http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နေရာတိုင်းတွင် အမြတ်မထုတ်သင့်ဟု ဒုဝန်ကြီး ဦးမြင့်သိန်းပြောကြား

ရန်ကုန်၊ ဖေဖော်ဝါရီ၊ 24။

ပြည်ပသို့ အလုပ်သမား စေလွှတ်နေသော ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများအနေဖြင့်
နေရာတိုင်းတွင် အမြတ်မထုတ်သင့် ဟု အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးဦးမြင့်သိန်းကပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီအသင်းဖွဲ့စည်းခြင်း စည်းဝေးပွဲတွင်ပြောကြားသည်။

“ဒီနေ့ခေတ် အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာ Labourprotective ကိုတွက်ပြီးသွားတဲ့ခေတ် ကို ရောက်နေပြီ။လူများများလွှတ်ပြီးဝန်ဆောင်ခ နည်းနည်းယူမယ်ဆိုရင်ကိုယ်လည်း အကျိုးအမြတ်ရှိမယ်။ အတ္တ ပရကိုကြည့်ပြီးလုပ်ကြဖို့ လိုတယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။

ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် မိမိပို့ဆောင်ပေးသည့်အလုပ်သမားနှင့် ပတ်သတ်၍ များစွာ တာဝန်ရှိကြောင်း၊အေဂျင်စီအချင်ချင်းညှိညှိနှိုင်းနှိုင်းနှင့် စနစ်တကျ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ LabourMerket Information ကို သေချာလေ့လာရန်လိုအပ်ကြောင်း၊ နိုင်ငံတကာလုပ်ထုံး လုပ်နည်း များအရ အထောက်အထားများမှာ အလုပ်သမားများ လက်ဝယ်တွင်ရှိရမည်ဖြစ်ပြီး ပတ်စပို့ ကော် ပီနှင့် လေဘာကတ် စသည်တို့အနည်းဆုံး ရှိနေရမည်ဖြစ်ကြောင်း ဦးမြင့်သိန်းက ပြောကြားသည်။

“ကျွန်တော်တို့ ကွင်းဆင်းလေ့လာရသလောက်တော့ လွှတ်တဲ့အေဂျင်စီတွေမှာတာဝန် မကျေတာ တော်တော်များများ တွေ့ရတယ်။ အဲ့ဒီက အလုပ်သမားတွေမှာဘယ်အေဂျင်စီက ပို့ပေးတယ်ဆိုတာတောင် မသိကြဘူး။ ဒီဘက်ကတော့တရားဝင်လွှတ်တာပဲ။ ဒါပေမယ့် ဟိုဘက်သွားပြီး စစ်လိုက်လို့ အထောက်အထားတွေမရှိဘူးဆိုရင် ပို့ပေးတဲ့ အေဂျင်စီတွေကို အရေးယူသွားမယ်” ယင်းကပြောကြားသည်။

ယင်းကိစ္စရပ်များမှာ အေဂျင်စီများတွင်သာ မဟုတ်ဘဲ အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနတွင်ပါ တာဝန်ရှိပြီး ကိုယ့်တာဝန်ကိုယ်ယူကြရမည်ဖြစ်ကြောင်း၊ အေဂျင်စီများအနေဖြင့် တာဝန်ယူရုံနှင့်မပြီးဘဲပွင့်လင်းမြင်သာမှုရှိရန်လည်း လိုအပ်ကြောင်း သိရသည်။မြန်မာပြည်တွင် ၁၉၉၀ ခုနှစ်မှ ၂၀၁၃ခုနှစ် ဇန်နဝါရီလအထိ ထိုင်း၊ စင်ကာပူ၊မလေးရှား၊ ဂျပန် စသည့်နိုင်ငံများသို့ အမျိုးသား အလုပ်သမားဦးရေ ၁၅၃၄၀၆ဦး တရားဝင် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ထိုင်းရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲနီးပါးရှိပြီး ၁.၂၃သန်းကို အထောက်အထားထုတ်ပေးနိုင်ပြီဖြစ်ကြောင်း၊ ကျန်ရှိသည့် အလုပ်သမားများ အတွက်လည်း အထောက်အထားများထုတ်ပေးနိုင်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။ ရည်မွန်
The Myanma Age

ရခိုင် ကိစ္စနှင့်ပါတ်ကသ်၍ ကိုမင်းကိုနိုင်၏ ပြောကြားချက်

KO MIN KO NAING talk about peace in Rakhine State (21-02-2013 Denmark) FB-U Khaing Aung Kyaw

ရေနွေးပူလောင်းခံရသူ ကလေးငယ် နဲ့ အင်တာဗျူး


Saturday, February 23, 2013

ကရင်မိန်းကလေး တယောက် ထိုင်းနိုင်ငံ မြောက်ပိုင်း ကန်ဖယ်ဖက်မြို့နယ်မှာသူ့အလုပ် ရှင် ထိုင်းလင်မယားရဲ့ လူမဆန်တဲ့ နည်းတွေနဲ့ ညှဉ်းပန်း နှိပ်စက်ခံခဲ့ရပါတယ်။ထိုင်းအလုပ်ရှင်တွေဆီမှာ အသက် ၇ နှစ်အရွယ်ကနေ အလုပ်လုပ်ပေးခဲ့တာ အခု အသက် ၁၂ နှစ်အထိပါပဲ တဲ့။

ကတ်ကျေးနဲ့ကိုက်၊ ရေနွေးပူနဲ့လောင်းခံရတဲ့ ဒီကလေးကို ကန်ဖယ်ဖက်မြို့နယ်မှာရှိတဲ့ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး ဂေဟာမှာ ထိုင်းအာဏာပိုင်တွေ စောင့်ရှောက်ထားပါတယ်။ သူရဲ့ ဒဏ်ရာတွေကိုတော့ထိုင်းအစိုးရက အကုန်ကျခံ ကုသပေးမှာပါ တဲ့။

သူ့ကို နှိပ်စက်တယ် ဆိုတဲ့ အလုပ်ရှင်လင်မယားကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝရမ်းထုတ်ပြီး ဖမ်းခဲ့ပါသေးတယ်၊ ကလေးငယ်ကို ညှဉ်းပန်းနှိပ်စက်မှုတွေ အပါအ၀င် အမှု၇မှုနဲ့ တရားစွဲထားပါတယ်။

သူတို့က နှိပ်စက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်ပါတယ်။
နောက်ပိုင်းမှာ သူတို့ကို ဘတ်ငွေ ၇ သိန်း အာမခံနဲ့ ထိုင်း အာဏာပိုင်တွေက လွှတ်ပေးခဲ့ပါတယ်။

ယခုလ ၁၈ ရက်နေ့မှာ ရုံးချိန်းကို သူတို့၂ယောက် ရောက်မလာတော့ ထိုင်းအာဏာပိုင်တွေက ဖမ်းမိန့်ထုတ်ခဲ့တာပါ။ သူတို့ကို ဘတ်ငွေ တသိန်း ဆုကြေးငွေ ထုတ် ထားပါသေးတယ်။

သတင်းတပုဒ်မှာတော့ သူတို့ ၂ ယောက် ကမ္ဘောဒီးယားနိုင်ငံဘက် ထွက်ပြေးသွားတယ်လို့ သိရကြောင်း သူတို့မြို့က ရဲဗိုလ်မှူး Akkarasorn Srisupat ဆိုသူက ပြောကြောင်း ရေးသားထားပါတယ်။

ဒီကလေး ဘယ်လို ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသလဲဆိုတာတွေကို ထိုင်း ရုပ်သံ အမှတ် ၃ လိုင်းက အင်တာဗျုး လုပ်ပြီးတော့ ထုတ်လွှင့်ပြသသွားခဲ့ပါတယ်။

ပထမဆုံး ကရင်မိန်းကလေးရဲ့ ပြောဆိုချက်နဲ့ အစပြုပါတယ် -

“ခွေးလှောင်အိမ်ထဲမှာ ထည့်ပြီးတော့ ရေနွေးပူနဲ့ လောင်းပါတယ်”

ဘယ်နှစ်ကြိမ် လောင်းလဲ။

“တခါပါပဲ”

တကိုယ်လုံး လောင်းတယ်ဆိုတော့ အနာတွေကို သမီး ဘယ်လိုလုပ်လဲ။

“သူတို့ လှောင်အိမ်ထဲမှာပဲ တညလုံး သမီးကို မိုးလင်းတဲ့ အထိထားတယ်”

မိုးလင်းတဲ့ အထိထားပြီးတော့ ဘယ်လိုဆက်လုပ်လဲ။

“လှောင်အိမ်ထဲကနေ ထုတ်ပေးပြီးတော့ ဘာမှ မလုပ်ပေးဘူး”

နောက်တော့ ဘယ်လို ဆေးကုသတာလဲ။

“ဆားရည်တွေကို သုံးပြီးတော့ ကုတယ်”

ရေနွေးပူနဲ့ လောင်းတဲ့အပြင် သမီးကို ဘာလုပ်တာ တွေ ရှိသေးလဲ။

“ရိုက်သေးတယ်”

ဘာနဲ့ ရိုက်လဲ။

“တံမျက်စည်းနဲ့ ရိုက်တယ်”

နေ့တိုင်း ရိုက်တာလား။

“နေ့တိုင်း မရိုက်ဘူး တခါတလေ ရိုက်တယ်”

ခေါင်းမှာ ရှိတဲ့ ဒဏ်ရာကရော ဘယ်လိုလုပ်လဲ။

“အုတ်နံရံနဲ့ ဆောင့်တာ”

နောက်ပြီးတော့ တခြား ဖိနပ်နဲ့ ဘာနဲ့ ရိုက်တာ ရှိလား။

“ရှိတယ် မျက်နှာကို ဖိနပ်နဲ့ ရိုက်တယ်”

ဘာကြောင့် နားရွက် ပြတ်နေတာလဲ။

“ကတ်ကြေးနဲ့ ညှပ် ထားတာ”

အခုလို သမီးကို ကူညီတဲ့လူတွေ ရှိနေပြီးဆိုတော့ ဘယ်လိုခံစားရလဲ။

“၀မ်းသာပါတယ်”

ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအလုပ်သမားဌာန ညွန်မှူးတယောက်ဖြစ်တဲ့ ဦးနိုင်ထွန်းကတော့

“မြန်မာတွေနဲ့ ဖြစ်တဲ့ ကိစ္စမှန်သမျှမှာ ထိုင်းတွေက သွေးအေးအောင် လုပ်ပြီးတော့ မေ့မေ့ ပျောက်ပျောက် ဖြစ်အောင် လုပ်တာမျိုး တွေရှိတယ်”

လို့ ဧရာဝတီသတင်းဌာနကို မကြာသေးခင် ရက်ပိုင်းက ပြောပါတယ်။

ကရင် အမျိုးသမီးငယ်ရဲ့ အမှုနဲ့ ပတ်သက်ပြီးတော့လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားမှာကို စိုးရိမ်တယ် လို့ ပြောပါတယ်။

“ မြန်မာတွေ ပြဿနာ တက်လို့ ရှေ့နေတွေ ငှားပေးတယ်၊ မြန်မာတွေ
ဘက်က လိုက်ပေးတယ်၊ နောက်ဆုံး ကျလို့ ရှိရင် မြန်မာတွေပဲ အမှု ရှုံးတယ်။
ရှုံးတယ် ဆိုတာက တရားသူကြီးက ထိုင်းလူမျိုး အလုပ်ရှင် ကလည်း ထိုင်းလူမျိုး၊ အလုပ်ရှင်က ပြစ်မှုကျူးလွန်ထားတယ်၊ မြန်မာဖက်က ရပ်တည်ပေးပေမယ့်လဲ နောက်ဆုံး သူ့နိုင်ငံထဲမှာ သူ့ လူမျိုးကိုပဲ ကာကွယ်ပေးသွားတာ ရှိတယ်”

ဘန်ကောက်မြို့မြန်မာသံရုံး အရာရှိကြီးတယောက်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဦးနိုင်ထွန်းက ရှင်းပြပါတယ်။

ထိုင်းမီဒီယာများမှာလည်း ဒီဖြစ်ရပ်ကို အဆက်မပြတ် ဖော်ပြခဲ့ကြပါတယ်။

ကလေးရဲ့ ဘယ်ဘက်လက် လှုပ်ရှားလို့ မရဘူးလို့ ထိုင်းသတင်းတွေမှာ
ရေးထားပါတယ်။

သန်းထိုက်ဦး
ဧရာဝတီ

ပြည်သူ့ဥယျာဉ်တွင်မြန်မာ့လေကြောင်းမှ လေယာဉ်အဟောင်းတစ်စင်းကို ပြသမည်

Saturday, 23 February 2013

မြန်မာ့လေကြောင်းမှ နှစ် ၃၀ သက်တမ်းရှိ ဖော်ကာ F 27 အမျိုးအစား လေယာဉ်အား အများပြည်သူများ လေ့လာနိုင်ရန် ပြည်သူ့ ဥယျာဉ်တွင်ထားရှိပြသသွားမည်ဖြစ်ကြောင်း မြန် မာ့လေကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောသည်။

“F 27 လေယာဉ်ကို မြန်မာနိုင်ငံမှာ နှစ် ၃၀ လောက် မောင်းခဲ့တယ်။ သက်တမ်းကုန်ပြီဖြစ်လို့ ပြည်သူတွေ ပြသဖို့အတွက်ပါပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါလေယာဉ်ကို ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရဦးမည်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း ထိုကဲ့သို့လေယာဉ်များ ထားရှိသွားရန်လည်းရှိကြောင်း သတင်းရရှိသည်။

ပြည်သူ့ဥယျာဉ်ဝင်းအတွင်း နက္ခတာရာပြခန်းအနီးရှိ ယခင်ရှေးဟောင်းမီးရထားစက်ခေါင်း ထားရှိရာ နေရာအနီး အလုံလမ်း ဘက်ခြမ်းတွင် ပြသရန် လေယာဉ်ဟောင်းကို ပို့ဆောင်ထားပြီး ယမန်နေ့ဖေဖော်ဝါရီ ၂၂ ရက်ညက မင်္ဂလာဒုံ ရန်ကုန်အပြည်ပြည်
ဆိုင်ရာ လေဆိပ်မှ သယ်ယူလာခြင်း ဖြစ်သည်။

အဆိုပါ Fokker F -27 (XYAOZ) လေယာဉ်ကို ၁၉၇၈ ခုနှစ်က စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး သက်တမ်းကြာရှည်အသုံးပြုပြီး ၂၀၁၀ ခုနှစ် ခုနစ်လပိုင်းတွင် အသုံးပြုမှု ရပ်နားခဲ့ခြင်းဖြစ်ကြောင်း
မြန်မာ့လေကြောင်းမှ လေယာဉ်မှူးဦးသန်းထိုက်က ပြောသည်။

ဓာတ်ပုံ - ဖေဖော်ဝါရီ၂၂ရက်ညက ကမ္ဘာအေးဘုရားလမ်းအတိုင်းဖော်ကာလေယာဉ်ဟောင်းကို ကားဖြင့်ဆွဲယူလာစဉ်။
ဂျေမောင်မောင် (အမရပူရ)

7Day News Journal

ကွန်တိန်နာယာဉ်တစ်စီး အခြားယာဉ်နှစ်စီးကို တိုက်မိပြီး နှစ်စီးမီးလောင်၊ တစ်စီးပျက်စီး

တပ်ကွင်းကားဘော်ဒီရုံရှေ့ရှိ တိမ်းမှောက် မီးလောင်ကျွမ်းနေသော ယာဉ်များကို ဖေဖော်ဝါရီ ၂၃ ရက် နံနက်က တွေ့ရစဉ်

ကွန်တိန်နာယာဉ် တစ်စီးမှ အခြားယာဉ်နှစ်စီးကို တိုက်မိပြီးတိမ်မှောက်မီးလောင်မှု ဖြစ်စဉ်တစ် ခု ဖေဖော်ဝါရီ ၂၃ ရက်၊ နံနက် ၂ နာရီခွဲခန့်က မြောက်ဥက္ကလာပမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းအတိုင်း မောင်းနှင်လာသော ကျောက်မှုန့်တင် ကွန်တိန်နာယာဉ်မှာ တပ်ကွင်းကားဘော်ဒီရုံအရောက် လိုက်ထရပ်ကားကို တိုက်မိပြီး ထိုမှတစ်ဆင့်  ရပ်ထားသော မေတ္တာလှိုင်း ဘတ်(စ်)ကားယာဉ်ကို ထပ်ဆင့်တိုက်မိကာ တိမ်းမှောက်မီးလောင်သွား ခဲ့ကြောင်း မျက်မြင်တို့က ဆိုသည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်အနီးရှိ တပ်ကွင်းကားဘော်ဒီရုံးမှ ကိုကြည်ဝင်းက "ကွန်တိန်နာယာဉ်က လိုက်ထရပ်စ်ယာဉ်ကို တိုက်မိပြီး နောက်ထပ်ဘေးမှာ ရပ်ထားတဲ့ မေတ္တာလှိုင်းယာဉ်ကိုပါ ထပ်တိုက်ပြီး တိမ်းမှောက်သွားတယ်။ သိပ်မကြာဘူး၊ မီးလောင်မှု ဖြစ်သွားခဲ့တာပါ" ပြောသည်။

အဆိုပါယာဉ်တိုက်မှုတွင် ကွန်တင်နာယာဉ်နှင့်အတူ မေတ္တာလှိုင်းယာဉ်တို့ ပြင်းပြင်းထန်ထန် မီးလောင်ကျွမ်းသွားပြီး အခြားယာဉ်မှာလည်း အတော်ပျက်စီးသွားကြောင်း မျက်မြင်တို့က ပြောသည်။

တပ်ကွင်းကားဘော်ဒီရုံရှေ့ရှိ တိမ်းမှောက် မီးလောင်ကျွမ်းနေသော ယာဉ်များကို တွေ့ရစဉ်
အဆိုပါ ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်စ်ယာဉ်မောင်းမှာ ဒဏ်ရာ အနည်းငယ် ရရှိသွားပြီး ကွန်တင်နာယာဉ်မောင်းနှင့် အခြားတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။ EMG

“Sony PlayStation 4 ဂိမ်းစက် စတင်မိတ်ဆက်”

Sonyက ၎င်းတို့၏ ဈေးကွက်ဗျူဟာ အဓိက ထုတ်ကုန် တစ်ခုဖြစ်သည့် စတုတ္ထမျိုးဆက် PlayStationဂိမ်းစက်ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ဂျပန် နည်းပညာ လုပ်ငန်းစုကြီးက PS4 ဂိမ်းစက်သစ်ကို ထုတ်ဝေမည် ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ခရစ္စမတ် ကာလဝန်းကျင်တွင် ရောင်းချမည်ဟု ကြေညာခဲ့သည်။

သို့သော်လည်း မတူညီသည့် နိုင်ငံအလိုက် စတင်ရောင်းချမည့် နေ့ရက်မှာမူ ကွာခြားဖွယ် ရှိသည်။ Sony၏ ယခင် PSဂိမ်း မျိုးဆက် (၃)ခုအနက် PS2မှာ အထူးအောင်မြင်ခဲ့ပြီး PS3တွင် ကြုံခဲ့ရသည့် အမှားအယွင်း အချို့ကို သင်ခန်းစာယူ ပြုပြင်ကာ PS4ကို အကောင်းဆုံး မိတ်ဆက်နိုင်မည်ဟု လေ့လာသူများက မျှော်လင့် သုံးသပ်ခဲ့ကြသည်။

DualShock4 လက်ကိုင်သည် သတင်းများ ကြိုတင် ထွက်ပေါ်နေသည့်အတိုင်း Touch Panelတစ်ခု ပါဝင်လာခဲ့ပြီး Dual Camera အာရုံခံဘား တစ်ခုကြောင့်လည်း လှုပ်ရှားမှု စနစ်များအတိုင်း ထိန်းချုပ်ထောက်ပံ့နိုင်မည် ဖြစ်သည်။

ယင်းစနစ်ကို PS4 Eyeဟု အမည်ပေးထားသည်။ ဂိမ်းလက်ကိုင်တွင် Shareခလုတ်လည်း ပါရှိလာပြီး အင်တာနက်မှ မိတ်ဆွေ အပေါင်းအသင်းများကြား အပြန်အလှန် ချိတ်ဆက်ဝေမျှမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။

Sonyသည် PS4တွင် Social Networkingဘက်နွယ်သော Featureများကို ပိုမို အသားပေး ထည့်သွင်းလာခြင်း ဖြစ်သည်။ ထို့အပြင် မိမိ ကစားထားသည့် ဂိမ်းဇာတ်လမ်းများကို ဗီဒီယိုဖိုင်အဖြစ် သိမ်းဆည်းကာ Facebookပေါ် တင်နိုင်သည့် စနစ်မျိုးလည်း ပါဝင်လာမည်ဟု ဆိုသည်။

PS4အတွက် ရည်စူးထားသည့် Killzone: Shadow Fall ဂိမ်း၏ Trailerများအရ ဂိမ်းစက်၏ Graphic ကဏ္ဍအတွက် မောင်းနှင်အားမှာ အကောင်းဆုံး အဆင့်တွင် ရှိနေသည်ဟု မှတ်ချက်ပေး ခံခဲ့ရသည်။

ဂိမ်းစက်၏ ဈေးနှုန်းကိုမူ တိတိကျကျ ထုတ်ပြန် အသိပေးမှု မရှိသေးချေ။ Sonyသည် E3 ကုန်သွယ်ရေး ပြပွဲအတွင်း PS4၏ အချက်အလက် အသေးစိတ်ကို ပိုမို ထဲထဲဝင်ဝင် ဖော်ပြလာဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။Planet Myanmar Network

ဗမာနိုင်ငံတော် လွတ်လပ်ရေးအခမ်းအနား (၁၉၄၃ ဩဂတ် ၁ ရက်)(ရုပ်/သံ)

ဒေါက်တာဘမော်၊ ဗိုလ်ချုပ် အောင်ဆန်း နှင့် သခင်ကိုယ်တော်မှိုင်းကို မြင်တွေ့ရမည်။ အိန္ဒိယအမျိုးသားတပ်မတော်ဖခင် ချန်ဒရာဘို့စ်ကိုလည်း မြင်တွေ့ရသည်.. ( ကမ္ဘာစစ်ကြီးပြီးမှ လွတ်လပ်ရေးပေးမည်ဟူသော မူလစီမံကိန်းအစား ဂျပန် (နိပွန်)သည် ဗမာနိုင်ငံ နှင့် ဖိလစ်ပိုင်တို့ကို လွတ်လပ်ရေးပေးသည်။ ဗမာနိုင်ငံသည် ဗြိတိန် နှင့် အမေရိကန်ကို စစ်ကြေညာလျှင် လွတ်လပ်ရေးပေးမည်ဟူသော ဂျပန် (နိပွန်) ဝန်ကြီးချုပ် တိုဂျို၏ ကတိအရ ဖြစ်သည်။ ရှမ်းပြည်နယ်များပါ လွဲပြောင်းပေးမည်ဟု ကတိပြုပြီး စက်တင်ဘာတွင် လွဲပြောင်းပေးသည်။သို့သော် ကမ္ဘာစစ်ကာလ သဘောတူညီချက်အရ ဂျပန် (နိပွန်) ဧကရာဇ်ကြည်းတပ်သည် ဆက်လက်ထားရှိဆဲဖြစ်ပြီး ဥပဒေမဲ့ပြုကျင့်ကြသည်။) ဗမာနိုင်ငံတော် အစိုးရအဖွဲ့ (၁၉၄၃-၁၉၄၅) ----------------------------- အဓိပတိ - ဒေါက်တာဘမော် ဒုဝန်ကြီးချုပ် - သခင်မြ ကာကွယ်ရေး ဝန်ကြီး - ဗိုလ်ချုပ် အောင်ဆန်း ပြည်ထဲရေး ဝန်ကြီး - ဦးဘဝင်း နိုင်ငံခြားရေး ဝန်ကြီး သခင်နု ဘဏ္လာရေး ဝန်ကြီး - ဒေါက်တာ သိမ်းမောင် တရားရေး ဝန်ကြီး - ဦးသိမ်းမောင် စိုက်ပျိုးရေး ဝန်ကြီး - သခင်သန်းထွန်း စီးပွါးရေး ဝန်ကြီး - ဦးမြ ဆက်သွယ်ရေး / ဆည်မြောင်း ဝန်ကြီး - သခင် လေးမောင် လူမှုဝန်ထမ်း / ပြည်သူ့ရေးရာ ဝန်ကြီး - ဗန္ဓုလ ဦးစိန် ပညာရေး နှင့် ကျမ်းမာရေး ဝန်ကြီး - ဦးလှမင်း သမဝါယမ ဝန်ကြီး - ဦးထွန်းအောင် ပြည်သူ့ပြန်လည်ထူထောင်ရေး ဝန်ကြီး - သခင်လွန်းဘော် FB-တို့ဗမာ Dobama

စာသင်ချိန်နောက်ကျ၍ ဆယ်တန်းစာမေးပွဲဖြေဆိုရန် ရခိုင်မှ ကျောင်းသားများစိုးရိမ်

 


23 Feb, 2013
၂၀၁၂ခုနှစ်က ဖြစ်ပေါ်ခဲ့သော ပြည်နယ်တွင်း ပဋိပက္ခဖြစ်စဉ်များကြောင့်ရခိုင်ပြည်နယ်၌ စာသင်ကျောင်းအချို့ ပိတ်ထားခဲ့ရသလိုကျောင်းသားကျောင်းသူများမှာလည်း စာဖတ်ချိန်နှင့် သင်ယူချိန် နောက်ကျခဲ့သည့်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အရေး စိုးရိမ်နေကြောင်း သိရသည်။

“ကလေးတွေရဲ့ စိတ်ထဲမှာပဋိပက္ခဖြစ်စဉ်အကြောင်းတွေဘဲ အရိုးစွဲနေကြတော့စာဖတ်ချင်စိတ်မရှိ တာ တွေ့ရတယ်။ တချို့ကလည်း စိုးရိမ်နေကြတာပေါ့။ ကျွန်တော်ထင်တယ်တက္ကသိုလ် ဝင်တန်းစာမေးပွဲကို ကလေးတွေ တော်တော်လေးဖြတ်ကျော်ရမယ်။ ဘာလို့ဆိုတော့အရေးအခင်း တစ်လျှောက်လုံးကျောင်းတွေ ပိတ်ထားခဲ့ရတယ်လေ။ ကျောင်းကြီးဖွင့်ပေမယ့် စာသင်ဝိုင်းတွေက မဖွင့်ဘူး။ ၂၀၁၃ နှစ်ဆန်းကမှ စာဖတ်ဝိုင်းတွေပုံမှန်ဖြစ်လာပေမယ့် အချိန်က နောက်ကျနေပြီ” ဟု စစ်တွေမြို့ အထက(၁) မှအလယ်တန်းပြ ဆရာတစ်ဦးက ပြောပြသည်။

ရခိုင်တွင် ပဋိပက္ခဖြစ်စဉ်သည်ငြိမ်သွားခြင်းမရှိဘဲနေရာကွက်ကျားဖြစ်ပေါ်နေသောကြောင့် ကျောင်း သား ကျောင်းသူများ အနေဖြင့်စိုးရိမ်နေကြခြင်းဖြစ်သည်။ “ကျွန်မသားကိုဆိုရင် ညစာဖတ်ဝိုင်း တောင် မလွှတ်ရဲဘူးစိုးရိမ်တယ်ဆိုတာကဘင်္ဂါလီတွေ လော်စပီကာနဲ့ အော်တဲ့ အသံတွေ ကျွန်မတို့မင်းဂံဘက် က နေ့ တိုင်းကြား နေရတယ်’“ ဟုစစ်တွေမြို့မင်းဂံရပ်ကွက်မှ ကျောင်းသားမိဘတစ်ဦး က ပြောသည်။ အဆိုပါ ပဋိပက္ခဖြစ်စဉ်များကြောင့် ကျောင်းသားအများစုမှာစာထဲစိတ်မ၀င်စားနိုင်ကြောင်းကိုလည်း သိရသည်။

“စာထဲမှာကို စိတ်မရောက်တာများတယ်။ ညနေဆိုရင် တစ်ခုခုဖြစ်လာမလား။ခွေးဟောင်သံ ကြားတာက အစလန့်တာပေါ့။ ဒီနှစ်တော့ ဖြေနိုင်မှာမဟုတ်ဘူး” ဟုမင်းဂံရပ်ကွက်မှ တက္ကသိုလ်ဝင်တန်းကျောင်းသား တစ်ဦးက ဆိုသည်။ ၂၀၁၂ ခုနှစ် ဇွန်လ ပဋိပက္ခအလွန် ကျောင်းအချို့ပုံမှန် ဖွင့်ခဲ့သော်လည်းတကျော့ပြန် ပဋိပက္ခများကြောင့် မြို့နယ် အချို့၌ ကျောင်းအချို့ ပိတ်ထားခဲ့ရသည်။ ယမန်နှစ်ကလည်း ရခိုင်ပြည်နယ် ၏ တက္ကသိုလ်ဝင်တန်းအောင်ချက်မှာ ကျဆင်းခဲ့သလိုယခုနှစ်တွင်လည်း ယင်းသို့ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သိရသည်။

ရခိုင်ပြည်နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မတ်လ ၁၃ ရက်နေ့တွင်ဖြေဆိုကြရမည်ဖြစ်သည်။
ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက်စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ကျောက်တော်မြို့ နယ်၊ မြောက်ဦး မြို့နယ်၊မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ သံတွဲမြို့နယ်တို့တွင် ရခိုင်နှင့် ဘင်္ဂါလီတို့ ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)

မြန်မာဘဏ်တချို့ အမေရိကန်ဘဏ္ဍာ ဝန်ဆောင်ခွင့်ပြု


အရင် စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ဦးတေဇ နဲ့ ဦးဇော်ဇော်တို့ပိုင်တဲ့ ဘဏ်တချို့ ကို အမေရိကန်ပြည်ထောင်စုနဲ့ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့် လိုင်စင် ထုတ်ပေး လိုက်ပေမဲ့ ဒီလူတွေနဲ့ သူတို့ရဲ့ ကုမ္ပဏီတွေကတော့ အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ် ဆို့မှု စာရင်းထဲမှာ ဆက်ပြီး ရှိနေဦးမှာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက ပြောပါတယ်။ အခု အမေရိကန် ပြည်ထောင်စုက ငွေကြေး ထုတ်သွင်းခွင့်လိုင်စင် ထုတ်ပေးလိုက်တဲ့အထဲမှာ ဘယ်ဘဏ်တွေ ပါဝင်ပါလဲ။ ဘာကြောင့် သူတို့ကို ခုလို ခွင့်ပြုလိုက်တာလဲ ဆိုတာတွေကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်းက စီးပွားရေးဘဏ်လေးခုကို General Licenseလို့ အမေရိကန်ပြည်ထောင်စု နဲ့ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပြုလိုက်တဲ့အကြောင်း အမေရိကန် ဘဏ္ဍာရေးဌာန၊ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က မနေ့က ကြေညာချက် ထုတ်ပြန် လိုက်တာပါ။ အခု ငွေကြေးထုတ်သွင်း ခွင့် ပြုလိုက်တဲ့ဘဏ်တွေထဲမှာ မြန်မာ့စီးပွားရေး ဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ဘဏ်တွေနဲ့အတူ အရင် မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ဦးတေဇ ပိုင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ် နဲ့၊ ဦးဇော်ဇော်ရဲ့ မက်ဇ်မြန်မာကုမ္ပဏီပိုင် ဧရာဝတီဘဏ်တွေလည်း ပါဝင်ပါတယ်။

ခုလို ငွေကြေးထုတ်သွင်းခွင့် ပြုလိုက်တာဟာ အမေရိကန် ကုမ္ပဏီတွေနဲ့ အစိုးရလက်အောက်ခံ မဟုတ်တဲ့ အန်ဂျီအိုအဖွဲ့တွေရဲ့ မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေ အဆင်ပြေ လွယ်ကူစေဖို့ အတွက် သာ ဖြစ်ပြီး အရင် မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ သူတို့ရဲ့ ကုမ္ပဏီတွေ အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆိုမှုတွေကိုတော့ ဆက်ပြီး ချမှတ်သွားမှာ ဖြစ်တယ်လို့ အမေရိကန် အမေရိကန် ဘဏ္ဍာရေးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) ပြောခွင့်ရသူ John Sullivan က VOA ကို ပြောပါတယ်။

“ဒီဘဏ်တွေကို ငွေကြေးထုတ်သွင်းခွင့်ပြုတာကအရေးကြီးတဲ့ကိစ္စဖြစ်သလို မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်အောင် ကောင်းတဲ့ဘက်က တွန်းအားပေးနိုင်တယ်လို့ ထင်ပါတယ်။ မြန် မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံချင်တဲ့ အမေရိကန်ကုမ္ပဏီတွေနဲ့ အစိုးရလက်အောက်ခံ မဟုတ်တဲ့ NGO အဖွဲ့တွေရဲ့လုပ်ငန်းတွေ အဆင်ပြေလွယ်ကူစေဖို့လည်း ဖြစ်ပါတယ်။ ဒါတွေ အားလုံးက မြန်မာပြည်သူတွေ အတွက် အကျိုးဖြစ်လာစေမယ့် အရာတွေပါ။ ဒီဘဏ်တွေနဲ့ ဒီဘဏ်တွေကိုပိုင်တဲ့ အရင်စစ်အစိုးရနဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ခရိုနီတွေကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ပစ်မှတ်ထား အရေးယူပိတ်ဆို့တဲ့ စာရင်းထဲမှာ ဆက်ပြီးတော့ ရှိနေအုံးမှာပါ။ ဒီလူတွေနဲ့ဘဏ်တွေအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ဖယ်ရှားလိုက်တာ မဟုတ်ပါဘူး။ ဒီ general လိုင်စင်က အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှု လုပ်ကိုင်ချင်လာအောင်နဲ့ NGO အဖွဲ့တွေ အနေနဲ့လည်း မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လာရောက်လုပ်ကိုင်ချင်အောင် အားပေးတဲ့သဘောပါ။”

မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအပေါ်မှာ အမေရိကန်အစိုးရက အနီးကပ်စောင့်ကြည့်နေသလို အခုလို စောင့်ကြည့်ဆဲကာလမှာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မြန်မြန်ဆန်ဆန်ကြီး ရုပ်သိမ်းသွားမှာ မဟုတ်ပါဘူးလို့လည်း ပြောခွင့်ရသူက ပြောပါတယ်။

“ဒီဘဏ်တွေနဲ့ ခရိုနီတွေကို ပိတ်ဆို့မှု၊ ဒဏ်ခတ်မှုစာရင်းထဲကနေ လက်ရှိအခြေအနေမှာ ထုတ်ပစ်ဖို့ ဆိုတာကတော့ စောသေးတယ်လို့ ကျနော်တို့လည်း ထင်ပါတယ်။ သူတို့ကို ပိတ်ဆို့မှုစာရင်းထဲ ဆက်ထားတာကရော အခု General လိုင်စင် ထုတ်ပေးထားတာတွေကရော ဒဏ်ခတ်ပိတ်ဆို့ မှုတွေကိုဒ ဖြည်းဖြည်းချင်းသာ ဖြေလျှော့ပေးသွားမယ်ဆိုတဲ့ ကျနော်တို့ရဲ့ မူဝါဒနဲ့အညီ ဆောင်ရွက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှေ့ဆက်ပြောင်းလဲမှုတွေ ဖြစ်လာအောင် တွန်းအားပေးဖို့ ဖြစ်ပါတယ်။”

အမေရိကန်အစိုးရအနေနဲ့ အခုလို မြန်မာနိုင်ငံက ဘဏ်တွေကို ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတွေ ပေးလိုက်တာဟာ မြန်မာလူထုအကျိုးကို ရှေ့ရှုပြီးဆောင်ရွက်တာသာ ဖြစ်တယ်လို့လည်း မစ္စတာ ဆူလေဘန်က ပြောပါတယ်။ တကယ်လို့ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီစံနစ်ကို ဆန့်ကျင်တဲ့ နောက်ကြောင်းပြန်လုပ်ရပ်တွေ လုပ်လာမယ်ဆိုရင်လည်း ဒီခွင့်ပြုချက်ကို အချိန်မရွေး ပြန်ရုပ်သိမ်းသွားနိုင်တယ်လို့လည်း သူက ပြောပါတယ်။

“ဒါဟာ မြန်မာပြည်သူတွေအတွက် အကောင်းဆုံးကို ရှေ့ရှုဆောင်ရွက်တာလို့ ကျနော် ယုံကြည်ပါ တယ်။ အခု General လိုင်စင် ထုတ်ပေးတယ်ဆိုတာ ကျနော်တို့အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးလိုက်တာ မဟုတ်ဘူးဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း နားလည်စေချင်ပါတယ်။ General လိုင်စင် ထုတ်ပေးရုံသာဖြစ်ပြီးတော့ ဥပေဒကြောင်းအရ အရေးယူ ပိတ်ဆို့မှုတွေ ပြန်လုပ်နိုင်တဲ့ အနေအထားကိုတော့ ဆက်ပြီးတော့ ထိန်းသိမ်းသွားမှာပါ။ တကယ်လို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ထိခိုက်တဲ့ လုပ်ရပ်တွေကို လုပ်လာတာကို တွေ့မယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ General လိုင်စင်ကို အချိန်မရွေး အမြန်ဆုံး ပြန်ရုပ်သိမ်းနိုင်ပါတယ်။”

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကစလို့ စတင်ဆောင်ရွက်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံ အတော်များများ က မြန်မာနိုင်ငံမှာ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ချပေး လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လက စပြီးတော့ လျှော့ပေါ့ပေးလာခဲ့တာ ဖြစ်သလို မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ပြန်လည် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ မြန်မာ စီးပွားရေးဘဏ်တွေကို ဘဏ္ဍရေးဆိုင်ရာ ဝန်ဆောင်မှုတွေ လုပ်ကိုင်ခွင့်ပြုလာတဲ့ အထိပဲ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံက အဆင့်မြင့် သံကိုယ်စားလှယ်အဖွဲ့တွေ ဒီရက်ပိုင်း မြန်မာနိုင်ငံကို ရောက်ရှိနေ ချိန်မှာ အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ မြန်မာနိုင်ငံက ဘဏ်တွေအပေါ် အခုလို ငွေကြေး ထုတ်သွင်းခွင့်ပြုတဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

မျှောစာမပါပဲ သတ္တုသယ်ပါက အရေးယူခံရမည်

23 Feb, 2013
နေပြည်တော်သတ္ထုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုမိန့်(မျှောစာ)မပါပဲ သတ္ထုများအားသယ်ယူပို့ဆောင်ပါက တရားမ၀င်သတ္ထု ပစ္စည်းသယ်ယူပို့ဆောင်မှုဖြင့်အရေးယူခံရမည်ဖြစ်သည်ဟု အမှတ်(၁) သတ္ထုတွင်း ၀န်ကြီးဌာနမှ သိရသည်။

သတ္ထုတွင်းလုပ်ငန်းကုမ္ပဏီများသည် နေပြည်တော် သတ္ထုတွင်းဝန်ကြီးဌာန၏ခွင့်ပြုမိန့်(မျှောစာ) မယူပဲ တရားမ၀င် သတ္ထုများသယ်ယူပို့ဆောင်နေခြင်းများကြောင့် ယခုကဲ့သို့ သတိပေမှုများထွက်ပေါ်လာ ခြင်းဖြစ်သည်။

“သယ်ဆောင်ခွင့်(မျှောစာ)တင်တာလဲ ခက်ခက်ခဲခဲ တင်စရာ မလိုပါဘူး ဘယ်ကနေဘယ်ကို သယ်မယ် ဘာကြောင့် သယ်မယ်ဆိုတာလေးပဲ ကုမ္ပဏီစာရွက်နဲ့ ရေးပေးယုံပဲသူတို့ဘက်က မှန်မှန်ကန်ကန် သယ် တယ်ဆိုရင် ကျွန်တော်တို့က ခွင့်ပြုပေးပါတယ် ”ဟုအမှတ်(၁)သတ္ထုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ကိုကို ကပြောသည်။

တရားဝင်ခွင့်ပြုထားသောလုပ်ကွက်မှ ထုတ်လုပ်သည့်ပစ္စည်းများဖြစ်မှသာသယ်ဆောင်ခွင့် (မျှောစာ) ထုတ်ပေးမည် ဖြစ်ပြီး လုပ်ကွက်တစ်ခုမှ လစဉ် တန် ၁၀၀ထုတ်လုပ်လျှင် ၎င်းပမာဏ ထက်ပို၍တင်ပါက သယ်ယူခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်လုပ်မှုစာရင်းများအား သေချာစစ်ဆေးပြီးမှ ခွင့်ပြုပေးမည် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ မျှောစာကို နေပြည်တော် သတ္ထုတွင်းဝန်ကြီးဌာနကမှပြည်နယ် အစိုးရသို့မျှောစာ ပြန်တင် ရကြောင်းနှင့် ပြည်နယ် မှ မျှောစာမှန်ကန်မှုရှိမရှိမေးမြန်းပြီးမှသာ ဖြတ်သန်းခွင့်ပေးခြင်းဖြစ်သည်။

“သတ္ထုတွင်းဝန်ကြီးဌာနကနေ တရားဝင် သယ်ယူခွင် လက်မှတ်ထုတ်ပေးတယ် ရောင်းချခွင့်ဈေနှုန်းကိုပါ သတ်မှတ်ပေးထား တယ် နောက်ဆုံးရောင်းတဲ့ အဆင့်တင်မဟုတ်ပဲကြိတ်ခွဲ သန့်စင်တဲ့ အဆင့်ထိတောင်မှ အန်တီတို့ဆီက မျှောစာပါမှ ထွက်လို့ရတာ”ဟုအမှတ်(၁) သတ္ထုတွင်းဝန်ကြီးဌာနမှ လက်ထောက်ညွှန် ကြားရေး မှူး ဒေါ်ခင်စန်းစန်းကပြောသည်။

ဖေဖော်ဝါရီလ (၁၄)ရက် နေ့က ကယားပြည်နယ် လွိုင်ကော်မြို့မှ သယ်ဆောင်လာသော ခနောက်စိမ်းသတ္ထုတင်ကားကို ရှမ်းပြည်နယ် ပင်လောင်းမြို့ အဝင်ဂိတ်တွင်စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်သည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ ယခုကဲ့သို့ပြန်လည်ဖြေကြားခဲ့သည်။

`အဲဒီသူရကံချွန်ကုမ္ပဏီ က ဘယ်နေရာ ဘယ်ဌာနမှာမျှောစာ လျှောက်ရမယ်ဆိုတာ သိတယ် ၊မသိတာ မဟုတ်ဘူး၊ အသိ လွန်နေတာ ၊ အရင် သယ်ယူမှုတစ်ခုတုန်းကလည်း မမှန်မကန်လုပ်တာလေးတွေရှိလို့ ၊ သတိပေးထားဖူးတယ်´ ဟုအမှတ်(၁)သတ္တုတွင်းဝန်ကြီးဌာနမှ ဦးဇော်ကိုကို က ပြောသည်။

ပင်လောင်းဂိတ်အရာရှိတစ်ဦးမှ ၎င်း ခနောက်စိမ်း သယ်လာသောကားတွင် အမှတ်(၁)၀န်ကြီးဌာန၏ သယ်ယူခွင့် (မျှောစာ) မပါဝင်သည့်အတွက်တရားမ၀င်ကြောင်းပင်လောင်းဂိတ်မှအရာရှိတစ်ဦး အား ပြောခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

"လုပ်ထုံးလုပ်နည်းက ကုမ္ပဏီတိုင်း ကသတ္တုတွင်းဝန်ကြီးဌာနမှာ မျှောကိုလာလျှောက်တယ်။ လျှောက်တာ လဲ ဘာအခက်အခဲမှ မရှိဘူး ၊ မလျှောက်ပဲနဲ့ဒီအတိုင်း သယ်တယ်ဆိုတော့ သူ့မှာ မရိုးသားတဲ့ အကြံအ စည် တစ်ခုရှိလို့ပဲ လို့သတ်မှတ်တယ်" ဟု အမှတ်(၁) သတ္တုတွင်းဝန်ကြီးဌာန မှ လက်ထောက်ညွှန် ကြားရေးမှုးကပြောသည်။

အဆိုပါသတ္တုများသယ်ယူခွင့်လက်မှတ်ထုတ်ပေးခြင်းကို ဌာန(၃)ခု ခွဲထားပြီး အမှတ်(၁)သတ္ထုတွင်း ၀န်ကြီးဌာနအနေဖြင့် ခနောက်စိမ်း၊ ခဲ၊ သွပ် ၊ကြေး၊ နီကယ် အစရှိသည့်အလယ်အလတ်တန်ဖိုးရှိသော သတ္ထုများ၊ အမှတ်(၂) သတ္ထုတွင်းဝန်ကြီးဌာနအနေဖြင့်ရွှေ၊ တိုက်တေနီယမ် အစရှိသည့် တန်ဖိုးကြီး သတ္ထုများ၊ အမှတ်(၃)သတ္ထုတွင်းဝန်ကြီးဌာန အနေဖြင့် စက်မှုကုန်ကြမ်း တွင်းထွက်များဖြစ်သောကျောက် မီးသွေး၊ ထုံးကျောက် အစရှိသည့် ဈေးအပေါဆုံးသတ္ထုများ ဟူ၍သတ္ထုအမျိုးအစားအလိုက် ဌာနများခွဲထားသည်။

“ ခနောက်စိမ်းက အရေးပါတဲ့ ဖြည့်စွက်သတ္တုတစ်မျိုးဖြစ်တယ်။ ဈေးကောင်းလည်းရတယ်။ ဒါကြောင့်နိုင်ငံတော်အဆင့်ကပဲ ခွင့်ပြုသင့်တယ်။ “ ဟု သတ္တုတွင်းအင်ဂျင်နီယာတစ်ဦးကပြောသည်။
မင်းဟိန်းထက်(မြစ်မခ)

ကွန်ပြူတာ အသုံးပြုကာ ငွေစာရင်းများမပို့ တတ်သည့် ရုံးတာဝန်ခံ များအား အရေးယူဆောင်ရွက်သွားမည်



ရုံး(၇၇)ရုံးရှိ လစဉ်အလုပ်သ မား စာရင်းထည့်ဝင်ကြေး ငွေစာ ရင်းများအားOn LIne (သို့) Off Line ဖြင့် အချက်အလက်များအား ကွန်ပြူတာ အသုံးပြုကာမပို့ တတ်သည့် ရုံးတာဝန်ခံ များအား အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ၀န် ကြီး ဒေါ်ဝင်းမော်ထွန်းမှ ဆိုသည်။
အဆိုပါရုံးခွဲတာဝန်ခံများအနေဖြင့် လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ထိန်ချန်မှုများ ပြုလုပ်ခြင်းများ ပေါ်ပေါက်ခဲ့ပါက ပြဿနာ ကြီးထွားနိုင်ကြောင်း ထိုကြောင့် ရုံးခွဲတာဝန်ခံများ အနေဖြင့် ပြောင်းလဲလာသည့် ခေတ်ကာလ နှင့်အညီ ပြုပြင်ပြောင်းလဲရမည် ဖြစ်ကြောင်း ယင်းမှ ထပ် မံပြော သည်။
လူမှုဖူလုံရေးဥပဒေအသစ် အား ၃၁.၈.၂၀၁၂ ရက်နေ့ တွင် အတည်ပြုခဲ့ကာ အဆိုပါ ဥပဒေအသစ်အား ၂၀၀၈ခုနှစ်မှ စတင်ရေးဆွဲခဲ့ကြောင်း သိရ သည်။ ယင်းဥပဒေအား အကောင်အထည်ဖော်နိုင်ရန် နည်းဥပဒေများအားလည်း အရှိန်အဟုန်နှင့် ရေးဆွဲပြီးဖြစ် ကြောင်း သိရသည်။ နည်းဥပဒေ များ ရေးဆွဲရာတွင် ထိုသို့ ကွန်ပြူတာပရိုဂရမ်များ ရေးဆွဲ ကာ ကွန်ပြူတာနှင့် ဖတ်ရှုနိုင် သည့် လူမှုဖူလုံရေးအာမခံ စီစစ်ရေးကဒ်များ ထုတ်လုပ် ကြိုးစားလျက်ရှိကြောင်း သိရ သည်။
တူးတူး
The Hot News

ဘုရားလှိုဏ်ခေါင်းအောင်း၍ ဟောင်သောခွေး

သားသမီးမကောင်း မိဘခေါင်းဟု ဆိုရိုးစကားရှိပါသည်။ အဆိုပါ ဆိုရိုး စကားမှာ မိဘတွေကို သတိပေးစကားလော၊ သားသမီးတွေကို ဆိုဆုံးမခြင်းလောဟု ကျွန်တော်ဥာဏ်မှီသမျှစဉ်းစားကြည့် ပါသည်။ မိဘများအနေဖြင့် သားသမီး များ လိမ္မာရေးခြားရှိအောင် ဆိုဆုံးမဖို့ တာဝန်ရှိသကဲ့သို့ သားသမီး များအနေ ဖြင့်လည်း ကိုယ့်ကြောင့် မိဘဖြစ်သူများ အပြောအဆို အကဲ့ရဲ့မခံရအောင် နေထိုင်သွားဖို့ လိုအပ်ပါသည်။

မိဘများအနေဖြင့် သားသမီးများ လိမ္မာရေးခြားရှိအောင် ဆုံးမသွန်သင်ရုံ ဖြင့်မပြီးပါ။ ကိုယ်တိုင်လည်း စံနမူနာပြ အောင်နေထိုင်လုပ်ကိုင်ကြဖို့ လိုပါသည်။ သို့မဟုတ်ပါက ငါပြောသလိုလုပ်၊ ငါလုပ် သလိုမ လုပ်နှင့်ဟု ပြောသကဲ့သို့ ဖြစ်နေ ပါမည်။တစ်ချိန်က ကျွန်တော်တို့ နိုင်ငံရှိကျေးရွာ အချို့တွင် နှစ်လုံး ပြူးသေနတ်တစ်လက် ဖြင့် အာဏာရှင်ကြီးများရှိခဲ့ပါသည်။ သူကြီးသားလူမိုက်၊ မြေးလူဆိုးတို့ သွား  လေရာ အဆောင်အယောင် အစောင့် အရှောက်နှင့် ဆယ်အိမ်ခေါင်းလည်း မပြောရဲ၊ လက်ညှိုးညွှန်ရာရေဖြစ်သည်။ မြောက်ကိုရီးယားလို အာဏာရှင် ဖခင် နေရာရပြန်လျှင် ပြဿနာ မရှိသော်လည်း သမ္မတမားကို့စ် ကဲ့သို့ တိုင်းပြည်မှ ထွက် ပြေးရသည်။ ဘိုးအေဖြစ်သူ အာဏာရှိ စဉ်က လက်ညှိုးညွှန်ရာ ရေဖြစ်ခဲ့သော မြေးများ အခြားအာဏာရှင်ကို တော်လှန် ဖို့ ကြိုးစားမိရာမှ မိဘရော ဘိုးအေပါ ဒုက္ခရောက်ရသည့်အဖြစ်မျိုးလည်း ကျွန်တော်တွေ့ခဲ့ရသည်။

၁၉၉၆ခုနှစ်က သမီးဖြစ်သူ တက္ကသိုလ်တက်ရင်း ညဘက်တွင် စီးပွားရေးတက္ကသိုလ်တွင် ဒီပလိုမာ သင်တန်းတက်သည်။ ညသင်တန်းတွင် အမြဲလိုလို မိန်းကလေးများကို လိုက်လံ နောက်ပြောင်ပြီး ရိသဲ့သဲ့ ပြောသည့် ကျောင်းသားတစ်ဦးရှိကြောင်း၊ သူကိုတွေ့ လျှင် ကျောင်းသားများရော မိန်းကလေး များပါ ဝေးဝေးကရှောင်ကြကြောင်း၊ “သမီး ကတော့ခပ်တည်တည်ပဲနေတယ်။ နောက်ဆုံးမခံနိုင်အောင် စရင်တော့ နင့်အဖိုးဘယ်သူလည်းဆိုတာ ငါသိတယ်။ ငါ့အဖိုးဘယ်သူလည်းဆိုတာ နင်သိလား” ဟု ပြောလိုက်မည် ဖြစ်ကြောင်း ပြောပြပါသည်။

ကမ္ဘာ့သမိုင်း၊ နိုင်ငံတကာသမိုင်း၊ မြန်မာသမိုင်းများတွင် ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်သော မင်းဆိုးမင်းညစ် များကို မည်သို့အရေးယူဆောင်ရွက်ခဲ့ကြ သည်ဟု မရှိသလောက်ဖြစ်ပါသည်။ ဘုရင်မင်းတရားမှ အမြင်မကြည်လင် သူ၊ မင်းစည်းစိမ်ကို လုပ်ကြံမည်ဟု ယူဆသူများ၊ တိုင်းပြည်အပေါ် သစ္စာ ဖောက်သူများကို ဆွေ(၇)ဆက်၊ မျိုး(၇) ဆက် သတ်ဖြတ်ခံ ရသည့်အကြောင်းများ ဖတ်ရှုခဲ့ရပါသည်။ ဖခင်ဖြစ်သူ၏ အပြစ် ကြောင့် ဆွေ(၇)ဆက်၊ မျိုး(၇)ဆက် အသတ်ခံ ရခြင်းဖြစ်ပါသည်။

ယနေ့ခေတ်တွင် အဆိုပါ ဆွေ(၇) ဆက်၊ မျိုး(၇)ဆက် ဥပဒေမကျင့်သုံးသင့် သော်လည်း အချို့အာဏာ ရှင်များ ကျင့်သုံးခဲ့ကြသည်။ စော်ဘွားကြီးတစ်ဦး ပျောက်ခြင်းမလှ ပျောက်သွားပြီး မိသားစု များ နိုင်ငံခြား သို့ ရောက်သွားခဲ့ရသည်။ အဖိုးဖြစ်သူကို အရေးယူပြီး မိသားစုဝင် သားသမီးမြေးမြစ်များ ထိန်းသိမ်းခံခဲ့ရ သည်။ ဤသည်တို့မှာ သက်ဦးဆံပိုင်ဘုရင် တို့၏ လမ်းစဉ်အတိုင်းဖြစ်ပါသည်။

ကျွန်တော့်တွင် ညီအစ်ကိုမောင်နှမ ငါးယောက်ရှိပါသည်။ ငယ်စဉ်ကမိဘ နှစ်ပါး၏ ဆွေမျိုးမိတ်ဆွေများက ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတစ်စု ကို ကြည့်ပြီး ““အိုစာ၊မင်းစာ စိတ်ချရပြီ”” ဟုပြောကြသည်။ ကျွန်တော်မသိသဖြင့် မေးကြည့်ပါသည်။ “အိုစာ”ဆိုသည်မှာ မိဘများ အိုမင်းသည့်အချိန်တွင် ပြု စု စောင့်ရှောက်ရန်ဖြစ်ပြီး “မင်းစာ”ဆိုသည် မှာ နိုင်ငံအုပ်ချုပ်သည့် မင်းအတွက် ပြည်သူတို့အတွက် အလုပ်အကျွေးပြုစု ရန် ဖြစ်ကြောင်း ပြောကြပါသည်။ ကျွန်တော့်မိဘများ ကွယ်လွန်ချိန်အထိ ကောင်း စွာစောင့်ရှောက်ပြုစုခဲ့ပါသည်။ မိဘနှင့်တူသော မင်းနှင့်တိုင်းပြည် အတွက် အသက်(၆၀)အထိ အလုပ် အကျွေးပြုပြီး နိုင်ငံတာဝန်ထမ်းဆောင်ခဲ့ ပါသည်။

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များ မိဘနှင့်တူသော မင်းကို ချစ်ခင်ကြသည်။ အလုပ်အကျွေးပြုကြပါသည်။ ၀န်ထမ်းများ တာဝန်ထမ်းဆောင်ခြင်း၊ အလုပ်သမား များ အလုပ်လုပ်ခြင်း၊ တောင်သူလယ် သမား များ လယ်ယာစိုက် ပျိုးထုတ်လုပ်ခြင်းမှာ မင်းအတွက် တိုင်းပြည်အတွက် ဖြစ်ပါ သည်။ မိဘနှင့်တူသော “မင်း” ၏ ပြန်လည် စောင့်ရှောက်မှုကို သားသမီးဖြစ်သော ပြည်သူတို့ ခံယူလိုကြပါသည်။ နှလုံးသားတွင် “မင်းကောင်းမင်းမြတ်” အဖြစ် ကျောက်တိုင်စိုက်ထူလိုကြပါ သည်။

ခေတ်အဆက်ဆက်တရားဝင်ရော၊ တရားမ၀င်ပါ မင်းကို ဆန့်ကျင်သူများ ဆွေ(၇)ဆက်၊ မျိုး(၇)ဆက် ခံရသော် လည်း “မင်း”ကိုမကျေနပ်သည့် ပြည်သူတွေ ဘက်က အရေးယူဖို့ ဥပဒေ မရှိခဲ့ပါ။ သို့သော် ပြည် သူများ၏ တံတွေးခွက်မှာ ပက်လက်မျှောခဲ့ရပါသည်။ ထိုသို့ဖြစ် သည်မှာ “မင်း” ဖြစ်သူလွန်သည် လား၊ ပြည်သူတို့ လွန်သည်လား ဆိုသည်မှာ စဉ်းစားရန်လိုပါသည်။

၁၉၉၀ပြည့်နှစ် ခလရ(၁၀၂)တွင် ကျွန်တော် တပ်ရင်းမှူးတာဝန် ထမ်း ဆောင်စဉ် ဖြစ်ပါသည်။ စစ်ဗျူဟာမှူး အစည်းအဝေးခန်းမမှာ မာဇဒါဂျစ်မောင်းပြီး ပြန်လာသော ကျွန်တော်စစ်ဗျူဟာမှူး အိမ်ခြံအတွင်းမှ ပြေးထွက်လာသော ခွေးလေးတစ်ကောင် တွေ့သည်နှင့် ဘိရိတ်နင်းလိုက်ပါသည်။ ကားပေါ်ပါ လာသည့် တပ်ထောက်ဗိုလ်ကြီးခင်အောင် နှင့် လုံခြုံရေးရဲဘော်များ ကသိကအောင့် ဖြစ်သွား ကြသည်။ ကျွန်တော့်ဘေးတွင် ထိုင်နေသော ဗိုလ်ကြီးခင်အောင်မှ “အဘ ရယ် ခွေးပဲတိုက်ပစ်လိုက်ပေါ့” ဟု ပြောပါသည်။ ကျွန်တော်မှ “ဘယ်ကခွေးလဲ”ဟု မေးလိုက်ပါသည်။ “ဗျူဟာမှူးအိမ်ကခွေး” ဟု သူပြန်ဖြေလိုက်ပါသည်။

ဤသည်မှာ တပ်မတော်သား တစ်ဦး၏ စိတ်ဓါတ်၊ မြန်မာနိုင်ငံသား တစ်ဦး၏ စိတ်ဓါတ်ဖြစ်ပါသည်။ အကြီးအကဲမဆိုထားနှင့် အကြီးအကဲ၏ သားသမီးမဆိုထားနှင့် အကြီးအကဲအိမ်မှ ခွေးကိုပင် ဂရုစိုက်ခဲ့ပါသည်။ မြန်မာ စကားပုံတွင်လည်း “ခွေးရိုက်လျှင် ခွေးရှင် မျက်နှာကြည့်”ဟု ရှိခဲ့ပါသည်။ တစ်ခုတော့ ရှိသည်။ “ဘုရားလှိုင်ခေါင်း အောင်း၍ ဟောင်သောခွေး”ကို ကျွန်တော် တို့ ခွင့်လွှတ်ဖို့ ခက်ပါသည်။

နိုင်ငံ့ခေါင်းဆောင်များ ကွယ်လွန် ချိန်တွင် ပြည်သူတို့ တုံ့ပြန်မှုကို တွေ့နိုင် ပါသည်။ ပြည်သူ ချစ်သော၊ ပြည်သူကို ချစ်သော နိုင်ငံခေါင်းဆောင်ကြီး ကျဆုံး ချိန်တွင် တစ်ပြည်လုံးငိုကြွေးခဲ့ကြသည်။ ရက်ပေါင်းများစွာ ပြသထားသည်ကို နေ့စဉ် လူရာထောင်မက လာရောက်ဂါ ရ၀ပြုကြသည်။ နှစ်ပေါင်း များစွာကြာ သည့်တိုင် သူ့ကိုမမေ့၊ သူမိသားစုအပေါ် သူ့ကျေးဇူးတွေထင်ဟပ်ဆဲ။ ငွေကြေး တစုံတရာမ ထားခဲ့သော်လည်း သူ့သမီး ဖြစ်သူက ယနေ့တိုင်ဖခင်၏ ကောင်းမွေ ကိုရင်ဝယ်ပိုက်ပြီး ပြည်သူတို့၏ ချစ်ခင်မှု ကို ရရှိခဲ့သည်။ သူ့ဖခင်ဆောင်ရွက်ဆဲ ဖြစ်သော “မင်းစာ”ဖြစ်သည့် မင်းနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအတွက် လုပ်ကိုင်ရမည့် လုပ်ငန်းများကို ခေါင်းမော့၊ ရင်ကော့ပြီး ဆောင်ရွက်နေ ပါသည်။
အခြားသော နိုင်ငံခေါင်းဆောင်များ အပေါ် ပြည်သူတို့ မည်သို့သဘောထား ကြသည်။ ငွေကြေးချမ်း သာကြွယ်ဝသော ခေါင်းဆောင်များ၏ မိသားစု၊ သားသမီး မြေး မြစ်တို့အပေါ် ပြည်သူတို့ မည်သို့ တုံ့ပြန်ကြသည်၊ ကွယ်လွန်ချိန်တွင် မည်သို့ ဖြစ်သည်ကို စာဖတ်သူများ သိပြီးဖြစ်၍ ပြောပြရန်လိုမည် မထင်ပါ။

ယနေ့ နိုင်ငံတော်ကို အုပ်ချုပ်နေသူ များကို ပြည်သူတစ်ရပ် လုံးမှ ချစ်ခင်လေး စားစေလို၍ ရေးသား လိုက်ရခြင်း ဖြစ်ပါ သည်။ကျွန်တော့်သမီး၏ အဖိုးဖြစ်သူမှာ ၁၉၄၇ ခုနှစ်က ကြယ်တစ်ပွင့် ထောင် မှူး လေးဖြစ်ပါသည်။ ရန်ကုန်ထောင်ကြီး တွင် တာဝန်ထမ်းဆောင်ပါသည်။ ဇူလိုင် (၁၉)အပြီးတွင် သူနှင့်အတူ ထောင်မှူး လေး နှစ်ဦးအား နိုင်ငံတော်မှ အထူးတာဝန် တစ်ရပ် ပေးအပ်ခဲ့ပါသည်။ တာဝန်အရပ် ရပ် ပြီးဆုံးချိန်တွင် သူတို့သုံးဦး Austraila နိုင်ငံသို့ အကျဉ်းထောင်ပညာ သင်ရန်စေ လွှတ်ခြင်းခံရပါသည်။ မြန်မာ ပြည်သို့ ပြန်ရောက်ချိန်တွင် နှစ်ဦးအား ၀ဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်ပြီး ကျွန်တော် သမီး၏ အဘိုးမှာ ကြယ်တစ်ပွင့်ထောင် မှူးလေးအဆင့်မှ ကြယ်သုံးပွင့်ထောင်ပိုင် အဆင့်သို့ ရာထူးတိုးမြှင့်ခြင်းခံရပါသည်။

ဤသည်မှာ ပြည်သူ့ကိုချစ်ကြဖို့၊ ပြည်သူချစ်သောမင်း၏ လမ်းခရီးမှာလမ်းကိုဖျက်ပြီး နောက်ပြန်မ လှည့်ကြဖို့ သတိပြုစေလို၍ ဖြစ်ပါသည်။ ပြည်သူ ချစ်သော နိုင်ငံခေါင်းဆောင်အား အာဏာ ရယူလိုမှုဖြင့် ကျူးလွန်ခဲ့သည့် ပြစ်မှုများ မှာ သားစဉ်မြေးဆက် ပြည်သူတို့ မေ့ကြ မည်မဟုတ်ပါ။ မြန်မာနိုင်ငံသားအား လုံး မိဘ ကောင်း၊ သားသမီးကောင်းများ ဖြစ်ကြပါစေ။
 အောင်မြင်သူ
The Hot News

ဝ.. သက်သေလုပ်မယ်

FB-ထိထိ မိမိ တစ်ကွက်ကောင်း ကာတွန်း

ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့စခန်းကို အစိုးရတပ်ဖွဲ့တွေ ဆက်လက်တိုက်ခိုက်


ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်းက ရှမ်းပြည်တပ်မတော် SSPP/SSA မြောက်ပိုင်းတပ် ထိုင်ထားတဲ့စခန်းကို အစိုးရတပ်တွေက ဒီနေ့မနက် ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့က နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်မှာ မနေ့က တိုက်ပွဲရပ်သွားခဲ့ပေမယ့် ဒီနေ့မနက်စောစောမှာ အစိုးရတပ်က SSA မြောက်ပိုင်းတပ်တွေ ထိုင်ထားတဲ့ တန့်ယန်းမြို့နယ်၊ မိုင်းကောင် အရှေ့ဖက်ခြမ်းက တောင်ကုန်းစခန်းကို တပ်ရင်းနှစ်ရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလ က RFA ကို ပြောပါတယ်။

"ဒီနေ့ သူတို့ ၆နာရီခွဲအချိန် ကျနော်တို့တပ်ရှိတဲ့နေရာကို သူတို့ကတုတ်ကျင်းတူးပြီးတော့ တဆင့်ပြီးတဆင့် တက်တိုက်တယ် ခမရ ၃၂၂နဲ့ ခလရ ၃၃ပါ ကျနော်တို့ ၉ နာရီအထိတော့ ဖြစ်နေတာပဲ၊ ကျနော်တို့တပ်တွေ အခြေချထားတဲ့ လွယ်လန်းတောင်မှာပဲ တန့်ယန်းမြို့နယ်၊ မိုင်းကောင် အရှေ့ဖက်ခြမ်း ၆ မိုင် ၇ မိုင်လောက်ပေါ့"

ရှမ်းပြည်တပ်မတော် SSA ဘက်ကလည်း ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ကျဆုံးထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ယခုလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း၊ စစ်ဌာနချုပ်ရုံးကို SSA မြောက်ပိုင်းတပ်က ဗိုလ်ကြီး နော်လင်းက သွားရောက်အကြောင်းကြားခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ တိုက်ပွဲတွေရပ်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် နောက်တစ်ရက်မှာတော့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ၀င်းသိန်းက လာရှိုးမြို့မှာရှိတဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့က ဆက်ဆံရေးတာဝန်ခံကိုခေါ်ပြီး တောင်ကုန်းစခန်းရှိ SSA တပ်တွေကို ဆုတ်ပေးဖို့ တကယ်လို့ဆုတ်မပေးပါက တိုက်ခိုက်မယ်လို့ ပြောဆိုခဲ့ကြောင်း ဗိုလ်မှုးစိုင်းလ ကပြောပါတယ်။

"ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့က ကျန်ာတို့ ဗိုလ်ကြီး နော်လင်း တိုင်းရုံးက ကာနယ်ကြီးနဲ့ တွေ့ဆုံကြတယ်လေ၊ အဲဒီတုံးကတော့ သူတို့ တိုက်ပွဲဆက်မဖြစ်ဖို့ သူတို့ထိန်းချုပ်ပေးပါ့မယ်လို့ အဲလိုပြောတယ်၊ ပြောပြီးတော့ တမြန်နေ့က ကျနော်တို့ ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးအောင်လကို အဲဒီကာနယ်ကြီးက ပြန်ခေါ်တယ်လေ၊ ည ၈ နာရီခွဲလောက်က ခေါ်ပြီးတော့ မင်းတို့အဲဒီနေရာကနေ ဖယ်ပေး၊ မဖယ်ပေးရင် ကျနော်တို့တိုက်မယ်၊ အဲလိုပြန်ပြောတော့ ဒီနေ့ ၆ နာရီခွဲအချိန်မှာ တိုက်ပွဲဖြစ်တာပဲ"

ယခုတိုက်ခိုက်နေတဲ့ တောင်ကုန်းစခန်းဟာ SSA မြောက်ပိုင်းတပ်ဖွဲ့ မိသားစုဝင် ၃၀၀ ကျော် အခြေချနေထိုင်ဖို့ စီစဉ်နေတဲ့နေရာဖြစ်ပြီး အခုစခန်းပါ ဆုတ်ပေးလိုက်ရရင် သူတို့အတွက် နေစရာမရှိတော့ဘူးလို့လည်း သိရပါတယ်။

ရှမ်းပြည်နယ်တိုးတက်ရေးပါတီ SSPP/SSA အဖွဲ့နဲ့ အစိုးရတို့ အပစ်ရပ်စဲရေး သဘောတူထားခဲ့တဲ့ တနှစ်ကျော် ကာလအတွင်းမှာ အစိုးရတပ်က ပြောလို့ ဆုတ်ပေးလိုက်ရတဲ့ စခန်း ၄ ခုရှိတယ်လို့ ဗိုလ်မှုးစိုင်းလက ပြောပါတယ်။RFA Burmese

ရှင်....သိလား.....

FB-စကားပြောနေသော ကာတွန်းလေးများ

မင်းကိုနိုင် အင်္ဂလိပ်စာ အလွန်ညံ့ဖျင်းကြောင်း ဝေဖန်နေသူများသို.

ခင်ဗျားတို.ကို ထောင်ထဲမှာ ခဏလောက် နေခိုင်းကြည့်ချင်တယ်......

ထောင်ထဲကထွက်လာတဲ့လူကိုပြောချင်ရင် အပြင်မှာ တောင် မစွံကြတဲ့ ကိုယ့်ကိုယ်ကိုအရင်ဆန်းစစ်ကြသင့်တယ်။

=====================================
တချို့က ထောင်ထဲမှာ အင်္ဂလိပ်စာတတ်သွားတဲ့သူရှိတယ် ဘာညာဆိုလို့ တခုတော့ သတိပေးချင်တယ်။

စာအုပ်ဖတ်ဖို့ဆိုတာ စာအုပ်ရှိရတယ် ။ နောက်ပြီးတော့ သင်ပေးတဲ့သူ ၊ ဆွေးနွေးပေးမယ့်သူ စသည့်ဖြင့်လည်း ရှိရသေးတယ် ။

ဟုတ်တယ် ။ တချို့ထောင်သားတွေ အင်္ဂလိပ်စာ အချင်းချင်း ပြန်သင်ကြတယ်ဆိုတာ ဟုတ်တယ် ။ ဒါပေမယ့် မင်းကိုနိုင်တို့လို့ high profile တွေ မဟုတ်ဘူး ။ တိုက်ပိတ်မခံရဘူး ။ စာအုပ်ဘာညာ သူ့နည်းသူ့ဟန်နဲ့ သွင်းခွင့်ရှိတယ် ။

အင်း.....တခြားတော့ ထပ်မပြောချင်ပါဘူး ။ ကိုယ်တော့ တခါတလေ အိမ်ထဲမှာ တစ်ယောက်တည်းနေလိုက်ရရင် ငေါင်တောင်တောင် ဖြစ်နေမိတဲ့ နေ့တွေ ရှိတယ် ။ အဲဒါ တစ်ရက် ကိစ္စ။

သူ့လို ပျိုမြစ်နုနယ်တဲ့ ရည်မှန်းချက်ပြည့်ဝနေရမယ့် အချိန်ကို ထောင်သွင်း တိုက်ပိတ်ခံရရင်တော့ သေတာ ကြာပေါ့ ။

By Spring Flowers
=============================

ကိုပေါ်ကိစ္စပါ ဒါပေမဲ့ ကျနော့မက်စေ့တွေမှာလာလာရေးကြတယ် အကိုမရေးဘူးလား ဘာလားနဲ့  ဒါမျိုးရေးတယ်ဆိုတာက ရေးရရင်ကိုမင်းကိုနိုင်ရဲ့ ဘ၀ ကိုအရင်သိရပါမယ်။မသိဘဲရေးရင် မတိကျရင် ငဖွဘဲဖြစ်မှာပေါ့.။ကျနော်ဒီသတင်းရေးတဲ့သူကိုမေးချင်ပါတယ်.သင်ကော ဘယ်လောက်အထိအင်္ဂလိပ်စာတတ်ပါလဲ သင့်မိဘမျိုးရိုးကကော တိုင်းပြည်ကောင်းစားရေးအတွက် ဘာတွေလုပ်ခဲ့ပေးဆပ်ခဲ့ဖူးလဲ ။

တိုင်းပြည်နဲ့ လူထုအတွက်အရေးမပါတာတွေဖြန့် နေတယ်ဒါတွေသိရလို့ ပါ။
ပေးဆပ်ခဲ့တာတွေနားမလည်ကြဘူးနော်
ထောင်ထဲမှာ ဘာစာပေမှမဖတ်ရ မလေ့လာရ နေခဲ့ရတာ (၁၈) နှစ်ကျော်လေ သေသေချာချာတွေးလေ လျှောက်မဖွကြနဲ့  ၁၈နှစ်ဆိုတဲ့သက်တမ်းကိုတွေးကြည့်ပါ။ လေးဘက်နံရံကြားမှာ ပိတ်ထားတာလေ။ ဘာစာပေမှဖတ်စရာမရှိတဲ့ဘ၀မျိုးပါ
ပြန်ထွက်လာတော့လည်း ဒီခေါင်းဆောင်ကြီးက နေ့ စဉ်ဆိုသလို တိုင်းပြည်အတွက်ဆက်တိုက်လုပ်နေရတာ ဘယ်မှာသွားပြီးနိုင်ငံခြားဘာသာစကားလေ့လာချိန်ရလို.လဲ

ခွေးဟောင်တိုင်းထမကြည့် နဲ့ အိပ်ရေးပျက်တယ် ကိုပေါရဲ့ ရပ်တည်ချက်နဲ့ အတွေးအခေါ်ကိုတော့ ဘာနဲ့ မှဝယ်လို့ မရတာ အမှန်ဘဲ။ နားမလည်တဲ့သူတွရှိတာလည်းအသေအချာပါ။လူ့ ဘ၀ ရဲ့ အသက်ထက်ဝက်က..လေးဘက်နံရံထဲမှာနေခဲ့ရပါတယ်။သနားဖို့ ကောင်းပါတယ်၁၉၈၉ ကနေ၂၀၀၄အထိတကြိမ်အဖမ်းခံရတယ်။တပ်ချင်တဲ့ပုဒ်မပုဒ်ထီးတွေတပ်ပြီး ထပ်အဖမ်းခံရပြန်တယ်။ဆရာတော်တွေရဲ့  ၂၀၀၇ သံဃာ့ကိစ္စမှာ အဖမ်းခံခဲ့ရသေးတယ်။မင်းကိုနိုင်ဆိုတဲ့နံမယ်နဲ့ နံမယ်ကြီးလို့ စစ်တပ်ကကြောက်ဒူးတုန်လို့ အခုလို ကဲ့ရဲ့ ဝေဖန်နေတာကိုတော့ အားမပေးပါ။ကိုယ်လုပ်စရာရှိတာတွေသာ ဆက်လုပ်ရမှာဖြစ်တယ်
သူ.ဘ၀ကိုမီးမောင်းထိုးပြလိုက်ရင် အများကြီးဘဲ အချိန်မရှိပဲခံစားရတဲ့ သူ.ဘ၀ လေ့လာဖို. ဘာစာပေမှဖတ်ခွင့်မရတဲ့ဘ၀တွေကို ကြေကွဲဝမ်းနည်း ဂရုဏာသက်မိပြီးကိုယ်ချင်းစာမိပါတယ်။ ကျနော်ကကိုယ့်ခေါင်းဆောင်အတွက် ၀မ်းနည်းစွာခံစားရပါတယ်။ အင်္ဂလိပ်စာမတတ်တော့ကော မြန်မာပီပီမြန်မာလို မြန်မာပြည်မှာပြောနိုင်ခေါင်းဆောင်နိုင်ရင်ပြီးတာဘဲ။အခုအုပ်ချုပ်နေတဲ့ အစိုးရကလူကြီးတွေကော အင်္ဂလိပ်စာမပြောနဲ့  ဘယ်နှစ်တန်းဘယ်ဘွဲ့ တွေကို ကိုယ်ပိုင်အရည်အချင်းရှိရှိ ဘယ်သူက အောင်မြင်ဘူးပါလဲ.ဘ၀ကိုတည့်တည့်ပြောကြေးဆိုရင် အဲလိုလူတွေက ကိုမင်းကိုနိုင်ကို ထောင်ထဲထည့်လိုက်ပြန်ထည့်လိုက် လက်နက်အားကိုးနဲ့  ပုတ်သင်ညိုလိုအရောင်ပြောင်းနေကြတာချီးဘဲ။
လေ ပေါ်မှာ အရုပ် ရေးချင်တဲ့သူတွေ.လေ ထဲမှာ အနံ့ ဖမ်းချင်တဲ့သူတွေ
စင်ပေါ်မှာ တက်ကချင်တဲ့သူတွေ အသွင်မတူတာကိုမှ လှမ်းချင်နေကြတယ်...
လူ့ စိတ်တစ်ခုဟာ ဘာကိုမှအစိုးမရတော့ဘူးရူးနေတာနဲ့တူလာတယ်။သ နား ပါ တယ်ထောင်ထဲ မှာ တယောက် ထဲ နေ ရတဲ့ လူ ဆို တာ မေ့ နေ ကြ တယ်

ကျနော်ရေးခဲ့မယ်ထပ်ဖတ်ကြည့်ပါ


မြင့်မြတ်သူတို့ နှလုံးသား
****************

ဘရဏီနတ်သား လေးတဲ့

ဖြူဖွေးတဲ့နှလုံးသားပိုင်ရှင်

ပီပြင်တဲ့ အစ်ကိုရဲ့ အရည်အချင်းတွေ

မငြင်းနိုင်တဲ့ရည်မှန်းချက်တွေကြောင့်

ကြောက်ရပါတဲ့ အာဏာသား

ကြောက်လို့ပင်တကယ်ဖျား။

ဟိုထောင်ရွှေ့  ဒီထောင်ပြောင်းပြီး

ပြန်လွတ်ခဲ့တဲ့ ဒေါင်းသခင်ကြီး

ဗလောင်းဗလဲ နဲ့ အပြောင်းအလဲတွေကြောင့်

့၈၈သမိုင်းကိုအလှဆင်သူ

ဒေါင်းကိုမွေးပေးတဲ့ အစ်ကို့ စိတ်ဓါတ်

၈၈ရဲ့ မော်ကွန်းတစ်ရပ်

မှတ်ကျောက်ရယ်တင် ကြောက်စိတ်ရယ်မ၀င်

မှတ်တမ်းတင် သမိုင်းတွင်ထင်ထင်ရှား။

ဒေါင်းသခင်ကြီးရယ်လို ကျွန်တော်တင်စား ။

လောကရဲ့အထောင်းအထုကို

အကြောင်းပြုရှာပြီး

ကဗျာတွေရေး တေးသီချင်းတွေစပ်

ပစ်မှတ်ထိတဲ့ အစ်ကို့သီချင်းကို

ဆိုရင်းစိတ်ဓါတ်တွေတက်

အလင်းအတွက် လွတ်ကြောင်းကြံ

ခွပ်ဒေါင်းအလံ ခိုင်ခိုင်မြဲ

အပိုင်ဆွဲပြီ ရဲရဲတက်

ရင့်ကျက်ပြတ်သား ယုံကြည်ချက်များနဲ့

လူသားအကျိုး တကယ်သယ်ပိုးမယ့်

ခွပ်ဒေါင်းမျိုးခိုင် မင်းကိုနိုင်။

ကိုထွန်းဝေ
22.2.2013

ဒုက္ခသည် ကူညီရေး သြစတြေးလျ ဒေါ်လာ ၂ သန်းခွဲ ထပ်ပေးမည်

ပြီးခဲ့တဲ့နှစ်က ပဋိပက္ခတွေကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ကြရတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေနဲ့ ကချင်ပြည်နယ်က စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေကို လူမှုရေးအကူအညီအဖြစ် နောက်ထပ် ဒေါ်လာ ၂ သန်းခွဲ တိုးမြှင့်ပေးအပ်သွားမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ကြေညာလိုက်ပါတယ်။

ဘန်ကောက်မြို့၊ သြစတြေးလျသံရုံးမှာ မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လာမယ့်မိုးရာသီအတွင်း လိုအပ်လာမယ့် အမိုးအကာနဲ့ ရေသန့်ရရှိရေး၊ မိလ္လာသန့်ရှင်းရေး လုပ်ငန်းတွေအတွက် သုံးစွဲသွားမယ်လို့ ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။

ဒါ့အပြင် သြစတြေးလျနိုင်ငံနဲ့ တခြားအရှေ့တောင်အာရှ နိုင်ငံတွေကို ရေကြောင်းကနေ လှေတွေနဲ့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို ထိုင်းနိုင်ငံတောင်ပိုင်းကို ဆိုက်ရောက်လာတဲ့အခါ ကူညီစောင့်ရှောက်ပေးရေးအတွက် ထိုင်းအစိုးရကိုလဲ သြစတြေးလျအစိုးရက အကူအညီပေးသွားမှာဖြစ်ကြောင်း မစ္စတာကားက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်အတွင်း နှစ်ကြိမ်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာ တစ်သိန်း နှစ်သောင်းလောက်ဟာ ဒုက္ခသည်စခန်းနှစ်ခုမှာ ရောက်ရှိနေကြတယ်လို့ ABC သြစတြေးလျ အသံလွှင့်ဌာနက ကြေညာထားပါတယ်။RFA Burmese

မင်းကိုနိုင်နှင့် ပြုံးချိုတို့ ဖေဖော်ဝါရီလ ၂၂ ရက်၊ ည ၇း ၀၀ နာရီ တွင် ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိ

88 Generation Students
ဥရောပ သုံးနိုင်ငံခရီးစဉ်အဖြစ် ၉ ရက်တာ ခရီးထွက်ခွာသွားခဲ့ကြသော မင်းကိုနိုင်နှင့် ပြုံးချိုတို့သည် ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်၊ ည ၇း ၀၀ နာရီ တွင် ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ယူရိုပါလိဂ် ၃၂ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ် (ဖေဖေါ်ဝါရီ ၂၂)

လီဗာပူးလ် ၃ - ၁ ဇင်းနစ် (Goal and Match Highlights)
* နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုးစီ တူညီသော်လည်း အဝေးကွင်းဂိုး စည်းမျဉ်းအရ ဇင်းနစ်က ၁၆ သင်းအဆင့်သို့ တက်ရောက်သည်။ Planet Myanmar Network


အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကြား ငြိမ်းချမ်းရေးရဖို့ အရေးမှာ ကြားဝင်ဆောင်ရွက်ပေးဖို့ ဂျပန်အစိုးရက အထူးသံတမန်တဦးကို ခန့်အပ်

မျက်မှောက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲထဲ ခက်ခဲတဲ့ အပိုင်းတခုဖြစ်တဲ့ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကြား ငြိမ်းချမ်းရေးရဖို့ အရေးမှာ ကြားဝင်ဆောင်ရွက်ပေးဖို့ ဂျပန်အစိုးရက အထူးသံတမန်တဦးကို ခန့်အပ်လိုက်ပါတယ်။

ခန့်အပ်ခံခဲ့ရသူကတော့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာတဲ့ အကူအညီ အထောက်အပံ့တွေ ကို ရှေးဦးမဆွကထဲက ပေးနေခဲ့တဲ့ နီပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဌ မစ္စတာ ယိုဟီအီ ဆာဆာကာဝါ (ပုံ) ဖြစ်ပါတယ်။

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ရော၊ ၈၈ မျိုးဆက်တွေနဲ့ရော၊ ယူကေ အစိုးရ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ပါ လက်တွဲလို့ မြန်မာ့အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အကောင်းဆုံး ဆောင်ရွက် သွားမယ်လို့ မစ္စတာ ဆာဆာကာဝါက ဘီဘီစီကို ပြောပါတယ်။

မီဒီယာတွေ ပွင့်လင်းလာမှု အပါအ၀င် နှစ်နှစ်တာ ကာလအတွင်း အစိုးရရဲ့ ဒီမိုကရေစီရေး ပြောင်းလဲ ဆောင်ရွက်မှုတွေဟာ တိုးတက်မှုတွေ မြင်နေရတော့ အရှိန် မကျစေဘဲ ဆက်လက် မြှင့်တင် ဆောင်ရွက်စေဖို့ရာမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အတူ ဂျပန်အစိုးရမှာလည်း ကူညီ ထောက်ပံ့ပေးဖို့ တာဝန်ရှိတယ်လို့ ခံယူပါတယ်လို့ သူက ဆိုပါတယ်။

မြန်မာဟာ ဒေသတွင်းမှာ လူဦးရေ သန်း ၆၀ ရှိတဲ့ နိုင်ငံကြီး တနိုင်ငံ ဖြစ်တယ်၊ ဒီမိုကရေစီရေးနဲ့ မျက်မှောက် နိုင်ငံရေး အပြောင်းအလဲတွေ ဆောင်ရွက်မှုမှာ အရှိန်ရနေတဲ့ မြန်မာ ရှေ့ဆက်ဖို့ ကိစ္စဟာ တရုတ်တနိုင်ငံထဲရဲ့ တာဝန် မဟုတ်သလို ဂျပန်တနိုင်ငံထဲရဲ့ တာဝန်လည်း မဟုတ်ဘူး၊ အားလုံးရဲ့ တာဝန်ဖြစ်လို့ ဂျပန်က အထူးသံတမန် ခန့်တဲ့နည်းတူ တခြားနိုင်ငံတွေကလည်း အထူးသံတမန်တွေ ခန့်ပြီး ၀ိုင်းကူ ဆောင်ရွက်ဖို့ လိုတယ်လို့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌက ပြောပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပါဝင်ကူညီ ဆောင်ရွက်ရမယ့် အထူးသံတမန် တာဝန်ဟာ ကြီးလေးတာကို သူ သဘောပေါက်ကြောင်းလည်း မစ္စတာ ဆာဆာကာဝါက ဘီဘီစီကို ပြောပါတယ်။BBC Burmese

၂၇ ထပ်အမြင့်ရှိ Kabar Aye Executive Residence အဆောက်အအုံကို ကမ္ဘာအေးစေတီ လမ်းပေါ်တွင် ပထမဆုံးအဖြစ် ဆောက်လုပ်ခွင့်ပြု

on Friday, 22 February 2013 16:16

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဆောက်လုပ်ခွင့် တင်ပြလာသော အထပ်မြင့် အဆောက်အအုံကြီးများအနက် ပထမဆုံးအဖြစ် ကမ္ဘာအေးစေတီ လမ်းပေါ်တွင် ၂၇ ထပ် အမြင့်ရှိ (Kabar Aye Executive Residence) အား ဆောက်လုပ်ခွင့်ပြုခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေး ကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းများ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သတင်းရရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းများ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးအဖွဲ့သို့ တင်ပြထားသော အထပ်မြင့် အဆောက်အအုံကြီး ၁၅ လုံးခန့်ရှိရာ ၄၄ ထပ်၊ ၃၈ ထပ်၊ ၂၇ ထပ် စသည်တို့ ပါဝင်ပြီး အဆိုပါအဆောက်အအုံများ ဆောက်လုပ် ခွင့် ပြုနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခဲ့သည်။ယင်းအဆောက်အအုံများအနက် ကမ္ဘာအေးစေတီပေါ်တွင် ၂၇ ထပ်ရှိ (Kabar Aye Executive Residence) အဆောက်အအုံကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ယခုလို ဆောက်လုပ်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
၂၇ ထပ် အမြင့်ရှိ (Kabar Aye Executive Residence) ကို Ever Seiko Co.Ltd မှ ကမ္ဘာအေး စေတီလမ်း၊ အမှတ် (၆၅) ဘီတွင် ဆောက်လုပ်မည်ဖြစ်ကြောင်း၊ ယင်းအဆောက်အအုံမှာ မြေပေါ် ၂၇ ထပ်အပြင် မြေအောက် Basement သုံးထပ်လည်း ပါဝင်မည်ဖြစ်သည်။
ထို့ပြင် အဆောက်အအုံ၏ အမြင့်သည် ပင်လယ်ရေမျက်နှာပြင် အထက် ၄၀၆ ပေရှိမည်ဖြစ် ပြီး ရွှေတိဂုံ စေတီတော်၏ အမြင့်ထက် ကျော်လွန်ခြင်း မရှိစေရန် စိစစ်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါ အဆောက်အအုံတွင် ယာဉ်ရပ်နားသည့် နေရာကိုလည်း အလုံအလောက် တင်ပြလာကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အထပ်မြင့် အဆောက်အအုံများအား စစ်ဆေးကြီးကြပ်နိုင်ရန် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာလက အထပ်မြင့် အဆောက်အအုံ များ ဆောက်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းများ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ယင်းသို့ ဖွဲ့စည်းပြီးနောက်ပိုင်း အဖွဲ့သို့ ဆောက်လုပ်ခွင့် တင်ပြလာသော အထပ်မြင့် အဆောက် အအုံများအနက် ယခု (Kabar Aye Executive Residence) မှာ ဦးဆုံး ခွင့်ပြုခဲ့သည့် အဆောက်အအုံ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းများ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “(Kabar Aye Executive Residence) က ကျွန်တော်တို့ အထပ်မြင့် အဆောက်အအုံ စစ်ဆေးကြီးကြပ်ရေး ကော်မတီကို တင်ပြလာတဲ့ အထပ်မြင့် အဆောက်အုံတွေအနက် ပထမဆုံး ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ အခြား တင်ပြထားတဲ့ အဆောက်အအုံတွေကိုလည်း အမြင့်ပေ ကန့်သတ်ချက်၊ ကားပါကင် လုံလောက်မှု ရှိမရှိ စိစစ်နိုင်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားဆဲ ဖြစ်ပါတယ်” ဟု ပြောသည်။
ထို့ပြင် ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ ကုက္ကိုင်းအနီးတွင် ၂၇ ထပ် အမြင့် အဆောက်အအုံတွင် လူနေအိမ်ခန်းများ၊ ရုံးခန်းများ၊ နားနေခန်းများအပြင် ကားပါကင်များလည်း ပါဝင်သည့် Diamond Valley Rises-Business Centre ကိုလည်း နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် Aye Family ကုမ္ပဏီ လိမိတက်မှ ဆောက်လုပ်မည်ဖြစ်ပြီး အဆိုပါ အခန်းများကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ဒုတိယပတ်မှ စတင်ရောင်းချ ပေးလျက်ရှိသည်။
Eleven Media Group

ဘိန်းဖြူများ သယ်ဆောင်လာသူ ဆိုင်ကယ်သမားနှစ်ဦးကိုဖမ်းမိ



လားရှိုး၊ ဖေဖော်ဝါရီ၊ ၂၂။

လားရှိုးမြို့၊ လားရှိုးမူးယစ်(အထူး)အဖွဲ့မှ ကြိုတင်သတင်းရရှိ ထားချက်အရ မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီးကို ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်ကြား၌ ညှပ်၍သယ်လာသော စောင်အိတ် နှစ်အိတ်ထဲရှိ ရောင်စုံပလပ်စတစ် ခွက်ထဲမှဘိန်းဖြူအမှုန့်များကို ရှာဖွေဖမ်းဆီး တွေ့ရှိခဲ့သည်ဟု လားရှိုးရဲစခန်းမှ တာဝန်ရှိသူများက ပြောကြားသည်။

ယမန်နေ့ည ၆း၃၀နာရီခွဲ အချိန်၌ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာအထွက် ကျောက်တောင်အနီးတွင် မူးယစ်(အထူး)အဖွဲ့မှ ကြိုတင်သတင်းရရှိထား၍ စောင့်ဆိုင်းနေစဉ် ဆွေမြင့်မောင်းနှင်လာ၍
နောက်က စိုးထွန်းစီးနှင်းလိုက်ပါလာသော လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီးအား အသိသက်သေများနှင့် ရှာဖွေစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းဆိုင်ကယ်ခွကြား၌ ညှပ်၍ သယ်ဆောင်လာသော စောင်အိတ်ထဲရှိ ရောင်စုံပလပ်စတစ် ခွက်များထဲမှ ဘိန်းဖြူအမှုန့်များကို ရှာဖွေတွေ့ရှိခဲ့သည်။ ဆပ်ပြာခွက် တစ်ခွက်လျှင် ဘိန်းဖြူမှုန့် အလေးချိန်(၁၂)ဂရမ်စီ ပါသော ဆပ်ပြာခွက်(၇၇)ခွက်နှင့် အလေးချိန်(၉၂၄)ဂရမ် တန်ဖိုးအားဖြင့် ၁၇၅သိန်းကျော် ရှိကြောင်း သိရသည်။

အဆိုပါ တရားခံနှစ်ဦးမှ တရားခံဆွေမြင့်သည်လွန်ခဲ့သော တစ်နှစ်ကျော်ကစစ်ကိုင်းတိုင်းဒေ သကြီး ရွှေဘိုမြို့နယ်ရှိ ခလရ(၄၂) တပ်ရင်းမှ တပ်ပြေးစစ်သားတစ်ဦး ဖြစ်နေသည်ဟု လည်းသိရသည်။ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူ ထိုနှစ်ဦးအား လားရှိုးမြို့ အမှတ်(၂)ရဲစခန်းက မူးယစ်(ပ)၂၅/၂၀၁၃၊ မူးစိတ်ပုဒ်မ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ထွန်းထွန်း
The Myanma Age

အီကြာကွေးမှာ ဓာတုပစ္စည်းပါနေ

မြန်မာနိုင်ငံမှာ လူတွေနေ့စဉ် စားသုံးနေတဲ့ ငရုတ်သီးမှုန့်၊ လက်ဖက်နဲ့ ငါးပိရည် ကအစ ဝက်အူချောင်း၊ ပုဇွန်ခြောက် စတဲ့ စားသောက်ကုန် တွေထဲက တံဆိပ် အခိျု့ မှာ စက်ရုံလုပ်ငန်းသုံး ဓာတု ပစ္စည်းတွေ ပါဝင်နေ တယ်လို့ အစိုးရက ကြေညာ ထားတာ ရှိပေမယ့် ထိရောက်တဲ့ စစ်ဆေး အရေးယူမှု တွေကို အခုထိ မလုပ်နိုင်ဘဲ ရှိနေပါတယ်။အခုနောက်ဆုံး လက်ဖက်ရည်ဆိုင်မှာ ရောင်းနေကြတဲ့ အီကြာကွေး ထဲမှာ အမိုးနီးယားပါတဲ့ ဓာတုပစ္စည်းတွေ ထည့်သုံးနေတာကို စားသုံးသူ ကာကွယ်ရေး အသင်း ဆိုတဲ့ လူမှုဝန်ထမ်း အဖွဲ့ အစည်းတခုက ရှာဖွေ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။အဖွဲ့ခေါင်းဆောင် ဦးဗအုပ်ခိုင်က အမိုးနီးယားဟာ ကျောက်ကပ်နဲ့ အသည်းကို ပျက်စီးစေပြီး ကင်ဆာရောဂါပါ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။ဒါပေမယ့် မြန်မာတနိုင်ငံလုံး၊ ဒါမှမဟုတ် ရန်ကုန်တမြို့လုံး အတိုင်းအတာနဲ့ ဓာတုပစ္စည်းတွေ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် သုံးနေလဲ လိုက်စုံစမ်းဖို့ သူတို့မှာ အင်အားမရှိဘူးလို့ သူကပြောပါတယ်။ဒီတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်လှမ်း အမီနိုင်ဆုံး ဖြစ်တဲ့ အစိုးရ ဘက်ကို မေးကြည့်တော့ လောလောဆယ် လာတိုင်ကြားရင်တော့ အရေးယူပါတယ်လို့ အစားအသောက် နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာ န ညွန်ကြားရေးမှူး ဒေါက်တာ ဇော်ဝင်းက ဆိုပါတယ်။ဒါပေမယ့် တကယ်တမ်း ဈေးကွက်ထဲမှာ ရောင်းနေတဲ့ စားသောက်ကုန်တွေထဲမှာ ဓာတုပစ္စည်းတွေ ဘယ်လောက်ပါသလဲ ဆိုတာ အစိုးရက ထိထိရောက်ရောက် လိုက်ပြီး စုံစမ်းစစ်ဆေး အရေးယူတာ မရှိပါဘူး။အဲဒီလို စားသောက်ကုန်မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေကြောင့် ကင်ဆာရောဂါလို ဆိုးရွားတဲ့ ကျန်းမာရေးအကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေး ၀န်ထမ်းတွေ၊ ကျွမ်းကျင်သူတွေက အကြိမ်ကြိမ် သတိ ပေးနေကြပါတယ်။ဘီဘီစီ

‎ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကို မြန်မာဘောလုံး ပရိသတ်ကြီးကို အနူးအညွတ် တောင်းပန်


Yangon United Football Club
ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် အပါအဝင် တာဝန်ရှိသူများနှင့် မြန်မာဘောလုံး ပရိသတ်ကြီးကို အနူးအညွတ် တောင်းပန်လိုကြောင်း မီဒီယာများ နှင့် တွေ့ဆုံသည့် အချိန်တွင် ပြောကြားသည်။ ကျော်ကိုကိုသည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့က ဖြစ်ခဲ့သည့် ကိစ္စကြောင့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှ ပြန်လည်စေလွှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။

‘ ပထမဆုံး အနေနဲ့ ကျွန်တော့် အခြေအနေကို ရှင်းပြချင်ပါတယ်။ ဒဏ်ရာကနေ ကျွန်တော် သက်သာတာ မကြာသေးပါဘူး။ ဒါကြောင့် ခြေစွမ်းပိုင်းက အရင်ကလို ဒေါင်ဒေါင်မြည် မဟုတ်ဘူး။ အဲဒီအတွက် အမြဲတမ်း အားမလို အားမရ ဖြစ်နေပါတယ်။ နောက်တစ်ချက်က ဆီးဂိမ်းပြိုင်ပွဲပါ။ ဆီးဂိမ်းမှာ ကျွန်တော်တို့ မြန်မာအသင်း အောင်မြင်မှု မရမှာကို အရမ်းစိုးရိမ်နေတယ်။ ဥက္ကဌကြီး ဦးဇော်ဇော်ကလည်း ဆီးဂိမ်းမှာ အောင်မြင်မှု ရအောင်ယူဖို့ အမြဲမှာကြားပါ တယ်။ ပြောချင်တာက ကျွန်တော့်မှာ ဖိအားရှိနေတယ် ဆိုတဲ့သဘောပါ။ အခုဖြစ်သွားတဲ့ ကိစ္စကလည်း ဖိအားတွေကို ရင်ဆိုင်တဲ့နေရာမှာ ပုံစံလွဲသွားလို့ နည်းပြတွေကို စော်ကားသလို ဖြစ်သွားပါတယ်။ အဲဒီအတွက် အရမ်း ဝမ်းနည်းပါတယ်။ ဥက္ကဌကြီးကိုလည်း ဖုန်းဆက်ပြီး တောင်းပန်ထားပါတယ်။ နည်းပြကြီး ပတ်ဆောင်ဟွာ နဲ့ ကျန်တဲ့ဆရာတွေ အားလုံးကို ကျေနပ်တဲ့အထိ တောင်းပန်သွားမှာပါ ’ ဟု ကျော်ကိုကိုက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

နည်းပြ ပတ်ဆောင်ဟွာ နှင့် ကျော်ကိုကိုတို့ ကြားတွင် မပြေလည်မှုများ ရှိနေသည် ဆိုသော စကားနှင့် ပတ်သက်၍ ကျော်ကိုကိုက ယခုလိုပြောသည်။ ‘ နည်းပြကြီးက ကျွန်တော်ကို အမြဲတမ်း ဂရုတစိုက်နဲ့ စကားပြောပါတယ်။ ရည်ရွယ်ချက်ကို အခုထက် ပိုထားဖို့၊ နိုင်ငံခြားအထိ ထွက်ကစားနိုင်တဲ့ အနေအထား ရောက်အောင် ကြိုးစားဖို့ အမြဲပြောပါတယ်။ ကျွန်တော် ကြိုးစားလို့ ဆိုပြီး ဖိနပ်တစ်ရံ ဆုချဖူးတယ်။ စောဒကတက်တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ကျွန်တော့်ကစားပုံ ပိုကောင်းအောင် ဘယ်လိုလုပ်ရမယ် ဆိုတာ အကြံတောင်းရင်း နားလည်မှု လွဲတာပဲရှိပါတယ်။ ဘောလုံးသမားနဲ့ နည်းပြဆိုတာ ဆရာ တပည့် အဆင့်တောင် မဟုတ်ပါဘူး။ သားအဖ ပုံစံမျိုး ဆက်ဆံတာပါ။ ဖြစ်ခဲ့တဲ့ ကိစ္စအတွက် လက်အုပ်ချီပြီး တောင်းပန်မှာပါ။ ခွင့်လွှတ်မယ်လို့လည်း မျှော်လင့်ပါတယ် ’ ဟု ကျော်ကိုကိုက ပြောကြားသည်။

အကယ်၍ လက်ရွေးစင် အသင်းက ပြန်လည်ရွေးချယ်ခြင်း မပြုခဲ့လျှင်လည်း စိတ်ပျက်ခြင်း မရှိဘဲ အမြဲကြိုးစားသွားမည် ဟု ကျော်ကိုကိုက ယခုလိုဆိုသည်။ ‘ ကျွန်တော်က မြန်မာပါ၊ မြန်မာ့ လက်ရွေးစင် အသင်းအတွက် အမြဲ ကစားပေး ချင်ပါတယ်။ ဒီစိတ်က ကျွန်တော် သေတဲ့အထိ ပျောက်မှာမဟုတ်ဘူး။ လက်ရွေးစင် အသင်းကသာ ပြန်လက်ခံမယ် ဆိုရင် အစွမ်းကုန် ပေးဆပ်ဖို့ အမြဲတမ်း ရှိပါတယ်။ အခု ကိစ္စကြောင့် ရန်ကုန် ယူနိုက်တက် အသင်းက အရေးယူမယ် ဆိုရင်လည်း လက်ခံပါမယ်။ ရန်ကုန် အသင်းကို ကျွန်တော်က ကိုယ့်မိသားစုလို့ သဘောထားပါတယ်။ ကျွန်တော့်ကြောင့် ကျွန်တော့် မိသားစု နာမည် ပျက်သွားရင်၊ ဂုဏ်သိက္ခာထိပါး သွားတယ်ဆိုရင် တောင်းပန်ပါတယ်။ ကျွန်တော့် မိသားစုက ပေးတဲ့ ပြစ်ဒဏ်ကို ကျေကျေနပ်နပ်ကြီး ခံပါမယ်။ မိသားစုက သားတစ်ယောက်ကို ဘယ်လောက်ပဲ စိတ်ဆိုးပါစေ ရိုက်နှက်ဆုံးမပြီးရင်တော့ သားတစ်ယောက်လို အသိအမှတ် ပြန်ပြုမှာပါ။ ကျွန်တော် ဒီလိုပဲ မျှော်လင့်ပါတယ်’ ဟု ကျော်ကိုကို ကဆိုသည်။Yangon United Football Club

ကိုလူချောအဖွဲ့နှင့် ထာဝရမန္တလေးတို့ အလှူ

ကွယ်လွန်သူ ဦးခင်မောင်တင့် အသက် ( ၆၈ )နှစ်အားရည်စူး၍ ကိုလူချောအဖွဲ့နှင့် ထာဝရမန္တလေးတို့မှ ဓမ္မရံသီ ဓမ္မာရုံသို့ ရွက်ဖျင်တဲ ၂လုံး တန်ဘိုးကျပ် ( ကိုးသောင်းငါးထောင် )ကို လှူဒါန်းခဲ့ပါတယ်။ဦးခင်မောင်တင့်က တစ်ချိန်က ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေး ရဲ့ တစ်ပင်တိုင် ရှုတင်မန်နေဂျာ အဖြစ်တာဝန်ထမ်းဆောင်ပြီး သင်္ကြန်မိုး ရုပ်ရှင်ဇတ်ကားဖြင့် အောင်မြင်ခဲ့သည့် ရှုတင်မန်နေဂျာတစ်ဦးဖြစ်သည်။ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လည်မှာ ကွယ်လွန်ခဲ့ကြောင်းသိရသည်။
ထူးထူး Popular Journal ဓာတ်ပုံ အိသွဲ့ ( တန့်ယန်း )


ကျော်ကိုကိုနှင့် မီဒီယာများ တွေ့ဆုံနိုင်ရန် စီစဉ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၂

ပဏာမ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှ ထုတ်ပယ်ခြင်းခံရသော တိုက်စစ်မှူးကျော်ကိုကိုအား မီဒီယာများနှင့် တွေ့ဆုံပေးရန်အတွက် စီစဉ်နေကြောင်း ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း အမှုဆောင်အရာရှိချုပ်က ပြောသည်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် နည်းပြ၏ သင်ကြားမှုများကို အကြိမ်ကြိမ် ဝေဖန်ပုတ်ခတ်မှုများ ပြုလုပ်ခဲ့ သည့်အပြင် အသင်း၏ အုပ်ချုပ်သူနှင့် နည်းပြအဖွဲ့ဝင်များအပေါ် ရိုင်းပျသည့် အပြုအမှုများ လုပ်ဆောင်ခဲ့သည်ဆိုကာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ပဏာမလက်ရွေးစင် အသင်းမှ ထုတ်ပယ်ခြင်း ခံရသည်။

“ကျွန်တော်တို့ဘက်က ကျော်ကိုကိုနဲ့ တွေ့ပြီးတော့ ဆွေးနွေးနေပါတယ်။ သူတကယ်ပဲ မှားသလား။ မှားရင်တောင်းပန်ဖို့ အတွက် ဖြစ်သင့်တာက မြန်မာတို့က သူကိုမီဒီယာနဲ့ တွေ့ပေးပြီး သူ့ရဲ့ စိတ်ခံစားချက်ကို ပြောပြစေချင်ပါတယ်” ဟု ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း အမှုဆောင် အရာရှိချုပ် ဦးမင်းဆွေဦးက ပြောသည်။

ထိုကဲ့သို့ ပဏာမ လက်ရွေးစင်အသင်းမှ ထုတ်ပယ်ရခြင်းမှာ ကျော်ကိုကိုသည် နည်းပြချုပ်၏ အသင်းဗျူဟာများအပေါ်တွင် အမြဲလိုလို ဆင်ခြေပေးခြင်း၊ မကျေနပ်သည့် အပြုအမှုများ ပြုလုပ်ခြင်း၊ အသင်းအစည်းအဝေးများ ပြုလုပ်ချိန်တွင် မလေးမစား အပြုအမူများ ပြုလုပ်ကာ အစည်းအဝေးမှထွက်ခြင်း၊ နည်းပြချုပ်အား ပမာမခန့်များ ပြုလုပ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း နည်းပြအဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုးဆုံးအပြုအမူမှာ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်း လေ့ကျင့်ရေးကွင်းမှ ပြန်လာချိန်တွင် နည်းပြများ ရေးဆွဲထားသည့် တစ်နေ့တာအချိန်ဇယားစာအုပ်ပေါ်၌ အုပ်ချုပ်သူနည်းပြများအပေါ် ရိုင်းပျစော်ကားသည့် အဓိပ္ပာယ်သက်ရောက်သော စကားလုံးများကို ရေးသားခဲ့ခြင်းကြောင့် နည်းပြချုပ်က ယခုကဲ့သို့ အသင်းမှ ပြန်လည်စေလွှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တိုက်စစ်မှူးကျော်ကိုကိုအား 7Day News မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းကိုင်ခြင်း မရှိခဲ့ပေ။

အသင်း၏ နည်းပြချုပ် ပက်ဆောင်ဟွာကမူ ကျော်ကိုကို၏ အနာဂတ်နှင့်ပတ်သက်၍ မည်သို့မျှ မဖြေနိုင်သေးကြောင်း၊ မိမိအနေဖြင့် နိုင်ငံအတွက် ပေးဆပ်ချင်စိတ်ရှိမည့် ကစားသမားတိုင်းကို အမြဲကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယင်းကိစ္စနှင့်ပတ်သက်ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ထံ တင်ပြသွားမည်ဖြစ်ကာ ဥက္ကဋ္ဌ၏ အဆုံးအဖြတ်ပေါ်တွင် မူတည်၍ ထပ်မံဆုံးဖြတ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုလေ့ကျင့်မှု ပြုလုပ်နေသော ပဏာမမြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် မတ် ၂ ရက်တွင် ယှဉ်ပြိုင်မည့် AFC Challenge Cup ခြေစစ်ပွဲအတွက် ရည်ရွယ်၍ လေ့ကျင့်နေခြင်း ဖြစ်သည်။7Day News Journal

မြို့ကြီးမှာနေမှ ပြည်သူမဟုတ်

ကျွန်တော်က စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့မှာ နေထိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ မိုးညှင်းမြို့ အစိုးရနည်းပညာကောလိပ်မှ BE (Electronic)နဲ့ ကျောင်းပြီးထားပါတယ်။ ကျွန်တော်က အခုမှ ပူပူနွေးနွေး ကျောင်းပြီးထားတာဆိုတော့ ကျောင်းနှင့်ပတ်သက်တဲ့ အကြောင်းပဲ ပြောချင်ပါတယ်ခင်ဗျာ။ မြို့ကြီးကျောင်းနဲ့ နယ်ကျောင်း ခွဲခြားနေတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ နည်းပညာကျောင်းများ ဟာ နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကျောင်းများဖြစ်ပါတယ်။ အခုလို ပြောင်းလဲရေးတွေ လုပ်နေတဲ့ အချိန်၊ နည်းပညာမြင့်တွေ လိုအပ်နေတဲ့ အချိန်တွေဆို ပိုလို့တောင် အရေးပါ ပါသေးတယ်ခင်ဗျာ။ ကျွန်တော်တို့ နည်းပညာကျောင်းများမှ မဟုတ်ပါဘူး။ တခြားကောလိပ်၊ တက္ကသိုလ်များလည်း နည်းပညာကျောင်းများနည်းတူ အရေးပါကြပါတယ်ခင်ဗျာ။ ကျွန်တော်က နည်းပညာကျောင်းသားဆိုတော့ နည်းပညာကျောင်းတွေအကြောင်းပဲ ပြောပါမယ်။

ကျွန်တော်က မိုးညှင်း(GTC)မှာ တက်တာဆိုတော့ နယ်ကျောင်းမှာ တက်တာပေါ့ဗျာ။ ကျွန်တော်တို့ နယ်ကျောင်းတွေက မြို့ကြီးကျောင်းတွေနဲ့စာရင် အခွင့်အရေးနည်းပါးပါတယ်။ နည်းပညာကျောင်းဆိုတာ လက်တွေ့နဲ့ကင်းလို့မရတဲ့ကျောင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကျောင်းတွေမှာ လက်တွေ့ဆိုတာ မရှိသလောက် ရှားပါတယ်။ နောက်ပြီး အင်တာနက်ဆိုတာလည်း နည်းပညာကျောင်းနဲ့ ကင်းလို့မရတဲ့ အရာဖြစ်တယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ကျောင်းမှာသင်တဲ့ major တွေထဲမှာ EC (Electronic & Communication)နဲ့ IT (Information & Technology)ဆိုတဲ့ major တွေကို သင်နေတယ်လေ။ အဲဒါကြောင့် မကင်းသင့်ဘူးလို့ ထင်တာပါ။ အခုတော့ဖြင့် ကျောင်းမှာ Internet တပ်တယ်လို့ပဲ ကြားလိုက်ရတယ်။ Internet ဆိုတာ ဘယ်လိုအရာမှန်းတောင် မသိလိုက်ရပါဘူး။ ဒါပေမဲ့ Internet ဆိုတာတော့ ကျောင်းသားတွေ သိတာပေါ့။ ကျောင်းသားတွေလည်း ခေတဲ့သူတွေမှ မဟုတ် တာ။ ခေတ်ရေစီးကြောင်းမှာ စီးနေတဲ့သူတွေပဲလေ။ ကျောင်းမှာ မသိလိုက်ရဘူးလို့ ပြောတာပါ။

ကျွန်တော်လည်း ကျောင်းသာပြီးသွားတယ်။ လက်တွေ့လည်း တစ်ခုမှမလုပ်လိုက်ရ၊ အင်တာနက်လည်း တစ်ခါမှ မသုံးလိုက်ရပါခင်ဗျာ။ နောက်ပြီး သင်ကြားရေးမှာလည်း နားလည်သဘောပေါက်နိုင်စွမ်း များစွာနည်းပါးလှပါတယ်။ ကျွန်တော် ကျောင်းပြီးသွားလို့ ဆရာ/မတွေကို ပြစ်မှားခြင်းမဟုတ်ပါ။ နယ်ကျောင်းတော်တော်များများတော့ အဲဒီလိုပဲဖြစ်မယ်လို့ ထင်ပါတယ်။ နယ်ကျောင်းတွေ အများဆုံးတွေ့ကြုံနေရတာတော့ သင်ကြားသည့် ဆရာ/မများ မလုံလောက်ခြင်း၊ သင်ကြားရေးတွင်လည်း ဆရာ/မများ အသိပညာဗဟုသုတ အားနည်းခြင်း၊ သင်ထောက်ကူပစ္စည်းများ မလုံလောက်ခြင်း၊ ဖတ်စာအုပ်များ မလုံလောက်ခြင်း၊ စာကြည့်တိုက်ကောင်းကောင်းမရှိခြင်း စသည်တို့ဖြစ်ပါတယ်။ ကျွန်တော်တို့ကျောင်းမှာရှိတဲ့ စာကြည့်တိုက်ကတော့ အမြဲတမ်း သော့ခတ်ထားတာ တွေ့ရပါတယ်။ ဒါက မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ကျောင်းတစ်ကျောင်းမှာ စာကြည့်တိုက်မရှိခြင်းဟာ လူတစ်ယောက် မျက်စိမရှိခြင်းနဲ့ တူပါတယ်။ အဲဒါကြောင့် ကျောင်းတစ်ကျောင်းမှာ စာကြည့်တိုက်မရှိခြင်းက ၎င်းကျောင်းရဲ့ မျက်စိကန်းနေခြင်းနဲ့ တူပါတယ်ခင်ဗျာ။ ကျောင်းတွင်း ကျောင်းပြင် အသိပညာဗဟုသုတဆိုတာ မရှိသလောက် ဖြစ်သွားနိုင်ပါတယ် ခင်ဗျာ။ အထက်မှာ ပြောသွားတာတွေကတော့ ကျောင်းနဲ့ပတ် သက်တာပဲ ဖြစ်ပါတယ်ခင်ဗျာ။

ကျောင်းပြီးသွားလို့ ဘွဲ့ရပြန်ရင်လည်း BE ဘွဲ့ရတာချင်းအတူတူ နယ်ကျောင်းကရတဲ့ BE ဘွဲ့တွေက မျက်နှာငယ်ရပါတယ်။ မြို့ကြီးကျောင်းကရတဲ့ BE ဘွဲ့လည်း ဒီစာပဲသင်ပြီးရတာပါ။ နယ်ကျောင်းတွေ ကရတဲ့ BE ဘွဲ့လည်း ဒီစာပဲသင်ပြီး ရတာပါခင်ဗျာ။ မြို့ကြီးကျောင်းနဲ့ နယ်ကျောင်းတွေ ကွာလည်း နည်းနည်းပဲ ဖြစ်သင့်ပါတယ်။ ဘွဲ့ရလို့ အလုပ်လျှောက်လျှင်လည်း နယ်ကျောင်းက ကျောင်းသားတွေ မျက်နှာငယ်ရဆဲပါ။ တက်ရတဲ့အချိန်တွေ အရမ်းနှမြောဖို့ကောင်းပါတယ်။ ငါးနှစ်ဆိုတဲ့ အချိန်တွေ ရယ်၊ ငွေကြေးတွေရယ်၊ ကျောင်းသားမိဘတွေရဲ့ လုပ်အားနဲ့ချွေးတွေ နှမြောစရာပေါ့ဗျာ။ နောက်ပြီး ဘွဲ့သာရတာ ဘာမှမတတ်ဘူးလို့ ပြောခံရပါသေးတယ်။ ဒါကြောင့်မို့ မြို့ကြီးက ကျောင်းသားမှ ပြည်သူမ ဟုတ်ပါဘူး။ နယ်ကကျောင်းသားတွေလည်း ပြည်သူတွေဖြစ်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ။

နောက်ပြီး ပြောလက်စနဲ့ ဆက်ပြောရပါဦးမယ်။ ဟိုတစ်လောက သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အဆင့်မြှင့်တင်တော့မည်တဲ့။ ကျွန်တော် ၀မ်းသာပါတယ်။ ရန်ကုန်မြို့နေ ပြည်သူတွေရယ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်တဲ့ ပြည်သူတွေအတွက် ၀မ်းသာစရာပါ။ ဒါပေမဲ့ ကျွန်တော်တို့လို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းက ပြည်သူတွေ တခြားတခြားသော တိုင်းဒေသကြီးက ပြည်သူအတွက်လည်း စဉ်းစားစေချင်ပါတယ်ခင်ဗျာ။ သွားလာရေး ခရီးကြန့်ကြာခက်ခဲတဲ့ ဒေသတွေ ဖြစ်တဲ့အတွက် အရေးပေါ်အချိန်တွေ၊ မြို့နယ်ဆေးရုံတွေမှာ ကုသလို့မရတော့တဲ့ အချိန်တွေမှာ နယ်ကပြည်သူတွေမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ နယ်ကပြည်သူတွေလည်း နိုင်ငံရဲ့ ပြည်သူများ ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးအချက်အချာဖြစ်တဲ့ မြို့ကြီးတွေ၊ အစိုးရရုံးများစိုက်တဲ့ မြို့ကြီးအပြင် ကျန်တိုင်းဒေသကြီးများမှာလည်း အဆင့်မြင့်ဆေးရုံ၊ ဆေးခန်းများ ရှိသင့်တယ်လို့ ထင်ပါတယ် ခင်ဗျာ။

နိဂုံးချုပ်ပြောရပါလျှင် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးများကို ဖွံ့ဖြိုးတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လျှင်လည်း နယ်မှပြည်သူတွေ အတွက် ဦးစားပေးမဟုတ်တောင် နောက်ကျမကျန်ခဲ့ရင် ထည့်သွင်းစဉ်းစား ပေးစေချင်ပါတယ်ခင်ဗျာ။ မြို့ကြီးနေ ပြည်သူများနှင့် နယ်က ပြည်သူများ အဆင့်အတန်းကွာဟမှုမရှိဘဲ နိုင်ငံတစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုး တက်တာကို မြင်ချင်ပါတယ်ခင်ဗျာ။ ဒါကြောင့် မြို့ကြီးမှာနေမှ ပြည်သူမဟုတ်ပါဘူးခင်ဗျာ။ နယ်မှာနေ လည်း ဒီနိုင်ငံရဲ့ ပြည်သူတွေပဲ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ် ခင်ဗျာ။
နယ်သား
7Day News Journal

အပူရှိန်ကြောင့် ဦးနှောက်နှင့်အာရုံကြောထိခိုက်နိုင်၍ အထူးဂရုပြုနေထိုင်သင့်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အပူချိန် မြင့်မားနေသဖြင့် အဆိုပါ အပူရှိန်ကြောင့် ဦးနှောက်နှင့်အာရုံကြောကို ထိခိုက်လာနိုင် သည်အထိ အသက်အန္တရာယ် ရှိလာနိုင်သည့်အတွက် ဂရုပြုသင့်ကြောင်း ဒေါက်တာ မြင့်ဦးက ဆိုသည်။

ပူအိုက်သည့် ရာသီကြောင့် အသက်ရှုမြန်လာခြင်း၊ အသက်ရှုကြပ်လာခြင်း၊ အားအင်ချိနဲ့ကာ မူးလဲနိုင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်ပူရှိန်အလွန်အကျွံတက်လာခြင်း၊ ပျို့အန်ခြင်း စသည့်လက္ခဏာများဖြစ်ကာ ဦးနှောက်နှင့် အာရုံကြောကိုပါ ထိခိုက်လာနိုင်ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၂၁ရက်နေ့အပူချိန်မှာ ၃၇ ဒီဂရီ ဆဲလ်စီးရပ်စ် ရှိနေပြီး နောက်ရက်များတွင် ၃၄ ဒီဂရီ ဆဲလ်စီးရပ်စ်မှ ၃၇ ဒီဂရီဆဲလ်စီးရပ်အထိ ရှိနိုင်သည် ဟု မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်းလွင်က ၎င်း၏ ၀က်ဆိုဒ်တွင် ဖော်ပြထားသည်။

“အပူနှုန်း နုန်းချိတာမျိုးတွေမှ တစ်ဆင့် ဦးနှောက်နှင့် အာရုံကြောကိုထိခိုက်လာပြီး အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတဲ့ အပူရှပ်သတိလစ်ခြင်းတွေ ဖြစ်ပေါ်တတ်တယ်” ဟု ဒေါက်တာမြင့်ဦးက ပြောသည်။

 သစ်ပင်ပေါက်ရောက်မှုနည်းပါးသည့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ ကော့သောင်းမြို့၊ မွန်ပြည်နယ် ရေးမြို့ နှင့် ပေါင်မြို့များ ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့၊ လှည်းကူးမြို့တို့၌ ခရမ်းလွန်ရောင်ခြည် အဆင့် (၁၁)အထိ ဖြစ်ပေါ်နေကြောင်းကိုလည်း သိရသည်။

"နွေရာသီတောင်မရောက်သေးဘူး။ တော်တော်ပူပါတယ်။ နေ့လည်ကျောင်းက ပြန်လာလို့ကားကနေပူတဲ့ဘက်မှာဆိုခေါင်းတွေ မူးလာတဲ့အထိကို ပူတယ်။ မတ်တပ်ရပ်ရင်လည်း ကျောင်းက အဝေးကြီး၊ ပူလည်းထိုင်ရတာပါဘဲ" ဟု နည်းပညာတက္ကသိုလ် (လှိုင်သာယာ)တွင် တက်နေသော ကျောင်းသူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာသော ရောဂါများမှ ကာကွယ်ရန် ရေများများသောက်ပေးခြင်း၊ သစ်သီးဖျော်ရည်များ သောက်ပေးခြင်းအပြင် အရက်၊ ကော်ဖီ၊ ကိုကိုး(ချောကလက်)စသည့် အစားအသောက်များမှ စားသောက်ခြင်းမှ ရှောင်းရှားသင့်ကြောင်းကိုလည်း ဆရာဝန်များထံမှ သိရသည်။

"ဦလေးကနေ့လည် ၁၂ နာရီ ကျော်ရင် ခဏနားပါတယ်။ နေကအရမ်းပူတယ်။ အပေါ်ကလည်း ပူ အောက်ကလည်းပူဆိုတော့ ကျန်းမာရေးအတွက်စိုးရိမ်ရတယ်။ ဦးလေးကသွေးတိုးရောဂါရှိတော့ ဓါတ်ဆားရည်လည်းသောက်လို့မရဘူး" ဟု ရန်ကုန်မြို့တွင်း တက္ကစီ မောင်းသူတစ်ဦးက ပြောသည်။

အပူချိန်မြင့်မားနေချိန်၌ နေပူထဲထွက်ခြင်းမျိုးရှောင်းရှားသင့်ပြီး မဖြစ်မနေထွက်ရမည်ဆိုပါက အကာအကွယ် ယူသင့်ကြောကိုလည်း သိရသည်။ “နေပူထဲသွားလာတာကို ရှောင်ရှားရမယ်။ မဖြစ်မနေသွားရမယ်ဆိုရင်လည်းထီး၊ ဦးထုပ်ဆောင်း၊ ဖိနပ်စီးရမယ်။ တက်နိုင်သလောက်နေရိပ်ထဲမှာ နားခိုနေရမယ်။ အင်္ကျီပွပွ၊ လုံချည်ပွပွ၊ အရောင်ဖျော့ဖျော့တွေ ၀တ်ဆင်သင့်တယ်။ အစားအစာကိုနည်းနည်းနဲ့ ခဏခဏစားပေးဖို့လည်း လိုအပ်တယ်” ဟု ဒေါက်တာမြင့်ဦးက အကြံပေးပြောကြားခဲ့သည်။
ဆုပြည့်စုံဦး (မြစ်မခ)

‎ရအောက်မြင် အချက်ပြ လေယာဉ်သုံး၍ ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေခြင်း မိုးမကျမီ စမည်

ဓမ္မစေတီ ခေါင်းလောင်း ရှိနိုင်မည့် နေရာများ၌ ခန့်မှန်း ဆယ်ယူခြင်းကို ယခုနှစ် မိုးမကျမီ အကောင်အထည် ဖော်သွားမည်ဟု ယင်းလုပ်ငန်း၌ ပါဝင် ဆောင်ရွက်နေသူ စာရေးဆရာ ချစ်စံဝင်းက ပြောသည်။

လက်ရှိတွင် နှစ်ပေါင်း ၄ဝဝ ကျော် အတွင်း မြစ်ကြောင်း ပြောင်းလဲမှုများကို သုတေသနပြုလျက် ရှိပြီး လိုအပ်သည့် အချက်အလက် များကို ရှာဖွေ စုဆောင်းနေ သည်ဟု ၄င်းက ပြောသည်။

ရေအောက်တွင် နှစ်ပေါင်း ၄ဝဝ ကျော်နစ်မြုပ်လျက် ရှိသော ဓမ္မစေတီ ခေါင်းလောင်းအား အမေရိကန် ဒေါ်လာ ၁ဝ သန်း အကုန်အကျ ခံကာ ဆယ်ယူပေးသွား မည် ဖြစ်ကြောင်း ၂ဝ၁၂ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့တွင် စင်ကာပူ နိုင်ငံရှိ S.D Mark International LLP ကုမ္ပဏီမှ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်၍ ပြော ကြား ခဲ့ခြင်း ဖြစ်သည်။

ယင်းလုပ်ငန်း၌ ပါဝင်ဆောင် ရွက်နေသည့် စာရေးဆရာ ချစ်စံဝင်းက ”သူတို့ဘက်က လက်လျှော့ သွားတာ မဟုတ်ဘူး။ တခြား အစီအစဉ်တွေ ရှိလို့ ခေတ္တ ကြာနေတဲ့ သဘောပါ” ဟုလက်ရှိ အနေအထား ကို ပြောသည်။
ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရာတွင် စင်ကာပူ ကုမ္ပဏီမှ သမိုင်းဝင် ပစ္စည်း ရှာဖွေရေးနှင့် ရေငုပ် ကျွမ်းကျင်သူ သြစတြေးလျ နိုင်ငံသား၊ ဗြိတိန်လူမျိုး ကပ္ပတိန် မိုက်ကယ် မိုက်ဟယ်ဂျာကို ငှားရမ်း သွားမည်ဟု စင်ကာပူ ကုမ္ပဏီမှ CEO က အဆိုပါ အလုပ်ရုံ ဆွေးနွေး ပွဲတွင် ပြောကြားခဲ့သည်။

စင်ကာပူ ကုမ္ပဏီမှ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံရှိ သမိုင်းသု တေသနသို့ ထပ်မံ ဆက်သွယ်မှု မရှိသေးကြောင်း၊ ငွေကြေးပိုင်း ဆိုင်ရာ စုဆောင်းနေသည့် အနေ အထား ရှိကြောင်း အဆိုပါ ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြော သည်။

ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေ ရာ၌ ရေအောက်နစ်မြုပ် ပစ္စည်းများ အား အချက်ပြနိုင်သည့် လေ ယာဉ်ပျံ များလွှတ်ကာ လေယာဉ်မှ အချက်ပြသည့် နေရာတွင် ရေငုပ် ၍ ရှာဖွေ သွားမည်ဟု ဆရာ ချစ်စံဝင်း က ထပ်လောင်းပြောသည်။

ဓမ္မစေတီ ခေါင်းလောင်းသည် တန်ချိန်ပေါင်း ၂၉ဝ ရှိပြီး နှစ်ပေါင်း ၅၂ဝ ကျော် ကြာမြင့်ပြီ ဖြစ်သည်။ အဆိုပါ ခေါင်းလောင်းကို ငဇင်ကာက ရွှေတိဂုံ စေတီတော် ရင်ပြင်မှ သန်လျင်သို့ သယ်ယူစဉ် ငမိုးရိပ်ချောင်း အဝ ပန်းအလွဲမြစ် ထဲသို့ ပြုတ်ကျ နစ်မြုပ်ခဲ့ခြင်း ဖြစ် သည်။
Popular Myanmar News Journal
WMT

ဘယ်သူက...လာကယ်မှာလဲဟင်..!!!


FB-ထိထိ မိမိ တစ်ကွက်ကောင်း ကာတွန်း

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com