http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ထိုင်းနိုင်ငံနှင့် ထိစပ်သော ဂိတ်ပေါက် သုံးခု သြဂုတ်လ စတင်ဖွင့်လှစ်မည်

နိုင်ငံခြားသား ခရီးသည် အ၀င်အထွက် ခွင့်ပြုပေးမည့် မြ၀တီမြို့တွင်း တစ်နေရာအား  ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကိုရွှေသိန်း) 

Saturday, 20 July 2013
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော ထိုင်းနိုင်ငံ နယ်စပ်ဂိတ်ပေါက်များ ဖြစ်သော ကရင်ပြည်နယ်ရှိ မြ၀တီ-မဲဆောက်၊ ရှမ်းပြည်နယ်ရှိ တာချီလိတ်-မယ်ဆိုင်နှင့် တနင်္သာရီတိုင်းရှိ ကော့သောင်း-ရနောင်း စသည့် နယ်စပ်ဂိတ်ပေါက် သုံးခုကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ပထမပတ်တွင် ထိုင်းနိုင်ငံသားများနှင့် ကမ္ဘာလှည့် ခရီးသွားများ မြန်မာနိုင်ငံတွင်းသို့ လာရောက် လည်ပတ်နိုင်ရန် စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ နယ်စပ်ဂိတ်မှ ၀င်ရောက်လာသော ခရီးသွားများမှာ ကန့်သတ်ဒေသများမှ အပ မည်သည့်နေရာ ဒေသမဆို သွားလာနိုင်ကြောင်းလည်း သိရသည်။ ထိုကဲ့သို့ ထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိသော နယ်စပ်ဂိတ်များ ဖွင့်လှစ်ရခြင်းမှာ ခရီးသွားလုပ်ငန်း တိုးတက်ရန် အတွက်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။ အဆိုပါ ခရီးသွားများမှာ နယ်စပ်ဂိတ်ပေါက်များမှ ၀င်ရောက်နိုင်ပြီး နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးလေဆိပ် အပါအ၀င် မည်သည့် ထွက်ပေါက်မှမဆို ပြန်လည်ထွက်ခွာခွင့် ပြုမည် ဖြစ်ကြောင်းလည်း သိရသည်။  

ဗီဇာကြေး အပါအ၀င် အခွန်အခ ကောက်ခံနှုန်းထားများကို ယခင်သတ်မှတ်ချက်များ အတိုင်းသာ ပေးဆောင်ရမည်ဖြစ်ပြီး အသေးစိတ် အစီအစဉ်များကိုမူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။  

''အခု လောလောဆယ်မှာ အသေးစိတ် ကျွန်တော်တို့ မသိရှိသေးပါဘူး။ လက်ရှိမှာတော့ နိုင်ငံကူး လက်မှတ်တွေ၊ လုပ်ငန်း ဗီဇာတွေနဲ့ပဲ သွားလာနေကြပါတယ်'' ဟု ကော့သောင်း နယ်စပ်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မကဖ (၁၅) မှ အရာရှိ တစ်ဦးက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင်းသို့ ကမ္ဘာလှည့် ခရီးသည်များနှင့် နိုင်ငံခြားသား ဧည့်သည်များအတွက် မဲဆောက်-မြ၀တီ နယ်စပ်အပြင် ကန်ချာပူရီ၊ လွိုင်ကော်၊ ထားဝယ်နှင့် အခြားသော နယ်စပ်ဝင်ပေါက်များမှ ၀င်ရောက်ရန် လွယ်ကူတော့မည် ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် ဧပြီလက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၏ ပြောကြားချက်အရ သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံတွင်းသို့ ရန်ကုန်လေဆိပ်မှ တစ်ရက်လျှင် ပြည်ပ ခရီးသွားဧည့်သည် ၁၅၀၀ ကျော် ၀င်ရောက်လျက် ရှိကြောင်း သိရသည်။
Eleven Media Group


ရိုဟင်ဂျာလူကုန်ကူးမှုစုံစမ်းဖို့ ထိုင်းကိုအမေရိကန်တိုက်တွန်း

20.07.2013
မြန်မာနိုင်ငံတွင်း ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာမူဆလင်တွေကို ထိုင်းရေတပ်က မလေးရှားနိုင်ငံကို ခိုးထုတ်ပေးပြီး လူမှောင်ခိုကူးမှု လုပ်ငန်းတွေမှာ ပါဝင်နေတယ်ဆိုတဲ့ ရိုက်တာသတင်းဖော်ပြချက်နဲ့ ပတ်သက်လို့ ထိုင်းအစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ အရေးတယူ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားဖို့ အမေရိကန်အစိုးရက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနယ်စပ်နဲ့ ဒေသတွင်းနိုင်ငံတွေမှာ ခိုလုံနေကြတဲ့ ဒုက္ခသည်တွေ အပါအ၀င် မြန်မာနိုင်ငံတွင်းက ဖိနှိပ်ခံနေရသူတွေရဲ့ လုံခြုံရေးနဲ့ လူသားချင်း စာနာထောက်ထားရမယ့် အခြေအနေ ဖြစ်နေတဲ့ အပေါ်မှာ အထူးစိုးရိမ်တဲ့အကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Marie Harf က သောကြာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။ ဇွန်လက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတ၀ှမ်း လူကုန်ကူးမှုလုပ်ငန်းများဆိုင်ရာ နိုင်ငံခြားရေးဌာနရဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာလည်း ခုလို လူမှောင်ခိုကူးမှု ကိစ္စတွေနဲ့ပတ်သက်လို့ တင်ပြထားတဲ့အကြောင်းလည်း ပြောခဲ့ပါတယ်။

လူကုန်ကူးမှုလုပ်ငန်းတွေမှာ ထိုင်းအစိုးရပိုင်းက ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီး ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူဖို့ အပါအ၀င် လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို အခုထက်ပိုပြီး တိုးမြှင့် ဆောင်ရွက်သွားဖို့ ထိုင်းအစိုးရကို တိုက်တွန်းထားတယ်လို့လည်း နိုင်ငံခြားရေးဌာ ပြောခွင့်ရက ပြောသွားခဲ့ပါတယ်။ နိုင်ငံခြားရေးဌာနက နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို စောင့်ကြည့်ရမယ့် နိုင်ငံတွေအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

အာဇာနည်နေ့ မြင်ကွင်း (ဟသာင်္တ)

Jul 19, 2013
၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား မြင်ကွင်းများ။
Di York


နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်မခံရသူတွေ ရှိနေ

နိုင်ငံရေး အကျဉ်းသား အဖြစ် သတ်မှတ် မခံရသူတွေရှိနေ
19 ဇူလိုင်လ 2013
မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိန်နိုင်ငံခရီးစဉ်အတွင်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးမယ်လို့ ပြောကြားခဲ့တာကို ကြိုဆိုပေမယ့် တချို့ကို အခုအချိန်အထိ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ဖို့ ငြင်းဆို နေတာတွေ ရှိနေတဲ့အတွက် စိုးရိမ်တယ်လို့ AHRC အာရှ လူ့အခွင့်အရေးကော်မရှင်က မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လောလောဆယ် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်နိုင်ရေးနဲ့ပတ်သက်လို့ ဖွဲ့စည်းထားတဲ့လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မီတီကို အေအေပီပီ ပြည်ပ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းလို အဖွဲ့ အစည်းမျိုးတွေက တင်ပြတဲ့ အကျဉ်းသားစာရင်းပါ လူအားလုံးကို နိုင်ငံရေး အကျဉ်းသား အဖြစ် အသိအမှတ် မပြုတာမျိုးတွေရှိနေတယ်လို့ AHRC အာရှ လူ့အခွင့်အရေးကော်မရှင်က မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

ဥပမာ ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော်၊ သူရကျော်၊ ဂိုပျံစိန်၊ ဗိုလ်ကြီးနေလင်းဒွေးနဲ ဒေါက်တာထွန်းအောင် စသူတွေကို နိုင်ငံရေးပုဒ်မတွေနဲ့ အရေးယူတာ မဟုတ်ဘူးဆိုပြီး ငြင်းပယ်ခဲ့တယ်လို့ ကြားရကြောင်း ဦးမင်းလွင်ဦးကပြောပါတယ်။

ဒီလူတွေဟာ နိုင်ငံရေးကိစ္စတွေနဲ့ ဖမ်းဆီး ထိန်းသိမ်းတာကို ခံခဲ့ရတယ်၊ ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော် ဆိုရင် အရင် စစ်အစိုးရနဲ့ မြောက်ကိုးရီးယား ပူးတွဲ လုပ်ဆောင်နေတဲ့ နျူးကလီးယားကိစ္စကို ကမ္ဘာသိအောင် ထုတ်ဖေါ်ခဲ့တယ်လို့ စွပ်စွဲပြီး လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ အရေးယူခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဗိုလ်ကြီးဟောင်းနေလင်းဒွေးဟာလည်း တပ်မတော်တွင်း လာဘ်စားမှုကို ဝက်ဆိုဒ်တခုမှာ ရေးခဲ့လို့ ဆိုပြီး အရေးယူခံရသူ ဖြစ်ပါတယ်။

ဒီလို လူတွေကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပြီး ပြန်လွှတ်ပေးဖို့ AHRC က တောင်းဆိုတယ်လို့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဒီလူတွေရဲ့ လုပ်ဆောင် ချက်တွေဟာ ပြည်သူ့အတွက် လုပ်ဆောင်ခဲ့တာလား၊ ကိုယ်ကျိုးအတွက် လုပ်ခဲ့တာလား၊ ပြဒ်ဒဏ်ပေးတာတွေက မှန်ကန်မှု ရှိမရှိ၊ ပြစ်ဒဏ်ချစဉ်က ထုချေပိုင်ခွင့် ရှိမရှိ၊ စတာတွေကို ကြည့်ပြီး ဆုံးဖြတ်မယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား ဟုတ်မဟုတ် ဆိုတာကို ဖြေရှင်းလို့ ရနိုင်တယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ကျုံးထဲတွင် အမျိုးသားအလောင်းတွေ့



မန္တလေး၊ ဇူလိုင် ၁၈
မန္တလေးကျုံးလမ်း ၂၆လမ်း၊ ၇၀x၇၁ လမ်းကြား ပလက်ဖောင်းအနီးတွင် ဆိုင်ကယ်တစ်စီး အချိန်ကြာမြင့်စွာ ရပ်တန့်ထားသဖြင့် လှည့်ကင်းတာဝန်ကျ သူများက ဇူလိုင်လ၁၈ရက်နေ့ နံနက်၁၀နာရီခန့်တွင် ကျုံးအတွင်းသို့ ရှာဖွေခဲ့ရာ အမျိုးသားတစ်ဦးအလောင်း ဆယ်ယူရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းအချိန်ကြာမြင့်စွာ ရပ်ထားသည့် ဆိုင်ကယ်အနီးတွင် မောင်ဂိုးပိုင်လွှမ်း အမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း တစ်ခု၊ မိတ္တူနှစ်ရွက်၊ ဂိုးပိုင်လွှမ်း အမည်ပါ ယာဉ်မောင်းလိုင်စင် တစ်ခု၊ ဓာတ်ပုံတစ်ပုံ၊ 2GBMemory ကတ် တစ်ကတ်၊ အနက်ရောင်ကိုင်းတပ် လေးဒေါင့်မျက်မှန် တစ်လက်၊ ဖိနပ်တစ်ရံတို့ကို ရှာဖွေသိမ်း ဆည်းခဲ့ပြီး ပိုင်ရှင်ကို ပတ်ဝန်းကျင်တွင် လိုက်လံစုံစမ်းခဲ့သော်လည်း စုံစမ်းမရသဖြင့် ကျုံးအတွင်း ဆက်လက်ရှာဖွေခဲ့ရာ ယင်းအမျိုးသားအလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရုံးမှ ထပ်မံသိရသည်။

အဆိုပါ အလောင်းကို အောင်မြေသာစံမြို့နယ်ရှိ ကလျာဏမိတ္တ လူမှုကူညီရေးအသင်းက ပူးပေါင်းပါဝင် ရှာဖွေပေးခဲ့ပြီး မန္တလေးကျုံးရေပြင်အတွင်း ယခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ အထိ ရေနစ်သေဆုံးသူ လေးဦးခန့် ရှိပြီဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
The Voice Weekly

ထိပ်တန်း အစ္စလာမ်မစ် နိုင်ငံရေးသမားတစ်ဦးကို ဘင်္ဂလားဒေ့ရှ် သေဒဏ်ပေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးရရှိရန်အတွက် ပါကစ္စတန်နိုင်ငံနှင့် ဖြစ်ပွားခဲ့သည့် ၁၉၇၁ ခုနှစ်၊ လွတ် လပ်ရေးစစ်ပွဲကာလအတွင်း ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်ရှိ ထိပ်တန်း အစ္စ လာမ်မစ်နိုင်ငံရေးသမားတစ်ဦးကို သေဒဏ်ပေးလိုက်သည်ဟု ဇူလိုင် ၁၈ ရက်က အေအက်ဖ်ပီသတင်း ဌာနမှ ဖော်ပြထားသည်။

Jamaat-e-Islami ပါတီမှ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ အလီအာဆန် မိုဟာမက်မူဂျာဟစ် (Ali Ahsan Moham mad Mujahid) အား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများဖြင့် စွဲ ချက်တင်ခဲ့ပြီး အမှုပေါင်း ခုနစ်မှုတွင် ငါးမှု၌အပြစ်ရှိကြောင်း စီရင်ဆုံးဖြတ်နိုင်ခဲ့သည်။
လွတ်လပ်ရေးရရှိရေးကို ထောက်ခံသည့် ခေါင်းဆောင်များနှင့် ပညာတတ်များကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခြင်းခံရသည့် ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ကို ခေါင်းဆောင်ခဲ့သူဟု တရားလိုရှေ့နေများကဆိုကြသည်။

ပါတီ၏ စိတ်ပိုင်းဆိုင်ရာခေါင်းဆောင် ဂူလမ်အဇမ် (Ghulam Azam) ကိုလည်း တနင်္လာနေ့က ထောင် ဒဏ် ၉၀ နှစ်ချမှတ်ခဲ့သည်။
ဂူလမ်အဇမ်ကို ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ (Dhaka) ရှိ အပြည် ပြည်ဆိုင်ရာ ရာဇ၀တ်မှုများခုံရုံးက ကြေညာအပြီးတွင် အင်္ဂါနေ့က လူပေါင်းထောင်နှင့်ချီ၍ လမ်းများပေါ် ထွက်ကာ ဆန္ဒပြခဲ့ကြသည်။

ထို့ကြောင့် ရဲများနှင့် ဆန္ဒပြသူများအကြား ပဋိပက္ခဖြစ်ပွါးခဲ့ရာ အနည်းဆုံးလူနှစ်ဦး သေဆုံးခဲ့သည်။

အကြမ်းဖက် ဆန္ဒပြမှုများတွင် သေဆုံးသူ အရေအတွက်မှာ ဇန်န၀ါရီလမှ စတင်ရေတွက်လျှင် လူဦးရေ တစ်ရာကျော် သေဆုံးခဲ့ရပြီဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုများ၊ ခုံရုံး၏ စီရင်ဆုံးဖြတ်ချက်များကို မကျေနပ်ကြသောကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မစ္စတာမူဂျာဟစ်မှာ ၁၉၇၁ ခုနှစ်က ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပြီး ပါကစ္စတန်တစ်နိုင်ငံတည်း အဖြစ် စည်းစည်းလုံးလုံးရှိရေး (ဘင်္ဂလားဒေ့ရှ် ခွဲမထွက်ရေး) ကို ထောက်ခံခဲ့သူဖြစ်သည်။
AFP
Mizzima - News in Burmese

မွန်ပြည်နယ်ခုနစ်မြို့နယ်အတွင်း ကျောင်း၈၉ ကျောင်းအတွက် ငွေကျပ်သန်းပေါင်း ၃၅၀၀ သုံးမည်

သောကြာနေ့၊ ဇူလိုင်လ ၁၉ ရက် ၂၀၁၃
မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်အနက် ခုနစ်မြို့နယ်မှ ပြုပြင်ရန် လိုအပ်သည့် အခြေခံပညာ စာသင်ကျောင်း ၈၉ ကျောင်းအတွက် ပြည်နယ်အစိုးရက ငွေကျပ်သန်းပေါင်း ၃၅၀၀ ကျော်ကို ၂၀၁၃ - ၂၀၁၄ခု ပညာသင်နှစ်အတွက် အသုံးပြုသွားမည်ဟု မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာလှဦးက ပြောသည်။

“သူတို့ (ပြည်ထောင်စုအစိုးရ)က သုံးမြို့နယ် ဦးစီးပြီး ဆောက်မယ်။ ကျန်တဲ့ ခုနစ်မြို့နယ်က ကျွန်တော် တို့ (ပြည်နယ် အစိုးရ) ဦးစီးပြီး ဆောက်မယ်” ဟု ဒေါက်တာလှဦးက ပြောသည်။

ပြည်နယ်အစိုးရမှ ဦးစီးကာ ပြုပြင်မည့် ကျောင်းများမှာ သံဖြူဇရပ်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ရေး၊ ပေါင်၊ သထုံ၊ ဘီးလင်း မြို့နယ်များအတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ ဖြစ်ပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်ခြင်း၊ ကျောင်းဆောင်ဟောင်းများ ပြုပြင်ခြင်းနှင့် သင်ကြားမှု ထောက်ကူပစ္စည်းများ ထောက်ပံ့ခြင်းတို့ ပါဝင်သည်။

ကျန်သည့် မော်လမြိုင်၊ မုဒုံနှင့် ကျိုက်ထိုမြို့နယ်ရှိ ကျောင်းများအတွက် ပြည်ထောင်စုအစိုးရက ဦးစီးပြီး ကျပ်သန်း ၁၀၀၀ ကျော် သုံးစွဲကာ ပြုပြင်သွားမည်ဟု ဆိုသည်။

“အရင်က အပေါ် (ပြည်ထောင်စု အစိုး ရ) နဲ့အောက် (ပြည်နယ်အစိုးရ) ခွဲဝေနေတာကိုး။ ကျွန်တော်တို့ ပြည်နယ်အစိုးရက အရင်က ၅၀ ရာခိုင်နှုန်းရတယ်။ နောက်တော့ ၇၅ ရာခိုင်နှုန်း။ နောက်ဆို အပြည့်လွှဲ မယ်လို့ ပြောသံကြားတယ်”ဟု ဒေါက်တာလှဦးက ပြောသည်။

မွန်ပြည်နယ်သည် ၂၀၀၈ -၂၀၀၉ ပညာသင်နှစ်တွင် အောင်ချက် ၄၂ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ၂၀၀၉-၂၀၁၀တွင် ၄၂ ဒသမ ၀၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ၂၀၁၀-၂၀၁၁ တွင် ၄၃ ဒသမ ၃၃ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ၂၀၁၁-၂၀၁၂ တွင် ၅၂ ဒသမ ၂ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ၂၀၁၂- ၂၀၁၃ တွင် ၄၇ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း တစ်နိုင်ငံလုံးတွင် ငါးနှစ်ဆက်တိုက် အောင်ချက် အကောင်းဆုံး ရရှိခဲ့သည်။
ကွန်းချမ်း
Mizzima - News in Burmese

သက်သာလို့ကတော့

စကားပြောနေသော ကာတွန်းလေးများ

အာဇာနည်နေ့ မြင်ကွင်း (အာဇာနည် ဗိမာန် အရှေ့ လင့်လမ်းဆုံ )

Jul 19, 2013
၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား မြင်ကွင်းများ။

Nay Myo Zin

ပြည်တော်ပြန် အမျိုးသားတစ်ဦး အရေးပေါ် ဦးခေါင်းခွဲစိတ်ရန် ဆွေမျိုးအဆက်အသွယ် လိုအပ်

ရန်ကုန်၊ ဇူလိုင် ၁၈
မလေးရှားနိုင်ငံ အကျဉ်းထောင် များမှ ဖမ်းဆီးခံထားရသော တရားမဝင် မြန်မာနိုင်ငံလုပ်သားများ ပြည်တော် ပြန်ခေါ်လာစဉ် အတူပါရှိခဲ့သူ ဦးခေါင်း ထိခိုက်ဒဏ်ရာနှင့် အမျိုးသားတစ်ဦး အတွက် အရေးပေါ် ဦးခေါင်းခွဲစိတ်ရန် မိသားစု ဆွေမျိုးများ၏ အဆက်အသွယ် လိုအပ်နေကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာအေးသွင်က The Voice သို့ပြောကြားသည်။
"ဦးခေါင်းခွံအောက် သွေးယိုစိမ့်မှု ဖြစ်နေတယ်။ ခွဲစိတ်ခန်းဝင်ဖို့ ဆွေမျိုးတွေရဲ့ သဘောတူညီချက် လိုအပ်တယ်" ဟု ၄င်းက ရှင်းလင်းပြောဆိုသည်။

ယင်းဦးခေါင်းထိခိုက် ဒဏ်ရာသည် မလေးရှားနိုင်ငံတွင် ယခုနှစ် မေလ ၂၀ ရက်နေ့က တွေ့ကြုံခဲ့သော ယာဉ် မတော်တဆ ထိခိုက်မှုကြောင့် ရရှိခဲ့ခြင်းဖြစ်ပြီး မလေးရှား ရဲတပ်ဖွဲ့က Teluk Intan Hospital သို့ ပို့ဆောင်ကုသ ပေးခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

ယင်းဆေးရုံပေါ်တွင် မြန်မာနိုင်ငံသား တစ်ဦး ဦးခေါင်းထိခိုက်မှုကြောင့် စကား မပြောနိုင်ဘဲ အဆက်အသွယ်မရှိ ဖြစ်နေသည်ကို သီတဂူ ဆရာတော် ဦးဆောင်သော သီတဂူ အထောက်အကူပြု အဖွဲ့ (မလေးရှား) က တွေ့ရှိသည့်အတွက် ခေါ်ဆောင်လာခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ တက်ရောက်ကုသလျက် ရှိပြီး မကွေးတိုင်းဒေသကြီး ဆောမြို့နယ်တွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်း ၄င်းသတိ ပြန်လည်လာစဉ် ဆေးရုံကြီး တာဝန်ရှိသူ များ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါ အမျိုးသား၏ နိုင်ငံကူး လက်မှတ်အထောက်အထား များအရ နာမည်မှာ ဦးမင်းဇော် ဖြစ်ပြီး အသက် ၃၆ နှစ်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ဆေးရုံတက်ရောက် ကုသနေစဉ် တစ်လျှောက် ကုန်ကျစရိတ် များကို သီတဂူ အထောက်အကူပြုအဖွဲ့က ပံ့ပိုးပေးထားပြီး လက်ရှိအချိန်ထိ မိသားစု ဆွေမျိုးများကို ဆက်သွယ် မရသည့်အတွက် ဦးခေါင်းခွဲစိတ်မှု မပြုလုပ်နိုင်သေးကြောင်း အဆိုပါဆေးရုံကြီး ဆေးလူမှုဆက်ဆံရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မလေးရှားနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံသား ၁၇၀ကျော်သည် ယခုလ ၁၆ ရက်နေ့တွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာ အရှင်ဉာဏိဿရ၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့သည်။
ဒေးဗစ်ဘရန်ဂျာ
The Voice Weekly

လားရှိုးမြို့ရှိသုံးဘီးယာဉ်များပေါ်တွင် လောင်းကစားပြုလုပ်

လားရှိုး၊ ဇူလိုင် ၁၉။လားရှိုးမြို့တွင် ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း နေရာအချို့ရှိ သုံးဘီးယာဉ်များပေါ်တွင် လောင်းကစားများ ပေါ်ပေါ်ထင်ထင် ပြုလုပ်လျှက် ရှိလာကြသောကြောင့် မှုခင်းကြိုတင် ကာကွယ်သော အနေဖြင့် သတိပေး အရေးယူရန် လိုအပ်လျက် ရှိကြောင်း မြင်တွေ့ရသူ အများစုက ပြောကြသည်။

“ဒီအနေအထားတွေက မြို့ရဲ့အနာဂတ်အတွက် ရင်လေးစရာဘဲဗျာ။ ကျနော်လည်း ဒါမျိုးနှစ်နေရာ
သုံးနေရာလောက်ကို တွေ့ဘူးနေတာ။ ဒါကိုတာဝန်ရှိတဲ့ သူတွေသေချာ အရေးယူဖို့တော့လိုမယ်။ လူတွေက တိုင်ကြားဖို့ ဆိုတာကလည်း ဘယ်လောက်ထိ တိုင်ကြားမှာလည်းဗျာ။ နေရာတိုင်း တိုင်နေရရင်လည်း မဟုတ်သေးဘူဗျ။ ဒီအတိုင်းဆိုရင် ကျနော်တို့မြို့ရဲ့ အလားအလာ မကောင်းဘူး”ဟု လောင်းကစား ပပျောက်လိုသူမြို့ခံ တစ်ဦးက ပြောသည်။             

ယင်းသို့ လောင်းကစားများ ပြုလုပ်ရာတွင် နံနက်မှစ၍ တနေကုန်အထိ လောင်းကစား လုပ်လေ့ရှိပြီး
တစ်ခါတစ်ရံတွင် ညမိုးချုပ်သည့် အချိန်ထိပင် သုံးဘီးမီးထွန်းကာ လောင်းကစား ပြုလုပ်ကြကြောင်း သိရသည်။

“ကျွန်တော်က မြို့ပြင်ကို ဆီသွားထည့်တာ အသွားကလည်း မော်တော်ပီကယ်ရုံနားက လမ်ဘေးမှာ သုံးဘီးတစ်စီး လမ်းမှာထိုးထားပြီး သုံးဘီးပေါ်မှာ လူတွေစုနေတာတွေ့တယ်။ ဒီလိုနဲ့ ဆီထည့်ပြီး ပြန်လာတော့လည်း အဲ့ဒီနားမှာလူတွေ စုနေတာတွေ့လို့ ဘာဖြစ်တာလဲ ယာဉ်တိုက်မှု ဖြစ်တာလားလို့ မေးလိုက်မိတာ ဘာယာဉ်တိုက်မှုမှ မဖြစ်ဘူး။ ပွတ်နေတာဗျ ဒီမှာရှုံးနေရတဲ့အထဲဆိုပြီး ပြောတယ်”ဟု ကိုယ်တိုင်တွေ့ ကြုံခဲ့ရသူ တစ်ဦးက ပြောသည်။       

လာရှိုးမြို့တွင် ယခင်ကထိုသို့သုံးဘီးယာဉ်များပေါ်၌ ပေါ်ပေါ်ထင်ထင် လောင်းကစားမှုများ
မရှိခဲ့သော်လည်း လာရှိုးမြို့  ပဋိပက္ခဖြစ်ပွားပြီး နောက်ပိုင်းတွင် ပေါ်ပေါ်ထင်ထင် ပြုလုပ် လာကြခြင်းဖြစ်ကြောင်း  တွေ့ရှိသူများက ပြောကြသည်။
စိုင်းကံသာ(လားရှိုး)
မြန်မာ့ခေတ်

နန်းထိုက်တော်ဝင်စားသောက်ဆိုက်ပိုင်ရှင်က unity journal ကိုတရားစွဲရန်ပြင်ဆင်

ရန်ကုန်၊ ဇူလိုင် ၁၉။
ယူနတီဂျာနယ် အတွဲ၂၊ အမှတ်၂ ၇အချပ်ပိုAတွင် ဖော်ပြပါရှိသော “နန်းထိုက်တော်ဝင်ပိုင်ရှင် ဦးအိုက်လင်းအား ကျင့်၅၉အရ ကြိုးတုတ်ဖမ်းဆီးပြီး နီးစပ်ရာရဲစခန်းသို့ပို့မည်”ဟူသော သတင်းနှင့် ပတ်သတ်၍ unity journal နှင့် အဆိုပါသတင်းကို ရေးသားသော သတင်းထောက်ချုပ်ကို ပြန်လည်
ဖြေရှင်းပေးရန် တောင်းဆိုမည်ဖြစ်ပြီး မဖြေရှင်းပေးပါက တည်ဆဲ ဥပဒေအရ အရေးယူ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း၏ကြေညာချက်အရ သိရသည်။

အဆိုပါ ဦးအိုက်လင်း၏ အသိပေး ကြေငြာစာကို မြ၀တီသတင်းစာ၊ ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်း သတင်းစာများတွင် ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးအိုက်လင်း၏ကြေညာချက်တွင်“ကျွန်တော်ဦးအိုက်လင်းသည် ရဲအရေးပိုင်သော အာမခံပေးခွင့် မရှိသော ပြစ်မှုတစုံတရာကို အများပြည်သူရှေ့မှောက်တွင် ကျုးလွန်နေသူ မဟုတ်သည့်အပြင်
ပြစ်မှုကျုးလွန်ကြောင်း ကြေညာခံ ထားရသူလည်း မဟုတ်ပါသဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၉အရ အရပ်သားက ကျွန်တော်ဦးအိုက်လင်းအပေါ် ကြိုးတုတ်ဖမ်းဆီးပိုင်ခွင့် မရှိသည်ကို လူကြီးမင်းတို့ကောင်းစွာ သိရှိမည်ဖြစ်ပါသည်”ဟု ဖော်ပြထားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်မှာ “လူကြီမင်းတို့၏ သတင်းဂျာနယ်တွင် တည်ဆဲဥပဒေနှင့် ဆန့်ကျင်ပြီး မမှန်မကန် ရေးသားဖော်ပြခဲ့သည့် ကျွန်တော်ဦးအိုက်လင်း၏ ဂုဏ်သိက္ခာကို ထိပါးစေသည့်အပြင် ရာဇ၀တ်မကင်းသော ခြောက်လန့်မှုလည်း ဖြစ်စေပါသည်။ထို့ပြင် လူကြီးမင်းတို့၏ သတင်းဂျာနယ်တွင် ယခုဖော်ပြမှုကြောင့် မြောက်ဥက္ကလာပမြို့နယ် တရားရုံးရှေ့တွင် လူအုပ်စုဖွဲ့ပြီး ဆူပူရမ်းကားမှု အကြမ်းဖက်မှုများ ဖြစ်ပေါ်စေခဲ့ရာ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားမှုဖြစ်ပေါ်စေခဲ့ရပါသည်”ဟု ဖော်ပြပါရှိကြောင်း ဆက်လက် သိရသည်။

Unity Journal မှ ရေးသားထားသော သတင်းစာများတွင် အဆိုပါစကားများသည် ဒီမိုကရေစီရေး
စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုအဖွဲ့မှ ကိုထင်ကျော်က ပြောသည်ဟု ပါရှိကြောင်းလည်း သိရသည်။
မကွေးသား
မြန်မာ့ခေတ်

အာဇာနည်နေ့ မြင်ကွင်း (မော်လမြိုင်)

Jul 19, 2013
မော်လမြိုင်မြို့ ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား မြင်ကွင်းများ။
ရိုက်ကူး ကျော်စိုး

DVB TV News

ကမ္ဘာ့ထိပ်တန်းသို့ အမေရိကန်ကို တရုတ်ကျော်တက်မည်

အမေရိကန်-တရုတ် အလံ
19.07.2013
တရုတ်နိုင်ငံဟာ တနေ့ကျရင် အမေရိကန်ပြည်ထောင်စုကို ကျော်တက်ပြီး ကမ္ဘာ့ထိပ်တန်း အင်အားကြီးနိုင်ငံဖြစ်လာလိမ့်မယ်လို့ ကမ္ဘာက ပိုမို ယုံကြည်လာနေတဲ့အကြောင်း Pew သုတေသနဌာနက ကောက်ယူတဲ့ စစ်တမ်းသစ်တခုက ဆိုပါတယ်။ နိုင်ငံပေါင်း ၃၉ နိုင်ငံမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေရဲ့ တ၀က်ကျော်က အမေရိကန်ပြည်ထောင်စုကို ကမ္ဘာ့ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံအဖြစ် အသိအမှတ်ပြုထားတုန်း ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံက ပြည်သူ အများစုကတော့ တရုတ်နိုင်ငံဟာ အဆုံးမှာ အမေရိကန်ကို ကျော်တက်သွားလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ထုတ်ဖော်ခဲ့တာပါ။ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီစစ်တမ်းအရ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတ၀ှမ်း တရုတ်နိုင်ငံ ထက်ပိုပြီး နံမည်ကောင်း ဆက်ရနေတုန်း ဖြစ်ပါတယ်။

အမေရိကန်ကို နံမည်ကောင်းရစေတဲ့ မဲက ၆၃ ရာခိုင်နှုန်း ရှိချိန်မှာ တရုတ်ကတော့ ၅၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒီနှုန်းတွေဟာ ဒေသအလိုက် ကွဲလွဲမှုတွေတော့ ရှိပါတယ်။ တရုတ်ဟာ သူ့ရဲ့ အနီးစပ်ဆုံး အိမ်နီးချင်းနိုင်ငံတွေကြားမှာတော့ ပုံရိပ်မကောင်းလှပါဘူး။ အမေရိကန် ကတော့ မူဆလင်အများစုရှိတဲ့ နိုင်ငံတွေကြားမှာ အဆိုးအမြင်ခံရဆုံးဖြစ်ပါတယ်။

ဒါပေမဲ့ ခုလို အမေရိကန်ကို မုန်းတီးတဲ့ နိုင်ငံတွေမှာတောင် အမေရိကန်နိုင်ငံဟာ နိုင်ငံသားတွေအတွက် လွတ်လပ်ခွင့်တွေ ပိုရှိတဲ့နိုင်ငံဖြစ်တယ်ဆိုတာကို လက်ခံတယ်လို့ ဆိုကြပါတယ်။ အမေရိကန်နိုင်ငံဟာ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို လေးစား လိုက်နာမှုရှိတယ်လို့ Pew သုတေသနအဖွဲ့ကိုပြောတဲ့လူ ၇၀ ရာခိုင်နှုန်းရှိပြီး တရုတ်နိုင်ငံနဲ့ပတ်သက်လို့ ဒီလို ပြောတဲ့သူကတော့ ၃၆ ရာခိုင်နှုန်းပဲ ရှိပါတယ်။
VOA (မြန်မာပိုင်း)

၂၀၁၂ တောင်ကုတ် လူသတ်မှု မသင်္ကာသူ ၆ ယောက်ဖမ်းဆီး

18.07.2013
ပြီးခဲ့တဲ့နှစ် ၂၀၁၂ ဇွန်လတုန်းက ရခိုင်ပြည်နယ် တောင်ကုတ်မြို့  မှာ
အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေ ပါဝင်တဲ့ လူ ၁၀ ယောက် သတ်ခံရမှုမှာ သံသယရှိသူ ၆ ယောက်ကို သက်ဆိုင်ရာကနေ မနေ့တုန်းက ဖမ်းဆီး လိုက်ပါတယ်၊ မှုခင်းဖြစ်ပြီး ၁ နှစ်လောက်ကြာ မှ မသင်္ကာသူတွေကို အာဏာပိုင်တွေ က ဖမ်းဆီးခဲ့တာလဲဖြစ်ပါတယ်၊ အဖမ်းခံရ တဲ့ မသင်္ကာသူ  ၆ ယောက်လုံးဟာ တောင်ကုတ်မြို့မှာ နေထိုင်ကြသူတွေဖြစ်ပါတယ်၊ ဒီအကြောင်း အပြည့်အစုံကို စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းတင်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်လောက်တုန်းက တောင်ကုတ်မြို့ကိုလာတဲ့ကာတစီးပေါ်က လူ ၁၀ယောက် အသတ်ခံရမှုနဲ့ ပါတ်သက်လို့ တောင်ကုတ်မြို့က လူ ၆ ယောက်ကို ဇူလိုင် လ ၁၇ ရက် ဗုဒ္ဓဟူးနေ့တုန်းက ဖမ်းဆီးခဲ့ပါတယ်၊ အဲဒီမသင်္ကာသူတွေကို ဒီနေ့မနက်မှာတော့ သံတွဲထောင်ကိုခေါ်လာပြီး ဖမ်းဆီးထားကြောင်း သံတွဲခရိုင်
သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင် ဦးဝင်းနိုင်ကပြောပါတယ်။

"ဒီကရဲတွေက ညက ဆယ်နာရီလောက်မှာ သံတွဲကနေ ထွက်သွားတယ်ပေါ့။ သံတွဲက ထွက်သွားပြီး တောင်ကုတ်မှာ ပြီးခဲ့တဲ့ ညက ဖမ်းတယ်ပေါ့လေ။ မိုးမလင်းခင်မှာပဲ လူခြောက်ယောက်ဖမ်းထားတယ်ပေါ့။ ခုနှစ်ယောက်မှာ တစ်ယောက် မမိခဲ့ဘူး။ တစ်ယောက်ကတော့ ဝင်းနိုင်ခေါ် မောင်ပုတဲ့။ အဘဦးထွန်းရီ၊ ပိတောက်ဝါလမ်း၊ ကံနိုင်ရပ်ကွက်ပေါ့။ နောက်တစ်ယောက် ကတော့ ကိုလေးမောင်ခေါ် ထွန်းနိုင်တဲ့၊ သူက အေးရိပ်ငြိမ်ကားဝင်းမှာနေတယ်။
နောက် ကိုသန်းကျော်တဲ့။ အဘက ဦးကျော်ဖီး ကံနိုင်ရပ်ကွက် ခိုင်မာလာလမ်းမှာနေတယ်။ ပေါက်စီခေါ် မင်းသိုက်ထွန်း၊ အဘ ဦးထွန်းမြင့်၊ ခိုင်မာလာလမ်း ကံနိုင်ရပ်ကွက်ပဲ။ နောက် ထွန်းဝင်းခေါ် ဘကြီးတဲ့၊ အဘဦးဝင်းထိန် ကံနိုင်ရပ်ကွက်ပဲ။ ရွှေမောင်၊ အဘဦးထွန်းအောင်ကျော်ပေါ့။ ဘူတာရပ်ကွက်ဆိုပြီး အဲ့ဒီ့ခြောက်ယောက်ကို ဖမ်းမိလာတယ်ပေါ့ ဒါမနှစ်က လူဆယ်ဦးသတ်တဲ့အမှုနဲ့ လူခြောက်ဦးပေါ့။ အခုသူတို့ သံတွဲထောင်မှာပါ။ "

၂၀၁၂ ခုနှစ် ဇွန် လ ၃ရက်နေ့တုန်းက အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ ပါဝင်တဲ့ လူ ၁၀ ယောက် အသတ်ခံရမှုနောက်ဆက်တွဲ အဖြစ်နဲ့ ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက် ပဋိပက္ခတွေစတင်ဖြစ်ပွားခဲ့တာပါ၊

ပြီးခဲ့တဲ့ ဇွန် လ ၃၀ ရက်နေ့တုန်းကလဲ အမျိုးသမီးငယ်တယောက်ကို
အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ သတင်းကြောင့် လူ ၃၀ လောက် မြို့နယ်ရဲစခန်းကို
ဝိုင်းပြီး တရားခံကိုထုတ်ပေးဖို့တောင်းဆိုခဲ့သလို အစ္စလာမ်ဘာသာဝင်တွေရဲ့
အိမ်တချို့ မီးရှို့ခံရ၊ အိမ်တချို့လည်းဖျက်ဆီးခံခဲ့ရပါတယ်။ ဒီ့အတွက် သံတွဲမြို့မှာ ပုဒ်မ ၁၄၄ထုတ်ပြန်ခဲ့ရပါတယ်။ မီးရှို့မှုမှာ ပါဝင်တယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးထားတဲ့ အကြောင်းနဲ့ မငြိမ်မသက်မှုတွေရှိနေသေး တဲ့ သံတွဲမြို့အကြောင်း ကို သံတွဲခရိုင် သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင် ဦးဝင်းနိုင်က ခုလို ဆက် ပြောပြပါတယ်၊

"အဲ့ဒီ့အထဲမှာပထမ လေးဦးဖမ်းတယ်။ နောက်တစ်ဦး။ ငါးဦးဖမ်းထားတယ်။ ငါးဦးဖမ်းထားတယ်ပဲ ကျနော်တို့ သိတယ်ပေါ့လေ ။ နောက်ထပ် တရားခံတွေ ကတော့ သူတို့ဘာသာသူတို့ဖော်ထုတ်ရမှာပေါ့။ နည်းနည်းလေး လှုပ်လှုပ်ရှိ တယ်ပေါ့။ လှုပ်လှုပ် လှုပ်လှုပ်ဆိုတာက နယ်ဆိုပေမဲ့ နယ်တိုင်းတော့ မဟုတ်ဘူး အစ္စလာမ်ရှိတဲ့ရွာတွေပေါ့။ နည်းနည်းလေး လှုံ့ဆော်မှုလေးတွေရှိတယ်ဆိုပြီး မနက်ကပဲ ကျနော့်ကို သတင်းပေးပါတယ်။ "

ရခိုပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် June လဆန်းမှာ စတင်ခဲ့တဲ့
ပဋိပက္ခတွေကြောင့် လူဦးရေ သောင်းနဲ့ချီပြိး အိုးအိမ်မဲ့ ဒုက္ခသည်တွေဖြစ်ခဲ့ရပြီး မတူညီတဲ့ လူမှုအသိုင်းအဝိုင်းတွေကြား တဖက်နဲ့ တဖက် ယုံကြည်မှုတွေ နည်းပါးနေကြတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။
မအေးအေးမာ
ဗွီအိုအေ (မြန်မာပိုင်း)

အာဇာနည်နေ့ မြင်ကွင်း (အာဇာနည် ဗိမာန်)

Jul 19, 2013
၆၆ နှစ်မြောက် အာဇာနည်နေ့ အာဇာနည် ဗိမာန်မြင်ကွင်းများ။
ရိုက်ကူး ထွန်းကျော် + ညီငယ် + ဗိုဗိုသီဟ

DVB TV News

အာဇာနည်နေ့ မြင်ကွင်း(မန္တလေး)

Jul 19, 2013
မန္တလေး အာဇာနည်နေ့ အထိမ်းမှတ် စီတန်းလမ်းလျှောက်။
ရိုက်ကူး Super

DVB TV News

အာဇာနည်နေ့ မြင်ကွင်း (သင်္ကန်းကျွန်း)

Jul 19, 2013
သင်္ကန်းကျွန်း စံပြဆေးရုံကြီးရှေ့မှာ ကျောင်းသားပြည်သူများ အာဇာနေ့ကို ဥသြဆွဲအလေးပြု
ရိုက်ကူး ညိုမာသက်+သူသူအောင်

DVB TV News

ဒေါ်အောင်ဆန်းစုကြည်နဲ့သူရဦးရွှေမန်း ပူးတွဲသတင်းစာရှင်းလင်းပွဲ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ နှစ်ဦး ပူးတွဲ သတင်းစာရှင်းလင်းပွဲ။ (ဇူလိုင် ၁၈၊ ၂၀၁၃)
19.07.2013
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ နှစ်ဦး ပူးတွဲပြီးတော့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကို တရားမျှတမှု အရှိဆုံးဖြစ်အောင် လုပ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းခဲ့ သလို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း အမျှတဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ ကတိပေးခဲ့ပါ တယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အလေး ထား ပြောခဲ့ ပါတယ်။ ဘယ်သူ သမ္မတဖြစ်မလဲ ဆိုတဲ့ကိစ္စမှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းပြီးရင်တော့ ပြည်သူကရွေးချယ်တဲ့ လူကို လက်ခံရ မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ကြာသပတေးနေ့ က ပြည်သူ့လွှတ်တော် သတင်းစာ ရှင်းလင်းပွဲခန်းမအတွင်းမှာ သတင်းမီဒီယာ သမားတွေနဲ့ တွေ့ဆုံပွဲ အတွင်း ပြောဆိုခဲ့တာတွေကိုတော့ ကိုယ်တိုင်သွားခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တို့ နှစ်ဦး အတူတကွ သတင်းမီဒီယာ သမားတွေနဲ့ တွေ့ဆုံ ပြောဆိုတာဟာဖြင့် ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

၂ နာရီနီးပါးကြာတဲ့ ဒီတွေ့ဆုံပွဲအတွင်း သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ဦး အပြန်အလှန် ပြောဆိုမှု အများဆုံးရှိခဲ့တဲ့ ကိစ္စကတော့ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကိစ္စ၊ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဘယ်သူ သမ္မတဖြစ်လာနိုင်သလဲ ဆိုတဲ့ကိစ္စတွေပဲဖြစ်ပါတယ်။

ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့  ဘယ်လောက်ထိ ပြင်ဆင်ပြီးပြီလဲဆိုတာကို ဒေါ်အောင်ဆန်းစု ကြည်က အခုလိုဖြေဆိုခဲ့သလို တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးကိုလည်း ထည့်ပြောခဲ့ပါတယ်။

"၂၀၁၅ရွေးကောက်ပွဲ အတွက် အားလုံးတော့ ပြင်ဆင်လို့မပြီးသေးပါဘူး။ အခုမှ စပြီးတော့ ပြင်ဆင်ပါတော့မယ်။ အန်တီတို့ကတော့ နိုင်မှာပေါ့နော်။ သတ္တိရှိတယ်ဆိုလို့ရှိရင်ပေါ့ တကယ်ကို ညီညီမျှမျှ အခြေအနေပေါ်မှာ ရွေးကောက်ပွဲကို ကျင်းပနိုင်အောင်လို့ ဥက္ကဋ္ဌ၊ကြီးအနေနဲ့ အစွမ်းကုန်ဆောင်ရွက်ပေးမယ်လို့ ကျမက ယုံကြည်ပါတယ်။"

ရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရမလဲဆိုတဲ့အပေါ် သူရဦးရွှေမန်းက တုန့်ပြန်ပြောဆိုခဲ့သလို တရားမျှတရေးအတွက် ကြိုးစားပါ့မယ်လို့လည်း ကတိပေးခဲ့ပါတယ်။

" လာမယ့်ရွေးကောက်ပွဲမှာ တစ်ဖက်က အနိုင်ရရှိအောင် လုပ်မယ် လို့ပြောပါတယ်။ အဲ့ဒီ့တော့ ဥက္ကဋ္ဌအနေနဲ့ပြောချင်တာကတော့ ပိတ်ကားပေါ် မှာ စောင့်ကြည့်ပါပေါ့နော်။ နောက်တခု က  ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လာမယ့်ရွေးကောက်ပွဲမှာ အမျှတဆုံးဖြစ်အောင် ဥက္ကဋ္ဌ လုပ်ပေးပါဆိုတာကို အဖြစ်နိုင်ဆုံး၊ အမျှတဆုံးဖြစ်အောင်ဥက္ကဋ္ဌကြီးက ကြိုးစားပါ့မယ်။ "

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး မဖြစ်ရေးဆိုတာဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးနဲ့ ဆက်စပ် နေတာမို့ ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာ သာတယ် နာတယ်ဆိုတာမရှိဘဲ လူထုရဲ့ အဆုံးအဖြတ် ကို ခံယူရမှာပဲဖြစ်တယ် ဆိုတာကို လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။

"တကယ်ဆိုလို့ရှိရင် မှန်မှန်ကန်ကန်ယှဉ်ပြိုင်တယ်ဆိုရင် မျှတအောင် လုပ်ပေးရမှာပေါ့။ ဥက္ကဋ္ဌကြီးအနေနဲ့ ကျမနဲ့ယှဉ်ပြိုင်ရဲတယ်ဆိုရင် ကျမကို သမ္မတဖြစ်နိုင်အောင်လို့ဖွဲ့စည်းပုံ အခြေခံဥပဒေပြောင်းလဲရေးကို ကျမကို လုပ်ပေးရမှာပေါ့။ အဲ့လို မလုပ်ပေးဘူးဆိုရင် မှန်မှန်ကန်ကန်မဟုတ်လို့ပဲ။ အဲ့တော့ ဘယ်သူက သာတယ်နာတယ်ဆိုတာ နိုင်ငံရေးမှာ လူတစ်ယောက်က အမြဲတမ်း တချိန်လုံး သာနေတာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရဲ့လိုအပ်ချက်အရ၊ ပြည်သူတွေရဲ့လိုအပ်ချက်အရ ခေါင်းဆောင်လုပ်တဲ့သူတွေရဲ့ လိုအပ်ချက်အရ ပြောင်းလဲတတ်ပါတယ်။ ဘယ်သူကမှ အစဉ်အမြဲသာနေတယ်ဆိုတာ မရှိပါဘူး။ အဲ့ဒီ့တော့ ကိုယ်သာတယ် ကိုယ်နာတယ်ဆိုတာ ပြောစရာအကြောင်းမရှိပါဘူး။

နောက်ဆုံးကျတော့ ပြည်သူလူထုက ရွေးချယ်မှာပါပဲ။ အဲ့ဒီ့တော့ နိုင်အောင် လုပ်မယ်ဆိုတာဟာ အလုပ်တခုကို လုပ်လို့ရှိရင် မှန်မှန်ကန်ကန်နဲ့ပြတ်ပြတ်သားသား လုပ်လို့ရှိရင်တော့ အနိုင်ရလိမ့်မယ်လို့ ကျမတော့ ယုံကြည်ပါတယ်။ ဒီအတိုင်းပဲ ကျမတို့ ဆက်ပြီးတော့ လုပ်သွားမှာပါ။ ဒါဟာ ကိုယ်ကသာလို့ သူကသာလို့ ဒီလိုသဘောနဲ့ မဟုတ်ပါဘူး။ ပြည်သူလူထု ရဲ့ ထောက်ခံမှုရအောင်လို့ ကျမတို့ မှန်မှန်ကန်ကန် လုပ်နိုင်တယ်လို့ ကျမတို့ ယုံကြည်တဲ့အကြောင်းပြောချင်ပါတယ်။"

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပပြီးတဲ့ နောက်ပိုင်းမှာ သူရဦးရွှေမန်းက သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယသမ္မတ၊ ဒါမှမဟုတ်လည်း အဲဒါရဲ့ ပြောင်းပြန်အနေအထား ဖြစ်လာနိုင်ခြေနဲ့ ပတ်သက်လို့တော့ သူတို့နှစ်ဦး အခုလို အပြန်အလှန် ပြောဆို ခဲ့ကြပါတယ်။

" ကျမက အသက်ပိုကြီးတဲ့အတွက် ကျမ က အရင်ဖြစ်သင့်ပါတယ်။" (ဒေါ်အောင်ဆန်းစုကြည်)

"ဒီမေးခွန်းကို ဥက္ကဋ္ဌကြီးဖြေစရာမလိုဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ဖြေတာနဲ့ လုံလောက်တယ်လို့ ယူဆပါတယ်။" (သူရဦးရွှေမန်း)

တစ်ခါ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ သမ္မတဖြစ်ရေးမဖြစ်ရေးကြား အဆက်အစပ် အရေးကြီးပုံ ပေါ်လွင်စေတဲ့ စကားကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သလို အဲဒီအပေါ် သူရဦးရွှေမန်းကလည်း ပေါ့ပေါ့ပါးပါးပဲ တုန့်ပြန်ခဲ့ပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေမပြောင်းဘူးဆိုရင် အန်တီက ဒုသမ္မတပဲဖြစ်မယ် ဆိုတော့ မတရားဘူးလို့ပဲ ပြောချင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြောင်းပြီးရင်တော့ ဘယ်သူပဲ သမ္မတဖြစ်ဖြစ် ပြည်သူ က ရွေးချယ်တဲ့သူကို ကျမတို့ လက်ခံမှာပါ  " ( ဒေါ်အောင်ဆန်းစုကြည်)

" ခုနကပြောသလို မေးရင် ရိုးရိုးပဲမေးပါ။ ရန်မတိုက်ပေးပါနဲ့။ ကျနော်တို့ ဘယ်တော့မှ ရန်ဖြစ်မှာ မဟုတ်ပါဘူး။" ( သူရဦးရွှေမန်း)

မြန်မာဂျာနယ်လစ်ကွန်ယက်ရဲ့ အစီအစဉ်နဲ့ ရန်ကုန်နဲ့ မန္တလေးတို့က သတင်းမီဒီယာသမား ၅၀ လောက်ဟာ ပြည်သူ့လွှတ်တော် ဆီ သွားရောက် လေ့လာခဲ့ကြပြီးတဲ့နောက် သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေတို့က လက်ခံတွေ့ဆုံပြီး မေးမြန်းသမျှကို ဖြေကြားခဲ့ကြတာပါ။
ကိုကျော်ကျော်သိန်း
ဗွီအိုအေ (မြန်မာပိုင်း)

Moody's က အမေရိကန်ကို အေသုံးလုံး အဆင့် တိုးမြင့်

အဆင့်တိုး သတ်မှတ်ပေးတဲ့ Moody's
19 ဇူလိုင်လ 2013
ငွေချေးယူနိုင်ခွင့် အဆင့် သတ်မှတ်တဲ့ အေဂျင်စီ Moody's က အမေရိကန် ပြည်ထောင်စုရဲ့ အဆင့်ကို အမြင့်ဆုံး ဖြစ်တဲ့ အေသုံးလုံး အဆင့်ကို တိုးမြင့် သတ်မှတ် ပေးလိုက်ပြီး အမေရိကန်ရဲ့ အနာဂတ် စီးပွားရေး တိုးတက်မှု အပေါ် ယုံကြည်ကြောင်း ပြသလိုက်ပါတယ်။

အမေရိကန် စီးပွားရေးဟာ သူနဲ့ အဆင့်တူ နိုင်ငံတွေထက် တိုးတက်မှုနှုန်း ပိုမြန်နေတယ် ၊ အစိုးရရဲ့ စရိတ် ဖြတ်တောက်မှု ရှိနေပေမယ့်လည်း ဒါတွေကို တောင့်ခံနိုင်တယ် ဆိုတာကို ပြနေတယ်လို့ မူးဒီးစ် က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန် အစိုးရရဲ့ တင်နေတဲ့ အကြွေးတွေလည်း လျော့ကျလာနေတယ်လို့ ဆိုပါတယ်။

မူးဒီးစ်လိုဘဲ အလားတူ ငွေချေးနိုင်ခွင့် အဆင့်သတ်မှတ်တဲ့ Standard & Poor's က လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက အမေရိကန်ကို အဆင့်လျော့ခဲ့ပြီး ပြီးခဲ့တဲ့ လကမှ အမေရိကန် စီးပွားရေး ရေရှည် တိုးတက်မယ့် အလားအလာ ရှိတဲ့အတွက် အေသုံးလုံး အဆင့်ကို ပြန်တိုး သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

စီအိုင်အေ အကြီးအကဲဟောင်း အဖမ်းခံရ

စီအိုင်အေကို မသင်္ကာသူတွေကို ညှင်းပန်းနဲ့ စွပ်စွဲခံနေရပါတယ်။
19 ဇူလိုင်လ 2013
စီအိုင်အေ အမေရိကန် ဗဟိုထောက်လှမ်းရေး အဖွဲ့က rendition လို့ခေါ်တဲ့ မသင်္က࿿ာသူတွေကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး လျှို့ဝှက် စစ်ဆေးမှုနဲ့ ပတ်သက်လို့ ကမ္ဘာမှာ အဖမ်းခံရတဲ့ အမေရိကန်လူမျိုးထဲမှာ Robert Lady ဟာပထမဆုံးဖြစ်ပါတယ်။

သူဟာ အခုနှစ်စောစောပိုင်းတုန်းက မီလန်မြို့ တရားရုံးကနေ သူ့မျက်ကွယ်မှာ ထောင်ဒဏ်၉နှစ် ချထားတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရသူ ဖြစ်ပါတယ်။ အဘူအိုမာဆိုသူ မွတ်စလင် ဘာသာရေး ခေါင်းဆောင် တယောက်ကို မီလန်လမ်းမပေါ်ကနေ ပြန်ပေးဆွဲသွားတဲ့ အမှုနဲ့ပတ်သက်လို့ သူ့ကို အပစ်ပေးတာဖြစ်ပါတယ်။

အိုမာကို အီတလီနဲ့ဂျာမနီတို့မှာ အခြေစိုက်တဲ့ အမေရိကန် စစ်စခန်းတွေကနေ အီဂျစ်ရှိ လုံခြုံရေးတွေ လက်ထဲအပ်ခဲ့ပါတယ်။ အဲဒီမှာ အိုမာကသူ့ကို နှိပ်စက်ညှင်းပမ်း စစ်ဆေးတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ပနားမားနိုင်ငံနဲ့ အီတလီတို့ကြားမှာ တရားခံလဲ လှယ်တဲ့ သဘောတူညီ ချက်မရှိတဲ့အတွက် သူ့ကို အီတလီမှာ ထောင်ဒဏ် ကျခံစေမလား ဆိုတာတော့ မသေချာသေးပါဘူး။ စီအိုင်အေက အခုလိုဖမ်းဆီး ခံရတဲ့ သတင်းအတွက် တစုံတရာ မှတ်ချက် မပေးပါဘူး။ ပနားမားရဲကလည်း မစ္စာလေဒီကို ဖမ်းတဲ့သတင်း မရဘူးလို့ ပြောနေကြောင်း ရောမရှိ ဘီဘီစီ သတင်းထောက် ဒေးဗစ်ဝီလီက ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)


၂၀၁၇ ကျရင် မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အို ဦးရေ ပိုများမည်

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်ကစပြီး သက်ကြီးရွယ်အို ဦးရေက အလုပ်လုပ်တဲ့အရွယ်ဦးရေထက်ပိုများ လာ တော့မှာမို့ လက်ရှိစီးပွားရေး နဲ့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့လိုပြီလို့ OECD ခေါ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ အစီရင်ခံစာက ဆိုပါတယ်။

လက်ရှိ လူဦးရေ (၅၉ )သန်းဝန်းကျင်ရှိတဲ့ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်ကျရင် အသက် (၁၀) ကနေ (၆၄) နှစ်ကြား လူဦးရေဟာ ကျဆင်းသွားမယ်လို့ ကုလသမဂ္ဂ စာရင်းဇယားတစ်ခုက ဖော်ပြပါတယ်။

အခုလက်ရှိ အလုပ်လုပ်နိုင်တဲ့ အရွယ်တွေဟာလည်း နောက်လာမယ့်အနှစ် (၂၀) မှာ လူအိုစာရင်းဝင်သွားတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ အချိန်မီ အောင်မြင်အောင် မဆောင်ရွက်နိုင်ရင် မြန်မာနိုင်ငံဟာ မချမ်းသာခင် အိုမင်းရင့်ရော်သွားတဲ့ ကိန်းဆိုက်သွားလိမ့်မယ်လို့ OECD အစီရင်ခံစာ ဖေါ်ပြပါတယ်။

အလားတူအဖြစ်မျိုးကို ဗီယက်နမ်၊ အင်ဒိုနီးရှားစတဲ့နိုင်ငံတွေလည်းကြုံရဖွယ်ရှိနေပြီး၊ ကမ္ဘောဒီးယားနဲ့လာအို မှာတော့ အလုပ်လုပ်နိုင်တဲ့အရွယ် လူဦးရေက ပိုများလာလိမ့်မယ်လို့ ဆိုပါတယ်။
RFA Burmese

မောင်တောမြို့ နယ်တွင် ဗလီများ၌ ဘင်္ဂလီများ ၀တ်ပြုမှုများပြားလာ


၁၈-၇-၂၀၁၃
မောင်တောမြို့ နယ်အတွင်း ရခိုင်-ဘင်္ဂလီပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းတွင် ဗလီများမှာ ဘင်္ဂလီများ ၀တ်ပြုခြင်းကို ဒေသဆိုင်ရာအာဏာပိုင်များမှ တားမြစ်ခဲ့သဖြင့် ဘင်္ဂလီများသည် သက်ဆိုင်ရာ ၎င်းတို့၏ အိမ်များတွင်သာ ၀တ်ပြုမှုများပြုလုပ်ခဲ့ကြသည်....သို့ပေမယ့် ၂၀၁၃ ခုနှစ်၊ ရာမဇန်ဥပုသ် လအတွင်း မောင်တောမြို့ ပေါ်ရှိ ဗလီအချို့ နှင့် မြို့ နယ်များရှိ ဗလီများတွင် ဘင်္ဂလီလူမျိုးများဝတ်ပြုမှုများပြန်လည်ပြုလုပ်ခဲ့ကြသည်။

ဇူလိုင်လ ၁၂ရက်နေ့မှာ နစက အဖွဲ့ ကို ဖျက်သိမ်းသည့်အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း မှာတော့ ဗလီများမှာ ဘင်္ဂလီများဝတ်ပြုမှု အရေအတွက် ပိုများလာတာကို တွေ့ ရှိရသည်။
Rakhine News Group

ရန်ကုန် NLD ရုံးချုပ်မှာ အာဇာနည်နေ့ အခမ်းအနား (ဓါတ်ပုံ)

ရန်ကုန် NLD ရုံးချုပ်မှာ အာဇာနည်နေ့ အခမ်းအနား
photo: RFA/ Kyaw Zaw Win
RFA Burmese


















၆၆ နှစ်မြောက် အာဇာနည်နေ့ ကျင်းပခဲ့ပုံများ (ဓါတ်ပုံ)

၆၆ နှစ်မြောက် အာဇာနည်နေ့ ကျင်းပခဲ့ပုံများ
RFA Burmese














နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com