http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နည်းပညာပြပွဲတွင်း အိုင်တီနှင့်ဆက်စပ် ကုမ္ပဏီများ မှ အထူးနှုန်းဖြင့်ေ ရာင်းချမည်

ရန်ကုန် မေ ၉
ရန်ကုန် နည်းပညာပြပွဲတွင် ပါဝင်ပြသမည့် ကုမ္ပဏီများမှ ဈေးလျော့ေ ရာင်းချမည့် အစီအစဉ် ၊ ကံစမ်းမဲအစီအစဉ်များ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် Lenovo Notebook ကွန်ပြူတာ တစ်မျိုးအား ပြပွဲရက် အတွင်းအထူးဈေးဖြင့် ရောင်းချပေးမည်ဖြစ်ပြီး Lenovo ၏ အခြားကွန်ပြူတာ အမျိုးအစားဝယ်ယူသူတိုင်းအတွက် ကျပ်သိန်း ၃၅၀ ကျော်ခဲခြစ်ကံစမ်းမဲများ ကံစမ်းနိုင်မည်ဖြစ်သည်။

KMD ကုမ္ပဏီမှလည်း ကွန်ပြူတာ တံဆိပ်မျိုးစုံ ၊ I phone 5 ၊ Macbook Air ၊ Macbook Pro ၊ iMac ၀ယ်ယူသူများအတွက် အထူးလက်ဆောင်များ ထည့်သွင်းရောင်းချမည်ဖြစ်ကြောင်းသိရသည်။

ထိုပြင် ဂန္ဓမာ ရုံးသုံးစက်လုပ်ငန်း ကုမ္ပဏီ မှလည်း ပြပွဲလာရောက်သူ များအား နေ့စဉ် ညနေ ၃ နာရီတွင် Konica ပရင့်တာ ၄ လုံး ကံစမ်းမဲဖောက်ပေးသွားမည်ဖြစ်သည်။၎င်း နည်းပညာပြပွဲအား မေလ ၂၄ ရက်မှ ၂၆ ရက်ထိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ထက်ထက်မိုးမြင့်
Popular Myanmar News Journal

ပုဒ်မ (၄၀၁)ပယ်ဖျက်ရန်ကြိုးပမ်းသွားမည့်ဟုဆိုသည့် ကိုမြအေးနှင့် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန်၊ မေ ၉။
နိုင်ငံရေးဖြင့် ထောင်ကျဖူးသူ အားလုံးနှင့် သက်ဆိုင်သော အဟန့်အတား ဖြစ်နေသည့် ပုဒ်မ(၄၀၁) အား
ပယ်ဖျက်ပေးရန် ဆောင်ရွက်သွားမည်ဟု ဆိုသော ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ
ကိုမြအေးနှင့် မြန်မာ့ခေတ်မှ တွေ့ဆုံမှုများကို ဖော်ပြလိုက်ပါသည်။

MMA ။      ။ အရင်နိုင်ငံရေးနဲ့ ထောင်ကျပြီး လွတ်လာတဲ့ ကိုနေမျိုးဇင်ကို နောက်ထပ် ပြစ်မှုတစ်ခုနဲ့
ဖမ်းဆီး အရေးယူတဲ့ အခါမှာ ပုဒ်မ(၄၀၁)အရ  အရင်လက်ကျန် အမှုပါ ကျခံစေရမယ်ဆိုပြီး ဖြစ်လာပါတယ်။
အဲ့ဒီအပေါ်မှာ အစ်ကိုတို့ ၈၈ကျောင်းသားတွေရဲ့ သဘောထားကို သိချင်ပါတယ်။

ကျွန်တော်တို့ ကိုယ်တိုင်က ၄၀၁ နဲ့လွတ်ထားတာလေ။ အဲ့ဒီအချိန်က တိုင်းပြည်ကို စစ်အစိုးရ အုပ်ချုပ်တဲ့
အချိန်ဖြစ်တယ်။ ထောင်ကျခြင်းကိုက ဘာပြစ်မှုမှ မရှိဘူး။ သဘောထား ကွဲလွဲလို့ ပုဒ်မတပ်ပီး
ထောင်ချခဲ့တာ ဖြစ်တယ်။ အဲ့ဒါကြောင့် ခုလိုလွတ်လာတဲ့သူကို  ပုဒ်မ၄၀၁နဲ့ ပြန်ပြီး ထောင်ချတယ် ဆိုတာက
တရားနည်းလမ်းနဲ့ ဘယ်ကိုမှ မကိုက်ညီဘူး။ ဘယ်လိုမှ လက်သင့် ခံနိုင်စရာ မရှိဘူး။

MMA ။      ။ အဲ့ဒီလို ဥပဒေတွေကို ဘယ်လိုပြုလုပ်သင့်လဲ။ ပြီးတော့ အဲ့ဒီဥပဒေက ဘယ်သူတွေကို တိုက်ရိုက်ထိခိုက်စေနိုင်လဲ။ အဲ့ဒီဥပဒေတွေကို အစ်ကိုတို့ အနေနဲ့ ဘယ်လိုဖြစ်စေချင်လဲ ဆိုတာလဲသိချင်ပါတယ်ခင်ဗျ။

ဥပဒေ ဆိုတာက ခေတ်နဲ့လျောညီတဲ့ ဥပဒေမျိုး ဖြစ်ရမယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတာက ကိုလိုနီခေတ်က ဥပဒေတွေ ကျန်နေတယ်။ ဖဆပလခေတ်၊ မဆလခေတ၊် နဝတခေတ်၊ နအဖခေတ်က ဥပဒေတွေကော၊ အမိန့်ညွှန်ကြားချက်တွေကော၊ လမ်းညွှန်ချက်တွေကော ရှုပ်ပွပြီး ရှိနေခဲ့တယ်။ အဲ့ဒါတွေကို
ဖြေရှင်းရမှာက လွှတ်တော်က ဖြေရှင်းရမှာ။

MMA ။      ။ ဒီပုဒ်မရဲ့ဆိုးကျိုးက ဘယ်လောက်ထိများ အကျိုးသက်ရောက်သွားနိုင်သလဲခင်ဗျ။

အားလုံး ပါဝင်နိုင်ရေး ဆိုတာကို သမ္မတကြီးက ပြောနေတယ်။ ဒါနိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းတွေနဲ့
ပတ်သက်ပြီး ကျွန်တော်တို့ သုံးသတ်ကြည့်တဲ့ အခါမှာ ဘာတစ်ခုမှ ငြင်းပယ်စရာ မရှိဘူး။ သို့သော်လည်း
မိန့်ခွန်းပြောတာက ပြောတာဘဲ အောက်ခြေမှာ ဖြစ်နေတာတဲ့ ကိုနေမျိုးဇင်လို ကိစ္စမျိုးဆို အလွန်အရုပ်ဆိုး
အကြည်းတန်တယ်။ ဒါဟာ မြန်မာ့ နိုင်ငံရေး တစ်ခုလုံးနဲ့ ပတ်သက်နေတယ်။ ကိုနေမျိုးဇင် တစ်ယောက်တည်းရဲ့ ကိစ္စမဟုတ်တော့ဘူး။ အဲ့တော့ ကျွန်တော်တို့က ပစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ပုဒ်မ ၄၀၁ကို
လက်မှတ်ထိုးထားတာလည်း မရှိဘူး။  အဲ့တော့ ၄၀၁နဲ့ ပတ်သက်ပြီး ဖမ်းတာဆိုရင် လက်သင့် မခံနိုင်ဘူး ။
ပုဒ်မ၄၀၁ကို ပယ်ဖျက်ပေးဖို့ ပြောရတော့မှာဘဲ။

MMA ။      ။ ဒီပုဒ်မက ထောင်ကလွတ်လာတဲ့သူတွေ အတွက် ချမှတ်ထားတဲ့ ဥပဒေဆိုတော့ နိုင်ငံရေးနဲ့
ထောင်ကျပြီး လွတ်လာတဲ့အခါ နိုင်ငံရေး ပြန်လုပ်တဲ့သူတွေအတွက် ချိန်းခြောက်တဲ့ ဥပဒေမျိုးများ
ဖြစ်နေမလားခင်ဗျ။ ပြီးတော့ ထောင်ကထွက်လာပြီး တစ်နှစ်အတွင်းလို့လဲ ကြားတယ်။ အဲ့ဒီဥပဒေက
တစ်နှစ်အတွင်းကန့် သတ်ယုံပဲဖြစ်နေမလား။

တစ်နှစ်အတွင်း မဟုတ်ဘူးဗျ။ ကျွန်တော် ဆိုလိုတာက ဆယ်နှစ် ထောင်ကျတဲ့ အခါမှာ အထဲမှာ
ရှစ်နှစ်ပဲနေပြီး ပြန်လွတ် လာတယ်ဆိုရင် အပြင်နေတဲ့ ကာလအတွင်းမှာ ခလုပ်တိုက်လို့ပဲ ဖြစ်ဖြစ်၊ ရပ်ကွက်ထဲ ရန်ဖြစ်လို့ဘဲ ဖြစ်ဖြစ်၊ ဧည့်စာရင်း စစ်လို့ဘဲဖြစ်ဖြစ် အဖမ်းခံရရင် ပုဒ်မ၄၀၁အရ အဲ့ဒီ ရှစ်နှစ်ကို
ပြန်ခံရမယ်ဆိုတာ မျိုးကြီး ဖြစ်နေတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာက အားလုံး ပါဝင်နိုင်တဲ့ အခွင့်အလမ်းကို ဖမ်းတီးပေးဖို့ ဆိုတဲ့ နေရာမှာ ဒီပုဒ်မ ၄၀၁ သည်လည်း အရမ်းကြီးမားတဲ့ အဟန့်အတားကြီးဘဲ။
အခုချိန်မှာ ဝန်ကြီး ဦးစိုးသိန်း ဦးဆောင်ပြီးတော့ နိုင်ငံရေး အကျဉ်းသား စိစစ်စရေးတွေ၊ လွတ်မြောက်ရေးတွေကို လုပ်ဆောင်နေတဲ့ ကာလမျိုးမှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့
ပုဒ်မ၄၀၁လို ဥပဒေမျိုးကို ပယ်ဖျက်သင့်ပြီ။ ဒီလိုကာလမျိုးနဲ့လည်း ဘယ်လိုမှ မအပ်စပ်ဘူး မလျော်ညီဘူး။

MMA ။      ။ အဲ့ဒီအခါကျတော့ အခု ကိုနေမျိုးဇင်က ပုဒ်မ ၄၀၁နဲ့ အရင်လျော့ပေးလိုက်တဲ့ ထောင်ဒဏ်ကို
ပြန်ခံရမလို ဖြစ်နေပြီဆိုတော့ အစ်ကိုတို့ ၈၈မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ဘယ်လိုမျိုး သဘောထားပြီး
ဆောင်ရွက်မလဲ ဆိုတာကိုလည်း သိချင်ပါတယ်ခင်ဗျ။

ကွန်တော်တို့ အနေနဲ့က ဒီကိစ္စမျိုးကို နိုင်ငံရေးသမား အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စမျိုးလို့ သဘောထားပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထောင်ကျဘူးတဲ့ သူအားလုံးနဲ့ သက်ဆိုင်နေတဲ့အတွက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဆောင်ရွက်ပေးမှာကတော့ ဒီပုဒ်မ ၄၀၁ကို ပယ်ဖျက်ပေးဖို့ ဘဲဖြစ်ပါတယ် ဟုဖြေကြားသွားသည်။
အောင်သိုက်
မြန်မာ့ခေတ်

ဗြဟ္မစိုရ်လူမှုကူညီရေးအခမဲ့ဆေးခန်းကို အိန္ဒိယနိုင်ငံက ဆရာဝန်ကြီးတွေ လာရောက်ကုသပေး

မန္တလေး၊ မေ-၉
မန္တလေးမြို့က ဗြဟ္မစိုရ်လူမှုကူညီရေး အခမဲ့ဆေးခန်းမှာ အိန္ဒိယနိုင်ငံမှ ဆရာဝန်ကြီးတွေ လာရောက်ပြီး အခမဲ့ ဆွေးနွေးကုသပေးနေတယ်လို့ သိရပါတယ်။

အဆိုပါဆေးကုသမှုကို မေ ၈ ရက်၊ မနက် ၇ နာရီက စတင်ပြုပေးနေတာဖြစ်ပြီး ဒီနေ့တစ်ရက်ပဲ ကုသမှုပြုလုပ် ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးကုသမှုဆောင်ရွက်ပေးရာမှာ အိန္ဒိယနိုင်ငံက နှလုံးနဲ့ ရင်ခေါင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးတွေ၊ ဆီးနဲ့ကျောက်ကပ် အထူးကုဆရာကြီးတွေ၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတွေ ပါဝင်တယ်လို့ သိရပါတယ်။

“လူနာကတော့ တစ်ရာကျော်လောက်လာပါတယ်၊ စစ်ဆေးတာ ဆေးပေးတာတွေ လုပ်ပေးပါတယ်၊ ခွဲစိတ်ဖို့လိုတဲ့လူနာတွေကိုတော့ အိန္ဒိယနိုင်ငံဆေးရုံ (Fortist) ကို လာဖို့ ညွှန်ကြားသွားတယ်” လို့ ဒေါက်တာ ဦးကိုကိုလေးက ပြောပါတယ်။

“နိုင်ငံခြားကပါရဂူတွေနဲ့ ချိတ်ဆက်ပြီး ကုသပေးဖို့အစီအစဉ်ရှိလားဆိုတာကတော့ အခု ဒီဗြဟ္မစိုရ်ဆေး ခန်းက အထောက်အကူပစ္စည်းနည်းသေးတယ်၊ ခွဲစိတ်ဖို့အတွက် အခက်အခဲရှိတယ် ” လို့ သူက ဆက်လက် ပြောပါတယ်။

ဗြဟ္မစိုရ်ဆေးခန်းကို ၂၂.၈.၂၀၀၉ မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စနေ၊ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ တစ်လကို ခန့်မှန်း လူနာဦးရေ ၄၀၀၀ နဲ့ ၇၀၀၀ အကြား လာရောက်ကုသမှုခံယူလျက်ရှိတယ်လို့သိရတယ်။

“ဖွင့်စကနေ စပြီးတော့ နှစ်နှစ်တိတိ စာအုပ်ဖိုး ၂၀၀ ပဲ ယူပါတယ်၊ နောက် လူဦးရေများလာတော့ ဓာတ်မှန်ရိုက်တာအတွက် ပိုက်ဆံယူပါတယ်၊ အပြင်ကဈေးထက်တော့ သက်သာပါတယ်။ အရေးပေါ်ဖြစ်ခဲ့တဲ့ လူနာတွေကတော့ ပြည်သူ့ဆေးရုံကြီး သွားပေါ့ဗျာ၊ဒီမှာကတော့ အထောက်အကူပစ္စည်းတွေ လိုအပ်နေသေး တယ်။ အဲဒါတွေထပ်ဖြည့်ဖို့ အစဉ်တွေရှိပါတယ်လို့ ဆေးခန်းတာဝန်ခံ ဒေါက်တာဦးကိုကိုလေးကပြောပါတယ်။
ကျော်စိုးလင်း
 မြန်မာဓိက

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ထောင်ဒဏ်(၆)နှစ် ချမှတ်ခြင်းကြောင့် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် မေးခွန်းထုတ်

Thursday, 09 May 2013



ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပါ အခန်း ၂၉ ပါ ပုဒ်မ ၄၀၁။ (၃)၏ ဖော်ပြချက်

ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား ပုဒ်မ ၄၀၁ အရ ထောင်ဒဏ်ခြောက်နှစ် ချမှတ်မှုအပေါ် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကို အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများက မေးခွန်းထုတ်မှုများ ရှိနေသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးရာ၌ ထည့်သွင်းခဲ့သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၄၀၁) ကို အစိုးရမှ ယခုလို အသက်သွင်းလာသည့်အပေါ် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေနိုင်သည့် လုပ်ရပ်အဖြစ် နိုင်ငံရေး လှုပ်ရှားသူများက သုံးသပ်နေခြင်း ဖြစ်သည်။

မြန်မာလူမှုဘ၀ ဖွံ့ဖြိုးရေး ကွန်ရက်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ရဲဝန်ထမ်းများအား အသရေဖျက်မှု ပုဒ်မ (၅၀၀) ဖြင့် ဒဏ်ငွေနှစ်သောင်း ပေးဆောင်ရန် ပန်းတနော် တရားရုံးက မေ ၂ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီး ၎င်းကပေးဆောင်ရန် ငြင်းဆန်ခဲ့သောကြောင့် ထောင်ဒဏ်သုံးလ ပြစ်ဒဏ်ကို ပြောင်းလဲချမှတ်ခဲ့ပြီး ယင်းနေ့တွင်ပင် မအူပင်ထောင်သို့ ပို့ဆောင်ခဲ့သည်။

ထို့နောက် ဦးနေမျိုးဇင်ဘက်မှ ဆွေမျိုးများက မေ ၇ ရက်တွင် ပန်းတနော် တရားရုံးသို့ ဒဏ်ငွေကျပ်နှစ်သောင်း သွားရောက်ပေးဆောင် ခဲ့သောကြောင့် တရားရုံးမှ လွှတ်ဝရမ်း ထုတ်ပေးခဲ့သော်လည်း မအူပင်ထောင်သို့ သွားရောက်ထုတ်ယူရာတွင် အကျဉ်းထောင် တာဝန်ရှိသူများက နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေမျိုးဇင်ကို လွှတ်ပေးစဉ်က ပုဒ်မ ၄၀၁ ဖြင့် လွှတ်ပေးခဲ့သည့်အတွက် ယခုပြစ်မှု ထပ်ပေါ်လာသောကြောင့် ယခင်ပြစ်မှု ကြွေးကျန်ထောင်ဒဏ် ခြောက်နှစ်ကို ပြည်ထဲရေးဝန်ကြီးက ထပ်မံချမှတ်လိုက်သည့်အတွက် လွှတ်ပေးရန် မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။ ၂၀၁၂ ခုနှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ဇန်န၀ါရီ ၁၃ ရက်တွင် အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံရလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ ထင်ရှားသော နိုင်ငံရေး အကျဉ်းသားများဖြစ်သော သရက်ထောင်တွင် အကျဉ်းကျခံနေရသည့် ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုပြုံးချိုနှင့် ကိုဌေးကြွယ်၊ မြင်းခြံ အကျဉ်းထောင်မှ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးတို့ ပါဝင်ခဲ့ကာ ဦးနေမျိုးဇင်သည်လည်း ယင်းအသုတ်တွင်ပင် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။

ယင်းအချိန် ကတည်းကပင် ပုဒ်မ (၄၀၁) နှင့် လွှတ်သည့်အပေါ်တွင် နိုင်ငံရေး လှုပ်ရှားသူများက ဝေဖန်မှုများ ရှိခဲ့သော်လည်း နောက်ပိုင်းကာလများတွင် ယင်းပုဒ်မဖြင့် အရေးယူမှုများ မရှိခဲ့သည့်အတွက် ယင်းဝေဖန်မှုများ တိတ်ဆိတ်သွားခဲ့သည်။

သို့သော် ၂၀၁၃ ခုနှစ် မဟာသင်္ကြန် ကာလမတိုင်မီ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်အား ပြည်ထဲရေးဝန်ကြီး ကိုယ်စားလှယ်အဖွဲ့မှ အောင်သပြေ စစ်ကြောရေးစခန်းတွင် ခေါ်ယူတွေ့ဆုံမှုများ ပြုလုပ်ခဲ့သေးသည်။

ထို့နောက် ၂၀၁၂ ခုနှစ်အတွင်း နောက်ထပ်လွတ်ငြိမ်းချမ်းသာမှု လေးကြိမ်နှင့် ၂၀၁၃ ဧပြီလအတွင်း လွတ်ငြိမ်းချမ်းသာခွင့်များတွင်လည်း နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခဲ့ပြီး ယင်းတို့ကိုလည်း ပုဒ်မ ၄၀၁ (၁)ဖြင့်ပင် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီမိုကရေစီစနစ်ကို ကူးပြောင်းမည် ဆိုပါက နိုင်ငံရေး အကျဉ်းသားဆိုသည်မှာ လုံးဝမရှိသင့်တော့ဘဲ လွှတ်ပေးပါကလည်း ခြွင်းချက်မရှိ လွှတ်ပေးခြင်းမျိုးကိုသာ ပြုလုပ်သင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများက သုံးသပ်သည်။

ထောင်ဒဏ် ၆၅ နှစ် ကျခံရပြီး နှစ် ၃၀ အထိ လျှော့ချခံခဲ့ရပြီး ၂၆ နှစ် အလိုတွင် ထောင်မှလွတ်လာခဲ့သော ၈၈ မျိုးဆက်အဖွဲ့မှ ကိုဂျင်မီက "ဒါဟာ အတူတူလွတ်ခဲ့တဲ့သူ အားလုံးကို သွယ်ဝိုက်ခြိမ်းခြောက် လိုက်တာပဲ။ နိုင်ငံတကာ အမြင်မှာကျတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုပြီး နာမည်ယူထားပြီး တစ်ဖက်မှာကျတော့ နှောင်ကြိုးတွေနဲ့ ချည်နှောင်ထားတာမျိုးကတော့ မဖြစ်သင့်ဘူး" ဟု ပြောသည်။

ယခင် အကြိမ်များက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သူများကိုလည်း ယင်းပုဒ်မဖြင့်ပင် လွှတ်ပေးခဲ့ပြီး နောက်တစ်ကြိမ် ပြန်လည်ဖမ်းဆီးမှုများ ပြုလုပ်ရာတွင် ကြွေးကျန်ပြစ်ဒဏ်များနှင့် ပူးပေါင်းအမိန့်ချမှုများ ရှိခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ကို ထောင်ထဲကနေ နိုင်ငံတော်သမ္မတက လွှတ်ပေးလိုက်တယ် ဆိုကတည်းက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်။ တူတာတွေကို တွဲလုပ်မယ်လို့ ပြောပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာတာပေါ့လေ။ အဲလိုလွတ်လာပေမယ့် ပြစ်မှုကြွေးကျန်တွေနဲ့ လွတ်လာတာပေါ့။ ပြစ်မှုကြွေးကျန်နဲ့ လွတ်လာပြီးတော့ အခုလက်ရှိ ဒီမိုကရေစီ လှုပ်ရှားဆောင်ရွက်မှုမှာ ဥပဒေချိုးဖောက်တယ် ဆိုပြီး ပြန်လည်အဖမ်းခံရပြီးတော့မှ ကျန်တဲ့ပြစ်မှု ကြွေးကျန်ကို ပြန်လည်ခံစားစေလို့ ပြောလိုက်တာဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ပါးစပ်ကပြောပေမယ့် လက်တွေ့မှာ အကောင်အထည်ဖော်မှု အားနည်းတယ်ဆိုတာကို ပြလိုက်တာပဲ" ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးဇော်သက်ထွေးက ပြောသည်။

"ဒီဥပဒေကို ပယ်ဖျက်ပြီးတော့ မြောင်းထဲသာ လွှင့်ပစ်လိုက်တော့။ မတရားတဲ့ ဥပဒေလေ။ ကိုလိုနီခေတ် ကတည်းက အစိုးရအတွက် တစ်ဖက်သားကို ချည်နှောင်ထားတဲ့ ဥပဒေလေ။ ကျွန်တော်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ဆို အဲဒီလူတွေကို သိလည်းမသိဘူး။ ဒါပေမဲ့ ထောင် ၉၃ နှစ် ချတယ်။ အပြစ်မရှိဘဲ ထောင်ချတယ်။ လွတ်လာတော့လည်း ကြွေးကျန်ဆိုတာ ရှိနေတယ်။ အဲဒါ မမျှတဘူး။ ကျွန်တော်တို့ အခုအခြေအနေက ဓားသွားထက်ထက်ပေါ်မှာ လမ်းလျှောက်နေရတဲ့ အတိုင်းပဲလေ။ ထစ်ခနဲဆို ထိသွားမှာပေါ့။ ကျွန်တော်တို့လည်း သူတို့မကျေနပ်ရင် ဒီတိုင်းပဲ ပုဒ်မ ၁၇ (၁) နဲ့ပဲလေ။ ငြိမ်းချမ်းရေး ယူတယ်။ ဟိုလူတွေကလည်း ယုံကြည်လို့ခေါ်တယ်။ သွားတယ်။ ဘာဖြစ်လဲ ကြားဝင်ပြီး ပြေလည်အောင် လုပ်ပေးတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေး တည်ဆောက်မှုလည်း အခုအားလုံးကို ခေါ်လာပြီးတော့ စကားပြောကြတာပဲ။ မှားလို့ကတော့ ထိပြီ။ တိုင်းပြည်ပြန်လည် တည်ဆောက်နေချိန်မှာ ဒါမျိုးတွေ မရှိသင့်တော့ဘူး" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောသည်။

၁၉၈၉ ခုနှစ်ကတည်းက နိုင်ငံရေး ပြစ်မှုနှင့် ထောင်ကျခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင်ကလည်း "ကျွန်တော်ဆိုရင် လက်မှတ်မထိုးခဲ့ဘူး။ ဖတ်ပြတဲ့ အခါမှာလည်း နားကိုပိတ်ထားတယ်။ အရပ်စကားနဲ့ ပြောရရင် အကျဉ်းသားတွေလွှတ်တာ နွားကို ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့ သဘောမျိုး ဖြစ်နေတယ်။ ကျွန်တော်တို့ လိုချင်တာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပါ။ အခုလို လွှတ်နေတိုင်း အခုဗိုလ်ကြီးနေမျိုးဇင်လိုမျိုး ထောင်ကျနေကြရဦးမှာပဲ။ ဒီအစိုးရ မဟုတ်ဘဲ နောက်အစိုးရဆိုရင်လည်း အကျဉ်းသားတွေကို ပုဒ်မ ၄၀၁ နဲ့ လွှတ်နေသရွေ့၊ တစ်ပိုင်းတစ်စ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးနေသမျှ ကာလပတ်လုံး ဒီလိုပြဿနာတွေ ဆက်ဖြစ်နေဦးမှာပဲ" ဟု ပြောသည်။

"ဒါဟာ အစိုးရအဖွဲ့အနေနဲ့ ၂၀၁၁ ခုနှစ်ကတည်းကစပြီး လွှတ်ပေးလိုက်တဲ့သူတွေ အားလုံးကို သတိပေးလိုက်တဲ့ သဘောပါပဲ။ အချိန်မရွေး တစ်ခုခုဖြစ်လို့ တရားစွဲရင် ကြွေးကျန်ပြစ်ဒဏ်တွေကို ပြန်လည်ချမှတ်လို့ ရတယ်ဆိုတာကို ထုတ်ပြန်လိုက်တဲ့ သဘောပဲလို့ ကျွန်တော်မြင်ပါတယ်။ သမ္မတကြီးအနေနဲ့ ပုဒ်မ ၄၀၁ ထဲမှာပဲ ပြစ်မှုကြွေးကျန် လုံးဝမထားဘဲ လွှတ်ပေးလို့ ရတယ်ဆိုတဲ့အချက် ပါပါတယ်။ ဒါကို လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး အဖွဲ့ကိုလည်း တင်ပြထားပါတယ်" ဟု နိုင်ငံရေး အကျဉ်းသားများ အဖွဲ့ချုပ်မှ ကိုရဲအောင်က ပြောသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၁ (၁) တွင် ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက် မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်း ခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုခုထား၍ဖြစ်စေ ၎င်းအပေါ် ချမှတ်သည့် ပြစ်ဒဏ် အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည်၊ သို့မဟုတ် ၎င်းကိုစီရင်သည့် ပြစ်ဒဏ်အားလုံး၊ သို့မဟုတ် အစိတ်အပိုင်း တစ်စုံတစ်ရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်" ဟု ဖော်ပြထားသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၁ (၃) တွင်မူ "ပြစ်ဒဏ်တစ်ရပ်ကို ဆိုင်းငံ့ထားရန်၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးရန် ထားရှိသည့် စည်းကမ်းချက် တစ်စုံတစ်ရာနှင့် ပြည့်စုံခြင်း မရှိဟု နိုင်ငံတော်သမ္မတက သဘောရရှိလျှင် နိုင်ငံတော်သမ္မတသည် ဆိုင်းငံ့ထားသည့် အမိန့်၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့် ပေးသည့် အမိန့်ကို ဖျက်သိမ်းနိုင်သည်။ ယင်းကဲ့သို့ ဖျက်သိမ်းလိုက်သည့်အခါ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားခြင်း၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့် ပေးခြင်းခံရသူသည် လွတ်နေပါက မည်သည့်ရဲအရာရှိကမဆို ၀ရမ်းမပါဘဲ ဖမ်းဆီးပြီး ပြစ်ဒဏ်မှ မစေ့မကုန်သေးသည့် ကျန်ရှိသေးသော ပြစ်ဒဏ်အပိုင်းကို ကျခံစေရန်အတွက် အကျဉ်းချထားခွင့်ရှိသည်" ဟု ဖော်ပြထားသည်။

ယခုကဲ့သို့ ပုဒ်မ ၄၀၁ (၃) အရ အရေးယူမှုသည် ချွင်းချက်ဖြင့် နိုင်ငံရေးအကျဉ်းသား အများစုကို လွတ်ငြိမ်းချမ်းသာခွင့် ပြုရာတွင် ပါဝင်လွတ်မြောက်ခဲ့သော ၈၈ မျိုးဆက် အပါအ၀င် နိုင်ငံရေးသမား အများအပြားသည် လက်ရှိအခြေအနေအရ ထောင်ပြန်ကျခံနိုင်ရဖွယ် အနေအထားဖြစ်နေသည်ဟု သုံးသပ်နေကြသည်။
Eleven Media Group

သာကေတမြို့နယ် ငါးကွေ့မှတ်တိုင်တွင် ကွန်တိန်နာတင်ယာဉ်နှစ်စီး တိုက်မိ

Thursday, 09 May 2013

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ၅ ရပ်ကွက်၊ ၅ ကွေ့မှတ်တိုင်၊ ရှုခင်းသာ မြို့ပတ်လမ်းမပေါ်တွင် မေလ ၉ ရက်နံနက် ၄ နာရီ ၃၀ မိနစ် ၀န်းကျင်က ကွန်တိန်နာယာဉ်နှစ်စီး တိုက်မိမှု ဖြစ်ပွားရာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒေါပုံမြို့နယ်ဘက်မှ သန်လျင်တံတားဘက်သို့ ရှုခင်းသာ မြို့ပတ်လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် ယာဉ်အမှတ် ၁စ/၂၃၇၆ ကွန်တိန်နာတင်ယာဉ်သည် ရှုခင်းသာ အိမ်ယာရှေ့ရှိ ငါးကွေ့မှတ်တိုင် အရောက်တွင် မော်တော်ယာဉ်ငယ် တစ်စီးအား ရှောင်လိုက်ရာတွင် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ၂က/၂၁၅၂ ကွန်တိန်နာတင်ယာဉ်ဖြင့် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။



"လေးနာရီခွဲလောက်က ၀ုန်းကနဲ အသံကြားလို့ ထကြည့်တော့ အခုလို ယာဉ်နှစ်စီးတိုက်တာ တွေ့ရတယ်။ ခေါင်းကြေသွားတဲ့ မော်တော်ယာဉ်ပေါ်က သူတစ်ဦးတော့ ဒဏ်ရာရသွားလို့ ဆေးရုံကို တက္ကစီနဲ့ပို့တာ မြင်လိုက်ရတယ်။ လူသေတာတော့ မရှိပါဘူး" ဟု အနီးတွင် ကွမ်းယာရောင်းချသူ အမျိုးသား တစ်ဦးက ပြောသည်။

"ဘေးမှာရှိတဲ့ ကားငယ်ကို ရှောင်ရင်း ဟိုဘက်ကလာတဲ့ ကွန်တိန်နာနဲ့ တိုက်မိတာ။ မျက်နှာချင်းဆိုင် တိုက်တာမဟုတ်ဘူး။ ဟိုဘက်ကကားရဲ့ နောက်ကြည့်မှန်နဲ့ ကွန်တိန်နာပုံးကို တိုက်မိတာ" ဟု ဖြစ်စဉ်အနီးတွင်ရှိသည့် တက္ကစီယာဉ်မောင်း တစ်ဦးက ပြောသည်။
Eleven Media Group

အမေရိကားဖျော်ဖြေရေးခရီးစဉ်သို့ အနုပညာရှင်များထွက်ခွာ

ရုပ်ရှင်၊ဂီတ၊သဘင်မှ အနုပညာရှင်များဖြစ်ကြသော ခိုင်သင်းကြည်၊ မန္ထလေးသိန်းဇော်၊ စိန်ဝင်းထွန်း၊ ဖိုးကာ၊ နိုင်ဇော် တို့သည် ရက်ပေါင်း ၄၀ ကြာမြင့်မည်ဖြစ်သော အမေရိကားဖျော်ဖြေရေးခရီးစဉ်သို့ ယနေ့ မေလ ၉ ရက် နံနက် ၁၀ နာရီခွဲ တရုတ်လေကြောင်းလိုင်းဖြင့် တိုင်ပေကိုထွက်ခွာသွားခဲ့ပြီး တိုင်ပေမှတစ်ဆင့် အမေရိကားသို့ ခရီးဆက်မည်ဖြစ်သည်။ အဆိုပါ အနုပညာရှင်အဖွဲ့သည် ဇွန်လ ၁၅ ရက်နေ့၌ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။
ထက်လူလူ
Popular Journal




သတိထား.....

FB-Miraculous Master For English Language

အင်ဒိုနီးရှားရဲနဲ့ ပစ်ခတ်မှုအတွင်း သံရုံးတိုက်ခိုက်ဖို့ ကြံစည်သူအဖြစ် သံသယရှိသူ ၃ ဦးသေဆုံး

အင်ဒိုနီးရှား စစ်သွေးကြွတွေနဲ့ ပစ်ခတ်မှု
08.05.2013
အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြိုးပမ်းသူတွေလို့ သံသယရှိသူတွေကို နောက်ထပ် လိုက်လံဖမ်းဆီးရင်း လုံခြုံရေး အာဏာပိုင်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားရာက စစ်သွေးကြွ ၃ ယောက် သေဆုံးသွားပြီး အနည်းဆုံး တဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

ဂျာဗားခရိုင်အနောက်ဖက် Cigondewah ကျေးရွာမှာ သံသယရှိသူတွေ ပုန်းအောင်းနေတဲ့ နေအိမ်တလုံးကို အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်တွေ နာရီအတော်ကြာ ၀ိုင်းဝန်းထားပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာက သေဆုံးခဲ့တာလို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ တီမူရာ ပရာဒိုပို (Timur Pradopo) က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ၄ လကြာ ငှားရမ်းထားတဲ့ အိမ်ထဲမှာရှိနေကြတဲ့ လက်နက်ကိုင် စစ်သွေးကြွတွေဖက်က ခုခံမှုတွေ ရှိခဲ့ရာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစောပိုင်းမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ကြောင်းလည်း အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

အင်ဒိုနီးရှား ဒေသခံသတင်းတွေမှာတော့ လုံခြုံရေး အာဏာပိုင်တွေ ၀ိုင်းထားတဲ့ နေအိမ်ကနေ ထွက်ပြေးဖို့ ကြိုးပမ်းကြတဲ့ စစ်သွေးကြွတွေကို လိုက်လံဖမ်းဆီးရင်း ပစ်ခတ်ရာက သေဆုံးခဲ့တာလို့လည်း ဖော်ပြနေကြတာပါ။ အနည်းဆုံး နောက်ထပ်လူတဦးကို အရှင်ဖမ်းမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်သူတွေအဖြစ် သံသယရှိသူ ၂ ယောက်ကို အင်ဒိုနီးရှား လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဂျာကာတာမြို့တော်မှာ မော်တော်ဆိုင်ကယ် တစင်းနဲ့ သွားနေတုန်း ဖမ်းဆီးမိခဲ့တာပါ။ သူတို့ ၂ ဦးထံက လက်လုပ်ဗုံးတွေ အပါအ၀င် ဖောက်ခွဲရေး ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ သံသယရှိသူတွေကို အာဏာပိုင်တွေက လိုက်လံရှာဖွေ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အင်ဒိုနီးရှား နိုင်ငံမှာ ဖျော်ဖြေဖို့စီစဉ်ထားတဲ့ နာမည်ကျော် AeroSmith အဖွဲ့ရဲ့ စင်တင်ဂီတပွဲကိုလည်း ဖျက်လိုက်တဲ့အကြောင်း ဒီသီတင်းပတ်ထဲမှာပဲ ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံမှာ လူအများအပြား ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့ မကြာသေးခင်တုန်းက ပဋိပက္ခတွေအတွင်း မူဆလင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတာကို လက်တုန့်ပြန်ဖို့ ရည်ရွယ်ပြီး အစွန်းရောက်သူတွေက တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာလို့လည်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ကပြောပါတယ်။ မကြာသေးခင်နှစ်တွေကစလို့ မြန်မာနိုင်ငံက ပဋိပက္ခတွေအပေါ် မကျေနပ်သူ အင်ဒိုနီးရှား မူဆလင်အစွန်းရောက်တွေက မြန်မာအစိုးရရဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်ထားပြီး ဂျေဟတ် ဘာသာရေးစစ်ပွဲ ဆင်နွှဲဖို့ လှုံ့ဆော်တိုက်တွန်းမှုတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ဆုံး သေဆုံးသွားသူတွေနဲ့ ဖမ်းဆီးမိသူတွေဟာ သံရုံးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ဆက်နွယ်မှု ရှိမရှိ စစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

မလေးရှား အတိုက်အခံ ဆန္ဒပြ

ရွေးကောက်ပွဲ ရလဒ် အငြင်းပွားမှုမှ စတင်
9 မေလ 2013
မလေးရှား ရွေးကောက်ပွဲဟာ မဲမသမာ မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မလေးရှား အတိုက်အခံ ကို ထောက်ခံသူ အများအပြား စုဝေး ဆန္ဒပြနေ ကြပါတယ်။ ရဲအဖွဲ့က ဆန္ဒပြမှု ဟာ တရားဥပဒေနဲ့ မညီဘူးလို့ ဆိုတဲ့ ကြားက အာဏာဖီဆန်ပြီး ဆန္ဒပြ ကန့်ကွက် ကြပါတယ်။

အတိုက်အခံခေါင်းဆောင် အန်နဝါ အီဘရာဟင်မ် က အခုဆန္ဒပြပွဲကို ဆော်သြခဲ့တာ ဖြစ်ပါတယ်။ သူ့အဆို မဲခိုးမှုနဲ့ ဝန်ကြီးချုပ် နာဂျစ် ရာဇတ် အနိုင်ရပြီးတဲ့ နောက်မှာ အခုလို ဆန္ဒပြဖို့ ဆော်သြခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ နာဂျစ် ဦးဆောင်တဲ့ အမျိုးသားတပ်ဦး ညွန့်ပေါင်းက လွှတ်တော် နေရာ ၂၂၂ နေရာ အနက်မှာ ၁၃၃ နေရာမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အမျိုးသားတပ်ဦးညွန့်ပေါင်းရခဲ့တဲ့ ရလဒ်ထဲမှာတော့ အခုရလဒ်ဟာ နှစ်ပေါင်း ၅ဝ အတွင်းမှာ အဆိုးဆုံး ရလဒ် ဖြစ်ပါတယ်။

အမျိုးသား တပ်ဦး ညွန့်ပေါင်း အနေနဲ့ နေရာ အများစု အနိုင်ရ ခဲ့ပေမယ့် လွှတ်တော်တွင်း ၃ ပုံ ၂ ပုံအများစုနေရာကိုတော့ ပြည့်မီအောင် အနိုင်မရခဲ့ပါဘူး။ ဒီလို ၃ ပုံ ၂ပုံ မပြည့်မီတာ ဒါဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

အမျိုးသား တပ်ဦး ညွန့်ပေါင်း အစိုးရ ဘက်ကတော့ မဲမသမာမှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆန်ပါတယ်။

ဆန္ဒပြသူ အရေအတွက်ဟာ ၄ သောင်း ကျော်ရှိပြီး အများစုဟာ ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ဝတ်စုံနက် ဝတ်ဆင် ထားကြပါတယ်။

ဆန္ဒပြသူတွေဟာ အားကစားရုံအတွင်းမှာ ဆန္ဒပြဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် အားကစားရုံ ထဲကနေ အပြင်ဘက်မှာ လူအများအပြား လျှံထွက်နေပါတယ်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် ကာလ ကတည်းက မဲပေးသူတွေ မဲ နှစ်ခါ မပေးနိုင် အောင် အမှတ်အသား ပြုတဲ့ မင်တွေကို ချက်ချင်း ဖျက်လို့ ရတဲ့ အတွက် မဲမသမာမှု တွေ ရှိနိုင်တယ်လို့ မဲပေးသူတွေ ဘက်က စွပ်စွဲခဲ့ကြတာဖြစ်ပါတယ်။

လူထု အစည်းအဝေးကို အားကစားရုံ ထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီလိုပြုလုပ်တာကို ရဲက ကန့်ကွက် ဟန့်တားခွင့် မရှိပါဘူး။ လူများပြီး အားကစား ကွင်းထဲက ပိုလျှံထွက် လာတာကိုလည်း ရဲက ဟန့်တားခွင့်မရှိပါဘူး။

ဒါပေမဲ့ အဲသလို လူတွေ လျှံထွက်လာအောင် ကျဉ်းတဲ့ အခန်းကို အတိုက်အခံ ခေါင်းဆောင် အန်နဝါအီဘရာဟင်မ်က ရွေးချယ်ခဲ့တယ်လို့ အစိုးရဘက်က စွပ်စွဲနေပါတယ်။
BBC Burmese

စွန့်ပစ်ပစ္စည်းများ အသုံးပြု လူသုံးကုန်ပစ္စည်းများ တီထွင် ထုတ်လုပ်

မန္တလေး ၊ မေ ၈ ။
စွန့်ပစ်ထားတဲ့ ကော်ဖီမစ်အိတ်ခွံများ၊ပလပ်စတစ်ဘူးခွံများ၊အအေးပိုက်များ အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက် ပြုလုပ်ထားတဲ့ ပစ္စည်းများကို စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာက မင်းဧကရီ အိမ်တွင်း စက်မှုလက်မှု သင်တန်း ကျောင်းမှာ တွေ့ခဲ့ရပါတယ်။

"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် အဓိကရည်ရွယ်ပြီး လုပ်ခဲ့တာပါ။ ဒီ ပလပ်စတစ်တွေက မြေထဲမြှုပ်ရင်လည်း မြေဆီလွှာထိခိုက်တယ်၊ရေထဲချရင်လည်း ရေ သတ္တဝါတွေထိခိုက်တယ်။ မီးရှို့ရင်လည်း အငွေ့တွေ ရှုမိတဲ့ လူတွေ အတွက် ဆိုကျိုးရှိ တယ်။ဒီလိုအဖက်ဖက်က စဉ်းစားကြည့်ရင်း တွေးရင်းနဲ့ပဲ ကော်ဖီမစ်အိတ်ခွံတွေနဲ့ စလင်းဘက်အိတ်ထိုးဖို့ စိတ်ကူးရခဲ့တယ်။

မင်းကွန်းမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေ၊ အအေးဆိုင်တွေကနေ ကော်ဖီမစ်အိတ်ခွံတွေ၊ အအေးပိုက်တွေ စုထားပေးဖို့ အကူအ ညီတောင်းပြီး အဲဒီကရတဲ့ ပလပ်စတစ်စွန့်ပစ်ပစ္စည်းတွေနဲ့ စလင်းဘက်အိတ်တို့၊ရေ သန့်ဗူးထည့်တဲ့အိတ်တို့၊ ဖျာတို့ကို ပြုလုပ်ခဲ့တာပါ"လို့ အရောင်းတာဝန်ခံ မယဉ်ယဉ်ထွန်းကပြောပါတယ်။

ပထမဆုံးစပြီး ထိုးခဲ့တဲ့ စလင်းဘက်အိတ်ကို ကော်ဖီမစ် အိတ်ခွံပေါင်း (၆၃၆)လုံး နဲ့ပြုလုပ်ခဲ့ပြီး ဟော်လန်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် တစ်ဦး က အမေရိကန်ဒေါ်လာ (၁၀၀) ပေးကာ ဝယ်ယူသွားကြောင်းသိခဲ့ရပါတယ်။အလားတူ စွန့်ပစ် ပစ္စည်းကော်ဖီမစ် အိတ်ဖြင့် ပြုလုပ်ထားတဲ့ဖျာကိုလည်း ပိုလန်နိုင်ငံက ဝယ်ယူရန်အမှာရှိကြောင်းသိရပါတယ်။
ခင်ဘုန်းဝေဇော်
မြန်မာဓိက

ကျောက်ဆည် ဝေဘူဆရာတော်ဘုရားကြီးပုံတူ ရုပ်တုတော်မှ ဦးခေါင်းတော်ပျောက်ဆုံး

ကျောက်ဆည်၊ မေ-၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဝေဘူတောင်ရှိ ကျေးဇူးရှင် ပထမဝေဘူဆရာတော်ဘုရား ကြီး၏ ပုံတူ ရုပ်တုတော်ကြီး ဦးခေါင်းပိုင်းမှာ ဧပြီလ ပထမပတ်အကုန်ခန့်က ပျောက်ဆုံးသွားကြောင်းသိရပါ တယ်။ အဆိုပါ ရုပ်တုတော်မှာ ဝေဘူတောင်ခါးပန်းရှိ ဝေဘူချောင် ဓမ္မဂူတွင် ယခင်က ပူဇော်ထားခဲ့ရာမှ ယခု ကဲ့သို့ ခိုးယူခံရပြီး ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။

“ဒီ ဝေဘူတောင်က လူအသွားအလာနည်းတယ်၊ တရားအားထုတ်တဲ့သူတွေ၊ ဥပုသ်စောင့်တဲ့သူတွေ လောက်ပဲ လာတတ်တယ်၊ သမီးရည်းစားစုံတွဲတချို့လည်း လာတတ်တယ်၊ ငယ်ရွယ်သူတွေအဖို့တော့ ဒီလို သာသနာ့နယ်မြေမှာ အနေအထိုင် ဆင်ခြင်သင့်တယ်၊ အခုလို ဦးခေါင်းတော်ပျောက်ဆုံးသွားတာ ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်နေရတယ်၊ အရင်ရက်ပိုင်းတွေက မြို့ရွာတချို့မှာ ပဋိပက္ခတွေရှိနေတော့ မလိုလားအပ် တာတွေဖြစ်မှာစိုးလို့ပါ” လို့ ဝေဘူတောင်တွင် စိမ်းလန်းစိုပြေရေးနှင့် ဝေယျာဝစ္စများ ဆောင်ရွက်ကြသော အဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ ဝေဘူရိပ် လူထုကွန်ယက်က ကဗျာဆရာ တင်လတ်ကိုက မြန်မာဓိကကို ပြောပါတယ်။

ပထမဝေဘူဆရာတော်ဘုရားကြီး၏ ပုံတူရုပ်တုတော်ကို အင်္ဂတေပလာစတာနဲ့ ထုလုပ်ထားတာဖြစ်ပြီး ဥာဏ်တော် ၂ ပေ မြင့်ကြောင်းသိရပါတယ်။

ဝေဘူဆရာတော်လောင်းလျာကို ခမည်းတော်ဦးလှဖေ၊ မယ်တော်ဒေါ်ကြင်နုတို့မှ ၁၂၅၇ တပေါင်းလ ဆန်း ၆ ရက်၊ တနင်္လာနေ့၊ နံနက် ၄ နာရီတိတိမှာ မီးရှူးသန့်စင်ခဲ့ပါတယ်။

၁၂၇၇တွင် မြင့်မြတ်သော ရဟန်း အဖြစ်သို့ရောက်ရှိတော်မူပြီး ရဟန်းဘ၀တွင် ဓူတင် ၁၃ ပါးကို အားထုတ်တော်မူကြောင်း သိရှိရပါတယ်။

 ကျေးဇူးရှင်ဝေဘူဆရာတော်ကြီးဟာ မြန်မာသာမက ကမ္ဘာကပင် ကြည်ညိုကြရပြီး ဝိပဿနာတရားကို အားထုတ်တော်မူလို့ ရဟန်းကိစ္စပြီးမြောက် ခဲ့တဲ့ အရှင်မြတ်အဖြစ် အစဉ်အဆက်မှတ်ယူကြရတဲ့ သာသနာ့အာဇာနည်တစ်ပါးဖြစ်ပါတယ်။
ဒိုးလေး(ကျောက်ဆည်)
မြန်မာဓိက

အထောက်အကူပြုသင်တန်း ရန်ကုန်မြို့ အမေရိကန်သံရုံးရှိ (American Centre) တွင်ဖွင့်မည်

အသွင်ကူးပြောင်းရေးကာလ လူထုကိုယ်စားပြု အစိုးရတစ်ရပ်ပေါ်ထွန်းလာနိုင်ရေး နိုင်ငံသားတိုင်း၏ ပူးပေါင်းပါဝင်မှု မြှင့်တင်နိုင်ရေး အထောက်အကူပြုသင်တန်းတစ်ခု ရန်ကုန်မြို့ အမေရိကန်သံရုံးရှိ (American Centre) တွင်ဖွင့်လှစ်မည်

မန္တလေး၊ မေ ၈-၂၀၁၃
မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလ လူထုကိုယ်စားပြု အစိုးရတစ်ရပ်ပေါ်ထွန်းလာနိုင်ရေးအတွက်
နိုင်ငံသားတိုင်း၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု မြှင့်တင်ရေး အထောက်အကူပြုသင်တန်းအမှတ်စဉ်(၃) ကို
လာမည့် ဂျူလိုင်လ(၂၂)ရက်နေ့မှာ စတင်ဖွင့်လှစ့်မည်ဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာလ(၂၈)ရက်နေ့ထိ ရက်သတ္တ ၅-ပတ် ကြာမြင့်မှာဖြစ်ကြောင်း၊ဒီသင်တန်းမှာ သင်တန်းခွဲ(၅)မျိုး ခွဲခြားသတ်မှတ်ထားကြောင်း အလားတူသင်တန်း အမှတ်စဉ်(၁)မှာ ၃-လအကြာ တက်ရောက်ခဲ့ဘူးပြီး “ရဲရင့်နှလုံးသား လူမှုဖွံ့ဖြိုးရေးအသင်း” အခမဲ့ပညာရေးသင်တန်းတစ်ခု တည်ထောင်ဆောင်ရွက်နေသူ ၊ “ကလေးချစ်သူများကွန်ရက်” အဖွဲ့ဝင် မန္တလေးသား ကိုတင်ထွန်းအောင်မှ “မြန်မာဓိက”ကိုပြောပြပါတယ်။

ဒီသင်တန်းမှာ သင်ကြားပေးမည့် သင်တန်း(၅)မျိုးမှာ…

(၁) ပဋိပက္ခကို အသွင်ကူးပြောင်းခြင်း (Conflict Transformation)
(၂) ဒီမိုကရေစီစနစ်တွင် ရပိုင်ခွင့်များတောင်းဆိုခြင်း (Advocacy in Democracy)
(၃) ထူးခြားဖြစ်စဉ်များဆိုင်ရာ အင်္ဂလိပ်စာသင်တန်း (English for Special Purposes)
(၄) ဖက်ဒရယ်ပြည်ထောင်စုရေးရာ (Federalism)
(၅) ပွင့်လင်းမြင်သာရှိမှု(Transparency)

မြန်မာနိုင်ငံရှိ နိုင်ငံရေး ပါတီများ၊ အလုပ်သမားလှုပ်ရှားမှုများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများတွင်ပါဝင်လှုပ်ရှားနေသော မြန်မာနိုင်ငံသား ခေါင်းဆောင်များ၊အဖွဲ့ဝင်များကို အဓိကရည်ရွယ် သင်ကြားပေးမှာဖြစ်ကြောင်း၊ သင်တန်းအားလုံးအတွက် သင်တန်းကြေးမယူ အခမဲ့သင်ကြားပေးမှာဖြစ်ပြီး ရန်ကုန်တိုင်းပြင်ပ အခြားမြို့နယ်များမှ သင်တန်းတက်ရောက်လိုသူ သင်တန်းသားများသာ သင်တန်းမှ သတ်မှတ်ထားသော ထောက်ပံ့ကြေးကို လူဦးရေ အကန်အသတ်ဖြင့် ရရှိနိုင်ကြောင်း မန္တလေးသားမိတ်ဆွေမှ ဖြည့်စွက်ပြောကြားပါတယ်။ သင်တန်းနှင့် ပတ်သက်၍ သိရှိလိုသမျှကို iPACE@state.gov အီးမေလ်ပေးပို့၍ စုံစမ်းနိုင်ပြီး သင်တန်းလျှောက်လွှာများကို အချက်အလက်ပြည့်စုံစွာ ဖြည့်စွက်ဖေါ်ပြပြီး လျှောက်လွှာများကို American Center ၏ လုံခြုံရေးရုံးခန်းရှိ “iPACE Applications Box” တွင်ထည့်၍ သော်လည်းကောင်း (သို့မဟုတ်) လျှောက်လွှာ (Soft copy) ကို iPACE@state.gov အီးမေးလ် လိပ်စာသို့လည်းကောင်း
၂၄ မေလ ၂၀၁၃-ခုနှစ် ညသန်းခေါင်ယံ ၁၂း၀၀နာရီအချိန် နောက်ဆုံးထားပေးပို့ လျှောက်ထားရမည် ဖြစ်ကြောင်း သိရှိရပါသည်။ ။
s.m.Aunng
မြန်မာဓိက

တံတားဦးမြို့ ဘေးလုံပရိယတ္တိစာသင်တိုက်တွင် သံဃာတော်များ အစာအဆိပ်သင့်မှုဖြစ်ပွား

တံတားဦး၊ မေ-၈
မေလ ၈ ရက်နေ့က တံတားဦးမြို့မှာ အစာအဆိပ်သင့်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ၄င်းနေ့ နံနက် ၅ နာရီ အချိန်ခန့်က“ဘေးလုံ ပရိယတ္တိစာသင်တိုက်”တွင် နံနက်အရုဏ်ဆွမ်း ဘုန်းပေး ပြီး ၄၅ မိနစ်ခန့်အကြာတွင် သံဃာအချို့ မူးဝေခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်ပွားခဲ့သည့် အတွက် တံတားဦးမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ရကြောင်း သိရပါတယ်။ အဆိုပါဖြစ်ရပ်တွင် ကိုရင်(၁၂) ပါး၊ ဦးဇင်း(၁)ပါး၊ လူ(၃)ဦးတို့ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာလို့ သိရတယ်။ မေ ၈ ရက်နေ့ အဆိုပါကျောင်းတိုက်တွင် နံနက်အရုဏ်ဆွမ်းကို တံတားဦးမြို့ပေါ်ရှိ အလှူ့ရှင် မိသားစုမှ ရှင်ပြုအလှူတော်မင်္ဂလာဆွမ်းဆက်ကပ်ပွဲအဖြစ် ကြက်သားဒန်ပေါက်ဆွမ်းကပ်ခဲ့ပြီး ဘုန်းပေးသည့်သံဃာ အပါး ၅၀ ကျော်အနက် သံဃာအချို့နှင့် လူအချို့ အခုလို အစာအဆိပ်သင့်မှု ဖြစ်ပွားတာလို့ သိရပါတယ်။ မြို့နယ်ဆေးရုံတာဝန်ကျ လက်ထောက်ဆရာဝန် တစ်ဦးက ဒါဟာ အစာအဆိပ်သင့်တာပါလို့ မြန်မာဓိကကို ပြောပါတယ်။

"ကျောင်းကသံဃာတွေက အရုဏ်ဆွမ်းဘုန်းပေးပြီး ဆွမ်းခံထွက်တော့ ဆွမ်းတန်းကိုပြီးအောင် မလိုက်နိုင်ဘဲ လမ်းတစ်ဝက်မှာပဲ ကျောင်းကို ပြန်လာကြရပြီး မူးတဲ့ကိုယ်တော်က မူးဝေလို့၊ အန်တဲ့ ကိုယ်တော်က အန်နေကြပြီ၊ ကိုယ်တော်တချို့မှာ ဝမ်းသွားကုန်တယ်၊ အဲဒီကျမှပဲ အကုန်လုံးက ထိတ်ထိတ်ပြာပြာဖြစ်ပြီး ကိုယ်တော်တွေကိုဆေးရုံပို့ကြတယ်၊ ဆေးရုံရောက်တော့မှ ဒေါက်တာမက ဒါဟာအစာအဆိပ်သင့်တာလို့ ပြောတယ်'' လို့ ဘေးလုံကျောင်းမှ စာချကိုယ်တော် အရှင်တေဇက မိန့်ပါတယ်။ “အလှူကကျွေးတာတော့ ကြက်သားဒံပေါက်၊ ပလောကြော်၊ ချဉ်ရည်ဟင်းပါ၊ ကျမတို့က နေ့ပိုင်းစားတာတော့ ဘာမှမဖြစ်ပါဘူး”လို့ တော်ဝင်ကွမ်းဆိုင်ပိုင်ရှင်က မြန်မာဓိကကို ပြောပါတယ်။

လူနာများကို အချိန်မီ ဆေးရုံတင်ပို့ခဲ့ပြီး ဆေးရုံတာဝန်ရှိသူများက အနီးကပ်စောင့်ရှောက် ကုသမှုကြောင့် လူနာအချို့သက်သာပြီး ဆေးရုံမှာ လူနာအချို့သာကျန်ရှိကြောင်း သိရပါတယ်။ “အခု စိုးရိမ်စရာ မရှိတော့ပါဘူး၊ ဆလိုင်းပုလင်းလည်း ချိတ်ပြီးပြီ၊ ဆရာဝန်ကြီးက စိတ်ချအောင် ၂၄ နာရီ စောင့် ကြည့်ချင်လို့ ကိုရင် ၇ ပါးနဲ့ ဧည့်သည် ၃ ယောက်ပဲ ဆေးရုံမှာကျန်တယ်၊ မနက်ဖန်ဆို ဆင်းရမှာပါ” လို့ ဘေးလုံဆရာတော်ကြီး ဦးပညာသာရက မြန်မာဓိကသို့ မိန့်ပါတယ်။
ဟိန်းထက်အောင်
မြန်မာဓိက

မန္တလေးမှာ မိုးရွာပြီး စ ၊ မီးထလောင်

မန္တလေး ၊ မေ ၈
(၈-၅-၁၃) ညနေ (၄း၃၀) နာရီ ခွဲခန့် က မန္တလေးမြို့ ၊ သိပ္ပံလမ်း နှင့် ၆၁လမ်း ထောင့် ၊ K T V ဖွင့်လှစ်ရန် ဆောက်လုပ်ပြင်ဆင်ဆဲ အဆောက်အဦမှာ မီးလောင်မှု ဖြစ်ပွား ခဲ့ပါတယ်။ ဖြစ်ပွားပုံမှာ ဆောက်လုပ်မှု လုပ်ငန်းခွင် အတွင်း သံဂေဟေ ဆော်ရာ မွေ့ယာပေါ်သို့ ကျရောက်ရာက လောင်ကျွမ်းခြင်း ဖြစ်တယ် လို့ သိရပါတယ်။ သံဂဟေ ဆော်သူ ဟာ ဒီအဆောက်အဦ က ညစောင့် ဖြစ်သူ ရဲ့ ညီ တော်စပ်သူ ဖြစ်တယ် လို့ သိရပါတယ်။

" မီးခိုးတွေက လုံးတက်ပြီး မည်းနေတာပဲ ၊ ကျွန်တော်တို့ ကားဆို မီးထိုးမောင်းတာတောင် ကောင်းကောင်း မမြင်ရဘူး " လို့ စည်ပင်ဌာနပိုင် မီးသတ်ယာဉ် မှ မီးသတ်ရဲဘော် တစ်ဦးမှ ပြောပါတယ်။

" ကျွန်တော်က ဒီဘက်တိုက်က ညစောင့်ပါ။ နေ့ ည တော့ သူတို့ အလုပ်လုပ်နေတာပဲ၊ ကေတီဗွီ ဖွင့်ဖို့ ပြင်ဆင်နေတာ ၊ ကျွန်တော် လ္ဘက်ရည်ဆိုင် ထိုင်နေတုန်း မီးလောင်တယ် ဆိုလို့ ပြေးလာတာ၊ လောင်တာက လှိုက်လောင်တာ၊ ဆောက်လုပ်ဆဲ ဆိုတော့ သစ်တို ၊သစ်စ တွေ ကြောင့် လောင်နေတဲ့ မီးက အလျား လိုက်ကြီး ဆက်တိုက်လောင်ကုန်တာ .. " လို့ အနီးက တိုက်အိမ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

မန္တလေးမှာ မိုးရွာပြီး မကြာခင် လောင်ခဲ့တဲ့ မီး ဖြစ်ပြီး ခြံဝင်းကျယ်ထဲမှာရှိတဲ့ အယ်လ်(L) ပုံသဏ္ဍာန် အဆောက်အဦ တခုတည်း လှိုက်လောင်ခဲ့တာ မို့ အခြားအိမ်များသို့ ကူးစက်ခြင်း မရှိပါဘူး။

မီးလောင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက ဆက်လက် စုံစမ်း အရေးယူသွားမည် ဖြစ်ကြောင်းသိရသည် 
မြန်မာဓိက သတင်းအဖွဲ

အသုံးမဝင်သေးဘူး အသုံးမကျသေးဘူး အသုံးမတည့် သေးဘူး

PR စနစ်ကို ပြတ်ပြတ်သားသား ပယ်ချလိုက်သော
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးဝင်းတင်နှင့်တွေ့ဆုံခြင်း



မေး ။ ။ အချိုးကျရွေးကောက်ခံမှု ဏျွ စနစ်ကို အခုဆိုရင် ကျွန်တော်တို့ ဆီမှာ အပြောများလာကြတယ်။ ဒါပေမဲ့ အများစုက သိပ်နားမလည်ကြသေးဘူးဆိုတော့ PR စနစ်ကို လူထုအလွယ် ဆုံးနားလည်နိုင်မယ့်အကြောင်းက ဘယ်လိုမျိုးဖြစ်မလဲ ခင်ဗျ။

ဖြေ။ ။ ဒီအကြောင်းတရားတွေကတော့ ရှင်းပြနေရင်အများကြီးပေါ့နော်။ ကျွန် တော်ပြောချင်တာကတော့ PR စနစ်က တိုင်းပြည်အတွက် မသင့်တော်သေးဘူးလို့ပြောချင်တယ်။

မေး။ ။ ဘာကြောင့် မသင့်တော်သေးတာလဲခင်ဗျ။

ဖြေ။ ။ ဘာကြောင့် မသင့်တော်သေးတာလဲဆိုတော့ PR စနစ်ဆိုတာ ဒီမိုကရေစီကို အလွန်နားလည်ကြတဲ့ သူတွေ၊ ဒီမိုကရေစီနဲ့ပတ်သက်လို့ မဲ ပေးတာပြုတာ၊ ဆန္ဒပေးတာတွေလည်းတတ်ကြပြီး လူတွေမှာလည်း နိုင်ငံရေးအယူအဆတွေအမျိုးမျိုးရှိပြီး ဒီအယူအဆတွေကိုလည်း နားလည်ပြီးလုပ်ကြတာ။ အဲဒီလိုအဖွဲ့အစည်းတွေ ဆိုရင် ကိစ္စမရှိဘူး။ အခုက ပါတီတွေများတယ်ဆိုတာ ကိုယ့်ဘာသာကို ကိုယ်ပိုင်ပါတီတွေထောင်နေကြတာ။ ကိုယ်ဘာသာ ကိုယ်ပိုင်အယူအ ဆတွေနဲ့ လုပ်နေကြတာ။ နိုင်ငံရေးအယူအဆကျတော့ ခိုင်ခိုင်မာမာရှိကြတာမဟုတ်ဘူး။

မေး။ ။ PR စနစ်ဆိုတာကို နားလည် အောင်ရှင်းပြပါဦးခင်ဗျ။

ဖြေ။ ။ PR စနစ်ဆိုတာ ပါတီပြိုင်တာပဲဗျာ။ ပါတီနာမည်နဲ့ပြိုင်တာ။ ပါတီကို မဲပေးလို့ ဥပမာ ရှမ်းပြည်မှာ ၁ဝ မဲရမယ်။ မန္တလေးတိုင်းမှာ ၁ဝ မဲရမယ်။ မကွေး တိုင်းမှာ ၁ဝ မဲရမယ်။ မဲ ၃ဝ ရ မယ်။ (သတ်မှတ်ချက်က) ၂၅ မဲရရင် အမတ် တစ်ယောက်ဆိုခင်ဗျား ၃ ပြည်နယ်( ရှမ်း၊ မန္တလေး၊ မကွေး)က မဲတွေပေါင်းပြီး ခင်ဗျား အမတ်တစ်နေရာ ရမှာပဲ။ ဒီလို ဟာမျိုးနဲ့လုပ်တာ။ ဆိုလိုတာကတော့ ကိုယ်ပိုင်ပါတီလေးတွေ (အမတ်နေရာ) ရအောင်ဆိုပြီးတော့ပေးတာ။

မေး။ ။ အဲဒီလိုဆိုရင် လွှတ်တော်ထဲမှာ ဘယ်လိုဖြစ်သွားမလဲခင်ဗျ။

ဖြေ။ ။ အဲလိုဆိုရင် လွှတ်တော်ထဲမှာ ဘယ်လိုဖြစ်မလဲဆိုတော့ အစိတ်စိတ် အမြွှာမြွှာတွေဖြစ်မယ်။ ဟိုပါတီ ဒီပါတီ ဟိုမဲဒီမဲနဲ့ လူပေါင်းများစွာရောက်လာ။ အလိုလိုနဲ့ ကျွန်တော်တို့တိုင်းပြည်မှာ အကွဲကွဲ အပြဲပြဲတွေ ဖြစ်နေရတဲ့ကြားထဲ အကွဲအပြဲမခံနိုင်ဘူး။ ကွဲရင်းကွဲရင်း ပါတီကြီးတွေကွဲ။ အသုံးမကျလို့ ပါတီ ကြီးတွေကွဲရင် တိုင်းပြည်နစ်နာချင် လည်း နစ်နာပါစေ။ ဒီပါတီလေးတွေက ရှင်းရှင်းပြောရရင် ဘာမူမှလည်းမရှိ ဘာရည်ရွယ်ချက်မှ ရှိသေးတာမဟုတ် ဘူး။ လူတစ်စုက သူ့ဘာသာသူ ပါတီ ထောင်တဲ့လူတစ်စုပဲ။ အဲဒီလူတစ်စုက သူ့တို့ဘာသာသူတို့ ပါတီထောင်ပြီး သူ တို့ပါတီမဲတွေရပြီး သူတို့ပါတီအမတ် တွေ တစ်ယောက် နှစ်ယောက် သုံး ယောက်ဆိုပြီး ကောက်သင်းကောက် ဗြုတ်စ ဗျင်းတောင်းလုပ်တဲ့ အနေအ ထားမျိုးဖြစ်မှာ။ ကျွန်တော်တို့တိုင်းပြည် မှာ လူတွေက မဲတောင် မပေးတတ်သေးဘူး။ နောက်ပြီးတော့ တိုင်းပြည်ကို ဦး ဆောင်တယ်ဆိုတာ အင်အားကောင်းတဲ့ ပါတီက ဦးဆောင်ရမှာဗျ။ ဘာမှ မဟုတ်သေးတဲ့ ဟိုကပါတီ ဒီကပါတီ လေးတွေနဲ့ ဘယ်လိုလုပ်တိုင်းပြည်ကို ဦးဆောင်မှာလဲ။ အဲဒီလူတွေက တိုင်းပြည်ကို ဘယ်လိုဦးဆောင်မှာလဲ။ လွှတ်တော်ထဲရောက်ရင်လည်း အဲဒီပါတီ အမတ်တွေအကုန်လုံး စုဖွဲ့ထားရင်ရော ဒီလွှတ်တော်က ဘယ်လောက်ထိသြဇာရှိ တဲ့လွှတ်တော်ဖြစ်မှာလဲ။ ဘယ်လောက် ထိ လူထုထောက်ခံမှုရတဲ့လွှတ်တော် ဖြစ်မှာလဲ။ အဲလို ပြောစရာတွေ ရှိပါတယ်။

မေး။ ။ ဒါဆိုရင် ပါတီလေးတွေက ဘယ်လိုလုပ်မလဲခင်ဗျ။ လွှတ်တော်ထဲ ရောက်ဖို့။

ဖြေ။ ။ ကျွန်တော်လက်ခံတာကတော့ ပါတီတွေ အားကြီးအောင် အားကောင်းအောင်ဖွဲ့ပါ။ အားကောင်းတဲ့ပါတီက အားကောင်းသလိုဝင်ပြီးတော့ ပြိုင်ကြပါ။ အားကောင်းတဲ့ပါတီ၊ အနိုင်ရတဲ့ ပါတီက အမတ်ရမယ် အစိုးရဖွဲ့လို့ရမယ်။ ကျွန်တော်က အဲဒါပဲ လိုချင်ပါတယ်။ ဘာကြောင့် ဒါကိုပြောရလဲဆိုရင်။ ဥပမာ တခြားပါတီက မဲ ၄ဝ။ ၁ဝ ။ ၁ဝ စုစုပေါင်း ၆ဝ ရတယ်ဆိုပါဆို့။ အနိုင်ရ တဲ့ပါတီက ၄၅ မဲရပြီး နိုင်တယ်ဆိုရင် မဲပေးခဲ့သူတွေအကုန်လုံးကို ကိုယ်စား မပြုဘူးလို့ ပြောကြတယ်။ ဒါလည်း မမှန်ဘူး။ ဝင်အရွေးခံတဲ့အမတ် တစ်ယောက်က ဘယ်ပါတီက ဖြစ်ဖြစ်။ ငါ့ကို မဲမပေးတဲ့သူတွေနဲ့ မဆိုင်ဘူးလို့ လုပ်လို့မရဘူး။ မင်း (မဲမပေးတဲ့သူ တွေရဲ့) အကျိုးစီးပွားကို လုပ်မပေးနိုင် ဘူးလို့ ကြေညာလို့လည်း မရဘူး။ သိ လည်း သိတာမဟုတ်ဘူး။ လျှို့ဝှက်မဲ ပေးကြတာပဲ။ ဘယ်သူကမဲပေးတယ် မပေးဘူး မသိနိုင်ဘူး။ ရှုံးတာ နိုင်တာ တော့ရှိမှာပေါ့ဗျာ။ မဲများများရတဲ့သူ လူများများထောက်ခံတဲ့သူက နိုင်မှာပေါ့ ဗျာ။ ဆိုတော့ အမတ်တစ်ယောက်က။ သူမြောက်ဥက္ကလာကနေ အရွေးခံရပြီဆို မြောက်ဥက္ကလာထဲမှာ သူ့မဲတွေက ပြန့် ကျဲနေမယ် ၁ဝ မဲတွေလည်းရှိမယ်။ ၁၅ မဲ။ ၂ဝ ။ ၃ဝ ရှိမယ်။ ဘာပဲပြောပြော သူက ၄ဝ ရတဲ့အတွက် နိုင်တယ်ဆိုရင် ကျန်တဲ့သူတွေအတွက် သူ့ရဲ့မဲဆန္ဒနယ် အတွက် သူက လုပ်ပေးရမှာပဲ။ သူ လွှတ်တော်ထဲသွားတဲ့အခါ ကျွန်တော့် ကို မဲပေးတဲ့သူကိုပဲ ကျွန်တော်ကိုယ် စားပြုတယ်။ ကျွန်တော့်မဲပေးတဲ့သူရဲ့ အကျိုးစီးပွားကိုပဲ ဆောင်ရွက်နိုင်မယ်ဆိုတာမျိုးကြေညာလို့ရတာမှ မဟုတ် တာ။ သူက မြောက်ဥက္ကလာပမြို့နယ် အမတ်ပဲ။ မြောက်ဥက္ကလာပမြို့နယ် တစ်ခုလုံးကို ကိုယ်စားပြုရမှာ၊ မြောက် ဥက္ကလာပမြို့နယ်မှာရှိတဲ့ ပြည်သူအား လုံးရဲ့ အကျိုးစီးပွားကိုလုပ်ဆောင်ရမှာ။ ဒါကြောင့် အခုပြောနေတဲ့ ကိုယ်စားပြု မှုနည်းတယ်။ များတယ် ။ ကိုယ်စားပြုမှု မရှိဘူးဆိုတာတွေလည်း မှားတယ်လို့ ကျွန်တော်ယူဆတယ်။ နောက်တစ်ချက် က ဒီနေ့ဟာ အင်အားကြီးတဲ့ပါတီတွေ ထူထောင်ရမယ်။ အင်အားကြီးတဲ့ဟာ တွေ ထူထောင်ရမယ်။ အင်အားကြီးတဲ့ နိုင်ငံရေးအဖွဲ့တွေ ထူထောင်ရမယ်။ အဲဒီ အဖွဲ့အစည်းတွေကသာလျှင် ယှဉ်ပြိုင် ပြီးတော့ ပြည်သူအကျိုးကို ဘယ်လို ထမ်းရွက်မလဲဆိုတာကို ဆောင်ရွက် သွားဖို့ပဲရှိတယ်။ ပါတီတွေက ပါတီအင် အားကြီးတာနဲ့အတူ ပြည်သူလူထု ထောက်ခံမှုကို သယ်ဆောင်လာရင် လွှတ်တော်ထဲမှာ သူတို့ပါတီဟာ အစိုးရ ဖွဲ့ချင်ဖွဲ့နိုင်မယ်။ သူတို့လည်း အတိုက် အခံပါတီဖြစ်ချင်ဖြစ်မယ်။ ကိစ္စမရှိဘူး။ အဲဒီလိုဖြစ်မှသာလျှင် လွှတ်တော်က လည်း ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင် တဲ့ လွှတ်တော်လို့ပြောလို့ရမယ်။ ဗြုတ်စ ဗျင်းတောင်းနဲ့ တစ်ယောက်ချင်း ဟိုက ဒီက ကောက်သင်းကောက်သလို ထည့် ချင်တာထည့် ကောက်ကြီးစပါးလည်း ပါမယ်။ ဧည့်မထလည်းပါမယ်။ ငစိန် လည်းပါမယ်ဆိုရင် ထမင်းချက်လို့မရ ဘူး။ ချက်ရမှာက ကောက်ကြီးချက်ရင် ချက်။ ဧည့်မထချက်ရင်ချက်။ ငစိန်ချက် ရင်ချက် ဒီလိုပဲချက်ရမှာပဲဆိုတော့ အင် အားကြီးတဲ့ ပါတီအဖွဲ့အစည်းတွေက သာလျှင် ရွေးကောက်ပွဲမှာဝင်ပြိုင်ပြီး တော့ အနိုင်ရအောင်လုပ်။ လူထု ထောက်ခံမှုရအောင်လုပ်၊ ပြီးတဲ့အခါ လွှတ်တော်ကိုရောက်အောင်လုပ်၊ လွှတ် တော်ထဲရောက်ရင် အင်အားကြီးရင် ကြီးသလို အနိုင်ရတဲ့ပါတီတွေက အစိုးရဖွဲ့၊ အင်အားနည်းတဲ့ပါတီက အတိုက်အခံလုပ်။ ဒါပဲလို့ ကျွန်တော် ကတော့ သဘောထားတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့်သာ တိုင်းပြည်ရဲ့ ဒီမို ကရေစီအရေး၊ တိုင်းပြည်ရဲ့ လူ့အခွင့် အရေး။ တိုင်းပြည်ရဲ့ ပြည်ထောင်စု အရေးကိစ္စတွေမှာ ပြည်သူရဲ့အကျိုးကို ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်ယူဆတယ်။ အဲဒီအတိုင်းလုပ်ခြင်းသာလျှင် မှန်တယ်လို့ ကျွန်တော်ယူဆတယ်။

မေး။ ။ PR စနစ်ကိုတကယ်တမ်းကျင့်သုံးမယ်ဆိုရင်ရော ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်မလဲခင်ဗျ။

ဖြေ။ ။ ခုနကပြောခဲ့သလိုပါပဲ။ ဏျွ စနစ်ကို ကျင့်သုံးဖြစ်မယ်ဆိုရင် လွှတ် တော်ထဲကိုရောက်တာနဲ့တစ်ပြိုင်နက် ဆိုပါတော့ဗျာ အခုဆိုရင်လွှတ်တော် ထဲမှာ ကြံ့ဖွံ့ပါတီရှိမယ်။ NLD ရှိမယ်။ တခြားပါတီလေးငါးခုရှိမယ်။ ဟိုအချိန် ကျရင် ပါတီတွေအကုန်လုံး ဗြုတ်စဗျင်းတောင်းနဲ့ အထက် လွှတ်တော် အောက် လွှတ်တော် နေရာပေါင်းများစွာမှာဖြစ်လာပြီး ပါတီကြီးတွေဆိုတာလည်း လျော့သွားမယ်။ ပါတီကြီးတွေကလည်း အင်အား အကွဲကွဲအပြဲပြဲဖြစ် မယ်။ ပါတီငယ်လေးတွေကလည်း ဟိုကဒီကနဲ့ ကိုယ်စားပြု သူတွေရာနဲ့ချီရှိမယ်ဆိုရင် အဲဒီလွှတ် တော်က သုံးလို့ရမှာ မဟုတ်တော့ဘူး။ သြဇာလည်းရှိမှာ မဟုတ်တော့ဘူး။ အာဏာလည်းရှိမှာ မဟုတ်တော့ဘူး။

မေး။ ။ ဒါပေမဲ့ အခုပါတီအချို့က PR စနစ်ကို လိုလားကြတယ်နော်။

ဖြေ။ ။ ဒီလုပ်ငန်းကို လိုလားတယ်ဆိုတဲ့ သူတွေက နှစ်မျိုးရှိတယ်လို့ကျွန်တော် ယူဆတယ်။ တစ်မျိုးက ဘာလဲဆိုတော့ အင်အားကိုမရှိဘူး။ လူထုထောက်ခံမှု ပြည့်ပြည့်ဝဝ မရှိဘူး။ ဘယ်လိုခေါ်မလဲ လူထုထောက်ခံမှုကို လူရာဝင် သူရာ တွင်ထောက်ခံမှုမရတဲ့ ပါတီလေးတွေရဲ့ (PR စနစ်ကို ) ထောက်ခံမှု ဆန္ဒသဘော ထားလို့ထင်တယ်။ နောက်တစ်မျိုးက ဘာလဲဆိုတော့ မြန်မာပြည်မှာ အင်အားကြီးတဲ့ပါတီတွေ ဦးဆောင်တာကို မလိုလားတဲ့ သဘောထားရှိတဲ့ နိုင်ငံရေး အင်အားစုတွေ သို့မဟုတ်လည်း အခြား အခြားသော အင်အားစုတွေ၊ အဲလိုအဖွဲ့ အစည်းတွေက အင်အားကြီးတဲ့ နိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေ မရှိစေချင်ဘူး။ အဲလိုရှိရင် သူတို့မှာလုပ်ရကိုင် ရထိန်းရသိမ်းရခက်မယ်လို့ သူတို့ထင် တယ်။ ဒီလို ဗြုတ်စဗျင်းတောင်းတွေ စုထားရင် ဟိုပါတီဒီပါတီကို တပည့်မွေးလို့ရမယ်။ ခွံ့လို့ရတယ်။ ကျွေးလို့ရတယ်။သြဇာပေးလို့ရတယ်ပေါ့ဗျာ။ အဲဒီလို ဟာမျိုးအတွက် အကြံအစည်သာဖြစ်တယ်လို့ ကျွန်တော်ကပြောချင်ပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲ မဲပေးတဲ့ စနစ်ကိုတောင်မှ လူထုကကောင်းကောင်း နားမလည်သေးတာဆိုတော့ အခု PR စနစ်ပြောဆိုမှုထက် ပညာပေးလုပ်ငန်းတွေ ဘယ်လိုလုပ်ရင် ကောင်းမယ်လို့ ထင်လဲခင်ဗျ။

ဖြေ။ ။ ကျွန်တော်ထင်တယ်။ ပညာ ပေးတာကနောက်ဗျ။ ပညာမပေးခင်ကို ဒါတွေ (PRျ စနစ်လုပ်ဆောင်မှု) ကို မလုပ်ပါနဲ့လို့ ကျွန်တော်ပြောချင်ပါ တယ်။ ပညာပေးမယ်ဆိုရင် ကျွန်တော် တို့ နောက်ထပ် ၄ နှစ် ၅ နှစ် ၁ဝ နှစ် ပညာပေးလုပ်ငန်းတွေ လုပ်ရဦးမှာပါ။ ဒီအချိန်မှာ ဒီစနစ်ကို လက်မခံဆိုပြီး ငြင်းဖို့ပဲ ကျွန်တော်တိုက်တွန်းချင်တယ်။ ဒီစနစ်ကို ပယ်ချဖို့ပဲ ၊ ဒီစနစ်ကို လက် မခံဖို့ဘဲအကြောင်းရှိတယ်။ ပညာပေး နေဖို့မလိုဘူး။ လက်မခံတဲ့စနစ်ကို ပညာ ပေးဖို့အကြောင်း ကျွန်တော်မပြောချင် ဘူး။ ပြောလည်းမပြောဘူး။ ပြောစရာလည်းမလိုဘူးလို့ကျွန်တော်ထင်တယ်။ ကျွန်တော်ပြောချင်တာက ဒီစနစ်က အချိန်မတိုင်သေးပါဘူး။ အကျိုးလည်း မရှိပါဘူး။ ဒါကြောင့်မလုပ်ပါနဲ့ ဒီစနစ်ကို လက်မခံပါနဲ့ ဒါပဲပြောချင်တယ်။ ပညာပေးချင်တယ်ဆိုရင်တော့ ဒီစနစ်ကို လက်ခံတဲ့သူတွေက သူ့ဘာသာ ပညာပေးလုပ်ငန်းလုပ်နေရုံပဲ။ ဒါကကော်မရှင်နဲ့လည်း မဆိုင်ဘူး။ လွှတ် တော်နဲ့လည်းမဆိုင်ဘူး။ အစိုးရနဲ့လည်း မဆိုင်ဘူး။

မေး။ ။ မြန်မာနိုင်ငံလို ဒီမိုကရေစီဖွံ့ဖြိုးစ နိုင်ငံအတွက် ဘယ်လိုရွေးကောက်ပွဲ စနစ်က အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်ပါသလဲခင်ဗျ။

ဖြေ။ ။ ကျွန်တော်တို့ ရွေးကောက်ပွဲ စနစ်က များရာသူက နိုင်ဖို့ပဲ။ လူထု ထောက်ခံမှုများများရတဲ့ပါတီက နိုင်ဖို့ပဲ။ အဲဒီစနစ်ကိုပဲ ကျွန်တော်တို့ လက်ခံခဲ့တယ်။ ကျွန်တော်တို့ NLD ဆိုလို့ ရှိရင် ၁၉၈၈ စက်တင်ဘာလ ၂၇ ရက် နေ့မှာ စပြီးတော့ဖွဲ့တယ်။ အောက်တို ဘာလအတွင်းမှာ ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဒီ PR စနစ်ကို တင်လာတာ။ PR စနစ်ကို မြန်မာပြည် နိုင်ငံရေးလောကမှာ စပြီးပြောတာ NLD မှာ စပြီးပြောတာ။ NLD က လူ တချို့က တင်တယ်။ ဗိုလ်အောင်ကြီးတို့ စစ်ဗိုလ်အုပ်စုဘက်က တင်တာရှိတယ်။ ကျွန်တော်တို့ လက်မခံဘူးဆိုပြီး ငြင်း ခဲ့တယ်။ ဒီနေ့ထိလည်း ကျွန်တော်တို့ လက်မခံဘူး။ လာမယ့် ရွေးကောက်ပွဲ ကာလရော။ လာမယ့် ၄၊ ၅၊ ၁ဝ နှစ်ထိ ကို ဒီစနစ်ကို လက်ခံစရာ မရှိဘူးလို့ ယူဆထားတယ်။

မေး။ ။ ဒါဆိုလက်ခံနိုင်တဲ့ အနေအထားက ဘာများဖြစ်မလဲခင်ဗျ။

ဖြေ။ ။လက်ခံနိုင်တဲ့ အနေအထားက ဘာလဲဆိုရင် တိုင်းပြည်မှာ ဒီမိုကရေစီ စနစ်ကို နားလည်တဲ့အချိန်၊ တိုင်းပြည် က ဒီမိုကရေစီစနစ် အကျင့်စရိုက်၊ အကျင့်သိက္ခာ၊ အတတ်ပညာတွေ ကြွယ်ဝတဲ့အချိန်ကျရင် သုံးချင်သလို သုံး။ အဲလိုသုံးတဲ့အခါမှာလည်း တစ်တိုင်းပြည်လုံး ကိစ္စမှာ မသုံးသင့်ဘူး။ ဥပမာ မြူနီစပယ် (စည်ပင်သာယာ) ရွေးကောက်ပွဲတွေမှာ၊ ပြည်နယ်ရွေး ကောက်ပွဲတွေမှာ၊ တိုင်းရွေးကောက်ပွဲ တွေမှာလုပ် နောက်ပိုင်းကြရင်။ အဲဒီ အချိန်ကျမှပဲ အဲဒီအဆင့်( PR အဆင့်) ကိုရောက်လာမယ်လို့ ကျွန်တော် ထင်တယ်။ တစ်တိုင်းပြည်လုံး ပြည်လုံးကျွတ် ရွေးကောက်ပွဲမျိုးမှာ PR စနစ်က လက်ခံဖို့မရောက်သေးဘူးလို့ ကျွန်တော် ယူဆတယ်။

မေး။ ။ လာမယ့်ရွေးကောက်ပွဲမှာ ပြည် နယ်တိုင်းအဆင့် PR စနစ်ကျင့်သုံးမယ် ဆိုရင်ရောခင်ဗျ။

ဖြေ။ ။ ပြည်နယ်တိုင်းအဆင့်ကို မဟုတ်ပါဘူး။ ဒီနေ့ ဒီကာလမှာ ဒီစနစ် ဟာ တိုင်းပြည်အတွက် အသုံးမဝင်သေးဘူး အသုံးမကျသေးဘူး အသုံးမတည့် သေးဘူးလို့
ကျွန်တော်ပြောချင်ပါတယ်။ ဒါကြောင့်လက်မခံဘူး။ မကျင့်သုံးပါနဲ့ဦး လို့ပြောတာပါ။

မေး။ ။ PR စနစ်မှာလည်း ဖြေရှင်းနိုင်တဲ့ အားသာချက်တွေရှိတယ်လို့ ပညာရှင် အချို့က ဆိုထားတယ်ခင်ဗျ။

ဖြေ။ ။ ပညာရှင်တွေ ဆိုရင်တော့ သူတို့ နဲ့ထပ်ပြီး (အသေးစိတ်) ဆွေးနွေးတာ ကောင်းပါတယ်။ ကျွန်တော်ကတော့ နိုင်ငံရေးသဘောတရားအရ များရာဟာပဲကျွန်တော်လက်ခံတယ်။ ဒီလို (PR)ဟာမျိုးလက်မခံဘူး။ အသေးစိတ်ကတော့ ပညာရှင်တွေပြောကြဆိုကြပါ။

မေး။ ။ PR စနစ်နဲ့ပတ်သက်ပြီး ကျွန်တော်မေးလို့ကျန်သွားတာ ဖြည့်စွက် ပြောချင်တာများရှိရင် သိချင်ပါသေးတယ်ခင်ဗျ။

ဖြေ။ ။ မရှိပါဘူး။ အဲဒါပါပဲ။ ကျွန်တော်ကတော့ မလုပ်သင့်သေးဘူးထင်ပါတယ်။ မလုပ်သင့်သေးဘူး ထင်တဲ့အတွက် အဆင့်ဆင့် တစ်တိုင်းပြည်လုံး အတွက်လည်း မလုပ်သင့်သေးဘူး။ အောက်ခြေအဆင့်လည်း မလုပ်သင့် သေးဘူးလို့ထင်ပါတယ်။ လုပ်သင့်တဲ့ အချိန်ရောက်ဖို့အတွက် ပညာပေးဖို့ လိုတယ်ဆိုရင် (ကျွန်တော်တို့က လက်မခံတဲ့အတွက် ပညာပေးလည်းမလုပ် ခိုင်းပါနဲ့) အဲဒီ (PR) စနစ်ကို လက်ခံတဲ့ ပါတီလေးတွေက ကိုယ့်နေရာကိုယ့် လူထုကြားထဲမှာ လက်ခံအောင်ပညာပေးပါဦးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျ။
ဥာဏ်လင်းအောင်တွေ့ဆုံမေးမြန်းသည်
Popular Myanmar News Journal

နေပူ တာက ပူတာပဲ၊ အိမ်က ပူတာက ပိုဆိုးတယ်။



ရန်ကုန်၊ မေ ၆
သာမန်ထက် ကျော်လွန်နေသော မြန်မာ နိုင်ငံ၏ အပူချိန်ကြောင့် အပူဒဏ်ကာကွယ်ရေး နှိုးဆော်စာများကို နိုင်ငံပိုင်သတင်းစာ၊ ရုပ်မြင်သံ ကြားတို့မှ နေ့စဉ်ကြေညာထုတ်လွှင့်နေသော် လည်း လက်တွေ့လိုက်နာကျင့်သုံးရန်မစွမ်းသော သူများအများအပြားရှိနေ သေးသည်။



”ဒီရာသီက အရမ်းအလုပ်ရှုပ်တဲ့ ရာသီပေါ့။ နေ့ခင်းဘက် ချစ်ချစ်တောက်ပူနေလည်း နားဖို့ မပြောနဲ့။ ယားလို့တောင်မကုတ်အားဘူး။ အဲ တစ်နေ ရာကနေ တစ်နေရာအကူးမှာတော့ ကား ပေါ်ကရေသန့်ဘူးတွေပေါ်မှာပဲ တစ်မှေးမှေး ရတာပေါ့” ဟု ရန်ကုန်မှ ရေသန့်ပို့လုပ်သား ကိုမြကဆို သည်။ နွေရာသီ ရေသန့်ရောင်း အကောင်းဆုံးအချိန်မို့ သန်လျင်ရှိစက်ရုံမှ ရေ သန့်ဘူးများအား မြို့တွင်းရေသန့်ဆိုင်များသို့ လိုအပ်ချက်အရ အလျင်မီအောင်ပို့ပေးနိုင်ရေး အတွက် နေ့လယ်နေ့ခင်းအနား ယူသင့်သော အချိန်များတွင်လည်း သူတို့အနားမယူနိုင်ကြ။ ”ဘောက်ဆူးပေးမယ်ေ တာ့ ပြောတယ်။ ဒါပေမဲ့ အရမ်းပင်ပန်းတယ်ဗျာ။ နေပူပူထဲမှာ ချွေးကလည်း တအား ထွက်ဆိုတော့ ညအလုပ် သိမ်းရင်လူကို ခြေကုန်လက် ပန်း ကျနေတော့ တာပဲ။ နောက်နေ့တွေ ဆက်လုပ်ဖို့တောင် နည်းနည်းကြောက်နေမိတယ်”ဟု ကိုမြက ပြောသည်။

ထို့အတူ အချို့သော ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင်လည်း လုပ်သားသစ်ရှာမရ သဖြင့် နေပူရှိန်ပြင်းထန်သော်လည်း အနားယူ ချိန် အလုံ အလောက်ပေးရန် အခက်အခဲ ရှိ ကြောင်း သိရသည်။ ”အလုပ်သမားအသစ်က အရမ်းရှားတယ်။ လက်ခံထားတဲ့ အလုပ်ကို ပြီးရမယ့်အချိန်မီ အောင်လည်း လုပ်ရမယ်ဆိုတော့ သူတို့ကို လုပ်ခပိုပေးတယ်။ ကျွန်တော်ကတော့ ကျွန်တော့် အလုပ် သမားတွေကို ရှင်းပြတယ်။ နေပြင်း တယ်။ အနားယူသင့်တယ်။ ဒါပေမဲ့ ဘာညာပေါ့ ဗျာ။ သူတို့ကလည်း လုပ်ခပိုရမယ်ဆိုတော့ လုပ် မယ်ပေါ့”ဟု လမ်းမတော်မြို့နယ် အဆောက် အအုံ ကန်ထရိုက်တာ ဦးမြင့်မောင်က ပြော သည်။ထိုကဲ့သို့ လုပ်ငန်းခွင်ဝင်ရာ၌လည်း နေပူ ဒဏ်ထိုက်သင့်သလောက် သက်သာရာရစေရန် အတွက် ခမောက်၊ ဦးထုပ်၊ အင်္ကျီလက်ရှည်များ စီစဉ်ပေးခဲ့သည်ဟု ၄င်းက ဆိုသည်။

ထို့အတူ NLD အခမဲ့ဆေးခန်းတွင် ဆေး ကုသမှုပေးရသော ဒေါက်တာကျော်စွာဦးက လုပ်ငန်းရှင်များအနေဖြင့် အပူဒဏ်လွန်ကဲသော ကာလလုပ် ငန်းခွင်အတွင်း အလုပ်သမားများ၏ ကျန်းမာရေးအတွက် လိုအပ်သည်များကို ဖြည့် ဆည်းပေးရန် တာဝန်ရှိသည်ဟု ယူဆထားသင့် ကြောင်း အကြံပြုသည်။ ”တအားပူတော့ အနည်းဆုံး ရေဘူးလေး တွေ ဆောင်သွားသင့်တယ်။ အလုပ်ရှင်ဘက် ကလည်း အမိုးအကာတို့၊ ရေသန့်တို့ကို စီစဉ်ပေး သင့်တယ်။ အလုပ်သမားတွေ ရေဆာတိုင်းသာ ရေဝယ်သောက်ရမယ်ဆို သူတို့ရှာသမျှ ရေဖိုးနဲ့ ကုန်မှာ ပဲ”ဟု ၄င်းက ပြောသည်။သို့ရာ တွင် မြန်မာနိုင်ငံသည် အလုပ်သမား အခွင့်အရေးကို တန်ဖိုးမထားတတ်သေးသော နိုင်ငံတစ်ခုဖြစ်ရာ အလုပ်သမားကို စောင့်ရှောက် တန်ဖိုး ထားရကောင်းမှန်းမသိဘဲ ကိုယ့်အလုပ် ပြီးရေးကိုသာ စဉ်းစားအာရုံစိုက်တတ်သော အလုပ်ရှင်များလည်း ရှိပါသေးသည်။ ”မြစ်ထဲကနေ သဲတို့၊ေ ကျာက် စရစ်တို့ကို စက်နဲ့စုပ်တယ်ဆိုတာ လူက သိပ်မပင်ပန်းဘူး။ ဒါပေမဲ့ ဘာအရိပ်မှမရှိဘူး။ တအားပူတာ” ဟု ပြောသူကတော့ ပုသိမ်မြို့ ‘နေလ’ အုတ်သဲ ကျောက်ရောင်းဝယ်ရေးမှ အလုပ်သမားတစ်ဦး ဖြစ်သည်။ မိုးမကျမီဆောက်လုပ်ရေး လုပ်ငန်း အချို့အပြီးသတ်ရန် အားသွန်နေမှုကြောင့် အုတ်သဲကျောက် ဝယ်လိုအား များလာရာ အလုပ်သမားများမှာ နေပူဒဏ်လည်း မရှောင်ကြ ရရှာပါ။

”တအားပူတဲ့အချိန်မှာ ရေစိုလိုက်၊ ပြန် ခြောက်လိုက်နဲ့ဆိုတော့ တစ်ယောက်ကတော့ မခံနိုင်တော့လို့ ထွက်လိုက်ရပြီ။ ကျွန်တော် ကတော့ ထွက် လို့ အဆင်မပြေသေးဘူး” ဟု သူ့အခက်အခဲကို ပြောသည်။ယခုလက်ရှိမြန်မာနိုင်ငံ၏ အပူချိန်သည် သာမန်ထက်လွန်ကဲနေသောကြောင့် နေပူချိန် အပြင်းဆုံးဖြစ်သည့် နေ့လယ်နေ့ခင်းအချိန်များ တွင် အလုပ်ရှင်များက အလုပ်သမားများကို နေပူရှောင် အနားယူစေသင့်ကြောင်း ကျန်းမာ ရေးေ လာကမှ ပညာရှင်များက ဆိုကြသည်။



”နေအပြင်းဆုံးလို့ဆိုရမယ့် ၁၂ နာရီ လောက်ကနေ ၃ နာရီလောက်အထိ အနားပေး သင့်တယ်။ အထူးသဖြင့် နေပူစပ်ခါးမှာ လုပ်ရ တဲ့ အလုပ်မျိုးေ တွမှာပေါ့” ဟု ကျန်းမာရေး ဝန်ကြီးဌာန ဗဟိုကျန်းမာရေး ညွှန်ကြားရေးမှူး အငြိမ်းစားဒေါက်တာခင်မောင်လွင်က မှတ်ချက် ပြုသည်။ ထိုကဲ့သို့ အနားယူစေခြင်းဖြင့် အလုပ်ရှင် များက မိမိအလုပ်သမား အပေါ် ကိုယ်ချင်း စာနာစိတ် ပြသရာရောက်ပြီး အလုပ်အတွက် ပိုမိုအကျိုးရှိစေမည်ဟု ၄င်းကဆိုသည်။”အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးရမယ်။ ဒါမှအလုပ် သမားက အလုပ်ခွင်မှာ ကျန်းမာပျော်ရွှင် စွာ အလုပ်လုပ်နိုင်မယ်။ ကိုယ့်အလုပ်အတွက်လည်း အကျိုးရှိမယ်” ဟု ဒေါက်တာခင်မောင်လွင်က ထောက်ပြ ပြောဆိုသည်။သို့ရာတွင် အလုပ်ရှင် ၏ ဖိအားကြောင့် မဟုတ်ဘဲမိသားစု စားဝတ်နေရေးကြောင့် အပူ ဒဏ်ရှောင်ရန် မစွမ်းသာသူများလည်း ရှိပါသည်။



”အာ … ရှောင်လို့ ဘယ်ရမလဲ။ နေပူ တာက ပူတာပဲ။ အိမ်က ပူတာက ပိုဆိုးတယ်။ အလုပ်မလုပ်ဘဲနေရင် ဒီနေထက်ပိုပူမှာပေါ့။ ကုန်သယ်စရာရှိ လို့ကတော့ ရေပဲဆူဆူ၊ ရေငွေ့ပဲ ပျံပျံလုပ်ရမှာပဲ” ဟု လမ်းမတော်မြို့နယ် ဝါးတန်း ဆိပ်မှ ကူလီအလုပ်သမား ကိုဖိုးဇော်က ပြော သည်။ ကူလီ လုပ်သားအချို့မှာ နေပူဒဏ် မရှောင် ကြရုံသာမက နေ့လယ်နေ့ခင်း အားလပ်ချိန် များတွင် အရက်သေစာသောက်သုံးမှုများပင် ရှိသည်ဟု သူက ဆိုသည်။ ”အတော်ပေကြတာဗျာ။ ကျွန်တော်က မိသားစုကြောင့်သာ မနားရဲတာ။ အရမ်းပူလို့ အန္တရာယ်ရှိမှန်းတော့သိတယ်။ သူတို့ကတော့ ဘာမှ မကြောက်ဘူး။ သောက်စားနေကြတာပဲ။ အခုထိတော့ တစ်ယောက်မှ ဘာမှ မဖြစ်သေး ဘူး” ဟု ၄င်းက ပြောသည်။ နွေကာလ အရက်သေစာေ သာက်စားမှု ကြောင့် သေဆုံးမှုများ မကြာခဏ ကြားနေရပြီး ယခုကဲ့သို့ အပူရှိန်လွန်ကဲ သည့် နေ့လယ်နေ့ခင်း အချိန်တွင် အရက်သေစာ သောက် စားမှု လုံးဝ မပြုသင့်ကြောင်း ဒေါက်တာကျော်စိုးက အကြံပြု ထားပါသည်။ ”သူတို့အနေနဲ့နေ့ခင်းဘက်မှာ အရက် သောက်တာမျိုး လုံးဝမလုပ်သင့် ဘူး။ အသက် အန္တရာယ်ရှိတယ်” ဟု ၄င်းကပြောသည်။
ကျော်ရဲလင်း၊ မြတ်စုငြိမ်း 
Popular Myanmar News Journal

မြန်မာပြည်အနှံ့  ဆိုင်းဝိုင်းများတွင် ခေတ်စားလာနေသီချင်း

09 05 2013 အရင်က ဖွင့်ခွင့် မရခဲ့သော သီဆိုခွင့်မရခဲ့သော ဗိုလ်ချုပ်အောင်ဆန်း အာဇာနည် သီချင်းများ ယခုအခါ မြန်မာပြည်အနှံ့  ဆိုင်းဝိုင်းများတွင် ခေတ်စားလာနေ။ ယခုကတော့ မုံရွာနယ်က ပွဲတခုမှာ သီဆိုထားကြတာပါ။
DVB TV News

အိုဟိုင်းယိုး ပြန်ပေးဆွဲမှု စွဲချက်တင်

8 မေလ 2013
အမျိုးသမီး ၄ ယောက်ကို ပြန်ပေးဆွဲ ချုပ်လှောင် ရာအိမ် ကလိဗလန်း မြို့က အိမ်တလုံးမှာ အမျိုးသမီး သုံးယောက်ကို ဆယ်နှစ်ကျော် ပြန်ပေးဆွဲ ပိတ်လှောင်ပြီး အဓမ္မ ပြုကျင့်မှုတွေအတွက် အမျိုးသား တဦးကို အိုဟိုင်းယိုး ပြည်နယ် ရဲက စွဲချက် တင်လိုက်ပါတယ်။

 
Amanda Berry ၊ Gina DeJesus နဲ့ Michelle Knight တို့ သုံးယောက်ကို နေအိမ်မှာ မတရား ပြုကျင့်မှု တွေနဲ့ အေရီယယ် ကက်စထရိုကို အစိုးရ ရှေ့နေက စွဲချက် တင်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များအမေရိကန်မှာ ၁၀ နှစ်နီးပါး ပျောက်ဆုံးနေတဲ့ အမျိုးသမီး ၃ ဦးကိုပြန်တွေ့ဆက်စပ်အကြောင်းအရာများအမေရိကန်Amanda Berry ကမွေးဖွားတဲ့ ၆ နှစ် အရွယ် မိန်းကလေးငယ်ကို မွေးကထဲက ပိတ်လှောင် ပြန်ပေးဆွဲ မှုနဲ့လဲ သူ့ကို တရားစွဲ ထားပါတယ်။

သားပျက် သားလျှောမှုတွေ ဖြစ်တဲ့အထိ ဒီအမျိုးသမီးတွေကို တောက်လျှောက် အနိုင်အထက် ပြုကျင့်ခဲ့တယ်လို့ စုံစမ်းရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဘီဘီစီကို ပြောကြား ပါတယ်။

အေရီယယ် ကက်စထရိုရဲ့ ညီဖြစ်တဲ့ ပေဒရို နဲ့ အွန်နီးလ် တို့ကိုလဲ ဖမ်းဆီး ထားပေမယ့် စွဲချက် မတင်သေးပါဘူး။

ဒီအမှုနဲ့ ဆက်စပ်နေတဲ့ နောက်ထပ် အိမ်တလုံး ကိုလဲ ရဲက ရှာဖွေနေတယ်လို့ ဆိုပါတယ်။
ဘီဘီစီ

လက်ပန်းတောင်းဒေသမှာ ဒေသခံ ၄၀၀ ကျော် ဆန္ဒပြ

 ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်နှင့် ဖမ်းဆီးထားသူများ လွှတ်ပေးရန် ဒေသခံများ ဆန္ဒပြ
2013-05-08
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းပေးဖို့အတွက် ဒေသခံပြည်သူ ၄၀၀ ကျော်ဟာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ် တုံရွာထိပ်ကနေ ဦးပိုင်ကုမ္ပဏီရှိရာ ညောင် ပင်ကြီး စက်လှေဆိပ်အထိ ဒီကနေ့နေ့လည်ပိုင်းက ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ဆန္ဒပြပွဲဟာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ဆန္ဒပြတာဖြစ်ပြီး တုံရွာ၊ ဆည်တည်းရွာ၊ အလယ်ရွာ၊ အလယ်တော၊ ရွာသစ်၊ တောကျောင်း၊ မိုးကြိုးပြင်မြောက်ရွာ၊ ကျောက်ဆည်ဒိုင်နဲ့ လယ်တီရွာတွေက  ဒေသခံတွေ စုပေါင်းဆန္ဒပြတာပါ။

ဒီတောင်းဆို ဆန္ဒပြရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာပါဝင်တဲ့ တုံရွာနေ ကိုအောင်သန်းမျိုးက အခုလိုပြောပါတယ်။

"ကျနော်တို့ ဒီနေ့ဆန္ဒပြရတဲ့ အကြောင်းအရင်းကတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်စဲရေးပေါ့၊ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးက ထုတ်ပြန်ထားတဲ့အမိန့်ကို ရုပ်သိမ်းပေးဖို့ရယ်၊ ဖမ်းဆီးထားတဲ့ ၃ ယောက်ကို ပြန်လည်လွှတ်ပေးဖို့ရယ် အဲဒါတွေကို တောင်းဆိုထားတယ်ခင်ဗျ၊ အာဏာပိုင်တွေဘက်က ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဘေးကနေပြီးတော့ လိုက်ပါစောင့်ကြည့်တယ်၊ ပိတ်ပင်တားဆီးခြင်းမရှိပါဘူး၊၊ "

ဆန္ဒပြတောင်းဆိုရာမှာ စီမံကိန်းလုံးဝဖျက်သိမ်းပေးဖို့၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားချက်ကို ရုတ်သိမ်းပေးဖို့၊ မီးလောင်ဗုံးတရားခံတွေကို အမြန်ဆုံးဖော်ထုတ်အရေးယူပေးဖို့၊ တောင်သူလယ်သမားတွေကို ထွန်ယက်စိုက်ပျိုးခွင့် ပြန်လည်ပေးအပ်ဖို့၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက်တိုက်ပွဲဝင်နေတဲ့ ဒေသခံတွေကိုကူညီပေးနေသူတွေထဲကအဖမ်းခံထားရတဲ့သူ၃ဦးကို ပြန်လွှတ်ပေးဖို့စတဲ့ တောင်းဆိုချက်တွေနဲ့ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။

ဒေသခံတွေအနေနဲ့ ဆန္ဒပြတောင်းဆိုထားချက်တွေကို အာဏာပိုင်တွေဖက်က လိုက်လျောဆောင်ရွက်ပေးလာတဲ့အထိ ဆက်လက်ဆန္ဒပြသွားကြမယ်လို့ပြောပါတယ်။

အခုမေလ ၁ ရက်နေ့ကလည်း ဖမ်းဆီးခံထားရသူ ၃ ဦးကို တွေ့ဆုံခွင့်ပေးဖို့ ဒေသခံ၂၀လောက်က မုံရွာအကျဉ်းထောင်ရှေ့မှာ  သွားရောက်တောင်းဆိုခဲ့ကြပါသေးတယ်။
RFA

ငြိမ်းချမ်းရေး ဖော်ဆောင်မှုများအား CPCSအဖွဲ့မှ ၈၈မျိုးဆက်ရုံးခန်းတွင် လာရောက်ဆွေးနွေး

ရန်ကုန်၊ မေ ၈။
နိုင်ငံတကာတွင် ငြိမ်းချမ်းရေး လုပ်ငန်းများ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသော ကမ္ဘောဒီးယား အခြေစိုက်
CPCS (Centre For Peace and Conflict Stusies )မှ ဒါရိုက်တာ Emma Leslie
ဦးဆောင်သော အဖွဲ့သည် ယနေ့ညနေ ၂နာရီခန့်တွင် ၎င်းတို့ ငြိမ်းချမ်းရေး လုပ်ငန်းများအား
၈၈မျိုးဆက် ကျောင်းသားများရုံးခန်းတွင် လာရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ သူတို့က ဖိလစ်ပိုင်အစိုးရရဲ့ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ
ပါဝင်ဆောင်ရွက်ခဲ့သူတွေဖြစ်တယ်။ ဒီမှာရှိတဲ့ သူတွေကို သူတို့ လုပ်ကိုင်နေတဲ့ Peace process
(ငြိမ်းချမ်းရေးလုပ်ငန်းစဉ်) တွေနဲ့ ပတ်သက်ပြီး လာရှယ်ပေးတာ ဖြစ်တယ် ”ဟု ၈၈မျိုးဆက်
ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီက ပြောကြားသည်။

ယင်းအဖွဲ့သည် ၈၈မျိုးဆက်ကျောင်းသားများ ဖိလစ်ပိုင်သို့ သွားသောခရီးစဉ်အတွက်
စီစဉ်ဆောင်ရွက်ပေးသော အဖွဲ့ဖြစ်ကြာင်းလည်း သိရသည်။ ယင်းအပြင် ၎င်းအဖွဲ့သည် မြန်မာနိုင်ငံ၏
ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများတွင်လည်း အထိုက်အလျောက် ပါဝင်ဆောင်ရွက်လျက်ရှိသော
အဖွဲ့ဖြစ်ကြောင်း သိရသည်။
AT
မြန်မာ့ခေတ်

ဒီကေဘီအေကို ထိပါးပါက အားနည်းသည့်ဘက်မှ ရပ်တည်သွားမည်ဟုဆို

မြဝတီ၊ မေ ၈။
ဟတ်ကြီး ရေကာတာ တည်ဆောက်ရေးနှင့် ပတ်သက်၍ မြိုင်ကြီးငူဒေသမှ လုံးဝဆုတ်ခွာ မပေးနိုင်ကြောင်း
ဒီကေဘီအေဘက်မှ တုန့်ပြန် ပြောဆိုနေချိန်တွင် KNU/KNLA ဘက် ကလည်း အကယ်၍ အစိုးရတပ်များမှ
ဒီကေဘီအေကို ထိုးစစ်ဆင်လာပါက အားနည်းသည့်ဘက်မှ ရပ်တည်သွားမည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။

ကရင်လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အနေဖြင့် *ဒီကေဘီအေနှင့်တပ်မတော်ကြား ကိစ္စများအား ကြားဝင်ဖြေရှင်းခြင်း မရှိသေး သော်လည်း *တပ်မတော်မှ ဒီကေဘီအေတပ်များကို ထိုးစစ်ဆင်လာမည်ဆိုပါက ၎င်းတို့ အနေဖြင့် လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း KNU/KNLAငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီး စောအဲကောထူး(တိုက်ဂါး) က မေလ(၆)ရက်နေ့က
မြဝတီမြို့နယ်ရှိ KNU/KNLA အထူးဗျူဟာရုံးချုပ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်
ပြောကြားခဲ့ခြင်း ဖြစ် သည်။

ဟတ်ကြီး ရေကာတာ စီမံကိန်းအတွက်ဟုဆိုကာ စီမံကိန်းဧရိယာ အနီးရှိ ဒီကေဘီအေ(ကလို့ထူးဘော) တပ်များကို မေလ(၄)ရက်နေ့ နောက်ဆုံးထား၍ ဆုတ်ခွာပေးရန် ခမရ (၃၃၈)မှ မေလ (၂) ရက်နေ့က
အကြောင်းကြားခဲ့ပြီးနောက် တပ်မတော်နှင့် ဒီကေဘီအေတို့ကြား ယခုကဲ့သို့ တင်းမာမှု ဖြစ်ပေါ်နေခြင်း
ဖြစ်ကြောင်း သိရသည်။

နယ်ခြားစောင့်တပ်(BGF)မှ ဒီကေဘီအေ သို့ ဝင်ရောက်လာသော တပ်သားသစ်တစ်ဦးက BGF စက်လှေပေါ်မှတပ်သားတစ်ဦးကို ပစ်သတ်ခဲ့ရာမှ ဧပြီလ(၂၇) ရက်နေ့ညမှ စတင်ကာ BGF နှင့် ဒီကေဘီအေတို့ကြား
သုံးရက်ကြာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရပြီး ယင်းကိစ္စများ ဖြစ်ပွားပြီးနောက်ပိုင်းတွင်
တပ်မတော်မှ ယခုကဲ့သို့ ဒီကေဘီအေ တပ်များ ဆုတ်ခွာရန် ညွှန်ကြားလာခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆုတ်ခွာခိုင်းခြင်းနှင့် ပတ်သက်၍ “ထိုင်းနဲ့ကလည်း ကပ်နေပြီ၊ ခွာစရာနေရာလည်း မရှိတော့ဘူး၊
ထပ်ပြီးတိုးလာရင် ကျွန်တော်တို့က ခုခံကာကွယ်မှာပဲ” ဒီကေဘီအေ မှ ဗျူဟာမှူး ဗိုလ်မှူးကြီး
စောဆန်းအောင်က တုန့်ပြန်ပြောဆိုထားသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးချုပ် တိမသေကလည်း တင်းမာမှုများနှင့် ပတ်သက်၍
ကိုင်တွယ်သည့် စစ်တပ်ပေါ်တွင် မူတည်ကြောင်း၊ စစ်တပ်မှ ငြိမ်းချမ်းရေးကို ရှေးရှု၍ လုပ်ဆောင်ပါက
ပြဿနာများ ငြိမ်းချမ်းသွားမည်ဖြစ်ပြီး၊ အာဏာရှင်သဘောမျိုး လုပ်ဆောင်လာမည် ဆိုပါကပြဿနာများ
ပိုမိုကြီးထားလာနိုင်သည့်အပြင် တခြား လက် နက်ကိုင်များသို့လည်း ကူးစက်လာနိုင်ကြောင်း ပြောကြားသည်။

“ဒီကေဘီအေ တစ်ဖွဲ့တည်း မဟုတ်ဘူး၊ တခြား ကရင်တွေပါ ကူးလာနိုင်တယ်၊ ငြိမ်းချမ်းရေး ကောင်စီကော၊
ကေအင်န်ယူကော အကုန်လုံး ပြန်တိုက်ကြလိမ့်မယ်၊ နောက်ဆုံး BGF(နယ်ခြားစောင့်တပ်) ထဲမှာပါ သူ့ကို
ပြန်ပစ်ကြလိမ့်မယ်၊ အဲတာမျိုးတွေ မဖြစ်စေချင်ဘူး”ဟု KNU/KNLAမှ ဗိုလ်မှူးချုပ်တိမသေက ပြောကြားသည်။

အဆိုပါ ကိစ္စများနှင့် စပ်လျဉ်း၍ မေလ(၅)ရက်နေ့ က နေပြည်တော်တွင် ဝန်ကြီးဦးအောင်မင်းနှင့်
တွေ့ဆုံခဲ့သော ဒီကေဘီအေ မှ ဆက်ဆံရေးနှင့် စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီး စောမောင်လေးက “
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ရယ်၊ BGF အပါအဝင် နှစ်ဘက်တပ်ဖွဲ့တွေနဲ့ ကော
ပြည်နယ် အစိုးရတွေပါ  ငြိမ်းချမ်းရေးအတွက် အဖြေ တစ်ခုရအောင် အတူတကွ
တွေ့ဆုံဆွေးနွေးကြဖို့အတွက် အမြန်ဆုံးတွေ့ဆုံနိုင်အောင် စီစဉ်သွားဖို့ ရှိပါတယ်” ဟု ပြောကြားသည်။
ထက်နောင်နောင်
မြန်မာ့ခေတ်

ပွင့်လင်းလူ့အဖွဲ့အစည်းသီပေါမြို့သို့ရောက်ရှိ

သီပေါ၊ မေ ၈။
ရှမ်းပြည်နယ် မြောက်ပိုင်း ခရီးစဉ်အတွင်း လားရှိုးမြို့သို့ ရောက်ရှိနေသော ကိုမင်းကိုနိုင် ဦးဆောင်သည့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းသည် ယနေ့နံနက် ၁၂နာရီခန့်က သီပေါမြို့သို့ ရောက်ရှိကာ ဒေသခံ အရပ်ဖက် အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး သီပေါစော်ဘွား စဝ်ကြာဆိုင်၏ ဟော်နန်းနှင့် သီပေါမြို့အတွင်းရှိ ဘုရားများအား သွားရောက် ဖူးမြော်ခဲ့ကြသည်။
မြန်မာခေတ်
ဓာတ်ပုံ - ဝေယံ







ရွှေပြည်သာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှုရွေးချယ်ရာတွင် တရားမျှတမှုမရှိ

ရန်ကုန်၊ မေ ၈။
ရန်ကုန်မြို့၊ ရွှေပြည်သာတွင် ရပ်ကွက်(၅)ခုမှ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် တရားမျှတမှု
မရှိကြောင်း ရပ်ကွက်နေ ပြည်သူများ ၏ ထောက်ခံသော အုပ်ချုပ်ရေးမှူးများ
အရွေးချယ်မခံရကြောင်း ရပ်ကွက်နေပြည်သူ ဒေါ်မျိုးမျိုးအေးက ပြောကြားသည်။

ထို့အပြင် မြို့နယ် အုပ်ချုပ်ရေးမှူးအနေနှင့် ရပ်ကွက်နေပြည်သူများ၏ သဘောဆန္ဒကို
လက်လျူရှု့ထားကြောင်း ၎င်းရွေးချယ်လို သူသာ ရွေးချယ်ထားကြောင်းနှင့် မိမိတို့အနေဖြင့်
တိုင်စာများပို့ထားသော်လည်း အကြောင်း မထူးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်ကတော့ မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ အလုပ်လို့ပဲထင်တယ်။ ဥပဒေ အထက်မှာ အာဏာမရှိရဘူးလို့
ပြောပြီး အုပ်ချုပ်ရေးမှူးက သူလုပ်ချင်တာ သူလုပ်နေတယ်”ဟု (၂၅)ရပ်ကွက်နေ ဦးကျော်မြင့်က ပြောကြားသည်။

ထို့အပြင် ၎င်းတို့ အနေဖြင့် အုပ်ချုပ်ရေးမှူး ရုံးရှေ့သွားရောက်၍ ဆန္ဒထုတ်ဖော်လိုကြောင်း၊ သို့သော်
မိမိတို့အနေဖြင့် ဥပဒေ ဘောင်အတွင်း၌ သာ ဆောင်ရွက်ချင်သောကြောင့် အုပ်ချုပ်ရေးမှူး အနေဖြင့်
တရားမျှတစွာ ဆောင်ရွက် ပေးစေလိုကြောင်း ဒေါ်မျိုးမျိုးအေးက ဆက်လက် ပြောကြားသည်။

ထို့နောက် မြိုနယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦးသို့ ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့်
ထိုရပ်ကွက်များသို့ အုပ်ချုပ်ရေးမှူး အသစ်ပြန်လည်ရွေးချယ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပိုင်လေး
မြန်မာ့ခေတ်

ဟောင်းနွမ်းတဲ့ အမေရီကန်ဒေါ်လာ လဲမပေးပါက ဘဏ်မန်နေဂျာနှင့် သွားတွေ့ပါ

အမေရီကန်ဒေါ်လာအဟောင်းအနွမ်း များလဲလှယ်ပေးရန် နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်ရဘဏ်များက ငြင်းဆန် ပါက အဆိုပါ ဘဏ်မန်နေဂျာနှင့် သွားရောက်တွေ့ဆုံခြင်းဖြင့် လဲလှယ် နိုင်သည်ဟု ဗဟိုဘဏ်ငွေကြေး စီမံ ခန့်ခွဲမှုဌာန အကြီးတန်းအရာရှိ ဦးကျော်ဝင်းတင်က ပြောသည်။

ဗဟိုဘဏ်က ကန်ဒေါ်လာ အဟောင်းအနွမ်းအား လဲလှယ်ပေးကြ ရန် အမိန့်ကြေညာစာကို ၂ဝ၁၂ ခုနှစ် ကတည်းက ထုတ်ပြန်ထားခဲ့ရာ အချို့မှာ ယခုအချိန် အထိလိုက်နာမှု မပြုကြဘဲ ဟောင်းနွမ်းတွန့်ကြေမှုကို လဲလှယ်ပေးရန် ငြင်းဆန်နေဆဲအပေါ် ၎င်းက ထိုသို့ပြောခြင်းဖြစ်သည်။

''ဗဟိုဘဏ်ရဲ့ အမိန့်ညွှန်ကြားမှု တွေကို အစိုးရဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်တွေ မလိုက်နာလို့ မရပါဘူး။ လိုက်ကို လိုက်နာရပါတယ်'' ဟု ၎င်းက ပြောသည်။ ဘဏ်ကောင်တာများက မလဲပေး ပါက ဘဏ်တာဝန်ရှိသူ မန်နေဂျာနှင့် တွေ့လိုကြောင်းခွင့်တောင်း၍ ဗဟို ဘဏ်က ကြေညာထားခြင်းကြောင့် လဲလှယ်ပေးရန်တောင်းဆိုရမည်ဟု
၎င်းက ဆက်ပြောသည်။

''ဘဏ်ကောင်တာနဲ့တော့ ဘယ် ပြီးမလဲ။ သူ့ ထက်တာဝန်ရှိတဲ့သူနဲ့တွေ့ မှ ရမှာပေါ့''ဟု ဦးကျော်ဝင်းတင်က ဆက်ပြောသည်။
မေပထမပတ်အတွင်း ရန်ကုန် မြို့လယ်ခေါင်ရှိ ပုဂ္ဂလိကဘဏ်တစ်ခု တွင်ကန်ဒေါ်လာကို မြန်မာငွေနှင့်သွားလဲရာ ဘဏ်ကောင်တာမှ အမျိုးသမီးတစ်ဦးက ကန်ဒေါ်လာတွင် အမည်းရာ
ရှိနေ၍ မလဲပေးနိုင်ဟု ငြင်းဆန်ခဲ့သည့် အပြင် မန္တလေးတွင်လည်း ရေနံလုပ် သားတို့သွားလဲရာတွင် တွန့်နေ၍ မလဲပေးခဲ့ဟု ကိုယ်တွေ့ကြုံခဲ့ကြသူတို့က ပြောသည်။

''ပြောတာပဲ။ မရဘူး။ မလဲပေးနိုင် ဘူးပဲ ပြောတယ်''ဟု အထက်ပါကိစ္စကို ကြုံတွေ့ခဲ့သူ ကိုဇော်မျိုးက ဆိုသည်။မြန်မာဘဏ်များ၏ ကန်ဒေါ်လာ အဟောင်းအနွမ်း အတွန့်အကြေကိစ္စကို CNN သတင်းဌာနကပင် ထည့်သွင်း ၍ ပြည်ပခရီးသွားများ မြန်မာသို့ လာပါက သိထားရမည့်အချက်ထဲတွင်
။အဆိုပါဖြစ်စဉ်များ အမှန်တကယ် ရှိနေခြင်းအပေါ် ပေါ်ပြူလာနယူးစ်က ဗဟိုဘဏ်သို့မေးရာ အဖွဲ့များဖြင့် စစ် ဆေးမည်ဖြစ်ကြောင်း တရားဝင်ပြောခဲ့
သော်လည်း လက်တွေ့ရှိနေခြင်းကို အရေးယူဖော်ထုတ်မှု မပြုနိုင်သေး ကြောင်း သိရှိရသည်။
PN - 051
Popular Myanmar News Journal

ကမ္ဘာလုံးဆိုင်ရာယာဉ်အန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ် ကျင်းပ

ရန်ကုန-် မေ၈ ဒုတိယအကြိမ်ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုအားရန်ကုန်တွင် မေ(၆)ရက်စတင်ပြီး(၁၂)ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်မှုများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၏ အချက်အချာကျသည့် လူကူးမျဉ်းကျားများ၌ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်၊ မ.ထ.သ၊ ရွေရန်ကုန် အစရှိသည့် ခရီးသည်တင် ယာဉ်လိုင်းမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။
သုတလင်း
Popular Myanmar News Journal





မတ္တရာရှိ အရန်မီးသတ်စခန်း မင်းမဲ့စရိုက် ဆန်ဆန်ဖြိုဖျက်ခံရ

မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ်၊ တံငါရွာမြောက်ပိုင်းရှိ အရန် မီးသတ်စခန်းတစ်ခုကို ယမန်နေ့ည ၁၂ နာရီ အချိန်ခန့်တွင် မင်းမဲ့စရိုက်ဆန် ဆန် ဖြိုဖျက်ခံရကြောင်း သိရသည်။ည ၁၂ နာရီလောက်မှာ ကျေးရွာ အရန်မီးသတ်ရုံးကို လာဖျက်ဆီးတာ။ မင်းမဲ့စရိုက်ဆန်ဆန်ကို လုပ်သွားတယ်။ သူတို့က တရားဥပဒေအရ အရေးယူ ပေးဖို့ ကျေးရွာရဲစခန်းရယ်၊ အုပ်ချုပ် ရေးမှူး ရုံးရယ်ကို တိုင်ထားတယ်” ဟု ဒေသခံရွာသား ကိုနေဝင်းက ပြော သည်။

တံငါရွာ ကျေးရွာ အုပ်ချုပ်ရေး မှူးမှ ”ကျွန်တော် မြို့နယ်အုပ်ချုပ်ရေး မှူးရုံးရောက်တော့ မြို့နယ်အုပ်ချုပ်ရေး မှူးက ကျေနပ်အောင် လုပ်ပေးမယ်။ ရွာသားတွေ ကျေနပ်တဲ့အထိ လုပ်ပေး မယ်လို့ ပြောပါတယ်” ဟု ပြောသည်။ကျေးရွာသားတစ်ဦးကလည်း ၎င်း တို့အနေနှင့် ဥပဒေဘောင်အတွင်းက လုပ်ဆောင်သွား မည်ဖြစ်ကာ မင်းမဲ့ စရိုက်ဆန်ဆန် ပြုမူမှုအား လက်မခံ ကြောင်း ပြောသည်။ညနေ ၃ နာရီခန့်တွင် ကျေးရွာ အရန်မီးသတ်စခန်းအား ဖြိုဖျက်ခဲ့သူ များအား တရားရုံးသို့ သွား၍ တရား စွဲနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ကိုရဲရင့် အောင်က ပြောသည်။
စိုင်းလမင်း
Popular Myanmar News Journal

အင်ဒိုနီးရှားရဲနှင့် မြန်မာသံရုံးဗုံးခွဲမည်ဟု သံသယရှိသူတို့ ပစ်ခတ်မှုဖြစ်

May 8, 2013
အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့ဟာ မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစည်တဲ့ကိစ္စမှာ ပတ်သက်ကောင်းပတ်သက်နိုင်တယ်လို့ သံသယဖြစ်ခံရတဲ့ လူ ၄ ဦးနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်း (BANDUNG) က လာတဲ့ အေအက်ဖ်ပီ သတင်းမှာ ရေးပါတယ်။

အနောက်ဂျာဗားပြည်နယ် ဘန်ဒေါင်းမှာ ဒေသစံတော်ချိန် ၁၁ နာရီခွဲလောက်က ပစ်ခတ်ကြတာလို့ အမျိုးသားရဲတပ်ဖွဲပြောခွင့်ရသူ ဘွိုင်း ရာဖ်လိ အမာ (Boy Rafli Amar) ရဲ့ ပြောဆိုချက်ကို အေအက်ဖ်ပီက ကိုးကားပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု နောက်ဆက်တွဲကိုတော့ မသိရသေးပါဘူး။

ရုပ်မြင်သံကြားမှာ ပြသတဲ့ပုံတွေမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဟာ စပါးခင်းတွေအကြားက အိမ်တလုံးကို ပစ်ခတ်နေတဲ့ ပုံတွေပါရှိပါတယ်။

အခုဖြစ်ရပ်ဟာ ဂျကာတာမှာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ဖမ်းဆီးမှုအပြီး နောက်ဆက်တွဲဖြစ်တယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ နာနန် ဆိုကာနာ (Nanan Soekarna) က ပြောပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးရဲတွေဟာ ပြီးခဲ့တဲ့ မေ ၂ ရက်နေ့တုန်းက ဂျကာတာအခြေပြု မြန်မာနိုင်ငံသံရုံးကို ဗုံးခွဲတိုက်ခိုက်မယ်လို့ သံသယဖြစ်ဖွယ် လူ ၂ ဦးကို ထိန်းသိမ်းခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ မြန်မာပြည်က ဒေသတချို့မှာ မွတ်စလင်တွေရဲ့ အိုးအိမ်အဆောက်အဦတွေကို အကြမ်းဖက်ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဖြစ်ခဲ့တာပါ။

ဒီလူတွေဟာ မေ ၃ ရက်နေ့မှာ သံရုံးကို တိုက်ခိုက်ဖို့ စီစဉ်ထားကြတယ်လို့ ရဲတပ်ဖွဲ့အဆင့်မြင့်အရာရှိတဦးကို ကိုးကားပြီး အေအက်ဖ်ပီက ရေးပါတယ်။
အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ မွတ်စလင်အများဆုံးနိုင်ငံတခုဖြစ်ပြီး မြန်မာပြည်က ရခိုင်၊ မိထ္ထီလာနဲ့ ပဲခူးတိုင်းတွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။
ဒီဗွီဘီ

မန်ယူနည်းပြ ဖာဂူဆန် အနားယူတော့မယ်

မန်ယူအသင်း မန်နေဂျာ ဖာဂူဆန်
8 မေလ 2013
အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ပူပူနွေးနွေ ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် အသင်းက နည်းပြ ဆာ အဲလ်လက်စ် ဖာဂူဆန်ဟာ အခု ဘောလုံးရာသီ အကုန်မှာ အနားယူတော့မှာ ဖြစ်ပါတယ်။

အသက် ၇၁ နှစ်အရွယ် နည်းပြ ဖာဂူဆန်ဟာ မန်ယူမှာ ၂၆ နှစ်ကြာ ကြီးကြပ် တာဝန် ယူလာခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ နည်းပြ သက်တမ်းမှာ မန်ယူအတွက် ဖလား ၃၈ ခုကို ဆွတ်ခူး ပေးနိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ဥရောပ ချန်ပီယံစ်လိဂ် ဖလား ၂ ခုနဲ့ အင်္ဂ္လန်က ပရီမီးယား လိဂ် ဖလား ၁၃ ခု ပါဝင်ပါတယ်။

သူ့အနေနဲ့က အနားယူချိန် ရောက်ပြီဖြစ်လို့ နားတော့မှာ ဖြစ်တယ်၊ ဒါပေမယ့် ဒီလို ဆုံးဖြတ်ချက်ချဖို့ အတော်လည်း စဉ်းစားခဲ့ရတယ်လို့ ဖာဂူဆန်က ပြောပါတယ်။ အသင်းအတွက်လည်း အကောင်းဆုံး အနေအထား ဖြစ်အောင် လုပ်ပေးထား ခဲ့တယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောပါတယ်။

သူ့နေရာမှာ ဘယ်သူ ဝင်လာမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် အင်္ဂ္လန်က လောင်းကစား ဒိုင်တွေကတော့ အဲဗာတန် နည်းပြ ဒေးဗစ် မွိုင်းစ် နဲ့ ရီယဲလ် မက်ဒရစ် နည်းပြ ဂျိုဆေး မော်ရင်ဟို တို့ ဖြစ်နိုင်ချေ အရှိဆုံး အဖြစ် လောင်းကြေး တင်ထား ကြပါတယ်။
ဘီဘီစီ

ဥက္ကံအကြမ်းဖက်မှု သံသယရှိသူ ၁၇ ဦး ဖမ်းဆီး

ဥက္ကံမြို့က အကြမ်းဖက်မှု အဓိကရုဏ်းဖြစ်ပြီးနောက် တွေ့မြင်ရတဲ့မြင်ကွင်း (၁ မေ ၂၀၁၃)
08.05.2013
ပြီးခဲ့တဲ့လထဲ လူအသေအပျောက်တွေ ရှိခဲ့တဲ့အထိ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဥက္ကံမြို့မှာ ဆူပူလှုပ်ရှားသူ ၁၇ ဦးကျော်ကို ဖမ်းဆီးထိန်းသိမ်းထားပြီးတော့ ကျန် ၈ ဦးကိုတော့ ပြန်လွှတ်ပေးထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက အဆင့်မြင့် ရဲအရာရှိကြီးတစ်ဦးက ပြော ပါတယ်။ ဒေသဆိုင်ရာ အခြေအနေ တည်ငြိမ်နေပေမဲ့ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားသေးတဲ့အတွက် ဒေသခံတွေ ရောင်း ၀ယ်ဖောက်ကားမှုတွေတော့ အဆင်မပြေဘူးလို့ ဥက္ကံမြို့ အနီးအနားနေသူတွေ က ပြောပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ (မြန်မာပိုင်း) အစီအစဉ်သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

ဧပြီလ ၃၀ ရက်နေ့က ဆွမ်းခံလာတဲ့ ကိုယ်ရင်ငယ်လေးတစ်ပါးကို မူဆလင် အမျိုးသမီးတစ်ဦးက ဆိုင်ကယ်နဲ့ တိုက်မိတဲ့ဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက်မှာ နှစ်ဘက် ဘာသာဝင်တွေအကြား လူအသေအပျောက်ရှိတဲ့အထိ အဓိကရုဏ်းတွေ ဖြစ် ပွားခဲ့တာပါ။

ပဋိပက္ခတွေ ဖြစ်ပွားပြီး ရက်သတ္တပတ် အကြာမှာတော့ အကြမ်းဖက်မှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့လူတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး သက်လွင် က ပြောပါတယ်။

အခုလို ဖမ်းဆီးထိန်းသိမ်းထားသူ တချို့ကို ပြန်လွှတ်ပေးခဲ့ပြီးတော့ ကျန် ၁၇ ဦးကိုတော့ စစ်ဆေးဆဲ အဆင့်မှာပဲ ရှိနေသေးတယ်လို့လည်း သူက ပြောပါတယ်။

“၂၅ ယောက်ဖမ်းပါတယ်ခင်ဗျ။ ၈ ယောက်ကို ပြန်လွှတ်ပေးလိုက်တော့ ၁၇ ယောက် ကျန်ပါတယ်ခင်ဗျ။ သူတို့ကိုတော့ ကျနော်တို့ ရဲတပ်ဖွဲ့က စစ်ဆေးဆဲပဲ ရှိပါသေးတယ်။ ရုံးထုတ်တာကတော့ သူ့ သတ်မှတ်ထားတဲ့ ကျနော်တို့ တရားသူကြီးရဲ့ ရမန် တပတ်အတွင်းမှာ ထုတ်နိုင်အောင် ကျနော်တို့လည်း ဒီမှာ တရားစွဲတင်နိုင်အောင် ဆောင်ရွက်နေပါတယ်ခင်ဗျ။ ကိုးကွယ်တဲ့ဘာသာသည် အရေးမကြီးပါဘူး။ ဘယ်ဘာသာပဲ ကိုးကွယ် ကိုးကွယ် ပြစ်မှုကျူးလွန်တယ်ဆိုရင် ကျူးလွန်တဲ့သူကိုတော့ ပြစ်မှုကြောင်းအရ အရေးယူရမှာပဲ ဖြစ်ပါတယ်။ ဘယ်ဘာသာပဲ ကိုးကွယ် ကိုးကွယ် အခြားဘာသာ ကိုးကွယ်လည်း ပြစ်မှု ကျူးလွန်ရင်တော့ ကျနော်တို့ဘက်က ဖမ်းဆီး အရေးယူရမှာပါပဲ။ ဘာသာကိုးကွယ်တာနဲ့ မဆိုင်ဘူးပေါ့။ ပြစ်မှုကျူးလွန်ရင်တော့ တည်ဆဲဥပဒေကို ဖောက်ဖျက်တယ်ဆိုရင်တော့ ဘယ်ဘာသာဝင်မဆို မည်သူမဆို အဓိကအရေးကြီးတာက ပြစ်မှုကျူးလွန်တာ ပေါ်ပေါက်ဖို့ မှန်ကန်တယ်ဆိုလို့ရှိရင် ကျနော်တို့ ရဲတပ်ဖွဲ့က ဖမ်းဆီးဖော်ထုတ် အရေးယူရမှာပါပဲ။ နိုင်ငံသားတွေကိုယ်စား ကျနော်တို့က ဖော်ထုတ် ဖမ်းဆီးရမှာပေါ့။”

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့က အကြမ်းဖက်မှုကြောင့် အစ္စလာမ်ဘာသာဝင် နှစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်နိုင်နဲ့ ကိုစမိုင်တို့ဟာ ရန်ကုန်ဆေးရုံကြီးမှာ မေလ ၁ ရက်နေ့က ကွယ်လွန်သွားခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ဥက္ကံမြို့အတွင်းမှာ အခြားဆူပူ အကြမ်းဖက်မှု အရိပ်အယောင် တစ်ခုမှ  မရှိဘဲ ဒေသတွင်း အခြေအနေတွေလည်း တည်ငြိမ်နေတယ်လို့ ဒုတိယရဲမှူးကြီး သက်လွင် က ပြောပါတယ်။

မေး။          ။ ရောင်းဝယ်ဖောက်ကားတဲ့ အခြေအနေတွေက ပုံမှန်ပါပဲလား အန်ကယ်လ်။
ဖြေ။           ။ “ပုံမှန်ပါပဲ။ လာကြည့်ပါ။ လာကြည့်လို့ရပါတယ်။ အဲ့ဒါကတော့ ဟိုဟာပေါ့ဗျာ။ 1, 8 ကတော့ ကျနော်တို့ လုံခြုံရေးနဲ့ တိုက်ရိုက်မပတ်သက်ဘူး
ပေါ့နော်။ ဒါကတော့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်တဲ့ အမိန့်ပါခင်ဗျ။ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အမိန့်မဟုတ်ပါဘူး။ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ပိုပြီးတော့ သက်ဆိုင်မှာပါ။”

နောက်ဆုံးအခြေအနေအရ ဆူပူမှုတွေရှိခဲ့တဲ့ ဥက္ကံကို လုံခြုံရေးအခြေအနေတွေ ဒီနေ့အထိ တိုးချထားပြီးတော့ စစ်တပ်နဲ့ ရဲတွေကပဲ ဒေသတွင်း လုံခြုံရေးတွေကို အဓိက တာဝန်ယူထားပြီး ဆူပှုမှုတွေ ထပ်မဖြစ်အောင် လုံခြုံရေးကို ထိန်းသိမ်းနေရတယ်လို့ ဥက္ကံဒေသခံတွေက ပြောပါတယ်။ ဥက္ကံအပါအ၀င် သူနဲ့ဆက်စပ်နေတဲ့ တိုက်ကြီးမြို့မှာလည်း လုံခြုံရေးအခြေအနေတွေ တိုးမြှင့်ထားပြီးတော့ မနက် ၅ နာရီကနေ ညနေ ၅ နာရီအထိ လူစုလူဝေးမလုပ်ရတဲ့ ပုဒ်မ ၁၈၈ ကိုလည်း ဆက်လက်ထုတ်ထားတယ်လို့ ဥက္ကံမြို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုသက်ဦး က ပြောပါတယ်။

“188 က မရုပ်သိမ်းသေးပါဘူး။ အခု အကိုရောက်တဲ့ရွာကလေးဆိုရင် ညဘက်ဆို သူတို့ ရဲတွေလာတယ်ပေါ့လေ။ ရဲတွေလာတဲ့အခါကျတော့ သူတို့က ကြောက်ရွံ့ ထိတ်လန့်တယ်ပေါ့။ တချို့ရွာသားတွေကလည်း အများစုက တိမ်းရှောင်နေကြ တယ်။”

ဥက္ကံအပါအ၀င် တိုက်ကြီးမြို့နယ်မှာ ဆူပူအကြမ်းဖက်မှုတွေမရှိဘဲ ပုံမှန်ရောင်းဝယ် ဖောက်ကားမှုတွေကို နေ့အချိန်မှာ လုပ်နိုင်ပေမဲ့ ညပိုင်းမှာ ဈေးသည်တွေ ဈေးမရောင်းရတော့တဲ့အတွက် အခြေခံ လက်လုပ်လက်စားတွေအတွက် အနည်းငယ် အခက်အခဲတော့ ရှိနေတယ်လို့ ကိုသက်ဦးက ပြောပါတယ်။

“မနက်ကတော့ တည်ဆဲဥပဒေအရ အုပ်စုလိုက်သော်လည်းကောင်းပေါ့ ညနေ ၅ နာရီထိုးပြီဆိုရင် တိုက်ကြီးမှာ အခုဆိုရင် နေ့လည် ၂ နာရီထိုးတာနဲ့ ဈေးဆိုင်တွေက အကုန်ပိတ်ကုန်ကြပြီ။ ၅ နာရီဆိုရင် လူတွေ မရှိကြတော့ဘူး။ ကျန်တာကတော့ မနက် ၅ ညနေ ၅ အပြင်မထွက်ရဘူးပေါ့။ တောသူ တောင်သားတွေကျတော့ စားရေးသောက်ရေးကျတော့ ညနေ ၅ နာရီ ၆ နာရီမှ လုပ်ငန်းခွင်သိမ်းတယ်။ အဲ့လိုမျိုးလူတွေ လှမ်းဆက်ပြန်ရင်လည်း ရပါတယ်ဗျာ။ ဘယ်သူတွေရှိနေတာပဲ။ ဘယ်ဝါတွေရှိနေတာပဲ။ ဒါပေမဲ့ ဘယ်သူက အာမခံမှာလဲဗျာ။ ဒီကြေညာတဲ့ပုံစံကြီးက အများစုပေါ့ အခု ကျနော်တို့ ဒီတိုက်ကြီးမှာဆိုရင် ည ၁၂ နာရီ ၁ ချက်မှာ ညဈေးတန်း ကုန်ဈေးတန်းရှိတယ်။ ကုန်စိမ်းသည်တွေ အများကြီး ဒုက္ခရောက်တယ်။ ကျနော်တို့ ဒီ ညဈေးတန်းလေးရှိတယ်။ ၅ နာရီထိုး ပိတ်ဆိုကတည်းက ညဈေးတန်းဆိုတာက ၅ နာရီလောက်က စဖွင့်တာလေ။ မရှိတဲ့ လက်လုပ်လက်စားသမားတွေကတော့ အများကြီး ဒုက္ခရောက်တယ်ပေါ့။”

ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း မိတ္ထီလာမြို့မှာ ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့အထိ ဆူပူမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမှာလည်း ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီတုန်းက ဆူပှုအကြမ်းဖက် လုပ်ရပ်တချို့ကို စတင် ဖန်တီးခဲ့သူတွေနဲ့ ကိုယ်တိုင် ကျူးလွန်ခဲ့သူတွေကို အာဏာပိုင်တွေက အရေးယူမှုတွေ ဆောင်ရွက်နေသ လို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကလည်း လူမျိုးရေး၊ ဘာသာရေးကို အခြေခံတဲ့ ပြဿနာတွေ မတက်ဖို့နဲ့ လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြုပြီး ဆူပူအောင် လှုံ့ဆော်သူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူမယ်ဆိုပြီးတော့ သူ့ရဲ့ လစဉ်မိန့်ခွန်းတွေမှာ ပြောဆိုနေတာလည်း ဖြစ်ပါ တယ်။
အောင်ရဲ မောင်မောင်
VOA

သင်္ဘောဝမ်းဗိုက်အတွင်း သန့်ရှင်းရေးပြုလုပ်စဉ် အသက်ရှူကြပ်၍ ၃ ဦးသေ

နေပြည်တော်၊ မေ ၈
၇-၅-၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပြည်သူ့ဆေးရုံကြီးတွင် အသက်ရှုကြပ်သည့်လက်္ခဏာများဖြင့်သေဆုံးနေသည့် လူသေအလောင်း(၃)လောင်းနှင့် လူနာ(၁)ဦး ရောက်ရှိနေကြောင်းသတင်းအရ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးသည့်တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေး ခဲ့သည်။ စစ်ဆေးချက်အရ မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ မြိတ်/ကျွန်းစုဒေသရှိ သစ်ထုတ်လုပ်ကွက်များမှ သစ်များအား အငှားတင်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် လွန်ခဲ့သော(၁)လခန့်မှစ၍ ကျောက်ချ ရပ်နားထားသည့် ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ ““သူရိယစန္ဒာဝင်း””ကုမ္ပဏီပိုင် MV-ဇ၀န အမည်ရှိ တွန်းသင်္ဘောနှင့်တွဲလျက် BARGE-11 Singapore ကုန်တင်သင်္ဘောမှ သင်္ဘောရေယာဉ်မှူး ဦးရဲရွှေပါ(၁၅)ဦးတို့သည် ထိုနေ့ ၀၇၃၀ အချိန်မှစ၍ သင်္ဘောအတွင်း/အပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေခဲ့သည်။

ထိုသို့ဆောင်ရွက်နေစဉ် သင်္ဘောဝမ်းဗိုက်အတွင်းရှိ ရေလုံခန်း(၂၈)ခန်းအနက် (၅)ခန်းမြောက်အခန်းအား သန့်ရှင်းရေးဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မင်းဘောရွာနေ ဒုရေယာဉ်မှူး ဇင်ကိုဦး(ခ)ကြက်ဖ(၂၄)နှစ်မှာ သင်္ဘောဝမ်းဗိုက်အတွင်းရောက်ရှိစဉ် လဲကျသွားသည်ကို သင်္ဘောကုန်းပတ်ပေါ်တွင်ရှိနေသည့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နေ သင်္ဘောသားခေါင်းဆောင် ကျော်မြင့်(ခ)ကျော်ကျော်မြင့်(၂၉)နှစ်မှ တွေ့မြင်ရသဖြင့် ကူညီရန်သွားရောက် ခဲ့သည်။

ကျော်မြင့်(ခ)ကျော်ကျော်မြင့်မှ သင်္ဘောဝမ်းဗိုက်အတွင်းသို့ရောက်ရှိစဉ် လဲကျသွားခဲ့သဖြင့် မအူပင်မြို့နယ်၊ ဖိုးရာဝဲရွာနေ သင်္ဘောသား ၀င်းထွန်း(၂၈)နှစ်မှ ကူညီကယ်တင်ရန် သင်္ဘောဝမ်းဗိုက် အတွင်းသို့သွားရောက်စဉ် ထပ်မံလဲကျသွားခဲ့သည်။ သတိလစ်လဲကျနေသူ(၃)ဦးအား ကယ်ဆယ်ရန် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ တောင်ပလူကျေးရွာနေ သင်္ဘောဆီလောင်း သန်းထိုက်အောင် (၃၂)နှစ်မှ သင်္ဘောဝမ်းဗိုက်အတွင်းသို့ ကြိုးနှင့်ဆင်း၍ လဲကျနေသည့်ဝင်းထွန်းအား အပေါ်သို့ဆွဲတင်ရန် ကြိုးချည်ပြီးချိန်တွင် သန်းထိုက်အောင်လည်း ထပ်မံလဲကျသွားခဲ့သည်။

ထိုစဉ် သင်္ဘောကုန်းပတ်ပေါ်တွင် အသင့်ရှိနေသည့် စက်ဆရာ ဇော်လွင်နှင့်အဖွဲ့မှ ၀င်းထွန်းအား သင်္ဘောဝမ်းဗိုက်အတွင်းမှ ကုန်းပတ်ပေါ်သို့ ရောက်အောင် ဆွဲတင်ခဲ့ပြီးနောက် စက်ဆရာဇော်လွင်မှ တွန်းသင်္ဘောတွင်တပ်ဆင်ထားသော အောက်ဆီဂျင်ပေးသည့်ကိရိယာတပ်ဆင်၍ သင်္ဘောဝမ်းဗိုက် အတွင်းသို့ဆင်းကာ သန်းထိုက်အောင်၊ ကျော်မြင့်(ခ)ကျော်ကျော်မြင့်နှင့် ဇင်ကိုဦး(ခ)ကြက်ဖတို့အား သင်္ဘောကုန်းပတ်ပေါ်သို့ရောက်ရှိအောင် ဆောင်ရွက်ခဲ့သည်။

၎င်းနောက် စစ်ဆေးကြည့်ရှုရာ သန်းထိုက်အောင်၊ ကျော်မြင့်(ခ)ကျော်ကျော်မြင့်နှင့် ဇင်ကိုဦး(ခ)ကြက်ဖတို့အား ပြင်ပ ဒဏ်ရာများမတွေ့ရှိရဘဲ သေဆုံးနေပြီး ၀င်းထွန်းမှာ အသက်ရှူကြပ်ပြီး ဝေဒနာ ခံစားနေ ရကြောင်း တွေ့ရှိရသဖြင့် မြိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖြစ်စဉ် မှာ အောက်ဆီဂျင်ပေးသည့်ကိရိယာမပါရှိဘဲ သင်္ဘောဝမ်းဗိုက်အတွင်းသို့ သန့်ရှင်းရေးပြုလုပ်ရန် ၀င်ရောက် ရှင်းလင်းရာမှ လွန်ခဲ့သော(၁)နှစ်ကျော်ခန့်ကတည်းကပိတ်ထားသည့်အခန်းအတွင်း လူ့အသက်အန်္တရာယ် ဖြစ်စေနိုင်သည့်လေထုကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မြိတ်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၂၉/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
ရဲဇာနည်သတင်းရရှိသည်။
ရဲဇာနည်

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com