http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အင်းလျားကန်ဘောင်က ငြိမ်းချမ်းရေးဆုတောင်းပွဲ

ဒီကနေ့ ညနေပိုင်းက အင်းလျားကန်ဘောင်ပေါ်တွင် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုရေးကွန်ရက်အဖွဲ့နဲ့ Peace Machine အဖွဲ့တို့ပူးပေါင်းပြီး မြန်မာနိုင်ငံက စစ်ပွဲများရပ်စဲရေး ငြိမ်းချမ်းရေး ဆုတောင်းပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်၊ ကဗျာဆရာ ကိုမင်းဝေအောင် အပါအဝင် တက်ရောက်လာသူများက ကဗျာများရွတ်ဖတ်ခြင်း၊ သီချင်းများဆိုခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးပူဖောင်းများလွှတ်တင်၍ ဆုတောင်းပွဲကိုအဆုံးသတ်ခဲ့ပါတယ်။
photo: RFA/ Moe Thu Aung
RFA Burmese







အိမ်အကူများမကြာခဏ နှိပ်စက်မှု များလာသဖြင့် ထိရောက်သော အကာအကွယ်လိုအပ်

စနေနေ့၊ မေလ ၁၁ ရက် ၂၀၁၃ ခုနှစ် ၀၁ နာရီ ၂၁ မိနစ်   
ရန်ကုန် (မဇ္ဈိမ)။       ။ ရန်ကုန်မြို့ရှိ လူနေအိမ်များအတွင် အိမ်ဖော်အဖြစ်လုပ်ကိုင်နေကြသော အိမ်အကူများအား အိမ်ရှင်များ၏ ညှင်းပန်းနှိပ်စက်မှုများ မကြာခဏဖြစ်ပွားလာသဖြင့် ထိရောက်သော အကာအကွယ်ပေးရန် လိုအပ်လာကြောင်း ဥပဒေကျွမ်းကျင်သူနှင့် နိုင်ငံ့အရေး လုပ်ဆောင်နေသူ အချို့က ပြောကြားလိုက်သည်။

အထက်လွှတ်တော်အမတ်ဖြစ်သူ ဦးဖုန်းမြင့်အောင် က  “ဒီကိစ္စတွေက ဥပဒေနဲ့ ဖြေရှင်းဖို့ ခက်ပါတယ်။ ဥပဒေအရ လက်လှမ်းမမီတဲ့ ကိစ္စတွေဖြစ်နေတာပါ။ အခုလို လူသားချင်းစာနာစိတ်မရှိတဲ့ ကိစ္စတွေကြတော့ ပိုးစိုးပက်စက် ဖြစ်သွားပြီးမှ လိုက်ရှင်းရတာတွေဖြစ် နေတာပါ။ အဓိကတော့ လူသားဆန်တဲ့ စိတ်ဓါတ်တွေရှိဖို့ လိုပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အိမ်အကူ အဖွဲ့အစည်းများ ဖွဲ့စည်းရန် အားနည်းချက်များရှိနေသဖြင့် ယင်းတို့အား ကာကွယ် စောင့်ရှောက်နိုင်ရန် လူမှုရေးအသင်းအဖွဲ့များ ရှိသင့်ကြောင်းနှင့် အိမ်အကူ အများစုမှာ အမျိုးသမီးများသာ ဖြစ်သည့်အတွက် အမျိုးသမီးရေးရာအဖွဲ့အစည်းများအနေဖြင့်လည်း ယင်းတို့အား အလုပ်သမားအခွင့်အရေးများ၊ အမျိုးသမီးအခွင့်ရေး စသည်တို့နှင့်ဆိုင်သော အသိပညာပေးခြင်းများ၊ ကာကွယ်စောင့်ရှောက်ပေးခြင်းများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း ၄င်းက ဆက်လက်ပြောခဲ့သည်။

ရွှေထည်ပစ္စည်းများ ပျောက်ဆုံးမှုကြောင့် အိမ်အကူအမျိုးသမီးငယ်တစ်ဦးအား စွပ်စွဲပြစ်တင်ပြီး ညှင်းပန်းနှိပ်စက်မှု ပြုလုပ်ခဲ့သည့် အိမ်ရှင်အမျိုးသမီးကြီးတစ်ဦး အမှုဖွင့် အရေးယူ ခံရမှုတစ်ခု တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ လူနေတိုက်ခန်း တစ်ခုတွင် မေလ ၃ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်း၏ မှုခင်းမှတ်တမ်းအရ သိရသည်။

ယင်းဖြစ်စဉ်တွင် အိမ်ရှင်အမျိုးသမီးက အိမ်အကူအား ကျပ်လုံးခန့်ရှိ တစ်တောင်ကျော်သော ၀ါးလုံးတုတ်နှင့် ခန္ဒာကိုယ်အား ရိုက်နှက်ခြင်း၊ လည်မျို/ ရင်ဘက်တို့အား ခြေဖြင့်နင်းခြင်း၊ မိန်းမကိုယ် အင်္ဂါစပ်အား ဆေးလိမ်မီးဖြင့်ထိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မတင်တင်ထွေးတွင် ယာဘက်မျက်လုံးဖူးရောင် (ညိုမဲဖွင့်မရ ဒဏ်ရာ)၊ ၀ဲဘက်မျက်လုံးဖူးရောင်၊ နှုတ်ခမ်းပေါက်ပြဲ ဒဏ်ရာ၊ ၀ဲယာလက် ဖူးရောင်ဒဏ်ရာ၊၀ဲဘက်ညှပ်ရိုးအပေါ် ပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ ယာလက်ခုံ၊ ယာဂျိုစောင်း စုတ်ပြဲဒဏ်ရာ၊ မိန်းမကိုယ်အင်္ဂါ နီမြန်းဒဏ်ရာ၊ ဆီးခုံ၊ ရင်ဘက်အောင် ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ပို့ ကုသခဲ့ရသည်။

ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း) က “အိမ်အကူဆိုတာ စက်ရုံအလုပ်ရုံအလုပ်သမားမဟုတ်ပါဘူး။ ကိုယ့်အိမ်မှာပဲနေပြီး အိမ်ရဲ့ ဝေယျာဝစ္စ အကုန်လုပ်ပေးရတဲ့အတွက် အိမ်သားလိုပဲ သဘောထားသင့် ပါတယ်။ သူတို့ဟာလည်း လူသားတွေပါပဲ။ ဒါကြောင့် လူပေါ်လူချင်း ကိုယ်ချင်းစာတရား ထားဖို့ လိုပါတယ်။” ဟု ပြောသည်။    

လက်ရှိပြဌာန်းပေးထားသော အလုပ်သမားအဖွဲ့အစည်းများ ဥပဒေတွင် အိမ်အကူ လုပ်သားများ အတွက် ပါ အကျုံးဝင်သော်လည်း ယင်းဥပဒေမှာ လက်တွေ့နယ်ပယ်တွင် အသက်ဝင်မှု နည်းပါးခြင်းတို့ကြောင့် အိမ်အကူ အလုပ်သမားများ အနေဖြင့်လည်း အကာအကွယ်မဲ့နေရခြင်းများ ရှိနေသေးကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူအချို့က သုံးသပ်ပြောကြသည်။

“စင်္ကာပူမှာဆိုရင် အိမ်အကူတွေမှာ တစ်ပက်တစ်ခါလောက် ပိတ်ရက်ရှိတယ်။ အဲဒီရက်မှာ အိမ်ဖော်တွေက စုရပ်တစ်ခုမှာ စုံပြီး အခက်အခဲတွေကို တွေ့ဆုံပြောကြားညှိနိုင်းတာတွေ ရှိတယ်။ အဲဒီတော့ အိမ်ရှင်တွေက ထင်တိုင်းမလုပ်ရဲ
ကြတော့ဘူး။ မြန်မာပြည်မှာတော့ ဒီလို အလေ့အထမရှိတာ အားနည်းချက် တစ်ခုပဲ” ဟု အထက်လွှတ်တော်အမတ်ဖြစ်သူ ဦးဖုန်းမြင့်အောင်က ပြောပြသည်။

လက်ရှိမြန်မာနိုင်ငံတွင် ပြဌာန်းပေးထားသော အလုပ်သမားဥပဒေမှာလည်း ILO ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာအစိုးရက ပြဌာန်းရေးဆွဲထားသော ဥပဒေတစ်ရပ်ဖြစ်ပြီး လက်တွေ့နယ်ပယ်တွင် လုပ်ဆောင်နေသူတို့၏ ဆန္ဒခံယူမှုနှင့် အကြုံပြုချက်များ မပါဝင်သည့်အတွက် အားနည်းချက်များ တွေ့ကြုံနေရခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောခဲ့သည်။

မြန်မာနိုင်ငံရှိ ရန်ကုန်မြို့တွင် အိမ်ရှင်များမှ အိမ်အကူများအား ညင်းပန်းနှိပ်စက်မှု ပြုခဲ့ရတွင် ၂၀၁၂ ခုနှစ် အတွင်း ရုပ်သံဇာတ်လမ်းတစ်ခုအတွက် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသူ မင်းသမီးတစ်ဦးက ညင်းပန်းနှိက်စက်မှုကြောင့် အိမ်အကူတစ်ဦးသေဆုံးခဲ့ရမှုနှင့် အဆိုတစ်ဦးမှ အိမ်အကူယောက်ျားလေးတစ်ဦး အား ထိုးကြိတ်ရာမှ အပြန်အလှန်အမှုဖွင့်မှုများ ဖြစ်ပွားခဲ့သည်။

ထို့ပြင် လွန်ခဲ့သော နှစ်များအတွင်းကလည်း နိုင်ငံခြားသားအိမ်ရှင်တစ်ဦးက မြန်မာနိုင်ငံသား အိမ်အကူ အမျိုးသမီးတစ်ဦးအား ခါးပတ်ဖြင့်ရိုက်ခြင်း၊ ရင်သားများအား ဆေးလိပ်မီးဖြင့် ထိုးခြင်းများအပြင် သားမယား အဖြစ် ပြုကျင့်ခဲ့သဖြင့် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားမှုများ ရှိခဲ့သည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese

အလုပ်အမှုဆောင်ရွေးချယ်ပွဲ ကော်မရှင်ဖွဲ့၍ ပြန်လည်ရွေးမည်

ရန်ကုန်၊ မေ ၁၁။
လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်က သစ်တောဦးစီးဌာနတွင် ကော်မတီဖွဲ့ကာ ကျင်းပပြုလုပ်ခဲ့သည့်
အလုပ်အမှုဆောင်ရွေးချယ်ပွဲကို ကော်မရှင်ဖွဲ့ကာ အမြန်ဆုံး ပြန်လည်ရွေးချယ်သွားမည်ဖြစ်ကြောင်း
သစ်တောဦးစီးဌာနတွင် ယနေ့ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“လက်လှမ်းမီတဲ့ အသင်းဖွဲ့ စည်းမျဉ်းစည်းကမ်းတွေကို အခြေခံပြီး လုပ်ခဲ့တာပါ။ မကျေနပ်တဲ့သူ၊
တိုင်ကြားတဲ့သူတွေ ရှိနေတဲ့အတွက် သမ္မတရုံးက ကော်မရှင်ဖွဲ့ပြီး ကျင်းပဖို့ မှတ်ချက်ပေးခဲ့တာပါ” ဟု
သစ်တောဦးစီးဌာန လက်ရှိအမှုဆောင်အဖွဲ့မှ အတွင်းရေးမှူး  ဦးဘာဘာချိုက ပြောကြားသည်။

မကျေနပ်ဟု ဆိုရာတွင်လည်း အရွေးချယ်ခံရသည့် လူပုဂ္ဂိုလ်များကို မကျေနပ်ခြင်း မဟုတ်ဘဲ
ရွေးချယ်တင်မြှောက်သည့် စနစ်ကို မကြိုက်ခြင်းသာ ဖြစ်ကြောင်း၊ အမှုဆောင် ရွေးချယ်ရာတွင်
ပွင့်လင်းမြင်သာမှု မရှိ၊ တရားမျှတမှု နည်းသည်ဟု ဆိုကာ တိုင်ကြားကြခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ သစ်လုပ်ငန်းကို စံနမူနာယူပြီး နောက်ပိုင်း ယခုကဲ့သို့ ဆက်ဖြစ်နေပါက သစ်အလုပ်ကို လုပ်နိုင်မည်မဟုတ်ဘဲ
ယင်းပြဿနာများကိုသာ လိုက်ရှင်းနေရမည်ဆိုး၍ ကော်မရှင်ဖွဲ့ခိုင်းခြင်း ဖြစ်ကြောင်း၊
ကော်မရှင်ဖွဲ့ပြီး ရွေးချယ်သည့်အတွက် ပိုပြီးအခွင့်အာဏာ ရှိကြောင်း သတင်းစာ ရှင်းလင်းပွဲသို့
တက်ရောက်သူတစ်ဦးက ပြောကြားသည်။

ကော်မရှင်ဖွဲ့ရာတွင်လည်း သစ်တောရေးရာမှ တာဝန်ထမ်းဆောင်သူများ ပါဝင်မည် မဟုတ်ဘဲ ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် နှင့် သစ်တောရေးရာ
ဝန်ကြီးဌာနတို့ ပူးပေါင်းရွေးချယ် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ထင်သာမြင်သာ ရှိစေရန်နှင့်
အချိန်မကြန့်ကြာစေရန် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မှားတယ် မှန်တယ် ပြောရအောင် လုံလောက်တဲ့ အချက်အလက် မရှိဘူး။ ဒါကြောင့်မို့ အစိုးရက Guide line
ချပေးတဲ့ သဘောပဲဖြစ်တယ်။ ဒီလိုစဖြစ်တုန်းကတော့ စိတ်မကောင်းဖြစ်ရတယ်။ ကိုယ်လုပ်တာများ တစ်ခုခု
လွဲချော်လို့လားဆိုးပြီးတော့။ ဝန်ကြီးက ရေရှည်အကျိုး စီးပွားအတွက် ဒီလိုလုပ်တာဆိုပြီး ရှင်းပြတော့မှ
စိတ်ရှင်းသွားတယ်”ဟု ဦးဘာဘာချိုက ပြောကြားသည်။

သစ်တောဦးစီးဌာန သစ်တောရေးရာတွင် မှတ်ပုံတင်အသင်းသား ၁၅၀၅ ဦး ရှိပြီး မဲပေးပိုင်ခွင့်ရှိသော
အသင်းသား ၃၈၇ ဦး ရှိကြောင်း၊ မဲပေးပိုင်ခွင့်ရသူများမှာ အသင်းဝင်ကြေး ကျေပွန်စွာ
ပေးသွင်းထားသူများနှင့် အသင်းနှင့် အမြဲမပြတ် အဆက်အသွယ် ရှိနေသော သူများဖြစ်ကြောင်း
သစ်တောဦးစီးဌနမှ သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

ဝေဖန်ပိုင်းခြားနိုင်မှသာလျင် ပညာတတ်ဖြစ်

ရန်ကုန်၊ မေ ၁၁။
အတန်းပညာ သင်ကြားတတ်မြောက်ခြင်းသည် ပညာတတ်ဖြစ်ခြင်း မဟုတ်ဘဲ ဝေဖန်ပိုင်းခြားစဉ်းစား
ဆုံးဖြတ်နိုင်မှသာလျင် အမှန်တကယ် ပညာတတ်ဖြစ်ကြောင်း ယနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ပညာရေးကွန်ယက်မှ ပြုလုပ်သော ပညာဒါနကျောင်း ဆရာဆရာမများ ဂုဏ်ပြုပွဲ အခမ်းအနားတွင်
ဒေါအောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။


“ပြောချင်တာက ကျောင်းမှာသင်တဲ့ စာတွေတော်တော်များများက မေ့သွားကြတာပဲ။ အဲ့ဒီဟာတွေ
ဒီအချက်အလက်တွေကို မေ့သွားတဲ့ အခါကျတော့ ဘာကျန်လဲ။ ဘာကျန်လဲ ဆိုတော့ ကျွန်မတို့တွေ ဝေဖန်ပိုင်းခြားဆင်ခြင်ခြင်း ဆိုတာလေး ကျန်ရစ်ခဲ့မယ်။အဲ့ဒါလေး ကျန်တဲ့ အခါမှာ ပညာတတ်လို့ ပြောနိုင်ပြီ။ အဲ့ဒါလေးတတ်သွားရင် အတန်းထဲမှာ သင်တဲ့ ပညာတွေ အားလုံးမေ့သားပါစေ ပညာတတ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့အတန်းထဲက သင်လိုက်တဲ့ ပညာတွေက ကိုယ့်အတွက် ရှေ့ဆက်ပြီး လိုချင်မှလည်း လိုမယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းသို့ အမေ့အိမ် ပညာဒါနကျောင်းများ ဆရာ၊ဆရာမများအား အမျိုးသား ဒီမိုကရေးစီ
ပညာရေးကွန်ယက်မှ သင်ကြားခြင်းဆိုင်ရာ မွန်းမံသင်တန်း များ ပြုလုပ်ပေးလျက်ရှိပြီး ပညာရေးညီလာခံ
တစ်ခုကိုလည်း ကျင်းပရန် စီစဉ်နေပြီဖြစ်ကြောင်း NLDပညာရေး ကွန်ယက်မှ ညှိနှိုင်းရေးမှူး ဒေါက်တာ
သိန်းလွင်က ပြောကြားသည်။

အဆိုပါ ညီလာခံတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ယက်တွင် သင်ကြားလျက်ရှိသော ဆရာ၊ ဆရာမများအပြင် အစိုးရကျောင်းများတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ကျောင်းဆရာ၊
ဆရာမများပါ ဖိတ်ကြားထားကြောင်း သိရသည်။
AT
မြန်မာ့ခေတ်










Golden Myanmar လေကြောင်းလိုင်းဖွင့်

Golden Myanmar လေကြောင်းလိုင်း၏ ရန်ကုန်- ဘန်ကောက် ခရီးစဉ်စတင်ပျံသန်းပြေးဆွဲခြင်း အခမ်းအနားကို မေလ ၁၀ ရက် ည ၈ နာရီက ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်၌ ကျင်းပခဲ့သည်။
အောင်ဇော်မင်း
Popular Journal




ဘင်္ဂလားပင်လယ်အော်ခြေအနေ ၂၀၁၃ခုနှစ်၊ မေလ(၁၁)ရက်နေ့မြန်မာစံတော်ချိန်(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင် တွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည်ပိုမိုအားကောင်းလာကာဆိုင်ကလုန်းမုန်တိုင်းမဟာစင် MAHASEN)အဖြစ်သို့ ရောက်ရှိခဲ့ပြီးမြန်မာနိုင်ငံ(ကော့သောင်းမြို့)၏အနောက်တောင်ဘက်မိုင်(၅၁၀)ခန့်အကွာပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး၊မုန်တိုင်းဗဟို ချက်အနီးတွင်အမြင့်ဆုံးလေတိုက်နှုန်းမှာမိုင်(၅၀)မှမိုင်(၆၀)အထိရှိနိုင်ပါသည်။မဟာစင်(MAHASEN)ဆိုင်က လုန်မုန်တိုင်းသည်နောက်(၂၄)နာရီအတွင်းပိုမိုအားကောင်းလာနိုင်ပြီး၊အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိနိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့်မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊ မွန်တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင်အဆင့်သာရှိသော်လည်း မေလ(၁၃)ရက်နေ့မွန်လွဲပိုင်းမှ စတင်ပြီးအရှေ့မြောက်ဘက်သို့ ကွေ့လျက်မေလ(၁၆)ရက်နေ့ နံနက်ပိုင်းခန့်တွင် မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေဒေသများဆီသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းရပါသည်။

မြန်မာ့ကမ်းရီုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ်ရှောင်ရှားရန် လိုအပ်ကြောင်းအကြံပြုအပ်ပါသည်။
(မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန )
Popular Myanmar News Journal

ဖုန်းကဒ်များ ကလေးမြို့တွင် ကျပ်(၈၀၀၀၀)ဖြင့် အရောင်းအ၀ယ်ဖြစ်နေ

May 11, 2013မြန်မာနိုင်ငံအတွင်း ဆင်းရဲနွမ်းပါးသူတို့ လက်ကိုင်ဖုန်းများသုံးစွဲနိုင်ရန် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွန်ချက်ဖြင့် တန်ဖိုးနည်းလက်ကိုင်ဖုန်းများရောင်းချပေးခဲ့သော်လည်း ယခုအခါ အကြောင်းအမျိုးမျိုးဖြင့် (၁၅၀၀)တန်ဆင်းကဒ်များကို (၆၀၀၀၀)ကျပ်ဖြင့်လည်းကောင်း ၊ (၈၀၀၀၀)ကျပ်ဖြင့် လည်းကောင်းရောင်းချနေကြောင်းကြားသိနေရပြီး ၊ တန်ဘိုးနည်းဖုန်းချပေးခြင်းမရှိသည့် ကလေးမြို့တွင် (၁၅၀၀)တန်ဆင်းကဒ်ကို အဆ(၅၀)ကျော်ဈေးဖြင့်အရောင်းအ၀ယ်ဖြစ်နေကြောင်းသိရသည်။

“နိုင်ငံတော်သမ္မတကြီးဆောင်ရွက်ပေးတာက အောက်ခြေဆင်းရဲသားတွေ လစာနည်းဝန်ထမ်းတွေအတွက်လုပ်ပေးတာပါ ၊ အခုကတော့ သတ်မှတ်တန်ဘိုးထက်လေးငါးဆယ် ဆ မကတော့ဘူး ၊ မသမာသူတွေက အဆလေးငါးဆယ်အထိဈေးတင်ရောင်းနေကြတယ် ၊ အမှန်တကယ်အသုံးပြုချင်တဲ့ သူတွေက ဈေးကြီးပေးဝယ်သုံးနေရတယ်”ဟုကလေးမြို့ဒေသခံတစ်ဦးကပြောသည်။

ယခုကလေးမြို့တွင် ရောင်းချနေသောဆင်းကဒ်များမှာ ချင်းတောင်အတွက်ချပေးသောတန်ဘိုးနည်း ဆင်းကဒ်များဖြစ်ပြီး ၊ ကလေးမြို့တွင် ဆက်သွယ်ရေးတိုင်မရှိသည့်အတွက် တန်ဖိုးနည်းဆင်းကဒ်ရောင်းချခြင်းမရှိကြောင်းသိရသည်။ ကလေးမြို့တွင် တန်ဘိုးနည်းဆင်းကဒ်များချပေးခဲ့ပါက လက်ကိုင်ဖုန်း ၀ယ်ယူသူကို တန်ဘိုးနည်းဆင်းကဒ်အခမဲ့ထည့်ပေးမည်ဖြစ်ကြောင်း ကလေးမြို့နာမည်ကြီးဖုန်းအရောင်းဆိုင်တစ်ဆိုင်မှ ပြီးခဲ့သည့် ရက်ပိုင်းက သတင်းစာတစ်စောင်တွင် ပြောခဲ့ကြောင်း ယင်းဒေသခံမှပင်ပြောသည်။
ကောင်းမြတ်သူ
The Hot News

သင့်တက္ကသိုလ်

မြန်မာနိုင်ငံပညာရေး တိုးတက်မြင့်မားဖို့ အလေးထားဆွေးနွေး တိုင်ပင် နေချိန်တွင် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်အသီးသီးတွင် ပညာ သင်ကြားနေသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကလည်း မိမိတို့၏ တက္ကသိုလ်များကို သင့်တက္ကသိုလ်များ အဖြစ် ကူးပြောင်းနိုင်ဖို့ လိုပါသည်။ တိုင်းပြည်ဆင်းရဲတွင်း နက်နေသေး၍ ဖွံ့ဖြိုးပြီး နိုင်ငံများမှ တက္ကသိုလ်များကဲ့သို့ မြက်ခင်းစိမ်း၊ သစ်ပင်ရိပ်တို့ ရှိသော Campus၊ Wi-Fi လွှမ်းခြုံထားသော ကျောင်းဝင်း၊ စာသင်ခန်းတို့တွင် လိုရာ အချက်အလက်ကို ရှာနေသော Laptop နှင့် Tablet ကိုင် ကျောင်းသား၊ သူများ၊ အဆင့်မြင့် သော သင်ရိုးနှင့် ထိရောက်သော သင်ကြားမှုစနစ် စသည့် စသည့် လိုအပ်ချက် များ မပြည့်စုံစေဦးတော့ မိမိ၏တက္ကသိုလ်များကို သင့်တက္ကသိုလ်များ အဖြစ် ပြောင်းလဲနိုင်ဖို့ ကတော့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ သူများ၏ စိတ်နေစိတ်ထားကသာ အခရာဖြစ်သည်။

အခြေခံ ပညာရေးသည် ဒါလုပ်ပါ၊ ဒါမလုပ်နဲ့ဟု အတိအကျ ညွှန်ကြားထားသော ကွပ်ကဲထိန်းကျောင်းမှုအား ဗဟိုပြုသည့် သင်ကြားရေးဖြစ်ပြီး အဆင့်မြင့် ပညာရေး သို့မဟုတ် တက္ကသိုလ်ပညာရေး မှာမူ ဒါတော့ လုပ်သင့်တယ်။ ဒါတော့ဖြင့် မလုပ်သင့်ဘူးဟု ခွဲခြားသိမြင်စေသော ရင့်ကျက်မှု ဗဟိုပြု သင်ကြားရေးဖြစ်သည်။ လူ့စွမ်းအား အရင်းအမြစ် ဆိုသည်မှာ တစ်နည်းအားဖြင့် ရင့်ကျက်သော လူငယ်လုပ်အားစု ကိုပင် ဆိုလိုသည်ဖြစ်ရာ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တက္ကသိုလ်များသည် သင့်တက္ကသိုလ်များ ဖြစ်မှသာ ယနေ့ နိုင်ငံတော်အစိုးရက လိုလားနေသော စွမ်းရည်ပြည့်ဝသော လူသား အရင်းအမြစ်များ ထွက်ပေါ်လာနိုင်ပါသည်။

အတွေးအခေါ် ပညာရပ်၏ Ethics ဟုဆိုကြသော ကိုယ်ကျင့်တရား ပညာနယ်ပယ်တွင် “ကိုယ်ကျင့်တရားအရ ထူးခြားထင်ရှားမှု” ဟု အမည်ရသော အသုံးအနှုန်း တစ်ခုသည် အတော်အရေးပါပါသည်။ သူများပြောတိုင်း ယုံ၊ သူများခိုင်းမှ လုပ်တတ်ပြီး ဆင်ခြင်သုံးသပ်မှု မရှိသည့် သူများအား နလပိန်းတုံးများဟု သတ်မှတ်ပါသည်။ ထိုသူတို့သည် သေရမှာထက်ပင် တွေးရမှာကို ကြောက်ကြသူများ ဖြစ်ပြီး သင့်၊ မသင့်ကို မခွဲခြားတတ်၊ အကြောက်တရားနှင့် အစဉ်အလာ သတ်မှတ်ချက် မှောင်ရိပ်အောက်တွင် နေထိုင်ကြသည့် (Faceless) မျက်နှာမွဲများ ဖြစ်တတ်ပါသည်။ ထိုသူများသည် ပညာမဲ့သူများလည်း ဖြစ်ကာ ကိုယ်ကျင့်တရားအရ ထူးခြား ထင်ရှားမှု မရှိသူများလည်း ဖြစ်ကြပါသည်။ ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေနှင့် လိုက်လျောညီထွေမှု ရှိသော ဘဝပုံစံမျိုး မချိုးနိုင်ဘဲ အများလုပ်သလောက် သာ လုပ်တတ်သူ များသည် ထူးမခြားနား ဘဝပိုင်ရှင်များ ဖြစ်သည်။ ထိုသူတို့သည် ငြိမ်ဝပ်ပိပြားအောင် ထိန်းထားသော မတရားဥပဒေများ ဖြေလျှော့ ပေးချိန်တွင် လူအုပ်စုဖွဲ့ သောင်းကျန်းရမ်းကားသူများ ဖြစ်ရန် တာစူနေသူ များပင်။

ကျွန်ုပ်တို့လူငယ်တွေအား ပညာမဲ့ သောင်းကျန်းရိုင်းစိုင်းသူများ မဖြစ်စေဖို့ တက္ကသိုလ်များတွင် တာဝန်ရှိလာသည်။ ယခုအခါ လူငယ်တွေ၏ အရည်အချင်း မှတ်ကျောက်သည် တက္ကသိုလ်အပြီး ပြင်ပအလုပ်ဈေးကွက် ဖြစ်သောကြောင့် မြန်မာပြည်တက္ကသိုလ် များသည် သင့်သဘောကို အမှန်ပင် ဖော်ဆောင် နိုင်ပြီလားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ တက္ကသိုလ်တွေ ဆိုသည်မှာ လူငယ်များကို ဘာသာရပ်တစ်ခုခုအား အခြေပြုပြီး ၄င်းတို့၏ ကိုယ်ရည်ကိုယ်သွေးကို မြင့်မားအောင် လုပ်ရမည့် လေ့ကျင့်ရေးကွင်းကြီး ဖြစ်သည်။ အလုပ်အကိုင် ပြိုင်ပွဲကြီးအတွက် မိမိကိုယ်မိမိ ရင့်ကျက်အောင် အားစိုက်ခွန်စိုက် လေ့ကျင့်ရာတွင် လုပ်သင့်တာတွေကို လုပ်ပြီး မလုပ်သင့် တာတွေကို ရှောင်မှသာ တက္ကသိုလ်ကျောင်း ဆင်းပြီးချိန်တွင် အလုပ် ဈေးကွက်သို့ ဝင်နိုင်မည် ဖြစ်သည်။ ကြိမ်လုံးနှင့် ခြောက်မှ၊ ဆရာတွေ၏ ချီးမွမ်းမှု၊ ပြစ်တင်မှုရှိမှသာ အလုပ်လုပ်တတ်သည့် အဆင့်မှ ကိုယ်လုပ်စရာ ရှိတာတွေကို ကိုယ်ပိုင်အသိဖြင့် မလုပ်သရွေ့တော့ တက္ကသိုလ် ဆိုသည်မှာ အဆင့်မြင့် အထက်တန်းကျောင်းထက် ပိုနိုင်ဖွယ်မရှိပါ။ တက္ကသိုလ်တွင် စာသင်နှစ်တိုးခြင်း၊ အခြေခံပညာရေး တွင်လည်း အသက်တိုးမြှင့်လိုက်ခြင်း တို့မှာ ကျောင်းသူ၊ သူများ၏ အသိဉာဏ်ကို ရင့်ကျက်စေလို၍ ဖြစ်ပါသည်။ လူငယ်တွေ ပညာမတတ်မှ အုပ်ချုပ်ရတာ လွယ်မည်ဟူသော ပုံစံမျိုး ဖြစ်ခဲ့သော ယခင်ပညာရေးစနစ်မှ ဆရာ၊ ဆရာမတွေ ဘက်ကလည်း လုပ်သင့်တာ ကိုသာလုပ်ပြီး ကျောင်းသား၊ ကျောင်းသူများ ဘက်ကလည်း မလုပ်သင့်တာတွေ မလုပ်မှသာ သင့်တက္ကသိုလ်များ ဖြစ်လာပြီး နိုင်ငံတော်တွင် တာဝန်ရှိသူများ (Stakeholders) များ ပြုံးပျော်နိုင်မည့် လုပ်သားဈေးကွက် တစ်ခုရနိုင်ပေမည်။

သင့်၊ မသင့် ခွဲနိုင်ဖို့ဆိုတာ လွယ်လှသည့် အလုပ်တော့မဟုတ်ပေ။ မိမိအသိဉာဏ်ဖြင့် ဘာတွေက လုပ်သင့်တယ်၊ ဘာကြောင့် လုပ်သင့်တယ် ဆိုတာသိဖို့ အသိပညာဗဟုသုတ လုံလောက်စွာရှိဖို့ လိုပါသည်။ မလုပ်သင့် တာက ဘာ၊ ဘာကြောင့် မလုပ်သင့်တာ ဆိုတာမျိုး ခွဲခြားဖို့အတွက်လည်း ထို့အတူပင်။ စာဖတ်ခြင်း၊ အသင်းအဖွဲ့များတွင် ပူးပေါင်း လုပ်ဆောင်တတ်ခြင်း၊ စနစ်တကျ ငြင်းခုံတတ်ခြင်း၊ တီထွင်ကြံဆ လုပ်တတ်ခြင်း၊ အကွက်မြင်ခြင်း စတာတွေသည် လူငယ်တစ်ဦးကို ရင့်ကျက်စေသော အထောက်အပံ့ များဖြစ်သည်။ တစ်ပြည်လုံးမှ လူကြီးသူမများနှင့် ဆရာ၊ ဆရာမများကပါ ယနေ့ခေတ် တက္ကသိုလ်ကျောင်းသား၊ သူများအား စိတ်တိုင်းမကျ ဖြစ်နေချိန် တွင် ထိုသို့ဖြစ်အောင် တွန်းပို့နေသော အခြေအနေများ၊ အခက်အခဲများကိုလည်း နားလည်သင့်ပါသည်။

ယနေ့လူငယ်များ အတွက် ယခုလူကြီးများ တွင်လည်း တာဝန်အပြည့် ရှိပြီး လူငယ်များကို သင့်၊ မသင့် ခွဲခြားသိမြင်အောင် မပျိုးထောင်နိုင်ပါက ယခုလူကြီးများ၏ အိုဇာတာသည် ကောင်းနိုင်ဖွယ် မရှိပါ။ အတန်းကို ဘာကြောင့် ပြည့်မီအောင် တက်သင့်သလဲ၊ ကွမ်းယာကို စည်းကမ်းမဲ့ မစားသင့်ဘူး၊ ဆေးလိပ်၊ အရက်ဆိုတာ လူကြီးလူကောင်း ပီသစွာ ဘယ်လို သုံးဆောင်သင့်သလဲ၊ လွန်ကဲစွာ အပျော်အပါး လိုက်စားမှုကို ဘာကြောင့် ရှောင်သင့်သလဲ၊ သင်ယူလိုက်သော ဘာသာရပ်ထဲမှ ဘယ်အရာ ကိုတော့ ကိုယ့်နေ့စဉ်ဘဝတွင် မည်သို့ အသုံးချသင့်သလဲ စတာတွေကို စဉ်းစားတတ် သော ကျောင်းသားတွေ များလာမှသာ မြန်မာပြည် နောင်ရေးနှင့် နိုင်ငံခြားတွင် အခြေချ မနေနိုင်သော ယနေ့ တာဝန်ရှိသူများ၏ အိုဇာတာ သည် စိတ်အေးရမည်။

ဘာကြောင့် လူမျိုးရေး မခွဲခြားသင့်သလဲ၊ ဘာသာရေး အစွန်းရောက် အမြင်တွေကို ကိုင်စွဲသင့်သလား၊ ဘာကြောင့် အားကစားကို လိုက်စားသင့်တယ်၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး ဘယ်လိုအပြုအမူဆိုး တွေကို ရှောင်သင့်တယ်၊ အပေါ်ယံအလှထက် ပင်ကိုယ်အရည်အချင်းကို ဘာကြောင့်များ အားကိုးသင့်သလဲ၊ လူမှုရေးစိတ်ဓာတ် ထွန်းကားလာအောင် ဘာတွေ ဖြည့်ဆည်းမယ် ဆိုတာတွေကို သင်တဲ့ဆရာ၊ ယူတဲ့တပည့် နှစ်ဦးနှစ်ဖက် အပေးအယူ မျှလျှင်ဖြင့် ကမ္ဘာ့အဆင့်မီတက္ကသိုလ် မဟုတ်စေကာမူ ကိုယ့်အရပ်၊ ကိုယ့်ဒေသကိုတော့ အကျိုးပြုနိုင်ပါသည်။

တပည့်များ၏ အရည်အချင်းသည် သင်ကြားသူဆရာ၊ ဆရာမအပေါ် တည်မှီနေရာ ဆရာ၊ ဆရာမတွေကကော ကိုယ်ကျင့်တရားအရ ဘယ်လောက် ထူးခြားထင်ရှားမှု ရှိသလဲ။ ကျူရှင်လေးပြရုံ၊ အချိန်မှန် ရာထူးလေး တိုးရုံလောက်နဲ့ သင့်တက္ကသိုလ်တွေကို တည်ဆောက်နိုင်ပါ့မလား။ အတွေး အခေါ်၊ ခံယူချက် တိတိပပနဲ့ ပညာရှင်ဆန်သော သင့်သဘောဆောင် ဆရာ အရေအတွက်က တက္ကသိုလ်တွေတွင် ဘယ်လောက်ရှိသလဲ။ တက္ကသိုလ် ပညာရေးစနစ် တိုးတက်ရာတိုးတက်ကြောင်း ဆရာ၊ ဆရာမအင်အားစု ကတော့ ဘာတွေလုပ်သင့်သလဲ။ အထက်ဦးစီး၊ အောက်ဦးစီးတွေ ကကော ဘယ်လိုစီမံ ခန့်ခွဲသင့်သလဲ။ လုပ်သင့်တာတွေကို အချိန်ကိုက် အကွက်ကျ အောင် လုပ်တတ်ပြီး မလုပ်သင့်တာတွေကို အချိန်မီ ရပ်နိုင်မှသာ ဉာဏ်ပညာ ထွန်းကားသော တက္ကသိုလ်များဖြစ်ပေမည်။

တက္ကသိုလ် ပညာရေးသည် လုပ်သင့်တာတွေကို ဦးစားပေးပြီး Missions များဖြင့် အသက်ဝင်နေသော ပညာရပ်ဝန်း ဖြစ်သင့်သည်။ လူငယ်များ လုပ်တတ်ကိုင်တတ်၊ ပြောတတ် ဆိုတတ်အောင် မိမိ၏ အထူးပြု ဘာသာရပ်ကိုလည်း တန်ဖိုးထားတတ်အောင် အခြားဘာသာရပ် များကိုလည်း ဆက်စပ် ခြုံငုံမိအောင်၊ လူမှုဆက်ဆံရေး ပြေပြစ်အောင်၊ တာဝန်နှင့် ရပိုင်ခွင့်ကို သိအောင်၊ အမျိုးသားနိုင်ငံရေး စိတ်ဝင်စားအောင်၊ ပွင့်လင်းလွတ်လပ်သော လူ့အဖွဲ့အစည်းအား ချစ်မြတ်နိုးအောင်၊ ကိုယ်ကျင့်တရား ကောင်းအောင် ဆိုပါမူ သင့်သဘော ဗဟိုပြု ပညာရပ်ဝန်းတစ်ခု ရှိဖို့ လိုပါသည်။ အသိပညာ၊ အတတ်ပညာ ရှိမှသာ လုပ်သင့်၊ မလုပ်သင့်တာတွေကို ခွဲခြားနိုင်မည် ဖြစ်သောကြောင့် ယခု လက်ရှိ အရေအတွက်များစွာ ဖွင့်လှစ်ထားသော တက္ကသိုလ်များအား သင့်သဘောဆောင် တက္ကသိုလ်များ ဖြစ်လာအောင် သမ္မတကြီးမှအစ၊ လွှတ်တော်များအလယ်၊ ပညာရေးဝန်ကြီး ဌာနအဆုံး အပြင် နိုင်ငံသားအားလုံး ဝိုင်း၍ကူမှသာ အရင်းအနှီး နည်းနည်းဖြင့် အကျိုးအမြတ်များများ ရနိုင်မည်ဖြစ်သည်။ ပိုက်ဆံ တတ်နိုင်သူများ ကမ္ဘာအနှံ့ ခြေဆန့်ကာ ပညာရှာကြပါ။ အပြန် သူတိုထံမှ ပညာတွေ ရကောင်း ရနိုင်ပါသည်။ ပိုက်ဆံများစွာ မတတ် နိုင်၍ ကိုယ့်ပြည်တွင်း တက္ကသိုလ်များတွင် သင်ကြား ပါကလည်း ရနိုင်သမျှ ပညာကို စုဆောင်းတတ်ဖို့ အရေးကြီးသည်။

အဓိကမှာ အချိန်၏ တန်ဖိုးကို သိမှသာ တက္ကသိုလ် တက်စဉ်ကာလ အတွင်း ရင့်ကျက်မှု ကွင်းဆက်များအား ချိတ်ဆက်နိုင်ပြီး သင့်တင့်သော ဘဝနေထိုင်မှုကို တည်ဆောက်နိုင်မည် ဖြစ်သည်။ သင့်၊ မသင့် ခွဲခြားနိုင်သော လူကောင်းလူတော်တွေ တိုးပွားလာမှသာ တိုင်းပြည်သည် တည်ငြိမ်ကာ ဖွံ့ဖြိုးမည်ဖြစ်သောကြောင့် ပညာရေး တိုးတက်မြင့်မားဖို့ လုပ်သင့်တာတွေ လုပ်ကြပါစို့။
ဒေါက်တာကျော်သူရ
The Voice Weekly

မန္တလေးက ဗလီတွေကို ဘာသာခြားတွေ ၀င်လေ့လာလို့ရ

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီတွေအတွင်း ဘာသာခြားတွေဝင်ရောက် လေ့လာကြည့်ရှု့ ခွင့်ကို အစ္စလာမ်သာသနာရေးကောင်စီဥက္ကဌက ခွင့်ပြုလိုက်မှုနဲ့အတူ မန္တလေးမြို့ ရှိ ဗလီများ ကိုလည်း အခြားဘာသာဝင်တွေ ၀င်ရောက်လေ့လာလိုပါက လေ့လာလို့ရကြောင်း သိရပါတယ်။


“ကျွန်တော်တို့ ၂၀၁၃ခုနှစ် မတ်(၁၉)ရက်နေ့က အိုရီယန်တယ်ဟောက်စ်မှာ ကျင်းပခဲ့တဲ့ ဘာသာ ပေါင်းစုံဆုတောင်းပွဲကတည်းက မန္တလေးမှာရှိတဲ့ ဗလီအားလုံးကို အခြားဘာသာဝင်တွေ ၀င်ရောက်လေ့လာ ကြည့်ရှု ဖို့ ဖိတ်ခေါ်ခဲ့ဖူးပါတယ်၊ အရင်ကတည်းကလည်း မ၀င်ရဘူးလို့ သက်မှတ်ထားတာမရှိခဲ့ပါဘူး။ လာရောက်လေ့လာမယ်ဆိုရင်ဝမ်းပန်းတသာ ကြိုဆိုပါတယ်”
လို့ ချမ်းအေးသာစံမြို့နယ်ရှိ နိဗ္ဗာန်ဆော် လူမှု့ကူညီရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ကိုခင်မောင်လတ်ကပြောပါတယ်။


လာရောက်လေ့လာချင်တယ်ဆိုရင် အချိန်မရွေး ဂေါပကတွေကို အကြောင်းကြားပြီးလာရောက်ကြည့်ရှု နိုင်ပြီး ဗလီရဲ့  သမိုင်းကြောင်းတွေကအစ အားလုံးကို ရှင်းလင်းပြသပေးမယ့်အကြောင်းနဲ့ သတင်းမှတ်တမ်း ယူချင်ပါကလည်း အချိန်မရွေးဖိတ်ခေါ်ပါကြောင်း အမြောက်တန်းဗလီ ရဲ့ ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုညီညီလွင်က ပြောပါတယ်။


“အရင်ကတည်းကလည်း ဘာမှ ကန့်သတ်ထားတာမရှိပါဘူး၊ အခုလည်းအဲဒီအတိုင်းပါပဲ။ အခြား ဘာသာဝင်တွေ လေ့လာချင်တယ်ဆိုရင် လာလို့ရပါတယ်၊ ကျွန်တော်တို့အနေနဲ့ အားလုံးကို ကြိုဆိုပါတယ်၊ ဒါမှလည်း အားလုံး သံသယတွေပိုပြီးကင်းနိုင်မှာဖြစ်ပါတယ်”
လို့ ဂျွန်းဗလီရဲ့ အတွင်းရေးမှူး ဦးဝေလီတင်အောင်က ပြောပါတယ်။

အပြန်အလှန်နားလည်မှုရှိခြင်းဟာ အခုလို ကောလာဟလတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် အထင်မြင်တွေလွဲမှားမှုတွေ၊ သံသယတွေကို အမြန်ဆုံးအေးချမ်းသွားစေမှာ ဖြစ်တယ်လို့ မန္တလေးမြို့ ခံများက ဝေဖန် သုံးသပ်နေကြပါတယ်။
ဇော်ဇော်
မြန်မာဓိက

လုပ်သား၊ အလုပ်ရှင်အခွင့်အရေးမည် လေ့လာရေးကော်မတီ ကွင်းဆင်း စစ်ဆေး

ရန်ကုန်၊ မေ ၁၀
အလုပ်ရှင်၊ အလုပ်သမားများကြား ဖြစ်ပွားနေသည့် ပြဿနာ ဇာစ်မြစ်ကို ရှာဖွေ ရန် လွှတ်တော်ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေးကော်မတီ စက်ရုံ၊ အလုပ်ရုံပေါင်း ၅၀ နီးပါးကို မေလတတိယ ပတ်တွင် ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ် ကြောင်း အဆိုပါကော်မတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ကပြောကြားသည်။

ကနဦးအနေနှင့် လက်ရှိလုပ်ငန်း အခြေအနေကို သိရှိနိုင်ရန် စက်ရုံပေါင်း ၅၀ ကျော်ကို အလုပ်ရှင်၊ အလုပ်သမားများထံသို့ စာဖြင့် မေးခွန်းပို့ထားပြီး ရရှိလာသော အဖြေများကို သုံးသပ်ကာ အဖွဲ့သုံးဖွဲ့ ခွဲ၍ ကွင်းဆင်းစစ်ဆေးမှု များကို စတင်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ကွင်းဆင်းစစ်ဆေးရာတွင် လှိုင်သာယာ၊ ရွှေပြည်သာစသည့် စက်ရုံလုပ်ငန်း အများအပြား ရှိသောနေရာများကို သွားရောက်စစ်ဆေးမည် ဖြစ်ပြီး အထည်ချုပ်၊ အအေးခန်းအပါအဝင် လုပ်ငန်းစုံကို ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရှိရသည်။
"အလုပ်ရှင်၊ အလုပ်သမားကြား ပဋိပက္ခမဖြစ်အောင် မျှခြေတစ်ခုကို ဖန်တီးပေးသွားဖို့ လုပ်တာပါ" ဟု ဦးဖုန်းမြင့်အောင် ကပြောကြားသည်။

ကွင်းဆင်း စစ်ဆေးပြီးပါက အလုပ်ရှင်၊ အလုပ်သမား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး စစ်ဆေး တွေ့ရှိချက်များကို မေလ ၃၁ ရက်နေ့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည် ဖြစ်ကြောင်း ဥပဒေပညာရှင်များ၊ လွှတ်တော် ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေးကော်မတီ ထံမှ သိရှိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်သားများ ပါဝင်ကာ ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့ တို့တွင် ပြုလုပ်ခဲ့သော အလုပ်ရုံ ဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို အမျိုးသား လွှတ်တော်ကို ပေးပို့ခဲ့သဖြင့် ယခုကဲ့သို့ အကောင်အထည်ဖော် လုပ်ဆောင်ရန် စီစဉ်ခြင်းဖြစ်သည်။
The Voice Weekly

အခြေခံဥပဒေ ပြင်ဆင်ရန် အမြဲတိုက်တွန်းကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရန်ကုန်၊ မေ ၁၀
လွှတ်တော်တွင်း တပ်မတော်သား၂၅ ရာခိုင်နှုန်း နေရာယူထားသည့် အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း အမြဲတိုက်တွန်းနေသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က Sydney Law School က ဦးဆောင်ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အပြီး မေလ ၁၀ ရက်နေ့က Micasa ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက တပ်မတော် အစိုးရက ဦးဆောင်ရေးဆွဲခဲ့သည့် အခြေခံ ဥပဒေသည် တစ်ဖက်သတ် ရေးဆွဲထားခြင်း ဖြစ်ပြီး နိုင်ငံ၏ အခြေအနေများနှင့် ကိုက်ညီမှု မရှိသောကြောင့် အမြန်ဆုံး ပြင်ဆင်ရန်သင့် မသင့် မေးမြန်းရာ ၄င်းက ယင်းသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ ကျွန်မအမြဲ တိုက်တွန်းခဲ့တယ်။ ခုလည်းပြင်ဖို့ ကိုယ်တိုင်ပါဝင် ဆောင်ရွက်နေတယ်။ တစ်ဖက်သတ် အမြင်တွေနဲ့ ရေးထားတာကို လက်မခံပါ ဘူး" ဟု ၄င်းကဆိုသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အမေရိကရောက် မြန်မာ ပညာရှင်များ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ နေရာဝင်ပြိုင်နိုင်ရန် အခြေခံဥပဒေ ပြင်ဆင်သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

၂၀၁၃ ခုနှစ် မတ်လအတွင်း ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းသင့်ကြောင်း အဆိုတင်သွင်း သဖြင့် အဆိုပါကော်မတီကို ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းထားသည်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီဥပဒေ ပညာသင်ကျောင်း (Sydney Law School) က ဦးဆောင်ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အလုပ်ရုံဆွေးနွေးပွဲကို မေလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပပြလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၊ ဖက်ဒရယ်စနစ်၊ ဖွဲ့စည်းပုံနှင့် တပ်မတော်၏ အခန်းကဏ္ဍတို့ကို ဘာသာရပ်ဆိုင်ရာ ပညာရှင်အသီးသီး က ဆွေးနွေးခဲ့ကြသည်။
The Voice Weekly

စစ်ဘေးဒုက္ခသည်တွေပိုင်ဆိုင်တဲ့ လယ်ယာမြေပေါ်မှာ တရားမဝင်ရွှေတူးဖေါ်နေ

စစ်ဘေးဒုက္ခသည်တွေပိုင်ဆိုင်တဲ့ လယ်ယာမြေပေါ်မှာ တရားမဝင်ရွှေတူးဖေါ်နေလို့ ဒေသခံတွေစိုးရိမ်
မန္တလေး၊ မေ-၁၀
ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ ဝန်းသိုကျောင်းတိုက်ကယ်ဆယ်ရေးစခန်းက စစ်ဘေးဒုက္ခသည်တွေ ပိုင်ဆိုင်တဲ့ လယ်ယာမြေပေါ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဌာနဆိုင်ရာတချို့ ပူးပေါင်းပြီး တရားမဝင်ရွှေတူးဖေါ်နေကြတယ်လို့ ဒေသခံဒုက္ခသည် တချို့က ပြောပါတယ်။



"ရွှေတူးဖေါ်တာတွေကြောင့် လမ်းတွေလည်း ပျက်နေပါပြီ၊ တစ်မိုင်လောက် ရှိပါတယ်၊ စစ်ဘေးဒုက္ခသည်တွေကတော့ အခုချိန်ထိ စခန်းကနေ ဘယ်သူမှမပြန်ကြရ သေးဘူး၊ တောထဲတောင်ထဲမှာ လုပ်စားစရာနေရာနဲ့ အိမ်လည်း မရှိတော့ဘူး၊ မိုင်းတွေလည်း မရှင်းသေးဘူး၊ ဒီစခန်းမှာက တာလောကြီး၊ စံကင်းရွာက ရှမ်း၊ ဗုဒ္ဓဘာသာ အများစုပါ၊ စံကင်းရွာက တာလောကြီးကနေ (၃)မိုင်လောက်ဝေးတယ်"
လို့ စခန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

" အကူအညီပေးရေးအနေနဲ့ အလာနည်းသွားပါပြီး၊အပြင်မှာ ကြုံရာကျပန်းလက် လုပ်လက်စားလုပ်ပြီး ရပ်တည်နေရတယ်၊ စားနပ်ရိက္ခာအနေဖြင့် WFP ကနေ ထောက်ပံ့ပါတယ်၊ ကျန်းမာရေးအတွက်ကတော့ သူနာပြုဆရာ ၊ ဆရာဝန်တွေလာ ပါတယ်၊ ဆေးဝါးတော့ မပြည့်စုံပါဘူး ၊ အပြင်ကနေ ဝယ်ပေးရပါတယ်၊ အခု တရားမဝင် ရွှေတူးနေတာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကနေ ရှင်းလင်းပေးစေလိုပါတယ်" လို့ ဒုက္ခသည်စခန်းတာဝန်ခံ ဦးမြင့်သန်းမှ မြန်မာဓိကကို ပြောကြားပါတယ်။
စိုင်းဆိုင်လင်း
မြန်မာဓိက

၁၄ နှစ်အရွယ်ကလေးငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

မန္တလေး၊ မေ၁၀

          မန္တလေးမြို့၊၈၄လမ်း၊၂၉-၃၀ လမ်းကြားရှိ ဂရိတ်ရှိုင်းလျှပ်စစ်ပစ္စည်းဆိုင်ရှေ့မှာမေလ(၉)ရက်၊ ည(၁၁)နာရီဝန်းကျင်က အမှိုက်ကောက်တဲ့ကလေးငယ်တစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချသတ်သေတဲ့အမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းမှတ်တမ်းအရ သိရပါတယ်။
          သေဆုံးသူမှာ မျိုးကို(ခ)လုသစ်ဖြစ်ပြီး၊ အသက်(၁၄)နှစ်အရွယ်ရှိကာဂရိတ်ရှိုင်းလျှပ်စစ်ပစ္စည်း ဆိုင်ရှေ့မျက်နှာစာမှာရှိတဲ့ သံတန်းမှာ ဖြူ/နီကြားအရောင်ရှိစပို့ရှပ်အင်္ကျီလက်ရှည်ကို ကြိုးအဖြစ်ပြုလုပ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ခဲ့တာဖြစ်တယ်လို့ရဲမှုခင်းမှတ်တမ်းမှာဖော်ပြထားပါတယ်။
          အသက်(၁၄)နှစ်အရွယ်ရှိ သေဆုံးတဲ့ကလေးငယ်ဟာအမှိုက်ကောက်ပြီး ၀မ်းစာရှာဖွေစားသောက် နေရသူဖြစ်တယ်လို့ သိရှိရပြီး သေဆုံးသူအနေနဲ့ဘာကြောင့်အခုလို မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးရတယ် ဆိုတာ အတိအကျသိရှိနိုင်ခြင်းမရှိသေးဘဲသေဆုံးတဲ့အချိန်မှာ ပြင်ပဒဏ်ရာတစ်စုံတရာ မတွေ့ရတဲ့ အကြောင်း ရဲမှတ်တမ်းမှာဖော်ပြထားချက်အရသိရပါတယ်။
          အဲဒီသေဆုံးမှုကို တာဝန်မှူး ရဲအုပ်ကျော်မျိုးနိုင်ကတရားလိုပြုလုပ်တိုင်တန်းကာ သေမှုသေခင်းအမှတ် (၁၀/၂၀၁၃)ဖြင့် အမှတ်(၈)ရဲစခန်းမှာ စစ်ဆေးဆောင်ရွက်နေတယ်လို့သတင်းရရှိပါတယ်။

ပိုင်လင်းအောင်
မြန်မာဓိက

မော်တော်ယာဉ်(၁၈၆၄၆)စီးကို သွင်းကုန်ပါမစ်ထုတ်ပေး

10.5.2013, Friday
(၂၀၁၂)ခုနှစ်၊သြဂုတ်လ(၁)ရက်နေ့မှ (၂၀၁၃)ခုနှစ်မေလပထမပတ်အထိ မော်တော်ယာဉ်(၁၈၆၄၆)စီးကို သွင်းကုန်ပါမစ်များထုတ်ပေးပြီး ဖြစ်ကြောင်း ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊သွင်းကုန်လုပ်ငန်းဌာနခွဲ၊မော်တော်ယာဉ် ပါမစ်ထုတ်ပေးရေးဌာနစိတ်၊ရန်ကုန်တိုင်းဒေသကြီးရုံးမှ သိရသည်။

အဆိုပါ သွင်းကုန်ပါမစ်ထုတ်ပေးပြီးသော မော်တော်ယာဉ်များ၏ စုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ(၁၃၀.၂၅၂)သန်းခန့်တန် ဖိုးရှိကြောင်း သိရသည်။ ၄င်းမော်တော်ယာဉ်သွင်းကုန်ပါမစ်လျှောက်ထားရာတွင် အမျိုးသားမှတ်ပုံတင်ကတ်ပြား ယခင်ခေါက်ချိုးကိုင်ဆောင် ထားသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် လဲလှယ်ပြီးမှသာ လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။
SkyNet TV Browser

နိုင်ငံတော်သမ္မတလာမည်ဆို၍ လမ်းဘေးဈေးသည်များအား ဈေးရောင်းချခွင့် ၅ ရက် ပိတ်ပင်

(၁၄၊ ၅၊ ၂၀၁၃)တွင် မန္တလေး၊ ၁၉ လမ်း အနောက်ထိပ် ဧရာဝတီမြစ်ဘေးမှ အမှတ်(၈) မြစ်ရေတင်သန့်စင်စက်ရုံဖွင့်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လာမည်ဆိုသောကြောင့် ယခင်ကတည်းက ၁၉ လမ်းတစ်လျှောက် ဈေးရောင်းချခွင့်ရရှိထား လမ်းဘေးဈေးဆိုင်များအား (၁၀၊ ၅၊ ၂၀၁၃)ရက်မှ စ၍ ဈေးရောင်းချခြင်းမပြုရန် မန်းစည်ပင်သာယာမှ ပိတ်ပင်ထားပါသည်။

လမ်းဘေးဈေးရောင်းချခြင်း ပိတ်ပင်ခံရသော လမ်းအပိုင်းမှာ ၁၉ လမ်း၊ ၈၆ လမ်းမှ မြစ်ဘေးအထိ ဖြစ်ပါသည်။ ယခင်အစိုးရလက်ထက်ကကဲ့သို့ လူကြီးလာ၊ လမ်းရှင်းစနစ်ကို ဆက်လက်ကျင့်သုံးနေကြပါသည်။ လမ်းဘေးဈေးသည်များ၏ စားဝတ်နေရေး ထိခိုက်ပါသည်။

လမ်းဘေးဈေးသည်များအား (၅)ရက် ရောင်းချခွင့်ပိတ်သည်ဆိုသော်လည်း တစ်ပြေးညီမဟုတ်ပါ။ ၈၆ လမ်းမှ မြစ်ဘေးအထိ ၁၉ လမ်းပေါ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး(၂)ရုံး ပတ်ဝန်းကျင်မှ တဲထိုးအဖီချ၍ ဈေးရောင်းလျက်ရှိသော လမ်းဘေးဈေးဆိုင်များမှာမူ ပိတ်ပင်ခံရခြင်းမရှိပါ။
မန်း၊ ၁၉ လမ်းသားတစ်ဦး
CJMyanmar

ကွမ်းဈေးတက်မလာသေး၍ ကွမ်းစိုက်သူများ အခက်ကြုံနေရဆဲ

မုံရွာ ၊ မေ ၁၀
မဟာသင်္ကြန်ကာလပြီးလျှင် ကွမ်းဈေးတက်လာနိုင်သည် ဟု မျှော်လင့်ထားကြသော်လည်း ယခုတိုင် ကွမ်းဈေးမှာ ၁၅၀၀-ကျပ်ဝန်းကျင်သာ ရှိနေသဖြင့် ကွမ်းစိုက်သူများ အခက်ကြုံနေရကြောင်း သိရသည်။ ကွမ်းဈေးမရ၍ အလုပ်သမားခနှင့် ဖျန်းရသောဆေးဖိုးပါ စိုက်နေကြောင်း ကွမ်းစိုက်သူများက ဆိုသည်။
“ နှစ်ကူးပြီးရင် ကွမ်းဈေးကောင်းမယ်လို့ ထင်ထားတာ။

ခုထိ ဈေးက တက်မလာသေးဘူး။ မနှစ်က တစ်ပိဿာ ၃၀၀ အထိရောက်သွားလို့ အများကြီးရှုံးတယ်။ ဈေးသာ တက်မလာရင် ကြာရှည် တောင့်ခံနိုင်ဖို့ မလွယ်ဘူး” ဟု ကွမ်းပင် နှစ်ထောင်ခန့် စိုက်ထားသော ခြံပိုင်ရှင်ကို ရဲကျော်က ဆိုသည်။

မေလ ၂-ရက်နေ့က မုံရွာတွင် ကျရောက်ခဲ့သော လေပြင်းကြောင့် ကွမ်းခြံအများစု ပျက်စီးရာ အချို့ ခြံပိုင်ရှင်များမှာ ပြန်ပင်မပြင်နိုင်ကြဟု သိရသည်။ “ဈေးကျတာက ကွမ်းစိုက်တဲ့သူတွေ များတာလည်းပါတယ်။ နောက်ပြီးတော့ ကွမ်းများများဖြုန်းတဲ့ မှော်တွေ ပိတ်ရတာလည်းပါတယ်။” ဟု မြ၀တီက ရပ်ကွက်မှ ကွမ်းဒိုင်တစ်ဦးက ပြောသည်။

ကွမ်းစိုက်သူများသာမက ကြက်သွန်စိုက်သူများလည်း တစ်ပိဿာ(၃၀၀) ၀န်းကျင်သာရှိနေသဖြင့် အရှုံးပေါ်နေကြကြောင်း သိရသည်။
အောင်ဇေလတ်
The Villager News

ကျောင်းစိမ်းဝတ်စုံတွေ အရောင်းအ၀ယ်အေး စာရေးကိရိယာ ရောင်းအားတက်လာ

Friday, May 10, 2013
မန္တလေး၊မေ ၁၀
ကျောင်းဖွင့်ရာသီ နီးကပ်လာပေမယ့် ကျောင်းစိမ်းပုဆိုး၊အင်္ကျီရောင်းချရမှုမှာ မနှစ်ကထက် အရောင်းအဝယ်အေးလျက်ရှိတယ်လို့ ဈေးချိုအထည်ဆိုင်များမှသိရှိရပါတယ်။

''မနှစ်ကထက်စာရင် နည်းနည်းအေးတယ်၊ နယ်ဘက်ကဝယ်လက်ပဲများတယ်၊ မူလတန်း အရွယ်ဝတ်ကလေးတွေအရောင်းတွင်တယ်၊ တက်ထရွန်၊ စိန်မိုက်ကယ်အမျိုးအစားထဲကအင်္ကျီနဲ့ တွဲလျက်ချုပ်ထားတဲ့ ဂါဝန်လေးတွေ စကတ်လေးတွေ ရောင်းရပါတယ်၊ ဈေးနှုန်းက ၁၅၀၀နဲ့၂၀၀၀ ဝန်းကျင်လောက်ပဲ၊ သရီးရိုင်းဖယ်အမျိုးအစားထဲကတော့ ၀ယ်သူနည်းတယ်၊ အဲဒါက တစ်ကိုက်ကို ၂၀၀၀ နှုန်းနဲ့ မူလတန်းအရွယ်ဝတ် အင်္ကျီဂါဝန်၊ စကတ်တွဲလျက် အသင့်ချုပ်ပြီးသား ဆို ၃၀၀၀ဝန်းကျင်လောက်ရှိတယ်''လို့ အထည်ရောင်းသူတစ်ဦးက ပြောပါတယ်။

''ကျွန်မတို့ ဆိုင်က မူလတန်းအရွယ်ဝတ်ကျောင်းစိမ်းပုဆိုးအင်္ကျီတို့မတင်ဘူး ကျားဝတ် မဝတ် ကျောင်းစိမ်းလုံခြည်ထဲကတော့ စိန်မိုက်ကယ်၊ မိုက်ခရို၊ စိန်ပြောင်အဝယ်လိုက်တယ်၊ ဈေးနှုန်းက ၁၀၀၀ နဲ့ ၁၅၀၀ ကြားမှာရှိတယ်၊ အင်္ကျီထဲကတော့ တစ်ကိုက် ၈၀၀ လောက်ရှိတဲ့အရိပ်ဖြူအမျိုးအစားကို ၀ယ်ကြတာများတယ်''လို့ နောက်ထပ်အထည်ရောင်းသူတစ်ဦးက ပြောပါတယ်။

ပျံကျဈေးရောင်းသူတစ်ဦးကတော့ “ဒီနှစ်ဒီဇိုင်းအသစ်နဲ့ဝင်လာတဲ့ကိုရီးယားစကတ်လေး တွေ ရောင်းနေရတယ်၊ အဲဒါက မူလတန်းကလေးတွေ အတွက်လေ၊ တစ်ထည်ကို ကျပ်တစ်ထောင်နဲ့ ရောင်းပါတယ်'' လို့ ပြောပါတယ်။

ကျောင်းသုံးပစ္စည်းဖြစ်တဲ့ လွယ်အိတ်နဲ့ ကျောပိုးအိတ်ရောင်းသူတစ်ဦးကတော့''ကျောင်းဖွင့်ချိန်ရောက်ရင် ပစ္စည်းမပြတ်အောင် တင်ထားတာပါ၊ သိပ်တော့မရောင်းရသေးဘူး၊ဒီဇိုင်းကတော့ အသစ်တွေချည်းပဲ၊ မနှစ်ကနဲ့ဒီနှစ် မတူဘူးလေ၊ ဈေးနှုန်းကတော့ ၁၀၀၀ နဲ့၁၅၀၀ ကြားမှာရှိတယ် အဲဒီထက် ဈေးများတာလည်းရှိတယ်''လို့ပြောပါတယ်။

စာအုပ်ခဲတံ၊ ပေတံ၊ စာရေးကိရိယာအရောင်းဆိုင်တွေကမတ်နဲ့ ဧပြီလမှ အရောင်းအေး ပေမယ့် ခုရက်ပိုင်း ရောင်းအားတက်လာတယ်လို့ သိရပါတယ်။Eleven နဲ့ Top Choice ဗလာစာအုပ်တွေ ရောင်းရပါတယ်၊ တစ်ဒါဇင်ကို ၂၀၀၀ ဝန်းကျင်လောက်ရှိတယ်၊အဲဒါအပြင် တစ်ဒါဇင် ၁၆၀၀ နဲ့ ၁၇၀၀ ကြားမှာရှိတဲ့ ဗလာစာအုပ်တွေလည်း ရောင်းရပါတယ်လို့လမ်း ၃၀ မှာ ရှိတဲ့ ပန်းနုစာရေးကိရိယာအရောင်းဆိုင်မှ ပြောပါတယ်။
ကျော်စိုးလင်း
မြန်မာဓိက

(၇၇)ပြည့် ဗကသ နှစ်ပတ်လည် တွေ့ဆုံပွဲ ကျင်းပ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ ၏ (၇၇) နှစ်ပြည့် နှစ်ပတ်လည် တွေ့ဆုံပွဲ အခမ်းအနားကို (၁၀-၅-၁၃) နေ့ ၊ နေ့လည်(၁)နာရီ အချိန် ၊ ရန်ကုန်မြို့ တောင်ဥက္ကလာပရှိ စိတ်တိုင်းကျ ခမ်းမ မှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို ခေတ်အဆက်ဆက်က ဗကသ ကျောင်းသားဟောင်းကြီး များ တက်ရောက်ခဲ့ကြပြီး ဒီဘက်ခေတ် ဗကသ မျိုးဆက်သစ်များ နှင့် တွေ့ဆုံကြတဲ့ အခမ်းအနား ဖြစ်ပါတယ်။

ကာလအပိုင်းအခြား အလိုက် ကြုံတွေ ဖြတ်သန်းခဲ့ရသော ဗကသ ကျောင်းသား ဘဝ များကို ပြန်ပြောင်း ပြောပြကြရာမှာ ၁၉၅၀ ကာလအထိ ကို ဘဏ် ဦးအုန်းမောင် က ပြောကြားခဲ့ပါတယ်။
ကျွန်တော်တို့ လက်ထက်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ လို့ ခေါ်ဝေါ်နေတာကနေ ၁၉၅၁ ခု သြဂုတ်လ ၁၅ ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် လို့ ပြောင်းလဲ ဖွဲ့စည်းခဲ့တာ ပါလို့ ပြောပြပါတယ် ။

အဲဒီနောက်ပိုင်း ၁၉၆၀ ခုထိ ကာလအပိုင်းအခြားကိုတော့ နှစ်ကျွန်းပြန် ထောင်ကျခဲ့တဲ့ ကျောင်းသားကြီး ဦးဖေအောင်၊ ဦးလေးမြင့် နဲ့ ရခိုင်ကျောင်းသားကြီး ဦးသာဘမ်း တို့က ပြောပြကြပါတယ် ။

၁၉၆၀ ခုမှ ၁၉၇၀ ခု အထိ ကာလကို ၁၉၆၂ ခု ဆဲဗင်းဂျုလိုင် အရေးတော်ပုံကြီး မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဦးလှရွှေ က ပြောပြပါတယ်။ ဒီဆဲဗင်းဂျုလိုင် ဟာ သူ့အတွက် နိုင်ငံရေးအရရော သူ့ဘဝ အရရော မမေ့နိုင်တဲ့နေ့လို့ ထည့်သွင်း ပြောသွားပါတယ် ။ အဲဒီအချိန်က ဦးလှရွှေ ဟာ သူ ရဲ့ လက်ထပ်ပွဲ ရှိပေမယ့် တာဝန်တွေ ဦးစားပေးခဲ့ရပါတယ် ။ မင်္ဂလာပွဲ အတွက် ကျောင်းသားရဲဘော်တွေ ရဲ့ လက်ဖွဲ့ပစ္စည်းတွေကို မနက်မှ ယူမယ် ဆိုပြီး ကျောင်းသားသမဂ္ဂ အဆောက်အဦ ထဲ ထားခဲ့တာပါ ။ မနက် မိုးလင်းချိန်မှာ ဖြိုခွဲခံလိုက်ရသလို သူတို့လည်း အဖမ်းခံခဲ့ရပါတယ်။ တိုက်ပွဲကာလ မှာ မိမိရဲ့ စိတ်ကို တာဝန်နဲ့ လဲလှယ်ခဲ့ကြတဲ့ ဘဝ ကို ဆွေးဆွေးမြေ့မြေ့ ပြောပြသွားပါတယ်။ ဦးလှရွှေ က "ဘယ်သူမှမခိုင်းဘဲနဲ့ ကိုယ်ဖာသာကိုယ်လုပ်ခဲ့တယ်။ ကိုယ့်ဖာသာကိုယ်လုပ်တဲ့အတွက် နူတ်ထွက်ဖို့ခက်တယ်" လို့ မျိုးဆက်သစ်များကို အမှတ်တရ ပြောပါတယ် ။ဒီနောက်မှာ ၁၉၆၈-၆၉ ကျွန်းဆွယ် အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ ရခိုင်ကျောင်းသား ဦးလှစော က ဖြည့်စွတ်ပြောကြားပါတယ်။

၁၉၇၀ မှ ၈၀ ကာလ ကို ပြည်ပမှ ပြန်လည်ရောက်ရှိနေတဲ့ ABSDF ဥက္ကဌဟောင်း တစ်ဦးလည်း ဖြစ်သူ ၁၉၇၄ ခု ဦးသန့် အရေးအခင်းမှာ ပါဝင်ခဲ့သူ ကိုထွန်းအောင်ကျော် က ပြောကြားခဲ့ပါတယ်။ အဲဒီအချိန်က လက်တွဲ ခဲ့တဲ့ ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး အကြောင်း ထည့်သွင်းပြောဆိုသွားပါတယ် ။ ဆလိုင်းတင်မောင်ဦး ဟာ အာဏာရှင် စနစ်အောက် မှာ ကြိုး (သေဒဏ်) ကျခဲ့ရတဲ့ တစ်ဦးတည်းသော ၊ ပထမဆုံးသော ကျောင်းသား ဖြစ်ပြီး ၊ ခံယူချက် မပြောင်းလည်းပဲ ကြိုးစင်ပေါ် ရင်ကော့ တက်သွားတဲ့သူ လည်း ဖြစ်ပါတယ်။

ဒီနောက်မှာ ဦးလှစော နဲ့ ဦးကိုလေး (သဘင်)တို့က ဆက်လက်ပြောပြကြပါတယ်။

၁၉၈၀-၉၀ ခု အပိုင်းအခြားကို ၈၈မျိုးဆက်ကျောင်းသားများမှ ကို ကိုကိုကြီး ၊ ကိုညိုထွန်း နှင့် ကိုအောင်ထွန်း တို့က ပြောကြားခဲ့ပါတယ်။

ဦးကိုကိုကြီး က ဒီကနေ့ အပြောင်းအလဲတွေမှာ အချို့ အပိုင်းတွေ လက်တွဲ လုပ်ဆောင် နေရတဲ့ အပိုင်းအချို့ ထည့်သွင်းပြောကြားသွားပါတယ်။ အမျိုးသားရင်ကြားစေ့တယ် ဆိုတာ သူတို့ချပေးတဲ့ မူတွေ ဘောင်တွေ အတိုင်း လိုက်နာရမယ် ဆိုရင် ဒါဟာ စစ်မှန်တဲ့ ရင်ကြားစေ့ မဟုတ်သေးဘူး ၊ မိမိ ယုံကြည်ချက် ကို အခြေခံ မပြောင်းလဲပဲ ၊ နှစ်ဦးနှစ်ဘက် မျှတ တဲ့ ပေါင်းစည်း နိုင်မှု က သာလျှင် စစ်မှန်တဲ့ အမျိုးသားရင်ကြားစေ့နည်း ဖြစ်တယ် လို့ ထည့်သွင်း ပြောကြား သွားပါတယ် ။

ကျောင်းသားများကပြောကြား ပြီးနောက် တက်ရောက်လာသည့် ကျောင်းသားများနှင့် အမေးအဖြေ ကဏ္ဍကို ဆက်လက် ကျင်းပခဲ့ပါတယ် ။

၁၉၉၀-၂၀၀၀ ကာလများကို ကိုစန်းဇော်ထွေး ၊ ကိုမျိုးမင်းဇော် နှင့် မနီလာသိန်း တို့က ပြောကြားပါတယ် ။

၂၀၀၀ -၂၀၁၀ ခု ကာလများ နှင့် ၂၀၀၇ ရွှေဝါရောင် အရေးအခင်း အကြောင်းများ ကို လက်ရှိ ဗကသ ဥက္ကဌ အပါအဝင် ပါဝင်ခဲ့သည့် နန္ဒယစစ်အောင် ၊ ကျော်ကိုကို ၊ စည်သူမောင်၊ ဒီငြိမ်းလင်း ၊ အောင်ကျော်ကျော် ။ နှင့် မင်းသွေးသစ်တို့က ပြောကြားခဲ့ပါတယ် ။

ဒီအခမ်းအနား ကျောင်းသားသမဂ္ဂ များ မှ ကိုဒီငြိမ်းလင်း ၊ ကိုစည်သူမောင် တို့ အပါအဝင် ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)မှ ကိုရဲရင့်ကျော် (၈၉-၉၀-၉၁ ဗကသ)၊ မြင်းခြံခရိုင် မှ ကိုဥာဏ်မြင့်သန်း ၊ ရမည်းသင်းခရိုင် မှ ကိုအောင်ထက်နိုင် နှင့်၊ မုံရွာခရိုင် မှ ကိုသိန်းသန်းဦး တို့လည်း တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။

ဒီနေ့မှာပဲ ဟင်္သာတခရိုင် နှင့် အခြားခရိုင် အချို့မှာ လည်း တပြိုင်တည်း ကျင်းပကြတယ်လို့ ဗကသ မှ ကိုအောင်ကျော်ကျော်က ပြောကြားပါတယ်။

အခမ်အနား ကို ညနေ(၅)နာရီမှာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။
မြန်မာဓိက
သတင်းနှင့် ဓါတ်ပုံ ရဲင့်ကျော်








ဆိုင်ကလုန်းမုန်တိုင်း "One” အရေးပေါ် သတိပေးချက်

မန္တလေး၊ မေ ၁၁-၂၀၁၃
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း "၀မ်း" (One) ဟာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Severe Cyclone အဖြစ်နဲ့ မေ၊ ၁၅ ရက် နံနက် ၁း၃၀ နာရီခန့်မှာ မြန်မာနိုင်ငံ ရခိုင်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း Tropical Storm Risk (TSR) က ခန့ှ်မှန်းထားပါတယ်။
ဒီမုန်တိုင်းဟာ ၂၀၁၃ ခုနှစ်၊ မိုးကြိုကာလရဲ့ ပွဲဦးထွက်မုန်တိုင်းဖြစ်ဖွယ်ရှိပြီး ကုန်းတွင်းကို ၂၀.၀ မြောက်နဲ့ ၉၂.၈ အရှေ့အနီး (စစ်တွေမြို့အနောက်တောင်ဘက် ၁၁.၇၅ မိုင်ခန့်အကွာ)ကနေ မြန်မာနိုင်ငံတွင်း ၀င်ရောက်မယ်လို့ မှန်းပါတယ်။

လေဖိအားနည်းရပ်ဝန်းဖြစ်ကတည်းက အနီးကပ်စောင့်ကြည့် (Close Watch) အဆင့် သတ်မှတ်ခဲ့တဲ့ မိုးလေ၀သပညာရှင် ဦးထွန်းလွင် ကလည်း ဒီမုန်တိုင်းရဲ့ မြန်မာနိုင်ငံပေါ် သက်ရောက်နိုင်ခြေကိုကြည့်ပြီး (Alert) အဆင့် ပြောင်းလဲသတ်မှတ် လိုက်ပြီလို့ သူ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မုန်တိုင်းအမြင့်ဆုံးအချိန်မှာ တစ်နာရီ ၁၀၃ မိုင်နှုန်းထိ လေပြင်းများ တိုက်ခတ်နိုင်ပြီး ပင်လယ်ပြင်မှာ ၆-၈ ပေ အမြင့်ရှိတဲ့ လှိုင်းလုံးများ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမိုးလေ၀သနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကတော့ ယမန်နေ့ညနေ ၆း၃၀ နာရီအချိန် ခန့်မှန်းချက်အရ မုန်တိုင်းငယ် အ၀ါရောင်အဆင့်သာ သတ်မှတ်ထားပြီး မြန်မာနိုင်ငံကို ၀င်ရောက်ဖွယ်မရှိဘူးလို့ မှန်းထားပါတယ်။

ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်း "One" နှင့်အတူ ဂျမလာ "Jamala" အမည်ရတဲ့ မုန်တိုင်းငယ်တစ်ခုလည်း အပြိုင်ဖြစ်ပေါ်နေပြီး မုန်တိုင်းနှစ်ခု တစ်ခုနှင့်တစ်ခု တွန်းကန်ရွေ့လျားကာကာ "Jamala" တောင်ဘက်ကိုဆက်လက်ရွေ့လျားကာ အန္ဒိယ သမုဒ္ဓရာ အနောက်ပိုင်းကို ဆက်လက်ရွေ့လျားသွားဖွယ်ရှိပြီး ဆိုင်ကလုံးမုန်တိုင်း "One" က ရခိုင်ကမ်းခြေရှိရာ မြောက်ဘက်သို့ ဦးတည်ရွေ့လျားနေကြောင်း၊ ရခိုင်ပြည်နယ်ကမ်းရိုးတန်း စစ်တွေမြို့အနောက်မြောက်ဖက် ၂၂-မိုင်ခန့် အကွာ (ရည်ညွှန်း ၂၀.၀ မြောက်-၉၂.၈ အရှေ့ ) ပင်လယ်ပြင်မှာ အမြင့်ဆုံးလေတိုက်နှုံး တစ်နာရီ ၁၀၃-မိုင်အထိ တိုက်ခတ်နိုင်ကြောင်း ဒီကနေ့မနက် ၈း၂၉နာရီအချိန် လန်ဒန်အခြေစိုက် အပူပိုင်းမုန်တိုင်းစူးစမ်းလေ့လာရေးဋ္ဌာန (TropicalStorm Risk (TSR)) ကိုကိုးကားပြီး trust.org အင်တာနက် သတင်းစာမျက်နှာများမှာ ဖေါ်ပြထားပါတယ်။ အကယ်၍ မုန်တိုင်းတိုက်ခတ်စဉ် ရေပြင် မြေပြင် လေတိုက်နှုံးဟာ တစ်နာရီ ၁၂၀-ကီုလိုမီတာအထိ ရောက်ရှိခဲ့မယ်ဆိုရင် ဘင်္ဂလားဒေ့ရ်နိုင်ငံနဲ့ မြန်မာနိုင်ငံမှ လူဦးရေ ၁.၂-သန်းကျော် ထိခိုက်နိုင်ခြေရှိတာကြောင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲမှုတွေ ကြိုတင်ဆောင်ရွက်ထားသင့်ကြောင်း ဖေါ်ပြထားပါတယ်။
s.m.Aunng
မြန်မာဓိက

မောင်စိုးထက်အာကာကျော် ခွဲစိပ်ကုသရန်အတွက် အလှူရှင်များ ဖိတ်ခေါ်ခြင်း

အမည် မောင်စိုးထက်အာကာကျော်
အသက် 17 နှစ် (၃-၃-၁၉၉၆)
မသန်စွမ်းမှု့အမျိုးအစား Downsyndrone
မိဘအမည် ဦးလှညွှန့်၊ ဒေါ်ခင်သန်းဝင်း ( အိမ်ဆိုင်ဖွင့်ထားပါသည်။)
လိပ်စာ အမှတ် (၄၂၆)၊ သစ္စာလမ်း၊ စဥ့်ငူရပ်ကွက်၊ အင်းစိန်။ (၀၉၇၃၀၀၇၂၅၆)

မောင်စိုးထက်အာကာကျော်သည် ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာ ရိပ်မြုံတွင် ၂၀၀၃ ခုနှစ်မှ ယနေ့အထိ တက်ရောက် သင်ကြားနေသော ကျောင်းသားတစ်ဦးဖြစ်ပါသည်။
၎င်းကလေးတွင် မွေးရာပါနှလုံးအားနည်းပြီး နှလုံးအပေါက်ကျယ်သော
ကြောင့် ယခုအခါတွင် နှလုံးအထူးကုဆရာဝန်၏ စမ်းသပ်ချက်အရ ခွဲစိပ်ကုသရန်မဖြစ်မနေ လိုအပ်သောကြောင့် (၂၉-၅-၁၃) နေ့တွင် ခွဲစိပ်မှု့ခံယူရန်အတွက် နှလုံးခွဲစိပ်ဌါန၊ ရန်ကုန်ပြည်သူ့ဆေးရုံတွင် တက်ရောက်ရပါမည်။

ယင်းလိုအပ်သော ခွဲစိပ်မှု့ပြုလုပ်ရာတွင် လိုအပ်သောပစ္စည်းဝယ်ရန် ကျပ်သိန်း (၄၅) မှ (၅၀)ကြား ကုန်ကျမည်ဖြစ်ပြီး ဆေးရုံစရိတ် ၀န်ထမ်းစရိတ်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ကျခံပေးမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ပါဝင်ကူညီလိုသော စေတနာရှင်များအနေဖြင့် ဖော်ပြပါလိပ်စာ အတိုင်း မိသားစုနှင့် တိုက်ရိုက် ဆက်သွယ်၍လည်းကောင်း၊ ဧဒင်ရိပ်မြုံ၏ Social Worker ဖြစ်သူ ဒေါ်စန်းစန်းဝင်း ( ၀၉၃၁၀၅၆၇၂၇) မှတဆင့်သော် လည်းကောင်း ဆက်သွယ်စုံစမ်း ပါဝင်ကူညီနိုင်ပါသည်။
Eden Centre for Disabled Children (ECDC) - Myanmar
Popular Journal

အင်အားပြင်းမုန်တိုင်း မြန်မာဘက်ဦးတည်

မြန်မာနိုင်ငံ အနောက်မြောက်ဘက်ကို ဦးတည်လာနေတဲ့ ဆိုင်ကလုန်းမုန်တိုင်း။ (ဓာတ်ပုံ - NASA)
11.05.2013
“One” လို့နံမည်ပေးထားတဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတခု မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အနောက်ပိုင်းဒေသတွေကို ၀င်ရောက်နိုင်တယ်လို့ အမေရိကန် လေတပ်နဲ့ရေတပ်ပူးတွဲ မုန်တိုင်းသတိပေးဌာနက သတိပေးချက်တရပ် ထုတ်ပြန်ထားပါတယ်။ အိန္ဒိယသမုဒ္ဒရာတွင်းဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနေပြီး မြန်မာနိုင်ငံအနောက်ဘက်ဒေသကို ဦးတည်ပြီး လာမယ့်ရက်ပိုင်းအတွင်း အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ကို ပြောင်းလဲသွားနိုင်တယ်လို့ ဆိုပါတယ်။ ဆိုင်ကလုန်းမုန်းတိုင်း One သတိပေးချက်တွေနဲ့ပတ်သက်လို့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်း ပိုမို အားကောင်းလာနေပြီးတော့ ဘင်္ဂလားပင်လယ်အော် ကို ဖြတ်ပြီး၊ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ခြမ်းဒေသတွေကို အင်အားပြင်းမုန်တိုင်းတခုအဖြစ် ဒီရက်ပိုင်းအတွင်းမှာပဲ ၀င်ရောက်လာနိုင်တဲ့အကြောင်း အမေရိကန် လေတပ်နဲ့ရေတပ်ပူးတွဲ မုန်တိုင်းစောင့်ကြည့် သတိပေးဌာန (JTWC) က မိုးလေ၀သပညာရှင်တွေက သတိပေးထားတာပါ။ အဲဒီဒေသတွေကို မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ တစ်နာရီကို မိုင် ၁၀၀ ကျော်နှုန်းနဲ့၊ ဆိုင်ကလုန်း မုန်တိုင်းအဆင့် သတ်မှတ်ချက်အရတော့ အဆင့် ၂ အနေအထားနဲ့ ၀င်ရောက် တိုက်ခတ်လာနိုင်တယ်လို့ သတိပေးထားတာဖြစ်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း One လို့ နံမည်ပေးထားတဲ့ ဒီမုန်တိုင်းဟာ မေလ ၁၄ ရက်မနက်၂ နာရီဝန်းကျင်လောက်မှာ မြန်မာနိုင်ငံအနောက်ဘက်ခြမ်း ရခိုင်ကမ်းရိုးတန်း ဒေသတွေကို ဖြတ်ပြီး၊ ကုန်းတွင်းပိုင်းအထိ ဖြတ်ကျော် ၀င်ရောက်နိုင်ဖွယ် ရှိတယ်လို့ JTWC ရဲ့ မိုးလေ၀သ စောင့်ကြည့် ခန့်မှန်းချက်တွေမှာ ဖော်ပြထားပါတယ်။

လေပြင်းမုန်တိုင်းနဲ့အတူ နောက်ဆက်တွဲ မိုးအကြီးအကျယ်ရွာသွန်းမှုတွေ နဲ့ ရေကြီးရေလျှံမှုတွေလည်း ဖြစ်လာနိုင်တာကြောင့်၊ ဒေသတွင်းက အဆောက်အဦးတွေ၊ လူနေအိမ်တွေ ထိခိုက်ပျက်စီးနိုင်ပြီး လူတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတယ်အနေအထား ဖြစ်တယ်လို့လည်း ဒီ မုန်တိုင်း သတိပေးဌာနက ပြောဆိုထားပါတယ်။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း ၆ ပေထက်မနည်း လှိုင်းကြီးနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်းဒေသတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတွေ အနေနဲ့ ဒီမုန်တိုင်း သတိပေးချက်တွေကို နားစွင့်ပြီး သတိထားနေသင့်တယ်လို့ အမေရိကန် အာကာသစူးစမ်းလေ့လာရေးဌာန NASA ကလည်း သတိပေးထားပါတယ်။ NASA ရဲ့ စတလိုက်ကနေ ရိုက်ယူထားတဲ့ ပုံရိပ်တွေအရ အိန္ဒိယသမုဒ္ဒရာတွင်းမှာ လတ်တလော အားယူနေတဲ့ မုန်တိုင်းငယ်နှစ်ခု ရှိနေပြီး၊ အဲဒီအထဲကမှ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း One မြန်မာနိုင်ငံ အနောက်ဘက်ဒေသတွေကို ဦးတည်ပြီး အင်အားကောင်းလာနေတာကို သတိပေးထားပါတယ်။

မေလ ၁၀ ရက် သောကြာနေ့ မြန်မာအစိုးရ ကြေးမုံသတင်းစာမှာတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီးတော့၊ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနိုင်တဲ့ အကြောင်းနဲ့၊ မေလ ဒုတိယ ၁၀ ရက်သီတင်းပတ်အတွင်း အနောက်တောင်မုတ်သုန်လေဟာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေကို ၀င်ရောက်နိုင်တယ်လို့ ဖော်ပြထားတာ တွေ့ရပြီး၊ မုန်တိုင်း သတိပေးချက်တွေတော့ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

မြန်မာနိုင်ငံမှာ ခုလို နွေကနေ မိုးရာသီအကူး ကာလမျိုးမှာ နိုင်ငံရဲ့ အနောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မုန်တိုင်းဒဏ်ကို မကြာခဏဆိုသလို ခံရလေ့ရှိပြီး၊ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကတော့ မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံးကြုံခဲ့ရတဲ့ မုန်တိုင်းပဲ ဖြစ်ပါတယ်။ မုန်တိုင်းပြင်းအားအဆင့် ၄ သတ်မှတ်ထားတဲ့ နာဂစ်မုန်တိုင်းကြောင့် အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ လူပေါင်း ၁၄၀,၀၀၀ ကျော် သေဆုံး ဒဏ်ရာရခဲ့ပြီး လူပေါင်း ၃,၀၀၀,၀၀၀ လောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
မခင်ဖြူထွေး
VOA Burmese

စခန်း (၅) ခု စလုံးမှ RCSS တပ်များ ဆုတ်ခွာပေးခဲ့

ရှမ်းပြည် ရှေ့တန်း တနေရာမှ တပ်ဖွဲ့များ ရှမ်းပြည် ရှေ့တန်း တနေရာမှ တပ်ဖွဲ့များ (ဓါတ်ပုံ အင်တာနက်)
Friday, 10 May 2013
အစိုးရ တပ်များသည် နယ်မြေခံ လူထုများ ကိုပါ ပစ်ခတ် တိုက်ခိုက် ခဲ့မှုကြောင့်  ရှမ်းပြည် မြောက်ပိုင်း နမ်းခမ်းမြို့နယ် နောင်မ ကျေးရွာ အုပ်စု ရှိ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တပ်ဖွဲ့ များသည် ၄င်းတို့ စခန်းများမှ ဆုတ်ခွာ ပေးခဲ့သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။

“ မနေ့ ညနေပိုင်း (၃) နာရီ ကတည်းက ဆုတ်ခွာ ပေးလိုက်တယ်။ စခန်း (၅) ခု စလုံးပါ။ သူတို့က ကျေးရွာတွေ ထဲကိုပါ လက်နက်ကြီးနဲ့ ပစ်သွင်းတယ်လေ၊ ကျနော်တို့ စခန်း ကလည်း ကျေးရွာ အနီးအနားမှာဘဲ ဆိုတော့ လူထုကို ငဲ့ညှာ ရတာပေါ့။ အဲဒါနဲ့ဘဲ ဆုတ်လိုက်ရတာပါ။ အင်အား မမျှတာလည်း ပါတာပေါ့။ လက်နက်ကြီး သံတွေ ကတော့ ညနေ (၅) နာရီ အထိပါဘဲ ကြားနေရတယ်။” ဟုဆို ပါသည်။

ရှမ်းပြည် မြောက်ပိုင်းရှိ RCSS စခန်းသည်၊ မူဆယ်ခရိုင် နောင်မ ကျေးရွာ အုပ်စုတွင် အခြေချ ခဲ့ပြီး ယင်းကျေးရွာ အုပ်စု၌ကျေးရွာပေါင်း (၁၉) ရွာခန့် ရှိပါသည်။

RCSS သည်  ၄င်းတို့ စခန်းများ ဤနေရာတွင် ရှိနေကြောင်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကတည်းက ရှမ်းပြည်နယ် နယ်စပ် ရေးရာ လုံ ခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူအား အသိပေး ခဲ့သည့် အပြင် စခန်းသို့လည်း ၄င်းတို့ လာရောက်လေ့ လာခဲ့ပြီး ဖြစ်ပါ သည်။

အစိုးရ တပ်ဖွဲ့ များကမူ ဤစခန်းများသည် သတ်မှတ် နယ်မြေထက် (၁၀) မိုင်ကျော် လွန်လာသဖြင့် တိုက်ခိုက် ရခြင်းဖြစ်ကြောင်း အကြောင်းပြ ခဲ့ပါသည်။ သို့သော် ကျော်လွန် လာခြင်း မဟုတ်ဘဲ နဂို ကတည်းက ဆုတ်ပေးရန် အစိုးရက တောင်းဆို ထားသည့် နေရာဖြစ်သည်ဟု ပြောခွင့်ရသူက ဆိုပါသည်။

ဤသို့ကြောင့် တိုက်ပွဲ ကိစ္စနှင့် ပါတ်သက်ပြီး ငြိမ်းချမ်းရေး အဖွဲ့ကို တိုင်ကြားတော့မည် မဟုတ်ကြောင်း၊ ဤစီမံချက်သည် အစကတည်းက တည်ရှိနေသည့် စီမံချက် ဖြစ်သောကြောင့် ဖြစ်သည်။ ဤကဲ့သို့ ဆုတ်ခွာပေး ခဲ့ရသော်လည်း RCSS သည် ရှမ်းပြည် တောင်ပိုင်း ဒေသသို့ ပြန်မည် မဟုတ်ဟု ဆိုပါသည်။

အစိုးရ တပ်ဖွဲ့ များသည် တိုက်ပွဲ အတွင်း မဆီမဆိုင်သော ကျေးရွာ များထဲသို့ လက်နက်ကြီးများ ပစ်သွင်း ခဲ့သဖြင့် ထောင်နှင့် ချီသော လူထုများ နမ့်ခမ်းနှင့် မူဆယ်မြို့ပေါ်သို့ ထောင်နှင့် ချီပြီး ထွက်ပြေး ခဲ့ကြ ရပါသည်။

အစိုးရ တပ်များသည် တိုက်ပွဲ ဖြစ်ပွား ခဲ့သော နေရာမှ မလှမ်းမကမ်းရှိ ကျေးရွာ များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တိုက်ပွဲချိန်၌ တွေ့ရှိသော အရပ်သားများကို ပစ်ခတ်ခြင်း၊ အကယ်၍ တိုက်ပွဲတွင် ထိခိုက် ကျဆုံးမှု များပါက ကျေးရွာကို မီးရှို့ခြင်း၊ မုဒိန်းမှု နှင့် လူသတ်မှုများပါ လုပ်လေ့ ရှိခဲ့ကြောင်း စစ်ရေး လေ့လာ သူများက ဆိုပါသည်။
ရွှေဟင်္သာသတင်းဌာန

အိန္ဒိယဘုရင်ရုပ်ကြွင်း ရန်ကုန်တွင်ဆက်ထားမည်

ရန်ကုန်၊ မေ ၉
ရန်ကုန်မြို့တော်တွင် ရှိသည့် အိန္ဒိယနိုင်ငံ မဂိုအင်ပါယာ၏ နောက်ဆုံးဘုရင်ဖြစ်သော ဘဟာဒူး ရှားဇဘား၏ ရုပ်ကြွင်းကို အိန္ဒိယနိုင်ငံသို့ ပြန်လည် သယ်ဆောင်မည် မဟုတ်ဘဲ မြန်မာနိုင်ငံတွင် သာ ဆက်လက်ထားရှိ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယသံအမတ်ကြီး H.E. Mr. Sailas Thangal က The Voice သို့ ပြောကြားသည်။

အိန္ဒိယအခြေစိုက် သတင်းမီဒီယာများတွင် ပျံ့နှံ့နေသော အိန္ဒိယနိုင်ငံရေး ပါတီများက မြန်မာနိုင်ငံတွင် ရှိသော အိန္ဒိယ ဘုရင်၏ရုပ်ကြွင်းကို ပြန်လည် တောင်းဆိုသွားမည်ဟု သတင်းများ ထွက်ပေါ်နေမှုကို ၄င်းက ယင်းသို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

ယင်းရုပ်ကြွင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်နှင့် ယဉ်ကျေးမှုအမွေအနှစ် ဖြစ်ကြောင်း၊ ယင်းအပြင် နှစ်ပေါင်း ၁၀၀ ကျော်ကြာ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကို အင်္ဂလိပ်အစိုးရက ကိုလိုနီပြုခဲ့သည်ကို ထင်ဟပ်စေသည့် အမှတ်အသားလည်း ဖြစ်ကြောင်း၊ ယင်းကြောင့် အိန္ဒိယအစိုးရ အနေနှင့် မြန်မာနိုင်ငံမှ အိန္ဒိယဘုရင် ရုပ်ကြွင်းကို ပြန်လည်သယ်ဆောင်ရန် အစီအစဉ် လုံးဝမရှိကြောင်း ၄င်းက ထုတ်ဖော် ပြောကြားသည်။

အိန္ဒိယနိုင်ငံကလည်း မြန်မာဘုရင် သီပေါမင်း၏ ရုပ်ကြွင်းကို နှစ်နိုင်ငံချစ်ကြည်ရေး အမွေအနှစ် တစ်ခုအဖြစ် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

အိန္ဒိယနိုင်ငံ၏ အင်အားကြီး ပါတီတစ်ခုဖြစ်သော BJP ပါတီ ခေါင်းဆောင် Sushma Swaraf က အိန္ဒိယနိုင်ငံကို ကိုလိုနီလက်အောက် သို့ မရောက်အောင် တိုက်ပွဲဝင် ခဲ့သော အိန္ဒိယနိုင်ငံ၏ နောက်ဆုံး ဘုရင်ရုပ်ကြွင်းကို ပြန်လည်သယ်ဆောင်၍ သင်္ဂြိုဟ်ခြင်းသည် နိုင်ငံသားများက ပေးဆပ်သော အကောင်းဆုံး ဂုဏ်ပြုမှုဖြစ်သည်ဟု ပြောကြားကြောင်း အိန္ဒိယသတင်း မီဒီယာများတွင် ဖော်ပြလျက် ရှိသည်။

အိန္ဒိယနိုင်ငံကို ၁၈၅၇ ခုနှစ် မေလ ၁၁ ရက်နေ့တွင် အင်္ဂလိပ်အစိုးရက သိမ်းပိုက်ခဲ့ပြီး အိန္ဒိယနိုင်ငံ မဂိုအင်ပါယာ၏ နောက်ဆုံးဘုရင်ဖြစ်သော ဘဟာဒူးရှားဇဘား ကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်လာခဲ့ ခြင်းဖြစ်သည်။

ယင်းအထိမ်းအမှတ် နေ့တွင် အိန္ဒိယနိုင်ငံရှိ ပါတီအချို့ စုပေါင်းကာ ဆုတောင်း ပွဲများ တစ်နေကုန်ပြုလုပ်၍ အစိုးရထံ ရုပ်ကြွင်းပြန်လည် တောင်းဆိုရန် အဆိုပြု မည်ဖြစ်ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

အိန္ဒိယဘုရင် ဘဟာဒူးရှားဇဘားသည် မြန်မာနိုင်ငံ ရန်ကုန်မြို့တော်သို့ အင်္ဂလိပ် အစိုးရက ခေါ်ဆောင်လာခဲ့၍ နေထိုင်လာခဲ့ရာမှ ၁၈၆၂ ခုနှစ် (အသက် ၈၇ နှစ်) တွင် ရန်ကုန်မြို့၌ပင် ကွယ်လွန်ခဲ့ပြီး အမှတ် ၆ ဇီဝကလမ်း၊ ရွှေတိဂုံဘုရားလမ်း အနီးတွင် ၄င်း၏ ရုပ်ကလာပ်ကို မြှုပ်နှံသင်္ဂြိုဟ်၍ အထိမ်းအမှတ်ဗိမာန် တည်ဆောက်ခဲ့သည်။

အလားတူပင် မြန်မာဘုရင် သီပေါမင်း၏ အရိုးအိုးကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ရန် ၂၀၁၂ ခုနှစ် ဇူလိုင်လ ကုန်ပိုင်းက အမျိုးသားလွှတ်တော်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးသန်းဆွေက အဆိုတင်သွင်းခဲ့ပြီး ၄င်းကိုယ်တိုင်ပင် ရုပ်သိမ်းခဲ့သည်။
The Voice Weekly

ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာနှင့် ဆက်စပ်အတွေးများ


စိန်ခေါ်ချက်များမှ - အခွင့်အလမ်း
သပွတ်အူကြားမှ - မင်္ဂလာလမ်း
ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာနှင့် ဆက်စပ်အတွေးများ

ခြေဆင်း

“စိန်ခေါ်ချက်များနှင့်အတူ အခွင့်အလမ်းတွေ ကပ်ပါလာတတ်သည်” ဆိုသော ဆိုရိုးကို လက်ပံတောင်း အစီရင်ခံစာနှင့် ရခိုင်အစီရင်ခံစာ တို့ကို ဖတ်ရတော့မှ ပိုနားလည် သဘောပေါက်လာရသလို ရှိသည်။ ပြောရရင် လက်ပံတောင်းကိစ္စရော ရခိုင်အရေး သည်ပါ နုနယ်သော ဒီမိုကရေစီ အတွက် မသေးလှသော စိန်ခေါ်ချက်များ ဖြစ်ပါသည်။ ပြည်တွင်းသာမက ပြည်ပနှင့်ပါ ဆက်စပ်နေသည်ဖြစ်၍ အပြန့်ကျယ်လှသလို သမိုင်းဇာစ်မြစ် များနှင့်ပါ ပတ်သက်နေသည်ဖြစ်၍ နက်ရှိုင်းလှသည်။ ထို့ထက် အစွဲအလမ်းများ၊ အကျိုးစီးပွားများ၊ ရည်မှန်းချက်များလည်း လိမ်ယှက်လျက် ရှိနေရာ သပွက်အူတမျှ ရှုပ်ထွေးလှသည်။

ဤမျှကျယ်ပြန့်၊ နက်ရှိုင်း၊ ရှုပ်ထွေးလှသော “အမယ်ဘုတ်ချည်ငင်” ကြီးများကို ပေးသမျှ အခြေအနေတွင် အမျှတဆုံး ချဉ်းကပ်၍ အကောင်းဆုံး အကြံပြုခဲ့ကြသည့် ကော်မရှင်နှစ်ရပ်လုံးကို မချီးကျူးဘဲ မနေနိုင်ပါ။ ယခု အချိန်ထိ စာရေးသူတို့ နိုင်ငံတွင် အားနည်းပါးလျဆဲ “ဒီမိုကရက်တစ်
စဉ်းစားနည်း” များအတွက် အစပြုချက် ဖြစ်လေမည်လား တွေးမိသည်။ နောင် အနာဂတ် “ဒီမိုကရက်တစ်ယဉ်ကျေးမှု” အတွက် အခွင့်အလမ်းကောင်း ဖြစ်လေမည်လား၊ မျှော်လင့်မိသည်။
မင်္ဂလာပါ၊ လက်ပံတောင်းကော်မရှင်၊
ထပ်ဆင့်မင်္ဂလာပါ ရခိုင်ကော်မရှင်။

သဘာဝမတူ ချဉ်းကပ်ပုံမတူ

အမှန်စင်စစ် လက်ပံတောင်းကိစ္စနှင့် ရခိုင်အရေးမှာ သဘောသဘာဝချင်း တူကြသည် မဟုတ်ပါ။ သို့နှင့်အမျှ ချဉ်းကပ်ပုံချင်းလည်း မတူနိုင်ပေ။ တူလို့ မဖြစ်ပါချေ။

လက်ပံတောင်းကိစ္စမှာ အပြိုင်ဖြစ်နေသော အကျိုးစီးပွားများ၏ ပဋိပက္ခသဘော ဖြစ်သည်။ တစ်ဖက်တွင် စီးပွားရေးကုမ္ပဏီ နှစ်ခု (ဝမ်ပေါင်နှင့် ဦးပိုင်) ရှိ၍ ကျန်တစ်ဖက်တွင် ဒေသခံလူထုရှိသည်။ တစ်ပြိုင်နက်တည်း မှာပင် တိုင်းပြည်စီးပွားရေး တိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုတို့ကို ချိန်ညှိဖို့ကလည်း ရှိနေသည်။ နောက်ထပ်ထည့်သွင်း စဉ်းစားစရာ တစ်ခုမှာ နိုင်ငံတကာဆက်ဆံရေး၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံ တစ်ခုနှင့် ဆက်ဆံရေး။ ဤတွင် ကော်မရှင်က ခေတ်သစ်ဂိမ်းသီအိုရီဖြင့် ပြဿနာကို အဖြေထုတ်ပေးလိုက်သည်။ “ရှဥ့်လည်းလျှောက်သာ၊ ပျားလည်း စွဲသာ”။

ရခိုင်ကိစ္စကား လက်ပံတောင်းနှင့် မတူ။ ပို၍ အပြန့်ကျယ်သလို ပို၍ နက်ရှိုင်းသည်။ ပို၍ရှုပ်ထွေးသည့် သဘောလည်းရှိသည်။ လက်ပံတောင်းမှာလို အကျိုးစီးပွားချင်း ပဋိပက္ခသက်သက်မျှ မဟုတ်။ ပြောရလျှင် ရခိုင်ပြည် နယ်တွင် ဖြစ်ပျက်သွားသော ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်များမှာ ပဋိပက္ခ အသွင် ဆောင်ခဲ့ရသော အသိုင်းအဝိုင်း နှစ်ခုလုံးအတွက် ဘာတစ်ခုမှ အကျိုးမရှိ။ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးခဲ့ရရုံမျှမက ပူလောင်သော ဒေါသအာဃာတ တွေသာ ကျန်ရစ်ခဲ့သည်။ မည်သည့်အသိုင်းအဝိုင်း၏ အကျိုးစီးပွား မှမပါ။ အကျိုးပျက်ရာသာ ဖြစ်သည်။ ပွဲလန့် ဖျာခင်းလိုသူ အကြံသမားများ၏ အကျိုးစီးပွားမျှသာ ဖြစ်သည်။

ထို့ထက် ရခိုင်အရေးမှာ သမိုင်းဇာစ်မြစ်များနှင့် ဆိုင်သလို ပထဝီနိုင်ငံရေး နှင့်လည်း ပတ်သက်နေသည်။ မွန်မြတ်သော ဘာသာတရားကြီး နှစ်ခုကို ရည်ရွယ်ချက်ရှိရှိ ထိပ်တိုက် တွေ့စေခဲ့သော နိုင်ငံရေး ပရိယာယ်တွေလည်း ရှိနေပြန်သည်။ ပြီးတော့ ၂၁ ရာစု ခေတ်ရေစီးကို သမိုင်းဦး “သီယိုကရေစီ” (Theocracy) ဖြင့် ခုခံဆန့်ကျင်ဖို့ ကြိုးပမ်းနေသော စစ်အေးလွန် နိုင်ငံတကာ နောက်ခံအခင်းအကျဉ်း။ ဤသို့သော သပွတ်အူ ဇာတ်ရှုပ်ကြီးကို ကော်မရှင်က ချဉ်းကပ်မှု နှစ်မျိုးဖြင့် ကိုင်တွယ်လိုက်သည်ဟု နားလည်ရပါသည်။ “လူ့အခွင့်အရေး ချဉ်းကပ်မှု” (Human Rights Approach) နှင့် “အမျိုးသား အမှတ်အသား သရုပ်ဆိုင်ရာ ချဉ်းကပ်မှု” (National Identity Approach)

လူမျိုး၊ အသားအရောင်၊ ကိုးကွယ်သည့်ဘာသာ ဘယ်လိုပင်မတူ ခြားနားသည်ဖြစ်စေ၊ လူသည် လူပင်ဖြစ်ရာ “လူ့အခွင့်အရေး” ကို ပစ်ပယ်လို့ မရ။ တစ်ပြိုင်နက်တည်း မှာပင် “အမျိုးသားနိုင်ငံများ” အဖြစ် စုစည်းနေထိုင် ကြသော ပကတိအရှိ ကိုလည်း ဥပေက္ခာပြုလို့ မဖြစ်ပြန်ရာ။ “အမျိုးသား အမှတ်အသားသရုပ်” ကိုလည်း သိမှတ်လက်ခံ ကြရမည်သာဖြစ်ပါသည်။ ကော်မရှင်၏ ချဉ်းကပ်ပုံတွင် ဤသဘောနှစ်မျိုးလုံးနှင့် မလွတ်၍ ကျေနပ်မိသည်။

သမိုင်းဇာစ်မြစ်နှင့် ပထဝီနိုင်ငံရေး

ဆိုခဲ့ပြီးသည့်အတိုင်း ရခိုင်အရေးမှာ သမိုင်းဇာစ်မြစ်များနှင့် ဆိုင်သလို ပထဝီနိုင်ငံရေး နှင့်လည်း ဆက်စပ်နေသည်။ သမိုင်းဇာစ်မြစ် ဆိုရာတွင် ဟိုးရှေး အတီတေ၊ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းနေထိုင်မှု များနှင့် ဆိုင်သလို ကိုလိုနီစနစ်၏ ဆိုးမွေများမှာလည်း အရေးကြီးသည့် အခန်းမှ ပါဝင်နေသည်။ ထို့နောက် ဒုတိယကမ္ဘာစစ်၊ လွတ်လပ်ရေး ခေတ်ဦး စစ်ပွဲများ၊ အိုင်ဒီအိုလိုဂျီ အရှုပ်အထွေးများ၊ ပြည်တွင်းစစ်များ ...။ ပြီး လူဦးရေ တိုးပွားမှု အမြင့်ဆုံး နိုင်ငံတစ်ခုနှင့် ထိစပ်နေရာမှ အကြောင်းခံ ထွက်ပေါ်လာသော ပထဝီနိုင်ငံရေး ပြဿနာအချို့ ...။ ဤဖြစ်စဉ် ဖြစ်ရပ်များကို ကော်မရှင် အစီရင်ခံစာက တူးဆွ ဖော်ထုတ်ထားသည်ကို တွေ့ရသည်။

စာရေးသူအနေနှင့်မူ အမေရိကန်ပြည်ထောင်စု အပါအဝင် ယနေ့ ကမ္ဘာ့ထိပ်သီး နိုင်ငံများပင် စိုးရိမ်မကင်းဖြစ်နေကြရသော ပထဝီနိုင်ငံရေး ပြဿနာတစ်ခုနှင့် ဆက်စပ်စဉ်းစား နေမိသည်။ Border Land ကိစ္စဖြစ်ပါ သည်။ Border Land မှာ အိမ်နီးချင်းနိုင်ငံ နှစ်ခုကြားရှိသည့် နယ်မြေဖြစ်သည့်တိုင် သာမန် “နယ်စပ်ဒေသ” နှင့်မတူပါ။ သို့အတွက် “ထိစပ်နယ်မြေ” သို့မဟုတ် “နှစ်ဖက်ခွနယ်မြေ” စသဖြင့် ဘာသာပြန်လျှင် သင့်မည်လား စဉ်းစားမိသည်။

ခေတ်ပြိုင်အနာဂတ္တိ ဆရာတစ်ဦးဖြစ်သူ ဂျော့ဖရိုင်းမင်းက အဆိုပါ ထိစပ်နယ်မြေ များ၏ သဘောသဘာဝများကို ယခုလို ဖွင့်ဆိုဖူးသည်။ ထိစပ် နယ်မြေများမှာ
၁၊ ပိုင်ဆိုင်မှု အကြိမ်ကြိမ်အပြောင်းအလဲ ရှိသည့် ဒေသများ ဖြစ်သည်။
၂၊ သို့နှင့်အမျှ လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဓလေ့ မျိုးစုံ ရောယှက်နေတတ်သလို “အမျိုးသားရေးသစ္စာခံမှု” (National Loyality) အမျိုးမျိုးရှိသော လူများလည်း ရှိနေတတ်သည်။
၃၊ နိုင်ငံတစ်နိုင်ငံမှ အခြား နိုင်ငံတစ်ခုခုသို့ သမားရိုးကျ ရွှေ့ပြောင်းနေထိုင်မှု (Commentional Immigration) နှင့် ထိစပ်နယ်မြေ အတွင်း လူရွှေ့ပြောင်း နေထိုင်မှုမှာ သဘောသဘာဝချင်း မတူ။ သာမန်ရွှေ့ပြောင်း နေထိုင်သူများမှာ အမိမြေကို အပြီးတိုင် ကျောခိုင်းပြီး နယ်မြေသစ်တွင် ဒေသခံများနှင့် သဟဇာတဖြစ်အောင် နေလေ့ရှိသည်။ ထိစပ်နယ်မြေ အတွင်း ရောက်ရှိလာကြသူ များမှာ အမိမြေနှင့် အပြီးအပြတ် ဖြစ်သွားသည်မဟုတ်။ အမိမြေနှင့် မူလအသိုင်း အဝိုင်းကို ဒေသသစ်တွင် ဆွဲဆန့်လိုက်သည့် သဘောပင် ရှိသည်။
၎၊ သို့နှင့်အမျှ ဒေသတွင်း တင်းမာမှုများ ပေါ်ထွက်လာနိုင်သလို အဆင်မသင့်လျှင် “ပထဝီနိုင်ငံရေး အန္တရာယ်လမ်းကြောင်း” များပင် ဖြစ်သွားနိုင်သည်။

သမိုင်းကို ပြန်ကြည့်လိုက်သောအခါ ဖရိုင်းမင်း၏ ဖွင့်ဆိုချက်မှာ မှန်လောက်စရာ ရှိမည်ထင်သည်။ ဥပမာ-ပြင်သစ်နှင့် ဂျာမနီကြားရှိ “အဲလ်ဆက်နှင့် လော်ရိန်း” ထိစပ်နယ်မြေ အငြင်းပွားမှုမှ ဒုတိယကမ္ဘာစစ်ကြီး အထိ ဦးတည်သွားခဲ့ဖူးသည်။ ဒုတိယကမ္ဘာစစ် အပြီးတွင်လည်း အိန္ဒိယနှင့် ပါကစ္စတန်ကြားရှိ “ကက်ရှမီးယား” ထိစပ် နယ်မြေ ပြဿနာကြောင့် နှစ်နိုင်ငံ စစ်ဖြစ်ခဲ့ရသည်။ မနေ့တစ်နေ့ကမှ စစ်တလင်းဖြစ်ခဲ့ရသော “ကိုဆိုဗို” ဒေသဆိုလျှင်လည်း ဆားဗီးယားနှင့် အယ်လ်ဘေးနီးယား ကြားရှိ ထိစပ်နယ်မြေပင် ဖြစ်သည်။ ပြောရလျှင် ယနေ့ထက်တိုင် မီးခိုးအူနေ ဆဲဖြစ်သော ယူကေနှင့် အိုင်ယာလန်ကြားမှ “မြောက်ပိုင်း အိုင်ယာလန်”၊ ယူအက်စ်နှင့် မက္ကစီနယ်စပ် တစ်လျှောက်တို့မှာ အချိန်မရွေး ပေါက်ကွဲနိုင်သော ထိပ်စပ်နယ်မြေ များပင် ဖြစ်သည်။

စာရေးသူက ဘူးသီးတောင် မောင်တောဒေသမှာ ဖရိုင်းမင်း ဖွင့်ဆိုပြသော ဆိုခဲ့ပါ ထိစပ်နယ်မြေ သဘောသဘာဝတွေ အပြည့်ရှိလိမ့်မည် ထင်သည်။ သို့အတွက် ယနေ့ အမေရိကန်ပြည်ထောင်စု အနေနှင့် "ဟစ်စ်ပန်နစ်စိန်ခေါ်ချက်” ကို ဘယ်လိုပေါ်လစီ ခင်း၍ တုံ့ပြန်နေသည်ကို စိတ်ဝင်စားသည်။ စာရေးသူကြားရ ဖတ်ရသလောက် နယ်စပ်လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ကိုင်သည်။ (ဤအချက်ကိုတော့ ကော်မရှင်ကလည်း အကြံပြုထားသည်။) နောက်တစ်ဖက်မှ ကူးလာသူများကို ထိပ်စပ်နယ်မြေမှာ စုမထား၊ နိုင်ငံအနှံ့ ခွဲဖြန့်ပစ်သည်။ မြန်မာနိုင်ငံတွင် ဤနည်းနှင့် အလုပ် ဖြစ် မဖြစ် စဉ်းစားဖို့ လိုပါလိမ့်မည်။ ထိစပ်နယ်မြေ ပြဿနာကိုလည်း ထဲထဲဝင်ဝင် သုတေသန လုပ်စေချင်သည်။

လူသား၊ နိုင်ငံသား၊ တိုင်းရင်းသား

“စကားနောက် တရားပါ” ဆိုသလိုပင် စကားလုံးများ၏ နောက်ကွယ်တွင် သဘောထားများ၊ ရည်မှန်းချက်များ ရှိတတ်ကြပါသည်။ ယခု ရခိုင်အရေး တွင်လည်း စကားလုံး ပြဿနာက အတော်လေး ရှေ့ရောက်နေသည်။ အကဲဆတ်သည်။ သူ့အကြောင်းနှင့် သူဖြစ်ပါလိမ့်မည်။ နိုင်ငံတကာ မီဒီယာ အချို့နှင့် နိုင်ငံအချို့က ပဋိပက္ခအသွင် ဆောင်နေသော အသိုင်းအဝိုင်း တစ်ခုကို “ရိုဟင်ဂျာ” ဟု စွဲစွဲမြဲမြဲသုံးသည်။ ဤအတိုင်း သုံးစွဲရမည်ဟု ဖိအားပေးကြ သည်များပင် ရှိသည်။ အမည်နာမ နောက်ကွယ်မှ ငုတ်နေသော အကြံအစည်များကို တွက်ဆမိသူ များက လက်မခံနိုင်ကြပါ။ မြန်မာအစိုးရ ကိုယ်တိုင်ကလည်း လက်မခံပါ။ ဤသည်မှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ ပိုင်ခွင့်ပင် ဖြစ်သည်။

မြန်မာအစိုးရရော၊ ကော်မရှင်ကပါ “ဘင်္ဂါလီ” ဟူ၍သာ သုံးပါသည်။ စာရေးသူ တက်ဖူးသော နေပြည်တော်တွင် ကျင်းပသည့် ရခိုင်အရေး အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုတွင် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက အဆိုပါ “ဘင်္ဂါလီဆိုတော့ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်နဲ့ ပတ်သက်နေလို့ပါ” ဟု သူက အကြောင်းပြသည်။ ပတ်သက်ဆက်စပ်မှု ရှိ မရှိ အများသိဖြစ်သည့်တိုင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ ဆန္ဒဖြစ်နေ၍ သံခင်းတမန်ခင်း အရ လေးစားသင့်သည် ထင်ပါသည်။ ဤအကြောင်းကြောင့်လားမသိ။ သမ္မတကြီး ဦးသိန်းစိန်ကမူ (ယခုအချိန်ထိ) သူ၏နောက်ဆုံး မိန့်ခွန်းတွင် “ရခိုင်ပြည်နယ် အတွင်းမှာ မူလကရောက်ရှိနေကြတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သူများ” ဟု သုံးနှုန်းပြောဆိုသွားသည်။

ပွင့်ပွင့်လင်းလင်းဆိုရလျှင် စာရေးသူဘဝင် မကျလှပါ။ မြန်မာပြည် တစ်နံတစ်လျား ရှိနေကြသော အစ္စလာမ်ဘာသာဝင်များ စိတ်အနှောင့်အယှက် မဖြစ်စေချင်သောကြောင့် ဖြစ်သည်။ စာရေးသူ အလိုကျပြောရလျှင် “ရခိုင်ပြည်နယ်ရောက် နိုင်ငံမဲ့များ” ဟူ၍သာ ဆိုချင်သည်။
နိုင်ငံမဲ့ဖြစ်စေ၊ နိုင်ငံသားဖြစ်စေ လူသားတစ်ယောက်သာ ဖြစ်ရာ၊ လူ့အခွင့်အရေး ရှုထောင့်မှ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးရမည်သာ ဖြစ်ပါသည်။ ကော်မရှင်အစီရင်ခံစာ ကလည်း ဤအတိုင်းပင် အကြံပြုထားသည်။ နိုင်ငံတော်သမ္မတ ကိုယ်တိုင်ကလည်း ဤအတိုင်း ဆောင်ရွက်မည်ဟု အတိအလင်း ထုတ်ဖော်ပြောဆိုပြီး ဖြစ်သည်။ နိုင်ငံတကာမှ ဝိုင်းဝန်း ကူညီကြဖို့လည်း တာဝန်ရှိပါသည်။ အဆိုပါနိုင်ငံမဲ့ များထဲမှ နိုင်ငံသား ဖြစ်သင့်ဖြစ်ထိုက်သူ များကိုလည်း ဥပဒေနှင့်အညီ စိစစ်၍ နိုင်ငံသားအဖြစ် အသိအမှတ် ပြုရပါလိမ့်မည်။ နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးရ ပါလိမ့်မည်။ ဤအချက်ကိုလည်း ကော်မရှင်က အကြံပြုပြီး ဖြစ်သည်။ ဤနေရာတွင် ၁၉၈၂ နိုင်ငံသားဥပဒေကို ဝေဖန်ကြသည်များလည်း ရှိသည်။
ဒီမိုကရေစီစနစ်တွင် မကြိုက်ခွင့်၊ ဝေဖန်ခွင့်ရှိပါသည်။ သဘောထား ကွဲလွဲခွင့် ရှိပါသည်။ သို့တစေ ဒီမိုကရက်တစ် လုပ်ထုံးလုပ်နည်းများဖြင့် ကွဲလွဲကြဖို့ လိုပါလိမ့်မည်။ ၁၉၈၂ ဥပဒေမှာ တည်ဆဲတရားဝင် ဥပဒေဖြစ်ရာ၊ ကိုယ်မကြိုက်တိုင်း ပြင်ချင်သလို ပြင်လို့မရပါ။ ဒီမိုကရက်တစ် လွှတ်တော်သို့တင်ပြီး လွှတ်တော်မှ တစ်ဆင့်သာ ပြင်လိုရသည်ကို အများသိပြီးဖြစ်ပါသည်။

နိုင်ငံသားအခွင့်အရေးကို ကျော်၍ “ရိုဟင်ဂျာမှာ တိုင်းရင်းသား လူမျိုးစုတစ်ခု ဖြစ်သည်။ လူမျိုးစု အခွင့်အရေး ပေးပါ” ဆိုလျှင်ကား မီးခိုး မဆုံး၊ မိုးမဆုံး ငြင်းကြဖို့သာ ရှိတော့သည်။ ဤကိစ္စနှင့်ပတ်သက်လျှင် ရခိုင် အပါအဝင် မြန်မာ တိုင်းရင်းသားများ၊ မြန်မာပညာရှင်များ ဘက်မှလည်း ပြောစရာတွေ အပြည့် ရှိပါလိမ့်မည်။ နိုင်ငံတကာ မီဒီယာအားကိုးဖြင့် တစ်ဖက်သတ် ကျားကန် ပြောလို့မဖြစ်။ လက်ရှိ မြန်မာနိုင်ငံမှ ထုတ်ပြန်ထားသော လူမျိုးစုစာရင်းတွင် ရိုဟင်ဂျာ မပါချေ။ ဤအချက်ကို ငြင်းခုံနိုင်ပါသည်။ ငြင်းခွင့်ရှိပါသည်။ သို့တစေ အမိန့်ပေးခွင့်တော့ မရှိ။ ဇွတ်အမိန့်ပေးလျှင် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု၏ ပိုင်ခွင့်ကို ချိုးဖောက်ရာရောက်၍ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် ညီ မညီ စဉ်းစားကြဖို့ရှိသည်။

စာရေးသူအမြင်ကို ပြောရလျှင် အမုန်းမီးပွားများဖြင့် ပူလောင် တင်းမာနေကြသော အသိုင်းအဝိုင်း နှစ်ခုကြား ပြန်လည်ရင်ကြားစေ့နိုင်ဖို့ မနည်း ကြိုးပမ်းနေကြရသော ယခုလို အချိန်မျိုးတွင် “ရိုဟင်ဂျာ” ပြဿနာ ရှေ့တင်လာသည်ကိုက စဉ်းစားစရာ ဖြစ်နေသည်။ ပြေလည်ရေးလော ...၊ အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်ရေးလော ...။

စစ်အေးလွန် ဆက်စပ်အခြေအနေ

စစ်အေးတိုက်ပွဲ ဆုံးခန်းတိုင်သွားသောအခါ ကမ္ဘာကြီးမှာ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးသို့ ဦးတည် သွားလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့တိုင်အောင် မျှော်လင့်သလိုကား မဖြစ် “အစွန်းရောက် အကြမ်းဖက်ဝါဒ” ဆိုတာ နောက်ထပ်အန္တရာယ် အရိပ်မည်းကြီးနှင့် ရင်ဆိုင် လိုက်ရပြန်သည်။ ပို၍ ဆိုးသည်မှာ အဆိုပါ အရိပ်မည်းကြီးအနေနှင့် မြင့်မြတ်သော ဘာသာတရားကြီး တစ်ခုကို ရည်ရွယ်ချက်ရှိရှိ အသုံးချလာခြင်းပင် ဖြစ်သည်။ သို့အတွက် နိုင်ငံတကာ ဒီမိုကရေစီ အင်အားစုများနှင့် သဘောထား ပျော့ပျောင်းသော အစ္စလာမ်မစ်နိုင်ငံများ လက်တွဲ၍ အကြမ်းဖက်ဝါဒ အန္တရာယ်ကို ကာကွယ်ကြရပြန်သည်။ ယခုအခါဆိုခဲ့ပါ နိုင်ငံတကာ အကြမ်းဖက်မှုမှာ စစ်အေးပြီးခါစ ကလောက် အားကောင်းမောင်းသန် မရှိတော့သော်လည်း အဓိကဖွံ့ဖြိုးပြီး နိုင်ငံကြီးများကို ဦးတည် မတိုက်နိုင်တော့ သော်လည်း လုံးဝ ကျဆုံးသွားပြီဟူ၍ကား မဆိုနိုင်ပါချေ။ ပစ်မှတ်ပြောင်းသွားခြင်း မျှသာ ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် အစိုးရနှင့် လူထုကြား ယုံကြည်မှု ပျောက်နေသော နိုင်ငံများကို အဓိကချိန်ရွယ်ချက်ထားကာ စွက်ဖက်လာ ကြသည်။

ပြောရလျှင် စာရေးသူ အထူးစိုးရိမ်မကင်း ဖြစ်မိသည်မှာ ဆိုခဲ့ပြီးသော နိုင်ငံတကာ အကြမ်းဖက်ဝါဒ အန္တရာယ်ပင်ဖြစ်သည်။ ရခိုင်အရေး စတင်ကတည်းက ဤအန္တရာယ်ကို စိုးရိမ်တကြီး စောင့်ကြည့်နေမိသည်။ ယခုအချိန်အထိ တိကျသောအဆက်အစပ် အထောက်အထားများ မတွေ့ ရသေးသည့်တိုင် “မပြေးသော် ကန်ရာရှိ၊ ဒွေးနှစ်ဖော် သံဝါညှိ” ကြသည့် အစအန အချို့ကိုကား မြင်သလောက် မြင်နေရချေပြီ။ အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြိုးစားသည့် သတင်း။ တစ်ဆက်တည်း “မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်မည်” ဆိုသော ပြည်ပအဖွဲ့ အစည်းများ၏ ဂျီဟတ် လှုံ့ဆော်မှုများ...။ သမ္မတကြီး၏ ပြီးခဲ့သည့် မိန့်ခွန်းတွင်လည်း စိတ်ဝင်စားဖွယ်ရာ အချက်တစ်ခုကို သတိပြုမိသည်။ "...ယခင်ကာလ များက ရခိုင်ပြည်နယ်တွင်းမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာ ခေါင်းစဉ်နဲ့ ဝင်ရောက် လုပ်ကိုင်ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်း အချို့ရဲ့ လုပ်နည်းကိုင်နည်း အမှားများကြောင့် ပြဿနာများ ပိုမိုရှုပ်ထွေး နက်ရှိုင်းခဲ့တာ ဟာလည်း ငြင်းဆို၍ မရသည့် အမှန်တရား ဖြစ်ပါတယ်...” စသဖြင့်။

ဤတွင် “လုံခြုံရေး” ခေါင်းစဉ်အောက်မှ ပါဝါအမာများမှာ မလွဲမရှောင်သာ ရှေ့ရောက်ဖို့ လိုအပ် လာပါတော့သည်။ ပါဝါအမာများ၏ ဒဏ်သင့်မှုကို နှစ်ပေါင်းမြောက်မြားစွာ ခံခဲ့ရသူများ အနေနှင့် စိုးရိမ်ကြောင့်ကြမှုများ ရှိကြ သလို အစိုးရသစ် ကိုယ်တိုင်ကလည်း မိမိ၏ ပုံရိပ်ကို အတိတ်နှင့် အဆက်ပြတ် စေရေး အတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်လာသည်များ ရှိသည်။ သို့နှင့် အမျှ “လုံခြုံရေး” ဘက်မှ အားနည်းလစ်ဟာမှု များလည်း ရှိသလောက် ရှိခဲ့ရသည်။ မဖြစ်သင့်ဟု ထင်ပါသည်။ အစိုးရဖြစ်မှတော့ ပါဝါအမာများကို အကြွင်းမဲ့ ရှောင်လို့ ဖြစ်မည်မဟုတ်။ တစ်ခုတော့ရှိသည်။ “လုံခြုံရေးကို ထိပ်တင်ရင်း လွတ်လပ်မှုအချို့ကို စတေးခဲ့ရသည့်” အမေရိက၏ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အတွေ့အကြုံများမှ သင်ခန်းစာယူဖို့တော့ လိုပါလိမ့်မည်။ ပါဝါအမာနှင့် ပါဝါအပျော့တို့ကို ဟန်ချက်ညီညီ ပေါင်းစပ်ကျင့်သုံးဖို့ ဖြစ်သည်။

ဘာသာပေါင်းစုံ ဒိုင်ယာလော့ခ်

ကော်မရှင်အနေနှင့် ပေးသမျှ အခြေအနေတွင် အကောင်းဆုံး အကြံ ပြုခဲ့သည်မှာ မှန်သော်လည်း ပြဿနာ အပြီးအပြတ် ဖြေရှင်းရေးအတွက်မူ အချိန်ယူရဦးမည် ထင်ပါသည်။ ဤကာလအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလို ရေရှည် လုံးပမ်းအားထုတ်ရမည့် လုပ်ငန်းစဉ်တွေ မနည်းမနော ရှိပါ လိမ့်ဦးမည်။ ဤကိစ္စများနှင့် ပတ်သက်လျှင်လည်း ကော်မရှင်က ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် အကြံပြုထားသည်များ ရှိပါသည်။

ကော်မရှင် အကြံပြုချက်များအနက် စာရေးသူ အာရုံအငြိဆုံး တစ်ခုမှာ “အစိုးရအနေဖြင့် လူမှုရေးနှင့် ဘာသာရေးအဖွဲ့များနှင့် ပူးပေါင်းကာ Interfaith Dialogue များ ကျင်းပပေးပြီး နိုင်ငံသားများကြား မတူညီသော ကိုးကွယ်မှု ဘာသာရေး အကြောင်းများကို နားလည်မှုရှိအောင် ပြုလုပ်သွားသင့်ပါသည်” ဆိုသော အစီအစဉ်ဖြစ်သည်။ ပြီးခဲ့သော တမန်တော်မိုဟာမက် မွေးနေ့က မွတ်ဆလင်မိတ်ဆွေများ ဖိတ်ကြား၍ Interfaith Dialogue သဘောဆောင်သော အခမ်းအနားတစ်ခုကို စာရေးသူတက်ခဲ့ ဖူးသည်။ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ၏ မေတ္တာနှင့်ယှဉ်သော တရားဓမ္မများကို ကြားနာခွင့်ရခဲ့ရာ ကျက်သရေ မင်္ဂလာရှိလှသည်။ ကြည်နူးချမ်းမြ ဖြစ်ရသည်။

အမှန်စင်စစ် ဘာသာတရား အားလုံး၏ တူညီသော ရည်မှန်းချက်မှာ လူမှုဒုက္ခအပေါင်းမှ လွတ်မြောက်ရေး ဖြစ်ပါလိမ့်မည်။ ဘာသာတရား များသည် ပြဿနာမဟုတ်၊ ပြဿနာ ဖြေရှင်းရေးသာ ဖြစ်သည်။ ဘာသာတရား များ၏ မေတ္တာဓာတ်ဖြင့် ပြဿနာ အထွေထွေကို ငြိမ်းချမ်းစွာ ကျော်လွှား လွတ်မြောက်နိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ပါသည်။
ကျော်ဝင်း (၉-၅-၂၀၁၃)
The Voice Weekly

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com