http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပုလဲပရဟိတဖောင်ဒေးရှင်း အလှူတော်ပွဲ

http://picasion.com/i/1Tj5x/
ဓါတ်ပုံ - ဇော်ဇော်
မန္တလေး၊ မေ ၁၆ ။
ပုလဲပရဟိတဖောင်ဒေးရှင်း အလှူတော်ပွဲမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ နိုင်ငံကျော် အနုပညာရှင်များ တက်ရောက်ခဲ့ကြည်။
မန္တလေးမြို့၊ မဟာမင်းထင်တိုက် မိုးကုတ်ရိပ်သာကျောင်း ပဓါန နာယကဆရာတော် ဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တပညာဝံသ (ပုလဲဆရာတော်) တည်ထောင်တဲ့ ပုလဲပရဟိတ ဖောင်ဒေးရှင်း သို့ ဆွမ်းခံကြို/ပို့ ယာဉ်နဲ့ အသက်ကယ်လေအောက်စီဂျင်) အိုးများ လှူဒါန်းခြင်း အခမ်းအနား ကို မေလ ၁၆ ရက် နံနက်ပိုင်းက မိုးကုတ်ရိပ်သာကျောင်း မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး သစ်တော၊ သတ္ထု၊ သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့် နှင့် တကွ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ မေသန်းနု၊ မိုးယုစံ ၊ ချမ်းမီမီကို စတဲ့ နိုင်ငံကျော် အနုပညာရှင်များ တက်ရောက် ဂါရ၀ပြု အားပေးခဲ့ကြပါတယ်။ အလှူရှင်များ ရဲ့ အလှူဒါနကောင်းမှုအစုစု တို့ အတွက်ကိုလည်း ကပ္ပိရကာရက အဖြစ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တစ်ချို့နဲ့အတူ အနုပညာရှင်များ က လက်ခံပေးခဲ့ကြပါတယ်။
အလှူရှင်တွေရဲ့ ကောင်းမှုအတွက် မြို့ခံပြည်သူအပေါင်းက သောင်းသောင်းဖျဖျ အားပေး ကြတဲ့ ဒီအခမ်းအနား မှာ နိုင်ငံကျော်အနုပညာရှင်တွေဘက်ကလည်း တတ်စွမ်းတဲ့ အနုပညာတွေ နဲ့ ပြန်လည် သီဆိုဧည့်ခံ ဖျော်ဖြေပေးခဲ့ကြပါသေးတယ်။
အခမ်းအနားအပြီးမှာတော့ အလှူရှင် မိသားစုဝင်များရဲ့ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်ပေးဝေကာ အလှူရှင် မိသားစုဝင်များ နဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ပြီး အခမ်းအနားကို အောင်မြင်စွာနဲ့ ရုပ်သိမ်းခဲ့ ပါတယ်။
အဆိုပါ အလှူတော် အခမ်းအနား မှာ ကျပ် ၈၇ သိန်းခန့် တန်ဖိုးရှိ အောက်စီဂျင် (၅၉)ဘူး နဲ့ ဆွမ်းခံ ကြို/ ပို့ ယာဉ် (ယာနဒါန) အသုံးပြုရန် ကျပ်(၂၁၅)သိန်း တန်ဖိုးရှိ ကင်တာ အမျိုးအစား ထရပ်ကား တစ်စီး တို့ကို အလှူရှင်များက အသီးသီး လှူဒါန်းခဲ့ကြတယ် လို့ သိရပါတယ်။
“ အခုဆိုရင် အောက်စီဂျင်ဘူး အလုံးပေါင်း (၄၀၀)နီးပါး ရှိပြီ ” လို့ ပုလဲ ဆရာတော်က မြန်မာဓိက ကို မိန့်ကြားပါတယ် ။ “ အလုံးရေ များတော့ ကုန်ကျစရိတ်လည်း ပိုများတာပေါ့ ဒါပေမယ့် လူနာတွေ အတွက် လောက်ငှ အောင်ကတော့လိုနေဆဲပဲ ” လို့ ဆရာတော်က ဆက်လက် မိန့်ကြားပါတယ်။
ပုလဲ ပရဟိတရဲ့ ဇနသုခ ရေအလှူတော် စီမံကိန်း ၊ သားမျှော် မိခင် စီမံကိန်း ၊ အခုလို အသက်ကယ်(လေ)အောက်စီဂျင် စီမံကိန်း အပါအဝင် စီမံကိန်း (၆) ရပ် လုပ်ငန်းတွေ ကို အစဉ် တစိုက် လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဆရာတော်အနေနဲ့ ''နောက်ထပ်ပြီးတော့လည်း မြန်မာပြည် အရပ်ရပ်အသင်းခွဲတွေ ထပ်မံထားရှိဖို့ ရည်ရွယ်ချက်ရှိ ကြောင်း နဲ့ လက်ရှိအနေနဲ့လည်း ကျောက်ဆည်၊ ပြင်ဦးလွင်စတဲ့ မြို့တွေမှာ အသင်းခွဲတွေ အသင့် ထားရှိပြီးဖြစ်ကြောင်း'' ဆရာတော် ရဲ့ မိန့်ကြားချက်အရ သိရပါတယ်။
ခင်ဘုန်းဝေဇော်
မြန်မာဓိက

ရခိုင် ကျေးရွာများမှာ မုန်းတိုင်းအန္တရာယ်ကြောင့် ဘုန်းကြီးကျောင်းများသို ပြောင်းရွေ့

ရခိုင် ကျေးရွာများမှာ မုန်းတိုင်းအန္တရာယ်ကြောင့် ဘေးလွတ်ရာ ဘုန်းကြီးကျောင်းများသို့ ပြောင်းရွေ့နေထိုင်လျှက်ရှိကြသည်။
ဓာတ်ပုံ - အောင်နေမျိုး စစ်တွေမှ ပေးပို့သည်။
Popular Myanmar News Journal
http://picasion.com/i/1TiZP/

စစ်ကိုင်းတိုင်းအစိုးရနဲ့ လက်ပံတောင်းဒေသခံများ တွေ့ဆုံ

2013-05-16
လက်ပံတောင်းတောင် ဒေသခံ (၅၀) ကျော်နဲ့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က တာဝန်ရှိသူတွေဟာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်၊ သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက် တို့ဟာ တုံရွာဒေသခံဦးစိုးဝင်း အိမ်မှာ ဒေသခံတွေနဲ့ အလွတ်သဘော ဆွေးနွေးခဲ့ကြတာလို့ သိရပါတယ်။

ဒေသခံတွေက မုံရွာခရိုင် ဆားလင်းကြီးမြို့အတွင်းမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ရုပ်သိမ်း ပေးရေး၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေး၊ ဒေသခံတွေကို အကူအညီပေးနေတဲ့ ကွန်ယက်အဖွဲ့ဝင်တွေကို ဖမ်းဝရမ်းထုတ်ထားတဲ့ ကြေညာချက်တွေ ပြန်ရုပ်သိမ်းပေးရေး စတဲ့အချက်တွေကို ဆွေးနွေးပွဲမှာ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရုပ်သိမ်းပေးရေးအတွက် တောင်းဆိုဆန္ဒပြမှုတွေကို ဒီရက်ပိုင်းအတွင်း ရပ်ဆိုင်းထားပြီး စစ်ကိုင်းတိုင်း နယ်စပ်ရေးရာဝန်ကြီးရဲ့ အကြောင်းပြန်မှုအပေါ်မှာ မူတည်ပြီး စဉ်းစားသွားမယ်လို့ သိရပါတယ်။
RFA Burmese

ဆိုင်ကလုန်း မဟာဆန်ကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ငါးဦးသေ

စစ်တကောင်း၊ မေ ၁၄။
ဆိုင်ကလုန်းမဟာဆန်သည် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတမ်းမြေနိမ့်ဒေသများအတွင်း သို့ ကြာသပတေးနေ့တွင်
ဝင်ရောက်ပြီး လူထောင်ပေါင်း များစွာ မုန်တိုင်းဒဏ်ခံ အမိုးအကာများအတွင်း တွင်ခိုနေရပြီး
မုန်တိုင်းကြောင့် လူငါးဦးသေဆုံးခဲ့ပြီဖြစ်သည်။

လေတိုက်နှုန်းသည် တနာရီလျှင် မိုင် ၆၀နှုန်းဖြင့် ကမ်းစပ်မှ ဝင်ရောက်တိုက်ခတ်လာပြီး လှိုင်းအမြင့်သည် ၇ ပေခန့်ထိ မြင့်တက်သည်ဟု ခန့် မှန်းထားပြီး  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ် လာဖွယ်ရှိသည်။

မီဒီယာများကလည်း လူငါးဦးသေဆုံးပြီဖြစ်ကြောင်း ၊ သစ်ပင်တစ်ချို့လဲကျပြီး တဲများထောင်ပေါင်းများစွာ ပြိုကျသည်။

“ထိခိုက်ခံရနိုင်တဲ့ လူတွေအများစုကို ပြောင်းပေးခဲ့တယ်” ဟု ကမ်းရိုးတမ်းပိုင်း အုပ်ချုပ်ရေးမှူး
မိုဟာမက်အက်ဘဒူလာက ပြောကြားသည်။ မုန်တိုင်းဒဏ်ခံအဆောက်အဦးများဆီသို့ လူ ၁သန်းခန့်
သွားရောက်ခိုလှုံခဲ့ကြကြောင်း “ တချို့က သူတို့အိမ်ကို စွန့်ခွာဖို့ ငြင်းဆန်ကြတဲ့ အတွက်
အတင်းအကြပ်လုပ်ခဲ့ရတယ်” ဟု ၎င်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်တွင် လွန်ခဲ့သည့်မုန်တိုင်းများကြောင့် လူပေါင်းများစွာသေဆုံးခဲ့ရရာ မုန်တိုင်းဒဏ်ခံအဆောက်အဦး ၁၄၀၀ကျော်ရှိသည်။

သို့သော် မြန်မာနိုင်ငံတောင်ပိုင်းနယ်စပ်တလျှောက် တွင် လူအများခိုနေရသည့် တဲများနှင့် စခန်းများတွင်
သစ်များနှင့် ပြုလုပ်ခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်းမဟာဆန်သည် ဘင်္ဂလားပင်လယ်အော်တဝိုက်တွင်ရွေ့လျားလာခဲ့ပြီး
ဘင်္ဂလားဒေ့ရှိတောင်ပိုင်းကမ်းခြေ ကက်ပူပါရာတွင် ပထမဆုံးတိုက်ခတ်ခဲ့ပြီး မြန်မာနိုင်ငံ အနီးအရှေ့မြောက်ပိုင်းရှိ ကမ်းစပ်နှစ်ခုသို့ရောက်လာသောအခါ အားပျော့သွားသည်။

မျက်မြင်သက်သေများအဆိုအရ ဘင်္ဂလားဒေ့ရှ် မြေနိမ့်ဒေသများတွင် ရေခါးထိတက်လာပြီး မုန်တိုင်းကြောင့် သစ်ပင်များ အမြစ်ကျွတ်သည်အထိ ဖြစ်ပြီး အိမ်များလည်း ပျက်စီးကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်သို့လာရောက်သည့်လမ်းတွင် မုန်တိုင်းသည် သီရိလင်္ကာနိုင်ငံကို ကျော်ဖြတ်လာခဲ့ရာ အနည်းဆုံး လူ ၇ဦးသေဆုံးကာ ၃၈၈၁ဦး အိုးမဲ့အိမ်မဲ့ဖြစ်ရသည်။
Ref:Reuters
မြန်မာ့ခေတ်

လူ သန္ဓေသားလောင်း ပုံတူမျိုးပွားပြီ

သန္ဓေသားကို ကလေး ဖြစ်ဖို့ထိ ဖန်တီးဖို့ မရည်ရွယ်
15 မေလ 2013
လွန်ခဲ့တဲ့ ၁၅ နှစ်က ပုံတူ မျိုးပွား နည်းပညာနဲ့ သိုးမလေး ဒေါ်လီကို မွေးထုတ် ခဲ့ပြီးနောက် ဒီနည်းပညာနဲ့ပဲ ပထမဆုံး လူ သန္ဓေသားကို ဖန်တီး နိုင်ခဲ့ပြီလို့ အမေရိကန် သိပ္ပံ ပညာရှင် တစုက ပြောကြား လိုက်ပါတယ်။

သန္ဓေသားလောင်းက အနုဆုံး အဆင့်မှာပဲ ရှိပါသေးတယ်။ ဒီသန္ဓေသားကို ကလေး တယောက် ဖြစ်ဖို့ထိ ဖန်တီးဖို့ မရည်ရွယ်ဘူးလို့ သိပ္ပံ ပညာရှင်တွေက သတိထား ပြောနေကြပါတယ်။

ဒီနည်းပညာနဲ့ ဆဲလ်မျိုးစုံ အသွင် ကူးပြောင်းနိုင်တဲ့ ပင်မဆဲလ်တွေ ဖန်တီး ထုတ်လုပ်ဖို့ ရည်ရွယ်ထားပြီး ဒီနည်းနဲ့ ဆေးပညာကို တခေတ်ပြောင်း တော်လှန် နိုင်တော့မယ်လို့ ယုံကြည် မျှော်လင့် နေကြတာ ဖြစ်ပါတယ်။

ဒီအင်အေ ဖယ်ထားတဲ့ မျိုးဥ ထဲကို အရွယ်ရောက်ပြီးသား ဆဲလ် တခုကနေ ပြောင်းလဲယူခဲ့တယ်လို့ သြရီဂွန် ပြည်နယ်က သိပ္ပံ ပညာရှင်တွေက ဆိုပါတယ်။

မအောင်မြင်တဲ့ မျိုးဥတွေကိုသုံးပြီး သန္ဓေသား ပင်မဆဲလ်တွေတည်ဆောက်ဖို့ အသုံးပြုခဲ့ပါတယ်။

ဒီပင်မဆဲလ်တွေကနေ ခန္ဓာကိုယ် အနှံ့အပြားက ဆဲလ်ပေါင်းစုံကို ဖန်တီးယူခဲ့တာ ဖြစ်ပါတယ်။

ဒီဆဲလ်တွေကို ပျက်စီးတဲ့ အသားတစ်ရှူးစတွေကို အစားထိုးရာမှာနဲ့ ရောဂါကုသရာတွေမှာ သုံးဖို့လဲတောင်းဆို နေကြပါတယ်။
ဘီဘီစီ

ဖိလစ်ပိုင် မြို့တော်ဝန် ခေါင်းပန်းလှန် ရွေး

ဖိလစ်ပိုင်နိုင်ငံ ရွေးကောက်ပွဲမြင်ကွင်း
16.05.2013
 ဖိလစ်ပိုင်နိုင်ငံ San Teadoro မြို့မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ မြို့တော်ဝန်ရွေးကောက်ပွဲအတွင်း ကိုယ်စားလှယ်လောင်းနှစ်ဦးစလုံး မဲအရေအတွက် အတူတူရခဲ့ကြတဲ့အတွက် ခေါင်းပန်းလှန်ပြီးတော့ အဆုံးအဖြတ် ပေးလိုက်ကြပါတယ်။

Mindoro Oriental ပြည်နယ်အတွင်းက San Teodoro ဆိုတဲ့ လယ်ယာလုပ်ကိုင်စားကြတဲ့ အဲ့ဒီ့မြို့ကလေးမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ ရလာဒ်ကို ခေါင်းပန်း ၅ကြိမ်စီလှန်ပြီး ခေါင်း အများဆုံးရတဲ့သူကို အနိုင်ပေးလိုက်တာဖြစ်ပါတယ်။ လက်ရှိအာဏာရပါတီ Liberal ပါတီကိုယ်စားလှယ်လောင်း Marvic Feraren က ပြိုင်ဖက်ကိုယ်စားလှယ်လောင်း Boyet Py ကို အနိုင်ရသွားပါတယ်။

ဒါပေမဲ့ ပထမတစ်ကြိမ် ခေါင်းပန်းလှန်တဲ့အခါ အဖြေက တိုက်နေသေးတဲ့အတွက် ဒုတိယအကြိမ် ထပ်ပြီး ခေါင်းပန်းလှန်ခဲ့ကြရတာပါ။

အဆုံးသတ်မှာတော့ ထွက်လာတဲ့အဖြေကို ကိုယ်စားလှယ်လောင်း နှစ်ဦးစလုံးက လက်ခံပြီး လက်ဆွဲ နှုတ်ဆက်ခဲ့ကြပါတယ်။  အခုလိုခေါင်းပန်းလှန်ပြီး အဆုံးအဖြတ်ပေးတဲ့ ရလာဒ်ကို လက်ခံကြောင်း ဖိလစ်ပိုင် ရွေးကောက်ပွဲ ဥပဒေမှာ ပြဌာန်းထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

နမ့်ခမ်းဒေသခံစစ်ရှောင်သူ ၃၀၀ ကျော် နေရပ်ပြန်လာ

2013-05-16
ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSAတပ်တွေနဲ့ မြန်မာအစိုးရတပ်တွေအကြား တရုတ်မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ် အနီးမှာ ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် တရုတ်ပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေထဲက လူဦးရေ (၃၀၀) ကျော်ဟာ မနေ့ကစပြီး နေရပ်ပြန်လာနေကြတယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲကြောင့် အိုးအိမ်ဆုံးရှုံး သူတွေနဲ့ သက်ကြီးရွယ်အိုတွေကတော့ လတ်တလော ပြန်မလာနိုင်သေးဘူးလို့ နမ့်ခမ်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းကျော်အုန်းက RFA ကို ပြောပါတယ်။

" မနေ့ကတော့ ကောင်းပါတယ်၊ တော်တော်လာကြတယ်၊ သွားရေးလာရေးအခက်အခဲရှိတဲ့ အသက်ကြီးတဲ့သူတွေတော့ နောက် နှစ်ရက်သုံးရက်မှ လာကြမှာပါ၊ မနေ့က ပြန်လာတာက ၃၀၀ ကျောက်လောက်ပေါ့"

ပြီးခဲ့တဲ့ မေလ(၉)ရက်နေ့က တရုတ်မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ်မှာရှိတဲ့ ကျေးရွာ (၄)ရွာက ဒေသခံ (၂၀၀၀) ကျော်လောက်ဟာ တရုတ်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါ။

နေရပ်ပြန်ရောက်လာသူတွေကို အစိုးရစစ်တပ်က ဆန်တွေဝေပေးပြီး မြို့ပေါ်ကဒေသခံတွေကလည်း လိုအပ်တဲ့ပစ္စည်းတွေ ကူညီပေးနေတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်တဲ့ကျေးရွာတွေက ပျက်စီးဆုံးရှုံးမှုတွေကို အစိုးရစစ်တပ်နဲ့ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတချို့က တာဝန်ရှိသူတွေ နေ့စဉ် သွားရောက်စစ်ဆေးနေပြီး လက်ရှိစာရင်းအရ နောင်ခမ်းရွာမှာ ငွေကျပ် ၁၅၇ သိန်းကျော် လျော်ကြေးပေးဖို့ အထက်ကိုတင်ပြထားတယ်လို့လည်း ဆိုပါတယ်။
Photo: နမ့်ခမ်းဒေသခံစစ်ရှောင်သူ ၃၀၀ ကျော် နေရပ်ပြန်လာ 2013-05-16 ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSAတပ်တွေနဲ့ မြန်မာအစိုးရတပ်တွေအကြား တရုတ်မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ် အနီးမှာ ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် တရုတ်ပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေထဲက လူဦးရေ (၃၀၀) ကျော်ဟာ မနေ့ကစပြီး နေရပ်ပြန်လာနေကြတယ်လို့ သိရပါတယ်။ ဒီတိုက်ပွဲကြောင့် အိုးအိမ်ဆုံးရှုံး သူတွေနဲ့ သက်ကြီးရွယ်အိုတွေကတော့ လတ်တလော ပြန်မလာနိုင်သေးဘူးလို့ နမ့်ခမ်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းကျော်အုန်းက RFA ကို ပြောပါတယ်။

"မနေ့ကတော့ ကောင်းပါတယ်၊ တော်တော်လာကြတယ်၊ သွားရေးလာရေးအခက်အခဲရှိတဲ့ အသက်ကြီးတဲ့သူတွေတော့ နောက် နှစ်ရက်သုံးရက်မှ လာကြမှာပါ၊ မနေ့က ပြန်လာတာက ၃၀၀ ကျောက်လောက်ပေါ့" ပြီးခဲ့တဲ့ မေလ(၉)ရက်နေ့က တရုတ်မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ်မှာရှိတဲ့ ကျေးရွာ (၄)ရွာက ဒေသခံ (၂၀၀၀) ကျော်လောက်ဟာ တရုတ်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါ။ နေရပ်ပြန်ရောက်လာသူတွေကို အစိုးရစစ်တပ်က ဆန်တွေဝေပေးပြီး မြို့ပေါ်ကဒေသခံတွေကလည်း လိုအပ်တဲ့ပစ္စည်းတွေ ကူညီပေးနေတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်တဲ့ကျေးရွာတွေက ပျက်စီးဆုံးရှုံးမှုတွေကို အစိုးရစစ်တပ်နဲ့ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတချို့က တာဝန်ရှိသူတွေ နေ့စဉ် သွားရောက်စစ်ဆေးနေပြီး လက်ရှိစာရင်းအရ နောင်ခမ်းရွာမှာ ငွေကျပ် ၁၅၇ သိန်းကျော် လျော်ကြေးပေးဖို့ အထက်ကိုတင်ပြထားတယ်လို့လည်း ဆိုပါတယ်။
RFA Burmese

ဆန္ဒပြသူများ ဖွင့်ပွဲနှင့် အခမ်းအနားများသို့ မလာရဟု ပြည်မြို့ NLD ထုတ်ပြန်

ပြည်၊ မေ ၁၆။
ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ NLD ရုံးရှေ့သို့ လာရောက်ဆန္ဒပြသူများသည်
ပြည်မြို့နယ် NLDအလုပ်အမှုဆောင် အဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ရုံးဖွင့်ပွဲများနှင့်
အခမ်းအနားများသို့ တက်ရောက်ပိုင်ခွင့် မရှိကြောင်း မေလ(၁၅)ရက်နေ့ နေ့စွဲဖြင့် သတင်း
ထုတ်ပြန်ခဲ့ကြောင်း NLD ပြည်မြို့နယ်ဥက္ကဋ္ဌ က မြန်မာ့ခေတ်သို့ ပြောကြားသည်။

“ဗဟိုက ပုဂ္ဂိုလ်တစ်ဦးနဲ့ တိုင်းက တာဝန်ရှိတဲ့သူတစ်ဦးကို မေးမြန်းပြီး သဘောတူညီချက်နဲ့ လုပ်တာပါ။
အဖြေမှန်၊မမှန်ဆိုတာ ရက်အနည်း ငယ်အတွင်း ပေါ်လာပါလိမ့်မယ်။ ဆန္ဒပြရာမှာပါတဲ့ ပါတီဝင်အားလုံးကို
ရည်ညွန်းပြီး ထုတ်တာပါ”ဟု NLD ပြည်မြို့နယ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြားသည်။

ရုံးဖွင့်ပွဲများ၊ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားများသာ မတက်ရောက်ရန် တားမြစ်ခြင်းဖြစ်ကြောင်း၊
ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်း မဟုတ် ကြောင်း၊ NLD ပါတီအဖြစ် ထုတ်ပယ်ခြင်းကို
ဗဟိုမှသာလုပ်ဆောင်နိုင်ကြောင်း၊ မြို့နယ်မှ မလုပ်ဆောင်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

NLD ခရိုင် ဥက္ကဋ္ဌဟောင်း ဦးကျော်ဆန်းက “တိုင်းနဲ့ဗဟိုကို ခုတုံးလုပ်ပြီး ဒီစာကို တစ်ယောက်တည်းသဘောနဲ့
ထုတ်ဝေတယ်။ ဗဟိုကို စုံစမ်းကြည့်တော့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကိုယ်တိုင်က ဗဟိုကလုပ်တာ မဟုတ်ပါဘူး။ ဒီစာကိစ္စ ရှင်းလင်းပေးပါမယ်လို့ ဖုန်းနဲ့အကြောင်းပြန်ကြားတယ်”ဟု မြန်မာ့ခေတ်သို့ ပြောကြားသည်။

NLD ပါတီဝင် ငါးဆယ်ကျော်သည် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က ဗဟိုညီလာခံတက်ရောက်သူ ဒေါက်တာခင်မောင်ဝင်း၊ ဦးသန်း(၀က်ထီးကန်)၊ ဦးအံ့မောင်(ရဘဲ)တို့ သုံးဦးအား ကန့်ကွက်ကြောင်း NLDပါတီမြို့နယ်ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“ရပ်ကျေး ညီလာခံမှာတောင် ကန့်ကွက်ခံရပြီး မြို့နယ်ညီလာခံ တက်သွားတယ်။ မြို့နယ်ညီလာခံမှာ
တစ်ခါထပ်ပြီး ကန့်ကွက်တယ်။ လက်ဝါး ချင်းရိုက် အတည်ပြုပြီး အတင်းစီစဉ်သွားတယ်။ ဒီပုဂ္ဂိုလ်တွေ
ဗဟိုညီလာခံတက်မှာကို မလိုလားလို့ ဆန္ဒဖော်ထုတ်ခဲ့တာပါ”ဟု န၀င်း ရပ်ကွက် NLD ကော်မရှင် အတွင်းရေးမှူး ဦးကျော်ကျော်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

ဆန္ဒပြသူများထဲမှ အချို့မှာ ပါတီစတင်ထူထောင်ချိန်မှစ၍ NLD ပါတီအပေါ် သစ္စာရှိစွာ
တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကြောင်း၊ ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရပြီး မိမိကိုယ်ကျိုးမကြည့်ဘဲ
အများကောင်းစားရေးအတွက် အနစ်နာခံ ဆောင်ရွက်သူများလည်း ပါဝင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“၂၀၁၅ ပါတီအောင်နိုင်ရေးက သိပ်ကို အရေးကြီးပါတယ်။ ဒီလိုစာထုတ်လိုက်တာဟာ ပါတီအတွင်း စည်းရုံးမှု
ပျက်ပြားစေနိုင်တယ်။ NLD ကို ထောက်ခံတဲ့ ပြည်သူများအနေနဲ့လည်း ထင်ယောင်ထင်မှား ဖြစ်စေနိုင်တယ်။
ဒါဟာလျော်ကန်သင့်မြတ်တဲ့ အလုပ်မဟုတ်ပါဘူး”ဟု NLD ဆံတော်လူငယ်အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ကိုမင်းမင်းထွန်းက ဆိုသည်။

ပါတီအတွင်းစည်းလုံးညီညွတ်မှု မရှိခြင်းကြောင့် NLD ပါတီရုံးရှေ့တွင် ဆန္ဒလာရောက်ပြသသူ
ပါတီဝင်များအား ရပ်ကျေးရုံးဖွင့်ပွဲများ၊ ဆိုင်းဘုတ်တင်ပွဲများ မလာရောက်ရန် တံဆိပ်ခတ်နှိပ်
စာပို့ခြင်းသည် လုံးဝဘောင်မဝင်ကြောင်းနှင့် ဒီမိုကရေစီနည်းလမ်းမကျကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မောင်ရေခဲ(ပြည်)
မြန်မာ့ခေတ်

အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ စက်ရုံ တာဝန်ရှိသူတွေအကြား အခြေအတင်(ရုပ်/သံ)

ပျဉ်းမနားမြို့ အမှတ် ၂ နဲ့ ၃၊ သကြားစက်ရုံမှာ စက်ရုံဝန်ထမ်း ၇ ဦး အလုပ်ထုတ်ခံရတဲ့ကိစ္စ၊ အခြေခံလစာ နည်းပါးတဲ့ကိစ္စတွေနဲ့ ပတ်သတ်ပြီး အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ စက်ရုံ တာဝန်ရှိသူတွေအကြား အခြေအနေ တင်းမာနေပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။ RFA Burmese

မဟာစင် မုန်တိုင်း မြန်မာ ကနေ ကွေ့ထွက်သွား

ပိုင်ဆိုင် သမျှ ပစ္စည်းတွေကိုသယ်၊ ကလေးတွေကို ခေါ်ပြီး မုန်တိုင်းကို ရှောင်ပြေး ခဲ့ကြ
16 မေလ 2013
မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဟာ မေလ ၁၆ ရက် ကြာသပတေးနေ့ ညနေက ဘင်္ဂ္လားဒေ့ရှ် နိုင်ငံ စစ်တကောင်း ဒေသကို ဖြတ်ကျော် ပြီး ကုန်းတွင်း ပိုင်းကို ဝင်ရောက် သွားခဲ့ ပါတယ်။

ဆိုင်ကလုန်း မုန်တိုင်းရဲ့ အကြွင်း အကျန် အနေနဲ့ ဘင်္ဂ္လားဒေ့ရှ်၊ အိန္ဒိယနဲ့ မြန်မာ နိုင်ငံ နယ်စပ် ဘက်မှာ ကုန်းတွင်း မုန်တိုင်း အဖြစ် ဆက်လက် တည်ရှိ နေတယ်လို့ မိုးလေဝသနဲ့ ဇလ ဗေဒ ဦးစီးဌာနက ပြောပါတယ်။

အဲဒီ မုန်တိုင်းက အရှေ့မြောက် ဘက်ကို ဆက်လက် ရွေ့လျား သွားပြီး တဖြည်းဖြည်း အားလျော့ ပျက်ပြယ် သွားမယ်လို့ လည်း ခန့်မှန်းထား ပါတယ်။

အများ အားဖြင့် ကုန်းတွင်း မုန်တိုင်းတွေဟာ ၂၄ နာရီ ကနေ ၃၆ နာရီလောက် အထိ ကုန်းတွင်းပိုင်းမှာ ရှိနေ တတ်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

ကုန်းတွင်း မုန်တိုင်းဟာ ပင်လယ်ပြင်မှာ ရှိနေတဲ့ မုန်တိုင်းလောက် ဘေးအန္တရာယ် မရှိဘဲ ရေငွေ့တွေ စုပြီး မိုးရွာ တာသာ ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလ ဗေဒ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဘီဘီစီကို ပြောပါတယ်။

ကုန်းတွင်း မုန်တိုင်းကြောင့် မိုးများ နိုင်ပြီး မိုးမကြိုက်တဲ့ အပင်တွေ ထိခိုက် နိုင်တာ၊ တောင်ပေါ်မှာ မိုးရွာတဲ့ အတွက် မြေပြိုတာ၊ တောင်ပေါ် ကားလမ်းတွေ ပျက်စီးတာ တွေ အပြင် တောင်ကျ ရေတွေ အလုံး အရင်းနဲ့ ဆင်း လာပြီး ရုတ်တရက် ရေကြီးတဲ့ အန္တရာယ်တွေ ရှိနိုင်တယ်လို့ လည်း သူက ပြောပါတယ်။

လေတိုက်နှုန်း အားဖြင့် ကုန်းတွင်း မုန်တိုင်းက တစ်နာရီကို ၃၅ မိုင် လောက်သာ တိုက်ခတ် နိုင်တဲ့ အတွက် အိမ်တွေ အမိုး အကာ ပျက်စီးတာ မရှိနိုင်ဘဲ လူသေကြေတာ လည်း မရှိနိုင်ဘူးလို့ ဆိုပါတယ်။

မဟာစင် မုန်တိုင်း အားပျော့ သွားပေမဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် တို့မှာ မိုးသည်းထန် နိုင်တယ်လို့ မိုးလေ ဝသနဲ့ ဇလ ဗေဒဦးစီးဌာနက ခန့်မှန်းထား ပါတယ်။
ဘီဘီစီ

ကချင်ဒုက္ခသည်စခန်းများ ရိက္ခာခေါင်းပါး

လိုင်ဇာအနီးက ကချင်ဒုက္ခသည်စခန်းမြင်ကွင်း။
16.05.2013
ကချင်ပြည်နယ်တွင်းက စစ်ပြေးဒုက္ခသည် စခန်းတွေမှာ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပြီး သောက်သုံးရေ ပြတ်လပ်မှုတွေ နဲ့ကြုံနေရပါတယ်။ မိုးဦးကာလ စခန်းတွင်း နေစရာ အခက်အခဲတွေ လည်း ကြုံနေရ သလို ဒုက္ခသည်တွေထဲမှာ ဝမ်းပျက် ဝမ်းလျော၊ ကျန်းမာရေး ပြဿနာတွေ ပေါ်ပေါက်နေ ပြီး အကူအညီတွေဟာလည်း  မရသလောက် နည်းပါး လာနေပါတယ်။ ကချင် လက်နက်ကိုင်တပ် နဲ့ မြန်မာစစ်တပ်ကြားလည်း ဒီရက်ပိုင်းအတွင်း ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုးဘက်မှာ စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။ သတင်းအသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုထိန်းချုပ်ရာ နယ်မြေတွေတင်မဟုတ်ဘဲ အစိုးရထိန်းချုပ်ရာနယ်မြေတွေမှာ ရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက်ပါ အခုချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကချင်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ကြုံနေရပြီးတော့ မိုးဦးလေဦး ကာလမှာ နေစရာအခက်အခဲတွေနဲ့ပါ ကြုံနေရတယ်လို့ ဒေသတွင်းမှာ ကချင်အရေး လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ ကချင်ပြည်နယ် NDF ပါတီဥက္ကဌ ဒေါ်ဘောက်ဂျာက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“သူတို့ရဲ့ အဖြစ်သဘောမိုးထားတဲ့ အမိုးအကာတွေက အကုန်လွင့် သွားတယ်။ နေရာတိုင်းမှာ အဲ့ပြဿနာတွေကဖြစ်နေတယ်။ ဒီရာသီမှာကျတော့ အကူးအပြောင်းကာလမှာ ကျန်းမာရေးကလည်း နဂိုကမှ အာဟာရကလည်း မပြည့်စုံတဲ့ အခါကျတော့ အာဟာရချို့တဲ့ တဲ့ အတွက် နောက်ဆက်တွဲပြဿနာတွေ က ကျန်းမာရေးပြဿနာတွေဖြစ် လာတယ်။ သူတို့မှာ အားရှိတဲ့အစားအစာတွေက သိပ်မစားရဘူးလေ။ ထမင်းလောက်ပဲစားရတယ်။ တခြားအလုပ်ကလည်း အပြင်မှာ သွားလုပ်ဖို့က သူတို့မှာ သိပ်မလွယ်လှဘူး။ အဲ့လို ဖြစ်တဲ့အခါကျတော့ အဓိကကတော့ ကျန်းမာရေးအတွက် အရမ်းလိုအပ် တယ်။ နေရာတိုင်းမှာ ရောဂါတွေဖြစ်တာ များတယ်ပေါ့နော်။”

ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ ဇိုင်းအောင် ဒုက္ခသည်စခန်းအပါအဝင် ဒုက္ခသည်စခန်း လေးဆယ်ကျော်နဲ့ အစိုးရထိန်းချုပ်ရာ နယ်မြေတွေဖြစ်တဲ့ မြစ်ကြီးနားမြို့နားက ဒုက္ခသည်စခန်းတွေမှာလည်း စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေပြီး ဆေးဝါးပြတ်လပ်မှုတွေနဲ့ကြုံနေရ တယ်လို့ ကချင်သတင်းစဉ် အယ်ဒီတာချုပ် ကိုနော်ဒင်းကပြောပါတယ်။

“ ကေအိုင်အိုဒုက္ခသည်စခန်းနော်၊ ဝိုင်းမော်မြို့နယ် ဒုက္ခသည်စခန်း တရုတ်နယ်စပ်အနီး ဇိုင်းအောင် ဒုက္ခသည်စခန်းဆိုရင်လည်း ဝမ်းပျက်၊ ဝမ်းလျှော၊ နှာစေး၊ ချောင်းဆိုး၊ အဲ့တာတွေက မိုးတွင်းစလာပြီ၊ မိုးလည်း ရွာနေပြီဆိုတော့ အကြီးအကျယ်ဖြစ်နေတာတွေ့ရတယ်။ သို့သော်လည်းပဲ ဆေးဝါးတွေက ကုန်နေတယ်နော်။ ထပ်ပြီးမှ လည်း ဆေးဝါးကူညီတဲ့ အဖွဲ့လည်း မရှိသေးဘူးဆိုတော့ အခြေအနေက အတော်လေး ဆိုးနေတာတွေ့ရတယ်။ အဲ့ဒီ့ဇိုင်းအောင်ဒုက္ခသည် စခန်းတင် မဟုတ်ပါဘူး။ ဒီကေအိုင်အိုထိန်းချုပ်တဲ့ဒေသမှာရှိတဲ့ စုစုပေါင်း ဒုက္ခသည်စခန်းက လေးဆယ်ကျော်လောက်ရှိတယ်။ အဲ့ဒီ့စခန်းတွေအားလုံးဟာ အဲ့လိုမျိုး ပြဿနာတွေ တကယ်ပဲ အရေးပေါ်ကို လိုအပ်နေတယ်ဆိုတာ ကျနော်တို့တွေ့ရပါတယ်။”

အခုအချိန်ဟာ ရာသီဥတုကလည်း ဆိုးဝါးနေတဲ့အချိန် စခန်းထဲက ဒုက္ခသည်တွေ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောနဲ့ ဖျားနာနေတဲ့ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ဆေးဝါး၊ အသုံးအဆောင် ပစ္စည်းနဲ့ ရိက္ခာတွေ အထူးလိုအပ်နေတယ်လို့ ကိုနော်ဒင်းက ပြောပါတယ်။  စခန်းတွေရှိရာကို သွားတဲ့လမ်းကြောင်းတွေမှာလည်း ပိတ်ဆို့ ဟန့်တားမှုတွေရှိတာမို့  ဒုက္ခသည်တွေဆီကို လိုအပ်နေတဲ့ လူသားချင်း စာနာမှု အထောက်အပံ့ပစ္စည်းတွေကို ကုလသမဂ္ဂအပါအဝင် NGO အဖွဲ့အစည်းတွေနဲ့ ပြည်တွင်း အလှူရှင်တွေဆီကလည်း ပို့ဆောင်ပေးဖို့ အခက်အခဲတွေနဲ့ကြုံနေရ တယ်လို့ သိရပါတယ်။  စစ်ပြေးဒုက္ခသည်တွေအတွက် အကူအညီပေးမှုတွေ နည်းလာလို့ အခုလို ရိက္ခာပြတ်လပ်မှုတွေနဲ့ကြုံ လာရတာဖြစ်တယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

“ကူတဲ့သူကလည်း သိပ်များများစားစားတော့မဟုတ်ဘူး၊ တနိုင်တပိုင်၊ သူတို့ရပ်ရွာက တတ်နိုင်သလောက်၊ အဲ့လိုမျိုး ကောက်ပြီးတော့ ပေးကြတယ်။ အဲ့လောက်ပဲ ကူနိုင်တာပါ။ ဒုက္ခသည်က တစ်သိန်းကျော်တယ်လေ။ တနေရာမှာ ကြည့်နိုင်ရင်လည်း မကြည့်နိုင်တဲ့နေရာက ပိုများတယ်။ ပင်လယ်ပြင်ထဲမှာ ရေတပုံးလောင်း လိုက်သလိုပါပဲ၊ ဘာမှ ထိရောက်မှုတော့ မရှိဘူး။ ဒီလိုင်ဇာဘက်မှာ UN တို့ ဘာတို့ ဝင်လာတာကလည်း တစ်ခေါက်၊ နှစ်ခေါက်လောက်ပဲ။ ဒါတောင် လိုင်ဇာပတ်ဝန်းကျင်မှာမို့လို့၊ တခေါက်၊ နှစ်ခေါက်လောက် ဝင်လာတာ။ တခြားနေရာတွေမှာတော့ မရောက်နိုင်ဘူး။ ပြီးတော့လည်း ကြက်ခြေနီပေါ့နော်။ သူတို့တွေ လာတာတောင်မှ လမ်းမှာ နည်းမျိုးစုံနဲ့ တားဆီးခံနေရတာတွေရှိတယ်။ ဒါကြောင့် ဒုက္ခသည်စခန်းထဲကို ရောက်လာဖို့က အတော်ခက်ခဲပါတယ်။”

ကချင်ပြည်နယ်ထဲမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တရုတ်မြန်မာနယ်စပ်အပါအဝင် ကချင်လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ဒုက္ခသည်စခန်းတွေရော၊ မြန်မာစစ်တပ် ထိန်းချုပ်မှု လက်အောက်နယ်မြေမှာ ရှိနေတဲ့ စခန်းတွေမှာဆိုရင်  အပါအဝင် ဒုက္ခသည်ဦးရေဟာ တစ်သိန်းခွဲကျော်နေပြီဖြစ်ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုနဲ့ မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံတွင်းမှာ တွေ့ဆုံကြဖို့ ပြီးခဲ့တဲ့ ဧပြီလကစပြီး  တိတိကျကျ ရက်သတ်မှတ်နိုင်ခြင်းမရှိသေးဘဲ နှောင့်နှေးနေဆဲဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုးဘက်မှာ ကချင်တပ်နဲ့ မြန်မာစစ်တပ်ကြား ပြန်ပြီး စစ်ရေးတင်းမာမှုတွေရှိလာနေပါတယ်။

အခုဖြစ်နေဆဲ ကချင်စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေး ဖို့  နှစ်ဖက်စလုံးက အမှန်တကယ် ယုံကြည်မှု တည်ဆောက်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်ကြဖို့ကို ကချင့်အရေးလှုပ်ရှားသူတွေနဲ့ ဒေသခံပြည်သူတွေက လိုလားနေတာဖြစ်ပါတယ်။
မဆုမွန်
VOA Burmese

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးကိုသွားရောက်

2013-05-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ရွေးကောက်ခံနယ်မြေ ကော့မှူးမြို့ကို ဒီကနေ့မနက်ပိုင်းက သွားရောက်ခဲ့ပါတယ်။

အဲဒီလို သွားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်ဒေသခံတွေရဲ့အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးဖို့အတွက် ဒေသခံတွေနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကိုလည်း သွားရောက်ပြီး ပါတီဝင်တွေနဲ့တွေဆုံကာ ပါတီရေးရာကိစ္စရပ်တွေကိုဆွေးနွေးခဲ့ပါတယ်။

ဆက်လက်ပြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးရုံးမှာ ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်ကိုသွား ရောက်ကြည့်ရှုခဲ့ပါတယ်။

ဒီကနေ့ ခရီးစဉ်အတွင်း ကော့မှူးမြို့နယ်မှာရှိတဲ့ မြို့သစ် တောင်ချောင်လမ်းသစ်ဖောက်လုပ်ထားတဲ့ အခြေအနေနဲ့ လက်ခုပ်ကျေးရွာမှာရှိတဲ့ အသစ်ပြုပြင်ထားတဲ့ မူလတန်းကျောင်းကိုလည်းသွားရောက် ကြည့်ရှုခဲ့ပါတယ်။
RFA Burmese

မြို့လယ်ခေါင်မှာ အကြမ်းဖက် လုယက်ရန်ကြံစည်မှုတစ်ခု ဖြစ်ပွား

ကျောက်ဆည်၊ မေ ၁၆
မေလ ၁၄ ရက် ည ၉ နာရီ ၂၀ မိနစ်လောက်မှာ ကျောက်ဆည်မြို့ စုကြီးရပ်၊ ကုန်မာဆိုင် ပိုင်ရှင် ဦးရာကွတ်ရဲ့ နေအိမ်အတွင်းရှိ ကားဂိုထောင်အတွင်းဝင်ရောက် အကြမ်းဖက်လုယက်ရန် ကြံစည်မှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဦးရာကွတ်ရဲ့သား ကိုခင်မောင်လေးက ပြောပါတယ်။                 

ဖြစ်စဉ်မှာ ပိုင်ရှင် ဦးရာကွတ်ရဲ့ သားဖြစ်သူ ကိုခင်မောင်လေး အပြင်မှပြန်လာစဉ် ပုံမှန်ထားနေကျ ကားဂိုထောင်သို့ကားသွင်းပြီးချိန် လုယက်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်းသိရပြီး အဆိုပါ လုယက်ရန် ကြံစည်သူဟု ယူဆရသူမှာ ဓားမြောင်တစ်ချောင်းကိုင်ဆောင်ထားကာ မျက်နှာကို  အဝတ်စည်းထားတဲ့ အမည်မသိ လူစိမ်းတစ်ဦး ဖြစ်ကြောင်း အကြမ်းဖက်ခံရသူ ကိုခင်မောင်လေး (ခ) ဟာမစ် က မြန်မာဓိကကို ပြောပါတယ်။  ဂိုထောင် အတွင်းကားသော့ချနေစဉ်၎င်း၏ အနောက်မှဝင်ရောက်ခဲ့ပြီး အသိမြန်သဖြင့် ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ ကြောင်းကို ၄င်းကဆိုပါတယ်။                   

အဆိုပါလုယက်ရန်ကြံစည်သူလို့ ယူဆရသူမှာ ညအချိန် မီးအလင်းရောင် နည်းပါးမှု့ကြောင့် မျက်နှာအား ကောင်းစွာ မမြင်လိုက်ရသော်လည်း သုံးမိနှစ်ကြာမျှ အဆိုပါလူစိမ်းနဲ့ လုံးထွေး သတ်ပုတ်ခဲ့ရ ကြောင်း၊ ၄င်းလုယက်ရန် ကြံစည်သူလို့ ယူဆရသူမှာ  ကိုခင်မောင်လေး၏ အိမ်အရှေ့လမ်းကြားဆီ ပြေးထွက် သွားခဲ့ပြီး အသင့်စောင့်ဆိုင်းနေသော 125 နံပါတ်မပါ မော်တော်ဆိုင်ကယ်ဖြင့် မောင်းထွက်သွားကြောင်းကို လည်း ကိုခင်မောင်လေး(ခ)ဟာမစ်က ပြောပါတယ်။ ဦးရာကွတ် ကုန်မာဆိုင်ပိုင်ရှင်မှာ ငွေကြေးအားဖြင့် အသင့်အတင့်ရှိသူလို့ သိရပြီး အဆိုပါလုယက်ရန် ကြံစည်မှုနဲ့ ပတ်သက်လို့ စုကြီးရပ်နေ မြို့မိမြို့ဖ ဦးစိန်မောင်သန်းမှ တစ်ဆင့် ကျောက်ဆည်မြို့၊ မြို့မရဲစခန်းမှုး ဦးထွန်းထွန်းဝင်းနဲ့ သက်ဆိုင်ရာထွေ/အုပ် အဆင့်ဆင့်ကို အကြောင်းကြား အသိပေးထားတယ်လို့ ကိုခင်မောင်လေးက ပြောပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်လို့ မြို့မရဲစခန်းမှူး ဦးထွန်းထွန်းဝင်းထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ “ ကျွန်တော်တို့ဆီ တိုင်ချက် ဖွင့်ထားတာ မရှိပါဘူးဗျ၊ အဲဒီ ကိစ္စဖြစ်တယ်ဆိုတဲ့ အချိန်ကလည်း ကျွန်တော်က တခြားကိစ္စနဲ့ တစ်နေရာ ရောက်နေတာ၊ ကျွန်တော်တို့တော့ မသိဘူးဗျ၊ အကြောင်းကြားထားတာလည်း မရှိပါဘူး၊ ကျောက်ဆည်မြို့မှာ အေးအေးဆေးဆေးပါ၊ ဘာမှမဖြစ် ပါဘူး”လို့  မြန်မာဓိကကို ပြောပြပါတယ်။
ဒိုးလေး (ကျောက်ဆည်)
မြန်မာဓိက

တောင်ကိုးရီးယားနိုင်ငံGwangjuမြို့တွင်ပြောကြားသော ကြိုမင်းကိုနိုင်၏ မိန့်ခွန်း(ရုပ်/သံ)

May 16, 2013
တောင်ကိုးရီးယားနိုင်ငံGwangjuမြို့တွင်ပြောကြားသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကြိုမင်းကိုနိုင်၏ မိန့်ခွန်း(ရုပ်/သံ) Tun Wai

ပုဒ်မ ၄၀၁ ပြန်လည်သုံးပါက နောက်ကြောင်းပြန်လှည့်ခြင်းဖြစ်သည်ဟု ကိုရဲမင်းဦး ပြော

ရန်ကုန်၊ မေ ၁၆။
နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေရန် အားပေးအားမြှောက်ပြုမှုတို့ဖြင့်
 တရားစွဲဆိုခံထားရပြီး ဖမ်းဆီး ထိန်းသိမ်းခြင်း ခံထား ရသော ကျောင်းသားခေါင်းဆောင် ကိုရဲမင်းဦးက
အကယ်၍ သူ့အားပုဒ်မ ၄၀၁ဖြင့် ထပ်မံတရားစွဲမည်ဆိုပါက တရားစီရင်ရေးမှာ ခေတ်နောက်ပြန်ဆွဲခြင်း
သာဖြစ်ကြောင်း မေလ ၁၆ရက်နေ့ ကျောက်တံတားမြို့နယ် ရုံးချိန်းတွင် ပြောကြားသည်။

“ကျွန်တော်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တစ်နှစ်ပြစ်ဒဏ်လျှော့ပေးပြီး ပြန်လွတ်လာတာပါ။ ဒါကြောင့်
ကျွန်တော့်မှာ ပြစ်ဒဏ်ကြွေးမရှိတော့ပါဘူး။ တကယ်လို့ ကျွန်တော့်ကို ကိုနေမျိုးဇင်လို ပုဒ်မ ၄၀၁
ထပ်တပ်မယ်ဆိုရင် ဒါဟာ တရားစီရင်ရေးဟာ ခေတ်နောက်ပြန်ဆွဲနေတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်” ဟုကိုရဲမင်းဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

ကိုရဲမင်းဦး၏ ရှေ့ နေအဖြစ်ဆောင်ရွက်ပေးနေသူ ဦးကျော်ဟိုးက “ တရားစီရင်ရေးမှာ လွတ်လပ်ပြီး
တရားမျှတဖို့ လိုပါတယ်။ ရဲမင်းဦးအတွက် အာမခံလျှောက်ပေမယ့် အပယ်ချခံရတယ်။ တကယ်လို့သာသူ့ကို စွဲထားတဲ့အမှုတွေနဲ့ အပြစ်ရှိတယ်လို့အမိန့်ချခံရရင် ထောင်ဒဏ် ၂နှစ်လောက် ကျခံရမှာဖြစ်ပါတယ်” ဟု မြန်မာ့ခေတ်သို့ ပြောကြားသည်။

ကိုရဲမင်းဦးအား ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၃၅(က)တို့ဖြင့် ကျောက်တံတား၊ ဗဟန်းနှင့် သာကေတ မြို့နယ် ၃
မြို့ နယ်တွင် တရားစွဲဆိုခြင်းခံထား ရပြီး ကျောက်တံတားမြို့နယ်တွင် သက်သေ(၇)ယောက်တွင် ၂ဦး
ကိုစစ်ဆေးပြီးဖြစ်ကာ ကျန် (၅)ဦးကို စစ်ဆေးရန်ကျန်ရှိနေသေးကြောင်း သိရသည်။
ဆုဝေ

ထိုင်းနယ်စပ်၌ ပစ်ချခဲ့သော အိတ်များမှ မူးယစ်ဆေးဝါးများ ဖမ်းမိ

Thursday, May 16, 2013
မေလ ၁၅ ရက် နံနက်ပိုင်းက ထိုင်းအာဏာပိုင်များဖမ်းမိသော ယာဘ ၁.၆ သန်းနှင့် အိုက်စ် ၄၃ ကီလိုဂရမ်
မြန်မာဘက်မှ ထိုင်းဘက်သို့ ကူးမည့် အမျိုးသား ၇ ဦး နယ်စပ်ကိုဖြတ် သန်းရန် ကြိုးစားနေစဉ် ထိုင်းနယ်စပ်အာဏာ ပိုင်များ၏ တားဆီးမှုကြောင့် ၄င်းတို့ ကျောပိုး လာသောအိတ်များ ပစ်ချထွက်ပြေးခဲ့ရာ ကာလပေါက်ဈေးအရ ဘတ်ငွေ သန်းပေါင်း ၆၀ဝ ($ 20 သန်း) ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါး
များကို ထိုင်းစစ်သားတို့က ဖမ်းမိခဲ့သည်။

သက်ဆိုင်ရာအာဏာပိုင်များက အဆိုပါကျောပိုးအိတ်များအတွင်းမှ ယာဘ စိတ်ကြွဆေး(methamphetamine) အပြား ပေါင်း ၁.၆ သန်း နှင့် အိုက်စ် (ice or crystal methamphetamine) ၄၃ ကီလိုဂရမ် တို့ကိုရှာဖွေတွေ့ရှိ
ခဲ့သည်။

နံနက်၂ နာရီ မယ်ဆိုင်မြို့နယ် ဘန့်ဝိန်းဟွမ် တွင် လုံခြုံရေးကင်းလှည့်နေစဉ် အထူးမြင်းတပ်တပ်ဖွဲ့ ၃ မှ ထိုင်းစစ်သား နှင့်ယင်းအမျိုးသား ၇ ဦးတို့တွေ့ဆုံခဲ့သည်။ ထိုလူတို့မှာ မယ်ဆိုင်ချောင်းကူး၍ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ သို့သော် ထိုင်းစစ်သားတို့က မသင်္ကာသဖြင့် ရပ်တန့်ရန် အမိန့်ပေးသောအခါ ထိုအမျိုး သား ၇ ဦးမှာ ၄င်းတို့၏ ကျောပိုးအိတ်များကို ပစ်ချခဲ့၍ ထွက်ပြေးသွားသည်။

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန (ONCB) က ထိုပစ္စည်းအိတ်များကို စစ်ဆေးပြီး မူးယစ်ဆေးဝါးတို့ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အိတ်တိုင်းတွင် အမှတ်အသားများ နှင့် ကုဒ်နံပါတ်များလည်းပါရှိသည်။ ထိုအမှတ်အသားများ၊ ကုဒ်နံပါတ်များမှာ ၄င်းတို့ ဖောက်သည်များ၏ ကုဒ်နံပါတ် သို့မဟုတ် သွားရောက်ပို့ဆောင်မည့်နေရာအတွက် ကုတ်နံပါတ်များဖြစ်နိုင်ကြောင်း ONCB က ပြောကြားခဲ့သည်။
(ဘန်ကောက်ဖို့စ် ၏ မေလ ၁၅ ရက်နေ့ ၂၀၁၃ ခုနှစ် ထုတ်သတင်းစာ မှ ဘာသာပြန်ဆိုသည်။)
သျှမ်းသံတော်ဆင့်

အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၉၃၀ အထိ ထိုးတက်သွား

အမေရိကန် ဒေါ်လာနှင့် မြန်မာငွေလဲနှုန်းတွင် ဒေါ်လာတန်ဖိုး ဆက်တိုက်ထိုး တက်နေပြီး မေ ၁၅ ရက်တွင်
ပြင်ပဈေးကွက်၌ အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၉၃၀ အထိ ထိုးတက်သွားခဲ့သည်။

မေ ၂ ရက်က တစ်ဒေါ်လာလျှင် ၈၉၃ ကျပ်သာရှိပြီး မေ ၁၅ ရက်တွင် တစ်ဒေါ်လာ ကျပ် ၉၃၀ အထိ
နှစ်ပတ်အတွင်း တစ်ဒေါ်လာ ၃၇ ကျပ်အထိ မြင့်တက်ခဲ့ရသည့် ဖြစ်ရပ်မှာ အစိုးရသစ် လက်ထက်အတွင်း ငွေလဲနှုန်းအတက်အကြမ်းဆုံး အခြေအနေ ဖြစ်သည်။

ဧပြီ သင်္ကြန်မတိုင်မီက တစ်ဒေါ်လာလျှင် ကျပ် ၈၉၀ ရှိနေရာမှ သင်္ကြန်ပြီး ကာလနောက်ပိုင်းတွင် ဆက်တိုက်ထိုးတက်ခဲ့သည်။

ဗဟိုဘဏ်မှ နေ့စဉ်ငွေလဲနှုန်း သတ်မှတ်ပေးရာတွင်လည်း မေ ၂ ရက်က တစ်ဒေါ်လာလျှင် ၈၉၁ ကျပ်သာ
ရှိရာမှ မေ ၁၃ ရက်တွင် ဗဟိုဘဏ် သတ်မှတ်ဈေးမှာ ၉၀၄ ကျပ်အထိ ရှိလာခဲ့သည်။

မေ ၁၄ ရက်တွင်မူ ဗဟိုဘဏ်မှ သတ်မှတ်ဈေးမှာ တစ်ဒေါ်လာ ကျပ် ၉၁၀ အထိ ထပ်မံခုန်တက်ခဲ့ပြီး မေ ၁၃ ရက်ငွေလဲနှုန်းဖြင့် နှိုင်းယှဉ်လျှင် တစ်ရက်အတွင်း ခြောက်ကျပ်အထိ ဈေးထိုးတက်ခြင်းဖြစ်သည်။

ယင်းနောက် မေ ၁၅ ရက်တွင် ဗဟိုဘဏ် သတ်မှတ်ဈေးမှာ တစ်ဒေါ်လာလျှင် ၉၁၉ ကျပ်အထိ ထပ်မံတိုးတက်ခဲ့ရာမေ ၁၄ ရက်ဈေးဖြင့် နှိုင်းယှဉ်ပါက တစ်ရက်အတွင်း တစ်ဒေါ်လာ ၉ ကျပ်အထိ ထပ်မံမြင့်တက်ခဲ့ ပြန်သည်။

ဒေါ်လာဈေးအမြင့်ဖြင့် အများပြည်သူအတွက် ပြည်ပမှ မဖြစ်မနေ တင်သွင်းရမည့် စားသုံးကုန်ပစ္စည်းများ၊ ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီ၊ တောင်သူများ အသုံးပြုရမည့် မြေသြဇာ အပါအ၀င် စိုက်ပျိုးရေးသုံး ပစ္စည်းများအတွက် အများပြည်သူမှ ပိုမိုကုန်ကျခံ သုံးစွဲရမည်ဖြစ်ပြီး ဒေါ်လာဈေးကျသော်လည်း အဆိုပါ အမြင့်ဈေးများမှာ ပြန်လည်ကျဆင်းမှု မရှိတော့ဘဲ . . . . .

ဗဟိုဘဏ် သတ်မှတ်ပေးသည့် နှုန်းသည်ပင် မေ ၁၃ ရက်မှ မေ ၁၅ ရက်အထိ သုံးရက်အတွင်း တစ်ဒေါ်လာလျှင် ၁၅ကျပ် မြင့်တက်ခဲ့ခြင်းဖြစ်ရာ ပြင်ပဈေးကွက်တွင် အဆမတန် ဈေးထိုးတက်ခဲ့ရသည်။

ဗဟိုဘဏ် သတ်မှတ်နှုန်း မြင့်တက်လာသည့်အတွက် ပြင်ပဈေးကွက် ငွေလဲနှုန်းမှာလည်း မေ ၁၅ ရက်တွင်
တစ်ဒေါ်လာ ကျပ် ၉၃၀ အထိ မြင့်တက်သွားခြင်းဖြစ်သည်။

အမေရိကန်ဒေါ်လာ ငွေလဲနှုန်း မြင့်တက်ရခြင်းမှာ လတ်တလော အခြေအနေအရ အကြောင်းအချက် များစွာ
ရှိနေသည်ဟု ဗဟိုဘဏ် တာဝန်ရှိသူ၊ ပုဂ္ဂလိကဘဏ် တာဝန်ရှိသူများနှင့် ပြင်ပငွေဈေးကွက်တွင်
လုပ်ကိုင်နေသူများက ပြောကြားခဲ့သည်။

ကုန်ပစ္စည်း တင်သွင်းမှု များပြားလာခြင်းကြောင့် ဒေါ်လာလိုအပ်ချက် မြင့်တက်ခြင်း၊ ပုဂ္ဂလိကဘဏ်များမှ ၀ယ်လိုအားပေါ် မူတည်၍ ဗဟိုဘဏ်တွင် နေ့စဉ်လေလံဆွဲသည့် ဈေးအားဆက်တိုက်ဈေးမြှင့်ပေးပြီး လေလံဆွဲဝယ်ယူကာ ပြန်လည်ရောင်းချခြင်း၊ ဒေါ်လာကိုင်ထားသူများမှတက်ဈေးထပ်မျှော်ကာ ထုတ်မရောင်းခြင်း၊ ဈေးထပ်တက်မည် စိုး၍ သွင်းကုန်လုပ်ငန်းရှင်များ ဆက်တိုက်လိုက်လံဝယ်ယူခြင်း၊ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြည်ပမှ ကုန်ပစ္စည်း တင်သွင်းမည့်သူများ၏ ဒေါ်လာဝယ်လိုအားမြင့်တက်ခြင်းဟူသည့် အကြောင်းအချက် မျိုးစုံကြောင့်ဟု သုံးသပ်ထားကြသည်။

ပုဂ္ဂလိကဘဏ် တာဝန်ရှိသူများကမူ သွင်းကုန်အတွက် ဒေါ်လာသန်းဖြင့်ချီသည့် ပမာဏအထိ ဆက်တိုက်ဝယ်လိုအားမြင့်တက်မှုကြောင့် လည်းကောင်း၊ ဗဟိုဘဏ်တွင် လေလံတင်ရာ၌ ပြင်ပဈေးကွက်နှင့် ၀ယ်လိုအားကောင်းသည့်အပေါ်မူတည်၍ ဘဏ်များမှ ပေါက်ဈေးထက် ပိုပေးကာ လေလံဆွဲလာမှုကြောင့် လည်းကောင်း၊ အဓိကအချက်မှာ ပို့ကုန်လုပ်ငန်း အကျိုးရှိစေရန်အတွက် ဒေါ်လာဈေးအား ဆွဲတင်မည်ဟု မူဝါဒ ချမှတ်ခဲ့မှုများကြောင့်လည်းကောင်း မြင့်တက်လာခြင်းဟု သုံးသပ်ကြသည်။

ပုဂ္ဂလိကဘဏ် တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက "ဗဟိုဘဏ်မှာ အရင်တုန်းက တစ်ရက်ကို ၁ ကျပ် ၂ ကျပ်လောက်ပဲပုံမှန်တက်တဲ့ ဈေးနဲ့ လေလံအောင်တယ်။ အခု မနေ့ကနဲ့ ဒီနေ့ မေ ၁၅ ရက် တစ်ရက်အတွင်းမှာတောင်တစ်ဒေါ်လာကို ၉ ကျပ်အထိ မြှင့်ပေးရတယ်။ အပြင်ဝယ်လိုအားကို ကြည့်ပြီး တင်တာ။ ၀ယ်လိုအားကလည်းတကယ်ရှိနေတယ်။ ကမ္ဘာမှာလည်း ဒေါ်လာဈေးက မာလာတယ်၊ ရွှေဈေးကျတယ်။ ပြည်တွင်းမှာ
အ၀ယ်လိုက်တယ်။ ဗဟိုဘဏ်ဈေးကလည်း မြင့်လာတယ် ဒါကြောင့်ဈေးတက်တာ။ ဒီအချက်တွေထက် ပိုပြီးပြောလို့ရတဲ့အချက်ကတော့ ပို့ကုန် လုပ်ငန်းတွေအတွက် ဈေးဆွဲတင်နေတဲ့ အချက်ပဲ" ဟု ပြောပြခဲ့သည်။

ဒေါ်လာဈေး တက်ခြင်းသည် ကောင်းသည်ဆိုးသည် ဆိုခြင်းထက် အခြေခံ လူတန်းစားများနှင့် လူအများစုမှာမူပိုမိုနစ်နာမည်သာ ဖြစ်သည်ဟု ဆိုကြသည်။

ယခုကဲ့သို့ ပုံမှန်မဟုတ်ဘဲ အမေရိကန် ဒေါ်လာဈေး ခုန်တက်ခြင်းကြောင့် ပြည်တွင်းရှိ ရင်းနှီးမြှုပ်နှံသူ
လုပ်ငန်းရှင်ကြီးအချို့ ပိုင်ဆိုင်သည့် ငွေများပြည်ပမှ နည်းလမ်းအမျိုးမျိုးဖြင့် ၀င်ရောက်လာသည့်အခါ
အကျိုးရှိခြင်း၊ ပို့ကုန်နှင့် ကုန်ထုတ်လုပ်ငန်းရှင်များ အကျိုးရှိခြင်းများ ရှိလာမည်ဟု သုံးသပ်ကြသည်။

"ပို့ကုန်လုပ်ငန်း ကောင်းမယ်၊ နိုင်ငံခြားငွေများများ ပိုင်ဆိုင်ထားတဲ့ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်ကြီးတွေ ငွေတွေ နည်းလမ်းအမျိုးမျိုးနဲ့ ပြန်ဝင်လာပြီး အကျိုးရှိမယ်။ ဒါက လတ်တလောရမယ့် အကျိုး။ ရေရှည်မှာ တောင်သူတွေ၊ မွေးမြူသူတွေ အကျိုးရှိနိုင်တယ်။ ဒါပေမဲ့ အခုဒေါ်လာဈေး တက်တာက ပုံမှန်တက်တာ မဟုတ်ဘူး။ ခုန်တက်ထိုးကျနဲ့ ဖြစ်နေတာ။ အခုဈေးနဲ့သာ တောင်သူအကျိုးရှိမယ် ပြောတာ။ စပါးပေါ်တဲ့အချိန် ဒီငွေလဲနှုန်းအတိုင်း ရှိမယ် ဘယ်သူအာမခံမလဲ။ အခုဒေါ်လာဈေး တက်တဲ့အတွက် တောင်သူတွေ ဓာတ်မြေသြဇာကို ဈေးပိုပေးပြီး ၀ယ်ရမယ်။ နွေကျဒေါ်လာဈေး ပြန်ထိုးကျရင် တောင်သူတွေ ပိုနာဦးမှာပေါ့။ အခုဒေါ်လာဈေးနဲ့ သွင်းထားတဲ့ ကုန်စည်တွေဝယ်သုံးရမယ့် စားသုံးသူတွေကတော့ ခံရမယ်။ ဒေါ်လာဈေး ပြန်ကျလည်း တက်ပြီးသားဈေးက ပြန်မကျဘူး။ အဲဒီအတွက် အခြေခံ လူတန်းစားက တောက်လျှောက်ခံရမှာ။ ဆိုလိုချင်တာက တက်ရင်လည်းတက် ဒါပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန်အတိုင်းတက်။ ကျလည်း၊ တည်တည်ငြိမ်ငြိမ်နဲ့ ကျတာကသာ သဘာဝကျတာ။ ဒါမှ အားလုံးအကျိုးရှိမှာပါ" ဟု မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များ အသင်းဝင် ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

ဒေါ်လာဈေးအမြင့်ဖြင့် အများပြည်သူအတွက် ပြည်ပမှ မဖြစ်မနေ တင်သွင်းရမည့် စားသုံးကုန်ပစ္စည်းများ၊ ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီ၊ တောင်သူများ အသုံးပြုရမည့် မြေသြဇာ အပါအ၀င်စိုက်ပျိုးရေးသုံး ပစ္စည်းများအတွက် အများပြည်သူမှ ပိုမိုကုန်ကျခံ သုံးစွဲရမည်ဖြစ်ပြီး ဒေါ်လာဈေးကျသော်လည်း အဆိုပါ အမြင့်ဈေးများမှာ ပြန်လည်ကျဆင်းမှု မရှိတော့ဘဲ ဒေါ်လာဈေးမြင့်တက်ခြင်း၏ အကျိုးဆက်ကို အခြေခံ လူတန်းစားများသာ ကျခံပေးရဖွယ်သာ ရှိသည်။ "ငွေလဲနှုန်းက တန်းတစ်ခုမှာ တည်တည်ငြိမ်ငြိမ်နဲ့ရှိဖို့ လိုတယ်။ အရမ်းကြီး ဈေးဆွဲတင်တာမျိုးကြောင့် တက်နေတယ်ဆိုရင်တော့မကောင်းဘူး။ ပို့ကုန် လုပ်ငန်းရှင်တွေ ကိုက်ဖို့လိုတယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ဈေးတင်လိုဇောနဲ့လုပ်တာထက် တည်တည်ငြိမ်ငြိမ်နဲ့ တက်အောင်လုပ်တာ ပိုကောင်းပါတယ်" ဟု ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
Eleven Media Group

ဒေသန္တရအမိန့်ဖြင့် အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနှုန်း ကန့်သတ်

မေလ ၁၆ ရက် ၂၀၁၃
မောင်တောခရိုင်အတွင်း နေထိုင်သည့် ဘင်္ဂါလီလူမျိုးများ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားမှုနှုန်း ကန့်သတ်ပြီး ထိန်းချုပ်သည့် ညွှန်ကြားချက်အား ဒေသန္တရအမိန့်ဖြင့် ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေးရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစောနိုင်က မေ ၁၅ ရက်တွင် ပြောကြားသည်။

ဘင်္ဂါလီ လူမျိုးများ နေထိုင်သည့် ကျေးရွာများတွင် လူဦးရေ အဆမတန် တိုးပွားနေပြီး အိမ်ထောင်အများစုတွင် တစ်စုလျှင် အနည်းဆုံး လူဦးရေ ၃၀ မှ ၄၀ အတွင်းရှိပြီး တချို့အိမ်ထောင်တစ်စုတွင် လူဦးရေ ၅၀ မှ ၈၀ အတွင်း ရှိနေကြောင်း ခရိုင်ဦးစီးမှူးထံမှ သိရှိရသည်။ "ဘင်္ဂါလီ အမျိုးသားတစ်ဦးက ဇနီးတစ်ယောက်၊ ကလေးနှစ်ယောက်ပဲ ယူရမယ် ဆိုတာကို ဒေသန္တရအမိန့်နဲ့ ထုတ်ပြန်ထားတယ်။ ဒါ့အပြင် ထုတ်ပြန်ထားတဲ့ အမိန့်ကို လိုက်နာမှု ရှိစေဖို့ အမြဲတမ်း ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ အထူးသဖြင့် မိုးရာသီမှာ စစ်ဆေးမှုတွေ တိုးမြင့်ပြီး ဆောင်ရွက်သွားမယ်။ မိုးကုန်ရင် ဆွဲ၊ တင်၊ စစ်လုပ်ဦးမယ်။ ဆွဲတင်စစ်ဆိုတာက လူဦးရေစစ်မယ့် ရွာရဲ့မြေကြီး မြေပုံဆွဲမယ်၊ ရွာမှာရှိတဲ့ အိမ်ထောင်စုတွေကို ဓာတ်ပုံရိုက်ပြီး လူဦးရေ ဘယ်နှဦးရှိတယ် ဆိုတာကို မှတ်တမ်းတင်ထားမယ်။ ပြီးရင်ပြန်ပြီး ဒီဓာတ်ပုံနဲ့ အိမ်ထောင်စု တစ်စုချင်းစီပြန်ပြီး စစ်ဆေးတဲ့အခါမှာ အမျိုးသားတစ်ဦးက နောက်ထပ်မိန်းမတစ်ဦး ထပ်ယူထားတာ တွေ့ရှိရင် တရားမ၀င် ပေါင်းသင်းတဲ့ အမှုနဲ့ အရေးယူမယ်။ ကလေးတွေ တိုးလာရင် တိုးလာတဲ့ ကလေးတွေကို Black List သွင်းမယ်" ဟု ပြောကြားခဲ့သည်။

မောင်တောခရိုင်အတွင်း လူဦးရေ ၈၀၅၀၀၀ ကျော် နေထိုင်ပြီး ရခိုင်လူမျိုးဦးရေမှာ ၁၀ ရာခိုင်နှုန်းသာ နေထိုင်ကြောင်း စုံစမ်းသိရှိရသည်။
Eleven Media Group

မုန်တိုင်းသတင်း

နောက် ၁၀နာရီအတွင်း မုန်တိုင်းဝင်မည်။
၂၀၁၃ခုနှစ်၊ မေလ(၁၆)ရက်နေ့မြန်မာစံတော်ချိန်(၀၆း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည်အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊မြန်မာနိုင်ငံ၊ မောင်တောမြို့၏အနောက်တောင်ဘက်မိုင် (၁၆၀)ခန့်၊ စစ်တွေမြို့၏အနောက်ဘက်မိုင်(၁၈၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့၏အရှေ့ တောင်ဘက် မိုင်(၁၆၀)ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏အနောက်တောင်ဘက် မိုင်(၁၈၀)ခန်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်အရှေ့မြောက်ဘက်သို့ဆက် လက်ရွေ့လျားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့နှင့် မြန်မာနိုင်ငံ၊ မောင်တောမြို့အကြားမှ ကမ်းခြေကိုနောက် (၁၂)နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိ အခြေအနေမှာအနီရောင်အရေးပေါ် အခြေအနေသို့ရောက်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်သို့ ဦးတည်ရွေ့ လျားလျက်ရှိသည့် အခြေအနေ ဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည်ကမ်းခြေသို့ဖြတ်ကျော်စဉ်လေတိုက်နှုန်းမှာတစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်ပြီး၊မုန် တိုင်းကြောင့်မြင့်တက်နိုင်သောရေလှိုင်းအမြင့်မှာမောင်တောမြို့နယ်ကမ်းခြေတွင် (၈)ပေမှ (၁၀)ပေခန့်၊ စစ်တွေခရိုင်ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့်ကျောက်ဖြူခရိုင်ကမ်းခြေတွင်(၄)ပေမှ(၆)ပေခန့်  မြင့်တက်နိုင်ပါသည်။

ထို့အပြင်မုန်တိုင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းနိုင်ပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ တောင်ကျရေများကြောင့်လျှပ်တစ်ပြက်ရေကြီးခြင်း အန္တရာယ်များကို သတိပြုရှောင်ရှားသင့်ပါသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန် ပင်လယ်ပြင်တို့တွင်မကြာ ခဏမိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းကြီးမည်။မိုးသက်လေပြင်း
ကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်သည့်အတွက်ပင်လယ်မှငါးဖမ်းထွက်သည့် ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ၊ မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။
မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန

တရားထိုင်သူကို နတ်ကွန်းမှဓားဖြင့် ထောက်၍ နားကပ်လု

ရန်ကုန်၊ မေ ၁၄
သာကေတမြို့နယ် ယမုံနာ (၂) ရပ်ကွက်ရှိ မြစေတီဘုရား လိုဏ်ဂူအတွင်း မေလ ၁၃ ရက် နံနက် ၈ နာရီခန့်က တရားထိုင်နေသည့် ၈၁ နှစ်အရွယ် အမျိုးသမီးကြီးကို လူငယ်နှစ်ဦးက နတ်ကွန်းအနီးတွင် စွန့်ပစ်ထားသည့် ဓားဖြင့် ထောက်ကာ နားကပ်ချွတ်ယူသော လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

လူငယ်နှစ်ဦးအနက်အသက် ၁၉ နှစ် အရွယ်ရှိ မြင့်သန်းဆိုသူက ဘုန်းကြီးကျောင်း အနီး နတ်ရုပ်များတွင် စွန့်ပစ်ထားသည့် နေရာမှ အရှည် ၁၄ လက်မရှိ ဓားကို ယူဆောင်လာပြီး အမျိုးသမီးကြီးကို ဓားဖြင့် ထောက်ကာ ဝတ်ဆင်ထားသည့် နားကပ်ကို ယူနေစဉ် အသက် ၁၇ နှစ်အရွယ် နိုင်လင်းထက်ဆိုသူက လူသွားလူလာကို စောင့်ကြည့်ပေးခဲ့ပြီး အသင့်ပါလာသည့် စက်ဘီးဖြင့် ထွက်ပြေးခဲ့သည်ဟု လုယက်ခံရသူ အဘွားအို၏ ပြောကြားချက်ကို ကိုးကား၍ ဒေါပုံမြို့နယ် ရဲစခန်းထံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"နားကပ်ချွတ်နေတာ လက်တုန်နေတော့ အဘွားကြီး ကြောက်လို့ တုန်နေတာလား ဆိုပြီး မောင်မြင့်သန်းက ကိုယ်တိုင် ဖြုတ်ယူခဲ့တာ" ဟု တရားလိုအဘွားအို၏ တိုင်ကြားချက်ကို ကိုးကား၍ အဆိုပါရဲစခန်း မှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြန်လည်ပြောကြားသည်။

ဓားထောက်၍ ပြစ်မှု ကျူးလွန်ခဲ့သူ ဟုဆိုသူ အသက် ၁၉ နှစ်အရွယ် မောင်မြင့်သန်း သည် သင်္ဘောကျင်းရပ်ကွက် မြို့ပတ်လမ်း (ကျူးကျော်) တွင် နေထိုင်သူဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် မောင်နိုင်လင်းထက် သည် ယမုံနာ (၁) ရပ်ကွက် သီတာ (၂ ) လမ်းတွင် နေထိုင်သူဖြစ်ကြောင်း ၄င်းတို့ နေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များက The Voice ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။

ဓားထောက်လုယက်သည်ဟု သံသယ ရှိသူ လူငယ်နှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ခွဲ (၂) ၊ အရှေ့ပိုင်းခရိုင်မှ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ များနှင့် ပူးပေါင်းကာ ချက်ချင်း ဖော်ထုတ်ခဲ့သောကြောင့် မှုခင်းဖြစ်ပွားပြီး ငါးနာရီ အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ လူငယ်နှစ်ဦးကို (ပ) ၁၆၇/ ၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး စစ်ဆေး ပေါ်ပေါက်ချက်ပေါ် မူတည်၍ ပုဒ်မ ပြောင်းလဲ အမှုဖွင့်နိုင်ကြောင်း အဆိုပါရဲ စခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

01B MAHASEN ရဲ့ (၁၆-၅-၂၀၁၃)ရက်နေ့ နံနက်(၆)နာရီခွဲအချိန် နောက်ဆုံးအခြေအေန

(၁၆-၅-၂၀၁၃)ရက်နေ့ နံနက်(၆)နာရီခွဲအချိန် မိုးလေ၀သဂြိုဟ်တုတိမ်ပုံအရ Mahasen ဆိုင်ကလုန်းဟာ အနောက်လေစီးကြောင်းများအတွင်း အရှေ့မြောက်ဖက်ကို ရွေ့လာပြီး
အိန္ဒိယ-ဘင်္ဂလားဒေ့ နှစ်နိုင်ငံနယ်စပ်တလျှောက်ကနေပြီး အရှေ့မြောက်ဖက်ကို ဆက်လက်ရွေ့နေပါတယ်။ ကုန်းတစ်ဝက်ရေတစ်ဝက်အနေအထားမို့ ပိုမိုအားကောင်းလာ ဖို့ အလွန်ခဲယဉ်းပါလိမ့်မယ်။

နေ့ရက်။ ၁၆-၅-၂၀၁၃
အချိန်။ နံနက်(၆)နာရီခွဲအချိန်။
လတ္တီတွဒ်။ 20.5°N
လောင်ဂျီတွဒ်။ 89.9°E
ဦးတည်ရာ။ 40°
နှုန်း။ တစ်နာရီ (၁၄.၅)မိုင်နှုန်း။
လေတိုက်နှုန်း။ တစ်နာရီ မိုင်(၆၀)
လေပုန်း။ တစ်နာရီ မိုင်(၇၅)မိုင်
မုန်တိုင်းအချင်းဝက်။ (၈၅)မိုင်
ဗဟိုအနီးရေလှိုင်း။ (၁၂)ပေ
မောင်တောကမ်းခြေ မုန်တိုငးဒိရေ။။ ၁ ပေမှ ၂ ပေ

ယခင် ခန့်မှန်းထားတဲ့အတိုင်း ထိခိုက်မှုဟာ ဘင်္ဂလားဒေ့ရှ်ဖက်ပိုများပါလိမ့်မယ်။ ၀င်တာခန့်မှန်းတာထက် ပိုစောနိုင်ပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)
FB-Tun Lwin

မအူပင်မြို့မှာ အင်းလုပ်သားများ ဆန္ဒပြ

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်အတွင်းက အင်းလုပ်ငန်းတွေကို အစိုးရက လေလံစနစ်နဲ့ လုပ်ပိုင်ခွင့်ပေးနေရာမှာ ဒေသခံ တပိုင်တနိုင် အင်းလုပ်သားတွေ လုပ်ပိုင်ခွင့် မရရှိတာကြောင့် လုပ်ပိုင်ခွင့်ရရှိရေးအတွက် အင်းလုပ်သား ၂၀၀ လောက်ဟာ တရားဝင်ခွင့်ပြုချက်ရယူပြီး မအူပင်မြို့လည်မှာ ဒီနေ့စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

အစိုးရက အင်းလုပ်ငန်းလေလံချပေးရာမှာ ငွေရှိသူတွေသာ လေလံအောင်ပြီး အဲဒီလေလံအောင်သူတွေက အင်းလုပ်ငန်းတွေကို အမြတ်ငွေများများနဲ့ ပြန်ရောင်းတာတွေရှိတယ်လို့ အင်းလုပ်သားတွေက ပြောပါတယ်။ အင်းလုပ်သားတွေအနေနဲ့ သူတို့တောင်းဆိုချက်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖြည့်ဆည်းဆောင်ရွက်ပေးလာတဲ့အထိ တောင်းဆိုဆန္ဒပြသွားမယ်လို့ ဒီကနေ့ဆန္ဒပြပွဲမှာပါဝင်တဲ့ မလက်တိုကျေးရွာသား ဦးသန်းလှိုင်က ပြောပါတယ်။

မအူပင်မြို့ မှာရှိတဲ့ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိန်သောင်းကတော့ အင်းလုပ်ပိုင်ခွင့်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ရင်းနှီးသူများကိုပဲ ချထားပေးတယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ လေလံဈေးအောင်သူတွေကိုပဲ ချထားပေးနေတာဖြစ်ကြောင်း၊ လေလံတစ်ခါအောင်ရင် ၃ နှစ်လုပ်ပိုင်ခွင့်ရရှိနိုင်ကြောင်း ပြောပါတယ်။
RFA Burmese

ပစ်ခတ်မှု SSA လက်ချက်လို့ စွပ်စွဲ

RCSS/SSA လက်ချက်လို့ အစိုးရ သတင်းစာ စွပ်စွဲ
15 မေလ 2013
ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း နောင်မတာ ရွာနားက ဓာတ်ငွေ့ အလုပ်စခန်း နားကို လက်နက်ကိုင် တဖွဲ့ ဝင်တိုက်ရာမှာ လူနှစ်ဦး သေဆုံးခဲ့ပြီး RCSS/ SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ တပ်ဖွဲ့ ပစ်ခတ်မှု အဖြစ် ဗုဒ္ဓဟူးနေ့ ထုတ် အစိုးရ သတင်းစာမှာ ဖော်ပြ ပါတယ်။

ဒီစွပ်စွဲ ချက်နဲ့ ပတ်သက်လို့ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောဝ်ဆိုင် ကို ဘီဘီစီ မှ ဆက်သွယ် မေးမြန်းရာမှာ အကယ်၍ RCSS/SSA လက်ချက် ဆိုရင် အရေးယူ ဖို့ တာဝန်ရှိကြောင်း ရှင်းပြပါတယ်။ အစိုးရ နဲ့ အပစ်အခတ် ရပ်ဆဲထားပြီ ဖြစ်လို့ ဖေါက်ဖျက်ဖို့ မလိုလားကြောင်း လည်း ပြောပြပါတယ်။

အစိုးရတပ် ဘက် ကလဲ မေလ ဆန်းပိုင်း က လက်နက်ကြီးတွေ နဲ့ ပစ်ခတ်မှု တွေ ရှိခဲ့ကြောင်း၊ အဆိုပါ ဒေသ မှာ RCSS/SSA တပ်ဖွဲ့ အပြင်၊ ကေအိုင်အေ၊ ပလောင်တပ်၊ SSA မြောက်၊ ဒေသခံ ပြည်သူ့စစ် အပြင် တရားမဝင် လက်နက်ကိုင် မူးယစ်ဂိုဏ်း တွေ လည်း ရှိလို့ ဘယ်လို အထောက်အထား နဲ့ စွပ်စွဲ တယ် ဆိုတာ ကို နှစ်ဘက်စလုံး စုံစမ်းဖို့ လိုကြောင်း စိုင်းလောဝ်ဆိုင် က ပြောပါတယ်။

စစ်ဆေးတဲ့ နေရာမှာ အချိန် လိုပုံ၊ RCSS/SSA တပ်ဟာ ထိုင်း နယ်စပ်မှာ အခြေစိုက်တာ ဖြစ်ပြီး အခု တိုက်ခိုက်မှု ဖြစ်တဲ့ နေရာက တရုတ်နယ်စပ် ဖြစ်နေတဲ့ အတွက် စုံစမ်းပြီးမှသာ အမှန် ကို ထုတ်ဖော် ပြောနိုင် မယ် လို့ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောဝ်ဆိုင် က ဘီဘီစီ ကို ရှင်းပြပါတယ်။

အရင်ကလဲ အစိုးရ ထောက်လှမ်းရေးလို့ ယူဆရတဲ့ လူ ၄- ၅ ယောက် ပျောက်မှုကို RCSS/ SSA လက်ချက်လို့ အစိုးရက စွပ်စွဲ ခဲ့ဖူးပြီး အရေးယူ စုံစမ်းလို့ မရသေးဘူး လို့လဲ သိရပါတယ်။

အောက်ခြေမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှု တွေဟာ အထက်က မူချ ဆောင်ရွက်နေတာ မဟုတ်ဘူးလို့ နှစ်ဘက် စလုံးက ပြောဆို ပါတယ်။
ဘီဘီစီ


ထိုင်ဝမ် ငါးဖမ်းသမား သေဆုံးမှု ဖိလစ်ပိုင် တောင်းပန်

တိုင်ပေမှ ဖိလစ်ပိုင် ဆန့်ကျင် ဆန္ဒပြမှု
15 မေလ 2013
ထိုင်ဝမ် ငါးဖမ်းသမား တယောက်ကို ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သတ်ဖြတ်လိုက်တဲ့ ကိစ္စအတွက် ဖိလစ်ပိုင် သမ္မတ ဘန်နစ်ဂ်နို အကီနိုက တောင်းပန်လိုက်ပါတယ်။

ထိုင်ဝမ်နဲ့ ဖိလစ်ပိုင် အကြား စိတ်ဝမ်းကွဲပြားမှု ဖြစ်စေခဲ့တဲ့ ဒီဖြစ်ရပ်အတွက် အထူးဝမ်းနည်းပါကြောင်း သမ္မတ မစ္စတာအကီနိုပါးလိုက်တဲ့ သတင်းစကားကို ပို့ဆောင်ပေးမဲ့ အထူးသံတမန်တယောက် ထိုင်ဝမ်ကိုသွားမှာဖြစ်ကြောင်း သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် ကပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် ထိုင်ဝမ်က သူတို့ရဲ့ သံတမန်တွေ ပြန်လည် ရုပ်သိမ်းခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ခေါ်ယူမှုကိုလည်း ဆိုင်းငံ့ခဲ့ပါတယ်။

ထိုင်ဝမ် မှာက ဖိလစ်ပိုင်က အလုပ်သမား ၈၈၀ဝ၀ လောက် လာရောက် အလုပ်လုပ် နေကြတာ ဖြစ်ပါတယ်။

အဲဒီ ထဲက အများစုကတော့ ကုန်ထုတ် လုပ်ငန်း တွေမှာ လုပ်ကိုင်နေကြတာပါ။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က က အသက် ၆၅ နှစ် ရှိပြီ ဖြစ်တဲ့ ထိုင်ဝမ် ငါးဖမ်းသမား မစ္စတာ ဟုန်းရဲ့ လှေကို ကို ဖိလစ်ပိုင် ကမ်းခြေစောင့် တွေက ပစ်ခတ် ခဲ့လို့ သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့က မစ္စတာဟုန်းက သူရဲ့ လှေနဲ့ သူတို့ရဲ့ ရေယာဉ်ကို ဝင်ပြီးဆောင့် တော့မယ် ထင်လို့ အခုလို ပစ်ခဲ့တာလို့ ဆိုပါတယ်။

ဗုဒ္ဓဟူး နေ့ အစောပိုင်းက ထိုင်ဝမ် ဆိုင်ရာ ဖိလစ်ပိုင် ကိုယ်စားလှယ်က အဲဒီ အဖြစ်အပျက် အတွက် တောင်းပန်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီကိစ္စ အတွက် ၃ ရက် အတွင်း တောင်းပန်ဖို့ ထိုင်ဝမ်က တောင်းဆိုထားခဲ့တဲ့ အချိန်ကျော်မှ တောင်းပန် ခဲ့တာ ဖြစ်ပါတယ်။

တဘက်မှာလည်း မနီလာက ဒီသေဆုံး ခဲ့ရတဲ့ လူရဲ့ မိသားစုကိုနစ်နာကြေး ပေးမယ်၊ ဒီအဖြစ်အပျက်အတွက် ပူးပေါင်း စစ်ဆေးမှုတွေ လုပ်ဖို့ ပါ ဘဘောတူခဲ့တဲ့ အကြောင်း ထိုင်ဝမ်မှာ ရှိတဲ့ ဖိလစ်ပိုင် ကိုယ်စားလှယ် ရုံးက အကြီးကဲ ဖြစ်တဲ့ အန်တိုနီယို ဘဆီလီယိုက ကပြောပါတယ်။

ဒါပေမယ့်လည်း ထိုင်ဝမ် သမ္မတ ကတော့ ဒီတောင်းပန်ချက်က အထက်ပိုင်းက လာတာ မဟုတ်သလို စိတ်မပါ့တပါ ဖြစ်နေတယ်လို့ ယူဆတဲ့ အကြောင်း သမ္မတရဲ့ ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။
BBC Burmese

ကိုရဲမင်းဦးနှင့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့အတွက် ဆုတောင်း

မတရား ထိန်းသိမ်း၊ ဖမ်းဆီးခံရသော ကိုရဲမင်းဦးနှင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ လွတ်မြောက်ရေးအတွက် မေတ္တာပို့ဆုတောင်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီ အချိန်က ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ ရင်ပြင်တော်ပေါ်တွင် သံဃာတော် အပါး ၃၀ ခန့် ပြုလုပ်ခဲ့ကြသည်။
မြန်မာ့ခေတ်
http://picasion.com/i/1TfHh/

ဘာသာရေးပဋိပက္ခဖြစ်အောင် လှုံ့ဆော်သူ ၅၀၅(ခ) နဲ့ အရေးယူ

မန္တလေး၊ မေ ၁၅
မေ ၂ ရက်ညက မန္တလေးမြို့၊ ၃၅ လမ်း၊ ၇၄-၇၅ လမ်းကြားမှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ခဲ့သူလို့ သံသယရှိခံရသူတစ်ဦးကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပုဂ္ဂိုလ်မှာ ဦးမြင့်ဦး၊ (၅၆)နှစ်၊ (ဘ) ဦးအောင်မင်း၊ အစ္စလာမ်ဘာသာဝင်၊ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး အဲဒီညမှာ သူက "ဘုန်းကြီးတွေနဲ့ ဗမာတွေ လာနေပြီ၊ မွတ်စလင်အိမ်တွေကို ဖျက်ဆီးကြတော့မယ်"လို့ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ ရပ်ကွက်ထဲ လှုံ့ဆော်အော်ဟစ်နေလို့ မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှူးက ဖမ်းဆီးအရေးယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူနဲ့အတူ အခြားတစ်ဦးပါဝင်ပေမယ့် ထိုသူကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

ဒီအမှုကို မဟာအောင်မြေမြို့နယ်တရားရုံးမှာ လူတစ်စုကိုဖြစ်စေ၊ အများပြည်သူကိုဖြစ်စေ အထိတ်တလန့်ဖြစ်အောင်၊ ဆူပူမှုဖြစ်အောင် လှုံ့ဆော်တဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅ (ခ) အရ ရုံးတင်စစ်ဆေးနေတာဖြစ်ပါတယ်။
အောင်ကျော်မိုး
မြန်မာဓိက

မန္တလေးမှာဆိုင်ကယ်တိုက်မှု ဖြစ်ပွား

မန္တလေး ၊ မေ ၁၅
(၁၅-၅-၁၃)ရက်နေ့ ညပိုင်း (၉)နာရီ ခန့်က မန္တလေးမြိုံ ၈၄လမ်း ×၄၁ လမ်း ဆုံမှာ ဆိုင်ကယ်၂စီး တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

၄၁လမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာသော ၃၃ယ/ ၂၈၃ ×× ( တောင်ဆိတ် အနက်ရောင်) နဲ့ မြောက်မှ တောင်သို့ မောင်းနှင်လာသော ၂၁ယ / ၄၅၃×× ( ကလစ် အနီရောင်) တို့ ၂စီး ၊ ၄၁×၈၄ မီးပွိုင့်လမ်းဆုံမှာ တိုက်မိကြတာဟု အနီးရှိ တွေ့မြင်ရသူများက ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ(၂)ဦး လုံး သွေးထွက် ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး ၊ ဦးခေါင်းတွင် ဒဏ်ရာရရှိသူ တစ်ဦး အား သံလျက်မှော် အရှေ့ အရံမီးသတ်တပ်ဖွဲ့ လူမှုကူညီရေး မှ မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည် ဟု သိရှိရသည်။
ဘကြီးအောင်
မြန်မာဓိက

ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်သုံးဦး နိုင်ငံသားဟုတ် မဟုတ် လဝက အဖြေပးတော့မည်

ရန်ကုန်၊ မေ ၁၄
နိုင်ငံသားမဟုတ်ကြောင်း ဝေဖန်ခံနေရသည့် ရခိုင်ပြည်နယ်မှ ပြည်ခိုင် ဖြိုးလွှတ်တော်ကိုယ်စားလှယ် သုံးဦး၏ ကိုယ်ရေးရာဇဝင် တွေ့ရှိမှုကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရ အဖွဲ့ သို့ တင်ပြတော့မည်ဟု လဝက ညွှန်ချုပ် ဦးမောင်မောင်သန်းက ပြောသည်။

ဝေဖန်မှုခံနေရသည့် ပြည်ခိုင်ဖြိုး ပါတီလွှတ်တော်အမတ် သုံးဦး၏ အဖေ၊ အမေ၊ အဘိုး၊ အဘွား မှတ်တမ်းများအား တိုက်ဆိုက် စစ်ဆေးမှုကို လဝက က စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တွေ့ရှိချက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောတွင် ဘင်္ဂါလီဦးရေမှာ ရခိုင်ဦးရေ၏အဆများစွာများနေရာ ယခုစစ် ဆေးမှုအပေါ်တွင် ရခိုင်ပြည်သူများက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

နိုင်ငံသားဖြစ်မှုရှိခဲ့ပါက မည်သည့် ပြဿနာမှ မရှိသော်လည်း တစ်စုံတစ်ရာ လွဲချော်မှုရှိခဲ့ပါက ဖွဲ့စည်းပုံအခြေခံဥပ ဒေ ပုဒ်မ ၃၉၆ (က)၊ (၄)နှင့် ငြိစွန်းမည် ဖြစ်ပြီး  လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ ပြန်လည်ရုပ်သိမ်းခြင်း ခံရနိုင်သည်။  ပြည်သူ့ကိုယ်စားလှယ်အဖြစ် ပြည် ခိုင်ဖြိုးပါတီမှ ၂ဝ၁ဝ တွင် ဝင်ရောက် ရွေးချယ်ခံခဲ့ပြီးလွှတ်တော် ကိုယ်စားလှယ် များဖြစ်လာခဲ့သော အဆိုပါ အမတ်တို့ မှာလက်ရှိတွင် နိုင်ငံသားမဟုတ်ကြောင်း စွပ်စွဲချက်သတင်းများ ထွက်ပေါ်လာခဲ့ သော်လည်း ဦးရွှေမောင်မှာမူ ၄င်းသည် နိုင်ငံသားစစ်မှန်ကြောင်း ဖြေရှင်းခဲ့ဖူးသည်။

ပေါ်ပြူလာနယူးစ်အနေဖြင့် ယင်းလွှတ်တော်ကိုယ်စားလှယ်များအား ဆက်သွယ်မေးမြန်းခဲ့ရာ မည်သူမျှ ပြန်လည် မဖြေကြားခဲ့ပေ။ ရခိုင်အစီရင်ခံစာတွင်မူ ပြည်ခိုင်ဖြိုး ပါတီသည် ရခိုင်တွင် ၄င်းတို့ မဲရရှိရေးအတွက် White Card (အဖြူ ရောင်ကတ်)များထုတ်ပေးခဲ့ဖူးကြောင်း ဖော်ပြထားသည်။ လက်ရှိတွင် နိုင်ငံသားစစ်ဆေးမှု ခံယူနေရသူတို့မှာ ဘူးသီးတောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်၊ မောင်တောပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းတို့ ဖြစ်သည်။
PN-051
Popular Myanmar News Journal

ရမ္မက်ဘီလူးများနှင့် အသပြာဖဝါးအောက်တွင် ပန်းမဖြစ်မီ ကြွေရှာသည်

ရန်ကုန်တိုင်းဒေသကြီး၊ မြို့သစ်တစ်ခုရှိ ရပ်ကွက်တစ်ခုတွင်းမှ ခယိုး ခယိုင်အိမ်လေးတစ်လုံးက အတွင်းတွင် စုဝေးထိုင်နေသည့် လူများကြောင့် ဒီနေ့ မှပို၍နုံချာ သေးကျုံ့နေသလိုခံစားရသည်ဟု မလုံး(အမည်လွှဲ)က ပြန်ပြောင်းပြောသည်။

 ကြုံရာကျပန်း လုပ်ကိုင်စားနေရသော သူတို့မိသားစုအတွက် ပိုက်ဆံဆိုသည်က မက်မောစရာ၊ အမြဲလိုအပ်နေသောအရာ။ သို့သော်…

”ဒီငွေကိုယူလိုက်၊ ပြီးရင် ဒီစာချုပ်မှာလက်မှတ်ထိုး”ဟု ရပ်ကွက်လူကြီး တစ်ဦးက အထက်ပါစကားကိုဆိုလိုက် ရင်း ငွေတစ်ထပ်နှင့်စာချုပ်ကို မလုံးရှေ့ သို့ ချပေးလိုက်သည်။ သူတို့အတွက် အမြဲလိုအပ်နေသည့် ငွေဖြစ်သော်လည်း ဤငွေကို ယူရန်အတွက် သူတွေဝေလေးလံနေခဲ့ရသည် ဟုမလုံးကဆိုပါသည်။ သူ့ဘေးတစ်ဖက် စီတွင်ထိုင်နေသည့် ၇ နှစ်သမီးအရွယ် သမီးငယ်နှင့် ယောက်ျားဖြစ်သူတို့ထံငဲ့ စောင်းကြည့်လိုက်ရင်းမှ
ဆယ်အိမ်မှူးနှင့် အဖွဲ့ညွှန်ပြသော စာချုပ်ပေါ်မှာ လက်မှတ်ထိုးရမည့်နေရာတွင် ကြက်ခြေခတ်တစ်ခု ရေးခြစ်ပေးလိုက်သည်။

ပိုက်ဆံကိုတော့ ယောက်ျားဖြစ်သူက လှမ်းယူလိုက်သည်။ ထို့နောက်ဖျတ်ခနဲ လက်သွားသော ကင်မရာမီးရောင်။ သူတို့ငွေလက်ခံရယူသည် ကိုသက်သေအဖြစ် ဓာတ်ပုံမှတ်တမ်းတင်သွားကြခြင်း။ ”ငွေကြေးက ချေးငှားတာလား အပြတ်ပေးတာလား၊ အဲဒါတော့မသိဘူး။ သူတို့ဘာသာ လူမှုရေးအရလုပ်ကြတာ။ ကျွန်တော်တို့က ကျွန်တော်တို့ အနေနဲ့လုပ်ပေးတာမဟုတ်တော့ ကျွန်တော်တို့ဘက်ကပြောလို့မရဘူး။ ဒါပေမဲ့ အဲဒီလိုပေးတဲ့အခါမှာတော့ ရုံးလုပ်ထုံး လုပ်နည်းအရ မှတ်တမ်းဓာတ်ပုံ ရိုက်ရတယ်”ဟု ထိုရပ်ကွက်မှ ဆယ်အိမ်စုမှူး တစ်ဦးက ပြောသည်။

 ၇ နှစ် အရွယ်သာ ရှိသေးသည့် သူတို့၏သမီးငယ်ကို အိမ်နီးချင်း အမျိုးသားတစ်ဦးက ပြုကျင့်ခဲ့ကြောင်းကို အချိန်လွန်မှ သိခဲ့ပြီးနောက် ဤသို့ လာပေးသော ငွေကိုမည်သို့ အမည်တပ်ရမည်မှန်း မလုံးကိုယ်တိုင်လည်း မသိ။ မလုံးကအိမ်တကာလှည့် အဝတ်လျှော်အလုပ် လုပ်သူ။ ယောက်ျားကလည်း ကျပန်းသမားမို့ အိမ်မကပ်နိုင်။ နေ့စဉ်အိမ်တွင်သားဖြစ်သူနှင့် သမီးတို့ သာကျန်ခဲ့စမြဲ။ သမီးငယ်က ကလေးမို့ ရပ်ကွက်အနှံ့ဆော့ ကစား နေတတ်သည့်အပြင် အိမ်နီးချင်း မည်သူခိုင်းခိုင်း မညည်းမညူလုပ်ပေးတတ်သည့်ကလေးဟု မလုံးကသူ့သမီးအကြောင်း ပြောပြသည်။

 သမီးက ယခုမေလ ၄ ရက်နေ့မှ ဆီးမသွားနိုင်ဘဲနာနေသည်ဟုဆို၍မေး မြန်းရာမှအဖြစ်ဆိုးသိကာ ရင်ကျိုးရခြင်းဖြစ်သည်။ မည်သည့်အချိန်က တည်းက ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါ ရှိနေပြီဆို သည်လည်းမသိပါဟု မလုံးက မချိတင်ကဲ ဆိုပါသည်။ ”ဒီကိစ္စကို စကြားကတည်းက ခံစားချက်အပြည့်နဲ့ ကိုယ့်သားသမီးလိုပဲ ကိုယ့်သားသမီး ကိုယ့်မြေးတစ်ယောက်လိုပဲ ခံစားချက်နဲ့ ငါတို့က အမှုကိစ္စနဲ့ ပိုက်ဆံတစ်ပြားတစ်ချပ်မှ ကျွန်မတို့ ရတာမဟုတ်ဘဲနဲ့ ကျွန်မတို့ဘာသာ ကျွန်မတို့ ဒီဖြစ်စဉ်မှန်သာဖြစ်ခဲ့လို့ရှိရင် ကလေးတစ်ယောက်ဟာ ဒါမျိုးတွေဖြစ် သွားမယ်ဆိုတဲ့ ခံစားချက်တွေ၊ ကိုယ့်သားသမီး ကိုယ့်မြေးသာဖြစ်ခဲ့တယ်ဆိုရင် ဆိုတဲ့အတွေးနဲ့ ပါတီဝင်တစ်ယောက်အ နေနဲ့သာမက ပြည်သူတစ်ယောက်အနေနဲ့ အဖြစ်မှန်ကို ဖော်ထုတ်ချင်တယ်။ ဖော်ထုတ်ဖို့လည်း သင့်တယ်လို့ယုံကြည်တယ်။ ဒီကိစ္စကို သိသိချင်း လိုက်ကြတယ်၊ စုံစမ်းကြတယ်၊ လေ့လာကြတယ်။ ဘယ်သူမှ ကျွန်မတို့ကို လက်ဖက်ရည်မတိုက် လမ်းစရိတ်မပေးဘူး။

ခု ကျွန်မတို့ စွမ်းဆောင်နိုင်သလောက် ပါတီဝင်တစ်ယောက်အနေနဲ့ရော၊ ပြည်သူတစ်ယောက်အနေနဲ့ရော၊ မိခင်တစ်ယောက်အနေနဲ့ရော ကျွန်မတို့ လုပ်မှာပါ”ဟု ဒေသခံနိုင်ငံရေးပါတီ တစ်ခုမှ မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။ သမီးဖြစ်သူ ထိုသို့ကျူးလွန်ခံရပြီးမှန်း မိဘများနှင့် ပတ်ဝန်းကျင်သိ၍ အသံထွက်လာပြီးနောက် ကျူးလွန်သူ ပုဂ္ဂိုလ်က ငွေကျပ်သုံးသောင်းပေး၍ တောင်းပန်ခဲ့သည်ဟု မလုံးက ပြောသည်။

 ”ကိုယ်ကတောင်းတာ မဟုတ်ဘူး။ သူကလာပေးတာ”ဟု မလုံးက ဆိုသည်။

 အခြား အိမ်နီးချင်းတစ်ဦးဖြစ်ပြီး အကြောင်းရင်း အစအဆုံးသိနေသည့် ဒေါ်နီကမူ တောက်တစ်ချက်ခပ်ပြင်းပြင်း ခေါက်လိုက်ပြီး ”ကလေး တစ်ယောက်ကို ဒီလိုလုပ်ပြီး လျော်ကြေးပေးလိုက်ရုံနဲ့ ပြီးရောလား။ ဒါဟာ ဖြစ်သင့်တဲ့ကိစ္စရော ဟုတ်ရဲ့လား”ဟု ဒေါသဖြင့် မေးခွန်း ထုတ်သည်။
အဆိုပါသုံးသောင်းပြီးနောက် အစတွင်ဖော်ပြခဲ့သည့်အတိုင်း နောက်တွင် ငွေ ၂ သိန်း ၇ သောင်းကို ရပ်ကွက် တာဝန်ရှိသူများနှင့်အတူ လာရောက် ပေးခဲ့ခြင်းဖြစ်သည်။

 ”စာထဲမှာဘာတွေရေးထားလည်း ကျွန်မ မသိဘူး။ ကျွန်မက စာမတတ် ဘူးလေ”ဟု မလုံးက ညှိုးငယ်သောမျက် နှာဖြင့်ပြောသည်။

 ”စခန်းကို မသွားခင်မှာ ကျွန်တော်တို့ရုံးကို လာပြီးတော့ ချိန်းလိုက်တာပေါ့။ ဒါ ရဲတွေချိန်းလိုက်တာ ကျွန် တော်မသိဘူး။ ပြဿနာတက်နေတယ်၊ ဆယ်အိမ်မှူးရေ လာပါဦးဆိုပြီး။ ရဲတွေ ကတော့ ခရေစေ့တွင်းကျ မေးတာပေါ့။ စုံစိနေတာပဲ။ နှိုက်နှိုက်ချွတ်ချွတ်ပေါ့။ မေးပြီးတဲ့အခါကျတော့ မင်း အမှုဖွင့်လို တယ်ဆိုရင်လည်း စခန်းကိုလိုက်ပြီး အမှုဖွင့်၊ အဲ့မှာပြန်သွားပြီးတော့ ကလေး အိမ်နီးချင်းကို သွားပြောတာ။ သူက အဲ့ဒါမျိုးတော့ငါမကျေနပ်ဘူး၊ အခုချက် ချင်းလုပ်မယ်ဆိုပြီး ခေါ်ကြဆိုတော့ကျွန်တော်ခုချက်ချင်း စခန်းကိုသွားကြ ဆိုပြီး ကျွန်တော်နောက်ကနေလိုက်သွားတယ်။ စာရွက်ဖြူ ၁ဝဝ ဖိုးတောင် ဝယ်သွားတယ်။ တကယ်လို့ ဟိုနင်းဖြစ် ရင် ကျွန်တော်က စာတင်ရတော့မှာလေ။ ဟိုကျတဲ့ခါကျတော့ မေးပြီးတော့ စခန်းမှူးရော၊ ဂတ်စာရေးရော၊ ရဲတပ် သားတွေရော မေးစမ်းပြီးတဲ့ အခါကျတော့ သူ့ယောက်ျားရော သူရောက အမှုမဖွင့်ချင်ပါဘူးတဲ့။ အဲလိုပြောပြီးမှ ဟိုက လက်မှတ်ထိုးခိုင်းတာကို လက်မှတ်ထိုးပြီး ပြန်လာတယ်” ဟု ငွေပေး အပ်ရာတွင်ပါဝင်ခဲ့သည့် ဆယ်အိမ်စုမှူး တစ်ဦးက ပြောသည်။

ဤကဲ့သို့ လူမသိသူမသိ၊ မကြားဝံ့မနာသာ အဖြစ်မျိုး မြန်မာနိုင်ငံတွင် မည်မျှထိဖြစ်ပျက်နေပါပြီနည်း။ ၂ဝ၁၂ ခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး ၌ ကောက်ယူထားသည့် စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီး အတွင်း အသက် မပြည့်သေးသည့် ကလေးငယ်များအား အဓမ္မကျူးလွန်မှု ၇၇ မှုရှိခဲ့သည်။ယခု ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်းတော့ အမှုပေါင်း ၃၁ မှုရှိနေပြီဖြစ်သည်။ အသက် မပြည့်သေးသည့် ကလေးသူငယ် များအတွင်း ၁ဝ နှစ်အောက် ကလေးငယ်များအပေါ် အဓမ္မကျူးလွန်မှုများမှာ တစ်နှစ်လျှင် နှစ်ဆနီးပါးခန့် မြင့်တက်လာပြီး ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အတွင်း မြန်မာတစ် နိုင်ငံလုံးကောက်ယူခဲ့သည့် စစ်တမ်းများ အရ အမှုပေါင်း ၈၈ဝ နီးပါး ရှိခဲ့သည်ဟု ကလေးသူငယ်နှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများအား အရေးယူ၍ ဥပဒေအတွက် အဓိကလိုက်လံ ဆောင်ရွက်ပေးနေသည့် သမာဓိဖောင် ဒေးရှင်းမှ သိရသည်။

 ကလေးသူငယ်တို့အပေါ် အဓမ္မ ကျူးလွန်သူ၊ လိင်အလွဲသုံးစား ပြုသူ အချို့မှာ ”ကျေအေးခြင်းဆို သည့်စကား လုံးနောက်၌ လုံလုံခြုံခြုံ ပုန်းအောင်း လျက်သားပင် ရှိသည်။ မုဒိမ်းမှုဟုခေါ်သည့် မှုခင်းများစွာကား ဆိတ်ကွယ်ရာ အရပ်၌ မှောင်ရိပ်ခိုကောင်းတုန်းပင်ဖြစ် သည်။ ”တကယ်တော့ မုဒိမ်းမှုကို ကျေ အေးမပေးသင့်ဘူး။ ကျေအေးပေးတာနဲ့ နောက်တစ်ခါအမှုထပ်ဖြစ်ဖို့ အခွင့် အလမ်း ဖွင့်ပေးသလိုပဲ” ဟု သမာဓိ ဖောင်ဒေးရှင်းမှရှေ့နေဖြစ် သူဦးငိုင်ဆာ့ခ် ကဆိုသည်။ ၄င်းက သူ့အတွေ့အကြုံ အရကလေးသူငယ်များအပေါ်အဓမ္မပြု ကျင့်ရာတွင် ကလေးကိုယ်တိုင်က လိုလိုလားလား ပြောပြလာခြင်းမျိုးမဟုတ်ဘဲ အသက်အရွယ် ငယ်လွန်းခြင်းကြောင့် သွေးတအားဆင်းလာခြင်း၊ ဆီးမသွား နိုင်ဘဲ နာကျင်လာသည့် အချိန်မျိုးမှသာ စတင်သိရှိသည်ဟု ဆိုသည်။

 ပြစ်မှုဆိုင်ရာ ဥပဒေမှတ်တမ်းများ အရ အဓမ္မကျူးလွန်ရန် ကြံစည်ထားသူများက ကလေးအပေါ် ကျူးလွန်ရခြင်းသည် အရွယ်ရောက် သူတစ်ဦးထက် ပိုမိုလွယ်ကူလေ့ရှိခြင်းကြောင့် ဖြစ်ကြောင်းတွေ့ရှိရသည်။ အရွယ်ရောက်အမျိုးသမီး တစ်ဦးအနေဖြင့်၎င်းတွင်ပြန်လည်ခုခံ နိုင်စွမ်းရှိပြီး ခွန်အားသုံး၍ ရုန်းကန်နိုင် ခြင်းကြောင့်ကျူးလွန်သူအနေဖြင့် အကြံ စည်အထမြောက်ရန် ခဲယဉ်းသည်။ သို့ သော် ကလေးကား မခုခံနိုင်။ ထို့ပြင် တစ်ခါတစ်ရံ မိဘဖြင့် တိုင်မည်ဟုခြိမ်း ခြောက်ရုံဖြင့်ပင် ကလေးများကဖွင့်ဟ ဝန်ခံလေ့ မရှိတော့ကြောင်း တွေ့ရှိရသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ကလေး သူငယ်ကာကွယ်ရေးအဖွဲ့မှ ကိုအောင် မျိုးမင်းက ပြောသည်။

 ထိုသို့သော အဖြစ်ဆိုး တစ်ခုက (၅-၅-၂ဝ၁၃)နေ့တွင် မြောက်ဥက္ကလာပ မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။ မဝေဝေ (အမည်လွှဲ)က သူ၏ ၇ နှစ်အရွယ် သမီးငယ်လေးမှာ အဓမ္မပြုကျင့်ခံထားရပြီး ဆေးကုသမှုခံယူနေရတုန်းပင်ဖြစ်သည်ဟု ဆိုသည်။ မဝေဝေတို့မှာလည်း ကျပန်းအလုပ်သမား မိသားစုသာ ဖြစ်သည်။ ကလေးကိုကျောင်းပင်မထားနိုင်။ ယခုကိစ္စဖြစ်ပေါ်လာချိန်တွင် ငွေပေးကျေအေးခိုင်းသည်။ သက်ဆိုင်ရာရဲစခန်းမှ ထိန်းချုပ်ထားသော်လည်း စီရင်ချက်တော့  မချမှတ်ရသေး။ မဝေဝေကတော့ သမီးအတွက် အစိုးရဆေးရုံမှပေးလာမည့် သက်သေခံ ဆေးစာ။ ဤဆေးစာကိုသာ မျှော်လင့်တကြီး စောင့်မျှော်နေဆဲဖြစ်သည်။

 ”ငွေမယူဘူး။ တရားစွဲမယ်။ အဲဒီလူကို အပြစ်ဒဏ်ကြီးကြီးမားမား ပေးစေချင်တယ်”

 မိခင်တစ်ယောက်၏ ရင်တွင်း ခံစားချက်ကို မျက်ရည်များနှင့်ရောပြွန်း ၍ မဝေဝေတစ်ယောက်အပြင်သို့ ထုတ် ဖော်ပြောလိုက်ပြီး လက်ခုံနှင့် မျက်ရည်တချို့ကို သုတ်ပစ်လိုက်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလည်း ကလေး သူငယ်များ အဓမ္မပြုကျင့်ခံရမှုများအား မိမိတို့ဆီသို့ လာရောက် အမှုဖွင့်တိုင် တန်းမှသာလျှင် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်မည်ဖြစ်ပြီး တိုင်ကြားလာသည့် ပြစ်မှုများအတွက်ကိုမူ ထိရောက်သည့်ပြစ် ဒဏ်ပေးနိုင်ရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ဆိုသည်။

 ”ဒီလိုအမှုတွေအတွက် မြို့နယ်ရုံး ကိုတောင်မဟုတ်ဘဲ ခရိုင်တရားရုံးကို တိုက်ရိုက်တန်းပြီး စွဲချက်တင်ပါတယ်”ဟု ရဲမှူးမြင့်ထွေးက ပြစ်ဒဏ်ေ ပးနိုင်ရန် ဆောင်ရွက်နေပုံကို ရှင်းပြသည်။

ဥပဒေအရတရားစီရင်ရာတွင် ပြစ် မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၃၇၆ (အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်း) သာမက ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် ကလေးသူငယ် ဥပဒေပါ ၆၆(က)၊ ၆၅(က) တို့ဖြင့်ပါ ပူးတွဲအရေးယူမှုပြု ကြောင်း သိရသည်။ ကလေးသူငယ်ဥပဒေ၌၆၅(က)တွင် ကလေး သူငယ်အား အသက်ဘေး အန္တရာယ် ဖြစ်စေနိုင်သော ရောဂါဝေဒ နာများ စွဲကပ်စေနိုင်သော (သို့မဟုတ်) အကျင့်စာရိတ္တ ပျက်ပြားစေနိုင်သော အလုပ်ကိုစေခိုင်းခြင်း (သို့မဟုတ်) လုပ် ကိုင်ခွင့်ပြုခြင်းအတွက် ထောင်ဒဏ် ၆ လ ဖြစ်စေ၊ ငွေဒဏ် ၁ဝဝဝ ကျပ်ဖြစ်စေ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး ၆၆ (က)တွင်မူ ကလေးငယ်အား လိင်လုပ် သားအဖြစ် ဆောင်ရွက်စေပါက ထောင်ဒဏ် ၂ နှစ်၊ ပြစ်ဒဏ်ငွေ ကျပ် ၁ဝဝဝဝ ထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ကလေးသူငယ်ဥပဒေအခန်း ၁၇ ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်း၌ ပြ ဋ္ဌာန်းထားသည်။

အသက်မပြည့်သည့် ကလေးငယ် တစ်ဦးအပေါ် တမင်ရည်ရွယ်ကြံစည်၍ အဓမ္မပြုကျင့်ခြင်းသည် မုဒိမ်းမှုမြောက် ပြီး ၄င်းသည်ကြီးလေး သည့်ပြစ် မှုကြီး တစ်ခုသာ ဖြစ်သည်။ ယင်းအတွက် သာမန်အမှုများကဲ့သို့ ခွင့်လွှတ်၍ လုံးဝမ ထိုက်သင့်သည့်အမှုသာ ဖြစ်ကြောင်း ဥပဒေပညာရှင်တို့က သုံးသပ်သည်။ ပြစ်ဒဏ်များချမှတ်ရာတွင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ် သက်တစ်ကျွန်းအထိချမှတ်နိုင်ကြောင်း ဦးငိုင်ဆာ့ခ်ကဆိုသည်။ သို့သော် အဓမ္မ မှုတိုင်းတော့ တစ်သက်တစ်ကျွန်းမဟုတ် ကြပေ။

 ဇနီးမယားအား အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်း၊ ခွင့်မပြုသေးသည့် အချိန်တွင်ကျူးလွန်ခြင်း၊ ခြိမ်းခြောက် သဘောတူစေခြင်းနှင့် ယောက်ျားထင် မှတ်၍ ပေါင်းသင်းမိခြင်းတို့ အတွက်မူ တရားသူကြီးက တွေ့ရှိချက်အတိုင်းပြစ် ဒဏ်ချမှတ်သည်ဟု သိရသည်။  ပြစ်ဒဏ်တို့ကား တရားခံတို့ အတွက် ကြီးကြီးမားမားအသင့်ရှိနေသည်။ သို့သော် မကောင်းမှု ကျူးလွန်သူများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဥပဒေဘောင် အပြင်က လက်တစ် လုံးခြားကစားနေကြတုန်း ဖြစ်သည်။ ပြစ်မှုကျူးလွန်သူက ကလေးငယ်မိသားစု၏ပျော့ကွက်၊ ဟာ ကွက်ကို နင်း၍ အမှုကိုမတိုင်တန်းစေရန် အမျိုးမျိုးကြိုးစားမည် သို့မဟုတ် ခြိမ်းခြောက်ပြောဆိုဦးမည်။ တစ်ခါတစ်ရံ ပတ်ဝန်းကျင်အကူအညီတချို့ဖြင့် မြေနိမ့်ရာ လှံစိုက်ပစ်တတ်သည်။

ကလေးသူငယ်များအပေါ်၌ ရွေး ချယ်၍ အဓမ္မပြုကျင့်သူ အများစုသည် ကလေးငယ်များ၏ ရိုးသားမှုအပေါ် မူတည်၍ စည်းရုံးသိမ်းသွင်းကြခြင်းဖြစ် သည်။စည်းရုံးရာတွင်လည်း လွယ်ကူမှုရှိ ကြောင်း တွေ့ရှိရသည်။ မြောက်ဥက္ကလာမှ မဝေဝေက ”သမီးလေးကို မုန့်ကျွေးမယ် ဦးဦးနဲ့ လိုက်ခဲ့ဆြို ပီးခေါ်သွားရင်းက အဲဒီလို လုပ်တာ။ကျွန်မတို့မရှိတုန်း။ ပြန်ရောက်တော့ ကလေးက သွေးတွေဆင်းနေပြီ”ဟု သမီးအားအဓမ္မပြု ကျင့်မှုခေါ်ယူ သွားခဲ့ပုံကို ပြန်ပြောင်းပြောသည်။

ကလေးသူငယ်များကား အသက်အရွယ် ငယ်လွန်းလှသည်မို့ အစား၊ ကစား၊ ခုံမင်ကြသည်။ အဆော့မက်ကြ သည်။ အယုံကြည်လည်း လွယ်တတ် ကြသည်။ ကလေးအား မုန့်ဝယ်ကျွေးမည် လိုက်ခဲ့ဟုဆိုရုံဖြင့် ကလေးကမငြင်း တော့။ သူ့အတွက်မုန့်စားရန်အသိတစ်ခုဖြင့် ရိုးသားစွာလိုက်လာသော်လည်း အခွင့်ကောင်းယူ၍ အဓမ္မကျူးလွန်စော် ကားသည်။ကလေးက မိမိလုံခြုံရေး အတွက် မည်ကဲ့သို့ကာကွယ်ရမည်ကို သိထား သည်မဟုတ်။ ထိုအခြေအနေကလည်း ပစ်မှတ်ထား ကျူးလွန်သူတို့အတွက် အခွင့်အရေးတစ်ရပ် ဖြစ်စေသည်။

 ကလေးငယ်များအပေါ် အဓမ္မ ကျူးလွန်ခြင်း (သို့မဟုတ်) မုဒိမ်းမှုကျူး လွန်ခြင်းသည်ဒေါသအလျောက် တစ် ခဏဆောင်ရွက်ကျူးလွန်မိခြင်း မဟုတ်။ ပင်ကိုယ်ဗီဇ၊ မျိုးရိုး၊ စရိုက်၊ အကျင့်တို့ အပေါ်၌သာ မူတည်နေသည်။ ”မုဒိမ်းမှုတော်တော်များများမှာတော့ ကလေးကတရားခံကို ပြောနိုင်တယ်။ အဲဒီကနေတရားခံကို ခြေရာခံ လိုက်တယ်။ ဒါပေမဲ့ ရဲက ကြိုတင်ထိန်း ချုပ်မှုလုပ်နိုင်ဖို့ဆိုတာတော့ ခက်တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအုပ်တစ်ဦးက ဆိုသည်။

ကလေးသူငယ် အဓမ္မပြုကျင့်ခံရမှု လျော့နည်းလာစေရေး အတွက်တော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၄မြို့နယ်အတွက် ပညာပေးလုပ်ငန်းများအား စီမံချက်ချ၍ဖော် ဆောင်လျက်ရှိသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။မိဘများအနေဖြင့်မိမိ၏ သားသမီး ငယ်အားတစ်ဦးတည်း လွှတ်ထားတတ်ခြင်း၊ လယ်၊ တောနှင့် အခြားနေရာတစ်ခုသို့ တစ်ဦးတည်း စေလွှတ်ခြင်းများကို အတတ်နိုင် ဆုံးရှောင်ကြဉ်သင့်သည်။ ထို့အပြင် အသိ၊ မိတ်ဆွေနှင့် မိမိကြည် ညိုရသည့်လူပုဂ္ဂိုလ်ဆိုလျှင်တောင်မိမိ ကလေးငယ်ဖြင့် နှစ်ဦးတည်းမထားသင့်ကြောင်း၊ စိတ်မချသင့်ကြောင်း ကလေး သူငယ်များလိင်အလွဲသုံးစားမှု မပြုခံရ စေရန် ဒေါက်တာတင့်ဆွေက အကြံပြုသည်။

ကလေးသူငယ်များ အဓမ္မကျူး လွန်ခံရမှုမှာ ၂ဝဝ၉ ခုနှစ်တွင်း လေ့လာဆန်းစစ်မှုအရ အာရှတိုက်၌ ၂၃ ဒသမ ၉ ရာခိုင်နှုန်းရှိနေပြီး အမေရိ ကနှင့်ဥရောပထက်သာလွန်နေသည်။ မိန်းကလေးများက ၁၉ ဒသမ ၇ ရာခိုင် နှုန်းရှိပြီး ယောက်ျားလေး ၇ ဒသမ ၉ ရာခိုင်နှုန်းရှိနေကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင်း၌ ကလေးအပေါ် အဓမ္မကျူးလွန်မှုတိုင်း တရားခွင်ရှေ့ သို့ရောက်ရှိနေခြင်းတော့မဟုတ်။ ခြိမ်းခြောက်မှုတစ်စုံတစ်ရာရှိ၍ အမှန်ကို မမြင်ရခြင်းလော၊ သို့တည်းမဟုတ် ဖိအားပေးမှုကြောင့် အမှန်တရားနစ်မြုပ် ပျောက်ကွယ်နေခြင်းလော။

ယင်းအတွက် ”ကူညီပါရစေ” ဆိုသည့်ဆိုင်းဘုတ်အောက် အဓမ္မမှု တိုင်းရောက်မလာနိုင်ခြင်းလည်း ဖြစ်ပေ လိမ့်မည်။”ဒီကိစ္စမျိုးက အရှက်အကြော က် မရှိဘဲတိုင်ကိုတိုင်ရမယ်။မတိုင်ရင် ကလေးက အခါခါခံရမယ်။ ဒါက, ကလေးဆိုး လို့ဖြစ်တာမှမဟုတ်တာ”ဟု ကလေးငယ် အပေါ် အဓမ္မကျူး လွန်ခံရမှုနှင့် စပ်လျဉ်း၍ ရှေ့နေဦးငိုင်ဆာ့ခ်က ပြောဆိုလိုက်ခြင်းဖြစ်သည်။အဓမ္မကျူးလွန်သူ တစ်ဦးအား တိုင်တန်းခြင်းမပြု၍ ယင်းထောင်မှ လွတ်လပ်သွားခြင်းသည် နောက်ထပ် ကလေးသူငယ်များအပေါ်သို့ ဆက်လက် ကျူးလွန်နေဦးမည်ကတော့ သေချာကြောင်း ရှေ့နေအတွေ့အကြုံ အရပြောပြသည်။

 ထိုကဲ့သို့ အဓမ္မမှုများသည် မြို့ လယ်နေရာများတွင် ဖြစ်ပွားမှုရှိသော် လည်း နည်းပါးပြီးဆင်ခြေဖုံးရပ်ကွက် များဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည် သာ၊ တောင်ဒဂုံ၊ ဒလစသည် တို့တွင်တော့ လအလိုက်နှစ်အလိုက် ဖြစ်ပွားနေကြ သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြစ်မှု မှတ်တမ်းများအရ သိရ သည်။သို့သော်သာမန်အလယ် အလတ် တန်းစားလူများတွင် အဓမ္မကျူးလွန်ခံ ရပါက ရုံးရှေ့သို့မကြောက်မရွံ့လာ ရောက်တိုင်တန်းတတ်ကြသည်။ ၄င်းတို့၌ ပညာရည်အဆင့်အတန်းအားဖြင့် တတ်သိနားလည်ကြပြီး ငွေကြေးဖြင့် ကျေအေးပါကလည်း မိမိသားသမီးအပေါ် လိင်အလွဲသုံးစားပြု မှုအား ကိုယ်တိုင်ပါဝင်သွားနိုင်မည်ကို သိရှိထားခြင်း တို့ကြောင့် ထိုသူများကတော့ တိုင်တန်းမှုပြုရဲကြသည်ဟု ဥပဒေမှတ်တမ်း ပြုစုရာမှ တွေ့ရှိသည့်အချက်အလက်ကို ဦးငိုင်ဆာ့ခ်ပြောပြခြင်းဖြစ်သည်။

 မြောက်ဥက္ကလာပမှ မဝေဝေက သမီးအတွက်ပရိဒေဝမီးတောက်လောင် ၍ ဘာလုပ်ဘာကိုင်ရမှန်း မသိချိန်က လေးခေါ်၍ မြောက်ဥက္ကလာဆေး ရုံသို့ သွားခဲ့သော်လည်း တွေ့ကြုံလိုက်ရသည် က ”တာဝန်ကျတဲ့ဆရာဝန်မက ဘာမှမ ဖြစ်ဘူး ပြန်တော့တဲ့။သမီးကိုခေါ်ပြီး ပြန်လာတော့ သမီးကသွေးတွေတအား ထပ်ဆင်းလာတယ်”ဟု ပြောရင်း မဝေဝေ၏အသံကတိမ်ဝင်သွားပြီး ခဏတာ နစ်မြုပ်သွားသည်။ မျက်ရည်စက်များက ပါးပြင်ပေါ် သို့ တစ်လှိမ့်ပြီးတစ်လှိမ့်ဆင်းလာရင်း။

 ”ရပ်ကွက်ထဲတစ်ခါပြန်ပြီး လူကြီးတွေကို အကူအညီပြန်တောင်းရတယ်။ စခန်းမှာ အမှုတွေဘာတွေ ဖွင့်ပြီးတော့ ညကျမှဆေးရုံပြန်သွားရတယ်” ဆေးရုံသို့သွားရာ ပထမအကြိမ်၌ သမီးငယ်လေးအား စစ်ဆေးပေးမှုမ လုပ်ခဲ့ကြောင်း မည်သို့မျှနားမလည်ကြောင်း မဝေဝေက ရိုးရိုးသားသားပင်ပြောသည်။ လက်ရှိတွင်တော့ ကလေး အားလိုအပ်သည့် ဆေးကုသမှုများပေး ထားပြီး ပြန်လည်ပြသရန်ရက်လည်း ချိန်းထားသည်ဟု သိရသည်။

အဓမ္မကျူးလွန်မှုသည်ရဲအရေး ပိုင်သည့်အမှုဖြစ်ပြီး ယင်းအတွက် ကျူးလွန်ခံရသည်ကို ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားရမည်။ သို့သော် ခြွင်းချက် အနေဖြင့် အခြေအနေတစ် စုံတစ်ခုကြောင့် ရဲစခန်းသို့မသွား ရောက်ဘဲ ဆေးရုံသို့တိုက်ရိုက်သွားလျှင်လည်းဆေးရုံရှိဆေးစာဌာနမှ မှတ်တမ်းတင်ပြီး စခန်းသို့ပေးပို့ အမှုဖွင့် နိုင်ကြောင်း၊ ယင်းအတွက် ရဲစခန်းမှ တာဝန်ကျရဲအရာရှိမှ ဆေးရုံသို့ လာရောက်၍ အမှုဖွင့်ဆောင်ရွက်ပေးသွား မည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ရှင်းပြသည်။

 အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်တိုင်း မိန်းမကိုယ်၌ ထိုးသွင်းဒဏ်  ရာဒဏ်ချက်များ ရှိနေမည်ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံလိုက် ရ သော်လည်း ဆေးဝါးအချိန်မီ ကုသနိုင်ပါက အသက်အန္တရာယ် မထိခိုက်နိုင်။ သို့သော် ကလေး၏ နုနယ်သည့်စိတ်၌ ဒဏ်ရာကြီးကြီးမားမား ကျန်ရှိနေတတ်သည်။ ကျူးလွန်သူ၏ စိတ်ဆန္ဒတစ်ခဏ ကျေနပ်မှုအတွက် ကလေးငယ်တစ် ယောက်၏ တစ်ဘဝစာ အနာဂတ်ကို ကြီးမားသော ထိုးနှက်ချက်များနှင့် ပေးဆပ်လိုက်ရခြင်း ဖြစ်သည်။ အိပ်မက် ဆိုးများ မက်ခြင်း။ကြုံတွေ့ခဲ့ရသည့် အဖြစ်ဆိုးအား ကြောက်လန့်နေတတ်ခြင်း၊ ဖြစ်ပျက်ခဲ့ရမှုအပေါ် ရင်မဆိုင် နိုင်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ ဝင်ရောက်လာနိုင်ကြောင်း စိတ်ကျန်းမာ ရေးဆိုင်ရာ အငြိမ်းစားပါမောက္ခ ဒေါက်တာ ဆွေဆွေဝင်းက မှတ်ချက်ပြု ပြောသည်။

 ”သူတို့လေးတွေအတွက် စိတ်ပိုင်း ဆိုင်ရာအရမ်းကြီးထိခိုက်သွားပြီ။ ဒီဟာက သူတို့ဘဝမှာ အမည်းစက်တစ်ခု ဖြစ်သွားတယ်”ဟု ပါမောက္ခက ကလေးများက ကလေးများ၏ စိတ်ခံစားနိုင်ရ မှုအပေါ် ဆွေးနွေးပြောကြားသည်။ကလေးများအတွက် ပြန်လည် ကုသပေးရာတွင် ခန္ဓာကိုယ်သာမက စိတ်ပိုင်းဆိုင်ရာကိုပါ အဓိကထား ကု သပေးသင့်သည်။ ခန္ဓာကိုယ်ကျန်းမာရေးကား ပြန်လည်ကုသရန် လွယ်သော်လည်း စိတ်ကျန်းမာရေး ကား မည်သို့ ရှိနေသည်ကိုပင်မသိ။မှန်းဆရန်ခက်သည်။ ခန္ဓာကိုယ် ပြန်လည်ကုသရေးတွင်လည်း သာမန်စုတ်ပြဲဒဏ်ရာဒဏ် ချက်အတွက်တော့ ကုသရန် လွယ်ကူသည်။ သွေးလိုအပ်မှုများအတွက်လည်း ပြဿနာတော့ မရှိလှ။ သို့သော်HIV ပိုးဝင်ရောက်ခံရခြင်း သို့မဟုတ် သားအိမ်ခေါင်း ကင်ဆာဖြစ်ရင် ဗိုင်းရပ်စ် တစ်မျိုးကူးစက်ခံရခြင်းဖြစ်ပါက ကလေးအတွက် ထိခိုက်နစ်နာမှုများစွာ ရှိလာလိမ့်မည်ဟု သားဖွားနှင့် မီးယပ် အထူးကုဆရာဝန် ဒေါက်တာစိုးလွင်က မှတ်ချက်ပေးသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေး ရုံအုပ်ကြီး ဒေါက်တာကျော် ကျော်က ၄င်းတို့ အစိုးရဆေးရုံများအနေဖြင့် အဓမ္မမှုများအပါအဝင် ရဲမှူးခင်းဆိုင်ရာ အမှုအခင်းများအတွက် ရဲစခန်း၏ ကနဦး အစီရင်ခံစာ (First Information Report) (FIR)အား အရင်ဆုံးလက်ခံ ရယူရသည်ဟု ဆိုသည်။ အကယ်၍ ယင်းအစီရင်ခံစာပုံ စံမရောက်လာသေးသည့် အခါများတွင်လည်း ဆေးရုံမှ မှတ်တမ်းကောင်းစွာ မှတ်သားထားရပြီး ရဲဆေးစာ တွင်ြ ပန်လည်ဖြည့်စွက်ပေးရ သည်။ လူနာ၏ အရေးပေါ်လိုအပ်ချက် အပေါ်မူတည်၍ ဆေးဝါးကုသမှုဆောင် ရွက်ကြောင်း ပြောသည်။”ဆေးရုံကြီး အချို့မှာ သက်ဆိုင်ရာရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦး တွဲဖက်ထားရှိပေးပါတယ်။ ဆေးရုံ တိုင်းတော့မဟုတ်ဘူး”ဟု ရန်ကုန် ပြည်သူ့ဆေးရုံအုပ်ကြီးက ဆိုသည်။ မလုံး၏ သမီးငယ်လေး အမှုနှင့်  မဝေဝေ၏ သမီးငယ်လေး၏ အမှုတို့တွင် ကလေး နှစ်ဦးစလုံးကား သက်တူရွယ်တူနီးပါး။ ပြစ်မှုကျူးလွန် သူများကလည်း ငွေပေးကျေအေးမှုများ၊ ခြိမ်းခြောက်မှုများ ပြုလုပ်ကြပြီး အပြစ်လျော့မည့် နည်း လမ်းပေါင်းစုံ အသုံးပြုနေကြခြင်း ဖြစ်သည်။

 ”ဘဘက အသက်လည်းကြီးပြီ။ ပန်းလည်းသေနေတယ်တဲ့။ နင်တို့ ကလေး ဘာမှမဖြစ်ပါဘူးဆိုပြီး ပထမ ဆုံး ငွေလာပေးတုန်းက ပြောသွားတာ။ ကျွန်မဖြင့် အသည်းတွေယားပြီး အသား တွေတောင်တုန်တယ်”ဟု မလုံးနှင့် အိမ်ချင်း ကပ်ရက်ဖြစ်သူ စစ်သူနာပြု တက္ကသိုလ်တက်ရောက်ခဲ့ဖူးသည့် ဒေါ်မိမိကြီးက ၄င်းကြားခဲ့ရပုံကို ပြောပြခဲ့ ခြင်းပင်။ အထက်ပါ ဖြစ်ရပ်နှစ်ခုတွင် ကွဲပြားနေသည်က မိခင်များ၏ ယုံကြည်ချက်။ မဝေဝေ ကတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးသူမို့ အမှုဖွင့်ထားပြီး ဖြစ်သောလည်း မလုံးက ဝေခွဲမရသေး။ ပိုက်ဆံ ရယူထားရ၍ အပြီးတိုင်ကျေအေး လိုက်နိုင်ပြီဟုလည်းမဆိုနိုင်။ မိခင်တစ်ယောက်၏ စိတ်ဓာတ်နှင့် စခန်းသွား၍ အမှုဖွင့်မည် ဆိုပြန်တော့လည်း မလုံး၏ယောက်ျား၊ ကလေး၏ ပထွေးကလည်းအမှု မဖွင့်စေချင်တော့။ တစ်ဖက်က ချုပ်ဆိုပေးထားလိုက်ရသည့် စာချုပ်ရှိနေသးသည်။ တိုင်တန်းမှုကြောင့် ပြဿနာတစ် စုံတရာထပ်ဖြစ် မှာလည်း မလိုလား။

ရှပ်အင်္ကျီအနီကွက် နွမ်းနွမ်း၏ လက်အင်္ကျီစဖြင့် မျက်ရည်ကို သုတ်လိုက်ကာ သမီးငယ်လေးဘက်သို့ လှည့် ကြည့်ရင်း မလုံးက ”တိုင်လို့ရမယ်ဆို ရင်တော့ တိုင်ချင်သေးတယ်။ ဒီကလေး အနာဂတ်အတွက်ပါ” ဟု ဆို့နင့်သော အသံဖြင့်တိုးတိတ်စွာပြောပါသည်။

သတင်းအချက်အလက်
သူရထွန်း၊ သုတလင်း၊ မြတ်စုငြိမ်း
Popular Myanmar News Journal

မဟာစင် ဝင်တော့မယ်လို့ အစိုးရ ကြေငြာ

15 မေလ 2013
မဟာစင် မုန်တိုင်း ကို အနီရောင်အဆင့် သတ်မှတ်လိုက်ပြီး ရခိုင်ပြည်နယ်၊ မောင်တောနဲ့ ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ စစ်တကောင်းတို့ ကြားကနေ ဝင်ရောက်တော့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ တိုင်းတာချက်အရ နောက်ထပ် ၁၆ နာရီခွဲလောက် အကြာမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်မှာ ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဆိုပါတယ်။

မြန်မာဘက်ခြမ်းမှာတော့ မောင်တောကို အရင်ဝင်မှာ ဖြစ်ပြီး စစ်တွေနဲ့ ကျောက်ဖြူတွေကို ဆက်လက် ရိုက်ခတ်သွားမယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဘီဘီစီကို ပြောပါတယ်။

မဟာစင် မုန်တိုင်းကြောင့် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း မိုးရွာသွန်းပြီး ရေကြီးတာ မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။
BBC Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com