http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မိတ္ထီလာသံဃာတွေ စာဖြေဖို့ပြင်၊ ဒုက္ခသည် အိမ်ပြန်

စာသင်သားတွေ စာမေးပွဲ ဖြေကြရတော့မယ်။
25 ဧပြီလ 2013
အစိုးရဓမ္မာစရိယနဲ့ ပထမပြန်စာမေးပွဲတွေကို မေလ ၂ ရက်မှာ တတိုင်းပြည်လုံး ကျင်းပတော့မှာ ဖြစ်တဲ့အတွက် မိတ္ထီလာက ရဟန်းနဲ့ ရှင်တွေလည်း စာမေးဖြေဖို့ ပြင်ဆင်နေကြရပြီ ဖြစ်ပါတယ်။

ရက်ကပ်မှ သိတဲ့အတွက် စာသင်သားတွေ နည်းနည်းတော့ ကသီမယ်လို့ မိတ္ထီလာမြို့နယ် သံဃာ့မဟာနာယကအဖွဲ့ အတွင်းရေးမှူးနဲ့ သာသနာ့ ဝေပုလ္လကျောင်းတိုက်က ဆရာတော် ဦးဝါယမက ဘီဘီစီကို ပြောပါတယ်။

ဗုဒ္ဓဘာသာတွေနဲ့ မွတ်ဆလင်တွေ အရင်လို ညီညွတ်စွာ ပြန်လည် နေထိုင်နိုင်ရေးကို ဘာသာပေါင်းစုံအဖွဲ့တွေနဲ့ ဧပြီ ၂၇ မှာ မိတ္ထီလာမှာ စည်းဝေး တွေ့ဆုံပွဲ လုပ်ဖို့ ရှိတယ်၊ ဒါပေမဲ့ အချိန်ယူ လုပ်ကြရမယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

၉၆၉ လှုပ်ရှားမှုတွေ မိတ္ထီလာမှာ မရှိဘူး၊ သံဃာ့ကွန်ရက်လည်း ဖွဲ့ထားတာ မရှိဘူးလို့ ဦးဝါယမက ပြောပါတယ်။

တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ မတ် ၂၀ က စခဲ့တဲ့ လူမျိုးရေး ပဋိပက္ခအပြီး ဒုက္ခသည်စခန်း ခြောက်ခုမှာ နေထိုင်နေကြရတဲ့ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင် ဒုက္ခသည် တချို့လည်း အစိုးရ အစီအမံတွေနဲ့ ကိုယ့်အိမ်ရာ နေရာတွေဆီ ပြန်နေကြပါတယ်။

တချို့ပြန်ပေမယ့် တချို့လည်း ဒုက္ခသည်စခန်းတွေမှာ ဆက်လက်နေထိုင်နေကြသေးတယ်၊ ဈေးဆိုင်တွေလည်း အကုန်အစုံ ပြန်ဖွင့်တာမျိုးတော့ မရှိဘူးလို့ ခရိုင်အားကစားကွင်းမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေရတဲ့ ဦးကိုကြီးက ဘီဘီစီကို ပြောပါတယ်။
ဘီဘီစီ

ဗြိတိန်မင်းသား ဟယ်ရီ သြစတြေးလျတပ်၌ ပူးတွဲတာဝန်ထမ်းဆောင်မည်

25 Apr, 2013
တော်ဝင်မင်းသားဟယ်ရီ သြစတြေးလျစစ်တပ်၌ ပူးတွဲတာဝန်ထမ်းဆောင်ရန်အတွက် စီစဉ် ဆောင်ရွက်နေကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

အိမ်ရှေ့မင်းသား ချားလ်စ်၏ သားတော် ၂၈-နှစ်အရွယ်ရှိ မင်းသားဟယ်ရီသည် သြစတြေးလျ စစ်တပ်တွင် ၆-လတာခန့် တပ်ဖွဲ့တစ်ခုခု၌ တရားဝင် ဝင်ရောက်လျက်ဖြစ်စေ၊ လေ့လာသူ တစ်ဦးအနေဖြင့်ဖြစ်စေ တာဝန်ထမ်းဆောင်ရန် စီစဉ်လျက်ရှိကြောင်း ကြာသပတေးနေ့ထုတ် နယူးစ်လိမိတက်သတင်းစာတွင် ရေးသား   ဖော်ပြထားသည်။

တော်ဝင်အမှုထမ်းများနှင့် လုံခြုံရေးအရာရှိများက တော်ဝင်မင်းသားတစ်ဦးအား တာဝန်ထမ်းဆောင် ခွင့်ပေးခြင်းမှာ စွန့်စားရာရောက်ကြောင်း၊ တင်ပြချက်အရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မင်းသား တာဝန်ထမ်းဆောင်မည့် ကာလ ၆-လတာကာလအတွက် အသေအချာ စီမံဆောင်ရွက် ရှိကြောင်းကိုလည်း ဖော်ပြပါရှိသည်။

မင်းသား၏ လန်ဒန်ကလဲရင့်စ် အိမ်တော်ဝန်ထမ်းများ၊ ဗြိတိသျှတပ်မတော်နှင့် သြစတြေလျ တပ်မတော်တို့မှ သက်ဆိုင်ရာအရာရိများသည် တာဝန်ထမ်းဆောင်မည့် အချိန်ကာလ နှင့် နေရာဌာနများအတွက် အသေးစိတ်စီစဉ်နေကြောင်းကိုလည်း သိရသည်။

အေအက်ဖ်ပီ သတင်းဌာန၏ မေးမြန်းချက်ကို သြစတြေလျကာကွယ်ရေးဌာနမှ အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုဘဲ ကလဲရင့်စ် အိမ်တော်သို့ ဆက်သွယ်မေးမြန်းရန် လမ်းလွှဲပေးခဲ့ ကြောင်းကိုလည်း သိရသည်။

သတင်းစာ၏ ဖော်ပြချက်အရ မင်းသားသည် တော်ဝင်မြင်းတပ်တပ်ရင်းမှ ဗိုလ်ကြီး အဆင့်ရှိ အရာရှိတစ်ဦးဖြစ်ပြီး အာဖဂန်နစ်စတန်တွင် ၂-ကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယခုလည်း သြစတြေးလျစစ်သားများနှင့်အတူပူးတွဲ တာဝန်ထမ်းဆောင်ရန် စိတ်အားထက်သန်လျက် ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

မင်းသားဟယ်ရီသည် တာဝန်ထမ်းဆောင်ရာမှ ဇန်နဝါရီလအတွင်းက အိမ်သို့ပြန်ရောက်လာပြီး၊ အာဖဂန်နစ္စတန်တွင် အပါချီ ဟယ်လီကော့ပတာတွဲဖက် ပိုင်းလော့ အဖြစ်တာဝန်ထမ်းဆောင်စဉ် သူ၏ ကွန်ပြူတာဂိမ်း ကျွမ်းကျင်မှုအားဖြင့် တာလီဘန်များကို သတ်ဖြတ်ရာတွင် ပိုမို စွမ်းဆောင် နိုင်ခဲ့ကြောင်း ပြောဆိုသဖြင့် မကျေနပ်မှုအငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်းကိုလည်း သိရသည်။
သတင်း- ဘန်ကောက်ပို့စ် အွန်လိုင်း
ညွန့်အောင် ( မြစ်မခ )
Myit Makha Mediagroup

အခမဲ့အမှုများ၌ အဓမ္မပြုကျင့်မှု အများဆုံးပါဝင်

24 Apr, 2013
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်(၅)ခု၌ အခမဲ့အမှုလိုက် ဖြေရှင်းပေးရသည့် အမှု(၂၀)ကျော်အနက် အဓမ္မပြုကျင့်မှုမှာ အများဆုံးပါဝင်ကြောင်း အကျိုးဆောင်ပေးနေသည့် Youth Legal Clinic အဖွဲ့က ဆိုသည်။

Youth Legal Clinic အဖွဲ့မှာ ရန်ကုန်တိုင်းဒေသကြီးရှိ သာကတေ၊ လှိုင်သာယာ၊ ဒလ၊ ဒေါပုံ၊ ဒဂုံဆိပ်ကမ်း မြို့နယ်များ၌ အမျိုးသမီးအကြမ်းဖက်ခံရမှုနှင့် ပတ်သက်သည့်အမှုများအား အခမဲ့အမှုလိုက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။       

အင်တာနက်ပေါ်မှ ညစ်ညမ်းဇာတ်ကားများ ကြည့်ရှု့ခြင်း ၊ ဖုန်းများတွင်လည်း ညစ်ညမ်းဓာတ်ပုံများတင် ထားခြင်းမှာ အမျိုးသမီးများ အဓမ္မကျင့်ခံရစေနိုင်ရန် တွန်းအားပေးသည့် သဘောသက်ရောက်စေနိုင်ကြောင်း ဥပဒေအသိုင်းအ၀ိုင်းနှင့် လူမှုရေးအဖွဲ့အစည်းများက သုံးသပ်ပြောဆိုသည်။

"လှိုင်သာယာဘက်က တက်လာတဲ့အမှုတွေဆိုရင် အဲ့ဒီလို အခွေတွေကိုထိုင်ကြည့်ရင်းနဲ့ မောင်နှမနှစ်ယောက် ဖြစ်သွားတာမျိုးတို့   ၊ ကောင်လေးက ကောင်မလေးကို ဖုန်းထဲကနေပြပြီးတော့ ကောင်မလေး ကို စိတ်ပါလာအောင် လုပ်တာတွေ ရှိလာတာမို့လို့ ဒါတွေက Rate မှုတွေကို လမ်းကြောင်းပေးနေ သလိုဖြစ်ပါတယ်  " ဟု Youth Legal Clinic အဖွဲ့ဥက္ကဌ အထက်တန်းရှေ့နေ ဒေါ်လှလှရီက ပြောသည်။

အဓမ္မကျင့်မှုများ မဖြစ်ပေါ်စေရန်အတွက် လူငယ်လူရွယ်များအနေဖြင့် ငယ်စဉ်ကတည်း ဘာသာရေး အသိ တရားများ လေ့လာမှတ်သားထားသင့်ကြောင်း၊ ၄င်းအမှုများ ဖြစ်ပေါ်လာပါကလည်း နိုင်ငံတော် အစိုးရအနေဖြင့် အခြားနိုင်ငံများနည်းတူ ထိရောက်ဟန့်တားသောပြစ်ဒဏ်များကို တိတိကျကျချ မှတ်ပေးရန် လိုအပ်ကြောင်း လူမှုအဖွဲ့အစည်းများက အကြံပြုပြောဆိုသည်။ 

"ပုံတွေတွေ့ရင်တော့ လှုံ့ဆော်စိတ်ပေါ်လာမှာပဲ။ အိုင်တီ တိုးတက်လာတာနဲ့အမျှ ဒါတွေကို တားမြစ်ဖို့က ခက်တယ်။ လူကိုထိန်းထားတာ ဘာသာတရားပဲ ဒါကြောင့် ငယ်ငယ်ကတည်းက လူငယ်တွေအတွက် သွန်သင်မှု လိုတယ်။ ပြီးတော့ အမှုတွေပေါ်လာရင် တရားဥပဒေအရ ထိရောက်တဲ့ ပြစ်ဒဏ်ပေးဖို့လိုတယ် " ဟု အပြည်ပြည်ဆိုင်ရာလူမှုရေး အဖွဲ့အစည်းတစ်ခုတွင် တာဝန်ထမ်း ဆောင်ခဲ့ဖူးသော ဦးညွန့်အောင်ကပြောသည်။   

အင်တာနက်ဆိုင်အချို့ရှိ ကွန်ပျူတာစက်များထဲ၌  ညစ်ညမ်းသောဇာတ်ကားများ နှင့် ဓာတ်ပုံများ ထည့်သွင်းထားမှုများ ရှိကြောင်းကိုလည်း အင်တာနက်သုံးစွဲသူများထံက သိရှိရသည်။ 

"ဟိုတလောက ဆိုင်မှာ သွားထိုင်တာ။ ဖွင့်လိုက်တာနဲ့ computer screen ပေါ်မှာ သီချင်းထင်လို့ ဖွင့်လိုက်တာ အဲ့ဒီလို ဇာတ်ကားတွေ ပေါ်လာတယ်။ ပထမကြည့်သွားတဲ့ လူတွေ မပိတ်ဘဲကျန်ခဲ့တာလားမသိဘူး။ ဘာပဲ ပြောပြော ဆိုင်တွေအနေနဲ့ သူတို့ဆိုင် လူဝင်အောင်လို့ ဒီလိုကားတွေမထည့်ထားသင့်ပါဘူး။ " ဟု ကြည့်မြင်တိုင်မြို့နယ်မှ အင်တာနက်သုံးစွဲသူ အမျိုးသမီး တစ်ဦးက ပြောသည်။

မုဒိမ်းမှုဖြစ်ပေါ်ပါက ပုဒ်မ(၃၇၆)ဖြင့် အရေးယူနိုင်ပြီး ထိုပုဒ်မအရ ထောင်ဒဏ် (၁၀)နှစ် (သို့) တစ်သက်တစ်ကျွန်း (သို့)ငွေဒဏ် (သို့) ထောင်ဒဏ်နှင့်ငွေဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း  သိရှိရသည်။
ယမင်း (မြစ်မခ)
Myit Makha Mediagroup

ယခုနှစ် ရွှေမောဓေါဘုရားပွဲမြင်ကွင်း အပိုင်း(၂) (ဓါတ်ပုံသတင်း)

ယနေ့ညရွှေမောဓေါဘုရားပွဲမြင်ကွင်း................
ပဲခူး သတင်းစဉ်
ဆေးမင်ထိုးနေသောလူငယ်တစု

ဘုရားပွဲများ၌တွေ့ရလေ့ရှိသောပုရစ်ကြော်

လူအုံနေသောမျက်လှည့်ဝိုင်း

ဈေးဆိုင်များကြားကရွှေမောဓေါ

ပနိးချီကားဆွပြီးရောင်းသည့်ဆိုင်
တပုံ၅၀၀ကျပ်









ဘဝအတွက် အကျိုးရှိအောင် စာဖတ်နည်း ၁၂ ချက်

အဆွေ စာဖတ်တတ်တယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ဘာလို့ဆို ရှေ့က စာကြောင်းကိုဖတ်ခဲ့ပြီး အခုဒီစာ ကြောင်းကိုပါ အဆုံးအထိ လိုက်ဖတ်နေ လို့လေ။ ဒါက ကျွန်တော်အဓိက သိချင်တာ မဟုတ်ပါဘူး။ အဓိကအနေနဲ့ အရေးတကြီး သိချင်တာက အဆွေဟာ ဘဝအတွက် အကျိုးရှိအောင် စာဖတ်တတ်တဲ့သူ ဟုတ်သလားဆိုတာပါ။ ဒါနဲ့ တစ်ဆက်တည်း မေးစရာလေးတွေ ဆက်တိုက်ရှိပါ သေးတယ်။ အဆွေက ဖတ်ပြီးတဲ့စာကို ဘဝမှာအသုံးဝင်အောင် သေသေချာချာ အသုံးချတတ်တဲ့ သူလား။ သေသေချာချာ မှတ်မှတ်သားသား မဖတ်ဘဲ "ခုဖတ်၊ တော်ကြာမေ့" ဖြစ်တတ်တဲ့ သူမျိုးလား။ အဆွေဖြင့် ဒါကို ဖတ်ပြီးပါပြီဆိုပြီး တခြား သူတွေကို အရသာခံ ဂုဏ်ယူပြောဆိုဖို့ အတွက် ဖတ်တဲ့သူမျိုးလား။ အပေါ်ယံလေး တွေ လျှပ်ဖတ်မှတ်သားပြီး လေလုံးထွား သုံးသပ်ပြတတ်တဲ့ စာဖတ်သူမျိုးလား။ အဆွေ့ဦးနှောက်ရဲ့ ပျော်ရွှင်မှု ဧရိယာလေး အတွက် စကားလုံးတွေနဲ့ အယူအဆတွေကို ပျော်ရွှင်စရာ အသုံးအဆောင်ပစ္စည်းတွေ အဖြစ် အသုံးပြုရုံ စာဖတ်တဲ့သူမျိုးလား။

အခုမေးလိုက်တဲ့ မေးခွန်းတွေထဲက ဘယ်မေးခွန်းမဆို "ဟုတ်ကဲ့ ကျွန်တော်/ ကျွန်မက အဲဒီလိုသူမျိုးပါ" လို့ ပြန်ဖြေဖြစ် ခဲ့မယ်ဆိုရင်တောင် အရေးမကြီးလှပါဘူး။ လူအများစုကိုက ပျော်ရွှင်မှုရဖို့အတွက် စာဖတ်နေကြတာလေ။ ဒါမဆန်းပါဘူး။ စာအုပ်တွေအများကြီးရှိတဲ့အထဲကနေ လူအများစုက ဆွဲထုတ်ယူဖတ်နေကြတာ တွေဟာ ဝတ္ထုတွေ ဖြစ်နေတာကို အဆွေ ကိုယ်တိုင် တွေ့ကြုံဖူးပါလိမ့်မယ်။ ဒါဆန်း သလားဆိုတော့ ဒါလည်း မဆန်းပါဘူး။ ဆန်းတာက နှစ်ရှည်လများ စာတွေဖတ်ခဲ့ပြီး ဖတ်ခဲ့တဲ့စာတွေကို ဘဝအတွက် အကျိုးရှိ အောင် အသုံးမချတတ်ခဲ့ရင် ဒါမှမဟုတ် ဘဝအတွက် အကျိုးရှိအောင် စာအုပ်စာပေ တွေကို ရွေးချယ်မဖတ်တတ်ခဲ့ရင်ပေါ့လေ။

တစ်ခါတလေတော့လည်း အရေးကြီးတဲ့ စာအုပ်တွေကို မထင်မှတ်ဘဲဖတ်ခဲ့မိတာမျိုးတွေ ဘဝမှာရှိကောင်း ရှိနိုင်ပါတယ်။ ဘဝနေထိုင်နည်းလက်စွဲစာအုပ်၊ စီးပွားရေးလက်စွဲစာအုပ်၊ တစ်ကိုယ်ရေ တစ်ကာယ တိုးတက်မှုလမ်းညွှန်စာအုပ်၊ သိပ္ပံရေးရာစာအုပ်၊ လက်ရှိနိုင်ငံတကာ အရေးအရာတွေကို ဝေဖန်သုံးသပ်ပြထား တဲ့ သုတေသနကျမ်း စတာတွေပေါ့လေ။ စာအုပ်ကောင်းတွေရဲ့ အဓိက အဆုံးသတ် အကြောင်းအရာ သညာတွေကတော့ တခြားသူတွေ ဘာလုပ်ခဲ့တယ်ဆိုတာနဲ့ ကျွန်တော်တို့ ဘာဆက်လုပ်သင့်ကြတယ် ဆိုတာကို ပြညွှန်းထားတာပါ။ နယ်ပယ် ကျယ်ကျယ် ဝယ်ဝယ်အထိ ထင်ရှားအောင်မြင်နေသူ တွေဟာလည်း ဒီလိုစာအုပ်မျိုးတွေကိုသာ ရွေးချယ်ဖတ်ရှုလေ့ရှိကြတာပါ။

ဒီနေရာမှာ အလျဉ်းသင့်လို့ စီးပွားရေး လမ်းညွှန်စာအုပ်တွေကို အစဉ်တစိုက် ရေးသား နေတဲ့ စာရေးဆရာ ဆသ်ဂေါ်ဒင်ရဲ့ "စီးပွားရေး စာအုပ်တွေကို ဘယ်လိုဖတ်မလဲ" စာအုပ်ထဲက အချက်သုံးချက်ကို အကျဉ်းချုံး ဆွဲထုတ် ပြသပါရစေ။ စီးပွားရေး လမ်းညွှန်စာအုပ် တွေကို ဖတ်ပြီးရင် -

(၁) အဆွေ့ ဘဝမှာ အနည်းဆုံး အတွေ့အကြုံ အပြောင်းအလဲ သုံးခုရှိကိုရှိရမယ်။
(၂) စာအုပ်ကိုဖတ်ပြီး မှတ်စုတွေထုတ်မယ့်အစား "ဆက်လက် လုပ်ဆောင်ရန် စာရင်းတွေ" ကို ချရေးထား ရမယ်။
(၃) အဆွေ ဖတ်ပြီးသွားပြီဆိုရင် တခြားတစ်ယောက်ကို လက်ဆင့်ကမ်းနိုင်တဲ့ စာအုပ်မျိုးဖြစ်ရမယ်။

ဒီသုံးချက်နဲ့ ညီမှသာ အဆွေဖတ်တဲ့ စီးပွားရေးလမ်းညွှန် စာအုပ်ဟာ စာအုပ်ကောင်းတစ်အုပ်ဖြစ် မယ်လို့ ဂေါ်ဒင်ကဆိုပါတယ်။ ဂေါ်ဒင်ရဲ့ အချက်သုံးချက်ကို ထုတ်နုတ်ပြရတဲ့ ရည်ရွယ်ချက်က ဘယ်လိုနယ်ပယ် အမျိုး အစားကို ရည်ရွယ်ရေးသားထားတဲ့ စာအုပ်မျိုးမှာမဆို အခကြေးငွေရလိုမှုအတွက် ဖြစ်ကတတ်ဆန်း စာရေးသားသူတွေ ဒုနဲ့ဒေးရှိနေတတ်တာမို့ အနည်းဆုံး ဒီသုံးချက် လောက်နဲ့ တိုက်ဆိုင်မှသာ ဖတ်သူကို အကျိုးရှိစေတဲ့ စာအုပ်မျိုး ဖြစ်နိုင်ခြေ ရှိတယ်ဆိုတာကို ပြောပြချင်လို့ပါ။

စာအုပ်စာပေကို နည်းမှန်လမ်းမှန်နဲ့ အကျိုးရှိရှိ ဖတ်မှတ်တတ်အောင် ဒတ်စတင် ဝက်စ်က နည်းလမ်း ၁၂ ချက်တိတိ ရေးသားခဲ့ဖူးတာလေးရှိပါတယ်။ သူက ဝါရင့်စာဖတ် သမားတစ်ဦးသာမက အမေရိကန်စာရေး ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒပညာရှင်၊ UNLV Barrick ပြတိုက်ရဲ့ ပစ္စည်း စုဆောင်းရေးမန်နေဂျာနဲ့ လက်ထောက် ပြတိုက်ရေးမှူးလည်း ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ကနေ ယခုလက်ရှိအထိ နီဗားဒါး တက္ကသိုလ်မှာ အချိန်ပိုင်း နည်းပြဆရာ တာဝန်ကို ထမ်းဆောင်နေသူလည်း ဖြစ်ပါ တယ်။ သူရေးသားထားတဲ့ ၁၂ ချက်ကို အဆွေ့အတွက် အကျိုးရှိမယ်ထင်လို့ ဖော်ပြ ပေးလိုက်ပါတယ်။

(၁) စာညှပ်ကြိုး၊ စာညှပ်ကတ်ပြားလိုမျိုး စာညွှန်းကတ်တွေကို အသုံးပြုပါ။

အဆွေစာဖတ်နေစဉ်မှာ တစ်ခုခု ရေးမှတ်ချင်လာရင် ဒီနည်းလမ်းက အသုံးဝင်အကျိုးရှိပါတယ်။ ကူးစရာရှိတဲ့ စာမျက်နှာ ဒါမှမဟုတ် မှန်၊ မမှန်ကို ပြန်လည်ဆန်းစစ် လိုတဲ့ အချက်အလက်တွေပါတဲ့ စာမျက်နှာ မျိုးတွေကို အတိုကောက်လေးစာတို့ရေးပြီး စာညွှန်းကတ်လေးနဲ့ မှတ်ထားလိုက်ရင် စာဖတ်ရှိန်မပျက်ဘဲ ဆက်ဖတ်လို့ ရတယ်လေ။ စာတစ်အုပ်လုံးဆုံးအောင် ဖတ်ပြီး သွားရင်တော့ အဆွေမှတ်သားထားခဲ့တဲ့ စာညွှန်းကတ်လေးတွေအတိုင်း အဆွေ လုပ်ချင်တာကို စိတ်အေးလက်အေး လုပ်လို့ ရပြီပေါ့။

(၂) အဆွေ့စိတ်ထဲက တစ်ခုခုကို မျှော်လင့်ထားမိတဲ့ စာအုပ်မျိုးကို ရွေးချယ်ပါ။

ရောင်းကောင်းတယ်ဆိုတဲ့ စာအုပ်မျိုးတိုင်းကို ပြောတာမဟုတ်ပါဘူး။ အထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပြောတာပါ။ စာအုပ်တစ်အုပ်ကို မဖတ်ခင်မှာ အဆွေ့ကိုယ်အဆွေ ပြန်မေးကြည့်ပါ။ “ဒီစာအုပ်ထဲကနေ ဘယ်လိုအကြောင်း အရာမျိုး၊ ဘယ်လို အတွေးအခေါ်မျိုး ငါရရှိ နိုင်မှာလဲ”။ ကောင်းမွန်အကျိုးရှိမယ့် တစ်ခုခု ကို မျှော်လင့်မိတယ်ဆိုရင်တော့ အဲဒီလို စာအုပ်မျိုးကို ကောက်သာဖတ်လိုက်ပါတော့။

(၃) မှတ်စုထုတ်ခြင်း၊ တို့ထားခြင်း၊ တေးထားခြင်းများ ကျင့်သုံးပေးပါ။

စာအုပ်တစ်အုပ်ကို အဆွေဖတ်ပြီး တာနဲ့ အဲဒီစာအုပ်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကို ချရေးတတ်တဲ့ အကျင့်ကို မွေးမြူပါ။ ဒါမှမဟုတ် ကိုးကားဖို့အတွက် မျဉ်းသားထား တာမျိုး၊ ရောင်စုံမင်တံနဲ့ ခြယ်သထားတာမျိုး လုပ်ကြည့်ပါ။ ဒါမှမဟုတ်သေးရင်လည်း အခန်းစဉ်အလိုက် မှတ်စုထုတ်တာမျိုး လုပ်ကြည့်ပါ။ အဆွေ့ရဲ့ ကိုယ်ပိုင်မှတ်စု စာအုပ်မှာချရေး ဒါမှမဟုတ် ဘလော့ဂ် တစ်ခုခုမှာ တင်လိုက်ပေါ့။ သူငယ်ချင်း မိတ်ဆွေတွေရဲ့ မှတ်ချက်တွေက အဆွေ့ရဲ့ လိုအပ်ချက်တွေကို ဖြည့်စွက်ပေးပါလိမ့်မယ်။

(၄) ဖတ်ထားတဲ့ စာအုပ်အကြောင်းကို ဆွေးနွေးပြောဆိုပါ။

အဆွေဖတ်မှတ် ထားမိတဲ့ လုပ်ငန်း လုပ်ကိုင်မှု မဟာဗျူဟာပုံစံသစ် အကြောင်း ကို အထက်အရာရှိနဲ့ ဆွေးနွေးပြောဆိုကြည့် ပါ။ အပေါင်းအသင်းတွေနဲ့ ဆုံတဲ့အခါ စိတ်ဝင်စားဖို့ သိပ်ကောင်းတဲ့ အတိတ်သမိုင်း စာအုပ်တစ်အုပ် အကြောင်းကို ပြောဆို ဆွေးနွေးကြည့်ပါ။ စာဖတ်သူမျိုးစုံဟာ သူတို့ရဲ့ ကြိုက်နှစ်သက်မှုတွေအပေါ် မူတည်ပြီး ဖတ်တဲ့စာအုပ်တွေ ကွဲပြားကြပါတယ်။ ဖတ်တဲ့စာအုပ်တွေအပေါ် မူတည်ပြီး ရရှိတဲ့ အတွေးအခေါ်တွေနဲ့ အယူအဆပိုင်းတွေပါ ကွဲပြားတတ်ကြ ပါတယ်။ ဒါကြောင့် ဆွေးနွေး ပြောဆိုခြင်းဟာ မတူညီတဲ့ အတွေးအခေါ် တွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်ပါတယ်။ အဲဒီကနေ ဖြစ်ပေါ်လာနိုင်တဲ့ ရလဒ်ကြီး နှစ်ခုကတော့ လှပတဲ့ အတွေးအခေါ် အချိတ် အဆက်နဲ့ ကြီးမားကွဲပြားတဲ့ အတွေးအခေါ် အကွာအဟတို့ပဲ ဖြစ်ပါတယ်။ အဓိက သိထားရမှာကတော့ အယူမှား၊ အစွဲမှား တွေကို စာဖတ်ပြီး ဆွေးနွေးခြင်းနဲ့သာ ချေ ဖျက်နိုင်တယ် ဆိုတာကိုပါ။ ဒါပေမဲ့ စာဖတ် ခြင်းကနေပဲ အယူမှား၊ အစွဲမှားတွေကို ရရှိ နိုင်တာကိုလည်း မေ့မထားပါနဲ့ဦးနော် - အဆွေ။

(၅) အကြောင်းအရာကောင်းတွေကို သင်ပြလမ်းညွှန်ပေးပါ။

အဆွေဖတ်မှတ်ထားတဲ့ စာအုပ်ထဲက ကောင်းမွန်တဲ့ အကြောင်းအရာတွေကို အဆွေ့လို စာမဖတ်နိုင်တဲ့ သူတွေဆီ ရောက်အောင် သင်ပြလမ်းညွှန်ပေးသင့် ပါတယ်။ ဒီအတွက် အဆွေက စာသင်ကြားပေးဖူးတဲ့ ဆရာတစ်ယောက်ယောက် ဖြစ်ဖို့ မလိုပါ ဘူး။ အဲဒီလို သင်ပြလမ်းညွှန် လုပ်ပေးနိုင်တဲ့ အခွင့်အရေးတစ်ခုခု ရရှိလာရင်သာ လက် မလွှတ်ပစ်ဘဲ အဆွေကိုယ်တိုင် ကောက် သင်းကောက်လိုက်စုခဲ့ရတဲ့ သညာအသိ တွေကို ဖြန့်ဝေပေးပါ။ အဲဒီလို အခွင့်အရေး ကို အဆွေကိုယ်တိုင် ဖန်တီးယူလို့လည်း ရပါတယ်။ အလုပ်ခွင်မှာ အဆွေက ဦးဆောင်ပြီး စာပေဆွေးနွေးပွဲလေး လုပ်ပါ။ ရပ်ကွက်စာကြည့်တိုက်မှာ စာပေဆွေးနွေးပွဲ လေးလုပ်ပါ။ ဒီကိစ္စက စာဖတ်သမားတိုင်းနဲ့ တော့ မလိုက်ဖက်နိုင်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အကြောင်းအရာတစ်ခု ကို ရွေးပြီး တခြားသူတွေကို သင်ပြပေးဖို့ အတွက် စာပေဆွေးနွေးပွဲတစ်ခု လုပ်တာဟာ အဆွေက အဲဒီအကြောင်းကို ဘယ်လောက် ကျေကျေညက်ညက် သိထားတယ် ဆိုတာကို ပြသရာရောက်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။

(၆) ဝါကျဖွဲ့စည်းပုံတွေကို ဂရုတစိုက်ဖတ်ပါ။

စာရေးဆရာက သူပေးချင်တဲ့ အကြောင်းအရာ အချက်အလက်တွေကို သူကျွမ်းကျင်တဲ့ ဝါကျတည်ဆောက်ပုံ သဏ္ဌာန်အတိုင်း ရေးသားထားမှာပါ။ ဒါကြောင့် စာရေးဆရာတွေဆီကနေ အချက်အလက် ချိတ်ဆက်ပုံတွေကို ရယူနိုင် ပါတယ်။ အဆွေ့ရဲ့ မှတ်ဉာဏ်အတွက် အထောက်အကူဖြစ်မှာပါ။

(၇) Google မှာ ရှာဖွေလေ့လာဖို့ မမေ့ပါနဲ့။

ဒီနေ့ခေတ်မှာ စာရေးဆရာတွေ အကြောင်းကို Website တွေမှာ ရှာဖွေ လေ့လာဖို့ဆိုတာ လွယ်မှလွယ်ပါပဲ။ ပုံနှိပ် ထုတ်ဝေပြီးသမျှ စာအုပ်တွေကိုလည်း e-book အဖြစ် ရှာဖို့လွယ်ပါတယ်။ စာရေးဆရာရဲ့ ကိုယ်ပိုင် Website မှာလည်း သူနဲ့ စကားပြောဆိုနိုင်ခွင့်ကို အဆွေရရှိနိုင်ပါ သေးတယ်။ ဝါသနာတူ မိတ်ဆွေတွေနဲ့လည်း အဲဒီ Website တွေမှာ ဆုံစည်းဆွေးနွေး နိုင်တယ်နော်။ Google ကို အသုံးချဖို့ မမေ့ပါနဲ့။

(၈) စာဖတ်ဖို့အတွက် အချိန်ယူပါ။

စာမြန်မြန် ဖတ်ချင်တဲ့သူဟာ စာမြန်မြန်ဖတ်လို့ ရကိုရတယ်။ ဒါကြောင့်လည်း ဒီနေ့ခေတ်မှာ "စာဖတ်ရှိန်မြှင့်တင်ရေး သင်တန်းတွေ" ကို လူကြိုက်များလာကြ တာပေါ့။ ဒါပေမဲ့ စာဖတ်တာ မြန်လွန်းလို့ အသိသညာတွေကို သူများထက်ပိုပြီး မြန်မြန်ရရှိနေတဲ့ သူတွေကိုတော့ အဆွေ တွေ့ဖူးဖို့ မလွယ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ စာဖတ်တာတို့၊ စာပေလေ့လာတာ တို့ဟာ ထိုက်သင့်တဲ့အချိန် ယူကိုယူရပါ တယ်။ စာဖတ်တာ၊ စာပေလေ့လာတာနဲ့ တစ်ဆက်တည်း တွဲနေလေ့ရှိတာက “ပြန် လှန်တွေးခေါ် စဉ်းစားခြင်း” ပါ။ မိနစ် ၂၀ စာဖတ်မယ့်အစား ၁၅ မိနစ်သာ စာဖတ်ပြီး ငါးမိနစ်ကို “ပြန်လှန်တွေးခေါ် စဉ်းစားခြင်း” ပြုပါ။ ဒါမှမဟုတ်ရင်လည်း အခန်းတစ်ခန်း ပြီးတိုင်း ပြန်လှန်တွေးခေါ် စဉ်းစားကျင့်ကို ပြုပါ။ စာဖတ်တာဟာ အချိန်ယူရတယ် ဆိုတာကိုတော့ ဂရုပြုပါ။

(၉) ဖတ်ထားတဲ့ စာအုပ်တွေကို စစ်ကြောမှု ပြုပါ။

ရှေးတုန်းကတကယ်ဖြစ်ခဲ့လို့ စာရေး ဆရာက တကယ်ရေးသားခဲ့တာပေါ့ ဆိုတဲ့ ဆင်ခြေတွေကို နားမယောင်မိပါစေနဲ့။ စာအုပ်တွေထဲမှာ ရေးသားထားတိုင်း အမှန် တရားတွေလို့ ဆိုလို့မရပါဘူး။ “စာရေးဆရာ က ဒီအကြောင်းကို ဘယ်လိုလုပ်သိသလဲ” ၊ “သူအမှန်အတိုင်း ပြောနေတာရော ဟုတ်ရဲ့လား” စသဖြင့် စစ်ကြောသင့်ပါတယ်။ ဒီကိစ္စအတွက် စာရေးဆရာတွေရဲ့ အတ္ထုပ္ပတ္တိ တွေက အထောက်အကူပြု ပေးနိုင်ပါတယ်။

(၁ဝ) ဖတ်ရမယ့် စာအုပ်စာရင်း၊ ဖတ်လို့ မပြီးသေးတဲ့ စာအုပ်စာရင်းတွေကို ချရေးထားပါ။

အဆွေက တစ်ဝက်တစ်ပျက်ပဲ ဖတ်ရသေးတဲ့ စာအုပ်စာရင်းနဲ့ ဖတ်ကိုဖတ် မယ်လို့ ဆုံးဖြတ်ထားတဲ့ စာအုပ်စာရင်းတွေ ကို ချရေးပြီး ဆောင်ထားပါ။ ဒါမှမဟုတ် စာရေးဆရာစာရင်းကို ပေါ့လေ။ ဘာ ကြောင့်လဲဆိုတော့ အဲဒီစာအုပ်တွေကို ဖတ်နိုင်ဖို့ အချိန်အခါ၊ အခွင့်အရေးဟာ ဘယ်အချိန် ဘယ်အခါမှ ပေါ်ပေါက်လာနိုင် တယ်ဆိုတာကို အဆွေ ကြိုသိနိုင်ဖို့ ခက်ခဲ လို့ပါပဲ။ သူငယ်ချင်း တစ်ယောက်ယောက်ကို ထိုင်စောင့်နေရတဲ့ အခါမျိုး၊ ခရီးရှည်တစ်ခု ကို ကား၊ ရထားစီးပြီး သွားရတဲ့ အခါမျိုး၊ ရုံးမှာ လုပ်စရာတွေပါးနေတဲ့ အချိန်မျိုး စသဖြင့်ပေါ့လေ။ သြော် - အရေးကြီးတာ တစ်ခုကျန်သေးတယ်။ စာရေးဆရာတွေက ဖတ်ဖို့ ထောက်ခံချက်ပေးထားတဲ့ စာအုပ် နာမည်တွေကိုလည်း စာရင်းထဲ ထည့်ရေးဖို့ မမေ့နဲ့နော် - အဆွေ။

(၁၁) ယခင်က မဖတ်ဖူးခဲ့တဲ့ စာပေ အမျိုး အစားတွေကို ရွေးချယ်ဖတ်ရှုကြည့်ပါ။

ပုံမှန်အားဖြင့် ဖတ်လေ့ဖတ်ထမရှိခဲ့ တဲ့ စာပေအမျိုးအစားတွေကို အပြောင်း အလဲ လုပ်ပြီး ဖတ်ရှုကြည့်ပါ။ စာအုပ်အငှား ဆိုင်တွေ၊ စာအုပ်အရောင်းဆိုင်တွေနဲ့ စာကြည့်တိုက်တွေမှာ အရင်က အဆွေ ခြေမချခဲ့ဖူးတဲ့ စာအုပ်တန်းတွေဘက်ကို ခြေချကြည့်လိုက်ပါ။ လုံးဝဖတ်လို့ မကောင်း ပါဘူးဆိုတဲ့ စာအုပ်သတင်းတွေကို ဂရုမမူဘဲနဲ့ တကယ်ဖတ်ရှုထားတဲ့ အဆွေ့ သူငယ်ချင်းတွေဆီက မှတ်ချက်တွေကို တောင်းကြည့်ပါ။ အဆွေ့ရဲ့ ခံစားစိတ်က တကယ်လိုအပ် တောင့်တနေတဲ့ စာအုပ် တစ်အုပ်ကိုသာ ကောက်ဖတ်မိလိုက်လို့ ကတော့ ကြီးကျယ်တဲ့ အံ့သြပျော်ရွှင်မှုကို ပိုင်ဆိုင်ရရှိပြီပေါ့။ ဒါတင်မကသေးဘဲ ထူးမြတ် တဲ့ ဉာဏ်ပညာတွေကိုပါ ထပ်ဆောင်းရရှိ နိုင်သေးတယ် ဆိုတာကိုလည်း မမေ့လိုက်နဲ့ နော် - အဆွေ။

(၁၂) အဆွေ့ဉာဏ်က လိုက်မမီနိုင်မှုကို လက်ခံပါ။

အဆွေမြည်းစမ်းကြည့်တဲ့ စာအုပ်က အဆွေ့အတွက် အကျိုးမရှိ၊ အသုံးမဝင်ရင် ဆက်မဖတ်ဘဲ ချသာထားလိုက်ပါ။ စိတ် ဉာဏ်ကွန့်မြူးစရာထက် ပိုလွန်နေတဲ့ တချို့သော စာအုပ်ကောင်းတွေလည်း ရှိနိုင်ပါ သေးတယ်။ အဲဒီစာအုပ်တွေကျတော့လည်း ဖတ်ရှုဖို့အတွက် ဉာဏ်ပညာအတိုင်းအဆ တစ်ခုအထိ ရောက်ထားဖို့ လိုပါတယ်။ ဒါကြောင့်မို့ အဆွေ့ကို စိတ်ပင်ပန်းလေးလံစွာ နဲ့ စာရွက်တစ်ရွက်ပြီး နောက်တစ်ရွက်ကို ဆက်လှန်ဖို့ သောကရောက်စေတဲ့ စာအုပ် မျိုးကိုလည်း အချိန်အတိုင်းအတာတစ်ခု အထိမဖတ်ဘဲ ချထားလိုက်ပါ။ နောင်တစ်ချိန်မှ ကြိုးစားပြီး ထပ်ဖတ်ကြည့်ပါ။ ဒါမှ မဟုတ်ရင်လည်း စာဖတ်သက်ဝါရင့်တဲ့ စာဖတ်သမားတစ်ဦးဆီက ဘယ်လိုဖတ်သင့်ပါတယ်ဆိုတဲ့ အကြံဉာဏ်တွေကို တောင်းခံအသုံးချကြည့်ပါ။

ဘယ်လိုလဲ - အဆွေ။ ကျွန်တော်က ဒီနည်းလမ်း ၁၂ ချက်ကို ကိုယ်တိုင် အသုံးချဖူးပြီး အကျိုးရှိတာကြောင့် ဝေမျှလိုက်တာ။ အဆွေ့အတွက် ဘယ်လိုနေမလဲမသိဘူး။ ကျွန်တော့်စိတ် အထင်တော့ တချို့အချက်တွေကို အဆွေ အသုံးချဖူးကောင်း ချဖူးပါလိမ့်မယ်။

ကျွန်တော်တို့တွေရဲ့ ဘဝမှာ အချိန်ဟာ အင်မတန် တန်ဖိုးရှိလှပါတယ်။ ဒီနေ့ ခေတ်ရဲ့ များမြောင်လှတဲ့ စာအုပ်တွေထဲမှာ ကျွန်တော်တို့ ဖတ်ရှုစရာမလိုတဲ့ စာအုပ်တွေ ကလည်း အများအပြားကို ရှိနေပါတယ်။ ဒီတော့ တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုး ရှိမယ့် စာအုပ်တွေနဲ့သာ အသုံးချသင့်ပါ တယ်။ ရသပိုင်းကိုရော သုတပိုင်းကိုပါ ပြောတာနော်။ ဒါက ပထမအဆင့်ပေါ့။ ဒုတိယအဆင့်ကတော့ စာအုပ်ကောင်းတွေ လက်ထဲရောက်နေရက်နဲ့ နည်းမှန်လမ်းမှန် မဖတ်တတ်ခဲ့ရင် အကျိုးမရှိနိုင်ပြန်ပါဘူး။ ဒီအတွက်တော့ အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်း ၁၂ ချက်ကို အသုံးပြုကြည့်ဖို့ အကြံပြုပါရစေ။ ကဲ ... ကျွန်တော့်ဆောင်းပါး လည်း အတန်အသင့် ရှည်လွန်းနေပြီမို့ အမေရိကန်ကဗျာဆရာ Wystan Hugh Auden (1907-1973) ရဲ့ စကားလေး တစ်ခွန်းနဲ့ အဆုံးသတ်လိုက်ပါရစေ။

Some books are undeservedly forgotten; none are underservedly remembered.

တချို့သော စာအုပ်တွေကို မေ့ဖျောက်ဖို့ရာ မထိုက်တန်။ စာအုပ်မှန်သမျှ ကိုလည်း မှတ်သားဖို့ရာ မထိုက်တန်။
The Voice Weekly

စရီ ပေရီယနာယဂီအမ္မာန် (စန္ဒီမယ်တော်ကြီး) ၁၀၂ ကြိမ်မြောက် မီးနင်းပွဲတော်မြင်ကွင်းများ(ဓါတ်ပုံသတင်း)

Thursday, April 25, 2013
The Myanma Age
ဓါတ်ပုံ – အောင်သိုက်










ထူးခြားမှုများနှင့် အမြိုက်ကျောင်းမှ ရှမ်းရိုးရာ သဲပုံစေတီပွဲ

တွံတေး၊ ဧပြီ ၂၅။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ငါးခုမ္မစမ်း ကျေးရွာရှိ အမြိုက်ကျောင်းတိုက်တွင် နှစ်စဉ်
ပြုလုပ်မြဲဖြစ်သော ရှမ်းရိုးရာ သဲပုံစေတီပွဲကို ယနေ့ တန်ခူးလပြည့်နေ့ တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။



“ဦးဇင်းအနေနဲ့ ဒီအမြိုက် ကျောင်းကို လွန်ခဲ့တဲ့နှစ်(၂၀) ၀န်းကျင်လောက်မှာ စရောက်တာပါ။ စရောက်တော့ တရားထိုင်၊ တရားမှတ်နဲ့ နေလာခဲ့တာ (၃)နှစ်လောက် ကြာလာတော့ အိပ်မက်မက်တယ်။
ဒီနေရာမှာ အရင်တုန်းက ရှမ်းစော်ဘွားတွေ နေခဲ့ကြတာ၊ သူတို့တွေ မကျွတ်မလွတ်တာတွေ ရှိတော့
ဦးဇင်းကို အိပ်မက်ပေး ပြီး တောင်းဆိုကြတယ်။ သူတို့ရှမ်းရိုးရာပွဲကို လုပ်ပေးပါဆိုပြီး။



အစမှာတော့ ဘာလုပ်ရမယ်။ ဘယ်လို လုပ်ရမယ်ဆိုတာမသိဘူး။ နောက်မှ တွံတေးမှာရှိတဲ့ ရှမ်းရွာလေးရွာက သိသူတတ်သူတွေနဲ့ တိုင်ပင်ပြီး သဲပုံစေတီ တည်ဖို့လုပ်ဖြစ် သွားတာပါ။ သူတို့က ရွှေဆံတော် ဘုရားကြီးမှာ တည်တဲ့ အချိန်အတိုင်း တန်ခူးလပြည့်နေ့မှာ တည်ပေးဖို့ တောင်းဆို လာကြတော့ ဦးဇင်းအနေနဲ့ အဘဘိုးမင်းခေါင်ရဲ့ အမိန့်အတိုင်း တန်ခူးလပြည့်နေ့တိုင်း တည်ဖြစ်ခဲ့တာပါ။

စေတီတည်ဖို့ အချိန်နီးလာပြီ၊ (၃)လလောက် လိုလာပြီဆိုရင် ရှမ်းစော်ဘွားနဲ့ ပက်သက်တဲ့ အလှူရှင်တွေ သူ့အလိုလို ရောက်လာကြတယ်။ နောက်တစ်ခုက ဘယ်လောက်ပဲ ကြပ်တည်းနေနေ အဆင်ပြေပြေ အောင်အောင်မြင်မြင်နဲ့ ဖြစ်မြောက်သွားတယ်။ ဘုရားထီးတင်ပြီးလို့ ပိုက်ဆံကြဲတဲ့အခါ သုံးသောင်းကြဲရင် သုံးသိန်း ပြန်ဝင်တယ်၊ တစ်သိန်းကြဲရင် ဆယ်သိန်း ပြန်ဝင်တယ်။

နောက်ဆုံး စာတိုက်ကနေ အလှူရှင်နာမည် မပါဘဲ၊ ဘယ်သူမှန်း မသိရဘဲ ရောက်ရောက်လာတဲ့ အလှူငွေတွေတောင် ရှိတယ်။ ဒီလိုနဲ့ တစ်နှစ်ထက် တစ်နှစ် ပိုပိုအောင်မြင်လာရ တာပါပဲ” ဟု အမြိုက်ကျောင်း ကျောင်းထိုင် ဆရာတော် ဦးထေရာဝံသက မိန့်ကြားသည်။

ယင်းပွဲတော်ကို နှစ်စဉ်ကျင်းပလာရာ အခုဆိုရင် (၉) နှစ်ပြည့်မြောက် သွားပြီဖြစ်ပြီး နောင်နှစ်စဉ် နှစ်တိုင်း ဆက်ကျင်းပသွားမည်ဟုလည်း သိရသည်။
သီဟ
The Myanma Age









ပြည် နဝဒေးတံတားအနီးတွင် တပ်မတော်သားသုံးဦး လူသတ်မှုကျူးလွန်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ နဝဒေးတံတားအနီး သဲသောင်ပြင်တွင် ချိန်းတွေ့နေသော သမီးရည်းစားနှစ်ဦးကို တပ်မတော်သားသုံးဦးက ပစ္စည်းယူ လူသတ်သော ဖြစ်စဉ်တစ်ခု ဧပြီလ ၂၃ ရက်နေ့ ည ၉ နာရီက ဖြစ်ပွားခဲ့ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။ အဆိုပါ တပ်မတော်သားနှစ်ဦးကို ပြည်သူများ အကူအညီနှင့် ဖမ်းမိပြီးနောက် တပ်ဥပဒေနှင့်အညီ သက်ဆိုင်ရာ (ခ.လ.ရ ၇၅) တပ်ရင်းသို့ ညတွင်းချင်း လွှဲပြောင်းပေးလိုက်ပြီဖြစ်သည်။

လူသတ်မှုအတွက် ပုဒ်မ-၃၀၂ နှင့် အပြင်းအထန်ထိခိုက် နာကျင်စေမှုအတွက် ပုဒ်မ-၃၂၅ ဖြင့် အမှုဖွင့်ထားပြီဖြစ်၍ အရပ်ဘက်သို့ ပြန်လည်လွှဲပြောင်းစေပြီး တရားစွဲ ပေးမည်ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောကြားသည်။ “ညတွင်းချင်းပဲ တပ်ရင်းက ဗိုလ်ကြီးမင်းသူအောင်ဆီ လွှဲပေးလိုက်တယ်။ အခု တပ်အချုပ်ထဲမှာ” ဟု ၎င်းကဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ ည ၉ နာရီခန့်က နဝဒေးတံတားအနီး ဧရာဝတီမြစ် သောင်ပြင်တွင် ချိန်းတွေ့နေသည့် သမီးရည်းစားနှစ်ဦးကို (ခ.လ.ရ ၇၅) တပ်ရင်းမှ သန်းထိုက်အောင်၊ ရဲကိုဦးနှင့် စိစစ်ဆဲတစ်ဦး တို့က ငွေနှင့်လက်စွပ်ကို လုယက်ကာ အမျိုးသားကို သတ်ခဲ့သည့်အမှု ဖြစ်ပွားခဲ့ကြောင်း အမှတ်(၂)ရဲစခန်းထံက စုံစမ်း သိရှိရသည်။

အပေါ်ပိုင်း အဝတ်ဗလာကျင်းထားသူ သုံးဦးက မီးခြစ်လာတောင်းသဖြင့် မရှိကြောင်း ပြန်လည်ပြောဆိုစဉ် ရုတ်တရက် နောက်ကျောဘက်မှ သိုင်းဖက်ကာ မျက်နှာနှင့် ဦးခေါင်းကို ထိုးကြိတ်ပြီး လုယက်ခြင်းဖြစ်ကြောင်း လုယက်ခံရပြီး အသက်မသေဘဲ ကျန်ရစ်ခဲ့သူ အသက်၂၇နှစ်ရှိ မအိဇင်မိုးကိုက ရှင်းပြသည်။
“နှစ်ယောက်လုံးကို လည်ပင်းညှစ်တယ်၊ ပါးစပ်ကိုလည်း ဆွဲဖြဲထားတယ်။ သမီးက အသက်မရှုဘဲ သေချင်ယောင် ဆောင်လိုက်တယ်၊ သေပြီထင်ပြီး ပစ်ထားတော့မှ အနီးဆုံးမှာရှိတဲ့ View Point က ဆိုင်ကယ်အပ်ဆိုင်က တစ်ဆင့် ရပ်ကွက်ကို အကူအညီ တောင်းတာပါ” ဟု ပြည်မြို့ ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ဆောင်တွင် တက်ရောက် ကုသနေသည့် ၎င်းကဆိုသည်။

သွေးထွက်ဒဏ်ရာများနှင့် အမျိုးသမီးငယ် တစ်ဦး၏ ငိုယိုအကူအညီ တောင်းမှုကြောင့် ဒဏ်ရာရရှိသူ မိန်းကလေးနှင့် လည်ပင်းနှင့် မျက်နှာတို့တွင် အညိုအမည်းဒဏ်ရာများနှင့် သေဆုံးနေသော ကိုဇော်မင်းဦးကို ဆေးရုံသို့ ပို့ပေးခဲ့ကြောင်း ဆင်စုရပ်ကွက် ဒေသခံများက ပြောကြားသည်။ “လုယက်သူတွေကို ဝိုင်းဝန်းရှာကြတာ ကိုင်းတောထဲက တက်လာတဲ့ ကျုးလွန်တယ်လို့ ယူဆရတဲ့ နှစ်ယောက်ကို ဖမ်းမိတယ်။ သူတို့ကို အမှတ်-၂ ရဲစခန်းကို ဆက်သွယ်ပြီး အပ်လိုက်တယ်” ဟု လုယက်သူများကို ဝိုင်းဝန်းဖမ်းဆီးရာတွင် ပါဝင်သူ ဆင်စု ရပ်ကွက်နေ ဒေသခံတဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြည် အမှတ် (၂) ရဲတပ်ဖွဲ့စခန်းက ပ/၂၉၄/ ၂၀၁၃၊ လူသတ်မှုအတွက် ပုဒ်မ ၃၀၂ နှင့် အပြင်းအထန် ထိခိုက်နာကျင်စေမှု အတွက် ပုဒ်မ-၃၂၅ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲတပ်ဖွဲ့စခန်းမှ စုံစမ်း သိရှိရသည်။

ပြည်မြို့တွင် သုံးရက်အတွင်း ပစ္စည်းယူ လူသတ်မှု နှစ်ကြိမ်ဖြစ်ပွား ခဲ့ပြီး နှစ်ကြိမ် စလုံးတွင် အသတ်ခံရသူ များသည် အခင်း ဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။
The Voice Weekly

ဖောက်ပြန်ရာသီဥတု နှင့် ရင်ဆိုင်နေရသော သောက်သုံးရေအခက်အခဲ

April 25, 2013
မြန်မာနိုင်ငံတွင် သောက်သုံးရေ ရှားပါးမှုပြဿနာက တစ်နှစ်ထက်တစ် နှစ် တိုး၍တိုး၍ ဆိုးဝါးလာသည်။ လူသား တစ်ရပ်လုံးသာမက တိရစ္ဆာန်များ၊ ကောက်ပဲသီးနှံများ၊ သစ်ပင်ပန်းမာန်များ အတွက်ပါ ဘေးဒုက္ခဆိုးအဖြစ် စိန်ခေါ် မှုကြီးဖြစ်ပေါ်လာသည်။ ရှေးယခင်က အပူပိုင်းဒေသတွင်းသာဖြစ်ပေါ်လေ့ရှိ သော နွေအခါ သောက်သုံးရေ ရှားပါး မှုသည် ယခုအခါ နိုင်ငံအ၀ှမ်း ကြုံတွေ့ နေရပြီးဖြစ်သည်။

မိုးတွင်းကာလ မိုးရွာသွန်းမှုကို အခြေခံသည့် မြစ်ချောင်းအင်းအိုင်များမှာ မိုးရွာသွန်းမှု လျော့နည်းလာခြင်းကြောင့် ရေကို ပြည့်ပြည့်၀၀ လက်ခံမှုမရှိကြပေ။ ဆရာကြီး ဦးထွန်းလွင်နှင့်တကွ မိုးလေ ၀သပညာရှင်များ၏ ရာသီဥတုမှတ်တမ်း များကို လေ့လာသည့်အခါ ““၁၉၈၀ ပြည့် နှစ်ဝန်းကျင်ကာလများမှစပြီး မြန်မာနိုင်ငံ ကို မုတ်သုံဝင်တာ တဖြည်းဖြည်းနောက် ကျလာတယ်။ မုတ်သုံပြန်လည်ထွက်ခွာ တာစောလာတယ်။ ဒါကြောင့် မုတ်သုံ ရာသီ တိုတောင်းသွားတယ်။ ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်လေ့ရှိတဲ့ မုတ် သုံမုန်တိုင်းတွေလည်း လျော့နည်းသွား ကြောင်း””ပညာရှင်များက လေ့လာတွေ့ ရှိသည်။

မြန်မာနိုင်ငံအတွင်း မုတ်သုံလေ စတင်ဝင်ရောက်မှုကို ပျှမ်းမျှမေလ(၁၅) ရက်ဟု သတ်မှတ်ပြီး မုတ်သုံလေ ဆုတ် ခွာရက်ကို အောက်တိုဘာလ (၁၅)ရက် ဟု သတ်မှတ်ခြင်းကြောင့် မိုးကာလကို (၁၄၅)ရက် အကြမ်းသတ်မှတ်ထားကြ သည်။ ၁၉၈၀ ခုနှစ်ဝန်းကျင်ကာလမှစ၍ မုတ်သုံလေစတင်ဝင်ရောက်မှုကို မေလ ကုန်ရက်ပိုင်းသို့ နောက်ဆုတ်သတ်မှတ်၊ မှတ်တမ်းတင်ထားကြပြီး၊ မုတ်သုံလေ စတင်ဆုတ်ခွာရက်ကို စက်တင်ဘာလ (၁၅)ရက်သို့ ရှေ့သို့တိုး မှတ်တမ်းတင်ခဲ့ ကြသည်။ သို့ပါ၍ မိုးတွင်းကာလကို စုစုပေါင်း(၁၀၅)ရက်ခန့်သာရှိတော့သည် မို့ တစ်နှစ်တာ မိုးတွင်းကာလရက်ပေါင်း (၄၀)ခန့် လျော့နည်းသွားလေသည်။
ထိုနည်းတူ မိုးတွင်းကာလ ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံမုန်တိုင်းများ တစ်နှစ်ပျှမ်းမျှ မုန်တိုင်း(၁၀)ကြိမ်ဖြစ်မြဲ မှ နောက်ပိုင်းကာလများတွင် (၆)ကြိမ် မျှသာ မုန်တိုင်းဖြစ်ပေါ်မှုရှိတော့ကြောင်း လေ့လာတွေ့ရှိကြပြန်သည်။ သို့ပါ၍ မုန် တိုင်းလည်း (၄၀)ရာခိုင်နှုန်းခန့် လျော့ နည်းသွားပြန်သည်။

သစ်ထုတ်လုပ်ရေး များ၊ ထင်းမီးသွေးလုပ်ငန်းများကြောင့် မြန်မာနိုင်ငံရှိ သစ်တော၊ သစ်ပင်များ၊ အလွန်အမင်း လျော့နည်းသွားပြီဖြစ် သည်။ အချို့ဒေသတွင် တောင်ကတုံး များအဖြစ်သို့ပင် ရောက်ကြပြီဖြစ်၍ မုတ် သုန်လေဖြင့် ပါလာသော ရေခိုးရေငွေ့ များသည် စိမ်းလန်းစိုပြေသော သစ် တောသစ်ပင်များနှင့် မထိတွေ့နိုင်သော ကြောင့် မိုးရေအဖြစ် ရွာသွန်းမှုလျော့ နည်းခဲ့ရသည်။ ခုတ်လဲခဲ့ပြီးသော သစ်ပင် များကို အစားထိုး၍ ပြန်လည်စိုက်ပျိုးခြင်း မပြုပါက ကန္တာရအဖြစ်သို့ ပြောင်းလဲ သွားတော့မည်ဖြစ်၍ မိုးတွင်းကာလ သက်တမ်းပို၍ တိုသွားတော့မည်။

မိုးတွင်းကာလ မိုးရွာသွန်းမှုကို မှီခို နေသည့် မြစ်ချောင်းအင်းအိုင်တို့သည် တစ်နှစ်ထက်တစ်နှစ် မိုးရေရရှိမှု လျော့ နည်းခြင်းကြောင့် အချိန်မတိုင်မီ ခန်း ခြောက်ကုန်ကြသည်။ မြစ်ကြီးများ၏ အဓိကရေသောက်မြစ်သည် မုတ်သုန်မိုး ပင်ဖြစ်သည်။ မုတ်သုံမိုးနှင့် မုတ်သုံမုန် တိုင်းကို မှီခိုနေရသော မြန်မာနိုင်ငံ၏ မြစ်ကြီးဧရာဝတီ၊ ချင်းတွင်းမြစ်၊ စစ် တောင်းမြစ်နှင့် သံလွင်မြစ်တို့သည် မိုးရေ လက်ခံရရှိမှုနည်းပါးမှုကြောင့် ရေဖြန့် ဝေမှု၊ မြစ်ရေစီးဆင်းမှု လျော့ကျသွားပေ သည်။ ထိုထိုသောမြစ်ကြီး(၄)သွယ်ကို အမှီပြုပြီး ပေါက်ပွားစီးဆင်းနေရသော မြစ်ငယ်၊ ချောင်းငယ်၊ မြောင်းငယ်လေး မှာလည်း အချိန်မတိုင်မီ စောစီးစွာ ခန်း ခြောက်သွားကြရလေသည်။

မြန်မာနိုင်ငံအတွက် သဘာဝကပေး သော လက်ဆောင်မွန်၊ တစ်သက်တာ လုံး ပူပင်စရာမလိုခဲ့ဘူးသော သောက် သုံးရေနှင့်ပတ်သက်၍ ယခုတော့ ပူပင် စရာစိန်ခေါ်မှုကြီးတစ်ရပ်အဖြစ် ရပ်ဆိုင် နေကြရပြီ။ ၂၀၀၀ ပြည့်နှစ်မှစ၍ ရေဒုက္ခ သည် တစ်နှစ်ထက်တစ်နှစ် တိုး၍တိုး၍ ဆိုးဝါးလာချေပြီ။ အထက်ပိုင်း၊ အောက် ပိုင်း၊ အပူပိုင်းခွဲခြားနေလို့မရတော့။ နိုင်ငံ နှင့်အ၀န်း ကြုံတွေ့နေရသောနွေအခါ သောက်သုံးရေရှားပါးမှု ပူးပေါင်းဖြေရှင်း ကြဖို့ လူသားတိုင်း၏ တာဝန်ဖြစ်လာ သည်။ ယခုနှစ်တွင် အကြောင်းအမျိုးမျိုး ကြောင့် မီးလောင်မှုအကြိမ်မြင့်တက် လာသည်။ ဤသည်ကပင် သောက်သုံး ရေရှားပါးမှု၏ စိန်ခေါ်မှုကို အားပေးနေ သကဲ့သို့ လူသားတိုင်း ရင်ဆိုင်နေကြပေသည်။

မြန်မာနိုင်ငံတွင် နွေအခါ သောက် သုံးရေခက်ခဲသော အပူပိုင်းဒေသများ တွင် ဆည်တမံများ တည်ဆောက်ခြင်း၊ မြစ်ရေတင်လုပ်ငန်းများ၊ မြေအောက်ရေ တူးဖော်ရေးလုပ်ငန်းများဖြင့် သောက်သုံး ရေအတွက် ဆောင်ရွက်ပေးနေသည်။ ရေရပါသော်လည်း မသန့်ရှင်းသောရေ ကြောင့် ရောဂါပိုးများ ပြန့်ပွား၍ ရောဂါ များဖြစ်ပွားကြရပြန်သည်။ အချို့ကျေး လက်များ သန့်ရှင်းသော သောက်သုံးရေ အတွက် နိုင်ငံတော်က စက်ရေတွင်းများ တူးဖော်ပေးလျက်ရှိသည်။ အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် နိုင်ငံတကာအကူအညီဖြင့် ဆောင်ရွက် ရန် ရေရရှိရေးလုပ်ငန်းပေါင်း(၃၆၀၇)ခု ဆောင်ရွက်ရန် လျာထားကြောင်းသိရ သည်။ ရာခိုင်နှုန်းပြည့် ဆောင်ရွက်နိုင် ခြင်းမရှိသေးပေ။ လျာထားခြင်းဆိုသည် မှာ မကြာမီလာမည်မျှော်အဆင့်သာ ရှိ သေးသည်။

ယခုလို ပူပြင်းချောက်သွေ့သော ရာသီဥတုမျိုးတွင် သက်ဆိုင်ရာတိုင်းဒေသ ကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာ နကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအစီအစဉ်ဖြင့်လည်းကောင်း၊ လယ်ယာစိုက်ပျိုးရေးအစီအစဉ်ဖြင့် လည်းကောင်း အစီအစဉ်ဖြင့်လည်း ကောင်း၊ စက်ရေတွင်းများ တူးဖော်ပေး လျက်ရှိသည်။ တစ်ချိန်က နွေအခါ သောက်သုံးရေရှားပါးမှုသည် အပူပိုင်း ဒေသတွင်သာ ခံစားနေကြရသော်လည်း ၂၀၀၀ ပြည့်နှစ်မှစ၍ နောက်ပိုင်းနွေ ကာလများတွင် တစ်နိုင်ငံလုံးနီးပါး ဒေသ စုံခံစားရသောဒုက္ခတစ်ရပ်ဖြစ်လာသည်။

အချို့ဒေသများအတွက် စက်ရေ တွင်းများ တူးဖော်ပေးနေမှုသည် တစ် နိုင်ငံလုံးအတိုင်းအတာနှင့်ကြည့်က ဆိတ် ပါးစပ် နှမ်းပက်အဆင့်သာရှိပြီး သောက် ရေရှားပါးရာအရပ်မှ လူသားများက ရွှေ ကိုမလို ငွေကိုမလို ရေသာလိုပါသည်ဟူ ၍ အော်ဟစ်ညည်းညူတောင်းဆိုနေကြ သည်။ သန့်ရှင်းသော သောက်သုံးရေ အတွက် နိုင်ငံတော်အစိုးရအဖွဲ့ကိုသာ အားကိုးမနေကြဘဲ၊ အလှူဒါနပြုသူများ အနေဖြင့် သောက်သုံးရေလှူဒါန်းမှုပြု ရန် စာရေးသူက မေတ္တာရပ်ခံလိုသည်။

စာရေးသူမျှော်လင့်သကဲ့သို့ ကျေး လက်ရေရရှိရေး ဖောင်ဒေးရှင်းများ တည် ထောင်ပြီး ရေကုသိုလ်အလှူများပြုလာ ကြောင်း ကြားသိခွင့်ရသည်။ လေ့လာမိ သမျှ ၂၀၁၃ ခုနှစ်၊ မတ်လ(၁)ရက်က စတင်ဖွဲ့စည်းတည်ထောင်ပြီး ချက်ချင်း ပင် စတင်အကောင်အထည်ဖော်နေ သည့် “ချမ်းသာကျေးရွာရေရရှိရေးဖောင် ဒေးရှင်း”သို့ သွားရောက်လေ့လာခဲ့သည်။ ချမ်းသာဆောက်လုပ်ရေးက ငွေကျပ်သိန်း ငါးထောင် မတည်၍ ““ချမ်းသာကျေးရွာ ရေရရှိရေးဖောင်ဒေးရှင်း””ကို စတင်တည် ထောင်သည်။ စတင်တည်ထောင်သည့် ၂၀၁၃ ခုနှစ် မတ်လ(၁)ရက်မှာပင် ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဉဏ်ဝင်းနှင့် သွားရောက်တွေ့ဆုံပြီး တင်ပြအကူအညီတောင်းခံခဲ့သည်။ တစ် ပြည်လုံးအတိုင်းအတာဖြင့် စတင်ဆောင် ရွက်မည်ဆိုပါက အခက်အခဲများစွာ ရင်ဆိုင်ရမည်ဖြစ်၍ တိုင်းတစ်တိုင်းအတွင်း အမှန်တကယ်လိုအပ်မည့် ရွာ(၁၁)ရွာ ခန့်ကို စတင်စမ်းသပ်တူးဖော်ရန် ဆုံးဖြတ် ခဲ့ပြီး ၀န်ကြီးချုပ်၏ စီစဉ်ပေးမှုအရ ပဲခူး ခရိုင်၊ ဝေါမြို့နယ်အတွင်းက ကျေးရွာ (၁၁)ရွာကို ဦးစွာရွေးချယ်ခဲ့သည်။

ထိုကျေးရွာ(၁၁)ရွာမှ အုပ်ချုပ်ရေး မှူးများနှင့် ဝေါမြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးရုံးခန်းတွင် တွေ့ဆုံပြီး ၎င်း ကျေးရွာများ၏ လိုအပ်ချက်၊ တင်ပြချက် များအရ ၂၆-၃-၂၀၁၃ နေ့ကစ၍ ကျေး ရွာရေရရှိရေးကို စတင်ဆောင်ရွက်ကြ သည်။

နှစ်သစ်ကူးသင်္ကြန်ကာလမတိုင်မီ ဝေါမြို့နယ်အတွင်းက ညောင်ခါးရှည် ကျေးရွာ၊ အဗျားငှက်ချေးကွင်းကျေးရွာ၊ အဘားကျေးရွာနှင့် ကရင်စုကျေးရွာများ အတွက် စက်ရေတွင်း(၄)တွင်း၊ ရေလှောင် ကန်ရေတင်ရန် ကွန်ပရက်ဆာ၊ မီးစက် များတပ်ဆင်ပေးခဲ့၍ ယခုနှစ်နှစ်သစ် သင်္ကြန်ကာလမှစ၍ သောက်သုံးရေ စတင်သုံးစွဲနိုင်ကြပြီဖြစ်သည်။ တစ်ချိန် တည်းမှာပင် စက်ယန္တရားများဖြင့် ၂၀၀x၂၀၀x၁၅ လက်မ သောက်ရေကန် များ တူးဖော်ရာတွင် ဆားကျင်းများ ကြောင့် ရေချိုမရနိုင်သော ၀င်းကဒါတ် ကျေးရွာနှင့် ညောင်ကိုင်းကျေးရွာများ တွင် ရေချိုရေသန့်သောက်ရေများ စတင် သုံးစွဲနိုင်ကြပြီဖြစ်သည်။

အချို့အရပ်တွင် မြန်မာပြည်အောက် ပိုင်းဖြစ်၍ ရေပေါများသည်ဆိုသော် လည်း ပင်လယ်နှင့်နီးသောကြောင့် ပေ ၁၀၀၀ ခန့် စက်ရေတွင်းတူးသော်လည်း ရေချိုမရ ရေငံသာရသောဒေသများရှိ နေသည်။ မြေကြီးကိုတူးဆွခြင်းမပြုဘဲ မြေပေါ်တွင် တည်ကန်များတည်ဆောက် ပြီး မိုးရေလှောင်ကန်များ ဆောင်ရွက် ပေးရန်လည်း စီစဉ်နေသည်။ သောက် ရေကန်(၂)ကန်တူးပြီးနောက် သင်္ကြန် ကာလကျော်လွန်သည်နှင့် ကျုံသင်ကျေး ရွာ၊ လက်ပံသုံးပင်ကျေးရွာ၊ ထိန်တပင် ကျေးရွာ၊ ခင်တန်းကြီးကျေးရွာနှင့် မြစ် ကျိုးကျေးရွာများအတွက် သောက်ရေ ကန်များ ဆက်လက်တူးဖော်ပေးသွား မည်ဖြစ်ကြောင်း သိခွင့်ရသည်။

သောက်သုံးရေရရှိပြီးသော ကျေး ရွာများနှင့် ဆက်လက်တူးဖော်ရန် လျာ ထားသော ကျေးရွာနေပြည်သူများ၊ ဘုန်း တော်ကြီးကျောင်းမှ ဆရာတော်နှင့်တကွ သံဃာတော်အရှင်သူမြတ်များမှာ များစွာ ၀မ်းသာပီတိဖြစ်နေကြသည်။ ယခုအလှူ ရှင်သည် ချမ်းသာဆောက်လုပ်ရေး၏ မတည်အလှူဖြစ်သည်။ ချမ်းသာဆောက်  လုပ်ရေးအနေဖြင့် ဝေါမြို့နယ်အတွင်း စာသင်ကျောင်းများအတွက် ယခင်နှစ် များက ဘိလပ်မြေအိတ်ထောင်ချီလှူ ဒါန်းခဲ့သည့်အပြင် သူရဲသမိန်ကျေးရွာ၊ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနှင့် တိုက်နယ်ဆေး ရုံဆောက်လုပ်ရေးကိစ်္စရပ်များတွင် ဦး ဆောင်လှူဒါန်းခဲ့ကြောင်း လေ့လာခွင့်၊ သိရှိခွင့်ရခဲ့ပြန်သည်။

““ချမ်းသာကျေးရွာရေရရှိရေးဖောင် ဒေးရှင်း””သည် ၂၀၁၃ ခုနှစ် မတ်လ (၁) ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီး တစ်ဖက်တစ်လမ်းမှ လည်း နိုင်ငံတော်အစိုးရအသိအမှတ်ပြု ဖောင်ဒေးရှင်းအဖြစ် ရပ်တည်နိုင်ရန် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ဥပဒေအရ ဖွဲ့ စည်းခွင့်အတွက် “ဖောင်ဒေးရှင်းဖြစ် မြောက်ရေးအဖွဲ့”ကို ဖွဲ့စည်းပြီး ဆောင် ရွက်နေပြီဖြစ်သည်။

စာရေးသူအနေဖြင့် ချမ်းသာကျေး ရွာရေရရှိရေးဖောင်ဒေးရှင်းကို လေ့လာ ခွင့်ရပြီး အထူးပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါသောကြောင့် ဤဆောင်းပါးဖြင့် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါသည်။ ဤ ဆောင်းပါးကို ဖတ်ခွင့်ရသောကြောင့် စိတ်ဝင်စားပါလျှင်သော်လည်းကောင်း၊ ဖောင်ဒေးရှင်းအတွက် ဆွေးနွေးလိုပါ လျှင်သော်လည်းကောင်း၊ ဖောင်ဒေးရှင်း လုပ်ငန်းအတွက် ပါဝင်လှူဒါန်းလိုပါလျှင် သော်လည်းကောင်း၊ ဆက်သွယ်ရမည့် လိပ်စာက အမှတ်(၂၇၆)၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်သည်။ တယ်လီဖုန်းဖြင့်ဆက်သွယ်စုံစမ်းမေးမြန်း လိုပါက ဆက်သွယ်ရန်ဖုန်းနံပတ်မှာ ၀၁-၅၂၆၃၈၆၊ ၅၂၆၆၇၄၊ ၅၀၂၅၃၆ ဖြစ် ကြောင်း သိခွင့်ရခဲ့ပါသည်။
မောင်ချစ်(သူရဲသမိန်)
The Hot News

တရုတ်အရေး စစ်တပ်အကြီးအကဲ အကျဉ်းချုပ်တင်ပြ၊ ဒုတိယအင်အားအကြီးဆုံးပါတီ အစိုးရကို ထောက်ခံ

နယူးဒေလီ၊ဧပြီ ၂၅။
ဂျမ်မူနှင့် ကက်ရှမီးယားနယ် နှင့် လာဒါခ် နယ်ရှိအခြေအနေများကို လေ့လာခဲ့ပြီး မြောက်ပိုင်းခရိုင် စစ်ဗိုလ်ချုပ်ကြီး ဂျင်နရယ် ဘီခရန်ဆင်းသည် ကာကွယ်ရေးဝန်ကြီးထံ နယ်မြေကျူးကျော်ဝင်ရောက်လာ မှုနှင့်ပတ်သက်၍ လေ့လာထားချက်များမှ အကျဉ်းချုပ်ကို တင်ပြခဲ့ကြောင်း စစ်တပ်အရာရှိများက ယနေ့ပြောကြားသည်။

တပ်မတော်သည် အစိုးရနှင့် တရုတ်လေ့လာရေးအုပ်စုကို ဦးဆောင်သော အမျိုးသားလုံခြုံရေးအကြံပေး အဖွဲ့ကိုအချက်အလက်များ တင်ပြ ထားကြောင်းသိရသည်။

လက်ရှိအခြေအနေများကို ကိုင်တွယ်ရေးတွင် အခြားအမြင်များအပါအဝင် စစ်တပ်ဖြင့်ပြန်လှန် တိုက်ခိုက်ရေး ကိစ္စများကိုတင်ပြထားကြောင်း သိရသည်။

တရုတ်လေ့လာရေးအုပ်စုသည်လည်း ယခုကိစ္စကိုကိုင်တွယ်ရာတွင် ဝန်ကြီးချုပ်ရုံးနှင့် ကာကွယ်ရေးဝန်ကြီဌာနတို့နှင့်အကူအညီများ တောင်းခံပြီး ကိုင်တွယ်နေကြောင်း သိရသည်။

စစ်တပ်သည် တရုတ်တပ်သားများဝင်ရောက်လာနေသော နယ်ပယ်အတွင်းသို့ ကင်းထောက်တပ်စုငါးစုမှ တပ်သားများကိုသွားရောက် ကင်းထောက်ထားစေပြီး လိုအပ်လျှင် အင်အားထပ်တိုးမည်ဟု သိရသည်။

နိုင်ငံ၏ ဒုတိယအင်အားအကြီးဆုံးပါတီဖြစ်သည့် အိန္ဒိယပြည်သူ့ပါတီ အထွေထွေ အတွင်းရေးမှူး ရာဂျစ်
ပရာတက် ရူဒီက တရုတ်တပ်သား များ နိုင်ငံတွင်း ဝင်ရောက် တပ်စွဲမှုသည် နိုင်ငံတော်လုံခြုံရေးနှင့်
စပ်လျဉ်းသောကြောင့် အစိုးရကိုထောက်ခံမှုများ ပိုမိုပြုလုပ်မည်ဖြစ်ကြောင်း ယနေ့ပြောကြားခဲ့သည်။

မစ္စတာရူဒီက “ တရုတ်တပ်တွေဟာ အိန္ဒိယနယ်မြေအဝင်အထွက်ရှိတာလက်ခံပါတယ်၊ ဒါပေမယ့်သူတို့တပ်တွေကျွန်တော်တို့နယ်မြေ အတွင်း စခန်းချထားတာတော့ လုံးဝလက်မခံနိုင်စရာပါ” ဟုပြောကြားသည်။

တရုတ်နှင့် အိန္ဒိယနိုင်ငံကြား သံတမန်နည်းကျဆွေးနွေးမှုများလုပ်ဆောင်ရန်ကြိုးပမ်းမည်ဖြစ်သော်လည်း
၎င်းတပ်သားများ မထွက်ခွာသေးသ၍ ဆွေးနွေးမည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆက်လက်၍ ၎င်းတို့ပါတီသည် ယခုကိစ္စကို နိုင်ငံတော်လုံခြုံရေး ကိစ္စရပ်အဖြစ်ခံယူထားပြီး အစိုးရလိုအပ်သောအကူအညီကို တိုးမြှင့်ကူညီ သွားမည်ဖြစ်ကြောင်း  ပြောကြားသည်။

အမေရိကန်နိုင်ငံက အိန္ဒိယနှင့် တရုတ်နိုင်ငံကြားနယ်စပ်ဒေသအငြင်းပွားနေမှုကို ငြိမ်းချမ်းစွာနှင့်
နှစ်ဦးနှစ်ဖက်လက်ခံနိုင်သော အဖြေတစ်ခုရရှိရေး ထောက်ခံ တိုက်တွန်းကြောင်း အမေရိကန်အစိုးရ
ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ် ဗန်ထရယ် က သတင်းထောက်များကို ယခုအရေးနှင့် ပတ်သက်၍ မေးပြန်ချက်များကို ပြန်လှန်ပြောကြားကြောင်း သိရသည်။

ဧပြီ ၁၅ ရက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်စိတ်တစ်ခုစာ တပ်သားများသည်
အိန္ဒိယနိုင်ငံပိုင်နက်မြေအတွင်း ၁၀ ကီ လိုမီတာအတွင်း ရောက်ရှိလာ ကြပြီး စခန်းတစ်ခုတည်ထောင်နေထိုင်နေကြသည်။
Ref:Indiatimes
The Myanma Age

မြန်မာနိုင်ငံက မူဆလင်များအရေး အာဆီယံဆွေးနွေးဖို့ရှိ

ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံက မူဆလင် အဓိကရုဏ်းအရေးကိုလည်း ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

အာဆီယံထိပ်သီး ညီလာခံကို သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်နေတာဖြစ်ပါတယ်။ မနေ့က အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုဟာ ဘရူးနိုင်းကို အစည်းအဝေးမသွားခင် နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ အရင်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးအကြမ်းဖက်မှုတွေ တားဆီးနိုင်အောင် မြန်မာအစိုးရအနေနဲ့ ဘာသာမတူ လူ့အဖွဲ့အစည်းတွေအကြား သင့်မြတ်ရေးဆောင်ရွက်ပေးဖို့ ထုတ်ဖေါ်ပြောဆိုထားပါတယ်။

ဒီနေ့ ဘရူနိုင်းထိပ်သီးညီလာခံမှာ သမ္မတဦးသိန်းစိန်ဟာ ထိပ်သီးအစည်းအဝေးပြင်ပမှာ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှီနာဝတ် ဦးဆောင်တဲ့ ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုမှာ တနင်္သာရီတိုင်း ထားဝယ်ဒေသမှာ ထိုင်းအစိုးရက အကောင်အထည်ဖေါ်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စကို အဓိကထားဆွေးနွေးတာလို့ဆိုပါတယ်။
RFA Burmese

မြန်မာ ပဋိပက္ခ ကိုင်တွယ်ပုံ အင်ဒိုနီးရှား သဘောပေါက်

24.04.2013
မြန်မာနိုင်ငံရဲ့ ပဋိပက္ခတချို့နဲ့ ပတ်သက်လို့ နိုင်ငံတကာက အထင်လွဲမှားမှုကို အင်ဒိုနီးရှား သမ္မတက ရှင်းပြခဲ့တယ်လို့ မြန်မာအစိုးရက ပြောပါတယ်။
မြန်မာနိုင်ငံကို ၂ ရက်ကြာ တရားဝင် လာရောက် လည်ပတ်ခဲ့တဲ့ အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) က မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နားလည်မှု လွဲမှားနေတဲ့ အချက်တွေကို မကြာခင်က ကျင်းပခဲ့တဲ့ OIC အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံများအဖွဲ့ အစည်းအဝေးအတွင်း ရှင်းလင်း ပြောကြားခဲ့တယ်လို့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။ အင်ဒိုနီးရှားသမ္မတဟာ သူ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်ရေး အပါအ၀င် နားလည်မှု စာချွန်လွှာတွေကိုလည်း လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) ဦးဆောင်တဲ့ အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို အင်္ဂါနေ့က ရောက်ရှိလာခဲ့ပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြန်လည် ထွက်ခွာသွားတာပါ။ သမ္မတ ယူဒိုယိုနိုရဲ့ ဒီခရီးစဉ်ဟာ အဓိကအားဖြင့်တော့ ဒေသတွင်း နှစ်နိုင်ငံအကြား စီးပွားရေး တိုးမြှင့် လုပ်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် ရောက်လာတာလို့ ပြောလို့ရနိုင်ပေမဲ့ မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ဆန်တဲ့ ပဋိပက္ခတွေကိုလည်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မကြာခင်က ပြုလုပ်ခဲ့တဲ့ OIC အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံများအဖွဲ့ အစည်းအဝေးအတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နားလည်မှု လွဲမှားနေတဲ့ နိုင်ငံတွေကို သမ္မတ ယူဒိုယိုနို က ရှင်းလင်း ပြောကြားခဲ့တယ်လို့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် ပြန်လည် ပြောကြားခဲ့တဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးတဦးလည်းဖြစ်၊ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးရဲထွဋ် က ဗွီအိုအေကို ပြောပါတယ်။

“အဓိကအားဖြင့်တော့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ အစိုးရရဲ့ ဖြေရှင်းဆောင်ရွက်နေတဲ့ဟာတွေကို သူတို့ နားလည်တယ်။ သူ မကြာခင်က OIC အစည်းအဝေး တက်တဲ့အခါမှာလည်း မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီးတော့ နားလည်မှု လွဲမှားနေတဲ့ နိုင်ငံတွေကိုလည်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ရှင်းပြခဲ့တယ်ဆိုပြီးတော့ ကျနော်တို့ကို ပြောပါတယ်။”

ကမ္ဘာမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူ အများဆုံး နိုင်ငံလည်းဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ စစ်အာဏာရှင် စနစ်အောက်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းစဉ် ကာလတုန်းကလည်း လက်ရှိ မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေနည်းတူ မတူညီတဲ့ အဖွဲ့အစည်း၊ အုပ်စုတွေအကြား နားလည်မှု လွဲမှားတာတွေ ရှိခဲ့တဲ့အတွက် အဲ့ဒီ အတွေ့အကြုံတွေ မြန်မာနိုင်ငံကို မျှဝေလိုတဲ့အကြောင်းလည်း အင်ဒိုနီးရှား သမ္မတက ပြောခဲ့တယ်လို့ ဆိုပါတယ်။

“နောက်ပြီးတော့ သူတို့ အင်ဒိုနီးရှားနိုင်ငံမှာလည်း ဒီလိုပဲ ကျနော်တို့ မတူညီတဲ့အုပ်စုတွေကြားမှာ ပြဿနာတွေဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေကိုလည်း ကျနော်တို့နဲ့ မျှဝေပေးနိုင်ပါတယ် ဆိုပြီးတော့ ပြောပါတယ်ခင်ဗျ။ သူတို့နိုင်ငံအနေနဲ့လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လုပ်တဲ့အချိန်တုန်းက ဒီလိုမျိုး မတူညီတဲ့ အုပ်စုတွေကြားထဲမှာ ပဋိပက္ခဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိတယ်။ အဲ့ဒါတွေကိုလည်း သူတို့ ဒီလိုပဲ ဖြေရှင်းခဲ့ရတာတွေ ရှိပါတယ်။ အဲ့ဒီအတွေ့အကြုံတွေကိုတော့ ကျနော်တို့ကို မျှဝေပေးနိုင်ပါတယ်ဆိုပြီး ပြောတာရှိပါတယ်။”

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေးဆိုင်ရာ အဓိကရုဏ်းတွေက ဒေသတွင်း နိုင်ငံတွေကိုပါ ဂယက်ရိုက်လာနိုင်တယ်လို့ သူ့အနေနဲ့ ယူဆတာကြောင့် သူ မြန်မာနိုင်ငံကို ရောက်တဲ့အခါ ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းဖို့ မြန်မာအစိုးရ အာဏာပိုင်တွေကို တိုက်တွန်းသွားမယ်လို့ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အစည်းအဝေးတခုအတွင်း သမ္မတ ယူဒိုယိုနိုက ပြောကြားခဲ့ပေမဲ့လည်း မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့တဲ့အခါမှာတော့ အဲ့ဒီလို ပြောဆိုခဲ့တယ်ဆိုတာမျိုး မကြားသိရပါဘူး။

မြန်မာအစိုးရဘက်ကတော့ လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ နောက် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း အစိုးရက လုပ်ဆောင်နေတဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအကြောင်း အင်ဒိုနီးရှားသမ္မတကို ပြန်လည် ရှင်းပြခဲ့တယ်လို့ ဦးရဲထွဋ် က ဆက်ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ပထမ မြန်မာနိုင်ငံမှာလုပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေ ကျနော်တို့ ရှင်းပြပါတယ်။ နောက်တခါ နှစ်နိုင်ငံကြားမှာ သူတို့ ဆက်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်သွားနိုင်တဲ့ စီးပွားရေး အလားအလာကိစ္စတွေ ကျနော်တို့ ပြောပါတယ်ခင်ဗျ။ ကျနော်တို့ နိုင်ငံမှာ ဒါတွေဟာ မတူကွဲပြားတဲ့ ဘာသာတွေဟာ အရင်ကတည်းက အတူတူ နေထိုင်ခဲ့ကြပါတယ်။ အခုအချိန်မှာတော့ ဘာမဟုတ်တဲ့ ရာဇ၀တ်မှုကြောင့် ဒီလိုဖြစ်ပေမဲ့လည်း ဒီလို ယှဉ်တွဲပြီးတော့ အတူနေထိုင်တယ်။ မြန်မာနိုင်ငံမှာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်တွေကို ပေးထားပြီးဖြစ်တယ်။ ရခိုင်ပြည်နယ်မှာလည်း ကူညီပေးရေး ကိစ္စတွေအားလုံးကို မိုးမကျမှီမှာ ကျနော်တို့ အမိုးအကာတွေ ရောက်ရေးကိစ္စ အားလုံးကို လုပ်နေတယ်ဆိုတာ ပြန်ပြီးတော့ ရှင်းပြပါတယ်။”

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေနောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန် ခန့်အပ်ပြီး ကူညီ ထောက်ပံ့မှုတွေလည်း ပို့ပေးနေတာမှာ နောက်ထပ် အကူအညီတွေ ဆက်ပေးသွားဖို့အတွက်လည်း အင်ဒိုနီးရှား သမ္မတက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ နောက်ဆုံး ပဋိပက္ခတွေ အပါအ၀င် မြန်မာနိုင်ငံအတွင်း မကြာခင်ကာလတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေကို OIC အနေနဲ့ ကိုယ်စားလှယ်လွှတ် စုံစမ်းလိုတဲ့အကြောင်း မြန်မာအစိုးရကို တောင်းဆိုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ဦးရဲထွဋ်က -

“ဒါ ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံက စနစ်တကျ ကိုင်တွယ်ဖြေရှင်းနေပါတယ်။ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းကမှ လာပြီး စုံစမ်း စစ်ဆေးတာတို့၊ ၀င်ရောက်ဖြေရှင်းပေးတာတို့ လုပ်စရာအကြောင်း မရှိပါဘူး။ ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာပိုင် အခွင့်အရေး ဖြစ်ပါတယ်။”

သမ္မတ ယူဒိုယိုနို မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး၊ လူ့စွမ်းရည် မြှင့်တင်ရေး၊ ဆန်ကုန်သွယ်မှုစတဲ့ နားလည်မှု စာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့တဲ့အပြင် ရင်းနှီးမြုပ်နှံမှုနဲ့ စွမ်းအင်ကဏ္ဍတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံတို့ဟာ နိုင်ငံရေးသမိုင်းကြောင်းအရရော၊ မတူကွဲပြားတဲ့ လူမျိုးစု ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့ နေရာမှာရော တူညီမှုရှိတယ်လို့ သုံးသပ်သူ ပညာရှင်တွေက ယူဆထားကြတာ ဖြစ်ပါတယ်။
ဗွီအိုအေ(မြန်မာဌာန)

လယ်သမားတွေအတွက် ဒေါ်စု ဘာလုပ်ပေးနိုင်မလဲ

လယ်သမားတွေ စက်မှုလယ်ယာပြောင်းဖို့ တန်ဖိုးကြီး စက်ပစ္စည်း မဝယ်နိုင်
25 ဧပြီလ 2013
မကြာခင် ရေးဆွဲဖို့ ရှိတဲ့ တောင်သူ လယ်သမား အခွင့် အရေး ကာကွယ်ရေး ဥပဒေ မှာ ထည့်သွင်း သင့်တဲ့ အချက်တွေကို ဒေါ်အောင်ဆန်း စုကြည်က အသေးစိတ် သိလိုတဲ့ အတွက် တောင်သူ လယ်သမား တွေက သွားရောက် ရှင်းပြ ခဲ့ကြ ပါတယ်။

ပြဋ္ဌဌာန်း ထားပြီးသား လယ်ယာမြေ ဥပဒေမှာ ပါတဲ့ လယ်ယာမြေ မှတ်ပုံတင်ရေးကို တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ပြီးပြတ်အောင် မဆောင်ရွက်နိုင် သေးတဲ့ ကိစ္စ၊ လယ်ယာ လုပ်သား ရှားပါးတဲ့ အတွက် စက်မှု လယ်ယာ အဖြစ် ကူးပြောင်း နိုင်ဖို့ လယ်ယာသုံး စက်ပစ္စည်းတွေ ဈေးနှုန်း ကြီးမားမှု၊ စိုက်ပျိုးရေး ဘဏ်တွေ ကနေ ချေးငွေ ပြန်ဆပ်ရမယ့် အချိန်မှာ စပါးဈေး ကျတဲ့ ကိစ္စ၊ စတဲ့ အခက် အခဲ တွေကို လယ်သမား တွေက ဒေါ်အောင်ဆန်း စုကြည် သိအောင် တင်ပြ ခဲ့ကြတယ်လို့ ကိုယ်တိုင် ပါဝင် ဆွေးနွေး ခဲ့တဲ့ ဧရာ ဝတီတိုင်း ဒေးဒရဲ မြို့နယ်က လယ်သမားကြီး ဦးကျော်ထက်က ဘီဘီစီကို ပြောပါတယ်။

သားစဉ် မြေးဆက် လယ်ယာ လုပ်ကိုင် လာကြတဲ့ ပိုင်ဆိုင်မှု အငြင်း ပွားစရာ မရှိတဲ့ လယ်မြေ တွေကို မြန်မြန် ဆန်ဆန် မှတ်ပုံတင် နိုင်ရေး အတွက် သက်ဆိုင်ရာကို ဒေါ်အောင်ဆန်း စုကြည်က တင်ပြ ပေးသွားမယ်လို့ ပြောခဲ့ ကြောင်းလည်း ဦးကျော်ထက်က ပြောပါတယ်။

ဒါ့အပြင် လယ်သမားတွေ လယ်သိမ်းချိန်မှာ ရာသီဥတု ဒဏ်ကြောင့် ဆုံးရှုံး နစ်နာမှာ မရှိရအောင် အမြန်ဆုံး ရိတ်သိမ်း ရာမှာ သုံးဖို့ လိုအပ်တဲ့ ကျပ် သိန်း ၃၀ဝ တန် စပါး ချွေလှေ့ စက်ကို လယ်သမားတွေ ဝယ်နိုင်ဖို့ အလှမ်းဝေးလွန်းတဲ့ အတွက် ဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်း နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်က ပြန်လည် ဆွေးနွေး ခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန် နိုင်ငံ ကနေ စက် အသေးစားတွေ ထုတ်လုပ် ပေးဖို့ ဒေါ်အောင်ဆန်း စုကြည်က ပြောမယ့် အကြောင်းနဲ့၊ ဂျပန်က တပါတ်ရစ် စက်တွေ သုံးနိုင်မလား၊ သြစတြေးလျနဲ့ နယူးဇီလန် တို့က နေ အကူအညီတောင်းပြီး မြန်မာ လယ်သမားတွေကို ပံ့ပိုး ကူညီနိုင်ရေး အတွက် ဆွေးနွေး ခဲ့ကြတယ်လို့ ပြန်ပြော ပါတယ်။

တောင်သူ လယ်သမား တွေရဲ့ အခက် အခဲတွေကို ကူညီ ဖြေရှင်း ပေးနိုင်ရေး နည်းလမ်း ရှာနိုင်ဖို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ တက္ကသိုလ် ရိပ်သာလမ်းက နေအိမ်မှာ မြန်မာ နိုင်ငံ တိုင်းနဲ့ ပြည်နယ် အသီးသီးကို ကိုယ်စားပြုတဲ့ လယ်သမား၂၂ ယောက်က မြန်မာ နိုင်ငံ တောင်သူ လယ်သမား အသင်းရဲ့ စီစဉ်မှုနဲ့ သွားရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာ ဖြစ် ပါတယ်။
BBC Burmese

ဘော်စတွန် ဗုံးခွဲသူအကြောင်း အမေရိကန်ကို ရုရှားသတိပေးခဲ့

 ဘော်စတွန် ဗုံးခွဲမှု သံသယရှိသူနှစ်ဦး
25.04.2013
အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ မာရသွန် အပြေးပြိုင်ပွဲကို ဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ ညီအကို ၂ ယောက်ထဲက အကိုဖြစ်သူကို ၂၀၁၁ ခုနှစ် နှောင်းပိုင်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနက စောင့်ကြည့် စာရင်းမှာ ထည့်ထားခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

အကိုဖြစ်သူ Tamerlan Tsarnaev ဟာ အစွန်းရောက် အစ္စလာမ် ဘာသာဝင်တဦးဖြစ်လာနေပြီလို့ စိုးရိမ်စရာရှိတဲ့အကြောင်း ရုရှားအစိုးရက အကြောင်းကြား ဆက်သွယ်လာတဲ့အတွက် သူ့ကို စောင့်ကြည့်စာရင်းမှာ ထည့်ထားဖို့ CIA ဗဟိုထောက်လှမ်းရေးဌာနက တောင်းဆိုခဲ့တယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

Tamerlan Tsarnaev နဲ့ပတ်သက်တဲ့ အလားတူ သတိပေးချက်မျိုး ရုရှားအစိုးရက FBI ပြည်ထောင်စု ထောက်လှမ်းရေးဗြူရိုကိုလည်း ၂၀၁၁ ခုနှစ် အစောပိုင်းမှာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ FBI က သူ့ကို စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း အဲဒီအချိန်တုန်းက
အန္တရာယ်ပေးနိုင်တဲ့သူဖြစ်တယ် ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထား မတွေ့တာကြောင့် သူ့အမှုကို ပိတ်လိုက်တယ်လို့ ဆိုပါတယ်။

ဧပြီလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဘော်စတွန်မြို့ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၂၆၄ ဦး ထိခိုက် ဒဏ်ရာရပြီးတဲ့နောက် လုံခြုံရေးအဖွဲ့အချင်းချင်းကြား သတင်းအချက်အလက် ဖလှယ်မှုတွေနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်း အမေရိကန် လွှတ်တော်အမတ်တွေက ပြောဆိုနေပါတယ်။ ဒီဗုံးခွဲမှုနဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်တာတွေကို အာဏာပိုင်တွေက အထက်လွှတ်တော်ကို ကြာသပတေးနေ့မှာ တင်ပြကြမှာ ဖြစ်ပါတယ်။

အသက်မသေပဲ ကျန်နေသေးတဲ့ ၁၉ နှစ်အရွယ် Dzhokar Tsarnaev ရဲ့အကိုဖြစ်သူ Tamerlan က ဘောစတွန် မာရသွန် အပြေးပြိုင်ပွဲရဲ့ ပန်းဝင်တဲ့နေရာအနီးမှာ ဗုံးကို ချထားခဲ့တာလို့ စုံစမ်း စစ်ဆေးရေးမှူးတွေက ပြောပါတယ်။ Tamerlan ကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားရာက ရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

အကြမ်းဖက်နှိမ်နင်းမှု လက်မခံနိုင်ကြောင်း ၈၈မျိုးဆက်ကန့်ကွက်

2013-04-25
လက်ပံတောင်းတောင်မှာ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေတဲ့ တောင်သူတွေကို အာဏာပိုင်တွေဘက်က ဒီကနေ့ အကြမ်းဖက် နှိမ်းနှင်းခဲ့တာကို ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က လုံးဝလက်မခံနိုင်တဲ့အကြောင်း သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီသဘောထား ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက RFA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ သဘောကတော့ ဒီမှာလက်ပံတောင်းတောင်ဒေသ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ ဒေသဖြစ်တဲ့အတွက် အဲ့ဒီနေရာမှာမလုပ်ရဘူး လူစုခွဲတယ်ဆိုလို့ရှိရင် သူကဝမ်းရေးပြဿနာရှိတယ်လေ၊ အဲတော့ စိုက်ပျိုးရာသီအချိန် ကုန်တဲ့အထိကို ထိုင်စောင့်နေလို့ မဖြစ်နိုင်ဘူး၊ ဒီလိုအချိန်ယူပြီး လုပ်ကိုင်စားသောက်နေရတဲ့ လယ်သမားတွေအနေနဲ့ စားဝတ်နေရေးအတွက် ဘယ်လိုအာမခံချက်ပေးနိုင်မလဲ တာဝန်ယူနိုင်မလဲဆိုတဲ့ကိစ္စကို သက်ဆိုင်ရာအစိုးရကနေပြီးတော့ ညှိနှိုင်းအဖြေရှာပေးဖို့ လိုတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဗျ၊ ပြဿနာတစ်ခု ဖြစ်လိုက်တိုင်း သက်ဆိုင်ရာက အင်အားသုံးဖြေရှင်းမှုတွေ များလာမှာကို ကျနော်တို့စိတ်ပူတယ်၊ ဒါကြောင့်ကျနော်တို့က ဘယ်လိုပြဿနာမျိုးတွေဖြစ်ဖြစ် ပြဿနာကတော့ရှိမှာပဲဗျာ၊ ရှိတဲ့ပြဿနာကို ဒီမိုကရက်တစ် ဘောင်ထဲကနေပြီးတော့ စေ့စပ်ညှိနှိုင်းအဖြေရှာခြင်းသာ အကောင်းဆုံးဖြစ်မယ်လို့ ထင်တယ်ဗျာ”

ဒီထုတ်ပြန်ချက်ထဲမှာ ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ လှုပ်ရှားမှုကို အကြမ်းဖက် နှိမ်နှင်းတာတွေကို လုံးဝလက်မခံတဲ့အကြောင်း၊ အဲ့ဒီမြေကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတွေရဲ့အရေးကို သက်ဆိုင်ရာ အစိုးရအဖွဲ့တွေက တာဝန်ဖြေရှင်းဖို့လိုကြောင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာအပေါ် အစိုးရအနေနဲ့ ပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်ချက်ချမယ့် အချိန်အထိ ပဋိပက္ခတွေ ထိပ်တိုက်အဖြစ်စေဖို့ ရှောင်ရှားသင့်တဲ့အကြောင်းစတဲ့အချက်တွေကို ဖော်ပြထားပါတယ်။
RFA

E.P.C ၀န်းထမ်းဘ၀ သီချင်းများဖြင့် ခံစားခြင်း

April 24, 2013
ကျွန်တော်တို့သည် ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်  တပ်နယ်မြေမြို့နယ်တစ်ခုမှ E.P.C  ၀န်ထမ်းများဖြစ်ပါသည်။
ဝန်ထမ်း တွေရဲ့ လုပ်ရတဲ့အလုပ်ကတော့ နောနော်ရဲ့ “အတိုင်းထက်အလွန်”
ရတဲ့လစာက ၀ိုင်းစုခိုင်သိန်းရဲ့ “မက်လောက်စရာတစ်ကွက်မှမရှိ”
ပိတ်ရက်နဲ့ အားလပ်ချိန်ကတော့ စိုးစန္ဒာထွန်းရဲ့ “မောင့်သဘော”
ရာထူးတက်ဖို့ကတော့ လေးဖြူရဲ့ “မရေရာဘူး”
အလုပ်သိမ်းချိန်က မျိုးကြီးရဲ့ “အိမ်ပြန်ချိန်ကိုတောင် မသိတော့ဘူး”
နိုင်ငံတော်ကပေးတဲ့ လစာနဲ့ လောက်ငှဖို့ကတော့ ထူးအိမ်သင်ရဲ့ “တစ်နေ့နေ့မှာ”
ရုံးကပေးတဲ့ အပိုဆုကြေးငွေကတော့  အေသင်ချိုဆွေရဲ့ “ကမ်းမမြင်လမ်း မြင်”
အချိန်ပိုကြေးကတော့ စံလင်း ရဲ့ “မျှော်လင့်ချက်သာမထားခဲ့မိရင်”
လုပ်ငန်းခွင်မှာ အမှားလုပ်မိရင် တော့ မေခလာရဲ့ “မစဉ်းစားနဲ့ ပြန်ပေတော့”
လစာတိုးမယ်ကြားတော့ ဇော်ပိုင်ရဲ့ “ရင်ခုန်ရလွန်းလို့ ရှုးမှာပဲ”
လစာထုတ်ပြီးတော့ ဒီလေးရဲ့ “ဘာမှမကျန်ဘူး”
လခ စားအလုပ်ကို အထင်ကြီးပြီး လုပ်ခဲ့မိတာက ဗဒင်ရဲ့ “နောင်တ” 
လူကြီးတွေရဲ့အဆူအကြိမ်းခံရတဲ့ အခါအေသချိုဆွေရဲ့ “တင်းတယ် တင်းတယ်”
အမှန်တွေကို များများ  ပြောမိရင်တော့ ဦးကျော်ရဲ့ “ဒိုးရ တော့မယ် အချစ်ရယ်”
ကဲဘယ်လို လည်း မိတ်ဆွေ။
ခံစားချက်များစွာဖြင့်
မေဒေး
The Hot News

ဒေသခံပြည်သူများနှင့် လုံထိန်းများ၏ ပဋိပက္ခကြား တုံရွာသားတစ်ဦး ကျည်ဆန်ထိမှန်

ဆားလင်းကြီး၊ ဧပြီ ၂၅။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ၌ ယနေ့ ဧပြီလ ၂၅ ရက် နံနက် ၉
နာရီခန့်တွင် လက်ပံတောင်းတောင် ဒေသခံပြည်သူများနှင့် လုံထိန်းများကြား ပဋိပက္ခဖြစ်ပွားခဲ့မှုကြောင့်
တုံရွာသားတစ်ဦး သေနတ်ဒဏ်ရာ ရရှိ၍ လူ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆားလင်းကြီးမြို့နယ်နေ လက်ပံတောင်းတောင်ဒေသရှိ ဆည်တည်းကျေးရွာနေ မရီရီဝင်းပိုင်
မြေကွက်၌ လယ်သမားများ ထွန်ယက်နေစဉ် လယ်သမားများကို လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းအနီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နေရာဖြစ်သည့်အတွက် လယ်မထွန်ရဟုဆိုကာ လုံထိန်းအင်အား ၅၀၀ ခန့်က ဝင်ရောက် ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုး ရွာသားနှစ်ဦးကို ဖမ်းဆီးသွားကြောင်း လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်ထံမှ သိရသည်။

ကိုဟန်ဝင်းအောင်က “ဒီနေ့ မနက် ၉နာရီလောက်မှာ လုံထိန်းအင်အား ၅၀၀လောက် ကားတွေနဲ့ ရောက်လာတယ်၊ ဒီနေရာမှာ မထွန်ပါနဲ့ ပုဒ်မ ၁၄၄ ထုတ်ထားတယ်တဲ့၊ မရီရီဝင်းတို့က ဒီနေရာ ကျွန်မတို့မြေ ကိုယ့်မြေကိုယ် ထွန်တာပဲ မဖယ်ပေးနိုင်ဘူးတဲ့၊ ရဲတွေက မြေထဲကို ပြေးဆင်းလာပြီးတော့တုတ်တွေဒိုင်းတွေနဲ့ ဝင်ရိုက်တယ်၊ အဲဒီမှာ စပြီး ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ယက်က သတင်းမှတ်တမ်းသမား ကိုသူ အရိုက်ခံလိုက်ရတယ်၊ လဲကျသွားတော့ စစ်ဖိနပ်နဲ့ကန်တယ်၊ သေနတ်ဒင်နဲ့ ထုတယ်၊ ကင်မရာကို ရိုက်ခွဲလိုက်တယ်၊ ကိုအောင်စိုးတို့က ဝင်ထိန်းတဲ့အခါမှာလည်း ရိုက်ပြီးတော့ ဖမ်းသွားတယ်၊ လယ်သမားတွေက မခံနိုင်တဲ့အခါမှာ ဝိုင်းအော်တော့ ထပ်ရိုက်ပြီး ထပ်ဖမ်းတယ်၊ အခုစာရင်းကောက်တာ သုံးယောက်လောက် အဖမ်းခံရတယ်” ဟု ပြောကြားသည်။

အဖမ်းခံရသည်ဟု အခြားရွာများက ကြားသည့်အခါ မရီရီဝင်းကို ပြန်လွှတ်ပေးရန် သွားပြောကြကြောင်း၊
မနက် ၁၀နာရီခန့်တွင် လုံထိန်း များက သေနတ်နဲ့စပစ်ကြောင်း ဟု မျက်မြင်တွေ့ရှိသူ ဆည်တည်းကျေးရွာနေ မဝင်းဝင်းဌေးက ပြောကြားသည်။

“သေနတ်နဲ့ ပစ်တော့ တုံရွာက ကိုတင့်ဇော်က လက်မောင်းနဲ့ ၀မ်းဗိုက်ကို ရှပ်ထိသွားတယ်၊ ၁၂ချက်
၁၃ချက်လောက်ပစ်တော့ ရွာသားတွေလည်း မခံနိုင်တော့ဘူး။ အကုန် ပြန်ဆုတ်လာကြရတယ်” ဟု ယင်းက ဆိုသည်။

ယင်းအပြင် မိုးကြိုးပြင်ရွာနေ ကိုဝင်းကျော် ပိုင်မြေကွက်တွင် လုပ်ကိုင်နေသော လယ်သမားများအား
ရဲများက ဝင်ရောက်ရိုက်နှက်ခဲ့ပြီး မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ရက်တာဝန်ခံ
ကိုသောင်းထိုက်အား ဖမ်းဆီးရန် ကြိုးစားခဲ့ကြောင်း၊ လယ်သမားများက ပြန်လည်လုယူ၍သာ လွတ်မြောက်
ခဲ့ရခြင်း ဖြစ်ကြောင်း၊ ကိုအောင်စိုးနှင့်အတူ ကိုစိုးသူ၊ ကိုမောင်ဆန်း တို့ စုစုပေါင်း ၃ ယောက် အဖမ်းခံရပြီး အခြေအနေမှာ တည်ငြိမ်မှုမရှိသေးကြောင်း သိရသည်။

ယင်းကဲ့သို့  မဖြစ်ပွားမီ ရက်ပိုင်းခန့်ကတည်းက လုံထိန်းများနှင့် ရွာသားများကြား တင်းမာမှုများ ရှိခဲ့ကြကြောင်း၊ ယခုအခါ သေနတ်ဒဏ်ရာ ရရှိသူကို မုံရွာပြည်သူ့ဆေးရုံကြီး ကို ဆေးကုသမှု ခံယူနေပြီး ဆေးရုံအုပ်ကြီးက သေနတ် ဒဏ်ရာရရှိသည်မှာ မှန်ကန်သည်ဟု အတည်ပြု ပြောကြားခဲ့ကြောင်း ကိုဟန်ဝင်းအောင်ကပြောကြားသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သပိတ်စခန်းများ၏ သပိတ်မှောက် ဆန္ဒပြမှုကို အကြမ်း ဖက်ဖြိုခွဲခဲ့မှုကြောင့် ရဟန်းသံဃာများနှင့် ဒေသခံပြည်သူများ မီးလောင်ဒဏ်ရာ ရရှိခဲ့ကြပြီး ယခုအကြိမ် အကြမ်းဖက်ဖြိုခွဲမှုသည် လက်ပံ တောင်းတောင် ဒေသအတွက် ဒုတိယအကြိမ်မြောက် အကြမ်းဖက်မှုဖြစ်ကြောင်း သိရသည်။
ရည်မွန်
The Myanma Age

လက်ပံတောင်းမှာ လယ်ထွန်သူတွေကို ရဲကနှိမ်နင်း

25.04.2013
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက သိမ်းဆည်းထားတဲ့ လက်ပန်းတောင်းဒေသက ဒေသခံပြည်သူတွေဟာ သူတို့လယ်တွေမှာ အာဏာပိုင်တွေရဲ့ တားဆီးမိန့်ကို လက်မခံဘဲ ပြန်လည် ထွန်ယက်စိုက်ပျိုးမူကို စတင်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကြား တင်းမာမူဖြစ်ပြီးတော့ ပစ်ခတ်မူ၊ ရိုက်နှက်မှုတွေဖြစ်ပွားခဲ့ပါတယ်။  ပဋိပက္ခအတွင်းမှာ လူတစ်ဦး သေနတ် ဒဏ်ရာရရှိပြီးတော့ ရိုက်နှက်ခံရသူတချို့ ရှိခဲ့ပါတယ်။  လယ်သမားတွေကို အကူအညီပေးတဲ့ ရန်ကုန်ပြည်သူအကျိုးဆောင်ကွန်ယက်က ကိုအောင်စိုးနဲ့ ရွာသား၂ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးမာ က  သတင်းပေးပို့ထားတာပါတယ်။

လက်ပံတောင်းတောင်ကြေးနီးစီမံကိန်းကို လုပ်ဆောင်ခဲ့တဲ့ မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီလီမီတက်နဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့ဟာ ဒေသခံတွေရဲ့ လယ်မြေတွေကို သိမ်းယူခဲ့ပြီး စိမံကိန်းကို အကောင်အထည်ဖော်နေခဲ့တာပါ ။

ဒေသခံတွေကတော့ နစ်နာကြေးကိုလည်းမယူ လယ်တွေကိုလည်း ရောင်းချလိုခြင်း မရှိတာကြောင့်  သူတို့ပိုင်လယ်တွေမှာ စိုက်ပျိုးထွန်ယက်မူ ကို စတင်လုပ်ခဲ့ကြတာပါ။ အာဏာပိုင်တွေကတော့ အဲဒီ့လယ်မြေတွေ နေရာမှာ ပုဒ်မ ၁၄၄ထုတ်ပြီး စီမံကိန်း နယ်မြေအဖြစ်သတ်မှတ်ပြီး ဒေသခံတွေကို ဖယ်ရှားဖို့ အမိန့် ထုတ်ထားပါတယ်။
ဧပြီလ ၂၅ရက်နေမှာတော့ ဒေသခံတွေကို အာဏာပိုင်တွေက ဖြိုခွဲမူ လုပ်ခဲ့ရာမှာ ဒေသခံတဦး သေနတ်ဒဏ်ရာ ရရှိခဲ့သလို ရိုက်နှက် ဖမ်းဆီးမူတွေ ခံခဲ့ရကြောင်း  ရိုက်နှက်ဖမ်းဆီးခံရမူကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ ကိုသောင်းထိုက်ကပြောပါတယ်။

“ ဆည်တည်းဖက်အခြမ်းက ကိုအောင်စိုးပါသွားတယ်။ ဆယ်တဲ ကျေးရွာသားနှစ်ယောက်ပါသွားတယ်။ တုံရွာအုပ်စုက ကိုတင်သော်၊ သေနတ်ဒဏ်ရာ နှစ်ချက်ရတယ်။ သေနတ်ဒဏ်ရာက လက်မောင်းတစ်ချက်၊ နံကြားတစ်ချက်၊ အခုဆေးရုံသွားပို့နေပြီ။ သတင်းမှတ်တမ်းယူတဲ့ ကိုသူ့ကို ရဲတွေက ဝိုင်းရိုက်တော့ အရိုက်ခံရပြီး သတိမရသေးဘူး။ ကိုသူက အခု တုံရွာထဲကို ပြန်ရောက်သွားပြီ။ အဲ့တာ ဆည်းတည်းဘက်မှာ။ ကျနော်တို့က မိုးကြိုးပြင်ဖက်မှာ၊ မိုးကြိုးပြင်ဖက်မှာတော့ ကျနော်တို့ကို ဝင်ပြီးတော့ ဖမ်းတယ်။ ရဲမှူးအောင်ကျော်က ဝင်ဖမ်းတယ်။ ဝင်ဖမ်းတော့ ရွာသားတွေက ဝင်လုတဲ့အတွက် ရွာခံတစ်ဦးဖြစ်တဲ့ မစမ်းစမ်းဝင်း ခေါင်းကွဲသွားတယ်။ လက်ညိုးတစ်ချောင်းသာသာရှိတဲ့ ဒဏ်ရာတချက်ရပြီး ခေါင်းကွဲသွားတယ်။ အရိုက်ခံရပြီး တကိုယ်လုံးမှာ ဒဏ်ရာတွေချည်းပဲပေါ့။

ကိုသောင်းထိုက်ဟာ ရန်ကုန်ဝိဇ္ဇာသိပံ္ပ၊ တက္ကသိုလ်ကျောင်းသားများ ကွန်ယက်ကဖြစ်ပြီး၊ သူအပါအဝင်ကျောင်းသားလူငယ်တွေဟာ ဒေသခံတွေကို အကူအညီ ပေးနေတာကြောင့် သူတို့ကို အတင်းအကြပ် ဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့ အကြောင်းကိုလည်း ပြောပြပါတယ်။

“လယ် ၁၃ဧကပိုင်တဲ့ ကိုဝင်းကျော်က သူ့ယာခင်းထဲမှာ ထွန်ရင်းနဲ့ ပျိုးကြဲတယ်။ ပျိုးကြဲနေချိန်မှာပဲ ရဲမှူးအပါအဝင် အရပ်ဝတ်နဲ့ ထောက်လှမ်းရေး သုံးယောက်ရယ်၊ ရဲအင်အား လေးဆယ်ကျော်လောက်ရယ် လာပြီးတော့ အဲ့ဒီ့မှာ မြေတိုင်းစာရေး တယောက်လည်းပါတယ်။ မြေတိုင်းသလိုလို ဘာလိုလိုနဲ့ ကျနော့်ကို အရင်ဖမ်းတယ်။ ဖမ်းတဲ့အချိန်မှာဘဲ ရွာသားတွေက ဝိုင်းပြီးပြန်ဆွဲတဲ့အတွက် ကျနော်ကတော့ အဖမ်းမခံရဘူး။ ဒါပေမဲ့ အရိုက်ခံရတယ်။ ဆံပင်တွေ ဆောင့်အဆွဲခံရတယ်။ မနက်ဖြန်ကျရင်တော့ ကိုဝင်းကျော် အခင်းနဲ့ မရီရီဝင်းအခင်းမှာ ဆက်ပြီးတော့ ထွန်ယက်စိုက်ပျိုးဖို့ ပြင်နေပါတယ်။”

စီမံကိန်းကြောင့် ဒေသခံတွေရဲ့ လယ်မြေဧကပေါင်း ၇၈၀၀ကျော်ကို ဦးပိုင်ကုမ္ပဏီက သိမ်းယူခဲ့ပြီး ရွာ၎ရွာကို ဖယ်ရှားခိုင်းခဲ့တာပါ။ စီမံကိန်းကို ဆန်ကျင်ကန့်ကွက်မူတွေ အပြင်းအထန်ဖြစ်ပြီးနောက် စီမံကိန်း ဆက်လုပ်သင့်မသင့်ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး ဆုံးဖြတ်စေခဲ့ပါတယ်။ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်က စီမံကိန်း ဆက်လုပ်ဖို့ အကြံပြုထားတဲ့အတွက် ဒေသခံတွေဘက်က လက်မခံကြဘဲ ဆန္ဒပြမူတွေ ဆက်လုပ်ခဲ့ပါတယ်။

ဧပြီလ ၂၅ရက်နေ့က မိုးကြိုပြင်ရွာက လယ်သမားကြီး ဦီးဝင်းကျော်ပိုင်တဲ့ လယ်မြေမှာ အဓိကရုဏ်း ဖြစ်ပွားခဲ့ပေမဲ့   ထွန်ယက်စိုက်ပျိုးမူတွေ ဆက်လုပ်ဦးမှာဖြစ်တယ်လို့ ဦးဝင်းကျော်ကဆိုပါတယ်။
“ကျနော်တို့တရွာလုံး ခံစားနေရတာက မတရားဖြစ်နေပါပြီ အခုဟာက သူတို့ဖက်က အကြမ်းဖက်လာရင် ကျနော်တို့ဘက်က ကျနော်တို့ လယ်ယာထဲမှာ ဆက်ကြဲမှာပါပဲ။”

ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကြား ပစ်ခတ်မှုဖြစ်ပွားရတဲ့ အခြေအနေနဲ့ပတ်သက်လို့ မေးမြန်းဖို့အတွက် ဆားလင်းကြီးမြို့နယ်ရဲစခန်းကို ဆက်သွယ်ခဲ့ရမှာတော့ ဆက်သွယ်လို့မရပါဘူး။
လက်ပံတောင်းတောင်က ဒေသခံတွေအနေနဲ့ကတော့ လယ်မြေတွေဟာ ဘိုးဘွားစဉ်ဆက်လုပ်ဆောင်လာတဲ့ နယ်မြေတွေဖြစ်တာကြောင့် ရောင်းချလိုခြင်းမရှိပါဘူး။

ကုမ္ပဏီတွေက ပေးတဲ့ငွေကလည်း ကာလပေါက်ဈေးမပေးဘဲ တစ်ဧကကို ဆယ်သိန်းလောက်ပဲ ပေးခဲ့ကြတာပါ။ စီမံကိန်းကြောင့် ဘေးထွက် ဆိုးကျိုးဖြစ်လာနိုင်တဲ့အန္တရာယ်ကိုလည်း ကုမ္ပဏီတွေက ကာကွယ်တားဆီးလုပ်ဆောင်တာ မတွေ့ရရဘူး ဆိုပြီး ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဒီစီမံကိန်းကိုတော့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆက်မလုပ်သင့်တဲ့ အကြောင်း ဝေဖန်ပြောဆိုမှုတွေရှိပါတယ်။
မအေးအေးမာ
VOA Burmese

စက် လက်တုကို လက်ကိုင်ဖုန်း နဲ့ ခိုင်းမယ်


၂၅.၀၄.၂၀၁၃
လက်ကိုင်းဖုန်းက app နဲ့ ထိန်းချုပ် စေခိုင်း နိုင်မယ့် i-limb လို့ခေါ်တဲ့ စက် လက်တု တမျိုးကို လန်ဒန်က လက် တဘက် မရှိတဲ့ ဆယ်ကျော်သက် တဦးကို ပထမဆုံး တပ်ဆင် ပေးလိုက်ပြီ ဖြစ်ပါတယ်။

လန်ဒန်မှာ နေထိုင်တဲ့ အသက် ၁၆ နှစ် အရွယ် ပတ်ထရစ် ကိန်းကို တပ်ဆင်ပေးလိုက်တာ ဖြစ်ပြီး၊ ပတ်ထရစ် ကိန်းက ဒီ i-limb ဟာ တန်ဖိုး မဖြတ်နိုင် ဘူးလို့ ပြောပါတယ်။

သူဟာ ငယ်စဉ် အခါက ဦးနှောက် အမှေးရောင် ရောဂါ ခံစားခဲ့ ရပြီးနောက် ဘယ်ဘက် လက်နဲ့ ညာခြေ တဘက် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

လက်ကိုင်ဖုန်း app ကနေ စက် လက်တုကို ခိုင်းစေနိုင်မယ့် ပုံစံ အမျိုးပေါင်း ၂၄ ခု ပါဝင်ပါတယ်။

စက် လက်တုကို လက်ကိုင်ဖုန်း နဲ့ ထိန်းချုပ် အသုံးပြုနိုင် သလို မိမိလက်မောင်း ကြွက်သားတွေရဲ့ လှုပ်ရှားမှုနဲ့ ဆက်စပ် ခိုင်းစေနိုင်မှာ လည်း ဖြစ်ပါတယ်။

ပက်ထရစ်ဟာ Touch Bionics ကုမ္ပဏီက ထုတ်လုပ်တဲ့ အရင် စက်လက်တု ကို အသုံးပြုနေခဲ့တာ ဖြစ်ပြီး၊ အခု လက်ကိုင်းဖုန်းနဲ့ တွဲဖက် အသုံးပြု နိုင်တဲ့ i-limb အသစ် ကတော့ လှုပ်ရှားမှုတွေကို ပိုလုပ်နိုင်တယ်လို့ ပြောပါတယ်။
BBC Burmese

ဗိုလ်ချုပ်ရွာသားများ ဆန္ဒပြ

သန်လျင်၊ ဧပြီ ၂၅။
နှစ်ပေါင်း (၂ဝ)ကျော်က သိမ်းဆည်းခံထားရသော လယ်ယာမြေများ ပြန်လည်ရရှိလိုသောသန်လျင်မြို့နယ်
ဗိုလ်ချုပ်ကျေးရွာမှ ရွာသား (၁ဝဝ)ခန့်က ယနေ့မနက်(၁ဝ)နာရီအချိန်တွင် သန်လျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

သန်လျင် ရေနံချက်စက်ရုံမှ စွမ်းအင်သင်တန်းကျောင်း ဆောက်လုပ်ရန်အတွက်ဟုဆိုကာ လယ်မြေ (၃၃၄)ဧကကို သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ မည်သည့်ကျောင်းမှ ဆောက်လုပ်ခြင်းမရှိပဲ လယ်မြေများကိုလည်း တစ်ဧက စပါးဆယ်တင်းနှုန်းဖြင့် သီးစားချထားကြောင်း အဆိုပါ ဆန္ဒပြပွဲကို ဦးဆောင်သူ ဒေါ်မြမြလှိုင်က
ပြောသည်။

“၈၈ အရေးအခင်း နောက်ပိုင်းတုန်းက ခလရ(၉ဝ)က စစ်သားတွေနဲ့ (၃)ရက်အတွင်း လူ၊ ကျွဲ၊ နွား
ဘာမှမမြင်ချင်ဘူး ဖယ်ပေးရမယ်ဆိုပြီး လယ်မြေတွေကို သိမ်းယူသွားခဲ့တာပါ” ဟု ဒေါ်မြမြလှိုင်က ပြောသည်။

ထိုကဲ့သို့ သိမ်းယူခဲ့စဉ်က မြေယာများအတွက် လျော်ကြေးငွေ လုံးဝ မရရှိခဲ့ပဲ သီးနှံလျော်ကြေးဟုဆိုကာ
တစ်ဧကလျှင် (၂ဝဝဝ)ကျပ်နှုန်းဖြင့် ပေးသွားခဲ့ကြောင်း ဗိုလ်ချုပ်ကျေးရွာမှ လယ်မြေ(၁ဝ)ဧက
သိမ်းဆည်းခံခဲ့ရသူ ဒေါ်လှလှခင်က ပြောသည်။

၎င်း အသိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် နိုင်ငံတော် သမ္မတထံသို့ ပြီးခဲ့သည့်
ဖေဖော်ဝါရီလကလည်း စာတင်ထားသေးကြောင်း သိရပြီး ထူးခြားမှု တစ်စုံတစ်ရာ မရှိပါက ယခုကဲ့သို့ ဆက်လက်ဆန္ဒပြသွားမည်ဟု ဆန္ဒပြသူများက ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုအတွက် သန်လျင်မြို့ ရဲတပ်ဖွဲ့မှူးရုံးမှ ခွင့်ပြုမိန့် ရရှိခဲ့ခြင်းဖြစ်ကြောင်း
သိရပြီး နေ့လည် (၁၂)နာရီတွင် ဆန္ဒပြပွဲ ပြီးဆုံးခဲ့သည်။
ထက်နောင်နောင်
The Myanma Age

NLD ပါတီဝင် အယောင်ဆောင် တဦး ရန်ကုန်မြို့လယ်မှာ ဖမ်းမိ

Thursday, April 25, 2013
ရန်ကုန်မြို့လယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ၀တ်စုံနဲ့ ပါတီဝင်မဟုတ်သူ အယောင်ဆောင် လူတစ်ဦးကို ယနေ့ ဖမ်းမိလိုက်ပါတယ်တဲ့။

NLD နိုင်ငံလုံးဆိုင်ရာညီလာခံမှာတွေ့ရတဲ့ ပါတီ ၀တ်စုံနှင့် ပါတီဝင်များ၊ ဓာတ်ပုံ- NLD

ဖြစ်ပုံကတော့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ မိတ္တီလာ အရေးအခင်း ဗွီဒီယိုခွေတွေ ရောင်းချနေတာကို 
တွေ့တော့ မသင်္ကာတာနဲ့  ကျောက်တံတားမြို့နယ်မှ  NLD အဖွဲ့ဝင်တွေက ယနေ့ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက စုံစမ်းမေးမြန်းရာ NLD အဖွဲ့ဝင် မဟုတ်ဘဲ မြောက် ဥက္ကလာပ မြို့နယ်နေ ဇော်မင်းထွန်း ဆိုသူဖြစ်ကြောင်း သိရှိရပြီး ကျောက်တံတားရဲစခန်းကို အပ်နှံလိုက်တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့က ဘယ်လို ဆက်လက် အရေးယူဆောင်ရွက်မယ်ဆိုတာကို  ကျောက်တံတားမြို့နယ်၊ ရန်ကုန် အနောက်ပိုင်းခရိုင်နှင့် ရန်ကုန်တိုင်း NLD တာဝန်ရှိသူများက အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း NLD တာဝန်ရှိသူတွေက ဆိုပါတယ်။

အယောင်ဆောင်တာတောင် နိုင်ငံရေး လုပ်ကြံမှုပါတဲ့ အယောင်ဆောင်မှုပါ။ မိတ္ထီလာ အရေးအခင်းဖြစ်ပြီး တချို့ မီဒီယာတွေနဲ့ အင်တာဗျူးတချို့မှာ ဖြစ်ရပ်ဆိုးကြီးနောက်ကွယ်မှာ NLD နဲ့ ၈၈ တွေကပဲ နောက် ကွယ် က ကြိုးကိုင်တယ်ဆိုပြီး စွပ်စွဲ ပြောဆိုခဲ့ပါသေးတယ်။

နောက်ပိုင်း ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင် ဦးအောင်သောင်းကလည်း အမေရိကန် သံအမတ် နဲ့ တွေ့ပြီးနောက်မကြာခင်မှာဘဲ  ဒီ မိတ္ထီလာ အရေးအခင်းနောက်ကွယ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ သူတို့ရဲ့ အမာခံတွေက ဖန်တီးကြိုးကိုင်ခဲ့တာလို့လည်း စွပ်စွဲခဲ့တယ်။

အခုတော့ ဒီ မိတ္ထီလာ အရေးအခင်း ဗီဒီယိုတွေကို NLD လူငယ်တဦးက ဖြန့်ဝေနေတယ်ဆိုတဲ့ ပုံစံ နဲ့ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ အယောင်ဆောင် ဖန်တီး လုပ်ကွက်ဟာ အတော် သတိထားစရာဖြစ် ပါတယ်။
အိမ့်သံစဉ်
The Irrawaddy (Burmese Version)

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com