http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကျပ်သိန်း ၁၄ဝဝ ဖိုး မူးယစ်ဆေးများ တောင်ကြီးမြို့မှာ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်မှာရှိတဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ UWSA 'ဝ' တပ်ဖွဲ့မှ ဗိုလ်မှူးတစ်ဦး ပိုင်ဆိုင်တဲ့နေအိမ်မှာ ကျပ်သိန်း ၁၄၀၀ ကျော်လောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ လာရောက်သုံးစွဲရောင်းချနေသူ ၁၈ ဦးကို ဇူလိုင်လ ၁၃ ရက် ညနေ ၅ နာရီခန့်က ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီအိမ်ကို တစ်လလောက် ကြိုတင်လေ့လာပြီးမှ ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ မူးယစ်အထူးအဖွဲ့မှ ရဲအုပ် အောင်စိုးကြိုင်က RFA ကို အခုလို ပြောပါတယ်။

"သတင်းရတာတော့ကြာပြီပေါ့ ဒါပေမယ့် ဒီထဲဝင်ဖို့ထွက်ဖို့ သူတို့ထွက်ပြေးလွတ်မြောက်မှုမရှိဖို့ ၁ လလောက်တော့ အချိန်ယူရတယ်၊ ဒီအိမ်ထဲဝင်ဖို့ ဘယ်လိုလုပ်ဝင်လို့ရမလဲဆိုတာကို အရင်ဆုံးလေ့လာရတယ်၊ အဲ့မှာသတင်းရတော့ အရင်ဆုံးသွားပြီးကြည့်တယ်၊ ဝင်ပြီးတော့သုံးတဲ့သူတွေ၊ ဝယ်ပြီးထွက်တဲ့သူတွေရှိတယ် သူတို့ဘယ်လိုအချိန်မှာ ဟာပေါက်ရှိမလဲဆိုတာ သိမှအဲ့လိုအချိန်မှဝင်တာ"

အခု ဖမ်းဆီးမှုဟာ တောင်ကြီးမြို့မှာ ဖြစ်ပွားခဲ့တဲ့ မူးယစ်ဆေးဝါးအမှုတွေထဲမှာ တရားခံအရေအတွက် အများဆုံးပါဝင်တဲ့ အမှုဖြစ်တယ်လို့လည်း ဦးအောင်စိုးကြိုင်က ဆက်လက်ပြောကြားပါတယ်။

အဲဒီလို ဖမ်းဆီးရာမှာ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား သုံးသောင်းကျော် ၊ ဘိန်းဆီခဲ တစ်ကီလိုခွဲနီးပါးနဲ့ နေအိမ်ခြံဝန်းအတွင်းက မော်တော်ယာဉ် ၃ စီး၊ မော်တော်ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

အဲဒီအိမ်ကို ပိုင်ဆိုင်သူဟာ 'ဝ' တပ်ဖွဲ့မှ ဗိုလ်မှူး တုံချမ်းဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူ ၁၈ ဦးကို တောင်ကြီးမြို့၊ အမှတ် ၂ ရဲတပ်ဖွဲ့စခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
RFA Burmese

အစ္စလာမ္မစ် ခေါင်းဆောင်တွေ ပိုင်ဆိုင်မှု ထိန်းချုပ်

မွတ်ဆလင် ဘရားဟုဒ် ခေါင်းဆောင် မစ္စတာ Badie အပါအဝင် အစ္စလာမ္မစ် ၁၄ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်လိုက်
15 ဇူလိုင်လ 2013
ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတကို စစ်တပ်က ဖယ်ရှားခဲ့ပြီးတဲ့ နောက် အဆင့်မြင့် အမေရိကန် ကိုယ်စားလှယ် William Burns ဟာ အီဂျစ် စစ်တပ် သြဇာခံ အစိုးရသစ်နဲ့ တွေ့ဆုံဖို့ ကိုင်ရိုကို ရောက်လာပါတယ်။

သူဟာ သမ္မတ မော်စီကို ဖြုတ်ချပြီး နောက်ပိုင်း ပထမဆုံး ရောက်ရှိ လာတဲ့ အမေရိကန် အရာရှိကြီး လည်း ဖြစ်ပါတယ်။

ဒီခရီးစဉ် အတွင်း ဆူပူ အုံကြွမှုတွေ အဆုံးသတ်ဖို့နဲ့ အားလုံး ပါဝင်တဲ့ ဒီမိုကရေစီ နည်းကျ တင်မြှောက် ထားတဲ့ အစိုးရ ပေါ်ပေါက်ရေး ကြိုးပမ်းဖို့ မစ္စတာ ဘန်းက တွန်းအားပေး သွားမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း မှာတော့ အီဂျစ်အစိုးရ အမှုလိုက် အရာရှိတွေက အစ္စလာမ္မစ် ခေါင်းဆောင် ၁၄ ဦးရဲ့ ပိုင်ဆိုင်မှု အဝဝကို ထိန်းချုပ် ထားလိုက်ပြီလို့ တရားရေး ဆိုင်ရာ သတင်း ရပ်ကွက်တွေ အပြော အရ သိရပါတယ်။

အဲဒီ ခေါင်းဆောင်တွေ ထဲမှာ မွတ်ဆလင် ဘုရားသားဟုဒ် အဖွဲ့ ခေါင်းဆောင် မိုဟာမက် ဘက်ဒီနဲ့ သူရဲ့ လက်ထောက် ခိုင်ယက် အဲ ရှာတာ တို့လည်း ပါတယ်လို့ ဆိုပါတယ်။

ဆန္ဒပြ ပွဲတွေ အတွင်း ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားအောင် လှုံ့ဆော်သလား စုံစမ်း စစ်ဆေးဖို့ ထိန်းချုပ်တာလို့ သူတို့က အကြောင်းပြ ပါတယ်။

မစ္စတာ Badie နဲ့ တခြား မွတ်ဆလင် ဘုရားသားဟုဒ်ခေါင်းဆောင်တွေကို အစ ကတည်းက ဖမ်းဝရမ်း ထုတ်ထားခဲ့ပြီးဖြစ်ပါတယ်။

ဖယ်ရှား ခံခဲ့ရတဲ့ သမ္မတ မော်စီ ကိုလည်း ဆက်ပြီး ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

မနေ့ကတော့ စစ်တပ်အကြီးအကဲ အဗ္ဗဒဲ ဖာတာ အဲ ဆီဆီက သူတို့ သမ္မတကို ဖယ်ရှား ခဲ့ရတာနဲ့ ပတ်သက်လို့ ရုပ်မြင်သံကြား မိန့်ခွန်းထဲမှာ ခုခံ ပြောကြား ခဲ့ပါတယ်။

ဘာသာရေးကြောင့် သူ့ကို ဖယ်ရှားခဲ့တယ် ဆိုတာမျိုး လူတွေက သူ့ကို ဆန့်ကျင် တာဟာ ဘာသာရေးကြောင့် ဆိုတာမျိုး ဘယ်တော့မှ မပြောပါနဲ့ ၊ ဘာကြောင့်လဲ ဆိုတော့ ဒီလို ပြောတာတွေဟာ အမှန်တကယ် ဖြစ်ပျက် နေတာတွေကို ဖုံးကွယ် ထားလို့ပါပဲ ဆိုပြီး ဗိုလ်ချုပ်ကြီး အဲဆီဆီက ပြောခဲ့ပါတယ်။

အစ္စလာမ္မစ် သမ္မတ မော်စီကို ပြည်သူ့ ဆန္ဒခံယူပွဲ လုပ်ဖို့ သမ္မတမော်စီ ကို မဖယ်ရှားခင် စောစောပိုင်း ရက်တွေက သူတိုက်တွန်း ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး အဲဆီဆီက မနေ့က မိန့်ခွန်းထဲမှာ ပြောကြား ခဲ့ပါတယ်။

မစ္စတာမော်စီက ဒါကို လုံးဝ ပယ်ချခဲ့တယ်လို့ သူက ပြောပါတယ်။

နိုင်ငံရေး အင်အားစု အားလုံး အနေနဲ့ နိုင်ငံရေးမှာ လူတိုင်း ပါဝင်နိုင်ခွင့် ရှိတယ်၊ ဘယ်လို သဘောတရားမျိုး ရှိရှိ ပါဝင်ခွင့် ရှိတယ်၊ ဘယ်အဖွဲ့အစည်း ကိုမှ နိုင်ငံရေးမှာ မပါဝင် ရဘူး လို့ တားမြစ်တာ မရှိဘူးလို့ ဗိုလ်ချုပ်ကြီး အဲဆီဆီက ပြောခဲ့ ပါတယ်။

ကြားဖြတ်အစိုးရဟာ စစ်တပ် ထောက်ခံတဲ့ လမ်းပြ မြေပုံအတိုင်း အရပ်သား အစိုးရ ပြန်ပေါ်ထွန်းအောင် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

သမ္မတမော်စီကို ဖယ်ရှားခဲ့ပြီး နောက်ပိုင်း လူသေကြေ ခဲ့ရတဲ့ ခိုက်ရန် ဖြစ်ပွားမှု တွေကို စုံစမ်း စစ်ဆေး နေချိန်မှာ အခုလို အစ္စလမ်မစ် ခေါင်းဆောင် တွေရဲ့ ပိုင်ဆိုင်မှု ကို ထိန်းသိမ်း ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်က သမ္မတ မော်စီကို ထောက်ခံသူ တွေနဲ့ ဆန့်ကျင်သူတွေကြား ထိပ်တိုက် တွေ့မှုတွေ အတွင်း လူ ဒါဇင်နဲ့ချီ သေဆုံး ခဲ့ရပါတယ်။

ကြားဖြတ် ဝန်ကြီးချုပ်သစ် ဘက်ဘလာဝီ က လစ်ဘရယ် နိုင်ငံရေး ခေါင်းဆောင် Mr ElBaradei ကို တနဂင်္နွေနေ့ မှာပဲ နိုင်ငံတကာ ဆက်ဆံရေး ကိစ္စတွေ အတွက် ကြားဖြတ် ဒု သမ္မတ ခန့်လိုက် ပါတယ်။

နောက်တခါ အလယ်အလတ် သဘောထား ရှိသူ စီးပွားရေးပညာရှင် Ahmed Galal ကို ဘဏ္ဍဍာရေးဝန်ကြီး၊ အရင် အမေရိကန်ဆိုင်ရာ သံအမတ်ကြီး Nabil Fahmy ကို နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်ခဲ့ပါတယ်။

မွတ်ဆလင် ဘုရားသားဟုဒ် အဖွဲ့ဝင်တွေ အပါအဝင် သမ္မတ မော်စီကို ထောက်ခံသူ တွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက် သမ္မတ မော်စီ ဖယ်ရှား ခံခဲ့ရပြီး ကတည်းက ကိုင်ရို မြို့မှာ ထိုင်ဆန္ဒပြ နေခဲ့ကြတာ အခုအချိန်ထိ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

တာမွေမြို့နယ် အာသောကဈေးအတွင်း လက်ကောက်ချွတ်ယူသူ တရားခံများအား ဖေါ်ထုတ်ဖမ်းဆီး

ရန်ကုန်၊ ဇူလိုင် ၁၅
၁၄.၇.၂၀၁၃ ရက်နေ့ ၀၈၁၅ အချိန်ခန့်တွင် တာမွေမြို့နယ်၊ ဌေးကြွယ်(က)ရပ်ကွက်နေ ဒေါ်စန်းစန်းမော်သည် အာသောက ဈေးအတွင်း ၀က်သားဆိုင်မှဈေးဝယ်ပြီးပြန်ထွက်လာစဉ် အမျိုးသမီးတစ်ဦးသည် ၎င်း၏ရှေ့မှနေ၍မိုးမရွာဘဲထီးဖွင့်ဆောင်းကာ လမ်းပိတ်လျောက်နေသဖြင့် ဖယ်ပေးရန်ပြောနေစဉ် နောက်ဘက်မှ အခြားအမျိုးသမီးတစ်ဦးမှ ထီးပိတ်ပေးရန်းဝင်ရောက် ပြောဆိုကာ ၎င်းအားတိုးဝှေ့၍ သွားစဉ် ၀ဲဘက်လက်ကောက်ဝတ်မှာနာကျင် သွားသဖြင့်ကြည့်ရာ ၀တ်ဆင်ထားသည့် အခေါက်ရွှေ(၃)ကျပ်သားခန့်ရှိလက်ကောက်မှာ မတွေ့ရှိတော့သဖြင့် အော်ဟစ် အကူအညီတောင်းခဲ့၍ ပတ်ဝန်းကျင်ရှိပြည်သူများမှဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ ထီးဖြင့်ကာထားပေးသူ အမျိုးသမီး အား
ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိခဲ့သည့် ထီးဖြင့်ကာပေးသူမှာဒေါ်အေးရွှေ(ခ) ဒေါ်ညွန့်ကြည် (ဘ) ဦးထွန်းကြိုင်၊ ( ၁၀)မိုင် ကုန်း၊ ပဲခူးမြို့နေသူဖြစ်ပြီး၊ နောက်ဘက်မှ လူတိုးကာ လက်ကောက်ချွတ်ယူသွားသူမှာ မမူ(ခ)အေးအေးမူ ဒနင်းကုန်းကျေးရွာ၊ ဘီးလင်းမြို့နယ်နေသူဖြစ်ကြောင်း စစ်ဆေးသိရှိရ၍ မမူ(ခ)အေးအေးမူ အားလိုက်လံစုံစမ်း ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါအမှုအား တာမွေမြို့မရဲစခန်း (ပ)၂၉၁/၂၀၁၃၊ ပုဒ်မ ၃၈၂ ဖြင့် အရေးယူထားရှိ ကာဖမ်းဆီးရမိသူ(၂)ဦးအား စစ်ဆေးချက်များအရ ပူးပေါင်းကျူးလွန်သူတရားခံများကျန်ရှိ နေကြောင်း သိရှိရသဖြင့် ထပ်မံဖမ်းဆီးရမိရေးနှင့် ပါဆုံးရွှေလက်ကောက်အားပြန်လည် သိမ်းဆည်းရမိရေး
တိုင်း/ခရိုင် အထူးအဖွဲ့များဖြင့် လိုက်လံစုံစမ်းဖမ်းဆီးလျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police

အင်းစိန်ရွာမအနောက် နယ်မြေ(၉)မီးကင်းတဲမီးလောင်မှုဖြစ်

ရန်ကုန်၊ ဇူလိုင် ၁၅၁၅.၇.၂၀၁၃ ရက်နေ့ ၀၃၄၅ အချိန်ခန့်တွင် အင်းစိန်းမြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ မြို့ပတ်လမ်း၊ နယ်မြေ(၉)မီးကင်းတဲပေါ်တွင် မီးကင်းစောင့်နေသော အောင်ဝင်း(ခ)ကိုတွတ်(ဘ)ဦးခင်မောင်မြင့် မှာ ခြင်ဆေးခွေထွန်းပြီး အိပ်ပျော်နေရာမှ မီးကင်းတဲ၏အခင်းသစ်သားချောင်းနှင့်ဝါးထရံတို့အား
ခြင်ဆေးခွေမှ တဆင့်မီးကူးစက်လောင်ကြွမ်းခဲ့၍ ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၀၄၀၀ အချိန် မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုကြောင့် တန်ဘိုးကျပ်(၅၀၀၀)ခန့်ဆုံးရှုံးခဲ့သဖြင့် မီးအားပေါ့ဆစွာ အသုံးပြုသူ အောင်ဝင်း(ခ)ကိုတွတ်အား အင်းစိန်မြို့မရဲစခန်း(ပ) ၇၆၈/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

မော်စီဖြုတ်ချခံရပြီးနောက် အမေရိကန်အရာရှိ အီဂျစ်သို့ ပထမဆုံးအကြိမ် သွားရောက်

ကိုင်ရို၊ ဇူလိုင် ၁၅။
အီဂျစ်နိုင်ငံတွင်း ညီနောင်များပါတီမှ ထိပ်တန်းခေါင်းဆောင်၁၄ ဦး ၏ ပိုင်ဆိုင်မှုများထုတ်ယူခွင့်
တားမိန့်ထုတ်လိုက်ပြီး မကြာမီ အမေရိကန်ထိပ်တန်း အရာရှိတစ်ဦးသည် ကိုင်ရိုသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်သည်။

ယခုသွားရောက်သည့် နိုင်ငံခြားရေး ဒုဝန်ကြီးဘီလ်ဘန်းစ်သည် သမ္မတမော်စီ ဖြုတ်ချခံရပြီးချိန်မှစ၍ ပထမဆုံး လာရောက်သည့် အမေရိကန်အရာရှိဖြစ်ပြီး သုံးရက်ကြာ နေထိုင်သွားမည်ဖြစ်ကြောင်း
နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောကြားသည်။

ဘန်းစ်သည် နိုင်ငံရေး ပါတီများနှင့် ကိုင်ရိုတွင် တွေ့ဆုံကာ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့်
အားလုံးပါဝင်ပြီး ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသည့် အရပ်သား အစိုးရအဖြစ်သို့ အပြောင်းအလဲလုပ်ရေးတို့ကို တွန်းအားပေးမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

၎င်းသွားရောက်ချိန်တွင် ယာယီအစိုးရသည် မော်စီ၏ ညီနောင်များပါတီကို ဖိအားများ ထပ်တိုးဖိအားပေးနေချိန်ဖြစ်ပြီး ပါတီထိပ်ပိုင်းေ ခါင်းဆောင်များသည်လည်း ကစဥ့်ကလျားဖြစ်လျက် ရှိနေသည်။

ညီနောင်များပါတီ ခေါင်းဆောင်ကိုးဦးကို ဘဏ်မှ ပိုင်ဆိုင်မှုထုတ်ခွင့် ပိတ်ခံရခြင်းသည် ပြည်သူ့တရားလိုရှေ့နေ ဟီရှန်ဘာရာကတ် အမိန့်ပေးသည့် စုံစမ်းမှု၏ တစိတ်တဒေသဖြစ်သည်။

၎င်းအပိတ်ခံရသည့် သူများတွင် ခေါင်းဆောင်မိုဟာမက်ဘက်ဒီး ပါဝင်ပြီး အခြားအုပ်စုများမှ
အစ္စလာမ္မစ်များလည်း ပါဝင်ကြောင်း တရားရုံးဆိုင်ရာ အသိုင်းအဝိုင်းမှ သိရသည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် သမ္မတဖြုတ်ချခံရပြီးနောက် လူသေဆုံးခဲ့သည့် ဖြစ်ရပ်လေးခုနှင့် ဆက်နွယ်ပြီး ၎င်းအမိန့်သည် သမ္မတဟောင်းမော်စီ၊ ဘေဒီးနှင့် အခြားအစ္စလာမ္မစ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပတ်သက်သည့် ပြစ်မှုဆိုင်ရာ တိုင်ကြားချက်များ လက်ခံရရှိပြီးနောက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

နိုင်ငံတကာကလည်း ဖြုတ်ချခံရသည့် ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ သမ္မတမော်စီအား ထိန်းသိမ်းထားခြင်းကို စိုးရိမ်လာလျက်ရှိသည်။

တနင်္ဂနွေနေ့တွင် ရီပတ်ဘလီကန် ဥပဒေပြုရေးကောင်စီဝင် ဆီးနိတ်တာ လင်ဆေးဂရေဟမ်နှင့် ဆီးနိတ်တာ ဂျွန်မက်ကိန်းတို့က အစိုးရအား စစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေနှင့် အကူအညီများ ဖြတ်တောက်ရန် တိုက်တွန်းထားသည်။

၎င်းနေ့တွင်ပင် အီးယူနိုင်ငံခြားရေးပေါ်လစီဥက္ကဋ္ဌ ကက်သရင်းအက်ရှ်တန်က ဒီမိုကရေစီနည်းကျ အရပ်သား အုပ်ချုပ်ရေးနှင့် ထိန်းသိမ်းခံ နိုင်ငံရေးသမားများကို လွှတ်ပေးရေးကို တောင်းဆိုသည်။

ညီနောင်များပါတီသည် ကက်ဘိနက်ဖွဲ့ရေး ဆွေးနွေးပွဲများ ကျင်းပပြီး တွန်းအားပေးနေသော
ယာယီဝန်ကြီးချုပ် ဟက်ဇန်အယ်ဘက်ဘလာဝီ ဦးဆောင်သည့် အစိုးရသစ်တွင် ပါဝင်ရန် ငြင်းဆန်ထားပြီး ဖြစ်သည်။

တခြားပါတီတစ်ခုလည်း ယာယီအစိုးရတွင် ပါဝင်မည် မဟုတ်ကြောင်း ပါတီကပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

“ကျွန်တော်တို့ဟာ ရွေးကောက်ခံအစိုးရ အဖွဲ့ထဲမှာပဲ ပါဝင်ပါမယ်” ဟု ပြောကြားသည်။

ဝန်ကြီးချုပ်သည် တနင်္ဂနွေနေ့တွင် ဝန်ကြီးသစ်များ ခန့်အပ်ခဲ့ပြီး အစိုးရအဖွဲ့ဝင်အားလုံးကို အင်္ဂါ
သို့မဟုတ် ဗုဒ္ဓဟူးရက်များတွင် ခန့်အပ်ဖွယ်ရှိသည်။

၎င်းသည် လုံခြုံမှုပြန်လည်ရရှိရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ပြန်လည်စီးဆင်းနိုင်ရေး၊ ပါလီမန်
ရွေးကောက်ပွဲနှင့် သမ္မတရွေးကောက်ပွဲများ ပြင်ဆင်နိုင်ရေးတို့ကို ဦးစားပေးကြောင်း ဝန်ကြီးချုပ်က
ပြောကြားသည်။
Ref:AFP
မြန်မာ့ခေတ်

မြန်မာ့ ဒီမိုရေး ဗြိတိန် အမတ်များ ထုတ်ပြန်

ဦးသိန်းစိန်ကို ဒီမိုကရေစီ သမားလို့ ပြောဖို့ စောနေ
14 ဇူလိုင်လ 2013
သမ္မတ ဦးသိန်းစိန် လန်ဒန် ရောက်တဲ့ တနဂင်္နွေနေ့ မှာပဲ ဗြိတိန် ပါလီမန်က မြန်မာ့ ဒီမိုကရေစီရေး တက်ကြွတဲ့ ပါတီစုံ ကိုယ်စား လှယ်များ အဖွဲ့ (APPG) က မြန်မာ အရေး ကြေညာချက် တစောင် ထုတ်ပြန် ခဲ့ပါတယ်။

မြန်မာပြည်က ဆိုးရွားတဲ့ လူ့အခွင့်အရေး အခြေအနေ တွေနဲ့ ပတ်သက်ပြီး ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိဂ်က သမ္မတ ဦးသိန်းစိန် နဲ့ တွေ့တဲ့အခါ ဦးစားပေး ဆွေးနွေးဖို့ သူတို့က တောင်းဆိုကြ ပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များဘာသာပေါင်းစုံ အဖွဲ့နဲ့ ဦးသိန်းစိန်တွေ့ဦးသိန်းစိန်နဲ့ လူ့အခွင့်အရေး ကိစ္စကင်မရွန်း ဦးသိန်းစိန်ကို ဘာတွေ ပြောမလဲ ဆက်စပ်အကြောင်းအရာများဗြိတိန်, ဦးသိန်းစိန်
မြန်မာပြည်မှာ ကလေး စစ်သား စုဆောင်းမှုတွေ ဆက်ရှိနေတယ်၊ ချင်း လူမျိုး တွေ အပေါ် မှာလည်း ဘာသာရေး အရ ခွဲခြား ဖိနှိပ်မှု တွေ ရှိနေတယ်၊ ရိုဟင်ဂျာ တွေကို လူမျိုးတုံး သတ်ဖြတ်မှု တွေ ရှိနေ သလိုပဲ ကချင် အရပ်သား တွေ အပေါ် ကျူးလွန်တဲ့ မြန်မာ စစ်တပ်ရဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေ အကြောင်း အချက် အလက်တွေ ရရှိ ထားတယ်လို့ APPG က ထုတ်ပြန် ခဲ့ပါတယ်။

ရိုဟင်ဂျာ တွေကို ကျူးလွန် စော်ကားမှု တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်း စစ်ဆေးမှုမှာ မြန်မာက ပါဝင် ကူညီဖို့၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံကို ရှေ့ရှုတဲ့ အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေး စတင်ဖို့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိလာရေး တောင်းဆို ညှိနှိုင်း သွားဖို့လည်း ပန်ကြား ခဲ့ပါတယ်။

မြန်မာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်မှု၊ မတရား စော်ကား ပြုကျင့် မှုတွေ အဆုံးသတ်ရေး စတဲ့ သိသာတဲ့ လူ့အခွင့်အရေး တိုးတက်မှုတွေ မရှိဘဲ ဦးသိန်းစိန်ကို ဒီမိုကရေစီ ပြုပြင်ရေး သမားလို့ ပြောဖို့ စောနေ သေးတယ်လို့ APPG ဥက္ကဋ္ဌဌ Baroness Kinnock က ဆိုပါတယ်။

မြန်မာ အစိုးရရဲ့ ကတိ မတည်မှု တွေကို ကြုံခဲ့ရတဲ့ အတွက် လူ့အခွင့်အရေး ကိစ္စ တွေနဲ့ ပတ်သက်ပြီး သေချာတဲ့ အာမခံချက် မရှိဘဲ ကုန်သွယ်ရေး ကိစ္စ တွေကို တိုးမြှင့် ဆောင်ရွက်ဖို့ မသင့်ဘူး၊ လူ့အခွင့်အရေး အတွက် ဗြိတိန် ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးက မြန်မာ သမ္မတကို သေချာ နားသွင်း သင့်တယ် လို့လည်း Baroness Kinnock က ပြောဆိုပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)



အဆိုတော်ဆိုတေးခွဲစိတ်မှုအောင်မြင်၊ သတိရရန်စောင့်ဆိုင်းနေ

မန္တလေး၊ ဇူလိုင် ၁၅။
ဇူလိုင်လ၁၄ရက်နေ့၌ အမြန်လမ်းမ မိုင်တိုင်အမှတ်၂၉၁/၃တွင် ကားအရှေ့ ဘီးပေါက်၍ ပေ၂၀ ဝန်းကျင် အနက်ရှိသည့် ချောက်ထဲသို့ ကျသွားသောကြောင့် ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော အဆိုတော် ဆိုတေးသည် မိတ္ထီလာဆေးရုံမှ မန္တလေးပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခွဲစိတ်ကုသမှု ခံယူရာ အောင်မြင်ကြောင်းနှင့် သတိရရန်အတွက် စောင့်ကြည့်ရကြောင်း ဆိုတေး၏ ဖခင် ဦးတင်မြင့်က ယနေ့ နေ့လည်၁၂နာရီအချိန်တွင် ပြောသည်။

“နှလုံးခုန်တာတို့ အသက်ရှူလမ်းကြောင်း အလုပ်လုပ်တာတော့ ပုံမှန်ဖြစ်နေပါပြီ။ သတိမလည်တာ တစ်ခုပဲ။ ဦးနှောက်ရဲ့ အလုပ်လုပ်တဲ့ စွမ်းရည်ကလည်း ၅ကျော်နေပြီလို့ ဆရာဝန်က ပြောတယ်။ ဒီထက် ဆက်တက်လာရင် သတိရလာလိမ့်မယ်လို့ ပြောပါတယ်”ဟု ၎င်းကဆက်လက် ပြောကြားသည်။

ဆိုတေးနှင့်အတူပါလာသော အမျိုးသမီးမှာ သေဆုံးသွားခဲ့ပြီးနောက် ၎င်းအမျိုးသမီးမှာ ဆိုတေး၏
အမျိုးသမီး ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ရေးသားထားသောကြောင့် မေးမြန်းကြည့်ရာတွင် “ကောင်မလေးက မိကောင်းဖခင်သမီးလေးပါ။ အရမ်းလိမ္မာတယ်။ အိမ်ထောင်သည် အနုပညာရှင်ဆိုရင် ပရိသတ်က အားမပေးမှာ စိုးရိမ်လို့ပါ”ဟု ဆက်လက် ပြောသည်။

“ဆရာဝန်ကတော့ နှစ်ရက်လောက်နေရင် သတိရမယ်ပြောတာပဲ။ အခြေနေကတော့ ကောင်းပါတယ်။ ယာဉ်မောင်း ကလည်းခြေထောက်ကော လက်ပါ ကျိုးသွားတယ်”ဟု ဆေးရုံသို့ သွားရောက် ကြည့်ရှုခဲ့သော ဆိုတေး၏ မိတ်ဆွေတစ်ဦးက ပြောသည်။

ယာဉ်မောင်းသန်းဝင်းလှိုင်ကို ပုဒ်မ၃၀၄(က)ဖြင့် မိတ္ထီလာခရိုင် သီးကုန်းအမြန်လမ်း ရဲစခန်းတွင်
အမှုဖွင့်ထားကြောင်း ၎င်းရဲစခန်းမှ စခန်းမှုးဒုရဲမှုးဦးနေဝင်းက ပြောသည်။

ယင်းအမြန်လမ်းမကြီးကို၂၀၀၉ခုနှစ် မေလမှစတင်အသုံးပြုခဲ့ရာ လေးနှစ်တာကာလအတွင်း(ဧပြီလကုန်အထိ) ယာဉ်တိုက်မှုဖြစ်စဉ်ပေါင်း ၄၃၂မှုတွင် သေဆုံးသူ၂၁၆ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ၆၇၈ဦးထိ ရှိခဲ့ကြောင်းလည်း အမြန်လမ်း ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
လူလူ
မြန်မာ့ခေတ်

အဓ္ဓမပြုကျင့်ခံရမှုပိုမိုများပြားလာ (ရုပ်/သံ)

ယခုလိုမှုခင်းကြီးတွေကျဆင်းနိုင်ရေးအတွက် စီမံချက်တွေနဲ့ ဆောင်ရွက်နေပေမယ့် အောင်မြင်မှု မရှိသေးတာကတော့ ရဲအရေးပိုင်မှု တွေမှာ အမှုတည်ဆောက်မှု အားနည်းနေခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ဦးတင်သန်းဦးက ဆက်လက်လျက် ပြောဆိုခဲ့ပါတယ်။
မြန်မာ့ခေတ်

အာဇာနည်နေ့တွင် နှင်းဆီပန်း ၆၅၀၀ ကျော် အခမဲ့ဝေမည်

ရန်ကုန်၊ဇူလိုင်၁၅။
လာမည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၆၆)နှစ်မြောက်အာဇာနည်နေ့တွင်အာဇာနည်ဗိမာန်သို့လာရောက်ဂါရ၀ပြုကြသောရဟန်းရှင်လူ ပြည်သူများအား နှင်းဆီပန်း(၆၆၀၀)ပွင့်အခမဲ့ဝေငှပေးသွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးမှဥက္ကဌဖြစ်သူကိုဇွဲရန်နိုင်က ပြောကြားသည်။

“ကျွန်တော်တို့အနာဂတ်မှလူငယ်တွေအနေနဲ့ရောအများပြည်သူအတွက်ပါအာဇာနည်ခေါင်းဆောင်ကြီးတွေအတွက်ပြီးခဲ့တဲ့နှစ်ကထက်အဆင့်မြင့်မြင့်ဂုဏ်သိက္ခရှိရှိလေးဖြစ်စေချင်တာကြောင့်ပါ”ဟု၎င်းက ဆက်လက်ပြောကြားသည်။

ဇူလိုင်၁၉ရက်နေ့သည်အများပြည်သူ ရုံးပိတ်ရက်များ ဖြစ်သောကြောင့် ပြည်သူများအနေဖြင့်ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည်ခေါင်းဆောင်ကြီးများအားလာရောက်ဂုဏ်ပြုစေချင်ကြောင်းနှင့်မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးသည်လည်းရန်ကုန်မြို့လွတ်လပ်ရေးကျောက်တိုင်များတွင်ပန်းများ၊ ပန်းခွေများချ၍အာဇာနည် ခေါင်းဆောင်ကြီးများအားအလေးပြုသွားမည်ဖြစ်ကြောင်းသိရသည်။

၎င်းနေ့တွင်အာဇာနည်ခေါင်းဆောင်များအားရည်စူး၍ရဟန်ရှင်းများအားဆွမ်းဆပ်ကပ်၍အမျှအတမ်းပေးဝေသွားမည် ဖြစ်ကြောင်းလည်းသိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

လားရှိုးတွင် အလုပ်ကိစ္စဆွေးနွေးရာမှ သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား

လားရှိုး၊ ဇူလိုင် ၉။
လားရှိုးမြို့၊ ရပ်ကွက် (၅)၊ နယ်မြေ (၉) ခိုင်ရွှေဝါလမ်းမှ ကိုးကန့်ငါးပါးသီလကျောင်း အနီးရှိ
ဦးယူဆင်း၏ နေအိမ်သို့ ပြည်သူ့စစ် တစ်ဦးက လမ်းပေါ်မှ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်သူမှာ တာမိုးညှင်း ပြည်သူ့စစ်အဖွဲ့၏ စီးပွားရေး တာဝန်ခံတစ်ဦးဖြစ်ပြီး ပစ်ခတ်ခံရသူမိသားစုနှင့် ယခင်က စီးပွားရေး လုပ်ငန်းများ အကျိုးတူလုပ်ဆောင်ခဲ့ပြီး ငွေကြေးအရှုပ်အရှင်းများရှိခဲ့သဖြင့် သွားရောက် ဖြေရှင်းရာမှ စကားများကြပြီး အပြန်တွင် လမ်းပေါ်မှ သေနတ်ဖြင့်
ပစ်ခတ်သွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြသည်။

“နေ့လည်ခင်းကြီးမှာ ကားနဲ့ရောက်လာတယ်။ မကျေနပ်တိုင်း စိတ်ထင်သလို ဒီလိုသေနတ်ကိုင်ပြီး ပစ်ချင်ရာလျှောက်ပစ် သွားတာကတော့ တရားဥပဒေ မရှိသလိုဘဲ။ မပြေလည်တာရှိရင် ညှိနှိုင်းယူပေါ့ဗျာ။ ပစ်ခတ်ပြီးမှ ကားမောင်းပြီးတော့ ထွက်သွားတာ”ဟု ရပ်ကွက်အတွင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားရာ အနီးရှိ မျက်မြင်တွေ့ရှိသူ တစ်ဦးက “သူတို့အိမ်မှာက ကလေးတွေလဲရှိတယ်။
သူ့ယောက်ျားက အပြင်တွေဘာတွေ သွားတာများတယ်။ မိန်းမနဲ့ ကလေးပဲ ရှိတဲ့အချိန်ဆိုရင် ဘယ်လိုလုပ်မလဲ။ မြို့ထဲမှာ အဲဒီလို လက်နက်တွေကိုင်ပြီး လျှောက်သွားတာ လျှောက်ပစ်တာ တွေကို ရုပ်ရှင်တွေ ဗီဒီယိုတွေထဲမှာပဲ မြင်ဖူးတယ်။ အရင်တုန်းကလည်း လားရှိုးမှာ နေ့ခင်းကြီး ဈေးထဲကရွှေဆိုင်ကို သေနတ်တွေနဲ့ ၀င်စီးသွားသေးတယ်။ ပြည်သူ့စစ် တစ်ယောက်က တာဝန်ချိန် မဟုတ်ဘဲ မြို့ထဲမှာ သေနပ်ကိုင်ပြီး၊ လုပ်ချင်ရာ လျှောက်လုပ်နေတာက အင်မတန် ရုပ်ဆိုးလွန်းတယ်။ ကြောက်စရာလဲ ကောင်းတယ်”ဟု ပြောသည်။

လူတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ မရရှိသော်လည်း နေအိမ်တံခါးပေါက်တွင် (၄)ချက်၊ အိမ်အ၀င်ပေါက် အုတ်နံရံတွင် (၁)ချက်၊ စုစုပေါင်း (၅)ချက်ထိမှန်ခဲ့ကြောင်း သိရသည်။ သေနပ်ဖြင့် ပစ်ခတ်သွားသူအား နယ်မြေခံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများမှ လိုက်လံဖမ်းဆီးရာ သိန်းနီမြို့နယ်၊ ရေပူကျေးရွာရှိ ရေပူဂိတ်တွင် အခင်းဖြစ်ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း အမှတ်(၁)ရဲစခန်းမှ သိရသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်အမျိုးအစား၊ ပစ်ခတ်ရသော အကြောင်းရင်း၊ တရားခံအား
အရေးယူဆောင်ရွက် ထားမှု၊ အပစ်ခံရသူအိမ်ရှင်အမျိုးသမီးအား စခန်းသို့ ခေါ်ဆောင်ထားသော
အကြောင်းများနှင့် အသေးစိတ် အချက်အလက် များအား မြန်မာ့ခတ်မှ ဇူလိုင်လ ၈ရက်နေ့တွင် အမှတ် (၁)ရဲစခန်းသို့ သွားရောက် မေးမြန်းရာ တာဝန်မှူး ဒုရဲအုပ်က“ ကျွန်တော်က ဒီကနေ့မနက်မှ
ဂျူတီချိန်းတာ ကျွန်တော်တော့ မသိဘူး။ ဒါပေမယ့် ရုံးအုပ်ချုပ်ကတော့ သိတယ်။ သူ့ကိုမေးလိုက်ပါ”ဟု ဖြေကြားသည်။ ရုံးအုပ်ချုပ်ထံ မေးမြန်းရန် စောင့်ဆိုင်းနေသော်လည်း တစ်စုံတစ်ရာ ဖြေကြားပေးခြင်း မရှိဘဲ စခန်းအတွင်းမှ ထွက်ခွာသွားသည်။

ခရိုင်မြို့ကြီး တစ်မြို့တွင် သက်ဆိုင်ရာ အာဏာပိုင်များ၊ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့များ၊ တပ်မတော် တပ်ရင်းများစွာ ရှိနေပြီး အရေးပေါ် အက်ဥပဒေ ပုဒ်မ ၁၄၄ထုတ်ပြန်ထားသော်လည်း ယင်းကဲ့သို့ လက်နက်ကိုင် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့သဖြင့် မြို့ခံပြည်သူ လူထုများက စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြကြောင်း သိရသည်။
ချစ်ထွေး (လားရှိုး)
မြန်မာ့ခေတ်

ကိုရင်တစ်ပါး မိမိကိုယ်ကိုယ် မီးရှို့သတ်သေ

ဓါတ်ပုံ google
မန္တလေး၊ ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရေဦးကျေးရွာအနီး တောရဘုန်းကြီးကျောင်း အနီးရှိ သမီးဝှက်တောင်တွင် နှလုံးရောဂါကုသရန် အခက်အခဲကြောင့် ဟုဆိုကာ ကိုရင်တစ်ပါး ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် မိမိကိုယ်ကိုယ် မီးရှို့သတ်သေခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

အာဂန္တုကိုရင် အရှင်ပညာနန္ဒ(ခ) ဇော်မျိုးအောင်၊ ၂၀ နှစ်၊ ဝါတော် ၇ ဝါသည် နှလုံးရောဂါ ဖြစ်နေသဖြင့် ဖခင်ဖြစ်သူ သမီးဝှက်တောင်ခြေ၊ တောရကျောင်းထိုင် ဆရာတော် ဦးသုမဏ(ခ)ဦးဘိုနီ၊ သက်တော် ၇၀ နှစ်၊ ဝါတော် ၁၆ ဝါထံသို့ ဆေးကုသရန် ဇူလိုင်လ ၁၂ ရက် နံနက်တွင် လာရောက်ခဲ့ပြီး ၄င်းဆေးရုံတက်စဉ် လူနာစောင့် အခက်အခဲ အပါအဝင် ဆေးကုသရန် အခက်အခဲများ ရှိနေသဖြင့် တောရဘုန်းကြီးကျောင်းတွင် အသုံးပြုသော မီးစက်သုံး ဓာတ်ဆီဖြင့် ယင်းနေ့ည၌ မိမိကိုယ်ကိုယ်မီးရှို့ သတ်သေခဲ့ခြင်း ဖြစ်ကြောင်း ရမည်းသင်း ရဲစခန်းမှ စခန်းမှူး ရဲအုပ်နေလင်းထွန်းက ပြောကြားသည်။

"သူ့အဖေကျောင်းထိုင် ဆရာတော်ကို ဆေးကုပေးဖို့ပြောတယ်။ ဆေးရုံ တက်ရင် လူနာစောင့်နဲ့ ဆိုတော့ အဆင်မပြေပုံရတယ်။ ရွာကျောင်းလေးကနေ လာတာ။ မသေခင်မှာ သူ့အခန်းထဲမှာ မှတ်စုစာအုပ် တွေ့တယ်။ ရေးသွားခဲ့တာက ခန္ဓာအား ဘုရားအား လှူပါ၏လို့ ရေးခဲ့တယ်။ ဆေးကုဖို့လာပြောပြီး နောက်ပိုင်းဖြစ်တာ" ဟု ရဲအုပ်နေလင်းထွန်းက ပြောဆိုသည်။

အဆိုပါ ကိုရင် သေဆုံးခြင်းနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးလျက်ရှိပြီး တူးကုန်းရဲကင်းက သေမှုသေခင်း အမှတ်စဉ် (၁၅/၂၀၁၃)အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ဖြိုးဖြိုးဇော်
Monywa Times

ကောက်လို့ရတဲ့... ပိုက်ဆံပါ


 FB-ပျော်စရာဟာသများ

ကျွဲ၊ နွားများ မျိုးကန်း သလောက်ဖြစ်နေကြောင်း ၀န်ကြီးချုပ်များက တင်ပြ

ဥက္ကံမြို့ နွားပွဲဈေးအတွင်း ရောင်းချပြီးသော နွားများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)
Sunday, 14 July 2013
မြန်မာနိုင်ငံ အတွင်းရှိ ကျွဲ၊ နွားများ ကုန်သလောက်ဖြစ်နေကြောင်း ၀န်ကြီးချုပ်များမှ သမ္မတနှင့် တွေ့ဆုံစဉ် တင်ပြခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောကြားခဲ့သည်။

ဇူလိုင် ၁၃ ရက်က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတနိုင်ငံ ကုန်သည်များနင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးပွဲ၌ ဖွင့်လှစ်ထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုစဉ် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက "တစ်လောက ၀န်ကြီးချုပ်တွေနဲ့ သမ္မတ တွေ့ဆုံပွဲ လုပ်တဲ့အချိန်မှာ ၀န်ကြီးချုပ်တွေက ဘာတင်ပြသလဲဆိုတော့ သူတို့တိုင်းနဲ့ ပြည်နယ်တွေမှာ ကျွဲ၊ နွားတွေ ကုန်သလောက် ဖြစ်နေပြီလို့ သမ္မတကို တင်ပြခဲ့တယ်" ဟု အသားစားနွား ပြခန်းရှေ့တွင် ပြောကြားခဲ့သည်။

သမ္မတအနေဖြင့် ၀န်ကြီးချုပ်များ၏ တင်ပြမှုအား ပြန်လည်အစားထိုး မွေးမြူမှုများ ပြုလုပ်သွားရန် ညွှန်ကြားခဲ့ကြောင်း ၀န်ကြီးဦးတင်နိုင်သိန်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ကျွဲနွားများ ကုန်ဆုံးရန် ရှိနေခြင်းမှာ ကျွဲ၊ နွားများအား ယခုနောက်ပိုင်းတွင် စားသုံးမှု မြင့်တက်လာနေခြင်းနှင့် နိုင်ငံခြားသို့ တင်ပို့မှုများတွင်လည်း တရားမ၀င် လမ်းကြောင်းများမှတစ်ဆင့် တင်ပို့မှုများလည်း ရှိနေခြင်းတို့မှာ အဓိကကျနေပြီး ပြန်လည်မွေးမြူမှု လုပ်ငန်းများတွင်လည်း ကုန်ကျစရိတ် များပြားမှုများကြောင့် မွေးမြူသူများ နည်းပါးသွားကြောင်း ကျွဲ၊ နွားပွဲစားများထံမှ သိရသည်။

ဥက္ကံ နွားပွဲဈေးဝယ်/ရောင်းလုပ်နေသူ ကိုဟန်စိန်က "နွားပြပွဲတွေမှာ အရင်ကလောက် သိပ်မများတော့တာ တွေ့ရတယ်။ ကိုယ်လိုချင်တဲ့ နွားတွေလည်း သိပ်မတွေ့ရတော့ဘူး" ဟု ပြောကြားခဲ့သည်။

ကျွဲနွားဈေးကွက်အတွင်း ကျွဲတစ်ကောင်၏ ပေါက်ဈေးမှာ ကျပ်လေးသိန်းမှ ကျပ်ခုနစ်သိန်းထိ ဈေးရှိနေပြီး နွားတစ်ကောင်လျှင် သုံးသိန်းခွဲမှ ကျပ်ခြောက်သိန်းဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ကျွဲနှင့်နွားများအား တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ အဓိက တင်ပို့နေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့လည်း တင်ပို့မှုတွင် ပါဝင်ကြောင်း၊ နှစ်စဉ်ကျွဲနွား အကောင်ရေ သန်းဂဏန်းမျှ တင်ပို့နေကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
Eleven Media Group

သိမ်းယူ လယ်ယာမြေပေါ်မှာ စစ်ကိုင်းတိုင်း လွှတ်တော်ကို စတင်ဆောက်လုပ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အိုးဖိုထောင်ကျေးရွာအုပ်စုက တောင်သူ ၃ဝ ကျော်ပိုင်ဆိုင်တဲ့ လယ်ဧက ၄ဝ ကျော်မှာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး ဆောက်လုပ်ဖို့အတွက်ဆိုပြီး မုံရွာမြို့နယ် ရဲစခန်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့ လူအင်အား ၁ဝဝ ကျော်လောက်က မနေ့က မြေတူးစက်တွေနဲ့တူး၊ လမ်းတွေဖောက်လုပ်ပြီး အုတ်တံတိုင်းတွေ ခတ်သွားတယ်လို့ တောင်သူတွေက ပြောပါတယ်။

မနေ့က မနက် ၉ နာရီလောက်ကစပြီး အခုလို ဝင်ရောက်လုပ်ကိုင်ခဲ့တာလို့ တောင်သူ ဒေါ်ခင်မြလင်းက RFA ကို အခုလို ပြောပါတယ်။

"လွှတ်တော်ဆောက်လုပ်ဖို့အတွက် အကောင်အထည်ဖော်ထားတာ ပထမ လယ် ၄၁ ဧကသိမ်းလိုက်တာ၊ အခုဝန်ကြီးအိမ်နေရာလိုဖြစ်သွားပြီ၊ ၄၁ ဧကရော ၁၈၈ ဧကရောပါတယ်ရှင့်၊ ကျန်တဲ့နေရာတွေပါ ဆက်သိမ်းတယ်ပြောပြီးတော့ ဂေါ်နဲ့ထိုးတာရှင့်၊ သူတို့ကတော့ လမ်းတွေဖောက်၊ ကြိုးတွေတိုင်းပြီးတော့ ဧကစစ်နေတာ"

ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်ကစပြီး တောင်သူ ၃ဝ ကျော်ပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၁၈ဝ ကျော်ကို တိုင်းဒေသကြီး လွှတ်တော်ရုံးဆောက်လုပ်ဖို့အတွက်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက လျော်ကြေးမပေးဘဲ သိမ်းယူခဲ့တာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

လယ်တွေထဲမှာ အဲဒီကတည်းကစပြီး သီးနှံစိုက်ပျိုးခွင့်လည်း မရတော့ဘဲ လယ်ယာမြေတွေထဲက လယ်သမားတွေရဲ့ နေအိမ်တွေကိုလည်း ဖယ်ရှားပေးဖို့ အုပ်ချုပ်ရေးမှူးက ပြေားကြားထားကြောင်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိလယ်ယာမြေတွေထဲမှာ နေထိုင်နေတဲ့ တောင်သူတွေရဲ့ အိမ်တွေကို မဖယ်ပေးဘူးဆိုရင် ဥပဒေအရ အရေးယူမယ်လို့ အုပ်ချုပ်ရေးမှူးက ပြောတယ်လို့ တောင်သူတွေက ပြောပါတယ်။
RFA Burmese

ဒေါ်အောင်ဆန်းစုကြည် သြစတေးလျှ သွားမည်

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ကုန်ပိုင်းမှာ သြစတေးလျား နိုင်ငံကို အလည်အပတ်သွားရောက်မယ်လို့ ဇူလိုင်လ ၁၃ ရက်နေ့ သြစတေးလျှက လာတဲ့သတင်းတွေမှာဖေါ်ပြထားပါတယ်။

ဆစ်ဒနီမြိ့မှာ လာမယ့် ဒီဇင်ဘာလဆန်း ကျင်းပမယ့် ကုလသမဂ္ဂ အေအိုင်ဒီအက်စ် ညီလာခံကို တက်ရောက်ပြီးနောက် မယ်လ်ဘုန်းအပါအဝင် တခြားမြို့တစ်ချို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်လည်ပတ်မယ်လို့သိရပါတယ်။

သြစတေးလျတက္ကသိုလ်အများအပြားကလည်း ဒီခရီးစဉ်အတွင်း သူ့ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တွေချီးမြှင့်ဖို့ ကမ်းလှမ်းနေကြတယ်လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က သူ့အနေနဲ့ သြစတေးလျှကို ရာသီဥတုကောင်းမွန်တဲ့ ကာလအတွင်းသွားရောက်လည်ပတ်လိုပါတယ်၊ ဖြစ်နိုင်မယ်ဆိုရင် နည်းနည်းပါးပါး အနားယူလိုပါတယ်လို့ပြောကြောင်းလည်း သိရပါတယ်။

ဒီဇင်ဘာလဟာ သြစတေးလျှမှာ နွေဥတုရဲ့ ပထမဆုံးလ ဖြစ်ပါတယ်။ ခရီးစဉ်အတိအကျကို ထုတ်ပြန်ချင်းတော့မရှိသေးပါဖူး။
RFA Burmese

BG သွေးလှူဒါန်းအဖွဲ့ကို စစ်ဆေးရုံက ရင်ထိုးမတပ်ရန် တားမြစ်

ရန်ကုန်၊ ဇူလိုင် ၈
မင်္ဂလာဒုံ ခုတင်(၁၀၀၀) စစ်ဆေးရုံမှ မြောက်ဥက္ကလာ BG သွေးလှူဒါန်းအဖွဲ့အား သွေးလှူဒါန်းရန် ဖိတ်ခေါ်ခဲ့ရာ သွားရောက်လှူဒါန်းသောအခါတွင် လုံခြုံရေးစစ်သားများက ဆေးရုံတွင်းသို့ ရင်ထိုးဖြုတ်ပြီးမှဝင်ရန် တားမြစ်ခဲ့ ကြောင်း မြောက်ဥက္ကလာ  BG အဖွဲ့မှ ဒေါ်သန်းနုက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဆေးရုံ၌ လိုအပ်သောသွေးအား လာရောက်လှူဒါန်းရန် ဖိတ်ခေါ်ခဲ့သော်လည်း သွားရောက် လှူဒါန်းသည့် အခါတွင် လူကြီးများ၏ ရုံးခန်းရှေ့ဘက်က ဖြတ်မလျှောက်ခိုင်းကြောင်း၊ ခွပ်ဒေါင်းပုံပါသော BG အဖွဲ့ ရင်ထိုး အား ဖြုတ်ခိုင်းကြောင်း၊ တက္ကစီ မဟုတ်သော်လည်း အိမ်စီးကား နံပါတ်ပြားအနီအား တပ်မတော်စည်းကမ်းဟု ပြောကာ အ၀င်မခံဘဲ အရာရှိတစ်ဦးစီးလာသည့် တက္ကစီအား ဖြတ်သန်းခွင့်ပြုကြောင်း ၄င်းကထပ်မံ ပြောကြားခဲ့သည်။

““ရင်ထိုးပေါ်မှာ BG ဆိုတဲ့ စာလုံးရယ်၊ အရေးပေါ်အသက်ကယ်ဆိုတဲ့ စာလုံးရယ်၊ ခွပ်ဒေါင်းပုံရယ် ပါပါတယ်။ ၀င်ရထွက်ရခက်မှာစိုးလို့ NLD တောင်မထည့်ပါဘူး။ တစ်ခါတုန်းကတော့ ကျွန်မတို့အဖွဲ့က ကောင်လေးတစ်ယောက်က ခင်ဗျားတို့က ရင်ထိုးပဲ ဖြုတ်ခိုင်းနေတယ်။ ကျွန်မတို့က သူတို့ဆီက သွေးလိုလို့ ဖိတ်ခေါ်လို့သွားလှူကြတာပါ။ ဒီလိုဆက်ဆံတာ အရမ်းခံရခက်တယ်” ဟု ဒေါ်သန်းနုက မြန်မာသံတော်ဆင့် သို့ ပြောကြားသည်။

အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာသံတော်ဆင့်ဂျာနယ်က သွားရောက်မေးမြန်းခဲ့ရာ အရာရှိများက သတင်းဌာန၀န်ထမ်းများကို အ၀င်မခံရန် ညွှန်ကြားထားကြောင်း၊ ဖြေဆိုမှုပြုလုပ်မည်မဟုတ်ကြောင်း၊ သတင်းဌာနအား ဖြေကြားလျှင် ၄င်းတို့၏ ရာထူးထိခိုက်နိုင်ကြောင်း အဆိုပါ စစ်ဆေးရုံဂိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။
Myanmartandawsint Newspaper

ဆိုတေးဇနီး ယဉ်တိမ်းမှောက်ကွယ်လွန် ဒဏ်ရာပြင်းထန်၍ ဆိုတေးကို မိတ္ထီလာမှ မန္တလေးသို့ ပြောင်းရွှေ့ဆေးကုသ

ဓါတ်ပုံ အင်တာနတ်
ရန်ကုန်၊ ဇူလိုင် ၁၄
အဆိုတော်ဆိုတေး လိုက်ပါစီးနင်းလာသော ၃စ/၈၈၇၇ နံပါတ်ပါ မော်တော်ယာဉ်သည် ရန်ကုန် မန္တလေး အမြန်လမ်းမကြီး ၂၉၁မိုင် ၃ ဖာလုံတွင် ယနေ့နေ့လည်ပိုင်းက တိမ်းမှောက်ခဲ့ရာ ဆိုတေး၏ ဇနီးဖြစ်သူ မချောချော သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယဉ်ပေါ်တွင် ခရီးသည်စုစုပေါင်း လေးဦးလိုက်ပါလာတွင် ဆိုတေး၏ ဇနီးမချောချောသည် မိတ္ထီလာဆေးရုံတွင်ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ဆိုတေးမှာမူ ဒဏ်ရာပြင်းထန်းသဖြင့် မန္တလေးမြို့သို့ ပြောင်းရွှေ့ဆေးကုသမှုခံယူနေ ကြောင်းလည်း သိရသည်။

ယဉ်မောင်းဖြစ်သူမှာ ခြေနှင့် လက် ကျိုး ဒဏ်ရာများရရှိခဲ့ပြီး ကျန်ခရီးသည်တစ်ဦး၏ အခြေအနေကိုမူ သတင်းအတိအကျ မရရှိသေးပါ။ ယင်းအမှုအား သီးကုန်းရဲစခန်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ဒေသခံတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုတော်ဆိုတေးသည် ဖိုးချစ်ဇာတ်အဖွဲ့တွင် သီချင်းသီဆိုရန်အတွက် ခရီးထွက်ခွာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
Myanmartandawsint Newspaper

လက်နှစ်ဖက် အကူအညီ လိုသည်

မြူခိုးများဝေကာ ထင်ရှူးပင်များ၊ ကျောက်စိမ်းတံတိုင်းသဖွယ် စိမ်းစိုနေသော တောင်တန်းများ ဝိုင်းရံ ထားသည့် အဆင့်မြင့် တိုက်တာ အဆောက်အအုံတို့၏ မြို့ပြ လမ်းမသည် မိုးဖွဲများအောက်တွင် တိတ်ဆိတ် ခြောက်ကပ်နေသည်။ မြူဆိုင်းနေသည့် တောင်ကုန်းများတွင် စေတီတော်တို့သည် ရွှေရောင် ဝင်းပြောင်နေသကဲ့သို့ ခရစ်ယာန် ဘုရားကျောင်း အဆောက်အအုံများကလည်း ရဲတိုက်ကြီး သဖွယ် ရှိနေသည်။

ခရစ်ယာန် ဘုရားကျောင်း အဆောက်အအုံတည်ရှိရာ တောင်ကုန်း ကမ်းပါးယံကို ကျောထောက် နောက်ခံပြုကာ ရှည်မျောမျော တည်ဆောက်ထားသည့် အဆောက်အအုံဟောင်းတွင် အအေးဓာတ် ကြောင့် အမျိုးသမီးအချို့ အနွေးထည်ကိုယ်စီ ဝတ်လျက် မီးဖိုချောင် အလုပ်များ လုပ်ကိုင်နေပြီး သက်ကြီးရွယ်အို အချို့မှာလည်း အခန်းတွင်းရှိ မီးလင်းဖိုဘေးတွင် ထိုင်နေကြသည်။ ကလေးငယ် အချို့ကလည်း တရုတ်ရိုးရာ ဒီဇိုင်းဆင်ထားသည့် အဆောက်အအုံမုခ်ဝတွင် ဆော့ကစားနေကြသည်။

ယင်းမြင်းကွင်းမှာ မြန်မာနိုင်ငံ အရှေ့မြောက်ဖျားပိုင်းဒေသတွင် နယ်ခြားစောင့်တပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာခဲ့ရသူများကို နယ်စပ်မြို့ တစ်ခုဖြစ်သော ပန်ဝါမြို့၏ အခြေခံပညာ အလယ်တန်းကျောင်းဟောင်းတွင် စောင့်ရှောက်ထားသည်ကို ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ဝန်းကျင်၌ မြင်တွေ့ရခြင်း ဖြစ်သည်။

အဆိုပါ ဒုက္ခသည်များ၏ ခေါင်းဆောင်ဖြစ်သူက စုဝေးရန် အသိပေးလိုက်ရာ လူကြီးလူငယ်များသည် စာသင်ကျောင်းဟောင်းရှေ့ရှိ ကွက်လပ်တို့ ရောက်ရှိလာကြသည်။ ထိုဒုက္ခသည်များတွင် အအေးဒဏ် ကို အန်တုကာ အင်္ကျီ အပြာရောင် လက်ရှည်အပါး ဝတ်ဆင်ထားသည့် အသက် ၄၀ ဝန်းကျင်အရွယ် ဦးလဂွေဆော်ဘောက်သည် မျက်လုံး တစ်ဖက်တည်းကိုသာ အားကိုးပြီး ခန္ဓာကိုယ် တစ်စောင်း အနေအထားဖြင့် ဖြည်းညင်းစွာ လျှောက်လာသည်။ ထိုအမျိုးသားသည် မျက်လုံးတစ်ဖက် မမြင်ရရုံ သာမက လက်နှစ်ဖက်သည်လည်း တုံးတိ ပြတ်နေသည်။ ယင်းသို့ဖြစ်ရခြင်းမှာ မွေးရာပါ မဟုတ်။

၂၀၁၂ ခုနှစ် ဧပြီလတွင် ကေအိုင်အေမှ ကချင်အထူးဒေသ (၁) နယ်မြေဖြစ်သော တရုတ်-မြန်မာ နယ်ခြား မိုင်တိုင်အမှတ် (၆) နှင့် (၇) ဧရိယာကို ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် ကျေးရွာ လုံခြုံရေး အတွက် ပြည်သူ့စစ်အဖြစ် တာဝန်ယူကာ ကင်းစောင့်နေချိန် ကေအိုင်အေမှ ပစ်လိုက်သည့် ကရာလာ KRL (ကေအိုင်အေက ထုတ်သည့် သေနတ်ထိပ်တွင် လောင်ချာကျည်ကဲ့သို့ သုံးနိုင်သည့်အပြင် လက်ပစ်ဗုံးကဲ့သို့ သုံးနိုင်သော မိုင်းကျည်) မှန်၍ အထက်ပါအတိုင်း ဖြစ်သွားခြင်းဖြစ်သည်။

ထိုကာလက ကေအိုင်အေဌာနချုပ် လိုင်ဇာဒေသတစ်ဝိုက်ရှိ ရှေ့တန်း တပ်စခန်းများကို တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေချိန်တွင် ကေအိုင်အေက နယ်ခြားစောင့်တပ် လက်ခံထားသော ကချင်အထူး ဒေသ (၁) ကို ပြန်လည် ထိုးစစ်ဆင်ကာ နယ်ခြား မိုင်တိုင် အမှတ် (၆) ကို သိမ်းယူခဲ့သည်။ သို့သော် ဒေသခံ ပြည်သူ့စစ်များက ပြန်လည် တိုက်ခိုက်ခဲ့သည့်အပြင် တပ်မတော်ကလည်း ရဟတ်ယာဉ် အသုံးပြုခဲ့ကာ တိုက်ခိုက်ခဲ့သည့်အတွက် ယင်းနေရာကို ပြန်လည် သိမ်းယူခဲ့သည်။

နောက်ပိုင်းတွင် သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်ခဲ့ကြပြီး ၂၀၁၃ နှစ်ဆန်းပိုင်းတွင် တိုက်ပွဲများ ငြိမ်သက်ခဲ့ကာ ဇူလိုင် ပထမအပတ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့၏ ရှေ့တန်း စခန်းတို့မှာ နီးကပ်စွာ ရှိနေပြီး ကျေးရွာများတွင်လည်း ဒေသခံများက လက်နက်ကိုင်ကာ လုံခြုံရေး ယူထားသည် ကို တွေ့ရသည်။

ကချင် အထူးဒေသ (၁) နယ်မြေ အတွင်းတွင် ၂၀၁၂ခုနှစ် ဧပြီနှင့် ဇွန်လတို့တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူနှင့် ကျဆုံးသူ စာရင်းကို နှစ်ဦး နှစ်ဖက်မှ မသိရသော်လည်း ဦးလဂွေဆော်ဘောက်ကဲ့သို့ပင် ဒေသခံများ အပါအဝင် တပ်မတော်၊ ကေအိုင်အေ၊ နယ်ခြားစောင့်တပ် တို့မှ တိုက်ပွဲတွင် ဒဏ်ရာရကာ ခန္ဓာချွတ်ယွင်းရသူများ ရှိသကဲ့သို့ ကျဆုံးသွားသူများလည်း ရှိနေသည်။

ယင်းတိုက်ပွဲများကြောင့် အစားအသောက် ခက်ခဲပြီး ဒုက္ခရောက်ကြရသည်မှာ နယ်ခြား မိုင်တိုင် (၆) အနီးရှိ ဦးလဂွေဆော်ဘောက်တို့ နေထိုင်သော လဂွေကျေးရွာနှင့် ဖရဲကျေးရွာတို့ ဖြစ်သည်။ ယင်းကျေးရွာတို့မှ ဒေသခံတို့သည် ပန်ဝါမြို့သို့ တိမ်းရှောင်လာကြပြီး အဆိုပါ စာသင်ကျောင်းဟောင်း တွင် လူဦးရေ ၁၀၀ ကျော် ခိုလှုံလျက်ရှိသည်။ ဦးလဂွေဆော်ဘောက်မှာလည်း ဒဏ်ရာရရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်ချုံးမြို့တွင် ဆေးကုသမှု ခံယူပြီးနောက် မိသားစုရှိရာ စာသင်ကျောင်း ဟောင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။

“ကေအိုင်အေက သုံးတဲ့ သေနတ်က ပြောင်းမှာ မိုင်းတပ်ပြီး ပစ်လို့ရတယ်။ ကျွန်တော့် သေနတ်ဒင်မှာ မှန်ပြီ ကွဲသွားတာ။ အသားတွေက ပဲ့ထွက်ကုန်တယ်။ ဒါကြောင့် လက်ဖြတ်လိုက်ရတယ်။ မျက်လုံး တစ်ဖက် ထိတယ်။ ခေါင်းမှာလည်း ဒဏ်ရာတွေ ရတယ်။ လေးလလောက် ကုလိုက်ရတယ်” ဟု ဦးလဂွေဆော်ဘောက်က ဒဏ်ရာ ရခဲ့စဉ်က အခြေအနေကို ပြန်လည် ပြောပြသည်။

ဦးလဂွေဆော်ဘောက် တိုက်ပွဲတွင် ဒဏ်ရာ ရရှိသွားသည့်အတွက် ထိန်းချုံး ဆေးရုံတွင် ဆေးကုသမှု စရိတ်ကို ကချင် အထူးဒေသ (၁) အဖွဲ့က ကူညီပေးခဲ့သည့်အပြင် အစိုးရကလည်း ထောက်ပံ့ကြေး အဖြစ် ငွေကျပ် ခုနစ်သိန်းကို ပေးအပ်ခဲ့သည်။

ခန္ဓာကိုယ် ချွတ်ယွင်းသွားသော ဦးလဂွေဆော်ဘောက်သည် ဇနီး၊ အရွယ် မရောက်သေးသည့် သမီး ငါးယောက်တို့နှင့် လာရောက် နေထိုင်ကာ စစ်ဘေးရှောင် ဒုက္ခသည်များနှင့်အတူ အခက်အခဲများကို ဖြတ်သန်းလာသည်မှာ တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။

သမီး ငါးယောက်အနက် သုံးယောက်မှာ မူလတန်းတွင် ပညာ သင်ကြားနေပြီး ယင်းသမီးများအတွက် ပညာရေးစရိတ်များအပြင် ၎င်း၏ ကျန်းမာရေးအတွက် အကူအညီများ လိုအပ်လျက် ရှိသည်။ သို့သော် လိုအပ်နေသော အကူအညီများထက် သူ့အလိုချင်ဆုံး အရာတစ်ခုကို တုန်ယင်သော လေသံဖြင့် အောက်ပါအတိုင်း ရင်ဖွင့် ပြောဆိုသည်။

“ထမင်းစားနိုင်ဖို့ လက်အတုလိုချင်တယ်”

မျက်လုံးတစ်ဖက် ဆုံးရှုံးသော်လည်း တစ်ဖက်ကို အသုံးပြုကာ သွားနိုင်သေးသော်လည်း ၎င်းမှာလက် နှစ်ဖက်လုံး ဆုံးရှုံးသွားရာ ဘာတစ်ခုမျှ လုပ်ကိုင်မရသည့်အတွက် စိတ်ထဲတွင် အလိုမကျဖြစ်မှုကို လည်း ခံစားနေရပြီး လက်အတု တစ်စုံကိုသာ လိုချင်နေခြင်းလည်း ဖြစ်သည်။

လက်နှစ်ဖက် မရှိဘဲ လုပ်ကိုင် စားသောက်နိုင်ခြင်း မရှိတော့သည့် ၎င်းအတွက် အစိုးရက ထိခိုက်မှု ထောက်ပံ့ကြေး ငွေကျပ် ခုနစ်သိန်း ပေးထားပြီး ဖြစ်သော်လည်း ထိုငွေကြေးနှင့် လက်ရှိအခက်အခဲပင် ဖြေရှင်းမရနိုင်သေးသောကြောင့် အငြိမ်းစား ပင်စင်လစာ သဘောမျိုး နိုင်ငံတော်၏ လစဉ် ရေရှည် ထောက်ပံ့မှုမျိုး ရလိုကြောင်းကိုလည်း ဦးလဂွေဆော်ဘောက်က ပြောပြသည်။

သူသည် တိုက်ပွဲကြောင့် ခန္ဓာကိုယ် ချွတ်ယွင်းကာ ဒုက္ခ အခက်အခဲများကို ရင်ဆိုင်နေရသော်လည်း လူမျိုးစုအပေါ် စိတ်အစွဲကတော့ ပြင်းထန်နေဆဲ ဖြစ်သည်။ လက်ရှိ ဒုက္ခိတ ဖြစ်သွားရခြင်းကိုလည်း ‘ငါတို့နယ်မြေ၊ ငါတို့ လူမျိုးစုအတွက် ကာကွယ်ပြီးဖြစ်တာ’ ဟု လည်း လေသံပြင်းပြင်းဖြင့် ဆိုသည်။

သို့သော် ယင်းတိုက်ပွဲများတွင် ကေအိုင်အေနှင့် ဒေသခံ ပြည်သူ့စစ်များ တိုက်ခိုက်ခြင်းသည် ကချင်လူမျိုးထဲမှ လူမျိုးစုများ အချင်းချင်း တိုက်ခိုက်သကဲ့သို့ တပ်မတော်နှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်း၍ ကေအိုင်အေနှင့် တိုက်ခိုက်ခြင်းသည်လည်း တစ်နိုင်ငံတည်း တစ်ရေတည်းသောက်နေ သည့် တိုင်းရင်းသား ညီအစ်ကို အချင်းချင်း တိုက်ခိုက်ကြခြင်းသာ ဖြစ်သည်။

တိုက်ပွဲတို့၏ ရလဒ် ဆိုးကျိုးမှာ နှစ်ဖက် တပ်သားများနှင့် ဒေသခံများ အသက် ဆုံးရှုံးရသည့်အပြင် ဦးလဂွေဆော်ဘောက်ကဲ့သို့ လူ့သက်တမ်းတစ်လျှောက် ဒုက္ခ ကြုံတွေ့ရတော့မည့် ခန္ဓာကိုယ် ဆုံးရှုံး ထိခိုက်သူ များလာခြင်းနှင့် ဒေသတွင်း စီးပွားရေး၊ ပညာရေး နှောင့်နှေးမှုများ၊ လမ်းပန်းဆက်သွယ်ရေး များ ပျက်စီးခြင်းနှင့် စစ်ဘေး တိမ်းရှောင်သူများ ဒုက္ခရောက်နေခြင်းတို့ပင် ဖြစ်သည်။

စစ်ဘေး တိမ်းရှောင်သူများ နေထိုင်သော စာသင်ကျောင်းဟောင်း၏ မည်းမှောင်နေသော အခန်း အတွင်း မီးလင်းဖိုဘေးရှိ ခုတင်ပေါ်တွင် ငေးငိုင် ထိုင်နေသည့် ဦးလဂွေဆော်ဘောက် အနီးတွင် သမီး ငါးယောက်တို့ ဆော့ကစားနေကြသည်။ သစ်ကိုင်းသားလောင်ကျွမ်းနေသော မီးလင်းဖိုကိုကြည့်လျက် ‘လက်နှစ်ဖက် မရှိတဲ့အတွက် ဘာမှ လုပ်လို့မရဘူး။ လက်အတု လိုချင်တယ်ဗျာ’ ဟု ၎င်းက စိတ်အား ငယ်စွာ ပြောဆိုလျက် ဆော့ကစားနေသော သမီးငယ်ကို ရင်ခွင်ထဲ ခေါ်ယူလိုက်သည်။

အုံ့မှိုင်းနေသော ကောင်းကင်ထက်မှ ဇူလိုင်မိုးဖွဲတို့သည် ပင်လယ်ရေ မျက်နှာပြင်ထက် အမြင့်ပေ ရှစ်ထောင်ခန့်ရှိသော ပန်ဝါမြို့ကို အအေးဓာတ်တို့ လွှမ်းခြုံလျက် ရှိသည်။ လူတိုင်း အနွေးထည် ကိုယ်စီဖြင့် သွားလာနေသည့် ညနေပိုင်း အချိန်တွင် မည်းမှောင်သော အခန်းထဲမှ ဦးလဂွေ ဆော်ဘောက်တစ်ယောက် အင်္ကျီအပါး လက်ရှည် ဝတ်ကာ ထွက်လာပြီး အအေးဒဏ်ကို အန်တုလျက် ရှိသည်။ ထိုကဲ့သို့ပင် လက်နှစ်ဖက် နတ္ထိနှင့် မျက်လုံးတစ်ဖက် ပိတ်ထားရသည့် ဒုက္ခ အခက်အခဲများကို အန်တုရဦးမည် ဖြစ်သည်။
မင်းထက်စံ
The Voice Weekly





မလေးရှားနိုင်ငံ့၌ ကျင်းပသော အာဇာနည်နေ့ အကြိုစာပေဟောပြောပွဲတွင် ကိုမင်းကိုနိုင်နှင့်ကိုဂျင်မီတို့ ဟောပြော

ဓာတ်ပုံ - စမ်းချောင်းကိုကိုကြီး
မလေးရှား-ဇူလိုင် ၁၄
မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့၊ ကိုတာရာယာကုန်တိုက်အနီး(SM) ခန်းမတွင် ယနေ့ ကျင်းပသော ၆၆-နှစ်မြောက် အာဇာနည်နေ့ အကြိုစာပေဟောပြောပွဲတွင် ၈၈-မျိုးဆက်ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်၊ ကိုဂျင်မီနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ဒုဥက္ကဋ္ဌဒေါ်သန်းမြင့်အောင်တို့ တက်ရောက်ဟောပြောခဲ့သည်။

စာပေဟောပြောပွဲအခမ်းအနားသို့မလေးရှားရောက် မြန်မာမိသားစုများ၊ လူမှုရေး၊နိုင်ငံရေးအသင်းအဖွဲ့များပါဝင်တက်ရောက်ကြကာ သိုက်သိုက်ဝန်းဝန်းကျင်းပခဲ့ကြသည်။
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)
Popular Myanmar News Journal

မွန်တွင် မူးယစ်ဆေးဝါး ၀င်ရောက်ရှာဖွေရာမှ လက်နက်ခဲယမ်းများ ဖမ်းမိ

မွန်ပြည်နယ်- ဇူလိုင် ၁၄
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သီရိခေမာရပ်ကွက်၊ ရာဇဓိရာဇ်လမ်းနေ အရက်ချက်စက်ရုံစောင့် ဦး--၏နေအိမ်တွင် ဇူလိုင်၁၃ ရက်နေ့ ညနေ၅း၁၅ အချိန် သားဖြစ်သူကို---(၃၉)နှစ်သည် မူးယစ်ဆေးဝါးများရောင်းချနေကြောင်းသတင်းအရ မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ အဆိုပါနေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့ရာ အိပ်ခန်း အတွင်းရှိ သစ်သားစားပွဲခုံအောက်မှ Walther စာတမ်းပါ စတီးရောင်မိန်းမကိုင် ပစ္စတို ၁ လက် ကျည်ကတ် ၁ခု S&B 6.35 BR စာတမ်းပါ ကျည်အကောင်း ၃ တောင့်၊ ကျည်ခွံ ၁ ခု၊ ဂတ်စ်ထည့်၍ သံဘောစေ့ထည့်ပစ်ရသော အနက်ရောင်ပစ္စတို မကောင်း ၁ လက်၊ သံဘောစေ့ ၅၀ လုံးပါ ၁ ထုပ်၊ အရည်ပါ Army Rum အရက်တု အလုံး ၂၀ ၊ အရက်တုပြုလုပ်ရာတွင်အသုံးပြုသည့် စာရွက်စာတမ်းများ၊ ကိရိယာများ၊ အရက်တုရောင်းချရငွေကျပ်(၁၈၁၀၀၀ိ/-)တို့အား သိမ်းဆည်းရမိခဲ့ကြောင်းရဲဇာနည်မှသိရသည်။

ကို----အား ရေးမြို့မရဲစခန်း(ပ)၇၈/၂၀၁၃၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း၊ (ပ)၇၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈/၄၈၆ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း ရဲဇာနည်မှသိရသည်။
Popular Myanmar News Journal

ရုရှားတွင် ဖြစ်ပွားသည့် ဘတ်စ်ကားနှစ်ပိုင်းပြတ်သွားသော ယာဉ်တိုက်မှု

ရုရှားနိုင်ငံ မော်စကိုမြို့တော် ဆင်ခြေဖုံးဒေသ အော့ဇ်နိုဘီရှီနိုတွင် ဖြစ်ပွားခဲ့သော ဘတ်စ်ကား နှစ်ပိုင်းပြတ်သွားသည့် ယာဉ်တိုက်မှု ဗီဒီယို။

မော်စကိုမြို့ ဆင်ခြေဖုံးဒေသ အော့ဇ်နိုဘီရှီနိုတွင် ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားသော အဆိုပါယာဉ်တိုက်မှုတွင် ကုန်တင်ကားက ဘတ်စ်ကား၏ အလယ်ပိုင်းကို အရှိန်ပြင်းစွာဖြင့် ဝင်ရောက်တိုက်မိခဲ့ရာ ဘတ်စ်ကားမှာ နှစ်ပိုင်းပြတ်ထွက်သွားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် လူ ၁၈ ဦးသေဆုံးကြောင်း ရုရှား အရေးပေါ်ဝန်ဆောင်မှုဝန်ကြီးဌာနက အတည်ပြုထားပြီး အသက်အငယ်ဆုံးမှာ ၆ နှစ်အရွယ် မိန်ကလေးဖြစ်ကြောင်း သိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားစဉ် ဘတ်စ်ကားပေါ်တွင် လူ ၆၀ ဦး လိုက်ပါလာသည်။
Planet Myanmar Network


Video: Daily Mail

နိုင်ငံပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်ကြဖို့ ၈၈ ခေါင်းဆောင်တွေ တိုက်တွန်း

၈၈ မျိုးဆက်ခေါင်းဆောင်များ မြန်မာမိသားစုနဲ့ မေရီလန်းပြည်နယ်မှာတွေ့ဆုံစဉ်။ (ဇူလိုင်လ ၁၃ ရက်၊ ၂၀၁၃)။
14.07.2013
ဒီလ အစောပိုင်းကတည်းက မြန်မာပြည်ကနေ ပြည်ပခရီးထွက်ခွာလာကြတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့ ဟာ အခု အသံလွှင့်နေချိန်မှာတော့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ၊ မေရီလန်းပြည်နယ်နဲ့ ဗာဂျီးနီးယားပြည်နယ် ဧရိယာတဝိုက်မှာ ရှိတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံ နေပါတယ်။ ဒီတွေ့ဆုံပွဲမတိုင်ခင်မှာ ၈၈ မျိုးဆက်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုပြုံးချိုကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူက အခုလို စပြောပါတယ်။

“ကျနော်တို့ ကြုံတွေ့ရတဲ့ တွေ့ဆုံပွဲတွေ ဆွေးနွေးပွဲတွေ တော်တော်များများမှာ အပြင်ကိုရောက်နေပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် ရောက်လာနေပေမဲ့ သူတို့ဟာ နိုင်ငံသားတွေဖြစ်တယ်။ အားလုံးဟာ နိုင်ငံအတွက် စိုးရိမ်မှုတွေရှိတယ်။ ပူပန်မှုတွေရှိတယ်။ ဖွံ့ဖြိုးတိုးတက်မှုတွေ လိုချင်တယ်။ သူတို့ဘယ်လောက် လိုက်လုပ်ပေးနိုင်မလဲ ဆိုတာကို ပြောကြတာတွေ ရှိတယ်။ အဲဒီတော့ ရေရှည်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းပြည်တည်ဆောက်ရေးကိစ္စမှာ တတ်နိုင်သလောက် အားဖြည့်နိုင်မယ့် စိတ်ဓာတ်တွေကို ပြန်လည်ပြီးတော့ မြင့်တင်နိုင်ပေးခဲ့တယ်။ ပြန်ပြီးတော့ နားလည်မှုတွေ ယူနိုင်ခဲ့ပါတယ်။”

ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံပွဲတွေကနေ နိုင်ငံကနေ ထွက်ခွာပြီး ကမ္ဘာ့နေရာအနှံ့အပြားမှာ နေထိုင်နေကြသူတွေရဲ့ စိုးရိမှ်ုတွေကို သိလာရတာမို့ မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပတော့မယ့် ၈၈ လူထု လှုပ်ရှားမှုငွေရတု အထိမ်းအမှတ်မှာ ဒါတွေကို ပြန်ပြီး တင်ပြပေးဖို့ရှိတယ်လို့ ပြောပါတယ်။

“အများအားဖြင့် ၀င်ဆွေးနွေးခဲ့ကြတဲ့အထဲမှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံဆိုင်ရာ ဝေဖန်ချက်တွေနဲ့လည်း ဆွေးနွေးကြတယ်။ ပြီးတဲ့အခါ ၂၀၁၅ မှာ ရင်ဆိုင်ကြုံတွေ့ရမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ပြောကြတာတွေရှိသလို ငြိမ်းချမ်းရေးဖော်ဆောင်ဖို့၊ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူတို့တွေရဲ့ စိုးရိမ်ချက်တွေကို ဆွေးနွေးကြတာတွေ အများအားဖြင့်တွေ့ရပါတယ်။ မကြာခင်မှာ ကျင်းပမယ့် ငွေရတုအထိမ်းအမှတ်ပွဲတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့တွေ သတင်းစကားတွေ ပေးနိုင်တာရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ မြန်မာမိသားစုတွေကနေ သိချင်တဲ့အချက်အလက်တွေ မေးကြတာကို တတ်နိုင်သလောက် ပြန်ဖြေကြားပေးတယ်။ ပြီးတော့ သူတို့ရဲ့ အကြံပြုချက်တွေ ဆွေးနွေးချက်တွေကိုလည်း ကျနော်တို့က တလေးတစားနဲ့ သယ်ဆောင်သွားဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။”

မြန်မာနိုင်ငံမှာ မကြာခင် ရွေးကောက်ပွဲလည်း ကျင်းပတော့မယ့် အချိန် အပြောင်းအလဲတွေ ဖော်ဆောင်နေတဲ့ ကာလအတွင်း မြန်မာ့အရေး ကြိုးပမ်း ဆောင်ရွက်ကြတဲ့အခါမှာ တချို့ မထင်မှတ်ဘဲ ဖြစ်ပေါ်လာတတ်တဲ့ ပြဿနာတွေ ပဋိပက္ခတွေအပေါ် အားလုံးက ဝိုင်းဝန်းတာဝန်ယူ ဖြေရှင်း သွားကြဖို့ကိုလည်း တိုက်တွန်းသွားခဲ့ပါတယ်။

“အပြောင်းအလဲတွေကိုသွားပြီဆိုလို့ရှိရင် အပြောင်းအလဲတွေက ခိုင်မာမှုရှိရမယ်။ တတ်နိုင်သလောက် မြန်မြန် ဖော်ဆောင်နိုင်မယ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိနိုင်အောင်အတွက်ဆိုလို့ရှိရင် နိုင်ငံသားတွေအားလုံးဟာ ဒီဖြစ်စဉ်ထဲမှာ ပါဝင်ရမယ်။ ပူးပေါင်းဆောင်ရွက်ရမယ်။ အဲဒါမှလည်း ကျနော်တို့နိုင်ငံမှာ တာဝန်ယူနေတဲ့သူတွေက ရဲရဲတင်းတင်း ဖော်ဆောင်နိုင်မှာဖြစ်တဲ့အတွက် အဓိက ကျနော်တို့ ကြည့်ရမှာက ပြည်တွင်းမှာပဲရှိရှိ၊ အပြင်ကိုပဲရောက်ရောက် နိုင်ငံသားတွေဖြစ်တယ်။ ဒီ နိုင်ငံသားတွေက တိုင်းပြည်နဲ့ပတ်သက်လာမယ် ဆိုရင် အကောင်းအဆိုးကို မျှဝေပြီးတော့ ရင်ဆိုင်ရတာလည်း ဖြစ်တဲ့အတွက် နိုင်ငံပြုပြင်ပြောင်းလဲရေး၊ ပြန်လည်တည်ဆောက်ရေးကိစ္စမှာ တတ်နိုင်တဲ့ဘက်က ကျရာနေရာကနေ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေကို သဘောထားကြီးကြီးနဲ့ ဖန်တီးပေးသင့်တယ်လို့ ကျနော်ကတော့ ယူဆတယ်။”

ကိုမင်းဇေယျာ ဦးဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းအဖွဲ့ဟာ အခု အသံလွှင့်နေချိန်မှာ မေရီလန်း ပြည်နယ်အတွင်းမှာပဲ ဝါရှင်တန်၊ ဗာဂျီးနီးယားနဲ့ မေရီလန်းပြည်နယ်တွေအတွင်းမှာ နေထိုင်ကြတဲ့ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ မြောက်ကယ်ရိုလိုင်းနားက မြန်မာမိသားစုတွေဆီကို သွားရောက် တွေ့ဆုံမှာ ဖြစ်ပါတယ်။ အမေရိကန် ကနေ မထွက်ခွာခင် နောက်ထပ် သွားရောက်တွေ့ဆုံဖို့ ရှိတဲ့ အစီအစဉ်တွေထဲမှာတော့ ဝါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဖို့ ရှိသလို ဇူလိုင်လ ၁၆ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဌာနနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ အဲဒီနောက် နယူးယောက်နဲ့ ဆန်ဖရန်စ္စကို မြို့တွေကိုလည်း သွားဖို့ ရှိပါတယ်။
မခွာညို
ဗွီအိုအေ (မြန်မာပိုင်း)

ပြည်မြန်မာကုန်တိုက်မှ ယခင်ဆိုင်ခန်းရှင်များက နစ်နာကြေးရရှိရန်ဆန္ဒပြ

ဓာတ်ပုံ၊ သတင်း- ဝေယံ
ရန်ကုန်၊ ဇူလိုင် ၁၄။
ပြည်မြန်မာကုန်တိုက်ဟောင်းမှ ဆိုင်ခန်းရှင်များက ဆိုင်ခန်းနေရာများပြန်လည် ရရှိရန် နာနတ်တော ဂုံးတံတားအောက်တွင် ယနေ့နံနက် ရှစ်နာရီကျော်က ဆန္ဒထုတ်ဖော်မှု တစ်ရပ် ပြုလုပ်ခဲ့ကြသည်။

ပြည်မြန်မာ ကုန်တိုက်တွင် ဆယ်စုနှစ်တစ်ခုနီးပါး ဆိုင်ခန်းငှားရမ်း လုပ်ကိုင်ခဲ့ပြီး ပြန်လည်မွမ်းမံစဉ်က ဆိုင်ခန်း ငှားရမ်းသူများ၏ စားရိတ်များဖြင့် ပြုပြင်မှုများ ပြုလုပ်ခဲ့သော်လည်း လွန်ခဲ့သည့် ၂၀၁၁ခုနှစ်
ဖေဖော်ဝါရီလတွင် လေလံဖြင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်းများသို့ ရောင်းချခဲ့ခြင်းကြောင့် မူလဆိုင်ခန်း ငှားရမ်းလုပ်ကိုင်သူများမှ နစ်နာကြေး(သို့) နေရာ အစားထိုး ချထားပေးရန် ယခုကဲ့သို့တောင်းဆိုရခြင်း ဖြစ်ကြောင်း ဆိုင်ခန်းငှားရမ်း လုပ်ကိုင်သူ တစ်ဦးဖြစ်သည့် ဦးလှိုင်ဘွားက
ပြောသည်။
မြန်မာ့ခေတ်

လူထုလက်မခံတဲ့ ယူရေနီယံ သန့်စင်စီမံကိန်း တရုတ်အစိုးရဖျက်သိမ်း

ယူရေနီယံသတ္ထုသန့်စင်တဲ့ စက်ရုံတည်ဆောက်မယ့်ကိစ္စကို တရုတ်လူထု ဆန္ဒပြခဲ့ကြစဉ်
14.07.2013
တရုတ်နိုင်ငံမှာ ယူရေနီယံသတ္ထုသန့်စင်တဲ့ စက်ရုံတည်ဆောက်မယ့်ကိစ္စကို လူထုရာနဲ့ချီပြီး ကန့်ကွက်လို့ အစိုးရက အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ပါ တယ်။ တရုတ်အမျိုးသား နျူကလီးယားကော်ပိုရေးရှင်း CNNC ရဲ့ ဒေါ်လာ သန်း ၆ ထောင်တန် စီမံကိန်းကို ရပ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတောင်ပိုင်းက Guangdong ပြည်နယ် Heshan မြို့တော်ဝန် က သူတို့မြို့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ကြေညာထားပါတယ်။

ဘေးအန္တရယ်ကင်းရှင်းရေးအတွက် စိတ်မချရလို့ ဒေသခံတွေက စက်ရုံဆောက်လုပ်မယ့်ကိစ္စကို ကန့်ကွက်နေကြတာပါ။ ဒါကြောင့် သောကြာနေ့တုန်းကပဲ ကန့်ကွက်တဲ့စာတန်းတွေ ကိုင်ဆောင် ကြွေးကြော်သံတွေ ဟစ်အော်ပြီး လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြပွဲတွေကြောင့် အစပိုင်းမှာ အရာရှိတွေ ညှိနှိုင်းမှုကာလကို ၁၀ ရက် တိုးခဲ့ရပြီး စနေနေ့ကျတော့ ဒီ အစီအစဉ်ကို ဖျက်သိမ်းဖို့ နောက်ဆုံး ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့ CNNC ကော်ပိုရေးရှင်းဘက်က ချက်ချင်းတုံ့ပြန်မှု မရရှိသေးပါဘူး။
ဗွီအိုအေ (မြန်မာဌာန)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကျိုးအမြတ်ခွဲဝေမှုဆိုင်ရာ စာချုပ်မူကြမ်း ထုတ်ပြန်

ရန်ကုန် ၊ ဇူလိုင် ၁၃
ဒေသခံပြည်သူများ၏ ဆန္ဒပြကန့်ကွက်မှုများ တွေ့ကြုံခဲ့ရသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကျိုးအမြတ် ခွဲဝေမှုဆိုင်ရာ စာချုပ်မူကြမ်းကို ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက The Voice သို့ ပြောကြားသည်။

“စာချုပ်ချုပ်ဆိုမယ့် နေ့ကိုတော့ ကျွန်တော်တို့ မသတ်မှတ်ပေးပါဘူး။ အစိုးရနဲ့ ဝမ်ပေါင်တို့ ညှိနှိုင်းနေကြဆဲပါ” ဟု ၎င်းကဆိုသည်။

ယခုထုတ်ပြန်ထားသော စာချုပ်မူကြမ်းအရ နိုင်ငံတော်က ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ၁၉ ရာခိုင်နှုန်းနှင့် ဝမ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း အချိုးဖြင့် ပြင်ဆင်ချုပ်ဆိုရန် ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပသော MIC အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရကရရှိမည့် ၅၁ရာခိုင်နှုန်း အချိုးသည် သေချာသော်လည်း ကျန်ရှိသော ၄၉ ရာခိုင်နှုန်း ခွဲဝေရေးကို ကုမ္ပဏီနှစ်ခု ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ဝမ်ပေါင် ကုမ္ပဏီမှ Admin Mananger Dong Yunfei က The Voice သို့ ပြောကြားသည်။

ယင်းသို့ ညှိနှိုင်းဆောင်ရွက်ပြီးပါက စာချုပ်အသစ် ပြန်လည် ချုပ်ဆိုမည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိသော စာချုပ်ပါ အချက်အလက်များကို သတင်းစာ ရှင်းလင်းပွဲလုပ်၍ ကြေညာ မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယခင်စာချုပ်အရ ခွဲဝေမှုမှာ နိုင်ငံတော်ကို ဆောင်ရမည့်အခွန်များ၊ စီမံကိန်း တူးဖော်မှုနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် များကို နုတ်ပယ်၍ နောက်ဆုံးဝင်ငွေကို ခွဲဝေရာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ၅၁ ရာခိုင်နှုန်း ၊ ဝမ်ပေါင်ကုမ္ပဏီမှ ၄၉ရာခိုင်နှုန်း အသီးသီးရရှိမည် ဖြစ်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကျိုးတူ ဆောင်ရွက်နေသော ဝမ်ပေါင်ကုမ္ပဏီသည် ဒေသခံပြည်သူများအတွက် ပညာရေး၊ ကျန်းမားရေး၊ လူမှုဖွံ့ဖြိုးရေးအတွက် အထောက်အပံ့များ ပေးနိုင်ရန်ရည်ရွယ်၍ Corporate Social Responsibility (တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ဆောင် ချက်) အစီအစဉ်အရ နှစ်စဉ် အမေရိကန် ဒေါ်လာတစ်သန်း ထောက်ပံ့မည် ဖြစ်ကြောင်း၊ စီမံကိန်း ဆောင်ရွက်ပြီးစီးပါက ဒေသတွင်း ပြန်လည်ပြုပြင်မှုများ ပြုလုပ်နိုင်ရန် နှစ်စဉ်အမေရိကန်ဒေါ်လာ နှစ်သန်း ထောက်ပံ့မည် ဖြစ်ကြောင်း၊ ဒေသခံများတွင် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့် သင်ကြားရေးကျောင်းများ တည်ဆောက်ပေးရန် စီစဉ်နေကြောင်း ယင်းကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Mr.Geng Yi က ဇူလိုင်လ ၅ ရက်နေ့က ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင် ကျင်းပခဲ့သော တရုတ်ကုမ္ပဏီများနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြား ခဲ့သည်။

မြန်မာအစိုးရ မြန်မာ့ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူဆောင်ရွက်နေသည့် လက်ပံတောင်းတောင် စီမံကိန်းကို ရပ်ဆိုင်းရန် ၎င်းဒေသရှိ တောင်များကိုမှီ၍ တောင်ယာလုပ်ကိုင် စားသောက်နေသော ဒေသခံပြည်သူများအကြား သဘောထား တင်းမာမှုများ ရှိလာခဲ့ပြီး၊ ပြီးခဲ့နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ညတွင် ဆန့်ကျင်ဆန္ဒထုတ်ဖော်သော ဒေသခံပြည်သူများနှင့် သံဃာတော်များကို အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသည်။

ယင်းသို့အကြမ်းဖက် ဖြိုခွင်းခဲ့၍ ဒေသခံများနှင့် သံဃာတော်များ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သောကြောင့် နိုင်ငံတော် အစိုးရက စီမံကိန်းဆက်လက် ဆောင်ရွက်ရန် သင့်မသင့်ဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပေးခဲ့သည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်က မတ်လ ၁၁ရက်နေ့တွင် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ စီမံကိန်း ဆက်လက်ဆောင်ရွက်လိုပါက မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ကို ပြန်လည်ပြင်ဆင် ချုပ်ဆိုရန် သတ္တုတွင်းဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ အမှန်တကယ်လိုအပ်သည့် မြေပမာဏကိုသာ သိမ်းဆည်းပြီး လိုအပ် သည်ထက် သိမ်းဆည်းခဲ့သော လယ်ယာမြေများကို ပြန်လည်ပေးရန်၊ သိမ်းဆည်းခဲ့သော မြေများကို ကာလပေါက်ဈေးနှင့် လျော်ကြေးပေးရန်၊ ဒေသခံများ၏ ပညာရေးနှင့် ကျန်းမာရေးတွင် ထိရောက်စွာ ပံ့ပိုးပေးရန်၊ ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲစနစ်များကို လုပ်ငန်းမစတင်မီ ကြိုတင်ဆောင်ရွက်ပေးရန် စသောအချက်များ ပါဝင်သည်။
The Voice Weekly

ရိုဟင်ဂျာသတင်း ဂျကာတာပို့စ်ဖော်ပြချက် ရခိုင်ဒေသခံစိုးရိမ်


13.07.2013
ဂျကာတာ ပို့စ် (Jakarta Post) သတင်းစာမှာ ရိုဟင်ဂျာ ခေါင်းဆောင် ၂ ဦး အင်ဒိုနီးရှား နိုင်ငံကိုသွားရောက်ပြီး အစွန်းရောက် စစ်သွေးကြွအဖွဲ့တွေဆီက စစ်ရေးအကူအညီ တောင်းခံခဲ့ကြောင်းနဲ့ ရိုဟင်ဂျာ ၃၀၀ ခန့်ဟာလည်း ရခိုင်ပြည်နယ်တွင်း စစ်ရေးလေ့ကျင့် နေကြတယ်ဆိုတဲ့ သတင်းဖော်ပြခဲ့ တာကြောင့် ရခိုင်ပြည်နယ်က ဒေသခံတွေက စိုးရိမ်ကြတယ်လို့ ပြောနေကြ ပါတယ်။ တချိန်တည်းမှာပဲ လုံခြုံရေးနဲ့ တရားမ၀င် ၀င်ရောက်လာသူတွေကို မျက်ခြေမပြတ်စောင့်ကြည့်ရတဲ့ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးကွပ်ကဲမှု ဌာနချုပ် (နစက) ကိုလည်း နိုင်ငံတော်သမ္မတရဲ့ အမိန့်နဲ့ သောကြာနေ့က ဖျက်သိမ်းလိုက်ပြီး စစ်တပ်ကအစားထိုးတာဝန်ယူမယ် ဆိုတဲ့အတွက် ရခိုင်ဒေသခံတွေက အားတက်မိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုအာင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာခေါင်းဆောင် ၂ ဦး က ဂျမားအစ္စလာမ်မီးယား (Jemaah Islamiah) စစ်သွေးကြွအဖွဲ့နဲ့ တွေ့ဆုံပြီး စစ်ရေးအကူအညီတွေ တောင်းခံခဲ့ပြီး၊ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ ၃၀၀ ဟာ စစ်ရေးလေ့ကျင်မှုတွေ လုပ်နေတယ်တွေ ဆိုတဲ့သတင်းနဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာတာကြောင့် မောင်တော ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က မောင်တော် မြို့နယ် ဥက္ကဋ္ဌ ဦးဘရွှေကပြောပါတယ်။

“စိုးရိမ်တာတော့ ရှိကြတာပေါ့လေ။ မြို့ပေါ်ထက် နယ်ဘက်ကလူတွေကတော့ ပိုပြီးတော့ စိုးရိမ်ကြတာပေါ့။ တိုင်းရင်းသားတွေ ကတော့ ပိုပြီး စိုးရိမ်ကြတာပေါ့လေ။”

လက်ရှိအချိန်မှာတော့ မောင်းတော်မြို့နယ်အတွင်းမှာ လုံခြုံရေး ချထားမှု အခြေအနေကတော့ ပုံမှန် အတိုင်းရှိနေတယ်လို့လည်း ဦးဘရွှေက ပြောပါတယ်။
ဘင်္ဂလားဒေရှေ် နိုင်ငံနယ်နိမိတ်နဲ့ နီးစပ်တဲ့ ဘူးသီးတောင် မြို့နယ်နဲ့ မောင်းတော မြို့နယ်တွေက ဒေသခံတွေကတော့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိနေပေမဲ့လည်း အခုလို ရိုဟင်ဂျာတွေနဲ့ RSO စစ်ရေးလေ့ကျင့်မှုတွေ ရှိနေတယ်ဆိုတာ လုပ်ကြံ သတင်းတွေသာဖြစ်တယ်လို့ ဘူးသီးတောင် မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အက်ဒူလာဦးရွှေမောင်း ကသုံးသပ်ပါတယ်။

“မတည်မငြိမ်ဖြစ်အောင် အဲဒါမျိုး မလိုလားအပ်တဲ့ပြဿနာဖြစ်အောင်၊ ဆူပူမှုတွေ တကြော့ပြန် လုပ်လိုတဲ့လူက ဖန်တီးပြီးလုပ်သလို ဖြစ်တယ်ဗျာ။ အမှန်တကယ်က ကျနော်တို့ ဒေသမှာ အားလုံးက အေးအေးချမ်းချမ်းပါပဲ။”

ရိုဟင်ဂျာ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ အက်ဘူအာရစ် (Abu Arif) နဲ့ အက်ဘူရှာဖီရက် (Abu Shafiyah) တို့ဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့ဖြစတဲ့ ရိုဟင်ဂျာ သွေးစည်း ညီညွှတ်ရေးအဖွဲ့ (Rohingya Solidarity Organization – RSO) နဲ့ ဆက်စပ်ပြီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတယ် ဆိုပြီးတော့ အင်ဒိုနီးရှားကလာတဲ့ သတင်းတွေမှာဖော်ပြခဲ့တာပါ။

တချိန်တည်းမှာပဲ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးကွပ်ကဲမှု ဌာနချုပ် (နစက) ကို ဖျက်သိမ်းလိုက်ပြီး စစ်တပ်ကို အစားထိုးတာဝန်ပေးမှာဖြစ်တဲ့ အတွက် ဒေသခံတွေအကြား အားတက်နေကြတယ်လို့ ဆိုပါတယ်။  RNDP ပါတီ စစ်တွေ မြို့နယ် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်ကတော့ အခုလို နစက ကို ဖျက်လိုက်တာဟာ ရဲ၊ လူဝန်မှု ကြီးကြပ်ရေးနဲ့ စစ်တပ် တို့ သုံးခုပေါင်းထားတဲ့ ဒီအဖွဲ့အပေါ်မှာ ကာကွယ်ဦးစီးချုပ်နဲ့ နိုင်ငံတော်သမ္မတ တို့အကြား ရှုပ်ထွေးတဲ့ အုပ်ချုပ်ပုံတွေ ဖြစ်နေတဲ့ အတွက် နစကကို ဖျက်လိုက်တဲ့ သဘောရှိတယ်လို့ သုံးသပ်ပါတယ်။

“အဲဒါပိုင်းကတော့ ဘယ်လိုပြောမလဲ။ နစက ဆိုတာက အဖွဲ့သုံးဖွဲ့ကို ပေါင်းစည်း ထားတဲ့အပိုင်းဆိုတော့ အဲဒီ နစက မှာ အဓိက ပါဝါ အရှိဆုံးက စစ်တပ်ပေါ့။ စစ်တပ်က ပါဝါရှိတယ်ဆိုတော့ အဲဒီနေရာမှာ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းတွေမှာ တခါတခါ သမ္မတရဲ့ ပါဝါ နဲ့ ကာချုပ်ရဲ့ ပါဝါ နှစ်ခုက ထိပ်တိုက်ဖြစ်နေတယ် အဲဒီနေရာမှာ။ အဲဒါကြောင့် နစက ကို ဖျက်သိမ်းလိုက်တဲ့သဘောမျိုးက သမ္မတရဲ့ အာဏာက ပိုပြီး စီမံခန့်ခွဲမှု ပိုပြီးကောင်းအောင် လုပ်တဲ့သဘောမျိုးလို့တော့ ကျနော်တို့အနေနဲ့ သုံးသပ်မိပါတယ်။”

အက်ဒူလာဦးရွှေမောင်းကတော့ မောင်းတောမြို့နယ် အတွင်းမှာ နစက ကို ဖျက်သိမ်းလိုက်တာကို ကြိုဆိုတယ်လို့ ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အတွက် ဒီလို နိုင်ငံတော်သမ္မတကြီးက ဖျက်သိမ်းရတယ်လို့ ကျနော် ထင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးမှလည်း နိုင်ငံတော် သမ္မတကြီးကို ကျနော့်အနေနဲ့ အလေးအနက်ထားပြီး ကျေးဇူးတင်တယ်လို့ လည်း ကျနော် ပြောချင်တယ်ခင်ဗျ။”

အင်ဒိုနီးရှားနိုင်ငံက ဂျမားအစ္စလာမ်မီးယား စစ်သွေးကြွအဖွဲ့ဝင် Muhammad Jibril Abdul Rahman က ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာလက်နက်ကိုင်တွေ စစ်ရေးလေ့ကျင့်နေတဲ့ပုံတွေကို သူ့ရဲ့ အင်တာနက်ဝက်ဆိုက်မှာ တင်ထားပြီး ရာမန်ဒန် ဥပုသ်လ လက်ဆောင်ဖြစ်ကြောင်းနဲ့၊ ကမ္ဘာတ၀န်းက မူဆလင်တွေက ရိုဟင်ဂျာတွေကို အားပေးကူညီဖို့လည်း ဆော်သြထားကြောင်း Jakarta Post သတင်းစာရဲ့ ဇူလိုင်လ ၁၁ ရက်နေ့ထုတ် သတင်းစာမှာဖော်ပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံက မြို့တချို့မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက်၊ ပြီးခဲ့တဲ့ မေလအတွင်းကလည်း အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေရှိခဲ့သလို၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဗုဒ္ဓဂါယာကို ဗုံးဖောက်ခွဲမှုတွေ ဖြစ်ခဲ့ပါတယ်။
အောင်ရဲ မောင်မောင်
ဗွီအိုအေ (မြန်မာပိုင်း)

မော်စီနဲ့ အဖွဲ့ကို စုံစမ်းစစ်ဆေးမယ်

အီဂျစ်နိုင်ငံမှာ မော်စီကိုသမ္မတ ပြန်ခန့်ဖို့တောင်းဆို
14 ဇူလိုင်လ 2013
မွတ်ဆလင် ညီနောင်အဖွဲ့က စွပ်စွဲခံရသူ တွေကို စစ်ဆေး မေးမြန်းဖို့ အတွက် တိုင်တန်းမှု တွေကို စုံစမ်း နေပြီလို့ အမှုလိုက် ရှေ့နေရုံးက ပြောပါတယ်။

သမ္မတဟောင်း မော်စီနဲ့ အတူ FJP ပါတီနိုင်ငံရေး အကြီးတန်း အဖွဲ့ဝင် မိုဟာမက် ဘာဒီယာနဲ့ အက်ဆန် အဲလ်အီရိန် တို့လည်း အတိုင်ခံရသူ တွေထဲမှာ ပါဝင် ပါတယ်။ ပြီးခဲ့တဲ့ တနင်္လ࿿ာနေ့ တုန်းက ကိုင်ရိုရှိ စစ်တန်းလျား ရှေ့မှာ အကြမ်းဖက် တိုက်ခိုက်အောင် လှုံ့ဆော်မှုနဲ့ ဘာဒီယာနဲ့ အခြား ခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်ပြီးသား ဖြစ်ပါတယ်။ အဲဒီ အကြမ်းဖက်မှု အတွင်း လူပေါင်း ၅ဝ ကျော် သေဆုံး ခဲ့ပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များအီဂျစ် ဆန္ဒပြမှု အတွင်း လူ ၄၀ ကျော် သေဆုံးအီဂျစ်မှာ ညွန့်ပေါင်း မဖွဲ့နိုင်သေး ဆက်စပ်အကြောင်းအရာများအရှေ့အလယ်ပိုင်း
မွတ်ဆလင် ညီနောင် အဖွဲ့ က သူ့လူတွေ ငြိမ်းချမ်းစွာ ဆုတောင်း နေစဉ် အပစ်ခံရ တာလို့ ပြောပေမယ့် စစ်တပ် ကတော့ သူတို့ကို အတိုက် ခံရလို့ ပြန်ခုခံတာ လို့ ဆိုနေပါတယ်။

ဇူလိုင်လ စစ်တပ် အာဏာ သိမ်းပြီး ကထဲက မွတ်ဆလင် ညီနောင်များ အဖွဲ့က မော်စီ ထောက်ခံ သူတွေက ကိုင်ရိုမှာ လူစုလူဝေး နဲ့ ဆန္ဒပြခဲ့ ကြပါတယ်။

စစ်တပ်က သမ္မတကို ဖယ်ရှား တာဟာ အာဏာသိမ်း ရာကျလို့ သမ္မတကို ပြန်ခန့်ရေး တောင်း ဆို နေကြပါတယ်။

အခုလို အမှုလိုက် ရှေ့နေရုံး က စုံစမ်းဖို့ လုပ်နေ တာဟာ ကြားဖြတ် အစိုးရနဲ့ မွတ်ဆလင် ညီနောင် တို့ကြား ရင်ကြားစေ့ရေး ပိုအားနည်း စေတယ်လို့ ကိုင်ရိုရှိ ဘီဘီစီ သတင်းထောက် James Reynolds က ပြောပါတယ်။

အဓိက ပြဿနာက လူတွေရဲ့ တရားသဖြင့် ရပိုင်ခွင့်ကို ကာကွယ်ပြီး လူထု ဆန္ဒအရ ဒီမိုကရေစီကို မဲပေး ရွေးချယ်ရေး လုပ်ဖို့လို့ မွတ်ဆလင် ညီနောင်အဖွဲ့က ပြောကြား လျက် ရှိပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

သမဝါယမအသင်းဥက္ကဋ္ဌဟောင်းကို အလွဲသုံးစားမှုဖြင့် အမှုဖွင့်


ရန်ကုန်၊ ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် (၃) ရပ်ကွက် ကုန်သည်လမ်းရှိ အောင်စည်ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌဟောင်းကို လက်ရှိ တာဝန်ထမ်းဆောင်သူ အတွင်းရေးမှူးက ဇူလိုင်လ ၁၃ ရက်နေ့တွင် ငွေအလွဲသုံးစားမှုဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အောင်စည်ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် အတွင်းရေးမှူး ဦးမြင့်ရွှေက အသင်း၏ ယခင်ဥက္ကဋ္ဌဟောင်း ဦးသန်းဝင်းသည် အသင်းပိုင်ငွေကျပ် ၂၁ သိန်းကျော်ကို ပေးသွင်းခြင်း မရှိသောကြောင့် အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း မြို့နယ်ရဲစခန်းတွင် ကနဦး တိုင်ကြားချက်အရ သိရှိရသည်။

ငွေအလွဲသုံးစားမှုဖြင့် စွပ်စွဲခံရသူ ဦးသန်းဝင်းသည် ၂၀၀၈ ခုနှစ် မတ်လမှ ၂၀၁၁ ခုနှစ် မတ်လအထိ ဗိုလ်တထောင်မြို့နယ် (၃) ရပ်ကွက် ကုန်သည်လမ်းရှိ အောင်စည်ရောင်းဝယ်ရေး သမဝါယမ အသင်းလီမိတက်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း အဆိုပါတိုင်ကြားချက်အရ သိရသည်။

ဦးသန်းဝင်းက အသင်းပိုင် ဆိုင်ခန်းသုံးခန်းကို တစ်လလျှင် ကျပ်တစ်သိန်းနှစ်သောင်းဖြင့် သုံးနှစ်စာ ငှားရမ်းခဲ့ပြီး ဆိုင်ခန်းငှားရမ်းရရှိငွေ ကျပ်လေးဆယ့်သုံးသိန်းနှစ်သောင်းကျပ်မှ ကျပ်နှစ်ဆယ့် တစ်သိန်းခြောက်သောင်းကို အသင်းထံသို့ ပေးသွင်းခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် သုံးစွဲထားသဖြင့် သမ၀ါယမဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် အတွင်းရေးမှူး ဦးမြင့်ရွှေက တရားစွဲဆိုခြင်း ဖြစ်ကြောင်း မြို့နယ်ရဲစခန်း၏ ကနဦးတိုင်ကြားချက်အရ သိရှိရသည်။

အဆိုပါအမှုဖွင့်လှစ်မှုနှင့် ပတ်သက်၍ အသင်းအဖွဲ့နှင့် ပြုလုပ်သည့် အတွက် အမှုဆောင်ကော်မတီကို တင်ပြပြီးမှ ပြန်လည်ဖြေကြားနိုင်မည် ဖြစ်ကြောင်းနှင့် ယခုမည်သို့မှ မပြောကြားလိုကြောင်း အတွင်းရေးမှူး ဦးမြင့်ရွှေက The Vocie သို့ ပြောကြားသည်။

အဆိုပါ အလွဲသုံးစားမှုကို အောင်စည်ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် ယခင်ဥက္ကဋ္ဌဟောင်း ဦးသန်းဝင်းကို (ပ) ၁၃၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၀၉ ဖြင့် ဗိုလ်တထောင်မြို့နယ် ရဲစခန်းက အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

ပြည်တွင်းအခွန်မှ အရာရှိအပါအ၀င် ၀န်ထမ်း ၂၀ ကျော် ရာထူးမှဖယ်ရှား

ရန်ကုန်-ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်းအရာရှိများ အပါအ၀င် ၀န်ထမ်း ၂၀ ကျော်ကိုရာထူးမှ ဖယ်ရှားလိုက်သည့်အပြင် နိုင်ငံ တော်သို့ ကျပ်သိန်းပေါင်းနှစ်သောင်းကျော်ပေးလျော်ရမည်ဟု သတင်းရရှိသည်။

“ဒီကိစ္စကို ဘဏ္ဍာခွန်ဝန်ကြီး ဌာနကို လွှဲပြောင်းပြီးပါပြီ”ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရာထူးမှဖယ်ရှားခံရသည့် ၀န်ထမ်းများတွင် တိုင်းဦးစီးမှူးနှစ်ဦး အပါအ၀င် ရန်ကုန်၊ မန္တလေးမြို့များမှ မြို့နယ်လက်ထောက်ညွှန်ကြားရေး မှူးများလည်း ပါဝင်ကြောင်းစုံစမ်းသိရသည်။

ထိုသို့ဖယ်ရှားခံရခြင်းမှာ ပြည်တွင်းအခွန်ဦးစီးဌာနတွင် အဂတိ လိုက်စားမှုများရှိသည်ဟု အောက်ခြေ၀န်ထမ်းများက ပြည်ထောင်စု အစိုးရအဖွဲ့သို့ တိုင်ကြားခဲ့ခြင်းကြောင့်ဖြစ်သည်။

အိမ်ခြံမြေရောင်းဝယ်ရာတွင် အခွန်ရှောင်မှုများ၊ အခွန်အပြည့်အ၀မရမှုတို့ကြောင့် ဈေးနှုန်းစံသတ်မှတ်ချက်ထား၍ အခွန်ကောက်ယူမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ထိပ်ပိုင်းအရာရှိတစ်ဦးကပြောကြားသည်။

သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအစိုးရဖြစ်စေရန် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာတွင်ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေအား ရာခိုင်နှုန်းနှင့် စားနေသော အကျင့်ပျက်ဝန်ထမ်းများကို စံနမူနာပြအရေးယူပေးပါရန် အောက်ခြေ၀န်ထမ်းများက တိုင်ကြားခဲ့ခြင်းကြောင့် ယခုကဲ့သို့ အရေးယူမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
7Day News Journal

သခွတ်ပင်ရွာမှ အမေ့လျော့ခံလူစွမ်းကောင်းများ

ဓာတ်ပုံ- Chosun Ilbo သတင်းစာ
လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်ကဖြစ်သည်။ အချိန်ကား ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ ကိုစိုးငြိမ်းသည် သခွတ်ပင်ရွာမှ ရွာသားတစ်ဦးဖြစ်သည်။

ရာသီဥတုသာယာသော ထိုနေ့၏မနက် ၇ နာရီခန့်တွင် ရန်ကုန်မြစ်ဝနားရှိ သခွတ်ပင်ရွာမှ အသက် ၂၁ နှစ်အရွယ် ကိုစိုးငြိမ်းတစ်ယောက် နေ့စဉ်လုပ်ငန်းဖြစ်သော ငါးရှာရန်အတွက် မြစ်အတွင်းသို့ ထွက်ခွာရန်ပြင်ဆင်နေသည်။ ရေလုပ်သားလေးသည် မကြာမီ မိနစ်ပိုင်းအတွင်း သူ့ဘ၀အတွက် ကြီးမားသည့် အလှည့်အပြောင်းတစ်ခု ကြုံရတော့မည်ကို သူလုံးဝထင်မထားခဲ့။

လှော်တက်နှင့်ပိုက်ကွန်ကို လှေပေါ်တင်ကာ မြစ်ထဲသို့ထွက်လာခဲ့ပြီးနောက် ဒေသရိုးရာအစဉ်အလာအတိုင်း ဘေးကင်းရေး၊ ငါးများများ ဖမ်းမိရေးအတွက် စောင့်ရှောက်သူများအား ရည်စူးပြီး ဘိလပ်ရေပုလင်း၊ ဘဲဥတို့ကိုလှေဦးတွင်တင်ကာ ပသလိုက်သည်။

ပူဇော်ပသခံရသူများ၏ ဆောင်မမှုကြောင့် ဟုတ်၊ မဟုတ် သူမသိ။ ဟုတ်သည်ဆိုပါကလည်း တောင်းသည့်ဆုနှင့် ရသည့်ဆု မတူခဲ့။ ထိုနေ့တွင် သူရည်ရွယ်သလို ငါးများတော့ မဖမ်းမိခဲ့ဘဲ ရန်ကုန်ရှိ အာဇာနည်ဗိမာန်သို့ လာရောက် ဖောက်ခွဲခဲ့သည့်မြောက်ကိုရီးယားသူလျှိုနှစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။

သူ၏လှေငယ်သည် နန်းတော်ငူဟုခေါ်တွင်သည့် ချောင်းဝသို့ရောက်လာသောအခါတွင် မျက်နှာစိမ်းလူနှစ်ယောက်မှာ ကမ်းစပ်တွင်ထိုင်နေရာမှ ကြောက်လန့်တကြီးဖြင့် ချုံပုတ်ထဲသို့ ပြေးဝင်သွားခဲ့သည်။

ပိုက်တားနေစဉ်တွင် အဆိုပါမျက်နှာစိမ်းနှစ်ဦးချုံပုတ်ထဲမှ ပြန်ထွက်လာပြီး လှေနံရံကိုကိုင်ကာ သူနေထိုင်ရာသခွတ်ပင်ရွာသို့ ပို့ပေးရန် သူတစ်ခါမှမကြားဖူးလေသော ဘာသာစကားတစ်ခုဖြင့်ပြောသည်။

မျက်နှာစိမ်းများကိုကူညီရန်အတွက် သူ၏အတွေးထဲတွင် တွေဝေမှုများဖြင့် ပြည့်နေခဲ့သည်။

ဧည့်သည်နှစ်ဦး၏ ရုပ်ပုံမှာ တရုတ်မျက်နှာပေါက်ဖြစ်နေပြီး သူတစ်ခါမှမကြားဖူးသော ဘာ သာစကားကြောင့် ၄င်းတို့မှာ သင်္ဘောပျက်ကာ ပင်လယ်ဝရှိ သူတို့ရွာနားရောက်လာသူများလားဟု သူတွေးမိသည်ဟုဆိုသည်။ သို့သော်လည်း ပုဆိုးကိုယ်စီဝတ်ထားသော ထိုနှစ်ဦးကြောင့် ရေမျောကမ်းတင်တွေများလားဟူသော အတွေးသည်လည်းေ၀၀ါးခဲ့ရသည်။

မျက်နှာစိမ်းနှစ်ဦး၏ သွင်ပြင်လက္ခဏာမှာ သူ့အဖို့ ထူးဆန်းနေခဲ့သည်။ နှစ်ယောက်စလုံးက ဧရာမလွယ်အိတ်ကြီးများ ကိုယ်စီလွယ်ထားကြပြီး အိတ်ထဲသို့လည်း လက်တစ်ဖက်စီအမြဲတမ်း ထည့်ထားကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ကိုစိုးငြိမ်းနှင့် နောက်ထပ်ရောက်လာသော ရွာမှအဖော်တစ်ဦးတို့သည် ဧည့်သည်နှစ်ဦးအားလှေပေါ်ခေါ် တင်လာရန် ဆုံးဖြတ်လိုက်ကြသည်။ ပဟေဠိဆန်သောဧည့်သည်နှစ်ဦး လှေပေါ်သို့ စတက်သည်နှင့် သူ့ထံသို့နောက်ထပ် အတွေးတစ်ခု ထပ်မံရောက်လာရန်အကြောင်းဖန်လာ
ခဲ့သည်။ ထိုအတွေးတစ်ခုကား မြန်မာ့အသံမှ အဆက်မပြတ်ကြေညာနေသော လွတ်မြောက်နေသေးသည့် အာဇာနည်ကုန်းဗုံးခွဲနေသူ များအကြောင်းပင်။

သာမန်အချိန်တွင် နေ့လယ်ခေတ္တနားလေ့ရှိသော မြန်မာ့အသံသည် အခုတစ်လော မရပ်မနားထုတ်လွှင့်နေသည်။ ရေဒီယိုမှထုတ်လွှင့်သည့် တောင်ကိုရီးယားခေါင်းဆောင်ချန်ဒူးဝှမ်နှင့် ၄င်း၏အစိုးရအဖွဲ့ သွားရောက်မည့် အာဇာနည်ကုန်းတွင် အောက်တိုဘာ ၉ ရက်က ချိန်ကိုက်ဗုံးပေါက်ကွဲသည့် သတင်းသည် သခွတ်ပင်ရွာသား၏နားထဲတွင်စွဲနေသည်။ ထိုပေါက်ကွဲမှုကြောင့် လူ ၂၀ ကျော်သေဆုံးကာ ၅၀ နီးပါး ဒဏ်ရာရခဲ့သည်။ ထိုအထဲတွင် တောင်ကိုရီးယား အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများလည်း အပါအ၀င်ဖြစ်သည်။

ဧည့်သည်နှစ်ဦးမှာ နားလည်ရခက်ပြီး လျှို့ဝှက်လွန်းသောကြောင့် ပထမအတွေးများထက် ဖောက်ခွဲရေးသမားများ ဖြစ်နိုင်သည်ဆိုသော သူ့အတွေးမှာ ပိုမိုခိုင်မာလာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် လူစိမ်းနှစ်ဦးကို ရွာခေါ်သွားပြီး ရဲကင်းထံပို့ရန် ဆုံးဖြတ်လိုက်တော့သည်။

လှေပေါ်တွင်ကား စနစ်တကျလေ့ကျင့်ထားသည့် မြောက်ကိုရီးယားတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူနှစ်ဦးနှင့် တံငါရွာမှ ရွာသားလေး
နှစ်ဦးတည်း။

ဒေါသကြီးသည့် အာဏာရှင် ကြီးဦးနေ၀င်း၏ အစိုးရကို တစ်ပတ်ရိုက်ကာ မြန်မာပြည်ထဲဝင်ကာ ဗုံးဖောက်ခဲ့သည့် သူလျှိုနှစ်ယောက်ကို တံငါရွာမှ ရွာသားလေးနှစ်ဦးက ရဲလက်အပ်ရန်အတွက် လှေပေါ်တင်ကာ တစ်ပတ်ရိုက်ခေါ်လာနိုင်ခဲ့ပြီ။ အတိတ်ကိုတွေးတိုင်း စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နှက်နေသည်ဟု ကိုစိုးငြိမ်းက သူ၏အတွေ့အကြုံများကို ပြန်ပြောပြသည်။

“နောက်ပိုင်းပြန်တွေးကြည့်တော့ ကိုယ့်ကိုယ်ကိုယ် မိုက်ရူးရဲ ဆန်ခဲ့ပါလားလို့တောင် တွေးမိတယ်။ အဲဒီတုန်းကတော့ ဒီကောင်တွေကို ရအောင်ဖမ်းမယ်ဆိုတဲ့ အတွေးပဲရှိခဲ့တယ်။ သူတို့ဆီမှာက သေနတ်တွေလည်းပါတယ်။ အဲဒါတွေပြပြီး ပင်လယ်ထဲလိုက်ပို့ခိုင်းလည်းပို့ရ မှာပဲ”

ဆိုင်ရာပိုင်ရာကို ပူဇော်ပသထားသော ဘိလပ်ရည်နှင့် ဘဲဥပြုတ်များဖြင့် ကိုစိုးငြိမ်းတို့က လှေပေါ်တွင် ဧည့်သည်များအား ဧည့်ခံလိုက်သည်။ ၄င်းတို့ကလည်း ကိုစိုးငြိမ်းတို့ကို ၂၅ ကျပ်တန်တစ်ရွက်စီ ထုတ်ပေးသည်။ ကိုစိုးငြိမ်းတို့ပိုက်ဆံယူရန်ငြင်းဆန်သော်လည်း ဧည့်သည်များက ငြင်းလေပိုပေးလေလုပ်ကာ ၂၅ ကျပ်တန် တစ်ရွက်ပြီးတစ်ရွက်ထုတ်ခဲ့သည်။

နောင်တွင်မှ ဗိုလ်ကြီးကင်မင်ချူးဟု သိရသည့်သူက ပေါ့ပေါ့းပါးပါးနှင့် ရယ်ရယ်မောမောရှိခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း နောက်တစ်ယောက်ဖြစ်သည့် ဗိုလ်ကြီးဆင်ကီချူးဟုဆိုသူတစ်ယောက်ကတော့ ကျောက်ရုပ်လိုမရယ်မပြုံးနှင့် လှေပေါ်လိုက်လာခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုစိုးငြိမ်းတစ်ယောက် သူစိမ်းနှစ်ယောက်ကို လှေပေါ်ခေါ်တင်ခဲ့မိပြီဖြစ်သည်။ လမ်းတစ်လျှောက် အရာရာကို သတိကြီးစွာထားတတ်သည့် သူတို့နှစ်ဦးကို လှည့်ကွက်တစ်ခုသုံးရန် ကိုစိုးငြိမ်နှင့် သူ၏အဖော်တို့က လှေပေါ်မှာပင် တိုင်ပင်လိုက်ကြသည်။

ကိုစိုးငြိမ်းက ဗိုက်အောင့်ချင်ယောင်ဆောင်ကာ ကမ်းပေါ်တက်မည်။ ပြီးနောက် ရဲသွားခေါ်မည်။ အဖော်လုပ်သူက ပုံမှန်အတိုင်း
ခေါ်လာရန်ဖြစ်ပြီး ရဲနှင့် တွေ့တော့မှ ကျန်တာဆက်လုပ်ရန်ဖြစ်သည်။ ကိုစိုးငြိမ်းတစ်ယောက် ကမ်းပေါ်တစ်ယောက်တည်းတက်ရန် ကြိုးစားတော့ ဧည့်သည်နှစ်ယောက် လှေပေါ်တွင် ပြာပြာသလဲ ဖြစ်သွားခဲ့သည်။

“ဗိုက်နာတယ်ပြောတော့ ဆေးပြားတွေပေးတယ်။ မဟုတ်ဘူး အခင်းသွားချင်တဲ့ပုံစံပြတော့မှ မသက်မသာနဲ့ သွားဖို့ပြောတယ်။ ကျွန်တော်လည်း တစ်ခါတည်း ကမ်းပေါ်တက်ပြေးပြီး ကျေးရွာကောင်စီနဲ့ရဲဆီသွား အကြောင်းကြားတော့တာပဲ” ဟု ကိုစိုးငြိမ်းက
ပြောသည်။ ဦးစိုးညွန့်သည် သခွတ်ပင်ရွာမှ ကျေးရွာကောင်စီအတွင်းရေးမှူး ဖြစ်သည်။

သခွတ်ပင်ကျေးရွာကောင်စီ ၏ အတွင်းရေးမှူး ဦးစိုးညွန့်ထံ ထိုနေ့မနက်ခင်းတွင် ကိုစိုးငြိမ်းနှင့် ကျေးရွာရဲကင်းမှ ရဲတပ်ကြပ်ကြီးတို့ ပေါက်ချလာခဲ့သည်။ အမူအရာထူးခြားနေသော ၄င်းတို့နှစ်ဦးက နိုင်ငံခြားသားများအကြောင်းပြောကာ စစ်ဆေးရန်အတွက် ဦးစိုးညွန့်ကိုလာခေါ်ကြသည်။

သူတို့သုံးယောက် ထွက်လာခဲ့ပြီး ရွာလယ်လမ်းရောက်တော့ မုန့်ဆိုင်တစ်ဆိုင်တွင် မုန့်ဝယ်စားနေသော ကင်မင်ချူး၊ ဆင်ကီချူး တို့နှစ်ယောက်နှင့် ဦးစိုးညွန့်တို့ တည့်တည့်တိုးခဲ့သည်။ ဒူးယားစီးကရက်ခဲလျက် လွယ်အိတ်ထဲ လက်အမြဲထည့်ထားသော သူစိမ်းနှစ်ဦးကိုရှာဖွေရန်အတွက် ဦးစိုးညွန့်တစ်ယောက် ပြင်ဆင်လိုက်သည်။

ပြုံးပြုံးရွှင်ရွှင်ပြောဆိုလေ့ရှိသည့် ကင်မင်ချူးတစ်ယောက်တော့ သူ့လွယ်အိတ်ကိုအရှာခံသော်လည်း ဆင်ကီချူးတစ်ယောက်ကတော့ သူ့လွယ်အိတ်လည်း အရှာမခံသလို စကားလည်းမပြောခဲ့ဟု ဦးစိုးညွန့်က သူ၏ အတွေ့အကြုံကိုပြန်ပြောပြသည်။

“အဲဒီအချိန်မှာကတည်းက သူတို့ဖောက်ခွဲထွက်ဖို့ လုပ်တယ်ထင်တယ်။ ဒါပေမဲ့ ကလေးတွေ အနီးမှာရှိလို့လားတော့မသိဘူး။ ကလေးတွေကို ဂိုး...ဂိုး (Go...Go) လို့မောင်းထုတ်တယ်။ အဲဒီအချိန်မှာ ဒေါ်လာတွေလည်း သူတို့ဆီကရှာတွေ့တော့ တရားမ၀င်
ငွေကြေးဆိုပြီး ရဲကင်းကိုခေါ်စစ်ဖို့လုပ်ကြတယ်”

ရဲကင်းဆီသို့ သွားရာလမ်းသို့ မြောက်ကိုရီးယားသားနှစ်ဦး၊ ဦးစိုးညွန့်၊ ရဲတပ်ကြပ်ကြီးနှင့် သူ၏တပ်သားသုံးဦးတို့ထွက်လာခဲ့ကြသည်။

အသက်သုံးဆယ် မတိမ်းမယိမ်းသာရှိသေးသည့် ဦးစိုးညွန့်နှင့် ရဲတပ်ကြပ်ကြီးတို့သည် ဧည့်သည်နှစ်ဦးအား ရွာအစွန်ရှိ ရဲကင်းထဲတွင် စစ်ဆေးရန်ပြင်ဆင်လိုက်ကြသည်။ လေတိုက်တိုင်း ဟစိဟစိဖြင့် လှုပ်ခါရမ်းနေသည့် သွပ်ပြားများဖြင့်ကာရံထားသော အဆိုပါရဲကင်းကို အပြင်မှ ရဲသုံးယောက်က သေနတ်ဖြင့် အသင့်အနေအထားပြင်ဆင်ကာ ၀ိုင်းရံထားသည်။

ရယ်ရယ်မောမောနေတတ်သည့် ကင်မင်ချူး၏လွယ်အိတ်ကို ရဲတပ်ကြီးကစစ်ဆေးခဲ့ပြီး ဆင်ကီချူး၏လွယ်အိတ်ကို ဦးစိုးညွန့်က ရှာဖွေရန်ပြင်ဆင်လိုက်သည်။ ကင်မင်ချူးက အရှာခံသော်လည်း ဆင်ကီချူးက ငြင်းဆန်ပြန်သည်။ စိတ်မြန်လက်မြန်ရှိသည့် လူငယ်အတွင်းရေးမှူးက ဆင်ကီချူး၏အိတ်ထဲ အတင်းနှိုက်ရှာဖွေရန် ကြိုးစားလိုက်သည်။

ထိုစဉ် အခြေအနေက ရုတ်ခြည်းပြောင်းလဲသွားသည်။ ဆင်ကီချူးက သူ၏အိတ်ကို နောက်သို့လွှဲလိုက်ပြီး အိတ်ထဲမှ အရာတစ်ခုနှိုက်ကာ အပြင်ရှိရဲ တပ်သားများထံ ဦးစိုးညွန့်ခေါင်းပေါ်မှကျော်ကာ ပစ်ခွဲလိုက်သည်။ ထိုအရာဝတ္ထုသည် ပေါက်ကွဲသွား ပြီး ရဲကင်းတစ်ခုလုံး မီးခိုးလုံးများ ဖုံးအုပ်သွားခဲ့သည်။ ခဏတာ အချိန်အတွင်း ဆုံးဖြတ်ချက်တစ်စုံတစ်ရာကို ဦးစိုးညွန့် ခပ်မြန်မြန်ချလိုက်သည်။

သွပ်ပြားအပေါက်မှတစ်ဆင့် ရဲကင်းအပြင်ဘက်သို့ တိုးထွက်လိုက်သည်။ သူ့နောက်သို့ တစ်စုံတစ်ယောက် ပြေးလိုက်လာခဲ့သော်လည်း မည်သူမှန်းသတိမထားမိ။ ရဲကင်းထဲတွင်တော့ သေနတ်သံအချို့ကျန်ရစ်ခဲ့သည်။

အချိန်အနည်းငယ်ကြာတော့ ရဲကင်းဆီ သူတစ်ခေါက် ပြန်သွားတော့ လူလေးယောက်မှာ သွေးအိုင်ထဲလဲနေခဲ့သည်။ လေးယောက်အနက် ရဲတပ်ဖွဲ့ဝင်သုံးယောက်က အသက်ရှင်နေခဲ့သော်လည်း သူ့ကို စကားမပြောလိုသည့် ဆင်ကီချူးတစ်ယောက်ကတော့ မည်သူ့ကိုမှလည်း စကားမပြောနိုင်တော့။

ဒါဆို သူ့နောက်သို့ပြေးလိုက်ခဲ့သူမှာ ကင်မင်ချူးဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။

ဗုံးပေါက်ကွဲသံများကြောင့် ကိုစိုးငြိမ်း၊ သူ၏အဖော်သူငယ်ချင်းနှင့် ရွာသားများရဲကင်းဆီသို့ အပြေးရောက်လာကြသည်။ ဒီလောက်ဆိုလျှင် ထွက်ပြေးသွားသူမှာ မြောက်ကိုရီးယားသူလျှိုဖြစ်မှာ သေချာသလောက်ရှိပြီဖြစ်သည်။

အာဇာနည်ကုန်းဗုံးဖောက်ခွဲခဲ့သည့် ဗိုလ်မှူးအဆင့်ရှိ ဇင်မိုကို အောက်တိုဘာ ၁၀ ရက်ညပိုင်းတွင် ညောင်တန်းဆိပ်ကမ်းအနီး ပုစွန်တောင်ချောင်းအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။

ခဏတာအချိန်လေးအတွင်းတွင် သခွတ်ပင်ရွာသည် ဟောလိဝုဒ်စစ်ကားများလိုဖြစ်သွားခဲ့သည်။ ရွာ၏ကောင်းကင်ထက်တွင် ရဟတ်ယာဉ်များ ပျံသန်းနေပြီး တပ်မတော်သားများလည်း ရဟတ်ယာဉ်ပေါ်မှဆင်းသက်လာကြသည်။ ရေတပ်သင်္ဘောများကလည်း ပိတ်ဆို့ကာ ကင်မင်ချူးကို ရှာဖွေနေကြသည်။

ထိုနေ့နှင့် ညဘက်တစ်ညလုံး သူ့ကို တောနင်းရှာဖွေသည့် ရာနှင့်ချီသောလူများအား ကင်မင်ချူးတစ်ယောက် လှည့်စားနိုင်ခဲ့သည်။
သို့သော် နောက်တစ်နေ့ မနက်တွင်တော့ ဒိုက်များအကြား ပုန်းအောင်းနေသောသူ့ကို ရှာဖွေတွေ့ရှိသွားတော့သည်။

“သူ့ကိုတွေ့တော့ အရပ်သားတွေဖယ်ပြီး တပ်ကပဲအရှင်ဖမ်းဖို့ ကြိုးစားတယ်။ အဲဒီမှာ ရဲဘော်လေးတွေ သူ့ဝင်လုံးဖို့ကြိုးစားတုန်း ဗုံးဖောက်လိုက်လို့ သုံးယောက်လောက်သေသွားတယ်” ဟု ဦးစိုးညွန့်ကပြောသည်။

အဆိုပါဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာအစိုးရက နိုဝင်ဘာလအတွင်း မြောက်ကိုရီးယားနှင့် သံတမန်အဆက်အသွယ်ဖြတ် တောက်လိုက်သည်။

အရှင်ဖမ်းမိခဲ့သူနှစ်ဦးကို ရုံးတင်စစ်ဆေးချိန်တွင် ကင်မင်ချူးက ၀န်ခံထွက်ဆိုခဲ့သော်လည်း ဇင်မိုက ၀န်ခံခြင်း/ငြင်းဆန်ခြင်း မပြုခဲ့ကြောင်း ထိုစဉ်ကထုတ်ဝေသည့် အစိုးရပိုင်သတင်းစာများက ရေးသားကြသည်။

နောက်ပိုင်းတွင် ကြားသိရသမျှ သတင်းများအနက် ဇင်မိုကို သေဒဏ်ပေးခဲ့ပြီး ကင်မင်ချူးကို ချုပ်နှောင်ထားခဲ့ကြောင်း အင်းစိန် ထောင်တွင် ထိန်းသိမ်းခဲ့ရသူများကပြောသည်။

“ကင်မင်ချူးပုံကတော့ စိတ်ဓာတ်ကျတဲ့ပုံတော့မပေါ်ဘူး။ ဒါပေမဲ့ မိသားစုကိုတွေ့ချင်တဲ့ကိစ္စကိုတော့ ပြောတယ်။ မြန်မာပြည်က လူတွေက သူ့ရန်သူမဟုတ်ဘူး။ သူတို့သေတာ ၀မ်းနည်းတယ်လို့လည်းပြောတယ်။ သူ့ကြောင့် သူ့မိသားစု ဒုက္ခရောက်နိုင်တယ်လို့လည်း ပြောတာကြားဖူးတယ်” ဟု ၁၉၉၀ ပြည့်နှစ်များအတွင်းက သူတွေ့ခဲ့သော ကင်မင်ချူး၏ပုံစံကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောသည်။

လွန်ခဲ့သော နှစ် ၃၀ က ဦးခိုင်မောင်ရည်သည် တက်ကြွလှုပ်ရှားသည့် ကျောင်းသားတစ်ဦးအဖြစ် အင်းစိန်အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံခဲ့ရပြီး သူနေထိုင်ရာအဆောင်မှ ကင်မင်ချူးအား မကြာခဏမြင်တွေ့ရပြီး အထက်ပါသတင်းစကားများကိုလည်း အကျဉ်းထောင်အမှုထမ်းများမှ တစ်ဆင့်ကြားသိရကြောင်း ၄င်းကပြောသည်။

အချိန်ဟူသော ကာလတရား က ရွှေ့ပြောင်းလာခြင်းနှင့်အတူ လွန်ခဲ့သည့်အနှစ် ၃၀ က ဖြစ်ပွားခဲ့သည့် ထိုအရာများကို အတိတ် တွင်ချန်ခဲ့ပြီဖြစ်သည်။

ဒေါသကြီးသော အာဏာရှင်ကြီးဦးနေ၀င်းလည်း မရှိတော့။ ကိုစိုးငြိမ်းလည်း တံငါအလုပ်စွန့်လွှတ်ခဲ့သလို ဦးစိုးညွန့်လည်း ကောင်စီထဲတွင်မပါတော့။

ထို့အတူ တစ်ချိန်က စွန့်စားခဲ့သော ကိုစိုးငြိမ်း၏ လုပ်ရပ်များသည်လည်း ယခုအခါ စာရွက်ပေါ်တွင်သာ မှတ်တမ်းတင်ထားသည် ထက်မပိုခဲ့။

အကြောင်းက “သိမ်းခံရတဲ့ ကျွန်တော့်မိသားစုဆွေမျိုးတွေ လယ်ပြန်ရဖို့ ဟိုတစ်လောကလျှောက်တော့ ကျွန်တော်တို့ တစ်ချိန်က တိုင်းပြည်ကို အလုပ်အကြွေးပြုခဲ့ပါတယ်။ ငဲ့ညှာပါဦးဆိုပြီး ဂုဏ်ပြုစာရွက်နဲ့တွဲ တင်တယ်။ ဒါတွေလာမပြောနဲ့။ ဟိုတုန်းကနဲ့ ခုက အကန့်တွေ တစ်ကန့်စီလို့ပြောပြီး ပြန်လွှတ်လိုက်တယ်” ဟု ဦးစိုးငြိမ်းက စိတ်မကောင်းစွာဆိုလေသည်။
ထွန်းခိုင်
7Day News Journal



နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com