http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဒီမိုကရေစီလူ့အဖွဲ့ အစည်းဝန်ကြီးအဆင့်ဆိုင်ရာညီလာခံ ဒေါ်အောင်ဆန်းစု ကြည်တက်ရောက်မည်

 မွန်ဂိုလီးယား- မွန်ဂိုလီယားကိုရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က အူလန်ဘာတောမြို့ တော်တွင်ကျင်းပမည့် သတ္တမအကြိမ်မြောက် ဒီမိုကရေစီလူ့အဖွဲ့အစည်းဝန်ကြီးအဆင့်ဆိုင်ရာ ညီလာခံကိုတက်ရောက်ရန်ပြင်ဆင်နေကြောင်း မွန်ဂိုလီယား သတင်းမီဒီယာတွေက သတင်းရေးသားကြပါသည်.

သတ္တမအကြိမ်မြောက် ဒီမိုကရေစီလူအဖွဲ့ အစည်းဝန်ကြီးအဆင့်ဆိုင်ရာညီလာခံအတွက်နိုင်ငံပေါင်း ၁၃၁ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများနှင့် အဖွဲ့ အစည်း ၂၀ကျော်မှ ကိုယ်စားလှယ်များကို မွန်ဂိုလီယားအစိုးရက ဖိတ်ကြားထားသည်။

ထို့ အပြင်ဒေါ်အောင်ဆန်းစုကြည်က မွန်ဂိုလီယားနိုင်ငံ၏ နာမည်ကျော်သထ္ထုတွင်းလုပ်ငန်းများကိုလည်း သွားရောက်လေ့လာမည်ဟုသိရှိရသည်။
ထားထားမြင့်
7Day News Journal

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ရွှေပေလွှာပုံရိပ်များ

Monday, 29 April 2013
မွန်ဂိုလီးယားနိုင်ငံရောက်“ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံ”မှ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ရွှေပေလွှာပုံရိပ်များ
Tun Wai







နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဒေသဆိုင်ရာဖွံ့ဖြိုးရေး မူဝါဒဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧပြီ ၂၉ ရက်တွင် ထိုင်းနိုင်ငံဘန်ကောက် မြို့၌ ကျင်းပသည့် ကုလသမဂ္ဂကကြီးမှူးကျင်းပသည့် ဒေသဆိုင်ရာဖွံ့ဖြိုးရေး မူဝါဒဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲတွင် စီးပွားရေးရိုက်ခတ်မှုများနှင့်သဘာဝဘေးအန္တရာယ်များ၏ခြိမ်းခြောက်မှုများအပေါ် တုံ့ပြန်နိုင်မည့်နည်းလမ်းများ ရှာဖွေရန်နှင့် အားလုံးပါဝင်ပြီး ရေရှည်ဖွံ့ဖြိုးမှုကို အရှိန်မြှင့်လုပ်ဆောင်နိုင်ရန်အတွက်ဆွေးနွေးမှုများ လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂအာရှ-ပစိဖိတ်ဒေသဆိုင်ရာစီးပွားရေးနှင့်လူမှုရေးကော်မရှင် (ESCAP) ၏ (၆၉) ကြိမ်မြောက်ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၄၁ နိုင်ငံမှ အစိုးရထိပ်တန်းအရာရှိကြီးများတက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီ ၃၀ ရက် ညနေ ၅ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပမည်ဖြစ်ရာ မြန်မာ့ရုပ်မြင် သံကြားမှ အဆိုပါ အခမ်းအနားကျင်းပပုံများကို တိုက်ရိုက်ထုတ်လွှင့်ပြ သမည်ဖြစ်ကြောင်း သိရသည်။
အမေ့အိမ်, Eleven Media Group

မိတ္ထီလာ ပုဒ်မ ၁၄၄ အား ယခုလကုန် ရုပ်သိမ်းမည် လှုံ့ဆော်သူအချို့ ဖမ်းဆီးရန်ကျန်ရှိ

Monday, 29 April 2013
မိတ္ထီလာမြို့တွင် ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ အား ယခုလကုန်တွင် ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးမှ ဥပဒေရေးရာဝန်ကြီး ဦးရဲအောင်မြင့်က ပြောသည်။

ထို့ပြင် မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်အတွင်း လှုံ့ဆော်ရန် ပါဝင်ခဲ့သူ အချို့ကို လည်း ဖမ်းဆီးရန် ကျန်ရှိနေကြောင်း မန္တလေးတိုင်း ဒေသကြီးနယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။

မိတ္ထီလာဈေးကြီးရှိ နယူးဝိန့်စိန်ရွှေဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုမှစ၍ ဘာသာရေး အဓိကရုဏ်းအသွင် ဖန်တီးလုပ်ဆောင်မှုများကြောင့် သက်ဆိုင်ရာက မတ် ၂၀ ရက်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန် ထိန်းသိမ်းခဲ့ရပြီး လက်ရှိတွင် အချိန်တစ်လကျော် ကြာမြင့်နေပြီဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး ဥပဒေ ရေးရာဝန်ကြီး ဦးရဲအောင်မြင့်က ''လက်ရှိမှာ တည်ငြိမ်အေးချမ်းမှုတွေ အပြည့်အ၀ ရရှိလာပြီ ဖြစ်ပါတယ်။ ပုဒ်မ ၁၄၄ ကို မေလအတွင်း ရုပ်သိမ်းသွားမှာ ဖြစ်ပေမယ့် ညမထွက်ရ အမိန့်ကိုတော့ ဆက်ထားသွားမှာပါ'' ဟု ဆိုသည်။

ထိုသို့ ၂၀၁၃ ခုနှစ်၊ မတ် ၂၀ ရက် ဖွဲ့စည်းခဲ့သော စုံစမ်းရေး ကော်မရှင်၏နှစ်ပတ်ကျော်ကြာ စစ်ဆေးချက်များအရ ပြည်တွင်းအဖွဲ့အစည်း အချို့မှ ဤဖြစ်စဉ်ကို ဖန်တီးခဲ့သည်ဟု ယူဆနေကြပြီး လက်ရှိအချိန်ထိ ၎င်းအဖွဲ့အစည်းတွင် ပါဝင်သူဟု ယူဆသူ ဦးရေ ၅၀ နီးပါးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

''ကွင်းဆက်တွေတော့ ကျန်သေးတယ်။ အဲဒီအတွက်ကြောင့် စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင် နေပါတယ်။ ဘယ်အဖွဲ့အစည်းကလဲ ဆိုတာတော့ ဖမ်းဆီးမှုတွေ အလုံးစုံ ပြီးသွားရင်တော့ အသိပေးသွားမှာပါ'' ဟု မန္တလေးတိုင်း ဒေသကြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးကပြောသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်အပင်ခံ တစ်ဦးကမူ မိတ္ထီလာပဋိပက္ခဖြစ်စဉ်တွင် ဗကသသြဇာခံများ ပါဝင်လှုံဆော်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်းပြည်တွင်းမီဒီယာတစ်ခုမှ ဖော်ပြခဲ့သည်။

လူမျိုးရေး အသွင်ဆောင် မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်မှာ သုံးရက်သာ ကြာမြင့်ခဲ့သော်လည်း သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာရရှိသူ ၅၀ ကျော် ရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းဖြစ်စဉ်အတွင်း မီးရှို့ဖျက်ဆီးခံရသော အိမ်အလုံးရေ ၁၆၀၀ နီးပါး၊ ဘာသာရေး အဆောက်အအုံများ ပျက်စီးခဲ့ပြီး ဒုက္ခသည်ဦးရေ ၁၀၀၀ ခန့်ရှိခဲ့ကြောင်း သိရသည်။
အမေ့အိမ်, eleven media group

ရန်ကုန်မြစ်အတွင်း ကားတင်သင်္ဘောနှင့် မြန်အောင်သင်္ဘောတို့ တိုက်မိ

Monday, 29 April 2013
ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင် သင်္ဘောတို့ အချင်းချင်းတိုက်မိပြီး မြန်အောင်သင်္ဘောမှာ လုံးဝနစ်မြုပ် သွားခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာ့ရေနံ ဓာတုလုပ်ငန်းပိုင် မြန်အောင် ရေနံတင် သင်္ဘောသည် စက်သုံးဆီများအား မော်လမြိုင် ဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ပြန်လည်ထွက်ခွာခဲ့ရာ ဧပြီ ၂၈ ရက်၊ နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့်တွင် မှော်ဝန်းမီးပြဗော်ယာသို့ ကွေ့လာချိန်တွင် သီလ၀ါ MIPL ဆိပ်ကမ်း၌ မော်တော်ကားများချပြီး ရန်ကုန်မြစ်ဝသို့ ပြန်လည်ထွက်ခွာလာသော Malacca Highway သင်္ဘော၏ ဦးပိုင်းနှင့် မြန်အောင် သင်္ဘော၏ ၀ဲဘက်အလယ်ပိုင်းတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တိုက်မိခဲ့ခြင်းကြောင့် မြန်အောင်သင်္ဘောမှာ တစ်ဖက်သို့ တိမ်းစောင်းခဲ့ကာ ရေများဝင်ရောက်၍ မျောပါသွားခဲ့ပြီး Chokey shoal အရှေ့သောင်ပြင် (သီလ၀ါဆိပ်ကမ်း အနီးတွင်) လုံးဝနစ်မြုပ်သွားခဲ့ခြင်း
ဖြစ်သည်။

နစ်မြုပ်ခဲ့သည့် မြန်အောင် ရေယာဉ်တွင် သင်္ဘောသား ၁၇ ဦး ပါဝင်ပြီး၊ ယင်းသင်္ဘောသားများအား တပ်မတော်(ရေ)မှစစ်သင်္ဘောနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရေယာဉ်တို့မှ အသီးသီး ကယ်တင်နိုင်ခဲ့သဖြင့် ထိခိုက်သေဆုံးသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ရေနံ ဓာတုလုပ်ငန်းပိုင် မြန်အောင် ရေနံတင်သင်္ဘောအား ရေယာဉ်မှူး ဦးစံတင်မောင်းနှင်ခဲ့ပြီး၊ Malacca Highway သင်္ဘောအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းပြမှူးကြီး ဦးမြတ်စိုး(Pilot 39)တို့ အသီးသီး မောင်းနှင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ မြန်အောင်ရေနံတင် သင်္ဘောနစ်မြုပ်ရခြင်း အကြောင်းရင်းအား ရေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှူးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အခြားတာဝန်ရှိ အဖွဲ့အစည်း အသီးသီး ပါဝင်သောအထူး စုံစမ်းစစ်ဆေးရေးခုံရုံး အဖွဲ့ဖွဲ့စည်း၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ပြောကြားခဲ့သည်။

''သင်္ဘောတိုက်မိခဲ့ပြီးချိန်မှာပဲ တပ်မတော်(ရေ)နဲ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ရေယာဉ်တွေက ချက်ချင်းကယ်တင်နိုင်ခဲ့လို့ လူအသေ အပျောက်မရှိဘဲ ကယ်တင်နိုင်ခဲ့ပါတယ်။ သင်္ဘောလုံးဝ နစ်မြုပ်သွားတဲ့ နေရာက သင်္ဘောတွေ သွားလာနေတဲ့ ရေလမ်းကြောင်းနဲ့လည်း လွတ်ကင်းမှုရှိလို့ သင်္ဘောတွေ သွားလာမှုကို ထိခိုက်မှုမရှိပါဘူး။ ရေနံတင် သင်္ဘောကလည်း စက်သုံးဆီတွေကို မော်လမြိုင်ဆိပ်ကမ်းမှာ ချထားခဲ့ပြီးဖြစ် တဲ့အတွက် မြစ်ရေပြင်ညစ်ညမ်းမှု ဖြစ်စဉ်အတွက် စိုးရိမ်စရာမရှိပါဘူး။ အခုဖြစ်စဉ်ကို အထူးစုံစမ်းစစ်ဆေး ရေးခုံရုံးဖွဲ့ပြီး စစ်ဆေးသွားမှာပါ'' ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦး ဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်း မောင်က ပြောကြားခဲ့သည်။

လက်ရှိတွင် ရန်ကုန်မြစ်ကြောင်းအတွင်း မြန်အောင်သင်္ဘော နစ်မြုပ်ခဲ့သည့်နေရာ၌ အချက်ပြ မီးဗော်ယာတစ်လုံးချထားပြီး ရေကြောင်း သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

နစ်မြုပ်ခဲ့သည့် မြန်အောင် သင်္ဘောသည် အလျား ၆၃ ဒသမ ၅ မီတာ၊ အနံ ၁၃ မီတာ၊ ရေစူး ၃ မီတာနှင့် တန်ချိန် ၁၁၂၅ တန်ရှိပြီး၊ Malacca Highway သင်္ဘောမှာ တန်ချိန် ၁၇၀၀၀ ရှိကြောင်း သိရသည်။

Malacca Highway သင်္ဘောအား လက်ရှိတွင် ထွက်ခွာခွင့်မပြုဘဲ ရန်ကုန်မြစ်အတွင်း ကျောက်ချရပ်နားထားကြောင်း သတင်းရရှိပါသည်။ နစ်မြုပ်ခဲ့သည့် မြန်အောင် သင်္ဘောအား မြန်မာ့ရေန ဓာတုလုပ်ငန်းမှ အမြန်ဆုံးပြန် လည်ဆယ်ယူ သွားမည်ဖြစ်ကြောင်းလည်း သတင်း ရရှိပါသည်။
eleven media group

မြန်မာ့အလင်းသတင်းစာတိုက်အနီးရှိနေအိမ် တစ်လုံးမီးလောင်



ရန်ကုန်၊ ဧပြီ ၂၉။
ယနေ့နံနက် ၇နာရီခန့်၌ ရန်ကုန်မြို့၊ ကိုယ့်မင်း ကိုယ့်ချင်းလမ်း၊ မြန်မာ့အလင်း သတင်းစာတိုက် နောက်ကျော နှစ်အိမ်ကျော်ရှိ ဆေးရုံသုံးပစ္စည်း ပြုပြင်ရောင်းဝယ်ရေး ပြုလုပ်သော နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း သိရသည်။

“ဗဟန်းမှာက မီးသတ်စခန်းတော့ မရှိဘူး။ မီးညွန့် တက်နေတာ မြင်တာနဲ့ တာမွေမီးသတ်စခန်းကို
ချက်ချင်းလှမ်း အကြောင်းကြား လိုက်တယ်”ဟု ဗဟန်းမြို့နယ် အရံမီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက
ပြောကြားသည်။

အိမ်အမှတ် ၅၄၊ ကိုယ့်မင်း ကိုယ့်ချင်းလမ်း RC ၂ထပ်တိုက် အမျိုးအစားဖြစ်ကာ နေအိမ်အပေါ်ထပ်ရှိ
တရုတ်ရိုးရာ အမွှေးတိုင် ထွန်းညှိသောနေရာမှ မီးစတင် လောင်ခြင်းဖြစ်ပြီး မီးသတ်စခန်းသို့ ချက်ချင်း အကူအညီ တောင်းခံ နိုင်ခဲ့ခြင်းဖြစ်ကြောင်း နေအိမ်ပိုင်ရှင်ဖြစ်သူ ကိုဥာဏ်ဖြူဝင်းက ပြောကြားသည်။

အဆိုပါမီးလောင်ရာသို့ အုပ်ချုပ်မှုယာဉ် ၇စီး၊ အထောက်အကူပြုယာဉ် ၂စီးအပါအဝင် မီးသတ်ကား ၄၂စီးဖြင့် လာရောက်ငြိမ်းသတ်ခြင်းဖြစ်ပြီး ချက်ခြင်း မီးငြိမ်း သတ်နိုင်ခဲ့သောကြောင့် နေအိမ်အတွင်းရှိ ပစ္စည်းတန်ဖိုး
သိန်း၂၀ခန့် ဆုံးရှုံးသွားကြောင်း တာမွေအရံမီးသတ် တပ်ဖွဲ့အရာရှိတစ်ဦးထံမှ သိရသည်။
AT
FB- The Myanmar Age

ဗင်နီဇွဲလားသမ္မတ မဒူရို ကျူးဘားနှင့် ဆက်လက် လက်တွဲလုပ်ဆောင်သွားမည်ဟု ပြောကြား

ဟာဗားနား၊ ဧပြီ-၂၈။
ဗင်နီဇွဲလားသမ္မတမဒူရိုသည် သမ္မတသက်တမ်းပထမဆုံးခရီးစဉ်အဖြစ် ကျူးဘားနိုင်ငံသို့ရောက်ရှိပြီး စနေနေ့က လုပ်ငန်း၅၁ ခုကို နှစ်နိုင်ငံ လက်တွဲလုပ်ဆောင်မည့် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

သမ္မတမဒူရိုက ယခုနှစ်တွင် လူမှုဘဝတိုးတက်ရေး အတွက် အမေရိကန်ဒေါ်လာ နှစ် ဘီလျံကို
နှစ်နိုင်ငံအတူတကွသုံးစွဲမည်ဖြစ်ကြောင်း ပြော ကြားခဲ့ပြီး ၎င်းငွေကို လုပ်ငန်း ၅၁ ခုအတွက် သုံးရန် သို့မဟုတ် အခြားလုပ်ငန်းများအတွက်သုံးရန်ရည်ရွယ်မရွယ်ဆိုသည့် အချက်ကို မရှင်းလင်း ပေ။

ယခုလာရောက်လည်ပတ်မှုသည် မဟာမိတ်ဟောင်း ဟူဂိုချားဗက်ကွယ်လွန်ပြီးနောက် ကျူးဘားအနေနှင့် ၎င်းတို့၏ အကြီးဆုံးမဟာမိတ်နှင့် စီးပွားဖက်ဖြစ်သည့် ရေနံကြွယ်ဝသည့် နိုင်ငံ ဗင်နီဇွဲလားနှင့် ဆက်ဆံရေးအပေါ်စိုးရိမ်မှုများရှိနေခြင်းကို သက်သာစေခြင်းဖြစ်သည်။ ဗင်နီဇွဲ လားမှ ဆီများနှင့် ငွေများသည် ကျူးဘားနိုင်ငံ၏ စီးပွားရေးအကြပ်အတည်းကို သက်သာစေပြီး နှစ်နိုင်ငံအစိုးရသည် နှစ်ဦးသဘောတူလုပ် ကိုင်သောလုပ်ငန်း ၃၀ ခန့်ရှိပြီး အများစုသည် ဗင်နီဇွဲလားတွင် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဒီကိုလာရောက်တာဟာ ကျူးဘားပြည်သူတွေ၊ ဗင်နီဇွဲလားပြည်သူတွေနဲ့ လက်တင်အမေရိကက ပြည်သူတွေအကုန်လုံးဟာ လက်တွဲလုပ်ဆောင်သွားမယ်ဆိုတာပြောဖို့ဖြစ်တယ်၊ အချိန်အကန့်အသတ်မရှိတဲ့ မဟာဗျူဟာကျ သမိုင်းဝင်မဟာမိတ်ဖြစ်မှုကို တရားဝင်ဖြစ် အောင်လာတာဖြစ်တယ်၊ အဲဒါဟာ မဟာမိတ်ဆိုတာထက် ညီနောင်သားချင်း သဘောပိုဆန်ပါတယ်” ဟု ဟာဗာနာမြို့၊ ကွန်ဗင်းရှင်းစင်တာ တွင် ကျင်းပသော
သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲတွင် သမ္မတ မဒူရိုက ပြောကြားခဲ့သည်။

မကြာသေးမီက ရွေးကောက်ခံရသော သမ္မတမဒူရိုက ၎င်းသည် ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒယ်ကယ်စထရိုနှင့် ငါးနာရီကြာတွေ့ဆုံခဲ့ ကြောင်း၊ သမ္မတဟောင်းချက်ဗက်စ်ကို သတိရကြောင်း၊ ၎င်းခေါင်းဆောင်နှစ်ဦး၏ နှစ်နိုင်ငံဆက်ဆံရေးတည်ဆောက်ခဲ့ပုံကို အမှတ်ရကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

မစ္စတာမဒူရိုသည် ဧပြီ ၁၄ ရွေးကောက်ပွဲတွင် ပွတ်ကာသီကာအနိုင်ရကာ ကွယ်လွန်သူ သမ္မတဟောင်း
ချက်ဗက်နေရာတွင် ဆက်ခံနိုင်ခဲ့ ကြောင်း သိရသည်။

အတိုက်အခံသေမ္မတလောင်းက ကျူးဘားနှင့် ပတ်သက်သော ဆက်ဆံရေးအပေါ် ဗင်နီဇွဲလား ရင်ဆိုင်နေရသော စီးပွားရေးအခက်အခဲနှင့် နိုင်ငံရေးအချက်အလက်များနှင့် ချိန်ဆပြီး ပြစ်တင်ပြောကြားမှုများရှိခဲ့သောကြောင့် ကျူးဘားနိုင်ငံသားများသည် ၎င်းတို့၏ စီးပွားရေး အတွက် စိုးရိမ်မှုများရှိခဲ့သည်။

ကျူးဘားနိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံမှ တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၁၀၀၀၀ကို ငွေကြေးနှင့်
ဗင်နီဇွဲလားနိုင်ငံအတွင်း ဆေးဖက်ဆိုင်ရာ ဝန်ထမ်း အပါအဝင် ကျူးဘား၄၄၀၀၀တို့၏ လုပ်အားဖြင့်
လဲလှယ်ကြောင်း သိရသည်။

၂၀၀၀ပြည့်နှစ်တွင် နှစ်နိုင်ငံသည် အစိုးရချင်းတွေ့ဆုံပြီးကျမ်းမာရေး၊ ပညာရေး၊ယဉ်ကျေးမှုနှင့်
စီးပွားရေးနယ်ပယ်အပါအဝင် နယ်ပယ်များစွာ ရှိ လုပ်ငန်းများစွာအတွက် နှစ်စဉ်ဆွေးနွေးသည့်
အစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့သည်။

သဘောတူစာချုပ်လက်မှတ်ထိုးပွဲတွင် ကျူးဘားသမ္မတ ရာအူးလ်ကက်စထရိုက လုပ်ငန်း ၅၁ခုအပြင် တိုးတက်ရေးနှင့် နောင်လာမည့် ငါးနှစ်အတွက် နှစ်နိုင်ငံစီးပွားရေးပရိုဂရမ်အတွက် နားလည်မှုသဝဏ်လွှာကိုလည်း သဘောတူညီခဲ့ကြကြောင်းပြောကြားခဲ့သည်။
Ref:Reuters
The Myanma Age

မန္တလေးဘူတာ၌ အကျင့်ပျက်ဝန်ထမ်းတချို့ ရှိနေ

မန္တလေး၊ ဧပြီ ၂၈။
မန္တလေးမြို့ ဘူတာကြီးတွင် အောက်စင်္ကြန်လမ်း လက်မှတ်သိမ်းဆည်းရေးတာဝန်ခံ တစ်ဦးဖြစ်သူသည်
မန္တလေးမှ မြစ်ကြီးနားသို့ သွားရောက်သည့် ခရီးသည်များ အပါအဝင် ဝန်ထမ်းငယ်အချို့နှင့်
ဘူတာကြီးတွင် လုပ်ကိုင်စားသောက်နေ သူ ဈေးသည်အချို့အား မတရား ကိုယ်ထိလက်ရောက်
နိုင့်ထက်စီးနင်းပြုလုပ်လျက်ရှိနေ၍ တာဝန်ရှိသူများက ယင်းဝန်ထမ်းအား စိစစ်ပေးစေလိုကြောင်း
အဆိုပါဘူတာကြီးမှ ဈေးသည်အချို့နှင့် ဝန်ထမ်းအချို့၏ ပြောကြားချက်အရ သိရသည်။

“ကျွန်မတို့ဆိုရင် ဘူတာမှာ စည်းကမ်းမဲ့ရောင်းတဲ့ ဈေးသည်တွေလို့ ပြောလို့ရပါတယ်။ ဒါပေမယ့်
ဒီလိုရထားဆိုက်တဲ့ အချိန်တွေဘဲ ရောင်းတာပါ။ တခြားလုပ်ကိုင် စားသောက်ဖို့ဆိုတာလည်း အဆင်မပြေလို့ ဒီအလုပ်ကိုဘဲ
အပြောအဆိုခံပြီး လုပ်ကိုင်နေရတာပါ။ သူအနေနဲ့ စည်းကမ်းမဲ့ဈေးသည်တွေကို ဖမ်းမယ်ဆိုရင် တာဝန်နဲ့အညီ
ဖမ်းလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ထိလက်ရောက်စော်ကားတွေတာ။ ဈေးရောင်းပစ္စည်းတွေကို
ဖျက်ဆီးတာတွေတော့ မလုပ်သင့်ပါဘူး”ဟု ယင်းဘူ တာတွင် ထိုးမုန့်ရောင်းသူ အမျိုးသမီးတဦးက ပြောကြားသည်။

ထို့နောက် အဆိုပါတာဝန်ခံသည် စည်းကမ်းမဲ့ဈေးသည်များအား ဖမ်းဆီးရာ၌ လူအများကြားတွင်
မဖွယ်မရာစကားများ ပြောဆိုခြင်းနှင့် ကိုယ်ထိလက်ရောက်စော်ကားခြင်းအား ပြုလုပ်သည် သာမက
ဈေးရောင်းပစ္စည်းများဖြစ်သည့် အိုးခွက်ပန်း ကန်များအား ရိုက်ခွဲခြင်းများ ပြုလုပ်မှုရှိကြောင်း
ဘူတာ၌ ထမင်းရောင်းသူ အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော့်ကိုလည်း ဈေးရောင်းလို့ ဖမ်းတုန်းကဆိုရင် ထမင်းအိုးတွေကော ပန်းကန်တွေကော
အကုန်ရိုက်ခွဲတာတွေလုပ် တယ်။ ရိုးရိုးဖမ်းသလိုမျိုး မဟုတ်ဘူး။ မင့်မဲ့စရိုက်ဆန်ဆန် ဖမ်းတာ။ ပြီးတော့
သူ့လက်အောက်က ဝန်ထမ်းတွေကိုလည်း ရာထူးကြီးတယ်ဆိုပြီး နှုတ်ကြမ်းကြမ်းနဲ့ ပြောဆိုတာတွေရှိတယ်”ဟု ၎င်းက
ဆက်လက်ပြောသည်။

ထို့ပြင် အဆိုပါဝန်ထမ်းသည် ၎င်းတာဝန်နှင့် မသက်ဆိုင်သည့် လက်မှတ် အရောင်းဌာနမှ တာဝန်ရှိသူများနှင့်
ပူးပေါင်းကာ ရထားလက်မှတ်များအား တရားမဝင် ယူဆောင်၍ ရထားဘူတာ အနီးရှိ စားသောက်ဆိုင်အချို့၌
မှောင်ခိုဈေးကွက်သဖွယ် ရောင်းချမှုများ ပြုလုပ်သည့်အတွက် ပုံမှန်လက်မှတ်တစောင်လျှင်
၄၁၅၀ကျပ်ရှိရာ ၎င်းမှ ယခုအချိန်၌ လက်မှတ်တစောင်လျှင် ရှစ်ထောင်နှုန်းဖြင့် ပြန်လည်ရောင်းချလျက်
ရှိကြောင်း မျက်မြင်သိရှိသူများက ပြောကြသည်။

“သူက ဒီရထားလက်မှတ် အရောင်းဌာနကလူတွေနဲ့ပေါင်း မန္တလေး – မြစ်ကြီးနား ရထားလက်မှတ်တွေကိုထုတ်
လက်မှတ် တန်းစီတဲ့ လူအချို့ထဲက အတဲ့ လူတွေကို သူတို့စုရပ် နေရာကိုချိန်းပြီး ရိုးရိုးတန်း တစောင်ကို
လ္ဘက်ရည်ဖိုးဆိုပြီး လေးထောင် ငါးထောင်လောက် ပြန်ရောင်းတယ်။ ပြီးရင်လည်း သူပိုင်တဲ့ကားလို ရထားတွဲတွေက
အဆင်မပြေတဲ့ ခရီးသည်တွေကို မဖွယ်မရာတွေ ပြောတာလည်း ရှိတယ်”ဟု ယင်းဘူတာမှ တာဝန်ကျ
ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ထို့ပြင် လတ်မှတ် သိမ်းဆည်းရေး တာဝန်ခံ၏ တစ်နေ့အသုံးစရိတ်သည် နှစ်သောင်းနှင့် အထက်တွင်ရှိကြောင်း
သိရပြီး ယင်းသည် တစ်လလျှင် တရားဝင်လစာ ၉သောင်းနှင့် တစ်သိန်းနီးပါးခန့်သာ ရရှိသောကြောင့်
အကျင့်ပျက်ဝန်ထမ်းအား သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်အရေးယူပေးစေလိုကြခြင်း ဖြစ်ကြောင်း၊
 ၎င်းအနေဖြင့် ယခုအပြုအမူများကဲ့သို့ ဆက်လက် ပြုလုပ်သွားမည် ဆိုပါက နောက်တချိန်တွင် မဖြစ်သင့်သည့်
ပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရကြောင်း အဆိုပါဝန်ထမ်းနှင့်နီးစပ်သူ တစ်ဦး၏
ပြောကြားချက်အရ သိရသည်။
TMA
The Myanma Age

ဒလ-ပန်းဆိုးတန်း သင်္ဘောတွင် အခမဲ့ထိုင်ခုံများ တပ်ဆင်တော့မည်

ရန်ကုန်၊ ဧပြီ ၂၈။
ဒလ-ပန်းဆိုးတန်း သင်္ဘောများတွင် သင်္ဘောနှုန်းထားများကို ယနေ့မှ စ၍ တိုးမြင့်လိုက်သောကြောင့်
ဝန်ထမ်းသက်သာအတွက် ထိုင်ခုံခကောက်ခံမှုများကို ကောက်ခံမှုမရှိတော့ပဲ အခမဲ့ထိုင်ခုံများ တပ်ဆင်
ပေးသွားဖြစ်ကြောင်း သိရသည်။

ထို့သိုပြုလုပ်ရခြင်းမှာ ခရီးသည်များအတွက် အဆင်ပြေစေရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊
လက်မှတ်ခများ တိုးမြင့် လိုက်သောကြောင့် ယခုကဲ့သို့ ခုံထိုင်ခုံများကို အခမဲ့ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့်
တပ်ဆင်ရန်လိုအပ်သော ထိုင်ခုံများမှာကိုလည်း အမြန်းဆုံး ဆောင်ရွက်ပေးနေကြောင်း သိရသည်။ မှုလက
၅၀ကျပ်မှ ယခု၁၀၀ကျပ်သို့ တိုးမြင့်ကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။

“အခုလက်မှတ်တွေ နှစ်ဆဈေးတက်သွားတော့ ခရီးသည်တွေ အဆင်ပြေအောင် ခုံတွေအခမဲ့ တပ်ဆင် ပေးနေတယ်။
အခုတော့ အားလုံးမပြီးသေးဘူး။ သင်္ဘောကျင်းတွေကနေ ပြီးတာနဲ့ တပ်ဆင်ပေးမှာပါ”ဟု
(ပို့ဆောင်ရေး)ဌာနမှ ဒုအတွင်းရေးမှူး ဦးရှိန်ယောက ပြောကြားသည်။

ခုံငှားသူများအနေနှင့် အပေါ်ထပ်တွင် မငှားရသော်လည်း အောက်ထပ်တွင် အငှားလုပ်ကိုင်လိုကြောင်းနှင့်
၎င်းအလုပ်အကိုင် မရှိတော့သည့်အတွက် မိမိတို့ မိသားစုအတွက် အခက်အခဲ ရှိလာကြောင်း ခုံအငှား (၅)နှစ်ခန့်
လုပ်ကိုင်လာခဲ့သူ ကိုနိုင်မိုးက ပြောကြားသည်။

ထို့အပြင် ၎င်းတို့အလုပ်သည် တစ်နေ့တွင် ခြောက်သောင်းမှ တစ်သိန်းကြားတွင်ရှိသောကြောင့်လည်း  တစ်လလျင်
ငါးသောင်းကျပ် လစဉ်ကြေး ပေးသွင်းခဲ့ရ၍ တစ်နေ့လျင် နှစ်သောင်းခွဲကျပ် ကိုလည်း နေစဉ်ကြေးအဖြစ်
ပေးသွင်းခဲ့ရကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။
ပိုင်လေး
The Myanma Age

နေရာ အခက်အခဲကြောင့် ယာဉ်လုပ်သားများ အငြင်းပွားမှုများ ရှိနေ

ရန်ကုန်၊ ဧပြီ ၂၈။
ဒလမြို့နယ် ယာဉ်လိုင်ပေါင်းစုံ ယာဉ်ရပ်နားစခန်းများတွင် ယာဉ်ရပ်နားရန် နေရာအခက်အခဲကြောင့်
အနှေးယာဉ် လုပ်သားများ၊ ဆိုင်ကယ် အငှားမောင်းသူများနှင့် မော်တော်ယာဉ် မောင်းသူ များတွင်
နေရာအခက်အခဲကြောင့် အငြင်းပွားမှုများ ဖြစ်နေကြကြောင်း သိရသည်။

“ကျွန်တော်တို့ တရားဝင်ချထားပေးတဲ့ နေရာမှာတောင် ကျွန်တော်တို့ မရောက်ခင် ဆိုင်ကယ်တွေ
ဆိုက်ကားတွေ ပြည့်နေတယ်။ ကျွန်တော်တို့ ယာဉ်ရပ်ဖို့ သွားပြောရင် အဆင်မပြေပါ ဘူး။
ပြဿနာတက်နိုင်တယ်”ဟု မ.ထ.သ မှ ကြည်ကြပ်ရေးမှူး ဦးဆန်းဦးက ပြောကြားသည်။

ထို့အပြင် ကားများလည်း စည်းကမ်းရှိရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများမှလည်း
စည်းကမ်းတင်းကျပ်စေလိုကြောင်းနှင့် အရင်က လူကြီးလမ်းကြောင်းရှိလျှင် ယင်းနေရာများသည် ရှင်းလင်း၍ သရဲခြောက်မည်ပင် စိုးရကြောင်း ဦးဆန်းဦးက ဆက်လက် ပြောကြားသည်။

“ကျွန်တော့်ကားဝင်းက ကျဉ်းတယ်ဆိုပေမဲ့ ကားတွေချည်းသာဆို အဆင်ပြေပါတယ်။ ဒါပေမဲ့ ဆိုင်ကယ်တွေရော
ဆိုက္ကားတွေရော အောက်အထိ ဆင်လားတော့ လမ်းတွေပိတ်ပြီး သွားလာရတာ ခက်ခဲလာရော။
ဆိုင်ကယ်ဆိုက္ကားတွေကို ရာဇသင်္ကြန်လမ်းကစပြီး မဝင်ရလို့ ရေးထားပေမဲ့ ဝင်နေကြတာပဲ”ဟု ဖျာပုံမြို့
(ကက) အမြန်ယာဉ်မောင်း ဦးဇော်လင်းက ပြောကြားသည်။

ထို့အပြင် အငှားဆိုင်ကယ်များနှင့် အနှေးယာဉ် လုပ်သားများ အနေနှင့် ၎င်းတို့စီးပွားရေးအရ
လုပ်နေကြခြင်းဖြစ်ကြောင်း၊ မိမိတို့ကြောင့်ချည်းသာ မဟုတ်ဘဲ မ.ထ.သယာဉ်လိုင်းမှ ကားများ
ထပ်မံတိုးချဲ့ခြင်းနှင့် ယင်းနေရာတွင် အခြားမြို့နယ်များမှ ဆိုင်ကယ်များစွာလည်း ရှိနေသောကြောင့်
ယာဉ်ရပ်နားစခန်း ကြပ်နေခြင်းဖြစ်ကြောင်း ငှားဆိုင်ကယ်မောင်းသူ ကိုရန်နိုင်ထွန်း က ပြောကြားသည်။

“ဒီကိစ္စနဲ ပတ်သက်ပြီး လွှတ်တော်ဥက္ကဌလာတော့ တင်ပြထားပါတယ်။ အဆင်ပြေရင် ဒလယာဉ်ရပ်နား နေရာကို အဆင့်မြင့်တင်ဖို့ ရှိပါတယ်။”ဟု ဒလမြို့နယ်အုပ်ချုပ်ရေးမှု ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

အဆိုပါ ဒလမြို့နယ် ယာဉ်လိုင်ပေါင်းစုံ ယာဉ်ရပ်နားစခန်းတွင် မြို့နယ်ပေါင်း(၆)မြို့နယ်မှ
ယာဉ်လိုင်များ ပြေးဆွဲလျက်ရှိပြီး အနှေးယာဉ်များ ၅၀ခန့်နှင့် အငှားဆိုင်ကယ်များမှာ
၂၀၀ခန့်ရှိကြောင်း သိရသည်။
ပိုင်လေး
The Myanma Age

နွေဦးတိုက်ခိုက်မှုကို အရာရှိသုံးဦးသေဆုံးမှုဖြင့် စတင်၊ နောက်ထပ်တိုက်ခိုက်မှုများလာမည်ဟု တာလီဘန်တို့ပြောကြား

Afghanistan
ကဘူးလ်၊ ဧပြီ ၂၈။
တာလီဘန်တို့သည် နှစ်စဉ်ပြုလုပ်နေကြဖြစ်သည့် နိုင်ငံခြားတပ်စခန်းများ ၊ အစိုးရအအရာရှိများနှင့်
အာဖဂန်ရဲတပ်ဖွဲ့ကို ဦးတည်လုပ်ဆောင် သည့် အကြမ်းဖက်မှုများ ပါဝင်မည့်
နွေဦးအကြမ်းဖက်မှုများစတင်ပြီဖြစ်ကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တနင်္ဂနွေနေ့တွင်
ပြောကြားသည်။

တနင်္ဂနွေနေ့နံနက်ပိုင်းတွင် အာဖဂန်နိုင်ငံဂန်ဇီပြည်နယ်တွင် လမ်းဘေးဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး
ရဲအရာရှိသုံးဦးသေဆုံးခဲ့ကြောင်း ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ နာဘီဂျန်ကပြောကြားသည်။

ဂန်ဇီ ဒုရဲတပ်ချုပ်သည်လည်း၎င်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများတွင်ပါဝင်ပြီး ကျန်အရာရှိနှစ်ဦးသည်
ဒဏ်ရာရရှိကြောင်း ဂျန်က ပြော ကြားသည်။

တာလီဘန်တို့က ၎င်းတို့တိုက်ခိုက်ကြောင်းပြောကြားပြီး ဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

“ဒီနေ့မှာ ကျွန်တော်တို့တွေရဲ့တိုက်ခိုက်မှုသစ်တွေထဲက ပထမဆုံးပါ၊ ဂန်ဇီနယ်၊ ကယ်ပီဆာနယ်နဲ့
နန်ဂါဟာနယ်အပါအဝင် နယ်အများအပြား မှာ တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်” ဟု
တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီအူလာ မူဂျာဟီက စီအန်အန်ကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့တွေဟာနိုင်ငံခြားတပ်တွေအာဖဂန်ကထွက်ခွာရေးကို ဖိအားပေးဖို့အတွက် တိုက်ခိုက်မှုတွေကို
ပိုပြီး လုပ်ဆောင်ဖို့ စီစဉ်ဖို့ မျှော် လင့်ထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အမေရိကန်အကူအညီပေးအားထုတ်မှုဖြင့် အစွန်းရောက်များနှင့် အာဖဂန်အစိုးရတို့ကြား
စေ့စပ်ညှိနှိုင်းမှုများလုပ်ရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အစွန်းရောက်များ၏ ယခုနှစ်နွေဦးတိုက်ခိုက်မှုသည် ၂၀၁၄အကုန်တွင် အမေရိကန်တပ်များနှင့်
အခြားနိုင်ငံခြားတပ်များ ရုတ်သိမ်းရန် ပြင်ဆင်ထားမှုများနှင့် နိုင်ငံ၏ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံတော်
အာဏာရရှိရေးကို ရည်ရွယ်လုပ်ဆောင်ကြောင်း သိရသည်။

ဧပြီလသည် ယခုနှစ်အတွက် တိုက်ခိုက်မှုကြောင့် သေဆုံးမှုတွင် အဆိုးဝါးဆုံးလလည်းဖြစ်ခဲ့သည်။

အေပီ၏ စစ်တမ်းအရ နိုင်ငံတစ်ဝှမ်းတိုက်ခိုက်မှုများအတွင်း အာဖဂန်လုံခြုံရေးတပ်များ၊ အရပ်သားများနှင့်
နိုင်ငံခြားသားတပ်များမှ သေဆုံးသူ စုစုပေါင်း ၂၅၇ ဦးရှိကြောင်း သိရသည်။ အစွန်းရောက်ဘက်မှလည်း လူ
၂၁၇ ဦးသေဆုံးခဲ့သည်။

လွန်ခဲ့သည့် နှစ် ဧပြီလကလည်း အရပ်သားများ၊နိုင်ငံခြားတပ်သားများနှင့် အာဖဂန်လုံခြုံရေးတပ်သား
စုစုပေါင်း ၁၇၉ ဦးသေဆုံးခဲ့ပြီး အစွန်း ရောက် တပ်သား ၂၆၈ ဦးသေဆုံးခဲ့သည်။

သို့သော်လည်း ကဘူးလ်ရှိ အမေရိကန်ထိပ်တန်းဗိုလ်မှူးကြီးက နိုင်ငံတစ်ဝှမ်း
လုံခြုံရေးအခြေအနေတိုးတက်လာကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
Ref:CNN
The Myanma Age

မိုးယံ အငြိမ့်ပြိုင်ပွဲ အပိုင်(၁)

အလွမ်းအမောတွေ ပြေပျောက်နိုင်ကြပါစေ

ခေါင်လောင်းဂီတပညာရှင်များရဲ့မှုံရွှေရည်သီချင်းနားဆင်ပါ

အလွမ်းအမောတွေ ပြေပျောက်နိုင်ကြပါစေ FB-Ye Yint Nge

တောင်ကိုရီးယားစက်ရုံ လုပ်သားတွေ မြောက်ပိုင်းမှထွက်ခွာ

မြောက်ကိုရီးယား ကေဆောင်းစက်မှုဇုံမှ တောင်ကိုရီးယား ကုန်တင်ကားများထွက်ခွာနေစဉ်။ (ဧပြီလ ၂၇ ရက်၊ ၂၀၁၃)။
27.04.2013
မြောက်ကိုရီးယားနယ်မြေအတွင်းမှာရှိပြီး ပိတ်ပစ်လိုက်တဲ့ စက်မှုဇုံအတွင်းက လက်ကျန် တောင်ကိုရီးယား နိုင်ငံသား အလုပ်သမားတွေ စတင်အိမ်ပြန်နေကြပြီဖြစ်ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

အလုပ်သမားတွေဟာ သူတို့ရဲ့ပစ္စည်းတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားနဲ့ ထရပ်ကားတွေ ကားတန်းတွေနဲ့အတူ တောင်ကိုရီးယားဘက်ကို စနေနေ့မှာ ဖြတ်ကူးလာခဲ့ကြပါတယ်။ ကေဆောင်း စက်မှုဇုံမှာရှိတဲ့ အလုပ်သမား စုစုပေါင်း ၁၇၅ ယောက်ထဲက ၁၂၇ ယောက်ဟာ စနေနေ့မှာ ပြန်လည်ရောက်ရှိလာကြောင်း တောင်ကိုရီးယားရဲ့ ပြန်လည် ပေါင်းစည်းရေး ၀န်ကြီးဌာနကပြောပါတယ်။ ကျန်လူတွေဟာလည်း နောက်ရက်တွေမှာ ပြန်လာကြလိမ့်မယ်လို့ ဆိုပါတယ်။

စက်မှုဇုံပြန်လည် လည်ပတ်ရေးအတွက် တောင်ကိုရီးယားနိုင်ငံက ညှိနှိုင်းမှုပြုလုပ်ဖို့ ပြောတာကို မြောက်ကိုရီးယားဘက်က ပယ်ချလိုက်ပြီးတဲ့နောက် အလုပ်သမားတွေ ပြန်လာရေးကိစ္စကို သောကြာနေ့က ဆုံးဖြတ်ခဲ့တာပါ။

တောင်ကိုရီးယားက ဆွေးနွေးမှုပြုလုပ်ဖို့အတွက် သဘောတူညီမှုရဖို့ ၂၄ နာရီ အချိန်ပေးကြောင်း သောကြာနေ့က ကမ်းလှမ်းခဲ့ပြီး မြောက်ကိုရီးယားဘက်က သဘောမတူခဲ့ရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်ဆိုပြီးတော့ သတိပေးခဲ့တာပါ။

သတိပေးထားတဲ့ အချိန်ကျော်လွန်ပြီး မကြာခင်မှာပဲ မြောက်ကိုရီးယားက တောင်ကိုရီးယားရဲ့ အဆိုကို ပယ်ချခဲ့ပြီး တောင်ကိုရီးယားနိုင်ငံဘက်က နယ်စပ်မြို့ရဲ့ အခြေအနေကို ပိုဆိုးအောင် လုပ်လာမယ်ဆိုရင် သူတို့ဘက်က အရင် အရေးယူ ဆောင်ရွက်မှာ ဖြစ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

အစွန်းရောက် မသင်္ကာသူရာချီ ရုရှားဖမ်းဆီး

27.04.2013
ရုရှားနိုင်ငံ မော်စကိုမြို့က ဗလီတခုမှာ အစ္စလာမ်အစွန်းရောက်တွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ သံသယရှိရတဲ့ လူ ၁၄၀ ကို ရုရှားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ သောကြာနေ့က ဖမ်းဆီးထားတဲ့လူတွေထဲမှာ ၃၀ ကျော်က တခြားနိုင်ငံသားတွေဖြစ်တယ်လို့ ရုရှားအစိုးရလုံခြုံရေးအဖွဲ့ (FSB) က ပြောကြားချက်ကို ကိုးကားပြီး ရုရှားအစိုးရ သတင်းအေဂျင်စီက ပြောပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံသားတွေဖြစ်တယ်ဆိုတာကိုတော့ အဲဒီကြေညာချက်မှာ မပြောထားပါဘူး။

အခုဖမ်းဆီးမှုဟာ အစွန်းရောက်အဖွဲ့တွေမှာ ပါဝင်နေတဲ့သူတွေလို့ သံသယရှိရတဲ့သူတွေကို ဖမ်းဆီးတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို ဖမ်းဆီးတာဟာ အကြမ်းဖက်မှုနဲ့ အစွန်းရောက်ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး ရဲကလိုချင်နေတဲ့သူတွေကို ဖော်ထုတ်တာဖြစ်တယ်လို့ ရုရှားနိုင်ငံရဲ့ Interfax သတင်းအေဂျင်စီက ပြောပါတယ်။

အခုလို ဖမ်းဆီးတာတွေလုပ်ခဲ့တဲ့ မော်စကိုမြို့တောင်ပိုင်းက အဲဒီ ဘုရားဝတ်ပြုတဲ့ဗလီကျောင်းဟာ နောက်ပိုင်းမှာ အစွန်းရောက်ဝါဒကို ကူးပြောင်းသွားသူတွေ၊ ကော့ကေးဆပ်ပြည်နယ်မြောက်ပိုင်းက စစ်သွေးကြွအဖွဲ့ထဲဝင်သွားသူတွေ နဲ့ ရုရှားနိုင်ငံက အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်နေတဲ့သူတွေ မကြာခဏ သွားရောက်တဲ့နေရာဖြစ်တယ်လို့ ရုရှားရဲတပ်ဖွဲဝင်တွေဘက်က ယုံကြည်ထားတယ်လို့ FSB ရဲ့ ကြေညာချက်ကို ကိုးကားပြီး ရုရှားအစိုးရရဲ့ Interfax သတင်းအေဂျင်စီက ဖော်ပြပါတယ်။ အဲဒီလူတွေကို ဘယ်လို ပြစ်မှုတွေနဲ့ တရားစွဲဆိုထားတယ်ဆိုတာကို ဖော်ပြထားခြင်းမရှိပါဘူး။
ဗွီအိုအေ (မြန်မာဌာန)

မြန်မာ့တပ်မတော် ခေတ်မှီတိုးတက်ဖို့ အမေရိကန် ကူညီမည်


အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် Joseph Yun က မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အားပေးထောက်ခံကြောင်း တိုးတက်ပြသတဲ့အနေနဲ့ မြန်မာ့တပ်မတော်ကို တဆင့်ပြီးတဆင့် စတင်ကူညီရေးအတွက် နည်းလမ်းတွေကို မိမိတို့လေ့လာနေကြောင်း အမေရိကန်လွှတ်တော်မှာ ကြာသာပတေးနေ့က ပြောဆိုသွားပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ့တပ်မတော်ကို လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို လေးစားလိုက်နာစေလိုတဲ့အပြင် တပြိုင်နက်မှာပဲ မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေ လုံးဝဖြတ်တောက်ဖို့ မြန်မာအစိုးရကို ဆက်လက်တိုက်တွန်းနေကြောင်းလည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒီအတောအတွင်း ပြီးခဲ့တဲ့အင်္ဂါနေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချယ်လ် Derek Mitchell ဟာ မြန်မာရေတပ်မတော် ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန် သံအမတ်ကြီးက အခုလိုတွေ့ဆုံမှုဟာ မြန်မာနိုင်ငံပြောင်းလဲမှုတွေ ပိုမိုတိုးတက်အောင် အထောက်အကူပြုဖို့အတွက်ဖြစ်ပါတယ်။ ဘယ်သူကမှ လက်နက်ရောင်းဝယ်ရေးကို ပြောဆိုတာမျိုးမရှိပါဖူးလို့ ပြောပါတယ်။ အတော်လေးနက်ခက်ခဲတဲ့ ပြသနာတချို့ရှိနေတာမှန်ပေမယ့် မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် စစ်တပ်ဟာ ပဓာနကျပါတယ်။ မြန်မာ့တပ်မတော်ကို ခေတ်မီတိုးတက်တဲ့ စစ်တပ်တခုဖြစ်လာအောင် ကူညီဖို့်လိုအပ်နေတာအမှန်ပါပဲလို့ ပြောကြားရင်း ဒီကိစ္စကိုတဆင့်ပြီးတဆင့် တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမေရိကန်သံအမတ်ကြီးက ပြောဆိုပါတယ်။
RFA Burmese

ဆုတောင်းတိုင်းသာ(အသံလွှင့်ဇာတ်လမ်း)

ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော် မောင်မေတ္တာနဲ့ အဖွဲ့သားတွေ စီစဉ်တင်ဆက်တဲ့ “အကျိုးမျှော် နှိုးဆော်ပါရစေ” အသံလွှင့်ဇာတ်လမ်း အစီအစဉ်သစ် ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ “ ဆုတောင်းတိုင်းသာ ” အစီအစဉ်ကို နားဆင်ရမှာပါ။
RFA Burmese

လင်းလင်း တစ်ကိုယ်တော် ရှိုး


သင်္ကြန်အတွင်း Plus 3 Band နဲ့ အတူ ချောင်းသာမှာ ဖြတ်သန်းခဲ့တဲ့ လင်းလင်း က ပထမအခွေ “စဉ်းစားပါ” နဲ့ ဒုတိယအခွေ “အမှန်တရား” တို့ နောက်မှာ တတိယတစ်ကိုယ်တော် အခွေကို ထွက်ရှိလာတော့ မှာဖြစ်ကြောင်း ဆိုပါတယ်။

“နာမည်ကတော့ မစဉ်းစားရသေးဘူး။ သင်္ကြန်အပြီး တစ်လ၊ နှစ်လ အတွင်း မှာ ထွက်နိုင် ပါလိမ့်မယ်။ ဒီအခွေမှာ ကျွန်တော် ပြောချင်တဲ့ အကြောင်း အရာတွေ၊ ကျွန်တော် ပို့ချင်တဲ့ မက်ဆေ့ခ်ျတွေ ကို ရောက် အောင် ပို့ပေးထားပါတယ်။ အချစ်သီချင်း အနေနဲ့ သုံးပုဒ်၊လေးပုဒ် လောက် ပဲပါမယ်။ ကျွန်တော့်ရဲ့ ပထမ အခွေနဲ့ ဒုတိယအခွေမှာ ပုံစံတွေ၊ အကြောင်း အရာတွေ မတူသလို အခုတတိယ အခွေက လည်း ရှေ့က အခွေ တွေနဲ့ မတူဘဲ ကွဲထွက် သွားမယ်။ ၁ဝ တန်း ဖြေသလိုပေါ့။ ဒီနှစ် မှာ ဒီပုံစံ နဲ့ဖြေ သလို နောက်နှစ်မှာ ဒီပုံစံ ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့။ ဒီ တတိယ အခွေ ထွက်ပြီးသွားရင် ဒီနှစ်ထဲမှာပဲ ကျွန် တော့်ရဲ့တစ် ကိုယ် တော် ရှိုးလုပ် ဖြစ် မယ်” လို့လင်းလင်း က ပြောပါတယ်။
မျိုးမောင်
Popular Journal

ဘာသာပေါင်းစုံ စုပေါင်းသွေးလှူပွဲ

ဓာတ်ပုံ - မင်းမင်းထွန်း

ဧပြီလ ၂၇ ရက် မနက် ၈ နာရီ ၃၀ မိနစ်က ရန်ကုန်မြို့အမျိုးသားသွေးလှူဘဏ်၌ လူမျိုးဘာသာပေါင်းစုံ ညီညွတ်မှုသွေးကွန်ယက် မှ ဘာသာပေါင်းစုံပါဝင်သော သွေးလှူဒါန်းပွဲကြီးတစ်ခုကိုကျင်းပခဲ့သည်။ အဆို လူမျိုးဘာသာပေါင်းစုံ ညီညွတ်မှုသွေးကွန်ယက်ကို သွေးမေတ္တာ ပရဟိတအသင်းအပါအဝင် တခြားအသင်းအဖွဲ့ ၃၃ ဖွဲ့ဖြင့် ဧပြီ ၁၈ ရက်နေ့က ဖွဲ့စည်းခဲ့ဖြစ်သည်။
ထက်လူလူ
Popular Journal




 


ကမ္ဘာနှင့် မြန်မာ ဓါတ်ပုံပညာရှင်များပူပေါင်းပြီး မမေ့နိုင်စရာပုံရိပ်များကို ရိုက်ကူးသွားမည်

(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
ကမ္ဘာ့ထိပ်သီး ဓာတ်ပုံပညာရှင်များနှင့် မြန်မာနိုင်ငံမှ ဓာတ်ပုံ ပညာရှင်များပူးပေါင်းကာ မြန်မာနိုင်ငံအတွင်း ၇ ရက်တာလှည့်လည်သွားလာပြီး မြန်မာနိုင်ငံ၏ လူမျိုးများ၊ မြေယာရခင်း၊ စီးပွားရေး လုပ်ငန်းများနှင့် ရိုးရာယဉ်ကျေးမှုတို့၏ မမေ့နိုင်စရာပုံရိပ်များကို ရိုက်ကူးသွားမည့် 7 Days in Myanmar: A Multimedia Showcase ပရောဂျက် သတင်းစာ ရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၇ ရက် မွန်းလွဲ ၂း၀၀ နာရီတွင် ရန်ကုန်မြို့ Chatrium Hotel တွင်ကျင်းပပြုလုပ်စဉ်။

၎င်း ပရောဂျက်သည် ဧပြီလ ၂၇ ရက်မှ မေလ ၄ ရက်အထိ ကြာမြင့်မှာဖြစ်ပြီး နိုင်ငံတကာမှ ဓာတ်ပုံပညာရှင် ၂၁ ယောက်နှင့် မြန်မာနိုင်ငံမှ ဓာတ်ပုံပညာရှင် ၉ ယောက် စုစုပေါင်း ၃၀ ဦးပါဝင် ရိုက်ကူးမည်ဖြစ်သည်။

အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ သမိုင်းဝင်အချိန်ပုံရိပ်များကို ကြီးမားသော ဓာတ်ပုံအသားပေး စားပွဲတင်စာအုပ် 7 Days in Myanmar စာအုပ်အနေဖြင့် ၂၀၁၃ ခုနှစ်ဒီဇင်ဘာလတွင် ကမ္ဘာတစ်ဝန်းသို့  ဖြန့်ချီသွားမည် ဖြစ်သည်။
Mizzima - News in Burmese

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကားငါးစီးဆင့် တိုက်မှုတွင် ပါဝင်သော်လည်း ဒဏ်ရာမရ

ယနေ့ ဧပြီလ ၂၇ ရက်နေ့ တွင်  တိုကျိုမြို့ရှိ အကောက်ဂိတ်တစ်ခု၌ ယာဉ်ငါးစီးဆင့်တိုက်မှုတွင်  ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး  လိုက် ပါစီးနင်း လာသော ယာဉ်တန်းပါဝင်ခဲ့ကြောင်းသိရသည်။ ယင်းသို့ ပါဝင်သော်လည်း ဝန်ကြီးချုပ်မှာ မည်သည့် ဒဏ်ရာမျှမ ရရှိကြောင်း ရဲတပ်ဖွဲ့ က ပြောကြားသည်။

ဝန်ကြီးချုပ်၏  ယာဉ်နှင့် အတူလိုက်ပါလာသော ရဲကားတစ်စီးမှ အစောင့် ၂ ဦးမှာ မျက်နှာတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ သည် ဟု မြို့တော် ရဲဌာနမှ ပြောခွင့်ရ ပုဂိုလ်တစ်ဦးက ပြောကြားသည်။ အာဘေး၏ ယာဉ်ရှေ့မှ ရဲကားသည် အကောက်ဂိတ်တွင် ရုတ်တရက် ရပ် လိုက် သဖြင့် နောက်မှလိုက်လာသည့် ဝန်ကြီးချုပ်၏ ယာဉ်တန်းမှ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်၏  ယာဉ်တန်းနောက်မှ ရဲကား နှစ်စီး နှင့် သတင်းထောက်များလိုက်ပါလာသည့် ဆလွန်းကားတစ်စီးမှာလည်း ယာဉ်တိုက်မှုတွင် ပါဝင်ခဲ့ကြောင်း ၄င်း အရာ ရှိမှ ပြော ကြားခဲ့သည်။

စစ်အေးခေတ်ကာလအတွင်း မြောက်ကိုရီးယားက ပြန်ပေးဆွဲထားခဲ့သော ဂျပန်နိုင်ငံသားများ ကို ပြန်လည်လွှတ်ပေး ရန် မြောက်ကိုရီးယား ကို တောင်း ဆိုသည့် လူထုအစည်းအဝေးပွဲတစ်ခုသို့တက်ရောက်ရန်အသွားတွင် ယခုကဲ့သော ယာဉ်တန်းဆင့် တိုက်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။
Yangon Media Group

လိုအပ်လျှင် သက်ဆိုင်ရာဆေးရုံကိုအရေးယူဖို့အထိ ပြုလုပ်သွားမည်


ရန်ကုန်၊ ဧပြီ ၂၇။
ဆေးရုံးများရှိ လူနာများတွင် သွေးလိုအပ်သောကြောင့် သွေးလှူအသင်းများက သွားရောက်
လှူဒါန်းသော အခါတွင်  ဆေးရုံနှင့် သွေးလှူအသင်းများကြား ပြဿနာတက်သော ကိစ္စများတွင်
သက်ဆိုင်ရာ ဆေးရုံအား အရေးယူနိုင်သည်အထိ သွေးကွန်ယက်(ရန်ကုန်)မှ လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

“တခါတခါမှာ သွေးအသင်းတွေနဲ့ ဆေးရုံတွေနဲ့ ပြဿနာတွေ တက်ပါတယ်။ အဲ့ဒါတွေကိုလည်း
ခေါင်းငုံ့ခံပြီး အလုပ်လုပ်ခဲ့ကြပါတယ်။ တခုခုဖြစ်လို့ရှိရင် ဘယ်ဆေးရုံကတော့ ဘာပြောလိုက်တယ် ဘာလုပ်လိုက်တယ်ဟေ့ဆိုပြီး ကွန်ယက်ကို ပြောလို့ရပါတယ်။ အဲ့ဒါတွေကို ဒီကွန်ယက်ရဲ့ လစဉ်အစည်းအဝေးတွေမှာ ကွန်ယက်တွေ စုပေါင်းပြီးတော့ အဲ့ဒီဆေးရုံကို ကန့်ကွက်စာ ထုတ်ပါမယ်။ တတ်နိုင်လို့ လိုအပ်လာရင် အဖွဲ့အစည်းတွေအားလုံးပေါင်းပြီး တရာစွဲသင့်ရင် စွဲပါမယ်”ဟု သွေးမေတ္တာ ပရဟဟိတအသင်း(ရန်ကုန်)၏ ဒုဥက္ကဋ္ဌဝေဠုကျော်က အမျိုးသားသွေးလှူဘဏ်၌ ယနေ့ပြုလုပ်သော ဘာသားပေါင်းစုံစုပေါင်းသွေးလှူဒါန်းပွဲတွင် ပြောကြားသည်။

ယင်းဘာသာပေါင်းစုံ သွေးလှူဒါန်းပွဲသို့ သွေးမေတ္တာ ပရဟိတအသင်း(ရန်ကုန်)၊ ဟိန္ဒူလူငယ်များအသင်း၊
(၅၉)လမ်းဗလီ (ကုရ်အာန်-ပျံ့ပွားရေးအဖွဲ့)၊ စေတနာရှင် ပရဟိတအသင်း၊ ချစ်သွေးရှင် ပရဟိတအသင်း၊ ပုညသင်္ဂဟအသင်း(ရွှေတိဂုံ)၊ ၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဝေဠုကျော် ဖောင်ဒေးရှင်း၊ ပရဟိတအဖွဲ့များနှင့် လူ့မှုရေးအဖွဲ့အစည်း စုစုပေါင်း (၃၃)ခုမှ လာရောက်လှူဒါန်းကြကြောင်း သိရသည်။

“ခုမှ ကျွန်မ ပထမဦးဆုံး သွေးလာလှူတာပါ။ သွေးပရက်ရှာ မပြည့်လို့ မလှူရပါဘူး။
ဒီလိုဘာသာပေါင်းစုံ သွေးလှူပွဲကြီးမှာ မလှူလိုက်ရလို့ စိတ်တော့မကောင်းဘူး။ နောက်တစ်ခါမှပဲ
လှူဖြစ်အောင် လှူလိုက်တော့မယ်”ဟု ဘာသာပေါင်းစုံ စုပေါင်းသွေးလှူပွဲတွင် လာရောက်
လှူဒါန်းသော်လည်း မလှူလိုက်ရသူ မဖြူသီက ပြောကြားသည်။

အဆိုပါ သွေးလှူဘဏ်မှ ၂၀၁၂ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၆)ခုသို့ ဆက်သွယ်နိုင်ခဲ့ပြီး
သွေးယူနစ်ပေါင်း (၃၉၁၉၈)လုံး ပေးနိုင်ခဲ့ကြောင်း အမျိုးသားသွေးဌာန တွဲဖက်ပါမောက္ခ
ဒေါက်တာဒေါ်သီတာအောင်၏ ပြောကြားချက်အရ သိရသည်။

ယင်းသွေးလှူဘဏ်တွင် အရေးပေါ်သွေးလိုအပ်နေသော ဆေးရုံများနှင့် နီးစပ်သော သွေးအလှူရှင်များကို
ဆက်သွယ်ဆောင်ရွက်ပေးနိုင် မည့် ဆော့ဝဲလ်အသစ်လည်း ရေးဆွဲနေပြီး နောက်သုံးလခန့် အကြာတွင်
အသုံးပြုနိုင်လိမ့် မည်ဖြစ်ကြောင်းကိုလည်း ဆက်လက်သိရသည်။
အောင်သိုက်
The Myanmar Age

ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ည မွန်ဂိုလီးယားကို ခရီးထွက်

၂၇.၀၄.၂၀၁၃
၁။ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ည မွန်ဂိုလီးယားကို ခရီးထွက်ပါမယ်။ ကိုရီးယားလေကြောင်းနဲ့ည ၁၁ နာရီ ထွက်မယ်။

၂၈.၄.၂၀၁၃ မွန်ဂိုလီးယားနို င်ငံ အူလန်ဘာတာ (Ulaanbaatar) မြို့သို့
ရောက်ရှိမည်။

၂၉.၄.၂၀၁၃ Ministerial Meeting of the Community of Democracies အစည်း အဝေးသို့ တက်ရောက်မည်။

၃၀.၄.၂၀၁၃ မွန်ဂိုလီးယား သမ္မတ Tsakhiagiin Elbegdorj နှင့်
ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲ၍ ‘Mongolian and Myanmar: Road to Freedom and Lessons Learned’ အကြောင်း ပူးတွဲ မိန့်ခွန်းပြောကြားမည်။

၃.၅.၂၀၁၃ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိမည်ဟု သတင်း ရရှိပါတယ်။
BBC Burmese

ဒေါ်စုကိုဘာဖြစ်လို့များလူတွေက သည်လောက်တော င်သဲသဲလှုပ်ဖြစ်နေကြရသလဲ။ ကဲကိုကဲလွန်းတယ်လား။



ပြောပြန်ရင်လည်း အောင်ခိုင်လွန်ရာကျမလားမသိပါဘူး။
နယူးယောက်မှာ ထိုင်းဝန်ကြီးချုပ် ဒေါ်ရင်လတ် အင်္ဂလိပ်လို ပြောတော့ တနာရီမပြည့်ခင်အချိန်အတွင်း အင်္ဂလိပ်စာ အလုံး ၄၀ မှားလို့ဆိုပြီး FB မှာဝေဖန်ပြီး ပြောကြဆိုကြ ဒေါ်စုနဲ့နှိုင်းယှဉ်ကဲ့ရဲ့ကြတယ်ဗျ။ တချို့ကလည်း ဒေါ်စုကို ချီးကျူးပါ.. သူများကိုတော့ မကဲ့ရဲ့ပါနဲ့ စသဖြင့် ပြောကြပါတယ်။ ကျနော်စဉ်းစားမိတယ်။ ဒေါ်စုကို မနှစ်သက်တဲ့သူ ဘက်က စိတ်ကူးယဉ်ပြီးတော့ပေါ့လေ။ ဘာဖြစ်လို့များ ဒေါ်စုကို လူတွေက (မြန်မာသာမက တကမ္ဘာလုံး) သည်လောက်တောင် သဲသဲလှုပ်ချစ်ကြ လေးစားကြ ချီးကျူးကြ တသသ တရွရွ တမမ တဖွဖွ ဖြစ်နေရလဲ။ ကဲကိုကဲလွန်းတယ်.။ ဒေါ်စုကို အောက်တန်းကျမိုက်ရိုင်းစွာ အပုပ်ချ ရေးသားနေတဲ့ ၀က်ဆိုက်တခုမှာလည်း ဒေါ်စုရဲ့မကောင်းကွက်တွေကို ရှာကြံပြီး လုပ်ကြံအပုပ်ချကြတယ်။ သန်းပေါင်း ၆၀ လူဦးရေမှာ သူဦးဆောင်မှပဲ တိုင်းပြည် တိုးတက်ပြောင်းလဲ တော့မှာလား.. သူတယောက်ပဲ ရှိသလားလို့။ ဒီလိုပြောင်းပြန် တမင်စဉ်းစားကြည့်ကာမှ အဖြေတွေကပေါ်လာပါတယ်။

၁။ ဘာသာစကား...မြန်မာလူဦးရေ သန်း ၆၀စလုံး အင်္ဂလိပ်စာကျွမ်းကျင်နေဖို့မလိုပါဘူး။ ဂျပန် ထိုင်း တရုတ်တို့မှာလည်းပြည်သူတိုင်း အင်္ဂလိပ်စာ မကျွမ်းကြပါဘူး။သို့သော် နိုင်ငံ အုပ်ချုပ်သူခေါင်းဆောင်များ လူကြီးများ ကတော့ vocabulary, pronunciation, intonation, tone, grammar, usage, ကအစ ကျွမ်းကျင်နေရမှာပါ။ ဒါမှ နိုင်ငံတကာနဲ့ ဆက်ဆံလို့အဆင်ပြေမှာပါ။ ဒီအရည်အချင်းဒေါ်စုမှာ ၁၀၀% ရှိတယ်။

၂။ ဗသုသုတ .... something special, everything normal ဆိုတဲ့ စကားလို အရာရာသော ရှုတ်ထွေး ကျယ်ဝန်းလှသော ပြသနာကိစ္စကြီးငယ် တွေကို အကြမ်းဖျဉ်း(မှန်ကန်စွာ) ခြုံငုံဆင်ခြင်နိုင်သော အထွေထွေ ဗဟုသုတနဲ့ အရေးကြီးသော အကြောင်းအရာတွေကို အဂတိတရားမပါ အမြင်ကြည်လင် မတိမ်းမစောင်း စေ့ငုသေချာ ဂဃနဏသိဖို့လိုပါတယ်။ ဒီအရည်အချင်းဒေါ်စုမှာ ၁၀၀% ရှိတယ်။

၃။ ရုပ်ရည် ....လူတိုင်းဟာ ရုပ်ရှင်မင်းသားမင်းသမီးလိုချောမော လှပနေစရာမလိုပါဘူး။ သို့သော် နိုင်ငံခေါင်းဆောင်ဆိုတာ လူဘုံအလယ်မှာ တင့်တယ်ခန့်ငြား ကျက်သရေရှိသော မျက်နှာမြင် ချစ်ခင်လေးစား လောက်သော (ဒီခေါင်းဆောင်ဟာ အတွင်းစိတ်ကောင်းပါ့မလား..ဟု သံသယ လုံးဝမရှိနိုင်လောက်သော) မျက်လုံး နှုတ်ခမ်း နဲ့ မျက်နှာ သွင်ပြင်ရှိရ ပါမယ်။ အ၀တ်အစားအရောင် ဒီဇိုင်း ရွေးချယ်မှု ကိုယ်နေလှုပ်ရှားဟန် များကလည်း ခန့်ငြားတည်ငြိမ် မဟော့ရမ်း မကလက် ပဲ ဆင့်ရှိအတန်းရှိ နန်းဆန်ရပါမယ်။ ဒီအရည်အချင်းဒေါ်စုမှာ ၁၀၀% ရှိတယ်။ ဒါတောင် အသက်ကြီးသွားလို့။ ခုနေများ ၅၀ကျော်လောက်ဆို ကောင်းလေစွ။

၎။ ပညာ ......တက္ကသိုလ်ကရတဲ့ဘွဲ့မှ ပညာလို့မပြောနိုင်ပါဘူး။ လူမှာ အတတ်ပညာ အသိပညာ နှစ်မျိုးမျှတစွာ ရောစပ်နေဖို့လိုအပ်တဲ့နေရာမှာ နာမည်ကျော်ကမ္ဘာ့တက္ကသိုလ်ကြီးက နိုင်ငံေ၇း ဆိုင်ရာဘာသာရပ်မှာ ရခဲ့တဲ့ ဘွဲ့အပြင် နိုင်ငံတကာမှာလုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံများနဲ့ ရေးသားခဲ့တဲ့ စာအုပ်များစွာ၊ ရောက်လေရာမှာ လေ့လာဆည်းပူးတတ်တဲ့အကျင့်၊ အိမ်မှာ အကျဉ်းကျနေစဉ်ဖတ်ရှုခဲ့တဲ စာအုပ်များစွာကြောင့် ဒီအရည်အချင်း လည်းဒေါ်စုမှာ ၁၀၀% ရှိတယ်။

၅။ သီလ သမာဓိ......နိုင့်ငံခေါင်းဆောင် ဆိုတာ သာမန်ပြည်သူလို သီလမလုံ တရားမရှိ နေချင်သလို နေမရပါ။ ကြံဖန်ပြောရရင် ဒေါ်စုဟာ လူမျိုးခြားကိုလက်ထပ်ခဲ့ခြင်းကလွဲလို့ ဘာမှ အပြစ်ပြောစရာ မရှိအောင်ဘ၀တလျှောက်လုံးနေထိုင်ခဲ့သူဖြစ်ခြင်း၊ (လူမျိုးခြားဆိုပေမဲ့ ဒေါ်စုအား ချစ်ခင်လေးစား တန်ဘိုးထားနားလည်ပေးတတ်တဲ့ ပညာရှိတဲ့ မိမိနှင့် သားများ ကိုပါ ဗုဒဘာသာသို့ပြောင်းလဲခဲ့နိုင်တဲ့ ခင်ပွန်းကောင်းဖြစ်ပါတယ်။)၊ အိမ်တွင်းအကျဉ်းကျစဉ် ၀ိပသနာတရားအားထုတ်မှုကို မပြတ်လေ့ကျင့် ပွားများခဲ့ခြင်း ဆရာတော်ကြီးများရဲ့ဆုံးအမကို မပြတ်ခံယူခြင်း တို့ကြောင့် ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။

၆။ သတိ...သာမန်လူတိုင်းဟာ မနော ၀စီ ကာယကံများကို အချိန်နဲ့အမျှပြုနေကြရာမှာ အမှတ်တမဲ့ သတိကင်းမဲ့လျက်နဲ့ အမှားများစွာ ပြုပြောတွေးနေမိတတ်ပါတယ်။ ဒေါ်စုရဲ့ အမူအရာ စကားလုံး ကိုယ်နေ ဟန်ပန် တို့ကိုကြည့်ပါ။ ထိုင်နေလျှင် ခါးစန့် ခါးမတ်၊ ဦးခေါင်းကိုမတ်၊ ပျင်းပျင်းရိရိကြောကို မမှီ၊ ဒူးကိုဘယ်တော့မှမချိတ်၊ မိန့်ခွန်းများပြောရာမှာ မည်သည့်ဘာသာစကားကိုပြော ပြော လေသံအတက်အကျက မမြင့်လွန်း မနိမ့်လွန်း မနှေးလွန်း မမြန်လွန်း၊ ပျာယာမခတ်။ ရှူးရှူးရှဲရှဲမရှိ။ မှားလို့ပြန်ပြောရသည်ဆိုသည် မရှိသလောက်ရှား။ ဒါကသတိကပ်နေခြင်းရဲ့ သက်သေ။ အသံကလည်း ပီသ၊ မျက်နှာအမူအရာက တည်သင့်လျှင်တည် ရီသင့်လျှင်ရီ ပြုံးတန်ပြုး ထုံပေပေ ပေါတောတော စပ်ဖြဲဖြဲ ဘယ်ခါမှမရှိ၊ ။ သည်လောက်မအားသည့်ကြားက အ၀တ်အစား ဘိုသီဘတ်သီ မရှိ။ ဒါကြောင့် သတိ ဟူသော...ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။

၇။ အသံ..... အဆိုတော်များ တမျိုးစီ အသံကောင်းကြပါတယ်။ သီချင်း မဆိုလည်း အသံကောင်းသူ များစွာရှိပါတယ်။ ဒါပေမဲ့ လူတိုင်းရဲ့အသံများမှာ အရောင်လေးတွေပါကြပါတယ်။ အားငယ်သံ မောက်မာသံ အထက်စီးသံ မာနသံ ကြွားဝါသံ ပညာရှိသံ ပညာမဲ့သံ ရိုးသားသံ မြို့ပြသံ ကျေးလက်သံ ဟန်ဆောင်သံ တရားသံ ဆရာကြီးသံ...ပွဲစားသံ ..ထုံထိုင်းသံ..ပျင်းရိသံ...စသဖြင့်။ နိုင်ငံခေါင်းဆောင်၏အသံကတော့ ပညာရှိသံ ပြတ်သားတိကျသံ ရိုးသားဖြူစင်သံနဲ့ တိုင်းသားပြည်သူများအပေါ် မေတ္တာစေတနာငွေ့ လွှမ်းခြုံနေတဲ့ အသံဖြစ်ရပါမယ်။ ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။

၈။ မျိုးရိုး....ဘယ်လောကမှာမဆိုအောင်မြင်လာမဲ့သူဟာ ရှေ့ကမျိုးရိုးရှိချင် မှရှိမှာပါ။ မျိုးရိုးရှိတိုင်းလည်း ဆက်ခံတဲ့သားသမီးမြေးမြစ်က အဖြစ်ရှိ ချင်မှရှိမှာပါ။ ဗိုလ်မင်းရောင် ဗိုလ်ချုပ်အောင်ဆန်းစတဲ့ သတ္တိပြောင်တဲ့ မျိုးရိုးကို ထိန်းသိမ်းနိုင်တဲ့သွေးနဲ့ မျိုးရိုးအရည်အချင်းမျိုး အကိုမှာတောင် မရှိဘဲ ဒေါ်စုမှာသာလျှင် ၁၀၀% ရှိပြန်ပါတယ်။ အင်မတန် မြန်မာဆန်ပြီး အနေအထိုင် လိမ်မာ ကျစ်လျစ်တဲ့မိခင် ဒေါ်ခင်ကြည့်ရဲ့ သွန်သင်ဆုံးမမှု ဟာလည်း မြန်မာဆန်တဲ့ သတ္တိရှိရဲရင့်တဲ့ သမီးကောင်းလေးကို ပေါ်ထွန်းစေ ခဲ့တာဟာ ငြင်းမရပါဘူး။

၉။ စွန့်လွှတ်အနစ်နာခံသောစိတ်..... နေက္ခမ္မပါရမီလို့ပြောရင် လွန်မလား မသိ။ တိုင်းပြည်ကို ခေါင်းဆောင်မဲ့သူဟာ ပုဂိုလ်ရေးရာ family / personal ခံစားချက်တွေကို အတတ်နိုင်ဆုံး လျစ်လှူရှုနိုင်ရပါမယ်။ မိမိဘ၀နဲ့ အချိန်တွေ စိတ်အာရုံတွေကို နိုင်ငံနဲ့ပြည်သူအတွက် ပေးဆပ်နိုင်ရပါမယ်။ ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိကြောင်းကတော့ မိန်းမတသန်းမှာ တယောက်တွေ့ရနိုင်ခဲ့တဲ့ ခင်ပွန်းနဲ့ သားတွေရဲ့ ဘ၀အဆင်ပြေမှုတွေကို လုံးလုံးလျားလျား လျစ်လျူရှုခဲ့တဲ့ ဒေါ်စုရဲ့စိတ်ထားမျိုးကတော့ အထူးပြောစရာမလိုတော့ပါဘူး။

၁၀။ မေတ္တာ..... သတ္တလောကကြီးကို ထိန်းချုပ်ပြောင်းလဲနိုင်စွမ်းရှိသော အရာဟာ စစ်မှန်တဲ့မေတ္တာပါပဲ။ မိမိ မိသားစုဝင် သုံးယောက်က် သန်းပေါင်း ၆၀သော လူသားတွေအတွက် မေတ္တာကြီးစွာထားခဲ့သူပါ။ မေတ္တာတရားနဲ့ပြည့်ဝလွှမ်းခြုံနေတဲ့မျက်ျနှာ မျိုး လူတိုင်းမှာ မတွေ့နိုင်ပါဘူး။ ထိုအရည် အချင်း မေတ္တာဓါတ်မျိုး ဒေါ်စုမှာသာ ၁၀၀% ရှိကြောင်း ဦးနှောက်မှန်တဲ့ လူတိုင်းရဲ့နှလုံးသားက ခံစားလို့ရပါတယ်။

ပြောခဲ့တဲ့ အချက် (၁၀)ချက်အပြင် အခြားများစွာသော ထူးခြားအရည်အချင်း များနဲ့ပြည့်စုံတဲ့ ဒေါ်စုနဲ့ တူညီပြည့်မှီတဲ့ အခြား မြန်မာအမျိုးသမီးတဦးဦး မရှိနိုင်ပါဘူး။ တခုတူရင် တခု လိုနေမှာပါ။

ဒါ့ေ ကြာ င့်.....
မြန်မာနိုင်ငံရှေ့ရေးအတွက် ဦးဆောင်ရမဲ့ နှစ်တရာတခါ ပေါ်ပေါက်ခဲတဲ့ မရှိမဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သည်လောက်တောင် သဲသဲလှုပ်ချစ်ကြ လေးစားကြ ချီးကျူးကြ တသသ တရွရွ တမမ တဖွဖွ ဖြစ်နေကြတဲ့ လူတွေ လုံးဝ မလွန်ပါဘူး ။ကျနော်အခုလို ထင်မြင်ရေးသားမိတာလည်း မလွန်ပါဘူး... ဒေါ်စုကို ချစ်ရင်လေးစားရင် ချစ်နေယုံနဲ့ မပြီးပဲ မိမိတို့ရောက်ရာနေရာတိုင်းမှာ ပြတ်သားရဲရင့် ထက်မြက် တည်ငြိမ်စွာ မြန်မာလူမျိုးသိက္ခာထိန်းကြပါ လို့ရဲရဲကြီးပြောရင်း..
အောင်ခိုင် (၂၄-၄-၂၀၁၂)

ကြွက်နို့တွေအတွက် သဘာဝနည်းလမ်းကောင်းများ

အရေပြားပေါ်မှာ ဖြစ်လာတဲ့ရောဂါဖြစ်ဖြစ်၊ အရေပြားပြသနာပဲဖြစ်ဖြစ် အတော်စိတ်ညစ်ရပါတယ်နော်။ လှလှတွေ ပျက်တာကိုး။:P ရုပ်ဆိုးဆိုးကြွက်နို့လေးတွေ အရေပြားပေါ်မှာပေါ်လာရင်တော့ ပိုဆိုးတာပေါ့။ ရုပ်ဆိုးဆိုးကြွက်နို့ဆိုလို့ ရုပ်ချောတဲ့ ကြွက်နို့ရှိလို့ဟုတ်ဘူး။ :P မာမာကြမ်းကြမ်းနဲ့ အရောင်ကလည်း ညိုသလိုလို မီးခိုးရောင်လိုလို မဲသလိုလိုနဲ့ဆိုတော့ ကြွက်နို့အဖုတွေက ရုပ်ဆိုးတာပဲလေ။ သူတို့ရုပ်ဆိုးတာ အရေးမကြီးဘူး။ ကိုယ်က အလှပျက်တာပေါ့။ အဲ့ဒီတော့ရုပ်ဆိုးဆိုးကြွက်နို့လေးတွေအကြောင်းကို လေ့လာကြည့်ရအောင်ပါ။


ကြွက်နို့ဟာ Human Papilloma Virus (HPV) ကြောင့် ဖြစ်တာပါ။ အဲ့ဒီအကောင်လေးတွေက ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေကို ပိုမျက်စိကျတတ်တယ်နော်။ ဖြစ်လာပြီဆိုလည်း မျက်နှာလှလှလေးဆိုပြီး ချန်ထားတယ်မရှိဘူး။ တစ်ကိုယ်လုံး ပေါ်ချင်တဲ့နေရာ ပေါ်လာတတ်တာလေ။ ဒီလောက်ဆိုးတဲ့ ကြွက်နို့တွေကို နှိမ်နင်းရေးနည်းတွေ အများကြီးရှိပါတယ်။ ဆေးလိမ်း၊ ခွဲစိတ်၊ မီးရှို့ နည်းမျိုးစုံပါပဲ။ ဒါတွေကလည်း အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့ သေချာလုပ်ရမှာပါ။

လိမ်းဆေးတွေက ပြင်းတော့ အခန့်မသင့်ရင် ဒုက္ခရောက်နိုင်တယ်။ ကိုယ့်ဟာကိုယ်ခွဲလို့မရ၊ မီးရှို့တာလဲ လူတိုင်းသိတဲ့မီးနဲ့ ရှို့တာမဟုတ်တော့လေ။ ဒီတော့ ဆရာဝန်ကြီးတွေဆီသွားဖို့ အဆင်မပြေသေးဘူးဆိုရင် အန္တရာယ်ရှိနိုင်တဲ့နည်းတွေကို ရမ်းသမ်းပြီးလက်တည့်မစမ်းဘဲ အိမ်မှာအလွယ်တကူလုပ်နိုင်တဲ့ နည်းလေးတွေကို စမ်းကြည့်ရအောင်။

ကြက်သွန်ဖြူ
အနံ့ကနဲနဲဆိုးပေမဲ့ အစွမ်းထက်တယ်နော်။ ကြက်သွန်ဖြူကို ကြိတ်ချေပြီး ကြွက်နို့ပေါ် အုံလိုက်ပါ။ ပြီးတော့ ပတ်တီးစည်းရပါမယ်။ ၄ - ၅ နာရီကြာတဲ့အခါ ပတ်တီးကို ဖယ်လိုက်ပြီး ရေနွေးလေးနဲ့ ဆေးပါ။ ကြွက်နို့ပျောက်သွားတဲ့အထိ နေ့တိုင်းလုပ်ပေးရမယ်နော်။

နာနတ်သီး
ကြွက်နို့က နာနတ်သီးကို ကြောက်တယ်တဲ့။ နာနတ်သီးအရည်ကို ကြွက်နို့ပေါ်တို့ပြီး ရေမဆေးဘဲ ဒီတိုင်းသာ ပစ်ထားလိုက်။ ပြီးတော့ နေ့တိုင်းသာ ပုံမှန်လုပ်ပေးရင် ရက်အနည်းငယ်အတွင်းမှာပျောက်တယ်လို့ သုတေသနတွေထဲမှာ ဖော်ပြထားပါတယ်ရှင်။

ကြက်ဆူဆီ
ကြွက်နို့ကိုတိုက်တဲ့အခါ အံ့ဖွယ်အစွမ်းထက်တဲ့ ကြက်ဆူဆီကို သုံးကြည့်ပါ။ စွမ်းပေမယ့် လွယ်တယ်နော်။ ကြက်ဆူဆီကို ကြွက်နို့ထဲစိမ့်ဝင်အောင် လိမ်းပေးရုံပါပဲ။ တရက်၂ကြိမ် လိမ်းပေးရမှာပါ။ ကြွက်နို့တွေဟာ တဖြည်းဖြည်း ခြောက်လာပြီး ပျောက်သွားပါလိမ့်မယ်။

ငှက်ပျောသီး
ငှက်ပျောသီးကို အရေပြားပြသနာတိုင်းမှာ သုံးလို့ရတယ်နော်။ ခဲတလုံးနဲ့ငှက်နှစ်ကောင်ပစ်ဆိုသလို ကြွက်နို့တွေပျောက်စေတဲ့အပြင် တခြားအနာအဆာတွေပါပျောက်ပြီး အသားအရေပိုလှလာအောင် ငှက်ပျောသီးက အစွမ်းပြနိုင်တယ်လေ။ ငှက်ပျောသီးကို အခွံခွာပြီးရင် စားလိုက်။ :P နောက်တာ ဟုတ်ဘူးနော်။ ခုက အခွံကိုပဲသုံးမှာလေ။ ငှက်ပျောသီးခွံကို သေးသေးလေးဖြစ်အောင်လုပ်ပြီး ကြွက်နို့ပေါ်ကပ်၊ ပြီးတော့ ပတ်တီးထပ်ပတ်၊ ပြီးတော့ ၁၂ နာရီတစ်ခါပြန်လဲ၊ ကြွက်နို့တွေပျောက်သွားတဲ့အထိလုပ်၊ ကြွက်နို့တွေမျိုးပြုတ်ရောတဲ့။

လ္ဘက်ဆီ
လ္ဘက်ဆီက ၀က်ခြံတွေကို ကောင်းကောင်းနှိမ်နင်းပေးသလို ကြွက်နို့တွေကိုလည်း ပျောက်ကင်းစေနိုင်တယ်လေ။ လ္ဘက်ဆီကို ၀ါဂွမ်းမှာဆွတ် ကြွက်နို့ပေါ်ကပ်ပြီး ပတ်တီးစီးထားဖို့ လိုပါတယ်။ ပြီးတော့ အနည်းဆုံး ၇ ရက်ထားပါ။ အရေပြားဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ နည်းလေးပါပဲ။

သံပုရာရည်
သံပုရာရည်ကိုလည်း အရေပြားပြသနာတော်တော်များများမှာ သုံးတယ်နော်။ ကြွက်နို့ကို နှိမ်နင်းဖို့ကတော့ သံပုရာရည်ကို ကြွက်နို့ပေါ်သုတ်လိမ်းပြီး မိနစ်၂၀ ကြာတဲ့အခါ ရေဆေးချလိုက်ရုံပါပဲ။ တစ်ရက်ကို နှစ်ကြိမ်လုပ်ပါ။ သံပုရာရည်ရဲ့ အက်ဆစ်ဓာတ်က ကြွက်နို့ကိုပျောက်စေပါတယ်။

ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ဆိုတာနဲ့ အသားအရေလှစေတဲ့အပြင် ဆေးဘက်လဲဝင်တယ်ဆိုတာ သိကြတယ်နော်။ ခုလည်း ကြွက်နို့ကို နှိမ်နင်းပေးအုံးမှာပါ။ ရှားစောင်းလက်ပတ်ထဲက ဂျလ်တွေကို ကြွက်နို့ပေါ်လိမ်းပေးရုံပါပဲ။ တရက်ကို ၃ ကြိမ်သာလုပ်ပါ။ တစ်ပတ်လောက်ကြာတဲ့အခါ သိသိသာသာ သက်သာလာမှာပါ။
ဆရာဝန်ဖြစ်ပြီး ဗိန္ဓောနည်းတွေပေးနေလို့ အံသြမသွားပါနဲ့အုံး။ သဘာဝဆေးဖက်ဝင်အပင်တွေကလည်း စွမ်းတာပဲ။ ရင်နှင်းတို့ကျောင်းတက်တုန်းက သဘာဝဆေးဖက်ဝင်အပင်တွေနဲ့ တိုင်းရင်းဆေးကို ဘာသာရပ်တစ်ခုအနေနဲ့တောင် သင်ခဲ့ရတယ်လေ။ တကယ်က သဘာဝတရားကြီးက သူ့ရဲ့ရင်သွေးလေးတွေအတွက် လိုတာတွေ စီစဉ်ပေးပြီးသားပါ။ သဘာဝဆေးဘက်ဝင်အပင်တွေရဲ့အစွမ်းကို စမ်းကြည့်ပါဦးနော်။
(ရင်နှင်းငယ်)
ပိုပိုဇော်(သဘာဝအားအင်)
Myawady News

ရခိုင်မှာ ဘင်္ဂါလီစာရင်းကောက် ရိုဟင်ဂျာ လက်မခံ

26 ဧပြီလ 2013
ဒေသခံတွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာတွေလို့ ပြောဆိုပြီး အစိုးရကတော့ ဘင်္ဂါလီလို့ပဲ ခေါ်ပါတယ်။

အစိုးရက ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ လူဦးရေစာရင်း ကောက်တဲ့အခါ စစ်တွေ၊ သက်ကယ်ပြင်ဘက်က လူတစုက သူတို့ကို ရိုဟင်ဂျာလို့ အစိုးရက စာရင်းမသွင်းပေးတဲ့အတွက် အစိုးရ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

အစိုးရတာဝန်ရှိသူတွေဘက်က နှစ်ဦး ဒဏ်ရာရပြီး၊ ဘင်္ဂါလီ လူငယ်တဦး ခြေထောက်ကို ရာဘာကျည်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေက လူစာရင်း ကောက်တဲ့အခါ ဘင်္ဂါလီလို့ပဲ စာရင်းသွင်းတာကို ဒေသခံတွေက သူတို့ဟာ ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ တောင်းဆို ရေးသွင်းခိုင်းပြီး အစိုးရ တာဝန်ရှိသူတွေက မရေးပေးတဲ့အခါ ရိုဟင်ဂျာ၊ ရိုဟင်ဂျာလို့ အော်ဟစ်ကြပြီးနောက်မှာ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်တာပါလို့ ရခိုင်ပြည်နယ် အစိုးရရဲ့ ပြောရေးဆိုခွင့် အဖွဲ့ဝင် ဦးဝင်းမြိုင်က ဘီဘီစီကို ပြောပါတယ်။

ဒေသခံတွေဘက်က ခဲတွေနဲ့ ပေါက်ခဲ့သလို အစိုးရ တာဝန်ရှိသူတွေဘက်ကလည်း တုန့်ပြန် အရေးယူ ဆောင်ရွက်ခဲ့တာတွေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

အခုတော့ ဘင်္ဂါလီ လူစာရင်း ကောက်ယူမှုကို ပြဿနာဖြစ်တဲ့ နေရာတွေမှာ ယာယီ ရပ်ဆိုင်းထားမယ်၊ ကျန်တဲ့ ရခိုင်ပြည်နယ်တွင်းက နေရာတွေမှာတော့ ဆက်လက် ကောက်ယူသွားမယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီ လူစာရင်း စာရင်းကောက်ယူမှုကို ဒီကနေ့ကစလို့ မေလ ၁၅ ရက်အထိ ကောက်ယူမှာ ဖြစ်ပါတယ်။
BBC Burmese

ဒါလဲဟုတ်တာပဲ


FB-ပဲခူး သတင်းစဉ်

ငါလေ...လုပ်လိုက်ရဟွန်း


FB-စကားပြောနေသော ကာတွန်းလေးများ

ဝန်ထမ်းအင်အားခြောက်ဆတိုးမည် FDA ကို ဦးစီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းမည်

နယ်စပ်ကုန်သွယ်ရေးစခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးစခန်းများ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA မှ တာဝန်ရှိသူက ပြောသည်။

FDA သည် အဆိုပါစခန်းများ တိုးချဲ့ရေးအတွက် ၀န်ထမ်းအင်အားကို ခြောက်ဆခန့်တိုးမြှင့်ခန့် ထားရန် စီစဉ်နေကြောင်းလည်း ၎င်းကပြောသည်။ လက်ရှိ ဖွဲ့စည်းပုံအရ FDA တွင် ၀န်ထမ်းအင်အား ၁၁၄ ဦးခန့်ထားရာမှ အရာထမ်း ၁၅၀ နှင့် အမှုထမ်း ၅၁၅ ဦးတို့ အပါအ၀င် ၀န်ထမ်းအင်အား ၆၆၅ ဦးအထိ ပါဝင် သည့်ဖွဲ့စည်းပုံသို့ အသစ်တိုးချဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

FDA သည် လက်ရှိအချိန်တွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနများ ဖွင့်လှစ်ထားပြီး ၀န်ထမ်းအင်အားတိုးချဲ့ ပြီးပါက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဌာနခွဲများ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူကပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှစတင်ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုဖြစ်သည့် မြ၀တီနှင့် မူဆယ်တို့တွင် ဖွင့်လှစ်ထားသည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးရုံးခွဲများကဲ့သို့သော ရုံးခွဲများကို လည်း အခြားနယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဖွင့်လှစ်မည်ဟုလည်း အဆိုပါတာဝန်ရှိသူကပြောသည်။

“ဆေးဝါးအတုဝင်တာကတော့ တရုတ်နဲ့အိန္ဒိယ အများဆုံးပဲ။ ပုံမှန်လမ်းကြောင်းက စစ်ပေမယ့် မှောင်ခိုလမ်းကြောင်းဘက်ကလည်း အတုတွေ ၀င်နိုင်တယ်။ ဆေးဝါးအတုအပြင် အရည်အသွေးလျှော့ပြီး သွင်းနေတာတွေလည်း စစ်ဆေးဖို့ အရေးကြီးတယ်”ဟု မင်္ဂလာဈေးမှ ဆေးကုန်သည်တစ်ဦးက ပြောသည်။
 7Day News Journal

လက်ပံတောင်းတောင်တွင် ရဲတပ်ဖွဲ့ဝင်များနှင့်ဒေသခံများ ထိပ်တိုက်တွေ့ ၁၈ ဦးဒဏ်ရာရ


ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း ဧပြီလ ၂၄ ရက် နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကွန်ရက်တစ်ခုမှ အဖွဲ့ဝင်အချို့ ပါဝင်သော ဒေသခံများ ပဋိပက္ခဖြစ်ပွားခဲ့ရာ ရဲအရာရှိများ အပါအ၀င် ၁၈ ဦးခန့် ဒဏ်ရာ ရရှိခဲ့ပြီး ဒေသခံအချို့ကို ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

ဆားလင်းကြီးမြို့နယ်၊ ဆည်တည်းရွာအနီးရှိ ပုဒ်မ ၁၄၄ ထုတ် ပြန်ထားသော လယ်မြေအတွင်း ကြေးနီစီမံကိန်းကန့်ကွက်သူများနှင့် ထိပ်တိုက်တွေ့ဆုံပြီးနောက် နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

“ပထမအယောက် ၇၀ လောက်ရှိတယ်။ တားမြစ်နယ်မြေထဲ မလုပ် ဖို့ပြောတယ်။ သူတို့ရန်ပြုဖို့ ကြိုးစား ကြတော့ ဒိုင်းတွေနဲ့ အသံပေးလှန့် လိုက်တော့ ပြန်သွားကြတယ်။ ပြီးမှလူစုပြီး ပြန်လာတာ အယောက် ၂၀၀ လောက်ရှိတယ်”

“ကျွန်တော်တို့က ဦးဆောင်တဲ့ကွန်ရက်အဖွဲ့ဝင်တစ်ယောက်ကို ဖမ်းဆီးဖို့လုပ်တော့ ဖြစ်ကြတာ။ သူတို့က ခဲတွေ၊ စက်ဘီး ကုံးသီးတွေနဲ့ ပစ်တယ်။ တုတ်နဲ့ဝင်ရိုက်တယ်။ ကျွန်တော်တို့က ပထမနောက်ကို ဆုတ်တယ်။ လူစုခွဲဖို့ ပြောလို့မရတော့မှ မိုးပေါ်ကိုခြောက်လှန့်ပြီး ပစ်တာပါ” ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ထွန်းက ပြောသည်။

ထိပ်တိုက်တွေ့ဆုံမှုကြောင့် ၎င်းနှင့် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး၊ မြို့နယ်မှူးအပါအ၀င် လုံခြုံရေးတပ် ဖွဲ့ဝင် ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများမှ သုံးဦးဒဏ်ရာရရှိခဲ့ရာ တစ်ဦးမှာ လက်မောင်းတွင် သေနတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကဆက်လက်ပြောသည်။

ထိပ်တိုက်တွေ့ဆုံမှုတွင် ဒေသခံများက ပုလင်းထဲ ဓာတ်ဆီထည့် ပြုလုပ်သော လက်လုပ်မီးလောင်ဗုံးများကို အသုံးပြုခဲ့သည်ဟု ရဲတပ်ဖွဲ့က စွပ်စွဲပြောဆိုခဲ့ပြီး ဒေသခံများကမူ လုံခြုံရေးတပ်ဖွဲ့ဝင်များ အင်အားသုံးမှုကြောင့်ဟု တုံ့ပြန်ပြောဆိုကြသည်။

“ကိုယ့်လယ်ကိုယ် ပြန်ထွန်ဖို့ ကြိုးစားတာ။ သက်ဆိုင်ရာက တားလို့ဖြစ်ရတာ” ဟု မိုးကြိုးပြင်(မြောက်) ရွာသားတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသော ဒေသခံ သုံး ဦးကို မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ထားပြီး စိုးရိမ်စရာအခြေအ နေမရှိဟု ဒေသခံလူမှုရေး အဖွဲ့အစည်းများထံမှ သတင်းရရှိသည်။

ကွန်ရက်အဖွဲ့တစ်ခုမှ အဖွဲ့ ၀င်တစ်ဦးနှင့် ဒေသခံနှစ်ဦးကို ထိန်း သိမ်းထားကြောင်း မုံရွာခရိုင်ရဲတပ် ဖွဲ့မှ ဆက်လက်သတင်းရရှိသည်။

“အားလုံးကို ဥပဒေနဲ့အညီ ထိန်းထိန်းသိမ်းသိမ်းဖြစ်စေချင်ပါတယ်။ တရားဥပဒေကို ချိုးဖောက် ရင်တော့ တာဝန်အတိုင်း ဆောင်ရွက်ရပါတယ်”ဟု စစ်ကိုင်းတိုင်း ရဲ တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်များတွင် ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန် ရက်မှ ကိုအောင်စိုး၊ ကိုထက်၊ ရန်ကုန်ဝိဇ္ဇာ/သိပံ္ပ ကျောင်းသား သမဂအဖွဲ့မှ ကိုသောင်းထိုက်ဦးတို့ ပါဝင်ပြီး ယင်းကွန်ရက်အဖွဲ့ဝင်များ ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဒေသခံရွာသားများက လက်လုပ် မီးလောင်ဗုံးဖြင့် ပစ်ခတ်ခြင်းအပါ အ၀င်အကြမ်းဖက်လုပ်ရပ်များကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်ပိုင်ရုပ်သံဌာနများမှတစ်ဆင့် ပြည် ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

တာဝန်ရှိသူများ အနေဖြင့် လက်ပံတောင်းတောင် စုံစမ်းစစ် ဆေးရေး ကော်မရှင် အစီရင်ခံစာနှင့် အညီ ဆောင်ရွက်ပေးနေပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန် သတိ ပေးခဲ့သော်လည်း ဆူပူအကြမ်းဖက်မှု များ ဆိုးရွားလာခဲ့သဖြင့် သတိပေးခြောက်လှန့်ပစ်ခတ်မှုများကို ဆောင်ရွက်ရခြင်းဖြစ်ကာ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုကြောင့် ဖမ်းဆီး ရမိသူများအား ထိရောက်စွာအရေး ယူဆောင်ရွက်သွားမည့်အပြင် ပြစ်မှုကျူးလွန်သူများကိုလည်း ဖော်ထုတ်အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“အခုပါတဲ့သူတွေက လျော်ကြေးမယူကြတဲ့သူများပါတယ်။ ဘာပဲပြောပြော ခဏခဏ ဒီလိုဆူပူတာတွေက မကောင်းဘူး။ အေးအေးချမ်းချမ်းပဲ ပြီးစေချင်တယ်”ဟု ၀က်မှေးကျေးရွာသားတစ်ဦးက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကလည်း အခင်းဖြစ်ပွားပြီး နောက် ယနေ့နေ့ခင်းပိုင်းတွင် ပြည်သူတို့၏ ငြိမ်းချမ်းစွာလှုပ်ရှားမှုများအား အကြမ်းဖက်နှိမ်နှင်းခြင်းကို လုံးဝလက်မခံနိုင်ကြောင်း၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်မြေကို အခြေပြုလုပ်ကိုင်စားသောက်နေရသော လယ်သမားများကို မည်သည့်အာမခံချက်ပေးနိုင်မည်ကို အစိုးရက ညှိနှိုင်းအဖြေရှာရန် လိုအပ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

၂၀၁၀ ပြည့်နှစ်အတွင်း စတင်ခဲ့ သော လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကို ဒေသခံများက ဆက်တိုက်ကန့်ကွက်ခဲ့ကြရာ ယမန်နှစ် နိုဝင်ဘာ ၂၉ ရက်တွင် အထွေထွေ သပိတ်စခန်းများကို အင်အားသုံး ဖြိုခွဲခံရပြီး သံဃာတော်အများစု အပါအ၀င် ဒေသခံများ ဒဏ်ရာပြင်း ထန်စွာရရှိခဲ့၍ ဝေဖန်မှုများစွာရှိ သည်။

ထို့အပြင် ကော်မရှင်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဆန္ဒပြသည်အထိ ဖြစ်ပွားခဲ့ပြီး ဆနပြမှုများ နောက်ကွယ်တွင် ကြိုးကိုင်လှုပ်ရှား သူများ ရှိနေကြောင်းလည်း ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လာခဲ့ သည်။

ယနေ့ဖြစ်စဉ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ၁၅ ဦး ဆူပူအကြမ်းဖက်သူ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် အမှတ် (၁၆) ရဲတပ်ရင်းတို့က လုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
 7Day News Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com