http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

NLD ညီလာခံ ကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ခံရသူတွေ တုန့်ပြန်ပြောဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း ညီညွှတ်ရေး ပြိုကွဲပျက်ဆီးစေသည့် အပြုအမူ၊ အပြောအဆိုများ ပြုလုပ်ခဲ့ကြောင်း ခိုင်လုံတဲ့သတင်းရရှိထားကြောင်း စွပ်စွဲပြီး ထုတ်ပယ်ခံခဲ့ရတဲ့ ၄ ဦးထဲက ရွှေပြည်သာမြို့နယ် ဗဟိုညီလာခံကိုယ်စားလှယ် ဦးသန့်ဇင်က သူ့တို့အပေါ် မဟုတ်မမှန်စွပ်စွဲပြီး လုပ်ကြံဇာတ်လမ်းစဉ် ထုတ်ပယ်တာသာဖြစ်တယ်လို့ ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောလိုက်ပါတယ်။

ရန်ကုန်မြို့၊ လသာမြို့နယ်၊ သံဈေးပလာဇာ ၈ လွှာက မြန်မာ့ဒီမိုကရက် သင်တန်းကျောင်းခန်းမမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗဟိုညီလာခံ ကိုယ်စားလှယ် ဦးသန့်ဇင်က အန်အယ်ဒီ လူကြီးတွေရဲ့ ထုတ်ပယ်မှုအပေါ် အခုလို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

“ဌာနချုပ်ရဲ့ အရှိန်အဝါ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါကို သုံးပြီးတော့ ကိုယ့်ကိုကိုယ် တကယ့်ဆရာကြီးတွေလို သဘာကြီးတွေလို အုပ်စုဖွဲ့ထားတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်၊ အခုစွပ်စွဲခံရတဲ့ ၄ ယောက်က မှန်တာပြောရရင် သစ္စာစကားပါ၊ ဦးခင်မောင်ဝင်းနဲ့ ကျနော်မတွေ့တာ ၄ လကျော်ပါပြီ၊ စစ်ကိုင်းတိုင်းက အမျိုးသမီးဆိုရင် ရုပ်တောင်မမြင်ဖူးပါဘူး၊ ဦးခင်မောင်ရှိန်ဆိုတာ မနေ့ကမှ ကျနော်မြင်ဖူးပါတယ်၊ ဘယ်လိုမှ တွေ့ဆုံခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း၊ ပြောဆိုခြင်းလည်း ဘာမှမရှိပါဘူး၊ ဒီကိစ္စဟာ မဟုတ်မမှန် လုပ်ကြံဖန်တီးထားတဲ့ လုပ်ကြံဇတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်”

မနေ့ကလည်း ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရသူ ဦးခင်မောင်ရှိန်ကလည်း ထုတ်ပယ်ခံရတဲ့အပေါ် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ ဥက္ကဌ ဦးတင်ဦးကတော့ အဲဒီ ၄ ဦးကို ကိုယ်စားလှယ်အဖြစ်က ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျနော်တို့က အဖွဲ့အစည်းအနေနဲ့ ကျစ်လစ်သိပ်သည်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဆောင်ရွက်ရတာဖြစ်ပါတယ်၊ သူတို့လည်း သူတို့အခွင့်အရေးရှိတာနဲ့ ပတ်သက်လို့ ပြောစရာရှိတာ ဆိုခွင့်ပြောခွင့်ရှိပါတယ်၊ ကျနော်တို့က ဒါတွေလည်း လျစ်လျူရှုထားမှာ မဟုတ်ပါဘူး၊ ဒီအကြောင်းအခြင်းအရာပေါ် မူတည်ပြီးတော့လည်း ဒါပြန်လည်ပြီးတော့ အကျိုးအကြောင်းတွေ ပြန်လည်ဆင်ခြင်ဆောင်ရွက်ဖို့ လုပ်စရာရှိတာတွေ လုပ်ဆောင်သွားမယ်ဆိုတဲ့ သဘောပါ၊ သူတို့ဘက်က ပြောခွင့်ရှိပါတယ်၊ တောင်းဆိုခွင့်ရှိပါတယ်၊ အရေးဆိုခွင့်ရှိပါတယ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြောဆိုဆောင်ရွက်တဲ့ အခွင့်အလမ်းတွေရှိပါတယ်”

NLD ဗဟိုညီလာခံကျင်းပရေး ကော်မရှင်ရဲ့မတ်လ ၄ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ်က ထုတ်ပယ်ခံရသူ ၄ ဦးကတော့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်တဲ့ ဦးသန့်ဇင် အပါအ၀င် လသာမြို့နယ်က ဦးခင်မောင်ဝင်း၊ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်က ဦးခင်မောင်ရှိန်၊ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်က ဒေါ်မိမိကြီးတို့ ဖြစ်ပါတယ်။
RFA Burmese

စစ်တွေမြို့ရှိ ဒေသခံ တိုင်းရင်းသား ထောင်ချီပြီး ယနေ့ (မတ်လ ၇ ရက်နေ့)တွင် ကန့်ကွက် ဆန္ဒပြ

နိုင်ငံသားစိစစ်ခြင်း မပြုဘဲ ဘဂါလီလူမျိုးများ အတွက် တူရကီနိုင်ငံ၏ ထောက်ပံ့ငွေဖြင့် နေအိမ် ၅၀၀၀ကျော် ဆောက်လုပ်ရန် စီစဉ်နေသဖြင့် စစ်တွေမြို့ရှိ ဒေသခံ တိုင်းရင်းသား ထောင်ချီပြီး ယနေ့ (မတ်လ ၇ ရက်နေ့)တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း အဆိုပါ ဆန္ဒပြမှုကို ဦးဆောင်သော ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောကြားသည်။ ဆန္ဒပြရန် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးထံသို့ တရားဝင် လျှောက်ထားခဲ့ရာ ခွင့်ပြုခြင်း မရှိခဲ့ သော်လည်း ဆန္ဒပြခဲ့ကြသည်။
The Voice Weekly



မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဥပဒေရေးရာ ကဏ္ဍအတွက် အမေရိကန် ကူညီမည်

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ အခြေစိုက် ငြိမ်းချမ်းရေးနဲ့ ဥပဒေရေးရာဆိုင်ရာ အကူညီပေးရေး အဖွဲ့စည်း တစ်ခုဖြစ်တဲ့ PILPG ( Public International Law & Policy Group) အဖွဲ့ကနေ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေနဲ့ ဥပဒေရေးရာ ကဏ္ဍတွေမှာ ပံ့ပိုးကူညီသွားမယ်လို့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ PILPG အဖွဲ့မှ ဒုတိယ ဥက္ကဌ မစ္စမစ်ဂန်အီးစတီးဝေါ့တ် (Mrs. Meghan E. Stewart) ဦးဆောင်တဲ့ အဖွဲ့ဟာ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် အစရှိတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ UNA ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ (၉) မိုင် ပြည်လမ်းမှာရှိတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းမှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေနဲ့ ဥပဒေရေးရာ ကဏ္ဍတွေမှာ PILPG အဖွဲ့ အနေနဲ့ ပံ့ပိုး ကူညီသွားမှာဖြစ်တဲ့ အကြောင်း PILPG အဖွဲ့မှ ပြောကြားခဲ့တာဖြစ်တယ်လို့ UNA အဖွဲ့ နာယက ဦးအေးသာအောင်က RFA ကို အတည်ပြု ပြောဆိုပါတယ်။

PILPG အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံအပေါ် ကူညီမှုတွေပေးရာမှာ တိုင်းရင်းသား ဒေသတွေမှာရှိတဲ့ ပြည်သူတွေ အတွက် လူမှု အခြေပြု သင်တန်းတွေနဲ့ ဥပဒေရေးရာ အသိပညာပေး သင်တန်းတွေ၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ လိုအပ်နေတဲ့ ဥပဒေရေးရာ ကဏ္ဍတွေ ကို အဓိက အလေးပေး ကူညီသွားမယ်လို့လည်း သိရပါတယ်။

UNA ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ အနေနဲ့ PILPG အဖွဲ့နဲ့ ခုလို ဆွေးနွေးရာမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြုပြင်ဖို့လိုနေတဲ့ အချက်တွေ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားတွေနဲ့ တိုင်းရင်းသား အခွင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုပါ အကျယ်တဝင့် ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

PILPG အဖွဲ့ဟာ ၁၉၉၅ ခုနစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အဖွဲ့စည်းဖြစ်ပြီး ဥပဒေ ပညာရှင် အများစုနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းဖြစ်ကာ အမေရိကန် အပါဝင် နိုင်ငံပေါင်း ၆၀ ကျော်မှာ အခြေချဆောင်ရွက်နေတဲ့ လူမှုရေး အသင်းအဖွဲ့ ဖြစ်ပါတယ်။RFA Burmese

၁၂ နှစ်ကြာ အစာငတ်ခံဆန္ဒပြသူ အိန္ဒိယအမျိုးသမီး တရားစွဲခံရ

နယူးဒေလီ၊ မတ် ၅
နိုင်ငံတွင်း ပဋိပက္ခဖြစ်ပွားရာဒေသတွင်း လူ့အခွင့်အရေးများ လျစ်လျူရှုခံရမှုကိုကန့်ကွက်သည့်အနေဖြင့် အစာငတ်ခံဆန္ဒ့ပြသူ အိန္ဒိယအမျိုးသမီးတစ်ဦး တရားစွဲဆိုခံရကြောင်း သိရသည်။
အသက် ၄ဝ အရွယ် အိုင်ရွန်ရှာမီလာ အမည်ရ အဆိုပါအမျိုး သမီးမှာ ၁၂ နှစ်တာကာလအတွင်း မည်သည့်အစာကိုမျှ မစားခဲ့ရာ အာဏာပိုင်များမှ အတင်းအကျပ် အစာပိုက်သွင်းပြီး နောက်မိမိကိုယ် ကိုသတ်သေရန်ကြံစည်မှုဖြင့် စွဲဆိုခံရခြင်း ဖြစ်သည်။

အိန္ဒိယတပ်မတော် အထူးခွင့်ပြုအာဏာ အက်ဥပဒေကို ဆန့် ကျင်၍ မဏိပူရနယ်တွင် ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်ရာ လူမသိသူမသိ အဖြစ်မှ တစ်နိုင်ငံလုံး ဟိုးဟိုးကျော်သွားခဲ့ရသည်။ အဆိုပါ ဥပဒေအရ ကက်ရှမီးယားနှင့် နိုင်ငံအရှေ့မြောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များမှ တရားစွဲဆို ခြင်း မခံရဘဲမသင်္ကာသူများကို ပစ် သတ်ခွင့်နှင့်စစ်သွေးကြွဟုမသင်္ကာ ပါကဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိ သကဲ့သို့ ရဲတပ်ဖွဲ့တွင်လည်း စိတ်တိုင်းကျ ရှာဖွေဖမ်းဆီးခွင့်ရှိသည်။

ရှာမီလာမှ အဆိုပါဥပဒေကို မနှစ်မြို့၍ အစာငတ်ခံဆန္ဒပြခဲ့ခြင်း ဖြစ်ရာ ၂ဝဝဝ ခုနှစ် နိုဝင်ဘာလ ၄ ရက်က မဏိပူရနယ် အင်ဖာမြို့ တွင် စားခဲ့သည့် အစာအပြီး သူမမည်သည်ကိုမျှ မစားခဲ့ဟု ဆိုသည်။

ဆန္ဒပြအပြီး သုံးရက်အကြာတွင် အဖမ်းခံခဲ့ရပြီး နှာခေါင်းပိုက်တပ်၍ အစာရေဆာ သွင်းခံခဲ့ရရာ တစ်နှစ် အတွင်း မိမိသဘော အလျောက် အစာ ပြန်စားလျှင် ထောင်မှလွှတ်ရန် ဖြစ်သော်လည်း မစားခဲ့၍ အကျဉ်းမှ မလွှတ်ခဲ့ပေ။

''ကျွန်မ အသက်ရှင်ချင်ပါ တယ်။ ကိုယ့်အသက်ကိုယ် မနုတ် လိုပါဘူး။ ဒါပေမဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး လိုချင်ပါတယ်''ဟု ပြောခဲ့ကြောင်း ပီတီအိုင်သတင်း တစ်ရပ်က ဆိုသည်။

တရားသူကြီးက မေ ၂၂ ရက် နေ့သို့ ချိန်းဆိုလိုက်ရာ ၎င်းအနေ နှင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်နှစ်ကျခံရဖွယ် ရှိသည်။
ဥပဒေရေးရာ ဝန်ကြီး အက်ဝီ နီ ကူးမားကမူ သောင်းကျန်းသူများ အား ဖြိုခွင်းရာတွင် အထူးအာဏာ လိုအပ်ကြောင်း ကာကွယ်ပြောကြား ရာ၌နိုင်ငံတော် ကာကွယ်ရေးနှင့် ထောက်လှမ်းရေးကိစကိစ္စများမှာ

ပဋိပက္ခ ဖြစ်ပွားရာ နယ်မြေအတွင်းအထူး အရေးပါသဖြင့် ယခုကဲ့သို့ အခွင့် အာဏာပေးထားရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။ မဏိပူရနယ်ခံ တက်ကြွလှုပ်ရှားသူ ကျောင်းသားများကအိန္ဒိယတပ်မတော်အနေဖြင့် အကြွင်းမဲ့အာဏာသုံး၍ အရပ်သားများကို သောင်းကျန်းသူများသဖွယ် ဆက်ဆံသည်ကို ပြင်းထန်စွာ ကန့်ကွက်ကြသည်။Popular Myanmar News Journal

ပခုက္ကူတွင် ပထမဆုံးအနေဖြင့် အရပ်သားများဦးဆောင်ပါဝင်သော မြို့ဖွံဖြိုးတိုးတက်ရေးကော်မတီနှစ်ခုအား မဲခွဲရွေးချယ် ဖွဲ့စည်းနိုင်ခဲ့

ပခုက္ကူတွင်မြို့ဖွံဖြိုးတိုးတက်ရေးအတွက်အရပ်သားများအဓိကဦးဆောင်ပါဝင်သော ကော်မတီနှစ်ခု ကို စတင်ဖွဲစည်းနိုင်ခဲ့ကြောင်းသိရသည်။အဆိုပါ ကော်မတီနှစ်ခုမှာပခုက္ကူမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီနှင့် စည်ပင်သာယာရေးကော်မတီ တို့ဖြစ်ပြီးအစိုးရဌာနများအပေါ် စောင့်ကြည့်ချိန်ညှိပေးရန်ရည်ရွယ်ကြောင်း ရွေးချယ်ခံ ရပ်မိရပ်ဖတစ်ဦးက ဆိုသည်။

`တကယ့်ကို ဒီမိုကရေစီနည်းကျကျ မဲခွဲရွေးချယ်ပြီး ဖွဲ့စည်းခဲ့တာပါ။ ဒီလို လုပ်နိုင်တာ ပထမဆုံးပါပဲဗျာ´ ဟု ၄င်းက ပြောသည်။

ထိုသို့ဖွဲ့စည်းရန်အတွက် ရပ်ကွက်နှင့်ကျေးရွာများမှ မဲခွဲရွေးချယ်ခဲ့သည့် ရပ်မိရပ်ဖ ၃၄ ဦးအနက် ပြန်လည်ရွေးချယ်ပေးခဲ့ခြင်းဖြစ်ပြီးဖွဲ့စည်းခြင်းကို ၂၀၁၃ခုနှစ် မတ်လ ၇ ရက်နေ့ နံနက် (၉း၃၀) အချိန်မှ စတင်ကာ ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အစီအစဉ်အရ ရပ်မိရပ်ဖကိုယ်စားလှယ် များ ထဲ မှ ဒီမိုကရေစီနည်းလမ်းတကျ မဲ စနစ်ဖြင့်ပင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး ခေါင်းဆောင်သောအဖွဲ့မှ ကြီးကြပ်၍ အောင်မြင်စွာ ရွေးကောက်တင်မြောက် ဖွဲ့စည်း နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဖွဲ့စည်းပုံအရ ပခုက္ကူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီတွင် အဖွဲ့ဝင် ၈ ဦးပါဝင်ကာ အရပ်သား ၆ ဦးနှင့် ဌနာဆိုင်ရာများမှ နှစ်ဦး၊စည်ပင်သာယာရေးကော်မတီတွင် အဖွဲ့ဝင် ၆ဦးပါဝင်ပြီး အရပ်သား ၄ဦးနှင့် ဌာနဆိုင်ရာမှ ၂ဦး တို့ဖြစ်သည်။ ထူးခြားမှုအနေဖြင့်မူ အဆိုပါကော်မတီနှစ်ရပ်စလုံး၏ ဥက္ကဌနေရာကို ရပ်မိရပ်ဖများထဲမှပင် တာဝန်ယူဆောင်ရွက်ခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။
Popular Myanmar News Journal
ဓာတ်ပုံ- မင်းထက်သာ(ပခုက္ကူ)

Cisco networking ကျောင်းနှစ်ကျောင်းကိုမြန်မာနိုင်ငံမှာဖွင့်ဖို့

ယနေ့မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က Myanmar Info Tech မှာကျင်းပတဲ့ ပွဲမှာ U.S Agency for international development (USAID) ရဲ့ အုပ်ချုပ်ရေးမှုးဖြစ်တဲ့ ဒေါက်တာ ရာဂျစ်ရှားက ၎င်းနဲ့ အိုင်တီလုပ်ငန်းရှင်တွေ ကျွမ်းကျင်သူတွေ၊ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။Cisco networking ကျောင်းနှစ်ကျောင်းကိုမြန်မာနိုင်ငံမှာဖွင့်ဖို့အတွက် Cisco နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ပြောကြားခဲ့ပါတယ်။
The Modern News Journal

ဗိုလ်ချုပ်ပန်းခြံထဲက အိပ်မက်တစ်ခုအားပိုင်ဆိုင်ခြင်းရိုက်ကွင်း

ဗိုလ်ချုပ်ပန်းခြံထဲမှာပဲ ဒါရိုက်တာ သီတာလင်း ရိုက်ကူးတဲ့ “အိပ်မက်တစ်ခုအား ပိုင်ဆိုင်ခြင်း” ဇာတ်ကားကို နိုင်းနိုင်းနဲ့ အိန္ဒြာကျော်ဇင်တို့ ကသရုပ်ဆောင်နေပါတယ်။ရိုက်ကွင်းခတ္တ နားနေချိန်မှာတော့ စိုးသူနှင့် နိုင်းနိုင်း ၊ အိန္ဒြာကျော်ဇင်တို့က နူတ်ဆက်စကား ပြောခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ - အိသွဲ့ ( တန့်ယန်း )
Popular Journal


ဘယ်သူမောင်ပိုင်စီးဦးမလဲမသိဘူး


FB-The Myanmar Post News Journal

UN လက်မှတ်ရ ဒုက္ခသည်တွေအတွက် အမေရိကန်အိပ်မက်

Thursday, March 7, 2013
နို့ဖိုး ဒုက္ခသည် စခန်းက ကုလသမဂ္ဂနဲ့ ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနတို့ကနေ ဒုက္ခသည်အဖြစ် အသိ အမှတ်ပြု လက် မှတ် လက်ဝယ်ရထားပြီးသူများကို အမေရိကန် ပြည်ထောင်စုမှာ ပြောင်းရွှေ့အခြေချ လိုပါက ၃ လ အတွင်း လျှောက် ထားနိုင်တယ်လို့ အမေရိကန် သံတမန်တွေက ပြောလိုက်ပါတယ်။

အမေရိကန် သံကိုယ်စားလှယ်အဖွဲ့ တဖွဲ့ဟာ ထိုင်းနိုင်ငံ နိုဖိုးဒုက္ခသည်စခန်းကို မတ်လ ၅ရက်နေ့က ရောက် လာပြီး အဲဒီလို ပြောဆိုခဲ့တာဖြစ်တယ်လို့ နို့ဖိုး ဒုက္ခသည်စခန်းက နှစ်ရှည် ဒုက္ခသည် တဦးဖြစ်တဲ့ ရဟန်းတော် ဦးသူရိယ ခေါ် ဦးဂျပန်ကြီးက ဧရာဝတီကို ပြောပါတယ်။

 “အမေရိကန်ကို သွားဖို့ ဦးဇင်းကိုတော့ လာမယ့် မေလ မှာ သွားရမှာလို့ သူတို့က ပြောတယ်”လို့ ဦးသူရိယက ပြောပါ တယ်။

အခုလို ကုလနဲ့ ထိုင်းအစိုးရတို့ရဲ့ အသိအမှတ်ပြုလက် မှတ်ရထား သူတွေ အနေနဲ့ အမေရိကန် ပြည်ထောင်စုကို ပြောင်း ရွှေ့အခြေချဖို့ ဖြစ်လာပေမယ့် ဒုက္ခသည်စခန်းအများစုမှာ လူသစ်လို့ ခေါ်တဲ့ ၂၀၀၆ ခုနှစ်နောက်ပိုင်း ရောက်လာတဲ့ ဒုက္ခသည်တွေအတွက်တော့ မျှော်လင့်ချက် မဲ့နေပါသေးတယ်။

ဒုက္ခသည်စခန်းတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခသည်စခန်းတွေမှာ ရောက်လာကြတဲ့ ဒုက္ခသည်တွေကတော့ အခုအချိန်ထိ ဒုက္ခတွေ တလှေကြီးကို စုပုံထမ်းပိုးနေရဆဲဖြစ်ပါတယ်။ မကြာသေးမီက နို့ဖိုး ဒုက္ခသည်စခန်းမရောက်မီ အုန်းပြန့်ဒုက္ခသည်စခန်းတွင်းက သူတို့ ဘ၀ အခြေအနေတွေကို ဓာတ်ပုံ မှတ်တမ်း  ရိုက်ဖြစ်ခဲ့ပါတယ်။ ဒါကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
အိမ့်သံစဉ်
The Irrawaddy (Burmese Version)
တတိယ နိုင်ငံ တခု ခု မှာ ပြန်လည် အခြေချ နေထိုင်ရေး လုပ်ငန်းစဉ်များပြ ပိုစတာများ၊ အုန်းပြန့် ဒုက္ခသည်  စခန်း





ထမ်းပိုးဈေးသည်တစ်ဦး၏ ပစ္စည်းများကို စည်းပင်သာယာဝန်ထမ်းတစ်ဦး သိမ်းဆည်း

ရန်ကုန်မြို့တော်ခန်းမဘေးတွင် ထမ်းပိုးဈေးသည်တစ်ဦး၏ ပစ္စည်းများကို စည်းပင်သာယာဝန်ထမ်းတစ်ဦး သိမ်းဆည်းလာစဉ်။ရန်ကုန်မြို့တော်အတွင်း လမ်းဘေးဈေးသည်များကို ညနေ ၃ နာရီမှ ည ၈ နာရီအထိသာ ဈေးရောင်းချခွင့်ပြုထားသည်။
The Voice Weekly
စည်းပင်သာယာဝန်ထမ်းတစ်ဦး သိမ်းဆည်းလာစဉ်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ဆန္ဒပြမှုဖြစ်ပွားခဲ့

ယနေ့ မတ်လ ၇ ရက်နေ့ နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ဆန္ဒပြမှုဖြစ်ပွားခဲ့သည့် မြင်ကွင်းများ သတင်းဓာတ်ပုံ မာန်ယုကျော် (ရွှေဝမြေ) ပေးပို့သည်။
Yangon Media Group




မန္တလေးမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

အမျိုးသမီးများရဲ့ အခွင့်အရေးများကို သိစေဖို့နဲ့ ကာကွယ်နိုင်ဖို့ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women Day) အကြိုအခမ်းအနားကို ဟောပြောပွဲ၊ စကားဝိုင်း၊ ပဟေဠိအစီအစဉ်များနဲ့ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီက စတင်ပြီး မန္တလေးမြို့ ၃၅ လမ်းက ကီးမားတင်ဝင်း စားသောက်ဆိုင်မှာ ကျင်းပပါတယ်။DVB TV News (သတင်းဓါတ်ပုံ - ချစ်ကို၊ ငြိမ်းမိုးနောင်)









နောက်ပြန်လန်ကျသွားနိုင်သော စိန်ခေါ်မှုများရှိသည့်တိုင် ရှေ့ကို ဆက်လက်ချီတက်ရန် ရဲရဲဝံ့ဝံ့ ဖော်ဆောင်သွားမည်ကို

Thursday, March 7, 2013
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို နောက်ပြန်လန်ကျသွားစေနိုင်သော စိန်ခေါ်မှုများ ရှိလာသည့်တိုင် မိမိတို့အနေဖြင့် ရှေ့ကိုသာ ဆက်လက် ချီတက်သွားရန် ရဲရဲဝံ့ဝံ့ ဖော်ဆောင်သွားမည်ကို ကတိပြုနိုင်ကြောင်းနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၅ ရက်နေ့တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်ရုံး၌ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Mr.Jose Manual Barroso နှင့် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိမိတို့မြန်မာနိုင်ငံ၌ အလွန်အရေးကြီးသော နိုင်ငံ၏ အလှည့်အပြောင်းဟု ဆိုရမည့် အသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေချိန်၊ စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ စတင်ကူးပြောင်းချိန်၊ ဗဟိုဦးစီး စီးပွားရေးစနစ်မှ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်သို့ စတင် ကူးပြောင်းချိန်၊ ကာလကြာရှည်စွာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်မီးကိုငြှိမ်းပြီး ထာဝရငြိမ်းချမ်းရေးကို စတင်ဖော်ဆောင်နေချိန်တွင် မိမိအနေဖြင့် နိုင်ငံတော်သမ္မအဖြစ် တာဝန်ယူရသည့်အတွက် အလွန်ပင်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ထွန်းတိုးတက်မှုများ ရှိသကဲ့သို့ ပြုပြင်ပြောင်းလဲရေး ကာလတွင် မလွဲမရှောင်သာ ပွတ်တိုက်မှုများ၊ တင်းမာမှုများနှင့် ဆန့်ကျင်မှုများလည်း ကြုံတွေ့ခဲ့ရကြောင်း၊ အပြောင်းအလဲကာလတွင် အခက်အခဲနှင့် စိန်ခေါ်မှုများ မလွဲမသွေ ကြုံတွေ့ရနိုင်သည်ကို နားလည်ထားပါကြောင်းနှင့် အချို့အခက် အခဲများသည် ဖြတ်ကျော်နိုင်ရန် အလွန်ခက်ခဲသည်ကို သိရှိထားကြောင်း၊ ယင်းအခက်အခဲများ စိန်ခေါ်မှုများကို လွှတ်တော်၊ တရားရေးမဏ္ဍိုင်၊ တပ်မတော်၊ တိုင်းရင်းသားအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပြည်သူအားလုံးက ပူးပေါင်းပြီး ကြံကြံခံ ရင်ဆိုင်သွားနိုင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ရွေးကောက်ပွဲများ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်များ၏ အခန်းကဏ္ဍ စသည်တို့အပေါ်၌သာ အာရုံစိုက်ပြီး အသားပေး ပြောဆိုနေကြ သည်ကို တွေ့ရပါကြောင်း၊ မိမိအနေဖြင့် ယင်းကိစ္စများထက် သာမန်ပြည်သူတစ်ဦး၏ အခက်အခဲနှင့် အကျပ်အတည်းများမှ လွတ်မြောက်ပြီး ပိုမိုကောင်းမွန်သော ဘ၀များ တည်ဆောက်နိုင်ရေးနှင့် လူတန်းစေ့ ဘ၀ရပ်တည်နိုင်ရေးကို ဦးစားပေး အာရုံစိုက်ကြောင်း၊ မိမိဆိုလိုသည့် သာမန်ပြည်သူဆိုသည်မှာ ပညာရေး ချို့တဲ့မှုကြောင့် ကာယကို အသုံးပြုပြီး ၀င်ငွေရှာရသော ထွန်ယက်စိုက်ပျိုး စားသောက်ရန်အတွက် လယ်မြေတစ်ကွက်တောင် မပိုင်ဆိုင်ဘဲ အကြွေးနွံနစ်ပြီး မိသားစုကို ၀လင်အောင် မကျွေးနိုင်သည့် မိသားစု၊ ဆွေမျိုးနှင့် မိတ်ဆွေများကို စွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံများတွင်နှစ်ပေါင်းရှည်ကြာ လုပ်ကိုင်နေကြသော လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု၊ ရေကောင်းရေသန့်နှင့် လျှပ်စစ်မီးစသည်တို့ မရရှိနိုင်သေးသော သန်းပေါင်းများစွာသော ပြည်သူများကို ရည်ညွှန်းခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံတွင်ပေါ်ပေါက်ခဲ့ရသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ဓမီးကို အဆုံးသတ်ပြီး ရေရှည်တည်တံ့ တရားမျှတသော ငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့် အားလုံးသဘောတူ လက်ခံသည့် ရလဒ်တစ်ခု ထွက်ပေါ်လာသည်အထိ ကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၈ လအတွင်း တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့ပြီး ကျန်ရှိသည့် အဓိကလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော KIO အဖွဲ့နှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်းလည်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ဥရောပသမဂ္ဂ၏ စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခြင်းနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းမှုများကို တိုးမြှင့်ပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် အကူအညီ အထောက်အပံ့များ အပေါ်၌သာ ရပ်တည်နေမည်မဟုတ်ဘဲ ရေရှည်တွင် ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်သည့် ဂုဏ်သိက္ခာရှိသော နိုင်ငံဖြစ်အောင် ကြိုးပမ်းမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။Eleven Media Group

ဖိအားများ ရှိနေသည့်တိုင် ကစားသမားများ အကောင်းဆုံး ကြိုးစားခဲ့ဟု ပတ်ဆောင်ဟွာ ပြောကြား

အိန္ဒိယ အသင်းအား တိုက်စစ်မှူး စိုးမင်းဦး၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရကာ AFC Challenge Cup 2014 ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် မြန်မာအသင်း နည်းပြချုပ် ပတ်ဆောင်ဟွာက ဖိအားများ ရှိနေသည့်တိုင် အကောင်းဆုံး ကြိုးပမ်းခဲ့သည့် ကစားသမား များအား ချီးကျူး ပြောကြားခဲ့သည်။

"ကစားသမားတွေ အစွမ်းကုန် ကြိုးစားခဲ့သလို ပရိသတ်တွေ ကလည်း အားရပါးရ အားပေးခဲ့လို့ အခုလို နိုင်ပွဲရခဲ့တာပါ။ အုပ်စုတွင်းမှာ အိန္ဒိယ အသင်းဟာ အသင်းကြီး တစ်သင်းဖြစ်လို့ နောက်ဆုံးပွဲစဉ် အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရတာပါ။ ဖိအားတွေ ရှိခဲ့ပေမယ့် ကြိုးစားခဲ့တဲ့ ကစားသမားတွေ အားလုံးကို ချီးကျူးရမှာပါ" ဟု မစ္စတာပတ်က ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့နောက်တွင် ပတ်ဆောင်ဟွာက တရုတ်(တိုင်ပေ)နှင့် ပွဲစဉ်တွင် အဓိက ကစားသမား အချို့အား အနားပေးရခြင်းအား ထပ်မံ ရှင်းလင်းခဲ့ကာ "တရုတ် (တိုင်ပေ)နဲ့ ပွဲမှာ အဓိက ကစားသမား အချို့ကို အနားပေးခဲ့ ရတာကတော့ ပုံမှန် ပြိုင်ပွဲတစ်ပွဲ ယှဉ်ပြိုင်ပြီ ဆိုရင် ၄၈နာရီ အနားယူ ရပါတယ်။ အခုက ၂၄နာရီသာ အနားယူ ရတာကြောင့် အိန္ဒိယနဲ့ ပွဲမှာ ခြေစွမ်းမပြ နိုင်တာ စိုးတဲ့အတွက် အဓိက ကစားသမားတွေကို အနားပေး ခဲ့ရတာပါ။ တရုတ်(တိုင်ပေ) အသင်းဟာ ကျွန်တော်တို့နဲ့ ပွဲစဉ်မှာ ရုန်းကန် ကစားခဲ့တာကြောင့် ဂူအမ် အသင်းနဲ့ ပွဲမှာ ပြိုင်ဘက်ရဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်း မရှိဘဲ ရှုံးပွဲ ကြုံခဲ့တာပါ" ဟု ဆိုခဲ့သည်။

ထို့နောက်တွင် စိုးမင်းဦး အနေဖြင့် ဒဏ်ရာ ရရှိထားသဖြင့် ဒုတိယ ပိုင်းတွင်မှသာ အသုံးပြု ခဲ့ရခြင်း ဖြစ်သည်ဟု ရှင်းလင်းခဲ့ကာ ထူးချွန်သည့် ကစားသမား တစ်ဦးဟုလည်း ချီးကျူးခဲ့သည်။ "စိုးမင်းဦးဟာ ထူးချွန်တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ဂူအမ် အသင်းနဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့လို့ ဒုတိယ ပိုင်းမှသာ ထည့်သွင်း အသုံးပြု ခဲ့တာပါ။ မျှော်လင့်ထားတဲ့ အတိုင်းပဲ စိုးမင်းဦး ခြေစွမ်းပြ ကစားနိုင် ခဲ့တာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်မိပါတယ်" ဟု ဆိုခဲ့သည်။Myanmar National League

မြန်မာအသင်းကို MFF ဥက္ကဋ္ဌနှင့်အဖွဲ့ ဆုကြေးငွေ ကျပ်သိန်း(၅၀၀) ဂုဏ်ပြုချီးမြှင့်

2014 AFC Challenge Cup အုပ်စု(က) ခြေစစ်ပွဲကို အုပ်စုဗိုလ် နေရာဖြင့် ခြေစစ်ပွဲ အောင်မြင် သွားခဲ့သည့် မြန်မာ့ လက်ရွေးစင် အသင်းကို အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဆီးဂိမ်းစ် ပြိုင်ပွဲဝင် အသင်း အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မိုးကျော် တို့က ဂုဏ်ပြုဆုကြေးငွေ ကျပ်သိန်း(၅၀၀) ချီးမြှင့်မည် ဖြစ်သည်။

"တိုင်းပြည် ဂုဏ်သိက္ခာ အတွက် ရေကုန်ရေခမ်း ကြိုးစားခဲ့ကြတဲ့ ကစားသမား တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ဆုကြေးငွေ ချီးမြှင့်ကြတာပါ။ ဒီနေ့ ကွင်းထဲကို လာရောက် အားပေးကြတဲ့ ပရိသတ်ကြီး ကိုရော ရုပ်မြင်သံကြား ကနေ အားပေး နေကြတဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေ ကိုရော အရမ်းပဲ ကျေးဇူးတင် မိပါတယ်။ ဒါ့အပြင် ဒီလက်ရွေးစင် အသင်းအတွက် ကစားသမားတွေ မွေးထုတ် ပေးနေတဲ့ MNL ကလပ်အသင်း ပိုင်ရှင် အားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီနေ့နိုင်ပွဲဟာ ထိုက်တန်တဲ့ နိုင်ပွဲတစ်ခု ဖြစ်ပြီး အဲဒီအတွက် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်" ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပွဲအပြီးတွင် ဂုဏ်ပြု ပြောကြား သွားခဲ့သည်။

မြန်မာ့ လက်ရွေးစင် အသင်းသည် အုပ်စု(က)တွင် ဂူအမ်ကို (၅-၀)ဂိုးဖြင့် အနိုင်ရရှိပြီး တရုတ် (တိုင်ပေ)နှင့် တစ်ဂိုးစီ သရေကျကာ နောက်ဆုံး ပွဲစဉ်တွင် အိန္ဒိယကို အကြိတ်အနယ် ကစားရင်း (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မော်လ်ဒိုက်စ်တွင် ကျင်းပမည့် ဖိုင်နယ်ပွဲ စဉ်များသို့ တက်ရောက် ကစားခွင့် ရရှိသွားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ချဲလင့်ဖလား ခြေစစ်ပွဲ အုပ်စု(၅)ခု ရှိသည့်အနက် အုပ်စု(က)တွင် မြန်မာ၊ အုပ်စု(ဂ)တွင် အာဖဂန် နစ္စတန်နှင့် အုပ်စု(ဃ)တွင် ပါလက်စတိုင်း အသင်းများ ခြေစစ်ပွဲ အောင်မြင် သွားကြပြီး ကျန်အုပ်စု(ခ)နှင့် (င)တို့မှာ မတ်လ တတိယ အပတ်မှသာ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။Myanmar National League

ငြိမ်းချမ်းရေး လမ်းလျှောက်သူတချို့ ဆေးရုံတင်ရ

ရန်ကုန်မြို့ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေး ခရီးရှည်ချီတက် လမ်းလျှောက်တဲ့အဖွဲ့ဝင်တချို့ဟာ လမ်းခရီးမှာ ခြေထောက်ဒဏ်ရာတွေ ရရှိလာတဲ့အတွက် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို မြစ်ကြီးနားဆေးရုံမှာ ပို့ဆောင်ကုသနေရတယ်လို့ RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကစပြီး ရန်ကုန်မြို့ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေးအတွက် ခရီးရှည်ချီတက်နေတဲ့အဖွဲ့ဟာ မတ်လ ၆ ရက် ဒီကနေ့ဆိုရင် တစ်လခွဲကျော်အကြာမှာ ကချင်ပြည်နယ် မိုးကောင်းမြို့ကို ရောက်ရှိနေပါတယ်။

ရန်ကုန်အဖွဲ့ဟာ မိုးကောင်းမြို့မှာ ဒီကနေ့ည အိပ်ရပ်နားမှာဖြစ်ပြီး မနက်ဖြန်မှာတော့ နမ္မတီးမြို့ကို ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက် ကစပြီး မြင်းခြံမြို့ကနေ လိုင်ဇာအထိ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းက ချီတက်လာတဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ဟာ ဒီကနေ့မှာ မိုးမောက်မြို့နဲ့ မိုင် ၂၀ လောက်ကွာဝေးတဲ့ ကုန်းတောကျေးရွာမှာ ညအိပ်ရပ်နားမှာဖြစ်ပြီး မတ်လ ၉ ရက်နေ့မှာတော့ လိုင်ဇာမြို့ကို ရောက်ရှိမှာဖြစ်တယ်လို့ အဲ့ဒီအဖွဲ့က ကိုသန့်ဇင်စိုးက ပြောပါတယ်။

အဖွဲ့ဝင် ၄၂ ဦးပါဝင်တဲ့ မြင်းခြံအဖွဲ့မှာ အလှူငွေစုစုပေါင်း ကျပ်သိန်း ၁၄၀ နီးပါးရရှိနေပြီး အဲ့ဒီအလှူငွေအားလုံးကို စစ်ဘေး ဒုက္ခသည်စခန်းတွေကို ခွဲဝေလှူဒါန်းသွားမယ်လို့ ပြောပါတယ်။RFA Burmese

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ လွှတ်တော်မှာ တင်ပြ

အထွေထွေ လွတ်ငြိမ်းချမ်းသားခွင့်အမိန့် ထုတ်ပြန်နိုင်ရေးအတွက် မိမိအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒီကနေ့ မတ်လ ၆ ရက် လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ်တစ်ဦးရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ရန်ကုန်တိုင်း အလုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ရဲ့ မေးမြန်းချက်အပေါ် လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"လွှတ်တော် ဥက္ကဌ ပြည်သူ့ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အမျိုးသားကာကွယ်ရေး လုံခြုံရေးကောင်စီအဖွဲ့ဝင် တစ်ယောက်အနေနဲ့ မိမိတို့ဆောင်ရွက်တဲ့နေရာမှာ စာနာထောက်ထားခြင်း၊ ကျေးဇူးသိတတ်ခြင်း၊ ကျေးဇူးကို အသိအမှတ်ပြုခြင်း၊ ခွင့်လွှတ်စာနာခြင်းများဟာ ကောင်းတဲ့အရာများဖြစ်တယ်လို့ခံယူပြီး ယခု ဦးခိုင်မောင်ရည် မေးမြန်းတဲ့ မေးခွန်းအပေါ် မိမိစွမ်းအားရှိသရွေ့ ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း ဦးခိုင်မောင်ရည်နဲ့တကွ လွှတ်တော်ကိုယ်စားလှယ်များကို တင်ပြအပ်ပါတယ်"

ဦးခိုင်မောင်ရည်ရဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသားခွင့် အမိန့်တစ်ရပ် ထုတ်ပြန်နိုင်ရေး မေးမြန်းချက်အပေါ် ခွင့်ပြုပေးဖို့ အခုချိန်မှာ အစီအစဉ်မရှိသေးဘူးလို့ နိုင်ငံတော် သမ္မတရုံး အမှတ်(၂) ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်ကလည်း ပြန်လည်ဖြေကြားခဲ့ပါတယ်။RFA Burmese

ဇေကမ္ဘာ ဦးခင်ရွှေကို တရားစွဲပြီ

လယ်သမားအရေး ကူညီပေးနေသူ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ဦးနေမျိုးဝေက ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ မတ်လ ၆ ရက် ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုလိုက်ပါတယ်။

ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ သွားရောက်လျှောက်ထားခဲ့တာနဲ့ ပတ်သက်ပြီး ဦးနေမျိုးဝေက အခုလို ပြောပါတယ်။

" ဒီနေ့ပဲ ဒဂုံမြို့နယ် တရားရုံးမှာ တရားသွားစွဲတဲ့အခါကျတော့ တရားသူကြီး အမျိုးသမီးက လေ့လာမယ်လို့ ပြောပြီးတော့ ကျွန်တော်ကလည်း ခရီးစဉ်တစ်ခုရှိတဲ့ အခါကျတော့ ခရီးစဉ်ကပြန်လာတဲ့အခါကျတော့မှ ကျွန်တော်တို့ရဲ့ ထွက်ဆိုချက်တွေ ပြန်လည်မေးမြန်းမယ်ပေါ့ဗျာ အဲ့ဒါပြောပါတယ်ဗျ၊ ချက်ချင်းတော့ တစ်ထိုင်တည်း အမှုမေးမြန်းတာတို့ မလုပ်သေးဘူးခင်ဗျ၊ ပုဒ်မတပ်ဖို့ကို သူလေ့လာမယ်လို့ ပြောတယ်"

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ လယ်ယာမြေနဲ့ လုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ ဦးခင်ရွှေက အလုပ်သမားလုံခြုံရေးအင်အား နှစ်ရာကျော်နဲ့ ဦးနေမျိုးဝေကို ကြိုးတုပ်ချည်နှောင်ပြီး ရိုက်နှက်မယ်လို့ ပြောခဲ့တဲ့အတွက် ခုလို အမှုဖွင့်တိုင်ကြားလိုက်တာပါလို့ ဦးနေမျိုးဝေက ပြောပါတယ်။

ဒါကြောင့် ဇေကမ္ဘာဦးခင်ရွှေကို ဦးနေမျိုးဝေက ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆို လိုက်တာပါ။RFA Burmese

ဒုက္ခသည်တွေ အမေရိကန်မှာ ပြောင်းရွှေ့နေထိုင်ရေး ဆွေးနွေး


ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ နိ့ဘိုးဒုက္ခသည်စခန်းက ဒုက္ခသည်လူဟောင်းတွေအနေနဲ့ အမေရိကန်နိုင်ငံမှာ ပြောင်းရွှေ့အခြေချလိုတယ်ဆိုရင် ၃ လအတွင်း စာရင်းတင်ကြဖို့ အမေရိကန်သံရုံးအရာရှိတွေက မနေ့က မတ်လ ၅ ရက် နို့ဘိုးဒုက္ခသည်စခန်းမှာ ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် အမေရိကန် ကောင်စစ်ဝန်ရုံး တာဝန်ခံ Kenneth Foster နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကိုယ်စားလှယ်တွေဟာ မနေ့က နို့ဘိုးစခန်းမှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့တာပါ။

ဒီအစီအစဉ်အရ ၂၀၀၆ခုနှစ် ကာလတွေအတွင်းက ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့ပြီး UNHCR နဲ့ ထိုင်းအစိုးရက အသိအမှတ်ပြုခံထားရတဲ့ နို့ဖိုးစခန်းရှိ ဒုက္ခသည်များတွေအနေနဲ့ လာရောက်လျှောက်ထားနိုင်တယ်လို့ ပြောဆိုကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူတဦးက ပြောပါတယ်။

ဒီအစီအစဉ်အရဆိုရင် နို့ဘိုးဒုက္ခသည်စခန်းကို ၂၀၀၆ ခုနှစ်နောက်ပိုင်းမှာ ရောက်လာသူတွေနဲ့ စခန်းတွင်းဒုက္ခသည်အဖြစ် ယာယီအသိအမှတ်ပြု ခံထားရသူတွေ မပါတဲ့အတွက် လျှောက်ထားခွင့်ရှိသူဦးရေဟာ ရာဂဏန်းလောက်သာရှိပြီး၊ လျှောက်ထားခွင့်မရှိသူ စခန်းလူဦးရေ ၇၅ ရာခိုင်နှုန်းလောက်ရှိတဲ့အတွက် အများစုဖြစ်ပါတယ်။

ဒါကြောင့်ကျန်ရှိသူများက မြန်မာပြည်ကို မပြန်လိုတာကြောင့် ထိုင်းနိုင်ငံမှာ လုပ်ကိုင်စားသောက်ခွင့်နဲ့ မိမိတို့သားသမီးများ ပညာဆက်လက်သင်ကြားခွင့်ရရေးအတွက် စာရေးသားတင်ပြခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ဒုက္ခသည်များဆိုင်ရာ အမေရိကန် အကြီးအကဲ မစ္စတာဒေးဗစ်ရော်ဘင်ဆန်က မယ်လဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး အမေရိကန်နိုင်ငံမှာ ပြောင်းရွှေ့နေထိုင်ခွင့် ခေါ်ယူမှုအစီအစဉ်ကို လာမယ့် ဇွန်လ ၅ ရက်နေ့ နောက်ပိုင်းမှာ ရပ်နားတော့မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ RFA Burmese

ပြည်ပထွက်ခွာခွင့် D-Form စနစ် ဧပြီတွင် ဖျက်ပြီ

Wednesday, March 6, 2013
၆၄ နှစ်ကျော်ကြာ ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြား ထွက်ခွာခွင့်ပုံစံ (က) (D-Form) ပြုလုပ်ရခြင်းကို ဧပြီလတွင်ပယ်ဖျက်မည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

အစိုးရစရိတ်ဖြင့်ပြည်ပထွက်ခွာသူမှလွဲ၍ မည်သည့် ခရီးသည်မဆို မှတ်ပုံတင်အရာရှိထံ စာဖြင့် ပုံစံ(က)(D-Form) ကိုရယူ၍ ပြည်ပသို့ထွက်ခွာရမည်ဟု ၁၉၄၈ ခု နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြဋ္ဌာန်းခဲ့သည့်နိုင်ငံခြားသားများ မှတ်ပုံတင်နည်းဥပဒေပုဒ်မ ၁၅/၆ ကို ပယ်ဖျက်ခြင်းဖြစ်သည်။ " (D-Form) လုပ်ရတာက ဘဏ်မှာချလံသွားသွင်း ရုံနဲ့တင် မပြီးသေးဘူး။

အင်တာနက်ကလည်း ဖောင်ဖြည့်ရသေးတယ်။ တစ်ခါတလေ ကော်နက်ရှင် မကောင်းရင် တော်တော်ဒုက္ခရောက်တာ။ ခုလို ဖြေလျှော့ပေးလိုက်တော့ အရမ်းကောင်းသွားပြီပေါ့''ဟုပြည်ပခရီးသွားတစ်ဦးက ပြောသည်။

ပြည်ပထွက်ခွာကြမည့်သူများအပေါ် အစိုးရအဖွဲ့၏ ဖြေလျှော့မှုတစ်ခုဖြစ် သည်ဟု ဝန်ကြီးက ဆိုသည် ။

''တိုင်းရင်းသား လုပ်သားပြည်သူတွေ အလုပ်ရှုပ်သက်သာသွား တာပေါ့ဗျာ။ မဟုတ်ရင် ပြည်ပသွားတိုင်း (D-Form) ကိုလုပ်နေရ တယ်။ အခုတော့ဒါတွေလုပ်စရာ မလိုတော့ဘူး။အစိုးရသစ်ရဲ့မူဝါဒ ဖြစ်တဲ့People Centre ကို ဝိုင်း အကောင်အထည် ဖော်သွားကြမှာပါ''ဟု ဝန်ကြီးဌာန တာဝန်ရှိသူက လည်းပြောသည်။

ဧပြီလတွင် (D-Form) စနစ်ပယ်ဖျက်ရာတွင် မြန်မာပြည်ရောက်နိုင်ငံခြားသား များပါ ပြည်ပသို့ ပြန်လည်ထွက်ခွာပါက (D-Form) ရယူစရာလိုတော့မည် မဟုတ်ဟု သိရသည်။

ယခင်ကရောက်ရှိသည့် ကာလတစ်လအတွင်းမှလွဲလျှင် တစ်လကျော်ပါက (D-Form) ကို ရယူပြီးမှသာ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့ သည်။

ပုံစံ(က) (D-Form) ပြုလုပ်ရာ တွင် အစိုးရဘဏ်သို့ ငွေကျပ် ၂ဝဝ သာထွက်ခွာသူက ပေးသွင်းရသော်လည်း ပြင်ပတွင် အွန်လိုင်း ဝန်ဆောင်မှုကြောင့် ဆောင်ရွက်ပေးသူကို ငွေကျပ် ၁ဝဝဝ၊ ၁၅ဝဝ အထိ ပြည်ပထွက်ခွာမည့်သူက ပေးဆောင်ခဲ့ရသည်။

နိုင်ငံခြားသားများ မှတ်ပုံတင် နည်းဥပဒေပုဒ်မ ၁၅/၆မှာ ၁၉၄၉ ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင် အသက်ဝင်ခဲ့ပြီးပြည်ပသို့ ပုံစံ(က) (D-Form)ရယူ၍ထွက်ခွာသည့် စနစ်ကို ၁၉၅၈ခုနှစ်ဇန်နဝါရီ ၁ ရက် နေ့တွင် စတင်ကျင့်သုံးခဲ့သည်။
PN-051
Popular Myanmar News Journal



ပြည်သူ့ရင်ပြင်ကစားကွင်းအတွင်း အမျိုးသားတစ်ဦးအား မူးယစ်လူငယ် တစ်စု အကြောင်းမဲ့ရန်စခံရ

အများပြည်သူ အပန်းဖြေအနားယူသည့်ပြည်သူ့ရင်ပြင် Happy Zone အပန်းဖြေကစားကွင်းတွင် လူငယ်တစ်စုက အသက် ၃ဝ ကျော်အရွယ် အမျိုးသားတစ်ဦး အား မူးယစ်ရမ်းကား ရန်စတိုက်ခိုက်မှုတစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၃ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က စမ်းချောင်း မြို့နယ်နေ ကိုစိုင်းဇာဟန်သည် ၈ လ အရွယ် သမီးငယ်နှင့်အတူ ရှင်စောပုလမ်း ပေါ်ရှိ Happy Zone ကလေးကစားကွင်း ရှိအပျော်စီးလှေ ဆိပ်ကလေးများ ကစား သည့်နေရာ၌ ရပ်ကြည့်နေကြောင်း၊ ထို အချိန်တွင် အသက် ၂ဝ ဝန်းကျင်ခန့် ဆံပင်ရှည်နှင့် လူငယ်တစ်ဦးသည်သူ၏ သူငယ်ချင်းများအား နောက်ပြောင်၍ ရေထဲသို့တွန်းချနေကြောင်း၊ ယင်း အချိန်၌အနီးရှိ အမျိုးသမီးကြီးတစ်ဦးက ကိုစိုင်းဇာဟန်အား ကလေးကိုမထိခိုက် မိစေရန် အခြားနေရာသွားရန်ပြော ကြောင်း၊ ထိုသို့ပြောပြီး မကြာမီ အထက်ပါ ဆံပင်ရှည်လူငယ်က ကိုစိုင်း ဇာဟန်အနီးရှိ သမီးရည်းစားစုံတွဲအား ရေထဲသို့တွန်းချကြောင်း ကာယကံရှင် ကိုစိုင်းဇာဟန်က ပြောသည်။

''သမီးရည်းစား စုံတွဲကို တွန်းချ လိုက်တော့ ကျွန်တော်တို့ သားအဖကို ထိသွားတယ်။ ဒါနဲ့ ကျွန်တော်က ညီလေး ဖြည်းဖြည်းဆော့ပါလို့ပြောလိုက် တယ်။ အဲဒီလူငယ်က ထိတော့ဘာဖြစ်လဲ ဆိုပြီး ပြန်ဆဲတယ်။ ဒါနဲ့ ကျွန်တော်ဘာမှ မပြောတော့ဘဲ လှည့်ထွက်လာတာကို ဆံပင်ရှည်ကောင်ေ လးနဲ့ အပေါင်းပါ ၈ ဦးလောက် နောက်ကလိုက်ပြီး ရန်စ တယ်။ ကျွန်တော့်သမီးကို အတင်းဆွဲ တယ်။ ကျွန်တော့် ပါးနဲ့ကုပ်ကို ရိုက် တယ်။ ဒါနဲ့ ကျွန်တော်မတတ်နိုင်လို့ Happy World ဇုန်ပေါက်က ဂိတ် အစောင့် ကိုပြောတော့ သူလည်း ဘာမှ မတတ်နိုင်ဘူးလို့ ပြန်ပြောတယ်။ ဒါနဲ့ ကျွန်တော်က ကလေးလည်းပါတော့ အနီးမှာရှိတဲ့ စမ်းချောင်း ရဲစခန်းကို တိုင်ဖို့သွားတာ ကျွန်တော့်ကိုနောက်က ခုံနဲ့ လိုက်ရိုက်တာပဲ''ဟု လက်ရှိ၌ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံ ကြောဌာနတွင် တက်ရောက်ဆေးဝါး ကုသမှု ခံယူနေသူ ကိုစိုင်းဇာဟန်က ပြောသည်။

အဆိုပါလူငယ်တစ်စုသည် ပြည်သူ့ရင်ပြင်အနီးရှိ အမှတ် ၂၄ စမ်းချောင်း ရဲစခန်းသို့ သွားရောက် တိုင်တန်းသူ ကိုစိုင်းဇာဟန်အား ပလက်ဖောင်းေ ပ်ါရှိ ဈေးဆိုင်တစ် ဆိုင်မှ သစ်သားခုံများဖြင့် ရိုက် ကြောင်း၊ ကိုစိုင်းဇာဟန် မှာလည်း ကလေးအားရဲစခန်းအတွင်းရှိ အ သက် ၁၂ အရွယ်ခန့် မိန်းကလေး ငယ်တစ်ဦးဆီသို့ သမီးငယ်အား ပေး၍ ပြန်လည်ခုခံ ရန် ပြင်ဆင်ခဲ့ ကြောင်း၊ သို့သော် ယင်းလူငယ်တစ် စုက ထမ်းပိုး၊ သတ္တုသံပုံး၊ ကော်ခုံ၊ သစ်သားခုံများဖြင့် ဝိုင်းဝန်းရိုက် နှက်ကြောင်း၊ ယင်းနောက် ရဲစခန်း မှလာရောက်ဖြန်ဖြေခေါ်ယူကြောင်း ကာယကံရှင် ကိုစိုင်းဇာဟန်ကဆက် လက်ပြောသည်။

''အဲဒီနေ့က ဖြစ်ပြီးတော့ သားကို ရန်ကုန်ဆေးရုံကြီးအရေး ပေါ် ကို ခေါ်လာတယ်။ သူတို့ကို တော့ စခန်းက ဖမ်းခေါ်ထား တယ်။ အခု အာမခံနဲ့ပြန်လွှတ်ပေး လိုက်ပြီလို့ စခန်းကပြောတယ်''ဟု ကိုစိုင်းဇာဟန်၏ ဖခင်ဦးမြင့်ဟန်က ပြောသည်။

ရဲစခန်းဝင်းအတွင်းထိ ဝင် ရောက်ရိုက်နှက်သူ လူငယ်တစ်စု ထဲမှ ဖမ်းထားေ သာ ၆ ဦးအား မတ်လ ၄ ရက်နေ့တွင် အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ေ ကြာင်း၊ အ ရိုက်ခံရသူ ကိုစိုင်းဇာဟန်မှာ မတ် လ ၅ ရက်နေ့အထိ ရန်ကုန်ဆေးရုံ ကြီးတွင် ဆေးဝါးကုသမှုခံယူနေပြီး ဦးခေါင်းမှဒဏ်ရာကို သုံးချက်ချုပ် လိုက်ရကြောင်း သိရသည်။

''အမှုက အာမခံပေးလို့ရတဲ့ အမှုမို့ ပေးလိုက်တာပါ။ တရား ဥပဒေအရ အာမခံပေးလို့မရရင် မပေးပါဘူး။ သူတို့ဘက်က ယုံ လောက်တဲ့သူတွေနဲ့ အာမခံတောင်း လို့ပေးလိုက်တာပါ။ ဘယ်လိုလူမျိုး မဆို ပေးပါတယ်။ ဒဏ်ရာအခြေ အနေပေါ်မူတည်ပြီး နာကျင်စေမှု နဲ့အမှုဖွင့်တာပါ။ ဟိုဘက်ကလည်း အာမခံလျှောက်လို့ ပေးတာပါ''ဟု စမ်းချောင်းအမှတ် ၂၄ ရဲစခန်းသို့ မတ်လ ၅ ရက်မွန်းလွဲပိုင်းက ဆက် သွယ်မေးမြန်းရာ တာဝန်ကျရဲတစ် ဦးက ပြန်လည်ဖြေကြားသည်။

လူတစ်ဦးကို အပြင်းအထန် ထိခိုက်နာကျင်စေမှုပြုခဲ့သည့် လူ တစ်စုအား ရဲစခန်းမှ အာမခံဖြင့် ပြန်လွှတ်ပေးခြင်းအပေါ် နစ် နာသူကာယကံ ရှင်ဘက်မှ ကျေနပ် မှုမရှိကြောင်း ပြောသည်။ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်အ တွင်း ရန်ကုန်မြို့တွင် ညဘက်၌ လူ ငယ်အစုအဖွဲ့များ အုပ်စုဖွဲ့ရမ်း ကားခြင်း၊ နိုင့်ထက်စီးနင်းပြုခြင်း များ များစွာပြုလုပ်ခဲ့ပြီး အချို့ကို ဖမ်းဆီးအရေးယူမှု ပြုလုပ်ခဲ့သော် လည်းအချို့မှာ ယနေ့အထိဖမ်းဆီး ရမိ ခြင်းမရှိသေးပေ။Popular Myanmar News Journal



"ဒီချုပ်ပါတီဝင်လေးဦးအား ညီလာခံကိုယ်စားလှယ်တာဝန်မှ ရပ်စဲ

နေပြည်တော်၊ မတ် ၅
ပါတီတွင်း ညီညွတ်ရေးပြိုကွဲစေသောလှုပ်ရှားမှုများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် ၄ ဦးအား ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲလိုက်ကြောင်း ဒီချုပ်မှသတင်းထုတ်ပြန်လိုက်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲစေသောအပြုအမူ၊ အပြောအဆိုနှင့် လှုပ်ရှားမှုများပြုလုပ်သည်ဟု ခိုင်လုံသောသတင်း ရရှိထားသဖြင့် ယခုလ ၈ ရက်၊ ၉ ရက်နှင့် ၁ဝရက်နေ့တွင်ကျင်းပမည့်နိုင်ငံ လုံးဆိုင်ရာညီလာခံ၏ ကိုယ်စား လှယ်အဖြစ်မှ ရပ်စဲလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

''လက်ရှိ ညီလာခံကိုယ်စားလှယ်အဖြစ်က ရပ်စဲလိုက်တာပါ၊ လွတ်လွတ်လပ်လပ် စည်းရုံးခွင့်ပေးထားပါတယ်။ ဒါပေမဲ့ အုပ်စုဖွဲ့ပြီးလုပ်တဲ့ ကိစ္စတချို့ကြောင့်လည်းပါတယ်။ အမေ (ဒေါ်အောင်ဆန်းစုကြည်)ကလည်း မနေ့က ပြောပါသေးတယ်'' ဟု ဒီချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

ညီလာခံကိုယ်စားလှယ်အဖြစ် မှ ရပ်စဲခံရသူများမှာ ဦးခင်မောင်ဝင်း၊ ဥက္ကဋ္ဌ(ဗဟိုညီလာခံကိုယ်စားလှယ်) အလုပ်အမှုဆောင်အဖွဲ့၊ လမ်းမတော်မြို့နယ်၊ ဦးသန့်ဇင် (ဗဟိုညီလာခံကိုယ်စားလှယ်) ရွှေပြည်သာမြို့နယ်၊ ဦးခင်မောင်ရှိန်၊ ဥက္ကဋ္ဌ(ဗဟိုညီလာခံကိုယ်စားလှယ်)မြောက်ပိုင်းခရိုင်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဒေါ်မိမိကြီး (ဗဟိုညီလာခံကိုယ်စားလှယ်) ကောလင်း မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ဖြစ်ကြောင်း သိရသည်။လက်ရှိကျင်းပမည့် ညီလာခံ၏ CEC ရွေးချယ်ရာတွင် ဥက္ကဋ္ဌနေရာအား လက်ရှိတာဝန်ယူထားသော ဒေါ်အောင်ဆန်းစုကြည်ကိုသာ အများစုမှလက်ခံ မျှော်လင့်ထားကြောင်း သိရသည်။Popular Myanmar News Journal

ကျောက်မျက်ကျောက်စိမ်းထွက်ကုန်များကို အမေရိကန်အစိုးရ ပိတ်ဆို့မှုနှင့်ပတ်သက်၍ လွှတ်တော်တွင်ဆွေးနွေးမည်

ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်တွင် မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် ၁၂ ဦးလှဆွေ တင်သွင်းသော အမေရိကန်ပြည်ထောင်စုမှ စီးပွားရေးပိတ်ဆို့မှုများအား ဖြေလျော့ပေးခဲ့ရာတွင် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ထွက်ကုန်များမပါရှိဘဲ ချန်လှပ်ခဲ့ခြင်းကို လုံးဝဖြေလျှော့ပေးရေး အတွက် အမေရိကန်အစိုးရသို့ တောင်းဆိုပေးသွားပါရန် ပြည်ထောင်စုအစိုးရသို့တိုက်တွန်းကြောင်းအဆို ကိုလွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးက၀င်ရောက်ဆွေးနွေးမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်းရှင်းလင်းပြီးပါက အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူမည်ဖြစ်ကြောင်း သိရသည်။Messenger News Journal

နှစ်ကျပ်ခွဲရွာဒီချုပ်ရုံး ဖျက်ဆီးသွားသူများကို တရားစွဲဆိုသွားမည်ဟု သိရ

6 Mar, 2013
ကျောက်ပန်းတောင်းမြို့နယ်နှစ်ကျပ်ခွဲကျေးရွာမီးလင်းရေးကိစ္စ ရဲနှင့်ကျေးရွာသား ပဋိပက္ခကြောင့် နှစ်ကျပ်ခွဲကျေးရွာမှ ဒီချုပ်ရုံး ပျက်စီးမှုနှင့်ပတ်သက်၍  စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်မှတိုင်ကြားထားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ နှစ်ကျပ်ခွဲကျေးရွာမီးလင်းရေးအတွက် ဖေဖော်ဝါရီလ (၂၄)ရက် နေက ရဲနှင့်ကျေးရွာနေပြည်သူများ ပဋိပက္ခကြောင့်  ကျေးရွာတွင်ဖွင့်လှစ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒီချုပ်) ရုံး ပျက်စီးသွားခြင်းဖြစ်သည်။

“သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊မြို့နယ်ရဲမှူးရယ်ကိုစုံစမ်းဖော်ထုတ် အရေးယူပေးဖို့ စာတင်ထားပါတယ်။ မီးလင်းရေးကိစ္စဆောင်ရွက်တဲ့အခါမှာ ရုန်ရင်းဆန်ခတ်တွေဖြစ်တယ်။ခဲတွေနဲ့ထုတယ်၊ ရဲတွေက၀င်ရိုက်တယ်လည်းပြော တယ်။နောက်ဆုံးတော့ NLDရုံးပျက်သွားတယ်။ NLDက ဘယ်ဘက်ကမှမပါပဲနဲ့ဘာကြောင့်NLDရုံး ပျက်သွားတာလည်း။ ဒါတွေကို စုံစမ်းဖော်ထုတ် အရေးယူပေးပါ။”ဟုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်   ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

၎င်းအနေဖြင့် မတ်လ(၄)ရက်နေ့က ဖော်ထုတ်အရေးယူပေးရန် စာတင်ထားခြင်းဖြစ်ပြီး တရားဝင်ပါတီ၏ရပ်တည်မှုလုံခြုံမှုမှာ အုပ်ချုပ်မှုရေးအဖွဲ့အစည်းများတာဝန်ရှိသည့် အတွက် ယခုဖျက်စီးမှုအပေါ် စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ စာတင်ခဲ့ခြင်းဖြစ်သည်။

“ရုံးကို ဖျက်လိုက်တာကိုမြင်တဲ့သူတွေ ရှိတယ်။ သက်ဆိုင်ရာဖျက်ဆီးသွားတယ်လို့ လည်းပြောတဲ့သူတွေလည်း ရှိတယ် ။ဒါဆိုရင်ကျွန်တော်တို့က တရားဝင် ပါတီဖြစ်တယ်။ကော်မရှင်ကို တင်ထားတာ။ လွှတ်တော်ထဲရောက်နေတဲ့ ပါတီ လည်းဖြစ်တယ် ။ တရားဝင်ပါတီတစ်ခုရဲ့ ရပ်တည်မှု၊လုံခြုံမှုကိုသက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက အကာအကွယ်ပေးရမယ်။ ဒါကြီးဖျက်သွားတာ တာဝန်ရှိတယ်။ ဒါကိုဖော်ထုတ် စစ်ဆေးအရေးယူပေးဖို့ပြောတာပါ ။ အလံတွေဖြုတ်ချတယ် ဆိုတာကစော်ကားတာပါ။”ဟုပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာဇော်မြင့်မောင် ကပြောသည်။

ကျေးရွာမီးလင်းရေးကိစ္စဆောင်ရွက်ရာတွင် ညှိနှိုင်းဆောင်ရွက်ပါကယခုလို ပဋိပက္ခမဖြစ်ပွားပဲ ယခုလိုပြုလုပ်ခြင်းမှာ ဥပဒေဘောင်အပြင်ဘက်မှပြုလုပ် သွားခြင်းဖြစ်ပြီးNLD ရုံးအားဖျက်ဆီးသွားသူများကို တရားစွဲဆို သွားမည်ဟု ၄င်းကဆက်ပြောသည်။

“ ဘုန်းကြီးဦးကောသလ္လက လျှပ်စစ်ဥပဒေကို ချိုးဖောက်ရင် လျှပ်စစ်ဥပဒေအတိုင်း အရေးယူပေါ့။ ဒီဘက်ကလွန်တယ်ဆိုရင် တရားစွဲပေါ့ဗျာ။ ညှိပြီးလုပ်ရမဲ့အလုပ် တစ်ခုမှာ ကျွန်တော့်အမြင်ကတော့ ဥပဒေဘောင် အပြင်ဘက်ကနေ လုပ်သွားတာ။ ညှိပြီးလုပ်မယ်ဆို ဘာမှဖြစ်စရာအကြောင်းမရှိဘူး။ တရားလည်း စွဲအုံးမှာပါ။

အချက် အလက်ရပြီဆိုရင် ကျွန်တော်တို့ ဘယ်သူ့ကိုဖြစ်ဖြစ်တရားစွဲမယ်။အဲ့လို ဖျက်ဆီးတာက သတ်သတ်မဲ့ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့တည်ရှိမှုကိုစော်ကားတာပဲ။”ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

ကျေးရွာမီးလင်းရေးကိစ္စပဋိပက္ခဖြစ်ပွားမှုကြောင့်ရွာသား(၄)ဦးဒဏ်ရာရရှိခဲ့ပြီးကျေးရွာ NLDရုံးအဖျက်ဆီးခံရကာ ရွာသား(၅)ဦးနှင့်နှစ်ကျပ်ခွဲကျေးရွာထီးတော် လှုပ်ဘုန်းကြီးကျောင်းမှကျောင်းထိုင်ဆရာတော် ဦးကောသလ္လတို့မှာဖမ်းဆီးထိန်းသိမ်းခံထားရကြောင်းကိုလည်း သိရသည်။

ပဋိပက္ခကြောင့်ဒဏ်ရာရရှိသူ(၄)ဦးတွင်(၃)ဦးမှာဆေးရုံမှဆင်းခွင့်ရရှိပြီဖြစ်ပြီး ဆေးရုံမှပြန်ဆင်းလာသည့်အခါတွင် ဖမ်းဆီးရန် အတွက်ရဲများမှစောင့်နေကြပြီး ယခုအခါတွင်၎င်းတို့(၃)ဦး အဖမ်းဆီးမခံရရေးအတွက်ညှိနှိုင်းဆောင်ရွက်နေမှု များပြုလုပ်လျက်ရှိကြောင်းဒေသခံများထံက သိရသည်။
ထက်အောင်ခန့် (မြစ်မခ)

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ သမ္မတထံတင်ပြရန် အဆင်သင့်ဖြစ်နေ

Wednesday, March 6, 2013
လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ အစီရင်ခံစာကိုနိုင်ငံတော်သမ္မတထံ တင်ပြရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

အစီရင်ခံစာအား အပြီးသတ်ပြီး ဖြစ်သော်လည်း နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တင်ပြရမည်ဖြစ်၍ သမ္မတ၏ ပြည်ပခရီးစဉ်မှ ပြန်လည်ရောက်ရှိပါက တင်ပြသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများကိုပါ တစ်ပါတည်း အသိပေးတင်ပြသွားမည်ဟုလည်း ၎င်းက ပြောသည်။

"ကျွန်မတို့ဥက္ကဋ္ဌကြီး ပြောတာကတော့ ဒါတွေရဲ့အပေါ်မှာ အားရတယ်။ကျေနပ်တယ်လို့။ ဟိုတစ်နေ့က ညစာစားပွဲမှာလည်း ပြောပါတယ်။ ပါဝင်တဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်၊ အခုလိုချောချောမောမော ပြီးမြောက်သွားတဲ့အတွက် ၀မ်းသာတယ်လို့ ပြောနေတဲ့ စကားအရပေါ့။ ပြီးနေပါပြီ။ အားလုံး ကျေနပ်လောက်တဲ့အဖြေ ပါမယ်လို့တော့ ကျွန်မတို့လည်း မျှော်လင့်ရတာပေါ့" ဟု ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ယင်းအစီရင်ခံစာသည် အမှားအမှန်၊ စီမံကိန်းရပ်စဲရေး ဆက်လက်လုပ်ဆောင်ရေးကို ပြောကြားထားသည်မဟုတ်ဘဲ တွေ့ရှိချက်ကိုသာ အစီရင်ခံစာ တင်ပြထားခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများက ဆုံးဖြတ်ရမည်ဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်က ဆက်လက်ပြောကြားသည်။

လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းရာတွင် နိုင်ငံတကာမှ ကန့်သတ်ထားသော ဖော့စ်စဖားရပ်စ်ပါဝင်သည့် စစ်ဘက်သုံး မီးလောင်ဗုံးများဖြင့် နှိမ်နင်းခဲ့ကြောင်း အမေရိကန်အခြေစိုက်Justice Trust အဖွဲ့က ပြောကြားထားသည်။

သို့ရာတွင် ယင်းကဲ့သို့ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ အဆိုပါအဖွဲ့များမှာ အစိုးရက တာဝန်ပေးထားသော အဖွဲ့အစည်းများ မဟုတ်ကြောင်း၊ကော်မရှင်၏ အစီရင်ခံစာကိုသာ စောင့်ပါရန် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးဒီဇင်ဘာ ၃ ရက်တွင် ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်း တည်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ယာမြေဧက ၇၀၀၀ ကျော်အား သိမ်းယူခဲ့မှုနှင့် ပတ်သက်၍ ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ရာတွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက် နံနက် ၃ နာရီအချိန်၌ သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းခဲ့သည်။
Eleven Media Group


ဧရာဝတီလင်းပိုင် တစ်နှစ်အတွင်း ကောင်ရေ ၂၀ ခန့် လျော့နည်းသွားဟုဆို

ရန်ကုန်၊ဖေဖော်ဝါရီ-၂၈
ရှားပါးမျိုးစိတ်ဝင် ဧရာဝတီလင်းပိုင်များမှာ တစ်နှစ်အတွင်း ကောင်ရေ ၂၀ ခန့် လျော့သွားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရရှိသည်။

ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ ပူးပေါင်း၍ မန္တလေးမြို့နှင့် ဗန်းမော်မြို့အကြား ဧရာဝတီလင်းပိုင်စာရင်းကို နှစ်စဉ်ကောက်ယူခဲ့ပြီး ယခင်နှစ်က ကောင်ရေ ၇၀ ၀န်းကျင်ခန့် ရှိခဲ့ရာမှ ယခုနှစ်တွင် ကောင်ရေ ၅၀ ခန့်သာ ရှိတော့ကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာအဖြစ် ကြေညာသတ်မှတ်ထားသော မန္တလေးမြို့နှင့် ကျောက်မြောင်းမြို့ကြား ဧရာဝတီမြစ်တစ်လျှောက်တွင် ယခင်နှစ် စာရင်းများအရ ဧရာဝတီလင်းပိုင် ၂၂ ကောင် တွေ့ရှိခဲ့သော်လည်း ယခုနှစ်တွင် ၁၉ ကောင်သာ တွေ့ရှိခဲ့ရသည်။ သပိတ်ကျင်းနှင့် ရွှေကူမြို့ကြားတွင် ယခင်နှစ်က ၃၇ ကောင် တွေ့ရှိခဲ့သော်လည်း ယခုနှစ်တွင်၂၇ ကောင်သာ တွေ့ရှိခဲ့ကြောင်းသိရသည်။

ဒုတိယမြစ်ကျဉ်း အထက်ဗန်းမော်မြို့ ၀န်းကျင်တွင်လည်း ယခင်နှစ်က ရှစ်ကောင်ရှိခဲ့ရာမှ ယခုနှစ်တွင် ငါးကောင်သာ တွေ့ရှိရပြီး ထိုဒေသတွင် နယ်မြေအေးချမ်းမှုမရှိသေး၍ ဧရာဝတီမြစ်မှ ခွဲထွက်သွားသော မြစ်လက်တက်များအတွင်းသို့ သွားရောက်၍ စာရင်းကောက်ယူနိုင်ခြင်း မရှိကြောင်း သိရသည်။

“အကောင် ၂၀ ၀န်းကျင်ကတော့ လျော့သွားပါပြီ။ ဘာကြောင့်ဆိုတာ အတိအကျ သိနိုင်ဖို့အတွက် နောက်တစ်ကြိမ် ကွင်းဆင်းစစ်ဆေးနိုင်ဖို့ လိုအပ်ပါတယ်” ဟု လင်းပိုင်ထိန်းသိမ်းရေး တာဝန်ခံဦးဟန်ဝင်းက ဆိုသည်။

ဧရာဝတီမြစ်အတွင်းတွင် ဘက်ထရီအိုးဖြင့် ရှော့တိုက်ငါးဖမ်းခြင်းလုပ်ငန်းမှာ လွန်စွာကျယ်ပြန့်နေပြီး ယင်းသို့ ရှော့တိုက်ငါးဖမ်းခြင်းသည် ဧရာဝတီလင်းပိုင်များအတွက် အလွန်အန္တရာယ်များကြောင်း၊ ရှော့တိုက်ငါးဖမ်းရာတွင် ဗို့အားပြင်းသော ဘက်ထရီအိုးကြီးများကို အသုံးပြု၍ ရှော့တိုက်ခြင်းကြောင့် လူခန္ဓာကိုယ်အရွယ်အစားထက်ကြီးသော ငါးကြီးများပင် ခံနိုင်ရည်မရှိကြောင်း သိရသည်။

“ဟိုတုန်းက သက်ဆိုင်ရာက မသိအောင် ညဘက်မှာခိုးပြီး ရှော့တိုက်တာ။ အခုက နေ့ရော၊ ညရော ရှော့တိုက်ပြီး ငါးဖမ်းနေတာတွေ့နေရတယ်” ဟု သပိတ်ကျင်းမြို့နယ်မှ ခရီးသည်တင် ရေယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ထားသော ရေချိုငါးလုပ်ငန်းဥပဒေသစ်အရ တားမြစ်ထားသော ငါးဖမ်းကိရိယာ အသုံးပြု၍ ငါးဖမ်းသော ရေလုပ်သားများကို စစ်ကိုင်းခရိုင် အပါအ၀င် မြို့နယ်အချို့တွင် ဖမ်းဆီးအရေးယူထားရကြောင်း၊ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ်သုံးသိန်း ချမှတ်အရေးယူကြောင်း ငါးလုပ်ငန်းသင်တန်းကျောင်း ဦးစီးအရာရှိ ဦးစိုးမြင့်သိန်းက ပြောသည်။

မန္တလေးနှင့် ဗန်းမော်မြို့ကြားတွင် နေထိုင်ကျက်စားသော ဧရာဝတီလင်းပိုင်များမှာ ဒေသခံရေလုပ်သားများနှင့် ပူးပေါင်း၍ ငါးဖမ်းသော အလေ့အထရှိပြီး ယင်းအလေ့အထမှာ ကမ္ဘာပေါ်တွင် မြန်မာတစ်နိုင်ငံတည်းတွင်သာ တွေ့မြင်နိုင်သောကြောင့် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်တစား လာရောက်လေ့လာကြသည်။

ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ပြီး လူသားတို့နှင့်ရင်းနှီးကျွမ်းဝင်စွာ နေထိုင်လေ့ရှိ ပြီး ရှားပါးမျိုးစိတ်စာရင်းဝင် ဧရာဝတီလင်းပိုင်များအား ဂရုပြု ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဒေါ်ဒေ၀ီသန့်စင်က အကြံပြုပြောကြားသည်။7Day News Journal

မြန်မာ့အင်တာနက် အခြေခံအဆောက်အအုံ တိုးတက်ရေး အကူအညီပေးရန် အမေရိကန်နည်းပညာကုမ္ပဏီကြီးများ လာရောက်

Wednesday, March 6, 2013
အမေရိကန်နည်းပညာကုမ္ပဏီကြီးများဖြစ်သော Microsoft ၊ Google ၊ HP နှင့် Cisco တို့မှ ကိုယ်စားလှယ်များသည် အမေရိကန်အစိုးရ USAID အေဂျင်စီ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၏ အင်တာနက် အခြေခံအဆောက်အအုံ တိုးတက်စေရေး အကူအညီပေးနိုင်ရန် တစ်ပတ်ကြာခရီး လာရောက်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နိုင်ငံတကာထောက်ပံ့ရေးအေဂျင်စီ USAID ၏ အဆိုအရ အထက်ပါကုမ္ပဏီကြီးများ၏ ခရီးစဉ်မှာ မြန်မာနိုင်ငံ၌ ဈေးနှုန်းသက်သာသော အင်တာနက်ချိတ်ဆက်မှု ဖန်တီးရေး၊ ပြည်တွင်း၌ အိုင်တီနည်းပညာ ကျွမ်းကျင်မှုမြင့်မားစေရေး၊ ပွင့်လင်းမြင်သာပြီး ထိရောက်အကျိုးရှိသောအစိုးရ အားကောင်းစေရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေသွားရေးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ အရပ်သားတစ်ပိုင်း အစိုးရသစ် တက်လာပြီးနောက် ပြုပြင်ပြောင်းလဲရေးများ ဆက်တိုက်လုပ်ဆောင်လာကာ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ပေးခြင်းကြောင့် ပြည်ပကုမ္ပဏီများ ၀င်ရောက်မှု တိုးတက်လာခဲ့သည်။

ယခု ကန်နည်းပညာကုမ္ပဏီကြီးများ၏ ခရီးနှင့်ပတ်သက်၍ USAID ၏Chief Innovation Officer မော်ရာအိုနီးလ်က "ကမ္ဘာ့အဆင့်ရှိတဲ့ အမေရိကန်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ဦးစားပေးဆောင်ရွက်မှုတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ ရှာခဲ့ကြတာကို အစိုးရပိုင်းကရော အဆင့်မြင့် ပညာရေးပိုင်းက ခေါင်းဆောင်တွေကပါ တန်ဖိုးထားမယ်လို့ ယုံကြည်ပါတယ်"ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
7Day News Journal

ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ကြရာမှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ဖြစ်ပွားနေ(ရုပ်/သံ)

မြန်မာနိုင်ငံတဝှမ်း ကျေးရွာနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ကြရာမှာ အများကတင်မြှောက်သူတွေကိုပယ်ချပြီး မြို့နယ်အာဏာပိုင်တွေက သူတို့ရဲ့လူတွေကို အစားထိုးတင်မြှောက်တဲ့အတွက် နေရာအတော်များများမှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။

RFA Burmese

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်စေဖို့ HRW အဖွဲ့ တိုက်တွန်း

မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ လူ့အခွင့်အရေး မူဝါဒတွေ ပြုပြင်ပြောင်းလဲရေးအတွက် သမ္မတ ဦးသိန်းစိန်ရဲ့ EU ဥရောပသမဂ္ဂ ချစ်ကြည်ရေး ခရီးစဉ်အတွင်း EU ခေါင်းဆောင်တွေအနေနဲ့ ဖိအားပေး တိုက်တွန်းသင့်တယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က မတ်လ ၅ ရက်နေ့ ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ EU အဖွဲ့ ရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဒီကနေ့ EU ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီအထဲမှာ EU ပါလီမန် ဥက္ကဋ္ဌ Martin Shulz၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ Jose Manual Barroso၊ ဥရောပကောင်စီ ဥက္ကဋ္ဌ Herman Van Rompuy နဲ့ EU နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton တို့လည်း ပါဝင်ပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ ကတိပေးထားတဲ့အတိုင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအဖွဲ့ခွဲ မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်ခွင့်ပေးဖို့နဲ့ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ကာကွယ်မြင့်တင့်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခွင့်ပေးဖို့၊ နိုင်ငံတကာ လူသားချင်းစာနာမှု အကူညီပေးရေးအဖွဲ့တွေကို လိုအပ်တဲ့ဒေသတွေကို အကန့်အသတ် အပိတ်အပင်မရှိ သွားရောက်ပေးပို့ခွင့် ပေးရေးတွေကို တိုက်တွန်းပြောကြားသင့်တယ်လို့လည်း EU ခေါင်းဆောင်တွေကို တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ လုပ်ငန်းစဉ်အစပိုင်းသာဖြစ်ပြီး ပြီးမြောက်သွားတဲ့အလား သဘောမထားသင့်ဘူးလို့လည်း HRW အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။RFA Burmese

စစ်ဆေးခံရသူ ဆက်သွယ်ရေး ဝန်ထမ်းတစ်ချို့ မူလနေရာတွေမှာ တာဝန်ထမ်းဆောင်နေ

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာ ဝန်ကြီးဌာနအတွင်းက အကျင့်ပျက်လာဘ်စားမှုတွေနဲ့ ပက်သက်ပြီး နေပြည်တော်မှာ ခေါ်ယူစစ်ဆေးခံနေရတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အကြီးတန်း အရာရှိ ၈ ဦးထဲက ၇ ဦးကို အခု မတ်လဆန်းက ပြန်လွှတ်ပေးလိုက်ပြီး၊ မှုလရာထူးတွေမှာ ပြန်လည်ခန့်ထားလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လွတ်လာတဲ့ ဆက်သွယ်ရေး အရာရှိတွေထဲမှာ ဦးမြင့်ဦး၊ ဦးစိုးအောင်၊ ဦးစိုးမိုးနိုင်၊ ဦးခင်မောင်တင်၊ ဦးဝင်းနိုင်၊ ဦးမျိုးညွန့်အောင်၊ ဦးဌေးဝင်းတို့ ပါဝင်ပြီး၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ ဦးသိန်းဦးကိုတော့ ပြည်ထဲရေးဝန်ကြီးဌာနမှာ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်တယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအတွင်းက အကျင့်ပျက်လာဘ်စားမှုတွေကို ရန်ကုန် အခြေစိုက် မှုခင်းတပ်ဖွဲ့ CID က ဦးဆောင် စစ်ဆေးနေတာ ဖြစ်တယ်လို့ နေပြည်တော် ဘုရားကုန်းရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အကျင့်ပျက်လာဘ်စားမှု တစ်ချို့ကြောင့် ရာထူးက တစ်နှစ် အနားပေးခံရတဲ့ အော်တို အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မှုလရာထူးနဲ့ ပြန်လည်ခန့်ထားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ဒီအကျင့်ပျက်လာဘ်စားမှုနဲ့ ဆက်စပ်ပြီး တရုတ် ဆက်သွယ်ရေး ကုမ္မဏီ ZTE၊ Huawei ကုမ္မဏီတို့နဲ့ အကျိုးတူ လုပ်ကိုင်နေတဲ့ Elite၊ Asia Mega Link၊ တာမိုးညဲစတဲ့ ကုမ္မဏီ ၁၃ ခုက တာဝန်ရှိသူတစ်ချို့ပါ ပြီးခဲ့တဲ့ လတွေက ခေါ်ယူစစ်ဆေးခံခဲ့ရပါတယ်။
စစ်ဆေးခံရသူ ဆက်သွယ်ရေး ဝန်ထမ်းတစ်ချို့ မူလနေရာတွေမှာ တာဝန်ထမ်းဆောင်နေ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာ ဝန်ကြီးဌာနအတွင်းက အကျင့်ပျက်လာဘ်စားမှုတွေနဲ့ ပက်သက်ပြီး နေပြည်တော်မှာ ခေါ်ယူစစ်ဆေးခံနေရတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အကြီးတန်း အရာရှိ ၈ ဦးထဲက ၇ ဦးကို အခု မတ်လဆန်းက ပြန်လွှတ်ပေးလိုက်ပြီး၊ မှုလရာထူးတွေမှာ ပြန်လည်ခန့်ထားလိုက်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လွတ်လာတဲ့ ဆက်သွယ်ရေး အရာရှိတွေထဲမှာ ဦးမြင့်ဦး၊ ဦးစိုးအောင်၊ ဦးစိုးမိုးနိုင်၊ ဦးခင်မောင်တင်၊ ဦးဝင်းနိုင်၊ ဦးမျိုးညွန့်အောင်၊ ဦးဌေးဝင်းတို့ ပါဝင်ပြီး၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ ဦးသိန်းဦးကိုတော့ ပြည်ထဲရေးဝန်ကြီးဌာနမှာ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်တယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအတွင်းက အကျင့်ပျက်လာဘ်စားမှုတွေကို ရန်ကုန် အခြေစိုက် မှုခင်းတပ်ဖွဲ့ CID က ဦးဆောင် စစ်ဆေးနေတာ ဖြစ်တယ်လို့ နေပြည်တော် ဘုရားကုန်းရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က အကျင့်ပျက်လာဘ်စားမှု တစ်ချို့ကြောင့် ရာထူးက တစ်နှစ် အနားပေးခံရတဲ့ အော်တို အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မှုလရာထူးနဲ့ ပြန်လည်ခန့်ထားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ ဒီအကျင့်ပျက်လာဘ်စားမှုနဲ့ ဆက်စပ်ပြီး တရုတ် ဆက်သွယ်ရေး ကုမ္မဏီ ZTE၊ Huawei ကုမ္မဏီတို့နဲ့ အကျိုးတူ လုပ်ကိုင်နေတဲ့ Elite၊ Asia Mega Link၊ တာမိုးညဲစတဲ့ ကုမ္မဏီ ၁၃ ခုက တာဝန်ရှိသူတစ်ချို့ပါ ပြီးခဲ့တဲ့ လတွေက ခေါ်ယူစစ်ဆေးခံခဲ့ရပါတယ်။RFA Burmese





နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com