http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်ခံရမူ့  ၁၀ နှစ်ပြည့်အခန်းအနား (ရုပ်/သံ)

May 30, 2013
မေ ၃၀ ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်ခံရမူ့  ၁၀ နှစ်ပြည့်အခန်းအနားကို အခင်းဖြစ်ပွားခဲ့ ရာ နေရာ အနီးက ကျည်ရွာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကိုသက် သတင်းပေးပို့ ထားပါတယ်။
ရိုက်ကူး စည်သူဇေယျ

DVB TV News

ဦးအောင်မင်း၏ လားရှိုး ပဋိပက္ခအကြောင်း (ရုပ်/သံ)

May 30, 2013
လားရှိုးမှာ အမျိုးသမီးကို မီးရှို့ခဲ့သူဟာ မန္တလေး၊ ကျိုင်းတုံနဲ့ တောင်ကြီးမြို့တွေမှာလည်း ဆူပူမှု ဖြစ်ဖို့ ဖန်တီးခဲ့ဖူးပြီး လားရှိုးမှာ အမျိုးသမီးတဦးကို ဓာတ်ဆီ လောင်းမီးရှို့တဲ့အခါကျမှ ပဋိပက္ခတွေ ပေါ်ပေါက်လာတာလို့  မေလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ မြစ်ကြီးနား ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွင်း သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ထပ်မံ ပြောဆိုသွားပါတယ်။ ဒီအကြောင်းကို မနက်ပိုင်း ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာလဲ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဘယ်သူခိုင်းတယ် ဘာရည်ရွယ်ချက် ရှိတယ်ဆိုတာကို စစ်ဆေးဖော်ထုတ်နေတယ်လို့လည်း သိရပါတယ်။

DVB TV News

ပဲခူးတိုင်း မုန်းမြို့တွင်လည်း အဓိကရုဏ်း ဖြစ်ပြန်

ပုံပါ လားရှိုးမြို့ခံများလို ဘာသာရေး အမုန်းမီးကို ဝိုင်းငြှိမ်းပေးရန်လို (ဓာတ်ပုံ – စတိဗ်တစ်ကနာ / ဧရာဝတီ)
May 30, 2013
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းမြို့တွင် မြန်မာနှင့် မွတ်စလင် သမီးယောက်ဖနှစ်ဦး အရက်သောက်ပြီး ခိုက်ရန်ဖြစ်ပွားရာမှ အဓိကရုဏ်း အဆင့်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေ ၂၉ ရက်နေ့ ညနေက အဓိကရုဏ်းကြောင့် မုန်းမြို့ ၁ ရပ်ကွက်မှ ဗလီတလုံးနှင့် စာသင်ကျောင်း တကျောင်း ပျက်စီးသွားခဲ့ကြောင်းနှင့် ည ၇ နာရီခန့်တွင် အခြေအနေ ထိန်းသိမ်းလိုက်နိုင်ကြောင်း ကျောက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တဦးက ဆိုသည်။

“ဒီနေ့မနက် မုန်းမြို့ကို ဒုတိုင်းမှူး၊ ခရိုင်မှူးနဲ့ မြို့နယ်မှူးတို့ သွားကြတယ်၊ ဘုန်းကြီးတွေက တရားခံကို ပြင်းပြင်းထန်ထန် အရေး ယူပေးဖို့ တောင်းဆိုကြတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

ဖြစ်စဉ်မှာ မွတ်ဆလင် အမျိုးသားက ၎င်းနှင့် သမီးယောက်ဖ တော်စပ်သူ မြန်မာအမျိုးသားအား ရိုက်နှက်လိုက်ကြောင်း၊ ရိုက်သူကို မုန်းမြို့ ရဲစခန်းမှ လာရောက် ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရန်ပွဲ အနီးတွင်ရှိနေသော လိန်ပင် ကျောင်းဆရာတော်က ဘုန်းတော်ကြီးများနှင့် လူများကို စုရုံးခေါ်ဆောင်လာပြီး ယင်းတရားခံအား ထုတ်ပေးရန် ရဲစခန်းသို့သွားရောက် တောင်းဆို ခဲ့ကြောင်း၊ မထုတ်ပေးခြင်းကြောင့် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ညကပင် အခြေအနေမှာ ငြိမ်သက်သွားခဲ့ပြီး ဖြစ်သော်လည်း ရဲများအနေဖြင့် မြို့လုံခြုံရေး ချထားမှုမှာ အလွန် အားနည်းနေကြောင်း ကျောက်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်မင်းလွင်က ပြောသည်။

“တောင်ငူခရိုင် မြို့နယ် ၆ ခုက NLD တွေ ပေါင်းပြီးတော့ ကြေညာချက် ထုတ်မှာပါ။ ဟိုတခါက ဒီလိုမျိုး ဖြစ်ဖူးလို့ ကြပ်မတ် ထားတဲ့ ကြားထဲက ဒီကိစ္စ ဖြစ်သွားတယ်။ ဒါတွေကို ဖြေရှင်းဖို့ ခရိုင်အစည်းအဝေး ဒီနေ့ လုပ်ထားပါတယ်” ဟု ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက ဧရာဝတီသို့ ပြောသည်။

ဧပြီလအတွင်းက ကျောက်ကြီးမြို့ရှိ ကွမ်းယာဆိုင်များနှင့် ဓာတ်တိုင်များတွင် ကပ်ထားသော ၉၆၉ စတစ်ကာများအား မွတ်စလင် တဦးက ခွာလိုက်ခြင်းနှင့် ပတ်သက်ပြီး ဆူပူမှု ဖြစ်ပွားခဲ့ရာ ရဲစခန်းမှနေ၍ ယင်း မွတ်စလင်းအား ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းကြောင့် ပြေလည်မှု ရရှိခဲ့သည်။

မုန်းမြို့ ပဋိပက္ခအား စတင်ခဲ့သော မြန်မာနှင့် မွတ်ဆလင် အမျိုးသား နှစ်ဦးစလုံးအား အော်ဟစ်ဆဲဆိုမှု၊ ရိုက်နှက်မှု စသည့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၄/ ၃၂၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ယနေ့ညနေတွင် ပဲခူးတိုင်း ရဲမင်းကြီးက ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များမှ သာသနာပိုင်များကို ခေါ်ယူ တွေ့ဆုံ အသိပေးမှုများ ပြုလုပ်နေကြောင်း၊ ဝေါမြို့တွင် နေထိုင်သူတဦးက ဧရာဝတီသို့ ပြောသည်။
ကြယ်ပြာ
ဧရာဝတီ

လူသတ်စက်ရုပ် လက်နက်အရေး လူ့အခွင့်အရေး ကောင်စီ ကြားနာ

စစ်တိုက်ရာမှာသုံးဖို့ လူသတ် စက်ရုပ်တီထွင်နေ
လူတွေရဲ့ ထိန်းချုပ်မှု မပါဘဲ ကိုယ်တိုင် ထိန်းချုပ် နိုင်တဲ့ လူသတ် စက်ရုပ် ခေါ် နောက်ဆုံးပေါ် လက်နက် ဆန်း တွေ အသုံးပြုမှု နဲ့ ပတ်သက်ပြီး ကုလ သမဂ္ဂ လူ့အခွင့် အရေး ကောင်စီက ကြားနာနေပါတယ်။

ဒီစက်ရုပ်တွေဟာ လူသတ်ဖို့ ဒါမှမဟုတ် ပစ်မှတ်တွေကို ဖျက်ဆီးပစ်ဖို့ ကြိုတင် ပရိုဂရမ် လုပ်ထားတာ ဖြစ်ပါတယ်။

ဒီစက်ရုပ် တွေဟာ စစ်မြေပြင် ရောက်တာနဲ့ လူတွေရဲ့ ထိန်းချုပ်မှု ရှိတော့မှာ မဟုတ်တဲ့ အတွက် Drone လို့ ခေါ်တဲ့ မောင်းသူမဲ့ လေယာဉ် တွေနဲ့တော့ မတူ ပါဘူး။

လူသတ် စက်ရုပ်တွေကို အမေရိကန် ဗြိတိန်နဲ့ အစ္စရေး နိုင်ငံတို့မှာ ပြုလုပ် နေကြပြီး အခု အချိန် အထိတော့ အသုံး မပြုသေး ပါဘူး။

ဒီလက်နက် တီထွင်တာကို ထောက်ခံတဲ့ အဖွဲ့တွေ ကတော့ စက်ရုပ် တွေကို သုံးခြင်း အားဖြင့် စစ်မြေပြင်မှာ စစ်သားအရေ အတွက် လျော့သွားလို့ အသက် ဆုံးရှုံးမှု နည်းသွား စေလိမ့်မယ်လို့ ပြောနေကြ ပါတယ်။

လူ့အခွင့် အရေး ကာကွယ် စောင့်ရှောက်တဲ့ အဖွဲ့တွေ ကတော့ စစ်ပွဲကို ဘယ်လို ဆင်နွှဲကြ သလဲ ဆိုတဲ့ အရေးကြီးတဲ့ ကျင့်ဝတ် သိက္ခာပိုင်း ဆိုင်ရာ အရေးကြီးတဲ့ မေးခွန်း တွေကို စဉ်းစား ရမယ်လို့ ခုခံ ပြောကြ ပါတယ်။

ကုလ သမဂ္ဂ အစီရင် ခံစာက ဒီစက်ရုပ်တွေ အသုံးပြုရေးကို တရားဝင် ဆိုင်းငံ့ ထားဖို့ တောင်းဆို ပါလိမ့်မယ်။

ဒါပေမဲ့ လူ့အခွင့် အရေး အဖွဲ့တွေ တောင်းဆို သလို လုံးဝ ပိတ်ပင် မှာတော့ မဟုတ်ပါဘူး။

စက်ရုပ်ကို အသုံးပြုတဲ့ အတွက် အရပ်သားတွေ အများ အပြား သေဆုံးခဲ့ရင် ဘယ်သူ့မှာ တာဝန်ရှိ မလဲ ဆိုတဲ့ တာဝန်ယူမှု မေးခွန်းတွေကို ဖြေဖို့ အချိန်ပေးတဲ့ သဘော ဖြစ်ပါလိမ့်မယ်။

လူသတ် စက်ရုပ်ကို စစ်တရားခံ အဖြစ်တော့ တရားစွဲလို့ ရမှာမဟုတ်ဘူးလို့ ဂျီနီဗာရှိ ဘီဘီစီသတင်းထောက်က ပြောပါတယ်။
ဘီဘီစီ

၁ဝ နှစ်ပြည့်သော်လည်း လက်သည်မပေါ်သေး

ဒီပဲယင်း ဖြစ်ခဲ့တာ ၁ဝ နှစ်ပြည့်ပြီ
31 မေလ 2013
ဒီပဲယင်း ဖြစ်ခဲ့တာ ၁ဝ နှစ်ပြည့်ပြီ ဖြစ်ပေမယ့် ဒီကိစ္စမှာ ခံခဲ့ရသူ ကာယကံ ရှင်တွေကို ကျေနပ်အောင် လုပ်ပေးရမယ်လို့ ဒီပဲယင်း အခင်း ဖြစ်ပွားခဲ့ တုန်းက ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရှေ့က ကားကနေ လုံခြုံရေး တာဝန်ယူ ပေးခဲ့သူ အခုအခါ အမေရိကန် ပြည်ထောင်စုမှာ ရောက်နေသူ ကိုအောင်အောင်က ပြောပါတယ်။

သေတဲ့ အထဲမှာ သူ့မိတ်ဆွေတွေလည်း ပါပြီး အဲဒီလို သေဆုံးသွားသူတွေရဲ့ မိဘ ဆွေမျိုးတွေရဲ့ အသံကို နားထောင်သင့်တယ်လို့ သူက ထောက်ပြပါတယ်။

သူတို့ကို ဘယ်လို နှစ်သိမ့်မလဲ ဆိုတာ ရှိပြီး အခုလို ဆယ်နှစ်ပြည့်မြောက်တဲ့ အချိန်မှာ တကယ်ခံခဲ့ရသူတွေ အနေနဲ့ ပိုခံစားနေရလိမ့်မယ်လို့ သူက ပြောပါတယ်။

တဖက်က အမျိုးသားရေး ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်နေတာ ကောင်းပေမယ့် အစိုးရ အနေနဲ့ တကယ်ကော အမျိုးသား ပြန်လည် သင့်မြတ်ရေးကို သွားနေတာ ဟုတ်ရဲ့လား ဆိုတာကို ကြည့်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

လက်ရှိ အစိုးရက နောက်ကြောင်း ပြန်မလှည့်ဘူးလို့ ဆိုပေမယ့် တချို့ ကိစ္စတွေမှာ ဖမ်းဆီး နေတာတွေ ကြားနေရပြီး ဒါဟာ အရင်က လုပ်ခဲ့တဲ့ ပုံစံကို သွားနေတာဘဲ လို့ သူက ပြောပါတယ်။

သူ့အနေနဲ့တော့ တကယ် ခံခဲ့ရသူတွေရဲ့ ဆန္ဒကို ဖော်ထုတ်ချင်တယ် လို့ ဆိုပါတယ်။

အဲဒီတုန်းက ကိုအောင်အောင် အနေနဲ့ အထိန်းသိမ်း ခံခဲ့ရတာ နှစ်ပတ် ကြာခဲ့ပြီး ဒီကာလ အတွင်းတွေ နှိပ်စက် ခံခဲ့ရတာ မရှိဘူးလို့ သူက ပြောပါတယ်။

အဲဒီတုန်းက စစ်အစိုးရ ခေတ် ဖြစ်ပေမယ့် အခု အစိုးရကလည်း အရင် စစ်အစိုးရရဲ့ တစိတ်တပိုင်းဘဲ ဖြစ်တယ် ၊ လက်ရှိ အာဏာ ယူထားသူတွေ အပေါ်မှာ တာဝန် ရှိတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် သူတို့ ကိုယ်နှိုက်က အဲဒီ အရေးအခင်းမှာ ခံခဲ့ရသူတွေကို တောင်းပန်ရမယ် ၊ ကာယကံရှင်တွေ ကျေနပ်အောင် လုပ်ပေးရမယ်လို့ ပြောပါတယ်။

NLD ကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရရော နှစ်ဖက်စလုံး ခံစားခဲ့ရသူတွေကို ကျေနပ်အောင် နှစ်သိမ့် ပေးဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

တကယ်တော့ တရားဥပဒေ ရှုထောင့်က ကြည့်မယ် ဆိုရင် တချိန် တခါမှာတော့ ပြန်ဖော်ထုတ် ရမယ် ၊ အခု ကာလ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်နေပေမယ့် ဒီကိစ္စကို မေ့မထားသင့်ဘူးလို့ သူက ပြောပါတယ်။

ဒီကိစ္စက အကြီးကြီးဘဲ မေ့ပျောက်ထားလိုက်ရင် ဒါမျိုးတွေ ပြန်ပြန် ဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။
ဘီဘီစီ

ဒီပဲယင်း(၁၀)နှစ်ပြည့်အဖြစ် NLD ပါတီဝင် BG သွေးအဖွဲ့ သွေးလှူဒါန်း

ရန်ကုန်၊မေ၃၀။
ဒီပဲယင်းအရေးအခင်း၁၀နှစ်ပြည့် အထိမ်းအမှတ်အဖြစ် NLDပါတီအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသော
BGသွေးအကူအညီပေးရေးအဖွဲ့ မှ ဆေးရုံများတွင် သွေးလှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အဓိကကတော့ ဒီပဲယင်းအရေးအခင်းမှာ ကျဆုံးသွားတဲ့သူတွေအတွက် ရည်ရွယ်ပြီး ကုသိုလ်ကောင်းမှု လုပ်ပေးတာပါ။ သူတို့အသက်ပေး သွားတာကို မမေ့ဘူးဆိုတာကို အလှုအတန်းလုပ်ပြီးအမျှပေးတဲ့ သဘောပါ”ဟု BG အဖွဲ့မှ ဒေါ်သီတာက ပြောကြားသည်။

BGသွေးအဖွဲ့မှ နှစ်စဉ် ဒီပဲယင်းအရေးအခင်း အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းမှုများကို
ပြုလုပ်ကြောင်း၊ ယခုနှစ်တွင် လှူဒါန်းရန် သွေးအိတ် အရေအတွက်ကိုကန့်သတ်ထားခြင်း မရှိဘဲ ဆေးရုံတွင် လူနာများ လတ်တလော အရေးပေါ်လိုအပ်နေသော သွေးအိတ်များနှင့် ဆေးရုံသွေး လှူဘဏ်တွင် လိုအပ်နေသောသွေးများကို ချက်ချင်းလှူဒါန်းနိုင်ရန် စီစဉ်ထားကြောင်း၊ စံပြဆေးရုံ၊
မြောက်ဥက္ကလာဆေးရုံနှင့် မုံရွာ ဆေရုံတို့ တွင် အဓိကလှုဒါန်းရန် စီစဉ်ထားကြောင်း သိရသည်။

“ဒီလို ဒီပဲယင်းအထိမ်းအမှတ်လုပ်တယ်ဆိုတာ နောက်ကြောင်းပြန်လှည့်ချင်လို့ လုပ်တာမဟုတ်ပါဘူး။ အမေစုကလည်း နောက်ကြောင်း ပြန် လှည့်တာမျိုးကို လုံးဝမကြိုက်ဘူး။ အရေးအခင်းမှာ အသက်ပေးသွားတဲ့သူတွေကို လေးစားသမှုနဲ့ သူတို့အတွက် ကောင်းမှုလုပ်ပေးတာပါ” ဟု ဟု BGအဖွဲ့မှ ဒေါ်သီတာက ပြောကြားသည်။

၂၀၀၃ခုနှစ်တွင် NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များမှာ နယ်လှည့်စည်းရုံးရေးခရီး ထွက်ကြစဉ် မေလ ၃၀ရက်နေ့ စစ် ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျီရွာအရောက်တွင် အကြမ်းဖက်လူတစ်စုမှ လုပ်ကြံသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ရာ NLD ပါတီဝင်များစွာ အသက် ဆုံးရှုံးခဲ့ရသည်။
ဆုဝေ
မြန်မာ့ခေတ်

ရုရှားလုပ် အက်စ်၃၀၀ လေယာဉ်ပစ်ဒုံးကျည်များ ဆီးရီးယားသို့ရောက်ရှိ

မေ ၃၀။
ဆီးရီးယားသည် ရုရှားလုပ် အဆင့်မြင့်လေကြောင်းကာကွယ်ရေးစနစ်တစ်ခုကို သင်္ဘောနှင့် ပထမဦးဆုံးအခေါက် တင်ပို့လာမှုကို ရရှိထားပြီ ဖြစ်ကြောင်း သမ္မတ အယ်အာဆတ်က လက်ဘနွန် တီဗီအင်တာဗျူးတွင် ပြောကြားသည်။

ရုရှားသည် ဥရောပသမဂ္ဂမှ ဆီးရီးယားအပေါ်လက်နက်ပိတ်ဆို့မှုပယ်ရှားကြောင်း ဆုံးဖြတ်ချက်ချပြီးမကြာမီလက်နက်တင်ပို့မှု ဆက်လက် လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။

ဆီးရီးယားသမ္မတက စစ်ပွဲဒီရေသည် ပြောင်းလာနေကြောင်း ဟက်ဇဘိုလာနှင့် နွယ်သည့် အယ်မာနာတီဗီတွင် ပြောကြားသွားခဲ့သည်။

အစောပိုင်းကလည်း သူပုန်ခေါင်းဆောင်တစ်ဦးက ဟက်ဇဘိုလာတပ်ဖွဲ့သည် ဆီးရီးယားကို တိုက်ခိုက်နေပြီဖြစ်ကြောင်း ဘီဘီစီသို့ ပြောကြားသည်။

ဗိုလ်ချုပကြီးဆလင်းအီဒရစ်စ်က ဘက်ဘနွန်ရှီယာလှုပ်ရှားမှုအဖွဲ့မှ တိုက်ခိုက်ရေးသမား ၇၀၀၀ကျော်သည် သူပုန်တို့အပိုင်သိမ်းထားသည့် ကူဆေယာမြို့ကို တိုက်ခိုက်လာနေကြောင်း ဆိုသည်။

“ဆီးရီးယားအစိုးရဟာ ရုရှားလုပ် အက်စ်၃၀၀ ဒုံးကျည်များသယ်ဆောင်လာတဲ့ ပထမသင်္ဘောရောက်ရှိလာပြီဖြစ်တယ်” ဟု မစ္စတာ အာဆတ် နှင့်အင်တာဗျူးကို ကိုးကား၍ အယ်မာနာတွင် ဖော်ပြသည်။

“ကျန်တဲ့ ဟာတွေလည်းမကြာမီ ရောက်မှာပါ”  ဟု သမ္မတကဆိုသည်။

အက်စ် ၃၀၀ သည် စွမ်းဆောင်မှုမြင့် မြေပြင်မှ ဝေဟင်ပစ်ဒုံးစနစ်ဖြစ်ကာလေယာဉ်များကိုလည်း
တိုက်ခတ်နိုင်ပြီး အားပြင်းသည့် ဒုံးကျည်များ ကိုလည်း ပစ်ခတ်နိုင်သည်။

ဆီးရီးယားက အကယ်၍ အစ္စရေးက ၎င်းတို့မြေပေါ်တွင် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ပါက
တိုက်ရိုက်ပြန်လည်တုံ့ပြန်မည်ဟု ပြော ကြားဖူးသောကြောင့် ယခုကဲ့သို့ဒုံးကျည်များပေးပို့မှုသည် အစ္စရေးနှင့် ဆီးရီးယားတို့ကြား နောက်ထပ်တင်းမာမှုရှိလာမည်ကို စိုးရိမ်မှုများ ရှိနေသည်။

တချို့လေ့လာသူများက ဒုံးကျည်များအသုံးပြုခြင်းသည် ဆီးရီးယားပြည်တွင်းစစ်တွင်
အပြောင်းအလဲဖြစ်လာစေမည်ဟု သုံးသပ်ကြသည်။

တချို့ကလည်း ဒုံးကျည်များသည် ဇွန်လအတွင်း ဂျနီဗာတွင်ကျင်းပမည့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန်အားထုတ်မှုကို အန္တရယ်ရှိ စေမည် ဟု စိုးရိမ်ကြသည်။

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဝါလစ်မော်လင်းက ဆီးရီးယားတပ်သည် တိုက်ခိုက်မှုများဆီပြန်လာနေကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားသည်။

“ကျွန်တော်တို့စစ်တပ်ဟာ အဟုန်ပြန်ရလာပါပြီ” ဟု လက်ဘနွန်မီဒီယာသို့ပြောကြားသည်။
Ref:BBC
မြန်မာ့ခေတ်

လားရှိုးမြို့မှာ ဓာတ်ဆီအရောင်းအဝယ်ကစတင်ခဲ့တဲ့ အကြမ်းဖက်မှု (ရုပ်/သံ)

လားရှိုးမြို့မှာ ဓာတ်ဆီအရောင်းအဝယ်ကစတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် နေအိမ်အဆောက်အဦနဲ့ ဆိုင်ခန်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရသလို လူ ၅ ဦးဒဏ်ရာရပြီး ၁ ဦးသေဆုံးခဲ့ရပါတယ်။ RFA အဖွဲ့သား ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားပါတယ်။
RFA Burmese

မြစ်ကြီးနားဆွေးနွေးပွဲ ရလာဒ်က ပုံစံသစ်ဖြစ်

အပစ်ရပ်ရေး စာချုပ် မချုပ်နိုင်သေးပေမယ့် စစ်အရှိန်လျော့ဖို့ သဘောတူ
31 မေလ 2013
မြစ်ကြီးနား ဆွေးနွေးပွဲ ရလာဒ်က ပုံစံသစ် တမျိုး ဖြစ်တယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီက တွဲဖက် အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် အစောပိုင်းတုန်းက တိုင်းရင်းသား အဖွဲ့တွေကို ကမ်းလှမ်းခဲ့တုန်းက ပြည်နယ် အဆင့်နဲ့ ပြည်ထောင်စု အဆင့် ၂ ခု ရှိပြီး တခြားအဖွဲ့တွေက တဆင့်ချင်းအလိုက် လုပ်ခဲ့ကြောင်း၊ ဒါပေမယ့် ကချင် KIO နဲ့ ဆွေးနွေးပွဲ ရလာဒ်မှာတော့ အဆင့် ၂ ဆင့်လုံး ပါဝင်တယ်လို့ ယူဆနိုင်ကြောင်း သူက ထောက်ပြပါတယ်။

ဒါပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်မယ့် ကိစ္စမှာတော့ တဖွဲ့ချင်းတွေ့မလား၊ တိုင်းရင်းသား မဟာမိတ် UNFC အနေနဲ့ တွေ့မလားဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါတယ်။

အစိုးရနဲ့ KIO တို့ကြား မြစ်ကြီးနားမြို့မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲ သဘောတူညီချက် ၇ ချက်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ ၊ နှစ်ဘက် စောင့်ကြည့် ကြီးကြပ်ရေး အဖွဲ့ဖွဲ့ဖို့ မူအားဖြင့် သဘောတူတာအပြင် စစ်အရှိန်လျော့ဖို့ပါ သဘောတူ ကြပါတယ်။

အပစ်အခတ် ရပ်စဲရေး စာချုပ်တော့ မချုပ်နိုင်သေးပါဘူး။

ဒါပေမယ့် နှစ်ဘက်စလုံးက အောင်မြင်မှုရဲ့ အစ အဖြစ် လက်ခံကြသလို ဆွေးနွေးပွဲမှာ စောင့်ကြည့်သူအဖြစ် ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေလည်း ထူးထူးခြားခြား တက်ရောက် ခဲ့ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယားက ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍဍနဲ့ပတ်သက်ပြီး ''ကုလသမဂ္ဂ အနေနဲ့တော့ ဒီလုပ်ငန်းစဉ်ကို ထောက်ခံလာခဲ့တာ အချိန်အတော်ကြာပါပြီ။ တိုက်ရိုက်မဟုတ်ပေမယ့် နှစ်ဘက်စလုံးနဲ့ အဆက်အသွယ် ရှိနေပါတယ်။ နောက်ပြီး တိုက်ရိုက်အနေနဲ့ လူသားချင်း စာနာမှုပိုင်းမှာ စစ်ပြေး ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂဘက်က ပါဝင် ကူညီပါတယ်။ နိုင်ငံရေးကိစ္စတွေမှာလည်း ကျွန်တော်တို့အ နေနဲ့ ကူညီဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် နှစ်ဘက်စလုံးက ကျွန်တော်တို့ကို ဘာလုပ် ပေးစေချင်လဲ ဆိုတဲ့အပေါ် မူတည်ပါတယ်''လို့ ဘီဘီစီကို ပြောပါတယ်။
ဘီဘီစီ

ခမာနီခေါင်းဆောင်ဟောင်း ဝန်ချ တောင်းပန်

ခမာနီခေါင်းဆောင်ဟောင်း Nuon Chea
31.05.2013
ကမ္ဘောဒီးယား နိုင်ငံမှာ ၁၉၇၀ နှစ်တွေအတွင်း  ခမာနီခေါင်းဆောင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခဲ့မှုတွေအတွက်  ခမာနီခေါင်းဆောင် တဦးက  ပထမဆုံးအကြိမ် အဖြစ် တောင်းပန်လိုက်ပါတယ်။

Brother နံပါတ် တူး လို့ လူသိများတဲ့  ခမာနီခေါင်းဆောင်  နုံချာ (Nuon Chea) က ကြာသပတေးနေ့က  ကုလသမဂ္ဂက ကျောထောက် နောက်ခံပေးထားတဲ့  တရားရုံးမှာ အခုလိုတောင်းပန်ခဲ့တာဖြစ်ပါတယ်။   သူတို့အုပ်ချုပ်တဲ့ ကာလ အတွင်း နိုင်ငံမှာဖြစ်ပွါးခဲ့တဲ့ နစ်နာ ထိခိုက်မှုတွေ အတွက် ခေါင်းဆောင်တဦး အနေနဲ့ သူ့မှာ တာဝန်အပြည့်ရှိ တယ်လို့ တရားရုံးကို ပြောကြားခဲ့တဲ့အပြင်  ဒုက္ခ ခံစားခဲ့ရသူတွေအတွက် ဝမ်းနည်းကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အစွန်းရောက် မော်ဝါဒီအဖွဲ့တဖွဲ့ဖြစ်တဲ့  ခမာနီတွေဟာ  ကမ္ဘောဒီးယားကို ၁၉၇၅ ခုနှစ်မှာ သိမ်းပိုက် အုပ်စိုးခဲ့ပြီး  သူတို့ အုပ်ချုပ်တဲ့ ၁၉၇၉ ခုနှစ်အထိ ၄ နှစ်အတွင်း ငတ်မွတ်မှု၊ နာမကျန်းဖြစ်မှုနဲ့  အကွပ်မျက်ခံရမှုတွေကြောင့်  ကမ္ဘောဒီးယား နိုင်ငံသား ၂ သန်းလောက် သေကြေခဲ့ရပါတယ်။

သူက အခုလို တောင်းပန်ခဲ့ပေမယ့် ကမ္ဘောဒီးယား နိုင်ငံမှာ  လူမျိုးတုန်း သတ်ဖြတ်မှုတွေရှိခဲ့တယ် ဆိုတာနဲ့ ဒီဖြစ်ရပ်အတွက် တာဝန်ယူဖို့တော့ အခုထိ ငြင်းဆိုနေဆဲဖြစ်ပါတယ်။ သူဟာ လူမဆန်တဲ့ ရာဇဝတ်ပြစ်မှုတွေနဲ့  စစ်ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်ခဲ့မှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။

သူ့နဲ့အတူ  အရင် နိုင်ငံ့အကြီးအကဲတာဝန်ထမ်းဆောင်ခဲ့တဲ့ Khieu Samphan ကလည်း ဒုက္ခရောက်ခဲ့ရသူတွေအတွက်  တောင်းပန်ခဲ့ပေမယ့်  သူဟာ အဲဒီအချိန်က အာဏာမရှိပဲ ရုပ်ပြသက်သက်ပဲမို့ သူ့မှာ တာဝန်မရှိဘူးလို့ ဆိုပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

အိန္ဒိယတောင်ပိုင်း အပူလှိုင်း လူ ၅၀၀ ကျော်သေ

အိန္ဒိယနိုင်ငံတွင်း အပူလှိုင်းဒဏ်ခံနေရတဲ့ပြည်သူများ
31.05.2013
အိန္ဒိယနိုင်ငံတောင်ပိုင်းက Andhra Pradesh  ပြည်နယ်မှာ အပူလှိုင်းရိုက်ခတ်တဲ့ ဒဏ်ကြောင့်  ကြာသပတေးနေ့အထိ သေဆုံးရသူပေါင်း ၅၀၀ ကျော်နေပြီလို့ ဒေသအာဏာပိုင်တွေက အတည်ပြုပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံတဝှမ်းမှာ  အပူလှိုင်းရိုက်ခတ်တဲ့ ဒဏ်ကြောင့် ကိုယ်ရေခန်းခြောက်မှုဖြစ်ပွါးတဲ့ လူနာတွေနဲ့ ဆေးရုံတွေမှာ ပြည့်လျှံနေပါတယ်။ အပူနာနဲ့အတူ အခြား ကူးစက်ရောဂါဖြစ်ပွါးမှုတွေ လည်းရှိနေတယ်လို့ ဒေသဆေးဝန်ထမ်းတွေက ပြောပါတယ်။

အပူချိန်ဟာ မကြုံဘူးအောင်တက်နေပြီး ၄၅ ဒီဂရီ Celsius အထက်မှာရှိသလို၊ ဖါရင်ဟိုက်နဲ့ ဆိုရင် ၁၁၃ ဒီဂရီ ဖါရင်ဟိုက်အထက်မှာ ရှိနေပါတယ်။  ဒီအပူလှိုင်းဟာ နိုင်ငံ့မြောက်ပိုင်းနဲ့ အရှေ့ပိုင်းကိုပါ ဆက်ပြီး ရိုက်ခတ်ဖို့ ရှိနေတယ်လို့လည်း ခန့်မှန်းထားပါတယ်။

မုတ်သုန်မိုးဟာ မေလမှာ ဝင်လေ့ရှိပေမယ့် အခုထိ မိုးမရွာသေးတဲ့အတွက် အပူဒဏ်ကို အလူးအလဲခံနေကြရတာပါ။ နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်ရတဲ့ ဆိုက်ကားသမားတွေ ရဲဝန်ထမ်းတွေ က အဆိုးဆုံးဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံတောင်ပိုင်း Andhra Pradesh  ပြည်နယ်မှာ ပြင်းထန်တဲ့ အပူလှိုင်းရိုက်ခတ်မှုခံရတာ ဆယ်ရက်လောက်ရှိပြီဖြစ်ပြီး ကြာသပတေးနေ့အထိ အပူဒဏ်ကြောင့် သေဆုံးရသူပေါင်း ၅၀၀ ကျော်နေပြီလို့ Andhra Pradesh  ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မရှင်က ပြောပါတယ်။

အိန္ဒိယ နိုင်ငံမှာ အပူဆုံးလဟာ ဇွန်လဖြစ်ပြီး မုတ်သုန်မိုးမရွာသေးသမျှ  အပူချိန်လည်း မကျပဲ အပူလှိုင်းဒဏ်ကို ဆက်ပြီး ခံကြရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)


လုံးဝအပစ်ရပ်ရေး သဘောတူညီချက်မရဘဲ ပြီးဆုံး

သုံးရက်မြောက် ကချင်ဆွေးနွေးပွဲ ( မေ ၃၀၊ ၂၀၁၃)
30.05.2013
သုံးရက်ကြာ မြန်မာအစိုးရ နဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေကြား ဆွေးနွေးပွဲ မှာ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ တိတိကျကျ သဘောတူညီချက်တော့ မရခဲ့ပါဘူး။ ဒါပေမဲ့ နှစ်ဘက်ကြား နိုင်ငံရေးဆွေးနွေးပွဲတရပ်လုပ်ဖို့နဲ့ အပစ်အခတ် ရပ်စဲရေး အတွက် အခြေအနေကောင်းတွေ ဖန်တီးဖို့ အချက် ၇ချက်ပါတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။ ဒီအကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရောက်ရှိနေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ကေအိုင်အိုနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့အကြား သုံးရက်ကြာ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးတဲ့နောက် အချက် ၇ချက်ပါ သဘော တူညီချက် ကို မေလ ၃၀ရက် ကြာသပတေးနေ့မှာ လက်မှတ်ရေးထိုးနိုင် လိုက်ကြတာပါ။

“(က) နိုင်ငံတော်အစိုးရနဲ့ ကေအိုင်အိုတို့ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူညီသည်။ (ခ) နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခတ်မှုများလျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းခြင်း တို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။

ပြည်ထောင်စု ငြိမ်းချမ်းမှု ဖော်ဆောင်မှု ဗဟိုဌာန MPC က ဦးအောင်နိုင်ဦးက သဘောတူညီချက် ၇ချက်ကို သတင်းစာရှင်းလင်းပွဲအတွင်း ဖတ်ပြသွားတာပါ။ အရင့်အရင်က တခြားလူမျိုးစုတွေနဲ့ ရခဲ့ဖူးတဲ့ သဘောတူညီချက်တွေ မတူဘဲ ထူးခြားတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောတဲ့သဘောတူညီချက်တွေကို အလွယ်တကူ ရခဲ့ကြတာတော့ မဟုတ်ပါဘူး။ တံခါးပိတ်၊ တံခါးဖွင့် ဆွေးနွေးပွဲတွေအတွင်း အကြိတ်အနယ် ဆွေးနွေးခဲ့ကြတာတွေထဲမှာ အဓိက အကျဆုံးကတော့ ကေအိုင်အိုဘက်က အစဉ်တစိုက်တောင်းဆိုလာခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲကိစ္စဖြစ်ပါတယ်။

“ ကျနော်တို့ရဲ့ သဘောတူညီချက်ထဲမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်သွားမယ်ဆိုတာ  နံပတ်တစ်အနေနဲ့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ ဒီအချက်ကိုလည်း အကြိတ်အနယ်ဆွေးနွေးခဲ့ကြပါတယ်။”
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီရဲ့ဥက္ကဌ ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းရဲ့ ပြောဆိုချက်ကို ကေအိုင်အို၊ ကေအိုင်အေဘက်က အဓိက ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း အလားတူ အသိအမှတ်ပြုပြောဆိုပါတယ်။

“ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်မယ်လို့ပြောဆိုခဲ့ကြပါတယ်။ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အပိုင်းပေါ့နော်။ ကျနော်တို့ဘက်က ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းနဲ့ နိုင်ငံတော်အစိုးရဘက်က လက်တွေ့ အကောင်အထည်ဖော်မယ့် အပိုင်းကို အဓိက ထားဆွေးနွေးခဲ့ကြပါတယ်။ ဒါကြောင့် ကျနော်တို့ချမှတ်ထားပြီးသား နိုင်ငံရေးဆွေးနွေးပွဲတွေကို လုပ်ဆောင်သွားမယ်ဆိုတာကို ပြောချင်ပါတယ်။”

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုးတက်မှုအချို့ရခဲ့တဲ့အတွက် ဝမ်းသာတဲ့အကြောင်း၊ နိုင်ငံတကာလေ့လာသူအဖြစ် နှစ်ဦးပဲ တက်ရောက်ခဲ့တဲ့ အထဲက မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ကောင်စစ်ဝန် မစ္စတာ လူဇီက ဗွီအိုအေကိုပြောပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လက်ရှိခွန်အားကို ထိန်းသိမ်းပြီး အတူတကွ အားဖြည့် ကူညီသွားမယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း မစ္စတာလူဇီကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တခြားအနောက်နိုင်ငံတွေ အခုဆွေးနွေးပွဲမှာ လေ့လာသူတွေအဖြစ် တက်ရောက်ဖို့ကို တရုတ်ဘက်က ကန့်ကွက်လို့ မပါဝင်ခဲ့ရဘူးဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့တော့ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ အတိအကျ မငြင်းသွားပါဘူး။

မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ မြန်မာ့ပြည်တွင်းရေးဖြစ်တယ်လို့ ကျနော် ထင်ပါတယ်။ တရုတ်အနေနဲ့ဆိုရင် မြန်မာနိုင်ငံဟာ ကျနော်တို့ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံပါ။ တိုက်ရိုက်ဆက်စပ်နေတဲ့ အကျိုးစီးပွားတွေအရ နှစ်ဖက်စလုံးရဲ့ ပန်ကြားချက်တွေအရနဲ့ လိုအပ်တဲ့အကူအပံ့တွေ အားလုံးအတွက် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားတဲ့အနေနဲ့ ကျနော်တို့ ပါဝင်လာတာပါလို့ တရုတ်ကောင်စစ်ဝန် မစ္စတာလူဇီက ဗွီအိုအေကိုပြောခဲ့ပါတယ်။

တရုတ်အပြင် ကုလသမဂ္ဂရဲ့ အကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဗီယားလည်း တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသား အဖွဲ့အစည်းကိုးဖွဲ့ နဲ့ မြစ်ကြီးနားမြို့က ကချင်မြို့မိမြို့ဖတွေ တက်ရောက်ကြပါတယ်။

ကေအိုင်အိုနဲ့အစိုးရကြား သဘောတူညီချက်တွေရတယ်ဆိုတာ ဒီတကြိမ်ကတော့ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အရင်စစ်အစိုးရတွေ လက်ထက်တုန်းက ရခဲ့ဖူးတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ၁၇နှစ်ကျော်ကြာပြီးကာမှ ပျက်ပြယ်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း အခုရတဲ့သဘောတူညီချက်တွေကို အောင်အောင်မြင်မြင်အကောင်အထည်ဖော်နိုင်ဖို့ရာ အရေးကြီးတယ်ဆိုတာကို နှစ်ဖက်စလုံးက အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။
ကိုကျော်ကျော်သိန်း
VOA Burmese

မသန်စွမ်း အားကစားအဖွဲ့ချုပ် ရန်ပုံငွေအဖြစ် ရုပ်ရှင်မင်းသားများပါဝင်သည့် ယှဉ်ပြိုင်ပွဲ

မသန်စွမ်း အားကစားအဖွဲ့ချုပ် ရန်ပုံငွေအဖြစ် ရုပ်ရှင်မင်းသားများပါဝင်သည့် ဘိုင်စကုတ်မင်းသားများ အသင်းနှင့် ဂီတနယ်ပယ်မှပညာရှင်များပါဝင်သည့် ဂီတ အနုပညာရှင် အသင်းတို့သည် ၁၄.၆.၂၀၁၃ သောကြာနေ့(အောင်ဆန်းအားကစားကွင်း) တွင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ဘိုင်စကုတ်မင်းသားများအသင်းတွင် လူမင်း၊ နေတိုး၊ ရာဇာနေဝင်း၊ အောင်ရဲလင်း၊ နေမင်း၊ မြင့်မြတ် နှင့် အခြားနာမည်ကြီး မင်းသားများပါဝင်ပြီး ဂီတအနုပညာရှင်များအသင်းတွင် မျိုးကြီး၊ ဆောင်ဦးလှိုင်၊ R ဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်၊ လင်းလင်း၊ ဆိုတေး၊ Snare၊ မိုးမိုး နှင့်အခြားနာမည်ကြီးဂီတပညာရှင်များ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး လက်မှတ်များကို City Mart ဆိုင်ခွဲများနှင့် Bo Bo Music Production , Cafe SS, ACE Digital Warehouse တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။ လက်မှတ်ဈေးနှုန်းများကို အထူးတန်း (၂၀၀၀)ကျပ်၊ ရိုးရိုးတန်း (၁၀၀၀) ကျပ်တို့ဖြစ်ကြောင်း သိရသည်။
Popular Journal

လားရှိုး အကြမ်းဖက်မှုတွင် မသင်္ကာသူ ၃၅ ဦး ရဲက ဖမ်းဆီးထား

May 30, 2013
ရန်ကုန် (မဇ္ဈိမ)။   ။ မေလ ၂၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော လားရှိုး အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မင်္သကာသူ ၃၅ ဦးကို မြို့နယ် ရဲစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ခရိုင် ရဲစခန်းမှ အတည်ပြု ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ၂၀၁၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့က လုံခြုံရေးယူထားသော တပ်မတော်သားတဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP ၊ ရဲအောင်သူ) မေလ ၂၈ ရက်နေ့က စတင်ခဲ့သည့် အကြမ်းဖက်မှုများတွင် လူအုပ်များက ဗလီတခု၊ မိဘမဲ့ ကလေးဂေဟာတခုနှင့် ဆိုင်အများအပြား ဖျက်ဆီးခဲ့ကြသည်။

ထိုဖမ်းဆီး ထားသူများမှာ ပဋိပက္ခတွင် ပါဝင်သူများဟု ယူဆရပြီး အခင်း စတင် ဖြစ်ပွားသည့် နေ့တွင်ပင် ဖမ်းဆီးထိန်းသိမ်းမှုများ လုပ်နိုင်ခဲ့ကြောင်း အဆိုပါ ခရိုင်ရဲ စခန်းမှ တာဝန်မှူးက ပြောသည်။

“တနေ့က၊ စဖြစ်တဲ့နေ့က ၂၀ ဖမ်းထားပါတယ်။ နောက်နေ့မှာတော့ ၁၅ ယောက် ဖမ်းဆီးထာပါတယ်” ဟု တာဝန်မှူးက မဇ္ဈိမကို ပြောသည်။

ယနေ့ အကြမ်းဖက်မှုများ ငြိမ်သက်နေပြီ ဖြစ်သော်လည်း မြို့အစွန်ရှိ ရပ်ကွက်များ၌ လူစုရုံးနေသည်ဆိုသည့် ကောလာဟလများ ထွက်ပေါ်နေကြောင်းလည်း ခရိုင်ရဲစခန်း တာဝန်မှူးက ဆိုသည်။

သို့သော် ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကမူ ထို နှစ်ရက်တာအတွင်း လားရှိုးမြို့ပေါ် ဆူပူ ဖျက်ဆီးမှုများတွင် ဦးဆောင်ပါဝင်သူဟု ယူဆရသူ ၂၅ ဦးအား လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။

“ဖမ်းဆီးထားသူ အားလုံးဟာ လားရှိုး မြို့ပေါ်ရပ်ကွက်များမှ ဖြစ်ပါတယ်။ အခြားဒေသများမှ လားရှိုးမြို့ကို လာရောက်ပြီး ဆူပူအကြမ်းဖက်မှုများ မပြုလုပ်နိုင်စေရန်အတွက် မနေ့က စပြီး မြို့ဝင် ဂိတ်များမှာလည်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း” ဟု ဦးရဲထွဋ် က ရေးသားထားသည်။

ပဋိပက္ခကြောင့် ပိတ်ထားသော မြို့မဈေးနှင့် ဆိုင်ခန်းအချို့လည်း ပြန်ဖွင့်ပြီဖြစ်ကြောင်း လာရှိုးမြို့နေ ဒေသခံများ ထံမှ သိရသည်။

“ဒီနေ့ မြို့ ပေါ်မှာတော့ ဘာသံမှ မကြားဘူး။ မြို့မဈေးလည်း ပြန်ဖွင့်ပြီ။ လူစုလူဝေးတွေတော့ ရှိသေးတယ်။ ဒါပေမယ့် ဘာမှ မဖြစ်ကြဘူး” ဟု လားရှိုးမြို့နေ ကိုနေဖြိုး က ပြောသည်။

 ပဋိပက္ခကြောင့် နေအိမ် ဆုံးရှုံးခံရသူများအတွက် အမှတ် ၇ နှင့် အမှတ် ၈ ရပ်ကွက်တို့တွင် ဒုက္ခသည် စခန်း နှစ်ခု ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း ကိုနေဖြိုးက ပြောပြသည်။

ပုဒ်မ ၁၄၄ အား ဆက်လက်ထုတ်ပြန်ထားဆဲ ဖြစ်သည်။

“နောက်ကွယ်မှာ နိုင်ငံရေး အမြတ်ထုတ်သူတွေ၊ ဘာသာရေး ခုတုံးလုပ်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ရဲတွေ စစ်တပ်တွေကလည်း သူတို့အလုပ် သူတို့ တာဝန်ကြေအောင် လုပ်နေကြပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ မူဆယ်မြို့နယ် ဥက္ကဋ္ဌ ဦးစိုင်းဖိုးအောင် က ပြောသည်။

အကြမ်းဖက်မှုများကြောင့် ဆိုင်ခန်း ၃၂ ခန်း၊ မော်တော်ယာဉ် ၂ စီး၊ ရုပ်ရှင်ရုံ ၁ ရုံ၊ ဘာသာရေး အဆောက်အအုံ ၃ လုံး၊ မော်တော်ဆိုင်ကယ် ၁၁ စီး ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒု-ဝန်ကြီး ဦးရဲထွဋ် ၏ ဖေ့ဘွတ် စာမျက်နှာတွင် ဖော်ပြထားသည်။
စောဇင်ညီ
Mizzima - News in Burmese

ဘာသာရေးအကြောင်းပြ အကြမ်းဖက်မှုများကို ဆန့်ကျင်ကြပါစို့

May 30, 2013
လူသားတိုင်းအတွက် မွေးရာပါ အခြေခံလူ့အခွင့်အရေးတွင် လွတ်လပ်စွာယုံကြည်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် အခြားလူမျိုးတို့၏ ယုံကြည်မှုတို့ကို လေးစားမှုရှိရပေမည်။ လားရှိုးမြို့တွင် လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုများ၊ ပစ္စည်းဥစ္စာ အဆောက်အဦးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို ပစ်မှတ်ထား ဖျက်ဆီးနေမှုများသည် လူ့အခြေခံအခွင့်အရေးကို ချိုးဖောက်မှုဖြစ်သည်။

နိုင်ငံသားတိုင်း အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ရေးမှာ နိုင်ငံတစ်နိုင်ငံ ရပ်တည်ဖြစ်ထွန်းမှု၏ အခြေခံဖြစ်ပေသည်။ နိုင်ငံ၏ စီးပွားရေး တည်ငြိမ်တိုးတက်ကောင်းမွန်ရန်မှာ နိုင်ငံသားတိုင်း အခြေခံလူ့အခွင့်အရေးကို အေးချမ်းတည်ငြိမ်စွာဖြင့် ရရှိမှုတွင် အများအပြား မူတည်နေသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ် လျောက်လှမ်းရန်ကြိုးစားနေချိန်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံအတွင်း ဘာသာရေး အကြမ်းဖက်မှုများကို စိုးရိမ်ပူပန်စွာ အနီးကပ်စောင့်ကြည့်နေသည်။ မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရန်မှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအတွက် စိတ်ချရသော အခြေနေများကို ဖန်တီးပေးရန် အရေးကြီးသည်။

လုံခြုံရေးများ ချထားသည့်ကြားထဲက လမ်းမများပေါ်တွင် ဆိုက်ကယ်၊လူအုပ်စုလိုက် များဖြင့် တုတ်တရမ်းရမ်း၊ ဓါးတလှမ်းလှမ်းဖြင့် ဥပဒေမဲ့ ပြုလုပ်နေသည်မှာ ဥပဒေ စိုမိုးရေးအတွက် တာဝန်ရှိသူများ မျက်မှောက်တွင် ပင် ဖြစ်ပွားနေပေသည်။ တာဝန်အရှိဆုံးမှာ နိုင်ငံတော်အစိုးရ ဖြစ်ပေသည်။ အကြမ်းဖက်မှုများကို ထိရောက်စွာ မတားဆီး၊ မနှိမ်နင်းနိုင်ပါက အစရအား ပြည်သူလူထု၏ ယုံကြည်မှု လျော့လာလိပ်မည် ဖြစ်သည်။ သို့ရာတွင် အစိုးရတစ်ခုတည်းဖြင့် မပြီးပါ။ နိုင်ငံသားတိုင်းမှာ မိမိနိုင်ငံ အေးချမ်းသာယာဖွံ့ဖြိုးရေး၊ နိုင်ငံသားတိုင်း အေးချမ်းသာယာစွာနေနိုင်ရေးတို့အတွက် ကိုယ်စီတာဝန်ရှိကြပါသည်။

ထိုအကြမ်းဖက်မှုများကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပြီး အရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ ငါနှင့်မဆိုင်လို့၊ ငါနှင့်မတည့်လို့၊ ငါနှင့် ဘာ သာမတူလို့ စသဖြင့် အကြောင်းအမျိုးမျိုးပြပြီး ဆိတ်ဆိတ်နေလျှင် ငါ့အလှည့်ရောက်လျှင် နောက်ကျသွားလိမ့်မည်။ အကြမ်းဖက်မှုက ငါ့ဘက်လှည့် လာသည့်အခါ ငါတစ်ယောက်တည်းပဲ ကျန်နေတော့မည်။

အထူးသဖြင့် လူနည်းစုများအား နိုင်ငံသားတိုင်း၏ တန်းတူအခွင့်အရေးဖြင့် ကာကွယ်စောင့်ရှောက်ရန် အရေးကြီးပေသည်။ အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် ကြိုးကိုင်လှုံ့ဆော်နေသူများ၊ အုပ်စုများ ရှိ၊ မရှိအားလည်း သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းများအနေနှင့် တရားဥပဒေနှင့်အညီ မှန်မှန်ကန်ကန် စုံစမ်းဖော်ထုတ်သင့်ပြီး ထိုသူများ၊ ထိုအုပ်စုများရှိပါက တည်ဆဲဥပဒေများအရ တိတိကျကျ လျင်လျင်မြန်မြန် အရေးယူသင့်သည်။
အယ်ဒီတာ့အာဘော်
Mizzima - News in Burmese

မြန်မာ့ စီးပွားရေး ပမာဏ ဒေါ်လာ ဘီလီယံ ၂၀၀ အထိ တိုးလာဖွယ်ရှိ

မြန်မာနိုင်ငံ ရန်ကုန်မြို့က အထည်ချုပ်စက်ရုံတွင်း လုပ်ငန်းခွင်က အထည်ချုပ်လုပ်သားများ။
30.05.2013
ကမ္ဘာမှာ အလျင်အမြန်ဖွံ့ဖြိုးနေတဲ့ အာရှဒေသမှာ မြန်မာနိုင်ငံဟာ ပုံမှန်မဟုတ်ပေမဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြုပ်နှံသူတွေအတွက် အလားအလာကောင်းတွေရှိတယ်လို့ ကမ္ဘာတဝန်း တိုးတက်ပြောင်းလဲနေတဲ့ စီးပွားရေး အခြေအနေတွေကို လေ့လာနေတဲ့ အဖွဲ့တခုကပြောလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ အစောပိုင်းအဆင့်မှာပဲရှိသေးတဲ့အတွက် စီးပွားရေးအစပြုလုပ်နိုင်ဖို့ အားသာချက်တွေရှိနေတယ်လို့ McKinsey Global Institute (MGI) ကထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဒီအခြေအနေကို ကောင်းကောင်းစီမံခန့်ခွဲသွားမယ်ဆိုရင် ၂၀၁၀ ခုနှစ်တုန်းက ဒေါ်လာ ၄၅ ဘီလျံရှိတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၃၀ ခုနှစ်ရောက်ရင် ဒေါ်လာ ၂၀၀ ဘီလျံ ကျော်အထိ တိုးတက်သွားနိုင်တယ်လို့ MGI ရဲ့ လေ့လာချက်က ခန့်မှန်းပါတယ်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍက မဟုတ်တဲ့ အလုပ်အကိုင် ၁၀ သန်းကျော်ကို ဖန်တီးပေးနိုင်လိမ့်မယ်လို့လဲ မြန်မာနိုင်ငံနဲ့ပါတ်သက်တဲ့ Unique opportunities, major challenges ဆိုတဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာထဲမှာပဲ စီးပွားရေး ရည်မှန်းချက်တွေ ပြည့်မှီအောင် လုပ်တဲ့နေရာတွေမှာ တွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ ဖွံ့ဖြိုးမှုတိုးတက်အောင် လုပ်သင့်တဲ့ ကိစ္စတော်တော်များများကိုလဲ ထောက်ပြထားပါတယ်။

စီးပွားရေးတိုးတက်ရေးအတွက် လုပ်သင့်တဲ့ အစီအစဉ်တွေကို မချမှတ်နိုင်ဘူး၊ ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်ဘူးဆိုရင်တော့ လက်ရှိနာမည်ကောင်းရနေတာတွေ၊ သတိနဲ့ အကောင်းမြင်မှုတွေဟာ မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ် သွားလိမ့်မယ်လို့  McKinsey Global Institute ရဲ့ မြန်မာနိုင်ငံနဲ့ ပါတ်သက်တဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ဘိနပ်အောက်က နင်းခြေခံ ပန်းများအကြောင်း (ရုပ်/သံ)

တချို့သော ပြည်သူ့ရဲတွေ ဘယ်လောက်မတရားလုပ်သလဲ ပြည့်တန်ဆာ ကို ဖမ်းပြီး လုပ်ချင်ရာလုပ်ပြီးတော့ သူ တို့  မသိချင်ယောင် ဆောင်နေသတဲ့  .. သူတို့ ဘဲ ဖမ်းပြီး သူ တို့  လုပ်ချင်ရာလုပ်ပြီး သူတို့ က ပြန်ပြီး ဒဏ်ခက်တယ်။ မြန်မာပြည်က တချို့သော ရဲတွေရဲ့ လုပ်ရပ်တိတ်တပိုင်းကို ဖေါ်ပြလိုက်တဲ့ Online ပေါ်က ဗွီဒီယိုလေးပါ။
Min Min

SEA Games ကို ဖိလစ်ပိုင် သပိတ်မှောက်မည်ဟုဆို

ရန်ကုန်၊ မေ ၂၉
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ကို သပိတ်မှောက်မည် ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ အားကစား ကော်မရှင်ဥက္ကဋ္ဌ ရစ်ချီဂါစီယာ(Richie Garcia) က ဖိလစ်ပိုင်သတင်းစာ The Philippine Star သို့ မေလ ၂၈ ရက်နေ့က ပြောကြားလိုက်သည်။

အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာနိုင်ငံက ဆုတံဆိပ်ရနိုင်သည့် အားကစားနည်း များကို ဦးစားပေး ရွေးချယ်ထားခြင်းကြောင့် သပိတ်မှောက်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံက (၂၆) ကြိမ်မြောက် အင်ဒိုနီးရှား SEA Games တွင် နိုင်ငံအလိုက် ရပ်တည်မှု၌ အဆင့်ခုနစ်သာ ရခဲ့သည်ကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရချိန်၌ အဆင့်တက်ရန် နည်းမျိုးစုံ ကြိုးစားခဲ့ပြီး အိုလံပစ် အားကစားအချို့နေရာတွင် ရိုးရာ အားကစားနည်းများကို အစားထိုး ခဲ့ကြောင်း ၄င်းက စွပ်စွဲပြောဆိုခဲ့သည်။

အင်ဒိုနီးရှားတွင်ကျင်းပသည့် (၂၆) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် အားကစားနည်း ၃၆ မျိုးအနက် ဖိလစ်ပိုင် နိုင်ငံက ဆုရခဲ့သည့် အားကစားနည်း ၁၆ မျိုးကို မြန်မာနိုင်ငံက ထည့်သွင်းကျင်းပမှု မရှိသည့်အချက်က သပိတ်မှောက်ရသည့် အဓိက အကြောင်းအရင်းဖြစ်ကြောင်း ပြောဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌကို အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေးကော်မတီ အစည်းအဝေး တွင် ထည့်သွင်းဆွေးနွေးရန် အကြုံပြု ထားသည်ဟု ဖိလစ်ပိုင်နိုင်ငံ အားကစား ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲဝင်မည့် ဖိလစ်ပိုင် အားကစားသမားများကို ထောက်ပံ့မှုများ ရပ်ဆိုင်းမည် မဟုတ်သော်လည်း ဆုရနိုင်ခြင်း မရှိသည့် အားကစားနည်း များက အားကစားသမား များကိုမူ ထောက်ပံ့မှုများ လျှော့ချသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယင်းကြောင့် စင်ကာပူနိုင်ငံတွင် ကျင်းပမည့် (၂၈)ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် အငြင်းပွားမှု မဖြစ်ရန် အားကစားဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းများ ရေးဆွဲရန် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေးကော်မတီသို့ တောင်းဆိုမည် ဖြစ်ကြောင်း The Philippine Star ကို ပြောဆိုခဲ့သည်။

ဗီယက်နမ်ရိုးရာ ကိုယ်ခံပညာ ဗိုဗီနမ်၊ ကမ္ဘောဒီးယားရိုးရာ အားကစား ကမ်ပိုနှင့် မြန်မာရိုးရာ ခြင်းလုံး အားကစားနည်း သုံးမျိုးမှ ရွှေတံဆိပ်ဆု ၄၄ မျိုးကို မြန်မာနိုင်ငံက အများဆုံရနိုင်သည့် အတွက် နိုင်ငံ အလိုက် ရပ်တည်မှုအဆင့် ဖော်ပြချက်တွင် ထည့်မတွက်ရန် မြန်မာနိုင်ငံအားကစား ဝန်ကြီးဌာနကို တောင်းဆိုမည် ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ အားကစားကော်မရှင်ဥက္ကဋ္ဌ က ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ ဝန်ကြီးများအဆင့် အစည်းအဝေးတွင် အားကစားနည်း ၃၃ မျိုးထည့်သွင်း ကျင်းပမည် ဖြစ်ကြောင်း တရားဝင်ကြေညာ ခဲ့ရာတွင် ဖိလစ်ပိုင်နိုင်ငံ အားကစားဝန်ကြီး နှင့်အဖွဲ့က သဘောတူကြောင်း ပြောကြားခဲ့သည်။
The Voice Weekly

ကျေးရွာကျောင်းအုပ်ကို မကျေနပ်သဖြင့် ရွာလုံးကျွတ် ကျောင်းမအပ်

မန္တလေး၊ မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူး မြို့နယ် ဆားတောင်ပုံကျေးရွာရှိ အခြေခံ ပညာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီးကို မကျေနပ်သဖြင့် ယင်းကျေးရွာ တစ်ရွာလုံးရှိ ကျောင်းသားမိဘများက ကျောင်းအပ်ကာလသို့ ရောက်ရှိ နေသော်လည်း ယခုအချိန်ထိ ကျောင်းမအပ်ကြသေး ကြောင်း အဆိုပါ ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးဆောင် ကော်မတီ တာဝန် ရှိသူထံမှ စုံစမ်းသိရှိရသည်။
"ဒီကျောင်းမှာ ကျောင်းအုပ်ကြီး ဦးဇေယျရှိနေသရွေ့ တစ်ရွာလုံးက မိဘတွေက ကလေးတွေကို ကျောင်းမအပ်ကြ တော့ဘူးလို့ ပြောကြတယ်" ဟု ကျောင်းအကျိုးဆောင် ကော်မတီဝင် ဦးအုန်းကျော်မြင့် က ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဆားတောင်ပုံ ကျေးရွာ ရာအိမ်မှူး ဦးထွန်းရွှေထံ ဆက်သွယ် မေးမြန်းရာ ယင်းကိစ္စမှာ မှန်ကန်ကြောင်း၊ အဆိုပါကျေးရွာရှိ မည်သည့်မိဘကမှ ကျောင်း မအပ်ဟု ဆိုကြောင်း၊ ၄င်းအနေဖြင့် ကျောင်းသား မိဘများကို မေလ ၂၄ ရက်နေ့နှင့် မေလ ၂၅ ရက်နေ့များတွင် ခေါ်ယူတွေ့ဆုံ ညှိနှိုင်းပေးသော်လည်း ကျောင်းမအပ်လိုသော ဆန္ဒ သဘောထား ရှိကြောင်းကို လက်မှတ်ရေးထိုးကြကြောင်း ၄င်းက ပြန်လည်ဖြေကြားသည်။

အဆိုပါ အခြေခံပညာ ကျောင်းအုပ်ဆရာကြီးကို နှစ်လအတွင်း ကျောင်းပြောင်းရွှေ့ခြင်းမပြုပါက ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများက ဆန္ဒ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

"ဒီကျောင်းအုပ်ကို ကျွန်တော်တို့ ကျေးရွာကနေ ပြောင်းပေးဖို့အတွက် မြို့နယ် ပညာရေးမှူးရုံးမှာ အဆင့်ဆင့်အသိပေး တိုင်ကြားထားပေမယ့် ဒီကနေ့အထိ ဘာမှမထူးပါဘူး။ ကျွန်တော်တို့ ဒီကျောင်းအုပ် ပြောင်ရွှေ့ရေး နှစ်လစောင့်မှာပါ။ ပြောင်းမပေးဘူးဆိုရင်တော့ မိဘတွေ ကျောင်းသား တွေအပါအဝင် ခွင့်ပြုချက်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ပင်လယ်ဘူးမြို့နယ် ပညာရေးမှူးရုံး ရှေ့မှာ တစ်ရွာလုံး ဆန္ဒဖော်ထုတ်သွားမယ်" ဟု ဆားတောင်ပုံကျေးရွာ ဆယ်အိမ်မှူး ဦးညွန့်မောင်နှင့် ကျောင်းအကျိုးဆောင်ကော်မတီဝင် ဦးအုန်းကျော်မြင့် တို့က The Voice သို့ ပြောကြားသည်။

ယင်းဆားတောင်ပုံ အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား ကျောင်းသူ ၁၃၀ ကျော်ရှိပြီး ကျောင်းအုပ်ဆရာကြီး အပါအဝင် ပညာရေးဝန်ထမ်း နှစ်ဦးသာ ရှိကြောင်း၊ ယခုအခါ ကျောင်း ဆရာမတစ်ဦးမှာ မီးဖွားခွင့်ပေးထားရပြီး ကျောင်းအုပ်ဆရာကြီး၏ စီမံသင်ကြားမှု များတွင် အားနည်းချက် များစွာရှိကာ တစ်လတွင် ၁၅ ရက်ခန့်သာ စာသင်ကြား ကြောင်းနှင့် အဆိုပါဆရာကြီးတွင် အခြားလူမှုရေး ပြဿနာများလည်း ရှိကြောင်း ၄င်းတို့က ပြောဆိုသည်။

"ဒီကနေ့ပဲ အစည်းအဝေး ထိုင်နေပါတယ်။ သူ့ကို ယာယီပြောင်းဖို့ ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ချည်းပဲ လုပ်လို့မရပါဘူး။ တိုင်းကို ဆက်လက် တင်ပြသွားမှာပါ" ဟု ယင်းကိစ္စနှင့် ပတ်သက်၍ ပင်လယ်ဘူးမြို့နယ် ပညာရေးမှူးထံ The Voice က ဆက်သွယ် မေးမြန်းရာ ၄င်းက အထက်ပါအတိုင်း ပြန်လည်ဖြေဆိုသည်။

ဆားတောင်ပုံကျေးရွာရှိ အခြေခံ မူလပညာကျောင်း ကျောင်းအုပ်ဆရာကြီး ထံသို့ The Voice က မေလ ၂၉ ရက်နေ့ တွင် ဖုန်းဆက်သော်လည်း ဖုန်းမှာစက်ပိတ် ထားပါသဖြင့် ဆက်သွယ်မေးမြန်းခွင့် မရသေးပေ။

ဆားတောင်ပုံကျေးရွာသည် ပင်လယ်ဘူးမြို့နှင့် ၂၄ မိုင်ခန့်ဝေးပြီး ကျောင်းအုပ်ကြီး ဦးဇေယျသည် ၁၉၉၇ ခုနှစ်တွင် ယင်း ကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း၊ ၄င်းရောက် ရှိခဲ့သည်မှ ယနေ့အထိ ကျေးရွာတွင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား တစ်ဦးမျှမရှိသေးကြောင်း ကျေးရွာဒေသခံ များက တူညီစွာပြောကြားသည်။
The Voice Weekly

မန္တလေးမြို့မှာ ဖျော်ဖြေမယ့် တေးသံရှင် ၄ ဦးဖျော်ဖြေပွဲကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်းသိရ

ဧပြီလ ၇ ရက်နေ့က " မောင်ယုံလား၊ နှစ်ယောက်မရှိဘူး" ဖျော်ဖြေပွဲကို ရန်ကုန်မြို့ရှိ၊အမျိုးသားကဇာတ်ရုံမှာ အောင်မြင်စွာကျင်းပခဲ့တဲ့ ဇော်ဝင်းထွဋ်၊ မေဆွိ၊ ဟေမာနေဝင်း၊ ထွန်းအိန္ဒြာဗိုတို့ တေးသံရှင် ၄ ဦးက မေလ ၂၆ ၇က်နေ့ မန္တလေးမြို့မှာ ဖျော်ဖြေပွဲလုပ်ဖို့စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဖျော်ဖြေပွဲက အနုပညာရှင်တွေလည်း မစုံလင်သလို၊ သီချင်းတိုက်ဖို့ အချိန်မလောက်မှုတွေကြောင့် ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ထွန်းအိန္ဒြာဗို က ပြောပါတယ်။ ဖျော်ဖြေပွဲ ကျင်းပမည့်ရက်ကိုတော့ ထပ်မံအသိပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခိုင်ဝေလွင်
Popular Journal

Nineplanets အင်တာတိန်းမန့်၏ ၁၀ နှစ်ပြည့်အထိမ်းအမှတ်ပွဲ

Nineplanets အင်တာတိန်းမန့်၏ ၁၀ နှစ်ပြည့်အထိမ်းအမှတ် show ပွဲကို မေလ ၂၉ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့ပြီး SIR အဖွဲ့ဝင်များဖြစ်သည့် BIGBAG ,WANTED, iDIOTS ,REASON တို့နှင့်အတူ DRIVE နှင့် FEVER109 စသည့် ရော့ခ်ဂီတအဖွဲများလည်း ပါဝင်ဖျော်ဖြေခဲ့ကြသည်။
ရဲရဲ
Popular Journal
ဓာတ်ပုံ - သီဟ








ခေါ်စာအတုကြောင့် ဒုက္ခရောက်နေသော မြန်မာလုပ်သားများ လစာကောင်း အလုပ်ရရေး အသင်းချုပ်အခမဲ့ကူမည်

ခေါ်စာအတုကြောင့် မြန်မာသို့ ပြန်လည်ရောက်ရှိလာသူ ၅ဝ၂ ဦးအား ထိုင်းတွင် လစာကောင်းသော အလုပ်ရရှိ အောင်အခမဲ့လုပ်ဆောင်ပေးမည် ဟု မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် အေ ဂျင်စီများအသင်းချုပ် မှ ကော်မတီဝင် တစ်ဦးက ပြောသည်။အဆိုပါ အလုပ်သမားများသည် ရဲဝံ့နဂါးကုမ္ပဏီမှ တရားဝင်ပို့ဆောင် သော အလုပ်သမားများ ဖြစ်ပြီး တစ် ဖက်နိုင်ငံမှ အလုပ်ခေါ်စာသည် အတု ဖြစ်နေခြင်းကြောင့် အလုပ်အကိုင်ရရှိ ရေး အခက်အခဲဖြစ်နေသည့်အတွက် မေလ တတိယပတ်တွင် မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင်အေဂျင်စီများ အသင်းချုပ်မှ သွားရောက်၍ ခေါ် ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အလုပ်သမား များကို မဲဆောက်မှတစ်ဆင့် မြဝတီသို့ ပြန်ပို့ပြီး မြန်မာနိုင်ငံကူး လက်မှတ်ထုတ် ပေးရေးအဖွဲ့၊ လူကုန်ကူးမှုတားဆီး ကာ ကွယ်ရေးအဖွဲ့များထံတွင် အပ်နှံပေးခဲ့ ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အလုပ် သမားများကို မြဝတီရှိ အလုပ်သမား အေဂျင်စီများပိုင် အဆောင်များတွင် စောင့်ရှောက်ထားကြောင်း ၎င်းက ပြောသည်။

”ဒီဘက်က တရားဝင်ပို့ပေမယ့် ခေါ်စာအတုဖြစ်နေတော့ ဟိုဘက်က မခေါ်ဘူး။ အလုပ်သမားတွေ ဒုက္ခ ရောက်လို့သွားခေါ်ပေးခဲ့တာ”ဟု ၎င်း က ပြောသည်။ အလုပ်သမားဝန်ကြီးဌာနသည် ထိုင်းသို့ အလုပ်သမားပို့ဆောင်သော အေဂျင်စီများအား မိမိစေလွှတ်သည့် အလုပ်သမားများအတွက် လုပ်ခလစာ၊ လုပ်ငန်းခွင် အခြေအနေ များကို သေချာ စစ်ဆေးပြီးမှသာ အလုပ်သမား ညွှန် ကြားရေးဦးစီးဌာနနှင့် နယ်စပ်စခန်းများ သို့ တင်ပြရန်၊ ထိုသို့တင်ပြပြီး မှန်ကန်မှု ရှိမှသာ အလုပ်သမားပို့ဆောင်ခွင့်ပေး မည်ဟု ကြေညာချက် ထုတ်ပြန်ပြီး ဖြစ်သည်။ယခုလအတွင်း အလုပ်သမားပို့ ဆောင် သည့် အေဂျင်စီများအနက် ၁၂ ခုကို ပို့ဆောင်ခွင့်ရပ်ဆိုင်းခဲ့ပြီး ၎င်းတို့ ၏ လုပ်ဆောင်မှုများကို ပြည်ပအလုပ် အကိုင်အေဂျင်စီများ အသင်းချုပ်နှင့် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ စစ်ဆေးနေကာ လက်ရှိတွင် အေဂျင်စီ ၆ ခုကို ပြန်လည်ဖွင့်ပေးထားကြောင်း သိရသည်။
မေဇင်ဝင်း
Popular Myanmar News Journal

Graffiti သမား အာကာကျော်အား မရမ်းကုန်းစည်ပင် မှ တရားစွဲ

ရန်ကုန် မေ ၃၀ ရက်
မြန်မာ Graffiti အနုပညာသည် အာကာကျော်အား ယနေ့တွင် မရမ်းကုန်း မြို့နယ် စည်ပင်ရုံးမှ အမှုဖွင့် တရားစွဲဆို လိုက်ကြောင်း ၄င်း၏ ပြောကြားချက်အရသိရသည်။

မနေ့ညက ကျွန်တော် အိမ်ပြန်ရောက်တဲ့အချိန် ရယက ရုံးက ခေါ်တာ နဲ့သွားတော့ မရမ်းကုန်းစည်ပင်က တရားစွဲထားကြောင်း နဲ့မနက် ပြန်လာ ဖြေရှင်းဖို့ ပြောမှ ကျွန်တော့်ကို တရားစွဲထားမှန်း သိရတယ်။စည်ပင်က တော့ ကျွန်တော်တို့ အခု စည်ပင်ဥပဒေနဲ့ပဲ တရားစွဲထားပြီး မြို့နယ် စည်ပင် အုပ်ချုပ်ရေးမှူး ရဲ့ပြောကြားချက် အရတော့ အကြမ်းဖျင်း ဒဏ်ငွေ ဆောင်ရမယ်လို့ တော့ သိထားတယ် ဟု ၄င်းကဆိုသည်။

ကိုအာကာကျော် အနေဖြင့် သမ္မတ ဦးသိန်းစိန်၏ Graffiti ပုံကို သမ္မတကြီး၏ နိုင်ငံတကာငြိမ်းချမ်းရေး ဆုသွားရောက်လက်ခံ ယူနေစဉ် ခရီးစဉ်အတွင်း ကမ္ဘာအေး ဘုရားလမ်းပေါ်၌ ရေးဆွဲခဲ့ခြင်းဖြစ်သည်။
PN - 020
Popular Myanmar News Journal

တောင် နှင့် အပြိုင် မြောက်ကိုရီးယားက ကမ္ဘာ့အဆင့်မီ ရေခဲပြင် စကိတ်ကွင်း တည်ဆောက်နေ

တောင်ကိုရီးယား က ၂ဝ၁၈ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲ လက်ခံ ကျင်းပရန် အတွက် ပြင်ဆင်နေသည့် နည်းတူ မြောက်ကိုရီးယား ကလည်း ကမ္ဘာ့ အဆင့်မီ စကိတ် အပန်းဖြေစခန်း တစ်ခု တည်ဆောက်နေကြောင်း သိရ သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က နိုင်ငံ၏ အရှေ့မြောက် အရပ်ရှိ မာဆစ်တောင်တန်းပေါ်မှ ကမ္ဘာ့ အဆင့်မီ ကစားကွင်း အပန်းဖြေစခန်း တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွား ရောက် စစ်ဆေး ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဆိုသည်။

ယခုနှစ်ကုန်တွင် လက်စသတ် နိုင်မည့် အဆိုပါ အပန်းဖြေအားကစား ကွင်းတွင် ဟိုတယ်တစ်လုံး၊ ဟယ်လီ ကော်ပတာကွင်း၊ ကောင်းကင် ကြိုးဆွဲ ကားနှင့် အရှည်မိုင် ၇ဝ ကျော်ရှိသည့် စကိတ် အားကစားမျိုးစုံ ကစားနိုင်မည့် ကွင်းပါ ရှိမည်ဟု KCNA က ဆိုသည်။

ဆွစ်ဇာလန်နိုင်ငံတွင် ခေတ်ပညာ သင်ကြားခဲ့သော ကင်က ရေခဲပြင်စကိတ် ကွင်းသည် ကမ္ဘာ့ အဆင့်မီရုံမက ပို၍ စိတ်ဝင်စားဖွယ် များ တွေ့ရမည်ဟု ဆို သည်။

တောင်နှင့်မြောက်ကိုရီးယား နှစ် နိုင်ငံသည် ၂ဝဝဝ ခုနှစ် ဆစ်ဒနီနေ ရောသီ အိုလံပစ်နှင့် ၂ဝဝ၄ ခုနှစ် အေသင် အိုလံပစ် အတွက် အတူပူးတွဲ လေ့ကျင့် မှုရှိခဲ့သော်လည်း နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးရွာ လာသဖြင့် ၂ဝဝ၈ ပေကျင်း အိုလံ ပစ်နှင့် ၂ဝ၁၂ လန်ဒန် အိုလံပစ်တို့ အတွက် ပူးတွဲ လေ့ကျင့်မှု မရှိခဲ့ပေ။
KYL, Popular Myanmar News Journal
Ref:AFP

ငြိမ်းချမ်းရေးဆွေးနွေးမှုကာလတွင်း အပစ်ခတ်ရပ်စဲမည်မဟုတ်ဟူသည့်အချက် ကချင်လူထု ထောက်ခံ

မြစ်ကြီးနား၊ မေ ၃၀။
လက်ရှိငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးနေချိန်ကာလတွင်
အပစ်အခတ်မရပ်စဲရေးကိစ္စအား ကချင်လူထုမှ သဘော တူညီကြကြောင်း ကချင်လူထုနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

“ဒီလိုမျိုး ဗိုလ်ချုပ်ဂွမ်မော်နဲ့က ပြောဖြစ်တာက အဓိကအကြောင်းအရင်းက လက်ရှိ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ပြောကြားတာပေါ့။ လက်ရှိမှာတော့ အပစ်အခတ်ရပ်စဲရေးထက် နိုင်ငံရေးဆွေးနွေးမှုက အရေးအကြီးဆုံးပဲ”ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ယင်းသို့ ကချင်လူထုနှင့် တွေ့ဆုံမှုတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအပါအဝင်
ဗမာစာအားကျောင်းသုံးပြဋ္ဌာန်းမှုအဖြစ် ထည့်သွင်းရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပြီး
ယခုလက်ရှိအချိန်အထိ ဆွေးနွေးမှု ၈ကြိမ်ခန့် ရှိပြီဖြစ်ကြောင်း သိရကာ ယခုကဲ့သို့ ပထမဦးဆုံး
အကြိမ်အဖြစ် ပြည်တွင်း၌ ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကချင်လူထုနှင့် ဗိုလ်ချုပ်ဂွမ်မော်သည် မေလ ၂၉ရက်နေ့ မနောကွင်း၌ တွေ့ဆုံခြင်းဖြစ်ကာ
ပူပေါင်းဆွေးနွေးမှုများ ပြုလုပ်၍ မေးခွန်း မေးမြန်းခြင်းများနှင့်
ပြန်လည်ဖြေကြားခြင်းတို့ ပြုလုပ်ကြောင်း သိရသည်။
TMA
မြန်မာ့ခေတ်

အစာငတ်ခံဆန္ဒပြလုပ်သားတစ်ဦး ဆေးကုသမှု ခံယူ၊ ကျန်သည့်အလုပ်သမားများလည်းကျန်းမာရေး ဆိုးရွား

ရန်ကုန်၊ မေ၃၀။
အစာငတ်ခံဆန္ဒပြနေသည့် စံကောင်းပီနံအိတ်စက်ရုံအလုပ်သမားများထဲမှတစ်ဦး ကျန်းမာရေးအခြေနေဆိုးရွားလာ၍ ယနေ့မနက်ပိုင်းက အင်းစိန်ဆေးရုံ အရေးပေါ်ဌာနသို့ ပို့ဆောင်ကာ ဆေးကုသမှုများ ပြုလုပ်နေရသလို ကျန်သည့်အလုပ်သမားများ၏ ကျန်းမာရေး အခြေအနေ မှာလည်း အနည်းငယ်ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့စည်းမှ အလုပ်သမားရေးလိုက်လံ ဆောင်ရွက်ပေးနေသူ ဒေါ်မာမာဦးက ပြောကြားသည်။

ဆေးရုံသို့တင်ပို့၍ ဆေးကုသမှုခံယူနေရသူမှာ မအေးအေးမြင့်ဖြစ်ပြီး ၎င်း၏လက်ရှိအခြေနေမှာခေါင်းမူးခြင်း၊ အသက်ရှုကြပ်ခြင်းနှင့် အစာအိမ် အောင့်ခြင်း အစရှိသည့်ဝေဒနာများကို ခံစားနေရကြောင်း ဒေါ်မာမာဦးက ပြောကြားသည်။

“ ဟိုးနေ့တွေကတည်းက နည်းနည်းစဖြစ်နေတာပါ၊အဲဒါကြောင့် အရင်နေ့တွေက ဆေးခန်းတွေ
သွားပြပေးထားသေးတယ်။ ဒါပေမယ့် ဒီမနက် မှာ ကျန်းမာရေးတော်တော်ဆိုးလာလို့ ဆေးရုံကို
အရေးပေါ်လူနာအနေနဲ့ ပို့လိုက်ရတာဖြစ်ပါတယ်” ဟု ဒေါ်မာမာဦးက မြန်မာ့ခေတ်သို့ ပြော ကြားသည်။

ယခုလ ၂၇ ရက်နေ့မှစတင်ကာ အလုပ်သမားများ၏ ရပိုင်ခွင့်များကိုအလုပ်ရှင်ဘက်ကလိုက် လျော့ပေးရန်အတွက် စက်ရုံရှေ့၌ အစာငတ် ခံကာ ဆန္ဒပြနေကြသည့် အလုပ်သမားများထဲမှ တစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်ဆေးကုသ နေရသလို ကျန်သည့် အလုပ်သမားတချို့တဝက် မှာလည်း ကျန်းမာရေးချို့ယွင်းလာ ၍ဆေးခန်းသို့ပို့ဆောင်ကာ ဆေးကုသမှုများကို ပြုလုပ်နေရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။

ထိုသို့သောအခြေနေကြောင့် လက်ရှိဖြစ်နေသည့်ပြသနာများ ပြေလည်နိုင်ရန် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့စည်းက အလုပ်ရှင်အလုပ်သမား ကြားဝင်ဖြေရှင်းပေးရန်စီစဉ်နေမှုကိုလည်း ကိုလည်း
အလုပ်ရှင်ဘက်က လက်ခံမှုမရှိကြောင်း ၎င်းက ပြောကြားသည်။

“ ကျွန်မတို့က ဒီကိစ္စပြေလည်နိုင်ဖို့အတွက် အလုပ်ရှင်နဲ့ တွေ့ပြီးညှိ့နှိုင်းဖို့ သွားတာဟိုကလက်မခံဘဲ
ကျွန်မတို့ကိုတွေ့ခွင့်တောင်မပေးဘူး” ဟု ဒေါ်မာမာဦးက ပြောကြားသည်။

ယင်းသို့သော အခြေနေကြောင့် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့စည်းအနေဖြင့် လက်ရှိဖြစ်နေသည့်
အလုပ်ရှင်အလုပ်သမားများ၏အခြေနေနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ တာဝန်ယူဖြေရှင်းပေးမှု
အခြေနေများကို ကွင်းဆင်းလေ့လာပြီး အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ၎င်းကပြောသည်။

“ ဖြစ်ခဲ့တဲ့ ပြသနာတွေနဲ့ ဖြစ်နေဆဲပြသနာတွေကြားမှာ အပြစ်ပေးအရေးယူခံရရင်ကျွန်တော်တို့
အလုပ်သမားတွေဘက်ကပဲ၊ အလုပ်ရှင်ဘက် က ဘယ်တော့မှမရှိဘူး။ ဒါကြောင့်နောက်နောင် အလုပ်သမားတွေဘက်က နစ်နာမှုမဖြစ်ဖို့နဲ့ ရပိုင်ခွင့်တွေ အပြည့်ဝရဖို့အတွက်ကို အခုလိုမျိုး လုပ်နေရတာဖြစ်ပါတယ်”ဟု လက်ရှိဆန္ဒဖော်ထုတ်နေမှုနှင့်ပတ်သက်၍ အလုပ်သမားခေါင်းဆောင် ကိုဝင်းထွန်းအောင်က ရှင်းပြသည်။

အဆိုပါ စံကောင်းပီနံအိတ်စက်ရုံမှ အလုပ်သမားများအနေဖြင့် ၎င်းတို့စက်ရုံတွင်းမှ အလုပ်သမား ၄၀
ကျော်အားအလုပ်မှထုတ်ပစ်သည့်ကိစ္စမှ စတင်ကာ စက်ရုံတွင်းရှိအလုပ်သမားများက မကျေနပ်၍ ယခုလ ၁၁ ရက်နေ့မှ စတင်ကာ ယနေ့ချိန်ထိ ဆန္ဒဖော်ထုတ်မှုတစ်ရပ်ကို ပြုလုပ် လျက်ရှိသည်။
ကျော်ကြီး
မြန်မာ့ခေတ်

စစ်တွေ့မြို့နယ်မှ အနိမ့်ပိုင်းရပ်ကွက်များတွင် ပင်လယ်ရေတက်

30.5.2013, Thursday
အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ရခိုင်ပြည်နယ်စစ်တွေ့မြို့တွင် ဆင်းကူ
လမ်းရပ်ကွက်၊ အုန်းတစ်ပင်၊ ရွာကြီးမြောက်၊ လမ်မတော်မြောက်အစရှိသော
ရပ်ကွက်များတွင်(၂)ပေ၊ (၃)ပေခန်ရှိသည့် ပင်လယ်ရေများတက်နေ
ကြောင်း သိရသည်။

ယခုလိုရေတက်ရခြင်းမှာ လပြည်နေ့နှင့် လပြည့်
ကျော်(၁)ရက်မှ (၃)ရက်(၄)ရက်အထိ ရေကြီးပြီး လကွယ်နေ့တွင် လည်း
ရေတက်လေ့ရှိပြီး ညပိုင်းတွင်လည်း တက်လေ့ရှိကြောင်းသိရသည်။ရေတက်
တိုင်း အဆိုပါရပ်ကွက်များတွင် ရေတက်တတ်ပြီး အိမ်ထဲအထိရောက်ကာ
လမ်းမတော်မြောက်အလယ်လမ်းတွင် အမြင့်(၄)ပေလောက်ထိ တက်
ကြောင်းသိရသည်။

ရေကျသည့်အချိန်တွင် ရေအကျနည်းကာ ရေများများ
မကျနိုင်၍ အဆိုပါရပ်ကွက်များတွင် မိုးရွာတိုင်း ရေတင်လေ့ရှိကြောင်း သိရ
သည်။ရေအကျလမ်းကြောင်းတွင် ရေဆင်းနည်းနေခြင်းကြောင့် ကျောင်းတက် သော ကလေးများအနေနှင့် ရေများတက်သည့်နေ့တွင် ကျောင်းမ တက်
ရကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သတင်းရရှိသည်။
SkyNet TV Browser

သမ္မတ အမိန့် ၁၅ ရက်အတွင်း ပြန်ပယ်ဖျက်

ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)
May 30, 2013
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ သမ္မတရုံးရဲ့ “ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့” Yangon City Public Transport Authority ဖွဲ့စည်းတာကို မေလ ၂၉ ရက်စွဲနဲ့ ပြန်ပြီး ပယ်ဖျက်ကြောင်း အမိန့်ကြေညာစာ ထုတ်ပြန်ပါတယ်။

ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)

သမ္မတရဲ့ မူလ အမိန့်ကြေညာစာထဲမှာ လူဦးရေ ၅ သန်းကျော်နေထိုင်ပြီး နေ့စဉ် သိန်းနဲ့ချီရှိတဲ့ ပြည်သူတွေ သွားလာလှုပ်ရှားနေတဲ့ ရန်ကုန်မြို့တော်အတွက် လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးထားတဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဥက္ကဋ္ဌ ဦးကြည်သိန်း၊ အတွင်းရေးမှူး ဦးလှအောင်နဲ့ အဖွဲ့ဝင် စုစုပေါင်း ၁၀ ယောက်ပါဝင် ဖွဲ့စည်းပေးထားတာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က သမ္မတ ဖွဲ့စည်းပေးထားတဲ့ သူတွေဟာ တကယ့်လက်တွေ့ အခြေအနေတွေနဲ့ နီးစပ်တဲ့သူတွေ မဟုတ်တဲ့ အတွက် ပြည်သူတွေ အကျိုးထိရောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ယူဆပြီး ၁၅ ရက်အတွင်း ပြန်ဖျက်လိုက်တာ ဖြစ်နိုင်ကြောင်း သူ့ထင်မြင်ကို ပြောပါတယ်။
ဒီဗွီဘီ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းတော်ဝင်ဘွဲ့တံဆိပ် ချီးမြှင့်ခံရ

May 30, 2013
မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိုင်းဘုရင်ရဲ့ တော်ဝင်ဘွဲ့တံဆိပ်ကို ချီးမြှင့်ခဲ့ပါသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ မေ ၂၈ ရက်နေ့က ချီးမြှင့်ခဲ့တာပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မိမိတာဝန်ကို ထူးချွန်အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး ထိုင်း-မြန်မာတပ်မတော်အကြား ချစ်ကြည်ရေးကို တိုးတက်အောင် မြှင့်တင်ပေးခဲ့တဲ့အတွက် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မွန်မြတ်တဲ့ ဆောင်ရွက်ချက်ကို ဂုဏ်ပြုတဲ့အနေနဲ့ “Knight Grand Cross (First Class) of the Most Noble Order of the Crown of Thailand” တော်ဝင်ဘွဲ့တံဆိပ်ကို ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

အခမ်းအနားမှာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တော်ဝင်ဘွဲ့ အဆောင်အယောင်စလွယ်နဲ့ တံဆိပ်တို့ကို တပ်ဆင်ပေးပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အတူ စစ်ရေးပြကွင်းအတွင်း ဂုဏ်ပြုတပ်ဖွဲ့တွေရဲ့ နှုတ်ဆက်အလေးပြုတာကို ခံယူခဲ့ပါတယ်။
ဒီဗွီဘီ

ပဲခူးတိုင်း မုန်းမြို့တွင် ဗလီဖျက်မှုဖြစ်

May 30, 2013
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မုန်းမြို့မှာ အရပ်သား အချင်းချင်းစကားများရာကနေ မေ ၂၉ ရက်နေ့ ညနေပိုင်းမှာ  ဗလီတလုံးနဲ့ နေအိမ်တလုံး ဖျက်ဆီးခံရပါတယ်။

နယ်မြေခံတဦးရဲ့ ပြောဆိုချက်အရ မနက် ၁၀ နာရီကတည်းက မြန်မာ ၂ ဦးနဲ့ အစ္စလာမ်သာသာဝင် ၂ ဦး အချင်းများရန်ဖြစ်ပြီး ရဲက အစ္စလာမ်ဘာသာဝင် ၃ ဦးကို ထိန်းသိမ်းခဲ့ပါတယ်။

ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲအဖြစ် မြို့ခံဘုန်းကြီး ၁၅ ပါးခန့်ဟာ ဆောက်လုပ်ဆဲ ဗလီတလုံးနဲ့ နေအိမ်တလုံးကို ဖြိုချဖျက်ဆီးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ကျောက်ကြီးနဲ့ ၂၂ မိုင်အကွာ တောင်ငူနဲ့ မိုင် ၄၀ ခန့်အကွာမှာရှိတဲ့ မုန်းမြို့က ဒီဖျက်ဆီးမှုကို ခရိုင်အဆင့်အာဏာပိုင်တွေ လာရောက်ဖြေရှင်းလို့ အေးချမ်းသွားတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ ဒီဘက်က အားလုံးလည်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားပါပြီ။ ဌာနဆိုင်ရာတွေလည်း လာတယ်။ ခရိုင်ရဲမှူးတွေဘာတွေ အားလုံးလည်း ရောက်ချလာပါတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ် လားရှိုးမြို့မှာလည်း ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မီးရှို့ဖျက်ဆီးမှုတွေကြောင့် လူနေအိမ် ၅ လုံး၊ ဘာသာရေးအဆောက်အအုံ ၃ လုံး၊ ရုပ်ရှင်ရုံ ၁ လုံး၊ ဂိုဒေါင် ၄ လုံး၊ ဆိုင်ခန်း ၃၂ ခန်း၊ ကား ၂ စီး၊ ဆိုင်ကယ် ၁၁ စီး ပျက်စီးခဲ့ပြီး လူ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

မနှစ် မေ ၂၉ ရက်မှာ ရခိုင်ပြည်နယ်မှာ အစပြုခဲ့တဲ့ အကြမ်းဖက်ဖျက်ဆီးမှုတွေဟာ မန္တလေးတိုင်း မိတ္ထီလာ၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်း ဥက္ကံမြို့နယ်တွေမှာလည်း ကူးစက်ဖြစ်ပွားခဲ့ပါတယ်။
နော်နိုရင်း
DVB

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com