http://picasion.com/i/1TeHX/
လိုချင်သောအချက်အလက်များကိုရှာဖွေရန်
ဆရာမောင်စိန်ဝင်း(ပုတီးကုန်)
Ads 468x60px
သားသမီးတွေအားလုံးအတွက်
Featured Posts
Random Posts
Powered by Blogger.
Social Icons
About
English
Blogger Templates
Movie Category 4
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
ကျောင်းတွေဖွင့်တော့မည် သို့သော် ကလေးတိုင်း ကျောင်းမတက်နိုင်
ဤရက်များအတွင်း မဟာစင် မုန် တိုင်းကြောင့်လောမသိ။ ရာသီဥတုက မူမမှန်။
 အနောက်တောင်ဆီမှ တစ်လိပ် လိပ်တက်လာနေသည့် တိမ်မည်းများ နှင့်အတူ ညိုမှောင်ရိပ်ဆင်လာပြန်သော မိုးက ရွာရန် မသေချာသော်လည်း မလှလှဝင်း၏ ရင်ထဲမှာတော့ ပူပန်မှု တိမ်တစ်အုပ်ကတော့ ရွာရန် အသင့် ဖြစ်နေခဲ့ပြီဟု သူ့စကားများအရ သိနိုင် ပါသည်။
 ”ကလေးတွေကို ကျောင်းအပ်ပေး ဖို့ ပိုက်ဆံမရှိသေးဘူး။ အငယ်နှစ် ယောက်က မူလတန်းဆိုတော့ ကျောင်း အပ်တာ ပိုက်ဆံမကုန်ဘူး။ အကြီး   ကောင်က ဒီနှစ်ခြောက်တန်းတက်ရ တော့မယ်” ဟု ¤င်းက ပြောရင်း ဖွဲဖွဲ ကျနေသောမိုးကို ငေးနေသည်။ ကျောင်းဝတ်စုံများ ဘယ်နေ့ဝယ်ေ ပးနိုင်မည် မသိသေး။ အမျိုးသားက လက်သမား။ နေ့စဉ်ဝင်ငွေက ငါး ထောင်။ လမ်းစရိတ်နှင့်  အသုံးစရိတ်က  ၁၅ဝဝ လောက်။
 ဒီမိုးတွေ ရွာလာရင် ဆောက်လုပ် ရေးလုပ်ငန်းများက နေ့တိုင်း အလုပ်ရှိ ရန် မလွယ်။ နေ့စဉ်ရနေသော မိသား စုဝင်ငွေကလည်း လျော့ လာေ တာ့မည်။ နှစ်စဉ်ကြုံတွေ့နေကျမို့ ပုံမှန်ဘဝလို အသားကျပြီးသား သားသမီးများ အတန်းကြီးလာသည့်အတွက်ကုန်ကျမှု စရိတ်များ မနှစ်ကထ က်တော့ များလာ မည်ဟု ဤရာသီဆို အမြဲပင်တွေးနေမိ သော အရာများကို မလှလှဝင်းက ဖွင့်ဟသည်။
 ”ပိုက်ဆံလိုလာရင်တော့ ငွေတိုး ပေးတဲ့သူဆီက သွားယူရတာပေါ့။ အတိုးက ၂ဝ တိုး၊ ရက် ၂ဝ အတွင်း ပြန်ဆပ်ရပါတယ်။ ငွေလိုတဲ့အချိန်တုန်း က ယူထားတာ။ ဘယ်လောက်အကြွေး တင်နေသလဲ ဆိုတာ မမှတ်မိပါဘူး။ အကြွေးရှင်တွေကတော့ မှတ်ထားမှာ ပေါ့။ ဟိုနားနည်းနည်း ဒီနား နည်းနည်း များလွန်းလို့ မမှတ်မိပါဘူး” ဟု ၄င်းက ပြောသည်။
မလှလှဝင်းတို့ နေထိုင်သော ရပ် ကွက်လေးသည် ဒဂုံဆိပ်ကမ်းမြို့နယ် ၉၃-ရပ်ကွက်၊ ပဲခူးမြစ်ကမ်းနားကို ၅ မိနစ်ခန့် လမ်းလျှောက်ပါက ရောက်နိုင် သည်။ အိမ်များက စုစုဝေးဝေး။ ခြံစည်း ရိုးမရှိ။ ရေလောင်းအိမ်သာ အိမ်တိုင်း မရှိ။ ၇ နှစ်ခန့်ဤကဲ့သို့ နေလာခဲ့၍ ၄င်းတို့ မိသားစုအတွက်က အရာရာပုံ မှန်ဖြစ်စဉ်များသာ။ သို့သော် ကျောင်း ဖွင့်ချိန်ရောက်တိုင်း ကလေးများ အနာ ဂတ်အတွက် မလှလှဝင်းတို့ တွေးရပါ သည်။   မောရပါသ ည်။ ဖြေရှင်းရပါသည်။ ရင်ဆိုင်ရပါသည်။ ယခုကဲ့သို့သော ဖြစ် စဉ်က မလှလှဝင်းအတွက်သာမဟုတ်ဘဲ ကျောင်းနေအရွယ်ကလေးများ ရှိသည့်   ငွေကြေး မပြည့်စုံသော မိဘတိုင်း အတွက် ရင်လေးစရာ။ ငွေကြေးမပြေ လည်မှုက ကျောင်းနေအရွယ် ကလေး များကို စာသင်ခန်းဆီသို့ မပို့ဘဲ ကျောင်း ပြင်ပရောက်အောင် ဆွဲခေါ်သွားမှုက နှစ်စဉ်ဘယ်လောက်ရှိမှန်း သူမသိသော် လည်း သူ့ရပ်ကွက်တွင် အခမဲ့ဆိုသော မူလတန်း ကိုပင် မထားနိုင်သော မိသား စုက အနည်းဆုံး ၂ဝ ခန့်ရှိနေသည်ကို တော့ မလှလှဝင်း သိသည်။
 မြန်မာတစ်နိုင်ငံလုံး၏ ၅ နှစ် အရွယ် မူလတန်းကျောင်းအပ်သည့် နှုန်းမှာ တစ်နိုင်ငံလုံးရှိ ကလေးသူငယ် စုစုပေါင်း ၇၄ ရာခိုင်နှုန်းသာ ရှိကြောင်း ယူနီဆက်ဖ်၊ ကျန်းမာရေးဦးစီးဌာနနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့ပူးပေါင်း ထုတ်ပြန်ထားသည့်စစ်တမ်းတွင် ဖော်ပြ နေသည်။ မြို့ပြတွင် ၇၇ ဒသမ ၄ ရာ ခိုင်နှုန်းနှင့် ကျေးလက်တွင် ၇၃ ဒသမ ၃ ရာခိုင်နှုန်းသာရှိပြီး အဓိကအကြောင်း ရင်းမှာ ဆင်းရဲနွမ်းပါးမှုကြောင့်ဟု ဆို သည်။
 ”တခြားတစ်ဖက်မှာ ငွေကြေး တတ်နိုင်သူ မိဘအသိုင်းအဝိုင်းတွေက ပညာရေးအတွက် အကုန်အကျခံနိုင်၊ ဂရုစိုက်အရေးထားနိုင်ပေမယ့် မြို့ နေ ဆင်းရဲသားတွေနဲ့ ကျေးလက် တော ရွာနေ ကလေးသူငယ်တွေက မူလတန်း ကျောင်းကိုတောင် မသိကြရှာဘူး။ မြန် မာနိုင်ငံရဲ့ ကျောင်းနေအရွယ် ကလေး ဦးရေ ငါးသန်းထဲက တစ်ဝက်သာ မူ လတန်းပညာရေးကို ပြီးပြည့်စုံအောင် တက်နိုင်နေတယ်” ဟု သြစတြေးလျနိုင် ငံခြားရေးဝန်ကြီးက ဗြိတိန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့ မှ မြန်မာနိုင်ငံအား အခြေခံပညာမူလတန်း ပြီးဆုံးအောင် မြင်ရေး ပူးပေါင်းဆောင်ရွက်မည့်   နှစ် နိုင်ငံသေ ဘာတူညီမှု ထုတ်ပြန်ချက်အ ပြီး ၂ဝ၁၃ ဇန်နဝါရီ ၃၁ ရက်နေ့တွင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
 ပဲခူးမြို့ ၁၉-ရပ်ကွက် မြို့ရှောင် လမ်းဘေး နေထိုင်သည့် အသက် ၄၂ နှစ်အရွယ် ဒေါ်စန်းကြည်ကလည်း ယောက်ျား ဆုံးသွားခဲ့ပြီး ကျန်ရှိ ကလေး သုံးယောက်၏ မကြာမီ ကျောင်းအပ်ရ မည့် အပေါ်သောကပွားနေရကြောင်း ပြောသည်။ ”အလုပ်အကိုင်က ရေစည် လှည်းတွန်း ပဲပြုတ်ရောင်း၊ ဒီလုပ်ငန်းနဲ့ ကလေးတွေကို ကျောင်းထားရတယ်။ ကလေးတွေ ကျောင်းအပ်ဖို့ မပြောနဲ့ ကိုယ်နေမယ့်နေရာတောင် လေဆိပ်စီမံ ကိန်းကြောင့်   နေရာပြောင်းလို့ ဘယ်မှာ နေရမှန်းမသိပါဘူး။ လက်ထဲပိုက်ဆံရှိ ရင် ကလေးတွေကို ကျောင်းအပ်ပြီး လို တာဝယ်မယ်လို့ စိတ်ကူးထားတယ်” ဟု ညည်းပြော ပြောသည်။။ ကလေးက လည်း ၄ တန်းနဲ့ ၈ တန်းဆို တော့ အကြီးကောင် အင်္ကျီအငယ်ကောင် ဝတ်မရဘူး။ ခက်နေတာက ဒီ နှစ်မှာ ကလေးတွေကို ကျောင်းအပ်ဖို့ ဖိနပ်က အစ ထီးအထိအသစ်ဝယ်ပေးရမှာ။ နေဖို့နေရာလေး သေသေချာချာ သိ သွားရင်တော့ ကလေးတွေအတွက် အတိုးနဲ့ယူပြီး လုပ်ပေးမှာပါ။ ဒီနှစ်က ကျန်းမာရေးလည်း မကောင်းတော့ အရင်လို အလုပ်လည်း ကောင်းကောင်း မလုပ်နိုင်တော့ဘူး” ဟု ထမင်းအိုးတည် နေရင်းမှ သူက စိတ်ပျက်လက်ပျက်နဲ့ ပြောသည်။ သူ့စကားက မဆုံးသေး။ မျိုသိပ်ထားရခြင်းကြောင့် ပို၍ရင်မော နေရမှုကို ယခုမှ ဖွင့်ထုတ်ခွင့် ရဟန်တူ သည်။ ”သမီးကြီး ကျောင်းကလည်း ကားခကို တစ်ရက် တစ်ထောင်လောက် နီးပါးရှိတယ်။ ဒါတောင် သမီးကြီးက
ကျောင်းပြန်လာရင် ကျွန်မနဲ့အတူ ရေ စည်လှည်း လိုက်တွန်းပေးလို့ စား သောက်လို့ အဆင်ပြေနေတာ နောက် ဆို မိုးရွာတော့မယ်ဆိုေ တာ့ ရေစ ည်း လှည်းတွန်းတဲ့အလုပ်လည်း နားရတော့ မယ်။ ပဲပြုတ်အလုပ်တစ်ခုနဲ့ပဲ စားတာ အဆင်မပြေနိုင်ဘူး” ဟု ရှည်ရှည်လျား လျား သူဆက်ပြော လိုက်သည်။
ဤသို့ဖြင့် ပညာရေးလမ်း ပျောက် နေသော ကလေးများ၏ အနာဂတ်ဆို သည်က မရေမရာ။  ၂ဝ၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပထမ အကြိမ် လွှတ်တော်ခေါ်ယူခြင်းမှ အစပြုကာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ စတင် အသက်ဝင်လာခဲ့သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြေခံမူများအရ မျက်မှောက် အခြေ အနေနှင့် ဝိရောဓိဖြစ်ဖွယ် များလည်း ရှိနေဆဲ။  သေချာသည်က ဆင်းရဲနွမ်း ပါးခြင်း၏ ဘေးထွက် ဆိုး ကျိုးများက တော့ စိန်ခေါ်နေပြီဖြစ်သည်။
ပညာရေးအတွက် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူ ဥပဒေပုဒ်မ ၂၈ အပုဒ်ခွဲ (ဂ) အရ နိုင်ငံတော်သည် အခ မဲ့ မသင်မနေရမူလတန်းပညာရေးစနစ် ဖော်ဆောင်မည်ဟု ဆိုသည့်အတိုင်း အစိုးရမှ ယခုစာသင်နှစ် ကျောင်းဖွင့် ရာသီတွင် အခြေခံပညာ မူလတ န်း ကျောင်းများ၌ အခမဲ့ ကျောင်းအပ်နိုင် ကြောင်း ကြေညာထားသော ဆိုင်းဘုတ် များအားကျောင်းများ အားလုံးလိုလိုတွင် တွေ့မြင်နေရသည်။
၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ အခမဲ့မသင် မနေရ မူလတန်း ပညာရေးစနစ်ကို စတင် အကောင်အထည် ဖော်ခဲ့သည်။ ထိုသို့ ပြဋ္ဌာန်းခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူ ၅ သန်းကျော်  အတွက် ကျောင်းဖတ်စာ စာအုပ်ဖိုး ငွေ ကျပ် ၅ ဒသမ ၁၅ သန်း။ ၂ဝ၁၂-၂ဝ၁၃ ခုနှစ် ပညာသင်နှစ်တွင် ၁၈၃၅ ဒသမ ၅ သန်း ကျပ် ထောက်ပံ့ပေးခဲ့ ပြီး ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ပညာသင်နှစ် တွင်လည်း မူလတန်းကျောင်းသားတစ် ဦးလျှင် ကျောင်း ဖတ်စာအုပ်များ၊ ဗလာ စာအုပ်တစ်ဒါဇင်နှင့် ငွေကျပ် တစ် ထောင်ကို ထောက်ပံ့ပေးရန် စီစဉ်နေ ကြောင်း သတင်းထုတ်ပြန် ထားသည်။
   ပြည်သူ့လွှတ်တော် ပညာရေးမြှင့် တင်မှု ကော်မတီအတွင်းရေးမှူး ဒေါက် တာမြဦးက ”အခု ဆောင်ရွက်နေတာ မျိုး အရဆိုရင် ကျောင်းနေအရွယ် ကလေးတိုင်း မူလတန်းပညာကို သင် ကြားနိုင်ဦးမယ်မထင်ဘူး။ ဥပဒေအရ သီးသန့်ချမှတ်မှ ရတော့မယ်။ မဟုတ် ရင် ကျောင်းနေအရွယ်ကလေး တိုင်း မူလတန်းပညာ သင်ကြားရမယ်ဆိုတဲ့ အစိုးရရဲ့ ရည်မှန်းချက်ဟာ ပြည့်မှာ မဟုတ်ဘူး” ဟု ပြောသည်။
    ဥပဒေအရ ဆိုပါလျှင် ကလေးတိုင်း ပညာသင်ကြား နိုင်မည်ဖြစ်ပြီး ကျောင်း မထားနိုင်သော မိဘ များကိုလည်း အစိုးရမှ ကျောင်းထားနိုင်ေ အာင် ထောက်ပံ့မှု ရှိလာ မည်ဟု ဒေါက်တာမြ ဦးက ဥပဒေရှိလာမည့် နောက်ပိုင်း အနာဂတ်အကျိုး ဆက်ကို ရှင်းပြသည်။ အစိုးရ အဆက်ဆက်ပ ညာရေးအပေါ် ချပေးသည့် အသုံးစရိတ်သည် ဝန်ကြီးဌာနများ အားလုံးနှင့် နှိုင်းယှဉ်ပါက အနည်းဆုံးတွင် သာရှိခဲ့သည်။ သို့သော် မြန်မာပြည်၏ ပညာရေး သမိုင်းကြောင်း အရ တစ်ချိန်ကဗိုလ်ချုပ် အောင်ဆန်းကဲ့သို့ နိုင်ငံခေါင်းဆောင်အပြင်ဦးသန့်ကဲ့သို့ ကမ္ဘာသိ ပုဂ္ဂိုလ်များကို မြန်မာ ပြည်ပ ညာရေးမှ မွေးထုတ်ခဲ့မှုမှာ အထင်အရှားပင် ဖြစ်သည်။ သို့ သော် မြန်မာပညာရေးအား နိမ့်ဆင်းသွားသည်ဟု စွပ်စွဲသံ များက ညံနေသည်မှာလည်း ကြာမြင့်ခဲ့ပြီ။ လက်ရှိ အစိုးရ တာဝန်ရှိသူများကိုယ်တိုင် မြန်မာပညာရေးမှာ အမှန် တကယ် နိမ့်ဆင်းနေ ကြောင်း ထုတ်ဖော်ဝန်ခံ ကြသည်။ အခြေခံကျ သည့် မူလတန်းအဆင့် တွင် ဖြေရှင်းရမည့်ပြဿနာ က အစိုးရအဆက်ဆက် အတွက်တော့ မဖြစ်မနေ ရင်ဆိုင်ရမည့် အခြေအ နေတ စ်ရပ်ပင်။ မြန်မာ နိုင်ငံ၏ အခြေခံမူလတန်း အဆင့်တွင် ကျောင်း ထွက်နှုန်း မြင့်မားနေ သည့် အတွက် ၂ဝ၁၁- ၂ဝ၁၂ ခုနှစ် ပညာ သင်နှစ်တွင် ပညာ ရေးဝန်ကြီးဌာနက  ”မသင်မနေရ မူလ တန်း ပညာရေး စနစ်” ကို စတင် ကျင့်သုံးခဲ့ရသည် က အထင် အ ရှား။ သို့သော် ပညာရေးဆိုင် ရာထောက်ပံ့ကူ ညီမှုများ နည်း ပါးနေဆဲဖြစ် ရာ ပြည်သူများ ၏ငွေအင်အား နှင့် ရပ်တည် နေ ရသော ကိုယ်ထ ကိုယ်ထ ကျောင်းများနှင့်ဘု န်းတော်ကြီးသင် ပညာရေးကျောင်းထပ်တိုးချဲ့ကာ ဝိုင်းကူခဲ့ရသည်။ ဆင်းရဲခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မူလတန်း ပညာမပြီးဆုံးဘဲ စာသင်ခန်းမှ ထွက်ခွာ သွားမှုတွင် ရခိုင် ပြည်နယ်၊ ရှမ်းမြောက်၊ ရှမ်းရှေ့၊ မွန်၊ ကရင်၊ ချင်းတို့ရှိ ကလေး ငယ်တို့မှာ အများဆုံးဖြစ်နေသည်ဟု   နိုင်ငံတကာအသိအမှတ်ပြုခြင်း ခံထား ရသော စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၏ စစ်တမ်းဖော်ပြမှုအရ သိရသည်။
ပဲခူးမြို့ ဘုရားကလေး စံပြကျေး ရွာ အမှတ် (၁၃) ဘုန်းတော်ကြီး သင် မူလတန်း ပညာရေးကျောင်း ထိုင် ဆရာတော် ဦးဇဝနက ”ဆင်းရဲ လို့  ကျောင်းမနေနိုင်ကြဘူး။ မကြည့်ရက်လို့ ခေါ်ပြီး စာသင်ပေးနေတာ။ တစ်နှစ်တစ် နှစ် တိုးလာတဲ့ ဦးရေက မနည်းဘူး။ အယောက် ၃ဝဝ   ကျော်လောက် ရှိပြီ” ဟု မိန့်သည်။ ပြည်မြို့ ကရုဏာလက်များ ကွန် ရက်ဥက္ကဋ္ဌ ဦးမြင့်ဇော်ကလည်း    ”ကျွန်တော်တို့ ဆီမှာ အခြေအနေမဲ့ တောင်း ရမ်းစားသောက်နေပြီး စာမသင် ရတဲ့ ကလေးတွေ ၅ဝဝ ကျော်လောက် ရှိမယ်။ သူတို့ဘဝတွေ ဒီအတိုင်းပဲ ဆက်ရှင်သန်ခဲ့ကြရင် သူတို့ သာမက သူတို့ရဲ့ မျိုးဆက်တွေမှာပါ ခက်ခက်ခဲခဲ ဘဝကို ကျော်ဖြတ်ကြရတော့မယ်။ ဒီအတွက် ၂ဝ၁၂ ခုနှစ် ကတည်းက အိမ်မှာ စာသင်တယ်။ အခု စာသင် ကျောင်းရပြီ။ ဒါတောင် ကလေးက ၅ဝ မပြည့်ဘူး” ဟုပြောသည်။
    မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် ငွေ အသုံးစရိတ်သည် ၂ဝ၁၁-၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဂျီဒီပီ (နိုင်ငံ၏နှစ်စဉ်ထုတ်ကုန်နှင့် ဝန်ေ ဆာင် မှုစုစု ပေါင်းတန်ဖိုး) ဝ ဒသမ ၈ ရာခိုင် နှုန်းနှင့် အာဆီယံနိုင်ငံများအနက် အ နည်းဆုံးဖြစ်ခဲ့ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာ ရေး နှစ်တွင် ၁ ဒသမ ၇ ရာခိုင်နှုန်းနှင့် ဒုတိယအနည်းဆုံးနေရာမှာ ရှိနေခဲ့ ရာ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် နှစ်ဆကျော် ထပ်တိုးခဲ့သည် သို့သော် ပြည့်စုံမှုမရှိ လောက် ငရုံသာဟု ပညာ ရေးနယ်ပယ်မှ ပုဂ္ဂိုလ်အများစုက ဆိုကြ သည်။
ပဲခူးသူ ဒေါ်စန်းကြည်က ”ကျွန်မ တို့ မိဘတွေဆီက အမွေရစရာလည်း မရှိပါဘူး။ သားသမီးတွေကိုလည်း ဘာ အမွေမှ မပေးနိုင်ပါဘူး။ပညာကိုေ တာ့ ဆုံးခန်းတိုင်အောင်သင်ပေးချင်ပါတယ်။ ကလေးတွေကကျောင်းနေရတာ ပျော် ကြပါတယ်”ဟု သူက မိခင်တစ်ယောက် ၏ခံစားမှုကို ပြော လာသည်။မူလတန်းကလေးများက တစ်နိုင် ငံလုံးတွင် ၅ သန်းခွဲကျော်။ နိုင်ငံ၏ ဆင်းရဲမွဲတေမှုက ၂၆ ရာခိုင်နှုန်း။
လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ ဝင် ဦးတင်ညိုက ”လူ့အခွင့်အရေးအရ လူတိုင်း ပညာသင်နိုင်ရပါ့မယ်။ ဒါပေမဲ့ ဒီမှာလိုသေးတာပေါ့။ ကျွန်ေ တ်ာက   လေဖြစ်နိုင်ရင် မသင်မနေရကို အလယ် တန်းအထိကို ထားစေချင်တယ်” ဟု ပြောသည်။
 ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမြဲတမ်း အတွင်းရေးမှူး  Mark Lowcock နှင့် သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ ညွှန်ကြား ရေးမှူးချုပ် မစ္စတာ Peter Baxer တို့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အတွက် ပညာရေးဆိုင်ရာ အကူအညီ အထောက်အပံ့ အသစ် တစ်ခုစတင် မည်ဟု ပြောကာ ဒေါ်လာ သန်း ၅ဝဝ ကို အသုံးပြုသွားမည်ဖြစ်ပြီး မူလတန်း ပညာရေးစနစ်တွင် အဓိကထား အသုံး ပြုသွားမည်ဟု ကြေညာထားသည်။
 ထိုကဲ့သို့ နိုင်ငံတကာ၏ အကူ အညီ ပြည်တွင်းအင်အားနှင့် ပေါင်း လိုက်ပါက မူလတန်းအဆင့်တွင် လူ တိုင်းကျောင်းတက်နိုင်ဖို့က အိပ်မက် မဟုတ် တကယ်လက်တွေ့ဖြစ်လာနိုင် ပေမည်။ အချိန်ကာလကတော့ မရေ မရာ မသေချာသည့် အခြေအနေတွင် သာ ရှိနေဆဲ။ နိုင်ငံအဆင့် ပညာရေး ညှိနှိုင်းရေး မှူး ဒေါ်အေးအေးသင်းက ”ငွေကြေး အင်အား တောင့်တင်းမှုနဲ့ အစီအမံ ကောင်းနဲ့သာ ဖြေရှင်းရင် ဒါဟာ ပြဿ နာ တစ်ရပ်မဟုတ် ပါဘူး။ နိုင်ငံ တည် ဆောက်ဖို့ ပညာတတ်တွေ အများကြီး လိုပါတယ်။ အခုလက်ရှိ ဖြစ်နေတာက မူလတန်းအဆင့်ကို ကလေးတိုင်း မတက်နိုင်၊ တက်နေတဲ့ ကလေးတွေ လည်း ထွက်ကုန်ကြတာတွေ ရှိနေတော့ ဒီလို ယိုစိမ့်ပေါက်တွေကို အစိုးရကိုယ် တိုင်ကသာ လုပ်နိုင်ပါလိမ့်မယ်” ဟု ၄င်းက အားမလိုအားမရ ထောက်ပြ သည်။
 ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ပညာသင်နှစ် က မြို့နယ်ပေါင်း ၃၃ဝ အနက် ၄ မြို့ နယ်ကိုသာ အခမဲ့မသင်မနေရ ပြဋ္ဌာန်း ထားသည့် မူလတန်းပညာရေးကို ပီပြင် စွာ အကောင်အထည် ဖော်မည်ဟု ပညာရေးဝန်ကြီးဌာနက ယခုနှစ် မေလ အတွင်း ထုတ်ဖော်ပြောဆိုခဲ့မှုက အခြေ ခံပညာရေး ပြောင်းလဲမှု ၏ ခြေလှမ်း အစပင်လော မသိ။
 ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကြူက ဆိတ်ကြီး ခနောင်တို၊ မဟာအောင်မြေမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ် တို့တွင်    အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ယခုမြို့နယ်၏ အခြေအနေ ကြည့်ကာ နောင်နှစ်များတွင် တိုးချဲ့သွားမည်ဟု ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး အခြေ အနေအရ အများစုက အလုပ်လုပ်နိုင် သူ တစ်ဦးတည်း၏ ဝင်ငွေ ပေါ် မှီခိုနေ ရသည်မှာ မိသားစု၏ စားဝတ်ေ နရေး အခြေခံလိုအပ်ချက်ပင် မလုံလောက်။ ထိုထဲမှ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်က ဘယ်လိုမှ မဖူလုံနိုင်၊ မလုံလောက်မှု ပြဿနာကို မိသားစု ဝင်တို့ပါ ဝိုင်းဝန်းဖြေရှင်းရသည့်အတွက် ကလေးများ၏ ပညာရေးမှာ မသေချာ မရေရာ ဖြစ်နေခြင်းက အစစ်အမှန်ပင် ဖြစ်သည်။
 မလှလှဝင်း တစ်ယောက်အတွက် ကတော့ မလှမ်းမကမ်းရှိ  စစ်တောင်း အိမ်ရာမှ အဝတ်လျှော်သည့်အလုပ်ကို နေ့တိုင်းရပါစေလို့ ဆုတောင်းနေရ သည်။ ကျောင်းဝတ်စုံလေးများ လျှော်ဖွပ် နေရင်း မိမိ၏ သားသမီးများ သုံး ယောက်စလုံး အတွက်လည်း ကျောင်း ဝတ်စုံအသစ်တစ်ထည်စီ ကို ကျောင်း ဖွင့်ချိန်အမီ ဝယ်ပေးမည်ဟု အခိုင်အမာ ဆုံးဖြတ်ထားကြောင်း မလှလှဝင်းက ဆို သည်။
မဟာစင်ကြောင့် မိုးရိပ်မြင်နေရ သော်လည်း မိုးကမရွာနိုင်ဘဲ အပူဓာတ် ဖြင့် ခြောက်ကပ်ဆဲ။  မိုးရွာရွာ မရွာရွာ  ကျောင်းဖွင့်ရာသီကတော့ မရှောင် သာ အောင် ရောက်လာပြီ ဖြစ်သည်။ ကျောင်းဝင်းအတွင်း အဖြူ၊ အစိမ်း ကျောင်းဝတ်စုံဖြင့် ပျော်ရွှင်စွာ ဆော့ ကစားရင်း ပညာသင်ကြားနိုင်ရေး အတွက် အချို့သောမိဘများအတွက် ကတော့ အခက်အခဲများစွာဖြင့် ရင်းနှီး ခဲ့ရသည်။ အချို့သော ကလေးများက တော့ ကျောင်းဆို သည်ကို ပင် ငေးကြည့် မနေနိုင်သော ဘဝတွေထဲမှာ။
ပညာရေးဝန်ကြီး ဌာနက ယခု နှစ်တွင် မူလတန်း ပညာရေးအခမဲ့ဟု သတ်မှတ်ကာ လိုအပ်သော ကျောင်း သုံးပစ္စည်းများ ထောက်ပံ့မည်ဟု ကြေ ညာထားသည်။ အလယ်တန်း အဆင့် အား ကျောင်းအပ်ခ၊ မိဘဆရာ အ သင်းကြေး၊ စာကြည့်တိုက်ကြေးတို့ အတွက် ငွေကျပ် ၁၅ဝဝ မှ ၁၈ဝဝ ကြား၊ အထက်တန်းအဆင့်ကို ကျပ် ၁၉ဝဝ မှ ကျပ် ၂ဝဝဝ အကြား ကောက် ခံမှု ပြုမည့်အပြင် ပုံနှိပ်စာအုပ်ကြေး မှာလည်း ပဉ္စမတန်း၊ အဋ္ဌမတန်း အား ကျပ် ၁၅၅ဝ၊ သတ္တမတန်းအား ကျပ် ၁၇ဝဝ၊ အဋ္ဌမတန်းအား ကျပ် ၂၃ဝဝ၊ နဝမတန်း သိပ္ပံကို ကျပ် ၂၄၅ဝ၊ ဝိပ္ပံကို ကျပ် ၂၆ဝဝ၊ တက္ကသိုလ် ဝင်တန်းအား ဝိပ္ပံ ကျပ် ၃၃ဝဝ၊ သိပ္ပံအား ကျပ် ၃၂၅ဝတို့သာ အသီးသီး ကျသင့်မည် ဟု ကြေညာထားသည်။ ထို့အပြင် ထိုငွေကြေးမှလွဲ၍ ခေါင်း စဉ်အမျိုးမျိုး တပ်၍ မည်သည့်ငွေကြေးမှ မကောက် ခံဖို့ပါ တားမြစ်ထားသည်။
 ထိုငွေကြေးကိုပင် မတတ်နိုင်သူတို့ ရှိနေသည်မှာ နိုင်ငံ၏စီးပွားရေးအဆင့် အတန်းကို မီးမောင်းထိုးပြနေသယောင်။  ကျောင်းအပ်ခ၊ စာရွက် စာတမ်း ကြေးက ကျပ် ၅ဝဝဝ ကျော်ပေမယ့် ကလေးအတွက် နေ့စဉ်စရိတ် အပြင် စားဖို့၊ ဝတ်ဖို့၊ သုံးဖို့ကို မိဘများမတတ် နိုင်ကြ။ ရန်ကုန်မြို့ လယ်တွင် အမှိုက်သိမ်း နေသော စည်ပင်ဝန်ထမ်း လူငယ်လင် မယားက ”ကျွန်မတို့ ကလေးကို ကျောင်းထားချင်တာပေါ့။ ဒါပေမဲ့ ကလေးကို   ကျောင်းကြိုပို့ဖို့က လင်မ ယား နှစ်ယောက်စလုံးက အမှိုက်တွေ လိုက်သိမ်းနေရတယ်။ ဝင်ငွေကလည်း တစ်ရက်လုပ်မှ တစ်ရက်စားရတာ။ ကလေးကိုတော့ ကျွန်မတို့ အမှိုက်သိမ်း ရာနောက်ကိုပဲ ခေါ်ရတာပေါ့။ ကလေး ကို လေ့ကျင့်ပေးထားလို့ စာရေးတတ် ဖတ်တတ်နေပါပြီ” ဟု အမှိုက်ပုံဘေး တွင် ထိုင်ပြီး ဗလာစာအုပ်ပေါ် စာရေး နေသော ၄င်းတို့၏ သမီးလေးကို ကျောင်းမထားနိုင်သည့် အခြေအနေ အား ရှင်းပြသည်။
 ”သမီးကျောင်းတက်ချင်တာပေါ့။ ကျောင်းတက်ရရင် အရမ်းနံတဲ့ဟာ တွေကိုလည်း မကိုင်ရဘူးပေါ့။ ပြီးရင် ကားတွေလည်း စီးရမှာပေါ့။ စာမတတ် ရင် ဖေကြီး၊ မေကြီးတို့လိုပဲ အမှိုက် ကျုံး ရမယ်လို့ မေကြီးက ပြောတယ်လေ” ဟု စည်ပင်ဝန်ထမ်း လင်မယား၏ သမီး ငယ်လေးက ၄င်း၏ ခံစားချက် ကို ပြော ပြသည်။မိုးမရွာ၍ ဖားများက ဆူညံစွာ အော်နေသည်။ ထိုကဲ့သို့ အသံမထွက် သော်လည်း ကျောင်းဖွင့်ရာသီ ရောက် တိုင်း ကလေးများ စာသင်ခန်းဆီသို့   လွတ်လွတ်လပ်လပ်ရောက်နိုင်ဖို့အရေး လေးလံသော တာဝန်ကြီးတစ်ရပ်ကဲ့သို့ ရင်မောသက်မ ချနေရသည့် မိဘအုပ် ထိန်းသူ များစွာ၏ မြန်မာ့ပညာရေး အပူမီးကတော့ အသံတိတ်မိုးခေါင်နေ ဆဲ ဖြစ်ပါသည်။
သတင်းအချက်အလက်
အောင်ဇော်။
မင်းသုအောင်၊ စိုင်းနောင်ရေးဖွဲ့သည်။
Popular Myanmar News Journal
အကြွင်းမရှိသောအစ၊ အဟောင်းမရှိသောအသစ်
တန်ခူးလ၊ ကဆုန်ကူးပါမှ
တန်ခူးလသည် ပြီးဆုံး၍ သွားလေပြီ။ ကဆုန်လသည် ချဉ်းနင်း ဝင်ရောက်လာ၏။ ရခိုင်ပက္ခဒိန်(ပြက္ခဒိန်) တို့ အလိုအရမူ ကဆုန်လသည်သာ မြေမနာသော၊ နေ၊ လ၊ နက္ခတ်တာရာတို့ မပုပ်သိုး သေးသော နှစ်ဦးအစ ပထမလဖြစ်သည် ဆို၏။ တန်ခူးလသည် ရခိုင်ဝေါဟာရအရ ထန်းခူးသောလ မဟုတ်။ တာကူးသောလ သာဖြစ်၏။ နှစ်သစ်နှင့် နှစ်ဟောင်းကို ပိုင်းခြားထား သောတာကို ကူးပြောင်းရုံသက်သက်လ သာဖြစ်၏။ နှစ်ကူးသော်လည်း လမကူးပေ။
တန်ခူးလသည် နှစ်ဟောင်းတစ်ဖက်ပါပြီး နှစ်သစ်တစ်ဖက် ပါဝင်နေသောလ သာဖြစ်၏။ ပြည့်ပြည့်ဝဝ နှစ်ကူးသည်မမည်။ ကဆုန်လသည်သာ နှစ်ဦးနှစ်သစ်၏ အကြွင်းမရှိသော အစဖြစ်၏။ နှစ်သစ်သို့ အပြည့်အဝ ရောက်ရှိ၍လာသောလ ဖြစ်၏။ ယင်းသဘောသည် ရခိုင်တို့၏ သဘောတည်း။
ထိုအယူအဆသဘောကို ကျွန်တော့် အတွေးယဉ်ကြောတွင် မျောထားမိနေသည်မှာ ကြာပြီဖြစ်သည်။ ဆင်ခြင်မိနေသည်မှာ ကြာပြီဖြစ်၏။
ကျွန်တော်တို့ တိုင်းကြီးပြည်ကြီးရှိ နိုင်ငံရေးဘက်မှ ပုဂ္ဂိုလ်များသည် လည်းကောင်း၊ ပညာရေးဘက်မှ ပုဂ္ဂိုလ်များသည် လည်းကောင်း၊ စီးပွားရေး ဘက်မှ ပုဂ္ဂိုလ်များသည်လည်းကောင်း၊ ဘာသာရေးဘက်မှ ပုဂ္ဂိုလ်များသည် လည်းကောင်း၊ အဝဝသော ပြည်သူပြည်သားများ သည်လည်းကောင်း တန်ခူးနှယ် ဆောင်လေမည်လော။ အဟောင်းလော။ အသစ်လော။ သိချင်စမ်း ပါသည်။
အသစ်မျက်နှာ အဟောင်းနောက်ကျော
အဟောင်းမပြယ်သေးသော အသစ်သည် အသစ်လုံးလုံး ဖြစ်နိုင်မည် မထင်ပါ။ စာဖတ်သူလည်း စဉ်းစားကြည့် စေချင်သည်။ ကျွန်တော်တွေ့မြင် ရသလောက် ပြောရမည်ဆိုလျှင် တန်ခူးနှင့် တူသောသူများက များသည်ဟု ဆိုရမည်ဖြစ်သည်။ မဖြစ်သာ၍ အသစ်ကူးရသည့်တိုင် ခြေတစ်ဖက်က အဟောင်း ဘက်မှာပင် ရှိသေး၏။ အသစ်လုံးလုံးမဟုတ်။ စိတ်သစ်လူသစ် မူဝါဒအသစ် မဖြစ်။ ထိုသူတို့အတွက် အသစ်ဘယ်လောက် ကောင်းကောင်း အဟောင်း တလည်လည် သဘောပင် ရှိချေလိမ့်မည်။ ကဆုန်လကဲ့သို့ အသစ်မဖြစ်ချင်ကြ။ တန်ခူးလနှယ် အသစ်မျက်နှာနှင့် အဟောင်းနောက်ကျော တွဲကပ်နေသူများ ပင်ဖြစ်၏။ အချို့ဆိုလျှင် အဟောင်းမျက်နှာနှင့် အသစ်နောက်ကျော များပင် ဖြစ်နေမည်လောဟု သံသယများ ပွားနေကြ၏။
ဆိုလိုသည်မှာ လုပ်ပုံကိုင်ပုံ ပြုမူပုံကအစ တွေးပုံခေါ်ပုံ မြော်မြင်ပုံ တို့သည် ခေတ်ဟောင်းအတိုင်းသာ တွေး၊ ခေတ်ဟောင်းအတိုင်းသာလုပ်၊ ခေတ်ဟောင်းအတိုင်းသာ မြော်မြင်နေကြခြင်းမျိုးကို ဖြစ်သည်။ အသစ်ကိုမကြိုဆို၊ မလိုလား။ မအပ်ရာမကြံရာသော အကြောင်းခြင်းရာများဟု ယူဆကာ အမုန်း ပွားကြ၏။ အဟောင်းကို ဖက်တွယ်လျက် သို့တည်းမဟုတ် အဟောင်းအတိုင်း ခေါက်ရိုးကျိုးလျက် အသစ်ကို ကျောခိုင်းနေကြ၏။
စင်စစ် ထိုသို့သောသူများသည် အဟောင်း မကင်းနိုင်သောသူများ ဖြစ်ကြသည်။ လရာသီနှင့် နှိုင်းရလျှင် အဟောင်းနှင့်အသစ် ရောယှက်နေသော တန်ခူးလနှင့် နှိုင်းရမည်ဖြစ်သည်။ တန်ခူးလဟူ၍ ဆိုရမည်ဖြစ်၏။ ထိုသို့သော တန်ခူးလူတို့သည် တိုင်းပြည်တွင် မည်မျှ များပြားနေသနည်း။ နှစ်တို့က ပြောင်းပြီ။ လကမပြောင်းနိုင်သေး။ မူတွေကပြောင်းပြီ။ လူတွေက မပြောင်းနိုင်သေး။ ထပ်ပြောရလျှင် စကားသံတို့က ပြောင်းပြီ၊ ပြောဆိုနေကြပြီ။ သို့သော် လုပ်နည်း လုပ်ဟန်တို့က မပြောင်းနိုင်သေး။ အချို့ကပြောင်းပြီ။ အချို့ကမပြောင်း နိုင်သေး။ အဟောင်းအတိုင်း တွေ့မြင်နေရဆဲဖြစ်၏။
မူလလက်ဟောင်း၊ ခုံမင်ဓလေ့
ကျွန်တော်တို့ လူမျိုးများ၏ ဓလေ့ ကိုယ်တိုင်ကိုကလည်း အဟောင်း ကိုခုံမင်ကြသည်။ ဈေးဆိုင်ကနား သွားခြင်း၊ ဝယ်ခြင်းကအစ ဝယ်လေ့ဝယ်ထ ရှိသောဆိုင် တို့ကိုသာ သွားလာဝယ်ယူလေ့ရှိကြ၏။ မတွေ့မကြုံဖူးသေးသော ဌာနဌာနေတို့ကို လက်တွန့်ကြ၏။ ရွံ့ကြ၏။ အချို့သော ဆိုင်းဘုတ်ကြော်ငြာ တို့တွင်လည်း ထိုဓလေ့ထိုသဘောကို တွေ့မြင်နိုင်၏။ မူလလက်ဟောင်း။ ဦးမောင်စိန်နှင့် သားများ။ ၁၉၇၆ မှစတင်သည်။ ယင်းတို့သည် အဟောင်း ဖက်တွယ်သော အထုံဝသီများပင်ဖြစ်၏။
သို့ဆိုလျှင် ၄င်းတို့သည် မကောင်းတော့ပြီလောဟု မေးစရာ ရှိလာသည်။ ကောင်းပါ၏။ ကောင်းသင့်သော နေရာတွင် ကောင်း၏။ ဟောင်းသင့်သောနေရာတွင် ဟောင်းရ၏။ နေရာတကာတိုင်း သစ်မှကောင်းသည် ဟူ၍ တော့မဟုတ်။ အဟောင်းအတိုင်းထားမှ ကောင်းနေတတ်တာမျိုး တို့လည်း ရှိပါ၏။ ယေဘုယျဆိုရလျှင် ကုသလနှင့် ယှဉ်သော ဒွါရတို့သည် ကောင်းသည်ချည်းပင် ဖြစ်သည်။ ထို့ကြောင့် ပြောင်းရန်မလိုအပ်။
ကုသလဆိုသည်ကား ပါဠိကျမ်းဂန်တို့၏ အလိုအရ ကောင်းသော၊ အပြစ်မရှိသော၊ အနာမရှိသော၊ ကျွမ်းကျင်လိမ္မာသော ဟူ၍ဖြစ်ပါ၏။ ဤနေရာ၌ ဒွါရဆိုသည်မှာ လူ့ကိုယ်ခန္ဓာရှိ အပေါက်ကိုးပေါက်ကို ဆိုလိုသည် မဟုတ်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတို့ကို ဆိုလိုခြင်းဖြစ် ၏။ ထို့ကြောင့် လူတစ်ဦး၏ ပြုမူလှုပ်ရှား ကြံစည်ပြောဆိုမှု များသည် ဒွါရပင် ဖြစ်သည်။ ထိုဒွါရများကို မကောင်းလျှင် ကောင်းအောင်၊ အပြစ်ရှိလျှင် အပြစ်မရှိအောင်၊ မကျွမ်းကျင် မလိမ္မာလျှင် ကျွမ်းကျင်လိမ္မာအောင် ပြုရမည် မှာ နိုင်ငံသူနိုင်ငံသားတို့၏ တာဝန်ဖြစ်သည်။
မိမိဒွါရ တို့ကိုမှ မိမိတို့မပြုပြင် ကြလျှင်၊ မိမိကိုယ်တိုင်ပင် မိမိကိုယ်ကိုယ် ဦးဆောင်ဦးရွက်ပြု၍ မပြုပြင် ကြလျှင် နှစ်တို့သာသစ်ပြီး လူတို့က ဟောင်းနေမြဲ ညစ်နေမြဲပင် ဖြစ်နေပေလိမ့်ဦးမည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် အတာအိုးဖြင့် သိကြားမင်းကို ကြိုဆိုကာ နှစ်သစ်ကူးခဲ့သော ပြည်သူ လူထုကြီးကို ညောင်ကန်ဆရာတော် ဘုရားကြီး ဦးကဝိန္ဒ ရေးသားစီရင်သော ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်မှ တရားစကား တစ်ခုကို ထည့်သွင်း၍ အမှာပါးချင်သည်။ ယင်းမှာ "သတ္တဝါ တို့၏ သုံးပါးသော ဒွါရတို့၌ စင်ကြယ်သည်၏ အဖြစ်ကို သိကြားမင်းသည် ပြုခြင်းငှာ မတတ်ကောင်း၊ စင်ကြယ်ခြင်းသည် မိမိကိုယ်နှင့်သာ သက်ဆိုင်သတည်း"ဟူ၍ဖြစ်၏။
တစ်ဦးချင်းက အခရာ
ထို့ကြောင့် တိုင်းသားပြည်သား တို့၏ အပြစ်ရှိသော၊ အနာအဆာ ရှိသော၊ မကျွမ်းကျင် မလိမ္မာသော
ပြုမူလှုပ်ရှားကြံစည် ပြောဆိုမှုများကို အပြစ်ရှိမှန်း သိလျက်၊ အနာရှိမှန်း သိလျက်၊ မကျွမ်းကျင် မလိမ္မာမှန်း သိလျက် ထိုအသိဖြင့်ပင် ပြုပြင်ယူဖို့ ဆိုသည်မှာ တစ်ဦးချင်းစီ၌သာ တာဝန် ရှိလေ၏။ သာသနာရေးမဏ္ဍိုင်၊ ဘာသာရေး ခေါင်းဆောင်တို့၏ မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင် စသည်များ၏ အပြန်အလှန် ထိန်းထေနေမှုကို အလိုရှိနေ ကြသော်ငြား တကယ့်တကယ်တမ်းတွင် ပြည်သူ့မဏ္ဍိုင် အတွင်းမှ ပြည်သူ လူထုတစ်ဦးချင်း တစ်ယောင်ချင်းစီ၏ အသိဉာဏ်နှင့် အပြောင်းအလဲ လုပ်လိုစိတ် တို့ကသာ အခရာကျပါ၏။
တစ်ဦးချင်းစီမှ အပြောင်းအလဲ မလာလျှင် အဖွဲ့လိုက်ပြောင်းလဲရန် ဆိုသည်မှာ လွယ်ကူမည် မဟုတ်ပေ။ အဖွဲ့လိုက်၊ ဌာနအလိုက် မပြောင်းလဲ ကြလျှင်လည်း နိုင်ငံလုံးဆိုင်ရာ အပြောင်းအလဲတို့မှာ သာ၍ပင်မလွယ်မကူ ဖြစ်ရပေတော့မည်။ ထိုသဘောအရ စုပေါင်းအင်အား ဆိုသည်မှာ တစ်ဦးချင်း တစ်ယောက်ချင်း၊ တစ်ကိုယ်ချင်းစီမှ လာသည်ဆိုခြင်းကို တွေ့ရမည်ဖြစ်၏။
ထို့အတွက် နိုင်ငံသားနိုင်ငံသူ တိုင်းသည် အပြောင်းအလဲကို တောင်းဆို ကြိုဆိုခြင်းမျိုးလည်း ပြုရာ၏။ ယင်းသည် တစ်ဦးနှင့်တစ်ဦး သတိပေး တိုက်တွန်း နှိုးဆော်ခြင်းမျိုးလည်း မည်၏။ ထို့အတူ မိမိကိုယ်အတွင်း၌ သော်လည်းကောင်း၊ မိမိကိုယ်ပ၌ သော်လည်းကောင်း၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ နှစ်ပါးစလုံး ကိုပါ ပြောင်းလဲသွားအောင်လည်း ဆောင်ရွက်ရာ၏။ ထိုသို့ပြောင်းလဲရာတွင် ပညာဖြင့်ယှဉ်သော ပြောင်းလဲခြင်းမျိုးဖြစ်လျှင် သင့်ပါ၏။ အကျိုးနှင့်အကြောင်း သင့်သော ပြောင်းလဲခြင်းမျိုးဖြစ်ရာ၏။ “ဟောင်းပင်ဟောင်းသော်လည်း မကောင်းသော်က စွန့်ပယ်ရ” ဆိုသည့် မြန်မာ့ဆိုရိုးစကားနှင့် အညီ စရိုက်ဟောင်းပင် ဖြစ်သော်လည်း၊ မူဟောင်းပင် ဖြစ်သော်လည်း အကျိုးမဲ့လျှင် အကုသလ ဖြစ်နေပါလျှင် ကြိုးစား၍ စွန့်ပယ်ရမည်ဖြစ်သည်။
အတိတ်တစ်ချိန်က နိုင်ငံသားတိုင်းသည် အစ်ကိုကြီးမျက်လုံး(အာဏာရှင်) အောက်တွင် အနေကျုံ့ခဲ့ရသည်။ ထိုဟာမလုပ်ရ၊ ဒီဟာမလုပ် ရဖြင့် အတားအမြစ် ထူပြောစွာနေခဲ့ရ၏။ ထို့အတွက် မလွတ်လပ်၊ အားလုံးနီးပါးပင် မွန်းကျပ်ကြရ၏။ ယင်းကြောင့်ပင် လွတ်လပ်မှုကို လိုလားကြ၏။ အပြောင်းအလဲကို တောင်းဆိုကြ၏။ သေဆုံးနေသော ဘဝအနေအထား များကြားမှ ရှင်သန်မှုတို့ကို အာရုံခံစား မျှော်လင့်ကြ၏။
ပြည်သူ့အသိဉာဏ် ရှင်သန်ပြောင်းလဲရေး
သို့သော် တကယ့်တကယ်တမ်းတွင် အပြောင်းအလဲကို နဖူးတွေ့ဒူးတွေ့ ထိတွေ့လိုက်ရသောအခါ ပြည်သူအများစုသည် ဘာမှအသင့်မဖြစ်။ အတိတ်ဟောင်း စီးပူးဝင်နေသော အသိဉာဏ်မျိုးဖြင့်သာ တွေးခေါ်မြော်မြင် ပြုမူနေကြတုန်းပင် ရှိသေး၏။ သို့နှင့် အုပ်ချုပ်ရေးဘက်တွင်လည်း အတိတ် တစ္ဆေ၊ တရားစီရင်ရေး တွင်လည်း အတိတ်တစ္ဆေ၊ ပြည်သူတစ်ရပ်လုံး တွင်လည်း အတိတ်တစ္ဆေ၊ ထိုတစ္ဆေများချည်း ခြောက်လှန့် နေကြလျှင် တိုင်းပြည်သည် ထိတ်လန့် တုန်လှုပ်ဖွယ် အတိပင် ဖြစ်ချေတော့မည်။ သို့ဆိုလျှင် အတိတ်တစ္ဆေကို ကျွန်တော်တို့တိုင်းသား ပြည်သူအားလုံးတို့သည် အကျန်အချန်မရှိဘဲ နှစ်ဟောင်း၌ ထားခဲ့သင့်ပြီ။ နှစ်ဆန်းတစ်ရက်နေ့က တောထုတ်သံပုံးတီး ကြသည့်နှယ် မကောင်းသော အတွေးအခေါ်၊ မလိမ္မာသော အမူအကျင့်တို့ကို တစ်ဦးချင်း၏ အဇ္ဈတ္တဆီမှ မောင်းထုတ်သင့်ပြီ။
လကဆုန်၊ ၁၃၇၅
နှစ်သစ်ကတော့ ရောက်ရှိ၍လာပေပြီ။ နိုင်ငံသစ်မသစ် ကလည်း ရှေ့လျှောက်တွင် ပြည်သူလူထုများ၏ ရေခံမြေခံပေါ်တွင် ပိုမို၍ မူတည်လာ တော့မည်။ အဟောင်းတစ်ဖက် ဆိုတာမျိုးနှင့် ဆိုလျှင်မူ ကျွန်တော်တို့ တိုင်းပြည်၏ အနာဂတ်သည် ဘယ်မှာ ကောင်းနိုင်ပါအံ့နည်း။ ကျွန်တော့် အနေနှင့်မူ ပစ္စက္ခနိုင်ငံတော်ရှိ ပစ္စုပ္ပန်လူထုတိုင်းသည် အဟောင်းအညစ်ကို စွန့်ခွာ၍ အကောင်းအသစ်ဆီသို့ ကူးပြောင်းသင့်ပြီဟု ထင်ပါသည်။ ပြောရလျှင် တန်ခူးပြောင်းခြင်းမျိုး မဟုတ်ဘဲ ကဆုန်ပြောင်းခြင်း မျိုးဖြင့် အတိုင်းမသိ ဝမ်းသာမိမည်မှာ အမှန်ပင်ဖြစ်တော့သည်။
ကျော်ထင်
The Voice Weekly
အမှန်တရားကို မရှောင်ရှားကြဖို့ လိုပါသည်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု နှုန်းမှာ ယခင် ၃၂ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည် ဆိုသော်လည်း စနစ်တကျ စာရင်းကောက်မည် ဆိုပါက ထို့ထက် ပိုမိုများပြားနိုင်ကြောင်း စသည်ဖြင့် ပြောကြားသည်ဟု ၇.၅.၂၀၁၃ ရက်နေ့ ထုတ် The Voice Daily Newspaper တွင် ဖတ်ရှုလိုက်ရပါသည်။ ကျွန်တော့်အနေနှင့်လည်း အဆိုပါ ၂၆ ရာခိုင်နှုန်း ဆိုသည်ကို ဘဝင်မကျသည်မှာ ကြာပါပြီ။ သို့ရာတွင်ကျွန်တော် မပြောရဲပါ။ ကျွန်တော်သည် ကျွမ်းကျင်သူ တစ်ဦးမဟုတ်သည့်အပြင် ထိုကိန်းဂဏန်းသည် မည်သည့်နေရာမှ မည်ကဲ့သို့ ရရှိထားကြောင်း ကျွန်တော်မသိပါ။ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုက ထုတ်ပြန်သော အချက်အလက်ဟုလည်း သတင်းတစ်ခုက ဆိုပါသည်။ ကျွန်တော်တို့ပြည်တွင်းက အခြေအနေ အချက်အလက်တစ်ခုကို ပြည်ပအဖွဲ့အစည်း တစ်ခုက သတ်မှတ်ထုတ်ပြန်ခြင်းသည် မည်မျှအထိ မှန်ကန်မှု ရှိနိုင်ပါမည်နည်း။ အကယ်၍ ပြည်တွင်းကပင် ရရှိသော ကိန်းဂဏန်း အချက်အလက် ကို အခြေခံ၍ တွက်ချက်သည်ဟု ဆိုပါကလည်း မည်သည့်စံဖြင့် တွက်ချက်ပါသနည်း။
မြန်မာနိုင်ငံတွင် ဆင်းရဲသော အိမ်ထောင်စုတစ်စု၏ ဝင်ငွေကို အနည်းဆုံး မည်မျှသတ်မှတ်ထား ပါသနည်း။ ဥပမာ- အချို့အိမ်ထောင်စုများ တွင် မိသားစုလေးဦး ရှိသော်လည်း တစ်ဦးတည်း၏ ဝင်ငွေကို မှီခိုစားသောက် နေရသောမိသားစုနှင့် မိသားစုဝင်သုံးဦးက ဝင်ငွေရှာနေသော မိသားစု စသည်ဖြင့် ရှိသကဲ့သို့ အဆိုပါမိသားစုမှာပင် ကျောင်းနေအရွယ် ကလေးရှိ သောမိသားစု၊ ထိုကျောင်းနေအရွယ် ကလေး၏အတန်း စသည်ဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားတွက်ချက်ဖို့ လိုအပ်သလို မိသားစုဦးရေနှင့် ဝင်ငွေ ထွက်ငွေအချိုးကို စံတစ်ခုအဖြစ် သတ်မှတ်ထားရှိရန်လည်း လိုအပ်မည် ဖြစ်ပါသည်။ သို့မှသာ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသောအဖြစ်မျိုးကို ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။ ကျွန်တော်ကမသိ၍ ရေးနေသော်လည်း ပညာရှင်များ အနေနှင့် တွက်နည်းချက်နည်းများ ရှိမည် ဖြစ်ပါသည်။
မည်သည့်တွက်နည်း အမျိုးအစားပင်ဖြစ်ပါစေ တိကျမှန်ကန်သော ကိန်းဂဏန်းများကို အခြေခံရမည် ဆိုသည်ကိုတော့ လက်ခံရပါလိမ့်မည်၊ တိကျမှန်ကန်သော ကိန်းဂဏန်းရဖို့ ဆိုလျှင်လည်း မြေပြင်ပကတိအမှန် တကယ်ရှိသော အချက်အလက်များကပင် အထောက်အကူ ပြုပါလိမ့်မည်။ ပြီးခဲ့သည့် အစိုးရလက်ထက်က လူကြီးတစ်ဦး စကားပြောရာတွင် "ကျုပ်တို့ အစိုးရလက်ထက်မှာ ပြည်သူတွေ ဘယ်လောက်စားနိုင်၊ သောက်နိုင်၊ ချောင်လည်လာတယ်ဆိုတာ ရန်ကုန်မြို့လယ်မှာ ရှိတဲ့ ရုပ်ရှင်ရုံနဲ့ စားသောက် ဆိုင်တွေကိုကြည့်ရုံနဲ့ သိနိုင်ပါတယ်" ဟူ၍ ပြောဆိုခဲ့ဖူး သည်ကိုလည်း ပြန်လည်ကြားယောင်မိ ပါသည်။
ဖြတ်သန်းလာခဲ့သော ခေတ်၊ စနစ်များတွင် အခွင့်အရေးသာ ရမည် ဆိုလျှင် ကြွက်ကိုပင် ရေဆင်ဟု ပြောရမှာ ဝန်မလေးသူများ၊ အခြောက်အလှန့် ခံထားရသည့်အတွက် အမှန်ကို အမှန်အတိုင်း မတင်ပြရဲသည့် အကြောက်တရားအောက်မှ ဝန်ထမ်းငယ်များ နှင့် ရရှိထားသည့် ရာထူးနှင့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံး မခံနိုင်သည့် အလယ်အလတ်နှင့် ထိပ်ပိုင်း ရာထူးများကို ရရှိထားကြသူများက ကိန်းဂဏန်း အမှားအယွင်းများကို တင်ပြခဲ့ကြပြီး ကျွန်တော်တို့နိုင်ငံကြီးလည်း ဖွံ့ဖြိုးဆဲနိုင်ငံ (Developing Country) အဆင့်မှသည် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံ (Least Developed Country) အဖြစ်သို့ ရောက်ရှိခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါသည်။
၁၉၈ဝ ပြည့်နှစ်များ ဝန်းကျင်က ဖြစ်ပါသည်။ ထိုစဉ်က လယ်တစ်ဧကလျှင် ပျမ်းမျှတင်း ၄၀၊ ၅၀ ခန့်သော ထွက်သောအချိန် ဖြစ်ပါသည်။ အကောင်းဆုံးလယ်ကို အကောင်းဆုံးမျိုးစပါး အသုံးပြုပြီး ဓာတ်မြေသြဇာများ စနစ်တကျ ထည့်ကျွေးပါမှ တစ်ဧကလျှင် စပါးတင်း ၇၀၊ ဂ၀၊ ၉၀ သာ အများဆုံး ထွက်နိုင်ပြီး တင်းတစ်ရာကျော် နှစ်ရာထွက်ဖို့ ဆိုလျှင် နတ်ပြည်မှ ဦးမာဃ လာရောက် ကူညီလျှင်ပင် ရနိုင်မည်ဟု (ထိုအချိန်က) မည်သူမျှ မထင်ပါ။ သို့ရာတွင် လူ့ပြည်မှ ဦးမာဃကတော့ ထိုကိစ္စကို စွမ်းဆောင်နိုင်ခဲ့ ပါသည်။ ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်မှ လယ်သမားကြီးတစ်ဦး ဖြစ်ပါသည်။ သူက တစ်ဧကလျှင် တင်းတစ်ရာမက (ကျွန်တော်မှတ်မိသလောက်) တစ်ဧကလျှင် တင်းနှစ်ရာကျော်၊ သုံးရာနီးပါး ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံး ဟိုးလေးတကျော် ဖြစ်သွားပါသည်။ အခြားမြို့နယ်များ အားလုံးသို့လည်း တစ်ဧက အနည်းဆုံးတင်းတစ်ရာ ထွက်ရှိရေး ဆောင်ရွက်ရန် ညွှန်ကြားချက်များ ထွက်ရှိလာပါသည်။ ဦးမာဃလည်း အရှင်မွေး နေ့ချင်းကြီး ဆိုသည့် အတိုင်း မကြာမီပင် တောင်သူလယ်သမား အစည်းအရုံး ဗဟိုကော်မတီဝင် ဖြစ်သွားပါတော့သည်။
မဆလ တစ်ပါတီခေတ်က အသုံးအနှုန်းအတိုင်း သုံးရမည်ဆိုလျှင် ဒေသပါတီများ၏ ဦးဆောင်မှု၊ တိုင်း ပြည်သူ့ကောင်စီတို့၏ ကြီးကြပ်မှုတို့ဖြင့် စပါးအထူး အထွက်တိုး ပြိုင်ပွဲများကို ကျင်းပခဲ့ရာ မြို့နယ်အသီးသီး ယှဉ်ပြိုင်ကြရပါသည်။ ထိုပြိုင်ပွဲများတွင် အချို့သောမြို့နယ်များမှာ တစ်ဧကလျှင် စပါးတင်းတစ်ရာကျော် စသည်ဖြင့် ထွက်ကြပါသည်။ နောက်ပိုင်းထွက်ပေါ် လာသော သတင်းများအရ ထိုမြို့နယ်များမှာ အကြံအဖန်လုပ်ပြီး ဘေးလယ်ကွက်များမှ စပါးနှံများကို ကြိုတင်ရိတ်သိမ်းထားကာ ရောနှော ချိန်တွယ်ကြခြင်း ဖြစ်ကြောင်း သိရှိကြရပါသည်။ နောက်ပိုင်းတွင်တော့ စာရွက်ပေါ်တွင် စပါးတစ်ဧက အထွက်နှုန်းများ တစ်စတစ်စနှင့် ပိုမိုတိုးတက်လာပါသည်။
စာရွက်ပေါ်တွင် စပါးတစ်ဧက အထွက်နှုန်း တိုးပြီးနောက် စိုက်ဧကများ တိုးတက်များပြားလာအောင် ဆောင်ရွက်ရပါတော့သည်။ သည်နေရာ တွင်လည်း ကွင်းဆင်းတိုင်းတာ ဆောင်ရွက်နိုင်သည်များ ရှိသကဲ့သို့ မဖြစ်မနေ တွန်းအားပေး စေခိုင်းသည့်အတွက် စားပွဲပေါ်တွင် တိုးလာသော စိုက်ဧကများကလည်း ပမာဏ မသေးလှပါ၊ ဥပမာ- လယ်သုံးဧကရှိသော လယ်သမားကြီး ဦးဖြူ၏ လယ်တွင် တစ်ဧက တိုးသကဲ့သို့ လယ်ငါးဧကရှိ သော လယ်သမားကြီး ဦးနီ၏ လယ်တွင် နှစ်ဧက တိုးလာပါသည်၊ သို့သော် ဤသို့တိုးသည်ကို လယ်သမားကြီးများ မသိကြပါ၊ သူတို့တွင် ဤသို့တိုးရန် မြေအပိုလည်း မရှိကြပါ။ ကျေးရွာအုပ်စုမှသည် မြို့နယ်၊ သည်မှ တိုင်းနှင့် ပြည်နယ် အပြိုင်အဆိုင် စာရင်းချုပ်ကြသောအခါ လယ်ဧကပေါင်း ထောင် သောင်းချီ၍ တိုးပွားလာ ပါတော့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဆိုသော် ဧကသိန်းချီ၍ တိုးပါသည်။ မည်သည့်အခါ အဖြေပေါ်သနည်း ဆိုသော် ကုန်သွယ်/လယ်ယာက စပါးဝယ်ယူသည့် အခါမှ အဖြေပေါ်ပါသည်။ လယ်သမားများ လက်ဝယ် သူတို့တွက်ချက် ထားသလောက် စပါးမရှိပါ။ အမှန်တကယ်စိုက်ဧက မရှိ၊ အမှန်တကယ် အထွက်နှုန်း မတိုးသောကြောင့် ဖြစ်ပါသည်။ ပါတီ၊ ကောင်စီနှင့် အချို့သော ဌာနဆိုင်ရာ ဝန်ထမ်းတို့ စုပေါင်း၍ လိမ်ညာခဲ့ကြသည့်အတွက် (စပါးမရောင်းနိုင်သော) လယ်သမားများ အဖမ်းခံကြရပါသည်။ နောက်ဆုံးတော့ ကျွန်တော်တို့နိုင်ငံ အဆင်းရဲဆုံး စာရင်းဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ရောက်ရှိခဲ့ရ ပါတော့သည်။
ဤကဲ့သို့ ဖြစ်ရသည်မှာ စီမံကိန်းများ မအောင်မြင်ဆိုသည်ကို မကြားလိုသည့်အတွက် မဖြစ်ဖြစ်အောင် (စာရွက်ပေါ်တွင်) အောင်မြင်အောင် အကောင်အထည်ဖော် ရပါသည်။ လေးနှစ်စီမံကိန်း ငါးခုပြီး (အနှစ် ၂၀ပြည့်) သောအခါ နှစ်တိုနှစ်ရှည် စီးပွားရေးစီမံကိန်းများ ရည်မှန်းချက်ထက် ပိုမို အောင်မြင်ကြောင်း သတင်းစာများတွင် ခေါင်းစီးစာလုံးမည်း ကြီးများဖြင့် လူကြီးကျေနပ်အောင် ထည့်သွင်းဖော်ပြ ကြပါတော့သည်။ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း၊ မြေစာရင်း ဦးစီးဌာနမှ ဝန်ထမ်းများ၏ ရင်ဖွင့်ပြောကြား စကားသံ များအရလည်း ၄င်းတို့အနေနှင့် စပါးစိုက်ဧကနှင့် အထွက်နှုန်းတို့ကို
မဖြစ်မနေ တိုးမြှင့်ပေးရကြောင်း၊ မတိုးမြှင့်ပေးနိုင်ပါက အလုပ်မှထုတ်ပယ် သည်အထိ အရေးယူခံရကြောင်း စသည်ဖြင့် သိရှိကြရပါသည်။ ထို့ကြောင့်လည်း ဝန်ထမ်းများကို လိမ်ညာတတ်စေရန် လေ့ကျင့်ပေးသကဲ့သို့ ဖြစ်ခဲ့ရ ပါသည်။
၁၉၈၈ ခုနှစ် အရေးအခင်း ကာလအပြီး နဝတအစိုးရ တက်လာသော အခါ ဝန်ထမ်းတွေကို အပြစ်တင်စကား ပြောကြားရာတွင် ဝန်ထမ်းများ၊ စာရင်းဇယားများ လိမ်ညာ တင်ပြခဲ့ကြသည့်အတွက် နိုင်ငံတော်၏ နှစ်တို၊ နှစ်ရှည်စီးပွားရေး စီမံကိန်းများ မအောင်မမြင်ဖြစ်ရပြီး နိုင်ငံတော်၏ စီးပွားရေး ကျဆင်း ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ကို မှတ်မိနေပါသည်။ နဝတ အစိုးရသည် မဆလ အစိုးရ၏ အားနည်းမှုများကို သင်ခန်းစာယူ၍ ပြင်ဆင် သင့်သည်များကို ပြင်ဆင် ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးများတွင် မှာကြား ပြောဆိုရာ၌ “ယခင်အစိုးရ လက်ထက်က စာရင်းများလိမ်ညာ တင်ပြခဲ့ကြ၍ စီးပွားရေးစီမံကိန်းများ မအောင်မမြင် ဖြစ်ရပြီး ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် စာရင်းဇယားများ တင်ပြကြရာတွင် မလိမ် မညာ၊ မကွယ်မဝှက်၊ အမှန်အတိုင်း အရှိအတိုင်း တင်ပြကြရန်” မကြာခဏ မှာကြား ပြောဆိုမှုများ ရှိခဲ့ပါသည်။ အထူးသဖြင့် လယ်ယာကဏ္ဍ စာရင်းများ ကောက်ယူပြုစုရာတွင် ပိုမိုမှာကြား ပြောဆိုလေ့ရှိပါသည်။
၁၉၉၄-၉၅ ခုနှစ်ခန့်က ဖြစ်ပါသည်။ ရခိုင်ပြည်နယ်၏ လေးလပတ် အစည်းအဝေးတစ်ခုတွင် မာန်အောင်မြို့နယ်မှ အမှန်အတိုင်း ကောက်ယူထားသော လယ်ယာမြေစာရင်းဇယားကို တင်ပြရာ ယခင် မဆလခေတ်က စာရင်းထက် ဧကများစွာလျော့နည်းလျက် ရှိသဖြင့် တိုင်းအဆင့်တာဝန်ရှိ ပုဂ္ဂိုလ်က မြို့နယ်တာဝန်ခံကို ဆူပူကြိမ်းမောင်း၍ မကြာမီပင် ၄င်းမြို့နယ် တာဝန်ခံမှာ ပြောင်းရွှေ့ ခံလိုက်ရပါသည်။ အလားတူပင် ၁၉၉၉ ခုနှစ်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ မြို့နယ်များကို စာရင်းဇယား အမှန်များကို ကောက်ခိုင်းရာ ယခင် မဆလခေတ်ထက် စပါးစိုက်ဧကများ လျော့နည်းလျက်ရှိသဖြင့် တိုင်းအဆင့် အကြီးအကဲက “ခင်ဗျားတို့ အရင်တုန်းက အကျင့်တွေ မပျောက်ကြသေးဘူး၊ အခုထိ လိမ်ချင်ညာချင်ကြတုန်းပဲ၊ စာရင်းအမှန်တွေ ပြန်ရအောင်ကောက်ခဲ့" ဟုဆိုကာ ပြန်လည်ကောက် ခိုင်းပါသည်။ သည်တော့ ယခင်မူလ၊ မဆလခေတ်က ကောက်ယူခဲ့သော စာရင်း(အမှား) ကို ပြန်လည်ပြုစု တင်ပြတော့မှသာလျှင် လက်ခံပါသည်။ ထို့ကြောင့် မဆလခေတ်က အလိမ်ပညာ ဝိဇ္ဇာဘွဲ့ရရှိခဲ့သော ဝန်ထမ်းများကို နဝတ၊ နအဖခေတ်တွင် အလိမ်ပညာ မဟာဝိဇ္ဇာဘွဲ့ ပေးရတော့မည်ဖြစ် ပါသည်။
အာဏာရှင်တို့သည် အမှန်တရားကို ကြောက်ခဲ့ကြသည်။ မှန်နေသည် မှန်းသိလျက်နှင့် အမှန်စကားကို မကြားလိုကြ၊ အမှန်တရားကို ရင်မဆိုင်ဝံ့ကြ၊ အမှန်တရားကို အကြောက်တရားနှင့် ဖိ၍ ဖုံးကွယ်ကြသည်၊ ဖုံးကွယ်စေကြသည်။ ထို့ကြောင့် ပွင့်လင်းမြင်သာရှိမှုကို မလိုလားကြ၊ ပွင့်ပွင့်လင်းလင်း ပြောဆိုရေးသားမှု များကို မလိုလားကြ၊ ထိုသို့ပြောဆို ရေးသားသူများကို ရန်လုပ်ကြသည်၊ အပြစ်ရှာကြသည်၊ ပုဒ်ထီး၊ ပုဒ်မတပ်၍ ထောင်ထဲထည့်ကြသည်။
ယခုဆောင်းပါးအစတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက ၄င်း ထင်မြင်ယူဆသည့် အတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်ကို ဖော်ပြရေးသားခဲ့ပါသည်။ နိုင်ငံတော်သမ္မတကြီး ကလည်း ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ကြောင်း မကြာခဏ ပြောကြားခဲ့ပါသည်။ သို့သော် အချို့သောကိစ္စ များတွင် အချို့သော ပုဂ္ဂိုလ်တို့က မပွင့်မလင်း၊ သိုသိုသိပ်သိပ်၊ လျှို့လျှို့ဝှက်ဝှက် ဆောင်ရွက်လျက် ရှိကြဆဲပင်ဖြစ်သည်။ ပွင့်လင်းမှသာလျှင် ပြည်သူကသိပါမည်၊ ပြည်သူက သိမှသာလျှင် လိုအပ်သော အကြံဉာဏ်များ ကိုပေးနိုင်မည်၊ ပြည်သူ၏ အကြံဉာဏ် များသည် တန်ဖိုးရှိပါသည်၊ ပြည်သူ သည် ကိုယ်တိုင်ကြုံတွေ့ ခံစားရသူဖြစ်၍ ပြည်သူ၏ အကြံဉာဏ်တို့သည် ပို၍ ဘဝဆန်ပါသည်၊ ဘဝနှင့် ပို၍ နီးစပ်ပါသည်။ ပြည်သူ၏ ဆန္ဒကို ပစ်ပယ်၍မရပါ။ ပြည်သူ့ဆန္ဒကို ပစ်ပယ်ခဲ့သည့်အတွက် တိုင်းပြည်မည်သို့ ဖြစ်ပျက်ခဲ့သည် ကိုလည်း အားလုံးအသိပင် ဖြစ်ပါသည်။ လက်ရှိလည်း ပွင့်လင်းမြင်သာမှု မရှိသောကြောင့် ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသော ကိစ္စအချို့ ဖြစ်ပေါ်လျက်ရှိပြီး နောက်မှလိုက်၍ ပြည်သူကို ချပြရှင်းလင်း ဆောင်ရွက်နေရသည်များလည်း ရှိပါသည်။
ယခုဆောင်ရွက်လျက် ရှိသည့် ဆင်းရဲနွမ်းပါးမှု လျော့နည်းပပျောက်ရေး လုပ်ငန်းများကို ကျွန်တော့်အနေနှင့် ဝေဖန်သမှု မပြုလိုပါ။ အားလုံးက ကောင်းအောင် လုပ်နေကြသည်ဟူ၍သာ နားလည်ပါသည်။ သို့ရာတွင် မည်သည့်လုပ်ငန်းကို မည်သည့်နည်းလမ်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည်ဖြစ်စေ၊ တိကျမှန်သော ကိန်းဂဏန်း၊ စာရင်းဇယားများ ရရှိဖို့နှင့် သတင်းအချက်အလက် အမှန်ကို ရရှိဖို့လိုပါသည်။ အမှန်တရားကို မျက်ကွယ်မပြုဖို့နှင့် ပြည်သူ့ဆန္ဒကို (သိအောင်လုပ်၍) မျက်ကွယ်မပြုဖို့ လိုပါ သည်။ ဆင်းရဲနွမ်းပါးမှုဟု ဆိုရာတွင်လည်း မည်ကဲ့သို့ အဓိပ္ပာယ် ဖွင့်ဆို၍ မည်ရွေ့မည်မျှ ပိုင်ဆိုင်မှုရှိသူ၊ ဝင်ငွေမည်မျှရှိ၍ ထွက်ငွေမည်မျှ ရှိသူ၊ မိသားစုဦးရေ မည်မျှရှိသူ စသည်ဖြင့် မည်သို့ သတ်မှတ်ထားရှိကြောင်း (ဆင်းရဲသား) ပြည်သူများက မသိရှိရပါ။ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများက ကောက်ယူပေးသည့် စာရင်းများလား၊ စေတနာ့ဝန်ထမ်း (အရပ်ဘက်)အဖွဲ့အစည်းများက စုစည်းကောက်ယူပေးသည့်စာရင်းလား ဟူ၍လည်း မည်သူကမျှ မသိရှိပါ။ ပွင့်လင်းစွာ သိရှိခွင့်ရမည်ဆိုလျှင်တော့ မသမာမှု များလည်း ရှိနိုင်တော့မည်မဟုတ်ဘဲ အမှန်တကယ် မရှိဆင်းရဲသူများ၊ အမှန်တကယ် အကူအညီ လိုအပ်သူများ လက်ဝယ်သို့ ပံ့ပိုးထောက်ပံ့မှုများ ရောက်ရှိပြီး ဆင်းရဲသားပြည်သူများ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ရှိကြမည် ဖြစ်ပါသည်။
အမှန်တကယ်တော့ ဆင်းရဲနွမ်းပါးမှုသည် အချို့သော လူပုဂ္ဂိုလ်တို့၏ လောဘဇော တိုက်မှုကြောင့် လျော့နည်းရမည့်အစား ပိုမိုတိုးပွားလာသည် ဟူ၍ပင် ဆိုရမည်ဖြစ်ပါသည်။ အချို့သောပုဂ္ဂိုလ်တို့သည် ချမ်းသာပြီးရင်း ပို၍ ချမ်းသာချင်ကြသည်၊ ပို၍ရှာဖွေကြသည်၊ ပို၍ရင်းနှီးမြှုပ်နှံကြသည်၊ လုပ်ပိုင် ခွင့်ရှိသူတို့ကို ပို၍ချဉ်းကပ်ကြသည်၊ နောက်ဆုံးတော့ပို၍ ချမ်းသာလာကြသည်။
ကားသုံးစီးရှိသူက ကားငါးစီးဖြစ်လာသည်၊ အိမ်နှစ်လုံးရှိသူက အိမ် သုံးလုံးရှိလာသည်၊ ထို့ထက်မက ရှိသူကလည်း ပို၍ ပို၍သာ ရှိလာသည်။ သည်တော့ ဆင်းရဲချမ်းသာ ကွာဟမှုက ပို၍များပြားလာသည်။ ဥပမာပေးပါမည်၊ ဂေါက်သီးဘောလုံး ကလေးကို တင်းနစ်ဘောလုံးနှင့် ယှဉ်ထားလျှင် ဂေါက်သီးဘောလုံးက နည်းနည်းငယ်သည်၊ ဘော်လီဘော ဘောလုံးနှင့် ယှဉ်လျှင်ပို၍ ငယ်သွားသည်၊ ဘတ်စကက်ဘော ဘောလုံးနှင့် ယှဉ်လျှင်ကား အဆများစွာ ငယ်သွားသည်ကို တွေ့ရပါမည်။ ဤနေရာတွင် အချို့ကဆိုပါမည်။ ဤသို့ဖြစ်ရခြင်းမှာ အိုင်းစတိုင်း၏ နှိုင်းရသဘောတရားအရ မျက်စိအမြင်၊ စိတ်အထင်ကြောင့်သာ ငယ်သွားခြင်းဖြစ်ပြီး အမှန်တကယ် ငယ်သွားခြင်း မဟုတ်ကြောင်း စောဒကတက်နိုင်ပါသည်။
သည်တစ်ခါတော့ ဥပမာမပေးတော့ပါ။ လက်တွေ့ဖြစ်စဉ်ကို တင်ပြပါ မည်။ ကျွန်တော်သည် စီးပွားရေးပညာရှင် မဟုတ်၍ ရောင်းလိုအားတို့ ဝယ်လိုအားတို့ကို အသေအချာ နားမလည်ပါ။ သို့သော် ဟင်းရွက်တစ်စည်းကို ငွေကျပ်တစ်ရာ၊ အသားတစ်ပိဿာလျှင် ငွေကျပ်တစ်ထောင်ဖြင့် ဝယ် စားနေရာမှ ဟင်းရွက်တစ်စည်းလျှင် ငွေကျပ်တစ်ထောင်၊ အသားတစ်ပိဿာ လျှင် ငွေကျပ်ငါးထောင် ဖြစ်သွားပါက ငွေကြေးတတ်နိုင်သူက ဝယ်စားနိုင် သော်လည်း ပိုက်ဆံမရှိသူက မည်သို့ဝယ်စား နိုင်မည်နည်း၊ အကြောင်းကြောင်းကြောင့် ကုန်ဈေးနှုန်း တစ်ခါတက်တိုင်း ငွေကြေးတတ်နိုင်သူတို့က ဝယ်စားနိုင်၍ ဆင်းရဲသား တို့က ဝယ်မစားနိုင်သည် ရှိသော် ဆင်းရဲချမ်းသာကွာဟမှု က တစ်စတစ်စနှင့် မိုးနှင့်မြေပမာ ဖြစ်သွားပါလိမ့်မည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း နဝတ အစိုးရ တက်လာပြီးသောအခါ ရန်ကုန်မြို့နေရာအနှံ့တွင် ကျူးကျော်နေထိုင်သူ များကို မြို့သစ်များသို့ ပြောင်းရွှေ့နေရာ ချထားပေးပါသည်။ အချို့ကို အိမ်ဆောက်ရန် အထိုက် အလျောက် ထောက်ပံ့ပေးသည်။ ဝန်ထမ်းများကို လုပ်သက်အလျောက် မြေကွက်များ ချထားပေး၍ အိမ်ဆောက်ရန်အတွက် ဘဏ်ချေးငွေများ ထုတ်ချေးပေးသည်။ ထိုစဉ်က အစိုးရပေးသော ပေ ၂၀_၆၀၊ ပေ ၄၀_၆၀ မြေကွက်များပေါ် တွင် ပြည်သူများ၊ ဝန်ထမ်းများသည် အသင့်အတင့်နေနိုင်၊ ထိုင်နိုင်သောအိမ် ဆောက်နိုင်ပါသည်။ ထိုအချိန်က အုတ်တစ်ချပ်လျှင် တစ်ကျပ်၊ တစ်ကျပ်ခွဲ၊ ဘိလပ်မြေတစ်အိတ်လျှင် ၃၀၀ ကျပ်မှ ၃၅၀ ကျပ်နှင့် သစ်မာတစ်တန်လျှင် သောင်းဂဏန်းမျှသာ ရှိသေးသည့် အချိန်ဖြစ်ပါသည်။ နောက်ပိုင်းတွင် ငွေရှင်၊ ကြေးရှင်များ ဆောက်လုပ်ရေးလောကသို့ ဝင်ရောက်လာကာ၊ ဆောက်လုပ်ရေး လုပ်ငန်းများ ကျယ်ပြန့်လာပြီး အိမ် ဈေး၊ မြေဈေးများ အဆမတန် တက်လာလျက် ငွေကြေးတတ်နိုင်သူများက ဝယ်ယူ နေထိုင်ကြသည်။ ယခုဖြစ်ပေါ်နေသော အုတ်ဈေး၊ သဲ၊ ကျောက်ဈေး၊ ဘိလပ်မြေဈေး၊ သစ်ဈေးများဖြင့် ဆင်းရဲသား မဆိုထားဘိ။ လူလတ်တန်း စားများပင် ကိုယ်ပိုင်အိမ်နှင့် နေနိုင်ရန် စိတ်ပင်မကူးရဲသည့် အခြေအနေမျိုး ဖြစ်လာပါသည်။ အစိုးရ တာဝန်ရှိသူများနှင့် ပူးပေါင်း/ချဉ်းကပ်ကာ နိုင်ငံပိုင် မြေများကို ကာလပေါက်ဈေးထက် များစွာ လျော့နည်းသောဈေးနှုန်းဖြင့် ရယူခဲ့ကြသော်လည်း အဆောက်အအုံ ဆောက်လုပ်ပြီးစီး၍ ပြန်လည် ရောင်းချသောအခါ ယခင်က မကြားခဲ့ဖူးသောဈေးများဖြင့် ပြန်လည် ရောင်းချကြသည်။
အိမ်၊ ခြံ၊ မြေဈေးများ သိန်းရာဂဏန်းဖြစ်စတွင် မယုံကြည်သူများ ရှိကြသည်။ နောက်ပိုင်းတော့ သိန်းထောင်ဂဏန်း၊ သောင်းဂဏန်းမှသည် သိန်းဂဏန်းသို့တိုင် ရောက်ရှိလာကြသည်။ တစ်လောက အတော်အတန် ချမ်းသာသော သူဌေးတစ်ဦးနှင့် ဆုံမိသည်။
သူက"ဒီလူတွေ ဘာအလုပ်ကို ဘယ်လိုလုပ်ပြီး ဘယ်လိုများ ချမ်းသာလာကြလဲ မသိဘူးဗျာ" ဟု ပြောပါသည်။ ယခုထိုသူများက ဆင်းရဲသားများအတွက် ကျပ်သိန်းတစ်ရာအောက် တန်ဖိုး ရှိသောအိမ်များကို ဆောက်ပေးဦးမည်ဟု ဆိုပြန်ပါသည်။ ဆင်းရဲသားများ ကိုယ်စား တစ်ခုတော့ ပြောလိုက်ချင်ပါသည်။ မီတာခနှင့် ရေဖိုးကို ကျခံပေးမည် ဆိုလျှင်တော့ ထိုအိမ်များကို အလကားရလျှင် လိုချင်ပါသည် ဟူ၍သာ။
ချမ်းသာသူများက မိုးထိအောင်ချမ်းသာကြ၍ ဆင်းရဲသူများက အဝီစိထက်နိမ့်သော နေရာသို့ သက်ဆင်းနေသော ကာလမျိုးတွင် ဆင်းရဲချမ်းသာ ကွာဟမှုနှုန်းက မည်သို့ရှိပါမည်နည်း။ လူ၁၀ ဦးတွင် တစ်ဦးက တစ်လလျှင် ငွေကျပ်သိန်း ၉၀ ဝင်၍ ကျန်သူများက ကိုးဦးပေါင်းမှ
တစ်လလျှင် တစ်ဆယ်သိန်းဝင်သည်ကို လူတစ်ဦးတစ်လ ဝင်ငွေ ကျပ်တစ်ဆယ်သိန်းဟု ဆို၍ ရပါမည်လား။ ဤသို့ဆိုလျှင် ဆင်းရဲနွမ်းပါးမှု နှုန်းကရော၊ ၃၂ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည် ဆိုခြင်းထက် ထို့ထက် ပိုမိုနိုင်သည်ဆိုသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၏ ဆိုစကားသည် လွန်အံ့မထင်ဟုသာ ဆိုချင်ပါသည်။
တကယ့်အရှိတရား၊ အမှန်တရားကရော မည်သို့ရှိပါမည်နည်း၊ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းသည် ၃၂ ရာခိုင်နှုန်းမှသည် အမှန်တကယ် ၂၆ ရာခိုင်နှုန်းသို့ ကျဆင်းလာခြင်း ဟုတ်ပါသလား။ သို့တည်း မဟုတ် ထို့ထက်ပိုမို များပြားပါသလား။ သို့တည်းမဟုတ် ...။
ကျွန်တော်တို့သည် အမှန်စကားကို နားထောင်ဖို့လိုပါသည်၊ အမှန်တရားကို မရှောင်ရှားဖို့ လိုပါသည်။
သိန်းထက်အောင်
The Voice Weekly
တူရကီစာရေးဆရာမ ကိုယ်လုံးတခုလုံး လွှမ်းခြုံရသောခြုံလွှာ စွန့်လွှတ်သည့်အတွက် အသေသတ်ရန် ခြိမ်းခြောက်ခံရ
19.5.2013
ရောင်းအားအကောင်းဆုံး တူရကီစာရေးဆရာမ ကိုယ်လုံးတခုလုံး လွှမ်းခြုံရသောခြုံလွှာ
စွန့်လွှတ်သည့်အတွက် အသေသတ်ရန် ခြိမ်းခြောက်ခံရ
(ဘာသာပြန် ဆောင်းပါး)
(ရေးသားပေးပို့သူ မျိုးဆက်မော်ကွန်း)
အင်္ဂလိပ်ဘာသာ မူရင်းလင့်ခ် http://www.muslimwomennews.com/faces/sn.php?nid=21964
သူမသည် မျက်နာဖုံးစွပ်ကို ချွတ်ရန်ဆုံးဖြတ်လိုက်သည့်အတွက် အစွန်းရောက် အစ္စလာမ်မစ်ကေင်စီ အဖွဲ့ ၏ သတ်ဖြတ်ရန် ခြိမ်းခြောက်မှုတွေကို ခံရပါတယ်။ တကယ်တော့ သူမလေးနှစ်အရွယ် ကတည်းက မိခင်ဖြစ်သူက အဓမ္မအတင်းအကျပ် ဝတ်ခိုင်းသဖြင့်သာ ဝတ်ဆင်နေရတာ ဖြစ်ပြီး မိမိသဘောအရ စိတ်ကြိုက်လွတ်လပ်စွာ ရွေးချယ်ထားသော ကိစ္စမဟုတ်ပါ။
သူမသည် ရဲစခန်းသို့ သွားပြီး ခေါင်းခြုံလွှာသည် မိခင်၏ ဆုံးဖြတ်ချက်သာဖြစ်ပြီး မိမိ၏ဆုံးဖြတ်ချက် မဟုတ်ပါ။ ခေါင်းစွပ်ချွတ်လိုက်ရသဖြင့် မိမိဘဝတစ်လျှောက်တွင် လွတ်လပ်မှုကို ပထမဦးဆုံးအကြိမ် ခံစားလိုက်ရပါသည်ဟု ကြေငြာခဲ့ပါသည်။ ၎င်းအပြင် အာဏာပိုင်တွေနင့် ကိုရမ်ကျမ်းစာတွင် ဘယ်နေရာတွင်မှ ခေါင်းခြုံလွှမ်းထားရန် ညျွန်ကြားချက်အပိုဒ် တစ်ပိုဒ်ပင်မရှိဟု ငြင်းဆိုထောက်ပြခဲ့ပါသည်။ သည့်အတွက် သူမ၏လူမှုအသိုင်းအဝန်းတွင်လည်း အကြီးအကျယ်ဝေဖန်ခံရပါသည်။ သူမ၏ဖခင်က သူ့ အိမ်ကိုခဲများနှင့် လာရောက် ပစ်ပေါက်တိုက်ခိုက်ခဲ့ပါသည်။(ဥပဒေကခွင့်ပြုထားလေလား .. ဒါကရောအကြမ်းဖက်မှုလို့  Ruby mirror တို့ရှုံချနိုင်ကြမလား)
ကုလသမဂ္ဂလက်အောက်ခံ လူ့ အခွင့်အရေးအဖွဲ့  (WFUNA) အဖွဲ့ တွင် လုပ်အားပေးနေသော သူမက ခေါင်းခြုံလွှာသည် အစ္စလမ်ဘာသာ မပေါ်ထွန်းမှီကတည်းက (အစ္စလမ်ဘာသာသည် ခရစ်သက္ကရာစ်.၆၀၀-ကျော်တွင် စတင်ပေါ်ထွန်းပါသည်) အာရပ် ယောက်ျား မိန်းမများက ရာသီဥတု အခြေအနေအရ ဝတ်ဆင်ခဲ့သော ရှေးဓလေ့ဝတ်စား ဆင်ယင်မှုသာဖြစ်ပါသည်။ အစ္စလာမ်အမျိုးသမီး အခွင့်အရေးအတွက် လေ့လာမှုများလုပ်ပြီး ကာဇံက မိမိဘာကြောင့် ခေါင်းမြီးချုံလွှာဖြုတ်ရသည့် အကြောင်းရင်းကို ရှင်းလင်းခဲ့ပါသည်။ မိမိဘာတွေ ပြောင်းလဲခဲ့ရသည်ကို ရှင်းပြခဲ့ပါသည်။ (ကျမခေါင်းခြုံလွှာ ချွတ်လိုက်တာနဲ့ ကျမလွတ်လပ်မှုကို ခံစားရပါသည်)
လူတစ်ဦးတစ်ယောက်သည် ပြူတင်းပေါက် တစ်ခုတည်းကသာ ကြည့်တတ်တဲ့အကျင့် ရနေခဲ့မယ်ဆိုရင် ယင်းထက် ပိုဆိုးဝါးစွာ တခြားပြူတင်းပေါက်တွေ ရှိမှန်းပင် မသိတော့ခဲ့ရင် ထိုသူတို့ဟာ ဒီတင်းကြပ်မှု... မျက်ကန်းဆန်မှု တရားသေအမိန့်အောက် ..သင်ကြိုက်သလို ခေါ်ဝေါ်လိုက်ပါ။ သူတို့ ဟာ သနားဖွယ်ရာ ရှင်သန်ရပ်တည် နေရပါတော့တယ်။ ကျမ၏ ယုံကြည်ချက်ဒဿနဟာ ခက်ခက်ခဲခဲ ရပ်တည်ခဲ့ရပြီး ကျမ၏လုပ် နိုင်ခွင့်ဘောင် အပြင်ရောက်နေခဲပါသည်။ မိဘတွေ ကွာရှင်းထားတဲ့ အခက်အခဲနဲ့ မိခင်၏ ဘာသာရေး အလွန်အကျွံ့ အစွန်းရောက်မှု တွေက ကလေးငယ် တစ်ယောက်အတွက် ကျော်လွန်ရန် အလွန်ခက်ခဲခဲ့ပါသည်။
ကျမသည် အမှန်တရားကို ယုံကြည်သူဖြစ်သော်လည်း ကျမမှာ ရွေးချယ်ပိုင်ခွင့်မရှိခဲ့ပါ။ အမေက ကျမငယ်ငယ် အရွယ်ကတည်းက အတင်းအကြပ် ခေါင်းစွပ် ဝတ်ခိုင်းပါတော့သည်။ ခေါင်းမြှီးခြုံနေရခြင်းသည် ခံယူချက်နှင့် ပေးဆပ်မှုရှိရန် အလွန်လိုပါသည်။ သို့သော်ကျမမှာ ရွေးချယ်ပိုင်ခွင့် မရခဲ့ပါ။ ဒီရွေးချယ်မှုဟာ အလွန်ခက်ခဲပြီး မတ်စောက်သည့် တောင်ကိုတက်ရသကဲ့သို့ အလွန် ခက်ခက်ခဲခဲ ဆုံးဖြတ်ယူရပါသည်။ မိမိ၏ခံယူချက် မိမိ၏ယုံကြည်မှု (အမှန်တရား) မိမိ၏ဆင်ခြင်တုံ တရားကတဖက်နှင့် ဒီလိုဆုံးဖြတ် ရွေးချယ်လိုက်လျှင် ရင်ဆိုင်ရမဲ့ နောက်ဆက်တွဲ တန်ပြန်မှုတွေကို စဉ်းစားချင့်ချိန်ရသော အခက်အခဲမှာ အလွန်ခက်ခဲသော ဆုံးဖြတ်ချက်ဖြစ်ပါသည်။ ခေါင်းခြုံလွှာ စတင်ဝတ်ရသောပထမနှစ်တွေမှာ ကျမခေါင်းကို နိုင်လွန်အိတ်ထဲမှာ ပိတ်လှောင်ထားခံရသလို အနေရအထိုင်ရ အလွန်ခက်ပါသည်။
နားထဲမှာလဲ ငြီးသံတခု ကြားနေရပါသည်။ တခါတခါတွင် လည်ပင်းမှ တွယ်အပ်ပြုတ်ပြီး မိမိလည်ချောင်းကို ထိုးဖေါက်သွားလေမလား ကြောက်လန့် စိတ်လည်း မကြာခန ဖြစ်တတ်ခဲ့ပါသည်။ ဒါကြောင့် မိခင်အလစ်တွင် ရံဖန်ရံခါ ခေါင်းစွပ်ဖြုတ်ခဲ့ပါသည်။ တရက်တွင် မိခင်တွေ့မြင်သွားလို့  တစ်သက်တာ မမေ့နိုင်လောက်အောင် နောင်ကျဉ်အောင် အရိုက်ခံရပါတော့သည်။
အဲဒီအရိုက် အနှက်ခံရအပြီး နစ်ပေါင်း ၃၀- အကြာတွင် ခေါင်းစွပ်ဖြုတ်ရန် ဆုံးဖြတ်ချက် ချလိုက်သောအခါ တိုက်ပွဲတခု ကြုံရပါတော့သည်။ အစွန်းရောက် အစ္စလာမ်မစ်အဖွဲ့ တွေ အကြီးအကျယ် ဒေါသထွက်ကြပါတော့သည်။ ခေါင်းမြှီးခြုံ နာမည်ကျော် စာရေးဆရာမက ဒီလို လုပ်လိုက်တာ အသဲကျွဲခတ်ခံရသည့်နယ် ဖြစ်သွားကြပါသည်။ ကျမကို စော်ကားတာတွေလုပ်ကြ သတ်ပစ်ရန် ခြိမ်းချောက် တာတွေခံရပါတော့သည်။ အပြောင်းအလဲလုပ်ရတာ အတော်လေး နာကျင်ရပါသည်။ ကျမအမေရိကကို ရောက်လာတော့ ပထမဦးဆုံး ကျမ စိတ်ကျေနပ်သည်အထိ တစ်ဝကြီး ရေကူးပစ်လိုက်ပါတော့သည်။ နှစ်ပေါင်းများစွာ ရေကူးခွင့်မရခဲ့တာ အလွန်ဝမ်းနည်းစရာ ဖြစ်စေတော့သည်။ ရေကူးကန်ကပင် ပြန်မတက်ချင်အောင် ခံစားလာရပါသည်။ နောက်ရက်တွေမှာ နေ့စဉ် ညတိုင်း နစ်နာရီကြာ ရေကူးနေမိပါတော့သည်။
ကျမသည် တကိုယ်လုံး လွှမ်းခြုံထားရသည့်အတွက် အသားအရေတွေဟာ နေရောင်ခြည် လိုအပ်သလောက် မရသည့်အတွက် အသားအရေ ဖွေးစွတ်နေပြီး ဗိုက်တာမင်ဒီ-ဓါတ်ချို့ တဲ့မှု ခံစားနေရပါသည်။ အကျိုးဆက်အဖြစ် မကြာခဏ ပျင်းပျင်းထန်ထန် ဖျားနာတတ်ပါသည်။ အားနည်းမှု စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု တွေခံစားရပါသည်။
ကျမသည် နေရောင်အောက်မှာ နေစာလှုံပြီး တင်းနစ်ကစားပါတော့သည်။ ကောင်းကင်ပြာကြီးအောက် အဖြူရောင် တင်းနစ်ဝတ်စုံဖြင့် ကစားပါသည်။
ဒီလွတ်လပ်မှုအရသာကို စကားဖြင့် ဖေါ်ပြရန် စကားပင် ရှာမရခဲ့ပါ။ ဒီနောက်တွင်တော့ မိန်မသားတစ်ဦးရဲ့ စိတ်ကူးအိမ်မက် ဖြစ်သော လက်သည်းကို အရှည်ထားပြီး နီနီရဲရဲ လက်သည်း ဆိုးဆေးလေးတွေ ချယ်သမှုပြုပါတော့သည်။ သည်လို လက်သည်းဆိုးရတာနှင့် ကျမဘဝအတွက် အမှတ်ရစရာကို ပြေးသတိရမိပါတော့သည်။ အီရန်ကိုအလည်သွားစဉ်က အမျိုးသမိးတစ်ယောက်နှင့်ကြုံခဲ့ရတာက သူမလက်သည်းကို အနီရောင်ချယ်သခဲ့မှုအတွက် အင်ဆက်ပိုးမွှားတွေ ထဲ့ထားသော အိတ်ထဲကို သူမ၏လက်ကို ထည့်ပြီးဒါဏ်ပေးတာကို ခံရပါသည်။ ကျမလက်သည်းဆိုးသည့် အကြိမ်တိုင်း ထိုအမျိုးသမီးကြီး၏ ဝမ်နည်းခံစားရမှုကို ပြေးမြင်ယောင်မိနေပါသည်။
အခုတော့ ကျမသည် လွတ်လပ်ခွင့်ရခဲ့ပါပြီ။ ဘုရားသခင်သည် ကျမခေါင်းပေါ်က ဆံပင်အတွက် ပြသနာမဖြစ်နေပါဘူး။ ဘုရားသခင်သည် ဒီဆံပင်အတွက်နှင့် သူ၏ငရဲမှာ ကျမကို မီးလောင်တိုက်သွင်းမည် မထင်ပါ။ ဘုရားသခင်သည် ကျမတို့  ထင်ထားသည်ထက်ပိုပြီး ဂရုဏာ ပိုကြီးမားကာ သနားညှာတာတတ်ပါသည်။ ၎င်းအပြင် လူကောင်း တစ်ယောက်ဖြစ်ရေးသည် အနက်ရောင်ခြုံလွှာထက် ပိုမိုအရေးကြိးသော ကိစ္စဖြစ်ပါတော့သည်။ ဘုရားသခင်သည် ကျမတို့ ၏ကျေးဇူး နာမတော်ကို ရှင်းရှင်းသိမြင်ခြင်းအတွက် ကျမတို့ ပေးဆပ်ရသော ပြစ်မှုကျူးလွန်သူကဲ့သို့  ပေးဆပ်တာခံရမှုမျိုးကို သူလိုလားမည်မထင်ပါ။ (မှတ်ချက် ။ ။ လွတ်လပ်မှုအတွက် အပြစ်ဒါဏ်ပေး ခံရမှုကိုဘုရားက ညွှန်ကြားမည်ဟု သူမ မထင်လို့ ဆိုလိုပါသည်)
(ဒီလှုပ်ရှားမှု ခေါင်းမြှီးခြုံဖြုတ်သိမ်းရေး) လှုပ်ရှားမှုကို တိုက်ခိုက်ဝေဖန်နေကြသည်ထက် ရှေးခေတ်ဦးပိုင်းက အသိအမြင် ခေါင်းပါးသော ရှေးအာရပ် လူအဖွဲ့ အစည်းရဲ့  ဓလေ့ရိုးရာ နှင့်ပိတ်လှောင်ခံနေရမှုမှ လွတ်မြောက်အောင် လုပ်ခြင်းဖြစ်တာမို့  အားပေးသင့်ပါသည်။ အမျိုးသမီးများသည်သာ မိမိတို့  ဘာဝတ်သင့်သည်ကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးရပါမည်။
Rabia Kazan
ဘာသာပြန်သူ၏ မှတ်ချက်။ ။ လွတ်လပ်ခွင့်လို့ပြောနေသူ သူတို့ကိုယ်တိုင်က ဘာသာရေး လွတ်လပ်ခွင့်မပေးနို်င်ဘဲ မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် တောင်းဆိုနေကြတာပါ။ အနိမ့်ဆုံးအဆင့် ရေကူးခွင့် လက်သည်းနီဆိုးခွင့်တောင် မရရှိနိုင်ကြတာ..။
(မြန်မာပြည်မှာတော့ ဘာသာခြားလှဝင်း (Grand Wynn ကုမ္မဏီမှ မြန်မာတွကို (ဘဲ) ယိုးဒယားမိတ်ကပ်တွေအညံ့တွေ (Lo Lane လိုလိမ်း) ဆံပင်ဆိုးဆေးတွေ တင်သွင်း ရောင်းချနေပါတယ်။ ဒီကုမ္မဏီဟာ ၁၉၉၃ ကတည်းက အင်ဒိုနီးရှားကနေ ရက်လွန် ချော့ကလက်တွေ ရက်လွန် (Mother Choice Margarine) (ရက်လွန်က အဖုံးမှာသာ ရိုက်ထားတော့ အဖုံးပြောင်းလိုက်ရုံပါ။ ဒိန်းမတ်ကွတ်ကီမုန့်တွေကို ဦးပိုင်နှင့်ပေါင်း တင်သွင်းပြီး မတရား ချမ်းသာသွားပါသည်။ သူ့ ယုတ်မာမှုကြောင့်အခု မြန်မာတွေဟာ ကမ္ဘာမှာ ကင်ဆာအဖြစ်အများဆုံး တိုင်းပြည်ဖြစ်နေပါပြီ။ ဦးပိုင်နှင့်ပေါင်းပြီး စက်မှုသုံး စားအုံးဆီအခဲတွေ သွင်းတာလဲသူပါဘဲ။ အရင်က စားအုံးဆီတွေ ခဲနေတာ သူ့လက်ချက်ပါ။ ဦးပိုင်က ပြည်သူလူထု သက်သာချောင်ချိဖို့ မြန်မြန်သေလေ စားရိတ်သက်သာလေ)။
ကနေ့ အင်ဒိုနီးရှားက မြန်မာကို ဂျီဟတ် ခြိမ်းခြောက်တာ ဒီလှဝင်းတို့  သတင်းအလိမ်တွေ ပို့တာလဲပါပါသည်။ ဒီတော့ မျိုးချစ်စိတ်ရှိသူတွေက ဂရင်ဝင်းကုမ္မဏီက တင်သွင်းနေတဲ့ အစားအသောက်တွေကို ဖေါ်ထုတ်ကြပါ။ ဂရင်းဝင်းတင်ထားတဲ့ ဆိုင်တွေကို လူထုသိအောင် ဖေါ်ထုတ်ကြပါ ဝိုင်းကျဉ်ကြရပါမယ်။ မြန်မာတွေကို တဖြေးဖြေးချင်း ကင်ဆာဖြစ်အောင် လုပ်နေသူပါ။ ဆာဂါ-တံဆိပ်နဲ့ စားအုံးဆီ တင်သွင်းနေပါသည်။ စားအုံးဆီ စက်ရုံတည်ဆောက်ခွင့်လဲ မြန်မာရဖို့ မလွယ် ဘာသာခြား ကတော့လွယ်လှ ဦးပိုင်ဆိုတာ ဘာသာခြားတွေကို ဦးစားပေးတာ ဦးပိုင်ပါ။။
(မင်းတုန်မင်းလက်ထက်က ဘာသာခြားဦးပိန် သန်းရွှေ လက်ထက် ဘာသာခြား ဦးစားပေးတဲ့ ဦးပိုင်ပါ)။
မျိုးဆက်မော်ကွန်း
မူရင်းလင့်ခ် http://www.muslimwomennews.com/faces/sn.php?nid=21964
Bestselling Turkish Writer is receiving death threats, after she took her veil off
Tun Wai
ပြန်လည်မျှဝေလိုက်ပါတယ်
ရမ္မက်ဘီလူးများနှင့် အသပြာဖဝါးအောက်တွင် ပန်းမဖြစ်မီ ကြွေရှာသည်
ရန်ကုန်တိုင်းဒေသကြီး၊ မြို့သစ်တစ်ခုရှိ ရပ်ကွက်တစ်ခုတွင်းမှ ခယိုး ခယိုင်အိမ်လေးတစ်လုံးက အတွင်းတွင် စုဝေးထိုင်နေသည့် လူများကြောင့် ဒီနေ့ မှပို၍နုံချာ သေးကျုံ့နေသလိုခံစားရသည်ဟု မလုံး(အမည်လွှဲ)က ပြန်ပြောင်းပြောသည်။
 ကြုံရာကျပန်း လုပ်ကိုင်စားနေရသော သူတို့မိသားစုအတွက် ပိုက်ဆံဆိုသည်က မက်မောစရာ၊ အမြဲလိုအပ်နေသောအရာ။ သို့သော်…
”ဒီငွေကိုယူလိုက်၊ ပြီးရင် ဒီစာချုပ်မှာလက်မှတ်ထိုး”ဟု ရပ်ကွက်လူကြီး တစ်ဦးက အထက်ပါစကားကိုဆိုလိုက် ရင်း ငွေတစ်ထပ်နှင့်စာချုပ်ကို မလုံးရှေ့ သို့ ချပေးလိုက်သည်။ သူတို့အတွက် အမြဲလိုအပ်နေသည့် ငွေဖြစ်သော်လည်း ဤငွေကို ယူရန်အတွက် သူတွေဝေလေးလံနေခဲ့ရသည် ဟုမလုံးကဆိုပါသည်။ သူ့ဘေးတစ်ဖက် စီတွင်ထိုင်နေသည့် ၇ နှစ်သမီးအရွယ် သမီးငယ်နှင့် ယောက်ျားဖြစ်သူတို့ထံငဲ့ စောင်းကြည့်လိုက်ရင်းမှ
ဆယ်အိမ်မှူးနှင့် အဖွဲ့ညွှန်ပြသော စာချုပ်ပေါ်မှာ လက်မှတ်ထိုးရမည့်နေရာတွင် ကြက်ခြေခတ်တစ်ခု ရေးခြစ်ပေးလိုက်သည်။
ပိုက်ဆံကိုတော့ ယောက်ျားဖြစ်သူက လှမ်းယူလိုက်သည်။ ထို့နောက်ဖျတ်ခနဲ လက်သွားသော ကင်မရာမီးရောင်။ သူတို့ငွေလက်ခံရယူသည် ကိုသက်သေအဖြစ် ဓာတ်ပုံမှတ်တမ်းတင်သွားကြခြင်း။ ”ငွေကြေးက ချေးငှားတာလား အပြတ်ပေးတာလား၊ အဲဒါတော့မသိဘူး။ သူတို့ဘာသာ လူမှုရေးအရလုပ်ကြတာ။ ကျွန်တော်တို့က ကျွန်တော်တို့ အနေနဲ့လုပ်ပေးတာမဟုတ်တော့ ကျွန်တော်တို့ဘက်ကပြောလို့မရဘူး။ ဒါပေမဲ့ အဲဒီလိုပေးတဲ့အခါမှာတော့ ရုံးလုပ်ထုံး လုပ်နည်းအရ မှတ်တမ်းဓာတ်ပုံ ရိုက်ရတယ်”ဟု ထိုရပ်ကွက်မှ ဆယ်အိမ်စုမှူး တစ်ဦးက ပြောသည်။
 ၇ နှစ် အရွယ်သာ ရှိသေးသည့် သူတို့၏သမီးငယ်ကို အိမ်နီးချင်း အမျိုးသားတစ်ဦးက ပြုကျင့်ခဲ့ကြောင်းကို အချိန်လွန်မှ သိခဲ့ပြီးနောက် ဤသို့ လာပေးသော ငွေကိုမည်သို့ အမည်တပ်ရမည်မှန်း မလုံးကိုယ်တိုင်လည်း မသိ။ မလုံးကအိမ်တကာလှည့် အဝတ်လျှော်အလုပ် လုပ်သူ။ ယောက်ျားကလည်း ကျပန်းသမားမို့ အိမ်မကပ်နိုင်။ နေ့စဉ်အိမ်တွင်သားဖြစ်သူနှင့် သမီးတို့ သာကျန်ခဲ့စမြဲ။ သမီးငယ်က ကလေးမို့ ရပ်ကွက်အနှံ့ဆော့ ကစား နေတတ်သည့်အပြင် အိမ်နီးချင်း မည်သူခိုင်းခိုင်း မညည်းမညူလုပ်ပေးတတ်သည့်ကလေးဟု မလုံးကသူ့သမီးအကြောင်း ပြောပြသည်။
 သမီးက ယခုမေလ ၄ ရက်နေ့မှ ဆီးမသွားနိုင်ဘဲနာနေသည်ဟုဆို၍မေး မြန်းရာမှအဖြစ်ဆိုးသိကာ ရင်ကျိုးရခြင်းဖြစ်သည်။ မည်သည့်အချိန်က တည်းက ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါ ရှိနေပြီဆို သည်လည်းမသိပါဟု မလုံးက မချိတင်ကဲ ဆိုပါသည်။ ”ဒီကိစ္စကို စကြားကတည်းက ခံစားချက်အပြည့်နဲ့ ကိုယ့်သားသမီးလိုပဲ ကိုယ့်သားသမီး ကိုယ့်မြေးတစ်ယောက်လိုပဲ ခံစားချက်နဲ့ ငါတို့က အမှုကိစ္စနဲ့ ပိုက်ဆံတစ်ပြားတစ်ချပ်မှ ကျွန်မတို့ ရတာမဟုတ်ဘဲနဲ့ ကျွန်မတို့ဘာသာ ကျွန်မတို့ ဒီဖြစ်စဉ်မှန်သာဖြစ်ခဲ့လို့ရှိရင် ကလေးတစ်ယောက်ဟာ ဒါမျိုးတွေဖြစ် သွားမယ်ဆိုတဲ့ ခံစားချက်တွေ၊ ကိုယ့်သားသမီး ကိုယ့်မြေးသာဖြစ်ခဲ့တယ်ဆိုရင် ဆိုတဲ့အတွေးနဲ့ ပါတီဝင်တစ်ယောက်အ နေနဲ့သာမက ပြည်သူတစ်ယောက်အနေနဲ့ အဖြစ်မှန်ကို ဖော်ထုတ်ချင်တယ်။ ဖော်ထုတ်ဖို့လည်း သင့်တယ်လို့ယုံကြည်တယ်။ ဒီကိစ္စကို သိသိချင်း လိုက်ကြတယ်၊ စုံစမ်းကြတယ်၊ လေ့လာကြတယ်။ ဘယ်သူမှ ကျွန်မတို့ကို လက်ဖက်ရည်မတိုက် လမ်းစရိတ်မပေးဘူး။
ခု ကျွန်မတို့ စွမ်းဆောင်နိုင်သလောက် ပါတီဝင်တစ်ယောက်အနေနဲ့ရော၊ ပြည်သူတစ်ယောက်အနေနဲ့ရော၊ မိခင်တစ်ယောက်အနေနဲ့ရော ကျွန်မတို့ လုပ်မှာပါ”ဟု ဒေသခံနိုင်ငံရေးပါတီ တစ်ခုမှ မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။ သမီးဖြစ်သူ ထိုသို့ကျူးလွန်ခံရပြီးမှန်း မိဘများနှင့် ပတ်ဝန်းကျင်သိ၍ အသံထွက်လာပြီးနောက် ကျူးလွန်သူ ပုဂ္ဂိုလ်က ငွေကျပ်သုံးသောင်းပေး၍ တောင်းပန်ခဲ့သည်ဟု မလုံးက ပြောသည်။
 ”ကိုယ်ကတောင်းတာ မဟုတ်ဘူး။ သူကလာပေးတာ”ဟု မလုံးက ဆိုသည်။
 အခြား အိမ်နီးချင်းတစ်ဦးဖြစ်ပြီး အကြောင်းရင်း အစအဆုံးသိနေသည့် ဒေါ်နီကမူ တောက်တစ်ချက်ခပ်ပြင်းပြင်း ခေါက်လိုက်ပြီး ”ကလေး တစ်ယောက်ကို ဒီလိုလုပ်ပြီး လျော်ကြေးပေးလိုက်ရုံနဲ့ ပြီးရောလား။ ဒါဟာ ဖြစ်သင့်တဲ့ကိစ္စရော ဟုတ်ရဲ့လား”ဟု ဒေါသဖြင့် မေးခွန်း ထုတ်သည်။
အဆိုပါသုံးသောင်းပြီးနောက် အစတွင်ဖော်ပြခဲ့သည့်အတိုင်း နောက်တွင် ငွေ ၂ သိန်း ၇ သောင်းကို ရပ်ကွက် တာဝန်ရှိသူများနှင့်အတူ လာရောက် ပေးခဲ့ခြင်းဖြစ်သည်။
 ”စာထဲမှာဘာတွေရေးထားလည်း ကျွန်မ မသိဘူး။ ကျွန်မက စာမတတ် ဘူးလေ”ဟု မလုံးက ညှိုးငယ်သောမျက် နှာဖြင့်ပြောသည်။
 ”စခန်းကို မသွားခင်မှာ ကျွန်တော်တို့ရုံးကို လာပြီးတော့ ချိန်းလိုက်တာပေါ့။ ဒါ ရဲတွေချိန်းလိုက်တာ ကျွန် တော်မသိဘူး။ ပြဿနာတက်နေတယ်၊ ဆယ်အိမ်မှူးရေ လာပါဦးဆိုပြီး။ ရဲတွေ ကတော့ ခရေစေ့တွင်းကျ မေးတာပေါ့။ စုံစိနေတာပဲ။ နှိုက်နှိုက်ချွတ်ချွတ်ပေါ့။ မေးပြီးတဲ့အခါကျတော့ မင်း အမှုဖွင့်လို တယ်ဆိုရင်လည်း စခန်းကိုလိုက်ပြီး အမှုဖွင့်၊ အဲ့မှာပြန်သွားပြီးတော့ ကလေး အိမ်နီးချင်းကို သွားပြောတာ။ သူက အဲ့ဒါမျိုးတော့ငါမကျေနပ်ဘူး၊ အခုချက် ချင်းလုပ်မယ်ဆိုပြီး ခေါ်ကြဆိုတော့ကျွန်တော်ခုချက်ချင်း စခန်းကိုသွားကြ ဆိုပြီး ကျွန်တော်နောက်ကနေလိုက်သွားတယ်။ စာရွက်ဖြူ ၁ဝဝ ဖိုးတောင် ဝယ်သွားတယ်။ တကယ်လို့ ဟိုနင်းဖြစ် ရင် ကျွန်တော်က စာတင်ရတော့မှာလေ။ ဟိုကျတဲ့ခါကျတော့ မေးပြီးတော့ စခန်းမှူးရော၊ ဂတ်စာရေးရော၊ ရဲတပ် သားတွေရော မေးစမ်းပြီးတဲ့ အခါကျတော့ သူ့ယောက်ျားရော သူရောက အမှုမဖွင့်ချင်ပါဘူးတဲ့။ အဲလိုပြောပြီးမှ ဟိုက လက်မှတ်ထိုးခိုင်းတာကို လက်မှတ်ထိုးပြီး ပြန်လာတယ်” ဟု ငွေပေး အပ်ရာတွင်ပါဝင်ခဲ့သည့် ဆယ်အိမ်စုမှူး တစ်ဦးက ပြောသည်။
ဤကဲ့သို့ လူမသိသူမသိ၊ မကြားဝံ့မနာသာ အဖြစ်မျိုး မြန်မာနိုင်ငံတွင် မည်မျှထိဖြစ်ပျက်နေပါပြီနည်း။ ၂ဝ၁၂ ခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး ၌ ကောက်ယူထားသည့် စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီး အတွင်း အသက် မပြည့်သေးသည့် ကလေးငယ်များအား အဓမ္မကျူးလွန်မှု ၇၇ မှုရှိခဲ့သည်။ယခု ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်းတော့ အမှုပေါင်း ၃၁ မှုရှိနေပြီဖြစ်သည်။ အသက် မပြည့်သေးသည့် ကလေးသူငယ် များအတွင်း ၁ဝ နှစ်အောက် ကလေးငယ်များအပေါ် အဓမ္မကျူးလွန်မှုများမှာ တစ်နှစ်လျှင် နှစ်ဆနီးပါးခန့် မြင့်တက်လာပြီး ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အတွင်း မြန်မာတစ် နိုင်ငံလုံးကောက်ယူခဲ့သည့် စစ်တမ်းများ အရ အမှုပေါင်း ၈၈ဝ နီးပါး ရှိခဲ့သည်ဟု ကလေးသူငယ်နှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများအား အရေးယူ၍ ဥပဒေအတွက် အဓိကလိုက်လံ ဆောင်ရွက်ပေးနေသည့် သမာဓိဖောင် ဒေးရှင်းမှ သိရသည်။
 ကလေးသူငယ်တို့အပေါ် အဓမ္မ ကျူးလွန်သူ၊ လိင်အလွဲသုံးစား ပြုသူ အချို့မှာ ”ကျေအေးခြင်းဆို သည့်စကား လုံးနောက်၌ လုံလုံခြုံခြုံ ပုန်းအောင်း လျက်သားပင် ရှိသည်။ မုဒိမ်းမှုဟုခေါ်သည့် မှုခင်းများစွာကား ဆိတ်ကွယ်ရာ အရပ်၌ မှောင်ရိပ်ခိုကောင်းတုန်းပင်ဖြစ် သည်။ ”တကယ်တော့ မုဒိမ်းမှုကို ကျေ အေးမပေးသင့်ဘူး။ ကျေအေးပေးတာနဲ့ နောက်တစ်ခါအမှုထပ်ဖြစ်ဖို့ အခွင့် အလမ်း ဖွင့်ပေးသလိုပဲ” ဟု သမာဓိ ဖောင်ဒေးရှင်းမှရှေ့နေဖြစ် သူဦးငိုင်ဆာ့ခ် ကဆိုသည်။ ၄င်းက သူ့အတွေ့အကြုံ အရကလေးသူငယ်များအပေါ်အဓမ္မပြု ကျင့်ရာတွင် ကလေးကိုယ်တိုင်က လိုလိုလားလား ပြောပြလာခြင်းမျိုးမဟုတ်ဘဲ အသက်အရွယ် ငယ်လွန်းခြင်းကြောင့် သွေးတအားဆင်းလာခြင်း၊ ဆီးမသွား နိုင်ဘဲ နာကျင်လာသည့် အချိန်မျိုးမှသာ စတင်သိရှိသည်ဟု ဆိုသည်။
 ပြစ်မှုဆိုင်ရာ ဥပဒေမှတ်တမ်းများ အရ အဓမ္မကျူးလွန်ရန် ကြံစည်ထားသူများက ကလေးအပေါ် ကျူးလွန်ရခြင်းသည် အရွယ်ရောက် သူတစ်ဦးထက် ပိုမိုလွယ်ကူလေ့ရှိခြင်းကြောင့် ဖြစ်ကြောင်းတွေ့ရှိရသည်။ အရွယ်ရောက်အမျိုးသမီး တစ်ဦးအနေဖြင့်၎င်းတွင်ပြန်လည်ခုခံ နိုင်စွမ်းရှိပြီး ခွန်အားသုံး၍ ရုန်းကန်နိုင် ခြင်းကြောင့်ကျူးလွန်သူအနေဖြင့် အကြံ စည်အထမြောက်ရန် ခဲယဉ်းသည်။ သို့ သော် ကလေးကား မခုခံနိုင်။ ထို့ပြင် တစ်ခါတစ်ရံ မိဘဖြင့် တိုင်မည်ဟုခြိမ်း ခြောက်ရုံဖြင့်ပင် ကလေးများကဖွင့်ဟ ဝန်ခံလေ့ မရှိတော့ကြောင်း တွေ့ရှိရသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ကလေး သူငယ်ကာကွယ်ရေးအဖွဲ့မှ ကိုအောင် မျိုးမင်းက ပြောသည်။
 ထိုသို့သော အဖြစ်ဆိုး တစ်ခုက (၅-၅-၂ဝ၁၃)နေ့တွင် မြောက်ဥက္ကလာပ မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။ မဝေဝေ (အမည်လွှဲ)က သူ၏ ၇ နှစ်အရွယ် သမီးငယ်လေးမှာ အဓမ္မပြုကျင့်ခံထားရပြီး ဆေးကုသမှုခံယူနေရတုန်းပင်ဖြစ်သည်ဟု ဆိုသည်။ မဝေဝေတို့မှာလည်း ကျပန်းအလုပ်သမား မိသားစုသာ ဖြစ်သည်။ ကလေးကိုကျောင်းပင်မထားနိုင်။ ယခုကိစ္စဖြစ်ပေါ်လာချိန်တွင် ငွေပေးကျေအေးခိုင်းသည်။ သက်ဆိုင်ရာရဲစခန်းမှ ထိန်းချုပ်ထားသော်လည်း စီရင်ချက်တော့  မချမှတ်ရသေး။ မဝေဝေကတော့ သမီးအတွက် အစိုးရဆေးရုံမှပေးလာမည့် သက်သေခံ ဆေးစာ။ ဤဆေးစာကိုသာ မျှော်လင့်တကြီး စောင့်မျှော်နေဆဲဖြစ်သည်။
 ”ငွေမယူဘူး။ တရားစွဲမယ်။ အဲဒီလူကို အပြစ်ဒဏ်ကြီးကြီးမားမား ပေးစေချင်တယ်”
 မိခင်တစ်ယောက်၏ ရင်တွင်း ခံစားချက်ကို မျက်ရည်များနှင့်ရောပြွန်း ၍ မဝေဝေတစ်ယောက်အပြင်သို့ ထုတ် ဖော်ပြောလိုက်ပြီး လက်ခုံနှင့် မျက်ရည်တချို့ကို သုတ်ပစ်လိုက်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလည်း ကလေး သူငယ်များ အဓမ္မပြုကျင့်ခံရမှုများအား မိမိတို့ဆီသို့ လာရောက် အမှုဖွင့်တိုင် တန်းမှသာလျှင် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်မည်ဖြစ်ပြီး တိုင်ကြားလာသည့် ပြစ်မှုများအတွက်ကိုမူ ထိရောက်သည့်ပြစ် ဒဏ်ပေးနိုင်ရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ဆိုသည်။
 ”ဒီလိုအမှုတွေအတွက် မြို့နယ်ရုံး ကိုတောင်မဟုတ်ဘဲ ခရိုင်တရားရုံးကို တိုက်ရိုက်တန်းပြီး စွဲချက်တင်ပါတယ်”ဟု ရဲမှူးမြင့်ထွေးက ပြစ်ဒဏ်ေ ပးနိုင်ရန် ဆောင်ရွက်နေပုံကို ရှင်းပြသည်။
ဥပဒေအရတရားစီရင်ရာတွင် ပြစ် မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၃၇၆ (အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်း) သာမက ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် ကလေးသူငယ် ဥပဒေပါ ၆၆(က)၊ ၆၅(က) တို့ဖြင့်ပါ ပူးတွဲအရေးယူမှုပြု ကြောင်း သိရသည်။ ကလေးသူငယ်ဥပဒေ၌၆၅(က)တွင် ကလေး သူငယ်အား အသက်ဘေး အန္တရာယ် ဖြစ်စေနိုင်သော ရောဂါဝေဒ နာများ စွဲကပ်စေနိုင်သော (သို့မဟုတ်) အကျင့်စာရိတ္တ ပျက်ပြားစေနိုင်သော အလုပ်ကိုစေခိုင်းခြင်း (သို့မဟုတ်) လုပ် ကိုင်ခွင့်ပြုခြင်းအတွက် ထောင်ဒဏ် ၆ လ ဖြစ်စေ၊ ငွေဒဏ် ၁ဝဝဝ ကျပ်ဖြစ်စေ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး ၆၆ (က)တွင်မူ ကလေးငယ်အား လိင်လုပ် သားအဖြစ် ဆောင်ရွက်စေပါက ထောင်ဒဏ် ၂ နှစ်၊ ပြစ်ဒဏ်ငွေ ကျပ် ၁ဝဝဝဝ ထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ကလေးသူငယ်ဥပဒေအခန်း ၁၇ ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်း၌ ပြ ဋ္ဌာန်းထားသည်။
အသက်မပြည့်သည့် ကလေးငယ် တစ်ဦးအပေါ် တမင်ရည်ရွယ်ကြံစည်၍ အဓမ္မပြုကျင့်ခြင်းသည် မုဒိမ်းမှုမြောက် ပြီး ၄င်းသည်ကြီးလေး သည့်ပြစ် မှုကြီး တစ်ခုသာ ဖြစ်သည်။ ယင်းအတွက် သာမန်အမှုများကဲ့သို့ ခွင့်လွှတ်၍ လုံးဝမ ထိုက်သင့်သည့်အမှုသာ ဖြစ်ကြောင်း ဥပဒေပညာရှင်တို့က သုံးသပ်သည်။ ပြစ်ဒဏ်များချမှတ်ရာတွင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ် သက်တစ်ကျွန်းအထိချမှတ်နိုင်ကြောင်း ဦးငိုင်ဆာ့ခ်ကဆိုသည်။ သို့သော် အဓမ္မ မှုတိုင်းတော့ တစ်သက်တစ်ကျွန်းမဟုတ် ကြပေ။
 ဇနီးမယားအား အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်း၊ ခွင့်မပြုသေးသည့် အချိန်တွင်ကျူးလွန်ခြင်း၊ ခြိမ်းခြောက် သဘောတူစေခြင်းနှင့် ယောက်ျားထင် မှတ်၍ ပေါင်းသင်းမိခြင်းတို့ အတွက်မူ တရားသူကြီးက တွေ့ရှိချက်အတိုင်းပြစ် ဒဏ်ချမှတ်သည်ဟု သိရသည်။  ပြစ်ဒဏ်တို့ကား တရားခံတို့ အတွက် ကြီးကြီးမားမားအသင့်ရှိနေသည်။ သို့သော် မကောင်းမှု ကျူးလွန်သူများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဥပဒေဘောင် အပြင်က လက်တစ် လုံးခြားကစားနေကြတုန်း ဖြစ်သည်။ ပြစ်မှုကျူးလွန်သူက ကလေးငယ်မိသားစု၏ပျော့ကွက်၊ ဟာ ကွက်ကို နင်း၍ အမှုကိုမတိုင်တန်းစေရန် အမျိုးမျိုးကြိုးစားမည် သို့မဟုတ် ခြိမ်းခြောက်ပြောဆိုဦးမည်။ တစ်ခါတစ်ရံ ပတ်ဝန်းကျင်အကူအညီတချို့ဖြင့် မြေနိမ့်ရာ လှံစိုက်ပစ်တတ်သည်။
ကလေးသူငယ်များအပေါ်၌ ရွေး ချယ်၍ အဓမ္မပြုကျင့်သူ အများစုသည် ကလေးငယ်များ၏ ရိုးသားမှုအပေါ် မူတည်၍ စည်းရုံးသိမ်းသွင်းကြခြင်းဖြစ် သည်။စည်းရုံးရာတွင်လည်း လွယ်ကူမှုရှိ ကြောင်း တွေ့ရှိရသည်။ မြောက်ဥက္ကလာမှ မဝေဝေက ”သမီးလေးကို မုန့်ကျွေးမယ် ဦးဦးနဲ့ လိုက်ခဲ့ဆြို ပီးခေါ်သွားရင်းက အဲဒီလို လုပ်တာ။ကျွန်မတို့မရှိတုန်း။ ပြန်ရောက်တော့ ကလေးက သွေးတွေဆင်းနေပြီ”ဟု သမီးအားအဓမ္မပြု ကျင့်မှုခေါ်ယူ သွားခဲ့ပုံကို ပြန်ပြောင်းပြောသည်။
ကလေးသူငယ်များကား အသက်အရွယ် ငယ်လွန်းလှသည်မို့ အစား၊ ကစား၊ ခုံမင်ကြသည်။ အဆော့မက်ကြ သည်။ အယုံကြည်လည်း လွယ်တတ် ကြသည်။ ကလေးအား မုန့်ဝယ်ကျွေးမည် လိုက်ခဲ့ဟုဆိုရုံဖြင့် ကလေးကမငြင်း တော့။ သူ့အတွက်မုန့်စားရန်အသိတစ်ခုဖြင့် ရိုးသားစွာလိုက်လာသော်လည်း အခွင့်ကောင်းယူ၍ အဓမ္မကျူးလွန်စော် ကားသည်။ကလေးက မိမိလုံခြုံရေး အတွက် မည်ကဲ့သို့ကာကွယ်ရမည်ကို သိထား သည်မဟုတ်။ ထိုအခြေအနေကလည်း ပစ်မှတ်ထား ကျူးလွန်သူတို့အတွက် အခွင့်အရေးတစ်ရပ် ဖြစ်စေသည်။
 ကလေးငယ်များအပေါ် အဓမ္မ ကျူးလွန်ခြင်း (သို့မဟုတ်) မုဒိမ်းမှုကျူး လွန်ခြင်းသည်ဒေါသအလျောက် တစ် ခဏဆောင်ရွက်ကျူးလွန်မိခြင်း မဟုတ်။ ပင်ကိုယ်ဗီဇ၊ မျိုးရိုး၊ စရိုက်၊ အကျင့်တို့ အပေါ်၌သာ မူတည်နေသည်။ ”မုဒိမ်းမှုတော်တော်များများမှာတော့ ကလေးကတရားခံကို ပြောနိုင်တယ်။ အဲဒီကနေတရားခံကို ခြေရာခံ လိုက်တယ်။ ဒါပေမဲ့ ရဲက ကြိုတင်ထိန်း ချုပ်မှုလုပ်နိုင်ဖို့ဆိုတာတော့ ခက်တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအုပ်တစ်ဦးက ဆိုသည်။
ကလေးသူငယ် အဓမ္မပြုကျင့်ခံရမှု လျော့နည်းလာစေရေး အတွက်တော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၄မြို့နယ်အတွက် ပညာပေးလုပ်ငန်းများအား စီမံချက်ချ၍ဖော် ဆောင်လျက်ရှိသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။မိဘများအနေဖြင့်မိမိ၏ သားသမီး ငယ်အားတစ်ဦးတည်း လွှတ်ထားတတ်ခြင်း၊ လယ်၊ တောနှင့် အခြားနေရာတစ်ခုသို့ တစ်ဦးတည်း စေလွှတ်ခြင်းများကို အတတ်နိုင် ဆုံးရှောင်ကြဉ်သင့်သည်။ ထို့အပြင် အသိ၊ မိတ်ဆွေနှင့် မိမိကြည် ညိုရသည့်လူပုဂ္ဂိုလ်ဆိုလျှင်တောင်မိမိ ကလေးငယ်ဖြင့် နှစ်ဦးတည်းမထားသင့်ကြောင်း၊ စိတ်မချသင့်ကြောင်း ကလေး သူငယ်များလိင်အလွဲသုံးစားမှု မပြုခံရ စေရန် ဒေါက်တာတင့်ဆွေက အကြံပြုသည်။
ကလေးသူငယ်များ အဓမ္မကျူး လွန်ခံရမှုမှာ ၂ဝဝ၉ ခုနှစ်တွင်း လေ့လာဆန်းစစ်မှုအရ အာရှတိုက်၌ ၂၃ ဒသမ ၉ ရာခိုင်နှုန်းရှိနေပြီး အမေရိ ကနှင့်ဥရောပထက်သာလွန်နေသည်။ မိန်းကလေးများက ၁၉ ဒသမ ၇ ရာခိုင် နှုန်းရှိပြီး ယောက်ျားလေး ၇ ဒသမ ၉ ရာခိုင်နှုန်းရှိနေကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင်း၌ ကလေးအပေါ် အဓမ္မကျူးလွန်မှုတိုင်း တရားခွင်ရှေ့ သို့ရောက်ရှိနေခြင်းတော့မဟုတ်။ ခြိမ်းခြောက်မှုတစ်စုံတစ်ရာရှိ၍ အမှန်ကို မမြင်ရခြင်းလော၊ သို့တည်းမဟုတ် ဖိအားပေးမှုကြောင့် အမှန်တရားနစ်မြုပ် ပျောက်ကွယ်နေခြင်းလော။
ယင်းအတွက် ”ကူညီပါရစေ” ဆိုသည့်ဆိုင်းဘုတ်အောက် အဓမ္မမှု တိုင်းရောက်မလာနိုင်ခြင်းလည်း ဖြစ်ပေ လိမ့်မည်။”ဒီကိစ္စမျိုးက အရှက်အကြော က် မရှိဘဲတိုင်ကိုတိုင်ရမယ်။မတိုင်ရင် ကလေးက အခါခါခံရမယ်။ ဒါက, ကလေးဆိုး လို့ဖြစ်တာမှမဟုတ်တာ”ဟု ကလေးငယ် အပေါ် အဓမ္မကျူး လွန်ခံရမှုနှင့် စပ်လျဉ်း၍ ရှေ့နေဦးငိုင်ဆာ့ခ်က ပြောဆိုလိုက်ခြင်းဖြစ်သည်။အဓမ္မကျူးလွန်သူ တစ်ဦးအား တိုင်တန်းခြင်းမပြု၍ ယင်းထောင်မှ လွတ်လပ်သွားခြင်းသည် နောက်ထပ် ကလေးသူငယ်များအပေါ်သို့ ဆက်လက် ကျူးလွန်နေဦးမည်ကတော့ သေချာကြောင်း ရှေ့နေအတွေ့အကြုံ အရပြောပြသည်။
 ထိုကဲ့သို့ အဓမ္မမှုများသည် မြို့ လယ်နေရာများတွင် ဖြစ်ပွားမှုရှိသော် လည်း နည်းပါးပြီးဆင်ခြေဖုံးရပ်ကွက် များဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည် သာ၊ တောင်ဒဂုံ၊ ဒလစသည် တို့တွင်တော့ လအလိုက်နှစ်အလိုက် ဖြစ်ပွားနေကြ သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြစ်မှု မှတ်တမ်းများအရ သိရ သည်။သို့သော်သာမန်အလယ် အလတ် တန်းစားလူများတွင် အဓမ္မကျူးလွန်ခံ ရပါက ရုံးရှေ့သို့မကြောက်မရွံ့လာ ရောက်တိုင်တန်းတတ်ကြသည်။ ၄င်းတို့၌ ပညာရည်အဆင့်အတန်းအားဖြင့် တတ်သိနားလည်ကြပြီး ငွေကြေးဖြင့် ကျေအေးပါကလည်း မိမိသားသမီးအပေါ် လိင်အလွဲသုံးစားပြု မှုအား ကိုယ်တိုင်ပါဝင်သွားနိုင်မည်ကို သိရှိထားခြင်း တို့ကြောင့် ထိုသူများကတော့ တိုင်တန်းမှုပြုရဲကြသည်ဟု ဥပဒေမှတ်တမ်း ပြုစုရာမှ တွေ့ရှိသည့်အချက်အလက်ကို ဦးငိုင်ဆာ့ခ်ပြောပြခြင်းဖြစ်သည်။
 မြောက်ဥက္ကလာပမှ မဝေဝေက သမီးအတွက်ပရိဒေဝမီးတောက်လောင် ၍ ဘာလုပ်ဘာကိုင်ရမှန်း မသိချိန်က လေးခေါ်၍ မြောက်ဥက္ကလာဆေး ရုံသို့ သွားခဲ့သော်လည်း တွေ့ကြုံလိုက်ရသည် က ”တာဝန်ကျတဲ့ဆရာဝန်မက ဘာမှမ ဖြစ်ဘူး ပြန်တော့တဲ့။သမီးကိုခေါ်ပြီး ပြန်လာတော့ သမီးကသွေးတွေတအား ထပ်ဆင်းလာတယ်”ဟု ပြောရင်း မဝေဝေ၏အသံကတိမ်ဝင်သွားပြီး ခဏတာ နစ်မြုပ်သွားသည်။ မျက်ရည်စက်များက ပါးပြင်ပေါ် သို့ တစ်လှိမ့်ပြီးတစ်လှိမ့်ဆင်းလာရင်း။
 ”ရပ်ကွက်ထဲတစ်ခါပြန်ပြီး လူကြီးတွေကို အကူအညီပြန်တောင်းရတယ်။ စခန်းမှာ အမှုတွေဘာတွေ ဖွင့်ပြီးတော့ ညကျမှဆေးရုံပြန်သွားရတယ်” ဆေးရုံသို့သွားရာ ပထမအကြိမ်၌ သမီးငယ်လေးအား စစ်ဆေးပေးမှုမ လုပ်ခဲ့ကြောင်း မည်သို့မျှနားမလည်ကြောင်း မဝေဝေက ရိုးရိုးသားသားပင်ပြောသည်။ လက်ရှိတွင်တော့ ကလေး အားလိုအပ်သည့် ဆေးကုသမှုများပေး ထားပြီး ပြန်လည်ပြသရန်ရက်လည်း ချိန်းထားသည်ဟု သိရသည်။
အဓမ္မကျူးလွန်မှုသည်ရဲအရေး ပိုင်သည့်အမှုဖြစ်ပြီး ယင်းအတွက် ကျူးလွန်ခံရသည်ကို ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားရမည်။ သို့သော် ခြွင်းချက် အနေဖြင့် အခြေအနေတစ် စုံတစ်ခုကြောင့် ရဲစခန်းသို့မသွား ရောက်ဘဲ ဆေးရုံသို့တိုက်ရိုက်သွားလျှင်လည်းဆေးရုံရှိဆေးစာဌာနမှ မှတ်တမ်းတင်ပြီး စခန်းသို့ပေးပို့ အမှုဖွင့် နိုင်ကြောင်း၊ ယင်းအတွက် ရဲစခန်းမှ တာဝန်ကျရဲအရာရှိမှ ဆေးရုံသို့ လာရောက်၍ အမှုဖွင့်ဆောင်ရွက်ပေးသွား မည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ရှင်းပြသည်။
 အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်တိုင်း မိန်းမကိုယ်၌ ထိုးသွင်းဒဏ်  ရာဒဏ်ချက်များ ရှိနေမည်ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံလိုက် ရ သော်လည်း ဆေးဝါးအချိန်မီ ကုသနိုင်ပါက အသက်အန္တရာယ် မထိခိုက်နိုင်။ သို့သော် ကလေး၏ နုနယ်သည့်စိတ်၌ ဒဏ်ရာကြီးကြီးမားမား ကျန်ရှိနေတတ်သည်။ ကျူးလွန်သူ၏ စိတ်ဆန္ဒတစ်ခဏ ကျေနပ်မှုအတွက် ကလေးငယ်တစ် ယောက်၏ တစ်ဘဝစာ အနာဂတ်ကို ကြီးမားသော ထိုးနှက်ချက်များနှင့် ပေးဆပ်လိုက်ရခြင်း ဖြစ်သည်။ အိပ်မက် ဆိုးများ မက်ခြင်း။ကြုံတွေ့ခဲ့ရသည့် အဖြစ်ဆိုးအား ကြောက်လန့်နေတတ်ခြင်း၊ ဖြစ်ပျက်ခဲ့ရမှုအပေါ် ရင်မဆိုင် နိုင်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ ဝင်ရောက်လာနိုင်ကြောင်း စိတ်ကျန်းမာ ရေးဆိုင်ရာ အငြိမ်းစားပါမောက္ခ ဒေါက်တာ ဆွေဆွေဝင်းက မှတ်ချက်ပြု ပြောသည်။
 ”သူတို့လေးတွေအတွက် စိတ်ပိုင်း ဆိုင်ရာအရမ်းကြီးထိခိုက်သွားပြီ။ ဒီဟာက သူတို့ဘဝမှာ အမည်းစက်တစ်ခု ဖြစ်သွားတယ်”ဟု ပါမောက္ခက ကလေးများက ကလေးများ၏ စိတ်ခံစားနိုင်ရ မှုအပေါ် ဆွေးနွေးပြောကြားသည်။ကလေးများအတွက် ပြန်လည် ကုသပေးရာတွင် ခန္ဓာကိုယ်သာမက စိတ်ပိုင်းဆိုင်ရာကိုပါ အဓိကထား ကု သပေးသင့်သည်။ ခန္ဓာကိုယ်ကျန်းမာရေးကား ပြန်လည်ကုသရန် လွယ်သော်လည်း စိတ်ကျန်းမာရေး ကား မည်သို့ ရှိနေသည်ကိုပင်မသိ။မှန်းဆရန်ခက်သည်။ ခန္ဓာကိုယ် ပြန်လည်ကုသရေးတွင်လည်း သာမန်စုတ်ပြဲဒဏ်ရာဒဏ် ချက်အတွက်တော့ ကုသရန် လွယ်ကူသည်။ သွေးလိုအပ်မှုများအတွက်လည်း ပြဿနာတော့ မရှိလှ။ သို့သော်HIV ပိုးဝင်ရောက်ခံရခြင်း သို့မဟုတ် သားအိမ်ခေါင်း ကင်ဆာဖြစ်ရင် ဗိုင်းရပ်စ် တစ်မျိုးကူးစက်ခံရခြင်းဖြစ်ပါက ကလေးအတွက် ထိခိုက်နစ်နာမှုများစွာ ရှိလာလိမ့်မည်ဟု သားဖွားနှင့် မီးယပ် အထူးကုဆရာဝန် ဒေါက်တာစိုးလွင်က မှတ်ချက်ပေးသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေး ရုံအုပ်ကြီး ဒေါက်တာကျော် ကျော်က ၄င်းတို့ အစိုးရဆေးရုံများအနေဖြင့် အဓမ္မမှုများအပါအဝင် ရဲမှူးခင်းဆိုင်ရာ အမှုအခင်းများအတွက် ရဲစခန်း၏ ကနဦး အစီရင်ခံစာ (First Information Report) (FIR)အား အရင်ဆုံးလက်ခံ ရယူရသည်ဟု ဆိုသည်။ အကယ်၍ ယင်းအစီရင်ခံစာပုံ စံမရောက်လာသေးသည့် အခါများတွင်လည်း ဆေးရုံမှ မှတ်တမ်းကောင်းစွာ မှတ်သားထားရပြီး ရဲဆေးစာ တွင်ြ ပန်လည်ဖြည့်စွက်ပေးရ သည်။ လူနာ၏ အရေးပေါ်လိုအပ်ချက် အပေါ်မူတည်၍ ဆေးဝါးကုသမှုဆောင် ရွက်ကြောင်း ပြောသည်။”ဆေးရုံကြီး အချို့မှာ သက်ဆိုင်ရာရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦး တွဲဖက်ထားရှိပေးပါတယ်။ ဆေးရုံ တိုင်းတော့မဟုတ်ဘူး”ဟု ရန်ကုန် ပြည်သူ့ဆေးရုံအုပ်ကြီးက ဆိုသည်။ မလုံး၏ သမီးငယ်လေး အမှုနှင့်  မဝေဝေ၏ သမီးငယ်လေး၏ အမှုတို့တွင် ကလေး နှစ်ဦးစလုံးကား သက်တူရွယ်တူနီးပါး။ ပြစ်မှုကျူးလွန် သူများကလည်း ငွေပေးကျေအေးမှုများ၊ ခြိမ်းခြောက်မှုများ ပြုလုပ်ကြပြီး အပြစ်လျော့မည့် နည်း လမ်းပေါင်းစုံ အသုံးပြုနေကြခြင်း ဖြစ်သည်။
 ”ဘဘက အသက်လည်းကြီးပြီ။ ပန်းလည်းသေနေတယ်တဲ့။ နင်တို့ ကလေး ဘာမှမဖြစ်ပါဘူးဆိုပြီး ပထမ ဆုံး ငွေလာပေးတုန်းက ပြောသွားတာ။ ကျွန်မဖြင့် အသည်းတွေယားပြီး အသား တွေတောင်တုန်တယ်”ဟု မလုံးနှင့် အိမ်ချင်း ကပ်ရက်ဖြစ်သူ စစ်သူနာပြု တက္ကသိုလ်တက်ရောက်ခဲ့ဖူးသည့် ဒေါ်မိမိကြီးက ၄င်းကြားခဲ့ရပုံကို ပြောပြခဲ့ ခြင်းပင်။ အထက်ပါ ဖြစ်ရပ်နှစ်ခုတွင် ကွဲပြားနေသည်က မိခင်များ၏ ယုံကြည်ချက်။ မဝေဝေ ကတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးသူမို့ အမှုဖွင့်ထားပြီး ဖြစ်သောလည်း မလုံးက ဝေခွဲမရသေး။ ပိုက်ဆံ ရယူထားရ၍ အပြီးတိုင်ကျေအေး လိုက်နိုင်ပြီဟုလည်းမဆိုနိုင်။ မိခင်တစ်ယောက်၏ စိတ်ဓာတ်နှင့် စခန်းသွား၍ အမှုဖွင့်မည် ဆိုပြန်တော့လည်း မလုံး၏ယောက်ျား၊ ကလေး၏ ပထွေးကလည်းအမှု မဖွင့်စေချင်တော့။ တစ်ဖက်က ချုပ်ဆိုပေးထားလိုက်ရသည့် စာချုပ်ရှိနေသးသည်။ တိုင်တန်းမှုကြောင့် ပြဿနာတစ် စုံတရာထပ်ဖြစ် မှာလည်း မလိုလား။
ရှပ်အင်္ကျီအနီကွက် နွမ်းနွမ်း၏ လက်အင်္ကျီစဖြင့် မျက်ရည်ကို သုတ်လိုက်ကာ သမီးငယ်လေးဘက်သို့ လှည့် ကြည့်ရင်း မလုံးက ”တိုင်လို့ရမယ်ဆို ရင်တော့ တိုင်ချင်သေးတယ်။ ဒီကလေး အနာဂတ်အတွက်ပါ” ဟု ဆို့နင့်သော အသံဖြင့်တိုးတိတ်စွာပြောပါသည်။
သတင်းအချက်အလက်
သူရထွန်း၊ သုတလင်း၊ မြတ်စုငြိမ်း
Popular Myanmar News Journal
သင်ခန်းစာများ၏ သမိုင်း
အကျင့်ဟောင်းသည် ဖျောက်ဖို့ခက်သည်။ သို့သော် ဖျောက်ကိုဖျောက်မှဖြစ်တော့မည့် အကျင့်တစ်ခုကတော့ အစိုးရအဆက်ဆက်နှင့် မြန်မာ့လူ့အဖွဲ့အစည်းမှာရှိနေဆဲ ဖြစ်သည်။
ကြီးမားသည့်အဆုံးအရှုံးကို ရင်ဆိုင်ရပြီးမှ သင်ခန်းစာရသည်ဆိုသည့်အကျင့်ဖြစ်ပါသည်။
သမိုင်းကြောင်းတစ်လျှောက်လုံး “ဒုက္ခ”က ရှေ့ကသွားပြီး “သင်ခန်းစာက”နောက်ကလိုက်သည့် နည်းဖြင့် ဘယ်တော့မှနိုင်ငံကို ကမ္ဘာနှင့် ရင်ပေါင်တန်းအောင် ပြုလုပ်နိုင်မည်မဟုတ်ပါ။
ကျွန်တော်တို့အခု လိုအပ်နေသည်က ခါးသီးသည့် ဆုံးရှုံးမှုများ မကြုံမီမှာ ကြိုတင်ကာကွယ်မှုကို ပြုလုပ်နိုင်သည့် အရည်အသွေးဖြစ်ပါသည်။ ကြိုတင်ကာကွယ်မှုဆိုသည်မှာလည်း လူ့အဖွဲ့အစည်း ရင့်ကျက်ဖို့အတွက် စနစ်တကျပြင်ဆင်ထားသည့် ရေရှည်စီမံကိန်းထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ဖုတ်ပူမီးတိုက်
အားထုတ်မှုတစ်ခုမဟုတ်ပါ။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေသော ဘာသာမတူသည့် အစုအ ဖွဲ့များအကြား ပဋိပက္ခများကို ကြို တင်ကာကွယ်ဖို့အတွက် ဆိုရှယ်လစ်နှင့် တပ်မတော်အစိုးရအဆက်ဆက်က ပျက်ကွက်ခဲ့ပါသည်။
ကြိုတင်မတားဆီးနိုင်ခဲ့သည့်အပြင် အချို့သော “ကြိုးနီ”စနစ်များက လူအများစုနှင့် အနည်းစုကြားက “အဟ” ကို ပိုမိုကြီးမားစေခဲ့ပါသည်။ ဥပမာအားဖြင့်ပညာရေး၊ အလုပ်အကိုင်၊ အသင်းအဖွဲ့နှင့် အတတ်ပညာသင်တန်းများ လျှောက်ထားရာကစ၍ လျှောက်လွှာအသီးသီးမှာ “ကိုးကွယ်ရာဘာသာ”ကို ဖြည့်စွက်ခဲ့ကြရသည့် စနစ်မျိုးဖြစ်ပါသည်။ လူတစ်ဦးချင်းစီကို ယုံကြည်ရာဘာသာကို မဖြစ်မနေ ဖော်ပြရမည်ဆိုသည့် လုပ်ထုံးလုပ်နည်းက မတူညီသည့် ဘာသာအစုအဖွဲ့များကြားမှာ အက်ကြောင်းဖြစ်စေနိုင်သည့် စနစ်တစ်ခုဖြစ်သည့်အတွက် နိုင်ငံတကာမှာ ဘာသာရေးအစွန်း ရောက်နိုင်ငံများကလွဲ၍ မကျင့်သုံး ကြတော့ပါ။
နိုင်ငံအတွင်းမှာ မတူညီသည့် ဘာသာအစုအဖွဲ့များအကြားမှာ ပဋိပက္ခများ မဖြစ်ပွားစေလိုလျှင်“ကိုးကွယ်သည့်ဘာသာ”ကို အခြေမပြုဘဲ “နိုင်ငံသား”ဖြစ်မှုကိုသာ အခြေပြုသည့် စစ်မှန်သော ဆက်ဆံရေးကို နိုင်ငံတော်က တည်ဆောက်ရမည်ဖြစ်သည်။
အထူးသဖြင့် မတူညီသည့် လူနည်းစုများစွာ ပေါင်းစပ်ပါဝင်နေသော မြန်မာနိုင်ငံအတွက် အထူးအရေးကြီးပါသည်။ ဗုဒ္ဓဘာသာဝင်အချို့နှင့် မွတ်ဆလင်ဘာသာဝင် အချို့အကြားမှာ ဖြစ်ပွားသည့် ပဋိပက္ခများက ပြည်ထောင်စုအတွင်း မှာရှိသည့် အခြားသောလူနည်းစု ဘာသာဝင်များကိုလည်း စိုးရိမ်မကင်းဖြစ်စေသည်ကို သတိထားဖို့ လိုအပ်သည်။
ဆုံးရှုံးမှုများ ကြီးမားခဲ့သည့် နောက်မှ “အခြေအနေကို ထိန်းသိမ်းနိုင်လိုက်ပြီ” ၊ “နောက်ကွယ်မှ တာဝန်ရှိသူများကို ဥပဒေအရ အရေးယူမည်” ၊ “ပုံမှန်အခြေအနေ ပြန်ရောက်တော့မည်”စသည့် ထုတ်ပြန်မှုများ ပြုလုပ်ရုံနှင့် မလုံလောက်တော့ပါ။ ရခိုင်ပဋိပက္ခဖြစ်ပွားပြီး နောက်ပိုင်း မီးပွားများဆက်လက် ပျံ့လွင့်လာနိုင်သည်ကို မျှော်လင့်ထားကြပါလျက်နှင့် ရက်ပိုင်းအတွင်း ဒါဇင်နှင့်ချီ၍ လူအများသေဆုံးခဲ့ သည့် မိတ္ထီလာပဋိပက္ခက ဖြစ်ပေါ်လာခဲ့သည်။ မဆုံးနိုင်အောင် ရနေတော့သည့် “သင်ခန်းစာ” များထဲက နောက်တိုးတစ်ခုဖြစ်သည်။
 အစ္စလာမ်နိုင်ငံများက သူတို့ နိုင်ငံများမှာ ရောက်နေသည့် မြန်မာများအတွက် လုံခြုံရေးအပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူက ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြခဲ့သည်။ အင်ဒိုနီးရှားအကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကတော့ မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြိုးပမ်းနေသူဟု ယူဆရသောသူ နှစ်ဦးကို အချိန်မီဝင်ရောက်ဖမ်းဆီးခဲ့သည့်အပြင် အကြမ်းဖက်သမားဟု ယူဆရသူများနှင့်ပါ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။
“မြန်မာသံရုံး ဗုံးခွဲခံရမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပါသည်” ဟုသူတို့ မပြောခဲ့ပါ။ မဖြစ်မီ သူတို့ ကြိုတင် တားဆီးနိုင်ခဲ့ပါသည်။ သူတို့နိုင်ငံမှာ ရောက်နေသည့် နိုင်ငံခြားသားအချို့ကို ကာကွယ်ဖို့အတွက် အင်ဒိုနီးရှားလုံခြုံရေးတပ်ဖွဲ့များ ကြိုးစားအားထုတ်ခဲ့ကြပါသည်။ ကိုယ့်နိုင်ငံသားများနှင့် လူနည်းစုများကို ကာကွယ်ဖို့ မြန်မာအစိုးရက အာမခံပေးရပါလိမ့်မည်။
မြန်မာ့သမိုင်းမှာ အခါးသီးဆုံး မှတ်တိုင်တစ်ခုက ဆိုက်ကလုန်းနာဂစ် ဖြစ်ပါသည်။ နာဂစ်ဖြစ်ရပ်က သင်ခန်းစာရခဲ့သည်ဟုဆိုလျှင် ထိုသင်ခန်းစာအတွက် ပေးဆပ်လိုက်ရသည့် တစ်သိန်းကျော်သော အသက်များအတွက် ယူကြုံးမရဖြစ်မိပါသည်။ နာဂစ်မုန်တိုင်းကို ကိုင်တွယ်ခဲ့သည့် တပ်မတော်အစိုးရ၏ အရည်အသွေးကို A,B,C,D ခွဲခြားရလျှင် “D” ဟု အမှတ်ပေးချင်ပါသည်။
လူမျိုးရေး၊ သာသာရေးနှင့် ဆက်နွှယ်သည့် ပဋိပက္ခများကဲ့သို့ ပင် နာဂစ်တွင်လည်း ကြိုတင်ကာကွယ်မှု၊ ပြင်ဆင်မှု၊ အရေးယူဆောင်ရွက်မှုများအားနည်းလှပါသည်။ နောက်ဆုံးတော့ အကျင့်ဟောင်းအတိုင်း အဆိုးထဲက “သင်ခန်းစာ” ရခဲ့သည်ဟု နောက်တစ်ကြိမ် ဆိုခဲ့ရပြန်သည်။
အခုတော့ ကျွန်တော်တို့ တကယ်သင်ခန်းစာရ၊ မရ စမ်းသပ်ဖို့ အခွင့်ကြုံပြီ။ ဘင်္ဂလားပင်လယ်အော်မှာ စတင်ခဲ့သည့် “မဟာစင် မုန်တိုင်း”သည် ရခိုင်ပြည်နယ် မောင်တောမြို့အနီးကို မိုင် ၁၀၀ ကျော်နှုန်းနှင့်ဖြတ်သန်းနိုင်သည်ဟု ပညာရှင်များ ခန့်မှန်းလိုက်ပါပြီ။ တကယ်ဖြတ်သန်းလာလျှင်တော့ လူမျိုးရေး၊ ဘာသာရေးနွှယ်သည့် ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးကိစ္စများမှာ ကျွန်တော်တို့ဘယ်လောက်ရင့်ကျက်သည်ဟု ဆိုသည်ကို ပြသဖို့ အခြေအနေတစ်ရပ်ဖြစ်ပါသည်။ ထက်မြက်မြန်ဆန်သည့် သတိပေးကြေညာချက်၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာသည့် အကူအညီများကို မျက်နှာမရွေးဘဲ ထိထိရောက်ရောက် ဆောင်ရွက်သွားဖို့ လိုအပ်သည်။
မဟာစင်သည် ဓာတ်ခွဲခန်းထဲမှာ ဓာတုပစ္စည်းများကို အဖြေထုတ်ပေးသည့် လစ်တမစ်စက္ကူ (Litmus Test) ဖြစ်လိမ့်မည်။ နေပြည်တော် အသင့်ရှိပါစေ။
ရဲမိုး
7Day News Journal
အသွင်ပြောင်း နဝဒေးခြံအမှတ် ၂၇
တစ်ချိန်က တံခါးအထပ်ထပ်ဖြတ် အစစ်ဆေးခံဝင်ရသော ထိပ်သီးဗိုလ်ချုပ်ကြီး၏ နေအိမ်မှာ ယခုအခါ လူအများ ဝင်ထွက်နိုင်သော နေရာအဖြစ် အသွင်ပြောင်းလိုက် ပြီ ဖြစ်သည်။
အစောင့်တစ်ဦးမျှ မရှိတော့သော ခြံတံခါးအလွန် သစ်ခွတောအတွင်း မေလ ၁၁ ရက်နေ့တွင် စတင် ဖွင့်လှစ်လိုက်သည့် အနုပညာပြခန်း၊ အမှတ်တရ ပစ္စည်း ကော်နာ၊ ကော်ဖီကော်နာ တို့သည် လူတိုင်း အတွက် ဖြစ်သွားပေပြီ။
အမည်က နဝဒေး။
"အရင်က တာဝန်ယူတုန်းက ရုပ်ရှင်ရုံကို ပေးခဲ့တဲ့ နာမည်ရယ်၊ လမ်းနာမည်ရယ် ကို အစွဲပြုပြီးပဲ နဝဒေးလို့ နာမည် ပေးလိုက်တာ" ဟု တပ်မတော် ထောက်လှမ်းရေး အကြီးအကဲဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က The Voice ကို ရှင်းပြသည်။
နေအိမ်အကျယ်ချုပ် ကျနေစဉ် ခုနစ်နှစ်အတွင်း မီးဖိုချောင်စရိတ် ရှာပေးခဲ့သည် ဆိုသော သစ်ခွခြံအတွင်း အဆောက်အအုံ လေးခုခန့် ငါးလအတွင်း အပြီး တည်ဆောက်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် စတင် ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း သူက ဆိုသည်။
သူ၏အဆိုအရ ဖွင့်လှစ်ရသည့် ရည်ရွယ်ချက် နှစ်ခုရှိသည်။
အမှတ်တစ် အေးချမ်းသည့်ဘဝကို ထူထောင်လိုခြင်း၊ အမှတ်နှစ် အနုပညာရှင် များ၏ ဘဝကို ထောက်ပံ့ပေးလိုခြင်း။
ပြခန်း စတင်ဖွင့်လှစ်သည့် နေ့တွင် ဦးလွန်းကြွယ်၊ နေမျိုးဆေး၊ မွန်သက် စသည့် ပန်းချီဆရာများ၏ ပန်းချီကား ၅၀ ကျော် ချိတ်ဆွဲပြသထားသည်။ ထိုကားများသည် ဈေးနှုန်းအနည်းဆုံး ကျပ် ၁၆ သိန်းမှ သိန်းရာကျော် အထိ ရှိသည်။
"ပန်းချီကားတွေကို အခမဲ့ တစ်ပတ် တင်ခွင့်ပေးတယ်" ဟု ဦးခင်ညွန့်က ဆိုသည်။
သူ၏အနုပညာပြခန်းတွင် ပန်းချီကား တင်ရန် တန်းစီနေသော ပန်းချီဆရာ ၅၀ ကျော် ရှိကြောင်း သူက ဆက်ပြောပြသည်။
အနုပညာပြခန်း၊ ကော်ဖီကော်နာ နှင့် အမှတ်တရပစ္စည်းတို့ကို စီးပွားရေး အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း မဟုတ်ကြောင်း သူကဆိုသည်။ ကော်ဖီဆိုင်ဟုပင် သူက အမည်မတပ်။
"ဆိုင်မဟုတ်ဘူး။ ကော်နာ" ဟု သူက အလေးအနက် ရှင်းပြသည်။
ကော်ဖီကော်နာတွင် ကော်ဖီအမျိုးမျိုး အပြင် သစ်သီးဖျော်ရည်၊ ချောကလက်၊ ကိုကာကိုလာ တို့ကဲ့သို့သော အချိုရည်တို့ကိုလည်း ဝယ်ယူနိုင်သည်။ ဘီယာနှစ်မျိုးလည်း ရသည်။ တိုက်ဂါးနှင့် မြန်မာ။
ဈေးကား များစွာမမြင့်။ ရန်ကုန် မြို့တော်ရှိ Aroma ကဲ့သို့သော ကော်ဖီ ဆိုင်ဈေးနှုန်းခန့်ပင် ရှိသည်။ ကော်ဖီကော်နာတွင်မူ ဝန်ထမ်းလေးဦးရှိသည်။
"စားပွဲထိုးရယ်လို့ မဟုတ်ပါဘူး။ အကုန်လုပ်ရတာပဲ" ဟု ဝန်ထမ်းတစ်ဦးက ရယ်ရယ်မောမော ပြောဆိုသည်။
ဆိုင်ဝန်ထမ်းများမှာ သားဖြစ်သူ ဒေါက်တာရဲနိုင်ဝင်း၏ Nervin စားသောက်ဆိုင်မှ ဖြစ်သည်။
ပထမဆုံး ဖွင့်လှစ်သည့်နေ့တွင် လာရောက်သော အဓိက ဖောက်သည်များ မှာ နာမည်ကျော် အနုပညာရှင်များ ဖြစ်ဖွယ် ရှိနေသည်။ ညနေ ၄ နာရီခန့်အထိ လူမပြတ်။ မြန်မာပြည်သိန်းတန်၊ ဇော်ဝင်းရှိန် တို့ အပါအဝင် ၁၀ ဦးခန့် ရှိနေသေးသည်။
"တော်တော်များများတော့ ရောင်းရပြီးပြီ" ဟု ဆိုင်ဝန်ထမ်းက ပြောဆိုချိန်တွင် ညနေ ၃ နာရီတော့ ကျော်နေပြီ။
ပြခန်းနှင့် ကော်နာနှစ်ခုကို ကိုယ်တိုင် ကြီးကြပ်လုပ်ကိုင်ခဲ့ပြီး မည်မျှ ကုန်ကျခဲ့သည် ကို ဗိုလ်ချုပ်ကြီးဟောင်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
"မိတ်ဆွေ အပေါင်းအသင်းတွေ ကူညီကြပါတယ်။ ဒီလိုပဲ ခြိုးခြံပြီး လုပ်ရတာပေါ့" ဟု တပ်မတော်အစိုးရ လက်ထက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နောက် အာဏာအရှိဆုံး ဟုဆိုနိုင်သူ ဦးခင်ညွန့်က ဆိုသည်။
တစ်ချိန်က သူ၏လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ယခုသမ္မတ ဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ် ဇန်နဝါရီက ပေးသော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီးနောက် ဦးခင်ညွန့်သည် အာဏာကိစ္စများ၊ နိုင်ငံရေးကိစ္စများ ဝင်မပါတော့ဘဲ အေးချမ်းစွာ နေထိုင်တော့မည် ဖြစ်ကြောင်း လူသိရှင်ကြား ပြောဆိုထားပြီးဖြစ်သည်။
ကျီးကန်းအော်သံမှအပ တိတ်ဆိတ် နေလေ့ရှိသော ခြံဝင်းအတွင်းရှိ ပြခန်းတွင် ယနေ့ သူနှင့် ခေတ္တ တွေ့ဆုံစဉ်အတွင်း အများဆုံးပြောဆိုသည့် စကားမှာလည်း အေးချမ်းမှု။ ကုသိုလ်တရား။
အာဏာနိုင်ငံရေး အခင်းအကျင်းသို့ ပြန်လာမည်လောဟု သို့လော သို့လော စောင့်ကြည့်မှုများအကြား ဦးခင်ညွန့်ကား နောက်ထပ် ခြေလှမ်း တိုးလိုက်ပြီဖြစ်သည်။ သူ့အဆိုအရ အေးချမ်းသည့်ဘဝ တည်ထောင် လိုရင်း။
တစ်ချိန်က မြန်မာနိုင်ငံ၏ ထိပ်သီး ဗိုလ်ချုပ်ကြီးမှာ ကော်ဖီကော်နာတွင် လူခြောက်ယောက်ထိုင် စားပွဲနေရာချထားရေး ကိုပင် ကိုယ်တိုင် စီမံနေသေးသည်။
ပြခန်းနှင့် ကော်နာနှစ်ခုကို စီမံခန့်ခွဲ ရခြင်းမှာ တစ်ချိန်က တိုင်းပြည်ကို စီမံခန့်ခွဲ ခဲ့ရသည်နှင့် နှိုင်းယှဉ်လျှင် “အသေးအဖွဲ” ဟု သူကဆိုသည်။
"(တိုင်းပြည်) တာဝန်ကတော့ မရေရာဘူးလေ။ လိုတာဖြစ်ချင်မှ ဖြစ်မှာကိုး" ဟု သူကအတန်ငယ်ပြုံးရင်း ပြောဆိုလေသည်။
တပ်မတော်အစိုးရ လက်ထက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး စသည့် ထိပ်ခေါင်တို့၏ ဌာနေ နဝဒေးလမ်း၊ အစွန်ဆုံးရှိ ခြံအမှတ် ၂၇ ကိုမူ လူအများ လာရောက်နိုင်သော နေရာအဖြစ် အသွင်ပြောင်းလိုက်လေပြီ။
အစောင့်အကြပ်ထူထဲ၊ ခိုင်ခံ့သော သံထရော်လီတံခါး အမြဲပိတ်ထားပြီး မည်သို့သောနေရာဟု သာမန်ပြည်သူတို့ မသိနိုင်ခဲ့သော နဝဒေးလမ်းထိပ်တွင် မေလ ၁၁ ရက်နေ့မှစ၍ သုံးဆင့်လမ်းညွှန် ဆိုင်းဘုတ်လေးကိုပင် မြင်နိုင်ပေပြီ။
နဝဒေးအနုပညာပြခန်း၊ နဝဒေး ဆိုဗီနီယာကော်နာ၊ နဝဒေးကော်ဖီကော်နာ။
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်၏ ကိုယ်ရေးအကျဉ်း
………………………………………………………
- ၁၉၃၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကျောက်တန်းမြို့တွင် မွေးဖွား၊
- ၁၉၆၀ ပြည့်နှစ်မှ တပ်မတော်တွင် စတင် တာဝန်ထမ်းဆောင်၊
- ၁၉၈၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲ ခံရသည့်နောက်တွင် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်၊
- ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အာဏာသိမ်းယူခဲ့သော တပ်မတော်အစိုးရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၁) အဖြစ် တာဝန်ယူ၊
- ၂၀၀၃ ခုနှစ် သြဂုတ်လ၂၃ ရက် နေ့မှ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ထိ နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်၊
- ၂၀၀၅ ခုနှစ် ဇူလိုင်တွင် တရားစွဲဆိုခြင်းခံရပြီး ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံရ၊
- ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ရက်နေ့တွင် ပြန်လည်လွတ်မြောက်။
ခွန်းသု၊ အောင်စိုး
The Voice Weekly
သင့်တက္ကသိုလ်
မြန်မာနိုင်ငံပညာရေး တိုးတက်မြင့်မားဖို့ အလေးထားဆွေးနွေး တိုင်ပင် နေချိန်တွင် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်အသီးသီးတွင် ပညာ သင်ကြားနေသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကလည်း မိမိတို့၏ တက္ကသိုလ်များကို သင့်တက္ကသိုလ်များ အဖြစ် ကူးပြောင်းနိုင်ဖို့ လိုပါသည်။ တိုင်းပြည်ဆင်းရဲတွင်း နက်နေသေး၍ ဖွံ့ဖြိုးပြီး နိုင်ငံများမှ တက္ကသိုလ်များကဲ့သို့ မြက်ခင်းစိမ်း၊ သစ်ပင်ရိပ်တို့ ရှိသော Campus၊ Wi-Fi လွှမ်းခြုံထားသော ကျောင်းဝင်း၊ စာသင်ခန်းတို့တွင် လိုရာ အချက်အလက်ကို ရှာနေသော Laptop နှင့် Tablet ကိုင် ကျောင်းသား၊ သူများ၊ အဆင့်မြင့် သော သင်ရိုးနှင့် ထိရောက်သော သင်ကြားမှုစနစ် စသည့် စသည့် လိုအပ်ချက် များ မပြည့်စုံစေဦးတော့ မိမိ၏တက္ကသိုလ်များကို သင့်တက္ကသိုလ်များ အဖြစ် ပြောင်းလဲနိုင်ဖို့ ကတော့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ သူများ၏ စိတ်နေစိတ်ထားကသာ အခရာဖြစ်သည်။
အခြေခံ ပညာရေးသည် ဒါလုပ်ပါ၊ ဒါမလုပ်နဲ့ဟု အတိအကျ ညွှန်ကြားထားသော ကွပ်ကဲထိန်းကျောင်းမှုအား ဗဟိုပြုသည့် သင်ကြားရေးဖြစ်ပြီး အဆင့်မြင့် ပညာရေး သို့မဟုတ် တက္ကသိုလ်ပညာရေး မှာမူ ဒါတော့ လုပ်သင့်တယ်။ ဒါတော့ဖြင့် မလုပ်သင့်ဘူးဟု ခွဲခြားသိမြင်စေသော ရင့်ကျက်မှု ဗဟိုပြု သင်ကြားရေးဖြစ်သည်။ လူ့စွမ်းအား အရင်းအမြစ် ဆိုသည်မှာ တစ်နည်းအားဖြင့် ရင့်ကျက်သော လူငယ်လုပ်အားစု ကိုပင် ဆိုလိုသည်ဖြစ်ရာ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တက္ကသိုလ်များသည် သင့်တက္ကသိုလ်များ ဖြစ်မှသာ ယနေ့ နိုင်ငံတော်အစိုးရက လိုလားနေသော စွမ်းရည်ပြည့်ဝသော လူသား အရင်းအမြစ်များ ထွက်ပေါ်လာနိုင်ပါသည်။
အတွေးအခေါ် ပညာရပ်၏ Ethics ဟုဆိုကြသော ကိုယ်ကျင့်တရား ပညာနယ်ပယ်တွင် “ကိုယ်ကျင့်တရားအရ ထူးခြားထင်ရှားမှု” ဟု အမည်ရသော အသုံးအနှုန်း တစ်ခုသည် အတော်အရေးပါပါသည်။ သူများပြောတိုင်း ယုံ၊ သူများခိုင်းမှ လုပ်တတ်ပြီး ဆင်ခြင်သုံးသပ်မှု မရှိသည့် သူများအား နလပိန်းတုံးများဟု သတ်မှတ်ပါသည်။ ထိုသူတို့သည် သေရမှာထက်ပင် တွေးရမှာကို ကြောက်ကြသူများ ဖြစ်ပြီး သင့်၊ မသင့်ကို မခွဲခြားတတ်၊ အကြောက်တရားနှင့် အစဉ်အလာ သတ်မှတ်ချက် မှောင်ရိပ်အောက်တွင် နေထိုင်ကြသည့် (Faceless) မျက်နှာမွဲများ ဖြစ်တတ်ပါသည်။ ထိုသူများသည် ပညာမဲ့သူများလည်း ဖြစ်ကာ ကိုယ်ကျင့်တရားအရ ထူးခြား ထင်ရှားမှု မရှိသူများလည်း ဖြစ်ကြပါသည်။ ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေနှင့် လိုက်လျောညီထွေမှု ရှိသော ဘဝပုံစံမျိုး မချိုးနိုင်ဘဲ အများလုပ်သလောက် သာ လုပ်တတ်သူ များသည် ထူးမခြားနား ဘဝပိုင်ရှင်များ ဖြစ်သည်။ ထိုသူတို့သည် ငြိမ်ဝပ်ပိပြားအောင် ထိန်းထားသော မတရားဥပဒေများ ဖြေလျှော့ ပေးချိန်တွင် လူအုပ်စုဖွဲ့ သောင်းကျန်းရမ်းကားသူများ ဖြစ်ရန် တာစူနေသူ များပင်။
ကျွန်ုပ်တို့လူငယ်တွေအား ပညာမဲ့ သောင်းကျန်းရိုင်းစိုင်းသူများ မဖြစ်စေဖို့ တက္ကသိုလ်များတွင် တာဝန်ရှိလာသည်။ ယခုအခါ လူငယ်တွေ၏ အရည်အချင်း မှတ်ကျောက်သည် တက္ကသိုလ်အပြီး ပြင်ပအလုပ်ဈေးကွက် ဖြစ်သောကြောင့် မြန်မာပြည်တက္ကသိုလ် များသည် သင့်သဘောကို အမှန်ပင် ဖော်ဆောင် နိုင်ပြီလားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ တက္ကသိုလ်တွေ ဆိုသည်မှာ လူငယ်များကို ဘာသာရပ်တစ်ခုခုအား အခြေပြုပြီး ၄င်းတို့၏ ကိုယ်ရည်ကိုယ်သွေးကို မြင့်မားအောင် လုပ်ရမည့် လေ့ကျင့်ရေးကွင်းကြီး ဖြစ်သည်။ အလုပ်အကိုင် ပြိုင်ပွဲကြီးအတွက် မိမိကိုယ်မိမိ ရင့်ကျက်အောင် အားစိုက်ခွန်စိုက် လေ့ကျင့်ရာတွင် လုပ်သင့်တာတွေကို လုပ်ပြီး မလုပ်သင့် တာတွေကို ရှောင်မှသာ တက္ကသိုလ်ကျောင်း ဆင်းပြီးချိန်တွင် အလုပ် ဈေးကွက်သို့ ဝင်နိုင်မည် ဖြစ်သည်။ ကြိမ်လုံးနှင့် ခြောက်မှ၊ ဆရာတွေ၏ ချီးမွမ်းမှု၊ ပြစ်တင်မှုရှိမှသာ အလုပ်လုပ်တတ်သည့် အဆင့်မှ ကိုယ်လုပ်စရာ ရှိတာတွေကို ကိုယ်ပိုင်အသိဖြင့် မလုပ်သရွေ့တော့ တက္ကသိုလ် ဆိုသည်မှာ အဆင့်မြင့် အထက်တန်းကျောင်းထက် ပိုနိုင်ဖွယ်မရှိပါ။ တက္ကသိုလ်တွင် စာသင်နှစ်တိုးခြင်း၊ အခြေခံပညာရေး တွင်လည်း အသက်တိုးမြှင့်လိုက်ခြင်း တို့မှာ ကျောင်းသူ၊ သူများ၏ အသိဉာဏ်ကို ရင့်ကျက်စေလို၍ ဖြစ်ပါသည်။ လူငယ်တွေ ပညာမတတ်မှ အုပ်ချုပ်ရတာ လွယ်မည်ဟူသော ပုံစံမျိုး ဖြစ်ခဲ့သော ယခင်ပညာရေးစနစ်မှ ဆရာ၊ ဆရာမတွေ ဘက်ကလည်း လုပ်သင့်တာ ကိုသာလုပ်ပြီး ကျောင်းသား၊ ကျောင်းသူများ ဘက်ကလည်း မလုပ်သင့်တာတွေ မလုပ်မှသာ သင့်တက္ကသိုလ်များ ဖြစ်လာပြီး နိုင်ငံတော်တွင် တာဝန်ရှိသူများ (Stakeholders) များ ပြုံးပျော်နိုင်မည့် လုပ်သားဈေးကွက် တစ်ခုရနိုင်ပေမည်။
သင့်၊ မသင့် ခွဲနိုင်ဖို့ဆိုတာ လွယ်လှသည့် အလုပ်တော့မဟုတ်ပေ။ မိမိအသိဉာဏ်ဖြင့် ဘာတွေက လုပ်သင့်တယ်၊ ဘာကြောင့် လုပ်သင့်တယ် ဆိုတာသိဖို့ အသိပညာဗဟုသုတ လုံလောက်စွာရှိဖို့ လိုပါသည်။ မလုပ်သင့် တာက ဘာ၊ ဘာကြောင့် မလုပ်သင့်တာ ဆိုတာမျိုး ခွဲခြားဖို့အတွက်လည်း ထို့အတူပင်။ စာဖတ်ခြင်း၊ အသင်းအဖွဲ့များတွင် ပူးပေါင်း လုပ်ဆောင်တတ်ခြင်း၊ စနစ်တကျ ငြင်းခုံတတ်ခြင်း၊ တီထွင်ကြံဆ လုပ်တတ်ခြင်း၊ အကွက်မြင်ခြင်း စတာတွေသည် လူငယ်တစ်ဦးကို ရင့်ကျက်စေသော အထောက်အပံ့ များဖြစ်သည်။ တစ်ပြည်လုံးမှ လူကြီးသူမများနှင့် ဆရာ၊ ဆရာမများကပါ ယနေ့ခေတ် တက္ကသိုလ်ကျောင်းသား၊ သူများအား စိတ်တိုင်းမကျ ဖြစ်နေချိန် တွင် ထိုသို့ဖြစ်အောင် တွန်းပို့နေသော အခြေအနေများ၊ အခက်အခဲများကိုလည်း နားလည်သင့်ပါသည်။
ယနေ့လူငယ်များ အတွက် ယခုလူကြီးများ တွင်လည်း တာဝန်အပြည့် ရှိပြီး လူငယ်များကို သင့်၊ မသင့် ခွဲခြားသိမြင်အောင် မပျိုးထောင်နိုင်ပါက ယခုလူကြီးများ၏ အိုဇာတာသည် ကောင်းနိုင်ဖွယ် မရှိပါ။ အတန်းကို ဘာကြောင့် ပြည့်မီအောင် တက်သင့်သလဲ၊ ကွမ်းယာကို စည်းကမ်းမဲ့ မစားသင့်ဘူး၊ ဆေးလိပ်၊ အရက်ဆိုတာ လူကြီးလူကောင်း ပီသစွာ ဘယ်လို သုံးဆောင်သင့်သလဲ၊ လွန်ကဲစွာ အပျော်အပါး လိုက်စားမှုကို ဘာကြောင့် ရှောင်သင့်သလဲ၊ သင်ယူလိုက်သော ဘာသာရပ်ထဲမှ ဘယ်အရာ ကိုတော့ ကိုယ့်နေ့စဉ်ဘဝတွင် မည်သို့ အသုံးချသင့်သလဲ စတာတွေကို စဉ်းစားတတ် သော ကျောင်းသားတွေ များလာမှသာ မြန်မာပြည် နောင်ရေးနှင့် နိုင်ငံခြားတွင် အခြေချ မနေနိုင်သော ယနေ့ တာဝန်ရှိသူများ၏ အိုဇာတာ သည် စိတ်အေးရမည်။
ဘာကြောင့် လူမျိုးရေး မခွဲခြားသင့်သလဲ၊ ဘာသာရေး အစွန်းရောက် အမြင်တွေကို ကိုင်စွဲသင့်သလား၊ ဘာကြောင့် အားကစားကို လိုက်စားသင့်တယ်၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး ဘယ်လိုအပြုအမူဆိုး တွေကို ရှောင်သင့်တယ်၊ အပေါ်ယံအလှထက် ပင်ကိုယ်အရည်အချင်းကို ဘာကြောင့်များ အားကိုးသင့်သလဲ၊ လူမှုရေးစိတ်ဓာတ် ထွန်းကားလာအောင် ဘာတွေ ဖြည့်ဆည်းမယ် ဆိုတာတွေကို သင်တဲ့ဆရာ၊ ယူတဲ့တပည့် နှစ်ဦးနှစ်ဖက် အပေးအယူ မျှလျှင်ဖြင့် ကမ္ဘာ့အဆင့်မီတက္ကသိုလ် မဟုတ်စေကာမူ ကိုယ့်အရပ်၊ ကိုယ့်ဒေသကိုတော့ အကျိုးပြုနိုင်ပါသည်။
တပည့်များ၏ အရည်အချင်းသည် သင်ကြားသူဆရာ၊ ဆရာမအပေါ် တည်မှီနေရာ ဆရာ၊ ဆရာမတွေကကော ကိုယ်ကျင့်တရားအရ ဘယ်လောက် ထူးခြားထင်ရှားမှု ရှိသလဲ။ ကျူရှင်လေးပြရုံ၊ အချိန်မှန် ရာထူးလေး တိုးရုံလောက်နဲ့ သင့်တက္ကသိုလ်တွေကို တည်ဆောက်နိုင်ပါ့မလား။ အတွေး အခေါ်၊ ခံယူချက် တိတိပပနဲ့ ပညာရှင်ဆန်သော သင့်သဘောဆောင် ဆရာ အရေအတွက်က တက္ကသိုလ်တွေတွင် ဘယ်လောက်ရှိသလဲ။ တက္ကသိုလ် ပညာရေးစနစ် တိုးတက်ရာတိုးတက်ကြောင်း ဆရာ၊ ဆရာမအင်အားစု ကတော့ ဘာတွေလုပ်သင့်သလဲ။ အထက်ဦးစီး၊ အောက်ဦးစီးတွေ ကကော ဘယ်လိုစီမံ ခန့်ခွဲသင့်သလဲ။ လုပ်သင့်တာတွေကို အချိန်ကိုက် အကွက်ကျ အောင် လုပ်တတ်ပြီး မလုပ်သင့်တာတွေကို အချိန်မီ ရပ်နိုင်မှသာ ဉာဏ်ပညာ ထွန်းကားသော တက္ကသိုလ်များဖြစ်ပေမည်။
တက္ကသိုလ် ပညာရေးသည် လုပ်သင့်တာတွေကို ဦးစားပေးပြီး Missions များဖြင့် အသက်ဝင်နေသော ပညာရပ်ဝန်း ဖြစ်သင့်သည်။ လူငယ်များ လုပ်တတ်ကိုင်တတ်၊ ပြောတတ် ဆိုတတ်အောင် မိမိ၏ အထူးပြု ဘာသာရပ်ကိုလည်း တန်ဖိုးထားတတ်အောင် အခြားဘာသာရပ် များကိုလည်း ဆက်စပ် ခြုံငုံမိအောင်၊ လူမှုဆက်ဆံရေး ပြေပြစ်အောင်၊ တာဝန်နှင့် ရပိုင်ခွင့်ကို သိအောင်၊ အမျိုးသားနိုင်ငံရေး စိတ်ဝင်စားအောင်၊ ပွင့်လင်းလွတ်လပ်သော လူ့အဖွဲ့အစည်းအား ချစ်မြတ်နိုးအောင်၊ ကိုယ်ကျင့်တရား ကောင်းအောင် ဆိုပါမူ သင့်သဘော ဗဟိုပြု ပညာရပ်ဝန်းတစ်ခု ရှိဖို့ လိုပါသည်။ အသိပညာ၊ အတတ်ပညာ ရှိမှသာ လုပ်သင့်၊ မလုပ်သင့်တာတွေကို ခွဲခြားနိုင်မည် ဖြစ်သောကြောင့် ယခု လက်ရှိ အရေအတွက်များစွာ ဖွင့်လှစ်ထားသော တက္ကသိုလ်များအား သင့်သဘောဆောင် တက္ကသိုလ်များ ဖြစ်လာအောင် သမ္မတကြီးမှအစ၊ လွှတ်တော်များအလယ်၊ ပညာရေးဝန်ကြီး ဌာနအဆုံး အပြင် နိုင်ငံသားအားလုံး ဝိုင်း၍ကူမှသာ အရင်းအနှီး နည်းနည်းဖြင့် အကျိုးအမြတ်များများ ရနိုင်မည်ဖြစ်သည်။ ပိုက်ဆံ တတ်နိုင်သူများ ကမ္ဘာအနှံ့ ခြေဆန့်ကာ ပညာရှာကြပါ။ အပြန် သူတိုထံမှ ပညာတွေ ရကောင်း ရနိုင်ပါသည်။ ပိုက်ဆံများစွာ မတတ် နိုင်၍ ကိုယ့်ပြည်တွင်း တက္ကသိုလ်များတွင် သင်ကြား ပါကလည်း ရနိုင်သမျှ ပညာကို စုဆောင်းတတ်ဖို့ အရေးကြီးသည်။
အဓိကမှာ အချိန်၏ တန်ဖိုးကို သိမှသာ တက္ကသိုလ် တက်စဉ်ကာလ အတွင်း ရင့်ကျက်မှု ကွင်းဆက်များအား ချိတ်ဆက်နိုင်ပြီး သင့်တင့်သော ဘဝနေထိုင်မှုကို တည်ဆောက်နိုင်မည် ဖြစ်သည်။ သင့်၊ မသင့် ခွဲခြားနိုင်သော လူကောင်းလူတော်တွေ တိုးပွားလာမှသာ တိုင်းပြည်သည် တည်ငြိမ်ကာ ဖွံ့ဖြိုးမည်ဖြစ်သောကြောင့် ပညာရေး တိုးတက်မြင့်မားဖို့ လုပ်သင့်တာတွေ လုပ်ကြပါစို့။
ဒေါက်တာကျော်သူရ
The Voice Weekly
ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာနှင့် ဆက်စပ်အတွေးများ
စိန်ခေါ်ချက်များမှ - အခွင့်အလမ်း
သပွတ်အူကြားမှ - မင်္ဂလာလမ်း
ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာနှင့် ဆက်စပ်အတွေးများ
ခြေဆင်း
“စိန်ခေါ်ချက်များနှင့်အတူ အခွင့်အလမ်းတွေ ကပ်ပါလာတတ်သည်” ဆိုသော ဆိုရိုးကို လက်ပံတောင်း အစီရင်ခံစာနှင့် ရခိုင်အစီရင်ခံစာ တို့ကို ဖတ်ရတော့မှ ပိုနားလည် သဘောပေါက်လာရသလို ရှိသည်။ ပြောရရင် လက်ပံတောင်းကိစ္စရော ရခိုင်အရေး သည်ပါ နုနယ်သော ဒီမိုကရေစီ အတွက် မသေးလှသော စိန်ခေါ်ချက်များ ဖြစ်ပါသည်။ ပြည်တွင်းသာမက ပြည်ပနှင့်ပါ ဆက်စပ်နေသည်ဖြစ်၍ အပြန့်ကျယ်လှသလို သမိုင်းဇာစ်မြစ် များနှင့်ပါ ပတ်သက်နေသည်ဖြစ်၍ နက်ရှိုင်းလှသည်။ ထို့ထက် အစွဲအလမ်းများ၊ အကျိုးစီးပွားများ၊ ရည်မှန်းချက်များလည်း လိမ်ယှက်လျက် ရှိနေရာ သပွက်အူတမျှ ရှုပ်ထွေးလှသည်။
ဤမျှကျယ်ပြန့်၊ နက်ရှိုင်း၊ ရှုပ်ထွေးလှသော “အမယ်ဘုတ်ချည်ငင်” ကြီးများကို ပေးသမျှ အခြေအနေတွင် အမျှတဆုံး ချဉ်းကပ်၍ အကောင်းဆုံး အကြံပြုခဲ့ကြသည့် ကော်မရှင်နှစ်ရပ်လုံးကို မချီးကျူးဘဲ မနေနိုင်ပါ။ ယခု အချိန်ထိ စာရေးသူတို့ နိုင်ငံတွင် အားနည်းပါးလျဆဲ “ဒီမိုကရက်တစ်
စဉ်းစားနည်း” များအတွက် အစပြုချက် ဖြစ်လေမည်လား တွေးမိသည်။ နောင် အနာဂတ် “ဒီမိုကရက်တစ်ယဉ်ကျေးမှု” အတွက် အခွင့်အလမ်းကောင်း ဖြစ်လေမည်လား၊ မျှော်လင့်မိသည်။
မင်္ဂလာပါ၊ လက်ပံတောင်းကော်မရှင်၊
ထပ်ဆင့်မင်္ဂလာပါ ရခိုင်ကော်မရှင်။
သဘာဝမတူ ချဉ်းကပ်ပုံမတူ
အမှန်စင်စစ် လက်ပံတောင်းကိစ္စနှင့် ရခိုင်အရေးမှာ သဘောသဘာဝချင်း တူကြသည် မဟုတ်ပါ။ သို့နှင့်အမျှ ချဉ်းကပ်ပုံချင်းလည်း မတူနိုင်ပေ။ တူလို့ မဖြစ်ပါချေ။
လက်ပံတောင်းကိစ္စမှာ အပြိုင်ဖြစ်နေသော အကျိုးစီးပွားများ၏ ပဋိပက္ခသဘော ဖြစ်သည်။ တစ်ဖက်တွင် စီးပွားရေးကုမ္ပဏီ နှစ်ခု (ဝမ်ပေါင်နှင့် ဦးပိုင်) ရှိ၍ ကျန်တစ်ဖက်တွင် ဒေသခံလူထုရှိသည်။ တစ်ပြိုင်နက်တည်း မှာပင် တိုင်းပြည်စီးပွားရေး တိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုတို့ကို ချိန်ညှိဖို့ကလည်း ရှိနေသည်။ နောက်ထပ်ထည့်သွင်း စဉ်းစားစရာ တစ်ခုမှာ နိုင်ငံတကာဆက်ဆံရေး၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံ တစ်ခုနှင့် ဆက်ဆံရေး။ ဤတွင် ကော်မရှင်က ခေတ်သစ်ဂိမ်းသီအိုရီဖြင့် ပြဿနာကို အဖြေထုတ်ပေးလိုက်သည်။ “ရှဥ့်လည်းလျှောက်သာ၊ ပျားလည်း စွဲသာ”။
ရခိုင်ကိစ္စကား လက်ပံတောင်းနှင့် မတူ။ ပို၍ အပြန့်ကျယ်သလို ပို၍ နက်ရှိုင်းသည်။ ပို၍ရှုပ်ထွေးသည့် သဘောလည်းရှိသည်။ လက်ပံတောင်းမှာလို အကျိုးစီးပွားချင်း ပဋိပက္ခသက်သက်မျှ မဟုတ်။ ပြောရလျှင် ရခိုင်ပြည် နယ်တွင် ဖြစ်ပျက်သွားသော ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်များမှာ ပဋိပက္ခ အသွင် ဆောင်ခဲ့ရသော အသိုင်းအဝိုင်း နှစ်ခုလုံးအတွက် ဘာတစ်ခုမှ အကျိုးမရှိ။ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးခဲ့ရရုံမျှမက ပူလောင်သော ဒေါသအာဃာတ တွေသာ ကျန်ရစ်ခဲ့သည်။ မည်သည့်အသိုင်းအဝိုင်း၏ အကျိုးစီးပွား မှမပါ။ အကျိုးပျက်ရာသာ ဖြစ်သည်။ ပွဲလန့် ဖျာခင်းလိုသူ အကြံသမားများ၏ အကျိုးစီးပွားမျှသာ ဖြစ်သည်။
ထို့ထက် ရခိုင်အရေးမှာ သမိုင်းဇာစ်မြစ်များနှင့် ဆိုင်သလို ပထဝီနိုင်ငံရေး နှင့်လည်း ပတ်သက်နေသည်။ မွန်မြတ်သော ဘာသာတရားကြီး နှစ်ခုကို ရည်ရွယ်ချက်ရှိရှိ ထိပ်တိုက် တွေ့စေခဲ့သော နိုင်ငံရေး ပရိယာယ်တွေလည်း ရှိနေပြန်သည်။ ပြီးတော့ ၂၁ ရာစု ခေတ်ရေစီးကို သမိုင်းဦး “သီယိုကရေစီ” (Theocracy) ဖြင့် ခုခံဆန့်ကျင်ဖို့ ကြိုးပမ်းနေသော စစ်အေးလွန် နိုင်ငံတကာ နောက်ခံအခင်းအကျဉ်း။ ဤသို့သော သပွတ်အူ ဇာတ်ရှုပ်ကြီးကို ကော်မရှင်က ချဉ်းကပ်မှု နှစ်မျိုးဖြင့် ကိုင်တွယ်လိုက်သည်ဟု နားလည်ရပါသည်။ “လူ့အခွင့်အရေး ချဉ်းကပ်မှု” (Human Rights Approach) နှင့် “အမျိုးသား အမှတ်အသား သရုပ်ဆိုင်ရာ ချဉ်းကပ်မှု” (National Identity Approach)
လူမျိုး၊ အသားအရောင်၊ ကိုးကွယ်သည့်ဘာသာ ဘယ်လိုပင်မတူ ခြားနားသည်ဖြစ်စေ၊ လူသည် လူပင်ဖြစ်ရာ “လူ့အခွင့်အရေး” ကို ပစ်ပယ်လို့ မရ။ တစ်ပြိုင်နက်တည်း မှာပင် “အမျိုးသားနိုင်ငံများ” အဖြစ် စုစည်းနေထိုင် ကြသော ပကတိအရှိ ကိုလည်း ဥပေက္ခာပြုလို့ မဖြစ်ပြန်ရာ။ “အမျိုးသား အမှတ်အသားသရုပ်” ကိုလည်း သိမှတ်လက်ခံ ကြရမည်သာဖြစ်ပါသည်။ ကော်မရှင်၏ ချဉ်းကပ်ပုံတွင် ဤသဘောနှစ်မျိုးလုံးနှင့် မလွတ်၍ ကျေနပ်မိသည်။
သမိုင်းဇာစ်မြစ်နှင့် ပထဝီနိုင်ငံရေး
ဆိုခဲ့ပြီးသည့်အတိုင်း ရခိုင်အရေးမှာ သမိုင်းဇာစ်မြစ်များနှင့် ဆိုင်သလို ပထဝီနိုင်ငံရေး နှင့်လည်း ဆက်စပ်နေသည်။ သမိုင်းဇာစ်မြစ် ဆိုရာတွင် ဟိုးရှေး အတီတေ၊ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းနေထိုင်မှု များနှင့် ဆိုင်သလို ကိုလိုနီစနစ်၏ ဆိုးမွေများမှာလည်း အရေးကြီးသည့် အခန်းမှ ပါဝင်နေသည်။ ထို့နောက် ဒုတိယကမ္ဘာစစ်၊ လွတ်လပ်ရေး ခေတ်ဦး စစ်ပွဲများ၊ အိုင်ဒီအိုလိုဂျီ အရှုပ်အထွေးများ၊ ပြည်တွင်းစစ်များ ...။ ပြီး လူဦးရေ တိုးပွားမှု အမြင့်ဆုံး နိုင်ငံတစ်ခုနှင့် ထိစပ်နေရာမှ အကြောင်းခံ ထွက်ပေါ်လာသော ပထဝီနိုင်ငံရေး ပြဿနာအချို့ ...။ ဤဖြစ်စဉ် ဖြစ်ရပ်များကို ကော်မရှင် အစီရင်ခံစာက တူးဆွ ဖော်ထုတ်ထားသည်ကို တွေ့ရသည်။
စာရေးသူအနေနှင့်မူ အမေရိကန်ပြည်ထောင်စု အပါအဝင် ယနေ့ ကမ္ဘာ့ထိပ်သီး နိုင်ငံများပင် စိုးရိမ်မကင်းဖြစ်နေကြရသော ပထဝီနိုင်ငံရေး ပြဿနာတစ်ခုနှင့် ဆက်စပ်စဉ်းစား နေမိသည်။ Border Land ကိစ္စဖြစ်ပါ သည်။ Border Land မှာ အိမ်နီးချင်းနိုင်ငံ နှစ်ခုကြားရှိသည့် နယ်မြေဖြစ်သည့်တိုင် သာမန် “နယ်စပ်ဒေသ” နှင့်မတူပါ။ သို့အတွက် “ထိစပ်နယ်မြေ” သို့မဟုတ် “နှစ်ဖက်ခွနယ်မြေ” စသဖြင့် ဘာသာပြန်လျှင် သင့်မည်လား စဉ်းစားမိသည်။
ခေတ်ပြိုင်အနာဂတ္တိ ဆရာတစ်ဦးဖြစ်သူ ဂျော့ဖရိုင်းမင်းက အဆိုပါ ထိစပ်နယ်မြေ များ၏ သဘောသဘာဝများကို ယခုလို ဖွင့်ဆိုဖူးသည်။ ထိစပ် နယ်မြေများမှာ
၁၊ ပိုင်ဆိုင်မှု အကြိမ်ကြိမ်အပြောင်းအလဲ ရှိသည့် ဒေသများ ဖြစ်သည်။
၂၊ သို့နှင့်အမျှ လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဓလေ့ မျိုးစုံ ရောယှက်နေတတ်သလို “အမျိုးသားရေးသစ္စာခံမှု” (National Loyality) အမျိုးမျိုးရှိသော လူများလည်း ရှိနေတတ်သည်။
၃၊ နိုင်ငံတစ်နိုင်ငံမှ အခြား နိုင်ငံတစ်ခုခုသို့ သမားရိုးကျ ရွှေ့ပြောင်းနေထိုင်မှု (Commentional Immigration) နှင့် ထိစပ်နယ်မြေ အတွင်း လူရွှေ့ပြောင်း နေထိုင်မှုမှာ သဘောသဘာဝချင်း မတူ။ သာမန်ရွှေ့ပြောင်း နေထိုင်သူများမှာ အမိမြေကို အပြီးတိုင် ကျောခိုင်းပြီး နယ်မြေသစ်တွင် ဒေသခံများနှင့် သဟဇာတဖြစ်အောင် နေလေ့ရှိသည်။ ထိစပ်နယ်မြေ အတွင်း ရောက်ရှိလာကြသူ များမှာ အမိမြေနှင့် အပြီးအပြတ် ဖြစ်သွားသည်မဟုတ်။ အမိမြေနှင့် မူလအသိုင်း အဝိုင်းကို ဒေသသစ်တွင် ဆွဲဆန့်လိုက်သည့် သဘောပင် ရှိသည်။
၎၊ သို့နှင့်အမျှ ဒေသတွင်း တင်းမာမှုများ ပေါ်ထွက်လာနိုင်သလို အဆင်မသင့်လျှင် “ပထဝီနိုင်ငံရေး အန္တရာယ်လမ်းကြောင်း” များပင် ဖြစ်သွားနိုင်သည်။
သမိုင်းကို ပြန်ကြည့်လိုက်သောအခါ ဖရိုင်းမင်း၏ ဖွင့်ဆိုချက်မှာ မှန်လောက်စရာ ရှိမည်ထင်သည်။ ဥပမာ-ပြင်သစ်နှင့် ဂျာမနီကြားရှိ “အဲလ်ဆက်နှင့် လော်ရိန်း” ထိစပ်နယ်မြေ အငြင်းပွားမှုမှ ဒုတိယကမ္ဘာစစ်ကြီး အထိ ဦးတည်သွားခဲ့ဖူးသည်။ ဒုတိယကမ္ဘာစစ် အပြီးတွင်လည်း အိန္ဒိယနှင့် ပါကစ္စတန်ကြားရှိ “ကက်ရှမီးယား” ထိစပ် နယ်မြေ ပြဿနာကြောင့် နှစ်နိုင်ငံ စစ်ဖြစ်ခဲ့ရသည်။ မနေ့တစ်နေ့ကမှ စစ်တလင်းဖြစ်ခဲ့ရသော “ကိုဆိုဗို” ဒေသဆိုလျှင်လည်း ဆားဗီးယားနှင့် အယ်လ်ဘေးနီးယား ကြားရှိ ထိစပ်နယ်မြေပင် ဖြစ်သည်။ ပြောရလျှင် ယနေ့ထက်တိုင် မီးခိုးအူနေ ဆဲဖြစ်သော ယူကေနှင့် အိုင်ယာလန်ကြားမှ “မြောက်ပိုင်း အိုင်ယာလန်”၊ ယူအက်စ်နှင့် မက္ကစီနယ်စပ် တစ်လျှောက်တို့မှာ အချိန်မရွေး ပေါက်ကွဲနိုင်သော ထိပ်စပ်နယ်မြေ များပင် ဖြစ်သည်။
စာရေးသူက ဘူးသီးတောင် မောင်တောဒေသမှာ ဖရိုင်းမင်း ဖွင့်ဆိုပြသော ဆိုခဲ့ပါ ထိစပ်နယ်မြေ သဘောသဘာဝတွေ အပြည့်ရှိလိမ့်မည် ထင်သည်။ သို့အတွက် ယနေ့ အမေရိကန်ပြည်ထောင်စု အနေနှင့် "ဟစ်စ်ပန်နစ်စိန်ခေါ်ချက်” ကို ဘယ်လိုပေါ်လစီ ခင်း၍ တုံ့ပြန်နေသည်ကို စိတ်ဝင်စားသည်။ စာရေးသူကြားရ ဖတ်ရသလောက် နယ်စပ်လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ကိုင်သည်။ (ဤအချက်ကိုတော့ ကော်မရှင်ကလည်း အကြံပြုထားသည်။) နောက်တစ်ဖက်မှ ကူးလာသူများကို ထိပ်စပ်နယ်မြေမှာ စုမထား၊ နိုင်ငံအနှံ့ ခွဲဖြန့်ပစ်သည်။ မြန်မာနိုင်ငံတွင် ဤနည်းနှင့် အလုပ် ဖြစ် မဖြစ် စဉ်းစားဖို့ လိုပါလိမ့်မည်။ ထိစပ်နယ်မြေ ပြဿနာကိုလည်း ထဲထဲဝင်ဝင် သုတေသန လုပ်စေချင်သည်။
လူသား၊ နိုင်ငံသား၊ တိုင်းရင်းသား
“စကားနောက် တရားပါ” ဆိုသလိုပင် စကားလုံးများ၏ နောက်ကွယ်တွင် သဘောထားများ၊ ရည်မှန်းချက်များ ရှိတတ်ကြပါသည်။ ယခု ရခိုင်အရေး တွင်လည်း စကားလုံး ပြဿနာက အတော်လေး ရှေ့ရောက်နေသည်။ အကဲဆတ်သည်။ သူ့အကြောင်းနှင့် သူဖြစ်ပါလိမ့်မည်။ နိုင်ငံတကာ မီဒီယာ အချို့နှင့် နိုင်ငံအချို့က ပဋိပက္ခအသွင် ဆောင်နေသော အသိုင်းအဝိုင်း တစ်ခုကို “ရိုဟင်ဂျာ” ဟု စွဲစွဲမြဲမြဲသုံးသည်။ ဤအတိုင်း သုံးစွဲရမည်ဟု ဖိအားပေးကြ သည်များပင် ရှိသည်။ အမည်နာမ နောက်ကွယ်မှ ငုတ်နေသော အကြံအစည်များကို တွက်ဆမိသူ များက လက်မခံနိုင်ကြပါ။ မြန်မာအစိုးရ ကိုယ်တိုင်ကလည်း လက်မခံပါ။ ဤသည်မှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ ပိုင်ခွင့်ပင် ဖြစ်သည်။
မြန်မာအစိုးရရော၊ ကော်မရှင်ကပါ “ဘင်္ဂါလီ” ဟူ၍သာ သုံးပါသည်။ စာရေးသူ တက်ဖူးသော နေပြည်တော်တွင် ကျင်းပသည့် ရခိုင်အရေး အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုတွင် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက အဆိုပါ “ဘင်္ဂါလီဆိုတော့ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်နဲ့ ပတ်သက်နေလို့ပါ” ဟု သူက အကြောင်းပြသည်။ ပတ်သက်ဆက်စပ်မှု ရှိ မရှိ အများသိဖြစ်သည့်တိုင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ ဆန္ဒဖြစ်နေ၍ သံခင်းတမန်ခင်း အရ လေးစားသင့်သည် ထင်ပါသည်။ ဤအကြောင်းကြောင့်လားမသိ။ သမ္မတကြီး ဦးသိန်းစိန်ကမူ (ယခုအချိန်ထိ) သူ၏နောက်ဆုံး မိန့်ခွန်းတွင် “ရခိုင်ပြည်နယ် အတွင်းမှာ မူလကရောက်ရှိနေကြတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သူများ” ဟု သုံးနှုန်းပြောဆိုသွားသည်။
ပွင့်ပွင့်လင်းလင်းဆိုရလျှင် စာရေးသူဘဝင် မကျလှပါ။ မြန်မာပြည် တစ်နံတစ်လျား ရှိနေကြသော အစ္စလာမ်ဘာသာဝင်များ စိတ်အနှောင့်အယှက် မဖြစ်စေချင်သောကြောင့် ဖြစ်သည်။ စာရေးသူ အလိုကျပြောရလျှင် “ရခိုင်ပြည်နယ်ရောက် နိုင်ငံမဲ့များ” ဟူ၍သာ ဆိုချင်သည်။
နိုင်ငံမဲ့ဖြစ်စေ၊ နိုင်ငံသားဖြစ်စေ လူသားတစ်ယောက်သာ ဖြစ်ရာ၊ လူ့အခွင့်အရေး ရှုထောင့်မှ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးရမည်သာ ဖြစ်ပါသည်။ ကော်မရှင်အစီရင်ခံစာ ကလည်း ဤအတိုင်းပင် အကြံပြုထားသည်။ နိုင်ငံတော်သမ္မတ ကိုယ်တိုင်ကလည်း ဤအတိုင်း ဆောင်ရွက်မည်ဟု အတိအလင်း ထုတ်ဖော်ပြောဆိုပြီး ဖြစ်သည်။ နိုင်ငံတကာမှ ဝိုင်းဝန်း ကူညီကြဖို့လည်း တာဝန်ရှိပါသည်။ အဆိုပါနိုင်ငံမဲ့ များထဲမှ နိုင်ငံသား ဖြစ်သင့်ဖြစ်ထိုက်သူ များကိုလည်း ဥပဒေနှင့်အညီ စိစစ်၍ နိုင်ငံသားအဖြစ် အသိအမှတ် ပြုရပါလိမ့်မည်။ နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးရ ပါလိမ့်မည်။ ဤအချက်ကိုလည်း ကော်မရှင်က အကြံပြုပြီး ဖြစ်သည်။ ဤနေရာတွင် ၁၉၈၂ နိုင်ငံသားဥပဒေကို ဝေဖန်ကြသည်များလည်း ရှိသည်။
ဒီမိုကရေစီစနစ်တွင် မကြိုက်ခွင့်၊ ဝေဖန်ခွင့်ရှိပါသည်။ သဘောထား ကွဲလွဲခွင့် ရှိပါသည်။ သို့တစေ ဒီမိုကရက်တစ် လုပ်ထုံးလုပ်နည်းများဖြင့် ကွဲလွဲကြဖို့ လိုပါလိမ့်မည်။ ၁၉၈၂ ဥပဒေမှာ တည်ဆဲတရားဝင် ဥပဒေဖြစ်ရာ၊ ကိုယ်မကြိုက်တိုင်း ပြင်ချင်သလို ပြင်လို့မရပါ။ ဒီမိုကရက်တစ် လွှတ်တော်သို့တင်ပြီး လွှတ်တော်မှ တစ်ဆင့်သာ ပြင်လိုရသည်ကို အများသိပြီးဖြစ်ပါသည်။
နိုင်ငံသားအခွင့်အရေးကို ကျော်၍ “ရိုဟင်ဂျာမှာ တိုင်းရင်းသား လူမျိုးစုတစ်ခု ဖြစ်သည်။ လူမျိုးစု အခွင့်အရေး ပေးပါ” ဆိုလျှင်ကား မီးခိုး မဆုံး၊ မိုးမဆုံး ငြင်းကြဖို့သာ ရှိတော့သည်။ ဤကိစ္စနှင့်ပတ်သက်လျှင် ရခိုင် အပါအဝင် မြန်မာ တိုင်းရင်းသားများ၊ မြန်မာပညာရှင်များ ဘက်မှလည်း ပြောစရာတွေ အပြည့် ရှိပါလိမ့်မည်။ နိုင်ငံတကာ မီဒီယာအားကိုးဖြင့် တစ်ဖက်သတ် ကျားကန် ပြောလို့မဖြစ်။ လက်ရှိ မြန်မာနိုင်ငံမှ ထုတ်ပြန်ထားသော လူမျိုးစုစာရင်းတွင် ရိုဟင်ဂျာ မပါချေ။ ဤအချက်ကို ငြင်းခုံနိုင်ပါသည်။ ငြင်းခွင့်ရှိပါသည်။ သို့တစေ အမိန့်ပေးခွင့်တော့ မရှိ။ ဇွတ်အမိန့်ပေးလျှင် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု၏ ပိုင်ခွင့်ကို ချိုးဖောက်ရာရောက်၍ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် ညီ မညီ စဉ်းစားကြဖို့ရှိသည်။
စာရေးသူအမြင်ကို ပြောရလျှင် အမုန်းမီးပွားများဖြင့် ပူလောင် တင်းမာနေကြသော အသိုင်းအဝိုင်း နှစ်ခုကြား ပြန်လည်ရင်ကြားစေ့နိုင်ဖို့ မနည်း ကြိုးပမ်းနေကြရသော ယခုလို အချိန်မျိုးတွင် “ရိုဟင်ဂျာ” ပြဿနာ ရှေ့တင်လာသည်ကိုက စဉ်းစားစရာ ဖြစ်နေသည်။ ပြေလည်ရေးလော ...၊ အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်ရေးလော ...။
စစ်အေးလွန် ဆက်စပ်အခြေအနေ
စစ်အေးတိုက်ပွဲ ဆုံးခန်းတိုင်သွားသောအခါ ကမ္ဘာကြီးမှာ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးသို့ ဦးတည် သွားလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့တိုင်အောင် မျှော်လင့်သလိုကား မဖြစ် “အစွန်းရောက် အကြမ်းဖက်ဝါဒ” ဆိုတာ နောက်ထပ်အန္တရာယ် အရိပ်မည်းကြီးနှင့် ရင်ဆိုင် လိုက်ရပြန်သည်။ ပို၍ ဆိုးသည်မှာ အဆိုပါ အရိပ်မည်းကြီးအနေနှင့် မြင့်မြတ်သော ဘာသာတရားကြီး တစ်ခုကို ရည်ရွယ်ချက်ရှိရှိ အသုံးချလာခြင်းပင် ဖြစ်သည်။ သို့အတွက် နိုင်ငံတကာ ဒီမိုကရေစီ အင်အားစုများနှင့် သဘောထား ပျော့ပျောင်းသော အစ္စလာမ်မစ်နိုင်ငံများ လက်တွဲ၍ အကြမ်းဖက်ဝါဒ အန္တရာယ်ကို ကာကွယ်ကြရပြန်သည်။ ယခုအခါဆိုခဲ့ပါ နိုင်ငံတကာ အကြမ်းဖက်မှုမှာ စစ်အေးပြီးခါစ ကလောက် အားကောင်းမောင်းသန် မရှိတော့သော်လည်း အဓိကဖွံ့ဖြိုးပြီး နိုင်ငံကြီးများကို ဦးတည် မတိုက်နိုင်တော့ သော်လည်း လုံးဝ ကျဆုံးသွားပြီဟူ၍ကား မဆိုနိုင်ပါချေ။ ပစ်မှတ်ပြောင်းသွားခြင်း မျှသာ ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် အစိုးရနှင့် လူထုကြား ယုံကြည်မှု ပျောက်နေသော နိုင်ငံများကို အဓိကချိန်ရွယ်ချက်ထားကာ စွက်ဖက်လာ ကြသည်။
ပြောရလျှင် စာရေးသူ အထူးစိုးရိမ်မကင်း ဖြစ်မိသည်မှာ ဆိုခဲ့ပြီးသော နိုင်ငံတကာ အကြမ်းဖက်ဝါဒ အန္တရာယ်ပင်ဖြစ်သည်။ ရခိုင်အရေး စတင်ကတည်းက ဤအန္တရာယ်ကို စိုးရိမ်တကြီး စောင့်ကြည့်နေမိသည်။ ယခုအချိန်အထိ တိကျသောအဆက်အစပ် အထောက်အထားများ မတွေ့ ရသေးသည့်တိုင် “မပြေးသော် ကန်ရာရှိ၊ ဒွေးနှစ်ဖော် သံဝါညှိ” ကြသည့် အစအန အချို့ကိုကား မြင်သလောက် မြင်နေရချေပြီ။ အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြိုးစားသည့် သတင်း။ တစ်ဆက်တည်း “မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်မည်” ဆိုသော ပြည်ပအဖွဲ့ အစည်းများ၏ ဂျီဟတ် လှုံ့ဆော်မှုများ...။ သမ္မတကြီး၏ ပြီးခဲ့သည့် မိန့်ခွန်းတွင်လည်း စိတ်ဝင်စားဖွယ်ရာ အချက်တစ်ခုကို သတိပြုမိသည်။ "...ယခင်ကာလ များက ရခိုင်ပြည်နယ်တွင်းမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာ ခေါင်းစဉ်နဲ့ ဝင်ရောက် လုပ်ကိုင်ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်း အချို့ရဲ့ လုပ်နည်းကိုင်နည်း အမှားများကြောင့် ပြဿနာများ ပိုမိုရှုပ်ထွေး နက်ရှိုင်းခဲ့တာ ဟာလည်း ငြင်းဆို၍ မရသည့် အမှန်တရား ဖြစ်ပါတယ်...” စသဖြင့်။
ဤတွင် “လုံခြုံရေး” ခေါင်းစဉ်အောက်မှ ပါဝါအမာများမှာ မလွဲမရှောင်သာ ရှေ့ရောက်ဖို့ လိုအပ် လာပါတော့သည်။ ပါဝါအမာများ၏ ဒဏ်သင့်မှုကို နှစ်ပေါင်းမြောက်မြားစွာ ခံခဲ့ရသူများ အနေနှင့် စိုးရိမ်ကြောင့်ကြမှုများ ရှိကြ သလို အစိုးရသစ် ကိုယ်တိုင်ကလည်း မိမိ၏ ပုံရိပ်ကို အတိတ်နှင့် အဆက်ပြတ် စေရေး အတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်လာသည်များ ရှိသည်။ သို့နှင့် အမျှ “လုံခြုံရေး” ဘက်မှ အားနည်းလစ်ဟာမှု များလည်း ရှိသလောက် ရှိခဲ့ရသည်။ မဖြစ်သင့်ဟု ထင်ပါသည်။ အစိုးရဖြစ်မှတော့ ပါဝါအမာများကို အကြွင်းမဲ့ ရှောင်လို့ ဖြစ်မည်မဟုတ်။ တစ်ခုတော့ရှိသည်။ “လုံခြုံရေးကို ထိပ်တင်ရင်း လွတ်လပ်မှုအချို့ကို စတေးခဲ့ရသည့်” အမေရိက၏ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အတွေ့အကြုံများမှ သင်ခန်းစာယူဖို့တော့ လိုပါလိမ့်မည်။ ပါဝါအမာနှင့် ပါဝါအပျော့တို့ကို ဟန်ချက်ညီညီ ပေါင်းစပ်ကျင့်သုံးဖို့ ဖြစ်သည်။
ဘာသာပေါင်းစုံ ဒိုင်ယာလော့ခ်
ကော်မရှင်အနေနှင့် ပေးသမျှ အခြေအနေတွင် အကောင်းဆုံး အကြံ ပြုခဲ့သည်မှာ မှန်သော်လည်း ပြဿနာ အပြီးအပြတ် ဖြေရှင်းရေးအတွက်မူ အချိန်ယူရဦးမည် ထင်ပါသည်။ ဤကာလအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလို ရေရှည် လုံးပမ်းအားထုတ်ရမည့် လုပ်ငန်းစဉ်တွေ မနည်းမနော ရှိပါ လိမ့်ဦးမည်။ ဤကိစ္စများနှင့် ပတ်သက်လျှင်လည်း ကော်မရှင်က ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် အကြံပြုထားသည်များ ရှိပါသည်။
ကော်မရှင် အကြံပြုချက်များအနက် စာရေးသူ အာရုံအငြိဆုံး တစ်ခုမှာ “အစိုးရအနေဖြင့် လူမှုရေးနှင့် ဘာသာရေးအဖွဲ့များနှင့် ပူးပေါင်းကာ Interfaith Dialogue များ ကျင်းပပေးပြီး နိုင်ငံသားများကြား မတူညီသော ကိုးကွယ်မှု ဘာသာရေး အကြောင်းများကို နားလည်မှုရှိအောင် ပြုလုပ်သွားသင့်ပါသည်” ဆိုသော အစီအစဉ်ဖြစ်သည်။ ပြီးခဲ့သော တမန်တော်မိုဟာမက် မွေးနေ့က မွတ်ဆလင်မိတ်ဆွေများ ဖိတ်ကြား၍ Interfaith Dialogue သဘောဆောင်သော အခမ်းအနားတစ်ခုကို စာရေးသူတက်ခဲ့ ဖူးသည်။ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ၏ မေတ္တာနှင့်ယှဉ်သော တရားဓမ္မများကို ကြားနာခွင့်ရခဲ့ရာ ကျက်သရေ မင်္ဂလာရှိလှသည်။ ကြည်နူးချမ်းမြ ဖြစ်ရသည်။
အမှန်စင်စစ် ဘာသာတရား အားလုံး၏ တူညီသော ရည်မှန်းချက်မှာ လူမှုဒုက္ခအပေါင်းမှ လွတ်မြောက်ရေး ဖြစ်ပါလိမ့်မည်။ ဘာသာတရား များသည် ပြဿနာမဟုတ်၊ ပြဿနာ ဖြေရှင်းရေးသာ ဖြစ်သည်။ ဘာသာတရား များ၏ မေတ္တာဓာတ်ဖြင့် ပြဿနာ အထွေထွေကို ငြိမ်းချမ်းစွာ ကျော်လွှား လွတ်မြောက်နိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ပါသည်။
ကျော်ဝင်း (၉-၅-၂၀၁၃)
The Voice Weekly
သူမရှိလျှင်
"It was important to me to leave an organization in the strongest possible shape and I believe I have done so."
"အဖွဲ့အစည်းတစ်ခုကို အခိုင်မာဆုံး ပုံစံအနေအထားမှာ ခွဲခွာသွားဖို့ ကျွန်တော့်အတွက် သိပ်အရေးကြီးပါတယ်။ ဒီလိုလုပ်နိုင်ခဲ့တယ် လို့လည်း ကျွန်တော် ထင်ပါတယ်"
မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်း မန်နေဂျာ အဲလက်စ်ဖာဂူဆန်
ဖာဂူဆန်သည် အင်္ဂလန်ဘောလုံး လောကတွင် အအောင်မြင်ဆုံး နည်းပြ၊ ၂၆ နှစ်တာ မန်ချက်စတာယူနိုက်တက် အသင်းကို ပဲ့ကိုင်ရင်း ဇယား အောက်ခြေမှ ထိပ်ဆုံးအသင်းတစ်သင်း ဖြစ်အောင် ဆွဲတင်နိုင်ခဲ့သူ၊ ဖလား များစွာ၊ ဆုများစွာ တို့ကို ပိုင်ဆိုင်ထားခဲ့သည့် ဖာဂူဆန်ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း နည်းပြစာရင်းတွင် ဘယ်သူရွေးရွေး ပါနေသူဖြစ်သည်။ သို့သော် ကျွန်တော် ပြောလိုသည်က အင်္ဂလန်အခြေစိုက် ကမ္ဘာကျော်၊ မြန်မာကျော် မန်နေဂျာ၊ ဆိုင်းမဆင့်ဗုံမဆင့် အနားယူသွား သည့်အခါ အသင်းပြောင်း အားပေးရတော့ မလားဟု မြန်မာနိုင်ငံမှ နာမည်ကျော် ဒုဝန်ကြီး တစ်ဦးကပင် ပြောခဲ့ရသူ ဖာဂူဆန် အကြောင်း၊ မန်ချက်စတာယူနိုက်တက် အကြောင်း၊ ဘောလုံး အကြောင်း မဟုတ်ပါ။ အဖွဲ့အစည်းကို အောင်မြင်အောင် သူလုပ်ဆောင်ခဲ့ သလို သူမရှိတော့ချိန် တွင်လည်း ဆက်လက်အောင်မြင်အောင် တည်ဆောက် ထားနိုင်ခဲ့ပြီးမှ သူထွက်ခွာနိုင်သည့် အတွက် ဂုဏ်ယူနေခြင်းကို ရေးလိုခြင်း ဖြစ်သည်။ တစ်နည်း “သူမရှိလျှင်” ဖြစ်သည်။
ထူးချွန်သော ခေါင်းဆောင်များ၊ အောင်မြင်သော ခေါင်းဆောင်များကို သူတာဝန်ယူနေသည့် အဖွဲ့အစည်း အောင်မြင်ခြင်းနှင့် တိုင်းကြောင်း အားလုံးအသိ။ သို့သော် ခေါင်းဆောင်တို့အတွက် အဆုံးစွန်သော မှတ်ကျောက်မှာ သူထားခဲ့သော အဖွဲ့အစည်း ဆက်လက်အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း ဖြစ်သည်။ ဆိုလိုသည်က သူမရှိလျှင် ဘာတွေဆက်ဖြစ်ကြသလဲ။
မည်သည့်နေရာတွင် မဆို ခေါင်းဆောင်သည် လိုအပ်သည်။ ခေါင်းဆောင် ပါလျှင် အရာရာ ပိုမို ပြီးမြောက်နိုင်သည်။ ခေါင်းဆောင်ဆိုသည်မှာ စင်ပေါ်တွင် တက်ရပ်နေရန်မလို၊ သရဖူ ဆောင်းရန်လည်း လိုချင်မှ လိုမည်၊ ဟိုးရှေ့ဆုံးတွင် မားမားမတ်မတ် ချီတက်ချင်မှ ချီတက်မည်၊ ခေါင်းဆောင်သည် ဉာဏ်ပညာ အကြီးဆုံးလည်း ဟုတ်ချင်မှဟုတ်မည်၊ ကိုယ်ကာယ အင်အား အကြီးမားဆုံး ဟုတ်ချင်မှ ဟုတ်မည်။ သို့သော် မိသားစုတွင်း၊ ကျောင်းတွင်း၊ အလုပ်တွင်း၊ နိုင်ငံတွင်းတွင် ခေါင်းဆောင်ရှိလျှင် ပိုကောင်းကြောင်း လူအများ အသွေးထဲ အသားထဲက သိသည်။ ထို့ကြောင့် နာမည်ကျော်၊ ခေါင်းဆောင်ကြီး တစ်ယောက်ယောက် အနားယူတော့မည် ဆိုလျှင်၊ သို့မဟုတ် ဆုံးပါးသွားလျှင် ထိုအဖွဲ့အစည်း၊ နိုင်ငံတို့ လှုပ်လှုပ်ရွရွ ဖြစ်သည်။
စတော့ရှယ်ယာဈေးကွက် တင်ထားသော ကုမ္ပဏီတို့ဆိုလျှင် နာမည်ကြီး၊ ဂုရု အမှုဆောင် အရာရှိချုပ် အနားယူတော့မည် သို့မဟုတ် သူနာမကျန်းဖြစ်သည် သတင်း ထွက်သည်နှင့် ကုမ္ပဏီ၏ စတော့တို့ ဈေးလှုပ်သွားတတ်သည်။
သို့သော် ထိပ်ပိုင်းခေါင်းဆောင် ပြောင်းသွားတိုင်းသာ ကျဆင်းရမည် ဆိုလျှင် ထိုအဖွဲ့အစည်း၏ အောင်မြင်မှုသည် ခေါင်းဆောင်သက်တမ်း တစ်ခုစာ သို့မဟုတ် ခေါင်းဆောင်၏ တစ်ဘဝစာသာ ဖြစ်နေလိမ့်မည်။ နာမည်အကျော်ဆုံး၊ အအောင်မြင်ဆုံး ခေါင်းဆောင်များလည်း တစ်ချိန်တွင် ထွက်ခွာကြရသည်။ အခြားအခြေအနေ များကိုသာ အန်တုနိုင်ချင် အန်တုနိုင်မည် သေမင်းကိုတော့ နိုင်ငံရေးခေါင်းဆောင်၊ စီးပွားရေးခေါင်းဆောင် ထိတ်ထိတ်ကြဲ မည်သူဖြစ်စေ လက်မြောက်အရှုံးပေးရမြဲ။ သံမဏိ အမျိုးသမီး ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၊ အမေရိကန်ကို အန်တုခဲ့သည့် ဗင်နီဇွဲလားခေါင်းဆောင် ချာဗက်စ်၊ ကမ္ဘာတွင် တီထွင်ဖန်တီးမှု အရာတွင် ဆရာတင်ရသည့် Apple ကုမ္ပဏီ ပူးတွဲတည်ထောင်သူ စတိဗ်ဂျော့ဘ်စ် တို့သည် သူတို့မရှိလျှင် မဖြစ်ဟု အခြားသူများကပင် အထင်ခံရသူများ။ သို့သော်လည်း သူတို့လည်း သွားမြဲတိုင်းလမ်းသို့ သွားကြရသည်။
အတော်ဆုံးသော ခေါင်းဆောင်တို့သည် မိမိမရှိလည်း အရှိန်မပျက် ဆက်သွားနိုင်အောင်၊ ဆက်အောင်မြင်နိုင်အောင် စီမံထားနိုင်ကြသည်။ လုပ်ငန်း၊ အဖွဲ့အစည်း၊ နိုင်ငံကို စနစ်တကျ တည်ဆောက်ထား ခဲ့နိုင်သောကြောင့် သူတို့ထွက်ခွာချိန်တွင် ရုပ်ပျက်ဆင်းပျက်မဖြစ်။ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် စနစ်ဖြင့် သွားသောကြောင့် လုပ်မြဲအတိုင်း လုပ်ကို လုပ်နိုင်သလို အသစ်ပေါ်လာသည့် စိန်ခေါ်မှုများ ကိုလည်း အဖွဲ့အစည်းသည် ဟန်မပျက် ရင်ဆိုင်နိုင်သည်။
လူသားအရင်းအမြစ်ကို စုဆောင်းမွေးမြူနိုင်ခြင်း၊ လည်ပတ်သည့် စနစ်ကို ချောမွေ့အောင် တည်ဆောက်နိုင်ခြင်း၊ တီထွင်ဖန်တီးမှုကို အားပေးခြင်း၊ သုတေသနတွင် ရက်ရက်ရောရော သုံးစွဲခြင်း၊ ခေါင်းဆောင်သစ်များပေါ် လာအောင် အားပေးခြင်း၊ ချီးမြှောက်ထိုက်သူကို ချီးမြှောက်သည့် ယဉ်ကျေးမှု ဖော်ဆောင်နိုင်ခြင်း တို့သည် ကြီးမြတ်သောခေါင်းဆောင်၊ တစ်ခေတ် တစ်ယောက် ခေါင်းဆောင်မျိုး မရှိတော့လျှင်ပင် ဆက်လက် လည်ပတ်စေနိုင် သည့် အကြောင်းရင်းများ ဖြစ်သည်။ သူမရှိလျှင်လည်း ဖြစ်ကြသည့် ခေါင်းဆောင်များသည် ထိုအချက်များကို ဂရုထား ဖြည့်ဆည်း ပေးကြသည်ကို တွေ့ရသည်။
အချို့ခေါင်းဆောင်များသည် သူမရှိလျှင် မဖြစ်သည်ကို အလွန်ဂုဏ်ယူ တတ်သည်။ “ကျွန်တော်မရှိရင် သူတို့ဘာမှ မလုပ်တတ်တော့ဘူး”၊ “ကျွန်တော် ရှိမှ ဖြစ်တာ” ဟူသော စသော စကားတို့ကို ထိုသူတို့ တွင်တွင် ပြောတတ်ကြ သည်။ “မရှိလျှင် မဖြစ်” သည်မှာ အရေးပါသည့်သဘော၊ သူမရှိနေလျှင် လုပ်ငန်း မလည်ပတ်တော့သည့် သဘောဖြစ်နေသောကြောင့် သူလုပ်နိုင်ကိုင် နိုင်သည်မှာ ထင်ရှားနေသည်။ သို့သော် နောက်ထပ် ထင်ရှားသည်က သူသည် ခေါင်းဆောင်မှုအရာတွင် ထိပ်ဆုံးသို့မူ မရောက်သေး၊ လိုနေသေးကြောင်း ဖြစ်သည်။ သူသာ လုံးဝမရှိတော့လျှင် ကို အသာထား၊ သူခဏလေး မရှိလျှင်ပင် ဖြစ်အောင် မလုပ်နိုင်သေး။ “ငါမရှိရင် မဖြစ်ဘူး” ဆိုသည့် ခေါင်းဆောင်များသည် ကိုယ့်အထုပ်ကိုယ် ဖြေပြနေသူများသာ ဖြစ်သည်။ သူတို့သည် မရှိလျှင်လည်း ဖြစ်အောင် လုပ်မထားသူများဖြစ်သည်။
ခေါင်းဆောင်နှင့် သူ့အဖွဲ့သားများအကြား ဉာဏ်ပညာ၊ စွမ်းဆောင် ရည်၊ ဆင်ခြင်တုံတရား အလွန်ကွာဟ နေသောကြောင့် ထိုသို့ ခေါင်းဆောင်က ညည်းတွားခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် ထိုခေါင်းဆောင်က “ငါမရှိလျှင် မဖြစ်” ဟု ဂုဏ်ယူပြီး ပြောနေသည်ဆိုလျှင် သေချာပြီ၊ သူသည် အဖွဲ့အစည်း ကို တည်ဆောက်နိုင်ခြင်း မရှိ သို့မဟုတ် တည်ဆောက်မနေသူ ဖြစ်သည်။
ကျွန်တော်တို့နိုင်ငံတွင် မရှိလျှင်မဖြစ်သော ခေါင်းဆောင်များ များပြား လေ့ရှိသည်ကို မြင်တွေ့ရသည်။ အဖွဲ့အစည်းများသည် ခေါင်းဆောင်ကြီး ပျောက်သည်နှင့် ဒုက္ခရောက်တတ်ကြသည်။ ထူးခြားသော ခေါင်းဆောင် ရှိနေချိန်တွင် တရိပ်ရိပ်တက် အောင်မြင်နေတတ်ပြီး ထိုခေါင်းဆောင် ကွယ်လွန်၊ နုတ်ထွက်၊ နာမကျန်းတော့ သည်နှင့် အဖွဲ့အစည်းလည်း ဗုန်းဗုန်း မြေသို့ကျသည်။ မိဘလက်ထက်တွင် လျှမ်းလျှမ်းတောက် သော်လည်း သားသမီးလက်ထက်တွင် သာမန်ကာလျှံကာ ဖြစ်နေသည် မျိုးလည်း တွေ့ရသည်မှာ ထူးပြီးမဆန်းတော့ပါ။ အတိအကျ စာရင်းကောက်ထားခြင်းမျိုး မရှိသော်လည်း ထိုသို့ “သူမရှိလျှင်” မဖြစ်သည်များမှာ များလှသောကြောင့် အမျိုးသားရေး စရိုက်လက္ခဏာ တစ်ခုပင် ဖြစ်နေသလားဟု ထင်မိသည်။
“သူမရှိလျှင်”သည် ရေရှည်ခံအဖွဲ့အစည်းနှင့် ကောက်ရိုးမီး အဖွဲ့အစည်း တို့ကို ပိုင်းခြားထားသော မျဉ်းဖြစ်သည်။ မြန်မာနိုင်ငံရှိ လုပ်ငန်းတိုင်း အဖွဲ့အစည်းတိုင်းတွင် “သူမရှိလျှင်” ကို ကြိုတင်ပြင်ဆင် အဖြေရှာထားနိုင် မှသာ ရေရှည်ခရီးကို ချီတက်နိုင်လိမ့်မည်။
ဇေယျသူ
The Voice Weekly
နောက်ဆုံးရ သတင်း အပုဒ် (၅၀)
Sponsors
Most Reading
အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ
အင်္ဂလိပ်သတင်းများ
သတင်းစာနှင့် ဂျာနယ်များ
Sidebar One
မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။
သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com