http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မိတ္ထီလာ အဓိကရုဏ်း ၃၂ ယောက်သေဆုံး

23.03.2013
မန္တလေးတိုင်း မိတ္ထီလာခရိုင်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် လောလောဆယ် သိရသလောက် သေဆုံးသူပေါင်း ၃၂ ယောက်ရှိသွားပြီလို့ အစိုးရက ပြောလိုက်ပါတယ်။ မိတ္ထီလာခရိုင်ထဲက မြို့နယ် ၄ ခုမှာ သောကြာနေ့က အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ပြီး စစ်တပ်နဲ့ အခြေအနေကို ထိန်းခဲ့ပြီးနောက်မှာတော့ မိတ္ထီလာမြို့နယ်ထဲမှာ အခြေအနေတွေ ပြန်လည် တည်ငြိမ်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့လို့ ယာယီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရသူတွေကတော့ ထောင်ပေါင်းများစွာ ရှိနေသေးတဲ့အကြောင်းကို မစုမြတ်မွန်က စုစည်းတင်ပြထားပါတယ်။


မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်မှာရှိတဲ့ ရွှေဆိုင်တခုမှာ မတ်လ ၂၀ ရက် ဗုဒ္ဓဟူးနေ့က ရွှေရောင်းသူနဲ့ ဝယ်သူပြဿနာဖြစ်ရာက စတင်ခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခအတွင်းမှာ သေဆုံးခဲ့သူပေါင်းဟာ ၃၂ ယောက် ရှိသွားပြီလို့ အစိုးရက ပြောပါတယ်။ စနေနေ့အထိ နောက်ထပ်ရရှိတဲ့ အလောင်းတွေအရ သေဆုံးသူအရေအတွက်ကို အစိုးရသတင်းမှာ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

“ရပ်ကွက်အပျက်အစီးများအတွင်းက စုစုပေါင်းသေဆုံးသူ ၂၁ ဦးရဲ့ ရုပ်အလောင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါရုပ်အလောင်းများမှာ ရုပ်ဆင်းအင်္ဂါပျက်ယွင်းနေပြီး အမည်နဲ့ လူမျိုးဘာသာ ခွဲခြားနိုင်ခြင်းမရှိတော့ကြောင်း သိရပါတယ်။ မိတ္ထီလာမြို့မှာဖြစ်ပွားတဲ့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒီနေ့ညနေပိုင်းအထိ ရရှိတဲ့သတင်းများအရ သေဆုံးသူစုစုပေါင်း ၃၂ ဦးရှိပြီဖြစ်ကြောင်း သိရှိရပါတယ်ခင်ဗျာ။”

မိတ္ထီလာခရိုင်အတွင်းမှာရှိတဲ့ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နဲ့ သာစည်မြို့နယ်တွေမှာ သောကြာနေ့က အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာခဲ့ပြီးနောက်မှာတော့ သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖျက်ဆီး လုယက်မှုတွေ ရပ်သွားခဲ့ပြီး အခြေအနေတွေဟာ ပြန်လည် တည်ငြိမ်လာနေပါပြီ။ မိတ္ထီလာမြို့ထဲမှာ စစ်တပ်နဲ့
လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း ကင်းလှည့် စစ်ဆေးမှုတွေ လုပ်နေကြတဲ့အတွက်
လုံခြုံမှုရှိတယ်လို့ ခံစားရတယ်လို့ မိတ္ထီလာမြို့ခံတယောက်က ပြောပါတယ်။

“မာရှယ်လော လုပ်လိုက်တဲ့အပေါ်မှာ ဗိုလ်ချုပ်ကြီးကို ကျနော်တို့က ကျေးဇူးတင်ပါတယ်။ သမ္မတကြီးကို။ ဒီဥစ္စာက အရင်ရက်ကတည်းက ထုတ်မယ်ဆိုရင် ကျနော်တို့ ဒီ့ထက်ငြိမ်းချမ်းမှုရမှာပါ။ ဒီ့ထက် အေးချမ်းမှုရမှာပါ။ ကျနော်တို့အနေနဲ့ မာရှယ်လော ထုတ်တဲ့အပေါ်မှာ အင်မတန်မှဝမ်းသာမိပါတယ်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။”

လူမျိုးရေးပဋိပက္ခအသွင်ဆောင်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နေအိမ်တွေ ဗလီတွေ ဈေးဆိုင်တွေ အများအပြား မီးလောင် ပျက်စီးခဲ့ပါတယ်။

“ကိုယ်က ဗုဒ္ဓဘာသာဆိုပေမဲ့ မထောင်ရဲပါဘူး။ ကုလားကြားထဲဆိုတော့ ကုလားနဲ့ရောပြီး ခုတ်မှာထစ်မှာကြောက်လို့ ထွက်ပြေးနေရတယ်။ အခုကျတော့ မာရှယ်လောထုတ်ပြီဆိုတော့ ကိုယ့်ဘက်က ငြိမ်းချမ်းသွားပြီလို့ ထင်တယ်။ ငြိမ်းလည်း ငြိမ်းချမ်းစေချင်ပါတယ်။ ဘာမဖြစ်တဲ့ပြဿနာနဲ့ တနိုင်ငံလုံးကို တမြို့လုံး ဆုံးရှုံးရတာ။”

၂ ရက်ကျော် ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် အိုးအိမ်မဲ့ ဒုက္ခသည် သောင်းချီရှိနေပြီး ဘုန်းကြီးကျောင်းတွေမှာအပြင် အားကစားကွင်းနဲ့ ရဲစခန်းတွေမှာပါ ယာယီခိုလှုံနေကြရပါတယ်။ စနေနေ့က အစိုးရသတင်းထဲမှာတော့ မိတ္ထီလာ မြို့ပေါ်က ကယ်ဆယ်ရေးစခန်းတွေမှာ စုစုပေါင်း ဒုက္ခသည် ၉,၆၄၄ ယောက်ရှိတယ်လို့ ပြောပါတယ်။ အကူအညီလိုအပ်နေကြတဲ့ ဒုက္ခသည်တွေအတွက် တခြားက လာရောက် လှုဒါန်းသူတွေလည်း တစ တစ ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြသူတွေအတွက် လောလောဆယ်မှာတော့ အစားအသောက်နဲ့ နေရာထိုင်ခင်းတွေ လိုအပ်နေတယ်လို့ ဒုက္ခသည် အရေးကို ဆောင်ရွက်ပေးနေကြသူတွေက ပြောပါတယ်။ နေရပ်ကို ပြန်ချင်တဲ့သူတွေကိုလည်း လုံခြုံရေးတာဝန်ယူပြီး ပြန်လိုက်ပို့ပေးနေတယ်လို့ သက်ဆိုင်ရာက ဆိုပါတယ်။

စနေနေ့က နောက်ဆုံးသိရတဲ့ အခြေအနေအရတော့ မိတ္ထီလာမြို့ထဲမှာ ယဉ်အသွားအလာ၊ လူအသွားအလာတွေ ပုံမှန်ပြန်ဖြစ်နေပြီး တချို့ဈေးဆိုင်တွေလည်း ပြန်လည် ဖွင့်လှစ်နေကြပါပြီ။ ခုလိုမြို့ထဲမှာ ပြန်လည် တည်ငြိမ်နေပေမဲ့ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားချက်ကိုတော့ ချက်ချင်းကြီး ပြန်ရုပ်သိမ်းမှာ မဟုတ်သေးဘူးလို့ သမ္မတပြောခွင့်ရသူဦးရဲထွဋ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ အထူးအကြံပေး ဗီဂျေးနမ်ဘီးယား (Vijay Nambia) ဟာလည်း ဒီနေ့ တနင်္ဂနွေနေ့မှာ မိတ္ထီလာရဲ့ အခြေအနေကို သွားကြည့်မယ်လို့ သိရပါတယ်
စုမြတ်မွန်
VOA Burmese Fan

ရမည်းသင်းမီးလောင်မှု နောက်ဆက်တွဲ

ယမန်နေ့ည (မတ်လ ၂၃ရက်နေ့)ည ၈ နာရီခန့်က ရမည်းသင်းမြို့နဲ့ ၈ မိုင်အကွာက ရွာတန်းရွာမှာ မီးလောင်ကျွမ်းမှုဖြစ်တဲ့အတွက် အစ္စလာမ်ဘာသာရေး ဝတ်ပြုကျောင်းတစ်ကျောင်း အပါအဝင် အိမ်ခြေ ၅၅ လုံးမီးလောင် ပျက်စီးခဲ့တယ်လို့ RFA ကစုံစမ်းသိရပါတယ်။

ဒီမီးလောင်မှုဟာ အယောက်တစ်ရာခန့်ရှိတဲ့ အမည်မသိလူအုပ်စုတစ်စုရဲ့ လက်ချက်ဖြစ်ပြီး ဒီပြဿနာဟာ မိတ္ထီလာမြို့မှာ သုံးရက်ကြာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ပက်သက်မှုရှိတယ်လို့ ရမည်းသင်းခရိုင် ရဲတပ်ဖွဲ့မှုးရုံးက ရဲအရာရှိတစ်ဦးက ဆိုပါတယ်။
RFA Burmese

မိတ္ထီလာနဲ့ ၃၄ မိုင်ခန့်အကွာက ရမည်းသင်းမှာ မီးလောင်ကျွမ်းမှုဖြစ်

ရမည်းသင်းမြို့ရဲ့ အနောက်ဘက် ၈ မိုင်လောက်ကွာဝေးတဲ့ ရွာတန်းကျေးရွာမှာ မနေ့ည (မတ်လ ၂၃ ရက်)၈ နာရီ ကျော်အချိန်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရမည်းသင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

ဒီမီးလောင်ကျွမ်းမှုကြောင့် ရွာတန်းကျေးရွာမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုကျောင်းဆောင်တစ်လုံး အပါအဝင် ဒေသခံပြည်သူတွေရဲ့ အိမ်ခြေ ၃၀ ခန့် မီးလောင်ပျက်ဆီးခဲ့ပါတယ်။

ဒီကနေ့ည ၁၂ နာရီက ရမည်းသင်းမြို့မီးသတ်တပ်ဖွဲ့ရုံးကို RFA ကဆက်သွယ်မေးမြန်းရာမှာ မီးသတ်တပ်ဖွဲ့တွေနဲ့ရဲတပ်ဖွဲ့တွေဟာ မီးလောင်တဲ့ရွာကို အမြန်သွားရောက်နေကြတယ်လို့ ပြန်လည် ဖြေကြားပါတယ်။

မိတ္ထီလာမြို့ လုံခြုံရေးအတွက် ရမည်းသင်းမြို့နယ်ရဲတပ်ဖွဲ့ကနေ သွားရောက်ကူညီနေရတဲ့ ရမည်းသင်းမြို့နယ်ရဲတပ်ဖွဲ့က ဒုရဲမှုးသောင်းကြည် ခေါင်းဆောင်တဲ့တပ်ဖွဲ့ဟာလည်း ရမည်းသင်းမြို့ကို ညတွင်းချင်း အမြန်ပြန်လာနေရတယ်လို့ သိရပါတယ်။

ယမန်နေ့ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ ရွာတန်းရွာဟာ သုံးရက်ကြာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့နဲ့ ၃၄ မိုင်ကျော်ကွာဝေးပါတယ်။
RFA Burmese

အကြမ်းဖက်သူတွေကို ဥပဒေနှင့်အညီအရေးယူသွားမည်

မိတ္ထီလာအကြမ်းဖက်မှု အပျက်အစီးတွေကို စစ်တပ်က
ရှင်းလင်းနေစဉ်။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။
23.03.2013
မိတ္ထီလာအကြမ်းဖက်မှုမှာ ပါဝင်ကျူးလွန်ခဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ့်အကြောင်း သမ္မတပြောခွင့်ရက ပြောပါတယ်။ လူသေဆုံးတဲ့အထိ အကြမ်းဖက်ပဋိပက္ခတွေဖြစ်ခဲ့တဲ့ မိတ္ထီလာခရိုင်လေးမြို့နယ်ကို သမ္မတအမိန့်နဲ့ အရေးပေါ်အခြေအနေ ကြေညာပြီး စစ်တပ်က လုံခြုံရေးတာဝန်ယူလိုက်ပြီးတဲ့နောက်ပိုင်း အခြေအနေဟာ တည်ငြိမ်စပြုလာပေမဲ့ အရေးပေါ်အခြေအနေ ပြန်ရုပ်ဖို့မရှိသေးဘူးလို့လည်း ဆိုပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

မတ်လ ၂၂ ရက်နေ့က သမ္မတဦးသိန်းစိန်အမိန့်နဲ့ မန္တလေးတိုင်းဒေသကြီး မတ္ထီလာခရိုင်က မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်၊ သာစည်လေးမြို့နယ်ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီးတော့ စစ်တပ်ကနေ လုံခြုံရေးတာဝန်ယူလိုက်တာဖြစ်ပါတယ်။ အကြမ်းဖက်မှု ပဋိပက္ခတွေ အိုးအိမ်မီးရှို့လုယက်ဖျက်ဆီးမှုတွေနဲ့ လူသေဆုံးရတဲ့အထိဖြစ်ခဲ့တဲ့ မိတ္ထိလာမြို့ထဲမှာတော့ စစ်တပ်၊ ရဲလုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့အတူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးရဲမြင့်ကိုယ်တိုင်ဦးဆောင်တဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပူးပေါင်းပြီး လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားဆောင်ရွက်နေပါတယ်။ နယ်မြေအခြေအနေတွေဟာ တည်ငြိမ်စပြုလာပြီဖြစ်ပေမဲ့ အရေးပေါ်အခြေအနေ လောလောဆယ် ရုပ်သိမ်းဖို့ မရှိသေးဘူးလို့  သမ္မတပြောခွင့်ရဦးရဲထွဋ်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“အရေးပေါ်အခြေအနေ ရုပ်သိမ်းဖို့မလားပြောလို့မရသေးဘူးခင်ဗျာ။ နယ်မြေအခြေအနေပေါ်မှာ မူတည်တာပဲ။ မြန်မြန်အေးချမ်းသွား ပြီးတော့ မြန်မြန်တည်ဆောက်ရေး လုပ်ငန်းတွေပြီးရင် မြန်မြန်လုပ်ပေးမှာပေါ့။ တပ်မတော်တပ်ဖွဲ့တွေ နေရာချထားပါတယ်။ ရဲတပ်ဖွဲ့တွေလည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။”

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့နယ်မြေအတွင်း အကြမ်းဖက်လုယက်ဖျက်ဆီးမယ်လို့ သံသယရှိသူတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်းမှုတွေရှိတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကတော့ သူတို့ကျူးလွန်တဲ့ပြစ်မှုတွေကို ဥပဒေကြောင်းပေါ်မူတည်ပြီး အရေးယူခံရမှာပေါ့ဗျာ။ ဟုတ်တယ်မဟုတ်လား။ ကျနော်တို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့အချိန်မှာ အခုလိုဖြစ်တဲ့ကိစ္စတွေရှိတယ်။ အဲဒါတွေကတော့ တရားဥပဒေအတိုင်းပဲ ဖြစ်မှာပဲ။”

အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ပြီး ထွက်ပြေးခဲ့ရသူတွေ နေအိမ်ပြန်ချင်တယ်ဆိုရင်တော့ လုံခြုံရေး အစောင့်အရှောက်နဲ့ ပြန်လည် ပို့ဆောင်ပေးနေသလို အိုးအိမ်ပျက်စီးခဲ့ရသူတွေနဲ့ လုံခြုံရေးစိုးရိမ်မှုရှိသူတွေကိုတော့ ဘောလုံးကွင်းတွေနဲ့ စာသင်ကျောင်းတွေမှာ စခန်း ၆ ခုဖွင့်လှစ်ပြီး တိုင်းဒေသကြီးအစိုးရက ကော်မတီတွေဖွဲ့ထားပြီး ယာယီနေထိုင်ရေး စီစဉ်ပေးနေသလို တပ်မတော်လေအကူအညီနဲ့လည်း ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ပေးနေတယ်လို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကပြောပါတယ်။

“အဲဒီမှာဗျာ အခြေအနေအရပ်ရပ်ကိုတော့ ကျနော်တို့ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးအေးမြင့် ကွပ်ကဲဆောင်ရွက်နေပါတယ်။ တပ်မတော်ရော ရဲရော ပူပေါင်းဆောင်ရွက်နေတယ်။ အခု အိမ်ကိုပြန်ချင်တဲ့သူတွေရှိလို့ရှိရင်လည်း ကျနော်တို့ ပြန်ပြီးတော့ အစောင့်အရှောက်နဲ့ လိုက်ပို့ပေးခဲ့တယ်။ မပြန်နိုင်သေးတဲ့သူတွေကိုတော့ ကျနော်တို့ ဘောလုံးကွင်းရယ်၊ အထက်တန်းကျောင်းတွေ စာသင်ကျောင်းတွေမှာ လူခွဲပြီး နေရာချပြီးတော့ လိုအပ်တာတွေလုပ်ပေးနေပါတယ်။ တပ်မတော်လေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့နေပါတယ်။”

နှစ်ဘက်ထိခိုက်ဆုံရှုံးမှုတွေဖြစ်ခဲ့ရတဲ့ မတူကွဲပြားသူလူအုပ်စုချင်း အတူပြန်လည်ယှဉ်တွဲနေထိုင်ရေး နားလည်မှုတည်ဆောက်နိုင်ဖို့ အတွက် ဘာသာရေးခေါင်းဆောင်တွေ၊ လူမှုအခြေပြုအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းအကောင်အထည်ဖော်ဖို့ ရှိတယ်လို့လည်း သမ္မတပြောခွင့်ရဦးရဲထွဋ် က ပြောပါတယ်။

“ဖြစ်သွားတဲ့အတွက်ကြောင့်မိုလို့ နှစ်ဘက်လုံးက ထိခိုက်မှုတွေ ရှိတဲ့အတွက်ကြောင့်မိုလို့ အဲဒါတွေကိုတော့ ကျနော်တို့ အချင်းချင်းပြန်ပြီးတော့ နားလည်မှု တည်ဆောက်နိုင်အောင်၊ ကောလာဟလတွေကိုမယုံဘဲ သွေးဆူပြီးတုံ့ပြန်မှုတွေ မလုပ်နိုင်အောင် ဒါတွေကတော့ ဘာသာရေးခေါင်းဆောင်တွေကရော၊ လူမှုအဖွဲ့အစည်းရော၊ နိုင်ငံတော်က တာဝန်ရှိသူတွေရော ဒါက အကောင်အထည် ဖော်ရမှာပေါ့။ အကြမ်းမျဉ်းကတော့ post conflict ကိစ္စတွေကတော့ အများကြီးကျန်ပါသေးတယ်။”

အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေ ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်းမရှိတော့တဲ့အတွက်ဆိုပြီး သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေ ကြေညာချက် အမိန့်ကိုတော့  နောက်ထပ် အမိန့်တစုံတရာ မထုတ်ပြန်မခြင်း အတည်ဖြစ်မှာဖြစ်သလို ဥပဒေကဲ့သို့ အာဏာကျင့်သုံးသွားမှာဖြစ်ပြီး စစ်တပ်က လုံခြုံရေးကို တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။
VOA Burmese Fan Page

မတူသော်လည်း တန်ဖိုးကို နားလည်သူ

ဓါတ်ပုံ- ကိုဝိုင်ဝိုင်ကေ
၂၃-၃-၁၃
သွေးမတော် သားမစပ် ဘာသာမတူသော်လည်း လူ့အသက်တန်ဖိုးကို နားလည်စွာ အစ္စလမ်ဘာသာဝင် (၅) ဦးအား ကာကွယ် ဝှက်ထားပေးသည့် ဗုဒ္ဓဘာသာဝင် အဖိုးအဖွား။
၎င်းနေအိမ်တွင် ပိတ်မိ ပုန်းနေရသူ (၅)ဦးအား ဗကသ ကျောင်းသားများ ၊ သံဃာတော်များ ၊ ၈၈ ကျောင်းသားများ(မန္တလေး) နှင့် ချမ်း/အေး NLD တို့ ပူးပေါင်း၍ ကယ်တင် ခေါ်ခဲ့ပြီး ခရိုင်အားကစားကွင်း စခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။
FB-We Love True

မိတ္ထီလာမြို့၌ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒုက္ခသည်များအား ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ကိစ္စအဝဝကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးထား


နေပြည်တော် မတ် ၂၃
နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ဖြင့် အရေးပေါ် အခြေအနေကြေညာခြင်းကို မတ် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် မိတ္ထီလာမြို့၏ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းခဲ့ရာ မတ် ၂၂ ရက် ညပိုင်းမှ စတင်၍ အခြေအနေမှာ တည်ငြိမ်အေးချမ်းနေပြီ ဖြစ်သည်။

မီးလောင်ပျက်စီးဆုံးရှုံးခဲ့သော ဒုက္ခသည်များအား ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ နေရာချထား ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့အတွက် အခြေခံ စားသောက်ကုန်များ ဖြစ်သော ဆန်၊ ဆား၊ ပဲနှင့် ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေပေးလျက်ရှိသည်။ ကယ်ဆယ်ရေး လုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဘုန်းဆွေနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် ဦးစီးသည့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးစခန်းအသီးသီးရှိ ဒုက္ခသည်များ၏ စားသောက် နေထိုင်ရေးအတွက် လိုအပ်သည့် ကိစ္စအဝဝကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပြီး မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် အလှူခံဌာန ဖွင့်လှစ်ထားရှိ၍ စီစဉ် ဆောင်ရွက်ပေးလျက် ရှိသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်းတွင် ဒုက္ခသည်များအား ရေသန့်၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ကုန်များကို ဖြန့်ဝေပေးလျက်ရှိပြီး၊ စေတနာရှင်၊ အလှူရှင်များက လာရောက် လှူဒါန်းလျက်ရှိရာ ဧဒင်ကုမ္ပဏီ၊ မန္တလေးမြို့ရှိ သံဃာများနှင့် အလှူရှင်များ၊ The Action Time Foundation၊ Sky Net ရုပ်သံ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဦးအောင်ကျော်ဦး၊ ရမည်းသင်း ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးတို့က ခေါက်ဆွဲခြောက်ထုပ်များ၊ မုန့်မျိုးစုံ၊ ရေသန့်ဗူးများ၊ အအေးဗူးများ၊ ဆန်အိတ်များ၊ ဆေးဝါးများ၊ မိုးကာတဲများ၊ အထည်မျိုးစုံ၊ ကော်ဖီမစ်ထုပ်များ၊ ဓါတ်ဆားထုပ်များနှင့် အလှူငွေများကို လာရောက်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

ကယ်ဆယ်ရေးစခန်းများ၌ ယာယီနေထိုင်လျက်ရှိသော ဒုက္ခသည်များအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ပေးပို့သည့် ထောက်ပံ့ရေးပစ္စည်းများသည် ရန်ကုန်မြို့မှ မိတ္ထီလာမြို့သို့ ယနေ့ မွန်းလွဲပိုင်းတွင် Y-8 လေယာဉ်ဖြင့် ရောက်ရှိလာသည်။

ကယ်ဆယ်ရေးစခန်းများမှာ နေရပ်အသီးသီးရှိ မိမိတို့ နေအိမ်သို့ ပြန်လိုသူများကိုလည်း သက်ဆိုင်ရာက လုံခြုံရေး တာဝန်ယူ၍ လိုက်ပါပို့ဆောင်လျက်ရှိကြောင်း သိရှိရသည်။

လုံခြုံရေးတာဝန်ကျ ဝန်ထမ်းများသည် ဒေသတည်ငြိမ်အေးချမ်းရေးကို အပြည့်အဝ ဆောင်ရွက်နိုင်ခဲ့ပြီးနောက် နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှ စတင် ဆောင်ရွက်လျက်ရှိရာ ရပ်ကွက် အပျက်အစီးများအတွင်းမှ စုစုပေါင်း သေဆုံးသူ (၂၁) ဦး၏ ရုပ်အလောင်းများကို ထပ်မံ ရှာဖွေ တွေ့ရှိခဲ့သည်။

အဆိုပါ ရုပ်အလောင်းများသည် ရုပ်ဆင်းအင်္ဂါပျက်ယွင်းနေပြီး အမည်နှင့် လူမျိုး ဘာသာ ခွဲခြားနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

မိတ္ထီလာမြို့၌ ဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ယနေ့ ညနေပိုင်းအထိ ရရှိသော သတင်းများအရ သေဆုံးသူ စုစုပေါင်း (၃၂) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

(နိုင်ငံတော်သမ္မတရုံး)
Popular Myanmar News Journal

လူ့အခွင့်အရေး

FB-လောကပါလ

လူ့အခွင့်အရေး
လွတ်လပ်စွာ ပြောဆိုခွင့်
လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်
တရားဥပဒေစိုးမိုးရေး ....

ဂရိအကျဉ်းထောင်တွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီး အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်

ဂရိနိုင်ငံရှိ အကျဉ်းထောင်တစ်ခုတွင် ညလုံးပေါက် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အကျဉ်းသား ၁၁ ဦး သောကြာနေ့က ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ ဂရိနိုင်ငံရှိ ထရီကာလာ အကျဉ်းထောင်မှ အယ်လ်ဘေးနီးယား အကျဉ်းသား ၁၁ ဦးက ထွက်ပြေးလွတ်မြောက်မသွားမီ အကျဉ်းထောင်စောင့်များနှင့် AK-47 ကိုင် သေနတ်သမားများကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

AK-47 ရိုင်ဖယ်နှင့် လက်ပစ်ဗုံးများ ကိုင်ဆောင်ထားသည့် သေနတ်သမား ၆ ဦးခန့်က ကားနှစ်စီးဖြင့် ရောက်ရှိလာကာ အကျဉ်းထောင်အား တိုက်ခိုက်ခဲ့သည်။ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေစဉ်အတွင်း အကျဉ်းသားများက အကျဉ်းထောင်၏ ခေါင်မိုးသို့တွယ်တက်ကာ ထိုမှတစ်ဆင့် ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ကြောင်း RT News တွင် ဖော်ပြသည်။
Planet Myanmar Network

ဆီးဂိမ်းအကြိုလှုံဆော်မှု IC ဖျော်ဖြေပွဲ မြင်ကွင်းများ(ဓါတ်ပုံသတင်း)

အိုင်ရင်းဇင်မာမြင့် ရဲ့ဖျော်ဖြေမှု

IC နဲ့လေးဖြူ တစ်ထပ်တည်း

Rock Star မျိုးကြီး ရဲ့ ဖျော်ဖြေမှု

ချမ်းချမ်း ရဲ့ ဖျော်ဖြေမှု

IC နှင့် ပထမဆုံး သီချင်းဆိုဖူးတဲ့ နီနီခင်ဇော်

ဂစ်တာ ချစ်စမ်းမောင်ရဲ့ တီးလုံးအဖွင့်

ဝိုင်ဝိုင်း ရဲ့ ဖျော်ဖြေမှု
Popular Journal

PNLO နှင့် အစိုးရပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးအဖွဲ့ သဘောတူညီချက် ၁၀ချက်ထုတ်ပြန်

ရန်ကုန်၊ မတ် ၂၃။
မတ်လ ၂၃ရက်နေ့ မနက် ၉နာရီတွင် မြန်မာငြိမ်းချမ်းရေးစင်တာ၌ ပြုလုပ်သည့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးနှင့် စပ်လျဉ်း၍ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နှင့် အစိုးရအဖွဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖ်ာဆောင်ရေးအဖွဲ့တို့သည် သဘောတူညီ ချက် ၁၀ချက် ဆွေးနွေးကြောင်း သိရသည်။

ယင်းအချက် ၈ချက်၌ PNLO မှ လုပ်ငန်းလုပ်ကိုင်နိုင်ရန်အတွက် စီးပွားရေးကဏ္ဍအဖြစ် သတ္တုလုပ်ငန်း၊ သစ်လုပ်ငန်း၊ ဘိလပ်မြေလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် ကုန်စည်လုပ်ငန်းတို့အား သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း၍ ကုမ္ပဏီများထူထောင်ရန်အချက်ကိုနှစ်ဖက်စလုံးက သဘောတူထားကြောင်း သိရှိရသည်။

ယခင်သတ်မှတ်ထားသည့် ကဒူးကြီးဒေသတွင် ကဒူးကြီး-မယ်သြ ကားလမ်းဖောက်မည့်ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရသို့ တင်ပြသွားမည်ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးနှင့် အစားထိုးသီးနှံစိုက်ပျိုးရေးကိစ္စရပ်အား နိုင်ငံတော်မှ ကူညီပေးသွားမည်ဖြစ်ကာ မြေမြုပ်မိုင်းများ ရှင်းလင်းပေးရေးကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ မိုင်းရှင်းလင်းရေးဌာနနှင့် ပူးပေါင်းလုပ်ဆောင် ရန်တို့ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် PNLO အဖွဲ့ဝင်များနှင့် ဒေသခံများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးရန်ကိစ္စရပ်အား ပြည်ထောင်စုအဆင့်အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှ ကူညီပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပအို့ဝ်အမျိုးသားညီလာခံများပြုလုပ်မည်ဆိုပါကလည်း တည်ဆဲဥပဒေနဲ့အညီ ကျင်းပနိုင်ကြောင်း အဆိုပါသဘောထား ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားချက်အရ သိရသည်။

ယင်းအပြင် ယင်းသဘောထားထုတ်ပြန်ချက်၌ နှစ်ဖက်စလုံးမှနိုင်ငံရေးဆွေးနွေးမှုများနှင့် ပတ်သက်၍လည်း ကိစ္စကြီးငယ်များအား မချန်လှပ် ဘဲ ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း
သိရသည်။

၂၀၁၂ခုနှစ် သြဂုတ်လ ၂၅ရက်နေ့ PNLO နှင့် အစိုးရ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့ သဘောတူညီ ထားသည့် နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေးသည်လည်း ယနေ့အထိ ခိုင်မာလျက်ရှိကြောင်း သိရှိရပြီး နောင်အချိန်တွင် PNLO အတွက်သတ်မှတ် ပေးထားသည့် နယ်မြေအတွင်း အခြားလက်နက်ကိုင်များ လှုပ်ရှားလာပါကလည်း အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့မှ ကူညီပေးသွားမည် ဆိုသည့်အချက်ကိုလည်း သဘောတူညီချက် ၁၀ချက်တွင် ထည့်သွင်းထားချက်အရ သိရသည်။
TMA
The Myanma Age

ကရင်နီ စစ်ပြေးဒုက္ခသည် စခန်းမီးဘေးမှာ သေဆုံးသူ ၄၅ ဦးရှိ

ဓါတ်ပုံ င်္FB-Khoo Ah-Ai
2013-03-23
ထိုင်း မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ မယ်ဆူရင်း စခန်းမနေ့က မီးလောင်ရာမှာ စခန်းတွင်း နေထိုင်ကြတဲ့ ဒုက္ခသည်သေဆုံးသူ ၄၅ ဦး၊ မီးလောင်ဒဏ်ရာရသူ ၁၀၀ နဲ့ အိမ်ခြေ ၄၀၀ လောက် မီးထဲပါသွားခဲ့တယ်လို့ ထိုင်းအစိုးရ ပြည်ထဲရေးဌာနက မတ်လ ၂၃ ရက် ဒီကနေ့ တရားဝင်ကြေငြာပါတယ်။

ဒါ့အပြင် စခန်းတွင်း ဒုက္ခသည်ဦးရေ ၂၃၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

သေဆုံးသူ အများစုဟာ အသက်အရွယ်ကြီးသူ ကလေးတွေနဲ့ အမျိုးသမီးတွေ များတယ်လို့ မဲဟောင်ဆောင်ခရိုင် အစိုးရ တာဝန်ရှိသူတွေက စခန်းမီးလောင်တာကို သွားရောက်စစ်ဆေးအပြီးမှာ ပြောခဲ့တာပါ။

အဲဒီ ကရင်နီဒုက္ခသည်စခန်းမှာ အိုးအိမ်အားလုံးနီးပါးလိုလိုဟာ ဝါးအပြင် သက်ကယ်မိုးအိမ်လေးတွေ ဖြစ်တဲ့အတွက် မီးလောင်ချိန်မှာ လေတိုက်တာကြောင့် မီးကိုမထိမ်းနိုင်ပဲ အလျင်အမြန် ကူးစက်ခဲ့တာလို့ ဆိုပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တာဝန်ရှိသူတွေက မီးဘေးဒုက္ခရောက်သူ စစ်ပြေးဒုက္ခသည်တွေအတွက် နေစရာနဲ့စားစရာ အချိန်မီထောက်ပံ့နိုင်အောင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
RFA Burmese

ကရင်နီဒုက္ခသည်စခန်းမီးလောင်၍ သေဆုံးသူ၃၀ထဲမှ ကလေး ၁၀ ဦးပါဝင်

DVB - ၂၃ရက် မတ်လ ၂၀၁၃ခုနှစ်
မတ်လ ၂၂ ရက် သောကြာနေ့ ညနေ ၃ နာရီကက ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့ နယ်အတွင်းရှိ ကရင်နီအမှတ်-၂ ဒုက္ခသည်စခန်း (မယ်ဆူရင်းစခန်း) မီးလောင်ကျွမ်းခဲ့လို့ ဒုက္ခသည် ၃၂ ဦးသေဆုံးခဲ့ရပြီး သေဆုံးသူထဲမှ ကလေးငယ် ၁၀ဦးပါတယ်လို့သိရပါတယ်။

ဒဏ်ရာရရှိသူ ၅ဦးထဲမှ သုံးဦးကို မယ်ဆောင်ဆောင်ဆေးရုံသို့ အရေးပေါ် ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။ မွန်းလွဲပိုင်း ၃နာရီခန့်က စတင်လောင်ကျွမ်းခဲ့တဲ့ မီးဟာ ရပ်ကွက် ၁နဲ့ ရပ်ကွက် ၄က အိမ်ခြေ ၄၂၀ကျော်ကို ပြာကျသွားစေခဲ့ပါတယ်။

ရပ်ကွက်၂ခုစလုံးထဲက အိမ်ခြေအားလုံးနီးပါး မီးလောင်ကျွမ်းသွားခဲ့တဲ့အတွက် လက်ရှိ ရပ်ကွက်၁မှ လူဦးရေ ၁၁၂၃ဦးနဲ့ ရပ်ကွက်၎မှ လူဦးရေ ၁၂၀၇ဦးအတွက် NGOအဖွဲ့အစည်းများဖြစ်တဲ့ IRC, TBBC, IOMနဲ့ ဒေသခံထိုင်းအာဏာပိုင်တို့ကနေအရေးပေါ်ကယ်ဆယ်ရေးတွေလုပ်ပေးနေပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကယ်ဆယ်ရေးညွန့်ပေါင်းအသင်း TBBCရဲ့ ၂၀၁၃ခုနှစ်ဖေါ်ဖေါ်ဝါရီ လူဦးရေးစရင်းပြုစုထားချက်အရ အမှတ် ၂ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ ၃၄၅၈ဦးဖြစ်ပါတယ်။
DVB TV News


 FB-Black Angle
 FB-Black Angle
ဓါတ်ပုံမှာ ဗလီ တံခါးပိတ်ထားတယ်တွေ့ရတယ်။ အထဲကသူတွေ ကိုယ်တိုင်မီးရှို့တာပေါ့ ဒါများ ဗုဒ္ဓဘာသာဝင်တွေကိုစွပ်စွဲနေတယ် ဗလီက အထဲက လောင်နေတာပါ။ အရှို့ ခံရတာလား။ အထဲက ရှို့ နေကြတာလား။
စာသားတချို.ပြင်ထားသည် မူရင်သို့ >>>>

The flame is burning within the building which means the mosque is not torched by the people outside. It is torched by the people inside. Who have access to such buildings?


ဆီးဂိမ်းအကြိုလှုံဆော်မှု IC ဖျော်ဖြေပွဲ မစတင်မှီ မြင်ကွင်းအချို့

ဆီးဂိမ်းအကြိုလှုံဆော်မှု IC ဖျော်ဖြေပွဲ ကို မတ်လ ၂၃ ရက်နေ့ ည ၇ နာရီတွင် ကျိုက္ကဆံကွင်းတွင် ကျင်းပမည်ဖြစ်သည်။
Popular Journal





Side Effect အဖွဲ့ရဲ့ ဖျော်ဖြေပွဲ

ရန်ကုန်အခြေစိုက် Rock Band တစ်ခုဖြစ်တဲ့ Side Effect အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို မတ်လ ၂၂ ရက်နေ့ညက ကန်တော်ကြီး Mini zoo မှာပြုလုပ်ခဲ့ပါတယ်။ Side Effect အဖွဲ့အပြင် ကိုင်ဇာတင်မုံ၊ Kulter Shock စတဲ့ တီးဝိုင်းများအပြင် ပြည်ပက experimental တီးဝိုင်း ၂ ဝိုင်းလည်း ပါဝင်ဖျော်ဖြေခဲ့ပြီး Underground music ကို မြတ်နိုးသူလူငယ်များ လာရောက်အားပေးကြပါတယ်။
ရဲရဲ
Popular Journal






မိတ္ထီလာမှာ အခြေအနေတွေ ငြိမ်သက်လို့ တပ်မ ၇၇ ပြန်လည်ထွက်ခွာ

မတ်လ ၂၀ ရက်နေ့ကစပြီး မတ်လ ၂၂ ရက်နေ့အထိ အဓိကရုဏ်းတွေဖြစ်ပွားခဲ့တဲ့ မိတ္ထီလာဒေသမှာ အခြေအနေတွေ ငြိမ်သက်ပြီ ဖြစ်တဲ့အတွက် အင်းတကော်အခြေစိုက် တပ်မ ၇၇ ဌာနချုပ်က တပ်ရင်းသုံးရင်းဟာ ဒီကနေ့နေ့လည်က ရန်ကုန်ကို ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

သမ္မတရဲ့ အရေးပေါ်အခြေအနေကြေညာထားတဲ့ မိတ္ထီလာ၊မလှိုင်၊သာစည်နဲ့ဝမ်းတွင်းမြို့တွေကို ယမန်နေ့ညနေက ရောက်ရှိလာတဲ့ အမှတ် (၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က တပ်ရင်း ၁၀ ရင်းကသာ တာဝန်ယူတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဖြစ်စဉ်တွေအတွင်းမှာ လူ ၁၁ ဦးသေဆုံးခဲ့ပြီး၊အိမ်ခြေ ၃၀၀ ကျော်မီးလောင်ပျက်စီးခဲ့တဲ့အပြင် ဒုက္ခသည် ၈၀၀၀ ကျော်ဟာ အမှတ်(၁)ရဲစခန်း၊ခရိုင်အားကစားကွင်းနဲ့အခြေခံပညာရေးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။
RFA Burmese 

ထိုင်းနယ်စပ် သောင်ရင်းမြစ် ရေလယ်ကျွန်း ကရင်လူငယ်အဖွဲ့ ထိန်းချုပ်

ထိန်းချုပ်ပြီးနောက် တွေ့ရသော ချစ်ကြည်ရေး
တံတားအောက်ရှိ ရေလယ်ကျွန်း
(ဓာတ်ပုံ – ပြည်တော်မြင့် / ဧရာဝတီ)
March 22, 2013
ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်အတွင်းရှိ မြန်မာပိုင် ရေလယ်ကျွန်းကို ကရင်လူငယ် လက်နက်ကိုင် အဖွဲ့တဖွဲ့က ယနေ့နံနက်ပိုင်းတွင် ၀င်ရောက် ထိန်းချုပ်လိုက်သည်။

ကော့မူးရာ ကရင်လူငယ် အစည်းအရုံး(KYO)က မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားအောက်ရှိ ရေလယ်ကျွန်းကို မူးယစ် ဆေးဝါး ဖြန့်ချိသည်ဟု ဆိုကာ လက်နက်ကိုင်အင်အား ၂၅ ဦးနှင့်အတူ ယနေ့နံနက် ၆ နာရီက စတင်ကာ ၀င်ရောက် ထိန်းချုပ် လိုက်ခြင်း ဖြစ်သည်။ KYO သည် ကရင်အမျိုးသား အစည်းအရုံး(KNU) ဘားအံခရိုင် လက်အောက်ခံ အဖွဲ့ ဖြစ်သည်။

၎င်းအဖွဲ့ကိုဦးဆောင်သည့် KYO ဥက္ကဌ စောမိုရှေးက“ဒီကျွန်းကနေ ထွက်တဲ့ မူးယစ်ဆေးဝါးတွေ ကရင်လူငယ်ထု အပါအ၀င် လူ သား အားလုံးကို လူညွန့်တုံးစေတဲ့ အတွက် အခုလို ၀င်ရောက် ထိန်းသိမ်း ရှင်းလင်းရတာဖြစ်တယ်၊ အခုဒီကျွန်းက ဒုစရိုက်ခေါင်း ဆောင်တချို့ရယ် လက်နက်ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းထားတယ်”ဟု ဧရာဝတီကို ပြောသည်။

ဆယ်စုနှစ် ၂ ခုနီးပါး မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ချိနေသည့် ရေလယ်ကျွန်းကို လူငယ်များ၏ အနာဂတ်ကောင်းမွန်ရန်အတွက် ယခုကဲ့သို့ဝင်ရောက် ထိန်းသိမ်းရခြင်းဖြစ်သည်ဟုလည်း စောမိုရှေး က ပြောကြားသည်။ ရေလယ်ကျွန်းကို ထိန်းချုပ်လိုက်သည့် ကော့မူးရာ KYO အဖွဲ့တွင် အင်အား ၂၅ ဦးခန့်နှင့် လက်နက်များ ပါရှိသည်။

KYO အဖွဲ့သည် ရေလယ်ကျွန်းကို ဆက်လက်ထိန်းချုပ်ထားပြီး ဒု စရိုက်သမားများ ကျွန်းအတွင်း ၀ှက်ထားသည့် မူးယစ်ဆေးဝါး များနှင့် လက်နက်ခဲယမ်းများကို လိုက်လံရှာဖွေလျက်ရှိသည်ဟုလည်း သိရသည်။

မြန်မာဘက်က မြ၀တီခရိုင် အာဏာပိုင်များနှင့် ထိုင်းနိုင်ငံဘက်မှ အာဏာပိုင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၀ိုင်းရံထားပြီး ရေ လယ်ကျွန်း အခြေအနေကို အနီးကပ် စောင့်ကြည့်လျက် ရှိသည်။

KYO အဖွဲ့သည် ရေလယ်ကျွန်းမှ ပြန်လည်ထွက်ခွာရေး အတွက် မြ၀တီ ခရိုင်အာဏာပိုင်များနှင့် KNU မှ တာဝန်ရှိသူများကို ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသော်လည်း အခြေအနေတိုးတက်လာခြင်း မရှိသေးကြောင်းလည်း သိရသည်။

၂ ဧက ခန့် ရှိသည့် ရေလယ်ကျွန်းတွင် ယခင်ကလည်း ဒုစရိုက်သမားများ၊ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများကို ထိုင်း နှင့် မြန်မာ နှစ်နိုင်ငံအာဏာပိုင်များက မကြာခဏ ဖမ်းဆီးရမိမှုများ ရှိခဲ့သည်။

မကြာသေးခင်ကလည်း ဆေးခြောက် ထုပ်ကြီး တထုပ်၊ စိတ်ကြွဆေးပြား(ရာဘ) ၁ သောင်း၊ M ၁၆ အပါအ၀င် လက်နက်ငယ် ၃ လက်နှင့် ဆက်စပ် လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိထားသည်ဟု စောမိုရှေးကပြောသည်။
The Irrawaddy (Burmese Version)

Android နဲ့ Chrome ခွဲထားဖို့ ရှိ

Android နဲ့ Chrome နှစ်ခုစလုံးက Google ရဲ့  ထုတ်ကုန်များ ဖြစ်ပေမယ့် အနာဂတ်မှာ သီးသန့်စီခွဲထွက်ဖို့ ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။

Android မိုဘိုင်း OS ထွက်ရှိပြီး Chrome ကလည်း OS တွေထွက်ရှိပါတယ်။ အမှန်တော့ Chrome က Browser တစ်ခုအနေနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ Chrome OS အသုံးပြုတဲ့ Laptop တွေတောင် ထွက်ရှိလာတာ အတော်လေး ကြာပါပြီ။ မိုဘိုင်းဖုန်း OS အနေနဲ့လည်း Chrome အမည်နဲ့ ထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိလည်း Android အတွက် Developer နဲ့ ဝန်ထမ်းဖွဲ့စည်းပုံ၊ Chrome အတွက် Developer နဲ့ ဝန်ထမ်းဖွဲ့စည်းပုံကို သီးသန့်စီ ပြုလုပ် ထားပါတယ်။ Division တစ်ခုစီ ထားရှိပြီး နှစ်လက်လုံးကလည်း အောင်မြင် မှု ရရှိပါတယ်။

ဒါကြောင့် အနာဂတ်မှာ Google ဟာ Android သို့မဟုတ် Chrome တစ်ခုခု ကို ရောင်းချနိုင်ချေရှိတယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
Ref: techblog
Aung Kham (TSJ team)
TechSpace Journal

မိထ္ထီလာမှာဖြစ်တဲ့ ပြသာနာ ကို မိထ္ထီလာတစ်ခု ထဲ ကွက် မြင် လို့ မရ ဘူး တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ကြည့်ရမည် ဟု ဒေါ်အောင် ဆန်းစုကြည်ပြောကြား

မိထ္ထီလာမြို့တွင် ဖြစ်ပွားသော ဆူ ပူ အကြမ်း ဖက် မှု များနဲ့ ပတ် သတ် ပြီး
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဠဒေါ်အောင်ဆန်းစုကြည်က
မိထ္ထီလာမှာဖြစ်တဲ့ ပြသာနာ ကို မိထ္ထီလာတစ်ခု ထဲ ကွက် မြင် လို့ မရ ဘူး
တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ကြည့်ရမည် ဟု ပြော ကြားခဲ့ သည်။

မတ် လ(၂၂)ရက် နေ့ ပထမအကြိမ် ပြည်သူလွှတ်တော် ဆဌမပုံမှန် အစည်းအဝေးပြီးဆုံးပြီးနောက်
တရားဥပဒေစိုးမိုးရေး နှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်းမတွင် ဒေါ်အောင်ဆန်းစုကြည်က
မီဒီ ယာများနှင့် တွေ့ဆုံစဉ် ယင်း ကဲ့သို့ ပြော ကြာခဲ့ ခြင်းဖြစ်သည်။

" ပဋိက္ခ ဆိုတာ ကို မကျယ်အောင် မကြာအောင် အားလုံးဝိုင်းလုပ်ရမယ် အား လုံးမှာ တာဝန်ရှိ တယ် ။ လူတွေ က မိထ္ထီလာကို ပဲ ကွက် မြင်တယ် ။
အမေက မိထ္ထီလာ လို့ ကွက်မမြင် ဘူး တစ်နိုင်ငံလုံးလိုပဲ မြင် လိုက်တယ် ။ ဒီ ကထွက် လာတဲ့ မီးစလေး တစ်ခု ဟာ ဘယ် နားကျ မယ်မှန်းမသိဘူး ။
တကယ်တော့ မီး စလေးတွေက မီးလောင် တာ။ဒါကြောင့်မိထ္ထီလာ ပဲ လို့ ပြောလို့ မရဘူး ။" ယင်း က ဆက် လက် ပြော ကြားခဲ့ သည်။
မောင်ပိုင်(နေပြည်တော်)
Yangon Media Group

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ခရိုင်အားကစားကွင်း၊ အမှတ် (၁) ရဲစခန်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စုစုပေါင်း ဒုက္ခသည်ဦးရေ ၉,၀၀၀ ခန့်ရှိနေကြောင်း သတင်းရရှိ

မိတ္ထီလာမြို့တွင် ယနေ့(မတ်လ ၂၃) နေ့ခင်းပိုင်းတွင် ပျက်စီးနေသော
အဆောက်အအုံများကို ရှင်းလင်းရေးလုပ်ကိုင်နေသော
တပ်မတော်သားအချို့ကို တွေ့ရစဉ်
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ခရိုင်အားကစားကွင်း၊ အမှတ် (၁) ရဲစခန်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စုစုပေါင်း ဒုက္ခသည်ဦးရေ ၉,၀၀၀ ခန့်ရှိနေကြောင်း သတင်းရရှိသည်။

အဆိုပါ ဒုက္ခသည်များအတွက် ရေနှင့် အစားအသောက်များ၊ အညစ်အကြေးစွန့်ရန် အိမ်သာများ လိုအပ်နေကြောင်း အဆိုပါဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

"ဒုက္ခသည်စခန်းမှာ မီးအသုံးပြုခွင့်မပေးဘူး။ အဲဒါကြောင့် အစားအသောက်ခြောက်တွေ၊ ရယ်ဒီမိတ်တွေပဲ စားသုံးနေတယ်" ဟု ဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးနေသော အင်န်အယ်လ်ဒီပါတီမှ ကိုတေဇာက ပြောသည်။

ယနေ့တွင် မန္တလေးနှင့် ပုဂံညောင်ဦးအပါအ၀င် အခြားမြို့များမှ သံဃာတော်များ၊ လူမှုရေးအဖွဲ့များနှင့် စေတနာရှင်ပြည်သူများက ဒုက္ခသည်များအတွက် အစားအသောက်ပစ္စည်းများ လာရောက်ပို့ဆောင်ပေးနေကြောင်း သတင်းရရှိသည်။

မတ်လ ၂၃ ရက်တွင် မိတ္ထီလာမြို့ အခြေအနေမှာ တည်ငြိမ်နေပြီး အမှတ် (၇၇) ခြေမြန်တပ်မလက်အောက်ခံတပ်ရင်းများ၊ စကခ (၄) လက်အောက်ခံတပ်ရင်းများစသော တပ်ရင်းများမှ တပ်မတော်သားများက လုံခြုံရေးတာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

မိတ္ထီလာမြို့တွင်ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် သုံးရက်အတွင်း ၁၁ ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့သည်။ နေအိမ် ၁၅၂ လုံး၊ ဘာသာရေး အဆောက်အအုံ ၁၃ လုံး၊ ကား နှစ်စီး၊ ပညာရေးမှူးရုံး တစ်လုံး၊ ဆိုင်ကယ် တစ်စီး၊ သုံးဘီးဆိုင်ကယ် နှစ်စီး ပျက်စီးခဲ့ကြောင်း အစိုးရက မတ်လ ၂၂ ရက်ညတွင် သတင်းထုတ်ပြန်သည်။
7Day News Journal
မိတ္ထီလာမြို့တွင် ယနေ့(မတ်လ ၂၃) နေ့ခင်းပိုင်းတွင် ပျက်စီးနေသော အဆောက်အအုံများကို ရှင်းလင်းရေးလုပ်ကိုင်နေသော တပ်မတော်သားအချို့ကို တွေ့ရစဉ်


ကုလအထူးကိုယ်စားလှယ်နဲ့ ၈၈မျိုးဆက်တွေ မြန်မာ့အရေး ဆွေးနွေး


မြန်မာနိုင်ငံကို ခေတ္တရောက်နေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဘီဂျေးနမ်ဘီးယားဟာ မနေ့ညနေက ၈၈မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ရန်ကုန်မြို့က ၈၈မျိုးဆက်ရုံးမှာ တွေ့ဆုံပြီး လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ မိတ္ထီလာမြို့က အဓိကရုဏ်းကိစ္စကို အဓိကထားဆွေးနွေးကြပြီး၊ မြန်မာနိုင်ငံသား အများစုဟာ အကြမ်းဖက်သမားတွေ မဟုတ်တဲ့အကြောင်းနဲ့ တိုင်းသူပြည်သားအချင်းချင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို ယုံကြည်တဲ့အကြောင်း ကိုမင်းကိုနိုင်က မစ္စတာနမ်ဘီးယားကို ပြောဆိုလိုက်တယ် လို့ သိရပါတယ်။

မစ္စတာနမ်ဘီးယားကလဲ မြန်မာနိုင်ငံက ပြသနာတွေနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့  စိုးရိမ်ပူပန်တဲ့အကြောင်းနဲ့  နိုင်ငံတကာမှာ မြန်မာနိုင်ငံ ပြဿနာထိပ်တန်းရောက်လာမှာ မလိုလားတဲ့အကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေ တခြားဒေသတွေကို မကူးဆက်အောင်၊ နောက်ထပ်အသက်ဆုံးရှုံးမှုတွေမဖြစ်အောင် အစိုးရက ကွင်းဆင်းဆောင်ရွက်သင့်ကြောင်း၊ ဘာသာရေး၊ လူမှုရေးခေါင်းဆောင်တွေကလည်း အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် ပြည်သူတွေအနေနဲ့ တရားဥပဒေကို လေးစားလိုက်နာကြဖို့ တွန်းအားပေးသင့်ကြောင်း မစ္စတာဗီဂျေနမ်ဘီးယားက ကြေညာချက်ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက မတ်လ ၂၁ ရက်နေ့က နေပြည်တော်မှာ ဂုဏ်ပြုညစာစားပွဲ ကျင်းပပေးခဲ့ပါတယ်။

ဒီလိုဂုဏ်ပြုတဲ့အတွက် အလွန်ဝမ်းမြောက်မိတယ်လို့  ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားမှာ ပြောလိုက်ပါတယ်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာအတွက် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားကြပဲ ယုံကြည်မှုနဲ့ လက်တွဲဆောင်ရွက်ခဲ့ကြတဲ့အတွက် အောင်မြင်ခဲ့တာလို့ ယူဆတဲ့အကြောင်းပြောပါတယ်။

ဒါ့အပြင် တိုင်းပြည်အတွက် ညီညီညွှတ်ညွှတ်ဆောင်ရွက်နိုင်အောင် ဦးဆောင်မှုပေးခဲ့တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့  အမျိုးသားလွှတ်တော် ဥက္ကဌတွေကိုလည်း ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောပါတယ်။

အဲဒီအခမ်းအနားမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က အခုလို ဂုဏ်ပြုညစာစားပွဲနဲ့  ဧည့်ခံရတဲ့အကြောင်း ရှင်းလင်းပြောဆိုတယ်လို့ သိရပါတယ်။
RFA Burmese

မိတ္ထီလာ အဓိကရုဏ်းကိုထိန်းသိမ်းဖို့ တပ်ရင်း ၁၀ ရင်းထပ်မံရောက်ရှိ

သမ္မတရဲ့ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မိတ္ထီလာမြို့နယ်နဲ့မလှိုင်၊ဝမ်းတွင်းနဲ့သာစည်မြို့ရဲ့ အခြေအနေကို ထိန်းသိမ်းဖို့အတွက် ရန်ကုန်အခြေစိုက် အမှတ်(၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်း ၁၀ ရင်းဟာ မနေ့ညက မိတ္ထီလာမြို့ကို ရောက်ရှိလာပါတယ်။

ဒီတပ်ရင်းတွေဟာ ကြိုတင်ရောက်ရှိနေတဲ့ တပ်မ ၇၇ ရဲ့တပ်ရင်းသုံးရင်းနဲ့ ပူးပေါင်းပြီး အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်လေးမြို့နယ်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့နယ်မြေတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်မယ်လို့ အဲဒီဒေသကို ရောက်ရှိနေတဲ့ တပ်မတော်အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

"မိတ္တီလာမှာ တပ်မ ၇၇ကသုံးရင်းနဲ့စကခက ၆ ရင်း တပ်စွဲထားမယ်"လို့ အဲဒီအရာရှိက ဆက်လက် ဆိုပါတယ်။

ယမန်နေ့ညက စပြီး မိတ္ထီလာမြို့အတွင်းမှာ စစ်ဆေးရေးဂိတ်တွေဖွင့်လှစ်ပြီး အခြေအနေတည်ငြိမ်အောင် ဆောင်ရွက်နေတာတွေရှိပေမယ့် ယခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်းတာတွေ မရှိသေးဘူးလို့ သိရပါတယ်။

အဓိကရုဏ်းတွေဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့မှာ အခြေခံစားသောက်ကုန်ကြီးမြင့်နေတယ်လို့ မိတ္ထီလာမြို့ခံ ဦးသိန်းဝင်းက RFA ကို အခုလို ပြောပါတယ်။

"ကြက်ဥတစ်လုံးကို ၃၀၀ လောက်ဖြစ်နေတယ်။ကြက်သား၊ဝက်သားတစ်ပိဿာကို ၇ ထောင်လောက် ဖြစ်နေတယ်
၊ပိုက်ဆံရှိတာတောင် ဝယ်ချင်သလို ဝယ်လို့မရဘူး"ကိုပြောပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကလည်း မိတ္ထီလာမြို့မှာ ကုန်ဈေးနှုန်းတွေကျဆင်းဖို့အတွက် မန္တလေးမြို့ကနေ ကြက်ဥနဲ့အသားတွေကို တီအီးကားလေးစီးစာ ပေးပို့ထားတယ်လို့ သိရပါတယ်။
RFA Burmese

အဓိကရုဏ်းဖြစ်စဉ်အတွင်း ဖမ်းဆီးထားသူ ၅၃ ဦးရှိပြီဖြစ်

မတ်လ ၂၀ ရက်နေ့ကနေ မတ်လ ၂၃ ရက်နေ့အထိ လေးရက်အတွင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဖြစ်စဉ်တွေမှာ မသင်္ကာသူ ၅၃ ဦးကို မိတ္ထီလာမြို့နယ်အတွင်းက သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့စခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှုးရုံးက ရဲအရာရှိတစ်ဦးက RFA ကိုဒီကနေ့ မနက်မှာ အတည်ပြုပြောကြားပါတယ်။

ရဲစခန်းတွေမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ လူ ၅၃ ဦးအထဲမှာ မိတ္ထီလာမြို့ကမဟုတ်ဘဲ အနီးအနားမြို့တွေက ဒေသခံ တွေပါဝင်တယ်လို့လဲ အဲဒီအရာရှိက ပြောပါတယ်။

မိတ္ထီလာမြို့တွင်းမှာ ပစ္စည်းများကိုင်ဆောင် သွားလာနေတဲ့ မင်္သကာဖွယ်သူအချို့ကို အဓိကရုဏ်းစတင်ဖြစ်ပွားရာ မတ်လ ၂၀ ရက်နေ့ကတည်းက စတင်
ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

မနေ့က မတ်လ ၂၂ ရက်နေ့နေ့လယ်က စပြီး အဓိကရုဏ်းတွေ အဓိက ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့နယ် အမှတ်(၂)ရဲစခန်းနယ်မြေအတွင်းမှာ ယာယီစစ်ဆေးရေးဂိတ်တွေဖွင့်လှစ်ပြီး တုတ်၊ဓားကိုင်ဆောင်ပြီး မိတ္ထီလာမြို့တွင်း သွားလာနေသူအချို့မှာပါရှိတဲ့ တုတ်တွေ၊ဓားတွေကို သိမ်းဆည်းခဲ့တယ်လို့ မိတ္ထီလာ အမှတ်(၂)ရဲစခန်းက တာဝန်ရှိသူက RFA ကို မတ်လ ၂၂ ရက်နေ့ညနေက ပြောပါတယ်။
RFA Burmese

သားကောင်သစ်မိတ္ထီလာ

“နာရီစင်ရပ်ကွက်မီးရှို့နေတာ ဗမာအိမ်ရော၊ မွတ်ဆလင်အိမ်ရော အကုန်လောင်တယ်" ဆိုသည်ကား မိတ္ထီလာ စည်ပင်သာယာဈေးအနီးတွင် နေထိုင်သူတစ်ဦး၏ အထိတ်တလန့် ပြောကြားမှုဖြစ်သည်။

မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်နှင့် မိုင် ၈၀ ခန့်အကွာ မိတ္ထီလာမြို့တွင် ဘာသာမတူသူလေးဦး ခိုက်ရန်ဖြစ်ပွားမှုသည် လူထောင်ချီ ပါဝင်သော ပဋိပက္ခကြီး ဖြစ်လာသည်။ လူ ၁၀ ဦး ထက်မနည်း သေဆုံး သည်ဆိုသော သတင်းများ ထွက်ပေါ်နေသည့် ယင်းပဋိပက္ခမှာ မတ်လ ၂၁ ရက်ညနေ ၇ နာရီထိ ပြီးဆုံးခြင်း မရှိသေးပေ။ တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသော လူစုများရှိနေဆဲ ဖြစ်သည်။

ယင်းပဋိပက္ခသည် မတ်လ၂၀ရက် နေ့နံနက် ၉ နာရီအချိန်၌ အစ္စလာမ် ဘာသာဝင်ပိုင် နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေရောင်းချရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး နာရီပိုင်းအတွင်း ရာချီသောလူအုပ်ကြီး က ရွှေဆိုင်ကို ဖျက်ဆီးသည်အထိ ဖြစ်လာသည်။ "မွန်းလွဲ ၂နာရီလောက် ရွှေရောင်း ချတဲ့ဆိုင်ခန်း ရှစ်ခန်းလောက် ကိုဖျက်ဆီးလိုက်ပြီ"ဟုအခင်းဖြစ်ပွား ရာ အနီးရှိ အထည်ဆိုင်ဖွင့်ထားသူ အသက် ၄၀ အရွယ် အမျိုးသမီးက ဆိုသည်။

    ယင်းပဋိပက္ခမှာ ရှုပ်ထွေးသည်ထက် ပိုမိုရှုပ်ထွေးလာနေပြီး မတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော်လည်း မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီအထိ ဆက်လက် ဖြစ်ပွားနေကာ ဒဏ်ရာရနှင့် သေဆုံးသူ ဦးရေလည်း ပိုများလာနေသည်။ "ရဲလုံခြုံရေးတွေ ရှေ့မှာကို တုတ်ဆွဲ၊ ဓားဆွဲနဲ့ မီးရှို့နေကြတယ်" ဟု မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ယင်းကြောင့် အခြေအနေများကို အချိန်တိုအတွင်း ထိန်းသိမ်းနိုင်ရေး မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က မတ်လ ၂၀ ရက်ရက်စွဲဖြင့်ထုတ် ပြန်လိုက်ပြီး ဖြစ်စဉ်အမှန် အသေးစိတ် ကို စုံစမ်းစစ်ဆေး၍ အစီရင်ခံစာကို ရက်သတ္တတစ်ပတ်အတွင်း တင်ပြရ မည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

အစိုးရအဖွဲ့၏ လုပ်ဆောင်နေမှု များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခအခြေ အနေများကို ထိန်းသိမ်းရန် လုံခြုံရေး အင်အား တိုးမြှင့်ထားပြီး သံဃာတော်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ဝိုင်းဝန်း လုပ်ဆောင်နေကြောင်း ပြောကြားသည်။ "ဒီလို ပဋိပက္ခဖြစ်နိုင်ခြေရှိတဲ့ နေရာတွေကို အကြမ်းဖက်မှုတွေ မကူးစက်ဖို့ သက်ဆိုင်ရာ တိုင်း ဒေသကြီး အစိုးရတွေကို စောင့်ကြည့်ခိုင်း ထားပါတယ်။ လုံခြုံရေးတွေလည်း တိုးခိုင်းထားတယ်" ဟု ၄င်းက ရှင်းပြသည်။

အဆိုပါပဋိပက္ခသည် အစိုးရသစ် သက်တမ်း ၂ နှစ်တာ ကာလအတွင်း လေးကြိမ်မြောက် ဖြစ်ပွားသည့် ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခဖြစ်သည်။

၂၀၁၂ ဇွန်လအတွင်းက ရခိုင် ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွှာ အုပ်စု တွင် စတင်ဖြစ်ပွားခဲ့သည့် ပစ္စည်းလု၊ မုဒိမ်းကျင့် လူသတ်မှုမှာ ဘာသာရေး ပဋိပက္ခ အသွင်သို့ ကူးပြောင်းသွားပြီး မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင်တို့ကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၁၆၇ ဦး၊ ဒဏ်ရာရသူ ၂၂၃ ဦး၊ အိမ်ထောင်စုပေါင်း ၁၆၉၈၀၊ လူဦးရေ ၁၁၁,၀၀၀ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ပြီး အိုးအိမ်နှင့် အဆောက်အအုံ ၁၀၁၀၀ လုံး ပျက်စီးခဲ့ရသည်။

ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါး ဖြစ်ပွားသဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရသည် အထိ နှစ်ကြိမ်ခန့်ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ရခိုင်ပြည်နယ် ပဋိပက္ခများ ပြန်လည်တည်ငြိမ်စ ပြုလာချိန်တွင် ၂၀၁၃ ဖေဖော်ဝါရီ ၁၈ ရက်နေ့က သကေတမြို့နယ် အမှတ် (၃) ရပ်ကွက် မာန်ပြေ ၁၈ လမ်းနှင့် ၁၉ လမ်း အနောက်ဘက်ခြမ်းရှိ အစ္စလာမ်ဘာသာ ရေး စာသင်ကျောင်း ပြန်လည်ပြင်ဆင်မှု မှ ဘာသာရေးအသွင်ဆောင် ပဋိပက္ခ အဖြစ်သို့ ဦးတည်လာသော်လည်း ပြန် လည် ထိန်းသိမ်းလိုက်နိုင်သဖြင့် ပြင်းထန်သည့် ပဋိပက္ခဖြစ်ပွားသည့် အဆင့်သို့ မရောက်ခဲ့ပေ။

သို့သော် သာကေတပဋိပက္ခ အပြီး တစ်ပတ်ခန့်အကြာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် လှိုင်သာယာမြို့နယ် အမှတ် ၁ ရပ်ကွက် ဦးဥတ္တမလမ်းတွင် တရားခွေ ဖွင့်ရာမှ အစပြုကာ အစ္စလာမ်ဘာသာဝင် များနှင့်ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရာချီသောလူအုပ်ကြီးသည် တုတ်၊ ဓား လက်နက်များကိုင်ဆောင်ကာ နေအိမ် အဆောက်အအုံများ ဖျက်ဆီးခဲ့သည့် အတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန က ပုဒ်မ၁၄၄ ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ပြီး ယခုအချိန်ထိ ပြန်လည်ရုပ်သိမ်းနိုင်ခြင်း မရှိသေးပေ။

တငွေ့ငွေ့တောက်လောင် နေဆဲ ဖြစ်သည့် လှိုင်သာယာပဋိပက္ခနှင့် ရက်ပေါင်း ၂၀ ခန့်အကြာတွင် ယခု မိတ္ထီလာပဋိပက္ခမှာ လေးကြိမ်မြောက် ဖြစ်ပွားသည့် ဘာသာရေးအသွင်ဆောင် သော ပဋိပက္ခဖြစ်သည်။ သို့ကြောင့် ဘာသာရေးအဓိကရုဏ်း တစ်ရပ် ဖြစ်ပေါ်လာစေရန် ဖန်တီးနေခြင်း လောဟု မေးခွန်းထုတ်မှုများ လူထုအကြား ထွက်ပေါ်လာတော့သည်။

ယခုဖြစ်ပေါ်လျက်ရှိသော မတည် ငြိမ်မှု များသည် နိုင်ငံမတည်ငြိမ်ရန် အတွက် ဆူပူလှုံ့ဆော်မှုများ ပြုလုပ်ကာ အစိုးရကို အကျပ်တွေ့စေပြီး ဘာသာရေး ကို ခုတုံးလုပ်ခြင်း ဖြစ်ကြောင်း ဘာသာရေး ခေါင်းဆောင်များက သုံးသပ်ပြောဆို ကြသလို နိုင်ငံရေးသမား များကလည်း အလားတူ သုံးသပ်ကြသည်။

လူမျိုးရေး၊ ဘာသာရေးကို ခုတုံး လုပ်သော ပဋိပက္ခအသွင် ဆောင်အောင် ပြုလုပ်နေခြင်းသည် အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်နိုင်သည့်အတွက် မည်သည့်အကြမ်းဖက်၊ အဖျက်လုပ်ငန်း များတွင်မျှ မပါဝင်ရန် မတ်လ ၂၁ရက် နေ့စွဲဖြင့် ရွှေဝါရောင်သံဃာများ ကွန်ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်မှု မတိုင်မီ မတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီ ခန့်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က လူမျိုးရေး၊ ဘာသာရေး ခေါင်းစဉ် ပြောင်းတပ်ကာ လူ့အဖွဲ့အစည်းနှစ်ခု အကြမ်းဖက်မည့် ပုံသဏ္ဌာန်ဖြင့် တိုက်ခိုက်နေမှုကို ဒေသဆိုင်ရာ အုပ် ချုပ်ရေးယန္တရား၏ တုံ့ပြန်မှုမှာ သံသယ ဖြစ်ဖွယ် ကောင်းကြောင်း ဝေဖန်လိုက်သည်။
    "စစ်အုပ်ချုပ်ရေးကို လက်ယပ် ခေါ်တဲ့ အပြုအမှုမျိုးတော့ လုံးဝခွင့်မပြုနိုင်ဘူး" ဟု ၄င်းက ဆိုသည်။

မိတ္ထီလာတွင် လုံခြုံရေးများသည် ပဋိပက္ခဖြစ်စဉ်တွင် ရပ်ကြည့်ရုံသာ ရပ်ကြည့်နေပြီး ထိန်းသိမ်းမှုမရှိသဖြင့် အကြမ်းဖက်သူများသည် လုံခြုံရေးများ ကြားက တွန်းတိုက်ဝင်ကာ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြောင်း မိတ္ထီလာရှိ ၈၈ မျိုးဆက် ကျောင်းသားက တစ်နှစ်ပတ်လုံး ဖွဲ့စည်းထားသော ကွန်ရက်များ ၏ မှတ်တမ်းမှတ်ရာများကို ကိုးကား ကာ ဦးမင်းကိုနိုင်က မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မီဒီယာများကို ရှင်းပြသည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာ မဟုတ်ဘူး။ အဲဒါကြောင့် အကြမ်းဖက်မယ့် အုပ်စုတွေကို တားရမယ် ဟု ၄င်းက ဆိုသည်။

လူမှုကွန်ရက် စာမျက်နှာများတွင် သံဃာတော်သေဆုံးသည့် ဓာတ်ပုံများနှင့် သတင်း ဖြန့်ကြသကဲ့သို့ အစ္စလာမ် ဘာသာဝင်ဟု ယူဆရသူများကလည်း ၄င်းတို့လူမျိုးများကို နှိပ်စက်နေကြသည် ဟူသော သတင်းများ အွန်လိုင်းပေါ်တွင် ဖော်ပြထားကြသည်။

အိုလမာ သာသနာ့ပညာရှင်များအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဦးသိန်းမြင့်က "ကျွန်တော်တို့အဖွဲ့က ဆူပူအောင် လှုံ့ဆော်တဲ့ အထဲမှာ ပါဝင်ပတ်သက်တာ မရှိဘူး။ ကလေကချေတွေ လုပ်တဲ့ အလုပ်၊ မိုက်ရိုင်းတဲ့ အလုပ်မျိုးတွေကို ကျွန်တော်တို့ မနှစ်သက်ဘူး" ဟု ဆိုသည်။

အကြမ်းဖက်မှုများသည် သမားရိုးကျ ဖြစ်ရပ်များမဟုတ်ဘဲ ကြားလူတစ်စုက အမြတ်ထုတ်ရန် ပြုလုပ်နေသည်ဟု ယူဆရပြီး အစိုးရက တားမြစ်နိုင်သည့်ကိစ္စများတွင် နှောင့်နှေးနေမှုကြောင့် အစ္စလာမ်ဘာသာဝင် များက လူမျိုးရေး၊ ဘာသာရေးအရ နှိပ်ကွပ်သည်ဟု ထင်မြင်ယူဆမှုများ ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီဌာနချုပ် (ရန်ကုန်မြို့) အထွေထွေ အတွင်းရေးမှူးချုပ် အမ်အေဦးကျော်စိုး က မှတ်ချက်ပေးသည်။

"အပြန်အလှန် မေတ္တာတရားနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့ ထင်တယ်။ ဒီကိစ္စတွေ တစ်နိုင်ငံလုံး ပြန့်သွားမှာကို အရမ်း ကြောက်ရွံ့တုန်လှုပ်နေပါပြီ" ဟု ၄င်းက ဆိုသည်။

သွေးထိုးလှုံဆော်မှုများကို အခြေခံ၍ ဖြစ်ပွားသော ရာဇဝတ်မှုဖြစ်သော်လည်း ရာဇဝတ်မှုကို ရာဇဝတ်မှုအတိုင်းသာ ရှုမြင်ပြီး တရားဥပဒေ စိုးမိုးရေးကို ဝိုင်းဝန်းကူညီရန် လိုအပ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရာတွင် တာဝန် ရှိသောပုဂ္ဂိုလ်များ အနေနှင့် ရှင်းရှင်းလင်းလင်း၊ ရဲရဲတင်းတင်း ကိုင်တွယ်ရန် လိုအပ်ကြောင်း မင်းကိုနိုင်က အကြံပေး သည်။

ရခိုင်ပြည်နယ်မှသည် ရန်ကုန်မြို့တော်၊ ယင်းမှသည် မန္တလေးတိုင်း အတွင်း အကြီးဆုံးခရိုင်မြို့ဖြစ်သော မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ဘာသာရေးအသွင်ဆောင် ပဋိပက္ခမှာ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းဆဲ မြန်မာနိုင်ငံအတွက် စိုးရိမ်ရသည့်အနေအထား ဖြစ်လာပြီး ဘာသာရေးအဖွဲ့အစည်း များသာမက နိုင်ငံရေးအင်အားစုများ အကြားတွင် သံသယစိတ်များ ကိန်းအောင်းလာသည်အထိ အရှိန် မြင့်လာနေသည်။

"လူ့အဖွဲ့အစည်းအတွင်းမှာ ဒဏ်ရာတွေ များလွန်းလို့ အနာကျက်အောင် အသည်းအသန် ကြိုးပမ်းနေရတဲ့ မြန်မာ့လူ့အဖွဲ့အစည်း အတွင်းမှာ နောက်ထပ် ဒဏ်ရာတွေ ထပ်များလာ အောင် ဘာဖြစ်လို့လုပ်နေကြပါလိမ့်။ တရားဥပဒေအရ ဖြေရှင်းလို့ရတဲ့ကိစ္စ မျိုးကို လူအုပ်စုနဲ့ အင်အားသုံးပြီး အကြမ်းဖက်တာမျိုး လုပ်တာဟာ ဒီမိုကရေစီ အခွင့်အရေးမဟုတ်ဘူး ဆိုတာ နားလည် ကြစေချင်ပါတယ်" နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်၏ မှတ်ချက်မှာ မြန်မာ့ သမိုင်း၏ နာကြည်းဖွယ်ဖြစ်ရပ်များကို ပြန်ပြောင်း သတိရစေသည်။

ပြည်သူအများစု၏ စိုးရိမ်မှုမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နုနုမှာ မုန်တိုင်းထန်ထန်အောက်တွင် စတေးမခံရရေး ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး၏ အကြီးဆုံးခရိုင်မြို့ မိတ္ထီလာ ကိုလည်း နောက်ကြောင်းပြန်လိုသူ များ၏ သားကောင်မဖြစ်ရေး များစွာ အရေးကြီးသည်ဟု နိုင်ငံရေးလေ့လာသူ များကဆိုသည်။

ယင်းအပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ မင်းကိုနိုင် လေးလေးနက်နက် ပြောဆိုလိုက်သည်က "သက်တမ်း နုနယ်လှတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးနေတဲ့ ပဋိပက္ခတွေရဲ့ ချောက်ကမ်းပါးထဲကို အရောက်ခံလို့ မရပါဘူး" ဟူ၏။
(The Voice Weekly သတင်းအဖွဲ့)

မိတ္ထီလာ အဓိကရုဏ်းကြောင့် သေဆုံးသူ ၁၁ ဦးရှိ

မိတ္ထီလာမြို့မှာ အဓိကရုဏ်းကြောင့် ပြီးခဲ့တဲ့ ၃ ရက်အတွင်း သေဆုံးသူ ၁၁ ဦးရှိပြီး၊ ဒဏ်ရာရသူ ၃၉ ဦးရှိတယ်လို့  စနေနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြပေမယ့်၊ မြို့ခံတချို့ကတော့ သေဆုံးသူဦးရေဟာ ၄ဝနဲ့ ၅ဝ ကြားလောက် ရှိနိုင်တယ်လို့ ပြောဆိုကြပါတယ်။ ဒါပေမယ့် ဒီကိန်းဂဏန်းကို RFA က အတည်ပြုဖို့  ကြိုးစားနေဆဲ ဖြစ်ပါတယ်။

သမ္မတရဲ့ အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ သောကြာနေ့ ညနေပိုင်းကစပြီး အခြေအနေ ငြိမ်သက်သွားခဲ့ပေမယ့် မြို့ခံတွေကတော့ စိုးရိမ်ထိတ်လန့်နေဆဲဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့  မြို့ခံတစ်ဦးက RFA ကို အခုလိုပြောပါတယ်။

“ပုဒ်မ ၁၄၄ ထုတ်ထားလို့ လမ်းပေါ်မှာ လမ်းသလားလို့ မရဘူးပေါ့၊ ကိုယ့်လမ်းထိပ်တွေမှာ ယောက်ျားတွေမှန်သမျှ အကုန်လုံး ညကင်းစောင့်နေကြတာ၊ မီးကွင်းပစ်မှာကြောက်လို့ စောင့်နေကြတာ၊ အထိတ်တလန့်ဖြစ်နေကြတယ်၊ ရပ်ကွက်ထဲကျန်ရှိတဲ့ ဗမာတွေကလည်း မီးလောင်မှာကြောက်တယ်၊ မီးရှို့မှာကြောက်တယ်၊ ဟိုထိန်းသိမ်းခံရတဲ့ဟာတွေကလည်း ရေဝဝမသောက်ရ၊ ထမင်းမစားရနဲ့ သူတို့လဲ ပင်ပန်းနေတယ်ပေါ့၊ ရဲအရာရှိပြောတာက တချို့ဆိုရင် ၃ ရက်လောက်တောင် ရေမသောက်ရလို့ တော်တော်ကိုငတ်နေတယ်လို့ပြောတာ၊ တချို့ကျတော့လည်း နည်းနည်းချောင်ကျတဲ့ နေရာတွေမှာကျတော့ လုံးလုံးပိတ်ပြီးတော့ အထဲမှာနေတဲ့လူတွေရှိတယ်၊ အခုတော့ တစ်ယောက်တစ်ပြန် ကြောက်နေကြတာ”

အန္တရာယ်ကနေ ကာကွယ်ပေးထားရတဲ့ ဒေသခံမူဆလင်တွေအတွက်ရော၊ ဗုဒ္ဓဘာသာဝင်တွေအတွက်ပါ ယာယီကယ်ဆယ်ရေးစခန်းအဖြစ် မိတ္ထီလာမြို့အမှတ် (၁) ရဲစခန်း၊ ခရိုင်အားကစားကွင်းနဲ့ ဓမ္မာစရိယကျောင်းတွေမှာ နေရာ ၃ နေရာခွဲပြီး ကူညီစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

အမှတ် (၁) ရဲစခန်းမှာတော့ လူပေါင်း ၆၀၀ ကျော်လောက်ရှိပြီး၊ သူတို့အတွက် ဒေသခံပြည်သူတွေရဲ့ အကူအညီနဲ့  စားသောက်စရာတွေ ထောက်ပံ့ထားတယ်လို့  တာဝန်ကျရဲအရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

တချို့မူဆလင်တွေကတော့ သူတို့နဲ့ဆွေမျိုးနီးစပ်၊ အသိမိတ်ဆွေတွေရှိတဲ့ မိတ္ထီလာမြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ယင်းတော်ရွာဘက်ကို ထွက်သွားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေဆီက တုတ်၊ ဓားလက်နက်တွေ သိမ်းဆည်းနေပါတယ်။ အခုအဓိကရုဏ်းနဲ့ ပတ်သက်လို့  ၃ ရက်အတွင်း မသင်္ကာသူ ၅၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှုးရုံးအရာရှိတစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။ အဲဒီ ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူတွေထဲမှာ မိတ္ထီလာမြို့ပေါ်ကတင်မကပဲ အနီးအနားမြို့ရွာတွေက လူတွေလည်းပါတယ်လို့ ဆိုပါတယ်။

မိတ္ထီလာမြို့မှာ မနေ့ကမနက်ပိုင်းအထိ အခြေအနေဆိုးဝါးနေခဲ့ပြီး အဆောက်အဦးတစ်ခုကို မီးရှို့နေစဉ် ဓါတ်ပုံရိုက်ခဲ့တဲ့ RFA နဲ့ AP သတင်းထောက်တွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို သံဃာနဲ့  အကြမ်းဖက်သမားတချို့က ခေတ္တဖမ်းဆီးထားပြီး၊ ရိုက်ကူးထားတဲ့ ဓါတ်ပုံမှတ်တမ်းတင် မန်မိုရီကတ်တွေကို သိမ်းဆည်းခဲ့ပါတယ်။ သတင်းထောက်တွေကို ဓါးတွေနဲ့ ချိန်ရွယ်ခဲ့တယ်လို့လည်းဆိုပါတယ်။ နောက်ပိုင်းမှာ သူတို့ကို ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ တခြားသံဃာတစ်ပါးက စောင့်ရှောက်ထားခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်တွေက သွားရောက်ကယ်တင်ကာ ဘေးလွတ်ရာကို ပို့ဆောင်ပေးခဲ့ပါတယ်။

မီးလောင်ပျက်ဆီးမှုနဲ့ ပတ်သက်လို့လည်း ဒီသုံးရက်တာကာလအတွင်း နေရာ ၁၀ နေရာထက်မနည်း မီးလောင်ခဲ့တဲ့အတွက် စုစုပေါင်းအိမ်ခြေ ၃၀၀ လောက် ပျက်စီးခဲ့တယ်လို့ မိတ္ထီလာခရိုင် မီးသတ်တပ်ဖွဲ့အရာရှိတစ်ဦးက RFA ကို မနေ့ညက ပြောပါတယ်။

ရန်မျိုးအောင်ရပ်ကွက်၊ မင်္ဂလာဇေယျုံရပ်ကွက်မှာ အိမ်ခြေ ၁၅ လုံးကျော်၊ ချမ်းအေးရပ်ကွက်မှာ အိမ်ခြေ ၇၀ ကျော်၊ သီရိမင်္ဂလာရပ်ကွက်မှာ အိမ်ခြေ ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မိတ္ထီလာမြို့အပါအဝင် မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့တွေကို တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၃ ရင်းနဲ့ ရဲတပ်ရင်း ၃ ရင်းပူးပေါင်းပြီး မိတ္ထီလာမြို့ရဲ့ လုံခြုံရေးကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မိတ္ထီလာဒေသအခြေအနေကို နိုင်ငံတော်သမ္မတရုံးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ တိုက်ရိုက်ညွှန်ကြားချက်နဲ့ အမှတ် ၁ စစ်ဆင်ရေး အထူးတပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညိုစောတို့က ကွပ်ကဲနေတယ်လို့သိရပါတယ်။

ဒီအတောတွင်းမှာပဲ မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့မှာဖြစ်နေတဲ့ အဓိကရုဏ်းနဲ့ပတ်သက်လို့  အမေရိကန်ပြည်ထောင်စုအနေနဲ့  အထူးစိုးရိမ်ပူပန်မိကြောင်းနဲ့  သေဆုံးသူတွေနဲ့  ကျန်ရစ်သူမိသားစုတွေအတွက် ဝမ်းနည်းပါကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စ ဗစ်တိုးရီးယားနူလန်က ပြောလိုက်ပါတယ်။

သောကြာနေ့ကပြုလုပ်တဲ့ အမေရိကန်နိုင်ငံခြားရေးဌါနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောဆိုလိုက်တာပါ။ ဒီပဋိပက္ခအမြန်ပြီးဆုံးပြီး အခြေအနေတွေ တည်ငြိမ်အောင် အစိုးရအပါအဝင် နိုင်ငံရေးပါတီတွေ၊ လူမှုရေးအဖွဲ့အစည်းတွေက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ကိုလည်း အမေရိကန်နိုင်ငံခြားရေးဌါနက တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲကလဲ မြန်မာအစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေ တခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
RFA Burmese

သမီးလေး ပြိုင်သူခ(ခေါ်)အိုင်ကီ၏ ၃ နှစ်ပြည့်မွေးနေ့ပွဲ

သရုပ်ဆောင် ကျော်ကျော်ဗိုလ် နှင့် ဇနီး မယဉ်ယဉ်မင်းတို့၏ သမီးလေး ပြိုင်သူခ (ခေါ်) အိုင်ကီ၏ ၃ နှစ်ပြည့်မွေးနေ့ပွဲကို မတ်လ ၂၁ ရက် ညနေက အင်ယားလိတ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရဲရဲ
Popular Journal





S.I.R Summer Rock Show ပွဲ

S.I.R Summer Rock Show ပွဲကို မတ်လ ၂၂ ရက်နေ့ ည ၇ နာရီက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့ပြီး SIR Member အဖွဲ့ဝင်များဖြစ်သော Big Bag, Wanted,Idiots , Reason နှင့် ဧည့်သည်အဆိုတော် ရတနာမိုင်တို့က သီဆိုဖျော်ဖြေခဲ့ကြသည်။
Popular Journal
ဓာတ်ပုံ - သီဟ — S.I.R Summer Rock Show






နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com