http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

SEA Games အကြို စစ်တုရင်ပြိုင်ပွဲ မြန်မာ ဗိုလ်စွဲ

ရန်ကုန်၊ သြဂုတ် ၅
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃ ခုနစ် SEA Games ပြိုင်ပွဲ အကြို စစ်တုရင် ပြိုင်ပွဲကို နေပြည်တော်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ က ရွှေ ၂၆ ခုဖြင့် နိုင်ငံအလိုက် ပထမဆု ရခဲ့ကြောင်း မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်မှ သိရသည်။

ဇူလိုင်လ ၂၉ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့ထိ ကျင်းပခဲ့သည့် ယင်းပြိုင်ပွဲ တွင် အိမ်ရှင် မြန်မာနိုင်ငံ အပါအဝင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ ဗီယက်နမ် နိုင်ငံတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ရိုးရာ စစ်တုရင် ပြိုင်ပွဲတွင် ရွှေ ၁၀ ခု၊ အာဆီယံ စစ်တုရင် ပြိုင်ပွဲတွင် ရွှေ လေးခု၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင် အမျိုးအစားတွင် ရွှေ ရှစ်ခုနှင့် ပြောင်းရွှေ့ စစ်တုရင် ကစားနည်း တွင် ရွှေ လေးခုတို့ ရရှိခဲ့ကြောင်း အဖွဲ့ချုပ် စာရင်းအရ သိရသည်။

မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် အနေနှင့် ရွှေ ၂၆ ခု၊ ငွေ ၁၄ခု၊ ကြေး ၂၆ ခုတို့ဖြင့် စုစုပေါင်း ဆုတံဆိပ် ၅၁ ခု ရရှိကာ နိုင်ငံအလိုက် ပထမ ရရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ကစားသမားများနှင့် ပြိုင်ပွဲ ကျင်းပမည့် နေရာတို့တွင် ကြုံတွေ့နိုင်မည့် လိုအပ်ချက် များကို ကြိုတင် သိရှိနိုင်ရန် ကျင်းပခြင်း ဖြစ်ကြောင်း စစ်တုရင် အဖွဲ့ချုပ်မှ ရုံး အဖွဲ့ဝင်မှူး ဦးမျိုးဇော်မင်း က ပြောကြားသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် နေပြည်တော်၌ ကျင်းပမည့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ SEA Games တွင် ရိုးရာ၊ အာဆီယံ၊ အပြည်ပြည် ဆိုင်ရာ၊ ပြောင်းရွှေ့၊ ကျပန်း စစ်တုရင် အားကစားနည်းများ ထည့်သွင်း ကျင်းပမည် ဖြစ်ပြီး ရွှေတံဆိပ် ၁၈ ခု ချီးမြင့်မည် ဖြစ်သည်။
The Voice Weekly

၈ လေးလုံးငွေရတု အခမ်းအနားကို အမျိုးသားလွှတ်တော်က သဝဏ်လွှာပေးပို့

2013-08-05
၈ လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် အခမ်းအနားကို အမျိုးသားလွှတ်တော်က သဝဏ်လွှာတစ်စောင် ပေးပို့ ထားပြီး ပြည်ထောင်စုဝန်ကြီးတွေထဲက ဝန်ကြီးဦးအောင်မင်းနဲ့ ဝန်ကြီးဦးစိုးသိန်းတို့ တက်ရောက်မယ်လို့ အကြောင်းပြန်ထားကြောင်း သိရပါတယ်။

ငွေရတုအခမ်းအနား ဖိတ်ကြားရေး ဆပ်ကော်မတီအဖွဲ့ဝင် ကိုဥာဏ်လင်းက အခမ်းအနားတက်ရောက်ဖို့ အကြောင်းပြန်ထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး RFA ကို အခုလို ပြောပါတယ်။

"ဖိတ်စာနဲ့တကွဖိတ်တာ ၄၄ဝဝ လောက်ရှိမယ်၊ ပြီးတော့ အခမ်းအနားတက်မယ်ဆိုပြီးတော့ မနေ့ကအထိကတော့ ၃၂ဝဝ လောက် အခမ်းအနားတက်မယ်ဆိုပြီး အကြောင်းပြန်ပါတယ်၊ ပြင်ပကိုကျတော့ အီးမေး ၄ဝဝ ကျော်ဖိတ်တာ အခုဒီထဲကိုတော့ ၁ဝဝ ဝန်းကျင်လောက်ရောက်နေပြီ၊ တက်မယ့်စာရင်းကတော့ ၅ ထောင်ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်"

အခမ်းအနား ဖြစ်မြောက်ရေးကော်မတီက နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေအပါအဝင် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကိုလည်း ဖိတ်ကြားထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီတွေ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ သံရုံးတွေ၊ လွှတ်တော်ဥက္ကဌတွေ၊ လွှတ်တော်ကဖွဲ့စည်းထားတဲ့ ရေးရာကော်မတီဥက္ကဌတွေနဲ့ အဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်စတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

ငွေရတုအခမ်းအနားကို ပြည်တွင်းပြည်ပက နိုင်ငံရေးအင်အားစုတွေနဲ့ ဧည့်ပရိသတ်ပေါင်း ၅ ထောင်ဝန်းကျင် တက်ရောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။

နယ်စပ်အခြေစိုက် အဖွဲ့အစည်းတွေဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် အဖွဲ့ဝင်တွေကတော့ ရန်ကုန်ကိုရောက်ရှိနေပြီး၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC နဲ့ KNU ကရင်အမျိုးသားအစည်းအရုံးက ခေါင်းဆောင်တွေအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
RFA (မြန်မာပိုင်း)

တင်ဒါအောင်မြင်သည့် ကုမ္ပဏီတစ်ခုလျှင် အနည်းဆုံးဘတ်စ်ကား (၇၅) စီး ရန်ကုန်တွင် ပြေးဆွဲပေးရမည်

2.8.2013
မြန်မာပြည်၏ ဖွံ့ဖြိုးတိုးတက် မှုတွင် အကူအညီထောက်ပံ့မှုရစေရန် ကဏ္ဍအလိုက် တင်ဒါများခေါ်ယူခဲ့ရာ တွင် ယခုအခါတွင် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က. ည.န) အနေဖြင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ဆောင်ရွက်နိုင်ရန်တင်ဒါ များခေါ်ယူခဲ့ကြောင်းသိရှိရသည်။

အဆိုပါတင်ဒါခေါ်ယူခဲ့ရာ တွင် ကုမ္ပဏီသုံးခုမှာ တင်ဒါအောင် မြင်ခဲ့ကြောင်းနှင့် တင်ဒါအောင်မြင် သောကုမ္ပဏီများမှ ကုမ္ပဏီတစ်ခု လျှင် ရန်ကုန်တိုင်းဒေသကြီးတွင် အ များပြည်သူသယ်ယူပို့ဆောင်ရေး၌ ဘတ်စ်ကားအစီးရေ (၇၅) စီးအနည်း ဆုံးပြေးဆွဲပေးသွားရမှာဖြစ်ကြောင်း သိရှိသည်။

တင်ဒါစနစ်အောင်မြင်ပြီးဖြစ် သော ကုမ္ပဏီများသည် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က. ည.န) နှင့် အကျိုးတူပူးပေါင်းလုပ် ကိုင်ရမှာဖြစ်ပြီး ဤကဲ့သို့ဆောင်ရွက် ရာတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ လုပ်ပိုင်ခွင့်၊ ၀န် ထမ်းအင်အားနှင့် မြေနေရာတို့ကိုသာ ထည့်ဝင်ပေးသွားမှာဖြစ်ပြီး ကုမ္ပဏီ များက ရင်းနှီးမြှုပ်နှံငွေကိုရာနှုန်း    ပြည့် မြှုပ်နှံရမှာဖြစ်ကြောင်းသိရှိရ သည်။

ဤကဲ့သို့ ပြုလုပ်ရာတွင်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ထံမှ ခွင့်ပြုချက်ရယူသွားရမှာဖြစ် ကြောင်းသိရှိရသည်။ တင်ဒါအောင် မြင်သော ကုမ္ပဏီများမှာ ပြည်တွင်း မှကုမ္ပဏီနှစ်ခုဖြစ်သော မန္တလေးအ ခြေစိုက် မိုးသောက်နှင်းကုမ္ပဏီ၊ ရန် ကုန်အခြေစိုက် Forever Green Light နှင့် တောင်ကိုရီးယားအခြေ စိုက်သည့် Busan Express Bus Terminal တို့ဖြစ်သည်။

ဤကဲ့သို့ပူးပေါင်းဆောင်ရွက် ရာတွင် က.ည.န မှ (၃၀) ရာခိုင်နှုန်း နှင့် ကုမ္ပဏီများမှ (၇၀) ရာခိုင်နှုန်း ပိုင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါလုပ်ငန်း အတွက် ကုမ္ပဏီသီးသန့်တည်ထောင် သွားရမှာဖြစ်ကြောင်းသိရှိရသည်။
Auto World Journal

လက်ပံတောင်းဒေသ ဇီးတောရွာသားတွေ ဖမ်းဆီးခေါ်ဆောင်ခံရ

ဓါတ်ပုံ ဧရာဝတီ
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ဇီးတောရွာကို အရပ်ဝတ်နဲ့ လူတစု ဒီမနက် ၂ နာရီဝန်းကျင်လောက်မှာ ဝင်ရောက်လာပြီး လူလေးယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဇီးတောကျေးရွာ စမ်းမြဝတီဘုန်တော်ကြီးကျောင်းကို ဝင်ရောက်ပြီး ရွာသားလေးယောက်ကို ဖမ်းဆီးသွားတယ်လို့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုဗထူးက ပြောပါတယ်။

“အရပ်ဝတ်တွေနဲ့ အယောက် ၃ဝ လောက်ရှိမယ်၊ ဇီးတောရွာက ဘုန်းတော်ကြီးကျောင်းကို ဝင်စီးတာပါ၊ အပြင်မှာတော့ အယောက် ၅ဝ လောက် ဘေးပတ်ချာလည်မှာ ကာထားတာပေါ့၊ အမှောင်ထဲမှာကွယ်ပြီးတော့၊ ဇီးတောရွာပတ်ချာလည်မှာ မီးမရှိဘူး၊ ကျောင်းထဲကိုဝင်လာတဲ့အခါ မီးထိုးလိုက်တဲ့အခါကျတော့ မီးလင်းတော့ကျောင်းထဲကို အယောက် ၃ဝ လောက် အုပ်စုလိုက်ကြီး ဝင်လာတာတွေ့ရတယ်၊ ဦးဇင်းတစ်ပါးရှိမယ်၊ ကျောင်းတိုက်ဆရာတော်ရှိမယ်၊ နောက်ပြီး ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုထက်ဆိုတဲ့ကလေးတစ်ယောက်က နဂိုကအဲကျောင်းမှာနေတယ်ပေါ့၊ ကြိုပြီးတော့ သတင်းရတဲ့အတွက်ကြောင့်မို့ သူတို့အဲကျောင်းမှာမနေဘူး၊ သူတို့တစ်ယောက်မှမမိတော့ ကျောင်းမှာရှိတဲ့ ပြတင်းပေါက်မှန်တွေ အကုန်ရိုက်ခွဲသွားတယ်ခင်ဗျ၊ ရွာသားလေးယောက်လည်း ဖမ်းသွားတယ်”

ဖမ်းဆီးသူတွေ ဘယ်သူဖြစ်တယ်၊ ဘာကြောင့်ဖမ်းတယ်၊ ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရပေမဲ့ အဖမ်းခံခဲ့ရသူလေးဦးထဲက နှစ်ဦးဟာ လက်ထိပ်တန်းလန်းနဲ့ ပြန်ပြီးထွက်ပြေးလာကြတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဇီးတောရွာသား မောင်တူးနဲ့ ကိုတင်လင်းတို့ အခြေအနေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
RFA Burmese

စစ်တွေ ဘင်္ဂါလီ ဒုက္ခသည်စခန်းတွင် မူးယစ်ဆေးဝါး ထိုးဆေး ပုလင်း ရှစ်ထောင်ကျော် ဖမ်းမိ

ရန်ကုန်၊ သြဂုတ် ၅
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘောဒူဖ ဒုက္ခသည်စခန်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးသွင်းလာသည့် မူးယစ်ဆေးဝါး ထိုးဆေး ပုလင်း ၈၂၀၀ ကို သြဂုတ်လ ၄ ရက်က ဖမ်းဆီးမိခဲ့ကြောင်း စစ်တွေမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ငါးဖမ်း စက်လှေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက သွားရောက် ယူဆောင်လာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Sedil Injection Diazepam Bp 10 mg Ampoule စာသားနှင့် ဘင်္ဂလားဒေ့ရှ် စာသား တစ်ဖက်စီ ရေးသားထားသည့် အဆိုပါ ထိုးဆေးများ ပါဝင်သည့် စက္ကူဘူး ၈၂၀ ကို ဘောဒူ ဖကယ်ဆယ်ရေး စခန်းတွင် နေထိုင် သူ အသက် ၃၂ နှစ်အရွယ် အာနူဝါ ဆိုသူ၏ အခန်းတွင် ဖမ်းဆီး ရမိ ခဲ့ကြောင်း၊ စက္ကူဘူး တစ်ဘူးလျှင် ထိုးဆေး ပုလင်း ၁၀ လုံး စီပြီး စုစုပေါင်း ဆေးပုလင်း ၈၂၀၀ (ကျပ် ၁၂၃ သိန်း ဝန်းကျင်) ကို ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

မူးယစ်ဆေးဝါး ဆေးပုလင်းများကို သိမ်းဆည်းထားသူကို စစ်တွေ မြို့မ ရဲတပ်ဖွဲ့ စခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ စစ်တွေမြို့ရှိ ရွှေပြည်တန် အမြန် ရေယာဉ် ဆိပ်ကမ်းတွင် သြဂုတ်လ ၂ ရက်နေ့က ခရီးသည် တစ်ဦးထံမှ WY မူးယစ်ဆေးပြား အလုံး ၄၉,၀၀၀ ကျော် (ကျပ်သိန်း ၁၄၀၀ ကျော်) ဖမ်းဆီးရမိခဲ့ကြောင်း စစ်တွေမြို့ မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ သိရှိရသည်။

စစ်တွေမြို့တွင် ယခုနှစ်အတွင်း မူးယစ်ဆေးဝါး ၁၃ ကြိမ်ထက် မနည်း ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံးမှ သိရှိရသည်။

မြန်မာနိုင်ငံက WY ဆေးပြားများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပို့ဆောင်လေ့ ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံသို့ ဒိုင်ယာစီပန် ဆေးများကို သွင်းလေ့ရှိကြောင်း ဒေသ အာဏာပိုင်များနှင့် ဒေသခံများထံမှ သိရှိရသည်။
The Voice Weekly

ရန်ကုန်-နေပြည်တော် ပွဲပျက် ရန်ကုန် ဘောလုံးသမား အချို့ ဒဏ်ရာရ

Monday, August 05, 2013
SEA Games အတွက် တည်ဆောက်ထားသည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ကွင်းတွင် ကျင်းပသည့် နေပြည်တော်နှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့ ၏ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် ကစားပွဲတွင် လုံခြုံရေး အားနည်းမှုကြောင့် ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်လာသဖြင့် ပွဲချိန် မိနစ် ၃၀ တွင် ဆက်မကစားနိုင်ဘဲ ပွဲပျက်သွားကာ ရန်ကုန် ကစားသမား အချို့လည်း ထိခိုက် ဒဏ်ရာရကုန်ကြောင်း ပွဲကြည့် ပရိသတ်များထံမှ စုံစမ်း သိရှိရသည်။

မြန်မာ နေရှင်နယ်လိဂ်၏ ချန်ပီယံ အဖြေထွက်ပြီး အရှုံး အနိုင် အရေးမပါဘဲ ဂုဏ်သိက္ခာအတွက်သာ ယှဉ်ပြိုင်ကြသည့် ယင်းပွဲတွင် ပွဲကစားချိန် မိနစ် ၃၀ ခန့်၌ နေပြည်တော်အသင်း ပင်နယ်တီ ပေးခံရ၍ ရန်ကုန် ယူနိုက်တက် ဂိုးသွင်းပြီးနောက် နေပြည်တော် ပရိသတ် အချို့ ကွင်းထဲ ဝင်ရောက်လာကာ ဒိုင်လူကြီးနှင့် ရန်ကုန် ကစားသမားများအား ရန်ပြုသောကြောင့် ပွဲပျက် ခဲ့ကြောင်း ပွဲကြည့် ပရိသတ် တစ်ဦးက ပြောကြားသည်။

နေပြည်တော် ပရိသတ် အချို့သည် ခုံများ၊ ဖိနပ်များ၊ ရေဘူးများဖြင့် ပစ်ပေါက်ခဲ့ပြီး ရန်ကုန် ကစားသမား ရန်အောင်ကျော် ဦးခေါင်းတွင် ဒဏ်ရာ ရရှိသကဲ့သို့ ကြည်လင်းလည်း လက်သီးနှင့် ထိုးနှက်ခံရကြောင်း၊ ည ၇ နာရီ ၃၅ မိနစ်အထိ ကွင်းထဲမှ မထွက်နိုင်သေးကြောင်း အမည်မဖော်လိုသူ ရန်ကုန် ပရိသတ် တစ်ဦးက ပြောကြားသည်။

SEA Games အတွက် ပြင်ထားသည့် ပရိသတ် ၃၀၀၀၀ ဆံ့ ကွင်းတွင် ကျင်းပသည့်ပွဲ ဆိုသော်လည်း လုံခြုံရေး အားနည်းမှုကြောင့် ပရိသတ်များ ကွင်းထဲအထိ ဝင်ရောက်လာကြောင်း ယင်းပွဲသို့ ရန်ကုန် ပရိသတ် နှစ်ထောင်ခန့်နှင့် နေပြည်တော် ပရိသတ် နှစ်သောင်းခန့် လာရောက် ကြည့်ရှုကြောင်း ၎င်းက ဆိုသည်။

နေပြည်တော်နှင့် ရန်ကုန် ပွဲပျက်သွားကြောင်း ဆုပေးပွဲကိုမူ ဆက်လုပ်မည်၊ မလုပ်မည် မသေချာသေး ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုးမိုးက ည ၇ နာရီ ၂၁ မိနစ်တွင် အတည်ပြု ပြောဆိုသည်။

မြန်မာ နေရှင်နယ်လိဂ်သည် ပြိုင်ပွဲပြီးရန် တစ်ပွဲအလို ပွဲစဉ် ၂၁ တွင် ချန်ပီယံ အဖြေ ထွက်ခဲ့ကာ ရန်ကုန် ယူနိုက်တက် အသင်းသည် သုံးနှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့ပြီး နေပြည်တော်အသင်းမှာ အာရှ ဘောလုံးအဖွဲ့ချုပ် ဖလား ပြိုင်ပွဲ ဝင်ခွင့် ရရှိထားပြီး ဖြစ်ကြောင်း၊ ယနေ့ ပွဲ အရှုံးအနိုင် အရေးမပါသည့် အချိန်တွင် ပွဲရပ်နားသည်အထိ ဖြစ်ပျက်ခဲ့ခြင်းမှာ လာမည့် SEA Games အတွက် ပြင်ဆင်စရာ ရှိသည်များ ပြင်ဆင်ရန် သင်ခန်းစာ ယူစရာ ဖြစ်သည် ဟု ရုပ်မြင်သံကြားမှ ယင်းပွဲကို စောင့်ကြည့်သူ တစ်ဦးဖြစ်သည့် ဦးသာ ၅၃ နှစ်က ပြောကြားသည်။

“မြန်မာ ပရိသတ်တွေ မရင့်ကျက်သေးဘူး။ နိုင်မှ ဂုဏ်သိက္ခာရှိတာ မဟုတ်ဘူး၊ ရှုံးလည်း အရှုံးကို လက်ခံရင် သိက္ခာမကျဘူး ဆိုတာမျိုး ပညာပေးဖို့ လိုတယ်။ တော်ကြာ အမျိုးသား ဂုဏ်သိက္ခာ ကျမယ်” ဟု ၎င်းက အကြံပြု ပြောဆိုသည်။
The Voice Weekly

တယ်လီနောသို့ အီးမေးလ်မှ အလုပ် စလျှောက်နိုင်

ရန်ကုန်၊ သြဂုတ် ၎
ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း တင်ဒါ အောင်မြင်ထားပြီး လိုင်စင် ရရှိရန် စောင့်ဆိုင်းနေ သော ပြည်တွင်း ဝန်ထမ်း ၉၉ ရာခိုင်နှုန်း ခန့်အပ်မည် ဟု ပြောကြားထားသည့် တယ်လီနော မြန်မာ ကုမ္ပဏီသည် လာမည့် သီတင်းပတ် တစ်ပတ်မှ နှစ်ပတ်အတွင်း ဝန်ထမ်းများ စတင် ခေါ်ယူ မည် ဖြစ်ကြောင်းနှင့် ကြိုတင် လျှောက်ထားလိုသူများ အီးမေးလ်မှ တစ်ဆင့် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ စုံစမ်း သိရှိရသည်။

အလုပ် လျှောက်ထားရန် စိတ်ပါဝင်စားမှု များပြားနေသောကြောင့် ကြိုတင် လျှောက်ထားလိုသူများ hr.myanmar@telenor.com သို့ Email မှတစ်ဆင့် ကိုယ်ရေး အချက်အလက်များ ပေးပို့ထားနိုင်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

“ဝန်ထမ်းခေါ်မယ်လို့ ကြေညာပြီးကတည်းက တစ်နေ့ကို လေး၊ ငါး၊ ဆယ်ယောက်လောက် နေ့တိုင်း ဖုန်းဆက် စုံစမ်းကြတယ်။ လက်ရှိ မှာတော့ ခေါ်ဖို့ စပြင်ဆင်နေပါပြီ။ လာမယ့် တစ်ပတ် နှစ်ပတ်အတွင်း
မှာ စခေါ်မယ်” ဟု တယ်လီနော မြန်မာ၏ မီဒီယာ တာဝန်ခံ ဒေါ်မွန်မြတ်သူ က ပြောကြား သည်။

တယ်လီနော မြန်မာ ကုမ္ပဏီတွင် အမှုဆောင် အရာရှိချုပ်အဖြစ် ခန့်အပ်ခြင်း ခံထားရသော Mr.Petter Furberg က သြဂုတ်လအတွင်း ဝန်ထမ်း ခေါ်ယူမှု များ စတင်မည်ဟု ဇူလိုင်လ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။

တယ်လီနော ကုမ္ပဏီက ပြည်တွင်းတွင် ထူထောင် လုပ်ကိုင်မည့် ကုမ္ပဏီ၌ တာဝန် ထမ်းဆောင်မည့် ပြည်တွင်း ပြည်ပ ဝန်ထမ်းများကို လက်ရှိ လိုအပ်ချက်ပေါ် မူတည်၍ ခန့်အပ်မည့် ဝန်ထမ်း ပမာဏကို သတ်မှတ်သွား မည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီထံမှ သိရသည်။

တယ်လီနောက မြန်မာနိုင်ငံတွင် တာဝန်ယူ စီမံ ခန့်ခွဲမည့် အမှုဆောင် အရာရှိချုပ်နှင့် အမှုဆောင် အဖွဲ့ကို ဇူလိုင်လအတွင်းက ကြေညာခဲ့သည်။

ခန့်အပ်ခံရသော ဝန်ထမ်းများ အရည်အသွေး မြှင့်တင်ရန် လေ့ကျင့် သင်ကြားပေးမှုများကို တာဝန် ထမ်းဆောင်နေစဉ် ကာလ အတွင်း ပြုလုပ်ပေးမည်ဟု ၎င်းက ဆိုသည်။

ပြည်တွင်း ဝန်ထမ်း ၉၉ ရာခိုင်နှုန်း ခန့်အပ်မည်ဟု ပြီးခဲ့သော ဇူလိုင်လ ၁၀ ရက်နေ့က နေပြည်တော် တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားထားသည်။

“တယ်လီနောပိုင်တဲ့ ထိုင်းက dtac အကြောင်း လေ့လာကြည့် တယ်။ တော်တော်လေး ကောင်းတယ်ဗျ။ အဲဒါကြောင့် အခု CVကို Email ပို့ထားတယ်” ဟု ၂၀၁၁ ခုနှစ်တွင် နည်းပညာ တက္ကသိုလ်မှ ဘွဲ့ ရရှိထားသူ ဦးညီညီဝင်းက ပြောဆိုသည်။

တယ်လီနော ကုမ္ပဏီသည် လိုင်စင် ရရှိပြီး ရှစ်လ အကြာတွင် မိုဘိုင်းလ် ဝန်ဆောင်မှုများ စတင်မည် ဖြစ်ပြီး ဆင်းကတ် အရောင်းဆိုင်ပေါင်း ခုနစ်သောင်းကျော်နှင့် ငွေဖြည့်ကတ် အရောင်းဆိုင်ပေါင်း ကိုးသောင်းကျော် ဖွင့်လှစ်မည် ဖြစ်ကြောင်း ကြေညာထားသည်။
The Voice Weekly

ဗဟိုဘဏ်ခွင့်ပြုပါက VISA နှင့် MASTER ကတ်များ စက်တင်ဘာတွင်စ၍ ပြည်တွင်း၌ စာရင်းဖွင့်နိုင်မည်


ကမ္ဘာပေါ်တွင် အသုံးပြုမှုအများဆုံးဖြစ်သော ငွေပေးချေကတ်များဖြစ်သည့် VISA နှင့် Master ကတ်များအား ဗဟိုဘဏ်၏ ခွင့်ပြုချက်သာရရှိမည်ဆိုပါ
က လာမည့်စက်တင်ဘာလတွင် ပြည်တွင်း၌ ဘဏ်စာရင်းဖွင့်ကာ အသုံးပြုရန် ဝန်ဆောင်မှုပေးနိုင်ပြီဖြစ်ကြောင်း စီဘီဘဏ်မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က မဇ္ဈိမသို့ ပြောကြားလိုက်သည်။

အမေရိကန်အခြေစိုက် ငွေကြေးဝန်ဆောင်မှုကုမ္ပဏီများ၏ VISA နှင့် Master ငွေပေးချေကတ်များကို ယခုအခါမြန်မာနိုင်ငံတွင်းသို့ ယူဆောင်သုံးစွဲနိုင်ပြီဖြစ်သော်လည်း ယင်းအတွက် စာရင်းဖွင့်ခြင်းကို ပြည်ပနိုင်ငံများ၌သာဆောင်ရွက်နိုင်သေးသည့် အနေအထားဖြစ်ကာ ပြည်တွင်း၌ စာရင်းဖွင့်သုံးစွဲနိုင်ရန်မြန်မာနိုင်ငံအခြေစိုက် စီဘီဘဏ်က စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းနှင့်စပ်လျဉ်းကာ စီဘီဘဏ်မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က “ဒီနှစ်ခုမှာ Master ငွေပေးချေကတ်ကို အရင်ဆုံးအသုံးပြုနိုင်မယ်လို့ ထင်တယ်။ ဗဟိုဘဏ်က ခွင့်ပြုချက်ရတာနဲ့ အသုံးပြုလို့ရမှာပါ။ ငွေဘယ်လောက်အထိ သုံးလို့ရမလဲဆိုတာ သူ(မြန်မာနိုင်ငံတော်ဗဟိုဘဏ်)ကပဲ စည်းမျည်းစည်းကမ်းကို သတ်မှတ်ပေးလိမ့်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် VISA နှင့် Master ကတ်များကို ၂၀၁၂ခုနှစ် ဧပြီလမှစတင်ကာ ပြည်တွင်းသို့ ယူဆောင်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံသို့လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားများနှင့်နိုင်ငံခြားသားလုပ်ငန်းရှင်များကသာ သုံးစွဲလျက်ရှိခြင်း ဖြစ်သည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက “အခုလို ကတ်တစ်ခုတည်း သုံးပြီး ငွေအများကြီးမသယ်ရတော့ အန္တရာယ်ကင်းတာပေါ့။ နိုင်ငံခြားကိုသွားရင်လည်း ငွေ အများကြီးသယ်စရာမလိုတော့ဘူး။ ဒါပေမဲ့ အမှားအယွင်းနည်းဖို့တော့လိုတယ်။ ကတ်အတုလုပ်ပြီးထုတ်တာမျိုး နည်းပညာအမှားအယွင်းနည်းဖို့တော့လိုတယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။

အထက်ပါကဲ့သို့ VISA နှင့် Master ငွေပေး ချေကတ်များအား ပြည်တွင်း၌ပင် စာရင်းဖွင့် သုံးစွဲနိုင်ရန် ဝန်ဆောင်မှုပေးမည်ဆိုသော်လည်း အသုံးပြုနိုင်မည့်ငွေကြေးပမာဏအား သတ်မှတ်ထားခြင်းမရှိသေးဘဲ ဗဟိုဘဏ်က ဆုံးဖြတ်မည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကာလရှည်နေထိုင်ဖူးသည့် မြန်မာလူမျိုးတစ်ဦးက “VISA ကတ်က ထိုင်းမှာ အခြေခံလူတန်းစား သုံးလို့ရအောင် လုပ်ထားတာမျိုးပါ။ ဘတ် ၅၀ဝပေးပြီး ဘဏ် စာရင်းဖွင့်ထားပြီဆိုတာနဲ့ VISA ကတ်ကိုလဲ လုပ်ပေးတာပဲ။ ငွေအများဆုံးထည့်သွင်းနိုင်တဲ့ပမာဏကိုတော့ မကန့်သတ်ထားပေမယ့် ကတ်အမျိုးအစားအလိုက်ငွေထုတ်နိုင်တဲ့ ပမာဏကိုတော့ ကန့်သတ်ထားတယ်။ ဥပမာ- တစ်ရက်မှာ ဘတ် ၃၀ဝ၀ဝ ထက် ပိုမထုတ်ရ ဆိုတာမျိုးပေါ့” ဟု ပြောကြားသည်။

အဆိုပါ VISA ကတ်နှင့် Master ကတ်များသည် အဓိကအားဖြင့် စီးပွားရေးလုပ်ငန်း သုံးအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ ကမ္ဘာလှည့်ခရီးသည်များနှင့် ခရီးသွားလာရာတွင် ငွေကြေးကိုင်ဆောင်သွားရန်မလိုဘဲ ရောက်ရှိရာဒေသတွင် သုံးစွဲနိုင်ရန် ရည်ရွယ်ထားသည့် ငွေကြေးဝန်ဆောင်မှု Debit (ကြိုတင်ငွေ ဖြည့်သွင်းကတ်)များဖြစ်ကြသည်။


Mizzima Burmse

ဒိုက်ဦးတွင် နှစ်ရက်ဆက်တိုက် ရေနစ် သေဆုံး

ဒိုက်ဦး၊ သြဂုတ် ၎
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၃) ဝါဆိုရပ်ကွက်နှင့် အမှတ် (၈) ဒရယ်မီး ရပ်ကွက် တို့တွင် သြဂုတ် ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် နှစ်ရက် ဆက်တိုက် အမျိုးသား နှစ်ဦး ရေနစ် သေဆုံးခဲ့ ကြောင်း အဆိုပါ ရပ်ကွက် နေထိုင်သူများထံမှ သိရှိရသည်။

သြဂုတ်လ ၁ ရက်နေ့၊ ညနေ ၅နာရီခွဲခန့်က အမှတ် (၈) ဒရယ်မီးရပ်ကွက် မြို့သစ်ခ ၇ လမ်းထိပ်၊ ဒရယ်မီး ချောင်းတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူ အသက် ၂၄ နှစ်အရွယ် ကိုမျိုးထက် ရေဆင်းချိုးရာမှ နစ်မြုပ် ပျောက်ဆုံးခဲ့ရာ ဇူလိုင်လ ၃ ရက်နေ့တွင် သေဆုံးသူ၏ ရုပ် အလောင်း ပြန်လည် တွေ့ရှိခဲ့ကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောကြားသည်။

အလားတူ သြဂုတ် ၂ ရက်နေ့၊ နံနက် ၉ နာရီက အမှတ် (၃) ဝါဆိုရပ်ကွက် ဖအောင်ဝဲလမ်းရှိ အနက် လေးပေ ရေမြောင်းတွင် အသက် ၄၀ အရွယ် ဦးဉာဏ်ထွန်း ပြုတ်ကျပြီး ရေနစ် သေဆုံးခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင်း နေထိုင်သူများက ပြောကြားသည်။

“သူ့မှာက အတက်ရောဂါ ရှိတယ်၊ မယား ညီအစ်ကို နှစ်ယောက် အရက် သွားသောက်ရင်း မြောင်း အဖြတ်မှာ ဖြစ်သွားတာ၊ ရေထဲမှာ တစ်နာရီလောက် ကြာမှ ဆယ်ပြီး ရေမြောင်းဘေးမှာ တင်ထားတာ” ဟု သေဆုံးသူ၏ ဇနီး ဒေါ်မှတ်ကြီးက ပြောကြားသည်။

မိုးကာလတွင် ဒိုက်ဦးမြို့နယ်တွင်းရှိ ချောင်းများတွင် တောင်ကျ ချောင်းရေ များ ကျလာချိန်၌ ရေဆင်းချိုးခြင်း၊ ရေကူးခြင်းများ မပြုလုပ်ရန်နှင့် တားမြစ် ကြပ်မတ်ရန် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို နှိုးဆော်ထားကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးထံမှ သိရှိရသည်။
The Voice Weekly

ပေါ်တော်မူ နှစ်ဆူနှင့် မိုင်းဆတ်မြို့

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွက်တွင် မြို့သန့်ရှင်းရေးဆောင်ရွက်ရာ ဘုရားစေတီဟောင်း နှစ်ဆူ ပေါ်တော်မူခဲ့ကြောင်း သိရသည်။ ဘုရာစေတီဟောင်း ပေါ်တော်မူရာသို့ ယနေ့ဩဂုတ်လ ၃ ရက်၊ မွန်းတည့် ၁၂ နာရီက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာမြတ်မုနိ(ပရဟိတ)ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇောဘာသ အမှူးပြုသော ဆရာတော် သံဃာတော်များ၊ တပ်နယ်မှ ဗိုလ်မှူးကြီး အောင်ဇော်အေး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖ ဦးစိုင်းချစ်သောင်းနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းလွင်ဦး တို့ တက်ရောက်ကြည်ညှိသည်။

ထို့နောက် ပေါ်တော်မူခဲ့သည့် ဘုရားနှစ်ဆူအား အသစ်ပြန်လည် တည်ထားကိုးကွယ်နိုင်ရန်အတွက်
မြို့သစ်ရပ်ကွက်ရှိ ကောင်းမှုလျံကျောင်းတိုက်တွင် ညှိနှိုင်း အစည်းအဝေးကျင်းပရာ စေတီအသစ်ပြန်လည် တည်ဆောက်ရေးကော်မတီများဖြင့် ဖွဲ့စည်းပြီး တည်ထားကိုးကွယ်မည်ဖြစ်သည်။ ဘုရားစေတီ အသစ် တည်ထား ကိုးကွယ်နိုင်ရေးအတွက် အစည်းအဝေးတွင် အလှူရှင်များက အလှူငွေကျပ် (၁၂)သိန်းကျော် စတင်မတည်လှူဒါန်းခဲ့သည်။ စေတီ အသစ်ပြန်လည် တည်ထားကိုးကွယ်ရာတွင် ပါဝင်လှူဒါန်းလိုသည့် စေတနာရှင် အလှူရှင်များကလည်း တည်ထားကိုးကွယ်ရေးကော်မတီသို့ ထည့်ဝင် လှူဒါန်းနိုင်မည်ဖြစ်သည်။

အဆိုပါ ပေါ်တော်မူဘုရားစေတီ အနီးတစ်ဝိုက်ရှိ မြို့သစ်ရပ်ကွက်တွင် ၁၉၅၀ ခုနှစ်ခန့်က မြို့စားကြီး ဦးစောကော် က မြို့သစ်တည်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်ဖြူများ ၀င်ရောက်လာသည့်အတွက် မြို့သစ်တည်ရန် အစီအစဉ်ပျက်ခဲ့ဖူးကြောင်း၊ ယခုတွေ့ရှိသည့် စေတီဟောင်းမှာ ခေတ်အဆက်ဆက် မတွေ့ရှိခဲ့ဘဲ ယခုမှ ပေါ်တော်မူ တွေ့ရှိခြင်းသည် ပဋ္ဌာန်းဆက်ရှိ၍သာ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့မိမြို့ဖ ဦးစိုင်းချစ်သောင်း က ပြောကြားကြောင်း သိရသည်။
Tachileik Online News
ဝေယံလင်းလက်(မိုင်းဆတ်)





မကဒတ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ရောက်ရှိ

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် မကဒတ( ABSDF)ဥက္ကဌ ရဲဘော် ကိုသံခဲ အပါအဝင် အဖွဲ့ဝင်(၂၄)ဦးတို့သည် ထိုင်းနိုင်ငံမှ တဆင့် မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ယနေ့ နေ့လည်ပိုင်းက ၀င်ရောက်လာပြီး  သြဂုတ်လ ၄ရက်နေ့ နေ့လည်ပိုင်းမှာတာချီလိတ်လေဆိပ်မှ တဆင့် ရန်ကုန်မြို့သို့ ထွက်ခွာမှာဖြစ်ပြီး ရန်ကုန်မြို့သို့ ညနေ ၆နာရီဝန်းကျင်တွင် ရောက်ရှိမှာ ဖြစ်ကြောင်း သိရှိရသည်။

(ယင်း ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ မှတစ်ချို့ မှာရှစ်လေး လုံးအရေးတော်ပုံ၂၅နှစ်ပြည့်အခမ်းအနားပွဲများကျင်းပရာမြို့ များသို့ ကိုယ့်အစီအစဉ်ဖြင့်ကိုယ်အသီးသီးတက်ရောက်ကြဖို့ ရှိကြောင်းလည်းကြားသိရပါသည်။)
(photo credit-Tachileik)
Popular Journal

မှော်ဘီချောင်းရေလျှံသဖြင့် နေအိမ်ခြံဝင်းများအတွင်းရေကြီး

ရန်ကုန်- သြဂုတ် ၎
၃.၈.၂၀၁၃ ရက်နေ့ နံနက်ပိုင်းမှစ၍ မှော်ဘီမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျ ရေများကျခဲ့သဖြင့်
မှော်ဘီချောင်းရေလျှံကာ မှော်ဘီမြို့ (၄)ရပ်ကွက်အတွင်းရှိ ယမုံနာ A၊ ယမုံနာ B၊ ယမုံနာ C ၊ ၁၅၀၀ ကွက်၊ ၅၀၀၀ ကွက်ပိုင်းရှိ
နေအိမ်ခြံဝင်းများအတွင်း ရေများဝင်ရောက်ခဲ့ရာ ရေအမြင့်၁ ပေ ၆ လက်မခန့်ရှိခဲ့သည်။

အဆိုပါရေများဝင်ရောက်မှုကြောင့် နေအိမ်များပြောင်းရွှေ့ရခြင်း၊ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ရခြင်း စသည့်အခြေအနေမျိုး
မရှိသော်လည်း ရေ၀င်ရောက်သဖြင့် ချက်ပြုတ်စားသောက်ရန် အခက်အခဲရှိ သောအိမ်ထောင်စု (၂၂၄ )စု၊ လူဦးရေ ကျား (၅၀၁)ဦး၊ မ (၅၃၅)ဦး၊ စုစုပေါင်း (၁၀၃၆)ဦးတို့အား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဦးနှင့် မှော်ဘီမြို့ (၄)ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့်အဖွဲ့တို့မှ နီးစပ်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ညှိနှိုင်း၍ လတ်တလော စားသောက်နိုင်ရန်ထမင်းထုပ်များပေးဝေခဲ့ကြောင်းYangon Policeမှသိရသည်။
Popular Myanmar News Journal

နိုင်ငံသား စိစစ်ရေးကတ် မှတ်ပုံတင်နှင့် ပုံစံ ၆၆/၆၊ ပုံစံ ၁ဝ နေ့ချင်းပြီး ဆောင်ရွက်ပေး

နေပြည်တော်  သြဂုတ်  ၎
လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနသည် နိုင်ငံသား စိစစ်ရေး လက်မှတ် များကို ကျေးလက် တောရွာများ အထိ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်သော်လည်း အကြောင်း

အမျိုးမျိုးကြောင့် မပြုလုပ်ရ သေးသူ များအား မြို့နယ် အလိုက် လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဦးစီး ဌာန ရုံးများတွင်  ရုံးဖွင့်ရက်တိုင်း နေ့ချင်းပြီး ဆောင်ရွက် ပေးလျက် ရှိသည်။

နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီး ဌာန မြို့နယ် ဦးစီးမှူး ဦးဘိုဝနှင့် ဝန်ထမ်း များက ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အတွင်း နိုင်ငံသား စိစစ် ရေးကတ်၊ မှတ်ပုံတင်၊ ပုံစံ ၆၆/၆ နှင့် ပုံစံ ၁ဝ ပြုလုပ်သူ ၅၅ ဦး တို့အား နေ့ချင်းပြီး ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရွှေကူ
မြဝတီ

မိုးရာသီဖြစ်သော်လည်း ရွှေလီဈေးကွက်တွင် မိုးစီးဖိနပ်မျာအရောင်းဝယ် အေးလျှက်ရှိနေ

ရွှေလီ၊ ဇူလိုင် ၃
မိုးရာသီဖြစ်သော်လည်း ရွှေလီဈေးကွက်တွင် မိုးစီးဖိနပ်များ အရောင်းဝယ်အေးလျှက်ရှိနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသို့ တရုတ်ဖိနပ်များ အဓိကထား တင်ပို့သော တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တွင် မြန်မာနိုင်ငံဘက်မှကုန်သည်များ အ၀င်နည်းသဖြင့် ယခုကဲ့သို့ ဈေးကွက်အေးနေခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကဒီကနေယူကြတာရန်ကုန်ကကုန်သည်တွေများတယ်၊မန္တလေး၊ကလေ၊တမူးဘက်ကကုန်သည်တွေလည်းလာကြတယ်”ဟု
ထိုက်လီဈေးရှိ ဖိနပ်ကုန်သည်များက ပြောသည်။

ယခုအခါတွင် မိုးစီးဖိနပ်များထက် အလှစီးဖိနပ်များ ပိုမိုရောင်းချရကြောင်း သိရသည်။ ရွှေလီမြို့ဖိနပ်ဈေးမှာ ယခုကာလပေါက်ဈေးအဖြစ် ဖိနပ်တစ်ရံလျှင် တရုတ်ယွမ်ငွေ အနိမ့်ဆုံး(၆.၅)ယွမ်မှ စပြီးဖိနပ်အနေအထားလိုက် ဈေးနှုန်းမြင့်တက်သွားကြာင်း သိရသည်။ ယခုအခါတွင် တရုတ်ယွမ်ငွေဈေးနှုန်း အနည်ငယ်ပြန်ကျလာပြီး တရုတ်ငွေတစ်ယွမ်လျှင် မြန်မာကျပ်ငွေ(၁၅၇.၄)ကျပ်
နှုန်းရှိနေကြောင်း သိရသည်။

ယခုကာလသည် မိုးတွင်းကာလ ဖြစ်ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး အနည်းငယ်ခက်ခဲခြင်း၊ တောင်သူများသီးနှံများ မပေါ်သေးခြင်း၊ ၀ါတွင်းကာလဖြစ်းခြင်း တို့ကြောင့် ယခုကဲ့သို့ ဖိနပ်ဈေးကွက်များ အေးနေခြင်းဖြစ်ကြောင်း ရွှေလီမြို့ ဒေသခံများထံမှ သိရသည်။
စိုင်းကံသာ(လားရှိုး)
မြန်မာ့ခေတ်

ကရင်နဲ့ မွန်ပြည်နယ်မှာ လူ ၃ သောင်းကျော် ရေးဘေးဒဏ်ကြုံနေရ

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကြီးရေလျံမူတွေဖြစ်ခဲ့ရာမှာ ထောင်နဲ့ချီတဲ့ဒေသခံတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ကရင်ပြည်နယ်အတွင်း လူသုံးသောင်းကျော်ကို နေအိမ်တွေကနေ ရွေ့ပြောင်းပေးခဲ့ရတယ်ပါတယ်။

ကရင်ပြည်နယ်အတွင်းရှိ ကျောင်း ၂၄၅ကျောင်းကို ပိတ်ထားပြီး မွန်ပြည်နယ်အတွင်း လူ ၅ဝဝဝ နီးပါးကို ရွေ့ပြောင်းပေးခဲ့ရတယ်လို့ အစိုးရသတင်းတွေမှာ ဖေါ်ပြပါတယ်။ ဘားအံ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မြဝတီနဲ့ ကမမောင်းမြို့နယ်ခွဲဒေသခံတွေ ရေဘေးဒုက္ခကြုံတွေ့နေရပါတယ်။

ဘားအံမြို့မှာ ဒုက္ခသည်စခန်းပေါင်း ၁၁ ခုရှိပြီး ဒုက္ခသည် တစ်သောင်းကျော်လောက်ရှိနေပါတယ်။ ဒုက္ခသည်တွေကို ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေတယ်လို့ ကရင်ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဦးစီးမှူး ပထမတန်းက ဦးခွန်ကျော်ဝင်းက RFAကို အခုလို ပြောပါတယ်။

“ဒုက္ခသည်စခန်းရဲ့ ကျန်းမာရေးအခြေအနေကတော့ အခုလက်ရှိအထိကတော့ ဘာမှပြဿနာမရှိဘူး၊ ကျန်းမာရေးစောင့်ရှောက်မှုကလည်း ဆေးရုံအဖွဲ့တွေ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူးတို့၊ ပြည်နယ်ဆေးရုံက သူနာပြုတွေရော၊ ဆရာဝန်တွေရော နေ့စဉ်ပေါ့နော် စခန်းတစ်ခုကို အနည်းဆုံးနှစ်ယောက်ချထားတယ်၊ စခန်းက ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးတွေကလည်း အိမ်သာတို့ အဓိကပေါ့နော် ထုံးဖြူးတာတို့ဘာတို့ သေချာလုပ်ပေးပါတယ်၊ ရေသန့်ရရှိရေးအတွက်လည်း စည်ပင်က ဖြန့်ပေးပါတယ်”

မိုးကြီးပြီး ရေလျှံတာကြောင့် ထိုင်းမြန်မာနယ်စပ် မြဝတီမြို့မှာ အိမ်ခြေ ၂ဝဝ ကျော် ရေထဲမြောပါသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြဝတီမြို့ KNU ဆက်ဆံရေးရုံးတာဝန်ခံ စောမိုးဇက်က ခုလိုပြောပါတယ်။

"မြို့မိမြို့ဖတွေက ဒုက္ခသည်တွေကို ဝိုင်းဝန်းကူညီတဲ့ သဘောလောက်ပဲရှိပါတယ်၊ အခု NGO တွေကလည်း ကူညီမှုမရှိပါဘူး၊ ရေသန့်ရရှိမှုကလည်း မရှိပါဘူး၊ အခုတပ်မ ၂၂ တပ်မမှူးက တာဝန်ခံပြီးတော့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးကနေပြီးတော့ သူတို့ကစီစဉ်ဆောင်ရွက်ပေးနေပါတယ်ခင်ဗျ၊ အိမ်ခြေ ၂ဝဝ ကျော်လောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားပါတယ်ခင်ဗျ၊ လူတွေကို ဘုန်းကြီးကျောင်းတွေ ဇရပ်တွေမှာထားပါတယ်၊ "

မြဝတီမြို့တဘက်ကမ်း ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်က လူမူရေးအဖွဲ့တွေက မြဝတီမြို့ဘက်ကမ်းကိုကူးပြီး အကူအညီပေးနေကြတယ်လို့ မဲဆောက်မြို့ မယ်တော်ဆေးခန်းက ဒေါက်တာ စင်သီရာမောင်က ပြောပါတယ်။

"တစ်ဖက်တည်းအနေနဲ့ပေါ့နော် အလုပ်သမားအဖွဲ့လေးတွေ သွားကြတာရှိတယ်၊ ဟိုဘက်ပြည်တွင်းကလူတွေက လာဖို့လမ်းတွေ ပြိုနေတယ်ပေါ့၊ ကော့ကရိတ်၊ မြဝတီကားလမ်းက လမ်းပြိုတာရှိတော့ ပြည်တွင်းထဲက လာလို့မရသေးဘူးလို့ကြားတယ်၊ ဒီဘက်ကတော့ သူ့အစုအဖွဲ့တွေနဲ့ ထမင်းထုပ်သွားဝေပေးတာတို့ နောက်ပြီး တချို့ကယ်ဆယ်ရေးလုပ်ငန်းတွေစပြီးတော့ ဝင်သွားတာတော့ရှိပြီပေါ့၊ သို့သော်လည်း ထိထိရောက်ရောက်တော့ မသွားနိုင်သေးဘူး"

မြဝတီမြို့အတွင်း ရေလျှံနေတာတွေဟာ သြဂုတ်လ၁ရက်နေ့မှာ ပြန်ကျသွားပြီဖြစ်တာကြောင့် တပ်မတော်သားများနဲ့ ဒေသခံများ မြို့တွင်းသန့်ရှင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
RFA Burmese

သိမ်းဆည်းရမိ ကျွဲ၊ နွားများ တောင်သူများကို ရောင်းချပေးမည်

ဓါတ်ပုံ မြဝတီ
Friday, Augest 02, 2013
ကချင်ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်း တရားမဝင်ကျွဲ၊ နွား ရောင်းဝယ်သူများထံမှ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိထားသော ကျွဲ၊ နွား ၈၉ ကောင်ကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အစီအစဉ်ဖြင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သည့် ဆင်းရဲနွမ်းပါးသူ တောင်သူများထံသို့ သြဂုတ်လ ၅ ရက်နေ့တွင် မဲစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ရွှေကူမြို့နယ်တရားရုံး၏ လေလံကြေညာစာအရ သိရှိရသည်။

ကျွဲ၊ နွားလုံးဝမရှိသူနှင့် အနည်းဆုံး တစ်ကောင်ရှိသူများကိုသာ ရောင်းချပေးမည် ဖြစ်ကြောင်း၊ ကျွဲ၊ နွားဝယ်ယူမည့် တောင်သူများအနေနှင့် အမှန်တကယ် လယ်ယာလုပ်ငန်း လုပ်ကိုင်သူ ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေ စာရင်းရုံး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ထောက်ခံစာနှင့်အတူ မြို့နယ်တရားရုံးသို့ ကျွဲ၊ နွားဝယ်ယူခွင့် လျှောက်လွာ တင်သွင်းရမှာ ဖြစ်ကြောင်း ရွှေကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီက ရှင်းပြသည်။

“တင်သွင်းလာတဲ့ လျှောက်လွှာတွေကို စိစစ်ပြီး မဲနှိုက်တဲ့စနစ်နဲ့ ရောင်းချပေးသွားမယ်” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

ကျွဲ၊ နွားဝယ်ယူမည့် တောင်သူများအနေနှင့် လက်ရှိပြင်ပပေါက်ဈေးထက် များစွာသက်သာသော ကျွဲ၊ နွားတစ်ကောင်လျှင် ကျပ်နှစ်သိန်း ဝန်းကျင်ခန့်ဖြင့် ဝယ်ယူရရှိမည်ဖြစ်ပြီး ယင်းဈေးနှုန်းမှာ ကချင်ပြည်နယ် အစိုးရအဖွဲ့က အတည်ပြုထားပြီး ဖြစ်သော ဈေးနှုန်းဖြစ်ကြောင်း ၎င်းမှထပ်ဆင့် ပြောကြားသည်။

လက်ရှိရွှေကူမြို့နယ်တွင် တရားမဝင် ကျွဲ၊ နွား ရောင်းဝယ်မှုများကြောင့် လယ်ယာလုပ်ငန်းခွင် ဝင်နိုင်သည့် နွားတစ်ရှဉ်းလျှင် ကျပ်သိန်း ၂၀ ကျော်ခန့် ပေါက်ဈေး ရှိကြောင်း ဒေသခံ နွားကုန်သည် တစ်ဦးက ပြောပြသည်။

ကချင်ပြည်နယ်အတွင်း ကျွဲ၊ နွား တရားမဝင် ရောင်းဝယ်မှုများကို ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နိုင်ရန်အတွက် ပြည်နယ် ရဲတပ်ဖွဲ့မှူးမှ သက်ဆိုင်ရာ ခရိုင်မှူး၊ မြို့နယ်မှူးများထံသို့ ညွန်ကြား ထားပြီးဖြစ်ကာ လက်ရှိတွင် ကျွဲ၊ နွားတရားမဝင် ရောင်းဝယ်မှုများကို ဖမ်းဆီးအရေးယူမှု ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး တင်ကိုကိုက The Voice သို့ ပြောကြားထားသည်။

ရွှေကူမြို့နယ်တွင် ယခုကဲ့သို့ သိမ်းဆည်းရမိ ကျွဲ၊ နွားများကို တောင်သူများထံသို့ ရောင်းချပေးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်းနှင့် တရားရုံးက စစ်ဆေးမှု မပြီးပြတ်သေးသော ကျွဲ၊ နွား တရားမဝင် ရောင်းဝယ်မှုများမှ ကျွဲ၊ နွား အရေအတွက် ၅၇ ကောင်ခန့် ကျန်ရှိနေသေးကာ အမှုပြီးပြတ်သွားပါက ဒုတိယအကြိမ်အဖြစ် ထပ်မံရောင်းချပေးသွားမည် ဖြစ်ကြောင်း ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
The Voice Weekly

ဗိုလ်ချုပ်လက်ရေးမူကို ၁၀ ရက်အတွင်း ပြန်ပို့ရန်

Friday, Augest 02, 2013
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ယူဆောင်သွားသော ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူကို သြဂုတ် လ ၁၀ ရက် နောက်ဆုံး ထားပြီး ရေနံချောင်းမြို့သို့ ပြန်လည်ပေးပို့ရန် တောင်းဆိုကြောင်း ယင်းလက်ရေးမူ ပြန်လည်ရရှိရေး ကော်မတီက ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

ယင်းလက်ရေးမူကို သြဂုတ်လ ၁၀ ရက်အတွင်း ပြန်မပို့ပါက မြို့ခံ လူထုအင်အားဖြင့် ဆန္ဒပြ တောင်းဆိုမည် ဖြစ်ကြောင်း ယင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်မြင့်က ရှင်းပြသည်။

“ရေနံချောင်းမြို့မှာ ဗိုလ်ချုပ်ရဲ့ အငွေ့အသက်တွေ လွှမ်းခြုံစေချင်တဲ့ဆန္ဒနဲ့ တောင်းဆိုတာပါ” ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့် ပက်သက်၍ ရေနံချောင်းမြို့နယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း ဥက္ကဋ္ဌ ကိုဘိုဘိုလွင်ကလည်း ဗိုလ်ချုပ်လက်ရေးမူကို အေးချမ်းစွာ ပြန်လည် တောင်း ခံခြင်းဖြစ်ပြီး ရေနံချောင်းမြို့သို့ ပြန်လည်ပေးပို့ခြင်း မရှိပါက ကော်မတီနှင့်အတူ ကျောင်းသား၊ ကျောင်းသူများလည်း ဆန္ဒဖော်ထုတ်မည်ဟု ပြောကြားသည်။

ရေနံချောင်းမြို့ အထက (၁) ကျောင်း စာကြည့်တိုက်တွင် နှစ်ပေါင်းများစွာ မှန်ဘောင်သွင်း သိမ်းဆည်းထားသော ယင်းလက်ရေးမူကို ဇူလိုင်လ ၁၉ရက်နေ့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ရေနံချောင်းမြို့သို့ ရောက်ရှိစဉ် ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။

နတ်မောက်ဇာတိ ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၁၃ နှစ်သားအရွယ်တွင် ရေနံချောင်းအမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ယူခဲ့ရာ ပညာထူးချွန်သဖြင့် သတ္တမတန်းတွင် အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆုကို ရရှိခဲ့ဖူးပြီး ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ပါဠိနှင့် မြန်မာစာ ဂုဏ်ထူးများဖြင့် ‘အေ’ အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ ပညာဆည်းပူးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ပညာသင်ယူခဲ့ဖူးသည့် အမျိုးသား အထက်တန်းကျောင်း ကို ရေနံချောင်းမြို့ ရွှေကြာငုံ ရပ်ကွက်တွင် မူလတန်းကျောင်းအဖြစ် ယခုအချိန်ထိ ဆက်လက် ဖွင့်လှစ်ထားပြီး ဒေသခံများက ဗိုလ်ချုပ်ကျောင်းဟု အမည်သမုတ်ကြသည်။
မင်းမခ
The Voice Weekly

ရေကြည်၌ လယ်ဧကတစ်သောင်းကျော်နှင့် လူနေအိမ်များ ရေနစ်မြုပ်


Friday, Augest 02, 2013
ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့နယ်ခွဲ သီတာကုန်းပြင် တိုက်နယ်နှင့် အနီးတစ်ဝိုက်ကျေးရွာအုပ်စု ၁၄ အုပ်စု၌ ဇူလိုင်လ၂၉ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လူနေအိမ်များနှင့် လယ်မြေဧက တစ်သောင်းကျော် စပါးပင်များ ရေနစ်မြုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

သီတာကုန်းပြင် တိုက်နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ လက်ပံပင်ရွာ၊ ကုန်းပြင်ရွာ၊ ကျောက်ချောင်းရွာ၊ ဂွေးတောက်ရွာ၊ ကွင်းချောင်းရွာ၊ ဖန်ခါးပင်ရွာ၊ ညောင်ပင်သာရွာ၊ ပန်းပုကွင်းရွာ၊ သက္ကာယ်ပြင်ရွာ၊ ရွာသစ်ကြီးရွာ၊ ကတ်ကူကြီးရွာ၊ ကတ်ကူလေးရွာ၊ မိတ်သလင်ရွာနှင့် ရေနံ့သာရွာ စသည့် ဒေသများမှ လယ်များ ရေမြုပ်နေခြင်းဖြစ်ရာ ရက်ရှည်ရေနစ်မြုပ်ပါက စပါးစိုက်ခင်းများ ပျက်စီးနိုင်သဖြင့် စိုးရိမ်ဖွယ် အခြေအနေ ရှိကြောင်း တောင်သူများက ပြောဆိုသည်။

ရေကြည်မြို့နယ်နှင့် ငသိုင်းချောင်းမြို့နယ်ခွဲအတွင်း မိုးစပါးစိုက်ဧက တစ်သိန်းကျော်ရှိပြီး ရေမြုပ်ဧက အတိအကျကိုမူ မသိရှိရသေးကြောင်းရေကြည်မြို့နယ် လယ်ယာစိုက်ပျိုးရေး မန်နေဂျာရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူပင် အင်္ဂပူမြို့နယ် ကွင်းကောက်မြို့၌လည်း လယ်မြေများအတွင်း စပါးပင်များ ရေနစ်မြုပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။
The Voice Weekly

မြန်မာ-ထိုင်းနယ်စပ်စခန်းများ နိုင်ငံခြားသားများကို လွတ်လပ်စွာ သွားလာခွင့်ပြု

ကျိုင်းတုံ၊ သြဂုတ် ၁
မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများနှင့် အိမ်နီးချင်းနိုင်ငံများမှ မည်သည့် ခရီးသွားဧည့်သည်မဆို မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်-မြဝတီ-ကော့သောင်း ဝင်ထွက်စခန်းများ တွင် နိုင်ငံကူးလက်မှတ်နှင့် ဗီဇာပါရှိပါက သြဂုတ်လမှ စတင်ကာ လွတ်လပ်စွာ ဝင်ထွက်ခွင့် ပြုကြောင်းနှင့် မြန်မာနိုင်ငံအတွင်း မည်သည့် ထွက်ပေါက်မှမဆို ပြန်လည် ထွက်ခွာခွင့် ပြုမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွဲဖက် ပြည်နယ်ဦးစီးဌာနမှူး ဦးစိုင်းဘုန်းတင့်က ပြောကြားသည်။

ဇူလိုင်လ ၃၀ ရက် နေ့လယ် ၂ နာရီ အချိန်က ကျိုင်းတုံမြို့ တွဲဖက်ပြည်နယ် ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ကုမ္ပဏီ လုပ်ငန်းရှင်များ၊ နိုင်ငံခြားသား ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်များ၊ မီဒီယာများနှင့် အစည်းအဝေး တက်ရောက်သူများကို မြန်မာ-ထိုင်း နယ်စပ် စခန်းများမှ ဝင်ထွက်ခွင့် ပြုခြင်းကိစ္စများ ရှင်းလင်းခြင်း အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ရှမ်းအရှေ့မှာတော့ တာချီလိတ်မြို့နယ်၊ တာလေမြို့နယ်ခွဲနဲ့ ကျိုင်းလပ် မြို့နယ်ခွဲတွေမှာကတော့ လွတ်လပ်စွာ သွားလာခွင့် ရပါတယ်။ ကျန်မြို့နယ်နဲ့ မြို့နယ်ခွဲအားလုံးမှာ မြို့ပေါ်မှာတော့ လွတ်လပ်စွာ သွားလာခွင့်ရပေမယ့် မြို့ပြင်ထွက်မယ် ဆိုရင်တော့ ခွင့်ပြုချက် တောင်းရမှာပါ” ဟု ဦးစိုင်းဘုန်းတင့်က ဆိုသည်။

ယင်းသို့ တားမြစ်ထားရခြင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနမှ ၁၅.၁.၂၀၁၃ ရက်စွဲပါ ကြေညာစာအမှတ် ၇၇/၂၀၁၃ အရ ခရီးသွားဧည့်သည်များ၏ လုံခြုံရေးအတွက် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ဒီလိုခွင့်ပြုပေးလိုက်တော့ ရန်ကုန်က ခရီးသွားကုမ္ပဏီတွေ အနေနဲ့ အာမခံချက် ရှိသွားတာပေါ့။ အရင်ကဆို မြန်မာနိုင်ငံ လာဖို့ နိုင်ငံခြားသားတွေက တစ်နှစ်လောက် ကြိုတင်လက်မှတ် ဝယ်ထားတယ်။ အဲဒီမှာ နိုင်ငံတော်က ရုတ်တရက် ပိတ်လိုက်တော့ ကုမ္ပဏီတွေ ဒုက္ခရောက်ကုန်တာပေါ့။ အခုဆို ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာရုံတင် မကဘူး။ ဒေသခံတွေပါ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာပြီး လူမှုစီးပွားတွေပါ ကောင်းမွန်လာတော့မှာပါ” ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်) ဥက္ကဋ္ဌ ဦးစိုးရွှေက သုံးသပ်ပြောဆိုသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနသည် ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၏ ခွင့်ပြု နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ဝင်ခွင့်ဗီဇာ ရှိသူများထဲမှ ကမ္ဘာလှည့် ခရီးသွားများနှင့် လူမှုရေး အလည်အပတ် လာရောက်သူများကို လေးပတ်၊ စီးပွားရေး လုပ်ငန်းရှင်များကို ၁၀ ပတ်နှင့် ဖြတ်သန်းခွင့် ဗီဇာကို ၂၄ နာရီ ခွင့်ပြုထားကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်နိုင်
The Voice Weekly

စည်ပင်နှင့် ဈေးသည်တို့ ပဋိပက္ခဖြစ်ပွား

ရန်ကုန်၊ သြဂုတ် ၂
မင်းဓမ္မပန်းခင်းဈေးအား စည်ပင်မှ ခြံစည်းရိုးကာစဉ် မြို့တော်စည်ပင် ဝန်ထမ်းများနှင့် ဈေးသည်များကြား ပဋိပက္ခဖြစ်ပွားခဲ့သည်။

သြဂုတ် ၂ ရက် (ယနေ့) နံနက် ၂ နာရီခန့်ချိန်တွင် ရန်ကုန်မြို့တော် စည်ပင်၊ ပန်းဥုယျာဉ်နှင့် အားကစား/ကွင်း များဌာနမှ ဝန်ထမ်းအင်အား ၁ဝဝဝဝ ခန့်က မင်းဓမ္မပန်းခင်းဈေးမှ ဈေးသည် များ ပြောင်းရွှေ့မှု မရှိသည့်အတွက် ခြံ စည်းရိုးခတ်ကာ ဝင်ပေါက်များလည်း ပိတ်ရန်ပြုလုပ်ခဲ့စဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မင်းဓမ္မ ပန်းခင်းဈေးမှ ဈေးသည်များက ပြောသည်။

၎င်းဈေးသည် တစ်ဦးဖြစ်သည့် ဒေါ်နီဝါလွင်က စည်ပင်အနေဖြင့် ယခုလိုမျိုး ခြံစည်းရိုးခတ်မည်ဆိုပြီး ကြိုတင် အသိပေးမှု လုံးဝမရှိခဲ့ကြောင်း ၄င်းတို့ ခြံစည်းရိုးကာသည့်အချိန်တွင် ဈေးသူ၊ ဈေးသားတွေ ဘာမှ မပြောကြောင်း ဝင်ပေါက်အကုန်လုံးကို ပိတ်ရန် လုပ်၍သာ ဝင်ပေါက်တော့ ချန်ထားပေးရန် ပြောခဲ့ကြောင်း၊ သို့သော် ၄င်းတို့က ဝင်ပေါက်ကို ပိတ်မည်ဆို၍ ဝင်ပေါက်တွင် ရှိနေသည့် ဈေးသူ၊ ဈေးသားများ မဖယ်ရာမှ ပဋိပက္ခစတင် ဖြစ်ပွားခဲ့ကြောင်း ပြောသည်။

၂ဝ၁၂ ခုနှစ်၊ ဇွန်လမှ စကာ မင်းဓမ္မပန်းခင်းဈေးအား ဖျက်သိမ်းရန် အတွက် ရန်ကုန်မြို့တော် စည်ပင်ဌာနမှ စာပို့ကာ အကြောင်းကြား ခဲ့ကြောင်း၊ ၄င်းဈေးမှ ဈေးသည်များ ဖယ်ရှားမှုမရှိခဲ့ခြင်းကြောင့် ရေမီးဖြတ်ေ တာက်ထားခဲ့ကာ ဈေးသည်များမှ လစဉ်ပေးသွင်းသည့် ငှားရမ်းခငွေ များလည်း မယူတော့ကြောင်း၊ ၄င်းဈေးတွင် ပန်းပင်စိုက်ပျိုးရောင်းချရေးကို ငှားရမ်းဆောင်ရွက်လာသည်မှာ ၁၃ နှစ်ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ဈေးသည် ဒေါ်နီဝါလွင်က ''သူတို့ ဒီဈေးကို ဖျက်သိမ်းခိုင်းတာ ဘာအကြောင်းပြချက်မှ မရှိဘူးလို့ ပြောတယ်။ ဒီနေရာကို သူတို့ အဆင့် မြှင့်စေချင်တယ်ဆိုရင် အဆင့်မြှင့်ပေးဖို့ ကျွန်မတို့ ဈေး သူ၊ ဈေးသားတွေ အဆင်သင့်ပဲ၊ တခြားလုပ်ငန်းရှင် ဘယ်သူနဲ့မဆို
ပူးပေါင်းပြီး လုပ်ပါဆိုလည်း လုပ်ကြမှာ၊ အခုက ဒီနေရာမှာ ဘာ Project မှ မရှိဘဲ ဖယ်ခိုင်းတာတော့ ကျွန်မတို့လည်း အဲဒါကို နားမလည်ဘူး'' ဟု ထပ်လောင်းပြောသည်။

အထက်ပါ ဖြစ်ပွားမှုများကြောင့် ဈေးသည်များဘက်မှ ထိခိုက် ဒဏ်ရာရရှိမှုများရှိခဲ့ပြီး သွေးထွက်သံယိုမှုမှာ ၅ ဦးရှိ ခဲ့ကြောင်း၊ ၄င်း ၅ ဦးအနက် ၂ ဦးမှာ ဆေးရုံတင်ထားရကြောင်း သိရသည်။

ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သော ဈေးသည် မဆန်းဝင်းက ဝင်ပေါက်မပိတ်ရန် အတွက် ဝင်ပေါက်တွင် ကာကွယ်ပြီး ရပ်နေစဉ် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
ထက်ထက်မိုးမြင့်
Popular Myanmar News Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com