http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

တစ်ကိုယ်တော် ဆန္ဒပြသူ ဦးထင်ကျော်ပုဒ်မ ၅၀၅ ( ခ ) ဖြင့် တရားစွဲခံရ

ရန်ကုန် သြဂုတ် ၂
တစ်ကိုယ်တော် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည့် ဦးထင်ကျော်အား ရန်ကုန် တိုင်းဒေသကြီး အစိုးရမှ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ( ၅၀၅ ခ )ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ပုဒ်မ ( ၅၀၅ ခ ) ဖြင့် တရားစွဲခံရမှုတွင် ၄င်းအပါအ၀င် ၄င်းအဖွဲ့ရှိ ဦးမြင့်နိုင် ၊ ဒေါ်စိန်ထွေး နှင့် ဦးလူအေးတို့ ပါဝင်သည်ဟု ဦးထင်ကျော်ဦးဆောင်သော ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ သိရသည်။

မြောက်ဥက္ကလာ ရဲစခန်းသို့ ရောက်ရှိ နေသော ဦးထင်ကျော်အား ဆက် သွယ်မေးမြန်းရာတွင် "ဟုတ်တယ် ကျွန်တော်တို့ကို ဖမ်းထားတယ်။ ထောင်ထဲပို့တော့မှာ ။ ပြောချင်တာ ကတော့ ခရိုနီ တွေကို အရေးယူလို့မရဘူး ။ အမှုဖော်ထုတ်တဲ့ လူကို ထောင်ထဲပို့တယ်
ဆိုတာပဲ၊" ဟု ပြောသည်။

လက်ရှိတွင် ဦးထင်ကျော်သည် မြောက်ဥက္ကလာ ရဲစခန်းရှိ စခန်းမှူး ရုံး အတွင်းရှိနေပြီး ယနေ့ ညနေ၌ အင်းစိန်ထောင်သို့ ပို့ဆောင်ခံရမည်ဟု သိရသည်။
ဝေမာထွန်း
Popular Myanmar News Journal

ရွှေဝါရောင် သူရဲကောင်း အရှင် ဂမ္ဘီရတဖြစ်လဲ ကိုညီညီလွင် လက်ထပ်လိုက်ပြီ


Friday, August 2, 2013
ရွှေဝါရောင် သူရဲကောင်းကြီး အရှင် ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင်တယောက်တော့ အခု စွံသွားပါပြီ။ အကြောင်းက တော့ ကိုညီညီလွင်ဟာ အင်တာနက်ကနေ ချစ်သူဘ၀ ရောက်လာခဲ့ကြတဲ့ သြစီသူ တဦးနဲ့ မြန်မာ့ ဓလေ့ ထုံးတမ်း စဉ်လာနဲ့ အညီ လက်ထပ်လိုက်တာပါ။

အသစ်စက်စက် ဇနီးမောင်နှံတွေဖြစ်တဲ့ ကိုညီညီလွင်နဲ့ မစ္စ မာရီယာ ဖရန့်စ်၊
ဓာတ်ပုံ- ဦးသိန်းသန်းဦး

ဒါပေမယ့် ရွှေဝါရောင် သူရဲကောင်းမှာ လက်ထပ်တာတောင် အဆင်မချောခဲ့ရပါဘူး။

သြဂုတ်လ ၁ ရက်နေ့ က ကိုညီညီလွင်ဟာ ချစ်သူဖြစ်တဲ့ သြစတြေးလျနိုင်ငံသူ မစ္စ မာရီယာဖရန့်စ် ( Ms. Maria France) နဲ့ အတူ မနက် ၁၁ နာရီလောက်က တရားလွှတ်တော် ရှေ့နေဒေါ်ဟန်စုယဉ်ရဲ့ အကူအညီနဲ့ မန္တလေးက ခရိုင်တရားရုံးကို ရောက်လာတယ်လို့ မန္တလေးက ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီကို ပြောပါတယ်။

ဒါပေမယ့် ကိုညီညီလွင်နဲ့ ဇနီးဖြစ်သူ မစ္စ မာရီယာဖရန့်စ်တို့ရဲ့ တရားရုံးတက် လက်မှတ်ထိုးမှုကို မန္တလေး ခရိုင်တရားရုံးက လက်မခံ ပယ်ချလိုက်တယ်လို့ သိရပါတယ်။ “လက်ထပ်ဖို့ မန္တလေး ခရိုင်တရားရုံးမှာ ကျနော်တို့ ကြိုးစားတာ မအောင်မြင်ပါဘူး” လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

ရွှေဝါရောင် သူရဲကောင်း အရှင်ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင့်ရဲ့ ဇနီးလောင်း မစ္စ မာရီယာ ဖရန့်စ်က ဗုဒ္ဓဘာသာဖြစ်နေ တာကြောင့် အဲဒီ မန်းခရိုင်တရားရုံးဝန်းထဲက ရှေ့နေ ဒေါ်ရွက်နုအောင်ရဲ့ ရုံးခန်းမှာပဲ ဗုဒ္ဓဘာသာ ထုံးထမ်းစဉ်လာအရ သက်သေ ၂ ဦး ရှေ့မှာ လက်မှတ်ရေးထိုးပြီး လက်ထပ်လိုက်ကြတယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။

အဲဒီ မင်္ဂလာ လက်ထပ်ပွဲလေးမှာ ဦးသိန်းသန်းဦးက မင်္ဂလာစကားကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ပြော
ပေးခဲ့ရတာဖြစ်ပြီး ရွှေဝါရောင် သူရဲကောင်း အသစ်စက်စက် ဇနီးမောင်နှံတို့ရဲ့ မင်္ဂလာဦးအဖြစ် ကော်ဖီနဲ့ ဧည့်ခံခဲ့ကြပါတယ်တဲ့။
အိမ့်သံစဉ်

နှစ်ပေါင်း ၃၁ နှစ်အတွင်း ထားဝယ်တွင် ဒုတိယအများဆုံး ရေကြီး

တနင်္သာရီတိုင်းတွင် နှစ်ပေါင်း ၃၁ နှစ်အတွင်း မိုးသည်းထန်ရွာသွန်းပြီး မိုးရေချိန်လက္မ ဒုတိယအများဆုံးနှစ် ဖြစ်ပြီး ယခုအချိန်အထိ မိုးဆက်လက်ရွာသွန်းနေဆဲ ဖြစ်သည်။
Tavoyan Voice







မြဝတီမြို့မှာ ရေဘေးသင့် ဒုက္ခသည် နှစ်သောင်းခွဲကျော် အကူအညီတွေ လိုအပ်


ရေကြီးနေတာ ၃ ရက်ရှိပြီဖြစ်တဲ့ မြဝတီမြို့မှာ ဘေးလွတ်ရာပြောင်းရွှေ့ပေးလိုက်ရ သူ နှစ်သောင်းခွဲကျော်ရှိနေပြီ လို့ လူမှုဝန်ထမ်းအဖွဲ့တွေကပြောသလို၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ဖို့လိုနေတယ် လို့ ဒေသခံတွေကပြောကြပါတယ်။

ဒီနေ့ ရေက ၁ ပေကျော်လောက်ကျသွားပေမဲ့ ထူးခြားမှုမရှိသေးပဲ နောက်ရက်တွေမှာ ရေကြီးမကြီးဆိုတာ ထိုင်းနိုင်ငံဘက်က ဆည်ဖွင့်ချမယ့်အပေါ်မှာ မူတည်နေတယ်လို့ မြဝတီမြို့က ကုန်သည်တစ်ယောက် ကပြောပါတယ်။

မြဝတီမြို့နဲ့ မဲဆောက်မြို့ကြားကနေစီးဆင်းနေတဲ့ သောင်ရင်းမြစ်ဟာ တောင်ဘက်ကနေ မြောက်ဘက် ကို ပြောင်းပြန်စီးတဲ့မြစ်ဖြစ်ပြီး သောင်းရင်းမြစ်အထက်ပိုင်း ထိုင်းနိုင်ငံဘက်မှာ ဆည်တွေတည်ဆောက်ထားပါတယ်။ အခုလိုမိုးကြီးတဲ့ကာလတွေမှာဆို ရေကာတာကျိုးမှာစိုးတဲ့အတွက် ဆည်ဖေါက်ချလေ့ရှိပြီး ရေကြီးလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ အနှစ် ၂ဝ ကျော်မှာ အဆိုးဆုံး ရေကြီးမှုဖြစ်တယ်လို့ သိရပါတယ်။

မြဝတီမြို့ရဲ့ ၄ ပုံ ၃ ပုံ ရေကြီးနေတဲ့အတွက် လောလောဆယ်မှာ သောက်သုံးရေရှားပါးလာပြီလို့ လည်း သိရပါတယ်။ ဈေးတွေ ကျောင်းတွေ ပြန်မဖွင့်နိုင်သေးတဲ့အပြင်၊ ဘဏ်တွေကိုပါရေဝင်တဲ့အတွက် ပိတ်ထားရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း စေတနာ့ဝန်ထမ်းဆရာဝန်တွေ၊ ဆေးမှူးတွေက လိုက်လံကူညီနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြဝတီကော့ကရိတ်ကားလမ်းမှာလဲ တောင်ပြိုတဲ့အတွက် လမ်းတွေပိတ်နေပြီး၊ ကုန်စည်သွားလာမှု အတွက်ရော ခရီးသည်သွားရေးတွေအတွက်ပါ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့ရဲ့ မြို့လည်ခေါင်မှာတော့ ပြီးခဲ့တဲ့ရက်က ရေလွှမ်းခဲ့ပေမယ့် မြို့ရဲ့ ရေနှုတ်မြောင်း စနစ်ကောင်းတဲ့အပြင်၊ သောင်ရင်းမြစ်ကမ်းပါးကိုလဲ ထိမ်းသိမ်းထားနိုင်တဲ့အတွက် ရေပြန်ကျသွားပြီဖြစ် လို့ ဒေသခံတွေအတွက် ရေဘေးဒဏ်ဆိုးဆိုးဝါးဝါးမခံလိုက်ရဘူးလို့ သိရပါတယ်။
RFA Burmese

ဝန်ကြီးချုပ်ဟောင်းဦးနုကို ၁၉၈၈ မှာ ကမ်းလှမ်းခဲ့ ဖူးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၈၈ အရေးတော်ပုံကာလအတွင်း ဝန်ကြီးချုပ်ဟောင်း ဦးနုကို ပူးပေါင်းလုပ်ဆောင်ဖို့ ကမ်းလှမ်းပြောဆိုခဲ့ဖူးတယ်လို့ RFA ကို ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့ညနေပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။
“စောစောပိုင်းကနေပြီးတော့ ကျမတို့ဖိတ်ခေါ်ခဲ့တာရှိပါတယ်၊ ဒါပေမယ့် အဲဒီတုန်းက ဘဘဦးနုကလည်း သူ့အသိုင်းအဝိုင်းနဲ့ သူရှိတယ်ဆိုတော့ သတ်သတ်လုပ်တဲ့ အခြေအနေဖြစ်သွားတာပေါ့”

တဆက်တည်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ထူထောင်စဉ်က ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးနဲ့ ဘာကြောင့်ပူးပေါင်းခဲ့တာလဲလို့လည်း RFA ကမေးမြန်းခဲ့ပါတယ်။

“အဲဒီတုန်းက ဦးအောင်ကြီးရယ်၊ ဦးတင်ဦးရယ်၊ ကျမရယ်ပူးပေါင်းလို့ရှိရင် ဒီမိုကရေစီလှုပ်ရှားမှုအတွက် အများကြီးကောင်းမယ်၊ အင်အားဖြစ်မယ်ဆိုပြီး အများကလည်း ဝိုင်းပြီးတော့ တိုက်တွန်းကြတယ်၊ အဲဒီအခြေအနေအရလည်း ဒီလိုလုပ်ရင်ကောင်းမယ်ထင်ပြီးတော့ လုပ်ခဲ့တာ”

ဒါ့အပြင် မြန်မာပြည်မှာ လက်ရှိဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာဟာ ၈၈ လူထုအုံကြွမှုရဲ့ အကျိုးဆက်ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"အခုဒီလိုပြောင်းလဲမှု ဖြစ်တယ်ဆိုတာဟာ ၈၈ ကနေပြီးတော့ မြစ်ဖျားခံခဲ့တယ်၊ နောက်ဒီကြားထဲမှာလည်း တခြားကိစ္စတွေ အများကြီးဖြစ်ခဲ့တယ်၊ နိုင်ငံကလည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွက်ကို ဝိုင်းပြီးတော့တိုက်တွန်းခဲ့တယ်၊ နောက်အခုလက်ရှိအစိုးရကလည်း ဒီဟာကိုအခုလက်ခံဖို့ အချိန်တန်ပြီဆိုပြီးတော့ ဆုံးဖြတ်ခဲ့တယ်၊ ဒါတွေအားလုံးပူးပေါင်းပြီးတော့ ဒီလိုအခြေအနေရောက်လာတာ"

ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာပြုလုပ်တဲ့ အာဇာနည်နေ့ဆွမ်းကျွေးပွဲကို သူရဦးရွှေမန်းတက်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာတော့ ဒီမိုကရေစီနဲ့ လူု့အခွင့်အရေးတွေကို ပြည်သူ့အတွက်အသုံးပြုဖို့ ရည်ရွယ်ချက် တူညီသူတစ်ဦးအဖြစ် ဦးရွှေမန်းကို သဘောထားကြောင်း ပြောဆိုပါတယ်။
RFA Burmese

အရစ်ကျဖုန်းဝယ်ထားသူများ စာချုပ်ရရှိရန် ကျပ်တစ်သောင်း ထပ်မံပေးရ

အရစ်ကျစနစ်ဖြင့် ဖုန်းဝယ်ယူထား သူအချို့မှာစာချုပ်ရရှိရေးအတွက် ကျပ် တစ်သောင်း ထပ်မံပေးနေရသည်ဟု ဖုန်းဝယ်ယူထားသူများမှ သိရသည်။

''ဖုန်းစာချုပ်ဆိုပြီး အကြောင်းကြား လို့စာချုပ်သွားယူပါတယ်။ ဟိုရောက် တော့စာချုပ်အတွက် ကျပ်တစ်သောင်းပေး ရမယ်။ ဒီငွေကို ကျွန်တော်တို့ဆိုင်က တောင်းတာမဟုတ်ဘူး။ ဆက်သွယ်ရေးက တောင်းလို့ ယူရတာပါလို့ ပြောပါတယ်'' ဟု စမ်းချောင်းမြို့နယ်မှ အရစ်ကျဖုန်း ဝယ်ယူထားသူမသန်းသန်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျပ် နှစ်သိန်းတန်ဖုန်းများအား အရစ်ကျရောင်း ချပေးသည့် စမ်းချောင်းမြို့နယ်ရှိ ဖုန်း ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက အရစ်ကျဖုန်းဝယ်ယူထားသူများ စာချုပ် ရရှိရေးအတွက် ကျပ်တစ်သောင်းကောက် ယူသည်မှာမှန်ကန်ကြောင်း၊ ယင်းငွေကို ဆိုင်မှယူခြင်းမဟုတ်ကြောင်း ဖုန်းတစ် ဆင့်ဝယ်ယူရ သည့် မြန်မာ့ဆက်သွယ်ရေး ဌာနမှယူခြင်းဖြစ်ကြောင်း စာချုပ်ရရှိရေး အတွက် ဆိုင်မှ ငွေများစိုက်၍ယူခဲ့ရခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့်စိုက်ငွေပြန်ရ ရှိရေးအ တွက် တောင်းခံခြင်းဖြစ်ကြောင်း ပြောသည်။

ယင်းသို့ အရစ်ကျဖုန်းများ အား စာချုပ်ရရှိရေးအတွက် ကျပ်တစ် သောင်းပေးသွင်းရမှုတွင် မြန်မာ့ဆက် သွယ်ရေးမှ တိုက်ရိုက်ရောင်းချထားသည့် ဖုန်းများပါဝင်ခြင်းမရှိဘဲ မိုဘိုင်းဖုန်းဆိုင် များမှတစ်ဆင့် ဝယ်ယူထားသည့်ဖုန်းများ သာဖြစ်ကြောင်း သိရသည်။

အရစ်ကျမိုဘိုင်းဖုန်းရောင်းချမှုနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ အထွေထွေမန်နေဂျာဦးကျော်စိုး ဝင်းက ''ဖုန်းစာချုပ်ရဖို့ ဘာငွေမှ ပေးစရာ မလိုပါဘူး။ ကောက်လည်းမကောက်ဘူး။
သူတို့သွင်းထားတဲ့ ငွေတော်တော်များနေ ပါပြီ။ အခုတစ်ထောင့်ငါးရာ တန်ဖုန်း တောင်ပေါ်နေပြီဆိုတော့ ဘယ်လိုနည်း နဲ့မှ မကောက်ပါဘူး'' ဟုပြောသည်။

ယင်းအပြင် ဖုန်းစာချုပ်များအား ဖုန်းများ ရောင်းချပေးသည့်သက်ဆိုင်ရာ တိုင်းမန်နေဂျာရုံး၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးများ၌ ဖုန်းဝယ်ခဲ့သည့်အထောက် အထားများပြ၍ယူနိုင်ကြောင်း၊ အဆိုပါ ရုံးများမှ ငွေတောင်းခံခြင်းများပြုပါက တိုင်ကြားနိုင်ကြောင်း ¤င်းကဆက်လက် ပြောသည်။

ကျပ်နှစ်သိန်းတန်ဂျီဖုန်းများ ကို မြန်မာ့ဆက်သွယ်ရေးနှင့်ပုဂ္ဂလိကဖုန်း ဆိုင်များကအရစ်ကျရောင်းချခြင်းကို၂ဝ၁၂ ခုနှစ်ကုန်ပိုင်း တွင်ပြုလုပ်ခဲ့ပြီး မြန်မာ့ဆက် သွယ်ရေးမှကနဦးပေးသွင်းငွေ ကျပ်လေး သောင်း၊ မိုဘိုင်းဖုန်းဆိုင်များမှ ကျပ်ခြောက် သောင်းဖြင့် ရောင်းချခဲ့သည်။
အောင်ဇော်
Popular Myanmar News Journal

ခွင့်ပြုချက်မရှိဘဲ ခွေး မွေးမြူသူကို အရေးယူ

ဓါတ်ပုံ google
မန္တလေး၊ ဇူလိုင် ၃၀မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ပလိပ်မြို့ မြောင်းဘောင် ရပ်ကွက် တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ တင်ပို့ ရောင်းချရန်အတွက် ခွေး ၁၇၂ ကောင်ကို ခွင့်ပြုချက် မရှိဘဲ မွေးမြူထားသူ ဦးထွန်းလင်းကို မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့များ ဥပဒေ ပုဒ်မ ၉၀ ဖြင့် အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

အဆိုပါ ရပ်ကွက်ရှိ ဦးထွန်းလင်း၏ ခြံဝင်း အတွင်းသို့ ဇူလိုင်လ၂၆ ရက်နေ့က ဝင်ရောက် ရှာဖွေရာ ခြံဝင်းအတွင်းရှိ ခွေးသိုလှောင်ရုံအတွင်း ခွေး ၁၇၂ ကောင်ကို ခွင့်ပြုချက်မရှိဘဲ မွေးမြူထားသဖြင့် စဥ့်ကိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးစိုးမြင့်က တရားလို ပြုလုပ်၍ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့များ ဥပဒေ ပုဒ်မ ၉၀ အရ လည်းကောင်း၊ စဥ့်ကိုင်မြို့နယ် သစ်တော ဦးစီးဌာနက တရားမဝင် လိုင်စင်မဲ့ လွှဝိုင်းထားရှိခြင်းကြောင့် သစ်တော ပုဒ်မ ၄၂/(ဂ)အရ လည်းကောင်း စဥ့်ကိုင်မြို့နယ် တရားရုံးသို့ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အဆိုပါ ရုံးထံမှ သိရှိရသည်။

“မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းမှာ ခွင့်ပြုချက် မရှိဘဲ တိရစ္ဆာန်တွေကို ဖမ်းဆီး၊ သိုလှောင်ထားခွင့် မပြုဘူး။ အဲဒါကြောင့် တရားရုံး ကို ဦးတိုက် လျှောက်ထားရတာပါ။ ခွေးတွေကိုတော့ ပိုင်ရှင်အိမ်မှာပဲ အခုလောလောဆယ် ထားထားရပါတယ်။ ခွေးတွေကို ဘယ်မှာ ထားရမယ် ဆိုတာကို တရားရုံးက ဆုံးဖြတ်မှာပါ” ဟု စဥ့်ကိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးမြင့်က ပြောကြားသည်။

အဆိုပါ ခြံကို ဇူလိုင်လ၂၆ ရက်နေ့က ဝင်ရောက် ရှာဖွေခဲ့ရာ လိုင်စင်မဲ့ ဆိုင်ကယ် ခုနစ်စီး၊ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး၊ ခွေး သိုလှောင်ရုံ အတွင်းမှ ခွေး ၁၇၂ ကောင်ခန့်နှင့် သစ်ပြန်စိပ် စက် တစ်လုံး တို့ တွေ့ရှိရပြီး လိုင်စင်မဲ့ ဆိုင်ကယ် သိမ်းဆည်းရရှိမှုနှင့် ပတ်သက်၍ ပလိပ် နယ်မြေ ရဲစခန်းက (ပ)၄၈/၂၀၁၃ ၊ ပို့ကုန်၊ သွင်းကုန် ပုဒ်မ ၈၊ လိုင်စင်မဲ့ မော်တော် ယာဉ် သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ (ပ)-၄၉/၂၀၁၃ ပို့ကုန် သွင်းကုန် ပုဒ်မ ၈ တို့အရ အမှုဖွင့် စစ်ဆေးခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

“ခွေးတွေက သက်သေခံပစ္စည်း ဆိုရင် ရဲစခန်းမှာပဲ ထားရမှာလေ။ ဆိုင်ကယ်တွေ၊ ကားတွေကတော့ သက်သေခံပစ္စည်း အနေနဲ့ ရဲက သိမ်းထားတယ်” ဟု ပုလိပ်မြို့ ဒေသခံ တစ်ဦးက ဆိုသည်။

အဆိုပါ ဖမ်းဆီးခွေး အကောင် ၁၇၂ ကောင်ကို ယင်းခြံဝင်းတွင်းသာ ထားရှိကြောင်း မျက်မြင် တွေ့ရှိသူ တစ်ဦးက ပြောကြားသည်။

ပလိပ်မြို့၊ မြောင်းဘောင်ရပ်ကွက်တွင် နေထိုင်သူ ခြံပိုင်ရှင် ဦးထွန်းလင်း (၄၆နှစ်) သည် ၁၉၉၈ ခုနှစ်မှ စတင်ကာ ဆိုင်ရာ ဌာန/တပ်ဖွဲ့/စည်ပင်သာယာတို့၏ ခွင့်ပြုချက်ဖြင့် မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ တံတားဦး၊ စဥ့်ကိုင်၊ မြစ်သားမြို့နယ်တို့မှ ခွေးလေ ခွေးလွင့်များကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချကြောင်း အဆိုပါ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများ အရ သိရှိရသည်။
The Voice Weekly

သေမင်းတမန် တောင်တွင် ထူးဆန်းသောရောဂါကြောင့် လူ ၃၀ဝ ခန့် သေဆုံး

သေမင်းတမန်တောင်အား အဝေးမှ တွေ့ရစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ/ရန်ကုန်တိုင်းမ်) သေမင်းတမန်တောင်အား အဝေးမှ တွေ့ရစဉ်
ရန်ကုန် ၊ ဇူလိုင် - ၃၁   
မန္တလေး တိုင်းဒေသကြီး သပိတ်ကျင်းမြို့ နယ်တွင်ရှိသော သေမင်းတမန် တောင် မီးလန်းသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော လုပ်သားများအနက် လုပ်သား ၃ဝဝသည် ပုံစံတူရောဂါတစ်မျိုး ဖြင့် သေဆုံး ခဲ့ကြောင်း အသက် ဆုံးရှုံးခဲ့သည့် အလုပ်သမားမိသား စုများက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ထုတ်ဖော်ပြောကြား လိုက်သည်။

ပြင်ဦးလွင်ခရိုင် သပိတ်ကျင်း မြို့နယ် ချောင်းကြီးကျေးရွာရှိ ဒေသအခေါ် 'မီးလန်း'ဆိုသည့် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်သည့် ချောင်းကြီးကျေးရွာမှ အလုပ်သမား များတွင် အဆုတ်ကင်ဆာကဲ့သို့ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါတစ်မျိုးကြောင့် ယင်းသတ္တု မိုင်းတွင်းစတင်သည့် ၁၉၉၅ခုနှစ်မှ ယနေ့အချိန်အထိ အလုပ်သမား ပေါင်း၃ဝဝခန့်သည် ပုံစံတူရောဂါ တစ်မျိုးတည်းဖြင့် သေဆုံးခဲ့ရ ကြောင်း ချောင်းကြီးကျေးရွာ ဒေသခံတို့၏ ပြောကြားမှုများ အရ သိရသည်။

''သားသုံးဦးစလုံး ဒီလုပ်ငန်း ခွင်မှာ ဝင်လုပ်ကိုင်ခဲ့ကြတယ်။ ငွေလဲ ရခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ ဖြစ်လာတဲ့ရောဂါကို အဲဒီငွေတွေ နဲ့ ပြန်ကုတာတောင် မရတော့ဘူး။ သားတွေကို ဒီလုပ်ငန်းမှာ လုပ်ကိုင်စေခဲ့တာက အဒေါ်ကို အခုလို အထီးကျန် ဆန်စေခဲ့ တယ်'' ဟု တီဘီကဲ့သို့ လက္ခဏာတူညီ သည့်ရောဂါဖြင့် သားသုံးဦးစလုံး ရောဂါတူ၊ ပုံစံတူ၊ တစ်နှစ်ခြား ပြီး သေဆုံးခဲ့ရပုံကို မိခင်ဖြစ်သူ ဒေါ်ရွှေဥက ပြောသည်။

အဆိုပါ သတ္တုမိုင်းတွင် သတ္တုတူးဖော်ရေးဆိုင်ရာလုပ်ငန်း မျိုးစုံရှိပြီး ယခုကဲ့သို့သေဆုံးခဲ့သည့် အလုပ်သမားများသည် သတ္တုကို လေမှုတ်စက်(လေဂမ်း)ဖြင့်မှုတ် သည့်လုပ်ငန်းခွင်မှ အလုပ်သမား များဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဝင် ပြီးနောက် သုံးနှစ် မှ ငါးနှစ် အတွင်း ရောဂါဖြစ်ပွားပြီး သေဆုံးကြခြင်း ဖြစ်ကြောင်း သိရသည်။  ယင်းကဲ့ သို့ဖြစ်မည်ကို အလုပ်သမားများ အနေဖြင့် ကြိုတင်သိရှိနေသော် လည်း မိသားစုဝင်ငွေလိုအပ်ချက် အရ ကျေးရွာသားများက လုပ်ကိုင် ခဲ့ခြင်းဖြစ်  ကြောင်း၊ လုပ်ငန်းခွင် တွင် ယင်းကဲ့သို့ရောဂါဖြစ်နေသူ ကို 'ဂမ်း'ရောဂါသမားဟု အမည် တွင်ခေါ်ယူနေသည်အထိ အခြေ အနေဆိုးရွားလျက်ရှိကြောင်း ချောင်းကြီးကျေးရွာ ဒေသခံများ ၏ပြောကြားချက်အရ သိရသည်။ ချောင်းကြီး ကျေးရွာသား ဦးလှငွေ က ''ဂမ်းရောဂါဖြစ်တဲ့သူ တိုင်းသေကြတာပဲ။ အခုဆိုရင် ကျေးရွာကလူတွေက မလုပ်သ လောက်ရှားနေပြီ။ ရှိတော့ရှိသေး တယ်''ဟုပြောသည်။ ဒေါ်ရွှေဥက''သားတွေနဲ့အ တူ အလုပ်ဆင်းခဲ့ကြတဲ့ သူငယ် ချင်းခြောက် ဦးလဲ ဒီရောဂါနဲ့ပဲ သေ ကုန်ပြီ''ဟု ဆက်လက်ပြော သည်။

မကြာသေး မီရက်ပိုင်းများ အတွင်းက ယင်းရောဂါဖြင့်သေ ဆုံးခဲ့သည့် အမျိုးသားတစ်ဦးရှိခဲ့ ပြီး ရောဂါဖြစ်ပွားနေပြီး သေဆုံး မည့်အချိန်ကို စောင့်နေသူများ လည်း ကျေးရွာတွင်ရှိနေကြောင်း ချောင်းကြီးရွာသားများက ပြော သည်။ မီးလန်း သတ္တု တွင်း (ဒေသ အခေါ် သေမင်းတမန်တောင်)ကို ၁၉၉၅ခုနှစ်ဝန်းကျင်မှ စတင်တူး ဖော်နေခြင်းဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီနှစ်ခုခန့်က ပြောင်းလဲလုပ် ကိုင်ခဲ့ပြီဖြစ်ကြောင်း ကျေးရွာသား များကပြောသည်။
ကျော်ဇေယျ
Yangon Media Group

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ် မိမိအနေဖြင့် ပုဂ္ဂိုလ်ရေး မုန်းတီးမှု မရှိကြောင်း

ဓါတ်ပုံ google
Thursday, 01 August 2013
ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ် မိမိအနေဖြင့် ပုဂ္ဂိုလ်ရေးမုန်းတီးမှုနှင့် အာဃာတထားရှိခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၃၁ ရက်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

"အရင်အစိုးရ လက်ထက်တုန်းက နိုင်ငံရေးလုပ်တဲ့ ဖြစ်စဉ်ကြောင့် အကျယ်ချုပ် ချခံရတာတွေ ရှိခဲ့တယ်။ ဘယ်သူ့ကိုမှ မုန်းတီးမှု မရှိပါဘူး။ နိုင်ငံရေးလုပ်လို့ ဖြစ်ရတယ်လို့ပဲ သဘောထားတယ်။ ဦးသန်းရွှေကို ဒီလိုလုပ်ခဲ့တယ်ဆိုပြီး မုန်းတီးနေတာ မရှိပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယခင်က ဗိုလ်ချုပ်ကြီး စောမောင်နှင့် မည်သည့်ကိစ္စမျှ ဆွေးနွေးခဲ့မှု မရှိကြောင်း၊ ဦးသန်းရွှေ လက်အောက်တွင်လည်း အကျယ်ချုပ် ချခံခဲ့ရကြောင်း၊ ဦးသန်းရွှေ လုပ်ပါတယ်ဆိုပြီး စိတ်ထဲတွင် မရှိကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ဒီလူကလုပ်ပါတယ်၊ ဟိုလူက လုပ်ပါတယ်၊ ဟုတ်ရင်ဟုတ်မယ်၊ မဟုတ်ရင်မဟုတ်ဘူး။ ဒါကအဓိက မဟုတ်ကြောင်း၊ ကိုယ်ယုံကြည်လို့ ကိုယ်လုပ်နေတာဖြစ်ကြောင်း၊ ကိုယ်ယုံကြည်တာလုပ်လို့ ပြဿနာဖြစ်ရင်လည်း ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ အလုပ်လုပ်နေတာက အပြစ်ရှာရန် မဟုတ်ကြောင်း၊ အဖြေရှာရန်သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

"နောက်ကြောင်းပြန်ပြောတာတွေ မလုပ်ချင်ဘူး။ ရှေ့ကို နိုင်ငံကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာဘဲ စဉ်းစားပါတယ်။ လက်စားချေဖို့ စိတ်ကတော့ လုံးဝမရှိဘူး။ အန်တီအမြဲ ပြောခဲ့တယ်။ အန်တီ့ကို ကောင်းကောင်းထားခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုများ မရှိခဲ့ပါဘူး။ အမျိုးသား ရင်ကြားစေ့ရေးကိုပဲ ဦးတည်ထားပါတယ်။ အန်တီ့ရဲ့ စိတ်အရကတော့ လက်စားချေလိုစိတ် မရှိဘူး။ မှန်တယ်ထင်ရင် လုပ်မယ်။ မမှန်ဘူးထင်ရင် မလုပ်ဘူး။ နိုင်ငံအတွက် ကောင်းအောင်လုပ်ဖို့ပဲ စဉ်းစားထားပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိတွင် ကော့မှူးမြို့နယ် တိုးတက်ရန်အတွက် ဆောင်ရွက်နေကြောင်း၊ တစ်နိုင်ငံလုံး တိုးတက်ရန်အတွက် ဆောင်ရွက်လိုကြောင်း၊ မဲဆန္ဒရှင်တွေအတွက် အဓိကထားပြီး လုပ်ဆောင်နေကြောင်း ပြောကြားသည်။
Eleven Media Group

တရားသူကြီး၏ တရားစီရင်မှုမမျှတဟုဆိုကာ ဆန္ဒပြ

မင်းကင်း၊ ဇူလိုင်  ၃၁။
မင်းကင်းမြို့နယ် တရားသူကြီး၏ တရားစီရင်ရေးသည် ပြစ်မှုနှင့် ပြစ်ဒါဏ်မမျှဘဲ ပြစ်ဒါဏ် ပေါ့လွန်းသဖြင့် ဇူလိုင်(၂၇)ရက်နေ့က မင်းကင်းမြို့ပေါ်တွင် ဆန္ဒပြခဲ့ကြကြောင်း အထက်ချင်းတွင်း ဒေသလူငယ်များကွန်ယက်မှ သိရသည်။

တင်ဘက်ရွာသားများသည် မင်းကင်းမြို့ပေါ်မှ လူငယ်တစ်ယောက်ကို ရိုက်ခဲ့သည့် အမှုတွင် မြို့နယ်တရားသူကြီးက
ရိုက်သူကို ဒါဏ်ငွေတစ်ထောင်ကျပ် သာ ငွေဒါဏ်ချမှတ်ခဲ့ခြင်းကို မကျေနပ်ကြ၍လည်းကောင်း၊ တုတ်၊ ဓါးလက်နက်များဖြင့် အုပ်စုဖွဲ့လာကြသော တင်ဘက်ရွာသားများသည် မင်းကင်းမြို့ပေါ်ရှိမင်းကျောင်းတော်ကိုခဲများဖြင့် ၀ိုင်းထု အကြမ်းဖက်မှုပြုခဲ့သည့် အမှုတွင်လည်း မြို့နယ် တရားသူကြီးကပြစ်ဒါဏ်အဖြစ် ငွေနှစ်သောင်းကျပ်သာ ဒါဏ်ငွေ ရိုက်ခဲ့ခြင်းတို့ကို မကျေနပ်၍လည်းကောင်း
မင်းကင်းမြို့သူမြို့သားများက မြို့နယ် တရားသူကြီးကို ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

“လူတစ်ယောက်ကို ဆေးရုံတင်ရလောက်အောင် ရိုက်ခဲ့တာကို ဒါဏ်ငွေတစ်ထောင်ပဲ ပြစ်ဒါဏ် ပေးတယ်ဆိုတော့
တရားစီရင်ရေးက လုံးဝ အဓိပ္ပါယ်မရှိဘူး။ လူတစ်ယောက်ကိုရိုက်လို့ ငွေတစ်ထောင်ပဲပေးရရင်တော့ဒေသမှာငြိမ်းချမ်းမှုရှိတော့မှာ မဟုတ်ဘူး။ ပြီးတော့ မင်းကျောင်းလို သမိုင်းဝင်သာသနိက ဘုန်းကြီးကျောင်းကိုခဲနဲ့ဝိုင်းထုပြီး အကြမ်းဖက်မှု လုပ်တာကို ဒါဏ်ငွေနှစ်သောင်းတဲ့။ ငွေနှစ်သောင်းရှိရင် ဆူပူအကြမ်းဖက်လို့ ရသလိုဖြစ်နေပြီ။ တရားရေးဆိုတာ ငယ်တဲ့အမှုကိုလည်း မကြီးစေရဘူး။ ကြီးတဲ့အမှုကိုလည်း မငယ်စေရဘူး။ အမြဲတမ်းတည့်မတ် မှန်ကန်နေရမှာဗျ။ သက်ဆိုင်ရာက မြို့နယ်တရားသူကြီးကို အရေးယူမှု
မရှိဘူးဆိုရင် ထပ်ပြီးဆန္ဒပြကြဖို့ရှိတယ်”ဟု ဆန္ဒပြပွဲသို့ ရောက်ရှိခဲ့သူ ကိုကျော်သက်ဝင်းက ပြောသည်။

စီတန်းလှည့်လည် ဆန္ဒပြပွဲကို ဇူလိုင်(၂၇)ရက်နေ့ နံနက်(၉)နာရီမှ (၉)နာရီအခွဲအထိ ပြုလုပ်ခဲ့ပြီး ရဲဝန်ထမ်းအင်အား(၃၀)ခန့် ၀ိုင်းရံပေးခဲ့ကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

အမေရိကန်ကုန်သွယ်ရေးအဖွဲ့ ပထမဆုံးအကြိမ် လာရောက်ဆွေးနွေး

Published on July 30, 2013 by သိုက်ဇင်  
အမေရိကန်ကုန်သွယ်ရေးဌာနက အဆင့်မြင့်အရာရှိတဦးဖြစ်တဲ့ အကြီးတန်းအတွင်းဝန် Ms Marianne Guerin-Mcmanus ဦးဆောင်တဲ့အဖွဲ့ဟာ မြန်မာနိုင်ငံမှာ အသစ်ပြန်လည်ပြဋ္ဌာန်းထားတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဥပဒေနဲ့ပတ်သက်ပြီး ဇူလိုင် ၂၉ ရက်နေ့က လာရောက်ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေနဲ့ ပတ်သက်ပြီး သိချင်တာလေးကို လာမေးတာပါ။ ယူအက်စ်အေက ဒါပထမဆုံးပါ။ သူတို့ သဘောကျပါတယ်။ ဒီဟာ ပတ်သက်ပြီး လုပ်ကိုင်ထားတာလေတွေကို သဘောကျပါတယ်။ တခြားကတော့ ကျနော်တို့ သီးခြား တွေ့ဆုံဆွေးနွေးတာ မရှိပါဘူး ဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘယ်လိုလုပ်မလဲ၊ သိချင်တာတွေ မေးတယ်။ ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုတိုးတက်မှု ရှိသလဲ ဥပဒေတွေ ပြဌာန်းပြီးနောက်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုတိုးလာသလဲ ဒါလေးတွေ သိချင်တာ မေးတာပါ။”
ဒီကုန်သွယ်ရေးဌာနက မြန်မာနိုင်ငံဆီ ပထမဆုံးအကြိမ်လာရောက်တာဖြစ်တာကြောင့် မြန်မာ-အမေရိကန် စီးပွားရေးဆက်ဆံမှုက ပိုမိုနီးကပ်လာတဲ့သဘောမှာ ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ် စိတ်ဝင်စားမှုရှိတာကြောင့်လည်း အခုလို လာရောက်ဆွေးနွေးတာလို့ ဆိုပါတယ်။
“ကျနော်တို့ ဌာနကြီးကို ကိုယ်တိုင် လာပြီးတော့ သိချင်တာတွေ လာမေးတယ်။ သူတို့ စိတ်ဝင်စားတယ်လို့ပဲ သုံးသပ်တယ်၊ စိတ်ဝင်စားစရာ မရှိဘူးဆိုလို့ရှိရင် လာမေးစရာ အကြောင်းမရှိဘူး။”
အလားတူ ဇူလိုင် ၁၀ ရက်နေ့ကလည်း အမေရိကန်-အာဆီယံစီးပွားရေးကောင်စီအဖွဲ့က မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအပေါ် အကူအညီတွေပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်စိန် အပါအ၀င် လွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံရေးပါတီက ထိပ်တန်းခေါင်းဆောင်တွေ၊ ဌာနဆိုင်ရာ အဆင့်မြင့်ပုဂ္ဂိုလ်တွေ၊ စီးပွားရေး အသင်း အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
သူတို့လာတဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့ စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအပေါ် အကူအညီပေးဖို့၊ ပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့အခါ အမေရိကန်ကုမ္မဏီတွေအနေနဲ့ မြန်မာနိုင်ငံသားတွေ အကျိုးရှိစေမယ့် လူမှုအကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ လုပ်ငန်းမျိုးတွေပဲ အလေးထား ဆောင်ရွက်သွားဖို့ရှိတဲ့အကြောင်း ပြောဆိုဆွေးနွေးခဲ့တယ်လို့ ကောင်စီအဖွဲ့က ဇူလိုင် ၁၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံထားရှိမှုပမာဏက ဇွန်လ ၃၀ ရက်နေ့အထိ ကန်ဒေါ်လာ ၂၄၃ သန်းကျော်ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

DVB Burmese မှ ကူးယူဖော်ပြသည်။ 

ထားဝယ်တွင် သိမ်းဆည်းလယ်မြေ ပြန်ရရေး ဆန္ဒပြ

  July 31, 2013 
 
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ကမြောကင်းလမ်းပေါ်မှာ ၁၉၉၀ ခုနှစ်လောက် က သိမ်းယူထားတဲ့ လယ်မြေပေါ်မှာ ၀န်ကြီးများ အိမ်ယာဆောက်လုပ်ပြီး ကျန်ရှိနေတဲ့ လယ်မြေတွေ မူလပိုင်ရှင် ပြန်မပေးပဲ ပုဂ္ဂလိက ဆေးရုံ တည်ဆောက်နေမှုကို မူလပိုင်ရှင်မိသားစုဝင်တွေက ဒီနေ့ ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒပြတဲ့ ရည်ရွယ်ချက်ကို လယ်ပိုင်ရှင် ကိုထွန်းထွန်းဝင်းက “ဒီလယ်မြေတွေက ကျနော်တို့ ဘိုးဘွားပိုင်လယ်မြေတွေပါ။ ကျနော်တို့ လယ်သမားတွေကို ဘာနစ်နာကြေးမှ မပေးဘဲ သိမ်းယူထားတာပါ။ ဒီပုဂ္ဂလိကဆေးရုံက နိုင်ငံတော် စီမံကိန်းလည်း မဟုတ်ဘူး။ ကျနော်တို့ လယ်သမားတွေကိုလုံးဝဂရုမစိုက်ဘဲ ဒီလိုမတရားလုပ်နေတာကို  မခံချင်လွန်းလို့ ဒီလိုလုပ်ဖို့ဆုံးဖြတ်လိုက်တာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၁ လကျော်ကျော်လောက်ကလည်း မတရားသိမ်းယူထားတဲ့ လယ်မြေဆိုပြီး မှုတ်ဆေးနဲ့ မှုတ်ပြီး ကန့်ကွက်ခဲ့ပြီး လယ်ယာမြေနဲ့ အခြေားမြေများ စုံစမ်းစစ်စစ်ရေးကော်မရှင်ကိုလည်း တိုင်ထားပေမယ့် အခုထိ အကြောင်း မပြန်သေးဘူးလို့ ဆိုပါတယ်။
သိမ်းဆည်းခံထားရတဲ့ တခြားလယ်သမားတွေလည်း ကန့်ကွက် တိုင်ကြားထားတယ်လို့ ကိုထွန်းထွန်းဝင်းက ပြောပါတယ်။
“ကျနော်နည်းတူ ကျန်နစ်နာနေတဲ့ လယ်သမားတွေ အများကြီးဗျ။ သူတို့လည်းကျနော်လိုဘဲ ကန့်ကွက်ထားကြတယ်ဗျ။ သူတို့လည်း ကြာရင် မခံနိုင်ဘဲ ဆန္ဒပြကြမှာဘဲ။ ဒေသဖွံ့ဖြိုးရေးကို အမှန်တကယ် ရြေည်ရွယ်တယ်ဆိုရင် ကျနော်တို့လယ်သမားတွေနဲ့ ဆင်းရဲသားတွေရဲ့ဘ၀ကို အရင်မြှင့်ရမှာ အခုတော့ ခရိုနီတွေဘဲ ကောင်းစားနေကြတယ်။ သမ္မတပြောတဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေးကို ဂရုမစိုက်ဘဲ ထင်ရာ လုပ်နေကြတဲ့သဘောဘဲ။ ကျနော်တို့နဲ့ အရင် ပွင့်လင်းမြင်သာစွာ ညှိနှိုင်းပြီးမှ ဆောက်ပါလို့ ဒီနေ့ ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်။”

DVB Burmese မှ ကူးယူဖော်ပြသည်။  

မြ၀တီမြို့ ရေဘေးဒဏ်ကြောင့် ဒုက္ခသည်စခန်း ၉ ခုဖွင့်

မအေးအေးမာ

သောင်ရင်းမြစ် မြစ်ရေလျှံတဲ့အတွက် မဲဆောက်-မြ၀တီ နှစ်နိုင်ငံ နယ်စပ်တလျှောက် ထောင်နဲ့ချီရှိတဲ့ မြန်မာနိုင်ငံသားတွေဟာ ရေဘေးဒဏ်ကို ခံစားနေရပါတယ်။ မြ၀တီမြို့ဘက်မှာတော့ ကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်ထားပေမဲ့ တမြို့လုံးနီးပါး ရေဘေးဒဏ် ခံနေရပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နဲ့ မြ၀တီမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ တောင်ကျရေ ကျဆင်းမှု၊ ဆည်ရေတွေ ဖောက်လုပ်လိုက်တဲ့အတွက်လည်း ရေဘေးဒဏ်ကို နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ပြည်သူတွေ ခံစားနေရတာပါ။ ဒါပေမဲ့လည်း မြ၀တီမြို့ဘက်မှာတော့ ဒုက္ခသည်စခန်း ၉ ခု ဖွင့်ထားပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေပေမဲ့ လူတွေအများအပြား နေထိုင်ဖို့ အခက်အခဲတွေရှိနေကြောင်း ရေဘေးဒဏ်ခံနေရတဲ့ မြ၀တီမြို့ခံတဦးက ပြောပြပါတယ်။

“ပထမတုန်းက ကယ်ဆယ်ရေးစခန်းမှာ သွားနေတယ်။ အခုက ကယ်ဆယ်ရေးစခန်းမှာ နေလို့ မရတော့ဘူး။ ရေတွေ တအားပြည့်နေတယ်။ စခန်း ၉ ခုအပြင်ကို နောက်ထပ် ဒီလို အိမ်ငယ်တွေမှာလည်း အိမ်တွေကတော့ ပိုက်ဆံရှိတာမဟုတ်ပေမဲ့ အိမ်မြင့်မြင့်တွေ၊ မိုးရေလုံတဲ့၊ ရေမတက်ဘူးဆိုတဲ့ နေရာတွေက ကယ်ဆယ်ရေး စခန်းငယ်တွေလို အဲ့လို အကူအညီပေးထားတဲ့အိမ်တွေ အများကြီးရှိတယ်အမ။ ကယ်ဆယ်ရေးစခန်းတွေ အကုန်လုံး ပြည့်တဲ့အပြင် လမ်းဘေးတွေမှာ အဲ့ဒီ အမိုးရှိတဲ့ အိမ်တွေမှာ လူတွေ ငုတ်တုတ်နေနေရတယ်။ အာရှလမ်းမကြီးပေါ်တောင် ရေကျော်တယ်။ အမ ဆိုးတာပေါ့ အများကြီး။ ကျမတို့အိမ် ၂ ထပ်ကိုတောင် ဘယ်တုန်းကမှ ရေမှ မရောက်တာ။ အခုက အပေါ်ထပ်ထိတောင် ရောက်တယ်ဆိုတော့ ရေက မနည်းဘူးပဲ တက်မယ်။ ရေတက်တဲ့ဟာတွေ အကုန်လုံးလည်း ပိတ်ထားတယ်။ မတက်တဲ့ ကုန်းပေါ်က ကျောင်းတွေလည်း ပိတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေအတွက်နဲ့ ဘယ်သူမှ မလာနိုင်ကြဘူး။ ဟိုး မြို့လယ်ခေါင်က ဘယ်တုန်းကမှ ရေမတက်တဲ့ ဘုရားနားက နေရာတွေပါ အကုန်လုံး ပြောင်းပြေးရတာလေ။ တန်းလျားတွေဆို အကုန် မြုပ်ကုန်ပြီ။ ခေါင်တွေ မပေါ်တော့တဲ့ အိမ်တွေလည်း မပေါ်တော့ဘူး။ အကုန်လုံး ဒုက္ခရောက်တယ်။ ကျမတို့တောင်မှ ဘာပစ္စည်းမှ မပါဘူးအမ။ စောင်တထည်နဲ့ ၀တ်ဖို့ အ၀တ်အစားပဲပါတယ်။ ကလေးငယ်နဲ့ဆိုတော့။ ဘာပစ္စည်းမှကို ကျမတို့ မသယ်နိုင်ဘူး။ သူတို့ သယ်ပေးတယ်ဆိုရင်တောင် ထားစရာ နေရာ မရှိဘူးအမ။ လူတယောက်ကို တဆွဲတပိုးနဲ့ ဆိုရင်တောင် လူတွေကလည်း ပြည့်။”

အမှတ် ၅ ရပ်ကွက်မှာဆိုရင်  ကျွန်းတောဈေး၊ ရေပူဘုန်းတော်ကြီးကျောင်း၊ ကိုးန၀င်းကျောင်း၊ သမ္မတသုခ၊ ဖားခြောက်ကောင်၊ ရက်ကွက် ၃ မှာတော့  ဓမ္မရန်အောင်ဘုန်ကြီးကျောင်း၊ အမှတ် ၂ ရက်ကွက်မှာတော့ တေဇသက်ကီဘုန်းကြီးကျောင်း၊ အမှတ် ၄ ရက်ကွက်မှာတော့ တောရကျောင်း ကြခတ်တောကျောင်း၊ ကျောက်ဖျာဓမ္မာရုံတွေမှာ ဒုက္ခသည်စခန်းတွေ ဖွင့်ထားခဲ့တာပါ။

ဒါ့အပြင် ရေမ၀င်တဲ့ ချန်းသာတဲ့ မိသားစုတွေ နေထိုင်ရာ အိမ်တွေမှာပါ ရေဘေး ဒုက္ခသည်တွေကို နေထိုင်ခွင့် ပေးထားပါ။ တမြို့လုံးနီးပါး ရေဘေးဒဏ် ကြုံနေရတဲ့ အတွက် တချို့လူတွေကတော့ လမ်းမတွေပေါ်က  အကာအကွယ်ရှိတဲ့ နေရာတိုင်းမှာ ခိုလှုံနေကြရပါတယ်။ အလားတူ မြ၀တီ အင်ကြင်းမြိုင်ဆိုတဲ့ နေရာနဲ့နီးတဲ့ ထိုင်းနိုင်ငံဘက်ခြမ်း မယ်ကုမိုင် ဆိုတဲ့နေရာမှာလည်း ရာနဲ့ချီရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်ရာ နေရာတွေမှာ တဲအိမ်တွေဟာ ရေစီးနဲ့အတူ မျောပါသွားခြင်း၊ အိမ်ခေါင်မိုးအထိ ရေနစ်မြုပ်တဲ့အတွက် ထိုင်းလူထုတွေထံမှာ အကူအညီတွေ တောင်းခံနေရပါတယ်။ မယ်ကုမိုင်ဘက်က ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ ပြောပြတာကတော့ -

“ညနေ ၄ နာရီလောက်မှာ ရေတွေက ဒူးခေါင်လောက်အထိ ရှိတယ်။ ကျမတို့ကလည်း ဒီလောက်အထိ ရေတက်မယ်လို့ မထင်ဘူးပေါ့။ တဖြည်းဖြည်းနဲ့ ရေက ခါးစောင်းထိ ရှိလာတော့ နိုင်သလောက်လေးပဲ ရွှေ့ရတော့တယ်။ အဲ့အချိန်မှာ ၉ နာရီကျော် ၁၀ နာရီလောက် ရှိနေပြီ။ အဲ့လောက်ကျတော့ ကျမတို့လည်း လူပဲ ရုန်းရတော့တာပေါ့။ ရှိတဲ့ဆန်တွေကတော့ အကုန်လုံး ပါသွားတော့တာပေါ့။ အိမ်တွေကတော့ အကုန်မြုပ်တယ်အမ။ ခေါင်မိုးတွေမြုပ် တတောင်လောက်ပဲ ပေါ်တော့တယ်။ အိမ်နှစ်လုံးကတော့ မျောသွားတယ်။ ရွှေ့လိုက်လို့။ မရွှေ့လို့ရှိရင်တော့ လူ အသက်အန္တရာယ်ရှိတယ်လေ။ အားလုံးလည်း ဒုက္ခရောက်တာပေါ့နော်။ ရှိတဲ့ဟာတွေတော့ မျောတာပေါ့နော်။ တိရစ္ဆာန်တွေကအစပေါ့။ ဒါပေမဲ့ ဒီလိုမျိုး ကြုံဖူးတာကတော့ ၂ ခါရှိပါပြီ။ ဒီတခါကတော့ တော်တော်လေးကို အခက်အခဲ ကြုံရတယ်။ လူက အသက်နဲ့လုပြီးတော့ လာရတဲ့ ပုံစံမျိုးမှာ ရှိတာပေါ့။”

မြ၀တီ - မဲဆောက်မြို့ဟာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးတွေ လုပ်တဲ့မြို့တွေ ဖြစ်တဲ့အတွက် တဘက်နဲ့တဘက် ကုန်ပစ္စည်းတွေကို တင်ပို့သိုလှောင်တဲ့ နေရာတွေ အများအပြား ရှိနေတာပါ။ ကုန်သည်တွေရဲ့ ကုန်ပစ္စည်း သိုလှောင်တဲ့နေရာ တချို့လည်း ရေဘေးဒဏ် ခံရတဲ့အတွက် ကုန်ဈေးနှုန်းပါ ထပ်ကြီးလာမှာကို စိုးရိမ်မိတယ်လို့ မြ၀တီမြို့က ပြည်သူတဦးက ဆက်ပြောသွားပါတယ်။

“ကုန်သည်တွေဆိုလည်း အများကြီး ဆုံးရှုံးတယ်လေ။ သိုလှောင်တဲ့ကုန်တွေဆို စိုရွှဲနစ်ကုန်ပြီဖြစ်တဲ့အတွက် ရှေ့ကိုတော့ သိပ်မမျှော်မှန်းရဲပါဘူး။ ကုန်ဈေးနှုန်းတွေ တက်မယ်လို့ ကျမတို့ ထင်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်တွေမှာလည်း ကုန်ပစ္စည်းတွေက တော်တော်များများ ကုန်ကုန်ပြီလေ။ ဆိုင်တွေဆို အများကြီးပဲ ရေမြုပ်သွားတယ်။ အိမ်တွေမှာ ရွှေ့ထားတဲ့ ပစ္စည်းတွေလည်း မြုပ်တယ်။ ဂိုဒေါင်က ပစ္စည်းတွေလည်း မြုပ်တယ်။ အိုးမဲ့ အိမ်မဲ့တွေလည်း တော်တော်များများ ဖြစ်နေပြီ။ အခုဆို သောင်စပ်က အိမ်တွေဆို အကုန်မျောတယ်။”

မိုးအဆက်မပြတ် ရွာသွန်းခြင်း၊ တောင်ကျရေ ကျဆင်းခြင်း၊ ဆည်ရေများ ဖောက်ထုတ်ခြင်းတွေကြောင့်  နယ်စပ်တလျှောက်မှာ ရေဘေးဒဏ်ကို ကြုံနေကြရတာပါ။ မြ၀တီမြို့ဘက်မှာ ဇူလိုင်လ ၂၉ ရက်နေ့ကထက် ဇူလိုင်လ ၃၀ ရက်နေ့က အခြေအနေ ပိုဆိုးလာတဲ့အကြောင်း မဲဆောက်မြို့ဘက်မှာတော့ ရေဆိုးရေညစ်တွေကို ဖောက်ထုတ်မှုတွေကြောင့် ဇူလိုင်လ ၂၉ ရက်နေ့ကထက်စာရင်  မြို့ထဲက လမ်းမပေါ်မှာ ရေတွေ လျော့ကျသွားပြီး ကားအသွားအလာတွေ ပိုလုပ်လာနိုင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း မိုးရေးမြစ်အနီး နယ်စပ်တလျှောက်မှာ နေထိုင်နေရတဲ့ နှစ်နိုင်ငံ ပြည်သူတွေကတော့ ရေဘေးဒဏ်ကို ခံစားနေရဆဲဖြစ်ပါတယ်။

voa burmese မှ ကူးယူဖော်ပြသည်။

စစ်အုပ်စုရဲ့  နိုင်ငံရေး မျက်လှည့်လား

ဦးအောင်ခင် ကိုဇော်ဝင်းလှိုင်

အနှစ် (၂၀) ကျော် မြန်မာပြည်ကို ကြီးစိုးပြီး ချမ်းသာကြွယ်ဝလာတဲ့ စစ်အုပ်စုကို ကမ္ဘာက လက်ခံနိုင်အောင် ဒီမိုကရေစီ ပြုပြင်ရေး လုပ်တာဆိုတဲ့ အမြင်ကို လေ့လာသူ အတော်များများ လက်ခံကြပါတယ်။ ဦးသိန်းစိန်အစိုးရရဲ့  ပြုပြင်ရေးကို စစ်အုပ်စုရဲ့  နိုင်ငံရေးမျက်လှည့်အဖြစ် ရှုမြင်ကြပါတယ်။ နိုင်ငံရေးအကျဉ်းသား အများအပြားလွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလုပ်ခွင့်ပြုတာရယ်၊ စာပေစီစစ်ရေး ရုတ်သိမ်းလိုက်တာရယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးတာရယ်၊ နိုင်ငံခြားမှာ ခိုလှုံနေတဲ့ မြန်မာပြည်သားတွေကို ပြန်လာခွင့်ပြုတာရယ် စတာတွေကိုကြည့်ပြီး ဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြုကြပါတယ်။

ဦးသိန်းစိန်ကို ဆုချီးမြှင့်ပြီး ဂုဏ်ထူးဆောင်ဘွဲ့ ပေးတာရှိသလို နိုဘလ်ငြိမ်းချမ်းရေးဆုပေးဖို့ အမည်တင်သွင်းသူ ရှိပါတယ်။ တေးသံရှင် ကိုမွန်းအောင်နဲ့အဖွဲ့ကတော့ ဦးသိန်းစိန်ဟာ နိုဘလ်ဆုနဲ့ မထိုက်တန်ဘူးဆိုပြီး နော်ဝေမှာ ကန့်ကွက်နေပါတယ်။ ဦးသိန်းစိန်လက်ထက်မှာ ကချင်စစ်ပွဲပြန်ဖြစ်တာမို့ ပြည်တွင်းတမျိုး ပြည်ပတမျိုး လုပ်တာဆိုပြီး မယုံသင်္ကာ ဖြစ်သူများလာပါတယ်။ အခု အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းအများစုဟာ စစ်အစိုးရလက်ထက်က သဘောတူခဲ့တဲ့ စီမံချက်တွေဖြစ်လို့ စစ်အုပ်စုရဲ့  အကျိုးစီးပွားကို အရပ်သားအစိုးရပုံစံနဲ့ ဆက်လက်မြှင့်တင်နေတာလို့ ရှု့ မြင်ကြပါတယ်။

ဦးသိန်းစိန်ဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရေးဆွဲခဲ့တဲ့ နိုင်ငံရေးလမ်းညွှန်အတိုင်း လုပ်နေတာလို့ ယူဆသူတွေထဲမှာ ထိုင်းအခြေစိုက် မြန်မာ့ရေးရာ ဝါရင့်အကဲခတ် Bertlin Lintner ဟာ ရှေ့ တန်းက ပါဝင်ပါတယ်။ မိမိသမ္မတဖြစ်လာအောင် အကွက်ဆင်ပေးတဲ့ ဦးသန်းရွှေရဲ့ အမိန့်ကို ဦးသိန်းစိန် နာခံနေတုန်းပဲလို့ ဆိုပါတယ်။ လွတ်လပ်စွာ ဦးဆောင်လုပ်ကိုင်တဲ့နေရာမှာ ဦးသိန်းစိန်ဟာ အလွန်အားနည်းတယ်လို့ ဇူလိုင်လ (၉) ရက်နေ့ ဆောင်းပါးမှာ Bertlin Lintner က သုံးသပ်ပါတယ်။ ဒီအတိုင်းဆိုရင် မိမိကိုယ်တိုင် အကွက်ဆင်ပြီးပထုတ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲရောက်လာအောင် လုပ်တာကို ဦးသန်းရွှေက ခွင့်ပြုတဲ့သဘော ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်အောင် အခြေခံဥပဒေမှာ ဟန့်တားထားတာဟာလည်း ဦးသန်းရွှေရဲ့  လက်ချက်လို့ ယူဆကြပါတယ်။

ဒါကြောင့် အငြိမ်းစားဗိုလ်ချုပ်ကြီးသန်းရွှေရဲ့  သြဇာအာဏာအရှိန်အဝါ ဘယ်လောက်ကျန်ရှိနေတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေးလွတ်လပ်မှု ဘယ်လောက်ရှိတယ်ဆိုတာနဲ့ တိုင်းတာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းအကြား ကွာဟမှုကြီးမားလာပြီး ဒေါ်အောင်ဆန်းစုကြည် ဦးရွှေမန်းဘက်က ရပ်တည်တာကို စိုးရိမ်စရာအဖြစ်၊ Berkeley တက္ကသိုလ် အာရှရေးရာ သုတေသီ ကိုမင်းဇင် က Foreign Policy စာစောင်မှာ ဇူလိုင် (၁၀) ရက်နေ့က ရေးပါတယ်။ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ (၁၈) ရက်နေ့က ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်တာကိုကြည့်ရင် ရင်းနှီးမှု အတိုင်းအတာကို ခန့်မှန်းနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရန်သူလို သဘောထား မှားတယ်လို့ ဦးရွှေမန်း ပြောတာဟာ ဦးသန်းရွှေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

တိုင်းပြည်ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အာရုံမစိုက်ဘဲ ဗိုလ်ချုပ်ဟောင်းတွေရဲ့  အာဏာပြိုင်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေတာကို ပညာတတ်အသိုင်းအဝိုင်းနဲ့ စီးပွားရေးလောကမှာ အံ့သြနေကြတယ်လို့ ကိုမင်းဇင် က ဆိုပါတယ်။ ဦးသန်းရွှေ ခန့်အပ်ထားတဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့  ရပ်တည်ချက်ကို မသိနိုင်သေးပေမယ့် စစ်အာဏာသိမ်းနိုင်မယ့် အလားအလာကို ကိုမင်းဇင် က တွေးပူနေပုံရပါတယ်။ ဥပဒေပြုလွှတ်တော်မှာ အစိုးရလုပ်ရပ်ကို ဝေဖန်တာဟာ ဝါရင့်ဒီမိုကရေစီနိုင်ငံတွေမှာ လုပ်ရိုးလုပ်စဉ်ပါ။ ဒါပေမဲ့ သမ္မတဖြစ်ချင်တဲ့ ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌက ကြံ့ဖွံ့အစိုးရရဲ့  လုပ်ဆောင်ချက်ကိုဝေဖန်ပြီး သမ္မတဖြစ်ချင်တဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာမိတ်လုပ်တာဟာ အထူးအဆန်းလို ဖြစ်နေပါတယ်။ တနည်းဆိုရင်တော့ ကြံ့ဖွံ့နဲ့ NLD ပါတီပူးပေါင်းတော့မယ့် အလားအလာလို ဖြစ်နေပါတယ်။

ဦးသိန်းစိန်အစိုးရရဲ့  အသွင်ကူးပြောင်းရေးကို အယုံအကြည်မရှိသူထဲမှာ ADB အာရှဖွံ့ဖြိုးရေးဘဏ်က အမျိုးသမီးဥပဒေပညာရှင် ကာလမကွီးနီး Kala Mulqueeny လည်း ပါဝင်ပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ အရှေ့ အာရှ ကမ္ဘာ့စိးပွားရေးညီလာခံမှာ ဦးဆောင်ဆွေးနွေးခဲ့တဲ့ အမျိုးသမီးတဦး ဖြစ်ပါတယ်။ စစ်အုပ်စုကြီးစိုးတာကို ပြည်တွင်းပြည်ပမှာ အသိအမှတ်ပြုဖို့ ရည်ရွယ်တဲ့ ပြုပြင်ရေးဖြစ်တာမို့ အကန့်အသတ်ရှိနေတာလို့ သူကဆိုပါတယ်။ ဦးသိန်းစိန်ဟာ အခြေခံဥပဒေကို ပြင်ဆင်လိုသူ မဟုတ်ဘူးလို့လည်း မကွီးနီက မြင်ပါတယ်။ ဦးသိန်းစိန်ဟာ ပြုပြင်ရေးသမားဖြစ်နိုင်ပေမယ့် စစ်အုပ်စု (သို့မဟုတ်) ဦးသန်းရွှေအုပ်စု ခွင့်ပြုသလောက်သာ ပြုပြင်ရေးလုပ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ဦးရွှေမန်းနဲ့ လက်တွဲဖို့ ဆုံးဖြတ်တာဖြစ်ပုံရပါတယ်။

စစ်အစိုးရလုပ်ခဲ့တဲ့ စီးပွားရေးပြဿနာတွေကို ဖြေရှင်းဖို့ ဦးသိန်းစိန်အစိုးရကို တာဝန်ပေးတာသာဖြစ်လို့ စစ်အုပ်စု ဆက်လက်ကြီးစိုးနေမှာ ဖြစ်ပါတယ်။ စစ်အုပ်စုကြီးစိုးရေးအတွက် ရေးဆွဲထားတဲ့ ပြင်ဆင်ရခက်ခဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ဆုံး ပြင်ဆင်နိုင်မှသာ ဒီမိုကရေစီ ပြုပြင်ရေးကို စနိုင်ပါလိမ့်မယ်။ အခြေခံဥပဒေကို မပြင်ဆင်နိုင်ရင်တော့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့  နိုင်ငံရေးမျက်လှည့်ကိုသာ ဆက်လက်မြင်တွေ့ရဖွယ်ရှိတယ်လို့ ပြောရပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ ဆက်လက်ဖမ်းဆီးမှုတွေ ရှိနေတဲ့အပေါ် ကင်တားနားစိုးရိမ်

ဒေါ်လှလှသန်း
 နိုင်ငံရေး အကျဉ်းသား ၇၃ ဦးကို မြန်မာသမ္မတ ဦးသိန်းစိန်က ပြန်လွှတ်ပေး လိုက်တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တာနား (Mr. Thomas Ojae Quintana) ကကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေ ဆက်ရှိနေသေးတဲ့အတွက် စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်းနဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး ဒေါ်ဘောက်ဂျာ ဖမ်းဆီးခံရတာအတွက် သူ့အနေနဲ့ စိုးရိမ်မကင်းဖြစ်ပြီး၊ သြဂုတ်လအတွင်း မြန်မာနိုင်ငံကို သွားရောက်မယ့် အစီအစဉ်အတွင်း အာဏာပိုင်တွေနဲ့ ဆွေးနွေးမယ်လို့လည်း မစ္စတာ ကင်တားနား ကဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်လှလှသန်း ကတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တာနား ဟာ မြန်မာသမ္မတ ဦးသိန်းစိန် က သူ့ရဲ့မကြာမီက ဥရောပ ခရီးစဉ်အတွင်း ကတိပေးခဲ့တဲ့အတိုင်း မြန်မာနိုင်ငံမှာ ယုံကြည်ချက်နဲ့ အကျဉ်းကျနေသူတွေ ဒီနှစ်ကုန်မှာ မရှိစေရဘူးဆိုတဲ့ ပြောဆိုချက်အတိုင်း ဇူလိုင်လ ၂၃ ရက်နေ့က နိုင်ငံရေး အကျဉ်းသား ၇၃ ဦးကို ပြန်လွှတ်ပေးတဲ့အပေါ် ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အကျဉ်းသား ၁၀၀ နီးပါး ဆက်လက် ကျန်ရှိနေသေးတဲ့ အတွက်လည်း အားလုံးကို ပြန်လွှတ်ပေးဖို့ သူကတောင်းဆိုလိုက်ပါတယ်။

“ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ အားလုံးကို ပြန်လွှတ်ပေးသင့်ပါတယ်။ ဘာကြောင့် တချို့နိုင်ငံရေး အကျဉ်းသားတွေ ကျန်နေသေးတယ် ဆိုတာကို ကျနော် နားမလည်နိုင်ပါဘူး။ ဒါဟာ ကျနော် လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး မှူး ဖြစ်လာကတည်းက မြန်မာအစိုးရကို တောင်းဆို လာခဲ့တာပါ။ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဆက်လက် ဖမ်းဆီးမှုတွေ ရှိနေတဲ့ အပေါ်မှာလည်း စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း မစ္စတာ ကင်တာနား ကပြောပါတယ်။

“အခု အရပ်သား အစိုးရလက်ထက်မှာ အစိုးရရဲ့ ပေါ်လစီတွေနဲ့ အမြင်ချင်းမတူတဲ့သူတွေကို ပြန်ပြီးဖမ်းနေတာ တွေ့ရပါတယ်။ အထူးသဖြင့် သဘာဝ သယံဇာတ တူးဖော်မှု၊ ရေကာတာတည်ဆောက်မှု၊ လယ်ယာမြေသိမ်းဆည်းမှု၊ တခြားမိရိုးဖလာ လုပ်ကိုင်မှုတွေအပြင် ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကိုလည်း ဖမ်းဆီးနေတာ တွေ့ရပါတယ်။”

အထူးသဖြင့် အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီရဲ့ ကချင်ပြည်နယ်ဆိုင်ရာ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ဘောက်ဂျာ ကို ဇူလိုင်လ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း သူသြဂုတ်လ မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ မြန်မာအာဏာပိုင်တွေနဲ့ သူ့ရဲ့စိုးရိမ်မကင်း ဖြစ်မှုကို ထုတ်ဖော် ပြောကြားမယ်လို့လည်း မစ္စတာ ကင်တာနား ကပြောပါတယ်။

“ကျနော့်အနေနဲ့ ဒေါ်ဘောက်ဂျာ ကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မိပါတယ်။ သူဖမ်းဆီးခံရတဲ့အကြောင်း ကျနော်ဖတ်ရပါတယ်။ သူ့ရဲ့အမှုကို တရားရေးရာအရ ဆုံးဖြတ်မယ်ဆိုတာလည်း သိပါတယ်။ အစိုးရအနေနဲ့ ဒီနေရာမှာ စေတနာရင်းမှန်ဖို့ လိုပါတယ်။ တဘက်မှာ နိုင်ငံရေးအကျဉ်းသား ၇၃ ဦးကို လွှတ်ပေးပေမဲ့ တဘက်မှာ ပြန်ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ ဒီနေရာမှာ လိုအပ်တဲ့သူတွေကို အကူအညီပေးနေတဲ့သူ၊ တကယ်ဆို အစိုးရလုပ်ရမယ့် တာဝန်ကို သူက၀င်ရောက် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ကျနော် သြဂုတ်လ မြန်မာပြည် သွားတဲ့အခါ ဒေါ်ဘောက်ဂျာ ကိစ္စကို ထည့်သွင်းပြီး အာဏာပိုင်တွေနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။”

ဒေါ်ဘောက်ဂျာကို ၂၀၀၉ ခုနှစ်က ကျေးရွာအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အမှုနဲ့စွပ်စွဲပြီး ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ သူ့ကို လူသေမှုနဲ့ ပုဒ်မ ၃၀၄ (က) အပြင်၊ ဆေးထိုးအပ် ကိုင်တဲ့အမှုနဲ့ ပုဒ်မ ၃၃ အပြင်၊ မြန်မာနိုင်ငံ ဆေးဝါးအက်ဥပဒေ ပုဒ်မ ၄၁ စသဖြင့် ပုဒ်မ ၃ ခုနဲ့ ဖမ်းဆီးထားတာဖြစ်ပြီး ဒေါ်ဘောက်ဂျာဟာ လောလောဆယ်မှာ ဆက်သွယ်မှု ခက်ခဲတဲ့ ဖားကန့်မှာ ထိန်းသိမ်းခြင်း ခံထားရတယ်လို့ သိရပါတယ်။

မစ္စတာ ကင်တာနား က မြန်မာအစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင် ရာမှာ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု စတဲ့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာပြီး၊ ဥပဒေတွေကို ပြင်ဆင်ရာ မှာ မြန်မာနိုင်ငံရဲ့ တရားရေးစနစ်ဟာလည်း သီးခြားရပ်တည်ဖို့ အရေးကြီးတယ် လို့လည်း သူကပြောပါတယ်။

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဆန္ဒပြခွင့် စသဖြင့်ဟာ လူ့အခွင့်အရေး ပဋိဥာဏ် စာတမ်းကြီးမှာ သိပ်ကိုအရေးကြီးတဲ့ အခွင့်အရေးတရပ် ဖြစ်ပါတယ်။ ဒါကို မြန်မာအစိုးရက လေးစားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဆန္ဒပြသူတွေကို ဒေသခံအာဏာပိုင်တွေ၊ ရဲနဲ့တရားရုံးတွေက တုန့်ပြန် အရေးယူတာတွေကို နိုင်ငံတော် အစိုးရက လေးလေးနက်နက် စုံစမ်းစစ်ဆေးသင့်ပါတယ်။ ဒီလိုဆန္ဒပြသူတွေကို ဖမ်းဆီးမှုတွေ တွေ့နေရပါတယ်။ ဒါဟာ နိုင်ငံရေးအရ လှုံ့ဆော်မှု အကြောင်းတရားတွေ ပါနေလို့ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို အစိုးရက စုံစမ်းစစ်ဆေး ပေးသင့်ပါတယ်။ ဒီအကြောင်း ကျနော်မကြာမီ သြဂုတ်လကျ မြန်မာနိုင်ငံ သွားတဲ့အခါမှာ ဆွေးနွေးဖို့ ရှိပါတယ်။”

၂၀၀၈ ခု၊ မေလကစပြီး လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ မစ္စတာ ကင်တာနား ဟာ ဒီနှစ်အတွင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကလည်း မြန်မာနိုင်ငံကို ၆ ရက်ကြာ သွားရောက်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် သြဂုတ်လ ခရီးစဉ်ဟာ ဒုတိယမြောက် မြန်မာနိုင်ငံကို ဒီနှစ်အတွင်း သွားရောက် တဲ့ ခရီးစဉ်လည်း ဖြစ်မှာပါ။
VOA Burmese မှ ကူးယူဖော်ပြသည်

ကျောက်ဖြူ မဒေးကျွန်း ဆန္ဒပြခေါင်းဆောင် ၁ဝ ဦးအမှု စတင်စစ်ဆေး

ပြီးခဲ့တာ ဧပြီလ ၁၈ရက်နေ့က ရခိုင်ပြည်နယ် မဒေးကျွန်းမှာ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကို ဆန္ဒပြခဲ့ကြတဲ့ ဆန္ဒပြခေါင်းဆောင် ၁ ဦးကို ကျောက်ဖြူမြို့နယ်တရားရုံးမှာ ဒီကနေ့ ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပါတယ်။
ဒီနေ့တရားရုံးမှာ စစ်ဆေးခံရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူဦးထွန်းကြည်ကအခုလိုပြောပါတယ်။
"ကျနော်တို့က ဦးဆောင်ပြီး ဆန္ဒပြတာလားလို့မေးတယ်လေ၊ ကျနော်တို့က မဟုတ်ဘူး၊ ရွာသူရွာသားတွေက ဆန္ဒပြချင်လို့ပြတာ၊ ကျနော်တို့က ဒီဥပဒေနဲ့ ပြဿနာမဖြစ်အောင် ဦးဆောင်ပြီးဖြေရှင်းပေးတာ"
သူတို့ ၁ ဦးဟာ တရားမင်စီတန်း လှည့်လည်မှုနဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး အရင်တုန်းက တရားလိုပြသက်သေတွေကို ခုနှစ်ကြိမ် စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ရွှေသဘာဓာတ်ငွေ့စီမံကိန်းကြောင့် မဒေးကျွန်းမှာ လယ်သိမ်း၊ မြေသိမ်းကိစ္စတွေ ဖြစ်ပေါ်ခဲ့တဲ့အပေါ် ထိုက်တန် တဲ့လျော်ကြေးငွေပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ကြတာပါ။

RFA Burmese မှ ကူးယူဖော်ပြသည်

ဗြိတိန်အောက်လွှတ်တော်ဥက္ကဌ နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းတို့ တွေ့ဆုံ

 2013-07-30
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဗြိတိန်အောက် လွှတ်တော် ဥက္ကဌ Mr. John Bercow နဲ့ အဖွဲ့ကို ဒီနေ့မနက် လွှတ်တော်အဆောက်အဦးဝင်းထဲမှာရှိတဲ့ ဇဗ္ဗူသီရိခန်းမဆောင်မှာ တွေ့ဆုံ ခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်တွေ လည်း တက်ရောက်ခဲ့ကြပါတယ်။ 

လွှတ်တော်အတွေ့ အကြုံနည်းသေးတဲ့ မြန်မာနိုင်ငံက လွှတ်တော် ကိုယ်စားလှယ်တွေကို အရည်အသွေးမြှင့် သင်တန်းတွေပေးသွားမယ်လို့ ဗြိတိန်အောက် လွှတ်တော် ဥက္ကဌ ကပြောကြောင်း အဲဒီတွေ့ဆုံပွဲ ကို တက်ရောက်ခဲ့တဲ့ ကွန်ဟိန်းမဲဆန္ဒ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက RFAကိုပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော် နှစ်ရပ်စလုံး က ကိုယ်စားလှယ်တွေကို ချပြသင့်ကြောင်း ဗြိတိန်အောက်လွှတ်တော်ဥက္ကဌက အကြံပြုဆွေးနွေးသွားတယ် လို့ သိရပါတယ်။

RFA Burmese

1331 နံပါတ်သို့ SMS ပေးပို့၍ Internet လိုင်းဖွင့်နိုင်ပါပြီ


ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Prepaid GSM / WCDMA ကြိုတင်ငွေဖြည့်ကဒ်ဖြင့် တယ်လီဖုန်းသုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့ လူကိုယ်တိုင်လာရောက် လျှောက်ထားရန် မလိုဘဲ မိမိမိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃) ရက်နေ့မှစတင်၍ တိုက်ရိုက်ဖွင့်လှစ် သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
အင်တာနက်ဖွင့်ရန်အတွက် မိမိမိုဘိုင်းဖုန်းမှ 1331 နံပါတ်သို့ “Orderdata service” စာသားအား SMS ပေးပို့ရပါမည်။ အင်တာနက်လိုင်းပွင့်ပါက သုံးစွဲသူ၏ ငွေလက်ကျန်ထဲမှ ၁၀၀၀၀ိ/ (ကျပ်တစ်သောင်း တိတိ) ကိုနှုတ်ယူမည်ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

အင်တာနက်လျှောက်ထားပြီးလျှင် 1234123 မှ

Dear customer, you have ordered product service successfully! Please restart you handset. ဟု message ပြန်ပို့လာပြီး ဖုန်းကို restart ချ၍ internet Setting ချိန်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

Internet Setting ချိန်ရန်

Menu > Setting > Wireless & Networks > Mobile Network > Access Point Names ကို ဖွင့်ပြီး Menu ခလုတ်ကို နှိပ်ပါ ၊ New APN ကို ရွေးပါ။

Name : mptnet

APN : mptnet

Proxy : မရိုက်ရ

Port : မရိုက်ရ

Authentication type : PAP or CHAP (ရွေးချယ်လိုက်ပါ)
အထက်ပါ စာများ ရိုက်ပြီးသွားလျှင် Menu ခလုတ်နှိပ်ပြီး Save ဖြင့်ထွက်လိုက်ပါ။
Data Switch (အထက်အောက် မြှား) ကို On ပေးခြင်းဖြင့် Internet အသုံးပြုလို့ ရပါပြီ။

 Myanmar Journal

မသန်စွမ်းအဖွဲ့ရှစ်ဖွဲ့ ပြည်ထောင်စုလွှတ်တော်တွင် လေ့လာမည်

Published on July 29, 2013 by ​အေး​နိုင် 
 
မသန်းစွမ်းမှုဆိုင်ရာ မိတ်ဖက်အဖွဲ့ရှစ်ဖွဲ့က တာဝန်ရှိသူတွေဟာ နေပြည်တော်က ပြည်ထောင်စုလွှတ်တော်ကို ဇူလိုင် ၃၀ ရက်နေ့မှာ ပထမဆုံးအကြိမ် သွားရောက်လေ့လာကြမှာဖြစ်ပါတယ်။
ကိုယ်စားလှယ်တွေကတော့ (ကိုယ်အင်္ဂါ၊ အမြင်အာရုံ၊ ဥာဏ်ရည်၊ အပြောနဲ့အကြားအာရုံ မသန်စွမ်းမှုလေးမျိုးကို ကိုယ်စားပြုတဲ့ မသန်းစွန်းမှုဆိုင်ရာ မိတ်ဖွဲ့အဖွဲ့ ရှစ်ဖွဲ့က တာဝန်ရှိသူ ၁၆ ဦးဖြစ်ပါတယ်။
မသန်စွမ်းတာဝန်ရှိသူတွေဟာ လွှတ်တော်ကို မနက်ပိုင်းတပိုင်းလုံး လေ့လာမှာဖြစ်သလို ညနေပိုင်းကျရင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ sky palace hotel မှာ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီတွေ့ဆုံပွဲမှာ မသန်စွမ်းတွေရဲ့ လက်ရှိအခြေအနေနဲ့ လုပ်ဆောင်မှုတွေကို တင်ပြကြမှာ ဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။
ဒီအပေါ် သူတို့လေ့လာရေးအဖွဲ့က ကျေးဇူးတင်စကားကို ဦးစွာပြောဆိုပြီး သူတို့ရဲ့ လိုအပ်ချက်တွေကို တင်ပြမယ်လို့  ဒီခရီးစဉ်ကို ဦးဆောင်တဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က လုပ်ငန်းဆောင်ရွက်ရေး ဒါရိုက်တာ ဦးအောင်ကိုမြင့်က ပြောပါတယ်။
“နိုင်ငံသားထဲက နိုင်ငံသားတွေဖြစ်တဲ့ မသန်စွမ်းသူတွေလည်းပဲ အခြားနိုင်ငံသားတွေ ရသင့်ရထိုက်တဲ့အခွင့်အရေးကို တန်းတူ ရချင်တယ်ဆိုတဲ့အကြောင်းလေးကို ကျနော်တို့ ပြောပြမှာဖြစ်ပါတယ်။ လက်ရှိ ဆုံးရှုံးနေရတဲ့ အခွင့်အရေးတွေရှိပါတယ်။ မသန်စွမ်းမှုကြောင့် ဆုံးရှုံးနေရတဲ့အခွင့်အရေး ဘာတွေဘာတွေဖြစ်ပါတယ်ဆိုတာ ထောက်ပြပြီးတော့ မသန်စွမ်းသူများ ဥပဒေ မြန်မာနိုင်ငံမှာ အမြန်ဆုံးပြဋ္ဌာန်းနိုင်ဖို့အတွက် ကျနော်တို့ တွန်းအားပေးဖို့အတွက်၊ တင်ပြဖို့အတွက် သွားမှာဖြစ်ပါတယ်။”
လက်ရှိမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး မသန်စွမ်းအဖွဲ့တွေထံက အကြံဥာဏ်ရယူရေးဆွဲခဲ့တဲ့ မသန်စွမ်းသူများ ဥပဒေမူကြမ်း ရှေ့နေချုပ်ရုံးကို တင်ပြခဲ့ရာမှာ ၀န်ကြီးဌာနထံ ပြန်ကျလာပြီလို့ ဦးအောင်ကိုမြင့်က ပြောပါတယ်။
ဒါကြောင့် ၀န်ကြီးဌာနက လွှတ်တော်ကို တင်ပြတဲ့အခါ မသန်စွမ်းသူတွေရဲ့ လိုလားချက်အခြေအနေမှန်ကို တင်ပြနိုင်အောင် လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြမယ်လို့ ဆိုပါတယ်။
မသန်စွမ်းသူတွေရဲ့ အရေးကို မသန်စွမ်းသူတွေ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်ပေးဖို့ အရေးကြီးတယ်လို့ ဦးအောင်ကိုမြင့်က ပြောပါတယ်။
“မသန်ဘူးဆိုတာ မှန်ပေမယ့် ကျန်တဲ့အပိုင်းက စွမ်းဆောင်နိုင်သေးတာ ဖြစ်တာကြောင့် တိုင်းပြည်ကို အလုပ်အကျွေးပြုနိုင်တယ်။ အဲဒါကြောင့် မသန်စွမ်းသူတွေကို သနားပါတယ်၊ သနားတဲ့အတွက် လုပ်ပေးလိုက်မယ်၊ ငါတို့က ပြန်လည်ထူထောင်ပေးမှရမယ်၊ ငါတို့ လုပ်ပေးမှရမယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ မသန်စွမ်းသူတွေရဲ့အရေးကို မသန်စွမ်းသူတွေ ကိုယ်တိုင် ပါဝင်ပြီးတော့ သူတို့လိုအပ်ချက်ကို အမှန်တကယ် သူတို့ပြောတာကို နားထောင်ပြီး လုပ်ပေးဖို့ လိုတာပေါ့။ အဲလို လုပ်လိုက်မယ်ဆိုရင် သူတို့ဟာလည်း နိုင်ငံရဲ့ အင်အားတွေပဲ။ မသန်စွမ်းသူတွေကို လျစ်လျူရှုထားခြင်းဖြင့် တနည်းအားဖြင့် အသိအမှတ် မပြုတာလို့ပဲ ပြောရမှာပေါ့။”

DVB Burmese မှ ကူးယူဖော်ပြသည် 

ကရင်ပြည်နယ်တ၀န်း ရေလွမ်း

Published on July 30, 2013 by နော်နိုရင်း   
 
အဆက်မပြတ် ရွာသွန်းတဲ့မိုးကြောင့် မြစ်ချောင်းတွေ ရေလျံပြီး ကရင်ပြည်နယ် လှိုင်းဘွဲ့တမြို့လုံးနီးပါး ရေလွှမ်းနေသလို ပြည်နယ်မြို့တော် ဘားအံမြို့မှာလည်း ရေကြီးမှုကြောင့် ရေဘေးဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးစခန်း ၁၂ ခုလောက် ဖွင့်လှစ်ထားရပါတယ်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မှာ  မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် တောင်ကျရေ အရှိန်နဲ့ လှိုင်းဘွဲ့ချောင်းရေ မြင့်တက်လာတဲ့အတွက် လှိုင်းဘွဲ့မြို့ပေါ်ရပ်ကွက်တွေ အားလုံးနီးပါး ရေဘေးဒဏ်ခံစားနေရတယ်လို့ မြို့ခံ ဦးချစ်တင်က ဒီဗွီဘီကို ပြောပါတယ်။

“ဇူလိုင် ၂၇ ရက်နေ့ကတည်းက  ရေစတက်ခဲ့တာဖြစ်ပြီး  အခုချိန်ထိ ရေမကျသေးဘဲ  မြို့ပေါ် ရပ်ကွက် ၄ ခုလုံး ရေလွမ်းမိုးမှုဖြစ်ရတာလို့ ပြောပါတယ်။“၂၇ ရက်နေ့က ရေစတက်တယ်၊ ရေက တက်တာ မြန်တယ်။ ၂၈ ရက်နေ့က ပြောင်းကြတာပေါ့။ အခု ၂၉၊ ၃၀ ရှိပြီ။ အိမ်တွေတော့ မြုပ်ကြတယ်။ အောက်ထပ်တွေကတော့ အိမ်တိုင်းလိုလို မြုပ်တာပဲ။ တထပ်ရှိတဲ့ အိမ်ဆိုရင်ပြောင်းပေါ့။ ဘုံလယ်ရာမြေ ဆိုရင် ခေါင်အထိ မြုပ်သွားတယ်၊ (က) ရပ်ကွက်ပေါ့။ အခုတော့ မီးသတ်က အဖွဲ့ဝတ်စုံတွေနဲ့ လိုက်ကူညီတာလည်းရှိပါတယ်၊ ပြောင်းရွေ့လို့ မရတဲ့ဟာလေးတွေပေါ့။”
နေအိမ်တွေ ရေမြုပ်သွားတဲ့ မိသားစုတွေ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေဆီ ပြောင်းရွှေ့ကြရပြီး ကျောင်းတွေအားလုံးလည်း ပိတ်ထားရပါတယ်။
ဒါ့ပြင် ကားလမ်းတွေ ရေမြုပ်ကုန်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားသလို မြို့နီးနားတ၀ိုက်က လယ်မြေတွေလည်း ရေနစ်မြုပ်ကုန်လို့ စိုက်ပျိုးသီးနှံတွေ ပျက်စီးမယ့် အနေအထား ဖြစ်နေပါတယ်။
လှိုင်းဘွဲ့မြို့မှာ လူနေအိမ်ခြေ ၅ ထောင်လောက်ရှိပြီး အရင်ကလည်း နှစ်စဉ် ရေကြီးလေ့ရှိပေမယ့်  ဒီနှစ် ရေကြီးမှုဟာ  အရင်နှစ်တွေထက် ပိုမိုဆိုးရွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အလားတူ ကရင်ပြည်နယ် ဘားအံမြို့မှာလည်း  ဇူလိုင် ၂၈ ရက်နေ့ကစပြီး သံလွင်မြစ်ရေ တက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ၁ ၊ ၂ နဲ့ ၅  ရပ်ကွက်တွေက ဒေသခံတချို့ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေမှာ ပြောင်းရွှေ့နေကြရတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒီရေကြီးမှုကြောင့် ရေကြီးရပ်ကွက်က ကျောင်းတွေပိတ်ထားရပြီး ရေဘေးဒုက္ခသည် ၈ ထောင် လောက်အတွက် အာဏာပိုင်တွေက ကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်လှစ်ပေးထားပါတယ်။
ဦးချစ်တင်က “လောလောဆယ် အာဏာပိုင် အဖွဲ့အစည်းတွေကတော့ တပ်ရော မြို့နယ် အုပ်ချုပ်ရေးမှူးရော ကျန်းမာရေး ဌာနကရော အကုန်လုံး တချို့ စခန်းတွေက သိပ်ဆိုးဆိုးရွာရွာတော့ မရှိပါဘူးတဲ့။ ၀မ်းသွားတာ တဦး နှစ်ဦးလောက်နဲ့ ကိုယ်ဝန်ဆောင်တဦး ဆေးရုံပို့ ဒါလောက်ပဲ ရှိတယ်။ ဝေတာကမ်းတာ ဆန်အဓိက။ နောက် ခေါက်ဆွဲတို့ ကြက်ဥတို့ ဘယ်သူက ဝေပေးသလဲဆိုတော့ အလှူရှင်တွေကနေပြီးတော့ လာလှူဒါန်းတဲ့ ပိုက်ဆံတွေနဲ့ အာဏာပိုင် အဖွဲ့အစည်းက ပြန်ပြီးတော့ လှူတာပေါ့။ ၁ သောင်းထည့်တာတို့၊ ၅ သောင်းထည့်တာတို့၊ အဲဒီပိုက်ဆံတွေနဲ့ ပေါင်းပြီး ပစ္စည်းဝယ်ပြီးတော့ ရေဘေးစခန်းတွေကို ပေးတာ” လို့ ပြောပါတယ်။
ကရင်ပြည်နယ်  မြ၀တီ၊ ကော့ကရိတ်မြို့နယ်တွေမှာလည်း ရေကြီးမှုတွေနဲ့ ကြုံတွေ့ နေရပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း  တာချီလိတ်၊  မိုင်းဆတ်နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့တွေမှာ လည်း ရေကြီးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ 

DVB Burmese မှ ကူးယူဖော်ပြသည်။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com