http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ချီကာဂို၌ မိုးသီးထန်စွာရွာပြီးနောက် ကား(၃)စီး မြေမြို

ချီကာဂိုမြို့ တောင်ဒီးယားရင်း ဒေသတွေမှာ မိုးသီးထန်စွာ တညလုံး ရွာသွန်းမှုကြောင့် ကား(၃)စီးမြေမြိုပြီး လူတယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒေသခံတွေကိုလည်း အိမ်ထဲမှာနေထိုင်လည်းနိုးဆော်ထားပါတယ်။
ကယ်ဆယ်ရေးလုပ်သားတယောက်ထိခိုက်ပြီးဆေးရုံးကိုပို့ထားရပါတယ်။








တက္ကဆပ်ပြည်နယ် ဓါတ်မြေသြဇာ စက်ရုံပေါက်ကွဲမှုနောက်ဆက်တွဲ(ဓါတ်ပုံသတင်း)

တက္ကဆပ်ပြည်နယ် အနောက်ဖက်က မြို့တစ်မြို့က ဓါတ်မြေသြဇာ စက်ရုံပေါက်ကွဲမှုကြောင့် လူနှစ်ယောက် သေဆုံးပြီးတော့ ၁၅၀ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ကြီးမားပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးအပြီးမှာ ဒါဇင်ပေါင်းများစွာသော အိမ်တွေပြိုကျ ပျက်စီးခဲ့ပါတယ်။ အဆိုပါနေရာ ပတ်ဝန်းကျင်ကတော့ လူ၂၈၀၀ လောက် နေထိုင်ကြတဲ့ နေရာတစ်ခုလို့ မြို့တော်ဝန်က ဆိုပါတယ်။

တက္ကဆပ် အနောက်ဘက် မြို့တော်ဝန် Tommy Muska ကတော့ ဒီပေါက်ကွဲမှုဟာ နူကလိယဗုံးပေါက်သလိုလို့တောင် ပြောကြားခဲ့ပါသေးတယ်။ ကောင်းကင်မှာ မီးလုံး (မီးခိုးလုံး) ကြီးက မှိုပွင့်သဏ္ဍန် ထွက်ပေါ်လာခဲ့တယ်လို သူကဆိုပါတယ်။ ဗုဒ္ဓဟူးနေ့ညဘက် ဖြစ်ပွားခဲ့တဲ့ ဒီပေါက်ကွဲမှုဟာ မိုင် ၅၀ အဝေးက လူနေအိမ်တွေကတောင်မှ မြေကြီး တုန်လှုပ်သွားတာကို ခံစားသိရတယ်လို့ ဆိုပါတယ်။ United States Geological Survey ရဲ့ တိုင်းတာမှုတွေအရ Magnitude ၂.၁ အဆင့်ရှိတဲ့ လှုပ်ရှားမှုကြီး ဖြစ်သွားတယ်လို့ ဆိုပါတယ်။

မြို့ရဲ့ အရေးပေါ် စီမံခန့်ခွဲရေး စနစ်ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ Dr. George Smith ကတော့ အခြေအနေဟာ စိုးရိမ်စရာကောင်းပြီးတော့ သေဆုံးသူတွေဟာ ၆၀ ကနေ ၇၀ အထိ တိုးလားနေတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမယ် မီးသတ်သမားတွေလဲ ပါဝင်တယ်လို့ ပြောကြားလိုက်ပြီးတော့ မီးသတ်သမား သုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ပြီလို့ ပြောပါတယ်။

မီးလောက်ပေါက်ကွဲခဲ့တဲ့ စက်ရုံဟာ လူနေတိုက်ခန်းတွဲတစ်ခု၊၊ လူအိုရုံတစ်ခုနဲ့ အလယ်တန်းကျောင်း တစ်ခုအနားမှာ တည်ရှိတာဖြစ်ပြီးတော့ ဒီပေါက်ကွဲမှုဟာ အတော်ကို ကြီးမားပြင်းထန်ပြီး ဆိုးရွာလှတယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ပေါက်ကွဲမှုကြောင့် လူနေတိုက်ခန်းတွဲရဲ့ အခန်းငါးဆယ်လောက်က မှန်တွေနဲ့ နံရံတွေ ပျက်စီးပြိုကျသွားခဲ့တယ် လို့ အဆိုပါ မျက်မြင်သက်သေက ပြောကြားခဲ့ပါတယ်။

ပေါက်ကွဲမှု ဖြစ်ပြီးချက်ချင်း လူ ၁၃၃ယောက်နဲ့ လူအိုရုံကို ဘေးလွတ်ရာကို ချက်ချင်းရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ သေဆုံးကြသူတွေနဲ့ ဒဏ်ရာရသူတွေကိုလဲ အရေးပေါ် ကူညီကယ်ဆယ်မှုတွေ လုပ်နေကြပါတယ်။ ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရတာတွေအပြင် ကူညီကယ်ဆယ်ရေးနဲ့ မီးလောင်မှုကို ထိန်းချုပ်ငြိမ်းသတ်ရာမှာ ပါဝင်ကြတဲ့ မီးသတ်တွေနဲ့ စေတနာ့ဝန်ထမ်းတွေလဲ ပါဝင်ကြောင်း ကြားသိရပါတယ်။ ဓါတ်မြေသြဇာ စက်ရုံဖြစ်တာကြောင့် မီးလောင်နိုင်တဲ့ ဓါတုပစ္စည်းတွေအပေါ် ရေဖြန်းငြိမ်းသတ်မိလို့ နောက်ထပ်ပေါက်ကွဲမှုတွေ ထပ်မံဖြစ်ပေါ်ခဲ့တာလို့လဲ ဆိုကြပါတယ်။
REF: CNN






တက္ကဆက်ပြည်နယ်မှာ ပေါက်ကွဲမှုဖြစ် လူ အတော်များများ ထိခိုက် သေဆုံး


အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဝေကိုမြို့ အနီးက ဓာတ်မြေသြဇာ စက်ရုံမှာ ပေါက်ကွဲမှုကြီး တခုဖြစ်ပွားခဲ့ရာ လူတော်များများ ထိခိုက် ဒဏ်ရာ ရရှိသွားပြီး သေဆုံးသူ အရေ အတွက်ကိုတော့ မသိရသေးပါ။

ဒေသ အချိန် ည ၈ နာရီလောက်မှာ အနောက်ဖက် ဓာတ်မြေသြဇာ စက်ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နောက် ဒါဇင်နဲ့ချီတဲ့ အဆောက်အဦးတွေ အိမ်တွေ ပျက်ဆီးကုန်ပြီး၊ အတော်များများလည်း ဆက်လက်မီးလောင်နေဆဲဖြစ်ပါတယ်။

တချို့လူတွေဟာ အဆောက်အဦးတွေကြားမှာ ပိတ်မိနေဆဲလို့ ယူဆရပြီး၊ ပျောက်ဆုံးနေတဲ့ မီးသတ်သမား တွေရှိတယ်လို့လည်း သတင်းတွေကဆိုပါတယ်။

စက်ရုံမှာ အမိုးနီးယား ဓာတ်မြေသြဇာခြောက် တန်ချိန် ၂၀ လောက် ရှိခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
BBC Burmese

သေနတ်ထိန်းချုပ်ရေး ပြင်ဆင်ချက်မူကြမ်း အထက်လွှတ်တော် ပယ်ချ

သေနတ်ထိန်းချုပ်ရေး မူကြမ်း အထက်လွှတ်တော်ပယ်ချ ပြီးနောက် အိမ်ဖြူတော်မှာ သမ္မတ အိုဘားမား သတင်းစာ ရှင်းလင်းပွဲပြုလုပ် (၁၇ ဧပြီ ၂၀၁၃)
17.04.2013
သေနတ်ဝယ်မဲ့သူတွေရဲ့ နောက်ကြောင်းကို ပိုပြီး စစ်ဆေးဖို့ လွှတ်တော် ၂ ရပ်ပေါင်း တင်ပြတဲ့ အစီအစဉ်ကို အထက်လွှတ်တော်က ပယ်ချခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ အမေရိကန် အများစုက ထောက်ခံကြောင်း စစ်တမ်းတွေက ပြောပေမဲ့ အထက်လွှတ်တော်က ပယ်ချခဲ့တဲ့အပေါ် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အမေရိကန် နိုင်ငံရေး အသိုင်းအဝိုင်းအပေါ်မှာ အခုလို အပြစ်တင် တုံ့ပြန်ခဲ့ပါတယ်။

ဒီကနေ့ကတော့ Washington အတွက် တကယ့်ကို ရှက်စရာကောင်းတဲ့ နေ့တနေ့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကြိုးပမ်းမှုဟာ မပြီးဆုံးသေးပါဘူးလို့ သမ္မတ အိုဘားမား က ပြောခဲ့တာ ဖြစ်ပါတယ်။

သေနတ်ကိုင်ဆောင်ဖို့ လိုလားသူတွေ၊ စည်းရုံးသူတွေ၊ ထောက်ခံ သူတွေဟာ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ လိမ်ညာခဲ့ကြတယ်လို့လည်း သမ္မတက ဆိုခဲ့ပါတယ်။

သေနတ်ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင်ဖို့ အထက်လွှတ်တော်အမတ် ၅၄ ယောက် က ထောက်ခံ ခဲ့ပေမဲ့ အထက်လွှတ်တော် စည်းမျဉ်းအရ အတည်ပြုနိုင်ဖို့ ၆ မဲအလိုနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

တကယ်လို့သာ ထောက်ခံအတည်ပြုနိုင်ခဲ့ရင် သေနတ်ပြခန်းတွေ၊ အင်တာနက်တွေပေါ်ကနေ သေနတ်ဝယ်ယူမယ့်သူတွေရဲ့ နောက်ကြောင်းကို အခုထက်ပိုပြီး စစ်ဆေးရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ မိသားစုဝင် အချင်းချင်းဆီက ပြန်ပြီး ဝယ်ယူသူတွေကတော့ ဒီကန့်သတ်ချက်ကို ထည့်မထားပါဘူး။ Connecticut ပြည်နယ် Newtown မြို့မှာ ဒီဇင်ဘာလက ကလေးငယ် ၂၆ ယောက်နဲ့ ဆရာဆရာမတွေ သေနတ်တဲ့ ပစ်သတ်ခံခဲ့ရတဲ့ အဖြစ် ဖြစ်ခဲ့ပြီးတဲ့နောက် တင်းကျပ်တဲ့ သေနတ်ထိန်းချုပ်ရေး လုပ်ဖို့ သမ္မတ အိုဘားမား က တိုက်တွန်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။
VOA Burmese

မြန်မာပြုပြင်ပြောင်းလဲမှု အမေရိကန် စိုးရိမ်နေဆဲ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ပြောကြားနေစဉ်

17.04.2013
မြန်မာနိုင်ငံတွင်းမှာ မကြုံစဖူးတဲ့ တိုးတက်ပြောင်းလဲမှုတွေ ရှိနေပေမဲ့လို့၊ လူနည်းစု တိုင်းရင်းသား ဒေသတွင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်စရာတွေ ရှိနေတုန်းပဲလို့ မနေ့က လွှတ်တော် ကြားနာပွဲတခုမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရော၊ အောက်လွှတ်တော်အမတ် ရှဘော့ (Chabot) ကပါ ပြောခဲ့ကြပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက အပြည့်အစုံ တင်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၄ ခုနှစ် အသုံးစရိတ် တင်သွင်းမှုနဲ့ ပတ်သက်လို့ အောက်လွှတ်တော် ကြားနားပွဲအတွင်း အခြားနိုင်ငံတကာ ကိစ္စရပ်တွေနည်းတူ မြန်မာနိုင်ငံအရေး ကိုလည်း မေးမြန်းဆွေးနွေးခဲ့တာပါ။

ရီပတ်ပလစ်ကန် အောက်လွှတ်တော်အမတ် စတိ ရှဘော့ (Steve Chabot) က မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ တိုးတက်မှုတွေ မြင်ရပေမဲ့ မြန်မာ စစ်တပ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုနဲ့ ပတ်သက်လို့ စိုးရိမ်စရာရှိတယ်လို့ ပြောသွားပါတယ်။

“ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံတွင်းမှာ ပြောင်းလဲတိုးတက်မှုတွေ သိသိသာသာ ရှိလာတာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း ရှေ့ဆက်ရမယ့်လမ်းတွေမှာ အခက်အခဲ အတားအဆီးတွေ ရှိကောင်းရှိနိုင်တယ်ဆိုတာကို အားလုံး သဘောတူကြမယ် ထင်ပါတယ်။ အခုအချိန်အထိ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးကြိုဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်ဦးပိုင်းတုန်းက ကြားဖြတ်ရွေးကောက်ပွဲ မှာ နိုင်ငံရေး အခြေအနေသစ်တွေ ပေါ်လာတာကိုလည်း ၀မ်းမြောက်မိပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာ လူနည်းစု တိုင်းရင်းသား ဒေသတွေမှာ အကြမ်းဖက်မှုတွေ တိုးလာတာလည်း တွေ့ရပါတယ်။”

“မြန်မာနိုင်ငံတွင်းမှာ စစ်တပ်ဟာ အရေးပါတဲ့ အင်အားကြီး တရပ်အဖြစ် ရှိနေတုန်းပါ။ လူနည်းစု တိုင်းရင်းသား ဒေသတွေက အကြမ်းဖက်မှုတွေ ရပ်တန့်ရမယ့်အစား၊ အဲ့ဒီအကြမ်းဖက်မှုတွေကို ကျူးလွန်နေသူတွေအဖြစ် အများက ထင်မှတ်ယူဆမှု ခံနေရပါတယ်။ အခြေအနေ အရပ်ရပ်မှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ သူ့ရဲ့ စစ်တပ်မှူးတွေကို ကိုင်တွယ်ထိန်းချုပ်နိုင်ပုံ မပေါ်ပါဘူး။”

မြန်မာနိုင်ငံတွင်း အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီ ခိုင်မာအားကောင်းလာရေးအတွက် အမေရိကန် အစိုးရပိုင်းအနေနဲ့ ဘယ်လို လုပ်ကိုင်ဆောင်ရွက်မှုရှိလဲဆိုပြီး အောက် လွှတ်တော်အမတ် ရှဘော့ (Chabot) က နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) ကို မေးမြန်းခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကယ်ရီကတော့ အခက်အခဲ အတားအဆီးတွေ ရှိနိုင်တယ်ဆိုတာ မှန်ပေမယ့်လည်း လက်ရှိ အခြေအနေအပေါ် အားရမှုရှိတဲ့သဘော ပြောပါတယ်။ အခြေအနေတွေ ပိုကောင်းလာဖို့ အစိုးရပိုင်းအနေနဲ့ တွန်းအားပေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ လည်း ပြောသွားပါတယ်။

“အခက်အခဲ အတားအဆီးတွေကတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့လည်း သိပ်ကြီးကြီးမားမားတော့ ဟုတ်မယ် မထင်ပါဘူး။ ဗိုလ်ချုပ်တွေဟာ တချိန်က သူတို့ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲပြီး ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် လုပ်ကိုင်ဆောင်ရွက် နေကြပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက စိတ်ကူးတောင် မယဉ်နိုင်တဲ့ အခြေအနေမျိုးပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာ အတော့်ကို ဆိုးဆိုးရွားရွား ပြုမူဆက်ဆံခံနေရသူတွေ ကိစ္စအပါအ၀င် စစ်တပ်ကိစ္စနဲ့ တခြားကိစ္စရပ်တွေအပေါ် ကျနော် စိုးရိမ်တကြီး ရှိပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ပိုပြီး ဆောင်ရွက်နိုင်ဖို့၊ ကတိအတိုင်းပဲ ဖြစ်ပေါ်လာဖို့ ကျနော်တို့အနေနဲ့ အစဉ်တစိုက် တွန်းအားပေး ဆောင်ရွက်သွားမှာပါ။ သမ္မတ အိုဘားမား သွားတုန်းကလည်း ဒီ ရည်ရွယ်ချက်ပါပဲ။”

လက်ရှိ အမေရိကန် အစိုးရပိုင်းရဲ့ မြန်မာအပေါ် မူဝါဒ အကောင်အထည်
ဖော်ရေးအပိုင်းတွေမှာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ လည်း နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ က အကောင်းမြင်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အာရှဒေသကို အရင်ကထက် ပိုမို အလေးထားလာတာကြောင့်၊ မြန်မာနိုင်ငံအပေါ် ကျင့်သုံးနေတဲ့ အမေရိကန်မူဝါဒနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေဟာ အမေရိကန် နိုင်ငံခြားရေး မူဝါဒမှာ စံပြုစရာတခုလို အမေရိကန် အရာရှိတွေဘက်က ယူဆတယ်လို့ ပြောရမှာပါ။
VOA Burmese

ပြည်မြို့တွင် ဧပြီ၁၆ရက်နေ့က လေဆင်နှာမောင်းတိုက်ခတ်

ပြည်မြို့တွင် ဧပြီလ ၁၆ရက်နေ့ နေ့လယ် ၂နာရီခန့်က လေဆင်နှာမောင်း တိုက်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှု များကို တွေ့ရစဉ်။
The Voice Weekly






လက်နက်တင်ပို့မှု ပိတ်ပင်ခြင်းမှလွဲ၍ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှုများအားလုံး အီးယူ ရုပ်သိမ်းမည်

ဘရပ်ဆဲလ်၊ ဧပြီ-၁၈
ဥရောပသမဂ္ဂ(အီးယူ)သည် လာမည့်အပတ်အတွင်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုအားလုံးကို လက်နက်တင်ပို့မှု ပိတ်ပင်ခြင်းမှလွဲ၍ ရုပ်သိမ်းသွားရန် မျှော်လင့်နေကြောင်း သတင်းရရှိသည်။

ရိုက်တာသတင်း၏ ဖော်ပြချက်အရ အီးယူသည် မြန်မာနိုင်ငံတွင် မှတ်သားလောက်ဖွယ် ပြုပြင်ပြောင်းလဲမှုများကြောင့် ယခုကဲ့သို့ ပိတ်ဆို့မှုများ ရုပ်သိမ်းပေးသွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းဆိုသည်။ အီးယူသည် ပြီးခဲ့သည့်နှစ်မှစ၍ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှုများကို လက်နက်တင်ပို့မှုမှလွဲ၍ တစ်နှစ်တာကာလ ဆိုင်းငံ့ပေးခဲ့သည်။ သို့သော် ယခုဆုံးဖြတ်ချက် ပေါ်ထွက်လာပါက မြန်မာနိုင်ငံအပေါ် ယမန်နှစ်ကကဲ့သို့ ယာယီဆိုင်းငံ့ပေးခြင်းမျိုး မဟုတ်တော့ဘဲ လက်နက်တင်ပို့မှုမှလွဲ၍ ကျန်ပိတ်ဆို့မှုများအားလုံးကို အပြီးတိုင် ပယ်ဖျက်ပေးသွားမည်ဖြစ်သည်။

ပိတ်ဆို့မှုများ ပယ်ဖျက်ရေးအတွက် အီးယူသံအမတ်ကြီးများသည် ယမန်နေ့က ဆွေးနွေးခဲ့ပြီး အီးယူအဖွဲ့အတွင်း ၀န်ကြီးအဆင့် သဘောတူအတည်ပြုချက်ကိုမူ တနင်္လာနေ့ ၀န်ကြီးများအစည်းအဝေးတွင် ပြုလုပ်ဖွယ်ရှိသည်။ အီးယူ၏ ပိတ်ဆို့မှုများ ပယ်ဖျက်ခဲ့ပါက ဥရောပကုမ္ပဏီများအားလုံးသည် မြန်မာနိုင်ငံတွင် အခြားနိုင်ငံများနှင့်အပြိုင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

အီးယူသည် ယခင်က မြန်မာကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၁,၀၀၀ နီးပါးခန့်၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားခဲ့ပြီး မြန်မာနိုင်ငံအတွင်းမှ လူပုဂ္ဂိုလ် ၅၀၀ ခန့်ကိုလည်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ၀င်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။
ref; Reuters
7Day News Journal

ဘော်စတွန် ဗုံးပေါက်ကွဲမှုတွင် သံသယရှိသူကို ဗီဒီယိုတွင်တွေ့ရှိ ဖမ်းဆီးမှုမရှိသေး


Thursday, April 18, 2013
ဘော်စတွန်၊ ဧပြီ ၁၇။
ဘော်စတွန်ဗုံးပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးသူများသည် တနင်္လာနေ့က မာရသွန်ပြေးပွဲတွင် ဗုံးနှစ်လုံးတွဲ ပေါက်ကွဲမှုမဖြစ်ပွားမီ ဗုံးခွဲသူဖြစ်နိုင်သည့် သံသယရှိသူကို လုံခြုံရေးကင်မရာမှ ရိုက်ကူးထားသောဗီဒီယိုတွင် တွေ့ရကြောင်း ဗုဒ္ဓဟူးနေ့က ဥပဒေစိုးမိုးရေး ဌာနတစ်ခုမှ ပြော ကြားသည်။ ဖမ်းဆီးမှုများပြုလုပ်မှုမရှိသေးဘဲ ဗီဒီယိုတွင်ပါရှိသည့် သံသယရှိသူ၏ အမည်ကိုလည်း မသိသေးကြောင်း အရာရှိနှစ်ဦး ပြောကြားသည်။

ရဲများက ပြည်သူများကို သတင်းကွန်ဖရန့်တွင် အချက်အလက်များ ထပ်မံအသိပေးမည် ဖြစ်ကြောင်း အစိုးရပိုင်းများမှ ပြောကြားခဲ့သော် လည်း အက်ဘီအိုင်က ဆိုင်းငံ့မှုများ အကြိမ်ကြိမ်လုပ်ခဲ့ပြီးနောက် ၎င်းပွဲကို ပယ်ဖျက်လိုက်ကြောင်း ဘော်စတွန်ရဲဌာနမှ ပြောကြားသည်။ ဘော်စတွန် မာရသွန်ပြေးပွဲတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် လူသုံးဦး သေဆုံးပြီး ၁၇၆ ဦး ဒဏ်ရာရရှိခဲ့သည်။

တနင်္လာနေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားမှုအပြီး လူများရှုတ်ထွေးနေမှုများကို စောင့်ကြည့်ကင်မရာများ၊ မီဒီယာကင်မရာများနှင့် ဗီဒီယိုများ ရိုက်ကူး ထားမှုများကြောင့် စုံစမ်းစစ်ဆေးသူများအတွက် ဗုံးမပေါက်ကွဲမီနှင့် ပေါက်ကွဲပြီး အခြေအနေများကို စစ်ဆေးကြည့်ရှုရန် များစွာ အထောက်အပံ့ဖြစ်ကြောင်း သိရသည်။ ၎င်း စုံစမ်းစစ်ဆေးသူများသည် အခင်းဖြစ်ပွားရာနေရာမှ သက်သေအထောက်အထားများစွာကို ရှာဖွေနေကြသည်။

အခင်းဖြစ်ပွားရာနေရာတွင် တွေ့ရှိရသော သတ္တုအစများ၊ ဝိုင်ယားများ၊ နိုင်လွန်စများနှင့် ဘက်ထရီအပိုင်းအစများကိုအခြေခံ၍ ပေါင်းအိုးထဲ တွင် အိမ်လုပ်ဗုံးကို ထည့်ကာ အနက်ရောင် နိုင်လွန်အိပ်ကြီးများတွင် ထည့်လာနိုင်ရာ ၎င်းအိပ်မျိုးလွယ်ထားသည့်လူ မည်သူကိုမဆို အာရုံ စိုက်ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်။

ဓားစာခံများကို အထောက်အပံ့ပေးမှုများလည်းရှိနေရာ စက်တင်ဘာ ၁၁ရက် ၂၀၁၁ အရေးအခင်းတွင် ထောက်ပံ့ကြေးရန်ပုံငွေရရှိရေး ဦးဆောင်ခဲ့သူ ရှေ့နေ ကင်နက်ဖင်းဘာဂ် က ယခုဘော်စတွန် ဗုံးပေါက်ကွဲမှုမှ ဓားစာခံများကူညီထောက်ပံ့ရေးတွင် ဦးဆောင်ကြောင်း သိရသည်။ အင်္ဂါနေ့အထိထုတ်ပြန်ချက်အရ ဂျွန် ဟန်းကော့ ငွေကြေးဝန်ဆောင်မှုအုပ်စုမှ ထောက်ပံ့ငွေ ဒေါ်လာ တစ်သန်းပေးလှူထားပြီး ဗုဒ္ဓဟူးနေ့တွင် အလှူရှင် ၈၅၀၀ကျော် လှူဒါန်းမှု အပါအဝင် စုစုပေါင်း ဒေါ်လာ ၇သန်းထိရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

သမ္မတအိုဘားမားနှင့် သမ္မတကတော်တို့သည် ဘော်စတွန်သို့ ကြာသပတေးနေ့တွင် လာရောက်ပြီး မာရသွန်ဗုံးပေါက်ကွဲမှုမှ ဓားစာခံများ အတွက် အောက်မေ့ဖွယ်မိန့်ခွန်းတစ်ရပ် ပြောကြားမည်ဖြစ်ကြောင်း ဘော်စတွန် အရာရှိများက ပြောကြားခဲ့သည်။
Ref: Reuters
မြန်မာ့ခေတ်

မဟာဗန္ဓုလတံတားအနီး ယာဉ်တိုက်မှုဖြစ် လူတစ်ဦးသေဆုံး


Thursday, April 18, 2013
ရန်ကုန်၊ ဧပြီ ၁၇။
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ မဟာဗန္ဓုလတံတား အနီးတွင် ယနေ့ည (၁၀)နာရီခန့်တွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားရာ လူတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ မဟာဗန္ဓုလ တံတားပေါ်မှ မောင်းဆင်းလာသော တက္ကစီ ၂က/ ၄၂၆၅ သည် ဦးကျော်ခိုင် နင်းနေသော ဆိုက္ကား မတ- ၀၁၃၆ အား ဝင်တိုက်၍ မဟာဗန္ဓုလလမ်းအတိုင်း လမ်းပြောင်းပြန် မောင်နှင်သွားခြင်း ဖြစ်ကြောင်း ယင်းယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာအနီးရှိ ဆိုက္ကားသမားများက ပြောကြသည်။

ဆိုက္ကားမောင်းနှင်သူသည် ယင်းနေရာ၌ ပင် ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း ၅၁လမ်းယာဉ်ထိန်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ လမ်းပြောင်းပြန် မောင်းနှင်သွားသော တက္ကစီသည် မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ သွပ်များကာရန်ထားသော ဆောက်လုပ်ရေးဝန်းအား ဝင်တိုင်၍ ရပ်သွားကြောင်း၊ ယင်းတက္ကစီမောင်းနှင်သူ ကိုထွန်းလင်းအား ဗိုလ်တစ်ထောင် ရဲစခန်းမှ ဖမ်းဆီးထားကြောင်း၊ အမှုဖွင့်အရေးယူမှုများ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ အောင်သိုက်
မြန်မာ့ခေတ်

ပင်လုံ မဟာရဌာဘိသာမဂ္ဂီစေတီတော်ဝင်းအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့

18 Apr, 2013
ရှမ်းပြည်နယ်မြောက်ပိုင်း ပင်လုံမြို့ မဟာရဌာဘိသာမဂ္ဂီစေတီတော်ဝင်းအတွင်း ၂၀၁၃ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

"ဗုံးကွဲတာမဟုတ်ပါဘူး။ ကလေးတွေ ဆော့တဲ့ မီးရှုးမီးပန်းဝါးဆစ်ဗူးက ကွဲတာပါ။ ဘာမှလည်းထိခိုက်မှုမရှိ ပါဘူး။" ဟု ပင်လုံရဲစခန်းမှ (၁၈.၄.၂၀၁၃)တာဝန်ကျ ၀န်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါဒေသတွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ လက်လုပ်မီးရှုးမီးပန်းများ ဖောက်လေ့ရှိကြောင်း ဒေသ ခံများ ပြောပြချက်အရသိရှိရသည်။

 “အန်တီတို့ကြားတာတော့ ကလေးတွေ မီးရှုးမီးပန်းဖောက်ရင်းဖြစ်တာလို့တော့ကြားတယ်၊ နှစ်ဆန်းတစ်ရက်နေ့ ဆိုရင် အဲ့ဒီလိုပဲ မီးရှုးမီးပန်းဖောက်နေကြ” ဟု ကလောမြို့မှ ဒေါ်ခင်မိုးမိုးကပြောသည်။

ဘုရားတွင် ကလေးများမီးရှုးမီးပန်းဖောက်ခြင်းဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ တရုတ်နိုင်ငံမှ တင်သွင်းသော ဗျောက် အချို့မှာ ၀ါးဆစ်ဗူးအတွင်း ထည့်ဖောက်ပါက အသံကျယ်ကြောင်း၊ ထိုသို့ ဖောက်ကွဲမှုသည် ခြောက်လှန့် မှုဖြစ်နိုင်ကြောင်း ဒေသခံများ ၄င်းတို့အမြင်ကိုပြောဆို သည်။

“ဒါခြောက်လှန့်တဲ့သဘောပဲဖြစ်မှာပါ၊ ဗုံးတော့မဟုတ်ဘူး၊ ဗုံးဆိုရင် အနည်းဆုံးတော့ ဘေးနားကဟာတွေ လာမှန်မှာပါ။” ဟု ဦးတင်မိုးကပြောပြခဲ့သည်။

အဆိုပါဘုရားရှေ့ဘက်ရှိ ဆိုင်တန်းများတွင် သုံးနှစ်ခန့်က ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လင်မယားနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
ကောင်းမြတ်ဖြိုး ( မြစ်မခ )
Myit Makha Mediagroup on

၁၅၀၀ တန် SIM ကတ်ကို ရပ်ကွက်များတွင် မဲဖောက် ရောင်းချသွားမည်

ဖုန်းပြောနေသည့် အမျိုးသမီးငယ်တစ်ဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
Thursday, April 18,2013
ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းကတ်များကို ရပ်ကွက် တခုချင်းစီတွင် မဲဖောက်ပေးကာ လာမည့် ဧပြီ ၂၄ ရက်တွင် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ရန်ကုန်မြို့တွင်းရှိ မြို့နယ် ၃၃ မြို့နယ်ရှိ ရပ်ကွက်များအတွက် တန်ဖိုးနည်း ဖုန်းကတ် တသိန်းကိုးသောင်း၊ မန္တလေးတိုင်း ဒေသကြီးအတွက် ဖုန်းကတ် ခြောက်သောင်းငါးထောင်နှင့် တခြား ပြည်နယ်နှင့်တိုင်း ဒေသကြီးများသို့ အရေအတွက် အလိုက် ခွဲတမ်း ချပေးသွားမည်ဖြစ်သည်။

“အစိုးရက ပြည်သူတွေအတွက် တန်ဖိုးနည်း ဖုန်းကတ်တွေကို တိုက်ရိုက်ရောင်းပေးတာပါ။ ပုဂ္ဂလိကကို ရောင်းချခွင့်ပေး မယ်လို့ မပြောထားဘူး။ ဖုန်းလိုင်းနဲ့ ကတ်အစီအစဉ်က မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က လုပ်တာပါ။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက နာမည်ယူပြီး ရောင်းပေးတာပဲရှိတယ်” ဟု မိုဘိုင်း ဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဧရာဝတီသို့ ပြောသည်။

တန်ဖိုးနည်း ဖုန်းကတ်များကို ရန်ကုန်မြို့ အပါအဝင် နယ်မြို့များတွင် ဆက်သွယ်ရေး စခန်းရှိသည့် အရေအတွက်ပေါ် မူတည်ကာ ချထားပေးခြင်း ဖြစ်ပြီး တလလျှင် အလုံးရေ ၃ သိန်းခွဲ ချထားပေးမည်ဖြစ်ကာ CDMA 800 MHz လိုင်းမရှိသည့် ချင်းပြည်နယ် တခုတည်းကိုသာ WCDMA 3G လိုင်း ချထားပေးမည်ဟု သူက ဆိုသည်။

မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက် ရုံးချုပ်သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းမှုကို “ဦးပိုင်က ဘာမှမလုပ်ဘူး၊ သတင်း မှားနေတယ်” ဟု ပြန်လည်ဖြေကြားသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်းရှိ ရပ်ကွက်များ၌ ဖုန်းကတ် ဝယ်ယူလိုသူများကို စာရင်းကောက်ပြီး ဧပြီ ၁၉ ရက်တွင် မဲဖောက် ပေးကာ မဲပေါက်သူများကို ဧပြီ ၂၄ ရက်နေ့တွင် ထွက်ရှိမည့် ငွေကျပ် ၁၅၀၀ တန် ဖုန်းကတ်များ ချထားပေးသွားမည် ဖြစ်သည်။

အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူက ၎င်းတို့မြို့နယ်အတွက် တန်ဖိုးနည်းဖုန်းကတ် ၄၄၀၀ ရရှိမည်ဟု သိထားကြောင်း ဆိုသည်။ “ဦးပိုင်ကတော့ လိုင်းတွေရဖို့ တိုင်တွေထောင်နေတုန်းပဲ။ တိုင်ရှိတဲ့ မြို့နယ်တွေကိုပဲ ဖုန်းကတ်တွေ ရောင်းပေးသွားမှာ။ တိုင်မရှိသေးတဲ့ မြို့နယ် တချို့ကိုတော့ မရောင်းသေးဘူး” ဟု မန္တလေးတိုင်း ဒေသကြီး ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်တချို့တွင် တန်ဖိုးနည်း ဖုန်းကတ်များအတွက် လိုင်းများ ချိတ်ဆက်နိုင်မည့် တိုင် ထောင်မရသည့် နေရာတချို့ ရှိကြောင်း သိရသည်။

“CDMA ဟန်းဆက်က ဈေးများတော့ ဖုန်းကတ်ဝယ်ဖို့ စဉ်းစားနေရတယ်။ လက်လုပ်လက်စားတွေ ဖြစ်တော့ ဖုန်းကတ် ဈေးတော့ အဆင်ပြေပါရဲ့၊ ဟန်းဆက်ကို စဉ်းစားပြီး ရပ်ကွက်ထဲမှာတောင် စာရင်းမပေးဖြစ်ပါဘူး” ဟု မင်္ဂလာဒုံ မြို့နယ်တွင် နေထိုင်သူ မအေးအေးမြင့်က ပြောသည်။

တန်ဖိုးနည်း ငွေကျပ် ၁၅၀၀ တန် ဖုန်းကတ်များကို ဖုန်းကတ် ဝယ်ယူပြီးသည့်နေမှ စပြီး ၁၅ ရက်အတွင်း အနည်းဆုံး ငွေကျပ် ၅၀၀၀ ဖြည့်ကာ သုံးစွဲရမည်ဖြစ်ပြီး လက်ဆင့်ကမ်း မရောင်းချနိုင်ရန်အတွက် ဖုန်းကတ်ကို ၁၅ ရက်အတွင်း သုံးစွဲခြင်း မရှိပါက အလိုအလျောက် လိုင်းပိတ်မည်ဖြစ်ကြောင်း၊ စက်တန်ဖိုး၊ စက်တပ်ဆင်မှု ကုန်ကျစရိတ်များကို တယ်လီဖုန်း ပြောဆိုခများမှ ပြန်လည် စုဆောင်းရမည်ဖြစ်သဖြင့် လစဉ်ပြောဆိုခ ကျပ် ၂၅၀၀ အနည်းဆုံး သုံးစွဲရမည် ဖြစ်ကြောင်း၊ သတ်မှတ်ရက်မှ ၂ လ ပြည့်သည့် အချိန်တွင် ကြိုတင်ငွေဖြည့်ကတ်မှ ၅၀၀၀ ကျပ်ကို အပြည့် မသုံးစွဲပါ ကလည်း ငွေကျန်များကို အလိုအလျောက် ဖြတ်တောက်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြေညာ ထားသည်။
Irrawaddy

သင်္ကြန်ကာလအတွင်း သေမှုသေခင်းများ စစ်ဆေးလျက်ရှိ


18.4.2013
၁၆-၄-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၁၉)ရပ်ကွက် စစ်တောင်းတံတား၏တောင်ဘက် ပေ ၁၀၀ ခန့်အကွာ၊ စစ်တောင်းမြစ်အလယ်သောင်ပြင်တွင် တောင်ငူမြို့၊ ကေတုမတီမြို့သစ်နေ မောင်းလင်းလင်းထွန်း(၁၈)နှစ်ပါ(၄)ဦးသည် သင်္ကြန်ရေပက် ကစားပြီးနောက် မြစ်အတွင်းရေဆင်းချိုးရာမှ ရေနစ်သွားခဲ့သဖြင့် တောင်ငူအမှတ်(၁)ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ (၁၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ/သားများမှ ၀ိုင်းဝန်းရှာဖွေဆယ်ယူခဲ့ရာ ၁၆၃၀ အချိန်တွင် မောင်လင်းလင်းထွန်း၏အလောင်းအားလည်းကောင်း၊ ၁၈၀၀ အချိန်တွင် မောင်ဇင်ကိုကို၏အလောင်းအားလည်းကောင်း၊ ၁၈၃၀ အချိန်တွင် မောင်ချမ်းကိုကို၏ အလောင်းအားလည်းကောင်း တွေ့ရှိသဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ ကျန်ရှိသည့် မောင်ဇော်လင်းအား ဆက်လက်ရှာဖွေလျက်ရှိပြီး တောင်ငူအမှတ်(၁)ရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

ထို့ပြင် ယင်းနေ့ ၁၃၀၅ အချိန်ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြို့မရပ်ကွက်နှင့် မရှီကထောင်ရပ်ကွက်သို့ဆက်သွယ်ထားသော ဥရုချောင်းဘေလီတံတားအောက်၌ အမျိုးသား အလောင်း(၁)လောင်းတွေ့ရှိကြောင်း သတင်းအရ ဖားကန့်ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ တံတားအောက်တွင် မှောက်လျက်အနေအထားဖြင့် အမျိုးသား(၁)ဦးမှာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိဘဲ နှုတ်ခမ်းများပြာနှမ်းကာ ရေနစ်သေဆုံးသည့် လက္ခဏာဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဖားကန့်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

စုံစမ်းစစ်ဆေးချက်အရ ရေမဆေးကျောက်ရှာဖွေသူ ဖားကန့်မြို့နယ်၊ ဝှေခါးကျေးရွာနေ စိုးလွင်ဦး(၃၃)နှစ်ဖြစ်ပြီး အရက်အလွန်အကျွံသောက်စားလေ့ရှိသဖြင့် အရက်ကြောင်ကာ စိတ်ပုံမှန်မရှိသောကြောင့် ဖားကန့်ဆေးရုံ၌ ၁၃-၄-၂၀၁၃ရက်နေ့မှစပြီး ဆေးကုသမှုခံယူနေသူ ဖြစ်ကြောင်း၊ တာဝန်ကျဆရာဝန်များမသိဘဲ ၁၅-၄-၂၀၁၃ ရက်နေ့ ၂၀၃၀ အချိန်ခန့်က ဆေးရုံမှထွက်ပြီး ခြေဦးတည့်ရာလျှောက်သွားရာမှ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်းသိရှိခဲ့ရသဖြင့် ဖားကန့်ရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၁၂/၂၀၁၃)ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ ၁၆-၄-၂၀၁၃ ရက်နေ့ ၀၉၄၅ အချိန် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ (ပ)ဂွေးချိုရွာတွင် ကျေးရွာပိုင် အလျား ၁၂ ပေ၊ အနံ ၈ ပေ၊ အမြင့် ၆ ပေရှိ ရေဂါလံ(၁၅၀၀)ဆန့် အုတ်ရေကန်၏ မြောက်ဘက်ခြမ်း ထု ၈ လက်မခန့်ရှိသော အုတ်နံရံသည် အချပ်လိုက်ပြိုကျကာ အနီးတွင်ရေကစားနေသည့် ၎င်းးရွာနေ ချစ်ဝေမော်(ခ)ဖိုးကုလား(၄)ပါ ကလေး(၃)ဦးအပေါ်ပိကျသဖြင့် ကလေးများတွင် ဦးခေါင်းပြား၊ ကိုယ်လုံးပြား၊ ခန္ဓာကိုယ်အနှံ့ပွန်းပဲ့ဒဏ်ရာများရရှိ ခဲ့သောကြောင့် ဆေးရုံသို့ပို့ဆောင်စဉ်သေဆုံးခဲ့ပြီး မောင်လမင်းခန့်(၇)နှစ်တွင် ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ၊ မေးစေ့၊ နောက်ကျော၊ ၀ဲလက်မပွန်းပဲ့ဒဏ်ရာများရရှိခဲ့သောကြောင့် သေဆုံးသူနှင့်ဒဏ်ရာရရှိသူများအား ရွှေပန်းတောတိုက်နယ်ဆေးရုံသို့ပို့ဆောင်ကာ ရွှေပန်းတောရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၃)ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

အလားတူ ၎င်းနေ့ ၁၄၄၅ အချိန် နေပြည်တော်တပ်ကုန်းမြို့၊ မြ၀တီရပ်ကွက်၊ နယ်မြေ(၃)နေ မစန်္ဒာထွေး၏ နေအိမ်အနောက်ဘက်ဘေးတွင် အမျိုးသမီးတစ်ဦးဓါတ်လိုက်သေဆုံး နေကြောင်းသတင်းအရ တပ်ကုန်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ တပ်ကုန်းမြို့၊ ရပ်ကွက်(၅)ဗိုလ်မင်းရောင်ရပ်ကွက်နေ မခင်စန်းဝေ(၄၇)နှစ် ဖြစ်ကြောင်း၊ ၁၄၃၀ အချိန်ခန့်တွင် မစန္ဒာထွေး၏နေအိမ်အနောက်ဘက်၌ အ၀တ်လှမ်းနေစဉ် အိမ်သာအားသွယ်တန်းထားသောဝါယာကြိုးမှတဆင့် အ၀တ်တန်းသွပ်ကြိုးအား လျှပ်စစ်စီးကာ ဓါတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်း၊ မခင်စန်းဝေတွင် ၀ဲလက်မောင်းရင်းပွန်းပဲ့၊ ၀ဲလက်ချောင်းများ အတွင်းဘက်တွင်အရေပြားပွန်းဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်းသိရှိရသဖြင့် တပ်ကုန်းကုတင်(၁၀၀၀)ဆေးရုံသို့တင်ပို့ဆောင်ကာ တပ်ကုန်းရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၃)ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

၁၆-၄-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန်ကလည်း ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကြက်သွန်ခင်း(၁)ရပ်ကွက်တွင် လူငယ်တစ်ဦးရေနစ်သေဆုံးကြောင်းသတင်းအရ အုတ်တွင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ အုတ်တွင်းရဲစခန်းမှ ရဲတကက သန်းရွှေ၏သားဖြစ်သူ ဇင်မင်းထွဋ်(၁၅)နှစ်ဖြစ်ကြောင်း၊ ကြက်သွန်ခင်း(၁)ရပ်ကွက်ရှိ ဆည်မြောင်းအနီး ရေကန်ထဲသို့ ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ပါးစပ်မှရေထွက်၊ ၀မ်းဗိုက်ဖောင်းကား ဖြင့်သေဆုးံနေကြောင်းတွေ့ရှိခဲ့ရသောကြောင့် အုတ်တွင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အုတ်တွင်းရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၃)ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

၁၆-၄-၂၀၁၂၃ ရက်နေ့ ၁၆၃၀ အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာ နန်းကွေ့ချောင်းအတွင်း အမျိုးသမီးတစ်ဦးရေနစ်သေဆုံးကြောင်းသတင်းရရှိသဖြင့် အမှတ်(၁)ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မြစ်ကြီးနားမြို့၊ နယ်မြေ(၆) ရန်ကြီးအောင် ရပ်ကွက်နေ မဂျာဆိုင်းအောင်(၁၉)နှစ်ဖြစ်ပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

စစ်ဆေးချက်အရ မဂျာဆိုင်းအောင်သည် သူငယ်ချင်းများနှင့်အတူ မြစ်ကြီးနားမြို့အတွင်း သင်္ကြန်ရေကစားပြီး နန်းကွေ့ချောင်းအတွင်းရေဆင်းချိုးစဉ် ချောင်းအတွင်းရေစီးနှင့်မျောပါသွားကာ နန်းကွေ့ချောင်းတံတားနှင့်ပေ(၂၀၀)ခန့်အကွာ ရေအနက်(၁၀)ပေခန့်ရှိသည့်နေရာတွင် ရေနစ်သေဆုံး သွားခြင်းဖြစ်ကြောင်း၊ ချောင်းအတွင်းရေဆင်းချိုးသူများမှ ၀ိုင်းဝန်းဆယ်ယူခဲ့ကြောင်း သိရှိခဲ့ရ သောကြောင့် အမှတ်(၁)ရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၆/၂၀၁၃) ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

မဟာဗန္ဓုလတံတားအနီး ယာဉ်တိုက်မှုဖြစ် လူတစ်ဦးသေဆုံး

Thursday, April 18, 2013
ရန်ကုန်၊ ဧပြီ ၁၇။
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ မဟာဗန္ဓုလတံတား အနီးတွင် ယနေ့ည (၁၀)နာရီခန့်တွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားရာ လူတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

မဟာဗန္ဓုလ တံတားပေါ်မှ မောင်းဆင်းလာသော တက္ကစီ ၂က/ ၄၂၆၅ သည် ဦးကျော်ခိုင် နင်းနေသော ဆိုက္ကား မတ- ၀၁၃၆ အား ဝင်တိုက်၍ မဟာဗန္ဓုလလမ်းအတိုင်း လမ်းပြောင်းပြန် မောင်နှင်သွားခြင်း ဖြစ်ကြောင်း ယင်းယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာအနီးရှိ ဆိုက္ကားသမားများက ပြောကြသည်။

ဆိုက္ကားမောင်းနှင်သူသည် ယင်းနေရာ၌ ပင် ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း ၅၁လမ်းယာဉ်ထိန်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လမ်းပြောင်းပြန် မောင်းနှင်သွားသော တက္ကစီသည် မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ သွပ်များကာရန်ထားသော ဆောက်လုပ်ရေးဝန်းအား ဝင်တိုင်၍ ရပ်သွားကြောင်း၊ ယင်းတက္ကစီမောင်းနှင်သူ ကိုထွန်းလင်းအား ဗိုလ်တစ်ထောင် ရဲစခန်းမှ ဖမ်းဆီးထားကြောင်း၊ အမှုဖွင့်အရေးယူမှုများ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်သိုက်
မြန်မာ့ခေတ်



ဘော်စတွန်မာရသွန် ဖေါက်ခွဲရေး သမားများဓါတ်ပုံဖေါ်ထုပ်

ဖေါ်ထုပ်လိုက်ပြီး။ ဘော်စတွန်မာရသွန်တွင် ဖေါက်ခွဲရေးသမား အရှေ့အလယ်ပိုင်နိုင်ငံ သား ကျောပိုးအိတ်လွယ်ထားသော လုံခြုံရေးဓါတ်ပုံ ထုပ်ဖေါ်

BREAKING NEWS: တနလာင်္နေ့က ယခုဓါတ်ပုံများက ရှင်းလင်းစွာဖေါ်ပြလိုက်ပါတယ်။ သူတို့တတွေ အုပ်စုလိုက် လူအမြောက်အများသေစေအောင် စီမံကိန်ချလုပ်ဆောင်ခဲ့တာထင်ရှားပါတယ်။  ဒီဓါတ်ပုံတွေဟာ ပြိုင်ပွဲတုန်းက ရိုက်ကူးထားတဲ့ တကယ့်ဓါတ်ပုံအစစ်တွေဖြစ်ပါတယ်။

ဒီဓါတ်ပုံထဲ အရှေ့အလယ်ပိုင်နိုင်ငံသား ကျောပိုအိတ်ဟာ နောက်ပိုင်းမှာ သူ့ထံမှာ မရှိတော့တာကို သင်ကိုယ်တိုင်မြင်တွေ့နိုင်ပါတယ်။ သင်းကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်ပါတယ်။
Ref: Nowtheendbegins







အဆိပ်ပါသည့်စာများ စာတိုက်မှပို့သူကို FBI ဖမ်းပြီ

မစ္စစပီ၊ ဧပြီ ၁၈
အမေရိကန်ပြည်ထောင်စု မစ္စစပီပြည်နယ်မှ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ရော်ဂျာဝစ်ကာထံသို့ အဆိပ်ပါသည့်စာများပေးပို့သည်ဟု ယူဆရသူအား FBI မှာဖမ်းဆီးလိုက်ပြီဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးခံလိုက်ရပြီဖြစ်သော ပေါလ်ကီဗင်ကားတစ်သည် အမေရိကန်စာပို့လုပ်ငန်းမှတစ်ဆင့် အဆိပ်ပါဝင်သော စာသုံးစောင်ကို အထက်လွှတ်တော်အမတ်၊ အိမ်ဖြူတော်နှင့် မစ္စစပီပြည်နယ် တရားရေးဌာနတို့ဆီသို့ပို့ခဲ့ခြင်းဖြစ်သည်။
Popular Myanmar News Journal
PP, ref: FBI

နောက်ဆုံးဖေါ်ပြလိုက်သော ဘော်စတွန် ဗုံးအပိုင်အစ ရုပ်ပုံများ(ရုပ်/သံ)

ပက်လိုက်တဲ့ရေတွေထဲမှာ မှန်ကွဲစတွေ ပါလာတဲ့အတွက် ကလေး၃ယောက်ဒဏ်ရာရ(ရုပ်/သံ)

ဟင်္သာမြို့ ပန်းဘဲတန်းရပ်ကွက်ထဲက အုန်းလက်ထိုးရေပက်မဏ္ဍပ်တခုက ပက်လိုက်တဲ့ရေတွေထဲမှာ မှန်ကွဲစတွေ ပါလာတဲ့အတွက် ကလေး၃ယောက်ဒဏ်ရာရရှိသွားပါတယ်။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်၊ ရိုက်ကူး အိုင်စီဂျေဝင်းကို
DVB TV News

ထွက်ပေါက်မရှာ၊ ဖောက်ထွက်ပါလော့(ရုပ်/သံ)

အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ နှစ်စဉ်စီစဉ်တင်ဆက်နေတဲ့ မြန်မာ့ရိုးရာသံချပ် အစီအစဉ်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။ "ထွက်ပေါက်မရှာ၊ ဖောက်ထွက်ပါလော့" လို့ အမည်ပေးထားတဲ့ ဒီသံချပ်အစီအစဉ်မှာ ပြည်ပရောက် အတိုက်အခံဘဝကနေ ပြည်တော်ပြန်ပြီး အစိုးရရဲ့လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းလုပ်ဆောင်နေသူတွေကို သရော်စပ်ဆိုထားပါတယ်။
RFA Burmese

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တိုကျိုတက္ကသိုလ် ဟောပြောပွဲ(ရုပ်/သံ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရက်သတ္တတပတ်ကြာ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ဧပြီလ ၁၇ ရက်၊ ဒီကနေ့ တိုကျိုတက္ကသိုလ်ကို သွားရောက်ခဲ့ပါတယ်၊ အပြည့်အစုံကို RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
RFA Burmese

သြဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်

လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း ကမ္ဘာ့သြဇာအရှိဆုံး လူပုဂ္ဂိုလ်အဖြစ် Time မဂ္ဂဇင်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်လိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံရေး ၊ လူမှုရေးနဲ့ စီးပွားရေး နယ်ပယ်အသီးသီးက သြဇာအကြီးမားဆုံး လူပုဂ္ဂိုလ် ၁၀၀ ကို ကမ္ဘာကျော် Time မဂ္ဂဇင်းက နှစ်စဉ် စစ်တမ်းကောက်ဖော်ပြနေရာမှာ ဒီနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာကျော် အမေရိကန်အဆိုတော် Lady Gaga ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြသူအများစုဟာ မြန်မာနိုင်ငံမှာ လူသုံးများတဲ့ facebook အင်တာနက်လူမှုရေး စာမျက်နှာကနေတဆင့် မဲဝင်ရောက်ပေးခဲ့တာဖြစ်ပြီး Lady Gaga ကိုတော့ အမေရိကန်ဆယ်ကျော်သက် ပရိသတ်က Twitter လူမှုရေးစာမျက်နှာကနေ မဲပေးကြတာလို့ သိရပါတယ်။

၁၀နှစ်အတွင်း သြဇာအကြီးဆုံးလူသားအဖြစ် Time မဂ္ဂဇင်းက မနက်ဖြန် ဧပြီလ ၁၈ ရက်မှာ တရားဝင်ကြေညာမယ်လို့ သိရပါတယ်။
RFA Burmese

နှစ်ဆန်းတစ်ရက်နေ့ ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမျှော်ကြည်ညိုသူများ

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမျှော်ကြည်ညိုသူများအား တွေ့ရစဉ်
7Day News Journal
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)


ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တော်များအား သံဃာတော်များမှ ရွတ်ဖတ်နေစဉ်

ရိုးရာယုံကြည်မှုအရ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တော်များအား သံဃာတော်များမှ ရွတ်ဖတ်နေစဉ်
7Day News Journal
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)


မကွေးမြို့ အမေထွား ပဲဆီသန့် မီးလောင်မှုဖြစ်ပွား(ရုပ်/သံ)



မကွေးမြို့ အောင်စေတနာအုပ်စု ၁လမ်းနဲ့ ၂လမ်းကြားက အမေထွား ပဲဆီသန့် သိုလှောင်တဲ့ ဂိုဒေါင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ရိုက်ကူး ကိုဇော်ဖေ
DVB TV News

Boston ဗုံးခွဲတိုက်ခိုက်မှု စက်ဆုပ်ဖွယ် လုပ်ရပ်အဖြစ် အိုဘားမားရှုတ်ချ

သမ္မတ ဘရက်ခ် အိုဘားမား အင်္ဂါနေ့က နိုင်ငံတော်ကို မိန့်ခွန်းပြောကြားစဉ် (၁၆ ဧပြီ ၂၀၁၃)
ဧပြီလ ၁၅ ရက် တနင်္လာနေ့က Massachusetts ပြည်နယ် Boston မြို့ နှစ်ပတ်လည် မာရသွန်အပြေးပြိုင်ပွဲမှာ အကြမ်းဖက် ဗုံးပေါက်ကွဲမှုတွေဟာ စက်ဆုပ်ဖွယ်ကောင်းပြီး သရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သမ္မတ အိုဘားမား က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ ဒီအကြောင်း အိမ်ဖြူတော်မှာရှိတဲ့ ဗွီအိုအေသတင်းထောက် Dan Robinson သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်း က တင်ပြပါလိမ့်မယ်ရှင်။

တနင်္လာနေ့က Boston မှာ ဗုံးခွဲတိုက်ခိုက်မှုတွေဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး သရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သမ္မတ အိုဘားမား က ပြောပြီး ဒီတိုက်ခိုက်မှုတွေကို အကြမ်းဖက်လုပ်ရပ်အဖြစ် ဗဟိုအစိုးရထောက်လှမ်းရေးဌာန FBI က စုံစမ်းစစ်ဆေးနေတယ်လို့ ၂၄ နာရီတောင် မရှိတဲ့အချိန်အတွင်း ဒုတိယအကြိမ်အဖြစ် နိုင်ငံကို ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောကြားသွားပါတယ်။

“ဒီတိုက်ခိုက်မှုဟာ စက်ဆုပ်ရွံရှာဖွယ်ရာကောင်းပြီး သရဲဘောကြောင်တဲ့ လုပ်ရပ်ပါပဲ။ ဖြစ်ခဲ့တဲ့အပေါ်မှာ စုံစမ်းသိရှိရသလောက် ဒီလုပ်ရပ်ကို အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်အဖြစ် သတ်မှတ်ပြီး FBI က စုံစမ်းစစ်ဆေးနေပါတယ်။ အပြစ်မဲ့တဲ့အရပ်သားတွေအပေါ် ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်တာတွေဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပါတယ်။”

ဒါ့အပြင် မင်္သကာဖွယ်ရာ မှန်သမျှကို သက်ဆိုင်ရာ အာဏာပိုင်တွေထံ အကြောင်းကြားကြမယ့် အမေရိကန် နိုင်ငံသားတွေကိုလည်း အကာအကွယ်ပေးနိုင်ဖို့ လိုအပ်တဲ့ လုံခြုံရေး အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ကို သူ့အစိုးရကို ညွှန်ကြားထားပြီး ဖြစ်သလို၊ ဗုံးခွဲတိုက်ခိုက်မှုတွေကိုလည်း စတင် စုံစမ်း စစ်ဆေးနေပြီလို့ သမ္မတ အိုဘားမား က ပြောပါတယ်။

“ဒီတိုက်ခိုက်မှုကို ဘယ်သူက လုပ်တယ်။ ဘာကြောင့်လုပ်တယ်။ စီစဉ်ချမှတ်ပြီး အကောင်အထည် ဖော်တာဟာ အကြမ်းဖက် အဖွဲ့အစည်းတခုလား။ ပြည်ပက လား။ ပြည်တွင်းကလား ဒါမှမဟုတ် မကျေမနပ်ဖြစ်နေတဲ့ လူတဦးရဲ့ လုပ်ရပ်လား စသဖြင့် ကျနော်တို့ မသိရသေးပါဘူး။ စပြီးတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ သဲလွန်စတိုင်းကို လိုက်ပြီးတော့ ခြေရာခံပြီးတော့ ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းစစ်ဆေးရမှာမို့ အချိန်ကြာမြင့်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ အဖြေထွက်အောင် ရှာနိုင်မှာပါ။ အမေရိကန်နိုင်ငံသားတွေကို ထိခိုက် အန္တရာယ် ကျရောက်စေခဲ့တဲ့ ဘယ်သူပဲဖြစ်ဖြစ် တွေ့အောင်ရှာပြီးတော့ တရားဥပဒေအရ အရေးယူမှာဖြစ်ပါတယ်။”

တနင်္လာနေ့က ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခြင်းပြီး ရုပ်မြင်သံကြားတွေပေါ်မှာ
တွေ့ရှိခဲ့တဲ့ ဖြစ်ရပ်တွေကို သက်သေပြုကာ အမေရိကန်နိုင်ငံသားတွေရဲ့ အကြင်နာထားတဲ့ ကရုဏာစိတ်ဓာတ်နဲ့ အကြမ်းဖက်မှုကို အညံ့မခံတဲ့ စိတ်ဓာတ်ကို ကမ္ဘာက မြင်တွေ့ခဲ့ရပြီလို့လည်း သမ္မတ က ပြောပါတယ်။

“အမေရိကန်နိုင်ငံသားတွေအနေနဲ့ အကြမ်းဖက်မှုကို လက်မြှောက်အရှုံးမပေးပါဘူး။ ပေါက်ကွဲမှုတွေအပြီး မနေ့တုန်းက ကမ္ဘာက တွေ့ခဲ့ရတာကို ကြည့်မယ်ဆိုရင် သတ္တိရှိကြတယ်။ ကြင်နာမှုတွေ ပြကြတယ်။ စေတနာ၊ မေတ္တာထားကြတာတွေကို တွေ့ရပါလိမ့်မယ်။ တာဝေးအပြေးသမားတွေ ခြေကုန်လက်ပန်း ကျနေကြပေမဲ့ အနီးဆုံး ဆေးရုံတွေကို ပြေးသွားကြပြီးတော့ သွေးလှူကြတယ်။ ဒဏ်ရာရတဲ့သူတွေကို ပြုစုဖို့ အနားမှာ နေပေးကြတယ်။ သူတို့ဝတ်ထားတဲ့ အင်္ကျီတွေကို ဆုတ်ပြီးတော့ ပတ်တီးအဖြစ် စည်းပေးကြတယ်။ အသက်ကယ်တင်နိုင်ဖို့ ပြေးကူကြတယ်။ ကမ္ဘာ့အကောင်းဆုံးထဲမှာ ပါတဲ့ ဆေးရုံတွေမှာ ဒဏ်ရာရသူတွေကို ဆေးဝန်ထမ်းတွေက မနားမနေ ကုသပေးနေကြတယ်။ ဒါကြောင့် အမေရိကန် ပြည်ထောင်စုဟာ ဘယ်လိုမျိုး နိုင်ငံဖြစ်တယ်။ သူများမကောင်းကြံတာကို ဘယ်လို တုံ့ပြန်သလဲဆိုတာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ အတ္တစိတ်ကင်းတယ်။ စေတနာ၊ မေတ္တာထားတယ်။ သတ္တိရှိရှိ တုံ့ပြန်ကြပါတယ်။”

အင်္ဂါနေ့ သမ္မတရုံးခန်းမှာ FBI ဌာန ညွှန်ကြားရေးမှူး ရောဘတ် မူလာ (Robert Mueller)၊ အမိမြေလုံခြုံရေးဌာန၀န်ကြီး ဂျဲနက် နပူလီတာနို (Janet Napolitano)၊ အမိမြေလုံခြုံရေးဌာန အကြံပေးပုဂ္ဂိုလ် လီစာ မိုနာကို (Lisa Monaco) အပြင် အိမ်ဖြူတော် အရာရှိချုပ် ဒန်းနစ် မက်ဒေါနယ် (Denis Richard McDonough) တို့က သမ္မတထံ အခြေအနေတွေကို အစီရင်ခံခဲ့ကြပါတယ်။

Boston မာရသွန်အပြေးပြိုင်ပွဲ ပန်းဝင်တဲ့နေရာမှာ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် အသက် ၈ နှစ်အရွယ် ယောကျာ်းလေးတဦး အပါအ၀င် လူ ၃ ဦး သေဆုံးကာ တခြားလူ ၁၇၆ ဦး ဒဏ်ရာရပြီး၊ အဲ့ဒီထဲက လူ ၁၇ ဦးဟာ အခြေအနေ စိုးရိမ်ရဆဲဖြစ်ပါတယ်။

Boston မာရသွန် အပြေးပြိုင်ပွဲ တိုက်ခိုက်မှုကို ကမ္ဘာတခွင် ဖြန့်ချက်ပြီး စုံစမ်းစစ်ဆေးသွားမှာဖြစ်သလို တာဝန်ယူ လုပ်ဆောင်ခဲ့ကြသူတွေကိုလည်း ကမ္ဘာမြေဆုံးတဲ့အထိ မတွေ့တွေ့အောင် လိုက်ရှာမှာဖြစ်တယ်လို့ FBI က ပြောပါတယ်။ FBI နဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး အစိုးရအရာရှိတွေအနေနဲ့ သတင်းရရင် ရသလို သတင်းမီဒီယာအပြင် လူထုထံကို အသိပေး အကြောင်းကြားသွားမှာဖြစ်တယ်လို့လည်း သမ္မတ အိုဘားမား က ကတိပေးသွားပါတယ်။
ဒေါ်လှလှသန်း
VOA Burmese

ဟသာင်္တမြို့ ဆင်ခြေဖုံးရပ်ကွက် ကိုယ်ထူကိုယ်ထလမ်း နှစ်ဆန်းတရက်ဖွင့်

ဟသာင်္တမြို့ နွမ်းပါးချို့တဲ့သူအများစု မှီတင်းနေထိုင်တဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်တဲ့ ညောင်ပင်ရပ်ကွက် ရေတံခွန်(၄) လမ်းကို ကိုယ်ထူကိုယ်ထ ကွန်ကရစ် အရှည်ပေ (၁၆၅၀) ကျော်လမ်းကို မြန်မာနှစ်ဆန်းတရက်နေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။

ဒီလမ်းကို ရပ်ကွက်နေ လမ်းသူလမ်းသားတွေက နေ့စဉ် (၂၀၀) ကျပ် တစ်နှစ်ခန့် စုဆောင်းခဲ့ကြပြီးတခြားအလှူရှင်တချို့ကလည်း မ တည်လှူဒါန်းတာ ဖြစ်ပါတယ်။

လမ်းဖွင့်ပွဲကို ၂၀၁၃ ခုနှစ် ဧပြီလ(၁၇)ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၇၅ နှစ်ဆန်း(၁)ရက်နေ့ နံနက်(၉)နာရီတွင် ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။
DVB TV News
(သတင်းဓါတ်ပုံ - ပြည့်ဖြိုး icj (ဟင်္သာတ))





နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com