http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ယနေ့ (3-22-2013) online ပေါ်မှ သတင်းဓါတ်ပုံများ







































































သံဃာတော်တချို့နဲ့ လုံခြူံရေးဝန်ထမ်းတွေက ပိတ်မိနေသူတွေကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေး

Mar 22, 2013
မိတ္ထီလာ ပဋိပက္ခအတွင်း ပိတ်မိနေသူတွေကို သံဃာတော်တချို့နဲ့ လုံခြူံရေးဝန်ထမ်းတွေက မတ်လ ၂၂ ရက်နေ့က လိုက်လံ ကယ်ထုတ်နေပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးနေပါတယ်။ ဒီသတင်းကို ဦးကိုသက်က ပေးပို့ ထားပါတယ်။

DVB TV News

မိတ္ထီလာ ဒုက္ခသည် စခန်း လုံခြုံရေး လုံးဝမရှိ


မိတ္ထီလာမြို့၊ ပဌမကျော်ဓမ္မာစရိယစာသင်တိုက် အပါအဝင် မြန်မာဒုက္ခသည် မိသားစုများ ခိုလှုံနေရာ ကျောင်းတိုက်များတွင် လုံခြုံရေးဝန်ထမ်းများ တစ်ယောက်မှမရှိပါ။ (20-3-2013) ညမှာ စ၍ ခိုလှုံလာကြရာ (22-3-2013)ရက်နေ့အထိ ပဌမကျော်ဓမ္မစရိယ စာသင်တိုက်တွင် ဒုက္ခသည်ပေါင်း(၁၀၀၀)ဝန်းကျင်ခန့်ရှိကြောင်း၊ ၎င်းတို့လုံခြုံရေးကို (21-3-2013)နှင့် (22-3-2013)ရက်နေ့အထိ ၂-ရက်လုံးလုံး ဌာနမျိုးစုံသို့ တောင်းခဲ့ရာ ဘယ်ဌာနကမှ လုံခြုံရေး ချမပေးကြောင်း၊ အဆိုပါ ဒုက္ခသည်များ ခိုလှုံရာ ဘုန်းကြီးကျောင်းများသည် အခင်းဖြစ်ပွားရာနေရာနှင့် လွန်စွာနီးကပ်ကြောင်း၊ ဗေဒါကန်ဘေး ဖြစ်သဖြင့် ရေထဲမှရန်သူများ ဝင်ခွင့်ရနေကြောင်း၊ ရန်သူများတက်လာလို့ သတင်းပို့ရာ လုံးဝမလာကြောင်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေရကြောင်း၊ ဒုက္ခသည်စခန်း အဖြစ်လည်း အသိအမှတ်အပြု မခံရကြောင်း ၎င်းကျောင်းများမှ သံဃာတော်များက တစ်ရပ်တည်းနေ မူဆလင်များကို အာကစားကွင်းရှိ မူဆလင်ဒုက္ခသည် စခန်းသို့ ကိုယ်တိုင်လိုက်ပို့ရာ အယောက်(၆၀)ကျော်ပင်ရှိခဲ့ ပြီးဖြစ်ကြောင်းသိရပါသည်။
FB-Wira Thu
09-444024821 09-43052121

မိတ္ထီလာပဋိပက္ခ နှင့် ပတ်သက်ပြီး အရေးပေါ်အခြေအနေ ကြေညာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အမိန့် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

အရေးပေါ်အခြေအနေကြေညာခြင်း
(၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်)

၁။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများ ဖြစ်ပေါ်မှုကြောင့် ပြည်သူများ၏လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်မှစ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက် ခဲ့ပါသည်။

၂။ သို့သော်လည်း ဆူပူအကြမ်းဖက်မှု များမှာ ပိုမိုများပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန် ဆောင်ရွက်ရုံဖြင့် မိတ္ထီလာခရိုင် အတွင်းရှိ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် သာစည်မြို့နယ်များ အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရှိရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံး ပြန်လည်ဖော်ဆောင် ပေးနိုင်စေရန် အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ မန္တလေး တိုင်းဒေသကြီး မိတ္ထီလာခရိုင် အတွင်းရှိ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင် မြို့နယ်နှင့် သာစည်မြို့နယ်များ အတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာ လိုက်သည်။

၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက် အရ တာဝန် ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။

၎။ ဤအမိန့်သည် ယနေ့မှစ၍ နောက်အမိန့် တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိမခြင်း အတည်ဖြစ်သည်။

၅။ ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။


(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
The Voice Weekly

အမိမဲ့သား ရေနည်းငါး

မျက်ကြည်လွှာထွက်သွားလို့ အရေးပေါ် မျက်စိခွဲစိတ်ထားရတာ ၂၁ ရက်ရှိသွား ပါပြီ။ မျက်စိအခြေအနေ တိုးတက်လာပေမယ့် ဆရာဝန်က အပြည့်အဝ အနားယူဖို့၊ မျက်စိကို အလွန်အကျွံ အသုံးမချဖို့ ညွှန်ကြားထားပါတယ်။ ဒီနေ့တော့ ဒါတွေကို မလိုက်နာနိုင်ပါဘူး။ လက်ပံတောင်းတောင် အစီရင်ခံစာ ထွက်လာတယ်ဆိုလို့ ကျန်တဲ့ မျက်စိတစ်ဖက်နဲ့ ကြိုးစားပမ်းစား ဖတ်ကြည့်မိပါတယ်။ ဖတ်ပြီးတဲ့အခါမှာလည်း ရင်ထဲမှာ တစ်ဆို့ဆို့ကြီး ခံစားရလို့ ကိုယ့်ရဲ့ဝေဖန်သုံးသပ် ချက်ကို ချရေးမိပါတယ်။

ပထမဆုံး ပြောရရင်တော့ ကိုယ့်ရဲ့ခံစားချက် တွေဟာ တစ်ခုခုကို ထိမ်ချန်ထားသလို ခံစားရပါတယ်။ ပြောသင့်ပြောထိုက်တာတွေကို မပြောဘဲ၊ ထိမ်ချန်ပြီး မရုတ်မလွန် မြွေမသေ၊ တုတ်မကျိုး ပြောနေသလိုမျိုးပဲ ခံစားရတယ်။ စီမံကိန်းရဲ့ အားနည်းချက်တွေကို ပြုပြင်ပြီး စီမံကိန်းကို ဆက်လုပ်သင့်တယ်လို့ အကြံပြုတာကို ဘယ်လိုမှ ဝေဖန် အပြစ်မပြောလိုပါဘူး။ ဒါပေမဲ့ အောက် ဖော်ပြပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ပိုပြီးတိတိကျကျ သုံးသပ်ဆွေးနွေး၊ အကြံပြုရင် ကောင်းမှာပဲလို့ ထင်မိပါတယ်။

(၁) ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်သုံးသပ်ချက် တွေက သိပ်ပြီးထူးထူးခြားခြား မပါရှိပါဘူး။ ကျားကိုက်ပါတယ်ဆိုမှ အပေါက်လေးလား ဆိုသလိုပါပဲ။ ဒေသခံပြည်သူတွေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ ပြောတဲ့ အချက်တွေကို ပြန်ပြီး တရားဝင်ဖြစ်အောင် ပြောတဲ့သဘောဖြစ် နေတယ်။ ကော်မရှင်ပါ ပညာရှင်တွေအနေနဲ့ အကန့်အသတ်၊ အခက်အခဲတွေ အများကြီးရှိမယ် ဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ ကျားကိုက်တဲ့ အပေါက်လေးက ဘယ်လောက်နက်လဲ၊ လူသေမှာ လားဆိုတဲ့ အချက်လေးတွေပါအောင် ဆန်းစစ် သုံးသပ်ပေးနိုင်ရင် ကောင်းမယ်လို့ထင်ပါတယ်။

အထူးသဖြင့် စီမံကိန်းကို ဆက်မလုပ်စေ လိုတဲ့ ဒေသခံတွေ အနေနဲ့ ဒီစီမံကိန်းကြောင့် မြေပေါ်မြေအောက် ရေညစ်ညမ်းမှုကြောင့် ချင်းတွင်းမြစ် ထိခိုက်ပြီး မုံရွာမြို့ကြီးပါ ဆိုးကျိုး ကြုံတွေ့ရမယ့်ကိစ္စတွေကို စိုးရိမ်ပူပန် နေကြပါ တယ်။ တစ်နည်းအားဖြင့် ရေညစ်ညမ်းမှု ဖြစ်မယ် ဆိုက ငြင်းစရာမရှိတဲ့ အချက်ပါ။ ဒါပေမဲ့ ဒီညစ်ညမ်းမှုဟာ ဘယ်အတိုင်းအတာအထိ ဖြစ်မလဲ၊ ဖြစ်နိုင်လဲဆိုတာကို ရှင်းလင်းသုံးသပ်ဖို့ ကောင်းပါတယ်။ အခြေခံကိန်းဂဏန်း အချက်အလက် (Baseline Data) တွေ မရသေးလို့ ကံသေကံမ မပြောနိုင်သေးရင်တောင်မှ ဖြစ်နိုင်ခြေတွေ ပညာ ရပ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေ ရှင်းရှင်းလင်းလင်း ပြောပြသင့်ပါတယ်။ ဒီရှင်းလင်းချက် မပါရင် ဒီအချက် ကို စိုးရိမ်နေသူတွေဘယ်လိုမှ ကြောင့်ကြကင်းမှာ မဟုတ်ပါဘူး။

ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်ရာမှာ ဆိုးကျိုး ဖြစ်မဖြစ် လေ့လာရုံတင်မကပါဘူး။ ထိခိုက်နိုင်မှု (Magnitude) နဲ့ ဆုံးရှုံးနစ်နာနိုင်မှု (Intensity) နှစ်ခုလုံးကိုပါခြုံပြီး သုံးသပ်ဖို့လိုပါတယ်။ စာရေး သူအနေနဲ့ စီမံကိန်း စနစ်တကျမဆောင်ရွက်ရင် ရေညစ်ညမ်းမှု ရှိနိုင်တယ်။ အတိတ်ကာလအိုင်ဗင်ဟိုးကုမ္ပဏီ လုပ်ခဲ့စဉ်ကတည်းကကို ရေညစ်ညမ်းမှုတွေ ရှိခဲ့ဖူးတယ်။ ဒါကြောင့် တရုတ်ကုမ္ပဏီတွေ အနေနဲ့ ပတ်ဝန်းကျင်ကို အလေးမထားခဲ့ရင် ရေညစ်ညမ်းမှုတွေ ဖြစ်နိုင် တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ ဒေသခံတွေ ပြောနေတဲ့အချက်က စိုးရိမ်ပူပန်မှု လွန်ကဲနေတယ်လို့ ထင်မြင်မိတယ်။ တရုတ်ကုမ္ပဏီတွေရဲ့လုပ်ဆောင်မှုမှတ်တမ်းနဲ့ လက်ရှိဆောင်ရွက်ပုံ တွေကို လေ့လာသုံးသပ်ကြည့်ရင် ပတ်ဝန်းကျင်ကို အလေးထားမှုအားနည်းတယ်လို့ သုံးသပ်နိုင်ပါတယ်။

ဒါကြောင့်မို့ ဒေသခံတွေ စိုးရိမ်ပူပန်မှု လွန်ကဲနေတာကို အပြစ်ပြောလို့ မရနိုင်ဘူး။ ပညာရပ်ပိုင်းဆိုင်ရာ ပိုမိုလေ့လာတိကျတဲ့ အချက်တွေနဲ့ ဒေသခံတွေကို ရှင်းလင်းသင့်တယ်လို့ ထင်မြင်မိပါတယ်။ လက်ရှိအခြေအနေမှာ လေ့လာရေး ကန့်သတ်ချက်တွေ၊ အခက်အခဲတွေကြောင့် ဒေသခံတွေရဲ့ စိုးရိမ်မှုကို တိကျတဲ့အဖြေ မပေးနိုင်သေးရင်လည်း မပေးနိုင်သေးကြောင်း အတိ အလင်းဖော်ပြပြီး ဘယ်လို ဆန်းစစ်လေ့လာမှု တွေလုပ်ဖို့လိုတယ်။ ဒါမှသာ ပိုပြီးတိတိကျကျပြော နိုင်မယ်ဆိုတဲ့ ရှင်းလင်းချက်တွေ ပေးသင့်ပါတယ်။

ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်တဲ့အခါမှာ ၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံ Perfect ဖြစ်နိုင်ဖို့ မလွယ်ပါဘူး။ လေ့လာဆန်းစစ်တဲ့အခါမှာ အသုံးပြုတဲ့ ယူဆချက်တွေ နည်းစနစ်တွေ တွက်ချက်မှု တွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ကြိုတင်ဖော်ပြထားဖို့ လိုပါတယ်။ ဒါမှသာကိုယ့်ရဲ့ သုံးသပ်ချက်ဟာ ဘယ်အတိုင်းအတာ အကန့်အသတ် ဘောင်အတွင်းမှာပဲ မှန်နိုင်တဲ့ ရာခိုင်နှုန်း ဘယ်လောက်ရှိတယ်၊ အများလက်ခံနိုင်တဲ့ အနေအထား ဘယ်လောက်ရှိတယ် ကြိုတင်ပြောထားမှ သုံးသပ်ချက်၊ အကြံပြုချက်တွေဟာ ပိုပြီး ထင်သာ၊ မြင်သာရှိပါတယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာမှာ လေထုညစ်ညမ်းမှုကို စစ်ဆေး တိုင်းတာတဲ့အခါ လေထုထဲဖုန်မှုန့် (TSPM) များနေတာကိုသာ ထောက်ပြပြီး SO2 ပမာဏကတော့ ညစ်ညမ်းမှု အဆင့်မရှိဘူးလို့ သုံးသပ်ထားပါတယ်။

စာရေးသူ နားလည်ထားသလောက် ပြောရရင် လေထုညစ်ညမ်းမှုကို ပုံမှန်ရေရှည် တိုင်းတာမှု ပြုလုပ်မှသာ လေထုထဲ အက်စစ်ပမာဏ သတ်မှတ်ချက်ထက် များ မများ သိနိုင်ပါတယ်။ လေထုထဲမှာ ရှိမယ့် အက်စစ်ပြင်းအားဟာ စိုစွတ်တဲ့ရာသီဥတု၊ အချိန်ကာလမှာ နည်းပါးလျက်ရှိပြီး ခြောက်သွေ့တဲ့ ရာသီနေ့အချိန်တွေမှာ ပိုများပြားတတ်ပါတယ်။ အစီရင်ခံစာထဲမှာ အက်စစ်ပမာဏတွေဟာ လေထု ထဲမှာ မများဘူးလို့ ဆိုတဲ့အခါ ခေါင်းထဲကို အတွေးဝင်လာတာက ကော်မရှင်ရဲ့ လေ့လာဆန်းစစ် တဲ့နည်းစနစ်နဲ့ အချိန်ကာလတွေပါပဲ။ လေထု အရည်အသွေး စစ်ဆေးဖို့ နမူနာကောက်ယူတဲ့ အခါမှာ ဘယ်အချိန်ကာလတွေမှာ ကောက်တာလဲ၊ ဘယ်နေရာတွေမှာ ဘယ်နှကြိမ်ကောက်လဲ၊ ကောက်ယူတဲ့ နမူနာတွေကကော ဒေသတစ်ခုလုံး မှာ အက်စစ်ညစ်ညမ်းမှု မရှိဘူးလို့ ပြောလောက် အောင် ကိုယ်စားပြုနိုင်ရဲ့လား အစရှိသဖြင့် သိချင်လာပါတယ်။ ပတ်ဝန်းကျင်ရေးရာ အသေးစိတ် အစီရင်ခံစာ မှာတော့ ဒီအချက်တွေပါမယ်လို့ မျှော်လင့်ပါတယ်။

ဒါပေမဲ့ ပြည်သူလူထုကို အစီရင်ခံတဲ့ အစီရင်ခံစာမှာ ဒီဆန်းစစ်တဲ့ နည်းစနစ်တွေရဲ့ Degree of subjectiviey တစ်ဖက်သတ် ကိုယ်သန်ရာတွေး ကောက်ချက်ချယူနိုင်မှုကို ဘယ်လို လျော့ပါးအောင် လေ့လာ သုံးသပ်ထားတယ်ဆိုတဲ့ အချက်တွေ ယေဘုယျ ထည့်သွင်းဖော်ပြ သင့်တယ်လို့ ထင်ပါတယ်။ နို့မို့လို့ဆိုရင် စီမံကိန်းကြောင့် အက်ဆစ်ဓာတ် များကြောင့် လေထု ညစ်ညမ်းမှု မရှိဘူးဆိုတဲ့ တရားသေကောက်ချက်တွေ ဖြစ်သွားနိုင်ပြီး အရေးကြီးတဲ့ အချက်တစ်ချက် ကျန်သွားနိုင်ပါတယ်။ SO2 ဟာ ပေါ့ပါးပြီး လေတိုက်အားပေါ်မှာ မူတည်ပြီး မိုင်ထောင်ချီ ပြေးနိုင်ပါတယ်။ ရာသီအလိုက် လေတိုက်ရာ အရပ်ကိုလိုက်ပြီး အနောက်တောင်ဘက်နဲ့ အရှေ့မြောက်တွေဘက်မှာ SO2 ရဲ့ ဆိုးကျိုးဒဏ် ကို ခံရနိုင်ပါတယ်။ လေနဲ့ရေမှာ ပါလာတဲ့ အက်ဆစ်ဓာတ်ကြောင့် မြေအဆိပ်သင့်မှု (Soil contamination) နဲ့ပတ်သက်ပြီးတော့ အစီရင်ခံစာမှာ ဖော်ပြထားတာ သိပ်မတွေ့မိသလိုပါပဲ။ မြေအဆိပ်သင့်မှုဟာ စားနပ်ရိက္ခာ ထုတ်လုပ်ရေးနဲ့ လူအများအာဟာရ ဖွံ့ဖြိုးရေးနဲ့ ကျန်းမာရေး ကိစ္စတွေမှာ အကျိုးသက်ရောက်မှု ရှိတဲ့အတွက် အရေးကြီးတဲ့ အချက်တစ်ချက်ပါ။

(၂) ပတ်ဝန်းကျင်ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ပိုမိုသိရှိ နားလည်နိုင်ဖို့ EIA၊ SIA လေ့လာမှု တွေ ပိုမိုလုပ်ကိုင်ဖို့ အကြံပြုထားပါတယ်။ တစ်ဆက် တည်းမှာပဲ ပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေး စီမံချက် (EMP) တွေ ရေးဆွဲဖို့လည်း ပါပါတယ်။ ဒါပေမဲ့ ဒီရေးဆွဲချမှတ်တဲ့ စည်းကမ်းတွေ၊ စီမံချက် တွေကို ဘယ်လိုလက်တွေ့မှာ အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ဖို့ ဘယ်လို အစီအမံတွေနဲ့ ကြီးကြပ်ကွပ်ကဲ စောင့်ကြည့်မယ့် ယန္တရား (Environmental Monitoring Mechanism) ကို ထားရှိဖို့လိုတယ် ဆိုတဲ့အချက်ကို ဆွေးနွေးထား တာမတွေ့ရပါဘူး။ ဥပဒေစိုးမိုးရေး ပြောသလိုပါပဲ။ လွှတ်တော်တွေက ဘယ်လောက်ကောင်းတဲ့ ဥပဒေတွေ ထုတ်ပြန်ပြဋ္ဌာန်းပေမယ့် လက်တွေ့ တွန်းအားပေးဆောင်ရွက်မယ့် Enforcement mechanism စီမံခန့်ခွဲမှု ယန္တရားတွေမရှိရင် အရာ မရောက်နိုင်ပါဘူး။ အထူးသဖြင့် ပြည်သူလူထုကို ဒီလိုစောင့်ကြပ် ကြည့်ရှု စီမံခန့်ခွဲပိုင်ခွင့် အခွင့် အာဏာ၊ တစ်နည်းအားဖြင့် Community Empowerment မလုပ်ဘူးဆိုရင် ရေရှည်မှာ လက်တွေ့ အကောင်အထည်ပေါ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် လူထုကို ပတ်ဝန်းကျင်ရေးရာကိစ္စ ရပ်တွေမှာ အပြုသဘောမျိုးဆောင် ပိုမိုပူးပေါင်း ဆောင်ရွက်လာနိုင်အောင် အမြင်ဖွင့် ပြုစုပျိုးထောင် ပေးရင်း သူတို့ကိုယ်တိုင် ဘယ်လိုတိုက်ရိုက် စီမံ ခန့်ခွဲနိုင်ခွင့် လွတ်လပ်စွာပြုမလဲဆိုတာ အစီရင် ခံစာမှာ အလေးပေး ဆွေးနွေးသင့်ပါတယ်။

(၃) လူမှုဆန်းစစ်ချက်မှာ မြေသိမ်းယူမှု လျော်ကြေးပေးတာတွေ ထင်သာမြင်သာ မရှိမှုနှင့် ကာလပေါက်ဈေးအတိုင်း မပေးတာတွေကို ဒေသခံ ပြည်သူတွေ ပြောတဲ့အတိုင်းပဲ ထောက်ပြသုံးသပ် ထားပါတယ်။ အကြံပြုချက်အနေနဲ့ မြေသိမ်း လျော်ကြေးပေးဖို့ရယ်၊ အလုပ်အကိုင် အခွင့်အလမ်း တွေ ပိုမိုရရှိအောင် ဆောင်ရွက်ဖို့ရယ်၊ အသေးစားနဲ့ အလတ်စားလုပ်ငန်း SME တွေ ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးဖို့ရယ် ဆိုပြီး အဓိက အကြံပြုထား ပါတယ်။

မစားရဝခမန်း ဒေါ်လာသန်းထောင်ချီ မြတ်မယ့် စီးပွားရေးစီမံကိန်းတွေ ဆိုရင် ဘယ်လို အကျိုးစီးပွားကို ခွဲဝေဖြန့်ဖြူးအောင် လုပ်မယ် (Benefit Sharing and Wealth Distribution) ဆိုတာ တိတိကျကျ ဖော်ပြသင့်ပါတယ်။ တစ်နည်း အားဖြင့် စီမံကိန်းကြောင့် ရလာမယ့် Economic Growth ကို Equity အလို့ငှာ ဘယ်လိုဒေသခံ ပြည်သူလူထုကို Distribute ဖြန့်ဝေမယ်ဆိုတာ အရေးကြီးပါတယ်။ ဒီကနေ့အပြောများတဲ့ Corporate Social Responsibility - CSR ဟာ အဖြေမဟုတ်ပါဘူး၊ အားနည်းချက်တွေရှိပါတယ်။

CSR ဟာ အဓိကအားဖြင့် လူ့အခွင့်အရေး အရသော်လည်းကောင်း၊ ဥပဒေအရသော် လည်းကောင်း ပြဋ္ဌာန်းထားတဲ့ ပတ်ဝန်းကျင်ရေးရာ စည်းကမ်း၊ လူမှုရေးကျင့်ဝတ်တွေကို ကုမ္ပဏီတွေက လိုက်နာတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကော်ပိုရေးရှင်းတွေ သဒ္ဓါရင် သဒ္ဓါသလို ပေးကမ်းစွန့်ကြဲတဲ့ လူမှုရေး ဒါနပြုမှုတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ တိုးပွားလာတဲ့ အကျိုးစီးပွားကို ကနဦး အစကတည်းက ဘယ်လိုလူထုထဲကို ဖြန့်ဖြူးပေး မယ်ဆိုတဲ့ ကတိကဝတ်ပြု ချည်နှောင်ထားမှုတွေ မရှိပါဘူး။

မျက်စိထဲမြင်အောင် ပြောရရင် အိမ်ရှင် ချမ်းသာလာလို့ အိမ်ဖော်ကို သဒ္ဓါတရားအရ ရွှေဆွဲကြိုးဆင်ပေးတဲ့ အဆင့်ပဲ ရှိပါတယ်။ တကယ့်ကို တာဝန်သိတဲ့ စီးပွားရေး Responsibility Business ဆိုတာ လူ့အခွင့်အရေးနဲ့ ပတ်ဝန်းကျင် ရေးရာ စောင့်စည်းရမှာတွေကို လိုက်နာရုံတင် မကဘူး။ စီပွားရေး လုပ်ကတည်းကကို ရလာမယ့် Growth ကိုဘယ်လို ပြည်သူထူထုကို တိုက်ရိုက် ရရှိအောင် ဖြန့်ဖြူးမလဲဆိုတာ စဉ်းစားပြီး စီမံကိန်းကို Design လုပ်ပြီး ရေးဆွဲအကောင် အထည် ဖော်ရပါတယ်။ အစိုးရကို အခွန်ပေးနေရတာပဲ၊ ဒေသခံတွေ အလုပ်ရနေတာပဲ၊ ငွေတွေလှူ နေတာပဲ ဆိုတာတွေနဲ့ မလုံလောက်ပါဘူး။ ငွေတွေ အမြတ်ထဲကမှ ဘယ်လောက်ရာခိုင်နှုန်းနဲ့ ဒေသဖွံ့ဖြိုးရေးကို နှစ်စဉ်ပုံမှန် ထောက်ပံ့မယ် အစရှိသဖြင့် တိတိကျကျ တာဝန်ယူသတ်မှတ် ဖော်ပြသင့်ပါတယ်။

နိုင်ငံတကာ ငွေရေးကြေးရေး အဖွဲ့အစည်းတွေဖြစ်တဲ့ IFC နဲ့ နိုင်ငံတကာဖွံ့ဖြိုးရေး အဖွဲ့အစည်းတွေ လက်ခံထားတဲ့ လုပ်ငန်းလမ်းညွှန် ကတော့ မြေသိမ်းယူရတဲ့ ကိစ္စတွေမှာ သိမ်းခံရသူတွေ ဘဝရပ်တည်ရှင်သန်ရေး အတွက် အစီအမံတွေ အတိအကျ ပါဝင်သင့်တယ်လို့ မူဘောင် ချမှတ်ထားပါတယ်။ ဒါကြောင့်မို့လို့ ကြေးနီ စီမံကိန်းဟာ အကျိုးအမြတ်တွေ တွက်ချက်တဲ့ အတိုင်း ရှိနေမယ်ဆိုရင် အမြတ်ရာခိုင်နှုန်း တစ်ခုကို သတ်မှတ်ပြီး ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတစ်ရပ် တည်ထောင်သင့်တယ် ဆိုတဲ့အချက်ကို အလေးအနက်ထား အကြံပြုသင့်တယ်လို့ ထင်မြင်မိပါတယ်။ လူမှုရေး ဆန်းစစ်မှုထဲမှာ အငြင်းပွားစရာ တစ်ခုက ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ၊ သာသနိက အဆောက်အအုံကိစ္စ သုံးသပ် အကြံပြုချက်ပါပဲ။ လယ်တီဆရာတော်ကြီးဟာ ဝါးတဲ ကျောင်းမှာ သီတင်းသုံး စင်္ကြံလျှောက် ယာယီ နေထိုင်ခဲ့တာပဲဖြစ်တယ်။ လက်ရှိသာသနိက အဆောက်အအုံ တွေဟာ ဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ဟာတွေ မဟုတ်လို့ ပြောင်းရွှေ့ ဆောက်လုပ်သင့်တယ်လို့ သုံးသပ် အကြံပြုချက် ဟာ များစွာ အံ့အားသင့်စေပါတယ်။
ဝင်းမျိုးသူ
ရှေ့တစ်ပတ်ဆက်ပါမည်။
The Voice Weekly

Myanmar Press Club ဖွဲ့စည်းသွားရန်ရှိ

ရန်ကုန်၊ မတ် ၂၂။
မြန်မာပြည်တွင်းရှိ သတင်းသမားများနှင့် ပြည်ပသတင်းသမားများ တွေ့ဆုံနိုင်ရေး၊ သတင်း အချက်အလက်များအပြန်အလှန် ဖလှယ်နိုင်ရေးနှင့် သတင်းသမားများနှင့်နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ တွေ့ဆုံနိုင်ရန် ရည်ရွယ်၍Myanmar Press Clup ကို ဖွဲ့စည်းသွားရန် ရှိကြောင်းသိရသည်။

အရှေ့တောင်အာရှ သတင်းသမားများ မဟာမိတ်အဖွဲ့(SEAPA) နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ ကလပ်(FCCT) တို့မှ အကြံဥာဏ်ပေးခဲ့သောကြောင့် ယခုကဲ့သို့ ကလပ်ဖွဲ့စည်းသွားရန် စီစဉ်ဖြစ်သွားခြင်း ဖြစ်ကြောင်း သတင်းစာ ဆရာတစ်ဦးဖြစ်သူ ကိုမြင့်ကျော်က ပြောသည်။

Myanmar Press Club ဖွဲ့စည်းပြီးပါက ၎င်းကလပ်နေရာအတွက် လိုအပ်ချက် ရှိပါက ဗြိတိသျှကောင်စီမှ(၆)လစာ ကူညီလိုကြောင်း၊ ရန်ကုန်ရှိ ဥရောပသမဂ္ဂ(EU)ရုံးမှ သတင်းဓာတ်ပုံ ပြပွဲများအတွက် ကူညီလိုကြောင်းနှင့် အမေရိကန် သံရုံးနှင့် ဗြိတိသျှသံရုံးများမှလည်း ကူညီနိုင်သည်များကို ကူညီလိုကြောင်း ကမ်းလှမ်းချက်သုံးခု ရရှိထားကြောင်း သိရသည်။

အာဆီယံ ဒေသတွင်းတွင် စာနယ်ဇင်း ကလပ်တစ်ခုအနေဖြင့် နှစ်ပေါင်း(၅ဝ)ကျော် ရပ်တည် လှုပ်ရှားလျက်ရှိသော ထိုင်းနိုင်ငံ အခြေစိုက် (FCCT) မှ ဥက္ကဌဟောင်း တစ်ဦးဖြစ်သူ Nirmal Ghosh က “ထိုင်းကFCCT အနေနဲ့ မြန်မာ နိုင်ငံမှာ မကြာခင် ဖွဲ့စည်းမယ့်ဒီကလပ်နဲ့ ဘယ်လို ပုံစံဖြစ်ဖြစ် အကူညီပေးနိုင်သလောက် ပေးသွားမယ်။ ကျွန်တော်တို့ရဲ့ တွစ်တာ၊ဖေ့စ်ဘွတ် စတဲ့ လူမှုစာမျက်နှာတွေမှာ MyanmarPress Club အကြောင်းတွေကို မိတ်ဆက်ပေးလို့ရတယ်။ တခြား နိုင်ငံခြား သတင်းထောက်တွေနဲ့လည်း မိတ်ဆက်ပေးလို့ရတယ်။ ဒီက အသင်းဝင်တွေနဲ့ သူတို့ဆီက အသင်းဝင်တွေ အပြန်အလှန် အသိအမှတ်ပြုတာမျိုး တွေလည်း လုပ်သွားမှာပါ” ဟု MyanmarMedia Resources Centerတွင် ယနေ့မွန်းလွဲပိုင်းကပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ပြောကြားသည်။

လက်ရှိ အချိန်တွင် Myanmar Press Club ဖွဲ့စည်းအကောင် အထည် ဖော်ရေးအတွက် ယာယီ လုပ်ငန်းအဖွဲ့ တစ်ခုအားယနေ့ညနေက ဖွဲ့စည်းခဲ့ပြီး ကိုမြင့်ကျော်၊ ကိုနေဘုန်းလတ်၊
ဆရာစိုးဝင်းငြိမ်း အပါအဝင် (၇)ဦးရှိပြီး လာမည့် ဧပြီလ(၅) ရက်နေ့ညနေ ၃နာရီ အချိန်တွင် ရန်ကုန်မြို့ကုန်သည်လမ်းရှိ Myanmar Media Resources Center တွင် ပြုလုပ် မည့် တွေ့ဆုံ ဆွေးနွေးပွဲမှ ယာယီ လုပ်ငန်းအဖွဲ့နှင့် အဖွဲ့ဝင် အရေအတွက်များ တိုးလာမည်ဖြစ်ကြောင်း သိရသည်။

“Myanmar Press Club မှာ သတင်းသမားတွေတင် မကဘူး၊ တခြားသူတွေလည်း ပါဝင်လို့ရပါတယ်။ ဥပမာ စီးပွားရေး သမား ဖြစ်ဖြစ်၊ နိုင်ငံရေးသမား ဖြစ်ဖြစ်ပေါ့၊ အဖွဲ့ဝင်အဖြစ်နဲ့ ပါဝင်နိုင်ကြပါတယ်။ စိတ်ဝင်စားတဲ့သူ ဘယ်သူမဆိုနောက်လ(၅)ရက်နေ့မှာ ပြုလုပ်မယ် တွေ့ဆုံပွဲကို လာရောက်ဖို့လည်း ဖိတ်ကြားသွားမှာပါ” ဟု ကိုမြင့်ကျော်ကပြောသည်။
ထက်နောင်နောင်
The Myanma Age

၂၀၁၂-၂၀၁၃ တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၅၀၀၀ ခန့် ပျက်ကွက်

ရန်ကုန်၊ မတ် ၂၂။
အောက်မြန်မာပြည်တွင် ၂၀၁၂-၂၀၁၃ နှစ်အတွက် တက္ကသိုလ် ၀င်တန်း ဖြေဆိုသူ စာရင်းရှိ ဦးရေ ၁၅၅၇၉၀တွင် လာရောက်မဖြေသူ ၁၅၀၀၀ ကျော်ခန့် ရှိကြောင်းအမှတ်(၁) အခြေခံပညာ ဦးစီးဌာန အောက်မြန်မာပြည်မှ သိရသည်။

ယင်းကဲ့သို့ လာရောက် မဖြေဆိုသူများတွင် ဇီဝဗေဒဘာသာတွဲတွင် စာရင်းရှိ ၃၁၃၅၁တွင် ပျက်ကွက်သူ ၁၉၁၆ ဦး၊ ဘောဂဗေဒ ဘာသာတွဲတွင် စာရင်းရှိ ၁၂၄၂၉၀ တွင်ပျက်ကွက်သူ ၁၂၀၉၂ ဦးရှိပြီး ဝိဇ္ဇာတွဲ ဖြေဆိုရန် ပျက်ကွက်သူ ၂၁၁၂ဦးရှိကြောင်း သိရှိရသည်။

၂၀၁၁-၂၀၁၂နှစ်က အောက်မြန်မာပြည်တွင် စာရင်းရှိ ၁၅၁၁၉၆ ဦးတွင် ဖြေဆိုရန်ပျက်ကွက်သူ ၁၆၄၄၈ ဦး ရှိပြီး ပျက်ကွက်သူ ၉.၂ ရာခိုင်နှုန်းခန့်ရှိပြီး၂၀၁၂-၂၀၁၃ ပညာသင်နှစ်နှင့် နှိုင်းယှဉ်ပါကယခုနှစ်တွင် စာမေးပွဲလာရောက်မဖြေဆိုသူ ပိုများကြောင်းသိရသည်။

ပညာရေးဝန်ကြီးဌာန အောက်မြန်မာပြည်တွင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့ ပါဝင်ကြောင်း သိရသည်။ ရည်မွန်
The Myanma Age

အင်တာနက် သုံးစွဲနိုင်မှု များလာရေး Google အကြီးအကဲ တွန်းအားပေး

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးမားဆုံး အင်တာနက် Google ကုမ္ပဏီ ဥက္ကဌ Eric Schmidt က အစိုးရအနေနဲ့ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းတွေမှာ ၀င်ရောက်စွက်ဖက်မှုမရှိရေးဟာ အရေးကြီးကြောင်း ဒီနေ့မှာ ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ MICT Park ၀န်းထဲက မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။ အဲဒီပွဲကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell လည်း တက်ရောက်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အိုင်စီတီကဏ္ဍသစ်တရပ် တိုးတက်ဖို့အတွက် ဂူဂယ်ကုမ္ပဏီက နည်းပညာ အကူအညီတွေရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အိုင်တီနည်းပညာနဲ့ အင်တာနက်ဖွံ့ဖြိုးမှု နည်းပညာတွေလည်း တိုးတက်လာမယ်လို့ ဒီကနေ့တွေ့ဆုံဆွေးနွေးအပြီးမှာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက် ဆက်သွယ်ရေးစနစ် ပိုထွန်းကားဖို့အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ လွတ်လပ်စွာလုပ်ပိုင်ခွင့် ပေးသင့်တယ်လို့လည်း ဂူဂယ်ကုမ္ပဏီ ဥက္ကဌက ပြောခဲ့ပါတယ်။

ဒါ့အပြင် အင်တာနက်သုံးစွဲမှုအပြင် ၀န်ဆောင်မှုလုပ်ငန်းတွေ ကျယ်ပြန့်လာမယ်ဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ လျင်လျင်မြန်မြန် ပွင့်လင်းလာလိမ့်မယ်လို့လည်း ဂူဂယ် ဥက္ကဌ Mr. Schmidt က ထည့်သွင်းပြောခဲ့ပါတယ်။

ဂူဂယ်ကုမ္ပဏီအကြီးအကဲရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး RFA ၀ိုင်းတော်သူ ဒေါ်စန်းစန်းတင်က စုစည်းတင်ပြထားပါတယ်။
RFA Burmese

ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေပြည်တော်က တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ရုံးခန်းမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဖြေကြား


မန္တလေးတိုင်း မိတ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်းနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေပြည်တော်က တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ရုံးခန်းမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့ပါတယ်။
RFA Burmese

ရန်ကုန်မြို့၌ ညအချိန်များတွင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်

ရန်ကုန်မြို့၌ ညအချိန်များတွင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်
Eleven Media Group





နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com