http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဦးလေးဖြစ်သူကို ဓားဖြင့်ခုတ်၍ ကိုယ့်လည်ပင်းကိုယ် ဓားဖြင့်လှီး

တာချီလိတ်၊ ဇူလိုင် ၁၅
ရှမ်းပြည်နယ်( အရှေ့ပိုင်း) ရွှေတြိဂံဒေသ တာချီလိတ်မြို့နယ်နှင့် ၁၀ မိုင်ကျော် ကွာဝေးသည့် မုန်းဖုန်း (ခ) အုပ်စု၊ ပါကောင်ရွာတွင် ဇူလိုင်လ ၁၂ ရက်နေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က အသက် ၄၄ နှစ် အရွယ် တူဖြစ်သူ ဦးအိုက်ကွမ်းရှဲန်က ဦးလေးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးလုံးဆိုင်ကို ဓားဖြင့်ခုတ်ကာ သူ၏လည်ပင်းကို ဓားဖြင့်လှီးခဲ့ကြောင်း အဆိုပါကျေးရွာ နေထိုင်သူများက ပြောကြားသည်။

ဦးလေးဖြစ်သူကို ဓားဖြင့်ခုတ်သူသည် ဇနီးနှင့်ကွဲကွာနေပြီး အရက်အလွန် သောက်သဖြင့် အရက်ကြောင်ကြောင်နေသူ ဖြစ်ကြောင်း၊ ၎င်း၏ဦးလေးသည် ဓားဖြင့်ခုတ်သည့်ဒဏ်ရာဖြင့် အခုတ်ခံရသော နေရာတွင် သေဆုံးခဲ့ကြောင်း အဆိုပါ ဓားခုတ်မှုကို သွားရောက်စစ်ဆေးသည့် ဒုတပ်ကြပ်ကျော်ခိုင်ထံမှ သိရှိရသည်။

“ဖြစ်တဲ့နေရာမှာ သွေးတွေကို ရဲနေတာ၊ ခုတ်တဲ့သူ ကိုယ်တိုင်လည်း သွေးအိုင်ထဲ လဲကျနေတယ်” ဟု မျက်မြင်တွေ့ရှိသူ ပါကောင်ရွာမှ အသက် ၅၂ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးက ဆိုသည်။

ပြစ်မှုကျုးလွန်သူကို တာချီလိတ် ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိရာ လူနာ၏ အခြေအနေမှာ စိုးရိမ်ရကြောင်း တာချီလိတ်မြို့နယ်တွင် နေထိုင်သူ ဦးကျော်မြင့်က ပြောကြားသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ အိုက်ကွမ်းရှဲန်ကို ဝမ်ပုံနယ်မြေရဲစခန်း (ပ) ၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂/၃၀၉ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly

တောင်ငူ အာဇာနည်နေ့ချီတက်ရန် လျှောက်ထားမှု ပယ်ချခံရ

တောင်ငူ ၊ ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့တွင် အာဇာနည်နေ့ (ဇူလိုင် ၁၉) ၌ ပါတီကြီးနှစ်ခု ပူးပေါင်းကျင်းပမည့် ချီတက်အလေးပြုရန် လျှောက်ထားမှုကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ငြင်းဆိုပယ်ချခဲ့ကြောင်း အာဇာနည်နေ့ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုးဝင်းက The Voicce သို့ပြောကြားသည်။

အာဇာနည်နေ့ ကျင်းပရေးကော်မတီက ချီတက်လမ်းလျှောက်ခွင့်ပြုရန် ဇူလိုင်လ ၁၂ ရက်နေ့တွင် လျှောက်ထားခဲ့သော်လည်း အခမ်းအနားတွင် အသံချဲ့စက်ဖြင့် အာဇာနည်သီချင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများဖွင့်ခြင်း၊ ပြန်တမ်းဝင်ရုံး ပိတ်ရက်တွင် စီတန်းလှည့်လည်ခြင်း၊ ယာဉ်သွားလာမှု ပိတ်ဆို့နိုင်ခြင်းတို့ကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအရ ဇူလိုင်လ ၁၃ ရက်နေ့တွင် ပယ်ချခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ချီတက် အလေးပြုမှုကို စီတန်းလှည့်လည်ခြင်းဆိုင်ရာ စည်းကမ်းချက် လေးချက်အရ ငြင်းဆိုခဲ့သည်မှာ မှန်ကန်ကြောင်း၊ စည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းသို့စာဖြင့် အသိပေး အကြောင်းကြားခဲ့ကြောင်း တောင်ငူ မြို့နယ် ရဲတပ်ဖွဲ့မှူးက ဖြေကြားခဲ့သည်။

(၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ပူးပေါင်းကာ လူထုလူတန်းစားအသီးသီး ပါဝင်သော ချီတက်အလေးပြုပွဲ ကျင်းပနိုင်ရန် အာဇာနည်နေ့ ကျင်းပရေးကော်မတီကို ဇူလိုင် ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး တောင်ငူမြို့ မိုင်ဒါ အားကစားကွင်းရှိ အာဇာနည်ကျောက်တိုင်ကို ဆေးသုတ်မွမ်းမံ၍ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းတို့ ပြုလုပ်ခဲ့ကြောင်း တောင်ငူမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီအတွင်းရေးမှူး ဦးနန္ဒက ရှင်းပြသည်။

“ပါတီဝင်တွေ၊ ပြည်သူလူထုတွေ ချီတက်လမ်းလျှောက်ပြီး နိုင်ငံ့ခေါင်းဆောင် အာဇာနည်တွေကို ဂါရဝပြုတာကို ကန့်သတ် ချုပ်ချယ်မှုတွေ ပြုလုပ်တယ်ဆိုတာ ခေတ်ဟောင်းက အတွေးအခေါ်တွေပါ။ မနှစ်ကလည်းဇူလိုင် ၁၈ ရက်နေ့ည ၁၂ နာရီလောက်မှ ကန့်သတ်ချက်တွေ အများကြီးနဲ့ ခွင့်ပြုခဲ့တယ်ဟု တောင်ငူမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့် (ခ) ဦးဘိုတောက်က သုံးသပ်ပြောကြားသည်။

ချီတက်အလေးပြုမှုကို ခွင့်မပြုပါက မူလအစီအစဉ်အတိုင်း ချီတက်အလေးပြုမည် ဖြစ်ကြောင်း အာဇာနည်နေ့ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုးဝင်းက The Voice သို့ပြောကြားသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအရ မည်သူမဆို ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာစီတန်း လှည့်လှည်ခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်သည်။
The Voice Weekly

ရန်ကုန်မြို့လယ်ရှိ အပေါင်ဆိုင် တစ်ခုတွင် လုယက်မှု ဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၁၅
ရန်ကုန်မြို့တော်၏ လူအစည်ကားဆုံး နေရာများတွင် ပါဝင်သည့် ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်း လမ်းနှင့် အနော်ရထာ လမ်းထောင့်ရှိ ဝှါရှင် အပေါင်ဆိုင်တွင် ဇူလိုင်လ ၁၄ ရက် ညနေ ၄ နာရီခန့်က လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ပန်းဘဲတန်း ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ဇူလိုင်လ ၁၄ ရက် ညနေ ၄ နာရီခန့်က အဆိုပါ အပေါင်ဆိုင်သို့ အသက် ၄၀ အရွယ် အမျိုးသား နှစ်ဦး ရောက်ရှိလာပြီး ရွှေ ဟန်းချိန်း၊ ရွှေဆွဲကြိုး နှစ်ခုပေါင်း အလေးချိန် နှစ်ကျပ်သား ရွှေထည်များကို လာရောက် ပေါင်နှံရာ ဝန်ထမ်းများက ရွှေကို မှတ်ကျောက်တင်ခဲ့ပြီး ကျပ် ၁၃ သိန်းဖြင့် ပေါင်နှံရန် သဘောတူခဲ့ကြောင်း၊ ပိုက်ဆံ ရေတွက်နေစဉ် အဆိုပါ အမျိုးသား နှစ်ဦးအနက် တစ်ဦးက ဖုန်းပြော ပြီးနောက် ကျပ် ၁၅ သိန်းရမှသာ ပေါင်နှံမည်ဟု ပြောင်းလဲ ပြောဆိုကာ ရွှေထည်များကို ပြန်လည် တောင်းခဲ့ကြောင်း၊ ၎င်းတို့ကပင် ထပ်မံ ၁၃ သိန်းဖြင့် ပေါင်နှံရန် သဘောတူ ခဲ့သဖြင့် ရွှေထည်များကို ပြန်လည် ချိန်တွယ် မှတ်ကျောက် တင်ရာတွင် အလေးချိန်နှင့် ပုံသဏ္ဌာန် တူညီသော်လည်း ရွှေအတုများ ဖြစ်နေကြောင်း ဆိုင်ဝန်ထမ်းများ သိရှိချိန်တွင် ငွေကျပ် ၁၃ သိန်းအနက် ၁၀ သိန်းကို လုယူ ထွက်ပြေးခဲ့ကြောင်း အဆိုပါ ဆိုင် ဝန်ထမ်းများ၏ တိုင်ကြားချက်အရ သိရှိရသည်။

ယင်းကဲ့သို့ ငွေလုယူ ထွက်ပြေးသောကြောင့် ဆိုင်ဝန်ထမ်းများက ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီ တောင်းသဖြင့် အနီးရှိ လူများက ဝိုင်းဝန်း ဖမ်းဆီးရာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၈) ရပ်ကွက် တွင် နေထိုင်သူ အသက် ၃၈ နှစ် အရွယ် ဦးအောင်ဇော်မြင့်ကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး ရှေ့တွင် ဖမ်းမိပြီး သာကေတမြို့နယ်၊ (၇)အရှေ့ရပ်ကွက်တွင် နေထိုင်သူ ဦးအောင်သူသည် ငွေကျပ် ၁၀ သိန်းနှင့် အတူ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ပန်းဘဲတန်း ရဲစခန်းထံ စုံစမ်း သိရှိရသည်။

အဆိုပါ လုယက်မှုကို (ပ) ၂၁၂ /၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

ပန်းဘဲတန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အပေါင်ဆိုင် လုယက်မှု အပါအဝင် ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးတွင် လုယက်မှု သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရှိရသည်။

ငွေလုယက်သည်ဟု စွပ်စွဲခံရသူ ဦးအောင်သူကို ၎င်းတို့နှစ်ဦး ပြန်လည်တွေ့ ဆုံရန် ချိန်းဆိုထားသည့် ကြည့်မြင်တိုင်မြို့နယ် သီရိမင်္ဂလာဈေးဟောင်း အနီးရှိ အရက်ဆိုင်တွင် စုံစမ်းလျက်ရှိပြီး ကျန်ရှိနေသူကို ဖမ်းမိရန် ရဲတပ်ဖွဲ့ဝင်များ ချိတ်ဆက်ကာ စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ရဲစခန်းထံမှ သိရသည်။

လုယက်မှုနှင့် ပတ်သက်၍ ဝှါရှင် အမိန့်ရ အပေါင်ဆိုင်သို့ မေးမြန်းရာ ဆိုင်ဝန်ထမ်း တစ်ဦးက ပန်းဘဲတန်းမြို့နယ် ရဲစခန်းတွင်သာ သွားရောက် မေးမြန်းပါရန် ပြန်လည် ပြောကြားသည်။

ဇူလိုင်လ ၁ ရက် ညပိုင်းက အလုံမြို့နယ် ဆင်မင်းရပ်ကွက် စက်တွင်းလမ်း ရှိ ခြောက်ထပ်တိုက်၏ တိုက်ခန်း တစ်ခုတွင် အမျိုးသမီးငယ် တစ်ဦးနှင့် အိမ်အကူ အမျိုးသမီး နှစ်ဦး ရှိနေချိန်တွင် လူငါးဦး အဖွဲ့မှ လူနှစ်ဦးက အိမ်ထဲသို့ ဝင်လာပြီး မဲဖိုးငွေ ကျပ်သိန်း ၃၀ တောင်းခံရာ အမျိုးသမီးငယ်က မရှိကြောင်း ပြောသဖြင့် အိမ်တွင်းရှိ ရွှေထည်ပစ္စည်း ခြောက်မျိုးနှင့် ငွေ အပါအဝင် ကျပ် ၁၈ သိန်း လုယူ ထွက်ပြေးခဲ့ပြီး အိမ်ဖော် အမျိုးသမီး နောက်ကျောတွင် ဓားဒဏ်ရာ တစ်ချက်၊ အပေါ်သွား နှစ်ချောင်း ကျိုး ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ ဇူလိုင်လ ၆ ရက် ည ၁၂ နာရီခန့်က တာမွေမြို့နယ်၊ ကျောက်မြောင်း အရှေ့ရပ်ကွက် အောင်မင်္ဂလာလမ်းရှိ လုံးချင်း နှစ်ထပ်တိုက် တစ်လုံးတွင် အမျိုးသမီးငယ် တစ်ဦးတည်း ရှိနေချိန် အုပ်စုလိုက် လာရောက်ကာ ၎င်းတို့ထဲမှ လူငယ် တစ်ဦးက ဝက်အူလှည့်ဖြင့် ထောက်ကာ ငွေကျပ် သုံးသိန်းနှင့် ကိုးသောင်းကို လုယက်ခဲ့သည်။
ဟိန်းမြတ်စိုး၊ ခိုင်စိုးလင်း
The Voice Weekly

ထိုင်း-မြန်မာနယ်စပ် မှောင်ခိုလက်နက်ခဲယမ်း အများဆုံးဖမ်းဆီးမိ

ထိုင်း-မြန်မာနယ်စပ်မှာ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းများ (ဗွီအိုအေ-မြန်မာပိုင်း)
15.07.2013
ထိုင်းနိုင်ငံမြောက်ပိုင်း မယ့်ဟောင်ဆောင်ခရိုင်ထဲက ကွန်မိုင်ဆပ်ရွာမှာ မြန်မာနိုင်ငံဘက်ခြမ်း တိုင်းရင်းသား လက်နက်ကိုင် နယ်မြေထဲကို ပို့ဆောင်မယ့် လေယာဉ်ပစ် လက်နက်ကြီး ၄ ခု၊ အဝေးပစ်ဒုံးလက်နက် ၃ ခုကို ကျည်ဆန်တွေနဲ့အတူ ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဆလာဘူရီမြို့က သယ်ဆောင်လာတဲ့ လက်နက်များ ဖြစ်ပါတယ်။ ဒါဟာ ထိုင်း-မြန်မာနယ်စပ်မှာ တရားမ၀င် လက်နက် အမြောက်အများကို ဖမ်းမိတာ ပထမဦးဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းက ရှမ်း၊ ၀ နဲ့ ပအို့ဝ် တိုင်းရင်းသား လက်နက်ကိုင် နယ်မြေထဲကို ပို့ဆောင်မယ့် လေယာဉ်ပစ် လက်နက်ကြီး ၄ ခု၊ အဝေးပစ် ဒုံးလက်နက် ၃ ခုနဲ့ သိန်းနဲ့ချီရှိတဲ့  လက်နက်ကြီး၊ လက်နက်ငယ်တွေရဲ့ ကျည်ဆံအမြောက်အများကို ဇူလိုင်လ ၁၄ ရက်နေ့က ထိုင်းနိုင်ငံမြောက်ပိုင်း မယ့်ဟောင်ဆောင်ခရိုင်ထဲက ကွန်မိုင်ဆပ်ရွာမှာ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးရမိခဲ့ကြောင်း မယ့်ဟောင်ဆောင်ခရိုင်ဝန်က သတင်းစာ ရှင်းလင်းမှု လုပ်ခဲ့တာပါ။

ဒါဟာ နယ်စပ်တလျှောက် တရားမ၀င် လက်နက်ကို ဖမ်းမိတာ အမြင့်ဆုံး အရေအတွက် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင်ခရိုင်ဝန် Mrs. Nalumon Panwat က သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုရာမှာတော့ - လက်နက်ပစ္စည်းတွေနဲ့ ကျည်ဆံတွေဟာ မြန်မာနိုင်ငံဘက်ခြမ်း တိုင်းရင်းသားလက်နက်ကိုင်တွေထံကို ပို့ဆောင်မယ့် ပစ္စည်းများဖြစ်ကြောင်း ဖမ်းမိတာကတော့ ဆလာဘူရီခရိုင်ထဲကလာတဲ့ ကားတစီးကို စစ်ဆေးရာကနေ နောက်ပိုင်းမှာ ကွန်မိုင်ဆပ်ရွာ အမှတ် ၂ ရပ်ကွက်ထဲက အိမ်အမှတ် ၈၅/၅ ကို  စစ်ဆေးရှာဖွေပြီး ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်းကို ပြောဆိုခဲ့တာပါ။

ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေထဲမှာ လေယာဉ်ပစ် လက်နက်ကြီး ၄ ခု၊ မြေပြင်ကနေ ဝေဟင်ပစ်တဲ့ အဝေးပစ်ဒုံးကျည် ၃ ခု၊ ကာဘိုင်သေနတ် ၅၆၀ လက်နဲ့ ပွိုင့် ၈၈ ကျည်ဆံများ၊ M 16 ကျည်ဆံများ၊ လေယာဉ်ပစ်ကျည်ဆံများကို  သေတ္တာတွေနဲ့ အမြောက်အများ ဖမ်းဆီးရမိခဲ့တာပါ။

သိန်းနဲ့ချီရှိတဲ့ ကျည်ဆံတွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ ဒါဟာ တရားမ၀င်လက်နက် ဖမ်းဆီးရရှိမှုတွေထဲက အမြင့်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ လက်နက်ကျည်ဆံတွေနဲ့အတူ လက်ရှိမှာ ထိုင်းရဲအရာရှိ Mr. Sumit နဲ့ ကွန်ဒီယမ် လို့ အမည်ရတဲ့ မြန်မာနိုင်ငံသား တဦးကို ဖမ်းဆီးထားပါတယ်။

ဒီလက်နက်တွေနဲ့ပတ်သက်လို့  တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ သူတို့ မှာယူတဲ့ပစ္စည်းတွေ ဟုတ် - မဟုတ် ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စုစည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများကောင်စီ UNFC အဖွဲ့ဝင်လည်းဖြစ်၊  UNFC ရဲ့ တွဲဘက် အတွင်းရေးမှူးလည်းဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ဘယ်အဖွဲ့တွေဆီကို ပို့ဆောင်မယ့် လက်နက်တွေဆိုတာကို သူအနေနဲ့ မသိရှိကြောင်းကို ငြင်းဆိုပါတယ်။

“ပို့တဲ့လမ်းကြောင်းက ကရင်နီဘက်တော့ မဟုတ်ဘူး။ ကျနော်တို့ဘက်က လမ်းကြောင်းကနေ ပို့မယ်လို့ အရင်ပြောတာ။ ပအို့ဝ်ရယ်၊ ၀ ရယ်၊ ရှမ်းရယ် အတူတူနေတဲ့နေရာ။ အထဲကို ပို့ရင်တော့ ဘယ်ကိုသွားမလဲဆိုတာတော့ မသိဘူး။ ဒီအခြေအနေမျိုးမှာ လက်နက် ၀ယ်ယူစုဆောင်းတယ်ဆိုရင်တော့ ပိုက်ဆံလည်း ရှိတဲ့ အဖွဲ့အစည်းဖြစ်ဖို့လိုတယ်။ UNFC အဖွဲ့ဝင်တွေကတော့ ကျနော်သိသလောက်တော့ ဘယ်သူမှ မရှိဘူးပေါ့နော်။”

လက်နက်တွေကို ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ လက်နက်ပို့ဆောင်မှုဟာ ဒုတိယအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမှုတွေ ဆွေးနွေးမှုတွေ လုပ်နေဆဲအချိန်မှာပဲ တိုင်းရင်းသားနယ်မြေတချို့မှာ ပစ်ခတ်မှုတွေနဲ့ ထိပ်တိုက်တွေ့မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
မအေးအေးမာ
ဗွီအိုအေ (မြန်မာပိုင်း)

သမ္မတဦးသိန်းစိန်ကို လန်ဒန်မှာ ဆန္ဒပြ

လန်ဒန်ရောက် မြန်မာသမ္မတ ဦးသိန်းစိန်ကို ၀ိုင်းဆန္ဒပြနေကြစဉ် (၁၅ ဇူလိုင် ၂၀၁၃) ဓာတ်ပုံ - Burma Campaign UK
15.07.2013
ဗြိတိန်နိုင်ငံရောက် မြန်မာသမ္မတ ဦးသိန်းစိန်ကို ဗြိတိန်အစိုးရက အကောင်းမြင် ကြိုဆိုတဲ့အပေါ် စိတ်ပျက်မိတယ်လို့ Burma Campaign UK က ပြောဆိုလိုက်ပါတယ်။ ဗြိတိန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေ ဆွေးနွေးဖို့ ရှိနေတဲ့ မြန်မာသမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံကြမယ့်အချိန်မှာပဲ အင်္ဂလန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ဝန်ကြီးချုပ်အိမ်တော်ရှေ့မှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်နေဆဲ အခြေအနေတွေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်နေပါတယ်။ အသေးစိတ်ကို မဆုမွန် က တင်ပြထားပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဒုတိယအကြိမ်မြောက် ဥရောပခရီးစဉ်အဖြစ် မြန်မာနိုင်ငံကနေ ဒေသစံတော်ချိန် တနင်္ဂနွေမနက်ပိုင်းကစပြီးတော့ ထွက်ခွာလာခဲ့တဲ့ ဦးသိန်းစိန်နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင်လ ၁၄ ရက်နေ့ ဗြိတိန်စံတော်ချိန် ညနေ ၆ နာရီခွဲမှာ အင်္ဂလန်နိုင်ငံ Heathrow လေဆိပ်ကို ဆိုက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အခုလို ဆိုက်ရောက်လာတဲ့ မြန်မာသမ္မတဦးသိန်းစိန်ရဲ့ ဗြိတိန်ခရီးစဉ်အတွင်း ၀န်ကြီးချုပ် ဒေးဗစ် ကမရွန်း (David Cameron) အစိုးရက ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ Burma Campaign UK ရဲ့ပြောခွင့်ရ (Mark Farmaner) က ဗွီအိုအေကိုပြောပါတယ်။

“ဗြိတိသျှအစိုးရက သမ္မတ ဦးသိန်းစိန်ကို ကောဇောနီ ခင်းပြီး ကြိုဆိုတဲ့အတွက် Burma Campaign UK အနေနဲ့ သိပ်ကို စိတ်ပျက်မိပါတယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့  နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိတ် (William Hague) ဆီကို လာပြီး တွေ့ဆုံမယ့်အစား The Hague မှာရှိတဲ့ နိုင်ငံတကာ စစ်ခုံရုံးကိုပဲ လည်ပတ်သင့်ပါတယ်။ သူဟာ အရင် အာဏာရှင် စစ်အစိုးရလက်ထက်ကတင်မဟုတ်ဘဲ အခုလက်ရှိ ရာထူး ထမ်းဆောင်စဉ် ကာလမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပါတယ်။ ကချင်ပြည်နယ်မှာ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိသလို ရခိုင်ပြည်နယ်မှာလည်း အလားတူပါပဲ။ ဒါ့အပြင် လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အကျဉ်းချတာတွေ ခြိမ်းခြောက်တာတွေ တွေ့ရပြီး လွန်ခဲ့တဲ့ တလအတွင်းမှာပဲ လူ ၇၀ ကို ထောင်ဒဏ် စီရင်ခဲ့ပါတယ်။ ဒါကြောင့်  သမ္မတ ဦးသိန်းစိန်ဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးသမား မဟုတ်ဘူးလို့ ကျနော်တို့ သုံးသပ်ပါတယ်။”

သမ္မတရဲ့ ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမရွန်း အပါအဝင်၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိတ် နဲ့လည်း သမ္မတဦးသိန်းစိန် တွေ့ဆုံဖို့ ရှိတာမို့ သမ္မတဦးသိန်းစိန်နဲ့ ဗြိတိန်တာဝန်ရှိသူတွေ တွေ့ဆုံတဲ့အခါမှာ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့ရှိပြီး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးနိုင်ချေ ရှိပါတယ်။

ဒါ့အပြင် တိုင်းရင်းသား ဒေသတွေက ပဋိပက္ခ ဖြစ်ပွားတဲ့ နေရာတွေမှာ မြန်မာစစ်တပ်ကို လူ့အခွင့်အရေးသင်တန်းတွေ ပေးနိုင်ဖို့ ဗြိတိန်အစိုးရရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီးလည်း Burma Campaign UK က Mark Farmaner က အခုလို ဆက်ပြောပါတယ်။

“ဗြိတိသျှအစိုးရက မြန်မာစစ်တပ်ကို လူ့အခွင့်အရေးနဲ့ ပတ်သတ်လို့ သင်တန်းပေးဖို့ ကမ်းလှမ်းထားပါတယ်။ သင်တန်းပေးရာမှာ လူ့အခွင့်အရေးကို အားပေးမယ်ဆိုပေမဲ့ အခုလို သင်တန်းပေးရင် ငါးစားနေတဲ့ ငါးမန်းကို ငါးမစားတော့အောင် သင်တန်းပေးသလို ဖြစ်နေမှာပါ။ လူ့အခွင့်အရေး ချိုးဖောက်နေတာ စစ်တပ်ကဖြစ်လို့  ဒီချိုးဖောက်သူတွေကို အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူနိုင်ခြင်း မရှိသရွေ့ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။”

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တနင်္လာနေ့ ဒေသစံတော်ချိန် နေ့လည်ပိုင်းမှာ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကမရွန်းနဲ့ ဝန်ကြီးချုပ် အိမ်တော် အမှတ် (၁၀) ဒေါင်းနင်းလမ်း နေအိမ်မှာ တွေ့ဆုံကြဖို့ ရှိနေချိန်မှာပဲ ဗြိတိန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူ ကချင်အမျိုးသားအစည်းအရုံးနဲ့အတူ Burma Campaign UK အပါအဝင် တိုင်းရင်းသားအဖွဲ့တွေက ဆန့်ကျင်ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။ ဒေါင်းနင်းလမ်းဆန္ဒပြပွဲမှာ ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ ကချင်အမျိုးသား အစည်းအရုံးက Mr Ring Du Lachyung က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“International Community သုံး လေးဖွဲ့ ရှိပါတယ်။ ရှမ်း ethnic၊ ကရင် ethnic တို့ တခြား ဒီ တိုင်းရင်းသား ethnic တွေကိုရော ကျနော်တို့ ဖိတ်စာပို့တယ်။ သူတို့ကိုယ်တိုင် လာပါဝင်မှ ကျနော်တို့ ဒီမှာ သမ္မတ ဦးသိန်းစိန် အ၀င်အထွက် အားလုံး စည်းဝေးပြီးတဲ့အထိ ကျနော်တို့ အဲ့ဒီရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။”

ဗြိတိသျှဝန်ကြီးချုပ်နဲ့ တွေ့ဆုံနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ကို ကချင်အမျိုးသား အစည်းအရုံးနဲ့ Burma Campaign UK အပါအဝင် တိုင်းရင်းသားအဖွဲ့တွေက ဆန္ဒပြနေချိန်မှာပဲ ဗြိတိသျှပါလီမန်ရှေ့မှာ ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ UK ရောက် ရိုဟင်ဂျာအဖွဲ့အစည်းတွေက ဆန္ဒပြခဲ့ကြပါတယ်။

ရိုဟင်ဂျာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကန့်ကွက်ဖို့ အင်တာနက် အွန်လိုင်းကနေ လက်မှတ် တစ်သန်း ရရှိတယ်လို့ဆိုတဲ့ AVAAZ အဖွဲ့နဲ့အတူ Burmese Rohingya Organization UK တို့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ Burmese Rohingya Org UK ရဲ့ အထွေထွေအတွင်းရေးမှူး Mr. Ahamed Jarmal က ဗြိတိန်အစိုးရအနေနဲ့ သမ္မတဦးသိန်းစိန်ကို အခုလို အရေးတယူနဲ့ ကြိုဆိုတဲ့အပေါ် ကန့်ကွက်ကြောင်း ပြောပါတယ်။

“ကျနော်တို့ ဆန္ဒပြကြရခြင်းဟာ စိုးရိမ်မကင်း ဖြစ်မှုတွေကို ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကို အသိပေးလိုတဲ့အတွက် ဖြစ်ပါတယ်။ သူ့ကို အခုလို ဖိတ်ကြားတာ မှားပါတယ်။ ဝန်ကြီးချုပ် ကင်မရွန်းအနေနဲ့ သမ္မတဦးသိန်းစိန်ကို လူမျိုးတုန်း သတ်ဖြတ်မှုတွေ အဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံဟာ နောက်ထပ် ရဝမ်ဒါနိုင်ငံလို အဖြစ်မျိုး မရောက်စေဖို့အတွက် အလေးအနက် သတိပေးသင့်ပါတယ်။”

တနင်္လာနေ့ ညနေပိုင်း Chatham House မှာလည်း UK ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ စုဝေးပြီး မြန်မာအစိုးရအဖွဲ့ကို ဆန္ဒပြဖို့ စီစဉ်နေကြတယ်လို့ ကချင်အမျိုးသား အစည်းအရုံးက နိုင်ငံခြားရေးတာဝန်ခံ မခိုင်ထောင် က ပြောပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့ကနေ ဇူလိုင်လ ၁၈ ရက်နေ့အထိ ၅ ရက်တာကြာမြင့်မယ့် ဥရောပခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်ဟာ အင်္ဂလန်နိုင်ငံ ပြီးရင်တော့ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။
မဆုမွန်
ဗွီအိုအေ (မြန်မာပိုင်း)

မြန်မာ့အရေး Chatham House မှာ သမ္မတ ရှင်း

ယူကေနိုင်ငံ ရောက် သမ္မတ ဦးသိန်းစိန်
15 ဇူလိုင်လ 2013
ဗြိတိန် အစိုးရ ရဲ့ ဖိတ်ကြားချက် အရ လန်ဒန်မြို့တော် ကို ရောက်ရှိနေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန် ဟာ မနေ့ က ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်၊ နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟိခ်၊ ကာကွယ်ရေးဝန်ကြီး ဖိလစ်ဟမ်မွန်၊ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဝန်ကြီး ဂျပ်စတင်ဂရင်းနင်း တို့နဲ့ သီးသန့်တွေ့ဆုံ အပြီးမှာ Chatham House မှာ မြန်မာ့အရေး ကို ရှင်းလင်း ပြပါတယ်။

Chatham House မှာ ကမ္ဘာ့ခေါင်းဆောင်တွေ၊ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ နဲ့ ပညာရှင် တွေ ဟာ ပထဝီ နိုင်ငံရေး နဲ့ ပညာရပ် ဆိုင်ရာ တွေ ရှင်းလင်း တင်ပြလေ့ ရှိတဲ့ အတွက်၊ မြန်မာ ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး သမ္မတ ဦးသိန်းစိန် မြန်မာအရေး တင်ပြ ရှင်းလင်း ခြင်းဟာ ထူးခြားတဲ့ အကြောင်း၊ ဘီဘီစီ မြန်မာဌာန ဌာနမှူး ဒေါ်တင်ထားဆွေ က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် အဓိက ရှင်းပြ သွားတဲ့ အချက်တွေ အနက် မြန်မာ နိုင်ငံ ဟာ အထီးကျန် ဘဝ နဲ့ ပိတ်ဆို့ အရေးယူမှု တွေ ခံရတဲ့ အတွက် ဒီမိုကရေစီ ပြောင်းလဲရေး မှာ အခက်အခဲ များစွာနဲ့ ရင်ဆိုင်ခဲ့ရပုံ တွေ၊ ခေတ်နောက်ကျ နေပြီဖြစ်တဲ့ အဖွဲ့အစည်းတွေ နဲ့ နိုင်ငံ ကိုထူထောင်ရာမှာ တွေ့ရတဲ့ အခက်အခဲ၊ နောက်တခု က လူတွေရဲ့ အရိုးစွဲနေတဲ့ အတွေးအခေါ်ဟောင်း တွေ ပြုပြင်ရတဲ့ နေရာမှာ ကြီးမားတဲ့ စိန်ခေါ်မှု တွေ နဲ့ ရင်ဆိုင်ရတဲ့ အကြောင်း၊ ဒါကြောင့်မို့ ပိတ်ဆို့မှု သာ မပြုကြရင် ဒီမိုကရေစီ ပြောင်းလဲရေး ဟာ အခုထက် မြန်ဆန် နိုင်တယ် လို့ ရည်ညွှန်း ပြောဆိုပုံ ရကြောင်း ဒေါ်တင်ထားဆွေ က သုံးသပ်ပါတယ်။

မြန်မာ အစိုးရ ဘက်က အကောင်အထည်ဖေါ်မယ့် အစီအစဉ်တွေ ထဲမှာတော့ အဓိက အချက် အနေနဲ့ ပြည်သူတွေ ကို ဆင်းရဲတွင်းက ကယ်ထုတ်ဖို့၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး၊ နိုင်ငံတကာ နဲ့ ဆက်ဆံရေး မှာ တိုးမြှင့် ဆောင်ရွက်ရေး၊ အထူးသဖြင့် လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက် မယ် လို့ သမ္မတ ဦးသိန်းစိန် က ပြောသွားတဲ့ အတွက်၊ ဒီအချက်ဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ အစွန်းရောက်ဝါဒီတွေ ရဲ့ လှုပ်ရှားမှု၊ နယ်စပ် ကနေ ပြည်တွင်း ကျွံဝင်လာမှု တွေ ပေါ်ပေါက် ရင် နိုင်ငံတကာ နဲ့ ပူးပေါင်းမှသာ ပိုပြီး ထိရောက်၊ အကျိုးရှိနိုင်မယ် လို့ ရည်ရွယ်ပုံ ရကြောင်း ဘီဘီစီ မြန်မာဌာန ဌာနမှူး ဒေါ်တင်ထားဆွေ က သုံးသပ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)







မလေးရှားရောက်မြန်မာနိုင်ငံသားတွေပြန်ခေါ်ဖို့ ဒေါ်လာနှစ်သိန်းလိုအပ်နေ

မလေးရှားနိုင်ငံ အကျဉ်းထောင်တွေထဲမှာ လူဝင်မှုကြီးကြပ်ရေး အမှုတွေနဲ့ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား လေးထောင်ကျော်ကို သီတဂူ ဆရာတော် အရှင်ဥာဏိဿရ ရဲ့ အစီအစဉ်နဲ့ ဇူလိုင်လ ၁၆ ရက် ဒီကနေ့ကစပြီး မြန်မာပြည်ကို ပြန်လည်ခေါ်ယူနေပြီဖြစ်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် တောင်တန်းသာသနာပြု (အံတော်ရှင်)ကျောင်းဝင်း အတွင်း သီတဂူ စက္ခုဒါနဆေးရုံမှာ မျက်စိဝေဒနာရှင်တွေကို လာရောက် ကုသပေးနေချိန် RFA က လျှောက်ထားရာမှာ ဆရာတော်က အခုလို မိန့်ကြားခဲ့ပါတယ်။

"တစ်ချို့က ပတ်စပို့ဗီဇာမရှိပေမယ့် တိတ်တိတ်ပုန်းလမ်းကသွားတယ်။တစ်ချို့က ပတ်စပို့ ဗီဇာရှိတယ်။အဲဒါအတွက် ပိုက်ဆံတွေစုတယ်။ပိုက်ဆံ ဒေါ်လာသုံးသိန်းလောက်ရတယ်။အဲလိုရတော့ ငါ့အဖွဲ့ကသူတွေ မလေးရှားသွားတယ်။ထောင်ထဲက ကလေးတွေဆွဲထုတ်၊Immigration ပြတ်အောင်လုပ်၊ပတ်စပို့ မရှိဘူးလား သံရုံးက Passport ထုတ်ပေး"

တိုင်းပြည်ကို ပြန်လာမယ့် မြန်မာနိုင်ငံသား လေးထောင်ကျော်ထဲက ပထမဆုံး အသုတ်အဖြစ် မြန်မာနိုင်ငံသား (၁၇၀)ဟာ ကမ္ဘောဇ လေကြောင်း နဲ့ ရန်ကုန်မြို့ကို ဒီကနေ့ ရောက်ရှိမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေ ပြန်ခေါ်နိုင်ဖို့အတွက် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃) သိန်း ရရှိထားတယ်လို့သိရ ပါတယ်။

အားလုံး လေးထောင်ကျော်လုံးကို ပြန်ခေါ်နိုင်ဖို့ ဆိုရင် နောက်ထပ် အလှူငွေ ဒေါ်လာနှစ်သိန်း လောက် လိုသေးတယ်လို့ ဆရာတော် အရှင် ဥာဏိဿရက မိန့်ပါတယ်။
RFA Burmese

မိတ္ထီလာတွင် ပိုင်ရှင်မဲ့သေနတ်နှစ်လက်တွေ့ရှိ

မိတ္ထီလာ၊ ဇူလိုင် ၁၅
မိတ္ထီလာမြို့အဝင် ရတနာမာန်အောင်ရပ်ကွက် နယ်မြေ (၈) ရန်ကုန်- မန္တလေး အဝေးပြေးလမ်းမကြီးနှင့် သာစည်လမ်းဆုံအနီး၊ မိုင်တိုင်အမှတ် ၃၃၇/၂ နှင့် ကိုက် ၁၀၀ အကွာရှိ ချုံပုတ်အတွင်းမှ ဇူလိုင်လ ၁၄ ရက် နေ့လယ် ၁ နာရီ ဝန်းကျင်ခန့်က ပိုင်ရှင်မဲ့ သေနတ်နှစ်လက် တွေ့ရှိခဲ့ကြောင်း အဆိုပါ ရတနာမာန်အောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်လှိုင်ထွန်းက The Voice သို့ ပြောကြားသည်။

ဖြစ်စဉ်မှာ ခရိုင်အားကစားကွင်းရှိ မွတ်ဆလင် ကယ်ဆယ်ရေးစခန်းတွင် နေထိုင်လျက်ရှိသော ဦးနိုင်လွင်ဦး (ခ) ရှောင်ကတ (၃၇) နှစ် စစ်မှုထမ်းဟောင်း အငြိမ်းစားသည် အဆိုပါ ဇူလိုင်လ ၁၄ ရက်နေ့က နာမကျန်းဖြစ်နေသော ရတနာမာန်အောင် ရပ်ကွက်ရှိ ၎င်း၏မိခင် ဒေါ်ဝင်းကြည်ကို သတင်းမေးရန်သွားစဉ် ယင်းလမ်းဘေး ချုံထဲတွင် အပေါ့သွားရာမှ တရုတ်နိုင်ငံလုပ် ၉၅၀၄-A -၇၅၃ နံပါတ်ပါ တစ်လုံးထိုးတူမီး ပြောင်းရှည်သေနတ် (ကျည်မပါ) တစ်လက်နှင့် အင်္ဂလန်နိုင်ငံလုပ် ၃၀၁၇၇၂ နံပါတ်ပါ ကာဘိုင်သေနတ် (ကျည်မပါ) တစ်လက်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကရှင်း ပြသည်။

အဆိုပါ သေနတ်နှစ်လက်ကို မိတ္ထီလာ ခရိုင်အားကစားကွင်းတွင် လုံခြုံရေးတာဝန် ယူထားသည့် မိတ္ထီလာမြို့ အမှတ် (၁) ရဲတပ်ရင်းတပ်ခွဲ (၃) မှ တပ်ခွဲမှူး ဒုရဲမှူးတင်မောင်ထွန်းထံ သတင်းပို့၍ နယ်မြေပိုင် မိတ္ထီလာမြို့ မြို့မရဲစခန်းတွင် အပ်နှံလိုက်ကြောင်း မျက်မြင်သက်သေအဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့သော ရတနာမာန်အောင်ရပ်ကွက် ရာအိမ်မှူး ဦးအောင်ကျော်မြင့်က ဆိုသည်၊၊

လက်ရှိ မိတ္ထီလာမြို့တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲဖြစ်ပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက မြို့၏အချက်အချာ နေရာများတွင် လုံခြုံရေးတာဝန်များ ယူထားဆဲဖြစ်ကြောင်း မြို့ခံလူထုထံမှ သိရသည်။
The Voice Weekly

ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် မရည်ရွယ်ခဲ့ဟု ဒါရိုက်တာ ဇော်ကိုကို ဆို

ရန်ကုန်၊ ဇူလိုင် ၁၅
ရန်ကုန်မြို့လယ်ကောင် ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ ဆူးလေ မီးပွိုင့်တွင် ယာဉ်ထိန်းရဲ ဝတ်စုံဖြင့် ViCee ကြော်ငြာ ရိုက်ကူးရာတွင် ယာဉ်ထိန်း တပ်ဖွဲ့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မရည်ရွယ်ခဲ့ကြောင်း ဒါရိုက်တာ ဦးဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွဏ်းက The Voice သို့ ပြောကြားသည်။

“တစ်ပိုင်းတစ်စ ဖြစ်နေတဲ့ Movie ကြောင့် အခုလို ထင်စရာတွေ ဖြစ်ကုန် တာပါ၊ ယူနီဖောင်းဝတ် ဆိုပေမယ့် အများပြည်သူရှေ့မှာ ဗီဒီယို ကင်မရာနဲ့ ရိုက်ကူးနေတာဖြစ်လို့ အယောင်ဆောင်လို့ ထင်စရာအကြောင်း မရှိတဲ့အတွက် အရေးယူလို့ မရဘူး ထင်လို့ပါ၊ ဥပဒေ ရှိတာကို မသိပါဘူး၊ ရိုက်ပြီးရင် ရုပ်ရှင် အစည်းအရုံးကို တင်မယ် သူတို့က ယာဉ်ထိန်းရဲ ပြကွက် ပါတဲ့အတွက် ယာဉ်ထိန်း တာဝန်ရှိသူတွေကို တင်ပြမယ် မသုံးစေချင်ရင် ဆင်ဆာဖျက်မယ် ဒီလောက်ပဲ သိခဲ့တာပါ”ဟု ၎င်းက ထပ်မံ ပြောကြားသည်။

ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေလိုသည့် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ဘဲ ဓမ္မစေတီ မီးပွိုင့်တွင် အမြဲ တက်ကြွ လန်းဆန်းကာ ပြည်သူ့ဝန်ကို ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲကို ကြည့်၍ စိတ်အားထက်သန်မှုများကြောင့် ယခုကဲ့သို့ ကြော်ငြာရိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဝတ်စုံကို ငှားရမ်း ဝတ်၍ ရနိုင်သော်လည်း နိုင်ငံတကာအနေနှင့် ကြည့်လျှင် ကြီးနေ ပွနေပြီး စမတ်မကျမည် စိုးသောကြောင့် မိမိ၏ ကိုယ်အတိုင်းဖြင့် ချုပ်လုပ်ခဲ့ကြောင်း၊ ယာဉ်ထိန်း တပ်ဖွဲ့ဝင်က ViCee ဆေးပြား သောက်ပြီး တက်ကြွ လန်းဆန်းစွာ တာဝန် ထမ်းဆောင်နေစဉ် အဆိုပါ ဆေးပြား သောက်ထားသည့် မော်ဒယ် လေးဦးက ကားလမ်းဖြတ် ကူးပြီး ယာဉ်ထိန်းရဲနှင့် တစ်သားတည်းဖြစ်ကာ ရွှင်လန်းစွာဖြင့် အတူ ကခုန်ခဲ့သည့် ကြော်ငြာဖြစ်ကြောင်း အဆိုပါ ကြော်ငြာတွင် ယာဉ်ထိန်းရဲအဖြစ် သရုပ်ဆောင်ခဲ့သူ Life & Dance အကအဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ မင်းမင်းထွဏ်းက The Voice သို့ ပြောကြားသည်။

“အဲဒီလို သရုပ်ဆောင်ခဲ့လို့ ကားပေါ်က ခရီးသွား ပြည်သူတွေက လှောင်ပြောင် စော်ကားခြင်း မရှိခဲ့ပါဘူး၊ ကားကျပ်ချိန်လို မွန်းကျပ်တဲ့ အချိန်တွေမှာ ကျွန်တော်ကိုတွေ့လို့ ခဏတာ ပျော်ရွှင်မှု ရခဲ့တာ ကို တွေ့မြင်ခဲ့ပါတယ်၊ မမျှော်လင့်ဘဲ ကျွန်တော်တို့ကြောင့် ဌာနဆိုင်ရာ အကြီးအကဲတွေကို စော်ကားသလို ဖြစ်သွားခဲ့ရင် ကျွန်တော်ကပဲ ဂျာနယ် စာမျက်နှာပေါ်က တောင်းပန်ပါရစေ” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

ဇူလိုင်လ ၁၃ ရက်နေ့ နံနက်က ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဆူးလေ ဘုရားလမ်း မီးပွိုင့်လမ်းဆုံ တွင် အဆိုပါကြော်ငြာ ရိုက်ကူးရန် အစမ်းလေ့ကျင့်နေချိန်၌ ခရီးသွား ပြည်သူတစ်ဦးက ဖုန်းဖြင့် ဗီဒီယို ရိုက်ကူးကာ ‘ယာဉ်ထိန်းရဲ၏ ကကွက်ဆန်း’ ခေါင်းစဉ်နှင့်အတူ ယာဉ်ထိန်းရဲ ဝတ်စုံဖြင့် လမ်းလယ်တွင် အကဖြင့်သရုပ်ပျက် ကခုန် လမ်းရှင်း အချက်ပြနေသည့် ဗီဒီယိုဖိုင်ကို အင်တာနက် စာမျက်ပေါ်တွင် ပျံ့နှံ့စေခဲ့သဖြင့် ခွင့်ပြုချက်မရှိဘဲ ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းကျဆင်းအောင် ရည်ရွယ်ကာ ပူးပေါင်း ပြုမူ ဆောင်ရွက်ခဲ့သည့် Mango ကြော်ငြာ ကုမ္ပဏီ၊ ဒါရိုက်တာ ဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွဏ်းကို ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် ( ၆ ) ဒု-တပ်ခွဲမှူး ရဲမှူး သာဌေးက တရားလို ပြုလုပ် တိုင်တန်းမှုကို ကျောက်တံတားရဲစခန်းမှ ( ပ ) ၂၄၄/၁၃၊ ပုဒ်မ-၁၇၁/၅၀၀/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံး၏ ထုတ်ပြန်ချက် များအရ သိရသည်။
The Voice Weekly

City Taxi လိုင်စင်ဝင်သူ အမျိုးသမီး ကိုးဦးရှိ

ရန်ကုန်၊ ဇူလိုင် ၁၅
ရန်ကုန်မြို့တွင်း လက်ရှိပြေးဆွဲနေသော City Taxi ဝင်ရောက်မောင်းနှင်ရန်အတွက် လိုင်စင်လျှောက်ထားသူ အမျိုးသမီး ကိုးဦးအထိ ရှိပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် City Taxi မှတ်ပုံတင်လုပ်ငန်း တွဲဖက်လုပ်ကိုင်နေသည့် View Media Service မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော် ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများတွင် ယခုနှစ်ဧပြီလမှ ဇူလိုင်လအထိ City Taxi လိုင်စင် ဝင်ရောက်သည့်စီးရေ ၂၅၀၀ ကျော်ရှိသည့်အနက် အမျိုးသမီးဦးရေ ကိုးဦးအထိ ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

City Taxi လိုင်စင်ဝင်သူ အမျိုးသမီး အများစုတွင် ယာဉ်ပိုင်ရှင်များလည်း ပါဝင်သော်လည်း ကိုယ်တိုင်မောင်းနှင်မည့်သူမှာ အနည်းအကျဉ်းသာ ရှိကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တွင် အမျိုးသမီး City Taxi ယာဉ်မောင်းသုံးလေးဦးခန့် တွေ့ဖူးပြီး လက်ရှိကားကျပ်သည့် အနေအထားအရ အမျိုးသမီး ယာဉ်မောင်းသူများ အနေနှင့် အခက်အခဲ ဖြစ်နိုင်ကြောင်း ဆူးလေဘုရားအနီးတွင် ဂိတ်ထိုး၍ Taxi မောင်းနှင်သူ ဦးရန်အောင်က ပြောကြားသည်။

“စင်ကာပူမှာဆိုရင် အမျိုးသမီးတွေက Taxi မပြောနဲ့ ဘတ်စ်ကားတောင် မောင်းတာ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တော်တွင်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း City Taxi လိုင်စင် ဝင်ရောက်သူ ၂၅,၀၀၀ ကျော်ရှိပြီး အမျိုးသမီး လိုင်စင်ဝင်သူ ၆၄ ဦးအထိ ရှိကြောင်း View Media Service ၏ စာရင်းများအရ သိရသည်။
ကောင်းဆက်နိုင်
The Voice Weekly

ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်စေလို

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်စေလိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြောပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ သူတတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်လို တယ်လို့ ဒေါ်အောင်ဆန်း စုကြည် အရင်က ပြောခဲ့ဖူးပါတယ်၊

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဦးဆောင် ဆွေးနွေးသူ မဟုတ်ရင်တောင်၊ လေ့လာသူအဖြစ် ပါဝင်သင့်ပါတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ရဲ့ နည်းပညာအထောက်အကူပြုအဖွဲ့ခေါင်းဆောင် ပဒိုမန်းမန်း က ပြောပါတယ်။
RFA Burmese

ဆူပူအုံကြွမှုနဲ့ တရားစွဲထားတဲ့ ကိုရဲမင်းဦး အာမခံမရ

နိုင်ငံတော်ကို ဆူပူအုံကြွှအောင်လှုံ့ဆော်မှု ပုဒ်မ၅၀၅(ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ ကိုရဲမင်းဦးကို သာကေတမြို့နယ်တရားရုံးမှာ ၄ ကြိမ်မြောက်အဖြစ် ဒီနေ့ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ သူ့အတွက် အာမခံလျှောက်ခဲ့ပေမယ့်လည်း တရားရုံးကပယ်ချခဲ့တယ်လို့ ဒီအမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးကျော်ဟိုးက RFA ကိုပြောပါတယ်။

“အာမခံလျှောက်တော့ တရားရုံးကပယ်တယ်၊ ပယ်တဲ့အကြောင်းပြချက်က ဒီဟာကအာမခံပေးလို့မရတဲ့ပုဒ်မဖြစ်တယ်၊ နောက်တစ်ချက်က ကိုရဲမင်းဦးက ကျန်းမာရေးကောင်းတယ်၊ နောက်တစ်ချက်က တရားလိုစစ်ဖို့မရှိသေးဘူးပေါ့၊ အဲဒီအကြောင်းပြချက်တွေနဲ့ ငြင်းပယ်တယ်”

ဒီနေ့ရုံးချိန်းကို တရားလိုရဲမှုး ဦးကျော်ဝင်း မလာနိုင်တာကြောင့် လာမယ့် ဇူလိုင်လ ၂၉ရက်နေ့ကို ရုံးချိန်းအဖြစ် ထပ်မံချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

ကိုရဲမင်းဦးဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ်(ဖြစ်မြောက် ရေးကော်မတီ)မှာ အတွင်းရေးမှုးတာဝန်ယူထားသူဖြစ်ပြီး မတ်လ ၂၅ရက်နေ့ကတည်းက ဗဟန်းမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
Photo: ဆူပူအုံကြွမှုနဲ့ တရားစွဲထားတဲ့ ကိုရဲမင်းဦး အာမခံမရ နိုင်ငံတော်ကို ဆူပူအုံကြွှအောင်လှုံ့ဆော်မှု ပုဒ်မ၅၀၅(ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ ကိုရဲမင်းဦးကို သာကေတမြို့နယ်တရားရုံးမှာ ၄ ကြိမ်မြောက်အဖြစ် ဒီနေ့ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာ သူ့အတွက် အာမခံလျှောက်ခဲ့ပေမယ့်လည်း တရားရုံးကပယ်ချခဲ့တယ်လို့ ဒီအမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးကျော်ဟိုးက RFA ကိုပြောပါတယ်။ “အာမခံလျှောက်တော့ တရားရုံးကပယ်တယ်၊ ပယ်တဲ့အကြောင်းပြချက်က ဒီဟာကအာမခံပေးလို့မရတဲ့ပုဒ်မဖြစ်တယ်၊ နောက်တစ်ချက်က ကိုရဲမင်းဦးက ကျန်းမာရေးကောင်းတယ်၊ နောက်တစ်ချက်က တရားလိုစစ်ဖို့မရှိသေးဘူးပေါ့၊ အဲဒီအကြောင်းပြချက်တွေနဲ့ ငြင်းပယ်တယ်” ဒီနေ့ရုံးချိန်းကို တရားလိုရဲမှုး ဦးကျော်ဝင်း မလာနိုင်တာကြောင့် လာမယ့် ဇူလိုင်လ ၂၉ရက်နေ့ကို ရုံးချိန်းအဖြစ် ထပ်မံချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။ ကိုရဲမင်းဦးဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ်(ဖြစ်မြောက် ရေးကော်မတီ)မှာ အတွင်းရေးမှုးတာဝန်ယူထားသူဖြစ်ပြီး မတ်လ ၂၅ရက်နေ့ကတည်းက ဗဟန်းမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
RFA Burmese

သံတွဲ မတော်မတရားမှု စစ်ဆေး

မြန်မာ အမျိုးသမီး မတော်မတရား ပြုကျင့် ခံရတယ် ဆိုတဲ့ သတင်းကြောင့် မွတ်ဆလင် အိမ်တွေ မီးရှို့ တိုက်ခိုက်ခံခဲ့ရ
15 ဇူလိုင်လ 2013
ရခိုင်ပြည်နယ် သံတွဲမြို့မှာ အကြမ်းဖက် မီးရှို့ တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ရတဲ့ အထိ ကြီးကျယ်ခဲ့တဲ့ မတော်မတရား စော်ကားမူကို ဒီကနေ့ ကြားနာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အမူကို စတင် ကြားနာ စစ်ဆေးရာမှာ တရားလို အမျိုးသမီးကိုရော၊ တရားခံတွေလို့ စွပ်စွဲခံရသူ တွေကိုပါ စစ်ဆေး ခဲ့ပါတယ်။


အမှု စစ်ဆေးတာကို နားထောင်ဖို့ အတွက် လူ ၂၀ဝ လောက် သံတွဲမြို့နယ် တရားရုံးကို သွားရောက်ခဲ့ပေမယ့် သက်ဆိုင်ရာက ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

တရားလို အမျိုသမီးငယ်ဟာ တောင်ကုတ်မြို့က အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ဖြစ်ပြီး တရားခံတွေလို့ စွပ်စွဲခံရသူတွေကတော့ သံတွဲမြို့က ကမန်အမျိုးသား နှစ်ဦးဖြစ်ကြတဲ့ ကိုဗေလုဝ ခေါ် ငပြူးနဲ့ ကိုနိုင်သူတို့ ဖြစ်ကြပါတယ်။

သူတို့နှစ်ဦးဟာ ဇွန်လ ၂၉ ရက်နေ့က အဲဒီ အမျိုးသမီးငယ်ကို မတော်မတရား ပြုကျင့်ခဲ့တယ်လို့ အမျိုးသမီးဘက်က အမှုဖွင့် တရားစွဲဆိုထားပါတယ်။

အမှုကိုတော့ လာမယ့် ဇူလိုင်လ ၁၈ ရက်နေ့မှာ ထပ်မံ စစ်ဆေးမယ်လို့ သိရပါတယ်။

အဲဒီအမျိုးသမီးငယ် မတော်မတရား ပြုကျင့်ခံရတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ သံတွဲမြို့မှာ မူဆလင်တွေရဲ့ အိမ်တွေကို မီးရှို့ တိုက်ခိုက်မူတွေ ပေါ်ပေါက်ခဲ့တဲ့ အတွက် အနည်းဆုံး အိမ် ငါးလုံး မီးရှို့ခံ ခဲ့ရပြီး ပုဒ်မ ၁၄၄ ထုတ်ခဲ့ရပါတယ်။

အဲဒီမီးရှို့မူနဲ့ ပတ်သက်ပြီး ဒေသခံတွေ ဖြစ်ကြတဲ့ ကိုသန်းဌေး၊ ကိုဖေပု၊ ကိုကြီး၊ ကိုဝင်းနိုင်နဲ့ ကိုမောင်မောင်နိုင်တို့ ငါးဦးကို ရဲက ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ကျပ်သိန်း ၁၄ဝဝ ဖိုး မူးယစ်ဆေးများ တောင်ကြီးမြို့မှာ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်မှာရှိတဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ UWSA 'ဝ' တပ်ဖွဲ့မှ ဗိုလ်မှူးတစ်ဦး ပိုင်ဆိုင်တဲ့နေအိမ်မှာ ကျပ်သိန်း ၁၄၀၀ ကျော်လောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ လာရောက်သုံးစွဲရောင်းချနေသူ ၁၈ ဦးကို ဇူလိုင်လ ၁၃ ရက် ညနေ ၅ နာရီခန့်က ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီအိမ်ကို တစ်လလောက် ကြိုတင်လေ့လာပြီးမှ ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ မူးယစ်အထူးအဖွဲ့မှ ရဲအုပ် အောင်စိုးကြိုင်က RFA ကို အခုလို ပြောပါတယ်။

"သတင်းရတာတော့ကြာပြီပေါ့ ဒါပေမယ့် ဒီထဲဝင်ဖို့ထွက်ဖို့ သူတို့ထွက်ပြေးလွတ်မြောက်မှုမရှိဖို့ ၁ လလောက်တော့ အချိန်ယူရတယ်၊ ဒီအိမ်ထဲဝင်ဖို့ ဘယ်လိုလုပ်ဝင်လို့ရမလဲဆိုတာကို အရင်ဆုံးလေ့လာရတယ်၊ အဲ့မှာသတင်းရတော့ အရင်ဆုံးသွားပြီးကြည့်တယ်၊ ဝင်ပြီးတော့သုံးတဲ့သူတွေ၊ ဝယ်ပြီးထွက်တဲ့သူတွေရှိတယ် သူတို့ဘယ်လိုအချိန်မှာ ဟာပေါက်ရှိမလဲဆိုတာ သိမှအဲ့လိုအချိန်မှဝင်တာ"

အခု ဖမ်းဆီးမှုဟာ တောင်ကြီးမြို့မှာ ဖြစ်ပွားခဲ့တဲ့ မူးယစ်ဆေးဝါးအမှုတွေထဲမှာ တရားခံအရေအတွက် အများဆုံးပါဝင်တဲ့ အမှုဖြစ်တယ်လို့လည်း ဦးအောင်စိုးကြိုင်က ဆက်လက်ပြောကြားပါတယ်။

အဲဒီလို ဖမ်းဆီးရာမှာ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား သုံးသောင်းကျော် ၊ ဘိန်းဆီခဲ တစ်ကီလိုခွဲနီးပါးနဲ့ နေအိမ်ခြံဝန်းအတွင်းက မော်တော်ယာဉ် ၃ စီး၊ မော်တော်ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

အဲဒီအိမ်ကို ပိုင်ဆိုင်သူဟာ 'ဝ' တပ်ဖွဲ့မှ ဗိုလ်မှူး တုံချမ်းဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူ ၁၈ ဦးကို တောင်ကြီးမြို့၊ အမှတ် ၂ ရဲတပ်ဖွဲ့စခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
RFA Burmese

အစ္စလာမ္မစ် ခေါင်းဆောင်တွေ ပိုင်ဆိုင်မှု ထိန်းချုပ်

မွတ်ဆလင် ဘရားဟုဒ် ခေါင်းဆောင် မစ္စတာ Badie အပါအဝင် အစ္စလာမ္မစ် ၁၄ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်လိုက်
15 ဇူလိုင်လ 2013
ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတကို စစ်တပ်က ဖယ်ရှားခဲ့ပြီးတဲ့ နောက် အဆင့်မြင့် အမေရိကန် ကိုယ်စားလှယ် William Burns ဟာ အီဂျစ် စစ်တပ် သြဇာခံ အစိုးရသစ်နဲ့ တွေ့ဆုံဖို့ ကိုင်ရိုကို ရောက်လာပါတယ်။

သူဟာ သမ္မတ မော်စီကို ဖြုတ်ချပြီး နောက်ပိုင်း ပထမဆုံး ရောက်ရှိ လာတဲ့ အမေရိကန် အရာရှိကြီး လည်း ဖြစ်ပါတယ်။

ဒီခရီးစဉ် အတွင်း ဆူပူ အုံကြွမှုတွေ အဆုံးသတ်ဖို့နဲ့ အားလုံး ပါဝင်တဲ့ ဒီမိုကရေစီ နည်းကျ တင်မြှောက် ထားတဲ့ အစိုးရ ပေါ်ပေါက်ရေး ကြိုးပမ်းဖို့ မစ္စတာ ဘန်းက တွန်းအားပေး သွားမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း မှာတော့ အီဂျစ်အစိုးရ အမှုလိုက် အရာရှိတွေက အစ္စလာမ္မစ် ခေါင်းဆောင် ၁၄ ဦးရဲ့ ပိုင်ဆိုင်မှု အဝဝကို ထိန်းချုပ် ထားလိုက်ပြီလို့ တရားရေး ဆိုင်ရာ သတင်း ရပ်ကွက်တွေ အပြော အရ သိရပါတယ်။

အဲဒီ ခေါင်းဆောင်တွေ ထဲမှာ မွတ်ဆလင် ဘုရားသားဟုဒ် အဖွဲ့ ခေါင်းဆောင် မိုဟာမက် ဘက်ဒီနဲ့ သူရဲ့ လက်ထောက် ခိုင်ယက် အဲ ရှာတာ တို့လည်း ပါတယ်လို့ ဆိုပါတယ်။

ဆန္ဒပြ ပွဲတွေ အတွင်း ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားအောင် လှုံ့ဆော်သလား စုံစမ်း စစ်ဆေးဖို့ ထိန်းချုပ်တာလို့ သူတို့က အကြောင်းပြ ပါတယ်။

မစ္စတာ Badie နဲ့ တခြား မွတ်ဆလင် ဘုရားသားဟုဒ်ခေါင်းဆောင်တွေကို အစ ကတည်းက ဖမ်းဝရမ်း ထုတ်ထားခဲ့ပြီးဖြစ်ပါတယ်။

ဖယ်ရှား ခံခဲ့ရတဲ့ သမ္မတ မော်စီ ကိုလည်း ဆက်ပြီး ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

မနေ့ကတော့ စစ်တပ်အကြီးအကဲ အဗ္ဗဒဲ ဖာတာ အဲ ဆီဆီက သူတို့ သမ္မတကို ဖယ်ရှား ခဲ့ရတာနဲ့ ပတ်သက်လို့ ရုပ်မြင်သံကြား မိန့်ခွန်းထဲမှာ ခုခံ ပြောကြား ခဲ့ပါတယ်။

ဘာသာရေးကြောင့် သူ့ကို ဖယ်ရှားခဲ့တယ် ဆိုတာမျိုး လူတွေက သူ့ကို ဆန့်ကျင် တာဟာ ဘာသာရေးကြောင့် ဆိုတာမျိုး ဘယ်တော့မှ မပြောပါနဲ့ ၊ ဘာကြောင့်လဲ ဆိုတော့ ဒီလို ပြောတာတွေဟာ အမှန်တကယ် ဖြစ်ပျက် နေတာတွေကို ဖုံးကွယ် ထားလို့ပါပဲ ဆိုပြီး ဗိုလ်ချုပ်ကြီး အဲဆီဆီက ပြောခဲ့ပါတယ်။

အစ္စလာမ္မစ် သမ္မတ မော်စီကို ပြည်သူ့ ဆန္ဒခံယူပွဲ လုပ်ဖို့ သမ္မတမော်စီ ကို မဖယ်ရှားခင် စောစောပိုင်း ရက်တွေက သူတိုက်တွန်း ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး အဲဆီဆီက မနေ့က မိန့်ခွန်းထဲမှာ ပြောကြား ခဲ့ပါတယ်။

မစ္စတာမော်စီက ဒါကို လုံးဝ ပယ်ချခဲ့တယ်လို့ သူက ပြောပါတယ်။

နိုင်ငံရေး အင်အားစု အားလုံး အနေနဲ့ နိုင်ငံရေးမှာ လူတိုင်း ပါဝင်နိုင်ခွင့် ရှိတယ်၊ ဘယ်လို သဘောတရားမျိုး ရှိရှိ ပါဝင်ခွင့် ရှိတယ်၊ ဘယ်အဖွဲ့အစည်း ကိုမှ နိုင်ငံရေးမှာ မပါဝင် ရဘူး လို့ တားမြစ်တာ မရှိဘူးလို့ ဗိုလ်ချုပ်ကြီး အဲဆီဆီက ပြောခဲ့ ပါတယ်။

ကြားဖြတ်အစိုးရဟာ စစ်တပ် ထောက်ခံတဲ့ လမ်းပြ မြေပုံအတိုင်း အရပ်သား အစိုးရ ပြန်ပေါ်ထွန်းအောင် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

သမ္မတမော်စီကို ဖယ်ရှားခဲ့ပြီး နောက်ပိုင်း လူသေကြေ ခဲ့ရတဲ့ ခိုက်ရန် ဖြစ်ပွားမှု တွေကို စုံစမ်း စစ်ဆေး နေချိန်မှာ အခုလို အစ္စလမ်မစ် ခေါင်းဆောင် တွေရဲ့ ပိုင်ဆိုင်မှု ကို ထိန်းသိမ်း ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်က သမ္မတ မော်စီကို ထောက်ခံသူ တွေနဲ့ ဆန့်ကျင်သူတွေကြား ထိပ်တိုက် တွေ့မှုတွေ အတွင်း လူ ဒါဇင်နဲ့ချီ သေဆုံး ခဲ့ရပါတယ်။

ကြားဖြတ် ဝန်ကြီးချုပ်သစ် ဘက်ဘလာဝီ က လစ်ဘရယ် နိုင်ငံရေး ခေါင်းဆောင် Mr ElBaradei ကို တနဂင်္နွေနေ့ မှာပဲ နိုင်ငံတကာ ဆက်ဆံရေး ကိစ္စတွေ အတွက် ကြားဖြတ် ဒု သမ္မတ ခန့်လိုက် ပါတယ်။

နောက်တခါ အလယ်အလတ် သဘောထား ရှိသူ စီးပွားရေးပညာရှင် Ahmed Galal ကို ဘဏ္ဍဍာရေးဝန်ကြီး၊ အရင် အမေရိကန်ဆိုင်ရာ သံအမတ်ကြီး Nabil Fahmy ကို နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်ခဲ့ပါတယ်။

မွတ်ဆလင် ဘုရားသားဟုဒ် အဖွဲ့ဝင်တွေ အပါအဝင် သမ္မတ မော်စီကို ထောက်ခံသူ တွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက် သမ္မတ မော်စီ ဖယ်ရှား ခံခဲ့ရပြီး ကတည်းက ကိုင်ရို မြို့မှာ ထိုင်ဆန္ဒပြ နေခဲ့ကြတာ အခုအချိန်ထိ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

တာမွေမြို့နယ် အာသောကဈေးအတွင်း လက်ကောက်ချွတ်ယူသူ တရားခံများအား ဖေါ်ထုတ်ဖမ်းဆီး

ရန်ကုန်၊ ဇူလိုင် ၁၅
၁၄.၇.၂၀၁၃ ရက်နေ့ ၀၈၁၅ အချိန်ခန့်တွင် တာမွေမြို့နယ်၊ ဌေးကြွယ်(က)ရပ်ကွက်နေ ဒေါ်စန်းစန်းမော်သည် အာသောက ဈေးအတွင်း ၀က်သားဆိုင်မှဈေးဝယ်ပြီးပြန်ထွက်လာစဉ် အမျိုးသမီးတစ်ဦးသည် ၎င်း၏ရှေ့မှနေ၍မိုးမရွာဘဲထီးဖွင့်ဆောင်းကာ လမ်းပိတ်လျောက်နေသဖြင့် ဖယ်ပေးရန်ပြောနေစဉ် နောက်ဘက်မှ အခြားအမျိုးသမီးတစ်ဦးမှ ထီးပိတ်ပေးရန်းဝင်ရောက် ပြောဆိုကာ ၎င်းအားတိုးဝှေ့၍ သွားစဉ် ၀ဲဘက်လက်ကောက်ဝတ်မှာနာကျင် သွားသဖြင့်ကြည့်ရာ ၀တ်ဆင်ထားသည့် အခေါက်ရွှေ(၃)ကျပ်သားခန့်ရှိလက်ကောက်မှာ မတွေ့ရှိတော့သဖြင့် အော်ဟစ် အကူအညီတောင်းခဲ့၍ ပတ်ဝန်းကျင်ရှိပြည်သူများမှဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ ထီးဖြင့်ကာထားပေးသူ အမျိုးသမီး အား
ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိခဲ့သည့် ထီးဖြင့်ကာပေးသူမှာဒေါ်အေးရွှေ(ခ) ဒေါ်ညွန့်ကြည် (ဘ) ဦးထွန်းကြိုင်၊ ( ၁၀)မိုင် ကုန်း၊ ပဲခူးမြို့နေသူဖြစ်ပြီး၊ နောက်ဘက်မှ လူတိုးကာ လက်ကောက်ချွတ်ယူသွားသူမှာ မမူ(ခ)အေးအေးမူ ဒနင်းကုန်းကျေးရွာ၊ ဘီးလင်းမြို့နယ်နေသူဖြစ်ကြောင်း စစ်ဆေးသိရှိရ၍ မမူ(ခ)အေးအေးမူ အားလိုက်လံစုံစမ်း ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါအမှုအား တာမွေမြို့မရဲစခန်း (ပ)၂၉၁/၂၀၁၃၊ ပုဒ်မ ၃၈၂ ဖြင့် အရေးယူထားရှိ ကာဖမ်းဆီးရမိသူ(၂)ဦးအား စစ်ဆေးချက်များအရ ပူးပေါင်းကျူးလွန်သူတရားခံများကျန်ရှိ နေကြောင်း သိရှိရသဖြင့် ထပ်မံဖမ်းဆီးရမိရေးနှင့် ပါဆုံးရွှေလက်ကောက်အားပြန်လည် သိမ်းဆည်းရမိရေး
တိုင်း/ခရိုင် အထူးအဖွဲ့များဖြင့် လိုက်လံစုံစမ်းဖမ်းဆီးလျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police

အင်းစိန်ရွာမအနောက် နယ်မြေ(၉)မီးကင်းတဲမီးလောင်မှုဖြစ်

ရန်ကုန်၊ ဇူလိုင် ၁၅၁၅.၇.၂၀၁၃ ရက်နေ့ ၀၃၄၅ အချိန်ခန့်တွင် အင်းစိန်းမြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ မြို့ပတ်လမ်း၊ နယ်မြေ(၉)မီးကင်းတဲပေါ်တွင် မီးကင်းစောင့်နေသော အောင်ဝင်း(ခ)ကိုတွတ်(ဘ)ဦးခင်မောင်မြင့် မှာ ခြင်ဆေးခွေထွန်းပြီး အိပ်ပျော်နေရာမှ မီးကင်းတဲ၏အခင်းသစ်သားချောင်းနှင့်ဝါးထရံတို့အား
ခြင်ဆေးခွေမှ တဆင့်မီးကူးစက်လောင်ကြွမ်းခဲ့၍ ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၀၄၀၀ အချိန် မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုကြောင့် တန်ဘိုးကျပ်(၅၀၀၀)ခန့်ဆုံးရှုံးခဲ့သဖြင့် မီးအားပေါ့ဆစွာ အသုံးပြုသူ အောင်ဝင်း(ခ)ကိုတွတ်အား အင်းစိန်မြို့မရဲစခန်း(ပ) ၇၆၈/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

မော်စီဖြုတ်ချခံရပြီးနောက် အမေရိကန်အရာရှိ အီဂျစ်သို့ ပထမဆုံးအကြိမ် သွားရောက်

ကိုင်ရို၊ ဇူလိုင် ၁၅။
အီဂျစ်နိုင်ငံတွင်း ညီနောင်များပါတီမှ ထိပ်တန်းခေါင်းဆောင်၁၄ ဦး ၏ ပိုင်ဆိုင်မှုများထုတ်ယူခွင့်
တားမိန့်ထုတ်လိုက်ပြီး မကြာမီ အမေရိကန်ထိပ်တန်း အရာရှိတစ်ဦးသည် ကိုင်ရိုသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်သည်။

ယခုသွားရောက်သည့် နိုင်ငံခြားရေး ဒုဝန်ကြီးဘီလ်ဘန်းစ်သည် သမ္မတမော်စီ ဖြုတ်ချခံရပြီးချိန်မှစ၍ ပထမဆုံး လာရောက်သည့် အမေရိကန်အရာရှိဖြစ်ပြီး သုံးရက်ကြာ နေထိုင်သွားမည်ဖြစ်ကြောင်း
နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောကြားသည်။

ဘန်းစ်သည် နိုင်ငံရေး ပါတီများနှင့် ကိုင်ရိုတွင် တွေ့ဆုံကာ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့်
အားလုံးပါဝင်ပြီး ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသည့် အရပ်သား အစိုးရအဖြစ်သို့ အပြောင်းအလဲလုပ်ရေးတို့ကို တွန်းအားပေးမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

၎င်းသွားရောက်ချိန်တွင် ယာယီအစိုးရသည် မော်စီ၏ ညီနောင်များပါတီကို ဖိအားများ ထပ်တိုးဖိအားပေးနေချိန်ဖြစ်ပြီး ပါတီထိပ်ပိုင်းေ ခါင်းဆောင်များသည်လည်း ကစဥ့်ကလျားဖြစ်လျက် ရှိနေသည်။

ညီနောင်များပါတီ ခေါင်းဆောင်ကိုးဦးကို ဘဏ်မှ ပိုင်ဆိုင်မှုထုတ်ခွင့် ပိတ်ခံရခြင်းသည် ပြည်သူ့တရားလိုရှေ့နေ ဟီရှန်ဘာရာကတ် အမိန့်ပေးသည့် စုံစမ်းမှု၏ တစိတ်တဒေသဖြစ်သည်။

၎င်းအပိတ်ခံရသည့် သူများတွင် ခေါင်းဆောင်မိုဟာမက်ဘက်ဒီး ပါဝင်ပြီး အခြားအုပ်စုများမှ
အစ္စလာမ္မစ်များလည်း ပါဝင်ကြောင်း တရားရုံးဆိုင်ရာ အသိုင်းအဝိုင်းမှ သိရသည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် သမ္မတဖြုတ်ချခံရပြီးနောက် လူသေဆုံးခဲ့သည့် ဖြစ်ရပ်လေးခုနှင့် ဆက်နွယ်ပြီး ၎င်းအမိန့်သည် သမ္မတဟောင်းမော်စီ၊ ဘေဒီးနှင့် အခြားအစ္စလာမ္မစ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပတ်သက်သည့် ပြစ်မှုဆိုင်ရာ တိုင်ကြားချက်များ လက်ခံရရှိပြီးနောက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

နိုင်ငံတကာကလည်း ဖြုတ်ချခံရသည့် ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ သမ္မတမော်စီအား ထိန်းသိမ်းထားခြင်းကို စိုးရိမ်လာလျက်ရှိသည်။

တနင်္ဂနွေနေ့တွင် ရီပတ်ဘလီကန် ဥပဒေပြုရေးကောင်စီဝင် ဆီးနိတ်တာ လင်ဆေးဂရေဟမ်နှင့် ဆီးနိတ်တာ ဂျွန်မက်ကိန်းတို့က အစိုးရအား စစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေနှင့် အကူအညီများ ဖြတ်တောက်ရန် တိုက်တွန်းထားသည်။

၎င်းနေ့တွင်ပင် အီးယူနိုင်ငံခြားရေးပေါ်လစီဥက္ကဋ္ဌ ကက်သရင်းအက်ရှ်တန်က ဒီမိုကရေစီနည်းကျ အရပ်သား အုပ်ချုပ်ရေးနှင့် ထိန်းသိမ်းခံ နိုင်ငံရေးသမားများကို လွှတ်ပေးရေးကို တောင်းဆိုသည်။

ညီနောင်များပါတီသည် ကက်ဘိနက်ဖွဲ့ရေး ဆွေးနွေးပွဲများ ကျင်းပပြီး တွန်းအားပေးနေသော
ယာယီဝန်ကြီးချုပ် ဟက်ဇန်အယ်ဘက်ဘလာဝီ ဦးဆောင်သည့် အစိုးရသစ်တွင် ပါဝင်ရန် ငြင်းဆန်ထားပြီး ဖြစ်သည်။

တခြားပါတီတစ်ခုလည်း ယာယီအစိုးရတွင် ပါဝင်မည် မဟုတ်ကြောင်း ပါတီကပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

“ကျွန်တော်တို့ဟာ ရွေးကောက်ခံအစိုးရ အဖွဲ့ထဲမှာပဲ ပါဝင်ပါမယ်” ဟု ပြောကြားသည်။

ဝန်ကြီးချုပ်သည် တနင်္ဂနွေနေ့တွင် ဝန်ကြီးသစ်များ ခန့်အပ်ခဲ့ပြီး အစိုးရအဖွဲ့ဝင်အားလုံးကို အင်္ဂါ
သို့မဟုတ် ဗုဒ္ဓဟူးရက်များတွင် ခန့်အပ်ဖွယ်ရှိသည်။

၎င်းသည် လုံခြုံမှုပြန်လည်ရရှိရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ပြန်လည်စီးဆင်းနိုင်ရေး၊ ပါလီမန်
ရွေးကောက်ပွဲနှင့် သမ္မတရွေးကောက်ပွဲများ ပြင်ဆင်နိုင်ရေးတို့ကို ဦးစားပေးကြောင်း ဝန်ကြီးချုပ်က
ပြောကြားသည်။
Ref:AFP
မြန်မာ့ခေတ်

မြန်မာ့ ဒီမိုရေး ဗြိတိန် အမတ်များ ထုတ်ပြန်

ဦးသိန်းစိန်ကို ဒီမိုကရေစီ သမားလို့ ပြောဖို့ စောနေ
14 ဇူလိုင်လ 2013
သမ္မတ ဦးသိန်းစိန် လန်ဒန် ရောက်တဲ့ တနဂင်္နွေနေ့ မှာပဲ ဗြိတိန် ပါလီမန်က မြန်မာ့ ဒီမိုကရေစီရေး တက်ကြွတဲ့ ပါတီစုံ ကိုယ်စား လှယ်များ အဖွဲ့ (APPG) က မြန်မာ အရေး ကြေညာချက် တစောင် ထုတ်ပြန် ခဲ့ပါတယ်။

မြန်မာပြည်က ဆိုးရွားတဲ့ လူ့အခွင့်အရေး အခြေအနေ တွေနဲ့ ပတ်သက်ပြီး ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိဂ်က သမ္မတ ဦးသိန်းစိန် နဲ့ တွေ့တဲ့အခါ ဦးစားပေး ဆွေးနွေးဖို့ သူတို့က တောင်းဆိုကြ ပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များဘာသာပေါင်းစုံ အဖွဲ့နဲ့ ဦးသိန်းစိန်တွေ့ဦးသိန်းစိန်နဲ့ လူ့အခွင့်အရေး ကိစ္စကင်မရွန်း ဦးသိန်းစိန်ကို ဘာတွေ ပြောမလဲ ဆက်စပ်အကြောင်းအရာများဗြိတိန်, ဦးသိန်းစိန်
မြန်မာပြည်မှာ ကလေး စစ်သား စုဆောင်းမှုတွေ ဆက်ရှိနေတယ်၊ ချင်း လူမျိုး တွေ အပေါ် မှာလည်း ဘာသာရေး အရ ခွဲခြား ဖိနှိပ်မှု တွေ ရှိနေတယ်၊ ရိုဟင်ဂျာ တွေကို လူမျိုးတုံး သတ်ဖြတ်မှု တွေ ရှိနေ သလိုပဲ ကချင် အရပ်သား တွေ အပေါ် ကျူးလွန်တဲ့ မြန်မာ စစ်တပ်ရဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေ အကြောင်း အချက် အလက်တွေ ရရှိ ထားတယ်လို့ APPG က ထုတ်ပြန် ခဲ့ပါတယ်။

ရိုဟင်ဂျာ တွေကို ကျူးလွန် စော်ကားမှု တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်း စစ်ဆေးမှုမှာ မြန်မာက ပါဝင် ကူညီဖို့၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံကို ရှေ့ရှုတဲ့ အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေး စတင်ဖို့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိလာရေး တောင်းဆို ညှိနှိုင်း သွားဖို့လည်း ပန်ကြား ခဲ့ပါတယ်။

မြန်မာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်မှု၊ မတရား စော်ကား ပြုကျင့် မှုတွေ အဆုံးသတ်ရေး စတဲ့ သိသာတဲ့ လူ့အခွင့်အရေး တိုးတက်မှုတွေ မရှိဘဲ ဦးသိန်းစိန်ကို ဒီမိုကရေစီ ပြုပြင်ရေး သမားလို့ ပြောဖို့ စောနေ သေးတယ်လို့ APPG ဥက္ကဋ္ဌဌ Baroness Kinnock က ဆိုပါတယ်။

မြန်မာ အစိုးရရဲ့ ကတိ မတည်မှု တွေကို ကြုံခဲ့ရတဲ့ အတွက် လူ့အခွင့်အရေး ကိစ္စ တွေနဲ့ ပတ်သက်ပြီး သေချာတဲ့ အာမခံချက် မရှိဘဲ ကုန်သွယ်ရေး ကိစ္စ တွေကို တိုးမြှင့် ဆောင်ရွက်ဖို့ မသင့်ဘူး၊ လူ့အခွင့်အရေး အတွက် ဗြိတိန် ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးက မြန်မာ သမ္မတကို သေချာ နားသွင်း သင့်တယ် လို့လည်း Baroness Kinnock က ပြောဆိုပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)



အဆိုတော်ဆိုတေးခွဲစိတ်မှုအောင်မြင်၊ သတိရရန်စောင့်ဆိုင်းနေ

မန္တလေး၊ ဇူလိုင် ၁၅။
ဇူလိုင်လ၁၄ရက်နေ့၌ အမြန်လမ်းမ မိုင်တိုင်အမှတ်၂၉၁/၃တွင် ကားအရှေ့ ဘီးပေါက်၍ ပေ၂၀ ဝန်းကျင် အနက်ရှိသည့် ချောက်ထဲသို့ ကျသွားသောကြောင့် ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော အဆိုတော် ဆိုတေးသည် မိတ္ထီလာဆေးရုံမှ မန္တလေးပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခွဲစိတ်ကုသမှု ခံယူရာ အောင်မြင်ကြောင်းနှင့် သတိရရန်အတွက် စောင့်ကြည့်ရကြောင်း ဆိုတေး၏ ဖခင် ဦးတင်မြင့်က ယနေ့ နေ့လည်၁၂နာရီအချိန်တွင် ပြောသည်။

“နှလုံးခုန်တာတို့ အသက်ရှူလမ်းကြောင်း အလုပ်လုပ်တာတော့ ပုံမှန်ဖြစ်နေပါပြီ။ သတိမလည်တာ တစ်ခုပဲ။ ဦးနှောက်ရဲ့ အလုပ်လုပ်တဲ့ စွမ်းရည်ကလည်း ၅ကျော်နေပြီလို့ ဆရာဝန်က ပြောတယ်။ ဒီထက် ဆက်တက်လာရင် သတိရလာလိမ့်မယ်လို့ ပြောပါတယ်”ဟု ၎င်းကဆက်လက် ပြောကြားသည်။

ဆိုတေးနှင့်အတူပါလာသော အမျိုးသမီးမှာ သေဆုံးသွားခဲ့ပြီးနောက် ၎င်းအမျိုးသမီးမှာ ဆိုတေး၏
အမျိုးသမီး ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ရေးသားထားသောကြောင့် မေးမြန်းကြည့်ရာတွင် “ကောင်မလေးက မိကောင်းဖခင်သမီးလေးပါ။ အရမ်းလိမ္မာတယ်။ အိမ်ထောင်သည် အနုပညာရှင်ဆိုရင် ပရိသတ်က အားမပေးမှာ စိုးရိမ်လို့ပါ”ဟု ဆက်လက် ပြောသည်။

“ဆရာဝန်ကတော့ နှစ်ရက်လောက်နေရင် သတိရမယ်ပြောတာပဲ။ အခြေနေကတော့ ကောင်းပါတယ်။ ယာဉ်မောင်း ကလည်းခြေထောက်ကော လက်ပါ ကျိုးသွားတယ်”ဟု ဆေးရုံသို့ သွားရောက် ကြည့်ရှုခဲ့သော ဆိုတေး၏ မိတ်ဆွေတစ်ဦးက ပြောသည်။

ယာဉ်မောင်းသန်းဝင်းလှိုင်ကို ပုဒ်မ၃၀၄(က)ဖြင့် မိတ္ထီလာခရိုင် သီးကုန်းအမြန်လမ်း ရဲစခန်းတွင်
အမှုဖွင့်ထားကြောင်း ၎င်းရဲစခန်းမှ စခန်းမှုးဒုရဲမှုးဦးနေဝင်းက ပြောသည်။

ယင်းအမြန်လမ်းမကြီးကို၂၀၀၉ခုနှစ် မေလမှစတင်အသုံးပြုခဲ့ရာ လေးနှစ်တာကာလအတွင်း(ဧပြီလကုန်အထိ) ယာဉ်တိုက်မှုဖြစ်စဉ်ပေါင်း ၄၃၂မှုတွင် သေဆုံးသူ၂၁၆ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ၆၇၈ဦးထိ ရှိခဲ့ကြောင်းလည်း အမြန်လမ်း ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
လူလူ
မြန်မာ့ခေတ်

အဓ္ဓမပြုကျင့်ခံရမှုပိုမိုများပြားလာ (ရုပ်/သံ)

ယခုလိုမှုခင်းကြီးတွေကျဆင်းနိုင်ရေးအတွက် စီမံချက်တွေနဲ့ ဆောင်ရွက်နေပေမယ့် အောင်မြင်မှု မရှိသေးတာကတော့ ရဲအရေးပိုင်မှု တွေမှာ အမှုတည်ဆောက်မှု အားနည်းနေခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ဦးတင်သန်းဦးက ဆက်လက်လျက် ပြောဆိုခဲ့ပါတယ်။
မြန်မာ့ခေတ်

အာဇာနည်နေ့တွင် နှင်းဆီပန်း ၆၅၀၀ ကျော် အခမဲ့ဝေမည်

ရန်ကုန်၊ဇူလိုင်၁၅။
လာမည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၆၆)နှစ်မြောက်အာဇာနည်နေ့တွင်အာဇာနည်ဗိမာန်သို့လာရောက်ဂါရ၀ပြုကြသောရဟန်းရှင်လူ ပြည်သူများအား နှင်းဆီပန်း(၆၆၀၀)ပွင့်အခမဲ့ဝေငှပေးသွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးမှဥက္ကဌဖြစ်သူကိုဇွဲရန်နိုင်က ပြောကြားသည်။

“ကျွန်တော်တို့အနာဂတ်မှလူငယ်တွေအနေနဲ့ရောအများပြည်သူအတွက်ပါအာဇာနည်ခေါင်းဆောင်ကြီးတွေအတွက်ပြီးခဲ့တဲ့နှစ်ကထက်အဆင့်မြင့်မြင့်ဂုဏ်သိက္ခရှိရှိလေးဖြစ်စေချင်တာကြောင့်ပါ”ဟု၎င်းက ဆက်လက်ပြောကြားသည်။

ဇူလိုင်၁၉ရက်နေ့သည်အများပြည်သူ ရုံးပိတ်ရက်များ ဖြစ်သောကြောင့် ပြည်သူများအနေဖြင့်ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည်ခေါင်းဆောင်ကြီးများအားလာရောက်ဂုဏ်ပြုစေချင်ကြောင်းနှင့်မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးသည်လည်းရန်ကုန်မြို့လွတ်လပ်ရေးကျောက်တိုင်များတွင်ပန်းများ၊ ပန်းခွေများချ၍အာဇာနည် ခေါင်းဆောင်ကြီးများအားအလေးပြုသွားမည်ဖြစ်ကြောင်းသိရသည်။

၎င်းနေ့တွင်အာဇာနည်ခေါင်းဆောင်များအားရည်စူး၍ရဟန်ရှင်းများအားဆွမ်းဆပ်ကပ်၍အမျှအတမ်းပေးဝေသွားမည် ဖြစ်ကြောင်းလည်းသိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

လားရှိုးတွင် အလုပ်ကိစ္စဆွေးနွေးရာမှ သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား

လားရှိုး၊ ဇူလိုင် ၉။
လားရှိုးမြို့၊ ရပ်ကွက် (၅)၊ နယ်မြေ (၉) ခိုင်ရွှေဝါလမ်းမှ ကိုးကန့်ငါးပါးသီလကျောင်း အနီးရှိ
ဦးယူဆင်း၏ နေအိမ်သို့ ပြည်သူ့စစ် တစ်ဦးက လမ်းပေါ်မှ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်သူမှာ တာမိုးညှင်း ပြည်သူ့စစ်အဖွဲ့၏ စီးပွားရေး တာဝန်ခံတစ်ဦးဖြစ်ပြီး ပစ်ခတ်ခံရသူမိသားစုနှင့် ယခင်က စီးပွားရေး လုပ်ငန်းများ အကျိုးတူလုပ်ဆောင်ခဲ့ပြီး ငွေကြေးအရှုပ်အရှင်းများရှိခဲ့သဖြင့် သွားရောက် ဖြေရှင်းရာမှ စကားများကြပြီး အပြန်တွင် လမ်းပေါ်မှ သေနတ်ဖြင့်
ပစ်ခတ်သွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြသည်။

“နေ့လည်ခင်းကြီးမှာ ကားနဲ့ရောက်လာတယ်။ မကျေနပ်တိုင်း စိတ်ထင်သလို ဒီလိုသေနတ်ကိုင်ပြီး ပစ်ချင်ရာလျှောက်ပစ် သွားတာကတော့ တရားဥပဒေ မရှိသလိုဘဲ။ မပြေလည်တာရှိရင် ညှိနှိုင်းယူပေါ့ဗျာ။ ပစ်ခတ်ပြီးမှ ကားမောင်းပြီးတော့ ထွက်သွားတာ”ဟု ရပ်ကွက်အတွင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားရာ အနီးရှိ မျက်မြင်တွေ့ရှိသူ တစ်ဦးက “သူတို့အိမ်မှာက ကလေးတွေလဲရှိတယ်။
သူ့ယောက်ျားက အပြင်တွေဘာတွေ သွားတာများတယ်။ မိန်းမနဲ့ ကလေးပဲ ရှိတဲ့အချိန်ဆိုရင် ဘယ်လိုလုပ်မလဲ။ မြို့ထဲမှာ အဲဒီလို လက်နက်တွေကိုင်ပြီး လျှောက်သွားတာ လျှောက်ပစ်တာ တွေကို ရုပ်ရှင်တွေ ဗီဒီယိုတွေထဲမှာပဲ မြင်ဖူးတယ်။ အရင်တုန်းကလည်း လားရှိုးမှာ နေ့ခင်းကြီး ဈေးထဲကရွှေဆိုင်ကို သေနတ်တွေနဲ့ ၀င်စီးသွားသေးတယ်။ ပြည်သူ့စစ် တစ်ယောက်က တာဝန်ချိန် မဟုတ်ဘဲ မြို့ထဲမှာ သေနပ်ကိုင်ပြီး၊ လုပ်ချင်ရာ လျှောက်လုပ်နေတာက အင်မတန် ရုပ်ဆိုးလွန်းတယ်။ ကြောက်စရာလဲ ကောင်းတယ်”ဟု ပြောသည်။

လူတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ မရရှိသော်လည်း နေအိမ်တံခါးပေါက်တွင် (၄)ချက်၊ အိမ်အ၀င်ပေါက် အုတ်နံရံတွင် (၁)ချက်၊ စုစုပေါင်း (၅)ချက်ထိမှန်ခဲ့ကြောင်း သိရသည်။ သေနပ်ဖြင့် ပစ်ခတ်သွားသူအား နယ်မြေခံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများမှ လိုက်လံဖမ်းဆီးရာ သိန်းနီမြို့နယ်၊ ရေပူကျေးရွာရှိ ရေပူဂိတ်တွင် အခင်းဖြစ်ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း အမှတ်(၁)ရဲစခန်းမှ သိရသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်အမျိုးအစား၊ ပစ်ခတ်ရသော အကြောင်းရင်း၊ တရားခံအား
အရေးယူဆောင်ရွက် ထားမှု၊ အပစ်ခံရသူအိမ်ရှင်အမျိုးသမီးအား စခန်းသို့ ခေါ်ဆောင်ထားသော
အကြောင်းများနှင့် အသေးစိတ် အချက်အလက် များအား မြန်မာ့ခတ်မှ ဇူလိုင်လ ၈ရက်နေ့တွင် အမှတ် (၁)ရဲစခန်းသို့ သွားရောက် မေးမြန်းရာ တာဝန်မှူး ဒုရဲအုပ်က“ ကျွန်တော်က ဒီကနေ့မနက်မှ
ဂျူတီချိန်းတာ ကျွန်တော်တော့ မသိဘူး။ ဒါပေမယ့် ရုံးအုပ်ချုပ်ကတော့ သိတယ်။ သူ့ကိုမေးလိုက်ပါ”ဟု ဖြေကြားသည်။ ရုံးအုပ်ချုပ်ထံ မေးမြန်းရန် စောင့်ဆိုင်းနေသော်လည်း တစ်စုံတစ်ရာ ဖြေကြားပေးခြင်း မရှိဘဲ စခန်းအတွင်းမှ ထွက်ခွာသွားသည်။

ခရိုင်မြို့ကြီး တစ်မြို့တွင် သက်ဆိုင်ရာ အာဏာပိုင်များ၊ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့များ၊ တပ်မတော် တပ်ရင်းများစွာ ရှိနေပြီး အရေးပေါ် အက်ဥပဒေ ပုဒ်မ ၁၄၄ထုတ်ပြန်ထားသော်လည်း ယင်းကဲ့သို့ လက်နက်ကိုင် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့သဖြင့် မြို့ခံပြည်သူ လူထုများက စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြကြောင်း သိရသည်။
ချစ်ထွေး (လားရှိုး)
မြန်မာ့ခေတ်

ကိုရင်တစ်ပါး မိမိကိုယ်ကိုယ် မီးရှို့သတ်သေ

ဓါတ်ပုံ google
မန္တလေး၊ ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရေဦးကျေးရွာအနီး တောရဘုန်းကြီးကျောင်း အနီးရှိ သမီးဝှက်တောင်တွင် နှလုံးရောဂါကုသရန် အခက်အခဲကြောင့် ဟုဆိုကာ ကိုရင်တစ်ပါး ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် မိမိကိုယ်ကိုယ် မီးရှို့သတ်သေခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

အာဂန္တုကိုရင် အရှင်ပညာနန္ဒ(ခ) ဇော်မျိုးအောင်၊ ၂၀ နှစ်၊ ဝါတော် ၇ ဝါသည် နှလုံးရောဂါ ဖြစ်နေသဖြင့် ဖခင်ဖြစ်သူ သမီးဝှက်တောင်ခြေ၊ တောရကျောင်းထိုင် ဆရာတော် ဦးသုမဏ(ခ)ဦးဘိုနီ၊ သက်တော် ၇၀ နှစ်၊ ဝါတော် ၁၆ ဝါထံသို့ ဆေးကုသရန် ဇူလိုင်လ ၁၂ ရက် နံနက်တွင် လာရောက်ခဲ့ပြီး ၄င်းဆေးရုံတက်စဉ် လူနာစောင့် အခက်အခဲ အပါအဝင် ဆေးကုသရန် အခက်အခဲများ ရှိနေသဖြင့် တောရဘုန်းကြီးကျောင်းတွင် အသုံးပြုသော မီးစက်သုံး ဓာတ်ဆီဖြင့် ယင်းနေ့ည၌ မိမိကိုယ်ကိုယ်မီးရှို့ သတ်သေခဲ့ခြင်း ဖြစ်ကြောင်း ရမည်းသင်း ရဲစခန်းမှ စခန်းမှူး ရဲအုပ်နေလင်းထွန်းက ပြောကြားသည်။

"သူ့အဖေကျောင်းထိုင် ဆရာတော်ကို ဆေးကုပေးဖို့ပြောတယ်။ ဆေးရုံ တက်ရင် လူနာစောင့်နဲ့ ဆိုတော့ အဆင်မပြေပုံရတယ်။ ရွာကျောင်းလေးကနေ လာတာ။ မသေခင်မှာ သူ့အခန်းထဲမှာ မှတ်စုစာအုပ် တွေ့တယ်။ ရေးသွားခဲ့တာက ခန္ဓာအား ဘုရားအား လှူပါ၏လို့ ရေးခဲ့တယ်။ ဆေးကုဖို့လာပြောပြီး နောက်ပိုင်းဖြစ်တာ" ဟု ရဲအုပ်နေလင်းထွန်းက ပြောဆိုသည်။

အဆိုပါ ကိုရင် သေဆုံးခြင်းနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးလျက်ရှိပြီး တူးကုန်းရဲကင်းက သေမှုသေခင်း အမှတ်စဉ် (၁၅/၂၀၁၃)အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ဖြိုးဖြိုးဇော်
Monywa Times

ကောက်လို့ရတဲ့... ပိုက်ဆံပါ


 FB-ပျော်စရာဟာသများ

ကျွဲ၊ နွားများ မျိုးကန်း သလောက်ဖြစ်နေကြောင်း ၀န်ကြီးချုပ်များက တင်ပြ

ဥက္ကံမြို့ နွားပွဲဈေးအတွင်း ရောင်းချပြီးသော နွားများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)
Sunday, 14 July 2013
မြန်မာနိုင်ငံ အတွင်းရှိ ကျွဲ၊ နွားများ ကုန်သလောက်ဖြစ်နေကြောင်း ၀န်ကြီးချုပ်များမှ သမ္မတနှင့် တွေ့ဆုံစဉ် တင်ပြခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောကြားခဲ့သည်။

ဇူလိုင် ၁၃ ရက်က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတနိုင်ငံ ကုန်သည်များနင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးပွဲ၌ ဖွင့်လှစ်ထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုစဉ် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက "တစ်လောက ၀န်ကြီးချုပ်တွေနဲ့ သမ္မတ တွေ့ဆုံပွဲ လုပ်တဲ့အချိန်မှာ ၀န်ကြီးချုပ်တွေက ဘာတင်ပြသလဲဆိုတော့ သူတို့တိုင်းနဲ့ ပြည်နယ်တွေမှာ ကျွဲ၊ နွားတွေ ကုန်သလောက် ဖြစ်နေပြီလို့ သမ္မတကို တင်ပြခဲ့တယ်" ဟု အသားစားနွား ပြခန်းရှေ့တွင် ပြောကြားခဲ့သည်။

သမ္မတအနေဖြင့် ၀န်ကြီးချုပ်များ၏ တင်ပြမှုအား ပြန်လည်အစားထိုး မွေးမြူမှုများ ပြုလုပ်သွားရန် ညွှန်ကြားခဲ့ကြောင်း ၀န်ကြီးဦးတင်နိုင်သိန်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ကျွဲနွားများ ကုန်ဆုံးရန် ရှိနေခြင်းမှာ ကျွဲ၊ နွားများအား ယခုနောက်ပိုင်းတွင် စားသုံးမှု မြင့်တက်လာနေခြင်းနှင့် နိုင်ငံခြားသို့ တင်ပို့မှုများတွင်လည်း တရားမ၀င် လမ်းကြောင်းများမှတစ်ဆင့် တင်ပို့မှုများလည်း ရှိနေခြင်းတို့မှာ အဓိကကျနေပြီး ပြန်လည်မွေးမြူမှု လုပ်ငန်းများတွင်လည်း ကုန်ကျစရိတ် များပြားမှုများကြောင့် မွေးမြူသူများ နည်းပါးသွားကြောင်း ကျွဲ၊ နွားပွဲစားများထံမှ သိရသည်။

ဥက္ကံ နွားပွဲဈေးဝယ်/ရောင်းလုပ်နေသူ ကိုဟန်စိန်က "နွားပြပွဲတွေမှာ အရင်ကလောက် သိပ်မများတော့တာ တွေ့ရတယ်။ ကိုယ်လိုချင်တဲ့ နွားတွေလည်း သိပ်မတွေ့ရတော့ဘူး" ဟု ပြောကြားခဲ့သည်။

ကျွဲနွားဈေးကွက်အတွင်း ကျွဲတစ်ကောင်၏ ပေါက်ဈေးမှာ ကျပ်လေးသိန်းမှ ကျပ်ခုနစ်သိန်းထိ ဈေးရှိနေပြီး နွားတစ်ကောင်လျှင် သုံးသိန်းခွဲမှ ကျပ်ခြောက်သိန်းဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ကျွဲနှင့်နွားများအား တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ အဓိက တင်ပို့နေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့လည်း တင်ပို့မှုတွင် ပါဝင်ကြောင်း၊ နှစ်စဉ်ကျွဲနွား အကောင်ရေ သန်းဂဏန်းမျှ တင်ပို့နေကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
Eleven Media Group

သိမ်းယူ လယ်ယာမြေပေါ်မှာ စစ်ကိုင်းတိုင်း လွှတ်တော်ကို စတင်ဆောက်လုပ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အိုးဖိုထောင်ကျေးရွာအုပ်စုက တောင်သူ ၃ဝ ကျော်ပိုင်ဆိုင်တဲ့ လယ်ဧက ၄ဝ ကျော်မှာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး ဆောက်လုပ်ဖို့အတွက်ဆိုပြီး မုံရွာမြို့နယ် ရဲစခန်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့ လူအင်အား ၁ဝဝ ကျော်လောက်က မနေ့က မြေတူးစက်တွေနဲ့တူး၊ လမ်းတွေဖောက်လုပ်ပြီး အုတ်တံတိုင်းတွေ ခတ်သွားတယ်လို့ တောင်သူတွေက ပြောပါတယ်။

မနေ့က မနက် ၉ နာရီလောက်ကစပြီး အခုလို ဝင်ရောက်လုပ်ကိုင်ခဲ့တာလို့ တောင်သူ ဒေါ်ခင်မြလင်းက RFA ကို အခုလို ပြောပါတယ်။

"လွှတ်တော်ဆောက်လုပ်ဖို့အတွက် အကောင်အထည်ဖော်ထားတာ ပထမ လယ် ၄၁ ဧကသိမ်းလိုက်တာ၊ အခုဝန်ကြီးအိမ်နေရာလိုဖြစ်သွားပြီ၊ ၄၁ ဧကရော ၁၈၈ ဧကရောပါတယ်ရှင့်၊ ကျန်တဲ့နေရာတွေပါ ဆက်သိမ်းတယ်ပြောပြီးတော့ ဂေါ်နဲ့ထိုးတာရှင့်၊ သူတို့ကတော့ လမ်းတွေဖောက်၊ ကြိုးတွေတိုင်းပြီးတော့ ဧကစစ်နေတာ"

ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်ကစပြီး တောင်သူ ၃ဝ ကျော်ပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၁၈ဝ ကျော်ကို တိုင်းဒေသကြီး လွှတ်တော်ရုံးဆောက်လုပ်ဖို့အတွက်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက လျော်ကြေးမပေးဘဲ သိမ်းယူခဲ့တာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

လယ်တွေထဲမှာ အဲဒီကတည်းကစပြီး သီးနှံစိုက်ပျိုးခွင့်လည်း မရတော့ဘဲ လယ်ယာမြေတွေထဲက လယ်သမားတွေရဲ့ နေအိမ်တွေကိုလည်း ဖယ်ရှားပေးဖို့ အုပ်ချုပ်ရေးမှူးက ပြေားကြားထားကြောင်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိလယ်ယာမြေတွေထဲမှာ နေထိုင်နေတဲ့ တောင်သူတွေရဲ့ အိမ်တွေကို မဖယ်ပေးဘူးဆိုရင် ဥပဒေအရ အရေးယူမယ်လို့ အုပ်ချုပ်ရေးမှူးက ပြောတယ်လို့ တောင်သူတွေက ပြောပါတယ်။
RFA Burmese

ဒေါ်အောင်ဆန်းစုကြည် သြစတေးလျှ သွားမည်

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ကုန်ပိုင်းမှာ သြစတေးလျား နိုင်ငံကို အလည်အပတ်သွားရောက်မယ်လို့ ဇူလိုင်လ ၁၃ ရက်နေ့ သြစတေးလျှက လာတဲ့သတင်းတွေမှာဖေါ်ပြထားပါတယ်။

ဆစ်ဒနီမြိ့မှာ လာမယ့် ဒီဇင်ဘာလဆန်း ကျင်းပမယ့် ကုလသမဂ္ဂ အေအိုင်ဒီအက်စ် ညီလာခံကို တက်ရောက်ပြီးနောက် မယ်လ်ဘုန်းအပါအဝင် တခြားမြို့တစ်ချို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်လည်ပတ်မယ်လို့သိရပါတယ်။

သြစတေးလျတက္ကသိုလ်အများအပြားကလည်း ဒီခရီးစဉ်အတွင်း သူ့ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တွေချီးမြှင့်ဖို့ ကမ်းလှမ်းနေကြတယ်လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က သူ့အနေနဲ့ သြစတေးလျှကို ရာသီဥတုကောင်းမွန်တဲ့ ကာလအတွင်းသွားရောက်လည်ပတ်လိုပါတယ်၊ ဖြစ်နိုင်မယ်ဆိုရင် နည်းနည်းပါးပါး အနားယူလိုပါတယ်လို့ပြောကြောင်းလည်း သိရပါတယ်။

ဒီဇင်ဘာလဟာ သြစတေးလျှမှာ နွေဥတုရဲ့ ပထမဆုံးလ ဖြစ်ပါတယ်။ ခရီးစဉ်အတိအကျကို ထုတ်ပြန်ချင်းတော့မရှိသေးပါဖူး။
RFA Burmese

BG သွေးလှူဒါန်းအဖွဲ့ကို စစ်ဆေးရုံက ရင်ထိုးမတပ်ရန် တားမြစ်

ရန်ကုန်၊ ဇူလိုင် ၈
မင်္ဂလာဒုံ ခုတင်(၁၀၀၀) စစ်ဆေးရုံမှ မြောက်ဥက္ကလာ BG သွေးလှူဒါန်းအဖွဲ့အား သွေးလှူဒါန်းရန် ဖိတ်ခေါ်ခဲ့ရာ သွားရောက်လှူဒါန်းသောအခါတွင် လုံခြုံရေးစစ်သားများက ဆေးရုံတွင်းသို့ ရင်ထိုးဖြုတ်ပြီးမှဝင်ရန် တားမြစ်ခဲ့ ကြောင်း မြောက်ဥက္ကလာ  BG အဖွဲ့မှ ဒေါ်သန်းနုက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဆေးရုံ၌ လိုအပ်သောသွေးအား လာရောက်လှူဒါန်းရန် ဖိတ်ခေါ်ခဲ့သော်လည်း သွားရောက် လှူဒါန်းသည့် အခါတွင် လူကြီးများ၏ ရုံးခန်းရှေ့ဘက်က ဖြတ်မလျှောက်ခိုင်းကြောင်း၊ ခွပ်ဒေါင်းပုံပါသော BG အဖွဲ့ ရင်ထိုး အား ဖြုတ်ခိုင်းကြောင်း၊ တက္ကစီ မဟုတ်သော်လည်း အိမ်စီးကား နံပါတ်ပြားအနီအား တပ်မတော်စည်းကမ်းဟု ပြောကာ အ၀င်မခံဘဲ အရာရှိတစ်ဦးစီးလာသည့် တက္ကစီအား ဖြတ်သန်းခွင့်ပြုကြောင်း ၄င်းကထပ်မံ ပြောကြားခဲ့သည်။

““ရင်ထိုးပေါ်မှာ BG ဆိုတဲ့ စာလုံးရယ်၊ အရေးပေါ်အသက်ကယ်ဆိုတဲ့ စာလုံးရယ်၊ ခွပ်ဒေါင်းပုံရယ် ပါပါတယ်။ ၀င်ရထွက်ရခက်မှာစိုးလို့ NLD တောင်မထည့်ပါဘူး။ တစ်ခါတုန်းကတော့ ကျွန်မတို့အဖွဲ့က ကောင်လေးတစ်ယောက်က ခင်ဗျားတို့က ရင်ထိုးပဲ ဖြုတ်ခိုင်းနေတယ်။ ကျွန်မတို့က သူတို့ဆီက သွေးလိုလို့ ဖိတ်ခေါ်လို့သွားလှူကြတာပါ။ ဒီလိုဆက်ဆံတာ အရမ်းခံရခက်တယ်” ဟု ဒေါ်သန်းနုက မြန်မာသံတော်ဆင့် သို့ ပြောကြားသည်။

အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာသံတော်ဆင့်ဂျာနယ်က သွားရောက်မေးမြန်းခဲ့ရာ အရာရှိများက သတင်းဌာန၀န်ထမ်းများကို အ၀င်မခံရန် ညွှန်ကြားထားကြောင်း၊ ဖြေဆိုမှုပြုလုပ်မည်မဟုတ်ကြောင်း၊ သတင်းဌာနအား ဖြေကြားလျှင် ၄င်းတို့၏ ရာထူးထိခိုက်နိုင်ကြောင်း အဆိုပါ စစ်ဆေးရုံဂိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။
Myanmartandawsint Newspaper

ဆိုတေးဇနီး ယဉ်တိမ်းမှောက်ကွယ်လွန် ဒဏ်ရာပြင်းထန်၍ ဆိုတေးကို မိတ္ထီလာမှ မန္တလေးသို့ ပြောင်းရွှေ့ဆေးကုသ

ဓါတ်ပုံ အင်တာနတ်
ရန်ကုန်၊ ဇူလိုင် ၁၄
အဆိုတော်ဆိုတေး လိုက်ပါစီးနင်းလာသော ၃စ/၈၈၇၇ နံပါတ်ပါ မော်တော်ယာဉ်သည် ရန်ကုန် မန္တလေး အမြန်လမ်းမကြီး ၂၉၁မိုင် ၃ ဖာလုံတွင် ယနေ့နေ့လည်ပိုင်းက တိမ်းမှောက်ခဲ့ရာ ဆိုတေး၏ ဇနီးဖြစ်သူ မချောချော သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယဉ်ပေါ်တွင် ခရီးသည်စုစုပေါင်း လေးဦးလိုက်ပါလာတွင် ဆိုတေး၏ ဇနီးမချောချောသည် မိတ္ထီလာဆေးရုံတွင်ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ဆိုတေးမှာမူ ဒဏ်ရာပြင်းထန်းသဖြင့် မန္တလေးမြို့သို့ ပြောင်းရွှေ့ဆေးကုသမှုခံယူနေ ကြောင်းလည်း သိရသည်။

ယဉ်မောင်းဖြစ်သူမှာ ခြေနှင့် လက် ကျိုး ဒဏ်ရာများရရှိခဲ့ပြီး ကျန်ခရီးသည်တစ်ဦး၏ အခြေအနေကိုမူ သတင်းအတိအကျ မရရှိသေးပါ။ ယင်းအမှုအား သီးကုန်းရဲစခန်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ဒေသခံတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုတော်ဆိုတေးသည် ဖိုးချစ်ဇာတ်အဖွဲ့တွင် သီချင်းသီဆိုရန်အတွက် ခရီးထွက်ခွာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
Myanmartandawsint Newspaper

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com