http://picasion.com/i/1TeHX/
လိုချင်သောအချက်အလက်များကိုရှာဖွေရန်
ဆရာမောင်စိန်ဝင်း(ပုတီးကုန်)
Ads 468x60px
သားသမီးတွေအားလုံးအတွက်
Featured Posts
Random Posts
Powered by Blogger.
Social Icons
About
English
Blogger Templates
Movie Category 4
လျှပ်စစ် စက်ဘီးတွေ ပျံတော့မှာလား
နည်းပညာကုမဏီတွေက စမ်းသပ်ထုတ်လုပ်ပြီး မီဒီယာတွေကို စတင်မိတ်ဆက်ပေးခဲ့တဲ့ လျှပ်စစ် စက်ဘီးပျံတွေအကြောင်း
DVB TV News
မြန်မာများကို ကာကွယ်ပေးရေး မလေးသံရုံးရှေ့ ဆန္ဒပြမည်
ရန်ကုန်၊ ဇွန် ၁၃
အကြမ်းဖက်မှုများ ဆက်တိုက်ခံနေရသည့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံး ရှေ့တွင် ဇွန်လ ၁၇ ရက်နေ့၌ လူ ၅၀ ခန့် တရားဝင် ဆန္ဒပြမည်ဖြစ်ကြောင်း အဆိုပါ ဆန္ဒပြမှုကို ဦးဆောင်သည့် မြန်မာ့လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်၏ ဥက္ကဋ္ဌ ဦးနေမျိုးဇင်က ပြောကြားသည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံ သားများကို အခြားနိုင်ငံခြားသား များနှင့် တန်းတူ ဘေးကင်းလုံခြုံမှု ရှိစေရန်၊ ကာကွယ်စောင့်ရှောက်ပေးရန် စာသားပါ ဗီနိုင်းကို ကိုင်ဆောင်၍ တိုက်ပုံနှင့် အမျိုးသားဝတ်စုံကို ဝတ်ဆင်ကာ တောင်းဆိုသွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
"မြန်မာနိုင်ငံသားတွေ အဖမ်းဆီး ခံရမှုနဲ့ အကြမ်းဖက်ခံရတာတွေ ရပ်ဆိုင်းဖို့ တောင်းဆိုတာ" ဟု ဗိုလ်ကြီးဟောင်းလည်း ဖြစ်သူ နေမျိုးဇင်က ပြောကြားသည်။
မလေးရှားသံရုံး ရှေ့တွင် တရားဝင် ဆန္ဒပြခွင့်ရရန် ဇွန်လ ၁၂ ရက်နေ့က ဒဂုံ မြို့နယ် ရဲတပ်ဖွဲ့မှူး ထံသို့ ခွင့်ပြုချက် တောင်းခံထားပြီး ဖြစ်ကြောင်း ၄င်းက ဆိုသည်။
မြန်မာနိုင်ငံသားများ အကြမ်းဖက် ခံရမှုများကို မြန်မာနိုင်ငံက အထူးကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ မလေးရှားနိုင်ငံသို့ သွားရောက်ကာ ဖြေရှင်းနေချိန်ဖြစ်သဖြင့် ဆန္ဒဖော်ထုတ်ရန် သင့် မသင့် စဉ်းစားပေးရန် ဦးနေမျိုးဇင်ကို မေတ္တာရပ်ခံ ထားကြောင်း ဆန္ဒ ထုတ်ဖော်ခွင့်ပြုမည်၊ မပြုမည် ကို တရားဝင် ပြန်ကြားပေးမည် ဖြစ်ကြောင်း ဒဂုံမြို့နယ် ရဲစခန်း၏ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။
မလေးရှားနိုင်ငံတွင် မေလ ၂၉ ရက် နေ့ကစတင်ကာ မြန်မာများကို လူအုပ်စုလိုက် အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် မြန်မာနိုင်ငံသား အနည်းဆုံးခြောက်ဦး သေဆုံးခဲ့ပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား များကို တရားဥပဒေကြောင်းအရ အကာအကွယ်ပေးရန် မလေးရှား နိုင်ငံရောက် မြန်မာအတိုက်အခံ အဖွဲ့လေးဖွဲ့က ဇွန်လ ၆ ရက်နေ့က မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။
The Voice Weekly
ပန်းသီး လူမှုရေးလုပ်ငန်းများတွင် သီးခြားရပ်တည်မည်
ဇွန်လ ၁၄ ရက် ၂၀၁၃
ပြည်တော်ပြန် အနုပညာရှင်များထဲတွင် ပါဝင်သည့် သီးလေးသီးလူရွှင်တော် အဖွဲ့မှ ပန်းသီးသည် အခြားလူမှုရေး လုပ်ငန်းများတွင် ပါဝင်ခြင်းမပြုဘဲ သီးခြားရပ်တည်တော့မည်ဖြစ်ကြောင်း သီးလေးသီးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ပန်းသီးက မဇ္ဈိမသို့ ပြောကြားလိုက်သည်။
''သီးလေးသီးအဖွဲ့ထဲကနေ လုံးဝခွဲထွက်လိုက်တာမျိုးတော့ မဟုတ်ပါဘူး။ အဖွဲ့အစည်းအနေနဲ့ လုပ်ကိုင်ရတဲ့အခါမှာ အဆင်မပြေတာလေးတွေ ရှိလာတဲ့အတွက် ဒီလိုကိစ္စမျိုးတွေဆိုရင်တော့ မပါဝင်တော့ပါဘူး။ ဒါပေမဲ့ အနုပညာ လုပ်ငန်းဖြစ်တဲ့ အငြိမ့်ကတာမျိုး၊ ဖျော်ဖြေရတာမျိုးတွေ ဆိုရင်တော့ သီးလေးသီးရဲ့ ဧည့်သည်အဖြစ် ပါဝင်နေဦးမှာပါ။
ကျွန်တော် ပြည်ပမှာနေကတည်းက တစ်ကိုယ် တော်ပြက်လုံးတွေ ဖန်တီးချင်တဲ့စိတ်ကူး ကြောင့်လည်း ပါပါတယ်။ လက်ရှိမှာတော့ ဇာတ်ကားတွေ ကျွန်တော် လက်ခံရိုက်ကူးနေပါတယ်'' ဟု ပန်းသီးက မဇ္ဈိမသို့ ပြောကြားလိုက်သည်။
ပန်းမြတ်ဇော်
Mizzima - News in Burmese
သောက်ရေခပ် စီမံကိန်းတွင် နစ်နာသူများကို သိန်း ၂၇၉၀ လျော်
တောင်ငူမြို့နယ် နဂါးမောက် ကျေးရွာအုပ်စု ထုံးဘိုကျေးရွာ သောက်ရေ ခပ်ချောင်း အမှတ်(၂) ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်စဉ် မလွတ်ကင်း၍ ဖယ်ရှားပေးခဲ့ရသော နေအိမ် ၉၀ ကျော်ကို စီမံကိန်းတည်ဆောက်ခွင့်ရ ရွှေစွမ်းအင် ကုမ္ပဏီက နစ်နာကြေးကျပ်သိန်း ၂၇၉၀ ကျော် လျော်ကြေးပေးကြောင်း နစ်နာကြေးရ အိမ်ထောင်စုများက ပြောကြားသည်။
သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၆ ခုနှစ်တွင် စတင်တည် ဆောက်ခဲ့စဉ် မလွတ်ကင်းသည့် ထုံးဘို ကျေးရွာရှိ အိမ်ထောင်စုပေါင်း ၉၃ စု ရွှေ့ပြောင်းခဲ့ရသောသူများကို ကုမ္ပဏီက ဇွန်လ ၁၀ ရက်နေ့တွင် တစ်အိမ်ထောင်လျှင် ငွေကျပ်သိန်း ၃၀ နစ်နာကြေး စုစုပေါင်းကျပ် သိန်း ၂၇၉၀ ကို ပေးအပ်ခဲ့ကြောင်း နစ်နာကြေး ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သူ တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးဝင်းထွန်း က ပြောကြားသည်။
တည်ဆောက်ခွင့်ရ ကုမ္ပဏီက ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်မှုကြောင့် ရေနစ်မြုပ်ဧရိယာတွင် ပါဝင်ခဲ့သော ဥယျာဉ်ခြံမြေများနှင့် ရေမြုပ်ဧရိယာ အတွင်းရှိ ဆုံးရှုံးနစ်နာသူ များကိုလည်း ကျပ်သိန်း ၁၇၀၀ ကျော် ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ရေမြုပ်သည့် အိမ်ထောင်စုများကို နစ်နာကြေး ထပ်မံပေးအပ်မည် ဖြစ်ကြောင်း ရွှေစွမ်းအင်ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဦးဝမ်းမောင်က ပြောကြားသည်။
နစ်နာကြေး ရရှိစေရေးအတွက် ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၂ မှ စီမံကိန်းတည်ဆောက်သည့် ရွှေစွမ်းအင် ကုမ္ပဏီနှင့် သဘောတူညှိနှိုင်းချက် အရ နစ်နာကြေးရရှိခဲ့ခြင်း ဖြစ်ပြီး ရရှိသည့် နစ်နာကြေးကို သဘောတူကျေနပ်ကြောင်း တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာမှ နေအိမ်တစ်လုံး နစ်နာဆုံးရှုံးခဲ့သူ ကရင်အမျိုးသားတစ်ဦးက ပြောကြားသည်။
The Voice Weekly
သုံးလောင်းပြိုင်လူသတ်မှု ရမည်းသင်းတွင် ဖြစ်ပွား
ရမည်းသင်း၊ ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ပေါင်းလောင်းဒေသ စုပေါင်းကုမ္ပဏီ လုပ်ကွက်ရှိ အင်းအမှတ် (၁၀၄) တွင် ဇွန်လ ၁၂ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန်က သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ပေါင်းလောင်းဒေသ စုပေါင်း ကုမ္ပဏီလုပ်ကွက်ရှိ အင်းအမှတ် (၁၀၄) ရှိ အင်းလုပ်သမားများ စုပေါင်းနေထိုင်ရာ တဲတွင် အင်းလုပ်သားများဖြစ်သော ဦးသိန်းလွင် ၅၀ နှစ်၊ ဇော်ဇော်ဟန် ၃၃ နှစ်၊ မောင်သိန်း ၂၀ နှစ်၊ ရန်နိုင်ထွန်း ၁၈ နှစ်၊ တို့သည် တဲအတွင်း အိပ်ပျော်နေစဉ် လုပ်ငန်းအတူတူ အလုပ်လုပ်ကိုင်သူ အင်းလုပ်သား လင်းလင်း ၁၈ နှစ်က ဇွန်လ ၅ ရက်နေ့က ပေါင်းလောင်းဒေသ စုပေါင်း ကုမ္ပဏီဈေးတန်းရှိ ထမင်းဆိုင်တွင် ၄င်း၏အစ်ကို ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးသွားမှုနှင့် ပတ်သက်၍ သေဆုံးသူများနှင့် အချေအတင် စကားများခဲ့မှုအပေါ် မကျေနပ်သဖြင့် အရိုးအသွား ၁၃ လက်မခန့်ရှိသည့် ဓားဦးချွန်ဖြင့် လိုက်လံထိုးသွင်းရာ သုံးဦးမှာ ဓားဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး တစ်ဦးကို ရမည်းသင်းဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
"သူတို့ဖြစ်တာက အပြင်မှာ ဖြစ်တာပါ။ သူတို့ဘာသာ စကားများပြီးရာမှ ဖြစ်ကြတာပါ၊ ကုမ္ပဏီနဲ့ ဘာမှမဆိုင်ပါဘူး" ဟု ပေါင်းလောင်းဒေသ စုပေါင်းကုမ္ပဏီ လုပ်ကွက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းမြင့် က ပြောကြားသည်။
တရားခံလင်းလင်းကို ရမည်းသင်း မြို့နယ် တူးကုန်းရဲစခန်းက (ပ) ၅၈/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂၊ ၃၂၆ အရ အမှုဖွင့်ဖမ်းဆီး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
The Voice Weekly
ရက်ပေါင်း ၇၃၀ ကြာခဲ့ပြီ သူတို့တစ်တွေ အလိုချင်ဆုံးက ငြိမ်းချမ်းရေး
ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ်၊ မိုင်ဂျာယန်ရွာ၊ ပါကထောင် ပြည် တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်း( Internally Displaced Persons )တွင် လူဦးရေ ၂၃ဝဝ နေထိုင်လျက်ရှိကြသည့်အနက် ကလေး ၁၆၈ ဦး တို့မှာ မိဘများနှင့် အတူမနေကြရသောကလေးများ ဖြစ်သည်။
- ကလေးများသည် ကိုယ်ထူကိုယ်ထ ဝိုင်းဝန်းလုပ်ကိုင်ကြပြီးမှ မနက်စာနှင့် ညနေစာ တို့ကို စားသောက်ကြရသည်။
- အားလပ်ချိန်မှာ ကစားကြပြီး အလင်းရောင်ရှိချိန်မှာ သဘာဝအလင်းရောင်နှင့် စာဖတ်ကြရသည်။ ညအချိန်မှာတော့ လျှပ်စစ်မီး မရှိသည့်အတွက် ကလေးလေးယောက်လျှင် ဖယောင်းတိုင်တစ်တိုင်ကျနှင့် ကျောင်းစာများကို ဖတ်ကြရသည်။
- သူတို့တစ်တွေ အလိုချင်ဆုံးက ငြိမ်းချမ်းရေးဖြစ်သည်။ စစ်ပွဲတွေ အမြန်ဆုံးပြီးသွားလျင် ကိုယ့်ရပ်ကိုယ့်ရွာဒေသကိုပြန်ကြပြီး အေးချမ်းစွာနှင့် ပညာကို ဆက်လက်သင်ယူချင်ကြ သည်။
Popular Myanmar News Journal
ဓာတ်ပုံ-ထိန်ဝင်း(ဓာတ်ပုံ)
လယ်သမားအရေး ဦးဆောင်သူ အချုပ်ခန်းတွင် သေဆုံးခဲ့မှု ပြင်ဆင်ချက် အယူခံဝင်မည်
ပြည်၊ ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပန်းတောင်းမြို့နယ် ဖန်ခါးပင် ကြိုးဝိုင်းတွင် ကျွန်းစိုက်ခင်း စိုက်ပျိုးလျက် ရှိသော အမျိုးသား သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီနှင့် ဒေသခံများ ဖြစ်ပွားနေသော လယ်ယာမြေ အငြင်းပွားမှုတွင် တောင်သူများဘက်မှ ဦးဆောင်နေသော ဦးသန်းထွန်းကို ရဲစခန်းတွင် ချုပ်နှောင်ထားစဉ် သေဆုံးသွားခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ခရိုင်တရားရုံးထံ ပြင်ဆင်ချက်တက် (အယူခံ) ဝင်ရောက်မည်
ဖြစ်ကြောင်း သေဆုံးသူ၏ဇနီး ဒေါ်မြင့်ဌေးထံမှ သိရသည်။
မေလ၂၃ ရက်နေ့က စံပြရဲစခန်းတွင် ချုပ်နှောင်ထားစဉ် သေဆုံးသူ ဒန့်ဒလွန်အုပ်စု ကြာအင်းရွာသား ဦးသန်းထွန်းသည် အရက်ကြောင်
ကြောင်ကာ အချုပ်ခန်း သံတိုင်နှင့် ဆောင့်၍ ရရှိသောဒဏ်ရာဖြင့်
သေဆုံးသည်ဟု ရဲစခန်းက သာမန် သေမှုသေခင်း ဖွင့်သည်ကို မကျေနပ်၍ အမှုမှန် ပေါ်ပေါက်ရန် စခန်းမှူး ဦးဆန်းလင်းကို ပန်းတောင်း တရားရုံးတွင် ဦးတိုက်လျှောက်ကာ တရားစွဲ ဆိုခဲ့သော်လည်း ပလပ်ခံရကြောင်း ၎င်းကဆိုသည်။
ပန်းတောင်းမြို့နယ်တွင် ဖန်ခါးပင် ကြိုးဝိုင်းတွင် ကျွန်းစိုက်ခင်း စိုက်ပျိုးလျက် ရှိသော အမျိုးသား သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီနှင့် ဒေသခံများ ဖြစ်ပွားနေသော လယ်ယာမြေ အငြင်းပွားမှုတွင် ဦးသန်းထွန်းသည် ခေါင်းဆောင် ပါဝင်သူဖြစ်ခြင်း၊ ရဲများ၏ စစ်ဆေးမေးမြန်းမှုကို လေးကြိမ်တိုင် ခံခဲ့ရသူဖြစ်ခြင်း၊ တရားစွဲဆိုခံရသော လယ်သမား ၁၇ ဦးတွင် ပါဝင်နေခြင်းနှင့် ဒဏ်ရာဒဏ်ချက်များဖြင့်
သေဆုံးသွားမှုတို့ ဆက်စပ်ပါက သွေးရိုးသားရိုး သေဆုံးမှု မဟုတ်နိုင်
ကြောင်း လူ့ အခွင့်အရေး လှုပ်ရှားသူ တစ်ဦးဖြစ်သူ ဦးမင်းမင်း (သံလွင်ခက် စွမ်းအင်မြှင့်တင်မှု ပညာဒါန သင်တန်းကျောင်း)က မှတ်ချက်ပြု ပြောကြားသည်။
“ကိုသန်းထွန်းက ရဲတွေပြောသလို အရက်ကြောင် ကြောင်လို့ သေတယ်ပဲ ထားဦး။ ရဲစခန်းရဲ့ ထိန်းသိမ်း စောင့်ရှောက်မှုအောက်မှာ ရှိနေတဲ့ အချုပ်သားတစ်ဦး သေဆုံးသွားရတာနဲ့ ပတ်သက်ပြီးတော့ စခန်းမှူးနဲ့တကွ ရဲတပ်ဖွဲ့ဝင်တွေ အားလုံးမှာ အပြည့်အဝ တာဝန်ရှိတယ်” ဟု ၎င်းကဆိုသည်။
ဦးသန်းထွန်းသည် ပန်းတောင်း ရဲစခန်း စခန်းမှူး ဦးဆန်းလင်းက မေလ ၂၂ ရက်နေ့ညက အချုပ်ထဲတွင် ရှိစဉ်က အရက်ကြောင် ကြောင်ကာ အချုပ်သံတိုင်နှင့် ဆောင့်၍ ဒဏ်ရာ ရရှိခဲ့သောကြောင့်မေလ ၂၃ ရက် နံနက်က ဆေးရုံကို ပို့ခဲ့သော်လည်း သေဆုံးခဲ့သဖြင့် သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၃ ဖွင့်ကာ စုံစမ်း စစ်ဆေးနေကြောင်း စခန်းမှူး ဦးဆန်းလင်းက ပြောကြားခဲ့သည်။
ဦးသန်းထွန်းသည် တစ်ရွာတည်းနေ ဦးနီနှင့် ခိုက်ရန် ဖြစ်ပွားခဲ့သည့်အတွက် ခိုက်ရန် ဖြစ်ပွားခဲ့မှု ပုဒ်မ (၃၂၄) ဖြင့် အမှုဖွင့်ခံရပြီး အာမခံ ရရှိခဲ့သော်လည်း ဦးနီ၏ ဆေးစာအရ ပုဒ်မ (၃၂၆) ဖြင့် ပြောင်းလဲ အမှုဖွင့်ကာ အချုပ်ဖြင့် ထားစဉ် လေးရက်အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းပန်းတောင်းမြို့နယ်ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
“(၃၂၄)နဲ့ အမှုစွဲဆိုပြီး အာမခံနဲ့ ပြန်လွှတ်ထားတဲ့သူကို တစ်လ ကျော်
ကျော်မှ (၃၂၆) နဲ့ ပြောင်းတယ်လို့ ဆိုပြီး တရားရုံးကို တရားစွဲတင်ခြင်း မပြုဘဲ ရဲစခန်းမှာ ပြန်လည် ချုပ်နှောင်ထားတာက ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်ဟာ ပြဋ္ဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး”ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဌေးက သုံးသပ် ပြောဆိုသွားသည်။
The Voice Weekly
ကိုယ့်စကားကိုယ် တာဝန်ယူရသောကာလ
၁။ ကိုယ့်စကားကိုယ် တာဝန်ယူရသော ကာလတစ်ခု ဖြစ်သည်။
၂။ လူတို့သည် စကားကို နည်းနိုင်သမျှ နည်းအောင် ပြောကြ၏။ လက်သင်္ကေတကို အသုံးများကြ၏။ ပြောလိုသည်ကို ပုံဖြင့်ရေးဆွဲ ဖော်ပြကြ၏။ လူချမ်းသာတို့သာ ပိုမိုစကားပြောဆို နိုင်ကြလေ၏။
၃။ ထိုသို့မပြုချင်၍ နေလည်းမရ။ မည်သူမျှ မလွန်ဆန်နိုင်သော ထိုအဖြစ်အပျက် ဖြစ်လာပုံကား ...။
တစ်ကမ္ဘာလုံး မဲပေးရွေးချယ် တင်မြှောက်ခဲ့သော ကမ္ဘာ့ သမ္မတကြီးက စတင်ခဲ့လေသည်။ ကမ္ဘာ့ သမ္မတကြီးသည် ကမ္ဘာသူ ကမ္ဘာသားတို့၏ ချစ်ခင်လေးစားမှုကို အထူးရရှိခဲ့၍ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်၏။ ကမ္ဘာတွင်း ဖွံ့ဖြိုးတိုးတက်မှုများကို ရာနှုန်းပြည့် နီးပါး ဆောင်ရွက်ခဲ့ပြီးနောက် ကမ္ဘာခြားရေး ဆက်ဆံမှုများကို အထူးအာရုံစိုက်ကာ တိုးမြှင့် ဆောင်ရွက်လေ၏။
သို့သော် စကြဝဠာ ကုလသမဂ္ဂ အစည်းအဝေးတစ်ခုတွင် စေတန်သားတို့အပေါ် မှားယွင်းသော စကားတစ်ခွန်းကို ဆိုခဲ့မိလေ၏။ ကမ္ဘာပေါင်းများစွာမှ တက်ရောက်လာသူများ ကြားတွင် မဟာအရှက်တော် ခွဲခံရသော စေတန်သမ္မတကြီးသည် ကျိန်စာတစ်ခု တိုက်လိုက်လေ၏။
၎။ ထိုကာလသည် ကမ္ဘာမြေပေါ်သို့ ကမ္ဘာ့ သမ္မတကြီး ပြန်ရောက်ပြီး နောက်တစ်နေ့ မနက်လင်းစတွင် စတင်ခဲ့လေသည်။
သမ္မတကြီးသည် ဒုတိယသမ္မတကြီးနှင့် အရေးပေါ် စကြဝဠာအရေးများ ဆွေးနွေးနေချိန်တွင် သမ္မတကြီး၏ ပါးစပ်အတွင်းမှ ရေခဲငွေ့များကဲ့သို့ အငွေ့များ ထွက်လာလေ၏။ ထိုအငွေ့များသည် သမ္မတကြီး ပြောဆိုလိုက်သော စကားလုံး အရေအတွက်အတိုင်း တိကျစွာ ထွက်လာ၏။ ထို့နောက် အပြင်ဘက်လေနှင့် ထိတွေ့သောအခါ စကားလုံး တစ်လုံးချင်းစီသည် တစ်လက်မ ပတ်လည် သစ်သားစာလုံးများ ဖြစ်သွားလေ၏။ ထိုအဖြစ်အပျက်ကို မြင်တွေ့ရသော ဒုတိယ သမ္မတကြီးသည် အံ့အားသင့်ကာ “ဟာ... ဘာတွေလဲ” ဟု အော်လိုက်လေ၏။ ထိုစကားလုံးများ အတိုင်း ဒုတိယသမ္မတကြီး ပါးစပ်မှအငွေ့များ ထွက်လာကာ ချက်ချင်းပင် “ဟာ ဘာတွေလဲ” ဟူသော တစ်လက်မ ပတ်လည် သစ်သားစာလုံးများ ဖြစ်သွားလေ၏။ သမ္မတကြီးရော ဒုတိယသမ္မတကြီးပါ မျက်လုံးပြူး မျက်ဆန်ပြူးနှင့် စကားတွေ ပြောဆိုကြပြန်၏။ ထိုအခါ ပြောဆိုသမျှသော စကားလုံးများသည် သစ်သားစာလုံးများ ဖြစ်လာကာ သမ္မတရုံးခန်း အတွင်းတွင် သစ်သားစကားလုံး ပုံကြီး ဖြစ်ပေါ်လာလေတော့၏။
ယခုထက် အခြေအနေ ပိုဆိုးလာနိုင်သည်ကို ရိပ်မိ၍ သမ္မတနှစ်ဦးစလုံး ပါးစပ်ပိတ် လိုက်ကြလေ၏။ ရုံးခန်းအတွင်းမှ ထွက်ကာ ကြည့်သောအခါ သမ္မတ အိမ်တော်အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်နေလေတော့၏။ စကားလုံး အပုံကြီးများသည် ဟိုတစ်ပုံ ဒီတစ်ပုံနှင့် လမ်းသွားရ ခက်အောင်ပင် ဖြစ်လာ လေတော့သည်။
၅။ စကားလုံး အပုံတွေ များပြားလာသောကြောင့် ကားလမ်းများ ပိတ်ကုန်၏။ ရထားများနှင့် သင်္ဘောများ သွားလာရ ခက်ခဲကုန်၏။ ထိုအဖြစ်အပျက်များကို တိုက်ရိုက် ကြေညာနေသော သတင်းထောက်များသည် မိမိတို့ ပြောဆိုလိုက်သော စကားလုံး အပုံများကြားတွင် ညပ်ကုန်၏။ အခြေ အနေဆိုးတို့သည် ဒီရေကဲ့သို့ တရိပ်ရိပ် ထိုးတက်လာခဲ့လေပြီ။
၆။ မွန်းလွဲပိုင်း မတိုင်မီပင် သမ္မတရုံးက အမိန့်ပြန်တမ်း တစ်ရပ် ထွက်လာလေ၏။
“ကမ္ဘာသားအားလုံး လိုက်နာစေရန် သမ္မတရုံးက ထုတ်ပြန်လိုက်သည်။
(၁) ယခုလက်ရှိ ကာလကို မိမိစကား မိမိတာဝန် ယူရမည့် ကာလအဖြစ် သတ်မှတ်သည်။
(၂) မိမိကိုယ်တိုင် ရှင်းလင်းနိုင်သော စကားလုံးအရေအတွက် (သို့မဟုတ်) ပမာဏကိုသာ ပြောဆိုရမည်။
(၃) မိမိစကားကြောင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရ။
(၄) (ပညာရှင်များ၏ စမ်းသပ်ချက်အရ) စကားလုံးများသည် ဓား၊ လွှ စသည်တို့နှင့် ခုတ်ထစ် ပိုင်းဖြတ်၍မရ။ မီးရှို့၍မရ။ ထို့ကြောင့် သတ်မှတ်ထားသော စကားအမှိုက်ကန်အတွင်း စနစ်တကျ စွန့်ပစ်ရမည်။
(၅) ကမ္ဘာသားတိုင်း ပုံဆွဲတတ်ရမည်။ လက်သင်္ကေတ အသုံးပြုတတ်ရမည်။ (အိမ်ထောင်စု ဝင်ငွေပေါ် မူတည်၍ သင်တန်းကြေး ကင်းလွတ်ခွင့် ယူနိုင်သည်။)
(၆) အမိန့်တစ်စုံတစ်ရာ ထပ်မထွက်မချင်း ဤအမိန့်သည် ဥပဒေ ကဲ့သို့ အာဏာတည်စေရမည်”
၇။ စာသင်ခန်းတို့သည် တိတ်ဆိတ်ကုန်၏။ ဈေး၊ ဘူတာရုံနှင့် ကားဂိတ်များတွင် ယခင်အတိုင်း လူများကြိတ်ကြိတ် တိုးနေသော်လည်း ဆူပူသံတို့ နည်းသွား၏။
ပုံဆွဲသင်တန်းနှင့် လက်သင်္ကေတ အသုံးပြုနည်း သင်တန်းတို့ အဆမတန် များပြားလာ၏။ စကားနည်းသောသူကို ပိုမိုချစ်ခင်လာကြ၏။ အာရုံလေးပါးဖြင့်သာ ချစ်ကြ၏။ အဆိုတော်များကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မှု နည်းပါးလာ၏။ ရှေ့နေတို့က ပြောင်မြောက်သော ပုံများ၊ လက် သင်္ကေတများဖြင့် လျှောက်လဲကြ၏။ အချို့သော အဆိုတော်များ စကားလုံးနင်၍ သေကြ၏။
အချင်းချင်း အမြင်ကတ်လွန်းသော အိမ်နီးချင်းတို့သည် ညသန်းခေါင်တွင် စကားများစွာကို အိမ်နီးချင်း အိမ်ရှေ့တွင် တီးတိုးသွားရောက် ပြောဆိုကာ ဒုက္ခပေးကြ၏။ ကျိကျိတက် ချမ်းသာသော သူဌေးများက စကားလုံးကျုံးရန် အလုပ်သမားများစွာကို ငှားရမ်း ထားကြသောကြောင့် အလုပ်သစ် တစ်ရပ် ပေါ်လာ၍ ကမ္ဘာ့ ဂျီဒီပီ ပိုမိုကောင်းမွန်လာ၏။ အလုပ်လက်မဲ့နှုန်း လျော့ပါးလာ၏။
အပတ်စဉ်၊ လစဉ် စကားအနည်းဆုံး ပြောဆိုနိုင်သူဆုကို နိုင်ငံအလိုက် ချီးမြှင့်၏။ မွေးရာပါ ဆွံ့အ နေသူတို့က ဆုရွေးချယ်စာရင်းတွင် သူတို့မပါဝင်၍ နိုင်ငံအားလုံးမှ ဆွံ့အသူတို့ စုပေါင်းကာ “ဒါလား ဒီမိုကရေစီ” ဟူသော ဆိုင်းဘုတ်များ ထောင်ကာ ဆန္ဒပြကြ၏။ ပင်လယ်ပြင်အတွင်း လက်လွတ် စပယ် စကားပြောဆိုသူ များကြောင့် ထိုသစ်သား စကားလုံးများနင်ကာ ငါးကြီးများ သေဆုံးကြရ၏။
စကားလုံးစစ်ပွဲ ဆင်နွှဲခဲ့ကြသော ဘောလုံးနည်းပြများသည် ကယ်ရီကေးချားများကို ရေးဆွဲ၍ ဆက်လက် တိုက်ခိုက်ကြ၏။
မည်သို့မျှ ဖျက်ဆီး၍ မရသော စကားလုံးများကို လမ်းလုပ်သားတို့က ချိုင့်ခွက်များတွင် ထည့်၍ သဲလောင်းကာ ကတ္တရာဖြင့် လမ်းဖာကြ၏။ စကားလုံး စွန့်ပစ်မြေများကို ဝယ်ယူ၍ တန်ဖိုးနည်း တိုက်ခန်းများ ဆောက်သော လုပ်ငန်းရှင်တို့သည် တိုက်ပြိုကျ ပျက်စီးမှုများကြောင့် တရားရုံးသို့ ရောက်ကြရလေ၏။
“စကားတစ်လုံးဖြင့် လိုရာရောက်အောင် ပြောနည်း” ကဲ့သို့ စာအုပ်များ အလုအယက် ထွက်ပေါ်လာကြ၏။ ရောင်းကောင်း၏။ ထို့ကြောင့် “နာမ် တစ်လုံး စိတ်ကြိုက်သုံး”၊ “အာမေဍိတ်သံ မထွက်နည်းများ”၊ “တိုထိတိကျ နာမဝိသေသန အလုံး ၁၀၀”၊ “ဘဝတွက်တာ ကြိယာ ၁၀၀” စသော စာအုပ်များ အပြိုင်းအရိုင်း ထွက်လာလေတော့၏။ ထိုအထဲတွင်“လိင် သဏ္ဌာန်ဆောင် စုတ်ချက် ရှောင်ရှားနည်းများ” စာအုပ်မှာ ရောင်းအကောင်းဆုံး ဖြစ်ခဲ့လေ၏။
နိုင်ငံရေးသမား တချို့သည် စကားကောက်သူများအဖြစ် ပြောင်းလဲသွားလေ၏။ ပြိုင်ဘက် နိုင်ငံရေးသမားတို့၏ လျှို့ဝှက်ခြေလှမ်းများကို သိရှိ နိုင်ရန်အတွက် စကားအမှိုက်ကန်များ နားတွင် ရုပ်ဖျက်၍ မွှေနှောက် ထောက်လှမ်းရသောကြောင့် ဖြစ်၏။
ဆိုင်းဘုတ်များလည်း များလာ၏။ “ရုံးခန်းအတွင်း စကားမပြောရ”၊ “လမ်းမပေါ် စကားမပြောရ”၊ “ကိုယ့်စကား ကိုယ်ရှင်းပါ”၊ “သင့်စကားကြောင့် ပတ်ဝန်းကျင် ဟန်ချက်လွှဲနိုင်သည်”၊ “မြစ်အတွင်း စကား မပစ်ရ”၊ “သတ်မှတ်နေရာ အတွင်း၌သာ စကားပြော၍ ကမ္ဘာကြီးသား ပီသအောင် ပြုမူနေထိုင်ပါ”၊ “စကားသံ ကင်းမဲ့ဇုန်”၊ “သင် စကားမည်မျှ ပြောဆိုသည်ကို နေရာတိုင်းတွင် စောင့်ကြည့်နေသည်” စသည်ဖြင့် စုံလှပေသည်။
အိမ်များ၊ တိုက်များနှင့် ခြံဝများတွင်လည်း တစ်မျိုးတစ်ဖုံ ချိတ်ဆွဲ လာကြ၏။ “စကားနည်းမှ အိမ်လာ”၊ “ဧည့်သည်ကောင်း စကားနည်း၏”၊ “သတိ သင်စကားများများပြောဖို့ နေရာကျယ်ကျယ်မရှိပါ”၊ “စကားနည်းလေ ဂုဏ်တင့်လေ”၊ “စကားပြောတတ်သလို စကားရှင်းတတ်ပါ”၊ “ဆင်ခြင်ဉာဏ်သည် ပြောဆိုသော စကားအရေအတွက်နှင့် ညီမျှ၏” စသည်ဖြင့် များမြောင် လှပေ၏။
စည်းကမ်းမဲ့ စကားပြောဆို သူတို့ကြောင့် လမ်းချော်၏။ ယာဉ်ကြော ပိတ်၏။ စကားလုံးများကို ခလုတ်တိုက် လဲကြ၏။ ရန်ဖြစ်လျှင် စကားလုံးများဖြင့် ကောက်ပေါက်ကြ၏။
နိုင်ငံရေးသမားတို့ မဲဆွယ်ရာတွင် စင်ရှေ့ ကျင်း နက်နက်ကျယ်ကျယ် တူးထားရ၏။ စကားလုံး အပုံကြီးများ ဖြစ်ပေါ်မလာစေရန် ထိုသို့ပြုလုပ်ခြင်း ဖြစ်၏။
စာရေး၊ စာဖတ်လုပ်သူများ အဆမတန် တိုးပွားလာ၏။ သို့သော်နေ့စဉ်သုံး စကားများကို ရေးကြ၊ ဖတ်ကြခြင်းသာ ဖြစ်၏။
သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အဖွဲ့များကလည်း စုပေါင်း လမ်းလျှောက်ပွဲများ ကျင်းပ၍ စကားလုံးများကြောင့် ပတ်ဝန်းကျင် မထိခိုက်ရေး၊ ဂေဟစနစ် မပျက်ယွင်းရေးကို ဂရုပြုကြဖို့ နှိုးဆော်ကြ၏။
တစ်ကမ္ဘာလုံးကား စကားလုံးများကြောင့် တာဝန်များ များသထက် များလာနေကြ၏။ ကောင်းကျိုးထက် ဆိုးကျိုးများကို ပိုမိုကြုံတွေ့လာကြရ၏။
၈။ သို့သော် ...
စာဖတ်သူ အဆွေ့အနေနှင့် စိုးရိမ်ပူပန်မှု ကြီးစွာ ဖြစ်စရာ မလိုတော့။
အဘယ့်ကြောင့်ဆိုသော် ...
ထိုကာလကား လွန်မြောက်ခဲ့ပြီး ဖြစ်လေ၏။
ကိုယ့်စကားကိုယ် တာဝန်ယူရသော ကာလကား ကျန်ခဲ့လေပြီ။
၉။ ယခုကာလသည်ကား ...
လူသာမန်
The Voice Weekly
ပဋိပက္ခများ အဆုံးသတ်နိုင်မည့် နည်းလမ်းများ သံဃာ့ညီလာခံ ယနေ့ထုတ်ပြန်မည်
ရန်ကုန်၊ ဇွန် ၁၃မြို့ ကြီး အချို့တွင် ဖြစ်ပွားနေသော ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ အဆုံးသတ်နိုင်မည့် နည်းလမ်းများကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်အချို့နှင့် အခြားထင်ရှားသည့် ဆရာတော်ကြီးများ ပါဝင်သည့် သံဃာ့ ညီလာခံက ယနေ့(ဇွန်လ ၁၄ ရက်)ကြေညာချက်တစ်ရပ် ထုတ်ပြန်မည် ဖြစ်ကြောင်း ယင်းညီလာခံ တက်ရောက်လာသည့် ဆရာတော်များက မိန့်ကြားသည်။
အဆိုပါ သံဃာ့ညီလာခံကို ဇွန်လ ၁၃ ရက်နေ့မှ ၁၄ နေ့အထိ မှော်ဘီမြို့နယ်
အောက်ဝါးနက်ချောင်း ကျေးရွာရှိ ဓမ္မဒူတ ဇေတဝန်တောရ
ဆေကိန္ဒာရာမ ကျောင်းတွင် ကျင်းပနေခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်မှ အစပြုသည့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခနှင့် မြို့ကြီးအချို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများ အဆုံးသတ်ရေး ယင်းညီလာခံက အဖြေထုတ်ပေးသွားမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ ပါမောက္ခဆရာတော် ဒေါက်တာ အရှင်ဓ္ဓမပီယက မိန့်ကြားသည်။
အဆိုပါ ညီလာခံ ပထမနေ့တွင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် ဗုဒ္ဓ နည်းကျ ပဋိပက္ခ ဖြေရှင်းရေး၊ ပဋိပက္ခများနှင့် တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ ဆရာတော်များ အနေနှင့် ဥပဒေနှင့် သမိုင်းပညာကို လေ့လာရေး၊ ပဋိပက္ခများ နှင့်ပတ်သက်၍ သတင်း ပြန်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ အဖွဲ့အစည်း အဆင့်ဆင့် စေ့စပ် ညှိနှိုင်းရေး စသည့်အချက် ခုနစ်ချက်ကို
ဆွေးနွေးခဲ့ကြသည်။
“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ် ပြောင်းတဲ့ အချိန်မှာ ငြိမ်းချမ်းတဲ့ ပြောင်း လဲမှုက ဂုဏ်ယူစရာ ကောင်းသလို ဆိုးသွားနိုင်တဲ့ အခြေအနေတွေကလည်း ရှိနေတာမို့ အချိန်မီ တားဖို့လိုတယ်”ဟု ဒေါက်တာ အရှင်ဓမ္မပီယက ဆက်လက် မိန့်ကြားသည်။
အဆိုပါ သံဃာ့ ညီလာခံမှ မေလ ၃၀ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဓ္ဓမဒူတ ဆရာတော် အရှင်ဆေကိန္ဒက မိန့်ကြားသည်။
ယင်းညီလာခံသည့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများအတွက် အဖြေရှာရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သံဃာ့ဝန်ဆောင် ဆရာတော်များ၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော် အချို့နှင့် အခြားထင်ရှားသည့် ဆရာတော်အပါး ၂၀၀ ကျော် ပါဝင် တက်ရောက်သည့် ပထမဆုံး ညီလာခံတစ်ရပ် ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် အတွင်း နယ်စပ် ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် ဘင်္ဂါလီ လူမျိုးများနှင့် ဒေသခံ ရခိုင်လူမျိုးတို့ အကြား အပြန်အလှန် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ပြီးနောက် ပဲခူးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ရှမ်းပြည်နယ်ရှိ မြို့ကြီးအချို့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။
မေလ ၃၀ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသား အများစု သွားရောက် အလုပ် လုပ်ကိုင်သည့် မလေးရှားနိုင်ငံတွင် ဘာသာရေး အသွင်ဆောင် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံ သားခြောက်ဦး သေဆုံးခဲ့သည်။
The Voice Weekly
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ဗိုလ်ချုပ်ယွက်စစ် ပြော
June 14, 2013
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ အနေဖြင့် ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာအစိုးရ၊ ကုလသမဂ္ဂ အပါအ၀င် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုလိုက်သည်။
ရန်ကုန်မြို့တွင် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်သည် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Jason Eligh နှင့် ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်း တွေ့ဆုံအပြီး ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ယခင်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် အစိုးရနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီတို့ သဘော တူညီချက်များ ရှိသော်လည်း တိုက်ပွဲများ တလျှောက်လုံး ဖြစ်ပွား နေသည့်အတွက် အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိကြောင်း၊ ယခု အပစ်အခတ် ရပ်စဲ ထားချိန်တွင် ဘိန်းတိုက်ဖျက်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးနိုင်ရေးတို့ကို အာရုံစိုက် လုပ်ဆောင်သွားမည်ဟု ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က ဆိုသည်။
မြန်မာနိုင်ငံမှ ဘိန်းခင်းတခု (ဓာတ်ပုံ – UNODC)
“အရင်က မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ အစိုးရနဲ့ သဘောတူညီ ထားခဲ့တာတွေက စက္ကူပေါ်မှာပဲ ရှိပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သဘောတူညီချက် တွေကို အကောင်အထည် ဖော်ဖို့ ကျနော်တို့ လာပြီးဆွေးနွေးတာပါ။ ကျနော်တို့ တလျှောက်လုံး မြန်မာစစ်တပ်နဲ့ တိုက်ပွဲဝင် နေရပါတယ်။ ပြည်သူလူထု အတွက် ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ အခု ကျနော်တို့ အပစ်ရပ်ထားပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးတွေ၊ ဘိန်း အစားထိုး စိုက်ပျိုးနိုင် ဖို့တွေ ကျနော်တို့ အာရုံစိုက် နေပါတယ်။ အခု လောလောဆယ် မှာကို UNODC နဲ့ ပူးပေါင်း ပြီးတော့ မိုးနဲနဲ့ မိုင်းပန်မြို့တွေမှာ ဖွံ့ဖြိုးရေး စီမံကိန်းတွေ လုပ်နေပါတယ်” ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုတွင် ရှမ်းပြည်နယ်သည် အများဆုံး ပါဝင်ပတ်သက်နေပြီး စိုက်ပျိုး ဧရိယာ ကျယ်ပြန့်ခြင်း၊ ဘိန်းစိုက်ပျိုးမှု အပေါ် မှီခိုနေရသည့် လူဦးရေ များပြားခြင်း၊ ဘိန်းစိုက်ပျိုးမှုတွင် လက်နက်ကိုင် အဖွဲ့အစည်း များ ပါဝင် ပတ်သက်နေခြင်း စသည်တို့ကြောင့် မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းရာတွင် အခက်အခဲများ ကြုံတွေ့ နေရကြောင်း၊ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု တဖြည်းဖြည်း ပြန်လည် မြင့်တက်လျက် ရှိရာ ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး ကို ချက်ချင်း အကောင်အထည် ဖော်နိုင်ရန် ခက်ခဲကြောင်း UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr.Jason Elighက ပြောသည်။
“UNODC အနေ နဲ့ အစိုးရမှာ ရှိနေတဲ့ သက်ဆိုင်ရာဌာနတွေကို အကောင်းဆုံး အထောက်အပံ့ပေးဖို့ အမြဲတမ်း အဆင်သင့် ရှိနေပါတယ်။ မူးယစ်ဆေးဝါး ပပျောက်ရေးမှာ ပူးပေါင်း ပါဝင်မယ့် အဖွဲ့အစည်းတွေ ကိုလည်း အားပေးသွားမှာပါ။ ဘိန်းစိုက် တောင်သူတွေရဲ့ အစားအစာနဲ့ လုံခြုံရေးက အရေးအကြီးဆုံး ဖြစ်နေပါတယ်။ လုံခြုံရေး ဆိုတဲ့ နေရာမှာ စားဖို့၊ ရေ၊ ပညာရေး၊ ကျန်းမာရေးတွေ အားလုံး ပါဝင်ပါတယ်။ ဆိုးသွမ်း မိုက်မဲလို့ ဘိန်း စိုက်ပျိုးနေတာ မဟုတ်ပါဘူး။ စားစရာ မရှိလို့ ဘိန်းစိုက်နေတာပါ။ သူတို့အတွက် အစားအစာ၊ ရေ၊ ပညာရေး၊ ကျန်းမာရေးတွေ ဖြည့်ဆည်း ပေးရပါမယ်။ ဘိန်း အစားထိုး သီးနှံတွေ ရောင်းဖို့ ဈေးကွက် ဖန်တီးပေးရပါမယ်။ အဲဒီလို ထိထိရောက်ရောက် လုပ်နိုင်ဖို့ဆိုရင် အပစ်အခတ်တွေ အားလုံး လုံးဝ ရပ်စဲဖို့ လိုနေပါတယ်။ ဒါမှပဲ ကျနော်တို့ အဖွဲ့တွေ အားလုံး ၀င်ရောက် ကူညီနိုင်မှာ ဖြစ်ပါတယ်” ဟု Mr.Jason Elighက ဆိုသည်။
UNDOC အနေဖြင့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး လုပ်ဆောင်ရာ၌ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ကဲ့သို့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိကိုမူ Mr.Jason Eligh က ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။
မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန် ပြီးလျှင် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု ဒုတိယ အများဆုံးနိုင်ငံအဖြစ် ဆက်လက် တည်ရှိနေကြောင်း၊ တကမ္ဘာလုံး၌ မူးယစ်ဆေးဝါး သုံးစွဲသူပေါင်း ၂၇ သန်းခန့်ရှိပြီး တနှစ်လျှင် သုံးစွဲသူ၏ ၁ ရာခိုင်နှုန်း နီးပါး သေဆုံးမှု ရှိကြောင်း၊ ဘိန်းဖြူနှင့် ကိုကင်းသုံးစွဲမှုကြောင့် တနှစ်လျှင် လူ ၂ သိန်း ၀န်းကျင် သေဆုံးမှုရှိကြောင်း UNODC ၏ ၂၀၁၂ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု သည် ကမ္ဘာပေါ်တွင် ဒုတိယအဆင့် ရှိနေပြီး ဘိန်းစိုက်ပျိုးမှုကို မှီခိုနေရသည့် မိသားစုပေါင်း ၃ သိန်းကျော် ရှိနေကြောင်း UNODC ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
နန်းသီရိလွင်
ဧရာဝတီ
ရိုဟင်ဂျာအရေးကြောင့် ဥရောပပါလီမန်က မြန်မာကို ရှုတ်ချ
မဟာစင် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်နိုင် တာကြောင့် စစ်တွေမြို့ ဒုက္ခသည်စခန်းမှ ဒုက္ခသည်တွေ ဘေးလွတ်ရာသို့ မေလ ၁၆ ရက်နေ့ မနက်ပိုင်းက ရွှေ့ပြောင်းနေစဉ်
Photo: RFA/ Moe Thu Aung
2013-06-14    
မြန်မာနိုင်ငံမှာ  ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်များနဲ့ စပ်လျဉ်းပြီး မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို အကာအကွယ်ပေးဘို့ ပျက်ကွက်ခဲ့တယ်လို့  ဥရောပပါလီမန်က ကြာသာပတေးနေ့က ဝေဖန်ရှုတ်ချလိုက်ပါတယ်။
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကြောင့် နိုင်ငံ တကာရဲ့ အကောင်းမြင်နေချိန်မှာ ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရမူနဲ့ ထောင်နဲ့ချီပြီး ထွက်ပြေး တိမ်းရှောင်ရတာတွေနဲ့ ပတ်သက်ပြီး ခုလိုကန့်ကွက်လိုက်တာဖြစ်ပါတယ်။
ဥရောပပါလီမန်မှာ တင်သွင်းအတည်ပြုခဲ့တဲ့ အဆိုအရ  မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်စလင်တွေ လူ့အခွင့်အရေး ပြင်းပြင်းထန်ထန် ချိုးဖောက်ခံရတာတွေ အကြမ်းဖက်ခံရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်တွေမှာ အာဏာပိုင်တွေအနေနဲ့ အကြမ်းဖက်မှုတွေကို တားဆီးပေးဖို့ ဝတ္တရားပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တချို့အကြမ်းဖက်မှုတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့တာကိုလဲ စိုးရိမ်မကင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
အလားတူပဲ ထိုင်းနိုင်ငံကို ဒုက္ခသည်အဖြစ်ခိုးဝင်ဖို့ ကြိုးစားသူ ရိုဟင်ဂျာ ၁၇ဝဝ ကို  ဖမ်းဆီးပြီး ရက်ရက်စက်စက် ထိန်းသိမ်းထားတာကိုလည်း ဥရောပပါလီမန်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
RFA
မီးလောင်ဗုံးပစ်သူတွေကို အရေးယူဖို့ AHRC တိုက်တွန်း
လက်ပန်းတောင်တောင် သပိတ်စခန်းဖြိုခွဲမှုတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် သံဃာတော်တစ်ပါး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ဒီဇင်ဘာ ၁၆ ရက်နေ့က ရောက်ရှိလာစဉ်။
Photo:RFA/Moe Thu Aung
2013-06-14   
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့    ငြိမ်းချမ်းစွာတောင်းဆို တဲ့ ကျောင်းသားတွေနဲ့  အရပ်သားပြည်သူ ၇ ယောက်ကို အာဏာပိုင်တွေ က ပြစ်ဒဏ်တွေ စီရင်လိုက်ပေမယ့်၊ ဆန္ဒပြသူ သံဃာတော်တွေနဲ့ ဒေသခံတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က မီးလောင်ကျွမ်း ဒဏ်ရာရအောင် အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ရဲတပ်ဖွဲ့ကိုတော့  သက်ဆိုင်ရာ အာဏာပိုင်တွေက အရေးမယူဘူးလို့  ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် AHRC က  မနေ့က ကြေညာချက်ထုတ်ပြန် ပြစ်တင်လိုက်ပါတယ်။
ဒါ့အပြင် ကိုအောင်စိုးနဲ့  ရွာသား ၂ ယောက်ကို ဘယ်ထောင်မှာပို့ထားတယ်ဆိုတာ သက်ဆိုင်ရာက တရားဝင်မပြောသလို၊ မိသားစုတွေနဲ့လည်း တွေ့ခွင့်မပြု၊  ဥပဒေအရ အကာအကွယ်ပေးမယ့် ရှေ့နေတွေနဲ့လည်း ပေးမတွေ့ဘူးလို့ဆိုပါတယ်။
ဒါ့အပြင် စုံစမ်းရေးကော်မရှင်အနေနဲ့  ရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်ဖြိုခွဲမှုကို မျက်ကွယ်ပြုလိုက်သလို၊ အကြမ်းဖက်မှုကို ညွှန်ကြားတဲ့အရာရှိတွေကို ဘယ်လိုအရေးယူ ဆောင်ရွက်သင့်တယ်ဆိုတဲ့ တစုံတရာ အကြံပြုထားတာ အစီရင်ခံစာမှာ မတွေ့ ရဘူးလို့ ဆိုပါတယ်။
အစီရင်ခံစာမှာ ဒေသခံလယ်သမားတွေ ကို လျော်ကြေးပေးဖို့ပဲ အကြံပြုထားပြီး၊ စီမံကိန်းကဖြစ်လာမယ့်ဆိုးကျိုးအတွက် ဘာတွေဆောင်ရွက်သင့်တယ်ဆိုတာလဲ အကြံပြုချက်မပါရှိဘူးလို့  AHRC အဖွဲ့ကပြောလိုက်ပါတယ်။
ဒါပေမယ့် စုံစမ်းရေး ကော်မရှင်အနေနဲ့ ပြင်ဆင်ဖြည့်စွက်အကြံပြုဖို့ အခွင့်အလမ်းရှိသေးတယ်လို့ လဲ AHRC အဖွဲ့က ထောက်ပြထားပါတယ်။
RFA
မြန်မာ့လေကြောင်း ကော့သောင်းလေဆိပ် အဆင်းတွင် ဘီးပေါက်
ကော့သောင်း၊ ဇွန် ၁၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ ထွက်ခွာလာသည့် မြန်မာ့လေကြောင်း ပိုင် EMBRAER အမျိုးအစား လေယာဉ်သည် ကော့သောင်း လေဆိပ်သို့ လေယာဉ် ဆင်းသက်စဉ် ဇွန်လ ၁၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဘီးပေါက် သွားခဲ့ကြောင်း ကော့သောင်း အခြေစိုက် မြန်မာ့လေကြောင်း လိုင်းထံမှ သိရသည်။
“လူဘာမှ ထိခိုက်မှုမရှိပါဘူး။ မနက်ဖြန် လေယာဉ် ပြန်ထွက်ပါ့မယ်”ဟု လေကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြန်မာ့လေကြောင်းပိုင် MA 60 အမျိုးအစား လေယာဉ်တစ်စင်းသည် ဘရိတ်ပေါက် ပြေးလမ်းချော်ပြီး သုံးရက်အကြာ ကော့သောင်း လေဆိပ်တွင် ယင်းမတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းလေယာဉ်သည် ဇွန်လ ၁၃ ရက်နေ့ညတွင် တစ်ညအိပ် ရပ်နားရမည် ဖြစ်ပြီး လေကြောင်း ခရီးစဉ်အချို့ ရပ်ဆိုင်းထားရသည်။
တစ်လအတွင်း မိုင်းဆတ်နှင့် ကော့သောင်းတို့တွင် နှစ်ကြိမ်ဆက်တိုက်
ပြေးလမ်း ချော်ခဲ့သော MA 60 အမျိုးအစား လေယာဉ်များကို ပြေးဆွဲခွင့် ရပ်နားခဲ့သည်။
ယခုဘီးပေါက်သော လေယာဉ်ကို ဘရာဇီးနိုင်ငံ SOA JOSE မြို့ရှိ Embraer 190 လေယာဉ်ကုမ္ပဏီမှ ငှားရမ်းခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလက စတင်ပြေးဆွဲခဲ့သည်။
လေယာဉ်တွင် အမေရိကန်နိုင်ငံ အခြေစိုက် GE ကုမ္ပဏီထုတ် အင်ဂျင်များကို အသုံးပြုထားပြီး လေယာဉ် ပျံသန်းမှု သမိုင်းတွင် တစ်ကြိမ်သာ မတော်တဆမှု ရှိခဲ့ကြောင်း မြန်မာ့လေကြောင်းက သတင်းထုတ်ပြန်ထားသည်။
တစ်လအတွင်း မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ် သုံးကြိမ်မြောက် မတော်တဆမှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ကလည်း Air Mandalay လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဝါယာရှော့ခ် ဖြစ်ပွားခဲ့သေးသည်။
The Voice Weekly
တပ်မတော်သားသုံးဦး စကားများရာက တစ်ဦးသေဆုံး
တောင်ငူ၊ ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့သစ် တပင်ရွှေထီးရပ်ကွက်တွင် ဇွန်လ ၁၀ ရက်နေ့ ည ၁၀နာရီ မိနစ်၃၀က အရက်ဆိုင်မှ ပြန်လာသည့် တပ်မတော်သား သုံးဦး စကားများ ရန်ဖြစ်ရာမှ တပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ကေတုမတီမြို့သစ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ တပ်သားများမှာ အမှတ် (၁၀) တိုက်ပွဲဝင် စည်းရုံးရေးသင်တန်းကျောင်း တွင် တက်ရောက်နေသူများ ဖြစ်ကြောင်း၊ ၄င်းတို့သုံးဦး အရက်ဆိုင်တွင် စားသောက်ပြီး အပြန်၌ အမှတ် (၁၃) ဆက်သွယ်ရေး တပ်ရင်း ကေတုမတီမြို့သစ် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်ကြပ်သန်းထွန်းကို ငွေကြေးနှင့် လူမှုရေးပြဿနာများနှင့် ပတ်သက်ပြီး အချင်းများရာမှ ကျန်တပ်သား နှစ်ဦးက ထိုးကြိတ်ပြီး အနီးရှိခြံစည်းရိုးမှ တုတ်ချောင်းကို ဖြုတ်ကာ ရိုက်နှက်ခဲ့ကြောင်း ရဲစခန်းထံ ထွက်ဆိုခဲ့သည့် ထွက်ဆိုချက် များအရ သိရှိရသည်။
ပြစ်မှုကျုးလွန်သူ တပ်သားကောင်းထက် သည် ကရင်ပြည်နယ် သံတောင်ကြီး မြို့နယ်ရှိ အမှတ် (၃) အရာခံ အကြပ်ကြီး သင်တန်းကျောင်းမှ ဖြစ်ပြီး တပ်သားရဲလင်းနိုင်မှာ သံတောင်ကြီးမြို့နယ်ရှိ အမှတ် (၃၄၈) အမြောက်တပ်ရင်းမှ ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။
"သေတဲ့သူကို တွေ့တဲ့အချိန်မှာ အနံ့တောင်နံနေပြီ။ ဒဏ်ရာလည်း အများကြီးမရှိဘူး" ဟု မျက်မြင်တွေ့ရှိသူ ကေတုမတီမြို့သစ် တပင်ရွှေထီးရပ်ကွက် တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
လူသတ်မှုကျုးလွန်သူဟု ယူဆရသည့် တပ်သားကောင်းထက်နှင့် ရဲလင်းနိုင် တို့ကို (ပ)-၇၂/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း ကေတုမတီ ရဲတပ်ဖွဲ့စခန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
The Voice Weekly
တပ်ပိုင်မြေ ငှားရမ်းနေထိုင်သူများကို စတင်ဖယ်ရှား
ရန်ကုန်၊ ဇွန် ၁၃
သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက် အပိုင်း (၁) နှင့် အပိုင်း (၂) အတွင်းရှိ တပ်မတော်ပိုင်မြေများကို ၂၁ နှစ်ကျော် မြေငှားစနစ်ဖြင့် ငှားရမ်းပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေသူများကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် စာပို့ထားရာ မှ ခြောက်လကျော် အကြာ ယခုနှစ် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် လုံထိန်း ရဲတပ်ဖွဲ့ဝင်များ၏ အစောင့်အရှောက်ဖြင့် ဖယ်ရှားခဲ့ကြောင်း ယင်းရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။
တပ်ပိုင်မြေ ငှားရမ်း လုပ်ကိုင်သူများကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က ပထမဆုံး အကြိမ်အဖြစ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ တွင် နောက်ဆုံးထား ဖယ်ရှားပေးရန် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ခံ တပ်ကြပ်ကြီး စာရေး မောင်မောင်သွင်က အကြောင်းကြားခဲ့ပြီး ဇန်နဝါရီလ မှစ၍ လစာ ကောက်ခံခြင်း မရှိတော့ကြောင်း၊ ယင်းနောက် သုံးကြိမ် ထပ်မံ၍ ဖယ်ရှားပေးရန် အကြောင်းကြားခဲ့ကြောင်း တပ်မတော်နှင့် နီးစပ်သူများထံမှ စုံစမ်း သိရှိရသည်။
ယင်းနေရာ၌ ၁၉၉၂ ခုနှစ် ဝန်းကျင်ခန့်ကစတင်၍ တပ်မိသားစု သက်သာရေး အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများကို ငှားရမ်း လုပ်ကိုင်ခွင့်ပြုခဲ့၍ အိမ်ထောင်စုပေါင်း ၁၈၀ ကျော်၊ ကျောင်းနေအရွယ် ကလေး ၁၀၆ ဦးကျော် ပါရှိသည့် စုစုပေါင်းလူဦးရေ ၇၀၀ နေထိုင်လျက် ရှိကြောင်း၊ အဆိုပါ နေရာသို့ နံနက် ၆ နာရီခန့်တွင် နေအိမ် အဆောက်အအုံ များကို အင်အားသုံး ဖြိုချခဲ့ကြောင်း နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ဦးဝဏ္ဏထွန်းက ပြောကြားသည်။
"တောင်းပန်ချိန်ကိုမရဘူး။ ကျွန်တော်တို့က တရားဝင် လစာပေးပြီး လုပ်ငန်း လုပ်နေတာပါ၊ ကျူးကျော်တွေ မဟုတ်ပါဘူး" ဟု ဖယ်ရှားခြင်း ခံရသူ ဦးဝဏ္ဏထွန်းက ပြောဆိုသည်။
ယင်းနေရာ၌ နွားအကောင် ၆၀ မွေးမြူနိုင်သည့် နွားခြံတစ်ခြံကို ၆၁,၅၀၀ ကျပ် ပေးရကြောင်း၊ နွားမွေးမြူသူ ၁၈ ဦးခန့် ရှိပြီး နွားအကောင် ၇၀၀ ကျော် မွေးမြူထားကြောင်း၊ ယင်းအတွက် စုစုပေါင်း တစ်လလျှင် ကျပ် ၃၄ သိန်း ငှားရမ်းခ ပေးဆောင်ခဲ့ကြကြောင်း၊ ယင်းသို့ နေထိုင်သူများတွင် အငြိမ်းစား တပ်မတော်သားဟောင်းများလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။
ယင်းသို့ ဖယ်ရှားခြင်းမခံရမီ ၂၀၁၂ ခုနစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တစ်ကြိမ်၊ မတ်လ ၂၄ ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင် ဖယ်ရှားမည့်ကိစ္စကို ပြန်လည် စဉ်းစားပေးပါရန် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်ထံ မေတ္တာရပ်ခံ တင်ပြခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က ပြောဆိုသည်။
"ဇွန်လ ၁၃ ရက်နေ့ နံနက် ၆ နာရီ ခန့်လောက်တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တပ်မြို့စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်ရေးမှူး ဦးမိုးမင်းဝင်းနှင့် ရဲအင်အား များ အသုံးပြုကာ ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း ဘောက်ထော် ပြည်သာယာ လမ်းတွင် နေထိုင်သူ တစ်ဦးက ပြောဆိုသည်။
The Voice Weekly
အမေရိကန်ထောက်လှမ်းရေး၏ လျှို့ဝှက်ချက်များ ထပ်မံဖွင့်ချသွားမည်ဟု စနိုးဒန် ပြောကြား
ဟောင်ကောင်၊ ဇွန် ၁၃
အမေရိကန် ထောက်လှမ်းရေးအဖွဲ့၏ လျှို့ဝှက်ချက်များကို ဖွင့်ဟထုတ်ဖော် ခဲ့ပြီး ယခုအခါ ဟောင်ကောင်တွင် ပုန်းခိုနေထိုင်လျက် ရှိသော အက်ဒ်ဝပ်စနိုးဒန်က ၄င်းအနေနှင့် ထောက်လှမ်းရေးအဖွဲ့၏ လျှို့ဝှက်သောလုပ်ရပ်များကို ထပ်မံဖွင့်ချသွားမည် ဖြစ်သည်ဟု ကတိပေး ပြောဆိုသွားကြောင်း ဟောင်ကောင်သတင်းစာ South China Morning Post က ရေးသားဖော်ပြသည်။
ဟောင်ကောင်တွင် ပုန်းအောင် နေထိုင်လျက်ရှိသော အက်ဒ်ဝပ်စနိုးဒန်ကို အဆိုပါသတင်းစာက တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ရာ ၄င်းက အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။
ထို့ပြင် မိမိကို အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးမည့် တရားရေးဆိုင်ရာ လုပ်ရပ်များကို ရင်ဆိုင်တိုက်ခိုက်သွားမည် ဖြစ်သည်ဟု ၄င်းက အသိပေးပြောဆိုသည်။
"ကျွန်တော့်ရဲ့ ကံကြမ္မာကို တရားရုံးတော်တွေနဲ့ ဟောင်ကောင်ပြည်သူတွေက ဆုံးဖြတ်ပေးစေ လိုပါတယ်။ ဟောင်ကောင်ရဲ့ ဥပဒေစနစ်အပေါ် ကျွန်တော့်အနေနဲ့ သံသယဖြစ်စရာ အကြောင်းမရှိပါဘူး။ ကျွန်တော်ဒီကို လာတာဟာ တရားစီရင်ရေး ကို ပုန်းရှောင်ဖို့ မဟုတ်ပါဘူး။ ကျွန်တော် ဒီကိုလာတာဟာ ပြစ်မှုမြောက်တဲ့ လုပ်ရပ်ကို ဖော်ထုတ်ဖို့ အတွက်ပါ" ဟု အက်ဒ်ဝပ်စနိုးဒန်က ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုမှ ထွက်ပြေး တိမ်းရှောင်လာသူ အက်ဒ်ဝပ်စနိုးဒန် သည် အဘယ့်ကြောင့် တရုတ်နိုင်ငံ၏ နယ်နိမိတ်အတွင်း လာရောက် ပုန်းခိုရသနည်း ဟူသောကိစ္စနှင့် ပတ်သက်၍ ထင်ကြေးပေး ပြောဆိုမှု အမျိုးမျိုး ထွက်ပေါ်နေချိန်တွင် အက်ဒ်ဝပ်စနိုးဒန်က အထက်ပါအတိုင်း အသိပေး ပြောဆိုလိုက်ခြင်း ဖြစ်သည်။
South China Morning Post သတင်းစာရေးသားချက်အရ ဟောင်ကောင် သည် ပြစ်မှုကျူးလွန်သူ များကို ပြစ်မှု ကျူးလွန်ရာ တိုင်းပြည်သို့ လွှဲပြောင်းပေးအပ် နိုင်သည့် သဘောတူညီချက် စာချုပ်ကို အမေရိကန်ပြည်ထောင်စုနှင့် ရေးထိုးထားကြောင်း၊ သို့သော် စနိုးဒန်အား အမေရိကန်ပြည် ထောင်စုသို့ လွှဲပြောင်းပေးမည့် ကြိုးပမ်းချက်များကို ဘေဂျင်းအစိုးရက အဟန့်အတား ပြုလုပ်နိုင်ကြောင်း သိရသည်။
သို့သော်လည်း စနိုးဒန်၏ အမှုကိစ္စသည် တရုတ်သမ္မတ ရှီကျင့်ဖျင် အမေရိကန် ပြည်ထောင်စုသို့ ပထမဆုံးအကြိမ် သွားရောက်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းနေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်ရာ ၄င်းအား လွှဲပြောင်းမည့် ကြိုးပမ်းချက်များကို ဘေဂျင်းအစိုးရ အနေနှင့် အဟန့်အတားပြုလုပ်ဖွယ် နည်းပါးကြောင်း လေ့လာဆန်းစစ်သူ တို့က ဆိုသည်။
အက်ဒ်ဝပ်စနိုးဒန် ကမူ မိမိအနေနှင့် ဟောင်ကောင်တွင် နေထိုင်ရသည်မှာ လုံခြုံ စိတ်ချသည်ဟု ခံစားမိကြောင်း ထုတ်ဖော် ပြောဆိုပြီး ဟောင်ကောင်မှ ထွက်သွားရန် ဖိအားပေးမှုများ မရှိသေးသရွေ့ ဆက်လက် နေထိုင်သွားမည်ဟု အသိပေးလိုက်သည်။
Reuters သတင်းဌာန အဆိုအရ ယခုအခါ စနိုးဒန်ကို နိုင်ငံရေးခိုလှုံခွင့် ပေးရန် ရုရှားနိုင်ငံက ကမ်းလှမ်းထားကြောင်း သိရသည်။
The Voice Weekly
မြန်မာများကို ပြန်ပို့မည်ဟု မလေးရှားပြော
Friday, June 14 , 2013
မလေးရှားတွင် မြန်မာနိုင်ငံသားလေးဦး အသတ် ခံရပြီးနောက် မလေးရှားအစိုးရက မြန်မာနိုင်ငံသား ထောင်ပေါင်းများ စွာကို မြန်မာနိုင်ငံ သို့ပြန်ပို့ တော့ မည်ဟု ပြောသည်။
ကွာလာလမ်ပူမှလာသော အေအက်ဖ်ပီ သတင်းတစ်ပုဒ်တွင် မလေးရှား ဒုတိယပြည်ထဲရေးဝန် ကြီး ဝင်န်ဂျူနာဒီ၏ပြောဆိုချက် ကို ကိုးကားဖော်ပြရာ၌ မြန်မာ များ အချင်းချင်း ခိုက်ရန်ဖြစ်ပွား ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွား မှုကို မလေးရှားသို့ယူဆောင်လာ ခြင်းဖြစ်ကြောင်း သတင်းထောက် များကို ဒုဝန်ကြီး ကပြောဆိုကြောင်း သိရသည်။ ''လူဝင်မှုကြီးကြပ်ရေး ထိန်း သိမ်းစခန်းမှာ မြန်မာ ၄၄၀၀ ထိန်း သိမ်းထားပါတယ်။ ကျွန်တော်တို့ မြန်မာအာဏာပိုင် အထူး သဖြင့် မြန်မာ သံရုံးကို ဖိတ်ခေါ်ထားပါ တယ်။ အဲဒီ သူတွေကို ပြန်ခေါ်သွားဖို့ပါ'' ဟု ဒုဝန်ကြီး ကပြောသည်။
ထို့ပြင် သူက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ ကို သူတို့ကိုယ်သူတို့ ဒုက္ခသည် များဟု ပြောဆို ပြီး မြန်မာပြည် ကို လုံခြုံမှုမရှိ၍မပြန်လိုကြောင်း ပြောဆို နေသူများ အား အလျင် အမြန် စိစစ်ပေးရန် တောင်းဆို လိုက်သည်။ အေဂျင်စီတွင် အထောက် အထား အရ မြန်မာဒုက္ခသည် ၉၅၀၀၀ ခန့် မလေးရှားတွင်နေ ထိုင်ကြောင်း သိရသည်။ သူတို့ ကို မည်သည့် တရားဝင်အဆင့် အတန်းမှ သတ်မှတ်ပေးမထား သော်လည်း ယာယီ နေ ထိုင်ခွင့် တော့ပေးထားသည်။ ထိုအထဲ တွင် ၂၈ဝဝဝခန့် မှာ မူဆလင်ရိုဟင်ဂျာများဖြစ် သည်ဟု ဆိုသည်။ ပြည်ထဲရေးဒုဝန်ကြီးက ဆက်လက်ပြော ဆိုရာ တွင် မလေး ရှား၌ မြန်မာနိုင်ငံသား ၂၅၇၀၀၀ ခန့် အလုပ် လုပ်နေကြပြီး ယင်း တို့အနက် ၁၄၄၀၀၀ မှာ တရား မဝင် အလုပ်သမားများ ဖြစ်ကြ ကာ လစာနည်း အလုပ် များ ဖြစ် သည့် စိုက်ပျိုးရေး၊ ဆောက်လုပ် ရေး နှင့် မလေးရှားနိုင်ငံသားများ မလုပ်လိုသည့် အလုပ်များ လုပ် ကိုင်နေကြသည်ဟု ထည့်သွင်း ပြောဆို သွား သည်။
မလေးရှား အာဏာပိုင်များ က မလေးရှားများက ဝိုင်းဝန်း တိုက်ခိုက်ခံရသည့် မြန်မာနိုင်ငံ သားများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွား ခဲ့သော အရေးကိစ္စအပေါ် ပြန်လည် လက်စား ချေ လိုသော ကြောင့် ဖြစ်သည်ဟုပြောသည်။ သို့သော် မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်ကမူ ထိုဖြစ်ရပ်သည် ဘာသာရေး ကိစ္စ ကြောင့် မဟုတ် ဘဲ ဂိုဏ်းဖွဲ့တိုက်ခိုက်ခြင်းမျိုးဟု ယုံကြည်ဖွယ်ရာ ဖြစ်နေကြောင်း သီးခြားမှတ်ချက်ပေးသည်။ ''ဒီမှာ အလုပ်လုပ်နေတဲ့ ကျွန်တော်တို့ နိုင်ငံသား တွေကို အကာ အကွယ်ပေးဖို့ မလေးရှား အစိုးရကို ကျွန်တော်တို့ အကူ အညီ တောင်းထားပါတယ်။ တ ချို့က မြန်မာပြည်ပြန်လိုနေကြ ပါတယ်။ သူတို့ မြန်မြန်ပြန် နိုင်အောင် ကျွန်တော် တို့စီစဉ်နေပါ တယ်''ဟု ဦးဇင်ယော်က ဆက် လက်ပြောကြားသည်။
ယင်းနှင့်ပတ်သက်၍ အ လုပ်သမားအရေး ဆောင်ရွက် သူ ဦးရဲနိုင်ဝင်းက ''ပြည်ပက မြန်မာလုပ်သားတွေကို ပြန်လက် ခံရုံနဲ့မပြီးဘူး။ အစိုးရက မူဝါဒ ချမှတ်ပြီးတော့ ပြည်ပ လုပ်သား တွေအတွက် လုပ်သင့်တယ်။ ပြည် တွင်းမှာ အလုပ်အကိုင်ကမရှိဘူး။ သူတို့ ဟိုမှာရတဲ့လစာနဲ့ ဒီမှာရ တဲ့ လုပ်အားခက ကွာခြားမယ်။ အဲဒါကြောင့် ပြန်လာ ပြီးလဲ ပြန် ထွက်သွားကြမှာပဲ။ အဲဒါကြောင့် အစိုးရအနေနဲ့ နိုင်ငံတကာရင်း နှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး အ လုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ ရေရှည် မူဝါဒ ချပြီးလုပ်ရမယ်''ဟု ပြောသည်။
ပြည်တွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ဟိန်းက ''နိုင်ငံခြားကို အလုပ်သမား သွားလုပ်တယ်ဆို တာ ပြည်တွင်းမှာ မလုပ်ချင်လို့ ထွက် သွားကြတာ။ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းက လဲမရှိဘူး။ သူများနိုင်ငံမှာတော့ ဘယ်သူမှ အောက်ကျခံပြီးမလုပ် ချင်ကြဘူး ။ အခုလိုဖြစ် တော့ လဲ ကိုယ့် မြန်မာနိုင်ငံသား တွေဖြစ် တဲ့အတွက် ပြန်ခေါ်ရမယ်။ အ လုပ်အကိုင်တွေကို ပြည်တွင်းမှာ ဖန်တီးပေးရမယ်''ဟု သုံးသပ်ပြော သည်။
ညီလတ်
YMG
အမေရိကန်နိုင်ငံသူတစ်ဦး အလံပြဘုရားလမ်း ပလက်ဖောင်းပေါ်တွင် ချွန်သောအရာဖြင့် ထိုးခြင်းခံရ
Friday, June 14 , 201
၁၃.၆.၂၀၁၃ ရက်နေ့ ၂၁၄၅ အချိန်ခန့်တွင် World Food Programme ကုမ္ပဏီတွင် Reporting Officer အဖြစ်လုပ်ကိုင်သူ အမေရိကန်နိုင်ငံသူ တရုတ်လူမျိုး Mrs.Teresa Wai Yee Ha ၊ (၃၄)နှစ်၊ ဗီဇာ/ပတ်စ်ပို့အမှတ် (စုံစမ်းဆဲ)၊ ဆိပ်ကမ်းသာလမ်း၊ ကျောက်တံတားမြို့နယ် နေသူသည် ဒဂုံမြို့နယ် အလံပြဘုရားလမ်း Max Myanmar ကုမ္ပဏီရုံးချုပ်ရှေ့ ပလက်ဖောင်းပေါ်တွင် တစ်ဦးတည်း
လမ်းလျှောက်လာစဉ် အမည်မသိ အမျိုးသားတစ်ဦး (စုံစမ်းဆဲ)မှ နောက်ကျော ဘက်မှ ချုပ်ကိုင်ပြီး
ချွန်ထက်သောအရာဖြင့် ထိုး၍ လည်ပင်းဝဲဘက်တွင် ထိုးသွင်းဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ) ရရှိခဲ့သောကြောင့် ၎င်းကိုယ်တိုင် TAXI ဌားရမ်းပြီး ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိဆေးကုသမှုခံယူခဲ့ရသဖြင့် ၎င်းအလုပ်လုပ်ကိုင်သည့် ကုမ္ပဏီ အလုပ်ရှင် ဒေါ်ချိုနွယ်ဦး၊ (ဘ)ဦးအောင်သန်းမှ Mrs.Teresa Wai Yee Ha အား ချွန်ထက်သော အရာဖြင့်ထိုးသူ အမည်မသိ(စုံစမ်းဆဲ)အပေါ် အရေးယူပေးပါရန် တရားလိုပြုလုပ် တိုင်တန်းခဲ့၍ ဒဂုံမြို့မ ရဲစခန်းတွင် (ပ)၁၃၂/၂၀၁၃၊ ပုဒ်မ- ၃၂၆ ဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိရေး အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
ပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲ ကျင်းပ
ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်မြို့တွင် ဇွန် ၁၃ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
Friday, 14 June 2013
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် နိုင်ငံတကာတွင် ဗုဒ္ဓဘာသာအပေါ် အထင်လွဲမှားမှုများ ရှိနေရာ ဗုဒ္ဓဘာသာကို ငြိမ်းချမ်းသည့် ဘာသာအဖြစ် ကမ္ဘာက သိစေရန်နှင့် ပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ဇွန် ၁၃ ရက်မှ စတင်ပြီး ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့ရှိ ဓမ္မဒူတဇေတ၀န်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဒေသကြီး ဗန်းမော်ကျောင်းတိုက် ဆရာတော်၊ မလေးရှားနိုင်ငံ ပီနန်းဆရာတော် ဘဒ္ဒန္တပညာဝံသ အပါအ၀င် မြန်မာနိုင်ငံ တစ်ဝန်းရှိ ဆရာတော် သံဃာတော်အပါး နှစ်ရာဝန်းကျင် တက်ရောက်ပြီး ဆွေးနွေးလျက်ရှိသည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး ဗန်းမော်ကျောင်းတိုက် ဆရာတော်က ''ယနေ့ နိုင်ငံအခြေအနေမှာ ပဋိပက္ခများ ဖြစ်ပေါ်နေပြီး အဲဒီပဋိပက္ခတွေကို သံဃာတော် အရှင်သူမြတ်များ အနေနဲ့ ဖြေရှင်းပြီး ငြိမ်းချမ်းအောင် လုပ်ကိုင်ဆောင်ရွက် နေကြသည့်အတွက် အထူးပဲ ကျေနပ်အားရမိပါတယ်။ ထိုသို့ ဗုဒ္ဓနည်းကျ ငြိမ်းချမ်းစွာ ဖြေရှင်းနေကြပါလျက် နိုင်ငံတကာ မီဒီယာများက ဗုဒ္ဓဘာသာကို အမျိုးမျိုး ပုတ်ခတ်ပြီး ဂုဏ်သရေ ညှိုးနွမ်းအောင် နည်းမျိုးစုံ အမှားသတင်းတွေ လွှင့်နေကြတာကို တွေ့နေကြရတဲ့အတွက် အထူးစိတ်မကောင်း ဖြစ်မိပါတယ်။ လွဲမှားစွာ ဖော်ပြနေတဲ့ လုပ်ကြံသတင်း မီဒီယာများကြောင့် နိုင်ငံတကာက ဗုဒ္ဓဘာသာအပေါ်ကို အထင်လွဲ အမြင်လွဲ ဖြစ်နေကြပါတယ်။ ဒါကြောင့် ဖြစ်ပေါ်နေတဲ့ ပဋိပက္ခဖြစ်စဉ်ရဲ့ အမှန်ကို အတိအကျ ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ ကမ္ဘာကိုလည်း ကြေညာဖို့ လိုအပ်ပါတယ်'' ဟု မိန့်ကြားခဲ့သည်။
ဗုဒ္ဓနည်းကျ ငြိမ်းချမ်းစွာ ဖြေရှင်းနေကြပါလျက် နိုင်ငံတကာ မီဒီယာများက ဗုဒ္ဓဘာသာကို အမျိုးမျိုး ပုတ်ခတ်ပြီး ဂုဏ်သရေ ညှိုးနွမ်းအောင် နည်းမျိုးစုံ အမှားသတင်းတွေ လွှင့်နေကြတာကို တွေ့နေကြရတဲ့အတွက် အထူးစိတ်မကောင်း ဖြစ်မိပါတယ်။ လွဲမှားစွာ ဖော်ပြနေတဲ့ လုပ်ကြံသတင်း မီဒီယာများကြောင့် နိုင်ငံတကာက ဗုဒ္ဓဘာသာအပေါ်ကို အထင်လွဲ အမြင်လွဲ ဖြစ်နေကြပါတယ်...
အဆိုပါ ဆွေးနွေးပွဲကို ကဏ္ဍခုနစ်ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး (၁) ပဋိပက္ခများကို ဗုဒ္ဓနည်းကျ ဖြေရှင်းရေးကဏ္ဍ၊ (၂) ဥပဒေဆိုင်ရာ ကဏ္ဍ၊ (၃) နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးကဏ္ဍ၊ (၄) ပညာရပ် လေ့လာရေးကဏ္ဍ၊ (၅) သတင်းနှင့် ပြန်ကြားရေးကဏ္ဍ၊ (၆)အဖွဲ့အစည်း အဆင့်ဆင့် စေ့စပ်ညှိနှိုင်းရေး ကဏ္ဍ၊ (၇) အသိပေး စည်းရုံးရေး ကဏ္ဍတို့ ဖြစ်သည်။
အခမ်းအနား နံနက်ပိုင်းအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဆရာတော် အရှင်ဆေကိန္ဒက ''ဒီအခမ်းအနား ကျင်းပရတဲ့ အဓိကအကြောင်းရင်းက ဗုဒ္ဓဘာသာဆိုတာ ငြိမ်းချမ်းတဲ့ ဘာသာအဖြစ် တစ်ကမ္ဘာလုံးက သတ်မှတ်ထားပြီးသား။ ဗုဒ္ဓဘာသာကို တစ်ကမ္ဘာလုံးက ငြိမ်းချမ်းတဲ့ ဘာသာအဖြစ်သိပြီး သိပ်မကြာဘူး ပြဿနာတွေ ဖြစ်ခဲ့ရတယ်။ ဘာမှမဟုတ်တဲ့ တစ်ခုခုလေးကြောင့် ပြယုဂ်လေးကြောင့် မှန်တာမှားတာတော့ မပြောလိုဘူးပေါ့။ ဒီဟာလေးကြောင့်ပဲ ဗုဒ္ဓဘာသာကြီးဟာ တစ်ကမ္ဘာလုံးမှာ နာမည်ပျက်အောင် လုပ်နေကြတာမျိုး ဖြစ်နေလို့ ဆရာတော်ကြီးတွေက ဗုဒ္ဓဘာသာကို ငြိမ်းချမ်းတဲ့ ဘာသာအဖြစ်သိဖို့ ရှေ့ဆက်ပြီး ငြိမ်းချမ်းအောင် ဖြေရှင်းဖို့ လုပ်ဆောင်သွားကြမှာပါ။ အားနည်းချက် ဆိုတာက လမ်းစဉ်မူဝါဒနဲ့ ၀န်ထမ်းနဲ့ ဆိုတာတော့ ကွာတာပေါ့။ လမ်းစဉ်မူဝါဒ ကောင်းဦးတော့ ၀န်ထမ်းအနေနဲ့ တစ်ယောက်တလေတော့ ဖောက်မှာပဲ'' ဟု မိန့်ကြားသည်။
ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပြဿနာများအား ဘာသာရေး ခေါင်းဆောင်များ၊ တိုင်းပြည် ခေါင်းဆောင်များနှင့် လူမှုရေး အဖွဲ့အစည်းများ ၀ိုင်းဝန်းစွမ်းဆောင်မှု မပြုပါက ပဋိပက္ခအခြေအနေများ ပိုမိုဆိုးရွားနိုင်ကြောင်းလည်း ဆရာတော်က မိန့်ကြားသည်။
''ဒီခေတ်ကာလ ဒီအပြောင်းအလဲမှာ ဒီလောက်ပဲ ဖြစ်လာတာဟာ ဘာသာရေး ခေါင်းဆောင်တွေ တိုင်းပြည်ခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းတွေ အကုန်လုံးက စွမ်းဆောင်နိုင်ကြလို့ ဒီလောက်လေး ဖြစ်လာတာ။ မဟုတ်ရင် ဒါထက်ဆိုးတဲ့ အခြေအနေမျိုးတွေ ဖြစ်သွားနိုင်တဲ့ အပြောင်းအလဲပါ'' ဟု ဆရာတော် အရှင်ဆေကိန္ဒက ဆက်လက်မိန့်ကြားသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော် သံဃာတော်များက မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ၀မ်းနည်းကြောင်း၊ မလေးရှားနိုင်ငံတွင် အခက်အခဲ ဖြစ်နေသည့် မြန်မာနိုင်ငံသားများကို မြန်မာတိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများ ပြည်သူများက အကူအညီ ပေးနေမှုများအတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်းနှင့် မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများအား အကူအညီပေးလိုသူများ၊ ထောက်ပံ့လိုသူများ၏ လှူဒါန်းမှုများအား လက်ခံပြီး ထောက်ပံ့ကူညီမှု ပေးသွားရန်တို့ကို သဘောတူ လက်ခံခဲ့ကြသည်။ ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ၏ ဆွေးနွေးပွဲရလဒ် ကြေညာချက် တစ်စောင်ကို ဇွန် ၁၄ ရက်တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group
မြန်မာအလုပ်သမားများအား ပဋိပက္ခများ ထပ်မံ မဖြစ်ပွားရန် သတိပေး
ဗဟုသုတ ဟင်းပေါင်းအိုးကြီး
စင်ကာပူမှ မြန်မာအမျိုးသမီးငယ်အချို့ စိတ်မမှန်သည့် ပုံစံမျိုးဖြင့် ပြန်ရောက်လာမှုများရှိနေ
Friday, 14 June 2013
ဧပြီ ၁၆ ရက်က စင်ကာပူမှ မြန်မာနိုင်ငံသို့ MAI လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် ကချင်အမျိုးသမီးငယ် တစ်ဦးသည် လေဆိပ်သို့ ရောက်ရှိပြီးချိန်တွင် စိတ်မမှန်သည့် ပုံစံမျိုး ဖြစ်နေကြောင်း၊ ထပ်မံ၍ ဇွန် ၉ ရက်ကလည်း စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ Golden Myanmar လေကြောင်းလိုင်းဖြင့် ပြန်လာသည့် ချင်းတိုင်းရင်းသူ အမျိုးသမီးငယ် တစ်ဦးမှာလည်း ထိုသို့ပင် စိတ်မမှန်သည့် ပုံစံမျိုးဖြင့် ပြန်လည်ရောက်ရှိ လာသဖြင့် လေဆိပ်တာဝန်ရှိသူများက အမျိုးအဆွေများအား ရှာဖွေအပ်နှံ ပေးနေရကြောင်း လေကြောင်းလိုင်း အချို့ထံမှ စုံစမ်းသိရှိရသည်။
လေကြောင်း အသိုင်းအ၀ိုင်းမှ ဖြစ်စဉ်များကို သိရှိသူ တစ်ဦးက ''စင်ကာပူကနေ ပြန်လာတဲ့ အမျိုးသမီးငယ်တွေချည်းပဲ ဖြစ်နေတာ တွေ့ရတယ်။ ပထမတစ်ယောက် ဆိုရင် အသက် ၂၄ နှစ်အရွယ် ကချင်မလေး။ လေဆိပ်ရောက်တော့ ကိုယ့်ပစ္စည်းတွေလည်း ကိုယ်သယ်ဖို့ သတိမရဘူး။ အငှားကားပေါ် တက်ထိုင်နေပြီး ငိုလိုက်ရပ်လိုက်၊ ငိုလိုက်ရပ်လိုက် ဖြစ်နေတယ်။ ဘာမှ မေးလို့မရဘူး။ ဘာကိုမှလည်း သတိမရဘူး။ ဒုတိယ တစ်ယောက်လည်း အဲဒီလိုပဲ ငိုလိုက်ရပ်လိုက်၊ ငိုလိုက်ရပ်လိုက် ဘာမှ သတိမရဘူး။ တာဝန်ရှိသူတွေက အိတ်တွေဖွင့်ပြီး ဆက်သွယ်လို့ရမယ့် ဖုန်းတွေလိုက်ရှာပြီး လုပ်ပေးလိုက်တယ်။ ပထမ တစ်ယောက်ဆိုရင် မြစ်ကြီးနားက ကောင်မလေးပါ။ ဆွေမျိုးရင်းချာအထိ ဆက်သွယ်လို့ မရတဲ့အတွက် ကမ္ဘာအေး အမျိုးသမီး စောင့်ရှောက်ရေးအဖွဲ့က လာခေါ်ပေးသွားတယ်လို့ ကြားရတယ်။
ဒုတိယတစ်ယောက် ကတော့ ဦးလေးတော်တဲ့သူနဲ့ အဆက်အသွယ်ရတော့ လာခေါ်သွားတယ်လို့ ကြားရတယ်။ အဲဒီမှာ တူတဲ့အချက်တွေက ငိုလိုက်ရပ်လိုက်ဖြစ်တာ၊ မှတ်ဥာဏ်ပျောက်နေတာ၊ အမျိုးသမီးငယ်တွေ ဖြစ်နေသလို လေယာဉ်ပေါ်မှာလည်း တစ်ယောက်တည်းစီပဲ ပါလာတာတွေက တူနေတယ်။ အစကတည်းက စိတ်မမှန်ဘူးဆိုရင် လေယာဉ်စီးဖို့ မဖြစ်နိုင်သလို တစ်ယောက်ယောက် အစောင့်ပါလာမှာပဲ။ တစ်ယောက်လောက် ဒီလိုဖြစ်တယ်ဆိုတာ အကြောင်းကြောင်းကြောင့်လို့ ပြောလို့ရပေမယ့် ပုံစံတူ နှစ်ယောက် ဖြစ်လာတဲ့ အတွက်တော့ သေချာစိစစ် သင့်တယ်လို့ ထင်တယ်။ ဥပမာ- ဆေးဝါး တစ်ခုခုကြောင့် အသိဥာဏ် ပျောက်သလား ဆိုတာမျိုးပေါ့။ သွေးရိုးသားရိုး ဖြစ်တာက ပြဿနာ မဟုတ်ပေမယ့် တစ်ခုခုကြောင့်ဆိုရင် ရှောင်တိမ်းနိုင်အောင် စစ်သင့်တယ် ထင်တယ်။ နှစ်ယောက်စလုံး အနေအထားက အောက်ခြေ အလုပ်လုပ်တဲ့ ပုံစံမျိုးလေးတွေပါ'' ဟု ပြောပြခဲ့သည်။
Eleven Media Group 
လူသတ်တရားခံများကို ဖော်ထုတ်ခြင်း မရှိဘဲ မြန်မာ အလုပ်သမားများအား ပဋိပက္ခများ ထပ်မံ မဖြစ်ပွားရန် သတိပေး
ဆလာရန်းဈေးဟောင်း၊ ဈေးသစ် အနီးတစ်ဝိုက်အား ဇွန် ၁၃ ရက်က တွေ့ရစဉ်
Friday, 14 June 2013
မလေးရှားနိုင်ငံတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများကို သတ်ဖြတ်သည့် တရားခံများအား လိုက်လံ ဖမ်းဆီးခြင်း မပြုဘဲ မလေးရှားအစိုးရက ပဋိပက္ခများ ထပ်မံ မပြုလုပ်ရန် မြန်မာနိုင်ငံသားများအား ကြာသပတေးနေ့က သတိပေး ပြောကြားခဲ့သည်။
ဆလာရန်းဈေးဟောင်း၊ ဈေးသစ် အနီးတစ်ဝိုက်အား ဇွန် ၁၃ ရက်က တွေ့ရစဉ်
ထို့အပြင် တရားဝင် ထုတ်ပြန်ချက်များအရ လူလေးဦးထက်မနည်း သေဆုံးခဲ့သည့် ပဋိပက္ခများ ဖြစ်ပွားပြီး မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ရန် မြန်မာအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ မလေးရှား နိုင်ငံမြို့တော်၊ ကွာလာလမ်ပူ အနီးတစ်ဝိုက်တွင် ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွားမှု ပဋိပက္ခများကြောင့် စိုးရိမ်မှုများ ရှိနေကြသည်။ သို့သော်လည်း ကွာလာလမ်ပူရှိ လက်ကားဈေးတစ်ခုတွင် မေလနှောင်းပိုင်းက စတင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း မလေးရှားနှင့် မြန်မာ နှစ်နိုင်ငံစလုံးက အခိုင်အမာ ပြောကြားခဲ့ကြောင်း သိရသည်။
မလေးရှား အာဏာပိုင်များက အဆိုပါ ပဋိပက္ခများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး ပဋိပက္ခအတွက် ကလဲ့စားချေရန် ကြိုးပမ်းခဲ့သော မွတ်စလင်များက မြန်မာဗုဒ္ဓဘာသာဝင်များအား တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
''ဒီပဋိပက္ခက မြန်မာတွေ အချင်းချင်း ဖြစ်ခဲ့တဲ့ ပဋိပက္ခပါ။ သူတို့နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပြဿနာကို ကျွန်တော်တို့ နိုင်ငံအထိ သယ်လာခဲ့တာပါ'' ဟု မလေးရှား ဒုတိယပြည်ထဲရေးဝန်ကြီး ၀င်ဂျူနိုင်ဒီဂျဖာက မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။
ဒီပဋိပက္ခက မြန်မာတွေ အချင်းချင်း ဖြစ်ခဲ့တဲ့ ပဋိပက္ခပါ။ သူတို့နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပြဿနာကို ကျွန်တော်တို့ နိုင်ငံအထိ သယ်လာခဲ့တာပါ'' ဟု မလေးရှား ဒုတိယပြည်ထဲရေးဝန်ကြီး ၀င်ဂျူနိုင်ဒီဂျဖာက မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့...
မြန်မာနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော်ကလည်း မြန်မာနိုင်ငံတွင် ယခင်နှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွက် ဘာသာရေး လက်စားချေမှု အကြောင်းပြကာ ကွာလာလမ်ပူရှိ ဒုစရိုက်အဖွဲ့များက အခွင့်ကောင်းယူ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း၊ ဘာသာရေးနှင့် မဆက်နွှယ်ကြောင်း၊ အဆိုပါ ပဋိပက္ခများတွင် ဒေသခံ မလေးရှား နိုင်ငံသားများ မပါဝင်ကြောင်း ပြောကြားခဲ့သည်။
''ရဲနဲ့ လူဝင်မှု ကြီးကြပ်ရေးဌာနတို့က ပရော်ဖက်ရှင်နယ်ကျကျ ဆောင်ရွက်ခဲ့ပါတယ်။ မလေးရှား အစိုးရကနေ အခုလို ပူးပေါင်း ဆောင်ရွက်ပေးတဲ့ အတွက်လည်း ၀မ်းသာပါတယ်'' ဟု ဦးဇင်ယော်က ပြောကြားသည်။
မလေးရှားတွင် မြန်မာနိုင်ငံသား ၁၅၇၀၀၀ အလုပ်လုပ်ကိုင်နေပြီး ၎င်းတို့အနက် ၁၄၄၀၀၀ သည် တရားမ၀င် လုပ်ကိုင်နေသူများ ဖြစ်ကြောင်း မလေးရှား ဒုတိယပြည်ထဲရေး ၀န်ကြီး ၀င်ဂျူနိုင်ဒီဂျဖာက ပြောသည်။
ပူထရာဂျာရှိ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနသို့ လာရောက်ပြီး မြန်မာနိုင်ငံပြန်ခွင့် လျောက်ထားသူ အချို့ကို ဇွန် ၁၃ ရက်က တွေ့ရစဉ်
ထို့အပြင် မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ် စာရင်းပေး နေထိုင်နေသူ မြန်မာနိုင်ငံသား ၉၅၀၀၀ ရှိကြောင်း ကုလသမဂ္ဂ စာရင်းပြုစုချက်များအရ သိရသည်။ ၎င်းတို့အနက် ၂၈၀၀၀ သည် ဘင်္ဂါလီများ ဖြစ်ကြသည်။
မလေးရှားရဲဌာနက လူသတ်မှု ကျူးလွန်သူများကို ဖမ်းဆီးခြင်းမရှိဘဲ လုံခြုံရေး ထိပါးသည်ဟု အကြောင်းပြကာ တရားမ၀င် နေထိုင်သူ မြန်မာနိုင်ငံသား ၄၄၀၀ အား ထိန်းသိမ်းထားကြောင်း၊ ၎င်းတို့ကို နေရပ် ပြန်ပို့ရန် မြန်မာအာဏာပိုင်များ အထူးသဖြင့် သံရုံးတာဝန်ရှိသူများကို ဖိတ်ကြားထားကြောင်း ၀င်ဂျုနိုင်ဒီက ပြောကြားခဲ့သည်။
လက်ရှိ အချိန်တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများသည် မိမိ၏ အသက်အန္တရာယ်အတွက် စိုးရိမ်ရသည့်အပြင် မလေးရှားရဲများ၏ ဖမ်းဆီးမည့် အန္တရာယ်ကိုလည်း စိုးရိမ်နေကြရသည်။
Eleven Media Group
"မင်းလှခံတပ်" နှစ်တစ်ရာ့ငါးဆယ်ပြည့် အထိမ်းအမှတ် အခမ်းအနား (ရုပ်/သံ)
မကွေးတိုင်း အထက်မင်းလှမြို့အနီးက၊ မြန်မာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ "မင်းလှခံတပ်" နှစ်တစ်ရာ့ငါးဆယ်ပြည့် အထိမ်းအမှတ် အခမ်းအနားတခုကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုဇော်တူးက သတင်းပေးပို့ထားပါတယ်။
RFA Burmese
ကားသင်္ချိုင်းမှ ဝန်ထမ်းလေးဦး ခိုးမှုဖြင့် တရားစွဲခံရ
ကြာသပတေးနေ့၊ ဇွန်လ ၁၃ ရက် ၂၀၁၃
အင်းစိန်ရွာမရှိ ကားသင်္ချိုင်းမှ ဝန်ထမ်းလေးဦးသည် စက်ရုံပိုင် မော်တော်ကားများမှ အလွိုင်းခွေများအား ခိုးထုတ်သည်ဟု စွပ်စွဲကာ ဇွန် ၁၁ ရက်က တိုင်ကြားခံရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။
ခိုးမှုဖြင့် စွပ်စွဲခံရသူများမှာ အမှတ် (၃) သံမဏိစက်ရုံမှ စက်ရုံလုပ်သားများဖြစ်သော အသက် ၂၅ နှစ်အရွယ် ကိုကောင်းမြတ်စိုး၊ အသက် ၂၇ နှစ်အရွယ်ရှိ ကိုကြည်ငြိမ်းအောင်၊ အသက် ၂၃ နှစ်အရွယ်ရှိ ကိုစိုးလင်းအောင်နှင့် အသက် ၂၁ နှစ်အရွယ် ကိုကိုမောင်တို့ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
၎င်းတို့လေးဦးသည် ဇွန် ၁ဝ ရက်၊ ည ၈ နာရီ ၅ဝ မိနစ်အချိန်က တန်ဖိုးကျပ် ရှစ်သောင်းရှိသော စက်ရုံပိုင် ကားမျိုးစုံမှ အလွိုင်း ခွေဟောင်း၂ဝ ခုကို စက်ရုံအတွင်းမှ ခိုးထုတ်ပြီး စက်ရုံပြင်ပအုတ်နံရံဘေးတွင် စုပုံထားသည်ကို တွေ့ရှိခဲ့ရသည်ဟု တရားလိုက ရဲစခန်းကို တိုင်တန်းထားသည်ကို တွေ့ရသည်။
ခိုးမှုဖြင့် စွပ်စွဲခံရသူများကို စက်ရုံလုံခြုံရေးမှူး ဗိုလ်ကြီး ရဲနိုင်(ငြိမ်း)က တရားလိုပြုလုပ်တိုင်တန်းထားပြီး အင်းစိန်ရဲစခန်းက အမှုအမှတ် (ပ)၆၃၁/၁၃ဖြင့် အမှုလက်ခံထားကာ ၎င်းတို့ကို ပြည်သူပိုင် ပစ္စည်းခိုးမှု ပုဒ်မ ပပက ၆(၁)ဖြင့် တရားစွဲဆိုမည်ဖြစ်ပြီး လက်ရှိတွင် သူတို့ကို ရဲကစစ်ဆေးလျှက်ရှိသည်ဟု သတင်း ထုတ်ပြန်ထားသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese
ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေတွင်နေသည့် အိမ်များကို လူတစ်ထောင်ခန့်ဖြင့် ဖျက်ဆီး
သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက်တွင် လွန်ခဲ့သည့်နှစ် ၂ဝ ခန့်ကတည်းကနေထိုင်ခဲ့သည့် အိမ်မြေနေရာများကို ဇွန်လ ၁၃ ရက်တွင် လူအင်အားတစ်ထောင်ခန့်က ဖယ်ရှားရာ ရပ်ကွက်သူရပ်ကွက်သားတို့ စိတ်ထိခိုက် ငိုယိုနေသည်ကို လွှတ်တော်၏ မြေယာသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ်က နှစ်သိမ့်နေစဉ် (ဓာတ်ပုံ - ဟိန်းထက်)
Thursday, June 13, 2013
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁ နှင့် ၂ အတွင်းရှိ ကာကွယ်ရေး ဝန်ကြီးဌာနက ပိုင်သည့် မြေနေရာတွင် ဆောက်လုပ်ထားသည့် အိမ်နှင့် စိုက်ခင်းများအား လူအင်အား တစ်ထောင်ခန့်ဖြင့် ဇွန်လ ၁၃ ရက်က ဝင်ရောက် ဖျက်ဆီးခဲ့သည်။
ယင်းမြေများမှာ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေများဖြစ်ပြီး လာရောက်ဖျက်ဆီးသူများမှာ ကာကွယ်ရေး ဝန်ကြီးဌာနအောက်ရှိ တပ်မြို့စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားအင်အား ၁ဝဝဝ ခန့်က ယင်းနေ့ နံနက်ပိုင်းတွင်ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ယင်းမြေများပေါ်တွင် လွန်ခဲ့သော နှစ် ၂ဝ ကျော်ကပင် သက်သာရန်ပုံငွေများပေး၍ အိမ်ထောင်စု ၂ဝဝ ကျော်က မြေငှားစနစ်ဖြင့် နေထိုင်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ အဆိုပါ အိမ်ထောင်စုများကို ကာကွယ်ရေးဝန်ကြီးဌာနက ယခုနှစ် ဧပြီလ ၃ဝ ရက်တွင် နောက်ဆုံးပြောင်းရွှေ့ သွားရန်နှင့် ပြောင်းရွှေ့ခြင်းမရှိပါက တရားဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း လည်း ဧပြီလအတွင်းက သတိပေးထားပြီး တပ်မြို့ စည်ပင်ကလည်းပြောင်းရွှေ့ပေးရန် သတိပေးစာ နှစ်ကြိမ် ပေးပို့ခဲ့သည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တပ်မြို့စည်ပင်သာယာရေးအဖွဲ့ရုံးမှ ကြီးကြပ်ရေးမှူး ဦးမိုးမင်းဝင်းက ''လုပ်ထုံးလုပ်နည်းအရ ဒီနေ့ ဒီအချိန်မှာလုပ်မယ်ဆိုတာ ကြိုတင်အကြောင်းကြားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ဥပဒေဘောင်အတွင်းက လုပ်တာပါ။ လူအင်အားသုံး ဖြေရှင်းတော့မယ်ဆိုတာ တိုင်းဒေသကြီးအစိုးရ ကို အသိပေးပြီးသားဖြစ်တယ်။ ဥပဒေမဲ့ လုပ်တယ်ဆိုရင် ဒီအင်အားတွေ ထွက်လာစရာအကြောင်းမရှိဘူး'' ဟုပြောသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း ယင်းကိစ္စနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ထံသို့ ပြောင်းရွှေ့ခိုင်းမှုကို စဉ်းစားပေးရန် ပြီးခဲ့သည့် နိုဝင်ဘာ ၂ဝ ရက်တွင် တစ်ကြိမ်၊ ယခုနှစ် ဧပြီလ ၂၄ ရက် တစ်ကြိမ်တွင် တင်ပြခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
ယင်းဖျက်ဆီးသည့်နေရာသို့ ရောက်လာသည့် ဦးသိန်းညွန့်က ''သင်္ဃန်းကျွန်းမှာ ဒီလိုအင်အားသုံးပြီး ဖြေရှင်းလိုက်တဲ့အခါ တိုင်းပြည်အတွက် အများကြီးမေးခွန်းထုတ်စရာတွေ ပေါ် လာမယ်။ အစိုးရနဲ့ ပြည်သူအကြားမှာ ပေါင်းကူးပေးနေတာ။ ဒီလူတွေက ကျူးကျော်တွေမဟုတ်ဘူး အခွန်ပေးထားတဲ့လူတွေ။ အဲဒါဆိုရင် အိမ်ရှင်အိမ်ငှား ဥပဒေနဲ့ သွားရတော့မယ်'' ဟု ပြောသည်။
ယင်းမြေနေရာမှာ ဧကအားဖြင့် ၃၃ ဧကကျော်ရှိပြီး ယင်းအတွက်အခွန်ကို ယခုနှစ် ဇန်နဝါရီလအထိ ကောက်ခံခဲ့သည်။ အခွန်မှာ တစ်လလျှင် ကျပ် ၃၅ သိန်း ကျသည်ဟု ယင်းမြေပေါ်တွင် နေထိုင်သူများ က ပြောသည်။ စိုက်ခင်းများအတွက် သိန်းပေါင်းများစွာ ရင်းနှီးထားရ၍ ယင်းမြေပေါ်မှပြောင်းရွှေ့ခွင့်ကို ဆိုင်းငံ့ပေးစေလိုကြောင်းလည်း ယင်းမြေပေါ်တွင် နေသူများက ဆိုသည်။
ယင်းမြေနေရာတွင် ဟင်းရွက်စိုက်ခင်းနှင့် ပျိုးခြံလုပ်ငန်းလုပ်ကိုင်သူ ဦးဟန်တင်က ''မပြောင်းပေးဘူးလို့ မပြောဘူး၊ ပြောင်းပေးမယ်။ ခဏဆိုင်းငံ့ပေးပါ။ စီမံကိန်း တစ်စုံတစ်ရာမရှိခင်လေး လုပ်ကိုင်စားသောက် ခွင့်ပေးပါ။ ကာကွယ်ရေးဝန်ကြီးဆီကို သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က စာတင်တာ သုံးခါရှိပြီ။ ဆိုင်းငံ့ကာလအတွက်ပါပဲ'' ဟု ဆိုသည်။
တပ်မြို့စည်ပင်မှ သတိပေးစာပို့ရာတွင် ဇွန်လ၂ ရက်တွင် နောက်ဆုံးပြောင်းရွှေ့ခိုင်းထားခြင်းဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ် လည်းဖျက်ဆီးခံနေရာသို့ ရောက်ရှိလာကာ သမ္မတရုံးဝန်ကြီးမှ တစ်ဆင့် သမ္မတထံသို့ ချက်ချင်းအကြောင်းကြားခဲ့သည်။ ယင်းအတွက် သမ္မတက ဖျက်ဆီးခံရမှုများ ရပ်ပေးရန်ပြောသော်လည်း မရပ်ပေးဟု ၎င်းက ဆိုသည်။
ဦးတင်ထွတ်က ''လုပ်တာကိုင်တာ မဟုတ်ဘူးဆိုရင် လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတော်ကို ဘယ်လိုလုပ်သင့်တယ်ဆိုတာပဲ တင်ပြလို့ရတယ်။ အုပ်ချုပ်ရေးအာဏာကို ဝင်စွက်လို့မရဘူး။ ရှေ့မကုတ် မိသေးဘူး။ နောက်လွန်တော့ ပြုတ်ကျသွားမှာပေါ့ ဒါမဖြစ်သင့်ဘူး။ အခုဒီလိုလုပ်တာ အစိုးရအပေါ်မှာရော တပ်မတော်အပေါ်မှာပါ အကြည်ညိုပျက်တယ်။ ဒီကိစ္စကို သမ္မတကြီးဆီအထိ ဖုန်းဆက်ပြီး တင်ပြထားတယ်။ သမ္မတကြီးကလည်း ရပ်ဖို့ပြောပါတယ်'' ဟု ပြောသည်။
ယင်းနေရာတွင် ပန်းအလှစိုက်ပျိုးရေး၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေသူ အိမ်ထောင်စု ၂၁၂ စုရှိပြီး မိသားစုဝင် ၇၄၇ ဦး ရှိသည်။
နန်းမြင့်
Mizzima - News in Burmese 
အမေရိကန်ဒီမိုကရေစီ အတွေ့အကြုံရယူဖို့ သူရဦးရွှေမန်းမျှော်လင့်
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေ နဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)
14.06.2013
အမေရိကန်ပြည်ထောင်စုရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လွှတ်တော်ရေးရာ ဆိုင်ရာ စနစ်တွေကို လေ့လာသင်ယူပြီးတော့ မြန်မာနိုင်ငံရဲ့ အဲ့ဒီ့စနစ်တွေကို အားဖြည့်သွားဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်ပြည်ထောင်စုကို သူတို့ ရောက်ရှိ လာခဲ့တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံရေး နဲ့ နိုင်ငံခြားရေး ဆိုင်ရာ အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံတဲ့ပွဲမှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း က ပြောဆိုလိုက်ပါတယ်။
ဇွန်လ ၁၃ရက်နေ့ နေ့လည်က ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ National Democratic Institute NDI အပါအဝင် အမေရိကန်အဖွဲ့အစည်း ငါးခုက ကမကထ ပြုလုပ် ကျင်းပခဲ့တဲ့ “တာဝန်သိ၊ အရည်အချင်းရှိ အစိုးရအဖြစ် မြှင့်တင်ရေးနဲ့ ဒီမိုကရေစီ အခြေခံအဆောက်အအုံများကို အားဖြည့်ပေးရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက အဲ့ဒီ့လို ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဒီပွဲကို ကိုယ်တိုင် တက်ရောက်သတင်းယူခဲ့တဲ့ ဦးရော်နီငြိမ်းက ဆက်ပြောပြပေးပါမယ်။
အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လွှတ်တော်ရေးရာ စနစ်တွေကို လေ့လာဖို့ အကောင်းဆုံး နေရာဟာ အမေရိကန်ပြည်ထောင်စုဖြစ်တယ်လို့ သူယုံကြည်ကြောင်း လည်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက ဒီကနေ့ ကျင်းပတဲ့ “တာဝန်သိ၊ အရည်အချင်းရှိ အစိုးရအဖြစ် မြှင့်တင်ရေးနဲ့ ဒီမိုကရေစီအခြေခံအဆောက်အအုံများကို အားဖြည့်ပေးရေး” ဆိုတဲ့ ပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဦးရွှေမန်းပြောကြားခဲ့တဲ့ အထဲမှာ ဒီမိုကရေစီ ကျင့်ထုံးတွေ၊ လုပ်နည်း ကိုင်နည်းတွေကို ပြည်သူတွေက လေ့လာသင်ကြားရမှာဖြစ်သလို၊ နှစ်ပေါင်းများစွာ အမိန့်ပေး အုပ်ချုပ်မှုစနစ်ကနေ ဖြစ်ပေါ်လာရတဲ့ အခက်အခဲတွေကြောင့် အခုအခါ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အခန်းကဏ္ဍက တာဝန်ရှိသူတွေ ကလည်း ဒီမိုကရေစီ ကျင့်ထုံးတွေ လုပ်နည်းကိုင်နည်းတွေ ကို လေ့လာ သင်ယူကြရမှာဖြစ်တယ်။ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေဟာ အရင်တုန်းက အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကိုပဲ အကာအကွယ်ပေး ခဲ့ပြီးတော့ ပြည်သူတွေ ကို အကာအကွယ်မပေးခဲ့ဘူး။ ဒီမိုကရေစီ လုပ်ပုံ လုပ်နည်းတွေမှာ အစိုးရတွေဟာ တာဝန်ခံမှုရှိရသလို ဥပဒေပြုသူတွေကလည်း ဒါတွေကို ဖြည့်စည်းလုပ်ဆောင်ပေးရမှာဖြစ်တယ်လို့ ဦးရွှေမန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)
အမျိုးသမီးရေးရာမေးခွန်းတွေနဲ့ ပတ်သက်ပြီးမေး ကြရမှာ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ခုနှစ်မှာ သမ္မတဖြစ်လာရေး အခက်အခဲ ဖြစ်နေတဲ့ ကိစ္စကို ဦးရွှေမန်းက အခုလိုဖြေကြားခဲ့ပါတယ်။
“ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေက စိုးရိမ်မှုတွေ ရှိတယ်ဆိုတာ သိရပါတယ်။ ကျနော်တို့ လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လေ့လာ သုံးသပ်ပြီး ပြင်ဆင် သင့်တာတွေ ပြင်ဆင်နိုင်ဖို့အတွက် ကော်မရှင်တရပ်ဖွဲ့စည်း ထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပေးလိုက်တဲ့ကော်မရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ် လေ့လာသုံးသပ်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့ ပယ်ဖျက်စရာရှိတာ ပယ်ဖျက်ဖို့၊ အစားထိုးစရာရှိတာ အစားထိုးဖို့၊ ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ အဲ့လိုဆောင်ရွက်တဲ့နေရာမှာ တချို့ကိစ္စတွေက လွှတ်တော်တွင်းမှာ ဆောင်ရွက်ရတာရှိသလို၊ တချို့ကိစ္စတွေကျတော့ ပြည်သူများဖြင့် အတည်ပြုချက်ရယူရမှာ ဖြစ်ပါတယ်။”
ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာ၊ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ၉၆၉လှုပ်ရှားမှုကိစ္စ၊ ဘူးသီးတောင် မောင်တော ဘင်္ဂလီအိမ်ထောင်စုတွေမှာ တမိသားစု ကလေးနှစ်ယောက် မူဝါဒတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International ဝါရှင်တန်ဒီစီ ရုံးခွဲရဲ့ တာဝန်ရှိသူရဲ့ မေးခွန်းကို ဦးရွှေမန်းက အခုလိုဖြေကြားသွားခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)
“ရိုဟင်ဂျာခေါ်ခေါ်၊ သို့မဟုတ်ရင် ဘင်္ဂလီခေါ်ခေါ် သို့မဟုတ်ရင် ကိုးကွယ်တဲ့ အယူဘာသာအပေါ်မူတည်ပြီးတော့ ကိုးကွယ်ကြတဲ့ မူဆလင်ဘာသာဝင်တွေကို ဥပဒေအရ ခွဲခြားဆက်ဆံခြင်းမရှိပါဘူး။ အဲ့ဒီ့လို ဥပဒေကို ဆန့်ကျင် ချိုးဖောက်ပြီးတော့ ဆောင်ရွက်တယ်ဆိုလို့ရှိရင် ဥပဒေအရ အရေးယူဆောင်ရွက် ရမှာဖြစ်ပါတယ်။ ခုနက မိတ်ဆွေပြောတဲ့ ၉၆၉ အဖွဲ့အစည်းများဟာ စာတမ်းတွေကပ်၊ပြီးတဲ့ အခါမှာ သွေးထိုး စကားတွေ ဆောင်ရွက်နေတယ် ဆိုတဲ့ကိစ္စကိုလည်း ဖော်ထုတ် အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများက ဆောင်ရွက်နေပြီဖြစ် ပါတယ်။"
ဘူးသီးတောင်၊ မောင်တောဘက်မှာ ကလေးနှစ်ယောက် ယူရမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့လွှတ်တော်ကို တစုံတရာ တင်ပြဆောင်ရွက်ခြင်း မရှိပါဘူး။ ကျနော်တို့လွှတ်တော်ကလည်း ဒါနဲ့ပတ်သက်လို့ ဥပဒေပြဌာန်း ထားခြင်းမရှိပါဘူး။”
ဝါရှင်တန်ဒီစီမြို့တော်လေ့လာရေးခရီးပြီးဆုံးသွားတဲ့အခါ အမေရိကန်အစိုးရပိုင်း၊ ကွန်ကရက်လွှတ်တော်၊ တခြားသော အမေရိကန်နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တံခါးပိတ်ဆွေးနွေးပွဲတွေရဲ့ ရလာဒ်အပေါ်မှာ ခြံငုံသုံးသပ်ပြီးတော့ ဦးရွှေမန်းက ဗွီအိုအေကို အခုလိုပြောကြားခဲ့ပါတယ်။
“တိုတိုနဲ့ရှင်းရှင်းပြောရမယ်ဆိုရင် ကျနော်တို့ခရီးစဉ်ကြောင့် မြန်မာ၊ အမေရိကန်နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးမှုပိုမိုတိုးတက် မှာသေချာပါတယ်။ အဲ့ဒီ့လိုပဲ အမေရိကန်ပြည်ထောင်စုက ကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်မှုဆိုင်ရာ၊ ကွန်ကရက်ဆိုင်ရာကိစ္စများလည်း ကျနော်တို့ များစွာလေ့လာ ခွင့်ရတဲ့အတွက် ကျနော်တို့နိုင်ငံ အတွက် များစွာအကျိုးရှိကြောင်း ပြောကြားလိုပါတယ်။”
ဦးရွှေမန်းဟာ ဇွန်လ ၁၃ရက်နေ့ နေ့လည်ပိုင်းမှာ နယူးယောက်မြို့ကို ထွက်ခွာသွားပြီးတော့ ဇွန်လ ၁၄ရက်နေ့မှာတော့ GOOGLE ကုမ္ပဏီဥက္ကဌ၊ နယူးယောက်ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် Chuck Schumer နဲ့တွေ့ဆုံမှာဖြစ်သလို၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ ဇွန်လ ၁၅ရက်နေ့မှာတော့ မြန်မာနိုင်ငံက ပြည်သူ့ လွှ့တ်တော် ဥက္ကဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နယူးယောက်မြို့ကနေ အမေရိကန်ပြည်ထောင်စု အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်က ဆန်ဖရန်ဆစ္စကိုမြို့ကို ခရီးဆက်ကြမှာဖြစ်ပါတယ်။
ဦးရော်နီငြိမ်း
ဗီအိုအေ (မြန်မာပိုင်း)
ပခုက္ကူတွင် မူလတန်းကျောင်း မီးရှို့ခံရသည်ဟု အော်ဟစ်မှုကြောင့် အထိတ်တလန့်ဖြစ်
မန္တလေးမြို့တွင် စာသင်ကျောင်း မီးရှို့ခံရသည်ဟူ၍ အော်ဟစ်မှုကြောင့် လူအများ အထိတ်တလန့် ဖြစ်နေသည်ကို ဇွန် ၅ ရက်နေ့က မြင်တွေ့ရစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
June 13, 2013
မကွေးတိုင်း ပခုက္ကူမြို့တွင် စာသင်ကျောင်းတကျောင်းကို မွတ်စလင်များက မီးရှို့နေကြောင်း မဟုတ်မမှန် အော်ဟစ် သွားသည့် ဆိုင်ကယ်သမား လူတစုကြောင့် အထိတ်တလန့် ဖြစ်၍ လူစုလူဝေး ဖြစ်လာသောကြောင့် မြို့ကို ရဲလုံခြုံရေးများ ချထားကြောင်း သိရသည်။
ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်က မြို့ပေါ် အမှတ် ၃ ရပ်ကွက်ရှိ အမက ၁၃ မူလတန်းကျောင်း မီးရှို့ခံနေရကြောင်း ဆိုင်ကယ် ၄ စီးဖြင့် လူတစုက အော်ဟစ်ကာ မြို့ပြင်သို့ ထွက်ပြေးသွားကြောင်း၊ မိဘများက ကျောင်းသားများအား သွားရောက် ခေါ်ဆောင် နေကြသော်လည်း ကျောင်းများက ခေါ်ဆောင်ခွင့် မပြုသေးကြောင်း မြို့ခံ ကျောင်းသား မိဘတဦးက ဧရာဝတီသို့ ပြောသည်။
“ဆိုင်ကယ်သမားတွေကို မဖမ်းမိလိုက်ဘူး။ အခု လိုက်စုံစမ်းနေပါတယ်။ ဒီလိုမျိုး ကောလာဟလ ဖြန့်တဲ့လူတွေကို ဖမ်းဆီးပြီးတော့ ပြင်းပြင်းထန်ထန် အရေးယူလိုက်မယ်ဆိုရင် နောက်တခါ ဒါမျိုးတွေ ဖြစ်မှာမဟုတ်တော့ဘူး” ဟု ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ၀ာာဝန်ခံက ဆိုသည်။
ကျောင်းရှေ့တွင် မီးသတ်ကားများလည်း ရောက်ရှိနေပြီး မြို့ကို လုံခြုံရေးများ ချထားပေးပြီးဖြစ်၍ မကြောက်ကြရန် ရဲများက စပီကာများဖြင့် လိုက်လံ ကြေညာနေကြကြောင်း သိရသည်။
မီးရှို့ခံရသည် ဆိုသော ကျောင်းမှာ ဗုဒ္ဓဘာသာဝင် ကျောင်းသား အများစု တတ်ရောက်သည့် ကျောင်းဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ကျောင်းအားလုံးတွင် လက်ရှိ ရဲတပ်ဖွဲ့ အင်အား အစိတ်စီခန့် လုံခြုံရေး ချထားပေးကြောင်း၊ သို့ရာတွင် ပခုက္ကူမြို့မ ဈေးအတွင်းရှိ မွတ်စလင် ဆိုင်ခန်း ပိုင်ရှင်များက ဆိုင်ခန်းများအား ပိတ်သိမ်း နေကြကြောင်း ဒေသခံများက ပြောသည်။
ယခုလ ၅ ရက်နေ့ကလည်း ဆိုင်ကယ်သမား တစုက မန္တလေးမြို့ ၃၅ လမ်း၊ ၇၆ လမ်းပေါ်ရှိ အထက ၃ ကျောင်းကို မီးရှို့နေကြောင်း အော်ဟစ်သွားခဲ့သဖြင့် မြို့ခံများ အထိတ်တလန့် ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်သမားများအား ယနေ့အထိ ဖမ်းစီးနိုင်ခြင်း မရှိခဲ့ပေ။
လားရှိုးမြို့တွင် မေလ ၂ ရက်နေ့က ဈေးသည်အမျိုးသမီး တဦးအား မွတ်စလင် အမျိုးသားတဦးက ဓာတ်ဆီဖြင့်ပက်၍ မီးရှို့ခဲ့ရာမှ ပဋိပက္ခဖြစ်ပွားခဲ့ပြီး နောက်တွင် ယခုကဲ့သို့ မွတ်စလင်များက မီးရှို့မည်၊ မီးရှို့နေသည် ဆိုသော လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်သည့် ကောလာဟလများက နယ်မြို့များတွင် မကြာခဏ ထွက်ပေါ်လျှက်ရှိသည်။
ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အစ္စလမ်ဘာသာဝင်များ အပေါ် အထင်အမြင် လွဲမှားနေခြင်းများနှင့် ပတ်သက်၍ မွတ်စလင် ပညာရှင်များနှင့် မြန်မာနိုင်ငံ အစ္စလမ် ဘာသာဝင် ကွန်ရက်ပေါင်းစုက ဇွန်လ ၁၂ ရက်နေ့က ရန်ကုန် ဗိုလ်တထောင်မြို့နယ်ရှိ YMCA ခန်းမတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။
ယင်းပွဲတွင် အစ္စလမ်ဘာသာဝင် ကွန်ရက်ပေါင်းစုက ဘာသာရေး ပဋိပက္ခများအပြီးတွင် ၎င်းတို့အနေဖြင့် ဘာသာကွဲများအား အချိန်မရွေး ဗလီဝတ်ကျောင်း ဆောင်များသို့ လာရောက် လေ့လာခွင့်ပေးထားပြီး ဖြစ်ကြောင်း၊ အချင်းချင်း ယုံမှားသံသယများ မဖြစ်စေလိုကြောင်းနှင့် ဗလီဝတ်ကျောင်များတွင် အက်ဆစ်နှင့် လက်နက်များ သိုလှောင် ထားသည်ဆိုသော ကောလာဟလ များမှာလည်း မဟုတ်မှန်ကြောင်း ပြောဆိုခဲ့သည်။
ကြယ်ပြာ
ဧရာဝတီ 
KIA ထိန်းချုပ်နယ်မြေအတွင်း မွတ်ဆလင်ဘာသာဝင်များစိမ့်ဝင်နေ
Thursday, June 13, 2013
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မိုက်ဆာပါစခန်းတွင် ဇွန်(၁)ရက်နေ့မှစ၍ မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့ အမည်ဖြင့် မွတ်ဆလင်လူမျိုး အစ္စလာမ်ဘာသာဝင်များ လာရောက်စုစည်းမှုကို KIA အဖွဲ့က သဘောတူ လက်ခံခဲ့ရာ ဇွန်(၁၂) ရက်နေ့တွင် မွတ်ဆလင်(၆၈)ဦး ရောက် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
KIA အဖွဲ့နှင့် မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့၏ သဘောတူညီမှုနှင့် ပတ်သက်၍ လိုင်ဇာမြို့ခံ အငြိမ်းစား ကျောင်း ဆရာတစ်ဦးက..
“KIA အဖွဲ့က အဲဒီ မွတ်ဆလင်တွေကို ဘာ့ကြောင့် လက်ခံရသလဲဆိုတာ စဉ်းစားလို့ကို မရဘူး.. အဖြေကတော့ ရှင်းနေပါ တာပဲ.. KIA က အင်အားတိုးချဲ့လိုက်တဲ့ သဘောလို့ ပြောရမှာဘဲ..KIA ကို အစိုးရတပ် တွေက လာတိုက်ရင် မွတ်ဆလင် အဖွဲ့က ၀င်တိုက်ပေးရမယ်.. အဲဒီလိုပဲ ကချင်ပြည်နယ်ထဲမှာရှိတဲ့ မြို့ရွာတွေမှာ မွတ်ဆလင်လူမျိုးတွေ ပဋိပက္ခဖြစ်ရင် မွတ်ဆလင်အဖွဲ့နဲ့အတူ KIA အဖွဲ့က ၀င်ရောက်ဖြေရှင်း ပေးရမယ်ဆိုပြီး သတင်းထွက်နေတာပဲ၊ သူတို့ နှစ်ဖွဲ့လုံးရဲ့ ရေရှည်အကျိုးစီးပွားအတွက် ဘယ်လိုပဲ သဘောတူညီမှုတွေ လုပ်လုပ်၊ ကချင်ပြည်နယ်တစ်ခုလုံးက ကချင်တိုင်းရင်းသား တွေအနေနဲ့ လုံးဝလက်ခံစရာ အကြောင်းမရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နောင်အနာဂတ်မှာ ဒီကချင်ပြည်နယ်ထဲမှာ ကချင်-မွတ်ဆလင် ကပြားတွေချည်းပဲ ဖြစ်သွားမှာပါ.. ဒီကိစ္စကို ကန့်ကွက်ဖို့ ဒေသခံတွေ တိုင်ပင်နေကြပါတယ်” ဟု ပြောပြ သွားသည်။
မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့၏ ခေါင်းဆောင်မှာ ရခိုင်ပြည်နယ်မှ မော်လ၀ီဆရာ ဦးအာစွတ်ဖြစ်ပြီး ကချင်ပြည်နယ် အတွင်းရှိ မြို့ရွာဒေသအသီးသီးမှ မြန်မာပြည်၌ မွေးဖွားကြသူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ မိုက်ဆာပါစခန်းတွင် KIA အဖွဲ့ မွတ်ဆလင်များနေထိုင်ရန် ယာယီတဲများ ဆောက်လုပ်ပေးလျက် ရှိပြီး ရိက္ခာများ ထောက်ပံ့ပေးနေကြောင်း သိရှိရသည်။
ဒေသခံကချင်တိုင်းရင်းသားများကမူ KIA အဖွဲ့၏ ယခုလုပ်ရပ်ကို နားမလည်နိုင်ကြဘဲ ကချင်-မွတ်ဆလင် ကပြားကလေး များ မွေးဖွားလာပြီး ကချင်လူမျိုးအား ၀ါးမြိုသွားမည်ကို စိုးရိမ်လျက်ရှိပါသည်။
KDN
မြန်မာ့သားကောင်း
သံဃာတော်များ မှော်ဘီမှာ ဆွေးနွေးပွဲကျင်းပ
သံဃာ ဆွေးနွေးပွဲ မှော်ဘီမှာ ကျင်းပ
13 ဇွန်လ 2013
မှော်ဘီမြို့ ဓမ္မဒူတ ဆေကိန္ဒာ ရာမ ကျောင်းတိုက်မှာ မကြာခင် က ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခ တွေနဲ့ ပတ်သက်ပြီး တိုင်းပြည် အေးချမ်းမှု ရအောင် သံဃာတော်တွေ အနေနဲ့ ဘယ်လို ဆောင်ရွက် သင့်တာနဲ့ ပတ်သက်လို့ စုစည်း စည်းဝေးပွဲ တရပ် ခေါ်ယူ ကျင်းပ ပါတယ်။ ဒီဆွေးနွေးပွဲ ကို သံဃာ့ မဟာနာယက ဆရာတော်ကြီးတွေ အပါအဝင် သံဃာ အပါး ၂ဝဝ ခန့် ကြွရောက်ကြပါတယ်။
ဒီအစည်းအဝေးမှာ သံဃာတော်တွေ အနေနဲ့ အကြမ်းဖက်မှု တွေ မှာ ပါဝင်ပတ်သက် ခဲ့တယ် ဆိုတဲ့ အမြင်တွေ ကမ္ဘာမှာ ဖြစ်ပေါ်နေတာကို ဖြေရှင်းဖို့နဲ့ ပဋိပက္ခ တွေ ဖြစ်လာရင် သံဃာတော်တွေ ဘက်ကနေ ဘယ်လို ငြိမ်းချမ်းအောင် ပါဝင်ဆောင်ရွက် သင့်တယ် ဆိုတဲ့ အချက်တွေကို အဓိက ထား ဆွေးနွေးကြတဲ့ အကြောင်း သြဝါဒ ခံယူပွဲ ကို ဦးဆောင် စီစဉ်တဲ့ ဆရာတော် ဒေါက်တာ ဓမ္မပီယ က ဘီဘီစီ ကို မိန့်ပါတယ်။
နိုင်ငံခြား မီဒီယာ တွေ မှာ သံဃာတော် တွေ ဦးဆောင်အကြမ်းဖက်တယ် ဆိုတဲ့ သတင်းတွေ ထွက်နေလို့ သတင်းဌာန တွေ အနေနဲ့ မှန်ကန်တဲ့ သတင်း၊ မျှတ တဲ့ သတင်း တင်စေလိုတဲ့ အကြောင်း၊ မီဒီယာ ဘက်မှာလည်း ထိန်းသိမ်းရမယ့် ကျင့်ဝတ်ရှိ ပုံ ဆရာတော် က မိန့်လို့ တဖက်မှာလည်း သင်္က္န်းဝတ် ပုဂ္ဂိုလ် တပါးက တုတ်ကိုင်ရိုက်နေပုံ ထွက်ပေါ်လာ ပုံ လျှောက်ထားရာမှာ သံဃာ အစစ် ဟုတ်မဟုတ် စီစစ်ရ ခက်တဲ့ အတွက် အမြင်မှားစရာ ဖြစ်ခဲ့တဲ့ အကြောင်း ဆရာတော်က မိန့်ပါတယ်။
သံဃာတော် တွေ အပိုင်းမှာ ဝိနည်းတော် ရှိပြီးသားမို့ သံဃာအစစ်သာ ဆိုရင် အခုလို ပြုမူ မှာမဟုတ်ဖူးလို့ မိန့်ပါတယ်။
မနေ့က ဆွေးနွေးပွဲ မှာ အမျိုးစောင့် ဥပဒေကြမ်းလည်း ဝေငှကြောင်း၊ မြန်မာ ဗုဒ္ဒဘာသာ အမျိုးသမီးတွေ ဘာသာခြား နဲ့ အိမ်ထောင်ပြုတာကို တားဆီးကာကွယ်ဖို့ ဖြစ်ကြောင်း လန်ဒန် သာသနာ့ ရံသီ ဝိဟာရ ကျောင်းတိုက် ဆရာတော် ဦးဥတ္တရက ဘီဘီစီကို မိန့်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
မြန်မာနိုင်ငံအခြေအနေ စိတ်မချရသေးပေမယ့် ဦးတည်ချက်မှန်
အီးယူ ဥက္ကဌနဲ့သမ္မတ ဦးသိန်းစိန်
13 ဇွန်လ 2013
EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ဂျီအက်စ်ပီ ကုန်သွယ်ရေး အထူး အခွင့်အရေး ပြန်ပေးဖို့ ဗုဒ္ဓဟူးနေ့က ဘရပ်ဆဲမှာ လက်မှတ် ထိုးခဲ့ပါတယ်။ မနှစ်ကကျင်းပတဲ့ အိုင်အယ်အို ကမ္ဘာ့ အလုပ်သမား ညီလာခံကမြန်မာနိုင်ငံမှာ အဓမ္မ အလုပ်ခိုင်းစေမှု အပါအဝင် အလုပ်သမား အခွင့်အရေးကိစ္စတွေကို ပိုကောင်းအောင် လုပ်နိုင်လာတယ်လို့ ပြောတဲ့အတွက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေကို ထောက်ခံတဲ့အနေနဲ့ အခုလို့ အီးယူက ကုန်သွယ်ရေး အထူး အခွင့်အရေး ပြန်ပေးလိုက်တာ ဖြစ်ပါတယ်။
တဖက်က ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အလုပ်သမား သမဂ္ဂတွေအပေါ် ဖိနှိပ်တာ ကလေးအလုပ်သမား အပါအဝင်အဓမ္မ အလုပ်ခိုင်းတာတွေ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ လုံးဝ ပပျောက်မှုမရှိသေးပါဘူး။ ဒီလို အခြေအနေမျိုးမှာ အခုလိုအီးယူက လိုက်လျောလက်ခံလိုက်တဲ့အပေါ်မှာ အချိန်စောသေးတယ် ဆိုတဲ့ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဒါနဲ့ပတ်သက်လို့ မြန်မာကို ဂျီအက်စ်ပီ ကုန်သွယ်ရေး အထူး အခွင့်အရေး ပြန်ပေးရေး ဥရောပ ပါလီမန်ကို အစီအရင်ခံစာ ရေးသား တင်ပြသူတယောက်ဖြစ်တဲ့ စကော့တလန်မှ ဥရောပ ပါလီမန်အမတ် ဒေးဗစ်မာတင်က မြန်မာနိုင်ငံမှာ အခြေအနေ အားလုံးကောင်းပြီလို့ ယူဆလို့မရဘဲ စိုးရိမ်စရာတွေ ရှိနေဆဲဖြစ်ကြောင်း ဒါပေမယ့် မြန်မာနိုင်ငံဟာ မှန်ကန်တဲ့ဘက်ကို ဦးတည်နေပြီလို့ ယူဆတဲ့အတွက် ထိတွေ့ ဆက်ဆံပြီး အီးယူဘက်က ပူးပေါင်း ဆောင်ရွက်ဖို့ အခုလိုဆုံးဖြတ်တာလို့ ဘီဘီစီကို ပြောပါတယ်။ အခု ဂျီအက်စ်ပီအစီအစဉ်အရ ဥရောပ၂၇နိုင်ငံကို ကုန်ပစ္စည်း တင်သွင်းရာမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် အခွန်သက်သာတဲ့ အထူးအခွင့်အရေး ခံစားခွင့်ပြုတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကုန်သည်နဲ့စက်မှုလက်မှု အသင်း တွဲဘက် အတွင်းရေးမှူး ဦးမြင့်စိုးကတော့ အခုလို ဂျီအက်စ်ပီ ပြန်ပေးရင် ဥရောပ ဈေးကွက်ကို အဓိကဈေးကွက် အနေနဲ့ မြန်မာ ကုန်သည်တွေပြန် ဝင်နိုင်မှာ ဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုကောင်းလာနိုင်မယ်လို့ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
နောက်ဆုံးရ သတင်း အပုဒ် (၅၀)
Sponsors
Most Reading
အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ
အင်္ဂလိပ်သတင်းများ
သတင်းစာနှင့် ဂျာနယ်များ
Sidebar One
မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။
သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com