http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရွှေကြက်ယက်၊ ရွှေကြက်ကျ ဘုရားညောင်ရေသွန်းပွဲ (ဓါတ်ပုံ သတင်း)

မန္တလေး မေ ၂၃
အမရပူရမြို့နယ် ရွှေကြက်ယက်တိုက်နယ်မှ ရွာပေါင်း ၁၄ရွာပေါင်းစုပြီး ရွှေကြက်ယက် ၊ ရွှေကြက်ကျ ဘုရားတို့တွင် ကဆုန်ညောင်ရေသွန်းလောင်းပွဲကို နှစ်စဉ်ကျင်းပလျှက်ရှိရာ ယခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာကျင်းပကြကြောင်း သိရှိရပါသည်။

ဝန်းခင်းကြသောရွာများမှာ
၁။ရွှေလေးရွာ
၂။စိန်တုန်း ရွာတို့ဖြစ်ပြီး
ကျန်ရွာ ၁၂ ရွာမှ စုပေါင်း ကဆုန်ညောင်ရေ သွန်းလောင်းကြပါသည်။

ညောင်ရေသွန်းလောင်းသော ကျန် ရွာ၁၂ရွာမှာ မိုးကောင်း၊ ရွှေလောင်း၊ ကိုသင်း၊ သက္ကတော်၊ ရွှေဒင်၊ ရွှေဟင်္သာ၊ သပြေတန်း၊ ကွက်သစ်၊ ရွာသစ်၊ အောင်ချမ်းသာ၊ ခဝါ၊ ပတ္တမြား စသည်တို့ ဖြစ်ကြပါသည်။

ကဆုန်ညောင်ရေသွန်းပွဲသို သွားရောက်ကုသိုလ်ယူကြသော ကုသိုလ်ရှင်များကို CJ သတင်း သမားတစ်ဦးမှ မှတ်တမ်းတင် တင်ပြပါသည်။
CJMyanmar





















တပ်သားစုဆောင်းရေးတပ်မှ တပ်ကြပ်ကြီး ကွန်တိန်နာယာဉ် တိုက်မိသေဆုံး

၂၃.၅.၂၀၁၃ ရက်နေ့ ၁၈၄၅ အချိန် မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်း အတိုင်း မ/ဥက္ကလာပမြို့နယ် မှ မင်္ဂလာဒုံမြို့နယ်ဘက်သို့ မောင်းနှင် လာသော ၆ခ/၇၅၆၈ ကွန်တိန်နာ၊ ပြာ/နီ ရောင်ယာဉ် သည် အောင်မင်္ဂလာအဝေးပြေး ၀င်/ထွက် ပေါက်အရောက်တွင် လမ်းဖြတ်ကူးသူ အင်းစိန်မြို့နယ်၊ဒညင်းကုန်းတပ်သားစုဆောင်းရေး တပ်မှ ကပ-၈၅၆၀၀၆ တပ်ကြပ်ကြီး(စာရေး) သိန်းရွှေမောင်၊ ၄၂ နှစ်၊ (ဘ)ဦးကျော်မြင့်အား တိုက်မိပြီးယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်အား ထားကာထွက်ပြေးသွားခဲ့ပါသည်။

ယာဉ်တိုက်ခံရသူ တပ်ကြပ်ကြီး သိန်းရွှေမောင်တွင် ၀ဲလက်ဖျံ၊ ၀ဲလက်ကောက်ဝတ်၊ ၀ဲပါးပွန်းစုပ်ဒဏ်ရာ၊ ကပ်ပယ်အိတ်စုပ်ပြဲဒဏ်ရာများရရှိကာ မ/ဥက္ကလာပဆေးရုံသို့ပို့စဉ်သေဆုံးသွားသဖြင့် ၆ခ/၇၅၆၈ ကွန်တိန်နာယာဉ်မောင်းအားမင်္ဂလာဒုံရဲစခန်းတွင် အမှုဖွင့်အရေးယူထားရှိပြီး ဖမ်းဆီးရမိရေး မြို့နယ်ရဲစခန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့စု(၁၃)တို့မှ အဖွဲ့များခွဲ၍စုံစမ်းဆောင်ရွက်လျက်ရှိကြာင်း သတင်းရရှိပါသည်။
Yangon Police

ကားပျက်သည်ဟုပြော၍ သံဃာတော်များမှ ဆင်းတွန်းပေးစဉ် မောင်းနှင်ထွက်ပြေး

ဒဂုံမြို့နယ်၊ သီလဘန်ကျောင်းတိုက်နေ ဆရာတော်ဦးနန္ဒာသာရ၊ (၆၃)နှစ်၊ ၀ါတော် (၄၃) ၀ါ သည် ၂၂.၅.၂၀၁၃ ရက်နေ့ တွင်ရေးမြို့နယ်မှ ရာဇာမင်းကားဖြင့် ရန်ကုန်သို့လိုက်ပါလာပြီး ၂၃.၅.၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန် အောင်မင်္ဂလာကားဝင်းသို့ရောက်ရှိကာ အတူပါဆရာတော်ဦးကောဝိဒနှင့် Probox အဖြူရောင်အငှားယာဉ် (နံပါတ်မမှတ်မိ)အား ငှား၍ စီးလာရာ အဝေးပြေးကွင်းမှ အထွက်
၂ ဖါလုံခန့်အရောက်တွင် ယာဉ်မောင်းမှ ကားပျက်သည်ဟုဆိုသဖြင့် ဆရာတော်များမှ ဆင်းတွန်းပေးစဉ် မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ဆရာတော်များ၏ ငွေကျပ် (၄)သိန်း၊ ဟန်းဖုန်း (၁)လုံး၊ သင်္ကန်းနှင့် သံဃာအသုံးအဆောင်ပစ္စည်းများ ပါဆုံးသွားသဖြင့်အရေးယူပေးပါရန် မင်္ဂလာဒုံမြို့မရဲစခန်းသို့ တိုင်တန်းခဲ့၍ ယာဉ်နှင့်ယာဉ်မောင်း တို့အားအမြန်ဖေါ်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

ရန်ကုန်မြို့တွင် ယခင်ကလည်းကမ္ဘောဇဘဏ်တွင် အငှားယာဉ်မှ ဈေးသက်သာစွာနှင့် လိုက်ပြီးလမ်း တွင်ကားပျက်သည်ဟုပြော၍ ခရီးသည်မှဆင်းတွန်းပေးစဉ် မောင်းနှင်ထွက်ပြေးမှု
(၂)ကြိမ်ရှိခဲ့ပြီး ရဲတပ်ဖွဲ့ မှဖေါ်ထုတ်ပေးခဲ့ပါသည်။

အငှားယာဉ်ငှားရမ်းစီးသူများအနေဖြင့် မိမိငှားစီးသောအငှားယာဉ်နံပါတ် များအားမှတ်သားထားသည့် အလေ့အကျင့်ပြုသင့်ကြောင်း သတိပေးလိုပါသည်။
Yangon Police

ဘော်စတွန်ဗုံးခွဲမှုကျူးလွန်သူ၏ သူငယ်ချင်းတစ်ဦးကို အက်ဖ်ဘီအိုင်က ပစ်သတ်

ဘော်စတွန်ဗုံးဖောက်ခွဲသူ၏ သူငယ်ချင်းကို စစ်ဆေးမေးမြန်းခဲ့သည့် အိမ်ကို မေ ၂၂ ရက်က တွေ့ရစဉ်
24 May 2013
ဘော်စတွန်ဗုံးခွဲမှု ကျူးလွန်ခဲ့သူ Tamerlan Tsarnaev ၏ သူငယ်ချင်းဖြစ်သူနှင့် မဖြေရှင်းနိုင်သေးသော သုံးလောင်းပြိုင် လူသတ်မှုတို့တွင် ပါဝင်သည်ဟု သံသယရှိခံရသူ တစ်ဦးသည် FBI အေးဂျင့်များက စစ်ဆေးမေးမြန်းနေစဉ် ဓားဖြင့်တိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် င်္FBI အေးဂျင့်များ၏ ပစ်သတ်ခြင်း ခံခဲ့ရကြောင်း အမေရိကန် မီဒီယာများက မေ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပစ်သတ်ခံရသူမှာ အသက် ၂၇ နှစ်ရှိ အီဘရာဂင်တိုဒါရှက်ဗ်ဖြစ်ပြီး ဖလော်ရီဒါ ပြည်နယ်၊ အော်လန်ဒိုမြို့တွင် FBI က စစ်ဆေးမေးမြန်းနေစဉ် တိုဒါရှက်ဗ်က ခံဝန်လက်မှတ်ထိုးမလို ပြုလုပ်ပြီး ဓားဖြင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Orlando Sentinel သတင်းစာက ဖော်ပြခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် အေးဂျင့်တစ်ဦး ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ် မရှိကြောင်း သိရသည်။

၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်တွင် ဘော်စတွန် ဆင်ခြေဖုံးတွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး အလောင်းများပေါ်တွင် ဆေးခြောက်များနှင့် ဒေါ်လာထောင်ပေါင်းများစွာ ဖုံးထားခဲ့ကြောင်း အမေရိကန် မီဒီယာက ဖော်ပြခဲ့သည်။ သေဆုံးခဲ့သူများမှာ အသက် ၂၅ နှစ်ရှိ ဘရင်ဒန်မက်စ်၊ အသက် ၃၇ နှစ်ရှိ ရာဖေးလ်တီကင်နှင့် အသက် ၃၁ နှစ်ရှိ အီရစ်ဝက်စ်မန်းတို့ဖြစ်ပြီး Tsarnaev နှင့် တိုဒါရှက်ဗ်တို့က သတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ မူးယစ်ဆေးကိစ္စအတွက် ဖော်ကောင်လုပ်မည်ကို စိုးရိမ်သဖြင့် နှုတ်ပိတ်ခြင်းဖြစ်ကြောင်း WESH ရုပ်သံကုမ္ပဏီ လက်အောက်ရှိ NBC ရုပ်သံက ထုတ်ပြန်ခဲ့သည်။

တိုဒါရှက်ဗ်သည် ဘော်စတွန်ဗုံးဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း၊ သို့သော် ယင်းဗုံးဖောက်ခွဲမှုဖြစ်စဉ် အပြီးတွင် FBI က တိုဒါရှက်ဗ်ကို စောင့်ကြည့်နေကြောင်း တိုဒါရှက်ဗ်၏ သူငယ်ချင်းဖြစ်သူ Khusn Taramiv က WESH သို့ ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ဘော်စတွန်တွင် အတူနေထိုင်ကြပြီး ကိုယ်ခံပညာများ တတ်ကျွမ်းကြကြောင်း သိရသည်။ တိုဒါရှက်ဗ်သည် ပြီးခဲ့သောလတွင် Tsarnaev နှင့် ဖုန်း ပြောဖြစ်သေးကြောင်း Taramiv က ပြောကြားခဲ့သည်။ တိုဒါရှက်ဗ်က သူတို့သည် အကွက်ဆင် ခံခဲ့ရသည်ဟု ထင်မြင်နေကြောင်းလည်း Taramiv က ပြောကြားခဲ့သည်။
Ref:AFP
EMG

ရွှေတိဂုံဘုရား ကဆုန်ညောင်ရေသွန်းပွဲတော် မြင်ကွင်း (၂)

ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်ကို မေလ ၂၄ရက်နေ့ မနက် ၆နာရီကစပြီး ရွှေတိဂုံစေတီတော် အင်္ဂါထောင့်က ဗောဓိညောင်ပင်မှာ ကျင်းပပြုလုပ်နေပုံ မြင်ကွင်းများ။
at Shwedagon Pagoda.
DVB TV News














ရွှေတိဂုံဘုရား ကဆုန်ညောင်ရေသွန်းပွဲတော် မြင်ကွင်း(ဓါတ်ပုံသတင်း)

ကဆုန်လပြည့်နေ့ မနက်ရွှေတိဂုံဘုရား ညောင်ရေသွန်းပွဲ မြင်ကွင်း — at Shwedagon Pagoda.
DVB TV News







လွတ်လပ်စွာ အမိုက်ကောက်ခွင့်သာရရင် လေးလအတွင်း စင်ကာပူကို မီစေရမယ်

မေလ ၁၈ ရက်နေ့ ညနေ ၃ နာရီမှာ ရန်ကုန်မြို့တော် သာယာ လှပသန့်ရှင်းစင်ကြယ်ဖို့အတွက် အ မှိုက်တွေ ကောက်ကြမယ်ဆိုပြီး နာ ရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူ ခေါင်းဆောင်ကာ စီစဉ်ခဲ့ပါတယ်။

အမှိုက်ကောက်မယ့် ကိစ္စကို မလုပ်ဖို့ပြောတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဦးကျော်သူက

"အခုကျွန်တော်တို့ကို ပြောထားတာ မနက်ကဖုန်းဆက်တာ။ ခင်ဗျားတို့ကို အသုဘတောင် ချပေးခွင့်ပြုထားတာပဲ။ သူတို့ဆီမှာလည်း ဒီစည်ပင်ဝန်ထမ်းအင်အား ရှိပါတယ်တဲ့။ အင်အားက ငါးထောင်ကျော်ပဲရှိတယ်။ ရန်ကုန်မြို့ မှာ လူဦးရေက အများကြီးရှိတယ်။ ဘယ်လိုမှ မမျှဘူး။ မမျှဘူးဆိုတာ ကျွန်တော်တို့က ဒါစည်ပင်လုပ်ရမယ်ဆိုပြီး ဘေးထိုင်နေလို့ မရဘူးလေ။ ပြည်သူလူထုစိတ်ဝင်စားအောင် ကျွန်တော်တို့လို အသင်းအဖွဲ့တွေ ဂီတပညာရှင်တွေ စာပေ ပညာရှင်တွေက ပါလာတယ်ဆိုရင် ပြည်သူလူထုကလည်း ဒါတွေက ငါ တို့လုပ်ရမယ့် အလုပ်ပါလားဆိုတာကို ခေါင်းထဲရောက်သွားမယ်။ အရင်တုန်းကလို ဆေးလိပ်သောက်ပြီး လမ်းဘေး ပစ်တာမျိုး၊ အချဉ်ထုပ် စားပြီး လမ်းဘေးပစ်တာမျိုးတွေ မဖြစ်တော့ဘူး။

ပြန်သုံးလို့ရမယ့် သံဘူးတွေ၊ ရေ့သန့်ဘူးတွေဆိုရင် တစ်မျိုး၊ မြေဆွေးဖြစ်မယ့်ဟာတွေ တစ်မျိုး၊ ဒါမျိုး အမှိုက်ပုံးတွေက သီးသန့်ထားသင့်တယ်။ ဈေးဆိုင်တွေကို မေးကြည့်တော့လည်း ဈေး ဆိုင်ဘေးက အမှိုက်ခြင်းတွေကို ပိုက်ဆံ ၂၀၀ ပေးမှ လာသိမ်းတယ်တဲ့။ အမှန်တော့ ကိုယ်လုပ်ရမယ့် အလုပ်ကို တာဝန်ကျေအောင် လုပ်ရမယ်။ ဒီနေ့ကတော့ အမှိုက်ကောက်ခွင့်မှမရတာ၊ ခုနကပြောသလို ကိုယ်လုပ်ပိုင်ခွင့်ရှိတဲ့ထဲကပဲလုပ် သွားမယ်ဆိုတော့ ဘယ်လိုလုပ်မလဲ ဆိုရင် နာရေးကူညီမှုအသင်းမြောက် ဒဂုံရုံးချုပ်ဆိုရင် အမှိုက်တစ်စမှ မရှိအောင်လောလောဆယ်လုပ်ရ မယ်။ သစ်ပင်ပန်းပင်တွေနဲ့ စိမ်းလန်း စိုပြည်နေရမယ်။ လာတဲ့အလှူရှင် တွေအားလုံး တအံ့တသြဖြစ်အောင် လုပ်ပြရမှာပဲ။ ကျွန်တော်တို့အခု အစီအစဉ်လုပ်တယ်ဆိုတာ ပြည်သူပါတယ်။ အရင်တစ်ခါ နိုင်ငံတော် အကြီးအကဲတစ်ယောက်ပြောဖူး တယ်မဟုတ်လား။ ကျွန်တော်တို့ လုပ်တဲ့ဟာကိုသာ ခွင့်ပြုလိုက်မယ် ဆိုရင်လေးလအတွင်း စင်္ကာပူနိုင်ငံ ကိုမီကိုမီစေရမယ်။ သန့်ရှင်းမှုကို ပြောတာ။ ကျန်တဲ့အပိုင်း ကျွန်တော် မပြောဘူး။ အမှိုက်ကောက်ဖို့ စာကို ရန်ကုန်တိုင်းဒေသကြီးကိုလည်း တင်ပြီးပြီ။ ဟိုအပတ်ကတည်းက ကြို တင်ထားတယ်။

ဘယ်မြို့နယ်မှာ အမှိုက်ကောက်ချင်တယ်။ ဗိုလ်တ ထောင်၊ မြောက်ဥက္ကလာမြို့နယ်ရုံး တွေလည်းတင်ထားပြီ။ အခုအပတ်လည်း တင်ထားတာကို မနက်ကမှ ဒါကို မလုပ်ပါနဲ့ဆိုပြီးပြောတာ။ သူတို့ကို တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောတဲ့အတွက် ဒီဟာကို မလုပ်ပါ နဲ့ဆို ပြီးပြောတာ။ ပြည်ပမှာတောင် စည်ပင်နယ်နိမိတ်ကတော့ ကျွန်တော်တို့လုပ်ဖို့က မရဘူးလေ။ ဒါပေမဲ့ ကျွန်တော်တို့က တရားဝင်စာ ထုတ်ပေးပါလို့ပြော ထားတယ်။ တရားဝင်စာထွက်လာ ပြီဆိုရင်တော့ ကျွန်တော်တို့စဉ်းစားမယ်။"
ကျော်သူ
8 DAYS A WEEK ENTERTAINMENT

ကာကွယ်ရေးကဏ္ဍတွင် လာဘ်စားမှု ပပျောက်ရေး ပြုလုပ်မည်ဟု အိန္ဒိယဝန်ကြီးချုပ် ကတိပြု

နယူးဒေလီ၊ မေ ၂၃။
အိန္ဒိယဝန်ကြီးချုပ်မန်မိုဟန်ဆင်းက လာဘ်စားမှု မကောင်းသတင်းများကြောင့် ၎င်းတို့အစိုးရအဖွဲ့အား
နှုတ်ထွက်ရေး အသစ်တဖန် တောင်းဆို မှုများ ရင်ဆိုင်နေရရာ မန်မိုဟန်ဆင်းက ကာကွယ်ရေးကဏ္ဍတွင် လာဘ်စားမှုပပျောက်ရေးပြုလုပ်မည်ဟု ယနေ့ ကတိပြုပြောကြား လိုက် သည်။

ဝန်ကြီးချုပ်က လက်နက်ဝယ်ယူခြင်းများနှင့် အခြားစစ်တပ်လုပ်ဆောင်မှုများတွင် ပိုမို ပွင့်လင်းမြင်သာ၊ အဆင်ပြေ ထိရောက်အောင် လုပ် ဆောင်မည်ဖြစ်ပြီး ကျင့်ဝတ်နဲ့မညီတဲ့ လုပ်ဆောင်ချက်မှုများကို ထိခိုက်မှု ပိုမိုနည်းပါးရေးတို့ လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း ဆိုသည်။

“သင့်လျော်တဲ့ ကာကွယ်ရေးပြင်ဆင်မှုဟာ ကောင်းမွန်တဲ့ကာကွယ်ရေးကဏ္ဍ စုဆောင်းရေးပေါ်လစီတွေပေါ်မှာ လုံးဝမှီတည်ပါတယ်”ဟု နယူးဒေလီအနီးရှိ ဂါဂေယွန်မြို့ အိန္ဒိယ၏ပထမဆုံးကာကွယ်ရေးတက္ကသိုလ် အုတ်မြစ်ချပွဲတွင် မစ္စတာဆင်းက ပြောကြားသည်။

“ကျွန်တော်တို့တွေ့အဲဒါတွေကို အသေးစိတ်လေ့လာခဲ့ပြီးတော့ အဲဒီပေါ်လစီတွေကို ဆက်လက်ပြုပြင်ပြောင်းလဲနေပါပြီ၊ ကာကွယ်ရေးကဏ္ဍ စုဆောင်းမှုမှာ အဖြောင့်မတ်ဆုံးစံကို ဆက်လက်ရှာဖွေပါမယ်”  ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အစိုးရက အီတလီမှ ရဟတ်ယာဉ်များဝယ်ယူသည့် စာချုပ်အတွက် လာဘ်စားသည့် မကောင်းသတင်းပေါ်ပေါက်လာမှုကြောင့် လက်နက်ဝယ် ယူရေး လုပ်ငန်းစဉ်အသစ်ကို ဆွဲရန်ပြင်ဆင်ပြီးကြောင်း
မတ်လတွင် ပြောကြားခဲ့သည်။

အီတလီကုမ္ပဏီဖင်မက်ကန်နီကာမှ ရဟတ်ယာဉ် ၁၂ စင်း ဝယ်ယူမည့် အမေရိကန်ဒေါ်လာ ၇၄၈ သန်းတန်စာချုပ် သေချာရရှိစေရန် လာဘ် ပေး ခဲ့သည်ဟူသောစွပ်စွဲချက်ကြောင့် လူထု ဒေါသထွက်ခဲ့ရပြီး ဖေဖော်ဝါရီလတွင် စစ်ဆေးမှုလုပ်ဆောင်ရေးနှင့် ကာကွယ်ရေးစာချုပ်ကို ရပ်ဆိုင်းထားရေးကို တောင်းဆိုခဲ့ကြသည်။

၎င်း ရဟတ်ယာဉ်ကြီးများဝယ်ယူမှုစာချုပ်အကြောင်း စစ်ဆေးမှုတွင် ရဲများက လေတပ်အကြီးအကဲဟောင်း၏ အိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး ကုမ္ပဏီလေးခုဆက်နွယ်မှုရှိကြောင်း အစောပိုင်း စုံစမ်းမှုရလာဒ်တွင်ဖော်ပြပြီး အနောက်နိုင်ငံမှ လေးခုနှင့် အိန္ဒိယကုမ္ပဏီခုနှစ်ခု လာဘ်စားမှု စွပ်စွဲခံခဲ့ရသည်။

အီတလီရှေ့နေက ၎င်းရဟတ်ယာဉ်ဝယ်ယူမှုသေချာစေရေးအတွက် ကုမ္ပဏီမှ အိန္ဒိယအရာရှိများကို အမေရိကန်ဒေါ်လာ ၆၄ သန်းခန့် ပေးရ မည်ဟု သံသယရှိခဲ့ကြောင်း အီတလီ သတင်းများတွင်ပါရှိသည်။

နယူးဒေလီဘက်မှ အီတလီကုမ္ပဏီအားပေးချေရမည့် ငွေကို လက်ဝယ်ကိုင်ထားပြီး အကယ်၍ ၎င်းလာဘ်ပေးမှုကို ဖော်လျှင် စာချုပ်ကို ဖျက်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။

အိန္ဒိယသည် ရဟတ်ယာဉ်သုံးစင်း ဝယ်ယူပြီးဖြစ်ကာ ၂၀၁၄တွင် ကျန်ရဟတ်ယာဉ်များကို ပို့ဆောင်ပေးမည်ဖြစ်သည်။

လာမည့်နှစ်မေလတွင် ပြန်လည်ရွေးကောက်ခံရမည့် ကွန်ဂရက်ပါတီသည် မကောင်းသတင်းများနှင့်
ဆက်တိုက်ကြုံတွေ့နေရသည်။

ယခုလအတွင်းတွင် ဝန်ကြီးနှစ်ဦး နှုတ်ထွက်ခဲ့ပြီး တစ်ဦးသည် လက်ဆောင်ပဏ္ဍာယူမှုတွင်
ပါဝင်ကြောင်းစွပ်စွဲခံရသောကြောင့် ဖြစ်ပြီး အခြား တစ်ဦးမှာ လာဘ်ပေးလာဘ်ယူမှုကြောင့် နှုတ်ထွကခဲ့ရသည်။

ကာကွယ်ရေးကဏ္ဍမှ မကောင်းသတင်းသည် အစိုးရအနေနှင့် ဆက်သွယ်ရေးနယ်ပယ်မှ
ဈေးဖြတ်ရောင်းချခြင်းအတွက် စွဲချက်နှင့် ကျောက် မီးသွေးတွင်းမှ ဘဏ္ဍာငွေအမြတ်ငွေခွဲဝေယူမှုများအတွက် အမျိုးသားစာရင်းစစ်၏စွပ်စွဲချက်ကို တုံ့ပြန်တိုက်ခိုက်နေရချိန်တွင် ဖြစ်ပွားခြင်း ဖြစ် သည်။
Ref:CNA
မြန်မာ့ခေတ်

ဆီးရီးယားသူပုန်များကို အကူအညီတိုးမြှင့်သွားမည်

အန်မန်၊ မေ ၂၃။
ကမ္ဘာ့အင်အားကြီးနိုင်ငံများက သမ္မတအယ်အာဆတ်အား ငြိမ်းချမ်းရေးဖော်ဆောင်ရန် တိုက်တွန်းခဲ့ပြီး အကယ်၍ နိုင်ငံရေးအပြောင်းအလဲ အတွက် မညှိနှိုင်းလျှင် အတိုက်အခံများကို ထပ်တိုးထောက်ပံ့သွားမည်ဖြစ်ကြောင်း ယနေ့ သတိပေးပြောကြားသည်။

ယခုသတိပေးမှုသည် ပြည်တွင်းစစ်ပွဲအဆုံးသတ်ရေး ငြိမ်းချမ်းရေးကွန်ဖရင့်၏ပုံစံကို သဘောတူညီရေး အာမန်မြို့တွင် ဗုဒ္ဓဟူးနေ့က ပြုလုပ် သည့် ဆီးရီးယားမိတ်ဆွေများအုပ်စု ဆွေးနွေးပွဲမှ
ထုတ်ပြန်ခြင်းဖြစ်သည်။

ဆီးရီးယားပြည်တွင်းစစ်သည် သုံးနှစ်အတွင်းရောက်ရှိနေပြီဖြစ်ကာ လူ၉သောင်း ၄ထောင်သေဆုံးခဲ့ပြီဖြစ်သည်။

အမေရိကန်နှင့်ရုရှားတို့သည် ပြည်တွင်းစစ်ဖြစ်ပွားနေသော ဆီးရီးယားကို တစ်ဘက်စီမှ ထောက်ခံကြသော်လည်း ကျင်းပမည့်နေရာနှင့် ရက် အတိအကျမသိရသေးသော နောက်လပြုလုပ်မည့် ကွန်ဖရင့်တွင် စစ်ဖြစ်ပွားနေသောဘက်နှစ်ဘက်ကို ပေါင်းစည်းနိုင်ရေး မျှော်လင့်နေကြ သည်။

“ကျွန်တော်တို့တွေဟာ နိုင်ငံတွင်း ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်ဖို့ သမ္မတအာဆတ်ကို တောင်းဆိုမယ်၊ အဲဒါဟာ အရေးကြီးတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီက ဆွေးနွေးပွဲမတိုင်မီ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး နာဆာဂျူဒတ်နှင့် ပူးတွဲသတင်းကွန်ဖရင့်တွင် ပြောကြားသည်။

၎င်းဆွေးနွေးပွဲအပြီးတွင် ဆီးရီးယားမိတ်ဆွေများအုပ်စုမှ ဝန်ကြီး ၁၁ဦးသည် သမ္မတအာဆတ်အတွက်
ပြင်းထန်သည့်ရွေးချယ်မှုတစ်ခု ချပြခဲ့ သည်။ သမ္မတအာဆတ်နှင့် အပေါင်းအပါများသည် ၎င်းတို့၏
လက်များပေါ်က သွေးစွန်းနေမှုကြောင့် ဆီးရီးယားအနာဂါတ်တွင် ပါဝင်မည့် အခန်းကဏ္ဍ မရှိတော့ကြောင်း ဝန်ကြီးများက ဆိုသည်။

အကယ်၍ အစိုးရသည် အစိုးရအပြောင်းအလဲကို ညှိနှိုင်းလုပ်ဆောင်ရန်ငြင်းဆန်လျှင် အတိုက်အခံများအား ထောက်ပံ့နေသည်များကို တိုးမြှင့် ပေးရမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

“ဂျနီဗာဆွေးနွေးပွဲကြောင့် အစိုးရအပြောင်းအလဲ ဖြစ်ခဲ့ဖူးတာကို ဝန်ကြီးတွေက ခုလိုချိန်ထိ
အရေးပေးပြောကြတယ်၊ အတိုက်အခံကိုတော့ ထောက်ပံ့မှုတိုးပေးသွားမှာပါ၊ ပြီးတော့ လိုအပ်ရင်
အခြားလုပ်ဆောင်မှုတွေလည်း လုပ်ဆောင်သွားမယ်” ဟု အဆုံးသတ် ထုတ်ပြန်ချက်တွင် ပြောကြားသည်။

အမေရိကန် အရာရှိတစ်ဦးအနေနှင့် ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် ဝါရှင်တန်အစိုးရ၏ အတိုက်အခံများထံ လက်နက်များ မပေးပို့လိုခြင်းကို ရှင်းထုတ်နိုင်ပြီဖြစ်ကြောင်း အတိအကျပြောကြားမည် မဟုတ်ပေ။

“ အတိုက်အခံတွေကို ထောက်ပံ့တာဟာ ညှိနှိုင်းပြီးတဲ့ နိုင်ငံရေးအခြေချဖို့ သေချာအောင် လုပ်ဆောင်မယ့်နည်းလမ်း ရရှိရေးအတွက် အရေး ပါတဲ့နည်းလမ်း ဆိုတာ နိုင်ငံတိုင်းထောက်ခံတယ်” ဟု အမည်မဖော်လိုသော အရာရှိတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့တွေ သမ္မတအာဆတ်ရဲ့တွက်ချက်မှုကို ပြောင်းလဲရေးဟာအရေးပါတယ်
ပြီးတော့သူရဲ့တွက်ချက်မှုကို ပြောင်းလဲဖို့ အာဏာချိန် ညှိမှုကိုလည်း ပြောင်းလဲရမယ်ဆိုတာ ကျွန်တော်တို့ ပြောကြားခဲ့တာ ကြာပါပြီ ဒါကြောင့် ကျွန်တော်တို့တွေဟာ အတိုက်အခံတွေကို ထောက် ပံ့ပေးမယ်၊ ထောက်ပံ့ပေးတဲ့ ရည်ရွယ်ချက်ကလည်း အဲဒီချိန်ညှိမှုကို ပြောင်းလဲရေးဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဝန်ကြီးများသည် နှစ်နာရီခန့်တွေ့ဆုံခဲ့ကြပြီး အာမန်ဟိုတယ်တွင်တံခါးပိတ်ဆွေးနွေးခဲ့ကြခြင်းဖြစ်ကာ
ဆီးရီးယားအမျိုးသားညွန့်ပေါင်းဥက္ကဌနှင့် အတိုက်အခံခေါင်းဆောင်နှစ်ဦးတို့နှင့် သုံးနာရီကြာဆွေးနွေးခဲ့ကြသည်။

၎င်းအပြင် နိုင်ငံခြားမှ တိုက်ခိုက်ရေးအဖွဲ့များ၊ ဟက်ဇဘိုလာစစ်သွေးကြွများနှင့် အီရန်ကျောထောက်နောက်ခံပြုသည့် ဒမက်စကတ်အစိုးရ အဖွဲ့၏ တိုက်ခိုက်မှုများကိုလည်း ပြင်းစွာဝေဖန်ခဲ့ကြသည်။

သမ္မတအာဆတ်အား စိတ်မရှည်နိုင်တော့သည့်  ပြင်သစ်သမ္မတ ဟော်လန်ဒီနှင့် ဗြိတိန်ဝန်ကြီးချုပ်
ဒေးဗစ်ကင်မရွန်းတို့က ဆီးရီးယားအတိုက် အခံများကို လက်နက်ထောက်ပံ့ရေးအတွက် ၎င်းတို့၏ တောင်းဆိုမှုကို ဥရောပမှ ထောက်ခံရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြား သည်။

“ကျွန်တော်တို့တွေက အတိုက်အခံအဖွဲ့ဟာ ဆီးရီးယားပြည်သူတွေရဲ့အသံကိုယ်စားပြုဖြစ်စေဖို့အတွက် လက်နက်ပိတ်ဆို့ထားတာကို ဖွင့်ပေး ဖို့ ပြင်ဆင်ပြီးပါပြီ” ဟု ပါရီတွင် မစ္စတာကင်မရွန်းက
သတင်းထောက်များအား ပြောကြားသည်။

ယခုဂျော်ဒန်တွင်ကျင်းပသည့် ဆွေးနွေးပွဲသို့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျော်ဒန်၊ ကာတာ၊
ဆော်ဒီအာရေဗျ၊ တူရကီ၊ ယူအေအီးနှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခြားရေးဝန်ကြီးများ
တက်ရောက်ခဲ့ကြသည်။

နောက်လတွင်ကျင်းပဖွယ်ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် အတိုက်အခံဘက်သာမက အစိုးရဘက်ကပါ အတိအလင်း ပြောကြားထားခြင်း မရှိသေးပေ။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကမူ ပြင်သစ်သည် ဟက်ဇဘိုလာစစ်အုပ်စုကို ဆီးရီးယားနိုင်ငံတွင်းတိုက်ခိုက်မှုကြောင့် အစွန်းရောက်အုပ်စုအဖြစ် ဥရောပသမဂ္ဂမှ နာမည်ပျက်စာရင်းသွင်းရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref:AFP
မြန်မာ့ခေတ်

Woolwich လူသတ်မှုအပေါ် ဗြိတိန် ဝန်ကြီးချုပ် ရှုတ်ချ

အသတ်ခံခဲ့ရသူ စစ်တီးဝိုင်း တပ်ဖွဲ့ဝင် Lee Rigby မှာ
၂ နှစ်သားအရွယ် သားငယ်ကျန်ခဲ့
23 မေလ 2013
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ woolwich မြို့နယ်က လမ်းမတခုပေါ်မှာ စစ်သားတဦးကို ဓါးနဲ့ ခုတ်ထစ်သတ်ဖြတ်ခဲ့သူ နှစ်ဦးကို ဗြိတိန် ဝန်ကြီးချုပ် David Cameron က ရှုတ်ချ ပြောဆိုလိုက်ပြီး အဲဒီလူတွေဟာ အစ္စလာမ် ဘာသာကို လူတွေအယုံအကြည် ကင်းမဲ့အောင် လုပ်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

လန်ဒန်မြို့ အရှေ့တောင်ပိုင်းက စစ်တန်းလျား အဆောက်အအုံတခုနားမှာ မနေ့တုန်းက အခင်း ဖြစ်ပွားနေစဉ်အတွင်း အဲဒီလူနှစ်ဦးက အစ္စလာမ်ဝါဒီ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။

အဲဒီထဲက တဦးက အီရတ်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေမှာ မွတ်ဆလင်တွေ သတ်ဖြတ်ခံနေရမှုကို တုန့်ပြန် လက်စားချေတဲ့အနေနဲ့ အခုလိုလုပ်ခဲ့တာလို့ ပြောကြောင်း မျက်မြင်သက်သေတွေက ပြန်ပြောပြပါတယ်။

မွတ်ဆလင် အဖွဲ့အစည်းတွေကတော့ ဒီသတ်ဖြတ်မှုအပေါ် ရှုတ်ချလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ ဒီလူသတ်မှုမှာ ဆက်နွယ်ပတ်သက်နေမှုနဲ့ လန်ဒန်မြို့တောင်ပိုင်းက အိမ်တခုကို စီးနင်းရှာဖွေခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

လူ ၄ဦးကို မေးမြန်း စစ်ဆေးဖို့ ရဲတွေက ခေါ်ဆောင်သွားတယ်လို့ သတင်းတွေက ဆိုပါတယ်။

အဲဒီစစ်သားကို ဓါးနဲ့ ခုတ်ထစ် သတ်ဖြတ်ခဲ့သူ နှစ်ဦးထဲက တဦးဟာ Michael Adebolajo ဆိုသူ ဖြစ်တယ်လို့ သတင်းရပ်ကွက်တခုက ဘီဘီစီကို ပြောပါတယ်။

သူဟာ အသက် ၂၈နှစ်ရှိပြီး ကောလိပ်ကျောင်းအပြီး ၂၀ဝ၁ခုနှစ်မှာ အစ္စလာမ် ဘာသာဝင်တဦးအဖြစ် ဘာသာကူးပြောင်းခဲ့တာလို့ ဆိုပါတယ်။

အသတ်ခံခဲ့ရသူဟာ Royal Regiment of Fusiliers တပ်ဖွဲ့ရဲ့ စစ်တီးဝိုင်း တပ်ဖွဲ့ဝင် အသက် ၂၅နှစ်အရွယ် Lee Rigby ဖြစ်တယ်လို့ သတင်းတွေမှာ ထုတ်ဖေါ်ကြေညာသွားပါတယ်။

ဂျပန် ဝန်ကြီးချုပ် မြန်မာခရီး စတင်ပြီ

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး
24 မေလ 2013
ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး ဟာ ဒီနေ့ သောကြာနေ့က စပြီး မြန်မာနိုင်ငံမှာ ၃ ရက်ကြာခရီးစဉ် စတင်မှာ ဖြစ်ပါတယ်။

ဒါဟာ နှစ်ပေါင်း ၃၆ နှစ် အတွင်း ဂျပန် နိုင်ငံအကြီးအကဲ တယောက်ရဲ့ ပထမဆုံး မြန်မာ ခရီးစဉ်လည်း ဖြစ်ပါတယ်။

ဂျပန် အခြေစိုက် နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေလည်း ဒါဇင်နဲ့ ချီပြီး ဝန်ကြီးချုပ်နဲ့ လိုက်ပါသွားမှာ ဖြစ်ပါတယ်။

ဂျပန်ဟာ မြန်မာနိုင်ငံကို အထောက်ပံ့ အကူညီ အများဆုံးပေးတဲ့ အလှူရှင်နိုင်ငံဖြစ်ပြီး မစ္စတာ အာဘေးရဲ့ ဒီခရီးစဉ်အတွင်းမှာလည်း ဖွံ့ဖြိုးရေး ထောက်ပံ့ကူညီမှု တိုးမြှင့်ပေးဖွယ်ရှိတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံပြုပြင် ပြောင်းလဲရေးကို စိတ်ပါလက်ပါ အားပေးကူညီသူ နိုင်ငံလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့စရာ ဈေးကွက် အသစ်ဖြစ်သလို အလုပ်သမား ခ ဈေးချိုချိုနဲ့ ရနိုင်တဲ့ နိုင်ငံတခုလည်း ဖြစ်တဲ့ အတွက် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားစရာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။
ဘီဘီစီ

မြန်မာအမျိုးသမီးအသင်း (၉)ဂိုးပြတ်ဖြင့် အိမ်ရှင် ပါလက်စတိုင်းကို အနိုင်ရရှိ


24 May 2013
၂၀၁၄ အာရှအမျိုးသမီး ချန်ပီယံရှစ်ခြေစစ်ပွဲ အုပ်စု(D) ဒုတိယမြောက်ပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးအသင်းသည် ယနေ့ ဒေသစံတော်ချိန် ညနေ(၅)နာရီက အိမ်ရှင်ပါလက်စတိုင်းအသင်းနှင့် Faisal Al Huseni Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ရာ (၀-၉) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်

၂၀၁၄ အာရှအမျိုးသမီး ချန်ပီယံရှစ်ခြေစစ်ပွဲ အုပ်စု(D) ဒုတိယမြောက်ပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးအသင်းသည် ယနေ့ ဒေသစံတော်ချိန် ညနေ(၅)နာရီက အိမ်ရှင်ပါလက်စတိုင်းအသင်းနှင့် Faisal Al Huseni Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ရာ (၀-၉) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းသည် ယနေ့ပွဲစဉ်တွင် အိန္ဒိယနှင့်ပွဲတွင် အနားပေးထားသည့် ကွင်းလယ်လူ ခင်မာလာထွန်းကို အသင်းခေါင်းဆောင်အဖြစ် ပွဲအစမှ အဆုံးထိ ထည့်သွင်းအသုံးပြုခဲ့သလို စန်းစန်းမော်၊ သန်းသန်းထွေး မေခင်ယမင်း(ဂိုး)တို့ကိုလည်း အရန်ခုံတွင်သာ အနားပေးထားစေခဲ့သည်။

ပထမပိုင်းတွင် မြန်မာအသင်းသည် ကစားကွက်အသာဖြင့် ကစားနိုင်ခဲ့သော်လည်း အိမ်ရှင်ပါလက်စတိုင်းအသင်း၏ ခံစစ်ကြောင်း ကို လွယ်လွယ်ကူကူ ထိုးဖောက်နိုင်ခြင်းမရှိသဖြင့် (၃)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်း၏ နီလာမြင့်နှင့် နော်အားလိုဝါးဖော တို့၏ ဘယ်ညာတောင်ပံများမှ အနိမ့်ဘော ပေးပို့ချက်များကို ခင်မိုးဝေ၊ရီရီဦးတို့ အသုံးချနိုင်ခဲ့ခြင်းဖြစ်သည်။ ပါလက်စတိုင်းအသင်း မှာ ခန္ဒာကိုယ်ကြံ့ခိုင်တောင့်တင်းမှုရှိသော်လည်း တစ်ဦးချင်း ခြေစွမ်းအရ မြန်မာကစားသမားများကို ယှဉ်မကစားနိုင်ခဲ့ပေ။

ဒုတိယပိုင်း စတင်ရာတွင် တိုက်စစ်မှူး ခင်မိုးဝေ ကိုအနားပေးပြီး မာဂရက်မေရီအား ၀င်ရောက်ကစားစေသကဲ့သို့ ပွဲချိန် ၇၁ မိနစ် တွင်လည်း ကစားအားကျနေသည့် သန္တာမိုးအစား သန်းသန်းထွေးကို ထည့်သွင်းကစားစေခဲ့သည်။ မြန်မာအသင်းကွင်းလယ်တွင် သန်းသန်းထွေးနှင့် ခင်မာလာထွန်းတို့ ချိတ်ဆက်မိသွားပြီး ဘယ်တောင်ပံမှ မြင့်မြင့်အေး၊ ညာတောင်ပံမှ နီလာမြင့်တို့နှင့် တွဲဖက် ကာ ဖန်တီးမှုများ အကြိမ်ကြိမ်ပြုလုပ်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာတိုက်စစ်မှူး ရီရီဦး တစ်ဦးတည်း (၄)ဂိုးတိတိ သွင်းယူနိုင် ခဲ့ပြီး အာရှခြေစစ်ပွဲ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် သွင်းဂိုး(၅)ဂိုးဖြင့် ရပ်တည်နိုင်သကဲ့သို့ နောက်ခံလူ မြင့်မြင့်အေး၊မာဂရက်မေရီ တို့လည်း ကိုယ်စီ ဂိုးရရှိခဲ့ကြသည်။ ပါလက်စတိုင်းအသင်းမှာ အချိန်ပို(၃)မိနစ်ကုန်ဆုံးသည်အထိ မြန်မာဘက်သို့ တစ်ကြိမ်မျှ ဂိုးကန်သွင်းခွင့်မရခဲ့ခြင်းကြောင့် ယနေ့မှစတင်ကာ ပွဲထွက်ကစားခဲ့သည့် ဂိုးသမား မြဖူးငုံ လည်း လက်စွမ်းပြခွင့် မရနိုင်ခဲ့ပေ။ ယနေ့ပွဲအနိုင်ကြောင့် မြန်မာအသင်းသည် ရမှတ်(၆)မှတ် ရရှိထားပြီး မေလ(၂၅)ရက်နေ့ အုပ်စုနောက်ဆုံးပွဲစဉ်တွင် တရုတ်(တိုင်ပေ)အသင်းအား အနိုင်ရရှိသည်နှင့် ၂၀၁၄ အာရှချန်ပီယံရှစ် ဖိုင်နယ်ပွဲစဉ်များသို့ တက်ရောက်မည်ဖြစ်ပြီး ၂၀၁၅ ကမ္ဘာ့ဖလား ပစ်မှတ်နှင့်လည်း လက်တကမ်းအကွာသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။



မြန်မာအသင်းအတွက် ဂိုးသွင်းခဲ့ကြသူများ

ရီရီဦး(၂၄၊၇၄၊၊၈၀၊၈၅၊၈၈)မိနစ်
ခင်မိုးဝေ(၂၁၊၂၆)မိနစ်
မြင့်မြင့်အေး(၇၆) မိနစ်
မာဂရက်မေရီ(၆၇)မိနစ်

ပွဲထွက်လူစာရင်း


ဂိုး- မြဖူးငုံ
နောက်တန်း- မြင့်မြင့်အေး၊ မိုးမိုးဝါ၊ ခင်သန်းဝေ၊ နန်းကြေးငုံ
အလယ်တန်း- နီလာမြင့်၊ခင်မာလာထွန်း၊ သန္တာမိုး၊နော်အားလို ၀ါးဖော
ရှေ့တန်း- ရီရီဦး၊ ခင်မိုးဝေ

လူစားဝင်သူများ

ခင်မိုးဝေ(ထွက်)၊မာဂရက်မေရီ(၀င်) - ၄၆၊ နော်အားလိုဝါးဖော(ထွက်) ဖူးပွင့်ခိုင်(၀င်)-၃၆၊ သန္တာမိုး(ထွက်)၊ သန်းသန်းထွေး(၇၁)
Okocha 
Myanmar Football Federation

မြန်မာနိုင်ငံက စိတ်ကြွဆေးပြား ၄ သန်းခွဲ ဘန်ကောက်မှာဖမ်းမိ

ဇွန်လ ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံတွင်း Methamphetamine စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိစဉ်။
23.05.2013
ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ မူးယစ်ဆေးဝါးတွေဟာ မြန်မာပြည်မှာ ထုတ်လုပ်တာဖြစ်လို့ ထိုင်းနိုင်ငံထဲ ၀င်ရောက်မလာအောင် ကာကွယ်တဲ့အနေနဲ့ ထိုင်းနဲ့ မြန်မာ ဂိတ်တွေကို တင်းတင်းကျပ်ကျပ် စိစစ်ရမယ်လို့ ထိုင်းဒုဝန်ကြီးချုပ်က ပြောသွားပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ပမာဏအများဆုံး Methamphetamine စိတ်ကြွဆေးပြားတွေ ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဒုဝန်ကြီးချုပ်က အခုလို ပြောသွားခဲ့တာပါ။ အေပီသတင်းကို အခြေခံပြီး အသေးစိတ်ကိုတော့ မအေးသန္တာကျော် က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွေထဲ အများဆုံး ဖမ်းဆီးရမိမှုအဖြစ်နဲ့ အင်္ဂါနေ့က တိုက်ခန်းတစ်ခုမှာ Methamphetamine ဆေးပြား ၄ သန်းခွဲ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲ့ဒီမှာ ၁၆ နှစ်အရွယ် ကောင်လေးတစ်ဦး အပါအ၀င် ၃ ဦးကို ဖမ်းဆီးမိခဲ့ပြီးတော့ ပစ်တိုသေနတ် ၄ လက်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းမိတဲ့ မူးယစ်ဆေးဝါး ပမာဏ များလွန်းတာမို့လို့ မီဒီယာရှေ့မှာ ခင်းကျင်းပြဖို့အတွက် အထုတ်တွေ ဖြီတာကိုပဲ တပ်ဖွဲ့ဝင်တွေ ၁၀ မိနစ်လောက် အချိန်ယူခဲ့ရပါတယ်။

ဆေးပြားတွေနဲ့ crystal meth လို့ခေါ်တဲ့ crystal တုံး ပြုလုပ်ထားတဲ့ Methamphetamine ၁၃၂ ပေါင်က မြန်မာနိုင်ငံကနေ ခိုးသယ်လာတာတွေ ဖြစ်တယ်လို့ ထိုင်းဒုဝန်ကြီးချုပ် ချလန် ယူဘန် ဘရန်ဒန် က ပြောပါတယ်။ အဲ့ဒီ မူးယစ်ဆေးဝါးတွေကို ဘန်ကောက်မြို့တော်နဲ့ အနီးတ၀ိုက်က ခရိုင်တွေမှာ ရောင်းချမယ်လို့ ယုံကြည်ကြောင်း သူက ပြောပါတယ်။ အဲ့ဒီ ထိုင်းဒုဝန်ကြီးချုပ်က ထိုင်းနိုင်ငံမှာ စိတ်ဝင်စားစရာ အကောင်းဆုံး နိုင်ငံရေးသမားတစ်ဦးလို့ ပြောလို့ရပြီးတော့ မကြာခဏဆိုသလိုပဲ အငြင်းပွားစရာကိစ္စတွေကိုလည်း ဖန်တီးတတ်သူ ဖြစ်ပါတယ်။ အခုလိုမျိုး မူးယစ်ဆေးဝါးတွေ ထိုင်းနိုင်ငံထဲကို ၀င်မလာရအောင်လို့ ရဲတပ်ဖွဲ့အနေနဲ့ ပိုပြီးတော့ ကြိုးစားလုပ်ဆောင်သင့်ပါသလားဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကိုတော့ ဒုဝန်ကြီးချုပ်က တခြားဘက်ကို လက်ညှိုးထိုးပြီးတော့ ဖြေသွားခဲ့ပါတယ်။

မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေက မြန်မာနိုင်ငံထဲမှာ ဆောင်ရွက်တာမို့လို့ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ ၀င်ပေါက်အားလုံးကို တင်းတင်းကျပ်ကျပ် စိစစ်ရပါမယ်။ နိုင်ငံခြားရေး ၀န်ကြီးဌာနက တားဆီးရတဲ့ အနေအထားအထိ လုပ်ဆောင်ရပါမယ်လို့ ပြောသွားပါတယ်။ ဒါကလည်း ဘာကြောင့် ပြောရသလဲဆိုရင် ကျနော်က အတားအဆီး ခံရတဲ့ဘက်မှာ ဖြစ်နေလို့ပါလို့ ထိုင်းဒုတိယ၀န်ကြီးချုပ် ချလန် ယူဘန် ဘရန်ဒန် က ပြောသွားခဲ့ပါတယ်။

ခရီးဆောင်သေတ္တာ အများကြီးထဲမှာ ဖွက်ပြီးတော့ ထည့်ထားတဲ့ အခု ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ အမေရိကန်ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဖမ်းဆီးမိထားတဲ့ တရားခံ ၃ ဦးမှာတော့ ၁ ဦးက ဒီ မူးယစ်ဆေးဝါးတွေကို စောင့်ကြည့်ဖို့ သူတို့ကို ငှားထားတယ်လို့ ဆိုပါတယ်။ တကယ်လို့သာ သူတို့ကို အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်မယ်ဆိုရင်တော့ သေဒဏ်ပေးခံရနိုင်ပါတယ်။

ထိုင်းနိုင်ငံဟာ နိုင်ငံတကာ ဈေးကွက်ကို တင်သွင်းမယ့် တရားမ၀င် မူးယစ်ဆေးဝါးတွေ တထောက်ရပ်နားတဲ့ နေရာဖြစ်ပါတယ်။ မနှစ်ကဆိုရင် နယ်စပ်တွေကနေတဆင့် ထိုင်းနိုင်ငံထဲမှာ Methamphetamine ဆေးပြား သန်းပေါင်းများစွာ မှောင်ခို ရောက်ရှိခဲ့ပါတယ်ရှင်။
မအေးသန္တာကျော်
ဗွီအိုအေ (မြန်မာဌာန)

သမ္မတအိုဘားမား စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြော

အမေရိကန်သမ္မတ အိုဘားမား အမျိုးသားစစ်တက္ကသိုလ်မှာ
မိန့်ခွန်းပြောကြားနေစဉ်။ (မေလ ၂၃ ရက်၊ ၂၀၁၃)။

24.05.2013
အမေရိကန်စစ်တပ်အနေနဲ့ တကယ့်ကို မသုံးမဖြစ်တဲ့ အခြေအနေ ရောက်တော့ မှ အဝေးထိန်း Drone ယာဉ်တွေသုံးပြီး တိုက်ခိုက်တာဖြစ်တယ်လို့ သမ္မတ ဘရက်အိုဘားမားက ပြောလိုက်ပါတယ်။ Drone ယာဉ်တွေသုံးပြီး တိုက်ခိုက်မယ့်အစား အမေရိကန် စစ်တပ်အနေနဲ့ ဖမ်းဆီးမှု၊ စစ်ဆေးမှုနဲ့ အကြမ်းဖက်သမားတွေကို ဖမ်းဆီးမှုတွေကို အရင်လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

Fort McNair မှာ ရှိတဲ့ စစ်တက္ကသိုလ်မှာ သမ္မတအိုဘားမား ကြာသပတေးနေ့ က မိန့်ခွန်းပြောခဲ့တာမှာ al-Qaida အကြမ်းဖက်အဖွဲ့နဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေအပေါ်မှာ အမေရိကန် စစ်တပ်က ပစ်မှတ်ကိုမလွဲနိုင်အောင် အတတ်နိုင်ဆုံးလုပ်တဲ့ နည်းကို သုံးတယ်လို့ သမ္မတက ပြောခဲ့ပါတယ်။ အင်မတန်လျှို့ဝှက်ပြီး လူသိရှင်ကြားပြောခဲလှတဲ့ Drone တွေသုံးပြီး ဒုံးလက်နက်နဲ့ တိုက်ခိုက်မှုတွေဟာ လုပ်သင့်တယ်ဆိုတာကို သမ္မတက ရှင်းပြခဲ့တာဖြစ်ပါတယ်။

တခြားနိုင်ငံတွေမှာ အမေရိကန်စစ်တပ်ရဲ့  လုပ်ရပ်တွေဟာ နိင်ငံခြားက လူတွေရဲ့  သဘောထား အမြင်တွေအပေါ် သက်ရောက်မှုရှိပြီး နောက်ထပ် ရန်သူတွေ တိုးလာစေနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတာကိုလည်း သမ္မတအိုဘားမားက အသိအမှတ်ပြုပြောခဲ့ပါတယ်။

ဒါပေမဲ့ သေကြေစေတဲ့ တိုက်ခိုက်မှုတွေလုပ်နိုင်ဖို့ ကြံစည်နိုင်အောင် အကြမ်းဖက်သမားတွေဘက်က ခြေကုပ်ယူတာကို အမေရိကန်ဘက်က ခွင့်မပေးနိုင်ဘူးလို့လည်း မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။ တခြားနိုင်ငံတွေမှာ အမေရိကန်တို့ရဲ့  မောင်းသူမဲ့ Drone ယာဉ်တွေသုံးပြီးတိုက်ခိုက်မှုကြောင့် အမေရိကန်နိုင်ငံသား ၄ ယောက်သေဆုံးခဲ့တယ်လို့ အမေရိကန် အစိုးရက ပြောပြီး နာရီပိုင်းအကြာမှာပဲ ခုလို သမ္မတက ပြောခဲ့တာပါ။

သေဆုံးသွားသူတွေထဲက တယောက်ဟာ အမေရိကန်အပေါ် အကြမ်းဖက်လုပ်ရပ်တွေလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ပါကက်စ္စတန်ကို ထွက်သွားသူဖြစ်တယ်လို့ အမေရိကန် လုံခြုံရေးတပ်ဖွဲ့များဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

မြန်မာသံရုံးတိုက်ခိုက်ဖို့သံသယရှိသူနောက်ထပ် ၂ ဦး အင်ဒိုရဲဖမ်းဆီး

ဂျကာတာမြို့ မြန်မာသံရုံးရှေ့ လုံခြုံရေးစောင့်ကြပ်နေကြတဲ့
အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များ။ (မေလ ၃ ရက်၊ ၂၀၁၃)။

23.05.2013
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ဆက်နွယ်နေသူလို့ ယူဆရသူ ၂ ဦးကို ဗုဒ္ဓဟူးနေ့ညက ဖမ်းဆီးရမိတယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ကပြောပါတယ်။ ဂျာကာတာမြို့တော် မြောက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ Sigit ဆီဂျစ်ဟာ မြန်မာ သံရုံးကို  ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်ရာမှာ ဦးဆောင်သူတစ်ဦးအဖြစ် သံသယရှိထားသူလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် Boy Rafli Amar ကပြောပါတယ်။ 

နောက်တစ်ဦးဖြစ်တဲ့ Rohadi ကိုတော့ ကြာသပတေးနံနက်ပိုင်းမှာ Banten ခရိုင် Tangeran မြို့က သူ့နေအိမ်မှာ ဗုံးလုပ်ရာမှာအသုံးပြုတဲ့ ယမ်းမှုန့်တွေ၊ ဗုံးလုပ်တဲ့ ကိရိယာတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

မေလဆန်းက သံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့လုပ်မှုနဲ့ သံသယရှိသူနှစ်ဦးကို လက်လုပ်ဗုံး ငါးလုံးနဲ့အတူ ဂျာကာတာမြို့မှာ စတင်ဖမ်းဆီး ရမိပြီးနောက်မှာ၊ အခုလို ဆက်တိုက် ဖမ်းဆီးမှုတွေ လုပ်လာနိုင်တာပါ။ သူတို့က မြန်မာနိုင်ငံမှာ မူစလင်တွေကို တိုက်ခိုက်ခဲ့တာတွေအတွက် လက်တုံ့ပြန်ဖို့လုပ်တာလို့ အာဏာပိုင်တွေကို ပြောကြားခဲ့ပါတယ်။

မေလ ၉ ရက်နေ့ကလည်း  မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစည်မှုမှာ ပါဝင် ပတ်သက်နေတယ်လို့ ယူဆရတဲ့ စစ်သွေးကြွတွေရှိတဲ့နေရာကို အင်ဒိုနီးရှားအစိုးရ အကြမ်းဖက်မှုတိုက်ဖျက်ရေး အာဏာပိုင်တွေက စီးနင်းတိုက်ခိုက်ခဲ့သလို၊ သီးခြားစစ်ဆင်ရေးတွေကနေ စစ်သွေးကြွ ၇ ဦးလောက် အသေဖမ်းမိခဲ့ပါတယ်။

မနှစ်ကလည်း အကျဉ်းကျ အစွန်းရောက် အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တစ်ဦး ဖြစ်သည့် Abu Bakar Bashir က မြန်မာ သမ္မတထံ စာရေးပြီး မူစလင်တွေ ဖိနှိပ်ညှင်းပမ်းခံရမှုအတွက် လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

တာဝန်ခံတဲ့ ရင်းနှီးမြှုပ်နှံမှု အစီရင်ခံလွှာတင်ပြဖို့ အမေရိကန်အစိုးရ ကြေညာ

မြန်မာနို်င်ငံတွင်း ဒေါ်လာ ၅ သိန်းအထက် ရင်းနှီးမြုပ်နှံလုပ်ကိုင်နေတဲ့ အမေရိကန်လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့လုပ်ကိုင်နေတဲ့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရင်းနှီးမြုပ်နှံမှုဆိုင်ရာတာဝန်ခံမှု ပထမအစီရင်ခံလွှာကို တင်သွင်းရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာပါတယ်။

တင်သွင်းရမယ့် အစီရင်ခံလွှာမှာ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ မြေယာအခွင့်အရေး၊ လူမှုအဖွဲ့အစည်းတွေနဲ့ ညှိုနှိုင်းတိုင်ပင်မှု၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး၊ ၊ အဂတိလိုက်စားမှု ရှောင်ကြဉ်ရေး၊ လုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်မှုတွေ၊ လုပ်ငန်းဆိုင်ရာ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေနဲ့ ဆိုးကျိုးဖြစ်နိုင်တာတွေကို သုံးသပ်ကာကွယ်လျှော့ချနိုင်မှု၊ အစိုးရကို ငွေပေးချေမှု၊ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံလုပ်ကိုင်မှုအခြေအနေ၊ အစိုးရစစ်တပ် သို့မဟုတ် အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့ဆက်စပ်မှုစတာတွေကို ဖေါ်ပြရမှာဖြစ်ကြောင်း သိရပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံဆောင်ရွက်ရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီမှုရှိ မရှိ အမေရိကန်လုပ်ငန်းရှင်တွေက ပြန်လည်အစီရင်ခံတင်ပြဖို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံမှာ တာဝန်သိ၊ တာဝန်ခံတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံရေး ယဉ်ကျေးမှု ပေါ်ပေါက်လာဖို့အတွက် အမေရိကန် စီးပွားရေးလုပ်ငန်းတွေက စံပြဖြစ်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း၊ ဒီလိုတာဝန်ခံတဲ့ ရင်းနှီးမြုပ်နှံမှုတွေကြောင့် အပြောင်းအလဲတွေ ထပ်မံပေါ်ပေါက်လာပြီး၊ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူ မြန်မာပြည်သူတွေရဲ့ ဘ၀လူမှုဖူလုံရေးအတွက် အထောက်အပံ့တွေဖြစ်လာနိုင်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
RFA Burmese

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေး နှိုးဆော်သူများ အစည်းအဝေးကျင်းပ

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ- သမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ရေးအတွက် တိုက်တွန်းနှိုးဆော်သူတွေရဲ့ အစည်းအဝေးကို ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် စိတ်တိုင်းကျ စားသောက်ဆိုင်မှာ မနေ့ကကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးကနေ သဘောထားနဲ့ လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ခဲ့တယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင်းလင်းလူ့အဖွဲ့အစည်း ကိုယ်စားလှယ်အဖြစ် အစည်းအဝေးတက်ရောက်ခဲ့သူ ကိုဗသက်အောင်က ပြောပါတယ်။

"နံပါတ် ၁ က ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအတွက် စည်းရုံးနှိုးဆော် တိုက်တွန်းသူများသာဖြစ်ကြောင်း၊ နံပါတ် ၂ အချက်က တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဆောက်လုပ်ရေးရန်ပုံငွေ ရှာဖွေစုဆောင်းခြင်းလုပ်ငန်းတွေကို ကျနော်တို့ဆောင်ရွက်မှုမရှိသေးပါ၊ နံပါတ် ၃ က ခေတ်အဆက်ဆက် ကျောင်းသားမျိုးဆက်တွေရဲ့ အမြင်သဘောထားတွေကို ကျနော်တို့ကရယူမည်ဖြစ်တဲ့အတွက် လုပ်ငန်းစဉ် ၃ ရပ်ကို ချမှတ်လိုက်ပါတယ်"

လတ်တလော ရှေ့လုပ်ငန်းစဉ်အနေနဲ့ ရှင်သန်ဖူးဝေ ကန့်ကော်မြေစာအုပ်ကို လာမယ့်ဇွန်လအတွင်း ထုတ်ဝေဖြန့်ချိနိုင်ဖို့နဲ့ မူဝါဒသဘောထားအမြင်ကို လက်ကမ်းစာစောင်အနေနဲ့ ရိုက်နှိပ်ဖြန့်ဝေဖို့ ဆုံးဖြတ်တယ်လို့ သိရပါတယ်။
RFA Burmese

ကုမ္ပဏီက ရွှေ ၂ တန် ပြန်ပေးဖို့ အမျိုးသားလွှတ်တော်ဆုံးဖြတ်

ရှမ်းပြည်နယ် ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ အခြေစိုက် အာရှကမ္ဘာမြေ ကုမ္ပဏီက နိုင်ငံတော်ကို တစ်လ ရွှေပိသာချိန် ၃၀ ပေးသွင်းရမယ့်အစား တစ်လမှာ ၃ ပိသာလောက်ပဲ ပေးသွင်းခဲ့တာကြောင့်၊ နိုင်ငံတော်ကိုပေးဖို့ကျန်ရှိတဲ့ ရွှေတန်ချိန် ၂ တန်ကို ၅ နှစ်အတွင်း ပေးသွင်းရမယ်လို့ အမျိုးသားလွှတ်တော် သတ္ထုနဲ့ သယံဇာတ ရေးရာကော်မတီက ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

နေပြည်တော် သတ္ထုနဲ့ သယံဇာတ ရေးရာကော်မတီရုံးခန်းမှာ အာရှကမ္ဘာမြေ ကုမ္ပဏီတာဝန်ရှိသူတွေ ၊ သတ္ထုတွင်းဝန်ကြီးဌာနက တာဝန်ရှိသူတွေ နဲ့ ဒေသခံတွေကို ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသားလွှတ်တော် သတ္ထုနဲ့ သယံဇာတရေးရာ ကော်မတီအတွင်းရေးမှူး ဦးလှဆွေက ပြောပါတယ်။

"သူတို့ကုမ္ပဏီက စာချုပ်က တစ်ရက်ကိုဆိုရင် ရွှေ ၁ ပိသာသွင်းရမှာ တစ်လကိုဆိုရင် ပိသာ ၃ဝ သွင်းရမှာ၊ အဲဒါကို တစ်လကို ၃ ပိသာပဲ သွင်းထားတဲ့အထောက်အထား ဒေသခံတွေကရတာပေါ့၊ အဲဒီအထောက်အထားကလည်း မှန်တယ်၊ အဲဒါကိုသတ္ထုဝန်ကြီးဌာနက လျော့ပေးထားတာ၊ ဘာကြောင့်လျော့ပေးလဲဆိုတော့ စမ်းသပ်ကာလဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ လျော့ပေးထားတာ၊ တကယ်တန်းကျတော့ စမ်းသပ်ကာလဆိုတာ တစ်ပြားမှသွင်းစရာမလိုဘူး၊ ဒါပေမယ့် စာချုပ်ချုပ်ထားတာက ကုမ္ပဏီက တစ်ရက်ကို ၁ ပိသာ သွင်းမယ်လို့ချုပ်ထားတာ"

အခုလို အမျိုးသားလွှတ်တော်က ခေါ်ယူတွေ့ဆုံတာဟာ ဒေသခံတွေရဲ့ တိုင်ကြားချက်ကြောင့် ဖြစ်တယ်လို့လည်း သိရှိရပါတယ်။ ကုမ္ပဏီက လုပ်ကိုင်နေတာတွေဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင်၊ စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်မှုမရှိတာကြောင့် အခုလိုတိုင်ကြားရခြင်းဖြစ်တယ်လို့ ကလောဒေသခံ ဦးအောင်ကြိုင်က အခုလိုပြောပါတယ်။

"ပွင့်လင်းမြင်သာမှု မရှိတာရယ် နောက်ပြီး သူတို့လုပ်နေတဲ့အလုပ်တွေက သူတို့စာချုပ်တွေနဲ့ တလွဲဖြစ်နေတယ်လေ၊ အဲဒါကြောင့်ပါ၊ ကျနော်တို့ ပြဿနာရှာချင်လို့ မဟုတ်ပါဘူး၊ ဆန္ဒပြတာတို့ဘာတို့လဲ ကျနော်တို့ဆီမှာ မရှိပါဘူး၊ ကျနော်တို့က သူတို့ black list ခံသွားရရင် နိုင်ငံတော်ကြီး နစ်နာမှာစိုးလို့ ကျနော်တို့ ပြည်နယ်မှာရှိနေတဲ့ သယံဇာတကို ဒီလူတစ်စုက အလွဲသုံးစားလုပ်သွားမှာစိုးလို့ လာပြီးဖြေရှင်းရခြင်းဖြစ်ပါတယ်"

အာရှကမ္ဘာမြေ ကုမ္ပဏီဟာ အဲဒီကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသမှာ ရွှေတူးဖော်တဲ့လုပ်ငန်းကို လုပ်နေတာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကထဲကလို့လည်း ဒေသခံတွေကပြောပါတယ်။

အဲဒီရွှေတွင်းလုပ်ငန်းတွေမှာ ပြီးခဲ့တဲ့မေလ ၁ ရက်နေ့က မိုးကြီးခဲ့တာကြောင့် ရွှေတွင်းတွေပြိုကျပြီး သေဆုံးသူ ရာဂဏန်းအထိ ရှိခဲ့တယ်လို့ တနိုင်တပိုင် ရွှေလုပ်ငန်းပိုင်ရှင်တွေက ပြောပါတယ်။
RFA Burmese

ကချင်ဒုက္ခသည်စခန်း စာသင်ကျောင်းတွေမှာ အရေးတကြီး အကူအညီလိုနေ

ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွေမှာ အခုအခါ အကူအညီထောက်ပံ့မှု နည်းနေပြီး အထူးသဖြင့် လာမဲ့ကျောင်းဖွင့်ရာသီမှာ စာသင်ကျောင်းတွေအတွက် အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။

မကြာခင် မေလကုန် ဇွန်လရောက်လို့ ကျောင်းတွေဖွင့်ဖို့အချိန် ရောက်တော့မှာဖြစ်ပေမယ့် တရုတ်မြန်မာနယ်စပ် မိုင်ဂျာယန်မြို့အနီးရှိ ကချင်စစ်ပြေးဒုက္ခသည်စခန်းတွေမှာ စာသင်ကျောင်း အဆောက်အဦးနဲ့ တခြားအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဒေါ်မယ်ရီတန်က ပြောပါတယ်။

ဒါ့အပြင် အဲဒီကျောင်းသားတွေအတွက် စားဝတ်နေရေးအတွက်ပါ လိုအပ်ချက် အများကြီးရှိနေတယ်လို့ သိရပါတယ်။ အရင်ကရှိတဲ့ စာသင်ကျောင်းဆောင်တွေဟာ အခုမေလအစောပိုင်းက လေပြင်းတိုက်ခတ်တာကြောင့် ပြိုလဲပျက်စီးသွားပြီး အခုအချိန်အထိ ပြန်လည်မဆောက်နိုင်သေးတာလဲရှိတယ်လို့ သိရပါတယ်။

ဒုက္ခသည်စခန်းတွေမှာ လွန်ခဲ့တဲ့လတွေက အကူအညီတချို့ရကြပေမယ့် အခုနောက်ပိုင်း ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့တွေထံကနေ စာသင်ကျောင်းနဲ့ ပတ်သက်တာတင်မကပဲ တခြားအကူအညီတွေပါ မရသလောက်ဖြစ်နေတယ်လို့ သူကပြောပါတယ်။

အခုအခါ ကေအိုင်အိုနဲ့ အစိုးရတပ်တွေ အကြားဖြစ်တဲ့တိုက်ပွဲတွေကြောင့် ပြည်သူလူထုက ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတာ အခုဆိုရင် ၂ နှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။
RFA Burmese



နာဂဒေသတချို့မှာ ဆိုးဆိုးဝါးဝါး ဆန်ပြတ်လတ်နေ

စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂဒေသ၊ နန်းယွန်းမြို့နယ်နဲ့ အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်ဒေသတွေမှာ အခြေခံစားသောက်ကုန် ဆန်ပြတ်လပ်နေတယ်လို့ အစိုးရနဲ့ အပစ်ရပ်စဲထားတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN/K အဖွဲ့က RFA ကို ပြောပါတယ်။

အခုလို ဆန်ပြတ်လပ်မှု ကြုံတွေ့နေရတာဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း အဆိုးရွာဆုံး ဆန်ပြတ်လပ်မှုဖြစ်တယ်လို့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN/ K မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ပြောပါတယ်။

ဆန်ရှားပါးပြတ်လပ်မှုကြောင့် အိန္ဒိယနိုင်ငံက ၇ ပြည်လောက်ရှိတဲ့ ဆန်တအိပ်ကို ရူပီးငွေ ၁၂၅၀ မြန်မာ ကျပ်ငွေနဲ့ ဆိုရင် ကျပ် ၂ သောင်းဝန်းကျင်လောက်နဲ့ ၀ယ်ယူစားနေရတယ်လို့ ပြောပါတယ်။

အဲဒီဈေးနှုန်းနဲ့ ၀ယ်ယူနိုင်ဖို့အတွက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီက မေတ္တာရပ်ခံထားရကြောင်းလည်း သိရပါတယ်။ ဆန်ပြတ်လပ်မှုအခြေအနေကို ဖြေရှင်းနိုင်ဖို့အတွက် နယ်မြေခံအစိုးရစစ်တပ်နဲ့ NSCNအဖွဲ့တွေက အိန္ဒိယနိုင်ငံအထိ ဆန်အိတ်တွေ သွားရောက်ဝယ်ယူပြီး ဒေသခံတွေကို ဝယ်ယူလာတဲ့ ဈေးနှုန်းအတိုင်း ပြန်လည်ရောင်းချပေးနေတယ်လို့လည်းဆိုပါတယ်။
RFA Burmese

ရွှေတိဂုံ ကဆုန် ညောင်ရေသွန်း ပွဲတော် မကျရောက်မီ ညနေက ဘုရားဖူးလာသူများ

ရွှေတိဂုံ စေတီတော်ကြီး၏ အကြိမ် ၃၀ မြောက် ကဆုန် ညောင်ရေသွန်း ပွဲတော် မကျရောက်မီ တရက်အလို ၂၀၁၃ ခုနှစ်၊ မေလ ၂၃ ရက် ညနေက ဘုရားဖူးလာသူများ၊ ကမ္ဘာလှည့် ခရီးသည်များအား တွေ့ရစဉ်။ Mizzima - News in Burmese (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)




ပုဇွန်တောင် CDMA 800 ဖုန်း ဒုတိယအကြိမ် မဲနှိုက် ရောင်းချ

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ ဒေါနလမ်း၊ အမှတ် ၈ ရပ်ကွက်တွင် တန်ဖိုးနည်း CDMA 800 ဖုန်းကဒ်များကို ဒုတိယအကြိမ် မဲနှိုက် ရောင်းချပေးနေသည်ကို ၂၀၁၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့ နေ့လည်က တွေ့ရစဉ်။
ယခုတကြိမ်တွင် လျှောက်ထားသူ ဦးရေ ၃၁၄ ယောက် ရှိပြီး ခွဲတမ်းကျသော ဖုန်းကဒ် အရေတွက်မှာ ၅၃ ကဒ် ဖြစ်ကြောင်း ရောင်းချရေး ကော်မတီဝင် ဦးခင်ဇော်က မဇ္ဈိမကို ပြောသည်။
Mizzima - News in Burmese
ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ


အခြားဘာသာကို ထိပါးပုတ်ခတ် ဟောပြောလျှင် အရေးယူမည်

ရန်ကုန်၊ မေ- ၂၂
မြန်မာနိုင်ငံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်အရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည့်အတွက် ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုကိုထိပါးပုတ်ခတ်သည့်အသုံးအနှုန်းများဖြင့် ဟောပြောမိပါက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅၊၂၉၅ (က)တို့ဖြင့် အရေးယူခံရနိုင်သဖြင့် မိမိဘာသာမှလွဲ၍ အခြားဘာသာများအား ပုတ်ခတ်ပြောဆိုခြင်းမပြု မိရန် လိုအပ်ကြောင်း သာသနာရေး ၀န်ကြီးဌာနဒုတိယ၀န်ကြီး ဦးစိုးဝင်းကပြောသည်။

“ကျွန်တော်တို့နိုင်ငံက ဒီမိုက ရေစီလမ်းကိုချီတက်ပြီး တခြားနိုင်ငံ တွေနဲ့ ၀င်ဆံ့အောင် ဆောင်ရွက်နေတဲ့ အချိန်မှာ အဖျက်တွေလည်းအများကြီးရှိတယ်။ ပြောရမယ်ဆိုရင် အကြီးမားဆုံးပြဿနာက အဓိကရုဏ်းတွေပေါ့။ တစ်ယောက်က သွေးထိုးလိုက်တာနဲ့ပါသွားတာပဲ။ သီတဂူဆရာတော်ကြီးဟောထားသလို ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ အရေးကြီးပါတယ်” ဟု ဦးစိုးဝင်းက ပြောသည်။

ဗုဒ္ဓဘာသာဝင်များအနေဖြင့်လည်း မိမိဘာသာကို ပြန့်ပွားအောင် ဆောင်ရွက်ရာတွင် အခြားဘာသာများအား ထိခိုက်စော်ကားရန် မလိုအပ်ကြောင်း၊ အခြားဘာသာများကလည်း မိမိဘာသာများကို တိုးတက်အောင် လုပ်ဆောင်ရာတွင် အခြားသာသာများကို မပုတ်ခတ်ရန်လိုကြောင်း ၎င်းက ပြောကြားသည်။

“အခြားဘာသာ၊ သာသနာနဲ့ ပတ်သက်လို့ ထိပါးပြီးပြောမိ၊ ဟောမိတယ်ဆိုရင် အလိုလိုနေရင်း ပြစ်မှု
ကျူးလွန်ရာရောက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မစော်ကား ဖို့လိုပါတယ်။ ညီညွှတ်တယ်ဆိုတာ
အလွန်အင်မတန်ကောင်းပါတယ်”ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။

ဗုဒ္ဓဘာသာသည် နိုင်ငံသား အများဆုံးကိုးကွယ်ရာ ဂုဏ်ထူးဝိသေသနှင့် ညီညွှတ်သောဘာသာဖြစ်ပြီး ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် နတ်ကိုးကွယ်မှုတို့သည် နိုင်ငံအတွင်း တည်ရှိသည့် ဘာသာ၊ သာသနာအဖြစ် အသိအမှတ်ပြုပြီး ၎င်းဘာသာ၊ သာသနာများကို နိုင်ငံတော်မှ တတ်စွမ်းသရွေ့ ကူညီစောင့်ရှောက်မည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

“ဗုဒ္ဓဘာသာကို စော်ကားမှ ရယ်လို့ မဟုတ်ပါဘူး။ လူတစ်ဖက်သား ကိုးကွယ်တဲ့ ဘာသာတရားကို ထိခိုက်တာမှန်သမျှ ဒီပုဒ်မနဲ့ အကျုံးဝင်ပါတယ်။ ဒီဥပဒေအရ ကိုးကွယ်သူ လူဦးရေအနည်းအများ သတ်မှတ်ထားခြင်းမရှိဘဲ မည်သည့်ဘာသာကိုမဆို စော်ကားခွင့် မရှိပါဘူး” ဟု ဥပဒေပညာရှင် ဦးခင်ဇော်ကပြောသည်။

ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၂၉၅(က) တွင် လူတစ်ဖက်သား ကိုးကွယ်သော ဘာသာ၊ သာသနာကိုစော်ကားလျှင်(သို့မဟုတ်) စော်ကားရန် ကြံစည်လျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။
7Day News Journal

ဂျပန်ဝန်ကြီးချုပ်ခရီးစဉ် တရုတ်စီးပွားရေးလွှမ်းမိုးမှုလျှော့ချနိုင်ရန် လမ်းစဟုဆို

ရန်ကုန်၊ မေ- ၂၂
နှစ်ပေါင်း ၃၆ နှစ်အတွင်း မြန်မာနိုင်ငံသို့ မေလတတိယပတ်၌ လာရောက်မည့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ခရီးစဉ်သည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးလွှမ်းမိုးမှုကို လျှော့ချနိုင်လိမ့်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့ လာသုံးသပ်သူများက ပြောသည်။

အထူးသဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးအရသြဇာလွှမ်းမိုးမှုလျှော့ချနိုင်ရန် အတိုင်းအတာတစ်ခုထိ
အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

“ကျွန်တော်တို့အတွက် စီးပွားရေးအရ ရွေးချယ်စရာနိုင်ငံတစ်ခု ထပ်တိုးသွားတာပေါ့”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးခွန်ထွန်းဦးက ပြောသည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံရှိ စီးပွားရေးသမားများလည်း လိုက်ပါလာမည်ဖြစ်ကြောင်း Japan Time သတင်းစာတွင်ဖော်ပြထားသည်။

“ရှင်ဇိုအာဘေးက တရုတ်နိုင်ငံ ရဲ့ မြန်မာနိုင်ငံအပေါ်မှာ သြဇာလွှမ်းမိုးမှုကို လျှော့ချအောင်လုပ်ဖို့ သုံး
သပ်ထားတာတွေရှိတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ပြောင်းလဲမှုအရ ဂုဏ်သိက္ခာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံရမယ့် အခြေအနေတွေဖြစ်နေပြီ”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုပြုံးချိုကပြောသည်။

ဂျပန်နိုင်ငံ၏စီးပွားရေးလှုပ်ရှားမှုအများစုသည်စက်မှုလုပ်ငန်း ကြီးများအပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းများလည်းပါဝင်နေသောကြောင့် ပြည်တွင်း၌ အလုပ်အကိုင်အများစုကို
ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ လူမှုစီးပွားအကြံပေးကောင်စီဝင် ပါမောက္ခဒေါက်တာအောင်ထွန်း သက်ကပြောသည်။

ထို့အပြင် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံကဏ္ဍ၊ သီလ၀ါအထူးစီးပွားရေးဇုန်နှင့်ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် လာရောက်ခြင်းလည်းဖြစ်နိုင်ကြောင်း ပါမောက္ခဒေါက်တာအောင်ထွန်းသက်က သုံးသပ်သည်။

၂၀၁၂ခုနှစ် ဒီဇင်ဘာလ အတွင်း ဂျပန်နိုင်ငံရှိ JBIC ဘဏ်မှ ကောက်ယူထားသော စစ်တမ်းတွင် မြန်မာနိုင်ငံသည် ဂျပန်စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန်အတွက်ထိပ်တန်း ၁၀ နိုင်ငံတွင် ပါဝင်နေကြောင်း တွေ့ရသည်။

ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းနေချိန်တွင် ပြည်တွင်းရှိ တရုတ်ကုမ္ပဏီအချို့၏ စီမံကိန်းများသည် ပွင့်လင်းမြင်သာမှုနည်းခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘ၀များကို ထိခိုက်စေနိုင်သည်ဟု ယူဆကာ ဒေသခံ ပြည်သူများက ကန့်ကွက်ဆန္ဒပြမှုများသည် ပြီးခဲ့သည့်လပိုင်းအတွင်းကဖြစ်ပွားခဲ့သည်။

ဂျပန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သောကြောင့် စီမံကိန်းများလုပ်ဆောင်ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် လုပ်ဆောင်ခြင်း၊ ဒေသခံပြည်သူများ၏ သဘောထားကို တောင်းခံလေ့ရှိသောကြောင့် ဂျပန်ကုမ္ပဏီများ ၀င်ရောက်လာမည်ဆိုပါက ကြိုဆိုကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဦးအေးသာအောင်က ပြောသည်။

မြန်မာနိုင်ငံတွင် အကြီးစားစက်မှုလုပ်ငန်းများ၊ မော်တော်ကားလုပ်ငန်းများ၊ အီလက်ထရွန်နစ်နှင့်
လျှပ်စစ်ပစ္စည်းထုတ်လုပ်ရောင်းချခြင်းစသည်တို့တွင် ရင်းနှီးမြှုပ်နှံရန် အလားအလာအကောင်းဆုံးဖြစ်ကြောင်း ဂျပန်ကုမ္ပဏီများက ခန့်မှန်းထားသည်။

ငွေကြေးကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံရန် ဂျပန်ဘဏ်နှင့် ငွေကြေးဆိုင်ရာလုပ်ငန်းများက စိတ်ဝင်စားနေသည်။
7Day News Journal




သတို့သမီးတစ်ဦးတည်း ကျင်းပသော မင်္ဂလာပွဲ

ရန်ကုန်၊ မေ- ၂၂
မင်္ဂလာဆောင်အကြိုညတွင် ခိုက်ရန်ဖြစ်ပွားကာ သတို့သားအဖမ်းခံရခြင်းကြောင့် မင်္ဂလာပွဲကို သတို့သမီးတစ်ဦးတည်းကျင်းပခဲ့ရသည့်ဖြစ်ရပ် မေ ၂၂ ရက်က ဖြစ်ပေါ်ခဲ့သည်။

ဖြစ်စဉ်မှာ ဟင်္သာတမြို့၊ ကျုံတွမ်ကျေးရွာတွင် မေ ၂၂ ရက်၌ မင်္ဂလာဆောင်မည့် သတို့သားလောင်း နိုင်လင်းအောင်နှင့် သတို့သမီးလောင်းတို့သည် မင်္ဂလာပွဲအကြိုည ဧည့်ခံပွဲကျင်းပနေစဉ် ရပ်ရွာဓလေ့အရ လာရောက်ကူညီ လုပ်ကိုင်သော လူငယ်များက အရက်သောက်ရန် အိမ်ရှင်ထံ အရက်တောင်းရာမှ စကားများပြီး အုပ်စုလိုက်ခိုက်ရန်
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရန်ပွဲတွင် သတို့သားလည်း ပါဝင်ခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။ ဓားဖြင့် အထိုးခံရသူတစ်ဦးနှင့် ဦးခေါင်းကွဲ ဒဏ်ရာရသူတစ်ဦးကို ဟင်္သာတမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရကြောင်း မြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ရန်ပွဲမှာပါဝင်ကျူးလွန်ခဲ့တဲ့ သတို့သားနဲ့ နောက်အဖော်တစ်ယောက်ကို စခန်းမှာ ထိန်းသိမ်းထားပါတယ်။ ဆေးရုံတက်ရတဲ့ နှစ်ယောက်မှာ တစ်ယောက်က ခေါင်းကို ဆယ်ချက်ချုပ်ရပြီး ကျန်တစ်ယောက်ကတော့ ဗိုက်ကိုဓားနဲ့အထိုးခံလိုက်ရတယ်။ အသက်အန္တရာယ် စိုးရိမ်စရာမရှိပါဘူး”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် မေ ၂၂ ရက် မင်္ဂလာ ပွဲကို မူလစီစဉ်ထားသည့်အတိုင်း ကျင်းပရာ သတို့သားမပါဘဲ သတို့ သမီး တစ်ဦးတည်း ကျင်းပခဲ့ရသည်။ ရန်ပွဲတွင် ပြစ်မှုကျူးလွန်သူသတို့သားနှင့် ကျန်တစ်ဦးကို အပြင်းအထန်နာကျင်စေမှု ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် ဟင်္သာတမြို့ အမှတ်(၁)ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်။

ရန်ကုန်မြို့အပါအ၀င်မြို့ကြီးအချို့တွင် မင်္ဂလာပွဲကျင်းပပြီးမှသာ လူပျို၊ အပျိုညအဖြစ်တည်ခင်းဧည့် ခံပွဲ ပြုလုပ်လေ့ရှိသော်လည်း ဟင်္သာတအပါအ၀င် ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသရှိ မြို့နယ်များတွင် မင်္ဂလာဆောင်ဧည့်ခံပွဲမတိုင်မီတစ်ရက် အကြိုကပင် လူပျို၊ အပျိုညကိုပြုလုပ်လေ့ရှိသည်။
7Day News Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com