ်သံတွင် ဖော်ပြခဲ့သည်။

မလေးရှားရှိ တရားမဝင် မြန်မာအလုပ်သမားများကို မလေးရှားအစိုးရက ထိန်းသိမ်းရေးစခန်းသို့ပို့ခြင်း ၊ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းများကို ယခင်က လုပ်ဆောင်ခဲ့သော်လည်း လက်ရှိ ဖြစ်ပေါ်နေသော အနေအထား အရ နှစ်ဖက်အစိုးရဆွေးနွေးပြီး ဆောင်ရွက်ရမည်ဟုလည်း ဒုဝန်ကြီး ဦးဇင်ယော် က ပြောဆိုခဲ့သည်။

မလေးရှားရဲများက မြန်မာများကို မြင်ပါက ထိန်းသိမ်းခေါ်ဆောင်မှုများလည်းရှိနေပြီး အချို့မှာ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်းလည်း မလေးရှားရှိ မြန်မာဘုန်းတော်ကြီး ဦးဣန္ဓကက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

ဆရာတော် ဦးဣန္ဓက၏ မြန်မာဘုန်းတော်ကြီးကျောင်းတွင် တိမ်းရှောင်နေရသည့် မြန်မာအလုပ်သမားပေါင်း ၂ဝ ခန့် ရှိနေပြီး ၎င်းတို့မှာ အဝတ်အစားအခက်အခဲရှိကြောင်းလည်း ဆရာတော်က မိန့်ကြားခဲ့သည်။

''အစားအစာကတော့ ဦဇင်းရဲ့ကျောင်းမှာ အဆင်ပြေနေတယ်လေ။ သူတို့ အဝတ်အစားတော့ အခက်အခဲရှိ မယ်ထင်တယ်။ အပြင်ထွက်ဖို့က ထိတ်ထိတ်ပြာပြာနဲ့ နေရတုန်းပဲ။ ပြန်မယ်လို့ပဲ ပြောနေကြတယ်'' ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

မလေးရှားရဲများက မြန်မာနိုင်ငံသား လေးဦးသာသေဆုံးခဲ့ကြောင်း မြန်မာသံရုံးသို့ သတင်းပေးပို့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇင်ယော်က နိုင်ငံပိုင်ရုပ်သံတွင် ပြောဆိုခဲ့သော်လည်း
မြန်မာနိုင်ငံသား ခြောက်ဦးသေဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရရှိခဲ့သည်။
မင်းမင်း
Mizzima - News in Burmese





ဖုန်းဘီလ်ပုံမှန်ဆောင်သော်လည်း ဖုန်းလိုင်းပိတ်

အုတ်ဖိုမြို့တွင်လစဉ်ပုံမှန် ဖုန်းဘီလ်ပေးဆောင်နေသည့်ကြားမှ ငွေမဆောင်ဟုဆိုကာ လိုင်းပိတ်ခဲ့မှုဖြစ် ခဲ့ကြောင်း သိရှိရပါသည်။

မိုးညိုတန်းရပ်ကွက်နေ မစန်းစန်းအေး၏ကြိုးဖုန်း 053-80142 အား ၁၇-၅-၂၀၁၃ ရက်နေ့တွင်ဖုန်းလိုင်းပိတ်ခဲ့၍ ဖုန်းရုံးသို့သွားရောက်ပြောဆိုခဲ့ရာ လိုင်းတာဝန်ခံက လိုင်းကောင်းကြောင်း၊ ဖုန်းဘီလ်မဆောင်၍ ပိတ်သည်ဟု ယူဆကြောင်းပြော၍ ၂၃-၄-၂၀၁၃ ရက်နေ့အထိ ငွေပေးဆောင်ထားသည့် ချလံ များအားပြသ၍ မိတ္တူဆွဲကာ ရုံးဝန်ထမ်းတစ်ဦး ထံပေးအပ်ခဲ့ပါသည်။

၁၉ ရက်နေ့တွင်လည်း ဖုန်းမပွင့်သေး၍ ဖုန်းရုံးသို့ထပ်မံသွားရောက်ခဲ့ရာ ၀န်ထမ်းတစ်ဦးမှ တာဝန်ခံမရှိ၍ ဖွင့်မပေး ရဲကြောင်းပြန်လည် ပြောဆိုခဲ့သဖြင့် ကာယကံရှင်မှ ကြေနပ်မှုမရှိသဖြင့် မြို့နယ် အထွေထွေ အုတ်ချုပ်ရေး ဦးစီးဌာန ရုံးသို့သွားရောက်တိုင်ကြားခဲ့ကြောင်းသိရပါသည်။ ဖုန်းဘီလ်များကို လစဉ် မပျက်မကွက်ပေးဆောင်နေသော်လည်း ငွေမဆောင် ဟုဆိုကာ ဖုန်းပိတ်ခြင်း ၊ သက်သေအထောက်အထား ခိုင်လုံစွာ တင်ပြသော်လည်း ဖုန်းလိုင်းဖွင့်ပေးရန် ကြန့်ကြာနေမှုများကြောင့် ကာယကံရှင်အနေဖြင့် စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များတွင် အခက်အခဲများဖြစ်ခဲ့ရသဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၀န်ဆောင်မှုကောင်းမွန်ရန် ကြိုးစားပြင်ဆင်ရန်လိုအပ်ကြောင်း ကာယကံရှင်မှ သတင်းစဉ်သို့ပြောကြားခဲ့ပါသည်။ ၄င်းနည်းတူ ဖုန်းပိတ်ခံရသူများလည်း ရှိနိုင်ကြောင်းပြောပြခဲ့ပါသည်။

မြို့နယ် အော်တိုဖုန်း တာဝန်ခံထံ သတင်းစဉ်က ဆက်သွယ်မေးမြန်းရာတွင် “ ဖုန်းဘီလ်မဆောင်၍ ဖုန်းလိုင်းပိတ်ရန်ညွှန်ကြားချက်ရ၍ ဖုန်းပိတ်ရခြင်း ဖြစ်ကြောင်း ၊ ဖုန်းဘီလ်ကို စာတိုက်တွင်ပေးသွင်းရခြင်းဖြစ်ပြီး စာတိုက်နှင့် တယ်လီဖုန်း ( အခွန် ဌာန) သို့ဆက်သွယ်ဆောင်ရွက် ရာတွင် မည်သို့လွဲ မှားခဲ့သည်ကို မသိရ ကြောင်း ၊ သုံးစွဲသူမှ ပြေစာ အထောက်အထားပြသခဲ့၍ တနင်္ဂနွေ နေ (၁၉ ) ရက်နေ့ ညတွင် ဖုန်းလိုင်းပြန်ဖွင့်ပေးခဲ့ကြောင်းပြောကြားခဲ့ပါသည်။ ယနေ့ခေတ်အခါတွင် နိုင်ငံတော်သမ္မတကြီးမှ ၊ “သန့်ရှင်းသည့်အစိုးရ ၊ ကောင်းမွန် သည့် အစိုးရ” ဟူသော ကြွေးကြော်သံဖြင့် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်နေချိန်တွင် အထက်ပါ ကိစ္စရပ်များ မဖြစ်သင့်ကြောင်းနှင့် တာဝန်ရှိသူများမှ ခေတ်၊ စနစ်နှင့် အညီ မိမိ ဌာန ၀န်ထမ်းများ အား ထိန်းကြောင်းပြုပြင်မှုများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။
တင်ထွဋ်
ပဲခူး သတင်းစဉ်

ကြက်ဟင်းခါးသီးဟင်း ချက်ကျွေး၍ လင်မယားချင်းဓါးထိုးမှု

ပဲခူးတိုင်း ဒေသကြီး ၊ အုတ်ဖိုမြို့နယ် ၊ လက်ပံတော ကျေးရွာ အုပ်စု၊ ဂရန် စံပြကျေးရွာတွင် ၊ ၁၆-၅-၁၃ ရက်နေ့ ၊ နေ့လည် ၁း၀၀ ခန့်က ကိုဇော်မင်းနိုင်မှ ဇနီးဖြစ်သူချက်ကျွေးသော ကြက်ဟင်းခါးသီးဟင်းကို အရမ်းခါးလွန်းသည်ဟု ၊ ပြစ်တင်ပြောဆိုရာမှ လင်မယားချင်း စကားများရန်ဖြစ်ခဲ့ပါသည်။
ကိုဇော်မင်းနိုင်မှ ဇနီးဖြစ်သူ မစန်းစန်းမော် ၏မျက်နှာကို လက်သီးဖြင့် စတင်ထိုးပြီး ခြေဖြင့် ကန်ခဲ့၍ ဇနီးဖြစ်သူမှ ဓါးမြှောင်ဖြင့် ပြန်ထိုးခဲ့ရာ ဇော်မင်းနိုင် ၏ရင်ညွန့်တည့်တည့်တွင် ဒဏ်ရာ တစ်ချက်ရရှိခဲ့သဖြင့် ၊ ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့ရကြောင်းသိရှိရပါသည်။

ကိုဇော်မင်းနိုင် ၏တိုင်တန်းမှုကြောင့် အုတ်ဖိုရဲစခန်းမှ ပ(၁၃၀/၁၃) ပုဒ်မ ၃၂၄ အရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။ အစားအသောက်နှင့်ပတ်သက်၍၊ ထမင်း တလုတ် တုတ်တစ်ချက် ဟူသော စကားပုံ အသိ ရှိခဲ့သော်လည်း ဒေါသမထိန်းနိုင်သည့်အခါ ဟင်းတစ်ခွက်ကလည်း ဓါးတစ်ချက် ဖြစ်ပေါ်စေနိုင်ကြောင်း စာဖတ်သူများ သတိပြုစေနိုင်ရန် တင်ပြလိုက်ရပါသည်။
တင်ထွဋ်
ပဲခူး သတင်းစဉ်

အချုပ်ကား ဘရိတ်ပေါက်၍ ယာဉ်တိုက်မှုဖြစ်

၁၁.၆.၂၀၁၃ ရက်နေ့ ၁၅၀၅ အချိန် မင်္ဂလာတောင်ညွှန့် မြို့နယ်တရားရုံးမှ အချုပ်တရားခံ ကျား(၅)ဦး၊ မ(၅)ဦး၊ ပေါင်း (၁၀)ဦးအား တပ်ဖွဲ့ဝင်များဖြင့်အင်းစိန်အကျဉ်းထောင်သို့ပို့ရန် ယာဉ်မောင်း ရဲတပ်သား စည်သူဝင်းနိုင် မောင်းနှင်သည့် ယာဉ်အမှတ် ၁ခ/၇၇၈၇ အချုပ်ယာဉ်သည် မင်္ဂလာတောင် ညွှန့်မြို့နယ်၊ အထက်မန္တလေးလမ်းအတိုင်း မြို့နယ်တရားရုံးဘက်မှ ဒေါ်သိန်းတင်လမ်း ဘက်သို့ မောင်းနှင်လာစဉ် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်မြောက်ရပ်ကွက်၊ အထက်မန္တလေးလမ်း၊ လမ်းသွယ်(၂) အရောက်တွင် အချုပ်ယာဉ်ဘရိတ်ပေါက်ပြီး လမ်းထောင့်၌ဖုန်းရပ်ပြောနေသော မင်္ဂလာတောင်ညွှန့် မြို့နယ်နေသူ အောင်နိုင်ဝင်း (၂၇)နှစ်၊ (ဘ)ဦးအောင်ဆန်းအား ယာဉ်၏ ယာဘက်ရှေ့ခေါင်းဘေးထောင့်နှင့် တိုက်မိပြီး ဆက်လက်၍လမ်းဘေးတွင် ရပ်ထားသောအခြားယာဉ် (၄)စီးအား ထပ်မံတိုက်မိသဖြင့် ယာဉ်များ အနည်းငယ်ပျက်စီးပြီး ယာဉ်တိုက်ခံရသူ အောင်နိုင်ဝင်းတွင် ခါးနာကျင်ဒဏ်ရာရရှိသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့အပ်ကုသလျက် ရှိကြောင်းနှင့် အချုပ်ယာဉ်မောင်း တပ်သားစည်သူဝင်းနိုင် အားရဲစည်းကမ်းထန်းသိမ်းရေး ဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေတို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Yangon Police

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com