http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တာဝန်သိပြည်သူတွေဖြစ် ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
ဇွန်လ ၉ ရက်နေ့က ပြင်ဦးလွင်မြို့ ဒေသခံပြည်သူများနဲ့ တွေ့ဆုံစဉ်
Photo : RFA/ Moe Thu Aung

2013-06-09      
ပြည်သူတွေအနေနဲ့ တာဝန်ယူတတ်တဲ့ စိတ်ဓါတ်မျိုးရှိမှ အုပ်ချုပ်တဲ့အစိုးရကို ပြည်သူက ချုပ်ကိုင်လို့ရမှာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ မီးပုံးပျံကွင်းမှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံရာမှာ တချို့ကိစ္စတွေမှာ အစိုးရအာဏာပိုင်တွေကလည်း တာဝန်မရှိသလို ပြုမူနေတာတွေ့ရသလို၊ ပြည်သူတွေဖက်ကလည်း တာဝန်မရှိဘူးဆိုပြီး လှစ်လျူရှုထားတာတွေ တွေ့နေရကြောင်း ပြောခဲ့ပါတယ်။

“ ကျွန်မတို့ငယ်ငယ်တုံးက ပြည်သူ့နီတိဆိုတာ ကျောင်းမှာသင်ခဲ့ရတယ်၊ ကလေးတိုင်း ကလေးတိုင်းက ပြည်သူ့နီတိဆိုတာ သင်ရတယ်၊ ပြည်သူ့နီတိဆိုတဲ့ အဓိပ္ပါယ်က ပြည်သူများရဲ့တာဝန်၊ အခုကျတော့ ကျွန်မတို့ ဘယ်လိုဖြစ်နေလဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ အစိုးရကလည်း တချို့ကိစ္စတွေ သူတာဝန်မရှိသလိုနေတယ်၊ ပြည်သူကလည်း တာဝန်မယူဘူးဆိုတော့ ကျွန်မတို့နိုင်ငံတိုးတက်ရေးအတွက် ဘယ်သူက တာဝန်ယူမှာလည်းလို့ မေးစရာတွေဖြစ်လာတယ်၊ ကျွန်မတို့ ပြည်သူတွေ ကျွန်မမေတ္တာရပ်ခံချင်ပါတယ် တာဝန်ယူလိုက်ပါ၊ အဲ့လိုတာဝန်ယူမှ အစိုးရကို ကိုယ်က ချုပ်ကိုင်ထားလို့ရမှာ ကိုယ်ကတာဝန်မယူဘဲနဲ့ ကိုယ့်အစိုးရကို ချုပ်ကိုင်ထားလို့ရမှာမဟုတ်ဘူး”

ဒါ့အပြင် အခွန်ဘဏ္ဍာငွေတွေကို ဘယ်လိုနေရာတွေမှာ အသုံးပြုနေလဲဆိုတာ အစိုးရက မရှင်းပြတဲ့အတွက် ပြည်သူတွေဟာ အခွန်ဆောင်ချင်စိတ်မရှိကြတာဖြစ်ကြောင်းနဲ့ ဒါတွေဟာ တရားဥပဒေစိုးမိုးမှုမရှိတာနဲ့ ဆက်စပ်ကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။

ပြင်ဦးလွင်မြို့ ဒေသခံတွေဖက်ကလည်း သူတို့လိုအပ်ချက်တွေထဲက လျှပ်စစ်မီး အလုံအလောက် မရတဲ့ အခက်အခဲနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကို တင်ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲကတည်းက ပြင်ဦးလွင်မြို့ကို လာရောက်ပြီး ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမယ့် ဒီကနေ့မှ အထမြောက်ခဲ့တာလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်တွေကို RFA သတင်းထောက် မဇင်မာဝင်း ကောက်နှုတ်တင်ပြထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။
RFA (မြန်မာပိုင်း)

မြစ်ဆုံစီမံကိန်းရပ်ဖို့ တရုတ်ကုမ္ပဏီကို ၈၈ တိုက်တွန်း

ယူနန်ပြည်နယ်ရောက် ကိုမြအေးဦးဆောင်သော ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း) (ဂျွန် ၆၊ ၂၀၁၃။ ဓာတ်ပုံ ၈၈ မျိုးဆက်)
10.06.2013
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ် မြစ်ဆုံဒေသက ရေအားလျှပ်စစ်စီမံကိန်းကို အဆုံးသတ်ဖို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို တစ်ပတ်ကြာ ခရီးသွား ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက စီမံကိန်း အကောင်အထည်ဖော်ဆောင်နေတဲ့ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ တောင်းဆို လိုက်ကြပါတယ်။ လတ်တလော ရပ်ဆိုင်းထားတဲ့ စီမံကိန်းကို ရပ်တန့်ဖို့အတွက် အခုလို တောင်းဆိုခဲ့ကြတာပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ရင်းနှီးမှုရစေဖို့ ဖွဲ့စည်းထားတဲ့ တရုတ်အစိုးရရဲ့ China Myanmar Friendship Association ရဲ့ ဖိတ်ကြားချက်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားရေးရာတာဝန်ခံ ကိုမြအေးနဲ့ တောင်သူလယ်သမားရေးရာ တာဝန်ခံ ကိုထွန်းမြင့်အောင်တို့ ဦးဆောင်တဲ့အဖွဲ့ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်ခရီးစဉ်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စတင်ခဲ့တာပါ။

ကြာသာပတေးနေ့က ယူနန်တက္ကသိုလ် ပါမောက္ခတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြသလို ယူနန်ပြည်နယ်မှာရှိတဲ့ CPI- China Power Investment Company ကိုပါ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ထဲမှာ CIP ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ကိုအံ့ဘွယ်ကျော်က ပြောပါတယ်။

“သူတို့ကတော့ မြစ်ဆုံနဲ့ပတ်သက်ပြီးတော့ ဘယ်လို နိုင်ငံတကာအရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေရော အကုန်လုံးလုပ်ထားပါတယ်ဆိုတဲ့ အကြောင်းတွေကို ပြပါတယ်။ ကိုမြအေးလှမ်းပြောတယ်။ ဓာတ်ပုံတွေနဲ့ကော၊ ဗွီဒီယိုတွေနဲ့ကော အချက်အလက်အရကော ပြပါတယ်-တဲ့။ မြစ်ဆုံနဲ့ပတ်သက်ပြီး သူတို့ကတော့ ဆက်လုပ်ချင်တယ်ပေါ့ဗျာ။”

CPI ကုမ္ပဏီ တာဝန်ရှိသူတွေက သူတို့ တာဝန်ယူတည်ဆောက်နေတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်မှာမို့ ဆက်လက် လုပ်ကိုင်ချင်ကြောင်း ပြန်လည် ပြောကြားခဲ့ပေမဲ့ သူတို့တည်ဆောက်ရမယ့် ရေကာတာစီမံကိန်းနေရာဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု သမိုင်းပြယုဒ်တစ်ခုဖြစ်တာမို့ ဆက်ပြီးမလုပ်ဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေက ပန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ မူအရကတော့ လက်မခံနိုင်ဘူး။ လက်မခံနိုင်တဲ့အကြောင်းရင်းတွေကိုလည်း ကိုမြအေးက ပြောခဲ့ပြီးပြီ။ ၈၈ ဘက်က အနေနဲ့ကတော့ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို လုံးဝ လက်မခံနိုင်ပါဘူး။ လက်မခံနိုင်ရခြင်း အကြောင်းရင်းတွေကတော့ အချက် သုံးချက်ပေါ့နော်-အဓိက-ကတော့။ တစ်အချက်က ကချင်ပြည်နယ်မှာ မြစ်ဆုံဟာ တကယ့် Landmark ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကချင်အမျိုးသားတရပ်လုံးကလည်း လက်မခံနိုင်ဘူး၊ နောက်တစ်ခုက ဧရာဝတီမြစ် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဧရာဝတီမြစ်ဟာ ကျနော်တို့ တမျိုးသားလုံးရဲ့ အသက်သွေးကြောဖြစ်တယ်၊ နောက်ပြီးတော့ ဒီဥစ္စဟာ သမိုင်းတန်ဖိုးလည်းရှိတယ်။”

မြစ်ဆုံဒေသဟာ ကချင်တိုင်းရင်းသားတွေရဲ့ အထင်ကရနေရာ၊ အရေးကြီးတဲ့ အထိမ်းအမှတ်နေရာဖြစ်သလို မြန်မာတမျိုးသားလုံးက အထူးတန်ဖိုးထားတဲ့ ယဉ်ကျေးမှု သမိုင်းပြယုဒ်ဖြစ်နေပြီး မြန်မာနိုင်ငံ အထက်အောက် ကုန်သွယ်စီးပွားနဲ့ ကူးသန်းသွားလာရေးအတွက် တနိုင်ငံလုံးက အားထားနေရတဲ့ ဧရာဝတီမြစ်ကြောင်းအစမို့ ဒီလိုနေရာမျိုးကို ကြီးမားတဲ့ရေကာတာကြီးတွေနဲ့ အစားမထိုးနိုင်ကြောင်း ရှင်းပြခဲ့ကြပြီး ဒီ မြစ်ဆုံဆည် ရေအားလျှပ်စစ်စီမံကိန်းကို လုံးဝ ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

CPI ကုမ္ပဏီတာဝန်ရှိသူတွေက မြန်မာနိုငငံကို လာရောက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ထပ်မံတွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့တယ်လို့ ပြောပါတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းပစ်ဖို့အတွက် မြန်မာနိုင်ငံအတွင်း ဆန့်ကျင်ဆန္ဒပြပွဲတွေကြောင့်၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှာ သမ္မတဦးသိန်းစိန်က သူ့ရဲ့ သမ္မတသက်တမ်းအတွင်း ရပ်ဆိုင်းထားဖို့ ကတိပြုခဲ့ပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်မှာ ကုန်ဆုံးတော့မှာမို့ မြစ်ဆုံ ရေကာတာအတွက် ရာနှုန်းပြည့် အခြေချပြီးဖြစ်နေတဲ့ CPI ကုမ္ပဏီက လုပ်ငန်းပြန်စဖို့အတွက် ဆန္ဒရှိနေတာပါ။

ဧရာဝတီမြစ်ကြောင်းအစ မေခ၊ မလိခမြစ်နှစ်သွယ်ပေါ်မှာ တည်ဆောက်မယ့် ဆည်ကြီး ၇ ခုနဲ့ မြစ်ခွဲလေးတွေထဲ တည်ဆောက်မယ့် ဆည်အသေး ၆ ခုစလုံးကို ရပ်ဆိုင်းထားခဲ့ပြီး သူတို့  ကုမ္ပဏီက လုံခြုံရေးအစောင့် ၈၀-၉၀ လောက်ပဲ ချန်ထားတဲ့ ဒီစီမံကိန်းကို ပြန်ပြီးစနိုင်အောင် CPI ကုမ္ပဏီက ကြိုးစားနေတာပါ။ ဒါပေမဲ့ ဒါကို ပြန်စနိုင်အောင် ပြည့်စုံတဲ့ EIA လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ဆန်းစစ်မှု အစီရင်ခံစာ လိုအပ်နေတာ ဖြစ်ပြီး ဒါကလည်း ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် သေသေချာချာ မလုပ်နိုင်ဘဲဖြစ်နေတာပါ။ ကိုမြအေးဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဂျွန်လ ၁၁ ရက်၊ အင်္ဂါနေ့မှာ ရန်ကုန်ကို မပြန်ခင် ကူမင်းဒေသ အစိုးရအဖွဲ့နဲ့ တရုတ်ကွန်မြူနစ်ပါတီ အရာရှိကြီးတွေနဲ့လည်း တွေ့ဆုံအုံးမှာ ဖြစ်ပါတယ်။
ဒေါ်ခင်မျိုးသက်
ဗွီအိုအေ (မြန်မာပိုင်း)

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း သမ္မတတာဝန်ယူဖို့ ဆန္ဒရှိ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနှင့် ဗွီအိုအေအယ်ဒီတာ ဦးသိန်းထိုက်ဦး။ (ဂျွန် ၉၊ ၂၀၁၃။) ဓာတ်ပုံ/ ဗွီအိုအေ (မြန်မာပိုင်း)
10.06.2013
အမေရိကန် ပြည်ထောင်စုကို ပထမဆုံးအကြိမ် လွှတ်တော်ကိုယ်စားလှယ် တဦးအဖြစ်နဲ့ ရောက်ရှိလာတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အနေနဲ့ အစိုးရအကြီးအကဲ သမ္မတတဦးအဖြစ် တာဝန်ယူဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ လွှတ်တော်ရေးရာ ကိစ္စရပ်တွေကို လေ့လာဖို့ ခရီးစဉ်တစိတ်တပိုင်းအဖြစ်နဲ့ ရောက်ရှိလာတဲ့ ခရီးစဉ်အတွင်း ဗွီအိုအေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ဦးရွှေမန်း ကအခုလို ပြောလိုက်တာပါ။

၂၀၁၅ ခုနှစ်မှာ နောက်တကြိမ် ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ သမ္မတအဖြစ် တာဝန်ယူဖို့ ဆန္ဒရှိတဲ့အကြောင်း ထုတ်ဖော်ပြောဆိုထားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက်ကတော့ လက်ရှိ အခြေခံဥပဒေအရ ကန့်သတ်ခံထားရတာပါ။ ဒါပေမဲ့လည်း အများသဘောတူ လက်ခံတယ်ဆိုရင်တော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ အချက်အလက်တွေကို သူ့အနေနဲ့ ကန့်ကွက်မှ မဟုတ်တဲ့အကြောင်းလည်း ဦးရွှေမန်း ကပြောပါတယ်။

သီတင်း ၂ ပတ်နီးပါးကြာ အမေရိကန် ခရီးစဉ်အတွင်းမှာတော့ လွှတ်တော်ရေးရာ တာဝန်ရှိသူတွေနဲ့အတူ ဦးရွှေမန်းဟာ အမေရိကန် လွှတ်တော်တွင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားဖို့ရှိပြီး မြန်မာနိုင်ငံက လွှတ်တော်ရဲ့ အရည်အသွေး မြင့်မားအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို လေ့လာဖို့ ရည်ရွယ်ထားတာပါ။ လတ်တလောခရီးစဉ် အစနေ့အဖြစ် ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နှောင်းပိုင်းမှာတော့ ၀ါရှင်တန် မြန်မာသံရုံးမှာ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။
ဦးသိန်းထိုက်ဦး
ဗွီအိုအေ (မြန်မာပိုင်း)

လစ်ဗျား စစ်ဦးစီးချုပ် ရာထူးက နုတ်ထွက်

နှုတ်ထွက်သွားတဲ့ လစ်ဗျား စစ်ဦးစီးချုပ်
10 ဇွန်လ 2013
လစ်ဗျား နိုင်ငံက ကြည်းတပ် စစ်ဦးစီးချုပ် Youssef al-Mangoush ရာထူးကနေ နုတ်ထွက် လိုက်ပါတယ်။

ဘန်ဂါဇီမြို့မှာ ကန့်ကွက် ဆန္ဒပြသူ တွေနဲ့ ပြည်သူ့စစ် အဖွဲ့ တဖွဲ့ကြား လူ ၃ဝ သေဆုံးခဲ့ရတဲ့ အဓိကရုဏ်း နောက်ပိုင်း စစ်ဦးစီးချုပ် နုတ်ထွက်လွှာ တင်တာကို မနေ့က အမျိုးသား လွှတ်တော်က လက်ခံ လိုက်တာ ဖြစ်ပါတယ်။

ဘန်ဂါဇီမှာရှိတဲ့ Libya Shield Brigade လို့ ခေါ်တဲ့ ပြည်သူ့စစ် အဖွဲ့ စစ်ဌာနချုပ် အပြင်ဘက်မှာ အဲဒီအဖွဲ့ကို ဖျက်သိမ်းဖို့ စနေနေ့က စုရုံးပြီး တောင်းဆို ဆန္ဒပြ ကြစဉ်မှာ ဆန္ဒပြသူ တွေနဲ့ ပြည်သူ့စစ်တွေ ခိုက်ရန် ဖြစ်ပွား ခဲ့ကြတာပါ။

လစ်ဗျားမှာ ၂၀၁၁ ခု ကဒါဖီ သေဆုံးခဲ့ပြီး ကတည်းက လက်နက်ကိုင် ပြည်သူ့စစ်တွေ ရှိနေတဲ့ ကိစ္စကို ဖြေရှင်းဖို့ အစိုးရက ကြိုးစား နေခဲ့ ပါတယ်။

အခုတော့ ဘန်ဂါဇီမှာရှိတဲ့ Libya Shield Brigade ရဲ့ စစ်စခန်း အားလုံးကို စစ်တပ်က ထိန်းချုပ်ဖို့ အမိန့်ထုတ်ခဲ့ပြီး မကြာခင်မှာ စစ်ဦးစီးချုပ်ကို နုတ်ထွက်ခွင့် ပြုကြောင်း ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

အခု စစ်ဦးစီးချုပ်ကို မထွက်ရင်လည်း မကြာခင် ဖယ်ရှား ပစ်တော့မှာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သူဟာ လစ်ဗျားက ပြည်သူ့စစ်တွေနဲ့ ပတ်သက်တဲ့ ပြသနာ အများအပြား အတွက် တာဝန်ရှိသူ၊ ထိထိရောက်ရောက် မကိုင်တွယ် နိုင်သူလို့ မြင်ကြ ပါတယ်။

သေဆုံးသူတွေ အတွက် အမျိုးသား လွှတ်တော်က ဝမ်းနည်းကြောင်း အထိမ်း အမှတ် ၃ ရက် သတ်မှတ်ခဲ့ သလို သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးဖို့ တရားသူကြီး တဦးကိုလည်း ခန့်အပ် ခဲ့ပါတယ်။

စစ်ဦးစီးချုပ် နေရာမှာ သူ့ရဲ့ လက်ထောက် ဖြစ်သူကို ယာယီ ခန့်ထား လိုက်တယ် လို့ ဆိုပါတယ်။

အခု သေဆုံးမှုတွေ ဖြစ်ခဲ့တဲ့ ပြည်သူ့စစ် ဌာနချုပ် ကိုလည်း အထူး တပ်ဖွဲ့ တဖွဲ့က ထိန်းသိမ်း ကွပ်ကဲနေတယ်လို့ စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ဒါ ခဏပဲလား၊ ဒီပြည်သူ့စစ် အဖွဲ့ကို ဖျက်သိမ်းပြီး စစ်တပ်က ရေရှည် ထိန်းသိမ်း တော့မှာလား ဆိုတာ ကိုတော့ သဲသဲကွဲကွဲ မသိရဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အမျိုးသား လွှတ်တော်က Libya Shield Brigade ပြည်သူ့စစ်အဖွဲ့ကို တိုက်ရိုက် ဝေဖန် တာမျိုး မလုပ်ခဲ့ ပါဘူး။

လစ်ဗျား အာဏာပိုင် တွေဟာ လက်နက်ကိုင် ပြည်သူ့စစ်တွေနဲ့ ပတ်သက်ရင် တည့်တည့် မပြောရဲ ကြသလို ထိပ်တိုက် ရင်ဆိုင် မပြောရဲ ကြတဲ့ အားနည်းချက် ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဘန်ဂါဇီမှာ ဥပဒေမဲ့ အနေအထားမျိုး ဆက်ဖြစ်နေတဲ့ အတွက် ပြည်သူ့စစ် တွေကို အတော် များများက အပြစ်တင် ကြပြီး ဒီအဖွဲ့တွေ ဖျက်သိမ်းဖို့ မနှစ်က လူ ထောင် ချီပြီး လမ်းတွေပေါ်ထွက် ဆန္ဒပြ ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ထရီပိုလီ မြို့တော်က ဝန်ကြီးဌာန တချို့ကို ပြည်သူ့စစ်တွေ ဝိုင်းရံ ပိတ်ဆို့ခဲ့ ပြီးနောက် သူတို့ အပေါ် လူတွေရဲ့ မကျေနပ်မှု ပိုပြီး တိုးပွား လာခဲ့တာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ထောက်လှမ်းရေး သတင်းပေးသူ အမည် ဖွင့်ထုတ်

စီအိုင်အေ လက်ထောက် အရာရှိ ဟောင်းက ဖွင့်ချခဲ့
Monday, June 10, 2013
ကမ္ဘာ တလွှားက ကွန်ပျူတာနဲ့ တယ်လီဖုန်း ကွန်ယက် ဆက်သွယ်မှု တွေကို ထောက်လှမ်း ခြေရာခံတဲ့ အမေရိကန် ထောက်လှမ်းရေး အစီအစဉ် အကြောင်း ဖော်ထုတ် ခဲ့သူရဲ့ အမည် နာမကို ဂါးဒီးယန်း နဲ့ ဝါရှင်တန် ပို့စ် သတင်းစာ ကြီးတွေမှာ နာမည်နဲ့ တကွ ဖွင့်ချ လိုက်ပါပြီ။

ဒီလို ဖော်ထုတ် ခဲ့တဲ့ စီအိုင်အေ လက်ထောက် အရာရှိ ဟောင်း Edward Snowden က လွတ်လပ်စွာ ပြောဆိုခွင့် ရှိတဲ့ ဘယ်နိုင်ငံမှာ မဆို ခိုလှုံခွင့် တောင်းခိုမှာ ဖြစ်တယ်၊ ဒီကိစ္စ အတွက် ဘာမှ လုပ်ဆောင်မှု မရှိတဲ့ အမေရိကန် သမ္မတ အိုဘားမားကို စိတ်ပျက်မိတယ်လို့ ပြောဆို လိုက်ပါတယ်။

အမေရိကန် လှိျု့ဝှက် ထောက်လှမ်းရေး အဖွဲ့ တွေက အစိုးရ တရပ်ရဲ့ အာဏာကို ကျော်လွန်ပြီး ဒီမိုကရေစီကို ခြိမ်းခြောက် နေတယ်လို့ အသက် ၂၉ နှစ် အရွယ် စီအိုင်အေ လက်ထောက် အရာရှိ ဟောင်း Edward Snowden က ဗီဒီယို သတင်း တပုဒ်မှာ ပြောဆို ခဲ့ပါတယ်။

ဒီလို ဖွင့်ချ လိုက်တဲ့ အတွက် အမေရိကန်ရဲ့ လှိျု့ဝှက် သတင်း ထောက်လှမ်းနေမှု ပမာဏ အပေါ် အကျယ်အပြန့် ဆွေးနွေး ပြောဆိုမှုတွေ ရှိလာပါတယ်။

မစ္စတာ Snowden ဟောင်ကောင်က ဟိုတယ် တခုမှာ တည်းခို နေတယ်လို့ ဂါးဒီးယန်းက ပြောဆိုပါတယ်။

သူ့ကို အမေရိကန် အာဏာပိုင် တွေ ဘက်က သူ့ကို တုံ့ပြန် ဒဏ်ခတ် လာမှာကို မျှော်လင့် ပြီးသား ဖြစ်ကြောင်းလဲ သူက ဆိုပါတယ်။

ဒီအချိန် မှာပဲ အလွန် အရေးကြီးတဲ့ ထောက်လှမ်းရေး အစီအစဉ် ပေါက်ကြားမှု အတွက် တရားရေး ဌာနကို လွှဲအပ် လိုက်ပြီ ဖြစ်ကြောင်း အမေရိကန် အမျိုးသား လုံခြုံရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဝါရှင်တန်မှာ ပြောကြား လိုက်ပါတယ်။

ဒီလို လှိျု့ဝှက် သတင်း အချက်အလက်ကို သိရှိသူ အဖို့ ဥပဒေ အရ ကာကွယ် စောင့်ထိန်းဖို့ လိုက်နာရမယ့် တာဝန်ရှိတယ်လို့ ထောက်လှမ်းရေး ရုံး ကြေညာချက်မှာ ပါရှိ ပါတယ်။

ဥရောပ တုံ့ပြန်

အမေရိကန် ထောက်လှမ်းရေး အစီအစဉ် ကိစ္စကြောင့် အလွန် ပူပန် စိုးရိမ် မိတယ်လို့ ဂျာမန် အစိုးရ က ထုတ်ပြန် လိုက်ပါတယ်။

ဒီ ထောက်လှမ်းရေး အစီအမံကို အလွန် ဆိုးသွမ်းတဲ့ လုပ်ရပ် ဖြစ်ကြောင်း အချက်အလက် ကာကွယ်ရေး မင်းကြီး Peter Schaar က ပြောဆိုပါတယ်။

ဒီ အစီအစဉ်ရဲ့ ရည်ရွယ်ချက် တွေကို ရှင်းပြဖို့ အမေရိကန် အစိုးရကို သူက တောင်းဆို လိုက်ပြီး ဂျာမန် နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် ကို ဂျာမနီ အစိုးရ အနေနဲ့ ကာကွယ် ပေးရမှာ ဖြစ်ကြောင်းလဲ ပြောဆိုပါတယ်။

တင်းကျပ်တဲ့ ဗြိတိသျှ ထောက်လှမ်းရေး ဥပဒေ တွေကို ရှောင်လွှဲဖို့ အတွက် အမေရိကန် ထောက်လှမ်းရေး အချက်အလက် တွေကို ဗြိတိသျှ ထောက်လှမ်းရေး တွေက သုံးခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေကို ဖြေရှင်းဖို့ လဲ ဗြိတိသျှ အာဏာပိုင် တွေ ကို တောင်းဆို ခဲ့ကြပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိဂ် တနင်္လာနေ့ ပါလီမန်မှာ ကြေညာချက် တခု ထုတ်ပြန်ဖို့ ရှိပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ဆိုင်ကယ်ဖြင့် ဈေး ရောင်းသူ တစ်ဦးအား ကေအိုင်အေ အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်

နေပြည်တော် ဇွန် ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) မုံးကိုး၊ ကြူကုတ်၊ မုံးပေါ် ဒေသရှိ ဝိန်းဆိုင်ကျေးရွာ အုပ်စု၊ ဟူးကြီးရွာ၏ အနောက်ဘက် ချောင်း အနီး၌ ဇွန် ၈ ရက်က လက်နှစ်ဖက်၊ ခြေနှစ်ဖက်အား ကြိုးတုပ်ထားပြီး သစ်ပင်တွင် တွဲလောင်း ချည်ထားသည့် ယောက်ျား အလောင်း တစ်လောင်းအား ဦးခေါင်း အနောက်ဘက်ပိုင်းတွင် နှစ်လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဘယ်ရင်အုံ လက်နက်ငယ် ကျည်ဖောက် ထွက် ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေကြောင်း ကျေးရွာနေ တာဝန်ရှိ သူများမှ တွေ့ရှိခဲ့သည်။

အဆိုပါ သေဆုံးသူမှာ မူဆယ်- မုံးပေါ် လမ်းတစ်လျှောက်ရှိ ကျေးရွာများသို့ ဆိုင်ကယ်ဖြင့် ဈေးလိုက်လံ ရောင်းချသော စစ်ကိုင်းတိုင်း ဒေသကြီး၊ မြင်းမူမြို့နယ်မှ ဦးမင်းနိုင် (ဘ) ဦးသော်ဌေး ၅၂ နှစ်ဖြစ်ကြောင်း၊ သေဆုံးသူ၏ အလောင်းအနီးတွင် ဈေးရောင်းသည့် ဆိုင်ကယ်နှင့် ဈေးခြင်းတောင်းများ တွေ့ရှိရပြီး တပ်မတော် သတင်းပေးဟု ယူဆသဖြင့် ကေအိုင်အေ အဖွဲ့မှ သတ်ဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
စကားဝါ 
မြ၀တီ

မလေးရှားနိုင်ငံ၌ အသတ်ခံရသည့် ခြောက်ဦး ရှိပြီး ဆေးရုံများတွင် အတွင်းလူနာအဖြစ် ၁၂ ဦှးရှိ

Monday, June 10, 2013
အကြမ်းဖက် သတ်ဖြတ်မှုများ လက်ရှိအချိန်အထိ ဖြစ်ပွားနေသော မလေးရှားနိုင်ငံတွင် ဇွန် ၈ ရက်အထိ သေဆုံးသူ မြန်မာလူမျိုး ခြောက်ဦး ရှိသွားပြီဖြစ်ပြီး မလေးရှားရှိ ဆေးရုံများတွင် အတွင်းလူနာ ၁၂ ဦးအထိ တင်ပို့ကုသ ထားရကြောင်း မလေးရှားနိုင်ငံ၊ ကပုန်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ဆိုသည်။

သေဆုံးသူ မြန်မာလူမျိုး ခြောက်ဦး၏ ရုပ်အလောင်းများကို ဇွန် ၉ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၁ နာရီခွဲအထိ သင်္ဂြိုဟ်ခွင့် မရသေးဘဲ ထိုသို့ဖြစ်ရခြင်းမှာ မြန်မာပြည်မှ ထွက်လာကတည်းက စာရွက်စာတမ်း မပြည့်စုံမှုနှင့် မြန်မာနိုင်ငံရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ သင်္ဂြိုဟ်ခွင့်
ပြုရန်ဆိုသော အကြောင်းကြားစာ မလေးရှားရှိ မြန်မာသံရုံးသို့ မရောက်ရှိသေးခြင်းကြောင့်ဟု ၎င်းကဆိုသည်။

"မေ ၃၀ ရက်ကတည်းက မလေးရှားရောက် မြန်မာတွေ အသတ်ခံနေရတာ ဒီနေ့အထိပဲ၊ အဲဒီ အလောင်းတွေ ခုထိ မသင်္ဂြိုဟ်ရသေးဘူး၊ ဆေးရုံ အသီးသီးမှာ ထားတယ်၊ အဲဒီ သေတဲ့သူတွေက မြန်မာပြည်က ထွက်လာတည်းက အိမ်ထောင်စု စာရင်းတို့၊ မှတ်ပုံတင်တို့ မပြည့်စုံလို့ လို့ပြောတယ်၊ နောက်ပြီး မလေးရှားမှာရှိတဲ့ မြန်မာသံရုံးရဲ့ သတ်မှတ်ချက်မှာ ကလည်း ခုလိုရွှေ့ပြောင်း အလုပ်သမားတွေကို အထောက်အထား ခိုင်လုံသည်ဖြစ်စေ၊ မခိုင်လုံသည်ဖြစ်စေ၊ သင်္ဂြိုဟ်ခွင့်စာအုပ် ထုတ်ပေးခွင့် မရှိဘူးလို့ ကြားတယ်" ဟု ပြောကြားသည်။

ထို့အတွက် မြန်မာနိုင်ငံရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သင်္ဂြိုဟ်ခွင့် ပြုသည် ဆိုသည့် အကြောင်းကြားစာကို မလေးရှားနိုင်ငံ၊ မြန်မာသံရုံးသို့ ပို့ဆောင်ပေးရမည် ဖြစ်သည်။ ယင်းနောက် မြန်မာသံရုံးမှ ယခု ရုပ်အလောင်းများကို သင်္ဂြိုဟ်ပေးရန်၊ ကပုန်း နာရေးကူညီမှု အသင်းသို့ ညွှန်ကြားလာပါက ၎င်းတို့မှ ချက်ချင်းသင်္ဂြိုဟ် ပေးမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ကိုဆန်းဝင်းက ဆိုသည်။

ယခု ခြောက်ဦးမြောက် အသတ်ခံရသူမှာ ခရစ်ယာန် ဘာသာဝင်၊ ကရင်လူမျိုး စောဘာဘလူဂေး (အသက်၂၀နှစ်) (မြန်မာနိုင်ငံ၊ ငပုတောမြို့တွင် နေထိုင်ခဲ့သူ) ဖြစ်ပြီး ၎င်းအပါအ၀င် ကရင်လူမျိုး၊ ခရစ်ယာန် ဘာသာဝင်လေးဦး ဈေးဝယ်ထွက်လာစဉ် မွတ်စလင် အကြမ်းဖက်များ၏ ထိုးကြိတ်ရိုက်နှက်မှုကို ခံရရင်း ဆေးရုံ၌ ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု သိရသည်။

"သူတို့ လေးဦးက ဇွန် ၇ ရက်နေ့မှာ အကြမ်းဖက် ခံလိုက်ရတာ၊ နှစ်ဦးက
ဆေးရုံမှာ အရေးပေါ် လူနာဌာနမှာ တင်ထားရတယ်၊ အဲဒီနှစ်ဦး အနက် စောဘာဘလူဂေး (အသက် ၂၀)နှစ်က ဇွန် ၈ ရက် (စနေနေ့) (မလေးရှားစံတော်ချိန်) မွန်းလွဲ ၁ နာရီမှာ သေဆုံးသွားတာ ဖြစ်တယ်။ သူက မလေးရှားမှာ တရားဝင် စာရွက်စာတမ်းနဲ့ ရောက်လာတာ လေးရက်ပဲ ရှိသေးတယ်။ ခုလို အကြမ်းဖက်မှုတွေ ဖြစ်နေတုန်းကို ရောက်လာတာ" ဟု ကိုဆန်းဝင်းက ဆိုသည်။

ထို့ကြောင့် မလေးရှားရောက် မြန်မာလူမျိုးများ အသတ်ခံနေရမှုမှာ အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့သည့် မေ ၃၀ ရက်တွင် တစ်ဦး၊ မေ ၃၁ ရက်တွင် တစ်ဦး၊ ဇွန် ၂ ရက်တွင် တစ်ဦး၊ ဇွန် ၇ ရက်တွင် တစ်ဦး၊ ဇွန် ၈ ရက်တွင် နှစ်ဦးနှင့် စုစုပေါင်း ခြောက်ဦးရှိသွားပြီ ဖြစ်သည်။

"ဇွန် ၇ ရက် (သောကြာနေ့)မှာ ကလန်းအူထာမ အမှိုက်ပုံမှာ မြန်မာတစ်ဦးရဲ့ အလောင်းကို တွေ့ရတယ်။ သတ်ပြီးတော့ အမှိုက်ပုံမှာ လာပစ်ထားပုံ ရတယ်။ လည်ပင်းကို ဓားနဲ့လှီးထားတာ တွေ့ရတယ်" ဟု ဦးဆန်းဝင်းက ဆိုသည်။

ထို့ပြင် ဇွန် ၇ ရက်၊ သောကြာနေ့ကလည်း ဆွန်ဂိုင်းဘက်ဆီ ဒေသတွင်
နေအိမ် အတွင်း ရခိုင်လူမျိုးများ အိပ်ပျော်နေစဉ် အကြမ်းဖက် သမား များက နေအိမ်အတွင်းသို့ spray များဖြင့် ဖြန်းခဲ့ကြောင်း၊ spray အငွေ့ဒဏ် မခံနိုင်၍ ပြေးထွက်လာသူများကို အကြမ်းဖက် သမားများက ဓားများဖြင့် ၀ိုင်းခုတ်ကြကြောင်း၊ ဓားဖြင့် အခုတ်ခံရ၍ ကိုခင်မောင်ဝင်းဆိုသူမှာ လက်ရှိတွင် ဆေးရုံအတွင်းလူနာအဖြစ် တင်ပို့ကုသ ထားရပြီး
နှစ်ဦးပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် မလေးရှားရောက် မြန်မာ အလုပ်သမားများ၏ အသက် အန္တရာယ်မှာ နိစ္စဓူဝ စိုးရိမ်စရာ အခြေအနေတွင် ရှိနေပြီး မြန်မာသံရုံး၏ အကူအညီ လုံးဝမရရှိကြောင်း ဦးဆန်းဝင်းက ပြောကြားသည်။

"ကွာလာလမ်ပူ လမ်းတွေပေါ်မှာ လုံးဝ အသွားအလာ မရှိဘဲ ခြောက် ကပ်နေတယ်။ မြန်မာအလုပ်သမား အများစု အလုပ်မဆင်း ကြတော့ ဘူး။ မြန်မာပြည်ကိုလည်း ဘယ်သူမှ ငွေမလွဲနိုင် ကြတော့ဘူး၊ အကြမ်းဖက် သမားတွေ ဘယ်နေ့လာသတ် မလဲလို့ပဲ စိုးရိမ်တကြီး ဖြစ်နေကြတယ်" ဟု ၎င်းက ဆိုသည်။

သံရုံးတာဝန် ရှိသူများ အနေဖြင့် မလေးရှားရောက် မြန်မာအလုပ်သမားများ၏ လုံခြုံရေးကို တာဝန်မယူ နိုင်သော်လည်း အထောက်အထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အော်ပရာစီဝင်၍ မြန်မာအလုပ်သမားများ နေ့စဉ်လို အဖမ်းဆီး ခံနေရသည်ဟု သိရသည်။

"မြန်မာတွေကို ဖမ်းတယ်။ အဖမ်းခံထားရတဲ့ မြန်မာတွေကိုင်တဲ့ အိုင်ဖုန်း၊ ဂလက်ဆီ ဖုန်းတို့ကို ရဲတွေက သိမ်းတယ်။ ပြန်မပေးဘူး။ ဖုန်းသိမ်းလို့ မရတဲ့ မြန်မာတွေဆီက မလေးရင်းဂစ် ၂၀-၂၅ တောင်းတယ်။ ရင်းဂစ် ၂၀-၂၅ ဆိုတာ မလေးရှားမှာ မြန်မာအလုပ်သမား တစ်ယောက်ရဲ့ တစ်နေ့လုပ်အားခ ရှိတယ်" ဟု မလေးရှားမှ မြန်မာအလုပ်သမား တစ်ဦးက ဆိုသည်။

၎င်းကပင် "အရင်ကဆိုရင် မြန်မာအလုပ်သမားတွေ အထောက်အထား
ပြည့်စုံရင် ပြန်လွှတ်ပေးတယ်။ အခု အင်္ဂါနေ့ ဇွန် ၃ ရက် ကတည်းကစပြီး အထောက်အထား ပြည့်စုံလည်း ချက်ချင်းပြန်လွှတ် မပေးဘူး၊ သုံးပတ်ကြာမှ သက်ဆိုင်ရာ စက်ရုံအလုပ်ရုံ သူဌေးတွေက အာမခံပြီး ပြန်လာထုတ်ရတယ်" ဟု ဆိုသည်။

ထို့ပြင် လက်ရှိတွင် မလေးရှားနိုင်ငံရှိ ဆေးရုံအသီးသီးတွင် မြန်မာအလုပ် သမား ၁၂ ဦး အတွင်းလူနာအဖြစ် တက်ရောက်ကုသ နေရပြီး ၎င်းတို့ အခြေအနေမှာလည်း စိုးရိမ်စရာ ရှိနေကြောင်း၊ မလေးရှားနိုင်ငံ ဆေးရုံများ၏ လုံခြုံရေးအရ မြန်မာအလုပ်သမားများ တက်ရောက်ကုသ နေရသော ဆေးရုံ အမည်များကို လျှို့ဝှက်ထားရကြောင်း၊ ယခုသေဆုံးသူ မြန်မာအလုပ် သမား ခြောက်ဦးတွင် ဗုဒ္ဓဘာသာဝင် ငါးဦး၊ ခရစ်ယာန် ဘာသာဝင် တစ်ဦးဖြစ်ကြောင်း ကပုန်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ကိုဆန်းဦးက
ပြောကြားသည်။
Eleven Media Group

သံရုံးခွင့်ပြုချက်မရသဖြင့် မလေးရှားတွင် သေဆုံးသည့်မြန်မာများ မသင်္ဂြိုဟ်ရသေး

Monday, June 10, 2013
မလေးရှားတွင် လူတစ်စု၏ အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူ
မြန်မာလေးဦး၏ အလောင်းကို မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးက
သေစာရင်းမပေးသောကြောင့် သင်္ဂြိုဟ်နိုင်ခြင်းမရှိသေးကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီက မဇ္ဈိကိုပြောသည်။

မလေးရှားနိုင်ငံ ဆလာရန်းမြို့ရှိ ကပုန်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုစန်းဝင်း၏ သတင်းပေးပို့မှုကို ကိုဂျင်မီက ပြန်လည်ပြောကြားခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါအသင်းက အလောင်းများကို တာဝန် ယူထားရသည်ဟု ဆိုသည်။

''အလောင်းတွေက ပုပ်ပွနေပြီ၊ အဲဒါ သံရုံးရဲ့ခွင့်ပြုချက်ကို စောင့်နေတာ''ဟု သူက ဆိုသည်။

အကြမ်းဖက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့်မလေးရှားရှိ မြန်မာနိုင်ငံသားများ၏ လုံခြုံရေးနှင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ရေး အတွက် နှစ်ဖက်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေပြီဖြစ်ကြောင်းလည်း ကိုဂျင်မီက မှတ်ချက်ပြုသည်။

အကြမ်းဖက်မှုများမှာ မလေးရှားနိုင်ငံ၊ ဆလာရန်းမြို့နယ်တွင် မေလကုန် ပိုင်းမှ စတင်ဖြစ်ပွားခဲ့ပြီး မြန်မာ ခုနစ်ဦးခန့် အသက်ဆုံးရှုံးခဲ့ရပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး ၎င်းတို့အနက် ရှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည် ဟုပင် ကွာလာလမ်ပူမြို့နေ ကိုအောင်ကြီးက ဇွန်လ ၆ ရက်တွင် မဇ္ဈိမကို ပြောကြားထားသည်။

စာရင်းများမှာ ၎င်းတို့ လက်လှမ်းမီသမျှ ပြုစုထားခြင်းဖြစ်ပြီး အမှန်တကယ် ကိန်းဂဏန်းများ ထိုအရေအတွက် ထက် များနိုင်ဖွယ်ရှိကြောင်းလည်း ဆိုသည်။

အကြမ်းဖက်မှုများကြောင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင် ဇွန်လ ၆ ရက်က ကိုအောင်ကြီး ဦးဆောင်၍ လူ ငါးဦး ဆန္ဒပြခဲ့ကြသေးသည်။

ဆလာရန်းမြို့အနီးတွင် လူတစ်စု၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မြန်မာ တစ်ဦးသေဆုံးပြီး နှစ်ဦးမှာ ဆေးရုံတင်ထားရကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်က နိုင်ငံပိုင်ရုပ်သံ၏ မေးမြန်းမှုကို ဇွန်လ ၂ ရက်က ဖြေကြားခဲ့သည်။ ပဋိပက္ခနောက်ခံအခြေအနေ ဇွန်လ ၄ ရက်ကလည်း မြန်မာနိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးဇင်ယော်က
မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် မစ္စတာ အာမက်ဖိုင်ဆဲလ် ဘင်မိုဟာမက်အား မြန်မာနိုင်ငံသားများအား တိုက်ခိုက်ခံခဲ့ရပြီး အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းများနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ခေါ်ယူပြီး သတိပေးခဲ့သည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများအား အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပါက မလေးရှားနိုင်ငံ သို့ အလုပ်သမားစေလွှတ်မှုများ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းလည်း အလုပ်သမားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းကလည်း ပြောဆိုထားသည်။

လက်ရှိ၌ မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများသည် အကြမ်းဖက်မှုနှင့် ဖမ်းဆီးမှုများအန္တရာယ်ကြောင့် အိမ်ခန်းတွင်း၌ တံခါး ပိတ်နေကြခြင်း၊ ဆူပူမှုလျော့ပါးသည့် နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြခြင်း၊ မြန်မာ ဘုန်းကြီးကျောင်းများ၌ ပြောင်းရွှေနေထိုင်ခြင်းများ ရှိနေသည်။
Mizzima

မေလးရွား မွာ ရခိုင္တခို့် တိုက္ခိုက္ခံရ

Sunday, June 9, 2013
မလေးရှား နိုင်ငံမှာ အလုပ် လုပ်ဖို့ရောက်လာတဲ့ ရခိုင် တခိျု့ ဒီရက် အတွင်း တိုက်ခိုက်ခံ ရမှု တွေ ရှိနေ ပါတယ်။ မနေ့ က ဆိုရင် ရခိုင် ပြည်နယ် ရသေ့တောင် မြို့နယ် မှ ရောက် လာသူ ကိုခင်မောင်ဝင်း ဟာ မလေးရှား ထီးစက်ရုံ မှ အလုပ်သမား တယောက် ဖြစ် ပါတယ်။ မလေးရှား ရောက်တာ ၉ လ မျှ ရှိပါသေးတယ်။

ဇွန်လ ၈ ရက် မနက်စောစော ၃ နာရီ ခန့် မှာ ရခိုင် အလုပ်သမား ၆ ယောက် အိပ်နေစဉ် သစ်သားအိမ် ရဲ့ အိမ်နံရံ သွပ်ပြား လက်တဝါးခန့် အပေါက် မှ စပရေးဗူး နဲ့ ဖျန်းရာ၊ အလုပ်သမား တွေ ဟာ မျက်စိစပ်၊ အသက်ရှူ မွန်းလာတဲ့ အတွက် အိမ်တံခါး ကို ဖွင့်လိုက်ကြပါတယ်။ ဒီအခါ မှာ မျက်နှာဖုံး တပ်ထားတဲ့ လူခြောက်ယောက် ဟာ ဓါး ကိုယ်စီ ကိုင်ဆောင် ထားပြီး အလုပ်သမားတွေ ကို ခုတ်ပါတယ်။ လေးယောက် က ထွက်ပြေး လွတ်မြောက် သွားကြပါတယ်။

ကိုခင်မောင်ဝင်း နဲ့ အခြား အလုပ်သမား တယောက် ကတော့ တိုက်ခိုက်ခံရပါတယ်။ ကိုခင်မောင်ဝင်း ဟာ လက်၊ နှာခေါင်း နဲ့ ခေါင်း တွေမှာ ဒဏ်ရာရပြီး မေ့မျော သွားတဲ့ အတွက် မိတ်ဆွေ တွေက ဆေးရုံတင်တဲ့ အကြောင်း ဘီဘီစီ ကိုပြောပြပါတယ်။ သူတို့ကို တိုက်ခိုက်သူတွေ ဟာ ကိုယ်လုံး ကိုယ်ထည် ထွားကျိုင်းပြီး၊ မလေး စကား ပြောကြပေမယ့်၊ ပီသခြင်း မရှိ၊ မြန်မာလိုတော့ မပြော တဲ့ အတွက် အိန္ဒိယ မှ မွတ်စလင် တွေ ဟု ထင်မြင်ကြောင်း၊ သူ တို့ အလုပ်လုပ်တဲ့ ထီးစက်ရုံ မှာ အဆိုပါ လူမျိုးတွေ များ ကြောင်း ဘီဘီစီ ကို ကိုခင်မောင်ဝင်း က ရှင်းပြပါတယ်။

ဒီအခင်းဖြစ်မှု မတိုင်မီ၊ ပြီးခဲ့တဲ့ ရက်ကလည်း မြန်မာ လူမျိုး သုံးယောက် တိုက်ခိုက်ခံ ရတဲ့ အခါမှာ နှစ်ယောက်ဟာ နေရာတင် ပွဲချင်းပြီး သေဆုံးသလို၊ ကျန်တယောက် က ဆေးရုံ အရောက် မှာ သေဆုံးတဲ့ အကြောင်း မလေးရှားဒေသခံ တယောက် က ဘီဘီစီ ကို ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

၂၀၀၈ ဖွဲ့စည်းပုံ ဒေါ်စု ကန့်ကွက်မဲပေးခဲ့

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ လူထုနဲ့ စကားပြောခဲ့သော ဒေါ်အောင်ဆန်းစုကြည် (ဂျွန် ၉၊ ၂၀၁၃။)
အောင်ရဲ မောင်မောင်
09.06.2013
ပြင်ဦးလွင်ကိုရောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူတုန်းက သူ ကန့်ကွက်မဲထည့်ခဲ့တဲ့အကြောင်း ဒီကနေ့ ပြောလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ နာဂစ်မုန်တိုင်းသင့်ခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူခဲ့တဲ့ ဖွဲ့စည်းပုံကို မထောက်ခံကြောင်း ပြောပါတယ်။ အဲဒီအချိန်က စစ်အစိုးရကတော့ ပြည်သူပေါင်း သန်း ၂၀ က မဲထည့်ပြီး ရာခိုင်နှုန်းအားဖြင့် ၉၂.၄ % ထောက်ခံမဲရရှိပြီး အတည်ပြုကြောင်း ကြေညာခဲ့ပါတယ်။  ပြုပြင်ပြောင်းလဲရေး တိုးတက်အောင် ဒီအခြေခံဥပဒေကို  အမြန်ဆုံးပြင်ဆင်ဖို့ လိုနေပြီလို့ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ထပ်ပြောလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ ရန်ကုန်သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရခဲ့ရင် ပြည်ဦးလွင်က ပြည်သူတွေကို လာပြီးတွေ့ပါမယ်လို့ ကတိပေးဖူးတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်အေင်ဆန်းစုကြည် ဟာ ပြည်ဦးလွင်မြို့ပေါ်က မဟာအံ့ထူးကံသာ ဘုရားကြီးဝင်းအတွင်းမှာ လူထုနဲ့ ဒီကနေ့တွေ့ဆုံ စကား ပြောခဲ့တာပါ။
လူထုနဲ့တွေ့စဉ် စိတ်ုကြိုက်မေးခွန်း ၅ ခု ကို ပြည်သူတွေထဲက မေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ခွင့်ပြုခဲ့ပြီး ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့ မေးလာတဲ့ မေးခွန်းတစ်ခု မှာ သူမကိုယ်တိုင်မဲ မထည့်ခဲ့သလို ပြည်သူ အတော်များများရဲ့ ထောက်ခံမှုမရရှိတဲ့ ဒီဥပဒေကို အမြန်ဆုံးပြင်ဖို့ လုပ်ရမယ်လို့ သူမကပြောပါတယ်။

“အဲဒီအချိန်တုန်းက တစ်ခုတော့ ပြောနိုင်တယ်လေ။ ကျမတို့ကတော့ လုံးဝ မထောက်ခံခဲ့ဘူး။ ကျမက အကျယ်ချုပ်ဘဝပေမဲ့လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်လို့ ကန့်ကွက်မဲထည့်ခဲ့တယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေက ထောက်ခံမှုနဲ့ ၉၂ % ဆိုတော့ ကျမတို့အနေနဲ့ စဉ်းစားစရာပဲလို့ ဒီလိုပဲ စိတ်ထဲမှာ ရှိပါတယ်။”

၂၀၀၈ ခုနှစ် အတွင်းမှာ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း အပြင်းအထန်တိုက်ခတ်ခံရပြီးချိန်မှာပဲ အရင် စစ် ခေါင်းဆောင်ဟောင်းတွေ ဦးစီးရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့ ဆန္ဒခံယူပွဲ ကျင်းပခဲ့တာပါ။
ဒီကနေ့ လူထုနဲ့တွေ့စဉ်မှာ ပြည်ဦးလွင် လူထုက သူမကို နိုင်ငံတော်ရဲ့ သမ္မတအဖြစ် မြင်တွေ့လိုတယ်လို့လည်း ပြောလာကြတာပါ။

“ကျနော်တို့ အဓိကသိချင်တာက ကျနော်တို့က အမေစုကို သမ္မတဖြစ်စေချင်ပါတယ်။ စဉ်းစားရမယ့်ကိစ္စတွေက အခြေခံ ဥပဒေကိစ္စတွေပေါ့လေ။ အဲဒါတွေနဲ့ပတ်သက်လို့ကော အမေစု သိမြင်နိုင်တယ်၊ သုံးသပ်နိုင်တယ်ဆိုတဲ့ အနေအထားတွေနဲ့ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မယ်ဆိုတဲ့ ဟာလေးတွေ ပြောပြပေးစေချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမအနေနဲ့ နိုင်ငံတော်ရဲ့သမ္မတ ဖြစ်လာနိုင်ဖို့ ဆန္ဒရှိတဲ့အကြောင်း ထပ်ပြောသွားခဲ့ပါသေးတယ်။

“ကျမ သမ္မတကိစ္စပဲ ပြောပါရစေ၊ ဒီဟာက ဘယ်လို စဖြစ်တာလဲဆိုတော့ ကျမကို သတင်းထောက် တစ်ယောက်က မေးတာပါ။ သမ္မတဖြစ်ချင်လား-ဆိုတော့ ကျမကလည်း စဉ်းစားမနေဘူး။ ဖြစ်ချင်တယ်-လို့၊ ဖြစ်မှ ကိုယ်လုပ်ချင်တာ လုပ်လို့ရမှာ-လို့။”

ပြည်သီးလွင်မြို့ကို ဇွန်လ ၉ ရက်နေ့ မနက်အစောပိုင်းက ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီခရီးကို လာရောက်ချိန်မှာပဲ နေသိပ်မကောင်း ဖြစ်နေပြီးတော့ သူမအနေနဲ့ အနားယူဖို့ လိုအပ်နေပေမဲ့ လူထုနဲ့ ၂ နာရီ နီးပါး တရင်းတနှီးတွေ့ဆုံပြီး လူထုက မေးတာတွေကို ဖြေခဲ့တယ်လို့လည်း ပြင်ဦးလွင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟက ပြောပါတယ်။

“အမှန်ကတော့ နေပြည်တော်က လာကတည်းက တော်တော်ကို ပင်ပန်းလာခဲ့ပြီး ကျန်းမာရေး မကောင်းဘူး။ ဒါပေမဲ့ အခု ရောက်လာတဲ့အချိန်မှာ လမ်းမှာ မိုးလေး တဖွဲဖွဲ မိတာတောင်မှပဲ တော်တော် ပျော်ပျော်ရွှင်ရွှင်နဲ့ နှုတ်ဆက်လာတယ်။ ခဏနားတယ်။ နားပြီး နှစ်နာရီခွဲမှာ ဟောပြောပွဲလုပ်တယ်။ ဟောပြောပွဲမှာလည်း ၄၅ မိနစ်၊ ၁ နာရီနီးပါး အားရပါးရ ပြောတယ်။ လူ့အခွင့်အရေးနဲ့၊ ဒီမိုကရေစီအခွင့်အရေးနဲ့၊ တရားဥပဒေ စိုးမိုးရေးတွေကို အားရပါးရ ပြောတယ်။ ပြည်သူတွေထဲက ၅ ယောက်ကို မေးခိုင်းတယ်။ သူက မေးခွန်းတွေကို ပြန်ဖြေတယ်။ သံဃာတော်တွေရော၊ မောရစ်ရှ်က နိုင်ငံခြားသူတစ်ယောက်မေးတာကိုရော၊ ပြည်သူတွေက မေးတာကိုရော သူ ကောင်းကောင်းပြန်ဖြေပြီးတော့မှ စကားပြောသွားတယ်။ အဲဒါလည်း ပြောတာရော သူ အားလည်းရတယ်။ ကြည့်ရတာတော့ သူ တော်တော် စိတ်ချမ်းချမ်းသာသာရှိပါတယ်။ စကားပြောတာလည်း ပြည်သူတွေလည်း အားလုံး ကျေနပ်ပြီးတော့မှ တက်လာတဲ့ ပြည်သူတွေကလည်း ရှမ်းပြည်နယ်ကရော၊ မန္တလေးတိုင်းထဲမှာရော လူတွေက တော်တော်များတယ်။ ကွင်းကလည်း တော်တော်ကျယ်တယ်၊ သူ လည်းပဲ တော်တော် ကျေနပ်သွားတယ်လို့ ကျနော်ကတော့ ထင်ပါတယ်။”

သူမရဲ့ ဒီကနေ့ ပြင်ဦးလွင် လူထုကို ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ရှိဖို့ကိစ္စ အပါအ၀င် ဒီမိုကရေစီနဲ့လူအခွင့်အရေး တိုးတက်မှု ရှိလာစေဖို့တွေကိုလည်း ထည့်သွင်းပြောဆိုခဲ့တယ်လို့လည်း ဦးကျော်သီဟက ပြောပါတယ်။

ပြင်ဦးလွင်မြို့မှာ ဒီနေကဇွန်လ ၉ ရက်နေ့ တစ်ညအိပ်ပြီး မနက်ဖြန် ဇွန်လ ၁၀ ရက်နေ့မှာ လွှတ်တော် အရေးကိစ္စတွေ ဆောင်ရွက်ဖို့ နေပြည်တော်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်ခင်ဗျာ။
VOA Burmese

ဒေါ်အောင်ဆန်းစုကြည် ၏လူထုမိန့်ခွန်းဟောပြောပွဲ (သတင်း ဓါတ်ပုံ)

မန္တလေး ဇွန် ၉ ။ ဒေါ်အောင်ဆန်းစုကြည် သည် ပြင်ဦးလွင်သို့ မနက်ပိုင်းတွင်ရောက်ရှိပြီး မဟာအံ့ထူးကံသာ ဘုရားခြေရင်းရှိ မီးပုံးပျံကွင်းတွင် လူထုနှင့် မွန်းလွဲ ၃နာရီတွင် တွေ့ဆုံခဲ့ပါသည်။တစ်နာရီခန့် မိန့်ခွန်းပြောကြားပြီး ပြည်သူများမှ မေးမြန်းသောမေးခွန်းများအား ပြန်လည်ဖြေကြားမီးပုံးပျံကွင်းမှပြန်လည် ထွက်ခွာသွားပါသည်။ယနေ့ညတွင် ပြင်ဦးလွင်တွင် တည်းခိုမည်ဟု CJMyanmar မှသတင်းရရှိပါသည်။ သတင်း/ဓာတ်ပုံ CJM- 008 CJMyanmar
















မြန်မာ လမ်းမကြီးများပေါ်သို့ ဖြတ်သန်းခြင်း

“နယ်စပ်ကို ကားဖြင့် ဖြတ်ကျော်ရသည့် ခရီးသည် အလွန်စိတ်ဝင်စားစရာ ကောင်းသည့်ခရီး ဖြစ်သည်။ ကျေးလက်၏ အနံ့အသက်များနှင့် လွတ်လပ်မှု များကိုပါ ခံစားနေရသည်”
- ပီရာဝပ် ဂျရိယဆုံဘတ်

ကျေးလက်ကို ဖြတ်သန်းပြီး အမြန်ကားလမ်း တစ်လျှောက် ကျွန်တော် မောင်းနေပါတယ်။ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ လမ်းဘေး ဝဲယာတစ်ဖက် တစ်ချက်မှာ မိုးကုပ် စက်ဝိုင်းအောက် ကျယ်ပြောလှတဲ့ လယ်ကွင်းတွေ တရိပ်ရိပ် ကျန်ခဲ့တယ်။ မွန်လက်ရာ သက်ငယ်တဲအိမ် တွေကလည်း ကျွန်တော့် မျက်စိထဲမှာ မေ့ဖျောက် မရနိုင်တဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ နေရာတိုင်းမှာ မွန် လက်ရာ စေတီပုထိုး တွေကိုလည်း ဖူးတွေ့နေရတယ်။ ကောက်ရိတ်သိမ်းချိန် ရောက်ပြီ ဖြစ်လို့ လယ်ကွင်းပြင် ကြီးတစ်ခုလုံး ရွှေရောင်တွေ ဖုံးထားတယ်။ ဒီမြင်ကွင်းတွေ အားလုံးက ကျွန်တော့်ကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ဆီက “သုဝဏ္ဏဘုမ္မိ” အရှေ့တောင်အာရှ ရွှေခေတ်ဆီသို့ ပြန်ပြီး အမှတ်ရစေပါတယ်။

ကျွန်တော်ဟာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ကားနဲ့ ခရီးထွက်လာတဲ့ အဖွဲ့တစ်ဖွဲ့နဲ့အတူ ပါလာပါ တယ်။ တာ့ခ်ခရိုင် မဲဆောက်ကနေ နယ်စပ်ကို ဖြတ်ပြီး မြန်မာနိုင်ငံထဲကို မြဝတီကနေ ဝင်ရတဲ့ ခရီးစဉ် ဖြစ်ပါတယ်။ မြဝတီ ဆိုတာက ထိုင်းနိုင်ငံရဲ့တစ်ဖက်ကမ်းမှာ ရှိနေတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

နိုင်ငံခြားသားတွေကို မြန်မာနိုင်ငံက နိုင်ငံအတွင်း ကိုယ်ပိုင်ကားတွေနဲ့ ဝင်ခွင့် ပြုလိုက်ကြောင်း သိထားပေမယ့် ခွင့်ပြုချက် ရဖို့ကတော့ သိပ်လွယ်တဲ့ ကိစ္စတစ်ရပ် မဟုတ်ပါဘူး။ မော်တော်ယာဉ် မောင်းသူတွေ အနေနဲ့ အထောက်အထား စာရွက်ပေါင်း များစွာအပြင် ဘယ်ကိုသွားမယ်ဆိုတဲ့ ခရီးစဉ်ကို သေသေချာချာချ ပြရတာတွေ ရှိရတယ်။ ဒါပေမဲ့ အပင်ပန်းခံရ ကျိုးနပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခရီးစဉ်ကို ခွင့်ပြုချက် ရရှိလိုက်ပါတယ်။

မြဝတီကနေ လေတဝူးဝူး တိုက်နေတဲ့ တောင်ပေါ်လမ်းကို ကျွန်တော်တို့ ဖြတ်ကျော် ခဲ့ကြတယ်။ အဲဒီက တစ်ဆင့် မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ တန်ခိုးကြီးဘုရား တစ်ဆူရှိရာ ကျိုက်ထိုမြို့ကို ကျွန်တော်တို့ ရောက်ခဲ့ ကြတယ်။

ကျိုက်ထီးရိုး တောင်ထိပ်ပေါ်မှာ ကျိုက်ထီးရိုး ဘုရားကို တည်ထားပါတယ်။ ကျွန်တော်တို့ နိုင်ငံခြားသား တွေက ‘Golden Rock’ လို့ သိကြတဲ့ အဲဒီ ‘ရွှေစေတီ’ နေရာဟာ မွန်ပြည်နယ်ရဲ့ နာမည်ကျော် ဘုရားဖူး ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ ကျောက်ဆောင်ကြီး အစွန်းမှာ အံ့သြဖွယ်ရာ ဟန်ချက်နဲ့ တည်နေတဲ့ ကျောက်တုံးကြီးတစ်တုံး အပေါ်က စေတီတစ်ဆူဟာ ဘုရားရှင်ရဲ့ ဆံတော် ကိန်းဝပ်တော်မူရာလို့ ဆိုပါတယ်။

စိမ်းလန်း စိုပြည်နေတဲ့ မွန်ပြည်နယ်ကို ဖြတ်ပြီးတော့ ကျွန်တော်တို့ မြောက်ပိုင်း ရှမ်းပြည်နယ်ဘက်ကို ခရီးဆက်ခဲ့ကြ ပြန်ပါတယ်။ တောင်တန်း ကုန်းမြင့်ကြီး ပေါ်မှာရှိတဲ့ သာမောဖွယ် အင်းလေးကန်ကြီးမှာ အေးချမ်းစွာနဲ့ ကျွန်တော်တို့ တစ်ည အိပ်ခဲ့ပါတယ်။

အင်းလေးကန်ကြီးဆိုတာ သိပ်အကြီးကြီး မဟုတ်ပေမယ့် အင်းသားတွေရဲ့ ဓလေ့၊ စရိုက်၊ ပုံစံတွေကတော့ ဆွဲဆောင်မှု အပြည့် ရှိပါတယ်။ အထူးသဖြင့် သူတို့ရဲ့ ရေပေါ်အိမ်လေးတွေပေါ့။ အင်းသား အများစုဟာ လယ်ယာလုပ်ငန်းနဲ့ ငါးဖမ်းတဲ့ အလုပ်တွေကို လုပ်ကိုင်ကြတယ်။ ငါးဖမ်းလှေတွေကို ခြေထောက်တွေနဲ့ လှော်လာတဲ့ ထူးခြားတဲ့ စတိုင်တွေဟာ ကျော်ကြားပါတယ်။ လှော်တက်ကို ခြေတစ်ဖက် ကထိန်း၊ နောက်ခြေ တစ်ဖက်တည်းနဲ့ လှေပေါ်မှာ ရပ်ပြီး လှေလှော်ပုံက ထူးဆန်းတဲ့ မြင်ကွင်း ဖြစ်နေပါတယ်။ သူတို့ လှေကို ထိုင်လှော်လို့လည်း မဖြစ်နိုင်ပါဘူး။ ကျူပင်တွေ ဖုံးနေတဲ့ ကျွန်းတွေ ကြားထဲမှာ ထိုင်လှော်ဖို့ မဖြစ်နိုင်လို့ သူတို့ မတ်တတ်ရပ် လှော်ကြတာလို့ ထင်ပါတယ်။

အင်းလေးကန်ကနေ ယာဉ်တန်းကြီးက မြန်မာနိုင်ငံရဲ့ ခြောက်သွေ့တဲ့ အပိုင်းမှာ ထင်ရှားတဲ့ နေပြည်တော်ကို ဆင်းလာကြပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့တော်အသစ် တစ်ခုပါ။ ရှစ်လမ်းသွား ကား လမ်းမကြီးတွေနဲ့ လွှတ်တော်ဆီကို ရှုမဆုံးနိုင်တဲ့ လမ်းကျယ်ကြီးအတိုင်း မြင်တွေ့ခဲ့ ရတယ်။ မြို့တော်တစ်ဝိုက် အိမ်ရာ စီမံကိန်းသစ်တွေကို ဆောက်လုပ်နေတာလည်း တွေ့မြင်ခဲ့ရတယ်။

နေပြည်တော် ရောက်တဲ့သူတိုင်း ဥပ္ပါတသန္တိဘုရားကြီးဆီကို အရောက်သွားဖူးလေ့ ရှိကြတယ်။ ရန်ကုန်မှာရှိတဲ့ ရွှေတိဂုံ စေတီတော်ကြီးနဲ့ ပုံတူတည်ထားတာ လို့လည်း ဆိုပါတယ်။ စေတီကြီးရဲ့ အောက်ခြေမှာ ဆင်ဖြူတော်တွေထားတဲ့ နေရာလည်း ရှိတယ်။ ဆင်ဖြူဆိုလို့ ဆွတ်ဆွတ်ဖြူတဲ့ ဆင်ကို မြင်ခဲ့ရတာတော့ မဟုတ်ပါဘူး။ နီကြင်ကြင်၊ ညိုတိုတိုဆင်ကိုပဲ ဆင်ဖြူ အမှတ်နဲ့ မြင်ခဲ့ကြရတယ်။

နေပြည်တော် မြို့သစ်ကနေ မြောက်ဘက် မြို့တော်ဟောင်း မန္တလေးကို အမြန်လမ်းမကြီးက တစ်ဆင့် ဖြတ်သန်းခဲ့ပါတယ်။ မြန်မာ့ရှေးဟောင်း အမွေအနှစ် ယဉ်ကျေးမှုများ စုစည်းရာ မြို့တော်လည်း ဖြစ်ပါတယ်။ မန္တလေးကို ကားမောင်းသွားရတာ အတော်လေး အဆင်ပြေတယ်။ ဘာကြောင့်လဲဆို တော့ မြို့တည်ပုံက လေးထောင့်ကျကျနဲ့ သွားလာရလွယ်ကူ တဲ့အတွက် ဖြစ်ပါတယ်။ မန္တလေး နန်းတော်ကြီးကတော့ တကယ့်ကို ခမ်းနားကြီးကျယ် လှပါပေတယ်။ ပတ်လည် မြို့ရိုး ပြာသာဒ်တွေ ကြားမှာ ကြီးကျယ်စွာနဲ့ နန်းတော်ကြီးကို တည်ထားခဲ့တာ ဖြစ်ပါတယ်။

နန်းတော်ကြီးဟာ မဟာမိတ်တွေရဲ့ ဗုံးဒဏ်ကြောင့် ဒုတိယ ကမ္ဘာစစ် အတွင်းက ပျက်စီးခဲ့ရပေမယ့် မြန်မာတွေရဲ့ အတိတ်ကို ပြန်လည်သတိရ နှိုးဆွနိုင်တဲ့ ဇာတိမာန်နေရာ တစ်နေရာအနေနဲ့ ရှေးမူမပျက် ပြန်လည် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

မဟာမြတ်မုနိ ဘုရားကြီးကို မြန်မာနိုင်ငံရဲ့ တန်ခိုးအကြီးဆုံးနဲ့ ရှေးဟောင်း ဘုရားကြီးတစ်ဆူ အဖြစ် ကျွန်တော်တို့ ဝင်ဖူးခဲ့ပါသေးတယ်။ ပုဂံသို့မသွားမီ ကျွန်တော်တို့ နောက်ဆုံးဖူးတွေ့ ခဲ့တဲ့ တန်ခိုးကြီး ဘုရားလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ အဖွဲ့ဟာ ကိုယ်ပိုင်ကားလေးနဲ့ ဆိုတော့ အတော်လေး အဆင်ပြေတယ်။ ကျယ်ပြောလှ တဲ့ ပုဂံဧရိယာတစ်ဝိုက် နေရာအနှံ့ ကားနဲ့လျှောက်ကြည့်၊ ဓာတ်ပုံတွေ ရိုက်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရခဲ့တယ်။

ပုဂံကတစ်ဆင့် ကျွန်တော်တို့အဖွဲ့ အမြန်လမ်းမကြီး အတိုင်း ရန်ကုန်မြို့ဘက်ကို ဦးတည် ထွက်ခဲ့ ပြန်ပါတယ်။ ပုဂံကဆိုရင် ကီလိုမီတာ ၆၅၀ လောက် ဝေးတဲ့ နေရာကိုပေါ့။ ကျွန်တော်တို့ရဲ့ အပြေးအလွှား ခရီးစဉ် အတွင်း မွန်တို့ရဲ့ ရှေးဟောင်း အမွေအနှစ်များ စုစည်းတည်ရှိရာ ပဲခူးမြို့ကို ဝင်ခဲ့ပါသေးတယ်။ ရွှေမော်ဓော ဘုရားကြီးဟာ ပဲခူးမြို့ရဲ့ ထင်ရှားတဲ့ ရှေးဟောင်းအမွေ အနှစ်တစ်ခု ဖြစ်ပါတယ်။ မြို့ရဲ့အမြင့်ဆုံး ကုန်းမြင့်ပေါ်မှာ တည်ထားတဲ့ စေတီတော်ကြီးလည်း ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဆံတော်တွေနဲ့ ၁၀ ရာစုလောက်က တည်ထား ကိုးကွယ်ခဲ့ပြီး အမြင့် ၁၁၂ ဒသမ ၅ မီတာရှိတယ် လို့လည်း သိရတယ်။ မြေငလျင် ဒဏ်ကြောင့် အကြိမ်ကြိမ် ပြိုပျက်ခဲ့ရပြီး မြေခ ခဲ့ရတဲ့ ထီးတော်ကြီးရဲ့ အစိတ်အပိုင်း တစ်နေရာကို စေတီတော် ရင်ပြင်ပေါ်မှာ ဒီအတိုင်း ရှိနေခဲ့တာကိုလည်း တွေ့ခဲ့ရတယ်။

ပဲခူးကနေ အမှတ် (၈) အမြန်လမ်းမကြီး အတိုင်း ကျယ်ပြောလှတဲ့ သံလွင်မြစ် ရှုခင်းတွေကို မြင်ရဖို့ မော်လမြိုင် မြို့ဘက်ကို ကျွန်တော်တို့ ထွက်ခဲ့တယ်။ မြန်မာနဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ပြည်နယ်ကို သံလွင်မြစ်ကြီးက ပိုင်းခြားထားပါတယ်။ သံလွင်မြစ်က သေးတယ်လို့ ထင်ရပေမယ့် မော်လမြိုင်ကို ရောက်ချိန်မှာ နှစ်ကီလိုမီတာလောက် ကျယ်ဝန်းတဲ့ မြစ်ကြီး ဖြစ်သွားပါပြီ။

မော်လမြိုင်မြို့ဟာ တကယ့်ကို လှပတဲ့ ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်ပါတယ်။ ဗြိတိသျှ ဘားမားခေတ် (၁၈၂၆-၁၈၅၂) က ပထမဦးဆုံး မြို့တော် ဖြစ်ခဲ့ပြီး ဗြိတိသျှတို့ရဲ့ ခရစ်ယာန် အယူဝါဒ၊ အိန္ဒိယက ဟိန္ဒူ အယူဝါဒ ယဉ်ကျေးမှုတွေ ပေါင်းစုနေပေမယ့် မွန်ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများ အထွန်းကားဆုံး မြို့တစ်မြို့လို့လည်း ဆိုနိုင်ပါတယ်။

ကျွန်တော်တို့ဟာ မော်လမြိုင်ကနေ ထွက်ခွာပြီး အမှတ် (၈) အမြန် လမ်းမကြီးပေါ်ကို ပြန်တက်ရပြန ပါတယ်။ နောက်တစ်ကြိမ် မြဝတီကို ပြန်ရောက်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်ကို ဖြတ်ကျော်လို့ ထိုင်းနိုင်ငံအတွင်း ပြန်လည် ဝင်ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ ခရီးစဉ်ဟာ စုစုပေါင်း ကီလိုမီတာ ၂၇၀၀ ရှိခဲ့ပါတယ်။

(မေလ ၃၀ ရက်နေ့ထုတ် Bangkok Post သတင်းစာပါ Peerawat Jairyasombat ရေးသားသော On The Road in Myanmar ခရီးသွား ဆောင်းပါးကို မြန်မာမှုပြုပါတယ်။)
The Voice Weekly

ခရီးသည်တင်မှန်လုံယာဉ်အား ဓါးပြတိုက်ခံရ

နေပြည်တော်၊ ဇွန် ၉
၈-၆-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမှရန်ကုန်သို့ ထွက်ခွာလာသော ၈ဇ/xxxx““ရာဇာမင်း””ခရီးသည်တင်မှန်လုံယာဉ်သည် သထုံမြို့နယ်၊ တောင်စွန်း ကျေးရွာအနီး၊ ဘုရားကုန်းကွေ့အရောက်၌ ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသည့် ခရီးသည် များအနက် သေနတ်အတိုကိုင်ဆောင်ထားသူ ၅ ဦးက ယာဉ်အားအနီးရှိ မြေသားလမ်းအတိုင်း တောတွင်းသို့ မောင်းနှင်ခေါ်ဆောင်သွားခဲ့သည်။

ထိုသို့ခေါ်ဆောင်သွားကြောင်း သတင်းရလျှင်ရခြင်း သထုံခရိုင်ရဲတပ်ဖွဲ့မှူး၊ သထုံမြို့နယ် ရဲတပ်ဖွဲ့မှူးတို့ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများ ပူးပေါင်း၍ လိုက်လံ စုံစမ်းရှာဖွေခဲ့ရာ ၂၁၄၅ အချိန်တွင် ယာဉ်အားတောင်စွန်းဘုရားကုန်း ဘုန်းကြီးကျောင်း အ၀င်လမ်း၊ မော်လမြိုင်-ရန်ကုန်ကားလမ်းနှင့် ၁ ဖာလုံခန့်အကွာ၌ တွေ့ရှိရသည်။ ယာဉ်အား စစ်ဆေးရာ ယာဉ်၏ယာဘက်ဘေး ပစ္စည်းထည့်သည့်နေရာအနီးတွင် ယာဉ်နောက်လိုက် နိုင်လင်းထွန်း (၂၆)နှစ်အား ဦးခေါင်း၌ သေနတ်ဒဏ်ရာ(၁)ချက်နှင့် သေဆုံးနေကြောင်း တွေ့ရှိရပြီး ယာဉ်၏မြောက်ဘက် ကိုက်(၄၀)ခန့်အကွာ၊ ခြုံနှင့်လယ်ကွင်းအကြားတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ ယာဉ်မောင်း ဇော်လင်းထူး(၃၈)နှစ်အား ပါးစပ်၌သေနတ်ဒဏ်ရာ(၁)ချက်ဖြင့် သွေးများထွက်လျက် တွေ့ရှိရသည်။

ထို့ပြင် ယာဉ်ပေါ်သို့စစ်ဆေးခဲ့ရာ ယာဉ်မောင်းထိုင်ခုံဘေးတွင် ၉ မမ ကျည်ခွံ(၁)တောင့်၊ ယာဉ်မောင်းထိုင်ခုံနောက် ၂ ခုံကျော်တွင် ၉ မမ ကျည်ခွံ (၂)တောင့်တို့အား တွေ့ရှိသိမ်းဆည်းခဲ့ပြီး ခရီးသည်များအခြေအနေအား စုံစမ်းရာ ခရီးသည်အချို့မှာ သထုံမြို့““မိဘမေတ္တာ””ထမင်းဆိုင်သို့ ရောက်ရှိနေကြောင်း သိရှိရသည်။ ထမင်းဆိုင်သို့ သွားရောက်စုံစမ်းခဲ့ရာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နေ ဦးထိန်(၄၇)နှစ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်နေ ယာဉ်မောင်းအကူ ဦးညီညီအောင်(၅၈)နှစ်ပါ (၆)ဦးတို့အား တွေ့ရှိခဲ့ရပြီး ခရီးသည်အချို့မှာ မော်လမြိုင်-ရန်ကုန်ပြေးဆွဲသည့် မော်တော်ယာဉ်များဖြင့် လိုက်ပါသွားကြောင်း သိရှိရသည်။

စုံစမ်းစစ်ဆေးချက်များအရ သေနတ်သမား(၅)ဦးမှာ ယာဉ်ပေါ်၌လိုက်ပါလာခဲ့ပြီး တောင်စွန်းရွာအလွန် ဘုရားကုန်းကွေ့အနီးအရောက်တွင် သေနတ်ပစ်ဖေါက်၍ ယာဉ်အား ဘုရားကုန်း ဘုန်းကြီးကျောင်းလမ်းထဲသို့ ၁ ဖာလုံခန့်မောင်းခိုင်းပြီး ယာဉ်အားရပ်တန့်ခိုင်းကြောင်း၊ ထို့နောက် ခရီးသည်များအား ယာဉ်ပေါ်မှဆင်းခိုင်းပြီး ရွှေ၊ ငွေ ပစ္စည်းများ ယူဆောင်ကြကြောင်း၊ သေနတ်သမားအားလုံး အရပ်ဝတ်ဖြင့် ကက်ဦးထုပ်ဆောင်းထားကြောင်း၊ ၂ ဦးမှာ မျက်နှာဖုံးအမဲရောင် စွပ်ထားကြောင်း၊ စကားပြောရာတွင် ပါးစပ်ကိုလက်ဖြင့်အုပ်၍ အသံဖျက်ပြောကြောင်း၊ အခင်းဖြစ်ချိန် တွင် ကားမီးမှိန်ထားသဖြင့် ကောင်းစွာမမှတ်မိကြောင်းနှင့် ရာဇာမင်းယာဉ်ပိုင်ရှင်အား မကျေနပ်၍ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်၍ ၂၃၅၀ အချိန် ဒဏ်ရာရရှိသည့် ယာဉ်မောင်း ဇော်လင်းထူးအား သထုံဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး ၉-၆-၂၀၁၃ ရက်နေ့ ၀၁၁၅ အချိန် မော်လမြိုင်ဆေးရုံသို့ ဆက်လက်တင်ပို့ကုသခဲ့သည်။ ပြစ်မှုကျူးလွန်သူ သေနတ်သမား ၅ ဦးအား သထုံမြို့မရဲစခန်း (ပ)၉၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့် အမှုဖွင့်အရေးယူထားပြီး ရဲတပ်ဖွဲ့က လိုအပ်သည်များကို ဆက်လက်စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

ဆာလာယန်းက သတိပေးသံ

ထိုင်းနိုင်ငံ ပြီးလျှင် မြန်မာလုပ်သား အများဆုံး သွားရောက် အလုပ် လုပ်ကိုင်ကြသော မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံသား ငါးဦး သေဆုံးခဲ့ပြီးနောက် မလေးရှားနိုင်ငံရောက် မြန်မာများ၊ ရွှေ့ပြောင်း လုပ်သားများ၏ ဘဝ လုံခြုံမှုမှာ စိုးရိမ်မှတ်သို့ ရောက်ရှိ လာခဲ့သည်။

ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းကလည်း ကွာလာလမ်ပူမြို့ ဆူဗန်းဂျာယာတွင် မြန်မာနိုင်ငံသား ခြောက်ဦး နေထိုင်သော နေအိမ်ကို အုပ်စုလိုက် ဝင်ရောက် အကြမ်းဖက်မှု ထပ်မံ ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသား တစ်ဦး ဓားဒဏ်ရာ ရရှိခဲ့သဖြင့် ကွာလာလမ်ပူ ဆေးရုံ တွင် ဆေးကုသနေရပြီး နှစ်ဦး ပျောက်ဆုံးနေ ကြောင်း ကပုန်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အကြမ်းဖက်မှုများ စတင်ခဲ့သည့် ကွာလာလမ်ပူမြို့ရှိ ဟင်းသီးဟင်းရွက် ရောင်းချသည့် နေရာ ဆာလာယန်းနှင့် အန်းပန်းရွာသစ် အပါအဝင် ဆက်တိုက် ဖြစ်ပွားလာသည့် ယင်း အကြမ်းဖက်မှုများ သည် မြန်မာနိုင်ငံ၏ အရပ်သား အစိုးရသစ် လက်ထက် ပြည်ပရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ လုံခြုံရေးနှင့် အကာအကွယ် ပေးရေးကို ဗြောင်ကျကျ စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။

“မြန်မာတွေအတွက် လုံခြုံမှု မရှိတော့ဘူး။ အလုပ်သမားတွေ အပြင် မထွက်ရဲကြဘူး”ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား ဦးအောင်ဘိုက ဖွင့်ဟသည်။

အကြမ်းဖက်မှု ဂယက်များကြောင့် မြန်မာနိုင်ငံသားများ စိုးရိမ် ကြောက်လန့်မှု မြင့်တက်နေသော်လည်း မြန်မာအစိုးရနှင့် မလေးရှား အစိုးရတို့က မြန်မာနိုင်ငံသားများ၏ လုံခြုံရေး အတွက် လုပ်ဆောင်ပေးမှု မရှိကြောင်း အလုပ်သမားများက ဝေဖန်ကြသည်။

မြန်မာနိင်ငံသားများ၏ လုံခြုံရေးနှင့် ပတ်သက်၍ မြန်မာသံအမတ် ဦးတင်လတ်က မလေးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဇွန်လ ၅ ရက်နေ့တွင် တွေ့ဆုံ ခဲ့ကြောင်း မြန်မာသံရုံးထံမှ သိရှိရသည်။

အကြမ်းဖက်မှု ဂယက်များကြောင့် မြန်မာ အလုပ်သမား အချို့ ပြည်တော်ပြန်ရန် ပြင်ဆင် နေကြပြီပြီး အချို့မှာမူ နိုင်ငံကူးလက်မှတ် မရှိသဖြင့် ပြည်တော်ပြန်ရန် အခက်အခဲ ကြုံတွေ့ နေရကြောင်း မလေးရှားရောက် မြန်မာလုပ်သားများက ပြောကြားသည်။

“မိန်းကလေး ခုနစ်ယောက်က မနေရဲလို့ ပြန်ဖို့ လုပ်နေကြပြီ” ဟု မလေးရှားနိုင်ငံ ဂျိုဟိုးရှိ အလုပ်သမားတစ်ဦး ဖြစ်သူ ဦးရွှေထွန်းက ဇွန်လ ၆ ရက်နေ့က ပြောကြားသည်။ တစ်ယောက်တည်း ဆိုပါက အပြင်မထွက်ရဲ ကြကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

မေလ ၃၀ ရက်နေ့က စတင်ခဲ့သည့် အကြမ်းဖက် ခံရမှုများကြောင့် ဇွန်လ ၆ ရက်နေ့တွင် မလေးရှားရောက် မြန်မာ အတိုက်အခံ အုပ်စုများက မလေးရှား ရောက် မြန်မာနိုင်ငံသားများကို တရား ဥပဒေကြောင်း အရ အကာအကွယ်ပေးရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးရှေ့တွင် တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံသားများ အကြမ်းဖက်ခံရမှုကို သတင်း အမှောင်ချ ခဲ့သည်ဟုဆိုကာ မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကိုပါ ရာထူးက နုတ်ထွက်ပေးရန် မြန်မာအတိုက်ခံ အုပ်စုများဖြစ်သော ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၊ NLD YOUTH (LA) Malaysia. GSC အထွေထွေ သပိတ်ကော်မတီနှင့် KEPONG နာရေးကူညီမှု အသင်းတို့က တောင်းဆို ခဲ့ကြသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံသားများ သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့် ယင်းအကြမ်းဖက်မှု ကျူးလွန်သူများကို ချက်ချင်း စုံစမ်း ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူပေးရန်၊ အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွားရေး အတွက် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကို ဇွန်လ ၄ ရက်နေ့တွင် သတိပေးခဲ့သည်။ သတိပေးပြီး တစ်ရက်အကြာ ဇွန်လ ၅ ရက်နေ့တွင် ကွာလာလမ်ပူ မြို့တော်တွင် စစ်ဆင်ရေး တစ်ရပ် အနေဖြင့် ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံ သား ၁၀၀၀ ကျော် ဖမ်းဆီး ခံခဲ့ရကြောင်း မလေးရှားနိုင်ငံ သတင်းဌာန The Star တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများ အနက် တရားဝင် အထောက်အထား မရှိသူများကို ဖမ်းဆီး အရေးယူမည် ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ ခံရနိုင်ကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။

အော်ပရာစီခေါ် ယင်းစစ်ဆင်ရေးကြောင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာ စားသောက်ဆိုင်များ၊ စီးပွားရေး လုပ်ငန်းများ တည်ရှိသည့် Kota Raya အဆောက်အအုံ၊ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ဆာလာယန်း အပါအဝင် မြန်မာ အများစု နေထိုင်သည့် နေရာများတွင်လည်း ဝင်ရောက် စီးနင်းခံခဲ့ရသည်။

မလေးရှားတွင် ဖြစ်ပွားသည့် ဆူပူ အကြမ်းဖက်မှု များသည် ပြည်ပရောက် မြန်မာ အလုပ်သမားများကို ရိုက်ခတ်မှု ရှိခဲ့သည့်အပြင် မြန်မာနိုင်ငံတွင် မလေးရှား အလုပ်သမား ဈေးကွက်ကိုလည်း ရိုက်ခတ်မှု များရှိခဲ့သည်။

“မလေးရှားနိုင်ငံသို့ ထွက်ခွာ ခါနီးမှ မိဘတွေက စိုးရိမ်ပြီး အစီအစဉ်ဖျက်ဖို့ တောင်းဆိုတာရှိတယ်”ဟု ကျောက်တံတား မြို့နယ်ရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာ တစ်ဦးက ဆိုသည်။

မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်မည့် နေရာတွင် အလုပ်ရှင်က လုံခြုံရေး အတွက် အာမခံမှသာ စေလွှတ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ဂျော်ဒန်နိုင်ငံ CMJ အထည်ချုပ် စက်ရုံလုပ်ငန်းတွင် အလုပ် လုပ်ကိုင်နေသည့် ဒေါ်မအိအိကမူ “ထူးထူးခြားခြားတော့ ဘာမှမဖြစ်သေးဘူး။ ဒါပေမဲ့ သတိထားပြီး နေနေကြတယ” ဟု ရှင်းပြသည်။

အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွားရေးအတွက် မြန်မာအစိုးရက မလေးရှားအစိုးရကို သံတမန် နည်းလမ်းများအရ သတိ ပေးထားသော်လည်း အကြမ်းဖက်မှုများ ထပ်မံ ဖြစ်ပွားလာမှုသည် မလေးရှား အပြင် ပြည်ပရောက် မြန်မာများ၏ လုံခြုံရေး၊ အကာအကွယ် ပေးမှုများမှာ မေးခွန်း ထုတ်စရာ ဖြစ်လာ ခဲ့သည်။ ပြဿနာ ဖြစ်ပွားမှုများတွင် ထိရောက်သည့် သံတမန် နည်းလမ်းများဖြင့် ချက်ချင်း အရေးယူ လုပ်ဆောင်ပေးရန် အဓိကအရေးကြီးသည်။

လျစ်လျူရှု ခံလာရသည့် ပြည်ပရောက် မြန်မာအလုပ်သမားများ အရေးကို အရပ်သား အစိုးရသစ် လက်ထက်တွင် အရေးယူ လုပ်ဆောင်ပေးမှုများ ရှိလာပြီ ဖြစ်သော်လည်း ထိထိရောက်ရောက် ဖြေရှင်း ပေးနိုင်မှုများ အားနည်း နေသေးကြောင်း ပြည်ပရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်သူများက ဝေဖန်ကြသည်။ ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အသက် ၁၂ နှစ်အရွယ် ကရင် တိုင်းရင်းသူ၏ ရေနွေးပူ လောင်း နှိပ်စက်ခံရမှု ကျူးလွန်သူများကို သုံးလကျော် ကြာထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးမှုက ယင်းအားနည်းမှုများကို သက်သေ ထူနေသည်။

အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံကမူ အင်ဒိုနီးရှား အိမ်အကူများ မလေးရှားနိုင်ငံတွင် နှိပ်စက် ခံရမှုများကြောင့် စေလွှတ်မှုများ ရပ်ဆိုင်းပြီး အိမ်အကူနှင့် ပတ်သက်သည့် အကာအကွယ်ပေးရေး မူဝါဒများကို တင်းကျပ်၍ အခွင့်အရေးနှင့် လုံခြုံမှုများကို ကာကွယ် ဖြေရှင်းပေးမှု ရှိခဲ့သည်။

အချို့နိုင်ငံများက ဥပဒေများ ပြဋ္ဌာန်း၍ အကာအကွယ်ပေးသည်။

ဖိလစ်ပိုင်နိုင်ငံကမူ ရွှေ့ပြောင်း လုပ်သားများအတွက် ဥပဒေတစ်ရပ် ထုတ်ပြန်၍ အကာအကွယ် ပေးထားပြီး မူဝါဒပိုင်း ဆိုင်ရာ သတ်မှတ်ချက်များ၊ သတ်မှတ်ချက် မမီသည့် နိုင်ငံများကို လုပ်သား စေလွှတ်မှု တားမြစ်ချက်၊ တရားမဝင် လုပ်သားခေါ်ယူမှု၊ အရေးယူ အပြစ်ပေးမှုများ အပါအဝင် အခွင့်အရေး အကာအကွယ်ပေးသည့် အချက်များစွာ ထည့်သွင်းကာ ၁၉၉၅ ခုနှစ် က စတင် ပြဋ္ဌာန်းကာ အကာအကွယ် ပေးထားသည်။

မြန်မာနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် ဥပဒေတစ်ရပ် အမြန်ဆုံး ပေါ်ထွက်လာရန် ကြိုးပမ်း လုပ်ဆောင်နေဆဲသာ ရှိနေသေးသည်။

ပြုပြင် ပြောင်းလဲမှုများကြောင့် ကမ္ဘာ့ ထိပ်တန်းနိုင်ငံများကပါ အသိအမှတ် ပြုခံလာရသည့် မြန်မာနိုင်ငံ အစိုးရအတွက် မလေးရှားနိုင်ငံ ဆာလာယန်းက စတင်ခဲ့သည့် အကြမ်းဖက်မှုများမှာ အစိုးရ တရားဝင် စာရင်းအရ လေးသန်းကျော်ရှိသည့် ပြည်ပရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝ လုံခြုံရေးအတွက် ထပ်ဆင့် သတိပေးလိုက်ခြင်း ဖြစ်သည်။
အောင်မြင့်ထွန်း
The Voice Weekly

လူနာတစ်ဦး ရန်ကုန်ဆေးရုံကြီး သန့်စင်ခန်း ပြတင်းပေါက်မှ ခုန်ချသေဆုံး

ရန်ကုန်၊ ဇွန် ၈
မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံး ဆေးရုံဖြစ်သည့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ခွဲစိတ်ကုသဆောင် (၁၃/၁၄) လေးလွှာသန့်စင်ခန်း ပြတင်းပေါက်မှ အသက် ၃၈ နှစ်အရွယ်ရှိ အမျိုးသားလူနာ တစ်ဦး ခုန်ချသေဆုံးမှု ဇွန်လ ၈ ရက် ညနေ ၃ နာရီ မိနစ် ၃၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးသတ်အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

သေဆုံးခဲ့သူသည် ရောဂါဝေဒနာကို မခံစားနိုင်၍ ခုန်ချခဲ့ရာ ရေနုတ်မြောင်း ဘောင်ပေါ်သို့ ပြုတ်ကျသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ခုန်ချသေဆုံးသည့် အမျိုးသားလူနာ မှာ တွံတေးမြို့နယ် ကျွန်းတော်ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း၊ ရန်ကုန်ဆေးရုံတွင်လွန်ခဲ့သည့် ၁၀ရက်ခန့်က အစာအိမ်
အူလမ်းကြောင်းပိတ် ရောဂါဖြင့် တက်ရောက် ကုသနေသူဖြစ်ကြောင်း၊ ၄င်းသည် ခွဲစိတ် ကုသဆောင်လေးလွှာရှိ သန့်စင်ခန်း (အိမ်သာဟု သုံးထားသည်) ပြတင်းပေါက်မှ ခုန်ချသွားခြင်း ဖြစ်ပြီး ပေ ၄၀ အမြင့်ပေါ်မှ ပြုတ်ကျသော ဒဏ်ရာကြောင့် ညာဘက် ဒူးစုတ်ပြဲ၊ ညာလက်ကောက်ဝတ်စုတ်ပြဲ၊ နောက်ကျောဖူးရောင်ဒဏ်ရာ တို့ဖြင့် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ထံမှ သိရှိရသည်။

အဆိုပါ ခုန်ချသေဆုံးမှုနှင့် ပတ်သက်၍ ရန်ကုန် ပြည်သူ့ဆေးရုံအုပ်ကြီးထံ တယ်လီဖုန်းဖြင့် သုံးကြိမ်တိုင်တိုင် ဆက်သွယ်မေးမြန်း သော်လည်း ဖုန်းကိုင်ခြင်းမရှိပေ။

ယင်းသေဆုံးမှုကို သေမှုသေခင်း အမှတ် ၄/၁၃ အမှု ဖွင့်စစ်ဆေးလျက်ရှိ ကြောင်း လသာ မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

တရုတ်နဲ့ အမေရီကန် ဆက်ဆံရေး ပုံစံ ပြောင်းမယ်

အပြော သက်သက် မဟုတ်ဘဲ အဓိပါယ် ရှိတဲ့ ပြောကြား ချက်တွေ ဖြစ်
8 ဇွန်လ 2013
ကမ္ဘာ့ အင်အားကြီး နှစ်နိုင်ငံ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ် နိုင်ငံ တို့ရဲ့ ဆက်ဆံရေး ပုံစံ ပြောင်းလဲ ပုံဖေါ်ရေး အတွက် အင်မတန်မှ အရေးကြီး လှတဲ့ နှစ်နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲကို အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ စတင် နေပြီ ဖြစ်ပါတယ်။

အမေရိကန်ကို ရောက်ရှိ နေတဲ့ တရုတ် သမ္မတ ရှီဂျင်ပင်းနဲ့ သမ္မတ အိုဘားမားတို့ ဆွေးနွေး ကြတာ ဖြစ်ပြီး၊ ဆွေးနွေးပွဲ အစမှာ သမ္မတ အိုဘားမားက နှစ်နိုင်ငံ ဖြစ်စဉ် တွေဟာ ဆက်စပ် မှုတွေ ရှိနေတယ် ဆိုတဲ့ အကြောင်း အလေး အနက် ပြောကြားသွား ပါတယ်။

တရုတ် သမ္မတ ကလည်း နှစ်နိုင်ငံ ဆက်ဆံရေး ပုံစံ သစ်ကို အားသွန် ခွန်စိုက် လုပ်ဆောင် သွားရ မယ်လို့ ပြောကြား ပါတယ်။

သမ္မတ နှစ်ဦးရဲ့ ပြောဆိုချက် တွေဟာ အပြော သက်သက် မဟုတ်ဘဲ အဓိပ္ပါယ် ရှိတဲ့ ပြောကြားချက် မျိုးတွေ ဖြစ်တယ်လို့ အဲဒီမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ပရိယာယ်များတဲ့ နှစ်နိုင်ငံ အကြား ဆက်ဆံရေးဟာ ကမ္ဘာကြီး အတွက် အင်မတန်မှ အရေးကြီးတယ် ဆိုတာကို သမ္မတ နှစ်ဦးစလုံးက သိနေကြ တာလည်း ဖြစ်ပါတယ်။
BBC Burmese

စာမေးပွဲ အောင်စာရင်းကြည့်ရင်း ကျောင်းသူတစ်ဦး လဲကျသေဆုံး

Sunday, 09 June 2013
တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်မြို့ ရှိ အ.ထ.က (၁)တွင် ဇွန် ၈ ရက် နံနက်က ထုတ်ပြန်ခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို လာရောက်ကြည့်ရှုရင်း ကျောင်းသူတစ်ဦး နှလုံးရောဂါကြောင့် လဲကျသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ကျောင်းသူအမည်မှာ မမေမျိုးသူဇာအောင် (၁၆)နှစ်၊ ဦးမျိုးလွင်-ဒေါ်သန်းသန်းအေးတို့ သမီးဖြစ်ပြီး မြို့တွင်းရပ်တွင် နေထိုင်သူဖြစ်ကာ မွေးရာပါ နှလုံးရောဂါ အခံရှိပြီး အ.ထ.က (၁)ထားဝယ်မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုထားသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

"မနက်ဖြန် အောင်စာရင်း ထွက်မယ်လို့ပြောတော့ သူကတစ်ညလုံး မအိပ်ဘူး။ သူ့အမေက ရှုံးလည်း ဘာမှမဖြစ်ဘူး။ နောက်တစ်နှစ် ထပ်ဖြေလို့ ရသေးတယ်လို့ စိတ်ပြေအောင် ပြောပါသေးတယ်။ သူကမရဘူး။ အောင်စာရင်းထွက်မယ့် အချိန်ကို တစ်ညလုံး ထိုင်စောင့်နေတာ။ မနက် ၄ နာရီရောက်တော့ သူတစ်ယောက်တည်း အိမ်ကထွက်သွားပြီး အောင်စာရင်း သွားကြည့်တယ်။ ဟိုရောက်တော့ လူတိုးနေတာနဲ့ တာဝန်ကျကို ကြည့်ခိုင်းတော့ ရှုံးတယ်လို ပြောလိုက်တယ်။

ဒါကိုသူက လက်မခံနိုင်ဘဲ သူငယ်ချင်းတွေနဲ့ ထပ်သွားကြည့်တယ်။ အဲဒီမှာ သူငယ်ချင်းတွေ သွားကြည့်နေတုန်း ဆိုင်ကယ်အနားမှာ ရပ်စောင့်နေရင်း လဲကျသွားတာပါ။ ဖြစ်ဖြစ်ချင်းတော့ ခေါ် တာထူးသေးတယ်။

 ဆေးရုံကို ခေါ်သွားရင်း ဆေးရုံအပေါက်ဝ ရောက်တော့ အသက်ထွက်သွားပါတယ်။ လူကလည်း နှလုံးရောဂါနဲ့ဆိုတော့ စိတ်ထိခိုက်ပြီး ဖြစ်သွားတာပေါ့" သေဆုံးသူ၏ အဒေါ်ဖြစ်သူက ပြောပြခဲ့သည်။ ထားဝယ်မြို့တွင် ယင်းကဲ့သို့ သေဆုံးမှုမျိုး မဖြစ်ခဲ့ဖူးကြောင်း သိရသည်။
Eleven Media Group

မြတ်ဗုဒ္ဓ၏ သမီးတော်

တစ်ခေတ်တစ်ခါက သရုပ်ဆောင်အနုပညာလောကတွင် အချစ်၊ အကြမ်း၊ အလွမ်းနှင့် စရိုက်မျိုးစုံ သရုပ်ဆောင်ခဲ့ပြီး ဂီတနယ်ပယ်တွင်လည်း အောင်မြင်သောနေရာတစ်ခု ရယူနိုင်ခဲ့သလို ရုပ်မြင်သံကြား ကြော်ငြာများတွင်လည်း မကြာခဏတွေ့ရလေ့ရှိသည့် အမျိုးသမီးအနုပညာရှင်တစ်ဦး ရှိခဲ့ဖူးပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ရုပ်ရှင်လောကတွင် သရုပ်ဆောင်လုပ်နေစဉ်ကလည်း မင်းသားကျော်သူနှင့်အတူ အတွဲညီစွာ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်လမ်းများကို တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသည်။ 



၂ဝဝ၇ ခုနှစ်နောက်ပိုင်း ဦးကျော်သူ အနုပညာလုပ်ငန်းများ ရပ်ဆိုင်းခံရပြီး အနုပညာလောကနှင့် ဝေးကွာ သွားပြီးနောက်ပိုင်း မတွေ့ဆုံဖြစ်တော့ပေ။ ယခုတော့ဖြင့် ထိုအနုပညာသည် မောင်နှမနှစ်ဦး တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့လေပြီ။ သို့သော် ထိုမောင်နှမနှစ်ဦးသည် အနုပညာသည်များ မဟုတ်ကြတော့ပေ။ တစ်ဦးကား ရှင်တော်မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ကျင့်သုံးကာ အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ပေးဆပ်နေသော ပရဟိတ သမားတစ်ဦးဖြစ်ပြီး နောက်တစ်ဦးသည်ကား မြတ်ဗုဒ္ဓ၏ ပဋိယတ္တိစာပေများကို လေ့လာသင်ယူနေသလို တစ်ဖက်မှလည်း တရားဓမ္မများကို ကြိုးစားအားထုတ်နေသော ဗုဒ္ဓ၏သမီးတော် (သီလရှင်တစ်ပါး) အဖြစ် ရောက်ရှိနေပြီ ဖြစ်တော့သည်။ သူမသည်ကား အခြားသူမဟုတ် တစ်ချိန်က ရုပ်ရှင်နှင့် ဗွီဒီယို သရုပ် ဆောင်/အဆိုတော် တင့်တင့်ထွန်း (ခ) ဒေါ်နန္ဒမာလာ ပင်ဖြစ်ပါသည်။
၆.၆.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ အမှတ် (၁၃/က) ဗိုလ်မှူးဗ ထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သီလရှင် ဒေါ်နန္ဒမာလာ နှင့်အတူ မိသားစုဝင်များ ရောက်ရှိ လာခဲ့ပါသည်။ ဒေါ်နန္ဒမာလာသည် ပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေး နှင့် လူမှုရေးလုပ်ငန်းများကို ကူညီပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှု အကျိုးပြုလုပ်ငန်း များကို ပိုမိုပေးဆပ်နိုင်ရန်အတွက် မိဘနှစ်ပါးအားရည်စူး၍ အလှူငွေ ၃ဝဝဝဝဝဝိ/- (သိန်းသုံးဆယ်) ကျပ် တိတိအား လာရောက်လှူဒါန်းခဲ့သည်။ လှူဒါန်းမှုအပြီးတွင် ဥက္ကဌ ဦးကျော်သူမှ အသင်း၏ လုပ်ဆောင် ချက်များအား ကိုယ်တိုင်ကိုယ်ကျ လိုက်လံရှင်းပြပြီး သီလရှင် ဒေါ်နန္ဒမာလာမှ လှူဒါန်းမှုအစုစုတို့အား ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) Facebook နှင့် Website စာမျက်နှာတို့တွင် အများပြည်သူ မုဒိတာပွားနိုင်ရန် သတင်းတင်လိုပါသည် ဟုခွင့်တောင်းခဲ့ရာ ဒေါ်နန္ဒ မာလာမှ “သီလရှင်အနေနဲ့ အခုလို သတင်းတင်တာ ကြွားဝါသလိုဖြစ်မှာစိုးလို့ မတင်စေချင်ဘူး၊ မသင့်တော်ပါဘူး၊ ဒါပေမယ့် အများသူငါ မုဒိတာပွားနိုင်အောင် တင်ချင်တယ်ဆိုတော့ မတားတော့ပါဘူး၊ သီလရှင်အနေနဲ့ လှူချင်နေတာကြာပြီ ဒါပေမယ့် အကြောင်းမတိုက်ဆိုင်တော့ မလှူဖြစ်ခဲ့ဘူး၊ ဒီကနေ့တော့ အကြောင်းတိုက်ဆိုင်လို့ လှူဖြစ်ခဲ့တယ်၊ သီလရှင်က တစ်ပါးတည်း မိဘတွေကလည်း မရှိတော့ဘူး ဆိုတော့ ဟိုးတုန်းက တွေးမိဖူးတယ်၊ ငါသေရင် ဘယ်သူကများ အသုဘချပေးမလဲလို့ တွေးပူခဲ့မိတယ်။ 
 ဒါပေမယ့် နောက်တော့ ကိုမောင် (ကိုကျော်သူ)တို့ နာရေးအသင်းရှိနေတာပဲ ဘာပူစရာရှိလဲလို့တွေးမိပြီး ဒီအသင်းကြီးက အများပြည်သူကို ကူညီပေးနေတာဆိုတော့ ဒီအသင်းကြီး ရေရှည်တည်တံ့ဖို့အတွက် သီလရှင်အနေနဲ့ လှူဖို့လို မယ်ဆိုတာ ကို တွေးမိတဲ့အတွက် အခုလိုအကြောင်းတိုက်ဆိုင်စွာနဲ့ လာလှူဖြစ်ခဲ့တာပါ” ဟု မိန့်ကြားခဲ့သည်။ ပညာရေးနှင့် ပတ်သက်၍လည်း သီလရှင် ပဋိယတ္တိစာပေများ သင်ဆည်းပူးနေခြင်းအား မေးမြန်းကြည့်ရာ “ပညာရေးအနေနဲ့ ပထမငယ်ဖြေထားပါတယ်၊ သီလရှင်ဝတ်တာ တစ်ဝါရပြီးပါပြီ” ဟု ပကတိ တည်ငြိမ် အေးချမ်းစွာဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။

ကျွန်တော်တို့သည် ရုပ်ရှင်သရုပ်ဆောင်များ ဇာတ်လမ်း၊ ဇာတ်ကားများထဲတွင် ထိုကဲ့သို့သော သီလရှင်ဝတ်သည့် ဇာတ်ဝင်ခန်းများကို ကြည့်ခဲ့ကြဖူးသော်လည်း ဒေါ်တင့်တင့်ထွန်းအား မြတ်ဗုဒ္ဒ၏ သမီးတော် ဒေါ်နန္ဒမာလာအဖြစ် မြင်တွေ့ရသည်ကား များစွာကွာခြားလှပါသည်။ စကားပြောခြင်း၊ လမ်း လျှောက်ခြင်းမှစ၍ အရာရာအား သတိကပ်ကာ ဗုဒ္ဓအလိုတော်ကျ ကျင့်ကြံနေထိုင်သွားနိုင်ပြီကို သတိထား မိပါတော့သည်။ ထို့ကြောင့် ယခင်အချိန်က အနုပညာလောကတွင် ပြည်သူ တို့အား ပျော်ရွှင်စေရန် အနု ပညာဖြင့် ဖျော်ဖြေပေးခဲ့သော ဒေါ်တင့်တင့်ထွန်းသည် ယခုအခါ ဒေါ်နန္ဒမာလာအဖြစ် မြတ်ဗုဒ္ဓ၏ သမီး တော်ဘဝနှင့် ပဋိပတ္တိစာပေများ လေ့လာလိုက်စားကာ တရားဘာဝနာများ စီးဖြန်းအားထုတ်နေသလို တစ်ဖက်မှလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အများပြည်သူအတွက် ကူညီပေးဆပ်နိုင်ရန် ဝတ္ထု ငွေကြေးများဖြင့် လှူဒါန်းခဲ့သော အလှူဒါနအား မိဘနှစ်ပါးနှင့်တကွ သံသရာတွင် ကျင်လည်ကြကုန်သာ (၃၁) ဘုံသား ဝေနေယျ သုခိတာ၊ ဒုက္ခိတာအပေါင်းတို့အား အမျှ .. အမျှ .. အမျှ ပေးဝေငှပါ၏။ အားလုံးသော (၃၁) ဘုံသားအပေါင်းတို့ သာဓု .. သာဓု .. သာဓု ခေါ်ဆိုနိုင်ကြပါစေသား။
(၃၁) ဘုံသား ဝေနေယျသတ္တဝါများ အားလုံးအေးချမ်းသာယာ ရှိနိုင်ကြပါစေ။
နာရေးကူညီမှုအသင်း(ရန်ကုန်)
Min Kyaw Khine

အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း သတင်းစာရှင်းလင်း

ရန်ကုန်မြို့က သတင်းစာ၊ ဂျာနယ်အရောင်းဆိုင်တစ်ခု။ (သြဂုတ်လ ၂၀ ရက်၊ ၂၀၁၃)။
09.06.2013
စစ်အစိုးရလက်ထက် နိုင်ငံပိုင်မီဒီယာတွေကို အသွင်ပြောင်းမယ့် Public Service Media လို့ခေါ်တဲ့ အများပြည်သူဝန်ဆောင်မှု မီဒီယာဆိုင်ရာ ဥပဒေတရပ်ထုတ်ပြန်ဖို့  ပြန်ကြားရေးဝန်ကြီးဌာန က ရေးဆွဲလိုက်တဲ့ မူကြမ်းကို မြန်မာ့မီဒီယာအသိုင်းအဝိုင်းက ကန့်ကွက်လိုက်ပါတယ်။
အသစ်ချမှတ်မယ့် အများပြည်သူဝန်ဆောင်မှုမီဒီယာနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က စနေနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီရှင်းလင်းပွဲကို ကိုယ်တိုင် တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က အပြည့်အစုံတင်ပြထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေး ဥပဒေမှုကြမ်းကို မီဒီယာ လောက အသိုင်းအ၀ိုင်းက ကန့်ကွက်လို့ မဆုံးသေးခင်မှာပဲ အများပြည်သူဝန်ဆောင်မှုမီဒီယာဆိုတဲ့ ဥပဒေ ကြမ်းတရပ်ကို ပြန်ကြားရေးဝန်ကြီးဌာနက ချပြလာတာပါ။ လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ချပေးမယ့် ပြည်သူ့ဘဏ္ဍာငွေတွေထဲကနေ အများပြည်သူ ၀န်ဆောင်မှု မီဒီယာတွေ အတွက် ပြန်ပြီးသုံးမယ် ဆိုတဲ့အချက်ကို ပြည်တွင်း မီဒီယာ အသိုင်းအ၀ိုင်းက လုံးဝလက်မခံဘူး လို့ ပြောလာခဲ့တာဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီှးဌာနက ဦးရဲထွဋ်ကတော့ အခုလို အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေတရပ်ကို အကောင်အထည်ဖော်နိုင်အောင် ပြင်ဆင်ရတာ ဟာ ပြည်သူတွေအားလုံးအတွက် မျှမျှတတဖြစ်စေတဲ့ မီဒီယာ လုပ်ငန်းတွေ ဖြစ်လာစေဖို့နဲ့၊ ပုဂ္ဂလိကပိုင်မီဒီယာတွေ မလုပ်နိုင်တဲ့ အခန်းကဏ္ဍတွေမှာ ၀င်ပြီးလုပ်ကိုင်နိုင်အောင် ပြုလုပ်တာလို့ ပြောပါတယ်။

“ဒီကနေ့ အသွင်ကူးပြောင်းတဲ့နိုင်ငံတွေ market globalization လုပ်တဲ့နိုင်ငံတွေမှာ မီဒီယာကို တဖြည်းဖြည်းချင်း ချုပ်ကိုင်လာကြတာပါ။ ဥပမာ ဒီကနေ့ Rupert Murdoch ဆိုရင် သူ ချုပ်ကိုင်တာများလွန်းတော့ အင်္ဂလန်မှာ ပြစ်မှုဆိုင်ရာ ပြဿနာတွေဖြစ်လာတယ်။ ဆိုတော့ သူတို့တောင်မှ ပြန်ပြီးတော့ မီဒီယာ monopoly ကို ဘယ်လိုပြန်ထိန်းရမလဲ ဆိုပြီး ဆောင်ရွက်လာရတဲ့သဘော ရှိနေတယ်။ နောက်တစ်ခုက ကျနော်တို့က လွတ်လပ်စွာ စာနယ်ဇင်း ထုတ်ဝေခွင့်ကို ကျနော်တို့က ထိန်းချုပ်တာ မဟုတ်ပါဘူး။”

အများပြည်သူဝန်ဆောင်မှု မီဒီယာတွေကြောင့် ပုဂ္ဂလိက မီဒီယာတွေပေါ်မှာပြောခွင့်မရှိတဲ့ လူတွေ ပြောခွင့်ရလာနိုင်သလို၊ တိုင်းရင်းသားဘာသာစကားတွေနဲ့ ထုတ်လွှင့်တဲ့ မီဒီယာတွေ ဖြစ်ဖို့ကိုလည်း ဒီ ဥပဒေနဲ့ ခိုင်ခိုင်မာမာ အကာအကွယ်ပေးထားတယ်လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

ပြည်တွင်းက ထိပ်တန်းမီဒီယာကြီးတစ်ခုဖြစ်တဲ့ Eleven media group ကတော့ ဒီဥပဒေ ပြဌာန်းတာဟာ စာနယ်ဇင်းသမားတွေရဲ့ အခွင့်အရေးတွေကို ကန့်ကွက်ပိတ်ပင်တာဖြစ်တယ်လို့ ရှုမြင်ပြီး၊ အများပြည်သူ ၀န်ဆောင်မှုမီဒီယာ ဥပဒေကိုလည်း ကန့်ကွက်တယ်လို့ပြောပါတယ်။ Eleven Media Group က ထုတ်ဝေနေတဲ့ Daily Eleven နေ့စဉ်သတင်းစာရဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုး ကတော့ အခုလို ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ PSM ရဲ့ ရပ်တည်မှုက စောနကပြောတဲ့ဥပဒေထဲမှာ ပါဝင်တဲ့အချက်တွေမှာ၊ PSM ကို အကာအကွယ်ပေးထားတဲ့ အချက်တွေသာ ပါဝင်ပြီးတော့ တိကျတဲ့ပြဌာန်းချက်မရှိပါဘူး။ ကျင့်ဝတ်နဲ့ထိန်းသိမ်းထားတာ တခုတည်းပဲ ရှိတာပါ။ ကျနော်တို့ အားလုံးမှာတော့ အခုထိ ဒီလို ပြစ်မှုပြစ်ဒဏ်တွေ ရှိနေဆဲပါပဲ။ ဒါက တစ်ချက်ပါ။”

နိုင်ငံတကာနဲ့ အနောက်ဥရောပ နိုင်ငံတွေရဲ့ ရုပ်သံလွှင့် မီဒီယာတွေမှာ အများပြည်သူ ၀န်ဆောင်မှုမီဒီယာ လုပ်ငန်းတွေကို ကျင့်သုံးတာတွေရှိပေမဲ့၊ ပုံနှိပ်သတင်းစာလုပ်ငန်းတွေမှာတော့ အများပြည်သူဝန်ဆောင်မှု မီဒီယာကို သိပ်မတွေ့ရဘူးလို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဒုဥက္ကဋ္ဌလည်းဖြစ်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ရဲ့ ပြောခွင့်ရှိသူလည်းဖြစ်တဲ့ ဦးသီဟစောက ပြောပါတယ်။

“အဓိက ကတော့ public service media မှာ public service broadcast နဲ့ public service newspaper ပေါ့နော်။ public service broadscast ဆိုတာကတော့ နိုင်ငံတကာမှာလည်း ကျင့်သုံးကြတယ်။ အဲဒီအပိုင်းကိုတော့ ကျနော်တို့ လက်ခံလို့ရတယ်။ public service newspaper ကတော့ တကမ္ဘာလုံးမှာ မရှိသလောက် နည်းတယ်ပေါ့နော်။ ဘာဖြစ်လို့ ဒီမှာလုပ်လဲ။ လုပ်စရာမလိုဘူးဆိုတဲ့သဘော ကျနော်တို့ ပြောတယ်။”

လက်ရှိအချိန်မှာ အရင် စစ်အစိုးရ လက်ထက်တွေတုန်း က ပြည်သူပိုင် သိမ်းထားတဲ့ ကြေမုံနဲ့ မြန်မာ့အလင်း သတင်းစာတွေကို အများပြည်သူ ၀န်ဆောင်မှု သတင်းစာတွေအဖြစ် ပြောင်းလဲတာကို လက်မခံသလို၊ ဒီသတင်းစာတွေဟာ အရင် စစ်အစိုးရလက်ထက်တွေမှာ ရှေ့က ပြေးပြီး သားဖြစ်နေတဲ့အတွက် အစိုးရပိုက်ဆံနဲ့ ထပ်ပေါင်းပြီး စီးပွားရေးလုပ်တဲ့အခါမှာ အခုလက်တလော ထုတ်ဝေခွင့်ပေးထားတဲ့ ပုဂ္ဂလိကပိုင် မီဒီယာတွေက သတင်းစာတွေကို နှိပ်ကွပ်ရာကျတယ်လို့လည်း ပြည်တွင်း မီဒီယာ အသိုင်းအ၀ိုင်းက မှတ်ချက်ပြုပြောဆိုပါတယ်။

ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဆန်း လက်ထဲကနေ ပြန်ကြားရေးဝန်ကြီး တာဝန်ယူခဲ့တဲ့ ဦးအောင်ကြည် လက်ထဲမှာပဲ ပြန်ကြားရေးက ရေးဆွဲလာတဲ့ ဥပဒေမူကြမ်းတွေဟာ လက်တွေ့ အလုပ်လုပ်နေတဲ့ သတင်းမီဒီယာသမားတွေနဲ့ ထိပ်တိုက်တွေ့ဆုံနေတာဟာ အခုတစ်ကြိမ်ဟာဆိုရင် ဒုတိယ အကြိမ်ရှိလာပါပြီ။ လက်ရှိအချိန်မှာ ပြန်ကြားရေးက ပုံနှိပ်ထုတ်ဝေ ဥပဒေမူကြမ်းကို လွှတ်တော်မှာ တင်ပြထားပြီး ဖြစ်သလို အခု အများပြည်သူဝန်ဆောင်မှုဆိုင်ရာ ဥပဒေကိုလည်း လွှတ်တော်ထဲမှာ တင်ပြဖို့ကြိုးစားနေတာပါ။

မကြာခင်မှာ အခြားဥပဒေ သုံးခု ဖြစ်တဲ့ စာကြည့်တိုက်ဥပဒေ၊ ရုပ်သံလွှင့်ဥပဒေနဲ့ ရုပ်ရှင်လုပ်ငန်း ဥပဒေတွေကိုလည်း ပြန်ကြားရေး က ရေးဆွဲဦးမှာ ဖြစ်ပါတယ်။
အောင်ရဲ မောင်မောင်
VOA Burmese

မျက်စိမခွဲစိတ်မီ စစ်ဆေးရာတွင် တစ်ခြားရောဂါထက် ဘီပိုး၊ စီပိုးကို ပို၍ အတွေ့များ

8.6.2013
သီတဂူရွှေပြည်ပိာန်းစက္ခုဒါနဆေးရုံတွင် မျက်စိများ မခွဲခင်ဆေးစစ်ရာတွင် တစ်ခြားရောဂါထက် ဘီပိုး၊ စီပိုးကို ပို၍အတွေ့များကြောင်း ရွှေပြည်ဟိန်း ဆရာတော် ပိဋကတစ်ပုံခွဲဆောင် အရှင်ခေမာ သိရီလင်္ကာရက မိန့်ကြား တော်မူခဲ့သည်။

သီတဂူရွှေပြည်ပိာန်းစက္ခုဒါနဆေးရုံတွင် မျက်စိမခွဲမီ ဆေးစစ်ကြရပြီး ဆေးစစ်ရလဒ်မှ ထွက်ပေါ်လာသော ဘီပိုး၊ စီပိုးဝေဒနာ ရှင်များကို သီးသန့်ခွဲစိတ်ကုသပေးနေကြောင်း သိရသည်။ ထို့ပြင် ဝေဒနာ ရှင်များအ တွက် အဆင်ပြေရန် ဆေးစစ်ချက်မအောင်သူများကို ၎င်းတို့ ရောဂါနှင့် သက်ဆိုင်သော ဆေးရုံ၊ ဆေးခန်း များဖြင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးကြောင်း ဆရာတော်၏ မိန့်ကြားချက်အရ သိရသည်။

(၂၀၀၄)ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော သီတဂူ ရွှေပြည်ပိာန်းစက္ခုဒါနဆေးရုံတွင် အထွေထွေရောဂါ၊ E.C.G ရိုက်ကူးခြင်းနှင့် ဆီးချို၊ သွေးချိုစစ်ဆေးခြင်း၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ကလေးရောဂါ၊ သွားရောဂါ၊ အရေပြားရောဂါ၊ အမျိုးသမီးရောဂါ၊ မျက်စိအပါအ၀င် အပ်စိုက်
ကုသခြင်းများကို ဆောင်ရွက်ပေးနေပြီးလူနာပေါင်း လေးသိန်းခြောက်သောင်း
ကျော်ကို ကုသပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 
SkyNet TV Browser

မလေးရှားနိုင်ငံမှာ နောက်ထပ်မြန်မာ ၃ ဦး သတ်ဖြတ်ခံရ

ဓါတ်ပုံ - The Kuala Lumpur Post
Sunday, June 9, 2013
အကြမ်းဖက် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတဲ့ မလေးရှားနိုင်ငံမှာ မနေ့ကနဲ့ ဒီကနေ့တွေမှာ မြန်မာနိုင်ငံသား ၃ ဦး ထပ်မံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။

မနေ့ကတော့ ကလန်းအူတာမ Kalng Utama ဆိုတဲ့မြို့က အမှိုက်ပုံမှာ မြန်မာတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပြီးခဲ့တဲ့ဇွန်လ ၃ ရက်နေ့က ကရင်လူမျိုး ၄ ဦး ဈေးထွက်ဝယ်ရာမှ လူအုပ်စုတစ်စုက ဝိုင်းဝန်းတိုက်ခိုက်လို့ အရေးပေါ်တင်ခဲ့ရတဲ့ ၂ ဦးထဲက တစ်ဦးသေဆုံးသွားတာဖြစ်ပါတယ်။

မနေ့က သေဆုံးသူရဲ့အလောင်းကို ဒီကနေ့သွားကြည့်ဖို့ ခွင့်တောင်းတာမှာ ရဲတပ်ဖွဲ့နားရက်ဖြစ်တာကြောင့် ကြည့်ရှုခွင့်မရခဲ့ကြောင်းနဲ့ ဒီကနေ့နေ့လည်မှာ သေဆုံးသွားတဲ့ ကရင်လူမျိုးတစ်ဦး အကြောင်းတို့ကိုတော့ ကမ်ပုန်း နာရေးကူညီမှုအသင်း ဥက္ကဌ ကိုဆန်းဝင်းက အခုလိုပြောပါတယ်။

“အခုက အမည်မသိသူတစ်ယောက် အသတ်ခံရတယ်၊ ကလန်းအူတာမ အမှိုက်ပုံနားမှာ လွှင့်ပစ်ထားတယ်၊ ပုဆိုးနဲ့ ကိုယ်တုံးလုံးကြီးနဲ့၊ ရဲကသွားကြည့်တဲ့အခါမှာ ညာဘက်လည်ပင်းမှာ ဓားနဲ့လှီးထားတာတွေ့တယ်၊ မနေ့ကမနက်မှ သူတို့က အလောင်းကိုတွေ့တယ်၊ ကရင်ခရစ်ယာန်လူမျိုး ၄ ယောက် ဈေးလာဝယ်ရင်းနဲ့ ဝိုင်းဝန်းအခုတ်ခံရ၊ အရိုက်ခံရတယ်၊ အထုခံရတယ်၊ အဲဒီထဲမှာ ၂ ယောက်က အရေးပေါ်ဆေးရုံတင်ထားရတယ်၊ တင်တဲ့အထဲမှာ ဒီနေ့နေ့ခင်း ၁ နာရီက ၁ ယောက် သေဆုံးသွားတယ်"

နောက်တစ်ဦးကတော့ Kuantan ကွန်တင်းမြို့မှာ ဓါးနဲ့ အခုတ်သတ်ခံရပြီး သေဆုံးနေတာကို ရဲကတွေ့ရှိခဲ့ကြောင်း ဒီကနေ့ မလေးရှားနိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြပါရှိပါတယ်။ အလားတူ မနေ့ကလည်း Songui Besi ဆွန်ဂိုင်းဘတ်ဆီဒေသမှာ အိပ်ပျော်နေတဲ့ မြန်မာပြည်သားတွေအိမ်ကို spray နဲ့ဖျန်းပြီး မနေနိုင်လို့ တံခါးဖွင့်ထွက်လာတော့မှ လူအုပ်စုတွေက ဓါးနဲ့ဝိုင်းခုတ်တာဖြစ်တဲ့အတွက် ၂ ဦးပျောက်ဆုံးနေပြီး ရခိုင်အမျိုးသား အသက် ၂၃ နှစ်အရွယ် ကိုခင်မောင်ဝင်း ဆိုသူကိုတော့ အရေးပေါ်ဆေးရုံတင်ထားရတယ်လို့လည်း ကိုဆန်းဝင်းက ပြောပါတယ်။

"မနေ့ကမနက် ၃ နာရီခွဲကဖြစ်တယ်၊ သူတို့ညဘက်မှာအိပ်နေတယ်၊ ရခိုင်လူမျိုး ၆ ယောက်၊ အိမ်အဟောင်းလေးမှာ ငှားနေကြတယ်၊ သူငယ်ချင်းတွေစုနေတယ်၊ သူတို့က ဒီကြေးပိုက်စက်ရုံမှာ အလုပ်လုပ်တယ်ပေါ့လေ၊ အိမ်မှာအပေါက်ကလေးတွေရှိတယ်၊ အပေါက်ကလေးတွေကနေပြီးတော့ spray တွေ မှုတ်တယ်၊ မှုတ်တော့ သူတို့မခံနိုင်လို့ အိမ်တံခါးတွေဖွင့်တဲ့အခါ ဓားနဲ့ချည်းခုတ်တာ၊ ဓားနဲ့ခုတ်တော့ ကိုခင်မောင်ဝင်းက မမြင်မကန်းနဲ့ တွေ့တဲ့ဓားကို ဆွဲပြီးတော့ ပြန်ခုတ်တယ်၊ ကျန်တဲ့လူတွေက ထွက်ပြေးတယ်၊ ၂ ယောက်ပျောက်နေတယ်၊ သေလားရှင်လားမသိဘူး”

ကွာလာလမ်ပူ ဆေးရုံကြီးမှာတင်ထားတဲ့ ကိုခင်မောင်ဝင်းဟာ ဓါးနဲ့အခုတ်ခံထားရလို့ လက်အကြောတွေပြတ်နေတယ်လို့လည်း သူကပြောပါတယ်။ မေလ ၃ဝ ရက်နေ့ကတည်းကစလို့ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အခုဆိုရင် မြန်မာနိုင်ငံသား အနည်းဆုံး ၆ ဦးသေဆုံးခဲ့ပြီးပြီလို့လည်း သိရပါတယ်။
RFA Burmese

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပ

ရန်ကုန်၊ ဇွန် ၈။
နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက်မှ ဦးစီး၍ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင် ရာညီလာခံကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ မျက်မမြင်ကျောင်း(ခ၀ဲခြံ)တွင် ဇွန်လ (၈)ရက်မှ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ခေတ်
ဓာတ်ပုံ - သီဟ




 

နိုင်ငံမတိုးတက်ရခြင်းမှာ ပညာရေးစနစ် မှားယွင်းခြင်းနှင့် တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့်ဟုဆို

ရန်ကုန်၊ ဇွန် ၈။
မတိုးတက်သည့် နိုင်ငံတစ်နိုင်ငံတွင် မတိုးတက်ရသည့် အကြောင်းအရင်းများစွာ ရှိသည့်အနက်
အဓိကအကြောင်းအရင်းများမှာ ပညာရေး စနစ် မှားယွင်းခြင်းနှင့် တရားဥပဒေစိုးမိုးမှု
မရှိခြင်းကြောင့် ဖြစ်သည်ဟု မရမ်းကုန်မြို့နယ်ရှိ မျက်မမြင်ကျောင်းတွင် ယနေ့ ကျင်းပပြုလုပ်သော
နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ၌ ဒေါက်တာ အရှင်ဓမ္မပီယက မိန့်ကြားသည်။

ယင်းညီလာခံတွင် ဘာသာရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ကျောင်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ကျောင်းများ၊ စစ်ပြေးဒုက္ခသည်ကလေးများနှင့်
ရွှေ့ပြောင်းကလေးများ၏ ပညာရေး၊ ရှေးဦးသင်ပညာရေး၊ တိုင်းရင်းသားဘာသာစကား သင်
ကြားသည့်ပညာရေး၊ အထူးလိုအပ်ချက်ရှိသော ကလေးများ၏ ပညာရေး၊ ဘုန်းတော်ကြီးသင် ပညာရေး၊ ကျောင်းပြင်ပ ပညာရေး၊ ဆရာ/ဆ ရာမများ၏ ကဏ္ဍ၊ မသင်မနေရ အခြေခံပညာရေး၊
အခြေခံအထက်တန်းပညာရေး၊ အဆင့်မြင့်ပညာရေး၊ ပုဂ္ဂလိကကျောင်းများနှင့် ပုဂ္ဂလိက
တက္ကသိုလ်ပညာရေးစသည်ဖြင့် အဖွဲ့ ၁၃ဖွဲ့ခွဲကာ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး လူဦးရေ
၂၀၀၀ကျော်ခန့်တက်ရောက်ကြောင်း သိရသည်။

“ဒီကနေ့ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ပညာရေးစနစ်ဟာ အလွတ်ကျက်တဲ့ ပညာရေးစနစ် ဖြစ်နေတဲ့အတွက် ကျောင်းသား၊ ကျောင်းသူ တွေဟာ စာသင်ချိန်တွေ များပေမယ့်လည်း စာမတက်ကြတာ ဖြစ်တယ်” ဟု ဆက်လက် မိန့်ကြားသည်။

ထို့အတွက် ကျောင်းသင်ခန်းစာများတွင် သင်ကြားပေးနေသည့် သင်ခန်းစာများကို အလွတ်ကျက်သည့်နည်းကို နည်းနိုင်သမျှ နည်းအောင် သင်ကြားကြရမည်ဖြစ်ပြီး Critical thinking ဟု ခေါ်တဲ့
စဉ်းစားတွေးခေါ်နိုင်စွမ်းကို ခေတ်ပေါ်နည်းစနစ်များ သုံးကာ သင်ကြားပေးမည် ဆိုပါ က စာတက်မြောက်မည့် ကျောင်းသားဦးရေ ပိုများလာမည်ဖြစ်ကြောင်း ဒေါက်တာ အရှင်ဓမ္မပီယက လက်ရှိ
မြန်မာပြည်ပညာရေးနှင့် ပတ် သက်၍ သုံးသပ်မိန့်ကြားသည်။

“မြန်မာနိုင်ငံမှာက ပြုပြင်ပြောင်းလဲမှု မလုပ်တာ တော်တော်ကြာခဲ့ပြီ။ ခု လုပ်မယ်ဆိုရင်တော့ အားစိုက်ထုတ်ဖို့ လိုလိမ့်မယ်” ဟု ပညာရေး လောကတွင် နှစ်ပေါင်းလေးဆယ်ကျော်ကြာ ကျင်လည်ခဲ့သူ ဆရာကြီး နိုင်ငွေသိမ်းက ပြောကြားသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ညီလာခံကို ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်က ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်ပြီး ယင်း မတိုင်မီ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ဒေသ ၂၅ ခုတွင်
ပညာရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး လူဦး ၃၀၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

ကျောင်းသားကျောင်းသူအရွယ် လူငယ်များ ဆေးလိပ်နှင့် ကွမ်းစားသုံးမှုနှုန်း မြင့်တက်

ဆေးလိပ်သောက်သုံးနေသည့် အခြေခံပညာ ကျောင်းသားတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)
Saturday, 08 June 2013
မြန်မာ ကျောင်းသား ကျောင်းသူအရွယ် လူငယ်များအကြား ဆေးလိပ်နှင့် ကွမ်းစားသုံးမှုနှုန်း မြင့်တက်နေကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား ကျောင်းသူများ၏ စီးကရက် သောက်သုံးနှုန်းမှာ ၂၀၀၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် Global Youth Tabacco Survey တွင် ဖော်ပြချက်အရ ၁၀ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ သို့သော် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ပြန်လည်ကောက်ခံခဲ့ရာတွင် ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ ပြန်လည်မြင့်တက်လာပြီး ဆေးရွက်ကြီးပါသည့် ကွမ်းစားသုံးမှု နှုန်းမှာလည်း မြင့်တက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းကို မြန်မာနိုင်ငံက ၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး ၂၀၀၄ ခုနှစ်၊ ဧပြီ ၂၀ ရက်တွင် အတည်ပြုခဲ့ပြီး ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းကို အတည်ပြုသည့် နိုင်ငံများအနက် ၁၁ နိုင်ငံမြောက် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ၂၀၁၂ ခုနှစ် မတ်လအတွင်းက ကုန်သွယ်လုပ်ငန်းခွန်အဖြစ် စီးကရက်အတွက် ၁၀၀ ရာခိုင်နှုန်း၊ ဆေးပေါ့လိပ်၊ ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ဆေးပြင်းလိပ်၊ ဆေးတံအမျိုးမျိုး၊ ဆေးတံသောက် ဆေးများနှင့် ကွမ်းစားဆေးများကို ၅၀ ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်ခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက် ပစ္စည်းများကို တိုက်ရိုက် သုံးစွဲမှု မရှိသော်လည်း တစ်ဆင့်ခံ ရှုရှိုက်မိခြင်းကြောင့် အသက် သေဆုံးရသူများအနက် ၇၅ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးငယ်များ ဖြစ်နေကြောင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများဆိုင်ရာ သတင်းအချက်အလက်များတွင် ဖော်ပြချက်အရ သိရသည်။ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက် ပစ္စည်းများကြောင့် တစ်နှစ်လျှင် လူဦးရေ ခြောက်သန်းခန့် သေဆုံးလျက် ရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက် ပစ္စည်းများကြောင့် အမျိုးသား ဦးရေ ၁၀၀ လျှင် ၁၉ ဦးနှုန်း၊ အမျိုးသမီး ဦးရေ ၁၀၀ လျှင် ၁၈ ဦးနှုန်းမှာ သေဆုံးလျက် ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှုကြောင့် သေဆုံးရသူများ၊ ရောဂါဝေဒနာ ခံစားနေရသူများအနက် ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက် ပစ္စည်းများကို လုံးဝမသုံးစွဲသူများလည်း ပါဝင်နေပြီး ယင်းကြောင့် သေဆုံးရသူများ အနက် ၇၅ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးငယ်များ ဖြစ်နေကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက် ပစ္စည်းများကြောင့် ခြောက်စက္ကန့်လျှင် တစ်ဦးနှုန်း သေဆုံးနေပြီး အိတ်ခ်ျအိုင်ဗွီပိုးကြောင့် သေဆုံးမှုထက် သုံးဆခန့် ပိုမိုများပြားကြောင်း နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။
Eleven Media Group

မန္တလေးတိုင်းဒေသကြီး အတွင်း၌ တရားဝင် စာရင်းများအရ တရုတ်နွယ်ဖွား ငါးသောင်းဝန်းကျင်၊ ဟိန္ဒူနှင့် မွတ်စလင် နှစ်သိန်းခန့်ရှိဟုဆို

Saturday, 08 June 2013
မန္တလေးတိုင်းဒေသကြီး အတွင်း၌ အိမ်ထောင်စုဇယားရှိ တရုတ်နွယ်ဖွား ငါးသောင်း ၀န်းကျင်နှင့် ဟိန္ဒူနှင့်မွတ်စလင် နှစ်သိန်းခန့် ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန စာရင်းများအရ သိရသည်။

''မှတ်ပုံတင်ကတ် ထုတ်ပေးထားတဲ့ (ဧည့်) နိုင်ငံသားနဲ့ (ပြု) နိုင်ငံသား အရေအတွက်က အတိအကျ ကောက်ယူနေဆဲပါ'' ဟု တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း၌ ခန့်မှန်းလူဦးရေ ၇၄ သိန်းခန့်ရှိကြောင်း သိရသည်။

လက်ရှိတွင် အိမ်ထောင်စုစာရင်း ပြုလုပ်ရန် လျှောက်ထားသော ဧည့်/ပြု နိုင်ငံသားများလည်း ရှိကြောင်းနှင့် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ အိမ်ထောင်စုစာရင်းကို ပြုလုပ်ရသည်ဟု သိရသည်။

တရုတ်နွယ်ဖွားများ အနေဖြင့် မန္တလေးမြို့လယ် ဧရိယာများနှင့် ၇၈ လမ်း၊ ၇၃ လမ်း၊ ၂၆ လမ်းအပါအ၀င် အဓိကမိန်းလမ်းမကြီး အနီးတွင် အများစု နေထိုင်ကြပြီး၊ ဟိန္ဒူနှင့် မွတ်စလင်လူမျိုးများမှာ ဈေးချိုတော် အနီးတစ်ဝိုက်နှင့် ၃၅ လမ်းတစ်လျှောက်အပြင် မြို့တွင်းဧရိယာနေရာ အများအပြား၌ တစ်စုတစ်စည်းတည်း ပေါင်းစုနေထိုင်ကြကြောင်း သိရသည်။

''ယူနန်ဘုံကျောင်းစာရင်းမှာ တရုတ်နွယ်ဖွား ခြောက်သောင်းကျော် ရှိတယ်လို့ ဆိုပေမယ့် မြို့ထဲမှာတင် သိန်းဂဏန်းကျော် ရှိနိုင်တယ်'' ဟု မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

အလားတူ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ''တရုတ်က မြို့ပေါ်ရပ်ကွက်တွေမှာပဲ နေကြတာ။ အိန္ဒိယနွယ်ဖွားတွေက မြို့ထဲမှာတင်ဆိုရင် တရုတ်က ပိုများနိုင်တယ်။ တစ်တိုင်းလုံး ဆိုရင်တော့ အိန္ဒိယနွယ်ဖွားက ပိုများနိုင်တယ်'' ဟု သုံးသပ်သည်။
Eleven Media Group

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com