http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တပေါင်းလပြည့် ည ရွှေတိဂုံစေတီတော်မြင်ကွင်းများ(ဓါတ်ပုံသတင်း)

တပေါင်းလပြည့် ည ရွှေတိဂုံစေတီတော်မြင်ကွင်းများ
Popular Myanmar News Journal






မတ်လ ၂၅ ရက်နေ့ ညပိုင်းက ပဲခူးတိုင်း အနောက်ပိုင်း ကြို့ပင်ကောက်မြို့တွင် လူအုပ်စုဖြင့် နေအိမ်၊ဆိုင်ခန်းများကို ဖျက်ဆီးမှုဖြစ်ပွား

Tuesday, 26 March 2013
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ကြို့ပင်ကောက်မြို့တွင် မတ်လ ၂၅ ရက်နေ့ ညအချိန်က မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်၊ဆိုင်ခန်းများကို လူအုပ်စုဖြင့် ဝိုင်းဝန်း ဖျက်ဆီးမူ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် အစ္စလာမ် ဘာသာဝင်များ၏ နေအိမ် ၁၅ လုံးဝန်းကျင်၊ ဈေးဆိုင်ခန်းအချို့၊ မော်တော်ယာဉ် နှစ်စီးနှင့် ဆိုင်ကယ်သုံးစီး ပျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ရန်ကုန်-ပြည်လမ်းမကြီးပေါ်ရှိ ဗလီကျောင်း တစ်ခုမှာလည်း ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့ မတ်လ ၂၆ ရက်နေ့တွင် အခြေအနေမှာမူ တည်ငြိမ်လျက်ရှိပြီး ဒေသခံလူများမှာမူ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။ ထို့အပြင် ကြို့ပင်ကောက်မြို့နှင့် အနီးဝန်းကျင် မြို့ရွာများ၌လည်း ကောလာဟလ သတင်းများ အမျိုးမျိုး ထွက်ပေါ်လျက်ရှိပြီး ဈေးဆိုင်ခန်းများ ပိတ်သိမ်းထားကြောင်း သိရသည်။

ယခုရက်ပိုင်းများအတွင်း ပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင် ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်နေသည့် ဖြစ်စဉ်များ ဆက်တိုက် ရှိနေပြီး မတ်လ ၂၄ ရက်နေ့ညက လည်း အုတ်ဖိုမြို့တွင် ရှိနေသော ဗလီတစ်ခုကို ဖျက်ဆီးရန်အတွက် လူအုပ်စုလိုက် ရောက်ရှိလာသည်ကို ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်မတော်သားများက တားဆီးနိုင်ခဲ့ကြောင်း အုတ်ဖိုရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

လတ်တလော အနေဖြင့် ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းနေသူများကို ဖမ်းဆီး ရမိခြင်း မရှိသေးဘဲ မတ်လ ၂၆ ရက်နေ့ ညပိုင်းမှ စတင်ပြီး ကြို့ပင်ကောက်၊ အုတ်ဖို၊ ဇီးကုန်းအပါအ၀င် ပဲခူးတိုင်း အနောက်ဘက်ခြမ်းရှိ မြို့နယ် ငါးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် စီစဉ်နေကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ အရာရှိ တစ်ဦးက မတ်လ ၂၆ ရက်နေ့ ညနေပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

မတ်လ ၂၆ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်အချိန်က ရရှိသော သတင်းများအရ ကြို့ပင်ကောက်မြို့ကို ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ကြောင်း သိရသည်။
Eleven Media Group

ကြို့ပင်ကောက်မြို့အတွင်း ဖျက်ဆီးခံရမှုအခြေအနေကို မတ်လ ၂၆ ရက်နေ့က မြင်တွေ့ရစဉ်






ပုဒ်မ ၁၈၈ကြောင့် ညပိုင်းတက္ကစီမောင်းနှင်သူများ အခက်တွေ့

ဓာတ်ပုံ - သူရိန်
ရန်ကုန်၊ မတ် ၂၆။
ရန်ကုန်မြို့ တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်ပြီး ည ၉နာရီမှ မနက်၅နာရီအထိ ဆိုင်ခန်းများ မဖွင့်ရဟု လိုက်လံကြေညာနေသဖြင့်ညပိုင်းတက္ကစီ မောင်းနှင်သူများ အခက်တွေ့လျက်ရှိကြောင်း သိရသည်။

“မနေ့ညက ပုဒ်မ၁၈၈ ထုတ်လိုက်ပြီး ည ၉နာရီကနေ မနက်၅နာရီအထိ ဆိုင်တွေမဖွင့်ဖို့ အမိန့်ထုတ်လိုက်တော့ လမ်းပေါ်မှာလူသွားလူလာ နည်းသွားတယ်။ ကျွန်တော်တို့က ညပိုင်းမောင်းတာဆိုတော့ ညနေ ၆နာရီလောက်ကမှ စမောင်းရတာ။ အခုတက္ကစီတွေ များလာလို့ အရင်တည်းက မောင်းရတာ အဆင်မပြေတာ အခု အမိန့်ထုတ်လိုက်တော့ လူတွေက သိပ်မထွက်တော့ဘူး” ဟု ညပိုင်း တက္ကစီမောင်းသူ ဦးကျော်မောင်ကပြောကြားသည်။

မိတ္ထီလာမြို့ တွင် ပဋိပက္ခများဖြစ်ပွားပြီးနောက် ရန်ကုန်မြို့ တွင်လူမျိုးရေး ဘာသာရေးနှင့် သတ်ဆိုင်သော ကောလဟာလများစွာ ထွက်ပေါ်ခဲ့သဖြင့် ပဋိပက္ခများ မဖြစ်ပွားစေရန် ထိန်းသိမ်းသည့် အနေဖြင့် မတ်လ ၂၅ရက်နေ့တွင် ရန်ကုန်မြို့တွင် ပုဒ်မ၁၈၈ ထုတ်ပြန်ခဲ့သည်။

“အရင်ဆို ညပိုင်း လက်ဘက်ရည်ဆိုင်တို့ ထမင်းဆိုင်တို့ ဖွင့်တာတွေရှိတယ်။ မနေ့ညကတော့ ဆိုင်တွေက ၉နာရီမထိုးခင်ကတည်းက ပိတ်တဲ့သူတွေကလည်း ပိတ်ကျတယ်။ ညပိုင်း
အရင်ဆို လူငယ်နဲ့ လူလတ်ပိုင်းတွေ ထွက်ကျတာရှိပေမယ့်မနေ့ညကတော့ လမ်းပေါ်မှာ လူတော်တော်နည်းတယ် ပုဒ်မ၁၄၄ ထုတ်တာမဟုတ်ပေမယ့် လူတွေက ကောလဟာလတွေ
ကြားပြီး အပြင် သိပ်မထွက်ကြတော့ဘူး” ဟု ညပိုင်း တက္ကစီမောင်းသူ ဦးကျော်မောင်က ထည့်သွင်းပြောကြားသည်။

မိတ္ထီလာတွင် ပဋိပက္ခများ စတင်ဖြစ်ပေါ်သည့် ရက်ပိုင်းမှ စတင်ပြီးရန်ကုန်မြို့တွင် ညပိုင်းမောင်းနှင်သော တက္ကစီများနှင့် ကိုယ်ပိုင်ကားများကို စစ်ဆေးသည့် နေရာများလည်းတိုးကာ လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်မှုများကို တွေ့ရကြောင်းကို “ စပလိုင်းချက်တွေနေရာ အသစ်တွေမှာ စစ်တာတွေ့ရတယ်။ အရင်ရှိနေကြ နေရာတွေအပြင် တခြားမြို့နယ် တော်တော် များမှာလည်း စစ်ဆေးရေး အဖွဲ့တွေ တိုးပြီးချထားတယ်။ လိုင်စင်တွေ ၀ှီးတက်တွေ မမေ့အောင် သတိထားပြီး ယူနေရတယ်” ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သော တက္ကစီမောင်းနှင်သူ ကို ဇော်မိုးက ပြောကြားသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သဖြင့် ညပိုင်း အပြင်ထွက်သူများလျော့ကျ သွားကြောင်း၊ ညပိုင်းတက္ကစီမောင်းသူများမှာ ညနေ၆ နာရီခန့်မှစတင်ပြီးမောင်းရပြီး ၉နာရီကျော်ပါက လူများအပြင်သိပ်မထွက်တော့သဖြင့် ညနေ ၆နာရီမှ ည ၉နာရီ အတွင်းမောင်းချိန် ၃နာရီသာ ရရှိကြောင်း၊ ထိုအချိန် သုံးနာရီမှာကားအုံနာဖိုး ကျော်ရုံသာ ရှာလို့ရသဖြင့် တက္ကစီ မောင်းသူများ
အတွက် အခက်အခဲရှိကြောင်း၊ ယင်းအပြင် တက္ကစီသမားများကိုယ်တိုင်လည်း ၎င်းတို့၏ လုံခြုံရေးအတွက် ခရီးသည်ကိုသေချာရွေးပြီးမှသာ ကားအငှားလိုက်နေရကြောင်း သိရသည်။
ဆုဝေ
The Myanma Age

ဂျပန်နှင့် သြစတြေးလျတို့ မြောက်ကိုးရီးယားကို ပိတ်ဆို့ဒဏ်ခတ်မှု ပြုလုပ်ရန်ပြင်ဆင်

တိုကျို၊ မတ်၂၆။
ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့သည် မြောက်ကိုးရီးယားနိုင်ငံ၏ နယူးကလီးယားထုတ်လုပ်မှုကို အထောက်အပံ့ဖြစ်နေသော အစိုးရပိုင်အဓိက နိုင်ငံခြားငွေလဲလှယ်သည့်ဘဏ်ကို ပစ်မှတ်ထားပိတ်ဆို့ရန် အမေရိကန်အစိုးရ ဦးဆောင်ပြုလုပ်သည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ်မြောက်ကိုးရီးယားနိုင်ငံခြားကုန်သွယ်ရေးဘဏ်ကို စီးပွားရေးပိတ်ဆို့မှုပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။

ဂျပန်အစိုးရက ဒဏ်ခတ်အရေးယူမှုများကို လာမည့်ရက်သတ္တပတ်နှစ်ပတ်၊ သုံးပတ်အတွင်းလုပ်ဆောင်ရန်ရှိကြောင်းဂျပန်အစိုးရ သတင်း ထုတ်ပြန်မှုများအရ သိရပြီး သြစတြေးလျ
နိုင်ငံခြားရေးဝန်ကြီးကလည်း ဒဏ်ခတ်အရေးယူမှုများ မကြာမီပြုလုပ်မည်ဟု ပြောကြားသွား ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက သမ္မတအိုဘားမားအစိုးရအဖွဲ့သည် ယခုလအတွင်း မြောက်ကိုးရီယားအရေးနှင့်စပ်လျည်း၍ ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ခဲ့ပြီးနောက်
မြောက်ကိုးရီးယားဘဏ်ကို တင်းကျပ်စွာ ကိုင်တွယ်ပေးကြရန် အခြားနိုင်ငံအစိုးရအဖွဲ့များကို တောင်း ဆိုထားခဲ့ကြောင်းသိရသည်။

အမေရိကန်အစိုးရသည် ထိုသို့လုပ်ဆောင်ရန် ဥရောပသမဂ္ဂကို တိုက်တွန်းထားကြောင်း အစိုးရရုံးမှ တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်ခြင်းနှင့်ငွေကြေးဆိုင်ရာအထူးအဖွဲ့ ဘဏ္ဍာရေး ဒုအတွင်းရေးမှူး ဒေးဗစ်ကိုဟန်က မြောက်ကိုးရီးယားဘဏ်ကို တင်းကျပ်မှုများ ပြုလုပ်ရန် လွန်ခဲ့သည့် ရက်သတ္တပတ်က
တရုတ်အစိုးရကို တိုက်တွန်းခဲ့ကြောင်း သတင်းထောက်များကိုပြောကြားခဲ့သည်။ တရုတ်အစိုးရ၏ တုံ့ပြန်မှုကို ၎င်းက ပြောကြား ခဲ့ခြင်းမရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင်စီးပွားရေး လာရောက်လုပ်ကိုင်ကြသည့်နိုင်ငံခြားဘဏ်များသည် နိုင်ငံခြားကုန်သွယ်ရေးဘဏ်နှင့်ဆက်ဆံမည့်အရေးကို ဒဏ်ခတ်ပိတ်ဆို့မှုများ ကြုံတွေ့ရသည့်
အီရန်နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် စာချုပ်ချုပ်ခြင်း ကို နိုင်ငံတကာဘဏ်များ ပြန်လည် စဉ်းစားသကဲ့သို့ နှစ်ခါပြန်စဉ်းစားရန် အမေရိကန်တို့ကလုပ်ဆောင်ထားသည်ဟု
ကျွမ်းကျင်သူများက ဆိုကြသည်။

“ဒီ မြောက်ကိုးရီးယားနိုင်ငံဘဏ်ဟာ နယူးကလီးယားတွေ၊ တာဝေးပစ်ဒုံးကျည်တွေ လုပ်ဖို့ ငွေကြေးရရှိစေဖို့ နိုင်ငံခြားနဲ့ချိတ်ဆက်တဲ့ ဘဏ် ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်၊ ဒီဘဏ်ကို ဖိအားပေးလိုက်ခြင်းဖြင့် သူတို့ရဲ့ ဖျက်ဆီးမှုအားပြင်းတဲ့ လက်နက်တွေထုတ်လုပ်ဖို့ ကြိုးစားမှု တွေ၊ တရှိန်ထိုးလုပ်ဆောင်မယ့် အားထုတ်မှုတွေကို လျော့သွားအောင် ဖိအားပေးနိုင်ပါလိမ့်မယ်”ဟု အမည်မဖော်လိုသူအမေရိကန် ထိပ် တန်းအရာရှိ တစ်ဦးက ပြောကြားသည်။

အမေရိကန်အစိုးရသည် ကုလသမဂ္ဂကိုလည်း မြောက်ကိုးရီးယားနိုင်ငံ ဖေဖော်ဝါရီ၁၂ ရက်ကပြုလုပ်ခဲ့သည့် နယူးကလီးယားစမ်းသပ်မှု အတွက် ဆောင်ရွက်ခဲ့သည့် အရေးယူပိတ်ဆို့မှုအသစ်တွင် ဘဏ်အရေးယူ ပိတ်ဆို့မှုကိုပါ ထည့်သွင်းရန် တိုက်တွန်းခဲ့ကြောင်း၊ သို့သော်တရုတ်နှင့် ရုရှားနိုင်ငံတို့က ကန့်ကွက်ခဲ့ကြောင်း အမေရိကန်ထိပ်တန်းအရာရှိနှင့် ကုလသမဂ္ဂဝန်ထမ်းများကပြောကြားခဲ့သည်။

တရုတ် နိုင်ငံနှင့်ရုရှားနိုင်ငံ ကန့်ကွက်ခဲ့သည့်အကြောင်းရင်းကိုမူ ၎င်းအရာရှိတို့က မပြောကြားခဲ့ကြောင်း သိရသည်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ ဒဏ်ခတ်ပိတ်ဆို့မှုအနေနှင့် နိုင်ငံခြားကုန်သွယ်ရေးဘဏ် လုပ်ဆောင် ချက်များကို သြစတြေးလျနိုင်ငံတွင် တားဆီးမည်ဖြစ်ကြောင်း သိရသည်။

မည့်သည့်အတိုင်းအတာအထိလုပ်ဆောင်မည်၊ မည့်သည့်နေရာတွင် ဆွေးနွေးနေသည်ကို အသိမပေးဘဲ ဘဏ်အမှုဆောင်များနှင့် ဆွေးနွေးပွဲများပြုလုပ်နေကြောင်း ၎င်းသတင်း
တွင် ပါရှိသည်။

နိုင်ငံခြားရေးဝန်ကြီးရုံးမှ ဘော့ကားက မြောက်ကိုးရီးယားနိုင်ငံခြားကုန်သွယ်ရေးဘဏ်နှင့် သြစတြေးလျနိုင်ငံကြား ဆက်ဆံရေးမှတ်တမ်းကို ဥပဒေပြုကောင်စီက ရှာဖွေနေ
ကြောင်း သိရသည်။

သြစတြေးလျနိုင်ငံသည် မြောက်ကိုးရီးယားနှင့် သံတမန်ထားသည့် ဆက်ဆံရေးရှိခဲ့ပြီး ဂျပန်ကမှု ၎င်းကဲ့သို့ ဆက်ဆံရေးမရှိခဲ့ကြောင်း သိရသည်။
Ref:Reuters
The Myanma Age

ပြဿနာ ဖြေရှင်းတိုင်း နှစ်ဖက်ညှိနှိုင်း အဖြေရှာကြရန်မင်းကိုနိုင်တိုက်တွန်း

မအူပင်၊ မတ် ၂၆။
ပြဿနာများ ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းကာ ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း (၈၈)မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်က မအူပင်မြို့နယ်ရှိ ပလောင်ရွာသားများနှင့် တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားခဲ့သည်။

ယနေ့နေ့လည် (၁၂)နာရီခန့်က ပလောင်ရွာသို့ ရောက်ရှိစဉ်ဒေသခံများအား ယခုကဲ့သို့ ပြောသွားခဲ့ခြင်းဖြစ်ပြီး အဆိုပါရွာသို့ (၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊
ကိုဂျင်မီ၊ ကိုကိုကြီး(စမ်းချောင်း)နှင့် ရွှေညဝါဆရာတော်လည်းကြွရောက်ခဲ့သည်။

ကိုမင်းကိုနိုင်က “နောက်နောင်ကို ပြဿနာ အမြဲရှိတဲ့ လောကကြီးမှာ ပြဿနာရှင်းတိုင်း နံပါတ်(၁) နှစ်ဖက်ညှိနှိုင်းပြီး အဖြေရှာတဲ့ ယဉ်ကျေးမှုကို ရအောင်ယူပါ။ နည်းနည်းရရင်ရမယ်။ များများရရင်ရမယ်။ ပြဿနာကတော့ ငြိမ်းသွားပြီးတော့ သဘောတူညီမှု တစ်ခုတော့ ရလာလိမ့်မယ် ”ဟု ပြောကြားသည်။

လက်ရှိအခြေအနေတွင် မလက်တို ကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော ကိစ္စများကို အစိုးရဘက်မှ လိုက်လျောညီထွေစွာ ဖြေရှင်းပေးနေသည်ကို တွေ့ရကြောင်း၊ ၎င်းအနေအထားများအရ ရွာ သူရွာသားများနေဖြင့် အရာရာကို ငုံ့ခံမနေဘဲ လိုအပ်သည့် အားစိုက်မှု လုပ်လျှင် အောင်မြင်မှု ရနိုင်ကြောင်းကို ပြသနေခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ လိုချင်တာ ဘာလဲဆိုတော့ နောက်နောင်ကို ပြဿနာဆိုတာ တစ်ခုပြီးတစ်ခု ရှိနေမှာပဲ။ ရှိတိုင်းရှိတိုင်းမှာ အုပ်ချုပ်တဲ့သူတွေနဲ့ အုပ်ချုပ်ခံရတဲ့ သူတွေနဲ့ဟာ အမြဲတမ်း ညှိပြီးတော့ အဖြေရှာတတ်တဲ့ အခြေအနေ ရောက်သွားတာ လိုချင်တယ်။ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ကြရင် သူနာကိုယ်နာဖြစ်တာပေါ့ ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် မတရား ခံရမှုများကို ပြန်လည်တုန့်ပြန်ရာတွင်လည်းထောင်ချောက်များကို သတိထားသင့်ကြောင်းနှင့် ယင်းထောင်ချောက် များတွင်း ဝင်မိသွားပါက တည်ဆဲဥပဒေဆိုသည့် အရာနှင့် တွေ့မည်ဖြစ်ကြောင်း ပြောပြီး “ကျွန်တော်တို့ ပြည်သူတွေက စိတ်စေတနာကောင်းရှိတာ မှန်တယ်။ သတ္တိရှိတယ်ဆိုတာလည်း မှန်တယ်။ နောက်ဆုံးတစ်ခု ဥာဏ်ပညာ ရှိတာကို လိုချင်တယ်။ ဥာဏ်ပညာရှိတဲ့ သူတွေကိုမှ မတရားလုပ်လို့ မရဘူးဆိုပြီး တစ်ဖက်က လေးစားမယ်” ဟု ဆက်လက်ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့က ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာအုပ်စုရှိ ပလောင်ရွာတွင် အော့ချက် ကုမ္ပဏီဘက်မှ ၎င်းတို့ပိုင်ဆိုင်သည်ဟု ဆိုသော မြေဧက(၅၅ဝ) ကျယ်ဝန်းသော ကန်ဘောင်ကို ရွာသားများက လယ်မြေအဖြစ် ပြန်လည်လုပ်ကိုင်လိုသည်ဆိုကာ ဝင်ရောက်ရှင်းလင်းရာမှ ရွာသားများနှင့် ရဲများအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ ရွာသား(၂၆)ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပြီး ရဲတပ်သားတစ်ဦး သေဆုံးခဲ့သည်။
ထက်နောင်နောင်
The Myanma Age

သမီးဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်သူကို အမှုဖွင့်ရာဖခင်ဖြစ်သူ ပိုင်နက်ကျူးလွန်မှုဖြင့် ပြန်လည်အမှုဖွင့်ခံရ

ရန်ကုန်၊မတ် ၂၆။
သထုံမြို့ တွင် နေထိုင်လျက်ရှိသော လေးတန်းကျောင်းသူလေးအား အဓမ္မပြုကျင့်ရန် ကြံစည်သူကို ဖခင်ဖြစ်သူမှ အမှုဖွင့်ရာ တရားခံမိသားစုမှ ပိုင်နက်ကျူးလွန်မှုဖြင့် ပြန်လည်
တရားစွဲဆိုမှုတွင် လေးတန်းကျောင်းသူလေး၏ ဖခင်မှာ ရင်ဆိုင်နေရကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အသက်၁၀ နှစ်အရွယ် စတုတ္ထတန်း ကျောင်းသူလေးကို ကျောင်းကြိုကျောင်းပို့ ဘေးတွဲ ဆိုက်ကယ်မောင်းနှင်သူ ကိုပြည့်ဖြိုးအောင် အသက်၂၂ မှ ကျောင်းဆင်းချိန်တွင်အိမ်သို့ပြန်လည် မပို့ဘဲ လူသူပြတ်လတ်သည့် သထုံမြို့ လေယာဉ်ကွင်းဟောင်း ရှိရာနေရာသို့ ခေါ်ဆောင်သွားကြောင်း၊ ယင်းလေယာဉ်ကွင်းပျက်အနီးတွင် အထက (၁) ကျောင်း အနောက်ဘက် အုတ်တံတိုင်းရှိရာသို့ စတုတ္ထတန်းကျောင်းသူလေးအားခေါ်ဆောင်သွားပြီး တရားခံ ကိုပြည့်ဖြိုးအောင်က နောက်ဆိုရင် နင်နေရမယ့်ကျောင်းကို
ပြမည်ဟုဆိုကာအုတ်တံတိုင်းတဖက် ကျောင်းအတွင်းဘက်သို့ခေါ်ဆောင်ရန်ကြိုးပမ်းခဲ့ကြောင်း၊ ကလေးမှာကြောက်ရွံ့ ကာနေအိမ် သို့ပြန်ပို့ရန်ပြောဆိုသောအခါ ဆိုက်ကယ်ရှိရာ သို့ပြန်လည် ခေါ်ဆောင်ကာ၊ ဆိုက်ကယ်ပေါ်တွင် ကလေးအားထိုင်ခိုင်းပြီး ကလေး၏ ခန္ဒာကိုယ်အနှံ့ ကို ပွတ်သတ်ကာ အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ကလေးမှာ ကြောက်လန့်ငိုယိုကာအိမ်သို့သာ ပြန်လည်ပေးပို့ရန် ပြောဆိုနေသဖြင့် နောက်ဆုံးတွင်အိမ်သို့ပြန်လိုက်ပို့ ခဲ့ကြောင်းသိရသည်။.

“အရင်တုန်းကဆိုရင် ၃နာရီ ကျောင်းဆင်းရင် အိမ်ကို ၃နာရီ ၁၅လောက် ဆိုရောက်ပြီ၊ အဲ့နေ့က ၄နာရီထိုးခါနီးလောက်မှ ပြန်ရောက်တယ်။ ဆိုက်ကယ်ဘေးတွဲ မောင်းတဲ့သူက အရင်ဆိုလမ်းထိပ်မှာပဲ ကလေးကို ဆင်းခိုင်းတာ အဲ့နေ့က အိမ်အထိလိုက်ပို့တယ်။ ပြီးတော့ ဆိုက်ကယ်ပျက်လို့ နောက်ကျသွားတာပါတောင်းပန်ပါတယ်ဆိုတဲ့ စကားကို အကြိမ်ကြိမ်ပြောတယ်။ ကလေးကလည်း ငိုမဲ့မဲ့ဖြစ်နေတယ်။ ပြီးတော့ အဲ့လူက မပြန်ပဲ အိမ်နားမှာ ၀ဲလည်ဝဲလည်လုပ်နေတယ်။ ဒါနဲ့ ကလေးကို မေးကြည့်တော့မှ အကုန်သိရတယ်။ အဓမ္မကျင့်ဖို့ပဲကြံတာ အထမမြောက်ဘူး ဆိုတော့မှ ကျွန်တော်တို့လည်းစိတ်အေးရတယ်” ဟု စတုတ္ထန်း ကျောင်းသူလေး၏ ဖခင်က ပြောကြားသည်။

ထိုဆိုက်ကယ် ဘေးတွဲမောင်းနှင်သူ ကိုပြည့်ဖြိုးအောင်မှာ တစ်ရပ် ကွက်ထဲတွင် နေထိုင်သူဖြစ်သဖြင့် နောက်နောင်တွင် တခြားသောကလေးများကို အဓမ္မပြုကျင့်ရန် ကြံစည်မှုများ မဖြစ်စေရန်နှင့်ဆုံးမနိုင်ရန် ကိုပြည့်ဖြိုးအောင်၏ မိဘများထံသို့ သွားရောက်ကာ အဖြစ်အပျက်ကို ပြောကြားရာ မိဘများမှာ လက်မခံနိုင်ပဲ “ကလေးပြောတိုင်းလျှောက်မယုံနဲ့” ဟုပြောကြားကာ စတုတ္ထတန်း ကျောင်းသူလေး၏ ဖခင်ကို ထိုးကြိတ်ကျကြောင်း၊ ထို့ကြောင့် သထုံမြို့ နယ် ရဲစခန်းသို့ သွားရောက်ကာ ကိုပြည့်ဖြိုးအောင်၏ လုပ်ရပ်အပေါ် ခေါ်ယူဆုံးမပေးရန် တိုင်ကြားခဲ့ရာစခန်းမှူးမှာ ဖြစ်စဉ်မှာ သာမာန် မဟုတ်သည့်အတွက် ကိုပြည့်ဖြိုးအောင်ကိုခေါ်ယူ စစ်ဆေးခဲ့ရာ ၀န်ခံသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁ဖြင့်အမှုဖွင့်ခဲ့ကြောင်း၊ ထိုသို့အမှုဖွင့်ပြီး လေးရက်ခန့်အကြာတွင် တရားခံမိသားစု ဘက်မှ စတုတ္ထတန်း ကျောင်းသူလေး၏ ဖခင်အား ပုဒ်မ၄၅၁ပိုင်နက်ကျူးလွန်မှု၊ ပုဒ်မ၃၂၃ နာကျင်စေမှုတို့ဖြင့် ပြန်လည် အမှုဖွင့်ခြင်းကိုခံရကြောင်း သိရသည်။

“ကျွန်တော် သူတို့ အိမ်ကို သွားတုန်းကလည်း ၀င်ခွင့်တောင်းပြီးမှ ၀င်တာပါ။ ကိုယ်ထိလက်ရောက်လုပ်ဖို့ မပြောနဲ့ လက်နဲ့တောင်မရည်ရွယ်ခဲ့ပါဘူး။ သူတို့သားကို နောက်နောင်ဒီလို အပြုအမူမျိုးတွေမလုပ်အောင် မိဘတွေ အနေနဲ့ သွန်သင်ဆုံးမနိုင်အောင် သွားပြီးပြောတာပဲရှိတာပါ။ ကိုယ်ထိလက်ရောက် ကျူးလွန်တာက သူတို့ဘက်က ကျူးလွန်တာပါ။ ကျွန်တော် အခု အမှုဖွင့်တယ် ဆိုတာကလည်း စခန်းမှူးက အဓမ္မပြုကျင့်တဲ့ အဆင့်ကို ကျူးလွန်လို့မရလိုက်ပေမယ့် အဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့အတွက် ပြစ်မှုမြောက်တယ် ဆိုလို့ပါ။ ကျွန်တော့်ကို တကယ်ထိုးတာကိုတောင်ကျွန်တော်က အမှုမဖွင့်ခဲ့ပါဘူး။ သူတို့ဘက်ကနေ ကျွန်တော့်ကိုအမှုဖွင့်ချင်တယ်ဆိုရင် ကျွန်တော်တိုင်တဲ့ နေ့ကတည်းက တိုင်လို့ရတယ်။ သူတို့လာတောင်းပန်တာကို ကျွန်တော်က လက်မခံလို့လေးရက်လောက်နေမှ အမှုကို ဖန်တီးပြီးဖွင့်တာ။” ဟု စတုတ္ထတန်းကျောင်းသူလေး၏ ဖခင်က ပြောကြားသည်။

“ကလေးကို အဓမ္မပြုကျင့်ဖို့ ကြံစည်လို့ ပြစ်မှုမြောက်လို့ အမှုဖွင့်ပေး လိုက်တာပါ။ ဟိုဘက်က မိဘတွေက ဆေးစာတွေနဲ့ သူတို့ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတယ်လို့ ပြန်ပြီးတိုင်ကြားလာတဲ့အတွက် ကလေးရဲ့ ဖခင်ကို အမှုပြန်ဖွင့်လိုက်တာပါ။ ဥပဒေအတိုင်းပဲ ကျွန်တော်တို့ လုပ်စရာရှိတာကို လုပ်ပေးတာပါ။”ဟုသထုံမြို့ နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုအခါ စတုတ္ထတန်း ကျောင်းသူလေးနှင့် သူမ၏ ဖခင်တို့ ရင်ဆိုင်နေရသော အမှုများကို ဖြေရှင်းရန် ရှေ့ နေမငှားရမ်းနိုင်သည့်အတွက်အစိုးရရှေ့ နေနှင့် အမှုကို ဖြေရှင်း နေရသော်လည်း ထိရောက်မှုမရှိဖြစ်နေကြောင်း၊ သထုံမြို့ တွင် ယခုကဲ့သို့ အသက် မပြည့်သေးသူကလေးသူငယ်များကို အဓမ္မပြုကျင့်မှုများစွာရှိပြီး ကလေးမိဘများမှာ အမှုမဖွင့်ရဲကြပဲ ငွေကြေးညှိုနှိုင်းခြင်းများဖြင့်သာ ပြီးဆုံးသွားသည်ကများကြောင်း၊ ထိုသို့ အမှုမဖွင့်ပဲ ထားသဖြင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားသူများမှာ ပိုမိုအတင့်ရဲလာခြင်း ဖြစ်သောကြောင့်အမှုဖွင့်ကာ တိုင်ကြား လိုက်ခြင်း ဖြစ်ကြောင်း စတုတ္ထတန်းကျောင်းသူ၏ဖခင်ကပြောကြားသည်။

“သထုံမှာက ဒီလိုအမှုတွေ အများကြီးပဲ။ တရားစွဲရင်လည်း အချိန်အကြာကြီးဆွဲပြီး စစ်တယ်။ နောက်ဆုံး ငွေနဲ့ ညှိုနှိုင်းတာနဲ့ပဲ ပြီးသွားတာက များတယ်။ တချို့ ကလေးတွေဆိုရင် ဖားကန့်က အနှိပ်ခန်းတွေကို အပို့ခံရတာတွေတောင်ရှိတယ်။ ခံလည်း ခံရသေးတယ်ပြီးရင် ငွေရှိတဲ့လူတွေကပဲ နိုင်သွားတာက များနေတယ်” ဟုလည်း စတုတ္ထတန်း ကျောင်းသူ၏ ဖခင်ကထည့်သွင်းပြောကြားသည်။
ဆုဝေ
The Myanma Age

သံရုံးကြေညာချက်ကိစ္စ သံအမတ်ကြီး၏အထင်လွဲမှားမှုဖြစ်နိုင်ကြောင်း ဦးရဲထွဋ်ပြောကြား

26 Mar, 2013
လက်ရှိမြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍အမေရိကန်သံရုံးမှ မြန်မာနိုင်ငံရှိ အမေရိကန် နိုင်ငံသားများအတွက်အရေးပေါ်ကြေညာချက်တစ်စောင် မတ်လ(၂၇)ရက်နေ့ နေ့စွဲဖြင့့်  ထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ အမေရိကန်နိုင်ငံသားများကိုရန်ကုန်မြို့တွင်းဖြစ်ပေါ်နေသည့် ကောလဟာလ အများဆုံးကြား   နေရသည့်မင်္ဂလာဈေး၊ ယုဇနပလာဇာနှင့် ကန်တော်ကြီးအနီးတစ်ဝိုက်နေရာများသို့သွားရောက်ခြင်း မပြုကြရန်နှင့် မန္တတိုင်းဒေသကြီးအတွင်းသွားရောက်လည်ပတ်ခြင်း မပြုကြရန် သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

“နိုင်ငံတော်နဲ့ ပြည်သူတွေအနေနဲ့ နိုင်ငံခြားသားများအားအမြဲဂရုစိုက်စောင့်ရှောက်ကြပါတယ်၊ အမေရိကန် သံအမတ်ကြီးက ကျွန်တော်တို့မြန်မာနိုင်ငံအပေါ်မှာ အထင်အမြင်မှားပြီး ဆုံးဖြတ်လိုက်ပုံရပါတယ်” ဟု နိုင်ငံတော်သမ္မတ၏   ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီးဦးရဲထွဋ်မှ ဖြေကြားခဲ့သည်။

အမေရိကန်သံရုံး၏ ထုတ်ပြန်ကြေညာချက်ထဲတွင် အမေရိကန်နိုင်ငံသားများ အားမြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ဆန္ဒထုတ်ဖော်မှု၊ ဆူပူမှုများထဲတွင်ပါဝင်ခြင်းများမပြုကြရန်နှင့် အရေးပေါ်ပြဿနာ တစ်စုံတစ်ရာ   ပေါ်ပေါက်လာပါကအမေရိကန်သံရုံးသို့ ဆက်သွယ်ကြရန် အသိပေးထားခြင်းဖြစ်သည်။

“သူတို့လည်းသူတို့နိုင်ငံသားအတွက် စိတ်ပူရမှာပေါ့။ ဘယ်နိုင်ငံသားမဆိုသက်ဆိုင်ရာ သံရုံးတွေက သူတို့ နိုင်ငံသားတွေကို သတိပေးရမယ့်တာဝန်ရှိတာပဲ။အခုဖြစ်စဉ်တွေကလည်း အင်တာနက်ခေတ်ဆိုတော့ ကမ္ဘာအရပ်ရပ်က သိတာပဲ။ခရီးသွား လုပ်ငန်းအနေနဲ့ ပြောရရင် ထိခိုက်တာပေါ့။ ပြီးခဲ့တဲ့ရက်တွေထဲက ခရီးအသွားအလာ ကျုံ့နေတာ”ဟု Rubyland ခရီးသွားလုပ်ငန်းမှ MDဦးအေးကျော်ကပြောသည်။

မတ်လ(၂၀)ရက်နေ့မှစတင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့သော မိတ္ထီလာမြို့မှာလက်ရှိအချိန်တွင် လုံခြုံရေးများ တင်းကျပ်စွာချထားလျက်ရှိပြီးပုဒ်မ(၁၄၄)ထုတ်ပြန်ထားကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိရပ်ကွက်များ၌လည်း မတ်လ(၂၅)ရက်နေ့က ဒေသန္တရအမိန့်များတရားဝင်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
ကျော်ဇင်မန်း(မြစ်မခ)

တောင်းဆိုခဲ့သည်မှာ တစ်နှစ်ပြည့်ခဲ့သော်လည်း သမ္မတ ထံမှ ပြန်ကြားချက် မရသေး

ရွှေ သဘာဝဓါတ်ငွေ့ဖြင့် ရခိုင်တစ်ပြည်လုံး ၂၄နာရီ လျှပ်စစ်ရရှိရေး အတွက်ဓါတ်ငွေ့တာဘိုင်တည်ဆောက်ပြီး ဓါတ်အားပေးရေး အတွက်သမ္မတ ထံ တင်ပြတောင်းဆိုခဲ့သည်မှာ (၂၃-၃-၂၀၁၃)နေ့တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ သမ္မတ ထံမှ မည်သည့်ပြန်ကြားချက် တစ်စုံတစ်ရာမှ မရရှိခဲ့။ ယခုနှစ် မေလမှစတင်၍ ရခိုင်ကမ်းလွန် A1 နှင့် A3 တွင်းများမှ သဘ၀ဓါတ်ငွေ.များကို အောက်ပါ ပမာဏများအတိုင်း ပို.လွှတ် ရောင်းချတော့မည်ဟု သိရှိရသည်။

တစ်နေ.လျှင်

တရုတ်ပြည်သို. --------------------------- ၅၀၀(သန်း) ကုဗပေ
မြန်မာပြည်အလယ်ပိုင်းသို. --------------- ၁၀၀(သန်း) ကုဗပေ
ကျောက်ဖြူ SEZ အတွက် ---------------- ၂၀၀(သန်း) ကုဗပေ တို.ဖြစ်သည်။
ရခိုင်ပြည်နယ်တစ်ခုလုံး လျှပ်စစ်ဓါတ်အား( 150 MW ) ရရှိရန်အတွက် တစ်နေ. အသုံးပြုရန် လိုအပ်သည့် ဓါတ်ငွေ.ပမာဏ မှာ ကုဗပေ (၃၆) သန်း
မျှသာဖြစ်သည်။ ရောင်းချဓါတ်ငွေ.ပမာဏ ၏ 5% ပင်မရှိပေ။

အခွင့်အရေးတောင်းဆိုခြင်းမဟုတ် ရခိုင်လူမျိုးတို.၏ ရပိုင်ခွင့် ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တစ်ခုလုံး၏ လျှပ်စစ်ဓါတ်အားသုံးစွဲမှုသည် တနှစ်လျင် မီတာယူနစ် (၁၀ )သန်းခန်.ရှိရာ လျှပ်စစ်ဓါတ်အားခ ပေးချေရမှုကို အောက်ပါအတိုင်း ယှည်ထိုးကြည့်ပါက
ပြည်မဓါတ်အားခဈေးအတိုင်း ဆိုလျှင် ကျပ် သန်း (၃၅၀ ) လက်ရှိ ရခိုင်တို့ပေးချေရသောတန်ဘိုး ကျပ် သန်း( ၅၀၀၀) ဖြစ်ကြောင်းတွေ့ရှိမည်။ ရခိုင်တို.တစ်နှစ်လျှင် ကျပ်သန်း (၄၅၀၀) ခန့်ပိုမိုကုန်ကျနေကြောင်းသိရှိနိုင်သည်။ ( ဒုတိယအဆင်းရဲဆုံး ပြည်နယ်အတွက် သမ္မတ၏ ဆင်းရဲမှုလျှော့ချရေး ဆိုသည်ကို မည်ကဲ့သို့နားလည်ရပါမည်နည်း)

ဒဏ္ဍာရီထဲမှ စိုင်းဒင် သဘာဝပတ်ဝန်းကျင်ပျက်သုဉ်းမည့် လေးမြို့ ဘယ်တော့မှ မပြီးနိုင်မဆုံးနိုင်တဲ့ သူဋ္ဌေးချောင်း စသည့် ရေအားလျှပ်စစ်များဖြင့် လှည့်စားမှုများကိုလည်း ရခိုင်တို့အယုံအကြည် မရှိကြတော့။

ရန်ကုန်ရွှေမြို.တော်ကြီးမှာတောင် အဆင်မပြေလှသည့် မဟာဓါတ်အားလိုင်းဆိုတာကြီး နှင့်လည်း မည်သို.မျှအဆင်မပြေနိုင် ကို လူတိုင်းသိ။
( We only want to electricity from our SHWE gas )

ထိုအကြောင်းကြောင့်များကြောင့် SHWE gas ဖြင့် လျှပ်စစ်ရရှိရေးအတွက်ရခိုင်ပြည်သူတစ်ရပ်လုံး ၂၀၁၃ ခုနှစ် မေလ ဆန်းမှ စတင်၍ Signature campaign ပြုလုပ်တော့မည် ဟု (၂၃-၃-၂၀၁၃)နေ. တွင် ပြုလုပ်သည့် စစ်တွေမြို.မိမြို.ဖများ ၊ RNDP CEC & CC များ၊ ရွှေသဘာဝဓါတ်ငွေ.အဖွဲ.၀င်များ ၏ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြသည်။

(ရွှေသဘာဝဓါတ်ငွေ.ဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံး လျှပ်စစ်ဓါတ်အား ရရှိရေးအဖွဲ. ၊(RNDP) )
by : Than Tun Than
RSV

ဂြိုဟ်ပူးယှဉ်မှုဖြစ်ပွါးရင် ဘာဖြစ်နိုင်လဲ

နိုင်ငံအုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ လူမျိုးရေး၊ နယ်စပ်ရေးရာ ပြဿနာများနှင့် အောက်ခြေလူတန်းစားများအကြား ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်သည့် ဂြိုဟ်ပူးယှဉ်မှုတစ်ရပ် မတ်လကုန်တွင် မြန်မာနိုင်ငံ၌ မွန်းတည့်ချိန် မိုးကောင်းကင်၌ ဖြစ်ပေါ်ရန်ရှိကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့မှ စီအီးအိုဦးဇေယျာကို၏ ပြောပြချက်အရ သိရှိရသည်။

အဆိုပါ ဂြိုဟ်ပူးမှုဖြစ်စဉ်အဖြစ် လနှင့်စနေဂြိုဟ်သည် လာမည့်မတ်လ ၃၀ ရက်တွင် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ၂၆ မိနစ်တွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ လနှင့်စနေဂြိုဟ် ပူးယှဉ်မှုသည် ပုံမှန်အားဖြင့် တစ်လလျှင်တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိသော်လည်း ဖြစ်စဉ်အခြေအနေ၊ အချိန်အခါ၊ နေရာဒေသ ကွာခြားမှုများရှိသည်ဟု သိရသည်။

မတ်လကုန်တွင် ဖြစ်ပေါ်မည့် လနှင့်စနေဂြိုဟ်ပူးယှဉ်မှုမှာ ယိုင်ထောင့်အကွာအဝေး သုံးဒီဂရီဖြစ်သောကြောင့် အင်အားအသင့်အတင့်ရှိသည့် ဂြိုဟ်ပူးယှဉ်မှုဖြစ်စဉ်ဖြစ်ပြီး နေရာဒေသမှာ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၉ မိနစ်နှင့် တောင်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၄ မိနစ်တွင် ဖြစ်ပေါ်မည်ဖြစ်သောကြောင့် ယင်းဂြိုဟ်ပူးယှဉ်မှုမှာ အိန္ဒိယသမုဒ္ဒရာအတွင်း၌ ဖြစ်ပေါ်မည်ဟု ၎င်းကပြောသည်။

"လနှင့်စနေဂြိုဟ် ပူးယှဉ်မှုဖြစ်ပေါ်တဲ့အချိန်မှာ စနေဂြိုဟ်ကလည်း ၎င်းရဲ့ဂြိုဟ်ပတ်လမ်းကြောင်း ဖောက်ပြန်တဲ့အချိန်ဖြစ်တာကြောင့် ဒီဖြစ်စဉ်ဖြစ်ပေါ်ပြီး မတ်လကုန် ဧပြီလအတွင်း နိုင်ငံရေး၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကဏ္ဍတွေမှာ ထူးခြားတဲ့ဖြစ်စဉ်တွေ၊ ပြောင်းလဲမှုတွေဖြစ်ပေါ်နိုင်သလို နယ်စပ်ရေးရာပြဿနာတွေ၊ လူမျိုးရေးပြဿနာတွေအပြင် လယ်သမား၊ အလုပ်သမားတွေ စတဲ့အောက်ခြေလူတန်းစားတွေ ကြားမှာပါ မငြိမ်သက်မှုတွေ ဖြစ်ပေါ်နိုင်တယ်" ဟု ဦးဇေယျာကိုက ပြောသည်။

အဆိုပါဖြစ်စဉ်ကို မတ်လ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ည ၉ နာရီ ခန့်မှစတင်ပြီး အရှေ့ဘက်မိုးကောင်းကင် ဦးခေါင်းထိပ်တည့်တည့် မွန်းတည့်မိုးကောင်းကင်နှင့် အနောက်ဘက်မိုးကောင်းကင်တို့၌ လကို အလင်းအား ၈၀ ရာခိုင်နှုန်းရှိသည့် လခြမ်းသဏ္ဍန်ဖြင့်လည်းကောင်း၊ စနေဂြိုဟ်ကို လ၏အနီးအပေါ်ဘက်တွင် သေးငယ်သော အ၀ါရောင်ကြယ်ပွင့်သဏ္ဍန်ဖြင့် လည်းကောင်း တွေ့မြင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်တွင် ထိုကဲ့သို့လနှင့်အင်္ဂါဂြိုလ် ပူးယှဉ်မှုဖြစ်စဉ် နှစ်ကြိမ်ခန့် ဖြစ်ပေါ်ရန်ရှိကြောင်းကိုလည်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

လနှင့်စနေဂြိုဟ် ပူးယှဉ်မှုဖြစ်စဉ်တွင် စနေဂြိုဟ်မှာ ၎င်း၏ဂြိုဟ်ပတ်လမ်းကြောင်း ဖောက်ပြန်မှုကြောင့် ကြီးမားသည့် နိုင်ငံရေးနှင့် သဘာဝပတ်ဝန်းကျင် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည့်အပြင် ပြည်သူများ ဘေးဥပါဒ်အန္တရာယ် ကြုံတွေ့ဖွယ်ဖြစ်နိုင်သည့် ပြောင်းလဲမှုဖြစ်သဖြင့် သတိပြုရမည့် ကာလဖြစ်ကြောင်းကိုလည်း ဦးဇေယျာကိုက ဂြိုဟ်ပူးယှဉ်မှုနှင့် ပတ်သက်ပြီး သုံးသပ်ပြောကြားခဲ့ပါသည်။

ယင်းကဲ့သို့ စနေဂြိုဟ်ပတ်လမ်းကြောင်း ဖောက်ပြန်မှုများသည် မြန်မာနိုင်ငံသမိုင်းတွင် လွတ်လပ်ရေးရရှိခဲ့စဉ် ၁၉၄၈ ခုနှစ်တွင် တစ်ကြိမ်၊ ရှစ်လေးလုံးအရေးအခင်း ဖြစ်ပေါ်စေခဲ့သည့် ၁၉၈၈ ခုနှစ်ဝန်းကျင်တွင် တစ်ကြိမ်၊ ရွှေဝါရောင် အရေးအခင်း ဖြစ်ပေါ်စေခဲ့သည့် ၂၀၀၇ ခုနှစ်တွင် တစ်ကြိမ်နှင့် နာဂစ်မုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ် ကျရောက်၍ လူအသေအပျောက်အများအပြား ရှိခဲ့သည့် ၂၀၀၈ ခုနှစ်ကာလက တစ်ကြိမ်နှင့် လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့သည့် ၂၀၁၂ ခုနှစ် ကာလများတွင်လည်းကောင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
 
FB-ဂျာနယ်စုံ
 

မိတ္တီလာအရေးအခင်း ဒုက္ခသည်တွေကို ကုလ အကူအညီပေးမည်

မိတ္ထီလာမြို့က အကြမ်းဖက်အဓိကရုဏ်းကြောင့် ဒုက္ခရောက်ကြရသူတွေကို အကူအညီတွေပေးဝေ
25.03.2013
မိတ္ထီလာခရိုင်တွင်း ပြီးခဲ့တဲ့ရက်ပိုင်းက အကြမ်းဖက် အဓိကရုဏ်း တွေကြောင့် အိုးအိမ်မဲ့ခဲ့ရသူ ၁ သောင်း ၂ ထောင်ကျော်ရှိနေပြီး ဒီလူတွေအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ ကုလသမဂ္ဂက အချက်အလက် ရှာဖွေစုဆောင်းမှုတွေ လုပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ မိတ္ထီလာမြို့က အကြမ်းဖက်မှုတွေ တခြားမြို့ရွာတွေကို ပျံ့နှံ့မသွားအောင် အစိုးရက ထိန်းသိမ်းဆောင်ရွက်နေပေမဲ့လည်း မြို့နယ်တချို့ ပျံ့နှံ့ခဲ့တာလည်း ရှိပါတယ်။ ရန်ကုန်မြို့မှာလည်း မနေ့ကစလို့ လုံခြုံရေး တိုးမြှင့်ချထားမှုတွေ ရှိတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

ရွှေဆိုင်တခုမှာ အချင်းများရာကနေ စခဲ့တဲ့ မိတ္ထီလာခရိုင်တွင်း အကြမ်းဖက် ဆူပူမှုတွေကြောင့် အိုးအိမ်မဲ့ ဒုက္ခရောက်နေသူပေါင်း ၁ သောင်းကျော်ရှိနေပြီး ဒီလူတွေကို လိုအပ်တဲ့ အကူအညီ တွေ ပေးနိုင်ဖို့အတွက် ကုလသမဂ္ဂ အဖွဲ့တွေက ကြိုးပမ်းနေတဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မာတင် နားစကီး (Martin Nesirky) က တနင်္လာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောသွား ခဲ့ပါတယ်။

“ပြီးခဲ့တဲ့ သီတင်းပတ်က မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မှုတွေအတွင်း လူပေါင်း ၁ သောင်း ၂ ထောင်လောက် အိုးအိမ်မဲ့ခဲ့ရတယ် လို့ မြန်မာအစိုးရက ခန့်မှန်းတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာရုံးက ပြောပါတယ်။ ဒုက္ခရောက်နေတဲ့သူတွေကို အာဏာပိုင်တွေက အစားအစာနဲ့ ရေ ဖြန့်ဝေပေးနေပါတယ်။ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာရုံး၊ ကုလသမဂ္ဂ ကလေးများအတွက် ရန်ပုံငွေအဖွဲ့ UNICEF နဲ့ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ အပါအ၀င် အဖွဲ့တွေကလည်း လိုအပ်နိုင်မယ့် အကူအညီတွေနဲ့ ပတ်သက်လို့ အချက်အလက် စုဆောင်းရှာဖွေတာတွေ လုပ်ဆောင်နေပါတယ်။”

မြန်မာနိုင်ငံမှာရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာလည်း လူပေါင်း ၃၀ ကျော် သေဆုံးတဲ့အထိ အကြမ်းဖက်မှုတွေ ပြင်းထန်ခဲ့တဲ့ မိတ္ထီလာမြို့ကို တနင်္ဂနွေနေ့က သွားရောက်ကြည့်ရှုခဲ့ပြီး ကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ အိုးအိမ်မဲ့ ဒုက္ခရောက်နေသူတွေကို တွေ့ဆုံခဲ့သလို၊ ဘာသာရေးခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံ ခဲ့တာပါ။

အသက်အိုးအိမ် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တဲ့အပေါ်မှာ စိတ်မကောင်းဖြစ်ရကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သလို ဒီအကြမ်းဖက်မှုတွေကို ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူဖို့လည်း မစ္စတာ နမ်ဘီးယားက တိုက်တွန်းပြောကြားခဲ့ပါတယ်။

မိတ္ထီလာမြို့က အကြမ်းဖက်မှုတွေ တခြားမြို့ရွာတွေကို ပျံ့နှံ့မသွားအောင် အစိုးရက ထိန်းသိမ်းဆောင်ရွက်နေပေမဲ့လည်း မြို့နယ်တချို့မှာ အကြမ်းဖက်မှုတွေ ပျံ့နှံ့ခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်မှာ တနင်္ဂနွေနေ့ညပိုင်းက အုပ်စုလိုက် အကြမ်းဖက် မီးရှို့မှုကြောင့် ဘာသာရေး အဆောက်အဦး တလုံးနဲ့ လူနေအိမ် ၅၅ လုံး မီးလောင် ပျက်စီးခဲ့တဲ့အကြောင်းနဲ့ ဒီအကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရသူတွေကိုလည်း ဖမ်းဆီးထားတဲ့အကြောင်း မြန်မာအစိုးရသတင်းစာမှာ တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။

နေပြည်တော်မြောက်ဘက် တပ်ကုန်းမြို့မှာလည်း တနင်္ဂနွေနှောင်းပိုင်းက အကြမ်းဖက် မီးရှို့တာတွေ ဖြစ်ခဲ့ပြီး လူနေအိမ် ၄ လုံးနဲ့ ဗလီငယ်တခု မီးလောင် ပျက်စီးခဲ့တဲ့အကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

ရန်ကုန်မြို့မှာတော့ ဘာသာရေး အဓိကရုဏ်းတွေနဲ့ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်တဲ့ ကောလဟာလ သတင်းတွေ ပျံ့နှံ့နေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ်ဘက်မှာ ကောလဟာလ ပြောဆိုမှုတွေကြောင့် မနေ့ကညပိုင်းက လူတွေ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး ဈေးဆိုင်တချို့ စောပိတ်သွားခဲ့တာ ရှိပေမဲ့ အကြမ်းဖက်တဲ့အထိတော့ ဘာအခြေအနေမှ မရှိခဲ့ဘူးလို့ မြို့ခံတွေနဲ့ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါ တယ်။ လောလောဆယ် ရန်ကုန်မြို့က စစ်ဆေးရေးဂိတ်တွေ အပါအ၀င် နေရာတချို့မှာ လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားတဲ့အကြောင်း ဒေသ ခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုလို ဘာသာရေး အဓိကရုဏ်းတွေ အရင်ကလည်း ဖြစ်ခဲ့ဖူးပေမဲ့ ၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း အဆိုးရွားဆုံး ပြန်ဖြစ်လာခဲ့ တဲ့ ဖြစ်ရပ်တွေလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ရခိုင်ပြည်နယ်တွင်း ဒေသခံရခိုင်လူမျိုးတွေနဲ့ မူဆလင်တွေ ကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရသလို လူပေါင်း သိန်းနဲ့ချီ အိုးအိမ်မဲ့ ဒုက္ခရောက်နေကြရဆဲလည်း ဖြစ်ပါတယ်ရှင်။
မခင်ဖြူထွေး
VOA Burmese Fan Page

သတင်းထောက်တွေ လုံခြုံရေး ဦးစားပေး အဆင့်ဆောင်ရွက်ဖို့ CPJ တိုက်တွန်း

2013-03-26
မြန်မာနိုင်ငံမှာ အစိုးရအနေနဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးကို ဦးစားပေးအဆင့်မှာ ထည့်သွင်း ဆောင်ရွက် ဖို့ အရေးကြီးကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် CPJ ခေါ် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက တိုက်တွန်းလိုက် ပါတယ်။

မတ်လ (၂၀) ရက်နေ့က မိတ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းအတွင်း သတင်းယူနေသူ သတင်းထောက်တွေကို အကြမ်းဖက်ဖျက်ဆီးနေသူတွေက ခြိမ်းခြောက်ခဲ့ကြပြီး၊ ကင်မရာ စတဲ့သတင်း ထောက်သုံး ပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့ကြတယ်လို့ CPJ ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဘာသာရေး အဆောက်အအုံတွေအပါအဝင် နေအိမ်တွေကို အကြမ်းဖက် ဖျက်ဆီးနေကြတဲ့ လက်နက်ကိုင် ဆောင်ထားသူတွေက သတင်းထောက်တွေကို ဓါတ်ပုံမရိုက်ဖို့၊ ဖုန်းနဲ့သတင်းမပေးဖို့ ဟန့်တားခဲ့ကြတဲ့အပြင် လက်နက်တွေနဲ့ ခြိမ်းခြောက်ပြီး ကင်မရာတွေကို သိမ်းဆည်း၊ Memory card တွေကို ထုတ်ယူသွားခဲ့ကြ ကြောင်း၊ ပြည်တွင်း ပြည်ပ သတင်းဌာနတွေအတွက် သတင်းယူနေကြသူ သတင်းထောက်အများအပြားက ဒီဖြစ်ရပ်တွေကို ကိုယ်တွေ့ကြုံခဲ့ကြရကြောင်း၊ သတင်းထောက်တချို့နီးရာ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံခဲ့ကြရပြီး၊ နောက်ဆုံး ရဲတပ်ဖွဲ့က ကူညီကယ်ထုတ်သွားခဲ့ရကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို သတင်းထောက်တွေကို ခြိမ်းခြောက်နှောက်ယှက်တဲ့အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း CPJ ရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ ကိုယ်စားလှယ် ရှောင်ခရစ်စပင်က ပြောကြားလိုက်ပြီး၊ ပဋိပက္ခဖြစ်ပွားရာ ဒေသ တွေကို သွားရောက်ပြီး သတင်းတာဝန်ထမ်းဆောင်နေကြတဲ့ သတင်းထောက်တွေရဲ့လုံခြုံရေးကို တာဝန်ယူဖို့ အစိုးရမှာ တာဝန်ရှိကြောင်း၊ ဦးသိန်းစိန် အစိုးရအနေနဲ့ သတင်းမီဒီယာ ကာကွယ်စောင့်ရှောက်ရေးကို ဦးစားပေးနေရာမှာ မထားတဲ့အတွက် အထူးစိုးရိမ်မိကြောင်းလည်း ပြောဆိုလိုက်ပါတယ်။
RFA Burmese

ရွှေဈေး အတက်အကျမြန်၊ မရှုံးဘဲ ငွေဖေါ်နိုင်ရန် ကြိုးစားလာ

အင်္ဂါနေ့၊ မတ်လ ၂၆ ရက် ၂၀၁၃
ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန် ရွှေဈေးကွက်အတွင်း ဈေးနှုန်း အတက်အကျ မြန်ဆန်မှုကြောင့် လက်ဝယ်ရှိ ရွှေများကို အရှုံးမခံဘဲ ငွေဖေါ်နိုင်ရန် ကြိုးစားလာရကြောင်း ရွှေကုန်သည်များက ဆိုသည်။

“မတ်လ ၁၈ ရက်နဲ့ ၂၃ ရက်အတွင်းမှာ ရွှေဈေးက တက်လိုက်ကျလိုက်ဖြစ်နေတယ်။ ဒေါ်လာက ကိုက်တော့ ရွှေသမားအချို့လည်း

ရွှေဘက် ပြန်မလှည့်လာကြသေးဘူး။ အရေးပေါ် ငွေလိုသူက လွဲရင် အများစုက ကိုယ်ဝယ်ထားတဲ့ ရွှေဈေးနဲ့ ပေါက်ဈေးကို ယှဉ်ပြီး ကိုက်မှ၊ မြတ်မှ ပြန်ထုတ်ရောင်းကြတာ။ ဒီတစ်ပတ် ပေါက်ဈေးတွေက သိပ်မကိုက်တော့ ထုတ်ရောင်းတဲ့သူ နည်းတယ်။ အရပ်ဝယ်လက်တွေလည်း ထုတ်ရောင်းတာလည်းမရှိ၊ အဝယ်လည်း မရှိဘူး ငြိမ်တယ်။ ဒါကြောင့် ကုန်သည်အချို့ရဲ့ လက်ထဲရှိတဲ့ ရွှေကို မရှုံးပဲငွေဖေါ်နိုင်ဖို့ ကြိုးစားလာကြတယ်” ဟု ရွှေကုန်သည် ဦးအေး က ပြောသည်။

မတ်လ ၁၁ ရက်မှ ၁၆ ရက်အတွင်း ပြည်တွင်းရွှေ ၁ ကျပ်သား အမြင့်ဆုံးဈေးမှာ ကျပ် ၇၅၁,၀၀၀ ရှိခဲ့ပြီး အနိမ့်ဆုံးဈေးမှာ ကျပ် ၇၃၅,၈၀၀ ဖြစ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စလျှင် အမြင့်ဆုံးဈေးမှာ ၁,၅၉၈ ဒေါ်လာနှင့် အနိမ့်ဆုံးဈေးမှာ ၁,၅၇၉ ဒေါ်လာ
ဖြစ်ခဲ့သည်။

သို့သော် မတ်လ ၁၈ ရကမှ ၂၃ ရက်အတွင်း ပြည်တွင်းရွှေ အမြင့်ဆုံးဈေးမှာ ၁ ကျပ်သားလျှင် ကျပ် ၇၅၂,၄၀၀ နှင့် အနိမ့်ဆုံး ကျပ် ၇၄၉,၀၀၀ ဖြစ်သည်။ ကမ္ဘာ့ရွှေဈေးတွင် ၁ အောင်စလျှင် အမြင့်ဆုံးဈေး ၁,၆၁၄ ဒေါ်လာဖြစ်ပြီး အနိမ့်ဆုံးဈေးမှာ ၁,၅၉၈ ဒေါ်လာ ဖြစ်ခဲ့သည်။

“ပြီးခဲ့တဲ့ အပတ်က ပြည်တွင်းရွှေဈေးက ၇၅၁,၀၀၀ ကျပ်နဲ့ ၇၃၅,၈၀၀ ကျပ် အတွင်း ဖြစ်ခဲ့တယ်။ ကွာဟမှုက ကျပ် ၁၅,၂၀၀ ပါ။ ဒီအပတ်မှာ ပြည်တွင်းရွှေဈေးက ကျပ် ၇၅၂,၄၀၀ နဲ့ ၇၄၉,၀၀၀ ကျပ်အတွင်းမို့ ကွာဟမှုက ကျပ် ၃,၄၀၀ ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေး က ပြီးခဲ့တဲ့ အပတ်မှာ ၁,၅၉၈ ဒေါ်လာနဲ့ ၁,၅၇၉ ဒေါ်လာအတွင်း ဖြစ်ခဲ့တယ်။ ကွာဟမှုက ၁၉ ဒေါ်လာပါ။ ဒီတပတ်မှာတော့ ၁,၆၁၄ ဒေါ်လာနဲ့ ၁,၅၉၈ ဒေါ်လာအတွင်း ဖြစ်ခဲ့တာကြောင့် ကွာဟမှုက ၁၆ ဒေါ်လာ ရှိပါတယ်” ဟု ဦးအေး က ဆက်ပြောသည်။
ယခုအပတ်အတွင်း လက်ကြီးများလည်း နယ်စပ်ပေါက်ဈေးနှင့် ချိန်ကာ ဈေးမကိုက်သဖြင့် အဝယ် အရောင်းမရှိ ငြိမ်နေကြောင်း သိရသည်။
ခင်မျိုးသွယ်
Mizzima - News in Burmese

ဘာသာရေးအကြမ်းဖက်မှု ဒီမိုကရေစီ လုပ်ငန်းစဉ်များ ထိခိုက်နိုင်ကြောင်း အစိုးရ သတင်းထုတ်ပြန်

2013-03-26
ဘာသာရေးအကြမ်းဖက်မှုတွေဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ထိခိုက်စေနိုင်ကြောင်း အစိုးရက သတင်းထုတ်ပြန် သတိပေးလိုက်ပါတယ်။

မတ်လ (၂၅) ရက်နေ့စွဲနဲ့ ကြေညာခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာ အစိုးရအဖွဲ့အနေနဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ဖို့လှုံ့ဆော်မှုတွေ အပါအဝင် အကြမ်းဖက်မှု အားလုံးကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့အညီ အစွမ်းကုန် တားဆီး ကိုင်တွယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အကြမ်းဖက်မှု၊ မီးလောင်မှုနဲ့ အဓိကရုဏ်းတွေကြောင့် အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည် ပြည်သူတွေရဲ့ အရေးပေါ် စားဝတ်နေရေး၊ လုံခြုံရေးကို အပြည့်အဝ ကူညီဆောင်ရွက်သွားမှာဖြစ်ပြီး၊ လုံခြုံရေးအခြေအနေ တည်ငြိမ်လာတာနဲ့ အမျှ ဒုက္ခသည် ပြန်လည်နေရာချထားရေးကို အမြန်ဆုံး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လူသားချင်းစာနာရေး အကူအညီတွေကို လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ့်အပြင်၊ ပဋိပက္ခကြောင့် ခံစားထိခိုက်ခဲ့ရတဲ့ လူ့အဖွဲ့အစည်း တွေအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်မယ့် ဆွေးနွေးမှုတွေ၊ စိတ်ခံစားချက်တွေကို ကုစားနိုင်မယ့် အလုပ်ရုံ ဆွေးနွေးပွဲတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်က အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ထိခိုက်မယ့် အကြမ်းဖက်တာတွေ၊ ဘာသာရေး အစွန်းရောက်တာတွေကို ရှောင်ရှားကြဖို့ တိုက်တွန်းကြောင်း ဖေါ်ပြထားပါတယ်။

အခုအခါ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ အခြေအနေ တည်ငြိမ်လာနေပြီလို့ ဒေသခံတွေကပြောပါတယ်။

မိတ္တီလာမြို့နယ် လွှတ်တော်အမတ် ဦးဝင်းထိန်က မိတ္တီလာမြို့မှာ အကြမ်းဖက်တိုက်ခိုက်တာတွေ၊ မီးရှို့တာ တွေမရှိတော့ပါဘူး၊ လုံခြုံရေးအခြေအနေ တိုးတက်လာနေပါပြီ၊ ဈေးဆိုင်တွေပြန်ဖွင့်နေပြီး အဝေးပြေး ဘတ်စ်ကားတွေလည်း ပြန်ပြေးနေပြီဖြစ်ပါတယ်၊ အဓိကပြဿနာကတော့ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေကြား အရင်ကလို ဆက်ဆံရေးမျိုး ပြန်လည်ထူထောင်နိုင်ရေးပဲဖြစ်ပါတယ်လို့ ပြောကြားခဲ့ ကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။
RFA Burmese

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဖို့ ရှိ

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့က လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံတဝှမ်းက အခြေအနေတွေကို ရှင်းပြဖို့အတွက် ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီတွေကို ဒီကနေ့ မတ်လ ၂၆ ရက်နေ့ မှာ ခေါ်ယူတွေ့ဆုံဖို့ ရှိတယ်လို့ ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)ရဲ့ ဥက္ကဌ ဦးသုဝေက RFA ကိုအတည်ပြု ပြောကြားပါတယ်။

ပြည်လမ်းပေါ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ကျင်းပပြုလုပ်မယ့် အစည်းအဝေးပွဲကို နိုင်ငံရေးပါတီတစ်ခုစီက ပါတီဥက္ကဌ (သို့မဟုတ်) အတွင်းရေးမှူး တစ်ဦးနဲ့ ဗဟိုအလုပ်မှုဆောင် တစ်ဦး စုစုပေါင်း နှစ်ဦး တက်ရောက်ဖို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် နိုင်ငံရေးပါတီ ၂၇ ခုရှိပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ဟာ မနေ့က(မတ်လ ၂၅ ရက်နေ့)လည်း ဘာသာကြီးလေးခုက ခေါင်းဆောင်တွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ရပ်ကွက်၊ကျေးရွာအဆင့် ဘာသာပေါင်းစုံ ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီတွေ ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
RFA Burmese

ရပ်ကျေးအဆင့် ဘာသာပေါင်းစုံ ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ ဖွဲ့စည်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ထွက်ပေါ်လာတဲ့ ကောလဟာလတွေကနေတဆင့် ဆူပူမူတွေ မဖြစ်ပွားလာအောင် ရပ်ကွက်၊ ကျေးရွာအဆင့် ဘာသာပေါင်းစုံ ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီတွေကို ဒီကနေ့မှာ စတင်ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

မနေ့က ပြည်လမ်းပေါ်မှာရှိတဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊အစ္စလာမ်ဘာသာ၊ဟိန္ဒူဘာသာတွေက ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုအပြီးမှာ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှုးရဲ့ကြီးကြပ်မှုနဲ့ ဒီကော်မတီတွေ ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် မြန်မာ-မူဆလင် လူငယ်များ ဘာသာရေးအဖွဲ့ချုပ်က ဥက္ကဌ ဦးမြင့်ထွန်းက RFA ကို ပြောပါတယ်။

ဒီကော်မတီတွေဟာ သက်ဆိုင်ရာဒေသတွင်းမှာ ဖြစ်ပေါ်လာတဲ့ ကောလဟာလနဲ့ ဆူပူမူတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဖြေရှင်းဖို့ တာဝန်ရှိတယ်လို့သိရပါတယ်။

မတ်လ ၂၄ ရက်နေ့ညက အစ္စလာမ်ဘာသာဝင်တွေ အများဆုံးနေထိုင်တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ ကောလဟာလတွေထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၄၅ မြို့နဲ့ မြို့နယ်ခွဲတစ်ခုမှာ လုံခြုံရေးကို နှစ်ဆတိုးမြှင့်ချထားတယ်လို့သိရပါတယ်။
RFA Burmese

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီများတွေ့ဆုံမှု မီဒီယာများအား ဖိတ်ကြားခြင်း မရှိ

ရန်ကုန်၊ မတ် ၂၆။
မတ်လ ၂၆ရက်နေ့ မွန်းလွဲ ၂နာရီမှ စတင်၍ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ နိုင်ငံရေးပါတီ ၂၉ ပါတီနှင့်တွေ့ဆုံရာတွင် သတင်းမီဒီယာများအားဖိတ်ကြားထားခြင်း မရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ဂိပ်ပေါက်ဝ (၄)၌ စောင့်ဆိုင်းနေရကြောင်း သိရသည်။

"သတင်းသမားတွေက သတင်းကြားရင်တော့ သတင်းရှိတဲ့နေရာကို လာမှာပဲ။ အစိုးရအဖွဲ့အနေနဲ့ သေသေချာချာ သတင်းထုတ်ပြန်ရင်လည်း တစ်မျိုးပေါ့။ အခုက သူတို့ချည်း အစည်းအဝေးလုပ်တာဆိုတော့ ပြီးသွားရင် သတင်းစာရှင်းလင်းပွဲလုပ်မယ်ထင်တယ်"ဟု အဆိုပါပွဲသို့ သတင်းလာယူသည့် သတင်းသမားတစ်ဦးက ပြောကြားသည်။

ယင်းတွေ့ဆုံပွဲသို့ လာရောက်၍ သတင်းယူသူဦးရေ ၁၅ဦးခန့်ရှိပြီးယခုကဲ့သို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီအချို့တွေ့ဆုံခြင်း၏ အဓိကအကြောင်းအရင်းမှာ လက်ရှိ ရန်ကုန်မြို့၌ ပေါ်ထွက် လျက်ရှိသည့် ပြည်သူများအထိတ်တလန့်ဖြစ်နေရသည့် ကောလဟာလသတင်းများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
TMA
The Myanma Age

တင်းမာမှုများ ရှိခဲ့သော်လည်း မစ္စတာကယ်ရီနှင့် အာဖဂန် သမ္မတတို့ တွေ့ဆုံရာတွင် ပြေလည်သည့်သဘောဆောင်

ကဘူးလ်၊ မတ်၂၅။
အကျဉ်းသားများ လွှဲပြောင်းပေးရေး၊ အမေရိကန်-တာလီဘန်အရေးတွင် အာဖဂန်ထင်မြင်ချက် ပေးခဲ့မှုများကြောင့် ရက်သတ္တပတ် များစွာ နှစ်နိုင်ငံ တင်းမာမှုများရှိနေခဲ့သော်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် အာဖဂန်သမ္မတတို့ တနင်္လာနေ့က တွေ့ဆုံပွဲသည် ပြေလည်သည့် သဘောဆောင်နေသည်။

မစ္စတာကယ်ရီသည် အာဖဂန်နိုင်ငံတွင်းမှ နိုင်ငံခြားတပ် အများစု ၂၀၁၄ခုနှစ်အကုန်တွင် အပြီးမထွက်ခွာမီ နိုင်ငံတည်ငြိမ်ရေးကိုကြိုးပမ်း ရန်၊ လုံခြုံရေးတာဝန်ယူမှုအပိုင်းကို အာဖဂန်တပ်ဖွဲ့သို့လွှဲပြောင်းရန်၊ အာဖဂန်နိုင်ငံ၏၂၀၁၄ ရွေးကောက်ပွဲ စသည့်ကိစ္စများ အပါအဝင် ကိစ္စအများအပြားကို အာဖဂန်သမ္မတနှင့် ဆွေးနွေးရန် တင်ကြိုမထုတ်ပြန်သည့် ရက်တိုခရီးအဖြစ် အာဖဂန်သို့လာခဲ့ကြောင်း အမေရိကန်အရာရှိ တစ်ဦးမှ ပြောကြားကြောင်း သိရသည်။

နှစ်ဦးချင်း နာရီပေါင်းများစွာ ဆွေးနွေးခဲ့ပြီးနောက် ယခုလအစောပိုင်းက သမ္မတကာဇိုင်းက တာလီဘန်တို့သည်အမေရိကန်တို့ အကျိုးများရန် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟူသော စွပ်စွဲချက်များကိုပြောဆိုခဲ့ရာနေရာတွင်၎င်းတို့နှစ်ဦးသည် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

သမ္မတအာမက်ကာဇိုင်းက အမေရိကန်နှင့် တာလီဘန်တို့သည် မရိုးသားသောအကြံအစည်များ ရှိနေသည် ဟုထင်မြင်ချက်များပေးခဲ့ကြောင်း သတင်းများရေးခဲ့ကြောင်း သိရသည်။

သို့သော်အာဖဂန်သမ္မတသည် ကဘူးလ်သမ္မတအိမ်တော်တွင်ပြုလုပ်ခဲ့သည့် မီဒီယာများနှင့်တွေ့ဆုံပွဲတွင် ၎င်းအဆိုကိုငြင်းပယ်ခဲ့သည်။

“တာလီဘန်နဲ့ အမေရိကန်တို့ကြားက မရိုးသားတဲ့ အကြံအစည်ဆိုတဲ့ စကားလုံးကို ကျွန်တော်ဘယ်တုန်းကမှ မသုံးခဲ့ပါဘူး။ ဒါဟာ ကျွန် တော်မပြောခဲ့တဲ့ စကားတွေပါ။ မီဒီယာတွေဆီကထွက်လာတဲ့စကားပါ” ဟု ပြောကြားသည်။

မစ္စတာဂျွန်ကယ်ရီက “အမေရိကန်ဟာ တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဖို့ရည်ရွယ်ချက်အပြင် တခြားရည်ရွယ်ချက်တွေ မရှိ ဘူးလို့ အာဖဂန်သမ္မတ အကြွင်းမဲ့
ယုံကြည်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်” ဟု ဆိုသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အာဖဂန်နစ္စတန်သို့ ပထမဆုးံခရီးစဉ်အဖြစ် ရောက်ရှိစဉ် ကဘူးလ်မြောက်ဘက်ရှိ ဘဂရမ် စစ်တပ်ဌာနချုပ်အနီးရှိ အမေရိကန်တို့ သိမ်းယူထားသည့် အာဖဂန်နစ္စတန်၏ အကြီးဆုံးအကျဉ်းစခန်းအား မကြာမီက ပြန်လည်လွှဲပြောင်းပေး မှုကို ထည့်သွင်းပြောကြား သွားခဲ့သည်။

သိမ်းပိုက်ထားသည့်အကျဉ်းစခန်းနှင့် ၎င်းထဲရှိအကျဉ်းသားများကို အာဖဂန်အစိုးရထံ ပြန်လည်လွှဲအပ်ခြင်းကို တနင်္လာနေ့အခမ်းအနား တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

၎င်းအကျဉ်းထောင်ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို အမေရိကန်တို့က ညွန့်ပေါင်းအဖွဲ့အန္တရယ်ကျရောက်မည်ကိုစိုးရိမ်၍ ယမန်နှစ်ကတည်း က ကြိမ်ဖန်များစွာ နှောင့်နှေးထားခဲ့ကြောင်း သိရသည်။

“ဒီကနေ့မှာတော့ ကျွန်တော်တို့ဆီမှာ အကျဉ်းသားတွေ မရှိတော့ပါဘူး။ ဒီနေရာမှာ လက်ရှိဖြစ်နေတာတွေဟာ အာဖဂန်ပြည်သူတွေရဲ့ လက် ထဲမှာဖြစ်သွားပါပြီ” ဟု မစ္စတာကယ်ရီက ပြောကြားခဲ့သည်။

တနင်္လာနေ့မတိုင်မီက ဘဂရမ်အကျဉ်းထောင်ဦးစီးမှူးဖြစ်သူဂူလမ် ဖရူး ဘရာခ်ဇိုင်းက အမေရိကန်တို့၏ ထိန်းသိမ်းခံနေရသူများ ကျန်ရှိနေ သေးကြောင်း နောက်တစ်ပတ်အကုန်တွင် အကုန်ပြန်လက်လွှဲရန်မျှော်လင့်သည် ဟုဆိုခဲ့ကြောင်းသိရသည်။

သမ္မတကာဇိုင်းက အမေရိကန်တို့သည် အလွန်အန္တရယ်ကြီးသော အကျဉ်းသားများအဖြစ် သတ်မှတ်ထားသည့်သူများအကြောင်းကို အသိ ပေးပြီး အကုန်အစင်မလွှတ်မီ အကြံဥာဏ်တောင်းခံရန် သဘောတူညီချက် ရပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်ဦးစီးချုပ်နှင့် အာဖဂန်ကာကွယ်ရေးဝန်ကြီးတို့နောက်ဆုံးသုံးသပ်ချက် အမြင်များ မဖလှယ်မီ အာဖဂန်အစိုးရ ဘုတ်အဖွဲ့က လည်း အကျဉ်းသားများ၏ အချက်အလက်များကိုကြည့်၍ ၎င်းတို့ထဲမှ လွှတ်ရန်သင့်တော်သော လူများကို ရွေးချယ် မည်ဖြစ်ကြောင်း သမ္မတက ဆက်လက်ပြောကြားခဲ့သည်။

အာဖဂန်သမ္မတသည် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးရေး၊ တာလီဘန် များနှင့် စေ့စပ်ဆွေးနွေးရန် ရုံးခန်းတစ်ခု ဖွင့်လှစ်ရေးအတွက်ကာတာသို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

မစ္စတာကယ်ရီက ဆက်လက်၍ အမေရိကန်နိုင်ငံသည် တာလီဘန်များကို ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပိုမိုကျယ်ပြန့်သည့်နိုင်ငံရေးကိစ္စများတွင် ပါဝင်ရန် တောင်းဆိုလိုက်ပြီး ၎င်းတို့ဝင်မပါပါက အမေရိကန်သမ္မတအိုဘားမားက အမေရိကန်တပ်များအာဖဂန်နိုင်ငံမှ ၂၀၁၄တွင် ထွက်ခွာမည် ဆိုသော်လည်း ကျန်ခဲ့မည့်တပ်အရေအတွက်ကို မထုတ်ပြန်ရသေးကြောင်း အနည်းငယ် ခြိမ်းခြောက်သည့်လေသံဖြင့်ပြောကြားခဲ့သည်။
Ref:Reuters
The Myanma Age

The Daily Eleven သတင်းစာအပါအ၀င် နာမည်ကြီး သတင်းမီဒီယာများ ပါဝင်သည့် ပုဂ္ဂလိက နေ့စဉ်သတင်းစာ ရှစ်စောင် ထပ်မံထုတ်ဝေခွင့်ပြု

Created on Tuesday, 26 March 2013
Eleven Media Group မှ ထုတ်ဝေမည့် The Daily Eleven နေ့စဉ်သတင်းစာ အပါအ၀င် နာမည်ကြီး သတင်းမီဒီယာများမှ လျှောက်ထားသော သတင်းစာများ ပါဝင်သည့် ပုဂ္ဂလိကနေ့စဉ် သတင်းစာ ရှစ်စောင်ကို ထပ်မံ ထုတ်ဝေခွင့် ပြုလိုက်ကြောင်း မတ်လ ၂၆ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

မတ်လ ၂၅ ရက်က ပြန်ကြားရေး ၀န်ကြီးဌာန၊ ၀န်ကြီးရုံး၌ စုစုပေါင်း လျှောက်ထားသည့် လျှောက်လွှာ ၁၁ စောင်အနက် ကိုးစောင်အတွက် ပြုလုပ်သော ပုံနှိပ်သူများ ထုတ်ဝေသူများ မှတ်ပုံတင် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေးမှ ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာ လျှောက်ထားမှုကို စိစစ်ဆောင်ရွက်ခဲ့ပြီး ယခုကဲ့သို့ သတင်းစာ ရှစ်စောင်အား ဧပြီလ ၁ ရက်နေ့မှ စတင်၍ ယာယီ ထုတ်ဝေခွင့် ပြုခဲ့ခြင်းဖြစ်သည်။

ထပ်မံထုတ်ဝေခွင့် ရရှိခဲ့သည့် သတင်းစာများမှာ The Daily Eleven (လျှောက်ထားသူ Eleven Media Group Co.,Ltd.)၊ စံတော်ချိန် (လျှောက်ထားသူ Three Friends Construction Co.,Ltd.)၊ ခေတ်သစ်နေ့စဉ် (လျှောက်ထားသူ ဒေါက်တာတင်ထွန်း)၊ ရန်ကုန်တိုင်း(မ်) (လျှောက်ထားသူ ဦးကိုကို)၊ မြန်မာဓိက (လျှောက်ထားသူ ဦးမြင့်သန်း)၊ ပြည်ထောင်စုအသံ (လျှောက်ထားသူ ဒေါ်ဝင်းကလျာဆွေ)၊ ၇ ရက်နေ့စဉ် (လျှောက်ထားသူ ဦးသောင်းစုငြိမ်း) တို့ဖြစ်သည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီအာဘော်ဖြစ်သည့် ဒီလှိုင်းစာစောင်ကို ထုတ်ဝေနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဒီလှိုင်း သတင်းစာကိုလည်း ထုတ်ဝေခွင့် ပြုခဲ့သည်ကို တွေ့ရသည်။ ဒီလှိုင်းသတင်းစာ ထုတ်ဝေခွင့်အတွက် လျှောက်ထားသူမှာ ဒေါ်အောင်ဆန်းစုကြည်ဟု ဖော်ပြထားသည်။

ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းစာ ထုတ်ဝေခွင့် လျှောက်လွှာများအား ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်လက်ခံခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်အထိ လျှောက်လွှာ ၁၇ စောင် အနက် ၁၄ စောင်အား စိစစ်ခဲ့ကာ လျှောက်လွှာ ရှစ်စောင်အား ယာယီ ထုတ်ဝေခွင့် ပြုခဲ့ပြီး The Daily Eleven သတင်းစာ အပါအ၀င် လျှောက်လွှာ ခြောက်စောင်အား လိုအပ်ချက်များ ရှိသည်ဟုဆိုကာ ချန်လှပ်ခဲ့သည်။

ထပ်မံ၍ မတ်လ ၂၂ ရက်နေ့အထိ ယခင်ချန်လှပ်ထားသည့် လျှောက်လွှာ ခြောက်စောင်မှ ပြင်ဆင် လျှောက်ထားခဲ့သည့် လျှောက်လွှာ သုံးစောင်၊ ယခင်စိစစ်ဆဲ လျှောက်လွှာ သုံးစောင်၊ ထပ်မံ လျှောက်ထားလာသည့် လျှောက်လွှာ ငါးစောင် စုစုပေါင်း လျှောက်လွှာ ၁၁ စောင်အနက် ကိုးစောင်အား စိစစ်ခဲ့ပြီး ယခုကဲ့သို့ ရှစ်စောင်အား ယာယီထုတ်ဝေခွင့် ပြုခဲ့ခြင်းဖြစ်သည်။

ကျန်ရှိနေသည့် စိစစ်ဆဲ လျှောက်လွှာ သုံးစောင်နှင့် ထပ်မံ လျှောက်ထားလာမည့် လျှောက်လွှာများကို ဧပြီလအတွင်း ထပ်မံစိစစ် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
Eleven Media Group

လိုင်စင်ခွင့်ပြုချက်ဖြင့် မကိုက်ညီသည့် ကားတင်သွင်းမှုတွင်ပါဝင်ပတ်သက်သော အကောက်ခွန် အေဂျင်စီများ၏ လုပ်ကိုင်ခွင့်မှတ်ပုံတင်အား အမည်ပျက်စာရင်းသွင်းမည်

Tuesday, 26 March 2013
ပြည်ပမှ မော်တော်ယာဉ်တင်သွင်းရာတွင် လိုင်စင်ခွင့်ပြုချက်ဖြင့် မကိုက်ညီသည့် ကားတင်သွင်းမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် အကောက်ခွန် အေဂျင်စီများ၏ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်များ ပိတ်သိမ်းခဲ့ပြီးအဆိုပါ အေဂျင်စီများမှ အေးဂျင့်များကိုလည်း အမည်ပျက်စာရင်း သွင်းမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ထိုသို့ ပါဝင်ပတ်သက်ခဲ့သည့် အကောက်ခွန်ဝန်ထမ်းများကိုလည်း ဝန်ထမ်း စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်မှုဖြင့် မယူမနေရ အငြိမ်းစားပေးသည့် ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီး ယင်းကိစ္စတွင် ဆက်နွှယ်ပတ်သက်ခဲ့သည့် အကောက်ခွန် အေဂျင်စီများကိုလည်း ပင်လယ်အကောက်ခွန် အက်ဥပဒေအရ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်ကို ပိတ်သိမ်းကာ ၎င်းတို့ ပေးသွင်းထားသည့် အာမခံစာရင်းရှင် အပ်ငွေများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ကြောင်း  သိရသည်။

လုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင် ပိတ်သိမ်းခံရသည့် အကောက်ခွန်အေဂျင်စီများမှာ On Time Authorized Agency, Cherry Customs Clearing Agency, Gread One Import & Export Agency, Safe Mover Import & Export Agency, Alliance Freight Forwarding Agency တို့ဖြစ်ပြီး လုပ်ငန်းပိတ်သိမ်းခံရသော အေဂျင်စီများမှအဖွဲ့ဝင် များကို အကောက်ခွန်အေးဂျင့်အဖြစ် အသိအမှတ်ပြုခြင်းမှပယ်ဖျက်သွား မည်ဖြစ်ကြောင်း၊ အမည်ပျက်စာရင်း သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာတွင် လိုင်စင်ခွင့်ပြုချက်ဖြင့် မကိုက်ညီသည့် မော်တော်ယာဉ် တင်သွင်းခြင်းနှင့် ပါဝင်ပတ်သက်နေသည့် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းအချို့ကို အရေးယူခဲ့ကြောင်းနှင့် အရေးယူခံရသည့် အကောက်ခွန် ဝန်ထမ်း ၁၆ ဦးတွင် လက်ထောက်ညွှန်ကြားရေးမှူး နှစ်ဦး၊ ဦးစီးအရာရှိ နှစ်ဦးနှင့် အမှုထမ်း ၁၂ ဦး ပါဝင်ပြီး ၎င်းတို့ကို မယူမနေရ အငြိမ်းစားပေးသည့် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
EMG

တရုတ်၊ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံမှ တင်သွင်းလာသည့် ဓါတ်မြေသြဇာများ အရည်အသွေးပြည့်မီခြင်း မရှိ

Tuesday, 26 March 2013
ပြည်တွင်း ဈေးကွက်အတွင်းသို့ တရုတ်၊ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံမှ တင်သွင်းလာသည့် ဓါတ်မြေသြဇာများ အရည်အသွေးပြည့်မီခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိချက်အား
မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှ ထုတ်ပြန်ချက် အရ သိရှိရသည်။

''ဈေးကွက်အတွင်းကို တင်သွင်းလာတဲ့ ဓါတ်မြေသြဇာတွေမှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေ ပြည့်မီခြင်းမရှိဘူးဆိုတာ စစ်ဆေးတွေ့ရှိထားပါတယ်။ အများအားဖြင့်တော့ တရုတ်၊ထိုင်းနဲ့ မလေးရှားနိုင်ငံက တင်သွင်းကြတာဆိုတာလည်း သိရပါတယ်''ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း၊ ဥက္ကဌဒေါက်တာ စိုးထွန်းက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ဈေးကွက်အတွင်းရှိ ဓါတ်မြေသြဇာများ စစ်ဆေးခြင်းကို မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းနှင့် ဓါတ်မြေသြဇာ တင်သွင်းရောင်းချသူများ အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းနှင့် ဓါတ်မြေသြဇာ တင် သွင်းရောင်းချသူများ အသင်းတို့ရှိ ဓါတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

ပြည်တွင်းဈေးကွက်အတွင်း တောင်သူများ ဝယ်ယူသုံးစွဲမှုများသည့် ဓါတ်မြေသြဇာ ၁၅မျိုး၊ ပိုးသတ်ဆေး ၁ဝမျိုးတို့ကို ၂ဝ၁၃ခု နှစ်၊ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းက စမ်းသပ် စစ်ဆေးခဲ့ခြင်းဖြစ်ရာ ပိုးသတ်ဆေး ၈မျိုးကိုသာ ပြည်တွင်း၌ စစ်ဆေးနိုင်ခဲ့ပြီး ကျန်နှစ်မျိုးကိုမူ ထိုင်းနိုင်ငံတွင် စစ်ဆေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဓါတ်မြေသြဇာ(၁၅) မျိုးမှာ (၁)Three Circle,GTSP၊ (၂)Panda(တရုတ်တံဆိပ်)၊(၃) Golden Crop ၊(၄) Compound Fertilizer ၊(၅) Comet Natural Calcium Sulphate ၊(၆)Comet (ရွက်ဖြန်းဓါတ်မြေသြဇာ)၊(၇)အာမို (၂)(ရွက်ဖြန်း ဓါတ်မြေသြဇာအမှုန့်၊ (၈)Hyper Bloom ၊(၉) Grow More ၊(၁ဝ)Mamigro(Soluable Folian) ၊ (၁၁) Comet Plus  (ရွက်ဖြန်း ဓါတ်မြေသြဇာအမှုန့်၊အဝါရောင်)၊ (၁၂)Super N ၊(၁၃)SUNRAY(ဇီဝအော်ဂဲနစ် ကွန်ပေါင်း ဓါတ်မြေသြဇာ၊(၁၄) Cal One Gypsum (အော်ဂဲနစ်ဂျစ်ဆမ် ဓါတ်မြေသြဇာအမှုန့်)၊
(၁၅)Hrea ပုလဲတို့ဖြစ်ကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံတွင်ရှိသော အမေရိကန် နိုင်ငံသားများအတွက် အရေးပေါ်သတိပေးချက်တစ်ခုကို အမေရိကန်အစိုးရမှ ထုတ်ပြန်

Tuesday, 26 March 2013
မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် လတ်တလောဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံသားများအတွက် အရေးပေါ် သတိပေးချက် တစ်ရပ်ကိုအမေရိကန်အစိုးရမှ မတ်လ ၂၅ ရက်နေ့တွင် သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မန္တလေးတိုင်းဒေသကြီး ၀န်းကျင်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် လူအုပ်စု နှစ်ဘက်စလုံးတွေ ပြင်းထန်သော စိတ်ခံစားချက်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ လတ်တလောတွင် အမေရိကန် နိုင်ငံသားများကို ရည်ရွယ်သည့် ခြိမ်းခြောက်မှုများ မရှိသေးသော်လည်း ရန်ကုန်မြို့ရှိ မင်္ဂလာဈေးနှင့် ယုဇနပလာဇာ ၀န်းကျင်များကို ရှောင်ရှားကြရန် အကြံပေးအပ်ကြောင်း အစရှိသဖြင့် ဖော်ပြခဲ့ပါသည်။

ထို့အပြင် အများပြည်သူနှင့် သက်ဆိုင်သော နေရာများသို့ သွားရောက်ရာတွင် ပတ်ဝန်းကျင် အခြေအနေများကို အမြဲသတိထားရန်နှင့် မည်သည့် လူစုလူဝေး လှုပ်ရှားမှုတွင်မှ ပါဝင်ပတ်သက်ခြင်း မပြုရန်၊ မင်္သကာစရာ အခြေအနေ တစ်စုံတစ်ခု ရှိလာပါက တာဝန်ရှိသူများထံသို့ သတိပေးရန်နှင့် အဆိုပါ နေရာကို စွန့်ခွာရန် အကြံပေးထားသည့် အပြင် အမေရိကန် နိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံတွင်း အရေးပေါ် ကိစ္စရပ်များ ရှိပါက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး၏ အရေးပေါ် ဖုန်းနံပါတ် (95)-(9)-5124330 သို့ ဆက်သွယ်ပြီး တာဝန်ကျ အရာရှိနှင့် ဆက်သွယ် ပြောဆို နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။
EMG

နေ့စဉ် သတင်းစာ ၈ စောင် ထပ်မံခွင့်ပြု

Tuesday, March 26, 2013
ချင်းမိုင်(မဇ္စျိမ)။ ။ ပုဂ္ဂလိက နေ့စဉ် သတင်းစာ ထုတ်ဝေရန် လျှောက်ထားသူများ အနက်မှ ဒုတိယ အသုတ်အဖြစ် နောက်ထပ် ၈ စောင်ကို ထပ်မံခွင့်ပြုလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့၏ မတ်လ ၂၅ ရက်နေ့က စိစစ်ဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည် လျှောက်ထားသော ဒီလှိုင်း သတင်းစာအပြင် အခြား ၇ စောင်ကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ ယာယီ ထုတ်ဝေခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ထိုအထဲတွင် The Daily Eleven ၊ စံတော်ချိန်၊ ခေတ်သစ်နေ့စဉ်၊ ရန်ကုန်တိုင်း(မ်)၊ မြန်မာဓိက၊ ပြည်ထောင်စု အသံနှင့် ၇ ရက် နေ့စဉ် သတင်းစာတို့ ပါဝင်သည်။

“သတင်းစာ ထုတ်မယ်ဆိုပြီး လူတွေက အိပ်မက်မက်ပြီး ဂျာနယ်တွေ ထွက်ကြတယ်။ ခု တကယ် ထုတ်ဝေခွင့် ရပြီဆိုတော့ ကျနော်တို့ကပြင်ဆင်ရတော့မှာ။ ယှဉ်ပြိုင်မှုလည်း အရမ်းများမယ့် အနေအထားမှာ ရှိတယ်။ တဖက်မှာလည်း ဈေးကွက် ကြီးကြီးမားမား ကျယ်ပြန့်လာမယ့် အနေအထား မရှိဘူး။

အဲဒီတော့ စိန်ခေါ်မှုတွေ အများကြီး ဖြတ်သန်းရမှာတော့ ရှိတယ်” ဟု ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ၏ ထုတ်ဝေသူ ဦးကိုကို(စက်မှု)ကပြောသည်။

ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ ထုတ်ဝေရေး ပြင်ဆင်ရန်အတွက် အချိန်အနည်းငယ် ယူရမည်ဖြစ်ပြီး ဇွန်လတွင် စတင်ထုတ်ဝေနိုင်မည်
ဟု ၎င်းက မဇ္စျိမကို ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ နေ့စဉ်သတင်းစာများ ထုတ်ဝေရန်လျှောက်ထားမှုများကို လက်ခံခဲ့ရာ ပထမအသုတ်အဖြစ် နေ့စဉ်သတင်းစာ ၈ စောင်ကို မတ်လ ၁ ရက်နေ့က ခွင့်ပြုထားပြီး ဖြစ်၍ ယနေ့ထိ စုစုပေါင်း ၁၆ စောင်ကို ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာများအဖြစ် ယာယီ ထုတ်ဝေခွင့် ပေးလိုက်ခြင်း ဖြစ်သည်။

၎င်းတို့ကို တည်ဆဲဥပဒေ ဖြစ်သည့် ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ ပုဒ်မ ၈(၁) အရ ယာယီခွင့်ပြုလိုက်ခြင်း ဖြစ်ပြီး မီဒီယာဥပဒေ မပေါ်သေးသဖြင့် ထုတ်ဝေသူများအတွက် အကြပ်အတည်း ရှိလာနိုင်သော်လည်း နားလည်မှုဖြင့် ထုတ်ဝေနိုင်မည်ဟု ဦးကိုကို(စက်မှု)က မျှော်လင့်ထားသည်။

“၁၉၆၂ ဥပဒေအရ ထိထိရောက်ရောက် အရေးယူမယ်၊ ဥပဒေမှာ ပါတဲ့အတိုင်း သုံးမယ် ဆိုရင်တော့ ကျနော်တို့မှာ ရှောင်ရ၊ ပြုရမှာ နည်းနည်းတော့ များမှာပေါ့။ လုပ်ရကိုင်ရမှာတော့ နည်းနည်းတော့ကြပ်မယ်။ ဒါပေမယ့် ၁၉၆၂ ဥပဒေ ရှိပေမယ့် သက်ဆိုင်ရာက တိတိကျကျ လုပ်လိမ့်မယ်လို့ မထင်ဘူး။ ဘာလို့လဲဆိုတော့ စာပေစိစစ်ရေး မရှိတော့ဘူးဆိုတော့ နည်းနည်းတော့ နားလည်မှုနဲ့ သွားမယ်လို့ ထင်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။

စစ်ဆေးဆဲ ၃ စောင်နှင့် ထပ်မံလျှောက်ထားမည့် လျှောက်လွှာများကိုလည်း ဧပြီလတွင် ဆုံးဖြတ်မည်ဟု ယနေ့ မတ်လ ၂၆ ရက်နေနေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြပါရှိသည်။

မဇ္ဈိမ အပါအဝင် မတ်လဆန်းက ကနဦး ခွင့်ပြုလိုက်သည့် သတင်းစာ ၈ စောင်တွင် ခေတ်မိုး၊ ပြည်ထောင်စုနေ့စဉ်၊ ရွှေနိုင်ငံသစ်၊ အင်ပါယာ၊ The Messenger ၊ မြန်မာနယူးစ်ဝိခ်၊ နောက်ဆုံးရနေ့စဉ်သတင်းစာ တို့ ပါဝင်သည်။
Mizzima - News in Burmese

ယနေ့ (3-25-2013) online ပေါ်မှ သတင်းဓါတ်ပုံများ


























နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com