http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ချင်းတောင်ပေါ်က ပန်းရိုင်း

ကလေး၊ ဇူလိုင် ၆။
အချိန်က မနက် သုံးနာရီ။ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးကို ဆက်သွယ်ထားသည့် အဆင်းအတက်၊ အကွေ့အ၀ိုက်များလှသောတီးတိန် – ကလေး ကားလမ်းမှာ လျှပ်စစ်မီး အလင်းရောင် အလျဉ်းမရှိ။ပျို့အန်လာမည့် ရောင်နီကို မျှော်လင့်ရင်း အမှောင်ထုက ကြီးစိုးနေဆဲပင် ဖြစ်သည်။

အလင်းရောင်အားနည်းပြီးကြမ်းတမ်းသော ခရီးလမ်းပေါ်တွင် အပျိုဖော်ဝင်စ မိန်းမငယ် ၃
ဦးခြေလျှင်ခရီးဖြင့် မနားတမ်း တရွေ့ရွေ့ ဆင်းလာနေသည်။ မိုင်အရှည်အားဖြင့်၂၁ မိုင်ရှည်သည်။

သစ်ခွပန်းပလိုင်းလေးကို ကျောပိုးလွယ်ပြီး လက်ထဲမှာလည်းပွင့်နေဆဲသစ်ခွပန်းပင်တွေကို
ခပ်ဖွဖွဆုပ်ကိုင်ထားသည့် ကောင်မလေးများကိုမြင်လိုက်ရုံဖြင့် ချင်းတိုင်းရင်းသူလေးများဆိုသည်ကို သိပြီးသားဖြစ်၏။

ရိုးရာ ပလိုင်းလေးများကို ခေါင်းအားဖြင့် သယ်မ ထားကြသည်။လက်ထဲတွင်လည်း သစ်ခွပန်းကလေးများ ကိုယ်စီ ကိုင်ထားကြသည်။ သူတို့၏မျှော်လင့်ချက်က ကလေးမြို့ပေါ်တွင် သစ်ခွပန်းများ ရောင်းရန်ဖြစ်သည်။

ဈေးရောင်းသည့် အချိန်တွင် တစ်စုတစ်စည်းထဲ**ရောင်းကြခြင်းမဟုတ်။ တစ်ဦးချင်း လမ်းခွဲကာ
ကလေးမြို့ထဲတွင်**လှည့်လည်ရောင်းကြခြင်းဖြစ်သည်။

သူတို့အထဲမှ အသက်အငယ်ဆုံး ကလေးမလေးမှာ အသက်(၁၄)နှစ်ဝန်းကျင်အရွယ်ခန့်ရှိပေမည်။ အဖြူ၊**အပြာ၊ အ၀ါနှင့် ရောင်စုံသစ်ခွပန်းစည်းများက သူ့ကျောပေါ်ရှိ**ပလိုင်းထဲတွင် ပြည့်နေသည်။

ကလေးမြို့သို့ရောက်သည့်အချိန်ကား မနက် ၇ နာရီ ရှိချေပြီ။ နေ၏ အလင်းရောင် ထွက်သည်နှင့်ပူစပ်စပ် နေရောင်က ကျလေသည်။ ခေါင်းဆောင်းစရာမပါသာ ချင်းတိုင်းရင်းသူကလေးမှာချွေးများစို့၍ မောပမ်းနွမ်းလျပုံပေါ်နေ၏။

ချင်းတောင်ပေါ်မှခူးလာပြီး တကူးတက လာရောင်းသည့် သစ်ခွပန်းလေးများကိုတစ်စုံတစ်ယောက်များ ၀ယ်လေမလားဟူသည့် မျှော်လင့်ချက်သမ်းနေသောအကြည့်များ သူမ၏မျက်ဝန်းတွင်ပြေးလွှားနေသည်။

“သူတို့ကဗမာစကား သိပ်မတက်ကြဘူးလေ။ မြို့ပေါ်မှာ တစ်လမ်းဝင် တစ်လမ်းထွက်လျှောက်သွားနေတာ။ ၀ယ်ချင်တဲ့သူက ခေါ်တော့မှ သူတို့ သစ်ခွပန်းကိုရောင်းကြတယ်”ဟု ကလေးမြို့မှ အသက် ၅၀ ကျော်ခန့်ရှိ အမျိုးသမီး တစ်ဦးကပြောသည်။

အချိန်ကား နေ့လယ်(၁၁)နာရီခွဲခန့်ရှိနေပြီ။နေအပူရှိန်က ပို၍ အားကောင်းလာသည်။ မြို့ထဲတွင်
လှည့်လည်ရောင်းနေဆဲဖြစ်သည်။

“ပန်းက နှစ်စီးကို ငါးရာပါ”ဟု ချင်း အသံဝဲ၀ဲကလေးဖြင့် ထိုကလေးမက ဗမာလို ပြောသည်။

သစ်ခွပန်း ဆယ့်နှစ်မျိုးခန့်ပါရှိပေသည်။ ပန်းများသည် အကြီး အသေး၊ အရောင်အသွေး မျိုးစုံလှသည်။ နှစ်ပင်ခန့်ကို တစ်စည်းသတ်မှတ်သည်။ အပင်ကြီးသည့် ပန်းများကို တစ်ပင်တည်းဖြင့် တစ်စည်းသတ်မှတ်သည်။

တောင်ပေါ်တွင် ပွင့်သည့် ပန်းများဖြစ်သည့်အတွက် ငွေရင်းစိုက်ထုတ်ရန်မလို။သို့သော်
သစ်ပင်အမြင့်ကြီးများထိပ်တွင် တွယ်ကပ်ပေါက်နေတတ်သော သစ်ခွပန်းများကို စွန့်စားခူးယူခဲ့ကြရသည်။

နှစ်စီးကိုငါးရာဟုဆိုသော် ထိုကလေးမတွင် ပါလာသည့် ပန်းစည်းများအားလုံး၏ တန်ဖိုးမှာကျပ် ခုနှစ်ထောင်မှ တစ်သောင်း ၀န်းကျင်ခန့်သာရှိပေမည်။

နေမွန်းတည့်ချိန်သို့ ရောက်လုနီးပြီ။ပုလိုင်းထဲတွင် ပန်းများက ထက်ဝက်ပင် မကျိုးလှသေး။
မောပန်းနွမ်းလျမှုနှင့်အတူ ဆာလောင်မွတ်သိပ်ခြင်းတို့က ပေါင်းဖက် နှိပ်စက်နေဟန်တူ၏။

“အခု ချိန်ထိ ထမင်းမစားရသေးဘူး”ဟု သူမ၏ ဗမာလိုပြောလိုက်သည့် အသံက ၀ဲသည့်အပြင် ရှက်စိတ်နှင့် သိမ်ငယ်စိတ်ကလေးများ ရောထွေးနေသည်။

သို့သော် နောက်ထပ်ပွင့်အန်လာသည့် စကားလုံးများထဲတွင်သူမ၏စိတ်ခွန်အားများကို ထိတွေ့ခွင့်ရလိုက်သည်။ ၉ တန်းအောင်ပြီးကျောင်းနားထားရသည်ဟု ဆိုသော်လည်း နောက်နှစ်တွင် ကျောင်းပြန်တက်မည့်ရည်မှန်းချက်က ခိုင်မာနေသည်။

မန္တလေးဟု ဆိုသော မြန်မာနိုင်ငံ၏တတိယမြို့တော်ကြီးတွင် ၁၀ တန်းပြန်တက်ရန်အတွက် စိတ်အားထက်သန်နေသည်။ မိသားစု စားဝတ်နေရေးအတွက် သူ့ပုခုံးထက်မှာ သူနိုင်သမျှထမ်းနေခြင်းလည်းဖြစ်၏။

ကျောင်းပညာဆက်သင်ယူဖို့ စိတ်ထက်သန်မှုပြင်းပြနေသောသစ်ခွပန်းရောင်းသူလေးကဲ့သို့  ပညာရေးနှင့် မိသားစုစားဝတ်နေရေးအတွက်ရုန်းကန်နေကြရသည့် လူငယ်လူရွယ်ပေါင်းချင်းတောင်တန်းကြီးပေါ်တွင်မည်မျှရှိမည်ကို မခန့်မှန်းနိုင်တော့ပေ။

ယခုလိုမိုးရာသီတွင် ချင်းတောင်တစ်ခုလုံး ညှို့မှိုင်းအုံ့ဆိုင်းပြီး မိုးက သည်းသည်းထန်ထန်ရွာသွန်းတတ်ပေသည်။ထိုကဲ့သို့ မိုးရွာလျှင် ချင်းတောင်ကိုပြန်တက်ရမည့် အပြန်ခရီးက ခက်ခဲပင်ပန်းလှပေမည်။

သို့သော် ချင်းတောင်တန်းကြီးအိပ်တန်းမ၀င်ခင် ၂၁ မိုင်ဝေးသော အိမ်ပြန်လမ်းကို ခရီးနှင် ရပေဦးတော့မည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

ဖြုတ်ချခံရသည့် သမ္မတမော်စီ၏ ညီနောင်များပါတီမှ ခေါင်းဆောင်များအား ရဲကဝိုင်းထား

ကိုင်ရို၊ ဇူလိုင် ၅။
သမ္မတမော်စီအား ရာထူးမှ ဖယ်ရှားပြီးနောက် မော်စီထောက်ခံသူများ ပြုလုပ်ရန် စီစဉ်ထားသော
ဆန္ဒပြမှု မတိုင်မီတွင် ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များအား ရဲက ဝိုင်းထားလိုက်ပြီး အီဂျစ်စစ်တပ်က ပြန်လည် ရင်ကြားစေ့ရေးနှင့် လက်တုံ့ပြန် တိုက်ခိုက်ခြင်း မပြုရေးတို့ကို ကြာသပတေးနေ့တွင် တောင်းဆိုလိုက်သည်။

သောကြာနေ့တွင် မော်စီအား ထောက်ခံသည့် အုပ်စုမှ ဆန္ဒဖော်ထုတ်ရန် စီစဉ်ထားရာ ၎င်းမတိုင်မီ
ထောက်ခံသူများနှင့် ဆန့်ကျင်သူများကြား ပဋိပက္ခဖြစ်ပွားကာ ဒဏ်ရာရရှိသူများ ရှိလာသောကြောင့် စစ်တပ်သည် ၎င်းတို့၏ ပြောရေးဆိုခွင့်ရ အရာရှိက အင်တာနက် စာမျက်နှာတွင် ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

စစ်တပ်ထုတ်ပြန်သည့် ကြေညာချက်တွင် မည်သည့် နိုင်ငံရေးပါတီကို မဆို အာဏာရှင်ဆန်စွာ အုပ်ချုပ်သည်ကို ဖယ်သင့်ကြောင်း၊ ယခုအချိန်တွင် မော်စီ၏ ပါတီခေါင်းဆောင်များကိုလည်း လုံခြုံရေးတပ်များက ဝိုင်းထားပြီဖြစ်ကြောင်း ပါရှိသည်။

အခြေခံ ဥပဒေဆိုင်ရာ အမြင့်တရားရုံးတွင် သမ္မတသစ် မရွေးကောက်မီ ယာယီသမ္မတအဖြစ် တရားသူကြီးချုပ် အက်ဒလီမန်ဆောက ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တီဗီမှ တိုက်ရိုက် ထုတ်လွှင့်ပြီးချိန်တွင် ပဋိပက္ခဖြစ်ပွားခြင်း ဖြစ်သည်။

ညီနောင်များ ပါတီဝင်များက စစ်တပ်သည် ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသည့် မော်စီအား ဖြုတ်ချကာ အာဏာသိမ်းကြောင်း စွပ်စွဲသည်။

မော်စီသည်လည်း စစ်တပ်၏ ထိန်းသိမ်းခြင်း ခံထားရကြောင်း သမ္မတဟောင်းသည် တရားစွဲဆို ခံရဖွယ်ရှိသည်ဟု ယူဆရကြောင်း ထိပ်တန်းအရာရှိ တစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားသည်။

“စစ်တပ်ဟာ ပြည်သူတွေရဲ့ ခွင့်လွှတ်တတ်တဲ့ အလေ့အထတွေ၊ အပြုအမူတွေ ပြီးတော့ ဘာသာတရား အဆုံးအမများကို ယုံကြည်ပြီး လူတွေကို လက်တုံ့ပြန်တာတို့် အောင်ပွဲခံတာတို့ကို ခွင့်မပြုဘူး” ဟုလည်း စစ်တပ် ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမေရိကန်အစိုးရက အီဂျစ် အရာရှိများအား ဖြုတ်ချခံရသည့် သမ္မတနှင့် ထောက်ခံသူများအား
အကြောင်းပြချက်မရှိ ဖမ်းဆီးခြင်းများ ရှောင်ရှားရန်ပြောကြားကြောင်း အမေရိကန် အစိုးရ အရာရှိတစ်ဦးက ပြောကြားသည်။

 အစ္စလာမ္မစ် ညီနောင်များပါတီကို ထောက်ခံသူ ထောင်ပေါင်းများစွာသည် ကိုင်ရိုရှိ ဗလီတစ်ခုတွင်
ကြာသပတေးနေ့က ဆန္ဒပြခဲ့ကြပြီး ၎င်းတို့ကို ရဲများက ဝိုင်းရံထားသည်။

“ဒါဟာအပျော့ဆွဲ အာဏာသိမ်းတာ၊ စစ်တပ်ဟာ အရပ်သားတွေကို အကာအကွယ်ယူပြီး ပါးပါးနပ်နပ်
လုပ်သွားတာ” ဟု မော်စီကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို ရည်ညွှန်းကာ အရပ်သားတစ်ဦးက ပြောကြားသည်။
Ref:AFP
မြန်မာ့ခေတ်

အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ရင်းနှီးမြှုပ်နှံမှု တရုတ်မစိုးရိမ်

အမေရိကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံတွေက ကုမ္ပဏီတွ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံနေကြတာကို တရုတ်ကုမ္ပဏီတွေအနေနဲ့ စိုးရိမ်ပူပန်မှု တစုံတရာမရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး သံမှူး Mr Jin Honggen က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်မှာရှိတဲ့ တရုတ်ယဉ်ကျေးမှုဌာနမှာ တရုတ်ကုမ္ပဏီတွေနဲ့ မြန်မာမီဒီယာ ပထမဆုံးအကြိမ်တွေ့ဆုံပွဲမှာ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက လာရောက်ရင်းနှီးမြုပ်နှံတဲ့အပေါ် တရုတ်ကုမ္ပဏီတွေရဲ့ စိုးရိမ်ပူပန်မှုအခြေအနေနဲ့ ပတ်သက်ပြီး RFA က မေးမြန်းချက်ကို Mr Jin Honggen က စကားပြန်ကနေတဆင့် အခုလိုဖြေကြားလိုက်တာပါ။

ဒါအပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွင်းမှာ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ အမေရိကန်ဒေါ်လာဘီလျံ ၂ဝ ကျော်ပမာဏအထိ ရင်းနှီးမြုပ်နှံထားတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု နံပါတ်တစ်နိုင်ငံဖြစ်တယ်လို့ Mr Jin Honggen က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက ကုမ္ပဏီတွေ လာရောက်ရင်းနှီးမြုပ်နှံမယ်ဆိုရင် မြန်မာ-တရုတ်နှစ်နိုင်ငံ ဥပဒေစည်းမျဉ်းတွေကို ကိုယ်တိုင်အသိစိတ်ဓာတ်နဲ့ လိုက်နာကြဖို့၊ ဥပဒေသတ်မှတ်ချက်အတိုင်း အခွန်ပေးဆောင်ဖို့၊ မြန်မာပြည်သူပြည်သားတွေနဲ့ ယုံကြည်မှုရရှိအောင် တည်ဆောက်ဖို့၊ သဘာဝပတ်ဝန်းကျင် မပျက်စီးရေးစောင့်ရှောက်ဖို့စတဲ့ အချက်တွေပါဝင်တဲ့ စည်းမျဉ်းတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ကျင်းပတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ မြန်မာမီဒီယာများတွေ့ဆုံပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ကုမ္ပဏီများ အသင်းဥက္ကဌ Mr Lv Desing အပါအဝင် မြစ်ဆုံစီမံကိန်းဆောင်ရွက်နေတဲ့ CPI ကုမ္ပဏီ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ဆောင်နေတဲ့ Wanbao ကုမ္ပဏီနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ CNICO ကုမ္ပဏီက တာဝန်ရှိသူတွေကလည်း သူတို့ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးရှင်းလင်းခဲ့ပါတယ်။
RFA (မြန်မာပိုင်း)

တောင်ငူတွင် ဖုန်းဆိုင်ဖောက်ထွင်းခံရ

တောင်ငူ၊ ဇူလိုင် ၅
တောင်ငူမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်း ဘုရင့်နောင်ဈေးရှိ Mobile House ဟန်းဆက် အရောင်းဆိုင်တွင် ဇူလိုင် ၅ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်က ဟန်းဆက်များ ဖောက်ထွင်း ခိုးယူမှု ဖြစ်ပွား ခဲ့ကြောင်း တောင်ငူမြို့နယ် အမှတ် (၁) ရဲတပ်ဖွဲ့စခန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဟန်းဆက်ဆိုင်တွင် ဇူလိုင် လ ၅ ရက်နေ့ နံနက်ပိုင်းက ဆိုင်ခန်း ဖွင့်လှစ်ရာ မှန်အရောင်းကောင်တာ အတွင်းရှိ HUAWEI ဟန်းဆက်များ အပါအဝင် ဟန်းဆက် ၁၄ လုံး ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း Mobile House ဟန်းဆက် အရောင်းဆိုင်ရှင် ဒေါ်နီလာကျော်က ရှင်းပြသည်။

ဟန်းဆက်များ ဖောက်ထွင်းခံရမှုကို ဆိုင်ပိုင်ရှင်ဘက်မှ အမှုဖွင့်လှစ်ထားခြင်း မရှိသော်လည်း အမှတ် (၁) ရဲစခန်းက စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ တန်ဖိုးကြီးပစ္စည်းများ ဖောက်ထွင်းခံရမှုသည် တောင်ငူမြို့တွင် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး မေလ နောက်ဆုံးပတ်တွင် ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ နာရီများ ဖောက်ထွင်းခံရကြောင်း တောင်ငူမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly

ရန်ကုန် လေထုအတွင်း ဖုန်မှုန့်ပါဝင်မှု အန္တရာယ်ရှိ အဆင့်ရောက်

ရန်ကုန် ၊ ဇူလိုင် ၅
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် လူဦးရေ ခြောက် သန်းကျော် နေထိုင်သော ရန်ကုန်မြို့တော်၏ ပတ်ဝန်းကျင် လေထု အရည်အသွေးကို မြို့နယ်အချို့၌ တိုင်းတာရာတွင် လေထုအတွင်း ဖုန်မှုန့် ပါဝင်မှု အတိုင်းအဆ ပမာဏ များပြားနေခြင်းကြောင့် အန္တရာယ်ရှိနိုင်ကြောင်း ကျန်းမာရေး ဦးစီးဌာန လုပ်ငန်းခွင် ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမြင့်သိန်းက The Voice သို့ ပြောကြားသည်။

သန်လျင်၊ သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာနှင့် မှော်ဘီမြို့နယ်တို့တွင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် မေလအတွင်း သုတေသနပြု တိုင်းတာခဲ့ရာ၌ သာကေတမြို့နယ်တွင် particular matter PM 10 မှာ 120 µg/m3 ရှိပြီး လှိုင်သာယာနှင့် မှော်ဘီမြို့နယ်တို့တွင် particular matter PM10 မှာ 102 µg/m3 ရှိခြင်းကြောင့် ယင်းမြို့နယ်များသည် လေထုအတွင်း ဖုန်မှုန့် ပါဝင်မှု အတိုင်းအဆ များပြားနေသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။

“လေထုအတွင်း အမှုန်အမွှား ပါဝင်မှု များနေလို့ အန္တရာယ် ရှိနိုင်ပါတယ်” ဟု ၎င်းက သတိပေး ပြောကြားသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက သတ်မှတ်ထားသည့် စံနှုန်းမှာ လေထု အတွင်း ဖုန်မှုန့် ပါဝင်မှု အတိုင်းအဆ particular matter (PM10 ) သည် 50 µg/m3) အတွင်းသာ ရှိရမည် ဖြစ်သည်။

သုတေသနပြု စစ်ဆေးချက်များအရ ခြောက်သွေ့ ရာသီများတွင် လေထု ညစ်ညမ်းမှု ပိုမို များပြားသည်ကို တွေ့ရှိရခြင်းကြောင့် ရာသီဥတုပေါ် မူတည်၍လည်း လေထု ညစ်ညမ်းမှုနှုန်း မြင့် မားခြင်း ဖြစ်နိုင်ကြောင်း ဒေါက်တာမြင့်သိန်းက ရှင်းပြ ပြောဆိုသည်။

အဆိုပါ သုတေသနကို ၂၀၀၈ ခုနှစ်မှ စတင်၍ နှစ်စဉ် တိုင်းတာခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် အပါအဝင် မန္တလေး၊ နေပြည်တော်တို့ကိုလည်း အလှည့်ကျ တိုင်းတာနေခြင်းဖြစ်ကြောင်း အဆိုပါဌာန ထံမှ သိရှိရသည်။
The Voice Weekly

မြန်မာ ၃ ဦး မလေးရှားမှာ မြေပြိုကျလို့ သေဆုံး

2013-07-03      
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အရှေ့မြောက်ဘက် Ukay Perdana အရပ်က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ မနေ့မနက်က မြေပြိုကျတဲ့အတွက် မြန်မာနိုင်ငံက အလုပ်သမား ၃ ယောက်သေဆုံးပြီး၊ တစ်ယောက်က ခြေထောက်ကျိုးသွားတယ်လို့  မလေးရှားနိုင်ငံအခြေစိုက် ဘနားမားသတင်းဌာနက ဖော်ပြလိုက်ပါတယ်။

အဲဒီလူ ၃ ယောက်ဟာ ပြိုကျတဲ့ကျောက်ခဲပုံမှာပိမိပြီး သေဆုံးသွားတာဖြစ်ပြီး၊ အလုပ်သမား ၈ ယောက်က ရေဆိုးထုတ်ပိုက်လိုင်းတွေ တပ်ဆင်နေတုန်း မြေပျိုကျမှု ဖြစ်ပွားခဲ့တာလို့  ဆီလန်ဂေါပြည်နယ် မီးသတ်နဲ့ ကယ်ဆယ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ပြောပါတယ်။

ဘာကြောင့်ပြိုကျသလဲဆိုတဲ့ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှာဖြစ်တဲ့အတွက် အလုပ်ခွင်ရပ်နားထားဖို့ကိုလည်း သက်ဆိုင်ရာက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေကတော့ အသက် ၃ဝ ဝန်းကျင်လူငယ်တွေဖြစ်ပြီး၊ မိုဟာမက် အာလန်၊ ရွမ်ဇို အလီနဲ့  ကော်ရင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
RFA (မြန်မာပိုင်း)

ပုံနှိပ်ဥပဒေမူကြမ်း စာနယ်ဇင်းကောင်စီ လက်မခံ

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က ရန်ကုန်မြို့၊ ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သော စာနယ်ဇင်းအဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနားတွင် ဖွဲ့စည်းလိုက်သော စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များကို တွေ့ရစဉ်။
2013-07-05      
မနေ့က ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို လက်မခံကြောင်း သဘောထားကြေညာချက်တစ်စောင် ကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းဟာ လွတ်လပ်စွာ ပြောဆိုသတင်းရေးသားခွင့်ကို ကန့်သတ်ချုပ်ချယ်တဲ့အချက်တွေ ပါဝင်နေတာကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အပါအဝင် သတင်းမီဒီယာသမား အတော်များများ ကန့်ကွက်ထားကြတာ ဖြစ်ပါတယ်။

မနေ့က ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ပေးပို့ထားတဲ့ ပြင်ဆင်သင့်တဲ့အချက်တွေ မပါဝင်တာကြောင့် အဲ့ဒီဥပဒေကို ကန့်ကွက်တဲ့ ကြေညာချက်ထုတ်ပြန်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ဦးဇော်သက်ထွေးက ပြောပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ သုံးကြိမ်တွေ့ဆုံညှိနှိုင်းပြီး အဲ့ဒီဥပဒေကြမ်းအပေါ် ပြင်ဆင်ဖြည့်စွက်လိုတာတွေကို စာနယ်ဇင်းကောင်စီက ဝန်ကြီးဌာနကို ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

စာနယ်ဇင်းကောင်စီရဲ့ ပေးပို့ချက်တွေကို လွှတ်တော်မှာ တင်ပြသွားမယ်လို့ သဘောတူထားခဲ့ပြီး မနေ့က ဥပဒေမူကြမ်းကို အတည်ပြုရာမှာ ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီတို့အကြား သဘောတူထားခဲ့တဲ့ အချက်အများစု မပါဝင်တာတွေ့ရတဲ့အတွက် လက်မခံနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအနေနဲ့ လွှတ်တော်တွေမှာ အဲ့ဒီဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြသွားမှာဖြစ်သလို လွှတ်တော်ဥက္ကဌတွေဆီကိုလည်း စာပေးပို့သွားမယ်လို့ သိရပါတယ်။

သတင်းမီဒီယာအများစု ကန့်ကွက်ထားကြတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ မူကြမ်းကို ပြည်သူ့လွှတ်တော်မှာ ပြင်ဆင်ချက်တွေနဲ့အတူ အတည်ပြုလိုက်တာနဲ့ ပတ်သက်လို့ စာနယ်ဇင်းသမားတွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြထားပါတယ်။
RFA (မြန်မာပိုင်း)

ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရသော မိုင်းဖုန်းဆရာတော်ကို ပြန်လည်ကြွလာခွင့်ပြုပြီ

July 6, 2013
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖုန်းဒေသတွင်သီတင်းသုံးခဲ့သည့် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ ကျောင်းဆောင်ကို ချိတ်ပိတ်ထားရာမှ ပြန်ဖွင့်နေပြီး ဆရာတော်ကို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ပင့်ဆောင်ရန် ကြိုးပမ်းနေကြကြောင်း သိရသည်။

ဆရာတော်ကို ပြန်လည် မပင့်ဆောင်မီ ကျောင်းဆောင်ကို ချိတ်ပြန်ခွာပြီး ပျက်စီးနေသည့် နေရာများကို ပြန်လည်မွမ်းမံမှုများ ပြုလုပ် နိုင်ရန်အတွက် ဇွန် ၃၀ ရက်နေ့က မိုင်းဖုန်းဒေသသို့ နဂါးနှစ်ကောင် ဆရာတော်နှင့် ဒေသ အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း တာချီလိတ်မြို့ခံ အမျိုးသား တဦးက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့လည်း အတိအကျမသိဘူး။ ဖြစ်တာကတော့ ဗိုလ်ချုပ်ကြီး ခင်ညွန့် မပြုတ်ခင် ကတည်းက ထိုင်းနိုင်ငံဘက်ကို ထွက်သွားရတာ။ ဆရာတော်နဲ့ နီးစပ်တဲ့ သူတချို့က မူးယစ်ဆေးဝါးနဲ့ မှောင်ခို တရားမ၀င်တွေ လုပ်တာမိလို့ ကျောင်းကို ချိတ်ပိတ်လိုက်တယ်လို့ ပြောတာ ကြားဖူးတာပဲ” ဟု တာချီလိတ်မြို့ခံ တဦးက ဆိုသည်။

မိုင်းဖုန်းကျောင်းတွင် ကျိုးပဲ့ ဆွေးမြေ့နေသည့် သစ်များကို ပြန်ပြင်ရန် စီစဉ်နေကြောင်း၊ ကာလကြာရှည် ချိတ်ပိတ်ထားသည့် အတွက် မသမာ သူတချို့က ဘုရားဆင်းတုတော်များကို လာရောက် ခိုးယူမှုများ ရှိနေရာ ဆရာတော်ကို မပင့်ဆောင်ခင် ပြင်စရာအားလုံး ပြင်ဆင်ရန်အတွက် နဂါးနှစ်ကောင် ဆရာတော်က မိန့်ကြားထားကြောင်း အဆိုပါ ဒေသခံက ပြောသည်။

ဆရာတော် မိုင်းဖုန်းတွင် သီတင်းသုံးစဉ်က ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ၎င်း၏ လက်အောက်မှ ထောက်လှမ်းရေး အဖွဲ့များ မကြာခဏ လာကြကြောင်း၊ ဗျူဟာမှူး၊ တိုင်းမှူးများလည်း လာရောက် ဖူးမြော်လေ့ရှိကြောင်း ၎င်းက ဆိုသည်။

နအဖ အစိုးရက ၂၀၀၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေရှိနေသည့် ဆရာတော် မြန်မာနိုင်ငံဘက်သို့ ပြန်လည် ကြွရောက်ခွင့် မပြုတော့ကြောင်း လျှောက်ထားရန် တာချီလိတ်မြို့နယ် မယက ဒေသ အာဏာပိုင် အဖွဲ့အစည်းများ ရှေ့၌ မိုင်းဖုန်းကျောင်း ဂေါပက အဖွဲ့ဝင် ၄ ဦးကို လက်မှတ် ရေးထိုးစေခဲ့သည်ဟု သိရသည်။

“မြန်မာပြည်မှာက ဘုန်းကြီးကားဆိုရင် ဘယ်ဂိတ်ကမှ မရှာဘူး။ ဒါကို အခွင့်ကောင်းယူပြီး တပည့်တွေက လုပ်ချင်တာ လုပ်တဲ့အတွက် မိုင်းဖုန်းဆရာတော် မြန်မာပြည်ကို ပြန်ကြွခွင့် မရတော့တာပါ။ ဆရာတော်တွေကို အခွင့်ကောင်းယူပြီး လုပ်ချင်တာ မလုပ်ဖို့ တားမြစ်ရမယ်” ဟု မူဆယ်မြို့ဒေသခံ ဦးစိုင်းစံလှိုင်းက ဧရာဝတီသို့ ပြောသည်။

မိုင်းဖုန်း ဆရာတော်သည် ရှမ်းလူထု အားထားကိုးကွယ်သည့် ဆရာတော် တပါးဖြစ်ပြီး ယခင်က ရှမ်းပြည်နယ် တာချီလိတ်မြို့ မိုင်းဖုန်းကျေးရွာတွင် သီတင်းသုံး နေထိုင်ရာမှ ၂၀၀၄ ခုနစ်တွင် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ကျိန်းသျှာန်မြို့နယ် ၀ိန်းကျောက်ရွာသို့ ပြောင်းရွေ့ သီတင်းသုံးနေကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် ငယ်စဉ်ကပင် တရားဓမ္မ ပွားများခြင်း၊ အကျင့်သီလ မြဲမြံခြင်းတို့ကြောင့် လူအများက လေးစား ကြည်ညိုကြကြောင်း တာချီလိတ် ဒေသခံ တဦးက ဆိုသည်။

“ဆရာတော် မိုင်းဖုန်းဒေသမှာ သီတင်းသုံးနေစဉ်က သိန္နီကို အမြဲတမ်းလိုလို လာတယ်။ ဆရာတော်လာရင် ဒေသခံတွေရော အမြို့မြို့ အနယ်နယ်က ဒကာတွေ ဒကာမတွေ အားလုံး လာရောက်ဖူးမြော်တယ်။ သိန္နီမှာလည်း ဆရာတော် ဂူပိတ် တရား ကျင့်ကြံခဲ့ ပါတယ်။ အခု မြန်မာပြည်ကို ပြန်လည်ပင့်ဆောင်မယ် ဆိုရင်တော့ အရမ်းကို ၀မ်းသာပါတယ်” ဟု သိန္နီမြို့နယ်တွင် နေထိုင်သည့် စိုင်းနန္ဒက ဧရာဝတီသို့ ပြောသည်။

မိုင်းဖုန်း ဆရာတော်သည် လက်ရှိ ဂူပိတ်တရား ကျင့်နေပြီး ဇူလိုင် ၂၀ ရက်တွင် ဂူထွက်ကာ ထိုင်းနိုင်ငံ ချင်းမိုင်ရှိ နမ့်ပန်း ကျေးရွာတွင် တရားပွဲ ကျင်းပ ပြုလုပ်ပြီး ဇူလိုင် ၂၂ ရက်နေ့တွင် ထပ်မံ ဂူပိတ်တရားကို ၃ လနှင့် ၃ ရက် ကျင့်ကြံ ပြီးမှသာလျှင် မြန်မာပြည်သို့ ပြန်လည် ပင့်ဆောင်မည့် အစီအစဉ် ဆောင်ရွက်နိုင်မည်ဟု စိုင်းနန္ဒက ဆိုသည်။

ဆရာတော်၏ ကျောင်းဆောင် ဖြစ်သည့် မိုင်းဖုန်းကျောင်းကို ပြန်လည်ပြုပြင်ရန် အတွက် ချိတ်ပိတ်ထားသည့် နေရာကို ဖွင့်လှစ်ပြီး သော့ကိစ္စကိုလည်း အထက်သို့ တင်ပြထားကြောင်း၊ ဆရာတော်ကို ပြန်လည် ပင့်ဆောင်ရာတွင်လည်း ပြည်နယ် ၀န်ကြီးအဖွဲ့မှ ၀န်ကြီးများ ကိုယ်တိုင် ပင့်ဆောင်မည် ဖြစ်ကြောင်း၊ ယခုလက်တလော မိုင်းဖုန်း ဆရာတော်သည် ဂူပိတ်တရား ကျင့်နေသည့် အတွက် ဂူထွက်လာမှ ကော်မတီအနေဖြင့် ဆရာတော်ထံ သွားရောက်ကာ ပြန်လည် ပင့်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မိုင်းပျဉ်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်၊ မိုင်းဆတ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခတ္တိယနှင့် မိုင်းတုံပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်ကြည် တို့က ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် တင်သွင်းသည့် အဆိုကြောင့် ပြည်နယ်အစိုးရ အဖွဲ့၏ ဖေဖော်ဝါရိ ၈ ရက် နေ့စွဲပါ စာအမှတ် ၁၄၂၁/ ၅ – ၁၃၃/ အစရ (ရှမ်း) ၏ ခွင့်ပြု သဘောတူညီချက်ကြောင့် ၂၀၀၄ ဇွန် ၁၂ ရက်နေ့က ရေးထိုးခဲ့သော ကိစ္စကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ပြန်လည် ရုပ်သိမ်းကြောင်း အမိန့်ထုတ်ပြန်လိုက်သဖြင့် ယခုအခါ မိုင်းဖုန်းဆရာတော်အား ပြန်လည် ပင့်ဆောင်ရန် ကြိုးစားနေကြပြီး ဆရာတော် ပြန်လည်ကြွလာမည့် သတ်မှတ်ရက်ကိုမူ မသိရှိရသေးပေ။
နန်းဆိုင်နွမ်
ဧရာဝတီ

ဆင်ရိုင်းများ စပါး ဧက ၅၀ကျော် ဖျက်ဆီး

ဥက္ကံ၊ ဇူလိုင် ၎
တိုက်ကြီးမြို့နယ် ဥက္ကံမြို့ရှိ ချောင်းစောက်ကျေးရွာ အုပ်စု၊ ရေအိုးစင်ကျေးရွာ အုပ်စုရှိ ရွာရှစ်ရွာတွင် ဆင်ရိုင်းများ ဝင်ရောက်သဖြင့် စပါးခင်း ဧက ၅၀ကျော် ပျက်စီးသွားကြောင်း ရေအိုးစင်ကျေးရွာမှ ဦးစန်းဦးက ပြောကြားသည်။

တောဆင်ရိုင်းများ ဝင်ရောက်မှုများကြောင့် ရွာသူရွာသားများ ညစဉ် အိပ်ပျက်ရပြီး ဆင်ရိုင်းများ ဝင်လာပါက ရွာသူရွာသားများ စုပေါင်းကာ အိုးခွက်များ တီးခြင်း၊ သံပုံးတီးခြင်း၊ မီးတုတ်များ ထွန်းညှိကာ ခြောက်လှန့်ခြင်းတို့ ပြုလုပ်ရကြောင်း၊ ကျေးရွာနေသူများက ညဘက်များတွင် တစ်ရွာလျှင် ရွာသားရှစ်ဦးမှ ၁၅ ဦးအထိ ကင်းစောင့်နေရကြောင်း ရေအိုးစင်ကျေးရွာ နေထိုင်သူ ဦးစန်းဦးက ပြောကြားသည်။

"ဆင်တွေဝင်လာလို့ ခြောက်လှန့် ထုတ်ရတယ်၊ ဆင်တွေကလည်း စပါးခင်း တွေကို ဖြတ်ပြီးပြေးတာကြောင့် ဒီရွာတွေ မှာ ဧက ၅၀ လောက် ပျက်စီးကုန်တယ်" ဟု ၄င်းကဆိုသည်။

လွန်ခဲ့သည့် လေးရက် (ဇွန်လ ၂၉)က ချောင်းစောက်ကျေးရွာအုပ်စု၊ ကုန်းပေါ်တန်းရွာ တွင် တောဆင်ရိုင်းများ ဝင်ရောက်၍ လူတစ်ဦး ဆင်နင်းသေဆုံးမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ချောင်းစောက်၊ ကုန်းပေါ်တန်း၊ ရေအိုးစင်၊ မျှော့ချောင်း၊ ရေတွင်းဖြူ၊ သောင်ပြင်ကုန်း၊ လျှော်ပုံ၊ ကျောက်ပြင်သာ ၊ မအူကုန်းကျေးရွာတို့တွင် နေ့စဉ် တောဆင်ရိုင်း ဝင်ရောက်မှုများ ရှိကြောင်း အဆိုပါကျေးရွာများတွင် နေထိုင် သူများထံမှ သိရှိရသည်။

တောဆင်ရိုင်း များသည် အကောင် ရေ ၂၀ ကျော်ထက်မနည်း ကျေးရွာသို့ ဝင်ရောက်မှုများ ရှိကြောင်း ညပိုင်းမျက်မြင် တွေ့ရှိသူ၊ မျှော့ချောင်းကျေးရွာတွင် နေထိုင် သူ ဒေါ်အေးဘုံက ပြောကြားသည်။
"မှောင်တာနဲ့ အပြင်ကို မထွက်ရဲဘူး။ အခု ရွာတိုင်းမှာ ဆင်ရိုင်းအန္တရာယ်လုံခြုံဖို့ လူငယ်တွေက အနည်းဆုံး ရှစ်ယောက်ကနေ ၁၅ ယောက် အလှည့်ကျ ကင်းစောင့် နေရတယ်" ဟု ချောင်းစောက်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။

လတ်တလောတွင် တောဆင်ရိုင်းများ ဆက်တိုက် ဝင်ရောက်မှုများကို မြို့နယ် အုပ်ချုပ်ရေးမှူးထံ တင်ပြကာ အကူအညီ တောင်းခံမည်ဖြစ်ကြောင်း ချောင်းစောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ချောင်းစောက်ကျေးရွာတွင် ဇွန်လ ၂၉ ရက် နံနက် ၂နာရီတွင် ဆင်ရိုင်းများ ဝင်ရောက်ကာ အိမ်နှစ်လုံး ဖျက်ဆီးခံရလျှက် လူနှစ်ဦးကို ဆင်နင်းသဖြင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတွင် အောက်ပိုင်းကျိုးကြေ ဒဏ်ရာရရှိခဲ့ကြောင်း (သတင်းဖော်ပြပြီး The Voice Daily, July 2, 2013) အဆိုပါရွာတွင် နေထိုင်သူများထံမှ သိရသည်။

ယခင် တောဆင်ရိုင်းများ ကျက်စားရာ ချောင်း၊ မြောင်းများ တည်ရှိခဲ့သည့် နေရာများတွင် တဘူးလဆည် တည်ဆောက်ခဲ့မှုကြောင့် တောဆင်ရိုင်းများ သွားလာရန် နေရာ နည်းလာခြင်းနှင့် အစာရေစာ ရှားပါးလာခြင်း၊ ယခင်ဆင်များ သွားလာနေထိုင်သည့် မြေလွတ်မြေရိုင်း များကို ကုမ္ပဏီများက လုပ်ကွက်များ ဖော်ထုတ်၍ ခြံလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း များကြောင့် တောဆင်ရိုင်း များသည် လူများနေထိုင်ရာ နေရာများသို့ ဝင်ရောက်လာကာ အသက်အန္တရာယ် ကိုပါ ထိခိုက်မှုများ ရှိလာကြောင်း တိုက်ကြီးမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြော ကြားသည်။

၂၀၁၁ ခုနှစ်တွင် ဥက္ကံမြို့တွင် တောဆင်ရိုင်း အနင်းခံရ၍ လူသုံးဦး သေဆုံးခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် သေဆုံးသူ လေးဦး၊ ယခု နှစ် ၂၀၁၃ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် သေဆုံးသူ တစ်ဦးရှိကြောင်း ဥက္ကံမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly

သံတွဲ ကျူးလွန်ခံရသူ မိန်းကလေးက ကျူးလွန်သူများသည် ၄င်းအား ရေနှစ်သတ်ပစ်ရန် ကြိုးစားခဲ့သေးကြောင်း

စစ်တွေ ၊ ၂၀၁၃-ခုနှစ် ဇူလိုင်လ (၅) ရက်
သံတွဲမြို့တွင် ပြီးခဲ့သည့် ဇွန်လ (၂၉) ရက်နေ့က ကုလားနှစ်ဦး၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည့် မစုစုလှိုင် (၁၅-နှစ်)က ၄င်းအား ကျူးလွန်သူများက ရေနှစ်သတ်ပစ်ရန်ကြိုးစားသည်ကို အတန်တန်တောင်းပန်သည့်အတွက် လွတ်လာခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ အရပ်ဘက် အဖွဲ့အစည်းများက မေးမြန်းမှတ်တမ်းတင်သည့် အခါ ထုတ်ဖော်ပြောဆိုခဲ့သည်။

မစုစုလှိုင်၏ ထိုထွက်ဆိုချက်အား စာဖြင့် အကျဉ်းချုပ်ရေးသားထားသည်ကို တောင်ကုတ်မြို့ လူမှုအဖွဲ့အစည်းများက Coral Arakan News အား အီးမေးလ်ဖြင့် ပေးပို့ရာ၊ Coral Arakan News က မစုစုလှိုင် နှင့် ၄င်း၏မိသားစုအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

အုပ်ထိန်းသူအပါအ၀င် မစုစုလှိုင်တို့မိသားစုအား ထိုထွက်ဆိုချက် အကျဉ်းချုပ်ကို ဖုန်းထဲမှ ဖတ်ပြပြီး၊ ဤအကြောင်းအရာများ မှန်ကန်မှုရှိမရှိ နှင့် ဤသည်ကို အွန်လိုင်းမှ publish လုပ်မည်ကို သဘောတူပါသလား ဟုမေးမြန်းရာ၊ မစုစုလှိုင် နှင့် အုပ်ထိန်းသူအပါအ၀င် ယင်း၏ မိသားစုက မှန်ကန်ကြောင်း နှင့် သဘောတူကြောင်း ပြန်ကြားသည့်အတွက် ထို ထွက်ဆိုချက် အကျဉ်းချုပ်ကို မူရင်းအတိုင်း ဘာမှပြင်ဆင်ခြင်းမပြုဘဲ Coral Arakan News က ဖော်ပြအပ်ပါသည်။

၂၀၁၃-ခုနှစ် ဇူလိုင်လ (၄) ရက်နေ့ မွန်းလွဲ သုံးနာရီဝန်းကျင်တွင် မစုစုလှိုင်အား ၄င်းတို့ မိသားစု၏ ဂူတာရပ်ကွက်နေအိမ်တွင် ရခိုင်လူမှုကွန်ရက် (တောင်ကုတ်) နှင့် Dawn Private Library အပါအ၀င် တောင်ကုတ် အရပ်ဘက် အဖွဲ့အစည်းများက မေးမြန်းမှတ်တမ်းတင်ကာ Coral Arakan News သို့ ပေးပို့ခြင်းဖြစ်ပါသည်။

သံတွဲမြို့၊ နံတော်တောင်ဘုရားဝတ္တကမြေပေါ်တွင် မုဒိန်းမှုကျူလွန်ခံရသူ မစုစုလှိုင်အား အရပ်ဖက်လူ့အဖွဲ့အစည်းများမှ မေးမြန်း၍ဖြစ်စဉ်အမှန်အား ပြောကြားချက်

၁။ မစုစုလှိုင်၊ ၁၅နှစ်၊ (ဘ)ဦးထွန်းကြည်၊ (မိ)ဒေါ်ထွားထွားရီ၊ ဆေးရုံကွက်သစ်(၅)လမ်း၊ ဂူတာရပ်ကွက်၊ အိမ်အမှတ်(၆၅၁)၊ တောင်ကုတ်မြို့နေသူကို မေးမြန်း၍ဖြစ်စဉ်အမှန်ကိုပြောပြသိရသည်မှာ-

၂။ လွန်ခဲ့သော ၂၉-၆-၂၀၁၃ ရက်နေ့နေ့ခင်း ၁၁နာရီကျော်ခန့်တွင် ဆပ်သွားရွာမှ (၁၁)နာရီ လိုင်းကားဖြင့်သံတွဲမြို့သို့ လိုက်လာပြီး တောင်ကုတ်မြို့သို့ သံတွဲမှတဆင့်လိုင်းကားဖြင့်လိုက်ရန်အတွက် သံတွဲမြို့သို့ညပိုင်း (၆)နာရီကျော်ခန့် တွင် ကားဂိတ်သို့ရောက်ပါသည်။ ကားဂိတ်တွင် တောင်ကုတ်သို့ပြန်ရန် လိုင်းကားမရှိသဖြင့် ဂိတ်ရှေ့ရှိဖုန်းဆိုင်သို့ သွားရောက်ပြီး ဖခင်ဖြစ်သူထံမှတ်ယူလာသော ဖုန်းနံပါတ်ဖြင့် ဆက်သွယ်ခဲ့ရာ မစုစုလှိုင်မှ၎င်း၏ဖခင်အားသံတွဲတွင် တည်းခိုရန်အတွက်အသိမိတ်ဆွေ ရှိသလားဟု မေးမြန်းခဲ့ကြောင်း၊ ဖခင်ဖြစ်သူမှ အသိမိတ်ဆွေမရှိကြောင်း ပြန်လည်ပြောကြောင်းသိရပြီး၊ ဖုန်းအဆက်အသွယ်ပြတ်သွားကြောင်း၊ ဆပ်သွားမှ အဒေါ်ဖြစ်သူဒေါ်မပုထံမှ ပေးလိုက်သည့် ငွေတစ်သောင်းကျပ်ပါရှိလာ၍ တောင်ကုတ်မြို့သို့ ဆိုင်ကယ်ကယ်ရီငှားပြီး ပြန်ရန်အတွက်ပြုလုပ်နေစဉ် လူငယ်နှစ်ဦးရောက်ရှိလာပြီး ၎င်းအားဘယ်ကိုသွားမလဲဟုမေးရာမစုစုလှိုင်မှ တောင်ကုတ်သို့ပြန်မည်ဟုပြောကြောင်း၊ ထိုအချိန်တွင်ဆိုင်ကယ်ဖြင့်လာသူ နှစ်ဦးမှမစုစုလှိုင်အား ဆိုင်ကယ်ပေါ်တင်ဆောင်ပြီး ခေါ်ဆောင်လာကြောင်း၊ လမ်းတွင်ကော်ဖီဆိုင်တစ်ဆိုင်ရှေ့နားတွင် ခဏရပ်ပြီး ကော်ဖီသောက်မလားဟုမေးသဖြင့် ဗိုက်ဆာ၍ ကော်ဖီတစ်ခွက်သောက်ခဲ့ရာ ကော်ဖီသောက်ပြီးနောက် ဦးခေါင်းမူးနောက်လာကြောင်း၊ ၎င်းတို့နှစ်ဦးလည်း ကော်ဖီသောက်ခဲ့ကြောင်းပြောပြသိရသည်။

၃။ ကော်ဖီသောက်ပြီး ဆိုင်ကယ်ဖြင့် (၃)ဦးစီးနင်းမောင်းနှင်လာခဲ့ရာ တောင်ကုန်းတစ်ခုနားအရောက်တွင် ဆိုင်ကိုရပ်လိုက်ပါသည်။ ၎င်းအနီးတွင် အုတ်တိုက်အဆောက်အဦများရှိနေပြီး ဘုရားနှင့်စေတီလည်းရှိကြောင်း၊ ဆိုင်ကယ်အားရပ်တန့်ပြီး အပေါ့အပါးသွားရန်ဟုဆိုကာ မစုစုလှိုင်အား လက်ဖျားကိုဆွဲလျက်လမ်းကြားထဲသို့ အတင်းဆွဲခေါ်ပြီး တစ်ဦးမှ လက်နှစ်ဖက်ကိုချုပ်ကာပါးစပ်ကိုပိတ်ထားကြောင်း၊ ကျန်တစ်ဦးက အတင်းအဓ္ဓမသားမယားအဖြစ်ပြုကျင့်ကြောင်း၊ ပါးစပ်ပိတ်ထားသူနောက်တစ်ယောက်ကလည်း သားမယားအဖြစ်ပြုကျင့်ကြောင်း၊ ခဏအကြာဆိုင်ကယ်ဖြင့်ပြန်လည်တင်ခေါ်လာပြီး နေအိမ်တစ်အိမ်ရှေ့နားတွင် ဆိုင်ကယ်အား ရပ်ထားခဲ့ကာ လယ်ကွင်းဗွက်တောထဲမှလမ်းလျောက်ပြီး လယ်တဲတစ်ခုသို့ခေါ်ဆောင်လာပါသည်။ တဲသို့အရောက် ၎င်းတို့နှစ်ဦးမှ ဖြစ်ပျက်သည့်အကြောင်းကို မည်သူ့ကိုမှမပြောရန် ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပါသည်။ ၎င်းတဲတွင်ပင် အတင်းအဓမ္မသားမယားအဖြစ် တစ်ယောက်တစ်ကြိမ်စီပြုကျင့်ပါသည်။ တစ်ညလုံး ကြောက်လန့်ကာအိပ်မရဘဲ ထိုင်လျက်နေခဲ့ရာ အကူအညီတောင်းခံရန်အတွက်အနီးတွင်လည်း လူရိပ်လူခြေများမတွေ့ရှိ၍ ကူညီတောင်းခံနိုင်ခြင်းမရှိခဲ့ပါ။ နံနက်မိုးလင်းသည့်အခါ တဲအနီးရှိရေကန်ကြီးတစ်ကန် ရှိရာသို့ နှစ်ဦးအနက်မှ ပုပုလုံးလုံးနှင့်လူက ဆွဲခေါ်လာပြီးရေကန်ထဲသို့အတင်းဆွဲချကြောင်း၊ အရပ်မမှီလောက်သည့် နေရာထိဆွဲခေါ်ပြီး ရေထဲတွင်နှစ်ကြိမ်ရေနှစ်သတ်ကြောင်း၊ ထပ်မံပြီးသတ်ရန်ပြုလုပ်စဉ်စုစုလှိုင်မှ ငိုယိုတောင်းပန်၍ ရေကန်ထဲမှဆွဲခေါ်ပြီး ကုန်းပေါ်သို့ ပြန်ခေါ်လာခဲ့ကြောင်း၊ ညပိုင်းတွင်အတင်းအဓမ္မပြုကျင့်ခဲ့သည့် လယ်တဲသို့အရောက်ရေကန်ထဲသို့ ဆင်းသူမှာအ၀တ်တစ်စုံလဲပြီး စုစုလှိုင်မှာရေစိုအ၀တ်အစားဖြင့် ရှိနေခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးမှ မြို့ထဲသို့သွားရန်ခေါ်ဆောင်လာစဉ်လမ်းတွင် မည်သူ့ကိုမှမပြောရန် တာဝန်ရှိသူများအားမတိုင်ရန် ပြောပြီး တိုင်ကြားကသတ်ပစ်မည်ဟုအကြိမ်ကြိမ်ခြိမ်းခြောက်သဖြင့် လမ်းတွင်ရှိခိုးတောင်းပန်ခဲ့ကြောင်း၊ မြို့အ၀င်နားအရောက်တွင်တစ်ဦးကျန်နေခဲ့ပြီး ရေနစ်သတ်သူမှ ဆိုင်ကယ်ဖြင့်ကားဂိတ်သို့ လိုက်ပို့ခဲ့ရာ ကားဂိတ်ကိုကျော်ပြီး တောင်ကုတ်မြို့ဖက်သို့သွားသည့် လမ်းမြို့အထွက်ခပ်လှမ်းလှမ်းအရောက်တစ်ခုခုစားပြီးမှ ပိုပေးမည်ဟု ပြောကာဆိုင်ကယ်အားဖြည်းဖြည်းချင်းလှည့်စဉ် ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းကျန်ခဲ့ပါသည်။

၎။ ၄င်းမှာမစုစုလှိုင်လမ်းလျှောက်သည့် နောက်သို့ဖြည်းဖြည်းချင်းဆိုင်ကယ်ဖြင့်လိုက်လာပါသည်။ အုတ်ခုံတစ်ခုနားအရောက်တွင် ဗိုက်အောင့်သဖြင့်ထိုင်နေစဉ်အထုတ်ကိုပြန်ပေးပါသည်။ ဆိုင်ကယ်ဖြင့် လိုက်ပို့သူမှာ သံတွဲဖက်သို့ ပြန်မောင်းသွားပြီးမကြာခင်သားမယားအဖြစ်ပြုကျင့်ခဲ့သူ နောက်တစ်ဦးနှင့်အတူ ဆိုင်ကယ်ဖြင့်ပြန်လာပါသည်။ ညောင်ပင်တစ်ပင်အောက်နားအရောက်တွင်ရပ်နားနေစဉ် ဆိုင်ကယ်ပြန်လှည့်လာသူမုဒိန်းကျင့်သူနှစ်ဦးမှာ ၎င်းထားခဲ့သည့်နေရာတွင်မနေဘဲ လျှောက်သွားနေ၍၎င်းတို့ဆိုင်ကယ်နှင့် ပြန်လိုက်ခဲ့ရန်အတင်းခေါ်ရာစုစုလှိုင်မှ ပြန်မလိုက်လိုကြောင်း မိမိဘာသာမိမိပြန်မည်ဟုပြောစဉ် အတင်းဆွဲခေါ်သဖြင့်ရုန်းကန်ပြီး ရှောင်ထွက်စဉ်လမ်းသွားလမ်းလာသူများ ကြည့်ရှု၍ ၎င်းတို့နှစ်ဦးမှာအတင်းဆွဲမခေါ်ရဲဘဲ ဆိုင်ကယ်ဖြင့်ထွက်သွားကြကြောင်း၊ ထိုအချိန်လူငယ်တစ်ဦးရောက်လာပြီး ဘာဖြစ်ကြသလဲဟုမေးရာ စုစုလှိုင်မှကြောက်ရွံ့နေ၍ဘာမှ မဖြစ်ဘူးဟု ပြောခဲ့သော်လည်း ဆွဲလားရမ်းလား လုပ်နေသည်ကိုမြင်တွေ့သဖြင့် ဆိုင်ကယ်ဖြင့်ထွက်သွားသူနှစ်ဦးမှာမူဆလင် ကုလားများဖြစ်ကြောင်း၊ စုစုလှိုင်မှကုလားဖြစ်သည်ကိုမသိကြောင်း ပြန်ပြောခဲ့ရာနောက်ထမ်လူအုပ်စုတစ်စု ရောက်ရှိလာကြပြီး ရဲစခန်းသို့ခေါ်ယူစစ်ဆေးရန်ပြောသဖြင့် ရဲစခန်းသို့ခေါ်ဆောင်၍ လိုက်ပါလာခဲ့ကြောင်း၊ ရဲစခန်းသို့ရောက်ရှိသည့်အခါမှ ၎င်းအားမေးမြန်းသူမှာ ရဲတစ်ဦးဖြစ်ကြောင်း၊ သိရှိရပြီး ရဲစခန်းသို့လာရောက်စဉ် ဆိုင်ကယ်နောက်မှ ဆိုင်ကယ်များဖြင့် လူအုပ်စုများလိုက်ပါလာခဲ့ကြသည်ကိုတွေ့ခဲ့ကြောင်း၊ ပြောပြသိရသည်။

၅။ ရဲစခန်းသို့ရောက်ရှိပြီး တာဝန်ရှိသူများကစစ်ဆေးခဲ့ရာ စုစုလှိုင်အနေဖြင့်တစ်ညလုံး ကြောက်လန့်ပြီး အသက်အန္တရာယ်ကိုပြုမည်ကိုစိုးရိမ်၍ မအိပ်ပဲနေခဲ့ကြောင်း၊ နောက်နေ့တွင်လည်း တာဝန်ရှိသူများမှစိစစ်ပြီး လိုအပ်ချက်များကိုအသေးစိတ်စစ်ဆေးမှုခံယူနေရ၍ ကျန်းမာရေးအရ ချွတ်ယွင်းပြီးကြောက်လန့်အရှက်သိက္ခာကို ထိမ်းသိမ်းနေရခြင်းကြောင့် အမှန်အတိုင်းကိုပြောပြထွက်ဆိုနိုင်ခြင်းမရှိခဲ့သော်လည်း လူမှုအဖွဲ့အစည်းများက လိုအပ်သည်များကို ကူညီပံ့ပိုးပြီးစောင့်ရှောက်မှုပေးကာမိသားစုရင်းချာလို မေးမြန်းသည့်အခါမှအဖြစ်မှန်ကို သိရှိရပြီး စုစုလှိုင်အားစိတ်မမှန်သူဟု စွပ်စွဲပုတ်ခတ်ပြောဆိုသတင်းလွင့်ခြင်း၊ စာနယ်ဇင်းများမှရေးသားခြင်းများမှာ အမှန်တရားမဟုတ်ဘဲ ရိုးသားသည့် တိုင်းရင်းသူဆင်းရဲနွမ်းပါးသော်လည်း မိမိလူမျိုးသိက္ခာကိုစောင့်ထိန်းသည့် အားနွဲ့သောအမျိုးသမီးငယ်တစ်ဦးအား ရက်စက်စွာမုဒိန်းပြုကျင့်သေကြောင်းကြံသည့် ရက်စက်တတ်သည့် သိက္ခာမဲ့သူများအား ထိရောက်သည့်ပြစ်မှုပြစ်ဒဏ်ရရှိနိုင်ရေး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးနိုင်ပါရန် အများပြည်သူသိရှိအောင် တင်ပြရခြင်းဖြစ်ပါသည်။
အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ တောင်ကုတ်မြို့။
Coral Arakan News

ကမ္ဘာ့ရှားပါး ရောဂါဖြစ်သည့် ၀မ်းခေါင်းတွင်း နှလုံးသွေးကြောမကြီး ဖောင်းပွသည့်ရောဂါ ဖြစ်နေသည့် တစ်နှစ်သုံးလသားအရွယ် ကလေးငယ်အား အောင်မြင်စွာခွဲစိတ်

ခွဲစိတ်ကုသမှု ခံယူထားသည့် မောင်မိုးမြင့်မြတ်သော်အား ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
Saturday, 06 July 2013
ကလေးငယ်များတွင် တွေ့ရခဲပြီး ကမ္ဘာ့ရှားပါး ရောဂါတစ်မျိုးဖြစ်သည့် ၀မ်းခေါင်းတွင်း နှလုံးသွေးကြောမကြီး ဖောင်းပွသည့် ရောဂါ (Abdomonal aortic aneurysm, AAA) ဖြစ်နေသည့် အသက်တစ်နှစ်သုံးလသား အရွယ်ကလေးငယ်အား ရန်ကင်းကလေး ဆေးရုံကြီးတွင် အောင်မြင်စွာ ခွဲစိတ်ကုသ နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်ကို မန္တလေး ကလေးဆေးရုံကြီးမှ ရန်ကင်း ကလေးဆေးရုံကြီးသို့ ဇွန် ၂၂ ရက်က ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဇွန် ၂၅ ရက်က ရန်ကင်းကလေးဆေးရုံကြီး၊ ကလေးနှလုံး ခွဲစိတ်ကု ဆရာဝန်ကြီးများမှပင် ခွဲစိတ်ကုသပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ဒီကလေးမှာ တွေ့ရတဲ့ရောဂါက မြန်မာတင်မကဘူး ကမ္ဘာပေါ်မှာပါ အင်မတန်မှ ရှားပါးပါတယ်။ report တွေအရ ကြည့်ရင် ၁၉၇၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ကမ္ဘာမှာ ဒီလိုရောဂါ ဖြစ်ခဲ့တဲ့သူ ဦးရေ ၄၇ ဦးပဲ ရှိခဲ့ပါတယ်။ ကလေးငယ်ကို ခွဲစိတ်ဖို့ စစ်ဆေး ကြည့်တဲ့အခါ ၀မ်းဗိုက်ထဲမှာ ရှိနေတဲ့ သွေးကြောလုံး အရွယ်အစားက 6.6cm_8.7cm လောက်ရှိပါတယ်။ ဒီလိုဖြစ်နေတဲ့ သွေးကြောလုံးကို မခွဲစိတ်ရင် အချိန်မရွေး ပေါက်ကွဲနိုင်ပြီး ကလေးအတွက် အသက်အန္တရာယ် အများကြီး ရှိပါတယ်'' ဟု ရန်ကင်းကလေး ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ပြောပြခဲ့သည်။

ခွဲစိတ်ကုသမှုကို ရန်ကင်းကလေး ဆေးရုံကြီးမှ နှလုံးခွဲစိတ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဝင်းဝင်းကျော် ဦးဆောင်သည့် ဆေးပညာရှင် အဖွဲ့မှ လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိကလေးငယ်၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ရန်ကင်း ကလေးဆေးရုံကြီး၊ နှလုံးခွဲစိတ် ကြပ်မတ်ကုသဆောင်တွင် ထားရှိကြောင်းနှင့် ကလေးငယ်မှာ မောင်မိုးမြင့်မြတ်သော်ဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး ရှမ်းတိုက်ရွာမှ ဖြစ်ကြောင်း သိရသည်။

နှလုံးခွဲစိတ်မှု လုပ်ငန်းများသည် ငွေကြေး မြောက်မြားစွာ ကုန်ကျပြီး ယခု ခွဲစိတ်မှုအတွက် ကုန်ကျစရိတ်များကို နိုင်ငံတော်နှင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ ပံ့ပိုးပေးခြင်း ဖြစ်ကြောင်း သိရသည်။
Eleven Media Group

လယ်ခွန်ပြေစာ လက်ဝယ်ရှိလျှင် ကျေးရွာအဆင့်တွင် လယ်ပြန်ရနိုင်

ရန်ကုန်၊ ဇူလိုင် ၎
တပ်မတော်အစိုးရ လက်ထက်တွင် စီမံကိန်းများ ဖော်ဆောင်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် သိမ်းဆည်းထားသော လယ်ယာမြေများကို ပြန်လည်ပေးအပ်သည့် လုပ်ငန်းစဉ်တွင် လယ်သမားများ လက်ဝယ်တွင် လယ်ခွန်ပြေစာများ ခိုင်ခိုင်မာမာ ရှိနေလျှင် ကျေးရွာအဆင့်မြေယာ ကော်မတီမှာတင် လယ်ပြန်ရနိုင်ကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက The Voice သို့ ပြောကြားသည်။

တပ်မတော်က လယ်သမားများထံသို့ လယ်ယာမြေပြန်ပေးရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရသို့ ချထားပေးပြီးနောက် ယင်းမှတစ်ဆင့် ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းအဆင့် မြေယာကော်မတီ များက လယ်ယာမြေ ပြန်လည် ခွဲဝေပေးရမည် ဖြစ်သည်။
"လယ်သမားတွေ ကိုလည်း ထွန်တုံး တိုက်ပွဲမှာတင် အာရုံမစိုက်ဘဲ လယ်ခွန် ပြေစာလေးတွေ ရှာဖို့ ပြောချင်ပါတယ်။ ရှင်းရှင်းပြောရရင် ချက်ကျလက်ကျ ပြောတတ်တဲ့ လယ်သမားကတော့ ကျေးရွာ အဆင့် မြေယာကော်မတီ မှာတင် လယ်ပြန်ရမှာပဲ"ဟု ၄င်းကဆိုသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းရေး စုံစမ်းမှုကော်မရှင်သည် နိုင်ငံတစ်ဝန်းတွင် သိမ်းဆည်းထားသည့် လယ်ယာမြေများနှင့် ပတ်သက်သည့် အငြင်းပွားမှုများကို ဖြေရှင်းပေးရန်သာ ဖြစ်သောကြောင့် ပြန်လည်ရရှိလာသည့် လယ်ယာမြေများကို ခွဲဝေရာတွင် ပါဝင် ဆောင်ရွက်ခြင်း ပြုမည်မဟုတ်ဟု ၄င်းက ရှင်းပြသည်။

"လယ်ယာမြေ ပြန်ပေးတဲ့နေရာမှာ ကော်မရှင်မပါဘူး ဆိုတာကတော့ သူတို့ရဲ့ လုပ်ပိုင်ခွင့် အရပေါ့လေ။ ပြန်ပေးမယ် ဆိုလည်း လယ်သမားကတော့ မြန်မြန် ပြန်ရချင်တယ်" ဟု ရွှေပြည်သာမြို့နယ် လှော်ကားကျေးရွာမှ မြေသိမ်းခံ လယ်သမား ဦးကျော်ငြိမ်း က ပြောကြားသည်။

လယ်ယာမြေ ပြန်လည်ခွဲဝေရေးတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ပါက ကျေးရွာ မြေယာကော်မတီမှ အဆင့်ဆင့်တက်၍ တိုင်းအဆင့် မြေယာကော်မတီတွင် အပြီးသတ် ဆုံးဖြတ်မည် ဖြစ်ပြီး လယ်ယာမြေ
ပြန်လည်ရရှိရေး အတွက် ကျေးရွာမြေယာ ကော်မတီများတွင် လျှောက်လွှာတင်ရမည် ဖြစ်ရာ တစ်လအတွင်း ကန့်ကွက်သူ မရှိက လယ်မြေ ပြန်ရမည်ဖြစ်ကြောင်း လယ်ယာမြေ နှင့် အခြားမြေများ အငြင်းပွားမှု စုံစမ်း စစ်ဆေးရေး ကော်မရှင်ထံမှ သိရသည်။

နိုင်ငံတစ်ဝန်း လယ်ယာမြေသိမ်းဆည်းမှု များတွင် တပ်မတော်က သိမ်းဆည်းထားသော လယ်ယာမြေဧက နှစ်သိန်းကျော်ရှိပြီး သိမ်းဆည်လယ်မြေ ပမာဏ အများဆုံးဖြစ်ရာ စီမံကိန်း မလုပ်ဖြစ်သော လယ်ယာမြေများကို ဇူလိုင်လအတွင်း ပြန်လည် ပေးအပ်မည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဇွန်လ ၂၆ ရက်နေ့တွင် အမျိုးသား လွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်ထံ ကတိပြုထားသည်။
The Voice Weekly

သို့ ...... နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများ

သို့    

နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများ
ပဲခူးတိုင်းဒေသကြီး၊ တိုင်းသံဃာ့နာယက ဆရာတော်ကြီးများ
ဒကာကြီး        - သာသနာရေးဝန်ကြီး
ဒကာမကြီး       - ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်

နေ့ ရက်။         ။ ၄-၇-၂၀၁၃။
ဘုန်းဘုန်း၏ ဘွဲ့ အမည်မှာ ဦးကောဝိဒဖြစ်ပြီး သက်တော် (၈၂)နှစ် လက်မောင်းတဖက်ကျိုး ရဟန်း တော်ကြီး တပါးဖြစ်ပါသည်။ ဘုန်းဘုန်းကို အဆင့်အဖြင့်ဆုံး နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ မှ (၅) ကြိမ် တိတိ ကျောင်းပြန်ထိုင်ခွင့်ပြုပြီး ဖြစ်ပါသည်။ အမှုအခင်းမှာလည်း (၄)နှစ်ပြည့်တော့မည်ဖြစ်ပါသည်။

(၁) နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ သို့  (၂၉-၁-၂၀၁၃)
(၂) သာသနာရေးဝန်ကြီးသို့  (၂၇-၆-၂၀၁၁)
(၃) ဒေါ်အောင်ဆန်းစုကြည်သို့  (၁၅-၁-၂၀၁၃) ရက်နေ့ တွင် မိမိတည်ထောင်ခဲ့သော ကျောင်း တွင်ပြန်ထိုင်ခွင့် ရအောင် ကူညီဆောင်ရွက်ပေးရန် တင်ပြထားပြီးဖြစ်ပါသည်။

ကျောင်းပြန်ထိုင်ခွင့် မရရှိခြင်းမှာ ကြို့ ပင်ကောက်မြို့ နယ် သံဃာ့နာယက ဥက္ကဌဆရာတော်မှ အကောင် အထည်ဖေါ်ဆောင်ရွက် မပေးခြင်းကြောင့်ဖြစ်ပါသည်။ သံဃာအဖွဲ့ အစည်းအဆင့်ဆင့်၏ ဆုံးဖြတ်ချက်များကို လုံးဝအလေးမထား ဂရုမစိုက်ဖြစ်နေပါသည်။ အဆင့်အမြင့်ဆုံးနိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ မှ သံ/စည်း လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ရန် (၂)ကြိမ်တိတိ ဆုံးဖြတ်ညွှန်ကြား ထားပြီးဖြစ်ပါသည်။

ဆရာတော်များ ကူညီတော်မူပါဘုရား
ဘုရားတပည့်တော်
ဦးကောဝိဒ (ငွေဘုံသာကျောင်းတိုက်)
သံဖြူကျောင်းရွာ၊ ကြို့ ပင်ကောက်မြို့ နယ်၊ ပဲခူးတိုင်း။

လားရှိုးမြို့ နန်းဟေဝန်ဥယျာဉ်တွင် အမျိုးသမီးတစ်ဦး၏ အလောင်းတွေ့ရှိ

လားရှိုး ၊ ဇူလိုင် ၎
ရှမ်းပြည်နယ် လားရှိးမြို့တွင် အလုပ် ရှာမည်ဟု နေအိမ်ကထွက်သွားသော အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို သုံးရက်အကြာတွင် မြို့လယ် နန်းဟေဝန်ဥယျာဉ်တွင် ထိုးသွင်းဒဏ်ရာ များဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ ကြောင်း လားရှိုးမြို့ မြို့မ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူမှာ လားရှိုးမြို့၊ ရပ်ကွက် (၁၀)၊ နယ်မြေ(၈) သစ္စာလမ်းနေ မမိုးဆွေဦးဖြစ်ပြီး ဇူလိုင် ၂ ရက်နေ့က အလုပ်ရှာမည် ဟုဆိုကာ နေအိမ်က ထွက်ခွာသွားခဲ့ရာမှ ပြန်မရောက်လာ သဖြင့် လိုက်လံရှာဖွေ စုံစမ်းနေခဲ့ကြောင်း၊ ရှာမတွေ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရုံးတွင် တိုင်ကြားထားသည်ဟု သေဆုံးသူ၏ ဖခင် ဖြစ်သူ ဦးချစ်ဆွေက ထွက်ဆိုကြောင်း လားရှိုးခရိုင်ရဲတပ်ဖွဲ့စခန်း ခရိုင်အထူးမှုခင်း နှိမ်နှင်းရေးအဖွဲ့မှ သိရှိရသည်။

မမိုးဆွေဦးတွင် လည်ပင်းယာဘက်၌ ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲယာရင်အုံ တို့တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ကျောတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေခြင်းဖြစ်ပြီး နေအိမ်က ထွက်သွား စဉ် ဝတ်ဆင်ထားသည့် ဆွဲကြိုးနှင့် လက်စွပ် မှာ ပျောက်ဆုံးခြင်းမရှိကြောင်း၊ ဆေးစစ် ချက်များအရ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ထားခြင်း မရှိကြောင်း အဆိုပါအဖွဲ့မှ အရာရှိ တစ်ဦးက ရှင်းပြသည်။

နန်းဟေဝန်ဥယျာဉ်မှာ လားရှိုးမြို့၏ မြို့လယ်တွင် တည်ရှိသည့်အပြင် မြို့မ ရဲတပ်ဖွဲ့စခန်း နှင့်လည်း နီးကပ်စွာ တည်ရှိ သည်။

ယင်းအမှုကို မြို့မရဲစခန်းက (ပ) ၃၃၈/၁၃ ပြစ်မှုပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး ပြစ်မှုကျူးလွန်သူကို ရှာဖွေနေကြောင်း မြို့မရဲတပ်ဖွဲ့စခန်း ထံမှ သိရှိရသည်။
The Voice

ကျောင်းဆရာမနှင့် ကျောင်းသူ တစ်ဦးအား တိုက်ခိုက် လုယက်မူနှင့် ပတ်သက်၍ သင်္ကာမကင်းသူ သားဖ နှစ်ဦးကို ကျောက်တော်တွင် ရဲက ဖမ်းဆီး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ယမန်နေ့ (ဇူလိုင်လ ၃ ရက်) နေ့က ကျောင်းဆရာမ တစ်ဦးနှင့် မူလတန်းကျောင်းသူ တစ်ဦးအား တိုက်ခိုက် လုယက်မူ တစ်ခု ဖြစ်ပွားခဲ့ရာ ယခုအခါ ၎င်း မူခင်းနှင့် ပတ်သက်ပြီး သင်္ကာမကင်းသူ သားဖနှစ်ဦးကို ရဲက ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူ (၂) ဦးမှာ အခင်း ဖြစ်ပွားရာ ကျောက်တော်မြို့နယ် ပီချောင်းဝရှိ မြင်းဂန်းကျေးရွာနှင့် တစ်ဘက်ကမ်းရှိ ပီစိရွာမှ ဖြစ်ကြောင်း ကျောက်တော်မြို့နယ် ရဲမြို့နယ်မှူး ရဲမှူး တင်မောင်က အတည်ပြု ပြောကြားသည်။

“ ပြစ်မူကို စုံစမ်းဖေါ်ထုတ်နေတုန်း ဖြစ်ပါတယ်။ အခု ပီစိ မူဆလင်ရွာက သားဖ နှစ်ဦးဖြစ်တဲ့ စန်းမောင်နဲ့ မာမောက်ချေတို့ သားအဖကို ဖမ်းထားပါတယ်။ အခု သင်္ကာမကင်းတဲ့ အတွက် ဖမ်းဆီးထားတာ ဖြစ်တဲ့ အတွက် ပြစ်မူ ကျူးလွန်တယ်လို့တော့ မှတ်ယူလို့ မရဘူး။ အခု စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် အခု ဖမ်းဆီးခံထားရတဲ့ သူနှစ်ဦးနဲ့ ပတ်သက်ပြီး ဒီထက် ပိုမပြောလို့ မရပါဘူး” ဟု ဆိုသည်။

ယခုအခါ အဆိုပါ အမူနှင့် ပတ်သက်ပြီ ကျောက်တော်အမူမှတ် (ပ) ၈၀ / ၂၀၁၃ ပြစ်မူ ပုဒ်မ (၃၈၂) နဲ့ အမူဖွင့်ထားကြောင်း ရဲမှူးက ဆက်လက် ပြောဆိုသည်။

အခင်းဖြစ်ပွားစဉ်နှင့် ပတ်သက်ပြီး သူက ယခုလို ပြောသည်။

“ ဖြစ်တာ ၂၀၁၃ ဇူလို်င်လ ၃ ရက်နေ့ ညနေ ၈ နာရီခွဲခန့် အချိန်၊ ကျောက်တော်မြို့နယ် နဂါရာ အုပ်စု မြင်းဂန်းရွာမှာ စပါးတောင်းနဲ့ စာပြနေတဲ့ ဆရာမ မဆန်းဆန်းနွယ် (၂၀) နှစ် ဖ ဦးသိန်းမောင်နဲ့ လေးတန်းကျောင်းသူ မသန်းနွယ် (ဖ) ဦးကျော်သိန်းဦးတို့နှစ်ဦးဟာ စာပြပြီး တဲ့နောက် အဲဒီကလးမလေးကို အိမ်ပြန်လိုက် အပို့မှာ မသန်းနွယ်က နောက်ဖေး သွားချင်လို့ မသန်းနွယ် အိမ်နောက်ဖေး ကိုက် ၃၀ အကွာကို လိုက်ပို့တယ်။ အဲဒီက အပြန်မှာ လူနှစ်ဦးက တစ်ယောက်စီ ဖမ်းချုပ်ပြီး ချောင်းနားကို ခေါ်သွားတယ်။ နားကပ်တွေကို ဖြုတ်ပြီး ယူသွားပါတယ်။ ဖြစ်စဉ်က ဒါပါဘဲ” ဟု ပြောသည်။

အဆိုပါ အခင်း ဖြစ်ပွားပြီးနောက် အဆိုပါ အမျိုးသမီး နှစ်ဦးအား ရိုက်ပုတ်ပြီး ရေထဲသို့ ပစ်ချထားခဲ့သည်။ ကျေးရွာသားများက အသံကြားသဖြင့် နောက်ပိုင်းတွင် လိုက်လံ ရှာဖွေရာ ရေကမ်းစပ်မှ တွေ့ရှိပြီး သူမတို့နှစ်ဦးအား ကယ်တင်ကာ ကျောက်တော် ဆေးရုံသို့ ချက်ချင်း တင်ပို့ခဲ့ရသည်ဟု သိရသည်။

ယခုအခါ သူမတို့နှစ်ဦးစလုံး ကျောက်တော် ဆေးရုံတွင် တက်ရောက် ဆေးကုသနေရသည်ဟု ရဲမှူးက အတည်ပြု ပြောကြားသည်။
နိရဉ္စရာသတင်းဌာန

အချုပ်ခန်းအတွင်း ချောင်းဆိုးပျောက်ဆေးသွင်းသူ အမျိုးသမီးကို ထောင် တစ်လချ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်တရားရုံးတွင် ဇူလိုင် ၃ ရက်နေ့ ၃ နာရီ ၂၀ မိနစ်က အချုပ်တရားခံ တစ်ဦးအား ခွင့်ပြုချက်မရဘဲ ချောင်းဆိုးပျောက်ဆေးများ ပေးသွင်းသူ အမျိုးသမီးကို ဇူလိုင်လ ၄ ရက်နေ့ နေ့လယ်ပိုင်းက ထောင်ဒဏ် တစ်လချမှတ်ခဲ့ကြောင်း မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
...
လှိုင်သာယာမြို့နယ် ဒိုင်စုကျေးရွာ ပိတောက်ရွှေဝါလမ်းနေ ကိုညီညီထွန်း (၂၇ နှစ်) ကို လှိုင်သာယာမြို့နယ် တရားရုံး ဒုတိယ မြို့နယ်တရားသူကြီး(၂) ရုံးခန်းတွင် ပြစ်မှုကြီးအမှတ်၂၃၅၄/၁၂၊ ပြစ်မှုပုဒ်မ- ၃၇၉ ဖြင့် ရုံးထုတ်စစ်ဆေးပြီး တရားရုံးအချုပ်ခန်းသို့ ပြန်ပို့စဉ် လှိုင်သာယာမြို့နယ် (၅) ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်အိအိထွန်း(၃၅ နှစ်) က တာဝန်ရှိသူများ၏ ခွင့်ပြုချက်မရဘဲ သခွားမွှေး ချောင်းဆိုးပျောက်ဆေး (Dextromentro Phen) ၄၅ လုံးခန့် လျှို့ဝှက်ပေးသွင်းခြင်းကို စစ်ဆေး တွေ့ရှိသဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

"ရုံးမှာစစ်ဆေးပြီးလို့ အချုပ်ခန်းကို ခေါ်လာတုန်း လမ်းမှာစကားပြောရင်း လက်ထဲ ထည့်ပေးလိုက်တာ၊ ဘာတွေလဲ မေးလို့ ခုလို စစ်ဆေးတွေ့ရှိရတာပါ။ သူရဲ့ အမျိုးသားက အချုပ်ခန်း ထဲမှာပါ။ ဒီဆေးကို လူကြုံ ထည့်ပေးလိုက်တာ ဖြစ်နိုင်တယ်" ဟု တာဝန်ကျ ရဲအရာရှိက ရှင်းပြသည်။

တားမြစ်ပစ္စည်းများ လျှို့ဝှက် ပေးသွင်းသူ ဒေါ်အိအိထွန်းကို ရဲအရေးမပိုင်မှု အမှတ်စဉ် ၄/ ၁၃၊ အကျဉ်းထောင်အက် ဥပဒေပုဒ်မ-၄၂ဖြင့် အမှုဖွင့်ခဲ့ပြီး ဇူလိုင်လ ၄ ရက်နေ့တွင် ထောင်ဒဏ်တစ်လ အမိန့်ချမှတ် ခဲ့ကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းမှ စုံစမ်းသိရှိရသည်။

"ဒီ Dextromentro Phen ချောင်းဆိုးပျောက်ဆေး အများကြီး သောက်မယ်ဆိုရင် ဆေးအာနိသင်က ဘိန်းမည်း ဒါမဟုတ် အိပ်ဆေးနဲ့ အာနိသင် တူတယ်။ ဦးနှောက်မှာ ရှိနေတဲ့ အသက်ရှူတဲ့ နေရာနဲ့ နှလုံးခုန်တဲ့ နေရာကို တာဝန်ယူတဲ့ ဧရိယာတွေကို ပိတ်လိုက်တာကြောင့် သတိ မေ့မြောနိုင်ပြီး အသက်ရှူ ရပ်နိုင်တယ်။ နှလုံးရပ်လို့ သေနိုင်ပါတယ်" ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ဆေးအာနိသင် ကို ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် တရားရုံးတွင် ဇွန်လ၂၀ ရက်က အချုပ်ခန်းအတွင်းမှ တရားခံကို အရက်နှင့် ကော်ဖီ ရောနှောထားသည့် ရေသန့်ဘူး ပေးပို့သူကို ရဲအရေးမပိုင်မှု အမှတ်စဉ် ၇၉/၁၃၊ အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ အရ ထောင်ဒဏ်တစ်လ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သန်လျင်မြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

ငွေကြေးများဖေါသီစွာ သုံးစွဲနေသူ ဆေးသုတ်သမားအား မသင်္ကာစစ်ဆေးရာမှ သိန်းနှစ်ရာကျော်ခိုး မှုပေါ်ပေါက်

ရန်ကုန်၊ ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် ခိုးမှုများနှင့်ပတ်သက်၍ သတင်းစုံစမ်းခဲ့ရာ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက် နေချစ်ဦး၊ ၂၆ နှစ်၊ (ဘ)ဦးမောင်ချစ် သည်တစ်နေ့လျင် ငွေကျပ် ၃၀၀၀ခန့်ရရှိသော ဆေးသုတ် သည့်ကျပန်းအလုပ်ကိုလုပ်ကိုင်နေရာမှ ဆက်လက် လုပ်ကိုင်ခြင်းမရှိတော့ဘဲ စားသောက်ဆိုင်များတွင် အမေရိကန်ဒေါ်လာများအား ကိုင်ဆောင်သုံးစွဲခြင်း၊ လက်ကိုင်ဖုန်းများဝယ်ယူခြင်းစသည့် ငွေကြေးများ ဖောသီစွာသုံးစွဲလျက်ရှိကြောင်း သတင်းရရှိ မသင်္ကာသဖြင့် စောင့်ကြည့်စုံစမ်းလျက်ရှိစဉ် ကော့ကရိတ် မြို့သို့ တိမ်းရှောင်သွားကြောင်းသတင်းအရ လိုက်လံဖမ်းဆီးခဲ့ရာ၂၁.၆.၂၀၁၃ရက်နေ့တွင်ကော့ကရိတ်မြို့၊ (၆)ရပ်ကွက်ရှိ ရတနာပုံစားသောက် ဆိုင်တွင်ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအား စစ်ဆေးရာ၂၀၁၃ခုနှစ် ဧပြီလအတွင်း၌ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ တက္ကသိုလ်ရိပ်မွန်အိမ်ယာတွင် ဆေးသုတ်သည့်အလုပ်အား လုပ်ကိုင်နေစဉ်အတွင်းက ထမင်းစား နားချိန်များတွင် အပေါ်ထပ်ရှိတိုက်ခန်းများသို့ တက်ရောက် လေ့လာနေခဲ့ရာမှ အခန်းတစ်ခန်းတွင်လူနေထိုင်ခြင်းမရှိကြောင်း သိရသောကြောင့် ၂၀၁၃ ခုနှစ် မေလအတွင်း နေ့လည်ပိုင်းတွင် အဆိုပါအခန်းသို့ နောက်ဘက်အရေးပေါ်လှေခါးမှ တက်ရောက်ကာ ရေချိုးခန်းပြူတင်းပေါက်သံပန်း တွင်တပ်ဆင်ထားသောမူလီများအား ၀က်အူလှည့်ဖြင့်ဖြုတ်၍ ၀င်ရောက်ခဲ့ကြောင်း၊ အိပ်ခန်းအတွင်းရှိ LEECO အမျိုးအစား မီးခံသေတ္တာအား ၎င်း၏နေအိမ်သို့ခိုးယူသယ်ဆောင်သွားပြီး သံဖြတ်လွှဖြင့် တိုက်ဖြတ်ကာ မီးခံသေတ္တာအတွင်းရှိ မြန်မာငွေ၊ အမေရိကန်ဒေါ်လာနှင့် ရွှေထည်ပစ္စည်းမျိုးစုံ၊ စုစုပေါင်းတန်ဘိုး ကျပ်(၂၀၅၂၅၀၀၀)ခန့်အား ခိုးယူခဲ့ကြောင်းပေါ်ပေါက်ပြီး သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရမိသဖြင့် ဗဟန်းမြို့မရဲစခန်း(ပ)၂၄၉/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ ဖြင့်အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
ရဲဇာနည်

အီးယူအခွန် အထူးသက်သာခွင့် ရေထွက်လုပ်ငန်းရှင်များ မခံစားရသေး

အီးယူ၏ အခွန်အထူးသက်သာခွင့် (GSP) ကိုရေထွက်လုပ်ငန်းရှင်များ ယနေ့ အထိအကျိုးခံစားမှု မရရှိသေးကြောင်း ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။

အီးယူနိုင်ငံများက အခွန်အထူး သက်သာခွင့် (GSP) ကို ဇွန် ၁၂ ရက် နေ့တွင် ပေးခဲ့ပြီး ရေထွက်ပစ္စည်း ထုတ်လုပ်တင်ပို့သူများအနေဖြင့် ရက်ပေါင်း ၂ဝ ဝန်းကျင်ကြာသည်အထိ ယခင် အခွန်နှုန်းထားအတိုင်း ရေထွက်ကုန် ပစ္စည်း ဝယ်ယူသည့်နိုင်ငံမှ ပေးနေရ ကြောင်းသိရသည်။

အဏ္ဏဝါဒေဝီ အအေးခန်းစက်ရုံမှ ဒေါ်တိုးနန္ဒာတင်က ''အီးယူက GSP ပေးတယ်ဆိုတာ စာရွက်ပေါ်မှာပဲရှိသေးတယ်။ တကယ်တမ်းဘာမှ ရသေးတာ မဟုတ်ဘူး။ GSP မရသေးရင်တော့ ဘာအကျိုးအမြတ်မှ ရှိမှာမဟုတ်သေး ဘူး''ဟု ပြောသည်။

အီးယူနိုင်ငံများသို့ ရေထွက်ပစ္စည်း တင်ပို့မည်ဆိုပါကဝယ်ယူသည့်နိုင်ငံ အခွန်ပေးဆောင်ပြီး ဝယ်ယူရကြောင်း၊ ကုန်ကြမ်းအတိုင်းတင်ပို့ပါက အခွန် ၁၃ ဒသမ ၇ ရာခိုင်နှုန်းနှင့် ပြုပြင်ထုတ်လုပ် ပြီး တင်ပို့ပါက အခွန် ၂ဝ ရာခိုင်နှုန်း ပေးရကြောင်း အီးယူလုပ်ငန်းကော်မတီ မှသိရသည်။

အီးယူလုပ်ငန်းကော်မတီမှ တာ ဝန်ရှိသူတစ်ဦးက '' GSP ခံစားခွင့်အခု ထိမရသေးတာက အီးယူ ၂၇ နိုင်ငံက ပါလီမန်တွေအကုန်လုံး လက်ခံဖို့အ တွက် အချိန်ယူနေသေးတယ်လို့ ကြား ပါတယ်။ ဟိုဘက်က ဆိပ်ကမ်းအာဏာ ပိုင်ကလည်း သူတို့ဆီကို ဘာညွှန်ကြား ချက်မှ မရသေးတဲ့အတွက် အခွန်ကို အရင်အတိုင်းကောက်ခံနေ တယ်လို့ ပြောတယ်''ဟု ပြောသည်။

ရေထွက်ကုန်ပစ္စည်းထုတ်လုပ် တင်ပို့ ရောင်းချသည့် အအေးခန်းစက် ရုံ ၁၃ ရုံမှာ EU Approval ရရှိထား ပြီးဖြစ်သော်လည်း စက်ရုံ ၅ ရုံခန့်ကသာ ရေထွက်ကုန်ပစ္စည်း တင်ပို့ကြောင်း၊ ယခုအချိန်တွင် ငါးကုန်ကြမ်းရရှိမှုနည်းပါးခြင်းကြောင့် တင်ပို့မှုလျော့ကျသွား ကြောင်း GFTI အအေးခန်းစက်ရုံမှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးညွန့်က ပြောသည်။

''အီးယူနိုင်ငံက Buyer တွေ ကျွန်တော်တို့ဆီက ရေထွက်ပစ္စည်းဝယ် ရင်အခွန်ပေးနေရတော့ ဝယ်ယူမှုအတိုင်း အတာဟာသူများနိုင်ငံတွေလောက် မရဘူး။ ကျွန်တော်တို့များများ တင်ပို့ နိုင်မှ နိုင်ငံခြားဝင်ငွေရရှိမှုဟာလည်း တိုးလာမယ်''ဟု ရေထွက်ပစ္စည်း ထုတ် လုပ်တင်ပို့ရောင်းချသူများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
EU Approval ရရှိပြီး တင်ပို့မှု မရှိသော စက်ရုံများမှာ အီးယူဈေးကွက် မဟုတ်ဘဲ အခြားဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။
ထက်ထက်မိုးမြင့်
Popular Myanmar News Journal

ညောင်မြစ်တူးရင် ပုတ်သင်ပေါ်မို့ တူးဝံ့ရဲသလားမောင်တို့ရေ

Thursday, July 4, 2013










ဒီပစ္စည်းတွေ မှောင်ခိုလမ်းက ၀င်ဖို့ဆိုရင် အဲဒီလမ်းတစ်လျှောက်က

သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ကော မဆိုင်ဘူးလားပေါ့

သေချာတာတစ်ခုကတော့ မှောင်ခိုဟေ့ဆိုရင်

အာဏာပိုင်မပါဘဲနဲ့တော့ မရဘူးဆိုတာ

စီးပွားရေးသမားတိုင်း သိပြီးသားပါ . . .

ဟိုးတလောက မြန်မာနဲ့အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း တမူးမြို့မှာ တရားမ၀င် ကုန်သွယ်မှုအပြင် တခြားတခြားသော ပြစ်မှုတွေနဲ့ မြို့နယ် ရဲအာဏာပိုင်တွေကို နေပြည်တော်ဗဟို ရဲဌာနချုပ် ကနေ ၀င်ရောက်ဖမ်းဆီးခဲ့တဲ့ သတင်းတွေ ကြားရ၊ သိရ၊ ဖတ်ရတော့ ၀မ်းသာမိတာ အမှန်ပါပဲ။

တမူးမြို့ဆိုတာ မှောင်ခိုပစ္စည်းတွေနဲ့ ပတ်သက်ရင် တကယ့်ကို အထူးအဆန်း ဒေသတစ်ခုလို့တောင် ကျွန်တော် ဆိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အလုပ်ကိစ္စတစ်ခုနဲ့ တမူးမြို့ကို ရောက်ခဲ့တုန်းက တမူးမြို့ရဲ့တစ်ဖက်ခြမ်း အိန္ဒိယနိုင်ငံဘက်က မိုရေးမြို့ကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ မှောင်ခိုပစ္စည်းနဲ့ မေးမြန်းရာကနေ ငိုအားထက် ရယ်အားသန်ဖြစ်ရပ်လေး တစ်ခုကို ပြန်ပြောင်းသတိရခဲ့မိပါတယ်။

အိန္ဒိယနိုင်ငံဆိုတာ စတီးလ်အိမ်သုံးပစ္စည်းနဲ့ပတ်သက်လာရင် နာမည်ရထားတဲ့ နိုင်ငံတစ်ခုပါ။ မြန်မာနိုင်ငံသားတွေကလည်း တရုတ်ထုတ် စတီးလ်ပစ္စည်းတွေထက် အိန္ဒိယနိုင်ငံထုတ်တဲ့ စတီးလ်ပစ္စည်းကို အကြိုက်တွေ့ကြပါတယ်။ အကြိုက်တွေ့မယ်ဆိုရင်လည်း တွေ့စရာလေ။ ဘာလို့လဲဆိုရင် အိန္ဒိယထုတ် စတီးလ်ပစ္စည်းတွေဟာ ကြာရှည်ခံတဲ့အတွက်ကြောင့်ပဲ။ ဒါပေမဲ့လည်း မိုရေးမြို့က စတီးလ်လက်ကားဖြန့်နေတဲ့ ဆိုင်တစ်ခုမှာ စတီးလ်ပေါင်းအိုးဝင်ဝယ်ရင်း စတီးလ်ဈေးကွက်အကြောင်း စုံစမ်းမေးကြည့်တဲ့အခါမှာတော့။

““အစ်ကိုရာ . . .အခုက အိန္ဒိယပစ္စည်းတွေက တော်တော်လေးကို အရောင်းကျလာတယ်ဗျ။ ဘာလို့လဲဆို တော့ တရုတ်က ပစ္စည်းတွေကို အိန္ဒိယ တံဆိပ်ကပ်ပြီး ဈေးကွက်ထဲ သွင်းလာကြတယ်လေ။ သွင်းလာတဲ့ သူတွေကလည်း အိန္ဒိယဘက်က မဟုတ်ဘူးဗျ။ မြန်မာနဲ့ တရုတ်ဘက်က ကုန်သည်တွေလေ။ ပစ္စည်းကလည်း ဈေးသက်သာ၊ တံဆိပ်ကြည့်တော့လည်း အိန္ဒိယထုတ်ဆိုတော့ လူတွေက အ၀ယ်လိုက်ကုန်ကောလေ။ ဒီတော့ အိန္ဒိယထုတ်တွေ ရောင်းအားကျကုန်ကောဗျ။ မိုရေးဘက်က လူတွေကတော့ အိန္ဒိယထုတ်ကိုသိကြတော့ ပစ္စည်းအမှန်ကိုပဲ သုံးကြတယ်။ ဒါပေမဲ့ တမူးဘက်အခြမ်းနဲ့အထဲက လာတဲ့ကုန်သည်တွေကတော့ အဲဒါကိုမသိဘဲ ဈေးသက်သာတဲ့ တံဆိပ်ကပ် တရုတ်ဟာတွေကိုပဲ အ၀ယ်များကြတယ်ဗျ””ဟု မိုရေးမြို့က အိမ်သုံးစတီးလ်ပစ္စည်းတွေရောင်းတဲ့ ကိုစိုးမင်း (မြန်မာအမည်ခံထားသူ)က ပြောပြပါတယ်။

ထူးဆန်းအံ့ဖွယ်တစ်ခုက အဲဒီလိုတုပ ပစ္စည်းတွေအပြင် တရားဝင်တင်သွင်းခွင့်ရထားပါရဲ့နဲ့ အောက်လမ်း(မှောင်ခို)ကနေ ၀င်နေတဲ့ ပစ္စည်းတွေတောင်တွေ့ခဲ့ရတယ်။ အဲဒီပစ္စည်းတွေထဲမှာဆိုရင် မြန်မာပြည်ကို တစ်ဦးတည်းကိုယ်စားလှယ် တင်သွင်းခွင့်ရထားတဲ့ပစ္စည်းတွေပေါ့။ မကြာခဏဆိုသလို တစ်ဦးတည်းဖြန့်ချိပိုင်ခွင့်ရထားပြီးဖြစ်တဲ့၊ တရားဝင်တင်သွင်းခွင့်ပေးထားတဲ့ ပစ္စည်းတွေတောင် နယ်စပ်တွေကနေ ၀င်လာလို့ ဖမ်းဆီးလိုက်ရတဲ့သတင်းတွေက နိုင်ငံပိုင်သတင်းစာတွေမှာ တွေ့ရမှာပါလေ။ အနီးစပ်ဆုံးပြောရရင် တစ်နိုင်ငံလုံးကိုအဓိက ပစ္စည်းဖြန့်ပါတယ်ဆိုတဲ့ မင်္ဂလာဈေးကိုတောင် တရားဝင် တင်သွင်းခွင့်ရရှိထားတဲ့၊ တစ်ဦးတည်း ဖြန့်ချိခွင့်ရတဲ့ပစ္စည်းတွေဟာ မှောင်ခိုလမ်းကြောင်းကနေ ၀င်နေတာ ကြည့်သောသူမြင်၏ပါပဲ။

မကြာသေးခင်ကလည်း ကိုရီးယားနိုင်ငံက အလှပြင်ပစ္စည်းတင်သွင်းခွင့် တရားဝင်ရထားတဲ့ကုမ္ပဏီတစ်ခုက အဲဒီပစ္စည်းကိုပဲ အောက်လမ်းကနေ၀င်လာလို့ ရောင်းချခဲ့တဲ့ စတိုးဆိုင်တစ်ခုကိုရေးကြီးခွင်ကျယ်လုပ် တရားစွဲတဲ့သတင်းတစ်ခု ကြားလိုက်မိပါသေးတယ်။ ဖြစ်ပုံကပစ္စည်းထုတ်တာက ကိုရီယား၊ အောက်လမ်းက ၀င်လာတဲ့ပစ္စည်းကကိုရီးယားကနေ ထိုင်း၊ အဲဒီကတစ်ဆင့် မြန်မာပြည်ထဲ ၀င်လာတဲ့ပစ္စည်း။ အဲဒီစတိုးဆိုင်က ရောင်းလိုက်မိတဲ့ပစ္စည်း တန်ဖိုးက ဒေါ်လာ ၁၀၀ဖိုးတောင် မရှိပါဘူး။ ဒါပေမဲ့ အဲဒီတစ်ဦးတည်း ကိုယ်စားလှယ်ပါ ဆိုတဲ့ ကုမ္ပဏီကကနဦး ကြိုတင်ဖိအားပေးတဲ့အနေနဲ့ ရောင်းပေးလိုက်တဲ့ ဒေါ်လာ ၁၀၀ ဖိုးကို သူတို့စီက ပြန်ဝယ်၊ ပြီးရင်တစ်လကို ဒေါ်လာ ၁၀၀၀ ဖိုး မကုန်ကုန်အောင်ရောင်း၊ မကုန်ရင် နင်တို့စိုက် ဆိုတဲ့အပေါက်ချိုးပါလေကောဗျာ။ နောက်ဆုံးတော့ တရားရုံးကိုရောက်ကြသည်ပေါ့။ နောက်ထပ် ထူးဆန်းတာ တစ်ခု ထပ်ပြောရရင် အခု စတိုးဆိုင်လေးက ရောင်းတဲ့ပစ္စည်းမျိုး (မှောင်ခိုပစ္စည်း)က မင်္ဂလာဈေးမှာ ၀င်ဖမ်းမယ်ဆိုရင် တောင်ပုံရာပုံတောင် ရှိတယ်ဆိုပဲ။ ထားချေတော့။

ဒါဆိုရင် ဒီပစ္စည်းတွေက ဘာကြောင့်များ တရားဝင်တင်သွင်းခွင့်ရထားပါရဲ့နဲ့ မှောင်ခိုလမ်းကြောင်းကနေ ၀င်လာသလဲဆိုတာဟာ မေးခွန်းထုတ်ရတော့မှာပေါ့။ ပစ္စည်းတွေကပဲ အစစ်မဟုတ်လို့လား၊ ဒါမှမဟုတ် တရားဝင်လမ်းကြောင်းကနေ တင်လာရင် အခွန်ကိစ္စများနေလို့များလား၊ . . . လားပေါင်းများစွာ ရှိနေပါတယ်။ နောက်တစ်ခု ထပ်တိုးစဉ်းစားကြည့်မယ်ဗျာ။ ဒီပစ္စည်းတွေ မှောင်ခိုလမ်းက ၀င်ဖို့ဆိုရင် အဲဒီလမ်း တစ်လျှောက်က သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ကော မဆိုင်ဘူးလားပေါ့။ သေချာတာတစ်ခုကတော့ မှောင်ခိုဟေ့ဆိုရင် အာဏာပိုင်မပါဘဲနဲ့တော့ မရဘူးဆိုတာ စီးပွားရေးသမားတိုင်း သိပြီးသားပါ။ ဒီတော့လည်း ဒီတော့ပဲလို့ ပြောရတော့မယ်။

ဒါနဲ့ နောက်တစ်ခုက မှောင်ခိုပစ္စည်းတွေနဲ့ ပတ်သက်လို့ စားသုံးသူဘက်က ကြည့်မယ်ဆိုရင် တရားမ၀င် ပစ္စည်းဖြစ်နေပေမယ့် ဒီအရည်အသွေး၊ ဒီတံဆိပ်နဲ့ ပစ္စည်းမှန်ကန်တယ်ဆိုရင် ဈေးသက်သာတာကို ရွေးတတ်တာတော့ မဆန်းပါဘူးဆိုတာကိုတော့ ထည့်တွက်ရဦးမှာပေါ့လေ စီးပွားရေးသမားတို့ရယ်လို့ပဲ ပြောရတော့မယ်။ ဒါကြောင့်ပဲလားတော့မသိ၊ တရုတ်ကြီးက ဈေးပေါပေါနဲ့ အိန္ဒိယပစ္စည်းတွေ ထုတ်ပေး နေရော့သလားလို့တောင် မေးလိုက်ချင်မိပါရဲ့။

ထားချေဦးတော့။ မှောင်ခိုကိစ္စတွေနဲ့ ပတ်သက်လို့ ဇာတ်လမ်းတွေက အမျိုးမျိုးရယ်မို့ ကျွန်တော်ထပ်ကို မပြောချင်တော့တာ။ ကိုယ်တိုင်တောင် မှောင်ခိုပစ္စည်းလားလို့ ထင်လာမှာစိုးလို့လေ။

လက်ရှိမှာ အစိုးရက Mobile Team (ရွေ့လျားစစ်ဆေးရေးအဖွဲ့)တွေနဲ့ မှောင်ခိုလမ်းကြောင်းနဲ့ ဆက်စပ်မှုတွေကို ဖမ်းဆီးနှိမ်နင်းနေတာ တွေ့ရတော့ဝမ်းသာမိပါရဲ့နော်။ တမူး၊ ကလေး စတဲ့ မြို့တွေအပြင် အခုဆိုရင် ပျော်ဘွယ်မြို့ကိုပါ စစ်ဆေးနေတယ်လေရဲ့။ ဒါက မြန်မာပြည်ရဲ့ အနောက်ခြမ်းပေါ့နော်။ ဒါဆိုရင် အရှေ့ခြမ်းကောဗျာ။ မူဆယ်၊ တာချီလိတ်၊ မြ၀တီ၊ ဘုရားသုံးသူ၊ကော့သောင်း အားပါးပါးအများကြီးနော်။ နောက်တစ်ခုက မှောင်ခိုပစ္စည်းနဲ့အတူ မူးယစ်ဆေးဝါးတင်သွင်းနေတာလည်း မကြာခဏဆိုသလို ဖမ်းမိတဲ့ သတင်းက ပါနေကြပေါ့လေ။ KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ဗိုလ်မှူးကြီးတိုက်ဂါးကတော့ ပြောလေရဲ့။ ဒီမူးယစ်ဆေးဝါးရဲ့ တရားခံက ဘယ်သူဆိုတာပေါ့။ ကဲ ကဲ . . . ဒါလည်းထားချေဦးဗျာ။

ထားရတာတွေ များလာတော့လည်း ဘာပြောရမှန်းတောင် မသိတော့ပါလား။

အင်း . . .ကျွန်တော်လည်း တမူးမြို့က အိန္ဒိယလား၊ တရုတ်လားမသိတဲ့ ပစ္စည်းကနေ လျှောက်စဉ်းစား လိုက်တာ ရန်ကုန်က မှောင်ခိုပစ္စည်းနဲ့ အမှုကိစ္စတွေ၊ နောက်ဆုံးတော့ မြန်မာပြည် အရှေ့ဘက်ခြမ်းက မှောင်ခိုလမ်းကြောင်းကော မူးယစ်တွေကောပါကုန်ပြီ။ မဖြစ်ချေတော့ဘူး။ စာဖတ်သူတို့ မျက်စိလည်ကုန်တော့ ချေမယ်။ ပြောချင်တာကို တိုက်ရိုက်ပဲ ပြောလိုက်တော့မယ်။ အမြစ်မရှိရင် အကိုင်းအခက် မသန်ဘူးဆိုတာကို သိပြီးသားဖြစ်မှာမို့ ဘယ်ကိုင်းတွေ ဘယ်လိုချိုင်ချိုင် အမြစ်ဖြစ်တဲ့ ပတ်သက်သူတွေကို မဖယ်ရှားနိုင်ရင် တော့ဖြင့် လူမွှေယောက်ျား၊ မင်းစေများ ပြည်သူ့မီးပွားများပါပဲ။
အောင်ထွန်းလင်း
Myanmartandawsint Newspaper

မ-ဟ-န အပေါ်တွင် သာသနာရေးဝန်ကြီး ရှိမနေ

နေပြည်တော်၊ Thursday, July 4
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မဟန)၏ အပေါ်တွင် သာသနာရေးဝန်ကြီး ရှိနေကြောင်းမှာ ယခုအချိန်တွင် မဟုတ်မှန်ကြောင်း၊ သာသနာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ သြ၀ါဒကို ခံယူ၍ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်က မြန်မာသံတော်ဆင့်သို့ပြောသည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က ““သာသနာရေးဝန်ကြီးဌာနနဲ့ မညှိဘဲနဲ့တော့။ အခုတော့ အဲလိုမဟုတ်ဘူး။ အရင်ကတော့ ဟုတ်ချင်ဟုတ်မယ်။ သို့သော်လည်း ကျွန်တော်က ဆရာတော်ကြီး တွေကိုလည်းသြ၀ါဒခံယူပြီးတော့ လုပ်တာဖြစ်တဲ့အတွက် ဆရာတော်ကြီးတွေက ၀န်ကြီးပြောတာ လိုက်လုပ်ရမှာ မဟုတ်တဲ့အတွက်။ ကျွန်တော်ကတော့ ဆရာတော်ကြီးတွေ သြ၀ါဒခံယူပြီးတော့မှလုပ်တယ်။ ဟိုတုန်းကတော့ ဆရာတော်တွေက ၀န်ကြီးခိုင်းတာတွေလိုက်လုပ်နေရတယ်။ ဟိုတုန်းက ဖြစ်ခဲ့တာတွေရှိကောင်းရှိမယ်။ ကျွန်တော်ကတော့ မစွပ်စွဲပါဘူး။ အခု မဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီး တွေကလည်း အလွန်ရိုးတဲ့ ပုဂ္ဂိုလ်တွေဗျ။  အဲတော့ သံဃမဟာနာယကဆိုတာက သံဃာတွေဂိုဏ်းအားလုံးကို အုပ်ချုပ်တဲ့အခါမှာ သီလ၊ သမာဓိ၊ သိက္ခာသုံးရပ်၊ ဂုဏ်သုံးရပ်ရှိရပါတယ်။ ကနေ့ကျွန်တော်တို့ ဆောင်ရွက်နေ တာသည် သာသနာရေးကိစ္စနဲ့စပ်လျဉ်းလို့ အခမ်းအနားလုပ်တာကအစ အခမ်းအနားအစီအစဉ်ကအစ မဟာနာယကဆီကို တင်ပြရတယ်။

မဟာနာယကသဘောထားတင်ပြရတယ်။ ဟိုတုန်းကတော့ ကျွန်တော် တို့က ရေစက်ချတာကို အရင်လုပ်လိုက်တယ်။ အမှန်က သူ့အစဉ်အလာက လုပ်ငန်းတွေအားလုံးပြီးတော့မှ ရေစက်ချရတာ။ ဆိုတော့ ရွှေတိဂုံမှာ ကျွန်တော် လုပ်ခဲ့တာ အဲဒီအတိုင်းပဲ။ ထီးတင်ပွဲလုပ်တယ်။ နောက်သုံးပတ်ကြာတော့မှ ငြမ်းတွေဖျက်ပြီးတော့ အနေကဇာတင်တယ်။ အနေကဇာတင်ပြီးတော့မှ နေ့လယ် ၂ နာရီမှာ မဟာပါသဏလိုဏ်ဂူထဲမှာ သံဃာအပါး ၅၀၀၀ နဲ့ ရေစက်ချတယ်။  အဲဒီအတိုင်း ရွှေတိဂုံဘုရားက အစဉ်အလာအတိုင်းလုပ်ခဲ့တယ်။ လူကြီးတွေက မဏ္ဍပ်ထဲကို နှစ်ခါပြန်ဝင်ရမှာစိုးလို့ လှူဖွယ်ဝတ္ထုကပ်ပြီး တစ်ခါတည်းရေစက်ချလိုက်တယ်။ အဲဒါကိုအစဉ်အလာမဟုတ်တဲ့အတွက် ကျွန်တော်တို့သာသနာရေးဆိုင်ရာ ကိစ္စများသည် မဟာနာယက ဆရာတော်ကြီးများရဲ့ သြ၀ါဒအတိုင်း ဆောင်ရွက်လျက်ရှိပါတယ်ဆိုပြီးတော့ ပြောလိုပါတယ်””ဟု မြန်မာသံတော်ဆင့်သို့ပြောသည်။

ယခင်သာသနာရေးဝန်ကြီးဌာန ၀န်ကြီးများအနေဖြင့် သံဃမဟာနာယကအဖွဲ့သို့ လွှမ်းမိုးခြယ်လှယ်ခြင်းများရှိခဲ့ ကြောင်း ကျမ်းဂန်တတ်ဆရာတော်အချို့က ဝေဖန်ပြောကြားမှုများလည်းရှိသည်။  ထိုကဲ့သို့ သာသနာရေး ၀န်ကြီးဌာနများအဆက်ဆက် မဟနအပေါ် လွှမ်းမိုးမှုများ ရှိခဲ့ခြင်းစပ်လျဉ်း၍ မန္တလေး မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကေသရာဘိဝံသက ““အမှန်က သာသနာရေး ၀န်ကြီးဌာနဆိုတာ မဟာနာယကရဲ့ လက်အောက်မှာရှိရမှာ။ အခုဟာကပြောင်းပြန်ဖြစ်နေတယ်။ မဟာနာယကက သာသနာရေးဝန်ကြီးရဲ့ လက်အောက်မှာဖြစ်နေတယ်။ သူတို့သဘောတူမှလုပ်ရမယ် ဆိုတဲ့အနေအထားမျိုး ဖြစ်နေတယ်”” ဟု မြန်မာသံတော်ဆင့်သို့ ပြောခဲ့သည်။
Myanmartandawsint Newspaper

ကော်ရှူခြင်း ကာကွယ်ရန်

နေပြည်တော်၊ ဇူလိုင် ၎
လူငယ်များအကြား ဓလေ့စရိုက်တစ်ခု ဖြစ်လာသည့် ကော်ရှူ သုံးစွဲခြင်းကို တားဆီးရေးအတွက် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ များက အလေးထား ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ပေးပို့သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထီးချိုင့် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးစိုးက လူငယ်အချို့ ကော်ရှူသုံးစွဲခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနက ဥပဒေ ပေါ်ထွက်ရေး ဆောင်ရွက်သွားမည့် အစီအစဉ် ရှိ မရှိ မေးမြန်းရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အထက်ပါအတိုင်း ဖြည့်စွက် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထီးချိုင့် မဲဆန္ဒနယ်မှ ဦးစိုးစိုး၏ မေးခွန်းသည် နိုင်ငံနှင့် နိုင်ငံသားများ အတွက် လွန်စွာ အရေးကြီးပြီး အလေးထားရမည့် ကိစ္စတစ်ရပ် ဖြစ်ကြောင်း၊ အမျိုးသားရေး ကိစ္စရပ် တစ်ခုလည်း ဖြစ်ကြောင်း၊ ယင်းအတွက် ဤမေးခွန်းကို အခြေပြုကာ လွှတ်တော် ဥက္ကဋ္ဌအနေနှင့် နိုင်ငံတော် သမ္မတထံ သဝဏ်လွှာ ရေးသားပေးပို့မည့်အပြင် အစိုးရအဖွဲ့ထံသို့လည်း အကြောင်းကြားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ကော်ရှူသုံးစွဲခြင်း ဓလေ့သည် ကျောင်းသား လူငယ်များအထိ ပျံ့နှံ့လာသောကြောင့် ဝန်ကြီးဌာနများ ၊ပြည်သူများနှင့် လုပ်ငန်းရှင်များက ပူးပေါင်း ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ပြီး အဆိုပါ ကိစ္စရပ်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ဥပဒေတစ်ရပ် အမြန်ဆုံး ရေးဆွဲသွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဆိုသည်။

ကော်ရှူခြင်း ဓလေ့မှာ လူငယ်များအကြား ပျံ့နှံ့နေသော်လည်း လူကြီးများ ကျယ်ကျယ်ပြန့်ပြန့် မသိရှိသေးကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာရေးနှင့် သက်ဆိုင်သည့်အတွက် ကျန်းမာရေး ပညာရှင်၊ ဓာတုဗေဒ ပညာရှင်များ ကိုယ်တိုင် လက်တွေ့ လေ့လာသင့်သည့် ကိစ္စဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကော်ရှူခြင်းမှာ အိမ်ခြေမဲ့ ကလေးများနှင့် လမ်းပျော် ကလေးများတွင် အဖြစ်များသည့်အတွက် ကျောင်းနေအရွယ် ကလေး ကျောင်းအပ်ရေး ကို ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကလေးများ စိတ်ဓာတ် ကျဆင်းသည့်အခါ ကော်ရှူပြီး မူးယစ်စေသည့်နည်းဖြင့် ဖြေရှင်းသည့်အတွက် စောင့်ကြည့် ကာကွယ်ရမည်ဖြစ်ကြောင်း ကော်ရှူသည့် ကလေးငယ်များအကြောင်း ကိုယ်တိုင် လေ့လာ ရေးသားခဲ့သည့် မန္တလေး ဆေးတက္ကသိုလ်မှ တတိယနှစ် ကျောင်းသူ မယဉ်ယဉ်နှောင်းက ပြောကြားသည်။

ကော်ရှူ သုံးစွဲမှု သတင်းရသည့် မြို့နယ်များတွင် ကျောင်းသားများ ကော်ရှူသုံးစွဲပါက ဆရာ၊ ဆရာမများက မိဘများကို ခေါ်ယူ တွေ့ဆုံကာ ဆွေးနွေး ညှိနှိုင်းခြင်း၊ ကျောင်းသားများအတွင်း ကင်းထောက်များ ထားရှိကာ စောင့်ကြပ် ကြည့်ရှုခြင်း၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ စခန်းများမှ တာဝန်ရှိသူများက ကော်ရှူသူများကို ခေါ်ယူ တွေ့ဆုံ ပညာပေး ဆုံးမခြင်း၊ သင်္ဘောဆေး ပစ္စည်း အရောင်းဆိုင်များက ပါဝင် ပူးပေါင်း ဆောင်ရွက်ခြင်း စသည့်တို့ကို လုပ်ဆောင်ခြင်းဖြင့် ထိန်းချုပ် နိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဆိုသည်။
The Voice Weekly


အီဂျစ်သမ္မတ မော်စီကို ဖြုတ်ချဖမ်းဆီး၊ ဥပဒေခုံရုံး တရားသူကြီးကို ကြားဖြတ် သမ္မတတင်

ကိုင်ရို၊ ဇူလိုင် ၎
အီဂျစ် လက်ရှိ နိုင်ငံရေး အကျပ်အတည်းများ ပြေလည်စေရန်အတွက် ရာထူးမှ နုတ်ထွက်ပေးရန် စစ်တပ်က သမ္မတ မိုဟာမက် မော်စီကို ၄၈ နာရီ အချိန်ပေးခဲ့ပြီးနောက် သမ္မတက ငြင်းဆန်ခဲ့ရာ ၎င်းကို ရာထူးမှ ဖြုတ်ချခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းထားကာ လက်ရှိ အခြေခံဥပဒေခုံရုံး တရားသူကြီးကို ကြားဖြတ် သမ္မတအဖြစ် ဇူလိုင်လ ၄ ရက်နေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုစေမည်ဖြစ်ကြောင်း AFP သတင်း တစ်ရပ်က ဖော်ပြထားသည်။

သမ္မတမော်စီ လက်အောက်တွင် ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ် အဗ္ဗဒယ် ဖာတာ အယ်စီစီက သမ္မတကို ရာထူးမှ ဖြုတ်ချလိုက်သည့် ကြေညာချက်ကို အစိုးရ ရုပ်သံတွင် ကြေညာသွားခဲ့ပြီး ရဲတပ်ဖွဲ့ ကလည်း မော်စီ၏ အနီးကပ် နိုင်ငံရေး အကူများနှင့် မွတ်ဆလင် ညီနောင်များအဖွဲ့ ခေါင်းဆောင်ပိုင်းများကို ဝိုင်းထားကြောင်းလည်း ယင်းသတင်းအရ သိရသည်။

အီဂျစ် အခြေခံဥပဒေခုံရုံး အကြီးအကဲ တရားသူကြီးချုပ် အဒီလီအယ်မန်ဆောကို ကြားဖြတ်အစိုးရ သမ္မတအဖြစ် သမ္မတ ရွေးကောက်ပွဲသစ် တစ်ခု ထပ်မလုပ်ခင်အချိန်အထိ စစ်တပ်က ခန့်အပ်ထားသည်။

မွတ်ဆလင် ညီနောင်များ အဖွဲ့အစည်း၏ ခေါင်းဆောင်ပိုင်း ၃၀၀ခန့် ကိုလည်း ဖမ်းဝရမ်းများ ထုတ်ထားသည်ဟု အစိုးရ မီဒီယာက သတင်း ထုတ်ပြန်ထားသည်။

အစ္စလာမ်မစ်ဝါဒီ သမ္မတကို မထောက်ခံကြသည့် ဆန္ဒပြသူများက စစ်တပ်က မော်စီကို ဖြုတ်ချလိုက်သည့် သတင်းကြောင့် မီးကုန်ယမ်းကုန် အောင်ပွဲခံလျက်ရှိပြီး မီးရှူးမီးပန်းများ ပစ်ဖောက် ခြင်း၊ ကားဟွန်းများ အဆက်မပြတ် တီးခြင်းတို့ကို ပြုလုပ်နေကြသည်။

သမ္မတမော်စီကို ထောက်ခံသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အလက်ဇန်ဒရီယာတွင် ထိပ်တိုက် တွေ့ခဲ့ကြလေရာ မော်စီကို ထောက်ခံသူ ခုနစ်ဦး သေဆုံးသွားကြောင်း လက်နက်ကိုင်တပ်ဖွဲ့ အရာရှိများက ပြောကြားသည်။

တောင်ပိုင်းပြည်နယ် မင်ယာဒေသတွင်လည်း မော်စီကို ထောက်ခံသူ များက အစ္စလာမ္မစ်ဝါဒီ မလိုလားသူများကို တိုက်ခိုက်ခဲ့ရာ လူသုံးဦး သေဆုံးသွားခဲ့သေးသည်။

နှစ်ဖက် အင်အားစုများ ထိပ်တိုက်တွေ့ကာ အဓိကရုဏ်းများ ဖြစ်ခဲ့သောကြောင့် အနည်းဆုံး လူ၅၀ဦး သေဆုံးသွားခဲ့သည်ဟု AFP သတင်းက ဖော်ပြထားသည်။

မိုဟာမက် မော်စီကို ထောက်ခံသည့် ထောင်ပေါင်းများစွာသော အင်အားစုများက မြို့တော် ကိုင်ရို မြောက်ပိုင်းတွင် စခန်းချ သပိတ်မှောက်လျက်ရှိကြပြီး စစ်တပ်က သမ္မတကို ရာထူးချကာ ဖမ်းဆီးထား ကြောင်း အမိန့် ထုတ်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ရုပ်သံလိုင်းများက အဆိုပါ သပိတ် စခန်းများကို တိုက်ရိုက် ထုတ်လွှင့် တင်ဆက်နေမှုများ ရပ်တန့်သွားခဲ့သည်။

ယခုဖြစ်ရပ်အတွက် အလွန် စိုးရိမ်မိကြောင်း မော်စီနှင့် ၎င်းကို ထောက်ခံသူများကို လက်လွတ်စပယ် ဖမ်းဆီးခြင်းများ မလုပ်သင့်ကြောင်း အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက် အိုဘားမားက ပြောဆိုသွားသည်။

ပြီးခဲ့သည့် မေလက ဝါရှင်တန် အစိုးရက အတည်ပြုပေးထားသော အီဂျစ် တပ်မတော်သို့ စစ်ရေး အကူအညီ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖိုးကို ပြန်လည် ဆန်းစစ်မည်ဖြစ်ကြောင်းလည်း အိုဘားမားက ဆိုထားသည်။
The Voice Weekly



အရေပြားထိခိုက်နိုင်သောကြောင့် Kanebo ထုတ်ကုန်အချို့ ပြန်သိမ်းမည်

ရန်ကုန်၊ ဇူလိုင် ၎
ဂျပန်အလှကုန် Kanebo က အာရှဈေးကွက် အတွင်းရှိ ၎င်းတို့၏ အလှကုန်အချို့သည် အရေပြား ထိခိုက်မှု ရှိသောကြောင့် ဟုဆိုကာ ပြန်လည်သိမ်းယူမည် ဖြစ်ကြောင်း ဇူလိုင်လ ၄ ရက်နေ့တွင် ကြေညာသည်။

ယင်းအလှကုန်များ ထုတ်လုပ်သည့် Kanebo Cosmetics Inc.၊ Lissage Ltd. နှင့် E’quipe, Ltd. ကုမ္ပဏီတို့မှ ထုတ်လုပ်ထားသော အလှကုန်ပစ္စည်း အချို့တွင် အရေပြားကို ထိခိုက်စေသော ဓာတုပစ္စည်း တစ်မျိုးဖြစ်သည့် Rhododenol 4-(4-hydroxyphenyl)-2-butanol ဝင်နေခြင်း ဖြစ်ကြောင်း ယင်းကြေညာချက်အရ သိရသည်။

မြန်မာနိုင်ငံ အပါအဝင် ထိုင်း၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဖြန့်ချိထားသော အလှကုန်များကို ပြန်လည် သိမ်းယူသွားမည်ဟု ကြေညာခြင်း ဖြစ်သည်။

ပြန်လည်သိမ်းယူမည့် ကုန်ပစ္စည်းများတွင် Kanebo BLANCHIR SUPERIOR၊ Suisai၊ TWANY၊ IMPRESS၊ AQUALEAF၊ LISSAGE၊ E’quipe နှင့် SUQQU အမှတ်တံဆိပ် အသားဖြူကရင်မ်များ၊ ကိုယ်ခန္ဓာလိမ်း အလှဆီများ အပါအဝင် ထုတ်ကုန် ၅၄ မျိုးကို ပြန်လည် သိမ်းယူမည် ဖြစ်သည်။

အသုံးပြုသူ အချို့က အဆိုပါ အလှကုန်များ သုံးစွဲပြီးနောက် အရေပြားပေါ်တွင် အဖြူကွက်များ၊ အရောင်ပြောင်းမှုများ ဖြစ်ပေါ် လာကြောင်း အကြောင်း ကြားလာသောကြောင့် ပြန်လည် စုံစမ်းပြီး ယခုကဲ့သို့ ထုတ်ပြန်ခဲ့ကြောင်း ဂျပန်အခြေစိုက် ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ကြေညာခဲ့သည်။

ဂျပန်ဈေးကွက် တစ်ခုတည်းတွင်ပင် ဆိုင်ခွဲပေါင်း ၁၅,၀၀၀ မှ ကုန်ပစ္စည်း လေးသိန်းခွဲခန့် ပြန်လည် သိမ်းယူရမည်ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် Kanebo ထုတ်ကုန်များ ဖြန့်ချိနေသော Ever Seiko ကုမ္ပဏီသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

“Kanebo တော့သုံးတယ်။ အခုချိန်အထိတော့ ဘာမှမဖြစ်ဘူး။ ဒီအတိုင်းဆိုရင် ပြောင်းသုံးရမယ်နဲ့ တူတယ်” ဟု လက်ရှိ Kanebo ကုမ္ပဏီထုတ် KATE အလှကုန် ပစ္စည်းများ သုံးစွဲနေသူ ဒေါ်လွင်လွင်အောင်က ဆိုသည်။

Rhododenol 4-(4-hydroxyphenyl)-2-butanol ဓာတုဗေဒ ပစ္စည်းသည် အသားဖြူစေရန် အလှကုန်များတွင် အသုံးပြုသော ပစ္စည်းဖြစ်ပြီး အရေပြား အရောင်ဖြစ်စေသော မယ်လနင်ဆဲလ်များကို အရောင်မပြောင်းလဲအောင် ကာကွယ်ပေးကာ နေပူထဲသို့ ထွက်ပါက အသားမည်းခြင်းကို ကာကွယ်ပေးကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောကြားသည်။

ကြာရှည်သုံးစွဲပါက အရေပြားကို ထိခိုက်စေသော ယင်းဓာတုဗေဒပစ္စည်းကို Kanebo ကုမ္ပဏီက အသားဖြူစေရန် အဓိကထား ထုတ်လုပ်သော အလှကုန်များတွင် ၂၀၀၈ ခုနှစ်မှ စတင်သုံးစွဲခဲ့သည်။
The Voice Weekly

ကြက်သွန်နီ ဈေးတက်၍ တောင်သူများ ဈေးကွက် စောင့်ကြည့်

မန္တလေး၊ ဇူလိုင် ၎
စားဖိုချောင်သုံး သီးနှံ တစ်မျိုးဖြစ်သည့် ကြက်သွန်နီ ဈေးအနည်းငယ် မြင့်တက်လာသဖြင့် ကြက်သွန် စိုက် တောင်သူများက ဈေးကွက်အတွင်းသို့ မရောင်းသေးဘဲ ဆက်လက် ထားရှိကာ ဈေးကွက် စောင့်ကြည့်နေကြကြောင်း မန္တလေးမြို့တော် အခြေစိုက် ကြက်သွန်ပွဲရုံများနှင့် ကြက်သွန်စိုက် တောင်သူများထံမှ စုံစမ်း သိရှိရသည်။

“တောင်သူတွေက ကြက်သွန်နီ ဈေးကောင်းတယ်ဆိုရင် ထုတ်မရောင်းကြဘူး။ လှောင်ထားကြတယ်။ ဈေးထပ် တက်ဦးမလားဆိုပြီး စောင့်ကြတာ။ အခုချိန်က ဈေးတက်တုန်း တောင်သူတွေက ထုတ်မ ရောင်းတော့ ဈေးကွက်ထဲမှာ ပစ္စည်းတော့ သိပ်မရှိဘူး” ဟု မန္တလေးမြို့တော် ကိုင်းတန်းဈေးရှိ ကြက်သွန် ပွဲရုံပိုင်ရှင် တစ်ဦးက ဆိုသည်။

လက်ရှိ ဈေးကွက်တွင် ကြက်သွန်နီ အဓိက ထွက်ရှိရာ ဒေသဖြစ်သော မြင်းခြံနယ်နှင့် မုံရွာနယ်ထွက် ကြက်သွန်နီ ဈေးနှုန်းများမှာ တစ်ပိဿာလျှင် ၅၀ ကျပ်ခန့် ဈေးတက်နေပြီး အရောင်းအဝယ် အေးနေ ကြောင်း မန္တလေးမြို့တော် အခြေစိုက် ကြက်သွန်ပွဲရုံ လုပ်ငန်းရှင်များက ပြောကြားသည်။

“ဧပြီလက တစ်ပိဿာ ၄၀၀ ဝန်းကျင်လောက်ပဲ ရှိတယ်။ ခုက ၅၀၀ ကျပ် ဝန်းကျင် ရှိနေတယ်။ ဈေးများ ထပ်တက်ဦးမလား တောင်သူတွေက စောင့်နေတုန်းပဲ” ဟု အောင် ကြက်သွန်ပွဲရုံ လုပ်ငန်းရှင်က ဆိုသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ကြက်သွန်နီ တစ်ပိဿာလျှင် ၈၀၀ ကျပ်ခန့်ထိ ဈေးမြင့်တက် ခဲ့ဖူးသဖြင့် ယခုနှစ်တွင်လည်း တောင်သူများမှာ ထုတ်မရောင်းသေးဘဲ ဈေးကွက် စောင့်ကြည့် နေခြင်းဖြစ်ကြောင်း ကုန်သည် အချို့က သုံးသပ် ပြောကြားသည်။

“ဘာ့ကြောင့် ဈေးကောင်းနေလဲ မပြောတတ်ပါဘူး။ ဈေးကောင်းပေမယ့် အရောင်းအဝယ် မကောင်းဘူးဆိုတာက နယ်ဘက်တွေ အဝယ်မလိုက်လို့ပါ။ မတ္တရာတို့၊ ပြင်ဦးလွင်တို့ကလည်း ကြက်သွန် ထွက်ကြတော့ အဲဒီဘက်ကလည်း အဝယ် မလာတော့ဘူး}} ဟု အောင်ကြက်သွန်ပွဲရုံ လုပ်ငန်းရှင်က ဆိုသည်။

လက်ရှိ မန္တလေးမြို့တော် ကြက်သွန်နီ ဈေးကွက်သို့ မြင်းခြံနယ်နှင့် မုံရွာနယ်တို့မှ ကြက်သွန်နီများသာ အဝင်ရှိပြီး မြန်မာနိုင်ငံ အထက်ပိုင်း မြစ်ကြီးနား၊ ရွှေဘို၊ လက်ပံလှ၊ သပိတ်ကျင်းနယ်တို့သို့ အဓိက တင်ပို့ ရောင်းချရကြောင်း ကြက်သွန်နီ ပွဲရုံ လုပ်ငန်းရှင်များက ပြောကြားသည်။

“နယ်တွေကို သိပ်မရောင်းသေးတာက ကြက်သွန်ဈေး ကောင်းဦးမလား စောင့်နေသေးတာ။ အခုလက်ရှိ ဈေးနှုန်းတွေက အရင်းတောင် မကျေသေးဘူး။ တောင်သူတွေကလည်း ဈေးကို အားမရ သေးဘူး။ အဲဒါကြောင့် ထုတ်မရောင်းသေးဘဲ စောင့်နေတာ” ဟု မြင်းခြံနယ်တွင် ကြက်သွန်ဧက ၃၀ စိုက်ပျိုးထားသည့် တောင်သူ ဦးမိုးဇော်က ဆိုသည်။

နှစ်စဉ် ကြက်သွန်ရာသီ ကုန်ခါနီးသည့် သြဂုတ်လခန့်တွင် အရောင်းအဝယ်ပါးလေ့ရှိသည့် ကြက်သွန်နီ ဈေးကွက်သည် ယခုနှစ်တွင် သင်္ကြန်ပြီးချိန်မှစကာ လက်ရှိအထိ အရောင်းအဝယ် ပါးနေကြောင်း ကိုင်းတန်းဈေးရှိ ပွဲရုံ လုပ်ငန်းရှင်များက ပြောကြားသည်။

“ကြက်သွန် အထွက်နှုန်းက မနှစ်ကနဲ့ ယှဉ်ရင် ၂၀ ရာခိုင်နှုန်းလောက်တောင် များသေးတယ်။ ဒါပေမဲ့ မရောင်းသေးပါဘူး။ ခု လက်ရှိဈေးလည်း မကြိုက်သေးဘူး။ ကိုယ့်နယ် အထိုင်မှာကို တစ်ပိဿာ ၅၀၀ လောက်ရမှကို ဖြစ်မှာ။ ရာသီကုန်ဖို့ကလည်း လိုသေးတယ်ဆိုတော့ နောက်နှစ်လလောက်တော့ စောင့်ကြည့်ဦးမယ်” ဟု မြင်းခြံခရိုင် တောင်သာမြို့နယ် ဘုရားလှ ကျေးရွာမှ ကြက်သွန်စိုက်တောင်သူ ဦးနိုင်မြင့်က ဆိုသည်။

လက်ရှိ ကြက်သွန်နီ ပေါက်ဈေးမှာ မြင်းခြံ ကြက်သွန်နီ တစ်ပိဿာ ထိပ်စ ၄၈၀ ကျပ်၊ အလတ် ၄၅၀ ကျပ်၊ အလတ်သေး ၄၀၀ ကျပ်၊ မုံရွာ ကြက်သွန်နီ အောက်စ ၃၆၀ ကျပ်၊ အကြီး ၄၂၀ ကျပ်၊ ရှယ် ၄၅၀ ကျပ် ရှိကြောင်း မန္တလေး ကုန်စည် ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
The Voice Weekly

တက္ကသိုလ်ဝင်တန်းကျရှုံးသူ ဆယ်ကျော်သက်တစ်ဦး ကြိုးဆွဲချသေဆုံး

ဥက္ကံ၊ ဇူလိုင် ၎
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ဘုရင့်နောင် ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ဇူလိုင်လ ၃ ရက် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးခဲ့သူ အသက် ၁၇ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ဥက္ကံမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

သေဆုံးသူသည် နေအိမ်ထုပ်တန်းတွင် ပုခက်ကြိုးကို အသုံးပြု၍ ကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်ပြီး မိသားစုဝင်များနှင့် မည်သည့် ပြဿနာမှ မရှိကြောင်း ဖခင်ဖြစ်သူက ရှင်းပြသည်။

အမျိုးသမီးငယ် ကြိုးဆွဲချ သေဆုံးမှုကို သေမူသေခင်း အမှတ် ၅/၂၀၁၃ ဖြင့် စစ်ဆေးလျက် ရှိကြောင်း ဥက္ကံမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ဥက္ကံမြို့နယ်တွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင် ၃ ရက်နေ့အထိ ကြိုးဆွဲချ သေဆုံးသူ သုံးဦးအထိ ရှိကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
The Voice Weekly

ဟောင်ကောင်သရုပ်ဆောင် မေရီယန်း မုံရွာတွင် AIDS ပညာပေးဇာတ်လမ်း ရိုက်ကူး

မုံရွာ၊ ဇူလိုင် ၎
ဟောင်ကောင်နိုင်ငံမှ သရုပ်ဆောင်မေရီယန်းမှာ မုံရွာမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးလက် ကျန်းမာရေးဌာနများတွင် ဇူလိုင်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ မိခင်မှသန္ဓေသား ကလေးငယ်ကို HIV ရောဂါ ကူးစက်မှု ကာကွယ်တားဆီးရေး ပညာပေးဇာတ်လမ်းကို ရိုက်ကူးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ခုခံအားကျဆင်းမှုနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မင်းသမီးက ဇူလိုင်လ ၁ ရက်နေ့မှာ ရောက်တာပါ။ မုံရွာမြို့ပေါ်မှာ စက်မှုဇုန် ရပ်ကွက်နဲ့ ထတောအင်းစပ်တွေမှာ ရိုက်ကူးရေးတွေ လုပ်ပါတယ်၊ ဝေဒနာ ခံစားနေရတဲ့ လူနာတွေနဲ့ ကလေးတွေကို အားပေးတဲ့ ဇာတ်လမ်းကိုလည်း ကိုယ်တိုင် တွေ့ဆုံပြီး ရိုက်ကူးတယ်။ မုံရွာ ဒေသန္တရဆေးခန်းက ကိုယ်ဝန်ဆောင် မိခင်ကနေသန္ဓေသား မကူးအောင် ကာကွယ်ပေးတဲ့ ဌာနမှာလည်း ရိုက်တယ်။ နောက် မုံရွေးနဲ့ကြေးမုံက ကျေးလက်ကျန်းမာရေး ဌာနတွေမှာလည်း သွားပြီး ရိုက်ကူးခဲ့တယ်” ဟု ဟောင်ကောင်သရုပ်ဆောင် မုံရွာသို့ ရောက်ရှိစဉ် လိုက်ပါ ကူညီခဲ့ရသည့် ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

ဟောင်ကောင်သရုပ်ဆောင် မေရီယန်းမှာ ဇူလိုင်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် ရိုက်ကူးမှုများ ပြုလုပ်ခဲ့ပြီး ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ကလေးငယ်တစ်ဦးအတွက် စက်ဘီးတစ်စီး ဝယ်၍ လက်ဆောင် ပေးခဲ့ကြောင်း အင်းစပ်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ယခုရိုက်ကူးခဲ့သည့် အစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်း၍ P.M.C.T စီမံချက်အတွက် ရိုက်ကူးခြင်း ဖြစ်ပြီး ရရှိလာသည့် ရန်ပုံငွေများကို မိခင်မှသားသမီးသို့ HIV ပိုး မကူးစက်ရေး လုပ်ငန်းများ ဆောင်ရွက်သည့် အခါတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
The Voice Weekly

ခြေထောက် လေးချောင်းပါ ကလေးငယ်ကို ယခုလ ဒုတိယပတ်အတွင်း ရန်ကင်း ကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသမည်

မိခင်နှင့်အတူ တွေ့ရှိရသည့် ခြေလေးချောင်းပါ ကလေးငယ် (ဓာတ်ပုံ-ဧရာဝတီ ဖောင်ဒေးရှင်း)
Thursday, 04 July 2013
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှ မွေးရာပါ ခြေထောက် လေးချောင်းပါ သုံးလခွဲအရွယ် ကလေးငယ်ကို ယခုလ ဒုတိယပတ် အတွင်း ရန်ကင်း ကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသ သွားမည်ဖြစ်ကြောင်း ရန်ကင်း ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ခွဲစိတ်ကုသရန် အတွက် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ထားပြီး ခွဲစိတ်ကုသမှုကို ရန်ကုန်နှင့် ရန်ကင်း ကလေးဆေးရုံကြီးမှ ကလေးခွဲစိတ် အထူးကု ဆရာဝန်ကြီးများ၊ အရိုးအထူးကု ဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကု ဆရာဝန်ကြီးများ စသည့် ဆေးပညာရှင်များ စုပေါင်း လုပ်ဆောင်မည်ဖြစ်ပြီး ခွဲစိတ်ကုသမည့် ရက်ကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း သိရသည်။

ခြေထောက် လေးချောင်းပါ ကလေးငယ်အား ခွဲစိတ်ကုသရာတွင် ပိုနေသည့် ခြေထောက် နှစ်ချောင်းကို အဓိက ဖယ်ထုတ်မည်ဖြစ်ပြီး ခွဲစိတ်ကုသပြီး နောက်ပိုင်း လမ်းလျှောက်နိုင်ရန်၊ ကျင်ကြီးကျင်ငယ် သွားနိုင်ရန် ခွဲစိတ်မည် ဖြစ်ကြောင်း သိရသည်။

လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ထားပြီး ခွဲစိတ်ကုသမှုကို ရန်ကုန်နှင့် ရန်ကင်း ကလေးဆေးရုံကြီးမှ ကလေးခွဲစိတ် အထူးကု ဆရာဝန်ကြီးများ၊ အရိုးအထူးကု ဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကု ဆရာဝန်ကြီးများ စသည့် ဆေးပညာရှင်များ စုပေါင်း လုပ်ဆောင်မည်ဖြစ်ပြီး ခွဲစိတ်ကုသမည့် ရက်ကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း သိရ...

ယင်းကလေးငယ်အား ခွဲစိတ်ကုသရန် အတွက် မေ ၁၂ ရက်က ရှမ်းပြည်နယ်မှ ရန်ကင်း ကလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းကလေးငယ်အား ခွဲစိတ်ရာတွင် လိုအပ်သည့် ခွဲစိတ်အထောက်အကူပြု စက်ကိရိယာ ပစ္စည်းများ၊ ကုန်ကျမည့် ကုန်ကျစရိတ်များ အားလုံးကို နိုင်ငံတော်နှင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ တာဝန်ယူ လုပ်ဆောင်ပေးမည်ဖြစ်ပြီး လက်ရှိ မခွဲစိတ်မီ ကလေးငယ်နှင့် သူ၏မိသားစုအတွက် အထွေထွေ ကုန်ကျစရိတ်များကို ဧရာဝတီ ဖောင်ဒေးရှင်းမှပင် တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

သုံးလခွဲအရွယ် မွေးရာပါ ခြေထောက် လေးချောင်းပါ ကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး ယင်းကလေးငယ်ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လုံမြို့ တောင်ဘက်ရှိ ၄၅ မိုင် အကွာ ကျေးရွာတစ်ရွာတွင် အဖဦးခွန်စံဒွေး၊ အမိဒေါ်နန်းနောင်းနောင့်တို့မှ မွေးဖွားခဲ့ခြင်းဖြစ် ကာ မွေးချင်းလေးဦး ရှိကြောင်း သိရသည်။
Eleven Media Group

ရန်ကုန်မြို့ရှိ ယာဉ်ကြောပိတ် ငါးနေရာတွင် စည်းကမ်းမဲ့ယာဉ်များကို စတင်အရေးယူ

ရန်ကုန်၊ ဇူလိုင် ၎
ရန်ကုန်မြို့တွင်းရှိ ယာဉ်ကြော ပိတ်ဆို့မှု အများဆုံးနေရာ ငါးနေရာတွင် ဇူလိုင်လ ၄ ရက်နေ့မှစ၍ စည်းကမ်းမဲ့ယာဉ်များကို အရေးယူမှုများ စတင်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့ခွဲမှူး ဦးသာဌေးက The Voice သို့ ပြောကြားသည်။

ယာဉ်ထိန်းတပ်ဖွဲ့ အခြေပြုရာ နေရာများတွင် တပ်ဖွဲ့ဝင်အင်အား ၃၀ ထပ်တိုး၍ စတင်စမ်းသပ် အရေးယူ ဆောင်ရွက်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရန်ကုန်မြို့တော်တွင် ယာဉ်ကြော ရှုပ်ထွေး၊ ပိတ်ဆို့သည့်နေရာ ၁၈ နေရာရှိပြီး စမ်းသပ်ဆောင်ရွက်သည့်နေရာ ငါးနေရာမှာ အနော်ရထာ-ဗိုလ်ဆွန်ပက်လမ်း၊ အနော်ရထာ-ဗိုလ်အောင်ကျော်လမ်း၊ မဟာဗန္ဓုလလမ်းပေါ်ရှိ သိမ်တော်ကြီး အနီးတဝိုက်၊ ဗညားဒလလမ်းပေါ် ယုဇန ပလာဇာရှေ့နှင့် ဟံသာဝတီ အဝိုင်းတို့ ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထံမှ စုံစမ်းသိရှိရသည်။

“ဖြူနီကျားမှာ ရပ်တဲ့ယာဉ်တွေ၊ တစ်လမ်းမောင်းမှာ ညာဘက်ကပ်ရပ်တဲ့ ယာဉ်တွေ၊ ပြီးတော့ အသံချဲ့စက်နဲ့ အော်ပြီး ယာဉ်တွေကို တားနေတာတွေ့တယ်။ သက်ဆိုင်ရာက ကြပ်မတ် လုပ်ဆောင်နေတုန်း ခဏပဲ။ ပြီးရင် စည်းကမ်းမဲ့ လုပ်ကြတာပါပဲ။ အဲ့ဒီလို အမြဲလုပ်နိုင်ရင်တော့ ကောင်းတာပေါ့” ဟု ယာဉ်များကို ဖမ်းဆီး အရေးယူနေသည်ကို တွေ့ရှိရသူတစ်ဦးက ဆိုသည်။

လူကူးမျဉ်းကျား ရေးဆွဲခြင်း၊ လူကူးမျဉ်းကျားတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲများ၊ မြို့တော်စည်ပင်နှင့် မထသ အပါအဝင် NGO အဖွဲ့အစည်းများ ပူးပေါင်း၍ ၂၀၁၃ ခုနှစ် မေလ ၆ ရက်နေ့မှ ၁၂ ရက်နေ့ထိ ပြုလုပ်ခဲ့ပြီး ယာဉ်အန္တရာယ် ကင်းရှင်းရေး ရက်သတ္တတစ်ပတ် လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြောင်း မထသ (ဗဟို) က တရားဝင် ထုတ်ပြန်ထားသည်။
The Voice Weekly

သူရဦးရွှေမန်း လွှတ်တော်နာယကဖြစ်လျှင် အခြေခံဥပဒေပြင်ရေး ပိုအဆင်ပြေနိုင်

ရန်ကုန်၊ ဇွန် ၎
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ လာမည့်သြဂုတ်  ၁ ရက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ကို လွှဲပြောင်းရယူပြီးနောက် ပြည်ထောင်စုလွှတ်တော်တွင်သာ ဆွေးနွေးဆုံးဖြတ်နိုင်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စနှင့်ပတ်သက်၍ ပိုမိုအဆင်ပြေနိုင်မည့် အလားအလာရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်အသိုင်း အ၀ိုင်းက သုံးသပ်ပြောဆိုကြသည်။

ယင်းသို့ သုံးသပ်ပြောကြားမှုမှာ လက်ရှိပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်သည် စည်းကမ်းအတိုင်း စည်းစနစ်ကျကျ ဆောင်ရွက်တတ်သူဖြစ်ပြီး သူရဦးရွှေမန်းမှာ စည်းရုံးရေးနည်းလမ်းဖြင့် ဆောင်ရွက်တတ်သူဖြစ်သောကြောင့်ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန်ဟူသော ကြွေးကြော်ချက်ဖြင့် လွှတ်တော်တွင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မှ ၀င်ရောက်ခဲ့သော NLD ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဖြိုးမင်းသိန်းကပြောကြားသည်။

““ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကဏ္ဍဟာ ပြည်ထောင်စုလွှတ်တော်မှာမှ ပါဝင်လာမှာဖြစ်တဲ့အတွက် ဒီအခြေအနေပေါ်မှာ စည်းရုံးရေးပုံစံနဲ့ သိမ်သိမ်မွေ့မွေ့ကိုင်တွယ်ဖို့ လိုအပ်လိမ့်မယ်လို့ထင်တယ်။ ဒါကြောင့်မို့ ဥက္ကဋ္ဌဦးရွှေမန်းလက်ထက်မှာ ဖွဲ့စည်းပုံ အခြေခံဥ ပဒေ ပြင်ဆင်ရေးအတွက် အကောင်းဆုံးသယ်ဆောင်ပေးသွားမယ် လို့ မျှော်လင့်ပါတယ်”” ဟုပြောသည်။

လွှတ်တော်ပြင်ပ နိုင်ငံရေးအသိုင်းအ၀ိုင်းနှင့် နိုင်ငံရေးလေ့လာစောင့်ကြည့်သူများကမူ သူရဦးရွှေမန်း ပြည်ထောင်စုလွှတ်တော်နာယက ဖြစ်လာသော်လည်း ၂၀၁၅ ခုနှစ်ရွေး ကောက်ပွဲမတိုင်မီ ထူးခြားသည့်ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်မှုဖြစ်ပေါ်ရန် အလားအလာနည်းကြောင်း သုံးသပ်ကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အခြားလွှတ်တော်ကိုယ်စားလှယ်များကလည်း ထောက်ခံပြောကြားမှုရှိပြီး လွှတ်တော်အတွင်း စွမ်းဆောင်ရည်မြင့်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော ဦးသိန်းညွန့်က  ““ပါတီအသီးသီးရဲ့ ရပ်တည်ချက်ပေါ်မူတည်ပြီး ကြည့်ရဦးမယ်။ ဒါကြောင့် တွက်တဲ့အခါမှာ လူပုဂ္ဂိုလ် ဆိုင်ရာအပိုင်းကို တွက်ရမှာဖြစ်သလို ပါတီအသီးသီးရဲ့ ရပ်တည်ချက်နဲ့လည်း ယှဉ်တွဲပြီး အကဲဖြတ် ဖို့လိုမယ်””ဟု ပြောကြားသည်။

ထို့ပြင်သူရဦးရွှေမန်း၏ မကြာမီကမှ ၂၀၁၅ ၌ သမ်္မတဖြစ်ရန်ဆန္ဒရှိကြောင်းပြောဆိုထားသူဖြစ်၍ ယခု ကာလသည် အာဏာရပါတီဖြစ်သလို လွှတ်တော်တွင်း ကိုယ်စားလှယ်အများဆုံးရထားသည့် ပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်သည့် သူရဦးရွှေမန်းမှာ ယခုကဲ့သို့ ပြည်ထောင်စုလွှတ်တော်နာယကဖြစ်လာချိန်တွင် ၎င်း ၏ခေါင်းဆောင်မှု၊ စွမ်းဆောင်မှုနှင့် အရည်အချင်းကို ပြည်သူအားလုံး စောင့်ကြည့်ရတော့မည်ဖြစ်ကြောင်း ဦးသိန်းညွန့်က သုံးသပ်ပြောကြားသည်။

သူရဦးရွှေမန်း၏ လွှတ်တော်အတွင်း ဆုံးဖြတ်ဆောင်ရွက်ချက်များကြောင့် လက်ရှိနိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် မကြာခဏထိပ်တိုက် ၀ိဝါဒကွဲပြားမှုဖြစ်ပေါ်လျက်ရှိကြောင်း သုံးသပ်ပြောကြားမှုများလည်းရှိ ရာ ၎င်းပြည်ထောင်စုလွှတ်တော်နာယက တာဝန်ထမ်းဆောင်ရသောအခါ လွှတ်တော်နှင့် အစိုးရဆက်ဆံရေးအပေါ် ပိုမိုသဘောကွဲလွဲမှုအရှိန်ဝင်သွားနိုင်ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်မှုများလည်းရှိသည်။

ယင်းသုံးသပ်မှုများအပေါ် သူရဦးရွှေမန်းအနေဖြင့် လွှတ်တော်၏ဆောင်ရွက်ရမည့် ၀တ္တရားအတိုင်းသာ အစိုးရအဖွဲ့နှင့် သဘောကွဲသည့်အခါများ၌ ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းပြည်ထောင်စု လွှတ်တော်နာယကဖြစ်ချိန်တွင် အစိုးရလွှတ်တော်များ အပြန်အလှန် ထိန်းကျောင်းမှုများရရှိကာ လွှတ်တော်၏ အခန်းကဏ္ဍ ပိုမိုအသက်ဝင်လာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အများစုက သဘောထားတူညီစွာ ပြောကြားကြသည်။

သူရဦးရွှေမန်းသည် အစိုးရအဖွဲ့နှင့် သဘောထားကွဲလွဲမှု မြင့်မားသည်ဟု သုံးသပ်ပြောကြားကြသော် လည်း နိုင်ငံတော်သမ္မတ အပါအ၀င် လက်ရှိအစိုးရအဖွဲ့ဝင် အားလုံးသည် ယခင်နအဖအစိုးရ လက်ထက်က သူရဦးရွှေမန်းထက် ရာထူးအဆင့်နိမ့်များတွင်သာ တာဝန်ထမ်းဆောင်ခဲ့ရသူများဖြစ်ပြီး သူဦးရွှေမန်းနှင့် သမ္မတဦးသိန်းစိန်အပါအ၀င် ယခုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးအများစုမှာ စစ်အာဏာရှင်အုပ်စုဝင် ဗိုလ်ချုပ်ကြီးများနှင့် တပ်မတော်အဆင့်မြင့် အရာရှိဟောင်းကြီးများပင် ဖြစ်သည်။ သူရဦးရွှေမန်းသည် နအဖ အစိုးရလက်ထက် တပ်မတော်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (ကြည်း၊ ရေ၊ လေ) များထက် ရာထူးကြီးသည့် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်ပြီး အမြင့်ဆုံးအာဏာပိုင်အဖွဲ့စည်းဖြစ်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)တို့ပြီးလျှင် နံပါတ် ၃ အဆင့်ရှိသည့် ဗိုလ်ချုပ်ကြီးဖြစ်သည်။
 Myanmartandawsint Newspaper

ဆီးဂိမ်းအတွက် အချိုရည်ဗူး ငါးသိန်း ထောက်ပံ့

နေပြည်တော်၊ ဇူလိုင် ၅။
လာမည့် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲအတွက် 100 Plus မှ ဒေါ်လာ
ခြောက်သောင်းနှင့် အချိုရည်ဗူး ငါးသိန်းခွဲကို ထောက်ပံ့ ပေးအပ်မည်ဖြစ်ကြောင်း  100 Plusမှ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Graham Limက ပြောကြားသည်။

“ကျွန်တော်တို့ အခုလိုလက်တွဲရတာ ဂုဏ်ယူပါတယ်။ အားကစားဝန်ကြီးဌာနတွေနဲ့အတူ ရေရှည်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဂျူနီယာ ကစားသမားတွေရဲ့ အရေအသွေးတွေ တက်လာအောင် လုပ်ပေးဖို့လဲရှိတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်အားကစားနည်းတွေက အလားအလာရှိလည်းဆိုတာ လေ့လာပြီး ကမ္ဘာအလည်မှာ မြန်မာနိုင်ငံအတွက် ဖော်ထုတ်ပေးသွားမှာပါ”၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာအားကစားဝန်ကြီးဌာနမှ ၂၁ကြိမ်မြောက် ဆီးဂိမ်းအတွက် ကုမ္ပဏီ(၁၂)ခုနှင့် ချုပ်ဆိုပြီးဖြစ်ကြောင်း၊ 100 Plus အချိုရည်မှ စပွန်စာပေးသော အချိုရည်များအား အားကစားသမားများအတွက် လေးသောင်းခန့် ရှိပြီးဖြစ်ပြီး တစ်ရက်လျှင် အချိုရေးဗူး တစ်ထောင့်ငါးရာခန့် အသုံးပြု၍ ဆီဂိမ်းပြီးသည်အထိ လုံလောက်သော ပမာဏဖြစ်ကြောင်း အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ပြောကြားသည်။

ဆီးဂိမ်းအားကစားရုံများနှင့် ပတ်သက်၍ အဆောက်အဦးများအတွက် ဝဏ္ဏသိဒ္ပ္ဓိအားကစားကွင်းနှင့်
ဇေယျာသီရီ အားကစားကွင်းများသည် ၉၅%နှုန်း ပြီးစီးနေပြီဖြစ်ပြီး အခြားအားကစာရုံးများကို
လာမည့် သြဂုတ်လတွင် ပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း အားကစားဝန်ကြီးဌာနမှ သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com