http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တရားထိုင်သူကို နတ်ကွန်းမှဓားဖြင့် ထောက်၍ နားကပ်လု

ရန်ကုန်၊ မေ ၁၄
သာကေတမြို့နယ် ယမုံနာ (၂) ရပ်ကွက်ရှိ မြစေတီဘုရား လိုဏ်ဂူအတွင်း မေလ ၁၃ ရက် နံနက် ၈ နာရီခန့်က တရားထိုင်နေသည့် ၈၁ နှစ်အရွယ် အမျိုးသမီးကြီးကို လူငယ်နှစ်ဦးက နတ်ကွန်းအနီးတွင် စွန့်ပစ်ထားသည့် ဓားဖြင့် ထောက်ကာ နားကပ်ချွတ်ယူသော လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

လူငယ်နှစ်ဦးအနက်အသက် ၁၉ နှစ် အရွယ်ရှိ မြင့်သန်းဆိုသူက ဘုန်းကြီးကျောင်း အနီး နတ်ရုပ်များတွင် စွန့်ပစ်ထားသည့် နေရာမှ အရှည် ၁၄ လက်မရှိ ဓားကို ယူဆောင်လာပြီး အမျိုးသမီးကြီးကို ဓားဖြင့် ထောက်ကာ ဝတ်ဆင်ထားသည့် နားကပ်ကို ယူနေစဉ် အသက် ၁၇ နှစ်အရွယ် နိုင်လင်းထက်ဆိုသူက လူသွားလူလာကို စောင့်ကြည့်ပေးခဲ့ပြီး အသင့်ပါလာသည့် စက်ဘီးဖြင့် ထွက်ပြေးခဲ့သည်ဟု လုယက်ခံရသူ အဘွားအို၏ ပြောကြားချက်ကို ကိုးကား၍ ဒေါပုံမြို့နယ် ရဲစခန်းထံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"နားကပ်ချွတ်နေတာ လက်တုန်နေတော့ အဘွားကြီး ကြောက်လို့ တုန်နေတာလား ဆိုပြီး မောင်မြင့်သန်းက ကိုယ်တိုင် ဖြုတ်ယူခဲ့တာ" ဟု တရားလိုအဘွားအို၏ တိုင်ကြားချက်ကို ကိုးကား၍ အဆိုပါရဲစခန်း မှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြန်လည်ပြောကြားသည်။

ဓားထောက်၍ ပြစ်မှု ကျူးလွန်ခဲ့သူ ဟုဆိုသူ အသက် ၁၉ နှစ်အရွယ် မောင်မြင့်သန်း သည် သင်္ဘောကျင်းရပ်ကွက် မြို့ပတ်လမ်း (ကျူးကျော်) တွင် နေထိုင်သူဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် မောင်နိုင်လင်းထက် သည် ယမုံနာ (၁) ရပ်ကွက် သီတာ (၂ ) လမ်းတွင် နေထိုင်သူဖြစ်ကြောင်း ၄င်းတို့ နေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များက The Voice ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။

ဓားထောက်လုယက်သည်ဟု သံသယ ရှိသူ လူငယ်နှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ခွဲ (၂) ၊ အရှေ့ပိုင်းခရိုင်မှ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ များနှင့် ပူးပေါင်းကာ ချက်ချင်း ဖော်ထုတ်ခဲ့သောကြောင့် မှုခင်းဖြစ်ပွားပြီး ငါးနာရီ အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ လူငယ်နှစ်ဦးကို (ပ) ၁၆၇/ ၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး စစ်ဆေး ပေါ်ပေါက်ချက်ပေါ် မူတည်၍ ပုဒ်မ ပြောင်းလဲ အမှုဖွင့်နိုင်ကြောင်း အဆိုပါရဲ စခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

01B MAHASEN ရဲ့ (၁၆-၅-၂၀၁၃)ရက်နေ့ နံနက်(၆)နာရီခွဲအချိန် နောက်ဆုံးအခြေအေန

(၁၆-၅-၂၀၁၃)ရက်နေ့ နံနက်(၆)နာရီခွဲအချိန် မိုးလေ၀သဂြိုဟ်တုတိမ်ပုံအရ Mahasen ဆိုင်ကလုန်းဟာ အနောက်လေစီးကြောင်းများအတွင်း အရှေ့မြောက်ဖက်ကို ရွေ့လာပြီး
အိန္ဒိယ-ဘင်္ဂလားဒေ့ နှစ်နိုင်ငံနယ်စပ်တလျှောက်ကနေပြီး အရှေ့မြောက်ဖက်ကို ဆက်လက်ရွေ့နေပါတယ်။ ကုန်းတစ်ဝက်ရေတစ်ဝက်အနေအထားမို့ ပိုမိုအားကောင်းလာ ဖို့ အလွန်ခဲယဉ်းပါလိမ့်မယ်။

နေ့ရက်။ ၁၆-၅-၂၀၁၃
အချိန်။ နံနက်(၆)နာရီခွဲအချိန်။
လတ္တီတွဒ်။ 20.5°N
လောင်ဂျီတွဒ်။ 89.9°E
ဦးတည်ရာ။ 40°
နှုန်း။ တစ်နာရီ (၁၄.၅)မိုင်နှုန်း။
လေတိုက်နှုန်း။ တစ်နာရီ မိုင်(၆၀)
လေပုန်း။ တစ်နာရီ မိုင်(၇၅)မိုင်
မုန်တိုင်းအချင်းဝက်။ (၈၅)မိုင်
ဗဟိုအနီးရေလှိုင်း။ (၁၂)ပေ
မောင်တောကမ်းခြေ မုန်တိုငးဒိရေ။။ ၁ ပေမှ ၂ ပေ

ယခင် ခန့်မှန်းထားတဲ့အတိုင်း ထိခိုက်မှုဟာ ဘင်္ဂလားဒေ့ရှ်ဖက်ပိုများပါလိမ့်မယ်။ ၀င်တာခန့်မှန်းတာထက် ပိုစောနိုင်ပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)
FB-Tun Lwin

မအူပင်မြို့မှာ အင်းလုပ်သားများ ဆန္ဒပြ

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်အတွင်းက အင်းလုပ်ငန်းတွေကို အစိုးရက လေလံစနစ်နဲ့ လုပ်ပိုင်ခွင့်ပေးနေရာမှာ ဒေသခံ တပိုင်တနိုင် အင်းလုပ်သားတွေ လုပ်ပိုင်ခွင့် မရရှိတာကြောင့် လုပ်ပိုင်ခွင့်ရရှိရေးအတွက် အင်းလုပ်သား ၂၀၀ လောက်ဟာ တရားဝင်ခွင့်ပြုချက်ရယူပြီး မအူပင်မြို့လည်မှာ ဒီနေ့စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

အစိုးရက အင်းလုပ်ငန်းလေလံချပေးရာမှာ ငွေရှိသူတွေသာ လေလံအောင်ပြီး အဲဒီလေလံအောင်သူတွေက အင်းလုပ်ငန်းတွေကို အမြတ်ငွေများများနဲ့ ပြန်ရောင်းတာတွေရှိတယ်လို့ အင်းလုပ်သားတွေက ပြောပါတယ်။ အင်းလုပ်သားတွေအနေနဲ့ သူတို့တောင်းဆိုချက်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖြည့်ဆည်းဆောင်ရွက်ပေးလာတဲ့အထိ တောင်းဆိုဆန္ဒပြသွားမယ်လို့ ဒီကနေ့ဆန္ဒပြပွဲမှာပါဝင်တဲ့ မလက်တိုကျေးရွာသား ဦးသန်းလှိုင်က ပြောပါတယ်။

မအူပင်မြို့ မှာရှိတဲ့ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိန်သောင်းကတော့ အင်းလုပ်ပိုင်ခွင့်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ရင်းနှီးသူများကိုပဲ ချထားပေးတယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ လေလံဈေးအောင်သူတွေကိုပဲ ချထားပေးနေတာဖြစ်ကြောင်း၊ လေလံတစ်ခါအောင်ရင် ၃ နှစ်လုပ်ပိုင်ခွင့်ရရှိနိုင်ကြောင်း ပြောပါတယ်။
RFA Burmese

ပစ်ခတ်မှု SSA လက်ချက်လို့ စွပ်စွဲ

RCSS/SSA လက်ချက်လို့ အစိုးရ သတင်းစာ စွပ်စွဲ
15 မေလ 2013
ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း နောင်မတာ ရွာနားက ဓာတ်ငွေ့ အလုပ်စခန်း နားကို လက်နက်ကိုင် တဖွဲ့ ဝင်တိုက်ရာမှာ လူနှစ်ဦး သေဆုံးခဲ့ပြီး RCSS/ SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ တပ်ဖွဲ့ ပစ်ခတ်မှု အဖြစ် ဗုဒ္ဓဟူးနေ့ ထုတ် အစိုးရ သတင်းစာမှာ ဖော်ပြ ပါတယ်။

ဒီစွပ်စွဲ ချက်နဲ့ ပတ်သက်လို့ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောဝ်ဆိုင် ကို ဘီဘီစီ မှ ဆက်သွယ် မေးမြန်းရာမှာ အကယ်၍ RCSS/SSA လက်ချက် ဆိုရင် အရေးယူ ဖို့ တာဝန်ရှိကြောင်း ရှင်းပြပါတယ်။ အစိုးရ နဲ့ အပစ်အခတ် ရပ်ဆဲထားပြီ ဖြစ်လို့ ဖေါက်ဖျက်ဖို့ မလိုလားကြောင်း လည်း ပြောပြပါတယ်။

အစိုးရတပ် ဘက် ကလဲ မေလ ဆန်းပိုင်း က လက်နက်ကြီးတွေ နဲ့ ပစ်ခတ်မှု တွေ ရှိခဲ့ကြောင်း၊ အဆိုပါ ဒေသ မှာ RCSS/SSA တပ်ဖွဲ့ အပြင်၊ ကေအိုင်အေ၊ ပလောင်တပ်၊ SSA မြောက်၊ ဒေသခံ ပြည်သူ့စစ် အပြင် တရားမဝင် လက်နက်ကိုင် မူးယစ်ဂိုဏ်း တွေ လည်း ရှိလို့ ဘယ်လို အထောက်အထား နဲ့ စွပ်စွဲ တယ် ဆိုတာ ကို နှစ်ဘက်စလုံး စုံစမ်းဖို့ လိုကြောင်း စိုင်းလောဝ်ဆိုင် က ပြောပါတယ်။

စစ်ဆေးတဲ့ နေရာမှာ အချိန် လိုပုံ၊ RCSS/SSA တပ်ဟာ ထိုင်း နယ်စပ်မှာ အခြေစိုက်တာ ဖြစ်ပြီး အခု တိုက်ခိုက်မှု ဖြစ်တဲ့ နေရာက တရုတ်နယ်စပ် ဖြစ်နေတဲ့ အတွက် စုံစမ်းပြီးမှသာ အမှန် ကို ထုတ်ဖော် ပြောနိုင် မယ် လို့ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောဝ်ဆိုင် က ဘီဘီစီ ကို ရှင်းပြပါတယ်။

အရင်ကလဲ အစိုးရ ထောက်လှမ်းရေးလို့ ယူဆရတဲ့ လူ ၄- ၅ ယောက် ပျောက်မှုကို RCSS/ SSA လက်ချက်လို့ အစိုးရက စွပ်စွဲ ခဲ့ဖူးပြီး အရေးယူ စုံစမ်းလို့ မရသေးဘူး လို့လဲ သိရပါတယ်။

အောက်ခြေမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှု တွေဟာ အထက်က မူချ ဆောင်ရွက်နေတာ မဟုတ်ဘူးလို့ နှစ်ဘက် စလုံးက ပြောဆို ပါတယ်။
ဘီဘီစီ


ထိုင်ဝမ် ငါးဖမ်းသမား သေဆုံးမှု ဖိလစ်ပိုင် တောင်းပန်

တိုင်ပေမှ ဖိလစ်ပိုင် ဆန့်ကျင် ဆန္ဒပြမှု
15 မေလ 2013
ထိုင်ဝမ် ငါးဖမ်းသမား တယောက်ကို ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သတ်ဖြတ်လိုက်တဲ့ ကိစ္စအတွက် ဖိလစ်ပိုင် သမ္မတ ဘန်နစ်ဂ်နို အကီနိုက တောင်းပန်လိုက်ပါတယ်။

ထိုင်ဝမ်နဲ့ ဖိလစ်ပိုင် အကြား စိတ်ဝမ်းကွဲပြားမှု ဖြစ်စေခဲ့တဲ့ ဒီဖြစ်ရပ်အတွက် အထူးဝမ်းနည်းပါကြောင်း သမ္မတ မစ္စတာအကီနိုပါးလိုက်တဲ့ သတင်းစကားကို ပို့ဆောင်ပေးမဲ့ အထူးသံတမန်တယောက် ထိုင်ဝမ်ကိုသွားမှာဖြစ်ကြောင်း သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် ကပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် ထိုင်ဝမ်က သူတို့ရဲ့ သံတမန်တွေ ပြန်လည် ရုပ်သိမ်းခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ခေါ်ယူမှုကိုလည်း ဆိုင်းငံ့ခဲ့ပါတယ်။

ထိုင်ဝမ် မှာက ဖိလစ်ပိုင်က အလုပ်သမား ၈၈၀ဝ၀ လောက် လာရောက် အလုပ်လုပ် နေကြတာ ဖြစ်ပါတယ်။

အဲဒီ ထဲက အများစုကတော့ ကုန်ထုတ် လုပ်ငန်း တွေမှာ လုပ်ကိုင်နေကြတာပါ။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က က အသက် ၆၅ နှစ် ရှိပြီ ဖြစ်တဲ့ ထိုင်ဝမ် ငါးဖမ်းသမား မစ္စတာ ဟုန်းရဲ့ လှေကို ကို ဖိလစ်ပိုင် ကမ်းခြေစောင့် တွေက ပစ်ခတ် ခဲ့လို့ သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့က မစ္စတာဟုန်းက သူရဲ့ လှေနဲ့ သူတို့ရဲ့ ရေယာဉ်ကို ဝင်ပြီးဆောင့် တော့မယ် ထင်လို့ အခုလို ပစ်ခဲ့တာလို့ ဆိုပါတယ်။

ဗုဒ္ဓဟူး နေ့ အစောပိုင်းက ထိုင်ဝမ် ဆိုင်ရာ ဖိလစ်ပိုင် ကိုယ်စားလှယ်က အဲဒီ အဖြစ်အပျက် အတွက် တောင်းပန်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီကိစ္စ အတွက် ၃ ရက် အတွင်း တောင်းပန်ဖို့ ထိုင်ဝမ်က တောင်းဆိုထားခဲ့တဲ့ အချိန်ကျော်မှ တောင်းပန် ခဲ့တာ ဖြစ်ပါတယ်။

တဘက်မှာလည်း မနီလာက ဒီသေဆုံး ခဲ့ရတဲ့ လူရဲ့ မိသားစုကိုနစ်နာကြေး ပေးမယ်၊ ဒီအဖြစ်အပျက်အတွက် ပူးပေါင်း စစ်ဆေးမှုတွေ လုပ်ဖို့ ပါ ဘဘောတူခဲ့တဲ့ အကြောင်း ထိုင်ဝမ်မှာ ရှိတဲ့ ဖိလစ်ပိုင် ကိုယ်စားလှယ် ရုံးက အကြီးကဲ ဖြစ်တဲ့ အန်တိုနီယို ဘဆီလီယိုက ကပြောပါတယ်။

ဒါပေမယ့်လည်း ထိုင်ဝမ် သမ္မတ ကတော့ ဒီတောင်းပန်ချက်က အထက်ပိုင်းက လာတာ မဟုတ်သလို စိတ်မပါ့တပါ ဖြစ်နေတယ်လို့ ယူဆတဲ့ အကြောင်း သမ္မတရဲ့ ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။
BBC Burmese

ကိုရဲမင်းဦးနှင့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့အတွက် ဆုတောင်း

မတရား ထိန်းသိမ်း၊ ဖမ်းဆီးခံရသော ကိုရဲမင်းဦးနှင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ လွတ်မြောက်ရေးအတွက် မေတ္တာပို့ဆုတောင်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီ အချိန်က ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ ရင်ပြင်တော်ပေါ်တွင် သံဃာတော် အပါး ၃၀ ခန့် ပြုလုပ်ခဲ့ကြသည်။
မြန်မာ့ခေတ်
http://picasion.com/i/1TfHh/

ဘာသာရေးပဋိပက္ခဖြစ်အောင် လှုံ့ဆော်သူ ၅၀၅(ခ) နဲ့ အရေးယူ

မန္တလေး၊ မေ ၁၅
မေ ၂ ရက်ညက မန္တလေးမြို့၊ ၃၅ လမ်း၊ ၇၄-၇၅ လမ်းကြားမှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ခဲ့သူလို့ သံသယရှိခံရသူတစ်ဦးကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပုဂ္ဂိုလ်မှာ ဦးမြင့်ဦး၊ (၅၆)နှစ်၊ (ဘ) ဦးအောင်မင်း၊ အစ္စလာမ်ဘာသာဝင်၊ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး အဲဒီညမှာ သူက "ဘုန်းကြီးတွေနဲ့ ဗမာတွေ လာနေပြီ၊ မွတ်စလင်အိမ်တွေကို ဖျက်ဆီးကြတော့မယ်"လို့ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ ရပ်ကွက်ထဲ လှုံ့ဆော်အော်ဟစ်နေလို့ မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှူးက ဖမ်းဆီးအရေးယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူနဲ့အတူ အခြားတစ်ဦးပါဝင်ပေမယ့် ထိုသူကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

ဒီအမှုကို မဟာအောင်မြေမြို့နယ်တရားရုံးမှာ လူတစ်စုကိုဖြစ်စေ၊ အများပြည်သူကိုဖြစ်စေ အထိတ်တလန့်ဖြစ်အောင်၊ ဆူပူမှုဖြစ်အောင် လှုံ့ဆော်တဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅ (ခ) အရ ရုံးတင်စစ်ဆေးနေတာဖြစ်ပါတယ်။
အောင်ကျော်မိုး
မြန်မာဓိက

မန္တလေးမှာဆိုင်ကယ်တိုက်မှု ဖြစ်ပွား

မန္တလေး ၊ မေ ၁၅
(၁၅-၅-၁၃)ရက်နေ့ ညပိုင်း (၉)နာရီ ခန့်က မန္တလေးမြိုံ ၈၄လမ်း ×၄၁ လမ်း ဆုံမှာ ဆိုင်ကယ်၂စီး တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

၄၁လမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာသော ၃၃ယ/ ၂၈၃ ×× ( တောင်ဆိတ် အနက်ရောင်) နဲ့ မြောက်မှ တောင်သို့ မောင်းနှင်လာသော ၂၁ယ / ၄၅၃×× ( ကလစ် အနီရောင်) တို့ ၂စီး ၊ ၄၁×၈၄ မီးပွိုင့်လမ်းဆုံမှာ တိုက်မိကြတာဟု အနီးရှိ တွေ့မြင်ရသူများက ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ(၂)ဦး လုံး သွေးထွက် ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး ၊ ဦးခေါင်းတွင် ဒဏ်ရာရရှိသူ တစ်ဦး အား သံလျက်မှော် အရှေ့ အရံမီးသတ်တပ်ဖွဲ့ လူမှုကူညီရေး မှ မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည် ဟု သိရှိရသည်။
ဘကြီးအောင်
မြန်မာဓိက

ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်သုံးဦး နိုင်ငံသားဟုတ် မဟုတ် လဝက အဖြေပးတော့မည်

ရန်ကုန်၊ မေ ၁၄
နိုင်ငံသားမဟုတ်ကြောင်း ဝေဖန်ခံနေရသည့် ရခိုင်ပြည်နယ်မှ ပြည်ခိုင် ဖြိုးလွှတ်တော်ကိုယ်စားလှယ် သုံးဦး၏ ကိုယ်ရေးရာဇဝင် တွေ့ရှိမှုကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရ အဖွဲ့ သို့ တင်ပြတော့မည်ဟု လဝက ညွှန်ချုပ် ဦးမောင်မောင်သန်းက ပြောသည်။

ဝေဖန်မှုခံနေရသည့် ပြည်ခိုင်ဖြိုး ပါတီလွှတ်တော်အမတ် သုံးဦး၏ အဖေ၊ အမေ၊ အဘိုး၊ အဘွား မှတ်တမ်းများအား တိုက်ဆိုက် စစ်ဆေးမှုကို လဝက က စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တွေ့ရှိချက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောတွင် ဘင်္ဂါလီဦးရေမှာ ရခိုင်ဦးရေ၏အဆများစွာများနေရာ ယခုစစ် ဆေးမှုအပေါ်တွင် ရခိုင်ပြည်သူများက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

နိုင်ငံသားဖြစ်မှုရှိခဲ့ပါက မည်သည့် ပြဿနာမှ မရှိသော်လည်း တစ်စုံတစ်ရာ လွဲချော်မှုရှိခဲ့ပါက ဖွဲ့စည်းပုံအခြေခံဥပ ဒေ ပုဒ်မ ၃၉၆ (က)၊ (၄)နှင့် ငြိစွန်းမည် ဖြစ်ပြီး  လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ ပြန်လည်ရုပ်သိမ်းခြင်း ခံရနိုင်သည်။  ပြည်သူ့ကိုယ်စားလှယ်အဖြစ် ပြည် ခိုင်ဖြိုးပါတီမှ ၂ဝ၁ဝ တွင် ဝင်ရောက် ရွေးချယ်ခံခဲ့ပြီးလွှတ်တော် ကိုယ်စားလှယ် များဖြစ်လာခဲ့သော အဆိုပါ အမတ်တို့ မှာလက်ရှိတွင် နိုင်ငံသားမဟုတ်ကြောင်း စွပ်စွဲချက်သတင်းများ ထွက်ပေါ်လာခဲ့ သော်လည်း ဦးရွှေမောင်မှာမူ ၄င်းသည် နိုင်ငံသားစစ်မှန်ကြောင်း ဖြေရှင်းခဲ့ဖူးသည်။

ပေါ်ပြူလာနယူးစ်အနေဖြင့် ယင်းလွှတ်တော်ကိုယ်စားလှယ်များအား ဆက်သွယ်မေးမြန်းခဲ့ရာ မည်သူမျှ ပြန်လည် မဖြေကြားခဲ့ပေ။ ရခိုင်အစီရင်ခံစာတွင်မူ ပြည်ခိုင်ဖြိုး ပါတီသည် ရခိုင်တွင် ၄င်းတို့ မဲရရှိရေးအတွက် White Card (အဖြူ ရောင်ကတ်)များထုတ်ပေးခဲ့ဖူးကြောင်း ဖော်ပြထားသည်။ လက်ရှိတွင် နိုင်ငံသားစစ်ဆေးမှု ခံယူနေရသူတို့မှာ ဘူးသီးတောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်၊ မောင်တောပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းတို့ ဖြစ်သည်။
PN-051
Popular Myanmar News Journal

ရမ္မက်ဘီလူးများနှင့် အသပြာဖဝါးအောက်တွင် ပန်းမဖြစ်မီ ကြွေရှာသည်

ရန်ကုန်တိုင်းဒေသကြီး၊ မြို့သစ်တစ်ခုရှိ ရပ်ကွက်တစ်ခုတွင်းမှ ခယိုး ခယိုင်အိမ်လေးတစ်လုံးက အတွင်းတွင် စုဝေးထိုင်နေသည့် လူများကြောင့် ဒီနေ့ မှပို၍နုံချာ သေးကျုံ့နေသလိုခံစားရသည်ဟု မလုံး(အမည်လွှဲ)က ပြန်ပြောင်းပြောသည်။

 ကြုံရာကျပန်း လုပ်ကိုင်စားနေရသော သူတို့မိသားစုအတွက် ပိုက်ဆံဆိုသည်က မက်မောစရာ၊ အမြဲလိုအပ်နေသောအရာ။ သို့သော်…

”ဒီငွေကိုယူလိုက်၊ ပြီးရင် ဒီစာချုပ်မှာလက်မှတ်ထိုး”ဟု ရပ်ကွက်လူကြီး တစ်ဦးက အထက်ပါစကားကိုဆိုလိုက် ရင်း ငွေတစ်ထပ်နှင့်စာချုပ်ကို မလုံးရှေ့ သို့ ချပေးလိုက်သည်။ သူတို့အတွက် အမြဲလိုအပ်နေသည့် ငွေဖြစ်သော်လည်း ဤငွေကို ယူရန်အတွက် သူတွေဝေလေးလံနေခဲ့ရသည် ဟုမလုံးကဆိုပါသည်။ သူ့ဘေးတစ်ဖက် စီတွင်ထိုင်နေသည့် ၇ နှစ်သမီးအရွယ် သမီးငယ်နှင့် ယောက်ျားဖြစ်သူတို့ထံငဲ့ စောင်းကြည့်လိုက်ရင်းမှ
ဆယ်အိမ်မှူးနှင့် အဖွဲ့ညွှန်ပြသော စာချုပ်ပေါ်မှာ လက်မှတ်ထိုးရမည့်နေရာတွင် ကြက်ခြေခတ်တစ်ခု ရေးခြစ်ပေးလိုက်သည်။

ပိုက်ဆံကိုတော့ ယောက်ျားဖြစ်သူက လှမ်းယူလိုက်သည်။ ထို့နောက်ဖျတ်ခနဲ လက်သွားသော ကင်မရာမီးရောင်။ သူတို့ငွေလက်ခံရယူသည် ကိုသက်သေအဖြစ် ဓာတ်ပုံမှတ်တမ်းတင်သွားကြခြင်း။ ”ငွေကြေးက ချေးငှားတာလား အပြတ်ပေးတာလား၊ အဲဒါတော့မသိဘူး။ သူတို့ဘာသာ လူမှုရေးအရလုပ်ကြတာ။ ကျွန်တော်တို့က ကျွန်တော်တို့ အနေနဲ့လုပ်ပေးတာမဟုတ်တော့ ကျွန်တော်တို့ဘက်ကပြောလို့မရဘူး။ ဒါပေမဲ့ အဲဒီလိုပေးတဲ့အခါမှာတော့ ရုံးလုပ်ထုံး လုပ်နည်းအရ မှတ်တမ်းဓာတ်ပုံ ရိုက်ရတယ်”ဟု ထိုရပ်ကွက်မှ ဆယ်အိမ်စုမှူး တစ်ဦးက ပြောသည်။

 ၇ နှစ် အရွယ်သာ ရှိသေးသည့် သူတို့၏သမီးငယ်ကို အိမ်နီးချင်း အမျိုးသားတစ်ဦးက ပြုကျင့်ခဲ့ကြောင်းကို အချိန်လွန်မှ သိခဲ့ပြီးနောက် ဤသို့ လာပေးသော ငွေကိုမည်သို့ အမည်တပ်ရမည်မှန်း မလုံးကိုယ်တိုင်လည်း မသိ။ မလုံးကအိမ်တကာလှည့် အဝတ်လျှော်အလုပ် လုပ်သူ။ ယောက်ျားကလည်း ကျပန်းသမားမို့ အိမ်မကပ်နိုင်။ နေ့စဉ်အိမ်တွင်သားဖြစ်သူနှင့် သမီးတို့ သာကျန်ခဲ့စမြဲ။ သမီးငယ်က ကလေးမို့ ရပ်ကွက်အနှံ့ဆော့ ကစား နေတတ်သည့်အပြင် အိမ်နီးချင်း မည်သူခိုင်းခိုင်း မညည်းမညူလုပ်ပေးတတ်သည့်ကလေးဟု မလုံးကသူ့သမီးအကြောင်း ပြောပြသည်။

 သမီးက ယခုမေလ ၄ ရက်နေ့မှ ဆီးမသွားနိုင်ဘဲနာနေသည်ဟုဆို၍မေး မြန်းရာမှအဖြစ်ဆိုးသိကာ ရင်ကျိုးရခြင်းဖြစ်သည်။ မည်သည့်အချိန်က တည်းက ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါ ရှိနေပြီဆို သည်လည်းမသိပါဟု မလုံးက မချိတင်ကဲ ဆိုပါသည်။ ”ဒီကိစ္စကို စကြားကတည်းက ခံစားချက်အပြည့်နဲ့ ကိုယ့်သားသမီးလိုပဲ ကိုယ့်သားသမီး ကိုယ့်မြေးတစ်ယောက်လိုပဲ ခံစားချက်နဲ့ ငါတို့က အမှုကိစ္စနဲ့ ပိုက်ဆံတစ်ပြားတစ်ချပ်မှ ကျွန်မတို့ ရတာမဟုတ်ဘဲနဲ့ ကျွန်မတို့ဘာသာ ကျွန်မတို့ ဒီဖြစ်စဉ်မှန်သာဖြစ်ခဲ့လို့ရှိရင် ကလေးတစ်ယောက်ဟာ ဒါမျိုးတွေဖြစ် သွားမယ်ဆိုတဲ့ ခံစားချက်တွေ၊ ကိုယ့်သားသမီး ကိုယ့်မြေးသာဖြစ်ခဲ့တယ်ဆိုရင် ဆိုတဲ့အတွေးနဲ့ ပါတီဝင်တစ်ယောက်အ နေနဲ့သာမက ပြည်သူတစ်ယောက်အနေနဲ့ အဖြစ်မှန်ကို ဖော်ထုတ်ချင်တယ်။ ဖော်ထုတ်ဖို့လည်း သင့်တယ်လို့ယုံကြည်တယ်။ ဒီကိစ္စကို သိသိချင်း လိုက်ကြတယ်၊ စုံစမ်းကြတယ်၊ လေ့လာကြတယ်။ ဘယ်သူမှ ကျွန်မတို့ကို လက်ဖက်ရည်မတိုက် လမ်းစရိတ်မပေးဘူး။

ခု ကျွန်မတို့ စွမ်းဆောင်နိုင်သလောက် ပါတီဝင်တစ်ယောက်အနေနဲ့ရော၊ ပြည်သူတစ်ယောက်အနေနဲ့ရော၊ မိခင်တစ်ယောက်အနေနဲ့ရော ကျွန်မတို့ လုပ်မှာပါ”ဟု ဒေသခံနိုင်ငံရေးပါတီ တစ်ခုမှ မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။ သမီးဖြစ်သူ ထိုသို့ကျူးလွန်ခံရပြီးမှန်း မိဘများနှင့် ပတ်ဝန်းကျင်သိ၍ အသံထွက်လာပြီးနောက် ကျူးလွန်သူ ပုဂ္ဂိုလ်က ငွေကျပ်သုံးသောင်းပေး၍ တောင်းပန်ခဲ့သည်ဟု မလုံးက ပြောသည်။

 ”ကိုယ်ကတောင်းတာ မဟုတ်ဘူး။ သူကလာပေးတာ”ဟု မလုံးက ဆိုသည်။

 အခြား အိမ်နီးချင်းတစ်ဦးဖြစ်ပြီး အကြောင်းရင်း အစအဆုံးသိနေသည့် ဒေါ်နီကမူ တောက်တစ်ချက်ခပ်ပြင်းပြင်း ခေါက်လိုက်ပြီး ”ကလေး တစ်ယောက်ကို ဒီလိုလုပ်ပြီး လျော်ကြေးပေးလိုက်ရုံနဲ့ ပြီးရောလား။ ဒါဟာ ဖြစ်သင့်တဲ့ကိစ္စရော ဟုတ်ရဲ့လား”ဟု ဒေါသဖြင့် မေးခွန်း ထုတ်သည်။
အဆိုပါသုံးသောင်းပြီးနောက် အစတွင်ဖော်ပြခဲ့သည့်အတိုင်း နောက်တွင် ငွေ ၂ သိန်း ၇ သောင်းကို ရပ်ကွက် တာဝန်ရှိသူများနှင့်အတူ လာရောက် ပေးခဲ့ခြင်းဖြစ်သည်။

 ”စာထဲမှာဘာတွေရေးထားလည်း ကျွန်မ မသိဘူး။ ကျွန်မက စာမတတ် ဘူးလေ”ဟု မလုံးက ညှိုးငယ်သောမျက် နှာဖြင့်ပြောသည်။

 ”စခန်းကို မသွားခင်မှာ ကျွန်တော်တို့ရုံးကို လာပြီးတော့ ချိန်းလိုက်တာပေါ့။ ဒါ ရဲတွေချိန်းလိုက်တာ ကျွန် တော်မသိဘူး။ ပြဿနာတက်နေတယ်၊ ဆယ်အိမ်မှူးရေ လာပါဦးဆိုပြီး။ ရဲတွေ ကတော့ ခရေစေ့တွင်းကျ မေးတာပေါ့။ စုံစိနေတာပဲ။ နှိုက်နှိုက်ချွတ်ချွတ်ပေါ့။ မေးပြီးတဲ့အခါကျတော့ မင်း အမှုဖွင့်လို တယ်ဆိုရင်လည်း စခန်းကိုလိုက်ပြီး အမှုဖွင့်၊ အဲ့မှာပြန်သွားပြီးတော့ ကလေး အိမ်နီးချင်းကို သွားပြောတာ။ သူက အဲ့ဒါမျိုးတော့ငါမကျေနပ်ဘူး၊ အခုချက် ချင်းလုပ်မယ်ဆိုပြီး ခေါ်ကြဆိုတော့ကျွန်တော်ခုချက်ချင်း စခန်းကိုသွားကြ ဆိုပြီး ကျွန်တော်နောက်ကနေလိုက်သွားတယ်။ စာရွက်ဖြူ ၁ဝဝ ဖိုးတောင် ဝယ်သွားတယ်။ တကယ်လို့ ဟိုနင်းဖြစ် ရင် ကျွန်တော်က စာတင်ရတော့မှာလေ။ ဟိုကျတဲ့ခါကျတော့ မေးပြီးတော့ စခန်းမှူးရော၊ ဂတ်စာရေးရော၊ ရဲတပ် သားတွေရော မေးစမ်းပြီးတဲ့ အခါကျတော့ သူ့ယောက်ျားရော သူရောက အမှုမဖွင့်ချင်ပါဘူးတဲ့။ အဲလိုပြောပြီးမှ ဟိုက လက်မှတ်ထိုးခိုင်းတာကို လက်မှတ်ထိုးပြီး ပြန်လာတယ်” ဟု ငွေပေး အပ်ရာတွင်ပါဝင်ခဲ့သည့် ဆယ်အိမ်စုမှူး တစ်ဦးက ပြောသည်။

ဤကဲ့သို့ လူမသိသူမသိ၊ မကြားဝံ့မနာသာ အဖြစ်မျိုး မြန်မာနိုင်ငံတွင် မည်မျှထိဖြစ်ပျက်နေပါပြီနည်း။ ၂ဝ၁၂ ခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး ၌ ကောက်ယူထားသည့် စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီး အတွင်း အသက် မပြည့်သေးသည့် ကလေးငယ်များအား အဓမ္မကျူးလွန်မှု ၇၇ မှုရှိခဲ့သည်။ယခု ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်းတော့ အမှုပေါင်း ၃၁ မှုရှိနေပြီဖြစ်သည်။ အသက် မပြည့်သေးသည့် ကလေးသူငယ် များအတွင်း ၁ဝ နှစ်အောက် ကလေးငယ်များအပေါ် အဓမ္မကျူးလွန်မှုများမှာ တစ်နှစ်လျှင် နှစ်ဆနီးပါးခန့် မြင့်တက်လာပြီး ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အတွင်း မြန်မာတစ် နိုင်ငံလုံးကောက်ယူခဲ့သည့် စစ်တမ်းများ အရ အမှုပေါင်း ၈၈ဝ နီးပါး ရှိခဲ့သည်ဟု ကလေးသူငယ်နှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများအား အရေးယူ၍ ဥပဒေအတွက် အဓိကလိုက်လံ ဆောင်ရွက်ပေးနေသည့် သမာဓိဖောင် ဒေးရှင်းမှ သိရသည်။

 ကလေးသူငယ်တို့အပေါ် အဓမ္မ ကျူးလွန်သူ၊ လိင်အလွဲသုံးစား ပြုသူ အချို့မှာ ”ကျေအေးခြင်းဆို သည့်စကား လုံးနောက်၌ လုံလုံခြုံခြုံ ပုန်းအောင်း လျက်သားပင် ရှိသည်။ မုဒိမ်းမှုဟုခေါ်သည့် မှုခင်းများစွာကား ဆိတ်ကွယ်ရာ အရပ်၌ မှောင်ရိပ်ခိုကောင်းတုန်းပင်ဖြစ် သည်။ ”တကယ်တော့ မုဒိမ်းမှုကို ကျေ အေးမပေးသင့်ဘူး။ ကျေအေးပေးတာနဲ့ နောက်တစ်ခါအမှုထပ်ဖြစ်ဖို့ အခွင့် အလမ်း ဖွင့်ပေးသလိုပဲ” ဟု သမာဓိ ဖောင်ဒေးရှင်းမှရှေ့နေဖြစ် သူဦးငိုင်ဆာ့ခ် ကဆိုသည်။ ၄င်းက သူ့အတွေ့အကြုံ အရကလေးသူငယ်များအပေါ်အဓမ္မပြု ကျင့်ရာတွင် ကလေးကိုယ်တိုင်က လိုလိုလားလား ပြောပြလာခြင်းမျိုးမဟုတ်ဘဲ အသက်အရွယ် ငယ်လွန်းခြင်းကြောင့် သွေးတအားဆင်းလာခြင်း၊ ဆီးမသွား နိုင်ဘဲ နာကျင်လာသည့် အချိန်မျိုးမှသာ စတင်သိရှိသည်ဟု ဆိုသည်။

 ပြစ်မှုဆိုင်ရာ ဥပဒေမှတ်တမ်းများ အရ အဓမ္မကျူးလွန်ရန် ကြံစည်ထားသူများက ကလေးအပေါ် ကျူးလွန်ရခြင်းသည် အရွယ်ရောက် သူတစ်ဦးထက် ပိုမိုလွယ်ကူလေ့ရှိခြင်းကြောင့် ဖြစ်ကြောင်းတွေ့ရှိရသည်။ အရွယ်ရောက်အမျိုးသမီး တစ်ဦးအနေဖြင့်၎င်းတွင်ပြန်လည်ခုခံ နိုင်စွမ်းရှိပြီး ခွန်အားသုံး၍ ရုန်းကန်နိုင် ခြင်းကြောင့်ကျူးလွန်သူအနေဖြင့် အကြံ စည်အထမြောက်ရန် ခဲယဉ်းသည်။ သို့ သော် ကလေးကား မခုခံနိုင်။ ထို့ပြင် တစ်ခါတစ်ရံ မိဘဖြင့် တိုင်မည်ဟုခြိမ်း ခြောက်ရုံဖြင့်ပင် ကလေးများကဖွင့်ဟ ဝန်ခံလေ့ မရှိတော့ကြောင်း တွေ့ရှိရသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ကလေး သူငယ်ကာကွယ်ရေးအဖွဲ့မှ ကိုအောင် မျိုးမင်းက ပြောသည်။

 ထိုသို့သော အဖြစ်ဆိုး တစ်ခုက (၅-၅-၂ဝ၁၃)နေ့တွင် မြောက်ဥက္ကလာပ မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။ မဝေဝေ (အမည်လွှဲ)က သူ၏ ၇ နှစ်အရွယ် သမီးငယ်လေးမှာ အဓမ္မပြုကျင့်ခံထားရပြီး ဆေးကုသမှုခံယူနေရတုန်းပင်ဖြစ်သည်ဟု ဆိုသည်။ မဝေဝေတို့မှာလည်း ကျပန်းအလုပ်သမား မိသားစုသာ ဖြစ်သည်။ ကလေးကိုကျောင်းပင်မထားနိုင်။ ယခုကိစ္စဖြစ်ပေါ်လာချိန်တွင် ငွေပေးကျေအေးခိုင်းသည်။ သက်ဆိုင်ရာရဲစခန်းမှ ထိန်းချုပ်ထားသော်လည်း စီရင်ချက်တော့  မချမှတ်ရသေး။ မဝေဝေကတော့ သမီးအတွက် အစိုးရဆေးရုံမှပေးလာမည့် သက်သေခံ ဆေးစာ။ ဤဆေးစာကိုသာ မျှော်လင့်တကြီး စောင့်မျှော်နေဆဲဖြစ်သည်။

 ”ငွေမယူဘူး။ တရားစွဲမယ်။ အဲဒီလူကို အပြစ်ဒဏ်ကြီးကြီးမားမား ပေးစေချင်တယ်”

 မိခင်တစ်ယောက်၏ ရင်တွင်း ခံစားချက်ကို မျက်ရည်များနှင့်ရောပြွန်း ၍ မဝေဝေတစ်ယောက်အပြင်သို့ ထုတ် ဖော်ပြောလိုက်ပြီး လက်ခုံနှင့် မျက်ရည်တချို့ကို သုတ်ပစ်လိုက်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလည်း ကလေး သူငယ်များ အဓမ္မပြုကျင့်ခံရမှုများအား မိမိတို့ဆီသို့ လာရောက် အမှုဖွင့်တိုင် တန်းမှသာလျှင် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်မည်ဖြစ်ပြီး တိုင်ကြားလာသည့် ပြစ်မှုများအတွက်ကိုမူ ထိရောက်သည့်ပြစ် ဒဏ်ပေးနိုင်ရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ဆိုသည်။

 ”ဒီလိုအမှုတွေအတွက် မြို့နယ်ရုံး ကိုတောင်မဟုတ်ဘဲ ခရိုင်တရားရုံးကို တိုက်ရိုက်တန်းပြီး စွဲချက်တင်ပါတယ်”ဟု ရဲမှူးမြင့်ထွေးက ပြစ်ဒဏ်ေ ပးနိုင်ရန် ဆောင်ရွက်နေပုံကို ရှင်းပြသည်။

ဥပဒေအရတရားစီရင်ရာတွင် ပြစ် မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၃၇၆ (အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်း) သာမက ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် ကလေးသူငယ် ဥပဒေပါ ၆၆(က)၊ ၆၅(က) တို့ဖြင့်ပါ ပူးတွဲအရေးယူမှုပြု ကြောင်း သိရသည်။ ကလေးသူငယ်ဥပဒေ၌၆၅(က)တွင် ကလေး သူငယ်အား အသက်ဘေး အန္တရာယ် ဖြစ်စေနိုင်သော ရောဂါဝေဒ နာများ စွဲကပ်စေနိုင်သော (သို့မဟုတ်) အကျင့်စာရိတ္တ ပျက်ပြားစေနိုင်သော အလုပ်ကိုစေခိုင်းခြင်း (သို့မဟုတ်) လုပ် ကိုင်ခွင့်ပြုခြင်းအတွက် ထောင်ဒဏ် ၆ လ ဖြစ်စေ၊ ငွေဒဏ် ၁ဝဝဝ ကျပ်ဖြစ်စေ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး ၆၆ (က)တွင်မူ ကလေးငယ်အား လိင်လုပ် သားအဖြစ် ဆောင်ရွက်စေပါက ထောင်ဒဏ် ၂ နှစ်၊ ပြစ်ဒဏ်ငွေ ကျပ် ၁ဝဝဝဝ ထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ကလေးသူငယ်ဥပဒေအခန်း ၁၇ ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်း၌ ပြ ဋ္ဌာန်းထားသည်။

အသက်မပြည့်သည့် ကလေးငယ် တစ်ဦးအပေါ် တမင်ရည်ရွယ်ကြံစည်၍ အဓမ္မပြုကျင့်ခြင်းသည် မုဒိမ်းမှုမြောက် ပြီး ၄င်းသည်ကြီးလေး သည့်ပြစ် မှုကြီး တစ်ခုသာ ဖြစ်သည်။ ယင်းအတွက် သာမန်အမှုများကဲ့သို့ ခွင့်လွှတ်၍ လုံးဝမ ထိုက်သင့်သည့်အမှုသာ ဖြစ်ကြောင်း ဥပဒေပညာရှင်တို့က သုံးသပ်သည်။ ပြစ်ဒဏ်များချမှတ်ရာတွင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ် သက်တစ်ကျွန်းအထိချမှတ်နိုင်ကြောင်း ဦးငိုင်ဆာ့ခ်ကဆိုသည်။ သို့သော် အဓမ္မ မှုတိုင်းတော့ တစ်သက်တစ်ကျွန်းမဟုတ် ကြပေ။

 ဇနီးမယားအား အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်း၊ ခွင့်မပြုသေးသည့် အချိန်တွင်ကျူးလွန်ခြင်း၊ ခြိမ်းခြောက် သဘောတူစေခြင်းနှင့် ယောက်ျားထင် မှတ်၍ ပေါင်းသင်းမိခြင်းတို့ အတွက်မူ တရားသူကြီးက တွေ့ရှိချက်အတိုင်းပြစ် ဒဏ်ချမှတ်သည်ဟု သိရသည်။  ပြစ်ဒဏ်တို့ကား တရားခံတို့ အတွက် ကြီးကြီးမားမားအသင့်ရှိနေသည်။ သို့သော် မကောင်းမှု ကျူးလွန်သူများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဥပဒေဘောင် အပြင်က လက်တစ် လုံးခြားကစားနေကြတုန်း ဖြစ်သည်။ ပြစ်မှုကျူးလွန်သူက ကလေးငယ်မိသားစု၏ပျော့ကွက်၊ ဟာ ကွက်ကို နင်း၍ အမှုကိုမတိုင်တန်းစေရန် အမျိုးမျိုးကြိုးစားမည် သို့မဟုတ် ခြိမ်းခြောက်ပြောဆိုဦးမည်။ တစ်ခါတစ်ရံ ပတ်ဝန်းကျင်အကူအညီတချို့ဖြင့် မြေနိမ့်ရာ လှံစိုက်ပစ်တတ်သည်။

ကလေးသူငယ်များအပေါ်၌ ရွေး ချယ်၍ အဓမ္မပြုကျင့်သူ အများစုသည် ကလေးငယ်များ၏ ရိုးသားမှုအပေါ် မူတည်၍ စည်းရုံးသိမ်းသွင်းကြခြင်းဖြစ် သည်။စည်းရုံးရာတွင်လည်း လွယ်ကူမှုရှိ ကြောင်း တွေ့ရှိရသည်။ မြောက်ဥက္ကလာမှ မဝေဝေက ”သမီးလေးကို မုန့်ကျွေးမယ် ဦးဦးနဲ့ လိုက်ခဲ့ဆြို ပီးခေါ်သွားရင်းက အဲဒီလို လုပ်တာ။ကျွန်မတို့မရှိတုန်း။ ပြန်ရောက်တော့ ကလေးက သွေးတွေဆင်းနေပြီ”ဟု သမီးအားအဓမ္မပြု ကျင့်မှုခေါ်ယူ သွားခဲ့ပုံကို ပြန်ပြောင်းပြောသည်။

ကလေးသူငယ်များကား အသက်အရွယ် ငယ်လွန်းလှသည်မို့ အစား၊ ကစား၊ ခုံမင်ကြသည်။ အဆော့မက်ကြ သည်။ အယုံကြည်လည်း လွယ်တတ် ကြသည်။ ကလေးအား မုန့်ဝယ်ကျွေးမည် လိုက်ခဲ့ဟုဆိုရုံဖြင့် ကလေးကမငြင်း တော့။ သူ့အတွက်မုန့်စားရန်အသိတစ်ခုဖြင့် ရိုးသားစွာလိုက်လာသော်လည်း အခွင့်ကောင်းယူ၍ အဓမ္မကျူးလွန်စော် ကားသည်။ကလေးက မိမိလုံခြုံရေး အတွက် မည်ကဲ့သို့ကာကွယ်ရမည်ကို သိထား သည်မဟုတ်။ ထိုအခြေအနေကလည်း ပစ်မှတ်ထား ကျူးလွန်သူတို့အတွက် အခွင့်အရေးတစ်ရပ် ဖြစ်စေသည်။

 ကလေးငယ်များအပေါ် အဓမ္မ ကျူးလွန်ခြင်း (သို့မဟုတ်) မုဒိမ်းမှုကျူး လွန်ခြင်းသည်ဒေါသအလျောက် တစ် ခဏဆောင်ရွက်ကျူးလွန်မိခြင်း မဟုတ်။ ပင်ကိုယ်ဗီဇ၊ မျိုးရိုး၊ စရိုက်၊ အကျင့်တို့ အပေါ်၌သာ မူတည်နေသည်။ ”မုဒိမ်းမှုတော်တော်များများမှာတော့ ကလေးကတရားခံကို ပြောနိုင်တယ်။ အဲဒီကနေတရားခံကို ခြေရာခံ လိုက်တယ်။ ဒါပေမဲ့ ရဲက ကြိုတင်ထိန်း ချုပ်မှုလုပ်နိုင်ဖို့ဆိုတာတော့ ခက်တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအုပ်တစ်ဦးက ဆိုသည်။

ကလေးသူငယ် အဓမ္မပြုကျင့်ခံရမှု လျော့နည်းလာစေရေး အတွက်တော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၄မြို့နယ်အတွက် ပညာပေးလုပ်ငန်းများအား စီမံချက်ချ၍ဖော် ဆောင်လျက်ရှိသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။မိဘများအနေဖြင့်မိမိ၏ သားသမီး ငယ်အားတစ်ဦးတည်း လွှတ်ထားတတ်ခြင်း၊ လယ်၊ တောနှင့် အခြားနေရာတစ်ခုသို့ တစ်ဦးတည်း စေလွှတ်ခြင်းများကို အတတ်နိုင် ဆုံးရှောင်ကြဉ်သင့်သည်။ ထို့အပြင် အသိ၊ မိတ်ဆွေနှင့် မိမိကြည် ညိုရသည့်လူပုဂ္ဂိုလ်ဆိုလျှင်တောင်မိမိ ကလေးငယ်ဖြင့် နှစ်ဦးတည်းမထားသင့်ကြောင်း၊ စိတ်မချသင့်ကြောင်း ကလေး သူငယ်များလိင်အလွဲသုံးစားမှု မပြုခံရ စေရန် ဒေါက်တာတင့်ဆွေက အကြံပြုသည်။

ကလေးသူငယ်များ အဓမ္မကျူး လွန်ခံရမှုမှာ ၂ဝဝ၉ ခုနှစ်တွင်း လေ့လာဆန်းစစ်မှုအရ အာရှတိုက်၌ ၂၃ ဒသမ ၉ ရာခိုင်နှုန်းရှိနေပြီး အမေရိ ကနှင့်ဥရောပထက်သာလွန်နေသည်။ မိန်းကလေးများက ၁၉ ဒသမ ၇ ရာခိုင် နှုန်းရှိပြီး ယောက်ျားလေး ၇ ဒသမ ၉ ရာခိုင်နှုန်းရှိနေကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင်း၌ ကလေးအပေါ် အဓမ္မကျူးလွန်မှုတိုင်း တရားခွင်ရှေ့ သို့ရောက်ရှိနေခြင်းတော့မဟုတ်။ ခြိမ်းခြောက်မှုတစ်စုံတစ်ရာရှိ၍ အမှန်ကို မမြင်ရခြင်းလော၊ သို့တည်းမဟုတ် ဖိအားပေးမှုကြောင့် အမှန်တရားနစ်မြုပ် ပျောက်ကွယ်နေခြင်းလော။

ယင်းအတွက် ”ကူညီပါရစေ” ဆိုသည့်ဆိုင်းဘုတ်အောက် အဓမ္မမှု တိုင်းရောက်မလာနိုင်ခြင်းလည်း ဖြစ်ပေ လိမ့်မည်။”ဒီကိစ္စမျိုးက အရှက်အကြော က် မရှိဘဲတိုင်ကိုတိုင်ရမယ်။မတိုင်ရင် ကလေးက အခါခါခံရမယ်။ ဒါက, ကလေးဆိုး လို့ဖြစ်တာမှမဟုတ်တာ”ဟု ကလေးငယ် အပေါ် အဓမ္မကျူး လွန်ခံရမှုနှင့် စပ်လျဉ်း၍ ရှေ့နေဦးငိုင်ဆာ့ခ်က ပြောဆိုလိုက်ခြင်းဖြစ်သည်။အဓမ္မကျူးလွန်သူ တစ်ဦးအား တိုင်တန်းခြင်းမပြု၍ ယင်းထောင်မှ လွတ်လပ်သွားခြင်းသည် နောက်ထပ် ကလေးသူငယ်များအပေါ်သို့ ဆက်လက် ကျူးလွန်နေဦးမည်ကတော့ သေချာကြောင်း ရှေ့နေအတွေ့အကြုံ အရပြောပြသည်။

 ထိုကဲ့သို့ အဓမ္မမှုများသည် မြို့ လယ်နေရာများတွင် ဖြစ်ပွားမှုရှိသော် လည်း နည်းပါးပြီးဆင်ခြေဖုံးရပ်ကွက် များဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည် သာ၊ တောင်ဒဂုံ၊ ဒလစသည် တို့တွင်တော့ လအလိုက်နှစ်အလိုက် ဖြစ်ပွားနေကြ သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြစ်မှု မှတ်တမ်းများအရ သိရ သည်။သို့သော်သာမန်အလယ် အလတ် တန်းစားလူများတွင် အဓမ္မကျူးလွန်ခံ ရပါက ရုံးရှေ့သို့မကြောက်မရွံ့လာ ရောက်တိုင်တန်းတတ်ကြသည်။ ၄င်းတို့၌ ပညာရည်အဆင့်အတန်းအားဖြင့် တတ်သိနားလည်ကြပြီး ငွေကြေးဖြင့် ကျေအေးပါကလည်း မိမိသားသမီးအပေါ် လိင်အလွဲသုံးစားပြု မှုအား ကိုယ်တိုင်ပါဝင်သွားနိုင်မည်ကို သိရှိထားခြင်း တို့ကြောင့် ထိုသူများကတော့ တိုင်တန်းမှုပြုရဲကြသည်ဟု ဥပဒေမှတ်တမ်း ပြုစုရာမှ တွေ့ရှိသည့်အချက်အလက်ကို ဦးငိုင်ဆာ့ခ်ပြောပြခြင်းဖြစ်သည်။

 မြောက်ဥက္ကလာပမှ မဝေဝေက သမီးအတွက်ပရိဒေဝမီးတောက်လောင် ၍ ဘာလုပ်ဘာကိုင်ရမှန်း မသိချိန်က လေးခေါ်၍ မြောက်ဥက္ကလာဆေး ရုံသို့ သွားခဲ့သော်လည်း တွေ့ကြုံလိုက်ရသည် က ”တာဝန်ကျတဲ့ဆရာဝန်မက ဘာမှမ ဖြစ်ဘူး ပြန်တော့တဲ့။သမီးကိုခေါ်ပြီး ပြန်လာတော့ သမီးကသွေးတွေတအား ထပ်ဆင်းလာတယ်”ဟု ပြောရင်း မဝေဝေ၏အသံကတိမ်ဝင်သွားပြီး ခဏတာ နစ်မြုပ်သွားသည်။ မျက်ရည်စက်များက ပါးပြင်ပေါ် သို့ တစ်လှိမ့်ပြီးတစ်လှိမ့်ဆင်းလာရင်း။

 ”ရပ်ကွက်ထဲတစ်ခါပြန်ပြီး လူကြီးတွေကို အကူအညီပြန်တောင်းရတယ်။ စခန်းမှာ အမှုတွေဘာတွေ ဖွင့်ပြီးတော့ ညကျမှဆေးရုံပြန်သွားရတယ်” ဆေးရုံသို့သွားရာ ပထမအကြိမ်၌ သမီးငယ်လေးအား စစ်ဆေးပေးမှုမ လုပ်ခဲ့ကြောင်း မည်သို့မျှနားမလည်ကြောင်း မဝေဝေက ရိုးရိုးသားသားပင်ပြောသည်။ လက်ရှိတွင်တော့ ကလေး အားလိုအပ်သည့် ဆေးကုသမှုများပေး ထားပြီး ပြန်လည်ပြသရန်ရက်လည်း ချိန်းထားသည်ဟု သိရသည်။

အဓမ္မကျူးလွန်မှုသည်ရဲအရေး ပိုင်သည့်အမှုဖြစ်ပြီး ယင်းအတွက် ကျူးလွန်ခံရသည်ကို ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားရမည်။ သို့သော် ခြွင်းချက် အနေဖြင့် အခြေအနေတစ် စုံတစ်ခုကြောင့် ရဲစခန်းသို့မသွား ရောက်ဘဲ ဆေးရုံသို့တိုက်ရိုက်သွားလျှင်လည်းဆေးရုံရှိဆေးစာဌာနမှ မှတ်တမ်းတင်ပြီး စခန်းသို့ပေးပို့ အမှုဖွင့် နိုင်ကြောင်း၊ ယင်းအတွက် ရဲစခန်းမှ တာဝန်ကျရဲအရာရှိမှ ဆေးရုံသို့ လာရောက်၍ အမှုဖွင့်ဆောင်ရွက်ပေးသွား မည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ရှင်းပြသည်။

 အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်တိုင်း မိန်းမကိုယ်၌ ထိုးသွင်းဒဏ်  ရာဒဏ်ချက်များ ရှိနေမည်ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံလိုက် ရ သော်လည်း ဆေးဝါးအချိန်မီ ကုသနိုင်ပါက အသက်အန္တရာယ် မထိခိုက်နိုင်။ သို့သော် ကလေး၏ နုနယ်သည့်စိတ်၌ ဒဏ်ရာကြီးကြီးမားမား ကျန်ရှိနေတတ်သည်။ ကျူးလွန်သူ၏ စိတ်ဆန္ဒတစ်ခဏ ကျေနပ်မှုအတွက် ကလေးငယ်တစ် ယောက်၏ တစ်ဘဝစာ အနာဂတ်ကို ကြီးမားသော ထိုးနှက်ချက်များနှင့် ပေးဆပ်လိုက်ရခြင်း ဖြစ်သည်။ အိပ်မက် ဆိုးများ မက်ခြင်း။ကြုံတွေ့ခဲ့ရသည့် အဖြစ်ဆိုးအား ကြောက်လန့်နေတတ်ခြင်း၊ ဖြစ်ပျက်ခဲ့ရမှုအပေါ် ရင်မဆိုင် နိုင်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ ဝင်ရောက်လာနိုင်ကြောင်း စိတ်ကျန်းမာ ရေးဆိုင်ရာ အငြိမ်းစားပါမောက္ခ ဒေါက်တာ ဆွေဆွေဝင်းက မှတ်ချက်ပြု ပြောသည်။

 ”သူတို့လေးတွေအတွက် စိတ်ပိုင်း ဆိုင်ရာအရမ်းကြီးထိခိုက်သွားပြီ။ ဒီဟာက သူတို့ဘဝမှာ အမည်းစက်တစ်ခု ဖြစ်သွားတယ်”ဟု ပါမောက္ခက ကလေးများက ကလေးများ၏ စိတ်ခံစားနိုင်ရ မှုအပေါ် ဆွေးနွေးပြောကြားသည်။ကလေးများအတွက် ပြန်လည် ကုသပေးရာတွင် ခန္ဓာကိုယ်သာမက စိတ်ပိုင်းဆိုင်ရာကိုပါ အဓိကထား ကု သပေးသင့်သည်။ ခန္ဓာကိုယ်ကျန်းမာရေးကား ပြန်လည်ကုသရန် လွယ်သော်လည်း စိတ်ကျန်းမာရေး ကား မည်သို့ ရှိနေသည်ကိုပင်မသိ။မှန်းဆရန်ခက်သည်။ ခန္ဓာကိုယ် ပြန်လည်ကုသရေးတွင်လည်း သာမန်စုတ်ပြဲဒဏ်ရာဒဏ် ချက်အတွက်တော့ ကုသရန် လွယ်ကူသည်။ သွေးလိုအပ်မှုများအတွက်လည်း ပြဿနာတော့ မရှိလှ။ သို့သော်HIV ပိုးဝင်ရောက်ခံရခြင်း သို့မဟုတ် သားအိမ်ခေါင်း ကင်ဆာဖြစ်ရင် ဗိုင်းရပ်စ် တစ်မျိုးကူးစက်ခံရခြင်းဖြစ်ပါက ကလေးအတွက် ထိခိုက်နစ်နာမှုများစွာ ရှိလာလိမ့်မည်ဟု သားဖွားနှင့် မီးယပ် အထူးကုဆရာဝန် ဒေါက်တာစိုးလွင်က မှတ်ချက်ပေးသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေး ရုံအုပ်ကြီး ဒေါက်တာကျော် ကျော်က ၄င်းတို့ အစိုးရဆေးရုံများအနေဖြင့် အဓမ္မမှုများအပါအဝင် ရဲမှူးခင်းဆိုင်ရာ အမှုအခင်းများအတွက် ရဲစခန်း၏ ကနဦး အစီရင်ခံစာ (First Information Report) (FIR)အား အရင်ဆုံးလက်ခံ ရယူရသည်ဟု ဆိုသည်။ အကယ်၍ ယင်းအစီရင်ခံစာပုံ စံမရောက်လာသေးသည့် အခါများတွင်လည်း ဆေးရုံမှ မှတ်တမ်းကောင်းစွာ မှတ်သားထားရပြီး ရဲဆေးစာ တွင်ြ ပန်လည်ဖြည့်စွက်ပေးရ သည်။ လူနာ၏ အရေးပေါ်လိုအပ်ချက် အပေါ်မူတည်၍ ဆေးဝါးကုသမှုဆောင် ရွက်ကြောင်း ပြောသည်။”ဆေးရုံကြီး အချို့မှာ သက်ဆိုင်ရာရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦး တွဲဖက်ထားရှိပေးပါတယ်။ ဆေးရုံ တိုင်းတော့မဟုတ်ဘူး”ဟု ရန်ကုန် ပြည်သူ့ဆေးရုံအုပ်ကြီးက ဆိုသည်။ မလုံး၏ သမီးငယ်လေး အမှုနှင့်  မဝေဝေ၏ သမီးငယ်လေး၏ အမှုတို့တွင် ကလေး နှစ်ဦးစလုံးကား သက်တူရွယ်တူနီးပါး။ ပြစ်မှုကျူးလွန် သူများကလည်း ငွေပေးကျေအေးမှုများ၊ ခြိမ်းခြောက်မှုများ ပြုလုပ်ကြပြီး အပြစ်လျော့မည့် နည်း လမ်းပေါင်းစုံ အသုံးပြုနေကြခြင်း ဖြစ်သည်။

 ”ဘဘက အသက်လည်းကြီးပြီ။ ပန်းလည်းသေနေတယ်တဲ့။ နင်တို့ ကလေး ဘာမှမဖြစ်ပါဘူးဆိုပြီး ပထမ ဆုံး ငွေလာပေးတုန်းက ပြောသွားတာ။ ကျွန်မဖြင့် အသည်းတွေယားပြီး အသား တွေတောင်တုန်တယ်”ဟု မလုံးနှင့် အိမ်ချင်း ကပ်ရက်ဖြစ်သူ စစ်သူနာပြု တက္ကသိုလ်တက်ရောက်ခဲ့ဖူးသည့် ဒေါ်မိမိကြီးက ၄င်းကြားခဲ့ရပုံကို ပြောပြခဲ့ ခြင်းပင်။ အထက်ပါ ဖြစ်ရပ်နှစ်ခုတွင် ကွဲပြားနေသည်က မိခင်များ၏ ယုံကြည်ချက်။ မဝေဝေ ကတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးသူမို့ အမှုဖွင့်ထားပြီး ဖြစ်သောလည်း မလုံးက ဝေခွဲမရသေး။ ပိုက်ဆံ ရယူထားရ၍ အပြီးတိုင်ကျေအေး လိုက်နိုင်ပြီဟုလည်းမဆိုနိုင်။ မိခင်တစ်ယောက်၏ စိတ်ဓာတ်နှင့် စခန်းသွား၍ အမှုဖွင့်မည် ဆိုပြန်တော့လည်း မလုံး၏ယောက်ျား၊ ကလေး၏ ပထွေးကလည်းအမှု မဖွင့်စေချင်တော့။ တစ်ဖက်က ချုပ်ဆိုပေးထားလိုက်ရသည့် စာချုပ်ရှိနေသးသည်။ တိုင်တန်းမှုကြောင့် ပြဿနာတစ် စုံတရာထပ်ဖြစ် မှာလည်း မလိုလား။

ရှပ်အင်္ကျီအနီကွက် နွမ်းနွမ်း၏ လက်အင်္ကျီစဖြင့် မျက်ရည်ကို သုတ်လိုက်ကာ သမီးငယ်လေးဘက်သို့ လှည့် ကြည့်ရင်း မလုံးက ”တိုင်လို့ရမယ်ဆို ရင်တော့ တိုင်ချင်သေးတယ်။ ဒီကလေး အနာဂတ်အတွက်ပါ” ဟု ဆို့နင့်သော အသံဖြင့်တိုးတိတ်စွာပြောပါသည်။

သတင်းအချက်အလက်
သူရထွန်း၊ သုတလင်း၊ မြတ်စုငြိမ်း
Popular Myanmar News Journal

မဟာစင် ဝင်တော့မယ်လို့ အစိုးရ ကြေငြာ

15 မေလ 2013
မဟာစင် မုန်တိုင်း ကို အနီရောင်အဆင့် သတ်မှတ်လိုက်ပြီး ရခိုင်ပြည်နယ်၊ မောင်တောနဲ့ ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ စစ်တကောင်းတို့ ကြားကနေ ဝင်ရောက်တော့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ တိုင်းတာချက်အရ နောက်ထပ် ၁၆ နာရီခွဲလောက် အကြာမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်မှာ ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဆိုပါတယ်။

မြန်မာဘက်ခြမ်းမှာတော့ မောင်တောကို အရင်ဝင်မှာ ဖြစ်ပြီး စစ်တွေနဲ့ ကျောက်ဖြူတွေကို ဆက်လက် ရိုက်ခတ်သွားမယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဘီဘီစီကို ပြောပါတယ်။

မဟာစင် မုန်တိုင်းကြောင့် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း မိုးရွာသွန်းပြီး ရေကြီးတာ မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။
BBC Burmese

နမ့်ခမ်းမြို့ တရုတ်ဓါတ်ငွေ့ပိုက်လှိုင်း ဂိုဒေါင်အနီး ပစ်ခတ်မှုဖြစ် ရဲ ၂ ဦးနှင့် အရပ်သား တစ်ဦးသေဆုံး

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့အထွက် နွမ်းအင်ရွာ ဂက်စ်ပိုက်လှိုင်း ဂိုဒေါင်နေရာနှင့် ၄င်းနေရာနှင့် ကပ်လျှက် အောင်မေတ္တာရပ်ကွက် ဝိပုရ ကျောင်းတိုက်အနီး ကွမ်းယာဆိုင် နေရာများတွင် ယမန်နေ့ ညပိုင်း ၉ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ၂ ဦးသေဆုံး၍ ၂ ဦးဒဏ်ရာရခဲ့ကြောင်း နမ့်ခမ်းမြို့ခံ လူငယ် တစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည်။

“နမ့်ခမ်းမြို့ နွမ်းအင်ဂက်စ်ပိုက်လှိုင်းထားတဲ့နေရာနဲ့ အောင်မေတ္တာကွက် နှစ်နေရာမှာဖြစ်တယ်။ တော ကျောင်း အထွက် လမ်းပေါ့။ အောင် မေတ္တာရပ်ကွက် ဝိပုရကျောင်းနားလေးက ကွမ်းယာဆိုင်နားမှာပစ် ခတ်မှုဖြစ်တာ ရဲနှစ်ဦး သေဆုံးပြီး  တဦး ဒဏ်ရာရ တယ်။ ပိုက်လုံးပုံနားမှာ ဖြစ်တဲ့ပစ်ခတ်မှုမှာတော့ ကျောက်မဲ အလုပ်ဆိုဒ်က ကားဆရာနဲ့ဒရိုင်ဘာ သေဆုံးပြီး ရဲတယောက်နဲ့ အရပ်သား ၃ ယောက်   ဒဏ်ရာရသွားတယ် ”  ဟု သူက ပြောသည်။

မြို့တွင်းကင်းစောင့်နေသည့် ရဲများသေဆုံးခြင်း ဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားရာ အနီးရှိ စိုင်းအိုက်စိုင်း၏ နေ အိမ်တွင် ကျည်ဆံအမြောက်အများ ထိမှန်မှုရှိခဲ့ကြောင်း နမ့်ခမ်းဒေသခံများ အဆိုအရ သိရသည်။

လာရောက်ပစ်ခတ်သည့်အဖွဲ့ကိုလည်း မသိရကြောင်း နမ့်ခမ်းဒေသခံများကပြောသည်။

ယနေ့နေ့လည်ပိုင်းတွင် မြန်မာစစ်တပ်မှ တင့်ကားများပါဝင်သည့် စစ်ကြောင်းများ လားရှိုးမြို့မှ မူစယ်ဘက်သို့ တက်လာ ကြောင်း မျက်မြင် ကုန်သည်များ အဆိုအရ သိရသည်။
သျှမ်းသံတော်ဆင့်


ဘင်္ဂါလီဒုက္ခသည်အချို့ မုန်တိုင်းရှောင်ရန် ငြင်းဆို

ရန်ကုန်၊ မေ- ၁၄
ဘင်္ဂါလီဒုက္ခသည်စခန်းများကို မုန်တိုင်းအန္တရာယ်ကင်းရာဘေးလွတ်ရာသို့ ယနေ့ရွှေ့ပြောင်းပေးရာတွင် အချို့စခန်းများမှာ ရွှေ့ပြောင်းရန်ငြင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

စစ်တွေမြို့နယ် သဲချောင်းတစ်ဝိုက်ရှိ မိမိအစီအစဉ်ဖြင့် နေထိုင်ကြသော ဘင်္ဂါလီဒုက္ခသည်စခန်းများကို ပုလင်ပြင်ကျေးရွာ ဇုန်တောကြီးကယ်ဆယ်ရေးစခန်းတွင် ဆောက်လုပ်ထားသော တဲတန်းလျားကြီးများသို့ ရွှေ့ပြောင်းရာအချို့မှာ ငြင်းဆိုခဲ့ပြီး မည်သည့်အတွက်ကြောင့် မရွှေ့ပြောင်းနိုင်သည်ကို တိကျစွာပြောဆိုနိုင်
ခြင်းလည်း မရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

“စခန်းက ခေါင်းဆောင်တချို့ကို အုန်းတောကြီးကယ်ဆယ်ရေးစခန်းအခြေအနေကို ခေါ်ပြပြီးတော့ ရွှေ့ပြောင်းခိုင်းတယ်။ ပထမတော့ သဘောတူပြီးမှ မန်စီစခန်းကလူတွေက မပြောင်းနိုင်ဘူးလို့ပြောတယ်။ ဘာကြောင့်လဲဆိုရင်လည်း ရေရေရာရာမပြော နိုင်ကြဘူး”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် တာဝန်ရှိသူများသည် အဆိုပါ မန်စီဒုက္ခသည်စခန်းသို့ လာရောက်ကြည့်ရှုသွားပြီး တာဝန်ရှိသူများ ဒုက္ခသည်စခန်းများမှတာဝန်ခံများနှင့် အရေးပေါ်အစည်းအဝေးတစ်ခုကို ယနေ့ညပိုင်း တွင် ပြုလုပ်ခဲ့သည်။ စခန်းများရွှေ့ပြောင်းရန်အစီအစဉ်ကို ယာယီရပ်တန့်ထားကြောင်း နောက်
ဆုံးသတင်းရရှိသည်။
7Day News Journal

ကင်ညာပါလီမန်ဂိတ်ဝ၌ ဝက်များလွှတ်ပေးကာ အမတ်များကို ဆန္ဒပြ

နိုင်ရိုဘီမြို့တော်ရှိ ပါလီမန် အဆောက်အအုံ ရှေ့မှောက်တွင် ဝက်ကောင်ရေ နှစ်ဒါဇင်ကို လွှတ်ပေးကာ ဥပဒေပြု အမတ်များကို လောဘကြီးသော ဝက်များဟု ဆန္ဒပြသူများက ခိုင်းနှိုင်း လှောင်ပြောင်ခဲ့ကြသည်။
May 15 13



ကင်ညာနိုင်ငံတွင် ပါလီမန် ဂိတ်ဝ၌ ဝက်များကို လွှတ်ပေးကာ အစိုးရ ဥပဒေပြု အမတ်များကို ပြည်သူများက ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။ နိုင်ရိုဘီမြို့တော်ရှိ ပါလီမန် အဆောက်အအုံ ရှေ့မှောက်တွင် ဝက်ကောင်ရေ နှစ်ဒါဇင်ကို လွှတ်ပေးကာ ဥပဒေပြု အမတ်များကို လောဘကြီးသော ဝက်များဟု ဆန္ဒပြသူများက ခိုင်းနှိုင်း လှောင်ပြောင်ခဲ့ကြသည်။ အဓိကအားဖြင့် အသစ် ရွေးချယ် တင်မြှောက်ခံရသည့် အမတ်များက လုပ်ခလစာ ခံစားခွင့် တိုးမြှင့်ရယူရန် တောင်းဆိုမှုကို ပစ်မှတ်ထား ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ "ပါလီမန် အဖွဲ့ဝင်တွေ အနေနဲ့ သူတို့ စိတ်ထဲရှိတဲ့အတိုင်း လိုချင်သလို လုပ်ခလစာတွေ လျှောက်တောင်းနေတာမျိုး ကျွန်တော်တို့ ခွင့်မပြုနိုင်ဘူး"ဟု ဆန္ဒပြမှုကို စေ့ဆော်ဦးဆောင်သူ တစ်ဦးဖြစ်သည့် အိုကီယာ အွမ်တာတာက ပြောကြားခဲ့သည်။



၎င်းက "သူတို့ဟာ ဝက်တွေလိုပဲ လောဘကြီးတယ်။ ဒါကြောင့် သူတို့နဲ့ တူတဲ့ အကောင်တွေကို ကျွန်တော်တို့ ဒီခေါ်လာတာလေ"ဟုလည်း ဆိုသည်။ ဆန္ဒပြသူ အချို့သည် တိရစ္ဆာန်သွေးဟု ယူဆရသော အရာအချို့ကိုလည်း ပလက်ဖောင်းများပေါ်တွင် သွန်းလောင်းခဲ့ကြသည်။ ပါလီမန် အမတ်များ၏ လုပ်ခလစာကို ပြန်လည် စီစစ်ပြီး မြှင့်တင်ပေးရန် တောင်းဆိုခဲ့သည့် ဥပဒေပြုအမတ် မီသီကာ လင်တူရီက "ကင်ညာဆိုတာ မွဲတေနေတဲ့ နိုင်ငံ တစ်ခု မဟုတ်ဘူးလေ။ ဒီအဆိုကို လေးလေးစားစား လက်ခံ စဉ်းစားသင့်ပါတယ်"ဟု မှတ်ချက်ပြုထားသည်။



ကင်ညာနိုင်ငံ၏ အမတ်ရာထူးသည် လက်ရှိ အနေအထားတွင်ပင် အာဖရိကတိုက် တစ်ခုလုံး၌ အကောင်းဆုံး အလုပ်အကိုင် စာရင်းတွင် ပါဝင်နေပြီး ဖြစ်သည်။ ကင်ညာ ပါလီမန်မှ အမတ်တစ်ဦးသည် အခွန်ကင်းလွတ်ပြီး တစ်လလျှင် ဒေါ်လာ (၁၃၀၀၀)မျှ ရရှိနေသည်။ ဆန္ဒပြသူများသည် ၎င်းတို့ ယူဆောင်လာသည့် ဝက်များတွင် တစ်ကောင်ချင်းစီ၌ ၎င်းတို့ ရည်ညွှန်းလိုသည့် အမတ်များ၏ အမည်ကို ရေးထိုးထားကြသေးသည်။ ယခုဖြစ်စဉ်တွင် ဆန္ဒပြသူ (၁၀)ဦးမျှကို လုံခြုံရေးများက ထိန်းသိမ်းထားလိုက်ကြောင်းလည်း သိရှိရသည်။
Source: AFP  
Planet Myanmar Network

မုန်တိုင်းဘေးရန်ရှောင်ဖို့ ဒုက္ခသည်စခန်းတွေကို ပြောင်းရွေ့

http://picasion.com/i/1TeOg/
မဟာစင် ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကနေ ဘေးလွတ်ရာကို ပြောင်းရွေ့ရန် စစ်တွေမြို့၊ သက္ကယ်ပြင် ဒုက္ခသည်စခန်းတွင် နေထိုင်သူများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နဲ့ အစိုးရအဖွဲ့ဝင်များက လာရောက်ပြောကြားခဲ့သော်လည်း အဆိုပါဒုက္ခသည်စခန်းတွင် နေထိုင်သူများက ပြောင်းရွှေ့ပေးရန် ငြင်းဆန်ခဲ့သည်။
ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့ပတ်ဝန်းကျင်တွင် ဒုက္ခသည်စခန်းပေါင်း ၁၁ ခုရှိကြောင်း သိရသည်။
RFA Burmese

အမေရိကန် CIA အေးဂျင့်အား နိုင်ငံတွင်းမှထွက်ခွာရန် ရုရှားအစိုးရ အမိန့်ချမှတ်

ရိုင်ယန် ခရစ္စတိုဖာ ဖော့ဂ်လီသည် အင်္ဂါနေ့ ညပိုင်းက မော်စကိုမှ ထွက်ခွာရန် ဖိအားပေးခြင်း ခံခဲ့ရသည်။ ၎င်းသည် ရုရှား၏ တန်ပြန် ထောက်လှမ်းရေးသမား တစ်ဦးကို မိမိဘက်ပါအောင် သိမ်းသွင်း စည်းရုံးရင်း သရုပ်မှန် ပေါ်သွားခဲ့ခြင်းဟု ဆိုသည်
May 15 13



ရုရှားအစိုးရက ဖမ်းဆီးခဲ့သည့် သံတမန်အရာရှိအဖြစ် ဟန်ဆောင်ထားသူ အမေရိကန် CIA အေးဂျင့်အား နိုင်ငံတွင်းမှ ထွက်ခွာရန် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။ ရိုင်ယန် ခရစ္စတိုဖာ ဖော့ဂ်လီသည် အင်္ဂါနေ့ ညပိုင်းက မော်စကိုမှ ထွက်ခွာရန် ဖိအားပေးခြင်း ခံခဲ့ရသည်။ ၎င်းသည် ရုရှား၏ တန်ပြန် ထောက်လှမ်းရေးသမား တစ်ဦးကို မိမိဘက်ပါအောင် သိမ်းသွင်း စည်းရုံးရင်း သရုပ်မှန် ပေါ်သွားခဲ့ခြင်းဟု ဆိုသည်။ ၎င်းသည် CIAမှ အေးဂျင့်တစ်ဦးဖြစ်ကာ မော်စကိုရှိ အမေရိကန် သံရုံးမှ နိုင်ငံရေးဌာနတွင် တာဝန် ထမ်းဆောင်နေကြောင်း ရုရှားဘက်မှ ကြေညာခဲ့သည်။ ၎င်းနှင့်အတူ ဈေးပေါပေါ သူလျှို အသုံးအဆောင် အချို့ကို ရုရှား အာဏာပိုင်များက သိမ်းဆည်း ရမိပြီး မြေပုံနှင့် သံလိုက်အိမ်မြှောင်၊ ဓားတစ်လက် စသည်တို့အပြင် ရေရှည် ပူးပေါင်း ဆောင်ရွက်ပါက အကျိုးအမြတ် များစွာ ဖြစ်ထွန်းစေမည်ဟု သိမ်းသွင်းထားသည့် စာတစ်စောင်တို့ ပါရှိခဲ့သည်။



(ရိုင်ယန် ခရစ္စတိုဖာ ဖော့ဂ်လီထံမှ သိမ်းဆည်းရမိသည့် ပစ္စည်းများ)

ရုရှား ထောက်လှမ်းရေး ဌာနသည် ဖော့ဂ်လီကို အမေရိကန် သံရုံး တာဝန်ရှိသူများထံ လွှဲအပ်ပေးခဲ့ပြီးနောက် ထိုသူကို ရုရှားမြေတွင် ဆက်လက် ထားရှိနိုင်မည် မဟုတ်သဖြင့် ရုရှားမှ ချက်ချင်း ထွက်ခွာရန်ပါ တောင်းဆိုခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယခုဖြစ်စဉ်တွင် ဖော့ဂ်လီသည် သံရုံးဝန်ထမ်း တစ်ဦးအနေဖြင့်သာ အတည်ပြု ဖော်ပြခဲ့ပြီး အခြား အသေးစိတ် အချက်အလက်များကို မထုတ်ပြန်ခဲ့ချေ။ CIAနှင့် ဖော့ဂ်လီ ဆက်နွယ်မှုရှိသည် ဆိုသော စွပ်စွဲချက်များကို အချို့သော တာဝန်ခံ အရာရှိများက တွင်တွင် ငြင်းဆန်နေခဲ့သည်။

ဖော့ဂ်လီသည် ဆယ်စုနှစ် တစ်ခုအတွင်း သူလျှိုမှုဖြင့် လူသိရှင်ကြား စွပ်စွဲကာ ရုရှားမြေတွင် ဖမ်းဆီးခံရသည့် ပထမဆုံး အမေရိကန် သံအရာရှိလည်း ဖြစ်လာသည်။ ဝါရှင်တန်နှင့် မော်စကိုရှိ ထိပ်တန်း အာဏာပိုင်များသည် နှစ်နိုင်ငံ ဆက်ဆံရေး မပျက်ပြားစေရန်အတွက် ယခုပြဿနာကို ပူးပေါင်း ရှင်းလင်းသွားဖွယ် ရှိနေသည်။ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနသည် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် သံအမတ် မိုက်ကယ် မက်ဖောလ်အား ဆင့်ခေါ် အရေးဆိုခဲ့ကြောင်းလည်း သိရသည်။ မက်ဖောလ်ကမူ အဆိုပါ ကိစ္စအတွက် မိမိအနေဖြင့် မည်သည့် မှတ်ချက်မျှ မပေးလိုဟု သတင်းထောက်များအား ပြောကြားသွားသည်။

Planet Myanmar Network

မန္တလေးမြို့ မိုးရေလျှံ

မန္တလေးမြို့မှာ နေ့လည် ၁၂နာရီခွဲက ရွာသွန်းခဲ့တဲ့မိုးကြောင့် လမ်းရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ မန္တလေးမြို့ရဲ့ အဓိက လမ်းမတွေဖြစ်တဲ့ ၇၈လမ်း ၃၅လမ်း ၈၄လမ်း ၂၂လမ်း ၂၆လမ်း ၇၃လမ်း အစရှိတဲ့ လူစည်ကားရာအရပ်တွေမှာ ရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။

နေ့လည် ၃နာရီခွဲကျော်မှာ မိုးတိတ်သွားခဲ့ပေမယ့် ရေကြီး ရေလျှံမှုတွေကဆော့ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။
DVB TV News
(သတင်းဓါတ်ပုံ - စူပါ)
http://picasion.com/i/1TePo/

မင်းလှ လယ်သမားများ ရေနံသူခိုးများရန် ကြောက်နေရ

Wednesday, May 15, 2013
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်းရှိ ထန်းကိုင်းကျေးရွာမှဒေသခံများပိုင် လယ်ယာမြေများကို မြန်မာ့ရေနံနှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်း ( MOGE ) မှ ပြန်လည်ပေးအပ်ခဲ့သော်လည်း ရေနံခိုးတူးကြသူ
များကြောင့် ဒေသခံများအနေဖြင့် လယ်ယာ လုပ်ငန်းခွင်သို့ ၀င်ရန် အခက်တွေ့နေရကြောင်း သိရသည်။

အဆိုပါ ဒေသသို့ သွားရောက်စုံစမ်းခဲ့သော ဧရာဝတီသတင်းထောက်ကို ဒေသခံ ၁၅ ဦးက ပြောပြသည်မှာ ထန်းကိုင်းကျေးရွာ လယ်ယာမြေများကို ၂၀၀၆ ခုနှစ်က MOGE မှ သိမ်းယူခဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုး တူပူးပေါင်းကာ ရေနံတူးဖော်ခဲ့သော်လည်း ယခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် ဒေသခံလယ်သမားများထံသို့ ရေနံမတူးပဲ လယ်ယာလုပ်ငန်းကိုသာ ပြန်လုပ်ရန် ကတိက၀တ်ဖြင့် ပြန်လည်ပေးအပ်ခဲ့သော်လည်း ထိုလယ်ယာမြေများတွင် နဂိုကတည်းက တူးထားသော ရေနံတွင်းပေါက်များရှိသောကြောင့် ညပိုင်းလာရောက်ခိုးတူးကြသည့် တခြားဒေသခံများက တွင်းပေါက်များ မပိတ်ရန် ခြိမ်းခြောက်ပြောဆိုကြသောကြောင့် လယ်ပြန်မစိုက်နိုင် ဖြစ်နေရကြောင်း သိရသည်။

ထန်းကိုင်းရွာ ဒေသခံ ဦးစံသောင်းက “ MOGE က လယ်ယာမြေတွေပြန်ပေးတာမှာ တွင်းပေါက်ကို ကိုယ့်ဘာသာပိတ်ရမယ်တဲ့။ ကိုယ့်ဘာသာ ပိတ်တော့လည်း တခြားရွာတွေက လာတူးတဲ့သူတွေက ပိတ်ရဲပိတ်ကြည့်၊ ပိတ်တဲ့ရွာကို ရေနံတွေပတ်ပြီး မီးတိုက်မယ်လို့ ကြိမ်းတယ်။ ရွာအချင်းချင်း ရန်တိုက်ပေးသလိုဖြစ်နေတယ်” ဟု ဆိုသည်။

ထန်းကိုင်းရွာ အုပ်ချုပ်ရေးမှူးထံသို့ အသိပေး အကြောင်းကြားထားသလို မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ စာပေးပို့ ထားပြီးဖြစ်ကြောင်း၊ ထိုစာပေးပို့လိုက်သည့်အတွက် ယခုအချိန်တွင် လယ်ယာမြေများကို ထွန်ယက်ရန်
ခေတ္တဆိုင်းငံ့ထား ကြောင်း သိရသည်။

ထိုကိစ္စနှင့် ပက်သက်ပြီး MOGE သို့ သွားရောက်မေးမြန်းရာတွင် ဒေသခံများပြောဆိုနေချက်က မှန်ကန်ကြောင်း၊ ညဘက် ရေနံလာတူးသူများကြောင့် မိမိတို့ ရုံးပတ်ဝန်းကျင်ပင် လုံခြုံမှုမရှိပဲ မီးလာရှို့မည့်အရေးကို စိုးရိမ်နေရကြောင်း၊ ထန်းကိုင်း ရွာရှိ လယ်ယာမြေများတွင် လာရောက်ရေနံတူးကြသူများကြောင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသည့် ပုံစံမျိုးရှိနေကြောင်း ထန်းကိုင်းရွာရှိ MOGE လုပ်ငန်းမှ လက်ထောက်အင်ဂျင်နီယာ ဦးဝင်းမောင်က ဧရာဝတီသတင်းဌာနမှ သွားရောက်တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

“ကျနော်တို့ ဘာမှ တားဆီးလို့ မရဘူး။ ကျနော်တို့ ကင်းတဲလေးတခုကိုတောင် ညဘက် မီးလာရှို့ခဲ့သေးတယ်။ ဒါ့ ကြောင့် ကိုယ်ရုံး လုံခြုံရေးအတွက်ပဲ အဓိကထား နေရတယ်။ အခုတောင် ထန်းကိုင်းရွာခံတွေနဲ့ တခြားရွာက လာတူးကြတဲ့သူတွေ ပြဿနာမဖြစ်အောင် လယ်ယာမြေထွန်ယက်ဖို့ ခဏ တားထားရတယ်” ဟု ၎င်းက ဆိုသည်။

ညဘက်ရေနံလာတူးကြသူများသည် ထန်းကိုင်းရွာ ပတ်ဝန်းကျင်မှာရွာ ၆ ရွာခန့်အပြင် ထန်းကိုင်းရွာနှင့် ၇ မိုင်ကျော်ဝေးသော ရွာများမှလည်း လာရောက်တူးကြကြောင်း သိရသည်။

ထန်းကိုင်းရွာ လယ်ယာမြေများတွင် ရေနံခပ်နေကြသော တွင်းပေါင်း ၄၅၀၀ ကျော်ရှိပြီး တွင်းအသစ်များလည်း ထပ်မံတူး ဖော်နေကြကြောင်း တွေ့ရသည်။

လာရောက်တူးဖော်ကြသူများသည် ညနေ ၃ နာရီကျော်တွင် တဖွဲဖွဲ စတင်ရောက်ရှိလာပြီး မနက်မိုးလင်းသည့်အထိ တူးဖော်ကြကာ မနက်ပိုင်းတွင် အဆိုပါ လယ်ယာမြေ အနီးရှိ ရေနံဝယ်ယူကြသူ
များကို ပြန်လည်ရောင်းချခဲ့ကြောင်း တွေ့ရ သည်။

“ အဲဒီလို တရားမ၀င် လာတူးကြတဲ့အတွက် ဓားခုတ်မှု ဖြစ်ခဲ့တာလည်း ၃ ကြိမ်လောက်ရှိပြီ။ တဲလေးတွေကို မီးရှို့တာ လည်း ၂ ကြိမ်ရှိပြီ။ ညဘက်ဆိုရင် အိပ်တောင်မအိပ်ရဲဘူး။ ကျနော်တို့ လယ်ယာမြေတွေထဲမှာ ဒီလို တူးနေကြတာ ကျနော်တို့လည်း လယ်ယာအလုပ်မလုပ်ရ၊ ကိုယ်မြေကထွက်တဲ့ သယံဇာတလည်း ကိုယ်က အကျိုးမခံစားရနဲ့ဗျာ ” ဟု ထန်းကိုင်းရွာသား ကိုတင်မြင့်သိန်းက ဧရာဝတီသို့ ပြောသည်။

မင်းလှမြို့နယ်အတွင်း ရေနံထွက်ရှိသော ရေနံမှော်ပေါင်း ၁၀၀ ၀န်းကျင်မျှ ရှိမည်ဟု ခန့်မှန်းကြောင်း၊ တချို့မှော်များသည် MOGE နှင့် ပုဂ္ဂလိက ကုမ္ပဏီများ အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသလို၊ တချို့မှော်များသည် တရားမ၀င် တူးဖော်နေခြင်း ဖြစ်ကြောင်း ရေနံမှော်များကိုသာ လိုက်လံတူးဖော်နေကြသည့် မင်းလှမြို့နယ်၊ တောင်ဦးရွာ ဒေသခံ ၁၀ ဦးက ဧရာဝတီသို့ အတည်ပြုပြောကြသည်။

ထိုသို့ တရားမ၀င် တူးနေကြသူများအနေဖြင့် မင်းလှမြို့နယ်အတွင်းရှိ တခြားရေနံမှော်များလို လုပ်ခွင့်ပေးလျှင် ပိုမိုကောင်းမည်ဟု ထင်ကြောင်း၊ လယ်ယာမြေရှင်များနှင့် အကျိုးတူ မိမိတို့အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ချင်ကြောင်း မင်းလှမြို့ နယ်၊ တောင်ဦးရွာက
ဒေသခံတစ်ဦးက ဆိုသည်။

ထန်းကိုင်းရွာ လယ်မြေများတွင် တရားမ၀င် တူးဖော်ကြသူအများစုမှာ တစ်ရက်လျှင် ရေနံတွင်း ၁ တွင်းမှ ပျမ်းမျှ ၅ ဂါလံဆန့် ပုံး ၁ လုံးကျော်မျှသာ ရရှိကြပြီး တွင်းတတွင်းအတွက် လုပ်သား ၅ ဦးကျော်မျှ ရှိသောကြောင့် တဦးလျှင် နေ့စဉ် ၀င်ငွေ ၂ ထောင်ကျပ်ဝန်းကျင်သာ ရရှိကြကြောင်း သိရသည်။

“ကျနော်တို့ ခိုးတူးတယ်ဆိုပေမယ့် တကယ်တမ်းပြောရရင် တူးတဲ့သူ တဦးချင်းက သိပ်ရတာမဟုတ်ဘူး။ တကယ်စီး ပွားဖြစ်သွားတာက ရေနံကုန်သည်တွေပဲ။ ဒီလိုတူးလို့ ရွာခံတွေအချင်းချင်း စကားများကြရုံပဲ ရှိတာ။ တခြားနေရာက ရေနံ မှော်တွေလိုပဲ လွတ်လွတ်လပ်လုပ် လုပ်ခွင့်ပေးရင်တော့ အကောင်းဆုံးပဲ။ ရွာတရွာနဲ့ တရွာ ရန်ဖြစ်စရာလဲ မရှိတော့ဘူးပေါ့ ” ဟု တောင်ဦးရွာ ဒေသခံ ရေနံတွင်းတူးသမားတစ်ဦးက ဧရာဝတီသို့ ပြောသည်။

ထိုကိစ္စနှင့် ပက်သက်ပြီး မင်းလှမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ သွားရောက်မေးမြန်းသည့်အခါ ၎င်းတို့အနေဖြင့် အထက်သို့ တင်ပြထားပြီးဖြစ်ကြောင်း၊ အထက်မှ ညွှန်ကြားချက် အမြန်ဆုံးရရှိရန် ဆောင်ရွက်လျှက်ရှိကြောင်း၊ အထက်ညွှန်ကြားချက် ရသည်နှင့် ထိုပြသနာကို အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ဧရာဝတီ

မြေပုံမြို့နယ် ငမန်းရဲကျွန်းမှ ဒေသခံ ၄၀၀၀ ကျော်ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း

Wednesday, May 15, 2013
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ငမန်းရဲကျွန်းမှ ဒေသခံ ၄၀၀၀ ကျော်ကို ရခိုင်ပြည်နယ် အစိုးရ၏အစီအစဉ်ဖြင့် ဘေးလွှတ်ရာ ဒေသများသို့ရွှေ့ပြောင်းလိုက်ပြီဟု ရွှေ့ပြောင်းရေးကို စီစဉ် ဆောင်ရွက်နေသူ ပေါက်
တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က နိရဉ္စရာသို့ ပြောသည်။

“ အခုရွှေ့ပြောင်းနေတာက အသက်အရွယ် ကြီးရင့်နေသူတွေနဲ့ အမျိုးသမီးတွေ၊ကလေးတွေ ဖြစ်ကြပါတယ်။လေးထောင် ကျော် ငါးထောင်နီးပါး ရွှေ့ပြောင်းခဲ့ပြီ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။ ယမန်နေ့က လူပေါင်း ၂၅၀၀ ကျော်ခန့်ကို မင်းပြားမြို့ပေါ်သို့ ပြောင်းရွှေ့ပေးခဲ့ပြီး တစ်ခြားသူများကို တောင်စိုင်ကမ်းရှိ ကျေးရွာများသို့ ပြောင်းရွှေ့ပေးခဲ့သည်ဟု ဆိုသည်။

“ ဒီကနေ့ ငမန်းရဲကျွန်းက လူတွေကို ရွှေ့ပြောင်းပေးနေတာက မင်းပြားနဲ့ မြေပုံမြို့နယ် အကြားက တောင်စိုင်ကမ်းမှာ ရှိတဲ့ကျောက်ခေါင်း၊ ညောင်ချောင်၊ ခမောင်းတော စတဲ့ ရွာတွေကို ရွှေ့ပါတယ်။ လူပေါင်းကတော့ ၂၀၀၀ ကျော်ရှိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် သွားရောက် ရွှေ့ပေးတာပါ” ဟု ဆိုသည်။

ယခုလက်ရှိ ငမန်ရဲကျွန်းတွင် အမျိုးသမီးများ၊ ကလေးငယ်များ မကျန်တော့ဘဲ ယောကျာင်္း သန်သန်မာမာများ ကျန်ရှိနေ ခဲ့သည်ဟု ဆိုသည်။ ငမန်းရဲကျွန်းသည် ပင်လယ်ထဲတွင် တည်ရှိပြီး ၁၉၆၇ ခုနှစ် မေလ ၁၀ ရက်နေ့က တိုက်ခတ်ခဲ့သော မုန်တိုင်း အတွင်း ကျွန်းပေါ်တွင် တည်ရှိသော ရွာ (၈) စလုံး ရေအောက်ကို ရောက်ရှိသွားခဲ့ပြီး လူပေါင်း ၃၀၀၀ ခန့် သေဆုံးခဲ့သည်ဟု သိရသည်။

ယခု ပြောင်းရွှေ့မူအား ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးထိန်လင်း၏ ညွှန်ကြားချက်ဖြင့် ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်၊ မြေပုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း၊ ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွှင်၊ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှကျော် တို့မှ ဆောင်ရွက်နေခြင်း ဖြစ်သည်။
Narinjara

ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်က ဒေသခံ ၃၀၀ ကို မှတ်ပုံတင်ထုတ်ပေး

http://picasion.com/i/1TeOW/
(သတင်း - နော်နိုရင်း၊ ဓါတ်ပုံ - ကိုခင်မောင်ဝင်း)
နော်ဝေးဒုနိုင်ငံခြားရေးဝန်ကြီးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီအဖွဲ့နဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီ ဦးဆောင်တဲ့ အဖွဲ့တို့ ပူးပေါင်းပြီး ဒီကနေ့ ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ် နောင်ဘိုကြီးကျေးရွာက ဒေသခံ ၃၀၀ ကို မှတ်ပုံတင် ထုတ်ပေးနေပါတယ်။

ဒီအစီစဉ်ဟာ နော်ဝေနိုင်ငံက ထောက်ပံ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲက တခုဖြစ်တဲ့အတွက် နော်ဝေ ဒု-နိုင်ငံခြားရေး ၀န်ကြီးကိုယ်တိုင် အဲဒီ နောင်ဘိုရွာအထိ လိုက်ပြီး မှတ်ပုံတင်ထုတ်ပေးရေး လုပ်ငန်းစဉ်မှာ ပါဝင်တာဖြစ်လို့ ဒီခရီးစဉ်မှာလိုက်ပါ သတင်းယူတဲ့ ဒီဗွီဘီဝိုင်းတော်သား ဦးတိုးဇော်လတ်က ပြောပါတယ်။

မှတ်ပုံတင်မရှိသေးတဲ့သူတွေကို မှတ်ပုံတင်ထုတ်ပေးရေး အစီစဉ်ကို လာမယ့် ၂၀၁၅ အထိ လုပ်ဆောင်ဖို့ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၅ မှာ မြန်မာပြည်သူ မဲပေးနိုင်ခွင့်ရှိအောင် ရည်ရွယ်ပြီးထုတ်ပေးတာလို့လည်း ၀န်ကြီး ဦးခင်ရီက ပြောပါတယ်။

နိုင်ငံသားစိစစ်ရေးကပ်ပြားရှိခြင်းအားဖြင့် နိုင်ငံသား တယောက်ရဲ့ပိုင်ခွင့်အရေးတွေဖြစ်တဲ့ မြေယာပိုင်ဆိုင်၊ သွားလာခွင့်ကို အပြည့်အ၀ ရရှိမှာဖြစ်တယ်လို့ ပြောပါတယ်။
DVB TV News

ဟာ့ခ်ျဘုရားဖူးခရီးစဉ်ကို သာသနာရေးဝန်ကြီးဌာနက ထိန်းချုပ်မည်မဟုတ်

May 15, 2013
အစ္စလာမ် ဘာသာဝင်တွေရဲ့ နှစ်စဉ်သွားနေကြ ဟာ့ခ်ျဘုရားဖူးခရီးစဉ်နဲ့ ပတ်သက်ပြီး အရင်တုန်းကလို သာသနာရေးဝန်ကြီးဌာနက ထိန်းချုပ်တော့မှာ မဟုတ်ဘဲ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးတွေရဲ့ ဦးဆောင်မှုတွေနဲ့ပဲ စီမံဆောင်ရွက်သွားဖို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောပါတယ်။

မတ် ၁၄ ရက်နေ့က ရန်ကုန်တိုင်း သာသနာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမှာ ကျင်းပတဲ့ ၂၀၁၃ ခုနှစ် ဟာ့ခ်ျ ဘုရားဖူး စေလွှတ်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲမှာ ခုလို ပြောလိုက်တာပါ။

အစ္စလာမ်ဘာသာဝင်တွေရဲ့ မက္ကာမြို့မှာ ပြုလုပ်တဲ့ ၀တ်ပြုမှု ဟာ့ခ်ျဘုရားဖူး ခရီးစဉ်အတွက် မြန်မာနိုင်ငံက လာရောက်နိုင်တဲ့ ဘုရားဖူး အရေအတွက်ကို ဆော်ဒီအစိုးရကနေ သတ်မှတ်ပေးတာဖြစ်ပြီး ဘယ်သူတွေကို သွားရောက်ခွင့် ပေးမလဲဆိုတာကို သာသနာရေးဝန်ကြီးဌာနက ဦးစီး စီမံခန့်ခွဲ ခွဲတမ်းချပေးရပါတယ်။

ခွဲတမ်းချပေးတဲ့ အရေအတွက်ကနည်းပြီး သွားလိုသူများတဲ့အတွက် အစ္စလာမ် ဟာ့ခ်ျခရီးစဉ် ၀န်ဆောင်မှုအဖွဲ့တွေ အချင်းချင်း မကြာခဏ ပြဿနာ ဖြစ်ပွားလေ့ရှိကြောင်းလည်း သိရပါတယ်။
ဒီဗွီဘီ

သမ္မတ ဦးသိန်းစိန် အမေရိကန်တက္ကသိုလ်မှာ မိန့်ခွန်းပြောမယ်

2013-05-15
မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေစဉ်အတွင်း ဝါရှင်တန်ဒီစီမြို့ Johns Hopkins တက္ကသိုလ်ရှိ နိုင်ငံတကာလေ့လာရေးဌာနနဲ့ အမေရိကန် ဝါဏိဇ္ဇအသင်းမှာ လာမယ့်တနင်္လာ(မေလ ၂ဝ ရက်)နေ့မှာ မိန့်ခွန်းစကားပြောမယ်လို့ သိရပါတယ်။

သမ္မတဦးသိန်းစိန်ဟာ မေလ ၁၈ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကိုရောက်မှာဖြစ်ပြီး မေလ၂ဝ ရက်နေ့မှာ အမေရိကန် သမ္မတအိုဘားမားနဲ့ တွေ့ဆုံမှာဖြစ်ကြောင်းနဲ့ ဒီခရီးစဉ်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဝန်ကြီး ဦးစိုးသိန်းတို့အပြင် တခြားမြန်မာအရာရှိတွေ လိုက်ပါလာမယ့် အကြောင်း RFA က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကြောညာခဲ့ပြီးဖြစ်ပါတယ်။
RFA Burmese

အလုပ်သမားခေါင်းဆောင် နှစ်ဦး ဖမ်းဆီးခံရ

2013-05-15
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် တော်ဝင်စက်ရုံက အလုပ်သမား သပိတ်ခေါင်းဆောင် ကိုနေလင်းဦးနဲ့ မအိဇာဖြူတို့ကို အာဏာပိုင်တွေက အင်္ဂါနေ့ မနေ့ညက ဖမ်းဆီးထိမ်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

အလုပ်သမားတွေဆန္ဒပြတာကို အလုပ်သမား ပဋိပက္ခဖြေရှင်းရေးခုံရုံးမှာအနိုင်ရပေမယ့် ပိုင်ရှင်က တရားလွှတ်တော်ချုပ်ကို စာချွန်တင်တယ်ဆိုပြီး အချိန်ဆွဲခဲ့တဲ့အတွက် ပြဿနာ မပြေလည်သေးဘူးလို့ ဆိုပါတယ်။

စက်ရုံထဲမှာ အလုပ်သမားတွေ အရိုက်ခံရတဲ့ကိစ္စကို အမှုဖွင့်ထားတာနဲ့ပတ်သက်ပြီး တစုံတရာ ထူးခြားမှုမရှိပဲ အဲဒီကိစ္စကို မန်နေဂျာနဲ့ ဆွေးနွေးရမယ်ဆိုတဲ့အတွက် စက်ရုံထဲဝင်သွားတဲ့ အဲဒီ အလုပ်သမားခေါင်းဆောင်တွေကို ပိုင်နက်ကျူးလွန်မှုနဲ့ ဖမ်းလိုက်တာလို့ သိရပါတယ်။

သူတို့ကို လှော်ကားရဲစခန်းမှာချုပ်ထားပြီး၊ ဒီနေ့ ဗုဒ္ဒဟူးနေ့ မနက်မှာ မိသားစုဝင်တွေက သွားရောက်တွေ့စုံဖို့ စီစဉ်နေပါတယ်။
RFA Burmese

တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်းများကိုအချိန်တို အတွင်းထုတ်ယူနိုင်ရန်အတွက်စီစဉ်ပေးနေ

15.5.2013, wednesday
တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်းများထုတ်ယူရာတွင် အရင်ကအချိန်(၂)လခန့်ကြာပြီး ယခုအခါရက်ပိုင်း၊ အချိန်တိုအတွင်း ထုတ်ယူနိုင်ရန်အတွက် စီစဉ်ပေးနေကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန
(ဇွဲကပင်)ကသိရသည်။

ယခုအခါဝန်ထမ်းအင်အားကိုတိုးချဲ့ထားသည့်အတွက် လနှင့်ချီပြီးမစောင့်ရဘဲရက်ပိုင်းနှင့် ရအောင်စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်လက်မှတ်ထုတ်သူ ထောင်ဂဏန်းလောက်ထိများလာလျှင် အလွန်ဆုံးနှစ်ပတ်အတွင်း ထုတ်ပေးနိုင်ရန်စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်နှင့် အမှတ်စာရင်း
များကို နေပြည်တော်နှင့် ရန်ကုန်မြို့များရှိ စာစစ်ဦးစီးဌာနများတွင် ထုတ်ယူနိုင်ကြောင်းသိရသည်။
SkyNet TV Browser

(ဝါးချက်)ဇီဝိတဒါနသံဃာ့ဆေးရုံကြီးကို အီတလီနိုင်ငံမှခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် အဖွဲ့လာရောက်မည်

15.5.2013, wednesday
စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းတောင်ရိုးရှိ(ဝါးချက်)ဇီဝိတဒါနသံဃာ့ ဆေးရုံကြီးကိုအီတလီနိုင်ငံခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာ ရိုဘင်ချန်းဦးစီးသောဆရာဝန်အဖွဲ့သည် ဆေးရုံဝန်ထမ်းများနှင့် ပူးပေါင်း
ပြီးမေလ(၂၄)ရက်မှ(၃၀)ရက်နေ့အထိစမ်းသပ်စစ်ဆေးခွဲစိတ်ကုသပေး မည်ဖြစ်ကြောင်းသိရသည်။

သည်းခြေအိတ်ကျောက်တည်ခြင်း၊အူကျရောဂါ၊ ခြေထောက်သွေးကြောထုံးရောဂါ၊ မုတ်ရောဂါ၊ လိပ်ခေါင်းရောဂါ၊ ဂရင်ဂျီနာ၊ ရင်သားအဖုအကျိတ်ရောဂါနှင့် လည်ပင်ကြီးရောဂါများကို စမ်းသပ်စစ်ဆေး ကုသပေးမည်ဟုသိရသည်။

ရောဂါများအတွက်ဆေးရုံဝန်ထမ်းများက ကြိုတင်စမ်းသပ်ပေးမည်ဖြစ်ပြီး အီတလီနိုင်ငံ ခွဲစိတ်ဆရာဝန်ကြီးနှင့် ပြသရန်အတွက် ရက်ချိန်းပေးမည်ဖြစ်ကြောင်းသိရသည်။
SkyNet TV Browser

ပြည် ဘုန်းကြီးအား ဓားနှင့်ထိုးသူဖမ်းမိ

ပြည်၊ မေ ၁၅။
ပြည်မြို့၊ ရွာဘဲရပ်ကွက် ပုညရှင် ဓမ္မာရုံကျောင်းမှ ဆရာတော်အား ဓားဖြင့်ထိုးခဲ့သူ ရဲဝင်း (ခ) ရဲနောင်အား ပြည်မြို့ ရဲစခန်းမှူးဒုရဲမှူး ၀င်းခိုင်ဦးစီးသော နယ်ထိမ်းအဖွဲ့မှ (၁၅. ၅ .၂၀၁၃) ရက်နေ့နံနက် ၁နာရီ ၄၅ မိနစ်အချိန်တွင် ဆရာတော်ဦးသောဘိတထံမှ လုယူခဲ့သော NAIDEဟမ်းဖုန်း တစ်လုံးနှင့်အတူ နဝဒေးရပ်၊ ရဘဲနယ်မြေ၊ သီရိခေတ္တရာ တည်းခိုခန်း၌ တည်းခို နေစဉ်ဖမ်းစီးရမိကြောင်း မြို့မရဲစခန်း ဒုရဲမှူး ဝင်းခိုင်ထံမှ သိရသည်။   
မြန်မာ့ခေတ်

အထိန်းသိမ်းခံ လူငယ်များ အမှုမှန်ပေါ်ရေး မွန်ပါတီများ ကူညီမည်

ဗုဒ္ဓဟူးနေ့၊ မေလ ၁၅ ရက် ၂၀၁၃ ခုနှစ်   
စံခလပူရီ (မဇ္ဈိမ)။   သင်္ကြန် နှစ်ဆန်း တရက်နေ့၌ မွန်ပြည်နယ် ရိုးဂိုး ဘုရားပွဲသို့ အလည် သွားသည့် မွန်လူငယ် တစုနှင့် ဒု-ရဲအုပ်တို့ ရိုက်နှက်မှု ဖြစ်ပွားပြီး လူငယ် ၁၁ ဦး ထိန်းသိမ်းခံရမှုနှင့် ပါတ်သက်၍ အမှုမှန် ပေါ်ပေါက်ရေးအတွက် မွန်နိုင်ငံရေးပါတီများ ဆွေးနွေးနေကြောင်း မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက ပြောဆိုလိုက်သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီ ပါတီနှင့် မွန်ပြည်သစ် ပါတီတို့အား မွန်လူငယ် ဖိုရမ်မှ အကူအညီတောင်းခံထားခြင်း ဖြစ်သည်။

“ကျနော်တို့ သုံးပါတီ ကနေ ဒီကိစ္စကို ဘယ်လို ဆက်လက် လုပ်ဆောင်သွားကြမယ်ဆိုတဲ့ အပိုင်းကို ညှိနှိုင်းနေကြဆဲပဲ ဖြစ်ပါတယ်။ နောက်တခုက မွန်လူငယ်တွေ တင်ပြထားတဲ့ အချက်အလက်တွေ မှန်ကန်မှု ရှိမရှိ ဆိုတာလည်း ပြန်လည် စီစစ်ရဖို့ ရှိပါတယ်။ အချက်အလက် မှန်ကန်ခဲ့တယ် ဆိုရင်တော့ ဖမ်းထားတဲ့ လူတွေ လွှတ်တန်လွှတ်၊ ညှိနှိုင်းတန် ညှိနှိုင်း၊ ဥပဒေ အရ အရေးယူတန်ယူ လုပ်သွားရမှာပါ” ဟု မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်း က မဇ္ဈိမကို ပြောသည်။

၎င်းလူငယ် ၁၁ ဦးမှာ နှစ်ဆန်း တရက်နေ့၌ ရိုးဂိုး ဘုရားပွဲပွဲမှ အပြန် ဖားအောက် ရွာရှိ မဏ္ဍပ် အရောက်၌ မွန်အမျိုးသား အလံအား ကိုင်ကာ အော်ဟစ် ကခုန်ကြစဉ် ၎င်းမဏ္ဍာပ်၌ ရှိနေသည့် မုပွန် ရဲစခန်းမှ ဒု-ရဲအုပ် မြင့်နိုင် က ၎င်းအလံအား လုယူကာ အလံတိုင်ဖြင့် အလံ ကိုင်ဆောင်သူအား စတင် ရိုက်နှက်ခဲ့ရာမှ ရဲနှင့် လူငယ်တို့အကြား ပဋိပက္ခ စတင် ခဲ့ခြင်း ဖြစ်ကြောင်း မွန်လူငယ် ဖိုရမ် က ဆိုသည်။

“တကယ်လို့ ရဲအရာရှိက အလံကို ဆုတ်ဖြဲခဲ့ရိုး မှန်တယ်ဆိုရင်တော့ ဒီကိစ္စဟာ ကြီးမားတဲ့ အကြောင်းအရာ တခု ဖြစ်ဖွယ် ရှိပါတယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထောက်ရှုပြီး ဒီလိုလုပ်ရပ်မျိုး မလုပ်ဆောင် သင့်ပါဘူး။ အမျိုးသားအလံ ဆိုတာက ဘယ်သူမှ ဆုတ်ဖြဲလို့ မရပါဘူး။ တခုခု ဂုဏ်သရေ ညှိးနွမ်းအောင် လုပ်ဆောင်တာမျိုးလည်း လုပ်လို့ မရပါဘူး။ ဒီကိစ္စအပေါ် ရဲရဲ့ တုန့်ပြန် ပြောကြားချက်တွေကိုလည်း ကျနော်တို့ နားထောင်ရဦးမှာပါ” ဟု ဥက္ကဋ္ဌ နိုင်ငွေသိန်း က ဆက်ပြောသည်။

ပြည်နယ် ရဲတပ်ဖွဲ့ကမူ အလံကို စုတ်ဖြဲခြင်း၊ လူငယ်များကို မတရား ဖမ်းဆီးခြင်း မဟုတ်ဘဲ ဗီဒီယို မှတ်တမ်းအရ ဖမ်းဆီးအရေးယူရခြင်း ဖြစ်ကြောင်း ဒု-ပြည်နယ် ရဲတပ်ဖွဲ့မှူး ဝင်းဗိုလ် က မဇ္ဈိမကို ဖြေကြားထားသည်။

လက်ရှိတွင် ထိန်းသိမ်းခံရသူ ၁၁ ဦးအနက် အနက် ၆ ဦးမှာ အာမခံဖြင့် ပြန်လွတ်မြောက်လာပြီ ဖြစ်ကြောင်း မွန်လူငယ် ဖိုရမ် တာဝန်ခံ မင်းဉာဏ်စိုက် ရာမာန် က ပြောသည်။

“တယောက်ကို ကျပ်ငွေ သိန်း ၅၀ အာမခံနဲ့ ၆ ယောက် ပြန်လွတ်လာတယ်။ အမှုကနေ ကွင်းလုံးကျွတ် လွတ်သေးတာ မဟုတ်ပါဘူး။ လာမယ့် ဒီလ ၂၀ ရက်နေ့ တရား ရုံးချိန်း ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

အာမခံဖြင့် မေလ ၁၀ ရက်နေ့၌ ၅ ဦး လွှတ်ပေးခဲ့ပြီး ၁၃ ရက်နေ့က ၁ ဦး ထပ်မံလွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့အားလုံးမှာ အသက်မပြည့် သေးသည့် ကျောင်းသား လူငယ်များ ဖြစ်သည်ဟု ဆိုသည်။

ထိုလူငယ်များ ခြွင်းချက်မရို လွှတ်ပေးရန်နှင့် လူမျိုး ဂုဏ်သိက္ခာ နှောက်ရှက်မှု အလံ ဆုတ်ဖြဲမှုတို့ကြောင့် ဒု-ရဲအုပ် မြင့်နိုင်အား ထိရောက်သော ပစ်ဒဏ်ဖြင့် တရားဥပေဒအရ အရေးယူ ပေးရန် မွန်လူငယ် ဖိုရမ်မှ တောင်းဆိုထားသည်။

လူငယ် လေးဦးအား ပုဒ်မ ၃၃၂ ဝန်ထမ်း ဝတ္တရား နှောင့်ယှက်မှု၊ ငါးဦးအား ပုဒ်မ (၃၃၃) ဝန်ထမ်း ဝတ္တရား
နှောင့်ယှက်မှုနှင့် ပြင်းထန်စွာ နာကျင် စေအောင် ဟန့်တားမှုနှင့် ကျန် နှစ်ဦးအား ပုဒ်မ ၁၉ (က) လက်နက် လုယက်မှု တို့ဖြင့် အသီးသီး တရားစွဲဆိုခြင်း ခံထားကြောင်း သိရှိရသည်။
ဟင်္သာနီ (မွန်မြေ)
မဇ္ဈိမ

မဟာစင်မုန်တိုင်းနှင့် ထူးခြားမှုများ

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ရန်ကုန်၊ မေ-၁၃
အစိုးရသစ်လက်ထက်တွင် အင်အားကြီးမုန်တိုင်းအဖြစ် ပထမဆုံးအကြိမ်ကြုံရသော မဟာစင်မုန်တိုင်းမ၀င်မီ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့က ငါးရက်ကြို၍ သတိပေးနှိုးဆော်ချက်များ ထုတ်ပြန်ထားသည်။

မေလ ၆ ရက်မှစ၍ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် မေလ ၁၀ ရက်မှစ၍ မုန်တိုင်းငယ်အဖြစ်သို့ အသွင်ပြောင်းခဲ့သည်။ အဆိုပါမုန်တိုင်းငယ်မှာ တဖြည်းဖြည်းအားကောင်းလာခဲ့သောကြောင့် မဟာစင် (01B) ဆိုက်ကလုန်းမုန်တိုင်းဟု အမည်ပေးလိုက်သည်။

မုန်တိုင်းစောင့်ကြည့်ရေးဌာနများနှင့် ဒေါက်တာထွန်းလွင်တို့က မေလ ၁၀ ရက်ကတည်းက အဆိုပါအပူပိုင်းမုန်တိုင်းမှာ မြန်မာနိုင်ငံသို့ မေ ၁၅ ညနေမှစ၍ ၀င်ရောက်နိုင်ကြောင်း ကြိုတင်သတိပေးခဲ့သည်။ သို့သော် မိုး/ဇ လက အဆိုပါမုန်တိုင်းမှာ မြန်မာနိုင်ငံသို့ဝင်ရောက်ရန်မရှိဘဲ အ၀ါ ရောင်အဆင့်သတ်မှတ်ထာ ကြောင်း ကြေညာသည်။

မေ ၁၁ ရက်တွင် ဒေါက်တာထွန်းလွင်နှင့် မုန်တိုင်းစောင့်ကြည့်ရေးဌာနများက မဟာစင်သည် စစ်တကောင်းကို ဗဟိုပြုပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှ ဖြတ်ကျော်မည်ဖြစ်ပြီး မောင်တောမြို့ အနီးတစ်နာရီလေတိုက်နှုန်းမိုင်တစ်ရာကျော်ဖြင့် ဖြတ်သန်းမည်ဟု ခန့်မှန်းသတိပေးသည်။ မေ ၁၁ ရက်တွင် မိုး/ဇလကလည်း အဆိုပါမုန်တိုင်းမှာ ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်ကို တိုက်ခတ်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

မေ ၁၂၊ ၁၃ တွင် အဆိုပါ မုန်တိုင်း၏အချင်းမှာ မိုင် ၁၂၀ အထိ ရှိလာပြီး ပိုမိုအားကောင်းလာသည်။ မိုး/ဇလနှင့် ပညာရှင်တို့ အားလုံးက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ၀င်ရောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း မုန်တိုင်းဒဏ်ခံရနိုင်ကြောင်း တညီတညွတ်တည်းခန့်မှန်းသည်။ မုန်တိုင်းရွှေ့လျားမှု ခန့်မှန်းတွက်ချက်ရာတွင် ယခုသတင်းရေးသားချိန် မေ ၁၃ ရက်အထိ ဦးထွန်းလွင်၏ ခန့်မှန်းချက်များ မှန်ကန်ခဲ့သည်ကို တွေ့ရှိရသည်။

အဆိုပါမုန်တိုင်းကြောင့် နိုင်ငံတော်အစိုရကလည်း မေ ၁၆ ရက်တွင် မုန်တိုင်းဝင်နိုင်ဖွယ်ရှိသည်ဟု ကြေညာပြီးနောက် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံရနိုင်သော ဒေသများရှိ ပြည်သူများအား ဘေးလွတ်ရာသို့ အချိန်မီ ပြောင်းရွှေ့ပေးရန် မေ ၁၃ ရက်နေ့က ပြည်နယ်အစိုးရအား ညွန်ကြားခဲ့သည်။

မုန်တိုင်းဒဏ်အဓိက ခံရနိုင်သော ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေစသောမြို့နယ်များတွင် မေ ၁၁ ရက်မှစတင်၍ မုန်တိုင်းအန္တရာယ်ကာကွယ်နိုင်ရန် ရွှေ့ပြောင်းမှုများ၊ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့ကြသည်။

မုန်တိုင်းအဓိကဖြတ်သန်းမည်ဟု ခန့်မှန်းထားသော မောင်တောမြို့နယ်ရှိ ဒေသခံအများစုမှာ မိုး/ဇလမှ ထုတ်ပြန်ကြေငြာထားသည့် တစ်နာရီလေတိုက်နှုန်း မိုင် ၅၀၊ ၆၀ ဆိုသည်မှာ ယင်းတို့အတွက် အလွန်အမင်းစိတ်မပူပန်မိကြောင်း ဒေသခံများက မေ ၁၃ ရက်က ပြောသည်။

မေ ၁၃ ရက်တွင် အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဗဟိုကော်မတီက မေ ၁၄ ရက်မှစ၍ အမ်းမြို့တွင်အခြေစိုက်ကာ အနီးကပ်ကွပ်ကဲမည်ဖြစ်ပြီး တပ်မတော်က ရွှေ့ပြောင်းရေးအတွက် အားလုံးစီစဉ်ထားကြောင်း အစိုးရကသတင်းထုတ်ပြန်သည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က အစိုးရက တစ်ရက်သာကြို၍သတင်းထုတ်ပြန်ခဲ့ပြီး၊ ယခုကဲ့သို့ မုန်တိုင်းသင့်နိုင်သော ဒေသခံများကို ရွှေ့ပြောင်းပေးမှုမျိုးကဲ့သို့ ကြိုတင်ပြင်ဆင်မှုများလည်းမရှိခဲ့ပေ။ ထို့ကြောင့် နာဂစ်နှင့်မဟာစင်တွင် ခြားနားမှုများစွာ ရှိခဲ့သည်။

“အရင်မုန်တိုင်းတွေတုန်းက အခုလိုပွင့်ပွင့်လင်းလင်းချပြခဲ့တာ မရှိဘူး။ ကျေနပ်စရာကောင်းပါတယ်” ဟု စစ်တွေမြို့မှ မြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။

မဟာစင်ကို ဦးထွန်းလွင်နှင့် မိုးဇ/လတို့က မေ ၁၆ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းမည်ဟု ခန့်မှန်းထားသည်။
7Day News Journal

MAHASEN ၏ လမ်းကြောင်း-Landfall-path တောင်ဘက်သို့ ၄၅ မိုင်ခန့် ကျဆင်းလာ


on May 15th, 2013
JTWC မှ မေလ ၁၅ ရက် မြန်မာစံတော်ချိန် နံနက် ဝ၃၃ဝ နာရီ မုန်တိုင်းသတိပေးထုတ်ပြန်ချက်အမှတ်-၁၉ တွင် ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ တောင်-အနောက်တောင်ဘက် ၄၄၃ နော်တီကယ်မိုင်(၅ဝ၉ မိုင်ခန့်) တွင် ဗဟိုပြုနေပြီး အရှေ့မြောက်ဘက်သို့ ၈ နော်တီကယ်မိုင်(တစ်နာရီ ၉ မိုင်) နှုန်းဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။ မုန်တိုင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည့် နေရာမှာလည်း မူလ စစ်တကောင်းမြို့ပေါ်မှ ဖြတ်ကျော်ဝင်ရောက်မည့်လမ်းကြောင်း၏ တောင်ဘက် ၄၅ မိုင်ခန့် – ကော့ဇ်ဘဇားမြို့ မြောက်-အနောက်မြောက်ဘက် ၁၇ မိုင်ခန့်နှုင့် မြန်မာနိုင်ငံ မောင်တောမြို့၏ မြောက်-အနောက်မြောက်ဘက် ၆၆ မိုင်ခန့်သို့ ကျဆင်းလာကြောင်းတွေ့ရပါသည်။ မုန်တိုင်းလမ်းကြောင်း တောင်ဘက်သို့ ရောက်လာလေလေ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်ခြေ များလာလေ ဖြစ်သည်ကို သတိပြုရပါမည်။

ဆိုင်ကလုန်းမုန်တိုင်း MAHASEN မှာ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်မည့် နေ့ရက်နှင့် တဖြည်းဖြည်း ပိုမိုနီးကပ်လာပြီဖြစ်သဖြင့် JTWC ၏ လမ်းကြောင်းခန့်မှန်းမှုမှာလည်း အနည်းငယ်မျှသာ ကွာခြားနိုင်တော့မည်ဖြစ်ပါသည်။ ဤအခြေအနေတွင် မုန်တိုင်း၏ အရွယ်အစား၊ အင်အား၊ ဖြတ်ကျော်ဝင်ရောက်နိုင်မည့် လမ်းကြောင်း အသေးစိတ်၊ ကုန်းတွင်းဝင်ရောက်ပြီးနောက် မုန်တိုင်းအကြွင်းအကျန်များ ဆက်လက်မျောပါရွေ့လျားမည့် ဒေသခန့်မှန်းချက် စသည်တို့အား အတိအကျ ခန့်မှန်းပေးနိုင်ရန်မှာ အရေးကြီးပါသည်။ ဤအချက်အလက်များပေါ် မူတည်၍ မုန်တိုင်းလေပြင်းအန္တရာယ်နှင့် မုန်တိုင်းဒီလှိုင်းရိုက်ခတ်မည့် အန္တရာယ်တို့အပြင် ကုန်းတွင်းမုန်တိုင်းအဆင့်(သို့မဟုတ်)လေဖိအားနည်းရပ်ဝန်းအဆင့်ဖြင့် ဆက်လက်ရွေ့လျားမည့်နေရာများအတွက် မိုးသည်းထန်ပြီး တောင်ကျရေ အရှိန်အဟုန်ဖြင့်စီးဆင်းကာ ရေကြီးမှု အန္တရာယ် ဖြစ်နိုင်ခြေကိုလည်း ကြိုတင်ခန့်မှန်းတွက်ဆနိုင်မည်ဖြစ်ပါသည်။
mmweather.ygn

မျက်မမြင်တွေအတွက် စမာ့တ်ဖုန်း

မစ္စစ် Wilson-Hinds လမ်းပြခွေးရဲ့ နာမည် ဂျော်ဂျီ ကို ဖုန်းအတွက် သုံးလိုက်တာ ဖြစ်ပါတယ်
15 ဇူလိုင်လ 2012
မျက်မမြင်တွေ သွားရေး လာရေးနဲ့ စာဖတ်ဖို့ တို့အတွက် အလွယ်တကူ အသုံးပြုနိုင်မယ့် စမာ့တ်ဖုန်း ဈေးကွက်ထဲ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဂျော်ဂျီ (Gerogie) လို့ ခေါ်တဲ့ ဒီဖုန်းကို တခြား စမာ့တ်ဖုန်းတွေလိုပဲ မျက်နှာပြင်ကို လက်နဲ့ ထိတို့ အမိန့်ပေးလို့ ရသလို၊ ဖုန်းကနေ အသံနဲ့ ပြန်လည် ပြောပြပေးမှာလည်း ဖြစ်ပါ တယ်။

ဒါ့အပြင် မျက်မမြင်တွေ ဘတ်စကား မလွတ်ရအောင်၊ စာဖတ်လို့ ရအောင်နဲ့ တည်နေရာ ရှာဖွေမှုတွေ အတွက်လည်း အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။

အမှန်မှာတော့ (Georgie) ဂျော်ဂျီ ဆိုတာဟာ မျက်မမြင်တွေ အသုံးပြုနိုင်မယ့် ပရိုဂရမ်လေးတွေ အများအပြား ပါဝင်တဲ့ ဆော့ဖ်ဝဲ တခု ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကို ယခု လက်ရှိ Andorid OS သုံး Samsung XCover နဲ့ Galaxy Ace 2 တို့လို စမာ့တ်ဖုန်းတွေထဲမှာ ထည့်သွင်း အသုံးပြုလို့ရပါတယ်။

ဂျော်ဂျီ ဈေးနှုန်း

ဂျော်ဂျီ အသင့်ထည့်ပြီးသား Android စမာ့တ်ဖုန်း တလုံးကို ၂၉၉ ပေါင် နှုန်းနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး၊ ဂျော်ဂျီ ဆော့ဖ်ဝဲ ပဲ သီးသန့် ဝယ်ယူချင်ရင်တော့ ၁၄၉ ပေါင်နဲ့ ဒေါင်းလုပ် ရယူနိုင်ပါတယ်။

ခရီးသွားလာရေး၊ နေ့စဉ်လုပ်ငန်းတွေနဲ့ ဆက်ဆံရေး ကိစ္စရပ်တွေလို တခြား အသုံးပြုနိုင်တဲ့ ပရိုဂရမ်တွေ အတွက် တခုကို ၂၄.၉၉ ပေါင် ပေးရမှာ ဖြစ်ပါတယ်။

မျက်မမြင်အနေနဲ့ အသံနဲ့ ဖုန်းနံပါတ်ကို ပြောထည့်ပြီး ဖုန်းဆက်လို့ ရမှာ ဖြစ်သလို၊ text ပို့ချင်ရင်လည်း အသံနဲ့ ပြောထည့်လို့ ရမှာ ဖြစ်ပါတယ်။

ဒီဖုန်းကို အင်္ဂလန်က ပီတာဘရာ မြို့မှာ ရှိတဲ့ မျက်မမြင် Wilson-Hinds ဇနီးမောင်နှံ ကနေ တီထွင် ထုတ်လုပ် လိုက်တာ ဖြစ်ပါတယ်။

ဒီအတွက် ဖုန်းနာမည်ကို မစ္စစ် Wilson-Hinds ပထမဦးဆုံး အသုံးပြုခဲ့တဲ့ လမ်းပြခွေးရဲ့ နာမည် Georgie ဂျော်ဂျီ ကို အသုံးပြုလိုက်တာ ဖြစ်ပါတယ်။
BBC Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com