http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကလေးအလုပ်သမားကိစ္စဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲ

2013-06-27
မြန်မာနိုင်ငံမှာ နိုင်ငံရေးး စီးပွားရေး ပြောင်းလဲ ပွင့်လင်းလာနေပေမယ့် ကလေးအလုပ်သမားကိစ္စဟာ အဓိက ပြဿနာတစ်ရပ် ဖြစ်နေဆဲပဲလို့ ပြင်သစ်သတင်းဌာန တစ်ခုက ဖော်ပြပါတယ်။

၂၀၁၂ ခုနှစ် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ( ILO ) ရဲ့ ညွှန်းကိန်းတွေအရ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အလုပ်ခိုင်းစေခံရမှု အခြေအနေမှာ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ဆူဒန် နိုင်ငံတွေနဲ့အတူ အဆိုးရွားဆုံးနိုင်ငံများစာရင်းမှာ ပါဝင်နေဆဲဖြစ်ပါတယ်။

အသက် (၁၅)နှစ်အောက် ကလေးတွေကို အလုပ်မခိုင်းရ၊ (၁၅) နှစ် နဲ့ (၁၈) နှစ်ကြားကလေးတွေကို (၄) နာရီသာ အလုပ်လုပ်ခွင့်ပြုရမယ်လို့ ဥပဒေပြဌာန်းထားပေမယ့် ဒီဥပဒေဟာ မြန်မာနိုင်ငံမှာ အသက်မ၀င်ဘဲ ဖြစ်နေတယ်လို့ France 24 သတင်း က ဆိုပါတယ်။

မြန်မာနိုင်ငံလူဦးရေ ရဲ့သုံးပုံတစ်ပုံ နီးပါးဟာ (၁၅) နှစ်အောက်ကလေးတွေဖြစ်ပြီး၊ ကျောင်းမနေနိုင်ဘဲ စားဝတ် နေရေးအတွက် အလုပ်လုပ်ခိုင်းခံနေရတာ၊ စစ်တပ်ထဲ ဆွဲသွင်းခံနေကြရပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေဟာ အဲဒီကလေးတွေ ဆီမရောက်သေးဘူးလို့လည်းဖော်ပြပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေ ထူပြောရာ လဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ကာရာအိုကေဘားတွေ အနှိပ်ခန်း တွေမှာ အလုပ်လုပ်နေကြတဲ့ ကလေးငယ်တွေကို မမြင်ချင်အဆုံး တွေ့နေရတယ်လို့ ရေးသားပါတယ်။
RFA Burmese

ရှားပါးစာအုပ် မိတ္တူဈေးကွက်ဖြင့် အရောင်းဆက်နေ

ရှားပါးစာအုပ်များအတွက် ကော်ပီ (မိတ္တူ) စာအုပ်ဈေးကွက် ဆက်လက် ရှိနေဦးမည်ဟု စာအုပ်အရောင်းဆိုင် ရှင်အချို့က ဆိုသည်။”တချို့ စာအုပ်တွေက ရှားပါး စာ အုပ်တွေ ဖြစ်နေတယ်။ နောက်ထပ် ပုံ နှိပ် ထုတ်ဝေတာကလည်း မရှိတော့ လူ တစ်ဦးတစ်ယောက်အတွက် အသုံးဝင် တယ်ဆိုရင်ပဲ ကော်ပီလုပ်ပေးလိုက်တာ ပါ။ အကျိုးအမြတ် ဆိုတာထက် စာဖတ် သူရဲ့ အသုံးဝင်မှုအတွက် လုပ်တာပါ” ဟု ပန်းဆိုးတန်းလမ်းရှိ ဝင်းညီနောင် စာအုပ် အဟောင်းမျိုးစုံ ရောင်းဝယ်ရေး ဆိုင်ရှင်က ပြောသည်။

ထပ်မံထုတ်ဝေခြင်း မရှိတော့ သည့် ရှားပါးစာအုပ်အချို့အား ၎င်းတို့ အနေဖြင့် ကော်ပီလေးငါးအုပ် ပြုလုပ်၍ ရောင်းပေးသည့်အခါ ရံဖန်ရံခါတွင် ချက်ချင်းကုန်သွားသည် ရှိသကဲ့သို့ နှစ် ချီ၍ ရောင်းရသည့်အခါများလည်း ရှိ ကြောင်း မိတ္တူအရောင်းဆိုင်များထံမှ သိရသည်။ရှားပါးစာအုပ်များ အဖြစ် ကော်ပီ ကူး၍ ရောင်းချသည့် စာအုပ်အများ စုမှာအရေးတော်ပုံ ကျမ်းများ၊ ဆေးကျမ်း များ၊ ဂါထာမန္တာန်နှင့် အင်းစာအုပ်များ၊ သမိုင်းမှတ်တမ်း စာအုပ်များ၊ ဥပဒေ စာအုပ်များ ဖြစ်ပြီး ကော်ပီဆွဲ၍ စာအုပ် ပြန်လုပ်သည့် ကုန်ကျစရိတ်ထက် အ နည်းငယ်ပိုယူ၍ စာအုပ်တန်ဖိုးများကို သတ်မှတ်ကြသည်ဟုလည်း မိတ္တူစာ အုပ်ဆိုင်များက ဆိုသည်။

ယင်းကဲ့သို့ ရှားပါး စာအုပ်အချို့ ကား ကော်ပီပြုလုပ်ရာတွင် မည်သူတစ် ဦးတစ်ယောက်ထံမှ ခွင့်ပြုချက် တောင်း ခံခြင်း မပြုကြကြောင်းလည်း မိတ္တူစာ အုပ်ဆိုင်ရှင် အချို့ထံမှ သိရသည်။”သူတို့ကလည်း ဒီလို စာအုပ်လေး တစ်အုပ် နှစ်အုပ် မိတ္တူဆွဲရောင်းတာနဲ့ ပတ်သက်ပြီး ဘာမှ ပြောနေကြမှာ မ ဟုတ်ပါဘူး။ ပုံနှိပ်ထုတ်ရအောင်လည်း ကုန်ကျစရိတ်နဲ့ ဘယ်လိုမှ မျှမှာမဟုတ် ဘူးလေ” ဟု ၃၇-လမ်းရှိ အုန်းစော စာအုပ်ဆိုင်ရှင်က ပြောသည်။ လက်ရှိကော်ပီဈေးကွက်တွင် နိုင်ငံရေး စာအုပ်များ၊ သမိုင်းမှတ်တမ်းများ၊ အရေးတော်ပုံကျမ်းများ အရောင်းသွက်ကာ ဝယ်ယူသူအများစုမှာ ပြည်တွင်း စာပေဝါသနာ ရှင်များ ဖြစ်သည်ဟု စာ အုပ်ဆိုင်များက ပြောသည်။
အိမ်စည်စိုးစံ
Popular Myanmar News Journal

သံဃာများထောက်ခံထားသည့် မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး မကြာမီ လွှတ်တော်တင်မည်

ရန်ကုန်၊ ဇွန် ၂၇
ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ ရပိုင်ခွင့်များ အပြည့်အဝရရှိရေးဟုဆိုကာ
ရေးဆွဲနေသည့် မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းနိုင်ရန်အတွက် တစ်နိုင်ငံလုံးက သံဃာတော် အပါး ၁၅၀၀ကျော် တက်ရောက်သည့် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒ ခံယူပွဲနှင့် ဦးဆောင် ဆရာတော် များ တွေ့ဆုံ ညှိနှိုင်းပွဲက ထောက်ခံလိုက်ပြီး ဥပဒေပြဋ္ဌာန်းရန် မကြာမီ လွှတ်တော်တင်မည်ဖြစ်ကြောင်း ယင်းပွဲ၏ သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မပီယက မိန့်ကြားသည်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာ အရှင်ဥာဏိဿရ တက်ရောက်ခဲ့သည့် အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်း တိုက်တွင် ဇွန်လ၂၇ရက်နေ့က ပြုလုပ်သည့် ယင်းအခမ်းအနားအပြီးတွင် မျိုးစောင့်ဥပဒေကို ထောက်ခံသည့်အချက် အပါအဝင် အချက်ငါးချက် ပါဝင်သည့် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက် ငါးချက်အနက် ကျန်လေးချက်မှာ နိုင်ငံတော် အစိုးရနှင့် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့တို့အား အမျိုးဘာသာ သာသနာအရေးကိစ္စများကို ကူညီရေး၊ ပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်ရေး အတွက် ပဋိပက္ခများ ထပ်မဖြစ်စေရန် ဝိုင်းဝန်းဆောင်ရွက်ရေး၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရေးနှင့် တိုင်းမ်မဂ္ဂဇင်း ၏ ဖော်ပြချက်ကို ကန့်ကွက်ကြောင်းတို့ဖြစ်သည်။

အမျိုးသမီး အခွင့်အရေးများကို ချိုးဖောက်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေ သည့် အဆိုပါ မျိုးစောင့်ဥပဒေကို အမျိုးသမီးများ၏ အခွင့်အရေးများနှင့် ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန် ရေးဆွဲထားခြင်းဖြစ်ပြီး ယင်းဥပဒေကို ဥပဒေ ပညာရှင်များနှင့် နောက်ဆုံးအဆင့် ပြင်ဆင်ပြီး ပြည်သူလူထု၊ သံဃာထု ထောက်ခံမှုဖြင့် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း အထက်ပါ တွေ့ဆုံညှိနှိုင်းပွဲ၏ သတင်း ထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ငါးကျမ်းပြန်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မပီယက မိန့်ကြား သည်။

မြန်မာနိုင်ငံရှိ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူဘာသာတို့တွင် ထိမ်းမြားခြင်းနှင့် ပတ်သက်သည့် ဥပဒေအသီးသီး ပြဋ္ဌာန်းထားကြောင်း၊ ယင်းဘာသာတို့တွင် အခြားဘာသာဝင်များနှင့် လက်ထပ်ခွင့်မပြုကြောင်း၊ လက်ထပ်လိုပါက ၎င်းတို့ ဘာသာများသို့ ကူးပြောင်းပြီးမှသာ လက်ထပ်ခွင့်ရှိပြီး ဗုဒ္ဓဘာသာတွင် ယင်းကဲ့သို့ ဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိသေးကြောင်း မျိုးစောင့်ဥပဒေကြမ်း ထွက်ပေါ်ရန် ရေးဆွဲနေသည့် ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်က ပြောကြား သည်။

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ
အထူး ထိမ်းမြားခြင်းနှင့် အမွေဆက်ခံမှု အက်ဥပဒေသည်လည်း ဗုဒ္ဓဘာသာ
မဟုတ်သည့် အခြားဘာသာဝင်များက ၎င်း၏ဘာသာကို စွန့်လွှတ်ရန်မလိုဘဲ
မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်နိုင်သည့် ဥပဒေဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် အခြား ဘာသာဝင် များ လက်ထပ်ရန် ဘာသာပြောင်းနေရကြောင်း မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး စာတမ်းတွင် ဖော်ပြထားသည်။

လက်ရှိအခြေအနေအရ နိုင်ငံတွင် ခေတ်နှင့်လျော်ညီရန်ပြင်ဆင်ရမည့် ဥပဒေ ၃၀၀ ကျော်ခန့်ရှိပြီး လယ်ယာမြေ ဥပဒေကို အရေးတကြီး ပြင်ဆင်ရန် လိုအပ် လျက်ရှိကြောင်း၊ လက်ထပ် ထိမ်းမြားခြင်းနှင့် ကွာရှင်းခြင်းဥပဒေအရ အမျိုးသမီးများ အခွင့်အရေး ဆုံးရှုံးလျက်ရှိသောကြောင့် ထိုဥပဒေကို သာ ပြင်ဆင်ရန် လိုအပ်ကြောင်း၊ မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ထောက် ခံ ဆွေးနွေးခြင်း၊ ကန့်ကွက်ခြင်းတို့မှာ မိမိ တစ်ဦး တစ်ယောက်တည်းနှင့် ဆုံးဖြတ်ခွင့်မရနိုင်ဘဲ ပါတီ၏ သဘောထားများလည်း လိုအပ်ကြောင်း မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဆိုသည်။

အဆိုပါ အခမ်းအနားတွင် မန္တလေး မစိုးရိမ်ကျောင်းတိုက် သံဃာတော် တစ်ပါးဖြစ်သူ အရှင်ဝီရသူပုံကို မျက်နှာဖုံးတင်၍ ‘ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းသောအခါ’ ဟု အဓိပ္ပာယ်ရသည့် ဆောင်းပါးကိုဖော်ပြခဲ့သည့် ယခုနှစ် ဇူလိုင်လ ၁ရက်နေ့တွင် ထွက်ရှိသည့် TIME မဂ္ဂဇင်းကို ကန့်ကွက် ရှုတ်ချကြောင်း ဒေါက်တာအရှင်ဥာဏိဿရ မိန့်ကြားခဲ့ပြီး တက်ရောက် လာသည့် သံဃာတော်များကလည်း ကန့်ကွက်ကြောင်း ကြေညာချက် တွင် ဖော်ပြထားသည်။

တိုင်းမ် မဂ္ဂဇင်း၏ ဖော်ပြချက်နှင့် ပတ်သက်၍ သံဃာတော်များက သည်းခံ၊ ခွင့်လွှတ်ရန် မေတ္တာရပ်ခံခဲ့ပြီး မဟုတ်မမှန်သည့် အကြောင်းကို မဟုတ်ကြောင်း ပြန်လည် ရှင်းလင်းရန်၊ ဟုတ်မှန်ပါက ဟုတ်မှန်ကြောင်း ဝန်ခံရန် လိုအပ်ကြောင်း ဒေါက်တာ အရှင်ဥာဏိဿရက မိန့်ကြားခဲ့သည်။

"မွတ်ဆလင်၊ ခရစ်ယာန်၊ TIME ဘာပြောပြော သည်းခံ ခွင့်လွှတ်ကြပါ။ သည်းခံခွင့်လွှတ်ခြင်းက ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ အခြေခံ အုတ်မြစ်ဖြစ်တာကြောင့် ဗုဒ္ဓရဲ့ သားတပည့် သံဃာတော်များအနေနဲ့ သည်းခံတော်မူကြပါ။ ခွင့်လွှတ်တော်မှုကြပါ" ဟု ဆရာတော်က အဆိုပါ အခမ်းအနားတွင် အကြိမ်ကြိမ် မိန့်ကြားခဲ့သည်။

ငြိမ်းချမ်းရေးကို လုပ်ဆောင်နေသည့် ဘာသာ၊ ငြိမ်းချမ်းရေးကို လုပ်ဆောင်နေသည့် ပုဂ္ဂိုလ်များကို တိုင်းမဂ္ဂဇင်းက 'ဗုဒ္ဓဘာသာ သွေးဆူနေ ကြပြီ' ဟု ဖော်ပြခဲ့ကြောင်း ဒေါက်တာ အရှင်ဥာဏိဿရက ထပ်မံ မိန့်ကြားခဲ့သည်။
The Voice Weekly

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအသင်း ဖွဲ့စည်းရန် သံဃာ့အစည်းအဝေးကျင်းပ (ရုပ်/သံ)

Friday, June 28, 2013
မျိုးစောင့်ဥပဒေမူကြမ်းကို ဥပဒေပြဋ္ဌာန်းရေးအတွက် လွှတ်တော်သို့ တင်သွင်းသည့်အခါတွင် မည်သည့်ပါတီ၏ အကူအညီကိုမျှ ရယူမည်မဟုတ်ဘဲ ပြည်သူများကို ဆန္ဒခံယူပြီး ပြည်သူများရဲ့ ဆန္ဒမဲလတ်မှတ်များဖြင့်သာ လွှတ်တော်ကို တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း

မြန်မာ့ခေတ်

သစ်ထုတ်ရေးဌာနပိုင် ဆင်ကိုသတ်၍ အစွယ်ဖြတ်ယူခံရ

မော်လိုက်၊ ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် အနောက်သစ်ထုတ်ရေး ဒေသရှိ သစ်ထုတ်ရေးဌာနပိုင် ဆင်တစ် ကောင်းအား ယခုလ ၂၁ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က သေနတ်ဖြင့်ပစ်သတ်၍ အစွယ်ဖြတ်တောက်ခိုးယူခံ ခဲ့ရကြောင်း ရဲဌာနပိုင် မှတ်တမ်းများက ဖေော်ပြထားသည်။

အဆိုပါ မှတ်တမ်းများတွင် မော်လိုက်အနောက်ဘက်သစ်ထုတ်ရေးေးသမှ လက်ထောက်ဆင်ခေါင်း ဦးမောင်ဆန်းသည် သစ်ထုတ်ရေးဌာနပိုင် ဆင်အမှတ် (၅၆၀) ဆင်အမည် ဇော်ဇော်(အထီး) အသက် ၃၁နှစ် ၅ လ ခန့်၊ ကာလတန်ဘိုး ငွေကျပ် သိန်း ၇၀ တန် ဆင်ကြီးတစ်ကောင်အား ယခုလ ၁၉ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က ဆင်စခန်းမှ ထူးခတ်၍ တောတွင်းသို့ လွတ်ကျောင်းထားခဲ့ရာ ယခုလ ၂၁ ရက်နေ့ မနက် ၈ နာရီခွဲအချိန်တွင် ၎င်းဆင်၏ ဆင်ဦးစီး ဦးဖိုထောင်ဆိုသူမှ လိုက်လံရှာဖွေစဉ် မော်လိုက်သစ်တောကြိုးဝိုင်း အကွက်အမှတ် (၁၄၆) ဆိုင်ခန်းစခန်းမှ နှစ်မိုင်အကွာ တောတွင်းတစ်နေရာတွင် လွတ်ကျောင်းဆင်၏ ၀ဲဘက်နားထင်၌ သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးနေခဲ့ကြောင်း၊ ၎င်းဆင်၏အစွယ်နှစ်ချောင်းမှာ ဖြတ်တောက် ခိုးယူခံရသည့်အတွက် အစွယ်များမရှိတော့ကြောင်း ဆက်လက်၍ ဖော်ပြထားသည်။

“ တိရစ္ဆာန်လောကမှာ လူကနေပါးစပ်ကပြောပြီးခိုင်းလို့ရတာဟာ ဆင်ပဲရှိတယ်..။ ခွန်အားကြီးသလောက် စိတ်ကောင်းရှိတတာ ဆင်တွေဘဲဖြစ်ပါတယ်..” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သစ် တောရေးရာ တိုင်းဒေသကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးမှ ပြောပြသည်။

အဆိုပါ သစ်ထုတ်ရေးဌာနပိုင် ဆင်ကိုသတ်၍ အစွယ်ဖြတ်တောက်ခိုးယူခံရခြင်းနှင့်ပတ်သက်၍ ယခုလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မော်လိုက်အနောက်ဘက်သစ်ထုတ်ရေး ဒေသမှ သစ်တောအုပ်ကြီး ဦးအောင်တင်၏ တိုင်တန်းချက်များအရ တမူးမြို့နယ်ခွဲ ရဲစခန်းမှ (ပ) ၁၂/ ၂၀၁၃ ပြည်သူပိုင်ပစ္စည်းကာ ကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)အရ အမှုရေးဖွင့်၍ ရဲစခန်းက ဆက်လက်ဆောင်ရွက်ရှိကြောင်း သိရသည်။
ကိုတိုး ချင်းတွင်း

မွေးကင်းစ ကလေးငယ်အလောင်းအား စွန့်ပစ်ထားသည်ကို တွေ့ရှိ

ဓါတ်ပုံ google
ချောင်းဦး၊ ဇွန် ၂၈
မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာ ဘုန်းကြီးကျောင်း အုတ်တံတိုင်းအနီး ယခုလ ၂၇ ရက်နေ့မနက် ၇ နာရီ ခွဲအခိန်ခန့်က မွေးကင်းစ ကလေးငယ် အလောင်းတစ်လောင်း အား တွေ့ရှိခဲ့ရကြောင်း ရဲဌာနပိုင် မှတ်တမ်းများအရ သိရသည်။

အဆိုပါ မှတ်တမ်းများတွင် ကလေးသူမွေးဖွားခြင်းကိစ္စရပ်အား ထိန်ချန်လိုသော ရည်ရွယ်ချက်များဖြင့် မွေးကင်းစ ကလေးသူငယ်(ယောင်္ကျားလေး)ဖြစ်သူကို ယင်းကဲသို့ လာရောက်စွန့်ပစ်ထားခြင်းဖြစ်နိုင်ဖွယ်ရာရှိကြောင်း၊ စွန့်ပစ်ခံ ကလေးသူငယ်၏ ရုပ်အလောင်းသည် ချက်ကြိုးဖြတ်တောက်ထားခြင်းမရှိသေးကြောင်း အမှုမှန်ပေါ်ပေါက်စေရေး အတွက် ချောင်းဦးရဲစခန်း (ပ) ၁၇၃/ ပုဒ်မ ၃၁၈ အရ ဒုရဲအုပ် အောင်ခိုင်ထွန်းမှ ဆက်လက်ဆောင်ရွက် လျက်ရှိ ကြောင်း ဖော်ပြပါရှိသည်။

မွေးကင်းစ ကလေးသူငယ်စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် မေလခန့်ကလည်း ချောင်းဦးမြို့နယ် ဘူတာ ကျေးရွာလမ်းခွဲ အမှိုက်ပုံပေါ်တွင် အလားတူ ကလေးစွန့်ပစ်သည့် ကိစ္စတစ် ရပ်ပေါ်ပေါက်ခဲ့ကြောင်း ဒေသခံ လူမှုကွန် ယက် အဖွဲ့၏ မှတ်တမ်းများ၌ ဖော်ပြထားကြောင်း သိရှိရသည်။
ကိုတိုး ချင်းတွင်း

လမ်းဘေး ဖုန်းဆိုင်တွေ ပျောက်ကွယ်တော့မလား

မဝေးတော့တဲ့ အနာဂါတ်မှာ အများပြည်သူဖုန်းဆိုင်လေးများကို လျှော့ချဖို့ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဋ္ဌာနက ဆုံးဖြတ်ရတော့မည် (ဓာတ်ပုံ – Reuters)
June 28, 2013
မိုဘိုင်းဖုန်း ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်အတွက် နော်ဝေက တယ်လီနောနဲ့ ကာတာက အူရီဒူးကို လေလံချထားပေးခဲ့ပြီးပါပြီ။ တချိန်တည်းမှာ ၁၅၀၀ တန် တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းကတ်များကိုလည်း အစိုးရက ချထားနေတဲ့နောက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းဘေးတယ်လီဖုန်း ဆိုင်လေးများ၏ ၀င်ငွေမှာ သိသိသာသာ လျော့ကျသွားခဲ့ကြောင်း လမ်းဘေးဖုန်းဆိုင်လုပ်ငန်း  လုပ်ကိုင်သူများက ပြောဆိုသည်။

တန်ဖိုးနည်းတယ်လီဖုန်းဆင်းကတ်များ မပေါ်ပေါက်မီက အစိုးရ အများပြည်သူသုံးတယ်လီဖုန်းဆိုင်တစ်ခု၏ တစ်ရက် ပျမ်းမျှဝင်ငွေမှာ  ကျပ်နှစ်သောင်းခန့်အထိရှိခဲ့ရာမှ ယခုအခါ ကျပ် ၇၀၀၀ ခန့်သာ ရှိတော့ကြောင်း၊ မနက် မိုးလင်းမိုးချုပ်ဖွင့်သော ပုဂ္ဂလိက တယ်လီဖုန်းဆိုင်လေးများမှာလည်း တစ်ရက် ကျပ် သုံးသောင်းခန့်အထိ ၀င်ငွေရှိခဲ့ရာမှ ယခုအခါ တစ်ရက် ကျပ်တစ်သောင်းခန့်သာ ၀င်ငွေရှိတော့ကြောင်း လမ်းဘေးဖုန်းဝန်ဆောင်ပေးသူများက ပြောဆိုကြသည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်း(MPT)လက်အောက်တွင် ရှိသော အများပြည်သူသုံးတယ်လီဖုန်းဆိုင်များ၏ တရက် ၀င်ငွေမှာလည်း သိသိသာသာ ကျဆင်းလာသည့်အတွက် ဖုန်းဆိုင်တွင် ၀န်ဆောင်မှုပေးသော ၀န်ထမ်းများမှာလည်း ၄င်းတို့အနာဂတ်အတွက် အခြားအလုပ်တစ်ခုခုပြောင်းလုပ်ရန် စဉ်းစားလာကြသည်ဟု ဆိုသည်။

‘အခုတောင် ဒီလောက်ဝင်ငွေ လျော့နေတာ နိုင်ငံခြားကုမ္ပဏီတွေပါ ၀င်လာရင် ကျမတို့လမ်းဘေးဖုန်းဆိုင်လေးတွေ ရပ်တည်ဖို့ ခက်မှာ။ ကျမတောင် ကုမ္ပဏီအလုပ်ပြောင်းလုပ်ဖို့ စဉ်းစားနေပြီ ”ဟု အသက် ၂၇ အရွယ် ဆက်သွယ်ရေးဝန်ထမ်း မကြည်နိုင်မြင့်က ဧရာဝတီသို့ ပြောသည်။

မကြည်မြင့်နိုင်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အများပြည်သူသုံး တယ်လီဖုန်းဝန်ဆောင်မှုဋ္ဌာနတွင် ၄ နှစ်ခန့်အလုပ်လုပ်ခဲ့ပြီး ယခုအခါ ဆူးလေ ဘုရားအနီး မဟာဗန္ဓုလလမ်းပေါ်ရှိ အများပြည်သူသုံး တယ်လီဖုန်းဆိုင်တွင် မနက် ၇ နာရီမှ ညနေ ၄ နာရီအထိ အလုပ်လုပ်လျက် ရှိသည်။

တစ်ရက် ကျပ် ၇၀၀၀ ခန့်သာ ရရှိသော သူမ၏ဖုန်းဆိုင်သို့ လာရောက်ဖုန်းဆက်သူ အရေအတွက်မှာ မိနစ်သုံးဆယ်အတွင်း လူ ၄ ဦး ခန့်သာရှိပြီး အချိန်ခဏသာ လိုရင်းတိုရှင်း ပြောဆိုကြသည်ကို တွေ့ရသည်။ အစိုးရ အများပြည်သူသုံးဖုန်းဆိုင်များက တစ်မိနစ်လျှင် ကျပ် ၅၀ ယူပြီး ပုဂ္ဂလိက ဖုန်းဆိုင်များက တစ်မိနစ်လျှင် အနည်းဆုံး ၁၀၀ ကျပ်ယူသည်။

သူမ၏ ဖုန်းဆိုင်မှ လှည့်ထွက်လာသူတစ်ဦးက”လမ်းဘေးဖုန်းတွေ ရှိတာ ကျနော်အတွက်တော့ ကောင်းတယ်။ အလုပ်ထဲမှာ မပြောချင်တဲ့ ကိစ္စကိုဒီမှာ လာပြောတယ်။ ကျနော်မှာ GSM နှစ်သိန်းတန် ဖုန်းတလုံးရှိတယ်။ သိပ်မသုံးဖြစ်ဘူး”ဟု ဆိုသည်။ ၄င်းမှာ ဆိပ်ကမ်းသာလမ်းထဲရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အလုပ်သမားကြီးကြပ်သူ ဖြစ်ပြီး လမ်းဘေးဖုန်းကို လွတ်လွတ်လပ်လပ် စကားပြောနိုင်ရန် လာရောက်အသုံးပြုခြင်း ဖြစ်သည်။

မိမိမိုဘိုင်းလ်ဖုန်း ရုတ်တရက်ပျောက်သွားခြင်း၊ ဖုန်းမေ့ကျန်ခဲ့ခြင်းနှင့် အခြားကိစ္စအမျိုးမျိုးတို့ အတွက် လမ်းဘေးဖုန်းဆိုင်လေးများ ရှိနေခြင်းသည် အလွန်အသုံးဝင်ကြောင်း အသက် ၁၈ နှစ်အရွယ် ၁၀တန်းကျောင်းသား ကိုသက်ပိုင်က ပြောသည်။ ကိုသက်ပိုင်မှာ သူ၏ မိုဘိုင်းလ်ဖုန်း ခါးပိုက်နှိုက်ခံလိုက်ရသောကြောင့် ယခုဆက်သွယ်ရေးသို့ ဖုန်းကတ်ပျောက် ပြန်လျှောက်စဉ်ကာလတွင် လမ်းဘေးဖုန်းကို အားပြုနေရသည်။

”လမ်းဘေးဖုန်းဆိုင်က ဖုန်းမရှိတဲ့သူတွေနဲ့ အရေးပေါ်ဖုန်းဆက်ချင်တဲ့သူတွေ အတွက် အသုံးဝင်ပါတယ်။ ကျနော်လို ဖုန်းပျောက်သွားရင် သုံးလို့ရတယ်”ဟု ကိုသက်ပိုင်က ဆိုသည်။

ရန်ကုန်မြို့တွင် အစိုးရ အများပြည်သူသုံးတယ်လီဖုန်း ဆိုင်ပေါင်း တစ်ထောင်ကျော်ရှိပြီး ဖုန်းဆိုင်များ၏ တရက်ဝင်ငွေမှာလည်း လျော့ကျသွားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း PCO ဖုန်းဋ္ဌာနမှူး ဦးဝင်းဆွေက ပြောသည်။ ”လျော့သွားတာတော့ မှန်တယ်။ ဒါပေမယ့် အရမ်းကြီး ထိုးကျသွားတာမျိုး မဟုတ်ပါဘူး”ဟု သူကဆိုသည်။

ရန်ကုန်မြို့ ဆူးလေးဘုရားလမ်းပေါ်မှ တယ်လီဖုန်းဆိုင်တွင် တစ်နှစ်ခွဲခန့် အလုပ်လုပ်နေသူ မြန်မာဆက်သွယ်ရေးဝန်ထမ်း ဒေါ်အေးအေးနိုင်ကလည်း ”အရင်က တရက်ကို ဖုန်းဘေလ် ၅၀၀၀ လောက်ဆောင်ရတာ အခုတရက်ကို ၃၀၀၀ လောက်ပဲဆောင်ရတော့တယ်။ အခုလိုအချိန်မှာတောင် သိပ်မသုံးတော့ရင် နောက်ပိုင်းမှာ လူပိုနည်းသွားနိုင်တယ်”ဟု ဆိုသည်။

ဒေါ်အေးအေးနိုင်ကိုယ်တိုင်ပင် နှစ်သိန်းတန်ဖုန်းကိုအစိုးရထံမှ အရစ်ကျစနစ်ဖြင့် ၀ယ်ယူခဲ့ရာ ကျပ် ၁၂၅၀၀၀ သွင်းပြီးနောက် ၁၅၀၀ တန် တန်ဖိုးနည်းဖုန်း ပေါ်ပေါက်လာသောအခါ ငွေဆက်သွင်းမှုကို ရပ်နားလိုက်ရသည်။

ရန်ကုန်မြို့တွင်း လမ်းမကြီးတစ်ခုပေါ်တွင် ပုဂ္ဂလိက တယ်လီဖုန်း ၀န်ဆောင်ပေးနေသူ ဒေါ်ငယ်ငယ်မှာ သူမ၏ CDMA 800 ဖုန်းကို တစ်မိနစ် ရေငွကျပ်တစ်ရာတောင်းကာ တစ်နေ့လျှင် သုံးသောင်းကျပ်အထိရရှိနေရာမှ ယခုအခါ တစ်သောင်းခန့်သာ ၀င်ငွေရှိတော့ကြောင်း ပြောသည်။ ”အရင်က ည ၁၂ နာရီလောက်အထိ ဖုန်းနှစ်ခု သုံးခုထားပြီးတော့ လုပ်ရတာ။ တစ်ရက်ကို သုံးသောင်းလောက်က အသာလေးရှာလို့ရတယ်။ အခုက ဖုန်းတစ်လုံးပဲ ထားရတော့တယ်”ဟု ဆိုသည်။

သို့သော် ဖုန်းလုပ်ငန်းမှ ရရှိသောဝင်ငွေနည်းလာသော်လည်း နိုင်ငံတကာကုမ္ပဏီများက တန်ဖိုးနည်းဖုန်းများချထားပေးမည် ဆိုပါက ကြိုဆိုကြောင်း၊ အခြားလုပ်ငန်းတစ်ခု ပြောင်းလုပ်ရန် အဆင်သင့်ရှိကြောင်း သူကဆိုသည်။

”နိုင်ငံတကာ ကုမ္ပဏီတွေဝင်လာလို့ ဒီလုပ်ငန်း မလုပ်ကြတော့ဘူးဆိုရင် တခြားလုပ်ငန်းပြောင်းလုပ်မယ်။ အခု အလှပြင်ဆိုင်တစ်ခုကို အပေါ်ထပ်မှာလည်း ဖွင့်ထားတော့ အဲဒီလုပ်ငန်းကိုပဲ ဆက်လုပ်တော့မယ်”ဟု ဒေါ်ငယ်ငယ်က ဆိုသည်။

ရန်ကုန်မြို့ ၃၅ လမ်းထိပ်တွင် ဆန်ဆိုင်နှင့် ဆက်သွယ်ရေး ဖုန်းအငှားဆိုင်တွဲဖွင့်ထားသူ ကိုဖိုးကျော်က ”ကျနော်ဖုန်းဆိုင်ရဲ့ ၀င်ငွေက တရက် ၃ထောင်ပဲ ရှိတယ်။ ဒါပေမဲ့ ကျနော်က ဒီနားမှာ ကိုယ့်ခင်ရာမင်ရာ ဈေးသည်တွေဆီဖုန်းလာတဲ့အခါ ခေါ်ပေးတယ်။ ဒီဖုန်းနဲ့ပဲေ ဈးစုံစမ်းတာတို့ ဘာတို့လုပ်တယ်။ အကျိုးအမြတ်အဓိက မဟုတ်ဘူး။ ဖုန်းခကိုလည်း ၃ မိနစ်ကို နှစ်ရာပဲ ယူတာ”ဟု ဆိုသည်။

တန်ဖိုးနည်းဖုန်းများ ပေါများလာပြီး လမ်းဘေးတယ်လီဖုန်းဆိုင်လေးများမှာ အရေအတွက် လျော့ကျသွား နိုင်သော်လည်း လုံးဝ ပျောက်ကွယ်သွားမည် မဟုတ်ဟု ရန်ကုန်မြို့ခံများက သုံးသပ်ကြသည်။

နိုင်ငံတကာ ကုမ္ပဏီများအနေဖြင့် မိုးဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ငန်းများကို ဈေးနှုန်းသက်သာစွာ လာရောက်ရောင်းချပေးပါက အစိုးရ အများပြည်သူဖုန်းဆိုင်လေးများကို လျှော့ချရန် သင့်မသင့်ကို ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဋ္ဌာနက ဆုံးဖြတ်ရတော့မည်ဖြစ်သည်။
ထက်နိုင်ဇော်
ဧရာဝတီ

စစ်တပ် သိမ်းမြေများ ပြန်ပေးမည်

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်းတွင် တပ်မြေအဖြစ် သိမ်းရန် ကျောက်တိုင် စိုက်ထူထားသော ပင်ငိုကျေးရွာ တောင်ယာဧက ၆၁၀ ဧကမှ တနေရာ (ဓာတ်ပုံ – ဧရာဝတီ)
June 28, 2013
အစိုးရ စစ်တပ်က အဓမ္မ သိမ်းယူထားသော မြန်မာနိုင်ငံ တ၀န်းမှ လယ်မြေများအား မူလပိုင်ရှင် လယ်သမားများထံ ပြန်လည် ပေး အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စစ်တပ်သည် ၎င်းတို့၏ တပ်နှင့်သက်ဆိုင်သည့် အဆောက်အအုံများ ဆောက်လုပ်ရန် သိမ်းယူထားသည့် မြေများမှအပ တခြား အကြောင်းအရာများဖြင့် သိမ်းယူထားသည့် လယ်ယာမြေ၊ နွားစားကျက်မြေ၊ မြေလွတ် မြေရိုင်းများ စသည်ဖြင့် အဓမ္မ သိမ်းယူ ထားသည့် လယ်မြေများကို ပြန်ပေးနိုင်ရန် စစ်တပ်ခေါင်းဆောင်များက စီစဉ်နေကြောင်း စစ်တပ်နှင့်နီးစပ်သူ တချို့က ဧရာဝတီ ကို ပြောသည်။

“စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေအထဲက ဘာအဆောက်အအုံမှ မဆောက်တဲ့ မြေတွေ အကုန်လုံးပြန်ပေးမယ်၊ မဖြစ်မနေ သိမ်းထားတာတွေကိုလည်း တန်ရာတန်ကြေး လျော်ကြေးပေးသွားမယ်လို့ သိရတယ်၊ ဘယ်အချိန် ပြန်ပေးမယ်ဆိုတာတော့ မသိရ သေးဘူး”ဟု စစ်တပ်နှင့်နီးစပ်သူ တဦးက ပြောသည်။

တပ်မတော်အစိုးရ လက်ထက်တွင် အကြောင်း အမျိုးမျိုးကြောင့် သိမ်းယူထားသော လယ်ယာမြေများ အနက် တပ်မတော် အတွက် အမှန်တကယ် မလိုအပ်သည့် လယ်မြေများကို အခကြေးငွေ မယူဘဲ မူလပိုင်ရှင် လယ်သမားများကို လုပ်ကိုင်ခွင့် ပေးရန် ကာကွယ်ရေးဦးစီးချုပ်က ညွှန်ကြားထားသည် ဟု တွဲဖက် စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင်က  ပြည်ထောင်စု လွှတ်တော်၏ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များ နှင့်ဖေဖော်ဝါရီလ အတွင်းတွေ့ဆုံခဲ့စဉ် က ပြော ဆို ခဲ့ဖူးသေးသည်။

မြန်မာနိုင်ငံ တ၀န်းရှိ စစ်တပ်တခုတည်းက အဓမ္မ သိမ်းယူထားသည့် လယ်မြေဧကပေါင်း ၂ သိန်းကျော် (၂၄၇၀၇၇ ဒသမ ၀၆ ဧက) ရှိကြောင်း ပြည်ထောင်စု လွှတ်တော်၏ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်ထားသည်။

တပ်မတော်သည် လယ်မြေဧက ၁၉၀၀၀ ဒသမ ၅၁၉ ဧက သိမ်းယူထားပြီး ဧကပေါင်း ၄၃၁ ဧက အတွက် ကျပ်သန်းပေါင်း ၉၉၉ ဒသမ ၂၅ သန်းကို ၂၀၁၂ ခုနှစ် အတွင်း လျော်ကြေး ပေးခဲ့ကြောင်းလည်း ဗိုလ်ချုပ်မင်းနိုင် က ကော်မရှင်နှင့်တွေ့စဉ် ပြောဆိုခဲ့သည်။

စစ်တပ်အတွက် အသုံးမပြုသည့် လယ်ယာမြေများကို ပြန်ပေးမည်ဆိုသည့်အတွက် ကြိုဆိုကြောင်း၊ သို့သော်လက်တွေ့ ပေးရန် အရေးကြီးကြောင်း ရခိုင်ပြည်နယ်၏ လယ်ယာမြေ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီ ကို ပြောသည်။

“ကျနော်တို့ ရခိုင်ဒေသမှာ စစ်တပ်က သိမ်းထားတာ ဧက သောင်းဂဏန်းနဲ့အထက်ရှိတယ်၊ တိုင်ထားတဲ့ အမှုပေါင်း ၂၀၀ ၀န်းကျင် ကို ကော်မရှင် အဖွဲ့ဝင်တွေ စစ်ဆေးနေတာ နှစ်ချီရှိပါပြီ၊ လယ်သမားတွေ လက်ထဲ အမှန်တကယ် ရောက်တာဆိုလို့ သုံးလေးမှုပဲ ရှိသေးတယ်”ဟု ၎င်းက ဆိုသည်။

လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့်ပတ်သက်၍ လွှတ်တော်က ဖွဲ့စည်းထားသော ကော်မရှင်၊ ကော်မတီများ၏ ဆောင်ရွက်မှု သည် ထိရောက်မှု မရှိကြောင်း၊ ထိုအဖွဲ့အစည်းများ၏ စုံစမ်းစစ်ဆေးမှု ရလဒ်ကို တာဝန်ယူဖြေရှင်းပေးရမည့်သူသည် အစိုးရ သာဖြစ်ကြောင်း၊ သို့သော် သက်ဆိုင်ရာ အစိုးရ ၀န်ကြီးဌာနများ အနေဖြင့် ထိရောက်မြန်ဆန်သည့် အလေးထား ဆောင်ရွက်ပေးမှု မရှိကြောင်း သိရသည်။
“အစိုးရ ကိုယ်တိုင်ဖွဲ့တဲ့ ကော်မတီ၊ ကော်မရှင်တွေဟာ လွှတ်တော်က ဖွဲ့တဲ့ အဖွဲ့တွေထက် ပိုပြီးထိရောက်နေတာ တွေ့တယ်၊ ကျနော်တို့ လုပ်တာကို အစိုးရက လုပ်ပေးမှ ရတာဆိုတော့ လယ်သိမ်းမှုတွေ ဖြေရှင်းပေးတာဟာ ထင်သလောက် ခရီးမ ပေါက်ဘူး”ဟု ဦးဖေသန်း က ဆိုသည်။

စစ်တပ်သည် ၎င်းတို့၏ စစ်တပ်အဆောက်အအုံများ ဆောက်လုပ်ရန်နှင့်တပ်တွင်း တနိုင်တပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် လုပ်ငန်းများအတွက် သိမ်းထားသည့် လယ်မြေများအပြင် အကြောင်းပြချက် တစုံတရာ မရှိဘဲ သိမ်းယူထားသည့် လယ်မြေ ဧက ထောင်ပေါင်းများစွာ ရှိကြောင်း သိရသည်။

မွန်ပြည်နယ်တွင်လည်း ရာဘာခြံများ၊ လယ်မြေများ၊ နွားစားကျက်မြေများ စသည်ဖြင့် ဧကပေါင်းများစွာကို စစ်တပ်က သိမ်းယူ ထားကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်း က ဧရာဝတီ ကို ပြောသည်။

စစ်တပ် အပြင် မြို့ရွာဖွံ့ဖြိုးမှုအတွက်ဟုဆိုကာ သိမ်းယူထားသည့် လယ်မြေဧကမှာ ၁ သိန်းကျော် (၁၁၇၈၃၄ ဒသမ ၁၉ ဧက) ရှိကြောင်း ပြည်ထောင်စု လွှတ်တော်၏ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်ထားသည်။
ခင်ဦးသာ
ဧရာဝတီ

ကန်သမ္မတအိုဘားမား ဆီနီဂေါနိုင်ငံ ဆိုက်ရောက်

ဆီနီဂေါသမ္မတ နဲ့ အမေရိကန်သမ္မတ အိုဘားမားကို ဆီနီဂေါ မြို့တော် Dakar မှာ ကြာသပတေးနေ့က ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တွေ့ရစဉ်။ (ဇွန် ၂၇၊ ၂၀၁၃)
27.06.2013
အာဖရိကတိုက်ကို အထောက်ပံ့ အကူအညီတွေ ပေးနေတာထက် ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့ ပုံစံမျိုးကို အခြေခံပြီး ပြောင်းလဲ ဆက်ဆံလိုတယ်လို့ အမေရိကန်သမ္မတ Barack Obama က ပြောပါတယ်။

ဆီနီဂေါသမ္မတ Macky Sall နဲ့ မြို့တော် Dakar မှာ ကြာသပတေးနေ့က ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ အိုဘားမားက အဲဒီလို ပြောဆိုလိုက်တာပါ။ သမ္မတ အိုဘားမားဟာ သူ့ရဲ့ အာဖရိက ၃ နိုင်ငံ ခရီးစဉ် ပထမ ခရီးတထောက်အဖြစ်နဲ့ ဆီနီဂေါနိုင်ငံကို ရောက်နေတာဖြစ်ပြီး ဒီခရီးစဉ်အတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနဲ့ ဒီမိုကရေစီအရေးတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

သူ့အနေနဲ့ အာဖရိကတိုက်ကို အခုလို လာရခြင်းရဲ့ အကြောင်းရင်းဟာ - အာဖရိကတိုက်ဟာ တိုးတက် ဖွံ့ဖြိုးနေတာကြောင့် ထွက်ပေါ်လာတဲ့ အခွင့်အရေးကို လက်လွတ်မခံပဲ ဒီဒေသနဲ့ ကျယ်ပြန့် နက်ရှိုင်းတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့အတွက် ရောက်လာခြင်း ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဆီနီဂေါနိုင်ငံဟာ အာဖရိကတိုက်အတွင်း ဒီမိုကရေစီ အထွန်းကားဆုံး နိုင်ငံတခုဖြစ်ပြီး လမ်းကြောင်းမှန်ကို ဦးတည် လျှောက်လှမ်းနေတယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

သမ္မတ အိုဘားမားဟာ ဆီနီဂေါနိုင်ငံကနေ တောင်အာဖရိကနိုင်ငံကိုသွားပြီး သမ္မတဟောင်း Nelson Mandela နှစ်ပေါင်း ၂၀ နီးပါးလောက် ထိန်းသိမ်းခံခဲ့ရတဲ့ Robben ကျွန်းကို သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

အမေရိကန် မြန်မာပူးပေါင်းကူညီမှု သဘောတူလက်မှတ်ထိုး

အမေရိကန်သံအမတ်ကြီး Dereck Mitchell နဲ့ အမျိုးသား စီမံကိန်းနဲ့ ဖွံဖြိုးတိုးတက်မှုဦးစီးဌာန ဝန်ကြီး ဦးဆက်အောင်တို့ နေပြည်တော်မှာ လက်မှတ်ထိုး ခဲ့ကြစဉ်။ (ဇွန် ၂၇၊ ၂၀၁၃) Photo Credit to U.S. Embassy Rangoon
27.06.2013
အမေရိကန်နဲ့ မြန်မာကြားမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ကြဖို့ ၂ ဘက် သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။ လာမယ့် ၂ နှစ် အတွင်း မြန်မာနိုင်ငံ အတွက် အမေရိကန်က ဒေါ်လာ သန်း ၁၇၀ ထောက်ပံ့မယ်လို့ သမ္မတ Barack Obama ၂၀၁၂ ခုနှစ်မှာ ကတိပြုထားချက်ကို တရားဝင်ဖြစ်စေတဲ့ သဘောတူချက် ကို အမေရိကန်သံအမတ်ကြီး Dereck Mitchell နဲ့ အမျိုးသား စီမံကိန်းနဲ့ ဖွံဖြိုးတိုးတက်မှုဦးစီးဌာန ဝန်ကြီး ဦးဆက်အောင်တို့ နေပြည်တော်မှာ လက်မှတ်ထိုး ခဲ့ကြတာဖြစ် ပါတယ်၊ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ ပြုပြင်ပြောင်း လဲမှုတွေကို ၂ နိုင်ငံလုံးက ဆက်ပြီး အားပေးသွားမယ် ဆိုတာကို အခု သဘောတူမှုက အာမခံလိုက်တာပဲလို့ သံအမတ်ကြီး Mitchell ကပြောပါတယ်။

ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ အခွင့်အလမ်းတွေ ရှိသလို ရေရှည်ခံတဲ့ တိုးတက်မှုနဲ့ အလုံးစုံတိုးတက်မှုအတွက် စိန်ခေါ်မှုတွေ ရှိနေတယ်လို့လဲ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးကပြောတဲ့ အကြောင်း ရန်ကုန် အမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ ကိုးကားဖော်ပြ ထားပါတယ်၊ ဒီကနေ့ အမေရိကန်နဲ့ မြန်မာအစိုးရတို့ အပြန်အလှန် သဘောတူခဲ့တဲ့ သဘောတူချက်ထဲမှာ အစိုးရ ၂ ခုကြား ပူးပေါင်း ကူညီမှုနဲ့ ပါတ်သက်တဲ့ အသေးစိတ် လမ်းညွှန်ချက်တွေကို အသေးစိတ်ဖော်ပြ ထားပါတယ်။

အထူးသဖြင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စားရေရိက္ခာဖူလုံရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ USAID က ကူညီထောက်ပံ့မှုပေးမယ့်ကိစ္စတွေကို အသေးစိတ် သဘောတူ ခဲ့ကြတာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ဘော်စတွန် ဗုံးသမားလို့ သင်္ကာမကင်း ဖြစ်သူကို စွဲချက် တသီတတန်း တင်ပြီ

အကိုဖြစ်သူ တာမလန်း (ယာ) နဲ့ ညီဖြစ်သူ ဂျိုခါ ဆာနာရက်ဖ်
28 ဇွန်လ 2013
ဘော်စတွန် မာရသွန်ပြေးပွဲမှာ ဗုံးခွဲတိုက်ခိုက်ခဲ့သူလို့ သင်္ကာမကင်း ဖြစ်ခံနေရတဲ့ Dzhokhar Tsarnaev ကို ရာဇဝတ်မှု အတော်များများနဲ့ အမေရိကန် အစိုးရ အာဏာပိုင်တွေက စွဲချက်တင်လိုက်ပါတယ်။

အဲဒီ အထဲမှာ လူသတ်မှု ၊ လူအများအပြား သေကြေပျက်စီးစေတဲ့ လက်နက်တွေ အသုံးပြုမှုတွေလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက ဖြစ်ပွားခဲ့တဲ့ ဘော်စတွန် မာရသွန် ဗုံးခွဲမှုမှာ လူသုံးယောက် သေဆုံးခဲ့ပြီး အခင်းဖြစ်ပွားပြီး လေးရက်မြောက်နေ့မှာ အကိုဖြစ်သူ တာမလန်း ဆာနာရက်ဖ်နဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ ရဲတယောက် သေဆုံးသွားခဲ့ပါတယ်။

တာမလန် ဆာနာရက် ကိုယ်တိုင်လည်း ပစ်ခတ်မှု အတွင်းမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ချက်ချင်ညှာမှာ မွေးဖွားခဲ့သူ အသက် ၁၉နှစ်သာ ရှိသေးတဲ့ ဂျိုခါ ဆာနာရက်ဖ်ဟာ အခုတင်ထားတဲ့ စွဲချက် တော်တော်များများကြောင့် သေဒဏ် ဒါမှဟုတ် တသက်တကျွန်း ပြစ်ဒဏ် ကျခံရနိုင်တယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ဘောလုံးကွင်းပြင်မှာ ဆန္ဒပြ၊ ကွင်းထဲမှာ ပင်နယ်လ်တီ ကန်နေရ

ရဲနဲ့ ဆန္ဒပြသူတွေ ဆုံကြသော အခါဝယ်
28 ဇွန်လ 2013
ဘရာဇီး နိုင်ငံ အရှေ့မြောက်ပိုင်းက Fortaleza မြို့မှာ Confederations Cup ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် စပိန်နဲ့ အီတလီ အသင်းတို့ ကစားပွဲ မစခင် ဆန္ဒပြ သမားတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ဆန္ဒပြမှုနဲ့ လူအယောက် ၈ဝ ကျော် အဖမ်းခံ ခဲ့ရပါတယ်။

ကစားပွဲ မစခင် နာရီပိုင်း အလိုမှာ လူငါးထောင် လောက်ဟာ အားကစားရုံ ရှေ့ကို ချီတက် သွားခဲ့ကြပြီး ချီတက်သွားကြတဲ့ လူအုပ်က ကြီးပေမယ့် ငြိမ်းငြိမ်းချမ်းချမ်းဘဲလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါပေမယ့် ဘရာဇီးရဲဟာ ပြဿနာ ရှာချင်တဲ့ လူအနည်းအကျဉ်းသာပါတဲ့ လူငယ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည် ပစ်ခတ် လက်တုန့်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ရီယိုဒီ ဂျနဲယိုးနဲ့ တခြား မြို့ကြီးတွေမှာလည်း ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အဲဒီလို အပြင်မှာ ဆူပူဆန္ဒပြ အကြမ်းဖက်မှုတွေ ဖြစ်နေပေမယ့်မယ့် Confederations Cup ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်တဲ့ စပိန်နဲ့ အီတလီ အသင်းတို့ ကစားခဲ့တဲ့ ဘောလုံးပွဲမှာ အချိန်ပို ကစားတဲ့ အထိ သရေ ဖြစ်နေတဲ့ အတွက် ပင်နယ်တီနဲ့ ဆုံးဖြတ်ရာမှာ စပိန်က ၇ဂိုး ၆ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်သွားပါပြီ။

လာမယ့် တနဂနွေနေ့မှာ အိမ်ရှင် ဘရာဇီး အသင်းနဲ့ ဗိုလ်လုရမှာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

မိုဘိုင်းဖုန်း မြန်မြန် သုံးနိုင်အောင် လုပ်မယ်လို့ Telenor ပြော

မြန်မာ နိုင်ငံမှာ ဆက်သွယ်ရေး လိုင်စင် ရသွားတဲ့ နော်ဝေက တယ်လီနော ကုမ္ပဏီ အမှတ်တံဆိပ်
28 ဇွန်လ 2013
မြန်မာ နိုင်ငံအတွင်းမှာ ဆက်သွယ်ရေး လုပ်ငန်းတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ပြည်ပက ကုမ္ပဏီ ၂ ခုကို တင်ဒါ စိစစ်ရေးအဖွဲ့က ခွင့်ပြုလိုက်တဲ့ အထဲမှာ နော်ဝေးနိုင်ငံက တယ်လီနော ကုမ္ပဏီလည်း ပါဝင်ပါတယ်။

ဒီ တယ်လီနော ကုမ္ပဏီ အနေနဲ့ အခုလိုင်စင် ရရှိပြီးနောက်မှာ ဘာတွေ ဆက်ပြီးလုပ်သွားကြမလဲ ဆိုတာကို အဲဒီ တယ်လီနော ကုမ္ပဏီက အာရှဒေသတွင်း ဆက်သွယ်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူး Glenn Mandelid ကို ဘီဘီစီက ဆက်သွယ် မေးကြည့်တော့ ပထမ အဆင့်အနေနဲ့ ဒီလိုင်စင် အတွက် လိုအပ် တာတွေကို မြန်မာ အာဏာပိုင်တွေနဲ့ ဆွေးနွေးမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

တချိန်ထဲမှာ မြန်မာ ပြည်သူတွေ မိုဘိုင်းဖုန်း တွေ အမြန်ဆုံး သုံးစွဲ နိုင်အောင် ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ မြန်နိုင်သမျှ မြန်မြန် အကောင်အထည် ဖော်သွားမှာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

အဲဒီအတွက် အရေးကြီးဆုံးဖြစ်တဲ့ ဝန်ထမ်း ခေါ်ယူ ခန့်ထားမှုတွေကို လုပ်မှာဖြစ်ပြီး ဝန်ထမ်း အများစုကလည်း ပြည်တွင်း ထဲကပဲ ဖြစ်မှာပါလို့ သူက ဆိုပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံတွင်းမှာ မိုဘိုင်းဖုန်းတွေကို တွင်တွင်ကျယ်ကျယ် သုံးစွဲ သွားနိုင်အောင် လုပ်ဖို့ကို ရည်ရွယ်ထားတဲ့ အတွက် ဈေးနှုန်းတွေ ကျလာမှာပါလို့ သူက ပြောပါတယ်။

အခုလက်ရှိ ပေးဆောင်နေရတဲ့ ဝန်ဆောင်မှု ဈေးနှုန်းတွေထက်ကို အများကြီး ပိုပြီးသက်သာ သွားမှာဖြစ်ပြီးတော့ တယ်လီနော အနေနဲ့ အာရှဈေးကွက်ထဲမှာ လုပ်ကိုင်လည်ပတ် နေခဲ့တာဟာ ၁၅ နှစ် ရှိနေပြီ ဖြစ်လို့ အတွေ့အကြုံ တော်တော် ရှိနေပါပြီလို့ မစ္စတာ မန်ဒီလစ်ဒ့်က ဆိုပါတယ်။

အာရှ ဈေးကွက်ရဲ့ ၉၅ ရာခိုင်နှုန်းဟာ ကြိုတင် ငွေဖြည့် စနစ်နဲ့ ထပ်ပြီး ငွေထပ်ဖြည့်တဲ့ စနစ် မျိုးတွေကိုသာ အသုံးများတဲ့ အတွက်ကြောင့် ဒီလို စနစ်တွေကို လူတိုင်း သုံးစွဲနိုင်အောင်လို့ ဘယ်လို လုပ်ရမလဲ ဆိုတာကို သူတို့ အနေနဲ့ နားလည်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ ပြောရရင်တော့ ကနဦး ဘယ်လောက်လဲ ဆိုတာ အတိအကျ ပြောဖို့ ခက်ပြီး မိုဘိုင်းဖုန်း ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီ တိုင်းကတော့ ရင်းနှီးမြှုပ်နှံမှုကို တော်တော် ထည့်ရမှာ ဖြစ်သလို ဝန်ဆောင်မှုတွေ ပေးဖို့ လိုအပ်တဲ့ ကွန်ယက် တည်ဆောက်မှု၊ ဖြန့်ဖြူးမှု နဲ့ ဈေးကွက်ထဲ ထိုးဖောက်ဖို့တွေ အတွက် လုပ်ရမှာပါလို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံအတွင်းမှာ ဆက်သွယ်ရေး နဲ့ ပတ်သက်တဲ့ ဥပဒေတွေ လက်ရှိ အချိန်မှာက မရှိသေးတော့ နောက်ပိုင်း ပြဌာန်း လာတဲ့ အခါမှာရော အဲဒီအပေါ်မှာ ဘယ်လို ဆောင်ရွက်သွားမလဲ ဆိုတဲ့ ဘီဘီစီရဲ့ မေးမြန်းချက်ကို သူက ပြန်လည် ဖြေကြားရာမှာ ဘယ်နိုင်ငံမှာပဲ လုပ်ငန်း လုပ်လုပ် အဲဒီ နိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာ ဆောင်ရွက်ရမှာ ဖြစ်တဲ့ အကြောင်း ၊ ပြည်ပကနေ လာပြီး ရင်းနှီးမြှုပ်နှံသူ ဖြစ်တဲ့အတွက် မြန်မာ နိုင်ငံအတွင်း ရေရှည်မှာပါ တည်တည် တန့်တန့်ရှိနေအောင် အာမခံ ပေးနိုင်မယ့် ဥပဒေ တခု ရှိနေစေချင်ပါတယ်လို့ သူ့သဘောကို ပြောကြားခဲ့ပါတယ်။

အဲဒါကြောင့်လည်း တကယ်လို့ မြန်မာဘက်ကနေ ဆက်သွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဥပဒေ ရေးဆွဲ ပြဌာန်းရေးမှာ အကူအညီ လိုမယ်ဆိုရင်လည်း ပူးပေါင်း ကူညီဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ တယ်လီနော ကုမ္ပဏီက အာရှဒေသတွင်း ဆက်သွယ်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူး Glenn Mandelid က ဆိုသွားခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

Videos - Super Simple ABCs S - Z

Videos - Super Simple ABCs J - R

Videos - Super Simple ABCs A - I

Upper Case Student Book

ထားဝယ်ငါးပိထောင်း သိကောင်းစရာ

ငါးပိထောင်း (ဓါတ်ပုံ - Thinkyunthar.blogspot.com)
Thursday, June 27th, 2013
မြန်မာတို့၏ အစားအစာတွင် ထမင်း၊ ဟင်းချို၊ အသားဟင်း တစ်မျိုးမျိုးနှင့် ငါးပိ၊ တို့စရာတို့သည် ထာဝရသုံး ဟင်းလျာများ ဖြစ်ပေသည်။ ယင်းတို့တို့အနက် ငါးပိသည် အခြေခံအစားအစာဖြစ်၏။ ထို့ကြောင့်လည်း မြန်မာတို့ နှုတ်များက ငါးပိပါမှ အားရတင်းတိမ်ပြီး ထမင်းမြိန်သည်ဟု ဆိုကြ ပြောကြလေသည်။

ငါးပိတွင် စိမ်းစားငါးပိ၊ မျှင်ငါးပိ၊ ဒမင်းငါးပိ၊ ရေချိုငါးပိနှင့် ငါးပိကောင်ဟူ၍ ရှိ၏။ စိမ်းစားငါးပိကို မြိတ်နှင့်ထား ဝယ်နယ်များတွင် လုပ်ကိုင်ကြပြီး ဒေသကို အစွဲပြုလျက်  မြိတ်စိမ်းစားငါးပိ၊ ထားဝယ်စိမ်းစား ငါးပိဟု ခေါ်ဝေါ်ကြသည်။ မျှင်ငါးပိကို ဘိုကလေး (ဖျာပုံနယ်)၊ လပွတ္တာ (မြောင်းမြနယ်)၊ သက္ကသောင် (ပုသိမ်နယ်) တို့တွင် လုပ်ကိုင်ကြပြီး မျှင်ပိုက်နှင့်ဖမ်း၍ရသော မျှင်များကို အစွဲပြု၍ မျှင်ငါးပိဟု ခေါ်သည်။ ဒမင်းငါးပိမှာ ဒမင်းထောင်၍ ဖမ်းရသော ငါးကလေးအမျိုးမျိုးကို နေလှန်းဆားပ်က၍ ထောင်းယူရသော ငါးပိဖြစ်သည်။ ငါးပေါသည့် အရပ်တိုင်း၌ ဒမင်းငါးပိလုပ်ကြ၏။ ငါးကို အကောင်လိုက် ဆားပက်၍ ကုပ်နှိပ်ထားပေသည်။ ယင်းကို ငါးပိကောင်ဟု ခေါ်သည်။

ထိုသို့ ငါးပိကို ဒေသအလိုက် ခွဲခြားလုပ်ကိုင်ဆောင်ရွက်ကြသကဲ့သို့ စားသောက်ပုံမှာလည်း တစ်နယ်နှင့်တစ်နယ် မတူချေ။ ဒေသအလိုက် အကြိုက်တစ်မျိုးစီ သုံးဆောင်တတ်ကြပေသည်။ အထူးသဖြင့် ထားဝယ်ခရိုင်၊ ထားဝယ်ဒေသတွင် စိမ်းစားငါးပိဖြင့် ပြုလုပ်ရသော ငါးပိထောင်းကို အသုံးများ၏။ ငါးပိထောင်းကို ထားဝယ်သူ ထားဝယ်သားများ သာမက မောင်းမကန် ပင်လယ်ကမ်းခြေသို့ တစ်ခါတစ်ခေါက် အလည်ရောက်ကြသူများနှင့် အစိုးရအရာထမ်း အမှုထမ်းများ ကြားဖူး စားသုံးဖူး ကြပေလိမ့်မည်။
ယင်းငါးပိထောင်းတွင် စိမ်းစားငါးပိ၊ ငရုတ်သီး အစို/အခြောက်၊ ကြက်သွန်ဖြူနှင့် ပုဇွန်ခြောက်တို့ ပါဝင်ပေသည်။ ပြုလုပ်ရန် နည်းလမ်း၊ အကြမ်းဖျင်းမှာ စိမ်းစားငါးပိ သုံးကျပ်သားခန့်ကို တုတ်လျှို၊ တုတ်တပ်၍ (သို့မဟုတ်) မြေ စလောင်းဖုံးတွင် အပြားလိုက်ကပ်ပြီး မီးခဲရဲရဲဖြင့် ကပ်ရမည်၊ (သို့မဟုတ်) ဖုတ်ရမည်။ ၎င်းအပြင် ငရုတ်သီးအခြောက် (၁၀) တောင့်ခန့်နှင့် ငရုတ်သီးသုံးတောင့်ခန့်ကိုလည်း တုတ်ဖြင့် သီး၍ မီးကင်ရမည်။ ၎င်းငရုတ်သီးများ မီးကင်၍ ကျက်လျှင် ပုဇွန်ခြောက် တစ်ကျပ်သားခန့်နှင့် ကြက်သွန်ဖြူဥကြီးကြီးတစ်ုခန့် ရောပြီး ငရုတ်သီးမီးကင်နှင့်အတူ ဆုံတွင် ထည့်၍ ထောင်းရမည်။ ၎င်းအမည်များညက်လျှင် မီးကင်ပြီး အသင့်ဖြစ်နေသော ငါးပိသုံးကျပ် သားခန့်နှင့် ထပ်မံပေါင်း၍ ဆုံ၌ ဆက်လက်ထောင်း ပါလေ။

သတိပြုရန်မှာ ငါးပိမတူးမခြစ်စေရန်နှင့် ငရုတ်သီးမီးကင်၊ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူ၊ ငါးပိဖုတ် စသည့်အမည် များအားလုံး ရောနှောနှံ့စပ်သမအောင် ထောင်းယူရန်ပင် ဖြစ်၏။ သို့မှ ထားဝယ်ငါးပိထောင်း အရသာပိုကောင်းပြီး လျှာတွေ့ခံတွင်း တွေ့ပေမည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားရုယ်ခရိုင်၊ ထားဝယ်ဒေသတွင် နေထိုင်ကြသူများသည် ငါးပိထောင်းကို တာရှည် စားသုံးနိုင်အောင် ထောင်းပြီးပြီးခြင်းလက်ဖြင့် ဆုပ်နယ်အလုံးပြုလုပ်ပြီး အဖုံးပါသော အစ်(သို့မဟုတ်) ခွက်တို့ဖြင့် ထည့်၍ စားသုံးကြသည်။ သန့်သန့်ရှင်းရှင်းနှင့် ပိုးမွှားမဝင်၊ ယင် မဥလျှင် ထားဝယ်ငါးပိထောင်းသည် တစ်လနှင့် နှစ်လအထိပင် အထားခံပေသည်။

ထားဝယ်ငါးပိထောင်းနှင့်တွဲ၍ စားသုံးနိုင်သော တို့စရာများမှာ သရက်ကင်း၊ မရမ်းကင်း၊ လမုက်ငး၊ လမဲ့ကင်း၊ မိန္နဲကင်း၊ သခွားသီးနှင့် နာနတ်ဦး၊ သီဟိုဠ်သီး၊ သရက်သီးစသည့် မချိုမချဉ်များ (သို့မဟုတ်) သစ်တို၊ တညင်း၊ တောင်တလဲ၊ ကန့်ကလာ၊ မုံလာ၊ ငှက်ပျောဖူးအပြင် အခြားချဉ်ဖတ်စိမ်ထားသော တို့စရာတို့နှင့် တွဲဖက်သုံး ဆောင်နိုင်လေသည်။

ထိုငါးပိထောင်းကို တို့စရာအစုံအလင်ဖြင့် ရာသီမရွေး၊ ဥတုမရွေးပြုလုပ်စားသုံးနိုင်၏။ သို့သော် နွေ၊ မိုး၊ ဆောင်း ခွဲ၍ ထောင်းက ပိုအရသာရှိရုံမက၊ ကျန်းမာရေးအတွက် ဆေးတစ်ခွက်ပင် ဖြစ်နိုင်သေး၏။ ဥပမာ – အေးသော ဆောင်းရာသီတွင် ငရုတ်သီးနည်းနည်းပိုကဲ၍ ထောင်းလျှင် ချွေးကလေးစို့စို့ဖြစ်လာပြီး အအေးဖျား၊ အညောင်း ဖျားများပျောက်၊ အရသာလည်း တွေ့ အာဟာရဓာတ်လည်း ဖြည့်ပြီး ဖြစ်ပေလိမ့်မည်။

မှန်ပေသည်။ အများစုသည် ငါးပိကို ကြိုက်နှစ်သက်၍ စားသုံးနေကြသော်လည်း ငါးပိတွင် မည်သည့်အာဟာရ ဓာတ်များပါရှိသည်ကိုမူကား ဂရုပြုသတိထား လေ့လာကြဟန်မတူချေ။ ငါးပိနှင့်ပတ်သက်၍ မြန်မာ့စွယ်စုံကျမ်း အတွဲ ၃၊ စာမျက်နှာ ၂၀၄ ငါးပိ၏ အာဟာရဓာတ်များအကြောင်းတွင် ယနေ့ပြည်သူတို့ အများစုစားသုံးနေသော ငါးပိ၌ရေ၊ ပရိုတင်းနှင့် တွင်းထွက်ဓာတ်သတ္တုများပါရှိပေသည်။ တွင်းထွက်ဓာတ်သတ္တုများအနက်၊ ဆားအပြင် ကယ်လ်စီယမ်နှင့် ဖော့စဗောရပ် (ခေါ်) ဒြပ်စင်များ ပါသည်။ ထို့အပြင် သွေးကေင်းရန်အတွက် သံဓာတ်လည်း ပါ၏။ ငါးပိတွင် ရေ ရာခိုင်နှုန်း ၄၀ မှ ၅၀ အထိ၊ ပရိုတင်းရခိုင်နှုန်း ၂၀ မှ ၃၀ အထိ၊ အဆီ ရာခိုင်နှုနန်း ၃ မှ ၄ အ ထိ ပါဝင်သည်။ စိမ်းစးနှင့် မျှင်ငါးပိတွင် ဆားရာခိုင်နှုန်း ၁၀ မှ ၂၅ အထိ ရေချိုငါးပိ၊ ဒမင်းငါးပိနှင့် ငါးပိကောင်များတွင် ဆားရာခိုင်နှုန်း ၂၀ မှ ၃၀ အထိ ပါဝင်ကြသည်။ အသားနှင့် အဆီများ ပါဝင်သောကြောင့် ငါးပိသည် အခြား အသားများကဲ့သို့ အပူဓာတ်ကိုပေးသည်။ ငါးပိအမျိုးအစားကို လိုက်၍ ငါးပိ တစ်အောင်စလျှင် အပူဓာတ် ၃၁ ကလိုရီမှ ၉၄၈ ကလိုရီအထိ ပေးနိုင်သည်။ ဤသည်တို့ကြောင့် ငါးပိသည် အမဲသား၊ ဆိတ်သား၊ ဝက်သား လောက် အာဟာရတန်ဖိုးရှိသည်ဟု ဆိုနိုင်လေသည်။

ယနေ့ဆိုလျှင် ငါးပိကို တိုင်းနှင့်ပြည်နယ် မြို့နယ်များ၊ အညာဒေသပါမကျန် စားသုံးတတ်နေကြပြီဖြစ်၍ ငါးပိ၏ အရသာကောင်းခြင်း၊ ငါးပိ၏ အာဟာရတန်ဖိုးကြီးမားခြင်း၊ အခြားအခြားသော အသားငါးများထက် ဈေးနှုန်း သက်သာခြင်းစသည့် အကျိုးများကြောင့် အသုံးပြုစားသောက်လာသည်ကိုလည်း တွေ့မြင်ရပေသည်။

“ထားဝယ်ငါးပိထောင်းနှင့် သိကောင်းစရာ” အဖြစ်နှင့် တင်ပြရခြင်း၏ ရည်ရွယ်ချက်မှာ ထားဝယ်ငါးပိထောင်းသည် အချိန်တိုတိုနှင့် လိုရင်းရောက်အောင် ပြုလုပ်နိုင်သည်။ ယင်းငါးပိထောင်းမှ ခွဲထွက်၍ သံပရာရည်ညှစ်၊ ငါးပိဖျော်၊ ငါးပိသုပ်၊ တို့စရာအမျိုးမျိုးနှင့် လည်းကောင်း ငါးပိထောင်းကို အစ်နှင့် ပိုးမွှားမဝင် လုံခြုံအောင်ထားလျှင် လနှင့်ချီ၍ စားသုံးနိုင်ခြင်း၊ နေထိုင်မကောင်းသူများ၊ ခံတွင်းမတွေ့သူများ၊ တို့စရာ၊ ဟင်းချိုနှင့် ပေါင်းဖက်လိုက်လျှင် ခံတွင်းမြိန်ခြင်း၊ အရသာတွေ့ခြင်း၊ ကျန်းမာရေးပင် ကောင်းမွန်လာနိုင်ပေသေးသည်။ အထူးသဖြင့် အလုပ်ကြမ်းသမားများ၊ တောင်သူလယ်သမား၊ အလုပ်သမားများနှင့် သင့်လျှော်သော ဟင်းလျာတစ်မျိုးဟု ဆိုနိုင်ပေသည်။ အလျဉ်းသင့်က ဖော်ပြပါ နည်းစနစ်အတိုင်း စမ်းသပ်လုပ်ကိုင်စားသောက်ကြဖို့ကိုလည်း စေတနာဖြင့် တိုက်တွန်းလိုပေသည်။

မှန်ပေသည်။ ထားဝယ်ငါးပိထောင်းသည် ထားဝယ်သူ၊ ထားဝယ်သားတို့၏ ဘိုးဘွားစဉ်ဆက်မှ စ၍ စားသုံးလာကြသည့် ရိုးရာဟင်းလျာတစ်မျိုးဖြစ်ကြောင်း တင်ပြလိုက်ရပါတော့သည်။
ရှိန်အောင်ဗိုလ်
Tavoyan Voice

ဘတ်စ်ကားခေါင်မိုးကိုကိုင်လျက် လေပေါ်ပျံသန်းပြသည့် ဒိုင်နမို၏ မျက်လှည့်စွမ်း (ရုပ်/သံ)


လူအများကို ထူးထူးဆန်းဆန်းများဖြင့် အံ့ဩစေတတ်သူ ပဉ္စလက် ပညာရှင် ဒိုင်နမို (#Dynamo)တစ်ယောက် ကမ္ဘာလှည့် ခရီးသည်များကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပြန်သည်။ #Pepsi ၏ ကြော်ငြာကဏ္ဍတွင် ပါဝင်ကူညီခဲ့သည့် ဒိုင်နမိုသည် ဗြိတိန်တွင် ကမ္ဘာလှည့် ခရီးသည်များ လိုက်ပါလာသည့် နှစ်ထပ်ဘတ်စ်ကားကြီး၏ နံဘေးတွင် လက်တစ်ဖက်ထဲဖြင့် ထိထားကာ လေပေါ်ပျံသန်း လိုက်ပါလာပြီး မျက်လှည့် ပညာစွမ်း ပြသခဲ့သည်။ ဒိုင်နမိုက အဆိုပါ မျက်လှည့် ပညာခန်းသည် #Pepsi #MAX အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Daily Mailသို့ ရှင်းပြခဲ့သည်။

"ရူးလောက်တဲ့ ကိစ္စတစ်ခုပေါ့။ ကျွန်တော်က ဒီအကြံအစည်ကို Pepsiကို ပြောပြတယ်။ သူတို့က သဘောကျတယ်။ ရက်နည်းနည်းကြာတော့ လက်တွေ့ လုပ်ဖြစ်သွားတယ်"ဟု ဆိုသည်။ ဒိုင်နမိုသည် ၎င်း၏ မျက်လှည့်ပညာခန်း ပြသအပြီးတွင် Pepsi Maxဘူးကို ထုတ်၍ သောက်သုံးခဲ့သည်။ ဒိုင်နမိုသည် အဆောက်အအုံ တစ်ခုတွင် တပ်ဆင်ထားသည့် မှန်ကို ဖြတ်သန်းကာ တစ်ဖက်သို့ ကူးပြခြင်း၊ သိမ်းစ်မြစ်ထဲတွင် ရေပေါ်၌ လမ်းလျှောက်ပြခြင်း စသည်တို့ အပါအဝင် ထူးခြားဆန်းပြားသော ပဉ္စလက် အတတ်ပညာခန်းများကို လက်တွေ့ ပြသခဲ့ဖူးသူ ဖြစ်သည်။

ဒိုင်နမိုက "ကျွန်တော် ခုလို လုပ်ပြတော့ လမ်းပေါ်က လူတွေ အရမ်းအံ့ဩ နေကြတယ်။ ဘတ်စ်ကားပေါ်က လူတွေရောပဲ။ ပြီးတော့ ကျွန်တော့်ကို ဝိုင်းချိန်ထားတဲ့ ကင်မရာတွေ၊ ဖုန်းတွေ အများကြီးကို တွေ့ခဲ့ရတယ်"ဟုလည်း ဆိုသည်။ ဒိုင်နမိုသည် ၎င်း၏ ရုပ်မြင်သံကြား စီးရီးဖြစ်သော #Watch #TV #show #Dynamo: #Magician #Impossible ၏ တတိယမြောက် အစီအစဉ်အတွက်လည်း ပြင်ဆင်လျှက် ရှိသည်။

"နောက်ထပ် စီးရီးသစ်မှာတော့ ပိုကောင်းတဲ့ လှည့်ကွက်လေးတွေ ထည့်ဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော့် ဆန္ဒကိုက မဖြစ်နိုင်တာတွေကို လက်တွေ့ဖြစ်အောင် ဖန်တီးပြနေဖို့ပဲလေ"ဟုလည်း ဒိုင်နမိုက ပြောကြားသွားသည်။
Planet Myanmar Network

တရုတ်ရှင်ကျန်းပြည်နယ် အူဂါနှင့်ဟန်လူမျိုးတို့အကြား ပဋိပက္ခ ၂၇ ဦးသေဆုံး

ဘေဂျင်း၊ ဇွန် ၂၆
အူဂါမွတ်ဆလင်များနှင့် ဟန်လူမျိုးများအကြား မကြာခဏ ပဋိပက္ခ ဖြစ်ပွားလေ့ ရှိသော တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်တွင် ဗုဒ္ဓဟူးနေ့ နံနက်စောစောပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးသွားကြောင်း တရုတ်အစိုးရ၏ ဆင်ဟွာသတင်းတွင် ဖော်ပြထားချက်များကို ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

ရှင်ကျန်းပြည်နယ် မြို့တော် Urumqi ၏ အရှေ့တောင်ဘက် မိုင် ၁၂၀ ခန့်တွင် ရှိသော နယ်မြို့တစ်ခုဖြစ်သည့် တာဘန်တွင် ဓားများ ကိုင်ဆောင်ထားသော အကြမ်းဖက်လူတစ်စုက ရဲစခန်းနှင့် ဒေသခံအစိုးရ အဆောက်အအုံတစ်ခုကို တိုက်ခိုက်လာခြင်းကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့ရခြင်းလည်း ဖြစ်သည်။

ယခုပဋိပက္ခနှင့် ပတ်သက်၍ ဆင်ဟွာ သတင်းဖော်ပြချက်များကို အတည်ပြုနိုင်ရန်မှာမူ သတင်းနှင့် ပတ်သက်၍ တင်းကျပ်စွာ ထိန်းချုပ်ထားခြင်းကြောင့် မလွယ်ကူကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

အကြမ်းဖက် လူတစ်စုသည် လူများကို ဓားဖြင့်ထိုးခြင်း၊ ရဲကားများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ယင်းပဋိပက္ခကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် လူခုနစ်ဦး သေဆုံးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ပစ်ခတ်ခြင်းကြောင့် လူ ၁၀ ထပ်မံ သေဆုံးခဲ့သည်။

ယခုနှစ် ဧပြီလကလည်း ရှင်ကျန်းပြည်နယ် Kashgar မြို့တွင် အူဂါမွတ်ဆလင်များနှင့် ဟန်လူမျိုးများ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး နောက် လူ ၂၁ ဦး သေဆုံးခဲ့သည်။

၂၀၀၉ ခုနှစ်ကလည်း ရှင်ကျန်းပြည်နယ် မြို့တော် Urumqi မြို့တွင် အူဂါများနှင့် ဟန်လူမျိုးများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၂၀၀ ခန့် သေဆုံး ခဲ့ရသည်။
The Voice Weekly

မြွေဆိပ်ဖြေဆေး အစစ်တွင် လျှို့ဝှက် ကုတ်နံပါတ်ပါရှိဟုဆို

ဓါတ်ပုံ google
ရန်ကုန်၊ ဇွန် ၂၆
မြွေဆိပ်ဖြေဆေး အတုအစစ် ခွဲခြားရာတွင် အစစ်ဆိုပါက မြွေဆိပ်ဖြေဆေးပုလင်း တံဆိပ်ပေါ်တွင် ဆေးဝါးစက်ရုံ ထုတ်လုပ်စဉ်ကတည်းကပင် သက်ဆိုင်ရာ ဌာနအလိုက် လျို့ဝှက် ကုတ်နံပါတ်များ ပူးတွဲ ပါရှိကြောင်း မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဋ္ဌာန (အောက်မြန်မာပြည်) မှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

ထို့ပြင် မြွေဆိပ်ဖြေဆေး အတုတွင် Horse ဟူသည့် စာလုံးအစား House ဟု ရေးသားထားတတ် ကြောင်း၊ မြွေဆိပ်ဖြေဆေး အတုသည် ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင် ဈေးကွက်အတွင်း ထွက်ရှိသည်ကို မကြားသိရကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဆေးအတုတွေ လုပ်တဲ့နေရာမှာ ဆေးအကြောင်းကို နားလည်တဲ့လူပါရင် ပိုဆိုးလိမ့်မယ်။ ဆေးဝါး စစ်ဆေးတဲ့အခါမှာ အခြေခံအဆင့်ကို အစစ်အတိုင်း သုံးထားတော့ နောက်ဆုံး အဆင့်မှာ ပြောင်းထားတာ မပေါ်ဘူးပေါ့” ဟု တပ်မတော် ဆေးတက္ကသိုလ်မှ ဆရာဝန် တစ်ဦးက The Voice သို့ ပြောဆိုသည်။

ဆေးသုတေသန (အောက်မြန်မာပြည်) သည် မြွေဆိပ်ဖြေဆေး သုတေသနလုပ်ငန်းအပြင် ရှေးဦး သူနာပြုစုနည်းသစ်ဖြစ်သည့် အဝတ်ထုံး ကြပ်စည်းနည်း တီထွင်ခြင်း၊ မြွေစွယ် မထိုးဖောက်နိုင်သည့် ကာကွယ်ဖိနပ် တီထွင်ခြင်း၊ မြွေတစ်ကြိမ်ပေါက်လျှင် မြွေဆိပ်ထွက်ရှိမှု ပမာဏရှာဖွေခြင်း စသည်တို့ ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း အဆိုပါ အသိုင်းအဝိုင်းထံမှ သိရသည်။

အမှတ် (၁) ဆေးဝါးစက်ရုံ (ယခင် မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ) သည် မြင်း၏ သွေးရည်ကြည် က ထုတ်လုပ်သော မြွေပွေး အဆိပ်ဖြေဆေးနှင့် မြွေဟောက် အဆိပ်ဖြေဆေး၊ သိုး၏ သွေးရည်ကြည် က ထုတ်လုပ်သည့် မြွေပွေး အဆိပ်ဖြေဆေးတို့ကို ထုတ်လုပ်လျက်ရှိပြီး အဆိုပါ အဆိပ်ဖြေဆေး သုံးမျိုးကို မြန်မာနိုင်ငံတွင် အဓိက သုံးစွဲလျက်ရှိသည်။
The Voice Weekly

မိကျောင်းကန် မြေသိမ်းခံရသူများ ငါးကြိမ်မြောက် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဇွန် ၂၇။၁၉၉၁ခုနှစ်က တပ်မ(၂၂)မှ မတရားသိမ်းယူသွားသော သဃန်းကျွန်းမြို့ နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေနေရာများမှာ  ဗိုလ်ချုပ် အောင်ဆန်း ၃နှစ်သားအရွယ်ကတည်းက အခွန်ဆောင်၍နေထိုင်ခဲ့သော မြေများဖြစ်ကြောင်း ကြွေးကျော်ကာ အဆိုပါမြေနေရာများတွင် နေ ထိုင်ခဲ့သော မြေပိုင်ရှင်များမှ မြေကွက်များပြန်လည်ရရှိရေးအတွက် ယနေ့ မနက် ၁၁နာရီခွဲခန့်မှ စတင်ကာ ရန်ကုန်မြို
့တော်ခန်းမရှေ့ တွင် လူအင်အား ၃၀၀ကျော်ခန့်မှ တရားဝင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ကျွန်တော်တို့ ဒီမြေပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်း ၃နှစ်သားအရွယ်ကတည်းက အခွန်တွေဆောင်ပြီး
တရားဝင်နေလာခဲ့တာ။ ဒါကို ၁၉၉၁ခုနှစ် မှာ တပ်မ ၂၂ ကနေပြီးတော့ မတရားသိမ်းပိုက်တာကိုခံခဲ့ရတယ်။ ကျွန်တော်တို့မှာ ပြောင်းရွှေ့ပေးခဲ့ရတယ်။ ကလေးတွေမှာလည်း ပညာရေး တစ်ပိုင်းတစ်စတွေနဲ့ ဖြစ်ခဲ့ရသလို၊ မြွေ၊ငှက်ဖျားပေါတဲ့ နေရာတွေကို ပြောင်းခဲ့ရလို့ ကျန်းမာရေးထိခိုက်ပြီး မသေသင့်ပဲ သေခဲ့ရတဲ့လူတွေ လည်း အများကြီးရှိတယ်။” ဟု ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သူ ဦးစိန်သန်းက ပြောကြားသည်။

၁၉၉၁ခုနှစ်တွင် တပ်မ ၂၂မှတပ်ပိုင်မြေအဖြစ်သိမ်းယူပြီးနောက် တဲပေါ်မှ တိုက်ပေါ်ရောက်အောင်
ပြုလုပ်ပေးခြင်းဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံ ဌာနများနှင့် သတင်းစာများမှကြေညာကာ ဣစိတံတိုက်ခန်းများတွင် နေရာပြန်လည်ချထားပေးမည်ဖြစ်ကြောင်း၊ တိုက်ခန်းမလိုချင်ပါက လျော် ကြေးငွေ
၅သိန်းပေးမည် ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း မြေပိုင်ရှင်များထဲမှ အချို့သာလျှင် တိုက်ခန်းနှင့်
လျော်ကြေးငွေရရှိခဲ့ကြောင်း၊ မြေအစားထိုးပြန်ပေးသည်ဆိုကာ  ငွေကျပ် ၄၈၀၀ဖြင့် ပေ ၂၀ ပတ်လည် မြေကွက်များကို တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ မြို့ နယ်များတွင်
ရောင်းချခဲ့သဖြင့် ငွေကြေးတတ်နိုင်သူအချို့သာလျှင် ထိုနေရာများတွင် မြေ၀ယ်၍ နေထိုင်ခဲ့ရကြောင်း၊ ငွေကြေးမတတ်နိုင် သူများမှာ ပဲခူးမြို့ အစပ်သို့ ရွှေ့ပြောင်းခြင်းခံခဲ့ရကြောင်း သိရသည်။

“ကျွန်မတို့အစ်မတွေဆိုရင် ဟိုပြောင်းဒီပြောင်းနဲ့ အဲ့ဒီနှစ်က ကျောင်းနားလိုက်ရတယ်။ ကျွန်မတို့က
တောင်ဥက္ကလာမှာ ငွေ ၄၈၀၀ ပေးပြီး မြေကွက် ပြန်ဝယ်ပြီး နေခဲ့ရတာပါ။ ပဲခူး အစပ်၇ှိ
အေးမြသယာ၊အေးသုခ မြေနေရာတွေကိုအပို့ခံရတဲ့သူတွေဆို အဲ့ဒီမြေနေရာက ငှက်ဖျား၊တို့ မြွေတို့ပေါတယ်။ ငှက်ဖျားဖြစ်ပြီး သေတဲ့သူတွေနဲ့ မြွေကိုက်လို့သေတဲ့သူတွေနဲ့ အကုန်လုံးဒုက္ခေ၇ာက်ခဲ့ရတယ်။”ဟု ဒုတိယနှစ်ကျောင်းသူ မနေနွယ်ဝင်းကပြောသည်။

မိကျောင်းကန် အပိုင်း ၁၊၂၊၃  မြေနေရာများပြန်လည်ရရှိရန် ဆန္ဒထုတ်ဖော်ခြင်းမှာ ယခုအကြိမ်သည်
ပဉ္စမအကြိမ်ဖြစ်ကြောင်း သိရသည်။
ဆုဝေ
မြန်မာ့ခေတ်


အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒ ခံယူပွဲ

(ဓါတ်ပုံ - ဟောင်ဆာ၊ မဇ္ဈိမ)
အင်းစိန် ဇွန်လ ၂၇
၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်နှင့် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်တွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲ တရပ်ကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံ သံဃာမဟာနာယက ဆရာတော်ကြီးများ အပါအဝင် အနယ်နယ်အရပ်ရပ်မှ ရဟန်းသံဃာတော်များနှင့် ကျောင်းထိုင်ဆရာတော်များ အပါး တစ်ထောင်ကျော်ခန့် တက်ရောက်ခဲ့ကြသည်။
Mizzima - News in Burmese

အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒ ခံယူပွဲ

သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရမှ မိန့်ခွန်းပြောကြားစဉ်
(ဓါတ်ပုံ - ဟောင်ဆာ၊ မဇ္ဈိမ)
အင်းစိန် ဇွန်လ ၂၇
၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်နှင့် အောင် ဆန်းတောရ တပ်ဦးကျောင်းတိုက်တွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒ ခံယူပွဲသို့ တက်ရောက်လာသော ရဟန်းသံဃာတော်များအား သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရမှ မိန့်ခွန်းပြောကြားစဉ်။
Mizzima - News in Burmese

အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒ ခံယူပွဲ

မန္တလေး မစိုးရိမ်ကျောင်းတိုက်ဆရာတော် အရှင်ဝိရသူအား တွေ့ရစဉ်။
(ဓါတ်ပုံ - ဟောင်ဆာ၊ မဇ္ဈိမ)
 အင်းစိန် ဇွန်လ ၂၇
၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်နှင့် အောင် ဆန်းတောရ တပ်ဦးကျောင်းတိုက်တွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒ ခံယူပွဲသို့ ကြွရောက်လာသော မန္တလေး မစိုးရိမ်ကျောင်းတိုက်ဆရာတော် အရှင်ဝိရသူအား တွေ့ရစဉ်။
Mizzima - News in Burmese

မုံရွာတွင် တက္ကသိုလ်ကျောင်းသားများ ရိုက်ပွဲဖြစ်၊ တစ်ဦးသေ

Thursday, June 27, 2013
မုံရွာမြို့၊ သလ္လာမြို့သစ်ရပ်ကွက်ရှိ ရွှေမင်း သမီးအမျိုးသမီးအဆောင်ရှေ့တွင် တက္ကသိုလ် ကျောင်းသား လူငယ်များ ဇွန် ၂၅ ရက် ညက ရိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း မုံရွာရဲစခန်းက မှုခင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

ကျောင်းသားလူငယ် ခုနစ်ဦးသည် အမျိုးသမီးအဆောင်ရှေ့တွင် ဂစ်တာတီးခတ်နေစဉ် အခြားလူငယ်အုပ်စု တစ်ခုက ဆိုင်ကယ်များဖြင့် ရောက်လာကြပြီး အသင့်ယူလာသော သစ်သားချောင်းများဖြင့် ရိုက်နှက်ကြရာမှ ယင်းရန်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

ဆိုင်ကယ်များဖြင့် ရောက်လာသော လူငယ်အုပ်စုသည် ၁ဝ ဦးခန့်ရှိကြောင်းလည်း ရဲများက မှတ်တမ်းတင် ထားသည်။

ယခုရန်ပွဲတွင် မုံရွာ စီးပွားရေးတက္ကသိုလ်တွင် ပညာသင်နေသော အသက် ၂၁ နှစ်အ ရွယ် စာရင်းအင်းပညာ တတိယနှစ်ကျောင်းသား မောင်အောင်ဝိုင်းချစ်သူ သေဆုံးသွားကြောင်း အဆိုပါတက္ကသိုလ်၏ ကျောင်းသား မှတ်တမ်းထိန်းဌာန၏ စာရင်းဇယားများတွင် တွေ့ရသည်။ အဆိုပါ ကျောင်းသားသည် အင်းတော်မြို့နယ်၊ ရွာသာရွာမှ မုံရွာသို့ လာရောက် ကျောင်းတက်နေသူဖြစ်ကြောင်းလည်း ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် ရန်ပွဲကြောင့် မောင်ရန်ပိုင်ထွန်းနှင့် မောင်ရဲရင့်အောင်ဆိုသော ကျောင်းသားနှစ်ဦးလည်း ဒဏ်ရာများ ရရှိခဲ့ပြီး မုံရွာ ပြည်သူ့ဆေးရုံတွင် ဆေးကုသနေရသည်ဟု အကြီးတန်း ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြား သည်။ ၎င်းတို့နှစ်ဦးမှာမူ ပွန်းပဲ့ဒဏ်ရာများသာ ရရှိထားသည်ဟုလည်း ထိုသူက ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာမြို့မှ ရဲများက မည်သူက ရိုက်နှက်ခဲ့သည်ကို စုံစမ်းနေပြီဖြစ်ပြီး ရန်ပွဲကြောင့် ဒဏ်ရာရရှိသွားသူ မောင်ရန်ပိုင်ထွန်းက တရားလိုပြုလုပ်ကာ အမှုဖွင့်ထားပြီး ရဲစခန်းက အမှုအမှတ်(ပ) ၂၈၁/ ၂ဝ၁၃ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ လူသတ် မှုဖြင့် တရားစွဲနိုင်ရေး အတွက် ဆောင်ရွက်မည်ဟု ရဲဌာနက သတင်းထုတ်ပြန်သည်။
ကိုတိုးကြီး
Mizzima - News in Burmese

နမ့်ခမ်းတွင် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ဗုံးခွဲတိုက်ခိုက်ခံရ

နမ့်ခမ်းချောင်းနဘေးရှိ ဘိန်းဈေးတန်းမြင်ကွင်း (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
June 26, 2013
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ဇွန် ၂၅ ရက် ညနေ ၆ နာရီခန့်က မူးယစ်တိုက်ဖျက်ရေး အဖွဲ့ ဗုံးခွဲ တိုက်ခိုက် ခံရကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ် လွယ်လင်ကန် ကျေးရွာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူများ သယ်ဆောင်လာသည် ဆိုသည့် သတင်းကို ရရှိသဖြင့် မူးယစ် တိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးရန် သွားစဉ် ဗုံးခွဲ တိုက်ခိုက်ခံရပြီး မူးယစ်တိုက်ဖျက်ရေး အဖွဲ့မှ ၁ ဦး သေဆုံးကာ၊ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး နမ့်ခမ်းဆေးရုံးသို့ တင်ထားကြောင်း နမ့်ခမ်းဒေသခံ ဦးစိုင်းရီထွန်းက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ နမ့်ခမ်းမှာက တခုခုဖြစ်ပြီဆိုရင် ဘယ်အဖွဲ့ကလဲ ဆိုတာ သိပါတယ်။ ဟိုတလကလည်း အဲဒီလိုပဲ ဖြစ်ခဲ့ပါ သေးတယ်” ဟု ဦးစိုင်းရီထွန်းက ဆိုသည်။

နမ့်ခမ်း ဒေသတွင်း ဘိန်းရောင်းဝယ် ဖောက်ကားမှုကို အာဏာရ အစိုးရပါတီ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အရွေးချယ် ခံခဲ့ရသော နမ့်ခမ်း ပြည်သူ့လွှတ်တော် အမတ် လက်နက်ကိုင် ပြည်သူ့စစ် ခေါင်းဆောင် တဦးလည်း ဖြစ်သည့် ပန်းဆေး ဦးကျော်မြင့်က ဦးဆောင် ပြုလုပ်နေသည်ဟု ယူဆကြောင်း နမ့်ခမ်း ဒေသခံများက ပြောကြသည်။

ထို့အပြင် နမ့်ခမ်းမြို့တွင် မူးယစ်ဆေးဝါးကို အလွယ်တကူ ဝယ်ယူရရှိနိုင်ကြောင်း၊ မူးယစ် တိုက်ဖျက်သည့် အဖွဲ့များသည် နမ့်ခမ်း ဈေးနေ့တိုင်း မူးယစ်ဆေး ရောင်းဝယ်သူများကို ဖမ်းဆီးသော်လည်း မူးယစ် ဂိုဏ်းချုပ်ကို ဖမ်းမမိနိုင်သေးကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

“နမ့်ခမ်းမြို့မှာ မူးယစ်ဆေးဝါး ဘယ်လောက်အထိ ရောင်းဝယ်နေလဲ ဆိုတာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကိုတောင် ပြန်အန္တရာယ်ပြုနေပြီ။ မူးယစ်ဆေးဝါး သုံးစွဲမှုကို လျော့နည်းအောင် လုပ်ဖို့ဆိုတာ ရောင်းဝယ်နေတဲ့ အကြီးဆုံးကို အမြန် ဖမ်းဆီးသင့်တယ်” ဟု နမ့်ခမ်းဒေသခံ ဦးစိုင်းခမ်းက ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးများကို ၀ယ်ယူရန် အလွန်ပင် လွယ်ကူကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် မူးယစ်ဆေးဝါးကို တားဆီးကာကွယ် နှိမ်နင်းနေသော်လည်း ရောင်းဝယ်သူ၊ သုံးစွဲသူများက နည်းမျိုးစုံဖြင့် လုပ်ဆောင် နေကြသောကြောင့် ဒေသခံ ပြည်သူများပါ ပူးပေါင်း ဆောင်ရွက်မှ အောင်မြင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“နမ့်ခမ်းမှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေ တော်တော်များလာတယ်။ မူးယစ်ဆေးကို အလွယ်တကူ ၀ယ်နိုင်သလို၊ အလွယ်တကူ သုံးစွဲနေကြတယ်။ မူးယစ်တိုက်ဖျက်ရေး အဖွဲ့ ကိုတောင် ပြန်ပြီး တိုက်ခိုက်နိုင်တဲ့ သူတွေဆိုတော့ တော်တော်လေးကို လွန်တယ်” ဟု နမ့်ခမ်း မြို့မှ ဦးစိုင်းခမ်းက ဆိုသည်။

မူးယစ်ဆေးဝါးကို သုံးစွဲမှု များလာသဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် သူများကို အမြန်ဆုံး ဖမ်းဆီးသင့်ကြောင်း၊ သုံးစွဲသူများ ပပျောက်စေရန်လည်း ပြည်သူများနှင့် အာဏာပိုင်များ ပူးပေါင်း ဖြေရှင်းသင့်ကြောင်း၊ မူးယစ်ဆေးဝါး ကိစ္စများ ဖြေရှင်းသည့် နေရာတွင်လည်း ထိရောက်သည့် ပြစ်ဒဏ်များ ပေးသင့်ကြောင်း နမ်းခမ့်ဒေသခံများက ပြောကြသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နမ့်ခမ်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နှင့် နမ့်ခမ်းရဲစခန်းကို ဧရာဝတီက ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ယနေ့ ဇွန် ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေး နေ့အဖြစ် သတ်မှတ်ထားသည်။

ရှမ်းပြည် မြောက်ပိုင်းတွင် မူးယစ်ဆေး သုံးစွဲသည့် ပမာဏမှာ လူဦးရေ၏ ၇၀ ရာခိုင်နှုန်း နီးပါးရှိနေကြောင်း ဒေသခံ များက ဆိုသည်။

မေလ အတွင်းကလည်း နမ့်ခမ်းမြို့နယ် အောင်မေတ္တာ ရပ်ကွက်ရှိ ပရိယတ္တိ စာသင်တိုက်ကျောင်း အနီးတွင် အမည်အသိ အဖွဲ့တဖွဲ့က နမ့်ခမ်းမြို့နယ်ရှိ ပြည်သူ့ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ရဲတဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။
နန်းဆိုင်နွမ်
ဧရာဝတီ

ဆက်သွယ်ရေး အော်ပရေတာ အဖြစ် Telenor Mobile နှင့် Ooredoo ကုမ္ပဏီတို့ တင်ဒါ တို့အောင်မြင်


ရန်ကုန်၊ ဇွန် ၂၇။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်းလုပ်ကိုင်ခွင့်နှစ်ခုကို Telenor Mobile နှင့်
Ooredoo ကုမ္ပဏီတို့က ရရှိသွားပြီ ဖြစ် ကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော် ကုမ္ပဏီနှင့် ကာတာနိုင်ငံအခြေစိုက် အော်ရီဒို ကုမ္ပဏီတို့မှာ
ဆက်သွယ်ရေးတင်ဒါ စကာတင် ရွေးချယ် ခြင်း ခံထားရသော ကုမ္ပဏီ ၁၂ခုထဲမှ တင်ဒါအောင်မြင်သောကုမ္ပဏီများအဖြစ် ဇွန်လ ၂၇ရက်နေ့ ညနေတွင် ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခြင်းနှင့်ပတ်သတ်ပြီး “တင်ဒါက ပုံစံ၂မျိုး ရှိတယ်လို့ ပြောလို့ရတယ်။
ပထမတစ်ခုက ငွေအများဆုံးရင်းနှီးနိုင်တဲ့လူ ရ မယ်။ ဒုတိယတစ်ခုက သတ်မှတ်ထားတဲ့
စံချိန်စံညွှန်းတွေလည်းပြည့်မှီရမယ် ငွေကြေးလည်း အများဆုံးရင်းနှီးနိုင်ရမယ်ဆိုတဲ့ပုံစံပေါ့။ ဒီနိုင်ငံ မှာက ဒုတိယပုံစံနဲ့တင်ဒါပြိုင်ရတာပေါ့။ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေကိုပါ ကြည့်ပြီးတော့မှ ရွေးတာပေါ့”ဟု Telenor မှ ဒါရိုက်တာ တစ်ဦး ဖြစ်သူ Mr.Gleen Mandelid က ပြောကြားသည်။

နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော်ကုမ္ပဏီမှ ၎င်းတို့ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိပါက လုပ်ငန်း၏ ၉၀ရာခိုင်နှုန်းတွင် မြန်မာအလုပ်သမားများကို ခန့်အပ်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် မေလ ၁၆ရက်နေ့တွင် ၎င်းတို့၏ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောဆိုခဲ့သည်။

“မြန်မာနိုင်ငံမှာ Telenor အနေနဲ့ လာရောက် ရင်းနှီးမြှပ်နှံခွင့်ရခဲ့မယ်ဆိုရင် လုပ်ငန်းရဲ့  ၉၀%မှာ
မြန်မာနိုင်ငံသားတွေကို ခန့်အပ်သွားဖို့ ရှိပါ တယ်။ နိုင်ငံခြားက ပညာရှင်တွေကိုလည်း ဒီနိုင်ငံမှာ
အလုပ်ခန့်ဖို့ ရှိပါတယ်” ဟု Mr.Ola Jo Tandre က မေလ ၁၆ရက်နေ့တွင် ၎င်းတို့၏
သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် အစိုးရမှ တယ်လီဖုန်းအော်ပရေတာ လုပ်ငန်းလုပ်ကိုင်ရန်အတွက် နိုင်ငံခြားမှ ကုမ္ပဏီ ၂ခု နှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၂ခုတို့ကို ရွေးချယ်မည်ဖြစ်ရာ ပြည်တွင်းမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့ကုမ္ပစီတို့ ရွေးချယ်ခံထားရပြီး ပြည်ပမှ Telenor Mobile နဲ့ Ooredoo ကုမ္ပဏီတို့ ရွေးချယ်ခံရခြင်း ဖြစ်သည်။

“နိုင်ငံခြားကုမ္ပဏီကြီး ၂ခုနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့တွေ အများကြီး
ကြိုးစားရမှာ ဖြစ်ပါတယ်။ တယ်လီဖုန်းအော်ပရေတာရ မယ့် ကုမ္ပဏီ ၄ခုကလည်း ကိုယ့်မိုဘိုင်းကွန်ယက်ကို ကိုယ်ကောင်းအောင်လုပ်ရမယ်။ ကျွန်တော်တို့ ရတနာပုံတယ်လီပို့ကလည်း မိုဘိုင်းကွန် ယက်တွေကို ဒီထက်ပိုကောင်းအောင်ကြိုးစားရမှာပါ။ ဒီလိုမှကောင်းအောင်မလုပ်နိုင်ရင် ကိုယ့် မိုဘိုင်းကွန်ယက်ကို သုံးစွဲသူမရှိဘူး ဖြစ်သွား မယ်။ နိုင်ငံခြားကုမ္ပဏီကြီး နှစ်ခုနဲ့ ယှဉ်ပြိုင်ရမယ်ဆိုတော့ တော်တော်တော့ ကြိုးစားရမှာ ဖြစ်ပါတယ်။” ဟုရတနာပုံတယ်လီပို့ ဒုဥက္ကဋ္ဌ ဦးရန် ဝင်းက ပြောကြားသည်။

သို့သော် ဆက်သွယ်ရေးအော်ပရေတာ တင်ဒါအောင်မြင်သည့် ပြည်ပကုမ္ပဏီများကို ကြေညာရန်တစ်ရက်အလို ဇွန်လ ၂၆ရက်နေ့တွင် ပြည် သူ့လွှတ်တော်တွင် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းများအတွက် ကုမ္ပဏီများ ရွေးချယ်တာဝန်ပေးအပ်ခြင်းကို ဆက်သွယ်ရေးဥပဒေ ပြဋ္ဌာန်းပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ အရေးကြီးအဆို အဖြစ်တင်သွင်းခဲ့သည်။
ဆုဝေ
မြန်မာ့ခေတ်

၈၈မျိုးဆက်ခေါင်းဆောင်များ ဗြိတိန်ခရီးစဉ်မှ ပြန်လည်ရောက်ရှိ

ရန်ကုန်၊ ဇွန် ၂၆။
၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုကျော်ကျော်ထွေး(မာကီ)၊ မမီးမီး (သင်းသင်းအေး)နှင့် မနီလာသိန်းတို့ ရှစ်ဦးသည် ဗြိတိန် နိုင်ငံ (United Kingdom) သို့ ဇွန်လ (၁၇) ရက်နေ့တွင် စတင်သွားရောက်
ခဲ့ကြပြီး ယနေ့ ည (၆း၄၅)တွင် ထိုင်းလေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။
မြန်မာ့ခေတ်
ဓာတ်ပုံ -သီဟ






အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲ

ရန်ကုန်၊ ဇွန် ၂၇။
အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲကို ရန်ကုန်မြို့၊ အင်းစိန် မြို့နယ်၊တောရတပ်ဦးကျောင်းတိုက်တွင် ယနေ့နံနက် (၉း၀၀) နာရီတွင် စတင်ပြုလုပ်ပြီး ရဟန်းသံဃာ အပါး(၆၀၀)ခန့် ကြွရောက် သြ၀ါဒ ခံယူကြခဲ့သည်။

နေ့လည် (၁၁း၀၀)နာရီတွင် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းမှု တင်ခဲ့ကြပြီး ညနေ (၆း၀၀) နာရီတွင် မီဒီယာများ၊ စာနယ်ဇင်းများအား ရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ခေတ်
ဓာတ်ပုံ - သီဟ






နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com