http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အမှတ် ၁၄ စစ်သင်တန်းကျောင်း ဆောက်လုပ်နေတာနဲ့ ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲ(ရုပ်/သံ)

ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ အမှတ် ၁၄ စစ်သင်တန်းကျောင်း ဆောက်လုပ်နေတာနဲ့ ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲကို ဖရူဆိုမြို့နယ် မော်ခရော်ရှေးရွာက ကက်သလစ် သာသနာရေးကျောင်းမှာ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုသီဟထွန်းက သတင်းပေးပို့ထားပါတယ်။

RFA Burmese

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံ ရောက်ရှိ


မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းမှု လုပ်ငန်းစဉ်တွေမှာ အကူအညီပေးနိုင်မယ့် အခြေအနေတွေကို လေ့လာဖို့အတွက် အမေရိကန် သမ္မတဟောင်း Jimmy Carter ဟာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိလာခဲ့ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် အပါအ၀င် မြန်မာအစိုးရထိပ်တန်း ခေါင်းဆောင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

သမ္မတဟောင်း ဂျင်မီကာတာဟာ ကာတာဖေါင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာ ပြည်သူ့ကျန်းမာရေး အထောက်အကူပြု စီမံကိန်းတွေ ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းတွေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စီမံကိန်းတွေကို ဦးဆောင်နေသူဖြစ်ပါတယ်။

သမ္မတကာတာ မြန်မာနိုင်ငံမလာခင် သူ့ရဲ့ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ဟာ မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိုနှိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

သမ္မတဟောင်း ဂျင်မီကာတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၃၉ ယောက်မြောက် သမ္မတဖြစ်ပြီး ၁၉၇၇ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၀၂ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိသူ ဖြစ်ပါတယ်။
RFA Burmese

ပြည်တွင်းရွှေဈေး အတက်အကျ ကမ္ဘာ့ရွှေဈေးက ဦးဆောင်နိုင်ဖွယ်ရှိ

အင်္ဂါနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၃ ခုနှစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ဧပြီလ ၁ ရက်မှ ၆ ရက်နေ့အထိ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေးအလိုက် အတက်အကျ ဖြစ်သွားနိုင်ခြေရှိကြောင်း ရွှေကုန်သည်များက ဆိုသည်။

“ပြီးခဲ့တဲ့ အပတ် မတ်လ ၂၅ ရက်ကနေ ၃၀ ရက်အထိ တပတ်အတွင်း ရွှေဈေးကို ဒေါ်လာဈေးနဲ့ (တရုတ်) ယွမ်ဈေးက ဦးဆောင်သွားခဲ့တယ်။ ဒေါ်လာနဲ့ ယွမ်ဈေး တက်ရင် ပြည်တွင်း အခေါက်ရွှေဈေး လိုက်တက်တယ်။ ဒေါ်လာနဲ့ ယွမ်ဈေးကျရင် ပြည်တွင်း အခေါက်ရွှေဈေး လိုက်ကျခဲ့တယ်။ ဒီတပတ် (ဧပြီ ၁ ရက်မှ ဧပြီ ၆ ၇က်အထိ) မှာတော့ ကမ္ဘာ့ရွှေဈေး ဦးဆောင်သွားနိုင်ဖွယ်ရှိမယ်လို့ ခန့်မှန်းပါတယ်” ဟု ရွှေကုန်သည် ဦးစံမြင့် ကပြောကြားသည်။

ယခင် သီတင်းပတ်အတွင်း ကမ္ဘာ့ရွှေဈေး အမြင့်ဆုံးမှာ ၁ အောင်စလျှင် ၁,၆၁၀ ဒေါ်လာ ဖြစ်ခဲ့ပြီး အနိမ့်ဆုံးမှာ ၁,၅၉၅ ဒေါ်လာ ဖြစ်ခဲ့သည်။

“မတ်လ နောက်ဆုံးပတ်မှာ ပြည်တွင်းရွှေ ပေါက်ဈေးအရ နယ်စပ်က ရွှေအဝင် ပါးပါးရှိတယ်။ နယ်စပ်ဘက်က ရွှေပေါက်ဈေး မြင့်တဲ့အခါ ပြည်တွင်းရွှေ နယ်စပ်ဘက်ကို ခပ်ပါးပါး စီးဆင်းမှု ရှိတယ်။ သိသိသာသာ များများ စားစားကြီးတော့ မဟုတ်ဘူး။ အရပ်ဝယ်လက်တွေလည်း ငြိမ်နေတယ်။ လက်ကြီးတွေလည်း မိတ္ထီလာ ပြဿနာ နောက်ပိုင်း ငြိမ်နေတယ်။ အကယ်၍ ကျပ် ၇၅၀,၀၀၀ ထက် ကျပ် ၅၀၀ ဝန်းကျင်လောက် ဈေးထက်တက်ရင်တော့ အရပ်ဝယ်လက်တွေ ရွှေပြန်ထုတ် ရောင်းလာနိုင်ပါတယ်” ဟု ရွှေကုန်သည် ဦးအေး က ဆိုသည်။

မတ်လ ၂၅ ရက်မှ ၃၀ ရက်အထိ ပြည်တွင်း အခေါက်ရွှေဈေးမှာ ၁ ကျပ်သားလျှင် ၇၅၀,၀၀၀ ကျပ်နှုန်းဖြင့် အမြင့်ဆုံး ဖြစ်ခဲ့ပြီး ၇၄၀,၀၀၀ ကျပ်ဖြင့် အနိမ့်ဆုံးဈေး ဖြစ်ပေါ်ခဲ့သည်။
ခင်မျိုးသွယ်
Mizzima - News in Burmese

လက်ပံတောင်း ဒဏ်ရာရ ဆရာတော် သီတဂူ သံဃာ့ဆေးရုံ၌ ကုသမှု ခံယူနေ

ဟင်္သာနီ (မွန်မြေ) | အင်္ဂါနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၃ ခုနှစ်
စံခလပူရီ (မဇ္ဈိမ)။ ။ လက်ပံတောင်း အရေးအခင်း ဒဏ်ရာရ သံဃာများအနက် ဒဏ်ရာ အပြင်းထန်ဆုံး ရရှိခဲ့သူ သံဃာတပါး ဖြစ်သည့် ဦးတိက္ခဉာဏသည် ထိုင်းနိုင်ငံ ဗန်ကောက် စစ်ဆေးရုံမှ ဆင်းလာပြီးနောက် စစ်ကိုင်းတောင်ရိုးရှိ သီတဂူ သံဃာ့ဆေးရုံ၌ ဆက်လက်၍ ကုသမှုများ ခံယူလျက်ရှိနေကြောင်း သားဖြစ်သူ ဒေါက်တာ
နေသုခ က ပြောသည်။

“အနာတွေ တော်တော် များများ ကတော့ သက်သာသွား ပြီဗျ။ ဆိုတာက အရေပြားပေါ်မှာ ရှိတဲ့ အနာတွေ တော်တော်ကောင်းသွားပြီလို့ ပြောလို့ရတယ်။ ဒါပေမယ့် ခြေထောက်တွေမှာကတော့ အသားတွေ ကျုံ့ပြီး အကြောတွေ ဆိုင်းနေတယ်လို့ ပြောရမယ်။ ကောင်းကောင်း မလှုပ်ရှားနိုင်သေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိ အနေအထားတွင် ဆရာတော်မှာ ထိုင်ရန်ပင် မလွယ်ကူသေးဘဲ နဂို ပုံမှန်အတိုင်း အကောင်းပကတိ လမ်းပြန်လျှောက်နိုင်ရန်မှာ များစွာ အချိန်ယူရဦးမည် ဖြစ်သည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ သပိတ်စခန်း ဖြိုခွဲခံရစဉ် မီးလောင် ဒဏ်ရာ ရရှိခဲ့သည့် ခန္ဓာကိုယ်ပေါ်မှ အနာများမှာ သက်သာသွားခဲ့ပြီး ဖြစ်သော်လည်း သုံး၊ လေး လခန့် လှုပ်ရှားမှု မရှိဘဲ ပက်လက် အနေအထားဖြင့် သီတင်းသုံးခဲ့ရ၍ ကြွှက်သား လှုပ်ရှားမှုများ အားနည်းကာ အကြောများလည်း တုံဆိုင်းနေသည့် အနေအထား ဖြစ်သည်ဟု ဒေါက်တာ နေသုခ က ဆိုသည်။

မတ်လ ၂၆ ရက်နေ့ ကတည်းကပင် ဗန်ကောက် မှတဆင့် ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာခဲ့ကာ သီတဂူ သံဃာ့ဆေးရုံသို့ ပြောင်းရွှေ့၍ ကုသမှု ခံယူခဲ့သည်။

ထိုင်း စစ်ဆေးရုံ၌ တက်ရောက် ကုသခဲ့စဉ်အတွင်း အရေပြား အစားထိုး ကုသမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း ထိုအရေပြားများ ပုံမှန် အလုပ်လုပ်ခြင်း ရှိမရှိ စသည်တို့ကို ဆက်လက် စောင့်ကြည့်ရဦးမည် ဖြစ်သည်။

“အနာတွေ အကင်းသေအောင် ပျောက်ဖို့နဲ့ အသားတွေ ပြန်တက် ဖို့၊ အရေပြားက သူ့အလုပ်သူ ပြန်လုပ်ဖို့ ဥပမာ ချွေးထွက်တာတွေ ဘာတွေ ပြန်ရှိနိုင်မလား မရှိနိုင်ဘူးလား ဆိုတာမျိုးပေါ့။ အဲဒါတွေကို စောင့်ကြည့်ပြီး ဆက်ကုသရမယ့် အနေအထား ရှိပါတယ်” ဟု ကိုနေသုခ က ဆက်ပြောသည်။

လက်ပံတောင်း သပိတ် စခန်းများ ဖြိုခွင်း ခံရ ပြီးနောက်ဒီဇင် ဘာလ ၁၃ ရက်နေ့တွင် ဦးတိက္ခ ဉာဏ ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ကာ ပုဂ္ဂလိက ဘန်ကောက် ဆေးရုံ ကြီးတွင် တက်ရောက် ကုသ နေရာမှ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ထိုင်းအစိုးရ စစ်ဆေးရုံသို့ ပြောင်းရွှေ့ ကုသခဲ့ရသည်။

လက်ရှိ၌မူ သံဃာဆေးရုံ၌ တက်ရောက် ကုသနေသော ဆရာတော်အား ဒေါက်တာ ဒေါ်ဖြူဖြူလွင် က အန္ဒိယနိုင်ငံမှ ဆေးဝါးများဖြင့် အနီးကပ် ကုသပေးနေလျက် ရှိကြောင်း သိရှိရသည်။

နိုင်ငံခြား၌ ရက်ရှည် ကုသမှု ခံယူ ရသဖြင့် ဆရာတော် အနေဖြင့် စိတ်ငြီးငွေ့ခြင်း၊ စကားပြောဖော် မရှိခြင်း၊ အဖော်မဲ့ခြင်း စသည့် ခံစားမှုများ ရှိခဲ့ကာ အနာများလည်း သက်သာလာသဖြင့် မြန်မာပြည်သို့ ပြန်၍ ကုသရန် ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု သားဖြစ်သူ ဒေါက်တာ နေသုခ က မဇ္ဈိမကို ပြောကြားသည်။
Mizzima - News in Burmese

The First Weekly Journal အသရေဖျက်မှုဖြင့်တရားစွဲ ခံရ

April 2, 2013 The First Weekly Journal တွင်မြောက်ဒဂုံတွင်နေထိုင်ပြီး နိုင်ငံရေးအမှုနှင့်ထောင်မှထွက်လာ သည်ဟုရေးသားဖော်ပြခံရသည့် ဓာတ်ပုံရှင်အမျိုးသမီးမှာ စစ်ကိုင်း တိုင်းဒေသကြီးမုံရွာခရိုင်၊ဆားလင်း ကြီးမြို့နယ်၊ တုံရွာတွင်နေထိုင်ပြီး တုံရွာတွင်ပင်မွေးဖွားကြီးပြင်းလာ ကာနိုင်ငံရေးမှုဖြင့်ထောင်ကျခဲ့ခြင်း မရှိသူတစ်ယောက်ဖြစ်သည့် အတွက် The First Weekly Journal ရေးသားဖော်ပြမှုမှာ သူမ၏ ဂုဏ်သိက္ခာကိုညှိုးနွမ်းစေသည့် အပြင် စာမျက်နှာပေါ်တင်၍ အရှက်ခွဲသလိုဖြစ်နေခြင်းကြောင့် တုံရွာသူ ဒေါ်ညိုလေးမှာ ဆားလင်း ကြီးတရားရုံးတွင် ဧပြီ ၁ရက်က တရားရုံးသို့ ဦးတိုက်လျှောက်ထား ၍ အမှုဖွင့်သည်ကို သက်သေစစ် ဆေးပြီး တရားရုံးကအမှုဖွင့်သည် ကိုလက်ခံလိုက်ပြီဖြစ်ကြောင်း ကာယကံရှင် ဒေါ်ညိုလေးထံမှ သိရသည်။ ““ကျွန်မကို မတရားစွပ်စွဲပြီး သတင်းစာမျက်နှာပေါ်မှာဖော်ပြ ခဲ့တဲ့အတွက် အသေရေဖျက်မှုနဲ့ တရားစွဲတာပါ။အမှားပြင်ဆင်ဖော် ပြပေးရင်လည်း ကျွန်မကလုံးဝ မကျေနပ်ဘူး၊တရားဥပဒေကဆုံး ဖြတ်ပေးတာကိုလက်ခံသွားမယ်”” တုံရွာတွင် မွေးဖွားကြီးပြင်လာ သည့် ဒေါ်ညိုလေးမှအတည်ပြု ပြောကြားသည်။ အဆိုပါ တုံရွာမှဒေါ်ညိုလေး က The First Weekly Journal အားတရားဆွဲစိုမှုနှင့်ပတ်သက်ပြီး အဆိုပါဂျာနယ် ဖုန်း-၀၁-၃၇၈၀၉၀အားဆက်သယ်မေးမြန်း ရာ ““အယ်ဒီတာ ဦးအောင်စိုးသူ မရှိကြောင်း၊ ဦးအောင်စိုးသူ၏ ဖုန်းနံပါတ်ကိုလည်းပေး၍မရ ကြောင်း၊တွေ့ရင်တော့ အဆိုပါ ကိစ္စအားပြောပေးမည်ဖြစ်ကြောင်း”” ယင်းဂျာနယ်မှ တာဝန်ရှိသူတစ် ဦးက ဧပြီ ၁ရက် နေ့လည် (၃) နာရီတွင် ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့သည်။ ဆားလင်းကြီး တရားရုံးမှ ဒေါ်ညိုလေး၏တရား ဆွဲမှုကိုလက်ခံပြီးရုံးသို့ ၅ရက်လျှင် ပြန်လာခိုင်းထားကြောင်း၊ ထိုနေ့ မှ ပုဒ်မကိုတပ်ပေးမည်ဖြစ်ကြောင်း ဒေါ်ညိုလေးထံမှထပ်မံသိရသည်။ မျိုးမြင့် The Hot News

အဓိကရုဏ်တွေ မဖြစ်အောင် လုံခြုံရေး အစီအမံတွေချထားကြောင်း တောင်ငူအာဏာပိုင်တွေက ရှင်းလင်း


အဓိကရုဏ်တွေ မဖြစ်အောင် လုံခြုံရေး အစီအမံတွေချထားကြောင်း တောင်ငူအာဏာပိုင်တွေက ဘာသာရေး ခေါင်းဆောင်တွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒေါ်နေရီရီက ပေးပို့ထားပါတယ်။ ရိုက်ကူး-ICJ မင်းထက်ကျော်
DVB TV News

ဗဂျီးပြောမေ(ရုပ်/သံ)


ရခိုင် သီချင်းနှင့် အက

FB-Myo Morn Tun

George Soros ၈၈ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

01.04.2013
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ Open Society Institute အဖွဲ့ တည်ထောင်သူ ဂျော့ရှ် ဆိုးရော့စ် (George Soros) ဟာ မကြာသေးခင် သီတင်းပတ်အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် ဆူပူမှုမျိုး တွေ နောက်ထပ် မဖြစ်ပေါ်ရအောင် နည်းလမ်းရှာဖွေတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ နဲ့ ပြုလုပ်နေတာမှာ ဒီကနေ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင် က တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို မတ်လ ၂၇ ရက်နေ့ကတည်းက ရောက်နေတဲ့ Open Society Institute အဖွဲ့ စတင်တည်ထောင်သူ သန်းကြွယ်သူဌေးကြီး ဂျော့ရှ် ဆိုးရော့စ် (George Soros) ဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်က ရုံးခန်းမှာ သွားရောက် တွေ့ဆုံခဲ့တာပါ။

ပွင့်လင်းလူ့အဖွဲ့အစည်း ဖြစ်ပေါ်လာရေးနဲ့ ပညာရေးကဏ္ဍတွေအတွက် ငွေကြေးဆိုင် ရာ ထောက်ပံ့မှုတွေ ပေးနေတဲ့ OSI – Open Society Institute အနေနဲ့ မြန်မာနိုင်ငံမှာ အခုနောက်ဆုံး ဖြစ်သွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ထပ်မံ မဖြစ်ပွားစေဖို့နဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးတို့ကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုအံ့ဘွယ်ကျော်၊ ကိုမာကီးတို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့တော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုအံ့ဘွယ်ကျော်က အခုလို ပြောပြပါတယ်။

“မြန်မာနိုင်ငံတွင်းမှာ မကြာသေးခင်က ဖြစ်တဲ့ ပြဿနာတွေပေါ့ဗျာ။ ပဋိပက္ခတွေ ပတ်သက်ပြီးတော့ သူက နောက်နောင် အဲ့ဒါမျိုး မဖြစ်စေချင်တဲ့သဘောနဲ့ ကျနော်တို့ CSO အနေနဲ့ နောက်နောက် ဘယ်လို တားနိုင်မလဲ။ ပြီးခဲ့တဲ့ ကိစ္စတွေအတွက်ရော ဘယ်လို ထိန်းသိမ်းပြီး ဆောင်ရွက်သလဲ ဆိုတဲ့ကိစ္စတွေကို ကျနော်တို့နဲ့ အပြန်အလှန် ဆွေးနွေးဖြစ်ကြတာပါ။ အခု အကြမ်းဖျဉ်းအနေနဲ့ကတော့ပေါ့နော် ဒီကိစ္စတွေ ဖြစ်မလာအောင် CSO တွေ အချင်းချင်း ဒီအရပ်ဘက် လူ့အဖွဲ့အစည်း အချင်းချင်းကြားမှာ ဘယ်လို ထိန်းသိမ်းကြမလဲဆိုတဲ့ အဲ့ဒီကိစ္စလေးတွေကိုပဲ ယေဘုယျ ကျနော်တို့ တိုင်ပင်ဆွေးနွေးဖြစ်ကြတာပါ။ ဘာသာရေး ပဋိပက္ခဖြစ်တဲ့ကိစ္စကိုလည်း သူ စိတ်ဝင်စားတယ်ပေါ့။ အဲ့ဒီ စိတ်ဝင်စားတဲ့အပေါ်မှာ သူ ဘာတွေ ဘယ်လိုတွေ လုပ်ပေးနိုင်မလဲ။ ဒီက အရပ်ဘက် အဖွဲ့အစည်းတွေက ဘာတွေ လုပ်ပေးနိုင်မလဲ။ ဘာတွေ လုပ်ပေးခဲ့သလဲ။ အဲ့ဒီကိစ္စလေးတွေ မေးကြ ဆွေးနွေးကြတာပါ။”

မစ္စတာ ဆိုးရော့စ် ဟာ မြန်မာနိုင်ငံအတွင်း လက်ရှိ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းတွေဘက်ပါ စိတ်ဝင်စားမှု ပြသလာတယ်လို့လည်း ကိုအံ့ဘွယ်ကျော်က ပြောပါတယ်။

“သူက မြန်မာနိုင်ငံ Peace Process မှာလည်း သူက ကူညီပေးချင်တဲ့ သဘောမျိုးရှိ ပါတယ်။ အဲ့တော့ ဒီ Peace Process မှာလည်း ကူညီချင်တယ်။ Conflict တွေဖြစ်တဲ့ ပဋိပက္ခတွေမှာလည်း သူကနေ ဘယ်လိုနည်းနဲ့ ကူညီနိုင်မလဲဆိုတဲ့ကိစ္စကို ကျနော်တို့နဲ့ လာပြီး ဆွေးနွေးတာပါ။”

မစ္စတာ ဆိုးရော့စ် တည်ထောင်ထားတဲ့ Open Society Institute ဟာ ကမ္ဘာတလွှား ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ တိုင်းပြည်တွေမှာ ပွင့်လင်း လူ့အဖွဲ့အစည်း ပေါ်ထွန်းလာရေး၊ ဒီမိုကရေစီနဲ့ ဥပဒေ စိုးမိုးရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိရေးနဲ့ ပညာရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် ရန်ပုံငွေ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးကို ထောက်ခံ အားပေးတဲ့အနေနဲ့ အစောပိုင်းမှာ ပြည်ပရောက်နေတဲ့ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေ၊ ကျောင်းသားတွေ ပညာဆက်သင်နိုင်အောင် Burma Project ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပညာသင် စရိတ်တွေ ထောက်ပံ့ပေး ခဲ့တာပါ။

အခု မြန်မာနိုင်ငံအတွင်း ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကြောင့် မြန်မာနိုင်ငံအတွက် သီးသန့် ဌာနေကိုယ်စားလှယ် ခန့်အပ်ပြီး ရုံးခန်းဖွင့် ဆောင်ရွက်ဖို့ စီစဉ်နေတာပါ။

ဒါဟာ မစ္စတာ ဆိုးရော့စ်အနေနဲ့ မြန်မာနိုင်ငံကို ၃ ကြိမ်မြောက် လာရောက် လည်ပတ်ခြင်းလည်းဖြစ်ပြီး အခု ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ NLD ပါတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း တွေ့ဆုံပြီး ဖြစ်တယ်လို့ သိရပါတယ်။
ကိုဇော်ဝင်းလှိုင်
VOA Burmese Fan Page

နာမည်ခံ ကားတင်သွင်းပေးလိုသူ များပြားနေ

Tuesday, April 2, 2013
နာမည်ခံကား တင်သွင်းပေးသူများမှာ ယခင်ကထက်ဈေးနှုန်းနှစ်ဆခန့် ပိုမိုရရှိလာသောကြောင့် ကားတင်သွင်းလို သူများမှာ ယခင်ကထက် များပြားလျက်ရှိလာကြောင်း နာမည်ခံကားတင်သွင်းသူဈေးကွက်က သိရှိရသည်။

“တစ်ဦးကို တစ်စီးသွင်းခွင့်ရတယ်။ ရပ်ကွက်ထဲက လူငယ်လေးတွေက
လည်း လုပ်ပေးမယ်ဆိုတာနဲ့ သူတို့နဲ့ လုပ်ဖြစ် တာပါ။ တစ်လကို ဘယ်နှစ်စီးရယ်လို့ ပုံမှန်တော့ မရှိပါဘူး။ ဝယ်လိုအားပေါ်မူတည်ပြီး သွင်းဖြစ်တာပါ။ သင်္ကြန်နီးတော့ ရောင်းအားကလည်း ပါးတယ်လေ။”ဟု ကားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

နာမည်ခံကားတင်သွင်းပေးသူတစ်ဦးလျှင် ယခင်က ငွေကျပ်သုံးသောင်းခွဲ
ခန့် ပေါက်ဈေးရှိရာမှ ယခုငွေကျပ် ငါးသောင်း (၅၀၀၀၀)မှ ရှစ်သောင်း
(၈၀၀၀၀)ဝန်းကျင်အထိ ပေါက်ဈေးရှိလာကြောင်း သိရသည်။

“ကျွန်တော်တို့က ညီအကို(၂)ယောက်လုံး နာမည်ခံသွင်းပေးတာ။ တစ်ယောက်ကို ခြောက်သောင်းခွဲ ရတယ်။ ကိုယ်တိုင် ကားဝယ်နိုင်ဖို့ အခြေအနေလည်းမရှိပါဘူး။ ဝယ်နိုင်လာခဲ့လို့ သွင်းမယ်ဆိုရင်လည်း အခုလိုနာမည်ခံနဲ့ ငှားပြီးသွင်းမှာပေါ့” ဟု နာမည်ခံကား တင်သွင်းပေးသူ ကိုဝေယံဇော်ကပြောသည်။

နိုင်ငံခြားမှ ကားတင်သွင်းလိုသူများအနေဖြင့် နိုင်ငံခြားငွေစာရင်း၊ မှတ်ပုံတင်
မူရင်း၊ အိမ်ထောင်စုဇယားမူရင်း၊ မိမိ တင်သွင်း လိုသော ကားကုမ္ပဏီမှ အရောင်းပြေစာ(Invoice)မူရင်းနှင့် ကားတင်သွင်းခွင့်ပြုခြင်းကို ယခင်
မော်တော်ယာဉ်တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ မော်တော်
ယာဉ်တင်သွင်းခွင့်ပြုခဲ့သည့် စာရင်း တွင် မပါဝင်ကြောင်း ခံဝန်ကတိပြုချက် တင်ပြရုံသာလိုအပ်ပြီး မည်သည့်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ထောက်
ခံစာကိုမျှ ရယူတင်ပြရန် မလိုအပ်ကြောင်းကိုလည်း အဆိုပါဈေးကွက်
အတွင်းက သိရသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရသစ်လက်ထက်တွင် ပြည်သူလူထု
ဆက်သွယ်သွားလာမှုများတွင် အဆင်ပြေချော မွေ့စေရန်အတွက် မူဝါဒများ ချမှတ်၍အဆင့်အလိုက် ကားတင်သွင်းခွင့်များ ဆောင်ရွက်ပေးခဲ့သည်။

အသက်(၁၈)နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်း နိုင်ငံခြားမှကားတင်သွင်းခွင့် မူဝါဒကို ၂၀၁၂ခုနှစ် မေလ(၄)ရက်နေ့က စတင်ချမှတ်ခဲ့ရာမှ ၂၀၁၃ခုနှစ်
အတွင်း၌ ယခုကဲ့သို့ နာမည်ခံကားတင်သွင်းခွင့်ဈေးကွက်မှာ တစတစကြီး
မားလာခြင်း ဖြစ်သည်။
Myit Makha Mediagroup

ရေကျော်ဗလီတွင် မီးလောင်မှု ကလေးငယ် ၁၃ဦးသေဆုံးပြီး ယင်းမီးမှာ သာမန်မတော်တဆမီးသာဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာသတင်းထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၂
ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၈)လမ်းရှိ ရေကျော်ဗလီတွင် မီးလောင်မှုဖြစ်ပွားရာ ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား ၇၀ ရှိသည့်အနက်၊ ၁၃ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသည့် ၄ ဦးကိုပြန်လည်တွေ့ရှိပြီဖြစ်ကြောင်းနိုင်ငံပိုင်ရုပ်မြင်သံကြားကတဆင့် ယနေ့နံနက် ၈နာရီသတင်းတွင်ထုတ်ပြန်ကြေညာသည်။
မီးလောင်ရာသို့ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲသတင်းအရ ဗလီအတွင်းတပ်ဆင် ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၃နာရီ ၁၃မိနစ်တွင်မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
"ဒါက သာမန်မတော်တဆမှုပါပဲ။ ဒါကိုအခွင့်ကောင်းယူပြီး ဆူပူမှုတွေဖြစ်အောင်လို့လူမှု ကွန်ယက်နဲ့ အင်တာနက်စာမျက်နှာတွေမှာ ရေးသားလှုံ့ဆော်နေတာတွေတွေ့ရပါတယ်။ အဲဒါကြောင့် အစိုးရတာဝန်ရှိသူတွေအနေနဲ့သတင်းအမှန်တွေကိုအချိန်တပြေးညီထုတ်ပြန်သွားမှာဖြစ်ပါတယ်။ အင်တာနက်မှာလည်း ရဲဇာနည်ဖေ့စ်ဘွတ်စာမျက်နှာနဲ့ မြန်မာအသံရုပ်မြင်သံကြားကနေ သတင်းတွေတောက်လျောက်လွှင့်သွားမှာပါ" ဟု ဦးရဲထွဋ်က အတည်ပြုပြောကြားသည်။
7Day News Journal

ဗိုလ်တထောင် အစ္စလာမ်ဘာသာရေး စာသင်ကျောင်း မီးလောင်မှု ဝိုင်ယာလျော့ဟု ပြန်ကြားရေးပြော

အင်္ဂါနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၃
ဗိုလ်တထောင်မြို့နယ် အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတွင် မီးလောင် ကျွမ်းမှုကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ခြင်းသည် စာသင်ကျောင်းအတွင်းရှိ မီးအားမြှင့်စက်မှတစ်ဆင့် ဝိုင်ယာလျော့ဖြစ်ကာ လောင်ကျွမ်းခြင်းဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ၏ Facebook အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ရန်ကုန်မြို့ ၄၈ လမ်းရှိ အဆိုပါ ဗလီတွင် ဧပြီလ ၂ ရက်နေ့နံနက် ၄ နာရီက မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုနှင့်ပတ်သက်၍ မီးသတ်တပ်ဖွဲ့ဝင်များက တိတိကျကျ စစ်ဆေးလျက်ရှိသည်ဟုလည်း ဦးရဲထွဋ်က ရေးသားထားသည်။

အဆိုပါ ဗလီ မီးလောင်မှုနှင့်ပတ်သက်၍ အင်တာနက်တွင် ပြန့်နှံ့နေသည့် ထင်မြင်ရေးသားချက်များကို မယုံကြည်ကြရန်လည်း ဦးရဲထွဋ်က တိုက်တွန်းရေးသားထားပြီး "လုံခြုံရေးနဲ့ ပတ်သက်ပြီး သံသယရှိဖွယ်ရာ များ တွေ့ရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ အစည်းများကို သတင်းပေးပို့ကြပါ။ ဘာသာအားလုံး မိမိတို့ဒေသ၊ နိုငိင်ငံ၊ လုံခြုံ တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။" ဟုလည်း ရေးသားထားသည်။
Mizzima - News in Burmese
 

The Magic of David Copperfield - Tornado of Fire p6

မျက်လှည့်ကမ္ဘာမှ ကြိုဆိုပါ၏

ကမ္ဘာကျော် မျက်လှည့်ဆရာ၏ မျက်လှည့်ပညာကို ရှုစားကြရအောင် The Magic of David Copperfield - Tornado of Fire p6

The Magic of David Copperfield - Tornado of Fire p5

မျက်လှည့်ကမ္ဘာမှ ကြိုဆိုပါ၏

ကမ္ဘာကျော် မျက်လှည့်ဆရာ၏ မျက်လှည့်ပညာကို ရှုစားကြရအောင် The Magic of David Copperfield - Tornado of Fire p5

Mingalar Doe 2013 သင်္ကြန် ရဲရဲတောက်သံချပ်တေးများ


ခင်ငြိမ်းဆွေ နှင့် ကိုထွန်းဝေတို့ မှရေးသားခဲ့ကြခြင်း ဖြစ်ပါတယ်၊၊ 2013 တွင်လည်း
၁။ရိုးရာသင်္ကြန်
၂။အားလုံးကောင်းဖို့ ပြောင်းကြပါ
၃။ဖားတစ်ပိုင်း ငါးတစ်ပိုင်း
၎။ရိုဟင်ဂျာ
၅။အမတ်မင်း
၆။မပြောချင်ဘူး
၇။တိုကျိုသင်္ကြန်နဲ့ အိတ်ပေါက်ကြီး
၈။ဗမာစာသည် တို့ စာ
၉။အနုပညာစွမ်းအား
၁၀။ခေါင်းဆောင်ကောင်း
၁၁။နှစ်ကူးမင်္ဂလာ
စသည့် တေးသံချပ်များ ဖြင့် မြန်မာပြည်တွင်းမှ မိဘရဟန်းရှင် ပြည်သူများ ကြည့်ရှု့ နိုင်စေရန်နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချိခဲ့တာ နှစ်စဉ်နှစ်တိုင်းပင် ဖြစ်ပါတယ်။
မူရင်း ဗွီဒီယို ဇေယျာအောင်

အမေရိကန်၏ ကိုယ်ပျောက်တိုက်လေယာဉ်များ တောင်ကိုရီးယားဝေဟင်တွင် ပျံသန်း

1 Apr 2013 
အမေရိကန်၏ ကိုယ်ပျောက်တိုက်လေယာဉ်များ တောင်ကိုရီးယားဝေဟင်တွင် ပျံသန်း
Lockheed Martin ကုမ္ပဏီက ထုတ်လုပ်သည့် F-22 Raptorများသည် အမေရိကန်၏ အကောင်းဆုံး၊ အလျှို့ဝှက်ဆုံး တိုက်ခိုက်ရေး ယန္တရားများ ဖြစ်ပြီး အမေရိကန် လေတပ်က ၎င်း၏ အနီးစပ်ဆုံး မဟာမိတ် နိုင်ငံများထံသို့ပင် တင်ပို့ရောင်းချခွင့် မပြုဘဲ ပိတ်ပင်ထားကာ အမေရိကန် လေတပ်နှင့် ရေတပ်အတွက်သာ အသုံးပြုထားသည်။
(အမေရိကန်၏ F-22 Raptor တိုက်လေယာဉ်)

အမေရိကန် ပြည်ထောင်စုသည် ၎င်း၏ မဟာဗျူဟာမြောက် ကိုယ်ပျောက် တိုက်လေယာဉ်များကို တောင်ကိုရီးယား ဝေဟင်တွင် ဖြန့်ကျက် ပျံသန်းစေခဲ့ကြောင်း သိရှိရသည်။ Lockheed Martin ကုမ္ပဏီက ထုတ်လုပ်သည့် F-22 Raptorများသည် အမေရိကန်၏ အကောင်းဆုံး၊ အလျှို့ဝှက်ဆုံး တိုက်ခိုက်ရေး ယန္တရားများ ဖြစ်ပြီး အမေရိကန် လေတပ်က ၎င်း၏ အနီးစပ်ဆုံး မဟာမိတ် နိုင်ငံများထံသို့ပင် တင်ပို့ရောင်းချခွင့် မပြုဘဲ ပိတ်ပင်ထားကာ အမေရိကန် လေတပ်နှင့် ရေတပ်အတွက်သာ အသုံးပြုထားသည်။

ထိုလေယာဉ်များသည် တောင်ကိုရီးယား လေပိုင်နက်တွင် တနင်္ဂနွေနေ့က ပျံသန်းခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားနှင့် ဆက်ဆံရေး တင်းမာသထက် တင်းမာလာချိန်တွင် အမေရိကန်က F-22များကို မိမိတို့၏ အာရှ မဟာမိတ်ထံ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ကိုရီးယား ကျွန်းဆွယ်တွင် လက်ရှိ အခြေအနေသည် (၁၉၅၃)ခုနှစ်နောက်ပိုင်း အတင်းမာဆုံး ဖြစ်နေသလို ကင်မ်ဂျုံအန်း အစိုးရက အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို တိုက်ခိုက်ရန် အသင့်ရှိနေကြောင်း ခြိမ်းခြောက်ခဲ့သေးသည်။ ထိုအချိန်တွင် တောင်ကိုရီးယားနှင့် အမေရိကန်တို့ကလည်း နှစ်နိုင်ငံ ပေါင်းစည်းကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေခဲ့သည်။









(စစ်ဖက်ဆိုင်ရာ အရာရှိများနှင့်အတူ တွေ့ရသည့် ကင်မ်ဂျုံအန်း)

အမေရိကန်သည် ဦးစွာ B-52 ဗုံးကြဲလေယာဉ်များကို ကိုရီးယားကျွန်းဆွယ်ပေါ် ဖြတ်၍ ပျံသန်းပြခဲ့သည်။ ထို့နောက်တစ်ဖန် အမေရိကန် လေတပ်၏ အကြီးမားဆုံး စစ်လက်နက်များဖြစ်သည့် B-2 ဗုံးကြဲလေယာဉ်ကြီးများပါ တောင်ကိုရီးယား လေထုထဲတွင် ပျံသန်းလာခဲ့ပြန်သည်။ ယင်းအခြေအနေတွင် မြောက်ကိုရီးယားက မိမိတို့ဘက်ကလည်း အမေရိကန်ကို ပစ်လွှတ်ရန် ဒုံးကျည်များ အသင့်ပြင်ထားကြောင်း ခြိမ်းခြောက်ခဲ့သည်။ ယခုနောက်ဆုံးတွင်မူ F-22များပါ တောင်ကိုရီးယား လေပိုင်နက်တွင် အင်အားပြလာခြင်း ဖြစ်သည်။ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်နှင့် တောင်ကိုရီးယား အစိုးရကမူ မည်သည့် သီးခြားမှတ်ချက်မျှ မပေးခဲ့ဘဲ စစ်ရေးလေ့ကျင့်မှုအဖြစ် ပူးပေါင်းခြင်းသာ ဖြစ်ကြောင်း ပြောဆိုထားသည်။
Source: CNN
Planet Myanmar Network

Samsung Galaxy S4 က iPhone 5 ထက်ဈေးပိုကြီး

Samsung Galaxy S4 ကို အော်ဒါကြိုမှာသူများတွက် ဈေးနှုန်း ကို နိုင်ငံ အသီးသီးမှာ ထုတ်ပြန်ကြေညာပြီး ဖြစ်ပါတယ်။

အင်္ဂလန်မှာဆိုရင် ဗြိတိန်ပေါင် ၆၃၀ ပေါင် ရှိပါတယ်။ အခြား ဥရောပ နိုင်ငံတွေမှာ ယူရိုငွေ ၆၉၀ ဝန်းကျင် ပေါက်ဈေး ရှိပါတယ်။ ဒါကြောင့် အမေရိကန်ဒေါ်လာနဲ့ ပြန်တွက်လိုက်ရင် ဒေါ်လာ ၈၈၀ အထက် မှာ ရှိပါတယ်။ ဒါတောင် 16 GB ပါ။ 32 GB, 64 GB မှာ ဒီထက်မက ဈေးပိုများ အုံးမှာ ဖြစ်ပါတယ်။

ဒီတော့ လက်ရှိ iPhone 5 ထက်ဈေးပိုကြီးခြင်း ဖြစ်ပါတယ်။ ဒါဆို Samsung Galaxy S4 16GB ဟာ မြန်မာပြည် ရောက်လာရင် ပေါက်ဈေး ၁၀ သိန်းဝန်းကျင်နားလောက်ထိ ရောက်သွားပါတယ်။ Apple က ထုတ်မယ့် မျိုးဆက်သစ် iPhone ကလည်း Samsung Galaxy S4 ထက် ဈေးကြီး အုံးမှာပါ။ ဒီတော့ Samsung S4 ရော iPhone 5s သို့မဟုတ် iPhone 6 ဟာ ၁၀ သိန်းအထက် ပေါက်ဈေးရှိတဲ့ ဖုန်းများ ဖြစ်သွားနိုင်ပါတယ်။

ဒီတော့ Samsung Galaxy S4 ဟာလည်း မြန်မာပြည်မှာ High grade user များအတွက် ရွေးချယ်စရာ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
Ref: pocketlint,androidauthority
Aung Kham (TSJ team)

သံတွဲ၊ ဂျိတ္တောတွင် ဆန္ဒပြမှု ဦးဆောင်သူကို ထိန်းသိမ်း၊ လုံခြုံရေး တိုးမြှင့်ချထား

Monday, April 1, 2013
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ဂျိတ္တောရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှုတ်ထွက်ပေးရေးအတွက် မတ်လ ၃၁ ရက်နေ့က ဆန္ဒပြခဲ့သူထဲမှ ဦးဆောင်သူတဦးဖြစ်သည့် ဦးထွန်းဝင်း အား ကျေးရွာရဲစခန်းမှ ဧပြီလ၁ ရက်နေ့တွင် ဖမ်းဆီးသွားပြီး သံတွဲရဲစခန်းသို့ ပို့ဆောင်လိုက်ကြောင်းဒေသခံ လူမှုကွန်ယက်က ပြောသည်။

မတ်လ ၃၁ ရက်နေ့က ဂျိတ္တောကျေးရွာတွင် ရွာအုပ်ချုပ်ရေးမှူး နုတ်ထွက်ပေးရန် လူ ၃၀၀ ခန့် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

“သူတို့တောင်းဆိုတာ ကျေးရွာဥက္ကဋ္ဌ အလိုမရှိ၊ ရခိုင်ပြည်နယ်ကို ရခိုင်လူမျိုးများသာ ပိုချစ်သည်၊ ရခိုင်လူမျိုးများသာ ကာကွယ်နိုင်မည် ဆိုပြီးတော့ ရွာလမ်းတွေကို ဖြတ်လျှောက် ကြွေးကြော်ခဲ့ကြတယ်” ဟု လူမှုကွန်ယက်အဖွဲ့ဝင် ကိုစိန်ချစ် က ဆိုသည်။

ထိုသို့ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင် နုတ်ထွက်ပေးရန် ဆန္ဒပြပွဲ ဖြစ်ပွားလာရခြင်းမှာ မတ်လ ၃၀ နေ့ အငြင်းပွားမှု တရပ်တွင် ဘက်လိုက်ဖြေရှင်းခဲ့သည်ဟု ရွာသားများက ယူဆ၍ဖြစ်ကြောင်း လူမှုကွန်ယက်က ဆိုသည်။

ထိုည ၈ နာရီခွဲ၌ ဂျိတ္တောရွာ၊ အမှတ် (၁၂) ရပ်ကွက်ရှိ ဒေါ်အမာ နေအိမ်တွင် တဖက်နိုင်ငံမှ အမည်မသိသူတချို့ရောက်ရှိနေသည်ဟု ကြားသိရ၍ ရွာသားများက သွားရောက်စုံစမ်းစဉ် အိမ်ရှင်ဒေါ်အမာနှင့် ရွာသားများ အချေအတင်ဖြစ်ခဲ့ရာမှ ရွာသားများအနက် ကိုထွန်းဝင်းနှင့် အမျိုးသမီးနှစ်ဦးကို ထိုနေ့ည ၁ နာရီခန့်တွင် ကျေးရွာ ရဲစခန်းမှ လာရောက်ဖမ်းဆီး
ခေါ်ယူ စစ်ဆေးခဲ့သည်။

ရွာသားများက ည ၁ နာရီခွဲခန့်တွင် ဂျိတ္တောရဲစခန်းကို သွားရောက်၍ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြရာ အဆိုပါ သုံးဦးလုံးအား ည ၂ နာရီ၌ ပြန်လွှတ်ပေးခဲ့သည်။

“ဒီဖြစ်စဉ်က လူမျိုးရေးထက် အိမ်ရှင်က ရွာသားတွေနဲ့ နဂိုကတည်းက အဆင်မပြေမှု ပိုများပုံရတယ်။ အိမ်ကို သွားပြီးမေးမြန်းမှုမှာ အပြန်အလှန်
ထိခိုက်မှု အနည်းငယ် ရှိခဲ့ပေမယ့် စွပ်စွဲခံရသူတွေဟာ အမှန်တကယ် ပြစ်မှု ကျူးလွန်ကြောင်း အလီဘိုင် မပြနိုင်လို့ ပြန်လွှတ် ပေးလိုက်တာပါ” ဟု သံတွဲ ရဲစခန်းမှ တာဝန်ကျ တပ်ဖွဲ့ဝင်တဦးက ပြောပြသည်။

မတ်လ ၃၁ ရက် ည ၉ နာရီခန့်တွင် သံတွဲဘက်မှ ကားတစ်စီးဖြင့် စစ်သားများ ရောက်ရှိလာပြီး ရွာအတွင်းနေရာခွဲဖြန့် ချထားကာ အခြေအနေကို ထိန်းသိမ်းနေကြောင်း သံတွဲကမ်းခြေ လူမှုကွန်ယက် တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

ဂျိတ္တောရွာမှာ သံတွဲမြို့တောင်ဖက် ၁၀ မိုင် အကွာရှိ အိမ်ခြေ ၂,၀၀၀ကျော်သည့် ရွာကြီးတရွာ ဖြစ်ကာ ယခုအခါ ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများလည်း ရောက်ရှိလာကာ လုံခြုံရေးအင်အား ၃၀ ကျော် တို့နှင့်အတူ စီမံကွပ်ကဲလျက် ရှိပြီး ဧပြီ ၁ ရက်နေ့ မနက်ပိုင်းတွင် ရွာထဲ၌ ရွာသားများ ပုံမှန်သွားလာလျက် ရှိသည်။

သံတွဲမြို့ပေါ်၌ တပ်နှင့်ရဲတို့ ပူးပေါင်းလျက် လုံခြုံရေး ပိုမိုတိုးချဲ့ချထားကြောင်းသိရသည်။
Mizzima - News in Burmese

စင်ကာပူနိုင်ငံရှိ ပင်နင်ဆူလာပလာဇာတွင် မြန်မာစားသောက်ဆိုင် မီးလောင်မှုဖြစ်ပွား

စင်ကာပူ၊ ဧပြီ ၁
စင်ကာပူနိုင်ငံရှိ ပင်နင်ဆူလာပလာဇာတွင် ယနေ့မွန်းလွဲပိုင်း ၁၂ နာရီ မိနစ် ၄၀ ခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပင်နင်ဆူလာပလာဇာ သုံးလွှာရှိ မြန်မာအစားအသောက်များရောင်းချသည့် ဇေယျာစားသောက်ဆိုင်တွင် မီးဖိုဂက်စ်အိုးမှ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာတွင် အသက် ၂၀ အရွယ်ရှိ လူငယ်တစ်ဦး၏ ခြေထောက်တွင် မီးဟပ်သွားခဲ့သဖြင့်ဆေးရုံသို့ အပြင်လူနာအဖြစ်ပို့လိုက်ရကြောင်းသိရသည်။

ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း တာဝန်ရှိသူများကပြောသည်။
Popular Myanmar News Journal







ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်ပြီး ဖခင်ဆီက ပိုးရခဲ့တဲ့ ချစ်သုဝေ

ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးတဲ့ ‘ကျေးဇူးရှင်’ဇာတ်ကားမှာ သရုပ်ဆောင်နေတဲ့ ချစ်သုဝေက ဒီဇာတ်ကားမှာတော့ ဖက်ရှင်ပိုင်း တွေရော၊ ဆံပင်ပုံစံလေးတွေရော အထူး ကြိုးစားထားတယ် လို့ပြောပါတယ်။ ချစ်သုဝေက ဖက်ရှင်ကို ငယ်ငယ်လေး ကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်ပြီး ဖခင်ဆီကပိုးရခဲ့တာ ဖြစ်ကြောင်းကို “ဖေဖေကလည်း အရင်က တေးသံသွင်းတို့၊ စတူဒီယိုတို့ မလုပ်ခင်က အဝတ်အစား ဒီဇိုင်းတွေလုပ်တယ်။ အန်ကယ် ညီထွဋ်တို့၊ ကိုစိုးသူတို့၊ ကိုကျော်သူတို့ အန်တီကော်နီတို့ကို အမြဲတမ်း အဝတ်အစားတွေဝယ်ပေး၊ ဆင်ပေးဆိုတော့ ဖေဖေ့ပိုးပါလာတယ် ပြောရမှာပဲ။

ငယ်ငယ်လေးကတည်းက ကိုယ့်ဘာသာကိုယ် ဖက်ရှင် ထွင်ပြီး ဝတ်ရတာကြိုက်တယ်” လို့ပြောပါတယ်။ ချစ်သုဝေက လောလောဆယ် သင်္ကြန်ဘယ်မှာရှိမလဲဆိုတာ မသေချာ သေးကြောင်း၊ နှစ်တိုင်းသင်္ကြန်ကို သီချင်း ဆိုရင်း ပဲ ဖြတ်သန်းဖြစ်ခဲ့ကြောင်း၊ သီချင်းမဆိုခင်ကတော့ အိမ်မှာပဲနေဖြစ်ပြီး သင်္ကြန်မှာရေပက်ရတာတို့၊ ထွက်လည်ရတာတို့ကို သိပ်မကြိုက်ကြောင်း ပြောပါတယ်။ သင်္ကြန်မှာ ထူးထူးခြားခြား အမှတ်တရကတော့ ၂ဝဝဝ Vegas မဏ္ဍပ်မှာ ပထမဆုံးရှိုးဖျော်ဖြေမှု အနေနဲ့ အင်္ဂလိပ် သီချင်းတွေစဆို ဖြစ်ခဲ့ကြောင်း ပြောပါတယ်။ ဒီနှစ် သင်္ကြန်မှာ ဝတ်စားဆင်ယင်မှုတွေကိုထိန်းထိန်းသိမ်းသိမ်းနဲ့ ဖြတ်သန်းစေချင်ကြောင်းပြောတဲ့ ချစ်သုဝေက “နာမည်ကိုက မြန်မာ့ရိုးရာ သင်္ကြန်လေ။ လူငယ်တွေဖြစ်တဲ့အတွက် ရာသီဥတု အရရော၊ တစ်ကိုယ်လုံးကြီး လုံခြုံနေအောင် ဝတ်ရမယ်ဆိုတာတော့ မဖြစ်နိုင်ဘူး။ သွားရလာရ လွယ်ကူရမယ်၊ ရေစိုခံရမယ်။ အပူသက်သာရမယ်။ လူငယ်တွေ ကလို့ခုန်လို့ ကောင်းရမယ်။

ဒါမျိုးတွေရွေးချယ်ရမယ်ဆိုတော့ ခေတ်တော့မီရမယ်၊ ခေတ်ဆန်နေရမယ်။ အမျိုးသမီးတွေက အထိအခိုက်မခံဘူး။ မြန်မာလူမျိုးဆို ပိုဆိုး တယ်။ ပွင့်လင်းလာတဲ့ခေတ်ကြီးထဲမှာ ကိုယ်သွားနေကျ လမ်းကြောင်းထက် နည်းနည်းလေးထွင်လိုက်ရင် လက်ညှိုးတွေက ဝိုင်းထိုးကြတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ မြန်မာဆိုတဲ့ဟန်လည်း မပျောက်အောင်၊ ခေတ် ဆန်ဆန် လူငယ်အထာလေး ဖြစ်နေအောင် ဝတ်ရမယ်။

လုံခြုံပေါ့ပါးလွတ်လပ်ပြီး လှတာတွေ အများကြီးပဲရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း Respectပေးနိုင်တဲ့သူ ဖြစ်အောင် သူတစ်ပါးကလည်း ကိုယ့်ကို Respect ပေးနိုင်တဲ့သူဖြစ်ေ အာင် ပျော်ပျော်ရွှင်ရွှင်လေးနဲ့ ဝတ်စားဆင်ယင်ပြီး တော့ ထိန်းထိန်းသိမ်းသိမ်း ဖြတ်သန်းသင့်ပါတယ်”လို့ ပြောပါတယ်။
ခိုင်ဝေလွင်၊ ဓာတ်ပုံ- မင်းမင်းထွန်း
Popular Journal

မိသားစုနှင့်အတူ ဒီနှစ်သင်္ကြန်မှာ တရားစခန်းဝင်မယ့် မိုးဟေကို

Monday, April 1, 2013
ပရိသတ်တွေရဲ့ အားပေးမှုနေရာ တစ် နေရာရရှိထားတဲ့ မိုးဟေကိုကဒါရိုက် တာညိုမင်းလွင် ရိုက်ကူး တဲ့ ‘Black List’ ဇာတ်ကားကိုနေ မင်း၊ဝါဝါအောင်တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ မိုးဟေကိုက မိခင်ကို ပြည်ပနိုင်ငံမှာ ဆေးသွားကုသပေးခဲ့ပြီး ရှောပင်းလည်း ထွက်ဖြစ်ခဲ့ပါသေးတယ်။ ခရီးထွက်ဖြစ်နေတဲ့အချိန်မှာ တော့ ကား ရိုက်တွေကို ခဏနားခဲ့ပါတယ်။ ခရီးနဲ့ပတ်သက်ပြီး မိုးဟေကိုက… ”မိုးခရီးသွားနေလို့ ခဏနားထားပါတယ်။

အမေကလည်း နေမကောင်းတာနဲ့ ဆေးခန်းသွားပြ တယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ရှောပင်းလည်း ထွက်ခဲ့တယ်။ ဇာတ်ကားတွေကို ကြိုဖြတ်ပြီးတော့ နှစ်ပတ်ကြာသွားခဲ့တယ်။ အဓိကတော့ အမေဆေးခန်း သွားပြတာပါ”လို့ ပြောပါတယ်။

နှစ်တိုင်းသင်္ကြန်ကို မိသားစုနဲ့အတူ ဖြတ်သန်းလေ့ရှိတဲ့ မိုးဟေကိုကဒီနှစ်သင်္ကြန်ကိုတော့ မိသားစုနဲ့အတူ တရားစခန်းဝင်ဖို့ ရှိကြောင်း ပြောပါ တယ်။ မိုးဟေကိုက သင်္ကြန်ပြီးရင်တော့ ဓာတ်ပုံ ကြော်ငြာအတွက်နိုင်ငံခြားမှာ သွား ရောက်ရိုက်ကူးဖို့ရှိကြောင်းပြောပြခဲ့ပါတယ်။
Popular Journal

အေပီနှင့် အန်အိပ်ခ်ျကေ သတင်းဌာန၂ ခုကို ရန်ကုန်တွင် ရုံးခန်းဖွင့်ခွင့်ပြု

Monday, April 1, 2013
နိုင်ငံခြားသတင်းဌာနတွေဖြစ်တဲ့ အေပီနဲ့ အန်အိပ်ခ်ျကေ သတင်းဌာန၂ ခုကို ရန်ကုန်မြို့မှာ ရုံးခန်းဖွင့် သတင်းယူခွင့်ပြုလိုက်ပါတယ်။

သက်ဆိုင်ရာ ပြန်ကြားရေးဝန်ကြီးဌာနက ဒီနေ့ပဲ ခွင့်ပြုလိုက်တာလို့ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောပါတယ်။

“ဟုတ်တယ်ဗျ။ ဒီမှာအခြေပြုပေါ့။ ဒီမှာရုံးခွဲ၊ ရုံးခန်းလေးတွေရှိမယ်။ ရိုက်တာပါစိစစ်ပြီးပေးပါတယ်။ သူတို့ဘက်က ပျက်ကွက်တာပါ။ ကျနော်တို့ပေးတော့မယ်၊ သူတို့ဘက်က လာပြီး လိုအပ်တဲ့ အချက်အလက်တွေတင်ပါဆိုတော့ မတင်နိုင်ဘူး။ ကျနော့်ဆီ ၃ ခုပဲ လျှောက်တာပါ။ ၃ ခုပေးလိုက်တယ်။ ရိုက်တာက သူ့တို့အားနည်းချက်ကြောင့် အချိန်မီတင်ဆိုတဲ့အခါ သူတို့မတင်နိုင်ဘူး။ ကျန်တဲ့ အေပီနဲ့ အန်အိပ်ခ်ျကေပဲ ဒီနေ့ပဲ လက်မှတ်ထိုးပေးလိုက်တယ်။”

ဒါဟာ အစိုးရသစ်လက်ထက် နိုင်ငံခြားသတင်းဌာန ၂ ခုကို ပထမဆုံးအကြိမ် ရန်ကုန်အခြေပြု သတင်းရုံးခန်းဖွင့် ခွင့်ပြုတာဖြစ်တယ်။ မကြာခင်မှာလဲ ကျိုဒိုသတင်းဌာနကို ခွင့်ပြုပေးဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

ရန်ကုန် အေပီသတင်းဌာနက ဒေါ်အေးအေးဝင်းကတော့ မြန်မာပြည်မှာ အခုလို ဗျုရိုရုံးခန်းဖွင့်ပြီး သတင်းယူခွင့်မပြုတာ ကြာပြီမို့ ထူးခြားသလို ဖြစ်နေတာလို့ ပြောပါတယ်။

“မြန်မာပြည်မှာ နိုင်ငံခြားသတင်းဌာန ရုံးခွဲဖွင့်ခွင့်မပေးတာ နှစ်ပေါင်းတော်တော်ကြာပြီလေ။ အခု ဖွင့်ပြီးလုပ်ခွင့်ပြုတယ်ဆိုတော့နိုင်ငံခြားသတင်းထောက်တွေလာရင် သူတို့အနေနဲ့ ၁ နှစ်လောက် သူတို့ ထုတ်ပေးနိုင်သွားပြီ။ ဥပမာ သတင်းထောက်ရဲ့ မိသားစု ၁ နှစ် လာနေမယ်ဆိုလည်း ဗီဇာလျှောက်ရင် အဆင်ပြေသွားတာပေါ့။ ”

“နောက် အလုပ်လုပ်တာ ဒီလူတွေကပဲ ဒီသတင်းတွေလုပ်နေတာပဲ။ ဒါပေမယ့် မြန်မာပြည်မှာ အခြေစိုက်ပြီးလုပ်နိုင်တဲ့အခါကျတော့ လူတွေအလုပ်တာဝန် နည်းနည်းခွဲပြီးလုပ်နိုင်တော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်တာပေါ့။ အခု ဒါပထမဆုံးခွင့်ပြုလိုက်တာ အေပီနဲ့ အန်အိတ်ခ်ျကေဆိုတော့ တခါမှပေးမဖွင့်ခဲ့ဘဲ အခုမှ ပေးဖွင့်တာ ထူးခြားတာပေါ့။”

အရင်စစ်အစိုးရလက်ထက်မှာ တရုတ်သတင်းဌာန ၂ ခုဖြစ်တဲ့ ဆင်ဟွာနဲ့ ကူမင်းဒေးလီး သတင်းဌာနတွေကိုပဲ ဗျုရိုရုံးခန်း ဖွင့်ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။

အခုရန်ကုန်မှာ ရုံးခန်းဖွင့် အခြေပြုခွင့်ရလိုက်တဲ့ အေပီသတင်းဌာနဟာ သက်တမ်းရင့် အမေရိကန် သတင်းဌာန တခု ဖြစ်ပြီး အန်အိပ်ခ်ျကေသတင်းဌာနကတော့ ဂျပန်က နာမည်ကြီး သတင်းဌာနတခု ဖြစ်ပါတယ်။
DVB

ဧည့်အလုပ်သမားအစီအစဉ်သစ် အမေရိကန်စဖို့စီစဉ်

31.03.2013
အမေရိကန်ပြည်ထောင်စုက အကြီးစားစီးပွားရေးလုပ်ငန်းကြီးတွေနဲ့ အလုပ်သမား အဖွဲ့အစည်းတို့အကြား ကျွမ်းကျင်မှု နည်းပါးသေးတဲ့ ဧည့်နိုင်ငံသား အလုပ်သမားတွေ ငှားရမ်းတဲ့ အစီအစဉ်တခု လုပ်ဖို့ သဘောတူညီမှုရခဲ့ကြတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအစီအစဉ်ကြောင့် နိုင်ငံအတွင်းမှာရှိတဲ့ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူ ၁၁ သန်း အတွက် နိုင်ငံသားဖြစ်ခွင့် အခွင့်အရေး ရလာစေနိုင်မှာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်အရ ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့က စပြီး W Visa ဆိုတဲ့ တိုင်းပြည်အတွင်းနေထိုင်ခွင့် ဗီဇာကို ထုတ်ပေးမှာဖြစ်ပါတယ်။ W Visa ကိုင်ဆောင်ထားသူတွေဟာ အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားနိုင် မှာဖြစ်သလို၊ အလုပ်အကိုင် တခုကနေတခု ပြောင်းပြီး လုပ်ကိုင်ခွင့်ပြုမှာဖြစ်ပါတယ်။

ပထမဦးဆုံးနှစ်မှာ လူပေါင်း ၂ သောင်းကို W Visa ထုတ်ပေးမှာဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာ တနှစ်ကို အများဆုံး ၂ သိန်းအထိ တိုးပြီး W Visa ထုတ်ပေးဖို့ စီစဉ်ထားပါတယ်။ ထုတ်ပေးမယ့် ဗီဇာအရည်အတွက်ဟာ၊ နိုင်ငံအတွင်းမှာရှိတဲ့ အလုပ်လက်မဲ့ ဦးရေအရည်အတွက်၊ အလုပ်အကိုင် အခွင့်အလမ်း၊ အလုပ်ရှင်တွေရဲ့ တောင်းဆိုမှု၊ အသစ်ဖွဲ့စည်းမယ့် ပြည်ထောင်စုအစိုးရလက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေးနဲ့ အလုပ်သမားဈေးကွက် စောင့်ကြည့် လေ့လာရေးအဖွဲ့တို့က ကောက်ယူတဲ့ အချက်အလက် တွေအပေါ်မှာ မူတည်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးဖို့ ၀ါရှင်တန်မြို့တော်မှာ ဆန္ဒပြနေကြသူများ။ (မတ်လ ၂၁ ၂၀၁၃)

ဇီးကုန်းအကြမ်းဖက်မှု သံသယရှိသူကို ဖမ်းဆီး

မတ္ထီလာမြို့လမ်းမတခုပေါ်မှာ လုံခြုံရေးစောင့်ကျပ်နေတဲ့ စစ်သားတချို့။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။
31.03.2013
ပဲခူးတိုင်းထဲက အဓိကရုဏ်းတွေ အပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ဆိုကြတဲ့ ဇီးကုန်းမြို့ အကြမ်းဖက်မှုမှာ ပါဝင် တယ်လို့ သံသယရှိသူ ဆယ်ဦးကို ဖမ်းဆီးထားပြီး ပေါင်းတည်ထောင် အချုပ်မှာ ချုပ်နှောင်ထားတယ်လို့ ဇီးကုန်းမြို့ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါ တယ်။ ဇီးကုန်းနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာ ညမထွက်ရ သတ်မှတ်ချက်ကို လျှော့ပေးလိုက်ပြီး အခြေအနေတွေ တည်ငြိမ်လာနေပေမဲ့ ပုံမှန်အခြေအနေ ပြန်မရောက်သေးသလို အကြမ်းဖက်မှုတွေ စခဲ့တဲ့ မိတ္ထီလာ မြို့မှာလည်း အခြေအနေပုံမှန်ပြန်ဖြစ်ဖို့ အချိန်ယူရလိမ့်မယ်လို့ ပြောကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းက ဇီးကုန်းမြို့ဟာ မိတ္ထီလာအကြမ်းဖက်မှုတွေ ကူးစက်ဖြစ်ပွားခဲ့တဲ့ထဲက အဆိုးဆုံး ကြုံခဲ့ရတဲ့ မြို့နယ် တစ်ခုဖြစ်ပြီး ကြို့ပင်ကောက်၊ အုတ်ဖိုနဲ့ မင်းလှမြို့တွေနဲ့အတူ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့မြို့ဖြစ်ပါတယ်။ ဆူပူ အကြမ်းဖက်မှု တွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သံသယရှိသူ ဆယ်ဦးကို ဇီးကုန်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားစွဲဆိုထားတယ်လို့ ဇီးကုန်းရဲ တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။

“အခင်းဖြစ်တဲ့ထဲက ၁၀ ယောက်ဖမ်းထားတယ်။ ပေါင်းတည်ထောင် အချုပ်မှာ လောလောဆယ် ထားထားတယ်။ ပုဒ်မ ၄၅၂၊ ၄၂၇၊  နောက်ပြီးတော့ ၂၉၅ ပုဒ်မသုံးခုနဲ့ စွဲတယ်ခင်ဗျ။ အခုလက်ရှိကတော့ အဲဒီရုံးက ပြောရရင်တော့ ယမန်နဲ့ထားတယ်။ ရုံးကတော့ တင်ထားတယ်ခင်ဗျ။ တခါတော့စစ်ပြီးသွားပြီခင်ဗျ။”

ပုဒ်မ ၄၅၂ က နာကျင်စေမှုကိုဖြစ်စေ၊ လက်ရောက်မှုကိုဖြစ်စေ၊ မတရားတားဆီးမှုကိုဖြစ်စေ ကျူးလွန်ရန်ပြင်ဆင်၍ အိမ်ကျော်နင်းမှု၊ ပုဒ်မ ၄၂၇ က အကျိုးဖျက်ဆီးမှု၊ ပုဒ်မ ၂၉၅ က ကိုးကွယ်တဲ့ ဘာသာ သာသနာကို စော်ကားရန်အကြံဖြင့် ကိုးကွယ် ၀တ်ပြုသောနေရာကို ဖျက်ဆီးမှုတို့ဖြစ်ပါတယ်။

ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကို တနင်္ဂနွေနေ့မှာ လျှော့ချလိုက်ပြီး ည ၈ နာရီ ကနေ မနက် ၄ နာရီ ကြား ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ ဒီလိုလျှော့ချလိုက်တာက အခြေအနေတွေ တိုးတက်လာတယ် ဆိုတာကို ပြနေတယ်လို့ ယေဘုယျအားဖြင့် ပြောနိုင်ပေမဲ့ မြို့ခံတွေကြားမှာ စိုးရိမ်စိတ်တွေ ရှိနေသေးပြီး နဂို ပုံမှန်အတိုင်းတော့ ပြန်မဖြစ်သေးဘူးလို့ ဇီးကုန်းမြို့ခံတစ်ဦးက ပြောပါတယ်။

“ဇီးကုန်းက အထိနာဆုံးပဲ။ တော်တော်လေး များများစားစားကို ပျက်စီးသွားတယ်ပေါ့နော်။ မူစလင်အိမ်တွေရော၊ ဗလီကျောင်းရောပေါ့။ အတော်လေးကို ပျက်စီးပါတယ်။ အိမ်တွေဘာတွေမှာလည်း တော်တော်လေး ရစရာမရှိအောင် ပစ္စည်းတွေ ဖျက်ပစ်တယ်။ အခြေအနေက ပုံမှန်မဖြစ်သေးဘူး။ ပုံမှန်မဖြစ်သေးဘူးဆိုတာက မူစလင်တွေက အခုမှပြန်လာနေတယ်။ သူတို့ရဲ့ မိသားစု၊ သူတို့အိမ်လေးတွေကိုပေါ့နော်၊ အိမ်ကလည်း အပျက်အစီးတွေနဲ့။ တချို့အိမ်တွေဆို ပစ္စည်း ဘာမှမရှိတော့ဘူး။”

ဇီးကုန်းနဲ့အလားတူ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကြို့ပင်ကောက်မြို့နယ်မှာလည်း အလားတူ အချိန် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒေသခံလူထု၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေက မြို့နယ် တည်ငြိမ်လုံခြုံရေးအတွက် ပူးပေါင်း လုပ်ဆောင်ချင်တာကို မြို့နယ်တာဝန်ရှိသူတွေက ခွင့်မပြုဘူးလို့ ကြို့ပင်ကောက် မြို့ခံ တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ရပ်ကွက်လူ့အဖွဲ့အစည်း၊ နိုင်ငံရေးပါတီတွေနဲ့ မြို့နယ် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရာတွင် သူတို့ဆီမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ လုံလောက်ပါတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ကျနော်တို့ကို ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်မပေးပါဘူး။ အဲဒါကတော့ ပြီးခဲ့တဲ့သုံးရက်လုံး ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ ကျနော်တို့ရဲ့လုပ်ငန်းစဉ်ပါ။ ကျနော်တို့ အကြိမ်ကြိမ် တောင်းဆို ပါတယ်။ အကြိမ်ကြိမ်တောင်းဆိုတဲ့နေရာမှာ သူတို့က လုံးဝလက်မခံပါဘူး။”

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီတစ်ရပ်ကို မတ်လ ၃၀ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့အကြောင်း သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးထားတဲ့ အမိန့်ကြော်ညာစာတစ်ခုကို တနင်္ဂနွေနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

လတ်တလောဖြစ်နေတဲ့ ဆူပူအကြမ်းဖက်ဖျက်ဆီးမှု အခြေအနေတွေကို ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်ဖို့ အဲဒီကော်မတီကို ဖွဲ့စည်းလိုက်တယ်ဆိုပေမဲ့ ကော်မတီရဲ့ သက်တမ်းကိုတော့ အတိအကျ ပြောမထားပါဘူး။ ဒါ့အပြင် ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ပြည်သူကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းစနစ်ကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေ ဖွဲ့စည်း ဆက်စပ် ဆောင်ရွက်ပေးသွားမယ်လို့လည်း ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေ ထဲမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက် အဓိကရုဏ်းတွေ စဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတာကို မရုပ်သိမ်းသေးသလို စစ်တပ်အင်အားတွေ ချထားဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း ကင်းလှည်စောင့်ကျပ်နေပါတယ်။ တည်ငြိမ်လာခါစ အခြေအနေမှာ ဖြစ်တတ်တဲ့သဘာဝ အတိုင်း ကောလာဟလတွေကလည်း ပြန့််နေတာမို့ ပုံမှန်ပြန်ဖြစ်ဖို့ အချိန်ယူရလိမ့်မယ်လို့ မိတ္ထီလာမြို့ခံ တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

“စိတ်အေးလက်အေး ရှင်းရှင်းလင်းလင်းတော့ မရှိဘူး။ လူတွေက အခြေတကျ မဖြစ်သေးတဲ့အတွက် စိတ်ပူတယ်ပေါ့နော်။ မူစလင်တွေလည်း တော်တော်များများ ထိခိုက်ထားတဲ့အခါမှာ မီးများပြန်ရှို့မလား၊ ဒီကြားထဲမှာတော့ ဓာတ်ဆီပုံးတွေနဲ့ တွေ့တယ် ဆိုတာမျိုးတွေလည်း ရဲတွေက သွားရှာတယ်။ ရဲတွေကို လှမ်းအကြောင်းကြားတယ်ဆိုတော့။ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက် ကလည်းဖြစ်တယ်။ အဲဒီတော့ ကောလာဟလလည်း ပျံ့နှံ့တာလည်းရှိတယ်။ ပုံမှန်လည်း ပြန်မဖြစ်သေးဘူးလို့ ပြောလို့ရတယ်။ ဆိုတော့ လုပ်ယူရဦးမှာပေါ့ ပုံမှန်ပြန်ဖြစ်ဖို့ဆိုလို့ရှိရင်တော့။”

ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပြစ်မှုကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးထားပြီး ဥပဒေ နဲ့အညီ အရေးယူ ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။
ကိုကျော်ကျော်သိန်း
ဗွီအိုအေ (မြန်မာဌာန)

ကမ္ဘာမြေ ငြိမ်းချမ်းစေဖို့ ပုပ်ရဟန်းမင်းဆုမွန်တောင်း

ပုပ်ရဟန်းမင်းကြီး Francis စိန့်ပီတာဘုရားကျောင်း
လသာဆောင်ကနေ အီစတာ တနင်္ဂနွေနေ့မှာ လူအများကို
နှုတ်ဆက်နေစဉ်။ (မတ်လ ၃၁ ရက်၊ ၂၀၁၃)။
31.03.2013
ကမ္ဘာကြီးငြိမ်းချမ်းအောင်ဆောင်ရွက်ကြဖို့နဲ့ ကိုရီးယားကျွန်းဆွယ်မှာဖြစ်နေတဲ့ပြဿနာကို သံတမန်ရေးနည်းနဲ့ အဖြေရှာဖို့ ပုပ်ရဟန်းမင်းကြီး Francis က တိုက်တွန်းလိုက်ပါ တယ်။ ယေရှုခရစ်တော် ရှင်ပြန်ထမြောက်တဲ့နေ့အထိမ်းအမှတ် အီစတာ (Easter) တနင်္ဂနွေနေ့မှာ ပုပ်ရဟန်းမင်းကြီးက ကမ္ဘာတဝန်းကို သတင်းစကားပါးခဲ့တာမှာ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေးရဖို့၊ ဆီးရီးယားမှာ ပြည်တွင်းစစ် အဆုံးသတ်ဖို့နဲ့ အာဖရိကနိုင်ငံတချို့မှာဖြစ်နေတဲ့ ပဋိပက္ခတွေကို နိုင်ငံရေးအရ အဖြေရှာကြဖို့ ပြောကြားခဲ့ပါတယ်။

ဗာတီကန် (Vatican) မှာရှိတဲ့ စိန့်ပီတာ (St. Peter’s) ဘုရားကျောင်းရဲ့ လသာဆောင်မှာထွက်ပြီး ပုပ်ရဟန်းမင်းကြီး Francis က အီတလီဘာသာနဲ့ အီစတာ နေ့အထိမ်းအမှတ် ပြောကြား ခဲ့တာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ သတင်းစကားကို ကြားရဖို့ စိန့်ပီတာရင်ပြင်ကို လာရောက်ခဲ့ကြသူပေါင်းက ၂ သိန်းခွဲထက် မနည်းရှိပါတယ်။

အစောပိုင်းကတော့ စိန့်ပီတာ ရင်ပြင်မှာတင်မက အနီးအနားက လမ်းတွေအထိ ပြည့်လျှံနေတဲ့ ကမ္ဘာအရပ်ရပ်က ဘုရားဖူးတွေနဲ့အတူ ပုပ်ရဟန်းမင်းကြီး ဦးဆောင်ပြီး ဝတ်ပြုခဲ့ပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေအတွက် ဘာသာရေးအရ အရေးပါတဲ့ အီစတာ တနင်္ဂနွေအထိမ်းအမှတ် ဝတ်ပြုပွဲတွေကို ကမ္ဘာတဝန်းကျင်းပခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) ဟာ သူ့ရဲ့မိသားစုနဲ့အတူ ဘုရားကျောင်းတက်ခဲ့သလို ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက် (Elizabeth) ကလည်း ၀င်ဆာ (Windsor) နန်းတော်မှာ တော်ဝင်မိသားစုနဲ့အတူ ဝတ်ပြုဆုတောင်းခဲ့ပါတယ်။

ရိုမန်ကက်သလစ် ဘာသာဝင်အများစုရှိတဲ့ ဖိလစ်ပိုင်နိုင်ငံမှာလည်း သမ္မတ ဘန်နင်နိုအကွီနို (Benigno Aquino) က ယေရှုခရစ်တော် ရှင်ပြန် ထမြောက်ခဲ့သလို ဖိလစ်ပိုင်လူမျိုးတွေ အနေနဲ့လည်း လာဘ်ပေး လာဘ်ယူမှုကင်းဝေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်လာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

နျူကလီယားလက်နက် မြောက်ကိုရီးယားစွန့်မည်မဟုတ်

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (ဇန်န၀ါရီလ ၁ ရက်၊ ၂၀၁၃)။

 31.03.2013
မြောက်ကိုရီးယားနိုင်ငံကို ဒေါ်လာဘီလျံနဲ့ချီ စီးပွားရေးအထောက်အပံ့တွေပေးမယ် ဆိုရင်တောင် နျူကလီးယားလက်နက်ကို စွန့်မှာမဟုတ်ဘူးလို့ ပြောပြီး၊ ခေတ်မီဂြိုလ်တုတွေကို တီထွင် လွှတ်တင်သွားမယ်လို့ ပြောလိုက်ပါတယ်။ ခေါင်းဆာင် ကင်မ်ဂျုံအွန်း (Kim Jong Un) ဥက္ကဋ္ဌဖြစ်တဲ့ မြောက်ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီစည်းဝေးပွဲမှာ နိုင်ငံရဲ့ စီးပွားရေးနဲ့ နျူကလီးယား လက်နက်တွေကို ပိုပြီး ခိုင်မာအောင်လုပ်သွားဖို့ ပြောကြားခဲ့တယ်လို့ အစိုးရပိုင် KCNA သတင်းကပြောပါတယ်။

မြောက်ကိုရီးယားရဲ့ စစ်အင်အားကို နိုင်ငံရေးနဲ့ အပေးအယူလုပ် ညှိနှိုင်းလို့မရဘူးလို့ လည်း ပြောကြားခဲ့ပြီး ကမ္ဘာကြီးမှာ နျူကလီးယားလက်နက် ကင်းမဲ့သွားချိန် မရောက်ခင်အထိ နျူကလီးယား လက်နက်တွေကို ချဲ့ထွင် တိုးမြှင့်သွားရမယ်လို့ ဗဟိုကော်မတီစည်းဝေးပွဲက ဆိုခဲ့ပါတယ်။ တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စုတို့နဲ့ တင်းမာမှုတွေတိုးနေချိန် မြောက်ကိုရီးယား လွှတ်တော်စည်းဝေးပွဲကျင်းပမယ့် တရက်အလို တနင်္ဂနွေနေ့က အာဏာရပါတီ ဗဟိုကော်မတီစည်းဝေးပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားမှာလက်ရှိလုပ်နေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအဖြစ်နဲ့ ဂျပန်နိုင်ငံ Kadena လေတပ်အခြေစိုက်စခန်းကနေ F-22 အမျိုးအစား အမေရိကန် Stealth တိုက်လေယဉ်တွေဟာ တောင်ကိုရီးယားနိုင်ငံ Osan လေတပ်အခြေစိုက်စခန်းဆီကို တနင်္ဂနွေနေ့က ပျံသန်းသွားခဲ့ကြတယ်လို့ နီးစပ်တဲ့သတင်းရပ်ကွက်က ဗွီအိုအေ ကိုပြောပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

နှစ်ပေါင်း ၃ဝ ကြာ ဝက်ပေါင်ခြောက် ပြုလုပ်ရာတွင် အသုံးပြုခဲ့သော ကျောက်တုံး မမျှော်လင့်ဘဲ စတာလင်ပေါင် ၃ ဒသမ ၅ သန်း တန်ကြေးရှိ ဥက္ကာခဲ ဖြစ်နေ

မက်ဒရစ် မတ် ၃ဝ
စပိန်နိုင်ငံမှ လယ်သမား တစ်ဦးသည် နှစ်ပေါင်း ၃ဝ ကျော်ကြာ အသားငါးများအား ဖိသိပ်ရာတွင် အသုံးပြုခဲ့သည့် ကျောက်တုံး တစ်တုံးမှာ စတာလင်ပေါင် ၃ ဒသမ ၅ သန်းတန်ကြေးရှိ သံထည် ဥက္ကာခဲ တစ်ခုအဖြစ် မမျှော်လင့်ဘဲ တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းဥက္ကာခဲအား တွေ့ရှိခဲ့သူမှာ ဖော့စတီနို အဆန်ဆီ ယိုလိုပတ်ဇ် ဆိုသူ ဖြစ်ပြီး ၄င်းသည် ၁၉၈ဝ ပြည့်နှစ်က စီယူဒတ်ရီးယဲ ပြည်နယ် အနီး လယ်ကွင်း တစ်ခုတွင် ၄င်း၏ ဖခင်ဖြစ်သူနှင့် အတူ ရှိနေစဉ် အလေးချိန် ၁ဝဝ ကီလိုဂရမ်ရှိ ကျောက်တုံး တစ်တုံးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၄င်းကျောက်တုံးသည် နိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် ကျန်ရစ်ခဲ့သော အကြွင်းအကျန် အဖြစ် လိုပတ်ဇ်က ယူဆခဲ့ပြီး ၄င်းကျောက်တုံးအား အိမ်ရှေ့ ဆင်ဝင် အောက်တွင် ဆယ်စုနှစ် သုံးခုကြာ ထားရှိခဲ့ကာ နောက်ပိုင်းတွင် ဝက်ပေါင်ခြောက် ပြုလုပ်ရာတွင် အဆိုပါ ကျောက်တုံးအား အသုံးပြုခဲ့သည်။

လိုပတ်ဇ်သည် ၂ဝ၁၁ ခုနှစ်တွင် ရုပ် မြင်သံကြားမှ ထုတ်လွှင့်သည့် စပိန် နိုင်ငံပေါ်သို့ ကျရောက်ခဲ့သော ဥက္ကာခဲ အကြောင်းအား ကြည့်ရှု ခဲ့ပြီးနောက် ဘူမိဗေဒ ပညာရှင် ဂျူအန်ကားလို့စ်ဂတ် တာရက်ဇ်နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ၄င်းကျောက်တုံးအား ဂတ်တာရက်ဇ်က ကျယ်ကျယ်ပြန့်ပြန့် လေ့လာ ခဲ့ပြီးနောက် ၄င်းသည် သမိုင်း မတင်မီ ကတည်းကပင် တည်ရှိခဲ့သော ဥက္ကာခဲ အဖြစ် တွေ့ရှိခဲ့ကြသည်။

၎င်းဥက္ကာခဲသည် စပိန်နိုင်ငံတွင် ရှာဖွေ တွေ့ရှိခဲ့သော ဥက္ကာခဲများ အနက် စတုတ္ထမြောက် ဥက္ကာခဲဖြစ်ပြီး ပထမဆုံးသော ဥက္ကာခဲကို ၁၈၉၈ ခုနှစ်တွင် ကူဆာပြည်နယ် အနီး၌ လည်းကောင်း၊ ဒုတိယ တစ်ခဲအား ၁၉၁၂ ခုနှစ်တွင် ဂရာနာဒါ ပြည်နယ်၌ လည်းကောင်း၊ တတိယ တစ်ခဲအား ၁၉၅ဝ ပြည့်နှစ်တွင် ဇာရာဂိုဇာ ပြည်နယ် အနီး၌ လည်းကောင်း အသီးသီး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
မြ၀တီ

ပုဂ္ဂလိက နေ့စဉ်သတင်းစာ၎စောင် ယနေ့ စတင်ထုတ်ဝေ

ရန်ကုန်-ဧပြီ၁
ပုဂ္ဂလိက နေ့စဉ်သတင်းစာတချို့ကို ဧပြီ၁ရက်က စတင်ထုတ်ဝေလိုက်ပြီဖြစ်ရာThe Voice နေစဉ်သတင်းစာ၊ ရွှေနိင်ငံသစ်နေစဉ်သတင်းစာ၊ ပြည်ထောင်စုနေစဉ်သတင်းစာ၊ စံတော်ချိန်နေစဉ်သတင်းစာ၎စောင်ကိုဂျာနယ်အရောင်းဆိုင်များနှင့်လက်ပွေ့အရောင်းသမားများထံတွင် ၀ယ်ယူဖတ်ရှုနိုင်ပြီဖြစ်သည်။

ကျွန်တော်တို့ဆိုင်မှာ ဒီနေ့ထုတ်သတင်းစာတွေထဲက The Voice၊ရွှေနိင်ငံသစ်တို့တင်တယ်။ တစောင်၂၀၀နဲ့ရောင်းတယ်။စံတော်ချိန်က အခမဲ့ပေးတယ်။ပြည်ထောင်စုက
ရောက်မလာလို့ မတင်တာပါဟု မြောက်ဥက္ကလာအ၀ိုင်းရှိ ဂျာနယ် ဆိုင်ရှင်တစ်ဦးကပြောသည်။

သတင်းစာတွေအသစ်ထွက်လာလို့ အားလုံးဝယ်ဖတ်ဖြစ်တယ်။ပြည်ထောင်စုက ဆိုဒ်ကြီးဆိုတော့ ဖတ်ရတာနဲနဲ ဆန်းတာပေါ့ဟု တက္ကစီသမားတစ်ဦးကပြောသည်။
ပုဂ္ဂလိက နေ့စဉ်သတင်းစာ၁၆စောင်ကို ထုတ်ဝေခွင့်ပြုထားပြီးဖြစ်သည်။TN
Popular Myanmar News Journal

၂၀၁၅ ရွေးကောက်ပွဲများ လွတ်လပ်တရားမျှတစွာ ကျင်းပနိုင်ရန် စတင်ဆောင်ရွက်နေကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

Monday, 01 April 2013
၂၀၁၅ ရွေးကောက်ပွဲများ လွတ်လပ်၊ တရားမျှတစွာ ကျင်းပနိုင်ရန် လိုအပ်သော ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ယခုကတည်းက စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၂၉ ရက်တွင် ပြုလုပ်သည့် ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားသည်။

ပထမအကြိမ် လွှတ်တော်ပုံမှန် သက်တမ်းတစ်ရပ်အတွက် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်မှာ နှစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ကြောင်း၊ လာမည့် ဒုတိယအကြိမ် လွှတ်တော်ပုံမှန် သက်တမ်းအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၁၅ ခုနှစ် နှစ်ကုန်ခါနီး လများအတွင်း ကျင်းပပေးရန် ရှိကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ပါဝင်သော ပြည့်စုံမှန်ကန်သည့် မဲစာရင်း ရရှိရေးအတွက် စမ်းသပ်မဲစာရင်းကောက်ယူရေး လုပ်ငန်းကို ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။ ကော်မရှင်က သူ့ဟာသူ လုပ်နေတာထက်စာရင် အခုလိုအရပ်ဖက် အဖွဲ့အစည်းတွေကို ဆွေးနွေးတိုင်ပင်တာမျိုး၊ ချပြတာမျိုးကကောင်းပါတယ်။ ဒါမျိုးကဒီတစ်ကြိမ်နဲ့ ပြီးသွားရင်တော့ဟန်ပြသပ်သပ်ဖြစ်သွားမှာပဲ . . .

“ရွေးကောက်ပွဲဆိုတာက မဲထည့်ပြီးရုံနဲ့တော့ မပြီးဘူးပေါ့ဗျာ။ ရွေးကောက်ပွဲတိုင်းမှာ နိုင်ငံသားတွေရဲ့ ပူးပေါင်းပါဝင်မှု မြင့်မားလာလေ ရွေးကောက်ပွဲဂုဏ်သိက္ခာတက်လေ နိုင်ငံ့ဂုဏ်သိက္ခာ တက်လေပေါ့။ ကော်မရှင်က သူ့ဟာသူ လုပ်နေတာ ထက်စာရင် အခုလို အရပ်ဖက် အဖွဲ့အစည်းတွေကိုဆွေးနွေးတိုင်ပင်တာမျိုး၊ ချပြတာမျိုးက ကောင်းပါတယ်။ ဒါမျိုးက ဒီတစ်ကြိမ်နဲ့ ပြီးသွားရင်တော့ ဟန်ပြသပ်သပ် ဖြစ်သွားမှာပဲ။ ဒါပေမယ့် ဒီလိုမဖြစ်အောင် တစ်ကယ် အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး ဖြစ်အောင် ကျွန်တော်တို့ကလည်း တိုက်တွန်းရမှာပါ။ ဆောင်လဲ ဆောင်ရွက်ရမှာပါ” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ၈၈ မျိုးဆက် အဖွဲ့အစည်းမှ ကိုသက်ဇော်က ပြောပါသည်။

သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများကလည်း သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲ၏ ကြီးကြပ်မှုကို ခံယူ၍ ၂၀၁၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲစာရင်းကို အခြေခံပြီး စမ်းသပ်မဲစာရင်း ကောက်ယူမည် ဖြစ်ကြောင်း၊ ထိုမဲစာရင်း စမ်းသပ်ကောက်ယူမှုမှ တစ်ဆင့် တစ်နိုင်ငံလုံးရှိ ရပ်ကွက်နှင့် ကျေးရွာ
အုပ်စုအလိုက် မဲစာရင်းများကို ဆက်လက်ကောက်ယူရန် စီစဉ်ထားကြောင်းရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် New Myanmar Foundation မှ မမြနန္ဒာက “ကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်ကို လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် လုပ်ဆောင်သွားမယ်လို့ အာမခံ ပြောကြားခဲ့တယ်။ နောက်ပြီး ထူးခြားတာက တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ပညာရေးဌာနတို့ ဘာတို့ဆိုရင် ပြောသမျှ ခေါင်းညိတ်တဲ့ ပုံစံမဟုတ်ဘဲ ပြီးခဲ့တဲ့ ရွေးကောက်
ပွဲတွေမှာ တွေ့ကြုံခဲ့ရတာတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေရှိတဲ့ ဒေသနဲ့ ဆိုင်တဲ့ မဲစာရင်းကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားတာတွေတွေ့ရတော့ ပြောင်းလဲလာတယ်လို့ ပြောလို့ရတယ်” ဟု ပြောကြားသည်။

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်က ကျင်းပခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၂၅ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၆၆၁ ဦးကို ရွေးကောက်ခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတများနှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ၀န်ကြီးများအဖြစ် ခန့်အပ်ခြင်း ခံရသဖြင့် နုတ်ထွက်သွားသော လွှတ်တော် ကိုယ်စားလှယ်များ၏ လစ်လပ်မဲဆန္ဒနယ် ၄၅ နယ်၌ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၇ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို ရွေးကောက်ခဲ့သည်။
eleven media group

ပုသိမ်သူ ရှပ်ပြေးရေယာဉ်နှင့် သုဇာတာ ဆန်တင်သင်္ဘောတို့ တိုက်မိခဲ့ပြီး တစ်ဦး သေဆုံးကာ တစ်ဦး ခြေထောက်ကျိုး

Monday, 01 April 2013
မတ်လ ၃၁ ရက်နေ့ ည ၈ နာရီခန့်က တွံတေးတူးမြောင်းဝ ဆူးကလပ်ကျေးရွာ အနီးတွင် ရန်ကုန်-ကျိုက်လတ် ပြေးဆွဲနေသော ကျိုက်လတ်မြို့နယ်အသင်းပိုင် ပုသိမ်သူ ရှပ်ပြေးရေယာဉ်နှင့် ကျိုက်လတ်မှ ထွက်ခွာလာသောကျော်ဇံ-ရုံးဒေါင့်-ရန်ကုန် ပြေးဆွဲသည့် သုဇာတာ လိုင်းကောင် မော်တော်တို့ တိုက်မိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ သင်္ဘောတိုက်မိမှု ဖြစ်စဉ်တွင် ခရီးသည် ၁၀၀ ကျော်အား ကယ်တင်နိုင်ခဲ့ပြီး တစ်ဦး သေဆုံးကာ တစ်ဦးခြေထောက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထပ်မံရရှိသည့် သတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။
eleven media group

Bank of Tokyo Mitsubishi UFJ မှ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာ အကူအညီပေးမည်

Monday, 01 April 2013
ဂျပန်နိုင်ငံ၏ အကြီးဆုံးဘဏ် တစ်ခုဖြစ်သော Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်မှ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှု ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာ အကူအညီများ ပေးမည်ဖြစ်ကြောင်း သမ၀ါယမဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သမ၀ါယဘဏ် မန်နေဂျင်း ဒါရိုက်တာ ဦးဖေမြင့်က “ဘဏ်နှစ်ခုကြားနှစ်ဖက်ဘောတူစာချုပ် ချုပ်ဆိုတာပါ။ Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်က ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စတွေမှာ သမ၀ါယမဘဏ်ကို နည်းပညာ၊ နည်းစနစ်ပိုင်း ဆိုင်ရာတွေမှာ အကူအညီပေးမှာပါ။ ဂျပန်ဘဏ်ဘက်က ပညာရှင်တွေ၊ အကြံပေး ပုဂ္ဂိုလ်တွေ ဒီကိုလာပြီး အကူအညီပေးမှာပါ” ဟု ပြောသည်။

ဘဏ်နှစ်ဘဏ်ကြား လုပ်ငန်းစတင်နိုင်ရန်နှင့် လုပ်ငန်းပိုင်းဆိုင်ရာများ ထပ်မံတိုးမြှင့်ရန်အတွက် စာချုပ် ချုပ်ဆိုခြင်း ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် သမ၀ါယမဘဏ်နှင့် (BTMU) ဘဏ်တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားကြောင်း၊ Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်သည် ဂျပန်နိုင်ငံတွင် အကြီးဆုံးဘဏ်တစ်ခုဖြစ်ပြီး နှစ်တစ်ရာကျော် သက်တမ်းရှိသည့် ဘဏ်တစ်ခုဖြစ်ကြောင်း သိရသည်။

သမ၀ါယမဘဏ်နှင့် BTMU ဘဏ်တို့၏ customerများဖြစ်ကြသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် တစ်ဦးချင်း ပုဂ္ဂလိက ကုန်သည်များ၊ အသင်းအုပ်စု အဖွဲ့အစည်းများကို ရည်ရွယ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းများ ချော့မွေ့လာစေရန်အတွက် ၀န်ဆောင်မှုများကို ပေးလိုကြောင်း ဦးကျော်လင်းက ထည့်သွင်း ပြောကြားသည်။

“မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံမယ့် ဂျပန်လုပ်ငန်းရှင် အများစုက BTMU ဘဏ်နဲ့ အဆက်အဆံ ရှိသလို ကုန်သွယ်မှု အပိုင်းနဲ့ ပတ်သက်ရင် သူတို့ဘဏ်မှာ စာရင်းဖွင့်ထားတာတွေ များတယ်။ BTMU ဘဏ်နဲ့ချိတ်ဆက်ပြီး နောက်ပိုင်း ဂျပန်ကုမ္ပဏီတွေ စာရင်းလာဖွင့်တာများလာတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထားသော နိုင်ငံခြားဘဏ် ကိုယ်စားလှယ် ရုံးခွဲပေါင်း ၂၄ ခုရှိပြီး The Bank of Tokyo Mitsubishi UFJ၊ Mizuho Coporate Bank Ltd၊ Sumitomo Mitsui Banking Corporation ဘဏ်တို့သည် ဂျပန်နိုင်ငံ အခြေစိုက် ဘဏ်များဖြစ်သည်။
eleven media group

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com