http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သီရိလင်္ကာမှာ တိုင်းမ် မဂ္ဂဇင်းကို ပိတ်ပင်


၃၀.၀၆.၂၀၁၃ (တနင်္ဂနွေနေ့)
ဇူလိုင်လထုတ် အရှင် ဦးဝီရသူ မျက်နှာဖုံးပါ တိုင်းမ် မဂ္ဂဇင်းကို သီရိလင်္ကာ မှာ တရားဝင် ဖြန့်ချီခွင့် ပိတ်ထား တယ်လို့ ဇွန်၂၉ ရက်နေ့ ထုတ် Mawbima မော်ဘီမာ့ သတင်းစာမှာ ဖော်ပြထား ပါတယ်။

မဂ္ဂဇင်း ဆောင်ပါးဟာ ဗုဒ္ဓဘာသာကို စော်ကားတာ ဖြစ်တယ်လို့ သတင်းစာ မှာ ရေးသားထား ပါတယ်။

မြန်မာနိုင်ငံက ၉၆၉ ဘာသာရေး လှုပ်ရှားမှုနဲ့ သီရိလင်္ကာက ဘာသာရေး အဖွဲ့ အစည်း Bodu Bala Sena ကို နှိုင်းယှဉ် ဖ်ါပြ ထားတာ ဟာလည်း အငြင်းပွား ဖွယ် ဖြစ်တယ်လို့ ဆိုပါတယ်။
BBC Burmese

ယခုနှစ်တွင် ပိတ်ဆို့မှုများ ဖြေလျှော့အပြီး အထည်ချုပ်စက်ရုံ ၁၃ ရုံ တိုးလာ

(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
Saturday, June 29, 2013
ယခုနှစ်အတွင်း အထည်ချုပ် စက်ရုံ ၁၃ရုံ တိုးလာသော်လည်း အဆိုပါစက်ရုံ အားလုံးသည် လက်ခစားစနစ် အပေါ် အခြေပြုသည့် CMP လုပ်ငန်းများသာ ဖြစ်နေကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးခင်မောင်ဦးက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

ယင်းကုမ္ပဏီ ၁၃ ရုံအနက် ရှစ်ရုံအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖြစ်သော်လည် CMP လုပ်ငန်းများသာဖြစ် နေရာအလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာသော်လည်း ပြည်တွင်းအထည်ချုပ်လုပ်ငန်း ကဏ္ဍအမှန်တိုးတက်သည်ဟု မဆိုနိုင်ကြောင်း ဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးခင်မောင်ဦးက ''ဒီနှစ်မှာတိုးလာတဲ့ စက်ရုံတွေထဲမှာ နိုင်ငံ ခြားရင်းနှီးမြုပ်နှံတဲ့ စက်ရုံ ရှစ်ရုံ ပါဝင်ပေမယ့် CMP လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဈေးကွက် အခြေအနေကလည်း အခုချိန်အထိ ဂျပန်က ပဲယူတာ အများဆုံးဖြစ်ပြီးနေတယ် ဈေးကွက်အသစ်ကလဲ ထပ်မရတော့ CMP လုပ်တာ များတာလည်းပါလိမ့်မယ်'' ဟု မဇ္ဈိမ သို့ပြောသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင်အဖြစ် ဝင်ရောက်ထားသည့် နိုင်ငံခြားသားပိုင် အထည်ချုပ်စက်ရုံမှာ ၄၁ ရုံ ရှိခြင်းဖြစ်သော်လည်း ယင်းစက်ရုံများမှာလည်း CMP လုပ်ငန်းများသာ ဖြစ်နေသေးရာ နိုင်ငံ၏ စီးပွားရေး တိုးတက် လာစေရေးအတွက် ထိရောက်သည့် တွန်းအားမဖြစ်သေးကြောင်း စီးပွားရေးလုပ်ငန်း ရှင်များက ပြောကြားသည်။

ကုန်သည်၊စက်မှုအသင်းချုပ် CEC အဖွဲ့ ဝင်တစ်ဦးဖြစ်သူ ဦးနှင်းဦးက''မြန်မာနိုင်ငံရဲ့ အထည်ချုပ်ဈေးကွက် အနေအထားက အ ထည်ချုပ် လက်ခစား ဈေးကွက်လို့ပြောရင်တောင် ပြောရမှာ။ ပြည်တွင်း ထုတ်ကုန် အနေနဲ့မှ မရှိတာ။ CMP ဆိုတာက နိုင်ငံတကာ မှာ ဆင်းရဲတဲ့ နိုင်ငံတွေကပဲလုပ်တာ။ လုပ်ငန်း တိုးလာပေ မယ့် CMP တွေပဲဖြစ်နေရင်တော့ အလုပ်အကိုင် အခွင့်အလမ်းအတွက်ပဲ ကောင်းတယ်။ စီးပွားရေးဖွံ့ဖြိုးဖို့ မလွယ်ဘူး။ နိုင်ငံခြားကုမ္ပဏီ CMP ဆိုရင် ပိုတောင် ဆိုးသေးတယ်။ ပြည်တွင်း လုပ်ငန်းရှင်ဆိုရင် လုပ်ငန်း တိုးတက်လာတဲ့ အားသာချက် ဖြစ်နိုင်တာပေါ့။ တကယ်တော့ အထည်ချုပ်စင်တာကလည်း အားရလောက် စရာ မရှိသေး ပါဘူး''ဟု မဇ္ဈိမသို့ ပြောသည်။

အထည်ချုပ်လုပ်ငန်းများတွင် ကိုရီးယားသည် ပမာဏအများဆုံးဖြစ်ကာ ဒုတိယနေရာမှ ဂျပန်သည် အသစ် ရင်းနှီးမြုပ် နှံခြင်းမရှိပဲ အသစ်ဝင်ရောက်လာသည့် နိုင်ငံစက်ရုံ ရှစ်ရုံတွင် ကိုရီယား လေးရုံနှင့် တရုတ် လေးရုံ ပါဝင်ခြင်းဖြစ်ကြောင်း ယင်းက ပြောသည်။

ဦးခင်မောင်ဦးက ဆက်လက်၍ ''စက်ရုံ တစ်ထောင်ကျော်လောက် ရှိပေမယ့် အသင်းမှာက ၂ဝ ရာခိုင်နှုန်းလောက်ပဲ စာရင်းဝင် တယ်။ ကျန်တာက ကုမ္ပဏီအနေနဲ့ပဲ မြန်မာ့ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှာ စာရင်းရှိတာ။ အသင်းမှာရှိတဲ့ စာရင်းရဲ့ ၈ဝ ရာခိုင်နှုန်း လောက် ကလည်း CMP နဲ့ပဲ လုပ်တာများတယ်'' ဟု ပြောသည်။

၂ဝဝ၃ခုနှစ်တွင် အမေရိကန်နှင့်အီးယူ ၂၇နိုင်ငံအပါအင် နိုင်ငံပေါင်း၃ဝက မြန်မာ နိုင်ငံအား စီးပွားရေး ပိတ်ဆို့ မှု တင်းကြပ်စွာ ချမှတ်လိုက်ခြင်းကြောင့် ယင်းအချိန်တွင် ရှိနေသော စက်ရုံ ၂၇ဝ ကျော်အနက်မှ ထက်ဝက်ကျော် ရပ်ဆိုင်းသွားခဲ့ကာ လုပ်သားပေါင်း ရှစ်သောင်းကျော် အလုပ်အကိုင် ဆုံးရှုံးခဲ့သည်။

ယခုအခါတွင် အီးယူက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းလိုက်ပြီဖြစ်ကာ အမေရိကန်ကလည်း ဖြေလျှော့မှုများပြု လုပ်ထားပြီဖြစ်ခြင်း ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးနယ်ပယ် လုပ်ငန်းကဏ္ဍများအနက် အထည်ချုပ်လုပ် ငန်းသည်ကနဦး ဆုံးဖွံ့ဖြိုးတိုးတက်မည်ဟု ပြည်တွင်းပြည်ပ ပညာရှင်များက သုံးသပ်ထားကြသော်လည်း လက်ရှိအချိန်အထိ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် နိုင်ငံတကာဈေး ကွက်သို့ ထိုးဖောက်တင်ပို့သည့် စက်ရုံများ ဝင်ရောက်ခြင်း မရှိသေးပဲ အခြားသူများ၏ ကုန်အမှတ်တံဆိပ်အား လက်ခစားစနစ် ဖြင့် ချုပ်လုပ်သော လုပ်ငန်းအသေးစားများသာ ဝင်ရောက်လျှက်ရှိသည်။
ထင်လင်းအောင်
Mizzima - News in Burmese

အစားထိုးဝင်ရောက်ရန် အသင့်ရှိဟု Orange ဆို

ရန်ကုန်၊ ဇွန် ၂၉
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် ဆက်သွယ်ရေး အော်ပရေတာတင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေး ကော်မတီက ရွေးချယ်ထားသော လိုင်စင်ရ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုထဲမှ ကုမ္ပဏီတစ်ခုခု အဆင်မပြေမှုများ ရှိခဲ့ပါက ၎င်းတို့ နေရာတွင် အစားထိုး ဝင်ရောက်ရန် အဆင်သင့် ရှိသည်ဟု Orange ကုမ္ပဏီက တရားဝင် ထုတ်ပြန်ကြေညာ လိုက်သည်။

လိုင်စင် ရရှိခဲ့သော ကုမ္ပဏီနှစ်ခု အနေဖြင့် တင်ဒါကော်မတီသို့ တင်ပြထားသော လိုအပ်ချက်များကို ရက် ၁၀၀ အတွင်း ပြည့်မီအောင် မဆောင်ရွက်နိုင်ပါက အစားထိုးရန် အသင့်ရှိနေပြီး အလုံးစုံပြင် ဆင်ပြီး ဖြစ်ကာ စတင်လုပ်ကိုင်ရန်လည်း အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ကုမ္ပဏီဘက်မှ ဆိုသည်။

Orange သည် လွန်ခဲ့သော လအနည်းငယ်က မြန်မာနိုင်ငံအတွက် ဝန်ဆောင်မှုများနှင့် ပတ်သက်သော ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ခြင်း၊ အရောင်းမြှင့် တင်ရေးနှင့် လူထု၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းစသည့် ကိစ္စရပ်များကိုလည်း လေ့လာထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Orange နှင့် ၎င်း၏မိတ်ဖက် ကုမ္ပဏီ Marubeni တို့၏ လုပ်ကိုင် ဆောင်ရွက်ပုံများအပေါ် သဘောကျကြောင်း ပြည်တွင်းရှိ IT ပညာရှင် တစ်ဦးဖြစ်သူ ကိုရဲဝင်းအောင်က ဆိုသည်။

“Orange မှာက နည်းပညာပိုင်း အားသာချက်တွေ အများကြီး ရှိတယ်။ အဆင်သင့် ရှိနေမယ်ဆိုတော့ ရသွားတဲ့ ကုမ္ပဏီတွေကိုလည်း Balance လုပ်ရာ ရောက်တာပေါ့။ လုပ်ချင်တိုင်းလုပ်လို့ မရတော့ဘူးလေ” ဟု သူကမှတ်ချက်ပေးသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းက စတင်၍ Orange နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့သည် အတူတကွ ပူးပေါင်းကာ MPT ၏ ရှိရင်းစွဲ လေလှိုင်း ဆက်သွယ်မှုများနှင့် ကမ္ဘာ့ နိုင်ငံပေါင်းများစွာရှိ နိုင်ငံတကာ လေလှိုင်းဆက်သွယ်မှုများကို ချိတ်ဆက်နိုင်သော ကွန်ရက် (International Roaming) တည်ဆောက်နိုင်ရန် စီစဉ်နေပြီး အဆိုပါ စီမံကိန်းပြီးစီးပါက နိုင်ငံတကာ အဆင့်အတန်းများနှင့် ကိုက်ညီသော လျင်မြန်သည့် လေလှိုင်း ဆက်သွယ်မှုစနစ်ဖြင့် MPT သည် နိုင်ငံပေါင်း ၁၅၀ ခန့်ရှိ ကွန်ရက်များကို လျင်မြန်စွာ ဆက်သွယ် ချိတ်ဆက်နိုင်မည်ဟု Orange ထံမှ သိရသည်။

နိုင်ငံတကာက စိတ်ဝင်စားနေသည့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် တင်ဒါဝင်ရောက် ယှဉ်ပြိုင်မှုတွင် နော်ဝေ အစိုးရနှင့် ပတ်သက်မှုရှိသော Telenor နှင့် ကာတာ အစိုးရပိုင် Q Tel ကုမ္ပဏီတို့ကို ရွေးချယ်ခဲ့ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေး ကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေး ကော်မတီ အနေဖြင့် လိုင်စင် ချထားပေးခြင်း ခံရသော ကုမ္ပဏီများ အကြောင်း အမျိုးမျိုးကြောင့် ရွေးချယ်ခံရသည့် တာဝန်ကို မထမ်းဆောင်နိုင်ပါက အစားထိုး အနေနှင့် ပြင်သစ် တယ်လီကွန်း Orange နှင့် Marubeni ကော်ပိုရေးရှင်းတို့ ပူးတွဲကုမ္ပဏီကို အရန်အဖြစ် ရွေးချယ်ထားသည်။
The Voice Weekly

ရိုက်ကွင်းတွင် ဘုန်းကြီးပင့်ထား ရိုက်ကူးရသောဇာတ်ကား ဇူလိုင်လ ၅ ရက် ရုံတင်မည်

ရန်ကုန်၊ ဇွန် ၂၉
ရန်ကုန် -နေပြည်တော် အမြန်လမ်းပေါ် မိုင်တိုင်၂၆ တွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု တစ်ခုကို အခြေခံ ရိုက်ကူးထားသော မိုင်တိုင်၂၆ ဇာတ်ကားကို ဇူလိုင်လ ၅ ရက်နေ့က စတင်ပြီး တော်ဝင်စင်တာမှာ ရုံတင် ပြသတော့မယ်လို့ ယင်းဇာတ်ကားရဲ့ သရုပ်ဆောင်လည်းဖြစ်၊ ထုတ်လုပ်သူလည်း ဖြစ်တဲ့ ခွန်းဆင့်နေခြည်က ပြောပါတယ်။

“တကယ်ဖြစ်ခဲ့တဲ့ နေရာမှာဆိုတော့ ပရလောကရဲ့ အနှောင့်အယှက် ပေးတာတွေ၊ မသိမသာ ခြောက်ခံရတာမျိုးလေးတွေ ကြုံရတယ်။ ရိုက်ကွင်းမှာ နေ့တိုင်း ဘုန်းကြီးတစ်ပါးကို ပင့်ထားပြီး ရိုက်ကူးခဲ့ရတယ်” လို့ သူကဆိုပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးကာ သူထူးစံနဲ့ ခွန်းဆင့်နေခြည်တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ မိုင်တိုင် ၂၆ ဇာတ်ကားကို ပြည်ပမှာ ရုံတင်ပြသဖို့အထိ ရည်ရွယ်ထားတဲ့အတွက် အရုပ်နဲ့ အသံပိုင်းကို သေချာပြင်ဆင် ထားပါတယ်လို့ ခွန်းဆင့် နေခြည်က ပြောပါတယ်။

နေပြည်တော် အမြန်လမ်းမ မိုင်တိုင် ၇၆ မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုအပေါ် ဇာတ်လမ်းဆင်ထားသော ဒါရိုက်တာမောင်မျိုးမင်း ရိုက်ကူးပြီး သရုပ်ဆောင် မင်းအုပ်စိုး၊ ခွန်းဆင့်နေခြည်၊ လင်းဇာနည်ဇော်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားပေါ်မှာ လိုက်လာတယ် ဇာတ်ကားမှာလည်း ပရိသတ်များကြား အောင်မြင်မှု ရရှိခဲ့သည်။
The Voice Weekly

ပခုက္ကူတွင် တစ်ရက် ပေ ၈၀ခန့် ဧရာဝတီမြစ်ရေ တိုက်စား၊ ဒေသခံများ ပြောင်းရွှေ့ရန် လိုအပ်ဟုဆို

ပခုက္ကူ၊ ဇွန် ၂၉
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် မြင်းကျွန်းအုပ်စု မရိုးကုန်းကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုမှာ တစ်ရက်လျှင် ပေ ၈ဝ ခန့်ရှိလာ၍ ဒေသခံမိသားစုများ ပြောင်းရွှေ့ရန်မြေနေရာ အရေးတကြီး လိုအပ်လျက်ရှိကြောင်း အဆိုပါကျေးရွာ မြေနေရာ ရရှိရေးကော်မတီဝင် ဦးစိုးဝင်းက ပြောကြားသည်။

အဆိုပါ မရိုးကုန်းကျေးရွာတွင် အိမ်ထောင်စု ၉၇စု နေထိုင်လျက်ရှိရာ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းခန့်က စတင်၍ မြစ်ရေတိုက်စားမှု စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လ ၂၄ ရက်နေ့ နောက်ပိုင်းတွင် ပိုမိုဆိုးရွားစွာ တိုက်စားလာ သည့်အတွက် လတ်တလောတွင် ဒေသခံအိမ်ထောင်စု ၂၀ ကို နီးစပ်ရာ ကျေးရွာ မြေနေရာများ၌ ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိသည်ဟု ၄င်းကပြောကြားသည်။
"ကျွန်တော်တို့ရွာက ကမ်းနဲ့ ပေ ၃၅၀ လောက်ဝေးတယ်။ ဇွန်လ ၂၄ ရက် လောက်ကစပြီး တစ်ရက် ပေ ၈၀ လောက် တိုက်စားလာလို့ နောက်လလောက်ဆိုရင် တစ်ရွာလုံးပြောင်းဖို့ အနီးစပ်ဆုံး မြေနေရာမှာ မြေဝယ်နေရတော့မယ်" ဟု ၄င်းက ဆိုသည်။

ယင်းဒေသတွင် နှစ်စဉ် မြစ်ရေ တိုက်စားမှုကြောင့် လယ်ယာမြေဧက တစ်သောင်းခန့် ဆုံးရှုံးနစ်နာလျက် ရှိကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အလားတူ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ပခုက္ကူမြို့နယ် တင်ဂတ် ကျေးရွာအုပ်စုရှိ ထနောင်းကုန်း၊ ရှားတော၊ ရာကျော်၊ လက်ပံခုံ၊ ကြားကျွန်း ကျေးရွာ တို့နှင့် မြင်းကျွန်းကျေးရွာ အုပ်စုရှိ သိမ်ကုန်းကျေးရွာ တို့တွင်လည်း ကမ်းပါးပြိုမည့် အန္တရာယ်နှင့် ရင်ဆိုင်ရလျက် ရှိကြောင်း အဆိုပါကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

"အဲဒီရွာတွေက အခု လောလောဆယ် မြစ်ကြောင်းတိုးနေလို့ ကမ်းပြိုတဲ့နှုန်း များနေတယ်။ မြစ်ကမ်းက ဆက်တိုးနေမယ် ဆိုရင် နောက်တစ်လလောက်မှာ မဖြစ်မနေ ပြောင်းပေးရမယ်" ဟု ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ဆိုသည်။

ကမ်းပါးပြိုမည့် အန္တရာယ်နှင့် ရင်ဆိုင်ရလျက် ရှိသော အဆိုပါကျေးရွာများ ပြောင်းရွှေ့ရေးအတွက် စီမံချက်များ ရှိထားပြီးဖြစ်ရာ အနီးဝန်းကျင် ကျေးရွာများရှိ မြေနေရာလွတ်များကို သင့်တင့်သည့် ဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ရန် ညှိနှိုင်း ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ၄င်းက ပြောကြားသည်။
The Voice Weekly

အလိုအလျောက် ကားပါကင်ထိုးနိုင်မည့် Volvo နည်းပညာသစ်

Volvo မော်တော်ကား ကုမ္ပဏီသည် အလိုအလျောက် ကားပါကင် ထိုးနိုင်မည့် နည်းပညာတစ်ရပ်ကို စမ်းသပ်တီထွင်လျှက် ရှိပြီး အထိုက်အလျောက် အောင်မြင်မှု ရရှိနေကြောင်း သိရှိရသည်။ အဆိုပါ နည်းပညာအရ ယာဉ်မောင်း မပါဘဲနှင့် မော်တော်ကားသည် အလိုအလျောက် ယာဉ်ရပ်နားမည့် နေရာကို ရှာဖွေကာ ပါကင်ထိုးနိုင်မည်ဟု ဆိုသည်။

Volvoသည် အလိုအလျောက် မောင်းနှင်စနစ်နှင့် အာရုံခံ နည်းပညာတို့ကို ပေါင်းစပ်ပြီး လူမပါဘဲ ပါကင်ထိုးပေးမည့် အစီအစဉ်ကို လက်တွေ့ အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။ ဆွီဒင် ကားကုမ္ပဏီကြီးက တာဝန်ယူ လုပ်ဆောင်နေသော နည်းပညာအရ ကျဉ်းမြောင်းသည့် နေရာလွတ်တွင်ပင် အဆင်ပြေပြေ အလိုအလျောက် ပါကင်ထိုးနိုင်မည်ရန် စိတ်ကူး ပုံဖော်လျှက် ရှိသည်။

Volvoသည် ယာဉ်မောင်းများတွင် တွေ့ကြုံရတတ်သည့် ပါကင်ပြဿနာကို ဖြေရှင်းရန် ယခုနည်းပညာကို တီထွင်လာခြင်း ဖြစ်သည်။ လူတစ်ဦးသည် ကားပေါ်မှ ဆင်းလိုက်ပြီးနောက် မိမိဦးတည်သည့် ဆိုင်ခန်းဖြစ်စေ၊ အိမ်ခန်းဖြစ်စေ၊ အလုပ်ခွင်ကိုဖြစ်စေ သွားရောက်ပြီးနောက် မော်တော်ကားကမူ ပါကင်နေရာသို့ အလိုအလျောက် သွားရောက်ကာ နေရာလွတ်တွင် အဆင်ပြေပြေ ဝင်ရောက် ရပ်တန့်သွားမည် ဖြစ်သည်။

ယင်းကဲ့သို့ ပါကင်ထိုးရာတွင် နံဘေးဝန်းကျင်ရှိ ကားများကို ထိခိုက်မှု မရှိအောင် လုံခြုံစွာ၊ ချောမွေ့စွာဖြင့် လုပ်ဆောင်နိုင်မည်ဟုလည်း သိရသည်။ Volvoက ယာဉ်ပိုင်ရှင်သည် အဆိုပါ စနစ်ကို စတင်သက်ဝင်စေရန်အတွက် မိမိ၏ စမတ်ဖုန်းဖြင့်ပင် ခိုင်းစေ ညွှန်ကြားနိုင်အောင် ဖန်တီးထားကြောင်း ဆိုသည်။ Volvoသည် အလိုအလျောက် ပါကင်ထိုးသည့် စနစ်ကို ယခုသီတင်းပတ်အတွင်း အတည်ပြု စမ်းသပ်ရန် စီစဉ်ထားသည်။

"ယာဉ်မောင်းက ကားအပြင်ကို ထွက်ပြီးတာနဲ့ မော်တော်ကားက ပါကင်နေရာမှာ သွားရပ်မယ်။ ယာဉ်မောင်း ပြန်ထွက်လာရင် ပထမ ရပ်ထားတဲ့ နေရာမှာ ကားက အလိုလို လာကြိုပါမယ်"ဟု Volvo၏ အကြီးတန်း လုံခြုံရေး အကြံပေး အရာရှိ သောမတ်စ် ဘရိုဘာ့ဂ်က ပြောကြားခဲ့သည်။

မော်တော်ကားတွင် တပ်ဆင်ထားမည့် အာရုံခံ စနစ်သည် ကားနှင့် ပတ်ဝန်းကျင် ပါကင်နေရာ အကျယ်အဝန်းတို့ကြား အကွာအဝေး ခြားနားချက်ကို တွက်ချက်သိရှိနိုင်သည်။ Volvoသည် (၂၀၁၄) နှစ်ကုန်ပိုင်းတွင် ထုတ်လုပ် ရောင်းချမည့် Volvo XC90 မော်ဒယ်လ် မော်တော်ကားများတွင် အလိုအလျောက် ထိန်းချုပ်စနစ်ကို စတင် ထည့်သွင်းပေးရန်လည်း စီစဉ်နေကြောင်း သိရှိရသည်။
Planet Myanmar Network





ပြင်ဦးလွင်မြို့တွင် ယနေ့နေ့လယ်က ပေါက်ကွဲမှုဖြစ်ပွား

30.6.2013
ပြင်ဦးလွင်မြို့လယ်တွင်ယနေ့နေ့လယ် ၁နာရီခွဲခန့်ကပေါက်ကွဲမှုတစ်ခုဖြစ်
ပွားခဲ့ကြောင်း ပြင်ဦးလွင်ဒေသခံများထံမှသိရသည်။

ပြင်ဦးလွင်မြို့ လားရှိုး-မန္တလေးလမ်းနှင့် ၈ပေခန့်အကွာ ဈေးလေးအနီး
နေမင်းဂျုံစက်အရှေ့ဘက်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်တွင်
ကပ်ထားသည့် ဗုံးမှ ပေါက်ကွဲသည်ဟု ယူဆရကြောင်း၊ပေါက်ကွဲမှုကြောင့်
တပ်ကြပ်ကြီးတစ်ဦးနှင့် ဗိုလ်လောင်းသင်တန်းသားတစ်ဦးထိခိုက်ခဲ့ကြောင်း၊
ဆိုင်ကယ်မှာ ရစရာမရှိအောင် စုတ်ပျက်သွားကြောင်းမျက်မြင်တွေ့ရှိသူ
များက ပြောသည်။

"အုန်းအသံကျယ်ကြီးကြားရတယ်။ ကျွန်တော့်ရှေ့တင်ဖြစ်သွားတာ။ထိခိုက်
သူတွေကို လူနာတင်ကားနဲ့ခေါ်သွားတာတွေ့တယ်။ ဗုံးက ဆိုင်ကယ်မှာ
ကပ်ထားပုံရတယ်။ တခြားထိခိုက်တာတော့မတွေ့ဘူး။ တပ်ကြပ်ကြီးက
နောက်စေ့ကိုထိသွားတာတွေ့တယ် ဟုပြင်ဦးလွင်ဒေသခံ ကိုနေမျိုးက ပြော
သည်။
Popular Myanmar News Journal

အေဒီ ၁၀ ရာစုနှင့် ၁၁ ရာစုလက်ရာ ကြာပန်းပွင့် ပုံသဏ္ဍန် ဘုန်းတော်ကြီး ကျောင်းတော်တစ်ခု ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ်တွေ့ရှိ

၂၇ ဇွန် ၂၀၁၃
အေဒီ ၁၀ ရာစုနဲ့ ၁၁ ရာစု အကြား ပါလ မင်းဆက်က တည်ထားကိုးကွယ်ခဲ့တယ်လို့ ရှေးဟောင်း သုတေသန ပညာရှင်တွေက ယူဆထားတဲ့ ကြာပန်းပွင့် သဏ္ဍန်ကျောင်းတော် တစ်ခုကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ ရှာဖွေ တူးဖေါ် တွေ့ရှိခဲ့ပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ ကျောင်းတော်နဲ့ ဘုရားဆင်းထုတော်တွေ ဖြစ်ပါတယ်။ (ဓါတ်ပုံ- Star)
ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ ရှေးခေတ်က တည်ဆောက် ကိုးကွယ်ထားခဲ့တဲ့ ဘုန်းတော်ကြီးကျောင်း အများအပြားကို ယခင်က ရှာဖွေ တူးဖေါ်ခဲ့ရာမှာ ကျောင်းတော်တွေအားလုံးဟာ လေးထောင့် စတုရန်း (မဟုတ်ရင်) သုံးထောင့် (မဟုတ်ရင်) ထောင့်မှန် စတုဂံပုံစံမျိုး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် ကြာပန်းပွင့်ပုံသဏ္ဍာန် အုတ်တွေနဲ့ တည်ဆောက်ထားတဲ့ ဒီကျောင်းတော်ဟာ ပထမဆုံး ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ တူးဖေါ်တွေ့ရှိတာ ဖြစ်ပြီး အလွန်ထူးခြားတယ်လို့ ရှေးဟောင်းသုတေသနဌာန အရာရှိတွေက ပြောပါတယ်။

ဒီကျောင်းတော်ထဲက ကြေးသွန်း ဘုရား ဆင်းထုတော် (၁၄) ဆူကိုလည်း တစ်ခြား ရှေးခေတ် အနုပညာလက်ရာတွေနဲ့ အတူ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခု တူးဖေါ်တွေ့ရှိတဲ့ ကျောင်းတော်ဟာ ဂျာဂါဒေလ် ဗုဒ္ဓ ၀ိဟာ ( Jagaddal Buddhist Bihar) ဖြစ်ပြီး Naogaon ခရိုင် မြို့ကနေ  ၆၅ မိုင် အကွာ အိန္ဒိယနယ်စပ်နဲ့ ကပ်နေတဲ့ ဒေသအအတွင်းမှာ တည်ရှိပါတယ်။

ကျောင်းတော် တူးဖေါ်ရာ ရှေးဟောင်း သုတေသန အဖွဲ့ဝင် တစ်ဦးလည်းဖြစ်၊ ပါဟာပူရ် ဗုဒ္ဓ ရှေးဟောင်းပြတိုက် အုပ်ချုပ်ရေးမှူးလည်း ဖြစ်တဲ့ မစ္စတာ Mahbub UL Alam ပြောတာကတော့ ဂျာဂါဒေလ် ကျောင်းတော် တူးဖေါ်ရာကနေ အထူးရှားပါးတဲ့ ဗုဒ္ဓ ပန်းပု လက်ရာ ဆင်းထုတော်တွေကို ရှာဖွေ တွေ့ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရှေးခေတ် အုတ်ခဲတွေ၊ နှမ်းဖတ်ကျောက် အပါအ၀င် Black Stone တွေနဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦးပုံတွေနဲ့ အတူ အခန်း ၄ ခန်းပါတဲ့ ကျောင်းတော်ကိုလည်း အဲဒီနေရာမှာ ရှာဖွေ တွေ့ရှိတယ်လို့ သူက ပြောပါတယ်။

တန်ဖိုး မဖြတ်နိုင်တဲ့ ကျောက်မျက်ရတနာတွေ၊ အလှဆင်ယင်ထားးတဲ့ ကျောက်တုံး အပိုင်းအစတွေ၊ မြေအိုးခွက် အကျိုးအပိုင်းတွေကိုလည်း တွေ့ရှိတယ်လို့ ပြောပါတယ်။

ဒီကျောင်းတော်ကို ပါလမင်းဆက်က အေဒီ ၁၀ ရာစုနဲ့ ၁၁ ရာစုမှာ တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ ခန့်မှန်းထားပြီး ဒီကျောင်းတော်ဟာ ကြာပန်းပွင့် သဏ္ဍန် တည်ဆောက်ထားတာ ဖြစ်တဲ့ အတွက်  ဂျာဂါဒေလ် ကျောင်းတော် အစစ်ဖြစ်တယ်လို့ ပြောပါတယ်။

ဒီကျောင်းတော်ကို ၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ ၁ ရက်နေ့က စတင် တူးဖေါ်ခဲ့ပြီး ဒီနှစ် ဖေဖေါ်ဝါရီလထိ တူးဖေါ်ခဲ့တယ်လို့ ပြောပါတယ်။  ၁၉၉၆နဲ့ ၁၉၉၇ အကြားမှာ တစ်ကြိမ်နဲ့ ၁၉၉၇ ကနေ ၁၉၉၈ အကြားမှာ တစ်ကြိမ် တူးဖေါ်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ တူးဖေါ်တုန်းကလည်း တန်ဖိုးကြီးမားတဲ့ ရှေးဟောင်း အနုပညာ လက်ရာတွေ အမြောက်အများကို ရှာဖွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဂျာဂါဒေလ် မဟာဝိရကျောင်းတော်ဟာ ပါလ နောက်ဆုံးမင်းဆက်ထဲက မင်းတစ်ပါး ဖြစ်တဲ့ ရမ်ပါလ မင်းက အေဒီ (၁၀၇၇ နဲ့ ၁၁၂၀) အကြားမှာ တည်ဆောက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရှေးဟောင်း သုတေသန ပညာရှင်တွေက ခန့်မှန်ထားပါတယ်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတွေ အများအပြားကို မြေကြီးထဲကနေ အခုအခါ ရှာဖွေ တူးဖေါ် တွေ့ရှိနေတဲ့ အတွက် ဒီနိုင်ငံဟာ တချိန်က ဗုဒ္ဓ ဘာသာ အကြီးအကျယ် ထွန်းကားခဲ့ရာ ဒေသ တစ်ခု ဖြစ်နိုင်တယ်လို့ ရှေးဟောင်းသုတေသီတွေက ခန့်မှန်းထားကြပါတယ်။

ဒီသတင်းကို ၂၀၁၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် The Daily Star သတင်းစာမှာ Ancient artifacts found in Naogaon ခေါင်းစီးနဲ့ ရေးသားထားပါတယ်။
နိရဉ္စရာ

ရခိုင် သရုပ်ဆောင် တစ်ဦး မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမူနှင့် ဖမ်းဆီးခံရ

ရခိုင်အမျိုးသား ရုပ်ရှင် သရုပ်ဆောင် တစ်ဦးဖြစ်သူ ဘုန်းလျှံသည် မူးယစ်ဆေးဝါး လက်ဝယ် ထားရှိမူနှင့် ဖမ်းဆီးခံခဲ့ရကြောင်း Myit Makha Mediagroup သတင်းတွင် ဖေါ်ပြသည်။

ဇွန် ၂၈ ရက်နေ့က မူးယစ်အထူးအဖွဲ့မှ သတင်းအရ ရုပ်ရှင်သရုပ်ဆောင် ဘုန်းလျှံ ခေတ္တနေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ သာယာဝတီလမ်း၌ရှိသော Inn တစ်ခု အတွင်းသို့ ၀င်ရောက်ရှာဖွေရာမှ မူးယစ်ဆေးဝါများကို  ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

သူနှင့်  အဖော်ဖြစ်သူ ဦးမောင်ထွန်းလှ ဆိုသူတို့ နေထိုင်ရာ အခန်းထဲရှိ ခရီးဆောင် လက်ဆွဲ အိတ်အတွင်းတွေ့ရှိသော Red Ruby စီးကရက်ဗူး ခွံတစ်ခုထဲမှ  WY စာတမ်းပါရှိသော လိမ္မော်ရောင် စိတ်ကြွဆေးပြား (၄၇)ပြား၊ အစိမ်း ရောင် (၂) ပြား၊စုစုပေါင်း (၄၉)ပြားကို ရှာဖွေတွေ့ရှိသည်ဟု ဆိုသည်။

၎င်းနောက် ဘုန်းလျှံနှင့်အတူ နေထိုင်သူ ဦးမောင်ထွန်းလှ အိပ်သော ကုတင်ခေါင်းရင်းမှ ဂျာနယ်ခေါက်ထဲ၌ တိပ်အကြည်ဖြင့်ကပ်ပြီး ထုတ်ထားသော  အဖြူရောင် တစ်ရှုး စက္ကူအတွင်း ပလတ်စတစ်အိတ် အတွင်းမှလိမ္မော်ရောင် စိတ်ကြွဆေးပြား(၉၉)ပြားအား ထပ်မံ ရှာ တွေ့ရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါအခန်းအတွင်းတွင် စိတ်ကြွဆေးပြားများနှင့်အတူ စိတ်ကြွဆေးပြား သုံးစွဲရာတွင်  အသုံးပြုရသော ရေသန့် ဘူးဘေးဘက်တွင် ပိုက်တပ်လျက်နှင့်(၆)လက်မခန့်ရှိ ခဲပြား (၂)ပြား၊မီးခြစ် (၁)လုံးတို့ကိုသိမ်းဆည်းရမိပြီး စုစု ပေါင်းစိတ်ကြွဆေးပြား ကျပ်(၇)သိန်းလေးသောင်းဖိုးခန့် ဖမ်းဆီးရမိကြောင်းသတင်းတွင် ဖေါ်ပြထားသည်။

ဗဟန်းမြို့နယ်ရဲစခန်းမှ သရုပ်ဆောင် ဘုန်းလျှံနှင့်အဖော်ဖြစ်သူ ဦးမောင်ထွန်းလှတို့အား ယခုအခါ မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲစေသောပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမူဖွင့်အရေးယူထားကြောင်း သိရသည်။
Narinjara

ကနေဒါနိုင်ငံမှာ ၈ လေးလုံးညီလာခံ ဆက်လက်ကျင်းပ

2013-06-29      
ကနေဒါနိုင်ငံ တိုရွန်တိုမြို့ မှာ ဆက်လက်ကျင်းပနေတဲ့ ၈ လေးလုံး ၂၅ နှစ်ပြည့်ညီလာခံမှာ ဇွန်လ ၂၉ ရက်နေ့ မနက်မှာတော့ မြို့ တော်ခန်းမမှာ စတင်ပြုလုပ်နေပြီး မနက်ပိုင်းအစီအစဉ်မှာ ကနေဒါနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌါနရဲ့ ပါလီမန်ဆိုင်ရာ အတွင်းရေးမှူး Lois Brown တက်ရောက်ခဲ့ပြီး ကနေဒါဝန်ကြီးချုပ် Steven Harper ရဲ့ သဝဏ်လွှာ၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Jason Kenning ရဲ့ သဝဏ်လွှာတွေ ဖတ်ကြားသွားပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဖွံ့ ဖြိုးရေးနဲ့  အပြောင်းအလဲတွေအတွက်ကို အရေးကြီးတဲ့အဆင့်တွေ ဆောင်ရွက်နေတာတွေ ရပါတယ်။ ဒါပေမယ့် ဒီအပြောင်းလဲတွေ ဆက်ပြီးတိုးတက်လာဖို့ အတွက် ဆောင်ရွက်စရာတွေ အမြောက်အများ ကျန်နေပါသေးတယ်။ ဒီညီလာခံတက်လာသူ အားလုံးကလည်း မြန်မာပြည်သူတွေ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေးတွေအတွက် ကိုယ်စားပြုဆောင်ရွက်နေကြတယ်လို့လဲ နားလည်သဘောပေါက်ပါတယ်လို့  ဝန်ကြီးချုပ်ရဲ့သဝဏ်လွှာကို ဖတ်ပြသွားတာပါ။

ကနေဒါနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးရဲ့ သဝဏ်လွှာမှာလဲ ဒီညီလာခံကျင်းပတာဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုရေစီရေးတိုက်ပွဲအတွက် စွန့်လွှတ်အနစ်နာခံမှုတွေကို အမှတ်တရဖြစ်စေတယ်လို့ ပြောဆိုသလို၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုကို ထောက်ပံ့နေတာဖြစ်တဲ့အကြောင်း၊ ကနေဒါနဲ့  မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်နေတာလို့ မျှော်လင့်တဲ့အကြောင်း၊ ဒီကြိုးစားမှုတွေကြောင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့  ဒီမိုကရေစီရလာမယ်လို့ မျှော်လင့်တဲ့အကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ညီလာခံကို ကနေဒါနိုင်ငံရဲ့ လေဘာပါတီခေါင်းဆောင် Justin Trudeau ကလဲ သဝဏ်လွှာပေးပို့လိုက်သလို၊ ABSDF ကျောင်းသားတပ်မတော်ကလည်း သဝဏ်လွှာ ပို့လိုက်ပါတယ်။

ညီလာခံနေ့လည်ပိုင်းမှာ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ကိုရောက်နေတဲ့ မြန်မာနိုင်ငံက ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုမင်းဇေယျာ၊ ကိုအံ့ဘွယ်ကျော်နဲ့ ကိုပြုံးချို၊ ဘန်ကောက်မြို့ကိုရောက်နေတဲ့ ကိုနေမျိုးဇင်တို့ကလဲ အင်တာနက်ကနေတဆင့် ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
RFA (မြန်မာပိုင်း)

အိုဘားမား မင်ဒဲလားမိသားစုနှင့်သာ တွေ့ဆုံမည်

ပရက်တိုးရီးယား၊ ဇွန် ၂၉။
သမ္မတအိုဘားမားသည် ၎င်း၏သူရဲကောင်းမင်ဒဲလားအားတွေ့ဆုံရန် တောင်အာဖရိကသို့ ရောက်ရှိနေပြီဖြစ်သော်လည်းအသည်းအသန် ဖြစ် နေသည့် သမ္မတဟောင်းအားတွေ့ဆုံမည်မဟုတ်ဘဲ မိသားစုဝင်များနှင့်သာ ယနေ့တွေ့ဆုံမည်ဖြစ်သည်။

အိမ်ဖြူတော်က သမ္မတသွားရောက်မည့် အစီအစဉ်အသေးစိတ်ကို ထုတ်ပြန်ထားခြင်းမရှိဘဲ
မိသားစုနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်အတိုတစ်ခုထုတ်ပြန်ခဲ့ပြီး အိုဘားမားနှင့်ဇနီးတို့သည် အခက်အခဲကြုံနေရသည့် မိသားစုအား ၎င်းတို့၏ အတွေးများနှင့် ဆုတောင်းများ
ထုတ်ဖော်ပြောကြားသွားမည်ဖြစ်ကြောင်းပါရှိသည်။

“မင်ဒဲလားငြိမ်းချမ်းသက်သာစေမှုရေးနှင့် မိသားစုအလိုအရ သမ္မတ ဆေးရုံသို့ သွားရောက်လည်ပတ်မည်မဟုတ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သမ္မတအိုဘားမားက တောင်အာဖရိကသို့လေယာဉ်ဖြင့် သွားရောက်စဉ်သတင်းထောက်များအား မင်ဒဲလားအား၎င်းနှင့် ဇနီးသည်၊ သမီးများ အား တွေ့ခွင့်ပေးသောကြောင့် ကျေးဇူးတင်ကြောင်း ပြောကြားသည်။

အိုဘားမားသည် ၂၀၀၅ခုနှစ် အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ် မင်ဒဲလားနှင့်တွေ့ဆုံခဲ့စဉ်က ပုံကို အိမ်ဖြူတော်ကိုယ် ပိုင်ရုံးခန်းတွင် ချိတ်ထားသည်။

“ဓာတ်ပုံတစ်ပုံရရေးလာတာမဟုတ်ပါဘူး၊ မိသားစုတွေ မင်ဒဲလားအခြေအနေကို စိုးရိမ်နေချိန်မှာ ကျွန်တော် နောက်ဆုံးလုပ်ဆောင်ချင်တာ ကတော့ ဘယ်လိုနည်းနဲ့မဆိုသိသာစေချင်တာပါပဲ” ဟု အိုဘားမားက ဆိုသည်။

အိုဘားမားသည် မင်ဒဲလားတက်ရောက်နေသည့် ဆေးရုံနှင့် မိုင်အနည်းငယ်သာဝေးကွာသည့်နေရာသို့ ရောက်ရှိမည်ဖြစ်သည်။

သမ္မတအိုဘားမားသည် တောင်အာဖရိကသမ္မတနှင့် နှစ်ဦးချင်းတွေ့ဆုံခြင်း၊ သတင်းထောက်များနှင့်တွေ့ဆုံခြင်းများကို မင်ဒဲလား၂၇နှစ်ကြာ ထောင်ကျခံရပြီးနောက် ၁၉၉၄ ခုနှစ်တွင် ပထမဆုံးလူမည်းသမ္မတအဖြစ် ခန့်အပ်ပွဲပြုလုပ်ခဲ့သည့် ပြည်ထောင်စု အဆောက်အအုံတွင် ပြု လုပ်ခဲ့သည်။

အိုဘားမားက အခွင့်အရေးတန်းတူမရရှိခြင်းကြောင့် ထောင်ချခံရသည့် လှုပ်ရှားတက်ကြွသူ၏
အသက်စွန့်တိုက်ပွဲဝင်နိုင်သည့်စိတ်သည် ၎င်း၏ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုများတွင်လွှမ်းမိုးခဲ့ကြောင်း ပြောကြားသည်။

အိုဘားမားက မင်ဒဲလားဘဝမှ သင်ခန်းစာများမှ ရရှိသည့် ၎င်း၏စကားသည် “အာဖရိကတွင်ပြည်သူများသည် မျိုးနွယ်စုအရ၊ လူမျိုးအရ၊ ဘာသာအရကွဲပြားနေမှုအစား စုစည်းကြလျှင် အာဖရိက၏တိုးတက်မှုသည် ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း”  ပြောကြားသည်။

“သူ့ကိုတိုက်ရိုက်မပေးရဘဲ မိသားစုဆီပြောပြမယ့်အဓိက စကားကတော့ နှစ်တွေအကြာကြီး သူ့ခေါင်းဆောင်နိုင်မှုကို ရိုးစင်းစွာ ကျေးဇူးတင် တယ်ဆိုတာရယ် ပြီးတော့ အမေရိကန်ပြည်သူတွေရဲ့ ဆုတောင်းသံတွေ အတွေးတွေဟာ သူနဲ့ သူ့မိသားစု သူ့တိုင်းပြည်နဲ့အတူ ရှိနေတယ်ဆို တာတွေလို့ ထင်ပါတယ်” အိုဘားမားက တောင်အာဖရိကသို့လာရာလမ်းတွင် ပြောကြားသည်။

အိုဘားမားသည် စနေနေ့မွန်းလွဲပိုင်းတွင် ဆိုဝက်တို နယ်မြေသို့သွားရောက်ပြီး လူမျိုးရေးခွဲခြားမှုတိုက်ပွဲဝင်ခဲ့ခြင်းများကို အလေးအမြတ်ပြု မည် ဖြစ်သည်။ ဆိုဝက်တိုမြို့နယ်တွင် လွန်ခဲ့သည့် ၂၇ နှစ် ဇွန်လအတွင်း လူမျိုးခွဲခြားအုပ်ချုပ်သောအစိုးရကို လူငယ်များ ဆန့်ကျင်ဆန္ဒပြကြရာ အနည်းဆုံး လူငယ် ၁၇၆ ဦးသေဆုံးခဲ့သည်။

၎င်းလှုပ်ရှားမှုကြောင့် ခွဲခြားမှုကို ဆန့်ကျင်ရာတွင် နိုင်ငံတကာကူညီပေးမှုများရှိလာစေခဲ့ပြီး
တောင်အာဖရိကတွင် ယခုအခါ ဇွန်လကို လူငယ် လအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။

အိုဘားမားသည် တောင်အာဖရိကတွင် တနင်္ဂနွေနေ့ထိနေမည်ဖြစ်ပြီး
အမေရိကန်-အာဖရိကန်ပေါ်လစီနှင့်စပ်လျဉ်း၍ ကိပ်တောင်း တက္ကသိုလ် တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကာ မင်ဒဲလား အကျဉ်းကျခံခဲ့ရာထောင်သို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။
Ref:AP
မြန်မာ့ခေတ်

စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များအား TOW TRUCK ဖြင့် ဖမ်းဆီးသယ်ဆောင်

မန္တလေး-ဇွန်၂၉
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စက်ရုံနှင့် မော်တော်ယာဉ်ဌာနမှ ၀န်ထမ်းများနှင့် အခွန်ဌာနမှ ၀န်ထမ်းများ ပူးပေါင်း၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ယာဉ်မရပ်ရနယ်မြေ (ဖြူနီကြား) ဆေးသုတ်ထားသော နေရာများ၌ စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များအား TOW TRUCK ဖြင့် ဖမ်းဆီးသယ်ဆောင်လျက်ရှိကြောင်း
Mandalay City Development Committeeမှသိရသည်။
Popular Myanmar News Journal

တစ်နှစ်အတွင်း စိတ်ကြွဆေးပြား အလုံးရေ သိန်း ၇၀ ကျော် ဖမ်းဆီးရမိ

ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြား အထုပ်များကို တွေ့ရစဉ်
Sunday, 30 June 2013
တစ်နှစ်အတွင်း ပြည်တွင်း၌ စိတ်ကြွမူးယစ်ဆေးပြား အရေအတွက် စုစုပေါင်း ၇၀၆၄၀၉၈ ကို ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီးများနှင့် ပြည်နယ်တို့ရှိ မူးယစ် (အထူး) ဌာနတို့မှ သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးပြား စုစုပေါင်း သိန်း ၇၀ ကျော်မှာ မြန်မာနိုင်ငံတစ်ဝန်း ၂၀၁၂ ခုနှစ် ဇွန် ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇွန် ၂၆ ရက်ထိ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးပြားများဖြစ်ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးရေး ဗဟိုဌာနမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနသာင်္ရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် အတွင်းတို့မှ စိတ်ကြွမူးယစ်ဆေးပြား ၈၄၂၈၇၇၊ ရှမ်းပြည်နယ် (တောင်၊ မြောက်၊ အရှေ့) နှင့် ကယားပြည်နယ်တို့မှ စိတ်ကြွမူးယစ်ဆေးပြား ၅၆ သိန်းကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းတို့မှ စိတ်ကြွမူးယစ်ဆေးပြား ၆၂၁၂၂၁ ဒသမ ၅ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးရေး ဗဟိုဌာနမှ ဌာနမှူးရဲမှူးကြီး မြင့်သိန်းက "ကျွန်တော်တို့ အနေနဲ့ မူးယစ်ဆေးဝါးနဲ့ ထိန်းချုပ်ဓာတု ပစ္စည်းတွေကို သုံးစွဲတဲ့သူတွေ၊ ရောင်းဝယ်ဖောက်ကား ဖြန့်ချိတဲ့သူတွေ၊ နောက်ကွယ်က ကျူးလွန်တဲ့ သူတွေကို ထိထိရောက်ရောက် ဖမ်းဆီးဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ယခုလက်ရှိ ကာလမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတွေနဲ့ တခြားမြို့ကြီးတွေမှာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို အလွယ်တကူ ၀ယ်ယူရရှိနေတယ်။ ဒါတွေကို ထိထိရောက်ရောက် နှိမ်နှင်းဖို့ဆိုရင် ပြည်သူတွေ သတင်းပေးတိုင်ကြားပြီးတော့ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ထို့အပြင် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ၀င်းထွန်းက "ဘိန်းနဲ့ဆက်စပ် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေရဲ့ နောက်ကွယ်မှာ နယ်စပ်ဒေသတွေမှာရှိတဲ့ တရားမ၀င် ရောင်းဝယ်သူတွေနဲ့ တရားမ၀င် လက်နက်ကိုင် အဖွဲ့စည်းတွေ ပါဝင်နေပါတယ်။ လူငယ်နဲ့ လူလတ်ပိုင်း အချို့က စိတ်ကြွဆေးပြားတွေကို ရှူတယ်၊ ဘိန်းစိမ်းကို ချောင်းဆိုးပျောက်ဆေးရည် ရောစပ်ပြီးတော့ ဖေါ်မြူလာအဖြစ် အသုံးပြုနေကြပါတယ်" ဟု ပြောကြားခဲ့သည်။
Eleven Media Group

အမြန်လမ်းတွင် သစ်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား

နေပြည်တော်မှ ရန်ကုန်သို့ အပြန် အမြန်လမ်း မိုင်တိုင် ၂၂ အနီးတွင် ယနေ့ ညနေ ၆နာရီခွဲခန့် အချိန်က သစ်ခိုးတင်ဆောင်လာသည် ဟု ယူဆရသည့် အမှတ်တံဆိပ် မသိရသေးသော luxury (minivan) အမျိုးအစားယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ ဒဏ်ရာရရှိမှု အခြေအနေနှင့် ဖြစ်စဉ်တို့ကို အသေးစိတ်သိရှိရခြင်းမရှိသေးပေ။
ပြည်သူ့ခေတ်



ဂစ်တာတီး လူငယ်အဖွဲ့ကို ဆိုင်ကယ်စီး လူငယ်အဖွဲ့က ဝင်ရိုက်ရာမှ စီးပွားရေးတက္ကသိုလ် ကျောင်းသားတစ်ဦး သေဆုံး

မုံရွာ၊ ဇွန် ၂၇
မုံရွာမြို့၏ တက္ကသိုလ်ကြီးများသို့ သွားရာ လမ်းမကြီးဖြစ်သော ကျောက္ကာလမ်းမကြီး ဘေးရှိ အမျိုးသမီး ဘော်ဒါဆောင် တစ်ဆောင်ရှေ့တွင် ဇွန်လ ၂၅ ရက်နေ့ ညပိုင်း ၁၀ နာရီ ၃၀ မိနစ်ခန့်က ဂစ်တာထိုင်တီးနေသော လူငယ်အဖွဲ့ကို ဆိုင်ကယ် စီးလာသည့် လူငယ်အဖွဲ့က ဝင်ရိုက်ရာမှ အသက် ၂၁ နှစ်အရွယ် စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား မောင်အောင်ဝိုင်းချစ်သူ သေဆုံး ခဲ့ကြောင်း မိသားစုဝင်များနှင့် မုံရွာမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

သေဆုံးသူသည် အင်းတော်မြို့နယ် မော်သစ်ကျေးရွာအုပ်စု ရွာသာရွာတွင် နေထိုင်ပြီး ညီအစ်ကိုသုံးဦး ရှိသည့်အနက် ဒုတိယသားဖြစ်ကာ တိုင်းရင်းဆေးရုံ လမ်းမဘေးရှိ ပြင်ပဆောင်တွင် နေထိုင်၍ စီးပွားရေးတက္ကသိုလ် တက်နေခြင်း ဖြစ်ကြောင်း၊ သားဖြစ်သူ သေဆုံးခြင်းကို မုံရွာမြို့ပေါ်ရှိ ဆွေမျိုးသားချင်းများက အကြောင်းကြား၍ သိရှိခဲ့ရပြီး ဇွန်လ၂၇ ရက် နေ့နံနက် ၉ နာရီတွင် မုံရွာ မြနန္ဒာသုသာန်တွင် သဂြုင်္ိဟ်ခဲ့ကြောင်း ၎င်း၏ မိခင်က ပြောကြားသည်။

“ညပိုင်း ၈ နာရီလောက်က ထမင်းစား သွားမယ်ဆိုပြီး ထွက်သွားတာပဲ။ အဆောင်က ကောင်လေး တစ်ယောက်ကိုတော့ ဒီည အဆောင်ပြန်မအိပ်ဘူးလို့ ပြောသွားတယ်၊ ကျွန်မက စာသင်နေတော့ ကျွန်မကို လာမပြောဘူး။ အဲဒီညပိုင်း ၂ နာရီလောက်မှ ရဲအရာရှိတွေ ရောက်လာပြီး မောင်အောင်ဝိုင်း ချစ်သူ ဆုံးပြီဆိုတဲ့ အကြောင်း လာပြောမှ ဆုံးမှန်း သိရတယ်” ဟု သေဆုံးခဲ့သည့် နောက်ဆုံးနှစ် ကျောင်းသား နေထိုင်ခဲ့သည့် အဆောင်ပိုင်ရှင်က ဆိုသည်။

လူငယ်ရှစ်ဦးသည် မုံရွာ စီးပွားရေးတက္ကသိုလ်အနီး ကျောက္ကာ လမ်းမဘေးရှိ ရွှေမင်းသမီး အမျိုးသမီးဆောင် ရှေ့တွင် ဂစ်တာတီးနေစဉ်၊ ဆိုင်ကယ်လေးစီးဖြင့် အမည်မသိ လူ ၁၀ ဦး ရောက်လာပြီး အသင့် ယူဆောင်လာသည့် သစ်သားများဖြင့် ရိုက်နှက်ကြရာ ဂစ်တာတီးနေသူ များအနက် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မုံရွာမြို့ အမှတ် (၂) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဘာရန်ငြိုးမှ မရှိဘဲ ဒီလိုအသတ်ခံရတဲ့ သူတွေက တက္ကသိုလ် အနီးအနား ဝန်းကျင်တွေမှာ ဖြစ်နေတာ အရင်က သာဓကတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကျောင်းတက်တုန်းက ဆိုလည်း ညဆိုအပြင် မထွက်ဝံ့ဘူး” ဟု မုံရွာတက္ကသိုလ် ကျောင်းသားဟောင်း တစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ဖြစ်စဉ်မျိုးမှာ ယခင်ကာလများ ကလည်း ဖြစ်ခဲ့ဖူးပြီး လွန်ခဲ့သော သုံးလခန့်ကလည်း မုံရွာ စီးပွားရေးတက္ကသိုလ် အနီးတွင် ယခုကဲ့သို့ပင် သစ်ပင်အနောက်မှ ကွယ်၍ ဆိုင်ကယ် စီးသွားသူတစ်ဦး အရိုက်ခံခဲ့ရကြောင်း မုံရွာ စီးပွားရေးတက္ကသိုလ်မှ ဆရာတစ်ဦးက ပြောကြားသည်။
The Voice Weekly

မိမိအပါအ၀င် အစိုးရ ၀န်ကြီးများ မဟုတ်တာလုပ်တာ သေချာပါက တရားစွဲဆိုရန် သမ္မတရုံးဝန်ကြီး တိုက်တွန်း

Sunday, 30 June 2013
မိမိအပါအ၀င် အစိုးရ၀န်ကြီးများ မဟုတ်တာလုပ်တာ သေချာပါက တရားစွဲဆိုရန် သမ္မတရုံးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဇွန် ၂၉ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု ၀န်ကြီးများနှင့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။

အစိုးရသစ်သက်တမ်း နှစ်နှစ်တာ ကာလအတွင်း မီဒီယာ လွတ်လပ်ခွင့်နှင့် ၀န်ကြီးများ၏ ပြောဆိုမှုများအပေါ် ရေးသားချက်များနှင့် ပတ်သက်၍ ယင်းကဲ့သို့ ပြည်ထောင်စု ၀န်ကြီးများသည် မမှန်မကန် လုပ်ရပ်များရှိသည်မှာ သေချာလျှင် တရားစွဲဆိုနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက "ဟိုတစ်ခါ debate မှာ မေးသလို ကျွန်တော်တို့ မီဒီယာ လွတ်လပ်ခွင့်က အမေရိကန်လိုဖြစ်ဖို့ နည်းနည်းလိုဦးမယ်။ အရှေ့တောင်အာရှမှာ ကြည့်မယ်ဆိုရင် စင်ကာပူတို့၊ ဗီယက်နမ်တို့ တရုတ်တို့ထက်သာတာ တွေ့ရတယ်။ ယခင်ကထက်စာရင် အခုကျွန်တော်တို့ကို တွေ့လို့ရတယ်။ မေးလို့ရတယ်။ အရင်တုန်းက ဘယ်ရမလဲ။ ခင်ဗျားတို့လည်း ရေးလို့ရတယ်။ ဒါပေမယ့် ဖြတ်သန်းလာတဲ့ နှစ်နှစ်တာမှာ တစ်ခါတလေ တစ်ပိုင်းတစ်စလေးနဲ့ ကျွန်တော်တို့ ဒုက္ခရောက်သွားတာတွေ ရှိသလို တစ်ခါတလေကျရင် ကျွန်တော်တို့ကို နာမည်မဖော်ရုံတစ်မယ် စွပ်စွဲတာတွေကြတော့ သတိပြုဖို့လိုတယ်။ သေချာတယ်ဆိုရင် တရားစွဲလိုက်ပါ။ ဘယ်ဝန်ကြီး၊ ဘယ်အသိုင်းအ၀ိုင်းက ဘာတွေမဟုတ်တာ လုပ်နေတယ်ဆိုတာ သေချာရင် တရားစွဲလိုက်ပါ။ ဒါကောင်းတာပေါ့။ ထင်ယောင်ထင်မှားကျတော့ မီဒီယာနဲ့ ရန်ဖြစ်ရတာ ဘယ်ကောင်းမလဲ" ဟု ပြောကြားသည်။

အစိုးရ ၀န်ထမ်းများ၏ လစာနှုန်းထား ဖော်ပြမှုများတွင် ပြည်ထောင်စု ၀န်ကြီး၏ တရားဝင်လစာမှာ ၆၀၀၀၀၀ ဖြစ်ပြီး ဒုတိယ ၀န်ကြီးတစ်ဦး၏ လစာမှာ ၄၅၀၀၀၀ ဖြစ်သည်။ ထို့ပြင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ အနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သမ္မတထံ တင်ပြထားပြီး ဖြစ်ကြောင်းလည်း ကြားသိရပါသည်။ သို့သော်လည်း နိုင်ငံတကာနည်းတူ ယင်းကဲ့သို့ အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၏ ပိုင်ဆိုင်မှု အလုံးစုံကို အများပြည်သူသို့ တရားဝင်ထုတ်ပြန် ကြေညာထားခြင်း မရှိသေးကြောင်းလည်း သိရသည်။
Eleven Media Group

မြန်မာ တစ်နိုင်ငံလုံးတွင် ဘင်္ဂါလီ မွတ်စလင်ဦးရေ ၁ ဒသမ ၃၃ သန်းရှိပြီး ရခိုင်ပြည်နယ် တစ်ခုတည်းတွင် ၁ ဒသမ ၀၈ သန်းရှိ

Sunday, 30 June 2013
လက်ရှိ စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် ဘင်္ဂါလီ မွတ်စလင်ဦးရေ ၁ ဒသမ ၃၃ သန်းရှိပြီး ရခိုင်ပြည်နယ် တစ်ခုတည်းတွင် ၁ ဒသမ ၀၈ သန်းရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇွန် ၂၉ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု ၀န်ကြီးများနှင့် မီဒီယာ တွေ့ဆုံပွဲတွင် ပြောကြားသည်။

မီဒီယာ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် သတင်းထောက် တစ်ဦးက လက်ရှိပြည်တွင်းရှိ ဘင်္ဂါလီ မွတ်စလင် အရေအတွက် မည်မျှရှိကြောင်း မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက "နှစ်စဉ် အောက်တိုဘာလ ၁ ရက်နေ့တိုင်း လူဦးရေစာရင်း ထုတ်ပြန်လေ့ ရှိပါတယ်။ နောက်ဆုံး ၂၀၁၂ အောက်တိုဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ လူဦးရေ ၆၀ ဒသမ ၉၈ သန်းလို့ ထုတ်ပြန်ထားပါတယ်။ ယနေ့ကောက်ထားတဲ့ အခြေအနေအရ မြန်မာပြည် တစ်ပြည်လုံးမှာ ဘင်္ဂါလီ မွတ်စလင်ဦးရေ ၁ ဒသမ ၃၃ မီလျံ ရှိပါတယ်။ ရခိုင်တစ်ခုတည်းမှာ ၁ ဒသမ ၀၈ မီလျံ ရှိပါတယ်။ ဒါလက်ရှိ စာရင်းအရပါ" ဟု ပြောကြားသည်။

နောက်ဆုံး ၂၀၁၂ အောက်တိုဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ လူဦးရေ ၆၀ ဒသမ ၉၈ သန်းလို့ ထုတ်ပြန်ထားပါတယ်။ ယနေ့ကောက်ထားတဲ့ အခြေအနေအရ မြန်မာပြည် တစ်ပြည်လုံးမှာ ဘင်္ဂါလီ မွတ်စလင်ဦးရေ ၁ ဒသမ ၃၃ မီလျံ ရှိပါတယ်။ ရခိုင်တစ်ခုတည်းမှာ ၁ ဒသမ ၀၈ မီလျံ ရှိပါတယ်။ ဒါလက်ရှိ စာရင်းအရပါ . . . . .

ရခိုင်ဒေသရှိ ဘင်္ဂါလီများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပါ Criterial များနှင့် ကိုက်ညီပါက သတ်မှတ်ထားသည့် ကတ်ပြားတစ်ခုခု ရရှိမှာဖြစ်ကြောင်း ဦးခင်ရီက ဆက်လက်ပြောကြားသည်။

ယခုလာမည့် ရွေးကောက်ပွဲတွင် အဆိုပါ ကတ်ပြားတစ်ခုခု ရရှိထားသည့် ဘင်္ဂါလီများ အနေဖြင့် မဲပေးခွင့် ရှိ၊ မရှိ ဆိုသည်မှာ ရွေးကောက်ပွဲ ကော်မရှင်၏ သတ်မှတ်ချက် အပေါ်တွင်သာ မူတည်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ထိုသို့ အစိုးရမှ တရားဝင် ထုတ်ပြန်ခဲ့သည့် ဘင်္ဂါလီ မွတ်စလင် လူဦးရေ စာရင်းအရ မြန်မာနိုင်ငံ အတွင်းရှိ အစ္စလာမ်ဘာသာ ကိုးကွယ်သူဦးရေသည် ယခင်ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ လူဦးရေ၏ လေးရာခိုင်နှုန်းမျှ ရှိသည်ဆိုသည့် ပမာဏထက် ပိုမိုများပြားနိုင်ဖွယ် ရှိနေကြောင်း သုံးသပ်နေကြသည်။
Eleven Media Group

ချောင်လည်ပါတယ် ဆရာ...


FB-Kyaw Soe Moe

သံဃာတော် ၁၅၀၀ ကျော် ထောက်ခံမှုဖြင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်း

ရန်ကုန်၊ ဇွန် ၂၈
သံဃာတော်အပါး ၁၅၀၀ကျော်၏ ထောက်ခံမှုဖြင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ဇွန်လ ၂၇ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲနှင့် ဦးဆောင် ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အရှင်စန္ဒာသီရိက မိန့်ကြားသည်။

အဆိုပါ အဖွဲ့တွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ရွာမပရိယတ္တိ စာသင်တိုက် (အင်းစိန်)၊ နိုင်ငံတော် သြဝါဒစရိယ အဂ္ဂမဟာ ပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တ တိလောကာဘိဝံသ တာဝန်ယူမည် ဖြစ်ပြီး သံဃာတော် အပါး ၆၁ ပါးဖြင့် ကနဦး ဖွဲ့စည်းလိုက်ကြောင်း၊ ဥပဒေပညာရှင်များနှင့် လူပုဂ္ဂိုလ်များကိုလည်း ထည့်သွင်း ဖွဲ့စည်းရန် စီစဉ်ထားကြောင်း ၎င်းက ထပ်မံမိန့်ကြားသည်။

“နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို ခွင့်ပြုချက် တောင်းခံဖို့ စီစဉ်နေတယ်” ဟု အရှင်စန္ဒာသီရိက မိန့်ကြားသည်။

အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်တွင် ဇွန်လ ၂၇ရက်နေ့က ပြုလုပ်သော သံဃာတော်အပါး ၁၅၀၀ ကျော် တက်ရောက်ခဲ့သည့် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြဝါဒခံယူပွဲနှင့် ဦးဆောင် ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲတွင် သံဃာတော်များ ထောက်ခံမှုဖြင့် အဆိုပါအဖွဲ့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ပဋိပက္ခ မဖြစ်ရန် အသိပညာပေး တားဆီးရန်၊ နိုင်ငံသားများ ညီညွတ်မှု၊ စည်းကမ်းရှိမှုဖြင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး စည်းရုံးရန်၊ အမျိုးဘာသာ သာသနာကို တရားဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်း ရန်ရည်ရွယ်ကာ ယင်းအဖွဲ့အစည်းကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း၊ သာသနာ ပြန့်ပွားစေရန် ဟောပြောခြင်း၊ သင်တန်းပေးခြင်းများကို ဓမ္မနှင့်အညီ လုပ်ဆောင်ရန်၊ အသိအမြင်၊ အတွေးအခေါ်၊ ပညာရေး မြင့်မားရေး လုပ်ငန်းများကို ဆောင်ရွက်ရန်၊ မျိုးစောင့် ဥပဒေတစ်ရပ် ထွက်ပေါ်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။

ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ တိုင်းမ်မဂ္ဂဇင်း ဖော်ပြချက်ကဲ့သို့ အလားတူ ပြဿနာများတွင် နိုင်ငံတကာကို ဖြေရှင်းနိုင်ရေးနှင့် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ဦးဆောင်လမ်းညွှန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းသင့်ပြီး ယင်းကော်မတီတွင် နိုင်ငံတကာ အသိအမြင်ရှိသည့် လူပုဂ္ဂိုလ်များကို ထည့်သွင်းရန် သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာအရှင်ဉာဏိဿရက ယင်းတွေ့ဆုံညှိနှိုင်း အစည်းအဝေးတွင် အကြံပြု တိုက်တွန်းခဲ့သည်။

အဆိုပါ အစည်းအဝေး အပြီးတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကို ဖွဲ့စည်းရန် ထောက်ခံရေး၊ မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး၊ အရှင်ဝီရသူ The Face of Buddhist Terror ဆောင်းပါးကို ဖော်ပြခဲ့သည့် တိုင်းမ် မဂ္ဂဇင်းကို အပြင်းအထန် ကန့်ကွက်ရေး၊ နိုင်ငံတော် အစိုးရနှင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့တို့က အမျိုးဘာသာ သာသနာရေးတွင် အကူအညီပေးရေး၊ ပဋိပက္ခ မဖြစ်ပွားရန် ဝိုင်းဝန်း ထိန်းသိမ်းရေး အချက်ငါးချက် ပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

တိုင်းမ်မဂ္ဂဇင်း ဖော်ပြချက်နှင့် ပတ်သက်၍ သံဃာတော်များက သည်းခံ၊ ခွင့်လွှတ်ရန် မေတ္တာရပ်ခံခဲ့ပြီး မဟုတ် မမှန်သည့် အကြောင်းကို မဟုတ်ကြောင်း ပြန်လည်ရှင်းလင်းရန်၊ ဟုတ်မှန်ပါက ဟုတ်မှန်ကြောင်း ဝန်ခံရန် လိုအပ်ကြောင်း ဒေါက်တာအရှင်ဉာဏိဿရက ယင်းအခမ်းအနားတွင် မိန့်ကြားသည်။
Living Color ၊ ကောင်းဆက်နိုင်
The Voice Weekly

နောင်ချိုမြို့နယ်ရဲစခန်းမှ ဖမ်းဆီးထားသော တောင်သူ (၄)ဦးကို အာမခံဖြင့် ပြန်လွတ်လာ

နောင်ချို၊ ဇွန် ၂၈။
နောင်ချိုမြို့နယ်ရဲစခန်းမှ ဖမ်းဆီးထားသော တောင်သူ လေးဦးအား (၂၇)ရက်နေ့ နံနက် ကိုးနာရီခွဲအချိန်တွင် ၎င်းတို့၏ကျေးရွာမှ ရွာသား သုံးဦးစီမှ အာမခံပေးသဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

လယ်ယာမြေများအတွင်း ဝင်ရောက်လုပ်ကိုင်ခြင်းကြောင့် အဖမ်းခံရသောရွာသားများအား ပြန်လွတ်ပေးရန် ဇွန်လ၂၆ရက်နေ့၌ နောင်ချိုမြို့နယ် ရဲစခန်းရှေ့တွင် ရွာ ၆ရွာမှ တောင်သူ လေးရာခန့်စုဝေးပြီး တောင်းဆိုသဖြင့် ဇွန်လ ၂၇ရက်နေ့ နံနက်တွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အာမခံပေးမည့် ရွာသားများအား နောင်ချိုမြို့နယ်၊ ရဲစခန်းသို့ (၂၇)ရက်နေ့နံနက် ကိုးနာရီတွင်
ခေါ်ဆောင် ပြီး ဇူလိုင်လ ဆယ်ရက်နေ့တွင် တရားရုံးသို့ လာရောက် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ မလာရောက်ပါက ငွေဆယ်သိန်း လျော်ရမည်ဖြစ်ကြောင်း အာမခံခိုင်းကာ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ထပ်မံသိရသည်။

ထိုသို့လွတ်မြောက်လာသူများမှ ဦးထွန်းအောင် က “ကျွန်တော်အခုပဲ လွတ်လာတယ်။ ကျွန်တော့်ကို မနေ့က ယာတဲမှာ မနက် (၇း၁၅)မှာ လက်ထိပ်ခတ်ပြီး ခေါ်သွားတာ။ ပြီးတော့ သေနတ်တွေနဲ့လည်း
မိသားစုအားလုံးကို ချိန်ထားတော့ ကျွန်တော်က  မိသားစုတွေ ကြောက်မှာစိုးလို့ လိုက်မယ်ဆိုပြီး လိုက်သွားတာ စခန်းရောက်တော့ စခန်းမှူးက အချုပ်ထဲ ထည့်ထား လိုက်တော့တာပါပဲ”ဟု ပြောကြားသည်။

“သူတို့ကိုဖမ်းတဲ့ ဥပဒေက ခြေချုပ်နဲ့ ခံဝန်ဥပဒေနဲ့ဖမ်းတာ။ ဒီဥပဒေက ကျမသိသလောက်ဆို ခိုးဆိုးနေတဲ့ ခြေသလုံး အိမ်တိုင်တွေကို စွဲတဲ့ ဥပဒေပဲ။ အခုဟာက နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းကနေ တိုးတက်အောင် ကူညီပေးနေတဲ့ တောင်သူတွေကို ဒီဥပဒေနဲ့ စွဲတယ်ဆိုတော့ တစ်ခုခုတော့ လွဲနေတယ် ထင်တယ်”ဟု တောင်သူများဘက်မှ မြေယာကိစ္စလိုက်လံ ဆောင်ရွက်ပေးသူ တစ်ဦးက ပြောကြားသည်။

ယင်းသို့ လွတ်မြောက်လာပြီးနောက် တောင်သူလေးဦးအား နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု
ရဲစခန်းသို့ လာရောက်ရန် ဖုန်းဖြင့် ခေါ်ဆိုကြောင်း၊ စခန်းသို့ ရောက်သောအခါ ယနေ့ ဇွန်လ၂၈နေ့တွင် ပြန်လည်လာရောက်ရန်နှင့် အမှုကိုအပြီးပြတ် ဆောင်ရွက်ပေးမည်ဟု ပြောဆိုလိုက် သော်လည်း ညနေငါးနာရီ အချိန်ထိ မပြီးပြတ်သေးကြောင်း သိရသည်။

တောင်သူများမှ မိမိတို့စားဝတ်နေရေး ကျပ်တည်းမှုနှင့် မိုးဦးကျအမီ စိုက်ပျိုးရမည်ဖြစ်သဖြင့် နိုင်ငံတော်မှ ကော်ဖီစီမံကိန်းဟုဆိုကာ ပုဂ္ဂလိက လုပ်ငန်းရှင်များအား ရောင်းချထားသော မိမိတို့လယ်ယာမြေများပေါ်တွင် ဝင်ရောက်လုပ်ကိုင်ကြခြင်းကြောင့် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။
စိုင်းကံသာ
မြန်မာ့ခေတ်

ရန်ကုန်မြို့ကမ်းနားလမ်းတွင် ရေနံများထွက်ရှိ

ရန်ကုန်၊ ဇွန် ၂၈။
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အတွင်းရှိ ကမ်းနားလမ်းနားနှင့် (၇)လမ်းထောင့်တွင် မြို့တော်စည်ပင်မှ လမ်းများတိုးချဲ့လျက်ရှိသော မြေများတူးဖော်နေသည့် နေရာတွင် ရေနံများ ထွက်ရှိနေကြောင်း မြို့တော်စည်ပင်မှ ယင်းနေရာသို့ ရောက်ရှိနေသော တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီနားမယ် မြေတူးတာက အရင် ပထမပတ်လောက် ကတည်းက မိုးရွာတော့ ရေတွေများနေလို့ ထားခဲ့တာ။ ဒီနေ့မှ ၁၁နာရီလောက်က အလုပ်ဆက်လုပ်ဖို့ ရေခပ်ထုတ်တော့ ရေနံတွေ ထွက်နေတာကို တွေ့တာ။ ရေတွေနဲ့ ရောနေသေးတော့ ရေနံစိမ်းလား ရေနံဆီလား မသိသေးပါဘူး ”ဟု မြေတူးအလုပ်သမား ကြီးကြပ်ရေးမှူး ကိုအောင်ထွေးက ပြောကြားသည်။

လွန်ခဲ့သောတစ်ပတ် မြေတူးစဉ်ကတည်းက ရေနံအနံ့ ရရှိခဲ့ပြီး ယင်းနေရာ အနီးရှိ မီးစက်မှ ရေနံများ
ယိုစိမ့်နေသည်ဟု ထင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ အလုပ်သမားများ ရေပက်ထုတ်သော အခါတွင်
ရေနံထွက်နေသော နှစ်လက်မခန့် အပေါက်နှစ်ပေါက်ကို မြင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရေနံထွက်ရှိရာ နေရာနှင့် ကပ်လျက်ရှိသော ဈေးဆိုင်မှ ဒေါ်တင်တင်အေးက ပြောကြားသည်။

ယနေ့နေ့လည် ၁၁နာရီခန့်မှ စတင်ခပ်ထားသော ၎င်းရေရောရာ ရေနံများသည် ယခုညနေ ၇နာရီခန့် အချိန်ထိ ဆီပေပါ ငါးလုံးခန့်ရရှိထားပြီဖြစ်ကြောင်း သိရသည်။ ယင်းနေရာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်သော အနေဖြင့် မီးသတ်ကားနှစ်စီး အဆင်သင့် ထားရှိထားကြောင်းလည်း သိရသည်။
အောင်သိုက်

ကျောက်လာဝယ်သူ တရုတ်နိုင်ငံသားနှစ်ဦး သိန်း ၁၅၀ တန်ဖိုးရှိ ကျောက်များ ခိုးယူဟုဆို

မန္တလေး၊ ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ပတ်ကုန်းဝန်းကျင် ရပ်ကွက်ရှိ အောင်သပြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးဆိုင်သို့ ကျောက်လာဝယ်သူ တရုတ်နိုင်ငံသားနှစ်ဦး ကျပ်သိန်း ၁၅၀ တန်ဖိုးရှိ ကျောက်မျက်ထည်များခိုးယူမှု ဇွန်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု အဆိုပါ ကျောက်မျက်ရတနာဆိုင်၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်က တရုတ်နိုင်ငံသား နှစ်ဦးသည် ပတ္တမြားအပွင့်ထဲမှ အရည်ကောင်းကို ဝယ်ယူရန် ကျပ်သိန်းတစ်ရာခန့် တန်ဖိုးရှိ နီလာ၊ စိန်ပတ်လည် လက်စွပ်တစ်ကွင်း နှင့် ကျပ်သိန်း ၅၀ တန်ဖိုးရှိ ကျောက်စိမ်း၊ စိန်၊ ရွှေပါဆွဲသီးတစ်ခု ကြည့်ရှုပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးသည် ဆိုင်တာဝန်ခံကို ဗီဇာကတ်ဖြင့် ဝယ်ယူ၍ ရမည်လားဟုမေးပြီး ပြန်လာမည်ဟု ပြောကာ ထွက်သွားပြီးနောက် ယင်းကဲ့သို့ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံသိရှိရသည်။

"အခု ရဲက လိုက်နေတုန်းပဲ ရှိသေးတယ်။ အမှုဖွင့်ထား ပါတယ်" ဟု အောင်သပြေ ကျောက်မျက်ရောင်းဝယ်ရေး ဆိုင်လုပ်ငန်းရှင် ဦးကျော်ကျော်ခိုင်က The Voice သို့ ပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးကို ဆိုင်အရောင်း တာဝန်ခံက ချမ်းအေးသာစံမြို့နယ် အမှတ်(၃)ရဲစခန်း တွင် တရားလိုပြု၍ အမှုအမှတ် (ပ)၃၀၁/၂၀၁၃၊ ပုဒ်မ ၃၈၀ အရ အမှုဖွင့် တိုင်တန်းထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဖြိုးဖြိုးဇော်
The Voice Weekly

မန္တလေး NDF ပါတီ မျိုးစောင့်ဥပဒေ ပေါ်ထွက်ရေး လှုပ်ရှားမှုပြုလုပ်

မန္တလေး၊ ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF) က အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ဆရာတော်များ စီစဉ်နေသော မျိုးစောင့်ဥပဒေ ပေါ်ထွက်ရေး အဆိုကို ထောက်ခံသည့် လှုပ်ရှားမှုတစ်ခု မန္တလေး ခရိုင်လေးမြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ယင်းပါတီထံမှ သိရှိရသည်။

"ကျွန်တော်တို့ မန္တလေး လေးမြို့နယ် မှာ မျိုးစောင့်ဥပဒေကို ထောက်ခံခြင်းနဲ့ တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်တဲ့ Campaign လုပ်ပါတယ်။ ထောက်ခံကြောင်းနဲ့ ဆန့်ကျင် ရှုတ်ချကြောင်း ပါတဲ့ စာရွက်တစ်သောင်းခန့် ဝေပါတယ်" ဟု ယင်းပါတီ ဗဟိုကော်မတီဝင် မန္တလေးတိုင်းဒေသကြီး လူငယ်တာဝန်ခံ ဦးစည်သူအောင်က The Voice သို့ ပြောကြားသည်။

ယင်းပါတီမှ အဖွဲ့ဝင်အင်အား ၅၀ ခန့်သည် ပုသိမ်ကြီး၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ချမ်းမြသာစည် မြို့နယ်တို့ရှိ ဈေးနှင့် လူစည်ကားသည့် နေရာများတွင် ယင်းအစီအစဉ်ကို ပြုလုပ်ခဲ့ကြောင်း ၄င်းက ဆိုသည်။

တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့ခိုင်မြဲလာသော မြန်မာနိုင်ငံသား အများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာအပေါ် အထင်အမြင် လွဲမှားစေပြီး လက်ရှိ ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံ ညီညွတ်ရေးအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေမှုကို ထိခိုက်စေခြင်း၊ ဖြူစင်သန့်ရှင်း လွတ်လပ်ပွင့်လင်း သည့် မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းသော ဘာသာ တရားကို အကြမ်းဖက်ဝါဒီ အဖြစ် အရုပ်ဆိုး အကျည်းတန်အောင် ရေးသားချက်များ အားလုံးကို အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီက ရဲဝံ့ပြတ်သားစွာ ရှုတ်ချကန့်ကွက်ကြောင်းနှင့် NDF ပါတီမှ လွှတ်တော်ကိုယ် စားလှယ်များ လွှတ်တော်အသီးသီးသို့ တင်ပြ၍ သဘောထား ကြေညာချက် တစ်ရပ် အမြန်ထုတ်ပြန်ပေးရန် တင်ပြသွားမည့် အဆိုကို ကြိုဆိုပါကြောင်း ယင်းပါတီက ပြုလုပ်သည့် လှုပ်ရှားမှုတွင် ဖြန့်ဝေသောစာ၌ ဖော်ပြပါရှိသည်။
The Voice Weekly

ကမ္ဘာ့ပထမဆုံး အာကာသစူးစမ်းလေ့လာရေး စက်ရုပ် Kirobo





အာကာသ စူးစမ်းလေ့လာရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် စကားပြောတတ်သည့် စက်ရုပ်လေး တစ်ရုပ်ကို ပထမဆုံး အသုံးပြုသွားရန် စီစဉ်နေကြောင်း သိရှိရသည်။ Kiroboဟု အမည်ပေးထားသော စက်ရုပ် အငယ်စားလေးသည် နိုင်ငံတကာ အာကာသ အေဂျင်စီ (ISS)တွင် တာဝန်ထမ်းဆောင်နေသော နက္ခတ်ဗေဒ ပညာရှင်များနှင့် စကားလက်ဆုံ ကျနိုင်မည်ဟု ဆိုသည်။

Kiboဟူသော ဂျပန် စကားနှင့် ဆက်နွယ်ပြီး အမည်ပေးထားသည့် စက်ရုပ်လေးများသည် အမြင့် (၃၄)စင်တီမီတာသာ ရှိမည်ဟုဆိုသည်။ Kiboဆိုသော စကားလုံးသည် ဂျပန်ဘာသာအရ မျှော်လင့်ချက်ဟု အဓိပ္ပါယ်ရသည်။ ယင်းစက်ရုပ်ငယ်လေးအနက် ပထမဆုံး တစ်ရုပ်သည် ဩဂုတ်လတွင် ဂျပန်နိုင်ငံမှ နက္ခတ်ဗေဒ ပညာရှင် တစ်ဦးနှင့်အတူ အာကာသတွင်း သွားရောက် ချိတ်ဆက်မည် ဖြစ်သည်။

ပညာရှင်များက Kiroboသည် အာကာသ စူးစမ်းလေ့လာရေး လုပ်ငန်းစဉ်များတွင် အမှန်တကယ် အကူအညီ ပေးနိုင်မည်ဟု ယုံကြည်လျှက် ရှိသည်။ Kiroboကို ဂျပန်နိုင်ငံတွင် မိတ်ဆက် ပြသခဲ့ရာ သွက်လက်ချက်ချာစွာ စကားပြောနိုင်သလို သတင်းထောက်များ၏ မေးမြန်းမှုများကိုလည်း ရည်ရည်မွန်မွန် ဖြေဆိုခဲ့သည်။

ပြည်သူ့ဆက်ဆံရေးနှင့် ကြော်ငြာ လုပ်ငန်းစု Dentsuနှင့် တိုကျိုတက္ကသိုလ်တို့သည် Robo Gargaeနှင့် Toyota ကော်ပိုရေးရှင်းတို့ကို ချိတ်ဆက်ပူးပေါင်းကာ ယခုစက်ရုပ်ငယ်လေးကို သုတေသနပြု ဖန်တီးခဲ့ခြင်း ဖြစ်သည်။ "ရုရှားက အာကာသထဲ အရင်ဆုံး ရောက်ခဲ့သူတွေ ဖြစ်တယ်။ အမေရိကန်တွေက လပေါ်ကို ပထမဆုံး ခြေချခဲ့တယ်။ ဒီတော့ ကျွန်တော်တို့ကလည်း ဂျပန်တွေဟာ လူသားတွေနဲ့ ဆက်သွယ် ပြောဆိုနိုင်တဲ့ ပထမဆုံး စက်ရုပ် နက္ခတ်ဗေဒ ပညာရှင်ကို အာကာသထဲ လွှတ်ပေးနိုင်သူတွေ ဖြစ်ချင်တယ်လေ"ဟု Kirobo ပရောဂျက်၏ မန်နေဂျာဖြစ်သူ ယိုရီချီကာ နီရှီဂျာမာက ပြောကြားခဲ့သည်။

Kiroboသည် (၁၃)လက်မသာ မြင့်ပြီး (၁)ကီလိုဂရမ် ဝန်းကျင်သာ အလေးချိန်ရှိသည်။ သတင်းထောက်များက Kirobo၏ အိပ်မက်ကို မေးမြန်းခဲ့ရာ "စက်ရုပ်နဲ့ လူသားတွေ အတူတကွ ယှဉ်တွဲနေထိုင်နိုင်တဲ့ အနာဂတ် တစ်ခုကို ဖန်တီးသွားချင်တာပါ"ဟု ဖြေဆိုသွားသည်။
Planet Myanmar Network

ပညာခေတ်...ပညာခေတ်နဲ့


Cartoon ကာတွန်း

လက်ကိုင်ဖုန်းပြောဆိုခ များ တစ်မိနစ်လျင် ၅ ကျပ် နှုန်းအထိ ကျဆင်းလာနိုင်ဟု ဆက်သွယ်ရေး ဒု ၀န်ကြီးဆို

ဇွန်၊၂၈
GSM နှင့် CDMA လက်ကိုင်ဖုန်းများ၏ ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျင် ၅ ကျပ်နှုန်း အထိကျဆင်းလာနိုင်သည့် အလားအလာ ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြည်သူ့လွှတ် တော်တွင် ပြောကြားလိုက်သည်။
"ခုအချိန်ထိ (၅) ကျပ် နှုန်းအထိ အဆိုပြု ကမ်းလှမ်းထားတာ များမရှိသေးသည့်တိုင် အပြိုင် အဆိုင် လုပ်လာ ကြမည့် ကုမ္မဏီ ၄ ခုအနေနဲ့ ပြိုင်ဆိုင် မှု ရဲ့ သဘောတရား အရ တစ်ချိန်ပြီး တစ်ချိန် ဈေး နှုန်းတွေ ကျဆင်းလာမှာ ဖြစ် ပါတယ်။ တစ်ချိန်ချိန် မှာ တော့ ၅ကျပ် နှုန်း အထိကျဆင်းကောင်း ကျဆင်းလာနိုင်ပါတယ်" ဟု ဒု ၀န်ကြီးကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လသာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် က "လက်ကိုင်ဖုန်းများ၏ ပြောဆို ဆက်သွယ်ခကို တစ်မိနစ်လျှင်(၅၀)ကျပ်နှုန်းမှ (၅)ကျပ်နှုန်းသို့ လျှော့ချပေးရန် လက်ကမ်းအဆိုပြုလာသည့် ကုမ္ပဏီများ ရှိ/မရှိနှင့် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ဦးဆောင် လျှော့ချ သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းကာ ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့ ခြင်းဖြစ်သည်။

ထို့ပြင် ဒု ၀န်ကြီးက "ကျွန်တော် တို့ ဝန်ကြီးဌာန က လွှတ်လပ်စွာဈေးကွက်ယှဉ် ပြိုင် မှု အရ ဈေးနှုန်းကိစ္စကို သတ်မှတ်မှာ မဟုတ်ပါဘူး သူတို့ အနေ နဲ့ လွှတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပေးမှာ ဖြစ်ပါတယ်" ဟု ထပ်လောင်းပြောကြားသည်။

လက်ရှိတွင် GSM ၊CDMA လက်ကိုင်ဖုန်း များ၏ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျှင် (၅၀)ကျပ် နှုန်းမှ (၅) ကျပ်နှုန်းသို့လျှောချပေးရန်ကမ်းလှမ်း အဆိုပြုလာသည့် ကုမ္မဏီများ
မရှိသေးကြောင်း ဒု ၀န်ကြီး၏ ပြောကြားချက်အရ သိရသည်။
စိုင်းနောင်
နေပြည်တော်
Popular Myanmar News Journal

မြေပိုင်ဆိုင်မှုအတုဖြင့် ဂျပန်နိုင်ငံသားထံမှ လိမ်လည်ရန် ကြိုးစားသူကို အမှုဖွင့်

ရန်ကုန်၊ ဇွန် ၂၇
ဂျပန်နိုင်ငံသား Mr. Tetsuya Nakajima (၂၇ နှစ်) ထံမှ ရှင်းထက်ကျော် သွင်းကုန်ပို့ကုန် ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာဦးညီညီဟန်က မြေပိုင်ဆိုင်မှု စာရွက်စာတမ်း အတုဖြင့် ကျပ်သိန်း ၅၀၀၀ ကို လိမ်လည်ရန် ကြိုးစားသည်ဟု ဆိုကာ ဂျပန်နိုင်ငံသားက အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ဦးညီညီဟန်က မှော်ဘီမြို့နယ်ရှိ မြေကွက်တစ်ခုကို ၄င်းအမည်ပေါက် ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်း အထောက်အထားများကို ဂျပန်နိုင်ငံ Harada Foods Co., Ltd. ၏ မန်နေဂျာဖြစ်သူ Mr. Tetsuya Nakajima ထံပေးပို့၍ ကျပ်သိန်း ၅၀၀၀ ဖြင့် ရောင်းချရန် အကြောင်းကြားခဲ့ရာ မြို့နယ်မြေ စာရင်းရုံးတွင် မြေကွက်နှင့် ပတ်သက်၍ စာရွက်စာတမ်းများကို စုံစမ်းစစ်ဆေးရာ လိမ်လည် အတုပြုလုပ်ထားသည့် စာရွက်စာတမ်းများ အဖြစ် တွေ့ရှိရကြောင်း အမှုစစ်ဒုရဲမှူးက The Voice သို့ ပြောကြားသည်။

အဆိုပါ ဂျပန်နိုင်ငံရှိ Harada Foods Co., Ltd. ၏ မန်နေဂျာကို ရှင်းထက်ကျော် သွင်းကုန်ပို့ကုန်ကုမ္ပဏီ ၏ အုပ်ချုပ်မှု ဒါရိုက်တာက ဦးညီညီဟန်က ကြိုတင်ငွေ စိုက်ထုတ်ပါက ဂျပန် လူမျိုးများ ကြိုက်သည့် “ဝ” ဥများကို တင်ပို့မည်ဟု ပြောဆိုသဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ချေးငွေ၊ ကုန်ပစ္စည်းကြိုတင်ငွေ အပါအဝင် စက်ပစ္စည်းများ ပါဝင်သည့် ကျပ် ၉၆၅၄ သိန်းကို ရန်ကင်းမြို့နယ်ရှိ ရှင်းထက်ကျော် သွင်းကုန်ပို့ကုန် ကုမ္ပဏီရုံးခန်းတွင် စာချုပ် ချုပ်ဆိုကာ ပေးသွင်းခဲ့ကြောင်း၊ ထို့နောက် ကျပ် ၃၉၃၇ သိန်း ကိုးသောင်း တန်ဖိုးရှိ သော “ဝ”ဥ များကိုသာ ပေးပို့ခဲ့သဖြင့် Harada Foods Co., Ltd. ၏ အမှုဆောင် အရာရှိချုပ်နှင့် ဦးညီညီဟန်တို့ ၂၀၁၃ ခုနှစ် ဧပြီလတွင် ငွေကြေးဆိုင်ရာ သဘောတူညီမှု စာချုပ်ချုပ် ဆိုခဲ့ရာ ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ်ရှင်းလင်းရန် သဘောတူညီ ခဲ့သော်လည်း သတ်မှတ်ရက်တွင် ငွေကြေးများ ရှင်းလင်းခြင်း မရှိကြောင်း ဂျပန်နိုင်ငံသား၏ တိုင်ကြားချက်များ အရ သိရှိရသည်။

အဆိုပါ လိမ်လည်သည်ဟု တိုင်ကြားခံရသည့် အမှုကို မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အမှုစစ် ဒုရဲမှူး၊ အမှုစစ်ဒုရဲအုပ်၊ နယ်ထိန်း အရာရှိတို့ဖြင့် အမှုစစ်ကော်မတီဖွဲ့ကာ စစ်ဆေးလျက်ရှိပြီး လိမ်လည်သူဟု စွပ်စွဲခံရသူကို ခေါ်ယူစစ်ဆေးရာတွင် တိုင်ကြားသူ၏ ပြောကြားချက် အချို့နှင့် ကွဲလွဲမှုများ ရှိကြောင်း အဆိုပါ ကော်မတီအဖွဲ့ဝင် တစ်ဦးက ဆိုသည်။
The Voice Weekly

စည်ပင်သက်တမ်းတိုးမပေး၍ ရေခဲကမ္ဘာပိတ်မည်

ရန်ကုန်၊ ဇွန် ၂၇
မြေငှားသက်တမ်း တစ်နှစ်ခြောက်လ ထိသာခွင့်ပြုခဲ့သော ကန်တော်ကြီး အမျိုးသားဥယျာဉ် အတွင်းရှိ ရေခဲကမ္ဘာ (ငွေနှင်းကမ္ဘာ)ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထပ်မံသက်တမ်း မတိုးပေးသဖြင့် ဇွန်လကုန်တွင် ပိတ်သိမ်းမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်ခိုင်က ပြောကြားသည်။

ကျပ်သိန်းပေါင်းတစ်သောင်း ခြောက်ထောင် အကုန်အကျခံဆောက်လုပ် ထားသော ရေခဲကမ္ဘာ(ငွေနှင်းကမ္ဘာ) ကို စည်ပင်သာယာရေးကော်မတီက ဆက်လက် လုပ်ကိုင်လိုလျှင် အခမဲ့လွှဲပြောင်း ပေးမည်ဖြစ်ပြီး နည်းပညာ အကူအညီလည်း ပေးသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ရန်ကုန်မြို့တွင် သတ်မှတ်ထားသော ပန်းခြံများအပါအဝင် ကန်တော်ကြီး၊ အင်းလျားကန် ဘေးပတ်လည်ရှိ ဧရိယာ များကို အစိမ်းရောင်ဧရိယာအဖြစ် သတ်မှတ်လိုက်သဖြင့် အဆောက်အအုံအသစ်များ ထပ်မံဆောက်လုပ်ခွင့်ကို ကန့်သတ်သွားရန် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အင်ဂျင်နီယာဌာန (အဆောက်အအုံ) လက်ထောက်ဌာနမှူး ဦးနေဝင်းက ပြောကြားသည်။
"ဆောက်ပြီးသား အဆောက်အအုံ တွေကို ဖျက်ဖို့မရှိပါဘူး"ဟု ၄င်းကဆိုသည်။

ဆဲလ်ဆီးယပ် အနုတ် ၅ ဒီဂရီ မှ ၁၀ အထိအေးမြသော ကမ္ဘာ့မြောက်ဝင်ရိုးစွန်းတန်း အရသာကို မြန်မာနိုင်ငံတွင် ခံစားနိုင်ရန် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ပထမဆုံး ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ ဝန်ထမ်း ၅၅ ဦးခန့် အလုပ်ခန့်ထားသည်။

ယခုလ ကျန်ရှိရက်များအတွင်း ကျောင်းသားများကို အခမဲ့ ပြသသွားမည် ဖြစ်ကြောင်း၊ လူကြီးဝင်ကြေး ၁၀၀၀ ကျပ်၊ ကလေး ၅၀၀ ကျပ်ဖြင့် ပြသမည် ဖြစ်ကြောင်း ဦးကျော်ခိုင်က ဆိုသည်။
The Voice Weekly

ဆရာတို့.. မြိုတာကျတော့


လမ်းပေါ်က လူ

တိုင်းမ်မဂ္ဂဇင်း ရေးသားချက် သံဃာ့ညီလာခံ ကန့်ကွက်

ဇူလိုင်လ ၁ ရက်နေ့ထုတ် ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းမှာ ရေးသားထားတဲ့ The Face of Buddhist Terror ဆိုတဲ့ဆောင်းပါးကို ဒီကနေ့ ရန်ကုန်မြို့မှာကျင်းပတဲ့ သံဃာ့ညီလာခံကြီးကနေ ကန့်ကွက်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ သံဃာတော်တွေ မြှောက်ပင့်ပေးလို့ ဖြစ်ရတာမဟုတ်သလို မျိုးချစ်စိတ်ပြင်းထန်လွန်းတဲ့ လူငယ်တွေအပေါ်ကိုလည်း သံဃာတော်တွေအနေနဲ့ ငြိမ်းချမ်းအောင် ထိန်းသိမ်းပေးဖို့လိုအပ်ကြောင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အရှင်ဥာဏိဿရက ညီလာခံမှာ မိန့်ကြားခဲ့ပါတယ်။ ဒါ့အပြင် သံဃာ့ညီလာခံကို တက်ရောက်လာကြတဲ့ သံဃာတော်တွေနဲ့ နိုင်ငံတော် သံဃာ့နာယကအဖွဲ့ချုပ် ဆရာတော်တွေ ညီညွတ်ကြဖို့ သီတဂူဆရာတော်က တိုက်တွန်းခဲ့သလို ဗုဒ္ဓဘာသာ ရဟန်းတော်တွေအနေနဲ့ သည်းခံခွင့်လွှတ်ကြဖို့ကိုလည်း မိန့်ကြားခဲ့ပါတယ်။

"သံဃာတော် တစ်ထောင်ကျော်က အစည်းအဝေးမှာ စကားပြောပါဆိုတဲ့ အခွင့်အရေးဟာ ဗမာနိုင်ငံမှာ တစ်ခါမှမရဖူးဘူး၊ ဒီတစ်ခါဘဲ ရဖူးတယ်၊ ရှေးဦးစွာပြောချင်တာက အားလုံးဗုဒ္ဓရဲ့တပည့် သားသံဃာတွေ သည်းခံတော်မူကြပါလို့ ပြောချင်ပါတယ်၊ သည်းခံခြင်းရဲ့နောက်မှာ တဆက်တည်း မရှိမဖြစ်တာက ခွင့်လွှတ်တော်မူကြပါ၊ ဒီနှစ်ချက်၊ အဲဒါကြောင့် ဒီကနေ့ မွတ်စလင်ကလည်း ဘာပြောပြော၊ ခရစ်ယာန်ကလည်း ဘာပြောပြော၊ တိုင်းမ်မဂ္ဂဇင်းက ဘာပြောပြော၊ သည်းခံတော်မူကြပါ၊ သည်းမခံနိုင်ရင် တပည့်တော်တို့ လုပ်ငန်းစဉ်ကြီးတစ်ရပ်လုံးကို အန္တရာယ်ရှိနိုင်တယ်၊ သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းကို လိုက်နာကျင့်သုံးကြပါ”

နိုင်ငံတော်သြဝါဒစရိယ ဆရာတော်ကြီးတွေအပါအဝင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က သံဃာတော်တွေ တစ်ထောင်ကျော်တက်ရောက်တဲ့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲ သံဃာ့ညီလာခံမှာ သီတဂူဆရာတော် အရှင်ဥာဏိဿရက အခုလိုသြဝါဒ မိန့်ကြားလိုက်တာဖြစ်ပါတယ်။

ဒါအပြင် မျိုးစောင့်ဥပဒေလို့ခေါ်တဲ့ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေမူကြမ်းကို ဆွေးနွေးခဲ့ကြသလို အဲဒီဥပဒေမူကြမ်းဟာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ချိုးဖောက်တာမဟုတ်ဘူးလို့လည်း တက်ရောက်လာတဲ့ ရှေ့နေတွေက ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။

ဒီသံဃာ့ညီလာခံကို ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းတပ်ဦးကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အရှင်ဥာဏိဿရအပြင်၊ နိုင်ငံတော်သြဝါဒါစရိယ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ၊ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူတို့လည်း တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com