http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

SNLD မှ အဆိုပြုထားသော အကျဉ်းသားများ လွတ်မြောက်

24.4.2013
နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် အဆိုပြုထားတဲ့ ရှမ်းတိုင်းရင်းသား အကျဉ်းသား အယောက် ၄၀ ကို မနေ့က ဧပြီ ၂၃ ရက်နေ့မှာ သာယာဝတီ အကျဉ်းထောင် ကနေ ပြန်လွှတ်ပေး ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

သာယာဝတီထောင်ကနေ ပြန်လွှတ်ပေးလိုက်တာပါ။ အားလုံး အယောက် ၄၀ ရှိပါတယ်။ လွတ် လွတ်ချင်း သူတို့အနေနဲ့ ဘယ်ကိုပြန်ရမှန်းလည်း မသိပါဘူး။ ပြန်စရာ စရိတ်လည်း မရှိကြပါဘူး။ ကျနော်တို့ လည်း သတင်းရရချင်း သာယာဝတီကို လိုက်သွားပါတယ်။ ဒါပေမယ့် ဝမ်ဟိုင်းမှာ အလုပ်လုပ်ဖူးတဲ့ မိတ်ဆွေ တစ်ယောက်က သူအဖေလွတ်မလွတ် သွားစောင့်ကြည့်ရင်းနဲ့ သူတို့ကို ရန်ကုန်ခေါ်လာပါတယ်။ အခုသူတို့ ကို ရန်ကုန်က ကိုးမိုင်ရှမ်းကျောင်းမှာ နေရာချထားပေးပါတယ်။ မနက်ဖြန် ကားနဲ့ လားရှိုးကို ပြန်ပို့ပေးပါ တယ်။ လားရှိုးကိုတော့ သူတို့မိသားစုတွေ လာကြိုကြပါလိမ့်မယ် လို့ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ် က ကော့လီကို ပြောပါတယ်။

၎င်းတို့ အကျဉ်းကျပြီး ၁၀ နှစ်ကျော်ကြာပြီး ၂၀၁၃ ခုနှစ်မှာ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေးပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပါ အကျဉ်းသား ၄၀ ဦးအပါအဝင် အခြား ရှမ်းလက်နက်ကိုင်များကို လွတ်ပေးရန် အဆိုပြုခဲ့ရာမှ အခုလို ပြန်လည် လွတ်မြောက် လာကြတာဖြစ်ပါတယ်။ အဆိုပါ လွတ်မြောက်လာသူ အယောက် ၄၀ ဟာ ဗိုလ်မှူးကြီးကဏ်းယွက် ဦးစီးတဲ့ ရှမ်းပြည်အမျိုးသား တပ်မတော် (SSNA) တပ်သားများဖြစ်ကြပါတယ်။ သိန္နီမြို့နယ် အခြေစိုက် ဒုတိယဗိုလ်မှူးကြီး ကန်န ဦးစီးတဲ့ တပ်မဟာ (၁၁) က ဖြစ်ပါတယ်။

၂၀၀၂ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ စကခ(၁၆) လက်အောက်ခံ တပ်များနဲ့ သိန္နီမြို့နယ် နောင်ကွဲဖိတ်မှာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် SSNA တပ်ဖွဲ့ဝင် ၄၅ ဦး လက်နက်ချခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၂ မတ်လ ၁၄ ရက်နေ့မှာတော့ အထူး တရားရုံးဖွဲ့ပြီး မူးယစ်ဆေးဝါးမှုနဲ့ အဆိုပါ ၄၅ ဦးစလုံးကို နှစ်အကန့် အသတ်မ ရှိ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ ၎င်းတို့အတွက် လွတ်မြောက်ရန် အခွင့်အလမ်း မရှိတော့တဲ့အတွက် ၄၅ ဦးအနက် ၂ ဦးမှာ အကျဉ်းထောင် တွင်းမှာပင် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပြီး ၃ ဦးမှာလည်း စိတ်ဒဏ်ရာ များနဲ့ ကွယ်လွန်ခဲ့ပြီး ယခု ၄၀ ဦးသာ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။၎င်း ၄၀ ဦးဟာ အများအားဖြင့် သိန္နီမြို့နယ် ၊ လားရှိုးမြို့နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်များက ဖြစ်ကြတယ်လို့လည်း သိရ ပါတယ်။
kawli media
Shan News

အကျဉ်းသား (၉၀)ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြု

(24.4.2013)
ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတအမိန့်ဖြင့် အကျဉ်းထောင် အသီးသီးက နိုင်ငံသား အကျဉ်းသား၊အကျဉ်းသူ (၉၀)နှင့် နိုင်ငံခြားသား အကျဉ်းသား၊အကျဉ်းသူ သုံးဦးတို့ကို ဧပြီလ (၂၃)ရက်နေ့မှ လွတ်ငြိမ်း
ချမ်းသာခွင့် ပေးခဲ့သည်။

အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား (၁၀)ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ရာ နိုင်ငံရေးအကျဉ်းသား ခြောက်ဦး ပါဝင်ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄(က)နှင့်အညီ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူများကို ပြည်နှင်ဒဏ်ပေးကြောင်း သိရသည်။

နိုင်ငံတော်သမ္မတသည် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင် ခွင့်ရရှိစေရေးအတွက် လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်
မပျက်ဆက်ဆံရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရေးတို့ကို ရှေ့ရှုသောအားဖြင့် လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသောအားဖြင့် လွှတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
SkyNet TV Browser

တိုင်းရင်းသား မီဒီယာညီလာခံကို (၃)ရက်တိုင်တိုင် ကျင်းပမည်

(24.4.2013)
ပထမဆုံးအကြိမ် တိုင်းရင်းသား မီဒီယာညီလာခံကို (၃)ရက်တိုင်တိုင် ခမ်းခမ်းနားနား ကျင်းပပြီး ညီလာခံဖြစ်မြောက်ရေးအတွက်စီစဉ်သော သံလွင်တိုင်းမ်ဂျာနယ်မှ အုပ်ချုပ်မှု အယ်ဒီတာ ဦးမင်းမင်းနွယ်က ပြောသည်။ မော်လမြိုင်မြို့ Strandဟိုတယ်တွင် ဧပြီလ (၂၅)ရက်နေ့မှ (၂၇)ရက်အထိ ကျင်းပမည် ဖြစ်သည်။
ထိုညီလာခံကို တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးရေးစင်တာ (BNI)၊ မွန်ပြည်အတွင်း ထုတ်ဝေသော သံလွင်တိုင်းမ်
ဂျာနယ်နှင့် စနောင်းတိုင်းမ်ဂျာနယ်တို့က ပူးပေါင်းစီစဉ်ခြင်း ဖြစ်သည်။

ညီလာခံကို ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စ်ကို)မှ ပညာရှင်များ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ တိုင်းရင်းသားမီဒီယာများ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် NGOအဖွဲ့များ စသဖြင့် စုစုပေါင်းအဖွဲ့ အစည်း (၁၀၀)၀န်းကျင်က ကိုယ်စားလှယ်များ တက်ရောက်မည်။

"ဒါက မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ် လုပ်တဲ့ပွဲပါ၊ မှေးမှန်နေတဲ့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို ပြန်လည်မြှင့်တင်ဖို့အတွက်လည်း ရည်ရွယ်ပါတယ်"ဟု ဦးမင်းမင်းနွယ်က ပြောသည်။ ထို ညီလာခံတွင် မီဒီယာအဖွဲ့အစည်းများ ဖြစ်သည့် PressCouncil များတွင် တိုင်းရင်းသား မီဒီယာကိုယ်စားလှယ်များ ပါဝင်နိုင်ရန်၊ ပုံနှိပ်မီဒီယာ ဥပဒေတွင် တိုင်းရင်းသား မီဒီယာများ၏ အခွင့်အရေးနှင့် အာမခံချက်များ ပါဝင်ရန်၊ တိုင်းရင်းသား မီဒီယာများ တိုင်းရင်းသားဘာသာစကားနှင့် စာပေများ အရေးပါပုံ အကြောင်းနှင့် တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသား Multi Media ပေါ်ပေါက်လာရေး ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
 SkyNet TV Browser


သားကောင်သစ်မိတ္ထီလာ


“နာရီစင်ရပ်ကွက်မီးရှို့နေတာ ဗမာအိမ်ရော၊ မွတ်ဆလင်အိမ်ရော အကုန်လောင်တယ်" ဆိုသည်ကား မိတ္ထီလာ စည်ပင်သာယာဈေးအနီးတွင် နေထိုင်သူတစ်ဦး၏ အထိတ်တလန့် ပြောကြားမှုဖြစ်သည်။

မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်နှင့် မိုင် ၈၀ ခန့်အကွာ မိတ္ထီလာမြို့တွင် ဘာသာမတူသူလေးဦး ခိုက်ရန်ဖြစ်ပွားမှုသည် လူထောင်ချီ ပါဝင်သော ပဋိပက္ခကြီး ဖြစ်လာသည်။ လူ ၁၀ ဦး ထက်မနည်း သေဆုံး သည်ဆိုသော သတင်းများ ထွက်ပေါ်နေသည့် ယင်းပဋိပက္ခမှာ မတ်လ ၂၁ ရက်ညနေ ၇ နာရီထိ ပြီးဆုံးခြင်း မရှိသေးပေ။ တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသော လူစုများရှိနေဆဲ ဖြစ်သည်။

ယင်းပဋိပက္ခသည် မတ်လ၂၀ရက် နေ့နံနက် ၉ နာရီအချိန်၌ အစ္စလာမ် ဘာသာဝင်ပိုင် နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေရောင်းချရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး နာရီပိုင်းအတွင်း ရာချီသောလူအုပ်ကြီး က ရွှေဆိုင်ကို ဖျက်ဆီးသည်အထိ ဖြစ်လာသည်။ "မွန်းလွဲ ၂နာရီလောက် ရွှေရောင်း ချတဲ့ဆိုင်ခန်း ရှစ်ခန်းလောက် ကိုဖျက်ဆီးလိုက်ပြီ"ဟုအခင်းဖြစ်ပွား ရာ အနီးရှိ အထည်ဆိုင်ဖွင့်ထားသူ အသက် ၄၀ အရွယ် အမျိုးသမီးက ဆိုသည်။

ယင်းပဋိပက္ခမှာ ရှုပ်ထွေးသည်ထက် ပိုမိုရှုပ်ထွေးလာနေပြီး မတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော်လည်း မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီအထိ ဆက်လက် ဖြစ်ပွားနေကာ ဒဏ်ရာရနှင့် သေဆုံးသူ ဦးရေလည်း ပိုများလာနေသည်။ "ရဲလုံခြုံရေးတွေ ရှေ့မှာကို တုတ်ဆွဲ၊ ဓားဆွဲနဲ့ မီးရှို့နေကြတယ်" ဟု မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ယင်းကြောင့် အခြေအနေများကို အချိန်တိုအတွင်း ထိန်းသိမ်းနိုင်ရေး မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က မတ်လ ၂၀ ရက်ရက်စွဲဖြင့်ထုတ် ပြန်လိုက်ပြီး ဖြစ်စဉ်အမှန် အသေးစိတ် ကို စုံစမ်းစစ်ဆေး၍ အစီရင်ခံစာကို ရက်သတ္တတစ်ပတ်အတွင်း တင်ပြရ မည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

အစိုးရအဖွဲ့၏ လုပ်ဆောင်နေမှု များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခအခြေ အနေများကို ထိန်းသိမ်းရန် လုံခြုံရေး အင်အား တိုးမြှင့်ထားပြီး သံဃာတော်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ဝိုင်းဝန်း လုပ်ဆောင်နေကြောင်း ပြောကြားသည်။ "ဒီလို ပဋိပက္ခဖြစ်နိုင်ခြေရှိတဲ့ နေရာတွေကို အကြမ်းဖက်မှုတွေ မကူးစက်ဖို့ သက်ဆိုင်ရာ တိုင်း ဒေသကြီး အစိုးရတွေကို စောင့်ကြည့်ခိုင်း ထားပါတယ်။ လုံခြုံရေးတွေလည်း တိုးခိုင်းထားတယ်" ဟု ၄င်းက ရှင်းပြသည်။ အဆိုပါပဋိပက္ခသည် အစိုးရသစ် သက်တမ်း ၂ နှစ်တာ ကာလအတွင်း လေးကြိမ်မြောက် ဖြစ်ပွားသည့် ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခဖြစ်သည်။

၂၀၁၂ ဇွန်လအတွင်းက ရခိုင် ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွှာ အုပ်စု တွင် စတင်ဖြစ်ပွားခဲ့သည့် ပစ္စည်းလု၊ မုဒိမ်းကျင့် လူသတ်မှုမှာ ဘာသာရေး ပဋိပက္ခ အသွင်သို့ ကူးပြောင်းသွားပြီး မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင်တို့ကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၁၆၇ ဦး၊ ဒဏ်ရာရသူ ၂၂၃ ဦး၊ အိမ်ထောင်စုပေါင်း ၁၆၉၈၀၊ လူဦးရေ ၁၁၁,၀၀၀ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ပြီး အိုးအိမ်နှင့် အဆောက်အအုံ ၁၀၁၀၀ လုံး ပျက်စီးခဲ့ရသည်။

ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါး ဖြစ်ပွားသဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရသည် အထိ နှစ်ကြိမ်ခန့်ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ရခိုင်ပြည်နယ် ပဋိပက္ခများ ပြန်လည်တည်ငြိမ်စ ပြုလာချိန်တွင် ၂၀၁၃ ဖေဖော်ဝါရီ ၁၈ ရက်နေ့က သကေတမြို့နယ် အမှတ် (၃) ရပ်ကွက် မာန်ပြေ ၁၈ လမ်းနှင့် ၁၉ လမ်း အနောက်ဘက်ခြမ်းရှိ အစ္စလာမ်ဘာသာ ရေး စာသင်ကျောင်း ပြန်လည်ပြင်ဆင်မှု မှ ဘာသာရေးအသွင်ဆောင် ပဋိပက္ခ အဖြစ်သို့ ဦးတည်လာသော်လည်း ပြန် လည် ထိန်းသိမ်းလိုက်နိုင်သဖြင့် ပြင်းထန်သည့် ပဋိပက္ခဖြစ်ပွားသည့် အဆင့်သို့ မရောက်ခဲ့ပေ။

သို့သော် သာကေတပဋိပက္ခ အပြီး တစ်ပတ်ခန့်အကြာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် လှိုင်သာယာမြို့နယ် အမှတ် ၁ ရပ်ကွက် ဦးဥတ္တမလမ်းတွင် တရားခွေ ဖွင့်ရာမှ အစပြုကာ အစ္စလာမ်ဘာသာဝင် များနှင့်ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရာချီသောလူအုပ်ကြီးသည် တုတ်၊ ဓား လက်နက်များကိုင်ဆောင်ကာ နေအိမ် အဆောက်အအုံများ ဖျက်ဆီးခဲ့သည့် အတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန က ပုဒ်မ၁၄၄ ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ပြီး ယခုအချိန်ထိ ပြန်လည်ရုပ်သိမ်းနိုင်ခြင်း မရှိသေးပေ။

တငွေ့ငွေ့တောက်လောင် နေဆဲ ဖြစ်သည့် လှိုင်သာယာပဋိပက္ခနှင့် ရက်ပေါင်း ၂၀ ခန့်အကြာတွင် ယခု မိတ္ထီလာပဋိပက္ခမှာ လေးကြိမ်မြောက် ဖြစ်ပွားသည့် ဘာသာရေးအသွင်ဆောင် သော ပဋိပက္ခဖြစ်သည်။သို့ကြောင့် ဘာသာရေးအဓိကရုဏ်း တစ်ရပ် ဖြစ်ပေါ်လာစေရန် ဖန်တီးနေခြင်း လောဟု မေးခွန်းထုတ်မှုများ လူထုအကြား ထွက်ပေါ်လာတော့သည်။

"အကြမ်းဖက်မှုများသည် သမားရိုးကျ ဖြစ်ရပ်များမဟုတ်ဘဲ ကြားလူတစ်စုက အမြတ်ထုတ်ရန် ပြုလုပ်နေသည်ဟု ယူဆရပြီး အစိုးရက တားမြစ်နိုင်သည့် ကိစ္စများတွင် နှောင့်နှေးနေမှုကြောင့် ..."

ယခုဖြစ်ပေါ်လျက်ရှိသော မတည် ငြိမ်မှု များသည် နိုင်ငံမတည်ငြိမ်ရန် အတွက် ဆူပူလှုံ့ဆော်မှုများ ပြုလုပ်ကာ အစိုးရကို အကျပ်တွေ့စေပြီး ဘာသာရေး ကို ခုတုံးလုပ်ခြင်း ဖြစ်ကြောင်း ဘာသာရေး ခေါင်းဆောင်များက သုံးသပ်ပြောဆို ကြသလို နိုင်ငံရေးသမား များကလည်း အလားတူ သုံးသပ်ကြသည်။

လူမျိုးရေး၊ ဘာသာရေးကို ခုတုံး လုပ်သော ပဋိပက္ခအသွင် ဆောင်အောင် ပြုလုပ်နေခြင်းသည် အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်နိုင်သည့်အတွက် မည်သည့်အကြမ်းဖက်၊ အဖျက်လုပ်ငန်း များတွင်မျှ မပါဝင်ရန် မတ်လ ၂၁ရက် နေ့စွဲဖြင့် ရွှေဝါရောင်သံဃာများ ကွန်ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်မှု မတိုင်မီ မတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီ ခန့်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က လူမျိုးရေး၊ ဘာသာရေး ခေါင်းစဉ် ပြောင်းတပ်ကာ လူ့အဖွဲ့အစည်းနှစ်ခု အကြမ်းဖက်မည့် ပုံသဏ္ဌာန်ဖြင့် တိုက်ခိုက်နေမှုကို ဒေသဆိုင်ရာ အုပ် ချုပ်ရေးယန္တရား၏ တုံ့ပြန်မှုမှာ သံသယ ဖြစ်ဖွယ် ကောင်းကြောင်း ဝေဖန်လိုက်သည်။
"စစ်အုပ်ချုပ်ရေးကို လက်ယပ် ခေါ်တဲ့ အပြုအမှုမျိုးတော့ လုံးဝခွင့်မပြုနိုင်ဘူး" ဟု ၄င်းက ဆိုသည်။

မိတ္ထီလာတွင် လုံခြုံရေးများသည် ပဋိပက္ခဖြစ်စဉ်တွင် ရပ်ကြည့်ရုံသာ ရပ်ကြည့်နေပြီး ထိန်းသိမ်းမှုမရှိသဖြင့် အကြမ်းဖက်သူများသည် လုံခြုံရေးများ ကြားက တွန်းတိုက်ဝင်ကာ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြောင်း မိတ္ထီလာရှိ ၈၈ မျိုးဆက် ကျောင်းသားက တစ်နှစ်ပတ်လုံး ဖွဲ့စည်းထားသော ကွန်ရက်များ ၏ မှတ်တမ်းမှတ်ရာများကို ကိုးကား ကာ ဦးမင်းကိုနိုင်က မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မီဒီယာများကို ရှင်းပြသည်။
"ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာ မဟုတ်ဘူး။ အဲဒါကြောင့် အကြမ်းဖက်မယ့် အုပ်စုတွေကို တားရမယ်" ဟု ၄င်းက ဆိုသည်။

လူမှုကွန်ရက် စာမျက်နှာများတွင် သံဃာတော်သေဆုံးသည့် ဓာတ်ပုံများနှင့် သတင်း ဖြန့်ကြသကဲ့သို့ အစ္စလာမ် ဘာသာဝင်ဟု ယူဆရသူများကလည်း ၄င်းတို့လူမျိုးများကို နှိပ်စက်နေကြသည် ဟူသော သတင်းများ အွန်လိုင်းပေါ်တွင် ဖော်ပြထားကြသည်။
အိုလမာ သာသနာ့ပညာရှင်များအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဦးသိန်းမြင့်က "ကျွန်တော်တို့အဖွဲ့က ဆူပူအောင် လှုံ့ဆော်တဲ့ အထဲမှာ ပါဝင်ပတ်သက်တာ မရှိဘူး။ ကလေကချေတွေ လုပ်တဲ့ အလုပ်၊ မိုက်ရိုင်းတဲ့ အလုပ်မျိုးတွေကို ကျွန်တော်တို့ မနှစ်သက်ဘူး" ဟု ဆိုသည်။

အကြမ်းဖက်မှုများသည် သမားရိုးကျ ဖြစ်ရပ်များမဟုတ်ဘဲ ကြားလူတစ်စုက အမြတ်ထုတ်ရန် ပြုလုပ်နေသည်ဟု ယူဆရပြီး အစိုးရက တားမြစ်နိုင်သည့်ကိစ္စများတွင် နှောင့်နှေးနေမှုကြောင့် အစ္စလာမ်ဘာသာဝင် များက လူမျိုးရေး၊ ဘာသာရေးအရ နှိပ်ကွပ်သည်ဟု ထင်မြင်ယူဆမှုများ ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီဌာနချုပ် (ရန်ကုန်မြို့) အထွေထွေ အတွင်းရေးမှူးချုပ် အမ်အေဦးကျော်စိုး က မှတ်ချက်ပေးသည်။
"အပြန်အလှန် မေတ္တာတရားနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့ ထင်တယ်။ ဒီကိစ္စတွေ တစ်နိုင်ငံလုံး ပြန့်သွားမှာကို အရမ်း ကြောက်ရွံ့တုန်လှုပ်နေပါပြီ" ဟု ၄င်းက ဆိုသည်။

သွေးထိုးလှုံဆော်မှုများကို အခြေခံ၍ ဖြစ်ပွားသော ရာဇဝတ်မှုဖြစ်သော်လည်း ရာဇဝတ်မှုကို ရာဇဝတ်မှုအတိုင်းသာ ရှုမြင်ပြီး တရားဥပဒေ စိုးမိုးရေးကို ဝိုင်းဝန်းကူညီရန် လိုအပ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရာတွင် တာဝန် ရှိသောပုဂ္ဂိုလ်များ အနေနှင့် ရှင်းရှင်းလင်းလင်း၊ ရဲရဲတင်းတင်း ကိုင်တွယ်ရန် လိုအပ်ကြောင်း မင်းကိုနိုင်က အကြံပေး သည်။

ရခိုင်ပြည်နယ်မှသည် ရန်ကုန်မြို့တော်၊ ယင်းမှသည် မန္တလေးတိုင်း အတွင်း အကြီးဆုံးခရိုင်မြို့ဖြစ်သော မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ဘာသာရေးအသွင်ဆောင် ပဋိပက္ခမှာ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းဆဲ မြန်မာနိုင်ငံအတွက် စိုးရိမ်ရသည့်အနေအထား ဖြစ်လာပြီး ဘာသာရေးအဖွဲ့အစည်း များသာမက နိုင်ငံရေးအင်အားစုများ အကြားတွင် သံသယစိတ်များ ကိန်းအောင်းလာသည်အထိ အရှိန် မြင့်လာနေသည်။

"လူ့အဖွဲ့အစည်းအတွင်းမှာ ဒဏ်ရာတွေ များလွန်းလို့ အနာကျက်အောင် အသည်းအသန် ကြိုးပမ်းနေရတဲ့ မြန်မာ့လူ့အဖွဲ့အစည်း အတွင်းမှာ နောက်ထပ် ဒဏ်ရာတွေ ထပ်များလာ အောင် ဘာဖြစ်လို့လုပ်နေကြပါလိမ့်။ တရားဥပဒေအရ ဖြေရှင်းလို့ရတဲ့ကိစ္စ မျိုးကို လူအုပ်စုနဲ့ အင်အားသုံးပြီး အကြမ်းဖက်တာမျိုး လုပ်တာဟာ ဒီမိုကရေစီ အခွင့်အရေးမဟုတ်ဘူး ဆိုတာ နားလည် ကြစေချင်ပါတယ်" နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်၏ မှတ်ချက်မှာ မြန်မာ့ သမိုင်း၏ နာကြည်းဖွယ်ဖြစ်ရပ်များကို ပြန်ပြောင်း သတိရစေသည်။

ပြည်သူအများစု၏ စိုးရိမ်မှုမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နုနုမှာ မုန်တိုင်းထန်ထန်အောက်တွင် စတေးမခံရရေး ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး၏ အကြီးဆုံးခရိုင်မြို့ မိတ္ထီလာ ကိုလည်း နောက်ကြောင်းပြန်လိုသူ များ၏ သားကောင်မဖြစ်ရေး များစွာ အရေးကြီးသည်ဟု နိုင်ငံရေးလေ့လာသူ များကဆိုသည်။

ယင်းအပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ မင်းကိုနိုင် လေးလေးနက်နက် ပြောဆိုလိုက်သည်က "သက်တမ်း နုနယ်လှတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးနေတဲ့ ပဋိပက္ခတွေရဲ့ ချောက်ကမ်းပါးထဲကို အရောက်ခံလို့ မရပါဘူး" ဟူ၏။
(The Voice Weekly သတင်းအဖွဲ့)

မလေးရှားတွင် မြန်မာတစ်ဦး ပစ်သတ်ခံရ

မလေးရှားနိုင်ငံ ဘူကစ်မာတဂျန် တွင် အသက် ၄၃ နှစ်အရွယ် မြန်မာနိုင်ငံသား တစ်ဦး ဧပြီလ ၂၁ ရက် ညနေ ၆ နာရီခန့်တွင် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ် ခံခဲ့ရကြောင်း မလေးရှားနိုင်ငံက သတင်းများတွင်ဖော်ပြသည်။

ဘူကစ်မာတဂျရှိ ဂျလန်းပါမတ် တန်ဘတ်က မီးပွိုင့်တွင် ကားရပ်ထားစဉ် သေနတ်သမားတစ်ဦးက လာရောက် ပစ်ခတ်ခြင်း ဖြစ်ပြီး သေနတ်ဖြင့်လေးချက် ပစ်ခတ်ခံရပြီး ဘူကစ်မာတဂျန် ဆေးရုံမရောက်မီ သေဆုံးခဲ့ကြောင်း The Star Online တွင် ဖော်ပြသည်။

ယင်းပစ်သတ်ခံရမှု ဖြစ်ပွားစဉ် ကားထဲတွင် အသတ်ခံရသူ မြန်မာနိုင်ငံသား နှင့်အတူ ၄င်း၏ဇနီး၊ ၁၅ နှစ်အရွယ် သမီးငယ်နှင့် အလုပ်သမားတစ်ဦး ကားထဲတွင် အတူရှိနေခဲ့ကြောင်း ပီနန် စီအိုင်ဒီ လက်ထောက်ညွှန်ကြားရေးမှူး မက်ဇလန်ကီဆာက Malansian Digest သတင်းဌာနကို ပြောကြားသည်။

အဆိုပါ အသတ်ခံရသော မြန်မာနိုင်ငံသားသည် လက်ယာဘက်ပခုံးတွင် သေနတ်ဒဏ်ရာ သုံးချက်၊ လက်ယာပါးကို တစ်ချက် ထိမှန်ခဲ့ကြောင်း ၄င်းကဆိုသည်။
တိမ်းရှောင်နေသော လူသတ်သမားကို စုံစမ်းနေဆဲရှိပြီး ပီနန်လူသတ်မှု ဥပဒေနှင့် အမှုဖွင့်ဆောင်ရွက်လျက် ရှိသည်။
The Voice Weekly

ပုဒ်မ ၁၈ နှင့် ၅၀၅(ခ)ကို လေ့လာဆန်းစစ်ခြင်း

ယနေ့ မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိလျှောက်လှမ်းနေပြီ ဖြစ်ပါသည်။ ဒီမိုကရေစီခေတ်တွင် ဒီမိုကရေစီ၏ မူဝါဒအရ ပြည်သူများသည် မိမိတို့၏ ဆန္ဒများကို ထုတ်ဖော်ပြသခွင့်များ ရရှိလာပါသည်။ ယင်းသို့ ဆန္ဒထုတ်ဖော် ပြသကြရာတွင် ဆန္ဒပြသူများအနေနှင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ကို စနစ်တကျ သုံးစွဲဆောင်ရွက်ခွင့် ရရှိစေရန် တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုး တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ခွင့်ပြုမိန့်အရ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်နေသူတို့ကို နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း၊ ဘေးအန္တရာယ်ပြုခြင်း မဖြစ်စေရန်တို့အတွက် နိုင်ငံတော်အစိုးရက “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ” ကို ၂.၁၂.၂၀၁၁ ရက်နေ့က ပြဋ္ဌာန်းပေးခဲ့ပါသည်။

ယင်းပြဋ္ဌာန်းသော ဥပဒေတွင် ပုဒ်မ ၁၈ ၌ “မည်သူမဆို ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ဝ,ဝဝဝ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်" ဟု ပြဋ္ဌာန်းထားရာ ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်း စွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခြင်းပြုသူများသည် ယင်းဥပဒေပုဒ်မ ၁၈ အရ အရေးယူအပြစ်ပေး ခံရမည်ဖြစ်ကြောင်း အထူးဥပဒေဖြစ်သော ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေကို ဖတ်ရှု သိရှိရပါသည်။

ဂျာနယ်များကို ဖတ်ရှုသည့်အခါ ခွင့်ပြုချက်မရရှိဘဲ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ဆန္ဒပြသူများကို သက်ဆိုင်ရာက အရေးယူရာတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ သာမက ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး) ပုဒ်မ ၅၀၅ (ခ) ကိုပါ တွဲဖက်၍ အရေးယူခြင်းများ ရှိသည်ကို တွေ့ရပါသည်။
ထို့ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) ကို လေ့လာကြည့်သောအခါ ပုဒ်မ ၅၀၅ (ခ) ၏ ပြဋ္ဌာန်းချက်မှာ “မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကို ဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့ တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦး တစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူ ကိုသော်လည်း ကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိ လျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာ သည့်အကြောင်းရှိလျှင် ထိုသူကို ၂နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟု ပြဋ္ဌာန်းချက်ကို တွေ့ရှိရပါသည်။

ကင်းလွတ်ချက်အဖြစ် “ထိုဖော်ပြချက် သော်လည်းကောင်း၊ ထိုကောလာဟလ သော်လည်းကောင်း၊ ထိုသတင်းသော် လည်းကောင်း မှန်ကန်သည်ဟု ယုံကြည်ရန် အကြောင်းရှိသည့် အပြင် အထက်ကဆိုခဲ့သော အကြံမရှိဘဲ ပြုလျှင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာလျှင် သို့တည်းမဟုတ် ဖြန့်ချိလျှင် ဤပုဒ်မ၏ အဓိပ္ပာယ်အရ ပြစ်မှုမမြောက်” ဟု ဆက်လက်ပြဋ္ဌာန်းထား ပါသည်။ ဤပုဒ်မ ၅၀၅ (ခ) ကို နားလည် သဘောပေါက်စေရန် စီရင်ထုံး တင်ပြပေးလိုပါသည်။ ယင်းစီရင်ထုံးမှာ ၁၉၉၅ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ တရားစီရင်ထုံး များ (ပြစ်မှု) စာမျက်နှာ ၁၁၄၊ ဦးသိန်းကြံပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် စီရင်ထုံးဖြစ်ပါသည်။

အမှုမှာ မန္တလေးမြို့ ဟေမာဇလ ရပ်ကွက်မီးလောင်မြေကို သက်ဆိုင်ရာ တိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နှင့် ခရိုင်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့တို့၏ အစီအမံဖြင့် ချထားပေးရာတွင် ဦးသိန်းကြံ နှင့် ဒေါ်မြင့်မြင့်ရီတို့သည် အကွက်အမှတ် ၆၀၉၊ ဦးပိုင်အမှတ် ၆၀ နှင့် စပ်လျဉ်း၍ အထက်ပါ အဖွဲ့အစည်းတို့၏ စီမံခန့်ခွဲချထားပေးမှုကို မနာခံဘဲ ဆန့်ကျင် လျက် လမ်းပိတ်နေသောအိမ်မှ မဖယ်ရှားဘဲ နေခဲ့သည်။

သို့ဖြစ်၍ အကြိမ်ကြိမ်ဆွေးနွေး သော်လည်း ဦးသိန်းကြံနှင့် ဒေါ်မြင့်မြင့်ရီတို့ က ဖယ်ရှားပေးရန် ငြင်းဆန်သည့်အပြင် ၄င်းတို့၏ အိမ်ဝင်းထဲ ဝင်လာရဲရင်ဝင်လာဟု ၁၄.၂.၉၄ နေ့တွင် စိန်ခေါ်ပြီး ပြန်လည်ရန်ပြု မည့် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိ စေခဲ့သည်။ သို့ဖြစ်၍ အင်အားသုံးပြီး ဖယ် ရှားရန် ပြင်ဆင်ဆောင်ရွက်ရသည့် အခြေ အနေသို့ ရောက်ရှိခဲ့သဖြင့် ဦးသိန်းကြံ၊ ဒေါ်မြင့်မြင့်ရီနှင့်တကွ ပါဝင်ကျူးလွန်သူ တို့အား အရေးယူရန် သက်ဆိုင်ရာက ညွှန်ကြားသဖြင့် အမှတ် (၈) ရဲစခန်းမှ ရဲအုပ်စခန်းမှူး ဦးအောင်သိန်းမောင်က သက်သေခံ (က) တိုင်ချက်ရေးဖွင့်၍ တရား စွဲဆိုခဲ့သည်။

ယင်းအမှုကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးက ပြစ်မှုကြီးအမှတ် ၁၄၄၅/၉၄ အဖြစ် လက်ခံစစ်ဆေးပြီး ဦးသိန်းကြံနှင့် ဒေါ်မြင့်မြင့်ရီအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ) အရ ထောင်ဒဏ် တစ်နှစ်စီ၊ ဦးကျော်ဝင်းနှင့် ဦးသိန်းကြည်အား ပုဒ်မ ၅၀၅(ခ) ၁၁၄ အရ ထောင်ဒဏ် ခြောက်လစီကျခံစေရန် ချမှတ်ခဲ့သည်။ ယင်းသို့ ချမှတ်ခြင်းကို မန္တလေးတိုင်း တရားရုံးက ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၄၇/၉၄တွင် ကြားနာပြီးနောက် ဦးသိန်းကြံ အပေါ် ချမှတ်သော ထောင်ဒဏ် ၁ နှစ်ကို အတည်ပြု၍ ဒေါ်မြင့်မြင့်ရီအား ထောင်ဒဏ် ၆ လ၊ ဦးကျော်ဝင်းနှင့် ဦးသိန်းကြည်တို့အား ထောင်ဒဏ် ၄ လစီ ကျခံစေဟု ပြင်ဆင် ချမှတ်ပေးခဲ့သည်။ ဦးသိန်းကြံနှင့် ဒေါ်မြင့်မြင့်ရီတို့က ဆက်လက်၍ တရားရုံး ချုပ်သို့ ဤပြင်ဆင်မှုကို တက်ရောက်လာခြင်းဖြစ်သည်။

ယင်းအမှုတွင် လမ်းပိတ်ဆို့နေသော အိမ်ကိုဖယ်ရှားပေးရန် သက်ဆိုင်ရာ အာဏာပိုင်များက အချိန်ပေးခဲ့သည်။ ဦးသိန်းကြံနှင့် ဒေါ်မြင့်မြင့်ရီတို့ တာဝန်ထမ်း ဆောင်ရာ ဌာနအကြီးအကဲများမှ တစ်ဆင့်လည်း အေးချမ်းစွာ ဖယ်ရှားပေးရန် ကြိုးစားခဲ့သည်။ ယင်းသို့ အချိန်ပေးခြင်း၊ ညှိနှိုင်း ခြင်း၊ ကြိုးစားခြင်းတို့မှာ မလွဲမသွေ အင်အားသုံး၍ ဖယ်ရှားရမည့် အခြေအနေ ထိ မရောက်စေရန်အတွက် အာဏာပိုင်များ က လိုက်လျောကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

မလွှဲမရှောင်သာ အင်အားသုံး၍ ဆောင်ရွက်ရမည်ဆိုလျှင် အများပြည်သူ အတွက် အထိတ်တလန့် ဖြစ်စေနိုင်ပြီး မလို လားသူများက နိုင်ငံတော်၏ အေးချမ်း သာယာရေးကို ထိပါးစေသည့် ပြစ်မှုများ ကျူးလွန်လာဖွယ်အခြေအနေများ ပေါ်ပေါက် လာနိုင်ခြင်းတို့ကြောင့် ကြိုတင်ကာကွယ် သည့်အနေနှင့် သက်ဆိုင်ရာ အာဏာပိုင် များက ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။

အထက်ပါ အခြေအနေများကို ယခု လျှောက်ထားသူများအသိဖြစ်သည်။ ထိုသို့ သိပါလျက် ဖယ်ရှားပေးရန် ငြင်းဆိုခြင်း သည် အထက်ဖော်ပြပါ အခြေအနေများ ပေါ်ပေါက်စေရန် လျှောက်ထားသူတို့တွင် ကြံရွယ်ချက်ရှိကြောင်း မငြင်းသာပေ။

လျှောက်ထားသူများသည် မိဘ ဘိုးဘွားများ လက်ထက်မှ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော နေအိမ်ကို စွန့်ခွာရန် နှမြောတသ၍ ဖယ်ရှားခြင်းမပြုဘဲ နောက် ဆုံး အချိန်အထိ နေထိုင်ခြင်းဖြစ်ပါသည်။ အများပြည်သူအား အထိတ်တလန့်ဖြစ်စေ ရန် အကြံမရှိပါဆိုလျှင်လည်း ထိုသို့ အများ ပြည်သူ အထိတ်တလန့် ဖြစ်စေရန် အကြောင်းပေါ်ပေါက်နေသည်မှာ မငြင်း သာပေ။ လျှောက်ထားသူတို့၏ ပြုမူပြောဆို မှုများသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် အကျုံးဝင်နေသဖြင့် . . . ဤပြင် ဆင်မှုကို ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။

သို့ဖြစ်ရာ ပုဒ်မ ၅၀၅ (ခ) ပြဋ္ဌာန်း ချက်နှင့် အထက်ပါ စီရင်ထုံးအရ ပုဒ်မ ၅၀၅ (ခ) ဖြင့် ပြစ်မှု မြောက်ရန်မှာ အစိုးရကို ဖြစ်စေ၊ ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက် သည့်ပြစ်မှုကို ကျူးလွန်လာချင်အောင် ပြည်သူကိုသော်လည်းကောင်း၊ ပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေ ရန် အကြံဖြင့် ဖော်ပြချက် ကောလာဟလ သို့မဟုတ် သတင်းကိုပြုခြင်း၊ ထုတ်ပြန်ခြင်း၊ ဖြန့်ချိခြင်းပြုရန် လိုကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ရာ ခွင့်ပြုချက်မရရှိဘဲ ဆန္ဒပြ ခြင်းသည် ပုဒ်မ ၅၀၅ (ခ) နှင့် ငြိစွန်းပါသလော။ ဆန္ဒပြသူတို့သည် မိမိတို့၏ ဆန္ဒကို ထုတ်ဖော်ခြင်းသာ ရှိပါသည်။ ပုဒ်မ ၅၀၅ (ခ) ပါရည်ရွယ်ချက်များ မရှိကြပါ။ အကယ် ၍ ခွင့်ပြုချက်မရရှိဘဲ ဆန္ဒပြခြင်းသည် ငြိမ်း ချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နှင့် လည်းကောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့်လည်းကောင်း ပုဒ်မနှစ်ခုစလုံး နှင့် အကျုံးဝင်သည်ဆိုစေဦး အကျုံးဝင် သည်ဟုယူဆသည့်အတိုင်း ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၂၂ တွင် “ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု တစ်ခုခုသည် ဥပဒေနှစ်ရပ်သို့ မဟုတ် နှစ်ရပ်ထက်ပိုသော ဥပဒေများအရ ပြစ်မှုမြောက်လျှင် ပြစ်မှုကျူးလွန်သူကို ယင်းဥပဒေများအနက် ဥပဒေတစ်ရပ်ရပ် ဖြင့်သာ တရားစွဲဆို အပြစ်ပေးရမည်။ ပြစ်မှု တစ်ရပ်တည်းအတွက် ပြစ်ဒဏ်တစ်ကြိမ် ထက် ပို၍ မခံစေရ” ဟူသော ဥပဒေပြဋ္ဌာန်း ချက်ရှိပါသည်။

“ပြစ်မှုတစ်ရပ်တည်း အတွက် ပြစ်ဒဏ်တစ်ကြိမ်ထက် ပို၍ မခံစေရ” ဟူသော စကားရပ်၏ ဆိုလိုရင်းမှာ “ပြစ်မှုမြောက်သော ပြုလုပ်မှုသို့မဟုတ် ပျက်ကွက်မှု တစ်ရပ်တည်းအတွက် ပြစ်ဒဏ် ၂ ကြိမ်မပေးရ” ဟု ပီ၊ စီ၊ ဒတ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ တော်အမှု၊ ၁၉၅၄ ခုနှစ် မြန်မာနိုင်ငံ တရား စီရင်ထုံးများ (လွှတ်တော်) စာမျက်နှာ ၃၃ တွင် ထုံးဖွဲ့ပေးထားပါသည်။

ထို့အပြင် ၂၀၀၀ ပြည့်နှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးများ (ပြစ်မှု) စာမျက်နှာ ၁၅၉၊ မောင်သန်းထွန်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် မောင်ရွှေကိန်းပါ သုံးဦးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် မောင်ရွှေကြီးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် စီရင်ထုံး တွင်လည်း “မောင်အောင်မင်းတို့ အပေါ် အက်ဖီဒရင်း ၁၂၃ ဒသမ ၆၁၃ ကီလိုဂရမ် ကို အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမဝင် တင်သွင်းခြင်းအား သိမ်းဆည်းရမိခြင်းကို အခြေပြုလျက် ၄င်းတို့အား ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅၊ ၁၉(က)၊ ၂၀၊ ၂၁ နှင့် ၁၉၄၇ ခုနှစ် သွင်းကုန် ထုတ်ကုန်ကြီးကြပ်ရေး (ယာယီ) အက် ဥပဒေပုဒ်မ ၅(၁) အရ ပြစ်မှုနှစ်ရပ်ဖြင့် တရားရုံးသို့ တရားစွဲဆို တင်ပို့ပြီး ယင်းပြစ်မှု များဖြင့် ပြစ်မှုထင်ရှား စီရင်ခဲ့ခြင်းသည် ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၂၂ နှင့် ဆန့်ကျင် လျက်ရှိကြောင်း တွေ့ရသည်။

ပြစ်မှုကြီးအမှတ် ၄/၂၀၀၀ တွင် မောင်အောင်မင်းတို့အပေါ် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ခ) အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် စီနှင့် မောင်ရွှေကိန်းတို့အား ယင်းဥပဒေ ပုဒ်မ ၁၅ အရ အလုပ်နှင့်ထောင်ဒဏ် သုံးနှစ် စီကျခံစေရန် ပြစ်ဒဏ်ချမှတ်ပြီးဖြစ်၍ ၄င်းတို့အပေါ် ၁၉၄၇ ခုနှစ် သွင်းကုန် ထုတ်ကုန်ကြီးကြပ်ရေး (ယာယီ) အက် ဥပဒေ ပုဒ်မ ၅(၁) အရ ပြစ်မှုထင်ရှားစီရင် ရန် လိုအပ်တော့မည်မဟုတ်ပေ။

ထို့ကြောင့် စစ်ကိုင်းတိုင်းတရားရုံး (မော်လိုက်ခရိုင်) က မောင်သန်းထွန်း၊ မောင်ရွှေကိန်း၊ မောင်ဌေး၊ မောင်မြင့်မောင် နှင့် မောင်ရွှေကြီးတို့အား ၁၉၄၇ ခုနှစ် သွင်း ကုန်ထုတ်ကုန်ကြီးကြပ်ရေး (ယာယီ) အက် ဥပဒေပုဒ်မ ၅(၁) အရ အလုပ်နှင့် ထောင် ဒဏ် ခုနစ်နှစ်စီ ကျခံစေရန် ချမှတ်ထားသည့် အမိန့်ကို ပယ်ဖျက်လိုက်ကြောင်း အမိန့် ချမှတ်ခဲ့ပါသည်။ သို့ဖြစ်ရာ ယင်းဥပဒေပုဒ်မ ၂၂ အရ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု သည် ဥပဒေနှစ်ရပ် သို့မဟုတ် နှစ်ရပ်ထက် ပိုသော ဥပဒေများအရ ပြစ်မှုမြောက်သည့် တိုင် ယင်းဥပဒေများအနက် ဥပဒေတစ်ရပ် ရပ်ဖြင့်သာ တရားစွဲဆို အပြစ်ပေးရမည် ဖြစ်ကြောင်း ဥပဒေရှိသည်ကို တွေ့ရှိရပါသည်။

ထို့ပြင် ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၃(ဃ) တွင် “အထူးဥပဒေ တစ်ရပ်ရပ်တွင် ပါရှိသော ပြဋ္ဌာန်းချက်တစ်ရပ်သည် ယေဘုယျ ဥပဒေ တစ်ရပ်ရပ်တွင် ပါရှိသော သက်ဆိုင်ရာ ပြဋ္ဌာန်းချက်ကို လွှမ်းမိုးသည်” ဟု ပြဋ္ဌာန်းထားသဖြင့် အထူးဥပဒေ ဖြစ် သော ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေသည် ယေဘုယျ ဥပဒေဖြစ်သော ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး) ကို လွှမ်းမိုးသည့် အတွက် လွှမ်းမိုးသော ဥပဒေအရ အရေးယူမှသာ ဥပဒေအရ မှန်ကန်မည်ဖြစ်ပါသည်။ လွှမ်းမိုးခံရသော ဥပဒေဖြင့် အရေးယူခြင်း မပြုနိုင်ပါ။ ထို့ကြောင့် ခွင့်ပြုချက်မရရှိဘဲ ဆန္ဒပြခြင်းသည် ပုဒ်မ ၅၀၅ (ခ) နှင့် ငြိစွန်း သည်ဟု ယူဆသည့်တိုင် အထူးဥပဒေဖြစ် သော ပုဒ်မ ၁၈ အရသာ အရေးယူရန်လို ကြောင်း ပုဒ်မ ၃(ဃ) အရ တွေ့ရှိရပါ ကြောင်း ဥပဒေရှုထောင့်မှ ဥပဒေအမြင် ဥပဒေ သဘောတရားများကို တင်ပြလိုက်ရ ပါသည်။
အောင်နိုင် (လက်ပံတန်း)
The Voice Weekly

Art Garden ၏ သုံးကြိမ်မြောက် ပန်းချီပြပွဲ

ရန်ကုန်၊ ဧပြီ ၂၄။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျန်းမာရေးချို့တဲ့သူ ပန်းချီဆရာတွေကို ကူညီထောက်ပံ့မှု ပေးနေသည့် ယုဇနဥယျာဉ်မြို့တော် အခြေစိုက်ပန်းချီ ဆရာ များ စုပေါင်းဖွဲ့စည်းထားသော Art Garden Group ၏ သုံးကြိမ်မြောက် ပန်းချီပြပွဲကို လောကနတ် ပန်းချီပြခန်းတွင် ပြုလုပ်လျက်ရှိသည်။

“ Art Garden Group အနေနဲ့ အခုပြပွဲပါဆိုရင် သုံးကြိမ်ရှိပါပြီ။ပထမအကြိမ်က ၂၀၁၀မှာပါ။ဒုတိယအကြိမ်က ၂၀၁၁။ ၂၀၁၂ မှာတော့ ပြပွဲမလုပ်ဖြစ်ခဲ့ဘူး။ အခု၂၀၁၃ မှာတော့ တတိယအကြိမ်မြောက်ပါ။ ၂၀၁၀ မှာ ဒီ Art Garden Group ကိုစလုပ်ဖြစ်ကတည်းက ကျန်းမာရေး ချို့တဲ့သူ ပန်းချီဆရာတွေကို တတ်နိုင် သလောက် ထောက်ပံ့ကူညီမှုတွေလုပ်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့လည်း တစ်လကို တစ်ထောင်စီ စုပြီး ရံပုံငွေအနေနဲ့ ဘဏ်မှာထားတယ်ဗျ။ အခုပြပွဲမှာ ရောင်းရတဲ့ထဲကနေ ၃၀ ရာခိုင်နှုန်းကိုလည်း ကျန်းမာရေးချို့တဲ့ ပန်းချီဆရာတွေကို ကူညီပေးနိုင်ဖို့ ရံပုံငွေထဲကို လှူဒါန်းသွားကြမှာပါ” ဟု Art Garden
Group ၏ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်စံမြင့်မှ ပြောကြားသည်။

ယခုပြပွဲတွင် ပန်းချီဆရာ (၅၃) ဦးမှ ပန်းချီကား (၉၃) ကားအားပြသထားပြီး အခရိုင်းလစ်ဖြင့်ရေးဆွဲထားသောပန်းချီကား အများစုပါဝင်၍ ဆီဆေး၊ရေဆေးကားများလည်း ပါဝင်ကြောင်း၊ ယင်းပြပွဲအား ဧပြီလ၂၄ရက်မှ ၂၉ရက်နေ့အထိ (၆) ရက်ကြာပြသသွားမည်ဖြစ်ကြောင်း သိရသည်။
The Myanma Age
ဓာတ်ပုံ - သီဟ







မြစ်ဝကျွန်းပေါ် သောက်သုံးရေအချို့ အာဆင်းနစ်ဓာတ် မြင့်တက်နေ

မြစ်ဝကျွန်းပေါ်ဒေသအချို့ရှိ သုံး စွဲရေတို့တွင် သောက်သုံးရန် မသင့် သည့် အာဆင်းနစ်ဓာတ်ပါဝင်မှု အချိုး အစား မြင့် တက်နေခြင်းကို ဒေသခံများ သိအောင် ထုတ်ဖော်ပြောကြားသင့်ပြီ ဟု ဟင်္သာတမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ် သူ ဦးလှိုင်စိုးက ဖွင့်ဟပြောဆိုလိုက် သည်။

၂ဝဝ၃-၂ဝဝ၄ ကာလတွင် ယူနီ ဆက်၊ ကျန်းမာရေးဌာနနှင့် ရေအရင်း အမြစ်ဌာနတို့၏ သောက်သုံးရေများထဲ တွင် အာဆင်း နစ်ဓာတ်ပါဝင်နေမှုအ ချိုးအစားများကို သုတေသနပြုခဲ့ရာ စစ် တမ်းစာစောင်ထွက်ရှိခဲ့သော်လည်း ထို စစ်တမ်းထဲ၌ ဒုတိယ အများဆုံးတွေ့ရှိခဲ့ သည့် ဟင်္သာတမြို့နယ်အကြောင်း စာ တမ်းကို ယခုမှ ရရှိ သိရှိခဲ့သည့်အတွက် ၄င်းက ထိုသို့ပြောဆို ခဲ့ခြင်းဖြစ်သည်။”ဒီမှာမွေးပြီး ဒီမှာ ကြီးလာတာပါ။ တစ်ခါမှ မကြားဖူးဘူး။ စစ်တမ်းအရဆို ဆင်းရဲချို့တဲ့တဲ့နေရာတွေမှာ အ များဆုံး ပဲဗျ။ ဒီရေကို သောက်လည်း သောက်၊ သုံးလည်းသုံးနေတာ” ဟု ဦးလှိုင်စိုးက ဆိုသည်။ အာဆင်းနစ်ဓာတ်များစွာပါ ဝင် သောရေကို ရေရှည်သောက်သုံးပါက အစာအိမ်၊ ဆီးလမ်းကြောင်း စသည် တို့တွင် ပြဿနာဖြစ်ကာ ကိုယ်တွင်း ကလီ စာ ထိခိုက်ပျက်စီးမှုတို့ ရှိခြင်းဖြင့် အသက်သေဆုံးနိုင်သည်ဟု ဓာတုဗေဒ ပညာရှင်များက ပြောသည်။

ဓာတုဗေဒပညာရှင် အငြိမ်းစား ပါမောက္ခချုပ် ဒေါက်တာမောင်ကျော်က စိန်နှင့်သံပရာတွဲသောက်ပါက သေ တတ်သောဓာတ် မှာ အာဆင်းနစ်ဓာတ် ဖြစ်သည်ဟု ဆိုသည်။”သိပ်များရင် ဒီဓာတ်က သေ တယ်။ ဒီအာဆင်းနစ်ရဲ့ ပုံစံက ချက် ချင်းမသိဘူး။ တဖြည်းဖြည်းနဲ့ သွားတာ။ ဒါကလည်း ပါဝင်မှု ၃ဝဝ ထက်များလာ ရင်ပိုဆိုးတာပေါ့။ နောက်ပြီး ဒီဓာတ်က ဓာတ်ခွဲဖို့ ခက် တယ်။ များနေတယ်ဆိုရင် ဒါက တော်တော်သေချာဖို့တော့ လို တယ်။ မှန်မှ။ မမှန်ရင် ကြောက်လန့် ကုန်မယ်။ မှန်နေတယ် ဆိုရင်လည်း အသိကပေးရမှာပေါ့” ဟု ဒေါက်တာ မောင်ကျော်က ဆိုသည် ဧရာဝတီတိုင်းဒေသများသို့ ယခင် စစ်ဆေးစဉ်က ပါဝင်ခဲ့သူ အဆင့်မြင့်အ ရာရှိကြီးက လက်ရှိအချိန်တွင် ထုတ် ဖော်ပြောကြားလိုသော်လည်း လူထု ထိတ်လန့်ကုန်မည်ဖြစ် သဖြင့် မပြောခိုင်း ခြင်းဖြစ်သည်ဟု ဦးစိုးလှိုင်က ဆိုသည်။

စစ်တမ်းအရ ဟင်္သာတမြို့နယ်၌ ရေတွင်း ရေကန် ၂၃၉၉၉ ခုရှိရာတွင် ၆၂၄၂ ခုမှာ အာဆင်းနစ်ဓာတ်ပါဝင်ရ မည့်အချိုးအ စားထက် ပိုများနေပြီး အဆိုးဆုံးမှာ ကျုံပျော်မြို့နယ်ဖြစ်သည်။ ကျုံပျော်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စား လှယ် ဒေါက် တာစိုးသူရ က ”အချို့ဒေသတွေမှာ ဆိုးဆိုးရွားရွား ဖြစ်နေပါတယ်။ ကျွန်တော်တို့ ဒေသ တွေမှာဆို ကွင်းကြီး၊ သောင်ကြီး၊ ဂုံ ညှင်းတန်း၊ ဒီဘက်တွေမှာ ရှိရမယ့် ပမာ ဏထက်များနေတယ်။အဲဒီတုန်း အချိန် က ကျွန်တော်ကိုယ်တိုင် တာဝန်ကျနေ တဲ့နေရာလည်းဖြစ်တော့ ပညာပေးတာ ပေါ့ဗျာ။ တွေ့ရှိတဲ့ရေတွင်းတိုင်းရဲ့ ပိုင် ရှင်တွေကိုပြောတာပေါ့။ မ သောက်သင့် တဲ့ရေဆို အဲဒီတုန်းက အနီကပ်တယ်။ ဆရာဝန်ပဲဗျာ။ အဲတုန်းက လူထုတွေကလက်မခံတာမျိုး အချို့ရှိခဲ့တယ်ဗျ” ဟု ပြော သည်။အာဆင်းနစ်နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသို့ ပေါ်ပြူလာ နယူးစ်မှ မေးမြန်းခဲ့ရာ ၄င်းတို့က လွှတ် တော်တွင် အမေးအဖြေဖြင့် ဖြေဆိုရန်ရှိ ကြောင်း သာ ဖြေသ ည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အာ ဆင်းနစ်ဓာတ်ပါဝင်မှုအချိုးအစား မြင့် မားနေသော ရေတွင်းရေကန် တစ်သန်း ခွဲရှိနေသည့်အတွက် တရားဝင်ထုတ်ပြန် ကြေညာခဲ့သည်။ အာဆင်းနစ်ဓာတ် မှာ မြေကြီးထဲတွင် ခိုအောင်းနေပြီး ထို ဓာတ်တွေ့ရှိပြီး နှစ် ၁ဝဝ ကျော်သည် အထိ မပျောက်နိုင်ကြောင်း ပညာရှင် များက ပြောသည်။
သက်နိုင်၊ မင်းသုအောင်
Popular Myanmar News Journal

မြန်မာနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှု အမေရိကန်ကြိုဆို

အမေရိကန် နိုင်ငံခြားရေးဌာန ယာယီ လက်ထောက် ပြော ခွင့်ရသူ Patrick Ventrell (၁ မတ် ၂၀၁၃)
23.04.2013
မြန်မာအာဏာပိုင်တွေကနေ နိုင်ငံရေး အကျဉ်းသား ၅၀ ကျော် ပြန်လွှတ်ပေးလိုက်တဲ့ အပေါ် အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး၊ ကျန်နိုင်ငံရေး အကျဉ်းသားတွေ ကိုပါ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တချို့ ပြန်လွတ်လာတာနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်တို့ရဲ့ တုံ့ပြန်မှုတွေကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မနေ့တုန်းက မြန်မာနိုင်ငံတွင်း အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့အထဲ နိုင်ငံရေး အကျဉ်းသား ၅၉ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်ဖို့အတွက် အစိုးရကိုယ်တိုင်က နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း၊ ဒါ ပထမဆုံးအကြိမ် အသုတ်လိုက် လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ အခုလို လွတ်မြောက်လာတာတွေကို ကြိုဆိုသလို၊ ထပ်လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်လို့ နိုင်ငံခြားရေးဌာန ယာယီ လက်ထောက် ပြောခွင့်ရသူ ပတ်ထရစ် ဗန်ထရေးလ် (Patrick Ventrell) က ပြောပါတယ်။

“အကျဉ်းသား ၉၃ ဦး လွတ်လာတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား ၅၀ ပါဝင်ပါတယ်။ အခုလို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာကို ကြိုဆိုသလို၊ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ကိုလည်း အားပေး တိုက်တွန်းလိုပါတယ်။”

ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ အာရှရေးရာ ၀န်ကြီး ဟူဂို ဆွိုင်းယား (Hugo Swire) ကလည်း အခုလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာတာကို ကြိုဆိုလိုက်ပြီး၊ နိုင်ငံရေး အကျဉ်းသား တစ်ယောက်ဆို တစ်ယောက် အကျဉ်းထောင်ထဲမှာ ရှိနေတာကိုက အတော့်ကို များနေပြီလို့ ပြောပါတယ်။

ဒါကြောင့်လည်း ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ဖို့ နဲ့၊ မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကို လေးစား အကောင်အထည်ဖော် ဖို့ မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုထားပါတယ်။

EU ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ပြီးတဲ့ နောက်တနေ့မှာပဲ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတာပါ။ အမေရိကန် ပြည်ထောင်စုအနေနဲ့က မြန်မာအပေါ် အရေးယူမှု အတော်များများကို ဆိုင်းငံ့ ရပ်ဆိုင်းထားပါတယ်။ ဒီ့ထက်ပိုပြီး အရေးယူမှုတွေကို ရုပ်သိမ်းနိုင်ဖို့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ မူဝါဒ ဆန်းစစ်မှုတွေ လုပ်နေတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပတ်ထရစ် ဗန်ထရေးလ် (Patrick Ventrell) က မနေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“အမေရိကန် ပြည်ထောင်စုရဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့ထားမှုတွေနဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ တားမြစ်ထားတာကို ပြန်ရုပ်သိမ်းထားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေကို အားပေး တိုက်တွန်းနိုင်ဖို့ ပိတ်ဆို့ အရေးယူမှုတွေ အပါအ၀င် အမေရိကန် မူဝါဒတွေကို ပြန်ပြီး ဆန်းစစ်လုပ်ကိုင်နေပါတယ်။”

မြန်မာနိုင်ငံမှာ သိသာတဲ့ အပြောင်းအလဲတွေ ရှိခဲ့တဲ့အပြင်၊ နောက်ထပ် အပြောင်းအလဲတွေ  ပိုဖြစ်လာဖို့ အားပေး တိုက်တွန်းမှုအနေနဲ့ EU ကနေ မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေကို ပြန်ရုပ်သိမ်းလိုက်တာ ဖြစ် တယ်လို့ဆိုပါတယ်။

အခုလို မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အပြုသဘော အားရစရာတွေ တွေ့နေရတယ် ဆိုပေမဲ့လည်း၊ လူနည်းစု လူမျိုးစုအပေါ် အကြမ်းဖက်မှုတွေ အပါအ၀င် တခြား လူ့အခွင့်အရေး အခြေအနေအရ စိုးရိမ်စရာတွေတော့ ရှိသေးတယ်လို့ အမေရိကန် ပြည်ထောင်စုရော ဗြိတိန်ကပါ ထောက်ပြ ပြောဆိုကြပါတယ်။

အခုလို အရေးယူမှုတွေကို ရုပ်သိမ်းခြင်းအားဖြင့် မြန်မာအစိုးရနဲ့ ပိုပြီး ထဲထဲဝင်ဝင် ဆက်ဆံနိုင်ပြီး၊ မြန်မာနိုင်ငံမှာ ကျန်နေတဲ့ စိန်ခေါ်မှုတွေကို ပိုပြီး ဖြေရှင်းနိုင်လိမ့် မယ်လို့ ယူဆတဲ့အကြောင်းလည်း ဗြိတိန်ဝန်ကြီး ဟူဂို ဆွိုင်းယား (Hugo Swire) က ပြောပါတယ်။
ကိုသားညွန့်ဦး
VOA Burmese

EU က မြန်မာနိုင်ငံကို အထွေထွေကုန်သွယ်ခွန် ကင်းလွတ်ခွင့်ပြု

April 23, 2013
ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ (EU)က မြန်မာနိုင်ငံအား အထွေ ထွေကုန်သွယ်ခွန်ကင်းလွတ်ခွင့် စနစ်ကို ကျင့်သုံး၍ စစ်လက်နက် မှအပ မြန်မာနိုင်ငံမှ ပို့ကုန်အား လုံးကို အကောက်ခွန်ကင်းလွတ် ခွင့်နှင့် ကိုယ်တာထိန်းချုပ်ကန့် သတ်မှုမရှိ တင်သွင်းခွင့်အား ၂၂-၄-၂၀၁၃ ရက်တွင် EU နိုင်ငံအား လုံးမှ သဘောတူခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

EU မှ ယခင်စစ်အစိုးရလက် ထက်တွင် မြန်မာနိုင်ငံအား စီးပွား  ရေးပိတ်ဆို့မှုများကို တင်းကြပ် ထားရာမှ ပြီးခဲ့သည့်နှစ်တွင် ပိတ် ဆို့မှုများအား ယာယီပြေလျော့ ပေးခဲ့ရာမှ လူဇင်ဘတ်နိုင်ငံတွင် ကျင်းပခဲ့သည့် EU ၀န်ကြီးများ အစည်းအဝေးအပြီးတွင် မြန်မာ နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု များအား အပြီးတိုင် ဖြေလျော့ပေး လိုက်ခြင်းဖြစ်သည်။

ထိုကဲ့သို့ အကောက်ခွန် ကင်းလွတ်ခွင့်နှင့် ထိန်းချုပ်ကန့် သတ်မှုများမရှိတော့သဖြင့် မြန်မာ ။နိုင်ငံအနေဖြင့် ကုန်ပစ္စည်းများ အား ဥရောပနိုင်ငံများသို့ အကောက် ခွန်မဲ့ တင်ပို့နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဥရောပနိုင်ငံ များသို့ လက်ရှိကုန်သွယ်မှုအများ ဆုံးပြုလုပ်လျက်ရှိသော ကဏ္ဍတွင်  ငါးလုပ်ငန်းနှင့် အထည်ချုပ်လုပ် ငန်းထုတ်ကုန်ပစ္စည်းများသာ ဖြစ် သည်။ အထွေထွေကုန်သွယ်ခွန် လျော့ပေါ့စနစ်(GSP)အဆင့်အထိ ခံစားခွင့်ရှိလာသောကြောင့် အခြား သော ထုတ်ကုန်ပစ္စည်းများလည်း တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်သည်။ မြန်မာ့လုပ်ငန်းရှင်များအနေဖြင့် EU အရည်အသွေးမီ ကုန်ပစ်္စည်း များထုတ်လုပ်နိုင်ရန် အထောက် အပံ့နှင့် အရည်အသွေးကိုက်ညီမှု ရှိမရှိစစ်ဆေးနိုင်ရန် နည်းပညာ ပံ့ပိုးမှုအကူအညီများလိုအပ်သော ကြောင့် ကုန်သွယ်မှုနှင့် ပုဂ္ဂလိက လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ မှ နိုင်ငံတကာအဖွဲ့အစည်းအချို့ နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းကိုကို
The Hot News

မြေလျော်ကြေးမယူတဲ့လူတွေ ထွန်ယက်တဲ့အချိန်မှာ အာဏာပိုင်တွေက လာရောက်တားဆီး (ရုပ်/သံ)

လက်ပံတောင်းဒေသ မိုးကြိုးပြင်အလယ်ရွာနဲ့ ဆည်တည်းရွာတွေမှာ မြေလျော်ကြေးမယူတဲ့လူတွေက လွတ်နေတဲ့ သူတို့မြေတွေကို ၀င်ရောက်ထွန်ယက်တဲ့အချိန်မှာ အာဏာပိုင်တွေက လာရောက်တားဆီး ပိတ်ပင်နေတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်၊ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်၊ ရိုက်ကူး အိုင်စီဂျေ ဥာဏ်ကြီး။ မတင်မာဆွေ<br />

DVB TV News

ဆိပ်ကမ်းသာလမ်းထိပ်တွင် လူတစ်ဦး ဓါတ်လိုက်သေဆုံး

ဓာတ်ပုံ -ထက်နောင်နောင်
ရန်ကုန်၊ ဧပြီ ၂၃။
ဆိပ်ကမ်းသာလမ်း အပေါ်ဘလောက်ထိပ်ရှိ  Mother Land ဆောက်လုပ်ရေးဝင်းအတွင်း ယနေ့ ဧပြီလ ၂၃ ရက်ညနေ ၆ နာရီ၁၅ မိနစ် တွင် လူတစ်ဦးဓါတ်လိုက် သေဆုံး သွားကြောင်း ကျောက်တံတားမြို့နယ် စခန်းမှူးထံမှ သိရသည်။

“ဒီအပေါ်မှာ အားလုံး ကစားနေကြတာပဲ။ ဓါတ်စလိုက်တုန်းက မသိဘူး ကလေးက ဆော့နေရင်း တုန်နေတာနဲ့ ကလေးကို သွားဆွဲတော့ ကျဉ်ကနဲ ဖြစ်သွားတယ်။ အဲ့တော့မှ ဓါတ်လိုက်မှန်း သိတာ။ ကျွန်တော်လည်း ကလေးကို အတင်းဝင်ဆွဲတာ ကလေးကတော့ လွတ်သွား တယ်” ဟု ယင်းဆောက်လုပ်ရေးဝင်းရှေ့တွင် ကုန်စိမ်းရောင်းသူ ကိုလှိုင်မင်းက ပြောကြားသည်။

သေဆုံးသူသည် မောင်ယမင်းဝင်း (၂၃ နှစ်) ဖြစ်ပြီး ယင်းနေရာတွင် နယ်မှ အလုပ်လာလုပ်သည်မှာ
မကြာသေးကြောင်း သိရသည်။

“ဒီအပေါ်မှာ အားလုံးဆော့နေကြတာ။ သူလဲကျသွားတော့ တက်တယ်ထင်လို့ သွားနှိပ်တော့မှ ဓါတ်လိုက်မှန်းသိတာ။ ဘောလုံးကန်နေရင်း ဘောလုံးလွင့်သွားတော့ သွားကောက်တာ။ သံပြားအလယ်လောက်ရမှ ဓါတ်လိုက်ပြီးလဲကျသွားတာ” ဟု အတူတူ အလုပ်လုပ်သူ ကိုဖိုးကျော်က ပြောကြားသည်။

ရေတင်သည့် မီးကြိုးကို တစ်ဖက်ကွန်ဒိုမှ သွယ်၍ သံပြားအောက်မှ ဖြတ်ကာ အခြားတစ်ဖက်တွင် ရေတင်ကြောင်း၊ ရေပြည့်သွားသည့်အခါ ရေမော်တာကိုသာ ပိတ်ပြီး ရေတင်သည့် မီးခလုတ်ကို မပိတ်မိသည့်အတွက်ယင်းကဲ့သို့ ဖြစ်သွားကြောင်း ကျောက်တံတားရဲစခန်းမှ စခန်းမှူး ရဲအုပ်သိန်းလွင်က ဓါတ်လိုက်ခြင်းနှင့်
ပတ်သတ်၍ အတည်ပြု ပြောကြားသည်။
ရည်မွန်
The Myanma Age

လူ့အခွင့်အရေး အစီရင်ခံစာ ထုတ်သော်လည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုဖယ်ရှား

လူဇင်ဘာဂ်၊ ဧပြီ ၂၃။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာတွင်  မူဆလင်များနှင့် ပတ်သက်၍ ရှုတ်ထွေးမှုများရှိနေကြောင်း ရေးသားခဲ့သော်လည်း ဥရောပသမဂ္ဂသည် လက်နက်ရောင်းဝယ်ခြင်းမှလွဲ၍ မြန်မာနိုင်ငံအပေါ် အခြားသော ပိတ်ဆို့ထားခြင်းများ ဖယ်ရှားရေးကို  တနင်္လာနေ့က သဘောတူညီခဲ့သည်။

ယခုပိတ်ဆို့အရေးယူမှုကို ဖယ်ရှားခြင်းဖြင့် ဥရောပကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုများပြုလုပ်လာနိုင်မည်ဖြစ်သည်။

လွန်ခဲ့သည့်နှစ် မေလက ပိတ်ဆို့အရေးယူမှုကို တစ်ချို့တစ်ဝက်သာဖယ်ရှားခဲ့ပြီး အမေရိကန်ကုမ္ပဏီများကို
ရင်းနှီးမြှပ်နှံစေခဲ့သော အမေရိ ကန်နိုင်ငံသည် ယခု ဖြေလျှော့မှုကြောင့် ဖိအားများရှိလာနိုင်ပြီး အမေရိကန်စီးပွားရေးသမားတစ်ချို့သည် အစိုးရကို ထပ်တိုးပြီး ပိတ်ဆို့အရေး ယူမှု များကို လုံးဝဖယ်ရှားရေးကို တိုက်တွန်းထားကြောင်း  သိရသည်။

ဥရောပသမဂ္ဂသည် စစ်အစိုးရပြုတ်ကျပြီး အရပ်သားအစိုးရတက်လာသည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ပြုပြင်ပြောင်းလဲမှုများကို ကြည့်ရှုသုံးသပ် ပြီး ယခုမှသာ ပိတ်ဆို့မှုများကို ဖယ်ရှားခြင်းဖြစ်သည်။

“ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တာတွေအတွက် တုံပြန်မှုတစ်ခုအနေနဲ့လုပ်တာဖြစ်တယ်၊ ရှေ့လျှောက်လည်းပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်မယ် လို့ မျှော်လင့်ပါတယ်၊ ခုချိန်မှာတော့ လက်နက်ရောင်းဝယ်မှုကိုပဲ ပိတ်ပင်ထားဖို့ ဆုံးဖြတ်ထားတယ်” ဟု ဥရောပသမဂ္ဂ နိုင်ငံ ခြားရေးဝန်ကြီးများက လူဇင်ဘာဂ် တွင်ကျင်းပသည့် ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။

သို့သော် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အာဏာပိုင်များသည် မြန်မာနိုင်ငံအနောက်ခြမ်းတွင်ဖြစ်ပွားခဲ့သော ပြဿနာများနှင့် ပတ်သက်၍ လူနည်းစု ဖယ်ရှားရေးလုပ်ဆောင်ခဲ့၍  လူသားကျင့်ဝတ်နှင့် ဆန့်ကျင်ကြောင်း အစီရင်ခံစာထုတ်ပြန်ခဲ့ရာ မြန်မာအစိုးရက အစီရင်ခံစာ သည် တစ်ဖက်သတ်ဖြစ်နေပြီး လက်မခံနိုင်စရာဖြစ်ကြောင်း ငြင်းဆိုချက်ထုတ်ပြန်ခဲ့သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟေးဂ်က ပဋိပက္ခများရှိသော်လည်း တိုးတက်ဖြစ်ထွန်းလာမှုဟာ ပိတ်ဆို့အရေးယူမှုကို ဖယ်ရှားရန်အတွက် လုံလောက်ကြောင်း ပြောကြားခဲ့သည်။

“ လူနည်းစုနဲ့ပဋိပက္ခတွေ ရပ်တန့်ဖို့ ကြိုးစားလုပ်ဆောင်ဖို့ဟာ အရမ်းအရေးကြီးပါတယ်။ ဥရောပသမဂ္ဂနိုင်ငံတွေဟာ ကူညီနိုင်တဲ့နေရာတွေမှာ ရဲတပ်ဖွဲ့တွေ ကို လေ့ကျင့်ပေးခြင်း နှစ်ဦးနှစ်ဖက်ကြား ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးတွေမှာ လုပ်ဆောင်ပေးပါမယ်” ဟု မစ္စတာဟေးဂ်က သတင်းထောက်များကို ပြောကြား ခဲ့သည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံရှိ ကုမ္ပဏီတစ်ထောင်နီးပါး၏ ပိုင်ဆိုင်မှုများကို ထုတ်ခွင့်ပိတ်ထားပြီး ဥရောပဇုံအတွင်းသို့ ဝင်ရောက်ခွင့် ပိတ် ခံရသူ ၅၀၀ခန့်ရှိသည်။

ဥရောပသမဂ္ဂသည် စစ်ရေးနည်းပညာ အကူအညီပေးခြင်းကို ဟန့်တားခဲ့ပြီး မိုင်းခွဲခြင်းလုပ်ငန်း၊ ကျွန်းသစ်နှင့် ကျောက်မျက်ရောင်းဝယ်ရေး နယ်ပယ်တွင် ရင်းနှီးမှုမြှပ်နှံ မှုကိုလည်း ပိတ်ဆို့ခဲ့သည်။
Ref:Reuters
The Myanma Age

ဂျပန်တို့ စစ်အထိမ်းအမှတ်နေရာသို့ သွားရောက်၊ အငြင်းပွားကျွန်းကြောင့် တင်းမာမှုတစ်ကြော့ပြန်

တိုကျို၊ ဧပြီ-၂၃။
တရုတ်နှင့် တောင်ကိုးရီးယားနိုင်ငံတို့က အတိတ်က ဂျပန်နှင့်စစ်မက်ဖြစ်ပွားခဲ့ခြင်း အထိမ်းအမှတ် အဖြစ်ယူဆထားသော စစ်ရေးအထိမ်း အမှတ်နေရာသို့ ဂျပန်ဥပဒေရေးဆွဲသူများ သွားရောက်ခြင်းကြောင့်
ဂျပန်နိုင်ငံနှင့် ၎င်းတို့ကြားတင်းမာမှုဖြစ်ပေါ်လာသည်။

အရှေ့တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားကျွန်းစုအနီးတွင် ဂျပန်ရေတပ်သဘောင်္များနှင့် တရုတ်သင်္ဘောများ ရောက်ရှိနေကြသည်။

တရုတ်သည် အငြင်းပွားကျွန်းဝန်းကျင်ရှိရေပိုင်နက်သို့ ဂျပန်လူမျိုးလှုပ်ရှားတက်ကြွသူ ၈၀ ခန့်ပါသည့်
ငါးဖမ်းလှေဆယ်စင်းလာရောက် သည်ကို တရုတ်တို့က ဆန့်ကျင်ကြသည်။

“ဂျပန်လက်ယာအုပ်စုတက်ကြွသူတွေ ဒိုင်အိုယူကျွန်းများနားသို့တရားမဝင်လာရောက်ခြင်းဟာအကျပ်အတည်းဖြစ်စေပါတယ်၊ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနဟာ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်”ဟု
နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းယင် က သတင်း ကွန်ဖရင့် တစ်ခုတွင် ပြောကြားသည်။

ဂျပန်ဘက်လည်း ၎င်းတို့ပိုင်ဆိုင်သော လူမနေကျွန်းများအနီးရေပိုင်နက်အတွင်း တရုတ် ကင်းလှည့်ယာဉ် ၈
စီးဝင်ရောက်ခြင်းသည် ကျူး ကျော်သည့် လုပ်ရပ်ဖြစ်ကြောင်း ဆန့်ကျင်ပြောကြား ခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တရုတ်နိုင်ငံက အငြင်းပွားကျွန်းများပေါ်သို့ တက်ရောက်ရန်ကြိုးပမ်းလျှင် အင်အားသုံးတွန်းလှန်မည် ဖြစ်ကြောင်း ပါလီမန်တွင် ပြောကြားကြောင်း သိရသည်။

သို့သော် ဂျပန်နိုင်ငံသည် နိုင်ငံရေယာဉ်များနှင့် တရုတ်သင်္ဘောများကြားပဋိပက္ခဖြစ်ပွားမည့်အရေးကို
ရှောင်ရှားလိုပြီး ဂျပန်ကမ်းခြေ စောင့် တပ်ကလည်း တရုတ်လှေများကို ထွက်ခွာရန် တိုက်တွန်းထားပြီးး
၎င်းတို့ထွက်ခွာလမ်းကို စောင့်ကြည့်ခဲ့သည်။

တရုတ်သည် ဂျပန်စစ်ပွဲများကိုဦးဆောင်ခဲ့သည့် စစ်ခေါင်းဆောင်၁၄ ဦးနှင့် ကျဆုံးသူများကို ဂုဏ်ပြုတည်ဆောက်ထားသော စစ်ရေး အထိမ်း အမှတ်နေရာသို့ ဂျပန်ဥပဒေပြုရေးကောင်စီမှ အနည်းဆုံးအယောက် ၁၆၈ ဦး အင်္ဂါနေ့က သွားရောက်ဂါရဝပြုခဲ့ရာ တရုတ်နိုင်ငံက ပြင်းထန်စွာ ဝေဖန်ပြောကြားခဲ့သည်။

၎င်း ဂါရဝပြုခြင်းသည် အထိမ်းအမှတ်နေရာသို့ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက အမှတ်တရပစ္စည်းတစ်ခု
ပေးပို့ပြီး အစိုးရအရာရှိဝန်ကြီးနှစ်ဦး သွားရောက်ဂါရဝပြုခဲ့ပြီးနောက် သွားရောက်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့သွားရောက်ဂါရဝပြုခြင်းကြောင့် ဂျပန်အိမ်နီးချင်းနိုင်ငံများအတွက် ဒေါသတကြီးဖြစ်စေခဲ့သည်။

တောင်ကိုးရီးယားနိုင်ငံသည်လည်း ၁၉၁၀မှ ၁၉၄၅ထိ ဂျပန်တို့၏ ကျွန်ပြုမှုကြောင့် ခါးသီးသောအတိတ်ကြောင်းများကြောင့် ယခုတစ်ခေါက် ဂျပန်အစိုးရဝန်ကြီးများအမှတ်တရနေရာသို့ သွားရောက်ဂါရဝပြုခဲ့သည့်အတွက် နိုင်ငံခြားရေးဝန်ကြီး၏ ဂျပန်ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သမိုင်းအဖြစ်အပျက်များနှင့်
မြောက်ကိုးရီးယား နျူအရေးဦးတည် ချက် အတွက် ပူးပေါင်းရေးကို ခွဲခြားထားသင့်ကြောင်း အင်္ဂါနေ့တွင်ပြောကြားသည်။

ဂျပန်ကွန်ဆာဗေတစ်နိုင်ငံရေးသမားများက ၎င်းတို့သည်နိုင်ငံ၏ စစ်ခေါင်းဆောင်များကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အရိုအသေပြုနိုင်သင့် ကြောင်း ပြောဆိုကြသည်။
Ref:Reuters
The Myanma Age

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်သော်လည်း မျှော်လင့်သလောက် မဖြစ်

 ရန်ကုန်၊ ဧပြီ ၂၃။
ယနေ့ ဧပြီလ ၂၃ရက်နေ့တွင် တိုင်းဒေသကြီး အသီးသီးရှိ ကျဉ်းထောင်အချို့မှ အကျဉ်းသားများ
လွတ်ငြိမ်းချမ်းသာခွင့် ရကြရာ သာယာဝတီ အကျဉ်းထောင်မှ အကျဉ်းသား၄၃ဦး လွှတ်ရာတွင် နိုင်ငံရေးအကျဉ်းသား နှစ်ဦးသာ ပါဝင်သောကြောင့် မျှော်လင့်သလောက် ဖြစ်မလာ၍ ကျန်ရှိသော နိုင်ငံရေးအကျဉ်းသားများအတွက် စိတ်မကောင်း ဖြစ်မိကြာင်း ယင်းအကျဉ်းထောင်မှ ယနေ့တွင် လွတ်မြောက်လာသောနိုင်ငံရေး အကျဉ်းသား တစ်ဦးးဖြစ်သူ ကိုအောင်သူက မြန်မာ့ခေတ်သို့ ပြောကြားသည်။

သာယာဝတီ အကျဉ်းထောင်မှ ယနေ့လွတ်မြောက်သော အကျဉ်းသား ၄၃ဦးတွင် နိုင်ငံရေး အကျဉ်းသားအဖြစ်ကိုအောင်သူနှင့် ကိုအေးမင်းဖြိုးတို့  နှစ်ဦးသာပါဝင်ပြီး ကျန်၄၁ဦးမှာ ၂၀၀၂ခုနှစ်တွင် ဖမ်းဆီးခဲ့သောရှမ်းလက်နှက်ကိုင် အဖွဲ့SSNAမှ ဖြစ်ကြောင်း၊ ယင်းထောင်အတွင်း ကိုအေးမင်းနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၅ဦး ကျန်နေသေးကြောင်း လွတ်မြောက်လာ သူနှစ်ဦး က ပြောကြားသည်။

“ အထဲမှာ ၁၅ယောက် ကျန်နေသေးတယ်။ အားလုံးကမှန်းထားတာက အကုန်လုံး ပါလိမ့်မယ်လို့ မျှော်လင့်ထားတာ။ ခုတော့ဖြစ်မလာဘူး” ဟု၂၀၀၉ခုနှစ် ဇွန်လတွင် ဖောက်ခွဲမှုဖြင့် အကျဉ်းကျ သွားသူ နိုင်ငံရေးအကျဉ်းသား ကိုအေးမင်းဖြိုးက ယင်း၏ မျှော်လင့်ချက်ကို ပြောကြားသည်။ ၎င်း၏ အစ်မဖြစ်သူ မနေခြည်ဦးက“အစ်မကတော့ ရုတ်တရက် ပြန်ရောက်လာတာ ဝမ်းသာ တာပေါ။့ ပြောမပြတတ်အောင်ပါပဲ” ဟု ပြောကြားသည်။

ယင်း သာယာဝတီ ထောင်အတွင်၌ အကျင်းသားများအား အုပ်ချုပ်ပုံများနှင့် ပတ်သက်၍ “အပြင်မှာလည်းပြောင်းလဲနေပြီဆိုတော့ ထောင်းတွင်းလည်း ပြောင်းလဲသင့်ပြီလို့ ကျွန်တော်မြင်တယ်။ အချို့ပြဿနာလေးတွေဆို သူတို့ ကိုင်တွယ်တာ မှားနေတယ်လို့မြင်တယ်။ ဒီထောင်ရဲ့ ပေါ်လစီကို
ပြောင်းလဲသင့်ပြီလို့မြင်တယ်။ ဒီထောင်က လူတစ်ယောက်ရဲ့ ပြုပြင်ပြောင်းလဲမှုကို လုပ်ပေးရမယ့်အစားမကောင်းမှုတွေကို မတတ်တတ်အောင် လုပ်ပေးနေတယ်လို့ မြင်တယ်။ တချို့ကိစ္စတွေမှာဆို အကျင်းသားတွေကိုဖိနှိပ်ပြီးတော့ ခွဲခြား ဆက်ဆံတာတွေ ရှိနေတယ်” ဟု ဖောက်ခွဲမှုအပါအဝင် ပုဒ်မ၃ခုဖြင့် ဖမ်းဆီးခံရကာလွတ်မြောက်လာသူ ဖြစ်သော ယခင် စွမ်းအားမြင့်မြန်မာ စစ်သည်တော်များအဖွဲ့မှ  နိုင်ငံရေးအကျဉ်းသား ကိုအောင်သူက ပြောကြားသည်။

အခြားနိုင်ငံရေး အကျဉ်းသားအဖြစ် လွတ်မြောက်လာသူများမှာ ပခုက္ကူထောင်မှ တစ်ဦး၊ သရက်ထောင်မှနှစ်ဦး၊ မန္တလေးအိုးဖိုထောင်မှ ၁၉ဦး၊ မြင်းခြံထောင်မှ ၆ဦးနှင့် ရန်ကုန်အင်းစိန်ထောင်မှ
၆ဦးဖြစ်ကြောင်း ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့မှ ရယူထားသော စာရင်းများအရ သိရသည်။
အောင်သိုက် ၊ ထက်နောင်နောင်
The Myanma Age



လူမျိုးရေး၊ ဘာသာရေး စွပ်စွဲတိုက်ခိုက်မှုကြောင့် ၈၈မျိုးဆက် ကျောင်းသားများအပေါ် ထိခိုက်မည်မဟုတ်

ရန်ကုန်၊ ဧပြီ ၂၃။
အွန်လိုင်းစာမျက်နှာများပေါ်တွင် လူမျိုးရေး ဘာသာရေးအရ စွပ်စွဲ တိုက်ခိုက်မှုများအား ပြန်လည်ဖြေရှင်းမှု ပြုလုပ်ခဲ့သော်လည်း ထင်ယောင် ထင်မှားဖြစ်မှုများကြောင့် မိမိအနေဖြင့်ရော၊ ၈၈ မျိုးဆက်ကျောင်းသားများ၏ ဂုဏ်သိက္ခာနှင့် ရပ်တည်ချက်အပေါ်ရော ထိခိုက်မည် မဟုတ် ကြောင်း ကိုမာကီက
မြန်မာ့ခေတ်သို့ ပြောကြားသည်။

၈၈မျိုးဆက်ကျောင်းသားများသည် လွန်ခဲ့သည့် နှစ်၂၀ ကျော်ကာလမှစ၍  ပြည်သူများ သိရှိပြီး
ဖြစ်သည့်အတိုင်း ကိုယ်ကျိုးအတွက် မဟုတ် ဘဲ အများအကျိုးအတွက် အမှန်တရားနှင့် တရာမျှတမှုအတွက် ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ကြကြောင်း၊ ထိုသို့ ရပ်တည်ခဲ့ကြ သည့် ဂုဏ်အပေါ် မည်သူမျှ လာရောက်ချေဖျက်နိုင်မည် မဟုတ်ကြောင်း၊ မိမိကိုယ်တိုင်မှလွဲ၍ မည်သူမျှ ချိုးဖျက်နိုင်မည် မဟုတ်ကြောင်း၊ ယခုကဲ့သို့ စွပ်စွဲပြောဆိုနေမှုများကြောင့် ဂုဏ်သိက္ခာ မကျဆင်းနိုင်ဟု ယူဆမိကြောင်းလည်း ပြောကြားသည်။

“ကျွန်တော်တို့က ဗမာတွေဖြစ်တယ်။ ဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက် ဗမာတွေ၊ ဗုဒ္ဓဘာသာတွေဘက်က ရပ်တည်ပြီး ပြောသင့်တယ်လို့ ယူဆ ကြတာပေါ့။ သူတို့ အယူအဆတွေအတိုင်း ကျွန်တော်တို့က လိုက်ပြီးမပြောတဲ့အခါမှာ ကျွန်တော်တို့အပေါ်ကို အဲ့လူတွေက တိုက်ခိုက်ကြတာ ပေါ့”ဟု ကိုမာကီက ၎င်းအပါအဝင် ၈၈မျိုးဆက် ကျောင်းသားများအပေါ် ဘာသာရေး၊ လူမျိုးရေး အရတိုက်ခိုက်နေမှုများအပေါ် သုံးသပ်ပြောဆိုသည်။

အဓိကအားဖြင့် ကိုမာကီအား အစ္စလာမ်ဘာသာဝင်တစ်ယောက်ဟု စွပ်စွဲတိုက်ခိုက်ကြခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း မိမိအနေဖြင့် မည် သည့်ဘာသာ မည်သည့်လူမျိုးကိုမျှ ခွဲခြားဆက်ဆံခြင်း မရှိသည့်အတွက်မွတ်ဆလင်တစ်ယောက်ဟု စွပ်စွဲခြင်းအပေါ် တစုံတရာ ပြန်လည် တုံ့ ပြန်ပြောဆိုခဲ့ခြင်း မရှိသည့်အပေါ် ယခုအချိန်တွင် ထင်ယောင်ထင်မှား ဖြစ်မှုများ ပိုမိုဖြစ်ပွးလာသည့်အတွက် ယခုကဲ့သို့ ၎င်း၏ အွန်လိုင်း စာမျက်နှာတွင်ပါ တုံ့ပြန်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အစ္စလာမ်တွေ မွတ်ဆလင်တွေ အပေါ်မှာလည်း ကျွန်တော့်အနေနဲ့ ဘယ်လိုမှ ခွဲခြားဆက်ဆံတာ မရှိတဲ့အတွက် အရမ်းနစ်နာသွားတယ် လို့ ကျွန်တော်ကတော့ မခံစားရဘူး”ဟု ကိုမာကီက ၎င်း၏ ခံယူချက်ကို မြန်မာ့ခေတ်သို့ပြောကြားသည်။

ကိုမာကီ၏ ဖခင်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပြီး မိခင်မှာ အာစီခရစ်ယာန် ဘာသာဝင်တစ်ဦးဖြစ်ကြောင်း၊ ငယ်စဉ်က ဖခင်၏ လိုက်လျောမှု ကြောင့် ခရစ်ယာန်ဘာသာ ကိုးကွယ်ခဲ့ကြောင်း၊ ၁၉၉၆ ခုနှစ် ဒုတိယအကြိမ် ထောင်ကျ၍ မြစ်ကြီးနားထောင်သို့ ရောက်ရှိစဉ် ထောင်တွင်းရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့
ပြဿနာတွေရဲ့ရိုက်ခတ်မှုကြောင့် စတင်၍ တရားထိုင်ခြင်း ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် ဆရာတော်ဦးဇောတိက၏ တရားကို ထောင်တွင်း၌ စတင်ကြားနာခဲ့ရရာမှ ဗုဒ္ဓဘာသာ၏ အဆုံးအမများအပေါ်
ယုံကြည်လက်ခံခဲ့ကြောင်း၊ ထိုသို့ ယုံကြည် လက်ခံခဲ့ခြင်း အပေါ် ဗုဒ္ဓဘာသာဝင် တယောက်ဟု ယူဆပါက မိမိသည် ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ကြောင်း ၎င်း၏ ကိုးကွယ်ယုံကြည်မှုအပေါ် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့သည်။

၎င်းအနေဖြင့် ရခိုင်ပြည်နယ်ရှိ နယ်စပ်ဖြတ်ကျော်ခိုးဝင်လာတဲ့ ကျူးကျော်သူတွေနဲ့ အစ္စလာမ်ဘာသာကိုလည်း သီးခြားစီ မြင်ပြီးဖြစ်ကြောင်း၊ သို့သော်လည်း တစုံတရာ တုန့်ပြန် ရှင်းလင်းခြင်း မရှိသည့်အတွက် ပုဂ္ဂိုလ်ချင်းရင်းနှီးသူ မိတ်ဆွေများအပါအဝင် လူချင်းမမြင်ဖူးကြတဲ့ မိတ်ဆွေ များကပါ အားမလိုအားမရ ဖြစ်လာကြကြောင်း၊ ထို့ကြောင့် ၎င်း၏ ကိုးကွယ်ယုံကြည်မှု အပေါ် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဝေယံ
The Myanma Age

ကိုရဲမင်းဦးအမှု မေလ ၂ ရက်နေ့ အမိန့်ချမည်

ရန်ကုန်၊ ဧပြီ ၂၃။
ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) မှ အတွင်းရေးမှူး ကိုရဲမင်းဦးကို
ကျောက်တံတားမြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံးတွင် ၃ ကြိမ်မြောက် ရုံးထုတ်ပြီးနောက် လာမည့် မေလ၂ ရက်နေ့တွင် ယင်းအမှုကို အမိန့်ချမှတ်တော့မည်ဖြစ်ကြောင်း ယင်း၏ရှေ့နေထံမှ သိရသည်။

“တရားလိုရဲ့ ထွက်ချက်ပေါ်မူတည်ပြီး တရားရုံးမှာ အချက်နှစ်ချက်ကို လျှောက်ထားခဲ့တယ်။ ပထမတစ်ချက်က အာမခံနဲ့ လွှတ်ပေးဖို့၊ ဒုတိယတစ်ချက်ကတော့ အမှုကနေ တရားရှင် အပြီး လွှတ်ပေးဖို့ပါ” ဟုကိုရဲမင်းဦး၏ရှေ့နေ ဦးအောင်သိန်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။

အနောက်ပိုင်းခရိုင် တရားရုံးတွင် သုံးကြိမ်မြောက် ရုံးထုတ်ချိန်တွင် ကိုရဲမင်းဦးက “သူတို့က မှန်မှန်ကန်ကန်မလုပ်ဘူး။ အစိုးရက ဒီမိုကရေစီနဲ့ မယဉ်ပါးသေးဘူး။ မင်းမဲ့စရိုက်ဆန်နေသေးတယ်။ သူတို့ကိုယ်တိုင် ဖြစ်နေတာ။ ဒါတွေက ဒီအမှုကို နောက်က ကြိုးကိုင်နေတာ ထင်ရှားတယ်” ဟု ပြောကြားသည်။

ယမန်နေ့က ဗဟန်းတရားရုံးတွင် ရုံးထုတ်ပြီး အပြန်တွင် သာကေတသို့ ခေါ်သွားကာ ထပ်မံ တရားဆွဲဆိုမှု ပြုလုပ်ခဲ့သည်ဟု ကိုရဲမင်းဦးက ပြောကြားသည်။

“သာကေတမှာ ၁၅၃(က) နဲ့ ကျွန်တော့်ကို တရားစွဲတယ်။ ဘာဖြစ်လို့ တရားစွဲမှန်း ခုချိန်ထိ ကျွန်တော်
မသိဘူး” ဟု ကိုရဲမင်းဦးက ပြောကြားသည်။

ကိုရဲမင်းဦးအမှုတွင် သက်သေနှစ်ဦးစီ စစ်ဆေးမေးမြန်းပြီး ဖြစ်သော်လည်း ယခုအချိန်ထိ ပြစ်မှုကျူးလွန်သည်ဟူသော အထောက်အထား တစုံတရာ ပြနိုင်ခြင်း မရှိသေးကြောင်း၊ မည်သည့် အတွက်ကြောင့် ယခုလို တရားစွဲသည်ကို မပြောနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

“ဒီလိုအမှုမျိုးဟာ ပုဒ်မ ၅၀၅ (ခ) ရယ်၊ ပုဒ်မ ၁၅၃ (က) ရယ် ဒါက အစိုးရအဖွဲ့က စွဲခိုင်းမှ ရတာ။
သူတို့ကတော့ အစိုးရဘက်က စွဲခိုင်းတာ မဟုတ်ဘူးတဲ့။ ရဲ အရာရှိက သူ့သဘောနဲ့ သူဆွဲတာလို့ ပြောတယ်။ ဒီအတွက် တရားရှင်လွှတ်ပေးဖို့ လျှောက်ရတယ်။ နောက်တစ်ပတ်မှာ အမိန့်ချမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကိုရဲမင်းဦးကို ဖမ်းဆီးထားခြင်းသည် ၉၆၉ ကိစ္စ၊ မိတ္ထီလာ ပဋိပက္ခကိစ္စ တို့နှင့် ပါတ်သတ်မှုမရှိကြောင်း၊
ဥပဒေတွင် လိုသည်ထက် ပို၍ မရကြောင်း၊ ကိုရဲမင်းဦး ရုံးထုတ်ချိန်တွင် လုံခြုံရေး ချထားသည်မှာ လိုအပ်သည်ထက် ပိုလွန်းနေကြောင်း ဦးကျော်ဟိုးက ပြောကြားသည်။

ရဲမင်းဦးကို ဖမ်းဆီးသွားပြီးနောက်ပိုင်း အနောက်ပိုင်း ခရိုင်ရဲစခန်း၊ ဗဟန်းရဲစခန်းတို့မှ တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅(ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခဲ့ပြီး ဧပြီလ ၂၂ ရက်တွင် သာကေတရဲစခန်းမှ ပုဒ်မ ၁၅၃(က) ရုန်းရင်းဆန်ခတ်မှု ဖြစ်စေရန် အားပေးအားမြှောက်ပြုမှုဖြင့် ထပ်မံ တရားစွဲဆိုထားကြောင်း သိရသည်။
ရည်မွန်
The Myanma Age

အိမ်နီးချင်းဖြစ်ပွားသည့်ရန်ပွဲကို ၀င်ရောက်ဖျန်ဖြေရာမှ သံဃာတစ်ပါး ထိခိုက်ဒဏ်ရာရ

April 23, 2013
လှိုင်သာယာမြို့နယ် အမှတ် (၆)ရပ်ကွက် အောင်စန္ဒာလမ်း တွင် ဧပြီ ၂၃ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်အချိန်က အိမ်နီး ချင်းဖြစ်ပွားသော ရန်ပွဲတစ်ခုအား သံဃာတစ်ပါးက ၀င်ရောက်ဖျန် ဖြေပေးရာမှ အဆိုပါသံဃာမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိ သွားကြောင်း သတင်းရရှိသည်။

အဆိုပါနေ့ နံနက်ပိုင်းက အောင်စန္ဒာလမ်း အဆောင်(၄)၊ အခန်း(က)တွင် နေထိုင်သော ဒေါ်မြင့်မြင့်သန်းနှင့် ၎င်း၏ ကပ် ရပ်အခန်းနေ ဦးတင့်လွင်တို့သည် ဦးတင့်လွင်၏နေအိမ်တွင် ကွန် ကရစ်ခင်းသည့်ကိစ္စနှင့်ပတ်သက် ၍ နှစ်ဦးနှစ်ဖက် စကားများခဲ့ကြ ကြောင်း အဆိုပါစကားများသည့် ကိစ္စအား မြေပိုင်ရှင်လာရောက်မှ ဖြေရှင်းကြရန် အိမ်နီးနားချင်းများ မှ ၀ိုင်းဝန်းပြောကြားခဲ့သော ကြောင့် ရန်ပွဲပြီးဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ညနေ ၄ နာရီ ကျော်ခန့်တွင် ဦးတင့်လွင်၏ဇနီး က နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပြဿနာနှင့်ပတ်သက်၍ ၎င်းင်း၏ နေအိမ်ရှေ့သို့ထွက်ကာ ပတ်ဝန်း ကျင်သို့ မကြားဝံ့မနာသာ ပြော ဆိုနေသောကြောင့် ဒေါ်မြင့်မြင့် သန်း၏ အစ်မဖြစ်သူနှင့် စကား များလုံးထွေး ရန်ဖြစ်ကြကြောင်း၊ ယင်းသို့ ဖြစ်ပွားနေစဉ် ဦးတင့်လွင် ၏သားဖြစ်သူ ဇင်မျိုးလတ်(ခေါ်) အရွတ်မန်းမှ ဓားကိုင်၍ ရောက်ရှိ လာသောကြောင့် နေပြည်တော် ပုဗ်္ဗသီရိမြို့နယ် မှန်ကင်းကျောင်း တိုက်မှ ကြွလာပြီး ရန်ပွဲဖြစ်ပွား သည့်နေအိမ်ရှေ့ရှိ အိမ်တစ်အိမ် တွင် ခေတ္တသီတင်းသုံးနေသော ဆရာတော်ဦးညာန်္ဒိမှ ၀င်ရောက် ဖျန်ဖြေစဉ် ဆရာတော်၏ ၀မ်း ဗိုက်နှင့် တံတောင်တို့တွင် ဒဏ်ရာ အနည်းငယ်ရရှိသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ““ဒီကိစ္စ စဖြစ်တော့ ဦးတို့က အဲဒီနားက မာရ်အောင် ဓမ္မာရုံမှာ တန်ဖိုးနည်းဖုန်းကတ် တွေမဲနှိုက်ပေးနေတော့ ပြဿနာ ကိုအချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပါ တယ်။ ဘာပဋိပက္ခမှလည်း မဖြစ် ဘူး။ အခု အဲဒီမိသားစုကို ရဲစခန်း မှာ ထိန်းသိမ်းထားတယ်။ အမှု လည်းဖွင့်ထားတယ်။ ဆရာတော် ကတော့  အခု မြို့နယ် သံဃ နာယကဆရာတော်ကျောင်းမှာ သီတင်းသုံးနေပါတယ်””ဟု ပြော ကြားသည်။

လှိုင်သာယာမြို့နယ် အုပ် ချုပ်ရေးမှူး ဦးထိန်စိုးက ““ဒါဟာ သာမန်ရန်ဖြစ်တဲ့ ဖြစ်ရိုးဖြစ်စဉ်ပါ။ အနည်းငယ် ထိခိုက်မိတာကလွဲ လို့ ဘာမှကြီးကြီးမားမားပြဿနာ မဖြစ်ပါဘူး။ ဥပဒေကြောင်းအရ လည်း အရေးယူဆောင်ရွက်နေ ပါတယ်””ဟု ပြောကြားသည်။

အခင်းဖြစ်ပွားသည့်ညတွင် အဆိုပါလမ်းနှင့် ရပ်ကွက်အတွင်း တွင် အမှတ်(၅)ရဲတပ်ရင်းမှ ရဲ ကားနှစ်စီး၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်မှ စစ်ကားနှစ်စီးတို့က လုံခြုံ ရေးဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါဖြစ်စဉ်ကို အကြောင်းပြု ကာ မလိုလားအပ်သောပြဿနာ များ ဆက်လက်မဖြစ်ပွားစေရေး အတွက် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
ဝင်းကိုကို၊ ကျော်သက်ခိုင်
The Hot News

မိုးကောင်းဆရာတော် မီးရှို့အသတ်ခံရမှု စတင်စစ်ဆေး

မိတ္ထီလာ၊ ဧပြီ ၂၂
မိတ္ထီလာပဋိပက္ခကို ပိုမိုကြီးထွားစေခဲ့သည့် မိုးကောင်းကျောင်းတိုက် ဆရာတော် ဦးသောဘိတ (၄၅)နှစ်ကို အကြမ်းဖက် သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့သူခုနှစ်ဦးကို မိတ္ထီလာခရိုင်တရားရုံး၌ ဧပြီလ၂၂ရက်နေ့တွင် ဒုတိယအကြိမ် ရုံးတင်စစ်ဆေးလျက် ရှိကြောင်း အဆိုပါတရားရုံးထံမှ စုံစမ်းသိရှိ
ရသည်။

အဆိုပါ ဆရာတော်ဦးသောဘိတ သတ်မှုတွင် ပါဝင်ခဲ့သော မိတ္ထီလာမြို့ သီရိမင်္ဂလာနယ်မြေ (၁) တွင် နေထိုင်သူဖိုးချို (၃၃) နှစ်၊ မျိုးထွန်းထွန်း (၄၀)နှစ်၊ မျိုးညွန့်ဦး ( ၄၁)နှစ်၊ မျိုးဝင်း (ခ) ဒါရှိဂန်း (၄၆) နှစ်၊ မြတ်ကိုကို (ခ) အဏ္ဏဝါ ( ၂၀ ) နှစ်၊ ညီညီနိုင် (၁၈)နှစ်နှင့် ပြည်သာယာမြောက်ရပ်တွင် နေထိုင်သည့် ဇော်ထက်နိုင် (၃၁) နှစ်တို့ကို ( ပ) ၇၆ /၂၀၁၃ပြစ်မှုပုဒ်မ ၃၀၂ /၄၃၆/ ၁၁၄ တို့ဖြင့် မိတ္ထီလာမြို့အမှတ် (၂) ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်မြင့်သန်းက တရားလိုပြုလုပ်၍ မိတ္ထီလာခရိုင်တရားရုံး၌ ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ တရားမကြီးအမှု အမှတ် ၁၆/၂၀၁၃ ဖြင့် လက်ခံ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ရုံးချိန်းကို ဧပြီလ ၂၂ ရက်နေ့ တွင် ထပ်မံဆင့်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်း တရားရုံးထံမှ သိရှိရသည်။

အဆိုပါ ပြစ်မှု ဒုတိယအကြိမ်ရုံးချိန်း တွင် တရားလိုပြသက်သေ ခြောက်ဦးကို
စစ်ဆေးကြားနာခဲ့ပြီး တတိယအကြိမ် တရားရုံးချိန်းကို ဧပြီလ၂၃ရက်နေ့သို့ ထပ်မံ ချိန်းဆိုခဲ့ကြောင်း ယင်းတရားရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ပြစ်မှု ကျူးလွန် ထွက်ပြေးလွတ်မြောက်လျက် ရှိသော မိတ္ထီလာမြို့ သီရိမင်္ဂလာနယ်မြေ (၂) တွင် နေထိုင်သည့် မော်လဝီကျော်နိုင် (၃၁) နှစ်၊ ကိုဝင်း(ခ) ကိုကိုဝင်း (ခ) ကျော်သူဝင်း (၂၆)နှစ်၊ စည်သူ (၂၆) နှစ်နှင့် သီရိမင်္ဂလာ နယ်မြေ (၁) တွင်နေထိုင်သူ ဟာဂျီမျိုးဝင်း (ခ) မျိုးညွန့် (ခ) အဒူလမန် (၃၀) နှစ် တို့ကို တရားခံပြေးများအဖြစ် အမှုဖွင့်၍ ရှာဖွေ ဖမ်းဆီးလျက် ရှိကြောင်း အဆိုပါမြို့နယ် အမှတ် (၂) ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိ ရသည်။

အဆိုပါဆရာတော် ဦးသောဘိတ သတ်မှုသည် မိတ္ထီလာဒေသခံများ အထူး စိတ်ဝင်စားလျက်ရှိရာ ယင်းပြစ်မှု ဒုတိယ မြောက် ရုံးချိန်းကို ဒေသခံပြည်သူများ တရားရုံးပြင်ပတွင် လာရောက်နားထောင်ခဲ့ ကြသည်။

ပြီးခဲ့သည့် မတ်လ၂၀ရက်နေ့ ညနေ ၅နာရီခန့်က သာစည်မြို့နယ် ဟံဇားကျေးရွာ၊ မိုးကောင်းကျောင်းတိုက် ဆရာတော် ဦးသောဘိတသည် မိတ္ထီလာ မြို့မဈေးကြီးသို့ မော်တော်ဆိုင်ကယ် ကယ်ရီဖြင့် လာရောက် ဈေးဝယ်ရာ သီရိမင်္ဂလာရပ်ကွက် ကားကြီးကွင်းနား အရောက်တွင် သီရိမင်္ဂလာနယ်မြေ (၁) နှင့်သီရိမင်္ဂလာနယ်မြေ (၂) တွင် နေထိုင်သည့် အကြမ်းဖက်လူတစ်စုက ဖမ်းဆီးရိုက်နှက်၍ ဓာတ်ဆီလောင်းမီးရှို့ ခဲ့ကြကြောင်း ဒေသခံ မျက်မြင်သက်သေများက ပြောကြားသည်။

ယင်းသို့အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသော ဆရာတော် ဦးသောဘိတကို ဒေသခံ လူငယ်အချို့က မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ကုသခဲ့သော်လည်း အဆိုပါည၌ ပင် ပျံလွန်တော်မူ သွားခဲ့ကြောင်း အဆိုပါ ဆေးရုံကြီး၏ တာဝန်ကျ ဆရာဝန်များထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

“ဒေါက်တာဆိတ်ဖွား” ကို လွှတ်တော်က ဆုံးဖြတ်မည်ဟု ခန့်မှန်း

ဧပြီလ ၂၃ ရက် ၂၀၁၃ ရန်ကုန်(မဇ္ဈိမ)။ ။ လွှတ်တော်ကို ဝေဖန်ထားသည့် ကလောင်ပိုင်ရှင် ဒေါက်တာဆိတ်ဖွားဆိုသူမှာ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်က သိရှိပြီးဖြစ်ပြီး ထိုသူကို လွှတ်တော်ပြန်စသည့် ဇွန်လကုန်တွင် ဆုံးဖြတ်မည်ဟု ခန့်မှန်းကြောင်း အဆိုပါ ကော်မရှင်အဖွဲ့ဝင် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။

သူက “အစီရင်ခံစာကို လွှတ်တော်ကို တင်ပြထားပါတယ်။ ဘယ်သူဆိုတာကို ပြည်ထောင်စုလွှတ်တော် နာယကနဲ့ လွှတ်တော်က ဆုံးဖြတ်မှာပေါ့။ ဇွန်လကုန်လောက်မှာ ထုတ်ပြန်မယ်ထင်တယ်” ဟု ပြောသည်။

ဒေါက်တာဆိတ်ဖွားမည်သူမည်ဝါဖြစ်သည်ကို အတိအကျမပြောသော်လည်း “ကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်လို့ရနေပါပြီ” ဟု ဦးဖုန်းမြင့်အောင်ကဆိုသည်။ “ဥပဒေအထက်တွင် လွှတ်တော်ရှိသလား” ဆိုသည့် ဆောင်းပါးတိုကို Voice of Myanmar ဟုအမည်ရသည့် အင်တာနက် ဘလော့ဂ်တွင် ဒေါက်တာဆိတ်ဖွား ကလောင်ဖြင့် ရေးသားသူကို ဖေါ်ထုတ်ပေးရန် ဇန်နဝါရီလ ၁၇ ရက်က ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်အမတ် ဒေါက်တာစိုးရင်က အရေးကြီး အဆိုတင်သွင်းခဲ့ပြီးနောက် ကော်မရှင်ဖွဲ့၍ စစ်ဆေးခဲ့ခြင်းဖြစ် သည်။

ဒေါက်တာဆိတ်ဖွားသည် သူ၏ဆောင်းပါးတွင် “လွှတ်တောင်ဥက္ကဌနှင့် အပေါင်းအပါများ” ဟူသည့် စကားလုံးကို သုံးနှုန်း ရေးသားခဲ့ခြင်းက အမတ်များကို တရားခံအဖြစ်သုံးသည့် အသုံးအနှုန်းဖြင့် ရေးသားဝေဖန်သည်ဟု လွှတ်တော်အမတ်များ က ဆိုသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သမ္မတရုံး၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ တပ်မတော်ဆက်သွယ်ရေးတပ်မှ အရာရှိများနှင့် သတင်းမီဒီယာ အချို့တို့နှင့် ပူးပေါင်းစစ်ဆေးခဲ့ပြီးနောက် ဒေါက်တာဆိတ်ဖွားကို သိရှိခဲ့ခြင်းဖြစ်သည် ဦးဖုန်းမြင့်အောင်၏ ပြောဆိုချက်အရ သိရသည်။

“ဆက်ပြီးတော့ ဘယ်လိုအရေးယူမလဲဆိုတာကိုလည်း လွှတ်တော်ကပဲဆုံးဖြတ်လိမ့်မယ်။ တရားရုံးမှာတော့ ဥပဒေအရ ပြန်ပြီးတော့ ရင်ဆိုင်ရင် ရင်ဆိုင်မှာပေါ့” ဟုလည်း ဦးဖုန်းမြင့်အောင်ကပြောသည်။

အဆိုပါ ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖေဖေါ်ဝါရီလ ၈ ရက်က စတင်ဖွဲ့စည်းခဲ့သည်။ ထိုကဲ့သို့ ဒေါက်တာဆိတ်ဖွား ကိစ္စကို စုံစမ်းဖေါ်ထုတ်ရန် လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အင်တာနက်တွင် ဝေဖန်မှုများရှိသလို နိုင်ငံရေးနယ်ပယ်တွင်လည်း လက်မခံမှုများရှိနေသည်။
မင်းမင်း
Mizzima - News in Burmese

ငွေလမင်း သံပစ္စည်းဆိုင်ဂဟေဆော်တဲ့ လေအိုးပေါက်ကွဲမှု(ရုပ်/သံ)

ရန်ကုန်မြို့ အရင် စော်ဘွားကြီး ကုန်း ကားဝင်းထဲက အိမ်ဆောက်ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်မှာ ဧပြီ ၂၃ ရက်နေ့ နေ့ လည် ၂ နာရီ ခွဲ လောက်မှာ ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပါတယ်။ ငွေလမင်း သံပစ္စည်းဆိုင်မှာ ဂဟေဆော်တဲ့ လေအိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ပီး ကလေး ၁ ယောက် လူကြီး ၂ ယောက် အပါအ၀င် ၃ ဦးသေဆုံး ပြီး ၄ ဦး ဒဏ်ရာရရှိသွားပါတယ်။ ဒဏ်ရာရရှိသူတွေကို အင်းစိန် ဆေးရုံကို ပို့ဆောင် ကုသပေးနေကြောင်း သတင်းရရှိပါတယ်။
(ရိုက်ကူး - အောင်စိုးထိုက်)
DVB TV News

အခြေခံပညာအဆင့် သင်ရိုးညွှန်းတန်း ဖတ်စာအုပ်များ ဈေးကွက်အတွင်းရောင်းအားကျ

ရန်ကုန်၊ ဧပြီ ၂၃။
အခြေခံပညာအဆင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသုံး သင်ရိုးညွှန်းတန်း ဖတ်စာအုပ်များဈေးကွက်အတွင်း ရောင်းအား ကျလျက်ရှိကြောင်း ဖတ်စာအုပ်ရောင်းချသူများ၏ ပြောကြားချက်အရ သိရသည်။

“ဒီနှစ်ရောင်းအားအရမ်းကျပါတယ်။ အရင်နှစ်က ဒီလိုအချိန်ဆိုရင် တစ်ရက်ကို နှစ်သောင်းဖိုးလောက်
ရောင်းနေရတဲ့ အချိန်မှာ အခုက ၅၀၀၀ ဖိုးလောက် ပဲရောင်းရတယ်။ လာဝယ်တဲ့သူတွေ အရမ်းနည်းတယ်” ဟု ဖတ်စာအုပ်ရောင်းချသူ ဒေါ်ညွန့်ညွန့်စိန်က ပြောကြားသည်။

ရောင်းအားကျဆင်းရခြင်းနှင့် စပ်လျဉ်းပြီး “အခုက အစိုးရက မူလတန်းအဆင့်ကျောင်းသားတွေကို ဖတ်စာအုပ် အလကားထုတ်ပေးနေတယ်။ အလယ်တနဲ့ အထက်တန်းအဆင့်က ၀ယ်သုံးရတယ်။ ဒါပေမယ့် အရင်နှစ်တွေက ရန်ကုန်၊ မန္တလေး ကို ပဲ ကျောင်းတွေကနေ ဖတ်စာအုပ် တွေကို ကြိုပြီးထုတ်ပေးတာ ရှိပေမယ့် ဒီနှစ်တော့ နယ်တွေမှာပါ ကြိုထုတ်ပေးတယ်။ ဒါကြောင့် ရောင်းအားကျနေတာပါ။” ဟု ပြည့်ဝေကျော် စာအုပ်ဖြန့် ချီရေးမှ ကို ကျော်ဇံထွေးက ပြောကြားသည်။

ယခုနှစ်အတွက် ဖတ်စာအုပ်ဝယ်ရင်းဈေးများမှာ ယခင်နှစ်ထက်စာလျှင် လေးချိုးတစ်ချိုး ထပ်တက်သွားကြောင်း၊ ဝယ်ရင်းဈေးတက်သည့် အပြင် ရောင်းအားများ ကျဆင်းနေသည့်အတွက်
ဖတ်စာအုပ်ရောင်းချရသူများ အခက်အခဲဖြစ်လျက်ရှိကြောင်း သိမ်ကြီးဈေးတွင် ဖတ်စာအုပ် ရောင်းချသူ ဒေါ်ညွန့်ညွန့်စိန် ၏ ပြောကြားချက်အရ သိရသည်။
ဆုဝေ
The Myanma Age

ဆီးရီးယားအတိုက်အခံခေါင်းဆောင်က ကမ္ဘာက တန်ပြန် ဆောင်ရွက်မှုမရှိခြင်းကြောင့် နှုတ်ထွက်မည်ဟု ပြောကြား

ဒမက်စကပ်စ်၊ ဧပြီ ၂၂။
ဆီးရီးယားအတိုက်အခံခေါင်းဆောင် အာမက်မိုအာဇ်အယ်ကာတစ်သည် အစိုးရတပ်များ ၎င်းတို့ သိမ်းယူခဲ့သောနယ်မြေများကိုပြန်လည်သိမ်း ယူခဲ့ခြင်းကို ကမ္ဘာက တန်ပြန်လုပ်ဆောင်မှုမရှိဟုယူဆပြီး ရာထူးမှ နှုတ်ထွက်ရန်ဆုံးဖြတ်ထားကြောင်း လုပ်ဖော်ကိုင်ဖက်များက တနင်္ဂနွေ နေ့တွင် ပြောကြားသည်။

သမ္မတအယ်အာဆတ်တပ်ဖွဲ့သည် မြို့တော်အနီးနှင့် လကုပ်သစ် ရွေးချယ်ရေးအတွက် အကြံဥာဏ်တောင်းယူခြင်းများ လုပ် ဆောင် နေကြပြီဖြစ်ကြောင်း သိရသည်။

ညွန့်ပေါင်းအဖွဲ့ အဖွဲ့ဝင်ကော်မတီကို ဦးဆောင်သည့် မစ္စတာဟာဂျစ်က “မစ္စတာကာတစ်ဟာ
ဆီးရီးယားပြည်သူတွေ ကိုယ်စား တစ်ကယ် မလုပ်ခဲ့လို့  နှုတ်ထွက် တာဖြစ်တယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆီးရီးယားမိတ်ဆွေများအုပ်စုဟာလည်း ဆီးရီးယားပြည်သူတွေ ကိုယ့်ကိုယ် ကိုယ် ကာကွယ်နိုင်ရေးအတွက် လက်နက်ကြီးတွေ ထောက်ပံ့ပေးသင့်ပါတယ်” ဟုပြောကြားသည်။

အစ္စတန်ဘူလ်တွင်ကျင်းပသည့် ဆွေးနွေးပွဲတွင် အမေရိကသည် လက်နက်ကိုင်အတိုက်အခံများကို လက်နက်များမပါဝင်သည့် စစ်သုံး ထောက်ပံ့ပစ္စည်း များ နှစ်ဆတိုးထောက်ပံ့မည်ဟု ပြောကြားခဲ့သည်။

သမ္မတအာဆတ်၏တပ်ဖွဲ့သည် လက်ဘနွန်နယ်စပ်အနီးရှိ အတိုက်အခံများသိမ်းပိုက်ထားသည့် ကူဆေယာမြို့အနီးသို့ တနင်္ဂနွေနေ့က ရှေ့တိုးလာခဲ့သည်။ အတိုက်အခံများက အစိုးရစစ်တပ်ကို လက်ဘနွန်ရှီအိုက်လှုပ်ရှားမှု ဟက်ဘိုလာမှ စစ်သားများက အကူအညီပေးကြောင်း  ပြောကြားသည်။

ကူဆေယာမြို့အနီးမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်ဆံ ၄ ခုသည် လက်ဘနွန်အရှေ့ပိုင်း ဟာမယ်ဒေသသို့ ကျရောက်ကြောင်း သိရသည်။

လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီက တနင်္ဂနွေနေ့အစောပိုင်းတွင် ဒုံးကျည်သုံးခုထိကြောင်း၊
နောက်တစ်ခုသည် နောက်ပိုင်းအချိန်တွင် ကျရောက်ကြောင်း သတင်းထုတ်ပြန်သည်။ ကူဆေယာဒေသသည် ဆီးရီးယားအတိုက်အခံများလက်အောက်တွင် တစ်နှစ်ရှိကျော်ပြီဖြစ်သည်။

“အစိုးရတပ် ဒီဒေသကို ဝင်ရောက်လာတဲ့အဓိက အကြောင်းပြချက်ဟာ ဟက်ဘိုလာတပ်ကြောင့်ဖြစ်တယ်၊ အစိုးရတပ်က လေကြောင်းက ကာပစ်ပေးနေချိန်မှာ ဟက်ဘိုလာတပ်ဟာမြေပြင်က ရှေ့တိုးလာတယ်” ဟု ကူဆေယာအခြေစိုက် အတိုက်အခံ ဟာဒီ အယ်အက်ဘဒယ်လာ က ပြောကြားသည်။

ဒမက်စကတ်မြို့အနီးရှိ ယာဒီဒက် အယ်ဖာဒီမြို့တွင်လည်း အစိုးရတပ်များ ငါးရက်ကြာတိုက်ခိုက်မှုကြောင့်အနည်းဆုံးလူ ရှစ်ဆယ်သေဆုံး ခဲ့ရ ကြောင်း မျက်မြင်သက်သေများက ဆိုသည်။
Ref:AFP
The Myanma Age

ကားတိုက်ခံရ၍ အမှုဖွင့်ရန်လာသူများကို ရဲဝန်ထမ်း (၃၀)ခန့်ဝိုင်းဝန်းရိုက်နှက်

April 23, 2013
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဧပြီလ (၁၆) ရက်နေ့ မဟာသင်္ကြန်အတက်  နေ့က စံပြ (၅) လမ်းရေကစား မဏ္ဍပ်ရှေ့တွင် စူပါစလွန်းဘင်ကား  တစ်စီးဝင်တိုက်သွားသည့်သူကိုစံပြ  ဆေးရုံသို့ဦးစွာပို့ဆောင်ခဲ့သော်လည်း ငွေကြေးခက်ခဲခြင်းကြောင့် ဆေးရုံမှ ပြန်လာကာ ရဲစခန်းသို့ သွားရောက်ပို့ဆောင်သည့်လူငယ်  ဦးမောင်ဇင်ကိုကို (၁၈) နှစ်၊ ကုလား (ခ) ပြည့်ဖြိုးပိုင် (၂၀) နှစ် (ကားတိုက်ခံရသူ) မောင်အောင်ကိုကို (၂၁) နှစ် (ဦးခေါင်းကွဲ၊ စံပြဆေးရုံတွင် ကုသပြီး နေအိမ်တွင်ဆေးကုသမှု ခံယူနေ)၊ ဦးသိန်းလှိုင် (၄၅) နှစ် (မျက်နှာတစ်ခြမ်းညိုမဲစွဲ)စသည့် (၄) ဦးကို သင်္ဃန်းကျွန်းရဲစခန်း ၀န်းထဲမှ ရဲဝန်ထမ်းအင်အား (၃၀) ခန့်က သံတုတ်နံပတ်တုတ် စသည်တို့ဖြင့် ၀ိုင်းဝန်းရိုက်နှက်သောကြောင့် ဒဏ်ရာအနာတရ များရရှိခဲ့သော်လည်း ၀ိုင်းရိုက်သည့်  ရဲစခန်းမှ ရဲများကိုအရေးယူခြင်း  မပြုသည့်အပြင်ပြည်တွင်းမီဒီယာ တစ်ခုဖြစ်သည့် တွင် ထိုသတင်းကိုဖော်ပြရာ၌ “သင်္ဃန်းကျွန်းရဲစခန်းဝန်းအတွင်း ဒုရဲအုပ်တစ်ဦးကို ၀ိုင်းဝန်းထိုးကြိတ် မှုဖြစ်ပွား”ဟူသော ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့သောကြောင့် ကာယကံရှင်များက မကျေနပ်၍ ပြည်သူလွှတ်တော်ကိုယ်စားလှယ်အား သွားရောက်တိုင်တန်းသော အခါ “ရဲတွေဆိုတာလည်းပြည်သူ ပါပဲ။ ငယ်တဲ့အမှုကို ကြီးအောင်  လုပ်ရင်ရဲတွေဖြစ်တဲ့ ပြည်သူတွေပဲ  ဒုက္ခရောက်မှာ ကြီးကြီးကျယ်ကျယ် တွေမလုပ်တာအကောင်းဆုံးပါပဲ” ဟု ဖြောင့်ပြလွှတ်လိုက်သောကြောင့် ကာယကံရှင်ပြည်သူ (၄) ဦးက Hot News Journal  တိုက်သို့လာ ရောက်ရင်ဖွင့်ခဲ့ကြပါသည်။

ဦးခေါင်းတွင်အရေပြားကွဲ  ပြီးဆေ့း ရုံက ဆင်းခိုင်းသဖြင့် နေအိမ်တွင်  ဆေးကုသမှုခံယူနေဆဲဖြစ်သည့် အသက် (၂၁) နှစ်အရွယ် ကိုအောင်ကိုကိုက သူကြုံတွေ့ခဲ့ ရသည့်အဖြစ်အပျက်အားပြောပြ ရာတွင် ““အစ်ကိုစဉ်းစားကြည့်ဗျာ၊ တာဝန်သိပြည်သူအနေနဲ့ သင်္ကြန်  မှာ ကားတိုက်ခံရတဲ့ လူကိုဆေး ရုံပို့ပေမဲ့ငွေကြေးအခက်အခဲကြောင့် ပြန်ဆင့်ပြီး တာဝန်နဲ့ မဏ္ဍာပ်ကို လာတဲ့ ရဲကိုအကူအညီတောင့် တာငါနဲ့ မဆိုင်ဘူးဆိုပြီး မလုပ် ပေးလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သင်္ဃန်းကျွန်းရဲ့စခန်းသွားပို့တာကို သင်္ဃန်းကျွန်းရဲ့စခန်းထဲက ပြည်သူ့ရဲဆိုတဲ့ရဲဝန်ထမ်းတွေက ၀ိုင်းရိုက်တာဗျာ။

တစ်ယောက်ဆို တစ်ကိုယ်လုံးညိုနေတယ်။ တစ်ယောက်ဆိုမျက်နှာတစ်ခြမ်း  ညိုမဲစွဲသွားတယ်၊ ကျွန်တော်ဆို ခေါင်းကွဲ သွားတယ်။ အဲဒါကိုချုပ်ပေးပြီး တော့ ဆရာဝန်ကဆေးရုံကနေ ဆင်းခိုင်းတယ်။ အဲဒါကို မကျေ နပ်လို့လွှန်တော်အမတ်ကို သွား  တိုင်တဲ့အခါသူကဘာပြောလဲဆို တော့ “ရဲတွေဆိုတာလည်း ပြည်သူ  ပါပဲ။ ငယ်တဲ့အမှုကို ကြီးအောင်  လုပ်ရင်ရဲတွေဖြစ်တဲ့ ပြည်သူတွေ ပဲ ဒုက္ခရောက်မှာ ကြီးကြီးကျယ် ကျယ်တွေမလုပ်တာအကောင်းဆုံး  ပါပဲ”ဟု အစ်ကိုရယ်။ စဉ်းစားကြည့်  ပါ ကျွန်တော်တို့မိဘနေရာမှာ သူသာဆိုရင်အဲဒီစကားမျိုးပြောပါ့ မလားဗျာ”ဟု ပြောကြားသည်။

၎င်းတို့၏အဒေါ်တော်စပ် သူဒေါ်စန္ဒာဝင်းကရဲစခန်းအပြင်  မှာနေ၍ သူတွေခဲ့ရသည့်ဖြစ်စဉ် ကို ပြောပြရာတွင် “ရဲတွေက ဒီကောင်တွေကိုအသေသတ်ဆို ပြီးတော့ အရေးပေါ်သံပေးပြီးတော့  ကျွန်မတူလေးတွေကို ၀ိုင်းရိုက်နေ တာကို ကျွန်မရင်နာနာနဲ့ မြင်ခဲ့ ရပါတယ်။ ပြည်သူလူထုကိုဒီလို ဆက်ဆံတဲ့ရဲတွေ မြန်မာနိုင်ငံမှာ မရှိသင့်ဘူးလို့ပဲ ကျွန်မအဓိက ယူဆပါတယ်”ဟု ပြောကြားသည်။ ၀ိုင်းဝန်းရိုက်နှက်ခံခဲ့ရသူ (၄) ဦး အား သင်္ဃန်းကျွန်းရဲစခန်းမှ (ပ) ၁၅၈/၁၃၊ ပုဒ်မ (၃၃၂/၁၁၄) ပြည်သူ့ဝန်ထမ်းအားတာဝန်ဝတ္တ ရားဆောင်ရွက်ခြင်းမှ ဟန့်တား ရန် မိမိအလိုလျှောက်နာကျင်စေ မှုတို့ဖြင့် အရေးယူထားပြီးထိုသူ (၄) ဦးအား အာမခံပေးရန်တောင်း  ဆိုခဲ့သည့်လေးထောင့်ကန်ရပ်ကွက်  နေရဲဝန်ထမ်းဟောင်းတစ်ဦးက “ကျွန်တော်ကသင်္ဃန်းကျွန်းရဲစခန်း  မှာပြဿနာဖြစ်တယ်လို့ကြားတော့  ရဲဝန်ထမ်းဟောင်းတစ်ဦးအနေနဲ့ သွားကြည့်ခဲ့တယ်။

ဟိုရောက်တော့ ရဲတို့ရဲ့ လုပ်ထုံးလုပ်နည်းထက် ကျော်လွန်ပြီး ဖွတ်ဖွတ်ညှစ်ညှစ်  ရိုက်ခံထားရတာကို ကျွန်တော် တွေ့ရတယ်။ အဲဒီအထဲမှာ အောင်ကိုကိုဆိုတဲ့ ကလေးက ခေါင်းကွဲသွားတယ်။ အဲဒီဒဏ်ရာ ကို စံပြဆေးရုံသွားပြတော့ခေါင်း ကို ၈တန်ချုပ်ခဲ့ရတယ်။ သူတို့ (၄) ယောက်လုံးကိုအာမခံနဲ့ ထုတ်ပြီးသူတို့ခန္ဓာကိုယ်အနှံ့ကို ကြည့်လိုက်တဲ့အခါမှာလည်း မျက်နှာ၊ လည်ပင်းစတဲ့ နေရာ တွေ ဖူးရောင်ပြီး ထိခိုက်ထားတာ ကို ကျွန်တော်မျက်မြင်ကိုယ်တွေ့  တွေ့ခဲ့ရပါတယ်။ ပြည်တွင်းမီဒီယာ နဲ့ ပတ်သက်ပြီးပြော ချင်တာကတော့ မီဒီယာဆိုတာ ဘာပဲဖြစ်ဖြစ်နစ်နာသူဘက်ကနေ မှန်မှန်ကန်ကန်ရပ်တည်တာဟာ စစ်မှန်တဲ့ မီဒီယာလို့ကျွန်တော် ယူဆထားပါတယ်လို့ပဲ ပြောချင်ပါတယ်”ဟု တာဝန်သိစိတ်ဖြင့်  ၀င်ရောက်ကူညီပေးနေသည်ရဲဝန်  ထမ်းဟောင်းတစ်ဦးက ၎င်းင်းမြင် တွေ့ရပုံနှင့် ၎င်း၏အမြင်ကိုပြော သည်။

ဘင်ကားတိုက်ခံရသူစံပြ ၆ လမ်းနေနာမည်ပြောင်ကိုကုလား နာမည်အရင်းပြည့်ဖြိုးပိုင်က “ကျွန်တော့်ကိုတိုက်သွားတဲ့ ကာနာပတ်ကိုတော့ မမှတ်မိလိုက် ဘူး။ ကျွန်တော်ကားတိက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရဲစခန်းကို သွားပြီး အကူအညီတောင်းတဲ့ အခါမှာ ကျွန်တော်နဲ့ ကျွန်တော် သူငယ်ချင်းသုံးရောက်ကိုရဲတွေ က ၀ိုင်းရိုက်ခဲ့ပါတယ်။ ရဲစခန်း သွားပြောပြောချင်းရိုက်တာမဟုတ်  ပါဘူး။ ကျွန်တော်တို့ရဲစခန်းဝင် ပြီး အကူညီတောင်းတဲ့အခါမှာ ဒုရဲအုပ်ကိုညီညီအောင်က ကျွန်တော်တို့ကို “ညီလေးတို့ ဒီကိစ္စက ယဉ်တိုက်မှုဖြစ်တဲ့ အတွက် ယဉ်ထိန်းရဲနဲ့ဆိုင်တယ်။

အစ်ကိုတို့နဲ့ ဒိုက်ရိုက်မပတ်သက်   ဘူးလို့” အေးဆေးစွာရှင်းပြနေတဲ့ အချိန်မှာ တာဝန်မှူးမျိုးကျော်ဆို တဲ့ သူရောက်လာပြီးတော့ “မော့ကောင်တွေ မင်းတို့က ဘယ်က  ကောင်တွေလည်း ဘာကိစ္စကို အမှုဖွင့်မှာလည်း စခန်းမှာရုတ်စိစိ  နဲ့ ငြိမ်ငြိမ်ထိုင်နေစမ်း”အဲလိုပြော တဲ့အချိန်မှာ နောက်ထပ်စွတ်ကျယ်  နဲ့ ပုဆိုးဝတ်ထားတဲ့ ရှဲဝန်ထမ်းတစ်  ယောက်ကညစ်ညမ်းစွာဆဲရေး တိုင်းထွာပြီးဝင်ရောက်ရိုက်နှက် တော့။ ပထမတော့ ကျွန်တော် တို့ငြိမ်ခံနေခဲ့ပါတယ်။ နောက် နာကျင်လာတော့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ခံပြီး ထွက်ပြေး  ဖို့ ကျွန်တော်တို့ကြိုးစားခဲ့ပါတယ်။

အဲဒီအချိန်မှာရဲတစ်ယောက်အရေး ပေါ်ဥသြဆွဲပြီးအရေးပေါ်၊ အရေး   ပေါ်ဆိုပြီး ရဲစခန်းတံခါးကို ပိတ်ပြီး  ကျွန်တော်တို့ကိုစခန်းဝန်းတဲ့ရှိ ရဲအင်အား ၃၀ ခန့် (အရပ်ဝတ် ပါ) ၀ိုင်းရိုက်ပါတော့တယ်။ အဲဒီ အချိန်မှာ စခန်းမှူး၊ မြို့နယ်မှူး စတဲ့ တာဝန်ရှိသူတွေရောက်လာ ပါတော့တယ်။ အဲတော့မှပဲ ကျွန်တော်တို့ကိုရိုက်တာရပ်သွား ပါတယ်။ နောက်တော့ရဲအရာရှိ  ကြီးတစ်ဦးကအားလုံးတာဝန်ယူ  တယ်။ ဘာမှမဖြစ်စေရဘူးလို့ပြော ပြီးဆေးကုသမှုခံယူရမယ်ဆိုပြီး စံပြဆေးရုံကိုပို့ပေးခဲ့ပါတယ်။ အစ်ကိုကျွန်တော်ပြောတာမယုံလို့ ရှိရင် သင်္ဃန်းကျွန်းရဲစခန်းက CCTV လုံခြုံရေးကင်မရာကို တောင်းကြည့်နိုင်ပါတယ်”ကျွန်တော် တို့ခံခဲ့ရပေမဲ့ ကျွန်တော်တို့လို လူငယ်တွေ နောက်တစ်ခါမခံရ အောင်ထိထိရောက်ရောက်ဖြစ်စေ ချင်တယ်ဟု ကားတိုက်ခံရသူကို ကုလား (ခ) ကို ပြည်ဖြိုးပိုင်က ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီး ဧပြီလ ၂၂ ရက် ၁၂ နာရီ  ၂၅ မိနစ်အချိန်တွင် သင်္ဃန်းကျွန်း  စခန်းမှူးဖုန်းနံပတ် (၀၉- ၇၃၁၀၁၈၁၆)အား ဆက်သွယ်၍ ဧပြီ ၁၆ ရက်နေ့ ညနေ ၆း၃၀ နှင့်  ၇း၃၀ အတွင်း ရိုက်ကူးထားသည့် CCTV လုံခြုံရေးကင်မရာ၏ ဗီဒီယိုဖိုင်အားလာရောက်ကြည့်ရှု ခွင့်ပေးရန်တောင်းဆိုခဲ့ရာ သင်္ဃန်းကျွန်းစခန်းမှူးက “ရန်ကုန်    တိုင်းရုံးနဲ့ပဲဆိုင်တာကျွန်တော်တို့  နဲ့မဆိုင်ဘူး”ဟု ပြောကာဖုန်းချ သွားခဲ့သည်။
လူထုမျိုးမြင့်၊ ပြည်သူ့ညီညီအောင်
The Hot News

သုံးလအတွင်း ရေနစ်သေဆုံးမှု (၁၀) မှု ဖြစ်ပေါ်ခဲ့

Tuesday, April 23, 2013
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင်းရှိ ညောင်ချောင်းသာ၌ သုံးလအတွင်း ရေနစ်သေဆုံးမှု (၁၀) မှု ဖြစ်ပေါ်ခဲ့ပြီးနောက် ကမ်းခြေတွင် လုံခြုံရေးအစီအစဉ်များ ကြပ်မတ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ညောင်တုန်းမြို.နယ် ရဲတပ်ဖွဲ.မှ သိရသည်။

အဆိုပါညောင်ချောင်းသာကမ်းခြေတွင် ရေနစ်သေဆုံးသူများမှာ ဖေဖေါ်ဝါရီလတွင်တစ်ဦး၊ မတ်လတွင်နှစ်ဦးနှင့် ဧပြီလတွင်သင်္ကြန်ရက်များအပါအ၀င် ရေနစ်သေဆုံးသူ(၇)ဦးထိ ရှိခဲ.ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းရ သိရသည်။

`ရေနစ်သေဆုံးတဲ့ သူကတော့ (၁၀)ယောက်လောက်ရှိသွားပြီ၊ အများစုကတော့ သောက်စားထားပြီး ရေဆင်းဆော့တဲ့သူတွေပါ။ နောက်ပိုင်းတော့ ကြပ်ကြပ်မတ်မတ်လေးလည်း ဖြစ်သွားအောင် ကျွန်တော်တို့ ရဲတပ်ဖွဲ့ကလည်း တပ်စိတ်(၃)စိတ် လောက် ချထားပေးသွားပြီး အခြားကူညီကယ်ဆယ်ရေးတွေလည်း လုပ်သွားမှာပါ´ဟုညောင်တုန်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

ရန်ကုန်မြို့မှ(၃၃)မိုင်ခန့်သာကွာဝေးသော ညောင်ချောင်းသာကမ်းခြေအား လွန်ခဲ့သည့် နှစ်နှစ်ခန့်က စတင် ဖွင့်လှစ်ခဲ့ရာ လာရောက်အပန်းဖြေသူများ များပြားသော်လည်း အခြားသော ထင်ရှားသည့် ကမ်းခြေများကဲ့သို့ ကယ်ဆယ်ရေး/လုံခြုံရေးအစီအစဉ်များ တိကျစွာမရှိခဲ့သည့် အတွက် ရေနစ်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့များချထားရေးအပါအ၀င် ကယ်ဆယ်ရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

`ရန်ကုန်နဲ့ကလည်း နေ့ချင်းပြန်လာကစားလို့ရတာရယ်။ ရေချိုကမ်းခြေဖြစ်နေတာရယ်ကြောင့် အခုတစ်နှစ် အတွင်းမှာ လာတဲ့သူတအားများတယ်။ ဒါပေမဲ့ ဒီနေရာက မြစ်ဆုံမှာ သောင်ထွန်းနေတာ ဖြစ်တဲ့ အတွက် ရေဆွဲအားရှိတာကို သတိပေးချက်တွေတော့ ထုတ်ပြန်ပေးသင့်တယ်။ ကျွန်တော်တို့ကတော့ ဆိုင်လာတဲ့လူတိုင်းကို သတိပေးပါတယ်´ ဟု ညောင်ချောင်းသာကမ်းခြေတွင် စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချနေသူ တစ်ဦးကဆိုသည်။

ညောင်တုန်းမြို့တော်ခန်းမတည်ဆောက်ရေးအတွက် လိုအပ်ငွေသိန်းပေါင်းသုံးထောင် ရှာဖွေနိုင်ရန် ညောင်တုန်းမြို့နယ် အာဏာပိုင်များနှင့် ညောင်တုန်းမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့မှ ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာတွင် သောင်ထွန်းနေသော အဆိုပါနေရာအား အပန်းဖြေနေရာတစ်ခုသဖွယ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ညောင်တုန်းမြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှ သိရပြီး အဆိုပါကမ်းခြေကို အပန်းဖြေစခန်းတစ်ခုအဖြစ် ဖွင့်လှစ်သွားမည် မဟုတ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။
မျိုးမင်းထွန်း (မြစ်မခ)၊
by Myit Makha Mediagroup on 23 Apr, 2013

ဗိုလ်ချုပ်ရုပ်ရှင်အတွက်ကိုရီးယားရုပ်ရှင်ထုတ်လုပ်သူများနှင့်တွေ့

ကိုရီးယားနိုင်ငံမှ ရုပ်ရှင် ထုတ်လုပ်သူများနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီဝင် များဖြစ်ကြသည့် လူမင်း၊ ထွန်းအိန္ဒြာဗို၊ ကြည်ဖြူသျှင်၊ မင်းထင်ကိုကိုကြီး တို့သည် အမှတ်(၅၄) တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ နေ့လည် ၂ နာရီက တွေ့ဆုံခဲ့သည်။
Popular Journal
သတင်း - သီဟ
ဓာတ်ပုံ - ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးကော်မတီနှင့် ထွဋ်မြတ်



Facebook ကနေ တိုက်ခိုက်မှု မစုစုနွေးခင်ပွန်း ကိုမာကီ တုံ့ပြန်ပုံ


Tuesday, April 23, 2013
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုမာကီနဲ့ သူ့ဇနီး မစုစုနွေးတို့ကို ဖေ့စ်ဘုတ်လူမှုကွန်ရက်တွေက တိုက်ခိုက်နေတာတွေကို ယနေ့တော့ ကိုမာကီက သူ့ရဲ့ ဖေ့စ်ဘုတ်ကတဆင့် သူ့ဘ၀ သူ့အကြောင်းကို အခုလို တုံ့ပြန်ဖြေရှင်းထားပါတယ်။

ကျနော် ကိုမာကီ ဗုဒ္ဓဘာသာလား၊ မွတ်ဆလင်လား၊ ဗမာလား၊ ကုလားလား ...

စာမျက်နှာတွေမှာ ကျနော်နဲ့ ကျနော့်ရဲ့အမျိုးသမီး မစုစုနွေးတို့ကို မကြာခနတိုက်ခဲ့တာတွေရှိပါတယ်။ အထူးသဖြင့်တော့ ကျနော့်ကိုတည်ပြီး မစုစုနွေးကို တိုက်ကြပါတယ်။

ဘယ်တုန်းကမှ ကျနော်တို့တုန့်ပြန်လေ့ မရှိခဲ့ပါဘူး။ unfriend, block … စတာတွေမလုပ်ခဲ့ပါဘူး။ comment တွေကိုတောင် ရိုင်းရိုင်းစိုင်းစိုင်းတွေမဟုတ်ရင် ဖြုတ်ပစ်လေ့ မရှိပါဘူး။

အခုမှ ကိုယ့်ရဲ့စိတ်ထဲ အမှန်ရှိတဲ့ သဘောထားအမြင်တွေကို ဖော်ထုတ်ခွင့်၊ အထိုက်အလျောက် လွတ်လွတ် လပ်လပ် ရေးသားခွင့်ရှိလာစဉ်မှာ အဟန့်အတား မလုပ်ချင်လို့ပါ။

အဓိကကတော့ ကျနော်ဟာ မွတ်ဆလင်ကုလားတစ်ယောက်ဖြစ်တယ်ဆိုပြီး တိုက်ကြတာပါ။ ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ်၊ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမှ ခွဲခြားဆက်ဆံလေ့မရှိတဲ့ အတွက် ကျနော်မွတ်ဆလင်ကုလားမဟုတ်ကြောင်း ဆတ်ဆတ်ထိမခံ တုန့်ပြန်စရာ မလိုဘူးလို့ပဲ ခံယူထားပါတယ်။

ပြီးတော့ မွတ်ဆလင်ကုလားဆိုပြီး တိုက်ခိုက်နေကြတဲ့အပေါ်မှာလည်း ကျနော်အားပေးအားမြှောက် မလုပ်ချင်လို့ပါ။ နောက်ထပ် အဓိကကျတဲ့ အချက်က ရခိုင်ဘက်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခအပေါ်မှာလည်း နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ကျနော့်ရဲ့ခံယူချက်ရှိပြီးသားမို့ပါ။

နယ်စပ်ဖြတ်ကျော်ခိုးဝင်လာတဲ့ ကျူးကျော်သူတွေနဲ့ အစ္စလာမ်ဘာသာကိုလည်း သီးခြားစီပဲမြင်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အန္တရာယ်ရှိတဲ့ ပထဝီဝင်သဘာဝ၊ ရခိုင်တိုင်းရင်းသားတို့ရဲ့ စိုးရိမ်ပူပန်မှုနဲ့အမျိုးသားရေး စိတ်၊ ဒါတွေကိုလည်း ကျနော်ရှင်းရှင်းလင်းလင်း နားလည်ထားပါတယ်။

ဒါ့ကြောင့် ကျနော်တို့ကို တိုက်ခိုက်နေတဲ့အပေါ်မှာ အထူးအထွေလည်း မခံစားရပါဘူး။ နစ်နာလှချည်ရဲ့လို့လည်း မခံစားခဲ့ရပါဘူး။

ဒါပေမယ့် အခုနောက်ပိုင်းမှာ ကျနော်တို့က တုန့်ပြန်မရှင်းတဲ့အတွက် ပုဂ္ဂိုလ်ချင်းရင်းနှီးသူ မိတ်ဆွေတွေကရော၊ လူချင်းမမြင်ဖူးကြတဲ့ မိတ်ဆွေတွေကပါ အားမလိုအားမရ ဖြစ်လာကြပါတယ်။
တချို့ဆိုရင် ထင်ယောင်ထင်မှားတွေတောင် ဖြစ်လာကြပုံရပါတယ်။

ဒါ့ကြောင့် ဘယ်တုန်းက မှ ဖြေရှင်းလိုစိတ် မရှိခဲ့တဲ့ကျနော် အခုတော့ …. ကျနော့်မာမီက စိန့်ဂျွန်း ကွန်ဗင့်ကျောင်း (ယခုလသာ၂)ထွက်ပါ။ မွန်ဗမာလူမျိုး RC ခရစ်ယန်ပါ။ ကျနော့် ဒယ်ဒီက ဗမာလူမျိုး ဗုဒ္ဓဘာသာပါ။ RC ဘာသာရဲ့ထုံးစံကို ဗုဒ္ဓဘာသာယောက်ျား ကျနော့်ဒယ်ဒီက လိုက်လျောခဲ့လို့ ကျနော် ဟာ မွေးကင်းစကတည်းက RC ခရစ်ယန်ဖြစ်ခဲ့ပါတယ်။

ခရစ်ယာန်နာမည် Mark ဆိုပြီး ရေဖြန်းခံခဲ့ရတာပါ။ Mark ဆိုတာကို ကျနော်တို့ဝန်းကျင်မှာ အခေါ်ရခက်လှတာမို့ Marky (မာကီ)ဆိုပြီး နာမည်တွင်ခဲ့ရပါတယ်။

ငယ်စဉ်ကလေးဘ၀တစ်လျှောက်လုံး Church တက်ခဲ့ရပါတယ်။ အသက်၁၈/၁၉မှာ စာပေတွေကတစ်ဆင့် လက်ဝဲအယူဆတွေ ၀င်လာပါတယ်။ (ဒယ်ဒီရော၊မာမီရောက စာဖတ်သမားတွေမို့ ကျနော့်ကိုလည်း စာဖတ် ၀ါသနာပါစေပါတယ်) အဲဒီကတစ်ဆင့် ကွန်မြူနစ်စာပေ၊အယူအဆတွေရဲ့ လွှမ်းမိုးခြင်း ခံခဲ့ရပါတယ်။

ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာပတ်ဝန်းကျင်၊ ဗုဒ္ဓဘာသာစာပေတွေနဲ့ နီးနီးစပ်စပ် ကြီးပြင်းခဲ့ရပေမယ့်၊ ကျနော်ကိုက ဘာသာရေးကို စိတ်မဝင်စားခဲ့ပါဘူး။

ဗုဒ္ဓတရားတော်တွေကို လေ့လာဖြစ်တဲ့အခါမှာလည်း ကြည်ညိုသဒ္ဓါစိတ်နဲ့ မဟုတ်ဘဲ၊ ငြင်းခုန်ဖို့ အချက်အလက်ရှာတဲ့အနေနဲ့ပဲ ဖတ်ရှုခဲ့တာမို့ ကျနော်ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက် မဖြစ်ခဲ့ပါ။

ပြီးတော့ လူငယ့်သဘာဝ ပတ်ဝန်းကျင်ကို စူးစမ်းတဲ့အခါမှာလည်း ပါးစပ်ကဘုရားဘုရား လက်က ကားယားကားယားဆိုတဲ့သူက ခပ်များများမို့ ဘာသာတရားနဲ့ ခပ်ကင်းကင်းပဲ ဖြစ်ခဲ့ပါတယ်။

အဲဒါကတော့ ကျနော့်ရဲ့ လူငယ်ဘ၀တစ်လျှောက်လုံးဆိုပါတော့။ မာမီက သူကိုယ်တိုင် လွတ်လပ်ခွင့်ကို မြတ်နိုးသူမို့ ကျနော့်အသက် ၁၈နှစ် ပြည့်တဲ့နေ့မှာ Church မတက်လိုက မတက်ဘဲနေနိုင်ခွင့်ပေးခဲ့ပါတယ်။

၁၉၉၆ ခုနှစ် ဒုတိယအကြိမ်ထောင်ကျလို့ မြစ်ကြီးနားထောင် ရောက်နေစဉ် (၁၉၉၈ခုနှစ် ကျနော့်အသက် ၃၀ကျော်) မှာ အပြောင်းအလဲ စဖြစ်ပါတယ်။

ကျနော်တို့ထောင်ထဲမှာ နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရ တဲ့ ပြဿနာတွေရဲ့ရိုက်ခတ်မှုကြောင့် ကျနော့် စိတ်တွေ အတော်ပူလောင်ညှိုးချုံးခဲ့ရတယ်။ ဒေါသဖြစ်လွယ်ပြီး မကြာခနပေါက်ကွဲချင်လာတယ်။ ရန်လိုလာတယ်။

ဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး Meditation လုပ်ဖို့ကြိုးစားတယ်။ တရားထိုင်တယ်။ တစ်နာရီလုံးလုံးထိုင်တာကို တစ်မိနစ်ပြည့်အောင်မရဘူး။ အလွယ်ဆုံးလို့ ပြောလို့ရတဲ့ ဂဏကမ္မဌာန်းတောင် မှတ်လို့မရခဲ့ဘူး။

တစ် နှစ် သုံး လေး ငါး .. စသဖြင့် ရေတွက်တာပေါ့လေ။ တစ်ဆယ်ပြည့်အောင်တောင် ရေတွက်လို့ မရခဲ့ဘူး။

အဲဒီ့အချိန်မှာ ထောင်က ဖွင့်ပေးနေတဲ့ sound box ကနေ ဆရာတော်ဦးဇောတိကရဲ့တရားကို စတင်ကြားနာရတာပဲ။

အရှုပ်ထဲမှာ ရှင်းအောင်နေ တဲ့။ စ ကြားခါစက ဘယ်ဆရာတော်မှန်းတောင် မသိပါဘူး။ ကိုယ့်ကို ရည်ရွယ်ပြီး ဟောနေတယ်လို့ကို ထင်ရလောက်အောင် ထိမိလွန်းလို့ စုံစမ်းတော့မှ ဆရာတော် ဦးဇောတိကမှန်း သိရတာပါ။

အဲဒီကစပြီး ဆရာတော်ရဲ့စာအုပ်တွေကို ဆက်တိုက်ဖတ်ဖြစ်ခဲ့တယ်။ မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကို ယုံကြည်လက်ခံခဲ့တယ်။ တတ်နိုင်သမျှလည်း အဆုံးအမနဲ့ညီအောင် ကြိုးစားပြီး နေထိုင်ပါတယ်။

အဲဒီလောက်ကို ဗုဒ္ဓဘာသာပါလို့ သတ်မှတ်မယ်ဆိုရင်တော့ ကျနော် ဗုဒ္ဓဘာသာပါပေါ့။

ဒါပေမယ့် ကျနော်ကတော့ ကိုယ့်ကိုကိုယ် အပြည့်အ၀ မကျင့်ကြံ၊ မနေထိုင်နိုင်သေးတဲ့ အဆုံးအမတွေ ရှိနေသေးတာမို့ ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာပါလို့ ပြောရမှာ မြတ်ဗုဒ္ဓကို အားနာနေမိပါတယ် ... ။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ မစုစုနွေးရဲ့ ခင်ပွန်း ကိုမာကီရဲ့ တုံ့ပြန်ဖြေရှင်းမှုကို ကိုမာကီ ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက ကူးယူဖော်ပြပေးလိုက်တာပါ။
ဧရာဝတီ

သစ်တောပလပ်မြေ၌ ရွှေတူးဖော်ခြင်းဆိုင်ရာ မြေအလွဲသုံးစားမှုဖြစ်ပွားနေ

Tuesday, April 23, 2013
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးအုပ်စုရှိ သစ်တော ပလပ်မြေ ဧက ၅၀.၈၅ တွင် ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီနှင့် ဒေသခံပြည်သူများအကြား မြေယာအလွဲသုံးပြဿနာ ဖြစ်ပွားလျက်ရှိသည်။

ငါးပြားပေးကျေးရွာတည်ရှိရာ အဆိုပါမြေနေရာ၌ ရွှေလုပ်ကွက်အဖြစ် လုပ်ကိုင်နေကြသော ငါးပြားပေးလုပ်ကွက်မှာ သစ်တောဦးစီးဋ္ဌာနမှ ၅၀.၈၅ ဧကရှိသည့် မြေကွက်အား ပလပ်မြေအဖြစ် သတ်မှတ်ပေးထားကြောင်း ဒေသခံပြည်သူ များထံက သိရှိရသည်။

`ပလပ်မြေဆိုရင်တော့ ရွှေလုပ်ကွက်လည်း လုပ်ခွင့်မရှိဘူး၊ လူနေခွင့်လည်း မရှိပါဘူး၊ အများပိုင်မြေအဖြစ် မိုးတွင်း ကာလမှာ ရေ၀ပ်တွင်းအဖြစ် ထားပေးတာပဲ ဖြစ်တယ်`ဟု အမည်မဖော်လိုသူ သတ္တုတွင်းအင်ဂျင်နီယာ တစ်ဦးက ပြောသည်။

အဆိုပါသစ်တောပလပ်မြေတွင် ပြည်သာနိုင်ကုမ္ပဏီ၊ ထက်ရည်လင်းကုမ္ပဏီ၊ future၊ ရွှေပေါက်ပေါက်နှင့် အောင်ကိုသူ ကုမ္ပဏီများက ဒေသခံအင်းလုပ်ငန်းရှင်များနှင့် အကျိုးတူရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရ သည်။ အစိုးရထံ ရွှေတူးဖော်ခွင့် လေလံအောင်ထားပြီးသား ကုမ္ပဏီများနှင့် ဒေသခံငွေကြေးတတ်နိုင်သူတို့က အင်းပိုင်ရှင် အဖြစ် အကျိုးတူ ရွှေတူးဖော်နေကြခြင်းဖြစ်သည်။

ငါးပြားပေးလုပ်ကွက်ကို လေလံအောင်ရရှိထားသည့်ကုမ္ပဏီများမှ ပြည်သာနိုင် ကုမ္ပဏီမှာ ရွှေလုပ်ကွက် ရရှိထားပြီး လေလံအောင် ဧက ၄၀၊ လုပ်ကွက် ၂ ကွက် လုပ်ပိုင်ခွင့်ရရှိခဲ့ကြောင်း၊ အင်းပေါင်း ၈၀ ၀န်းကျင်တွင် အင်းပိုင်ရှင်ပေါင်း ၅၀ ၀န်းကျင်ခန့်နှင့် အကျိုးတူတွဲဖက်လုပ်ကိုင်နေရခြင်းဖြစ်ပြီး ၊ ဒေသခံပြည်သူများနှင့် မြေယာပြဿနာဖြစ်ပွားနေသည့် သတ္တုတူးဖော်ရေး ကုမ္ပဏီဖြစ်သည်။
ပြည်သာနိုင် ကုမ္ပဏီအနေဖြင့် ငါးပြားပေးရွာလုပ်ကွက်လုပ်ကိုင်ခွင့်မှ နိုင်ငံတော်သို့ တစ်နှစ်လျှင် ရွှေစင်( ၂၄) ကျပ်သား ပေးဆောင်ရန် သဘောတူညီမှုရရှိထားကြောင်း လေလံကာလမှာ ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ (၃)နှစ် လေလံ အောင်ခဲ့သည့် ကုမ္ပဏီလည်းဖြစ်သည်။

အဆိုပါဒေသ၌ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ပြဒါးနှင့်ဖမ်း၍ ရွှေတူးသန့်စင်ခြင်း၊ ဆိုက်ရာနိုက်ဓါတု ပစ္စည်းသုံး၍ ချက်ကန်များမှ ရွှေသန့်စင်ခြင်း အပါအ၀င် နောက်ဆုံးအဆင့်အနေဖြင့် ရွှေထုတ်ပြီးသား အကြွင်းအကျန်စွန့်ပစ်မြေအား ၀ယ်ယူကာ ခဲနှင့်ရွှေကိုပြန်ဆွဲ၍ ငရဲမီးနှင့်စားကာ မီးလင်းရွှေအဖြစ် ထုတ်လုပ်သည့် မိုက်လုပ်ငန်းများလုပ်ကိုင်ကာ ရွှေရှာဖွေလျက်ရှိပြီး မန္တလေးရှိ အောင်သမာဓိ၊ ၀ိန့်စိန်အစရှိသည့် ရွှေဆိုင်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိသည်။

သစ်တောမှ ပလပ်မြေ၊ စားကျက်မြေ၊ မီးတားမြေတို့မှာ ပတ်ဝန်းကျင်နှင့် လူနေမှုဘ၀ အဆင်ပြေစေရန် ရည်ရွယ်ချမှတ် ထားသော မူဝါဒများဖြစ်သောကြောင့် သစ်တောဥပဒေကို လိုက်နာ ထိန်းသိမ်းသင့်ကြောင်း၊ သစ်တောပလပ်မြေ တွင် ရွှေတူးဖော်နေခြင်းကို ခွင့်မပြုသင့်ကြောင်း သတ္တုအင်ဂျင်နီယာက သုံးသပ်ပြောဆိုသည်။
မန္တလေးတိုင်းဒေသကြီး၊ စဉ်ကူးမြို့နယ်အတွင်း ကျေးရွာအုပ်စု(၃၉)အုပ်စုရှိပြီး ရွာပေါင်း(၁၂၀)ကျော်ရှိကာ ရှောက်ပင် ရိုးကျေးရွာ အုပ်စုရှိ ရှောက်ပင်ရိုး၊ ပျဉ်းပင်၊ ကဗြို၊ နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ငါးပြားပေးနှင့် ကံတောင်ကျေးရွာများ၌ ရွှေသတ္တုတူးဖော် ရေးလုပ်ငန်းများအား လုပ်ကိုင်လျက်ရှိသည်။
Myitmakha Media Group

ဒါတွေရပ်ရင် ဆွေးနွေးမယ်ဟုမြောက်ကိုရီးယားဆို

April 23, 2013


မြောက်ကိုရီးယားနိုင်ငံအပေါ် ကမ္ဘာ့ကုလသမဂ္ဂက အရေးယူ ပိတ်ဆို့မှုတွေရပ်ရင် လက်ရှိ ဆောင်ရွက်နေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေရပ်ရင် မြောက်ကို ရီးယားအနေနဲ့ တောင်ကိုရီးယား အမေရိကန်တို့နဲ့ ဆွေးနွေးမယ်လို့ ဧပြီလ ၁၈ ရက်မှာ မြောက်ကိုရီး ယားစစ်ကော်မရှင်က သတင်း ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယားနိုင်ငံက တော့ ဒါဟာ တစ်ဖက်သက် တောင်းဆိုမှုဖြစ်တယ်။ မြောက် ကိုရီးယားရဲ့ တောင်းဆိုမှုဟာ နားလည်ရခက်တယ်လို့ ပြောနေပါတယ်။ သို့သော် ကုလသမဂ္ဂ ကတော့ မြောက်ကိုရီးယားရဲ့ တောင်းဆိုမှုကို လောလောဆယ် တုန့်ပြန်ပြောဆိုမှုတစ်စုံတစ်ရာ မရှိသေးပါဘူး။ မြောက်ကိုရီးယားကတော့ ကုလသမဂ္ဂအနေနဲ့ မြောက်ကိုရီးယားနိုင်ငံဟာ နျူး ကလီးယားစစ်ပွဲတစ်ရပ်ကို ဖန်တီး နေတယ်ဆိုတဲ့ အချက်ကို ပြန်ရုပ်သိမ်းပါ။

ဒီလိုဆိုရင်ဖြင့် မြောက်ကိုရီးယားနဲ့ ကုလသမဂ္ဂ တို့အကြားမှာ ညှိနှိုင်းဆွေးနွေးမှု တွေဖြစ်လာနိုင်ပါတယ် လို့ ပြော ကြားနေပါတယ်။

အမေရိကန်ကတော့ မြောက် ကိုရီးယားရဲ့ ကမ်းလှမ်းမှုဟာ အပြုသဘောဆောင်တယ်လို့ ဆိုလိုက်ပါတယ်။ တရုတ်ကလည်း မြောက်ကိုရီးယားရဲ့ တောင်းဆိုမှု ကို ကြိုဆိုလိုက်ပါတယ်။
အတွင်းရေးမှူးချုပ် ဘန်ကီ မွန်းကတော့ လောလောဆယ်မှာ မြောက်ကိုရီးယားတို့ တစ်ဖက် သတ်ပိတ်ဆို့ထားတဲ့ ကေဆောင် စက်မှုဇုန်ကို ပြန်လည်ဖွင့်ပေးပါ လို့ ပြောနေပါတယ်။

မည်သို့ဆိုစေ မြောက်ကိုရီး ယားရဲ့ ကမ်းလှမ်းချက်ဟာ အကြို သဘောဆောင်တယ်လို့ ဒေသ တွင်း နိုင်ငံများက ပြောကြား လျက်ရှိနေပါတယ်။ ကိုရီးယား ကျွန်းဆွယ်တင်းမာမှုလျော့ကျ ရေးအတွက် အထောက်အကူပြု စေတဲ့ အချက်တစ်ချက်ဖြစ်နိုင်ပါတယ်။
The Hot News

ဒေါ်စုနှင့်ဂျပန်ဝန်ကြီးချုပ်တို့ပညာရေးကိစ္စဆွေးနွေး

April 23, 2013
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်သည် ဂျပန်ခရီးစဉ်အတွင်း ဧပြီ ၁၈ ရက်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဆေးနှင့်တွေ့ဆုံပြီး အနာဂတ်မြန်မာနိုင်ငံဖွံ့ဖြိုးရေး အတွက် လူငယ်များ၏ ပညာရေး သည် အက္ခရာကျကြောင်း ၎င်း တို့နှစ်ဦးသဘောတူညီခဲ့ကြသည် ဟုသိရသည်။

၎င်းင်းတို့နှစ်ဦးသည် ဂျပန်ဝန် ကြီးချုပ်ရုံးတွင် ၃၅ မိနစ်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်အတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီတိုးတက် မှုရှိစေရေး ဆောင်ရွက်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အောင် မြင်မှုအတွက် ဂျပန်ဝန်ကြီးချုပ်က ချီးကျူးခဲ့ကြောင်း မြန်မာနိုင်ငံတွင် လူမှုအခြေခံအဆောက်အအုံတည် ဆောက်ရေးအတွက် ဂျပန်အစိုး ရက ဖွံ့ဖြိုးရေးအကူအညီများ ဆက်လက်ပေးအပ်မည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍရင်းနှစ်မြှုပ်နှံမှု တိုး တက်ရေးအတွက် ကူညီမည်ဟု ဂျပန်ဝန်ကြီးချုပ်က ကတိပြုခဲ့ ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က လည်း အလုပ်အကိုင်ဖန်တီးပေး နိုင်မည့် စီးပွားရေးအကူအညီပေး ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ် ရန် ဂျပန်ကို တောင်းဆိုလိုက် ကြောင်း သိရသည်။
အောင်ဘသိန်း
The Hot News

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com