http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လူ့အခွင့်အရေးနဲ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ဆုချီးမြှင့်ပွဲ

လူ့အခွင့်အရေးနဲ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ဆုချီးမြှင့်ပွဲ
RFA Burmese
photo: RFA/ Kyaw Zaw Win











မြန်မာနိုင်ငံအပေါ် တားဆီးချက်တွေ ILO ရုတ်သိမ်း

မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသေးတဲ့ တားဆီးကန့်သတ်ချက်တွေအားလုံးကို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO က မနေ့က ပြန်လည်ရုတ်သိမ်းကြောင်း ဇွန်လ ၁၈ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို နိုင်ငံတကာအလုပ်သမားညီလာခံမှာ တက်ရောက်လာသူ ကိုယ်စားလှယ်တွေက မဲပေးဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

၂ဝဝဝ ပြည့်နှစ် ညီလာခံမှာ မြန်မာအပေါ် ချမှတ်ခဲ့တဲ့အချက်တွေကို ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ အလုပ်သမားညီလာခံဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက မြန်မာအပေါ်ကန့်သတ်ချက်တချို့ကို ဆိုင်းငံ့ခဲ့ပြီး၊ ဇွန်လ ၁၈ ရက်နေ့ကကျင်းပခဲ့တဲ့ ညီလာခံမှာတော့ မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အားယူခိုင်းစေမှုနဲ့ ပတ်သက်ပြီး သီးသန့်ဆွေးနွေးပွဲ ပုံမှန်ပြုလုပ်ရေးအပါအဝင် ကျန်ရှိနေတဲ့ အရေးယူဆောင်ရွက်ရေးအားလုံးကို ရုတ်သိမ်းဖို့အတည်ပြု ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားယူ ခိုင်းစေမှုတွေကြောင့် ILO ဖွဲ့စည်းပုံ ပုဒ်မ (၃၃) အရ ILO က အရေးယူခဲ့တာဖြစ်ပြီး၊ ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့ အဓမ္မလုပ်အားယူခိုင်းစေမှု တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်လာတဲ့ ဆောင်ရွက်ချက်တွေကြောင့် ကျန်ရှိနေတဲ့ ကန့်သတ်ချက်အားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

အခုလို တားဆီးကန့်သတ် အရေးယူထားတာတွေအားလုံး ရုတ်သိမ်းလိုက်တာကြောင့် ILO နဲ့ မြန်မာနိုင်ငံကြား ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိသွားပြီဖြစ်ပြီး။ မြန်မာနိုင်ငံမှာ အဓ္ဓမလုပ်အားယူခိုင်းစေမှု လုံးဝပပျောက်သွားရေးအတွက် နိုင်ငံတကာကလည်း ဝိုင်းဝန်းကူညီကြဖို့ နိုင်ငံတကာ အလုပ်သမားညီလာခံက တိုက်တွန်းလိုက်ပါတယ်။
RFA Burmese

၈၈ အဖွဲ့ ဗြိတိန် လွှတ်တော်ဥက္ကဌနဲ့ ဆွေးနွေး

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ရောက်နေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်တို့အဖွဲ့ဟာ မနေ့က ဇွန်လ ၁၉ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးနဲ ရဲဘက်စခန်းတွေက အခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ ကိုမင်းကိုနိုင်ကပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားတိုင်း လူ့အခွင့်အရေး အပြည့်အဝရရှိရေးအတွက် လူတစ်ယောက် ရသင့်ရထိုက်၊ ရှိသင့်ရှိထိုက်တဲ့ ဂုဏ်သိက္ခာကို အပြည့်အဝရဖို့  လုပ်ဆောင်သင့်တဲ့ လိုအပ်ချက်တွေကို ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အနေနဲ့ လိုအပ်သလို အကူအညီပေးမယ့်အကြောင်း ပြန်လည်ပြောဆိုတယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ ဗြိတိသျှလွှတ်တော်ကို သွားရောက်လေ့လာခဲ့ကြပြီး၊ အောက်လွှတ်တော်ဥက္ကဌ ဂျွန်ဘာကိုး John Bercow နဲ့  လက်ရှိမြန်မာ့နိုင်ငံရေးတွေ ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီနည်းလမ်းကျတဲ့ လွှတ်တော်တစ်ခုရဲ့ အင်္ဂါရပ်တွေ လုပ်ထုံးလုပ်နည်းတွေနဲ့ လွှတ်တော်အတွင်းမှာ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးအောင် ဆောင်ရွက်နေကြပုံတွေ ကို လေ့လာခွင့်ရခဲ့ကြတယ်လို့ ၈၈ အဖွဲ့ဝင်တွေက ပြောပါတယ်။

သူတို့ဟာ မြောက်အိုင်ယာလန် ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့ပုံတွေကိုလဲ သွားရောက်လေ့လာဦးမှာ ဖြစ်ပါတယ်။ အခုဗြိတိန်နိုင်ငံကို သွားရောက်လေ့လာနေတဲ့အဖွဲ့မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုမြအေး၊ ကိုမာကီး၊ မနီလာသိန်းနဲ့ မမီးမီးတို့ ပါဝင်ပါတယ်။
RFA Burmese

ဥက္ကံအကြမ်းဖက်မှု စတင်သူတွေကို ထောင်ချ

ပဲခူးတိုင်း ဥက္ကံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှုနဲ့ ပတ်သက်ပြီး အစ္စလာမ်ဘာသာဝင် အမျိုးသမီးနှစ်ဦးကို တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်စီ မနေ့က ချမှတ်လိုက်ကြောင်း AP သတင်းက ဖေါ်ပြ ပါတယ်။

သူတို့ကို ဘာသာရေးစော်ကားမှုနဲ့ တရားစွဲဆိုခဲ့တာဖြစ် ပါတယ်။

သူတို့ထဲက တစ်ယောက်ဟာ ကိုရင်တစ်ပါးကို စက်ဘီးနဲ့ တိုက်ခဲ့သူဖြစ်ပြီး၊ တခြားတစ်ယောက်ကတော့ ရဟန်းပျိုတစ်ပါးရဲ့ပခုံးကို ဆွဲကိုင်လှုပ်ရမ်းခဲ့တယ်လို့ ဆိုပါတယ်။

အဓိကရုဏ်းနဲ့ ပတ်သက်ပြီး လူ ၃ဝ လောက်ကို ရဲကဖမ်းဆီးခဲ့ကြောင်း၊ လူ ၆ဝ လောက် လွတ်မြောက်နေသေးကြောင်းလည်း တရားရုံးကို သွားရောက်ခဲ့သူတစ်ဦးကို ကိုးကားပြီး AP သတင်းက ဆိုပါတယ်။

ဒီအဓိကရုဏ်းမှုနဲ့ ပတ်သက်ပြီး မေလပထမပတ်ကတည်းက စတင်စစ်ဆေးခဲ့ရာမှာ မပြီးပြတ်သေးဘူးလို့ သိရပါတယ်။

အလားတူ မိတ္ထီလာနဲ့ လားရှိုးမြို့တွေမှာဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေမှာပါဝင်ခဲ့သူ မွတ်စလင်အမျိုးသားတွေကိုလည်း ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့ AP သတင်းက ဖော်ပြပါတယ်။
RFA Burmese

လက်ထပ်ဖို့ ဘာသာပြောင်းရမယ်ဆိုတာ လူအခွင့်ရေးချိုးဖောက်မှုဖြစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၉ ရက်နေ့က ပြင်ဦးလွင်မြို့ ဒေသခံပြည်သူများ နဲ့ တွေ့ဆုံစဉ်
Photo : RFA/ Moe Thu Aung
2013-06-20      
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊  အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဘာသာခြား ယောင်္ကျားတဦး အနေနဲ့  မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို လက်ထပ်လိုချင်ရင် ဗုဒ္ဓဘာသာဝင် အဖြစ် ပြောင်းလဲရမယ်လို့ အခုရက်ပိုင်းအတွင်း သံဃာတချို့က မိန့်ကြားနေကြတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

"ကျွန်မတို့နိုင်ငံရဲ့ ဥပဒေနဲ့ကိုက်ညီမှု မရှိဘူးလို့နားလည်တယ်။အထူးသဖြင့် ဒါတရားတော်ထဲမပါဘူးဆိုရင် ကိုယ့်ရဲ့ နိုင်ငံရဲ့ဥပဒေနဲ့ ကိုက်ညီလားမလားကြည့်ရမှာတစ်ဖက် နောက်တစ်ဖက်ကလည်း ဇင်မာအောင်တို့ ပြောသလို၊အမျိုးသမီး အခွင့်အရေး လူ့အခွင့်အရေးဘက်က ကြည့်ရမှာပေါ့"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မလေးရှားရောက် မြန်မာနိုင်ငံသားတွေ သေကြေဒဏ်ရာရမှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေ အတွက် သက်ဆိုင်ရာသံရုံးတွေက ထိထိရောက်ရောက် တာဝန်ယူ ကူညီဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"အစိုးရဆိုတာ ကိုယ့်ရဲ့လူမျိုးတွေကို နိုင်ငံသူနိုင်ငံသားတွေကို ဘယ်မှာပဲဖြစ်ဖြစ် ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ ယဉ်ကျေးမှု တစ်ခု ထူထောင်ဖို့လိုတယ်။အလုပ်သမားတွေတင်မကဘူး။နိုင်ငံခြားကို ရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေကို စောင့်ရှောက်ရမယ်"

တဆက်တည်းမှာပဲ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက သမ္မတအဖြစ် ဝင်ရောက်အရွှေးခံမယ်လို့ ဝါရှင်တန်ဒီစီ မှာ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သဘောထားကို မေးမြန်းရာမှာတော့ အခုလို ပွင့်ပွင့်လင်းလင်း ပြောဆိုတာကို နှစ်သက်ကြောင်း ဖြေကြားခဲ့ပါတယ်။
RFA (မြန်မာပိုင်း)

ဘာလင်မိန့်ခွန်းတွင် နျူကလီးယားလက်နက်လျှော့ချရေး အိုဘားမား ထည့်သွင်းပြောကြားမည်

ဘာလင်၊ ဇွန် ၁၉။
သမ္မတအိုဘားမားသည် ဘရန်ဒန်ဘားဂ်ဂိတ်တွင် ဗုဒ္ဓဟူးနေ့၌ ပြောကြားမည့်မိန့်ခွန်း၌ နျူကလီးယားစစ် လက်နက်များအသုံးပြုမှု လုံးဝလျှော့ချ ရေး အစီအစဉ်ကို ပြောကြားမည်ဖြစ်ကြောင်း အမေရိကန် အရာရှိတစ်ဦးက ဆိုသည်။

အမေရိကန် အကြီးတန်းအစိုးရပိုင်းအရာရှိတစ်ဦးက အိုဘားမားသည် သမ္မတတစ်ဦးအဖြစ် ဂျာမဏီနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက် လည်ပတ်ခြင်းဖြစ်ပြီး ရုရှားနှင့် မကြာမီက အသစ်ပြန်လည်သဘော တူထားသော နျူကလီးယားလက်နက်လျှော့ချရေးသဘောတူညီချက်တွင် ရောက်ရှိထားသည့် အဆင့်အောက် သုံးပုံတစ်ပုံထိ နျူလက်နက်သုံးစွဲမှုလျှော့ချလိုမှုကို ပြောကြားသွား မည်ဖြစ်ကြောင်း ပြောကြားသည်။

“အမေရိကန်ရဲ့ဆန္ဒကတော့ စစ်အေးနျူကလီးယားသဘောတူညီမှုကို ကျော်လွန်ပြီးဆက်ရွေ့နိုင်အောင် ရုရှားနဲ့ ညှိနှိုင်းထားတဲ့ လျှော့ချမှုကို ရရှိဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အိုင်ယာလန်မြောက်ပိုင်းတွင်နှစ် ရက်ကြာကျင်းပသည့် G 8 ဆွေးနွေးပွဲအပြီး အိုဘားမားသည်
ဘာလင်မြို့အရှေ့ပိုင်းနှင့်အနောက်ပိုင်းကို ပိုင်း ခြားခဲ့သည့် ဘာလင်တံတိုင်းကြီး အပျက်အစီးဘေးတွင်တည်ရှိသည့် ဂိတ်ပေါက်အနီးတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

အိုဘားမားအနေနှင့် သမ္မတလောင်းရွေးကောက်ပွဲမတိုင်မီ ဘာလင်သို့  နောက်ဆုံးပိတ်
လာရောက်လည်ပတ်ပြီးချိန်မှစ၍ ငါးနှစ်ကြာမြင့်ပြီ ဖြစ်ပြီး ၎င်းတစ်ခေါက်တွင် တီယာဂါတင်ပန်းခြံ၌
မိန့်ခွန်းပြောကြားခဲ့ရာ လူ နှစ်သိန်းတက်ရောက်ခဲ့သည်။

သမ္မတအိုဘားမားသည် ဝန်ကြီးချု့်အိန်ဂျလာမာကယ်နှင့် လည်း တွေ့ဆုံမည်ဖြစ်ပြီး သမ္မတဂျိုအာချင်ဂေါ့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ အို ဘားမားနှင့် မာကယ်တို့သည် သုံးနာရီကြာမိန့်ခွန်းအပြီးတွင် သတင်းထောက်များနှင့်တွေ့ဆုံရန် စီစဉ်ထားသည်။

အိုဘားမားသည် ဂိတ်အနီးရှိပါရီဆာပလေ့ဇ်ရင်ပြင်တွင် အစိုးရအရာရှိများ ကျောင်းသားများပါဝင်သည့် လူပေါင်း လေးထောင်ခန့်ပါဝင်သည့် ဂျာမန်ပြည်သူများအား အမေရိကန်များနှင့် ဥရောပသားများသည် ၂၁ ရာစုတွင် ဖိအားပေးနေသည့် ပြဿနာများကို ကိုင်တွယ်နိုင်ရန် ခိုင်မာ သည့် မဟာမိတ်ဖြစ်မှု အတူဖြတ်သန်းခဲ့သော သမိုင်းကြောင်းတို့ကို သုံးရန်ပြောကြားမည်ဖြစ်ပြီး၂၁ ရာစုစိန်ခေါ်မှုများတွင် နျူကလီးယား လက်နက်ထိန်းချုပ်ရေး၊ ရာသီဥတုပြောင်းလဲခြင်း ၊အကြမ်းဖက်မှုတိုက်ဖျက်ခြင်းနှင့် အနောက်ကမ္ဘာအပြင်နိုင်ငံများတွင် ဒီမိုကရေစီတန်ဖိုးများ တိုးမြှင့်ရေး တို့ပါဝင်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးဒုအကြံပေး ဘင်ရိုဒ့်စ်က သတင်းထောက်များအား အဂ်ါနေ့က ပြောကြားသည်။

အခြားအကြီးတန်းအရာရှိတစ်ဦကလည်း အိုဘားမားသည် အမေရိကန်နှင့် ရုရှားတို့၏ ဥရောပရှိ
နျူကလီးယားလက်နက်များလျှော့ချရာတွင် အဆိုပြုချက်များတိုးတက်လာရေးအတွက် နေတိုးအဖွဲ့မှ
မဟာမိတ်များနှင့် လက်တွဲလုပ်ကိုင်ရန်တောင်းဆိုမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

အိုဘားမားသည် နျူကလီးယားပစ္စည်းများလုံခြုံရေးနှင့် နျူကလီးယားအကြမ်းဖက်မှု ကာကွယ်ရေးကိစ္စများကို ဆွေးနွေးနိုင်ရေး ၂၀၁၆ နျူ ကလီးယားလုံခြုံရေးတွေ့ဆုံပွဲကို လက်ခံကျင်းပမည်ဖြစ်ကြောင်း ကြေညာမည်ဖြစ်သည်ဟု ဆက်လက်ပြောကြားသည်။

အိုဘားမားသည် ရုရှားသမ္မတနှင့် G 8 တွေ့ဆုံပွဲတွင် တွေ့ဆုံကာ တနင်္လာနေ့က သက်တမ်းကုန်ဆုံးသည့် ၁၉၉၂ နျူကလီးယားသဘောတူညီ ချက် အပေါ် သဘောတူညီချက်အသစ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
Ref:Reuters
မြန်မာ့ခေတ်

ထိုင်းက ဖမ်းထားသူတွေ မြန်မာပြည်က ဟုတ်မဟုတ် စစ်ဆေးမယ်

ထိုင်းမှာ အဖမ်းခံထားရသူ တချို့
20 ဇွန်လ 2013
ထိုင်းနိုင်ငံမှာ အဖမ်းခံထားရပြီး မြန်မာနိုင်ငံကလို့ ဆိုနေတဲ့ မွတ်ဆလင် ၂ဝဝဝ ကျော်ကို မြန်မာ နိုင်ငံသား ဟုတ်မဟုတ် စိစစ်ဖို့အတွက် မြန်မာ အစိုးရဘက်က လုပ်ဆောင် သွားမယ်လို့ ဘန်ကောက်ရှိ မြန်မာ သံအမတ်ကြီးက ပြောပါတယ်။

အခု အဖမ်းခံ ထားရသူ တွေဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ရခိုင်ပြည်နယ်မှာ ပဋိပက္ခ ဖြစ်ပွားပြီး နောက်ပိုင်းကာလတွေမှာ ထိုင်းနိုင်ငံကို လှေစီးပြီး ရောက်လာတဲ့ သူတွေ ဖြစ်ပါတယ်။


သူတို့ဟာ မြန်မာနိုင်ငံက လာသူတွေ ဟုတ်မဟုတ် စစ်ဆေးသွားမယ် ဆိုတာကို မြန်မာ သံရုံးကနေ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကို ဒီသတင်းပတ် အစောပိုင်းကပဲ ကတိပေး ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူဝင်မှု ကြီးကြပ်ရေး လဝက ရဲ့ အကူအညီနဲ့ အမြန်ဆုံး စစ်ဆေးသွားမယ်လို့ ဘန်ကောက်ရှိ မြန်မာသံရုံး သံအမတ်ကြီး ဦးတင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

တကယ်လို့ မြန်မာနိုင်ငံက လာတဲ့ သူတွေ ဖြစ်ရင်လည်း သူတို့ကို အရေးယူဖို့ မရှိသလို ကျန်ခဲ့တဲ့ မိသားစုဝင်တွေကိုလည်း အရေးယူမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံက လာတဲ့သူတွေ ဖြစ်ခဲ့ရင် မြန်မာနိုင်ငံကို ပြန်ပို့မပို့ ဆိုတာကလည်း ကာယကံရှင်တွေရဲ့ ဆန္ဒကို မေးမြန်းပြီးမှသာ ဆုံးဖြတ်မယ့်အကြောင်း သံအမတ်ကြီးက ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

တပ်မတော်သားများလည်း ပြည်သူများကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ကြ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦး မွေးနေ့ဂုဏ်ပြု အမှာစကား ပြောကြားစဉ်
Thursday, 20 June 2013
တပ်မတော် သားများသည်လည်း ပြည်သူများကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ကြသည်ဟုမြင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦးက ပြောကြားသည်။

ဇွန် ၁၉ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ် ပြည့်မွေးနေ့ပွဲတွင် ဂုဏ်ပြုအမှာစကား ပြောကြားရာ၌ ကာကွယ်ရေးဦးစီးချုပ်ဟောင်း တစ်ဦးလည်းဖြစ်သူ ဦးတင်ဦးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာထား ချစ်မြတ်နိုးတယ်ဆိုတာ အားလုံးအတူတူပဲလို့ သဘောပေါက်တယ်။ တပ်မတော်သားတွေလည်း အတူတူပဲ။ မပြောရဲလို့ မပြောတာလို့ပဲ သဘောပေါက်တယ်" ဟု ဦးတင်ဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိသွားသည့်အတွက် လွှတ်တော်များ အသက်ဝင်လာပြီး လုပ်နိုင်သမျှ လုပ်လာသည်ဟု ထင်ကြောင်း၊ ပြည်သူများအတွက် လုပ်ပေးနိုင်သမျှ လုပ်ပေးရန်မှာ နေရာတစ်ခုရမှ အဆင်ပြေနိုင်မည် ဖြစ်သည့်အတွက် သမ္မတဖြစ် ချင်သည်ဟု ပြောသည်မှာ မှန်ကန်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရန် အားလုံးဝိုင်းဝန်း ကူညီစေလိုကြောင်းလည်း ဦးတင်ဦးက ပြောကြားသည်။

"တပ်မတော်သား တစ်ဦးဖြစ်ခဲ့တဲ့ ကျွန်aတ်ာဟာ ဒီနေ့ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တစ်ဦးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ချခဲ့တဲ့ အစဉ်အလာ၊ အမွေတွေကို ဒီနေ့ကျွန်တော် အလံကိုင်ထားပြီးတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အပြည့်အ၀ ကူညီမှာ ဖြစ်တဲ့အတွက် အားလုံးအတူတကွ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ကူညီပါလို့ မှာချင်တယ်" ဟု ဦးတင်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ခံနိုင်ရည်လည်း ရှိသလို စိတ်ရှည်မှုလည်း ရှိကြောင်း၊ သူရသတ္တိလည်း ရှိကြောင်းကို ဦးတင်ဦးက ၁၉၉၆ ခုနှစ် နိုဝင်ဘာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း ဖိနှိပ်မှုများ ကြုံခဲ့ရသော်လည်း အာဃာတမထားဘဲ ဥပဒေနှင့်အညီသာ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အရေးအခင်းတွင်လည်း အသက်အန္တရာယ် ပေးရန်အထိ ကြံစည်ခဲ့မှုကိုလည်း ခွင့်လွှတ်နိုင်ခဲ့ကြောင်း စသည့်ဥပမာများဖြင့် ထည့်သွင်းပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်တွင် သူရသတ္တိအပြင် ထူးကဲသည့် ဓမ္မသတ္တိလည်း ရှိကြောင်း၊ ဓမ္မသတ္တိဆိုသည်မှာ လုပ်သင့်လုပ်ထိုက်သည့် အချိန်တွင် လုပ်ဝံ့သည့် ဆုံးဖြတ်ချက်ကို ချနိုင်ပြီး မလုပ်သင့်ဘူးဟု ဆုံးဖြတ်လျှင်လည်း မလုပ်ဘဲနေရဲသည့် သတ္တိဖြစ်သည်ဟု ဦးတင်ဦးက ပြောကြားသည်။
Eleven Media Group

တောင်ကြီးမြို့တွင် ကျောင်းကျန်းမာရေး စစ်ဆေးရာမှ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု ပေါ်ပေါက်

ကလေးငယ်၏ ဒဏ်ရာများအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းအောင်မြတ်)
Thursday, 20 June 2013
တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၅) ရှိ အ.မ.က (၁၅) မူလွန်ကျောင်းတွင် မြို့နယ်ကျောင်းကျန်းမာရေး အဖွဲ့မှ ဇွန် ၁၉ ရက် နံနက် ၉ နာရီ အချိန်က ကလေးများကို ကျန်းမာရေး စစ်ဆေးပေးရာမှ အသက်ခြောက်နှစ်အရွယ် ပထမတန်းကျောင်းသူ တစ်ဦးအား ညှဉ်းပန်းနှိပ်စက်ထားကြောင်း စစ်ဆေးတွေ့ရှိ ခဲ့သဖြင့် သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြားပြီး အရေးယူ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ပထမတန်းတွင် ပညာသင်ကြားနေသူ မသက်ထားခင်အား ကျန်းမာရေး စစ်ဆေးစဉ် မျက်နှာတွင် ညိုမဲဒဏ်ရာ တွေ့ရှိသဖြင့် ဆက်လက်စစ်ဆေးရာ ကလေး၏ ခန္ဓာကိုယ် အနှံ့ အပြားတွင် ဒဏ်ရာများ တွေ့ရှိသဖြင့် ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနသို့ အကြောင်းကြားခဲ့ရာ လူမှုဝန်ထမ်း တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကလေး၏ အုပ်ထိန်းသူများကို စစ်ဆေးမေးမြန်းခဲ့ရာ မသက်ထားခင်အား အဒေါ် ဒေါ်ပြုံးညို (၄၉) နှစ်နှင့် အစ်မ၀မ်းကွဲတော်စပ်သူ မဝေေ၀ဖြိုး (၁၇) နှစ်တို့က ရိုက်နှက်ထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တောင်ကြီးအမှတ် (၁) ရဲတပ်ဖွဲ့သို့ အကြောင်းကြား တိုင်တန်းခဲ့ပြီး စခန်းမှူးနှင့် အဖွဲ့က ရဲဆေးစာ ပြုလုပ်နိုင်ရေး စစ်စံထွန်း ဆေးရုံသို့ပို့၍ စစ်ဆေးခဲ့သည်။

ဆက်လက်ပြီး မသက်ထားခင်အား ရိုက်နှက်ခဲ့သူ ဒေါ်ပြုံးညိုနှင့် သမီးဖြစ်သူ မဝေေ၀ဖြိုးတို့ နေထိုင်ရာ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၅)၊ ရွှေပြည်အေးလမ်း၊ တ-၅၆ နေအိမ်မှ ကလေးအား ရိုက်နှက်ခဲ့သည့် သက်သေခံ အနီရောင် အရှည်နှစ်ပေခန့်ရှိ နှစ်ပင်လိမ်ထားသော ၀ါယာကြိုးအား သက်သေများရှေ့တွင် အမှတ် (၁) ရဲစခန်းမှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းပြီး ရိုက်နှက်ခဲ့သူ နှစ်ဦးအား လူမှုဝန်ထမ်း ဦးစီးဌာနမှ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် တိုင်ကြားခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား အမှတ် (၁) ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းနှင့် အဆိုပါ ကလေးငယ်အား တောင်ကြီးမြို့ အမျိုးသမီး ပရဟိတ ဂေဟာတွင် ခေတ္တထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။
Eleven Media Group

ဘင်္ဂါလီများ မီးရှို့ဖျက်ဆီးခဲ့သည့် မောရ၀တီကျောင်း အပါအ၀င် စာသင်ကျောင်း သုံးကျောင်းအား ပြန်လည်တည်ဆောက်မည်

မီးရှို့ဖျက်ဆီးခံရသော စာသင်ကျောင်းအား ဇွန်လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမောင်)
Thursday, 20 June 2013
မောရ၀တီ အ.မ.က ကျောင်းအား အင်ဒိုနီးရှားမှ လှူဒါန်းသည့်ငွေဖြင့် တည်ဆောက်တော့မည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။ "မောင်တောမှာက မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျောင်းနှစ်ကျောင်းနဲ့ ဖျက်ဆီးခံခဲ့ရတဲ့ စာသင်ကျောင်း တစ်ကျောင်းရှိတယ်။ အခုနှစ်မှာ ကျောင်းသုံးကျောင်းလုံး တည်ဆောက်တော့မှာ ဖြစ်တယ်။ များမကြာမီမှာ အော်ဒါထွက်တော့မယ်။ ကျောင်းသုံးကျောင်းထဲက မောရ၀တီကျောင်းကို သိန်း ၂၀၀၀ ကျော် အကုန်အကျခံပြီး အင်ဒိုနီးရှား အလှူငွေနဲ့ တည်ဆောက်မယ်လို့ ပြည်နယ်အစိုးရ အဖွဲ့က စီစဉ်နေပါပြီ။ ကျန်နှစ်ကျောင်းကိုလည်း ပညာရေးဌာနက တည်ဆောက်တော့မယ်" ဟု ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှထွန်းစိန်က ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇွန် ၈ ရက်တွင် မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီများက အုပ်စုဖွဲ့ကာ တိုင်းရင်းသား ကျေးရွာများအား မီးရှို့ရာတွင် မောရ၀တီကျေးရွာ စာသင်ကျောင်း၊ ဗောဓိကုန်းကျေးရွာ စာသင်ကျောင်းတို့ မီးရှို့ခံခဲ့ရပြီး ကံသာယာကျောင်းမှာ ဖြိုချဖျက်ဆီး ခံခဲ့ရကြောင်း သိရသည်။ ၎င်းအပြင် ဆရာတစ်ဦး အသတ်ခံခဲ့ရပြီး တာဝန်ကျ ဆရာဆရာမများလည်း ထွက်ပြေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ကျေးရွာများတွင် ကျောင်းသူကျောင်းသားများ စာသင်ကြားရေးများကို ယာယီကျောင်းဆောင်များဖြင့် စာသင်ကြားလျက် ရှိကြောင်းလည်း သိရသည်။ လက်ရှိ အနေအထားတွင် မောင်တောခရိုင်အတွင်း ဘင်္ဂါလီ ကျေးရွာများရှိ အခြေခံပညာ စာသင်ကျောင်းများသို့ တာဝန်ထမ်းဆောင်ရန် တိုင်းရင်းသား ဆရာ၊ ဆရာမများ သွားရောက် တာဝန်ထမ်းဆောင်ရန် ယုံကြည်မှု မရှိသေးသဖြင့် လုံခြုံရေးဖြင့် ကျောင်းဖွင့်နေရကြောင်းလည်း မောင်တောမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
Eleven Media Group

ကလေးခရိုင်နှင့်တမူးခရိုင်အတွင်း တရားဥပဒေ စိုးမိုးရေးပူးပေါင်းဆောင်ရွက်

နေပြည်တော်၊ ဇွန် ၁၉ ရက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ဦးစီးသော တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့သည် ၂၀၁၃ ခုနှစ်၊ ဇွန် ၁၅ ရက်နေ့မှစ၍ ကလေးခရိုင်နှင့်တမူးခရိုင်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ၀င်ရောက် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ယခုကဲ့သို့ ဆောင်ရွက်ရခြင်းမှာ ကလေးခရိုင်ရဲတပ်ဖွဲ့နှင့် တမူးခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူအချို့သည် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ တရားမ၀င်ကုန်စည် စီးဆင်းမှုတားဆီးရေး၊ လိုင်စင်မဲ့ကားများအား အရေးယူရေးကိစ္စရပ်များတွင် အထက်ဌာန၏ အမိန့်ညွှန်ကြားချက်များနှင့်အညီ ထိရောက်နိုင်နင်းစွာ တားဆီး နှိမ်နင်းနိုင်မှုမရှိဘဲ လုပ်ငန်းဆောင်ရွက်မှု ကျေနပ်ဖွယ်ရာမရှိသဖြင့် ထိုသို့ဝင်ရောက်စစ်ဆေးခြင်းဖြစ်သည်ဟု သိရပါသည်။

လတ်တလောအခြေအနေ၌ ကလေးခရိုင်နှင့်တမူးခရိုင်တို့မှ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအ၀င် တာဝန်ရှိသူများအား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်း စစ်ဆေး လျှက်ရှိသည်ဆို၏။ အထက်ပါ ခရိုင် ၂ ခုအတွင်း စုံစမ်းစစ်ဆေးနိုင်ရေးအတွက် လုံလောက်သောအင်အားဖြင့် စုဖွဲ့ဆောင်ရွက်ခဲ့သော်လည်း ပြင်ပတွင် သတင်းထွက်ပေါ်နေသကဲ့သို့ တစ်စုံတစ်ဦးကိုမျှ ဖမ်းဆီးထိန်းသိမ်း ထားခြင်း၊ လေယာဉ်ဖြင့် ခေါ်ယူသွားခြင်းများ လုံးဝမရှိကြောင်းသိရသည်။

ယခုကဲ့သို့ အရေးယူဆောင်ရွက်ခြင်းသည် ဒေသခံပြည်သူများ၏ တောင်းဆိုချက်၊ လိုလားချက်များအား ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် သမ္မတကြီး၏ လမ်းညွှန်မှာကြားချက် များနှင့်အညီ စည်းကမ်းကျန၍ စွမ်းရည်ထက်မြက်သော ရဲတပ်ဖွဲ့ဖြစ်အောင် ဥပဒေနှင့်အညီ စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်လျှက်ရှိပါသည်။ ရဲတပ်ဖွဲ့ဝင်များ၏ မှားယွင်းသောလုပ်ဆောင်မှုများအပေါ် အရေးယူဆောင်ရွက် နိုင်ရန် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေကို ၁၉၉၅ ခုနှစ်ကပင် ပြဌာန်းထားခဲ့ပြီးပါသည်။ ထိုဥပဒေအရ စည်းကမ်းဖောက်ဖျက်ခြင်း၊ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မှု မရှိခြင်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ မလုပ်ဘဲ မှားယွင်းသောလုပ်ရပ်များ လုပ်ဆောင်ခြင်းများပြုလုပ်သည့် ရဲတပ်ဖွဲ့ဝင်များအား ယခင်ကလည်း အရေးယူခဲ့သကဲ့သို့ နောင်တွင်လည်း ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဟုသိရသည်။

ထို့အပြင် ရဲတပ်ဖွဲ့တွင် ငွေကြေးစုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့အား ဖွဲ့စည်းထားရှိပြီးဖြစ်ရာ တရားမ၀င်သောနည်းလမ်းဖြင့် ငွေကြေးရရှိစုဆောင်းထားသူများအား တရားမ၀င်သောနည်းလမ်းဖြင့် ရရှိသည့်ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေဖြင့် အရေးယူနိုင်သည်ဟု သတင်းရရှိသည်။
ရဲဇာနည်

ဦးဝီရသူရဲ့ မျိုးစောင့်ဥပဒေကြမ်းကို ပြတ်ပြတ်သားသား ပယ်ချတဲ့ (ရုပ်/သံ)

19-6-2013
ဦးဝီရသူရဲ့ မျိုးစောင့်ဥပဒေကြမ်းကို လုံးဝလက်မခံနိုင်ဘူး၊ လက်ခံပေးနိုင်စရာ အကြောင်းလဲ မရှိဘူးဟု နာရေးကူညီမှုအသင်းက ဦးကျော်သူရဲ့ဇနီး ဒေါ်ရွှေဇီးကွက်၊ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ နော်စူဇန်နာလှလှစိုး၊ ရန်ကုန်နိုင်ငံရေးသိပံ္ပကျောင်းအုပ် ဒေါ်ဇင်မာအောင်တို့မှ ပြတ်ပြတ်သားသား ပယ်ချ ပြောဆိုလိုက်တဲ့ ရုပ်သံမှတ်တမ်း
ဥပဒေတွေက ပိုပြီးလွတ်လပ်လာရမယ်။ ပိုပြီး တရားမျှတလာရမယ်။ အခုဟာက ရှိပြီးသားကောင်းတဲ့ဟာကို မကောင်းတဲ့ဟာကြီးနဲ့ အစားထိုးလာမယ်ဆိုတာကို လက်မခံနိုင်ပါဘူး။ သံဃာနဲ့ မဆိုင်တဲ့ လူတွေကြားထဲမှာ ဝင်စွက်ဖက်တာ၊ သံဃာမှိုင်းတိုက်ခံနေရတာ ကြာပါပြီ။ သံဃာကို ရိုသေပါတယ်။ သို့သော် ဝိနည်းနှင့် ညီသော၊ မြတ်စွာဘုရားဟောကြားချက်နှင့် ညီသော သံဃာဖြစ်သင့်တယ်။ သံဃာဖြစ်တိုင်း ကြောက်နေရမယ်၊ သံဃာဖြစ်တိုင်း ဝေဖန်ခွင့် မရှိဘူးလို့ ဖြစ်လာရုံတင်မက အမျိုးသမီးတွေကိုပါ ဖိနှိပ်ချုပ်ချယ်လာသည်အထိ လုပ်လာတာကို အန်တီတို့ လုံးဝ လက်မခံနိုင်ဘူး။
ဒေါ်ရွှေဇီးကွက်

တောင်ကြီးမှ ပထမတန်းကျောင်းသူ ၀ါယာကြိုးဖြင့်အရိုက်ခံရမှု အုပ်ထိန်းသူကို တရားစွဲဆို

တောင်ကြီး ၊ ဇွန် ၁၉
တောင်ကြီးမြို့မှ အသက်(၇)နှစ်အရွယ် ပထမတန်းကျောင်းသူကို ၀ါယာကြိုးနှင့် ရိုက်မှုဖြင့် အုပ်ထိန်းသူအား လူမှုဝန်ထမ်းမှ တရားစွဲဆို ထားကြောင်း သတင်းရရှိသည်။

ယနေ့တွင် တောင်ကြီးမြို့ အမက(၁၅)သို့ ကျောင်းကျန်းမာရေးက ကလေးများ၏ ကျန်းမာရေးကို သွားရောက်စစ်ဆေးစဉ် ပထမတန်းကျောင်းသူ မသက်ထားခင် ၏ ကျောပြင်နှင့် ခြေထောက် တစ်လျှောက်၌ အကွင်းလိုက်ပေါ်နေသော ဒဏ်ရာများကို တွေ့ရှိ ရသဖြင့် တောင်ကြီင်္းမြို့ လူမှုဝန်ထမ်းဦးစီးနှင့် ရဲစခန်းတို့ကို ကျောင်း ကျန်းမာရေး မှ အထက်တန်းသူနာပြု ဒေါ်စောဥမ္မာနှင့် ကျောင်း တာဝန်ရှိသူများက တိုင်ကြားခဲ့ကြောင်း၊

ယင်းတိုင်ကြားချက်အရ ကလေးငယ်အား မေးမြန်းရာ သူမ၏ ကြီးတော်နှင့် အမ၀မ်းကွဲတို့က ၀ါယာကြိုးနှင့် ရိုက်နှက်ထားသည်ဟု ဆိုကြောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်ရီက ပြောသည်။

“အုပ်ထိန်းသူတွေကို စစ်ဆေးကြည့်တော့ စာမရလို့ ရိုက်တာလို့ပြောတယ်။ ဒါပေမဲ့ ကလေးသူငယ်ဥပဒေအရကတော့ အုပ်ထိန်းသူပဲ ဖြစ်စေ၊ ဆရာမဖြစ်စေ လိမ္မာအောင် ဆိုဆုံးတဲ့နေရာမှာ ညှင်းပန်းနှိပ်စက်သလို မဖြစ်ရဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ လူမှုဝန်ထမ်းက တရားလိုပြုပြီးတော့ အမှုဖွင့်လိုက်တယ်” ဟု ၄င်းကပြောသည်။

ယင်းနှင့်ပတ်သက်၍ တောင်ကြီးရဲစခန်းသို့ ပေါ်ပြူလာနယူးစ်မှ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်မှူးက “ဒီအမှုက ကလေးသူငယ်ဥပဒေအရ ရဲအရေးပိုင်တဲ့အမှု မဟုတ်ဘူး။ ဒါကြောင့် လူမှုဝန်ထမ်းကနေပြီး တရားစွဲဆို အမှုတင်လိုက်ပါပြီ” ဟု ပြောသည်။

ရိုက်နှက်ဆုံးမသည်ဟု သံသယရှိသူ မသက်ထားခင်၏ ကြီးတော်နှင့်အစ်မ၀မ်းကွဲကို ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ၄င်းက ဆက်ပြောသည်။

မသက်ထားခင်၏ ဖခင်မှာ ကွယ်လွန်သွားပြီဖြစ်ပြီး မိခင်ဖြစ်သူမှာ ညောင်ရွှေ တွင် ရှိသည်ဟု ကြားရသော်လည်း ယခုအချိန်အထိ ဆက်သွယ် ၍ မရသေးကြောင်း ဦးတင်အောင်ရီက ပြောသည်။
စိုင်းနောင်
Popular Myanmar News Journal

မြစ်ကြီးနားမြို့ လူတစ်ရာကျော် အစာအဆိပ်သင့်မှု ဗိုင်းရပ်စ်ပိုးကြောင့်ဟုဆို

မြစ်ကြီးနား ၊ ဇွန် ၁၈
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်ရိုးရာ အိမ်ထောင်စု ဆုတောင်းပွဲ တွင် ကျွေးမွေးသည့် ကချင် ဒံပေါက်နှင့် အအေး စားသောက်သဖြင့် လူတစ်ရာကျော် အဆိပ်သင့်ခဲ့ခြင်းမှာ ဓာတုဗေဒ အဆိပ် မဟုတ်ဘဲ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ကြောင်း ကချင်ပြည်နယ် ကျန်းမာရေး ဦးစီးမှူး ဒေါ်ကြည်လွင်က အတည်ပြု ပြောကြားသည်။

ယင်း အစာအဆိပ်သင့်မှု ဖြစ်ပွားပြီးနောက် မြစ်ကြီးနားမြို့ပေါ်တွင် ဓာတုဗေဒ အဆိပ်ခတ်သည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ် နေသည့်အတွက် The Voice ၏ မေးမြန်းမှုကို အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"Stapphylo coccus ဆိုတဲ့ ဗိုင်းရပ်စ်ပိုး အစာ ထုတ်လွင့်မှုကြောင့် ဖြစ်နိုင် တယ်" ဟု ဆိုသည်။

ဇွန်လ ၁၆ ရက်နေ့က လူတစ်ရာကျော် အစာ အဆိပ်သင့်ခဲ့သည့် ကချင် ဒံပေါက်နှင့် အအေးများကို ဓာတ်ခွဲခန်းတွင် စမ်းသပ်နေပြီဖြစ်ပြီး အများပြည်သူ သိရှိစေရန် အတိအကျ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ှStapphylo coccus အမည်ရှိသော ဗိုင်းရပ်စ်ပိုးသည် ရာသီဥတု ပူပြင်းချိန် တွင် အကြောင်း အမျိုးမျိုးကြောင့် (ဥပမာ - လက် မသန့်ရှင်းခြင်း) အစား အသောက်ထဲသို့ ဝင်ရောက်ခဲ့ပြီး ဓာတ်ပြုကာ အဆိပ်ထုတ်လွှတ် မှု ဖြစ်ပေါ်စေသည့်အပြင် အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်တွင် မျိုးပွားနိုင် သည့်အတွက် အစားအသောက် အနည်းအများပေါ် မူတည်၍ ကျန်းမာရေး ထိခိုက်မှုများ ဖြစ်ပေါ်စေကြောင်း ဓာတ်ခွဲခန်း ဆရာဝန် တစ်ဦးက ရှင်းပြသည်။

လက်ရှိ အနေအထားအရ အစာ အဆိပ်သင့်မှု ဖြစ်ခဲ့သော လူ ၁၅၁ အနက် ၁၄၇ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ပြီး ကျန်လေးဦးမှာ စိုးရိမ်ဖွယ်ရာ အနေအထား မရှိကြောင်း မြစ်ကြီးနားဆေးရုံ ဆရာဝန်များ၏ ပြောဆိုချက် အရ သိရသည်။
The Voice Weekly

ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ခြောက်ဦးအထိရှိ

ရန်ကုန်၊ ဇွန် ၁၈
အရှေ့တောင်အာရှ ဒေသတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးအန္တရာယ် အရှိဆုံး နိုင်ငံများအဖြစ် သတ်မှတ်ထားသော နိုင်ငံများတွင် အပါ အဝင် ဖြစ်သော မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူခြောက်ဦး အထိ ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာနက ထုတ်ပြန်သည်။

ယင်းနိုင်ငံများမှာ ထိုင်း၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့ ဖြစ် သည်။မြန်မာနိုင်ငံတွင် ယခုနှစ် မေလက စတင်ကာ သွေးလွန် တုပ်ကွေး ဖြစ်ပွားသူ ဦးရေ တိုးမြင့်ခဲ့ပြီး သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အများဆုံးဟု သတ်မှတ်ထားသော ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် အသက်ဆုံးရှုံးသည်အထိ ရှိကြောင်း ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က The Voice သို့ ပြောကြားသည်။

သွေးလွန်တုပ်ကွေးအဖြစ် အများဆုံး ကာလများသည် ဇွန်နှင့် ဇူလိုင်လ တို့ဖြစ်သောကြောင့် ပိုးလောက်လန်း ဆေးခတ်ရေး လုပ်ငန်းများ တိုးမြင့် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

"သွေးလွန်တုပ်ကွေး အဖြစ်များတာကတော့ သန်လျင်၊ ရွှေပြည်သာ၊ ဒလ မြို့နယ်တွေမှာ အဖြစ်များတယ်။ ဒလ၊ အင်းစိန်၊ ဒဂုံ (တောင်)၊ ကြည့်မြင် တိုင်၊ မြောက်ဥက္ကလာပနဲ့ သင်္ဃန်းကျွန်း မြို့နယ်တွေမှာ သေဆုံးသူ တစ်ဦးစီ ရှိတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

သွေးလွန်တုပ်ကွေး မပြန့်ပွားရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သန်လျင်၊ လှည်းကူး၊ ကျောက်တန်း၊ ကွန်းခြံကုန်း၊ သုံးခွ၊ တိုက်ကြီး၊ ထန်းတစ်ပင်၊ တွံတေး၊ မှော်ဘီ၊ ကော့မှူး၊ ခရမ်းနှင့် ကိုကိုးကျွန်းမြို့နယ် တို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့နယ် အားလုံး၌ ပိုးလောက်လန်း သတ်ဆေး ၆၉၅ ပုံး လိုက်လံ ဆေးခတ်ခဲ့ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။

ယခုနှစ်မေလမှ သြဂုတ်လအတွင်း သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာနိုင်ကြောင်း ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက ပြီးခဲ့သည့် လကုန်ပိုင်းက သတိပေး ပြောကြားသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုသည် ၁၉၆၅ ခုနှစ်တွင် စတင် ဖြစ်ပွားခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ကပ်ရောဂါ အသွင် စတင်ဖြစ်ပွားမှု ရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ယင်းရောဂါ ဖြစ်ပွားသူ ၂၀,၀၀၀ ရှိပြီး သေဆုံးသူမှာ ၁၈၂ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
ရလေး၊ဇန်ဘို
The Voice Weekly

အရက်ဝယ်ခိုင်းရာမှ လူသတ်မှုဖြစ်

ထန်းတပင်၊ ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကညင်ပင်ရွာရှိ လယ်တဲတွင် ဇွန်လ ၁၆ ရက်နေ့ ည ၁၂ နာရီခန့်က အလုပ်ရှင်က အလုပ်သမား ကို အရက်ဝယ်ခိုင်းရာမှ လူသတ်မှု ဖြစ်ပွားခဲ့ရာ အလုပ်ရှင် သေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သီရိဟေမာ ရပ်ကွက်နေသူ အလုပ်ရှင် ဦးကြည် (၆၇) နှစ်နှင့် ခေါင်ရမ်း ရွာနေသူ အလုပ်သမား ဦးချစ်သောင်း (ခ) ရဲမင်းသူတို့ လယ်တဲ၌ အရက်သောက်နေစဉ် အရက်ကုန်သဖြင့် အလုပ်သမားကို အရက် ဝယ်ခိုင်းရာ စကားများပြီး အလုပ်ရှင်ကို အလုပ်သမားက အရိုးအသွား ၁၇ လက်မရှိ ဓားဖြင့် ထိုးခဲ့ရာ ဦးကြည်၏ဗိုက်တွင် ဒဏ်ရာရရှိပြီး ဓားထိုးခံရသည့် နေရာတွင် သေဆုံးခဲ့ကြောင်း ထန်းတပင်မြို့နယ် ရဲတပ်ဖွဲ့စခန်းရှိ ကနဦးတိုင်တန်းချက် အရ စုံစမ်းသိရှိ ရသည်။

"ချစ်သောင်းကို သူ့အလုပ်ရှင်က အရက်ဝယ်ခိုင်းတယ်။ ချစ်သောင်းက မဝယ်ပေးဘူး ပြောတော့ စကားများပြီး ဓားနဲ့ထိုးတယ်လို့ သိရတယ်။ ဒီကောင်လေးက ပြဿနာဖြစ်ဖူးတာ မရှိဘူး" ဟု ဓားဖြင့် ထိုးသူနှင့် သိကျွမ်းသည့် ထန်းတပင်မြို့နယ် ကမ်းနားလမ်းတွင် နေထိုင်သူ အသက် ၄၆ နှစ်အရွယ်ရှိ ဒေသခံတစ်ဦးက ပြောကြားသည်။

ဓားဖြင့်ထိုးသည်ဟု ဆိုကာ ဦးချစ်သောင်း (ခ) ရဲမင်းသူကို ပ-၃၉/၂ဝ၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။
The Voice Weekly

မြိတ်တွင် သင်္ကန်းဝတ် အလှူခံအတုများ ဖမ်းမိ

မြိတ်၊ ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်တောင် နယ်မြေတွင် ဇွန်လ ၁၂ ရက် နေ့က သင်္ကန်းဝတ်ဖြင့် လိုက်လံ အလှူခံပြီး မူးယစ်သောက်စားသည့် ရဟန်းတုသုံးဦး၊ ကိုရင်တု သုံးဦး၊ ကပ္ပိယ အယောင်ဆောင် နှစ်ဦး အပါအဝင် စုစုပေါင်း ၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း မြိတ်တောင်ကျေးရွာ ပါရမီ ၂ ရပ်ကွက် ဒေသခံများထံမှ သိရသည်။

ရပ်ကွက်များတွင် သင်္ကန်းဝတ်ဖြင့် လိုက်လံအလှူခံပြီး မူးယစ်သောက်စားသူ များကို ဒေသခံများ၏ သတင်းပေးပို့ချက် အရ မြိတ်ခရိုင် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့ဝင် များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချူပ်ရေးမှူး များက ဇွန်လ ၁၂ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်တွင် ဝင်ရောက် ရှာဖွေဖမ်းဆီးခြင်း ဖြစ်သည်။

ဖမ်းဆီးအရေးယူ ခံရသူများသည် ဇွန်လ ၁၂ ရက်နေ့ ည ၁၀နာရီ အချိန်တွင် မြိတ်မြို့ မြို့မရပ်ကွက် (၂) ရှိမြတ်နိဗ္ဗာန် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ် အချို့တွင် သင်္ကန်းဝတ်ဖြင့် နေထိုင်ပြီး အရက်ဘီယာ များနှင့် ညစာများ ချက်ပြုတ်ကာ ဝိုင်းဖွဲ့သောက်စား နေစဉ် ဝင်ရောက်ဖမ်းဆီးခဲ့ ခြင်းဖြစ်ကြောင်း မြိတ်တောင်ကျေးရွာ မြို့မ (၂) ရပ်ကွက်မှ မီးသတ်တပ်ကြပ်ကြီး ဦးရန်သိန်းက ပြောသည်။

"မြိတ်မှာ အလှူခံအတုတွေ ပေါလာတယ်။ အရေးယူဆောင်ရွက်မှု အပိုင်းမှာ အားနည်းသေးတယ်" ဟု မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် အုပ်ချူပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုဖမ်းဆီးခံရသည့်သူ ရှစ်ဦးတွင် ကိုရင်ငယ်လေး အယောင်ဆောင်ထားသည့် အသက် မပြည့်သေးသည့် ကလေးသုံးဦး ပါဝင်ပြီး ဖမ်းဆီးရမိချိန်တွင် ကော်ရှူနေကြ ပြီး အသက်မပြည့်သေးသည့် သူများကို ပြန်လည် လွှတ်ပေးလိုက်ကြောင်း ဦးရန်သိန်းက ပြောသည်။

ကျန်ငါးဦးကို အရက်သေစာသောက် စားခြင်း၊ သံဃာတော်များနှင့် မအပ်စပ်သည့် အပြုအမှုများ ပြုလုပ်သည်ကို သက်သေခံများနှင့် အတူ ဖမ်းဆီးရမိခြင်းကြောင့် သာသနာတော် ညှိုးနွမ်းအောင် ဆောင်ရွက် သည့်အတွက် ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၅(က)အရ အမှုဖွင့် အရေးယူထားသည်ဟု မြိတ်မြို့ ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိအချို့ ထံမှ သိရသည်။

ယင်းကို အတည်ပြုရန် ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင် မြို့နယ် ရဲစခန်းသို့ သွားရောက် မေးမြန်းရာ တာဝန်ကျ ရဲအရာရှိက ယင်းအမှုမျိုး ဖြစ်ပွားမှု မရှိခဲ့ကြောင်း၊ နောက်နောင်တွင် အစိုးရဌာန ဆိုင်ရာမှလွဲ၍ မည်သည့်သတင်းမီဒီယာ ဌာနကိုမှ သတင်းပေးမည် မဟုတ်ကြောင်း ယင်းနေ့ တာဝန်ကျရဲအရာရှိ နှင့် မှုခင်းမှတ်တမ်းရုံး စာရေးက ပြောဆိုသည်။
The Voice Weekly

ရွှေမြန်မာများ သတိထား

ကျုပ်က ရွှေမြန်များလို့ ခေါ်လိုက်တော့၊ ဘယ်သူတွေကများ ခေါင်းထောင် လှည့်ကြည့်ကြမှာ တုန်းလို့ ရွှေမြန်မာဆိုတာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားမျိုးနွယ်စု (၁၃၅)မျိုးလုံး ဗုဒ္ဓဘာသာ၊ ခရစ်ယန်ဘာသာ၊ ဟိန္ဒူဘာသာ စတဲ့ ဘာသာဝင်တွကို ခေါ်လိုက်တာပါ။ ကျုပ်ပြောချင်တာက သတိကြီးကြီးထားဖို့၊ မျက်စိကြီးကြီးနဲ့ကြည့်ဖို့၊ နားကြီးကြီးနဲ့နားထောင်ဖို့၊ သတိလစ်သွားလို့ ခံရတာပဲ ရှိတယ်နော်၊ ဟိုနေ့က ဖြစ်တာလေးကို ပြန်ပြောချင်တယ်ဗျို့၊ ကျုပ်တို့မဟာရွှေမန္တလေးမှာပါ။

(၅-၆-၂ဝ၁၃)-ရက်နေ့ နေ့လည် (၁ဝး၃ဝ)ကနေ (၁၂း၃ဝ)နာရီအတွင်းလောက်ပေါ့။ မန္တလေးမြို့ကြီးအတွင်းမှာ မွတ်ဆလင်တွေနှင့် ရွှေမြန်မာတွေ အဓိကရုဏ်းဖြစ်ကြတယ် ဆိုတဲ့သတင်း State ကျောင်းလေးတွေကို အဓိကထားပြီး ပွတ်လောရိုက်အောင် လုပ်သွားတယ်။ မြို့ထဲမှာ ဖြစ်တာတဲ့ဟေ့၊ မဟုတ်ဘူး၊ စက်မှုကျောင်းမှာတဲ့၊ မဟုတ်ဘူး၊ (၃၆)လမ်းမှာတဲ့၊ ကံသာယာမှာ ဆိုလားပဲတဲ့၊ စကားသံတွေ ပွတ်လောရိုက်သွားတာပဲ။

ကျုပ်တို့ ရွှေမြန်မာတွေကလည်း ဒုတ်၊ ဓားတွေနဲ့လိုက်ကြတာ၊ အားရစရာတောင်ကောင်းပါရဲ့၊ ဒါပေသည့် တော်သေးဗျ၊ ဘယ်မှာမှ ဘာမှမဖြစ်ခဲ့ပေလို့ပေါ့။ ဒါကို ထင်ကြေးပေးတဲ့အကောင်တွေ စုတ်တမ်း၊ မှုတ်တမ်း၊ ရုတ်တမ်းလုပ်ကြတဲ့ကောင်တွေ အများကြီး၊ ကြံ့ကလုပ်တာပါတဲ့။ စစ်တပ်က အာဏာသိမ်းချင်လို့ နေမှာပေါ့တဲ့။ အမျိုးမျိုးပေါ့ဗျာ။ ဒါကြောင့်မို့ ကျုပ်က သတိထားဖို့ ပြောနေရတာပါ။ မျက်စိတစ်ဆုံး ရှုတော်မူကြပါ ရွှေမြန်မာတို့။ ကျုပ်က အစိုးရအလိုတော်ရိ မဟုတ်ဘူးနော်။ မှန်တာကို ထောက်ပြမယ်။

စစ်အစိုးရ လက်ထဲကနေ ပြည်ခိုင်ဖြိုးပါတီကို နိုင်ငံ့အာဏာ လွှဲအပ်ခဲ့တဲ့နေရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်ကြီးကို ကျုပ်တို့မမေ့သင့်ဘူးဗျ။ ဒီဘုတ်အုပ်ကြီးက ကျုပ်တို့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ရေးခဲ့တာ မဟုတ်ဘူးဗျ။ သူတို့လိုချင်တာတွေကို သူတို့ဘာသာ ရေးပြီး သူတို့ဘာသာ ပြဋ္ဌာန်းသွားတာ။ ဟုတ်ပါတယ်နော်။ ဒီတော့ ဒီ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကြီးမှာ စစ်တပ်က အာဏာသိမ်းစရာ မလိုလောက်အောင် အာဏာတွေ ယူပြီးသားဗျ။ ခင်ဗျားတို့ ကျုပ်ပြောတာကို မယုံရင် ပြန်ဖတ်ကြပါအုံး။

ကျုပ်ပြောချင်တာက ကမ္ဘာအရပ်ရပ်မှာ ဒီမွတ်ဆလင်ပြဿနာတွေ အများကြီးပဲ။ လက်ရှိအခြေနေမှာဆို ကျုပ်တို့ နိုင်ငံလည်း ဇာတ်လိုက်နီးပါးပဲ။ ကျုပ်တို့မန္တလေးမြို့မှာ ဖြစ်ခဲ့တဲ့ သတင်းကြောင့် မိဘပြည်သူတွေ စိုးရိမ်သောကတွေ များခဲ့ကြရတယ်။ အုပ်ချုပ်သူတွေ ဝန်ထမ်းတွေ အချိန်ကုန် လူပမ်းဖြစ်ခဲ့ကြရတယ်။ ကဲ ဒီနေရာမှာ ဘယ်မွတ်ဆလင်မှလည်း ထွက်မလာကြဘူး။ ဘယ်ကုလားမှလည်း မတွေ့ကြရဘူးတဲ့။ အသေအချာပြန်စဉ်းစားကြည့်နော်။ ဘယ်မွတ်ဆလင် ကျောင်းသားမှ ကျောင်းတတ်တာ မတွေ့ရဘူးတဲ့။ ရွှေမြန်မာတွေ သတိကြီးကြီးထားဖို့ လိုလာပြီ။ ပထမအကြိမ် ဆွကြည့်လိုက်တာ။ ရွှေမြန်မာတွေ အတော်စည်းရုံးကြ တာပဲ။

ဘာမှ မဖြစ်တော့ အလကားပါကွာဆိုပြီး။ အိမ်ပြန်လာကြ၊ ဒုတိယအကြိမ် ဆွပေးလိုက်တော့လည်း ဘာမှမဟုတ်ပါဘူးကွာ ဆိုပြီး အိမ်ပြန်လာကြမှာပဲ။ ဒီလိုနဲ့ တကယ်ဖြစ်တဲ့ အခါမှာတော့ အရင်လိုပဲ လုပ်တာနေမှာဆိုပြီး ဘယ်သူမှ ထွက်ကြမှာ မဟုတ်တော့ဘူး။ ဒီတော့ မွတ်ဆလင်တွေက ဇက်ကိုဖြတ်ကြရင် ရွှေမြန်မာတို့ ကိုယ်ကျိုးနည်းကြရလိမ့်မယ်နော်။

ဒါကို အုပ်ချုပ်သူတွေရော။ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနက ဝန်ထမ်းတွေကိုပါ ကျုပ်က သတိပေးချင်လို့ပါ။ မွတ်ဆလင်တွေဟာ သားဖောက်ခြင်းနှင့် စစ်တိုက်ခြင်းကို အဓိကထားပြီး စည်းရုံးကြတယ်ဆိုတာ ကျုပ်ဟိုနေက ပြောပြီနော်။ ကျုပ်က ပြဿနာဖြစ်အောင် လှုံ့ဆော်တာ မဟုတ်ပါဘူး။ ရွှေမြန်မာတွေ ခဏခဏ မေ့တတ်လွန်းကြတယ်။ ပြီးရင် အိပ်ပျော်သွားရော၊ နိုးလာလို့ ခင်ဗျားတို့ ထကြည့်လိုက်တဲ့ အချိန်မှာ ကျုပ်တို့ ရခိုင်လူမျိုးတွေ ကုလားသတ်လို့ သေနေကြ တာ တွေ့တယ်မဟုတ်လား။
ဇာနည်ဘွား(6-6-2013)
(ဇာနည်ဖွားဆိုတာ ဝီရသူ၏ ကလောင်ခွဲ မဟုတ်ပါ။ ဇာနည်ဘွားရဲ့ လက်ရေးမူ ပူးတွဲတင်ပေးလိုက် ပါသည်။)
FB-Wira Thu

၂၅နှစ်ခရီးကြမ်း လှမ်းဆက်လျှောက်သူ ၆၈နှစ်သူ

DVB TV News
တင်ဆက် - ရဲဝင့်သူ



၂ဝ၁၃ ခုနှစ် ယူ-၂ဝ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ

၂ဝ၁၃ ခုနှစ် ယူ-၂ဝ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို လာမည့်ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၃ ရက်အထိ တူရကီ နိုင်ငံတွင် ကျင်းပသွားမည် ဖြစ်သည်။
ယူ-၂ဝ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများကို ၁၉၇၇ ခုနှစ်မှစ၍ ကျင်းပ လာခဲ့ခြင်းဖြစ်သည်။ ယူ-၂ဝ ပြိုင်ပွဲများတွင် ဗိုလ်စွဲမှု အများဆုံး အသင်းများမှာ အာဂျင်တီးနား ခြောက်ကြိမ် နှင့် ဘရာဇီး ငါးကြိမ်တို့ ဖြစ်သည်။ ထူးခြားချက် အနေဖြင့် အဆိုပါ အောင်မြင်မှု အများဆုံး အသင်းများမှာ ယခုတစ်ကြိမ်တွင် ခြေစစ်ပွဲ အောင်မြင်ခြင်း မရှိ၍ ပါဝင်ယှဉ်ပြိုင်ခွင့် ရတော့မည် မဟုတ်ပေ။ ပြိုင်ပွဲကို တူရကီ နိုင်ငံရှိ မြို့ကြီးခုနစ်မြို့တွင် အားကစားကွင်းပေါင်း ခုနစ်ကွင်း၌ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

ခြေစစ်ပွဲအောင် အသင်းများ ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်သော အသင်းများမှာ အာရှမှ သြစတြေးလျ၊ အီရတ်၊ တောင်ကိုရီးယားနှင့် ဥဇဘက်ကစ္စတန်၊ အာဖရိကမှ အီဂျစ်၊ ဂါနာ၊ မာလီနှင့် နိုက်ဂျီးရီးယား၊ မြောက်နှင့်အလယ် အမေရိကဒေသမှ ကျူးဘား၊ အယ်ဆာဗေဒို၊ မက္ကဆီကိုနှင့် အမေရိကန် ပြည်ထောင်စု၊ တောင်အမေရိက ဒေသမှ ချီလီ၊ ကိုလံဘီယာ၊ ပါရာဂွေးနှင့် ဥရုဂွေး၊ သမုဒ္ဒရာပိုင်းဇုန်မှ နယူးဇီလန်၊ ဥရောပဇုန်မှ ခရိုအေးရှား၊ အင်္ဂလန်၊ ပြင်သစ်၊ ဂရိ၊ ပေါ်တူဂီနှင့် စပိန်တို့ ဖြစ်ကြပြီး အိမ်ရှင် တူရကီအသင်းမှာ အလိုအလျောက် ပြိုင်ပွဲဝင်ခွင့် ရရှိသည်။
အုပ်စုများ

ပြိုင်ပွဲဝင် အသင်း ၂၄ သင်းကို အုပ်စုခြောက်အုပ်စု ခွဲခြားထားရာ အုပ်စု (က)တွင် ပြင်သစ်၊ ဂါနာ၊  အမေရိကန် ပြည်ထောင်စုနှင့် စပိန်၊ အုပ်စု (ခ) တွင် ကျူးဘား၊ တောင်ကိုရီးယား၊ နိုက်ဂျီးရီးယားနှင့် ပေါ်တူဂီ၊ အုပ်စု (ဂ) တွင် တူရကီ၊ အယ်ဆာဗေဒို၊ ကိုလံဘီယာနှင့် သြစတြေးလျ၊ အုပ်စု (ဃ) တွင် မက္ကဆီကို၊ ဂရိ၊ ပါရာဂွေးနှင့် မာလီ၊ အုပ်စု (င) တွင် ချီလီ၊ အီဂျစ်၊ အင်္ဂလန်နှင့် အီရတ်၊ အုပ်စု (စ) တွင် နယူးဇီလန်၊ ဥဇဘက် ကစ္စတန်၊ ဥရုဂွေးနှင့် ခရိုအေးရှားတို့ ပါဝင်ကြသည်။

ရှုံးထွက်၊  ကွာတား၊  ဆီမီးနှင့် ဗိုလ်လုပွဲ

အုပ်စု တစ်စုဆီမှ ပထမနှင့် ဒုတိယ နှစ်သင်း ရှုံးထွက် အဆင့်သို့ တိုက်ရိုက် တက်ရောက်ခွင့် ရမည်ဖြစ်ပြီး အကောင်းဆုံး အုပ်စု တတိယ လေးသင်းမှာလည်း တက်ရောက်ခွင့် ရမည်ဖြစ်သည်။ အုပ်စု ပွဲစဉ်များကို ဇွန် ၂၁ ရက်မှ ၂၉ ရက် အထိ ယှဉ်ပြိုင် ကစားမည် ဖြစ်ပြီး ရှုံးထွက် ပွဲစဉ်များကို ဇူလိုင် ၂ ရက်နှင့် ၃ ရက်၊ ကွာတားဖိုင်နယ် ပွဲစဉ်များ ဇူလိုင် ၆ ရက်နှင့် ၇ ရက်၊ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဇူလိုင် ၁ဝ ရက်၊ တတိယ နေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဇူလိုင် ၁၃ ရက်တို့တွင် အသီးသီး ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

ပြိုင်ပွဲတွင် အောင်မြင်မှုရသည့် အသင်းများ

ယူ-၂ဝ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲဖူးသည့် အသင်းများမှာ အာဂျင်တီးနားက ခြောက်ကြိမ်၊ ဘရာဇီးက ငါးကြိမ်၊ ပေါ်တူဂီက နှစ်ကြိမ်၊ ဂါနာ၊ စပိန်၊ ဆိုဗီယက်ယူနီယံ၊ ဂျာမနီနှင့် ယူဂိုဆလားဗီးယား တို့က တစ်ကြိမ်စီ ဗိုလ်စွဲထားကြသည်။ ဒုတိယ နေရာကို နိုက်ဂျီးရီးယားက နှစ်ကြိမ်၊ ဥရုဂွေး၊ မက္ကဆီကို၊  ချက်သမ္မတနိုင်ငံ၊ ဂျပန်နှင့် ကာတာတို့က တစ်ကြိမ်စီ ရရှိထားကြသည်။ အာရှတိုက်မှ အသင်းများ အနေဖြင့်  အောင်မြင်မှု နည်းပါးပြီး ဂျပန်နှင့် ကာတာတို့က ဒုတိယ တစ်ကြိမ်စီနှင့် တောင်ကိုရီးယားက တတိယ တစ်ကြိမ် ရရှိထားကြသည်။

ပေးအပ်မည့် ဆုများ

ယခုပြိုင်ပွဲတွင် အကောင်းဆုံး ဘောလုံးသမား ရွှေဘောလုံးဆု၊ ဂိုး အများဆုံး သွင်းသူ ရွှေဖိနပ်ဆု၊ အကောင်းဆုံး ဂိုးသမား ရွှေလက်အိတ်ဆုနှင့် အသန့်ရှင်းဆုံး အသင်းဆုတို့ကို ချီးမြှင့်မည် ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားများ

ယခုနှစ် ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပြင်သစ်အသင်း၌ ဂျူဗင်တပ်မှ ပေါ့ဘာ၊ ဆီဗီလာမှ ကွန်ဒေါ့ဘီယာ၊  စပိန်အသင်းတွင် လီဗာပူးမှဆူဆို၊ မန်စီးတီးမှ ဒင်းနစ်ဆွာရက်ဇ်နှင့် ရီးရဲလ်မက်ဒရစ်၊ ဗလင်စီယာ၊ အက်သလက်တီကို၊ ဆီဗီလာတို့မှ လူငယ် ကစားသမားများ၊ ပေါ်တူဂီ အသင်းတွင် ဘာစီလိုနာ လူငယ် အသင်း၊ ပေါ်တို၊ စပို့တင်းနှင့် ဘင်ဖီကာတို့မှ လူငယ် ကစားသမားများ၊ အိမ်ရှင် တူရကီ အသင်းတွင် ဖူလ်ဟမ်မှ ကာရင်ဖရိုင်း၊ ဖီနာဘာချီ၊ လေဗာ ကူဆင်၊ ဂါလာတာစာရေး၊ ဖရန့်ဖတ်တို့က လူငယ် ကစားသမား များ၊ သြစတြေးလျ အသင်းတွင် ဖူလ်ဟမ်၊ နယူးကာဆယ်၊ ရက်ဒင်းနှင့် ဘလက်ဘန်းစသည့် အသင်းများမှ လူငယ် ကစားသမားများ အင်္ဂလန် အသင်းတွင် မန်ယူ၊ လီဗာပူး၊ စပါး၊ အဲဗာတန်၊ နယူးကာဆယ် စသည့် အသင်းများမှ လူငယ် ကစားသမားများ ပါဝင် ယှဉ်ပြိုင်ကြ မည် ဖြစ်သည်။ ဥရုဂွေး အသင်းတွင်လည်း မန်ယူမှ အသစ် ခေါ်ယူထားသော ဗာရီလာ၊ ဘော်ဒိုး၊ ရိုးမား၊ ဘင်ဖီကာ၊ ပီအက်စ်ဗွီ အသင်းများမှ လူငယ်ကစား သမားများ ပါဝင်ကြမည် ဖြစ်ပြီး ချီလီအသင်းတွင် မန်ယူမှ ဟင်နရီကွက်လည်း ပါဝင်မည်ဖြစ်သည်။

ယူ-၂ဝ ပွဲမှ မွေးထုတ်ပေးသော နာမည်ကျော် ကစားသမားများ ဖီဖာယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲသည်  ကမ္ဘာ့ ဘောလုံး လောကတွင် ထွန်းလင်းတောက်ပမည့် နာမည်ကြီး ကစားသမားများ မွေးထုတ်ရာ ဖြစ်သည်။ ၁၉၇၉ ခုနှစ် ပြိုင်ပွဲတွင် အာဂျင်တီးနားမှ မာရာဒိုနာ၊ ၁၉၈၃ ခုနှစ် ပြိုင်ပွဲတွင် ဘရာဇီးမှ ဂျီယိုဗန်နီ၊ ၁၉၈၇ ခု နှစ်ပြိုင်ပွဲတွင် ခရိုအေးရှားမှ ဒေဗာဆူကာ၊ ပရိုဆင်နက်ကီနှင့်ဘိုဘန်၊ ၁၉၉၁ ခုနှစ်ပြိုင်ပွဲတွင် ဘရာဇီးမှ အယ်လ်ဘာ၊ ၁၉၉၅ ခုနှစ် ပြိုင်ပွဲတွင် စပိန်မှ အက်ဆီဘားရီးယား၊ ပေါ်တူဂီမှ ဒန်နီနှင့် နူနိုဂိုးမက်ဇ်၊ ၁၉၉၇ ခုနှစ်ပြိုင်ပွဲတွင် ဥရုဂွေးမှ ဆာလာရက်တာ၊ ပြင်သစ်မှ ထရက်ဇီဂေးနှင့် အာဂျင်တီးနားမှ အိုင်းမား၊ ၁၉၉၉ ခုနှစ် ပြိုင်ပွဲတွင် မာလီမှကီတာ၊ ၂ဝဝ၁ ခုနှစ် ပြိုင်ပွဲတွင် အာဂျင်တီးနားမှ ဆာဗီယိုလာနှင့် ဒီအလက်ဇန်ဒရို၊ ဘရာဇီးမှ အက်ဒရီယာနို၊ ပြင်သစ်မှဆစ်စီ၊ ၂ဝဝ၃ ခုနှစ်ပြိုင်ပွဲတွင် ဘရာဇီးမှ ဒန်နီအဲလ်ဗက်စ်၊ အမေရိကန်မှ အက်ဒီဂျွန်ဆင်၊ ၂ဝဝ၅ ခုနှစ် ပြိုင်ပွဲတွင် အာဂျင်တီးနားမှ မက်ဆီ၊ နိုက်ဂျီးရီးယားမှ မီခေးလ်နှင့် စပိန်မှ   လိုရန်တေး၊ ၂ဝဝ၇ ခုနှစ်ပြိုင်ပွဲတွင် အာဂျင်တီးနားမှ အဂွဲရိုး၊ မက္ကဆီကိုမှ ဂျီယိုဗန်းနီနှင့် စပိန်မှ အက်ဒရီယန်၊ ၂ဝဝ၉ ခုနှစ်ပြိုင်ပွဲတွင် ဘရာဇီးမှ တက်ဆေးရာ၊ ၂ဝ၁၁ ခုနှစ်ပြိုင်ပွဲတွင် ဘရာဇီးမှ ဟင်းနရစ်နှင့် ပြင်သစ်မှ လာကာဇက်တီတို့ ပေါ်ထွက်ခဲ့ကြသည်။
ရွှေတည်
mwdsport

ဒေါ်အောင်ဆန်းစုကြည်၏ (၆၈)နှစ်မြောက် မွေးနေ့အား ဂုဏ်ပြု


ဇွန်လ(၁၉)ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈)နှစ်မြောက် မွေးနေ့ဖြစ်ရာ တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
ဒေါ်အောင်ဆန်းစုကြည်၏ (၆၈)နှစ်မြောက် မွေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့ကြသော တာချီလိတ်မြို့နယ်အတွင်းမှ ကျောင်းသား ကျောင်းသူ(၉၂)ဦးတို့အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ယနေ့ နံနက်(၈)နာရီက ပြုလုပ်ကျင်းပခဲ့ကြသည်။
Tachileik Online News















မလေးရှား သံအမတ်ကြီးနှင့် ၈၈မျိုးဆက်တို့ သွားရောက်တွေ့ဆုံဆွေးနွေး

ရန်ကုန် ဇွန်လ ၁၈
ယနေ့ ဇွန်လ ၁၈ ရက် ညနေ ၃း၀၀ နာရီ အချိန်က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ လူထုဆက်ဆံရေးတာဝန်ခံ ကိုဂျင်မီနှင့် အဖွဲ့ဝင် ကိုကိုကြီး(စမ်းချောင်း) တို့သည် မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး Dr.Faisal Muhamad နှင့် သွားရောက်တွေ့ဆုံကာ အချိန်တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေး ပြောဆိုကြရာတွင် လက်ရှိကာလ မလေးရှားနိုင်ငံရှိ မြန်မာလူမျိုးများအပေါ် အကြမ်းဖက်ခံခဲ့ရမှုနှင့်ပတ်သက်၍ မလေးရှားနိုင်ငံသားများနှင့် မလေးရှားနိုင်ငံရောက် မြန်မာများအကြား ဖြစ်ပွားခဲ့ခြင်း မဟုတ်သည်ကို သိရှိပါကြောင်း၊ မလေးရှားနိုင်ငံသား မဟုတ်သော အခြားနိုင်ငံတစ်ခုမှ လူတစ်ချို့က မြန်မာလူမျိုးတချို့အား ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်ခဲ့ခြင်းဖြစ်ကြောင်းကိုလဲ သိရှိပြီးဖြစ်ကြောင်း၊ ဖြစ်စဉ်များ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ မလေးရှားရောက် မြန်မာလူမှုရေးအသင်းများနှင့် တိုက်ရိုက်ချိတ်ဆက်ကာ အဖြစ်အပျက် မှတ်တမ်းအချက်အလက်များကို အစိုးရထံသို့ ပေးပို့ပြီး ဒုက္ခရောက်နေကြသော မြန်မာလူမျိုးများအား အလျင်အမြန် ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် အကြံပြုတိုက်တွန်းခဲ့ပါကြောင်း၊ မလေးရှားနိုင်ငံတွင် ဆက်လက်နေထိုင် လုပ်ကိုင်နေကြသော မြန်မာလုပ်သားများအတွက်လည်း ရေရှည်ဘေးကင်းလုံခြုံစွာ လုပ်ကိုင်နိုင်ရေးတို့အတွက် မလေးရှားအစိုးရအနေဖြင့် ကူညီပေးစေလိုကြောင်း၊ အခြေအနေအမျိုးမျိုးဖြင့် နေထိုင်နေကြရသော မြန်မာ
လုပ်သားများအတွက်လည်း မလေးရှားလုပ်ငန်းရှင်များမှ ခေါင်းပုံဖြတ်မှုများ မရှိစေရေး စီစစ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်သော ထိုင်းနိုင်ငံနှင့်လည်း အလုပ်သမားရေးရာကိစ္စများတွင် အလားတူ အတွေ့အကြုံများရှိခဲ့၍ လေ့လာသင်ခန်းစာယူနိုင်ပါကြောင်း၊ အဆိုပါကိစ္စရပ်များ လုပ်ဆောင်ရာတွင် နှစ်နိုင်ငံအစိုးရများ၏ အခန်းကဏ္ဍအရေးကြီးလာမှုများကြောင့် မိမိတို့၏ အရပ်ဖက်အဖွဲ့ အစည်းအနေဖြင့် လာရောက်တွေ့ဆုံ အကြံပြုဆွေးနွေးခြင်းဖြစ်ကြောင်း ”
တို့ကို ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှဆွေးနွေး ပြောကြားခဲ့ကြသည်။
The 88 Generation Peace and Open Society

ပြည်ပဆန်တင်ပို့မှုဆိုင်းငံ့မည်ဟု MAPCO ကပြော

19.5.2013, Wednesday
လက်ရှိပြည်တွင်း ဆန်ဈေးနှုန်းမြင့်တက်နေသော အနေအထားအရပြည်ပ ဆန်တင်ပို့မှုကိုမြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်း(MAPCO) ကုမ္ပဏီအနေဖြင့် ယာယီဆိုင်းငံ့ထားကြောင်းကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးချစ်ခိုင်ကပြောသည်။

လတ်တလောပြည်တွင်းတွင် ဆန်ကြမ်းဈေးနှုန့်း မြင့်တက်နေပြီး ပြည်ပတွင်လည်းဈေးမရဖြစ်နေချိန်တွင် ပြည်တွင်းဈေးကွက် အနေအထား ထိန်းညှိပေးရန်အတွက် ဆန်တင်ပို့ခြင်းကိုကုမ္ပဏီအနေဖြင့် နှစ်လခန့်ဆိုင်းငံ့ထားကြောင်း သိရသည်။

လက်ရှိပြည်တွင်း ဆန်ဈေးကွက်သည် ပြည်ပတင်ပို့သော(၂၅)မှတ်ဆန်ပေါင်(၁၁၀)၊တစ်အိတ်ကိုငွေကျပ် (၁၅၅၀၀)ခန့်ရှိ ပြီးပြည်တွင်း(၂၅)မှတ်ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ (၄၃၀)ခန့်ရှိကြောင်း သိရသည်။ MAPCO ကဆန်တင်ပို့မှုကိုပြည်တွင်း ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

လက်ရှိဆန်ဈေးသည် နှစ်လအတွင်းကျမည့် အနေအထားမရှိကြောင်း ဆက်လက်မြင့်တက် ဖို့သာရှိနေပြီးပြန်လည်တင်ပို့လျှင် စပါးပေါ်ချိန်မှသာ ဖြစ်နိုင်ကြောင်းသိရသည်။ ဆန်ဈေးနှစ်လခန့် စောတက်ရသောအကြောင်းကဆန်ကြမ်းများကို ကားဖြင့် သာမကဧရာဝတီမြစ်ကြောင်းအတိုင်းမန္တလေးသို့အလုံးအရင်းဆန်တက်ပြီး တရုတ်နယ်စပ်ကိုတင်ပို့ခြင်းကလည်းအချက် တစ်ချက် အဖြစ်ပါဝင်ကြောင်း၊တစ်ရက်ကိုဆန်အိတ်(၃၀၀၀၀)၊ (၄၀၀၀၀)ကြားတင်ပို့ခဲ့ကြောင်း ဘုရင့်နောင်ပွဲရုံ၊ပိတောက်လမ်းရှိ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးကပြောသည်။ ပြီးခဲ့သော ဘဏ္ဍာနှစ်အတွင်းဆန်တင်ပို့မှုသည် (၄၆)နှစ်အတွင်းအမြင့်ဆုံးဖြစ်ပြီး တန်ချိန်(၁ဒသမ၆)သန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
SkyNet TV Browser

သမ္မတဆီ လူ့အခွင့်အရေးသမားတွေရဲ့ အိတ်ဖွင့်ပေးစာ

သမ္မတ ဦးသိန်းစိန်
19.06.2013
လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဥပဒေမဲ့ တရားလက်လွတ် ဖမ်းဆီးတာတွေ၊ လူမသိ သူမသိ ချုပ်နှောင်ထားတာတွေနဲ့ မမျှမတ တရားစီရင်တာတွေ ဆက်ဖြစ်နေတုန်းပဲလို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ထောက်ပြ ဝေဖန်လိုက်ပါတယ်။

ဒါကြောင့်လည်း လက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အောင်မြင်စေချင်တယ်ဆိုရင် အဲ့ဒီလို အခြေအနေတွေ ဆက်မဖြစ်ရအောင် သမ္မတ ဦးသိန်းစိန်အနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးဖို့ တိုက်တွန်း တောင်းဆိုကြပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြသူတွေထဲက ဧပြီလ ၂၅ ရက်နေ့မှာ ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးသွားတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ၃ ဦးရဲ့ ဖြစ်ရပ်ကို နမူနာပြပြီး ဥပဒေမဲ့ ဖမ်းဆီးတာတွေ၊ လူမသိ သူမသိ ကာလရှည်ကြာ ထိန်းသိမ်းထားတာတွေ၊ တရားစီရင်ရေးမှာ မျှတမှု မရှိတာတွေ ဆက်ဖြစ်နေတုန်းပဲလို့ မြန်မာနိုင်ငံတွင်းနဲ့ ဒေသတွင်းအခြေစိုက် မြန်မာ့အရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့ ၇ ဖွဲ့က သမ္မတ ဦးသိန်းစိန်ဆီ
ပေးပို့တဲ့ အိတ်ဖွင့်ပေးစာ တစ်စောင်ထဲမှာ ထောက်ပြ ပြောဆိုထားကြတာပါ။

“ကိုအောင်စိုးနဲ့ ရွာသား နှစ်ယောက်ဆိုလို့ရှိရင်လည်း အဖမ်းခံထားရပြီး တော်တော်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ် မရဘူး။ နောက် ရှေ့နေတွေ မရဘူး။ အဲ့လိုဟာမျိုးတွေဖြစ်တယ်။ ကိုရဲမင်းဦး ဆိုလို့ရှိရင်လည်း ဒီအတိုင်းပဲ သူ့ကို ဖမ်းတဲ့အချိန်မှာ အရပ်ဝတ် ထောက်လှမ်းရေးနှစ်ယောက်ကနေ ခေါ်သွားတယ်။ ပြီးတော့လည်း သူ့မိသားစုကို ဘာကြောင့် ခေါ်သွားတယ်။ ဘယ်နေရာမှာ ထားတယ်ဆိုတာကို အသိပေးတာမျိုး မရှိဘူး။ ဒီလိုဟာမျိုးတွေက ဆက်ပြီးဖြစ်နေတာကို ကျနော်တို့ တွေ့ရတယ်။ အဲ့တော့ ကျနော်တို့က အခုလို အချိန်မျိုးမှာ တရားဥပဒေစိုးမိုးရေးဟာ အရင်ကထက်စာရင် ပိုပြီးတော့ မြင့်တက်သင့်နေပြီလို့ ကျနော်တို့ မြင်တယ်လေ။ အဲ့ဒါကြောင့် ကျနော်တို့က ဒီထက်ပိုပြီး မြင့်တက်အောင်လို့ ထောက်ပြတဲ့သဘောမျိုးပါ။ ဒါကြောင့်မို့ အိတ်ဖွင့်ပေးစာကို ပေးရခြင်းဖြစ်ပါတယ်။”

ဇွန်လ ၁၇ ရက်နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန်ဆီ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တဲ့ အဖွဲ့ ၇ ဖွဲ့ထဲက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်ပါ။

ဒီလိုအခြေအနေတွေဟာ တနေရာထဲမှာ သီးခြားကွက်ဖြစ်နေတာမဟုတ်ဘဲ
နေရာအတော်များများမှာ ဖြစ်နေတာကို တွေ့ရတယ်လို့ဆိုပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ လူထုဘက်ကနေ ၀ိုင်းဝန်းကူညီ လုပ်ဆောင်ပေးနေတဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ လူထုရဲ့ အခွင့်အရေးကို ဘယ်လောက် အာမခံချက်ပေးပြီး ကာကွယ်စောင့်ရှောက်သလဲဆိုတာ အဓိကကျတဲ့ အခြေခံအချက် ဖြစ်တာကြောင့် အခုလို အခြေအနေတွေကို သမ္မတအနေနဲ့ ကိုင်တွယ်လုပ်ဆောင်ပေးဖို့ ရည်ရွယ်တယ်လို့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့က လုပ်ငန်းညှိနှိုင်းရေးမှူး မခင်ဥမ္မာက ပြောပါတယ်။

“သမ္မတကြီး အခု ဦးဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီရေးဆိုတဲ့ဟာကို သမ္မတအနေနဲ့ အောင်မြင်အောင် ကြိုးစားမယ်။ အစိုးရတရပ်လုံးအနေနဲ့ အောင်မြင်အောင် ကြိုးစားမယ်ဆိုရင်တော့ အခုလိုမျိုး တရားလက်လွတ်ဖြစ်နေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ကြုံနေရတဲ့ တရားရေးပိုင်းဆိုင်ရာ၊ မတရားခံနေရတဲ့ ကိစ္စတွေကိုတော့ အမြန်ဆုံး ဖြေရှင်းပေးပြီးတော့မှ ခုနတုန်းက ဖိနှိပ်မှုဖြစ်နေတဲ့ ဥပဒေတွေကို အမြန်ဆုံး ရပ်သွားဖို့ နောက်ထပ် ဖမ်းဆီးတာတွေ၊ မတရားထောင်ချတာတွေ၊ မတရား ထိန်းချုပ်ထားတာတွေ ဒါမျိုးတွေ ထပ်မဖြစ်ရအောင် ပြီးသွားတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြတဲ့ဥစ္စာ ဒီမိုကရေစီမှာ ဆန္ဒပြခွင့်ရှိတယ်။ ဆန္ဒထုတ်ဖော်ခွင့်ရှိတယ်။ အဲ့တော့ ငြိမ်းချမ်းစွာ ဆန္ဒပြ ထုတ်ဖော်တဲ့ ဥစ္စာတွေကို အခုလိုမျိုး မတရား ဖမ်းဆီးတာတွေ၊ ထိန်းချုပ်တာတွေ၊ ချုပ်နှောင်တာတွေ ထပ်မဖြစ်ရတော့အောင်လို့ သမ္မတကြီးကတော့ အမြန်ဖြေရှင်းပေးပါလို့ ဒါကြောင့်မို့လို့ ကျမတို့က ဒါကို တင်ပြတာပါ။”

မကြာသေးခင်ကာလတွေအတွင်း ငြိမ်းချမ်းစွာဆန္ဒပြသူတွေ၊ ဆန္ဒပြသူတွေကို အကူအညီပေးသူတွေကို ၂၀၁၁ ခုနှစ်က ပြဌာန်းခဲ့ တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပုဒ်မ ၁၈၊ အကြမ်းဖျဉ်းအားဖြင့် ကောလာဟလ ဖြန့်ချိမှုလို့ ပြောနိုင်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ဖမ်းဆီးပြီး မကြာသေးခင်ကပဲ ပြစ်ဒဏ်ချမှတ်တာတွေ ရှိခဲ့သလို တရားရင်ဆိုင်နေရတာတွေလည်း ရှိနေဆဲပါ။

အခုပေးပို့တဲ့ အိတ်ဖွင့်ပေးစာအပေါ် သမ္မတဆီက ပြန်ကြားချက်ကို ခုချိန်ထိ မကြားသိရသေးပေမဲ့လည်း အပြုသဘောဆောင် တုန့်ပြန်ချက်ရလိမ့်မယ်လို့ စာပို့သူတွေဘက်က မျှော်လင့်ထားပါတယ်။

“အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုမျိုး ပြန်ရလိမ့်မယ်။ နောက်တခုက တရားဥပဒေ စိုးမိုးရေးအတွက် ကျနော်တို့က ကူညီဖြစ်အောင် ထောက်ပြပေး တယ်ဆိုတာမျိုးကို ကျနော်တို့က ပြန်လည်နားလည်ပြီးတော့ ဥပဒေစိုးမိုးရေးကို ပိုပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့် ပါတယ်။”

လူမသိ သူမသိ ဖမ်းဆီး ထိန်းသိမ်းတာမျိုးကို ဥပဒေမဲ့လုပ်ရပ်အဖြစ် သတ်မှတ်သင့်ကြောင်း၊ အဲဒီလိုထိန်းသိမ်းခံရသူကိုလည်း နှောင့်နှေးမှုမရှိဘဲ ချက်ခြင်း လွှတ်ပေးသင့်ကြောင်း နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး ဟွမ်န် မဲန်းဒက်ဇ် က (Juan E. Méndez) ဖော်ပြပြောဆိုဖူးပါတယ်။

တရားလက်လွတ် ဖမ်းဆီးတာတွေ၊ လူမသိ သူမသိ ထိန်းသိမ်းတာတွေ၊ တရားမမျှတတဲ့ တရားစီရင်ရေးတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖော်ဆောင်နေတဲ့ နိုင်ငံတစ်ခု မှာ နေရာမရှိဘူးလို့ သမ္မတ ဦးသိန်းစိန်ဆီ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။
ကိုကျော်ကျော်သိန်း
ဗွီအိုအေ (မြန်မာပိုင်း)

အမေရိကန်အစိုးရ အာဖဂန်တာလီဘန်တို့နဲ့ တိုက်ရိုက် ဆွေးနွေးမည်

အာဖဂန်အခြေစိုက် တာလီဘန်ရုံး ပြောခွင့်ရပုဂ္ဂိုလ် Muhammad Naeem (ဘယ်) (၁၈ ဇွန် ၂၀၁၃)
19.06.2013
အာဖဂန်နိုင်ငံမှာ ဆယ်စုနှစ် တစ်ခုကျော်ကြာ စစ်ပွဲကို အဆုံးသတ်နိုင်မယ့် ဘောင်တစ်ခု ချမှတ်နိုင်ဖို့ လုပ်ဆောင်တဲ့အနေနဲ့ ဒီသီတင်းပတ်ကုန်ပိုင်းမှာ တာလီဘန်တို့နဲ့ တရားဝင် ညှိနှိုင်းဆွေးနွေးဖို့ အမေရိကန်ပြည်ထောင်စုက စီစဉ်ထားပါတယ်။

ဆွေးနွေးပွဲကို ကာတာနိုင်ငံ Doha မြို့တော်မှာ ကြာသပတေးနေ့ကျရင် စတင်ကျင်းပမယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ ပဏာမပြောဆိုမှု ဖြစ်တယ်လို့ အာဏာပိုင်တွေပြောတဲ့ ဆွေးနွေးပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ အိမ်ဖြူတော် အဆင့်မြင့်အရာရှိတွေက တာလီဘန် ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

အိုင်ယာလန်မြောက်ပိုင်းမှာ ကျင်းပနေတဲ့ G8 ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်သမ္မတက ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပြောတော့ ဒီဆွေးနွေးပွဲဟာ ပထမဆုံး အစောပိုင်း ခြေလှမ်းဖြစ်တယ်။ လမ်းတလျှောက် ခလုတ်ကသင်း အများကြီး တွေ့ရလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သတိပေးသွားပါတယ်။

Doha ဆွေးနွေးပွဲရဲ့ အစောပိုင်းပြောဆိုမှုတွေမှာ အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) ရဲ့ အစိုးရ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကြသပတေးနေ့ ဆွေးနွေးပွဲတွေကနေ တာလီဘန်နဲ့ သမ္မတ ခါဇိုင်း ထူထောင်ပေးထားတဲ့ ငြိမ်းချမ်းရေးကောင်စီကြား ဆွေးနွေးပွဲ ဖြစ်ပေါ်လာစေဖို့ ခန့်မှန်းထားတယ်လို့ အရာရှိတွေက ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com