http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

၂၂ ဘီးကားမော်တော်ယာဉ်တိမ်းမှောက်


တောင်ငူ ဧပြီလ ၁၁။
တောင်ငူခရိုင်အုတ်တွင်းမြို့ နယ် ကျောင်းရှစ်ဆယ်ကျေးရွာအနီး ခပေါင်းချောင်းကူးတံတားချဉ်းကပ်လမ်းပေါ်တွင် ၂၂ ဘီးကားမော်တော်ယာဉ်တိမ်းမှောက်ခဲ့သည်။

ထိုကားမှာ ရန်ကုန်မှ နေပြည်တော်ဧလာလေဆိပ်သို့ လေယာဉ်ဆီဂါလံ၇၂၀၀ တင်ဆောင်မောင်းလာသော အေးရှားဝေါ်ကုမ္ပဏီပိုင်ဖြစ်သည်။ ထိုကား ဆီဘောက်ဆာ ၂၂ ဘီးကားမော်တော်ယာဉ်သည် ဧပြီလ ၁၀ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်တွင်တိမ်းမှောက်ကာ လမ်းပိတ်ဆို့ မှူဖြစ်ခဲ့သည်။

ထိုနောက်ဧပြီလ ၁၁ ရက်နေ့ မနက် ၃ နာရီအချိန်တွင် ကရိန်းယာဉ်နှစ်စိး၊အကူယာဉ်နှစ်စီးဖြင့် ဖယ်ရှားရှင်းလင်းနိုင်ခဲ့ ကြောင်းသတင်းရရှိသည်။
ပဲခူး သတင်းစဉ်

ရန်ကုန် သင်္ကြန်မြင်ကွင်းများ

ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်တွင်
လုံခြုံရေးတာဝန်ယူထားသူများ

၁၃၇၄ ခုနှစ်သင်္ကြန် အကြိုနေ့ ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ ၏ ရေကစားမဏ္ဍပ်တွင် ရေကစားနေသူများ

ရုပ်ရှင်သရုပ်ဆောင်များပါ တက်ရောက်ခဲ့သည့်
တိုင်းဒေသကြီးအစိုးရအဖွဲ့ သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ။
FB-Messenger News Journal

သမ္မတနှင့် ပြည်သူများကိုယ်စား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆုတောင်း


မြန်မာ့နှစ်ကူး အတာသင်္ကြပွဲတော်အား အမေရိကန် သမ္မတနှင့် ပြည်သူများကိုယ်စား အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆုတောင်းစကားတစ်ရပ်ထုတ်ပြန်ထားကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ၀ဘ်ဆိုဒ်တွင်ဖော်ပြထားသည်။

 ဆုတောင်းစကားတွင်``ယခုကဲ့သို့ သင်္ကြန်အခါသမယအား အမေရိကန် သမ္မတ ဘားရက်အိုဘားမားနှင့် အမေရိကန်ပြည်သူများကိုယ်စား မိမိအနေဖြင့်များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်´´ဟုဖော်ပြထားသည် ထို့အပြင် အမေရိကန်ပြည်သူများမှလည်း နှစ်ကူးအခါသမယတွင် ငြိမ်းချမ်းခြင်း ပျော်ရွှင်ခြင်း များရောက်ရှိလာစေရန် ဆုတောင်းအပ်ပါကြောင်း ရေးသားထားသည်။
7Day News Journal

ရန်ကုန်အင်္ကြန် အကြိုနေ့ မြင်ကွင်း (ဧပြီ ၁၃)(ရုပ်/သံ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရမဏ္ဍပ်
RFA Burmese
photo: RFA/ Moe Thu Aung










ရန်ကုန်မြို့ ရေကစားမဏ္ဍပ်များ၏ ဧပြီ၁၂ ရက်ညပိုင်း မြင်ကွင်းများ(ဓါတ်ပုံသတင်း)

2013 ခုနှစ် ရန်ကုန်မြို့ ရေကစားမဏ္ဍပ်များ၏ ဧပြီ၁၂ ရက်ညပိုင်း မြင်ကွင်းများ
Eleven Media Group









၁၃၅၁ခုနှစ်မဟာသင်္ကြန်အကြိုနေ့ အဖွဲ့ချုပ်ဥက္ကဌ ဦးတင်ဦး (ယခင်) ၏ မိန့်ခွန်း

April 12, 2013
ကြွရောက်လာကြတဲ့ ကျောင်းသား ပြည်သူ၊ ရဟန်းရှင်လူများခင်ဗျား။ ဗုဒ္ဓ ဘာသာမြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးနေ့ မှာ၊ ဗမာလူမျိုးတိုင်း၊ ဗုဒ္ဓဘာသာဝင်တိုင်း ဟာ၊ ဒီနေ့ ဒီရက်ကို နေ့ထူးနေ့မြတ်ထား ပါတယ်။ ကျွန်တော်တို့ ဗုဒ်္ဓမြန်မာနိုင်ငံ တော်ရဲ့၊ ဗမာလူမျိုးများအနေနဲ့ မိမိတို့ရဲ့ ရိုးရာအလိုက်၊ ယခုလိုနှစ်သစ်ကူးတဲ့အခါ မှာ၊ နှစ်ဟောင်းတုန်းကဖြစ်ပျက်ခဲ့ရတဲ့ စိတ်ဆင်းရဲမှု၊ စိတ်မချမ်းသာမှု၊ စိတ်ထဲ မှာ ဒေါသဖြစ်ခဲ့ရမှု စသည်တို့ဟာနှစ် ဟောင်းနဲ့ အတူတကွ ပါသွားပြီးတဲ့ နောက်၊ ယခုလို နှစ်သစ်ကူးတဲ့နေ့မှာ လာမယ့်နှစ်အတွက် ကျွန်တော်တို့မြန်မာ့ ရိုးရာထုံးတမ်းစဉ်လာအရ ဒီအချိန် ဒီ အခါမှာ ရှေ့နှစ်ကောင်းမှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံပါစေလို့ဆိုတဲ့ စိတ်နဲ့ ရှေ့မှာ စိတ်ချမ်းသာမှု၊ ပျော်ရွှင် မှု၊ ၀မ်းမြောက်မှု၊ အောင်မြင်မှု စသည် တို့ကို ရည်စူးပြီးတော့ ဒီလိုသင်္ကြန်ပွဲတော်မျိုးကို ကျင်းပခြင်းဖြစ်ပါတယ်။

သင်္ကြန်ဆိုတဲ့ အဓိပ္ပာယ်က နှစ်ဟောင်းက အတွေးအခေါ်ဟောင်းများတို့သည်အားလုံး နှစ်ဟောင်းနဲ့အတူ ပြီးဆုံးခဲ့ပြီဖြစ်၍ နှစ်သစ်ကိုကူးတဲ့အခါ မှာ မိမိတို့အတွက် ကောင်းသောအကြံ အစည်၊ ကောင်းသော အလုပ်အကိုင်၊ မင်္ဂလာရှိသော အပြုအမူစသဖြင့် ဒါတွေ ကို တိုးပွားစေဖို့ဆိုတဲ့အနေနဲ့ ရည်ရွယ်ပြီး တော့ ဒီလိုပွဲမျိုးကို ကျင်းပခြင်းဖြစ်ပါ တယ်။

ဒီလိုကျင်းပတဲ့အခါမှာ သင်္ကြန်ဆို တဲ့ စိတ်ဓာတ်နဲ့ ဒီလိုအချိန်အခါမျိုးမှာ နှစ်ဟောင်းတုန်းက အညစ်အကြေးတွေ ကို ရေနဲ့ဆေးကြောပြီးတဲ့နောက်၊ လူသစ် စိတ်သစ်အဖြစ် နှစ်သစ်ကူးကို ကြိုဆိုကြ တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လဲ ပြီးခဲ့ တဲ့နှစ်ဟောင်းတုန်းက တွေ့ကြုံခဲ့ကြတဲ့ အနိဌာရုံအားလုံးဟာ အားလုံး ပြီးမြောက် ပြီးတဲ့နောက် လာမယ့်နှစ်အတွက် အဲဒါ တွေ စိတ်ဓာတ်ထက်သန်စွာဖြင့် ကျင်းပ ကြမှာဖြစ်ပါတယ်။ အဲဒီလို ကျင်းပကြတဲ့ အခါ ကျွန်တော်တို့ ရိုးရာအရဆိုရင် ဒီလို ရေပက်ခြင်းကိုအကြောင်းပြုပြီးတော့ ဒီ အချိန်၊ ဒီအခါ၊ ဒီလိုနေ့မျိုးမှာ ဘယ်သူက မှ စိတ်ဆိုးရခြင်း၊ အကြမ်းဖက်ရခြင်း မလုပ်ရပါဘူး။

အမှန်ကတော့ ဒီလိုအချိန်မျိုးမှာ စိတ်တိုတယ်၊ စိတ်ဆိုးတယ်ဆိုတာ စိတ်ထဲမှာ မခံချင်အောင်ဖြစ်တယ်။ စတယ်ဆိုတဲ့ သဘောတရားတွေကို ကင်းပြီးတော့ ဒီလိုဆက်ဆံပြီးလုပ်ရတဲ့ ဟာမျိုးဖြစ်ပါတယ်။ ဒီတော့ အလားတူပဲ၊ မိမိတို့ရေပက်ပြီး အပျော်ကစားတဲ့အခါ မှာ ပျော်ရွှင်မှုနဲ့ပတ်သက်ပြီး အဆုံးသတ် ရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ပါတယ်။

အလားတူပဲ အခြားအခြားသော တာဝန်ရှိတဲ့ ပုဂိ္ဂုလ်အစိတ်အပိုင်းတွေ ကလဲပဲ၊ ဒီလိုနေ့မှာ မြန်မာ့ရိုးရာအတွက် ပျော်ကြတာပဲ။ နှစ်သစ်ကူးအတွက် အင် မတန်ကောင်းမြတ်တဲ့ အခြေအနေမျိုးကို ကြိုဆိုကြရမှာပဲဆိုပြီးတော့ သည်းခံကြ ရပါတယ်။

ဒီအချိန်အခါမှာ ရိုးရာအရ အားလုံးသည်းခံကြရမှာဖြစ်ပါတယ်။ ဒါ ကြောင့်မို့လို့၊ သည်းခံတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့၊ ဒီနေ့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့၊ ကျွန်တော် တို့အဖွဲ့ချုပ်ရဲ့ သင်္ကြန်အဖြစ်၊ အခုလာမယ့် ကြိုဆိုတာဖြစ်ပါတယ်။

အဲဒီလိုကြိုဆိုတဲ့အခါမှာလဲပဲ ကျွန် တော်တို့ဟာ သံချပ်အားဖြင့် အဆိုအက အားဖြင့် ဖျော်ဖြေကြမှာဖြစ်ပါတယ်။ ဒီလိုဆိုတယ်၊ ကတယ် ဖျော်ဖြေတယ်ဆို တာဟာ ဓလေ့ထုံးတမ်းစဉ်လာ မိမိတို့ ရိုးရာအရ ဖျော်ဖြေတာဖြစ်ပါတယ်။

ဒီလို ပြုလုပ်တဲ့အခါမှာ ပြောတာဆိုတာနဲ့ ပတ် သက်တဲ့အရာအားလုံးဟာ အရင်တည်း ကလည်း အစဉ်အလာရှိခဲ့ပါတယ်။ နိုင်ငံ တော်မှာ တာဝန်ရှိတဲ့အစိုးရပိုင်းကဖြစ်တဲ့ ပုဂိ္ဂုလ်တွေကိုသော်လည်းကောင်း၊ မိမိတို့ နဲ့ပတ်သက်လို့ ပြောင်စရာ၊ လှောင်စရာ ရှိတဲ့ပုဂိ္ဂုလ်တွေကိုလည်းကောင်း၊ မိမိတို့ရဲ့ ရင်ထဲမှာ ပြောစရာရှိတဲ့ပုဂိ္ဂုလ်တွေကို လည်းကောင်း၊ ပြောကြ၊ ဆိုကြတယ်ဆို တာဟာ သင်္ကြန်ရဲ့ အနှစ်သာရသာ ဖြစ် ပါတယ်။

ဒါကြောင့်မို့လို့ ဒီအနှစ်သာရ ဖြစ်တဲ့ပွဲမှာ ကျွန်တော်တို့တာဝန်ရှိတဲ့ အစိတ်အပိုင်းများကလဲပဲ မူးယစ်မှု၊ ရန် ဖြစ်မှု၊ အကြမ်းဖက်မှုဆိုတာတွေကို မဖြစ် နိုင်အောင် တာဝန်ရှိတဲ့ပုဂိ္ဂုလ်တွေက ထိန်းသိမ်းပြီးတဲ့ နောက်တစ်ဖက်ကလည်း သင်္ကြန်ပြိုင်ပွဲမှာ သံချပ်ပြိုင်ကြတယ်ဆို တာတို့ ကျွန်တော်တို့ရဲ့ ဓလေ့ထုံးတမ်း စဉ်လာအရ ပြောတယ်၊ ဆိုကြတယ်၊ ခနဲ့ ကြတယ်၊ ရိကြတယ်၊ ဝေဖန်ကြတဲ့ သဘောဟာ မြန်မာလူမျိုးတို့ရဲ့ ဒီအချိန်၊ ဒီအခါမှာ ပြုလုပ်လေ့ပြုလုပ်ထဖြစ်တဲ့ ရိုးရာဓလေ့ထုံးစံဖြစ်ပါတယ်။ ဒီလိုဟာမျိုး မှာ အားလုံးလူတွေဟာ သည်းခံခြင်းဆို တဲ့ တရားကို လက်ခံပြီးတော့ အင်မတန် အကျိုးရှိသော အခြေအနေတွေကို ဖန်တီးကြရပါတယ်။

ဒါကြောင့်မို့လို့ ကျွန် တော် ဒီမှာမေတ္တာရပ်ခံချင်တာက လာ ရောက်ပြီးတော့ ဖျော်ဖြေကြတဲ့ပုဂိ္ဂုလ် တွေအားလုံးသော်လည်းကောင်း၊ ကြည့် ရှုနေကြတဲ့လူတွေသော်လည်းကောင်း၊ တာဝန်ထမ်းတဲ့နေရာမှာ ခိုက်ရန်ဒေါသ ဖြစ်မှု၊ ရမ်းကားမှု၊ မူးယစ်မှုဆိုတဲ့အကြောင်း တွေနဲ့ ပတ်သက်ပြီးတော့ မဖြစ်ပွားရ အောင် ပြည်သူလူထုဟာ ဥပဒေနဲ့အညီ ထိန်းသိမ်းရမယ့် တာဝန်များအရသာ ထိန်းသိမ်းဖို့ဖြစ်ပါတယ်။ ကျန်တဲ့ကိစ်္စနဲ့ ပတ်သက်တဲ့အပိုင်းကတော့ ဒီလိုအခြေ အနေမျိုးမှာ မိမိတို့ရဲ့ ပြောတာဆိုတာ ရင်ဖွင့်တာတွေဆိုတဲ့ ဥစ်္စာဟာ သင်္ကြန်ရဲ့ အနှစ်သာရသာဖြစ်ပါတယ်။

ဒီလိုဟာမျိုး ဟာ အထိုက်အလျောက်ရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တတ်နိုင်သမျှ ကျွန်တော် တို့ဟာ ထုတ်ပြန်ထားသော ဥပဒေများ အတွင်းထဲကနေ ပြီးတော့ ဒီပျော်ပွဲရွှင်ပွဲ ဖြစ်မြောက်အောင်၊ အထမြောက်အောင် အားလုံးပျော်ရွှင်စွာနဲ့ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ဒီနေရာမှာ ပြောကြားပြီး ဖြစ်ပါတယ်။

ဒါကြောင့် ဆက်လက်ပြီးတော့ကြွ ရောက်လာကြတဲ့ ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူအပေါင်းဟာ ကျွန်တော်တို့ အဖွဲ့ချုပ်က ဒီနေ့ပြိုင်မယ့် သင်္ကြန်ပြိုင်ပွဲ မှာ တခဲနက်ပျော်ပျော်ရွှင်ရွှင် ၀မ်းမြောက် ၀မ်းသာအားပေးခြင်းဖြင့် အခုပွဲကြီးကိုဖြင့် သံချပ်ပွဲ၊ သင်္ကြန်ပွဲ အခမ်းအနားကို စတင်ကြောင်း ပြောကြားရင်း နိဂုံးချုပ် ပါတယ်ခင်ဗျား။
လွမ်းရောင်သန်း
The Hot News 

မိတ္ထီလာအကြမ်းဖက်မှု ပြစ်ဒဏ်များချမှတ်

မိတ္ထီလာအကြမ်းဖက်မှုကြောင့်
အိုးအိမ်ဆုံးရှုံးခဲ့ကြသည့် ဒုက္ခသည်များ
12.04.2013
မိတ္ထီလာမြို့က အကြမ်းဖက်မှုတွေအတွင်း အခင်းစတင်ဖြစ်ပွားခဲ့တဲ့နေရာ က  ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး မိတ္ထီလာတရားရုံးက
အလုပ်ကြမ်းနဲ့ ထောင် ဒဏ် ၁၄ နှစ် ကျခံစေဖို့ အမိန့်ချမှတ်လိုက်ပါ တယ်။ နောက်ပြီးတော့ မိတ္ထီလာ ရဲစခန်းက လူသေဆုံးမှုတွေ အတွက် ပြစ်မှုကျူးလွန်သူတွေကို တရားရုံးတွေမှာ စွဲချက်တင်လိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လူ ၄၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တဲ့ မန္တလေးတိုင်း၊ မိတ္ထီလာမြို့က အကြမ်းဖက်မှုတွေမှာ ရွှေဆိုင်ပိုင်ရှင်တွေကို အာဏာပိုင်တွေက စတင်အရေးယူ ခဲ့တာ ပါ။ သူတို့ကို ဧပြီလ  ၁၁ ရက်နေ့က မိတ္ထီလာတရားရုံး ကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၄ နှစ် ချလိုက်ကြောင်း မိတ္ထီလာမြို့ခံ၊ သတင်းစာဆရာ၊ စာရေးဆရာ ဦးတင်လှိုင်က ပြောပါတယ်။

“ထွန်းထွန်းဦးခေါ် အာရှစ်၊ နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင်ပေါ့နော်။ ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် (၇) နှစ်၊ ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် (၅) နှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် (၂) နှစ် စုစုပေါင်း (၁၄) နှစ်ပေါ့။ အလုပ်နဲ့ ထောင်ဒဏ် သီးခြားစီကျခံရမယ်ပေါ့နော်။ ညီညီ ခေါ် မင်းအောင် အသက် (၂၁) နှစ်က- ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် (၇) နှစ်၊ ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် (၅) နှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ်  (၂) နှစ်၊ စုစုပေါင်း ထောင်ဒဏ် (၁၄) နှစ်ပေါ့နော်။ ရွှေပန်းတိမ် ပိုင်ရှင့် မိန်းမ - သူက ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် (၇) နှစ်၊ ပုဒ်မ ၃၂၅/၁၁၄ အရ (၅) နှစ်၊ ပုဒ်မ ၃၂၄/၁၁၄ အရ ထောင်ဒဏ် (၂) နှစ် အားလုံးပေါင်း သူလည်း (၁၄) နှစ်ပေါ့။”

ရွှေဆိုင်ကစခဲ့တဲ့ အကြမ်းဖက်မှု အဓိကရုဏ်းအတွင်း ပျံတော်မူခဲ့တဲ့ ဆရာတော် ဦးသောဘိတကို သတ်ဖြတ်မှု၊ ဓာတ်ဆီလောင်းပြီး မီးရှို့မှုတွေနဲ့ လူ ၁၁ ဦးကို လည်း မိတ္ထီလာ အမှတ် (၂) ရဲစခန်းက ဒု-ရဲအုပ် ဦးဇော်မိုးလွင်နဲ့ အဖွဲ့က တရားလိုပြုပြီး ဧပြီလ ၁၀ ရက်နေ့က ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂၊ ၄၃၆၊ ၁၁၄ တို့နဲ့ တရားစွဲခဲ့ပါတယ်။ စွဲချက်တင်ခံရသူ စာရင်းကို ဦးတင်လှိုင်က ဆက်ပြောတာကတော့-

“မျိုးထွန်းထွန်း (၄၁) နှစ်၊ သီရိမင်္ဂလာရပ်ကွက်၊ နယ်မြေ (၁)၊
ဖိုးချို (၃၃) နှစ်၊ သီရိမင်္ဂလာ နယ်မြေ (၁)၊
မျိုးညွန့်ဦး၊ (၄၁) နှစ်၊ သီရိမင်္ဂလာရပ်၊
မျိုးဝင်း၊ (၄၆) နှစ်၊ သီရိမင်္ဂလာရပ်၊
ဇော်ထက်နိုင် (၃၁) နှစ်၊ ပြည်သာယာ (မြောက်)၊
မြတ်ကိုကို ခေါ် အဏ္ဏဝါ (၂၀) နှစ်၊ သီရိမင်္ဂလာရပ်ကွက်၊
မင်းမင်းသန်း (၁၈) နှစ် သီရိမင်္ဂလာရပ်၊
ဟာဂျီမျိုးဝင်း (ခေါ်) မျိုးညွန့် (ခေါ်) --- သီရိမင်္ဂလာနယ်မြေ (၂)
မောင်လှကျော်နိုင် (၃၁) နှစ်၊သီရိမင်္ဂလာနယ်မြေ (၂)၊
ကိုကိုဝင်း (ခေါ်) ကျော်သူဝင်း (၂၆)နှစ် နဲ့ စည်သူ (၂၆) နှစ်၊”

လောလောဆယ်မှာတော့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေသူတွေလို့ အစွတ်စွဲခံရသူ ၇၀ ကျော်ကို မိတ္ထီလာတောင်မှာ ထိန်းသိမ်းထားရာက ဧပြီလ ၅ ရက်နေ့ကစပြီး ရုံးထုတ် စစ်ဆေးနေပါတယ်။

မိတ္ထီလာမြို့မှာ မတ်လ ၂၀ ရက်နေ့က စဖြစ်ခဲ့တဲ့ပဋပက္ခတွေအတွင်း လူ ၄၀ ကျော်သေဆုံးခဲ့ရကြောင်း အစိုးရသတင်း ဌာနတွေက ထုတ်ပြန်ထားပါတယ်။ ရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်ခံရသူ အများစုက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ကြ ပါတယ်။ အဓိကရုဏ်းအတွင်း ဗလီတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ် အများအပြားကို မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီလို မိတ္ထီလာမှာ စတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ တိုင်းနဲ့ပြည်နယ် အတော်များများကို ပျံ့နှံ့သွားခဲ့တာပါ။

မိတ္ထီလာမြို့မှာတော့ ပဋိပက္ခတွေကြောင့် သောင်းနဲ့ချီတဲ့လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီး ဒုက္ခသည်စခန်း ၆ ခုမှာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။ မိတ္ထီလာမြို့မှာ အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီလို့ ဆိုပေမဲ့ မြို့ခံတွေက စိတ်မလုံခြုံမှုနဲ့ တစ်ဦးနဲ့တစ်ဦး သံသယဖြစ်နေကြဆဲလို့ ဆိုပါတယ်။ ဒါကြောင့် လုံခြုံရေးကို သတိထားစောင့်ကြည့်နေကြရဆဲဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်ရှင်။
မအေးအေးမာ
VOA Burmese

ဒေါ်စုလာရောက်မယ့်ကိစ္စ ဂျပန်ပြည်သူတွေစိတ်ဝင်စား

"ဂျပန်နိုင်ငံကို သီတင်းတစ်ပတ်ကြာထွက်ခွာမည့် ဒေါ်အောင်ဆန်းစုကြည်အား
မင်္ဂလာဒုံ နိုင်ငံတကာ လေဆိပ်တွင် တွေ့ရစဉ်။ (ဧပြီ ၁၂၊ ၂၀၁၃။)"
ဂျပန်နိုင်ငံကို သီတင်းတစ်ပတ်ကြာထွက်ခွာမည့် ဒေါ်အောင်ဆန်းစုကြည်အား မင်္ဂလာဒုံ နိုင်ငံတကာ လေဆိပ်တွင် တွေ့ရစဉ်။ (ဧပြီ ၁၂၊ ၂၀၁၃။) 12.04.2013
မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မနက်ဖြန် စတင်မယ့် ဂျပန်နိုင်ငံခရီးစဉ်ကို ပြည်ပရောက် မြန်မာတွေသာမက ဂျပန်နိုင်ငံသားတွေပါ စိတ်ဝင်စားနေကြပါတယ်။ နှစ်ပေါင်း ၃၀ လောက်မှာ ပထမဆုံးအကြိမ် သွားမယ့် ဂျပန်နိုင်ငံ ခရီးစဉ်က ဂျပန်-မြန်မာ ဆက်ဆံရေးမှာလည်း တဖက်တလမ်းက အထောက်အကူ ဖြစ်မယ်လို့လည်း မျှော်လင့်သူတွေ ရှိနေကြတာပါ။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်ကိုတော့ ကိုအောင်လွင်ဦး က စုံစမ်းတင်ပြပေးထားပါတယ်။

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ဒီလ ၁၉ ရက်အထိ သတင်းတစ်ပတ်ကြာ သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာတော့ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်တဲ့အကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဌာနက ကြေညာချက်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒီလိုပဲဂျပန်နိုင်ငံ ရောက် မြန်မာနိုင်ငံသားတွေနဲ့လည်းစနေနေ့ ရောက်ရောက်ချင်း ဆိုသလို တွေ့ဆုံဖို့ စီစဉ်ထားတဲ့အကြောင်း တိုကျိုမြို့တော်က မြန်မာ့အရေး လှုပ်ရှားသူ တဦးဖြစ်တဲ့ ကိုသောင်းမြင့်ဦး ကပြောပါတယ်။

“ဒေါ်စုနဲ့ ကျိုတိုမှာရှိတဲ့  မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ ပြင်ဆင်ထားပါ တယ်။ နောက် ၁၅ ရက်နေ့၊ တနင်္လာနေ့မှာတော့ ကျိုတို တက္ကသိုလ်မှာ ကျောင်း တက်ခဲ့တဲ့နေရာမှာလည်း အားလုံးကို စကားပြောရင်းနဲ့ တဘက်မှာလည်း အဲဒီ ဂျပန်အနောက်ပိုင်း တဝိုက်မှာရှိတဲ့ ဗမာတွေနဲ့ တွေ့ဖို့လည်း စီစဉ်ထားတယ်။ ဒါ ကျနော်တို့ ဗမာတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်ပေါ့နော်။ ဝန်ကြီးချုပ်နဲ့ လည်း တွေ့မယ်ပြောတယ်။ ဂျပန် ဘုရင့်အမျိုးအနွယ်တွေနဲ့လည်း တွေ့မယ် လို့တော့ ကြားထားတယ်။”

နာမည်ကျော် ကျိုတိုတက္ကသိုလ်မှာ လွန်ခဲ့တဲ့ ၁၉၈၅ - ၈၆ ခုနှစ်တွေမှာတုန်းက သုတေသီအဖြစ် လေ့လာဆည်းပူးရင်း ဂျပန်နိုင်ငံမှာ နေထိုင်ခဲ့ဖူး တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတကြိမ် ခရီးစဉ်ကိုတော့ အဝေးရောက် မြန်မာနိုင်ငံသားတွေ သာမက ဂျပန်လူထုကြားမှာပါ အကြီး အကျယ် စိတ်ဝင်စားနေကြတာပါ။ ဂျပန်နိုင်ငံသား ၀ါရင့် သတင်းစာဆရာ တဦးလည်းဖြစ်၊ မြန်မာ့အရေး ကျွမ်းကျင်သူတဦးလည်းဖြစ်တဲ့ မစ္စတာ တာနာဘဲ ခေါ် ဦးရွှေဘ ကတော့ မြန်မာ့နိုင်ငံရေးအကြောင်း ထဲထဲဝင်ဝင် မသိသူတွေကအစ အခုခရီးစဉ်ကို စိတ်ဝင်စားနေကြတယ်လို့ ဆိုပါတယ်။

“ဂျပန်နိုင်ငံအနေနဲ့တော့ ဗမာပြည်အခြေအနေ၊ ဗမာပြည် ဘယ်လိုဖြစ်နေလဲ ဆိုတာကို မသိတဲ့လူ များပါတယ်။ ဒါပေမဲ့ ဒေါ်အောင် ဆန်းစုကြည်ဆိုရင် ဘယ်သူမဆို သိတယ်။ လူထုခေါင်းဆောင်လည်းဖြစ်တယ်၊ နိုင်ငံတကာမှာလည်း နာမည် ကျော်ကြားတယ်။ နိုဘဲလ်ဆုရှင်လည်း ဖြစ်တယ်။ အဲဒီအမျိုးသမီး ဂျပန်ကိုလာမှာပဲ-ဆိုပြီး ပြောနေကြတာပဲ များပါတယ် ခင်ဗျ။”

မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ နှစ်ပေါင်းများစွာ ထိန်းသိမ်း ခံနေရာက လွတ်မြောက်လာပြီး လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်လာ တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်က ၂ နိုင်ငံ ဆက်ဆံရေးတွေ ပိုမိုနားလည် မှုတွေ၊ ရင်းနှီးမှုတွေ တည်ဆောက်နိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်းလည်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာထားတာပါ။ တချိန်တည်းမှာပဲ ဂျပန် လုပ်ငန်းရှင်တွေကြားမှာလည်း စီးပွားရေးအရ ဆက်ဆံမှုတွေ တိုးမြှင့်ဖို့ မျှော် လင့်ချက်တွေလည်း ကြီးထွားနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာအစိုးရရဲ့ တာဝန်ရှိသူတဦးမဟုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း ဂျပန် စီးပွားရေးသမားတွေ မျှော်လင့်နေသလို ရလဒ်မျိုးကတော့ ထွက်ပေါ် မလာနိုင်ဘူးလို့ ဂျပန်နိုင်ငံသား ၀ါရင့် သတင်းစာဆရာ ဦးရွှေဘ ကသုံးသပ်ပါတယ်။

“ယေဘုယျသဘောနဲ့ ဒီ - နှစ်နိုင်ငံ အပြန်အလှန်နားလည်မှု အရင်ကထက် ပိုမြှင့်တင်လာမယ်ဆိုတာ၊ နက်ရှိုင်းလာမယ်ဆိုတာ သေချာပါတယ်။ ဂျပန်စီးပွားရေးသမားတွေက ဒေါ်စုလာမှာကို အခွင့်ကောင်းယူပြီးတော့ ဗမာပြည်ဈေးကွက်ထဲကို ကူညီ ထောက်ပံ့ဖို့ ဆိုတာမျိုး ဆန္ဒပြင်းပျတယ် ထင်ပါရဲ့။ ဒါပေမဲ့ ဒါကတော့ စီးပွားရေးအရလည်း ဂျပန်က ဗမာပြည်ကို ဒိထက်ပို လုပ်ငန်းတိုးချဲ့ဖို့ ရှိနေချိန်မှာပဲ- အဲဒါက ဒေါ်စုလာတဲ့ကိစ္စနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကိစ္စ မဟုတ်ဘူးလို့ ကျနော့်အနေနဲ့ ယူဆပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး အကူအညီတွေ အဓိကပေးအပ်နေတဲ့ တိုင်းပြည် တခုဖြစ်တဲ့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံ ပေးစရာ ရှိနေတဲ့ ပြည်ပကြွေးမြီ ဒေါ်လာ သန်းတစ်ထောင်လောက်ကို ပေးချေနိုင်အောင် ဒီနှစ်ဆန်းပိုင်းကပဲ ကြားဝင် ကူညီထားတာပါ။ ဒီလိုပဲ မြန်မာနိုင်ငံ ဘဏ္ဍာရေးလောကအတွက် အထောက် အကူဖြစ်စေမယ့် အစုရှယ်ယာ ဈေးကွက်တခု ဖန်တီးနိုင်ဖို့လည်း တိုကျို စတော့အိပ်ချိန်းနဲ့ Daiwa Securities ကုမ္ပဏီတွေက ကူညီနေတာ ဖြစ်ပါတယ်။

၂ နိုင်ငံကြား ရင်နှီးမြုပ်နှံမှု၊ ကုန်သွယ်မှုတွေ တိုးမြှင့်ဖို့ မျှော်လင့်နေတဲ့ ဂျပန်နိုင်ငံက လတ်တလော မြန်မာနိုင်ငံတွင်း စီမံကိန်းပေါင်း ၃၅ ခုမှာလည်း ၀င်ရောက် လုပ်ကိုင်နေပြီး ဒီအထဲမှာ ရန်ကုန်-သီလ၀ါ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းကတော့ အကြီးဆုံးတခုလည်း ဖြစ်ပါတယ်။
ကိုအောင်လွင်ဦး
VOA Burmese

ဒေါ်အောင်ဆန်းစုကြည် ဂျပန်မှာ သင်္ကြန် ကျမယ်

ဂျပန်ကုန်သွယ်ရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ မြန်မာနိုင်ငံမှာ တွေ့ဆုံစဉ်
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဂျပန်နိုင်ငံကို သီတင်း တပတ် ခရီးစဉ် အဖြစ် သောကြာနေ့ ညက ထွက်ခွာ သွားပြီ ဖြစ်တာကြောင့် သင်္ကြန် ကာလ အတွင်း ဂျပန်မှာ ရှိနေမှာဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ နှစ်ပေါင်း ၂၈နှစ်အတွင်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပထမဆုံး ဂျပန်နိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ဟာ ၁၉၈၅ - ၈၆ ခုနှစ်တွေ တုန်းက ကျိုတို တက္ကသိုလ်မှာ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်း သုတေသန ပြုရင်း ဂျပန်နိုင်ငံမှာ နေခဲ့ဖူးပါတယ်။

အခုခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန် ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး၊ လွှတ်တော် ဉက္ကဌ၊ အမတ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို သူဂျပန်မှာ နေခဲ့စဉ် တုန်းက ကြုံဆုံခဲ့ဖူးသူ ပါမောက္ခတွေ ၊ မိတ်ဆွေတွေနဲ့ လည်း ပြန်တွေ့ဆုံမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ NLD အဖွဲ့ ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ ကို နိုင်ငံတကာက ထောက်ခံ လာအောင်နဲ့ မြန်မာနိုင်ငံ အတွက် လိုအပ်နေတဲ့ အကူ အညီတွေ ရရေး အတွက် ရည်ရွယ် သွားရောက် တာလို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် အကူအညီ အထောက်အပံ့တွေ အများကြီး ပေးနေတဲ့ နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ဖို့ စိတ်ထက်သန်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
BBC Burmese

မြောက်ကိုးရီးယားကို နျူကလီးယား အင်အားကြီး နိုင်ငံ အဖြစ် လက်မခံ

မြောက်ကိုးရီးယား အစိုးရဟာ အခုနှစ် အစောပိုင်းက တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု လုပ်ခဲ့ပေ မယ့် မြောက်ကိုးရီးယား နိုင်ငံကို နျူကလီးယား အင်အားကြီး နိုင်ငံအဖြစ် လက်ခံ သတ်မှတ်မှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောကြားလိုက်ပါတယ်။

တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ရှိနေစဉ်မှာ မစ္စတာ Kerry က မြောက်ကိုးရီးယားရဲ့ လတ်တလော ခြိမ်းခြောက်မှုတွေဟာ လက်ခံနိုင်ဘွယ် မရှိကြောင်းနဲ့ လိုအပ်လာရင် အမေရိကန် အစိုးရအနေနဲ့ မဟာမိတ်နိုင်ငံတွေကို အကာအကွယ်ပေးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။မြောက်ကိုးရီးယား အစိုးရက မစ်ဆိုင်းဒုံး လွှတ်တင်ဖို့ ရှိနေတယ်လို့ အများက ယူဆနေကြပြီး ဒီလို မစ်ဆိုင်းဒုံး လွှတ်တင်ခြင်းအားဖြင့် နဂို ဆိုးဝါးနေပြီးသား အခြေအနေကို ပိုဆိုးသွားစေမယ်လို့ မစ္စတာ Kerry က ဖြည့်စွက် ပြောသွားပါတယ်။

အခုအခါ မြောက်ကိုးရီးယားဟာ သူ့ရဲ့ မစ်ဆိုင်းဒုံးတချို့မှာ နျူကလီးယား ထိပ်ဖူးတပ်နိုင်တဲ့ နည်းပညာ ရှိနေနိုင်ဘွယ် ရှိတယ်လို့ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီက ပြောပါတယ်။နောက်ပိုင်းမှာ ဒီပြောဆိုချက်ကို တခြား အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်တွေက သိပ်အရေးမကြီးသလို လုပ်ခဲ့ကြပါတယ်။
BBC Burmese

ဖေါက်ထွင်းသူများက ဖုန်းတလုံးဖြင့် လေယာဉ်တစီးကို ပြန်ပေးဆွဲနိုင်

Hugo Teso လိုင်စင်ရ လေယာဉ်မှူ၊ လုံခြုံရေးလေ့လာသူက
သူရေးဆွဲထားသောဆော့စ်ဝဲယားဖြင့် လေယာဉ်ကို ထိမ်းသိမ်းနိုင်ကြောင်း



ဆီးဂိမ်းတွင် အနုပညာတင်ဆက်မှု ဘတ်ဂျက်အချုပ်စာရင်းပွဲပြီးလျှင် အကုန်ချပြမည်


Saturday, April 13, 2013
ရန်ကုန်၊ ဧပြီ ၁၂။
ယခုနှစ် မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၁၁ရက်နေ့တွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင် ဖွင့်ပွဲ၊ ပိတ်ပွဲများကို လူဦးရေ တစ်သာင်းကျော် ပါဝင် ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်ပြီး ကုန်ကျစားရိတ်အားလုံးအား ဆီးဂိမ်းအပြီးတွင် စားရင်းအတိအကျကို ပွင့်လင်းမြင်သာစွာဖြင့် ချပြသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၏ ဆီးဂိမ်း ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

“ပြည်ထောင်စုဖလားတုန်းကတောင် ပွင့်လင်းစွာ ချပြခဲ့တယ်။ ငှက်ပျောသီး ဘယ်နှစ်ဖီး လှူတာကအစ အကုန်သတင်းစာ တစ်မျက်နှာလုံး ဖော်ပြခဲ့တယ်။ အခုလည်း အတိအကျ ထုတ်ပြန်မှာ ဖြစ်တယ်။ ငွေကြေးပမာဏ အတိုင်းအတာက အရမ်းများပါတယ်။ ခန့်မှန်းကိုပြောဖို့ အချိန် စောနေပါသေးတယ်” ဟု ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရန်နိုင်ဦးက ပြောကြားသည်။

လူတစ်သောင်းကျော် ပါဝင်ဖျော်ဖြေမည့် ယင်းဖွင့်ပွဲ၊ ပိတ်ပွဲတွင် တက္ကသိုလ်မှ ကျောင်းသား/သူများ၊ အခြခံပညာ ဦးစီးဌာနမှ အထက်တန်း ကျောင်းသား/သူ များ၊ ပြည့်သူ့ရဲတပ်ဖွဲ့ဝင်များကလည်း ပူးပေါင်းပါဝင် တင်ဆက်ကြမည် ဖြစ်ကြောင်းလည်း သိရသည်။

ယင်းဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲတွင် အခြားအာဆီယံ နိုင်ငံများမှ အနုပညာရှင်များကလည်း တစ်နိုင်ငံလျှင် ၃၅ဦးနှုန်းဖြင့် ပါဝင်ဖျော်ဖြေကြမည် ဖြစ် ရာ ယခုလကုန်တွင် ယင်းတို့ပါဝင်ဖျော်ဖြေကြမည့် သီချင်းများ၊ အကများ၊ ဝတ်စုံများကို ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေး ကော်မတီတွင် တင်ပြ ကြမည်ဖြစ်ကြောင်းလည်း သိရသည်။ ထို့သို့တင်ပြလာသော အကပုံစံများကို မြန်မာအကများဖြင့် ပေါင်းစပ်၍ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်ကြောင်း သိရသည်။

ယင်းဆီးဂိမ်းပိတ်ပွဲတွင် ၂၀၁၅ခုနှစ်၌ ၂၈ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စင်ကာပူနိုင်ငံက အနုပညာတင်ဆက်မှုများဖြင့် တင်ဆက်ပြသကြပြီး ဆီးဂိမ်းအလံကို လွှဲပြောင်းလက်ခံမည် ဖြစ်ကြောင်းလည်း သိရသည်။ ၂၆ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
အောင်သိုက်
မြန်မာ့ခေတ်

တွံတေးတူးမြောင်းတွင် သင်္ဘောနှစ်မြုပ်၍ မိသားစုသုံးဦး ပျောက်ဆုံး

Saturday, April 13, 2013
တွံတေး၊ ဧပြီ ၁၂။
တွံတေးမြို့ တွံတေးတူးမြောင်း ဇီးဖြူကုန်း ရေတံခါးအနီးတွင် သင်္ဘောနှစ်မြုပ်၍ ၁၃ နှစ်အရွယ် ကလေးငယ်းတစ်အပါအ၀င် စုစုပေါင်း ၃ ဦးပျောက်ဆုံးနေကြောင်း သိရသည်။ သင်္ဘော နှစ်မြုပ်ရာတွင် သင်္ဘောပေါ်၌ လူ(၈)ဦးပါရှိကြောင်းနှင့် ပျောက်နေသူသုံးဦးမှာ ဦးချက်ဖောင်၊ ဒေါ်လှစိုး နှင့် မပိုပိုတို့ဖြစ်ကြောင်း တွံတေးမြို့ ရဲစခန်းမှ သိရသည်။

“ရေစီးသန်တဲ့နေရာမှာ သင်္ဘောကို တွန်းထုတ်လိုက်တော့ မျောပြီး ရပ်ထားတဲ့သင်္ဘောကို တိုက်ပြီးမြုပ်သွားတာ။ ဖြစ်တာက ၉ နာရီခွဲမှာ သင်္ဘောမြုပ်တာပါ။ စခန်းကို အကြောင်းကြားတာက ၂နာရီ ၄၅လောက်မှ သိရတာ”ဟု အမှုစစ်အရာရှိ ဒုရဲအုပ် မြသန်းက ပြောကြားသည်။ အသက်၂၇နှစ်အရွယ် သင်္ဘောမောင်းနှင်သူကို ရဲစခန်းမှ ၃၀၄(က)ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။ ပိုင်လေး
မြန်မာ့ခေတ်

သိပ်ကောင်းမှာပဲ.....

Cho Lay

Water Festival Preparation in Mandalay မန္တလေးသင်္ကြန်အပြင်အဆင်

အခုနှစ်အတွက် မန္တလေးမြို့က မဟာသင်္ကြန်ပွဲတော်ဟာ ခါတိုင်းနှစ်တွေထက် ပိုမိုစည်ကားနိုင်ပြီး၊ မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်းဆင်နွဲတဲ့ သင်္ကြန်ပွဲ ဖြစ်နိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ မန္တလေးမြို့မှာ သင်္ကြန်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေကြတဲ့ အကြောင်းကို RFA သတင်းထောက် ကိုဆန်းဦးက သတင်း ပေးပို့ထားပါတယ်။

RFA Burmese

ရန်ကုန် သင်္ကြန်အကြိုမြင်ကွင်း

ရန်ကုန် သင်္ကြန်အကြိုမြင်ကွင်း

RFA Burmese

ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို ထွက်ခွာ

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဧပြီလ ၁၂ရက်နေ့ညနေမှာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ထွက်ခွာသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ တပတ်ကြာ ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) အပါအဝင် အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ ဂျပန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေ ပိုအားကောင်းလာတဲ့အချိန်မှာ သွားရောက်တာဖြစ်တဲ့အပြင် ဂျပန်အစိုးရနဲ့ နိုင်ငံသားတွေက သူ့ကိုလေးစားကြတဲ့အတွက် ဒီခရီးစဉ်ဟာ “ဂုဏ်ထူးဆောင် သံတမန်တစ်ဦး” သဘောမျိုးဖြစ်ပြီး ဂျပန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးတယ်လို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Temple တက္ကသိုလ်က ပါမောက္ခ Jeff Kingston က သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေက ဂျပန်အစိုးရက မြန်မာနိုင်ငံရဲ့ ကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၆၀၀၀ လျော်ပစ်ပေးခဲ့တဲ့အတွက် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအတွက် ချေးငွေပြန်လည်ပေးအပ်နိုင်တော့မှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၉၈၅ ခုနှစ်နဲ့ ၁၉၈၆ ခုနှစ်တို့မှာ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှာ သုတေသီလုပ်ခဲ့ဖူးတာကြောင့် နှစ်ပေါင်း ၂၇ နှစ်မှာ ပထမဆုံးအကြိမ် ဂျပန်နိုင်ငံကို လည်ပတ်နိုင်တာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း သူသုတေသနလုပ်ခဲ့ဖူးတဲ့ ကျိုတိုတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားမှာဖြစ်သလို ဂျပန်နိုင်ငံရောက် မြန်မာမိသားစုဝင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးပါမယ်။

ဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုမှာ ရန်ကုန်တိုင်းအတွင်းက သီလဝါစက်မှုဇုန်စီမံကိန်း၊ ဂျပန် Mitzui ကုမ္ပဏီက မြန်မာ့ဆန်ဝယ်ယူဖို့ သဘောတူညီချက်အပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ နေပြည်တော်မှာ ဆန်ကြိတ်ခွဲစက်ရုံ ၄ ခုတည်ဆောက်ဖို့ ပြင်ဆင်မှုတွေလည်းပါဝင်ပါတယ်။ အလားတူ လာမယ့် ၂ဝ၁၅ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ပထမဆုံး စတော့ရှယ်ယာ ဈေးကွက်တစ်ခု ဖြစ်လာရေးအတွက် ဂျပန် Tokyo Stock Exchange နဲ့ Daiwa ကုမ္ပဏီတွေက ပြင်ဆင်နေပါတယ်။
RFA Burmese

ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး တစ်ယောက်

အင်းစိန်ထောင်က လွတ်လာပြီး နောက်ပိုင်း သံဃာတစ်ပါးအဖြစ် ကျင့်ကြံနေထိုင်ခဲ့စဉ်က ခါးသီးတဲ့အတွေ့အကြုံတချို့နဲ့ ရင်ဆိုင်ခဲ့ရပုံကို ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးက တင်ပြပါလိမ့်မယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။ RFA Burmese

ပေးဆပ်သူများ သံချပ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ နေအိမ်ရှေ့ကို လာရောက်ဖျော်ဖြေ

နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ပေးဆပ်သူများ သံချပ်အဖွဲ့ဟာ ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ နေအိမ်ရှေ့ကို လာရောက်ဖျော်ဖြေခဲ့ကြပါတယ်၊ ဒီကနေ့လာရောက်ခဲ့တဲ့သံချပ်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူးဆုတောင်းစကားနဲ့ ဆုကြေးငွေ ၉ သောင်းကျပ်ကို ချီးမြှင့်ခဲ့ပါတယ်၊ photo: RFA/ Nay Myo Tun, Kyaw Htoon Naing
RFA Burmese










ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် (၂)ခုအတွက် ရွေးချယ်ခံရသော ကုမ္ပဏီ (၁၂) ခု

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်း လိုင်စင် (၂)ခုအတွက် အောက်ပါ Companies ကြီး (၁၂)ခုကို ရွေးချယ်ထားကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ Telecommunication Operator တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီကနေ ယနေ့ ဧပြီ ၁၁ရက်နေ့မှာ ကြေငြာလိုက်ပါတယ်။

1. Airtel Consortium
2. Axiata Group Berhad
3. Digicel
4. France Telecom-Orange + Marubeni
(MM) 5. KDDI Corporation + Sumitomo Corporation + Myanmar Information and Communication Technology Development Corporation (MICTDC) + A1 Construction
6. Millicom International Cellular S.A.
(MM) 7. MTN Consortium (MTN Dubai + M1 Telecom + Amara Communications)
8. Qatar Telecom (Qtel) Q.S.C (“Ooredoo”)
(MM) 9. Singapore Telecommunications (Singtel) + KBZ + Myanmar Telephone Company Limited (MTel)
10. Telenor Mobile Communications AS
11. Viettel Group
12. Vodafone + China Mobile
TechSpace Journal

ဗိုလ်ချုပ်ဈေးသင်္ကြန်(2013)

 သင်္ကြန်အကြိုနေ့မတိုင်ခင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ယခုနှစ်တွင်လည်း စည်ကားစွာ ကျင်းပခဲ့သည်။

ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ဧပြီ ၁၂ ရက် နံနက် ၁၁ နာရီခွဲမှ ညနေ ၃နာရီခွဲဝန်းကျင်ထိ ဗိုလ်ချုပ်ဈေးအတွင်းရှိ ဈေးသူ၊ဈေးသားများ အပါအ၀င် လာရောက် လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသည်များကလည်း ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။

''ကျွန်မတို့က ဆိုင်ကပစ္စည်းတွေကို မနက်ကတည်းကသိမ်းပြီး  ရေပက်ကြတယ်။စတုဒီသာလည်း ကျွေးတယ်။ပျော်ဖို့ကောင်းပါတယ် ဒီနှစ်သင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဖြတ်သန်းချင်ပါတယ်'' ဟု ဗိုလ်ချုပ်ဈေးအတွင်း အထည်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။
ဗိုလ်ချုပ်ဈေးသင်္ကြန်သို့ လာရောက်လည်ပတ်သူ လူငယ်တစ်ဦးကလည်း''ခုလို သင်္ကြန်အကြိုမတိုင်ခင်မှာ ဒီလိုမျိုး ရေကစားနေတာတွေကို တွေ့ရတော့ စိတ်ထဲမှာ အရမ်းပျော်မိတယ်။သင်္ကြန်ဆိုတာ ကျွန်တော့်အတွက်တော့ ဘယ်တော့မှ မရိုးနိုင်ပါဘူး။အရမ်းပျော်ပါတယ်'' ဟု ဆိုသည်။
EMG

၁၈ လအတွင်းကုန်သွယ်ခွန် ကျပ် ၅၀၀ ဘီလျံနီးပါးရရှိ

ကားတင်သွင်းခွင့်ပြုခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၀၁၃ ခုနှစ် ဧပြီလ ၆ ရက်နေ့အထိ ၁၈ လအတွင်း ကားအစီးရေ ၁၅၃၀၀၀ ကျော်အား တင်သွင်းထားပြီးဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သတင်းရရှိသည်။

တင်သွင်းထားသည့် အစီးရေ ၁၅၃၀၀၀ ကျော်အပေါ်တွင် အခွန်ကောက်ခံရာ၌ အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် စုစုပေါင်း ကျပ် ၅၀၀ ဘီလျံနီးပါး ရရှိခဲ့သည်ဟု သိရသည်။ အကောက်ခွန်ကျပ် ၂၃၉ ဘီလျံကျော်နှင့် ကုန်သွယ်လုပ်ငန်းခွန် ၂၄၆ ဘီလျံကျော် ရရှိခဲ့သည်ဟု သိရှိရသည်။

၁၈ လအတွင်း လူစီးယာဉ် ၁၃၅၄၀၃ စီး၊ ဘတ်စ်ကား ၂၃၄၃ စီး၊ ကုန်တင်ယာဉ် ၁၅၇၅၂ စီး စုစုပေါင်း ၁၅၃၄၉၈ စီး တင်သွင်းခဲ့ကြောင်း သိရသည်။ အများစုမှာ အိမ်စီးကားများကိုသာ တင်သွင်းခဲ့ခြင်းဖြစ်ပြီး တင်သွင်းခဲ့သည့် ပမာဏစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းနီးပါးမှာ အိမ်စီးကားများ တင်သွင်းခဲ့ကြခြင်းဖြစ်သည်။

အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့် ဘတ်စ်ကားနှင့် ကုန်ကားတင်သွင်းမှုမှာ များစွာနည်းပါးကြောင်း သိရသည်။ ဘတ်စ်ကားတင်သွင်းမှုမှာ စုစုပေါင်းပမာဏ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းသာရှိပြီး ကုန်ကားတင်သွင်းမှုမှာ စုစုပေါင်း ပမာဏ၏ ၁၀ ရာခိုင်နှုန်း ၀န်းကျင်သာရှိသည်။

ကညနမှ ယာဉ်မှတ်ပုံတင်ကြေး ကောက်ခံရရှိမှုမှာလည်း စတင် တင်သွင်းသည်မှ ၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့အထိ တင်သွင်းခဲ့သည့် အစီးရေ ၂၇၉၇၁ စီးအပေါ် ကောက်ခံမှုမှ အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၃၅ သန်း ရရှိခဲ့ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

အစီးရေ ၂၇၉၇၁ စီးအပေါ် ကောက်ခံမှုပင် ယင်းပမာဏ ရရှိသည်ဆိုသော် ယခုတင်သွင်းပြီးဖြစ်သည့် အစီးရေ ၁၅၃၀၀၀ ကျော်ဆိုပါက အမေရိကန်ဒေါ်လာ သန်း ၄၀၀ မှ ၅၀၀ ကြားပမာဏပင် ရရှိနိုင်သည်ဟု တွက်ချက်ထားကြသည်။

ထို့အတွက် မော်တော်ယာဉ် စီမံချက်ချမှတ်ပြီးနောက် တင်သွင်းသည့် ယာဉ်အစီးရေ ၁၅၃၀၀၀ ကျော်မှ အခွန်အရပ်ရပ် ရရှိမှုမှာ ကျပ် ငွေဖြင့် တွက်ချက်ပါက ကျပ်ဘီလျံ ၈၅၀ နှင့်အထက် ပမာဏအထိ ရှိမည်ဖြစ်ကြောင်း ကားအရောင်းပြခန်း လုပ်ငန်းရှင်များက ခန့်မှန်းတွက်ချက် ထားသည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာနအနေဖြင့် ရရှိသည့် ယာဉ်မှတ်ပုံတင်ကြေးအား ရန်ကုန်မြို့ရှိ ခုံးကျော်တံတားများ တည်ဆောက်ရာတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။
ခုနှစ် ပမာဏ
၂၀၀၆-၂၀၀၇ ၃၂၂၀၅ .၉
၂၀၀၇-၂၀၀၈ ၃၇၂၇၇ .၉
၂၀၀၈-၂၀၀၉ ၈၅၁၃၁ .၇
၂၀၀၉-၂၀၁၀ ၄၅၅၆၄ .၉
၂၀၁၀-၂၀၁၁ ၅၄၁၆၉ .၁
၂၀၁၁-၂၀၁၂ ၁၂၉၈၃၉ .၂
၂၀၁၂-၂၀၁၃ ၂၃၀၀၀ နှင့်အထက်
Eleven Media Group

မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုတွေ အများအပြားတွေ့ရ

2013-04-12
မိုင် (၅၀၀) ရှည်လျားတဲ့ မြန်မာ တရုတ် ဓါတ်ငွေ့ပိုက်လိုင်းမှာ ယိုစိမ့်မှုတွေ အများအပြားတွေ့ရှိရတယ်လို့ ရှမ်းပြည်နယ် ဒေသခံ အဖွဲ့အစည်းတွေက ပြောဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖေါ်ပြပါတယ်။

တာဝန်ရှိသူတွေက ပိုက်လိုင်းတလျှောက်ရေနဲ့ စမ်းသပ်ကြည့်တဲ့အခါ နေရာအတော်များများမှာ ယိုစိမ့် နေတဲ့အပေါက်တွေ တွေ့ရှိရကြောင်း၊ အဲဒါကြောင့် ပိုက်လိုင်းအနီးက ဒေသခံတွေ စိုးရိမ်နေကြပြီး၊ ဓါတ်ငွေ့ တွေလွှတ်ပြီဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာ သိချင်နေကြကြောင်း ရှမ်းပြည်နယ် တအောင်း ကျောင်းသား လူငယ်များ သမဂ္ဂ တွဲဘက်အတွင်းရေးမှူး စိုင်းမျိုးအောင်က ပြောတယ်လို့ ဆိုပါတယ်။

ယိုစိမ့်မှုနဲ့ပတ်သက်ပြီး ၂၀၁၂ ခုနှစ်က နှစ်ကြိမ်၊ ၂၀၁၃ ခုနှစ်အတွင်း နှစ်ကြိမ် ပိုက်လိုင်း တည်ဆောက်သူ တရုတ် CNPC ကုမ္ပဏီကို အကြောင်းကြားခဲ့တယ်လို့လည်း တအောင်း ကျောင်းသား လူငယ်များ သမဂ္ဂ အဖွဲ့ဝင် လွေးကွယ်က ပြောကြောင်း ဘန်ကောက်ပို့စ်က ဖေါ်ပြပါတယ်။

ရှမ်းပြည်မြောက်ပိုင်း တောင်သူလယ်သမား ကော်မတီက ဧပြီလ (၅) နေ့ကထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာလည်း ပိုက်လိုင်းပေါ်မှာတွေ့ရတဲ့ အပေါက်တွေကို ကော်နဲ့ကပ်ပြီးပိတ်ထားပေမဲ့ ဓါတ်ငွေ့တွန်းကန်အားကို ခံနိုင်မယ့်ပုံ မရှိကြောင်း၊ ဒေသခံတွေကိုလည်း တစုံတရာ သတိပေးထားတာမရှိကြောင်း ဖေါ်ပြထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ရန်ကုန်မြို့မှာရှိတဲ့ CNPC ရုံး ပြောခွင့်ရသူ ချန်ဝေ ကတော့ သူတို့အနေနဲ့ဘာမှ မကြားမိကြောင်း ပိုက်လိုင်းကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ တည်ဆောက်ထားတာဖြစ်ကြောင်း၊ ကွင်းဆင်း အင်ဂျင်နီယာ တွေကို ဒီကိစ္စမေးမြန်းကြည့်ပါမယ်လို့ ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းက ရေးသားပါတယ်။

ရခိုင်ပြည်နယ်အနောက်ပိုင်းကနေ တရုတ်ပြည် ယူနန်ပြည်နယ်အထိ သွယ်တန်းထားပြီး၊ ဒေါ်လာ သန်းပေါင်း နှစ်ထောင် ကုန်ကျတဲ့ ပိုက်လိုင်းကနေ လာမယ့်မေလမှာ မြန်မာ့ သဘာဝဓါတ်ငွေ့တွေ စတင်ပို့လွှတ်တော့မှာ ဖြစ်ပါတယ်။
RFA Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com