http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အကျမရှိသည့် စာမေးပွဲစနစ် ကျင့်သုံးရန် လွှတ်တော်တွင်ဆွေးနွေးမည်

သောကြာနေ့၊ ဇွန်လ ၂၁ ရက် ၂၀၁၃
သူငယ်တန်းမှ အထက်တန်း ပြီးဆုံးသည်အထိ ကျောင်းသားများအားလုံး စာမေးပွဲအကျပေးခြင်း မရှိသော အမျိုးသား အဆင့်ပညာရေး မူဝါဒ သစ်တစ်ခုကို အောက်လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ပညာရေးပြု
ပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် က ပေးပို့ထားသည်။

နိုင်ငံတဝန်းတွင်ဆွေးနွေးပွဲများ အကြိမ် ကြိမ်ဆောင်ရွက်ပြီးမှ ရရှိလာသည့် ရလဒ်ကို လွှတ်တော်သို့ တင်ပြလိုက်ခြင်းဖြစ်သည့် ''အမျိုးသားပညာရေးမူဝါဒ မူကြမ်း''သည် အောက်လွှတ် တော်၏ပညာရေးမြှင့်တင်မှု ကော်မတီမှ တစ်ဆင့် လွှတ် တော်သို့ တင်ပြမည်ဖြစ် သည်။ မူကြမ်းကို အမတ်များက ယခုလအတွင်း စတင် ကျင်းပမည့် လွှတ်တော်တွင် ဆွေးနွေးကြမည်ဖြစ်သည်။

ကျောင်းသားများ အနေ ဖြင့် စာမေးပွဲများ ကျရှုံးမှုမရှိ သော်လည်း ''အတန်းအဆင့် အသီးသီးတွင် ဘာသာရပ် အားလုံး၊ သင်ခန်းစာအား လုံး သင်ယူတတ်မြောက်ပြီး ဖြစ်ရမည်''ဟုလည်း ယင်းမူဝါဒတွင် ဖော် ပြထားသည်။

ယခုကျင့်သုံးနေသည့် နည်းစနစ်ကဲ့သို့ စာသင်နှစ်ကုန်ဆုံးချိန်တွင် ကျောင်းသားများ ကို စာမေးပွဲစစ်ဆေးခြင်း မပြုလုပ်တော့ဘဲ မူလတန်းနောက်ဆုံးနှစ်ဖြစ်သည့် စတုတ္ထ တန်းနှင့် အလယ်တန်းနောက်ဆုံးနှစ်ဖြစ် သည့် အဋ္ဌမတန်းတို့တွင်သာ နိုင်ငံလုံးဆိုင် ရာ အစိုးရစာမေးပွဲစစ်မည်ဟုလည်း မူဝါဒ သစ်တွင်ဖော်ပြထားသည်။

ယင်းကဲ့သို့ အစိုးရစစ်စာမေးပွဲများ သည်ပင်လျှင် ကျောင်းသားများ၏ အောင်/ ရှုံးကို ဆုံးဖြတ်ရန်စစ်ဆေးခြင်း မဟုတ်ဘဲ ကျောင်းများ၏ စီမံခန့်ခွဲမှုနှင့် သင်ကြားမှု အ ရည်အသွေးကို စစ်ဆေးအကဲဖြတ်ရန်သာ ပြုလုပ်ခြင်းဖြစ် သည်ဟုလည်း ရေးသားထားသည်။

ပညာရေးမူကြမ်းကို ကမကထပြုရေးဆွဲ ကာ ပညာရေးပြုပြင်ပြောင်းလဲမှုနိုင်ငံလုံး ဆိုင်ရာကွန်ရက်တွင် ဦးဆောင် ပါဝင်နေသူ ဒေါက်တာသိန်းလွင်က ''ကလေးတွေ ငယ် တဲ့ဘဝမှာ ဆုံးရှုံးခြင်းဆိုတာမရှိစေချင်ဘူး။ စာမေးပွဲ မကျပေမယ့် စာလည်းတတ်ရမယ်။ ပြီးခဲ့တဲ့ကာလတွေတုန်းက ကျောင်းတွေမှာ စဉ်ဆက်မပြတ်အကဲဖြတ် ဆိုတဲ့စနစ်ကို သုံးခဲ့ဖူးတယ်။ ကျောင်းသားတွေ စာမေးပွဲတော့ မကျဘူး၊ ဒါပေမဲ့ စာတော့မတတ်ဘူး။ ကျွန် တော်တို့
ပြောင်းချင်တာက စာပါတတ်ရမယ်'' ဟု ဆိုသည်။

ဒေါက်တာသိန်းလွင်က ''ကျွန်တော် တို့ က သင်တဲ့နည်းပါပြောင်းမှာပါ။ ကလေးတွေ ကို အလွတ်ကျက်စေတဲ့ နည်းမဟုတ်ဘဲနဲ့ ကိုယ်တိုင်တွေးခေါ်စေတဲ့ နည်းကိုသုံးမှာ။ ဆရာက ဦးဆောင်ပြီး သင်ခန်းစာတစ်ခုချင်း စီမှာ ကျောင်းသားရဲ့ပါဝင်မှု၊ တတ်ကျွမ်းမှု၊ တွေးခေါ်မှု အဲဒါတွေကို စစ်သွားပြီးတော့ လိုအပ်ချက်ကို ဖြည့်ပေးသွားတဲ့ နည်းကိုသုံးမှာ'' ဟု ဆိုသည်။

ပညာရေးမူဝါဒသစ်တွင် ''အတန်းချ စနစ်မရှိသော်လည်း စာမတတ်ဘဲ အတန်း တက်သည့်စနစ်မျိုး မဟုတ်ပါ၊ ကျောင်းသား အားလုံးတတ်မြောက်စေရန် ကျွမ်းကျင်သည့် ဆရာ၊ ဆရာမများဖြင့် သင်ကြားမည်'' ဟု လည်း ပါရှိသည်။

ကျောင်းသားများကို စာမေးပွဲအကျ မပေးဘဲ စာတတ်စေသည့် စနစ်ကိုကျင့်သုံး နိုင်ရန် ကျောင်းဆရာများကို နည်းစနစ်များ ကောင်းမွန်စွာပေးရန်လိုအပ်သလို၊ အရည် အချင်းများလည်း မြှင့်တင်ရန်လိုကြောင်းလည်း
ဒေါက်တာသိန်းလွင်က ဆိုသည်။

ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက်အဖွဲ့ဝင် ဒေါ်သူသူမာက ထို သို့ ကျောင်းသားများကို စာမေးပွဲအကျမပေး သည့်စနစ်ကျင့်သုံးရေးအတွက် မြန်မာအနှံ့ အပြားရှိဒေသ ၂၅ ခုတွင် ဆွေးနွေးကြစဉ်က ငြင်းခုံမှုများရှိခဲ့သည်ဟုလည်း ပြောသည်။

သူမက ''စာမေးပွဲမရှိတော့တာမဟုတ် ပါဘူး။ စစ်ဆေးရေးပုံစံပြောင်းလဲလိုက်တာပါ။ လက်ရှိပညာရေးစနစ်မှာ ကျင့်သုံးတာက အဆုံးသတ်မှာစစ်ဆေးတာပါ။ တကယ်တမ်း တော့ ကလေးတွေကို စစ်ဆေးတဲ့အခါ သင် ယူနေစဉ်မှာစစ်ဆေးတာက ပိုပြီးတော့ ထိ ရောက်တယ်''ဟု ဆိုသည်။

အမျိုးသားပညာရေး မူ ဝါဒသစ်မူကြမ်းကို ဖြစ်ပေါ် လာရန်အတွက် ၂ဝ၁၂ ခုနှစ် အောက်တိုဘာလကတည်း က ရန်ကုန်မြို့တွင် စတင် ဆွေးနွေးခဲ့ပြီး တိုင်းနှင့်ပြည် နယ် အသီးသီးတွင် ဆွေးနွေး ပွဲ ၂၅ ကြိမ်တိုင်ကျင်းပခဲ့သည်။

ထိုဆွေးနွေးပွဲများတွင် ပညာရေးနှင့် ပတ်သက်၍ စိတ်ဝင်စားသူ၊ လှုပ်ရှား ဆောင်ရွက်နေသူ၊ ပညာရှင် နှင့် သက်ဆိုင်ရာ အာဏာ ပိုင်အဖွဲ့တို့မှ တက်ရောက်သူ စုစုပေါင်း ၃၂ဝဝ ကျော်ရှိခဲ့သည်။

ထိုဆွေးနွေးပွဲများ၏ နောက်ဆက်တွဲ အဖြစ် ယခုလ ၈ ရက်နှင့် ၉ ရက်တို့တွင် ရန်ကုန်မြို့၌ ပညာရေးပြုပြင်ပြောင်း လဲရေး ဆိုင်ရာ ညီလာခံကို အပြီးသတ်ကျင်းပခဲ့ရာ လူဦးရေ ၁၃ဝဝ နီးပါးတက်ရောက်ခဲ့ပြီး ဆလုံ၊ ဝ အစရှိသည့် လူမျိုးစုများမှ ပုဂ္ဂိုလ် များပင် ဝင်ရောက်ဆွေးနွေးခဲ့သည်။

အဆိုပါညီလာခံမှ ရရှိလာသော ရလဒ် အဖြစ် အမျိုးသားပညာရေးမူဝါဒသစ် မူ ကြမ်းထွက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထိုမူကြမ်းတွင် ပညာရေးကဏ္ဍ ၁၃ ခု ပါဝင်ပြီး ကျောင်းဆရာ/မ များကို ဆရာဝန်၊ အင်ဂျင်နီယာနှင့် စစ်ဘက် အရာရှိများနှင့် တန်းတူ လစာပေးရေး၊ မူလတန်းပြ၊ အလယ် တန်းပြ၊ အထက်တန်းပြတို့ကို လစာတန်းတူပေးရေးနှင့် တက္ကသိုလ်အကြိုအဆင့်အတန်း များတွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ထည့်သွင်း သင်ကြားရေးတို့ပါ ပါဝင်သည်။
Mizzima - News in Burmese

လက်ထိပ်တန်းလန်းနှင့် အမျိုးသမီးအလောင်း ငဝန်မြစ်အတွင်း ပေါ်မှု ရဲ ၅ ဦးကို ဖမ်းပြီ

လက်ထိပ်တန်းလန်းဖြင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေး၏ ဈာပန အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ – ဆလိုင်းသန့်စင်/ ဧရာဝတီ)
June 21, 2013
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ င၀န်မြစ်အတွင်း လက်ထိပ်တန်းလန်းဖြင့် သေဆုံးနေသော အမျိုးသမီးအလောင်း ဇွန် ၁၉ ရက်နေ့က ပေါ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ပုသိမ်မြို့တလက်ကမ်း သင်္ဘောကျင်း ရဲစခန်းမှ ဒု ရဲအုပ် တဦးအပါအ၀င် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၅ ဦးအား ဖမ်းဆီး ထိမ်းသိမ်းထားကြောင်း သတင်းရရှိသည်။

ဖမ်းဆီး ထိမ်းသိမ်းခံထားရသည့် ရဲတပ်ဖွဲ့ဝင်များမှာ လက်ထိပ်တန်းလန်းဖြင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေး၏ အမှုအား ကိုင်တွယ် စစ်ဆေးနေသည့် ဒုရဲအုပ် နိုင်အောင်ကျော်၊ တပ်ကြပ်ကြီး ကြည်လင်၊ တပ်ကြပ် နေထွန်း၊ တပ်ကြပ် ဇော်မင်းထွန်း နှင့် ဒုတပ်ကြပ် ကျော်လင်းနိုင်တို့ဖြစ်ပြီး ၎င်းတို့အား ပုသိမ်မြို့ရှိ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးအတွင်း ချုပ်နှောင်ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

“ကောင်မလေး သေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ ၅ ဦးကို တိုင်းရဲရုံးမှာ ချုပ်ထားတယ်။ တိုင်းရဲမင်းကြီး အမိန့်နဲ့ ဖမ်းတာလား၊ ရဲချုပ်အမိန့်နဲ့ ဖမ်းတာလားတော့ မသိဘူး။ ရဲဥပဒေ အရတော့ သူတို့ ရာထူးက ပြုတ်ဖို့များတယ်။ ထောင်လည်း ကျနိုင်တယ်။ လက်ရှိမှာ စခန်းမှူးကိုလည်း မြို့နယ်ရဲမှူးက ခေါ်စစ်နေတယ်” ဟု သူက ရှင်းပြသည်။

လက်ထိပ်တန်းလန်းဖြင့် သေဆုံးခဲ့သူ မသန်းသန်းအေးမှာ ပုသိမ်မြို့နယ် ထိန်ချောင်အုပ်စု သပြေပင်ကျေးရွာတွင် ခင်ပွန်းဖြစ်သူ ကိုနန်းဝင်းနှင့်အတူ နေထိုင်သူဖြစ်ပြီး ထိန်ချောင်အုပ်စု သပြေပင်ကျေးရွာနေ ဦးအုန်းမြင့်၊ ဒေါ်မြင့်မြင့်တို့ နေအိမ်မှ ရွှေထည်ပစ္စည်း ၁၀ ကျပ်သား ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ခင်ပွန်းဖြစ်သူ အဖမ်းခံခဲ့ရပြီးနောက် ၃ ရက်အကြာ ဇွန်လ ၁၁ ရက်နေ့တွင် မသန်းသန်းအေးအား သင်္ဘောကျင်း ရဲစခန်းမှ ဒုရဲအုပ် နိုင်အောင်ကျော် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် များက လာရောက် ဖမ်းဆီးခဲ့သည်။

“သူ့ယောက်ျား အဖမ်းခံရတော့ ကျနော့်သမီးကို ကျနော်နေတဲ့ ထိန်ချောင်အုပ်စု လက်ပံရွာကို ခေါ်ထားတယ်။ နောက်ရက် လည်း ကျရော ရဲ ၇ ယောက်က သေနတ်တွေနဲ့ ကျနော့်တဲကို လာဝိုင်းတယ်။ ပြီးတော့ တဲထဲမှာ ရွှေတွေကို ၀င်ရှာတယ်၊ မတွေ့ဘူး။ မတွေ့တော့ ပြန်ခါနီးမှာ ကျနော့်သမီး မသန်းသန်းအေးကို ခဏ မေးစရာရှိလို့ပါ၊ ဘာမှ မဖြစ်စေရဘူး၊ ညတွင်းချင်း ပြန်ပို့ပေးပါမယ်ဆိုပြီး ဒုရဲအုပ် နိုင်အောင်ကျော်က အာမခံတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မှတ်ကလည်း တာဝန် ယူပါတယ်ဆိုလို့ သူတို့နဲ့ ထည့်ပေးလိုက်တယ်” ဟု မသန်းသန်းအေး၏ ဖခင် ဦးပြည်သိမ်းက ဧရာဝတီကို ပြောသည်။

မသန်းသန်းအေးအား ရဲများက ခေါ်ဆောင်သွားပြီးနောက် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (မြက်တိုစခန်း)၊ အမှတ် – ၁ (အသည်ကြီးစခန်း)၊ ပုသိမ်တဘက်ကမ်း သင်္ဘောကျင်း ရဲစခန်းတို့တွင် ဇွန်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရွှေထည် ပစ္စည်း ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ချုပ်နှောင်စစ်ဆေးခဲ့ကြောင်း ဇွန်လ ၁၇ ရက်နေ့ ညပိုင်းတွင် ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီ ၁၇ ရက်နေ့က သပြေပင်ရွာမှာ ကောင်မလေးက ပစ္စည်းလိုက်ပြတော့ ရေငုပ်သမားတွေ ခေါ်ပြီးသွားတယ်။ ရွာ ရောက်တော့ ကောင်မလေးပြတဲ့ နေရာမှာ ငုပ်တယ်။ ရွှေထည် ပစ္စည်းတွေ မတွေ့ဘူး။ နောက်ထပ် ၂ နေရာလောက် ပြတယ်၊ ငုပ်တယ်၊ မတွေ့ဘူး။ အဲဒါနဲ့ မှောင်လာတော့ ရွာကပြန်လာကြတယ်။ ကြက်တန်းကူးတို့နား ရောက်တော့ ကောင်မလေး ခြေထောက်က ခြေကျင်းကို ညာဘက်က ကွင်းဖြုတ်ပြီး ဘယ်ဘက်မှာ ၂ ကွင်း ခတ်လိုက်တယ်။ လက်မှာက ရိုးရိုးလက်ထိပ် ၁ ကွင်း၊ ကြိုးလက်ထိပ်က ၁ ကွင်း ခတ်ထားတယ်။ အဲဒါနဲ့ ကောင်မလေးက ရဲတွေအလစ်မှာ လှေနံရံပေါ်ကနေ ရေထဲကို ပက်လက် လှန်ချလိုက်တာ လိုက်ဆွဲတာ မမီတော့ဘူး။ အဲဒါနဲ့ ရဲတွေလည်း ဒိုက်ဗင်ထိုးပြီး ရေထဲ လိုက်ဆယ်ပေမယ့် မမီတော့ဘူး” ဟု အခင်းဖြစ်ခဲ့သည့် စက်လှေပေါ်တွင် အတူလိုက်ပါ စီးနင်းခဲ့သူ ပုသိမ်မြို့တဘက်ကမ်း အမှတ် ၉ ရပ်ကွက်မှ ဆယ်အိမ်မှူး ကိုငယ်ဇော်က ပြောသည်။

၁၇ ရက်နေ့ညတွင် မသန်းသန်းအေး ရေထဲ ကျသွားသည့်ဖြစ်ရပ်အား သင်္ဘောကျင်း စခန်းမှ ရဲအရာရှိများက သက်ဆိုင်ရာ မိဘဆွေမျိုးများထံ လုံးဝ အကြောင်းကြားခြင်း မရှိခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးပြည်သိမ်းက ဆိုသည်။

“ကျနော့်သမီးကို မြက်တိုကနေ အသည်ကြီးစခန်း (အမှတ် ၁ ရဲစခန်း) ကို ရွှေ့ထားတုန်းက အချုပ်မို့လို့ ထမင်းကို နေ့တိုင်း လာပို့ပါဆိုလို့ ထမင်းနေ့တိုင်း ပို့တယ်။ ဒါပေမယ့် သမီးကိုတော့ တွေ့ခွင့်မရခဲ့ဘူး။ ၁၈ ရက်နေ့ကျတော့ သင်္ဘောကျင်း စခန်းမှာ ထမင်း လာပို့တော့ ဟိုဘက်ကမ်းက ထောင်ကြီးချုပ်ကို ပို့ထားလိုက်ပြီ၊ နောက်နေ့တွေ ထမင်း လာမပို့နဲ့တော့လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်တို့လည်း ရွာပြန်ရောက်ရော ဘေးကနေ သူများပြောလို့ လူကိုယ်တိုင် လိုက်လာပြီးစုံစမ်းတော့မှ ကျနော့်သမီး ဆုံးပြီဆိုတာ သိတာ။ ရဲက ကျနော်တို့ဆီ လုံးဝ အကြောင်းမကြားခဲ့ပါဘူး” ဟု သူက ပြောသည်။

ဇွန် ၁၇ ရက်နေ့ ည ၇ နာရီဝန်းကျင် ခန့်က ရေနစ်သေဆုံးသွားခဲ့သည့် မသန်းသန်းအေး၏ သက်မဲ့ ခန္ဓာကိုယ်မှာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် လက်ထိပ် ၃ ခု ခတ်လျှက်သား အနေအထားဖြင့် ပြန်ပေါ်လာခဲ့ပြီး ပုသိမ်မြို့ခံများ ရာနှင့်ချီ၍ လာရောက် ကြည့်ရှုကြသည်။

ရွှေထည်ပစ္စည်း ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူ မသန်းသန်းအေးအား ဒုရဲအုပ် နိုင်အောင်ကျော်က ရိုက်နှက် စစ်ဆေးနေသည်ကို မြင်တွေ့ခဲ့သည့် မျက်မြင်သက်သေများ သပြေပင် ကျေးရွာတွင် ရှိကြောင်း၊ ရိုက်နှက်သည့် ဒဏ်ကို မခံနိုင်သည့် အဆုံး ယခုကဲ့သို့ ရေထဲခုန်ချ အဆုံးစီရင် သွားသည်ဟု ထင်မိကြောင်း မသန်းသန်းအေး၏ မိသားစုဝင်များက ပြောသည်။

ကွယ်လွန်သူ မသန်းသန်းအေး၏ ဖခင် ဦးပြည်သိမ်းနှင့် အစ်မဖြစ်သူ မမွှေးမွှေးဦး တို့အား ပုသိမ်ခရိုင်ရဲမှူး ဒု ရဲမှူးကြီး ဦးဇော်ဝင်းကျော်က ယမန်နေ့တွင် ခရိုင်ရဲရုံးသို့ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

“သူ အားလုံးကို စိစစ်ပေးပါ့မယ်၊ အမှန်အတိုင်း ဖြစ်စေရမယ်၊ ဥပဒေအရ အရေးယူပေးပါ့မယ်လို့ ပြောတယ်။ ကျနော့် သမီးနဲ့ ပတ်သက်လို့ ငွေကြေးတစုံတရာ ကူညီထောက်ပံ့ခြင်းတော့ မရှိပါဘူး” ဟု ဦးပြည်သိမ်းက ပြောသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များအပေါ် အရေးယူ ဆောင်ရွက်ထားမှုများ၊ မသန်းသန်းအေး၏ အမှုဖြစ်စဉ်များ သိရှိ နိုင်ရန်အတွက် ဧရာဝတီက ပုသိမ်ခရိုင်ရဲမှူး ဒု ရဲမှူးကြီး ဦးဇော်ဝင်းကျော်အား တွေ့ဆုံမေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဦးဇော်ဝင်းကျော်က လက်ခံတွေ့ဆုံခြင်း မရှိပေ။

ကွယ်လွန်ခဲ့ပြီဖြစ်သည့် မသန်းသန်းအေး၏ ရုပ်အလောင်းအား ယမန်နေ့ နေ့လည် ၂ နာရီက ပုသိမ်မြို့ရှိ လူမှုကွန်ရက်များ၊ မြို့ခံများနှင့် ဂရုဏာ နာရေးကူညီမှုအသင်းတို့ ပူးပေါင်းကာ သင်္ဂြိုဟ်ကုန်း သုဿာန်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြသည်။

သင်္ဘောကျင်း ရဲစခန်းမှ “ပြစ်မှုအမှတ် ၄၂/ ၂၀၁၃၊ ပုဒ်မ ၃၀၈ တို့ဖြင့်စွဲ၍ တရားခံအဖြစ် ဖမ်းဆီးခံထားရသော မအသန်း (ခ) မသန်းသန်းအေးသည် ဇွန်လ ၁၇ ရက်နေ့က ဘ၀တပါးသို့ ကူးပြောင်းသွားသည့်အတွက် ၎င်းအား ချုပ်နှောင်ထားသော အချုပ်မှ လွှတ်လိုက်သည်” ဟူ၍ အမိန့်ပြန်တမ်း ထုတ်ပေးခဲ့သော်လည်း သုဿာန်တွင် မြေချချိန်၌ ပြန်တမ်းလိုက်ပါ ရွတ်ပေးခြင်း မရှိသည့်အတွက် ပုသိမ်မြို့မှ ကွန်ရက်အဖွဲ့ဝင် တဦးက ပြန်တမ်းကို ဖတ်ကြားပေးခဲ့ရသည်။

လက်ရှိတွင် မသန်းသန်းအေး၏ ခင်ပွန်း ကိုနန်းဝင်းအား ပုသိမ်မြို့ရှိ ထောင်ကြီးချုပ်တွင် ချုပ်နှောင်ထားပြီး ယခုလ ၂၅ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းသန့်စင်
ဧရာဝတီ

ဆင်ဖြူငှားရမ်းရေး ထိုင်း လက်မလျှော့သေး

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ၂၀၁၀ စက်တင်ဘာ ၂၃ ရက်နေ့က နောက်ဆုံးဖ မ်းဆီးရမိသည့် ဆင်ဖြူ(ဓာတ်ပုံ – ဧရာဝတီ)
June 21, 2013
ထိုင်း အာဏာပိုင်များက မြန်မာနိုင်ငံမှ ဆင်ဖြူတော်ငှားရမ်းရေး အတွက် မြန်မာအစိုးရနှင့် ထပ်မံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရ သည်။

ဘရူနိုင်း နိုင်ငံတွင် ကျင်းပမည့် ၀န်ကြီးများ အဆင့် အာဆီယံ အစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးနှင့် ထပ်မံ ဆွေးနွေး မည်ဟု ထိုင်း နိုင်ငံခြားရေး ၀န်ကြီး Sura pong Towichukchaikulက ပြောကြောင်း ယနေ့ ထိုင်းသတင်းများက ဖော်ပြကြသည်။

မြန်မာအစိုးရ အနေနှင့် ဆင်ဖြူ ငှားရမ်းမည့် ကိစ္စကို ထိုင်းနိုင်ငံသို့ တရားဝင် အကြောင်းကြားခြင်း မရှိသေးကြောင်းလည်း ၎င်းက ဆို သည်။

“ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘရူနိုင်းနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ ၀န်ကြီးတွေ အဆင့် အစည်းအဝေး ကျရင် မြန်မာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့မယ်၊ ဘာပဲ ဖြစ်ဖြစ် ဆင်ဖြူ ငှားရမ်းဖို့ ကိစ္စကို အသေးစိတ် ပြောမယ်၊ ထိုင်းနိုင်ငံကို သယ်ယူရေး ကိစ္စ၊ နေရာ တည်ဆောက်ရေး၊ ထိုင်းအစိုးရအနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြည့်ရှုစောင့်ရှောက်ဖို့ ဆွေးနွေးမယ်”ဟု Sura pong က ဆက်ပြောသည်။

မြန်မာအစိုးရက ဆင်ဖြူကို ထိုင်းသို့ မငှားခြင်းမှာ အခက်အခဲ တခုခုရှိနေနိုင်သော်လည်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ တစုံတရာ မထိ ခိုက်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ပြီးခဲ့သည့် တပတ် သောကြာနေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသည့် အရှေ့ အာရှ လက်တင် အမေရိက ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်(FEALAC) တွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး Sura pong Towichukchaikulတို့ သီးခြား တွေ့ဆုံခဲ့စဉ် ဆင်ဖြူ ငှားရန် ကမ်းလှမ်းခဲ့သည်။

ထိုင်းနိုင်ငံ အနေဖြင့် မြန်မာ-ထိုင်း သံတမန်ဆက်သွယ်မှု (၆၅) နှစ်ပြည့် အထိမ်း အမှတ်အဖြစ် မြန်မာနိုင်ငံမှ ဆင်ဖြူကို ထိုင်းနိုင်ငံ သို့ ခြောက်လကြာ ငှားရမ်းပေးပြီး ချင်းမိုင်မြို့ရှိ တိရစ္ဆာန်ရုံတွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်လိုသည်ဟု ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

ချင်းမိုင်(ခေါ်) ဇင်းမယ်မြို့သည် ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထွန်းကားသောမြို့လည်း ဖြစ် သည်။

ယင်း ကမ်းလှမ်းချက်ကို မြန်မာအစိုးရက ငြင်းဆိုလိုက်ပြီး ထိုင်းနိုင်ငံသားများ အနေနှင့် အဆိုပါ ဆင်ဖြူကို မြန်မာနိုင်ငံသို့ လာ ရောက် ကြည့်ရှုနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ယခုလ ၁၈ ရက်နေ့က ဖော်ပြခဲ့သည်။

ဦးဝဏ္ဏမောင်လွင်ကလည်း မြန်မာနိုင်ငံမှ ဆင်ဖြူကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အထိ သယ်ဆောင်ရေး အတွက် အခက်အခဲများ ရှိသဖြင့် အဆင်မပြေကြောင်း၊ ထိုင်းနိုင်ငံသားများက အလွယ်တကူ လာရောက် ကြည့်ရှုလေ့လာနိုင်ကြစေရန်အတွက် အထူးလေကြောင်း ခရီးစဉ်များနှင့် ညှိနှိုင်းဆောင်ရွက်ပါက အဆင်ပြေမည် ဖြစ်ကြောင်း၊ ဆင်ဖြူ လေ့လာရေး ခရီးစဉ်သည် နှစ်နိုင်ငံကြား ရင်းနှီးချစ် ကြည်မှုများ ပိုမိုမြင့်မားစေနိုင်ပြီး ခရီးသွား လုပ်ငန်းကို အထောက်အကူ ပြုစေနိုင်ကြောင်း ပြန်လည် တင်ပြထားသည်။

ယခင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ထောက်လှမ်းရေးအကြီးအကဲ နှင့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်တို့ လက်ထက်တွင် ရခိုင်ပြည်နယ်မှ ဆင်ဖြူ ၅ ကောင် ဖမ်းဆီး ရရှိထားသည်။

၂၀၁၀ ပြည်နှစ်တွင် နောက်ဆုံး အကြိမ် ဆင်ဖြူ ၂ ကောင်ကို ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ သစ်တောရေးရာ ၀န်ကြီးဌာန သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ အဖွဲ့များက ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်း ဒေသတွင် ဖမ်း ဆီး ရမိခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် လက်ထက်တွင် ဆင်ဖြူ ၃ ကောင်ဖမ်းဆီးရမိခဲ့ပြီး ၎င်းဆင်ဖြူများကို ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့ နယ်၊ စေတီပြင် ကျေးရွာအုပ်စု၊ အထက်နန်းရာ ကျေးရွာအနီးမှ လည်းကောင်း၊ ၂၀၀၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှ လည်းကောင်း၊ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ရခိုင်ပြည် နယ် ကိုင်းကြီးကျေးရွာဟောင်း အနီးမှလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆင်ဖြူများကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မင်းဓမ္မတောင် ဥယျာဉ်နှင့် နေပြည်တော်ရှိ ဆင်ဖြူတော် ရတနာဆောင်တို့တွင် ထားရှိသည်။

ရှေးယခင် ရှင်ဘုရင်များ လက်ထက်မှ စ၍ အဖြူရောင်ရှိသော ဆင်မျိုးကို ထူးခြားသည့် ကျန်အင် လက္ခဏာများအရ ရတနာ တပါးကဲ့သို့ တန်ဖိုးထားပြီး ဆင်ဖြူတော် ဟု ခေါ်ဆို သုံးနှုန်းကြကြောင်း၊ ဘုန်းတန်ခိုး ကြီးရာကြီးကြောင်းအတွက် ယင်း ဆင်ဖြူရတနာ ကို နှစ်သက် လိုလားကြကြောင်း၊ ဆင်ဖြူ ရရှိသူသည် ဆင်ဖြူရှင် ဘွဲ့ခံယူကြကြောင်း စာပေကျမ်းဂန် မှတ်တမ်း များ၌ တွေ့ရှိရ သည်။

ဒုတိယ မြန်မာနိုင်ငံကို တည်ထောင်ခဲ့သည့် ဘုရင့်နောင် ဘုရင်သည် မြန်မာ သက္ကရာဇ် ၉၂၅ ခုနှစ်က ယိုးဒယားကို ချီတက် တိုက် ခိုက်မှု ပြုလုပ်ခဲ့ဖူးသည်။ တိုက်ခိုက်ရသည့် အကြောင်းအရင်းမှာ ယိုးဒယား ၌ ဆင်ဖြူ ၄ ကောင်ရှိသည့်အနက် ၁ကောင်ကိုတောင်း ရာ မပေးသဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ဘုရင့်နောင်ကို မနိုင်၍ ယိုးဒယားမင်း လက်နက်ချပြီး ဆင်ဖြူများကို ဆက်သအပ်နှင်း ရာ ဘုရင့်နောင်က ဆင်ဖြူများရှင်ဘွဲ့ကို ခံယူခဲ့ကြောင်း မြန်မာ့ စွယ်စုံကျမ်း၌ ဖော်ပြထားသည်။
သန်းထိုက်ဦး
ဧရာဝတီ

တရုတ်လုပ်......

 
Yangon Media Group

စကားများရန်ဖြစ်စဉ်ဇနီးဖြစ်သူမှ ချွန်ထက်သောအရာဖြင့်ထိုး၍ ခင်ပွန်းသေဆုံး

ရန်ကုန်၊ ဇွန် ၂၁
၂၁.၆.၂၀၁၃ရက်နေ့ ၀၀၃၀အချိန်ခန့်က မှော်ဘီမြို့နယ်၊ ၀ါးနက်ချောင်းကျေးရွာ၊ အရှေ့ပိုင်းကွက်သစ်နေ ကိုဇော်ကိုကို(၂၅)နှစ်၊ (ဘ)ဦးမြသန်း နှင့် ၄င်း၏ဇနီး မစန္ဒာလင်း၊ (၂၂)နှစ်၊ (ဘ)ဦးထွန်းရှိန်တို့မှာ စကားများရန်ဖြစ်စဉ် ဇနီးဖြစ်သူမစန္ဒာလင်းမှ ချွန်ထက်သောအရာဖြင့် ထိုးခဲ့၍ ခင်ပွန်းဖြစ်သူ ကိုဇော်ကိုကိုတွင် ယာဘက်ကျောပြင်အောက်ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိခဲ့သဖြင့် ၀ါးနက်ချောင်း တိုက်နယ်ဆေးရုံတွင် တင်ပို့ကုသလျက်ရှိရာမှ ၀၁၁၅အချိန်တွင်သေဆုံးသွား၍ မစန္ဒာလင်းအား မှော်ဘီမြို့မရဲစခန်း(ပ)၃၆၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

မြို့နယ်အုပ်ချုပ်ရေးမှူး မေတ္တာရပ်ခံ၍ ညောင်နှစ်ပင် ထွန်တုံးတိုက်ပွဲ ရပ်ဆိုင်း

ရန်ကုန်၊ ဇွန် ၂၀
ရန်ကုန်မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် ညောင်နှစ်ပင် ဖိုးဒေါနကုန်းကျေးရွာ အုပ်စုရှိ လယ်သမား ၂၀၀ သည် သိမ်းဆည်းခံ လယ် ၂၄၆ ဧက ပြန်လည်ရရှိရန် ဇွန် ၂၀ ရက် နေ့နံနက် ၈ နာရီတွင် ပြုလုပ်မည့် နွား ၁၀ ရှဉ်း၊ ထွန်စက်တစ်စီးတို့ဖြင့် ထွန်တုံး တိုက်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူးက ညှိနှိုင်းဖြေရှင်းပေးမည် ဟုဆို၍ ရပ်ဆိုင်းခဲ့ကြောင်း လယ်သမားများက ပြောကြားသည်။

မှော်ဘီမြို့နယ် အုပ်ချုပ်ရေးမှူး၊ စခန်းမှူးနှင့် အခြားတာဝန်ရှိသူများက ထွန်တုံးတိုက်ပွဲကို ခေတ္တ ဆိုင်းငံ့ပေးရန် မေတ္တာရပ်ခံခဲ့ပြီး သိမ်းဆည်းခံရသော လယ်မြေများကို ပြန်လည်ရရှိရန်နှင့် ကွင်းပြင် ဖြစ်လျက်ရှိသော လယ်မြေများ တွင် ပြန်လည်စိုက်ပျိုးခွင့် ရရှိရန် ကြိုးစား ပေးမည်ဟု ပြောကြားခဲ့ကြောင်း ဖိုးဒေါနကုန်း ကျေးရွာနေ ကိုကြည်လှိုင်က The Voice သို့ ပြောကြားသည်။

၂၀၀၁ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ညောင်နှစ်ပင် ဟင်းသီးဟင်းရွက်ဇုန် အမှတ် (၂) စီမံကိန်းအဖြစ် ဖိုးဒေါနကုန်း ကျေးရွာ အုပ်စုအတွင်းရှိ လယ်မြေပေါင်း ၂၄၆ ဧက ကို အတင်းအဓမ္မ သိမ်းယူခဲ့ပြီးချိန် မှစ၍ ယနေ့အထိ စိုက်ပျိုးမှု တစ်စုံတစ်ရာ မလုပ်ဘဲ ကွင်းပြင်အတိုင်းသာ ရှိသဖြင့် စားဝတ်နေရေး အခက်အခဲများကြောင့် မိမိပိုင်လယ်မြေ နေရာများတွင် ပြန်လည်ထွန်ယက် စိုက်ပျိုး ခွင့် ရလိုကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

အဆိုပါ လယ်ကွက်များကို ၂၀၀၂ ခုနှစ်ကစပြီး ဇုန်တာဝန်ခံများက ငါးဧကလျှင် မြေကွက်တစ်ကွက် ရိုက်၍ ရောင်းချခဲ့ပြီး ယခုအခါ မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၆၀၀ အထိရှိကြောင်းနှင့် ရေနက် ကွင်းနေရာများက အရောင်းအဝယ် မဖြစ်ဘဲ ကွင်းပြင်ကြီးအဖြစ် ကျန်ရှိနေကြောင်း ယင်းကျေးရွာနေ လယ်သမားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
The Voice Weekly

အမျိုးသမီးသုံးယောက်မှာ တစ်ယောက်နှုန်းနဲ့ အကြမ်းဖက်ခံရ

2013-06-21      
ကမ္ဘာမှာ အမျိုးသမီးသုံးယောက်မှာ တစ်ယောက်ဟာ အိမ်တွင်းအကြမ်းဖက်မှုခံနေရပြီး၊ အာရှနဲ့ အရှေ့အလယ်ပိုင်း ဒေသနိုင်ငံတွေမှာ ပိုပြီးအဖြစ်များတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မနေ့က ပြောပါတယ်။

ကမ္ဘာတဝှမ်း အမျိုးသမီးများ အကြမ်းဖက်ခံရမှုနဲ့ ကျန်းမာရေးပြဿနာဆိုင်ရာ ပထမဆုံးအကြိမ် စနစ်တကျလေ့လာခဲ့ရာမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ လင်ယောင်္ကျားတွေရဲ့ အကြမ်းဖက်နှိပ်စက်မှု ခံစားနေရကြောင်း တွေ့ရှိခဲ့တာဖြစ်ကြောင်း၊ ရရှိတဲ့အချက်အလက်တွေဟာ တုန်လှုပ်စရာကောင်းကြောင်း WHO ရဲ့ မိသားစု၊ အမျိုးသမီးများနဲ့ ကလေးသူငယ် ကျန်းမာရေးဌာနခွဲ အကြီးအကဲက ပြောပါတယ်။

ဒါပေမဲ့ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရကြောင်း ထုတ်ဖေါ်ပြောဆိုလေ့ မရှိကြတဲ့အပြင်၊ ဒီကိစ္စကို ဖြစ်ရိုးဖြစ်စဉ်အနေနဲ့သဘောထားနေကြပြီး၊ ကျန်းမာရေးနဲ့ တရားဥပဒေဆိုင်ရာ အစီအမံအကာအကွယ်တွေ ကင်းမဲ့နေတယ်လို့ ဆိုပါတယ်။

နိုင်ငံပေါင်း ၈၁ နိုင်ငံကို လေ့လာခဲ့ရာမှာ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှုဟာ အာရှတိုက်မှာ အမြင့်ဆုံးဖြစ်တယ်လို့ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ အရှေ့တီမော၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတွေမှာ အိမ်တွင်းအကြမ်းဖက်မှု ၃၇.၇ ရာနှုန်းရှိပြီး၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ၃၇ ရာနှုန်း၊ အာဖရိက ဆာဟာရအောက်ပိုင်းနိုင်ငံတွေမှာ ၃၆.၆ ရာနှုန်းရှိတယ်လို့ သိရပါတယ်။

ချမ်းသာတဲ့ မြောက်အမေရိက၊ ဥရောသမဂ္ဂ ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတေးလျနဲ့ နယူးဇီလန် နိုင်ငံတွေမှာတော့ ၂၃. ၂ ရာနှုန်းသာရှိတယ်လို့ ဆိုပါတယ်။
RFA (မြန်မာပိုင်း)

တို့ကလေးတွေ စာဖတ်ဖို့ ဘာတွေလိုအပ်သလဲ

[Letter to Editor]
ကလေးတွေ စာဖတ်ဖို့ လိုအပ်ကြောင်း ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ (We need to get kids reading,right now) ဆိုပြီး ရေးထားတာကို ဖတ်ရတယ်။ တော်တော်ကောင်း တဲ့ ဆောင်းပါး တစ်ပုဒ်ပါ။ အိမ်နီးချင်း နိုင်ငံတွေနဲ့ ချိန်ထိုးပြီး ရေးထား တဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။ ထိုင်းလူမျိုးတွေ တစ်နှစ်ကို စာအုပ်ရေ ၃၅ အုပ် ဖတ်ပါသတဲ့။ အဲဒါ အရှေ့တောင်အာရှက နိုင်ငံတွေနဲ့ ယှဉ်လိုက် ရင် အောက်ဆုံးကို ရောက်နေသေးတယ်။ ဒါကြောင့် ကလေးငယ်တွေ စာဖတ်ချင်လာအောင် ဘယ်လို ဆွဲဆောင်ကြမလဲဆိုပြီး နောင်တစ်ချိန်မှာ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာကြမယ့် ကလေးတွေအတွက် စိုးရိမ်ပြီး ရေး ထားတဲ့ ဆောင်းပါးကောင်း တစ်ပုဒ် ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာကလေးတွေ ဘာလုပ်နေလဲ၊ စာတွေဖတ်နေ သလား လေ့လာမိတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ မြန်မာ ကလေးတွေ စာဖတ်နေပါတယ်။ ဝါကျတစ်ကြောင်းကို ထပ်ခါတလဲလဲ ဖတ်နေတာပါ။ အလွတ်ရအောင် ကျက်မှတ်နေတယ်။

ရန်ကုန်မှာနေတုန်း ကျွန်တော့် တူမလေး စာဖတ်နေတာကို ဘေးနားက ထိုင်ပြီး စိတ်ဝင်တစား နားထောင်မိတယ်။ ထပ်ခါတလဲလဲ ကျက်မှတ်နေ ပါတယ်။

မနက် မိုးလင်းတာနဲ့ ကလေးကျောင်းသွားဖို့ မိဘတွေက ပြင်ဆင်ပေး ရတယ်။ ကျောင်းနဲ့ အိမ်က သိပ်မဝေးဘူးဆိုရင် မိဘ တစ်ဦးဦးက လိုက်ပို့ပေး ရတယ်။ တော်တော်ကို အလုပ်ရှုပ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါက နံနက်ပိုင်း တက်ရတဲ့ အတန်းတွေ ဖြစ်ပါတယ်။ နံနက်ပိုင်း တက်ရတဲ့ ကလေးတွေ နေ့လယ် ၁၂ နာရီဆို ကျောင်းဆင်းပြီး အိမ်ကို ပြန်လာကြ တယ်။ နေ့လယ်စာ စားပြီးတာနဲ့ ကျူရှင်အတွက် ပြင်ဆင်ကြရတော့တယ်။ တစ်နာရီလေးတောင် မနားရဘဲ ကျူရှင်သွားဖို့ ပြင်ဆင်ရပါတော့တယ်။ ကျူရှင်က ညနေ ၄ နာရီလောက်မှပြီးတော့ ကလေးက ဖတ်ဖတ်မောနေပြီ။ ညနေစာ စားပြီးရင် ဂိုက်က လာနေပြန်ပြီ။ ဒါက ရန်ကုန်မြို့တော်မှာ ပညာ သင်ကြားနေတဲ့ ကလေး တစ်ဦးရဲ့ ဘဝ ဖြစ်ပါတယ်။ ဒီကလေးက လူ့ဘဝအတွက် တန်ဖိုးရှိမယ့် စာတွေကို ဘယ်အချိန်မှာ ဖတ်မှာလဲ။ မိဘတွေကလည်း အပြင်စာထက် ကျောင်းစာကို ဖတ်ဖို့ အားပေးတယ်။ အမှတ်ကောင်းကောင်း ရရေး အတွက်သာ အဓိက။

မြန်မာ ကျောင်းသားကလေးတွေကို လေ့လာကြည့်ဖြစ်ပါတယ်။ ကျောင်းကား တစ်စီးပေါ်မှာ စီးလာတဲ့ ကျောင်းသားတွေမှာ တချို့ ကျောင်းသားလေးတွေ ဆံပင်ပုံစံက သေသေသပ်သပ်ရှိပေမယ့် တချို့တွေက ကျောင်းသားရုပ် မပေါက်ဘဲ လမ်းသရဲရုပ် ပေါက်နေတာကို တွေ့ရတယ်။ ဖိနပ်ကလည်း ကြိုက်သလိုစီး၊ ကြိုက်တဲ့အရောင်ကို စီးပြီး တစ်ယောက်တစ်ပေါက် ဖြစ်နေ တာကို တွေ့တော့ အံ့သြမိတယ်။ တခြားနိုင်ငံတွေမှာတော့ ယူနီဖောင်းက ဘာမှ ကွဲလွဲစရာ မရှိသလို ကျောင်းသားတွေရဲ့ ဆံပင်ပုံစံကို ဆရာတွေ ကသာ ကြပ်မတ်တာမဟုတ်ဘဲ ရဲတွေကလည်း ကျောင်းသားတစ်ဦးရဲ့ ဆံပင်ပုံစံက လမ်းသရဲရုပ် ပေါက်နေရင် စစ်ဆေးပြီး ကျောင်းအုပ်ကြီး ကို ခေါ်ကာ အသိပေးတတ်တဲ့ အလေ့အထ ရှိပါတယ်။ တို့မြန်မာကျောင်းက မဟုတ်တဲ့နေရာမှာ ဒီမိုကရေစီ ဆန်နေပါလားလို့ တွေးမိတယ်။

လွန်ခဲ့တဲ့နှစ်က ထိုင်းအစိုးရဟာ ပြည်သူတွေ စာဖတ်လာအောင် လှုံ့ဆော်တဲ့အနေနဲ့ စီမံကိန်းတွေချပြီး ဆောင်ရွက်ခဲ့တယ်။ ထိုင်းဘတ်ငွေ သန်း ၄၀၀ ကို ၂ နှစ် စီမံကိန်းအတွက် ထုတ်ပေးခဲ့တယ်။ ဧပြီလ ၂ ရက်နေ့ကို အမျိုးသား စာဖတ်တဲ့နေ့အဖြစ် သတ်မှတ်ပေးပြီး နိုင်ငံတစ်ဝန်းက အကောင်းဆုံး စာကြည့်တိုက် ပြိုင်ပွဲတွေ ကျင်းပပေးခဲ့တယ်။ ဒါတောင် ထိုင်းပြည်သူတွေ စာဖတ်အား တက်မလာဘဲ ကျဆင်းနေတယ်လို့ စစ်တမ်းတွေက ဖော်ပြနေတယ်။

မြန်မာပြည်က နာမည်ကြီး မဂ္ဂဇင်း တစ်စောင်ဖြစ်တဲ့ The Wave ရဲ့ အယ်ဒီတာ အဖွဲ့ဝင် ကိုရွှေကျော်နဲ့တွေ့လို့ ရောင်းအားကောင်း သလား မေးကြည့်တော့ “အုပ်ရေ တစ်ထောင်ကုန်အောင် မနည်း ကို ရောင်းနေရတယ်ဗျာ” လို့ ညည်းညူတဲ့ လေသံနဲ့ ပြန်ပြောတာကို ကြားဖူး တယ်။ မြန်မာနိုင်ငံ လူဦးရေနဲ့ တွက်ကြည့်ရင် အုပ်ရေ တစ်ထောင်ပဲ ရောင်းရ တယ်ဆိုတာ အင်မတန်မှ စိတ်မကောင်းစရာပါ။ ပြည်သူတွေရဲ့ စာဖတ်အား မရှိသလောက် ကျဆင်းနေတာကို ပြနေတာပဲ ဖြစ်ပါတယ်။ ဒီလို မဂ္ဂဇင်း များကို သာမန် စာဖတ်သူတွေ မဟုတ်ဘဲ တိုင်းပြည်ရဲ့ ဥပဒေပြုရေး နယ်ပယ်မှာ ပါဝင် နေတဲ့သူတွေ၊ အုပ်ချုပ်ရေး နယ်ပယ် အသီးသီးမှာ ပါဝင်နေတဲ့သူတွေ ဖတ်သင့်တဲ့ မဂ္ဂဇင်းအဖြစ် မြင်မိတယ်။ ဒါပေမဲ့ အုပ်ရေ တစ်ထောင် ရောင်းမကုန်တာကို သိတာနဲ့ တို့တိုင်းပြည်က ခေါင်းဆောင် တွေ ဘာတွေလုပ်နေသလဲ တွေးကြည့်လို့ရတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ လွန်ခဲ့တဲ့လက စာအုပ်ပွဲတော် ကျင်းပပေး ခဲ့တယ်။ စာအုပ်ပွဲတော်ကို လာရောက် အားပေးတဲ့ လူဦးရေက နှစ်သန်းနီးနီး ရှိပါသတဲ့။ ထိုင်းနိုင်ငံရဲ့ လူဦးရေက သန်း ခြောက်ဆယ်ကျော် ဆိုတော့ လူဦးရေ အချိုးနဲ့ တွက်ကြည့်ရင် လူထု စိတ်ဝင်စားမှု တော်တော် ရှိတာ ကို တွေ့ရတယ်။ အဲဒီ စာအုပ်ပွဲတော်မှာ ရောင်းရတဲ့ စာအုပ်ရဲ့တန်ဖိုးက ထိုင်းဘတ်ငွေ သန်း ၅၀၀ ကျော်တယ်လို့ ထုတ်ပြန်ခဲ့တယ်။ မြန်မာငွေနဲ့ တွက်ကြည့်ရင် သိန်းပေါင်း နှစ်သိန်းဖိုးလောက် ရောင်းရတာကိုတွေ့တော့ အမိမြန်မာပြည်က ပြည်သူတွေ ဒီလို စာအုပ်စာပေကို စိတဝင်စားနိုင်မယ့် အချိန် ဘယ်တော့ ရောက်နိုင်မလဲလို့ တမ်းတမိတယ်။

ကလေးတွေ စာဖတ်ဖို့အကြောင်းကို မိတ်ဆွေတစ်ဦးနဲ့ ပြောဖြစ်တော့ “ဟုတ်တယ်ဗျာ ကလေးတွေ စာဖတ်မှ တိုင်းပြည်အနာဂတ် ကောင်းမှာ။ လူကြီးတွေစာဖတ်မှ တိုင်းပြည်ရဲ့ ပစ္စုပ္ပန် ကောင်းမှာ။ လူကြီးတွေ စာမဖတ်တော့ တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေကလည်း မကောင်းဘူး။ အနာဂတ် ကလည်း ကောင်းမယ့် အလားအလာ မမြင်ဘူး။ ဘာကြောင့် လဲဆိုတော့ ကလေးတွေက တောတောင် ထဲမှာ ပုန်းအောင်းနေရတုန်း ပဲလေ” လို့ ပြန်ဖြေတာကို ကြားတော့ စိတ်မောခဲ့ရတယ်။

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်က ဒုက္ခသည် စခန်းတွေမှာ ၁၆ နှစ်အောက် ကလေးတွေ လေးသောင်းကျော်၊ မြန်မာပြည် တစ်နံ တစ်လျားမှာ ဘယ်လောက်ထိ များများ ရှိနေမလဲ။ ထိုင်းနိုင်ငံမှာ မိဘတွေနဲ့ အတူ အလုပ်လုပ်နေတဲ့ ကလေးတွေ ဘယ်လောက်ထိ ရှိနေမလဲ မတွေးဝံ့ စရာပါ။

ထိုင်းနိုင်ငံမှာ ပညာသင်နေတဲ့ မိတ်ဆွေ တစ်ဦးကတော့ ကားလမ်းပေါ်မှာ ထိုင်းသတင်းစာနဲ့ ပန်းတွေ လိုက်ရောင်းနေတဲ့ မြန်မာပြည်က ကလေးတွေ တော်တော်များများကို တွေ့ခဲ့ရပါသတဲ့။ ကျွန်တော်တို့ ကလေးတွေ စာဖတ်ဖို့က ဝေးနေသေးတယ်။ လူသား တစ်ဦးအဖြစ် အသက် ရှင်ရေးအတွက် နိုင်ငံကို ဖြတ်ကျော်ပြီး ဈေးရောင်းနေရတဲ့ အခြေအနေမျိုး ကို ရောက်နေပါလားလို့ တွေးမိတယ်။

ကျွန်တော်ကိုယ်တိုင်လည်း မဲဆောက်က အာရှလမ်းမလို့ ခေါ်တဲ့ အဝေးပြေး လမ်းမပေါ်မှာ ထိုင်း သတင်းစာနဲ့ ပန်းတွေ လိုက်ရောင်းနေတဲ့ ကလေးတွေ ကို နေ့တိုင်းလိုလို တွေ့ဖြစ်ခဲ့တယ်။ တစ်ခါ ဒီကလေးတွေကို အအေးဆိုင်လေး တစ်ခုကိုခေါ် အအေးတွေတိုက်ပြီး သူတို့လေးတွေရဲ့ ဘဝကို မေးမြန်း ဖြစ်ခဲ့တယ်။ သူတို့လေးတွေကို ကျောင်းအပ်ပေး မယ် ပြောတော့ “ကျေးဇူးတင်ပါတယ် ဦး။ မိသားစု အဆင်ပြေရင် ကျောင်း တက်ချင်ပါတယ်တဲ့။ ဒါပေမဲ့ မိသားစု ထမင်းဝိုင်းလေး အဆင်ပြေဖို့က စာသင်ဖို့ထက် အရေးကြီးပါတယ်” လို့ ကလေးတွေရဲ့အဖြေကို ကြားခဲ့ရ တယ်။ တိုင်းပြည်ရဲ့ အနာဂတ် ခေါင်းဆောင်လောင်းတွေ နိုင်ငံခြား တိုင်းပြည် တစ်ခုမှာ ထမင်းစားဖို့ ပန်းလိုက်ရောင်းနေတာ၊ ပလတ်စတစ် လိုက်ကောက်နေတာ၊ ဒုက္ခသည် စခန်းတွေမှာ ပညာမသင်ရဘဲ ထိုင်နေရ တာ၊ တောတောင်တွေမှာ ပုန်းအောင်းနေရတာ၊ အရွယ်မရောက်ခင် စစ်သင်တန်း တက်နေတာကို တွေ့ရင် အမိမြန်မာပြည်ရဲ့ အနာဂတ် လား ရာက အလွန် စိုးရိမ်စရာကောင်းပါလားလို့ တွေးမိတယ်။

အိမ်နီးချင်း နိုင်ငံတွေက ကလေးတွေအတွက်တော့ အနာဂတ်ဟာ သူတို့ လက်ထဲမှာ လှလှပပ ကျန်ခဲ့စေဖို့ နိုင်ငံ အုပ်ချုပ်သူတွေ၊ နိုင်ငံ့အကျိုးကို ဦးဆောင်ဦးရွက် ပြုနေသူတွေက အင်တိုက် အားတိုက် လုပ်ဆောင်နေတာ ကို တွေ့ရတာ အားရ ဝမ်းသာစရာ၊ တိုင်းပြည်ရဲ့ အနာဂတ်ကလည်း စိတ်ချ စရာ ကောင်းလှပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်လောက်က တွေ့ခဲ့တဲ့ ဖြစ်ရပ်လေးပါ။ နယ်စပ် ထိုင်းစစ်တပ် စစ်ဆေးရေး ဂိတ်တစ်ခုကို တူညီ ကျောင်းဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ကလေးတွေ စီးလာတဲ့ ကျောင်းကားဖြတ်တော့ စစ်ဆေးရေးဂိတ်မှာ ရှိနေတဲ့ အရာရှိ၊ အရာခံအကုန် သတိဆွဲပြီး အလေးပြုတာကို တွေ့တော့ ကျွန်တော့် ရင်ထဲ နင့်နေအောင် ခံစားလိုက်ရတယ်။

ကျွန်တော်တို့ ကလေးတွေလည်း အသိအမှတ်ပြုမှုကို ခံရနိုင်ပါစေလို့ ဆုတောင်းမိသလို လက်ရှိ တို့ခေါင်းဆောင်တွေ တိုင်းရေးပြည်ရေး အကြောင်း တွေးမိပါစေလို့ ဆုတောင်းမိတယ်။
လှရွှေ
The Voice Weekly

ရဲအရာရှိများ၏ ပိုင်ဆိုင်မှု ကျပ်သိန်း ၁၀၀ ထက်ပိုပါက အရေးယူမည် ဆိုခြင်းမှာ မဟုတ်

ကလေး၊ ဇွန် ၂၀
ကလေးမြို့နှင့်တမူးမြို့တို့ရှိ ဖမ်းဆီး စစ်ဆေးခံနေရသော ရဲအရာရှိများကို ပိုင်ဆိုင်မှု ကျပ်သိန်း ၁၀၀ အထက် ပိုနေပါက အရေးယူမည်ဟု သတင်းများ ထွက်နေခြင်းမှာ မဟုတ်ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးသိန်းဝင်းက ပြောကြားသည်။

“သူတို့ရဲ့ ပြစ်မှုကို ပိုင်ဆိုင်မှုတန်ဖိုး အနည်းအများနဲ့ သတ်မှတ်မှာ မဟုတ်ပါဘူး။ သူတို့ ကျူးလွန်တဲ့ ပြစ်မှုအတိုင်းသာ အရေးယူ ဆောင်ရွက်မှာပါ”ဟု ၎င်းက ပြောသည်။

ရဲအရာရှိများကို ပိုင်ဆိုင်မှု ကျပ်သိန်း ၁၀၀ သာ သတ်မှတ်ပြီး ၎င်းအထက် ပိုနေသော ငွေများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဟု ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း၊ ပိုင်ဆိုင်မှုသိန်း ၁၀၀ အထက် တွင် မည်ရွေ့မည်မျှ ပိုနေလျှင် အရေးယူရမည်၊ သိမ်းဆည်းရမည် ဆိုသည်ကိုလည်း မသိကြောင်း၊ ၎င်းတို့ ကျူးလွန်သော ပြစ်မှုများ စစ်ဆေး ပေါ်ပေါက်ပါက
ပြစ်မှုအတိုင်းသာ အရေးယူမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဇွန်လ(၁၅)ရက်နေ့တွင် ကလေးမြို့သို့ ရောက်ရှိလာသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ဇော်ဝင်း ဦးဆောင်သော အဖွဲ့သည် ကလေးမြို့နယ် အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ အဂတိ လိုက်စားခြင်း ရှိမရှိ၊ မူးယစ် ဆေးဝါးနှင့် လက်နက်မှောင်ခို အရောင်းအဝယ်များတွင် ပါဝင်ပတ်သက်ခြင်း ရှိမရှိတို့ကို စုံစမ်းစစ်ဆေးနေပြီး လက်ရှိတွင် ကလေးနှင့် တမူးတို့မှ ခရိုင်ရဲမှူးနှစ်ဦး၊ မြို့နယ် ရဲမှူးနှစ်ဦး၊ ကလေးခရိုင် ဒုစရိုက်နှိမ်နင်းရေး ခေါင်းဆောင်၊ ကလေးခရိုင်နယ်ထိန်း ခေါင်းဆောင်နှင့် ကလေးမြို့၊ တာဟန်းရပ်ကွက် ရဲစခန်းမှူးတို့အား စစ်ဆေး မေးမြန်းနေပြီး ခရိုင်နှင့် မြို့နယ်ရဲမှူးများကို တာဝန်မှ ခေတ္တ အနားပေးထားကြောင်း ဒုရဲချုပ်ဇော်ဝင်းက ပြောကြားသည်။

ဇွန်လ(၁၉)ရက်နေ့အထိ ကလေးမြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ် ဖမ်းဆီးရမိ စီးရေ (၂၆) စီးနှင့် မူးယစ်ဆေးဝါး(၂)မှု၊ တမူးမြို့တွင် မူးယစ်ဆေးဝါး(၂)မှု ဖမ်းဆီးထားပြီး ဖြစ်ကြောင်း၊ လိုင်စင်မဲ့ မော်တော်ယာဉ်များထဲမှ ကလေးစက်မှုဇုန်ထုတ် ဂျစ်ကားရှစ်စီးကို လိုင်စင် ပြုလုပ်ရန် ကတိကဝတ်ဖြင့် ပြန်လည် လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး သိန်းဝင်းကဆိုသည်။

ကလေးမြို့တွင် ဧပြီလ(၂၅)ရက်နေ့က မူးယစ်ဆေးနှင့် လက်နက်များ ဖမ်းမိခဲ့ပြီး ဇွန်လ ၅ ရက်နေ့ကလည်း ကလေးဝမြို့နယ်တွင် တမူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ကြပ်ကြီး မောင်းနှင်သော မြန်မာနိုင်ငံ ရဲတံဆိပ်ပါ ကားတစ်စီးပေါ်မှ တရားမဝင် အကောက်ခွန်မဲ့၊ လိုင်စင်မဲ့ အိမ်သုံးဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။
ညမြတ်(ကလေး)
The Voice Weekly

ရေအားလျှပ်စစ် ထုတ်လုပ်မှုကျ၍ လျှပ်စစ်မီး ၂၄ နာရီ ပေးဝေမှု လျော့ကျဟုဆို

မန္တလေး၊ ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီးအတွင်း ဇွန်လလယ်ခန့်မှ စတင်ကာ လျှပ်စစ်မီး ၂၄ နာရီ စမ်းသပ်ဖြန့်ဝေ ပေးနေရာ ရေအားလျှပ်စစ် ထုတ်လုပ်မှု လျော့ကျ လာသဖြင့် အချို့ မြို့နယ်များတွင် လျှပ်စစ်မီး အချိန်ပိုင်း ဖြတ်တောက်မှုများ ရှိကြောင်း အဆိုပါ တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရေအားလျှပ်စစ် ထုတ်လုပ်မှုတွင် ရေအဝင် ပြန်လည် ကျဆင်းနေသဖြင့် လုံလောက်သည့် ရေအား မရသေးသောကြောင့် ထုတ်လုပ်မှု လျော့ကျကာ လျှပ်စစ်မီး အချိန်ပိုင်း ဖြတ်တောက်ခြင်းများ ရှိကြောင်း အဆိုပါ ဌာနထံမှ ထပ်မံသိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် လျှပ်စစ်မီး ၂၄ နာရီ အပြည့်ပေးသည်ဆိုသည့် ဇွန်လ ၁၅ ရက်နေ့ခန့်ကပင် သုံးနာရီ ဝန်းကျင်ခန့် မီးပျက်ခဲ့ကြောင်း အဆိုပါ မြို့နယ်တွင် နေထိုင်သူ ဦးအောင်မျိုးက ပြောကြားသည်။

“စက်မှုဇုန်ထဲမှာဆိုရင် အရင်ကထက် နာရီတိုးပြီး မီးလာတယ်လို့ပဲ ပြောလို့ရတယ်။ မီးခဏခဏ ပျက်နေလို့”ဟု မန္တလေး စက်မှုဇုန် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မန္တလေး စက်မှုဇုန်တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိသည် ဆိုသည်မှာ ရက်ပိုင်း ခန့်သာဖြစ်ပြီး လက်ရှိတွင် တစ်ရက်လျှင် ငါးနာရီခန့်သာ ရရှိနေကြောင်း မန္တလေး စက်မှုဇုန် လုပ်ငန်းရှင်များက The Voice သို့ပြောကြားသည်။

“၂၄ နာရီလို့ ပြောတယ်။ လာတာတော့ တစ်ရက် ငါးနာရီလောက်တော့ ရတယ်။ အပြည့်တော့ မဟုတ်ဘူး”ဟု မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးမြတ်ကျော်က ဖြည့်စွက်
ပြောကြားသည်။

မန္တလေး စက်မှုဇုန်တွင် ဇွန်လ ၁၇ ရက်နေ့မှ စတင်ကာ ၂၄ နာရီ လျှပ်စစ်မီး ရရှိသည်ဟု ဆိုသော်လည်း ဇွန်လ ၁၈ ရက် အထိသာ ရရှိပြီး ယင်းရက်နောက်ပိုင်း မရရှိတော့ကြောင်း မန္တလေး စက်မှုဇုန် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းရှင်က The Voice သို့ ပြောကြားသည်။

“ဂျာနယ်တွေမှာ မန္တလေး စက်မှုဇုန် ၂၄ နာရီ လျှပ်စစ်မီး ရတယ်လို့ဆိုတော့ အများက တကယ်ရတယ် မှတ်နေပါဦးမယ်။ ကျွန်တော်တို့ဆီမှာ တစ်နေ့ နှစ်နာရီလောက်ပဲရတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ မန္တလေးစက်မှုဇုန်တွင် လျှပ်စစ်မီးကို နံနက် ၇ နာရီမှ ၁၂ နာရီအထိနှင့် နေ့လယ် ၁၂ နာရီမှ ၅ နာရီအထိ နှစ်ပိုင်း ခွဲပေးကြောင်း၊ ညပိုင်းတွင် လျှပ်စစ်မီး မရရှိကြောင်း မန္တလေးမြို့ စက်မှုဇုန်ရှိ တွင်ခုံလုပ်ငန်းရှင် ဦးခင်မောင်သန်းက ပြောကြားသည်။

ချမ်းမြသာစည်မြို့နယ်တွင်လည်း ညဦးပိုင်း အချိန်တွင် နာရီဝက်တစ်နာရီခန့် လျှပ်စစ်မီး ပျက်တတ်ကြောင်း အဆိုပါမြို့နယ်အတွင်း နေထိုင်သူ တစ်ဦးကပြောကြားသည်။

“မီးက ဟိုအရင်ရက်က ပုံမှန် လာနေပြီးတော့ ဒီရက်ပိုင်း နေ့ခင်းအချိန်ဆို ပျက်တတ်တယ်”ဟု အောင်မြေသာစံမြို့နယ်တွင် နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အဓိက ရေအားလျှပ်စစ် ထုတ်လုပ်လျက် ရှိသော ရဲရွာရေအားလျှပ်စစ် စက်ရုံတွင် ရေလှောင်ဧက ကိုးသောင်းရှိရာ ယခုအခါ ရေဝင်ဧက ၁၇,၀၀၀ ရှိနေပြီး နေ့လယ်ပိုင်းတွင် ရေအားလျှပ်စစ် ထုတ်လုပ်သည့် စက်တစ်လုံးသာ လည်ပတ်နိုင်သေးကြောင်း ဝန်ကြီး ဒေါက်တာမြင့်ကြူက ဇွန်လ ၁၁ ရက်နေ့က ပြောကြားထားသည်။

မန္တလေးတိုင်းဒေသကြီးတွင် ဆည်တော်ကြီး၊ ကင်းတား၊ ပေါင်းလောင်း၊ ရဲရွာရေအားလျှပ်စစ် ထုတ်လုပ်သည့် စက်ရုံများရှိပြီး တစ်နိုင်ငံလုံး လိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်း ထုတ်လုပ်မှု ရှိကြောင်း ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး၏ လျှပ်စစ်မီး သုံးစွဲမှု ပမာဏမှာ တစ်ရက်လျှင် မဂ္ဂါဝပ် ၃၅၀ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းထံမှ သိရသည်။
The Voice Weekly

လုံခြုံရေးကြောင့် မလေးကစားသမားများ စင်းလုံးငှားလေယာဉ်ဖြင့် နေပြည်တော်လာမည်

ရန်ကုန် ဇွန် ၂၀
မြန်မာ SEA Games ၌ ဝင်ရောက် ယှဉ်ပြိုင်မည့် မလေးရှား ကစားသမားများ၏ လုံခြုံရေးပြဿနာကို ဖြေရှင်းရန်အတွက် နေပြည်တော်လေယာဉ်ကွင်းသို့ စင်းလုံးငှား လေယာဉ်ဖြင့် တိုက်ရိုက် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း မလေးရှားသတင်းစာ ဘာနားမား က ဇွန်လ ၂၀ ရက်နေ့က ရေးသားဖော်ပြသည်။

မလေးရှား ကစားသမားများကို ရန်ကုန်မြို့တွင် တစ်ညတာနေထိုင်စေပြီး နေပြည်တော်သို့ ပြည်တွင်း လေကြောင်းလိုင်း များကို အသုံးပြု၍ ခရီးဆက်ရမည့် အရေးကို ရှောင်လွှဲနိုင်မည်ဖြစ်ကာ ကစား သမားများ စိုးရိမ်နေသည့် လုံခြုံရေးပြဿနာ ကိုပါ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ဒါတွတ်ဆီယာကော့ချီ က ပြောဆိုသည်။

(၂၇)ကြိမ်မြောက် SEA Games ပြိုင်ပွဲဝင်မည့် မလေးရှားအားကစား အဖွဲ့များကို မလေးရှား အိုလံပစ်ကောင်စီက အာမခံချက် ပေးလိုက်ခြင်း ဖြစ်သည်ဟု ဂုဏ်ထူးဆောင်အတွင်းရေးမှူး ဒါတွတ်ဆီယာကော့ချီက ပြောဆိုခဲ့သည်ဟု ယင်း သတင်းစာက ဖော်ပြထားသည်။

အားကစား အဖွဲ့များနှင့်အတူ လိုက်ပါမည့် မလေးရှား သတင်းမီဒီယာသမား များအတွက်ပါ အပြုသဘောဆောင်သည့် စိတ်ချ ယုံကြည်မှုကိုပါ တည်ဆောက်နိုင်ခဲ့ရာ SEA Games ပြိုင်ပွဲကို ဝင်မပြိုင်ဖြစ်တော့ဘူး ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့မှုကို အဆုံးသတ်နိုင်ခဲ့ကြောင်း မလေးရှား သတင်းစာ ဘာနားမားက ဖော်ပြခဲ့သည်။
The Voice Weekly

အကျင့်ပျက် ရဲများကို ပြည်သူက ဝိုင်းဝန်းဖမ်းဆီး


ကလေး၊ ဇွန် ၂၁။
ယမန်နေ့ ညနေ(၆)နာရီခန့်တွင် ကလေးမြို့၊ ရပ်ကွက်တစ်ခုမှ ကြက်စာဆိုင်ပိုင်ရှင်၏ ခြံဝင်းအတွင်းသို့ လိုင်စင်မဲ့ကားရှိ/မရှိ စစ်ဆေးမည်ဟုဆိုကာ ခြံအတွင်းသို့ ခွင့်ပြုချက် မရဘဲ ကျော်ဝင်ပြီး ငွေလေးသိန်း တောင်းသည့် မြို့နယ်ရဲစခန်းမှ ရဲတပ်သားနှစ်ဦးကို အထက်ချင်းတွင်း ဒေသလူငယ်များ ကွန်ယက်က စုံစမ်းမေးမြန်း၍ မြို့နယ် ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြား အပ်နှံခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က သူတို့မှာ ဖမ်းဝရမ်းပါသလား။ ရပ်ကွက် အုပ်ချုပ်ရေးမှူးရော ပါသလား။
ဘယ်သူ့ခွင့်ပြုချက်နဲ့ ဖမ်းတာလဲလို့ တရားဝင် စစ်ဆေးဖမ်းဆီးတာ ဟုတ်/မဟုတ် မေးကြည့်ပါတယ်။ သူတို့မှာ ဖမ်းဝရမ်းလဲ မပါဘူး။ အုပ်ချုပ်ရေးမှူးလည်း မပါဘူး။ ဆိုင်ရှင်ကို မေးကြည့်တော့ အခုရောက်နေတဲ့ လူကြီးတွေကို ဧည့်ခံဖို့အတွက်လို့ ပြောပြီး ငွေလေးသိန်း တောင်းတယ်တဲ့။ ဒါယူနီဖောင်းကို
အလွဲသုံးစားလုပ်ပြီး ငွေညစ်တာပဲ။ ဒါနဲ့ကျွန်တော်တို့က မြို့နယ်ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားပါတယ်”ဟု အထက်ချင်းတွင်း ဒေသလူငယ်များ ကွန်ယက်မှ ကိုကျော်သက်ဝင်းက ပြောကြားသည်။

ယင်းသို့ အကြောင်းကြားလိုက်သောကြောင့် ခရိုင်ရဲရုံးမှ ရဲကားရောက်လာ၍ ထိုရဲတပ်သား နှစ်ဦး၌ ပါလာသော လက်ထိပ်နှင့်ပင် ပြန်ခတ်၍ ဖမ်းဆီးသွားကြောင်း သိရသည်။

“အဲ့လိုအကြောင်း ကြားတော့မှ ကျွန်တော်တို့က စားဖို့သောက်ဖို့လေး အတွက်ပဲရရ လာတောင်းတာပါဆိုပြီး ပြောလာတယ်။ အစ်ကိုတို့က သုံးသိန်းယူပါ။ ကျွန်တော်တို့က တစ်သိန်းပဲယူမယ်ဆိုပြီးတောင် ကျွန်တော်တို့ကိုတောင် လာညှိနေသေးတယ်။ တော်တော်အံ့သြတယ်ဗျာ”ဟု ကိုကျော်သက်ဝင်းက ဆက်လက် ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍  ကလေးခရိုင်ရဲမှူးကြီးက ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူ၍ စုံစမ်းစစ်ဆေးရေး ခုံရုံးတင်ထားပြီဖြစ်ကြောင်း၊  စစ်ဆေးပေါ်ပေါက်ချက်အပေါ် မူတည်၍ ပြစ်ဒဏ်ချမှတ် အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

ကမ္ဘာကျော် Times Magazine ကြီးအား ပြင်းထန်စွာကန့်ကွက် ရှုတ်ချ

21, June 2013
Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ မျက်နှာဖုံးတွင် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ရာဖြစ်သည့် ရတနာသုံးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော သံဃာတော် အရှင်သူမြတ် (ဆရာတော်ဦးဝီရသူ)၏ဓာတ်ပုံအား ဖော်ပြကာ ဗုဒ္ဓဘာသာအကြမ်းဖက်သမားဟူသော အဓိပ္ပာယ်ရသည့် စွပ်စွဲရေးသားချက်များ၊ မြန်မာဘင်လာဒင်ဟူသော အကြမ်းဖက်လူသတ် ကမ္ဘာအား ဖျက်ဆီးနေသည့် အိုစမာဘင်လာဒင်နှင့် ခိုင်းနှိုင်းကာ ရေးသားဖော်ပြထားချက်များအား ကျွန်ုပ်တို့ First Media Group အနေဖြင့် Times Magazine ကြီးနှင့် ပါဝင်ပတ်သက်သူများအား ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။

ကျွန်ုပ်တို့ မြတ်ဗုဒ္ဓ၏သားတော် ဆရာတော်ဦးဝီရသူသည် အမျိုးချစ်စိတ်၊ ဘာသာချစ်စိတ်ပြင်းထန်သည်ကို ကျွန်ုပ်တို့ ၀န်ခံပါ၏။ သို့သော် ဆရာတော် ဦးဝီရသူသည် ဒေသတွင်းငြိမ်းချမ်းရေးအားခြိမ်းခြောက်သော အစွန်းရောက် အကြမ်းဖက်သမား ဗုဒ္ဓဘာသာခေါင်းဆောင်တစ်ဦးမဟုတ်ပါ။ လူ့အသက် အိုးအိမ်စည်းစိမ်တို့အား ဖျက်ဆီးချေမွသည့် အစွန်းရောက်အကြမ်းဖက် ခေါင်းဆောင်တစ်ဦးမဟုတ်ပါ။ ယနေ့အထိ ဆရာတော်ဦးဝီရသူမှ အခြားအခြားသော ဘာသာဝင်များအား သတ်ဖြတ် စေခိုင်းခြင်း၊ အဆောက်အအုံဖျက်ဆီးခြင်း စသည့်အစွန်းရောက် လုပ်ရပ်များအား စေခိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသူမဟုတ်ဟု ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်အများစုမှ ယုံကြည်သည်။

မြတ်ဗုဒ္ဓကိုယ်တိုင်ပင်လျှင် မေတ္တာဓာတ်ဖြင့် ရန်ပြုတိုက်ခိုက် သူများအား အောင်နိုင်ခြင်းဖြစ်ကြောင်း သာသနာ့သမိုင်းတွင် အထင်အရှား ပြသလမ်းညွှန်ခဲ့ပြီးဖြစ်သလို သံဃာတော်အစစ်အမှန်တို့ မည်သည် မေတ္တာဓာတ်ဖြင့်သာ ဘာသာအားလည်းကောင်း၊ အမျိုးအနွယ် အားလည်းကောင်း၊ တိုင်းနိုင်ငံအားလည်းကောင်း ကာကွယ်စောင့်ရှောက် ကယ်တင်ခဲ့ကြသည်ကို နိုင်ငံ့သမိုင်းနှင့် သာသနာ့သမိုင်းက သက်သေ ပြပြီးလည်းဖြစ်ပါသည်။

ထို့အတူ Times Magazine ၏ရေးသား ဖော်ပြချက်များသည် အခြားဘာသာတစ်ခုမှ အခြားဘာသာ တစ်ခုကို ထင်ယောင်ထင်မှားဖြစ်စေသည့် စွပ်စွဲရေးသားချက်များဖြစ်သလို ဗုဒ္ဓဘာသာ သာသနာတော်အား ညှိုးနွမ်းစေရန် ရည်ရွယ်ခြင်းဟု ကျွန်ုပ်တို့ ယူဆသည်။ ထို့ကြောင့် ကမ္ဘာကျော် Times Magazine ကြီး၏ အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ တောင်ပစိဖိတ်ဒေသအတွက် ရိုက်နှိပ်ဖြန့်ချိသော ဆရာတော် ဦးဝီရသူ၏ဓာတ်ပုံနှင့် ရေးသားစွပ်စွဲချက်များအား ကျွန်ုပ်တို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကန့်ကွက်သည်။ ဖြေရှင်းချက် တစ်စုံတစ်ရာအားလည်း အဆိုပါ Times Magazine ကြီး၏ တာဝန်ရှိသူ များမှ မီဒီယာကျင့်ဝတ်နှင့်အညီ ဖြေရှင်းပေးရန် ကျွန်ုပ်တို့တောင်းဆို လိုက်သည်။
The First Weekly News Journal နှင့်
The First Media Group

ဘရာဇီးလ် ရဲတွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့

21 ဇွန်လ 2013
ဘရာဇီးလ်နိုင်ငံမှာ သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုစနစ် ချွတ်ယွင်းတာတွေ၊ အဂတိ လိုက်စားမှုတွေနဲ့ လာမယ့်နှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲရဲ့ ကုန်ကျစရိတ် ကြီးမြင့်မှုတွေအပေါ် မကျေနပ်တဲ့အနေနဲ့ နိုင်ငံတဝှမ်းက မြို့ပေါင်း တရာလောက်မှာ ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားနေပါတယ်။

Rio de ဂျနဲရိုးမြို့က လမ်းမတွေပေါ်မှာ လူသောင်းနဲ့ချီ စုဝေး ရောက်ရှိနေကြရာမှာ မြို့တော်ခန်းမဆီ ချီတက်လာနေတဲ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။

Confederations ဖလား ဘောလုံးပွဲ ကျင်းပမယ့် ဆယ်လ်ဗားဒေါမြို့က ဘောလုံး အားကစားရုံတခုရဲ့ အပြင်ဘက်မှာလည်း ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။

ပဋိပက္ခတွေကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် ဘရာဇီးလ် သမ္မတ ဒေလ်မာ Rousseff ဟာ လာမယ့် သီတင်းပတ်မှာ သွားဖို့ ရှိတဲ့ သူ့ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်ကို ဆိုင်းငံ့ လိုက်ပါတယ်။

အခုလ အစောပိုင်းတုန်းက လူထု သယ်ယူ ပို့ဆောင်ရေး စရိတ်တွေကို ၁၀ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်လိုက်တဲ့အတွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ရတာပါ။

သယ်ယူ ပို့ဆောင်ရေး စရိတ်တိုးမြှင့် သတ်မှတ်မှုကို အစိုးရက အခုအခါ ပြန်ရုတ်သိမ်းလိုက်ပြီ ဖြစ်ပေမယ့် ဆန္ဒပြမှုတွေကို ဆက်လုပ်သွားမယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ခရိုင်အဆင့်ထိ ရဲတွေ စစ်ဆေးခံနေရ

မြန်မာ အစိုးရက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ် နေပေမဲ့ ပပျောက်မှု မရှိသေး
20 ဇွန်လ 2013
စစ်ကိုင်းတိုင်း ကလေး ခရိုင်နဲ့ တမူး မြို့နယ် အတွင်း မူးယစ်ဆေးဝါးနဲ့ လက်နက် မှောင်ခို ရောင်းဝယ်မှု တွေမှာ နယ်မြေခံ ရဲတပ်ဖွဲ့ ဝင်တွေ ပါဝင် ပတ်သက် နေတယ် ဆိုတဲ့ တိုင်ကြားချက် တွေကြောင့် နေပြည်တော် က အထူး ရဲတပ်ဖွဲ့တွေ ဆင်းလာပြီး စုံစမ်း စစ်ဆေး အရေးယူမှုတွေ လုပ်နေ ပါတယ်။

ပြီးခဲ့တဲ့ တနဂင်္နွေ နေ့က စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ တမူးမြို့တို့က ရဲစခန်း တွေကို နေပြည်တော် ရဲချုပ်ရုံးက အထူး စေလွှတ်တဲ့ ရဲတပ်ဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ ရာမှာ မှောင်ခို လုပ်ငန်း တွေမှာ ပါဝင် ပတ်သက်တယ်လို့ သံသယ ရှိတဲ့ ရဲအရာရှိ တွေကို အထူး ခုံရုံးဖွဲ့ စစ်ဆေး နေပါတယ်။

ကလေးမြို့မှာ အထူး စုံစမ်း စစ်ဆေးနေ မှုတွေ၊ အရေးယူတာတွေ ရှိပေမယ့် ဘာတွေအတွက် ဘယ်လို အရေးယူတယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

တကယ်တော့ မူးယစ်ဆေးဝါးနဲ့ လက်နက် မှောင်ခို ရောင်းဝယ်မှု ကိစ္စတွေဟာ အခုမှ ဒီဒေသတွင်းမှာ ဖြစ်တာ မဟုတ်ဘဲ အရင် အချိန် အတန်ကြာကတည်းက ဖြစ်နေခဲ့တာ ဖြစ်တယ်၊ ဒေ သခံတွေအနေနဲ့ သတင်းအစအန သိရင်တောင် ရဲကို မတိုင်ကြားရဲတဲ့ အခြေအနေရှိနေခဲ့တာ ကြာပြီလို့ အဲဒီ ဒေသခံကပဲ ပြောပါတယ်။

ကလေး ခရိုင် ရဲတပ်ဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဒုတိယ ရဲမှူးကြီး ဦးသိန်းဝင်း ကတော့ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေကို လိုင်စင်မဲ့ ကားတွေနဲ့ သယ်ယူနေတာရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် စုံစမ်း အရေးယူနေတာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ကလေးနဲ့ တမူးပတ်ဝန်းကျင်က ရဲအရာရှိတွေကို စစ်ဆေးအရေးယူမှုတွေကို ခုံရုံးဖွဲ့ စစ်ဆေးနေတာ ဖြစ်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲအုပ်တစ်ယောက်၊ ရဲစခန်း နယ်ထိန်းအရာရှိနဲ့ စခန်းမှူး တစ်ယောက်တို့ ပါဝင်တယ်လို့ ဒုတိယ ရဲမှူးကြီး ဦးသိန်းဝင်းက ပြောပါတယ်။

ကလေး ခရိုင်နဲ့ အိန္ဒိယ မြန်မာ နယ်စပ် တမူး မြို့နယ် တွေမှာ မူးယစ် ဆေးဝါးနဲ့ လက်နက် မှောင်ခို ရောင်းဝယ် မှုတွေ မကြာခဏ ဖမ်းဆီး ရမိခဲ့ရာမှာ ပြည်သူ့ဝန်ထမ်းတချို့ ပါဝင် ပတ်သက် ခဲ့တာ ရှိပါတယ်။

အခု နှစ်ဆန်း ဖေဖေါ်ဝါရီလ တုန်းက တမူး မြို့ပေါ်မှာ ရှိတဲ့ တရားရေး ဝန်ထမ်း တစ်ယောက်ရဲ့ အိမ်မှာ ငွေကျပ် သိန်းပေါင်း သန်းနဲ့ ချီတဲ့ လက်နက်နဲ့ မူးယစ်ဆေး ဝါးတွေ ဖမ်းဆီး ရခဲ့သလို ဒီလဆန်းပိုင်း ကလည်း ကလေး ဇက်ကူးတို့ဆိပ်မှာ မြို့နယ် ရဲမှူးရဲ့ ကားပေါ် ကနေ မူးယစ် ဆေးဝါး တွေနဲ့ တရားမဝင် သစ်တောထွက် ပစ္စည်းတွေ ဖမ်းဆီး ရမိ ခဲ့ပါသေးတယ်။
ဘီဘီစီ (မြန်မာပိုင်း)

Global Fund မှ မြန်မာကို ထပ်မံထောက်ပံ့ဖို့ရှိ

Hiv Aids ရောဂါ အတွက် ဆေးဝါး
20 ဇွန်လ 2013
Global Fund အဖွဲ့ က အေအိုင်ဒီအက်စ် တီဘီ ရောဂါ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အတွက် အသစ်ထပ်မံ ရံပုံငွေ ချပေးဖို့ ရှိရာမှာ မြန်မာ နိုင်ငံ၊ အယ်လ်ဆာဗေးဒိုး ဇင်ဘာဘွေ နိုင်ငံတွေ လက်ခံရရှိပါတယ်။ ဒီအစီအစဉ် ကို ကြိုဆိုကြောင်း UNAIDS က ကြိုဆိုပြီး လေးနှစ် အတွင်းမှာ အမေရိကန် ဒေါ်လာ ၃၅၁ သန်း ရရှိမှာပါ။

မြန်မာနိုင်ငံ မှာ ဆေးဝါး လိုအပ်ချက်ဟာ အများအပြား ရှိနေတဲ့ အကြောင်း၊ အစိုးရ ရဲ့ စါရင်းဇယား အရ ရောဂါသည် နှစ်သိန်းကျော် ရှိနေတဲ့ အနက် ခြောက်သောင်း ကျော် အတွက်ပဲ ဆေးဝါး ပေးနိုင်သေးတဲ့ အကြောင်း အေအိုင်ဒီအက်စ် ဝေဒနာသည် တွေ ကို ကူညီစောင့်ရှောက် နေတဲ့ NLD အဖွဲ့မှ တာဝန်ခံ ဒေါ်ဖြူဖြူသင်း က ပြောပါတယ်။

Global Fund မြန်မာနိုင်ငံ က ထွက်ခွာသွား အပြီးမှာ 3 D Fund အနေနဲ့ ပြန်ဝင်တာ ရှိပေမယ့် အဓိက NGO တွေ ကို ထောက်ပံ့သွားတဲ့ အကြောင်း၊ ဆေးဝါး အနေနဲ့ ပိုရတာ ရှိပေမယ့် တနိုင်ငံလုံး အတိုင်းအတာ အရ လုံလောက်မှု မရှိပုံ၊ ဆေးဝါးအပြင် ပညာပေးမှု အပိုင်း မှာလည်း အားနည်းနေတဲ့ အကြောင်းတွေ ဒေါ်ဖြူဖြူသင်း က ဘီဘီစီ ကို ရှင်းပြပါတယ်။

ပညာပေးမှု အပိုင်းဆိုရာမှာ ရောဂါရဖူးသူတွေ အပေါ် ပတ်ဝန်းကျင် က ခွဲခြားဆက်ဆံ တဲ့ အတွက်၊ ဒီအပိုင်း ကို ပ ပျောက်အောင် လုပ်ဖို့ လိုနေသေး တဲ့ အကြောင်း၊ ပြည်သူတွေ အကြားမှာ ထိရောက်အောင် ဒီငွေတွေ သုံးစွဲဖို့ လိုပုံတွေ ဘီဘီစီ ကို ရှင်းပြပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

တာချီလိတ်မြို့တွင်း၌ ၀င်ရောက် ပစ်ခတ်မှုဖြစ်ပွား၊ လူတစ်ဦး ပွဲချင်းပြီးသေဆုံး

21 Jun, 2013
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက် စိန်ပန်းနီနီအအေးဆိုင်၌ ဇွန်လ(၁၈)ရက်နေ့၊ ည(၇)နာရီ အချိန်ခန့်တွင် အအေးဆိုင်ထိုင်နေသူနှစ်ဦး သေနတ်ပစ်ခတ်ခံခဲ့ရပြီးတစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း ဒေသခံများထံက သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူနှစ်ဦးမှာ ဦးစိုင်းဝန်းကျောက်နှင့် ဦးဇော်မင်းထွန်းတို့ဖြစ်ပြီး အအေးဆိုင်တွင် လူလေးဦး ထိုင်နေခဲ့ရာမှ ၎င်းတို့နှစ်ဦးအား သေနတ်ဖြင့် (၃)ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံ တစ်ဦးက ပြောသည်။

“ည ၇ နာရီလောက်ပဲ သေနတ်ကိုင်ထားတဲ့ လူတွေလာပြီး ပစ်သွားတာ။ ဘာယာဉ်မှတော့ မပါဘူး။သေနတ်နဲ့ ပစ်ပြီးတော့ ပြန်ထွက်သွားတာပဲ။ မှောင်နေတော့ ဘယ်နှစ်ယောက် လာပစ်သွားလည်းဆိုတာ မသိလိုက်ဘူး”ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူ ဦးစိုင်းဝန်းကျောက်မှာ အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း သိရှိရပြီး လွန်ခဲ့သော (၄)ရက်ခန့်က လူတစ်စုနှင့် မြေယာပိုင်ဆိုင်မှုကိစ္စအတွက် အငြင်းပွားခဲ့ရာမှ ၎င်း၏ နေအိမ် အား ထိုလူတစ်စုက ဘူဒိုဇာဖြင့် ထိုးကော် ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဦးစိုင်းဝန်းကျောက်မှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ဦးခေါင်းကိုသေနတ်မှန်ကာ သေဆုံးသွားခဲ့ပြီး ဦးဇော်မင်း ထွန်းမှာ ဘယ်ဘက်လက်မောင်းနှင့် ညာဘက်ပေါင်တို့တွင် အရိုးကြေဒဏ်ရာများရရှိကာ မန္တလေးမြို့ ဆေးရုံ တွင် ဆေးဝါးကုသမှုခံယူခဲ့ပြီး ဇွန်လ(၁၉)ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တာချီ လိတ်မြို့နယ်ရဲစခန်းမှ စခန်းမှူး ဦးတင်ဌေးက ပြောသည်။

“တာချီလိတ်မြို့က တစ်ဖက်နိုင်ငံနဲ့ ချောင်းတစ်ခုပဲခြားတာပါ။ အပြစ်တစ်ခုကျူးလွန်ပြီး ထွက်ပြေးသွားရင် လိုက် ဖမ်းရတာ ခက်တယ်။ ပြစ်မှုကျူးလွန်တဲ့ လူတွေကို ဖမ်းဆီးဖို့ကခက်နိုင်တယ်” ဟု စခန်းမှူး ဦးတင်ဌေးက ပြော သည်။

၎င်းအမှုနှင့်ပတ်သက်၍ သေနတ်ဖြင့်ပစ်ခတ်သွားသူများအား လမ်းများပိတ်ဆို့ကာ ရှာဖွေနေပြီး မသင်္ကာသူများ ကိုလည်း သေချာစွာ စစ်ဆေးလျက် ရှိကြောင်း သိရသည်။
မှူးအိမ်ဇော်(မြစ်မခ)
Myit Makha Mediagroup

တရုတ်ကျောင်းသားများကို အာကာသထဲမှ တိုက်ရိုက် သင်ကြားပို့ချ

တရုတ်အမျိုးသမီး အာကာသယဉ်မှုးက တရုတ်ကျောင်းသူ ကျောင်းသားတွေ ကို ကမ္ဘာကြီးရဲ့  ဆွဲငင်အား အကြောင်း အာကာသပေါ်ကနေ တိုက်ရိုက် သင်ပြနေစဉ်။ (ဇွန် ၂၀၊ ၂၀၁၃)
20.06.2013
တရုတ်အမျိုးသမီး အာကာသယဉ်မှုးက တရုတ်ကျောင်းသူ ကျောင်းသားတွေကို
ကမ္ဘာကြီးရဲ့  ဆွဲငင်အားအကြောင်း အာကာသပေါ်ကနေ တိုက်ရိုက် သင်ပြခဲ့ပါတယ်။ ကမ္ဘာမြေကြီးနဲ့ မိုင် ၂၀၀ ကျော်ဝေးတဲ့ အာကာသပေါ်ကနေ ဒုတိယမြောက် တရုတ်အမျိုးသမီး အာကာသယဉ်မှုး Wang Yaping က Video ဆက်သွယ်မှုနဲ့ ကျောင်းသားတွေကို တိုက်ရိုက် သင်ကြားပြခဲ့တာဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ သီတင်းပါတ်ကမှ အာကာသပေါ် တက်ခဲ့တဲ့ အာကာသယဉ်မှုး ၃ ယောက်ထဲက ၁ ယောက်ဖြစ်ပါတယ်။ Tiangong-1 အာကာသ စူးစမ်းရေး စခန်းပေါ်ကနေ ဘေဂျင်းမြို့ ကျောင်း တကျောင်း က ကျောင်းသူ ကျောင်းသားတွေ ရဲ့ အမေးတွေကို အာကာသ ယာဉ်မှုး Wang Yaping ကဖြေကြားခဲ့သလို၊ ကမ္ဘာ့ဆွဲငင်အား မရှိတဲ့နေရာမှာ အရာဝတ္ထုတွေ ဘယ်လိုတုံ့ပြန် လှုပ်ရှားသလဲ ဆိုတာတွေကိုလဲ လက်တွေ့ ပြသ သင်ကြားခဲ့ပါတယ်။  တရုတ်နိုင်ငံအတွက် ပထမဆုံးဖြစ်တဲ့ အာကာသပေါ်ကနေ သင်ကြားပို့ချမှုကို စောင့်ကြည့် သင်ယူခဲ့ကြတဲ့ ကျောင်းသူ ကျောင်းသားနဲ့ ဆရာ ဆရာမပေါင်း သန်း ၆၀ ကျော်ရှိမယ်လို့ တရုတ်အစိုးရသတင်းက ခန့်မှန်းပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

မြန်မာငွေမဲ ခဝါချပေးခဲ့တဲ့ ဂျပန်ဘဏ် ဒဏ်ရိုက်ခံရ

မြန်မာကျပ်ငွေနှင့် အမေရိကန် ဒေါ်လာငွေများ။ သြဂုတ် ၁၈၊ ၂၀၁၁။
21.06.2013
အမေရိကန်နိုင်ငံက အီရန်၊ ဆူဒန် နဲ့ မြန်မာနိုင်ငံတွေနဲ့ စီးပွားရေး လုပ်ဆောင်မှုတွေ တားမြစ် ပိတ်ပင်ထားတဲ့အချိန်မှာ ၊ အမေရိကန်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းကနေတဆင့် အဲဒီနိုင်ငံတွေ ကိုယ်စား ငွေမည်း ခ၀ါချမှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးဘဏ်ကို ဒေါ်လာသန်း ၂၅၀ ဒဏ်ရိုက်လိုက်ပါတယ်။

တိုကျို မစ်ဆူဘီရှီဘဏ်ဟာ ဒေါ်လာသန်းပေါင်း ၁၀၀ ဖိုးလောက်ရှိတဲ့ ၊ ငွေကြေး အလွှဲအပြောင်း ၃ သောင်းခန့်ကို သက္ကရာဇ် ၂၀၀၀ နဲ့ ၂၀၀၇ ခုနှစ်အကြား နယူးမှာရှိတဲ့ ဘဏ်ခွဲတွေကတဆင့် ဆောင်ရွက်ခဲ့တယ်လို့ နယူးယောက်မြို့ အရာရှိများက ပြောကြားလိုက်ပါတယ်။

ဒီငွေကြေး အလွှဲအပြောင်းတွေမှာ ရန်သူနိုင်ငံ တခု နဲ့ စပ်ဆက်မှုရှိနေတယ်ဆိုတာကို ဖေါ်ထုတ်ဖို့ ၊ အထက်ညွန်ကြားချက်အရ တမင်တကာ မဖော်ထုတ်ပဲနေခဲ့ကြတယ်လို့ စစ်ဆေးရေးအရာရှိတွေက ဆိုပါတယ်။ အစောပိုင်းကတော့ ၊ ဒီအမှုအတွက် ဒဏ်ငွေ ၈ သန်းခွဲကို အမေရိကန်အာဏာပိုင်တွေကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီဘဏ်ကတော့ ဒီတရားမ၀င်ငွေကြေးလွှဲပြောင်းမှုနဲ့ ပတ်သက်ပြီး အမေရိကန်အရာရှိတွေကို သူတို့နဲ့သဘောနဲ့ သူတို့ အကြောင်းကြားခဲ့ပြီးဖြစ်တယ်၊ အဲဒီအချိန်ကစပြီး ဘဏ်တွင်း ထိန်းချုပ်မှုတွေကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လာခဲ့တယ်လို့ ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ဓါးပြတွေနဲ့ ဖြစ်တဲ့ တိုက်ပွဲမှာ မြန်မာက ဓါးပြခေါင်းဆောင် ဖမ်းမိ၊ ဘင်္ဂလာဒေခ်ျ့ ရဲ (၄) ဦး ဒဏ်ရာရ

Friday, June 21, 2013
မြန်မာ နယ်စပ် အနီး ဓါးပြ အဖွဲ့ တစ်ခုနဲ့ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ မြန်မာက ဓါးပြ ခေါင်းဆောင် တစ်ဦးကို ဒဏ်ရာနဲ့ ဖမ်းမိပြီး ဘင်္ဂလာဒေခ်ျ့ ရဲ အဖွဲ့ဝင် (၄) ဦးလည်း တိုက်ပွဲမှာ ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ ဒီကနေ့ထုတ် The Independent သတင်းစာမှာ ဖေါ်ပြပါတယ်။

ဒဏ်ရာ ရသွားတဲ့ ဘင်္ဂလာဒေခ်ျ့ ရဲအဖွဲ့ဝင် (၄) ဦးထဲမှာ နှစ်ဦးက အရာရှိဖြစ်ပြီး နှစ်ဦးကတော့ သာမန်ရဲတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။

“ ဒဏ်ရာရတဲ့ ရဲအရာရှိနှစ်ဦးကတော့ SI Nasir နဲ့ SI Mnjur Kader တို့ဖြစ်ကြပြီး ရဲတပ်သားတွေကတော့ Mamum (၂၈) နှစ်နဲ့ Mahbob (၂၉) နှစ်တို့ ဖြစ်ကြတယ်” ဆိုပြီး ရဲတာဝန်ရှိသူတွေက ထုတ်ဖေါ် ပြောဆိုပါတယ်။

သေနတ် ဒဏ်ရာနဲ့ ဖမ်းမိတဲ့ မြန်မာနိုင်ငံကလို့ ပြောတဲ့ ဓါးပြ ခေါင်းဆောင်ကတော့ အမ်းဒီ တာရက် – Md Tarek ( ၃၀) နှစ် ဖြစ်ပြီး သူရဲ့ ဖခင်ကတော့ အဘူလ် ဟူစိန်လို့ ပြောပါတယ်။ ဇာတိကတော့ မောင်တောမြို့နယ် လာပီယာ (Lapiya) ရွာက ဖြစ်တယ်လို့ သတင်းစာမှာ ဖေါ်ပြပါတယ်။

ဓါးပြခေါင်းဆောင် တာရက်ဟာ မြန်မာနိုင်ငံကနေ တရားမ၀င် လာရောက်နေထိုင်တဲ့ ဒုက္ခသည် တစ်ဦး ဖြစ်ပြီး ရာမူးမြို့နယ် Jouarianala မှာ တောင်ပေါ်မှာ နေထိုင်သူ ဖြစ်တယ်လို့ ပြောပါတယ်။

တာရက် ဦးဆောင်တဲ့ ဓါးပြ အုပ်စုဟာ ဒေါ်လာ ဖိကီယာ မာဇာ အရပ်က အိမ်တစ်အိမ်ကို ဓါးပြတိုက်ဖို့ အတွက် စောင့်ဆိုင်းနေစဉ်မှာ ကော့စ်ဘဇား ခရိုင် အီဂင်ရဲတပ်ဖွဲ့က သတင်းအရ လိုက်သွားစဉ်မှာ ဓါးပြတွေက စတင် ပစ်ခတ်တယ်လို့ ပြောပါတယ်။

ရဲတွေကလည်း ပြန်လည် ပစ်ခတ်တဲ့ အတွက် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားပြီး ဓါးပြတွေ ဆုတ်ခွာ ထွက်ပြေးစဉ် ခေါင်းဆောင် ဖြစ်သူ တာရက်ကို ဒဏ်ရာနဲ့ ဖမ်းမိတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓါးပြ ခေါင်းဆောင်ဆီက ဒေသလုပ် LG အမျိုးအစား သေနတ်တစ်လက်၊ ယမ်းတောင့် ၉ ခုနဲ့ ဓါးပြတိုက်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ဖမ်းမိတယ်လို့ ပြောပါတယ်။

ဒဏ်ရာ ရသွားတဲ့ ရဲတွေကိုတော့ ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။
narinjara

ပြည်ခိုင်ဖြိုးနှင့် NLD ပေါင်း၍မရဟု ဖဒိုအောင်ဆန်းပြော

ဘားအံ၊ ဇွန် ၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌသူရဦးရွှေမန်းက အမေရိကန်ခရီးစဉ်အတွင်း လာမည့် ၂၀၁၅ခုနှစ်တွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် NLD ပါတီနှင့် ညွန့်ပေါင်းအစိုးရဖွဲ့ရန်ဖြစ်လာလျှင် ဖွဲ့မည်ဟုပြောကြားခဲ့ခြင်းမှာ ပြည်ခိုင်ဖြိုးနှင့် NLD  ပေါင်း၍မရကြောင်း၊ ယင်းကိစ္စသည် ပြည်ခိုင်ဖြိုးပါတီ၏ အင်အားကိုကြည့်၍ မီးစင်ကြည့်ကသလို လုပ်ဆောင်ရမည်ဖြစ်ကြောင်း KNU ဗဟိုကော်မတီဝင်ဟောင်း တစ်ဦးဖြစ်သူ ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အကြံပေးပုဂ္ဂိုလ်၊ ဖာပွန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဖဒိုအောင်ဆန်းက ပြောသည်။

““NLD နှင့် ဖထီးနှင့် ဘယ်ရမလဲ။ တိုက်မှာပေါ့။ ဒီမှာ NLD ဆိုင်းဘုတ်လာတပ်မယ်လေ။ ဒီဒေသခံတွေက မကြိုက်ဘဲ၊ ဒီဒေသခံတွေ ပြည်ခိုင်ဖြိုးပါတီဝင် အကုန်ဖြစ်ပြီးလေ။ NLD ၀င်လို့ဘယ်ရမလဲ။ ဖာပွန်မြို့နယ်မှာ လုံးဝမရဘူး။ တ.စ.ည တောင် ပြုတ်ပြီးပြီပဲဟာ။ တခြားနေရာမှာတော့ရမှာပေါ့။ သူ  အင်အားမပြည့်ရင်လည်း NLD နဲ့ ညွန့်ပေါင်းအစိုးရလုပ်ရင်လည်းလုပ်ပေါ့။ သူ အင်အားပြည့်ရင်လည်း ပြည်ခိုင်ဖြိုးတစ်ပါတီတည်းနဲ့လုပ် ပေါ့။ သူ့အင်အားကိုကြည့်ပြီး မီးစင်ကြည့်ကပြီးလုပ်ရမှာပေါ့””ဟု ဖဒိုအောင်ဆန်းက ပြောသည်။

ဇွန်လ ဒုတိယပတ်အတွင်း သူရဦးရွှေမန်းက အမေရိကန်နိုင်ငံတွင် ပြည်ခိုင်ဖြိုးနှင့် NLD ညွန့်ပေါင်း အစိုးရကိစ္စ ပြောကြားလိုက်ခြင်းဖြစ်ပြီး သူရဦးရွှေမန်း ယင်းသို့မပြောကြားမီ မေလအစပိုင်းကလည်း NLD ပါတီမှဗဟိုအလုပ်အမှုဆောင် ဦးကျော်ခင်ကလည်း ၂၀၁၅ တွင် NLD ပါတီအနေဖြင့် ညွန့်ပေါင်းအစိုးရပုံစံကို ဦးတည်သွားမည့်သဘောရှိကြောင်း ပြောကြားခဲ့သေးသည်။

သို့သော် NLD ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဟံသာဝတီ ဦးဝင်းတင်တို့က ငြင်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဦးကျော်ခင်၏ ပြောကြားချက်နှင့် ပတ်သက်၍ ““အဲဒါသူ့သဘောနဲ့ သူပြောတာပါ။ သူ့ပုဂ္ဂိုလ်ရေးအထင်အမြင်အရ ပြောတာပါ။ ဒီလို ညွန့်ပေါင်းအစိုးရဖွဲ့ရေး၊ မဖွဲ့ရေးဆိုတာဟာ ပါတီက မူအရသာချပြီးတော့ ဆုံးဖြတ်နိုင်တဲ့ကိစ္စပါ””ဟု မေ ၂၁ ရက်ကပြောသည်။ (မြန်မာသံတော် ဆင့်သတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၁၁ တွင် ဖော်ပြပြီး)

ဟံသာဝတီဦးဝင်းတင်ကမူ NLD ပါတီအနေဖြင့်မူ ညွန့်ပေါင်းအစိုးရပုံစံဖြစ်သည့် အာဏာခွဲဝေမှုလုပ်ရန် သဘောထားမရှိဟု မေ ၂၇ ရက်က ငြင်းဆိုထားသည်။

““NLD မှာ power sharing  လုပ်ဖို့ သဘောထားမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှင်းရှင်းပဲ ကျွန်တော်တို့က စစ်တပ်နဲ့ မပေါင်းနိုင်ဘူး။ NLD ထဲမှာ power sharing လိုင်းတွေ ၀င်သွားရင်ေ၀၀ါးသွားမယ်””ဟု ဟံသာဝတီဦးဝင်းတင်ကပြောသည်။ (မြန်မာသံတော်ဆင့်သတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၁၂ တွင်ဖော်ပြပြီး)

ဖဒိုအောင်ဆန်းက ၎င်းအုပ်ချုပ်လျက်ရှိသော ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဘုရားကုန်းငြိမ်းချမ်းရေးဒေသနှင့် ၎င်း၏ မဲဆန္ဒနယ်မြေဖြစ်သော ဖာပွန်မြို့နယ်တို့တွင် NLD ပါတီကို လုံးဝအ၀င်မခံနိုင်ဟု ပြောကြားလိုက်သလို ၎င်း၏ကျေးရွာရှိသူအားလုံးမှာ ပြည်ခိုင်ဖြိုးပါတီဝင်များသာဖြစ်၍ NLD အနေဖြင့် စည်းရုံး၍ မရနိုင်ကြောင်းလည်း ပြောသည်။  
Myanmartandawsint Newspaper

NLD နှင့်ပေါင်းမည်ဟု ပြောကြားခဲ့သော ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ သူရဦးရွှေမန်း ပြန်လာလျှင် ဗဟိုကော်မတီသို့ ရှင်းရမည်

ရန်ကုန်၊ ဇွန် ၁၉
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တာဝန်ယူထားသော သူရဦးရွှေမန်းအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပူးပေါင်း၍ ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းရန်ကိစ္စ အမေရိကန်ခရီးစဉ် အတွင်းပြောကြားခဲ့ခြင်းသည် ပါတီဗဟိုကော်မတီ သဘောထားမပါဘဲ မိမိကိုယ်ပိုင်သဘောထားဖြင့် ပြောဆိုခဲ့ခြင်းဖြစ်၍ ၎င်းကိစ္စအား နိုင်ငံခြားခရီးစဉ်မှ ပြန်လာလျှင် ပါတီဗဟိုကော်မတီသို့ ပြန်လည် ရှင်းလင်းတင်ပြရမည်ဖြစ်ကြောင်း ပါတီဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မိမိအနေဖြင့် သမ္မတဖြစ်လိုကြောင်း ဆန္ဒသဘောထားများကို အမေရိကန် ခရီးစဉ်တွင် ထုတ်ဖော်ပြောကြားခဲ့ပြီး NLD ပါတီနှင့်ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရတစ်ရပ် ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် ဖွဲ့စည်းဖြစ်ပေါ်လာရန် လိုလားကြောင်း ဥက္ကဋ္ဌသူရဦးရွှေမန်း ပြောကြားခဲ့သည်မှာ စစ်အစိုးရလက်ထက် နှစ်ရှည်လများ NLD အပေါ် ရန်လိုခဲ့သော ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များအတွက် ကြီးမား သောနိုင်ငံရေးခံယူချက် ပြောင်းလဲမှုတစ်ရပ်ဖြစ်စေခဲ့သည်။

 ပြည်ခိုင်ဖြိုးစတင်ဖွဲ့စည်းသည်မှ ယနေ့ထိ ပါတီအပေါ် သြဇာကြီးလျက်ရှိသည့် ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ““အဘလည်း သူများတွေပြောမှပဲ သိတာ၊ ဒီကိစ္စကို။ နောက်တော့ ကျွန်တော် သတင်းတွေလည်း ဖတ်တော့ ၁၃ ရက်က အမေရိကန်/ အေပီသတင်းဌာနက ပြောတဲ့အခါ မှာ ပေါင်းတော့ပေါင်းမယ်။ အခုတော့ စောသေးတယ်။ အတိအကျတော့ မသိသေးဘူးဆိုတော့ ဦးရွှေမန်းပြောတဲ့စကား ကျွန်တော်ပြန်ဖတ်တယ်။ နောက်ကျတော့မှ သူ တကယ်ပြောတာပဲ။

ကျွန်တော်တို့ပါတီရဲ့ တစ်ယောက်ချင်းသဘောထားတွေဖြစ်တော့ ကျွန်တော်လည်း မသိဘူးဗျာ ဒီကိစ္စကို။ ကျွန်တော်လည်းဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်မရှိဘူး။ ဒီကိစ္စက ဗဟိုကော်မတီတွေဘာတွေ ဆုံးဖြတ်ပြီးမှ၊ ညီလာခံတွေမှာ ဆုံးဖြတ်ပြီးမှ ဒါပြောရမယ့်စကားပဲလေ။ ကျွန်တော်တော့ အဲလိုနားလည်တယ်။ ဒါပေမဲ့ ဘယ်လိုပြောလိုက်သလဲတော့ မသိဘူး။ ပြောနိုင်တာက ဘာလဲဆိုတော့ ကျွန်တော်တို့နဲ့ ဒေါ်စုကြည်နဲ့ရင်းနှီးတာကို၊ NLD ကိုယ်စားလှယ်တချို့နဲ့ ကျွန်တော်တို့ရင်းနှီးတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိတယ်။

အရင်တုန်းကတော့ တစ်ယောက်နဲ့တစ်ယောက် ပြင်းပြင်းထန်ထန် ဝေဖန်ကြ၊ တိုက်ခိုက်ကြ တာတွေ၊ ဝေဖန်တာတွေ ပြောဆိုတာတွေရှိတယ်။ ဒါတွေက မတွေ့ခင်အခြေအနေပေါ့။ ၂၀၁၁ စောစောပိုင်းမှာအထိ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိခဲ့ဘူး။ သူ့အကြောင်းလည်းမသိ၊ ကိုယ့်အကြောင်းလည်းမသိတော့ နည်းနည်းလေး ဝေဖန်တိုက်ခိုက်တာ၊ ရှုတ်ချတဲ့ သဘောလေးတွေရှိတယ်။

အဲဒီကနေပြီးတော့မှ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ သူတက်လာတယ်။ လွှတ်တော်ထဲမှာ တကယ်ဆက်ဆံ လိုက်တဲ့အခါမှာကျတော့ ကျွန်တော်တို့အားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး ဆက်ဆံတယ်။  အမှန်တော့ ဒီအခြေအနေကို ဦးရွှေမန်းနဲ့ ဒေါ်စုကြည်နဲ့လည်းရင်းနှီးတယ်။ အမြဲတမ်းတိုင်ပင်ပြီး လုပ်တာလည်း တွေ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှတစွာလုပ်တယ်။ ကျွန်တော့်တစ်ကိုယ်ရေတစ်ကာယ အဲလိုသုံးသပ်ပါတယ်။ ရင်းရင်းနှီးနှီးပဲ။ တွေ့တဲ့အကြိမ်တွေများလာတော့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားတာပေါ့။  အဲဒီအခြေအနေရှိနေတာတော့ အမှန်ပဲ။ အပြင်ကလူတွေ သိချင်မှသိမယ်။ လွှတ်တော်ထဲမှာ တချို့လူတွေ အနည်းအကျဉ်းတော့ သိတယ်။ ကော်မတီမှာပါတဲ့သူတွေ သိတယ်။ ဒေါ်စုကြည်နဲ့ အနီးကပ်နေရတော့သိတယ်။ အဲလိုပဲ ကော်မတီနဲ့ပါတဲ့သူ၊ အစည်းအဝေးပါတဲ့သူ တွေအကုန်သိတယ်။  နည်းနည်းတစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိလာတယ်။ တစ်ဖက်စောင်းနင်း ငါမှငါ၊ သူမှသူဆိုတာ မရှိဘူး။

သူနဲ့လည်းမတွေ့ရသေးဘူး။ ကျွန်တော့်တစ်ကိုယ်ရေတစ်ကာယတော့ ပြောလို့ရပါတယ်။ မနက်ဖြန် မှပဲတွေ့ရမယ်ထင်တယ်။ ဗဟိုကော်မတီကိုယ်စား ပြောတယ်ဆိုရင်တော့ မရဘူးပေါ့ဗျာ။ အခု ကျွန်တော် လည်း ဗဟိုကော်မတီကိုယ်စားပြောတာမဟုတ်ပါဘူး။ ပြောရေးဆိုခွင့်ရှိသူလည်း ခန့်ထားတယ်။ ဒါလည်း စနစ်တကျအသေအချာလုပ်ပြီးမှ သူလည်းပြောမှာပါ။

အခုလည်း နိုင်ငံရေးဆောင်ရွက်နေတာဆိုတော့၊ လက်ရှိပါတီ ဥက္ကဋ္ဌလည်းဖြစ်တော့ သူလည်း အထိုက်အလျောက်တော့ ပြောခွင့်ရှိတယ်လို့ထင်တယ်။ ပြောနိုင်ခွင့်ရှိပါတယ်။ ဟိုတုန်းက ရုရှားအတွင်း ရေးမှူးခရူးရှက်ရဲ့ ကုလသမဂ္ဂမှာ ဖိနပ်နဲ့ခုံပေါ်ထောက်ပြီးတော့ ရိုက်ပြီးတော့ပြောခဲ့တာမလား။ သူက ကျွန်တော်တို့သဘောမတူဘဲ ခင်ဗျားဘာလို့လုပ်လဲ။ ခရူးရှက် ပြုတ်ကျရခြင်းဟာ အဲဒီကိစ္စပါပဲ။ ကျူးဘားဒုံးပျံအရေးအခင်းမှာ တက်ပြီးစကားပြောတာ ဗဟိုကော်မတီရဲ့ ကြိုတင်ဆုံးဖြတ်ချက်တွေမပါဘဲနဲ့ ပြောထည့်လိုက်တာ။ ခရူးရှက် သူထွက်ရတဲ့အကြောင်းအရင်းမျိုး၊ ကြုံကြိုက်လို့လေ။ ကြားဖူးမှာပေါ့။ ဒီကိစ္စက ဆုံးဖြတ်ချက်ပြောတာလည်း မဟုတ်ဘူး။ မူဝါဒပြောတာလည်းမဟုတ်ဘူး””ဟု မြန်မာသံတော်ဆင့်သို့ ရှင်းပြသည်။
Myanmartandawsint Newspaper

တိလောကမာရဇိန်ဘုရားကြီး ရှေးဟောင်းအရုပ်များ အခိုးခံရ

ကျိုက်လတ်၊ ဇွန် ၁၉
ကျိုက်လတ်မြို့၊ တိလောကမာရဇိန် ဘုရားကြီးပရ၀ဏ်အတွင်း လွန်ခဲ့သော နှစ်ပေါင်း (၉၀)ကျော်က ဆောက်လုပ်ခဲ့သည့် ကုသိနာရုံကြီးတွင်မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပုံဖြစ်တော်စုံကို အရုပ်များထုလုပ်ပြသခဲ့ရာ ၄င်းအရုပ်များအနက်မှ (၁၇)ရုပ် အခိုးခံရမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၆ရက် ည(၁၀)နာရီခွဲအချိန်တွင် ကြွက်ထိုးသူတစ်ဦးက မင်္ဂလာကန်တော်ကြီး ချုံပုတ်အတွင်း ကြွက်ထိုးရင်း ရွှေရောင်ဝင်းနေသော ရဟန္တာအရုပ်ကို တွေ့ရှိရာ ရာအိမ်မှူးအား အသိပေးရာ ၄င်းမှတစ်ဆင့် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အကြောင်းကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့၊ အမှတ်(၃)ရယက၊ တိလောကမာရဇိန်ဘုရားကြီး ဂေါပကအဖွဲ့လူကြီးများနှင့် ရောင်တော်ဖွင့် ရေကြည်တော် အသင်းသားများအား ဆက်သွယ်ကာ ယင်းတွေ့ရှိသော နေရာအား ရှာဖွေရာ ရဟန္တာအရုပ်(၃)ရုပ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ သေချာစစ်ဆေးကြည့်သောအခါ ကုသိနာရုံအတွင်းမှ အရုပ်များဖြစ်သည်။ ၄င်းကုသိနာရုံအားဖွင့်၍ အရုပ် များအား စစ်ဆေးကြည့်သောအခါ စုစုပေါင်း (၁၀၃)ရုပ်ရှိသည့်အနက်မှ (၁၇)ရုပ်ပျောက်နေကြောင်း (၃)ရုပ် ပြန်တွေ့၍ (၁၄)ရုပ်မတွေ့သေးသည့်အတွက် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့တွင် မြန်မာသက္ကရာဇ် ၁၂၅၁-၅၂ ခုနှစ်က သွန်းလုပ်ပူဇော်ခဲ့သော မြို့ကျက်သရေဆောင် တိလောက မာရဇိန်ဘုရားကြီးသည် ယခုအခါ နှစ်ပေါင်း (၁၀၀)ကျော်ခဲ့ပြီဖြစ်၍ သမိုင်းဝင်ဘုရားကြီးတစ်ဆူဖြစ်ပါသည်။   
Myanmartandawsint Newspaper

မြန်မာနိုင်ငံ အပြောင်းအလဲအချို့မှာ အပေါ်ယံ ပြောင်းလဲမှုသာ ဖြစ်ကြောင်း ဦးမင်းကိုနိုင် ပြော

၈၈ မျိုးဆက်အဖွဲ့ ဗြိတိန်ခရီးစဉ်တွင် ဘီဘီစီ အသံလွှင့်ဌာန၏ မေးမြန်းမှုများအား ပြန်လည် ဖြေကြားနေစဉ် (ဓာတ်ပုံ-၈၈ မျိုးဆက် Facebook)
Thursday, 20 June 2013
မြန်မာနိုင်ငံ အပြောင်းအလဲကို အများကြီး ပြောင်းလဲသည်ဟု စွဲမှတ်မထားသင့်ကြောင်း၊ အချို့မှာ အပေါ်ယံ ပြောင်းလဲမှုသာ ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောကြားသည်။

ယင်းကဲ့သို့ ပြောကြားမှုကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ဗြိတိန်ခရီးစဉ်အဖြစ် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့ ရောက်ရှိစဉ် ဇွန် ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် ဘီဘီစီ အသံလွှင့်ဌာနမှ သတင်းသမားများနှင့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်းသမား တစ်ဦးက မြန်မာနိုင်ငံ၏ လတ်တလော ပြောင်းလဲမှုများအား အဓိက အကြောင်းအရင်းနှင့် ပတ်သက်၍ မေးမြန်းရာ ဦးမင်းကိုနိုင်က မြန်မာပြည်သူလူထု တစ်ရပ်လုံးက အပြောင်းအလဲကို လိုလားတဲ့အပြင် ပြောင်းလဲမှုများအတွက် အားထုတ် ကြိုးပမ်းမှုများလည်း ရှိခဲ့သဖြင့် မပြောင်းမဖြစ် ပြောင်းလဲခဲ့ရသည့် အခြေအနေ ရောက်ရှိခဲ့ကြောင်း၊ သို့သော်လည်း အများကြီး ပြောင်းလဲတယ်လို့ စွဲမှတ်မထားသင့်ကြောင်း၊ အပြောင်းအလဲ တချို့ဟာ အပေါ်ယံ ပြောင်းလဲမှုသာ ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ပြောကြားခဲ့သည်။

ထို့ပြင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အနေဖြင့် နိုင်ငံရေး ပါတီဖွဲ့ရန် ဆွေးနွေးဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း၊ ၈၈ မျိုးဆက်အဖွဲ့မှ လွှတ်တော်တွင်း ၀င်လိုသူများ ရှိပါကလည်း ခွဲခြားတာဝန် ခွဲဝေမှုဖြင့် လုပ်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် အရပ်ဘက် အဖွဲ့အစည်းများ ဖွံ့ဖြိုးရန် အင်မတန် အရေးကြီးကြောင်း၊ ၎င်းအနေဖြင့် လွှတ်တော်ပြင်ပ နိုင်ငံရေး၊ ပြည်သူ့ ဒီမိုကရေစီတို့တွင် အာရုံစိုက်ကာ တစိုက်မတ်မတ် လုပ်မည်ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ဆိုသည်။

ဗြိတိန်အစိုးရ၏ ဖိတ်ကြားမှုအရ ဗြိတိသျကောင်စီနှင့် ဗြိတိသျှသံရုံးတို့ ပူးပေါင်းစီစဉ်မှုဖြင့် သွားရောက်ခဲ့သည့် ယခုခရီးစဉ်တွင် ၈၈ မျိုးဆက်များ အနေဖြင့် ဗြိတိန် အစိုးရ၏ နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး ၀န်ကြီးများနှင့် တွေ့ဆုံခြင်း၊ ဗြိတိသျှပါလီမန် လွှတ်တော်သို့ သွားရောက်ကာ ပါလီမန်ဆိုင်ရာ အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘက်ကင်ဟမ်နန်းတော်သို့ သွားရောက်လေ့လာခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လေ့လာရန်အတွက် မြောက်အိုင်ယာလန်သို့ လည်းကောင်း၊ ပညာရေးဆိုင်ရာ လေ့လာမှုများအတွက် ဥထ်သမိ တက္ကသိုလ်သို့ လည်းကောင်း သွားရောက်လေ့လာမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗြိတိန်ရောက် မြန်မာမိသားစုများဖြင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး၊ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဗြိတိသျှကောင်စီသို့ သွားရောက်ပြီး လူမှုအဖွဲ့အစည်းများ၊ လူငယ် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံ ဆွေးနွေးကြမည်ဟု သိရသည်။
Eleven Media Group

ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ခြင်းမဟုတ်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား တွေ့ရစဉ်
Thursday, 20 June 2013
ဖက်ဒရယ် ဆိုသည်မှာ ခွဲထွက်ခြင်း မဟုတ်ဘဲ ပေါင်းစည်းနေထိုင်၍ အာဏာကို ခွဲဝေသုံးစွဲရန်သာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန် ကွန်ဂရက်ဥက္ကဋ္ဌနှင့် အမေရိကန် အစိုးရတို့၏ ဖိတ်ကြားချက်အရ ဇွန် ၈ ရက်မှ ၁၈ ရက်အထိ အမေရိကန်သို့ ၁၀ ရက်ကြာ ခရီးစဉ် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း အမေရိကန်ကွန်ဂရက် အထက်လွှတ်တော်၊ အောက်လွှတ်တော်များမှ လွှတ်တော်အမတ်များ၊ အတိုက်အခံ ခေါင်းဆောင်များ၊ လွှတ်တော်အမတ် ဟောင်းများ၊ အမေရိကန် ပြည်ထောင်စုရှိ NDI, IRI, NED, IRG, CRS, CBO စသည့် အဖွဲ့အစည်းများ၊ အမေရိကန်သမ္မတ၊ ဒုတိယသမ္မတများ၏ အကြံပေးပုဂ္ဂိုလ်များ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ စသူတို့နှင့် တွေ့ဆုံခဲ့ရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သူရဦးရွှေမန်းသည် ခရီးစဉ်အတွင်း VOA သတင်းဌာနနှင့် တွေ့ဆုံရာ၌လည်း ၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဖြစ်လိုသည်ဟု ပြောကြားခဲ့ပြီးနောက် အခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် တိုင်းရင်းသားများ လိုလားနေသည့် ဖက်ဒရယ်နှင့် ပတ်သက်၍ အပြုသဘောဆောင်သော ပြောကြားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခင်စစ်အစိုးရ လက်ထက်က ဖက်ဒရယ်ဆိုသည်ကို ခွဲထွက်ခြင်းဟု ယူဆကာ စိုးရိမ်မှုများ ရှိခဲ့သော်လည်း ယခုအခါတွင် ဖက်ဒရယ် ဆိုသည်မှာ ခွဲထွက်ခြင်းမဟုတ် ဆိုသည်ကို လက်ခံလာသည့်အတွက် တိုင်းရင်းသားများ အနေဖြင့် ဆက်လက်တောင်းဆို ရသည်မှာ အားရှိလာကြောင်း...

'ဖက်ဒရယ်ကိစ္စနှင့် ပတ်သက်၍ အချို့က ခွဲထွက်ခွင့် ရှိသည်ဟု ဆိုခြင်းကို ဖက်ဒရယ်ဟု ယူဆနေကြကြောင်း၊ အချို့ကလည်း ဖက်ဒရယ်ဟုဆိုလျှင် ခွဲထွက်မည်ဟု ထင်နေကြကြောင်း၊ ဖက်ဒရယ် ဆိုသည်မှာ ခွဲထွက်ရန် မဟုတ်ပါကြောင်း၊ ပေါင်းစည်းနေထိုင်၍ အာဏာကို ခွဲဝေသုံးစွဲရန်သာ ဖြစ်ပါကြောင်း' စသည်ဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုသည် ပင်လျှင် တစ်ခုတည်းသော တပ်မတော်သာ ရှိပါကြောင်း၊ စုစည်းပေါင်းစု နေထိုင်ကာ အာဏာဖြန့်ဝေ သုံးစွဲ၍ ကျင့်သုံးဆောင်ရွက် နေသည်ကို တွေ့ရှိရပါကြောင်း၊ ဒီမိုကရေစီ ဆိုသည်မှာ ကျင့်စဉ်ဖြစ်ပြီး မိမိတို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရန်အတွက် အားလုံးပါဝင် ဆောင်ရွက်နိုင်ရေးသည် အရေးကြီးပါကြောင်းလည်း ပြောကြားခဲ့သည်ဟု သိရသည်။

ယခင်စစ်အစိုးရ လက်ထက်က ဖက်ဒရယ်ဆိုသည်ကို ခွဲထွက်ခြင်းဟု ယူဆကာ စိုးရိမ်မှုများ ရှိခဲ့သော်လည်း ယခုအခါတွင် ဖက်ဒရယ် ဆိုသည်မှာ ခွဲထွက်ခြင်းမဟုတ် ဆိုသည်ကို လက်ခံလာသည့်အတွက် တိုင်းရင်းသားများ အနေဖြင့် ဆက်လက်တောင်းဆို ရသည်မှာ အားရှိလာကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားထားသည်။

ယင်းကဲ့သို့ သူရဦးရွှေမန်း ပြောကြားမှုအပေါ် တိုင်းရင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ''အရင်တုန်းကတော့ တပ်မတော်က အာဏာသိမ်းခဲ့တာဟာ ဖက်ဒရယ်မူကြောင့် ဖြစ်ခဲ့တယ်။ ဖက်ဒရယ်ဟာ ပြည်ထောင်စု ပြိုကွဲစေမယ့်မူ ဖြစ်တယ်ဆိုပြီး နိုင်ငံပိုင် မီဒီယာတွေက တောက်လျှောက် ၀ါဒဖြန့်ခဲ့တော့ ကျွန်တော်တို့ ဘယ်လိုပဲ ပြောခဲ့ပေမယ့် ခရီးမရောက်ခဲ့ဘူး။ အခုတော့ တော်တော်လေး ပြောခွင့်ဆိုခွင့် ရလာတယ်။ ရေးသား ခွင့်တွေလည်း ရလာတယ်။ အဲဒါအပြင် အခုလို တပ်မတော် အဆင့်မြင့် အရာရှိတစ်ဦး ဘ၀ကလာတဲ့ သူရဦးရွှေမန်းက ဖက်ဒရယ်နဲ့ ပတ်သက်ပြီး ဒီလိုပြောလာတဲ့အပေါ် ကောင်းတဲ့ လက္ခဏာတစ်ခုလို့ မြင်ပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို အကောင်အထည် ဖော်ဖို့ကတော့ ဒီလိုပြောနေရုံ၊ ရေးနေရုံနဲ့တော့ ဖြစ်မလာနိုင်ပါဘူး'' ဟု ပြောကြားသည်။
Eleven Media Group

အိုင်ယာလန်အစိုးရ တရားရေးဝန်ကြီးနှင့် ၈၈မျိုးဆက်များတွေ့ဆုံ

အင်္ဂလန်နိုင်ငံခရီးစဉ်အဖြစ် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့ရောက်ရှိနေကြသော ၈၈မျိုးဆက်ခေါင်းဆောင်များဖြစ်ကြသည့် မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုမာကီ၊ မမီးမီးနှင့် မနီလာသိန်းတို့သည်၊ ၂၀၊ ၆၊၂ဝ၁၃နေ့၊ နံနက်က လေကြောင်းခရီးစဉ်ဖြင့် လန်ဒန်မြို့၊ ဂတ်ဝစ်လေဆိပ်မှတစ်ဆင့် အိုင်ယာလန်နိုင်ငံ၊ ဘဲလ်ဖတ်မြို့သို့ နံနက် ၁၀း၃၀နာရီတွင် ရောက်ရှိခဲ့ကြသည်။ နံနက် ၁၁းဝဝနာရီတွင် အိုင်ယာလန်နိုင်ငံအစိုးရအဖွဲ့မှ Justice ဝန်ကြီး David Ford MLA ကို ၎င်း၏ရုံးခန်းတွင် သွားရောက်တွေ့ဆုံနှုတ်ဆက်ပြီး၊ မြောက်အိုင်ယာလန်၏ ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့မှု ဖြစ်စဉ်များနှင့် လက်ရှိအနေအထားများကို ဆွေးနွေးမေးမြန်းခဲ့ကြသည်။

ထို့နောက် နေ့လည် ၂းဝဝနာရီတွင် Justice ဝန်ကြီးဌာနအောက်ရှိ COMPENSATION SERVICE ဌာနကို့သွားရောက်၍ ပဋိပက္ခကာလအတွင်း ပြည်သူများ၏ ဆုံးရှုံးနစ်နာခဲ့ရမှုများအား ကုစားပေးခဲ့မှုများနှင့် ဆက်လက်၍ဆောင်ရွက်နေမှုများကို လေ့လာဆွေးနွေးခဲ့ကြသည်။

ညနေ ၄းဝဝနာရီတွင် HUMAN RIGHTS COMMISSION သို့ရောက်ရှိခဲ့ကြပြီး Chief Commissioner ဖြစ်သူ Prof: Michael O'Flaherty က အိုင်ယာလန်နိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်အဖွဲ့အနေဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းပြောပြခဲ့ပြီး၊ ၈၈မျိုးဆက်တို့ကလည်း မြန်မာနိုင်ငံ၏ လက်ရှိလူ့အခွင့်ရေး အခြေအနေများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ညနေ ၅းဝဝနာရီတွင် မြောက်အိုင်ယာလန်ပဋိပက္ခများဖြစ်ပွားရာ အရပ်သို့ မျက်မြင်ကိုယ်တွေ့ သွားရောက်လေ့လာခဲ့ကြသည်။ ငြိမ်းချမ်းရေးတိုးတက်မှုဖြစ်စဉ်များကို တခမ်းတနားတွေ့မြင်နေရသည်မှန်သော်လည်း၊ ကွဲပြားနေသောပြည်သူများအကြား အကြွင်းမဲ့ငြိမ်းချမ်းရေးရရှိရန် ကာလကြာရှည်ကြိုးပမ်းရဦးမည့် လက္ခဏာများလည်း မြင်တွေ့ခဲ့ရသည်။
The 88 Generation Peace and Open Society








၁၈ နှစ် အတွင်း ဒုက္ခသည် အများဆုံး

Friday, June 21, 2013
ကမ္ဘာ့ ဒုက္ခသည် များနေ့မှာ ထုတ်ပြန်တဲ့ UNHCR အစီရင် ခံစာမှာ ကမ္ဘာ တဝန်း စစ်ပွဲ တွေကြောင့် ၂၀၁၂ ကုန်မှာ ဒုက္ခသည် ၄၅ သန်းကျော် ရှိပြီး နေရပ်ရင်းကို စွန့်ခွာ ရတဲ့လူ ဦးရေဟာ ၁၈နှစ် အတွင်းမှာ အများဆုံး ဖြစ်တယ်လို့ ပြောထား ပါတယ်။


ဒီလို ကမ္ဘာ့ ဒုက္ခသည်တွေ များလာရ တာဟာ စစ်မက်ဖြစ်ပွားနေတဲ့ အာဖဂန်၊ ဆိုမာလီ၊ အီရတ်၊ ဆီးရီးယားနဲ့ ဆူဒန် စတဲ့ ငါးနိုင်ငံကြောင့် အဓိက ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံက စစ်ပွဲ အကြီး အကျယ် ဖြစ်တဲ့ နိုင်ငံတွေ ထဲမှာ မပါပေမဲ့ ပြည်ပရောက် ဒုက္ခသည် စုစုပေါင်း လေးသိန်း တစ်သောင်းကျော် ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်မှာ နှစ်သိန်း သုံးသောင်းနဲ့ ထိုင်းနိုင်ငံမှာ တစ်သိန်း နှစ်သောင်းကျော် ဖြစ်ပါတယ်။

ပြည်တွင်း ပဋိပက္ခ တွေကြောင့် မြန်မာ နိုင်ငံကနေ ပြည်ပကို ထွက်ပြေး ရသူပေါင်း လောလောဆယ် ၇၀၀ လောက်ပဲ ကုလမဂ္ဂ စာရင်းမှာ ရှိပါတယ်။

ရေကြောင်းက ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေရဲ့ စာရင်း အတိ အကျ မရတဲ့ တကယ်တန်း အရေအတွက်က အတွက်က အဲဒီထက် များမှာ သေချာ တယ်လို့ ယူအင်အိတ်ခ်ျစီအာက အကြီးတန်း လူထု ဆက်ဆံရေးမှူး ဗီဗီယန် တန် Vivian Tan က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခကြောင့် အိုးအိမ် စွန့်ခွာရသူ တွေဟာ ပြည်တွင်းမှာ များတဲ့ အတွက် နိုင်ငံ တကာ ဒုက္ခသည် စာရင်းထဲမှာ မပါဝင်ပါဘူး။

ဖြစ်ကာစက စခန်းတွေမှာ တစ်သိန်းကျော် ရှိခဲ့ ရာက အခုနောက်ဆုံး တစ်သိန်း လေးသောင်း ရှိ တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံက မြန်မာ ဒုက္ခသည်တွေ အတွက် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ ဥရောပ နိုင်ငံ အခိျု့နဲ့ မလေးရှား တို့မှာ အခြေချ နိုင်အောင် ယူအင်အိတ်ခ်ျစီအာက စီမံပေးခဲ့ ပြီးဖြစ်ပြီး ပြည်တွင်း စစ်ကြောင့် နိုင်ငံ တွင်း ဒုက္ခသည် စခန်းတွေ က လူတွေ ကိုတော့ ကုလ သမဂ္ဂ ဘက်က လူသားချင်း စာနာတဲ့ အကူအညီတွေ၊ အိုးအိမ် ပြန်လည် နေရာ ချထား ရေးတွေ လုပ်ပေးနေတယ်လို့ အာရှနဲ့ ပစိဖိတ် ဒေသ ဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ ပြောခွင့်ရ အမျိုး သမီးက ပြောပါတယ်။

ကြာသပတေးနေ့က ထိုင်း မြန်မာ နယ်စပ် ဒုက္ခသည် စခန်း ကို ရောက်လာခဲ့တဲ့ အမေရိကန် ကျန်းမာရေး ဝန်ကြီး Kathleen Sebelius ကတော့ မြန်မာ ဒုက္ခသည် ၉ သောင်းကို ၇ နှစ် အတွင်း အမေရိကန် နိုင်ငံမှာ နေရာ ချထားပေးနိုင်ခဲ့ တယ်လို့ ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ဆီမီးတောက်ဥစားပြီး သေဆုံး

နတ်မောက် ဇွန်၂ဝ
 နတ်မောက်မြို့နယ် လျှော်ချောင်းကြီး ကျေးရွာတွင် ဦးစံလင်း၏ သမီးဖြစ်သူ မခင်ညိုဝင်း(၃ဝ)နှစ်သည်  ၁၉/၆/၂ဝ၁၃နေ့ နေ့ခင်း၁၂နာရီခန့် အချိန်တွင် မိခင်ဖြစ်သူအား အနားသို့ ခေါ်ရာ မိခင်ရောက်သောအခါ မခင်ညိုဝင်းမှာ မှောက်လျားထိုးလျှက် အန်နေသည်ကို တွေ့ရသည်ဟု ဆိုသည်။

မိခင်ဖြစ်သူက မခင်ညိုဝင်းအား ဘာဖြစ်တာတုံးဟုမေးရာ မခင်ညိုဝင်းက ကြက်ဥနှင့်ပဲသီးကြော်စားထားလို့ပါ။ ဆေးရုံပို့ပေးပါ၊ ဆေးရုံရောက်မှ အမှန်အတိုင်းပြောမည်ဟု ပြောသဖြင့် ၄င်းနေ့သုံးနာရီခန့်တွင် နတ်မောက်ပြည်သူ့ ဆေးရုံသို့ပို့ခဲ့သည်။ ဆေးရုံေ၇ာက်မှ မခင်ညိုဝင်းက ဆီမီးတောက်ဥစးခဲ့မိ ကြောင်းပြောသဖြင့် နတ်မောက်ဆေးရုံမှ နတ်မောက်ရဲစခန်းသို့ အကြောင်းကြား ခဲ့ရသည်ဟု သိ၇သည်။

နတ်မောက်ဆေးရုံမှ ဆရာဝန်နှင့် ဝန်ထမ်းများမှ ကြိုးစား၍ ကုသခဲ့သော်လည်း၂ဝ/၆/၂ဝ၁၃နေ့ညနေသုံးနာရီခန့်တွင် ဝမ်းခေါင်းထဲမှ ပူတယ်ပူတယ်ဟု အော်ကာ သေဆုံးသွားကြောင်း၊ အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ နတ်မောက်မြို့နယ် စိုင်ဂေါင်းရဲစခန်းမှ သေမှု သေခင်းအမှတ်၅/၂ဝ၁၃ဖြင့်လက်ခံထားကာ ရဲလုပ်ငန်းများနှင့် အညီဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူ မခင်ညိုဝင်း သည် လွန်ခဲ့သော တပတ် လောက်က ခင်ပွန်းဖြစ်သူ ကိုဌေးမြိုင်နှင့် စကားများရန် ဖြစ်၍ ကွဲကွာနေခဲ့သည်ဟု ဆိုသည်။ အိမ်ထောင်သက် ၁ဝ နှစ်ခန့်ရှိကာ သားသမီး နှစ်ယောက်ထွန်းကား ခဲ့ကြောင်းသိရသည်။
ပေါ် ဦး(နတ်မောက်)
Myanmar News Now

ကမ္ဘာကျော် ဟီလ်တန်အုပ်စု စင်တာပွိုင့်တာဝါဟိုတယ်စီမံခန့်ခွဲမည်

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ရန်ကုန်-ရန်ကုန်မြို့ဆူးလေစေတီတော်အနီးရှိ စင်တာပွိုင့်တာဝါ (Center Point Tower) ဟိုတယ်၏ စီမံခန့်ခွဲမှုများကို အမေရိကန်နိုင်ငံ အခြေစိုက်ကမ္ဘာကျော်ဟိုတယ် ကုမ္ပဏီကြီးဖြစ်သည့် ဟီလ်တန်အုပ်စု (Hilton Group) က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သတင်းရရှိသည်။

“Center Point Tower ဟိုတယ်ကို Hilton Group က HR ပိုင်းကို တာဝန်ယူမှာပါ။ ဒီပရောဂျက်
ကို တာဝန်ယူပြီး တည်ဆောက်တာက ထိုင်းနိုင်ငံ L.P Holding ကုမ္ပဏီ ကပါ။ ဟိုတယ်ကို ၂၀၁၃ ခုနှစ် နှစ် ကုန်မှာ စဖွင့်မှာပါ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဟိုတယ်စီမံကိန်းကို ၁၉၉၃ ခုနှစ် နိုဝင်ဘာမှစတင်၍ L.P Holding ကုမ္ပဏီနှင့်ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဟီလ်တန်အုပ်စုသည် နိုင်ငံပေါင်း ၉၁ နိုင်ငံတွင် ဟိုတယ်ပေါင်းသုံးထောင်ကျော်ဖွင့်လှစ်ထားပြီး အခန်းပေါင်း ၆၄၂၀၀၀ ၀န်းကျင်ကို ၀န်ဆောင်မှုပေးနေသော ကုမ္ပဏီ ဖြစ်သည်။ Hiltonမှာ အမေရိကန် ပြည်ထောင်စုရှိ ၃၈ ခု မြောက်အကြီးဆုံး ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည်။ “L.P Holding ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၇၅ သန်း အကုန်အကျခံပြီး တည်ဆောက်ထားတာပါ”ဟု အထက်ပါ ပုဂ္ဂိုလ်ကပင်ပြောသည်။ ထို့ကြောင့် ထိုင်းအခြေစိုက် L.P Holding ပိုင် ဟိုတယ်တွင် ဟီလ်တန်ဟိုတယ်အုပ်စုက ဟိုတယ်စီမံခန့်ခွဲမှုများကို ၀န်ဆောင်မှုပေးမည်ဖြစ်သည်။

Center Point Tower Hotel စီမံကိန်းသည် ဆူးလေဘုရားလမ်း၌ တည်ရှိပြီး ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၁၆ ရက်တွင် ရုံးခန်းအဆောက်အအုံအား စတင်ဖွင့်လှစ်ခဲ့သည်။ ယခုအခါ ဟိုတယ်အခန်း ၃၀၀ ကို ၂၀၁၃ ခုနှစ်အတွင်း ပြီးစီး အောင်ဆောင်ရွက်နေပြီး နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းဝန်ကြီးဌာနမှသတင်းရရှိသည်။
7Day News Journal

စင်ကာပူသို့ အိမ်အကူ အမျိုးသမီးများ စေလွှတ်ရန် စင်ကာပူကုမ္ပဏီနှင့် ဆွေးနွေးမည်

နေပြည်တော်- စင်ကာပူနိုင်ငံသို့ အိမ်အကူ အမျိုးသမီးလုပ်သားစေလွှတ်ရေး စင်ကာပူနိုင်ငံမှ ချိတ်
ဆက်ထားသောကုမ္ပဏီနှင့် လာမည့်ဇူလိုင်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အလုပ်သမားအလုပ် အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။

“ကုမ္ပဏီတစ်ခုက လာချိတ်ထားတယ်။ ဇူလိုင်လဆန်းမှာ လာဆွေးနွေးမယ်ပြောပါတယ်” ဟု ဦးမောင်မြင့်က ဇွန် ၁၇ ရက်တွင် ပြုလုပ်သော မလေးရှားရောက်အလုပ်သမားများအရေးနှင့်ပတ်သက်သော ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

လုပ်ငန်းခွင်အဆင်ပြေစေရန်အတွက် ဘာသာစကားနှင့် မီးဖိုချောင်သုံးပစ္စည်းများ ကိုင်တွယ်ထိန်းသိမ်းသည့် နှစ်လသင်တန်းကို အဆိုပါကုမ္ပဏီက သင်တန်းပေးမည်ဖြစ်ပြီး မေလအတွင်းကလည်း လုပ်သား ၅၀ ပို့ပေးပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။ စင်ကာပူနိုင်ငံတွင် မြန်မာအိမ်အကူလုပ်သား ၂၇၀၀၀ ခန့်ရှိသည်ဆိုသော်လည်း တရားမ၀င်များဖြစ်၍ အတိအကျမသိနိုင်ကြောင်း ဦးမောင်မြင့်က ပြောကြားသည်။

စင်ကာပူနိုင်ငံတွင် ရောက်ရှိလုပ်ကိုင်နေသော အဆိုပါအိမ်အကူလုပ်သားများမှာ ဘာသာစကားအခက်အခဲနှင့် ပစ္စည်းများကိုင်တွယ် အသုံးပြုရန်ခက်ခဲခြင်းများကြောင့် အနှိမ်ခံရကြောင်း၊ လစာအနေဖြင့် ဒေါ်လာ ၄၅၀ ရမည့်အစား ၃၀၀ ခန့်သာရရှိကြကြောင်း၊ တရားမ၀င် ရောက်ရှိနေခြင်းဖြစ်သည့်အတွက် ဖြေရှင်းဆောင်ရွက်ပေးရန် ခက်ခဲ နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်လပိုင်းကလည်း စင်ကာပူသို့ သင်တန်းပေးထားသော မြန်မာအမျိုးသားအိမ်အ ကူအမျိုးသားတစ်ဦးစတင်ရောက်ရှိလာကြောင်းသည်စထရိတ်တိုမ်းသတင်းစာတွင် ဖော်ပြခဲ့သည်။
7Day News Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com