http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဟာ့ခ်ျဘုရားဖူးခရီးစဉ်ကို သာသနာရေးဝန်ကြီးဌာနက ထိန်းချုပ်မည်မဟုတ်

May 15, 2013
အစ္စလာမ် ဘာသာဝင်တွေရဲ့ နှစ်စဉ်သွားနေကြ ဟာ့ခ်ျဘုရားဖူးခရီးစဉ်နဲ့ ပတ်သက်ပြီး အရင်တုန်းကလို သာသနာရေးဝန်ကြီးဌာနက ထိန်းချုပ်တော့မှာ မဟုတ်ဘဲ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးတွေရဲ့ ဦးဆောင်မှုတွေနဲ့ပဲ စီမံဆောင်ရွက်သွားဖို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောပါတယ်။

မတ် ၁၄ ရက်နေ့က ရန်ကုန်တိုင်း သာသနာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမှာ ကျင်းပတဲ့ ၂၀၁၃ ခုနှစ် ဟာ့ခ်ျ ဘုရားဖူး စေလွှတ်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲမှာ ခုလို ပြောလိုက်တာပါ။

အစ္စလာမ်ဘာသာဝင်တွေရဲ့ မက္ကာမြို့မှာ ပြုလုပ်တဲ့ ၀တ်ပြုမှု ဟာ့ခ်ျဘုရားဖူး ခရီးစဉ်အတွက် မြန်မာနိုင်ငံက လာရောက်နိုင်တဲ့ ဘုရားဖူး အရေအတွက်ကို ဆော်ဒီအစိုးရကနေ သတ်မှတ်ပေးတာဖြစ်ပြီး ဘယ်သူတွေကို သွားရောက်ခွင့် ပေးမလဲဆိုတာကို သာသနာရေးဝန်ကြီးဌာနက ဦးစီး စီမံခန့်ခွဲ ခွဲတမ်းချပေးရပါတယ်။

ခွဲတမ်းချပေးတဲ့ အရေအတွက်ကနည်းပြီး သွားလိုသူများတဲ့အတွက် အစ္စလာမ် ဟာ့ခ်ျခရီးစဉ် ၀န်ဆောင်မှုအဖွဲ့တွေ အချင်းချင်း မကြာခဏ ပြဿနာ ဖြစ်ပွားလေ့ရှိကြောင်းလည်း သိရပါတယ်။
ဒီဗွီဘီ

သမ္မတ ဦးသိန်းစိန် အမေရိကန်တက္ကသိုလ်မှာ မိန့်ခွန်းပြောမယ်

2013-05-15
မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေစဉ်အတွင်း ဝါရှင်တန်ဒီစီမြို့ Johns Hopkins တက္ကသိုလ်ရှိ နိုင်ငံတကာလေ့လာရေးဌာနနဲ့ အမေရိကန် ဝါဏိဇ္ဇအသင်းမှာ လာမယ့်တနင်္လာ(မေလ ၂ဝ ရက်)နေ့မှာ မိန့်ခွန်းစကားပြောမယ်လို့ သိရပါတယ်။

သမ္မတဦးသိန်းစိန်ဟာ မေလ ၁၈ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကိုရောက်မှာဖြစ်ပြီး မေလ၂ဝ ရက်နေ့မှာ အမေရိကန် သမ္မတအိုဘားမားနဲ့ တွေ့ဆုံမှာဖြစ်ကြောင်းနဲ့ ဒီခရီးစဉ်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဝန်ကြီး ဦးစိုးသိန်းတို့အပြင် တခြားမြန်မာအရာရှိတွေ လိုက်ပါလာမယ့် အကြောင်း RFA က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကြောညာခဲ့ပြီးဖြစ်ပါတယ်။
RFA Burmese

အလုပ်သမားခေါင်းဆောင် နှစ်ဦး ဖမ်းဆီးခံရ

2013-05-15
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် တော်ဝင်စက်ရုံက အလုပ်သမား သပိတ်ခေါင်းဆောင် ကိုနေလင်းဦးနဲ့ မအိဇာဖြူတို့ကို အာဏာပိုင်တွေက အင်္ဂါနေ့ မနေ့ညက ဖမ်းဆီးထိမ်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

အလုပ်သမားတွေဆန္ဒပြတာကို အလုပ်သမား ပဋိပက္ခဖြေရှင်းရေးခုံရုံးမှာအနိုင်ရပေမယ့် ပိုင်ရှင်က တရားလွှတ်တော်ချုပ်ကို စာချွန်တင်တယ်ဆိုပြီး အချိန်ဆွဲခဲ့တဲ့အတွက် ပြဿနာ မပြေလည်သေးဘူးလို့ ဆိုပါတယ်။

စက်ရုံထဲမှာ အလုပ်သမားတွေ အရိုက်ခံရတဲ့ကိစ္စကို အမှုဖွင့်ထားတာနဲ့ပတ်သက်ပြီး တစုံတရာ ထူးခြားမှုမရှိပဲ အဲဒီကိစ္စကို မန်နေဂျာနဲ့ ဆွေးနွေးရမယ်ဆိုတဲ့အတွက် စက်ရုံထဲဝင်သွားတဲ့ အဲဒီ အလုပ်သမားခေါင်းဆောင်တွေကို ပိုင်နက်ကျူးလွန်မှုနဲ့ ဖမ်းလိုက်တာလို့ သိရပါတယ်။

သူတို့ကို လှော်ကားရဲစခန်းမှာချုပ်ထားပြီး၊ ဒီနေ့ ဗုဒ္ဒဟူးနေ့ မနက်မှာ မိသားစုဝင်တွေက သွားရောက်တွေ့စုံဖို့ စီစဉ်နေပါတယ်။
RFA Burmese

တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်းများကိုအချိန်တို အတွင်းထုတ်ယူနိုင်ရန်အတွက်စီစဉ်ပေးနေ

15.5.2013, wednesday
တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်းများထုတ်ယူရာတွင် အရင်ကအချိန်(၂)လခန့်ကြာပြီး ယခုအခါရက်ပိုင်း၊ အချိန်တိုအတွင်း ထုတ်ယူနိုင်ရန်အတွက် စီစဉ်ပေးနေကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန
(ဇွဲကပင်)ကသိရသည်။

ယခုအခါဝန်ထမ်းအင်အားကိုတိုးချဲ့ထားသည့်အတွက် လနှင့်ချီပြီးမစောင့်ရဘဲရက်ပိုင်းနှင့် ရအောင်စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်လက်မှတ်ထုတ်သူ ထောင်ဂဏန်းလောက်ထိများလာလျှင် အလွန်ဆုံးနှစ်ပတ်အတွင်း ထုတ်ပေးနိုင်ရန်စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်နှင့် အမှတ်စာရင်း
များကို နေပြည်တော်နှင့် ရန်ကုန်မြို့များရှိ စာစစ်ဦးစီးဌာနများတွင် ထုတ်ယူနိုင်ကြောင်းသိရသည်။
SkyNet TV Browser

(ဝါးချက်)ဇီဝိတဒါနသံဃာ့ဆေးရုံကြီးကို အီတလီနိုင်ငံမှခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် အဖွဲ့လာရောက်မည်

15.5.2013, wednesday
စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းတောင်ရိုးရှိ(ဝါးချက်)ဇီဝိတဒါနသံဃာ့ ဆေးရုံကြီးကိုအီတလီနိုင်ငံခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာ ရိုဘင်ချန်းဦးစီးသောဆရာဝန်အဖွဲ့သည် ဆေးရုံဝန်ထမ်းများနှင့် ပူးပေါင်း
ပြီးမေလ(၂၄)ရက်မှ(၃၀)ရက်နေ့အထိစမ်းသပ်စစ်ဆေးခွဲစိတ်ကုသပေး မည်ဖြစ်ကြောင်းသိရသည်။

သည်းခြေအိတ်ကျောက်တည်ခြင်း၊အူကျရောဂါ၊ ခြေထောက်သွေးကြောထုံးရောဂါ၊ မုတ်ရောဂါ၊ လိပ်ခေါင်းရောဂါ၊ ဂရင်ဂျီနာ၊ ရင်သားအဖုအကျိတ်ရောဂါနှင့် လည်ပင်ကြီးရောဂါများကို စမ်းသပ်စစ်ဆေး ကုသပေးမည်ဟုသိရသည်။

ရောဂါများအတွက်ဆေးရုံဝန်ထမ်းများက ကြိုတင်စမ်းသပ်ပေးမည်ဖြစ်ပြီး အီတလီနိုင်ငံ ခွဲစိတ်ဆရာဝန်ကြီးနှင့် ပြသရန်အတွက် ရက်ချိန်းပေးမည်ဖြစ်ကြောင်းသိရသည်။
SkyNet TV Browser

ပြည် ဘုန်းကြီးအား ဓားနှင့်ထိုးသူဖမ်းမိ

ပြည်၊ မေ ၁၅။
ပြည်မြို့၊ ရွာဘဲရပ်ကွက် ပုညရှင် ဓမ္မာရုံကျောင်းမှ ဆရာတော်အား ဓားဖြင့်ထိုးခဲ့သူ ရဲဝင်း (ခ) ရဲနောင်အား ပြည်မြို့ ရဲစခန်းမှူးဒုရဲမှူး ၀င်းခိုင်ဦးစီးသော နယ်ထိမ်းအဖွဲ့မှ (၁၅. ၅ .၂၀၁၃) ရက်နေ့နံနက် ၁နာရီ ၄၅ မိနစ်အချိန်တွင် ဆရာတော်ဦးသောဘိတထံမှ လုယူခဲ့သော NAIDEဟမ်းဖုန်း တစ်လုံးနှင့်အတူ နဝဒေးရပ်၊ ရဘဲနယ်မြေ၊ သီရိခေတ္တရာ တည်းခိုခန်း၌ တည်းခို နေစဉ်ဖမ်းစီးရမိကြောင်း မြို့မရဲစခန်း ဒုရဲမှူး ဝင်းခိုင်ထံမှ သိရသည်။   
မြန်မာ့ခေတ်

အထိန်းသိမ်းခံ လူငယ်များ အမှုမှန်ပေါ်ရေး မွန်ပါတီများ ကူညီမည်

ဗုဒ္ဓဟူးနေ့၊ မေလ ၁၅ ရက် ၂၀၁၃ ခုနှစ်   
စံခလပူရီ (မဇ္ဈိမ)။   သင်္ကြန် နှစ်ဆန်း တရက်နေ့၌ မွန်ပြည်နယ် ရိုးဂိုး ဘုရားပွဲသို့ အလည် သွားသည့် မွန်လူငယ် တစုနှင့် ဒု-ရဲအုပ်တို့ ရိုက်နှက်မှု ဖြစ်ပွားပြီး လူငယ် ၁၁ ဦး ထိန်းသိမ်းခံရမှုနှင့် ပါတ်သက်၍ အမှုမှန် ပေါ်ပေါက်ရေးအတွက် မွန်နိုင်ငံရေးပါတီများ ဆွေးနွေးနေကြောင်း မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက ပြောဆိုလိုက်သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီ ပါတီနှင့် မွန်ပြည်သစ် ပါတီတို့အား မွန်လူငယ် ဖိုရမ်မှ အကူအညီတောင်းခံထားခြင်း ဖြစ်သည်။

“ကျနော်တို့ သုံးပါတီ ကနေ ဒီကိစ္စကို ဘယ်လို ဆက်လက် လုပ်ဆောင်သွားကြမယ်ဆိုတဲ့ အပိုင်းကို ညှိနှိုင်းနေကြဆဲပဲ ဖြစ်ပါတယ်။ နောက်တခုက မွန်လူငယ်တွေ တင်ပြထားတဲ့ အချက်အလက်တွေ မှန်ကန်မှု ရှိမရှိ ဆိုတာလည်း ပြန်လည် စီစစ်ရဖို့ ရှိပါတယ်။ အချက်အလက် မှန်ကန်ခဲ့တယ် ဆိုရင်တော့ ဖမ်းထားတဲ့ လူတွေ လွှတ်တန်လွှတ်၊ ညှိနှိုင်းတန် ညှိနှိုင်း၊ ဥပဒေ အရ အရေးယူတန်ယူ လုပ်သွားရမှာပါ” ဟု မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်း က မဇ္ဈိမကို ပြောသည်။

၎င်းလူငယ် ၁၁ ဦးမှာ နှစ်ဆန်း တရက်နေ့၌ ရိုးဂိုး ဘုရားပွဲပွဲမှ အပြန် ဖားအောက် ရွာရှိ မဏ္ဍပ် အရောက်၌ မွန်အမျိုးသား အလံအား ကိုင်ကာ အော်ဟစ် ကခုန်ကြစဉ် ၎င်းမဏ္ဍာပ်၌ ရှိနေသည့် မုပွန် ရဲစခန်းမှ ဒု-ရဲအုပ် မြင့်နိုင် က ၎င်းအလံအား လုယူကာ အလံတိုင်ဖြင့် အလံ ကိုင်ဆောင်သူအား စတင် ရိုက်နှက်ခဲ့ရာမှ ရဲနှင့် လူငယ်တို့အကြား ပဋိပက္ခ စတင် ခဲ့ခြင်း ဖြစ်ကြောင်း မွန်လူငယ် ဖိုရမ် က ဆိုသည်။

“တကယ်လို့ ရဲအရာရှိက အလံကို ဆုတ်ဖြဲခဲ့ရိုး မှန်တယ်ဆိုရင်တော့ ဒီကိစ္စဟာ ကြီးမားတဲ့ အကြောင်းအရာ တခု ဖြစ်ဖွယ် ရှိပါတယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထောက်ရှုပြီး ဒီလိုလုပ်ရပ်မျိုး မလုပ်ဆောင် သင့်ပါဘူး။ အမျိုးသားအလံ ဆိုတာက ဘယ်သူမှ ဆုတ်ဖြဲလို့ မရပါဘူး။ တခုခု ဂုဏ်သရေ ညှိးနွမ်းအောင် လုပ်ဆောင်တာမျိုးလည်း လုပ်လို့ မရပါဘူး။ ဒီကိစ္စအပေါ် ရဲရဲ့ တုန့်ပြန် ပြောကြားချက်တွေကိုလည်း ကျနော်တို့ နားထောင်ရဦးမှာပါ” ဟု ဥက္ကဋ္ဌ နိုင်ငွေသိန်း က ဆက်ပြောသည်။

ပြည်နယ် ရဲတပ်ဖွဲ့ကမူ အလံကို စုတ်ဖြဲခြင်း၊ လူငယ်များကို မတရား ဖမ်းဆီးခြင်း မဟုတ်ဘဲ ဗီဒီယို မှတ်တမ်းအရ ဖမ်းဆီးအရေးယူရခြင်း ဖြစ်ကြောင်း ဒု-ပြည်နယ် ရဲတပ်ဖွဲ့မှူး ဝင်းဗိုလ် က မဇ္ဈိမကို ဖြေကြားထားသည်။

လက်ရှိတွင် ထိန်းသိမ်းခံရသူ ၁၁ ဦးအနက် အနက် ၆ ဦးမှာ အာမခံဖြင့် ပြန်လွတ်မြောက်လာပြီ ဖြစ်ကြောင်း မွန်လူငယ် ဖိုရမ် တာဝန်ခံ မင်းဉာဏ်စိုက် ရာမာန် က ပြောသည်။

“တယောက်ကို ကျပ်ငွေ သိန်း ၅၀ အာမခံနဲ့ ၆ ယောက် ပြန်လွတ်လာတယ်။ အမှုကနေ ကွင်းလုံးကျွတ် လွတ်သေးတာ မဟုတ်ပါဘူး။ လာမယ့် ဒီလ ၂၀ ရက်နေ့ တရား ရုံးချိန်း ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

အာမခံဖြင့် မေလ ၁၀ ရက်နေ့၌ ၅ ဦး လွှတ်ပေးခဲ့ပြီး ၁၃ ရက်နေ့က ၁ ဦး ထပ်မံလွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့အားလုံးမှာ အသက်မပြည့် သေးသည့် ကျောင်းသား လူငယ်များ ဖြစ်သည်ဟု ဆိုသည်။

ထိုလူငယ်များ ခြွင်းချက်မရို လွှတ်ပေးရန်နှင့် လူမျိုး ဂုဏ်သိက္ခာ နှောက်ရှက်မှု အလံ ဆုတ်ဖြဲမှုတို့ကြောင့် ဒု-ရဲအုပ် မြင့်နိုင်အား ထိရောက်သော ပစ်ဒဏ်ဖြင့် တရားဥပေဒအရ အရေးယူ ပေးရန် မွန်လူငယ် ဖိုရမ်မှ တောင်းဆိုထားသည်။

လူငယ် လေးဦးအား ပုဒ်မ ၃၃၂ ဝန်ထမ်း ဝတ္တရား နှောင့်ယှက်မှု၊ ငါးဦးအား ပုဒ်မ (၃၃၃) ဝန်ထမ်း ဝတ္တရား
နှောင့်ယှက်မှုနှင့် ပြင်းထန်စွာ နာကျင် စေအောင် ဟန့်တားမှုနှင့် ကျန် နှစ်ဦးအား ပုဒ်မ ၁၉ (က) လက်နက် လုယက်မှု တို့ဖြင့် အသီးသီး တရားစွဲဆိုခြင်း ခံထားကြောင်း သိရှိရသည်။
ဟင်္သာနီ (မွန်မြေ)
မဇ္ဈိမ

မဟာစင်မုန်တိုင်းနှင့် ထူးခြားမှုများ

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ရန်ကုန်၊ မေ-၁၃
အစိုးရသစ်လက်ထက်တွင် အင်အားကြီးမုန်တိုင်းအဖြစ် ပထမဆုံးအကြိမ်ကြုံရသော မဟာစင်မုန်တိုင်းမ၀င်မီ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့က ငါးရက်ကြို၍ သတိပေးနှိုးဆော်ချက်များ ထုတ်ပြန်ထားသည်။

မေလ ၆ ရက်မှစ၍ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် မေလ ၁၀ ရက်မှစ၍ မုန်တိုင်းငယ်အဖြစ်သို့ အသွင်ပြောင်းခဲ့သည်။ အဆိုပါမုန်တိုင်းငယ်မှာ တဖြည်းဖြည်းအားကောင်းလာခဲ့သောကြောင့် မဟာစင် (01B) ဆိုက်ကလုန်းမုန်တိုင်းဟု အမည်ပေးလိုက်သည်။

မုန်တိုင်းစောင့်ကြည့်ရေးဌာနများနှင့် ဒေါက်တာထွန်းလွင်တို့က မေလ ၁၀ ရက်ကတည်းက အဆိုပါအပူပိုင်းမုန်တိုင်းမှာ မြန်မာနိုင်ငံသို့ မေ ၁၅ ညနေမှစ၍ ၀င်ရောက်နိုင်ကြောင်း ကြိုတင်သတိပေးခဲ့သည်။ သို့သော် မိုး/ဇ လက အဆိုပါမုန်တိုင်းမှာ မြန်မာနိုင်ငံသို့ဝင်ရောက်ရန်မရှိဘဲ အ၀ါ ရောင်အဆင့်သတ်မှတ်ထာ ကြောင်း ကြေညာသည်။

မေ ၁၁ ရက်တွင် ဒေါက်တာထွန်းလွင်နှင့် မုန်တိုင်းစောင့်ကြည့်ရေးဌာနများက မဟာစင်သည် စစ်တကောင်းကို ဗဟိုပြုပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှ ဖြတ်ကျော်မည်ဖြစ်ပြီး မောင်တောမြို့ အနီးတစ်နာရီလေတိုက်နှုန်းမိုင်တစ်ရာကျော်ဖြင့် ဖြတ်သန်းမည်ဟု ခန့်မှန်းသတိပေးသည်။ မေ ၁၁ ရက်တွင် မိုး/ဇလကလည်း အဆိုပါမုန်တိုင်းမှာ ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်ကို တိုက်ခတ်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

မေ ၁၂၊ ၁၃ တွင် အဆိုပါ မုန်တိုင်း၏အချင်းမှာ မိုင် ၁၂၀ အထိ ရှိလာပြီး ပိုမိုအားကောင်းလာသည်။ မိုး/ဇလနှင့် ပညာရှင်တို့ အားလုံးက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ၀င်ရောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း မုန်တိုင်းဒဏ်ခံရနိုင်ကြောင်း တညီတညွတ်တည်းခန့်မှန်းသည်။ မုန်တိုင်းရွှေ့လျားမှု ခန့်မှန်းတွက်ချက်ရာတွင် ယခုသတင်းရေးသားချိန် မေ ၁၃ ရက်အထိ ဦးထွန်းလွင်၏ ခန့်မှန်းချက်များ မှန်ကန်ခဲ့သည်ကို တွေ့ရှိရသည်။

အဆိုပါမုန်တိုင်းကြောင့် နိုင်ငံတော်အစိုရကလည်း မေ ၁၆ ရက်တွင် မုန်တိုင်းဝင်နိုင်ဖွယ်ရှိသည်ဟု ကြေညာပြီးနောက် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံရနိုင်သော ဒေသများရှိ ပြည်သူများအား ဘေးလွတ်ရာသို့ အချိန်မီ ပြောင်းရွှေ့ပေးရန် မေ ၁၃ ရက်နေ့က ပြည်နယ်အစိုးရအား ညွန်ကြားခဲ့သည်။

မုန်တိုင်းဒဏ်အဓိက ခံရနိုင်သော ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေစသောမြို့နယ်များတွင် မေ ၁၁ ရက်မှစတင်၍ မုန်တိုင်းအန္တရာယ်ကာကွယ်နိုင်ရန် ရွှေ့ပြောင်းမှုများ၊ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့ကြသည်။

မုန်တိုင်းအဓိကဖြတ်သန်းမည်ဟု ခန့်မှန်းထားသော မောင်တောမြို့နယ်ရှိ ဒေသခံအများစုမှာ မိုး/ဇလမှ ထုတ်ပြန်ကြေငြာထားသည့် တစ်နာရီလေတိုက်နှုန်း မိုင် ၅၀၊ ၆၀ ဆိုသည်မှာ ယင်းတို့အတွက် အလွန်အမင်းစိတ်မပူပန်မိကြောင်း ဒေသခံများက မေ ၁၃ ရက်က ပြောသည်။

မေ ၁၃ ရက်တွင် အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဗဟိုကော်မတီက မေ ၁၄ ရက်မှစ၍ အမ်းမြို့တွင်အခြေစိုက်ကာ အနီးကပ်ကွပ်ကဲမည်ဖြစ်ပြီး တပ်မတော်က ရွှေ့ပြောင်းရေးအတွက် အားလုံးစီစဉ်ထားကြောင်း အစိုးရကသတင်းထုတ်ပြန်သည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က အစိုးရက တစ်ရက်သာကြို၍သတင်းထုတ်ပြန်ခဲ့ပြီး၊ ယခုကဲ့သို့ မုန်တိုင်းသင့်နိုင်သော ဒေသခံများကို ရွှေ့ပြောင်းပေးမှုမျိုးကဲ့သို့ ကြိုတင်ပြင်ဆင်မှုများလည်းမရှိခဲ့ပေ။ ထို့ကြောင့် နာဂစ်နှင့်မဟာစင်တွင် ခြားနားမှုများစွာ ရှိခဲ့သည်။

“အရင်မုန်တိုင်းတွေတုန်းက အခုလိုပွင့်ပွင့်လင်းလင်းချပြခဲ့တာ မရှိဘူး။ ကျေနပ်စရာကောင်းပါတယ်” ဟု စစ်တွေမြို့မှ မြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။

မဟာစင်ကို ဦးထွန်းလွင်နှင့် မိုးဇ/လတို့က မေ ၁၆ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းမည်ဟု ခန့်မှန်းထားသည်။
7Day News Journal

MAHASEN ၏ လမ်းကြောင်း-Landfall-path တောင်ဘက်သို့ ၄၅ မိုင်ခန့် ကျဆင်းလာ


on May 15th, 2013
JTWC မှ မေလ ၁၅ ရက် မြန်မာစံတော်ချိန် နံနက် ဝ၃၃ဝ နာရီ မုန်တိုင်းသတိပေးထုတ်ပြန်ချက်အမှတ်-၁၉ တွင် ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ တောင်-အနောက်တောင်ဘက် ၄၄၃ နော်တီကယ်မိုင်(၅ဝ၉ မိုင်ခန့်) တွင် ဗဟိုပြုနေပြီး အရှေ့မြောက်ဘက်သို့ ၈ နော်တီကယ်မိုင်(တစ်နာရီ ၉ မိုင်) နှုန်းဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။ မုန်တိုင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည့် နေရာမှာလည်း မူလ စစ်တကောင်းမြို့ပေါ်မှ ဖြတ်ကျော်ဝင်ရောက်မည့်လမ်းကြောင်း၏ တောင်ဘက် ၄၅ မိုင်ခန့် – ကော့ဇ်ဘဇားမြို့ မြောက်-အနောက်မြောက်ဘက် ၁၇ မိုင်ခန့်နှုင့် မြန်မာနိုင်ငံ မောင်တောမြို့၏ မြောက်-အနောက်မြောက်ဘက် ၆၆ မိုင်ခန့်သို့ ကျဆင်းလာကြောင်းတွေ့ရပါသည်။ မုန်တိုင်းလမ်းကြောင်း တောင်ဘက်သို့ ရောက်လာလေလေ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်ခြေ များလာလေ ဖြစ်သည်ကို သတိပြုရပါမည်။

ဆိုင်ကလုန်းမုန်တိုင်း MAHASEN မှာ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်မည့် နေ့ရက်နှင့် တဖြည်းဖြည်း ပိုမိုနီးကပ်လာပြီဖြစ်သဖြင့် JTWC ၏ လမ်းကြောင်းခန့်မှန်းမှုမှာလည်း အနည်းငယ်မျှသာ ကွာခြားနိုင်တော့မည်ဖြစ်ပါသည်။ ဤအခြေအနေတွင် မုန်တိုင်း၏ အရွယ်အစား၊ အင်အား၊ ဖြတ်ကျော်ဝင်ရောက်နိုင်မည့် လမ်းကြောင်း အသေးစိတ်၊ ကုန်းတွင်းဝင်ရောက်ပြီးနောက် မုန်တိုင်းအကြွင်းအကျန်များ ဆက်လက်မျောပါရွေ့လျားမည့် ဒေသခန့်မှန်းချက် စသည်တို့အား အတိအကျ ခန့်မှန်းပေးနိုင်ရန်မှာ အရေးကြီးပါသည်။ ဤအချက်အလက်များပေါ် မူတည်၍ မုန်တိုင်းလေပြင်းအန္တရာယ်နှင့် မုန်တိုင်းဒီလှိုင်းရိုက်ခတ်မည့် အန္တရာယ်တို့အပြင် ကုန်းတွင်းမုန်တိုင်းအဆင့်(သို့မဟုတ်)လေဖိအားနည်းရပ်ဝန်းအဆင့်ဖြင့် ဆက်လက်ရွေ့လျားမည့်နေရာများအတွက် မိုးသည်းထန်ပြီး တောင်ကျရေ အရှိန်အဟုန်ဖြင့်စီးဆင်းကာ ရေကြီးမှု အန္တရာယ် ဖြစ်နိုင်ခြေကိုလည်း ကြိုတင်ခန့်မှန်းတွက်ဆနိုင်မည်ဖြစ်ပါသည်။
mmweather.ygn

မျက်မမြင်တွေအတွက် စမာ့တ်ဖုန်း

မစ္စစ် Wilson-Hinds လမ်းပြခွေးရဲ့ နာမည် ဂျော်ဂျီ ကို ဖုန်းအတွက် သုံးလိုက်တာ ဖြစ်ပါတယ်
15 ဇူလိုင်လ 2012
မျက်မမြင်တွေ သွားရေး လာရေးနဲ့ စာဖတ်ဖို့ တို့အတွက် အလွယ်တကူ အသုံးပြုနိုင်မယ့် စမာ့တ်ဖုန်း ဈေးကွက်ထဲ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဂျော်ဂျီ (Gerogie) လို့ ခေါ်တဲ့ ဒီဖုန်းကို တခြား စမာ့တ်ဖုန်းတွေလိုပဲ မျက်နှာပြင်ကို လက်နဲ့ ထိတို့ အမိန့်ပေးလို့ ရသလို၊ ဖုန်းကနေ အသံနဲ့ ပြန်လည် ပြောပြပေးမှာလည်း ဖြစ်ပါ တယ်။

ဒါ့အပြင် မျက်မမြင်တွေ ဘတ်စကား မလွတ်ရအောင်၊ စာဖတ်လို့ ရအောင်နဲ့ တည်နေရာ ရှာဖွေမှုတွေ အတွက်လည်း အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။

အမှန်မှာတော့ (Georgie) ဂျော်ဂျီ ဆိုတာဟာ မျက်မမြင်တွေ အသုံးပြုနိုင်မယ့် ပရိုဂရမ်လေးတွေ အများအပြား ပါဝင်တဲ့ ဆော့ဖ်ဝဲ တခု ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကို ယခု လက်ရှိ Andorid OS သုံး Samsung XCover နဲ့ Galaxy Ace 2 တို့လို စမာ့တ်ဖုန်းတွေထဲမှာ ထည့်သွင်း အသုံးပြုလို့ရပါတယ်။

ဂျော်ဂျီ ဈေးနှုန်း

ဂျော်ဂျီ အသင့်ထည့်ပြီးသား Android စမာ့တ်ဖုန်း တလုံးကို ၂၉၉ ပေါင် နှုန်းနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး၊ ဂျော်ဂျီ ဆော့ဖ်ဝဲ ပဲ သီးသန့် ဝယ်ယူချင်ရင်တော့ ၁၄၉ ပေါင်နဲ့ ဒေါင်းလုပ် ရယူနိုင်ပါတယ်။

ခရီးသွားလာရေး၊ နေ့စဉ်လုပ်ငန်းတွေနဲ့ ဆက်ဆံရေး ကိစ္စရပ်တွေလို တခြား အသုံးပြုနိုင်တဲ့ ပရိုဂရမ်တွေ အတွက် တခုကို ၂၄.၉၉ ပေါင် ပေးရမှာ ဖြစ်ပါတယ်။

မျက်မမြင်အနေနဲ့ အသံနဲ့ ဖုန်းနံပါတ်ကို ပြောထည့်ပြီး ဖုန်းဆက်လို့ ရမှာ ဖြစ်သလို၊ text ပို့ချင်ရင်လည်း အသံနဲ့ ပြောထည့်လို့ ရမှာ ဖြစ်ပါတယ်။

ဒီဖုန်းကို အင်္ဂလန်က ပီတာဘရာ မြို့မှာ ရှိတဲ့ မျက်မမြင် Wilson-Hinds ဇနီးမောင်နှံ ကနေ တီထွင် ထုတ်လုပ် လိုက်တာ ဖြစ်ပါတယ်။

ဒီအတွက် ဖုန်းနာမည်ကို မစ္စစ် Wilson-Hinds ပထမဦးဆုံး အသုံးပြုခဲ့တဲ့ လမ်းပြခွေးရဲ့ နာမည် Georgie ဂျော်ဂျီ ကို အသုံးပြုလိုက်တာ ဖြစ်ပါတယ်။
BBC Burmese

BBG အသံလွှင့်ဘုတ်အဖွဲ့ဝင်သစ် အိုဘားမားအဆိုပြုမည်

12.05.2013
အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက သံအမတ်ဟောင်း Ryan Crocker ကို အမေရိကန်နိုင်ငံရဲ့ BBG အသံလွှင့်ဘုတ် အဖွဲ့ရဲ့ အကြီးအကဲအဖြစ် အဆိုပြုမယ်လို့ ကြေငြာလိုက်ပါတယ်။ BBG အသံလွှင့်ဘုတ်အဖွဲ့ဟာ ဗွီအိုအေ အပါအ၀င် တခြားအစိုးရက ထောက်ပံ့ပေးထား တဲ့ နိုင်ငံတကာသတင်းမီဒီယာ အဖွဲ့တွေကို ကြီးကြပ်ကွပ်ကဲတဲ့အဖွဲ့ဖြစ်ပါတယ်။

သံအမတ်ဟောင်း Crocker ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အဆင့်မြင့်ဆုံး ဂုဏ်ပြုခံရတဲ့ သံတမန်တွေထဲက တဦးဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံခြားရေး ဌာနမှာ ၃၇ ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက်၊ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က အငြိမ်းစားယူခဲ့တာဖြစ်ပါတယ်။
သူဟာ အီရတ်၊ ပါကစ္စတန်၊ ဆီးရီးယား၊ လယ်ဘနွန်နိုင်ငံတွေမှာ သံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ သူနောက်ဆုံး သံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့တာကတော့ အာဖဂန်နစ္စတန်နိုင်ငံမှာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

အသည်းစား သူပုန် ဗီဒီယိုထွက်

14 မေလ 2013
အင်တာနက်တွေ ပေါ်မှာ ပျံ့နှံ့နေတဲ့ ဆီးရီးယား နိုင်ငံက ရရှိတဲ့ ဗီဒီယိုတစ်ခုနဲ့ ပတ်သက်ပြီး ကျယ်ကျယ် ပြန့်ပြန့် ဝေဖန် ပြောဆို တာတွေ ရှိနေ ပါတယ်။

အဲဒီထဲမှာ အစွန်းရောက် အစ္စလာမ်မစ် သူပုန် တပ်မှူးကြီး တစ်ယောက်လို့ ဖော်ပြထားတဲ့ အမျိုးသား တစ်ယောက်က စစ်သားတွေကို ရည်ညွှန်းပြီး သမ္မတ ဘာရှား စစ်ခွေးတွေရဲ့ အသည်းတွေ နှလုံး တွေကို စားပစ်မယ်လို့ ကြုံးဝါး နေတာကို မြင်တွေ့ရပါတယ်။

အစိုးရစစ်သား အလောင်းတလောင်းကို ရင်ခွဲပြီး အသည်းနဲ့ နှလုံးကို ထုတ်၊ ပါးစပ်မှာကိုက်ပြရင်း ကြုံးဝါးနေတာဖြစ်ပါတယ်။

HRW လူ့ အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့က ဒီလို ပြစ်မှုမျိုး လုပ်ဆောင်သူ ဘယ်သူ့ကို မဆို နိုင်င့တကာ တရားရုံးကို လွှဲပြောင်း ပေးသင့်တယ်လို့ ပြောပါတယ်။

ဆီးရီးယား အဓိက အတိုက်အခံ အဖွဲ့ ကလည်း ကျူးလွန်သူကို ရုံးတင် စစ်ဆေးမယ်လို့ ပြောပါတယ်။

အမေရိကန်နဲ့ တခြား နိုင်ငံ တွေက သူပုန်တွေကို လက်နက် ထောက်ပံ့ဖို့ ချိန်ဆ နေတဲ့ အခုလို အချိန်မှာ ဒီဗီဒီယို ထွက်လာတာဟာ အတိုက် အခံတွေ အတွက် နိုင်ငံရေး အရ ထိခိုက် နိုင်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။


နှစ်နှစ်ကျော် ကြာ အကြမ်း ဖက်မှုတွေ ဖြစ်ခဲ့ရာမှာ အခု တွေရတဲ့ ဗီဒီယိုက ထိတ်လန့် စက်ဆုပ် ဖွယ်ရာ အကောင်းဆုံး ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ဖော်ပြပါတယ်။
ဘီဘီစီ

နမ့်ခမ်းမြို့ ပစ်ခတ်မှုဆက်တိုက်ဖြစ်ပွား ရဲ ၂ ဥိး နှင့် အရပ်သား သုံးဦးသေဆုံး

ဗုဒ္ဓဟူးနေ့၊ မေလ 15 ရက် 2013
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်း အမည်မသိလက်နက်ကိုင်အုပ်စုမှ နှစ်ကြိမ် ၀င်ရောက်တိုက်ခိုက်မှုကြောင့်  ရဲတပ်ဖွဲ့ဝင် နှစ်ဦး နှင့် အရပ်သားသုံးဦးသေဆုံးကြောင်း၊ ဒဏ်ရာရှိသူလည်း ၄ ထက်မနည်းကြောင်း နမ့်ခမ်းဒေသခံလူငယ်များက သျှမ်းသံတော် ဆင့်သို့ ပြောသည်။

“နမ့်ခမ်းမြို့ နွမ်းအင်ဂက်စ်ပိုက်လှိုင်းထားတဲ့နေရာနဲ့ အောင်မေတ္တာကွက် နှစ်နေရာမှာဖြစ်တယ်။ တောကျောင်းအထွက်လမ်းပေါ့။ အောင် မေတ္တာရပ်ကွက် ဝိပုရကျောင်းနားလေးက ကွမ်းယာဆိုင်နားမှာပစ် ခတ်မှုဖြစ်တာ ရဲနှစ်ဦး သေဆုံးပြီး  တဦး ဒဏ်ရာရ တယ်။ ပိုက်လုံးပုံနားမှာ ဖြစ်တဲ့ပစ်ခတ်မှု မှာ တော့ ကျောက်မဲ အလုပ်ဆိုဒ်က ကားဆရာနဲ့ ကားပိုင်ရှင် သေဆုံးပြီး ရဲတယောက်နဲ့ အရပ်သား ၃ ယောက်   ဒဏ်ရာရသွားတယ် ” - ဟု သူက ပြောသည် ။

မြို့တွင်းကင်းစောင့်နေသည့် ရဲများသေဆုံးခြင်း ဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားရာ အနီးရှိ စိုင်းအိုက်စိုင်း၏ နေ အိမ်တွင် ကျည်ဆံအမြောက်အများ ထိမှန်မှုရှိ ခဲ့ကြောင်း နမ့်ခမ်းဒေသခံများ အဆိုအရ သိရသည် ။ ထို့အပြင် နမ့်ခမ်းမြို့ နမ့်တီးရွာ ဘောလုံးကွင်းအနီး ပိုက်လိုင်း စုပုံထားသည့် နေရာတွင်လည်း အမည်မသိ လက်နက်ကိုင်တစု ၀င်ရောက်ပစ်ခတ်မှုကြောင့် ပိုက်လုံးတင် ကားဆရာ နှင့် ကားပိုင်ရှင် သေဆုံးပြီး ရဲ တဦးနှင့် အရပ်သားသုံး ဦးဒဏ်ရ ရရှိကြောင်းဆို၏။

လာရောက်ပစ်ခတ်သည့်အဖွဲ့အားလည်း မသိရကြောင်း နမ့်ခမ်းဒေသခံများကပြော၏။ ထို့အတူ သျှမ်းပြည်တပ်မတော် RCSS ကလည်း ၄င်းတို့ လက်ချက်မဟုတ်ဟု သျှမ်းသံတော်ဆင့်သို့ ပြော၏။

ယနေ့နေ့လည်ပိုင်းတွင် မြန်မာစစ်တပ်မှ တင့်ကားများပါဝင်သည့် စစ်ကြောင်းများ လားရှိုးမြို့မှ မူစယ်ဘက်သို့  တက်လာ ကြောင်း မျက်မြင် ကုန်သည်များ ကားဆရာများက သျှမ်းသံတော်ဆင့်သို့ ပြောသည်
သျှမ်းသံတော်ဆင့်

မဟာဆန်နောက်ဆက်တွဲ ဒေါက်တာဦးထွန်းလွင်၏ သုံးသပ် အကြံပြုချက်

မုန်တိုင်း MAHASEN နဲ့ပတ်သက်လို့ အကြံပြုချက်...

(၁၅-၅-၂၀၁၃)နံနက် ၅း၄၅ နာရီအချိန်
လက်ရှိအခြေအနေအရ ပင်လယ်ပြင်ဟာ အန္တရာယ်အကြီးဆုံးဖြစ်နေပါတယ်။ ဒါကြောင့် (၁၆-၅-၂၀၁၃) ရက်နေ့ကစပြီး မြန်မာ့ရေပိုငနက်ပင်လယ်ပြင်အတွင်း ငါးဖမ်းရေယာဉ်တွေ၊ ကုန်သွယ်ကူးသန်းရေယာဉ်တွေဟာ လေပြင်း နဲ့ လှိုင်းအန္တရာယ်ကို အထူးသတိထား သွားလာမောင်းနှင် ကြဖို့လိုပါတယ်။ အရွယ်အစားငယ်တဲ့ ရေယာဉ်များဟာ ကမ်းမှဝေးရာကို သွားခြင်းမှ ရှောင်ရှားကြဖို့ အလွန်အရေးကြီးပါတယ်။ ကုန်းပေါ်ကို လေတိုက်နှုန်း တစ်နာရီ မိုင် ၈၀ မှ မိုင် ၁၀၀နှုန်းလောက် ရှိတဲ့လေဟာ မုန်တိုင်းဒီရေ ၃ ပေမှ ၅ ပေခန့်သာတက်နိုင်ပါတယ်။ တကယ်လို့ အမုန်တိုင်းအ၀င်မှာ အပြောင်းအလဲ ဖြစ်လို့ လေတိုက်နှုန်းဟာ ရုတ်တရက် တစ်နာရီ မိုင်(၁၂၀)အထိ ဖြစ်သွားတာနဲ့ မုန်တိုင်းဒီရေအမြင့်ဟ (၁၂)ပေလောက်ဖြစ်သွားပါ့်မယ်။ အလွန် အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် မုန်တိုင်းသတင်းကို အမြဲနားထောင်ဖို့လိုပါတယ်။

နတ်မြစ်အတွင်းပိုင်းမှာ ရုတ်တရက်ရေကြီးနိုင်တယ်ဆိုတာကိုလည်း ဒေသခံများ မမေ့ကြဖို့ လိုပါတယ်။

Credit to;
ဒေါက်တာထွန်းလွင် (MCCW)
မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး သဘာဘေးများမှ ကင်းဝေးနိုင်ကြပါစေ။
မြန်မာဓိက

အမေရိကန် သံဝန်ထမ်းတစ်ဦး ရုရှားဖမ်းဆီး

US သံဝန်ထမ်း ရုရှဖမ်းဆီး

15.05.2013
CIA အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီအတွက် အလုပ်လုပ်ပေးဖို့ ရုရှားထောက်လှမ်းရေး အရာရှိတစ်ဦးကို ကမ်းလှမ်း ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်သံရုံး ၀န်ထမ်းတစ်ဦးကို နိုင်ငံကနေ အမြန်ထွက်ခွာပေးဖို့ ရုရှားအာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။

ရိုင်ယန် ဖိုဂဲလ် (Ryan Fogle) လို့ခေါ်တဲ့ အမေရိကန် နိုင်ငံသားတစ်ဦးကို ရုရှား ဖယ်ဒရယ် လုံခြုံရေး အဖွဲ့အစည်းက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောပြီး မကြာခင်မှာပဲ မနေ့ အင်္ဂါနေ့မှာ အခုလို ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

ဖိုဂဲလ် ဟာ ရုရှားမှာရှိတဲ့ အမေရိကန်သံရုံးရဲ့ နိုင်ငံရေးဌာန တတိယအတွင်းဝန်အဖြစ် ဆောင်ရွက်နေသလို၊ CIA အတွက် အလုပ်လုပ်နေသူလည်း ဖြစ်တယ်လို့ ရုရှားလုံခြုံရေးအဖွဲ့ FSB က ပြောပါတယ်။

သူ့ကို ဖမ်းဆီးရာမှာ အထူး ပြုလုပ်ထားတဲ့ အဆင့်မြင့် နည်းပညာ ပစ္စည်းတွေ၊ ရုပ်ဖျက်ရာမှာ သုံးတဲ့ ပစ္စည်းတွေ၊ ငွေကြေး အမြောက်အများနဲ့ CIA အတွက် အလုပ်လုပ်ပေးဖို့ ရုရှားအရာရှိထံကို ကမ်းလှမ်းပေးပို့တဲ့ စာတစ်စောင်ကိုပါ သိမ်းဆည်းရမိတယ်လို့ ပြောပါတယ်။

အဲ့ဒီစာထဲမှာတော့ CIA အလုပ်အတွက် စစချင်း ဒေါ်လာ တစ်သိန်း၊ နောက်ပိုင်း ရေရှည် ပူးပေါင်းဆောင်ရွက်မှုအတွက် ဒေါ်လာ တစ်သန်းအထိ ပေးမယ်ဆိုပြီး ရုရှားထောက်လှမ်းရေး အရာရှိထံကို ကမ်းလှမ်း ရေးသားထားတယ်လို့ ရုရှား သတင်းမီဒီယာတွေမှာ ကိုးကားဖော်ပြပါတယ်။

အမေရိကန်သံရုံးမှာရှိတဲ့ အမေရိကန် ၀န်ထမ်းတစ်ဦး ဖမ်းဆီးခံရပြီး၊ နောက်ပြီး ပြန်လွတ်လာတယ် ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူတစ်ဦးက အတည်ပြုပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကို ပြောဖို့တော့ ငြင်းပါတယ်။

ဖိုဂဲလ် ထံမှာ ပစ္စည်းပစ္စယတွေ သိမ်းဆည်းမိတယ်ဆိုတာကို သက်သေပြတဲ့အနေနဲ့ မော်စကို မြေပုံလမ်းညွှန်နဲ့ ဆံပင်တုတွေ အပါအ၀င် ပစ္စည်းပစ္စယအချို့ကို ရိုက်ပြတဲ့ ဓာတ်ပုံတစ်ပုံ ရုရှားအစိုးရပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဖိုဂဲလ် ကို ဖမ်းဆီးထားတယ်ဆိုတဲ့ ပုံမှာလည်း လက်နောက်ပြန်ထားတဲ့ လူတစ်ဦး ခေါင်းငိုက်စိုက် ချထားတဲ့ ပုံကိုလည်း ဖော်ပြပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

မန္တလေး အိုးဘိုအကျဉ်းထောင် မှ အကျဉ်းသားများ ထောင်ပြောင်းရွှေ့

မန္တလေး၊ မေ-၁၄
မန္တလေး အိုးဘိုထောင် ရှိ အကျဉ်းသား(၁၀၀)ဦး ကို ဒီနေ့ နံနက် (၇)နာရီခွဲ အချိန် က မန္တလေး-ရန်ကုန် စာပို့ရထား နဲ့ အတူ အင်းစိန် အကျဉ်းထောင်သို့ ပြောင်းရွှေ့ လိုက်ကြောင်း သတင်းရရှိပါတယ်။

“အဲဒီ အကျဉ်းသား(၁၀၀)ဦး ထဲမှာ ၂၀၀၃ ခုနှစ် လက်ပံ ဘာသာရေး အရေးအခင်း တွင် ပါဝင်သော အကျဉ်းသား (၆) ဦး၊ အောင်ကိုလတ် (ခ) အောင်ကြီး ဇမ္ဗသီရိမြို့  ဈေးဖောက်ခွဲမှု နဲ့ ရန်ရိုဂျန် (လက်နက်မှု) တို့ ပါဝင်ပြီး ကျန်တာတွေက ရိုးရိုးအကျဉ်းသားတွေပါ” လို့ ပြောင်းရွေ့ခံရတဲ့ အကျဉ်းသား တစ်ဦးရဲ့  ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောပါတယ်။

အခုလို ထောင် ပြောင်းခံရတဲ့ အထဲမှာ ပါတဲ့ ကိုအောင်ကိုလတ် ဟာ ထောင်တွင်း နိုင်ငံရေး အကျဉ်းသားများ ရဲ့  စာရင်းတွေ ပြင်ပကို ပေါက်ကြားလို့ ပြောင်းရွှေ့ ခံရတာဖြစ်တယ်။ အောင်အောင်(ခ) အောင်ကြီး ဟာ ထောင်ထဲမှာ ဒေါ်စု ပုံ ပါတဲ့ တီရှပ် ကို အမြဲဝတ်ဆင်ပြီး ချွတ်ခိုင်းလို့ မရတဲ့ အတွက် ထောင်စည်းကမ်း ဖောက်ဖျက်လို့ အပြစ်ပေးတာ ၊ ဇာနည်ငယ် အပါအဝင်(၄)ဦးတို့ ကတော့ ဒုထောင်မှူး တစ်ဦး က အကျဉ်းသား အပ်ငွေများ ကို အလွဲသုံးစား လုပ်တယ် လို့ တိုင်ကြားတဲ့ အပေါ် ထောင်စည်းကမ်းဖောက်ဖျက်မှု လို့ သတ်မှတ်ပြောင်းရွှေ့  ခံရတာဖြစ်နိုင်ကြောင်း မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ယခုလို ထောင်ပြောင်းရွှေ့ ခြင်းပေါ် မြန်မာဓိက က အိုးဘိုထောင်သို့ ဆက်သွယ် မေးမြန်းရာ မနက်(၇)နာရီခွဲ ရထားနဲ့ပြောင်းရွှေ့ လိုက်တာဖြစ်တယ် လို့ အတည်ပြုပြောကြားခဲ့ပြီး အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသား တစ်ဦးမှ မပါဘူး ဟု အိုးဘို အကျဉ်းထောင် တာဝန်ရှိသူ တစ်ဦးက ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဇော်ဇော်
မြန်မာဓိက

ကမ္ဘာကျော် Starbucks ကော်ဖီဆိုင် မြန်မာနိုင်ငံကို ၀င်ရောက်ရန် စိတ်ဝင်စား

15 May 2013
ကမ္ဘာကျော် Starbucks ကော်ဖီက မြန်မာနိုင်ငံကို ၀င်ရောက်ရန် မျက်စိကျနေကြောင်း Starbucks မှ
စီအီးအိုက ထိုင်းနိုင်ငံကို ရောက်ရှိနေစဉ် ပြောကြားလိုက်ကြောင်း နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြချက်အရသိရသည်။

Starbucks စီအီးအိုက မြန်မာနိုင်ငံသို့ လာမည့်နှစ် အနည်းငယ်အတွင်း ၀င်ရောက်ရန် ရည်ရွယ်ထားသည်ဟု
ထိုင်းနိုင်ငံတွင် Starbucks ကော်ဖီဆိုင် တည်ထောင်မှု ၁၅ နှစ်ပြည့်အဖြစ် ကျင်းပသည့်ပွဲတွင် ပြောကြားခဲ့သည်။

၎င်းက တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်လည်း ကော်ဖီဆိုင်ခွဲများစွာ ဖွင့်လှစ်ရန်
ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

၎င်းက နောက်လာမည့် ငါးနှစ်အတွင်း ထိုင်းနိုင်ငံတွင် Starbucks ကော်ဖီဆိုင် အရေအတွက်ကို ယခုထက်
နှစ်ဆဖြစ်သည်အထိ ဖွင့်လှစ်သွားနိုင်ရန် ရည်ရွယ်ထားပြီး အမေရိကန်နိုင်ငံ၏ ပြင်ပတွင် ပထမဆုံး
Starbucks Community Store ကို ထိုင်းနိုင်ငံတွင် ဖွင့်လှစ်မည်ဟု ကြေညာခဲ့သည်။ အဆိုပါ Community
Store ၏ ရည်ရွယ်ချက်မှာ အကျိုးအမြတ်များကို ဒေသခံများလည်း ခံစားရစေရန် မျှဝေမည့်
အစီအစဉ်ဖြစ်ကြောင်း သိရသည်။ 
Eleven Media Group

မောင်တောမှာ ရိုဟင်ဂျာတွေ နေရာပြောင်းရွှေ့ဖို့ ငြင်းဆန်၊ မြေပုံမှာ ရခိုင်တွေ ဆန္ဒပြ

မဟာဆန် ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကနေ ဘေးလွတ်ရာရှောင်ရှားဖို့ ဒေသဆိုင်ရာအာဏာပိုင်တွေက လိုက်လံရွှေ့ပြောင်းပေးနေတာကို မောင်တောဒေသခံ ရိုဟင်ဂျာအများစုက ငြင်းဆန်တာတွေရှိတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက RFA ကို ထုတ်ဖော်ပြောဆိုပါတယ်။

“အဓိကကတော့ UN Agency တွေနဲ့ NGO အဖွဲ့တွေကနေပြီးတာ့ အင်တာနက် သတင်းပေါ်မူတည်ပြီးတော့ မုန်တိုင်းက ဝေးသေးတယ်ဆိုပြီးတော့ သူတို့ကမပြောင်းတာပါခင်ဗျ၊ မုန်တိုင်းအန္တရာယ် ကာကွယ်မယ့် အိမ်ကြီးအိမ်ကောင်းတွေ ဗလီတွေ စာသင်ကျောင်းတွေ ဓမ္မာရုံတွေ ဘုန်းကြီးကျောင်းတွေ အဲဒီနေရာတွေကို မေယုတောင်ကြောရဲ့ တောင်ခြေနဲ့ကပ်တဲ့ ကျေးရွာတွေကို ရွေ့ခိုင်းထားပါတယ်၊ မရွေ့ဘူးလည်း မဟုတ်ဘူး၊ ထုပ်ပိုးပြင်ဆင်ပြီးတော့ အနီးကပ်မှရွေ့မယ်ဆိုတဲ့ သဘောပေါ့”

မုန်တိုင်းဒဏ်ကို အဓိကခံရနိုင်တဲ့ မောင်တောဒေသတောင်ပိုင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည်စခန်း ၄ ခုက အိမ်ထောင်စု ၁၆၃ စုကိုတော့ မေယုတောင်ခြေနားက ကန်သာယာစခန်းနဲ့ ဘုန်းကြီးကျောင်းတွေကို ပို့ဆောင်ပြီးဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှာ လူဦးရေ ၈ သိန်းကျော်ရှိပြီး၊ အဲဒီထဲကရပ်ကွက်/ကျေးရွာအုပ်စု ၄၃ စုမှာ နေထိုင်တဲ့လူဦးရေ တစ်သိန်းခွဲကို မုန်တိုင်းဒဏ်ခံနိုင်မယ့်နေရာတွေကို ပြောင်းရွှေ့ဖို့ အမြန်စီစဉ်နေတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်မှာရှိတဲ့ မူဆလင်ဒုက္ခသည်တွေကို မုန်တိုင်းရှောင်ဖို့အတွက် မြေပုံမြို့ပေါ်မှာရှိတဲ့ စည်ပင်သာယာရေးရုံးကို ပြောင်းရွှေ့မယ့်ကိစ္စနဲ့ ပတ်သက်ပြီး မြို့ခံရခိုင်တိုင်းရင်းသား ၃၀၀ ကျော်လောက်က ဒီကနေ့ နေ့လည်ပိုင်းက မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။

မြို့ပေါ်မှာရှိတဲ့ စည်ပင်ရုံးကို မူဆလင်တွေအတွက် မုန်တိုင်းခိုလှုံမယ့် နေရာအဖြစ် နေရာချထားပေးမယ်ဆိုရင် မြို့ခံရခိုင်လူထုနဲ့ ထပ်မံပြီး ပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့အတွက် အခုလိုသွားရောက်ကန့်ကွက်ရတာဖြစ်တယ် လို့လည်းဆိုပါတယ်။

မူဆလင်တွေကို အခုလို မုန်တိုင်းခိုလှုံမယ့်နေရာအဖြစ် နေရာချထားပေးရေးကိစ္စမှာ မုန်တိုင်းကာလအတွင်းမှာ မသန်စွမ်းတဲ့ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေးနေရာချထားပေးမှာဖြစ်သလို မြို့ပြင်မှာရှိတဲ့ သမဝါယမရုံးနဲ့ ဆောက်လုပ်ရေးရုံးမှာ လုံခြုံရေး အစောင့်အရှောက်တွေနဲ့ ထားရှိသွားဖို့ ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့လည်း သိရပါတယ်။
RFA Burmese

ဆိုင်ကလုန်းမုန်တိုင်း MAHASEN စစ်တကောင်းမြို့ သို့ ဦးတည်လျှက်ရှိ

http://picasion.com/i/1TeFS/
May 14th, 2013
မုန်တိုင်း MAHASEN သည် မေလ ၁၄ ရက် မြန်မာစံတော်ချိန် ၁၈၃ဝ နာရီက အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ အရှေ့ - အရှေ့ မြောက်ဘက် ၄၁၈ မိုင်ခန့် ၊ မြန်မာနိုင်ငံ စစ်တွေမြို့  အနောက်တောင်ဘက် မိုင် ၅၇ဝ ခန့် ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့  အနောက်တောင်ဘက် မိုင် ၆၃ဝ ခန့် တွင် တည်ရှိ နေပြီး လွန်ခဲ့သော ၆ နာရီ အတွင်းက အရှေ့ မြောက်ဘက်သို့  တစ်နာရီ ၈ မိုင်နှုန်းဖြင့် မူလခန့် မှန်းလမ်းကြောင်း အတိုင်း ဆက်လက် ရွေ့လျား ခဲ့ပါသည်။ အရှေ့ မြောက်ဘက်သို့ ကွေ့ ပြီးနောက် မုန်တိုင်း MAHASEN သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ သို့  ဦးတည်ရွေ့ လျားနေပြီး မေလ ၁၇ ရက် မြန်မာ စံတော်ချိန် ညနေ ၁၈၃ဝ နာရီ မတိုင်မီ စစ်တကောင်းမြို့ ပေါ်မှ ကုန်းတွင်းကို ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့် မှန်းထား ပါသည်။
MAHASEN သည် မေလ ၁၆ ရက် ညနေ ၁၈၃ဝ MST(Myanmar STandard Time) တွင် ပိုမို အားကောင်းလာပြီး အဆင့်-၁ (CAT-1) ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့  ရောက်ရှိ လာမည် ဖြစ်ကြောင်း၊ ကုန်းတွင်းသို့  ဖြတ်ကျော်လုနီး အချိန် ညနေ ၁၈၃ဝ MST မတိုင်မီ ရွေ့ လျားမှုနှုန်း မြန်ဆန်လာခြင်းနှင့် Vertical Wind Shear (VWS) မြင့်လာခြင်းကြောင့် အပူပိုင်း မုန်တိုင်း (Tropical Storm – TS) အဆင့်သို့  ပြန်လည် လျော့ကျပြီးမှ ကုန်းတွင်းသို့ ဖြတ်ကျော် ဝင်ရောက်မည် ဖြစ်ကြောင်း JTWC မှ ခန့် မှန်း ထားပါသည်။ TS အဆင့်တွင် မုန်တိုင်းဗဟို၌ လေတိုက်နှုန်း ၅ဝ နော်တီကယ်မိုင် (တစ်နာရီ ၅၈ မိုင်နှုန်းခန့် ) ရှိမည် ဖြစ်ပါသည်။
01B MAHASEN
14 May 2013 1200Z
Location: 14.8 86.2
Winds: 45 knots
Central Pressure: 989 hPa
MMweather Page

ပုဒ်မ ၄၀၁ ကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေစိုးရိမ်(ရုပ်/သံ)

May 14, 2013
ကြွေးကျန် ပုဒ်မ ၄၀၁ နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ထောင်ပြန်ချတဲ့အကြောင်း ရုပ်သံမှတ်တမ်း။
တင်ဆက် မောင်တူး။ ရိုက်ကူး စောဖိုးစီနဲ့ ဆန်နီ

DVB TV News

မိတ္ထီလာ အရေးအခင်းမှာ ဘုန်းကြီးကို သတ်ခဲ့သော တရာခံတဦး၏ ထွက်ဆိုချက်(ရုပ်/သံ)


မိတ္ထီလာ အရေးအခင်းမှာ ဘုန်းကြီးကို သတ်ခဲ့သော တရာခံများထဲမှ ညီညီနိုင် ရဲ. ထွက်ဆိုချက်ဖြစ်ပါတယ်။
FB-Thway Thit Sar

လယ်သမားသမဂ္ဂမှ ပြန်လာသူ လယ်သူမတဦး ဆိုင်ကယ် ကယ်ရီသမား၏ အဓမ္မပြုကျင့်ခံရ

Tuesday, May 14, 2013
ရန်ကုန် (မဇ္ဈိမ)။   ။ တောင်သူလယ်သမား သမဂ္ဂရုံးမှ ပြန်လာသော လယ်သူမတဦးအား ဆိုင်ကယ် ကယ်ရီ သမားက လမ်းခုလတ်အရောက် အဓမ္မပြုကျင့်မှုတခုအား ကျောက်တန်း ရဲစခန်းက မေလ ၁၁ ရက်နေ့တွင် အမှုဖွင့်ပေးထားရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်း၏ မှုခင်းသတင်း မှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၃၁ ရက်နေ့ ည ၇ နာရီအချိန်က ဒေါ်…………(၄၃)နှစ်၊ (လယ်လုပ်၊ ………ကျေးရွာ)မှာ ကျောက်တန်းမြို့ အလယ်ပိုင်းရပ်ကွက်၊ မင်းချောင်းလမ်းရှိ “မြို့နယ် တောင်သူ လယ်သမားသမဂ္ဂရုံး” မှ နေအိမ်သို့ပြန်ရန် လမ်းတွင်တွေ့ရှိသော ထွန်းရွှေ (စုံစမ်းဆဲ၊ နောင်မှ အမည်သိရ)၊ အဒွက်ကျေးရွာ၊ ကျောက်တန်းမြို့နယ် နေသူ၏ ဆိုင်ကယ်အား ၁,၀၀၀ ကျပ်ဖြင့် ငှားရမ်းစီးနင်းခဲ့ကြောင်း မှုခင်းမှတ်တမ်း တွင် ဖော်ပြပါ ရှိသည်။

ထို့နောက် အေးရှားဝေါလမ်း၊ မြိုင်သာယာသင်္ချိုင်းအလွန်တွင် ထွန်းရွှေဆိုသူက ဆိုင်ကယ်ရပ် ပြီး ဒေါ်……..၏ လက်မောင်းအား ဆွဲကာ လမ်းဘေးချုံတစ်ခုထဲသို့ ခေါ်ဆောင်ပြီး မိနစ် ၂၀ ခန့် သားမယားအဖြစ် တကြိမ် ပြုကျင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ထွက်ပြေးခဲ့ရာ ထွန်းရွှေ၏ အမည်နှင့် လိပ်စာအား မေလ ၉ ရက်နေ့တွင် စုံးစမ်း သိရှိခဲ့ရသဖြင့် သားမယားပြုကျင့်ခဲ့သူ ၎င်းအား အရေးယူပေးရန် ပြစ်မှုကျူးလွန်ခံရသူ ကိုယ်တိုင် လာရောက်တိုင်တန်းခဲ့ သဖြင့် ကျောက်တန်းရဲစခန်းက (ပ)၁၅၆/၁၃၊ ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံထားရ သူအား ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese

ပြည်မြို့ ဆရာတော်အား ဓါးဖြင့်ထိုးသွားသော တရားခံသတင်းရ

ဆရာတော် ဦးသောဘိ သက်တော်(၈၂)နှစ် ဓားထိုးခံရမှု အမှတ်(၂)ရဲစခန်းက (ပ)၃၆၄၊ ပုဒ်မ(၃၂၆)ဖြင့် အမှုဖွင့် ပြည်မြို့တွင်မေလ(၁၄)ရက်နေ့က နေ့လည်(၂)နာရီခန့်တွင် ရပ်ဘဲရပ်ကွက်ပွင့်လှ သိမ်ကုန်းနယ်မြေ ပုညရှင် ဓမ္မစေတီ ကျောင်းဆရာတော် ဦးသောဘိ သက်တော်(၈၂)နှစ် ဓားထိုးခံရပြီး တရာခံမှာ ရဲဝင်းဖြစ်သည်ဟု ခွဲစိတ်ခန်းကို မ၀င်ခင် ဆရာတော်က မိန့်ကြားသွားခဲ့ကြောင်းသိရသည်။

တရာခံမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ရဲများက လိုက်လံဖမ်းဆီးနေပြီး အဆိုပါ အမှုကို ရာအိမ်မှုး ဖြစ်သူ ဦးနေ၀င်းက တရားလိုပြု၍ တိုင်ကြားထားပြီး အမှတ်(၂)ရဲစခန်းက (ပ)၃၆၄၊ ပုဒ်မ(၃၂၆)ဖြင့်အမှုဖွင့်ထား ခဲ့သည်။
အဖြူရောင်စာမျက်နှာ

ဂန္ထ၀င် အထူးလူစီးယာဉ် တိမ်းမှောက်မှု

http://picasion.com/i/1Texb/
တောင်ငူ ရန်ကုန် ပြေးဆွဲ နေသော ဂန္ထ၀င် အထူးလူစီး ယဉ် တိမ်းမှောက်မှု.ဖြစ် ရန်ကုန်မှတောင်ငူသို့ပြေးဆွဲနေသောဂန္တဝင်ယဉ်သည်အမြန်လမ်း၁၀၄မိုင်၎ဖာလုံတွင်ယနေ့ နေ့ လည်၃း၃၀ခန့်တွင်တိမ်း မှောက်။ အဖြူရောင်စာမျက်နှာ

Lucky Shoe ဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော်

ရန်ကုန်၊ မေ ၁၄။
လှိုင်သာယာစက်မှုဇုန်(၂)ရှိ Lucky Shoe တွင် အလုပ်သမားများ လစာတိုးပေးရေးအတွက် အလုပ်မပဲ
 ယနေ့ အလုပ်ချိန်တွင်း အလုပ်သမား ဦးရေ (၂၀၀)ခန့် ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း
အလုပ်သမားသမဂ္ဂအဖွဲ့မှ  မတင်ဇာခိုင်က ပြောကြားသည်။

၎င်းတို့ အနေဖြင့် အစိုးရရုံးပိတ်ရက်များတွင် လစာဖြတ်ခြင်း၊ထို့အပြင် ကားခများ၊တစ်ရက်လျက် ငါးရာ
ရရှိသောထောက်ပံကြေးတို့ကို ဖြတ် ကြောင်းနှင့် OTကြေးအနေဖြင့်လည်း တစ်ရက်လျင် ၁၈၀ခန့်သာ
ရရှိကြောင်းထို့ကြောင့် အစိုရရုံးပတ်ရက်များတွင် လစာဖြတ်ခြင်းများ မရှိစေ ရန်နှင့် လစာများကို
တစ်ရက်လျင် ၃၀၀၀ကျပ် ပေးရေအတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း အလုပ်သမားသမဂ္ဂအဖွဲ့မှ ဥက္ကဋ္ဌဒေါ်သင်း သင်းချိုက ပြောကြားသည်။

“ကျွန်မတို့ လစာက အရမ်းနည်းတယ်။OTကြေးအနေနဲ့လည် အပြင်သွားရတာများတော့
မပေးဘူး။အဆင့်တင်တော့လည် အဆင့်မပေးဘူး။ ဖြုတ်ထားတယ်”ဟု သုံးနှစ်ခန့်အလုပ်လုပ်လာသူ မဖြူဖြူကပြောကြားသည်။

ထိုအပြင် ၎င်းတို့သည် ပြေလည်အောင်ဆွေးနွေးမှုများ ဆောင်ရွက်နေကြောင်းနှင့် အဆင်မပြေပါက
ပြေလည်သောနည်းလမ်းများကို ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ယင်းနောက် စက်ရုံသို့တာဝန်ရှိသူများသို့ သွားရောက်မေးမြန်းရာ စက်ရုံးတွင်မရှိကြောင်းသိရသည်။

၎င်းစက်ရုံးတွင် ထိုသို့ဆန္ဒပြသည်မှာ နှစ်ကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်သည် ၂၀၁၂ခုနှစ် မေလတွင်
ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

ပြည်မြို့တွင် ဆရာတော်တစ်ပါး ဓါးထိုးခံရ

ပြည်၊ မေ ၁၄။
ပြည်မြို့ ပွင့်လှသင်ကုန်းရပ် ပုညရှင်ဓမ္မစေတီကျောင်း ဆရာတော် ဦးသောဘိတ သက်တော်(၈၂)နှစ်
ဝါတော်(၅၆)ဝါအား ကိုရဲဝင်း(ခ)ရဲနောင် အသက်(၁၈)နှစ်အဖဦးရွှေဝင်းဆိုသူမှ မေလ(၁၄)ရက်နေ့
မွန်းလွဲ ၁နာရီခွဲအချိန်ခန့်တွင် ဓါးထိုးမှုကျူးလွန်ခဲ့သည်ဟု မြို့မရဲစခန်းသို့ တိုင် ကြားလာကြောင်း
ဒုရဲအုပ်ကိုကိုအောင်ထံမှ သိရသည်။

“ပိုက်ဆံတောင်းတယ်လို့  ပြောတယ်။ မရတော့ ဆရာတော်ကိုဓါးနဲ့ ထိုးပြီး ဖုန်းကိုယူသွားတယ်။ ဆရာတော်က မုဒ်ဦးဝထိတောင် လိုက်နိုင် သေးတယ်။ ပြီးတော့ ရပ်ကွက်ထဲကို ဖမ်းထားကြပါလို့ အော်ပြောတယ်”ဟု
ပွင့်လှသင်ကုန်းရပ်ကွက်နေ ကိုဌေးနိုင်ဆိုသူက ပြောကြားသည်။

ဆရာတော်သည် ဘယ်ဘက်လက်၊ ဝမ်းဗိုက်၊ ကျောကုန်း၊ ညာဘက်ပခုံး၊ ညာဘက်ပါးပြင်တို့တွင် ထိုးသွင်းဒဏ်ရာများရရှိခဲ့ပြီး ပြည်မြို့ ပြည်သူ့ ဆေးရုံကြီးသို့ နေ့လည်(၂)နာရီတွင် ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု
ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ အမှုကို မြို့မရဲစခန်းမှ ပ -၃၆၄/၂၀၁၃ ပုဒ်မ၃၂၆အရ အရေးယူ လက်ခံစစ်ဆေးဆောင်ရွက်ထားပြီး
တရားခံဟုယူဆရသူသည် ထွက် ပြေး တိမ်းရှောင်လျက်ရှိကြောင်း မြို့မရဲစခန်း၏ ပြောကြားချက်အရ သိရသည်။
မောင်ရေခဲ
မြန်မာ့ခေတ်

Press Club of Myanmar၏ ပထမဆုံးအစီအစဉ် သတင်းဓါတ်ပုံပြပွဲ

ရန်ကုန်၊ မေ ၁၄။
ရန်ကုန်မြို့၊သိမ်ဖြူလမ်းနှင့် ၄၄ လမ်းကြား၊ ကုန်သည်လမ်းပေါ်ရှိ Myanmar Media Library တွင် Press Club of Myanmar (PCM) ၏ ပထမဆုံး အစီအစဉ်အဖြစ် သတင်းဓါတ်ပုံပြပွဲအား ကျင်းပပြုလုပ်လျက်ရှိသည်။

“ ဒီနေရာက Myanmar Media Resource Center နေရာပါ။ အဓိကကတော့ စာကြည့်တိုက်အနေနဲ့ လုပ်ထားတာပါ။ နောက်ပြီး ဒီမှာ မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း (MJA)၊ မြန်မာဂျာနယ်လစ်ကွန်ယက် (MJN) စတဲ့ အဖွဲ့တွေက အခါအခွင့်သင့်သလို တွေ့ဆုံပွဲတွေ၊ ဆွေး နွေးပွဲတွေ၊ သင်တန်းတွေလုပ်ဖြစ်တယ်။

ခုနက အဖွဲ့အစည်းတွေမှာပါတဲ့သူတွေကပဲ ပိုပြီးကျယ်ပြန့်အောင်လို့ Press Club ကိုလုပ်ဖြစ်တာပါ။ Press Club မှာ သတင်းမီဒီယာသမားတွေသာမက နယ်ပယ်စုံက ပါဝင်လာအောင် လုပ်တာပါ။ သတင်းသမားဖြစ်ရမယ်လို့ မဟုတ်ဘူး။ နိုင်ငံရေး သမားတွေပါလာမယ်။

စီးပွါးရေးသမားတွေပါမယ်။ စာရေးဆရာတွေပါမယ်။ အဲဒါနဲ့ဒီနေရာမှာ Press Club ဖြစ်မြောက်ရေး ကော်မတီ ဆို ပြီးဖွဲ့လိုက်ကြတယ်။ Press Club ရယ်လို့တော့ အတည်မဖြစ်သေးပါဘူး။ ဒါပေမယ့် Press Club ရဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ လုပ်ရင် ကောင်းမယ်ဆိုပြီး ဒီသတင်းဓါတ်ပုံပြပွဲလေးကို လုပ်ဖြစ်သွားတာပါ။

ဒီပြပွဲပြီးရင်လည်း ဒီပုံတွေကို ထိုင်းနိုင်ငံ၊ ဘန်ကောက်နဲ့ အင်ဒိုနီးရှားနှစ်နေရာလုံးမှာ ပြသဦးမှာပါ” ဟု Press Club ဖြစ်မြောက်ရေး ကော်မတီမှ ဦးသီဟစောက ပြောကြားသည်။

ယင်းသတင်းဓါတ်ပုံပြပွဲတွင် သတင်းဓါတ်ပုံပေါင်း ၅၁ ပုံ ပြသထားပြီး၊ မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပြသသွားမည်ဟုသိရသည်။
မြန်မာ့ခေတ်
ဓါတ်ပုံ - သီဟ

http://picasion.com/i/1TehR/

ပါကစ္စတန် ဝန်ကြီးချုပ်သစ် အိန္ဒိယနှင့် ၎င်းတို့ကြား မယုံကြည်မှုများ ဖြေလျှော့ရန် ကြိုးပမ်းမည်

လာဟိုး၊မေ ၁၄။
ပါကစ္စတန်တွင် ဝန်ကြီးချုပ်အဖြစ် တတိယအကြိမ်မြောက်ရွေးချယ်ခံရသည့် နာဝတ်ဇ်ရာရစ်ဖ်က အိန္ဒိယနိုင်ငံနှင့်ကြာမြင့်စွာ ရှိနေပြီဖြစ်သည့် မယုံကြည်မှုများကို ပြေလျော့ရေးကို ကြိုးစားမည်ဖြစ်ကြောင်း
တနင်္လာနေ့တွင် ပြောကြားသည်။

မစ္စတာရှာရစ်ဖ်က ၎င်းသည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်မန်မိုဟန်ဆင်းနှင့် တနင်္ဂနွေနေ့က ကြာမြင့်စွာ
ဖုန်းဆက်ပြောကြရာ နှစ်ဘက်စလုံးမှ အလည်အပတ်ခရီးလာရောက်ရေးကို ပြောကြားခဲ့ကြောင်း ဆိုသည်။

ဂျာနယ်လစ်များက ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အိန္ဒိယဝန်ကြီးချုပ်ကို ဖိတ်ကြားမည့်
အစီအစဉ်ရှိမရှိမေးမြန်းရာ ဝန်ကြီးချုပ်က ဖိတ်ကြားချင်ကြောင်း ပြောကြားခဲ့သည်။

“သူတို့ဘက်ကလည်း ကြောက်ရွံ့မှုတွေရှိတယ်၊ ကျွန်တော်တို့ဘက်ကလည်း ကြောက်ရွံ့မှုတွေရှိတယ်”ဟု
လာဟိုးမြို့အစွန်ပိုင်းမှ ၎င်း၏ နေအိမ်တွင်ကျင်းပသည့် သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

မစ္စတာရှာရစ်အင်အားကြီးသည့် နေရာ ပန်ဂျပ်ဘ်ပြည်နယ်သည် အိန္ဒိယနယ်တွင်လည်း ၎င်းအမည်နှင့် ပင်
ရှိနေပြီးကြားတွင်နယ်စပ် စည်း ရိုးနှင့် ခြားထားသည်။

ဝန်ကြီးချုပ်သစ်သည် နှစ်နိုင်ငံကြားကုန်သွယ်ရေး ပြုလုပ်လိုနေပြီး နယူးဒေလီ အစိုးရနှင့်
စေ့စပ်ရေးအပြုမှုများ ပြုလုပ်ခဲ့ဖူးသည်။

၁၉၉၉ ခုနှစ်၎င်း၏ ဒုတိယအကြိမ်မြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က လာဟိုး-နယူးဒေလီကြားဘတ်စ်ကား ပြေးဆွဲနိုင်ရေး အတွက် အိန္ဒိယဝန်ကြီးချုပ် အာတယ် ဘက်ဟာရီ ဗေပါယီကို
လက်ခံတွေ့ဆုံရေးလုပ်ဆောင်ရာတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည်။

၎င်းအချိန်သည် ၁၉၄၇ခုနှစ်တွင် တိုက်ခိုက်မှုများဖြစ်ပွားပြီး နိုင်ငံခွဲခဲ့ပြီး ဆယ်စုနှစ်များအတွင်း
စစ်ပွဲသုံးကြိမ်တိုင်တိုင်ဖြစ်ခဲ့ ပြီးနောက် မျှော်လင့်ချက် မြင့်မားခဲ့ရသောအချိန်ဖြစ်သည်။

၁၉၉၉ မေတွင် ပါကစ္စတန်စစ်တပ်အကြီးအကဲ ပါဗက်ဇ် မူရှာရက်ဖ် က ကက်ရှာမီးယားနယ်ဒေသ
အငြင်းပွားနယ်ရှိ နယ်စပ်စည်းကို ကျော် လွန်၍ တပ်များစေလွှတ်ခဲ့ရာမှ နှစ်ဘက်တပ်များ
ပဋိပက္ခအသစ်ဖြစ်ခဲ့သည်။

၎င်းနှစ်အောက်တိုဘာတွင် ရှာရစ်ဖ်နေရာကို မူရှာရတ်ဖ်က သွေးထွက်သံယိုဖြစ်စေခဲ့သည့် အာဏာသိမ်းမှုဖြင့်
အစားထိုးဝင်ရောက်ခဲ့သည်။

၁၄နှစ်ကြာမြင့်ပြီးမှ ပြန်လည်နေရာရရှိသောဝန်ကြီးချုပ် မစ္စတာရှာရစ်ဖ်သည်
နိုင်ငံခြားရေးပေါ်လစီနှင့် လုံခြုံရေးပေါ်လစီများတို့ကို ကြာမြင့်စွာ ထိန်းချုပ်ထားခဲ့သည့် စစ်တပ်နှင့်
ထိပ်တိုက်တွေ့မှုများမြင့်တက်လာနိုင်ကြောင်း စိုးရိမ်မှုများရှိသော်လည်း ၎င်းက စစ်တပ်ကြောင့် မည်သည့်
အခါကမှ ဒုက္ခမရောက်ဖူးဘဲ မူရှာရတ်ဖ်ကြောင့်သာဖြစ်ခဲ့ကြောင်းနှင့် ဝန်ကြီးချုပ်အနေနှင့် စစ်တပ်၊
အရပ်သားအစိုးရနှစ်ခုလုံးသည် လက်တွဲ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

မစ္စတာရှာရစ်ဖ်အနေနှင့်လည်း တာလီဘန်ထကြွမှုနှင့် ဘယ်လူချီစတန်အနောက်နယ်တွင်
တိုက်ခိုက်နေကြသောတစ်သီးပုဂ္ဂလများနှင့် တန င်္လာနေ့က ကွက်တာမြို့တွင်ဖြစ်ပွားခဲ့သည့်
ထရပ်ကားဗုံးပေါက်မှုကို လုပ်ဆောင်ခဲ့သည့် ဆွန်နီအုပ်စု စစ်သွေးကြွများ တရှိန်ထိုး တိုးမြင့် လာမှု
များအပါအဝင် နိုင်ငံ၏ လုံခြုံရေးစိန်ခေါ်မှုများကြောင့် စစ်တပ်၏ ပူးပေါင်းမှု လိုအပ်မည် ဖြစ်သည်။

မစ္စတာရှာရစ်ဖ်က ၎င်း၏ပါကစ္စတန်မူဆင်ပါတီသည် အမျိုးသားလွှတ်တော်နေရာ ၂၇၂ နှစ်နေရာရရှိသော်လည်း၎င်းတို့အစိုးရသည် မဟာ မိတ်များကို ကြိုဆိုနေကြောင်း ပြောကြားသည်။

“ဘယ်ညွန့်ပေါင်းကိုမှ မဆန့်ကျင်ပါဘူး၊ ဒါပေမယ့် အစ္စလာမ္မဘတ်အဖွဲ့ အလိုအရတော့ ကျွန်တော်တို့တွေဟာ
ကိုယ်ပိုင်အစိုးရဖွဲ့ဖို့အတွက် ကျွန်တော်တို့ဟာ ကိုယ့်နေရာမှာ ကိုယ်ရှိပါတယ်၊ ကျွန်တော်တို့နဲ့အမြင်တူတဲ့ဘယ်သူနဲ့မဆို အလုပ်တွဲလုပ်ချင်ပါတယ်” ဟု ၎င်းက ပြောကြား သည်။

ရွေးကောက်ပွဲသည် နိုင်ငံတွင်း ကြာရှည်စွာစစ်တပ်အုပ်ချုပ်လာခဲ့သည့်နိုင်ငံအနေနှင့်
ဒီမိုကရေစီသမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့ပြီး ရွေးကောက်ခံ အစိုးရအဖွဲ့ဟောင်းမှ အစိုးရအဖွဲ့သစ်သို့
ကူးပြောင်းခြင်းလည်း ဖြစ်ခဲ့သည်။
Ref:Reuters
မြန်မာ့ခေတ်

မေလဆန်းမှ စတင်၍ အခြေခံဥပဒေပြင်ဆင်ရေး NDF ပါတီစတင်လုပ်ဆောင်

ဓာတ်ပုံ – NDF
ရန်ကုန်၊ မေ၁၄။
မေလ ၃၀ရက်နေ့အမှီ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ
ပြင်ဆင်ချင်သည့် အချက်အလက်များ အား မေလ ဆန်းမှစတင်၍ တနင်္လာနေ့တိုင်း ဆွေးနွေးမှုများ
ပြုလုပ်လျက်ရှိကြောင်းနှင့် အဆိုပါအချက်အလက်များအား နိုင်ငံတော်သမ္မတထံ တင် ပြသွားမည်ဖြစ်ကြောင်း
ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မြန်မာ့ခေတ်သို့ ပြောကြားသည်။

“ဒီ တရားဥပဒေပါမူကြမ်းနဲ့ ပတ်သက်ပြီး ပြင်ချင်တဲ့အချက်အလက်တွေကို ဆွေးနွေးတာတွေ ဒီလ
တနင်္လာနေ့တိုင်း ဆွေးနွေးမှုလုပ်တာ ဒီ တနင်္လာနဲ့ဆို သုံးပတ်ရှိသွားပါပြီ။ ဒါကို အတတ်နိုင်ဆုံး
ဒီလကုန်အမှီပြီးအောင်လုပ်မှာပါ”ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ အခြေခံဥပဒေပြင်ဆင်မှု မူကြမ်းသည် လက်ရှိအချိန်တွင် အကြမ်းဖျင်းအနေဖြင့် အခန်း ၅ခန်း
ပြီးစီးလျက်ရှိကြောင်း သိရပြီး အခန်း ၁ အား သေချာစိစစ်လျက်ရှိပြီး ဒီမိုကရေစီနှင့် ကိုက်ညီမှုရှိအောင်
ပြုလုပ်သွားမည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက် ပြောကြား သည်။

ယင်းပြင်ဆင်ချက်များနှင့် စပ်လျဉ်း၍ ဇွန်လ ၁၅ရက်နေ့နှင့် ၁၆ရက်များတွင် ကျင်းပရန်ရှိသည့်
ဗဟိုအစည်းအဝေးတွင် နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးအား တင်ပြသွားမည်ဖြစ်ကာ
အဆိုပါဗဟိုအစည်းအဝေးအား သတင်းမီဒီယာများသို့ အသိပေး ပြောကြားသွား မည် ဖြစ်ကြောင်း သိရသည်။
TMA
မြန်မာ့ခေတ်

ပေါက်တောမှာ လှေမှောက်လို့ လူသေကြေမှုများ

ယာယီစ ခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ
14 မေလ 2013
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ မွတ်ဆလင် ဒုက္ခသည်တွေဟာ အခုရက်တွေအတွင်း ကျရောက်နိုင်တဲ့ မဟာဆန် မုန်တိုင်း အန္တရာယ်ကို ရှောင်ဖို့ လှေတွေနဲ့ ရွှေ့ပြောင်းစဉ် လှေမှောက်ပြီး လူ၆၀လောက် သေနိုင်တယ်လို့ ဒေသခံ တယောက်က ဘီဘီစီကိုပြောပါတယ်။

အခုပြောင်းတာဟာ ဒုက္ခသည်တွေရဲ့ အစီအစဉ်နဲ့ ပြောင်းတာဖြစ်ပြီး လှေ၁၀စီးလောက် ပါဝင်တယ်လို့ ဒေသက လာတဲ့သတင်းတွေအရ သိရပါတယ်။

မှောက်တဲ့လှေပေါ်ပါတဲ့ လူအရေအတွက် အတိအကျ မသိရသေးပေမယ့် လူပေါင်းတရာကျော်တယ်လို့လည်း ဒေသခံတချို့ကပြောပါတယ်။ ကမ်းကိုအသက်ရှင် လွတ်မြောက် လာသူတွေကို ရွာတွေက ကယ်ဆယ်ထားပါတယ်။ သေဆုံးသူ အရေအတွက်လည်း ဆက်စုံစမ်းနေဆဲဖြစ်ပါတယ်။

မဟာဆန်မုန်တိုင်းဟာ မေလ ၁၆ရက်ညနေပိုင်းလောက် ကုန်းတွင်းပိုင်းကို ဝင်ရောက်တဲ့အခါ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဘင်္ဂ္လားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် ဒုက္ခသည်စခန်းတွေကနေ အခုချိန်မှာ အာဏာပိုင်တွေကနေ မိုးလုံလေလုံရှိမယ့်နေရာတွေကို ပြောင်းရွှေ့ပေးနေပါတယ်။
BBC Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com