http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တောင်ငူတွင် ဆန်ကြမ်းပြတ် ရန်ကုန်မှ ပြန်သွင်း

တောင်ငူ၊ သြဂုတ် ၆
အစဉ်အလာ ဆန်ဈေးကွက် စီးဆင်းမှု အနေအထားအရ ရန်ကုန်သို့သာ တင်ပို့လေ့ရှိသော ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင်မှ ထွက်ရှိသော ဆန်ကြမ်းများကို မူဆယ် ဈေးကွက်သို့ စုပုံ တင်ပို့နေခြင်းကြောင့် တောင်ငူ ဈေးကွက်တွင် ဆန်ကြမ်း ပြတ်လပ်ပြီး ရန်ကုန်မှ တစ်ဆင့် ပြန်လည် တင်သွင်းနေ ရကြောင်း တောင်ငူမြို့နယ် စပါး ပွဲစားကြီးများနှင့် ဆန် ကုန်သည်ကြီးများက The Voice သို့ ပြောကြားသည်။

ကုန်သည်များ လက်ထဲတွင် စပါးနှင့် ဆန် နည်းလာချိန် ဆန်ကြမ်း ပြတ် လာသဖြင့် ဧရာဝတီ တိုင်းဒေသကြီးမှ ထွက်သည့် ဆန်ကြမ်းများ ရန်ကုန်ဈေးကွက်မှ တစ်ဆင့် အလုံးအရင်းဖြင့် တောင်ငူ ဈေးကွက် သို့ ပြန်လည် တင်ပို့လာကြောင်း တောင်ငူမြို့ ဘုရားလမ်း လမင်း ဆန်ပွဲရုံ ပိုင်ရှင် ဦးသိန်းလွင်က ပြောကြားသည်။

ပြီးခဲ့သည့် လများက ထန်းတပင်၊ ဇရပ်ကြီး၊ ဖြူး၊ ညောင်ပင်သာနှင့် ကညွှတ်ကွင်း ဒေသတို့မှ တောင်ငူ ဈေးကွက်သို့ နေ့စဉ် ဆန်အိတ်ပေါင်း ၁၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး အထက်အညာ ဒေသများနှင့် မူဆယ်မှ တစ်ဆင့် တရုတ်ပြည် ဈေးကွက်သို့ တစ်ရက်လျှင် ဆယ်ဘီးယာဉ် သုံးစီးမှ ငါးစီးအထိ ပြန်လည် တင်ပို့ခဲ့ရသော တောင်ငူမြို့တွင် လက်ရှိ၌ စားသုံးရန် ဆန်ကြမ်းကိုပင် ရန်ကုန် ဈေးကွက်မှ နေ့စဉ် အိတ်ရေ ၈၀၀ မှ ၁၀၀၀ အကြားကို ပြန်လည် တင်သွင်းနေရကြောင်း တောင်ငူမြို့ခံ ဆန်စပါး ကုန်သည်ကြီးများနှင့် ဆန်စက် ပိုင်ရှင်များက ပြောကြားသည်။

ဆန်ကြမ်းကို ယခုကဲ့သို့ ရန်ကုန်မှ ပြန်လည် တင်သွင်းနေရသဖြင့် ဇူလိုင်လ တွင် သုခ (ရှယ်) ဆန်ကြမ်း တစ်အိတ် ကျပ် ၁၉,၅၀၀ ခန့်မှ သြဂုတ်လ ၄ ရက်နေ့တွင် ငွေကျပ် တစ်ထောင်ကျော် မြင့်တက်ခဲ့ပြီး လက်ရှိတွင် ၂၁,၅၀၀ ကျပ်ဖြင့် လည်းကောင်း ဧရာမင်း (ရှယ်) တစ်အိတ်လျှင် ကျပ် ၂၃,၀၀၀မှ ယခု ကျပ် ၂၄,၀၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း တောင်ငူမြို့ (၁၉) ရပ်ကွက်နေ ဆန်ကုန်သည် ဦးသက်နိုင်က ပြောကြားသည်။

တောင်ငူ ဈေးကွက်တွင် သုခအုပ်စုနှင့် ဧရာမင်း အုပ်စု စပါးတင်း တစ်ရာကို ကျပ် ငါးသိန်းပေးကာ ဝယ်ယူသော်လည်း လက်ရှိတွင် တောင်သူလက်ထဲ စပါး လက်ကျန် မရှိ၍ ဝယ်မရကြောင်း တောင်ငူမြို့ ဆန်ကုန်သည်ကြီး များနှင့် ဆန်စက် ပိုင်ရှင်ကြီးများထံမှ စုံစမ်း သိရှိရသည်။

ဇူလိုင်လအတွင်း ပြည်တွင်းမှ ထွက်ရှိသော ဆန်ကို နယ်စပ် လမ်းကြောင်းမှ ဆန်တင်ပို့မှုခွင့်ပြုခဲ့သဖြင့် တောင်ငူ ဈေးကွက်မှ ဆန်ကို တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့ခဲ့ရာ ယွမ်ငွေဈေး မြင့်မားနေခြင်း ကြောင့် မူဆယ် ဈေးကွက်တွင် ဆန်ကြမ်းများ ပုံကာ ပြည်တွင်း စားသုံးမှုကို ယခုကဲ့သို့ ထိခိုက်လာ သည့် အတွက် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်ကြီး များ အသင်းအနေနှင့် ဆန်တင်ပို့မှု စနစ်ကို ပြန်လည် သုံးသပ်စေ လိုကြောင်း တောင်ငူမြို့ခံ ဆန်စပါး ကုန်သည်ကြီး အချို့က အကြံပြု ပြောကြားသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဆန်စပါး အထူးပြု ကုမ္ပဏီပေါင်း ၅၂ ခုမှ နယ်စပ်ဒေသနှင့် ရန်ကုန် မြို့တော်မှ တစ်ဆင့် ဆန်တန်ချိန် ၁,၃၉၉,၈၂၉ ဒသမ ၄၅၂ တန် တင်ပို့ ရောင်းချခဲ့ကြောင်း၊ ပဲခူးတိုင်း ဒေသကြီး တွင် နွေစပါး စိုက်ဧက ၈၈၄,၀၁၁ ဧက၊ မိုးစပါး စိုက်ဧက ၁၇၁,၇၇၃ ဧက စုစုပေါင်းစိုက်ဧက ၁,၀၅၅,၇၈၄ ဧက ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်ကြီးများအသင်း ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း ဥက္ကဋ္ဌ ဦးမောင်မောင်ကျော်က ပြောကြားသည်။
The Voice Weekly

ဗိုလ်ချုပ်ရုပ်ရှင်အတွက် ထုတ်လုပ်မှုအကြံပေး မစ္စစ်ကိတ်ဂျိမ်း(စ်) မြန်မာနိုင်ငံ သို့ ရောက်ရှိ

Wednesday, August 07, 2013
ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရန်အတွက် သြစတြေးလျမှ ထုတ်လုပ်မှု အကြံပေး မစ္စစ် ကိတ်ဂျိမ်း(စ်)သည် မြန်မာနိုင်ငံတို့ ဇူလိုင် ၅ ရက်တွင် ရောက်ရှိလာကြောင်း ဦးသူရ(ခေါ်) ဇာဂနာက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ရိုက်ကူးရန်အတွက် ၎င်းသည် ကုန်ကျစရိတ်တွက်ချက်မှုများ၊ ဆက်တင် အခမ်းအနားပြင်ဆင်ရာတွင် သက်သာသော ကုန်ကျစရိတ်များဖြစ်စေရန်နှင့် ရုပ်ရှင်ရိုက်ကူးရာတွင် ပါဝင်သရုပ်ဆောင်မည့်သူများကို အပြီးသတ်ရွေးချယ်နိုင်ရေး အတွက် ဆွေးနွေးညှိနှိုင်းရန် လာရောက်ခြင်းလည်း ဖြစ်သည်။

ဇာဂနာက “သူနဲ့ အဆက်အသွယ်ရတာ ရှစ်လလောက် ရှိပါပြီ။ သူက နိုင်ငံတကာက ရိုက်ကူးရေးတွေမှာ အကြံပေးအနေနဲ့ လုပ်ကိုင်နေရတော့ လုံးဝမအားတဲ့အတွက် အချိန်ရရင် ထုတ်လုပ်မှုမှာ အကူအညီပေးဖို့ ကမ်းလှမ်းထားတာပါ။ သူ့အနေနဲ့ ရုပ်ရှင်တစ်ကား ရိုက်ကူးတော့မယ်ဆိုရင် ရိုက်ကူးမယ့်ဇာတ်ဝင်ခန်းတွေကို နေရာဒေသ အလိုက် အသေးစိတ် တွက်ချက်ပေးပါတယ်။ အဲဒီလိုတွက်ချက်ပေးတော့ ထုတ်လုပ်ရေးအပိုင်းမှာ ကုန်ကျမယ့် ကုန်စရိတ်တွေ အများကြီးသက်သာသွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို မြန်အောင် ဇာတ်ညွှန်းရေးပေးတယ်။ ဇာတ်ညွှန်းက ရိုက်ကွင်းပေါ်မှာ လည်း ပြင်ရတာရှိတယ်။ အဲဒီအဖွဲ့ကို အလုပ်လုပ်လို့ရအောင် ကြားကနေပြီး ပေါင်းစပ်ပေးတယ်။ တတိယတစ်ချက်က ဒါရိုက်တာအဖွဲ့ကို အလုပ်လုပ်လို့ အဆင်ပြေအောင် အာဏာပိုင်တွေနဲ့ တင်ပြမှုတွေအတွက် ဆောင်ရွက်ပေးတယ်။ ဥပမာ- ဂျပန်၊ ယိုးဒယားတွေဆီကို သွားရိုက်မယ်ဆိုရင် တင်ပြရမယ့် အကြောင်းအရာတွေကို လုပ်ပေးရတာမျိုးပေါ့။ အရေးကြီးဆုံးအချက်က ပိုက်ဆံရဲ့အသုံးပြုမှုအပိုင်းကို တွက်ချက်ဖော်ပြပေးတာပါ” ဟု ဆိုသည်။

ဒါ့အပြင် သူသည် ရုပ်ရှင်ရိုက်ကူးရေးတွင် ပါဝင်သည့် အစိတ်အပိုင်းများဖြစ်ကြသည့် Pre-Production၊ Production၊ Post Production အပိုင်းများတွင်လည်း အသေးစိတ် ဆောင်ရွက်ပေးရ မည် ဖြစ်သည်။ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် ဒါရိုက်တာများသည် ဇာတ်ဝင်ခန်း၏ အသုံးပြုမည့်အခန်းနှင့် အတူ နိုင်ငံအလိုက် ရိုက်ကူးသွားမည့်အစီအစဉ်များကို ဆွေးနွေးကြ မည် ဖြစ်သည်။

ဗိုလ်ချုပ်ဇာတ်ကား ရိုက်ကူးရန်အတွက် ကုန်ကျစရိတ်များကို ဒေါ်အောင်ဆန်း စုကြည်က ကုန်ကျခံမည် ဖြစ်သည်။

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် ရွေးချယ်ထားသူများအား ပြင်သစ်နိုင်ငံမှ ဆရာများဖြင့် သင်ကြားလျက်ရှိပြီး ဗိုလ်ချုပ်နေရာတွင် ကမ္ဘောဇအသင်းမှ ကျော်ကျော်မျိုးက သရုပ်ဆောင်မည် ဖြစ်သည်။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နေရာတွင် သင်းမြတ်နန္ဒာလှိုင်နှင့် ပုသိမ်မှ အခြားတစ်ယောက်အား သြဂုတ် ၆ ရက်တွင် ထုတ်လုပ်မှုအကြံပေး မစ္စစ်ကိတ်ဂျိမ်း(စ်)က အကဲဖြတ်ရွေးချယ်မည် ဖြစ်သည်။

ရိုက်ကူးမှုအတွက် ဆက်တင်များ ဖန်တီးလုပ်ကိုင်ရန် လိုအပ်သည့်အတွက် ဂျာမနီနိုင်ငံမှ Studio နှင့် ယိုးဒယားမှ Studio တို့ကို ကမ်းလှမ်းထားကြောင်း ကော်မတီမှ တာဝန်ရှိသူက ဆိုသည်။
Mizzima News

တပ်ရင်းမှူးက အရပ်သားကို ဆဲဆိုရိုက်နှက်မှု ကာချုပ်ထံ တိုင်မည်

၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
August 6, 2013
ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့နယ်ခွဲ အခြေစိုက် အမှတ် (၃၄၄) တပ်ရင်းမှူးက အရပ်သားတဦးကို ဆဲဆို ရိုက်နှက်သည့်အတွက် ကုန်းပြင် ရဲစခန်း၌ အမှုဖွင့်ထားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့လည်း တိုင်ကြားမည်ဟု သတင်းရရှိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်းက ကားသမား ကိုစိုးလှိုင်သည် ငါးသိုင်းချောင်းမြို့မှ ရခိုင်ပြည်နယ် ဂွမြို့သို့ Light Truck ကားဖြင့် ခရီးသည်နှင့် ကုန်စည်များ တင်ဆောင် မောင်းနှင်လာခဲ့ရာ မြောက်စန်းကျေးရွာ အရောက်တွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီး လူ ၂ ဦးက လမ်းကြောအလယ် ပိတ်ဆို့၍ မောင်းနှင်နေသဖြင့် ဟွန်းတီး၍ လမ်းတောင်းခဲ့ကြောင်း၊ ဆိုင်ကယ်သမားက ဖယ်ရှားမပေးဘဲ ၅ မိနစ်ခန့် ဆက်လက် မောင်းနှင်နေသည့် အတွက် ကျော်တက်ရာမှ ပြဿနာ ပေါ်ပေါက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်က ကျနော့်ကားနဲ့ ထော်လာဂျီ ကြားထဲကနေ ကျော်တက်သွားတယ်။ ပြီးတော့ လမ်းလယ်ခေါင် ယာဉ်ကြောကနေ ပိတ်မောင်းနေတော့ ကျနော်က ဟွန်းအကြိမ်ကြိမ်တီးပြီး လမ်းတောင်းတယ်။ မဖယ်ပေးဘူး။ ဖြည်းဖြည်းပဲ နောက်က မောင်းပြီး လိုက်တာ ၅ မိနစ်လောက် ကြာတယ်။ မဖယ်ပေးတော့ လမ်းကျယ်တဲ့ နေရာရောက်တော့ ကျနော်က ဘေးကနေ ကျော်တက်ပြီးတော့ စိတ်တိုနေတာနဲ့ မင်းတို့ ***လို မောင်းနေတာလားလို့ ဆဲလိုက်မိတယ်။ အဲဒီမှာ ဆိုင်ကယ်ကို ကျနော့် ကားရှေ့မှာ ပိတ်ရပ်ပြီးတော့ ကားထဲမှာ ထိုင်နေတဲ့ကျနော့်ကို ပါးပိတ်ရိုက်ပြီး မင်းငါ့ကို ဘာမှတ်နေလဲ။ ငါတပ်ရင်းမှူးကွလို့ ပြောတယ်” ဟု ကားသမားကိုစိုးလှိုင်က ပြောသည်။

ထိုသို့ ရိုက်နှက်ခံနေသည့်အတွက် ကားသမား ကိုစိုးလှိုင်နှင့် ခရီးသည်များကပါ တောင်းပန်သော်လည်း တပ်ရင်းမှူး ဗိုလ်မှူး စိုးမြင့်က မကျေနပ်ဘဲ ကားမောင်းလိုင်စင်နှင့် ကားလိုင်စင်များကိုပါ အဓမ္မ သိမ်းဆည်းသွားခဲ့ကြောင်း အခင်းဖြစ်ပွားချိန်တွင် ကားပေါ်၌ အတူလိုက်ပါခဲ့သူ ကိုစိုးလှိုင်၏ဇနီး မနှင်းဆီက ပြောသည်။

သူက ဆက်လက်၍ “တပ်ရင်းမှူးက မေးတယ်။ မင်း ဘယ်က ကားလဲဆိုတော့ ကျနော် ငါးသိုင်းချောင်းက ကားပါလို့ ကိုစိုးလှိုင်က ပြန်ဖြေတယ်။ အဲဒီမှာ အမေတွေ နှမတွေ အကုန်တပ်ပြီး ဆဲတော့တာပဲ။ ကျမက တပ်ရင်းမှူးမှန်း မသိလို့ပါဆိုပြီး လက်အုပ်ချီပြီး တောင်းပန်တယ်။ ကိုစိုးလှိုင်ကလည်း တောင်းပန်တယ်။ ဒါပေမယ့် မရဘူး။ သူက ကားတံခါးကို ဆွဲဖွင့်ပြီး ပေးစမ်း မင်းရဲ့ လိုင်စင်တွေ ၀ှီးတက်တွေဆိုတော့ ကိုစိုးလှိုင်က ပိုက်ဆံအိတ်ထဲကနေ ထုတ်နေတုန်း အိတ်ကို အတင်း လုယူပြီး လိုင်စင်နဲ့ ၀ှီးတက်ကို ယူထားပြီး ပိုက်ဆံအိတ်ကို လွှင့်ပစ်လိုက်တယ်။ ပြီးတော့ မင်းတို့ကားကို ၅၆၂ တပ်ကို ဖမ်းခိုင်းထားလိုက်မယ်လို့ ပြောတာနဲ့ ကျမတို့လည်း နောက်ကြောင်း ပြန်လှည့်လာပြီးကုန်းပြင်ရဲစခန်းမှာ ၀င်ပြီး အမှုဖွင့်ခဲ့တာ” ဟု ပြောသည်။

အဆိုပါ အမှုအား ရေကြည်မြို့နယ် ကုန်းပြင်ရဲစခန်းက ပြစ်မှု နံပါတ် – ၁၅/၂၀၁၃ ဖြင့် လက်ခံ၍ အမှုဖွင့်ပေးထားပြီး တပ်ရင်းမှူး ဗိုလ်မှူး စိုးမြင့်အား ပုဒ်မ ၂၉၄ (ဆဲဆိုမှု)၊ ၃၂၃ (နာကျင်စေမှု) တိုဖြင့် ကားသမား ကိုစိုးလှိုင်က တရားလိုပြုလုပ်၍ အမှုဖွင့်ထားကြောင်း စုံစမ်းသိရှိရသည်။ ကိုစိုးလှိုင်၏ တိုင်တန်းမှုကြောင့် ကုန်းပြင်ရဲစခန်းက ခလရ (၃၄၄) တပ်ရင်းမှူးအား စခန်းသို့ ခေါ်ယူ၍ လိုအပ်သည်များ မေးမြန်းစစ်ဆေးခဲ့ပြီး တပ်ရင်းမှူးကလည်း ကိုစိုးလှိုင်အား ပုဒ်မ ၂၉၄ (ဆဲဆိုမှု)ဖြင့် တန်ပြန် အမှုဖွင့်ထားကြောင်း ကုန်းပြင် ရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။

“စခန်းက ချက်ခြင်း အမှုဖွင့်ပေးခဲ့ပြီး ကိုစိုးလှိုင်ကိုလည်း ကုန်းပြင်ဆေးရုံမှာ ညတွင်းချင်း ဆေးစစ်ချက် ယူခိုင်းခဲ့တယ်။

တပ်ရင်းမှူးကိုလည်း စခန်းကိုခေါ်ပြီးတော့ ရဲလုပ်ထုံးအရ စစ်ချက်နဲ့ သက်သေခံ ပစ္စည်းသိမ်းယူတာတွေ လုပ်တယ်။ အခုက တရားခံက စစ်သား ဖြစ်နေတော့ တရားလို တရားခံ စစ်ချက်တွေနဲ့ သက်သေတွေ ပေါ်ပေါက်ချက်တွေ ရယူပြီးတာနဲ့ သူ့

သက်ဆိုင်ရာတပ်ကို အကြောင်းကြားတာတွေ လုပ်ပေးမယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

ရဲစခန်းက တပ်ရင်းမှူးထံမှ သက်သေခံ ပစ္စည်းအဖြစ် ကိုစိုးလှိုင်ထံမှ သိမ်းယူသွားသည့် ကားမောင်းလိုင်စင်နှင့် ကားလိုင်စင်၊ ဆိုင်ကယ် စီးနင်းစဉ်က ၀တ်ဆင်ခဲ့သည့် အရပ်သား ၀တ်စုံတို့ကို သိမ်းဆည်းထားကြောင်း သိရသည်။

“ဖြစ်သွားတဲ့ ကိစ္စက တပ်ရင်းမှူး တယောက်အနေနဲ့ လူသား တယောက်အပေါ်မှာ လူသားမဆန်တဲ့ ဆက်ဆံမှုမျိုး လုပ်ဆောင်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ ဒီကိစ္စကို သက်ဆိုင်ရာ ကာချုပ် အထိ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အထိ ကျနော်တို့ တင်ပြပြီးတော့ အရေးယူ ဆောင်ရွက်ပေးဖို့ တွန်းအားပေးသွားမှာ ဖြစ်ပါတယ်” ဟု ပုသိမ်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက် (HRWDN) အဖွဲ့ဝင် ဦးထွန်းရွှေက ပြောသည်။

ဒီမိုကရေစီ အပြောင်းအလဲကာလတွင် ယခုကဲ့သို့ ဖြစ်ရပ်များမှာ တပ်မတော်နှင့် ပြည်သူကြား အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု ပိုမို ကျဆင်းစေကြောင်း ပုသိမ်အခြေစိုက် အမျိုးသား ဒီမိုကရေစီကွန်ရက်မှ ဒေါက်တာ သန်းထိုက်က ပြောသည်။

“ဒီဖြစ်ရပ်ကို ကြည့်ပြီးတော့ တပ်မတော်သားတွေဟာ အခုထက်ထိ သူတို့ကိုယ်သူတို့ အခွင့်ထူးခံ လူတန်းစားအဖြစ် ခံယူ နေသလားလို့ ကျနော် သံသယ ရှိပါတယ်။ လမ်းတောင်းတာကို လမ်းမပေးဘဲ ညစ်ပြီးတော့ မောင်းတာကိုက သူတို့ကိုယ်သူတို့ အခွင့်ထူးခံဆိုတဲ့ သဘောမျိုး ခံယူသုံးသပ်ပုံရတယ်” ဟု ဆိုသည်။

သူ့ရဲ့ရာထူးကို ဖော်ပြပြီးတော့ ကိုယ်ထိလက်ရောက် ရိုက်တယ်ဆိုတာက လူမှုရေး ရှုထောင့်အရရော၊ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲ နိုင်ငံရေး အခင်းအကျင်းအရပါ လက်ခံလို့ မရပါဘူး” ဟု ဒေါက်တာ သန်းထိုက်က ဆက်ပြောသည်။

ယင်းသို့ တပ်ရင်းမှူး၏ ရိုက်နှက်ခံရသည့် ဖြစ်စဉ်ဖြစ်ရပ်နှင့် ပတ်သက်ပြီး ကိုစိုးလှိုင်နှင့် ဇနီးဖြစ်သူ မနှင်းဆီတို့က ပုသိမ်မြို့ရှိ အမျိုးသား ဒီမိုကရေစီ ကွန်ရက်ရုံးခန်းတွင် သြဂုတ်လ ၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်ကာ မီဒီယာများ၊ လူမှုကွန်ရက်များနှင့် စိတ်ပါဝင်စားသည့် ပြည်သူများသို့ ရှင်းပြခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က ပုသိမ်လေတပ် စခန်းဌာနချုပ်မှ ဗိုလ်ကြီး ဖြိုးပြည့်အောင် ကိုယ်ပိုင်အမှတ် (လေ – ၃၂၆၂) က နေအိမ်ရှေ့တွင် ကားလာရပ်သည့် ဦးမျိုးဝေနှင့် ဇနီးဖြစ်သူအား ရိုက်နှက်ခဲ့သဖြင့် အဆိုပါ ဗိုလ်ကြီးအား တပ်မတော်က ခုံရုံးဖွဲ့ စစ်ဆေး၍ အပြစ်ပေး အရေးယူရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။
ဆလိုင်းသန့်စင်
ဧရာဝတီ

ပြည်ပပညာတော်သင် စရိတ်ငြိမ်းစေလွှတ်မည်


ရန်ကုန်၊ သြဂုတ် ၆
ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် တို့တွင် ပညာသင်ကြားကြမည့်ကျောင်း သားကျောင်းသူများကို ကမ္ဘာ့တက္ကသိုလ် ၁ဝ ခုကျော်က ပညာသင်ဆု များပေး အပ်သွားမည်ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေး မှူးချုပ်က ဆိုသည်။

နှစ်ပေါင်း ၂ဝ နီးပါးခန့် ဘွဲ့ကြို သင်တန်းများ မဖွင့်လှစ်ခဲ့သည့် ရန် ကုန်နှင့် မန္တလေးတက္ကသိုလ်နှစ်ခုကို ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်တွင် ပြန် လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ အဆို ပါတက္ကသိုလ်နှစ်ခုတို့တွင် တက်ရောက် ကြမည့် ကျောင်းသားကျောင်းသူများ ထဲမှ ထူးချွန်သူများကို စေလွှတ် မည် ဖြစ်သည်။

ထိုသို့စေလွှတ်ရာတွင် ရန်ကုန် နှင့် မန်းတက္ကသိုလ်မှ ဘွဲ့ရပြီးမှမဟုတ် ဘဲ ပထမနှစ်တွင်ဖြစ်စေ၊ ဒုတိယ နှစ်တွင်ဖြစ်စေထူးချွန်ပါက စေလွှတ် သွားမည့်အစီအစဉ်ဖြစ်ပြီး လူဦးရေ ကန့်သတ်ထား ခြင်းမရှိပေ။

”တကယ့်ကို ထူးချွန်သူတွေကို ဝင်ခွင့်လက်ခံမှာဖြစ်တဲ့အတွက် သူတို့ လည်း ပြုစုပျိုးထောင်လိုတယ်ဆိုပြီး အပြိုင်အဆိုင်ကမ်းလှမ်းကြတာ”ဟု ၄င်းက ဆက်ပြောသည်။

၂ဝ၁၃ ခုနှစ် ပညာသင်နှစ်အ တွက် တက္ကသိုလ်ဝင်ခွင့်စိစစ်ရေးအဖွဲ့ က ဘာသာရပ်တစ်ခုစီ၌ ၁၅ ဦးစီဖြင့် ရန်ကုန် နှင့်မန္တလေးတက္ကသိုလ်တို့တွင် စုစုပေါင်း ၃ဝဝ ဦးစီ လက်ခံသင်ကြား ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ဘာသာရပ် ၂ဝ ကို ဝင်ခွင့်ရမှတ် အမြင့်ဆုံး ၅ဝဝ မှ ၄၃ဝ နှင့်အထက်ဟု ဘာသာရပ်တစ်ခုချင်းစီအပေါ် အ ရည်အချင်းသတ်မှတ်ေ ကြာင်း   ဖော်ပြ ပေးထားသည်။

တောင်ကိုရီးယား၊ ဂျပန်၊ အမေ ရိကန်၊ ထိုင်းနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတို့ဆီသို့ စေလွှတ်မည်ဟုသိရသည်။

”တော်ရင်တော်သလို ပညာသင် ဖို့ လွှတ်သွားမှာ။ တို့တွေကတော့ အများကြီးကို စေလွှတ်ချင်တာပဲ”ဟု ၄င်းက ထပ်လောင်းဆိုသည်။

 သိပ္ပံထူးချွန်၊ ဝိဇ္ဇာထူးချွန်တို့ထဲမှ ထူးချွန်သူကို ရွေးချယ်ခြင်းဖြင့် ပြည်ပ သို့စေလွှတ်မည့်အစီအစဉ်အပြင် ရန် ကုန်နှင့်မန္တလေးတက္ကသိုလ်တို့၌ တက် ရောက်ခွင့်ရကျောင်းသား/သူများကို တစ်လလျှင်ကျပ်တစ်သိန်းစီ ပညာသင် ထောက်ပံ့ကြေးကိုပါ ထည့်သွင်းထား ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

ပြည်ပသို့ စေလွှတ်ခံရသူကိုလည်း ၄င်းတက်ရောက်ရမည့် တက္ကသိုလ်နှင့် နိုင်ငံက ကုန်ကျစရိတ်အဝဝကို တာ ဝန်ယူမည်ဖြစ်သည်။
မင်းသုအောင်
Popular Myanmar News Journal

ဘကကျောင်းဆရာ၊ ဆရာမများအတွက် ပထမဆုံး အစိုးရထောက်ပံ့ငွေ သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများထံ စတင်ပေးပို့

ရန်ကုန်၊ သြဂုတ် ၃
ဘကဆရာများအတွက် ပြီးခဲ့သည့် သုံးလစာကို သြဂုတ်လအတွင်း စုပေါင်း ထောက်ပံ့နိုင်ရန်သာသနာရေးဝန်ကြီးဌာန ကတိုင်းဒေသကြီးနှ င့် ပြည်နယ်အသီးသီး တို့ရှိဘကကျောင်းများ ကြီးကြပ်ရေးအဖွဲ့ တို့ထံ စတင်ပေးပို့နေပြီဟု သိရသည်။

အစိုးရ၏ ထောက်ပံ့မှုမရဘဲ ဘုန်း တော်ကြီးများကသာ ထောက်ပံ့ပေးနေရ သောဘကကျောင်းဆရာ၊ ဆရာမ တို့ကို ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် တွင် နိုင်ငံတော် က လစဉ်ထောက်ပံ့ငွေပေးမည်ဖြစ်ရာ ပြီးခဲ့သော ဧပြီ၊ မေ၊ ဇွန် သုံးလစာအတွက် ယခုမှစတင်ကာပေးပို့ခြင်းဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူး ဦးမောင်နီက ပြောသည်။

”ဝေးကွာတဲ့နေရာတွေ အထိဆို တော့ သုံးလစာထောက်ပံ့မှုကို ဘကဆရာ တွေ ဒီလထဲမှာပဲ ရရှိကြမှာပါ” ဟု ၄င်းက ပြောသည်။

 ထောက်ပံ့ငွေကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ဘကကျောင်းများ ကြီးကြပ် ရေး အဖွဲ့၊ ထိုမှ မြို့နယ်ကြီးကြပ်ရေးမှူး တို့ဆီသို့ သွား၍ ဘက ကျောင်း အုပ်  ချုပ်သူတို့ထံ ရောက်ရှိမည်ဖြစ်ကြောင်း ပြီးမှသာ ဘကဆရာ၊ ဆရာမတို့က ထောက်ပံ့ငွေရမည်ဟု ဦးမောင်နီက ဆက်ပြောသည်။

 ယခုနှစ်တွင် ဘကဆရာများကို တစ်ဦးလျှင် ၄င်းတို့ သင်ကြားရသည့် အတန်းစဉ်အလိုက် ထောက်ပံ့ငွေ ၃၆ဝဝဝ ကျပ်မှ အများဆုံး ၄၅ဝဝဝ ကျပ် စီ ရရှိမည်ဖြစ်ရာ ကနဦးစာရင်းအရ ဆရာ၊ ဆရာမ ၆၅ဝဝ ကျော်ရှိပြီး ဘက ကျောင်းပေါင်း ၁၄ဝဝကျော်တွင် တာဝန် ထမ်းဆောင်နေကြကြောင်း သာသနာ ရေးဝန်ကြီးဌာနစာရင်းအရ သိရသည်။

”ထောက်ပံ့ငွေ ၁ နှစ်လုံးစာ အ တွက် ငွေကျပ် ၃ ဘီလျံနိုင်ငံတော် ဆီက အသုံးစရိတ်ရထားပါတယ်” ဟု ဦးမောင်နီက ထပ်လောင်းပြောသည်။

   ပဲခူးမြို့ရှိ ဘုန်းတော်ကြီးသင် မူလ တန်းလွန်ကျောင်း အုပ်ချုပ်ရေးဆရာတော် က ထောက်ပံ့ငွေပေးမှုကြောင့်  လစဉ် တွေးပူရသော အခက်အခဲ အတွက် အသက်ရှူချောင်ရသည်ဟု မိန့်သည်။

သာသနာရေးဝန်ကြီးဌာနက ယခု သြဂုတ်လ ကုန်ပိုင်းမှ စကာ လစဉ် ထောက်ပံ့ငွေပေးနိုင်ဖို့ တိုင်းဒေသကြီး၊ ပြည်နယ်တို့ထံ အချိန်မီပေးပို့သွား ရန် စီစဉ်ထားပြီးဖြစ်ကြောင်း ပေါ်ပြူလာ နယူးစ်သို့ ဆိုသည်။

ပညာရေးဌာန၏ ထုတ်ပြန်မှုအရ ဘကကျောင်းများတွင် မူလတန်းမှစကာ အထက်တန်းအထိ ကျောင်းသား၊ ကျောင်းသူ ၂၅ဝဝဝဝ ကျော်က ပညာ သင်ယူနေသည်ဟု သိရသည်။
Popular Myanmar News Journal

တစ်နေ့တည်း၌ ဆွဲကြိုးချသေဆုံးမှု သုံးခုဖြစ်ပွား

ရန်ကုန်၊ သြဂုတ် ၆။
သြဂုတ်လ ၅ရက်နေ့တွင် အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့၌ မနက် ၃နာရီမှ နေ့လည် ၁၂နာရီ အတွင်း ဆွဲကြိုးချသေဆုံးမှု သုံးခု ဖြစ်ပွားခဲ့ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲဌာနမှ သိရသည်။

မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်း ရပ်ကွက်တွင် အသက်နှစ်ဆယ့်တစ်နှစ်အရွယ် သေဆုံးသူသည် နံနက် ၃နာရီခန့်တွင်နေအိမ်အမြင့် (၁၀)ပေခန့်မြင့်သော ထုတ်တန်းတွင် လျှပ်စစ်ဝါယာကြိုးဖြင့် ဆွဲကြိုးချသေဆုံးခဲ့ခြင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ဘလုတ်ညွှန့်ရပ်ကွက်တွင်း နေထိုင်သူသည် နံနက်ခြောက်နာရီခန့်၌ ၎င်းနေအိမ်ဘေးရှိ အမြင့်(၅)ပေခန့်ရှိသော သစ်သားတန်းတွင် ကြိုးဆွဲချ
သေဆုံးခဲ့ခြင်း၊ အင်းစိန်မြို့နယ်အတွင်း သေဆုံးမှုမှာ အသက် (၅၆)နှစ် အရွယ်ရှိ၍ နေ့လည် ဆယ့်နှစ်နာရီခန့်တွင် နေအိမ်တွင် တစ်ယောက်တည်း ရှိနေစဉ် အရက်သောက်၍ ဂယောင်ခြောက်ခြားဖြစ်ကာ အမြင့်(၆)ပေခန့်ရှိသော သစ်သားတန်းတွင် လျှပ်စစ်မီးကြိုးအားချဉ်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးမှု ဟုတ်/မဟုတ်အား သက်ဆိုင်ရာ ရဲဌာနများမှ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

ရှစ်လေးလုံး ရန်ပုံငွေအတွက် ရေးဆွဲသည့် ပန်းချီကား ကျပ်ငွေ ၂၈ သိန်းရရှိ

2013-08-04
ရှစ်လေးလုံးနှစ်ပတ်လည် ငွေရတုအခမ်းအနားအတွက် ရန်ပုံငွေရှာဖွေဖို့ ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ကျင်းပရာမှာ ပန်းချီဆရာကြီး ဦးဝင်းဖေ ရေးဆွဲထားတဲ့ ရှစ်လေးလုံး အရေးတော်ပုံအထိမ်းအမှတ် ပန်းချီကားကို လေလံတင်ရောင်းချခဲ့သလို အနုပညာရှင်တွေကလည်း ကူညီရောင်းချပေးခဲ့ပါတယ်။
အဲဒီရန်ပုံငွေပွဲနဲ့ ပတ်သက်ပြီး အထိမ်းအမှတ်ပစ္စည်း လာရောက်ဝယ်ယူသူတစ်ဦးက သူရဲ့အမြင်ကို အခုလိုပြောပါတယ်။
"ဝမ်းလည်းသာတယ်၊ ဝမ်းလည်းနည်းတယ်၊ သတင်းစာတွေထဲမှာ တွေ့ကထဲက ဒီကိုလာချင်တာ၊ ကလေးတွေကို သွားအားပေးမယ်၊ အမှတ်တရပစ္စည်းတွေကို နောင်လာနောင်သားတွေကို ပြချင်လို့ပါကွယ်"

ဒီကနေ့ပြုလုပ်တဲ့ အမှတ်တရပစ္စည်းရောင်းချပွဲကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမင်းကိုနိုင၊် ကိုကိုကြီးတို့နဲ့အတူ အနုပညာရှင်တွေဖြစ်တဲ့ လူမင်း၊ ရာဇာနေဝင်း၊ ရွှေမှုံရတီတို့ကလည်း အမှတ်တရ ပစ္စည်းဝယ်ယူသူတွေကို လက်မှတ်ရေးထိုးပေးခဲ့ကြပါတယ်။
ပန်းချီဆရာ ဦးဝင်းဖေ ရေးဆွဲလှူဒါန်းတဲ့ ရှစ်လေးလုံးအထိမ်းအမှတ် ပန်းချီကားဟာ ကျပ်ငွေ ၂၈ သိန်းနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။

RFA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်

သြဂုတ်လ ဒုတိယအပတ်တွင် ကြယ်မိုးရွာမည်

ကြယ်မိုးရွာမှု ဖြစ်စဉ် (သို့) ဥက္ကာပျံ အစုအခဲငယ်များ ကမ္ဘာမြေပေါ်သို့ ပြာအဖြစ် ကျရောက်ခြင်း ဖြစ်စဉ်သည် သြဂုတ်လ ဒုတိယအပတ်တွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ပြောကြားသည်။

အဆိုပါ ကြယ်မိုးရွာမှု ဖြစ်စဉ်သည် တစ်နှစ်လျှင် အနည်းဆုံး ခြောက်ကြိမ်မှ ရှစ်ကြိမ်အထိ ဖြစ်ပေါ်လေ့ရှိပြီး ယခု သြဂုတ် ၁၂ ရက်တွင် ဖြစ်ပေါ်မည့် ဖြစ်စဉ်ကို မြန်မာနိုင်ငံမှ မြင်တွေ့နိုင်မည် ဖြစ်ကြောင်း၊ သြ ဂုတ် ၁၂ ရက် ည ၁၀ နာရီကျော် အချိန်တွင် မြန်မာနိုင်ငံ၏ အရှေ့မြောက် အရပ်တွင် အလင်းရောင် ၂၃ ရာခိုင်နှုန်းဖြင့် မြင်တွေ့နိုင်ကြောင်း သိရသည်။

''ဖြစ်စဉ်ဖြစ်တဲ့နေ့က လကွယ်နေ့ မဟုတ်တဲ့အတွက် ကောင်းကင်မှာ အလင်းရောင် ၂၃ ရာခိုင်နှုန်း ရှိနေမယ်။ မိုးမရွာဘဲ ရာသီဥတု ကောင်းရင် မြင်ရမယ်။ ည ၁၀ နာရီကျော်ကနေ နံနက်အာရုံတက်ချိန်အထိ မြင်တွေ့နိုင်တယ်'' ဟု ဦးဇေယျာကိုက ဆိုသည်။

ကြယ်မိုးရွာခြင်းများကို ဇန်န၀ါ ရီ ၂ ရက်မှ ၃ ရက်၊ ဧပြီ ၂၀ ရက်မှ ၂၂ ရက်၊ မေ ၄ ရက်မှ ၆ ရက်၊ သြဂုတ် ၁၀ ရက်မှ ၁၃ ရက်၊ အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်နှင့် ၁၈ ရက်မှ ၂၃ ရက်၊ နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်၊ ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ရက်များအကြား ဖြစ်ပေါ်တတ်ကြောင်း သိရသည်။

''ဒီဖြစ်စဉ်ကြောင့် ကြီးမားတဲ့ သက်ရောက်မှုတွေ မရှိပေမယ့် တစ်ခါတစ်ရံမှာ ကြီးမားတဲ့ ဥက္ကာပျံခဲ၊ အရှိန်ပြင်းတဲ့ ဥက္ကာပျံခဲတွေ ကမ္ဘာပေါ်ကို ကျရောက်နိုင်တယ်'' ဟု ၎င်းက ပြောကြားသည်။
Eleven Media Group

အသေခံဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် အာဖဂန်စစ်တပ်၏ လုံခြုံရေးစွမ်းရည်အပေါ် မေးခွန်းထုတ်နေကြ

အာဖဂန်နစ္စတန်နိုင်ငံ ဂျလာလာဘတ်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဖဂန်စစ်တပ်၏ လုံခြုံရေးစွမ်းရည်အပေါ် စိုးရိမ်နေကြကြောင်း သြဂုတ် ၅ ရက်က အေအက်ဖ်ပီသတင်း ဌာနမှဖော်ပြထားသည်။

ယင်းဖြစ်ရပ်ကြောင့် အနောက်နိုင်ငံစစ်တပ်များ ရုပ်သိမ်းတော့မည့် ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် တိုင်းပြည် လုံခြုံရေးအား လက်တွေ့တာဝန်ယူရတော့မည့် အာဖဂန်၏စွမ်းရည်အပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

“ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်,နှစ်လောက်က သူတို့ရဲ့အရည်အသွေးတွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ သူတို့ တွေအများကြီး တိုးတက်လာပါပြီ။လူအများထောက်ခံမှုကို ရရှိစေတဲ့ စစ်ဆင်ရေးတွေကို သူတို့ဆင်နွှဲနေ ပါပြီ” ဟု နိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့ (ISAF) ၏ တပ်မှူးဟောင်းဖြစ်သူ ဂျွန်အယ်လန်က ပြောကြား လိုက်သည်။

“သူတို့အနေနဲ့ လုံးဝဥဿုံအဆင်သင့်မဖြစ်သေးပေမယ့် တာဝန်တွေလွှဲပြောင်းရယူဖို့တော့ အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော်တို့ကတော့ အာဖဂန်အမျိုးသားလုံခြုံရေးတပ်တွေကို တိုးတက်မှုရှိစေဖို့အတွက် အကြံဉာဏ်ပေးတာတွေ၊ ကူညီထောက်ပံ့တာတွေ ဆက်လက်လုပ်ဆောင်သွားပါမယ်” ဟု ၎င်းကထပ်မံ ပြောကြားသည်။

ယခုကဲ့သို့သော တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိသော်လည်း တာလီဘန်အုပ်စိုးသည့် နိုင်ငံ တစ်နိုင်ငံအဖြစ် ပြန်လည်ဖြစ်လာနိုင်ဖွယ်မရှိဟု အာဖဂန်နစ္စတန်ဆိုင်ရာ နေတိုးအဖွဲ့၏တပ်မှူးဟောင်း ဂျွန်အယ်လန်က ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်မှာ အာဖဂန်နိုင်ငံအရှေ့ပိုင်း ဂျလာဘတ်မြို့ရှိ အိနိ္ဒယကောင်စစ်ဝန်ရုံးအား ဦးတည်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး လူပေါင်းကိုးဦးထက်မနည်းသေဆုံးခဲ့ရာ အများစုမှာ ကလေးသူငယ်များ ဖြစ်ကြသည်။

နိုင်ငံတကာတပ်များ၏ ထောက်ပံ့ကူညီမှုများမှာ ၂၀၁၄ ခုနှစ် နောက်ပိုင်းအထိသာဖြစ်ပြီး၊ အထူးသဖြင့် အမေရိကန်မှ ၎င်း၏တပ်အင်အားလျှော့ချမည်ဖြစ်သည်။ ယင်းသို့လျှော့ချခြင်းမှာ ၀ါရှင်တန်နှင့်ကဘူးလ် အစိုးရအကြားနီးကပ်သည့် လုံခြုံရေးသဘောတူညီချက်စတင်မည့် အချိန်တွင် ဖြစ်သည်ဟု ဗိုလ်ချုပ် အယ်လန်ကဆိုသည်။
Mizzima - News in Burmese, AFP

နယူးဇီလန်နှင့် သြစတြေးလျထုတ် နို့မှုန့်များ တင်သွင်းခွင့် တရုတ် ပိတ်ပင်

ဘေဂျင်း၊ သြဂုတ် ၅
တရုတ်နိုင်ငံထုတ် ကလေးနို့မှုန့်များတွင် လူကို အန္တရာယ် ဖြစ်စေသော မယ်လမင်းဓာတ် ပါဝင်ခဲ့ခြင်းကြောင့် ပြည်တွင်းထုတ် နို့မှုန့်များထက် ပြည်ပ ထုတ် နို့မှုန့်များကို အဓိက ဝယ်ယူစားသုံးနေသော တရုတ်တွင် နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံထုတ် နို့မှုန့် အချို့တွင် ကျန်းမာရေးကို ထိခိုက်စေသော ဗက်တီးရီးယားများ ပါဝင်နေခြင်းကြောင့် တရုတ်သို့ တင်သွင်းခွင့်ကို ပိတ်ပင်လိုက်ကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသို့ တင်ပို့သော နို့မှုန့်များတွင် ၉၀ ရာခိုင်နှုန်းမှာ နယူးဇီလန်ထွက် ပစ္စည်းများဖြစ်ရာ ယခုကဲ့သို့ နယူးဇီလန်နိုင်ငံထွက် နို့မှုန့်များကို တရုတ်သို့ တင်သွင်း ရောင်းချခွင့် ပိတ်ပင်သည့် ကာလ ရှည်ကြာပါက တရုတ်နိုင်ငံ တွင် နို့ထွက်ပစ္စည်း ရှားပါးမှု ဖြစ်လာနိုင်ကြောင်း စီးပွားရေး ပညာရှင်များ က ပြောကြားသည်။

နို့ထွက်ပစ္စည်း တင်ပို့ ရောင်းချရာတွင် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီဖြစ်သော နယူးဇီလန်ရှိ Fonterra Group ကုမ္ပဏီက ၎င်းကုမ္ပဏီထုတ် နို့ရည်ကြည် ပရိုတင်းပစ္စည်း အတွဲ သုံးခုတွင် အဆိပ်သင့်ဝေဒနာ ခံစားရနိုင်သည့် ဗက်တီးရီးယားပိုး ပါသွားခဲ့ကြောင်း စနေနေ့က ထုတ်ပြန် ကြေညာခဲ့သည်။

သို့သော် အဆိုပါ နို့ရည်ကြည် ပရိုတင်းပစ္စည်း အတွဲ သုံးတွဲမှာ ၎င်းကုမ္ပဏီထုတ် နို့ထွက်ပစ္စည်း များတွင် သုံးစွဲရန် မဟုတ်ဘဲ အခြား အစားအစာ ထုတ်လုပ်သည့် ကုမ္ပဏီများသို့ ရောင်းချရန်ဖြစ် ကြောင်း၊ သို့သော် အဆိုပါ နို့ရည်ကြည် ပရိုတင်းများကို ပြန်လည် သိမ်းဆည်း မည် ဖြစ်ကြောင်း နယူးဇီလန် အခြေစိုက် Fonterra Group နို့နှင့် နို့ထွက် ပစ္စည်း ရောင်းချသည့် ကုမ္ပဏီက ပြောကြား သည်။

အဆိုပါ ဗက်တီးရီးယားပိုး (botulism) သည် လူကို သေစေနိုင်ပြီး ယင်းအစားအစာကို စားပြီးသည့် နောက် ၃၆ နာရီအတွင်း ရောဂါ လက္ခဏာ ပြလေ့ရှိကာ သွက်ချာပါဒဖြစ်ခြင်း၊ အသက်ရှူလမ်းကြောင်း အန္တရာယ်ဖြစ်ခြင်း ဝေဒနာကို ကြုံတွေ့ရနိုင်ကြောင်း အမေရိကန် အမျိုးသား ကျန်းမာရေး အင်စတီကျုက ပြောကြားသည်။

နို့ထွက်ပစ္စည်း လုပ်ငန်းမှာ နယူးဇီလန် နိုင်ငံ၏ အဓိက ပင်မလုပ်ငန်း တစ်ခု ဖြစ်ပြီး နို့ထွက်ပစ္စည်း ကဏ္ဍမှ နှစ်စဉ် အမေရိကန် ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံ ထိ ဝင်ငွေ ရရှိလျက်ရှိရာ နယူးဇီလန် စုစု ပေါင်း ပြည်တွင်း ထုတ်ကုန်၏ ၃ ရာခိုင်နှုန်း ရှိသည်။

တရုတ်နိုင်ငံတွင် ၂၀၀၈ ခုနှစ်က ကလေး နို့မှုန့်များတွင် လူကို အန္တရာယ် ဖြစ်စေသော မယ်လမင်းဓာတ် ပါဝင်ခြင်းကြောင့် ကလေး ၁၀ ဦးကျော်ခန့် သေဆုံးခဲ့ရပြီး ထောင်ပေါင်းမျာစွာ ဆေးရုံတင် ကုသခဲ့ရသည်။

အဆိုပါ ဖြစ်ရပ်တွင် Fonterra Group က တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သော တရုတ် Sanlu အုပ်စု စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်သူများ၊ ပတ်သက်နေသူ ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး နှစ်ဦးကို သေဒဏ် ပေးခဲ့သည်။
The Voice Weekly

လက်ပံတောင်း ဒေသ ရွာတွေကို ညဘက် စီးနင်း

ဇီးတော၊ဆည်တဲကျေးရွာ သန်းခေါင်ကျော် စီးနင်း
6 သြဂုတ်လ 2013
 သြဂုတ်လ ၆ ရက် သန်းခေါင်ကျော် ၁ နာရီ နဲ့ ၂ နာရီ အကြား မှာ လက်ပံတောင်း ဒေသ ဇီးတော၊ ဆည်တဲ ကျေးရွာတွေ ကို လုံခြုံရေး တွေ က ကားတွေ နဲ့ ရောက်လာပြီး စီးနင်း ရှာဖွေ ဖမ်းဆီးတယ်လို့ ဇီးတော စမ်းမြဝတီ ကျောင်းတိုက် ဆရာတော် က ဘီဘီစီ ကို မိန့်ပါတယ်။

ဇီးတော ရွာ ကို အရင်ဝင်စီးခြင်းမှာ ရွာက အင်အား နည်းသလို ဘုန်းကြီးကျောင်းရှိ သံဃာတော် နဲ့ တည်းခိုနေတဲ့ ကျောင်းသားတွေ ကို ဖမ်းဆီး လိုတဲ့ အတွက် ဖြစ်တဲ့ အကြောင်း၊ ရွာသား ၂ ဦး ကို လည်း ဖမ်းဆီးသွားတဲ့ အကြောင်း၊ ရွာသား ၂ ဦး ကတော့ လက်ထိပ် နဲ့ ပြန်လည် လွတ်မြောက် လာပုံ ကို ရွာခံ ဆရာတော် က ဘီဘီစီ ကို မိန့်ပါတယ်။

လက်ပံတောင်း အရေးကိစ္စ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ကိုဟန်ဝင်းအောင် က လည်း လုံခြုံရေး တပ်ဖွဲ့ အင်အား ၃ဝဝ ခန့်နဲ့ ရွာတွေ ကို ဝင်ရောက်စီးနင်း ရာမှာ ရွာသားတွေ ကို ရိုက်နှက် ဖမ်းဆီးပြီး စစ်ကားပေါ် တင်သွားတဲ့ အကြောင်း၊ ကားစင်းရေ ၂၅ စီးဖြစ်ပုံ ဘီဘီစီ ကို ပြောပါတယ်။

ထွက်ပြေး လွတ်မြောက်သွားသူ တွေ က ဆည်တဲ ရွာဘက် ပြေးကြတဲ့ အကြောင်း၊ ရွာသား ၄ ဦး ခန့် ပျောက်ဆုံးနေပုံ ရှင်းပြပါတယ်။ ဆည်တဲ အပြင် တုံရွာ သားတွေ ကိုလည်း ဖမ်းဖို့ လုပ် လို့ ရွာခံတွေက သံချောင်းခေါက် အချက်ပေး ပြီး ခုခံမှု ပြုဖို့ ပြင်ဆင် ကြပုံ ကို ကိုဟန်ဝင်းအောင် ကရှင်းပြ ပါတယ်။

ရွာသားတွေ ဘက် က မကြေနပ်ချက် က ကြေးနီစီမံကိန်း အပေါ် စုံစမ်းရေး ကော်မရှင် ရဲ့ ဆုံးဖြတ်ချက် ကို မဆောင်ရွက်ပေး သလို စီးပွားရေး ဆိုင်ရာ အကျိုးခံစားခွင့် လည်း ပွင့်လင်းမြင်သာမှု မရှိတဲ့ အကြောင်း လည်း ကိုဟန်ဝင်းအောင် က ဘီဘီစီ ကို ရှင်းပြ ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ရန်ကုန်-နေပြည်တော်ပွဲ ရန်ဖြစ်သူများကို ဗီဒီယို အထောက်အထားဖြင့် အရေးယူမည်

ဓါတ်ပုံ google
ရန်ကုန်၊ သြဂုတ် ၅
မြန်မာနေရှင်နယ်လိဂ် ဘောလုံးပွဲ၏ ရန်ကုန်-နေပြည်တော်ပွဲ၌ အချင်းများ ခဲ့သည့် နှစ်ဖက် ကစားသမားများနှင့် ရန်ပြု တိုက်ခိုက်ခဲ့သည့် ပရိသတ် အချို့ကို ဗီဒီယို အထောက်အထားများဖြင့် စုံစမ်း ဖော်ထုတ် အရေးယူသွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုက ပြောကြားသည်။

သြဂုတ်လ ၄ ရက်၊ ညနေ ၆ နာရီတွင် ရန်ကုန်-နေပြည်တော် ပွဲ၌ ပြဿနာ ဖြစ်ပွားအောင် ဖန်တီးခဲ့သည့် နှစ်ဖက် ကစားသမားများ အပါအဝင် ပြဿာနာရှာ ရန်ပြုခဲ့သည့် ပရိသတ်များကို စုံစမ်းဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အရေးယူမည်ဆိုလျှင် အိမ်ရှင် ဖြစ်သော နေပြည်တော် အသင်းကိုသာ အရေးယူမည် ဖြစ်ကြောင်း ပွဲမစခင် ရက်အနည်းငယ်က နေပြည်တော် အသင်း ပရိသတ်များကို စည်းကမ်းတကျ အားပေးစေရန် ထိန်းသိမ်းရေး မေတ္တာရပ်ခံစာကို နေပြည်တော်အသင်းထံ ပို့ထား ပြီး ဖြစ်ကြောင်း မြန်မာ နေရှင်နယ်လိဂ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ မှ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောကြား သည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ယင်းကိစ္စနဲ့ ပတ်သက်၍ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီကို တာဝန်ပေးခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

“ကော်မတီကို တာဝန်ယူဖို့ ပြောခဲ့ရင်တော့ ကွင်းထဲက ပျက်စီးသွားတဲ့ တန်ဖိုးတွေကို အကုန် ပေးလျော်ခိုင်းမှာပါ။ အဆင့်အတန်းရှိရှိ လုပ်ထား တာကို ဖျက်ဆီးခဲ့လို့ပါ။ ပေါင်းလောင်းကွင်း မဟုတ်ဘူး၊ SEA Games အတွက် ရည်ရွယ်ထားတဲ့ ကွင်းပါ” ဟု ဦးခင်မောင်ထွေးက ဆိုသည်။

နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ သည့် နေပြည်တော် အသင်းနှင့် ရန်ကုန်အသင်းတို့၏ ရာသီပိတ်ပွဲတွင် ပရိသတ်နှင့် ကစားသမားများ အချင်းများခဲ့သော ကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းမှုများ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ လုံခြုံရေး အားနည်းခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ဒါပေမဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့ကို လုံခြုံရေး တောင်းခံပါသေးတယ်။ မရခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။

ရန်ကုန်နှင့် နေပြည်တော်ပွဲတွင်ရန်ကုန်ပရိသတ် နှစ်ထောင်ကျော်နှင့် နေပြည်တော်အသင်း ပရိသတ် နှစ်သောင်းခန့် လာရောက် အားပေးခဲ့ကြပြီး ပွဲမစမီကပင် နှစ်ဖက် ပရိသတ်များ အပြန်အလှန် အရာဝတ္ထုများနှင့် ပစ်ခတ်မှု များ ရှိခဲ့ကြောင်း ပွဲချိန် ၃၂ မိနစ်ခန့် တွင် ရန်ကုန်အသင်း ပင်နယ်တီ ပြစ် ဒဏ်ဘော ကန်ခွင့်ပေးခဲ့ခြင်းအပေါ် မကျေနပ်၍ နေပြည်တော် ပရိသတ် တစ်ဦး ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ပင်နယ်တီ ပြစ်ဒဏ်ဘောကို ရန်ကုန်အသင်းမှ ဆီဇာ ကန်သွင်းပြီး အချိန်တွင် နေပြည်တော် ပရိသတ် ၂၅ ဦးခန့် ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရန်ကုန် ကစားသမားများကို ရန်ပြုရန် ကြိုးစားရာမှ နှစ်ဖက် ကစားသမားများနှင့် ပရိသတ်များ ခိုက်ရန် ဖြစ်ပွားကာ ပွဲကို ရပ်နားခဲ့ရခြင်းဖြစ်သည်။

နေပြည်တော်အသင်းသည် ပရိသတ်များ ဆိုးရွားစွာ အားပေးသဖြင့် ဒဏ်ငွေ ရှစ်သိန်း ပေးဆောင်ထားရပြီး ယမန်နှစ်ကလည်း ဒဏ်ငွေ ၁၁သိန်း ပေးဆောင်ထားရသည့် အသင်း ဖြစ်သည်။

နေပြည်တော်-ရန်ကုန် ပွဲစဉ်ကို ပြိုင်ပွဲ ရပ်ဆိုင်းရေး စည်းမျဉ်း အမှတ် ၂၈ အပိုဒ်ခွဲ (ဂ) အရ လက်ရှိ ပွဲရလဒ်အတိုင်း ရန်ကုန်အသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ထုတ်ပြန်ချက်အရ သိရသည်။
The Voice Weekly

ရှစ်လေးလုံး ငွေရတုအတွက် ကိုမိုးသီးဇွန်နှင့် ABSDF အဖွဲ့ ရန်ကုန်သို့ ရောက်လာ

ရှစ်လေးလုံး ငွေရတုအခမ်းအနားကို တက်ရောက်ဖို့အတွက် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်နဲ့ ABSDF ခေါင်းဆောင်တွေဟာ သြဂုတ်လ ၄ရက်နေ့ ညနေမှာ ရန်ကုန်မြို့ ရောက်လာခဲ့ကြပါတယ်။
The Voice Weekly

SEA Games အကြို စစ်တုရင်ပြိုင်ပွဲ မြန်မာ ဗိုလ်စွဲ

ရန်ကုန်၊ သြဂုတ် ၅
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃ ခုနစ် SEA Games ပြိုင်ပွဲ အကြို စစ်တုရင် ပြိုင်ပွဲကို နေပြည်တော်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ က ရွှေ ၂၆ ခုဖြင့် နိုင်ငံအလိုက် ပထမဆု ရခဲ့ကြောင်း မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်မှ သိရသည်။

ဇူလိုင်လ ၂၉ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့ထိ ကျင်းပခဲ့သည့် ယင်းပြိုင်ပွဲ တွင် အိမ်ရှင် မြန်မာနိုင်ငံ အပါအဝင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ ဗီယက်နမ် နိုင်ငံတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ရိုးရာ စစ်တုရင် ပြိုင်ပွဲတွင် ရွှေ ၁၀ ခု၊ အာဆီယံ စစ်တုရင် ပြိုင်ပွဲတွင် ရွှေ လေးခု၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင် အမျိုးအစားတွင် ရွှေ ရှစ်ခုနှင့် ပြောင်းရွှေ့ စစ်တုရင် ကစားနည်း တွင် ရွှေ လေးခုတို့ ရရှိခဲ့ကြောင်း အဖွဲ့ချုပ် စာရင်းအရ သိရသည်။

မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် အနေနှင့် ရွှေ ၂၆ ခု၊ ငွေ ၁၄ခု၊ ကြေး ၂၆ ခုတို့ဖြင့် စုစုပေါင်း ဆုတံဆိပ် ၅၁ ခု ရရှိကာ နိုင်ငံအလိုက် ပထမ ရရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ကစားသမားများနှင့် ပြိုင်ပွဲ ကျင်းပမည့် နေရာတို့တွင် ကြုံတွေ့နိုင်မည့် လိုအပ်ချက် များကို ကြိုတင် သိရှိနိုင်ရန် ကျင်းပခြင်း ဖြစ်ကြောင်း စစ်တုရင် အဖွဲ့ချုပ်မှ ရုံး အဖွဲ့ဝင်မှူး ဦးမျိုးဇော်မင်း က ပြောကြားသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် နေပြည်တော်၌ ကျင်းပမည့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ SEA Games တွင် ရိုးရာ၊ အာဆီယံ၊ အပြည်ပြည် ဆိုင်ရာ၊ ပြောင်းရွှေ့၊ ကျပန်း စစ်တုရင် အားကစားနည်းများ ထည့်သွင်း ကျင်းပမည် ဖြစ်ပြီး ရွှေတံဆိပ် ၁၈ ခု ချီးမြင့်မည် ဖြစ်သည်။
The Voice Weekly

၈ လေးလုံးငွေရတု အခမ်းအနားကို အမျိုးသားလွှတ်တော်က သဝဏ်လွှာပေးပို့

2013-08-05
၈ လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် အခမ်းအနားကို အမျိုးသားလွှတ်တော်က သဝဏ်လွှာတစ်စောင် ပေးပို့ ထားပြီး ပြည်ထောင်စုဝန်ကြီးတွေထဲက ဝန်ကြီးဦးအောင်မင်းနဲ့ ဝန်ကြီးဦးစိုးသိန်းတို့ တက်ရောက်မယ်လို့ အကြောင်းပြန်ထားကြောင်း သိရပါတယ်။

ငွေရတုအခမ်းအနား ဖိတ်ကြားရေး ဆပ်ကော်မတီအဖွဲ့ဝင် ကိုဥာဏ်လင်းက အခမ်းအနားတက်ရောက်ဖို့ အကြောင်းပြန်ထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး RFA ကို အခုလို ပြောပါတယ်။

"ဖိတ်စာနဲ့တကွဖိတ်တာ ၄၄ဝဝ လောက်ရှိမယ်၊ ပြီးတော့ အခမ်းအနားတက်မယ်ဆိုပြီးတော့ မနေ့ကအထိကတော့ ၃၂ဝဝ လောက် အခမ်းအနားတက်မယ်ဆိုပြီး အကြောင်းပြန်ပါတယ်၊ ပြင်ပကိုကျတော့ အီးမေး ၄ဝဝ ကျော်ဖိတ်တာ အခုဒီထဲကိုတော့ ၁ဝဝ ဝန်းကျင်လောက်ရောက်နေပြီ၊ တက်မယ့်စာရင်းကတော့ ၅ ထောင်ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်"

အခမ်းအနား ဖြစ်မြောက်ရေးကော်မတီက နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေအပါအဝင် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကိုလည်း ဖိတ်ကြားထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီတွေ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ သံရုံးတွေ၊ လွှတ်တော်ဥက္ကဌတွေ၊ လွှတ်တော်ကဖွဲ့စည်းထားတဲ့ ရေးရာကော်မတီဥက္ကဌတွေနဲ့ အဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်စတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

ငွေရတုအခမ်းအနားကို ပြည်တွင်းပြည်ပက နိုင်ငံရေးအင်အားစုတွေနဲ့ ဧည့်ပရိသတ်ပေါင်း ၅ ထောင်ဝန်းကျင် တက်ရောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။

နယ်စပ်အခြေစိုက် အဖွဲ့အစည်းတွေဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် အဖွဲ့ဝင်တွေကတော့ ရန်ကုန်ကိုရောက်ရှိနေပြီး၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC နဲ့ KNU ကရင်အမျိုးသားအစည်းအရုံးက ခေါင်းဆောင်တွေအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
RFA (မြန်မာပိုင်း)

တင်ဒါအောင်မြင်သည့် ကုမ္ပဏီတစ်ခုလျှင် အနည်းဆုံးဘတ်စ်ကား (၇၅) စီး ရန်ကုန်တွင် ပြေးဆွဲပေးရမည်

2.8.2013
မြန်မာပြည်၏ ဖွံ့ဖြိုးတိုးတက် မှုတွင် အကူအညီထောက်ပံ့မှုရစေရန် ကဏ္ဍအလိုက် တင်ဒါများခေါ်ယူခဲ့ရာ တွင် ယခုအခါတွင် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က. ည.န) အနေဖြင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ဆောင်ရွက်နိုင်ရန်တင်ဒါ များခေါ်ယူခဲ့ကြောင်းသိရှိရသည်။

အဆိုပါတင်ဒါခေါ်ယူခဲ့ရာ တွင် ကုမ္ပဏီသုံးခုမှာ တင်ဒါအောင် မြင်ခဲ့ကြောင်းနှင့် တင်ဒါအောင်မြင် သောကုမ္ပဏီများမှ ကုမ္ပဏီတစ်ခု လျှင် ရန်ကုန်တိုင်းဒေသကြီးတွင် အ များပြည်သူသယ်ယူပို့ဆောင်ရေး၌ ဘတ်စ်ကားအစီးရေ (၇၅) စီးအနည်း ဆုံးပြေးဆွဲပေးသွားရမှာဖြစ်ကြောင်း သိရှိသည်။

တင်ဒါစနစ်အောင်မြင်ပြီးဖြစ် သော ကုမ္ပဏီများသည် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က. ည.န) နှင့် အကျိုးတူပူးပေါင်းလုပ် ကိုင်ရမှာဖြစ်ပြီး ဤကဲ့သို့ဆောင်ရွက် ရာတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ လုပ်ပိုင်ခွင့်၊ ၀န် ထမ်းအင်အားနှင့် မြေနေရာတို့ကိုသာ ထည့်ဝင်ပေးသွားမှာဖြစ်ပြီး ကုမ္ပဏီ များက ရင်းနှီးမြှုပ်နှံငွေကိုရာနှုန်း    ပြည့် မြှုပ်နှံရမှာဖြစ်ကြောင်းသိရှိရ သည်။

ဤကဲ့သို့ ပြုလုပ်ရာတွင်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ထံမှ ခွင့်ပြုချက်ရယူသွားရမှာဖြစ် ကြောင်းသိရှိရသည်။ တင်ဒါအောင် မြင်သော ကုမ္ပဏီများမှာ ပြည်တွင်း မှကုမ္ပဏီနှစ်ခုဖြစ်သော မန္တလေးအ ခြေစိုက် မိုးသောက်နှင်းကုမ္ပဏီ၊ ရန် ကုန်အခြေစိုက် Forever Green Light နှင့် တောင်ကိုရီးယားအခြေ စိုက်သည့် Busan Express Bus Terminal တို့ဖြစ်သည်။

ဤကဲ့သို့ပူးပေါင်းဆောင်ရွက် ရာတွင် က.ည.န မှ (၃၀) ရာခိုင်နှုန်း နှင့် ကုမ္ပဏီများမှ (၇၀) ရာခိုင်နှုန်း ပိုင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါလုပ်ငန်း အတွက် ကုမ္ပဏီသီးသန့်တည်ထောင် သွားရမှာဖြစ်ကြောင်းသိရှိရသည်။
Auto World Journal

လက်ပံတောင်းဒေသ ဇီးတောရွာသားတွေ ဖမ်းဆီးခေါ်ဆောင်ခံရ

ဓါတ်ပုံ ဧရာဝတီ
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ဇီးတောရွာကို အရပ်ဝတ်နဲ့ လူတစု ဒီမနက် ၂ နာရီဝန်းကျင်လောက်မှာ ဝင်ရောက်လာပြီး လူလေးယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဇီးတောကျေးရွာ စမ်းမြဝတီဘုန်တော်ကြီးကျောင်းကို ဝင်ရောက်ပြီး ရွာသားလေးယောက်ကို ဖမ်းဆီးသွားတယ်လို့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုဗထူးက ပြောပါတယ်။

“အရပ်ဝတ်တွေနဲ့ အယောက် ၃ဝ လောက်ရှိမယ်၊ ဇီးတောရွာက ဘုန်းတော်ကြီးကျောင်းကို ဝင်စီးတာပါ၊ အပြင်မှာတော့ အယောက် ၅ဝ လောက် ဘေးပတ်ချာလည်မှာ ကာထားတာပေါ့၊ အမှောင်ထဲမှာကွယ်ပြီးတော့၊ ဇီးတောရွာပတ်ချာလည်မှာ မီးမရှိဘူး၊ ကျောင်းထဲကိုဝင်လာတဲ့အခါ မီးထိုးလိုက်တဲ့အခါကျတော့ မီးလင်းတော့ကျောင်းထဲကို အယောက် ၃ဝ လောက် အုပ်စုလိုက်ကြီး ဝင်လာတာတွေ့ရတယ်၊ ဦးဇင်းတစ်ပါးရှိမယ်၊ ကျောင်းတိုက်ဆရာတော်ရှိမယ်၊ နောက်ပြီး ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုထက်ဆိုတဲ့ကလေးတစ်ယောက်က နဂိုကအဲကျောင်းမှာနေတယ်ပေါ့၊ ကြိုပြီးတော့ သတင်းရတဲ့အတွက်ကြောင့်မို့ သူတို့အဲကျောင်းမှာမနေဘူး၊ သူတို့တစ်ယောက်မှမမိတော့ ကျောင်းမှာရှိတဲ့ ပြတင်းပေါက်မှန်တွေ အကုန်ရိုက်ခွဲသွားတယ်ခင်ဗျ၊ ရွာသားလေးယောက်လည်း ဖမ်းသွားတယ်”

ဖမ်းဆီးသူတွေ ဘယ်သူဖြစ်တယ်၊ ဘာကြောင့်ဖမ်းတယ်၊ ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရပေမဲ့ အဖမ်းခံခဲ့ရသူလေးဦးထဲက နှစ်ဦးဟာ လက်ထိပ်တန်းလန်းနဲ့ ပြန်ပြီးထွက်ပြေးလာကြတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဇီးတောရွာသား မောင်တူးနဲ့ ကိုတင်လင်းတို့ အခြေအနေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
RFA Burmese

စစ်တွေ ဘင်္ဂါလီ ဒုက္ခသည်စခန်းတွင် မူးယစ်ဆေးဝါး ထိုးဆေး ပုလင်း ရှစ်ထောင်ကျော် ဖမ်းမိ

ရန်ကုန်၊ သြဂုတ် ၅
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘောဒူဖ ဒုက္ခသည်စခန်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးသွင်းလာသည့် မူးယစ်ဆေးဝါး ထိုးဆေး ပုလင်း ၈၂၀၀ ကို သြဂုတ်လ ၄ ရက်က ဖမ်းဆီးမိခဲ့ကြောင်း စစ်တွေမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ငါးဖမ်း စက်လှေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက သွားရောက် ယူဆောင်လာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Sedil Injection Diazepam Bp 10 mg Ampoule စာသားနှင့် ဘင်္ဂလားဒေ့ရှ် စာသား တစ်ဖက်စီ ရေးသားထားသည့် အဆိုပါ ထိုးဆေးများ ပါဝင်သည့် စက္ကူဘူး ၈၂၀ ကို ဘောဒူ ဖကယ်ဆယ်ရေး စခန်းတွင် နေထိုင် သူ အသက် ၃၂ နှစ်အရွယ် အာနူဝါ ဆိုသူ၏ အခန်းတွင် ဖမ်းဆီး ရမိ ခဲ့ကြောင်း၊ စက္ကူဘူး တစ်ဘူးလျှင် ထိုးဆေး ပုလင်း ၁၀ လုံး စီပြီး စုစုပေါင်း ဆေးပုလင်း ၈၂၀၀ (ကျပ် ၁၂၃ သိန်း ဝန်းကျင်) ကို ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

မူးယစ်ဆေးဝါး ဆေးပုလင်းများကို သိမ်းဆည်းထားသူကို စစ်တွေ မြို့မ ရဲတပ်ဖွဲ့ စခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ စစ်တွေမြို့ရှိ ရွှေပြည်တန် အမြန် ရေယာဉ် ဆိပ်ကမ်းတွင် သြဂုတ်လ ၂ ရက်နေ့က ခရီးသည် တစ်ဦးထံမှ WY မူးယစ်ဆေးပြား အလုံး ၄၉,၀၀၀ ကျော် (ကျပ်သိန်း ၁၄၀၀ ကျော်) ဖမ်းဆီးရမိခဲ့ကြောင်း စစ်တွေမြို့ မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ သိရှိရသည်။

စစ်တွေမြို့တွင် ယခုနှစ်အတွင်း မူးယစ်ဆေးဝါး ၁၃ ကြိမ်ထက် မနည်း ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံးမှ သိရှိရသည်။

မြန်မာနိုင်ငံက WY ဆေးပြားများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပို့ဆောင်လေ့ ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံသို့ ဒိုင်ယာစီပန် ဆေးများကို သွင်းလေ့ရှိကြောင်း ဒေသ အာဏာပိုင်များနှင့် ဒေသခံများထံမှ သိရှိရသည်။
The Voice Weekly

power ball မှာ သန်း 400 အထိ မြင့်တက်

ယခုအပါတ်အတွင်း မြင့်တက်လာသော အမေရိကန်ထီတခု power ball မှာ သန်း 400 အထိ ဖြစ်ပါသည်။ ထီထိုရန် ဝါသနာပါသူများ၊ ကံစပ်လိုသူများ ထို ထီဂဏန်းကို ထိုးရန် နံ ပါတ်လိုပါသည်။ နံပါတ်ပေးပို့သူအား ထီဆုကြီးပေါက်လျှင် ၁၀ ရာခိုင်းနှုန်း ပေးပါမည်။ ဒုတိယပေါက်လျှင် ၁၅ ရာခိုင်နှုန်းပေးပါည်။

အသေးစိတ်မှာအောက်ပါအတိုင်း ဖြစ်ပါသည်။

အပိုင်း(၁)
နံပါတ်မှာ ၁ မှ ၅၉ အတွင်း ဂဏန်း ၅ လုံး ရွေးပေးရပါမည်။
ဥပမာ။  ။ (၀၉)၊ (၁၃)၊ (၃၆)၊ (၄၅)၊ (၅၇)
အပိုင်း(၂)
power ball မှာ ၁ မှ ၃၉ အတွင်း ဖြစ်ရမည်။
ဂဏန်းတလုံးတည်ရွေးရမည်။
ဥပမာ
(၀၆)


နမူနာနေဖြင့် (၈/၃/၂၀၁၃) ထွက်ခဲ့ပြီးသော နံပါတ်တခုမှာကို ဖေါ်ပြလိုက်ပါသည်။
(21)-(24)-(36)-(42)-(45) power ball မှာ(15)

ယခု လာမည့် Wednesday(8/7/2013) ၉း၀၀ နာရီတွင် နောက်တကြိမ် ထပ်ဖွင့်ပါမည်။
"၀င်း" မိသားစုနှင့် ကံစပ်လိုသူများ မိမိတို့၏ email, နာမည်နှင့် နံပါတ်တို့ကို theburmapost@gmail.com သို New York စံတော်ချိန် ညနေ ၄း၀၀ ထက်နောက်မကြဘဲပေးပို့ ကြပါ၇န် ပန်ကြားအပ်ပါသည်။
မိမိတို့ပေးပို့ထားသော နံပါတ် နှင့် ထွက်ရှိသော နံပါတ် တိုက်မတိုက်ကို ရင်ခုန်စွာ စောင့်မျှော်နိုင်ပါသည်။
လူတဦးကို နံပါတ်တခုသာပေးပို့ပါရန် မေတ္တာ ရပ်ခံပါသည်။
"၀င်း" မိသားစု
share လုပ်ပေးကြပါ။ ကိုယ်နဲ့ကံမစပ်ပေး တခြားသူတွေ ကြီးပွါးကြပါစေ

ညောင်ဦးတွင် ပြင်သစ်နိုင်ငံသူ တစ်ဦး အိတ်ဆွဲလုခံရ

မန္တလေး၊ သြဂုတ်၎
မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး မြို့သစ် ကားလမ်း၊ အနော်ရထာလမ်း တောင်ဘက်ရှိ ဆူးလေကုန်းဘုရား အနီးတွင် သြဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ် အချိန်၌ ပြင်သစ်နိုင်ငံသူ တစ်ဦး၏ ခါးပတ်အိတ်ကို ဆွဲယူ ထွက်ပြေးခံရမှု ဖြစ်ပွားခဲ့ကြောင်း ညောင်ဦး ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ပြင်သစ်နိုင်ငံသူ Ms. Amilie Schaitt ၂၃ နှစ်သည် လှည့်လည် ဓာတ်ပုံ ရိုက်နေစဉ် အနော်ရထာလမ်း တောင်ဘက်ရှိ လူသွားလူလာ ပြတ် တတ်သော ဆူးလေကုန်းဘုရား အနီးတွင် ၎င်း၏ ခါးပတ်အိတ်ကို အသက် (၂၅) နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက လုယူရာ ပြန်လည် ဆွဲသဖြင့် ပြင်သစ်နိုင်ငံသူ၏ ဝဲမျက်လုံး ညိုမည်း၊ လည်ပင်း ဝဲဘက်လက်ပြင် ပွန်းသော ဒဏ်ရာများ ရရှိခဲ့ကြောင်း ညောင်ဦး ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဒီနှစ်ဆန်းပိုင်းအတွင်းမှာ ဒီလို ဖြစ်စဉ် လေးကြိမ်လောက် ရှိသွားပြီ။ လုံခြုံရေးကတော့ လုပ်နေတာပါပဲ။ ဆူးလေကုန်းဘက်ဆိုတာက လူအသွားအလာ နည်းတဲ့ နေရာတွေပါ။ နောက်ပြီး နိုင်ငံခြားသားတွေ က တောလမ်းလို နေရာတွေကို စက်ဘီးနဲ့ တစ်ယောက်တည်း သွားကြ တယ်။ လုံခြုံရေးကိုတော့ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နေတာပါ။ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတွေ၊ Toursim Police တွေနဲ့လည်း လုံခြုံရေး ဆောင်ရွက်ပေးနေတာပါ။ လိုအပ် သလို ပြင်ဆင် ဆောင်ရွက်နေတာပါ။ အခွင့်အရေးသမားကတော့ အမြဲ စောင့်မှာပါပဲ” ဟု ပုဂံ ဧည့်လမ်းညွှန် အသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက The Voice သို့ ပြောဆိုသည်။

လုယူသွားသော ခါးပတ် အိတ်ထဲတွင် နိုင်ငံကူးလက်မှတ် စာအုပ် တစ်အုပ်၊ အမေရိကန်ဒေါ်လာ ၂၀၀၊ မြန်မာငွေ ၁၀၀၀ ကျပ်၊ Credit Card တစ်ခု၊ Flight Ticket တစ်စောင်၊ Bank Account Imformation တစ်ခုတို့ ပါသွားကြောင်း၊ အဆိုပါ ဧည့်သည်မှာ ဒဏ်ရာ ရရှိမှုကြောင့် ညောင်ဦးဆေးရုံ တွင် ပြင်ပ လူနာအဖြစ် ဆေးကုသခဲ့ပြီး သြဂုတ်လ ၁၁ ရက်နေ့တွင် ဘန်ကောက်သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှတ်တမ်းများအရ သိရသည်။

ပြင်သစ်နိုင်ငံသူ လုယက်ခံရမှုနှင့် ပတ်သက်၍ ၎င်းတည်းခိုသည့် တည်းခိုခန်း ပိုင်ရှင်က တရားလိုပြု တိုင်တန်းသဖြင့် ညောင်ဦး ရဲစခန်းတွင် (ပ) ၉၄/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၆၈ အရ အမှုဖွင့်ခဲ့ပြီး တရားခံကို ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း ယင်းရုံးထံမှ သိရသည်။
The Voice Weekly

ရန်ကုန်-နေပြည်တော် ပွဲပျက် ရန်ကုန် ဘောလုံးသမား အချို့ ဒဏ်ရာရ

Monday, August 05, 2013
SEA Games အတွက် တည်ဆောက်ထားသည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ကွင်းတွင် ကျင်းပသည့် နေပြည်တော်နှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့ ၏ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် ကစားပွဲတွင် လုံခြုံရေး အားနည်းမှုကြောင့် ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်လာသဖြင့် ပွဲချိန် မိနစ် ၃၀ တွင် ဆက်မကစားနိုင်ဘဲ ပွဲပျက်သွားကာ ရန်ကုန် ကစားသမား အချို့လည်း ထိခိုက် ဒဏ်ရာရကုန်ကြောင်း ပွဲကြည့် ပရိသတ်များထံမှ စုံစမ်း သိရှိရသည်။

မြန်မာ နေရှင်နယ်လိဂ်၏ ချန်ပီယံ အဖြေထွက်ပြီး အရှုံး အနိုင် အရေးမပါဘဲ ဂုဏ်သိက္ခာအတွက်သာ ယှဉ်ပြိုင်ကြသည့် ယင်းပွဲတွင် ပွဲကစားချိန် မိနစ် ၃၀ ခန့်၌ နေပြည်တော်အသင်း ပင်နယ်တီ ပေးခံရ၍ ရန်ကုန် ယူနိုက်တက် ဂိုးသွင်းပြီးနောက် နေပြည်တော် ပရိသတ် အချို့ ကွင်းထဲ ဝင်ရောက်လာကာ ဒိုင်လူကြီးနှင့် ရန်ကုန် ကစားသမားများအား ရန်ပြုသောကြောင့် ပွဲပျက် ခဲ့ကြောင်း ပွဲကြည့် ပရိသတ် တစ်ဦးက ပြောကြားသည်။

နေပြည်တော် ပရိသတ် အချို့သည် ခုံများ၊ ဖိနပ်များ၊ ရေဘူးများဖြင့် ပစ်ပေါက်ခဲ့ပြီး ရန်ကုန် ကစားသမား ရန်အောင်ကျော် ဦးခေါင်းတွင် ဒဏ်ရာ ရရှိသကဲ့သို့ ကြည်လင်းလည်း လက်သီးနှင့် ထိုးနှက်ခံရကြောင်း၊ ည ၇ နာရီ ၃၅ မိနစ်အထိ ကွင်းထဲမှ မထွက်နိုင်သေးကြောင်း အမည်မဖော်လိုသူ ရန်ကုန် ပရိသတ် တစ်ဦးက ပြောကြားသည်။

SEA Games အတွက် ပြင်ထားသည့် ပရိသတ် ၃၀၀၀၀ ဆံ့ ကွင်းတွင် ကျင်းပသည့်ပွဲ ဆိုသော်လည်း လုံခြုံရေး အားနည်းမှုကြောင့် ပရိသတ်များ ကွင်းထဲအထိ ဝင်ရောက်လာကြောင်း ယင်းပွဲသို့ ရန်ကုန် ပရိသတ် နှစ်ထောင်ခန့်နှင့် နေပြည်တော် ပရိသတ် နှစ်သောင်းခန့် လာရောက် ကြည့်ရှုကြောင်း ၎င်းက ဆိုသည်။

နေပြည်တော်နှင့် ရန်ကုန် ပွဲပျက်သွားကြောင်း ဆုပေးပွဲကိုမူ ဆက်လုပ်မည်၊ မလုပ်မည် မသေချာသေး ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုးမိုးက ည ၇ နာရီ ၂၁ မိနစ်တွင် အတည်ပြု ပြောဆိုသည်။

မြန်မာ နေရှင်နယ်လိဂ်သည် ပြိုင်ပွဲပြီးရန် တစ်ပွဲအလို ပွဲစဉ် ၂၁ တွင် ချန်ပီယံ အဖြေ ထွက်ခဲ့ကာ ရန်ကုန် ယူနိုက်တက် အသင်းသည် သုံးနှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့ပြီး နေပြည်တော်အသင်းမှာ အာရှ ဘောလုံးအဖွဲ့ချုပ် ဖလား ပြိုင်ပွဲ ဝင်ခွင့် ရရှိထားပြီး ဖြစ်ကြောင်း၊ ယနေ့ ပွဲ အရှုံးအနိုင် အရေးမပါသည့် အချိန်တွင် ပွဲရပ်နားသည်အထိ ဖြစ်ပျက်ခဲ့ခြင်းမှာ လာမည့် SEA Games အတွက် ပြင်ဆင်စရာ ရှိသည်များ ပြင်ဆင်ရန် သင်ခန်းစာ ယူစရာ ဖြစ်သည် ဟု ရုပ်မြင်သံကြားမှ ယင်းပွဲကို စောင့်ကြည့်သူ တစ်ဦးဖြစ်သည့် ဦးသာ ၅၃ နှစ်က ပြောကြားသည်။

“မြန်မာ ပရိသတ်တွေ မရင့်ကျက်သေးဘူး။ နိုင်မှ ဂုဏ်သိက္ခာရှိတာ မဟုတ်ဘူး၊ ရှုံးလည်း အရှုံးကို လက်ခံရင် သိက္ခာမကျဘူး ဆိုတာမျိုး ပညာပေးဖို့ လိုတယ်။ တော်ကြာ အမျိုးသား ဂုဏ်သိက္ခာ ကျမယ်” ဟု ၎င်းက အကြံပြု ပြောဆိုသည်။
The Voice Weekly

တယ်လီနောသို့ အီးမေးလ်မှ အလုပ် စလျှောက်နိုင်

ရန်ကုန်၊ သြဂုတ် ၎
ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း တင်ဒါ အောင်မြင်ထားပြီး လိုင်စင် ရရှိရန် စောင့်ဆိုင်းနေ သော ပြည်တွင်း ဝန်ထမ်း ၉၉ ရာခိုင်နှုန်း ခန့်အပ်မည် ဟု ပြောကြားထားသည့် တယ်လီနော မြန်မာ ကုမ္ပဏီသည် လာမည့် သီတင်းပတ် တစ်ပတ်မှ နှစ်ပတ်အတွင်း ဝန်ထမ်းများ စတင် ခေါ်ယူ မည် ဖြစ်ကြောင်းနှင့် ကြိုတင် လျှောက်ထားလိုသူများ အီးမေးလ်မှ တစ်ဆင့် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ စုံစမ်း သိရှိရသည်။

အလုပ် လျှောက်ထားရန် စိတ်ပါဝင်စားမှု များပြားနေသောကြောင့် ကြိုတင် လျှောက်ထားလိုသူများ hr.myanmar@telenor.com သို့ Email မှတစ်ဆင့် ကိုယ်ရေး အချက်အလက်များ ပေးပို့ထားနိုင်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

“ဝန်ထမ်းခေါ်မယ်လို့ ကြေညာပြီးကတည်းက တစ်နေ့ကို လေး၊ ငါး၊ ဆယ်ယောက်လောက် နေ့တိုင်း ဖုန်းဆက် စုံစမ်းကြတယ်။ လက်ရှိ မှာတော့ ခေါ်ဖို့ စပြင်ဆင်နေပါပြီ။ လာမယ့် တစ်ပတ် နှစ်ပတ်အတွင်း
မှာ စခေါ်မယ်” ဟု တယ်လီနော မြန်မာ၏ မီဒီယာ တာဝန်ခံ ဒေါ်မွန်မြတ်သူ က ပြောကြား သည်။

တယ်လီနော မြန်မာ ကုမ္ပဏီတွင် အမှုဆောင် အရာရှိချုပ်အဖြစ် ခန့်အပ်ခြင်း ခံထားရသော Mr.Petter Furberg က သြဂုတ်လအတွင်း ဝန်ထမ်း ခေါ်ယူမှု များ စတင်မည်ဟု ဇူလိုင်လ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။

တယ်လီနော ကုမ္ပဏီက ပြည်တွင်းတွင် ထူထောင် လုပ်ကိုင်မည့် ကုမ္ပဏီ၌ တာဝန် ထမ်းဆောင်မည့် ပြည်တွင်း ပြည်ပ ဝန်ထမ်းများကို လက်ရှိ လိုအပ်ချက်ပေါ် မူတည်၍ ခန့်အပ်မည့် ဝန်ထမ်း ပမာဏကို သတ်မှတ်သွား မည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီထံမှ သိရသည်။

တယ်လီနောက မြန်မာနိုင်ငံတွင် တာဝန်ယူ စီမံ ခန့်ခွဲမည့် အမှုဆောင် အရာရှိချုပ်နှင့် အမှုဆောင် အဖွဲ့ကို ဇူလိုင်လအတွင်းက ကြေညာခဲ့သည်။

ခန့်အပ်ခံရသော ဝန်ထမ်းများ အရည်အသွေး မြှင့်တင်ရန် လေ့ကျင့် သင်ကြားပေးမှုများကို တာဝန် ထမ်းဆောင်နေစဉ် ကာလ အတွင်း ပြုလုပ်ပေးမည်ဟု ၎င်းက ဆိုသည်။

ပြည်တွင်း ဝန်ထမ်း ၉၉ ရာခိုင်နှုန်း ခန့်အပ်မည်ဟု ပြီးခဲ့သော ဇူလိုင်လ ၁၀ ရက်နေ့က နေပြည်တော် တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားထားသည်။

“တယ်လီနောပိုင်တဲ့ ထိုင်းက dtac အကြောင်း လေ့လာကြည့် တယ်။ တော်တော်လေး ကောင်းတယ်ဗျ။ အဲဒါကြောင့် အခု CVကို Email ပို့ထားတယ်” ဟု ၂၀၁၁ ခုနှစ်တွင် နည်းပညာ တက္ကသိုလ်မှ ဘွဲ့ ရရှိထားသူ ဦးညီညီဝင်းက ပြောဆိုသည်။

တယ်လီနော ကုမ္ပဏီသည် လိုင်စင် ရရှိပြီး ရှစ်လ အကြာတွင် မိုဘိုင်းလ် ဝန်ဆောင်မှုများ စတင်မည် ဖြစ်ပြီး ဆင်းကတ် အရောင်းဆိုင်ပေါင်း ခုနစ်သောင်းကျော်နှင့် ငွေဖြည့်ကတ် အရောင်းဆိုင်ပေါင်း ကိုးသောင်းကျော် ဖွင့်လှစ်မည် ဖြစ်ကြောင်း ကြေညာထားသည်။
The Voice Weekly

ပြည်လမ်းတွင် ယာဉ်တိုက်မှုဖြစ်၍ (၁)ဦးသေ (၅)ဦးဒဏ်ရာရ

Monday, August 05, 2013
၎.၈.၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန် ကမာရွတ်မြို့နယ်၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း အောင်ကိုဝင်း (စုံစမ်းဆဲ)မောင်းနှင်လာသော ၂စ/---- ကင်တာအမျိုးအစား (ကိုယ်ပိုင် ယာဉ်)သည် မြန်မာ့အသံဝင်းရှေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောသို့ရောက်ရှိ ကာ ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ ကိုတင်ဇော်မင်း (ဘ)ဦးတင်အုန်း၊ ရွှေကျင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသော ၈ဆ/---- လိုက်ထရပ်(ကိုယ်ပိုင်ယာဉ်)နှင့် နောက်ဘက်မှ ကိုအောင်ဝင်း မောင်းနှင်လာသည့် ၃စ/---- ဟိုင်းလတ်ဆပ်(ကိုယ်ပိုင်ယာဉ်)တို့အား တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၃)စီးနှင့် ပန်းခုံများပျက်စီးခဲ့ပြီး ၂စ/---- ယာဉ်ပေါ်ပါ ရွှေပြည်သာမြို့နယ် နေသူများဖြစ်သည့်
ကိုရဲ (ဘ)ဦးဇော်လင်း၊ ကိုမင်းဇယ်ရူး (ဘ)ဦးဖိုးရူး၊ ကိုကျော်သက်နိုင် (ဘ)ဦးစိန်ဝင်း၊ ကိုဇော်မင်းထက် (ဘ)ဦးတင်အုန်းနှင့် ၈ဆ/---- ယာဉ် ပေါ်ပါ ယာဉ်မောင်း ကိုတင်ဇော်မင်းတို့တွင် ဖူးရောင်၊ ပေါက်ပြဲ၊ နာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်း/အပြင်လူနာများအဖြစ် ကုသလျက်ရှိပြီး၊ ၈ဆ/---- ယာဉ်ပေါ်ပါ ကိုအောင်လင်းစိုး (စိစစ်ဆဲ)မှာ နဖူးစုတ်ပြဲ၊ ၀ဲနားသွေးထွက်၊ ၀ဲခြေ၊ လက်ဖျံတို့တွင် ဖူးရောင်ဒဏ်ရာ များရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုတွင် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ၂စ/---- ကင်တာအမျိုးအစား ယာဉ်မောင်း အောင်ကိုဝင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာထွက်ပြေးသွားခဲ့သဖြင့် ၎င်းအား ကမာရွတ်မြို့မရဲစခန်းယာဉ်(ပ)၄၀/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၇ /၃၃၈/၃၀၄-က/၂၀၂ ဖြင့်အရေးယူ ထားရှိပြီး ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

မြန်မာဘောလုံးအသင်း မာဒေးကား ဖလား ဝင်ပြိုင်မည်

ရန်ကုန်၊ သြဂုတ် ၎
မလေးရှားနိုင်ငံတွင် စက်တင်ဘာလ ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် မာဒေးကား ဖလား ပြိုင်ပွဲကို အသက် ၂၃နှစ် အောက် မြန်မာဘောလုံးအသင်း ဝင်ရောက် ယှဉ်ပြိုင် မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက ပြောကြားသည်။

မလေးရှားနိုင်ငံ ယူ-၂၃ အသင်း၏ SEA Games ပြိုင်ပွဲ ပြင်ဆင်မှုအဖြစ် မာဒေးကား ဖလား ပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ပြီး မလေးရှား ယူ-၂၃ အသင်း၊ ဂျော်ဒန်၊ စင်ကာပူ၊ ထိုင်း၊ မြန်မာ ယူ-၂၃ သည် အရှေ့တောင် အာရှနှင့် အာရှနိုင်ငံများမှ အသင်းများ ပါဝင်မည် ဖြစ်ပြီး မြန်မာ ယူ-၂၃ မှ SEA Games ပြိုင်ပွဲအတွက် ရွေးချယ်ထားသည့် အားကစားသမား များ စေလွှတ် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံက မြန်မာနိင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဖိတ်ခေါ်ထားခြင်း မရှိဟု ဆိုသည့် သတင်းများမှာ မဟုတ်မှန်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာအသင်းသည် မာဒေကားဖလား ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်လေ့ရှိပြီး ၁၉၆၄ ခုနှစ်တွင် အိန္ဒိယအသင်းကို တစ်ဂိုး ဂိုးမရှိ၊ ၁၉၇၁ ခုနှစ်တွင် အင်ဒိုနီးရှား အသင်းကို တစ်ဂိုး ဂိုးမရှိ၊ ၂၀၀၆ ခုနှစ် တွင် အင်ဒိုနီးရှားကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရကာ သုံးကြိမ် ဗိုလ်စွဲထားသည်။

မလေးရှားနိုင်ငံ၏ လွတ်လပ်ရေး အထိမ်းအမှတ်အဖြစ် ကျင်းသည့် မာဒေးကားဖလား ဖိတ်ခေါ်ပြိုင်ပွဲ ကို ၂၀၀၈ ခုနှစ်တွင် နောက်ဆုံး ကျင်းပ ခဲ့ပြီး အိမ်ရှင် မလေးရှားအသင်းကို ပင်နယ်တီ အဆုံးအဖြတ် ဖြင့် ဗီယက်နမ် အသင်းက ဗိုလ်စွဲထားပြီး ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ ပြိုင်ပွဲ ကျင်းပခြင်း မရှိဘဲ ယခုနှစ်တွင်မှ ပြန်လည် ကျင်းပခြင်း ဖြစ်သည်။
The Voice Weekly

SAMSUNG ANDROID ဖုန်း အတု နဲ့ အစစ် ခွဲခြားနည်း ( REAL VS FAKE SAMSUNG GALAXY S4 )




tkm: အစ်ကို Samsung Android ဖုန်းကို အတု / အစစ် သိချင်လို့ ဘယ်လို လုပ်ရမလဲ ပြောပြပေးပါအုံး .. အရင်ကတော့ စက်ရုပ်လေးပေါ်ရင် အစစ်လို့ ပြောကြတယ် အဲဒါကို ဘယ်လို လုပ်ကြည့် ရမလဲ .... 


Sansung Android ဖုန်း အတု (Fake)  နဲ့ အစစ် (Real) ခွဲခြားနည်း ကို အနီးစပ်ဆုံး ခွဲခြားနိုင်အောင် ရှာဖွေ စုဆောင်း တင်ပြပေးလိုက်ပါတယ်.... 

အောက်ကပုံတွေကတော့ Samsung S4 i9500 ရဲ့ အတု  နဲ့  အစစ် ခွဲခြားပြထားတဲ့ ပုံတွေပါ.... လေ့လာကြည်နိုင်ပါတယ်....
This is a picture comparison between a real S4 i337M and fake i9500


















Ref : http://forums.redflagdeals.com/
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


Samsung ဖုန်း အတု / အစစ် ခွဲခြားနိုင်ဖို့ အတွက်  IT GARDEN မှာ ရေးထားတာလေးကို တဆက်ထဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်....။


ရုတ်တရက် ကြည့်ရင် Android လို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။ တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေ မှာတွေ့ရတတ်ပါတယ်။ Android အစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန် ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Android ဖုန်းတွေက Android အစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။

Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေက ဘာတွေကွဲပြားလဲ ဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့ Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsets တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ် လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို ပြောပြလိုက်ပါတယ်။

အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲ ဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။

Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Displayထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။

နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါလိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေးကို ၃ ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ .... စက်ရုပ်ပုံလေးပေါ်လာပြီး Android Version ရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့် မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရပါလိမ့် မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ် နိုင်ပါဘူး။

ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။အတုအစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ အထက်မှာပြောပြထားတဲ့အတွက် လုံလောက် ပြီး 

အဆင်ပြေကြ မယ်ထင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်
...

Credit : IT GARDEN
 
 
winkabarkyaw.net မှာ ကူးယူဖော်ပြသည်။

ဗဟိုဘဏ်ခွင့်ပြုပါက VISA နှင့် MASTER ကတ်များ စက်တင်ဘာတွင်စ၍ ပြည်တွင်း၌ စာရင်းဖွင့်နိုင်မည်


ကမ္ဘာပေါ်တွင် အသုံးပြုမှုအများဆုံးဖြစ်သော ငွေပေးချေကတ်များဖြစ်သည့် VISA နှင့် Master ကတ်များအား ဗဟိုဘဏ်၏ ခွင့်ပြုချက်သာရရှိမည်ဆိုပါ
က လာမည့်စက်တင်ဘာလတွင် ပြည်တွင်း၌ ဘဏ်စာရင်းဖွင့်ကာ အသုံးပြုရန် ဝန်ဆောင်မှုပေးနိုင်ပြီဖြစ်ကြောင်း စီဘီဘဏ်မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က မဇ္ဈိမသို့ ပြောကြားလိုက်သည်။

အမေရိကန်အခြေစိုက် ငွေကြေးဝန်ဆောင်မှုကုမ္ပဏီများ၏ VISA နှင့် Master ငွေပေးချေကတ်များကို ယခုအခါမြန်မာနိုင်ငံတွင်းသို့ ယူဆောင်သုံးစွဲနိုင်ပြီဖြစ်သော်လည်း ယင်းအတွက် စာရင်းဖွင့်ခြင်းကို ပြည်ပနိုင်ငံများ၌သာဆောင်ရွက်နိုင်သေးသည့် အနေအထားဖြစ်ကာ ပြည်တွင်း၌ စာရင်းဖွင့်သုံးစွဲနိုင်ရန်မြန်မာနိုင်ငံအခြေစိုက် စီဘီဘဏ်က စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းနှင့်စပ်လျဉ်းကာ စီဘီဘဏ်မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က “ဒီနှစ်ခုမှာ Master ငွေပေးချေကတ်ကို အရင်ဆုံးအသုံးပြုနိုင်မယ်လို့ ထင်တယ်။ ဗဟိုဘဏ်က ခွင့်ပြုချက်ရတာနဲ့ အသုံးပြုလို့ရမှာပါ။ ငွေဘယ်လောက်အထိ သုံးလို့ရမလဲဆိုတာ သူ(မြန်မာနိုင်ငံတော်ဗဟိုဘဏ်)ကပဲ စည်းမျည်းစည်းကမ်းကို သတ်မှတ်ပေးလိမ့်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် VISA နှင့် Master ကတ်များကို ၂၀၁၂ခုနှစ် ဧပြီလမှစတင်ကာ ပြည်တွင်းသို့ ယူဆောင်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံသို့လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားများနှင့်နိုင်ငံခြားသားလုပ်ငန်းရှင်များကသာ သုံးစွဲလျက်ရှိခြင်း ဖြစ်သည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက “အခုလို ကတ်တစ်ခုတည်း သုံးပြီး ငွေအများကြီးမသယ်ရတော့ အန္တရာယ်ကင်းတာပေါ့။ နိုင်ငံခြားကိုသွားရင်လည်း ငွေ အများကြီးသယ်စရာမလိုတော့ဘူး။ ဒါပေမဲ့ အမှားအယွင်းနည်းဖို့တော့လိုတယ်။ ကတ်အတုလုပ်ပြီးထုတ်တာမျိုး နည်းပညာအမှားအယွင်းနည်းဖို့တော့လိုတယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။

အထက်ပါကဲ့သို့ VISA နှင့် Master ငွေပေး ချေကတ်များအား ပြည်တွင်း၌ပင် စာရင်းဖွင့် သုံးစွဲနိုင်ရန် ဝန်ဆောင်မှုပေးမည်ဆိုသော်လည်း အသုံးပြုနိုင်မည့်ငွေကြေးပမာဏအား သတ်မှတ်ထားခြင်းမရှိသေးဘဲ ဗဟိုဘဏ်က ဆုံးဖြတ်မည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကာလရှည်နေထိုင်ဖူးသည့် မြန်မာလူမျိုးတစ်ဦးက “VISA ကတ်က ထိုင်းမှာ အခြေခံလူတန်းစား သုံးလို့ရအောင် လုပ်ထားတာမျိုးပါ။ ဘတ် ၅၀ဝပေးပြီး ဘဏ် စာရင်းဖွင့်ထားပြီဆိုတာနဲ့ VISA ကတ်ကိုလဲ လုပ်ပေးတာပဲ။ ငွေအများဆုံးထည့်သွင်းနိုင်တဲ့ပမာဏကိုတော့ မကန့်သတ်ထားပေမယ့် ကတ်အမျိုးအစားအလိုက်ငွေထုတ်နိုင်တဲ့ ပမာဏကိုတော့ ကန့်သတ်ထားတယ်။ ဥပမာ- တစ်ရက်မှာ ဘတ် ၃၀ဝ၀ဝ ထက် ပိုမထုတ်ရ ဆိုတာမျိုးပေါ့” ဟု ပြောကြားသည်။

အဆိုပါ VISA ကတ်နှင့် Master ကတ်များသည် အဓိကအားဖြင့် စီးပွားရေးလုပ်ငန်း သုံးအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ ကမ္ဘာလှည့်ခရီးသည်များနှင့် ခရီးသွားလာရာတွင် ငွေကြေးကိုင်ဆောင်သွားရန်မလိုဘဲ ရောက်ရှိရာဒေသတွင် သုံးစွဲနိုင်ရန် ရည်ရွယ်ထားသည့် ငွေကြေးဝန်ဆောင်မှု Debit (ကြိုတင်ငွေ ဖြည့်သွင်းကတ်)များဖြစ်ကြသည်။


Mizzima Burmse

မင်းသားဝီလျံဦးခေါင်းတွင် အမျိုးသားလိင်အင်္ဂါပါသည့် ရုပ်ပုံထုတ်လွှင့် မိသဖြင့် ဘီဘီစီဝန်ချတောင်းပန်

Monday, August 05, 2013
ဦးခေါင်း ပေါ်တွင် အမျိုးသားလိင်အင်္ဂါ တစ်ခု၏ပုံရေးဆွဲထားသော ဗြိတိန် မင်းသားဝီလျံ၏ ရုပ်ပုံတစ်ခုကို မတော်တဆပြသခဲ့သည့်အတွက် ဘီဘီစီက ဩဂုတ်လ၁ရက်တွင် တောင်းပန်ခဲ့သည်။

အစီအစဉ်အရ နောက်ပိုင်း တွင်ပေါ်လာမည့် ဟာသအုပ်စု တစ်ခုအတွက် ကြော်ငြာဗီဒီယို အပိုင်းတစ်ခုကို ဘီဘီစီ၏နံနက် စာရုပ်သံရှိုးအစီအစဉ်က ထုတ် လွှင့်စဉ် အဆိုပါအမှားကြီးဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။ သတင်းစာတစ် စောင်ထဲတွင်ပါသော ဗြိတိန်၏ ဒုတိယမြောက်နန်းမွေနန်းလျာဝီလျံမင်းသား ၏ ရုပ်ပုံပေါ်သို့ မင် အနက်ဖြင့် မုတ်ဆိတ်မွေး၊ နှုတ် ခမ်းမွေးများ ခပ်သော့သော့ရေး ဆွဲထားသည်ကို ရုပ်သံတွင် စက္ကန့် အနည်းငယ်ပြ သခဲ့သည်။ ထို့ပြင် မျက်နှာတွင် မျက်မှန်တပ်ထား သော်လည်း သွားများပျောက်နေ သည်။ ခေါင်းတွင် အမျိုးသားလိင် အင်္ဂါတစ်ခု လည်းဆွဲထားသည်။

ထိုအခြင်းအရာကို ဘီဘီစီ အယ်ဒီတာများက လွတ်ထွက်သွား သော်လည်း ကြည့်ရှုသူတော်တော် များများက ထောက်ပြကြသည်။'အလို မင်းသားဝီလျံ ရဲ့ခေါင်း မှာ အမျိုးသားလိင်အင်္ဂါတစ်ခုပါ လား၊ တရားကိုလွန်တယ်'ဟု ကြည့် ရှုသူတစ်ဦးက တွစ်တာတွင် ရေး လိုက်၏။

လူမှုရေးအရ စိတ်အနှောင့် အယှက်ဖြစ်ရသောအမှားအတွက် ဘီဘီစီက တောင်းပန်ခဲ့သည်။ စော်ကားသည့်အရာကို ပြုလုပ်ခဲ့ ခြင်းမရှိပါကြောင်းလည်း အလေး အနက်ပြောကြားခဲ့သည်။

''ဒီဟာကို ဟာသအုပ်စုBa-rbershopera က ပေးတာပါ။ ဒါ ပေမဲ့ ဒီထဲမှာ စော်ကားသလိုဖြစ် နေတဲ့အရာ ကျွန်မတို့ရှာမတွေ့ ဘူး။ ဒီအတွက် ကျွန်မတို့တောင်း ပန်ပါတယ်''ဟု ဘီဘီစီပြောခွင့်ရ အမျိုးသမီးတစ်ဦးက ပြောကြား ခဲ့သည်။
Yangon Media Group

ဒိုက်ဦးတွင် နှစ်ရက်ဆက်တိုက် ရေနစ် သေဆုံး

ဒိုက်ဦး၊ သြဂုတ် ၎
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၃) ဝါဆိုရပ်ကွက်နှင့် အမှတ် (၈) ဒရယ်မီး ရပ်ကွက် တို့တွင် သြဂုတ် ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် နှစ်ရက် ဆက်တိုက် အမျိုးသား နှစ်ဦး ရေနစ် သေဆုံးခဲ့ ကြောင်း အဆိုပါ ရပ်ကွက် နေထိုင်သူများထံမှ သိရှိရသည်။

သြဂုတ်လ ၁ ရက်နေ့၊ ညနေ ၅နာရီခွဲခန့်က အမှတ် (၈) ဒရယ်မီးရပ်ကွက် မြို့သစ်ခ ၇ လမ်းထိပ်၊ ဒရယ်မီး ချောင်းတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူ အသက် ၂၄ နှစ်အရွယ် ကိုမျိုးထက် ရေဆင်းချိုးရာမှ နစ်မြုပ် ပျောက်ဆုံးခဲ့ရာ ဇူလိုင်လ ၃ ရက်နေ့တွင် သေဆုံးသူ၏ ရုပ် အလောင်း ပြန်လည် တွေ့ရှိခဲ့ကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောကြားသည်။

အလားတူ သြဂုတ် ၂ ရက်နေ့၊ နံနက် ၉ နာရီက အမှတ် (၃) ဝါဆိုရပ်ကွက် ဖအောင်ဝဲလမ်းရှိ အနက် လေးပေ ရေမြောင်းတွင် အသက် ၄၀ အရွယ် ဦးဉာဏ်ထွန်း ပြုတ်ကျပြီး ရေနစ် သေဆုံးခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင်း နေထိုင်သူများက ပြောကြားသည်။

“သူ့မှာက အတက်ရောဂါ ရှိတယ်၊ မယား ညီအစ်ကို နှစ်ယောက် အရက် သွားသောက်ရင်း မြောင်း အဖြတ်မှာ ဖြစ်သွားတာ၊ ရေထဲမှာ တစ်နာရီလောက် ကြာမှ ဆယ်ပြီး ရေမြောင်းဘေးမှာ တင်ထားတာ” ဟု သေဆုံးသူ၏ ဇနီး ဒေါ်မှတ်ကြီးက ပြောကြားသည်။

မိုးကာလတွင် ဒိုက်ဦးမြို့နယ်တွင်းရှိ ချောင်းများတွင် တောင်ကျ ချောင်းရေ များ ကျလာချိန်၌ ရေဆင်းချိုးခြင်း၊ ရေကူးခြင်းများ မပြုလုပ်ရန်နှင့် တားမြစ် ကြပ်မတ်ရန် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို နှိုးဆော်ထားကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးထံမှ သိရှိရသည်။
The Voice Weekly

လှိုင် မြစ်ကမ်းတွင် ပုပ်ပွ ကလေး အလောင်းတွေ့

ရန်ကုန်၊ သြဂုတ် ၎
ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်း အနောက်မြောက်ရပ်ကွက်၊ ကြည့်မြင်တိုင် ငါးဈေးအနီး လှိုင်မြစ်ကမ်းတွင် သြဂုတ်လ ၃ ရက် ညနေပိုင်း၌ ပုပ်ပွနေသည့် အသက် ခုနစ်နှစ်အရွယ် ကလေး အလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

ပုပ်ပွနေသည့် ကလေးအလောင်းသည် မိန်းကလေး အလောင်းဖြစ်ပြီး ယင်းအလောင်းကို ရန်ကုန် အထွေထွေ ပြည်သူ့ ဆေးရုံကြီးက ပီအာရ် ၀၁၉ ဖြင့် လက်ခံထားကြောင်း ဆိပ်ကမ်းမြို့နယ် မြို့မ ရဲစခန်းထံမှ သိရှိရသည်။

“အလောင်းက လက်ချောင်းတွေက အရိုး ပေါ်နေတယ်။ ပါးစပ်ကလည်း ဟနေတယ်။ အလောင်းက တော်တော် ပုပ်ပွနေပြီ” ဟု မျက်မြင် တွေ့ရှိ သည့် ရဲအရာရှိက ပြောကြားသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၃၆/၁၃ ဖြင့် စစ်ဆေးလျက် ရှိပြီး သေဆုံးသူ အမည်နှင့် နေရပ်ကိုမူ စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း ဆိပ်ကမ်းမြို့နယ် မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
The Voice Weekly

အာလူးပေး၍ မစီးရ

FB-Aungthan Tun

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com