http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သူမရှိလျှင်

"It was important to me to leave an organization in the strongest possible shape and I believe I have done so."
"အဖွဲ့အစည်းတစ်ခုကို အခိုင်မာဆုံး ပုံစံအနေအထားမှာ ခွဲခွာသွားဖို့ ကျွန်တော့်အတွက် သိပ်အရေးကြီးပါတယ်။ ဒီလိုလုပ်နိုင်ခဲ့တယ် လို့လည်း ကျွန်တော် ထင်ပါတယ်"
မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်း မန်နေဂျာ အဲလက်စ်ဖာဂူဆန်

ဖာဂူဆန်သည် အင်္ဂလန်ဘောလုံး လောကတွင် အအောင်မြင်ဆုံး နည်းပြ၊ ၂၆ နှစ်တာ မန်ချက်စတာယူနိုက်တက် အသင်းကို ပဲ့ကိုင်ရင်း ဇယား အောက်ခြေမှ ထိပ်ဆုံးအသင်းတစ်သင်း ဖြစ်အောင် ဆွဲတင်နိုင်ခဲ့သူ၊ ဖလား များစွာ၊ ဆုများစွာ တို့ကို ပိုင်ဆိုင်ထားခဲ့သည့် ဖာဂူဆန်ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း နည်းပြစာရင်းတွင် ဘယ်သူရွေးရွေး ပါနေသူဖြစ်သည်။ သို့သော် ကျွန်တော် ပြောလိုသည်က အင်္ဂလန်အခြေစိုက် ကမ္ဘာကျော်၊ မြန်မာကျော် မန်နေဂျာ၊ ဆိုင်းမဆင့်ဗုံမဆင့် အနားယူသွား သည့်အခါ အသင်းပြောင်း အားပေးရတော့ မလားဟု မြန်မာနိုင်ငံမှ နာမည်ကျော် ဒုဝန်ကြီး တစ်ဦးကပင် ပြောခဲ့ရသူ ဖာဂူဆန် အကြောင်း၊ မန်ချက်စတာယူနိုက်တက် အကြောင်း၊ ဘောလုံး အကြောင်း မဟုတ်ပါ။ အဖွဲ့အစည်းကို အောင်မြင်အောင် သူလုပ်ဆောင်ခဲ့ သလို သူမရှိတော့ချိန် တွင်လည်း ဆက်လက်အောင်မြင်အောင် တည်ဆောက် ထားနိုင်ခဲ့ပြီးမှ သူထွက်ခွာနိုင်သည့် အတွက် ဂုဏ်ယူနေခြင်းကို ရေးလိုခြင်း ဖြစ်သည်။ တစ်နည်း “သူမရှိလျှင်” ဖြစ်သည်။

ထူးချွန်သော ခေါင်းဆောင်များ၊ အောင်မြင်သော ခေါင်းဆောင်များကို သူတာဝန်ယူနေသည့် အဖွဲ့အစည်း အောင်မြင်ခြင်းနှင့် တိုင်းကြောင်း အားလုံးအသိ။ သို့သော် ခေါင်းဆောင်တို့အတွက် အဆုံးစွန်သော မှတ်ကျောက်မှာ သူထားခဲ့သော အဖွဲ့အစည်း ဆက်လက်အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း ဖြစ်သည်။ ဆိုလိုသည်က သူမရှိလျှင် ဘာတွေဆက်ဖြစ်ကြသလဲ။

မည်သည့်နေရာတွင် မဆို ခေါင်းဆောင်သည် လိုအပ်သည်။ ခေါင်းဆောင် ပါလျှင် အရာရာ ပိုမို ပြီးမြောက်နိုင်သည်။ ခေါင်းဆောင်ဆိုသည်မှာ စင်ပေါ်တွင် တက်ရပ်နေရန်မလို၊ သရဖူ ဆောင်းရန်လည်း လိုချင်မှ လိုမည်၊ ဟိုးရှေ့ဆုံးတွင် မားမားမတ်မတ် ချီတက်ချင်မှ ချီတက်မည်၊ ခေါင်းဆောင်သည် ဉာဏ်ပညာ အကြီးဆုံးလည်း ဟုတ်ချင်မှဟုတ်မည်၊ ကိုယ်ကာယ အင်အား အကြီးမားဆုံး ဟုတ်ချင်မှ ဟုတ်မည်။ သို့သော် မိသားစုတွင်း၊ ကျောင်းတွင်း၊ အလုပ်တွင်း၊ နိုင်ငံတွင်းတွင် ခေါင်းဆောင်ရှိလျှင် ပိုကောင်းကြောင်း လူအများ အသွေးထဲ အသားထဲက သိသည်။ ထို့ကြောင့် နာမည်ကျော်၊ ခေါင်းဆောင်ကြီး တစ်ယောက်ယောက် အနားယူတော့မည် ဆိုလျှင်၊ သို့မဟုတ် ဆုံးပါးသွားလျှင် ထိုအဖွဲ့အစည်း၊ နိုင်ငံတို့ လှုပ်လှုပ်ရွရွ ဖြစ်သည်။
စတော့ရှယ်ယာဈေးကွက် တင်ထားသော ကုမ္ပဏီတို့ဆိုလျှင် နာမည်ကြီး၊ ဂုရု အမှုဆောင် အရာရှိချုပ် အနားယူတော့မည် သို့မဟုတ် သူနာမကျန်းဖြစ်သည် သတင်း ထွက်သည်နှင့် ကုမ္ပဏီ၏ စတော့တို့ ဈေးလှုပ်သွားတတ်သည်။

သို့သော် ထိပ်ပိုင်းခေါင်းဆောင် ပြောင်းသွားတိုင်းသာ ကျဆင်းရမည် ဆိုလျှင် ထိုအဖွဲ့အစည်း၏ အောင်မြင်မှုသည် ခေါင်းဆောင်သက်တမ်း တစ်ခုစာ သို့မဟုတ် ခေါင်းဆောင်၏ တစ်ဘဝစာသာ ဖြစ်နေလိမ့်မည်။ နာမည်အကျော်ဆုံး၊ အအောင်မြင်ဆုံး ခေါင်းဆောင်များလည်း တစ်ချိန်တွင် ထွက်ခွာကြရသည်။ အခြားအခြေအနေ များကိုသာ အန်တုနိုင်ချင် အန်တုနိုင်မည် သေမင်းကိုတော့ နိုင်ငံရေးခေါင်းဆောင်၊ စီးပွားရေးခေါင်းဆောင် ထိတ်ထိတ်ကြဲ မည်သူဖြစ်စေ လက်မြောက်အရှုံးပေးရမြဲ။ သံမဏိ အမျိုးသမီး ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၊ အမေရိကန်ကို အန်တုခဲ့သည့် ဗင်နီဇွဲလားခေါင်းဆောင် ချာဗက်စ်၊ ကမ္ဘာတွင် တီထွင်ဖန်တီးမှု အရာတွင် ဆရာတင်ရသည့် Apple ကုမ္ပဏီ ပူးတွဲတည်ထောင်သူ စတိဗ်ဂျော့ဘ်စ် တို့သည် သူတို့မရှိလျှင် မဖြစ်ဟု အခြားသူများကပင် အထင်ခံရသူများ။ သို့သော်လည်း သူတို့လည်း သွားမြဲတိုင်းလမ်းသို့ သွားကြရသည်။

အတော်ဆုံးသော ခေါင်းဆောင်တို့သည် မိမိမရှိလည်း အရှိန်မပျက် ဆက်သွားနိုင်အောင်၊ ဆက်အောင်မြင်နိုင်အောင် စီမံထားနိုင်ကြသည်။ လုပ်ငန်း၊ အဖွဲ့အစည်း၊ နိုင်ငံကို စနစ်တကျ တည်ဆောက်ထား ခဲ့နိုင်သောကြောင့် သူတို့ထွက်ခွာချိန်တွင် ရုပ်ပျက်ဆင်းပျက်မဖြစ်။ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် စနစ်ဖြင့် သွားသောကြောင့် လုပ်မြဲအတိုင်း လုပ်ကို လုပ်နိုင်သလို အသစ်ပေါ်လာသည့် စိန်ခေါ်မှုများ ကိုလည်း အဖွဲ့အစည်းသည် ဟန်မပျက် ရင်ဆိုင်နိုင်သည်။

လူသားအရင်းအမြစ်ကို စုဆောင်းမွေးမြူနိုင်ခြင်း၊ လည်ပတ်သည့် စနစ်ကို ချောမွေ့အောင် တည်ဆောက်နိုင်ခြင်း၊ တီထွင်ဖန်တီးမှုကို အားပေးခြင်း၊ သုတေသနတွင် ရက်ရက်ရောရော သုံးစွဲခြင်း၊ ခေါင်းဆောင်သစ်များပေါ် လာအောင် အားပေးခြင်း၊ ချီးမြှောက်ထိုက်သူကို ချီးမြှောက်သည့် ယဉ်ကျေးမှု ဖော်ဆောင်နိုင်ခြင်း တို့သည် ကြီးမြတ်သောခေါင်းဆောင်၊ တစ်ခေတ် တစ်ယောက် ခေါင်းဆောင်မျိုး မရှိတော့လျှင်ပင် ဆက်လက် လည်ပတ်စေနိုင် သည့် အကြောင်းရင်းများ ဖြစ်သည်။ သူမရှိလျှင်လည်း ဖြစ်ကြသည့် ခေါင်းဆောင်များသည် ထိုအချက်များကို ဂရုထား ဖြည့်ဆည်း ပေးကြသည်ကို တွေ့ရသည်။

အချို့ခေါင်းဆောင်များသည် သူမရှိလျှင် မဖြစ်သည်ကို အလွန်ဂုဏ်ယူ တတ်သည်။ “ကျွန်တော်မရှိရင် သူတို့ဘာမှ မလုပ်တတ်တော့ဘူး”၊ “ကျွန်တော် ရှိမှ ဖြစ်တာ” ဟူသော စသော စကားတို့ကို ထိုသူတို့ တွင်တွင် ပြောတတ်ကြ သည်။ “မရှိလျှင် မဖြစ်” သည်မှာ အရေးပါသည့်သဘော၊ သူမရှိနေလျှင် လုပ်ငန်း မလည်ပတ်တော့သည့် သဘောဖြစ်နေသောကြောင့် သူလုပ်နိုင်ကိုင် နိုင်သည်မှာ ထင်ရှားနေသည်။ သို့သော် နောက်ထပ် ထင်ရှားသည်က သူသည် ခေါင်းဆောင်မှုအရာတွင် ထိပ်ဆုံးသို့မူ မရောက်သေး၊ လိုနေသေးကြောင်း ဖြစ်သည်။ သူသာ လုံးဝမရှိတော့လျှင် ကို အသာထား၊ သူခဏလေး မရှိလျှင်ပင် ဖြစ်အောင် မလုပ်နိုင်သေး။ “ငါမရှိရင် မဖြစ်ဘူး” ဆိုသည့် ခေါင်းဆောင်များသည် ကိုယ့်အထုပ်ကိုယ် ဖြေပြနေသူများသာ ဖြစ်သည်။ သူတို့သည် မရှိလျှင်လည်း ဖြစ်အောင် လုပ်မထားသူများဖြစ်သည်။

ခေါင်းဆောင်နှင့် သူ့အဖွဲ့သားများအကြား ဉာဏ်ပညာ၊ စွမ်းဆောင် ရည်၊ ဆင်ခြင်တုံတရား အလွန်ကွာဟ နေသောကြောင့် ထိုသို့ ခေါင်းဆောင်က ညည်းတွားခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် ထိုခေါင်းဆောင်က “ငါမရှိလျှင် မဖြစ်” ဟု ဂုဏ်ယူပြီး ပြောနေသည်ဆိုလျှင် သေချာပြီ၊ သူသည် အဖွဲ့အစည်း ကို တည်ဆောက်နိုင်ခြင်း မရှိ သို့မဟုတ် တည်ဆောက်မနေသူ ဖြစ်သည်။

ကျွန်တော်တို့နိုင်ငံတွင် မရှိလျှင်မဖြစ်သော ခေါင်းဆောင်များ များပြား လေ့ရှိသည်ကို မြင်တွေ့ရသည်။ အဖွဲ့အစည်းများသည် ခေါင်းဆောင်ကြီး ပျောက်သည်နှင့် ဒုက္ခရောက်တတ်ကြသည်။ ထူးခြားသော ခေါင်းဆောင် ရှိနေချိန်တွင် တရိပ်ရိပ်တက် အောင်မြင်နေတတ်ပြီး ထိုခေါင်းဆောင် ကွယ်လွန်၊ နုတ်ထွက်၊ နာမကျန်းတော့ သည်နှင့် အဖွဲ့အစည်းလည်း ဗုန်းဗုန်း မြေသို့ကျသည်။ မိဘလက်ထက်တွင် လျှမ်းလျှမ်းတောက် သော်လည်း သားသမီးလက်ထက်တွင် သာမန်ကာလျှံကာ ဖြစ်နေသည် မျိုးလည်း တွေ့ရသည်မှာ ထူးပြီးမဆန်းတော့ပါ။ အတိအကျ စာရင်းကောက်ထားခြင်းမျိုး မရှိသော်လည်း ထိုသို့ “သူမရှိလျှင်” မဖြစ်သည်များမှာ များလှသောကြောင့် အမျိုးသားရေး စရိုက်လက္ခဏာ တစ်ခုပင် ဖြစ်နေသလားဟု ထင်မိသည်။

“သူမရှိလျှင်”သည် ရေရှည်ခံအဖွဲ့အစည်းနှင့် ကောက်ရိုးမီး အဖွဲ့အစည်း တို့ကို ပိုင်းခြားထားသော မျဉ်းဖြစ်သည်။ မြန်မာနိုင်ငံရှိ လုပ်ငန်းတိုင်း အဖွဲ့အစည်းတိုင်းတွင် “သူမရှိလျှင်” ကို ကြိုတင်ပြင်ဆင် အဖြေရှာထားနိုင် မှသာ ရေရှည်ခရီးကို ချီတက်နိုင်လိမ့်မည်။
ဇေယျသူ
The Voice Weekly

ဗကသ (၇၇)နှစ်ပြည့် မျိုးဆက်များ တွေ့ဆုံ

ရန်ကုန်၊ မေ ၁ဝ။
၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်သားများသမဂ္ဂ(ဗကသ)၏  ၇၇ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ခေတ်အဆက်ဆက် ဗကသမျိုးဆက်များ တွေ့ဆုံပွဲကို တောင်ဥက္ကလာပမြို့နယ်ရှိ စိတ်တိုင်းကျ စားသောက်ဆိုင်တွင် ယနေ့မွန်းလွဲ တစ်နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ (၁၉၃၆) ခုနှစ်မှ ယနေ့အချိန်အထိ ခေတ်အဆက်ဆက်၌ ဗကသ တွင် ပါဝင်ခဲ့သော
ကျောင်းသားများ တတ်ရောက်ခဲ့ကြပြီး ဗကသ ကျောင်းသားဟောင်းများမှ ၎င်းတို့၏ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းပြောဆိုခဲ့ကြသည်။

ဆက်လက်၍ လက်ရှိ ဗကသ မှ ကျောင်းသားများ သိလိုသည်များကို ကျောင်းသားဟောင်းများမှ
ဖြေကြားခဲ့ပြီးညနေ(၅)နာရီခန့်တွင် တွေ့ဆုံပွဲ ပြီးဆုံးခဲ့သည်။
ထက်နောင်နောင်
မြန်မာ့ခေတ်



ဆယ်လအတွင်း အပြီးတည်ဆောက်မည်

ရန်ကုန်၊ မေ ၁၀။
ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ မြေဧရိယာ ၂၁.၉ ဧက ကျယ်ဝန်းသည့် နေရာတွင် ၇လွှာမြင့်ပြီး
ကြယ်လေးပွင့် အဆင့်ရှိသည့် ဟိုတယ်ကို လာမည့် ၁၀ လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း
ကန်တော်ကြီးပဲလေ့ ဟိုတယ်တွင် ကျင်းပပြုလုပ်သော ထူးဆောက်လုပ်ရေး ကုမ္ပဏီနှင့် Siam Steel
International PLC, Thailand တို့ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးပွဲတွင် ထူးဆောက်လုပ်ရေး
ကုမ္ပဏီမှ အကြံပေး ဦးလှဘော်က ပြောကြားသည်။

ပြည်ထောင်စုရိပ်သာ စီမံကိန်းတစ်ခုလုံး၏ ဆောက်လုပ်ရေး လုပ်ငန်းများအား ထူးဆောက်လုပ်ရေးမှ Main
contract ရရှိထားပြီးဖြစ်ပြီး ယင်းစီမံကိန်းတွင် ဟိုတယ် (၇)ထပ်၊ Office Tower (8) ထပ်၊
ဈေးဝယ်စင်တာ (၅) ထပ်၊ Service Apartment (၈) ထပ်၊ Shop House (8)ထပ် စသည့်ဖြင့်
ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“စီမံကိန်းတစ်ခုလုံးရဲ့ ရင်းနှီးမြှပ်နှံမှုကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၀၀ ခန့် ကုန်ကျမယ်လို့
ခန့်မှန်းထားတယ်။ ဒီစီမံကိန်းပြီးရင်တော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာနိုင်ပြီး
ဒီလမ်းမကြီးဟာလည်း အထင်ကရ လမ်းကြီးတစ်လမ်းအဖြစ် ကျော်ကြားလာမှာ ဖြစ်ပါတယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။

ယင်းစီမံကိန်းကို အဆင့်များခွဲကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့် စီမံကိန်းအနေဖြင့် ဟိုတယ်စီမံကိန်းကို ၈လမှ ၁၀ လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး ယင်းဟိုတယ်တွင် အခန်းပေါင်း ၂၈၈ ခန်း ပါဝင်မည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းကို ထိုင်းနိုင်ငံမှ Siam Steel International PLC ကုမ္ပဏီနှင့်
ပူးပေါင်းကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

“အတွေ့အကြုံရှိ world wide ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပူးပေါင်းပြီး လုပ်ခြင်းအားဖြင့်
နည်းပညာပိုင်းတွေ ပိုပြီး ဖွံ့ဖြိုးတိုးတက်လာစေမှာ ဖြစ်ပါတယ်။ နိုင်ငံခြားသား
ခရီးသွားတွေအတွက်လည်း ပိုပြီးအဆင်ပြေလာစေမှာပါ” ဟု ထူးဆောက်လုပ်ရေး ကုမ္ပဏီမှ အမှုဆောင်
ဒါရိုက်တာ ဦးစိုးမြင့်သန်းက ပြောကြားသည်။

ဟိုတယ်အတွက် စီမံကိန်းကာလမှာ ၁၀ လ ဖြစ်ပြီး ပြည်ထောင်စုရိပ်သာ စီမံကိန်းတစ်ခုလုံးအတွက် ၂ နှစ်ခွဲ
ကြာမြင့်မည်ဖြစ်ကြောင်း၊ Office Tower ကို အဆောက်အဦးနှစ်လုံး ဆောက်လုပ်မည်ဖြစ်ပြီး ၂၀၀၀
စတုရန်းပေ အကျယ်ရှိသည့် အခန်းပေါင်း ၂၀၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆောက်အဦးများ အားလုံးတွင် ငလျင်ဒဏ်ခံနိုင်ရန်၊ မီးသတ်စနစ်၊ အမှိုက်သိမ်းစနစ်၊ Eco
မီးစနစ်များနှင့် Standby  Generator များ၊ YCDC ရေလိုင်းနှင့် Tube Well များ၊
Water Supply System များ၊ ကျယ်ဝန်းသည့် ကားပါကင် စသည်တို့ ပါဝင်ရေးဆွဲထားကြောင်း သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

အခြေခံဥပဒေ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာ ရှင်းလင်းပွဲ

ယနေ့ညနေ ၅ နာရီ တွင် ရန်ကုန်မြို့ မီကာဆာ ဟိုတယ်၌ အမျိုးသားဒီမိုကရေ စီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့်အတူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်မည့် အခွင့် အလမ်းများ ဆွေးနွေးခဲ့ကြသည့် ပြည်ပ ပညာရှင်များမှပြည်တွင်း ပြည်ပ မီဒီယာများအား သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။






တရုတ်ကြက်ငှက်တုပ်ကွေး မြန်မာသို့ မဝင်လာစေရေး ၁ဝ၅ မိုင်တွင် ပိုမိုကြပ်မတ်မည်

မူဆယ် ၁ဝ၅ မိုင်ဇုန်တွင် တရုတ်နိုင်ငံမှ ကြက် အရှင်နှင့် ကြက်ဥတင်သွင်းမှုများကို ပိုမိုကြပ်မတ် စစ် ဆေးသွားမည်ဟု အဆိုပါဇုန်မှ ညွှန်ကြားရေးမှူးဗိုလ် မှူးကြီးသိန်းဝင်းက ပြောသည်။

ကြက်အရှင်နှင့် ကြက်ဥများကို Light Truck များဖြင့် အစီးလိုက်တင်သွင်းမှုများရှိလာ၍ ကြပ်မတ် စစ်ဆေးရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

''လူထပ်ဖြည့်ပြီးတော့ နေ့ရော ညရော စစ်ဆေး ဖို့လုပ်နေတယ်'' ဟု ၎င်းက ပြောသည်။ဧပြီလအတွင်းက ကြက်ဥအလုံး ၉ဝဝဝ ကျော်နှင့် ကြက်အရှင် ၄၄၅ ကောင်ကို ဖမ်းဆီးမိခဲ့ကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံမှ ကြက်ခြေထောက်များလည်း တင်သွင်းလာ၍ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့်ပူးပေါင်းကာ စစ်ဆေးပြီး မီးရှို့ဖျက်ဆီး ခဲ့ရကြောင်း ၎င်းက ပြောသည်။

ယခင်က မနက် ၅ နာရီခန့်မှ ည ၈ နာရီခန့်အထိ စစ်ဆေးခဲ့ပြီး နောက်ပိုင်းတွင် အချိန်တိုးမြှင့်စစ်ဆေး သွားမည် ဟု သိရသည်။
မူဆယ်မှ တင်သွင်းလာသော ကြက်အရှင်နှင့် ကြက်ဥများကို လားရိုး၊ မန္တလေး ဈေးကွက်များသို့ ရောင်းချရန် သွားရောက်ဝယ် ယူကြခြင်းဖြစ်ကြောင်း ကြက်နှင့် ဆက်စပ်ပစ္စည်းများကို ယခင်ကတည်းက တင်သွင်းခွင့်မပြုထားကြောင်း၊ တရုတ်တွင် ကြက် ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှသာ ယခုကဲ့သို့ တင်သွင်း လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။တရုတ်နိုင်ငံတွင် မတ်လခန့်မှစ၍ ကြက်ငှက်တုပ် ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး H7N9 ဗိုင်းရပ်စ်တွေ့ရှိသူ ၁ဝဝ ကျော်ရှိကာ ၂၃ ဦးသေဆုံးခဲ့ကြောင်း ပြည်ပ သတင်းဌာနများမှ သိရသည်။
မေဇင်ဝင်း
Popular Myanmar News Journal

မှားမှာကို မကြောက်ပါနဲ့။ ပြောရဲဖို့သာ အဓိကပါ

“အင်္ဂလိပ်စကားပြောတာဟာ စာမေးပွဲဖြေတာမဟုတ်ပါဘူး။ မှားမှာကို မကြောက်ပါနဲ့။ ပြောရဲဖို့သာ အဓိကပါ။ ပြောသာပြောပါ။ မှားရင် သူတို့ကပြင်ပေးသွားပါလိမ့်မယ်။ နားလည်ပေးကြပါတယ်”
အတန်းပညာမရှိသော်လည်း နိုင်ငံခြားဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုပြီး အလုပ်ခွင်မှာ အံဝင်ဂွင်ကျဖြစ်နေတဲ့

နှုတ်ခမ်းမွှေး လူမော်နှင့် တွေ့ဆုံခြင်း

-ဦးလူမော်တို့ ညဖျော်ဖြေပွဲမှာ ဧည့်သည်တွေကို အင်္ဂလိပ်စကားနဲ့ ဖျော်ဖြေတာတွေ့ရတယ်။ ဒီဘာသာစကား တတ်ထားတာက လုပ်ငန်းကို ဘယ်လောက်ထိ အထောက်အကူပြုပါသလဲ။
အရမ်းကို အထောက်အကူပြုပါတယ်။ ဦးတို့ညဘက်ကတဲ့ပွဲမှာ နိုင်ငံခြားသားတွေပဲ လာကြည့်တာများတယ်။ ဦးတို့ကပြတဲ့ မြန်မာဇာတ်သဘင်ပညာ အပျိုတော်အက အကြောင်းကို အင်္ဂလိပ်လိုရှင်းပြတယ်။ ရုပ်သေးအကြောင်းကိုလည်း ရှင်းပြတယ်။ နိုင်ငံခြားသားတွေက ဦးတို့ကပြတဲ့ နတ်ကတော်အကအကြောင်းကို မေးတယ်လေ။ အဲဒီတော့အကျယ်တ၀င့်ပြန်ရှင်းပြရတယ်။ ကိုယ်တတ်တဲ့ အနုပညာအကြောင်းကို သူတို့ဘာသာစကားနဲ့ တိုက်ရိုက်ရှင်းပြပြီးကပြတော့ သူတို့လည်းပိုပြီး စိတ်ဝင်စားတယ်။ ဦးတို့အတွက်လည်း ပိုကောင်းတာပေါ့။
ဦးတို့က နိုင်ငံတကာကို သွားမကနိုင်ဘူးလေ။ နိုင်ငံတကာက ဦးတို့နိုင်ငံကို လာကြတယ်။ ဦးတို့ကတဲ့ ညပွဲမှာဆိုရင် ချီလီ၊ နော်ဝေ၊ ဂျာမနီ၊ စစ်အစိုးရနိုင်ငံတွေကလူတွေလာကြည့်ကြတယ်။ ကိုယ်ကအဲဒိနေရာတွေကို သွားဖျော်ဖြေဖို့ဆိုတာ မလွယ်ပါဘူး။ ကနေဒါကတောင် ဒီကိုရောက်လာတယ်။ အဲဒီတော့ မြန်မာ့ဇာတ်သဘင်ပညာကို ဦးကသေသေချာချာရှင်းပြတယ်။

-အနုပညာသမားတွေဟာ နိုင်ငံတကာယဉ်ကျေးမှုနဲ့ ချိတ်ဆက်မှုအရှိဆုံးလို့ထင်တယ်။ အနုပညာရှင်တွေ အင်္ဂလိပ်ဘာသာစကားကို ပြောတတ်တော့ပိုကောင်းသွားတာပေါ့နော်။
ဟုတ်တာပေါ့ဗျာ။ အနုပညာသမားအများစုက နိုင်ငံတကာနဲ့ ချိတ်ဆက်မှုအရှိဆုံးပဲ။ သူတို့တွေက ဘာသာစကားကို ထဲထဲဝင်ဝင် သိထားတော့ပိုကောင်းတာပေါ့။ လူတိုင်းမဟုတ်တောင်၊ အကျွမ်းကျင်ကြီးမဟုတ် တောင်မှ ကိုယ့်အနုပညာအကြောင်းရှင်းပြနိုင်ဖို့တော့ လိုတယ်။

-ဦးလူမော် အင်္ဂလိပ်စကားပြောကို ဘယ်အချိန်ကတည်းက လေ့လာခဲ့တာလဲ။
ကြာပြီ။ ကြာပြီ။ ဦးက၀ါသနာအရမ်းကိုပါတာ်။ အရမ်းလည်းစကားပြောချင်ခဲ့တာလေ။ ပြောရရင်တော့ အရှည်ကြီးပဲ။ ၁၉၆၂ခုနှစ် တော်လှန်ရေးအစိုးရတက်တဲ့အချိန်ပေါ့။ ဦးက အသက်(၁၅)နှစ်မှာ လူ၇ွှင်တော်ဖြစ်နေပြီ။ အဲဒီတုန်းက ရွှေဘိုမှာနေကြတာ။ ဦးတို့တောမှာက နိုင်ငံခြားသားဆိုတာ မြင်ရခဲတယ်။ အဲဒီရွှေဘို ကာဘိုးဆည်ကြီးဆောက်တော့ ဖြူဖြူဖွေးဖွေး နိုင်ငံခြားသားကြီးတွေက ရွှေဘိုမှာ လာလာပြီးသောက်ကြတယ်။ သူတို့ကိုမြင်တော့ဘယ်လိုခေါ်ပြီး ဘယ်လိုပြောရမှန်းကို မသိဘူး။
ဦးတို့ခေတ်တုန်းက ဂျိမ်းစဘွန်းကားတွေ ခေတ်စားတဲ့အချိန်၊ ဇာတ်ကားတွေကြည့်ပြီး အင်္ဂလိပ်စကားကို အရမ်းပြောချင်ခဲ့တာ။ ရွှေဘိုမှာနေတုန်းက အင်္ဂလိပ်စာအခြေခံကိုသင်ပေးတဲ့ ဆရာတစ် ယောက်ရှိခဲ့တယ်။ ဦးကအတန်းပညာမရှိဘူးလေ။ အမေကလည်း မျက်စိကွယ်နေတော့ အိမ်မှာပဲ ထမင်းချက်နေရတာ။ လူရွှင်တော်မဖြစ်ခင်ထိပေါ့။ ရပ်ကွက်ထဲမှာရှိတဲ့ဆရာက အေ၊ ဘီ၊စီ၊ ဒီ အခြေခ့သင် ပေးတယ်။ အဲဒါကိုပဲမှတ်လာခဲ့ရတာ။
ရွှေဘိုက ကာဘိုးဆည်ကြီးဖွင့်တော့လည်း အဲဒီမှာဦးတို့ပွဲသွားကရတယ်။ အဲဒီချိန်မှပဲ နိုင်ငံခြားသားတွေနဲ့ စပြီးစကားပြောဖူးတာပဲ။ သူတို့နဲ့ ပြောချင်နေတဲ့အတွေးက၀င်နေခဲ့တာလေ။ နောက် မန္တလေးကို ၁၉၇၀ မှာပြောင်းလာခဲ့ကြတယ်။ သစ်လွင်အငြိမ့်မှာ ဦးဝင်ကခဲ့တယ်။ အဲဒီတုန်းက ဈေးချိုကထိန် မှာဆိုရင်နေ့ပွဲတွေ ကရတယ်လေ။ တိုးရစ်တွေက အငြိမ့်ခုံနောက်ဖေးကိုလာကြတော့ သူတို့နဲ့စကားပြောတာ ပေါ့။ ပြီးတော့အိမ်ကိုအလည်ခေါ်တယ်။ အိမ်မှာ ၁၅ မိနစ်လောက်ကပြခဲ့တယ်။ စကားတွေလည်းပြောရင်းပေါ့။ ဒီလိုနဲ့ပဲ အင်္ဂလိပ်စကားပြောရတာကို ၀ါသနာပါလာတာ။ မန္တလေးရောက်တော့လည်း ဆရာတစ်ယောက်က အင်္ဂလိပ်စာအခြေခံကို သင်ပေးသေးတယ်။ အဒေါ်ရဲ့ ယောကျာ်းကလည်း သင်ပေးတယ်လေ။ ကိုယ်က အတန်းပညာမရှိတော့ ဒီလိုပဲလေ့လာခဲ့ရတာ။ ပြောချင်နေတဲ့သူဆိုတော့လည်းပြောတာပဲ။

-အင်္ဂလိပ်စကားပြောတော့ ဦးလူမော်အတွက် ဘယ်လိုအခက်အခဲကြုံရလဲ။
ကြုံတာပေါ့ကွယ်။ အခက်ခဲဆုံးကတော့ သူတို့ရဲ့ အသံထွက်ပဲ။ အမေရိကန်ကပြောတဲ့အသံထွက်၊ ဂျာမနီကပြောတဲ့ အင်္ဂလိပ်စကား၊ ပြင်သစ်ကပြောတဲ့ အင်္ဂလိပ်စကားက သူတို့နဲ့ပြောဖူးမှသိတာ။ ဒီမြန်မာနိုင်ငံမှာ အလွယ်သုံးနေတဲ့စကားရှိတယ်။ ဥပမာ-မာဆပ်လို့ပြောရင်ဒီမှာ အနှိပ်ခန်းဆိုတာ လူတိုင်းသိတယ်။ တကယ့်အင်္ဂလိပ်အသံက အဲလိုမဟုတ်ဘူးလေ။ ဒီအသံက ပြင်သစ်ကလာတဲ့ မာဇိုက်ဆိုတဲ့ စာလုံးကို အလွယ်ခေါ်နေကြတာ။ တိုးရစ်နဲ့စကားပြောတော့မှ အမှားတွေကပေါ်လာတာ။ သူတို့ကပဲ ပြန်သင်ပေးသွားတယ်။

အင်္ဂလိပ်စကားမှာ အရေးနဲ့ အပြော ဘယ်ဟာကိုပိုအားသန်လဲ။
ကိုယ်က၀ါသနာပါတော့ အမြဲပြောကြည့်နေတာပါပဲ။ အရေးကတော့ ခက်လည်းခက်တယ်။ ၀ါသနာလည်း မပါဘူး။ ကိုယ့်အလုပ်နဲ့လည်း စကားပြောတာအံဝင်ဂွင်ကျဖြစ်တယ်လေ။ ၁၉၇၀ လောက်ကတည်းက အငြိမ့်ကလာတာဆိုတော့ နှစ် ၄၀ လောက်ရှိပြီ။
အဖတ်က သဒ္ဒါနဲ့ပတ်သက်လို့ကတော့ ဦးသာနိုးလည်းဖတ်တယ်။ ဟိုးအရင်တုန်းက ဒေါ်ခင်သီရိရေးတဲ့ စာအုပ်တွေလည်းဖတ်တယ်။ မောင်သာနိုးလည်းဖတ်တယ်။ ဒေါင်းရုပ်ကလေးနဲ့ ပိကော့ ၁၊၂၊၃ လည်းဖတ်တယ်။ အားရင်စာအုပ်ဖတ်တယ်။ စကားပြောရမှာကို လုံးဝမကြောက်တာ။ သဒ္ဒါမှန်မှန် မမှန်မှန် ဂရုမစိုက်ဘူး။ ပြောတာကအဓိကလေ။ ဒါဦးရဲ့ ခံယူချက်ပါ။

-ဦးလူမော် နိုင်ငံခြားသားတွေနဲ့ စကားပြောရင်း အလုပ်လုပ်ခဲ့တဲ့အကြောင်းလေး ပြောပြပေးပါဦး။
အဲဒီချိန်တုန်းက တိုးရစ်ဗီဇာက တစ်ပတ်ပဲရတယ်။ မန္တလေးမှာ နိုင်ငံခြားဧည့်သည်တွေကို ပြုံခဲနေတာပဲ။ ဧည့်သည်တွေက ရန်ကုန်ကနေ မန္တလေး၊ ပြီးတော့ပုဂံကို သွားကြတယ်။ တစ်ပတ်ပဲ အချိန်ရတဲ့ အတွက် ဒီသုံးနေရာကို အဓိကလာတယ်။ ၁၉၈၀ လောက်ရောက်တော့ ဗီဇာက နှစ်ပတ်ဖြစ်လာတယ်။ နောက်တော့သုံးပတ်၊ အခုဆိုရင် လေးပတ်ဖြစ်လာပြီ။ သူတို့နဲ့ စကားပြောရင်းနဲ့လည်း နောက်ထပ်စီးပွားရေးတစ်ခုလုပ်တယ်လေ။
ဦးနေ၀င်းခေတ်ဆိုတော့ နိုင်ငံက အပိတ်ပဲ။ အဲဒီတုန်းက ငါးသုံးလုံးတို့၊ ဘလက်လေဘယ်၊ ရက်လေဘယ်၊ ဂျော်နီဝါးကားဆိုတာက နိုင်ငံခြားသားတွေက သယ်လာတာ။ ပြည်တွင်းမှာမရှိဘူး။ ခရီးသွားတွေ ရန်ကုန်လေဆိပ်ကိုရောက်ပြီိဆိုရင်အစိုးရဆီမှာ ငွေလဲရတယ်။ တစ်ဒေါ်လာဆိုရင် မြန်မာငွေ ခြောက်ကျပ်ပဲရတာ။ နိုင်ငံခြား ခရီးသွားတစ်ယောက်ကို အရက်တစ်ပုလင်းနဲ့ ဆေးလိပ်တစ်တောင့်သယ်ခွင့်ပေး တယ်ဆိုတော့သူတို့ကလည်း သယ်လာတယ်။ ဒီပစ္စည်းတွေကို ပြန်ရောင်းရင် သုံးရက်လောက်လည်လို့ရတယ်။
ဦးကပွဲအားတဲ့ရက်တွေမှာဆိုရင် ဆေးလိပ်တို့၊ အရက်တို့ကို အရောင်းအ၀ယ်လုပ်တာ။ ဧည့်သည်ရှိနိုင်မယ့် မန္တလေးတောင်၊ ဦးပိန်တံတားကနေစောင့်တယ်။ မန္တလေးဟိုတယ်ထောင့်ကနေလည်း စောင့်တယ်။ ဧည့်သည်တွေထွက်လာတာနဲ့ ဆေးလိပ်ပါလား။ အရက်ပါလားသွားမေးတယ်။ ပြီးတော့ပြန်ရောင်း ပေးတယ်။ ဦးလည်းမုန့်ဖိုးရတာပေါ့။
အင်္ဂလိပ်စကားပြောတတ်လာတော့ ဦးတို့ကိုယ်တိုင်လုပ်တဲ့ ရုပ်သေးလေးတွေကိုလည်းရောင်းတတ် လာတယ်။ အစက သူများဆိက၀ယ်ပြီးရောင်းတာ။ နောက်တော့ကိုယ်တိုင်လုပ်ပြီးရောင်းတယ်။ နိုင်ငံခြားသား ပေါင်းစုံနဲ့စကားပြောတဲ့အခါ သူတို့က သူတို့ဆီမှာပြောတဲ့ ဗန်းစကားတွေကိုသင်ပေးသွားတယ်။ဒါတွေကို လေ့လာမှတ်သားရင်းနဲ့ နောက်ပိုင်းဧည့်သည်တွေကျတော့ ကိုယ်ကအရင်စပြောတယ်။

-ဦးတို့ညကပွဲမှာ ဘယ်နိုင်ငံတွေက အလာများသလဲ။
ဆယ့်နှစ်ရာသီလုံးကတော့ ပြင်သစ်နဲ့ ဂျာမနီက အလာများတယ်။ ဒီနှစ်ပိုင်းကတော့ အမေရိကန်တွေ အများဆုံးပဲ။ ဦးကတော့အရမ်းသဘောကျတယ်။ အကိုထောင်ကျနေတုန်းကလည်း အိမ်ရှေ့မှာထောက်လှမ်း ရေးကညတိုင်းရှိတယ်။ အကိုထောင်ကျနေတဲ့အကြောင်းကို ပြောတဲ့အခါမှာထောင်ဆိုတဲ့စကားမပါအောင် ဗန်းစကားနဲ့ပြောရတာ။ ကိုယ့်ဆီဘယ်နိုင်ငံက ဧည့်သည်များသလဲဆိုတာကြည့်ရတယ်။ ဒီညပြင်သစ်ဧည့် သည်အလာများတယ်ဆိုရင် ဗန်းစကားတွေ၊ အထာစကားတွေသိပ်မပြောဘူး။ အမေရိကန်တို့ သြစတြေးလျတို့ များတယ်ဆိုရင်တော့ စိတ်ကြိုက်ပြောလို့ရတယ်။ သူတို့ကနားလည်တယ်လေ။

-ဦးနောက်ထပ်ပြောချင်တာများရှိရင်။
အင်္ဂလိပ်စကားပြောတာဟာ စာမေးပွဲဖြေတာမဟုတ်ပါဘူး။ မှားမှာကို မကြောက်ပါနဲ့။ ပြောရဲဖို့သာအဓိ ကပါ။ အင်္ဂလိပ်စကားပြောချင်သူတွေက သင်တန်းတက်ကြတာတွေရှိတယ်။ ဆရာက အင်္ဂလိပ်သဒ္ဒါတွေသင် လွှတ်လိုက်တယ်။ အဲဒီတော့ သဒ္ဒါပဲတတ်ပြီး စကားမပြောတတ်တော့ဘူး။ ပြောသာပြောပါ။ မှားရင်သူတို့က ပြင်ပေးသွားပါလိမ့်မယ်။ နားလည်ပေးကြပါတယ် လို့ပဲပြောချင်ပါတယ်။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
မန္တလေးခေတ်

နမ့်ခမ်းမြို့ ရှင်ပြုပွဲ နှင့် သာသနနုဂ္ဂဟအသင်းဝင်ကဒ်ပေးအပ်ပွဲ(ဓါတ်ပုံသတင်း)

မန္တလေး၊မေ ၁၀-၂၀၁၃
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ ရှင် ၁၃၅ပါး သာမဏေပြုပွဲ နှင့် တိုင်းရင်းသား တစ်သောင်းကျော် သာသနနုဂ္ဂဟ အသင်းဝင်ကဒ်ပေးအပ်ပွဲ ကို သာသနာရေး ပြည်ထောင်စု ၀န်ကြီး၊ ရှမ်းပြည်နယ် ၀န်ကြီးချူပ် နဲ့ အခြား ၀န်ကြီး အဆင့် တို့တက်ရောက်တဲ့ အလှုရှင် ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့် က နမ့်ခမ်းမြို့ ဇေယျသုခကျောင်း နဲ့ ပန်းဆေးဒေသ တွေမှာ ပြီးခဲ့တဲ့ မေ ၄ရက် ၊၅ရက်နေ့ က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ပထမနေ့ မနက်က ပန်းဆေး ပြည်သူစစ် ရှိရာ ခိုလုံလီရှော ပန်းဆေးဒေသ မှာ ရှင် ၁၃၅ ပါး သာမဏေပြုပွဲကို နမ့်ခမ်းမြို့နယ်မှ ဆရာတော်ကြီးများ၊ သာသနာရေး ပြည်ထောင်စု ၀န်ကြီး ဦးဆန်းဆင့်၊ ရှမ်းပြည်နယ် လျှက်စစ် ၀န်ကြီး ဦးစိုင်းထွန်းရင်၊ မြို့မီမြို့ဖများ နှင့် ဒေသခံ ရှမ်း ပလောင် လီရှော တိုင်းရင်းသားများ တက်ရောက်ခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာဘဲ နမ့်ခမ်းမြို့ ဇေယျသုခဘုန်းတော်ကြီးကျောင်းမှာ မြို့ပေါ်မှာနေတဲ့ ရှမ်း၊ ပလောင် နဲ့ လီရှော တိုင်းရင်းသား ၁၀၀၀ရဲ့ သာသနနုဂ္ဂဟ အသင်းဝင်ကဒ်ပေးအပ်ပွဲ ကျင်းပခဲ့ပါတယ်။
ပြည်နယ် လျှပ်စစ်ဝန်ကြီး လည်းဖြစ် ပြည်နယ် သာသနနုဂ္ဂဟအသင်းဥက္ကဌ လည်းဖြစ်တဲ့ ဦးစိုင်းထွန်းရင်က မြို့နယ် သာသနနုဂ္ဂဟအသင်းဝင်ကဒ်များကို ဥက္ကဌ ဦးစိုင်းသန်းဥာဏ်ထံ ပေးအပ်ခဲ့ပါတယ်။ မြို့နေလူထုက ရိုးရာအိုးစည်အတီးအမှုတ်အကများနဲ့ ကြိုဆိုခဲ့ပါတယ်။မေလ ၅ရက်နေမှာတော့ နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသ မှာ ကျောင်းဆောင်သစ် ဖွင့်ပွဲကို သာသနာရေး ပြည်ထောင်စု ၀န်ကြီး၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး နဲ့ ပြည်နယ် သံဃာ့မဟာနာယက ဆရာတော်ကြီးများ၊ ရှမ်း၊ ပလောင် လီရှော တိုင်းရင်းသားများ တက်ရောက် ဖွင့်လှစ် ပေးခဲ့ကြပါတယ်။

“အရင်တုံးကတော့ ကျွန်တော်တို့ ရိုးရာ ကိုးကွယ်တာပေါ့နော် နောက်ပိုင်းကျတော့ ယဉ်ကျေးမှု အဖွဲ့တွေ တရားဝင်ဖွဲ့စည်းပြီးတော့ ရိုးရာ ကိုးကွယ်မယ့်အစား ဗုဒ္ဓဘာသာ စစ်စစ် ကိုကိုးကွယ်မယ် ဆိုပြီးတော့ လွန်ခဲ့တဲ့ ၄ နှစ်ကစလုပ်ခဲ့တာ” ဟု ရှမ်းပြည်နယ်လွတ်တော် အမှတ် ဦးကျော်မြင့် ကပြောပါတယ်။ပန်းဆေးဒေသ က နမ့်ခမ်းမြို့နဲ့ မိုင် ၂၀လောက်ဝေးတဲ့ တောင်ပေါ်ဒေသ ဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး အလွန်ခက်ခဲ့တဲ့ ပန်းဆေးပြည်သူ့စစ် ရှိရာဒေသလည်း ဖြစ်ပါတယ်။ပန်းဆေးဒေသ မှာ ရှမ်း ပလောင်နဲ့ ခိုလုံ လီရှော များ နေထိုင်ပြီး ဦးကျော်မြင့် ဟာလက်ရှိ ခိုလုံလီရှော ယဉ်ကျေးမှုရဲ့အဖွဲ့ရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။
စိုင်းဇင်မင်းအေး
မြန်မာဓိက















အခုနှစ်လေပြင်းတိုက်လို့ ဒေသအချို့မှာ သရက်သီးအကြွေများ

မန္တလေး၊ မေ-၁၀
ယခုနှစ်ဧပြီလမှ မေလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ လေပြင်းတိုက်ခတ်မှုများကြောင့်မန္တလေးတိုင်းဒေသကြီးအတွင်းမှ သရက်ခြံများမှာ လေခြွေသရက်သီးအများအပြား ရှိခဲ့ကြောင်းသိရပါတယ်။

"မိုးဦးမိုးကြိုကာလတွေမှာလေပြင်းတိုက်ခတ်တာ ပုံမှန်ပါပဲ။ ဒီနှစ် ကျွန်တော်တို့ မန္တလေးမြို့ဝန်းကျင်မှာ လေပြင်းခဏခဏတိုက်တဲ့အတွက် ဒီလေခြွေသရက်သီးတွေ ကို အလေအလွင့်မရှိအောင် မဆုံးရှုံးအောင် သရက်ချဉ်လုပ်တယ်၊သရက်ပြင်တွေ၊ သရက်ပြားတွေ လုပ်တယ်" လို့ အမရပူရမြို့နယ်၊ မိကျောင်းတက်ရွာက သရက်စိုက်တောင်သူတစ်ဦးက ဆိုပါတယ်။

အခုနှစ် သရက်သီးပေါ်ချိန်အတွင်း လေပြင်းတိုက်ခတ်မှုများကြောင့်သရက်ခြံ များ ထိခိုက်မှုရှိခဲ့ပေမယ့်၊ စဥ့်ကိုင်နှင့် ဟန်မြင့်မိုရ်ဘက်က စိန်တလုံးသရက်ခြံများကတော့ ဧပြီလအတွင်းက ဈေးကွက်သို့ အချိန်မီတင်ပို့ခဲ့ပြီးလို့ ဆုံးရှုံးမှု မရှိသလောက်ဖြစ်ကြောင်း သိရပါတယ်။

"လေကတော့ တိုက်မှာပဲ၊ သူ့ရာသီချိန်ရောက်ရင်တိုက်မှာပဲ၊ တားလို့မှမရတာ၊ လေပြင်းတိုက်မှာကို ခန့်မှန်းသိနိုင်လည်း သရက်သီးကြွေကျတာကိုတော့ဘယ်လိုမှ တားလို့မရဘူး၊ လေတိုက်တဲ့ရာသီရောက်တိုင်း ဒီဒါဏ်ကိုခံနေရမှာပဲ"လို့ မန္တလေးမြို့ပတ်ဝန်းကျင်က သရက်စိုက်တောင်သူတစ်ဦး ကပြောပါတယ်။

ယခုလို သရက်သီးများ အကြွေများသော်လည်း ယခုနှစ်တရုတ်ဈေးကွက်သို့ တင်ပို့ရာမှာ ဈေးကောင်းရရှိကြောင်း သိရပါတယ်။ "ဒီနှစ်မူဆယ်ဈေးကွက်မှာစိန်တလုံးထက်၊ ဟင်္သာကတောင် ဈေးပိုကောင်းတယ်"လို့ သရက်ကုန်သည် တစ်ဦးက ဆိုပါတယ်။
ခင်ဘုန်းဝေဇော်
မြန်မာဓိက

ညပိုင်းမှာ ယာဉ်တွေကို ရှောင်တခင်စစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ်လုပ်တော့မယ်

မန္တလေး၊ မေ- ၁၀
မန္တလေးမှာ ညပိုင်းအချိန်တွင်း ယာဉ်မတော်တဆမှုဖြစ်ပွားတာများလို့ညပိုင်းဖမ်းဆီးစစ်ဆေး အရေးယူခြင်းတွေကို တင်းကြပ်စွာ ပြုလုပ်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ် ရေးဝန်ကြီးဌာနမှ သတင်းရရှိပါတယ်။

''ညပိုင်းမှာ ယာဉ်မတော်တဆဖြစ်တာပိုများတယ်၊ဇန်န၀ါရီကနေ ဧပြီလထိ မှတ်တမ်းယူစိစစ် ခဲ့တာ နေ့ခင်းပိုင်းက ၅၈ မှု၊ ညပိုင်းဆို ၇၅ မှုလောက်ဖြစ်နေပြီ၊ညပိုင်းပိုပြီး စစ်ဆေးဖို့လိုလာပြီ၊ တစ်ခုခုဆိုဖမ်းဆီးတယ်၊ တိုင်ချက်ဖွင့်တယ်၊ တစ်ညအိပ်ခိုင်းထားတယ်၊လူကြီးသားသမီးဖြစ်လည်း မလိုချင်ဘူးထည့်၊ အဲဒီအစီအစဉ်လုပ်မှ ဖြစ်တော့မယ်''လို့ မန္တလေးတိုင်းဒေသကြီးလမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးကျော်ဆန်းကပြောပါတယ်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဧပြီလထိ ယာဉ်မတော်တဆမှုပေါင်း(၁၃၃)မှုဖြစ်ပွားခဲ့ပြီးသေဆုံးသူ (၅၈)ဦးနဲ့ ဒဏ်ရာရရှိသူ (၁၇၉)ဦးရှိပါတယ်။ ၂၀၁၂ခုနှစ်နဲ့ ကာလတူနှိုင်းယှဉ်ပါကဒီနှစ်က ယာဉ်တိုက်မှု(၇၆)မှု၊ သေဆုံးသူ(၂)ယောက်နဲ့ ဒဏ်ရာရရှိသူ(၁၁၁)ယောက် လျော့နည်းတယ်လို့သိရပါတယ်။

ဒီနှစ်ပထမ(၄)လအတွင်း ယာဉ်မတော်တဆမှု အမှုပေါင်း၁၃၃ မှာ မော်တော်ဆိုင်ကယ် ကြောင့် အဖြစ်များပြီး သေဆုံးသူအယောက်(၄၀)၊ ဒဏ်ရာရရှိသူ (၁၀၁)ယောက်ရှိကြောင်း မှတ်တမ်း စာရင်းတွေအရ သိရပါတယ်။

အခုအခါ ယာဉ်တွေကို ညပိုင်းမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ယာဉ်ထိန်းရဲ၊ စည် ပင်သာယာရဲ၊ က.ည.န နဲ့ ယ.က.က အဖွဲ့တွေ ပူးပေါင်းကာ မြို့နယ်အလိုက်အလှည့်ကျ ရှောင်တခင်စစ်ဆေးဆောင်ရွက်နေတယ်လို့ ၀န်ကြီးကဆိုပါတယ်။
တာရာ
မြန်မာဓိက

အဆင့်မြင့်ပညာရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ကို အကူအညီတောင်း

ရန်ကုန်၊ မေ ၉
ဗြိတိန်နိုင်ငံတွင် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းနှင့် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးအတွက် သွားရောက် လေ့လာနေသော မြန်မာကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ် နောက်ဆုံးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်တက္ကသိုလ်များကို မြန်မာ့ အဆင့်မြင့်ပညာရေး အတွက် အကူအညီ တောင်းခံခဲ့ကြောင်း ဗြိတိသျှ ကောင်စီက ထုတ်ပြန်ထားသည်။

ကိုးရက်တာ ခရီးစဉ်အပြီး မေလ ၉ ရက်နေ့တွင် လန်ဒန်တက္ကသိုလ်၌ စကော့တလန်နှင့် ဗြိတိန်နိုင်ငံတို့၏ ပညာရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် မူဝါဒပိုင်း ဆိုင်ရာ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းဗီဒီယိုဖိုင် ပေးပို့ပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို လူအများကြီး ကျေကျေနပ်နပ်ကို လက်ခံတဲ့ နိုင်ငံတွေထဲက တစ်ခုအဖြစ် ပြန်မှတ်တမ်းတင်ဖို့ အကူအညီတွေ လိုပါတယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယင်းသို့ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ အတွက်သာမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများ တွင် ပိုမိုကောင်းမွန်သော လူသားအဖွဲ့အစည်းများ ပေါ်ပေါက်လာရန် ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

"တက္ကသိုလ်တွေရဲ့ အဆင့်အတန်းက ကျောင်းတက်ခဲ့လို့ နောက်ဆုံးရခဲ့တဲ့ ဘွဲ့ဓာတ်ပုံ တစ်ခုကလွဲရင် ကျန်တာ ဘာမှမရအောင် နိမ့်ကျနေတယ်" ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသည်။
"ကျောင်းသားဘဝတွေ အမြန်ဆုံး ဆောင်ရွက်ပေးပါ။ လူငယ်တွေတက္ကသိုလ် ဘဝနဲ့ ကင်းကွာနေတာ ဆယ်စုနှစ်ကာလ ထိအောင် ရှိနေပါတယ်။ သူတို့အတွက် အကောင်းဆုံး ပညာရေး အဆင့်အတန်း ကိုသာ ပေးချင်တယ်" ဟု ၄င်းက ဖြည့်စွက်ပြောဆိုသည်။

ပညာရေးစနစ် ပြုပြင်ရေးအတွက် လွတ်လပ်သော ပညာရေး အဖွဲ့အစည်းများ ဖြစ်ပေါ်ရန် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ပညာရေး စနစ်မြှင့်တင်ရန် ဖွံ့ဖြိုးရေးစီမံကိန်း ကာလများ ချမှတ်ရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ လေ့လာရေးအဖွဲ့ကို တိုက်တွန်းထားသည်။

မြန်မာနိုင်ငံမှ သွားရောက်သော ဗြိတိန်ခရီးစဉ်တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ကျော်မြတ်တို့ ပါဝင်သည်။
The Voice Weekly

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အဓိက ဆွေးနွေးခဲ့သည့် သီပေါမြို့ရောက် မင်းကိုနိုင်

သီပေါ၊ မေ ၁၀။
သီပေါမြို့သို့ ရောက်ရှိနေသော ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည်
ယမန်နေ့ည ၇ နာရီခန့်တွင် ဒေသခံပြည်သူများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍
ဟောပြောပွဲ တစ်ရပ်ကို ကျင်းပပြုလုပ်ရာ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကိုမင်းကိုနိုင်မှ အဓိကထား
ပြောကြားသွားခဲ့သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလျက်ရှိပြီး အစိုးရ
တာဝန်ရှိသူများမှ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ခြင်း မရှိသေးဘဲ လူငယ်အများအပြား မူးယစ်ဆေးသုံးစွဲမှုကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ပျက်စီးကြရကြောင်း၊ ဆယ်တန်းကျောင်းသား အရွယ်လူငယ်များမှစတင်၍ မူးယစ်ဆေးဝါး သုံးစွဲနေကြပြီး ဝယ်ယူရန်လည်း လွယ်ကူသလို အဖမ်းအဆီးမရှိ ရောင်းချနေကြကြောင်း ဒေသခံပြည်သူ တစ်ဦးက ပြောကြားသည်။

“လွယ်လွယ်ဝယ်လို့ လဲရတာကိုး၊ အဲတော့ သုံးဖြစ်ကြတာပေါ့၊ ဒီမှာ လူငယ် ၇၀ ရာနှုန်းလောက် သုံးကြတယ်” ဟုဒေသခံ ပြည်သူတစ်ဦး က ပြောသည်။ “မူးယစ်ဆေးဝါး ကင်းစင်ရမယ်လို့ ပြောနေပြီးတော့ ဘိန်းစွဲနေတယ့်
လူငယ်တွေအများကြီး ဖြစ်နေတာ တကယ် မလုပ်လို့ပေါ့”ဟု မူးယစ်ဆေးဝါး ကင်းစင်ရေး လုပ်ဆောင်နေသော်လည်းအလွယ်တကူ ဝယ်ယူသုံးစွဲနေကြပြီး လူငယ်များ ပျက်စီးနေကြခြင်းမှာ ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိခြင်းကြောင့် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ငြိမ်နေပါက အနှိမ်ခံဘဝမှ လွတ်မြောက်မည် မဟုတ်ဘဲ အနိုင်ကျင့် ခံကြရမည်ဖြစ်ကြောင်း၊
ပြုပြင်ပြောင်းလဲရေးအား အမှန်တကယ် ကျင့်သုံးပါက အားလုံးတန်းတူညီမျှ ခံစားရမည်ဖြစ်ကြောင်း၊
ပွင့်ပွင့်လင်းလင်း ပြောဆို လုပ်ကိုင်ဆောင်ရွက်နိုင်မှသာလျှင် အနိုင်ကျင့်ခံရမှုများ၊ အနှိမ်ခံရမှုများ
ကင်းဝေးနိုင်မည်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့ပြီးနောက် ဒေသခံပြည်သူများမှ
ပြန်လည်မေးမြန်းမှုများအား ၈၈မျိုးဆက်များက အပြန်အလှန် ဆွေးနွေး ညှိနှိုင်းမှုများ
ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ ကိုမင်းကိုနိုင်မှ ဒေသခံများ၏ မေးမြန်းချက်များမှ ကိုနေမျိုးဇင်အား ဖမ်းဆီးမှုအပေါ်
“သူတို့တုန်းက ဖမ်းချင်သလို ဖမ်းင်္ပြီး ထောင်ချခဲ့တာလေ၊ ခုလိုပြောင်းလဲနေတဲ့ အချိန်မှာ ဒါမျိုး
မရှိသင့်တော့ဘူး။ ဒါကိုပြောင်းလဲ ရလိမ့်မယ်”ဟု ပြောကြားခဲ့သည်။ ပုဒ်မ ၄၀၁ အရ ဖမ်းဆီး
ထိန်းသိမ်းမှုများကို ယခုကာလတွင် ပြင်ဆင်သင့်ပြီဖြစ်ပြီး ဖမ်း ချင်တိုင်းဖမ်းပြီး ထောင်ချချင်သလို
ချခဲ့သည့် စနစ်မျိုး ကို ပြောင်းလဲရန် လူထု၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုလည်း လိုအပ်ကြေင်း ပြောကြားသည်။

အဆိုပါပုဒ်မ ၄၀၁ အား နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် နိုင်ငံရေးဖြင့် အကျဉ်းကျဖူးသူ အားလုံးက
၎င်းတို့နှင့် တိုက်ရိုက်သက်ဆိုင်နေသာ ပုဒ်မဖြစ်သောကြောင့် အားလုံးကကန့်ကွက် နေကြခြင်းဖြစ်ကြောင်း သိရသည်။
ဝေယံ
မြန်မာ့ခေတ်

သီတဂူ ဓမ္မသဘင် ကျင်းပသော သဒ္ဓမ္မပါလ သံဃဒါနဆွမ်းလောင်းအသင်း ၁၀နှစ်ပြည့်

ကလေး၊ မေ ၁၀။
ကလေးမြို့နယ်၏ ကျက်သရေဆောင် သဒ္ဓမ္မပါလ သံဃဒါန ဆွမ်းလောင်းအသင်း၏ (၁၀)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သီတဂူဆရာတော် အရှင်ဒေါက်တာ ဉာဏိဿရ(D.Litt,Ph.D) ကိုယ်တိုင်ကြွရောက်၍ သီတဂူ ဓမ္မသဘင်ကျင်းပတော်မူကြောင်း သိရသည်။

သဒ္ဓမ္မပါလ သံဃဒါန ဆွမ်းလောင်းအသင်း၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သီတဂူဆရာတော်ကြီး၏
တရားပွဲကို ရွှေဘုံသာ ဓမ္မရုံကြီးအတွင်းတွင် ယမန်နေ့ည၌ ကျင်းပခဲ့ကြောင်း၊
ငွေကျပ်သိန်းပေါင်း(၁၅၀၀)ခန့် ကုန်ကျမည့် ဆောက်လုပ်ဆဲ သဒ္ဓမ္မပါလ သံဃဒါန ဆွမ်းလောင်း အသင်း
ဓမ္မရုံကြီးအတွက် ကလေးမြို့နယ် ပြည်သူများထံမှ အလှူတော်ငွေ ရှစ်ရာသုံးဆယ့် ကိုးသိန်း
နှစ်သောင်းကျပ် (၈၃၉,၂၀၀၀၀ိ/-ကျပ်)ပေးအပ် လှူဒါန်းခဲ့ကြောင်း၊ ဓမ္မပူဇာအလှူတော်ငွေ
ကျပ်သိန်းတစ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မေလ ၁၀ ရက်နေ့ နံနက် ရှစ်နာရီတွင် ပင့်သံဃာအပါး ငါးရာတို့အား ဆွမ်း၊ ဆွမ်းဟင်းနှင့်
လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း မည်ဖြစ်ကြောင်း၊ အသင်းကြီး၏ သြ၀ါဒ စရိယ
ဆရာတော်ကြီးများနှင့် ဆွမ်းဆန်တော်များကို နှစ်စဉ်လှူဒါန်းကြသည့် ကျေးရွာများရှိ
ဆရာတော်ကြီးများ စုစုပေါင်း ဆရာတော်သံဃာတော်အပါး(၅၀)အား နေ့ဆွမ်းဆက်ကပ် လှူဒါန်း၍
သဒ္ဓမ္မပါလသံဃ ဒါနဆွမ်းလောင်း အသင်းကြီး၏ ဆယ်နှစ်ပြည့် အထိမ်းအမှတ် ကုသိုလ်ပြုပွဲ လှူဒါန်းမှု
အစုစုတို့ကို ရေစက်သွန်းချ အမျှအတမ်းပေးဝေမည်ဖြစ်ကြောင်းတို့ကို ပွဲဖြစ်မြောက်ရေး ကော်မတီက
ပြောကြားခဲ့သည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

အပြင်ရောက်မှ ခင်ဗျားတို့ကို ပုဒ်မ ၄၀၁ နဲ့လွှတ်တာတဲ့

(သတင်းဓါတ်ပုံ - ကိုဆန်)
"ပုဒ်မ ၄၀၁ နဲ့ပတ်သက်လို့ ကျွန်တော်တို့ကို လွှတ်တဲ့အချိန်မှာ ထောင်ထဲရှိနေတဲ့အချိန် လက်မှတ်မထိုးခိုင်းခဲ့ဘဲ ထောင်အပြင်ရောက်မှ ခင်ဗျားတို့ကို ပုဒ်မ ၄၀၁ နဲ့လွှတ်တာလို့ အပြင်ရောက်မှပြောတာဖြစ်တယ်။ ကျွန်တော်တို့ သဘောမတူဘူးဆိုတာကို ဆိုလိုချင်တာပါ။

နံပါတ် ၁ လုံးဝသဘော မတူဘူး၊ အကြွေးကျန်တဲ့ကိစဟာ လုံးဝမရှိသင့်ပါဘူး၊ ဘာကြောင့်လဲ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ အသံကောင်းဟစ်ထားတယ်ဆိုရင် ဒါမလိုတဲ့ကိစ္စဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးပြောတယ်၊ တစ်နိုင်ငံလုံး လက်တွဲပီးတော့ ဒီမိုကရေစီလုပ်ရမဲ့အချိန်မျိုးမှာ ၄၀၁ အရ အကြွေး သတ်မှတ်ပီးတော့ ပြန်ပီး ပစ်ဒဏ်အနေနဲ့ပေးချင်းဟာ နံပါတ် ၁ လုံးဝသဘောမတူနိုင်ဘူး။

လုံးဝလက်မခံနိုင်သလို ဒီပုဒ်မအရ ကျန်ရှိနေတဲ့ ဒီအကြွေးမှန်သမျှကို ဖယ်ရှားတောင်းဆိုတယ်” လို့ ရှမ်းပြည်မြောက်ပိုင်းခရီးစဉ် မှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က သီပေါမြို့သူမြို့သားများကို ပြောကြား။
DVB TV News

အကျဉ်းသား စိစစ်ရေး ကော်မီတီ တိုးချဲ့ဖွဲ့စည်း

Insein Prison
9 မေလ 2013
ထောင်တွေ ထဲမှာ နိုင်ငံရေး အကျဉ်းသား တွေကျန် နေသေးတယ်လို့ သူတို့ အရေး လှုပ်ရှားသူတွေ ပြောနေ

အကျဉ်းထောင်တွေထဲမှာ ကျန်နေ သေးတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို ပြန်လွှတ် ပေးနိုင်ဖို့ အတွက် အစိုးရက ဖွဲ့စည်းပေး ထားတဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မီတီကို အဖွဲ့ဝင် သုံးယောက် ထပ်ပေါင်းပြီး စုစုပေါင်း ၁၉ ယောက် အဖွဲ့ အဖြစ် တိုးချဲ့ ဖွဲ့စည်းလိုက် ပါတယ်။

နောက်ထပ် တိုးလာသူ သုံးယောက် စလုံးက လက်ရှိ နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေ ဖြစ်ကြပြီး နိုင်ငံရေး အကျဉ်းသားဟောင်း တွေလည်း ဖြစ် ပါတယ်။

အဲဒီ သုံးယောက် ထဲမှာ သင်္ဃ္န်းကျွန်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်နဲ့ အမျိုးသား ဒီမို ကရေစီ အင်အားစု ပါတီက ဒေါက်တာ ဝင်းနိုင်တို့ ပါဝင် ပါတယ်။

သူတို့ အနေနဲ့ အဲဒီ လူတွေကို ဆက်လက် ဖမ်းဆီး မထားသင့်ဘူး ဆိုတာ အစိုးရက ယုံကြည် လက်ခံ လာအောင် တိုက်တွန်း ပြောဆို နိုင်တယ်လို့ ကော်မီတီဝင် အသစ် နောက်တစ်ယောက် ဖြစ်တဲ့ မြန်မာ အမျိုး သား ကွန်ဂရက် ပါတီ ဥက္ကဌ ဦးကောင်းမြင့်ထွဋ်က ပြောပါတယ်။

နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံ နေရသူ တွေရဲ့ အချက် အလက် တွေကို ရှာဖွေ ရယူပြီးတဲ့ အခါ နိုင်ငံတော် သမ္မတ ဆီကို တင်ပြ ပေးသွားနိုင်တယ် လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ ဆက်လက် ဖမ်းဆီး ထားတဲ့ အကျဉ်းသား တချို့ အကြောင်းနဲ့ ပတ်သက်လို့ အစိုးရ ပိုင်းက ပွင့်ပွင့် လင်းလင်း ထုတ်ဖော် မပြောတဲ့ အပိုင်းတွေ ရှိနေပြီး၊ အစိုးရ ဘက်က အစည်းအဝေး ခေါ်မှ ကော်မီတီ ဝင်တွေက သွားတက် ကြရတာလို့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူ တစ်ယောက်က ပြောပါတယ်။

ထောင်တွင်းက လက်ကျန် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေး နိုင်အောင် နည်းလမ်း ရှာဖို့ ဆိုပြီး ဖေဖော်ဝါရီ လဆန်း တုန်းက နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ၊ အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူ တွေနဲ့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း ဦးဆောင်တဲ့ အစိုးရ တာဝန် ရှိသူတွေ တွေ့ဆုံ ခဲ့ကြ ပြီးတဲ့နောက် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မီတီ ဆိုပြီး ၁၆ ယောက် အဖွဲ့ကို စတင် ဖွဲ့စည်း ခဲ့ပါတယ်။
BBC Burmese

အိုဟိုင်းယိုး အမျိုးသမီး ၃ ဦး ပြန်ပေးဆွဲသူ ရုံးထုတ်

အေရီယယ်ကက်စထရိုကို ရုံးထုတ်စဉ်
9 မေလ 2013
အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်မှာ အမျိုးသမီး ၃ ဦးကို အိမ်မှာ ၁၀ နှစ်နီးပါး ချုပ်လှောင်ထားခဲ့တဲ့ အေရီယယ် ကက်စထရိုဆိုသူကို ပြန်ပေးဆွဲမှု၊ မုဒိမ်းမှုတွေနဲ့ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။

အသက် ၅၂ နှစ် အရွယ် အရင်က ကျောင်းကားမောင်းတဲ့ မစ္စတာ ကက်စထရိုကို အမျိုးသမီး ၃ ဦးနဲ့ အဲဒီထဲက အမျိုးသမီးတဦးရဲ့ သမီးငယ် တဦးအပါအဝင် ပြန်ပေးဆွဲမှု ၄ မှု၊ အမျိုးသမီး ၃ ဦးကို သားမယားပြုကျင့်မှု ၃ မှု၊ စုစုပေါင်း စွဲချက် ( ၇ ) ခုနဲ့ စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

အဲဒီ သမီးလေးကို ချုပ်လှောင်ထားစဉ်ကာလမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

၅ မိနစ်သာ ကြာတဲ့ တရားစီရင်မှုအတွင်း အပြာရောင် အလုပ်သမားဝတ်စုံ ဝတ်ထားတဲ့ မစ္စတာ ကက်စထရိုဟာ ကြမ်းပြင်ကိုသာ ငေးစိုက် ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။

Amanda Berry ၊ Gina DeJesus နဲ့ Michelle Knight တို့ သုံးဦးနဲ့ Amanda Berry ကမွေးဖွားတဲ့ ၆ နှစ် အရွယ် မိန်းကလေးငယ်လေးတို့ကို မစ္စတာ ကက်စထရိုရဲ့ အိမ်ကနေ တနင်္လ࿿ာနေ့က ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။
BBC Burmese

ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်(၁၄)ခုတွင် ဆွဲတင်စစ်လုပ်ငန်း ဆောင်ရွက်သွားမည်

10.5.2013
နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွင် အထောက်အပံ့ဖြစ်စေရန် အတွက်ရခိုင် ပြည်နယ်အတွင်းရှိမြို့နယ်(၁၄)မြို့နယ်မှာ ဆွဲတင်စစ်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးရေးအဖွဲ့(၆၃)ဖွဲ့ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
လူမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်၏ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်
ဖော်ရေးညှိနှိုင်းအ စည်းအဝေးမှ ပြောကြားချက်အရ သိရသည်။

ဆွဲတင်စစ် လုပ်ငန်းများဆောင်ရွက်ရာတွင် မြေပုံရေးဆွဲခြင်း၊မှတ်တမ်းတင်စစ်ဆေးခြင်း၊ မွေးသေစာရင်း၊ပြောင်းဝင်၊ပြောင်းထွက်စာရင်းပြုစုခြင်း၊ထွက်ပေးသူများ စိစစ်ခြင်းနှင့် မိသားစုဓါတ်ပုံရိုက်ကူးခြင်းစသည် များကိုဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းဆွဲတင်စစ်လုပ်ငန်းများကို လူသားချင်းစာနာ ထောက်ထားသော အကူအညီများစနစ်တကျဖြန့်ဝေပေးနိုင်ရန်၊လူဦးရေ အတိုးအလျော့များ သိရှိနိုင်ရန်၊တရားမဝင်ဝင်ရောက်လာသူများကို စိစစ်နိုင်ရန် အတွက်ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆွဲတင်စစ်လုပ် ငန်းများကိုကွင်းဆင်းစစ်ဆေးရာတွင် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့(၁)ဖွဲ့ကို လဝက၊နစက၊တပ်မတော်၊ရဲတပ်ဖွဲ့၊ထွေ/အုပ်၊မြေစာရင်း၊ရခိုင် တိုင်းရင်းသားကိုယ်စားလှယ် ဘင်္ဂါလီကိုယ်စားလှယ်စုစုပေါင်း(၂၀)ဦးပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ဆွဲတင်စစ်လုပ်ငန်းများစတင်ဆောင်ရွက် ခဲ့သည့် ဧပြီလ(၂၆)ရက်နေ့တွင် အကြမ်းဖက်မှုဖြစ်စဉ်များဖြစ်ပွားခဲ့ခြင်းကြောင့် ယာယီရပ်ဆိုင်းထားတကြောင်း သိရသည်။(၂၀၁၃)ခုနှစ်၊ မတ်လအတွင်းမောင်တောမြို့နယ်တွင် လူဦးရေ(၇)သိန်း(၆)သောင်းကို ဆောင်ရွက်ခဲ့ပြီးကျန်ရှိသေးသည့် စိစစ်မှုလုပ်ငန်းများကိုအမှန်ကန်ဆုံးနှင့်
အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
SkyNet TV Browser

'မောင်' သီချင်းဖန်တီးရှင် ဒါရိုက်တာ အာယုကွယ်လွန်

ဒါရိုက်တာ စာရေးဆရာ သာဓု ( ကွယ်လွန် ) ရဲ့သား ၊ စာရေးဆရာ အဆိုတော် သရုပ်ဆောင် သုမောင် (ကွယ်လွန် ) ၊ ဒါရိုက်တာ မောင်ဝဏ္ဏ ( ကွယ်လွန် )၊စာရေးဆရာ မင်းလူတို့၏ ညီ "မောင်" သီချင်းရဲ့ ဖန်တီးရှင် ဒါရိုက်တာ အာယုသည် မေလ ၉ ရက်နေ့ ည ၇ နာရီ က ကွယ်လွန် သွားကြောင်း သိရသည်။
P-049
Popular Journal

ရှမ်းပြည်နယ်မှာ တိုက်ပွဲဖြစ်ပွား

မြန်မာအစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA/RCSS တပ်တွေနဲ့ မြန်မာအစိုးရတပ်တွေ ဒီကနေ့တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ရွှေလီမြစ်ဝှမ်းအခြေစိုက် ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA/RCSS တပ်မဟာ(၇၀၁)ရဲ့ တပ်စခန်းကို မြန်မာစစ်တပ်၊ အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တပ်တွေက ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အဲဒီတိုက်ပွဲမှာရှိနေတဲ့ ၇၀၁ တပ်မှူး ဒုတိယဗိုလ်မှုးကြီး ဇွန်မိန်းက ပြောပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်နဲ့ချီပြီး တရုတ်ပြည်ဖက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ခုနောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအနေနဲ့ ရွှေလီမြစ်ဝှမ်းမှာရှိတဲ့ တပ်မဟာ (၇၀၁) တပ်စခန်းကို ဒီကနေ့ညနေပိုင်းမှာ ဆုတ်ပေးလိုက်ရပြီး၊ တိုက်ပွဲတွေအတွင်း ရှမ်းပြည်တပ်မတော်တောင်ပိုင်းက တစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရရှိကြောင်း သိရပါတယ်။ မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးစာရင်းတော့ မသိရသေးပါဘူး။
RFA Burmese

တတိယအကြိမ် အလုပ်အကိုင် အခွင့်အလမ်းပြပွဲ မေလကုန်တွင် ကျင်းပမည်

ရန်ကုန်၊ မေ ၉။
မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းမှ ကြီးမှူး၍ တတိယအကြိမ်မြောက် မြန်မာ့အလုပ်အကိုင်
အခွင့်အလမ်းပြပွဲကို လာမည့် မေလကုန်တွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ၃ ရက်ကြာ
ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီတွေက ခေါ်တဲ့ Qualification နဲ့ အလုပ်လာလျှောက်တဲ့သူတွေရဲ့ Qualification က match
ဖြစ်နေဖို့ လိုတယ်။ အမတို့က လုပ်ငန်းရှင်တွေနဲ့ အလုပ်လိုချင်သူတွေကို အဆင်ပြေအောင် join ပေးတာ
ဖြစ်တယ်” ဟု မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းမှ တွဲဖက်အတွင်းရေးမှူး
ဒေါ်သင်းသင်းဆက်က ပြောကြားသည်။

ယင်းပြပွဲတွင် ပြခန်းပေါင်း ၁၀၀ ကျော် ပါဝင်ပြသသွားမည်ဖြစ်ပြီး city mart ၊ AA
madical ကဲ့သို့ ကုမ္ပဏီကြီးများ၊ နိုင်ငံခြားမှ မြန်မာပြည်သို့ လာရောက် ရင်းနှီးမြှပ်နှံမည့်
ကုမ္ပဏီများ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း၊ ပြပွဲကို မေလ ၃၁ ရက်မှ ဇွန်လ ၂ ရက်အထိ ၃ ရက်တိုင်တိုင်
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“တချို့ အလုပ်လာလျှောက်တဲ့ သူတွေဆို အလုပ်ဘယ်လိုလျှောက်ရမယ်၊ CV ဘယ်လို ရေးရမယ်ဆိုတာတောင် မသိတဲ့ သူတွေပါတယ်။ အဲဒါတွေအတွက်လည်း အကြံပြုခန်းတွေ ထားပေးထားဖို့ ရှိပါတယ်” ဟု မြန်မာနိုင်ငံစွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးအေးဝင်းက ပြောကြားသည်။

အဆိုပါ ပြပွဲကျင်းပမည့် နေ့များတွင် လူငယ်ထု အတွင်းရှိ လိုအပ်ချက်များနှင့် ပတ်သတ်၍
အကြံပေးခန်းများ ထားရှိပေးမည်ဖြစ်ပြီး ကျွမ်းကျင် ပညာရှင်များက လိုအပ်သည်များကို အကြံပေး
ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်ရှင်များက အလုပ်သမား ခေါ်ယူရာတွင်လည်း ကျွမ်းကျင် အလုပ်သမားနှင့် လုပ်သက်မရှိသေးသူ
အလုပ်သမားဟူ၍ နှစ်မျိုးရှိကြောင်း၊ ကျွမ်းကျင်အလုပ်သမား လိုချင်သူ အလုပ်ရှင်များ အနေဖြင့် Job
Fair တွင် မရနိုင်ကြောင်း၊ Job Fair တွင် လာလျှောက်သူများမှာ အမှန်တကယ် အလုပ်လိုအပ်
နေသူများဖြစ်ကြောင်း ဒေါ်သင်းသင်းဆက်က ပြောကြားသည်။

အလုပ်လျှောက်ထားလိုသူ လူငယ်များအနေဖြင့် မိမိတတ်မြောက်ထားသည့် အောင်လက်မှတ် ပါရှိရုံဖြင့် အလုပ်လျှောက်ထားနိုင်မည်ဖြစ်ပြီး CV Form လက်ခံခြင်း၊ အင်တာဗျူး ပြုလုပ်ခြင်းနှင့်
အလုပ်ခန့်အပ်ခြင်းများကို တစ်ပြိုင်နက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပွဲသည် အလုပ်လျှောက်ထားလိုသူ များကိုသာမက အလုပ်ရှင်များ အတွက်ပါ အကျိုးရှိစေနိုင်ပြီး
အလုပ်သမားဝန်ကြီးဌာနမှလည်း အလုပ်သမားကဒ်များ တစ်ပြိုင်နက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် Job Fair ကို ၂၀၁၁ ခုနှစ် မတ်လတွင် လည်းကောင်း၊ ဒုတိယအကြိမ် Job Fair ကို ၂၀၁၂
ခုနှစ် သြဂုတ်လတွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီး ယင်းပွဲသို့ လာရောက်သူဦးရေ ၃
သောင်းကျော်ရှိပြီး အလုပ်လျှောက်သူများ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ အလုပ်ရရှိခဲ့ကြောင်း
သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

သုတစုံလင် ဗုဒ္ဓ၀င်ပြိုင်ပွဲ ကျင်းပနိုင်ရန် အလှူငွေပေးအပ်ပွဲ ကျင်းပမည်

ရန်ကုန်၊မေ ၉။
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓ၀င် ပြိုင်ပွဲအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းခြင်းကို
ရန်ကုန်မြို့ ၊ လှိုင်တက္ကသိုလ် ၀င်းအတွင်းရှိ(MICT-PARK)  အခန်းအမှတ်(၂၀၅)တွင် မေလ ၁၁ရက်နေ့ 
နေ့လည်(၂)နာရီအချိန် တွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။

အဆိုပါ သုတစုံလင်ဗုဒ္ဓ၀င် ပြိုင်ပွဲကို ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ၂၀၁၂ ခုနှစ်မှ စတင်ကာ
ကျင်းပခြင်းဖြစ်ပြီး မျိုးဆက်သစ် လူငယ်များအနေဖြင့် မိမိတို့ ကိုးကွယ်သည့် ဗုဒ္ဓစာပေများကို
လေ့လာချင်စိတ် ရှိလာရန်၊ လူငယ်များ၏ နှလုံးသားတွင် ဘုရားတည်ရန်၊ နိုင်ငံနှင့်အ၀ှမ်း
ဖွင့်လှစ်သင်ကြားနေသော ယဉ်ကျေးလိမ္မာသင်တန်းမှ ထူးချွန် ကျောင်းသားများအား
ချီးမြှင့်ပေးရန်၊ မိရိုးဖလာဗုဒ္ဓဘာသာ အဆင့်မှ တကယ့်တတ်သိ နားလည်သော ဗုဒ္ဓဘာသာဝင် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် စသောရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့၏
ဥက္ကဋ္ဌဖြစ်သူက ပြောကြားသည်။

ယခုနှစ် ကျင်းပပြုလုပ်မည့် သုတစုံလင်ဗုဒ္ဓ၀င် ပြိုင်ပွဲကို အဆင့်(၃)ဆင့်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ပထမအဆင့်ကို ယခုလ ၁၂ရက်နေ့ တွင် အထက်မြန်မာပြည်အတွက် စံဟိန်း (ကိုယ်ပိုင်အထက်တန်းကျောင်း)တွင်လည်းကောင်း၊ အောက်မြန်မာပြည်အတွက် ဖျာပုံမြို့ အ-လ-က(၂) ကျောင်းတွင် လည်းကောင်း၊
ရန်ကုန်တိုင်း ဒေသကြီးအတွက် လသာမြို့နယ်၊ အ-ထ-က(၁)ကျောင်းတွင်လည်းကောင်း အသီးသီး
ကျင်းပပြုလုပ်သွား မည်ဖြစကြောင်း သိရသည်။

ပြိုင်ပွဲ ဒုတိယဆင့်ကို ၁၉ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲများကို ၂၂ရက်နေ့နှင့်
၂၄ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်ဟု ပြိုင်ပွဲစီစဉ်သူ တစ်ဦးက ပြောကြားသည်။

ယင်းသုတစုံလင် ဗုဒ္ဓ၀င်ပြိုင်ပွဲတွင် ပထမဆု(၁၀)သိန်း၊ ဒုတိယဆု(၇)သိန်း၊ တတိယဆု(၅)သိန်း၊
စတုတ္ထဆု(၃)သိန်းနှင့် နှစ်သိမ့်ဆု တစ်ဆုလျှင် ကျပ်တစ်သိန်းဖြင့် (၂၄)ဆု ချီးမြှင့်သွားမည်ဟုလဲ သိရှိရသည်။

နောက်ဆုံးပြိုင်ပွဲများကို ရုပ်သံသတင်းဌာနများဖြစ်သည့် MRTV ၊ 5MOVIEနှင့် MRTV-4 တို့မှလည်း
ထုတ်လွှင့် ပြသွားမည်ဟု သိရှိရသည်။
မြင့်ကျော်
မြန်မာ့ခေတ်

တွံတေး-ဒလ ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့သောလူသေမှု အမြင်အမျိုးမျိုးဖြစ်နေ

ရန်ကုန်၊မေ ၉။
ယမန်နေ့က တွံတေးမှ ဒလသို့  ရေသွားလှူသော မောင်ထွဋ်မင်းနိုင်သည် အပြန်
တွံတေးကားလမ်းမပေါ်တွင် ည၈နာရီခန့်၌ သေဆုံးသွားခဲ့ပြီး ယင်းဖြစ်ပွားမှုအပေါ်  မိသားစုနှင့်
ရဲများအကြား အမြင်အမျိုးမျိုး ဖြစ်နေကြကြောင်း သိရသည်။

သေဆုံးသူမှာ မောင်ထွဋ်မင်းနိုင်(၂၃)နှစ်ဖြစ်ပြီး ဒလတွင် ရေဘေးဒုက္ခနှင့် ကြုံနေရသောကြောင့်
တွံတေးမှ ထော်လာဂျီဖြင့် ရေသွားရောက် လှူဒါန်းခဲ့ပြီး အပြန်လမ်းတွင် သွားရောက်လှူဒါန်းသော
အဖွဲ့သည် အားလုံးမှုးနေကြပြီး မောင်ထွဋ်မင်းနိုင်သည် ကားတိုက်ခံရ၍ သေဆုံးသည်ဟု အတူသွားလှူကြသူများက
ပြောကြောင်း၊ သို့သော် သေဆုံးသူသည် ကားတိုက်ခံရ၍ သေဆုံးခြင်း မဖြစ်နိုင်ကြောင်း ၎င်း၏အကို
ဝမ်းကွဲတော်ဆက်သူ ကိုဇော်ဇော်က ပြောကြားသည်။

“ဒဏ်ရာတွေက ကားတိုက်ထားတာနဲ့ မတူဘူး။ ရိုက်ထား ထိုးထာတဲ့ပုံမျိုးတွေဖြစ်နေတယ်။ ပြီးတော့
သူတစ်ယောက်ထဲကို ထားခဲ့ကြပြီးမှ ကားတိုက်ခံရတယ်ပြောတာ”ဟု ကိုဇော်ဇော်က ဆက်လက်ပြောကြားသည်။ ယင်းရေသွားလှူသော အဖွဲ့တွင် သေဆုံးသူ အပါအဝင် ကျား ၁၃ယောက် ထော်လာဂျီဖြင့် ပြန်လာခြင်း
ဖြစ်ကြာင်း သိရသည်။

၎င်းဒဏ်ရာသည် မိမိအမြင်ဖြင့်ဆိုလျင် ကားတိုက်ခံရသော ဒဏ်ရာမဖြစ်နိုင်ကြောင်း၊ သေဆုံးသူသည် သွားရောက်သယ်ယူချိန်တွင် ကားလမ်းမ၏ အလယ်တွင် ဖြစ်နေသောကြာင့် ပြုကျခြင်းကဲ့သို့လည်း ဖြစ်နိုင်ပြီး
အသေအခြာတော့ မပြောနိုင်ကြောင်း သေသူအား သွားရောက်သယ်ဆောင်သူ စိတ္တသုခအရေးပေါ် ကူညီရေးအဖွဲ့မှ ကိုဖြိုးကိုကိုရွှေက ပြောကြားသည်။

ထို့နောက် သေဆုံးသူနှင့် ပတ်သက်၍ တွံတေးမြို့ပေါ်တွင် အမျိုးမျိုး ထင်ကြေးပေးနေကြကြောင်း၊
သို့သော် သေဆုံးသူသည် ကားတိုက်ခံရခြင်းသာ ဖြစ်ကြောင်းနှင့် ၎င်းအမှုကို ၃၀၄(က)ဖြင့် အမှုဖွင့်ထားကြောင်းရဲစခန်းမှ အရာခံ တိုးတိုးလွင်က ပြောကြားသည်။ ၎င်းအမှုနှင့် ပတ်သတ်၍ ဆေးစစ်ချက်များ
မထွက်ရှိသေးကြောင်းလည်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

လူတိုင်းမကင်းဘူး.....


FB-Kyaw Soe Moe

ခွင့်ပြုချက်ထက်ပိုကျူးသော အဆောက်အအုံလေးလုံးဖျက်သိမ်းခံရ

ခွင့်ပြုချက်ထက် ကျုးကျော်ဆောက် လုပ်သည့် ရန်ကင်းမြို့နယ်ရှိ အဆောက် အအုံ လေးလုံးကို ဖျက်သိမ်းလိုက် ကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၅ ရက် မှစတင်ကာ ခွင့်ပြုချက်ထက် ကျူးကျော် ဆောက်လုပ်သည့် အဆောက်အအုံများ အား စီမံချက်ချ ပြန်လည်ဖျက် သိမ်းရန် စေခိုင်းခဲ့ရာ ခြောက်လအတွင်း ၎င်းအ ဆောက်အအုံများကို ဖျက်သိမ်းလိုက် ခြင်းဖြစ်သည်။စီမံချက် စတင်ခဲ့သည့်လအတွင်း ရန် ကင်းမြို့နယ် အမှတ်(၁၃)ရပ် ကွက် ဓမ္မာရုံလမ်း မြေကွက်အမှတ် ၇၄နှင့် ၇၅ ရှိ ငါးထပ်အဆောက်အအုံနှစ်လုံးကို တရားစွဲဆို၍ ခွင့်ပြုချက်ထက် ပိုမိုဆောက်လုပ်ထားသည့် အပေါ်နှစ်ထပ် ကို ပြန်လည်ဖျက်သိမ်းရန် စေခိုင်းခဲ့ ကြောင်း၊ ယင်းနောက် ရန်ကင်းမြို့နယ် တွင်ပင် ကျူးကျော်ဆောက်လုပ်သည့် အဆောက်အအုံတစ်လုံးကို ထပ်မံဖျက် သိမ်းစေခဲ့ပြီး ယခုလတွင် ရန်ကင်းမြို့ နယ် ကမ္ဘာအေးဘုရားလမ်း၌ ဆောက် လုပ်နေသည့် ကားအရောင်းပြခန်းတစ်ခု မှာ မြေအကျယ် ပေ ၂ဝ ခန့် ပိုမိုဆောက် လုပ်ခဲ့သည့်အတွက် တရားစွဲဆိုဖျက် သိမ်းရန် စေခိုင်းခဲ့ကြောင်း ရန်ကုန်စည် ပင်မှ သိရသည်။

ရန်ကုန်မြို့၏ အဓိကလမ်းမကြီး များဖြစ်သော ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်းနှင့် ဦးဝိစာရလမ်းများ အား နောင်လိုအပ်သည့်အခါမျိုးတွင် လမ်း သားချဲ့ထွင်ခြင်း များ ပြုလုပ်နိုင်ရန်အ တွက် ယင်းလမ်းမအနီး အဆောက်အအုံ များအား လမ်းမကြီးနှင့် ပေ ၂ဝ အကွာ အဝေး ချန်လှပ်၍သာ အဆောက်အ အုံ ဆောက်လုပ်ရန် ရန်ကုန်စည်ပင်မှသတ် မှတ်ထားခြင်းဖြစ်သည်။

လမ်းသွယ်များအတွက် ရန်ကုန် စည်ပင်မှ သတ်မှတ်ထားသော အဆောက် အအုံအမြင့် ဆောက်လုပ်ခွင့်ပြုထား သည့်ပုံစံမှာ လမ်းအကျယ်နှစ် ဆအား လေးပေခွဲထပ်ပေါင်း၍ ယင်းထက် မကျော်သော အဆောက်အအုံကိုသာ ဆောက်လုပ်ခွင့်ပြုထားခြင်းဖြစ်သည်။ယင်းအပြင် ရန်ကုန်မြို့တွင်း အ ဆောက်အအုံ အမြင့်များ တည်ဆောက် မှုကြောင့် မြို့၏ အထင်ကရဖြစ်သော ရွှေ တိဂုံစေတီ မြင်ကွင်း ပိတ်ဆို့သွားမှု မရှိ စေရေးအတွက်လည်း ရွှေတိဂုံကန့်သတ် ဧရိယာဇုန်နှင့် ပြင်ပဇုန်ဟူ၍ ဇုန်နှစ်ခု သတ်မှတ်ကာ အမြင့်ပေ ကန့်သတ်ထား သည်။

ရွှေတိဂုံ ကန့်သတ်ဧရိယာဇုန်အ တွင်းတွင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၉ဝ ရွှေတိဂုံစေတီ၏ ရင် ပြင်တော်အထိသာ အဆောက် အအုံအ မြင့် ဆောက်လုပ်ခွင့်ရှိပြီး ပြင်ပဇုန်တွင် ပင်လယ်ရေမျက်နှာပြင် အထက် အမြင့် ပေ ၄၁၇ ပေ၊ တစ်နည်းဆိုသော် ရွှေတိ ဂုံစေတီ၏ ငှက်ပျောဖူးအောက်သာ အ ဆောက်အအုံများ တည်ဆောက်ခွင့်ရှိ ကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။
ဝေမာထွန်း
Popular Myanmar News Journal

ခရီးသည်တင်ကားတစ်စီးတိမ်းမှောက် ခရီးသည်၁၂ဦးဒဏ်ရာရ

ရန်ကုန်-မေ၉ ယနေ့နေ့လည်က ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ခရီးသည်တင်ကားတစ်စီးတိမ်းမှောက်ပြီး ခရီးသည် ၁၂ဦးဒဏ်ရာရကြောင်းသိရသည်။ ယာဉ်လိုင်းအမှတ်၂၅၅ဖြစ်ပြီး ဆူးလေ-မြောက်ဒဂုံပြေး ဆွဲသောယာဉ်ဖြစ်သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် အမျိုးသား၎ဦးနှင့် အမျိုးသမီး၈ဦး ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန်ဆေးရြုံ့ကီးသို့ပို့ဆောင်ထားကြောင်း၊ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။
၀၂၀
Popular Myanmar News Journal




ယနေမိုးသည်းထန်စွာရွာသွန်းပြီးနောက် မန်းမြို့မြင်ကွင်းများ

မန္တလေး-မေ၉ ယနေ နေ့လည်က မန်းတွင်လေပြင်းများတိုက်ပြီး မိုးသီးများကြွေကျ၍ မိုးသည်းထန်စွာရွာသွန်းခဲသောကြောင့်ကျိုးကျခဲ့သော သစ်ပင်များ၊ပျက်စီးခဲ့သောလမ်းမီးများကိုတာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြင်ဆင်လျှက်ရှိသည်။
ဖိုးလပြည့်
Popular Myanmar News Journal







နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com