http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အစ်ကိုဖြစ်သူမှ ညီအရင်းအား ပုဆိန်ဖြင့်ခုတ်သတ်

13.7.2013
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့ တောင်စလုံကျေးရွာတွင် ဇူလိုင်လ ၁၁ ရက်နေ့က ထမင်းချိုင့်ရေဆေးနေသည့် ညီဖြစ်သူအား အစ်ကိုဖြစ်သူမှ ပုဆိန်ဖြင့် ခုတ်သတ်ခဲ့သည့် အမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့ တောင်စလုံရွာနေ မောင်စံ၊ အသက်(၁၈) နှစ်သည် နေအိမ်ရှိ ပန်းကန်ဆေးစင်တွင် ချိုင့်ရေဆေးနေစဉ် အစ်ကိုဖြစ်သူ မောင်စန်းမှ ပုဆိန်ဖြင့်ခုတ်ခဲ့သဖြင့် မောင်စံ၏ ညာဘက်ဂျိုစောင်းနှင့် ဂုတ်ပိုးတို့တွင် ဒဏ်ရာများ ပြင်းထန်စွာ ရရှိသွားခဲ့သည်။ မိဘများမှ မောင်စံအား ကျေးလက်ကျန်းမာရေးဌာနခွဲသို့ ပို့ဆောင်ခဲ့သော်လည်း လမ်းတွင် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။

မိဘများဖြစ်သည့် ဦးခိုင်နှင့် ဒေါ်နန်းမိုးတို့မှ “သားကြီးဖြစ်သူ မောင်စန်းသည် လွန်ခဲ့သော (၄) လခန့်က ပေါင်းလောင်းဒေသဘက်တွင် ရွှေတူးသည့်အလုပ် သွားလုပ်ခဲ့ကြောင်း အိမ်သို့ပြန်လည်ရောက်ရှိသည်မှာ (၁)လပင် မပြည့်သေးကြောင်း၊ ညီအစ်ကို(၂)ယောက် စကားများရန်ဖြစ်ခြင်းလည်း မရှိဖူးကြောင်း၊ မောင်စန်းသည် ရွှေတူးစဉ်က အအေးဒဏ်ခံနိုင်ရန် မူးယစ်ဆေးဝါးသုံးစွဲခဲ့ကြောင်းကို အနည်းငယ်ကြားမိခဲ့ကြောင်း၊ ယခုကဲ့သို့ ဖြစ်ရခြင်းမှာ ဆေးကြောင်ကြောင်ကာ ဖြစ်နိုင်ကြောင်း” ပြောပြပါသည်။

လူသတ်မှုကျူးလွန်သူ မောင်စန်းအား ပင်လောင်းရဲစခန်းမှ ဖမ်းဆီးချုပ်နှောင်ထားပြီး ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
Myawady News

ဆီဆိုင်မြို့နယ်မှာ အရပ်သားစစ်သား အချင်းများရာက ရွာသား ၂ ဦး သေနတ်ဒဏ်ရာရ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ထီထဲထိုးကျေးရွာမှာ မနေ့ကမနက်ပိုင်းက အမှတ် (၄၂၆) ခြေလျင်တပ်ရင်းက စစ်သား ၃ ဦးနဲ့ ရွာသားတွေအကြား ပဋိပက္ခဖြစ်ပွားပြီး စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ရွာသားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထီထဲထိုးကျေးရွာအနီးမှာ စခန်းချထားတဲ့ အမှတ်(၄၂၆) ခြေလျင်တပ်ရင်းဖက်က သစ်ပင်တွေခုတ်နေတဲ့အတွက် ကျေးရွာဥက္ကဌက သက်ဆိုင်ရာကို သွားရောက်တိုင်ကြားရာကစပြီး ရွာသားတွေနဲ့ စစ်သားတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် လက်ဖျံနဲ့ ခါးမှာ ဒဏ်ရာတွေရရှိခဲ့တဲ့ ထီထဲထိုးကျေးရွာက တောင်သူ ကိုခွန်မောင်သောင်းက RFA ကို အခုလို ပြောပါတယ်။

"သေနတ်သံကြားလို့ ပြေးလာတာ၊ ကျနော်တို့အပြေးမှာပဲ သူတို့နဲ့တွေ့ကြတာ၊ တွေ့တော့ မင်းတို့မကပ်နဲ့ ကပ်ရင်ပစ်မှာဆိုပြီးတော့၊ ကျနော်တို့လည်း ရှေ့တိုးပြီးကပ်တာ ပစ်ထည့်တာ၊ တကယ်ပစ်ထည့်တာ၊ ကျနော်တို့အထင်တော့ တကယ်မပစ်ဘူးပေါ့၊ ပစ်ခွင့်မရှိဘူးပေါ့၊ အဲဒီလိုပစ်တော့ ကျနော်တို့လည်းဆွဲပြီးတော့ သေနတ်ကိုရအောင်လုလိုက်တာ၊ အဲဒီသေနတ်မရရင်တော့ လူကိုဘယ်လောက်ထိလုပ်မလဲတော့ မသိဘူး"

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မသိရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပစ်ခတ်ခဲ့တဲ့ စစ်သားတစ်ဦးကိုတော့ ရွာသားတွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဒဏ်ရာရသူ လူနာနှစ်ဦးကို ဆီဆိုင်ဆေးရုံမှာ ကုသမှုခံယူနေပြီး လက်ရှိမှာတော့ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဘူးလို့ သိရပါတယ်။

အခုလို ပဋိပက္ခမဖြစ်ပွားခင် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်ကလည်း ထီထဲထိုးကျေးရွာက ဆယ်အိမ်မှူးနဲ့ ရွာသားနှစ်ဦးကို အမှတ် (၄၂၆) ခြေလျင်တပ်ရင်းက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွာသားတွေက ဆိုပါတယ်။
RFA Burmese

မြောက် ကိုရီးယားတွေထိန်းသိမ်းထားတယ် ဆိုတဲ့သတင်း ရှမ်းလက်နက်ကိုင်တွေငြင်း

နမ့်ကိုင်ဖိတ် ရှေ့တန်းစခန်းက SSA တပ်ဖွဲ့ တဖွဲ့
13.07.2013
မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံအရှေ့ခြမ်း ရှမ်းပြည်နယ်ထဲမှာ မြန်မာသူပုန်တွေက ဖမ်းဆီးထားတယ်လို့ တောင်ကိုရီးယား ဘက်က သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် ရှမ်းလက်နက်ကိုင်အဖွဲ့တွေ က ငြင်းဆိုလိုက်ပါတယ်။ ဒုက္ခသည်တွေဟာ နယ်စပ်တွေကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို ဝင်ရောက်လေ့ရှိကြပေမဲ့ ဒီလိုလမ်းခုလတ်က ဖမ်းဆီးပြန်ပေးဆွဲမှုမျိုးကို မကြားသိကြဘူးလို့လည်း ဆိုပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ အနီး သူပုန်တွေထိန်းချုပ်ထားတဲ့ နယ်မြေမှာ မြောက်ကိုးရီးယား ၆၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီးတော့ ဘိန်းစိုက်ခင်းတွေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးတွေမှာ အဓမ္မခိုင်းစေနေပြီး သူတို့ကိုပြန်ပေးဆွဲတဲ့အနေနဲ့ ငွေတောင်းခံနေတယ်လို့ တောင်ကိုရီးယားနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ ကင်မ်ဟီတေး က ပြောဆိုလိုက်ပါ တယ်။ တောင်ကိုးရီးယား အစိုးရဘက်က  ကင်မ်ဟီတေးရဲ့ ပြောဆိုချက်ကို အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေပါတယ်လို့ တောင်ကိုးရီးယား ပြန်လည်ပေါင်း စည်းရေး ၀န်ကြီးဌာန ပြောခွင့်ရ ကင်ယောင်ဆု ကလည်း သောကြာနေ့ အစောပိုင်းမှာ ပြောဆိုလိုက်ပါတယ်။

ဒီလိုမျိုး ရှမ်းပြည်နယ်ထဲမှာ မြောက်ကိုရီးယားတွေကို ဖမ်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် ရှမ်းပြည်နယ်တွင်းက လက်နက်ကိုင်တပ်ဖွဲ့တွေကို ဗွီအိုအေက စုံစမ်းမေးမြန်းကြည့်တဲ့အခါ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်မတော်ပြောခွင့်ရက သူတို့အနေနဲ့ ဒီသတင်းနဲ့ ပတ်သက်လို့ တစုံတရာမကြားမိကြောင်း ပြောဆိုပါတယ်။

“သူတို့ပြောတာ ဘယ်ဘက်လဲတော့ မသိဘူးခင်ဗျ။ ကျနော်တို့ ဒီ ဒေသဘက်မှာတော့ မကြားမိသေးဘူးခင်ဗျ။ ဒီဘက်မှာတော့။”

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA (North) ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ရဲ့ပြောခွင့်ရ ဗိုလ်ကြီး စိုင်းဆေးအွန် ကလည်း အရင်တုန်းက ဒီလိုမျိုး တရုတ်လူမျိုးတွေနဲ့ ကိုရီးယားလူမျိုးအချို့ နယ်စပ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို ဝင်လေ့ရှိတဲ့ အဖြစ်မျိုးတွေရှိပေမဲ့၊ ဒီလိုပြန်ပေးဆွဲဖမ်းဆီးထားတဲ့ သတင်းနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ မကြားသိမိကြောင်း ပြောဆိုပါတယ်။

“ကျနော်တော့ တွေ့ဖူးတယ်ခင်ဗျ။ ကျနော်က အပေါ်ပိုင်း မြောက်ပိုင်းမှာ။ သူတို့အခုပြောတာက တောင်ပိုင်း တာချီလိတ်ဘက်မှာလေ။ အဲဒီမှာတော့ ရှိတာပေါ့။ အမြဲတမ်းရှိတာပဲ။ ယူနန်ကလည်း ရှိတယ်။ ကွမ်စီ ကလည်း ရှိတယ်။ အများကြီးပဲ။ တရုတ်တွေလည်း လာတယ်လေ။ ကိုရီးယားတွေလည်း လာတယ်။ ဒါပေမဲ့ ပြန်ပေးဆွဲတယ် ဘာတယ်တော့ မရှိဘူး။ အခုမှ ကျနော် ကြားတာပါ။ ဒါက ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူး။ အတည်ပြုလို့တော့ မရသေးဘူး။ သူတို့က နမ့်ခမ်းကိုလာချင်ရင် တစ်သိန်း ကုန်တယ်ဗျ။ နောက်တခါ နယ်စပ်ကနေ တခါ ဘန်ကောက်ကို တစ်သိန်းလောက် ထပ် ကုန်တာပေါ့ဗျာ။ သူတို့ဖြတ်လာတာ တခါတလေကျရင် နမ့်ခမ်းဘက်က ဖြတ်တယ်။ ကျနော်တို့နယ်ပေါ့။ ဒါပေမဲ့ အခုကျတော့ ကျိုင်းတုံဘက်က ထွက်လာတယ်လေ။ အခုလာတဲ့လမ်းက ကျိုင်းတုံလမ်းပဲဗျ။ ဆစ်ဆောင်ပန်းနားလေ။ ကျိုင်းတုံ ကနေ တခါ တာချီလိတ်ဘက် ရောက်လာ တာပေါ့။ တာချီလိတ် ကူးပြီးရင်တော့ ထိုင်းကို ရောက်တယ်လေ။”

ထိုင်းနိုင်ငံတွင်းဝင်ရောက်ဖို့ နယ်စပ်ဖြတ်ကျော်လာတဲ့ တခြားနိုင်ငံသားတွေ မြန်မာနိုင်ငံကို ဖြတ်ကျော်လာတာမျိုးရှိခဲ့ပေမဲ့ ဒီလို ပြန်ပေးဆွဲတဲ့ သတင်းမျိုးတော့ သူတို့ သေချာမသိရသေးဘူးလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့်အယ်ဒီတာချုပ်လည်း ဖြစ်တဲ့ ဦးခွန်ဆိုင်းကလည်း ပြောပါတယ်။

“MTA ခေတ်တုန်းက တရုတ်တွေက အဲဒီတုန်းက ထိုင်းနိုင်ငံထဲကို မတရားဝင်နေတဲ့အချိန်ပေါ့နော်။ ကျိုင်းတုံ ဘက်ကို ဖြတ်ပြီးတော့မှ လာတဲ့အချိန်ပေါ့။ အဲဒီတုန်းကတော့ မကြာခဏ ကြားရတယ်။ နောက်ပိုင်း မှာတော့ တရုတ်တွေ မရှိတဲ့အချိန်မှာ နောက်ပိုင်း ကိုရီးယားတွေ ထပ်ကြားတယ်။ ဒါပေမဲ့ ကိုရီးယားတွေ မကြားတာလည်း ကြာလှပြီ။ အစိုးရဘက်က ဖမ်းတာတွေ ဒလဆက် ကြားဖူးတာပဲ။”

တောင်ကိုရီးယားနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူတွေအနေနဲ့ လွန်ခဲ့တဲ့နှစ်တွေကတည်းက နယ်စပ်မှာ ပျောက်ဆုံးသွား တဲ့ မြောက်ကိုရီးယားတွေရဲ့ အရေးနဲ့ပတ်သက်ပြီး စုံစမ်းသိနိုင်ဖို့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူတွေကို အကူအညီတောင်းခံတာမျိုး ရှိခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံက ကိုရန်နိုင်ထွန်းကလည်း ပြောပါတယ်။

“မြောက်ကိုရီးယား ဒုက္ခသည်အရေးကို ကိုင်တွယ်နေတဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေ တောင်ကိုရီးယားမှာ ရှိတာကိုး။ ဒီလိုပဲ တချို့ မြောက်ကိုရီးယားလူမျိုးတွေဟာ ထိုင်းနိုင်ငံဘက် ကနေ ဖြတ်ပြီးတော့ မြန်မာနိုင်ငံထဲကို ၀င်ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကိုရီးယားသံရုံးမှာ ဒုက္ခသည်ခိုလုံခွင့်လုပ်ဖို့အတွက်ကို ကြိုးစားပေမဲ့၊ မြန်မာနိုင်ငံမှာရှိတဲ့ သူပုန်တွေကနေ ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းကို သူတို့ရရှိပါတယ် ဆိုပြီးတော့ ပြောကောင်း ပြောလိမ့်မယ်။ သတင်းသမားတွေကလည်း အဲဒါကို ပြန်ပြီးတော့ အင်တာဗျူးတွေ ဘာတွေလုပ်ပြီးတော့ ဒါကို ပြန်ကားတာ ဖြစ်လိမ့်မယ်။ ကျနော်ကတော့ အဲဒီလိုပဲမြင်တယ်။”

မြောက်ကိုးရီးယား အမျိုးသားတွေကို ဘိန်းစိုက်ခင်းတွေမှာ ခိုင်းစေပြီး အမျိုးသမီးတွေကိုတော့ မူးယစ်ဆေးဝါးချက်တဲ့နေရာတွေမှာ အဓမ္မ ခိုင်းစေနေပြီး လူတဦးကို အမေရိကန် ဒေါ်လာ ၅ ထောင်နဲ့ ရွေးယူရမယ်လို့လည်း အဲ့ဒီဒေသက တောင်ကိုးရီးယား သာသနာပြု အဖွဲ့တခုဆီကနေ သိရှိခဲ့ရတာလို့ တောင်ကိုရီးယားနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူက သာသနာပြု အဖွဲ့အဆိုကို ကိုးကားပြီး ပြီးခဲ့တဲ့သောကြာနေ့က တောင်ကိုးရီးယား သတင်းဌာန Yonhap မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
မဆုမွန်
ဗွီအိုအေ (မြန်မာပိုင်း)

ပုသိမ်ကြီးမြို့နယ်တွင် လူနေအိမ် ၁၁ လုံးနှင့် စပါးဂိုဒေါင်နှစ်လုံး မီးလောင်

မီးသတ် တာဝန်ရှိသူများနှင့် ဒေသခံများ ၀ိုင်းဝန်းငြိမ်းသတ်နေကြစဉ်
Saturday, 13 July 2013
မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်တွင် ဇူလိုင် ၁၂ ရက် ညနေပိုင်းက လူနေအိမ် ၁၁ လုံးနှင့် စပါးဂိုဒေါင်နှစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်၊ သစ်ချိုကုန်း ကျေးရွာတွင် ညနေ ၄ နာရီ ၃၅ မိနစ် အချိန်ခန့်က မီးစတင် လောင်ကျွမ်းခဲ့ပြီး ၅ နာရီ ၅၅ မိနစ် အချိန်ခန့်တွင် မီးငြှိမ်းသတ် နိုင်ခဲ့သည်။

''မီးလောင်တဲ့ နေရာက လမ်းတွေကျဉ်းနေတော့ မီးသတ်ကား အလွယ်တကူ ၀င်ငြိမ်းဖို့ အခက်အခဲရှိနေလို့ မီးက မကြီးသင့်ဘဲ ကြီးသွားတာ'' ဟု သစ်ချိုကုန်း ကျေးရွာတွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် ၁၁ လုံး၊ စပါးဂိုဒေါင် နှစ်လုံးနှင့် စပါးတင်း ၃၀၀၀ မီးလောင်ကျွမ်း ဆုံးရှုံးခဲ့သည်။

မီးလောင်ကျွမ်းသည့် အကြောင်းရင်းအား စုံစမ်းစစ်ဆေးလျက် ရှိကြောင်း၊ မီးလောင်မှု ဖြစ်စဉ်အား ပုသိမ်ကြီးမြို့နယ် ရဲစခန်းမှ (ပ) ၁၁၉/ ၂၀၁၃ ဖြင့် အရေးယူ ဆောင်ရွက်ထားရှိကာ မီးလောင်ရာသို့ မီးသတ်ယာဉ် ၄၃ စီး၊ သန္ဓေအင်အား ၄၀ ဦးနှင့် အရန်အင်အား ၂၀၀ ဦးတို့မှ မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
Eleven Media Group

လှို့ဝှက်တွေ့ဆုံပွဲ (သို့) ဗိုလ်ချုပ်မှူးကြီးကို အချဉ်ဖမ်းထားရန်

ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သနာဆပ် ပတီမာပရာကွန်း General Thanasak Patimaprakorn (ယာပုံ)
Photo: RFA
2013-07-12   
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှိနာဝပ်နဲ့ လက်ရှိ ထိုင်းဒုတိယကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း Yuthasak Sasiprapha ယုသာဆပ် ဆာစီပရာဖါတို့ မကြာခင်က ဟောင်ကောင်မှာ လှို့ဝှက်တွေ့ဆုံခဲ့ကြရာမှာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူတို့လက်အောက်ခံလူဖြစ်အောင် စည်းရုံးထားဖို့လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သနာဆပ် ပတီမာပရာကွန်း General Thanasak Patimaprakorn က ဒီကိစ္စဟာ ထိုင်းနဲ့ မြန်မာဆက်ဆံရေးကို ထိခိုက်နိုင်တဲ့အတွက် သတိထားပြီးရေးသားဖော်ပြကြဖို့ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ နခွန်ရပ်ချာဆီးမား (Nakhon Ratchasima) ပြည်နယ်မှာပြုလုပ်တဲ့ စစ်ရေးလေ့ကျင်ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ထိုင်းကာကွယ်ရေး ဦးစီးချုပ်က အခုလိုပြောကြားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ဂ ရက်နေ့က မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ ထိုင်းကာကွယ်ရေးဦးစီးချုပ်ကို အခုပေါက်ကြားခဲ့တဲ့ လှို့ဝှက်တွေ့ဆုံပွဲ အသံဖိုင်ကိစ္စနဲ့ပတ်သက်ပြီး မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကကော ဘာများဝေဖန်ပြောဆိုပါသလဲလို့လည်း သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။

ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သနာဆပ်က မြန်မာကာကွယ်ရေးဦးစီးချုပ်က မိမိတို့ ၂ ဦးအကြားမှာ ယခင်ကအတိုင်း ချစ်ခင်ရင်းနှီးမှုရှိကြောင်း၊ ဒီသတင်းကြောင့် မိမိတို့အချင်းချင်း ဆက်ဆံရေးပျက်ပြားရန်မရှိကြောင်းနဲ့ ထိုင်းတပ်မတော်အပေါ်ယုံကြည်ကြောင်း မိမိကိုပြောဆိုပါတယ်လို့ သတင်းထောက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်ကပြုလုပ်ခဲ့တဲ့ ဟောင်ကောင်ကျွန်းက တွေ့ဆုံပွဲကို လှို့ဝှက်ဖမ်းယူထားတဲ့အသံဖိုင်မှာ ထိုင်း ဒုတိယကာကွယ်ရေးဝန်ကြီး ယုသာဆပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ယုံကြည်လေးစားမှုကို အရရှိဆုံးလူဖြစ်သလို ထိုင်းနဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ်တွေဟာ အင်မတန်ရင်းနှီးကြတာဖြစ်တဲ့အတွက် ထားဝယ်ရေနက်ဆိပ်ကမ်းလုပ်ငန်းတွေကို မိမိတို့ ထိုင်းနိုင်ငံကလိုချင်ရင် ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သနာဆပ် General Thanasak Patimaprakorn ကို ဝန်ကြီးချုပ် ယင်းလတ်က ဆင့်ခေါ်ပြီး ဒီကိစ္စဆောင်ရွက်ဖို့ ပြောလိုက်ရုံမျှသာဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရင် မြန်မာနိုင်ငံကို မိမိတို့ရရှိပြီဖြစ်ကြောင်းစသဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ပြောကြားခဲ့ပါတယ်။
RFA (မြန်မာပိုင်း)

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေသည်မှာ မဟုတ်မှန်

နယ်စပ်ခြံစည်းရိုး တစ်လျှောက် လုံခြုံရေး နစက အဖွဲ့၏ ကင်းစခန်းများ (ဓာတ်ပုံ-၀င်းမောင်(မောတော))
Saturday, 13 July 2013
ရခိုင်ပြည်နယ် အတွင်းတွင် ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေသည်မှာ မဟုတ်မှန်ကြောင်းနှင့် ယင်းသို့ သင်တန်းပို့ချမှုများကို မြန်မာနိုင်ငံ အတွင်းမှာ လုပ်လို့မရကြောင်း မောင်တော နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ သတင်းရရှိသည်။

''စစ်သင်တန်းတွေ ပို့ချနေပြီလို့ ဆိုတဲ့ဟာက မြန်မာနိုင်ငံတွင်းမှာ လုပ်လို့မရပါဘူး။ ဟုတ်လည်း မဟုတ်ပါဘူး။ မီဒီယာ လုပ်ကွက်တွေပါပဲ။ ကျွန်တော်တို့ ဆီမှာရှိတဲ့ ဘင်္ဂါလီတွေကတော့ အေးအေး ဆေးဆေးပါပဲ။ ရိုဟင်ဂျာ ဆိုတာကိုတော့ မသိပါဘူး။ ဒီဒေသဟာ တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးကို နိုင်ငံတော်အဆင့် ဖွဲ့စည်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တည်ငြိမ် အေးချမ်းရေးမှာတော့ မည်သို့သော အနှောင့်အယက် အတားအဆီး၊ အဖျက်အမှောင့်တွေ လာသော်ရှိ၊ မလာသော်ရှိ လုံခြုံရေးကို နေ့ညမပြတ် ဆောင်ရွက်လျက် ရှိနေပါတယ်'' ဟု မောင်တော နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ ဒုတိယ ကွပ်ကဲရေးမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ထူးလှိုင်က ဇူလိုင် ၁၂ ရက် မွန်းလွဲ ၁၂ နာရီက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် Jemmah Islamiah (JI) အဖွဲ့ဝင် Muhammad Jibril Abdul Rahman တည်ထောင်ထားသည့် Ar Rahmah အင်တာနက် စာမျက်နှာတွင် ရခိုင်ပြည်နယ် အတွင်းတွင် ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေသည့် ဓာတ်ပုံ ၂၈ ပုံ ဖော်ပြခဲ့ပြီး ထိုသို့ လုပ်ဆောင်မှုများအား ''Ramadan gift'' ဟု ကြွေးကြော်ထားပြီး ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်များအား ရခိုင်ပြည်နယ်တွင် ဂျီဟတ် (ဘာသာရေးစစ်ပွဲ) ဆင်နွှဲရန် တိုက်တွန်းထားကြောင်း သိရသည်။

RSO ကြိုးကိုင်တဲ့ လူတွေက မြန်မာနိုင်ငံထဲက ဘင်္ဂါလီတွေကို သင်တန်းပေးပြီး မြန်မာနိုင်ငံထဲမှာ မြှုပ်နှံထားတာတွေ ရှိနေတယ်။ RSO ဆိုတာ ဘင်္ဂါလီတွေ အားလုံးလိုလို ဖြစ်နေတယ်။ ခွဲလို့မရ ရှုပ်ထွေးနေတယ်။ အဲလို ခွဲခြားမရတာကိုက မြန်မာနိုင်ငံ အစိုးရရော ဒေသခံတွေရော အင်မတန် စိုးရိမ်ရမယ့် အခြေအနေ ရှိပါတယ်...



ယင်းအပြင် Rohingya Solidarity Organisation (RSO) နှင့် ပတ်သက်သူများ ဖြစ်သည့် ရိုဟင်ဂျာခေါင်းဆောင် ဗလီဆရာဖြစ်သူ Abu Arif နှင့် စစ်သွေးကြွခေါင်းဆောင် Abu Shafiyah တို့နှစ်ဦးသည် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်၍ အမာခံအုပ်စုများနှင့် တွေ့ဆုံကာ တိုက်ခိုက်ရေးသမားများ၊ လက်နက်ခဲယမ်းများ၊ ငွေကြေးနှင့် ဖောက်ခွဲရေး သင်တန်းပေးမည့်သူများ ရှာဖွေခဲ့ကြောင်း သိရသည်။

''RSO ကို ၈၂ မှာ စတင်ဖွဲ့စည်းခဲ့ပြီးတော့ ၈၈ နောက်ပိုင်းမှာ ပိုအားကောင်းလာတယ်။ ၈၈ ခုနှစ် မေလ ၁၃ မှာ မောင်တော တစ်မြို့လုံးကို ၀ိုင်းပြီးသိမ်းဖို့ လုပ်ခဲ့တယ်။ နောက် RSO နဲ့ သူ့ယူဂျီတွေက ၉၄ မှာ မောင်တောမြို့ပေါ် နေရာတွေမှာ ဗုံးကိုးလုံး ဖောက်ခဲ့တယ်။ မပေါက်ဘဲ ဗုံးနှစ်လုံးရသေးတယ်။ RSO သင်တန်းတွေကတော့ အာဖဂန်နစ္စတန် နိုင်ငံက တာလီဘန်တွေဆီမှာ သွားသင်တန်းတက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှ RSO စစ်စခန်း လေးခုလောက်ဖွင့်ပြီး သင်တန်းပို့ချတယ်လို့ သိရတယ်။ အခုက RSO ကြိုးကိုင်တဲ့ လူတွေက မြန်မာနိုင်ငံထဲက ဘင်္ဂါလီတွေကို သင်တန်းပေးပြီး မြန်မာနိုင်ငံထဲမှာ မြှုပ်နှံထားတာတွေ ရှိနေတယ်။ RSO ဆိုတာ ဘင်္ဂါလီတွေ အားလုံးလိုလို ဖြစ်နေတယ်။ ခွဲလို့မရ ရှုပ်ထွေးနေတယ်။ အဲလို ခွဲခြားမရတာကိုက မြန်မာနိုင်ငံ အစိုးရရော ဒေသခံတွေရော အင်မတန် စိုးရိမ်ရမယ့် အခြေအနေ ရှိပါတယ်။ ဒါတွေကို လုံခြုံရေး အဖွဲ့တွေကလည်း ဖော်ထုတ်မပေးနိုင်ဘူး'' ဟု မောင်တော မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသာသာမောင်က ဆိုသည်။

RSO သည် ၁၉၈၂ ခုနှစ် စတင်တည်ထောင်ခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး ၎င်း၏ အဖွဲ့ဝင်များသည် အခြားစစ်သွေးကြွ အဖွဲ့များနည်းတွင် အရှေ့အာရှဒေသတွင် စစ်သင်တန်းများ တက်ရောက်ခဲ့ကြ ကြောင်းလည်း သိရသည်။ ဒေသလုံခြုံရေးအတွက် နယ်စပ်တွင် နစက၊ ရဲ၊ စစ်တပ်တို့မှ နေ့ညမပြတ် ဆောင်ရွက်လျက် ရှိနေကြောင်းနှင့် နိုင်ငံလုံခြုံရေး အတွက် တည်ဆောက်နေသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးမှာလည်း အခြေအနေ ကောင်းကြောင်းနှင့် လက်ရှိတွင် မိုးတွင်းကာလ ဖြစ်သဖြင့် တည်ဆောက်ရေး လုပ်ငန်းများ ခေတ္တနားထားရသည့် ရာသီ ဖြစ်ကြောင်းလည်း သိရသည်။
Eleven Media Group

ဥသြသံကို ဖုန်းမြည်သံအဖြစ်ထည့်သွင်း၍ အာဇာနည်နေ့တွင် အလေးပြုနိုင်ရန် စီစဉ်

ရန်ကုန်၊ဇူလိုင် ၁၂
အာဇာနည်နေ့အတွက် အလေးပြုနိုင်ရန် ဥသြဆွဲသံအား ဖုန်းမြည်သံစနစ်အဖြစ် ထည့်သွင်းနိုင်ရေးအတွက် နည်းပညာကျွမ်းကျင်သူများဖြင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု အဖြူရောင်တွဲလက်များအဖွဲ့မှ သိရသည်။

လာမည့် ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် ၆၆နှစ်မြော်ကအာဇာနည်နေ့တွင် တရားဝင် ဥသြဆွဲ အလေးပြု ခွင့်မရနိုင်ပါက ပြည်သူများအနေဖြင့် ဥသြသံအား ဖုန်းမြည်သံ(Ringtone)အဖြစ် ရယူပြီး လက်ကိုင်ဖုန်းများအတွင်း အချက်ပေးစနစ်(Alarm)ထည့်သွင်းခြင်းဖြင့် အလေးပြုနိုင်ရန် ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု အဖြူရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက ဆိုသည်။

"အခု အိုင်တီသမားတွေနဲ့ဆွေးနွေးနေပါတယ်။ အလွယ်ကူဆုံးနဲ့ အမြန်ဆုံး ရယူနိုင်မယ့် စနစ်ကို ပြုလုပ်ပေးမှာပါ။"ဟု ၄င်းက ပြောသည်။

လက်ရှိတွင် "အဖြူရောင်တွဲလက်များ" ဖေ့စ်ဘွတ်စာမျက်နှာပေါ်၌ အဆိုပါ ဖုန်းမြည်သံ ရယူနိုင်ရန် လင့်ခ်ပေးထားပြီး လက်ကိုင်ဖုန်းများတွင် အလွယ်တကူရယူနိုင်ရန် မိုဘိုင်းအယ်ပလီကေးရှင်း ပုံစံဖြင့်လည်း ဆောင်ရွက်ရန်လျာထားကြောင်းသိရသည်။
သုတလင်း
Popular Myanmar News Journal

မန်း စွယ်တော်ဘုရားအနီးတွင် ဆင်ဖြူတော်နှစ်စီး ထားမည်

မန္တလေး- ဇူလိုင် ၁၃
ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့လှူဒါန်းသည့် ဆင်ဖြူတော်နှစ်စီးအား မန္တလေးမြို့ စွယ်တော်မြတ် စေတီတော်ဘုရားတောင် ဘက်ရှိ ဥယျာဉ်တော်တွင် ထားရှိသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

၂၀၁၄မှာ ဆင်ဖြူတော်တွေကို ပင့်ဆောင်နိုင်ဖို့ ရည်မှန်းထားတယ်။ တိုင်းပြည်ရဲ့ရတနာတစ်ပါးဆိုတော့ ဂရုစိုက်ရပါတယ်။ သုံးလလောက်ဆိုရင် လုပ်ငန်းတွေအားလုံးပြီးပြီ။ အနံသက်တွေလည်း ကင်းပြီ။ အဲ့ဒီအချိန်ကျ ရင် ဆင်ဖြူတွေထားဖို့အဆောက်အဦတွေဆောက်မယ်။ ဆင်ဖြူတော်တွေအတွက် သဘာဝအတိုင်း နေထိုင် နိုင်ဖို့ စီစဉ်သွားမယ်ဟု ၀န်ကြီး ဦးသန်းစိုးမြင့်က ပြောသည်။

အဆိုပါဆင်ဖြူတော်နှစ်စီးအား ၂၀၁၄ခုနှစ်တွင် ပင့်ဆောင်နိုင်ရန်ရည်ရွယ်ထားပြီး စွယ်တော်ဘုရား ဘေး မြေ သုံးဧက အကျယ်ပေါ်တွင် လျှောက်လမ်းများဖောက်လုပ်ခြင်း ပုန်းညက်၊ ခရေပိတောက် အင်ကြင်း၊ ကံကော် စသည့်အပင်များ စိုက်ပျိုးလျှက်ရှိနေပြီး အဆိုပါ မြေနေရာတစ်ဝိုက်ရှိ စက်ရုံများမှ မီးခိုငွေ့များ၊ ရေဆိုး များ၊ အနံ့သက်များအား မန်းစည်ပင်ဖြင့် ပူးပေါင်းကာ အနံ့သက်ကင်းစေရန်လုပ်ဆောင်နေကြောင်း မန္တလေး တိုင်း သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့်က ပြောသည်။

ရန်ကုန် နေပြည်တော်မြို့များတွင် ဆင်ဖြူတော်များ ရှိနေပြီး မန္တလေးမြို့တွင် ထားရှိသင့်သည်ဟု ထင် သောကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ လှူဒါန်းခြင်းဖြစ်ပြီး ဆင်ဖြူတော်မှာ တိုင်းပြည် ၏ရတနာတစ်ပါဖြစ် သောကြောင့် အထူးဂရုစိုက်ရကြောင်း ဆင်ဖြူတော်များအတွက် အနံ့သက်ကင်းပြီး အန္တရာယ်ကင်းကင်းနေနိုင် ရန် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်နေကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။
ဖိုးလပြည့်
Popular Myanmar News Journal

သံဃာအယောင်ဆောင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦး ခေါ်ဆောင်ခဲ့သူကို အမှုဖွင့်

ရန်ကုန်၊ ဇူလိုင် ၁၁
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အနော်ရထာလမ်းပေါ်ရှိ ပိုလိုတည်းခိုခန်းတွင် သံဃာယောင်ဆောင်၍ လာရောက်တည်းခိုသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို မလေးရှားနိုင်ငံတွင် အလုပ်ရမည်ဟုဆိုကာ ခေါ်ယူခဲ့သူ ဇနီးမောင်နှံကို ကျွန်ပြုရန် ကြံရွယ်၍ သွေးဆောင်ခေါ်ယူမှုဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

သာကေတမြို့နယ် အရှေ့(၇) ရပ်ကွက် အောင်သပြေ (၁၀) လမ်းတွင်နေထိုင်သော ဦးမင်းနိုင်နှင့် ဒေါ်ရင်ရင်ဝင်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ခေါ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံနယ်စပ် မြဝတီမြို့မှ ထိုင်းနိုင်ငံရှိ လူနှစ်ဦးမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် ပို့ဆောင်မည် ဖြစ်ကြောင်း အဆိုပါ ဇနီးမောင်နှံနှစ်ဦးက ထွက်ဆိုခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

၎င်းတို့၏နေအိမ်တွင် ဇူလိုင်လ ၉ ရက်နေ့ညပိုင်းက ဖမ်းမိခဲ့ကြောင်း၊ အဆိုပါ ဇနီးမောင်နှံ၏ နေအိမ်တွင် ဆက်သွယ်ခဲ့သည့် လက်ကိုင်ဖုန်း၊ အမေရိကန်ဒေါ်လာ ၁၀၀ တန်ခြောက်ရွက်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး ငွေစက္ကူ ၅၀၀ တန်တစ်ရွက်၊ မြန်မာငွေစက္ကူ သုံးသိန်းခွဲခန့်နှင့် နှစ်ဦးစီးနင်းလာသည့် Air Bangla လေယာဉ်လက်မှတ်နှင့် ပတ်သက်သော စာရွက်စာတမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

လက်ရှိဖမ်းမိထားသည့် ဇနီးမောင်နှံနှင့် မလေးရှားသို့ တရားမဝင် လမ်းကြောင်းမှ ပို့ဆောင်ပေးမည်ဟု ထိုင်းနိုင်ငံတွင် နေထိုင်သူ ဦးတင်ဝင်း (ခ) မာမက်ဆူလတန်နှင့် ဒေါ်ရွှေလုံးတို့ကို (ပ)၂၀၅ /၁၃၊ ပြစ်မှု ပုဒ်မ-၃၆၇/၃၇၀ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ဇူလိုင်လ ၉ ရက်နေ့က ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းမှတစ်ဆင့် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အသက် ၂၇ နှစ်အရွယ် Pjon Barua နှင့် အသက် ၂၉ နှစ်အရွယ် Anter Barua တို့သည် လသာမြို့နယ်ရှိ ပိုလိုတည်းခိုခန်းတွင် သင်္ကန်းဝတ်ဖြင့် လာရောက် တည်းခိုခဲ့ပြီး လူဝတ်လဲကာ ထမင်းဆိုင်တွင် ထမင်းစားနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရှိရသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို (ပ) ၂၀၃/၁၃၊ ပုဒ်မ-၂၉၅/၂၉၅ (က) ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။
The Voice Weekly

အင်ဒိုအကျဉ်းထောင်ဖောက်မှု ၁၀၀ ကျော်လွတ်မြောက်

Tanjung Gusta အကျဉ်းထောင်အတွင်း မီးလောင်သွားသော ရုံးခန်းကို ထောင်တွင်းမှ လှမ်းကြည့်နေကြတဲ့ အကျဉ်းသားများ။
12.07.2013
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာ လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အဓိကရုဏ်းတခုအတွင်း ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသား ၁၀၀ လောက်ကို အာဏာပိုင်တွေက လိုက်ရှာနေကြပါတယ်။

ပြဿနာဖြစ်ခဲ့တဲ့ အကျဉ်းထောင်ဟာ အကျဉ်းသားတွေနဲ့ ပြည့်သိပ်နေတဲ့ အကျဉ်းထောင်တစ်ခုလည်း ဖြစ်ပါတယ်။ အကြမ်းဖက်မှု ကျူးလွန်တဲ့ တရားခံတွေအပါအဝင် အကျဉ်းသား ၅၀ လောက်ကို ရဲနဲ့စစ်တပ်က ညတွင်းချင်း ပြန်ဖမ်းမိခဲ့ပါတယ်။ ဒီ အဓိကရုဏ်းဖြစ်ရတဲ့ အဓိကအကြောင်းတချက်က ရေပေးဝေမှုကို ထိခိုက်စေတဲ့ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့်ဖြစ်တယ်လို့ Tanjung Gusta အကျဉ်းထောင် အာဏာပိုင်တွေက ပြောပါတယ်။

အကျဉ်းသားတွေက ထောင်ကို မီးရှို့ခဲ့ပြီး အကျဉ်းသား ၁၅၀ လောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ထွက်ပြေးသူတွေထဲက တဒါဇင်လောက်ရှိတဲ့ အကျဉ်းသားတွေက အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေထဲမှာ ထောင်ဝန်ထမ်း ၃ ယောက်နဲ့ အကျဉ်းသား ၂ ယောက်တို့ သေဆုံးခဲ့ရပြီး အကျဉ်းထောင် အစောင့် ဝန်ထမ်းတချို့ကို ဓားစာခံအဖြစ် အဖမ်းခံခဲ့ရတယ်လို့ အကျဉ်းထောင် တာဝန်ရှိသူတွေက ပြောပါတယ်။

မီးသတ်သမားတွေက မီးငြိမ်းသတ်နေစဉ်မှာ ထောင်နဲ့ချီတဲ့ ရဲတွေက အကျဉ်းထောင်ထဲမှာ နေရာယူ စောင့်ကြပ်ခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဗွီအိုအေ(မြန်မာဌာန)

တိုက်ပွဲငယ်များ ယခင်ကထက်ပိုများနေ

ရှမ်း၊ ဇူလိုင် ၁၃။
မြန်မာနိုင်ငံအတွက် နှစ်ပေါင်း (၃၀)အတွင်း ဝင်ငွေ(၂၉)ဘီလီယံကျော် ရရှိမည့် ရွှေသဘာဝ
ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းပြီးစီး၍ တရုတ်နိုင်ငံသို့ ဓာတ်ငွေ့များ စတင်ပို့လွှတ် နေသော်လည်း
ပိုက်လိုင်းဖြတ်သန်းသွားရာ ရှမ်းပြည်နယ် ဒေသအချို့တွင် တိုက်ပွဲငယ်များ ပိုမိုဖြစ်ပွားနေကြောင်း သိရသည်။

ပိုက်လိုင်းဖြတ်သန်းသွားသော နမ္မတူ၊ မန်တုံ၊ သီပေါ၊ မန်ဆန်နှင့် မိုင်းမော်သေဒရှိ ကျေးရွာများတွင်
လယ်မြေနှင့် တောင်ယာမြေများ အသိမ်းခံရမှုအပြင်  စစ်တပ်များ ၀င်ရောက်လာမှုကြောင့်
ဒေသခံတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နှစ်ရက်လျှင် တစ်ကြိမ်နှုန်းခန့်
တိုက်ပွဲများဖြစ်ပွားနေကြောင်း တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး(TSYO)မှ
တာဝန်ရှိသူ ဦးမိုင်းသိန်းဇော်က ပြောသည်။

“ဓာတ်ငွေ့ပိုက်လိုင်းအတွက် လုံခြုံရေး အစောင့်တွေက နမ္မတူမြို့နဲ့ မိုင်းမော်မြို့ကြားက
ရွာရှစ်ရွာမှာ နေကြတယ်။ ရွာတိုင်းမှာ အနည်းဆုံး စစ်သား ဆယ်ဦးလောက် တွေ့ရတယ်။ နမ္မတူရဲတွေ၊
ခြေမြန်တပ်ရင်း (၃၂၄)နဲ့ ကောင်းခါးပြည်သူ့စစ် ၀န်ထမ်းတွေက ရွာတွေထဲမှာ အတူတူနေကြတယ်။
သူတို့ရှိတော့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်က ရောက်လာပြီး အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်သေးတယ်”ဟု ရွာခံ တစ်ဦးမှ ပြောသည်။

နမ့်ခမ်းမြို့တွင် မြေဧကပေါင်း ၁၁၆.၃၂ ဧက အသိမ်းခံခဲ့ရပြီး မိရိုးဖလာ စိုက်ပျိုးမှု လုပ်ငန်းများကို
လုပ်ကိုင်ချင်သော်လည်း ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားသော စိုက်ပျိုးမြေများနှင့်
စစ်ပွဲများကြောင့် ပုံမှန်လုပ်ငန်းများအား လုပ်ကိုင်နိုင်ခြင်း မရှိကြောင်း၊ စစ်ဘေးရှောင်
စခန်းများတွင်လည်း ဝင်ရောက်လာသူ ပိုများလာပြီး အစားအစာ၊ နေရာထိုင်ခင်းနှင့် ကျန်းမာ ရေး
စောင့်ရှောက်မှုများ လိုအပ်နေကြောင်း  မန်တုံမြို့နယ်ရှိ IDP(ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်)
စစ်ဘေးရှောင် စခန်းအတွင်းရှိ ဒေသခံ တိုင်းရင်းသားတစ်ဦးက ပြောသည်။

“ဖြတ်သွားတဲ့ ဒေသတွေမှာ နစ်နာကြေးတွေပေးတယ် လို့တော့ပြောတယ် ကျမတို့တော့ မရသေးဘူး။
ပညာရေး အတွက်တော့ မူဆယ်မြို့မှာ ကျောင်းတွေ ဆောက်ပေးနေတယ်”ဟု မူဆယ်မြို့တွင် နေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံရှိ အကြီးဆုံးသဘာဝ ဓာတ်ငွေ့နှင့် ရေနံကုမ္ပဏီဖြစ်သော CNPCကုမ္ပဏီမှ ပိုက်လိုင်းစီမံကိန်းကို ၂၀၀၉ခုနှစ်၊ စက်တင်ဘာလမှစတင်ကာ၂၀၁၃ခုနှစ် အပြီး တည်ဆောက်ခဲ့ပြီး
ရှမ်းပြည်နယ်အတွင် နမ္မတူ၊ မန်တုံနှင့် သီပေါမြို့ရှိ ကျေးရွာပေါင်း (၂၆)ရွာ၊ မန်ဆန်နှင့်
နမ္မတူမြို့အကြားရှိ ကျေးရွာပေါင်း (၁၅)ရွာ၊ နမ္မတူမြို့နှင့် မိုင်းမော်မြို့အကြားရှိကျေးရွာ ပေါင်း (၁၀)ရွာ တို့တွင်ဖြတ်သန်းသွားဖြင်း ဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်အတွင်းရှိ သဘာဝဓာတ်ငွေ့နှင့် ရေနံစိမ်းများအား မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့သို့ သွယ်တန်းရာပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ကို ဖြတ်သန်းသွားခြင်း ဖြစ်သည်။
ချစ်ထွေး (လားရှိုး)
မြန်မာ့ခေတ်

အောက်ခြေကြောင့်တဲ့





The Voice Weekly

မြောက်ကိုရီးယားက ထွက်ပြေးလာသူတချို့ မြန်မာသူပုန်ဆီရာက်

မြောက်ကိုရီးယားခေါင်းဆောင်တွေဖြစ်ကြတဲ့ Kim Il Sung (ဝဲ) နဲ့ Kim Jong Il (ယာ) ရုပ်တုများ။
13.07.2013
မြောက်ကိုးရီးယား ပြည်ပြေး ၆၀ ကျော်ကို ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာသူပုန်အဖွဲ့တခုက ထိန်းသိမ်းထားပြီး ငွေပေးပြီး ပြန်လည် ရွေးယူဖို့လည်း တောင်းဆိုနေတယ်လို့ တောင်ကိုးရီးယား လူ့အခွင့်အရေးသမားတဦးက ပြောဆိုလိုက်ပါတယ်။ မြောက်ကိုးရီးယားက ထွက်ပြေးလာသူ ၆၄ ဦးကို တာချီလိတ်မြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၈၀ လောက်အကွာမှာ ရှိတဲ့ သူပုန်တွေထိန်းချုပ်ထားတဲ့ နယ်မြမှာ ကျွန်ပြုစေခိုင်းနေတယ်လို့ မြောက်ကိုးရီးယား လူ့အခွင့်အရေးလှုပ်ရှားသူ Kim Hee-Tae က ပြောဆိုလိုက်တာပါ။ မြောက်ကိုးရီးယားကနေ ထွက်ပြေးလာသူတွေ တရုတ်ပြည်ကနေ ထိုင်းနိုင်ငံကိုသွားရာ ခရီးတထောက် ၀င်ရောက်တဲ့ ဒီဒေသမှာ နေထိုင်နေတဲ့ တောင်ကိုးရီးယား သာသနာပြု အဖွဲ့တခုဆီကနေ ဒီလို ကျွန်ပြု ခိုင်းစေမှုတွေကို သိရှိခဲ့ရတာလို့ ကင် ဟေတေး က ပြောပါတယ်။

“မြောက်ကိုးရီးယားတွေဟာ ထိုင်းနိုင်ငံကို သွားရာလမ်းမှာပဲ သူပုန်တွေရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတာပါ။ သူပုန်တွေက သူတို့နယ်မြေကနေ ဖြတ်သွားတဲ့အတွက် ပိုက်ဆံတောင်းခဲ့ပေမယ့် သူတို့မှာ ပေးစရာ ပိုက်ဆံမရှိပါဘူး။ ဒါနဲ့ပဲ သူပုန်တွေက သူတို့ကို ပြန်ပေးဆွဲထားလိုက်တာပါ။”

ဖမ်းဆီးခံထားရသူတွေထဲက အမျိုးသားတွေကို ဘိန်းစိုက်ခင်းတွေမှာ စိုက်ရေးပျိုးရေး အလုပ်တွေ ခိုင်းစေပြီး အမျိုးသမီးတွေကိုတော့ ဘိန်းချက်ရာမှာနဲ့ အရက်ချက် စက်ရုံတွေမှာ အဓမ္မ အလုပ်လုပ်ခိုင်းနေတယ်လို့လည်း ကင်တေဟေးက ပြောပါတယ်။ လူတယောက်ကို အမေရိကန် ဒေါ်လာ ၅ ထောင်နဲ့ ရွေးယူရမယ်လို့လည်း သူပုန်တွေက ပြောဆိုတဲ့အကြောင်း သာသနာပြု အဖွဲ့အဆိုကို ကိုးကားပြီး ကင်တေဟေးက ပြောပါတယ်။

မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတွေ လွတ်မြောက်ရေးအတွက် မကြာခင်မှာ အဖွဲ့တခုဖွဲ့ပြီး လုပ်ဆောင်သွားဖို့ စီစဉ်မယ်လို့ ပြောဆိုလိုက်ပြီး တောင်ကိုးရီးယား အစိုးရအနေနဲ့လည်း ဒီလူတွေ လွတ်မြောက်ရေးလုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။  တောင်ကိုးရီးယား အစိုးရကတော့ ကင်ဟေတေးရဲ့ ပြောဆိုချက်ကို အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေပါတယ်လို့ တောင်ကိုးရီး ယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောခွင့်ရ ကင်ယောင်ဆုက သောကြာနေ့ အစောပိုင်းမှာ ပြောဆိုလိုက်ပါတယ်။

“မြန်မာ သူပုန်တွေက မြောက်ကိုးရီးယားကနေ ထွက်ပြေးလာသူ ၆၄ ယောက်ကို ဖမ်းဆီးထားပြီး အဓမ္မ အလုပ်စေခိုင်းနေတယ်ဆိုတာကို မီဒီယာတွေကနေတဆင့် ကျနော်တို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အစိုးရ အနေနဲ့ အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေပါတယ်။”

ဒီသတင်းကိုတော့ သောကြာနေ့မှာဘဲ တောင်ကိုးရီးယား သတင်းဌာန Yonhap က ဖော်ပြခဲ့တာ ဖြစ်ပါ တယ်။ ဖိနှိပ်ချုပ်ချယ်မှု အစာရေစာ ငတ်မွတ် ခေါင်းပါးမှုတွေနဲ့ ကြုံတွေ့နေရတဲ့ မြောက်ကိုးရီး ယား ပြည်သူတွေဟာ တောင်ကိုးရီးယားကို ထွက်ပြေးကြတာမှာ အရင်က တရုတ်ကို ဖြတ်သန်း သွားလာနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ တရုတ်တို့က ဒီလို ဖြတ်သန်းမှုကို တရားမ၀င်အဖြစ် သတ်မှတ် ဖမ်းဆီးပြီး မြောက်ကိုးရီးယားကို ပြန်ပို့နေတာပါ။ ဒါကြောင့်လည်း မြောက်ကိုးရီးယားက ထွက်ပြေးလာ သူတွေဟာ အရှေ့တောင်အာရှ နိုင်ငံတွေကို ကျော်ဖြတ်ဝင်ပြီး ထိုင်းနိုင်ငံဘက်ကို နောက်ပိုင်းမှာ ဦးတည်ထွက်ပြေးနေကြတာ ဖြစ်ပါတယ်ရှင်။
မသိင်္ဂီထိုက်
ဗွီအိုအေ (မြန်မာပိုင်း)

စနိုဒန်က ရရှားမှာ ခိုလှုံခွင့် တောင်းလို

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တဲ့ စနိုဒန်
12 ဇူလိုင်လ 2013
မော်စကို လေဆိပ်အတွင်းမှာ အခုချိန်ထိ သုံးပတ်ကြာ ခိုလှုံနေရဆဲ ဖြစ်တဲ့ အမေရိကန် ထောက်လှမ်းရေးဟောင်း အက်ဒ်ဝပ် စနိုဒန်က ရရှားနိုင်ငံတွင်းမှာ နိုင်ငံရေး ခိုလှုံခွင့်ပေးဖို့ ပန်ကြားလိုတယ်လို့ ပြောပါတယ်။

သူ့ဟာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် ဒီလို ပြောတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များစနိုဒန်က ရရှားမှာ ခိုလှုံခွင့် တောင်းလိုစနိုဒင်ကို ရုရှားကနေ မဆိုင်းမတွ နှင်ထုတ်ဖို့ အမေရိကန်က တိုက်တွန်း စနိုဒန်ကိစ္စ စွပ်စွဲမှု ရုရှားနဲ့ တရုတ် ပြန်ချေပဆက်စပ်အကြောင်းအရာများအမေရိကန်
မစ္စတာ စနိုဒန်က သူ့အနေနဲ့ လက်တင် အမေရိကကို မထွက်ခွာနိုင်သေးခင် ရရှားမှာပဲ ခိုလှုံခွင့် ယူထားချင်ကြောင်း၊ ဒါပေမယ့် ရရှားမှာ နေစဉ်အတွင်း အမေရိကန်ရဲ့ အကျိုးစီးပွားကိုတော့ ထိခိုက် ပျက်စီးအောင် လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် ရရှားအစိုးရ ပြောခွင့်ရသူ ဒီမီထရီ ပက်စ်ကော့ဗ်ကတော့ မစ္စတာ စနိုဒန်ဘက်က တရားဝင် ခိုလှုံခွင့် တင်တာ မရှိသေးဘူးလို့ ပြောပါတယ်။

သူ နိုင်ငံရေးခိုလှုံခွင့် တောင်းမယ့် ကိစ္စအပေါ် အမေရိကန်အစိုးရက တရားမဝင် နှောက်ယှက်တားဆီးမှုတွေ လုပ်နေတယ်လို့ မစ္စတာ စနိုဒန်က ပြောကြောင်းလည်း အစောပိုင်းက သတင်းတွေ ထွက်ပေါ်နေပါတယ်။

တချိန်တည်းမှာပဲ ယူကေက ဂါးဒီယန်းသတင်းမှာ ဖော်ပြတာက မစ္စတာ စနိုဒန် ဖောက်ချခဲ့တဲ့ အမေရိကန်လျှို့ဝှက် စာရွက်စာတမ်း အထောက်အထားတွေအရ မိုက်ခရိုဆော့်ဖ် ကုမ္ပဏီဟာ သူ့ရဲ့ အီးမေးလ်နဲ့ စကိုက်ပ် အစီအစဉ်တွေကို အမေရိကန် ထောက်လှမ်းရေး အသုံးပြုနိုင်အောင် ပူးပေါင်း လုပ်ဆောင် ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ပြင်သစ် မီးရထား မှောက်မှု လူသေဆုံး

သမ္မတ အော်လန်းက စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ ကတိပြု
12 ဇူလိုင်လ 2013
ပြင်သစ် နိုင်ငံ ပါရီ မြို့တော် တောင်ဘက် မှာ မီးရထား မှောက်မှု ကြောင့် အနည်းဆုံး လူ ၆ ယောက် သေဆုံးသွားပါတယ်။



အခင်း ဖြစ်ပွားတဲ့ Bretigny-sur-Orge မြို့ကို သမ္မတ ဖရန်ဆွာ အော်လန်း ရောက်ရှိ လာပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ ကတိပြု ခဲ့ပါတယ်။

ပြင်သစ် နွေရာသီ အားလပ်ရက် အစ သီတင်းပတ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီရထားတွဲ လမ်းချော် တိမ်းမှောက်မှု ကြောင့် လူဒါဇင်နဲ့ချီ ဒဏ်ရာ ရခဲ့ကြပြီး ၉ ဦး အသည်း အသန် ဖြစ်နေကြောင်း သိရ ပါတယ်။

ရထားတွဲ ၆ တွဲ လမ်းချော် သွားခဲ့တာ ဖြစ်ပြီး အဲဒိထဲက တတွဲက ဘူတာရုံကို ဝင်တိုက်တာ ဖြစ်ပါတယ်။

ရထားပျက် ထဲက ခရီးသည် တွေကို ဆွဲထုတ် နိုင်ဖို့ အရေးပေါ် ကယ်ဆယ်ရေး ဆောင်ရွက် နေကြပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ကင်မရွန်း ဦးသိန်းစိန်ကို ဘာတွေ ပြောမလဲ

မြန်မာ သမ္မတနဲ့ တွေ့ခဲ့ဖူးတဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ကင်မရွန်း
12 ဇူလိုင်လ 2013
မြန်မာ သမ္မတ ဦးသိန်းစိန် တနင်္လာ နေ့မှာ ဗြိတိန်ကို ရောက်လာ တော့မှာပါ။

ဒါဟာ နှစ်ပေါင်း ၂ဝ ကျော် အတွင်း ပထမဆုံး ဗြိတိန် ကို လာရောက်မယ့် မြန်မာပြည် အကြီးအကဲ ခရီးစဉ် လည်း ဖြစ်ပါတယ်။

ဒီ ခရီး မတိုင်ခင်မှာ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဦးသိန်းစိန်နဲ့ တွေ့ဆုံရင် မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာ တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ဆွေးနွေးပြောဆို မှာ ဖြစ်ကြောင်း လွှတ်တော်မှာ ပြောကြား ခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲ တွေမှာ ကချင်နဲ့ ရခိုင်ပြည်နယ် အရေး ကိစ္စ တွေနဲ့ ပတ်သက်ပြီး ပူပန် စိုးရိမ်မှုတွေနဲ့ အတူ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေး ကိစ္စ၊ ကျင့်ဝတ် လိုက်နာ မှု ရှိတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှု အကြောင်း တွေကို ဆွေးနွေး သွားမယ်လို့ ကင်မရွန်းက လေဘာပါတီ အမတ်တွေရဲ့ မေးမြန်းမှု ကို ဖြေကြား ခဲ့ပါတယ်။

မြန်မာပြည်က ရိုဟင်ဂျာ မွတ်ဆလင် တွေ အပေါ် ပြုမူ ဆက်ဆံပုံ တွေနဲ့ ပြည်တွင်း က အခြေပျက် ရွှေ့ပြောင်း နေရတဲ့ ဒုက္ခသည် တွေ အတွက် ရိက္ခာ ပေးပို့မှု အခက်အခဲ တွေ၊ သူတို့ ကြုံတွေ့ နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှု တွေ အကြောင်း ဦးသိန်းစိန် ကို ပြောဖြစ် မှာလား လေဘာ အမတ် တွေက ဗြိတိသျှ ဝန်ကြီးချုပ် ကို မေးမြန်း ခဲ့ကြ ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

အိမ်အတွင်းထိ ဝင်တိုက်၍ လူနှစ်ဦးသေဆုံး

ရွှေဘို၊ ဇူလိုင် ၁၂
ရွှေဘိုခရိုင် ဝက်လက်မြို့နယ်မှ မန္တလေးမြို့သို့ ပြေးဆွဲနေသော မြန်မာပြည်သား ခရီးသည်တင်ယာဉ်သည် ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၃၀ ခန့်က ဝက်လက်မြို့ ဘူတာရုံလမ်း ဆောက်လုပ်ရေး အင်ဂျင်နီယာရုံး အရှေ့ဘက်ရှိ လမ်းမနှင့်နီးကပ်စွာ ဆောက်လုပ်ထားသော ပျဉ်ထောင်အိမ်တစ်လုံးကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့ရာ လူနှစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဝက်လက်မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ယာဉ်ပိုင်ရှင် ဦးသိန်းဇော် မောင်းနှင်သော မြန်မာပြည်သား မော်တော်ယာဉ်သည် အရှိန်လွန်ပြီး အိမ်ကိုဝင်တိုက်မိခဲ့ရာ အိမ်ရှေ့တွင် မုန့်ဟင်းခါးရောင်းရန် ပြင်ဆင်နေသော ဒေါ်သင်းနွယ် (၃၁) နှစ်ကို ဝင်တိုက်မိခဲ့ပြီးနောက် အိမ်အတွင်း၌ အိပ်ပျော်နေသော ဦးဇော်နိုင်ဦး အသက် (၄၁) နှစ်ကိုပါ ဝင်တိုက်မိခဲ့ရာမှ ၎င်းတို့နှစ်ဦး သေဆုံးခြင်းဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ ဦးမြင့်ဦးက ပြောကြားသည်။

ဒေါ်သင်းနွယ်ကို တိုက်မိချိန်တွင် အနီးတွင်ရှိသော ဦးသက်ထွန်းက ဝင်ဆွဲခဲ့ရာ ခါးနှင့်ခြေထောက်တို့တွင် ဒဏ်ရာရရှိခဲ့ပြီး အိမ်အတွင်းရှိ မော်တော်ဆိုင်ကယ်နှင့် အခြားပစ္စည်းများလည်း ပျက်စီးသွားခဲ့ကြောင်း သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးမြင့်ဇော်က ပြောကြားသည်။

“ကားကအရှိန်လွန်ပြီး ဝင်သွားလိုက်တာ အသံတွေလည်း ဆူညံလို့။ မနက်စောစောစီးစီးဆိုတော့ ထင်မထားဘူး။ ဖြစ်ဖြစ်ချင်းဆိုတော့ ဘာလုပ်ရမှန်းမသိဘူး ဖြစ်သွားတယ်။ ခဏနေမှ မသင်းနွယ်ကို ကြည့်လိုက်တော့ သွေးတွေနဲ့ ဆေးရုံသွားရအောင်ပြောတော့ မသင်းနွယ်က ငါဟုတ်မှဟုတ်ပါ့မလားလို့ ပြောသေးတယ်။ ဆေးရုံပေါ်မှာတောင် အဝတ်အစား ကိုယ်တိုင် လဲနိုင်သေးတယ်။ ဆေးရုံရောက်ပြီး မိနစ် ၃၀ လောက်နေမှ ဆုံးသွားတာ” ဟု သေဆုံးသူ ဒေါ်သင်းနွယ်၏ ဆိုင်နီးချင်းဖြစ်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

အိမ်အတွင်း၌ အိပ်ပျော်နေသော ဦးဇော်နိုင်ဦး၏ အလောင်းသည် ကားနှင့်ပိတ်မိနေသဖြင့် ကားကိုထုတ်ပြီးမှသာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဝက်လက်ဒေသခံများထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကို ဝက်လက်မြို့နယ် ရဲစခန်းတွင် (ပ)၁၁/၂၀၁၃၊ ပုဒ်မ ၃၃၇/ ၃၃၈/၃၀၄-က အရ အမှုဖွင့်ထားပြီး ယာဉ်မောင်း ဦးသိန်းဇော်မှာ ထွက်ပြေးတိမ်းရှောင်လျက် ရှိကြောင်း အဆိုပါရဲစခန်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ချိုသဲကြည်
The Voice Weekly

ပါကစ္စတန် ကျောင်းသူ ကုလမှာ မိန့်ခွန်းပြော

အမျိုးသမီးတွေ ပညာသင်ခွင့် လှုပ်ရှားသူ မာလာလာ
12 ဇူလိုင်လ 2013
ပါကစ္စတန်မှာ တာလီဘန်တွေရဲ့ ပစ်ခတ်မှု ခံခဲ့ရတဲ့ ပါကစ္စတန် ကျောင်းသူလေး မာလာလာ ယူဆွပ်ဖ်ဇေး ၁၆ နှစ်ပြည့် မွေးနေ့ မှာ ကုလ သမဂ္ဂမှာ မိန့်ခွန်းပြော ခဲ့ပါတယ်။

ခါတိုင်း သံတမန်တွေနဲ့ ပြည့်နေတဲ့ ကုလသမဂ္ဂ ရုံးချုပ် ဟာ မနေ့ကတော့ ကမ္ဘာတဝှမ်းက အသက် ၁၂ နှစ်နဲ့ ၂၅ နှစ်ကြား လူငယ် ၅ဝဝ လောက်နဲ့ ပြည့်နှက်နေ ခဲ့ပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များမိန်းကလေး ပညာသင်ခွင့် လှုပ်ရှားသူ ဆေးကုဖို့ ဗြိတိန် ရောက်ပညာရေးတွက် အသက်စွန့်မယ်လို့ မာလာလာပြောဆက်စပ်အကြောင်းအရာများအာရှ
ကုလသမဂ္ဂ စကားပြော စင်မြင့်ကို သူတက်လာချိန်မှာ လူတွေက အကြီးအကျယ် သြဘာ ပေးခဲ့ကြပါတယ်။

အစွန်းရောက် တွေဟာ စာအုပ်နဲ့ ဖေါင်တိန်ကို ကြောက်ကြတယ်၊ ပညာရေးရဲ့ သြဇာကို သူတို့ ကြောက်ကြတယ်။ အမျိုးသမီး တွေကို သူတို့ ကြောက်ကြတယ်၊ အမျိုးသမီး တွေရဲ့ အသံ ကို သူတို့ ကြောက်ကြ တယ်။ ဒါကြောင့် လောလောဆယ် Qutta ကွက်တာမှာ အပြစ်မဲ့ ကျောင်းသား ၁၄ ယောက်ကို သူတို့ သတ်ခဲ့ ကြတာလို့ Malala က ပြောခဲ့ ပါတယ်။

မာလာလာဟာ ခံစားမှု အပြည့် နဲ့ အားနဲ့ မာန်နဲ့ ဒီလိုပြောခဲ့ချိန်မှာ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရတဲ့ ပါကစ္စတန် ခေါင်းဆောင် ဘနာဇီယာ ဘူတိုရဲ့ ပန်းရောင် ပုဝါကို ခြုံထား ခဲ့တာပါ။

လွန်ခဲ့တဲ့ လအနည်းငယ်က ဆိုရင် သူဒီလို ကုလသမဂ္ဂမှာ စကားပြောဖို့ ဆိုတာကို စိတ်ကူးတောင် ယဉ်ခဲ့မိမှာ မဟုတ်ပါဘူး။

ပါကစ္စတန် အနောက်မြောက်ပိုင်း ဆွတ် Swat Valley တောင်ကြားမှာ မနှစ် အောက်တိုဘာက သူစီးလာတဲ့ ဘတ်စကားကို တာလီဘန်တွေ ပစ်ခတ်ခဲ့လို့ ခေါင်းမှာ ဒဏ်ရာ ရခဲ့ပါတယ်။ အမျိုးသမီး တွေရဲ့ အခွင့်အရေး အတွက် လှုပ်ရှား နေတာကို တာလီဘန် တွေက မကြိုက်လို့ တမင် သူစီးလာတဲ့ ကားကို တိုက်ခိုက် ခဲ့တာပါ။

ဒီလို ဒဏ်ရာရခဲ့ ပြီးနောက် မနေ့က ကုလသမဂ္ဂမှာ ပထမဆုံး လူထုရှေ့ စကား ပြောခဲ့တာ ဖြစ်ပါတယ်။

တကမ္ဘာလုံး အနေနဲ့ စာမတတ်မှု ပပျောက်ရေး ဆင်းရဲ နွမ်းပါးမှု နဲ့ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး ကြိုးစား လုပ်ဆောင် ကြပါစို့ ၊ စာအုပ်တွေ ဖေါင်တိန်တွေ ကိုင်ကြပါစို့ ၊ ဒါတွေဟာ အင်အား အကောင်းဆုံး လက်နက် တွေပါ။ ကလေး တယောက် ဆရာတဦး နဲ့ စာအုပ် တအုပ်ဟာ ကမ္ဘာကြီးကို ပြောင်းလဲ ပစ်နိုင် ပါတယ်။ ပညာရေးဟာ တခု တည်းသော အဖြေပါ၊ ပညာရေးဟာ ပထမပါလို့ အားနဲ့ မာန်နဲ့ ပြောသွား ခဲ့ပါတယ်။

သူ့ကို တာလီဘန်တွေက နှုတ်ပိတ်ဖို့ ကြိုးစား ခဲ့ပေမယ့် မအောင်မြင် ခဲ့ဘူးလို့ ပြောခဲ့ ပါတယ်။

မာလာလာဟာ အမျိုးသမီး တွေရဲ့ ပညာရေး ကိစ္စကို တကမ္ဘာလုံး အာရုံစိုက် လာအောင် လုပ်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့ အမျိုးသမီးငယ် ၂၅ ရာခိုင်နှုန်း ဟာ မူလတန်း ပညာကို ပြီးမြောက်အောင် မသင်နိုင်ခဲ့ ကြသူတွေ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်း ကလဲ ဒီအခမ်းအနားမှာ စကား ပြောခဲ့ပြီး မာလာလာဟာ ကျနော်တို့ရဲ့ သူရဲကောင်းလို့ ခေါ်ဝေါ် ခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ဝိုင်းတော်သား တစ်ဦး၏ ဂျပန်တွင် အစွန်းရောက် မွတ်ဆလင် အကြမ်းဖက် ဆူပူမှုတွေ ဘာ့ကြောင့် မရှိသနည်း

ဂျပန်နိုင်ငံမှာ လောလောဆယ် မွတ်ဆလင်၂၀၀,၀၀၀ လောက်ရှိပြီး ဂျပန် ဥပဒေနှင့်အညီ နေရကြောင်း၊ ဂျပန်စကား ပြောရပြီး ဘာသာရေးကိစ္စကို အိမ်မှာပဲ လုပ်ခွင့်ရှိကြောင်း၊ ဂျပန်ရောက် မွတ်ဆလင်တွေဟာ ဂျပန်နိုင်ငံသားပိုင် ကုမ္ပဏီတွေမှာ အလုပ်လုပ်တာ မဟုတ်ဘဲ နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေမှာပဲ လုပ်ကြရကြောင်း၊ တိုင်းရင်းသားကုမ္ပဏီ အများစုက မွတ်ဆလင်ဆိုရင် အလုပ် မပေးကြောင်း၊ မွတ်ဆလင်တွေ ဂျပန်တွင် အိမ်ငှားရ မလွယ်ကြောင်း၊ အကယ်၍ မွတ်ဆလင် မိသားစု ကိုယ့်အိမ်ဘေး ရောက်လာတာနဲ့ အားလုံးက စောင့်ကြည့်ကြကြောင်း၊ ဂျပန် အမျိုးသမီးတစ်ဦး မွတ်ဆလင်နှင့်ယူလျှင် အကြဉ်ခံရကြောင်း၊ အာရဖီ မဒရပ်စာခေါ် အဖွဲ့အစည်းမျိုးကို ဂျပန်၌ ဖွဲ့ခွင့် မပေးကြောင်း၊ မွတ်ဆလင်တွေကို နိုင်ငံသား ဖြစ်ခွင့်မပေးတဲ့ နိုင်ငံဆိုလို့ ကမ္ဘာပေါ်တွင် ဂျပန်တစ်နိုင်ငံ တည်းသာ ရှိတဲ့အပြင် အမြဲတမ်း နေထိုင်ခွင့် (PR) ကိုတောင် မပေးကြောင်း သိရပါတယ်။
Freelance ဂျာနယ်လစ် Mohamed Juber က စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်မှု နောက်ပိုင်း ဂျပန် အပါအဝင် တိုင်းပြည် အတော် များများကို ခရီး လှည့်လည်ပြီးနောက် အစ္စလာမ် အစွန်းရောက်သမား တွေ ဂျပန်ကို ဒုက္ခမပေးနိုင်ဘူးလို့ သုံးသပ်ခဲ့ကြောင်း သိရပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ထုတ် News Watch ဂျာနယ်ပါ
‘ဝိုင်းတော်သား တစ်ဦး၏ ဂျပန်တွင် အစွန်းရောက် မွတ်ဆလင် အကြမ်းဖက် ဆူပူမှုတွေ ဘာ့ကြောင့် မရှိသနည်း’ ဆောင်းပါးမှ ကောက်နုတ်ချက်
The Voice Weekly

နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်ကို ဖျက်သိမ်း

ရန်ကုန်၊ ဇူလိုင် ၁၂
နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်ကို ယနေ့မှစတင်ကာ ဖျက်သိမ်းလိုက်ကြောင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး၍ ဇူလိုင်လ ၁၂ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ ဌာနချုပ်ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်သော်လည်း ဖျက်သိမ်းရသည့် အကြောင်းအရင်းများ ကိုးကားထုတ်ပြန်ခြင်း မရှိပေ။
ယင်းဌာနချုပ်ထက် ပိုမိုကောင်းမွန်သည့် အဖွဲ့အစည်း တစ်ခုကို နိုင်ငံတော်သမ္မတက တာဝန်ပေးရန် လုပ်ဆောင်ခြင်း ဖြစ်နိုင်ပြီး လာဘ်စားမှုများကြောင့်လည်း ဖျက်သိမ်းခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က မှတ်ချက်ပေးသည်။

နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် ဖျက်သိမ်းပါက နယ်စပ်ဒေသများမှ လူဝင်မှုများအတွက် စိုးရိမ်ပြီး ယင်းဌာန လုပ်ဆောင်နေသည့် လုပ်ငန်းများကို အစားထိုး ဝင်ရောက်ယူမည့် ကိစ္စများကို ပြည်သူလူထုထံ ပွင့်ပွင့်လင်းလင်း ချပြဖို့ လိုအပ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဦးဦးလှမြင့်က ပြောကြားသည်။

“တိုင်းရင်းသား တော်တော်များများမှာ လက်နက်ကိုင်တပ် တွေ့ရှိတယ်။ ရခိုင်မှာ မရှိဘူး” ဟု ၎င်းက ဆိုသည်။
နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် ဖျက်သိမ်းသည်ကို မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ထုတ်လွှင့်သည့် အခါမှသာ သိရှိရခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် မောင်တောခရိုင် ကျီးကန်းပြင်ဌာန နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနမှ ကွပ်ကဲရေးမှူးက ပြောကြားသည်။

“ကျွန်တော်တို့က မိခင်ဌာနကိုပဲ ပြန်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။
နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်၏ အဓိက တာဝန်ကြီးသုံးခုမှာ နိုင်ငံတော်ကာကွယ်ရေး၊ နယ်စပ်လုံခြုံရေး၊ နယ်စပ်ဒေသ လူဦးရေ ထိန်းချုပ်ရေးတို့ဖြစ်ပြီး တရားမဝင် ခိုးဝင် ခိုးထွက်မှုများကို ကာကွယ်တားဆီးရန်၊ တရားမဝင် အကောက်အခွန်မဲ့ ပစ္စည်းများ ခိုးသွင်း၊ ခိုးထုတ်မှုမှ ကာကွယ်တားဆီးရန်၊ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးသတင်းများ စုဆောင်းတင်ပြရန်၊ နယ်စပ်ဒေသများ တိုင်းရင်းလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးရေးလုပ်ငန်းများ တွန်းအားပေး ဆောင်ရွက်ရန် ရည်မှန်းချက် ငါးရပ်ကို အကောင်အထည် ဖော်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အဆိုပါ ဌာနချုပ်ကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနတို့ ပူးပေါင်းဖွဲ့စည်းထားပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က တိုက်ရိုက်ကွပ်ကဲသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် ရခိုင်ဒေသရှိ လုံခြုံရေး အင်အားစုများနှင့် န.စ.က အင်အား နှစ်ဆတိုးသင့်ကြောင်း၊ ယင်းအဖွဲ့တွင် ပါဝင်သူများ ဥပဒေနှင့် မညီညွတ်သည်များ ဆောင်ရွက်ပါက အရေးယူသင့်ကြောင်း၊ န.စ.ကသည် မတူညီသော ဝန်ကြီးဌာနလေးခုမှ ထုတ်နုတ် ပေါင်းစည်းထားခြင်းကြောင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်စေရန် ဖွဲ့စည်းမှုကို ပြန်လည် သုံးသပ်သင့်ကြောင်း၊ ယင်းတွင်ပါဝင်သည့် ဌာနဆိုင်ရာချင်း ပူးပေါင်းညှိနှိုင်းမှု အားနည်းနေကြောင်း ဖော်ပြထားသည်။
The Voice Weekly

အင်ဒိုနီးရှား အကျဉ်းထောင်အဓိကရုဏ်းကြောင့်လွတ်မြောက်သွားသောအကျဉ်းသားများကို ရဲများလိုက်ရှာနေ

ဂျာကာတာ၊ ဇူလိုင် ၁၂။
ဆူမားတြားမြောက်ပိုင်းပြည်နယ် မြို့တော်မီဒန်ရှိ အစောင့်နှစ်ဦးနှင့် ထောင်သားသုံးဦး သေဆုံးခဲ့သည့်ထောင်တွင်း အဓိကရုဏ်းကြောင့် လွတ်မြောက်သွားသည့် အကျဉ်းသား ရာပေါင်းများစွာကို
အင်ဒိုနီးရှားရဲများ လိုက်လံ ဖမ်းဆီးနေကြသည်။

ထောင်တွင်း အဓိကရုဏ်းသည် မီဒန်မြို့ရှိ တန်ဂျန်ဂတ်စ်တာထောင်အတွင်း ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကျဉ်းစခန်းသည်လည်း မီးလောင်ကျွမ်းခဲ့သည်။

အကြမ်းဖက်မှုကြောင့် အကျဉ်းကျခံနေရသူများ အပါအဝင် ထောင်သား ၂၀၀ကျော်သည် လျှပ်စစ်ပြတ်တောက်မှုကြောင့် ရေမရရှိဘဲ ရှိနေသည့်အချိန်တွင် လုံခြုံရေးအမြင့်ဆုံး ထားရှိရသည့် ၎င်းနေရာမှ လွတ်မြောက်သွားကြကြောင်း အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ရွန်နီးဆွန်ပီးက ပြောကြားကြားသည်။

ရေမချိုးရ အိမ်သာမသုံးရသောကြောင့် ဒေါသထွက်နေကြသည့် ထောင်သားများသည် ထောင်ရှိရုံးများသို့သွားရာ တံခါးများကို မီးရှို့ခဲ့ကြပြီး သေနတ်များ ခိုးယူခြင်း အစောင့်များကိုဓားစာခံ
ပြုလုပ်ခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြသည်။

“အခြေအနေကို ထိန်းထားနိုင်လိုက်ပါပြီ၊ မီးတွေလည်း ငြိမ်းသွားပါပြီ”ဟု ဆွန်ပီးက ပြောကြားသည်။
အကျဉ်းသား အနည်းဆုံး ၅၅ ဦးပြန်လည် ဖမ်းမိထားပြီးဖြစ်ကာ ရဲနှင့် စစ်သား ၈၀၀ခန့်သည် လွတ်မြောက် သွားသူများအား ပတ်ဝန်းကျင်တွင် လိုက်လံရှာဖွေနေသည်။

“လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေ ဘယ်နှစ်ယောက်လောက် ဒီမှာရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူး၊ ထောင်အရာရှိတွေဆီက အချက်အလက်တွေ စောင့်နေဆဲဖြစ်ပါတယ်” ဟု ဆွန်ပီးက ပြောကြားသည်။

ယခုအကျဉ်းထောင်သည် ထောင်သားတစ်ထောင်ကျော်ခန့်သာ ဆန့်သည့် အဆောက်အအုံဖြစ်ပြီး အကျဉ်းသား ၂၆၀၀လက်ခံထားကြောင်း ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဋ္ဌာနမှ
သတင်းထုတ်ပြန်ချက်အရ သိရသည်။

အင်ဒိုနီးရှားသည် နိုင်ငံတွင်း အကြမ်းဖက်မှုများ တိုးတက်လာနေခြင်းကို တိုက်ခိုက်ရာတွင်
ရလာဒ်ကောင်းကြီးကြီးမားမား ရှိလာနေပြီး ၂၀၀၂ ခုနှစ် ပထမဆုံးအကြိမ် ဘာလီဗုံးကွဲချိန်မှစ၍
အာဏာပိုင်များသည် အကြမ်းဖက်သမားများစွာကို ဖမ်းဆီးခဲ့သည်။

အင်ဒိုနီးရှား၏အဓိက အကြမ်းဖက်သမားအုပ်စုဖြစ်သည့် ဂျမားအစ္စမီယားသည်လည်း ၎င်းတို့ခေါင်းဆောင်များ ဖမ်းဆီးခံရခြင်း သေဆုံးခြင်းများရှိခဲ့ပြီးနောက် အင်အားများစွာ လျော့နည်းခဲ့သည်။

မကြာမီကလည်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့သည် နိုင်ငံ၏အလိုအရှိဆုံး အကြမ်းဖက်သမားများထဲမှ တစ်ဦးကို အသေဖမ်းမိခဲ့သည်။

လွန်ခဲ့သည့် လတွင်လည်း အင်ဒိုနီးရှားရဲများသည် ဂျာကာတာရှိ မြန်မာသံရုံးဗုံးခွဲရန် ကြံစဉ်မှုကို
တားဆီးနိုင်ခဲ့ကြောင်း နိုင်ငံတွင်းမီဒီယာများပါ သတင်းများအရ သိရသည်။
Ref:CNN
မြန်မာ့ခေတ်

Nokia ကုမ္ပဏီက ကင်မရာအရည်အသွေး အလွန်ကောင်းမွန်သည့် Lumia 1020 မိတ်ဆက်

Nokia ကုမ္ပဏီသည် ကင်မရာ အရည်အသွေး အလွန်ကောင်းမွန်သည့် Lumia 1020 စမတ်ဖုန်းသစ်ကို မိတ်ဆက် ပြသလိုက်သည်။ အဆိုပါ ဖုန်း၏ ကင်မရာ အရည်အသွေးသည် 41 megapixelထိ မြင့်မားပြီး စမတ်ဖုန်း တစ်လုံးအတွက် လုံးဝ စိတ်ကူးမျှော်လင့်ခြင်း မရှိလောက်သည့် ပုံရိပ် အရည်အသွေးမျိုးကို အနုစိတ် မှတ်တမ်းတင်နိုင်မည်ဟု Nokiaက ကြေညာသည်။

မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် iPhoneနှင့် Android အသုံးပြု ဖုန်းများ၏ ပြင်းထန်သော ယှဉ်ပြိုင်မှုကို ကြုံနေရသည့် ဖင်လန်အခြေစိုက် ကုမ္ပဏီကြီးက Lumia 1020တွင် ဓာတ်ပုံ ရိုက်သူများ အနေဖြင့် ဖုန်း၏ Zoomကို အကျယ်ချဲ့ ဆွဲယူသည့်တိုင် ဓာတ်ပုံတွင် ဝေဝါးမှု လုံးဝ မရှိနိုင်ကြောင်း အာမခံထားသည်။ သုတေသီများကလည်း စမတ်ဖုန်း ဈေးကွက်တွင် Lumia 1020သည် ကင်မရာ စွမ်းဆောင်ရည် အပိုင်းတွင် လုံးဝဥဿုံ အငြင်းပွားစရာမရှိ အကောင်းဆုံးဟု ထောက်ခံထားသည်။

 ဈေးကွက်လေ့လာရေး လုပ်ငန်းတစ်ခုဖြစ်သော IDCက Lumia 1020သည် စိတ်ဝင်စားစရာ ထုတ်ကုန်တစ်ခုဟု ထောက်ခံခဲ့သော်လည်း စမတ်ဖုန်း ပရိသတ်များ အကြိုက်ဆုံး ဖန်တီးမှု တစ်ခု၊ သို့မဟုတ် Bestseller ဖုန်းအသစ်တစ်ခု ဖြစ်လာရန်မူ မသေချာကြောင်း သုံးသပ်ခဲ့သည်။ Nokiaက ယခုဖုန်းသည် ကင်မရာ ကောင်းမွန်မှုအပြင် အရည်အသွေး မြှင့်တင်မှု (၂၃)ခုကို ပြုလုပ်ထားပြီး အသံပိုမိုကြည်လင်ခြင်း၊ ဘက်ထရီသက်တမ်း ပိုမိုရှည်ကြာခြင်းနှင့် ဖုန်း၏ လုံခြုံရေးကဏ္ဍသည် အကောင်းဆုံး အဆင့်တွင် ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ခုချိန်မှာ လူတွေက သူတို့ရဲ့ ဓာတ်ပုံတွေကို Social Networkတွေပေါ် မြန်မြန်ဆန်ဆန် တင်ချင်ကြတယ်လေ။ ဒီလို ဝယ်လက်မျိုး အတွက်တော့ ဒီဖုန်းက အကောင်းဆုံး ဓာတ်ပုံ အရည်အသွေးကို ထောက်ပံ့ပေးလိမ့်မယ်"ဟု ဈေးကွက် သုတေသီ တစ်ဦးဖြစ်သော ဖရန်ဆစ္စကို ဂျာရိုနီမိုက မှတ်ချက်ပြုခဲ့သည်။ Lumia 1020သည် Nokia၏ 41 Megapixel ကင်မရာတစ်လုံးကို ဖုန်းတွင် ဒုတိယမြောက် တပ်ဆင်မှု လက်ရာလည်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က Pureview 808ကို Nokiaက ထုတ်ဝေဖူးပြီး ထိုစဉ်ကမူ ကန့်သတ်ချက် များပြီး လူသုံးနည်းသွားသည့် Symbian OSကို အသုံးပြုထားသဖြင့် ကြီးကြီးမားမား အောင်မြင်မှု မရခဲ့ချေ။ သို့သော်လည်း ယခုစမတ်ဖုန်းတွင်မူ Microsoft၏ Windows Phoneကို Platformအဖြစ် ရွေးချယ်ထားသည်။

ယင်းOSတွင် Appပေါင်း (၁၆၀၀၀၀)ကျော်မျှ ရွေးချယ်စရာ ရှိနေပြီ ဖြစ်သည်။ Lumia 1020သည် ဗီဒီယို ရိုက်နေရင်း ဓာတ်ပုံပါ ရိုက်နိုင်ရာ Pureview 808ထက် ပိုမိုသာလွန်သည်။ Lumia 1020သည် ဈေးကွက်ထဲတွင် Samsung၏ Galaxy S4 Zoomနှင့် အဓိက ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။ ယင်းသည် Optical Zoomကို (၁၀)ဆ ချဲ့နိုင်သည့် ကင်မရာစွမ်းရည် ပါရှိပြီး အဝေးမှ ပုံရိပ်များကို ကြည်လင်စွာ ရိုက်ကူးနိုင်သည်။ အဆိုပါ စွမ်းရည်မျိုးသည် စမတ်ဖုန်းများထက် သီးခြား ကင်မရာများတွင်သာ ပိုမို ပါရှိသည်။ Lumia 1020ကို Processorအဖြစ် 1.5 GHz Dual-Core Qualcomm Kraitဖြင့် မောင်းနှင်ပြီး Memory 2GBပါရှိသည်။ GPUအတွက် Qualcomm Adreno 225က ထောက်ပံ့မည်ဖြစ်ပြီး Storageပမာဏ 32GBထိ ဝင်ဆံ့သည်။ AMOLED Displayအကျယ် (၄.၅)လက်မရှိပြီး 41 Megapixel အရည်အသွေးရှိ နောက်ဘက် ကင်မရာ၊ 1.3 Megapixel ပမာဏရှိ ရှေ့ဘက် ကင်မရာတို့ တပ်ဆင်ထားကြောင်း သိရှိရသည်။
Planet Myanmar Network















သံတွဲတွင် အမျိုးသားတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၁ရခိုင်ပြည်နယ် သံတွဲမြို့နယ် သဗြုချိုင် တောင်ပေါ်ကျေးရွာအနီး လယ်တဲတွင် ရခိုင်တိုင်းရင်းသား အမျိုးသားတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည်ကို ဇူလိုင်လ ၁၀ ရက်နေ့က တွေ့ရှိ ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

သဗြုချိုင်တောင်ပေါ် ကျေးရွာနေ ဒေါ်ခင်ခင်ညိုက ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက မျိုးစပါးယူရန် အတွက် တူဖြစ်သူ ဦးဝင်းမြင့်၏ လယ်ထဲသို့ လာရောက်စဉ် လယ်လုပ်ကိုင်သူ အသက် ၃၈ နှစ်အရွယ် ဦးဝင်းမြင့်သည် ယင်းလယ်တဲ ကွပ်ပျစ်ပေါ် တွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေ သည်ကို တွေ့ရခြင်းဖြစ်ကြောင်း ယင်းထုတ် ပြန်ချက်တွင် ဖော်ပြသည်။

ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားပြီးနောက် တစ်လလျှင် လူသတ်မှု ၁၀ မှု နှုန်းခန့် ဖြစ်ပွားနေပြီး တစ်နှစ်လျှင် လူ ၁၂၀ ခန့်ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
The Voice Weekly

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု မွန်ပြည်နယ်တွင် အမြင့်ဆုံး

ရန်ကုန်ကလေးဆေးရုံကြီးတွင် ဆရာဝန်ကြီးတဦးက စမ်းသပ်ကုသပေးနေစဉ် (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
July 12, 2013
ယခုနှစ်တွင် မြန်မာတနိုင်ငံလုံး၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူပေါင်း ၈ ထောင်ကျော်ရှိခဲ့ပြီး မွန်ပြည်နယ်သည် ဖြစ်ပွားမှု အမြင့်ဆုံး ပြည်နယ်တခု ဖြစ်နေကြောင်း ကျန်းမာရေးဦးစီးဌာန၊ သွေးလွန်တုပ်ကွေး ရောဂါဌာနစိတ်၏ စာရင်းဇယားများအရ သိရသည်။

ယခုနှစ်တွင် အဖြစ်များသော ဒေသများမှာ မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၂၄၆၈ ဦး ရှိပြီး အသေအပျောက်စာရင်း မရှိသေးကြောင်း၊ ဒုတိယ အဖြစ် အများဆုံးမှာ ရန်ကုန်ဖြစ်ကာ စုစုပေါင်း ၁၇၄၃ ဦးနှင့် သေဆုံးသူ ၅ ဦးရှိကြောင်း၊ တတိယ အများဆုံးဖြစ်သည့် ကရင်ပြည်နယ်တွင် ၁၁၇၆ ဦးနှင့် သေဆုံးသူ ၁ ဦးရှိကြောင်း၊ နေပြည်တော်တွင် ဖြစ်ပွားသူ ၈၅၆ ဦးနှင့် သေဆုံးသူ ၁ ဦးရှိကြောင်း၊ ပဲခူးတွင် ၈၀၃ ဦးရှိကြောင်း အဆိုပါဌာနမှ သိရှိရသည်။

သို့သော် ရန်ကုန်ကလေးဆေးရုံကြီးမှ ရရှိသောစာရင်းအရ ပြီးခဲ့သည့် ဇွန်လကုန်အထိ ရန်ကုန်ကလေးဆေးရုံကြီး တခုတည်းသို့ တက်ရောက်ကုသမှုခံခဲ့သည့် ကလေးပေါင်း ၁၇၂၇ ယောာက်ရှိခဲ့ပြီး သေဆုံးသူ ၇ ဦးရှိခဲ့ရာ သွေးလွန်တုပ်ကွေး ဌာနစိတ်မှ ရရှိသည့် ကိန်းဂဏန်းနှစ်ခု ကွာဟနေသည်ကို တွေ့ရသည်။

ဇန်န၀ါရီ ၁ ရက်မှ ဇူလိုင် ၅ ရက်နေ့အထိ ရရှိထားသော ကိန်းဂဏန်းများအရ မြန်မာတနိုင်ငံလုံးတွင် ဖြစ်ပွားသူ စုစုပေါင်း ၈၈၆၉ ဦးနှင့် သေဆုံးသူ ၁၆ ဦး ရှိခဲ့ကြောင်း သွေးလွန်တုပ်ကွေးဌာနစိတ်မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ နီနီအေးက ဧရာဝတီသို့ ပြောသည်။

“ဒီနှစ်က အဘိတ် (ပိုးလောက်လန်း သတ်ဆေး) တွေ အကုန်လုံး အစောကြီးကတည်းက ဝေထားပြီးသား။ အဖြစ်များတဲ့ နေပြည်တော်ရယ်၊ ရန်ကုန်ရယ်၊ ပဲခူးရယ်၊ ကရင်ရယ်၊ မွန်ရယ်၊ အဲဒီအတွက်ကို ဆေးမှုတ်စက်တွေ ထပ်ဝယ်ပေးဖို့ စီစဉ်နေပြီ။ ဆေးမှုတ်စက် အလုံး ၅၀ ထပ် ၀ယ်ပေးသွားဖို့ နိုင်ငံတော်က ဘတ်ဂျက်ချထားပေးပြီးပြီ” ဟု ဒေါက်တာ နီနီအေးက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ် နောက်ပိုင်းမှစ၍ သွေးလွန်တုပ်ကွေးနှင့် ပတ်သက်၍ လူသိများလာခြင်း၊ စာရင်းပြုစုနိုင်မှု အားကောင်းလာခြင်းများကြောင့် ဖြစ်ပွားမှုနှုန်း မြင့်တက်လာသည်ဟု ထင်လာရပြီး သွေးလွန်တုပ်ကွေးသည် တခြား ကပ်ရောဂါများနှင့်အတူ ၄ နှစ် တကြိမ် ဖြစ်ပွားတတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ယခင်နှစ်များက ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က လှူဒါန်းသည့်  အဘိတ်ဆေးများကို သုံးစွဲခဲ့ရပြီး ယခုနှစ်တွင် အစိုးရဘကဏ္ဍာငွေမှ ဆေးမှုတ်စက်များ၊ စက်သုံးဆီများနှင့် အဘိတ်ဆေး ၀ယ်ယူခြင်းများအတွက် သုံးစွဲရန် ကျပ်သိန်းပေါင်း ၁၅၀၀ ခန့် ချထားပေးကြောင်းလည်း ဒေါက်တာ နီနီအေးထံမှ သိရသည်။

တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတဦးက “ကျမတို့ ရပ်ကွက်ထဲမှာတော့ ရွေးကောက်ပွဲ မတိုင်ခင်က ကြံ့ခိုင်ရေးပါတီက ခြင်ဆေးလာမှုတ်တာတွေ ရှိဖူးတယ်။ အခု နောက်ပိုင်းမှာ ဘယ်အဖွဲ့ကမှ လာမမှုတ်ဘူး။ အရင်ကဆို ခြင်က ဒီလောက်မများဘူး။ အခု ၇ လွှာတိုက်ခန်းတွေ အထိတောင် ခြင်တွေက များလာတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးအဆင့်နှင့် ပြည်နယ်အဆင့်များသို့ ခြင်ဆေးမှုတ်စက်များ၊ သွေးစစ် ကိရိယာများ ဖြည့်တင်းပေးထားသော်လည်း၊ တပြည်နယ်လုံးအနှံ့ရှိ မြို့နယ်တိုင်းသို့ ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဒေါက်တာ နီနီအေးက “သွေးလွန်တုပ်ကွေးအတွက် ဆေးဖြန်းတယ်ဆိုတာက ပြည်သူတွေက ဖြန်းချင်တိုင်း လိုက်ဖြန်းပေးလို့ မရဘူး။ လူနာရှိမှ မှုတ်တယ်။ သွေးလွန်တုပ်ကွေးခြင်ကို တိုက်ရိုက် မှုတ်မှ သေတာကိုး။ လူထုက တောင်းဆိုရင် လိုက်မှုတ်ပေးဖို့က နောက်တဆင့်မှ စဉ်းစားနိုင်မယ်။ လူအင်အားလည်း မရှိဘူး။ ၀န်ထမ်းတွေက စွန့်စားမှုယူပြီး လုပ်ရတာ။ တကယ်လူနာရှိရင်တော့ ဖြန်းရမယ်။ လူနာရှိတဲ့ အိမ်ကိုမှုတ်ရင် ပတ်ဝန်းကျင်ကို ကာကွယ်ပြီးသားဖြစ်မယ်” ဟု ပြောသည်။

သူက ဆက်လက်၍ “ပေးထားတဲ့ဟာတွေက မြို့နယ်တိုင်းကို မပေးနိုင်ဘူး။ တိုင်းအဆင့်နဲ့ ပြည်နယ်အဆင့်တွေမှာ ဆေးမှုတ်စက်တွေ အကုန်လုံး ရှိတယ်။ မြို့နယ်အဆင့်တွေကတော့ မရှိနိုင်ဘူး။ အဖြစ်များတဲ့ မြို့နယ်တွေအတွက် ဆေးမှုတ်စက်တွေ ထပ်ဝယ်ပေးထားတယ်။ အခုထပ်ဝယ်ပေးရင် လိုနေတဲ့ တိုင်းနဲ့ပြည်နယ်မှာတော့ ပြည့်သွားမယ်။ အဖြစ်များနေတဲ့ တိုင်းနဲ့ ပြည်နယ်ပဲ ဖြည့်နိုင်တယ်။ တနိုင်ငံလုံး ဖြည့်ပေးဖို့က မဖြစ်နိုင်သေးဘူး” ဟု ဆိုသည်။

ယခုနောက်ပိုင်းတွင် တနေရာနှင့် တနေရာ ကူးလူးဆက်သွယ် သွားလာမှု ဖွံ့ဖြိုးလာခြင်း၊ ယခင်က ရေမ၀ပ်သော ကျေးရွာများတွင်ပင် မြို့ပြအသုံးအဆောင် စွန့်ပစ်ပစ္စည်းများကြောင့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများ ပေါများလာခြင်း၊ လူထု၏ ပူးပေါင်းပါဝင်မှု အားနည်းခြင်းများကလည်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများလာသည့် အကြောင်းအရင်းများ ဖြစ်ကြောင်း သူက ပြောသည်။

“ရေရှားရင်ဖြစ်နိုင်တယ်။ ရေလှောင်တဲ့ နေရာတွေမှာ ခြင်ပေါက်ဖွားမှုနှုန်း များလာတယ်။ မိုးအရမ်းရွာရင် ခြင်မပေါက်။ မိုးရွာလိုက်၊ နေပူလိုက် ဆိုရင် ခြင်ပေါက်ဖွားမှုနှုန်း များလာတယ်။ နောက်တခုက ပြည်သူလူထုရဲ့  ပူးပေါင်းပါဝင်မှု။ လူတွေက ရောဂါဖြစ်တယ်၊ သေတယ်ဆိုတဲ့ အချိန်တွေမှပဲ ကြောက်တယ်။ ရေ၀ပ်တဲ့နေရာတွေမှာ ဖုံး၊ သွန်၊ လဲ၊ စစ်ကို ကြိုတင်ပြီး မလုပ်ကြဘူး။ ဖြစ်မှပဲ လုပ်ကြတယ်။ ဒါကို ကျန်းမာရေးဌာန တခုတည်း လုပ်လို့မရဘူးလေ” ဟု ဒေါက်တာ နီနီအေးက ဆိုသည်။
မြတ်စုမွန်
ဧရာဝတီ

ဧရာဝတီမြစ် ရေလက်ကြား အနီးရှိ ဦးပါရဲဘုရား ကမ်းပါးပြိုကျ နိမ့်ဆင်းမှုများ

ဦးပါရဲဘုရားကမ်းပါး နေရာကို တွေ့ရစဉ်
Friday, 12 July 2013
ဧရာဝတီမြစ် ရေလက်ကြား(ထုံး) အနီးရှိ ဟင်္သာတမြို့ ကျက်သရေဆောင် ဦးပါရဲဘုရား ကမ်းပါးပြိုကျ နိမ့်ဆင်းမှုများ ထပ်မံ မဖြစ်ပေါ်စေရန် ကာကွယ် ဆောင်ရွက်မှု စိတ်ချနိုင်ဖွယ် အခြေအနေ ရှိနေပြီ ဖြစ်ကြောင်း ဟင်္သာတခရိုင် ဆည်မြောင်း ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ကမ်းပါးထိန်းသိမ်းမှုများ စတင်လုပ်ဆောင်ခဲ့ရာ ဘုရားဘေး ကမ်းပါးနေရာတွင် မှန်ကူကွက်ပုံ နုန်းဖမ်းတန်း၊ မြစ်ကြောင်း အထက်ဘက်ရှိ ရွှေစေတီဘုရား အနီးတွင် ရေလွှဲတန်း သုံးခုနှင့် မြစ်ကြောင်း အောက်ဘက်ရှိ မြို့သူကြီး ဘုရားအနီးတွင် ကန့်လန့်ဖြတ် နုန်းဖမ်းတန်းတို့ကို ပြုလုပ်ခဲ့ရာ နုန်းပို့ချမှု အားကောင်းပြီး လေးပေခန့်အထိ နုန်းတင်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ရေလွှဲတန်း၊ နုန်းဖမ်းတန်းများ ပြင်ဆင်ဆောင်ရွက်ခြင်း၊ မြို့သူကြီးဘုရား အထက်ဘက်တွင် ကန့်လန့်ဖြတ် နုန်းဖမ်းတန်းတစ်ခု ထပ်မံပြုလုပ်ခြင်းတို့ကို လုပ်ဆောင် ထားသဖြင့် ယခင်ကကဲ့သို့ ကမ်းပါးနိမ့်ဆင်းမှုများ ဖြစ်ပေါ်လာမည်ကို မစိုးရိမ်ရဘဲ စိတ်ချရသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဟင်္သာတခရိုင် ဆည်မြောင်းမှ EE ဦးဝေလွင်က ပြောကြားသည်။

ဦးပါရဲဘုရား ကမ်းပါးနေရာသည် ပေ ၄၀၀၊ ၅၀၀ ခန့်အထိ တိုင်းတာမှုများအရ မြေသားမကောင်းမှုကို တွေ့ရှိရကြောင်း၊ ကုန်ကျစရိတ် သက်သာသော ရေလွှဲတန်း၊ နုန်းဖမ်းတန်းများဖြင့် ကမ်းပါးထိန်းသိမ်းခြင်း လုပ်ငန်းကို လုပ်ဆောင်ခဲ့ရာ ခန့်မှန်း ထားသည့်အတိုင်း အောင်မြင်မှု ရှိခဲ့ကြောင်း၊ အနည်းဆုံး ၄၊ ၅ နှစ်ခန့် ဆောင်ရွက်ပြီးပါက ၇ ပေ၊ ၈ ပေခန့် အထိ နုန်းပို့ချမှု သိသိသာသာ အားကောင်းလာမည် ဖြစ်ကာ ကမ်းပြို၊ ကမ်းပါးနိမ့်ဆင်းမှုများ မဖြစ်နိုင်ရန် သဲနုန်းဖြင့် ထိန်းနိုင်မည် ဖြစ်ကြောင်း၊ ၁၄၊ ၁၅ ခန့် ကြာလျှင် ဦးပါရဲ ဘုရားဘေးရှိ ရေလက်ကြား (ထုံး) နေရာသည် ကျွန်းမြေနှင့် တစ်သားတည်း ဖြစ်သွားမည်ဖြစ်ကာ ကမ်းပြိုမှုများ ရှိနိုင်တော့မည် မဟုတ်ကြောင်း ဆက်လက်ပြောကြားသည်။
Eleven Media Group

ကမ္ဘာ့ အသက်အရှည်ဆုံး ကရင်ဖိုးဖိုး

12.07.2013
ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ ကရင်တိုင်းရင်းသား တဦးကို ကမ္ဘာ့အသက်ကြီးဆုံး အဖိုးအိုအဖြစ် မှတ်တမ်းတင်နိုင်ဖို့ ထိုင်းတာဝန်ရှိသူတွေ ကြိုးပမ်းနေပါတယ်။
ထိုင်း-မြန်မာ နယ်စပ် မဲဟောင်ဆောင်ခရိုင် Muang Pam ကျေးရွာမှာ နေထိုင်သူ Kamu အမည်ရှိတဲ့ ကရင်တိုင်းရင်းသား အဖိုးအိုဟာ အသက် ၁၁၉ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့အတွက် Guinness ကမ္ဘာ့မှတ်တမ်းမှာ အသက်အရှည်ဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်နေကြတာပါ။

၁၈၉၄ ခုနှစ် မေလ ၈ ရက်နေ့က မွေးဖွားခဲ့သူအဖြစ် မှတ်ပုံတင် စာရင်းသွင်းထားတာကို အတည်ပြုနိုင်ဖို့ အတွက်လည်း ထိုင်းအာဏာပိုင်တွေ ဗုဒ္ဓဟူးနေ့ကပဲ သူ့ကို သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။ အသက် ၁၁၉ နှစ်အရွယ် ကရင်အဖိုးအိုဟာ ငါးဖမ်းတာ ၀ါသနာပါသူ တဦးဖြစ်သလို၊ ထမင်းနဲ့ ငါး၊ ဟင်းသီးဟင်းရွက်တွေကို အဓိကထား စားသုံးသူလို့လည်း ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။

တချိန်တည်းမှာပဲ နောက်ထပ် အသက် ၁၁၆ နှစ်နဲ့ ၁၀၅ နှစ် အရွယ် ရှိသူ ကရင်တိုင်းရင်းသူ ဖွားသက်ရှည် ၂ ဦးထံကိုလည်း ထိုင်းအာဏာပိုင်တွေက သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

တီဘီရောဂါ ကုသမှုနည်းလမ်းကို ရှာဖွေဖော်ထုတ်ခဲ့သည့် ဆေးပညာရှင် ကွယ်လွန်

တီဘီရောဂါကို ကုသရာတွင် ရှေ့ဆောင်လမ်းပြအဖြစ် ရပ်တည်ခဲ့သူ တစ်ဦးဖြစ်သည့် ပညာရှင်ကြီး ပရော်ဖက်ဆာ ဂျင်မီဝီလျံဆမ်သည် ယခုအခါ ကွယ်လွန်သွားပြီ ဖြစ်သည်။ ယင်းသည် တီဘီရောဂါကို ကုသသည့် နည်းလမ်းကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည့် စကော့တလန် ဆေးပညာရှင် အဖွဲ့အနက် နောက်ဆုံး အသက်ရှင် ကျန်ရစ်သူ ဖြစ်သော်လည်း ယခုအခါတွင်မူ အနိစ္စ ရောက်ခဲ့ပြီဟု သိရှိရသည်။
၎င်းကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ် ရှိနေပြီ ဖြစ်သည်။ ပရော်ဖက်ဆာ ဝီလျံဆမ်သည် (၁၉၅၀)ပြည့်လွန် နှစ်များက ပိုးသတ်ဆေး (၃)မျိုးကို ပေါင်းဆပ်ကာ တီဘီရောဂါ ကုသနိုင်သည့် ဆေးနည်းကို ဖော်ထုတ်နိုင်ရန် ကြိုးစားသည့် အဖွဲ့တွင် တစ်ဦး အပါအဝင် ဖြစ်သည်။

ထိုစဉ်က ဝီလျံဆမ်သည် အငယ်တန်း ဆရာဝန် တစ်ဦးအဖြစ်သာ ရှိသေးပြီး အရှေ့ကီလ်ဘရိုက်ရှိ ဟဲမေးရက်စ် ဆေးရုံတွင် တီဘီကုသဆေးကို သုတေသနပြုခဲ့သည်။ ဝီလျံဆမ်သည် အီဒင်ဘာ့ဂ် တက္ကသိုလ်တွင် သက်ကြီးရွယ်အို ဆေးပညာဆိုင်ရာ ဘာသာရပ်ဖြင့် ပထမဆုံး ပရော်ဖက်ဆာဘွဲ့ကို ရရှိလာသည်။

ဇွန်လ (၂၉)ရက်နေ့ကမူ ၎င်းသည် ဆေးရုံပေါ်တွင် အေးချမ်းစွာ ကွယ်လွန်သွားကြောင်း သိရသည်။ ယင်းကွယ်လွန်ကြောင်း သတင်းကို ယခုအခါတွင်မှ မိသားစုက ထုတ်ပြန် ကြေညာခဲ့သည်။ ၎င်းတွင် ဇနီးသည်နှင့်အတူ သားသမီး(၅)ဦး ကျန်နေခဲ့သည်။ (၁၉၅၄)မှ (၁၉၅၇)ခုနှစ်အတွင်း ဝီလျံဆမ် ပါဝင်သော သုတေသန အဖွဲ့သည် စကော့တလန်တွင် တီဘီရောဂါ ခံစားနေရသူ အရေအတွက်ကို ထက်ဝက်ကျော်မျှ လျှော့ချနိုင်ခဲ့သည်။
Planet Myanmar Network

မျောက်သားဟင်းလျာဈေးကွက် တရားမဝင် ပေါ်ပေါက်

ရန်ကုန်၊ ဇူလိုင် ၁၁
ပဲခူးရိုးမမှ ဖမ်းဆီးရမိသည့် မျောက်များကို စားသုံးမှုများရှိ၍ မျောက်သား တစ်ပိဿာ ကျပ်တစ်သောင်းခွဲဖြင့် ဈေးကောင်း ပေးဝယ်ယူလျက် ရှိသည့်အတွက် တရားမဝင်ဈေးကွက် ဖြစ်ပေါ်လျက်ရှိကြောင်း ပဲခူးရိုးမ အနီးဝန်းကျင်မှ ဒေသခံများနှင့် ရန်ကုန်မြို့ရှိ စားသုံးသူများထံမှ စုံစမ်း သိရှိရသည်။

ယခင်လများက မျောက်သား တစ်ပိဿာ ကျပ်တစ်သောင်းခန့်ဖြင့် ဝယ်ယူ ရရှိရာမှ ယခုအခါ ကျပ်တစ်သောင်းခွဲဖြင့် ယင်းဒေသရှိ နီးစပ်ရာ မိတ်ဆွေများမှ တစ်ဆင့် မှာယူကာ ဝယ်စားနေရကြောင်း ရန်ကုန်မြို့တော်မှ မျောက်သားမှာယူ စားသုံးသူတစ်ဦးက ပြောဆိုသည်။

စားသုံးသူများ ရှိနေသရွေ့ မျောက်များ သတ်ဖြတ်ခြင်း ခံနေရမည်ဖြစ်ကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအမြင်ဖြင့် ကြည့်ပါက လုံးဝမကောင်းကြောင်း ပဲခူး တိုင်းဒေသကြီး အနောက်ပိုင်း သစ် ထုတ်လုပ်ရေးလုပ်ငန်းမှ အငြိမ်းစား သစ်တောအရာရှိတစ်ဦးက ပြောကြားသည်။

သစ်တောအတွင်း မျောက်များ ပစ်ခတ်စားသောက်ခြင်းနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ သက်ဆိုင်ရာ သစ်တောဥပဒေ အပေါ်တွင်သာ မူတည်မည်ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။

အများဆုံး စားသုံးကြသော မျောက်အမျိုးအစားများမှာ မျောက်ညိုအမြီးရှည် နှင့် အမြီးတို၊ ပင်လယ်မျောက် (မျောက်နီစပ်) နှင့် မျောက်လေပွေ တို့ဖြစ်ပြီး မျောက်ညို အမြီးရှည်မှာ သစ်ရွက်များသာ စား၍ ချေးခါးကိုလည်း စားသုံးနိုင်ကာ မျောက်ဖင်နီကိုမူ စားသုံးသူ နည်းပါးကြောင်း ၄င်းကဆိုသည်။

မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန် အားလုံးအတွက် ပြင်ဆင်ရေးဆွဲထားသော ၁၉၉၄ ခုနှစ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ဥပဒေဖြင့် အကာအကွယ် ပေးထားသော်လည်း ပဲခူးတိုင်းဒေသကြီးတွင် မျောက်မျိုးစိတ်များ ရှားပါးလာပြီဖြစ်ကြောင်း မြန်မာ ငှက်ဝါသနာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောကြားသည်။

မည်သည့်နည်းဖြင့်မျှ တောရိုင်း တိရစ္ဆာန်များကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဦးစီးဌာန၏ ခွင့်ပြုမိန့်မရရှိဘဲ လက်ဝယ်ထားရှိခြင်း၊ အလှမွေး မြူခြင်း၊ ပစ်ခတ်စားသောက်ခွင့် မရှိသော်လည်း စားသောက်ဆိုင် အများအပြား၌ တောရိုင်းတိရစ္ဆာန်များကို ဟင်းလျာအဖြစ် ရောင်းဝယ် စားသောက်နေကြကြောင်း ၄င်းကပြောဆိုသည်။
(ဖရန်ကလင်)
The Voice Weekly

စက်မှုနဲ့ သတ္တုတွင်းဝန်ကြီးဌာန ဘဏ္ဍာငွေ သွင်းဖို့ ပျက်ကွက်

စက်မှုဝန်ကြီးဌာန ( သတင်းဓာတ်ပုံ- စက်မှုဝန်ကြီးဌာန တရားဝင် Face Book စာမျက်နှာမှ ကူးယူဖော်ပြသည်)
11.07.2013
စက်မှုဝန်ကြီးဌာနနဲ့ သတ္တုတွင်းဝန်ကြီးဌာနတို့က ရရှိတဲ့ ဝင်ငွေ ကျပ် သန်းပေါင်းများစွာ ကို နိုင်ငံတော်ဘဏ္ဍာအဖြစ်ပေးသွင်းဖို့ ပျက်ကွက်ခဲ့ တာနဲ့ ပါတ်သက်လို့ စာရင်းစစ်ချုပ်ရုံးရဲ့တွေရှိချက်ကို
ပြည့်သူ့ ငွေစာရင်းကော်မတီက ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ တင်ပြခဲ့ပါတယ်။ ဝန်ကြီးဌာန ၂ ခုက နိုင်ငံတော်ကို ဘဏ္ဍငွေ ပြန်မသွင်းတဲ့ ကိစ္စကို စာရင်းစစ်ချုပ်ရုံးက သမ္မတနဲ့ လွှတ်တော်တွေကို အသိပေး ခဲ့ပြီးနောက် မှာ ပြည့်သူ့ ငွေစာရင်းကော်မတီက ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့တာဖြစ်ပါတယ်၊ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြပေးမှာပါ။

ဝန်ကြီးဌာနတွေက နိုင်ငံတော်ကို ဘဏ္ဍာငွေ တွေ ပေးသွင်းဖို့ ကျန်ရှိနေ တာတွေ ကို စာရင်းစစ် ချုပ်ရုံး က တွေ့ရှိတဲ့ အပေါ်မှာ အခြေခံ ပြီးတော့ လွှတ်တော်၂ ရပ် က ပူးပေါင်း ဖွဲ့စည်း ထားတဲ့ ပြည်သူ့ငွေစာရင်းကော်မတီက ဒီကနေ့ ဇူလိုင် ၁၁ ရက်နေ့ မှာ  ပြည်ထောင်စု လွှတ်တော်ကို အစီရင်ခံစာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ စက်မှုဝန်ကြီးဌာန နဲ့ သတ္တုတွင်းဝန်ကြီးဌာနတို့ဟာ ၂၀၀၇ ခုနှစ် ကစပြီး နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို သွင်းရမယ့် ငွေကြေး သန်းပေါင်းများစွာကို ပေးသွင်းဖို့ ကျန်နေတဲ့ အတွက် စာရင်းစစ်ချုပ် ရုံး က နေ နိုင်ငံတော်သမ္မတ နဲ့ လွှတ်တော် ၂ ရပ်ကို အသိပေးခဲ့တယ်လို့ လွှတ်တော် ၂ ရပ် က ပူးပေါင်း ဖွဲ့စည်းထားတဲ့ ပြည်သူ့ ငွေစာရင်း ကော်မတီ မှာ ပါဝင်သူတွေကပြောပါတယ်။

ဒါကြောင့် ဒီဝန်ကြီး ဌာန ၂ ခု က နိုင်ငံကို သွင်းဖို့ ကျန်နေတဲ့ ငွေတွေဘယ်တော့ ပြန်သွင်းနိုင်မလဲ ဆိုတာနဲ့ ပါတ်သက်လို့လဲ  လွှတ်တော် ၂ ရပ် ကဖွဲ့စည်းထားတဲ့ ပူးပေါင်းငွေစာရင်းကော်မတီ က ၀န်ကြီးဌာနက ထိပ်ပိုင်း တာဝန်ရှိသူတွေ က ခေါ်ယူမေးမြန်းခဲ့ပါတယ်။ မေးမြန်းတဲ့ အဓိက အကြောင်းနဲ့ ပါတ်သက်လို့ ပြည်သူ့ငွေစာရင်းကော်မတီ ဒုဥက္ကဌလဲဖြစ် ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီ ဥက္ကဌလဲဖြစ်တဲ့ ဦးသူရိန်ဇော်ကပြောပါတယ်။

"ပြည်သူ့လွှတ်တော်က မေးပြီးတော့မှ ကျနော်တို့က သိချင်တာတွေကို ထပ်ခေါ်မေးတာပါ။ သိပ်မကျေလည်တဲ့ဌာန၊ နည်းနည်း ဟိုဝှာဖြစ်တဲ့ ဌာန ခေါ်မေးတာပါ။"

ဝန်ကြီးဌာန တွေ အနေနဲ့ ပြည်သူ့ဘဏ္ဍငွေတွေ ကို သုံးစွဲနေတာ ဖြစ်တဲ့ အတွက်ထင်သာမြင်သာ ရှိရှိ လုပ်ကိုင်ကြဖို့ နဲ့ စာရင်းတွေကို လည်း စနစ် တကျ တကျ ထားရှိဖို့ ပြည်ထောင်စု အစိုး၇ စီမံဖို့ တွေ ကို လည်း ဒီကနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ သူက တင်ပြ ခဲ့ပါတယ်။

" ပြည်သူ့ဘဏ္ဍာငွေနဲ့ပတ်သက်ပြီး ပြည်သူများ ထင်သာမြင်သာဖြစ်စေရန် အတွက် စာရင်းအထားအသို စစ်ဆေးမှုများတွင် နိုင်ငံတကာ စံနှုန်းများနှင့် အညီဖြစ်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဖော်ပြအပ်ပါသည်။ အထက်ပါ ပြည်ထောင်စု လွှတ်တော်ကော်မတီရဲ့ ၂၀၁၁/၂၀၁၂ ဘဏ္ဍာရေးနှစ် အတွက် နိုင်ငံတော်ရ၊ သုံးများ အပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ စစ်ဆေးချက်အစီရင်ခံစာ အား စိစစ်တင်ပြခြင်း အမှတ်(၁) -၂၀၁၃အား ပြည်ထောင်စု လွှတ်တော်မှ ဆွေးနွေး စဉ်းစားပေးပါရန် နာယကကြီးမှတဆင့် အဆိုတင်သွင်း အပ်ပါသည်ခင်ဗျား။"

အခုလို ဝန်ကြီးဌာန ၂ ခု ဖြစ်တဲ့ စက်မှု နဲ့ သတ္တု တွင်း ဝန်ကြီးဌာန တွေဖက်ကတော့ ပေးသွင်းဖို့ကျန်တဲ့ ပြည့်သူ့ဘဏ္ဍာ တွေကို ဒီနှစ် ၂၀၁၃ မတ်လဘဏ္ဍာနှစ်အတွင်းမှာ ပေးသွင်းဖို့ ကို ဂတိပေးသွားခဲ့တယ်လို့ ဆိုပါတယ် "အခုထက်ကတော့ စက်မှုကတော့ ပြေလည်သွားပြီ။ သူက တခုပြတယ် အဲ့လိုပေါ့လေ။ သတ္တုကတော့ ဒီဘက်ဂျက်နှစ်ကုန်ပေါ့လေ အဲ့လိုပေါ့။ ဘက်ဂျက်နှစ်ကုန် မတ် ၃၁ရက်နေ့အတွင်းပေါ့။ သတ္တုက နည်းမည်းများတယ်။ မတ်လ ၃၁ရက်အတွင်း ပေးမယ်ပေါ့ အဲ့လိုပေါ့နော်။"

စက်မှု ၀န်ကြီး ဌာန က နိုင်ငံတော် ကို ပေးသွင်းဖို့  ငွေကျပ် ၄၂ သန်း ပေးသွင်းဖို့ ကျန်နေသေးပြီး ၊ သတ္တုတွင်းဝန်ကြီးဌာန က ငွေကျပ် ၄၁၀၂၁.၄၆  သန်း ပေးသွင်း ဖို့ အသီးသီး ကျန်နေတယ်လို့ စာရင်းစစ်ချုပ်ရုံး ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ ပြည်သူ့ငွေစာရင်းကော်မတီက အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ကပြောပါတယ်။

"စက်မှုဝန်ကြီးဌာနကဗျာ ပိုက်ဆံတွေ ပေးသွင်းဖို့ အများကြီးကျန်တယ်။ အမှတ်၃ အကြီးစားစက်မှုလုပ်ငန်း သွင်းဖို့ငွေကျန်တယ်။ အထည်ချုပ်လုပ်ငန်းကျန်တယ်။ စက်မှုဆေးဝါးကျန်တယ်။ စက်မှုဝန်ကြီးဌာနလက်အောက်ပေါ့နော်။ စက်မှုဝန်ကြီးဌာန ပေးသွင်းရန်ကျန်ငွေက ၄၂သန်းပေါ့။ သတ္တုတွင်းက နောက်ဆုံးသွင်းဖို့ကျန်တာကဗျာ ၄၂၀၂၁.၄၆ကျပ် ကျန်တယ်။ ကုမ္ပဏီ ၃၅ခုက သွင်းဖို့ကျန်တယ်။"

အခု လို သတ္တတွင်းဝန်ကြီးဌာနက ကျန်တဲ့ ငွေတွေ ဟာ ရေထုတ်လုပ်ရေး လုပ်နေတဲ့ ကုမ္ပဏီ ၃၅ ခု က ပေးသွင်းဖို့ ကျန်နေတာ ဖြစ်ပြီးတော့ တိုက်ပွဲ တွေ ဖြစ်နေတဲ့ ကချင် ပြည်နယ် လို နေရာ မျိုး မှာရှိတဲ့  ရွှေတွင်းတွေက ပိုက်ဆံတွေ မသွင်းနိုင်သေးတာ ဖြစ်တယ် ၀န်ကြီးဌာန တာဝန်ရှိသူ တွေက
ရှင်းလင်း ထွက်ဆိုသွားတဲ့အကြောင်း ဦးလှဆွေက ပြန်ပြောပြပါတယ်။

ဒီငွေကြေး တွေကို နိုင်ငံတော် ဘဏ္ဍာအဖြစ်အမြန်ဆုံး သွင်းနိုင်ဖို့ ပူပေါင်းပြည်သူ့ လွှတ်တော် ငွေစာရင်းကော်မတီ က တိုက်တွန်းခဲ့တယ်လို့ လည်း ကော်မတီဝင်တွေရဲ့ အပြောအရ သိရပါတယ်။
စက်မှု ၀န်ကြီး ဌာန ကလဲ သူတို့ ဘာကြောင့် ဘဏ္ဍာငွေ မသွင်းနိုင်သလဲ ဆိုတာကို လွှတ်တော်မှာ ခုလို ရှင်းပြခဲ့တယ်လို့ ဦးသူရိန်ဇော်က ပြောပြပါတယ်။

" စက်မှုက သူကရှင်းပြတာဗျာ  တလလားမသိဘူး။ သွင်းဖို့ကျန်တဲ့ဟာကို စောင့်ထားတာက သူတို့မှာ ဆောက်ထားတဲ့ အဆောက်အဦးကြီးရှိတယ်။ ကုမ္ပဏီက ဆောက်ပြီး ထားထားတာ၊ အဲ့တာကို သူတို့ပြန်စစ်လိမ့်မယ်။ တစ်သန်းလောက်နီးနီးပြန်ရလိမ့်မယ်။ အစက ဂိုဒေါင်တို့ဘာတို့ ဆောက်ထားခဲ့တာ။ အဲ့တာက နည်းနည်းကျေတဲ့သဘောရှိတယ်။ ဒါပေမဲ့ ကျန်တာက စာရင်းစစ်ရုံးက ပြန်စစ်ရမှာ၊ ဒီအဆောက်အဦးက အဲ့သလောက် တန်လားမတန်လားဆိုတာပေါ့နော်။"

ဝန်ကြီးဌာနတွေက နိုင်ငံတော် ကို သွင်းဖို့ ကျန်နေတဲ့ ငွေကြေး တွေ ဟာ အရင်စစ်အစိုး ရလက်ထက်က ပေးသွင်းဖို့ ကျန်နေတဲ့လက်ကျန်ငွေတွေဖြစ်ပါတယ်။
အောင်ရဲ မောင်မောင်
ဗွီအိုအေ (မြန်မာပိုင်း)

လက်ပံတောင်းတောင် အစီရင်ခံစာအတိုင်း စနစ်တကျ လုပ်ဆောင်ပေးခြင်းမရှိ

လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာကို မကျေနပ်တဲ့ ဒေသခံတွေဟာ မတ်လ ၁၄ ရက်နေ့က ဆန္ဒပြနေကြစဉ်
photo: RFA/ Moe Thu Aung
2013-07-11     
လက်ပံတောင်းတောင်ဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားတဲ့ လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့က စနစ်တကျ  အကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိတဲ့အပေါ် လက်ပံတောင်းတောင်ဒေသ ပြည်သူ့ အကျိုးစီးပွား ကာကွယ်ရေးအဖွဲ့က ဒီကနေ့ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့ဟာ စုံစမ်းရေး ကော်မရှင်က တင်ပြထားတဲ့အချက်တွေကို အပေါ်ယံ ဆောင်ရွက်ပေးခြင်းမျိုးသာ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ထုတ်ပြန်တဲ့ကြေညာချက်မှာ အချက် ၈-ချက်ဖော်ပြထားပြီး တုံရွာက ကိုမင်းထွန်းက ခုလိုပြောပြပါတယ်။

"မြေတွေကို ဒေသပေါက်ဈေးနဲ့ အညီပေးရမယ်ဗျာ၊ အဲလိုပေးတဲ့အခါ ခြိမ်းခြောက်အကြပ်ကိုင်တာတွေ လုံးဝမလုပ်ရဘူး၊ ဒေသခံတောင်သူတွေကို သွားလို့လာလို့လွယ်ကူတဲ့နေရာ၊ စိုက်ပျိုးလို့ဖြစ်မယ့် မြေကောင်းတဲ့နေရာမှာ အစားထိုးပေးတာတွေကို ပြုလုပ်ရမယ်ဗျာ၊ နောက်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ISO တို့လို လက်မှတ် ၃ စောင်မရမခြင်း ဒီပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာရုပ်သိမ်းပေးရမယ်၊ နောက်စာချုပ်အသစ်တွေကို ပြည်သူ့ဆန္ဒကို အလေးထားပြီးမှ ချုပ်ဆိုပေးရမယ်"

တစ်ဆက်တည်း ခွင့်ပြုချက်မရဘဲ ဆက်လက် လည်ပတ်နေတဲ့ မိုးကြိုး ဆာဖြူရစ် ငရဲမီးစက်ရုံကို ပိတ်သိမ်းပြီး အရေးယူပေးရန်၊ ဒေသတွင်းမှာရှိတဲ့ သာသနိက အဆောက်အဦင်္းများကို မူရင်း ပုံစံမပျက် ရွှေ့ပြောင်းပေးရန်နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တဖက်သတ် ဆောင်ရွက်လုပ်ကိုင်နေတာတွေကို လွှတ်တော်မှာ ဆွေးနွေးပြီး ဖြေရှင်းပေးရန်စသဖြင့် တောင်းဆိုထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေအနေနဲ့ လာမဲ့ ဇူလိုင်လ ၁၆ရက်နေ့မှာ မုံရွာမြို့မှာ ဆန္ဒပြဖို့အတွက် ခွင့်ပြုချက်လည်း တင်ပြတောင်းခံထားတယ်လို့ သိရပါတယ်။
RFA (မြန်မာပိုင်း)

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com