http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရဲရက်စက်မှုကြောင့်သေဆုံးမှု တောင်အာဖရိကစုံစမ်း


ရဲကားနောက်မှာ လမ်းတလျှောက် ဒရွတ်တိုက် ချိတ်ဆွဲခံခဲ့ရလို့ သေဆုံးသွားရသူတဦးရဲ့ အမှုမှာ ပတ်သက်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၈ ယောက်ကို ရာထူးချ အရေးယူထားတယ်လို့ တောင်အာဖရိက ရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။

အမှုကို ဆက်ပြီး စုံစမ်းစစ်ဆေး အရေးယူသွားမှာဖြစ်ပြီး ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ တယောက်ကိုလည်း ရာထူးက ထုတ်ပစ်လိုက်ပြီလို့ ကော်မရှင်နာမင်းကြီး Riah Phiyega က သောကြာနေ့က ပြောဆိုပါတယ်။ မိုဇမ်ဘစ် နိုင်ငံသား အသက် ၂၇ နှစ်အရွယ် အငှားယာဉ် မောင်းသမား Mido Macia ကို ရဲကားနောက်မှာ လက်ထိပ်ခတ် ဆွဲသွားခဲ့တာကို လမ်းဘေးက မြင်တွေ့သူတချို့ ရိုက်ကူးခဲ့တဲ့ Video ထွက်လာပြီး အဲဒီ Video မှာ လမ်းဘေးက တွေ့မြင်သူတွေက ရဲကားရပ်ဖို့ တားဆီးပြောဆိုခဲ့ပေမဲ့ ရဲကားက ဆက်မောင်းသွားတာကို မျက်မြင် တွေ့ရှိရတာဖြစ်ပါတယ်။

အငှားယာဉ်မောင်း သမားဟာ သေဆုံးသွားခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ သိပ်ကို ကြောက်စရာကောင်းတဲ့၊ ဘယ်လိုမှ လက်မခံနိုင်တဲ့ လုပ်ရပ်အဖြစ် တောင်အာဖရိက သမ္မတ Jacob Zuma က ပြစ်တင် ပြောဆိုခဲ့ပါတယ်။ VOA Burmese Fan Page

ပြည်မြို့ ဆန္ဒပြ ခေါင်းဆောင်တွေကို အမှုဖွင့်

ရန်ကုန်မြို့မှာလည်း ပြီးခဲ့တဲ့နှစ် မေလတုန်းက လျှပ်စစ်မီး ပုံမှန်ရရေး တောင်းဆို ဆန္ဒပြခဲ့ကြ
လျှပ်စစ်မီး ပုံမှန် ရရှိရေး အတွက် ပြည်မြို့ ဒေသခံ တွေ ကြာသပတေးနေ့ ညကဆန္ဒပြခဲ့ ကြ ရာ သောကြာနေ့ မှာတော့ဆန္ဒပြ ခေါင်းဆောင်တွေ ဖမ်ဆီး ခံခဲ့ရ ပါတယ်။

ဖယောင်းတိုင်တွေ ထွန်းပြီး ငြိမ်းချမ်းစွာ ပြုလုပ် ခဲ့တဲ့ ဆန္ဒထုတ် ဖော်ပွဲ၊ ဦးဆောင် ခဲ့သူ ၅ ဦးကို မြို့နယ် ရဲက ပုဒ်မ ၁၈ နဲ့ အမှု ဖွင့်လိုက် ပြီးနောက် အာမခံ ပေးကာ ပြန်လွတ်လိုက် ပါတယ်။

ဦးဆောင်သူ ၅ ဦး ကတော့ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ဝင် ကိုကျော်သန်း၊ ကိုကျော်ဆွေ၊ ကိုဝင်းနိုင်၊ ကိုစိုးနိုင်နဲ့ ကိုမင်းထွန်းတို့ ဖြစ်ကြ ပါတယ်။

ပြည်မြို့မှာ ဖေဖေါ်ဝါရီ လဆန်းပိုင်း ကတည်းက မီးတွေပျက် နေပေမယ့်လည်း တာဝန်ရှိ သူတွေက ဘာမှ ဖြေရှင်း မပေးတဲ့ အတွက် အခုလို ဆန္ဒပြရတာ ဖြစ်ကြောင်း ကိုကျော်သန်းက ဘီဘီစီကို ပြောပါတယ်။

ဆန္ဒပြပွဲ နဲ့ ပတ်သက်တဲ့ နည်းဥပဒေ ပုဒ်မ ၁၈ ကို အယုံ အကြည် မရှိတဲ့ အတွက် ဆန္ဒပြခွင့် မတင် တာလို့လည်း သူက ဆက်ပြော ပါတယ်။BBC Burmese

စိုင်းနော်ခမ်းနဲ့ တရားမျှတမှု

တရုတ်အစိုးရ၏ ကွပ်မျက်ခြင်းခံရသူ စိုင်းနော်ခမ်း
မြန်မာနိုင်ငံသား မူးယစ်ရာဇာ စိုင်းနော်ခမ်းနဲ့ နောက်ထပ် ၃ ဦးကို မတ်လ ၁ ရက်နေ့ခင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ခွန်းမင်မှာ ဆေးထိုးပြီး သေဒဏ်ပေးလိုက်ပါတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ ထိုင်းနိုင်ငံသား တယောက်၊ လောနိုင်ငံသား တယောက်နဲ့ နိုင်ငံမဲ့ တယောက်တို့ ဖြစ်ကြပါတယ်။

သူတို့ကို သေဒဏ်ပေးဖို့ ခေါ်ယူလာပုံ အပြည့်အစုံကို တရုတ်ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ် လွှင့် ပြသခဲ့ပါတယ်။ဒီလို သေဒဏ်ပေးမှုနဲ့ ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်မှု အပေါ်မှာ အမြင်အမျိုးမျိုး ကွဲပြားခဲ့ကြပါတယ်။

စိုင်းနော်ခမ်းရဲ့ နှမငယ် နန်းခမ်းဟွင်းက စိုင်းနော်ခမ်းဟာ သင့်တော်တဲ့ ဖြေရှင်းချေပခွင့်မရ ဘဲ သေဒဏ်ပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးကြောင့် ဖြစ်စေ၊ တိုက်ပွဲမှာ ကျဆုံးလို့ ဖြစ်စေ သေဆုံးခဲ့ရင် ဖြေသာမှာ ဖြစ်ပေမဲ့ အခုလို တရုတ်နိုင်ငံမှာ သေဒဏ်ခံရတဲ့ အတွက် ဖြေမဆည်နိုင်ဖြစ်မိတယ်လို့ ဆိုပါတယ်။ စိုင်းနော်ခမ်းဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ဖြစ်ပေမဲ့ လူသတ်မှု မကျူးလွန်ခဲ့ဘူးလို့လည်း သူက ခုခံပြောဆိုပါတယ်။

တရုတ်နိုင်ငံမှာ ဒီနေ့ တီဗီမှာထုတ်လွှင့်ပြသမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံသားတွေကြားမှာလည်း အမြင်က ကွဲနေပါတယ်။

"အခု ကျွန်တော်တို့ တွေ့ရတာကတော့ တရုတ်မှာ ဝေဘိုလို လူမှု ကွန်ယက် ဝကဘ်ဆိုက်တွေ ရှိပါတယ်။ အဲဒီမှာ တခိျု့ ပြောနေကြတာကတော့ ဒီလို တီဗီက တိုက်ရိုက် ထုတ်လွှင့်ပြသမှုကို ကြိုဆိုကြပါတယ်။ ဒီလို ပြလိုက်တဲ့အတွက် ရာဇဝတ်မှုတွေ၊ အထူးသဖြင့် သတ်ဖြတ်မှုတွေနဲ့ပတ်သက်တဲ့ ရာဇ၀တ်မှုတွေကို တားဆီးပေးနိုင်မယ်လို့ မြင်ကြတယ်။ နောက် တဘက်မှာလည်း တခိျု့ ပြောကြတာက ဒီလို သေဒဏ် စီရင်မှု မလုပ်သင့်ဘူး။ ဒါဟာ ယဉ်ကျေးရမယ့် ခေတ်မှာ ဒီလို ကွပ်မျက်တာ မလုပ်သင့်တော့ဘူး။ နောက်ပြီး ဒါက အကြမ်းဖက်မှုကို အားပေးရာ ရောက်နိုင်တယ်၊ တရုတ် အစိုးရပိုင်းက အရင်က နိုင်ငံသားတွေ သေဒဏ်ကျတုန်းက တီဗီက တိုက်ရိုက် မပြခဲ့ပဲ အခု နိုင်ငံခြားသားတွေကို ဒီလို ထုတ်ပြတာက မလုပ်သင့်ဘူးလို့ တခိျု့က မြင်ကြပါတယ်။"

လို့ တရုတ်လူမျိုးတွေ အကြား အမြင်အမျိုးမျိုး ကွဲလွဲမှုနဲ့ ပတ်သက်ပြီး ဘီဘီစီ တရုတ်ဘာသာ ဌာနရဲ့ အယ်ဒီတာ ရေမွန်လီက ပြောပါတယ်။စိုင်းနော်ခမ်းသေဆုံးချိန်မှာ အသက် ၄၃ နှစ် ဖြစ်ပါတယ်။BBC Burmese

နော်ခမ်း နဲ့  အပေါင်းအပါ ၃ ဦးကို သေဒဏ်စီရင် (ရုပ်/သံ)

ရှမ်းလူမျိုး မူးယစ်ရာဇာ နော်ခမ်း နဲ့  အပေါင်းအပါ ၃ ဦးကို တရုတ်အစိုးရက ဒီကနေ့ နေ့ခင်းမှာ သေဒဏ်စီရင်လိုက်ပြီဖြစ်ပါတယ်။
DVB TV News

ပလောင်ရွာကိစ္စတည်ဆဲဥပဒေအရမှန်ကန်စွာဆောင်ရွက်မည်

မအူပင်၊ မတ် ၁။
ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်ရှိ ပလောင်ရွာတွင် ဆန္ဒပြရွာသားများနှင့် ရဲများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့မှုကိုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး အာဏာပိုင်များ အနေဖြင့် ပြေလည်အောင် ဆောင်ရွက်နိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။

တည်ငြိမ် အေးချမ်းရေးအတွက် ကြိုးစားနေချိန်တွင်ရိုးသားသည့် ရွာသားများအပေါ် သွေး ထိုးလှုံ့ဆော်မှုများရှိသောကြောင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ရကြောင်းနှင့် ပြည်သူ့ အတွက် မှန်ကန်သည့် လမ်းကြောင်းမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသခံများ အနေဖြင့်လည်း အကြောက်တရား များပြေလျော့ပြီး ဘက်ပေါင်းစုံမှ ဆောင်ရွက်နိုင်ရန်လည်းလိုအပ်ကြောင်း၊ တည်ဆဲဥပဒေအရ မှန်ကန်စွာ ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

"ကျွန်မတို့က ထမင်းစားမလို့ သူတို့က ရဲလေးငါးယောက်ကလာဝင်ရိုက်လို့ ထွက်ပြေးခဲ့ရတာ၊ မျက်လုံးလဲ ခိုက်မိသွားတယ်၊ကိုယ်ဝန်လဲ ပျက်ကျသွားတယ်။"ဟု ရဲများ၏ တိုက်ခိုက်မှု ခံရပြီးနှစ်လကျော် ရှိပြီးဖြစ်သော ကိုယ်ဝန် ပျက်ကျသွားခဲ့သူဒေါ်တင်တင်နွယ်က ပြောကြားသည်။

ဗရဲတပ်ဖွဲ့ အနေဖြင့် ဥပဒေ အရသာ ဆောင်ရွက်ပြီး အကြမ်းဖက်လျှင် ဥပဒေပုဒ်မ ၁၀၀ အရ ကာကွယ် ခုခံပိုင်ခွင့်ရှိကြောင်း၊သေအောင် လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း၊ ခြောက်လှန့်ရုံသာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အမှန်တကယ်သာ ပစ်ခတ်ခဲ့လျှင် သေဆုံးမှုများပါ ဖြစ်လာနိုင်ကြောင်း၊ ရဲတပ်ဖွဲ့တွင် ဒဏ်ရာပြင်းထန်သူဆယ်ဦးခန့်တွင် ရဲတပ်သား တစ်ဦးသည် ရန်ကုန်ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ဒဏ်ရာ ပြင်းထန်သောကြောင့် သေဆုံးခဲ့ရကြောင်း၊ ထို့ကြောင့် လူသေမှုဖြင့် အရေးယူမည် ဖြစ်ကြောင်း၊အမှုဖွင့်၍ ဥပဒေကို ဆန့်ကျင်သည့် အဖွဲ့အစည်းတွင် ပါဝင်သူတိုင်းကိုလည်း ဥပဒေအရ အရေးယူသွားမည ဖြစ်ကြောင်းလည်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ထွန်းမင်းကပြောကြားသည်။

ရှေ့ဆက်၍ အဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ ရွာသားများဘက်မှ ရွာတွင်းပြန်လည် ဝင်ရောက်ပါက မိမိတို့မှလည်းလုံခြုံရေး အနည်းငယ် ထားရှိသည်မှလွဲ၍ အားလုံးနီးပါး နေ့ချင်းပင် မဆိုင်းပဲ ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်း၊ ရဲတပ်သားတစ်ဦးသေဆုံးမှုအပေါ် လူသတ်မှုဖြင့် အရေးယူမည် ဖြစ်သော်လည်းယခုချက်ချင်း မဟုတ်ဘဲ အချိန်ကာလ တစ်ခုထိ ဆိုင်းငံ့နေဦးမည်ဖြစ်ကြောင်း၊ မြေယာပိုင်ဆိုင်မှု အားလည်း ဥပဒေအရသာ ဆက်လက် ဆောင်ရွက် စေလိုပြီး မိမိတို့ဘက်မှ တစ်ဘက်သတ် အရေးယူသွားမည် မဟုတ်ဘဲ အမှန်တကယ် အပြစ်ရှိသူများကိုသေချာစွာ စစ်ဆေး အရေးယူမည်ဖြစ်ကြောင်းနှင့် လက်ရှိ အချိန်တွင် ရွာသူရွာသားများဘက်မှ အားလုံးကို ဖမ်းဆီးအရေးယူမည်ဟု စိုးရိမ်နေမှုအပေါ် အမှန်တကယ် အပြစ်ရှိသူများမှလွဲ၍ မည်သူ့ကိုမျှ ထိခိုက်အောင် လုပ်ဆောင်မည် မဟုတ်ဘဲ မျှတစွာ စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်းလဲ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရွှေညဝါ ဆရာတော်နှင့် မကွေးကျောင်းတိုက် ဆရာတော်တိှု့ကလည်း ယင်းကဲ့သို့ ရဲနှင့် ပြည်သူတို့ အကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အပြင်ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့မှုကြောင့် ထိပ်တိုက်ရင်ဆိုင်မှုများထပ်မံဖြစ်ပွားလာနိုင်သောကြောင့် ကန်ဘောင်ပေါ်တွင်မနေထိုင်ကြတော့ဘဲ မိမိတို့၏ နေရပ်သို့ ပြန်၍ ဥပဒေအရဆက်လက် လုပ်ဆောင်ကြရန်၊ ထိုသို့ လုပ်ဆောင်နိုင်ရန်ကော်မရှင်ဖွဲ့၍ လုပ်ငန်းများကို ဥပဒေနည်းလမ်းတကျ အမြန်ဆုံး ဆောင်ရွက်နိုင်စေရန် ပလောင်ကျေးရွာ အပါအဝင် ရွာသုံးရွာအား ငွေကျပ် သုံးသိန်းတိတိ ပေးအပ်ခဲ့သည်။ ရွှေညဝါ ဆရာတော်က နှစ်ဘက် ဖြစ်ပျက်ခဲ့သည်များကို မည်သူမှားသည် မှန်သည် ငြင်းဆိုနေမည့်အစား နှစ်ဘက် ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်မှသာ အောင်မြင်နိုင်ကြောင်းလဲပြောကြားခဲ့သည်။

အဆိုပါပြဿနာသည် ၂၆ရက်နေ့ ၁၁ နာရီခန့်တွင် ပလောင်ရွာနှင့် နီးစပ်ရာလေးရွာမှ ကိုယ်စားလှယ် ခုနှစ်ဆယ်၊ ငါးလုပ်ငန်း၊မြေစာရင်း ဦးစီးနှင့် ဧရာဝတီတိုင်း ဒေသကြီး ဒုရဲမှူး ကိုယ်တိုင် တက်ရောက်၍ ၎င်းတို့ဆန္ဒကို ပြောကြရာတွင် ညှိနှိုင်း အောင်မြင်ခဲ့ကြောင်း၊ သို့သော် ကန်ဘောင်များကို ဖောက်ချခဲ့သည့် အတွက် ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်လာသဖြင့် တာဝန်ရှိသူများ (ခရိုင်အဆင့်၊ တိုင်းအဆင့်မှ ) ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ထပ်မံညှိနှိုင်းပေးသော်လည်း အဆင် မပြေတော့ဘဲ အတင်းတက်လာကြပြီး ဓါး၊ တုတ်များဖြင့် တိုက်ခိုက်လာကြောင်း၊ ပြည်သူ့ရဲတပ်ဖွဲ့က တုတ်၊ ဒိုင်းတို့ဖြင့် နောက်ဆုတ် ကာကွယ်ခဲ့ရကြောင်း၊ကန်ပေါင်ပေါ်မှ ဆင်းသွားစေရန် ဒိုင်းများနှင့်ကာ၍ တက်သွားချိန်တွင် ယင်းတို့ဘက်မှ တုတ်များဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သောကြောင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ဝေယံ
The Myanma Age

စမ်းချောင်း ဝေဠုဝန်(မြောက်)ရပ်ကွက်သားများ ဆန္ဒပြ(ရုပ်/သံ)

Burma VJ Media Network


စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်(မြောက်)ရပ်ကွက်၊ ရန်ပြိုလမ်းနှင့် ဦးရွှေမန်းလမ်းထောင့်တွင် ရပ်ကွက်ပိုင်မြေအား ဂရံချအမည်ပေါက်ပေးမှုအပေါ် ဆန္ဒထုတ်ဖော်ခြင်းအား မတ်လ ၁ ရက်နေ့ နံနက် ၁၀း၀၀ မှ ၁၂း၀၀ အချိန်အထိ ရပ်ကွက်သူ/သား ၈၀ခန့်ဖြင့် ပြုလုပ်ခဲ့ပါသည်။

ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းတွင် ဆန္ဒထုတ်ဖော်

ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းအတွင်း မော်တော်ယာဉ်များရပ်နားခွင့်မပေးခြင်းနှင့်ပတ်သက်၍ မေလ (၁)ရက်နေ့နေ့လည် (၂း၀၀)ရီခန့်တွင်ဆန္ဒထုတ်ဖော်ပွဲပြုလုပ်တစ်ခု ပြုလုပ်ခဲ့သည်။The Voice Weekly







ကျည်ကာကား(Bulletproof Car) တင်သွင်းသည့်အဆို ကို ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုခဲ့ကြောင်း သတင်းရ

နိုင်ငံတကာခေါင်းဆောင်များလာရောက်စဉ် အသုံးပြုရန်အတွက် ကျည်ကာကား(Bulletproof Car) ငါးစီးဝယ်ယူရန် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတက်ရေးဝန်ကြီးဌာနက တင်သွင်းသည့်အဆို ကို ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ကျင်းပသော ဆဌမအကြိမ်၊ ပြည်ထောင်စုလွှတ်တော် ၁၆ ရက်မြောက်နေ့တွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ကျည်ကာကား ငါးစီး၊ တိုယိုတာကားအစီး ၅၀ ၊ အော်ဒီကားအစီး ၃၀နှင့် အခြားသောကားများဝယ်ယူရန်အတွက် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ဘတ်ဂျက်ငွေ ၁၈၄၇၀.၅၀၄ မီလီယံသုံးစွဲသွားမည်ဟုသိရသည်။
7Day News Journal

နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်ခန့်လိုက်ပြီ

(Photo - Nang Khin Zay Yar facebook မှ)
ရန်ကုန်၊ မတ် ၁

ဆုများရှငနန်းခင်ဇေယျာ အား မြန်မာနိုင် ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်ညနေပိုင်းက ခန့်အပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ဘောလုံးအဖွဲ့ချုပ်က နန်းခင်ဇေယျာအား ဆီးဂိမ်းပြိုင်ပွဲပြီးသည်အထိ သံတမန်အဖြစ် တစ်နှစ်ခန့်အပ်လိုက်ခြင်းဖြစ်ပြီး၊ ၄င်းအနေဖြင့် မြန်မာအသင်း ဂျာစီအကျီဝတ်၍ ဆီးဂိမ်းတွင် ပရိသတ်နှင့် ဓာတ်ပုံရိုက်ပေးခြင်း၊ ကံစမ်းမဲအစီအစဉ်များတွင်ပါဝင်ပေးခြင်းများကို အခကြေးငွေမယူပဲ ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူကပြောသည်။

"ဒီနေ့ညနေမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာ ဦးစိုးမိုးက ညီမထံကိုဆက်သွယ်လာပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သံတမန်အဖြစ်တာဝန်ယူပေးနိုင်၊ မပေးနိုင်ဆိုပြီး ဆက်သွယ်အကြောင်းကြားလာခဲ့ပါတယ်။ ညီမအနေနဲ့ အဆိုပါကမ်းလှမ်းချက်ကိုရရှိချိန်မှာပဲ ဂုဏ်ယူစွာနဲ့ လက်ခံခဲ့ပါတယ်။ ဘောလုံးအားကစား အပါအ၀င် မြန်မာနိုင်ငံအားကစား အဆင့်အတန်းမြင့်မားရေးအတွက် ကိုယ်တတ်နိုင်သလောက် ဆောင်ရွက်ပေးချင်နေတဲ့ ညီမအတွက်တော့ ဒီအခွင့်အရေးဟာ တကယ့်အဖိုးတန်အခွင့်အရေးဖြစ်တယ်လို့ ယုံကြည်ပါတယ်။

ညီမရဲ့ ပရိသတ်များဟာလည်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို အရှေ့တောင်အာရှပြိုင်ပွဲများတင်မက နိုင်ငံတကာပြိုင်ပွဲအရပ်ရပ်မှာပါ အောင်မြင်မှု ရရှိစေချင်လိမ့်မယ်လို့ ညီမယုံကြည်ပါတယ်။

အနီးစပ်ဆုံးအနေနဲ့ ယခုကျင်းပတော့မယ့် AFC Challenge Cup ပြိုင်ပွဲမှာ နိုင်ငံတကာပြိုင်ဖက်များကို ညီမတို့ မြန်မာ့လက်ရွေးစင်အသင်းဖြတ်ကျော်အနိုင်ရရှိဖို့အတွက် ၁၂ယောက်မြောက်ကစားသမားအဖြစ် ကွင်းထဲအထိ ညီမနဲ့အတူ သွားရောက်အားပေးကြရအောင်နော်... " ဟု နန်းခင်ဇေယျာက သူ၏ facebook စာမျက်နှာတွင် ယမန်နေ့ ညနေပိုင်းက ရေးသားခဲ့သည်။Popular Myanmar News Journal

မြန်မာလူငယ်ကျောင်းသားများ Oxford တက္ကသိုလ်၌ လေ့လာသင်ယူခွင့်ရ


1 Mar, 2013
ကမ္ဘာကျော် Oxford တက္ကသိုလ်ကြီးတွင် မြန်မာနိုင်ငံမှကျောင်းသူကျောင်းသားများ သွားရောက်လေ့လာ သင်ယူခွင့်ရ ရှိတော့မည်ဖြစ်သည်။

Oxford Summer Camp အစီအစဉ်အရ သင်ယူခွင့်ရခြင်းလည်းဖြစ်သည်။ အင်္ဂလန်ရှိ ကမ္ဘာကျော် အောက်ဖို့တက္ကသိုလ်တွင် သင်ခန်းစာများအား လက်တွေ့ သင်ယူခြင်းအပါအ၀င်၊ Oxford University သို့  ၀င်ခွင့်လျှောက်ထားမှုနှင့် ပတ်သက်သည့် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် တွေ့  ဆုံဆွေးနွေးနိုင်မည့် Oxford Summer Camp အစီအစဉ် ကို CROWN Education မှ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

ဆိုပါ အစီအစဉ်ကို နိုင်ငံတကာကျောင်းများမှ ကျောင်းသားများနှင့် (၁၀)တန်းဖြေဆိုထားပြီး အောင် စာရင်းစောင့်နေသည့်   ကျောင်းသူကျောင်းသားများပါ လိုက်ပါ နိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကာ စိတ်ဝင်စားသောကျောင်းသားကျောင်းသူ များမှာ ဧပြီလဒုတိယအပတ်တွင် နောက်ဆုံးထား လျှောက် ထားရမည်ဖြစ်ပါသည်။လျှောက်လွှာများကို မတ်လ(၂၂)ရက် နှင့် (၂၄)ရက်တို့ တွင် ရန်ကုန်နှင့်မန္တလေးမြို့ များတွင်တွင်ပြုလုပ်မည့် နိုင်ငံတကာပညာရေးပြပွဲတွင် လျှောက်ထားနိုင်ကြောင်း CROWN Education မှတာဝန်ရှိသူတစ်ဦးမှပြောကြားသည်၊၊ 

ကမ္ဘာတစ်ဝှမ်းရှိ အသက်(၁၆)နှစ်မှ(၂၀)အတွင်း လူငယ်များအတွက် အောက်ဖို့တက္ကသိုလ်၏ ပညာရေးစနစ်၊ Campus Life နှင့်အင်္ဂလန်နိုင်ငံ၏ ဗဟုသုတ များရရှိစေရန် ရည်ရွယ်၍ Oxford Summer Academy အစီအစဉ်နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိကြောင်းကိုလည်း သိရသည်။

 မြန်မာနိုင်ငံမှကျောင်းသားများအတွက် ပထမဆုံးအကြီမ် တက်ရောက်လေ့လာနိုင်မည့်အစီအစဉ်ကို CROWN Education နှင့် Oxford Summer Academy တိုမှ  ပူးပေါင်း စီစဉ်ခြင်းဖြစ်သည်၊၊ ပုံမှန်အားဖြင့်အောက်ဖို့တက္ကသိုလ်ကြီးသို့ ၀င်ခွင့်ရရှိရန် ခက်ခဲ လေ့ရှိသော်လည်း ယခု Oxford Summer Academy အစီအစဉ်အတွက် ၀င်ခွင့်သီးသန့်လျှောက်ထားစရာ မလိုအပ်ပဲ ပြပွဲမှ လျှောက်လွှာများရယူကာ လျှောက်ထားနိုင်ခြင်းဖြစ် သည်၊၊

“ဒီအစဉ်မှာကမ္ဘာကျော်အောက်စဖို့တက္ကသိုလ်ကြီးရဲ့ ခန့်ငြားထည်ဝါမူ့နဲသင်ကြားပို့ချမှု အတွေ့အကြုံတွေကို    မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေရရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး Oxford University  ကိုဝင် ခွင့်လျှောက် ထားလိုတဲ့ ကျောင်းသူကျောင်းသား များအနေနဲ့  Oxford University က Admission Team တွေနဲ့  တွေ့ ဆုံခွင့်ကိုပါ ရရှိမှာဖြစ်ပါတယ်"ဟု Crown Eduaction မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

Oxford Summer Academy အစီအစဉ်သည် (၁၄) ရက်ကြာမြင့်မည်ဖြစ်ကာ အောက်စဖို့ တက္ကသိုလ်၊ ကိန်းဘရစ် တက္ကသိုလ်၊ အစရှိ သော နေရာများ သို့ သွားရောက်လေ့လာ ရမည့်အစီအစဉ်များပါရှိကြောင်း သိရသည်။ အဆိုပါအစီအစဉ်၌ Lecture ၊ Discussion Session ၊ Activity၊ Excursion ၊ Workshop နှင့် Evening Social Event များစွာပါဝင်ပါသည်။ Oxford Summer Academy ၏ Lecture အစီအစဉ်တွင် Math & Science ၊ Literature & Drama ၊ Social Science and Humanities နှင့် Languages အစရှိသောတို့ကိုရွေးချယ်နိုင်ပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် တင်ပြ ဆွေးနွေးခြင်းများပါရှိကာ သက်ဆိုင်ရာ ဘာသာရပ် အလိုက် အောက်စဖို့တက္ကသိုလ်၏ Lecturer များမှ ရှင်းလင်းသင်ကြား ပေမည်ဖြစ်သည်။

"ဒီအတွေ့အကြုံကနေပြီး မိမိတို့ လေ့လာသင်ယူသင့်တဲ့  ဘာသာရပ်တွေနဲ့  ကလေးတွေအတွက် ရှေ့ဆက်လျှောက် လှမ်းရမယ့် ပညာရေးခရီးလမ်းအတွက်များစွာအကျိုးကျေးဇူးပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုပြီး ဒီအစီအစဉ်ကို စီစဉ်ဆောင်ရွက်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်၊၊”ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ ပြောကြားသည်၊၊

လျှောက်လွှာများကို မတ်လ (၂၂) နေ့ တွင့် ရန်ကုန်မြို့ ၊ Summit Parkview Hotel နှင့် မတ်လ (၂၄) ရက်နေ့ တွင် မန္တလေးမြို့ ၊ ဟိုတယ် မန္တလေးတို့ တွင် လာရောက် ထုတ်ယူနိုင် ကြောင်းနှင့် အသေးစိတ်အချက်အလက် သိရှိ လိုသူများအတွက်  CROWN Education ဖုန်း 09 732 732 77 နှင့် 09 5085 185 သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။  Myit Makha Mediagroup

ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်း ၀င်ရောက်ရောင်းဝယ်ခွင့် ပိတ်လိုက်သဖြင့် ဆန္ဒဖော်ထုတ်မှုဖြစ်ပွား

ဓာတ်ပုံ- ကျော်ဇင်သန်း
ရန်ကုန်၊မတ်-၁
ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖေဖော်ဝါရီ ၂၈ ရက်တွင် ကားများကို ပြောင်းရွှေ့စေလိုက်သောကြောင့် ယနေ့ နံနက် ၈ နာရီတွင် အဆိုပါ ကားဝင်းအတွင်း ဆန္ဒထုတ်ဖော်မှု ဖြစ်ပေါ်ခဲ့သည်။

“စည်ပင်နဲ့ ဆွေးနွေးနေတုန်းမှာကို သူတို့က ကားဝင်းကို လာပိတ်သွားတယ်။ ဆွေးနွေးတုန်းမှာတော့ မပိတ်သင့်ပါဘူး”ဟု ဟံသာဝတီကားပွဲစားတန်း ကော်မတီမှ ကိုအေးကျော်ကပြောသည်။

ဟံသာဝတီကားဝင်းမှ ကားများကို မင်းရဲကျော်စွာဝင်းနှင့် သီရိမင်္ဂလာဈေးဝင်းများသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပြောင်းရွှေ့ခိုင်းထားကြောင်း သတင်းရရှိသည်။

“ကားဝင်းကို ပိတ်တာမဟုတ်ပါဘူး။ ကားတွေကို ပြောင်းရွှေ့ခိုင်းတာပါ။ ကားတွေအ၀င်မရဘူး။ အထွက်ပဲရတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနမှ ဒုဌာနမှူး ဦးဉာဏ်ထွန်းအောင်ကပြောသည်။

ဟံသာဝတီကားပွဲစားတန်း ရွှေ့ပြောင်းစေခြင်းနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုများမှာ အလွန်အကျွံဖြစ်လာနေကြောင်း သုံးသပ်သူများလည်းရှိနေသည်။
7Day News Journal

အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပတ်သက်၍ အကြံပြုစာ ပေးပို့နိုင်ကြောင်း ထုတ်ပြန်

ရန်ကုန်၊မတ်-၁

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ အစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ အကြံပြုချက်များ ပေးပို့နိုင်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ပြည်သူတို့၏ ၀န်ဆောင်မှုလုပ်ငန်းများကို သွက်လက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် ပြည်သူ့ဗဟိုပြု ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ပြီး မြန်ဆန်သွက်လက်သည့် အုပ်ချုပ်ရေးယန္တရားဖြင့် လူမှုစီးပွားရေး တိုးတက်စေရေးတို့အတွက် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့ကို ပြည်ထောင်စုအစိုးရက ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖွဲ့စည်းခဲ့သည်။

အဆိုပါ အဖွဲ့သည် လက်တွေ့ကွင်းဆင်းလေ့လာ အကဲဖြတ်ချက်များကို ဖေဖော်ဝါရီ ၂၅ ရက်မှ စတင်ဆောင်ရွက်နေသည့်အတွက် ပြည်သူများက အကြံပြုချက်များရှိလျှင် အဖွဲ့ဝင်များထံ ဆက်သွယ်ပေးပို့နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များမှာ ဦးဇော်ဦး ဖုန်း-၀၉-၄၂၅၂၈၈၈၈၉ နှင့် အီးမေးလ် mdri.cesd@gmail.com ဦးကျော် ဖုန်း-၀၁-၃၈၁၇၈၇၊ ဦးတင်မောင်သန်း ဖုန်း-၀၁-၆၅၄၇၇၀၊ ဦးဇော်သန်းသင်း ဖုန်း-၀၆၇-၄၀၉၁၄၅ တို့ဖြစ်ကြောင်း သိရှိရသည်။7Day News Journal

မန္တလေးမြို့ ၃၅ လမ်း၊ ၈၂ နဲ့ ၈၃ လမ်းကြားက Gold Star တာယာဆိုင်မှာ မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့ ၃၅ လမ်း၊ ၈၂ နဲ့ ၈၃ လမ်းကြားက Gold Star တာယာဆိုင်မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ည ၇ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားပါတယ်။ တာယာမီးလောင်နံ့ကြောင့် မူးမေ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။DVB TV News



ကင်တာနားကို တုန်လှုပ် စေတဲ့ မအူပင် ရဲအကြမ်းဖက်မှု အပိုင်း(၂)(ရုပ်/သံ)


DVB TV news

ဘင်္ဂါလီတစ်ယောက်အား စစ်ဆေး မေးမြန်း (ရုပ်/သံ)


FB-Arakan Patriotic's

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းပြောကြား
မိဘပြည်သူများခင်ဗျား
ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ မူဝါဒများနဲ့ လုပ်ဆောင်ချက်များကို အခါအခွင့်သင့်တိုင်း မိဘ ပြည်သူများထံ ရေဒီယိုမှ တစ်ဆင့် ဆက်သွယ်ပြောကြားနေကျ ဖြစ်တဲ့အတိုင်း ယခုတကြိမ် မှာလည်း ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ အသိပေး ပြောကြား ရခြင်းဖြစ်ပါတယ်။

ယခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနား ညစာ စားပွဲရဲ့ ထူးခြားချက်များကို ရှေးဦးစွာ ပြောကြားလိုပါတယ်။ လွန်ခဲ့တဲ့ (၆၆)နှစ်၊ ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက် နေ့မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင် များဟာ ပထဝီ အနေအထားအရ ရော ယဉ်ကျေးမှုအရပါ ကြွယ်ဝစုံလင်လှတဲ့ ပြည်ထောင်စုကြီးတစ်ရပ် ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အခက်အခဲ အဟန့်အတား ပေါင်းစုံရှိနေတဲ့ ကြားထဲကနေ ပင်လုံစာချုပ်ကို ချုပ်ဆို နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော့် အနေနဲ့ ယခုနှစ် ပြည်ထောင်စုနေ့ အခမ်းအနားဟာ ထူးခြားမှုတွေ ရှိတယ်လို့ ပြောဆိုရခြင်း ကတော့ ဒီအခမ်းအနားမှာ ငြိမ်းချမ်းရေးရဲ့ ရောင်ခြည်သန်းလာမှုနဲ့အတူ ခိုင်မာမှု ရှိလာတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်နိုင်မည့် အလားအလာများကို တွေ့မြင်လာရတဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ယခင် ကာလများက အကြောင်းအမျိုးမျိုး အခက်အခဲ အမျိုးမျိုးနဲ့ သဘောထားကွဲလွဲမှု အမျိုးမျိုးတွေကြောင့် စားပွဲတစ်ဝိုင်းတည်း အတူထိုင်ဖို့ အခြေအနေ မပေးနိုင်ခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသားပါတီများနဲ့ အဖွဲ့အစည်းများ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် များမှ ဥက္ကဋ္ဌများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များနှင့်အတူ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များလည်း အတူတစ်ကွ မျက်နှာစုံညီ ထူးခြားစွာ တက်ရောက်နိုင်ခဲ့တဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။ အခုလို ပြည်ထောင်စုနေ့ အနှစ်သာရကို ပိုမိုလေးနက်စေတဲ့ ယခုနှစ် ပြည်ထောင်စုနေ့ ညစာစားပွဲဟာ နှစ်ပေါင်းများစွာအတွင်း ထူးထူးခြားခြား ကျင်းပနိုင်ခဲ့တာဖြစ်ပြီး အဲဒီလို ကျင်းပနိုင်ဖို့အတွက်လည်း နှစ်ပေါင်းများစွာ စောင့်စားခဲ့ရပြီး ပေးဆပ်မှုတွေ အလွန်ပဲများပြားခဲ့ရပါတယ်။ အခုလို ကျင်းပနိုင်ခဲ့တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို ကြိုးပမ်း ဆောင်ရွက် နေကြတဲ့ ခေါင်းဆောင်များအကြား တစ်ဦးနှင့်တစ်ဦး နားလည်ယုံကြည်မှု ပိုမိုခိုင်မာလာစေ တာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော့အနေနဲ့ နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့သာမက ပြည်သူလူထုတွေနဲ့ပါ ထိတွေ့ ဆက်ဆံခဲ့ရတာဖြစ်လို့ ပြည်သူတွေ ခံစားနေရတာတွေကို ကျွန်တော့ အနေနဲ့ စာနာ နားလည်နိုင်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် ခေါင်းဆောင်တွေ လက်ဆွဲ နှုတ်ဆက်ရုံ၊ ညစာစားပွဲတွေ ကျင်းပနေရုံမျှနှင့် မလုံလောက်ဘူး ဆိုတာ ကျွန်တော့အနေနဲ့ နားလည် လက်ခံထားပါတယ်။ သို့သော်လည်း အခုလို အစပြု တွေ့ဆုံမှုတွေကနေ တစ်ဆင့် ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုတွေ ရယူပြီး ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အခြေခံ အုတ်မြစ်တွေ တည်ဆောက် ရမှာလည်း ဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တဲ့ ဖေဖေါ်ဝါရီ (၁၃) ရက်နေ့မှာ ပြည်ထောင်စုနေ့ ညစာ စားပွဲကို တက်ရောက်လာကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်များနဲ့ ပြည်တွင်းငြိမ်း ချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကို မျက်နှာစုံညီ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး တိုင်ပင်ခဲ့ပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအတွက် မြန်မာပြည်သူတွေ အနေနဲ့ ပေးနိုင်မယ့် အကောင်းဆုံး လက်ဆောင်တစ်ခုလို့ ပြောလို့ရတဲ့ အမျိုးသားသွေးစည်းညီညွှတ်ရေး ရရှိနိုင်ဖို့ ခိုင်မာတဲ့ ခြေလှမ်းသစ်တစ်ခု လှမ်းနိုင်ခဲ့ပြီဆိုတဲ့ သတင်းကောင်းကိုလည်း ပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်ထောင်စုနေ့ ညစာစားပွဲကို တက်ရောက်ဖို့ KIO/KIA မှ ခေါင်းဆောင်များကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့အနေနဲ့ ပြည်ထောင်စုနေ့ ညစာစားပွဲကို ကျွန်တော်တို့နဲ့ အတူတစ်ကွ ပျော်ပျော် ရွှင်ရွှင် ကျင်းပလိုစိတ် ပြင်းပြနေမယ်လို့ ယုံကြည်သော်လည်း ကျန်ရှိနေသေးတဲ့ အခက်အခဲအမျိုးမျိုး၊ အကြောင်း အမျိုးမျိုးကြောင့် တက်ရောက်လာနိုင်ခြင်း မရှိကြတာ ကိုလည်း ကျွန်တော့အနေနဲ့ နားလည်ပေးရ မှာ ဖြစ်ပါတယ်။ သို့သော်လည်း ဖေဖေါ်ဝါရီ (၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရွှေလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ် ကနေတစ်ဆင့် KIO/KIA နဲ့ ပြည်ထောင်စုအစိုးရတို့အကြား ယုံကြည်မှုနဲ့ နားလည်မှုတွေ ပိုမိုတိုးတက်ရရှိလာပြီး အပစ်အခတ် ရပ်စွဲရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ဖြစ်ထွန်းလာမှာကို ကျွန်တော့်အနေနဲ့ အလေးအနက် ယုံကြည်ထားပါတယ်။ KIO/KIA ရဲ့ ရွှေလီဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်များမှာလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ တန်းတူရည်တူရှိမှုနဲ့ ကိုယ်ပိုင် အခွင့်အရေး ရပိုင်ခွင့် စတဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံအဖြေရှာမယ်ဆိုတဲ့ သဘောထား ရပ်တည်ချက်များကို တွေ့ရတဲ့အတွက်လည်း ကျွန်တော့အနေနဲ့ များစွာ ဝမ်းမြောက်မိပါတယ်။ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များနှင့် KIA တပ်ဖွဲ့များအကြား စစ်ကြောင်း အချင်းချင်း လမ်းမှာ တွေ့ဆုံရာမှာလည်း ရင်ဆိုင် တိုက်ခိုက်မှုများ မရှိဘဲ ငြိမ်းချမ်းစွာ ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်လာနိုင်တာကို ဝမ်းမြောက်ဖွယ် တိုးတက်မှုအဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ လုံခြုံရေး အခြေအနေ ပိုမိုကောင်းမွန် လာတာနဲ့အမျှ ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေမှာ အရေးတကြီး လိုအပ်နေတဲ့ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများကိုလည်း စတင်ပို့နိုင်ပြီ ဖြစ်ပါတယ်။ မကြာမီကာလ အတွင်းမှာ KIO/KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေပြုလုပ်တဲ့အခါမှာ အပစ်အခတ်ရပ်စွဲရေးသာမက နိုင်ငံရေးဆွေးနွေးမှုများကိုလည်း စတင် တက်လှမ်းနိုင်တော့မှာ ဖြစ်ပါတယ်လို့ ပြည်သူများကို အသိပေး ပြောကြားလိုပါတယ်။ အဲဒီ နိုင်ငံရေး ဆွေးနွေးမှုများကနေ အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲအထိ တက်လှမ်းနိုင်ဖို့ အတွက် အတူတကွ ပူးပေါင်းဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်ဟာ အခြားနိုင်ငံများရဲ့ သာဓကများ၊ အတွေ့ အကြုံများနဲ့မတူဘဲ ထူးခြားစွာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၅ ဖွဲ့လောက်နဲ့ တပြိုင်တည်း ညှိနှိုင်းနေရတာ ဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေဟာ ပိုမိုကြီးမားတယ်ဆိုတဲ့ အမှန်တရားကို ရိုးသား စွာ လက်ခံထားရမှာ ဖြစ်ပါတယ်။ အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိနေပေမယ့် ဒါတွေကို ကျော်လွှားဖို့ ပြင်းပြတဲ့ ဆန္ဒနဲ့ မှန်ကန်တဲ့ စိတ်ရင်း စေတနာတွေကသာ အဓိက ဖြစ်တယ်လို့ ရှုမြင်ကြောင်း အလေးအနက် ပြောကြား လိုပါတယ်။ တစ်ဆက်တည်းမှာပဲ အဖွဲ့အစည်း မျိုးစုံအနေနဲ့သော်လည်းကောင်း ပြည်သူတစ်ဦးချင်း အနေဖြင့်သော်လည်းကောင်း ငြိမ်းချမ်းရေး တည်ဆောက်ခြင်း လုပ်ငန်းစဉ်များမှာ မိမိတို့ စွမ်းဆောင်နိုင်သည့် ကဏ္ဍအသီးသီးကနေ ပါဝင် ကြိုးပမ်း လုပ်ဆောင်ကြဖို့အတွက်လည်း အစီအမံများကို အဆင့်ဆင့် အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေး အားလုံး ပူးပေါင်း ပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ်စဉ် ပုံပေါ်လာစေရေးနှင့် အနာဂတ်နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ကိုယ်တတ်စွမ်းတဲ့ ဘက်ကနေ ပူးပေါင်း ပါဝင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖေဖေါ်ဝါရီလ (၇) ရက်နေ့မှာ လက်ကျန် အကျဉ်းသား စိစစ်ရေးကော်မတီကို ဖွဲ့စည်းပေးပြီး ဖြစ်ပါတယ်။ အစိုးရ၊ အရပ်ဘက် လူ့အဖွဲ့အစည်း များနှင့် နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များ ပါဝင်တဲ့ ဒီကော်မတီဟာ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ဒီကော်မတီအနေနဲ့ မတူညီတဲ့ နိုင်ငံရေး ခံယူချက်၊ သဘောထားများကြောင့် ခေတ်စနစ် အခြေအနေအရ အကျဉ်းချခံခဲ့ရသူများကို မိသားစု အသီးသီးနဲ့ ပြန်လည် စုံစည်းနိုင်ဖို့ အခြား ပြည်သူများ တန်းတူ မိမိတို့ဘဝကို လွတ်လပ်စွာ ဖန်တီး ဖော်နိုင်ဖို့နဲ့ အနာဂတ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ပါဝင် လုပ်ဆောင်နိုင်ဖို့ အနေအထားတစ်ခု ပေါ်ပေါက်လာတော့မှာ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို မိဘပြည်သူများထံ သတင်းကောင်းပါးလိုပါတယ်။

ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်လို့လည်း မိမိတို့အစိုးရအဖွဲ့ တာဝန်ယူချိန် ကစပြီး နည်းလမ်း မျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်နေတာကို မိဘ ပြည်သူများ သိရှိကြပြီး ဖြစ်ပါတယ်။ မကြာခင် ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို အခြေခံပြီး တိုးချဲ့ပေးနိုင်မယ့် မိုလ်ဘိုင်းဖုန်း အရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်းမှာ ရောင်းချပေးနိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်။ ယခုကဲ့သို့ ရေတိုအစီအစဉ်များကို ဆောင်ရွက်နေတဲ့နည်းတူ များမကြာမီ ကာလမှာလည်း ဆက်သွယ်ရေးကဏ္ဍကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အစီအမံများ ထားရှိပြီး တစ်စိုက်မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေဟာ လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။

လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက် နေပါတယ်။ တစ်နိုင်ငံလုံးမှာ ဘွဲ့ရပြီး လူငယ်တွေ၊ တက္ကသိုလ် ဝင်တန်းအောင်ပြီးသော်လည်း တက္ကသိုလ် ဆက်မတက် နိုင်တဲ့ လူငယ်တွေ၊ တက္ကသိုလ် ဝင်တန်းအထိ ပညာသင်ခွင့် ရခဲ့တဲ့ လူငယ်တွေ များစွာရှိနေပါတယ်။ ဒီလူငယ် တွေ မိမိတို့နိုင်ငံမှာ အလုပ်အကိုင် ရရှိရေးအတွက်၊ စက်မှုဇုန်ကြီးတွေ အလုပ်ရုံ၊ စက်ရုံစုတွေ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ စက်မှုလယ်ယာစိုက်ခင်းကြီးတွေ များစွာလိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်တိုင်းပြည် အတွက် မထိခိုက်စေတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရာမှာ မကြာမီကာလအတွင်း ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပြည်ပမှ ရောက်ရှိလာပြီး ရင်းနှီးမြှုပ်နှံလိုသူများ အတွက် အဟန့်အတား အနှောင့်အယှက် မဖြစ်စေရန်၊ ကျွန်တော်တို့ အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက် ပေးကြစေလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ ခေတ်မီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်စေဖို့ဆိုတာ ပြည်တွင်း အင်အားက အဓိကကျသလို အထူးသဖြင့် ယနေ့ကမ္ဘာကြီးမှာ ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေအရ နိုင်ငံများဟာ မိမိ တစ်ဦးတည်းရပ်တည်ဖို့ မဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံ အနေနဲ့လည်း ခေတ်မီတဲ့ နိုင်ငံတကာ ဆက်ဆံရေးပုံစံတစ်ရပ်ကို ပုံဖော်နိုင်ဖို့ ကြိုးပမ်းလျက် ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ကမ္ဘာ့နိုင်ငံများနဲ့ ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြည်သူများရဲ့ လူမှုစီးပွား ဘဝတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရေး ကြွေးမြီကိစ္စများ အပြီးသတ် ရှင်းလင်းနိုင်ရေး စတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ လိုအပ်တဲ့ အကူအညီများရရှိနိုင်ဖို့ ဥရောပနိုင်ငံများကို သွားရောက်နေတာ ဖြစ်ပါတယ်။

မိဘပြည်သူများခင်ဗျား ကျွန်တော့်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင် များရဲ့ စိတ်ရင်း စေတနာနှင့် လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်းရရှိခဲ့တဲ့ ယုံကြည်မှု တည်ဆောင်နိုင်ခြင်း ဆိုတဲ့ ခိုင်မာမှုတွေနဲ့ မိမိတို့ အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေး အင်အားစုများ၊ စီးပွားရေး လူမှုရေး၊ အင်အား စုများ၊ အရပ်ဘက်လူ့အဖွဲ့အစည်း အမျိုးမျိုး၊ တပ်မတော် နှင့် ပြည်သူလူထု တစ်ရပ်လုံးရဲ့ ပြင်းပြတဲ့ ဆန္ဒတွေ ပေါင်းစပ်ပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွှတ်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်တဲ့အတွက် အတူ လက်တွဲလုပ် ဆောင်ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

ပြုပြင် ပြောင်းလဲမှုများကို ဝိုင်းဝန်းလုပ်ဆောင်ကြရာမှာလည်း ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ လူမှုနိုင်ငံရေး ဘဝများဟာလည်း ကိန်းသေသဘောမျိုး မဟုတ်ဘဲ ကိန်းရှင်သဘောမျိုး လိုက်ပါ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အပြောင်းအလဲများကို လျင်လျင်မြန်မြန် သွက်သွက်လက်လက် Dynamic ဖြစ်အောင် လုပ်ဆောင်ရမှာ ဖြစ်ပြီး ပြောင်းလဲမှုတွေနဲ့ လိုက်လျော ညီထွေစွာ လိုက်ပါပြောင်းလဲဖို့ လိုသလို ပြည်သူတစ်ဦးချင်းစီကလည်း အချင်းချင်း စိတ်ရှည်သည်းခံမှု နားလည် ခွင့်လွှတ်မှု စာနာထောက်ထားမှုတွေနဲ့ ပူးပေါင်း လုပ်ဆောင်နိုင်မှု ဆိုတဲ့ စွမ်းရည်များလည်း လိုအပ်မှာ ဖြစ်ပါတယ်လို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
မိဘပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။
Popular Myanmar News Journal

ကျော်ကိုကိုအား ရန်ကုန် ယူနိုက်တက် အသင်း ဒဏ်ကြေးငွေချမှတ်

ရန်ကုန် ယူနိုက်တက် အသင်း စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ သည် မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် နှင့် အုပ်ချုပ်/ နည်းပြအဖွဲ့ ၀င်များကို လေးစား မှုအားနည်း ခဲ့သည့် မြန်မာ့ လက်ရွေးစင် နှင့် ရန်ကုန် ယူ နိုက်တက် အသင်း တိုက်စစ်မှူး ကျော်ကိုကို အား ၁ လစာ ဒဏ်ငွေ ရိုက်ခဲ့ပြီး နောက်ဆုံး အကြိမ်အဖြစ် ပြင်းထန်စွာ သတိပေးလိုက် ပြီဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ လ ၂၀ ရက်နေ့က မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ် တွင် လက်ရွေးစင် များကို စခန်းသွင်း လေ့ကျင့်နေစဉ် ပြုမူခဲ့သည့် ကျော်ကိုကို ၏ အပြုအမူ ကြောင့် ၄င်း တိုက်စစ်မှူးကို ယခု လို ပြစ်ဒဏ် ချမှတ်ရ ခြင်းဖြစ်သည်။

ကျော်ကိုကို ကိစ္စ နှင့် ပတ်သက်၍ အသင်း အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီ က “ကစားသမား ကို နစ်နာစေလို တဲ့သဘော လုံးဝ မပါပါဘူး။ ဘောလုံး သမားတွေ အခုထက်ပိုပြီး နိုင်ငံ အတွက် ပေးဆပ်ချင် လာအောင်၊ အချိန် မရွေး၊ နေရာ မရွေး နိုင်ငံ့အတွက် အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် အမြဲတမ်း သွန်သင်နေ ပါတယ်။ ဒီလို ဖြစ်သွားတဲ့ အတွက်လည်း စိတ် မကောင်းပါဘူး။ ကျော်ကိုကို အနေနဲ့လည်း အခုအချိန်မှာ သူ့အမှား ကိုသိပြီး တာဝန်ရှိသူ တွေကို တောင်းပန်ပြီးပါ ပြီ။ သူ့ကို စံပြအနေနဲ့ ပြစ်ဒဏ်ချ ခဲ့တာဖြစ်ပြီး နောင်တစ်ချိန်မှာ အလား တူဖြစ်ရပ်မျိုး ဖြစ်ရင် ဘယ်သူ့ကို မဆို အရေးယူ သွားမယ် ဆိုတဲ့ အကြောင်း ပြောချင် ပါတယ်” ဟု ပြောကြား သည်။

မြန်မာ့ လက်ရွေးစင် အသင်းအပေါ် ရိုသေမှု အားနည်းခဲ့ သည့် ကစားသမား တစ်ယောက် အား ယခုလို ပြစ်ဒဏ် ချမှတ် ခြင်းသည် ရန်ကုန် ယူနိုက်တက် အသင်းသမိုင်း တွင် ပထမဆုံး အကြိမ် ဖြစ်ပြီး ကာယကံရှင် ကစားသမား ကလည်း ၄င်းပြစ်ဒဏ်ကို ကျေနပ်လက် ခံသည်ဟု ဆိုသည်။ “ရန်ကုန် အသင်းက ပေးတဲ့ ပြစ်ဒဏ်ကို ကျွန်တော် ကျေကျေနပ်နပ် ကြီးလက်ခံပါတယ်။ နောင်တစ်ချိန် မှာ ဒီလိုကိစ္စ မျိုး ထပ်မဖြစ်အောင် လည်း သတိထား ပါ့မယ်”ဟု ကျော်ကိုကိုက ဆိုသည်။

ကျော်ကိုကို သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ လ ၂၇ ရက်နေ့က မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် နှင့် လက်ရွေးစင် အသင်းနည်းပြ ချုပ် ပက်ဆောင်ဟွာ တို့ကိုလည်း လူကိုယ်တိုင် သွားရောက် တောင်းပန်ခဲ့ ကြောင်း သိရသည်။
ygnutd

သံလွင်မြစ်ပေါ် ရေကာတာ ၆ ခု ဆောက်မယ်

မြစ်ဆုံ ရေကာတာ စီမံကိန်းကိုတော့ မြန်မာ အစိုးရ က ဆိုင်းငံ့ထား လိုက်ပါတယ်
မြန်မာ နိုင်ငံရဲ့ အဓိက မြစ်ကြီး တခု ဖြစ်တဲ့ သံလွင် မြစ်ကို ပိတ်ဆို့ပြီး ရေကာတာတွေ တည်ဆောက် ဖို့အဆို ပြုထားတဲ့ စီမံကိန်း ခြောက်ခု ရှိကြောင်း လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာနက လွှတ်တော်မှာ ထုတ်ဖော် ပြောဆိုခဲ့ ပါတယ်။

အလုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီက သံလွင် မြစ်ပေါ်မှာ ရေကာတာ ဘယ်နှခု ဆောက်ဖို့ ရှိလဲ မေးတော့မှ လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာနက ခြောက်ခု ရှိပါတယ်လို့ ဖြေခဲ့တာ ဖြစ်ပါတယ်။စစ်အစိုးရ လက်ထက် ကထဲက မြန်မာ နိုင်ငံမှာ တည်ဆောက်ဖို့ သဘောတူ ထားတဲ့ ရေကာတာ စီမံကိန်း တွေနဲ့ ပတ်သက်ပြီး ပြည်သူ လူထု အခု အချိန် အထိ ဘာမှ သေချာ မသိရ သေးပါ။

အဲဒီ စီမံကိန်း ခြောက်ခု စလုံးမှာ မြန်မာ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ အတူ တရုတ် နိုင်ငံက ပါဝင် ရင်းနှီး မြှုပ်နှံမှာ ဖြစ်ပြီး အဲဒီထဲက သံလွင်မြစ် အထက်ပိုင်း ကွမ်းလုံ ရေကာတာနဲ့ ထိုင်း မြန်မာ နယ်စပ် ဟတ်ကြီး ရေကာတာ စီမံကိန်း နှစ်ခုမှာသာ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေ အပေါ် အကျိုး သက်ရောက်မှု ဘယ်လိုရှိ မလဲ ဆန်းစစ် နိုင်သေး တယ်လို့ လျှပ်စစ် စွမ်းအား ဒုတိယ ဝန်ကြီး ဦးမြင့်ဇော်က ပြောသွားခဲ့ပြီး အသေးစိတ်ကို တော့ မသိရပါဘူး။

ဒီမေးခွန်းကို မေးခဲ့တဲ့ ဦးခိုင်မောင်ရီ ကတော့ သူ့အနေနဲ့ ဒီစီမံကိန်း တွေနဲ့ ပတ်သက်ပြီး လူမှု ဘဝတွေ ထိခိုက် နစ်နာတာ မဖြစ်အောင် ဆက်လက် စုံစမ်း ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။တကယ်တော့ မြန်မာ နိုင်ငံမှာ ရေကာတာတွေ မတည် ဆောက်ဘဲနဲ့ တခြား နည်းတွေနဲ့ စွမ်းအင်တွေ အများကြီး ထုတ်နိုင်ပါတယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက် နေသူ ဦးဝင်းမျိုးသူက ပြောပါတယ်။

ဒါ့အပြင် အခု သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ် ဆိုတဲ့ စီမံကိန်းတွေ ဟာ တကယ်တမ်း တိုင်းပြည် အတွက် အကျိုး မရှိနိုင်ဘူး ဆိုရင် ပြန်ရုပ်သိမ်း လို့ ဖြစ်နိုင် ပါတယ်လို့ သူက ပြောပါတယ်။လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနရဲ့ ပြောကြားချက် အရ သံလွင် ရေကာတာ စီမံကိန်း အားလုံး လိုလို မှာ တကယ် လုပ်ငန်းစဖို့ သဘောတူညီချက် အဆင့်ကို မရောက် သေးဘူးလို့ ဆိုပါတယ်။ဒါပေမယ့် တရုတ် နိုင်ငံရဲ့ရင်းနှီး မြှုပ်နှံမှုတွေ ပါနေတဲ့ ဒီစီမံကိန်းတွေကို ပယ်ဖျက်ဖို့ ဆိုတာ လွယ်လွယ်နဲ့ ဖြစ်လာမှာလား ဆိုတာ သံသယ ရှိစရာ ဖြစ်နေပါတယ်။BBC Burmese

ပုပ်ရဟန်းမင်းကြီးတာဝန်က ဘန်နာဒစ် တရားဝင် အနားယူ ပုပ်ရဟန်းမင်းကြီးကို နှုတ်ဆက်နေသူများ

ပုပ်ရဟန်းမင်းကြီးကို နှုတ်ဆက်နေသူများ
ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ်ဟာ ၈ နှစ် နီးပါးလောက် ပုပ်ရဟန်းမင်းကြီး တာဝန်အဖြစ် ထမ်းဆောင်ခဲ့ပြီးတဲ့နောက် အနားယူလိုက်ပြီဖြစ်ပါတယ်။ ဒီလိုမျိုး ပုပ်ရဟန်းမင်းကြီးရာထူးကနေ အနားယူလိုက်တာကြောင့် နှစ်ပေါင်း ၆၀၀ အတွင်း ရိုမန်ကက်သလစ် ဘာသာရေး ဂိုဏ်းခေါင်းဆောင်အဖြစ်ကနေ ဆန္ဒအလျှောက် ပထမဆုံး အနားယူလိုက်သူဖြစ်လာပါတယ်။

ပုပ်ရဟန်းမင်းကြီး ဘန်နဒစ်ဟာ ကြာသာပတေးနေ့ ဒေသစံတော်ချိန် ညနေ ၈ နာရီကစပြီး ရာထူးကနေ တရားဝင်နှုတ်ထွက်ပြီဖြစ်ပါတယ်။ အဲဒီမတိုင်ခင်ကတော့ ပုပ်ရဟန်းမင်းကြီးအဖြစ်ကနေ တရားဝင်နှုတ်ထွက်တဲ့အနေနဲ့ ရောမမြို့အပြင်ဘက်က Gandolfo ရဲတိုက်ကို ကြာသာပတေးနေ့ အစောပိုင်းက ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားခဲ့ပါတယ်။ ဒေသစံတော်ချိန်ညနေ ၈ နာရီမှာတော့ ဗာတီကန်က ပုပ်ရဟန်းမင်းကြီး နေထိုင်တဲ့နေရာက ဂိတ်ပေါက်က ဆွစ်နိုင်ငံသားအစောင့် ၂ ယောက်ဟာ တံခါးကို ပိတ်ပြီး အဲဒီနေရာကနေ ထွက်ခွာသွားခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ အသက် ၈၅ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးက ဗာတီကန်မှာပြုလုပ်တဲ့ သီးခြားနှုတ်ဆက်ပွဲအတွင်း ရိုမန်ကက်သလစ်ဘုန်းတော်ကြီးတွေကို ပြောခဲ့တာမှာတော့ - သူ့ကို ဆက်ခံတဲ့ ပုပ်ရဟန်းမင်းကြီးကို သူ့အနေနဲ့လည်း အကြွင်းမဲ့ ရိုသေကိုင်းရှိုင်းပြီး၊ လေးလေးစားစားနဲ့ ဆက်ဆံသွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် ရိုမန်ကက်သလစ် ဘုန်းတော်ကြီးတွေ ကိုလည်း ညီညွတ်ကြဖို့ နဲ့ သူတို့ထဲမှာ အနာဂတ်ကျရင် ပုပ်ရဟန်းမင်းကြီးဖြစ်လာမယ့်သူရှိတယ် ဆိုပြီး ပြောကြားခဲ့ပါတယ်။
VOA Burmese Fan Page

ကင်တာနားကို တုန်လှုပ် စေတဲ့ မအူပင် ရဲအကြမ်းဖက်မှု



မအူပင်မြို့နယ် မလက်တိုကျေးရွာမှာ လယ်သမားတွေနဲ့ ရဲလုံခြုံရေးတွေ အကြား ပဋိပက္ခအတွင်း အာဏာပိုင်တွေဖက်က ကိုင်တွယ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက တောင်းဆိုလိုက်ပါတယ်။ ဒီ ကိုင်တွယ်ဖြေရှင်းရာ မှာ ရဲတပ်ဖွဲ့ဝင်တွေဖက်က အမျိုးသမီးတွေကို အကြမ်းဖက်ရိုက်နှက်ခဲ့တဲ့ မှတ်တမ်းတွေကို မြင်ရတော့ သူ့အနေနဲ့ အလွန်ပဲ ထိတ်လန့်တုန့်လှုပ်ရတယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မစ္စတာကင်တာနားနဲ့ ဗွီအိုအေ ဆက်သွယ်မေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မအူပင် မလက်တို ကျေးရွာမှာ လယ်သမားတွေနဲ့ ရဲလုံခြုံရေးတွေအကြား ပဋိပက္ခ ဓါတ်ပုံမှတ်တမ်းတွေ၊ ဗွီဒီယိုမှတ်တမ်းတွေ အတော်များများ ထွက်လာပါတယ်။ များသောအားဖြင့် အင်တာနက် လူမှုကွန်ယက်မှာ ပျံနှံ့ခဲ့တာပါ။ ရဲလုံခြုံရေးအုပ်စုလိုက် အမျိုးသမီးနှစ်ဦးကို ရိုက်နှက်နေတဲ့ ဗီဒီယိုမှတ်တမ်းကို ကြည့်ရပြီး သူ့အနေနဲ့ အလွန်အမင်းတုန်လှုပ်မိတယ်လို့ မစ္စတာကင်တာနားက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒါဟာ မပြောင်းလဲတဲ့ အရင်တုန်းက အခြေအနေမျိုးဖြစ်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။

“တုန်လှုပ်ဖွယ်ရာအချက်ကတော့ ဒီဗွီဒီယိုမှာ ကျနော်မြင်တွေ့ရတာက - ဘေးမှာရပ်ကြည့်နေကြတဲ့ အမျိုးသမီးတွေအပေါ် လုံခြုံရေးရဲတွေရဲ့ တုံ့ပြန်ပြုမူပုံပါပဲ။ ရုတ်တရက် ဒီအမျိုးသမီးတွေကို ရဲဝန်ထမ်းတွေက အကြမ်းဖက်တာ တိုက်ခိုက်တာတွေ့ရပါတယ်။ ကျနော် ထပ်ပြီး ပြောပါရစေ။ ဒါဟာ တကယ်ကို့ တုန်လှုပ်စရာ ကောင်းလှပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့်၊ ရဲဝန်ထမ်းတွေရဲ့ ပြုမူပုံတွေဟာ အရင်စစ်အစိုးရ လက်ထက်က အတိုင်း မပြောင်းသေးဘူးဆိုတာကို တွေ့ရပါတယ်။ ဒါဟာ ကျနော်အတွက်စိုးရိမ်မကင်းဖြစ်မှုပါ။ ဒါကို ပြည်ထဲရေးဝန်ကြီးနဲ့ ကျနော်နေပြည်တော်မှာ တွေ့ဆုံစဉ်ကလည်း တင်ပြခဲ့ပါတယ်။ ရဲတွေရဲ့ အပြုအမူတွေကို လူ့အခွင့်အရေးသင်တန်းပေးပြီး ပြုပြင်ဖို့လိုပါတယ်။ ဒီဗွီဒီယိုကိုကြည့်ခြင်းအားဖြင့် ဒီချိုးဖောက်မှုဟာ မြန်မာနိုင်ငံမှာ စိုးရိမ်စရာအခြေအနေမှာ ရှိနေတာတွေ့ရပါတယ်။”

ပဋိပက္ခကြောင့် ရဲတဦး ဆေးရုံမှာ သေဆုံးပြီး၊ ရဲရော အရပ်သားအတော်များများပါ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ လယ်သမားတွေဖက်ကတော့ ရဲလုံခြုံရေးဖက်က စတင်ရိုက်နှက်လို့ သူတို့ ပြန်ပြီး ခုခံတာပါလို့ ပြောပါတယ်။ ရဲဖက်ကတော့ သူတို့ဟာ ဥပဒေအတိုင်း ကိုင်တွယ်တာပါ လို့ ချေပပါတယ်။ ဒါပေမယ့် အခုအချိန်အထိ မလက်တိုကျေးရွာဖက်မှာ အခြေအနေတွေက တင်းမာနေတုန်းပါ။ မစ္စတာကင်တာနားကတော့ အခု အဖြစ်အပျက်နဲ့ ပတ်သက်လို့ အခုလုပ်နေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်ပြသွားမယ် လို့ ပြောပါတယ်။

“ကျနော်အနေနဲ့ သေချာပေါက်ပါပဲ ဂျနီဗာမှာ မြန်မာသံအမတ်ကြီးနဲ့တွေ့ဆုံပြီး ဒီကိစ္စကို ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်တွေကိုလည်း ဒီအကြောင်း ကျနော် အသိပေးတင်ပြမှာဖြစ်ပါတယ်။ ဒါကြောင့် အခုနေအခါမှာ မြန်မာအစိုးရအနေနဲ့ ကမ္ဘာတ၀ှမ်းပြန့်နှံနေတဲ့ ဒီတုန်လှုပ်ဖွယ်ရာကောင်းတဲ့ ဗွီဒီယိုရုပ်ပုံတွေကို အရေးယူဖြေရှင်းဖို့ ကြိုးစားနေလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဒီဗွီဒီယိုတွေကို ကြည့်ခြင်းအားဖြင့် ရဲတွေရဲ့ အလေ့အကျင့်တွေပြုပြင်ရမယ်ဆိုတာ သက်သေပြရာ ရောက်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး အပြောင်းအလဲတွေကြောင့် နိုင်ငံတကာမှာ မြန်မာအစိုးရကို လိုလား လက်ခံမှုတွေ တိုးလာပေမယ့်လည်း တချိန်တည်းမှာ အခုလို ပဋိပက္ခတွေ မကြာမကြာ တွေ့လာရ ပါတယ်။ အထူးသဖြင့်ကတော့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ပဋိပက္ခတွေကို ကိုင်တွယ်ရာမှာ အထူးသဖြင့် အရပ်သားတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ အရင် အမူအကျင့်တွေ ကို ပြောင်းလဲဖို့ သမ္မတဦးသိန်းစိန်အနေနဲ့ အလေးထားကိုင်တွယ်သင့်တယ်လို့ မစ္စတာကင်တာနား က ပြောပါတယ်။

“လူ့အခွင့်အရေးအခြေအနေတိုးတက်ကောင်းမွန်စေဖို့၊ တချို့နေရာတွေ မှာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တာတွေ တွေ့ရတဲ့ သမ္မတ ဦးသိန်းစိန်အနေနဲ့ ရဲတပ်ဖွဲ့ရဲ့ အလေ့အကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့ လက်တွေ့ကျကျ ဆောင်ရွက်သင့်ပါတယ်။ ဒီလိုဆောင်ရွက်တာမျိုး ကျနော် မတွေ့ရသေးပါဘူး။ ဒီကိစ္စသာ မဟုတ်ပါဘူး။ ကြေးနီစီမံကိန်း ပဋိပက္ခဖြိုခွင်းတုန်းကလည်း ရဲက မီးလောင်ဗုံးသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံမှာ တောက်လျှောက်ဖြစ်နေတာတွေ့ရပါတယ်။”

လက်ပံတောင်းတောင်ဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းရေးကော်မတီ ကိုတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပါတယ်။ ဒီ ကော်မတီအနေနဲ့ မကြာခင်မှာ အစီရင်ခံစာ ထွက်လာမယ် လို့ မျှော်လင့်ထားကြတာပါ။ အခုလို အရပ်ဖက်လူထုနဲ့ လုံခြုံရေးတာဝန်ရှိသူတွေ ထိပ်တိုက်ဖြစ်ကြ တဲ့ ကိစ္စရပ်မျိုးတွေကို အစိုးရတင် မဟုတ်ပဲ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးကော်မတီကလည်း လေ့လာ အဖြေထုတ်ဖို့ တာဝန်ရှိတယ်လို့ မစ္စတာကင်တာနားက ယူဆပါတယ်။

“ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်ရမှာ ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍကို လေ့လာစုံစမ်းဖို့ တာဝန်ရှိတယ်လို့ ကျနော် ပြောလိုပါတယ်။ ဒီကော်မတီအနေနဲ့ ရဲတပ်ဖွဲ့ရဲ့ အလေ့အကျင့်တွေကို ဘယ်လိုပြုပြင်ပြောင်းလဲ၇မယ်၊ ဘယ်လိုသင်တန်းတွေ ပေးရမယ်၊ လက်နက်ကိုင်ဆောင်ခွင့် ရှိကြတဲ့ လုံခြုံရေးရဲတွေရဲ့ တာဝန်ဟာ ဘယ်လိုရှိတယ်ဆိုတာကို အစီရင်ခံစာထုတ်ပြန်သင့်ပါတယ်။”

မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာအပိုင် ကွင်းအမှတ် ၉၆၉ အတွင်းက လယ်မြေဧက ၅၀၀ ကျော်ကို ပုဂ္ဂလိက ကုမ္ပဏီတခုက ၁၉၉၆ ခုနှစ်တုန်းက သိမ်းယူခဲ့တဲ့နောက်၊ အခု အသုံးမပြုဘဲ ထားတယ်ဆိုပြီး လယ်သမားတွေဖက်က သူတို့ မူလ လယ်မြေကို ပြန်ယူဖို့ ခုတ်ထွင်ရှင်းလင်းရာကနေ ပြဿနာတွေ စခဲ့တာပါ။ အင်္ဂါနေ့မှာ အာဏာပိုင်တွေက အဲဒီနေရာမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးတဲ့နောက်၊ အဲဒီလယ်မြေတွေမှာ နေရာယူထားတဲ့ လယ်သမားတွေကို အကြမ်းဖက် ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ချိန်မှာ လယ်သမားတွေဖက် ကလည်း ပြန်လည် တိုက်ခိုက်မှုတွေရှိခဲ့ပြီး၊ လုံခြုံရေးတပ်ဖက်က သေနက်ပစ်ဖောက် လူစုခွဲတာတွေ လုပ်ခဲ့ရပါတယ်။VOA Burmese Fan Page

မြန်မာနိုင်ငံတွင် ဖို့ဒ်ကားများ ရောင်းတော့မည်

ရန်ကုန်၊ဖေဖော်ဝါရီ-၂၈
မြန်မာနိုင်ငံတွင် အမေရိကန်ကားကုမ္ပဏီ ဖို့ဒ်ကားများ ဖြန့်ဖြူးရန် ဖို့ဒ်ကားကုမ္ပဏီနှင့် သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း ဖို့ဒ်ကုမ္ပဏီနှင့် တွဲဖက်လုပ်ကိုင်မည့် မြန်မာနိုင်ငံဘက်မှ Capital Automotive ကုမ္ပဏီ အကြီးအကဲကပြောကြားသည်။

ရန်ကုန်မြို့၌ ပထမဦးဆုံးဖွင့်လှစ်မည့် ဖို့ဒ်ကားအရောင်းဆိုင်တွင် အိမ်စီးကားများနှင့် ပစ်ကပ်ကားများ ရောင်းချသွားမည်ဖြစ်ပြီး လာမည့်မေလမှာပင် အရောင်းပြခန်း စတင်ဖွင့်လှစ်သွားဖွယ်ရှိကြောင်း Capital Automotive မှ ဒါရိုက်တာဦးခင်ထွန်းကပြောသည်။

ဖို့ဒ်ကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ် နီးလ်မက်ကာသီကမူ ၎င်းတို့ကုမ္ပဏီအနေဖြင့် မြန်မာဈေးကွက်အတွင်း ၀င်ရောက်ရန် ပြင်ဆင်နေပြီး တွဲဖက်လုပ်ကိုင်မည့် ကုမ္ပဏီလည်း ရှိနေပြီဖြစ်ကြောင်း ပြောကြားသော်လည်း အသေးစိတ် အချက်အလက်များကိုမူ ပြောကြားခြင်းမရှိသေးပေ။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံမှ ပက်စီ၊ ကိုကာကိုလာ၊ GE ၊ Caterpillar နှင့် ဒိန်းမတ် အဖျော်ယမကာကုမ္ပဏီ Carlsberg တို့သည် ၎င်းတို့ကုန်ပစ္စည်းများ ဖြန့်ချိရန် ဒေသခံကုမ္ပဏီများနှင့် သဘောတူညီချက်များ ရရှိထားပြီဖြစ်သည်။
7Day News Journal

လက်ပန်တောင်းတောင်လယ်သမား တွေကိုစစ်တပ်၊ရဲ၊အင်အား၁၀၀၀ကျော်စတင်ပိတ်ဆို့ပြီ (ရုပ်/သံ)

၂၈-၂-၂၀၁၃
FB-KO Han Win Aung

နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဌ ဦးဌေးဦးက ထုတ်ဖော်ပြောကြား(ရုပ်/သံ)

မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီး မတူညီတဲ့ အခြေအနေမျိုးတွေကြောင့် အခြားနိုင်ငံတွေလို လက်ခံလို့ မဖြစ်နိုင်ပဲ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်းသာ ကြပ်ကြပ်မတ်မတ်လုပ်ဆောင်သွားရမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဌ ဦးဌေးဦးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီမိုကရက်တစ်မြန်မာ့ အသံက တွေ့ဆုံမေးမြန်းတဲ့နေရာမှာ သူက အဲ့ဒီလိုပြောဆိုလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံဟာ လူဦးရေများတဲ့ နိုင်ငံတွေနဲ့ ယှဉ်တွဲနေထိုင်နေရတာဖြစ်တဲ့အတွက် လူမျိုးရေးအရ ၀ါးမြိုခံရမှာ စိုးရတဲ့အတွက် ဥပဒေအတိုင်း လုပ်ဆောင်ဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။ ရိုက်ကူး-ကျော်ဇေ၀င်း DVB TV News

နော်ခမ်းကို ဆေးထိုးသတ်မည်

ဖေဖော်ဝါရီ ၂၈၊ ၂၀၁၃
တရုတ်နိုင်ငံ တရားရုံးမှာ သေဒဏ်စီရင်ခံထားရတဲ့ ရှမ်းတိုင်းရင်းသား စိုင်းနော်ခမ်းနဲ့ အပေါင်းအပါ ၃ ဦးကို မတ် ၁ ရက်နေ့မှာ ဆေးထိုးသတ်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

မဲခေါင်မြစ်အတွင်းက တရုတ်သဘောင်္သား ၁၃ ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးထားတဲ့ စိုင်းနော်ခမ်းကို ယူနန်ခရိုင် အနောက်တောင်ပိုင်း ကူမင်းမှာ မတ် ၁ ရက်နေ့ ဆေးထိုး ကွပ်မျက်ဖို့ ကူမင်း လူထုတရားရုံးက ဖေဖော်ဝါရီ ၂၇ ရက်နေ့က ချမှတ်လိုက်ပါတယ်။

စိုင်းနော်ခမ်းနဲ့ အပေါင်းအပါ ၃ ဦးဖြစ်တဲ့ ထိုင်းနိုင်ငံက စိုင်းဆန်ခမ်း၊ နိုင်ငံမဲ့ ယီလိုင်းနဲ့ လာအိုနိုင်ငံသား ဂျဆီးကား တို့ဟာ အယူခံကြပေမယ့် အယူခံငြင်းပယ်ခံရတာကြောင့် သတ်မိန့်ကို ပြန်လည်သုံးသပ်ဖို့ လူထုတရား တရားရုံးချုပ်ကို ပေးပို့ခဲ့ရာမှာ တရားရုံးချုပ် ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ပြီး ဆေးထိုးသတ်ဖို့ ဒီအမိန့်ကို ချမှတ်ခဲ့တာလို့ တရုတ် သတင်းစာမှာ ရေးပါတယ်။

ကွပ်မျက်တာကို ကူမင်းပြည်သူ့အစိုးရရှေ့နေတွေက ကြီးကြပ်လုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အခုချိန်မှာတော့ သူတို့ ၃ ဦးကို မိသားစုတွေ၊ ကူမင်းက ထိုင်း၊ မြန်မာ ကောင်စစ်ဝန်တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။ စီရင်ပြီးရင်တော့ သူတို့ရဲ့ ကြွင်းကျန်ရစ်တဲ့ ပစ္စည်းတွေနဲ့ ရုပ်အလောင်းတွေကို ဆွေမျိုးတွေနဲ့ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးတွေကို ပေးပို့သွားမယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့မှာ မဲခေါင်မြစ်ထဲက တရုတ်သင်္ဘော ၂ စင်းက သဘောင်္သား ၁၃ ဦးကို သတ်ဖြတ်ရာမှာ နောက်ကွယ်ကနေ ကြိုးကိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံက ရှာဖွေခဲ့ရာမှာ လာအိုနိုင်ငံမှာ ၂၀၁၂ အစောပိုင်းက ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။ သူတို့ကို ရုံးတင်စစ်ဆေးရာမှာ ဖြောင့်ချက်ပေးခဲ့တဲ့အတွက် ၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့မှာ စိုင်းနော်ခမ်းနဲ့ အပေါင်းပါ ၃ ဦးကို သေဒဏ်စီရင်ခဲ့တာလည်း ဖြစ်ပါတယ်။

စိုင်းနော်ခမ်းကို ဖမ်းဆီးမခံရခင်မှာ ထိုင်းနိုင်ငံအစိုးရက ၀ရမ်းထုတ်ပြန်တဲ့ မူးယစ်ရာဇာစာရင်းမှာ ပါရှိခဲ့ပါတယ်။DVB TV News

အရေးကြီးတယ်......

FB-Nay Yu

ပလောင်ရွာကိစ္စဥပဒေအရမှန်ကန်စွာဆောင်ရွက်မည်

 မအူပင်၊ ဖေဖော်ဝါရီ၊ ၂၇။ ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်ရှိ ပလောင်ရွာတွင် ဆန္ဒပြ ရွာသားများနှင့် ရဲများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့မှုကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး အာဏာပိုင်များ အနေဖြင့် ပြေလည်အောင် ဆောင်ရွက်နိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။ တည်ငြိမ် အေးချမ်းရေးအတွက် ကြိုးစားနေချိန်တွင် ရိုးသားသည့် ရွာသားများ အပေါ် သွေးထိုးလှုံ့ဆော်မှုများ ရှိသောကြောင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ရကြောင်းနှင့် ပြည်သူ့အတွက် မှန်ကန်သည့် လမ်းကြောင်းမှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဒေသခံများ အနေဖြင့်လည်း အကြောက်တရား များပြေလျော့ပြီး ဘက်ပေါင်းစုံမှ ဆောင်ရွက်နိုင်ရန်လည်း လိုအပ်ကြောင်း၊ တည်ဆဲဥပဒေအရ မှန်ကန်စွာ ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ "ကျွန်မတို့က ထမင်းစားမလို့ သူတို့က ရဲလေးငါးယောက်က လာဝင်ရိုက်လို့ ထွက်ပြေး ခဲ့ရတာ၊ မျက်လုံးလဲ ခိုက်မိသွားတယ်၊ ကိုယ်ဝန်လဲ ပျက်ကျသွားတယ်။"ဟု ရဲများ၏ တိုက်ခိုက်မှု ခံရပြီး နှစ်လကျော် ရှိပြီးဖြစ်သော ကိုယ်ဝန် ပျက်ကျသွားခဲ့သူ ဒေါ်တင်တင်နွယ်က ပြောကြားသည်။ "ဒီမှာလုပ်ကိုင်နေတဲ့ အလုပ်သမားတွေက အသက်အန္တရာယ် စိုးရိမ်ရတယ်။ သူတို့က ပစ္စည်းတွေ မီးလျို့ဖျက်ဆီးတယ်။ နောက်ငါးကန်ရေတွေကို ဖောက်ထုတ်ပစ်တယ်။ ၀ါးပင်တွေကို ခုတ်ထစ်ပစ်တယ်။ နိုင်ငံတော် အတွက်လည်း အကျိုးအတွက် ထိခိုင်နိုင်တယ်။" ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ထွန်းလွင်က ပြောကြားသည်။ ရဲတပ်ဖွဲ့ အနေဖြင့် ဥပဒေ အရသာ ဆောင်ရွက်ပြီး အကြမ်းဖက်လျှင် ဥပဒေပုဒ်မ ၁၀၀ အရ ကာကွယ် ခုခံပိုင်ခွင့်ရှိကြောင်း၊ သေအောင် လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း၊ ခြောက်လှန့်ရုံသာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အမှန်တကယ်သာ ပစ်ခတ်ခဲ့လျှင် သေဆုံးမှုများပါ ဖြစ်လာနိုင်ကြောင်း၊ ရဲတပ်ဖွဲ့တွင် ဒဏ်ရာပြင်းထန်သူ ဆယ်ဦးခန့်တွင် ရဲတပ်သား တစ်ဦးသည် ရန်ကုန်ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ဒဏ်ရာ ပြင်းထန်သောကြောင့် ယမန်နေ့ညက သေဆုံးခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးမှု အတွက် လူသေမှုဖြင့် အရေးယူမည် ဖြစ်ကြောင်း အမှုဖွင့်၍ ဥပဒေကို ဆန့်ကျင်သည့် အဖွဲ့အစည်းတွင် ပါဝင်သူတိုင်းကိုလည်း ဥပဒေအရ အရေးယူ သွားမည် ဖြစ်ကြောင်း၊ ဆက်လက် ပြောကြားသည်။
 ယမန်နေ့ ၁၁ နာရီခန့်တွင် ပလောင်ရွာနှင့် နီးစပ်ရာလေးရွာမှ ကိုယ်စားလှယ် ခုနှစ်ဆယ်၊ ငါးလုပ်ငန်း၊ မြေစာရင်း ဦးစီးနှင့် ဧရာဝတီတိုင်း ဒေသကြီး ဒုရဲမှူး ကိုယ်တိုင် တက်ရောက်၍ ၎င်းတို့ဆန္ဒကို ပြောကြရာတွင် ညှိနှိုင်း အောင်မြင်ခဲ့ကြောင်း၊ သို့သော် ကန်ဘောင်များကို ဖောက်ချခဲ့သည့် အတွက် ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်လာသဖြင့် တာဝန်ရှိသူများ ၏ (ခရိုင်အဆင့်၊ တိုင်းအဆင့်မှ ) ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ထပ်မံညှိနှိုင်းပေးသော်လည်း အဆင် မပြေတော့ဘဲ အတင်းတက်လာကြပြီး ဓါး၊ တုတ်များဖြင့် တိုက်ခိုက်လာကြောင်း၊ ပြည်သူ့ရဲ တပ်ဖွဲ့က တုတ်၊ ဒိုင်းတို့ဖြင့် နောက်ဆုတ် ကာကွယ်ခဲ့ရကြောင်း၊ ကန်ပေါင်ပေါ်မှ ဆင်းသွားစေရန် ဒိုင်းများနှင့်ကာ၍ တက်သွားချိန်တွင် ယင်းတို့ဘက်မှ တုတ်များဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သောကြောင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ဝေယံ
The Myanma Age

ရွှေညဝါဆရာတော်နှင့် အရှင်ဝီရသူ ဒါဏ်ရာရ လူနာများအား အလှူငွေပေးအပ်


 မအူပင်၊ ဖေဖော်ဝါရီ၊ ၂၇။ ယနေ့ည (၁၁)နာရီအချိန်ခန့်က ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့ပြည်သူ့ ဆေးရုံကြီးရှိ ဒါဏ်ရာရ လူနာများအားရွှေညဝါ ဆရာတော်နှင့် ဆရာတော် အရှင် ဝီရသူတို့က ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်းခဲ့သည်။ ယမန်နေ့က ပလောင် ကျေးရွာတွင် ဆန္ဒပြရွာသားများနှင့် ရဲများအကြား ဖြစ်ပွားခဲ့ သော ပဋိပက္ခမှုတွင် ထိခိုက်ဒါဏ်ရာ ရရှိခဲ့သော ရွာသား(၁၂)ဦးနှင့် ရဲ(၆)ဦးတို့ အတွက်တစ်ဦးလျှင် ငါးသောင်းကျပ်စီကို ဆရာတော်များမှ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပဋိပက္ခမှုတွင် ရရှိသောဒါဏ်ရာဖြင့် သေဆုံးခဲ့သော ရဲသား ကိုရဲကျော်သူ၏ မိသားစုကိုယ်စားမအူပင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်ဝင်းသိန်းအား အလှူငွေ (၃)သိန်းကျပ်ကိုလည်း လှူဒါန်း ပေးအပ်ခဲ့သည်။ ဆရာတော်များသည် ယခုကဲ့သို့ မအူပင်ဆေးရုံကြီးသို့ လာရောက် မလှူဒါန်းမီ ညနေပိုင်းကပလောင်ကျေးရွာသို့ ဝင်ရောက်ခဲ့ကာရွာသားများနှင့် တာဝန်ရှိသူ များအား ပြေလည်အောင် ဆောင်ရွက်ကြရန် မိန့်ကြားခဲ့ပြီး ယခုဖြစ်ပွားခဲ့သည်များ နှင့် ပက်သက်၍ "တာဝန်ရှိသူတွေက လက်တွေ့ဆန်တဲ့ လုပ်ရပ်လေးတွေ လုပ်ပြနိုင်မှ တောင်သူလယ်သမားတွေရဲ့ မျက်စိနားက ယုံတော့မှာကိုး၊ ခံလာခဲ့ရတာ များတော့ လည်း ယုံကြည်မှုမရှိသလို ဖြစ်သွားခဲ့တာပေါ့၊ အဲဒီကွာဟမှု လေးတွေကြောင့် အခုလို ပဋိပက္ခ အသွင်တွေ ဆောင်ခဲ့တာပါ"ဟု ရွှေညဝါ ဆရာတော်က မိန့်ကြားခဲ့သည်။
ထက်နောင်နောင်
The Myanma Age




ဒီချုပ် အေ့ဒ်စ်ဂေဟာ လူနာမဆံ့တော့၍ အသစ်ထပ်မံတည်မည်

၂ဝ၁ဝ ခုနှစ် နေအိမ်အကျယ်ချုပ် လွတ်မြောက်ပြီး ရက်ပိုင်းအကြာတွင်
တောင်ဒဂုံရှိ AIDS ဂေဟာသို့ သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS ပြုစုစောင့်ရှောက်ရေးဂေဟာများ၌ လူနာများလာသည့်အတွက် အနည်းဆုံး လူဦးရေ ၃ဝဝ ဆံ့သည့် ဂေဟာအသစ် ထပ်မံ ဆောက်လုပ်သွားမည်ဟု ၄င်းစင်တာမှ မနန္ဒာလင်းက ပြောသည်။
အဆိုပါဂေဟာအသစ် ဆောက်လုပ်ပြီးစီးပါက လက်ရှိ တောင်ဒဂုံ နှင့် မြောက်ဒဂုံတို့တွင် ဖွင့်လှစ်ထားသော HIV/AIDSဂေဟာနှစ်ခုမှ လူနာများကို ယင်းဂေဟာအသစ် သို့ ပြောင်းရွှေ့ခေါ်ဆောင်သွားမည်ဟု ၄င်းက ပြောသည်။
”အခု အဲဒီနေရာနှစ်ခုမှာ အဆင်မပြေတော့ဘူး၊ လူနာကလည်း များလာတယ်။ လူနာတွေ ကျပ်နေပြီး အုပ်ချုပ်ရတာလည်း ဟိုဘက်သွား၊ ဒီဘက်သွားနဲ့ဆိုတော့ လူနာ သစ် လာရင်လည်း ထားစရာ နေရာမရှိတော့ဘူး”ဟု မနန္ဒာလင်း က ဆိုသည်။
ဂေဟာသစ် ဆောက်လုပ်ရန် မြေနေရာအဖြစ် အရှေ့ဒဂုံဘက်ရှိ ပေ ၄ဝ xပေ ၆ဝ မြေကွက် ၄ ခု ကို မေတ္တာရှင် ဆရာတော်အရှင် ဇဝနက လှူဒါန်းထား ကြောင်း ၄င်းက ပြောသည်။
ဂေဟာအသစ်အဖြစ် သုံးထပ်ဆောင် ဆောက်လုပ်မည်ဖြစ်ပြီး လူနာအသစ်များရော အဟောင်းများပါ ၄င်းနေရာတွင်ပင် တစ်စုတစ်စည်းတည်း ထားမည်ဟု ၄င်းက ပြောသည်။
တောင်ဒဂုံဂေဟာတွင် လူဦး ရေ ၁၈ဝ နှင့် မြောက်ဒဂုံတွင် လူ ၉ဝ နီးပါးစောင့်ရှောက်ထားပြီး ART ဆေးပေးထားသော လူနာ ၁ဝဝ ခန့်ရှိသည်ဟု  ၄င်းက ပြောသည်။
လက်ရှိ တောင်ဒဂုံဂေဟာကို ၂ဝဝ၄ ခုနှစ်နှင့် မြောက်ဒဂုံဂေဟာ ကို ၂ဝဝ၉ ခုနှစ်ခန့်ကစ၍ ဖွင့်လှစ် ထားခြင်းဖြစ်ကြောင်း၊ ဂေဟာအသစ် အတွက် ကုန်ကျစရိတ် ကျပ်သိန်း သုံးထောင်ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ကျပ်သိန်း ၁၆ဝ ခန့်အလှူ ငွေရရှိနေပြီဖြစ်ကြောင်း၊ လှူဒါန်းလို ပါက ကမ္ဘောဇ(၂)လမ်း၊ အိမ်နံပါတ် ၃၇၆၊ ၁၈(B)ရပ်ကွက်၊ တောင်ဒဂုံ ဖုန်းနံပါတ် ၅၆၉၃၄၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၄င်းက ပြောသည်။
မြတ်စုငြိမ်း
Popular Myanmar News Journal

မီးလာချိန် လျှော့ချခြင်းကြောင့် ပလတ်စတစ်အိတ်ဈေး မြင့်မည်

စက်မှုဇုန် များသို့ မီးပေးချိန် လျှော့ချ လိုက်ခြင်းကြောင့် ပလတ်စတစ် အိတ်ဈေးနှုန်း တက်မည်ဟု သတင်း ရရှိသည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ စတင်ကာ စက်မှုဇုန် များသို့ တစ် နေ့လျှင် မီး ၅ နာရီ သာပေး၍ ၁၉ နာရီ ဖြတ်တောက်ထား ရှိမှုကြောင့် ပလတ်စတစ် အိတ်ဈေးနှုန်းမှာ တစ် ပေါင်လျှင် ကျပ် ၂ဝဝ ခန့် တက်သွားမည့် အနေအထား ရှိကြောင်း ပလတ်စတစ် လုပ်ငန်းရှင် တစ်ဦးထံမှ သိရ သည်။

”တက္ကသိုလ်ဝင် စာမေးပွဲတွေ အပြင် နွေကာလ ပါ ဆက်ပြီး မီးဖြတ်မယ် ဆိုရင်တော့ ဈေးတက်လို့ အဝယ် နည်းသွား ရင် လျှော့ထုတ်တာမျိုး ဖြစ်လာမှာပါ။ အခုတော့ ဈေးကွက် ကို စောင့်ကြည့်ရမယ့် သဘောပါ။ လုပ်သားတွေ ကိုလည်း ပြန် ကြည့် ရဦးမှာပါ”ဟု ၄င်းက ပြောသည်။

ကမ္ဘာ့ ဈေးနှုန်း အရ ပလတ်စတစ် ပြုလုပ်သည့် ကုန်ကြမ်း ဖြစ်သော ကော်စေ့ ဈေးနှုန်းမှာလည်း လွန်ခဲ့သည့် တစ်လ ကပင် ဈေးနှုန်း မြင့်တက်ခဲ့ပြီး ယင်း ကျဆင်းရန် အ နည်းဆုံး နှစ်လခန့် ကြာမြင့်နိုင်သေး သည်ဟု ၄င်းက သုံးသပ်သည်။

ကော်စေ့ဈေး မြင့်တက်မှု ကြောင့် ပလတ်စတစ်အိတ်တစ် ပေါင်လျှင် ယခင်ကျပ် ၅၇ဝ မှ ယခု ကျပ် ၆၆ဝ အထိ ဈေးမြင့်တက်ခဲ့ပြီး လျှပ်စစ်မီး ပြတ်တောက်ပါက ယခုထက် ပိုမို ဈေးတက်မည့် အနေအထား ရှိကြောင်း သိရသည်။
ဝေမာထွန်း
Popular Myanmar News Journal

မအူပင် လယ်မြေပဋိပက္ခ သေဆုံးထိခိုက်မှုရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာအုပ်စုဝင် ပလောင်းကျေးရွာအပိုင် ကွင်းအမှတ် ၉၆၉ မှာ လယ်သမားတွေက သူတို့ရဲ့ ဘိုးဘွားပိုင် လယ်မြေတွေကို ပြန်ပြီး ရဖို့ ကြိုးစားရာကနေ လယ်သမားတွေကို နှိမ်နင်းဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးသွားပြီးတော့ အရပ်သား အမြောက်အများ ဒဏ်ရာရရှိခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာ က မအူပင်မြို့နယ်ထဲက လယ်သမားတွေနဲ့ ရဲတွေရဲ့ နောက်ဆုံး အခြေအနေကို တင်ပြထားပါတယ်။

မအူပင်မြို့နယ်ထဲက ကျေးရွာပေါင်း ၆ ရွာကနေ သိမ်းဆည်းထားတဲ့ လယ်မြေဧက ၅၀၀ ကျော်ကို Orchard ကုမ္ပဏီက ၁၉၉၆ ခုနှစ်က သိမ်းဆည်းခဲ့ပြီးတဲ့နောက် ငါးကန်များ တူးထားရာကနေ အခုနောက်ပိုင်း အသုံးမပြုတော့တဲ့အတွက် မူလပိုင်ရှင် လယ်သမားတွေက လယ်မြေတွေကို ပြန်ရဖို့အတွက် ကြိုးစားရင်းနဲ့ ရဲတွေနဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့တာပါ။

ဒေသခံလယ်သမားတွေကို အကူအညီပေးနေတဲ့ လမ်းပြကြယ်အဖွဲ့က ဦးထွန်းနိုင်ကတော့ လယ်သမားတွေဘက်က ထိခိုက်ခံရမှု အခြေအနေကို အခုလို ပြောပါတယ်။

“ကိုသန်းရွှေ ခေါင်းကို သူက ဒုတ်နဲ့ အရိုက်ခံထားရတယ်။ ကိုနိုင်ဝင်း ကျောပြင်ကို သေနတ်မှန် တယ်။ စိုးမင်းဦး မေးစေ့တို့ နားထင်တို့ ကျည်ဆန် ရှပ်မှန်ထားတယ်။ ကိုဝင်းနိုင် သူကတော့ ခေါင်း အရိုက်ခံရတယ်။ သုံးချက် အချုပ်ခံရတယ်။ ဒေါ်တင်တင်နွယ်က ဗိုက်ကို ရိုက်တယ်။ ဖိနပ်တွေ နဲ့ ဆောင့်ကန်တယ်။ အဲ့ဒါ ကလေးပျက်ကျသွားတယ်။ အခုအချိန်ထိ သတိမရသေးဘူး။ အဲ့ဒီ ကလေးမက။ ဒေါ်ဥမ္မာစမ်း အမျိုးသမီးပေါ့နော် သူက လက်ကျိုးသွားတယ်။ ဒေါ်အေးအေးခိုင် ဆိုတာကတော့ ညာဘက်က နံရိုးကို ထိသွားတာပေါ့နော်။ နံရိုးကို အရိုက်ခံရတာ။ ဒေါ်မူမူဝင်း ကတော့ ခေါင်း ၆ ချက် ချုပ်ရတယ်။ ဒေါ်နွယ်စိမ်းက နှုတ်ခမ်းရဲ့ ထိပ်ကို သူက သေနတ် ရှပ်မှန် သွားတယ်လေ။ အခုလောလောဆယ် စုစုပေါင်းကတော့ ၁၉ ဦး ၂၀ လောက်တော့ ရှိတယ်။ အားလုံးပေါင်း။ သေနတ်မှန်တာက ၃ ဦး အတိအကျရတယ်။”

ရဲတွေဘက်ကလည်း လယ်သမားတွေရဲ့ ရိုက်နှက်မှုကို ပြန်ပြီးတော့ ခံခဲ့ရတာပါ။ လူနာတွေကို အကူအညီ ပေးနေတဲ့ ပျိုးခင်းသစ် ဖောင်ဒေးရှင်း တည်တောင်သူ ကိုထိုက်ထိုက် ကတော့ မအူပင်ဆေးရုံကို မနက်ပိုင်းမှာ လူနာတွေ ထပ်ရောက်လာတဲ့ အကြောင်းကို အခုလို ပြောပြ ပါတယ်။

“ဒီမနက် လူနာ ၄ ယောက် ထပ်ရောက်တယ်။ ၁၂ နာရီဝန်းကျင်လောက်မှာပေါ့။ ၂ ယောက်က သေ နတ်မှန်တဲ့ ဒဏ်ရာနဲ့ပေါ့။ သေနတ်မှန်တဲ့ဒဏ်ရာက အခုဘယ်လောက်ရှိသွားပြီလဲဆိုတော့ ကျနော် ထင်တယ်၊ ညကကျနော်တို့ သယ်လာတာက ၂ ယောက်ဆိုတော့ ဒီနေ့ ၂ ယောက်ဆိုတော့ ၄ ယောက်အမ။ ရန်ကုန်ကိုမနေ့က ပို့လိုက်ရတဲ့ရဲတယောက် ဆုံးသွားပြီအမ။”

အာဏာပိုင်တွေဘက်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေလည်ပိုင်းက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ဖယ်ရှားခိုင်းနေပေမဲ့ လယ်သမားတွေက လယ်ပြန်ရရှိရေး တောင်းဆိုနေတဲ့အတွက် ထိပ်တိုက် ရင်ဆိုင်မှုတွေလည်း ဖြစ်ခဲ့ရတာပါ။ မအူပင်မြို့နယ် ရဲစခန်းမှူး ဦးသိန်းဝင်းကို ထိခိုက် သေဆုံးမှု အခြေအနေကို ဆက်သွယ်မေးမြန်း ကြည့်ခဲ့ပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင် တစ်ဦး သေပါတယ်ခင်ဗျ။

မေး။ ။ အရပ်သားတွေထဲကရော။
“အရပ်သားတွေမှာ အသေအပျောက် မရှိပါဘူးခင်ဗျာ။ ကျနော်တို့ ရဲတပ်ဖွဲ့ဝင် အရာရှိ ၂ ဦးနဲ့ အခြားအဆင့် ၂၆ ဦး အားလုံးပေါင်း ဒဏ်ရာရပါတယ်။”

မေး။ ။ ဟုတ်ကဲ့ အရပ်သားတွေမှာရော ဒဏ်ရာရတဲ့သူ ဘယ်လောက်များ ရှိပါလဲရှင့်။
“ဒဏ်ရာရတာက ယောက်ကျား၊ မိန်းမ ၁၅ ယောက်လောက် ရှိပါတယ်။”

မေး။ ။ သူတို့မှာရော သေနတ်ဒဏ်ရာကြောင့် ပြင်းထန်တာမျိုး ရှိပါသလားရှင့်။
“ပြင်းထန်ဒဏ်ရာမရှိပါဘူး၊ သာမန်ဒဏ်ရာတွေ များပါတယ်၊ ပွန်းရုံပဲ့ရုံပါ။”

မေး။ ။ ဆိုတော့ အခု ဒီအခြေအနေကို ဘယ်လိုများ ထိန်းသိမ်းထားမှု ရှိပါသလဲရှင့်။
“အခုလက်ရှိကတော့ ကျနော်တို့ စစ်ဆေး ဖော်ထုတ်ဆဲပါပဲခင်ဗျ။ အခု လူအုပ်နဲ့ဆိုတော့လေ အဲဒါကို စုံစမ်း ဖော်ထုတ်ဆဲပါပဲ။”

မေး။ ။ အခြေအနေတွေက တင်းမာမှုတွေ ဆက်ရှိနေတုန်းပဲလားရှင့်။
“အခုတော့ လူလည်း မရှိတော့ဘူးပေါ့နော်။ ဒါပေမဲ့လို့ ပြီးတော့မပြီးသေးဘူးပေါ့။”

မေး။ ။ မနေ့က ပစ်ခတ်မှုက ဘယ်လို အခြေအနေကြောင့် ဖြစ်သွားတာလဲရှင့်။
“သူတို့ဘက်က ဒုတ်တွေ၊ ဓားတွေနဲ့ ကိုင်ဆောင်ပြီးတော့ အတင်းအဓမ္မ အကြမ်းဖက် လာလို့ပါ။”

ဒါကတော့ ရဲစခန်းမှူးရဲ့ ပြောကြားချက်ပါ။ လယ်သမားတွေ အခြေအနေကတော့ နေ့လည်ပိုင်း အထိ ကန်ဘောင်ပေါ်ကို လူ ၅၀ ခန့် တက်လာသေးတယ်လို့ ဆိုပါတယ်။ အခြေအနေတွေကတော့ ပြီးသွားတာမျိုးမဟုတ်ဘဲ ညှိနှိုင်းတာမျိုးတွေလည်း မရှိတာကြောင့် ပြေလည်မှုတွေ မရသေးဘူးလို့ ဦးထွန်းနိုင်ကတော့ ဆိုပါတယ်။

“ဟုတ်ကဲ့ တိုင်ပင်ဆွေးနွေးခြင်း မရှိသေးပါဘူးခင်ဗျ အခုအချိန်အထိ။”

ညနေပိုင်းမှာတော့ ရွှေည၀ါဆရာတော်နဲ့ အရှင်ဝီရသူတို့က အဲ့ဒီ မအူပင်ကို လာရောက်ဖို့ ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

အခုလို အခင်းဖြစ်ပွားတဲ့ အဲ့ဒီဒေသမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။ အခြေအနေတွေဟာ ငြိမ်သက်နေပေမဲ့ ပြီးဆုံးသွားခြင်း မရှိသေးဘူးလို့ ပြောပါတယ်။ အသေးစိတ်ကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

ပုဒ်မ ၁၄၄ ဆိုတာ မတည်ငြိမ်တဲ့ အနေအထားမှာ ထုတ်တာဖြစ်တဲ့အတွက် နှစ်ဘက် အဓိက ရုဏ်းတွေ ဖြစ်တဲ့အခါမှာ ပုဒ်မ ၁၄၄ ဥပဒေပါ အချက်အလက်တွေအတိုင်း ဖြေရှင်းကြဖို့ လိုတယ် လို့ ရှေ့နေများကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ထောက်ပြပါတယ်။

“အများပြည်သူသိအောင် ကြေညာပေးရမယ်။ အဲဒီလိုကြေညာပေးတဲ့နောက် စုလာလို့ရှိရင် သူတို့ Riot Manual လို့ခေါ်တဲ့ လုပ်ထုံး လက်စွဲစာအုပ်မှာ ပါတဲ့အတိုင်း တဆင့်ပြီး တဆင့်ပေါ့ဗျာ။ ဒီနေရာ မလာရဘူး၊ ဒီနေရာ ရပ်ရမယ် စသဖြင့်ပေါ့လေ။ အဲ့ဒီလိုမျိုး နောက်ဆုံးတော့ ပစ်ခတ် အရေးယူမယ်ဆိုရင် သတိပေးပြီးတော့ အပေါ်ကို ပစ်ရမယ်၊ နောက်တော့မှ အောက်ကိုဆို တာတောင် အသက်အန္တရာယ် မထိခိုက်နိုင်လောက်တဲ့ နေရာတွေကို ရွေးပြီးတော့ပစ်ရမယ်။ ရာဘာကျည်ဆံတွေ ဘာတွေ ကျနော်တို့ သုံးမယ်။ နောက်တခါ မျက်ရည်ယို မီးခိုးဗုံးတို့ ဘာတို့ မျက်ရည်ယိုဗုံးတို့ ဘာတို့သုံးမယ်။ ဒီလိုမျိုးပေါ့လေ စနစ်တကျ လှဲရတယ်။”

လက်ရှိ အချိန်မှာ အစိုးရဘက်က ပုဒ်မ ၁၄၄ ထုတ်ထားတာကြောင့် လယ်သမားတွေအနေနဲ့ သတိထား ဆောင်ရွက်ရမယ့် အနေအထားမှာ ရှိတယ်လို့လည်း ကိုမောင်စိုးက ပြောပါတယ်။

“ညကျလို့ရှိရင်တော့ တခုခုတော့ စီစဉ်ရမှာပေါ့။ ရှောင်သင့်ရင်လည်း ရှောင်ပေးရမှာပေါ့။ ကိုယ်က လက်နက် မရှိတဲ့သူ၊ သူတို့က လက်နက်ရှိတဲ့သူ။ သွားပြီးတော့ ဟိုဒင်းဖြစ်နေလို့လည်း မဟုတ်သေးဘူးလေ။”

အခုလို ငါးကန် ဖော်မယ်ဆိုပြီး သိမ်းထားတဲ့ မြေတွေမှာ အမှန်တကယ် အလုပ်မလုပ်တာကြောင့် လယ်သမားတွေက သိမ်းဆည်းခံရတဲ့ သူတို့တွေရဲ့ မြေယာတွေကို ခုတ်ထွင် ရှင်းလင်း စိုက်ပျိုးဖို့ ကြိုးစားနေတဲ့အတွက် ဖယ်ရှားပေးဖို့ အာဏာပိုင်တွေက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဆွေးနွေးပွဲ လုပ်ခဲ့သလို၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး လူစု မခွဲရင် ပစ်ခတ်မယ်လို့ ရဲတွေဘက်က အသံချဲ့ စက်တွေနဲ့ နေ့လည်ပိုင်းက စပြီး ကြေညာခဲ့ပါတယ်။

လယ်သမား အင်အား ၅၀၀ ကျော်ကို ရဲအင်အား ၃၀၀ လောက်က ပစ်ခတ်မယ်ဆိုတဲ့ အကြောင်း ကို နေ့လည်ပိုင်း ကတည်းက တောက်လျောက် သတိပေး ပြောကြားနေခဲ့ တာဖြစ်တယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။

အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ အခြေအနေမှာ နှစ်ဖက်ညှိနှိုင်းမှုတွေ ရဖို့အတွက် အာဏာပိုင်တွေနဲ့ လယ်သမားအဖွဲ့က တာဝန်ရှိသူတွေအကြား စေ့စပ်ပေးဖို့တွေ ရှိနေတယ် လို့လည်း မအူပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုမင်းဇော် က ပြောပါတယ်။

“တောင်သူတွေဘက်ရော၊ ကုမ္ပဏီဘက်ရော၊ အာဏာပိုင်တွေဘက်ရော၊ ၁၄၄ ထုတ်ထားတဲ့အခါ ကျတော့ အခု လောလောဆယ် ဘာမှ လုပ်လို့မရဘူး။ ဘယ်လို ဆောင်ရွက်ရင် ကောင်းမလဲ။ ဥပဒေဘောင်အတွင်းကပဲ ဖြစ်ရမယ်။ အကြမ်းဖက်မှုမျိုး မဖြစ်ရဘူး။”

လယ်သမားတွေဘက်ကို အာဏာပိုင်အဖွဲ့တွေက ပြေလည်မှု ရဖို့အတွက် ညှိနှိုင်းတာမျိုးတွေ ရှိပေမဲ့ လယ်မြေသိမ်းထားတာကို လက်ခံလိုက်ပြီး လယ်သမားတွေဘက်က လက်လျှော့လိုက်ပါဆိုတဲ့ သဘောမျိုးတွေ သက်ရောက်လို့ သူတို့အနေနဲ့ လက်မခံဘဲ မိမိတို့ လယ်မြေတွေ ပြန်ရရှိဖို့အတွက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ လယ်သမား ခေါင်းဆောင်ပိုင်းတွေက ပြောလာပါတယ်။VOA Burmese Fan Page
ဓါတ်ပုံ စုစုနွေး(facebook)








နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com