http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဒေါ်အောင်ဆန်းစုကြည်ဒေသဖွံ့ ဖြိုးခရီးမှာဦးခင်ရွှေနှင့်အတူဆောင်ရွက်


ယနေ့ ဇွန်၁၆ရက်နေ့ နံနက် ၇နာရီကကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်သည်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေနှင့်အတူ တွံ့တေးမြို့နယ်၏မိုးရာသီ သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်ကာဒေသခံပြည် သူလူထုနှင့်အတူ စိန်းပန်းပင်များများစိုက်ပျိုးပေးခဲ့သည်။

အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပွဲတော်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းရေးနှင့်ပတ်သက်၍“ဒီကနေ့ ဒီမှာလာပြီးတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ နဲ့ အတူတူ သစ်ပင်စိုက်ပျိုးရေးအခမ်းအနားမှာ ပါဝင်ရတဲ့အတွက် အင်မတန်မှ ၀မ်းသာပါတယ်... ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့နိုင်ငံမှာ ဒီဒေသမှာတင်မဟုတ်ဘူး၊ တစ်နိုင်ငံလုံးမှာ ပြန်ပြီးတော့ သစ်ပင်တွေ စိုက်ပျိုးဖို့လိုပါတယ်... ကျွန်မတို့ ဒီကနေစိုက်ပြီးတော့ လုပ်လိုက်တဲ့ဟာမှာ တစ်ခြားမြို့နယ်တွေကလဲ အတုယူပြီးတော့ ဆက်လုပ်မယ်ဆိုရင် ကောင်းမှာပါ... ဒါပေမယ့် တစ်ခုတော့ သတိပေးချင်ပါတယ်... သစ်ပင်ဆိုတာ ဒီနေ့စိုက်ရုံနဲ့ မပြီးပါဘူး ရှင်သန်အောင်လို့ ပြုစုပျိုးထောင်ရမှာပါ... ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ စိတ်ဓါတ်၊ စီးပွားရေး၊ ကျန်းမာရေး၊ အဲ့ဒါတွေကလဲ ဒီလိုပါပဲ၊ တစ်နေ့နဲကို ပြီးမယ့် ကိစ္စတွေမဟုတ်ပါဘူး… ကျွန်မတို့မှာ တစ်နေ့နဲ့ တစ်နေ့ဆက်စပ်ပြီး နှစ်ပေါင်းများစွာပြုစုပျိုးထောင်သွားရမှာပါ… ။

အဲ့ဒီတော့ ဒီနေ့စိုက်သွားတဲ့ အပင်လေးတွေကို ပြုစုပျိုးထောင်နေရင်းနဲ့ ကျွန်မတို့နိုင်ငံလဲ တစ်နေ့ နဲ့ တစ်နေ့ ပိုပြီးတော့ကြီးထွားလာအောင်၊ တစ်နေ့နဲ့ တစ်နေ့ ပိုပြီးတော့ စိုပြေလာအောင် ဝေဆာလာအောင်လုပ်မယ်ဆိုတဲ့ သံဓိဌာန်နဲ့ ကျွန်မတို့ ဒီကနေပြီးတော့ နမူနာပြလိုက်မယ်ဆိုရင် တစ်တိုင်းပြည်လုံးပါ ပျံ့သွားပြီးတော့ တစ်တိုင်းပြည်လုံးလဲ မှန်ကန်တဲ့ စိတ်ဓါတ်တွေနဲ့ ကျွန်မတို့နိုင်ငံတိုးတက်ရေးအတွက် လုပ်နိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်လို့ ပြောရင်းပဲ နိဂုံးချုပ်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အမှာ စကားပြောကြားပေးခဲ့သည်။

ထို့နောက် ကော့မှူးမြို့နယ်သိုဆက်လက်ထွက်ခွာလာရာ ကော့မှူးမြို့နယ် ပြည်သူ့ဆေးရုံ
သို့ သွားရောက်၍ ဆေးရုံ၏လိုအပ်ချက်နှင့်ပတ်သက်ပြီး ဆရာဝန်ကြီးများ၊ ဆေးရုံဝန်ထမ်းများ နှင့်တွေ့ဆုံမေးမြန်းခဲ့သည်။ဆရာဝန်များဝန်ထမ်းများမှလည်းလိုအပ်တာများကိုတင်ပြဆွေးနွေးခဲ့ကြပြီးဆေးရုံတွင်းလည့်လည်၍ ဆေးကုမှုခံယူနေ သောလူနာများကိုလိုက်လံပြသခဲ့ကြသည်။.

ယင်းသို့  ပြည်သူ့ဆေးရုံတွင်း ကြည့်ရှုခဲ့ပြီးနောက် ကော့မှူးမြို့နယ် အထက်တန်းကျောင်းတွင် ဆရာ၊ဆရာမများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ကော့မှုးမြို့နယ် ပညာရေးဝန်ထမ်းများ တွေ့ဆုံရာမှာ ဦးခင်ရွှေ(အမျိုးသား လွှတ်တော်ကိုယ်စားလှယ်)ကလည်းဒေါ်အောင်ဆန်းစုကြည် (ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် )၏ပြောကြားချက်ကိုထောက်ခံဆွေးနွေး သွားခဲ့ကြောင်းယင်းဆွေးနွေးပြောကြားချက်မှာ “အရင်တုန်းက ကျတော်တို့ထက်သေးတဲ့ ငပု လို့ခေါ်တဲ့ ဂျပန်တောင် ကျွန်တော်တို့ မော်ကြည့်နေရတဲ့ အနေအထား ဖြစ်တဲ့အတွက် အခြေခံအားဖြင့် ကျွန်တော်တို့ မှားခဲ့တယ်ပညာရေးစနစ်ကြီး အဓိက မှားသွားတယ်။

ဟိုတုန်းကဆို ကျွန်တော်တို့  လမ်းဘေးကန်တဲ့ နေရာကနေ ကျွန်တော်တို့ ဘောလုံးကန်တယ်။ ဘယ်လောက်ထိမှားလဲဆိုတော့ ဘောလုံး အဲ့လို လမ်းဘေးမှာ ကန်လိုက်တာနဲ့ အဲ့ဒီကလေးကို ကျောင်းကနေပြီးတော့ ဆရာ၊ ဆရာမ တွေ လက်မခံတော့ဘူး။ဒါဟာ လမ်းဘေးရောက်မယ့် ကလေးလို့ ထင်ကြတယ်..............ဒါပေမယ့် အဲ့လို ကျက်ပြီးတော့ ဘွဲ့တွေအများကြီး ရတဲ့ ကလေးကို ကျွန်တော်တို့ အလုပ်သင်ထဲမှာ သုံးလို့ မရဘူးး... တစ်လမ်းသွားဖြစ်တယ်။ အခု ကျွန်တော်တို့ ရဲ့ အနေအထား ၊ ကလေးတွေရဲ့ အနေအထားက တစ်လမ်းသွားဖြစ်တယ်... အဲ့ဒါကြီးကို ပညာရေးစနစ်ကြီး တစ်ခုလုံးပြောင်းရမယ်။

ပြောင်းတဲ့အခါ ကျောင်းသားချည်းပဲ ပြောင်းလို့ မရဘူး၊ဆရာမတွေအကုန်လုံးလဲ စိတ်ဓါတ်ကအစ ၊ လုပ်တာက အစအခုနက အစ်မကြီးပြောသလို သင်တန်းတွေ အများကြီးပေးရလိမ့်မယ်။ ရှိသမျှခေါင်းတွေ အကုန်လုံးဆေးပစ်ရမယ်၊ မဆေးဘဲနဲ့ အခုက မှားခဲ့ပြီးပြီ... အဲ့ဒီမှားတာကို ကျွန်တော်တို့ ဆက်ပြီး မသွားဖို့ အရေးကြီးတယ် အစ်မ ... အဲ့ဒါကိုတော့ အစ်မကြီးလုပ်လို့ ရပါတယ်။ အစ်မကြီး ဒီနေ့သွားနေတဲ့ ကျန်းမာရေးတို့၊ ပညာရေးတို့၊ သွားနေတဲ့ အတွက်ကြောင့် ပညာရေးတစ်ခုလုံးပြောင်းမှ ၊ မပြောင်းရင် အခု ဒီဆရာမ သင်တာကို နောက်ကလေးတွေကလဲ ဆရာမဖြစ်လာရင် ဒီအတိုင်း ပြန်ဖြစ်လာမှာ ဖြစ်တဲ့ အတွက် ကြောင့် ခေါင်းတစ်ခုလုံးဆေးပေးပါ ကျေးဇူးတင်ပါတယ်”ဟုဖြစ်ကြောင်းသိရသည်။ ထို့ နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည်ကော့မှူးမြို့ နယ်မှ နေ့လည် ၁၂ နာရီခန့်တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်သို့ ပြန်လည်ထွက်ခွာလာခဲ့ကြောင်းသိရသည်။
Popular Journal
ကိုးကားသတင်းနှင့်ဓါတ်ပုံ-National League for Democracyနှင့်Ko MawPyay








ချောင်းရိုက်ခံရဖို့ တော့ နီးနေပြီ

“ချောင်းရိုက်ခံရဖို့ တော့နီးနေပြီဆိုတဲ့ ဒါရိုက်တာဝိုင်း” လက်ပံဆိုတဲ့ပန်းတစ်ပွင့်ပွင့်ဖို့ ငါကဥယျာဉ်မှူးလား။ စစ်သူကြီးလား။ ဖိုက်တာလား။ လူမိုက်လား။ ဘာကောင်လဲတော့မသိဘူး။ ချောင်းရိုက် ခံရဖို့ တော့ နီးနေပြီလို့ ဆိုတဲ့ ဒါရိုက်တာဝိုင်းရဲ့ လက်ပံဇာတ်ကားဟာဒီကနေ့ ဇွန်၁၆နံနက်မှာ သမတရုပ်ရှင်ရုံအတွင်း အထူးပွဲပြခဲ့ပါသည်။

(ဒီကားဟာပြဿနာလေးတွေ အတော်အသင့်ကို ရင်ဆိုင် ဖြတ်သန်းခဲ့ရသလို မကြာခင်မှာ လည်းသို့ လော သို့ လောဖြစ်နေသော ၀တ္တုပြဿနာကို ရှင်းလင်းကြရဖွယ်ရှိကြောင်း စာပေသမားတစ်ဦးက ဆိုပါသည်။ ယင်းလက်ပံ ရုပ် ရှင်ဇာတ်ကားမှာ တချိန်က ဆရာမယဉ်ယဉ်နု (မန္တလေး)ဧ။် ဇာတ်တစ်ပုဒ်နှင့် တထေရာတည်းတူနေ ကြောင်း လည်းဆိုကြပြီး ယင်းဇာတ်ကို ယခုဝတ္တုဇာတ်လမ်းရေးသူ မှာ မြားစစ်သည်ဖြစ်ကာ လုံးချင်းလည်းထုတ်ခဲ့ကြောင်း ဆိုကြသည့်အတွက် စိတ်ဝင်စားဖွယ်ဖြစ်နေကြောင်းသိရသည်။)
Popular Journal

သုံးဆယ်ဆရာတော်ကြီး ပျံလွန်တော်မူ

ရန်ကုန်-ဇွန်၁၆ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံသို့ တက်ရောက်ဆေးဝါး ကုသမှုခံယူနေသော သုံးဆယ်ဆရာ တော်ကြီး (ဝါ) တော ၃ဝ၊ တောင် ၃ဝ၊ ရေအိုင် ၃ဝ တို့တွင် ဓုတင်္ဂါစာရ ကျင့်ကြံခဲ့သည့် ဆရာတော်ကြီး ဟု အများသိထားကြသည့် ဘဒ္ဒန္တအရှင်ဉာဏ သက်တော် (၉၆) နှစ်၊ ဝါတော် (၇၆) ဝါ သည် ၁၅.၆. ၂ဝ၁၃ (စနေနေ့) နံနက် (၇းဝဝ) နာရီအချိန်တွင် အာရှတော်ဝင်ဆေးရုံ၌ ပျံလွန်တော်မူသွားခဲ့ရာ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ နံနက် (၉းဝဝ) နာရီအချိန်တွင် သွားရောက်၍ ကြွင်းကျန်ရစ်သော ရုပ်ကလပ်တော် အား ဆရာတော်ကြီး၏ နောက်ဆုံးဆန္ဒအရ မီးသင်္ဂြိုလ်ခြင်း၊ ဂူသွင်းခြင်းတို့ မပြုလုပ်ရန်မှာကြားခဲ့ပြီး တပည့်၊ ဒါယကာ၊ ဒါယကာမများတို့အတွက် သုံးဆယ်မြို့တွင် အပူဇော်ခံထားရှိရန် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ စတီးလ်မှန်ခေါင်းလှူဒါန်း၍ ဆရာတော်ကြီး သီတင်းသုံးနေထိုင်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အနောက်လက်ပံခုန်ရပ်ကွက်ရှိ “ဓုတင်္ဂါစာရဓမ္မသုခ အရှင်ဉာဏဆရာ တော်ကြီး၏ ဓုတင်္ဂါဃရဓမ္မသုခဗိမာန်တော်” သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်ဖြင့် ပင့်ဆောင်၍ နေ့လည် (၂းဝဝ) နာရီအချိန်တွင် ဆိုက်ရောက်ခဲ့ပြီး ကျောင်းတိုက်ပေါ်သို့ပင့်ဆောင်၍ အပူ ဇော်ခံထားရှိပြီး ပြည်တွင်း/ပရှိ (၇) ရက်သား သမီး၊ တပည့်၊ ဒါယကာ၊ ဒါယကာမများကြွရောက်၍ ဖူးမြော် နိုင်ကြပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
Kyaw Thu
Popular Myanmar News Journal

သန်းခေါင်ယံရွေးကောက်ပွဲ

ဓာတ်ပုံ- ကျော်ဇင်သန်း
ရန်ကုန်- မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်၏ အလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ပွဲကို ဇွန် ၁၅ ရက်က ကျင်းပရာ အချိန်ကြာမြင့်လွန်းသည့်အတွက် ဇွန် ၁၆ ရက် နံနက်သို့တိုင်ကူးသွားခဲ့သည်။

ဇွန် ၁၅ ရက် နံနက် ၈ နာရီက စတင်ခဲ့သော မဲပေးရွေးချယ်သည့် ရွေးကောက်ပွဲမှာ ညနေ ၆ နာရီဝန်းကျင်တွင်မှ အလုပ်အမှုဆောင်များ ရွေးချယ်ပြီးစီးခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်များကို ည ၁၁ နာရီခွဲကျော်တွင်မှ ကြေညာနိုင်ခဲ့သည်။ ဗဟိုအလုပ်အမှုဆောင်များထဲမှ ပထမဦးစွာ ဦးဝင်းအောင်(ယခင်ဥက္ကဋ္ဌဟောင်း) နှင့် ဦးစိန်ဝင်းလှိုင်တို့က ဥက္ကဋ္ဌအဖြစ်
ရွေးချယ်ခံရန် ကိုယ်တိုင်အမည် စာရင်းတင်သွင်းသည်။ ထို့နောက် မိနစ်အနည်းငယ်ကြာသောအခါ ဦးမြဟန်ကလည်းဥက္ကဋ္ဌအဖြစ် အရွေးချယ်ခံရန်အဆိုပြုပြန်သည်။

ထို့ကြောင့် ၎င်းတို့ သုံးဦးကို ရွေးကောက်ပွဲကော်မရှင်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူလိုသည့် ရည်ရွယ်ချက်ကို
မေးမြန်း၍ တစ်ဦးချင်းစီကဖြေကြားရာ ညသန်းခေါင် ၁၂နာရီကျော်လေသည်။

၎င်းတို့ဖြေကြားပြီးနောက် ဗဟို အလုပ်အမှုဆောင်အဖြစ် အရွေးချယ်ခံရသူ ၅၆ဦးက ၎င်းတို့ကို ယခု သတင်းရေးသားချိန် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်ထိ မဲပေးရွေးချယ်နေသည်။ ဥက္ကဋ္ဌ ရွေးချယ်ပြီးလျှင် ဒုဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊တွဲဖက်အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးစသည်တို့ကို ထပ်မံရွေးချယ်မည်ဖြစ်ကာ၊ နောက်နေ့ကူးမည်ဖြစ်၍ သတင်းရေးသားချိန်ညသန်းခေါင် ၁၂နာရီခွဲတွင် ရပ်လိုက်ပါသည်။

“တစ်ရက်ထဲနဲ့ အပြတ်လုပ်ချင်တာကြောင့် အခုလိုဖြစ်တာ။ လူနဲ့လုပ်နေရတော့ ပိုကြာတာပေါ့”ဟု အလုပ်အမှုဆောင်ရွေးချယ်ခံရသူ တစ်ဦးကလည်း ရွေးကောက်ပွဲကြာခြင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးသည်။

အသင်းသက်တမ်းနှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပထမဆုံးအကြိမ်ဒီမိုကရေစီနည်းကျရွေးကောက်ပွဲကို ဇွန် ၁၅ ရက်နံနက် ၈ နာရီတွင် ကျင်းပသည်။နံနက် ၈ နာရီခွဲဝန်းကျင်မှစတင်၍ တစ်သီးပုဂ္ဂလအလုပ်အမှုဆောင် ၆၉ ဦးကိုမဲပေး ရွေးချယ်ကြသည်။အလုပ်အမှုဆောင်ဝင်ရွေးခံသူဦးရေ ၁၉၉ ဦးရှိပြီး မဲပေးသူဦးရေ ၅၀၀ ကျော်ရှိခဲ့သည်။

တစ်သီးပုဂ္ဂလ အလုပ်အမှုဆောင်များအဖြစ် လက်ရှိ ဥက္ကဋ္ဌဦးဝင်းအောင်၊ဒုဥက္ကဋ္ဌများဖြစ်သော ဒေါက်တာမောင်မောင်လေး၊ဦးလှမောင်ရွှေအပါအ၀င်လုပ်ငန်းရှင်ကြီးများစွာရွေးချယ်ခံရသည်။

အလုပ်အမှုဆောင်ရွေးချယ်မှုစနစ်မှာ ညီနောင်အသင်း ၆၇သင်းမှ အမည်စာရင်း တင်သွင်းသောကိုယ်
စားလှယ် ၆၉ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူ၆၉ ဦးစုစုပေါင်း ၁၃၈ ဦးရွေးချယ် ခြင်းဖြစ်သည်။ ညီနောင်အသင်းမှကိုယ်စားလှယ် ၆၉ဦးကိုသက်ဆိုင်ရာအသင်းများက ရွေးချယ်အမည်စာရင်းပေးသွင်းခြင်းဖြစ်သည်။

ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ရာတွင် အလုပ်အမှုဆောင် ရွေးချယ်ခံရသူ ၁၃၈ ဦးက မဲစနစ်ဖြင့်
၅၅ ဦးကို ပြန်လည်ရွေးချယ်ခြင်း ဖြစ်သည်။ ဗဟိုအလုပ် အမှုဆောင်ထဲကမှဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများနှင့် အတွင်းရေး
မှူးများကို ထမ်မံရွေးချယ်ခြင်းဖြစ်သည်။

ရွေးချယ်ပွဲကို နံနက် ၈ နာရီတွင် အလုပ်အမှုဆောင်များ မဲပေးရွေးချယ်ပြီး မဲစာရင်းများရေတွက်သော ၁၂ နာရီဝန်းကျင်တွင် ကွန်ပျုတာချို့ယွင်းမှုဖြစ်ပွားကြောင်း ကြေညာပြီး ရေတွက်မှုခေတ္တရပ်နားကာ ည ၆ နာရီ နောက်ပိုင်းတွင် မဲစာရင်းများကို လက်ဖြင့်ပြန်လည်ရေတွက်ခဲ့သည်။ ကုန်သည်စက်မှုအသင်းကို ၁၉၀၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၈ ခုနှစ်မှစတင်၍၂၀၁၂-၁၃ သက်တမ်းအထိ ဗဟိုအလုပ်အမှုဆောင်များအပါအ၀င်ဥက္ကဋ္ဌ၊
ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီး (ယခင်ကုန်သွယ်ရေးဝန်ကြီး) က တိုက်ရိုက်ခန့်အပ်ခဲ့သည်။

ယခုနှစ်မှသာ အစိုးရ၏အပြောင်းအလဲများကြောင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ပွဲများကျင်းပခဲ့ခြင်းဖြစ်သည်။

ယခင်အစိုးရလက်ထက်နှစ် ရှည်ဥက္ကဋ္ဌတာဝန်ယူခဲ့သော ဦးဝင်းမြင့်မှာ အစိုးရသစ်လက်ထက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဖြစ်လာခဲ့ကာ ပြီးခဲ့သည့် အသင်းသက်တမ်းတွင် ဒုဥက္ကဋ္ဌတာဝန် ယူခဲ့သော ဒေါက်တာပွင့်ဆန်းမှာ စီးပွားကူးသန်း၏ ဒုဝန်ကြီးအဖြစ်ရွေးချယ်ခံခဲ့ရသည်။

ယခုအကြိမ် အလုပ်အမှုဆောင်၊ ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ခြင်းကို ယခင်နှစ်များကထက်စိတ်ဝင်စားမှု ပိုများခဲ့သည်။

ဒေါက်တာစိုးထွန်းက ဗဟိုအလုပ်အမှုဆောင် အတွက်မဲပေးစဉ်အသင်းသားများမဲပေးရန် အသင်း
အဖွဲ့စဉ်းမျဉ်းအတိုင်း ၂၁ ရက် ကြို တင်အကြောင်းမကြားခြင်း၊ အသင်းသားများအားလုံး မဲပေးခွင့်မပြူခြင်း၊ လက်ရှိအသင်းအဖွဲ့မှ လုပ်ငန်းရှင်ကြီးများက ကြိုတင်မဲစာရင်းစီစဉ်ထားခြင်းရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ည ၁၀ နာရီ၁၅ မိနစ်တွင် ကန့်ကွက်စာတင်သွင်းသည်။ သို့သော် အဆိုပါကန့်ကွက်မှုကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့သည်။

“တရားမျှတတယ်လို့ မြင်တယ်။ စနစ်တကျစိစစ်နေလို့ အချိန်ကြာတာ”ဟုအလုပ်အမှုဆောင်ရွေးချယ်ခံရသော တမူး နယ်စပ်ကုန် သွယ်ရေးဥက္ကဋ္ဌဦးလှမောင်က ပြောကြားသည်။

ဗဟိုအလုပ်အမှုဆောင်ကို မူလက ၅၅ ဦးသာရွေးရန် ဖြစ်သော်လည်း ဦးရဲမင်းအောင်နှင့် ဦးအေးဟန်တို့မှာ မဲရမှတ်ချင်းတူနေသည့် အတွက် ၅၆ ဦးရွေးချယ်ခဲ့ရသည်။
7Day News Journal

မြို့ပြရဲ့ တစ်နေ့တာအလွမ်းအမော

 "နေ့တစ်နေ့မှာ သမီးအကြောက်ဆုံး နှစ်ချိန်ရှိတယ်။ အဲဒါကတော့ အလုပ်သွားချိန်နဲ့ အလုပ်ပြန်ချိန်ပဲ" ဆိုတဲ့ ညည်းညူသံဟာ သူတို့ဘဝလေးတွေ အတွက် နေ့တစ်နေ့ရဲ့ စိန်ခေါ်ချက် ဖြစ်ပါတယ်။ တစ်နေ့မှ ချောင်ချောင်ချိချိ မစီးခဲ့ရတဲ့ ကားကို ဒီနေ့လည်း ဘယ်လို စွန့်စားခန်းမျိုးတွေနဲ့ စီးရဦးမှာလဲ ဆိုတဲ့ ဝေဝါးတဲ့အတွေးနဲ့ ခြေလှမ်းတွေကို စတင်ခဲ့တယ်။ "ဒီနေ့ကံကောင်းပါစေ"၊ "ကားမပျက်ပါစေနဲ့"၊ "လမ်းမပိတ်ပါစေနဲ့" ဆိုတာတွေကို တဖွဖွရွတ်ဆို ဆုတောင်းရင်းနဲ့ နေ့တစ်နေ့ကို စတင်ခဲ့တယ်။
 "ဒီနေ့ထွက်မယ် … မကြာခင်ထွက်မယ် … ထွက်ချင်မှလည်းထွက်မယ်" ဆိုတဲ့ကားမျိုးနဲ့ တွေ့ရင် ရင်မောရပါတယ်။ ကားပေါ် တက်လိုက်ပြီ ဆိုတာနဲ့ ဘဝတစ်ခုလုံးကို သူတို့လက်ထဲ ပုံအပ်ထားလိုက်ရသလို ဖြစ်သွားတယ်။
တိုက်ရင်လည်းခံ၊ မှောက်ရင်လည်းသေ၊ ဆဲရင်လည်း မသိသလိုနေ၊ စော်ကားတာလည်းခံ၊
ဒီနေ့ ဒီနေရာ ဒီဘဝ လူဖြစ်ရတဲ့ဒုက္ခ ကံတရားကိုသာ ပုံချလိုက်တော့မယ်။ ကားရယ် မြန်မြန်ထွက်ပါတော့ အလုပ်နောက်ကျရင် ဒဏ်ရိုက်ခံရတော့မယ်။
 "ဒီနေ့လာမှာလားဆို … နက်ဖြန် ရောက်မှာလားဆို … ညနေချိန် လာမှာလားလို့ ဗျာများနေစရာမလို" ပါဘူး။ မမကတော့ အချိန်တန်ရင် ရောက်လာမှာပါပဲ။ ဘူတာစင်္ကြံထဲမှာ ဆိုင်တွေက ပြည့်နေတော့ ခရီးသွားတွေ ဒီလိုပဲ ရထားမျှော်ရင်း အဆင်ပြေတဲ့နေရာကနေ လွမ်းမောရတာ ကိုက အရသာတစ်ခုလို ဖြစ်နေပါပြီ။
 "ဟော … သူလာပါပြီ"
မြန်မာ့မီးရထားက တစ်နေ့မှာ ရုံးတက်ချိန်နဲ့ ရုံးဆင်းချိန်လေး နှစ်ချိန်တည်း စိတ်ညစ်ရတာ။ ကျန်တဲ့ အချိန်တွေမှာတော့ ဇာတ်ကလို့တောင် ရတယ်။ မြန်မာပြည်မှာ ရထားကျပ်တယ် ဆိုတာ အိန္ဒိယက ပျင်းတောင် ပျင်းသေးတယ်။ မြန်မာ့မြို့ပတ်ရထား တွေမှာ အမိုးပေါ် တက်စီးကြတာ သိပ်ထုံးစံ မရှိပါဘူး။ တက်စီးလည်း ခုံးကျော်တံတာတွေနဲ့ မလွတ်လို့ သေမှာကို သိလို့ မစီးကြတာပါ။ ဒါပေမဲ့ ခေါင်းတွဲမှာ စီးတတ်တဲ့အကျင့်က စလာပါပြီ။
 ရန်ကုန်နဲ့ တစ်ဖက်ကမ်းမှာ နေသူတွေအတွက် အစိုးရက ပြေးဆွဲပေးနေတဲ့ သင်္ဘောကြီးတွေ ရှိပေမယ့် သူလာမှ ငါစီးရတော့ စိတ်သိပ်မရှည်ကြပါဘူး။ ဒါကြောင့် အသက်ကို မငဲ့ကွက်
ငှက် (သမ္ဗန်) ကိုပဲ အားကိုးနေသူတွေလည်း အများကြီးရှိတယ်။ မြို့ပြ လူနေမှုစရိုက်မှာ
စားဝတ်နေရေး အတွက် အပြေးအလွှား သွားရတာ အရေးပါလာပြီ။ အလုပ်ချိန်၊ ကျောင်းချိန်၊ အိမ်ပြန်ချိန်၊ စားချိန်၊ သောက်ချိန် အသက်ပါလုပြီး ဒီလိုပဲ သွားလာနေကြတာ ရိုးနေပြီ။
 အသက်ကယ်အင်္ကျီ ဆိုတာ လူတိုင်း လက်ထဲမှာတော့ ရှိပါတယ်။ ဒါပေမဲ့ နေကာဖို့၊ ရေစိုရင် ခုထိုင်ဖို့လောက်သုံးတတ်တာ။ "နင့် အသက်တစ်ခါလွှတ်၊ ငါ့အသက် ဆယ်ခါလွတ်" ချင်သူတွေ အတွက် ငှက်တွေလည်း ငှက်စီးပြီး ရန်ကုန်မြို့ကို လာတတ်ပါတယ်။ သူတို့ (ငှက်) လည်း အဖမ်းခံလိုက်၊ ပြန်လွှတ်လိုက်၊ ပြန်အဖမ်းခံလိုက်၊ ပြန်လွှတ်လိုက်နဲ့ လူတွေနဲ့အတူ ဘဝရေစီးကြားထဲမှာ လူးလာခေါက်တုံ့ ပြေးရင်း လွတ်လမ်းကို တွေးနေမှာအမှန်ပဲ။
 သူတို့လည်း အစိုးရဝန်ထမ်း ဆိုတဲ့ ဂုဏ်လေးနဲ့ ကိုယ်ပိုင်ဖယ်ရီ စီးနိုင်တယ်ဆိုပြီး လက်မမထောင် နိုင်ပါဘူး။ ကုန်တင်တဲ့ကားပေါ်မှာ ကားတစ်စီးရဲ့ အိုဟောင်းတဲ့ ညည်းညူသံကို နားမခံသာအောင် နားထောင်ပြီး ဖြစ်သလိုထိုင်၊ စတိုင်မကျစွာနဲ့ အလွမ်းအသောတွေ ပြောရင်း ကားစုတ်လေးကို စီးရတာကိုပဲ ကြံဖန်ကျေးဇူးတင်နေ ရပါတယ်။
ဒါဟာဘဝတွေပါ။ ရန်ကုန်မြို့မှာနေရင် မငိုညည်းတတ်ရဘူး။ ခိုစီးတတ်ရမယ်။ အကြောင်း မညီညွတ်ရင် အရှက်ကွဲနိုင်လို့ ဘောင်းဘီတိုလည်း ဝတ်လာတတ်ရမယ်။ ခြေနင်းခုံ ပြုတ်ကျသေ၊ အမိုးကိုင်း ပြုတ်ကျသေ၊ နောက်ကား ဝင်တိုက်သေ၊ သေချင်သလောက်သေ၊ ခုအချိန်မှာ အလုပ်က “အနိစ္စ”၊ အလုပ်နောက်ကျလို့ ပြဿနာတက်မှာက “ဒုက္ခ”၊ အိမ်က မိသားစု စားဝတ်နေရေးက
“အနတ္တ” လို့တရားမှတ်ရင်း ဘဝတွဲလောင်း မဖြစ်အောင်၊ ကားတွဲလောင်းတာကို
ကြံ့ကြံ့ ခံလိုက်ဦးမယ်လေ။
The Voice Weekly

ဈေးဦးလေးတော့ ပေါက်ပါရစေ

ရာသီဥတုက နေသာလိုက်၊ မိုးရွာလိုက် ဖြစ်လို့နေသည်။ အာလူးအိတ်၊ ကြက်သွန်နီ အိတ်များကို ဖုံးအုပ်ထားသော အပြာရောင် တာလပတ်စကို ဖွင့်လိုက်၊ ဖုံးလိုက် လုပ်နေရသည်မှာ ယနေ့မနက် သုံးကြိမ် ရှိပြီဟု အလုပ်သမားတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန် သီးနှံမျိုးစုံ ရောင်းဝယ်ရေး ဗဟိုချက် လက်ကားဈေးကွက် ဖြစ်သော ဘုရင့်နောင်ပွဲရုံနှင့် အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်း၏ အောင်သပြေလမ်းရှိ စားဖိုချောင် သီးနှံ ရောင်းဝယ်ရေး ပွဲရုံရှေ့တွင် ဖြစ်သည်။

“မြင်တဲ့အတိုင်းပဲ လူရှင်းနေတာ။ အခုဆို ဈေးဦးမပေါက်တဲ့ နေ့တွေ များလာတယ်”ဟု စားဖိုချောင် သီးနှံ ရောင်းဝယ်ရေးလုပ်ငန်း အတွေ့အကြုံ နှစ် ၂၀ ကျော်ရှိ ဦးမိုးက ဆိုသည်။

ကမ္ဘာ့ စီးပွားရေး ညီလာခံ၏ အဆိုအရ မြန်မာ့စီးပွားရေးသည် နှစ် ၂၀ ခန့်အတွင်း နိုင်ငံတကာ အကူအညီများကြောင့် GDP ၁၀ ရာခိုင်နှုန်းခန့် တက်လာမည်ဟု ဂျာနယ်များတွင် ဖတ်လိုက်ရပြီး ယခုလက်တွေ့ ဈေးဦးမပေါက်သည့် နေ့များ ပိုများလာကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲ ဖြေလျှော့လုပ်နေသည် ဆိုသော်လည်း ယခင် တပ်မတော် အစိုးရလက်ထက်က စားဖိုချောင် သီးနှံများကို ပြည်ပသို့ တင်ပို့ခွင့်ပြုလိုက် ပိတ်လိုက်ခဲ့သည့် အကျိုးဆက် အနေဖြင့် ယခု ဈေးကွက်ပျောက် လမ်းကြောင်းပျောက် နေသည်ဟု ၎င်းဆိုသည်။

လက်ရှိပြည်တွင်း ဝယ်လိုအား အနေဖြင့်လည်း မြစ်ဝကျွန်းပေါ် ဈေးကွက် တစ်ခု လောက်သာရှိပြီး မြစ်ဝကျွန်းပေါ် ဈေးကွက်သည်လည်း နာဂစ်မုန်တိုင်း မတိုင်ခင်က ဝယ်လိုအားကို ပြန်မရောက်သေးဟု ၎င်းက ဆိုသည်။

နှစ်စဉ်နှစ်တိုင်း ကျောင်းဖွင့်ရာသီ၊ လယ်ယာလုပ်ငန်း စတင်ချိန် မိုးဦးကျသည် အရောင်းအဝယ် အေးလေ့ ရှိသော်လည်း ယခုနှစ်တွင် အခြေအနေ ပိုဆိုးဝါးကြောင်း၊ ယခင်က တစ်ရက်ကို ငရုတ်သီး ၁၀ အိတ်ခန့် အနိမ့်ဆုံး ရောင်းရပြီး ယခုတစ်ပတ် နှစ်ရက်လောက် ဈေးဦးမပေါက်ဟု ငုဝါလမ်းမှ ငရုတ်သီး ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦး ကဆိုသည်။

လက်ရှိ ဘုရင့်နောင်တွင် ဆန်ချော အရောင်းအဝယ်ရပ်ပြီး ဆန်ကြမ်းနှင့် ဆန်ကွဲ နယ်စပ် ကုန်သွယ်ရေးမှ ဝယ်လိုအားကြောင့် ဈေးမာနေကာ
ပြည်ပပို့ကုန် ပဲမျိုးစုံ ဈေးနှုန်း ကျဆင်းနေပြီး ဆီဈေးမှာ အနည်းငယ် ပြန်တက်လာကာ စားဖိုချောင် သီးနှံများ ဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ အာလူးတို့ အရောင်းအဝယ် အေးသည်ဟု လက်ကား ကုန်သည်ကြီးများက ဆိုသည်။

ယခင်နှစ် ကျောင်းဖွင့် ရာသီများက တစ်လကို ဆီပီပါ ၁၈၀၊ ၂၀၀ ခန့် ရောင်းနိုင်ခဲ့သော်လည်း ယခုတစ်လ ပီပါ ၁၂၀၊ ၁၅၀ ခန့် ရောင်းရကြောင်း ယခုဇွန်လ ၁ ရက်နေ့တွင် ရှစ်လုံး၊ ၃ ရက်နေ့တွင် တစ်လုံး၊ ၄ ရက်နေ့တွင် ၁၃ လုံး၊ ၅ ရက်နေ့တွင် နှစ်လုံး ရောင်းရပြီး ၆ ရက်၊ ၇ ရက်တွင် လုံးဝမရောင်း ရဘဲ ဈေးဦးပင် မပေါက်ကြောင်း စိန်ပန်းလမ်းမှ ဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ငြီးတွား ပြောဆိုသည်။

“ခုအပတ် တနင်္လာနေ့တစ်လုံး၊ အင်္ဂါနေ့တစ်လုံး၊ ဗုဒ္ဓဟူးနေ့ လုံဝမရောင်းရသေးဘူး။ တစ်ပတ် နှစ်ရက်လောက် ဈေးဦး မပေါက်ဘူ”ဟု ၎င်းက ဇွန်လ ၁၂ ရက် နေ့တွင် ပြောဆိုသည်။

သမ္မတဦးသိန်းစိန်က အများပြည်သူ အကျိုးအတွက် အစိုးနှင့် ပုဂ္ဂလိကပူးပေါင်းပြီး စီမံကိန်းများ လုပ်ဆောင်နေကြောင်း တိုင်းပြည် ချမ်းသာရေးအတွက် အများပြည်သူ ဆင်းရဲတွင်းက ရုန်းထွက်နိုင်အောင် အဓိက ဆောင်ရွက်နေကြာင်း နိုင်ငံပေါင်း ၅၅ နိုင်ငံက ကိုယ်စားလှယ် ၁၀၀၀ ခန့် တက်ရောက်သည့် ကမ္ဘာ့ စီးပွားရေး ညီလာခံတွင် ပြောကြားခဲ့သည်။

စီးပွားရေး ညီလာခံ တက်ရောက်လာကြသည့် ပညာရှင်များ၊
နိုင်ငံခေါင်းဆောင်များက မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ထောက်ပြခဲ့ရာမှာ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု အသီးအပွင့်များကို အခြေခံ လူတန်းစားအားလုံး ခံစားခွင့် ရရှိအောင် ပြုလုပ်ဖို့ အကြံပြုခဲ့ကြသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် စီမံခန့်ခွဲမှု ကောင်းလျှင် စီပွားရေး ပမာဏသည် လာမည့် အနှစ် ၂၀ တွင် လေးဆ တိုးနိုင်သည်ဟု စီပွားရေးဆိုင်ရာ အစီရင်ခံစာတစ်စောင်က ဆိုသည်။

မြန်မာနိုင်ငံသည် နိုင်ငံချမ်းသာပြီး လူအများ ဆင်းရဲနေရသည့် အခြေအနေကနေ ပြည်သူများပါ ချမ်းသာလာမည်ဟု မျှော်လင့်ကြောင်းနှင့် လာမည့် ၂၁ နှစ်တာ ကာလအတွင်း နိုင်ငံတကာ၏ အကူအညီ များကြောင့် GDP ၁၀ ရာခိုင်နှုန်းလောက် ရှိလာနိုင်သည်ဟု ကမ္ဘာ့ စီးပွားရေး ညီလာခံ၏ ဥက္ကဋ္ဌ Klaus Schwag ကဆိုသည်။

အထူးသဖြင့် လူများကို ငွေကြေး အရင်းအနှီး ရနိုင်အောင် ဆောင်ပေးရန် အရေးကြီးပြီး လုပ်ငန်းငယ်လေးများ စတင်နိုင်ရေး အပိုင်းများ အရေးကြီးကြောင်း ကမ္ဘာ့ဘဏ် အဖွဲ့ခွဲ IFC နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း၏ အာရှပစိဖိတ်ဒေသ ဒုတိယဥက္ကဋ္ဌ Kain Finkekston က အကြံပြု ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လူအများ၏ သုံးနိုင်စွဲနိုင်အား Purchasing Power ကျဆင်းနေခြင်း အကြောင်းအရင်းတွင် အပိုင်းနှစ်ပိုင်း ရှိကြောင်း ပထမတစ်ချက်တွင် စီးပွားရေး လုပ်ငန်းများ နှေးကွေး၍ နိုင်ငံတွင်း ငွေကြေး လည်ပတ်မှု နှုန်းနှေးပြီး အထွေထွေ စီးပွားရေး တစ်စုံလုံး နှေးနေ၍ ဖြစ်နိုင်ကြောင်း၊ ဒုတိယအချက်တွင် မည်သည့် ကုန်ပစ္စည်းများကို မည်သည့် နည်းလမ်းနှင့် ရောင်း နေသည့် ဆိုသည့် အပိုင်းဖြစ်ကြောင်း၊ ပထမအချက်အတွက် လောလောဆယ် အများကြီး ပြုလုပ်နိုင်မည်ဟု မယူဆသော်လည်း အနာဂတ်တွင်မူ ကောင်းလာနိုင်သည်ဟု ဗဟုဖွံ့ဖြိုးမှု အဖွဲ့မှ ဖွံ့ဖြိုးရေး ပညာရှင် ဦးအောင်သူငြိမ်းက သုံးသပ်ပြောဆိုသည်။

ဒုတိယအချက်အတွက် လယ်ယာ ထွက်ကုန်၊ အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်းများ ကောင်းမွန်နိုင်ပြီး ဇိမ်ခံပစ္စည်းများ၊ အီလက်ထရွန်နစ် ပစ္စည်းများ အရောင်းအဝယ် ခက်ခဲ နေနိုင်သေးသည်ဟု ၎င်းက ဆိုသည်။

နှစ်ပေါင်း ၂၀ ကျော် ချွတ်ခြုံကျခဲ့သည့် အနေအထားသည် ၂ နှစ်လောက် အတွင်း အပြည့်အစုံ ပြန်ကောင်းလာရန် မဖြစ်နိင်သေးကြောင်း ဦးမိုးကဆိုသည်။

“ခုမိုးတွင်း မကောင်းဘူး ဆိုပေမယ့် ပွင့်လင်းရာသီ ရောက်ရင်တော့ အရောင်းအဝယ် ပြန်ကောင်းမယ်လို့ ထင်တယ်” ဟု ၎င်းကဆိုသည်။
နိုင်မင်းဝေ
The Voice Weekly

Happy Birthday To You သီချင်းမူပိုင်ခွင့် အမေရိကတွင် အမှုဖြစ်

နယူးယောက်၊ ဇွန် ၁၅
ကမ္ဘာ့နေရာ အတော်များများက မွေးနေ့ပွဲများမှာ သီဆိုလေ့ရှိတဲ့ Happy Birthday To You တေးသီချင်းဟာ လူသားတိုင်းရဲ့ မွေးနေ့မွေးရက်ကို ဂုဏ်ပြုတာ ဖြစ်တဲ့အတွက် တေးသီချင်း မူပိုင်ခွင့်ကို လူသားတိုင်း ပိုင်ဆိုင်သင့်တယ်လို့ ဥပဒေကြောင်းအရ အငြင်းပွားမှု တစ်ခု အမေရိကန် ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တယ်လို့ Reuters သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။

ယင်းသီချင်းကို ပြည်သူပိုင်အဖြစ် ကြေညာပေးဖို့နွဲှ့Warner တေးဂီတ ထုတ်လုပ်ရေးအုပ်စု အနေနဲ့ ထိုသီချင်းကရတဲ့ အသုံးပြုခတွေကို
ပြန်ထုတ်ပေးဖို့ကို ဗဟိုတရားရုံးကို ဦးတိုက် လျှောက်ခဲ့တာ ဖြစ်တယ်လို့ Reuters သတင်းက ဖော်ပြထားတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ လောက်က သီချင်းသံစဉ် အလိုက်ကို ပထမဆုံး ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး Happy Birthday To You ဆိုတဲ့စာသားကို နောက်ပိုင်းမှ ထည့်သွင်း သီဆိုကြတာ ဖြစ်ကြောင်း၊ Warner တေးဂီတ အနေနဲ့ အဆိုပါ သီချင်းရဲ့ မူပိုင်ခွင့်ကို မပိုင်ပါဘူးလို့ ဒီတရားစွဲဆိုချက်မှာ လျှောက်ထား ထားပါတယ်။

မူရင်း သီချင်းစာသားမှာ Good Morning To You ဖြစ်ပြီးတော့ ၁၈၉၃ ခုနှစ်က အသံသွင်း ခဲ့တာဖြစ်ပြီး နောက်ပိုင်း Happy Birthday To You လို့ ပြင်ဆင် သီဆိုကြတာ ဖြစ်ပါတယ်။ တေးဂီတ ကုမ္ပဏီက သံစဉ် အလိုက်ပါတဲ့ Happy Birthday ကိုသုံးရင် လိုင်စင်ကြေး အမေရိကန် ဒေါ်လာတစ်ထောင့်ငါးရာ ပေးရမယ်လို့ ဆိုထားပြီး ခွင့်ပြုချက် မရဘဲ ယူသုံးရင် ဒေါ်လာတစ်သိန်းခွဲ ဒဏ်ကြေး ပေးရမယ်လို့ ဆိုထားပါတယ်။

ခုဒီအမှုကို ဦးတိုက် လျှောက်ထားသူ ရှိတာနဲ့ ပတ်သက်ပြီးတော့ Warner တေးဂီတ ထုတ်လုပ်ရေးက မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။ တရားရုံးမှာ ဦးတိုက် လျှောက်ထားချက်အရ တေးဂီတကုမ္ပဏီ ဟာ မွေးနေ့ဆုတောင်း သီချင်းအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ နှစ်သန်း ဝင်နေတယ်လို့ သိရပါတယ်။
The Voice Weekly

ခေါ်ယူသော ပြည့်တန်ဆာ ပြောသလိုမလှ၍ ကုန်ပစ္စည်း အရောင်းဥပဒေ ချိုးဖောက်မှုဖြင့် ရဲတိုင်

ဘာမင်ဂန်၊ ဇွန် ၁၃
ဗြိတိန်နိုင်ငံ ဘာမင်ဂန်ပြည်နယ် မှာရှိတဲ့ West Midlands ဒေသမှာနေတဲ့ လူတစ်ဦးဟာ သူတယ်လီဖုန်းနဲ့ ခေါ်ထားတဲ့ ပြည့်တန်ဆာ အမျိုးသမီးဟာ ဖုန်းနဲ့ ပြောတဲ့အတိုင်း အပြင်မှာ မလှတဲ့အတွက် ကုန်ပစ္စည်းရောင်းချမှု ဥပဒေ Sale of Goods Act ကိုချိုးဖောက်တယ် ဆိုပြီးတော့ ရဲကိုဖုန်းဆက် တိုင်ကြားလိုက်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

West Midlands ဒေသမှာရှိတဲ့ Solihull ရဲစခန်းကရဲတပ်ဖွဲ့ရဲ့ပြောကြားချက် အရ လူတစ်ဦးဟာ သူနဲ့ချိန်းထားတဲ့ ပြည့်တန်ဆာဟာ အရင်တယ်လီဖုန်းနဲ့ ပြောထားတဲ့အတိုင်း ရုပ်ရည်လှပမှု မရှိတဲ့ အတွက် ရဲစခန်းကို ဖုန်းနဲ့တိုင်ကြားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီလူက တိုင်ကြားရာမှာ သူမဟာ သူ့ရဲ့ကားသော့ကိုယူပြီး ထွက်ပြေးသွားကာ သူ့ကိုကားသော့နဲ့ ပြန်ပစ်ပေါက် ခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်သူနဲ့ တွေ့ဖို့ စီစဉ်ခဲ့တုန်းက ရိုးရိုးသားသားပြောဖို့
ပြောထားပါတယ်။ ဒါပေမဲ့ သူမဟာ သူ့ကိုယ်သူ လိမ်လည် ပြောကြားခဲ့တယ်”
လို့ လူတစ်ဦးက ရဲကိုဖုန်း ဆက်တိုင်ကြားတာ ဖြစ်ပါတယ်။

အဲဒီလို တိုင်ကြားလို့ အပြီးမှာ Solihull ရဲစခန်းက ရဲကြပ် Jerome Moran က အဲဒီဖုန်းဆက် တိုင်တဲ့လူကို ပြန်ဖုန်းဆက်ပြီး အကြံဉာဏ်တောင် ပေးခဲ့သေးတယ်လို့ အဲဒီသတင်းများ ဖော်ပြ ထားပါတယ်။
The Voice Weekly

အင်တာနက်လေပူဖေါင်း Google လွှတ်တင်

16.06.2013
ကမ္ဘာကျော် Google ကုမ္ပဏီကြီးက သိပ္ပံပညာရှင်တွေဟာ ဟီလီယံဓာတ်ငွေ့တွေ ဖြည့်ထားတဲ့ ဓာတ်ငွေနဲ့ပျံတဲ့ လေပူဖေါင်း ၃၀ ကို နယူးဇီလန်နိုင်ငံက ကောင်းကင်ကို လွှတ်တင်ခဲ့ကြပါတယ်။

ကမ္ဘာပေါ်တ၀ှမ်း worldwide web လို့ခေါ်တဲ့ အင်တာနက်မရရှိတဲ့ လူ ၅ ဘီလီယံကျော် အင်တာနက်ရရှိနိုင်ဖို့ စိတ်ကူးနဲ့ အဲဒီလို လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

Google ကုမ္ပဏီက  အဲဒီလို ပူဖေါင်းတွေကို လွှတ်တင်လိုက်တဲ့အချိန်မှာ နယူးဇီလန်နိုင်ငံ Christchurch မြို့က အိမ်ခြေ ၅၀ လောက်ဟာ အဲဒီ ပူဖေါင်းတွေကနေ အင်တာနက် ဆက်သွယ်လို့ရခဲ့ပါတယ်။

လေပေါ်မှာ ကီလိုမီတာ ၂၀ လောက် ပျံသန်းနေတဲ့ အဲဒီ ပူးဖေါင်းတွေဟာ လေထဲမှာ ၃ လလောက် တည်ရှိနိုင်ဖို့အတွက် လုပ်ထားတာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

အီရန် သမတ သစ် အကြောင်း

အလယ်အလတ် တို့ ရဲ့အောင်ပွဲလို့ ကြွေးကြော် နေကြ
15 ဇွန်လ 2013
အီရန်သမတ ရွေးကောက်ပွဲမှာ မဲရာခိုင်နှုန်း ၅၁ ရာခိုင်နှုန်း နီးပါး ရပြီး ပြိုင်ဘက်တွေ အပေါ် အပြတ်အသတ် အနိုင်ရ သွားတဲ့ သမတ သစ် ဟာဆန် ရိုဟန်နီ ဟာ အလယ်အလတ် လမ်းစဉ် လိုက်တဲ့ ဘာသာရေး ခေါင်းဆောင် တဦးလို့ သတ်မှတ် ခံရတဲ့ သူပါ။

အသက် ၆၄ နှစ် အရွယ်ရှိတဲ့ ဒီ ခေါင်းဆောင်ဟာ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ဆင်း တဲ့ တလျှောက်လုံး ပြုပြင်ပြောင်းလဲရေး လုပ်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ကို လွှတ်ပေးဖို့၊ နိုင်ငံသား တွေ ရဲ့ အခွင့်အရေး ကို အာမခံ ဖို့ နဲ့ အီရန် ကို ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံ ပြန်ဖြစ်ဖို့ တို့ ကို ရည်ရွယ် ကြွေးကြော် လာခဲ့တာပါ။


အီရန် နဲ့ မဟာ ရန်သူတော်ဖြစ်နေတဲ့ အမေရိကန် နဲ့ လည်း သံတမန် ဆက်ဆံရေး ပြန်ဖြစ်ချင်တဲ့ သူတဦး လို့လည်း ဆိုပါတယ်။

အခု သူ့ ကို သမတ အဖြစ် ပြည်သူ အများအပြား က ထောက်ခံ ကြတာ ကို ပြပြီး အစွန်းရောက်တွေ ကို အလတ်အလတ် ကျတဲ့ သူတွေ က အောင်ပွဲခံ လိုက်ပြီ လို့ မှတ်ချက် စကား ပြောပါတယ်။

အရင် အီရန် သမတ ဟောင်း မိုဟာမက် ခါတာမီ က ထောက်ခံ တဲ့သူတ ဦးဖြစ်ခဲ့သလို အီရန်ရဲ့ နိုင်ငံ ဦးသျှောင် အယာတိုလာ ခါမေနီ ရဲ့ ကိုယ်စားလည် အဖြစ် နိုင်ငံ ထိပ်တန်း လုံခြုံရေး ကောင်စီ မှာ သွားရောက် အမှုထမ်းဘူး သူလည်း ဖြစ်ပါတယ်။

အင်္ဂ္လိပ်၊ ပြင်သစ်၊ ဂျာမာန် ၊ ရုရှား နဲ့ အာရေဗီ ဘာသာ ၅ မျိုး တတ်ကျွမ်းသူ ဖြစ်တဲ့ သူ ဟာ သမတ မိုဟာမက် အာမက် ဒီနာဂျက် ကို ပွင့်ပွင့်လင်းလင်း ဝေဘန်ထောက်ပြခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

သူဟာ ၂၀ဝ၉ ခုနှစ် သမတ ရွေးကောက်ပွဲ အပြီး မဲမသမာမှု ရှိတယ် လို့ ဆန္ဒပြကြတဲ့ သူတွေကို ထောက်ခံခဲ့ပြီး အဲဒီတုန်း က အာမက် ဒီနာဂျက်အစိုးရ က နှိပ်ကွပ်တာ ကို ကန့်ကွက်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ဂက်စ်ပိုက်ပေါက်၍ ဒိုင်နာလိုင်းကား မီးလောင်မှုဖြစ်

Sunday, June 16, 2013

ဂက်စ်ပိုက်ပေါက်၍ ဒိုင်နာလိုင်းကား မီးလောင်မှုဖြစ်

ရန်ကုန်-ဇွန်၁၆

ယာဉ်မောင်း မြင့်စိုး-လှိုင်သာယာ မြို့နယ်နေသူ မောင်းနှင်သည့် ၂၂၆(အစိမ်း)လိုင်း၊ ဒိုင်နာယာဉ်သည် ၁၆.၆.၂၀၁၃ရက်နေ့ ၀၅၁၈ အချိန်တွင် သီရိမင်္ဂလာဈေး ဘက်မှ လှိုင်သာယာမြို့နယ်ဘက်သို့ မောင်းနှင်လာစဉ် ကပရ၀န်းရှေ့ အရောက်တွင် ဂက်စ်ပိုက်ပေါက်ပြီး မီးလောင်မှုဖြစ်ပွါးခဲ့ရာသည်။

လှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၂)စီး ဖြင့်ရောက်ရှိ ငြိမ်းသတ်ခဲ့၍ ၀၅၃၀ အချိန် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ယာဉ်၏ရှေ့ခန်း မီးလောင်ပျက်စီးခဲ့ရာ တန်ဖိုး(၁)သိန်းကျပ် ခန့် ဆုံးရှုံးခဲ့ပြီး၊ ယာဉ်၏နောက်ခန်းတွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များအနက် မင်္ဂလာဒုံနေ ဒေါ်ညိုညိုထွေး၊၄၇နှစ်၊သည်ယာဉ်ပေါ်မှ ဆင်းပြေးစဉ် ပြုတ်ကျခဲ့၍ ၀ဲဘက်ချိုစောင်း ပေါက်ပြဲ ဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ်ကုသလျက်ရှိသောကြောင့် ယာဉ်မောင်း မြင့်စိုးအား ပိတောက်ချောင်းနယ်မြေရဲစခန်း (ပ)၁၄၀/၂၀၁၃ ပုဒ်မ-၂၈၅/၃၃၇ ဖြင့် အရေးယူထားရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။
သစ်ထူးလွင်

မြန်မာနိုင်ငံမှ ဆင်ဖြူတော်တစ်စီး ငှားရမ်းရန် ထိုင်းအစိုးရ ကမ်းလှမ်း

နေပြည်တော်ရှိ ဆင်ဖြူတော်များအား တွေ့ရစဉ် (ဓာတ်ပုံ-နေရိုင်း)
Sunday, 16 June 2013
မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၆၅)နှစ်ပြည့် အထိမ်းအမှတ်အတွက် မြန်မာနိုင်ငံမှ ဆင်ဖြူတော်တစ်စီး ငှားရမ်းရန် ထိုင်းအစိုးရက ကမ်းလှမ်းထားကြောင်း ထိုင်းဒုတိယ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆူရာပွန်တိုဝီချွတ်ချိုင်းကူက ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် အရှေ့အာရှ-လက်တင်အမေရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် အဆိုပါ ကမ်းလှမ်းမှုကို ထိုင်းကိုယ်စားလှယ် အဖွဲ့က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း ဆူရာပွန်က ပြောကြားခဲ့သည်။

မြန်မာဘုရင် ဘုရင့်နောင်ကျော်ထင်နော်ရထာက ၁၅၆၃ ခုနှစ်တွင် ဆင်ဖြူတော်တစ်စီး လက်ဆောင်ပဏ္ဏာအဖြစ် တောင်းခံမှုကို ယိုးဒယားဘုရင် မဟာချက်ကရာပတ်က ငြင်းဆိုခဲ့သောကြောင့် . . . . .

မြန်မာ-ထိုင်း သံတမန် ဆက်ဆံရေးသည် ၂၀၁၄ ခုနှစ်တွင် (၆၅)နှစ် ပြည့်မည်ဖြစ်ရာ မင်္ဂလာ ဆင်ဖြူတော်သည် နှစ်နိုင်ငံအကြား သံတမန်ပြယုဂ်တစ်ခု ဖြစ်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဆင်ဖြူတော်ကို ငှားရမ်းမည်ဆိုပါက ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ရေးအတွက် ချင်းမိုင်မြို့ တိရစ္ဆာန်ဥယျာဉ်တွင် ခြောက်လကြာ ထားသွားမည်ဖြစ်ကြောင်း ဆူရာပွန်က ပြောကြားခဲ့သည်။

အဆိုပါ ကမ်းလှမ်းမှုကို မိမိတို့ အစိုးရသို့ တင်ပြသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆူရာပွန်အား ပြန်လည်ပြောကြားထားကြောင်း သိရသည်။

မြန်မာဘုရင် ဘုရင့်နောင်ကျော်ထင်နော်ရထာက ၁၅၆၃ ခုနှစ်တွင် ဆင်ဖြူတော်တစ်စီး လက်ဆောင်ပဏ္ဏာအဖြစ် တောင်းခံမှုကို ယိုးဒယားဘုရင် မဟာချက်ကရာပတ်က ငြင်းဆိုခဲ့သောကြောင့် အယုဒ္ဓယမြို့ကို သွားရောက်သိမ်းပိုက်ခဲ့ပြီး အဆိုပါ စစ်ပွဲကို "ဆင်ဖြူတော်စစ်ပွဲ" ဟု သမိုင်းများတွင် ဖော်ပြထားသည်။
Ref:The Nation
Eleven Media Group 

မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမား ၁၆၇ ဦး ပြန်လည်ရောက်ရှိလာ

MAI လေကြောင်းလိုင်းဖြင့် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ တစ်ဦးအား မိခင်ဖြစ်သူမှ ကြိုဆိုနေသည်ကို ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
Sunday, 16 June 2013
မလေးရှားနိုင်ငံ ဆလာရန်း ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မြန်မာအလုပ်သမား ၁၆၇ ဦး ဇွန် ၁၅ ရက် နေ့လည် ၂ နာရီခန့်တွင် MAI လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

ပြန်လည်ရောက်ရှိ လာသူများကို ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများမှ လာရောက်ကြိုဆိုခဲ့ကြပြီး ပြန်လည်ရောက်ရှိလာသည့် အလုပ်သမား အများစုမှာ မလေးရှားနိုင်ငံရှိ ပဋိပက္ခ အခြေအနေများကြောင့် အသက်အန္တရာယ် စိုးရိမ်ရ၍ မလေးရှားသို့ ပြန်၍မသွားလိုတော့ကြောင်း ပြောကြားခဲ့ကြသည်။ ယခု မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမားတွင် မလေးရှား၌ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိသူဦးရေ အနည်းငယ်သာ ပါဝင်ပြီး တရားမ၀င် အလုပ်လုပ်ကိုင်သူ ၈၀ ကျော်ခန့် ပါဝင်သည်ဟု သိရသည်။

"ကျွန်တော်တို့ နေတဲ့နေရာမှာတော့ မဖြစ်ဘူး။ ကျွန်တော်တို့နဲ့ နည်းနည်းဝေးတဲ့ နေရာမှာတော့ ပြဿနာလေးတွေ နည်းနည်းဖြစ်တယ်။ ဒီပြဿနာကို လက်တွေ့တော့ မတွေ့ခဲ့ဘူး။ ကြားတဲ့ကိစ္စတွေ ရှိနေတဲ့အတွက် တိမ်းရှောင်ခဲ့ရ တာမျိုးတွေလည်း ရှိပါတယ်။ ဓားနဲ့လိုက်ခုတ်တာတွေ ရှိတယ်။ မြန်မာတွေပဲ အထိများပါတယ်။ ကျွန်တော် အလုပ်လုပ်ဟာ လေးနှစ်လောက် ရှိပါပြီ။ အခု ပြန်ဖို့ကိုလည်း သူဌေးက လုပ်ပေးတာပါ။ မလေးရှား ဆိုရင်တော့ နဂိုလို ခေတ်မကောင်းတော့တဲ့အတွက် ပြန်မသွားတော့ပါဘူး" ဟု မလေးရှားနိုင်ငံမှ ပြန်ရောက်လာသည့် အလုပ်သမားတစ်ဦးဖြစ်သူ ဟင်္သာတမှ ကိုလှမျိုးထွန်းက ပြောကြားခဲ့သည်။

"ကျွန်တော်တို့နေတဲ့ အလန်မှာတော့ ပဋိပက္ခတွေ မဖြစ်ပါဘူး။ ကျွန်တော်က ဗီနိုင်းထုတ်တဲ့ နေရာမှာ လုပ်ရတာပါ။ မလေးရှားမှာ ဖြစ်နေတဲ့ ကိစ္စတွေကြောင့် ကိုယ့်အသက်ကို စိုးရိမ်လို့ ပြန်လာတာ ဖြစ်ပါတယ်။ ခွင့်လည်း တစ်လရလို့ပါ။ ဟိုကိုထပ်ပြီး ပြန်သွားလုပ်ဖို့တော့ အခြေအနေပေါ် မူတည်ပြီး စဉ်းစားဆုံးဖြတ် သွားမှာပါ" ဟု မလေးရှားတွင် ခြောက်နှစ်ကြာ အလုပ်လုပ်ကိုင်ပြီး ပြန်လာသူ ကိုတင်မောင်ဆန်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြောကြားခဲ့သည်။

ယခုပြန်လည် ရောက်ရှိလာသည့် အလုပ်သမားများတွင်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့်အတွက် ကိုယ်ပိုင်အစီအစဉ်ဖြင့် ပြန်လာသူ များပြားပြီး အစိုးရ၏ အစီအစဉ်ဖြင့် ပြန်လာသူများလည်း ပါဝင်ကြောင်း သိရသည်။

မလေးရှားမှ ပြန်ရောက်ရောက်ရှိလာသည့် မြန်မာအလုပ်သမား တစ်ဦးဖြစ်သူ မအေးအေးနွယ်ကလည်း "မလေးရှားမှာဖြစ်တဲ့ သတင်းတွေကြောင့် ကိုယ့်လူမျိုးတွေအတွက် စိတ်မကောင်းဘူး။ ကိုယ်ကိုယ်တိုင်လည်း ကြောက်မိတယ်။ ဒါကြောင့် ခွင့်တစ်လယူပြီး ပြန်လာတာပါ။ ကိုယ့်အစီအစဉ်နဲ့ကိုယ် လက်မှတ်ဝယ်ပြီး ပြန်လာတာပါ။ အစ်မရဲ့ အလုပ်သမားသက်တမ်းက ခြောက်လခုနစ်လလောက် ကျန်သေးတယ်။ ဒါပေမဲ့ အခြေအနေ ကြည့်ဦးမယ်။ ဟိုမှာ အခြေအနေ မကောင်းရင်တော့ ပြန်မသွားတော့ဘူး။ အခုဖြစ်တာ ဆလာရန်းဘက်မှာဆိုတော့ ကျွန်မတို့နဲ့ နည်းနည်းလောက် ဝေးတယ်" ဟု ပြောပြခဲ့သည်။

လက်ရှိ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများမှာ လမ်းပေါ်သို့ မထွက်ရဲသလောက်ပင် ဖြစ်နေပြီး မြန်မာသံရုံးသို့ ဆက်သွယ်ဖို့ပင် ကြောက်နေရကြောင်း၊ နိုင်ငံကူး လက်မှတ်များအား အလုပ်ရှင်မှ သိမ်းဆည်းထားခြင်းကြောင့် သံရုံးသို့သွားလျှင် အထောက်အထား မရှိ၍ ဖမ်းဆီးမည်ကို စိုးရိမ်ရသောကြောင့် လမ်းပေါ်သို့ မထွက်ရဲခြင်းဖြစ်ကြောင်း မလေးရှားမှ ပြန်ရောက်လာသည့် အလုပ်သမားများထံမှ သိရသည်။

"အိမ်ကအဖေ၊ အမေတွေက အရမ်းစိုးရိမ်နေလို့ ကျွန်တော်ပြန်လာတာပါ။ အခု ပဋိပက္ခဖြစ်တဲ့ နေရာနဲ့ နည်းနည်းတော့ ဝေးပါတယ်။ အခုဆို မလေးရှားမှာ မြန်မာလူမျိုးတွေ လမ်းကို သိပ်မထွက်ရဲတော့ဘူး။ အရင်ကဆို ဘယ်နေရာသွားသွား မြန်မာတွေကို မြင်ရသေးတယ်။ ပြန်သွားဖို့ကို ကျွန်တော်မစဉ်းစားတော့ဘူး။ ဟိုမှာ သံချည်သံကွေးလုပ်ငန်းမှာ လုပ်တယ်။ အခု မြန်မာပြည်မှာ အလုပ်မရှိလည်း ကိုယ်တတ်ကျွမ်းတဲ့ သံလုပ်ငန်းပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုသွားမယ်။ MAI က စီစဉ်တာနဲ့ ပြန်လာတာ မဟုတ်ပါဘူး။ အိမ်ကအဖေအမေတွေပေးတဲ့ ပိုက်ဆံနဲ့ ပြန်လာတာပါ။ အကူအညီရတဲ့ သူတွေလည်း ရှိပါတယ်။ လေယာဉ်လက်မှတ် သွားဝယ်တာတောင် စိုးရိမ်စိတ်နဲ့ သွားဝယ်တာပါ" ဟု တနင်္သာရီတိုင်းမှ ကိုအောင်မျိုးသိုက်က ပြောကြားသည်။



မလေးရှားနိုင်ငံမှ ပြန်လာမည့် သူများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စောင့်ဆိုင်းနေကြသည့် မိသားစုဝင်များ

ယခုပြန်လည် ရောက်ရှိလာသော အလုပ်သမားများတွင် ယခင်မလေးရှားသို့ တရားမ၀င် ရောက်ရှိလာသူများကို ဖမ်းဆီးထားရာမှ ယခုပြန်လည် လွှတ်ပေးခဲ့ခြင်းကြောင့် ပြန်ရောက်လာသူများလည်း ပါဝင်ကြောင်း သိရသည်။

"ဦးရဲ့ညီကို လာကြိုတာပါ။ မလေးရှားမှာ ညီအရင်းနှစ်ယောက် ရှိတယ်။ သူတို့အတွက် စိုးရိမ်လို့ ပြန်လာဖို့ ပြောလိုက်တယ်။ မိဝေးဖဝေးနဲ့ အလုပ်သွားလုပ်ရတာပါ။ အရင်တုန်းကတော့ မလေးရှားဆိုတာ လုပ်ငန်းအကိုင်ကောင်းတွေ ရှိတဲ့နေရာပေါ့။ အခုတော့ အန္တရာယ်တွေနဲ့ ပြည့်တဲ့နေရာ ဖြစ်သွားပြီလေ။ စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် အဆင်ပြေလိမ့်မယ်ထင်ပြီး သွားပြီးလုပ်ကိုင် စားသောက်ကြတာပေါ့။ အခုပြဿနာတွေက တက်လာပြီဆိုတော့ သူတို့အတွက် လုံခြုံမှုက မရှိတော့ဘူး။ ဘယ်တော့သေမလဲ စိုးရိမ်နေရတော့ ပြန်ခေါ်မှ ရတော့မယ်ထင်ပြီး ပြန်ခေါ်ခဲ့တယ်။ သူတို့ကလည်း ပြန်လာချင်တယ်။ အခုတော့ တစ်ယောက်ပဲ ပြန်လာနိုင်သေးတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ဘယ်တော့ပြန်လာမလဲ မပြောနိုင်သေးဘူး။ ဦးရဲ့ညီတွေကို မလေးမှာ နောက်ထပ် အလုပ်သွားလုပ်ဖို့ဆို တည်ငြိမ်မှု မရှိတဲ့ ဒီလိုနေရာမျိုးကို လုံးဝမလွှတ်တော့ဘူး။ သူတို့က ပြန်သွားချင်တယ်ဆိုတောင် လုံးဝပြန်မလွှတ်တော့ဘူး။ ဒီမှာပဲ ဖြစ်သလို လုပ်ကိုင်စားသောက် ခိုင်းတော့မယ်" ဟု ပဲခူးတိုင်းဒေသကြီးမှ ဦးအောင်ချိန်က ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အလုပ်သမားများအား တက္ကစီယာဉ်များ စုပေါင်းလှူဒါန်းမှုဖြင့် လေဆိပ်တွင် အချိုရည်များ ဝေငှခဲ့ပြီး လေဆိပ်မှ မြို့တွင်းသို့ ပြန်ချင်သူများအတွက် ရွှေလွန်းပျံ ခရီးသည်တင် ပို့ဆောင်ရေးမှ အငှားကားအစီးရေဖြင့် အခမဲ့ လိုက်လံပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြန်ရောက်ရှိလာသူ အလုပ်သမားများတွင် နယ်ပြန်ချင်သူများအား Asia Wings လေကြောင်းမှ ပြေးဆွဲနေသည့် လေယာဉ်များတွင် အခမဲ့ စီးနင်းလိုက်ပါခွင့် ပြုမည်ဖြစ်ပြီး ၎င်းတို့လေကြောင်းလိုင်း ပျံသန်းခြင်း မရှိသည့် ခရီးစဉ်များအတွက် အဝေးပြေး ကားလက်မှတ်များ စီစဉ်ပေးရန်ရှိကြောင်းနှင့် အဲပုဂံ လေကြောင်းလိုင်းမှလည်း ၎င်းတို့ ပျံသန်းနေသည့် ခရီးစဉ်ဒေသများတွင် အခမဲ့ စီးနင်းလိုက်ပါခွင့် ပြုမည်ဟု သိရသည်။
Eleven Media Group

၈ လေးလုံးနေ့ ညီလာခံ ရန်ကုန်မှာ ကျင်းပမည်

၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှု ငွေရတု အထိမ်းအမှတ် အခမ်းအနားကို ညီလာခံတစ်ရပ်အနေနဲ့ မြန်မာနိုင်ငံထဲမှာ ပထမဆုံးကျင်းပမယ်လို့ သိရပါတယ်။

ဒီအခမ်းအနား ကျင်းပဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးချုပ်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး တိုက်ရိုက်ပါဝင်ကြတဲ့သူတွေနဲ့ ညီလာခံအသွင်ဆောင်တဲ့ပွဲမျိုး ကျင်းပသွားမှာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဌေးကြွယ်က RFA ကို ပြောပါတယ်။

"၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှု ငွေရတုအခမ်းအနားကျင်းပဖို့ကို ၈၈မျိုးဆက်ရယ်၊ ABSDFရယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရယ် ကျနော်တို့ပထမဦးဆုံး ဆုံပြီးခင်ကတည်းက ညီလာခံအသွင်ဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုကြီးကို ကျနော်တို့ပြည်တွင်းပြည်ပ ၈ လေးလုံးမျိုးဆက်အားလုံးစုစည်းနိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ကျနော်တို့မြန်မာပြည်တွင်းမှာရှိတဲ့ အမျိုးသားအင်အားစုအားလုံးကို ဖိတ်ကြားသွားမှာပါ၊ အစိုးရကိုလည်း ဖိတ်ကြားမှာဖြစ်သလို၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေစသဖြင့် ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့်ကို ဖိတ်ကြားသွားမှာဖြစ်ပါတယ်"

အဲဒီ ၈ လေးလုံး ငွေရတုအထိမ်းအမှတ်ပွဲမှာ ဒီမိုကရေစီနိုင်ငံတော်ကို ရှေ့ဆက်ဖန်တီးနိုင်မယ့် အကြောင်းအရာတွေကို ခေါင်းစဉ်ခြောက်ခုနဲ့ ပညာရှင်တွေက စာတမ်းဖတ်ကြားမှာ ဖြစ်ပါတယ်။ ဒီအခမ်းအနားကို အစိုးရအဖွဲ့၊ ပြည်ပရောက် ၈ လေးလုံးမျိုးဆက်တွေအပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေကိုပါ ဖိတ်ကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ၈လေးလုံးအခမ်းအနားကို ရန်ကုန်တက္ကသိုလ်ထဲမှာ ကျင်းပဖို့ ခွင့်ပြုချက်တောင်းခံထားပေမယ့် လောလောဆယ်အထိတော့ ကျင်းပခွင့်ရ၊ မရ အာဏာပိုင်တွေဘက်က အကြောင်းမပြန်သေးဘူးလို့လည်း သိရပါတယ်။
RFA Burmese

ဇွန်၂၅နှစ်ပြည့် ကျောင်းသားလှုပ်ရှားမှု ရန်ကုန်မှာကျင်းပ

၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းသားလှုပ်ရှားမှု ၂၅ နှစ်ပြည့်အခန်းအနားကို အဲဒီအချိန်က ပါဝင်လှုပ်ရှားခဲ့သူတွေက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမှာ ဒီနေ့ ကျင်းပဖို့ စီစဉ်ထား ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  အခမ်းအနားစီစဉ်ရေးမှာ ပါဝင်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-ပြည်တွင်း ဥက္ကဌ ကိုဇေယျက အခုလိုပြောပါတယ်။

"၈၈ ဒီမိုကရေစီ အရေးတော်ပုံကို ပေါ်ပေါက်စေခဲ့တဲ့ ၈၈ ဇွန် ကျောင်းသားလှုပ်ရှားမှုက အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်တဲ့ အနေအထားအရ မေ့မရတဲ့ ဒီဟာလေးကို ငွေရတု အထိမ်းအမှတ်အနေနဲ့ ပီပီပြင်ပြင် ကျင်းပနိုင်ဖို့ ပြင်ဆင်ထားပါတယ်"

၁၉၈၈ ခုနှစ် မတ်လက စက်မှု တက္ကသိုလ် ကျောင်းသား ကိုဘုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို မဆလအစိုးရ လုံထိန်းတပ်တွေရဲ့ ပစ်ခတ်မှုကြောင့်သေဆုံးရတာ၊ အင်းလျားကန်ဘောင် မှာ ကျောင်းသားတွေရဲ့ ဆန္ဒပြမှု အကြမ်းဖက်ဖြိုခွဲခံရပြီး ကျောင်းသားမြောက်အများ ဖမ်းဆီး ထိန်းသိမ်းခံရတာတွေဖြစ်ခဲ့တဲ့အတွက် ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေက အစိုးရဆန့်ကျင်ရေးကို ဇွန်လမှာ ဆက်လက်လှုပ်ရှားခဲ့တာပါ။

အဲဒီလှုပ်ရှားမှုမှာ ကိုဘုန်းမော်၊ ကိုစိုးနိုင်တို့ အသတ်ခံရမှုအတွက် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ၊ ဖမ်းဆီးကျောင်းသားပြန်လွှတ်ပေးဖို့ တွေတောင်းဆိုခဲ့ကြပြီး ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲမှာသပိတ်မှောက်တဲ့အဆင့်ကနေ လမ်းတွေပေါ် ထွက်ပြီး ချီတက်တဲ့အထိဖြစ်လာခဲ့ပါတယ်။

ချီတက်လာတဲ့ကျောင်းသားတွေကို ရန်ကုန်မြို့  မြေနီကုန်းအရောက်မှာ လုံထိန်းတပ်ဖွဲ့  တွေက အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အတွက် အရပ်သားပြည်သူတွေနဲ့ လုံထန်း တွေကြား အဓိကရုဏ်းဖြစ်ပြီး လုံထိန်းတပ်ဖွဲ့ဝင်တချို့ရော ကျောင်းသား ပြည်သူတွေ ဘက်ပါနှစ်ဘက်သေကြေဒဏ်ရာရခဲ့ကြပါတယ်။
RFA Burmese

ရွှေတိဂုံစေတီတွင် အမျိုးသမီးတစ်ဦး ဆာရီခြုံ၍ပန်းကြဲ

Sunday, June 16, 2013

ရွှေတိဂုံစေတီတွင် အမျိုးသမီးတစ်ဦး ဆာရီခြုံ၍ပန်းကြဲ

ရန်ကုန်၊ ဇွန် ၁၄

မြန်မာနိုင်ငံ၏ အထင်ရှားဆုံး စေတီဖြစ်သော ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်း ရင်ပြင်တော်တွင် ဇွန်လ ၁၄ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်က အသက် ၃၈ နှစ်အရွယ် စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးသည် ဆာရီခြုံ၍ နှင်းဆီပန်းများကို ကြဲချခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပက လုံခြုံရေးရုံးမှ သိရသည်။

ဆာရီခြုံထားသော အမျိုးသမီးနှင့် အတူ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး အဖော်ပါပြီး အရှေ့ဘက်မုခ်မှ နှင်းဆီပန်းငါးစည်းကို ငွေကျပ်တစ်သောင်းဖြင့် ဝယ်ယူ၍ ဘုရားရင်ပြင်ထောင့် တွင် ပန်းကြဲကာ ဓာတ်ပုံအရိုက်ခံပြီး ထွက်ပြေးခြင်းကြောင့် ဘုရားဂေါပက လုံခြုံရေးအဖွဲ့က ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဘုရားပေါ်ရှိ မျက်မြင်သက်သေများ၏ ပြောဆိုချက်များအရ သိရသည်။

ယင်းအမျိုးသမီးသည် ရှမ်းတိုင်းရင်းသူ ဒေါ်ခင်မျိုးဖြစ်ကာ ၄င်း၏ခင်ပွန်းမှာ ရခိုင်ပြည်နယ် မောင်တောမြို့မှ ဖြစ်ပြီး ရန်ကုန်မြို့သို့ အလည်လာချိန် ရွှေတိဂုံ စေတီတော်သို့ ရောက်ရှိကာ အထက်ပါအတိုင်း လုပ်ဆောင်သောကြောင့် ဂေါပက လုံခြုံရေးရုံးက ခေါ်ယူစစ်ဆေးခဲ့ကြောင်း အဆိုပါရုံးထံမှ သိရသည်။

၎င်းတို့နှစ်ဦးသည် အရှေ့ဘက် စောင်းတန်းသို့ ပြေးဆင်းသွားသဖြင့် ရွှေတိဂုံစေတီ ဂေါပကအဖွဲ့နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့က ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် သုံးနာရီခန့် အကြာတွင် ပြန်လွှတ်ပေးလိုက် ကြောင်း ယင်းရုံးရှေ့တွင် စောင့်ကြည့်နေ သူများက ပြောဆိုသည်။

ရွှေတိဂုံစေတီတော် ဂေါပကလုံခြုံ ရေးရုံးခန်းတွင် ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးက
"စိတ်မနှံ့တဲ့ အမျိုးသမီးပါ။ ဒါကြောင့် လွှတ်လိုက်တာပါ" ဟု The Voice သို့ ပြောကြားသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးမှာ လက်ရှိ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၁၉) ရပ်ကွက်တွင် ခေတ္တတည်းခိုပြီး ရွှေတိဂုံစေတီသို့ လာရောက်ခြင်းဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပက လုံခြုံရေးရုံးထံမှ သိရသည်။
The Voice Weekly

သမ္ဗန်ခတ်အလုပ်သမား အစည်းအဝေးတွင် အရက်တိုက်ရာမှ လေးဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီး ခနောင်တိုမြို့နယ် ခနောင်တို အရှေ့ရပ်ကွက် နှင့် ပန်းပင်ချောင်ရပ်ကွက်သို့ ပြေးဆွဲသည့် လက်ခတ်သမ္ဗန် အလုပ်သမား အစည်းအဝေး တွင် တိုက်သည့် အရက်အဆီကို ရေဖြင့်ရော သောက်ရာမှ လူလေးဦး သေဆုံးမှု ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။

အဆိုပါအစည်းအဝေးကို ဇွန်လ ၁၃ ရက်နေ့ ည ၈ နာရီခန့်က သမ္ဗန်အလုပ်သမား ဖြစ်သည့် ဦးထွန်းထွန်းဦး၏ နေအိမ်တွင် သမ္ဗန်သမား ၂၀ ဦးဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရေသန့်တစ်ဘူး အတွင်း ထည့်ထားသည့် အရက်အဆီကို ဖျော်စပ်ကာ အစည်းအဝေး ပွဲပြီးချိန် ည ၁၀ နာရီခန့်တွင် လူ ၁၀ ဦးခန့်က သောက်သုံးခဲ့ရာ လေးဦးသေဆုံးကာ ခြောက်ဦးကို ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ကုသလျက် ရှိကြောင်း ဆိပ်ကြီးခနောင်တို မြို့နယ်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အရက်ဆီဘူးကို အရက်မသောက်တတ်သည့် သူငယ်ချင်းတစ်ဦးက ပေးထားသည်မှာ သုံးပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူငယ်ချင်းများ၏ ဆုံးဖြတ်ချက်အရ အစည်းအဝေးနေ့တွင် သောက်ရန် သိမ်းထားခဲ့ခြင်း ဖြစ်ကြောင်း အစည်းအဝေး ကျင်းပခဲ့သည့် နေအိမ်ပိုင်ရှင် ဦးထွန်းထွန်းဦးက The Voice သို့ ပြောကြားသည်။

"အရက်ကြောင့် ဖြစ်တယ်ဆိုရင် ကျွန်တော်တို့အားလုံး ဖြစ်ရမှာ၊ သောက်တာလည်း အတူတူပဲ။ ဆုံးသွားတဲ့ ဦးထွန်းမြင့်က မနေ့ည ၉ နာရီလောက်အထိ သမ္ဗန်ခတ်နေပြီး ဦးအေးထွန်းဆို အသက် ၆၀ ကျော်ပြီ။ မနေ့ည ၆ နာရီလောက်ထိ အလုပ်လုပ်နေတာပါပဲ။ ကျွန်တော်တို့နဲ့ အတူ ဘာမှကိုမဖြစ်ဘူး။ ဗြုန်းစားကြီး ဖြစ်သွားတော့ ဘာကြောင့်လဲ ကျွန်တော်တို့လည်း သိချင်နေတာပါ" ဟု ၄င်းက ထပ်မံပြောကြားသည်။
သေဆုံးသွားသည့် ဦးရဲထွဋ်မှာ အရက်မသောက်တတ်သူ ဖြစ်ပြီး ထိုနေ့မှ သူငယ်ချင်းများနှင့် အတူ သောက်ခဲ့ပြီး နောက်တစ်ရက်တွင် နေထိုင်မကောင်း၍ အသားများ အေးစက်နေသဖြင့် အရက်နာကျသည် ဟုပင် ထင်ခဲ့မိကြောင်း၊ ဦးမျိုးအောင်မှာ လေဖြန်းသလို ဖြစ်သွားပြီး ၄င်းတို့နှစ်ဦး၏ တူညီသည့် အချက်မှာ သွေးတိုးနေကာ ဆေးကုသမှု ခံယူစဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါအရက်ကို သောက်ခဲ့သည့် ဦးကျော်ဇေယျက The Voice သို့ ပြောကြားသည်။

ကျန်နှစ်ဦးမှာ ယနေ့နံနက်ပိုင်းက မူးဝေ အော့အန်သောကြောင့် ရန်ကုန် ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ပါ ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ဆေးစစ်ချက်များ ခံယူနေရကြောင်း၊ သေဆုံးသူ၏ ဆေးစစ်ချက် အဖြေများ မထွက်သေးသဖြင့် အဘယ်ကြောင့် သေဆုံးသည် ဆိုသည့်အဖြေကို မသိရသေးကြောင်း ၄င်းကပင် ထပ်မံ ပြောကြားသည်။

အဆိုပါဆေးရုံတွင် ဆေးစစ်ချက် ခံယူနေသူများမှာ လတ်တလော စစ်ဆေးချက် များအရ စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း၊ ၄င်းတို့၏သွေးကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးထားကြောင်း ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
The Voice Weekly

ရွှေတိဂုံဘုရားပေါ်အထိ ကျူးကျော် စော်ကားလာသော မူဆလင်အမျိုးသမီး

Sunday, June 16, 2013
ဒီနေ့ (၁၅-၆-၂၀၁၃)၊ (၁၂း၀၀)နာရီခန့်က ဖြစ်ပါတယ်။ ရွှေတိဂုံဘုရားပေါ်ကို မူဆလင်ဝတ်စုံပြည့် ဝတ်ထားသော အမျိုးသမီး တစ်ယောက်နှင့် ဘောင်းဘီရှည်အနီနဲ့ အင်္ကျီအနီကွက် ဝတ်ထားသော ကောင်မလေး တစ်ယောက် အရှေ့မုဒ်မှ တက်လာပါတယ်။

နှင်းဆီပန်းအနီရောင် တစ်သောင်းဖိုး ဝယ်လာပါတယ်။ ဘုရားပေါ်ရောက်တဲ့အခါ ပန်းအချို့ကို အလှူခံပုံးပေါ်တင်ထားပြီး ပန်းအချို့ကို ရင်ပြင်ပေါ်လွှင့်ကြဲပစ်ပါတယ်။

ဘုရားဖူးသူအချို့လည်း ထိမှန်ခဲ့ပါတယ်။ ဘုရားဖူးတွေက ဂေါပကကို တိုင်ကြားပါတယ်။ ဒီအခါ အမျိုးသမီးနှစ်ယောက် ပြန်ဆင်းသွားပါတယ်။ ဘုရားရဲက လိုက်ခေါ်ပါတယ်။ မူဆလင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးကို အပေါ်ရုံချွတ်ခိုင်းပြီးမှ ဂေါပကရုံးကို ခေါ်လာပါတယ်။

အမျိုးသမီးက ဓနုလူမျိုးဖြစ်ပြီး မူဆလင်ထဲဝင်တာ သုံးနှစ်ပဲ ရှိသေးကြောင်း နာမည်က ဒေါ်ခင်မျိုး (၃၈)နှစ် (ဘ) ဦးစံရင်၊ အဖော်မိန်းကလေးက မမျိုးသန္တာစိုး (၁၇)နှစ် (ဘ)ဦးသန်းဌေး ဖြစ်ပါတယ်။
ဒေါ်ခင်မျိုးရဲ့ အမျိုးသားက အဒူကာဒီ(မောင်တောမြို့)ဖြစ်ပြီး ဒေါ်ခင်မျိုးရဲ့မျက်နှာမှာ ဒဏ်ရာတွေရှိတယ်လို့ သိရပါတယ်။ သူမက တောင်ဒဂုံမြို့နယ်၊ (၁၉)ရက်ကွက်၊ မြိတ်လမ်း၊ နီလာလဘက်ရည်ဆိုင်၊ ဦးမာမွတ် ဒေါ်မာလာ အိမ်မှာ တည်းခိုပါတယ်။

သူမကို စစ်ဆေးတဲ့အခါ သူမရဲ့အပြုအမူကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဒီလိုခံစားရလိမ့်မယ်လို့ မထင်ခဲ့မိဘူးလို့ ဖြေသွားပါတယ်။

သူမကို စစ်ဆေးသူမှာ ဂေါပက ကိုတင်အောင်မိုး ဖြစ်ပါတယ်။ သူမ၏ခရီးဆောင်အိတ်ထဲမှာ မူဆလင်အမျိုးသမီးဝတ်စုံ (၅)စုံနှင့် ကိုရ်အန်ကျမ်းစာအုပ် (၂)အုပ် ပါလာတာကို တွေ့ရပါတယ်။
ဂေါပကမှ ပြန်လွှတ်ပေးလိုက်ပြီဟု ဆိုပါတယ်။ အခုလို ပြန်လွှတ်ပေးလိုက်တာဟာ သဘောထားကြီးမှုကို ပြဆိုတာလား၊ ပြဿနာကို ထပ်မံဖိတ်ခေါ်တာလား ဆိုတာ စောင့်ကြည့်ရမယ့် ပုံစံမျိုး ဖြစ်နေပါတယ်။

တကယ်ဆို မူဆလင်ဝတ်စုံပြည့် အမျိုးသမီးတစ်ယောက် တက်လာတာကို ဂေါပကနှင့် ရဲက စစ်ဆေးမေးပြန်းပြီးမှ ဝင်ခွင့်ပြုသင့်တယ် မဟုတ်လား။ တကယ်လို့များ အသေခံဗုံးခွဲခဲ့ရင် ရွှေတိဂုံဘုရားဆိုတာ မြန်မာ့ကျက်သရေဆောင် မြန်မာပြည်ရဲ့ ပုံရိပ်မဟုတ်လား။ တန်ဖိုးဖြတ်နိုင်သော၊ အစားထိုးရနိုင်သော ရတနာမဟုတ်ဘူး-ဆိုတာ အစိုးရဆိုတာရော ဂေါပကနှင့် ဘုရားရဲဆိုတာရော သိထားဖို့လိုတယ်နော်။
ဦးဝီရသူ 
စုံစမ်းရန်
ဒေါ်ခင်မျိုး- 09.42025466
ဂေါပက- 01383511
ဘုရားဖူးပြည်သူ-0943044590







တိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲ

နိုင်ငံရေး အခြေအနေ သိသာမြင်သာစွာ ပြောင်းလဲတိုးတက်ဖို့ ရည်ရွယ်ပြီး DKBA ကလိုထူးဘောတပ်ဖွဲ့က ဦးစီးကျင်းပတဲ့ ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲကို ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းက ဆုံစည်းမြိုင် ကျေးရွာမှာ ဒီကနေ့ မနက် ၉ နာရီက စတင်ကျင်းပနေပါတယ်။
RFA Burmese
Photo : RFA/ Kyaw Htoon Naing














၂၀၁၅ မှာ ဘယ်သူ သမ္မတဖြစ်မလဲ



မြန်မာနိုင်ငံ၏ အစိုးရသစ် သက်တမ်း ၂ နှစ်ကျော်လာချိန်တွင် လာမည့် ၂၀၁၅ ခုနှစ်အတွက် သမ္မတ လုပ်လိုသည်ဟု ပြောဆိုလာသူ သုံးဦးအကြောင်း ပြည်သူများအကြား ရေပန်းစားနေသည်။
သမ္မတ ဖြစ်လိုသူ သုံးဦးမှာ လက်ရှိ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင် နေသော ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ပင် ဖြစ်သည်။ 

“နိုင်ငံရေးသမားဆိုတာ နောင်လာမယ့် ရွေးကောက်ပွဲကိုပဲ စဉ်းစားတယ်။ လူထုခေါင်းဆောင်ဆိုတာ နောင်လာမယ့် မျိုးဆက်သစ်တွေ စဉ်းစားမယ်”ဆိုသော စကားမှာ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ၏ သမိုင်းဝင်စကား ဖြစ်သည်။

“အမှန်တော့ နိုင်ငံရေးသမား တစ်ယောက်က နိုင်ငံရေးအာဏာ ရယူလိုတာ သဘာဝကျတယ်။ နိုင်ငံရေးမှာ အာဏာရှိမှ မိမိယုံကြည်ရာ မူဝါဒများဖြင့် တိုင်းပြည် ကောင်းကျိုးအတွက် အကောင်းဆုံး လုပ်နိုင်မယ်၊ သမ္မတအဖြစ် တာဝန်ယူလိုတယ်လို့ ပြောကြတာ တိုင်းပြည်ကို အကောင်းဆုံး အလုပ်အကျွေး ပြုလိုတယ်လို့ ပြောတာနဲ့အတူတူပဲ”ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ကျော်ဝင်းက ဆိုသည်။

“ပြည်သူက တာဝန်ပေးမယ်ဆိုရင် ၂၀၁၅ မှာ သမ္မတ ဒုတိယသက်တမ်းကို တာဝန်ယူပါမယ်” ဟု ၂၀၁၂ ခုနှစ် အောက်တိုဘာလက နိုင်ငံတော်သမ္မတက အမေရိကန် ခရီးစဉ်တွင် စတင်ပြောဆို ခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်ပြည်ထောင်စု ခရီးစဉ်၌ ၂၀၁၅ ခုနှစ်တွင် သမ္မတ လုပ်လိုသည်ဟု ပြောဆိုခဲ့ပြီး နောက်ပိုင်း၌လည်း မကြာခဏ ယင်းစကားကို ဆိုခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်လည်း အမေရိကန် ရောက်ရှိစဉ် သမ္မတ လုပ်လိုသည်ဟု ဆိုပြန်သည်။ ထိုသုံးဦးစလုံးသည် ကမ္ဘာ့ ဆူပါပါဝါ အမေရိကန်သို့ ရောက်ရှိစဉ်တွင် နိုင်ငံတကာ အလယ်တွင် သမ္မတ လုပ်လိုသည်ဟု တူညီစွာ ပြောဆိုခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် နိုင်ငံတော်သမ္မတ ဖြစ်ရန်မှာမူ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည် ဖြစ်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အတားအဆီး ဖြစ်နေသည့် အချက်များကို ဦးစွာပြင်ရမည် ဖြစ်ပြီး အဆိုပါ အချက်များကို ပြင်ဆင်ပြီးမှသာလျှင် အခြေခံဥပဒေ၏ အဓိက ပြင်ဆင်ရန် လိုအပ်သည့် နေရာများကို ပြင်ဆင်နိုင်ခွင့်ရှိမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အခြေခံဥပဒေ ပုဒ်မ ၅၉ မှာပါတဲ့ သမ္မတနဲ့ ဒုတိယသမ္မတ အရည်အချင်းများ ပုဒ်မခွဲ (စ) မှာ တစ်စုံတစ်ယောက် အတွက် ကန့်ထားတဲ့ အချက်မျိုးကို ပြန်စဉ်းစားဖို့ လိုတယ်” ဟုလည်း ဆရာကျော်ဝင်း အကြံပြု ပြောကြားသည်။

လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ်တွင် လွှတ်တော်သမ္မတ ဖြစ်ရန်အတွက် အရွေးခံလျှင် အခြေခံဥပဒေတွင် ကန့်သတ်ထားချက် များအရ လွှတ်တော် အမတ်များ၏ ၇၅ ရာခိုင်နှုန်း ထောက်ခံမှု ရသည့်တိုင် တပ်မတော်သား တစ်ဦး၏ ထောက်ခံမှုကို လိုအပ်နေဦးမည် ဖြစ်သည်။

အရပ်သားအစိုးရ လက်ထက်တွင် ကျန်းမာရေးကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ရသော ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နေရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံဟု ထင်ကြေး ပေးခံရသူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေကို တပ်မတော်သား ကိုယ်စားလှယ်များက အဆိုပြုခဲ့သော်လည်း အခြေခံဥပဒေ ပုဒ်မ ၅၉ ဖြင့် ငြိစွန်းခဲ့သောကြောင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးဉာဏ်ထွန်းကို ပြောင်းလဲ အဆိုပြုခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးမှာလည်း နိုင်ငံသား မဟုတ်သဖြင့် တပ်မတော်သား ကိုယ်စားလှယ်များ၏ သဘောတူညီမှု ရရှိရန်မှာ ခက်ခဲနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ် ပြောကြားသည်။

“သမ္မတကို တိုက်ရိုက် ရွေးကောက် တင်မြှောက်တဲ့စနစ် မဟုတ်တဲ့အတွက် ကျွန်မ သမ္မတ အရည်အချင်း ပြည့်မီဖို့ဆိုရင် အခြေခံဥပဒေကို ပြင်ကို ပြင်ရပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေကို ပြင်ဆင်မည်ဟု လွှတ်တော်ပြင်ပတွင် ပြောဆိုနေခြင်းကို အမှန်တကယ် လွှတ်တော်အတွင်း ပြင်ဆင်နိုင်မည်လောဟု မေးခွန်ထုတ်စရာ ဖြစ် နေသည်။

ပြည်တော်စုလွှတ်တော်တွင် ကိုယ်စားလှယ် အားလုံးမှာ ၆၆၄ ဦး ရှိသည့်အနက် တိုင်းရင်းသားပါတီ အားလုံးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကဲ့သို့သော အတိုက်ခံ ပါတီများ၏ ကိုယ်စားလှယ် ၁၀၁ ဦးသာရှိကာ ကျန်သည့် ကိုယ်စားလှယ်များမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်တို့မှ ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်သို့ ရောက်ရှိနေသည်မှာ တစ်နှစ် သက်တမ်းရှိချိန်ထိ အဆိုတင်သွင်းခြင်း မရှိသေးပေ။ ဝင်ရောက် ဆွေးနွေးမှုသာ ရှိခဲ့သည်။

သူရဦးရွှေမန်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် နာယက အဖြစ် တာဝန်ယူရသည့် အတွက် အခြေခံဥပဒေ ပြင်ဆင်ရာ အချက်များကို ပြင်ဆင် ရန်တွက် ရိုးသားစွာ လုပ်ဆောင်ရမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်ပြိုင်ခွင့်ပေးကာ တရားမျှတဖို့ လုပ်ဆောင်သင့်သည် ဟုလည်း နိုင်ငံရေး လေ့လာသုံးသပ်သူတို့က မှတ်ချက် ပေးကြသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက သမ္မတဖြစ်ရန် အချက်တစ်ချက်တည်းဖြင့် ဖွဲ့စည်းပုံ အခြေဥပဒေကို ပြင်ခြင်းထက် ပြင်သင့်သည့် အချက်များကို ပြင်ရမည် ဖြစ်ပြီး တိုင်းရင်းသားများ အားလုံး၏ ရပိုင်ခွင့်နှင့် ပြည်သူလူထု ယုံကြည် အားကိုးရသော အခြေခံဥပဒေ ဖြစ်အောင် ပြင်ဆင်ခြင်းသည် နိုင်ငံ၏ကျောရိုး ဖြစ်ကြောင်း ပြောကြားသည်။
“သမ္မတ ဖြစ်ချင်တာကိုတော့ အပြစ် မပြောလိုဘူး” ဟုလည်း ၎င်းကဆိုသည်။

မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ နှစ်နှစ်တာ ကာလအတွင်း ပြည်တွင်း၊ ပြည်ပမှ လက်ခံလာသော မြန်မာနိုင်ငံရေး ခေါင်းဆောင်သုံးဦး ဖြစ်သည့် နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးစလုံးသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် တာဝန်ယူလိုသည်ဟု ထုတ်ဖော် ပြောကြားလာခြင်းကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ ပိုမိုမြိုင်ဆိုင် သွက်လက်၊ ရင့်ကျက် လာလိမ့်မည်ဟု စာရေးဆရာ ကျော်ဝင်းက မှတ်ချက်ပေးသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် အများစု အနိုင်ရပါက ပါတီဥက္ကဋ္ဌ ဖြစ်သူ သူရဦးရွှေမန်းကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်မည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုထားသည်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအတွက် အနိုင်ရပါတီ ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ထောက်ခံထားပြီး ဖြစ်သည်။ သို့သော် ယင်း၏ နောက်ကွယ်တွင် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားဖွယ်ရာများ ရှိလာနိုင်သလောဟု ငြင်းချက်များလည်း ရှိသည်။
လက်ရှိ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူထားသော ဦးသိန်းစိန်သည် နိုင်ငံတကာ အလယ်တွင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ မှတ်တိုင်အဖြစ် အသိအမှတ် ပြုထားသည့်အပြင် မြန်မာလူထု၏ ထောက်ခံမှုကို ရရှိထားသည်။ သို့သော် လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခများကို အဆုံးမသတ်နိုင်သည့် အချက်ကလည်း ရှိနေဆဲ ဖြစ်သည်။

လူထုခေါင်းဆောင်အဖြစ် နှစ်ရှည် ရပ်တည်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထုထောက်ခံမှုမှာ သံသယ မရှိနိုင်သော်လည်း လူ့အခွင့်အရေး ရှုထောင့်မှ ပွင့်ပွင့်လင်းလင်း ပြောတတ်မှု၊ လူကြိုက် မများသော ဆုံးဖြတ်ချက် အချို့ကြောင့် လူအချို့၏ ဝေဖန်ခံခဲ့ရ ဖူးသည်။

ရန်ကုန်မြို့တော် ၃၁ လမ်းထိပ်တွင် ကွမ်းယာရောင်းသူ ၅၆ နှစ်အရွယ်ရှိ ဦးဂါလူး အတွက်မူ ဘယ်သူတက်တက် အရေးမကြီး။  “ဘယ်သူတက်တက် ကောင်းတဲ့သူတက်ဖို့ အရေးကြီးတယ်။ လူသစ် ဆိုရင်တော့ ပိုမျှော်လင့်လို့ ရတာပေါ့”ဟု သူကဆိုသည်။
မင်းထက်စံ၊ အောင်ဘိုဘိုရှိန်  
The Voice Weekly

မန္တလေး အိမ်၊ ခြံ၊ မြေ အငှားဈေးကွက် တစ်နှစ်အတွင်း လေးဆခန့် မြင့်တက်

မန္တလေး၊ ဇွန် ၁၄
မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေ အငှားဈေးကွက်တွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် ငှားရမ်းမှုများ၍ တစ်နှစ်အတွင်း မြေနှင့် အဆောက်အအုံ ငှားရမ်းခ လေးဆခန့် ခုန်တက်သွားကြောင်း အဆိုပါ မြို့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင်များထံမှ စုံစမ်း သိရှိရသည်။

ဟိုတယ်၊ ကစားကွင်းနှင့် ပုဂ္ဂလိကကျောင်း ဖွင့်လှစ်မှုများ ရှိလာ၍ ယင်းကဲ့သို့ ငှားရမ်းမှု နှုန်းထားများ အချိန်တိုအတွင်း ဆက်တိုက် မြင့်တက် လာခြင်း ဖြစ်သည်ဟု အဆိုပါ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများက တညီတညွှတ်တည်း ပြောကြားသည်။

"အရင်နှစ်တွေက သိန်းနှစ်ဆယ်၊ နှစ်ဆယ့်ငါးနဲ့ ငှားတဲ့ အိမ်၊ခြံ၊မြေတွေက အခု သိန်း ခုနစ်ဆယ်၊ ရှစ်ဆယ် ဖြစ်ကုန်တယ်။ မနှစ်လောက်ထိတော့ အငှားဈေးက ပုံမှန်ပါပဲ" ဟု မန္တလေးမြို့တော် အခြေစိုက် ရွှေမန္တလေး အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးနေလင်းအောင်က The Voice သို့ ပြောကြားသည်။

လက်ရှိ မန္တလေးမြို့တော် အိမ်၊ခြံ၊မြေ ဈေးကွက်တွင် ဝယ်ရောင်း လုပ်ကိုင်သူ များထက် စီးပွားရေး လုပ်ငန်း လုပ်ကိုင်လိုသူသာ ဝယ်ယူ ငှားရမ်းခြင်း ရှိပြီး ဈေးကွက် မှန်လာသည့် အနေအထား ရှိသည်ဟု ၎င်းက သုံးသပ်သည်။

"တချို့ ယာယီလုပ်ငန်း လုပ်သူတွေက သိန်း တစ်သောင်း၊ တစ်သောင်းခွဲ မရင်းကြတော့ပဲ ငှားလုပ်ကြတဲ့သူတွေ များလာတယ်" ဟု ချမ်းအေးသာစံ မြို့နယ် အခြေစိုက် မန်းမြေရာဇာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးကျော်ဝင်းက ဆိုသည်။

လက်ရှိ မန္တလေးမြို့တော်၏ အိမ်၊ ခြံ၊ မြေ ဈေးကွက် အလုပ်ဖြစ်လျက် ရှိသော်လည်း အရောင်းနှင့် အငှား နှစ်မျိုးလုံး အလုပ်ဖြစ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဈေးကွက် အနေအထားကို မမီသေးဟု ၎င်းက ထပ်မံ ပြောကြားသည်။
The Voice Weekly

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com