http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မေဒေးနေ့ ကိုယ့်အားကိုယ်ကိုး တံတားဖွင့်လှစ်

သဲကုန်း၊ မေ ၁။
မေလ(၁)ရက်နေ့ နံနက်(၉)နာရီ အချိန်တွင်ပြည်မြို့၊ သဲကုန်းအုပ်စ၊ုပိန္တောကျေးရွာ၌
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစီး၍ပိန္တောကျေးရွာရှိ မတောင့်တဆည်(၂)အား
ဖြတ်၍သွယ်တန်းထားသော ကိုယ့်အားကိုယ်ကိုး သံကူကွန်ကရစ် တံတားဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

“အရင်တုန်းက ထန်းသားတံတား။ ကြိုးလိုက်ပဲ့လိုက်နဲ့။ ဆိုင်ကယ်တွေ ညဘက်ဖြတ်သွားရင် ပြုတ်ကျတယ်။
အခုကျွန်တော့်ကားလေးတောင် ရွာထဲကို ၀င်လိုက်ထွက်လိုက်နဲ့ လုပ်လို့ရနေပြီ”ဟု ဦးခင်ဦး
(ခရုတိုင်းရင်းဆေးတိုက်)က ပြောကြားခဲ့သည်။

၎င်းတံတား ဖွင့်လှစ်ရသည့်အတွက် ဒေသထွက်ကုန် သီးနှံများ ရောင်းချရာတွင်လည်းကောင်း၊
လက်ပံလှကျေးရွာရှိ အထကခွဲကျောင်းနှင့် ကျန်းမာရေးဌာနသို့ သွားလာရာတွင်လည်းကောင်း
လွယ်ကူမြန်ဆန် အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သဲကုန်းအုပ်စု(NLD) ဒုတိယဥက္ကဋ္ဌ ဦးစိုးသန်းက ရှင်းပြခဲ့သည်။

အလျား၁၅ပေ၊ အကျယ်၁၀ပေရှိပြီး လေးတန်ခံနိုင်ဝန်အားရှိသော သံကူကွန်ကရစ်တံတား ဖြစ်ကြောင်း၊
ကျေးရွာ သူကျေးရွာသားများ၊ ဦးခင်ဦး(ခရုဆေးတိုက်)၊ ဦးရဲအောင်ပြည် တို့၏လှူဒါန်းမှုဖြင့်
တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း ဆက်လက် သိရသည်။
မောင်ရေခဲ(ပြည်)
မြန်မာ့ခေတ်

အများပြည်သူ ရုံးပိတ်ရက်တွင် အချိန်ပိုကြေးမပေးဘဲ အလုပ်ဆင်းခိုင်းလျှင် အလုပ်သမား ၀န်ကြီးဌာနသို့ တိုင်တန်းနိုင်

ရန်ကုန်၊ မေ ၁။
အများပြည်သူ ရုံးပိတ်ရက်အဖြစ် အစိုးရမှ တရားဝင် အားလပ်ရက်အဖြစ် သတ်မှတ်ထားသော နေ့များတွင်
အချိန်ပိုကြေး ပေးဆောင်ခြင်း မရှိဘဲ အလုပ်သမားများကို အလုပ်ဆင်းခိုင်းပါက အလုပ်သမား ၀န်ကြီးဌာနကိုတိုင်ကြားနိုင်ကြောင်း ရှေ့နေ ဦးခင်မောင်ရှိန်၏ ပြောကြားချက်အရ သိရသည်။

အစိုးရမှ အများပြည်သူ ရုံးပိတ်ရက်အဖြစ် တရားဝင် သတ်မှတ်ထားသော ရုံးပိတ်ရက်များတွင် စူပါမားကတ်၊စားသောက်ဆိုင် စသော ပုဂ္ဂလိကပိုင် လုပ်ငန်းများတွင် တာဝန် ထမ်းဆောင်နေကြသော ၀န်ထမ်းများမှာအများနည်းတူ နားရက်အဖြစ် ရရှိခြင်း မရှိဘဲ အလုပ်ဆင်းနေရခြင်းများရှိရာ အလုပ်ရှင်များဘက်မှ
အလုပ်သမားများနှင့် ညှိုနှိုင်းမှု ပြုလုပ်ပြီး အချိန်ပိုကြေး ပေးခြင်းများကို လုပ်ဆောင်ရန်လိုအပ်ကြောင်း ထိုသို့ မပြုလုပ်ဘဲ အလုပ်ဆင်းခိုင်းခြင်းမှာ အလုပ်သမား အခွင့်အရေးချိုးဖောက်ခြင်းဖြစ်ကြောင်း သိရသည်။

“အများပြည်သူ ရုံးပိတ်ရက်တွေမှာ အလုပ်ဖွင့်ချင်တယ်ဆိုရင် အလုပ်ရှင်တွေ အနေနဲ့ အချိန်ပိုကြေး ပေးရမယ်။အလုပ်ရှင်နဲ့ အလုပ်သမား ညှိုနှိုင်းပြီး နဂိုတစ်ရက် လုပ်ခရဲ့  နှစ်ဆ ဆိုတာမျိုး ညှိုနှိုင်းပြီးအလုပ်သမားတွေကို ပေးရမယ်။ ဒီလိုအချိန်ပိုကြေး မပေးဘဲ အလုပ် လုပ်ခိုင်းမယ်ဆိုရင် အလုပ်သမားတွေဘက်ကတရားဝင် ဆန္ဒထုတ်ဖော်ခွင့် လည်းရှိတယ်။ အလုပ်ကို မသွားဘဲ နေလို့လည်းရတယ်။ ဒီအတွက်လည်း အလုပ်သမားကိုအရေးယူပိုင်ခွင့် မရှိဘူး။ အချိန်ပိုကြေး မပေးဘဲ အလုပ်ဆင်းခိုင်းတဲ့ အလုပ်ရှင်တွေကို အလုပ်သမားဝန်ကြီးဌာနမှာ တိုင်ကြားနိုင်တယ်” ဟုရှေ့ နေ ဦးခင်မောင်ရှိန် ကပြောကြားသည်။

တစ်ကမ္ဘာလုံးတွင် အလုပ်သမားများအတွက် မေလ (၁)ရက်နေ့ကို အလုပ်သမားနေ့ (မေဒေးနေ့) အဖြစ်
တရားဝင် သတ်မှတ်ကာ ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသော်လည်း မြန်မာနိုင်ငံတွင် အဆိုပါနေ့တွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရကာ အလုပ်ဆင်း နေရသော အလုပ်သမားများလည်းရှိကြောင်း သိရသည်။
ဆုဝေ
 မြန်မာ့ခေတ်

ဘင်္ဂါလီစာရင်း ကောက်ရာတွင် ဆူပူမှုဖြစ်ရန်လှုပ်ဆော်သူ ခုနစ်ဦးကိုဖမ်း

ရန်ကုန်၊ ဧပြီ ၃၀
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ခံနေသော စစ်ဆေးရေးအဖွဲ့ များကို ခဲများဖြင့်ပစ်ပေါက်ကာ ဆူပူမှု ဖန်တီးခဲ့မှုတွင် နောက်ကွယ်က ကြိုးကိုင် လှုပ်ရှားသူများကို စတင်ဖမ်းဆီးနေပြီ ဖြစ်ရာ စုစုပေါင်း ခုနစ်ဦး ဖမ်းဆီးထားပြီးဖြစ် ကြောင်း စစ်တွေမြို့ အမှတ် (၁) ရဲတပ်ဖွဲ့ စခန်းမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

ပဋိပက္ခမှုများတွင် ပါဝင်ပတ်သက်သူ အချို့ကို ဖမ်းဆီး ရထားသော်လည်း အချို့ ထွက်ပြေးတိမ်းရှောင် နေကြောင်း၊ ဖမ်းဆီး ထားသူများကို၊ လုယက်မှု (ပုဒ်မ ၃၈၂)၊ ဆူပူအုံကြွမှု ဖြစ်ပွားအောင် လုပ်ဆောင်မှု (ပုဒ်မ ၅၀၆)၊ လူစုလူဝေးဖြင့် တုတ်၊ ဓား ကိုင်ကာ အကြမ်းဖက်မှု (ပုဒ်မ ၁၄၈)၊ တာဝန် ထမ်းဆောင်စဉ် အပြင်းအထန် ဒဏ်ရာရစေ မှု (ပုဒ်မ၃၃၃) တို့ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း ၄င်းကဆိုသည်။

စစ်တွေမြို့ သက္ကယ်ပြင်ကျေးရွာတွင် ဧပြီလ ၂၆ ရက်နေ့က ဘင်္ဂါလီလူဦးရေ စာရင်းကောက်ရာ၌ လူမျိုးနေရာတွင် ဘင်္ဂါလီအစား ရိုဟင်ဂျာဟု ထည့်သွင်းမှသာ လက်မှတ်ထိုးမည်ဆိုပြီး လူအုပ်စုလိုက် ရုန်းရင်းဆန်ခတ် လုပ်ကာ စစ်ဆေးရေး အဖွဲ့ဝင်များကို ခဲများ ပစ်ခတ်ခဲ့သဖြင့် စစ်ဆေးရေး အဖွဲ့ဝင်အချို့ ဒဏ်ရာရရှိကာ စာရင်းကောက်မှုကို ယာယီရပ်ဆိုင်း ခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

ကနဦး အစီအစဉ်အရ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူဦးရေ စာရင်းကောက်ခံမှုကို နိုင်ငံတော်အဆင့် စီမံချက်ချကာ ဆွဲ၊ တင်၊ စစ် (မြေပုံရေးဆွဲခြင်း၊ မှတ်တမ်းတင်ခြင်း၊ စစ်ဆေးခြင်း) စနစ်ဖြင့် ဧပြီလ၂၆ရက်နေ့မှ စတင်ကာ မေလ ၁၅ ရက်နေ့အထိ ကောက်ခံမည်ဖြစ်ပြီး လူဦးရေ စာရင်းကို ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ရန် စီစဉ်ထားခြင်းဖြစ်သည်။
The Voice Weekly

ဥက္ကံတွင် နောက်ဆက်တွဲ(ရုပ်/သံ)

ရန်ကုန်မြို့မြောက်ပိုင်း ဥက္ကံမြို့နယ်ထဲမှာ ကိုရင်တစ်ပါးဆွမ်းခံကြွရာမှာ အစ္စလာမ်ဘာသာဝင် အမျိုးသမီးနဲ့ တိုက်မိပြီး ဆွမ်းသပိတ်ကျကွဲခဲ့တဲ့ မတော်တဆမှုကို အကြောင်းပြပြီး ရာနဲ့ချီတဲ့ ဘာသာရေးအကြမ်းဖက်သူ လူအုပ်ကြီးဟာ ကျေးရွာ ၄ရွာကို ဧပြီ ၃ဝရက်နေ့ ညနေမှာ မီးတင်ရှို့ခဲ့ပါတယ်။


Kamayut Media

သီးသန့်နှစ်ယောက်ခန်း အငှားဈေးကွက် ကြီးမားလာ

30 Apr, 2013
ရန်ကုန်မြို့အတွင်း တိုက်ခန်းအငှားဈေးကွက် တက်လာသည်နှင့်အမျှ သီးသန့်နှစ်ယောက်ခန်းငှားယူမှုမှာလည်း ပိုမိုတွင်ကျယ်လာသည်ဟု အိမ်ပွဲစားများထံက သိရှိရသည်။
သီးသန့်နှစ်ယောက်ခန်းများမှာ တိုက်ခန်းအတွင်း နှစ်ယောက်စာ အခန်းကန့်ထားပေးခြင်းဖြစ်ပြီး အဆောင် မနေလိုသူ မိန်းကလေးများနှင့် စုံတွဲများနေထိုင်ရန် ငှားရမ်းခြင်းဖြစ်သည်။

 “အနေများတာက လူငယ်စုံတွဲတွေများတယ် အိမ်ရှင်တွေကလည်း အိမ်ထောင်သည် စုံတွဲတွေကို ဦးစားပေး ငှားကြတာ များသောအားဖြင့်က အိမ်ငှားခကို အများကြီးမတတ်နိုင်တဲ့သူတွေ ငှားကြတာ ပွဲစားခကလည်း သက်သာတယ်လေ အခုနောက်ပိုင်း နှစ်ယောက်ခန်း အငှားဈေးကွက်က တော်တော်တွင်ကျယ်လာတယ် ” ဟု စမ်းချောင်းမြို့နယ်မှ အိမ်ပွဲစားကျော်ကျော်က ပြောသည်။

အဆိုပါ နှစ်ယောက်ခန်းများငှားယူရာတွင် အခန်းခများကို တိုက်ခန်းများငှားရမ်းခြင်းမျိုးကဲ့သို့ (၆)လ(၁)နှစ် စာချုပ်ချုပ်စရာမလိုပဲ (၂)လစာသာ ပေးချေရခြင်းကြောင့် ပိုက်ဆံမတတ်နို်င်သူများအပြင် လူငယ်စုံတွဲများ အနေဖြင့် ငှားရမ်းရန် စိတ်ဝင်စားမှု မြင့်တက်လာခြင်းဖြစ်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။

 “ကျွန်တော်တို့ အနေနဲ့က တိုက်ခန်းတစ်ခန်းငှားဖို့ မတတ်နိုင်ဘူးလေ ငွေက လုံးကနဲကုန်မှာ ဒီလို သီးသန့်အခန်းလေးက နှစ်လစာလေးပဲကြိုပေးရတာ နေရတာလဲ ကိုယ့်အိမ်နဲ့ နေရသလိုပါပဲ စည်းကမ်းချက် လေးတွေတော့ လိုက်နာရတာပေါ့ စင်ကာပူမှာဆို ဒီလိုပဲနေကြတာဗျ” ဟု နှစ်ယောက်ခန်းတွင် ငှားရမ်း နေထိုင်သည့် လူငယ်တစ်ဦးက ဆိုသည်။ သီးသန့်နှစ်ယောက်ခန်းအခန်းငှားရမ်းခများမှာ တစ်လလျှင် ငွေကျပ်(၄)သောင်းမှ(၆)သောင်းအထိ ရှိကြောင်း သိရသည်။

“ဦးတို့က လင်မယားနှစ်ယောက်ထဲနေတာ အခန်းတစ်ခန်းကလည်း ပိုနေတော့ အပိုဝင်ငွေရအောင် လူခေါ် တင်ထားလိုက်တာ မိန်းကလေးတွေချည်းပဲဆိုရင်တော့ သိပ်လက်မခံချင်ဘူး ရှုပ်ရှုပ်ယှက်ယှက် ဖြစ်မှာဆိုးလို့ အိမ်ထောင်သည်တွေကိုပဲ လက်ခံတယ် ရန်ကုန်မြို့မှာက နေစရိတ်က တော်တော်ကြီးတယ်လေ”ဟု သီးသန့် ခန်းငှားရမ်းသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်းရှိ လက်ရှိအိမ်ငှားခများသည် ငွေကျပ် အနည်းဆုံးကျပ်တစ်သိန်းဝန်းကျင်မှ နှစ်သိန်းခွဲ ဝန်းကျင်ကြားရှိကြောင်း သိရသည်။
မင်းဟိန်းထက်(မြစ်မခ)
Myit Makha Mediagroup

အင်းလေးကန်အတွင် ရေမရှိတော့

နန့်ပန်ဈေး လှေဆိပ်တွင် ရေနည်းပါးနေသည်ကို ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်

Wednesday, May 01,2013
ရာသီဥတု ပြောင်းလဲခြင်း၏ သက်ရောက်မှုအနေဖြင့် မိုးခေါင်ခြင်းအပြင် သစ်တောပြုန်းတီးမှု၊ နုန်းပို့ချမှု များပြားခြင်းတို့ကြောင့် အင်းလေးဒေသရှိ ချောင်းအများစုတွင် ရေနည်းပါးခြင်းကို ဆက်လက်ကြုံတွေ့လျက်ရှိကြောင်း သိရသည်။
...
ရေနည်းပါးကျဆင်းမှုကို ယခုနှစ် မတ်လဝန်းကျင်မှ စတင်ကြုံတွေ့နေရခြင်းဖြစ်ပြီး ကျေးရွာများသို့ ဆက်သွယ်သော ချောင်းများ၌ ရေနည်းပါးမှုကြောင့် သွားလာရေးခက်ခဲမှု၊ သောက်သုံးရေ အခက်အခဲများ ရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုသည်။

“သုံးရေကတော့ စက်လှေတွေမသွားတဲ့ ညပိုင်းဆို ရေကြည်သွားတော့ အဲဒီရေပဲသုံးတယ်။ သောက်ရေကတော့ အရှေဘက်ကမ်း ညောင်ဝန်းရွာက ရေဝယ်သုံးရတယ်။ ငါးဂါလံပါတဲ့ တစ်ပုံးကို ကျပ်သုံးရာပေးဝယ်ရတယ်” ဟု အင်းလေးဒေသ နန့်ဟူးကျေးရွာမှ ဦးဝင်းနိုင်က ဧပြီ ၃၀ ရက်က ဆိုသည်။

“ရေလျော့တာ သုံးနှစ်လောက်ရှိပြီ။ တန်ခူး၊ ကဆုန်လလောက်ဆို ရေကျတာပဲ။ ဝါဆို၊ ဝါခေါင်မှပဲ ရေပြန်ပြည့်တယ်။ မိုးမကောင်းဘူးလေ။ ရွာလည်း တစ်ပေါက်၊ နှစ်ပေါက်ပဲ။ ၂၀၁၀ ခုနှစ်ရဲ့ ရှေ့တုန်းကတော့ ရေဒီလို အရမ်းခန်းတာ မရှိဘူး။ နည်းတော့ နည်းတယ်။ စက်လှေ ၀င်မရဘူး ဆိုတာမျိုး မရှိဘူး" ဟု ၎င်းက ဆက်လက်ပြောပြသည်။

အင်းလေး ဒေသသည် ၂၀၁၀ ပြည့်နှစ် ဧပြီလကုန် မေလအတွင်းက နှစ်စဉ်နှင့် မတူဘဲ စံချိန်တင် ရေကျဆင်းခဲ့ပြီး အချို့သော ကျေးရွာများမှာ စက်လှေဖြင့် ယခင်ကဲ့သို့ ရွာအရောက် သွားလာနိုင်ခြင်း မရှိခဲ့ဘဲ လူမှုစီးပွားရေးအပေါ် သက်ရောက်မှုလည်း များစွာရှိခဲ့ကြောင်း သိရသည်။ ယင်းမှာ မိုးရွာသွန်းမှု မရှိခြင်းနှင့် မိုးနည်းပါးခဲ့ခြင်းနှင့် ရေဝေရေလဲ ဒေသများ၏ သဘာဝ ပတ်ဝန်းကျင် အပြောင်း အလဲကြောင့် ရေကျ ဆင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင်လည်း ယင်းသို့ ရာသီဥတု ပူပြင်းခြောက်သွေ့ ချိန်များ၌ ရေနည်းပါးခြင်းကို ကြုံတွေ့လာရသည်။
ရေကျဆင်း နည်းပါးလာမှုအပေါ် ၂၀၁၀ ပြည့်နှစ်ကကဲ့သို့ စံချိန်တင် ရေခန်းခြောက်မှုမျိုး ဖြစ်ပေါ်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်မှု ရှိနေ . . .

အင်းလေးဒေသရှိ ကျေးရွာများတွင် ကန်အတွင်း စီးဝင်သော ချောင်းများတစ်လျှောက် စက်လှေ၊ လှေ စသည်တို့ဖြင့် ထွက်ကုန်များ ရောင်းဝယ်ရေး၊ လူမှုရေး စသည့်ကိစ္စရပ်များ အတွက် အသုံးပြု၍ သွားလာကြပြီး ယခုအခါ ချောင်းအများစု ရေကျဆင်း လာသည့်အတွက် ရေကြောင်းသွားလာရာတွင် အချိန် ပိုမိုပေးလာရသည်ဟု သိရသည်။ နတ်ပန်ရွာ အနီးရှိ ငါးရက်တစ်ဈေးသို့ သွားရာတွင် ယခင်က ဈေးပေါ်အထိ လှေများ ဆိုက်ကပ်နိုင်သော်လည်း ယခုအခါတွင် ဈေးနှင့် ကိုက်ငါးရာခန့် အကွာတွင်သာ လှေများရပ်နား၍ လမ်းလျှောက် သွားလာရကြောင်း သိရသည်။

အင်းလေးကန်တွင်း၌မူ လက်ရှိတွင် ရေနည်းပါးခြင်း မသိသာသေးသော်လည်း ကန်အတွင်းသို့ စီးဝင်သော ချောင်းများတွင် ရေကျဆင်း နည်းပါးလာမှုအပေါ် ၂၀၁၀ ပြည့်နှစ်ကကဲ့သို့ စံချိန်တင် ရေခန်းခြောက်မှုမျိုး ဖြစ်ပေါ်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်မှု ရှိနေသည်။

အင်းလေးတွင် ကျေးရွာအုပ်စု ၅၀ ကျော်၊ ကျေးရွာ ၄၀၀ ကျော် တည်ရှိပြီး အင်းသား၊ တောင်ရိုး၊ ဓနု၊ ရှမ်း၊ ပအို့ဝ် တိုင်းရင်းသားများ နေထိုင်ကြကာ လက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများ၊ ရေလုပ်ငန်းနှင့် အရောင်းအ၀ယ် လုပ်ငန်းတို့ကို လုပ်ကိုင်ကြသည်။ မြန်မာနိုင်ငံ၌ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေပြီးလျှင် နိုင်ငံခြားသား ဧည့်သည်များ စိတ်ဝင်စားမှု များပြားသော၊ ကျော်ကြားသော ခရီးသွားဒေသ တစ်ခုလည်း ဖြစ်သည်။
Eleven Media Group

ပါရာဂွေးနိုင်ငံဗုံးပေါက်ကွဲမှုကြောင့်လူ(၄၀)ကျော်ထိခိုက်ဒာဏ်ရာရ

ပါရာဂွေးနိုင်ငံ၏ကမ်္ဘာလှည့်ခရီးသွားများစည်ကားရာ အမျိုးသားဇာတ်ရုံအနီး တွင် ဧပြီလ(၃၀)ရက်နေ့က ဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ် ပွားခဲ့ကြောင်းသိရသည်။

ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်ရှိအဆောက်အအုံများ မှ ပြူတင်းမှန်များလွှင့်စင်ကွဲထွက်ခဲ့ကာ ထိခိုက်ဒာဏ်ရာ ရရှိသူ(၄၀)ကျော် ရှိခဲ့ကြောင်းသိရသည်။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာတွင် ရဲခွေးများ အသုံးပြု ၍ပျောက်ဆုံးသူများအား အရေးပေါ် ရှာဖွေကယ်ဆယ်မှု များပြုလုပ် ခဲ့ကြသည်။ ဗုံးပေါက်ကွဲရခြင်း၏အကြောင်းအရင်းကို ဆက်လက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း Sky Newတွင် ဖော်ပြထားသည်။
SkyNet TV Browser

တရုတ်ပြည်သို့ မှောင်ခိုသစ် ခိုးထုတ်မှု အရှိန်မြင့်တက်


တရုတ်မြန်မာ နယ်စပ်ဒေသရှိ သစ်မှောင်ခိုကားများအား ဧပြီလဆန်းပိုင်းတွင် တွေ့ရစဉ်
Wednesday, 01 May 2013
တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူများနှင့် အဂတိတရား လိုက်စားသူများကြောင့် မှောင်ခိုသစ် ခိုးထုတ်မှု အရှိန်မြင့်တက်လာကြောင်း တရုတ်-မြန်မာနယ်စပ်မှ ပေးပို့သော သတင်းများအရ သိရသည်။

"ကျွန်တော်တို့ ရွှေလီဘက်မှ တွေ့ရတဲ့ သစ်ပုံတွေက မြင်မကောင်း ကြည့်မကောင်းပဲ။ ထားစရာ နေရာတောင် မရှိသလောက်ပါ။ မြန်မာပြည်မှာကော သစ်တောတွေ ကျန်သေးရဲ့လားလို့ မေးလို့ရတယ်။ တစ်နေ့တစ်နေ့ အစီးရေ ၂၇၀ နဲ့ ၃၀၀ ကြားမှာ ရှိပါတယ်။ ၁၂ ဘီးကား၊ ၂၂ ဘီးကားတွေနဲ့ နေ့စဉ်တင်နေတာ။ ကျွန်တော်တို့ ဘက်ကလည်း တစ်ခုခု ပြောသင့်နေပြီလို့ ထင်တယ်။ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ ကိုယ့်အသား ဖဲ့ယူသလို ခံစားရလို့ ပြောပြတာပါ" ဟု ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

အပင်ကြီးတွေ ၂၂ ဘီးကားနဲ့ ခြောက်လုံးလောက်ပဲ ရတယ်ဆိုတော့ စဉ်းစားကြည့်ပါ။ အမြစ်ပါမချန်ဘူး၊ ပင်စည်ကို သစ်လုပ်တယ်။ အကိုင်းအခက်ကို မီးသွေးဖုတ်တယ်။ ဂျပန်၊ ကိုရီးယားကို export ပြန် လုပ်တယ်။ ပြောင်ပြောင်တင်းတင်း လုပ်ချင်တိုင်း လုပ်နေတယ် . . . . .


ယင်းကဲသို့ သစ်မှောင်ခိုဂိုဏ်းများ ထုတ်ယူလာသည်မှာ ၂၀၁၁ ခုနှစ် ဇွန်လနောက်ပိုင်း မြန်မာစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများ စတင်ချိန်မှစပြီး အရှိန်မြင့်တက်လာကြောင်း၊ နယ်မြေမအေးချမ်းသည့်အပေါ် ပိုမို အခွင့်အရေးယူ အသုံးချနေသည့် သဘောမျိုး ဖြစ်ကြောင်းလည်း သိရှိရသည်။ လက်ရှိ အနေအထားများသည် တရုတ်နိုင်ငံသားတို့ ပြည်တွင်းတွင် နိုင်ငံသားများထက်ပင် အခွင့်အရေးထက် ပိုရနေကြောင်း၊ တရားဥပဒေ စိုးမိုးမှု မရှိသည့် အနေအထားတွင် အခွင့်ကောင်းယူခြင်း၊ လာဘ်ပေးလာဘ်ယူမှု ရှိနေခြင်း၊ လမ်းကြောင်းနဲ့ သွားသည့် ခေတ်စနစ်တစ်ခု ထွန်းကားနေခြင်းတို့မှာ အဓိက အကြောင်းရင်များဖြစ်ကြောင်း သုံးသပ်ကြသည်။

"သူတို့ ၀င်တဲ့နေရာမှာ ကိုယ့်ယန္တရားနဲ့ကိုယ့် ကိုယ့်နဲ့ကိုယ် လာသယ်နေကြတာလေ၊ ကချင်ပြည်နယ် မိုးမိတ်လောက်က ဆင်းလာတာ။ အခုဆို စစ်ကိုင်းတိုင်း မန္တလေးတိုင်းလောက်အထိ ရောက်လာပြီ။ သိပ်ပြောင်ကျပြီး သိပ်မတရားမှုတွေ များနေပြီ။ အပင်ကြီးတွေ ၂၂ ဘီးကားနဲ့ ခြောက်လုံးလောက်ပဲ ရတယ်ဆိုတော့ စဉ်းစားကြည့်ပါ။ အမြစ်ပါမချန်ဘူး၊ ပင်စည်ကို သစ်လုပ်တယ်။ အကိုင်းအခက်ကို မီးသွေးဖုတ်တယ်။ ဂျပန်၊ ကိုရီးယားကို export ပြန် လုပ်တယ်။ ပြောင်ပြောင်တင်းတင်း လုပ်ချင်တိုင်း လုပ်နေတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။

တရုတ်-မြန်မာနယ်စပ် ရွှေလီတွင် သစ်လုံးကားများ နေ့စဉ်ဝင်ထွက် သွားလာနေကြကြောင်း၊ တရုတ်ပြည်တွင် ဤမျှပေါများသော သစ်များ မရနိုင်ကြောင်း၊ တရုတ်နိုင်ငံ၏ ဥပဒေအရ ခွင့်ပြုမိန့်မရှိဘဲ သစ်ထုတ်ခွင့် မရှိကြောင်း။ ထုတ်ယူပါက ပြင်းထန်စွာ အရေးယူ ခံရတတ်ကြောင်း။ သို့သော် မြန်မာပြည်ဘက်မှ မှောင်ခိုသစ် များများဝင်လာသည့်အပေါ် တရုတ်ဘက်က ပိတ်ပင်ထားမြစ်ခြင်း မရှိကြောင်း၊ တစ်တန်ကို တရုတ် ယွမ်ငွေ ၁၂၀၀ ကို အကောက်အခွန်အနေဖြင့် ကောက်ယူကြောင်း၊ မြန်မာဘက်မှ အလကားနီးပါးနှင့် ရသည်ဆိုတော့ တစ်တန် ၁၂၀၀ ပေးလိုက်ရလည်း မှောင်ခိုသမားများအတွက် ဘာမှထိခိုက်မှု မရှိကြောင်း ဒေသခံများက ဆိုသည်။

"ဘာကြောင့် မှောင်ခိုမှုများ ဤမျှလောက်အထိ ဟော့ဟော့ရမ်းရမ်း လုပ်နေကြတာလဲ မသိဘူး။ မြန်မာပြည်က သစ်တွေကော ကျန်ဦးမှာလား မေးစရာရှိတယ်။ တရုတ်နိုင်ငံက ကမ္ဘာပေါ်တွင် ဒုတိယ စီးပွားရေးအရ အင်အားအကြီးဆုံး နိုင်ငံဖြစ်နေတယ်။ စက်မှုဖွင့်ဖြိုးမှုကို စောင်းပေးလိုက်တဲ့အခါ တရုတ်ပြည်တွင် ရာသီဥတု ဖောက်ပြန်မှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတို့ကို ခံစားလာရတယ်။ တစ်ချို့မြို့ကြီးများတွင် နေမမြင်ရ။ ရုတ်တရက်ကြည့်လျှင် မီးခိုးငွေ့များလို၊ မိုးမှောင်ကျနေသလို ထင်ရတယ်။ တစ်ခါတစ်ခါ မိုးရွာချလိုက်မှသာ နေကိုမြင်တွေ့ခွင့် ရတယ်။ ဒါက သူ့အကြောင်းနဲ့သူ။ သူနိုင်ငံ စီးပွားရေး တိုးတက်အောင် လုပ်ယူသည့်အတွက် သူပြန်ပေးဆပ်လိုက်ရတာပါ။ အခုသူ့နိုင်ငံတွင် လုပ်ခွင့်မရသည့် စီးပွားရေးသမားတွေရဲ့ အိပ်မက်ကို မြန်မာနိုင်ငံတွင် လာပြီးအကောင်ထည် ဖေါ်ကြတယ်။ ဖော်ခွင့်လည်း ရထားကြတယ်။ မြန်မာပြည်မှာ တောင်ကတုံးတွေပဲ ကျန်တော့ရင် ဘယ်သူ့မှာ တာဝန်ရှိလဲ မေးစရာ ရှိလာပေလိမ့်မယ်။ ဒီအတိုင်းဆိုပါက သစ်တောတောအားလုံး ဆုံးရှုံးပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးသည့်ဒဏ်ကို ပြည်သူများက ခံစားကြရမယ်" ဟု သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းစောင့်ရှောက်ရေး ပညာရှင်တစ်ဦးက ဆိုသည်။
Eleven Media Group

ဥကံ္ကမြို့ ပဋိပက္ခဖြစ်စဉ် မေလ ၁ ရက် နံနက်ပိုင်းတွင် တည်ငြိမ်လျက်ရှိနေ

ဧပြီလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဥကံ္ကမြို့ ပဋိပက္ခဖြစ်စဉ် မေလ ၁ ရက် နံနက်ပိုင်းတွင် တည်ငြိမ်လျက်ရှိနေ၊ မေလ ၁ ရက် နံနက်ပိုင်းတွင် ကျူးလွန်သူဟု ယူဆထားသူ ၁၅ ဦးအား ရဲတပ်ဖွဲ့ဝင် ၁၀၀ ၀န်းကျင်ဖြင့် ဖမ်းဆီးခဲ့
 

ဖမ်းဆီးစစ်ဆေးထားသည့် ၁၅ ဦးထံမှ သိမ်းဆည်းရမိသည့် ဂျင်ကလိအချို့မေ ၁ ရက်နေ့ နံနက် ၃ နာရီက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ဧပြီလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဥကံ္ကမြို့ ပဋိပက္ခဖြစ်စဉ်မှာ မေလ ၁ ရက် နံနက်ပိုင်းတွင် တည်ငြိမ်လျက် ရှိနေကြောင်း ဥကံ္ကမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးမြင့်မောင်က မေ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ တွင် ဖြေကြားခဲ့သည်။

ဥကံ္ကမြို့တွင် ဧပြီ ၃၀ ရက် နံနက်ပိုင်းက မူစလင် အမျိုးသမီး တစ်ဦးနှင့် ကိုရင်တစ်ပါးတို့ ၀င်ရောက်တိုက်မိရာမှ ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်အား အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက မေလ ၁ ရက်နေ့နံနက် ၃ နာရီခွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အား ပါဝင်ကျူးလွန်သူများဟု သံသယရှိသူ ၁၅ ဦးကို မေလ ၁ ရက် နံနက် ၁ နာရီ ခွဲတွင် ရဲတပ်ဖွဲ့အင်အား ၁၀၀ ၀န်းကျင်ဖြင့် ဥကံ္ကမြို့၊ ပနီပင်ကျေးရွာအတွင်း ၀င်ရောက်ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။



ပို့ဆောင်ရန် ဥက္ကံရဲစခန်းအတွင်း စီစဉ်နေမှုမြင်ကွင်းကို မေ ၁ ရက်နေ့ နံနက် ၄ နာရီက မြင်တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ယင်းကဲ့သို့ ဖမ်းဆီးခဲ့ရာတွင် ဂျင်ကလိ ၁၃ ခု၊ ဓားမတစ်ချောင်းနှင့် လေးခွ ၂ ခုတို့ကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က''ဒီဖြစ်စဉ်က ဒီလောက် ဖြစ်သွားစရာ အကြောင်းမရှိဘူး။ အဓိကတော့ ပြည်သူအချို့က အသိဥာဏ် မရှိလို့ဘဲ။ အခုလို ပဋိပက္ခ ဖြစ်စဉ်တွေ ဆက်လက်ဖြစ်ပွား နေမယ်ဆိုရင်တော့ နိုင်ငံတကာ ထိုးနှက်မှုတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်။ ဒီဖြစ်စဉ်ကို ဆက်လက်မဖြစ်ပွားဖို့ ပါဝင်ကျူးလွန်ခဲ့တဲ့ သူတွေကို အမြန်ဆုံး ဖမ်းဆီးပြီးတော့ ထိရောက်စွာ အရေးယူသွားပါမယ်။ ကျူးလွန်ခဲ့တယ်လို့ ယူဆထားပြီး ဖမ်းဆီးစစ်ဆေးနေတဲ့ ၁၅ ဦးလုံးက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်။ ကျွန်တော်တို့ ရရှိထားတဲ့ သတင်းအရဆိုရင် ကျူးလွန်သူတွေ အများကြီး ကျန်ရှိနေသေးတယ်။ ဒါကြောင့် ဆက်လက် ဖမ်းဆီးသွားပါမယ်။'' ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်ထိ ဖမ်းဆီးစစ်ဆေးလျက်ရှိသည့် ၁၅ ဦးအနက်မှ ၉ ဦးကို မင်္ဂလာဒုံမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ကျန် ၆ ဦးကို အင်းစိန်ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးလျက် ရှိကြောင်း ဥက္ကံရဲစခန်းတွင် ဖြစ်စဉ်အား လာရောက် ထိန်းသိမ်းနေသည့် ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က မေ ၁ ရက်နေ့ နံနက် ၄ နာရီက ပြောကြားခဲ့သည်။



လုံခြုံရေးဆောင်ရွက်ရန် ရောက်ရှိလာသော တပ်မတော်သားများကို မေ ၁ ရက် နံနက် ၁ နာရီခွဲခန့်က တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

''အခုဥကံ္ကမြို့ပေါ် ရပ်ကွက်တွေရော ကျေးရွာတွေ အားလုံးမှာ တင်းမာမှုတွေ၊ ပဋိပက္ခ ဖြစ်စဉ်တွေ မဖြစ်တော့ပါဘူး။ ဒါပေမဲ့ လှုံခြုံရေး အရတော့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတုန်းပါဘဲ'' ဟု မေလ ၁ ရက် နံနက် ၁၀ နာရီ ၅၀ တွင် ဥကံ္က မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။

ဥက္ကံပဋိပက္ခ ဖြစ်စဉ်တွင် အပြင်းအထန် ဒဏ်ရာရရှိသူ ၃ ဦး အနက်မှ ဇော်ဇော်နိုင် ဆိုသူမှာ မေ ၁ ရက်နေ့ နံနက် တစ်နာရီခွဲတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ပဋိပက္ခ ဖြစ်စဉ်အတွင်း မီးလောင်မှုကြောင့် နေအိမ် ၈၁ လုံး ဗလီတစ်လုံး၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဥက္ကံမြို့ပေါ် ရပ်ကွက်များရှိ နေအိမ်များနှင့် ဆိုင်ခန်း ၅၀ ၀န်းကျင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဥကံ္ကမြို့အတွင်း ပဋိပက္ခ ဆက်လက်ဖြစ်ပွားခဲ့ပါက အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင်အင်အား တိုးချဲ့ထားသည့်အပြင် တပ်မတော်သားများကိုလည်း လုံခြုံရေး ဆောင်ရွက်ရန် ရောက်ရှိနေကြောင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။
Eleven Media Group

လက်ကိုင်ဖုန်းများတွင်ကျယ်လာမှုနှင့်ကျန်းမာရေးအထူးဂရုပြုသင့်

May 1, 2013
ဧပြီလ (၂၄)ရက်တွင် ငွေ ကျပ်(၁၅၀၀)တန်CDMA 800 MHZဖုန်းများကို ချထားပေးခဲ့ ရာတွင် လူတန်းစားမျိုးစုံ ဖုန်းကိုင် နိုင်သောကြောင့် ဖုန်းများ တွင် ကျယ်လာမှုနှင့်အတူ ကျန်းမာ ရေးရှုထောင့်ကိုလည်း ဂရုပြုသင့် ကြောင်းစားသုံးသူကာကွယ်ရေး အသင်းမှ ဥက္ကဋ္ဌ ဗအုပ်ခိုင်က ပြောသည်။

““အခုနောက်ပိုင်း ဖုန်းတွေ က တွင်ကျယ်ကျယ်ဖြစ်လာတယ်။ ကျန်းမာရေးရှုထောင့်ကိုလည်း ဂရုပြုသင့်တယ်။ တစ်ချို့က အိပ် ရာထဲထည့်အိပ်တယ်။ ဒီလိုထည့်  အိပ်တဲ့အခါမှာ အာရုံကြောနဲ့ ပတ်သက်တဲ့ရောဂါတွေဖြစ်တတ် တယ်။ သတိမေ့ရောဂါတို့၊ အယ်လ် ဇိုင်းမားရောဂါ(ဦးနှောက်ရောဂါ ဖြစ်တက်တယ်။ တစ်ချို့သမီး ရည်စားတွေ ဖုန်းအကြာကြီးပြော တယ်။ ဒါကိုလည်း ဆင်ခြင်သင့် တယ်။ ဖြစ်နိုင်ရင် နားကြပ်နဲ့ ပြောတာအကောင်းဆုံးပဲ။ ဒီ အတိုင်းက မဖြစ်မနေပြောသင့် တယ်။ သံလိုက်စက်ကွင်းတွေက ဆိုးကျိုးဖြစ်စေတယ်။ လူတွေ အတွက် မရှိမဖြစ် လိုအပ်ပေမဲ့ ကျန်းမာရေးအရ ဂရုပြုသင့် တယ်””ဟု ၎င်းကပြောသည်။

၎င်းအပြင် တစ်ချို့သော လူငြီးများမှာ မိမိ၏ ကလေးငယ် များကိုပါ ဖုန်းများဝယ်ပေးလေ့ရှိ ရာ ထိုသို့ဝယ်ပေးခြင်းဖြင့် ကလေး ငယ်များ၏ ဦးခေါင်းအရည်ပြား မှာ လူကြီးများထက်ပိုပါးသော ကြောင့် လူကြီးများထက်ပို၍ရော ဂါဖြစ်တတ်ကြောင်း၊ အသက် (၁၀)နှစ်အောက်ကလေးများကို ဖုန်းဝယ်ပေးရန်မဆိုထားနှင့်ဖုန်း ဖြင့်ဂိမ်းဆော့ခြင်းကိုတောင် ခွင့် မပြုသင့်ကြောင်း ၎င်းက ဆက် လက်ပြောသည်။
ယဉ်ပပထွန်း
The Hot News

ကမ္ဘာ့အရည်ဆုံး မောင်းသူမဲ့ရထားစနစ် ဖြစ်လာမည်

May 1, 2013
ဒူဘိုင်းမြေအောက်ရထားစနစ် သည်ကမ္ဘာပေါ်တွင် အရှည်လျား  ဆုံးသော အလိုလျောက်စနစ်သုံး  မောင်းသူမဲ့ခေတ်မီရထားကွန်ရက် ဖြစ်သည်။ ဒူဘိုင်းရထားစနစ်သည်  မြို့တော်၏အလယ်တွင် မြေအောက် သို့ဝင်ရောက်သွားပြီး အချို့သော  နေရာများတွင် မြေပြင်ပေါ်သို့ ပြန်လည်ထွက်ပေါ်လာကာ ကောင်းကင်တံတားဖြင့် မြို့ပေါ် မှ ဖြတ်သန်းပြေးဆွဲသည် ၃၂.၄ မိုင် (၅၂.၁ ကီလိုမီတာရှည်လျား သော) ဒူဘိုင်း လူဦးရေ၏ ၁၀ ရာခိုင်းနှုန်းစီးနင်းခဲ့ကြသည်ဟု သိရသည်။

ခေတ်မီလှပသော ရထားဘူတာများ စင်္ကြန်များ ရထားတွဲများအားလုံးတွင် လေအေးပေးစနစ်များ အပြည့်အ၀  တပ်ဆင်ထားပြီးစင်္ကြန်နှင့် ရထား ကြားရထားရပ်မှသာ ပွင့်နိုင်သော Platform Screen Doors များတပ်  ဆင်ထားသည်။

စုစုပေါင်းကုန်ကျ စရိတ်အမေရိကန်ဒေါ်လာ ၇.၈ ဘီလီယံ (ဒေါ်လာသန်း ၇၈၀၀) ကုန်ကျပြီးအပြည့်အစုံပြီးစီးပါက စုစုပေါင်းလမ်းအရှည် ၄၃.၃ မိုင် (၆၉.၇ ကီလိုမီတာ)ရှည်လျား မည်ဖြစ်ပြီး ကမ္ဘာအရှည်ဆုံးမောင်း သူမဲ့ရထားစနစ်ဖြစ်လာမည်ဖြစ် သည်။
HN-NI
The Hot News

ဥက္ကံပဋိပက္ခအတွင်း သံသယရှိသူ ၁၈ ဦးကို ဖမ်းဆီး

ဧပြီ ၃၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ဥက္ကံမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို လှုံဆော်သူလို့ သံသယရှိတဲ့ ဒေသခံ ၁၈ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း RFA က စုံစမ်းသိရပါတယ်။

သံသယရှိသူ ၁၈ ဦးကို မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့နဲ့ရန်ကုန်တိုင်းရဲတပ်ဖွဲ့ စစ်ကြောရေးစခန်းတွေမှာ နှစ်နေရာခွဲပြီး စစ်ဆေးမေးမြန်းမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဧပြီ ၃၀ ရက်ညနေပိုင်းမှာ ဥက္ကံမြို့ သကြားစက်ပတ်ဝန်းကျင်က အစ္စလာမ်ဘာသာဝင်တွေ အများဆုံးနေထိုင်တဲ့ ရတနာကုန်း၊ပနီပင်၊ ခြောက်သဲနဲ့ သဲကုန်းကျေးရွာတွေက အိမ်ခြေ ၁၀၀ ကျော်ကို လူအုပ်စုလိုက် ဝင်ရောက် ဖျက်စီး၊မီးရှို့တာတွေ ပြုလုပ်ခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့ဝင်တွေက အဲဒီနေရာတွေမှာ လုံခြုံရေးတာဝန်ယူထားတယ်လို့ ဥက္ကံမြို့က ရဲအရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့တဲ့ ဥက္ကံမြို့မဈေးကို သုံးရက်ကြာ ပိတ်ထားလိုက်ပြီး၊ဥက္ကံမြို့နဲ့ ပတ်ဝန်းကျင်က ကျေးရွာတွေကို ပုဒ်မ ၁၈၈ အမိန့်ထုတ်ပြန် ကြေညထားပါတယ်။

ဧပြီ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ရန်ကုန်ဆေးရံကြီး ကို တင်ပို့ဆေးကုသမှု ခံယူစေတဲ့ ကိုတင်ဝင်း၊ကိုဇော်နိုင်နဲ့ကိုအီစမန်တို့ထဲက အစ္စလာမ်ဘာသာဝင် ကိုဇော်နိုင်က ရရှိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။

ဥက္ကံမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရသူ ၁၀ ဦး ရှိတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
RFA Burmese

စွမ်း အဖွဲ့ကို ဧရာဝတီတိုင်းအတွင်း ဇာတ်ကခွင့် တိုင်းအစိုးရ ပိတ်ပင်

Wednesday,May 01,2013
ဇလွန်ပြည်တော်ပြန် ဘုရားပွဲမှာ ပရိသတ်နဲ့ ပဋိပက္ခ ဖြစ်ပြီး ပွဲပျက် ပြန်ပြေးခဲ့ရတဲ့ စွမ်းဇာနည် ဇာတ်အဖွဲ့ကို ဧရာဝတီတိုင်း အစိုးရအဖွဲ့က အဲဒီ တိုင်းအတွင်း လာရောက်ဖျော်ဖြေခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့ ဇလွန်ပြည်တော်ပြန် ဘုရားပွဲတော်မှာ တပေါင်းလပြည့်ကျော် ၁ ရက်နေ့ မတ်လ ၂၇ ရက်နေ့ မနက် ၂ နာရီခွဲလောက်က စွမ်းသဘင် ဇာတ်ရုံမှာ စွမ်း ဇာတ်အဖွဲ့နဲ့ ပရိသတ်တချို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး စင်ကို မီးရှို့ ခံရတဲ့အပြင်၊ ဇာတ်အဖွဲ့က ပါလာတဲ့ လေအိတ်ကား တစီး၊ ကုန်ကားနှစ်စီးနဲ့ မင်းသားရဲ့ ကိုယ်ပိုင်ကား မှန်တွေကို ရိုက်ခွဲခံရ ပြီး ၁ လ အကြာမှာ စွမ်းဇာနည်ဇာတ်အဖွဲ့ကို ဧရာဝတီတိုင်း အစိုးရအဖွဲ့က သူတို့ဒေသမှာ လာရောက်ဖျော်ဖြေခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး မင်းသား စွမ်းဇာနည်နဲ့ တိုက်ရိုက် အဆက်အသွယ် မရခဲ့ပေမယ့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး အတွင်းရေးမှူး ဦးမိုးဝင်းကတော့ “ပိတ်မယ်ဆိုတဲ့ သတင်း ကြားရုံ ရှိပါသေးတယ်။ အတိအကျတော့ ကျနော်တို့ဆီကို စာမပို့သေးပါဘူး” လို့ ပြောပါတယ်။

အငြိမ့်မင်းသမီး ခေါင်းဆောင် မင်းသမီးတဦးလည်း ဖြစ်၊ စွမ်းဇာနည်တို့ မိသားစုနဲ့လည်း ခင်မင်သူ ကျားလေးစိန်ကတော့ ပိတ်ရင်လည်း ကောင်းပါတယ်လို့ ဆိုပါတယ်။

သူက “ပိတ်တယ် ဆိုတာလည်း စွမ်းကို နစ်နာစေလိုတဲ့ ဆန္ဒတော့ မဖြစ်နိုင်ပါဘူး၊ လောလောဆယ် ဧရာဝတီတိုင်း ဘက်မှာ မဖျော်ဖြေ သေးတာတော့ အကောင်းဆုံးပေါ့။ ဒီကိစ္စမှာ စွမ်းတို့ဘက်က တရားမစွဲဘူးလို့ သိရတယ်” လို့ ဆက်ပြောတယ်။

စွမ်းဇာနည်နဲ့ ဇလွန်ပရိသတ်တို့ရဲ့ ပဋိပက္ခ ဖြစ်စဉ်အကျဉ်းကိုတော့ စွမ်းဇာနည်နဲ့ နီးစပ်သူ တဦးက ဧရာဝတီကို ပြောပြ တာကတော့ -

ဇလွန်မှာ စွမ်းဇာနည် ဇာတ်အဖွဲ့ အနေနဲ့ မတ် ၂၄၊ ၂၅၊ ၂၆ သုံးရက် ဖျော်ဖြေပေးဖို့ စီစဉ်ထားပေမယ့် ၂၅ ရက်နေ့ညဘက်မှာ ဇာတ်ရုံ အဖောက်ခံရပြီး တီးဝိုင်းသမား ပစ္စည်း တချို့နဲ့ သဘင်အစည်းအရုံး ကတ်တချို့ အခိုးခံခဲ့ရတယ်။ ၂၆ ရက်နေ့ ညနေမှာတော့ ဇာတ်သမားတချို့ ပွဲဈေးတန်းအတွင်း ထမင်းသွားစားတဲ့ အချိန် ဒေသခံတချို့ရဲ့ ရန်စထိုးကြိတ်ခြင်း ခံခဲ့ ရတယ်လို့ သိရပါတယ်။ အဲဒီလို ဖြစ်လာတော့ စွမ်းဇာနည်က ကန်ထရိုက်ကို ပွဲဆက်မကတော့ဖို့ ပြောရာမှာ ကန်ထရိုက်က အစစ တာဝန်ယူကြောင်း တောင်းပန်တာနဲ့ အဲဒီည ပွဲဆက်က ဖြစ်တယ်၊ စွမ်းဇာနည်ရဲ့ ဖခင်ကတော့ ဇလွန်သားတွေ ဘယ်လို ဆိုးရွားတဲ့အကြောင်း တော်တော်ကလေး မကျေမနပ် ပြောဆို လိုက်တယ်လို့ သူတို့ ဇာတ်အဖွဲ့နဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

ဒါပေမယ့် အဲဒီညပွဲမှာပဲ ပွဲခင်းထောင့်က လူတစုက အမျိုးမျိုး ရန်စလာတာကြောင့် မင်းသားက စင်ပေါ်ကနေ “သတ္တိရှိရင် တယောက်ချင်း ချမလား၊ စင်ပေါ်တက်ခဲ့” ဆိုပြီး မိုက်ကရိုဖုန်းနဲ့ အော်တာနဲ့ ပရိသတ်ထဲက စင်ပေါ်တက်လာ ကြတော့ မင်းသားက တက်လာတဲ့သူရဲ့ မျက်နှာကို ခြေထောက်နဲ့ ဆောင့်ကန်လိုက်တယ်လို့ စွမ်းဇာနည်နဲ့ နီးစပ်တဲ့သူက ဧရာဝတီကို ရှင်းပြပါတယ်။ ပဋိပက္ခက အဲဒီကနေ ကြီးလာပြီး စွမ်းဇာနည်ရဲ့ကားအပါအဝင် ပစ္စည်းတန်ဖိုး ကျပ်သိန်း ၁၅၀၀ ဖိုးလောက် ဖျက်ဆီး ခံခဲ့ရတဲ့အပြင် ဇာတ်တဖွဲ့လုံး ပြန်ပြေးခဲ့ရတာလို့ သိရပါတယ်။

မြန်မာနိုင်ငံ သဘင်အစည်းအရုံး ကတော့ ဒီလိုကိစ္စတွေ ဆက်မဖြစ်ဖို့ ပွဲကန်ထရိုက်တွေနဲ့ အနုပညာရှင်တွေ ကြိုတင် စာချုပ် ချုပ်ထား သင့်တယ်လို့ ဆိုပါတယ်။

အတွင်းရေးမှူး ဦးမိုးဝင်းက “စွမ်းဇာတ်သဘင် ကိစ္စ ဖြစ်ဖြစ်ချင်း ကျနော်တို့ဆီ ဆက်သွယ်လာပါတယ်။ ဒါကြောင့် ကြေညာချက် တခု ထုတ်ခဲ့ပါတယ်။ ဒီကိစ္စကို ဝမ်းနည်းကြောင်းပေါ့။ ဒီ ပဋိပက္ခက တော်တော်ကြီးသွားတယ်၊ ရှုပ်ထွေးတဲ့ အပိုင်းလည်း ရောက်သွားတယ်။ ပရိသတ်နဲ့ အနုပညာရှင် ဖြစ်နေတယ်။ စွမ်းဘက်ကတော့ တရားမစွဲတော့ပါဘူး။ ဖြစ်တဲ့ အချိန်မှာ ညဥ့်နက်တဲ့ အတွက် လုံခြုံရေးများ အားနည်းတယ်လို့ ယူဆရပါတယ်။ နောက်ဆိုရင် သဘင်သည်တွေ ကန်ထရိုက်နဲ့ စာချုပ်ချုပ်ရင် လုံခြုံရေးအတွက် ကန်ထရိုက်ဘက်က တာဝန်ယူပါမည်၊ ပြဿနာ ဖြစ်ခဲ့ရင် ကန်ထရိုက်မှ လျော်ကြေး ပေးရမည်ဆိုတဲ့ အချက် ပါဝင် ရေးသားသင့်တယ်။ ဇာတ်ပွဲတခု ကပြမယ် ဆိုရင်လည်း သက်ဆိုင်ရာ မြို့နယ်သဘင် အစည်းအရုံးတွေကို အကြောင်းကြားထားဖို့ လိုပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

စွမ်းဇာနည်နဲ့ ဇလွန်ဒေသခံတွေ ပဋိပက္ခ ဖြစ်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သဘင်အစည်းအရုံးက “၂၇ – ၃ – ၂ဝ၁၃ ရက်နေ့ ဇလွန်မြို့ ပြည်တော်ပြန် မြတ်စွာဘုရား ပွဲတော်တွင် စွမ်းဇာနည်ဇာတ် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) အလုပ် အမှုဆောင် ကော်မတီအဖွဲ့မှ များစွာ ဝမ်းနည်း ခဲ့ကြရပါသည်။ သို့ဖြစ်ပါ၍၊ နောက်နောင် ၎င်းဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမှု မရှိစေ ရန် ၃ဝ-၃-၂ဝ၁၃ ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ သဘင် ပညာရှင်များ အစည်းအရုံး (ဗဟို) အလုပ် အမှုဆောင် ကော်မတီ (အသစ်) မှ စီစဉ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာ့ ဇာတ်သဘင် ချစ်ခင်သူများသို့ လေးစားစွာ ပန်ကြားအပ်ပါသည်” ဆိုပြီး ဟု ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဇလွန်ပြည်သူ တဦးလည်းဖြစ်၊ ဇလွန်မြို့နယ် သဘင်အစည်းအရုံးနဲ့ ဗဟိုကော်မတီဝင်လည်း ဖြစ်သူ ဦးအေးချမ်းက “စွမ်း ဇာတ်သဘင်ကို ပိတ်မယ်ဆိုတာ နှုတ်စကားအရပဲ ရှိသေးတာဆိုတော့ ကျနော်တို့ အတိအကျတော့ စာမထွက် သေးပါဘူး။ ကျနော်တို့ ဇလွန်ပြည်တော်ပြန် ဘုရားပွဲဆိုတာ အတွင်းအပြင် လုံခြုံရေး ၇၀ ကနေ ၁၀၀ အကြား ထားလေ့ရှိတယ်။တခြားမြို့တွေ ကလည်း အကူအညီ ခေါ်ကြတယ်။ အဲဒီပွဲမှာတော့ လုံခြုံရေး အားနည်းချက်တွေ ရှိခဲ့တာတွေ့ရတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

စွမ်း ဇာတ်သဘင်ကို ဧရာဝတီတိုင်းအတွင်း ဖျော်ဖြေခွင့်ပိတ်ခဲ့ရင် မြန်မာနိုင်ငံ သဘင်အစည်းအရုံးက တတ်နိုင်သမျှ ကူညီပေးသွားမယ်လို့ သဘင်အစည်းအရုံး ပြန်ကြားရေးမှူး ဦးဝင်းကြိုင်က ဆိုပါတယ်။

“စွမ်းအဖွဲ့ကို ဧရာဝတီတိုင်းအတွင်း ပွဲ ပါမစ်ပိတ်မယ်လို့ ကျနော်တို့ ဒီနေ့မနက် သိရတယ်။ တရားဝင်စာ မလာသေးပါဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဥပဒေအရ ပြဿနာ ဆက်မဖြစ်ပွားဖို့ ပါမစ်ပိတ်တယ် ဆိုရင်တောင် သဘင်သည်များ အရေးအတွက် သွားရောက် တောင်းပန်ညှိနှိုင်း ပေးဖို့ အစီအစဉ်ရှိပါတယ်” လို့ သူက ဆက်ပြောတယ်။

ဒီ ကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့ ရုံးခန်းက ၃ ရက်တိတိ ဖုန်းမကိုင်ဘဲ၊ ဧရာဝတီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူးဆီ ဖုန်းဆက်တဲ့ အခါမှာလည်း အစည်းအဝေး ရှိနေလို့ နောက်မှပြန်ခေါ်ဖို့ပဲ ပြန်ကြားပါတယ်။ ပြန်ခေါ်တဲ့အခါမှာ ဖုန်းမကိုင်တဲ့အတွက် အဲဒီဘက်က အခြေအနေကို သေသေချာချာ မသိရှိရသေးပါဘူး။

စွမ်းဇာတ်သဘင် ပြန်လည် လည်ပတ်နိုင်ဖို့ လက်ရှိ အနေအထားအရ ဖိုးချစ်က ကူညီပေးနေတဲ့ သတင်းကြားတဲ့ အတွက် ဖိုးချစ်ကိုမေးကြည့်တော့ “ဘယ်သူမှန်တယ် မှားတယ်တော့ မပြောလိုပါဘူး၊ မှတ်ချက်လည်း မပေးတတ်ပါဘူး၊ သဘင် ညီအစ်ကိုတွေ ဖြစ်တာကြောင့် တတ်နိုင်တဲ့ဘက်က ကူညီပေးသွားမှာပါ။ ဒီနေ့ဒီအချိန်အထိ ကျနော်ဘာမှ ကြီးကြီးမားမား မကူညီရသေးပါဘူး” လို့ ဖြေပါတယ်။

စွမ်းဇာနည်ကတော့ အဲဒီနေ့က ဆုံးရှုံးနစ်နာမှု သိန်း ၁၅၀၀ ကျော် ရှိမယ်လို့ အလင်းတန်း ဂျာနယ် အင်တာဗျူးမှာ ဖြေကြားတားတာ တွေ့ရတယ်။ စွမ်းက တရားစွဲဆိုမှုတော့ မပြုလိုကြောင်း၊ ဖြစ်ဖြစ်ချင်း ဖိုးချစ်၊ တင်မောင်ဆန်းမင်းဝင်း၊ဟန်ဇာမိုးဝင်း စတဲ့ သဘင်ညီအစ်ကိုတွေက အကူအညီပေးမယ်လို့ ပြောခဲ့ကြကြောင်း အလင်းတန်းမှာ ဖော်ပြထားပါတယ်။

စွမ်းဇာနည်နဲ့ နီးစပ်သူတွေရဲ့ အဆိုအရတော့ စွမ်းကိုယ်တိုင်လည်း ဒီပဋိပက္ခမှာ အမှားမကင်းတဲ့အတွက် တရားစွဲဆိုတာတွေ ဘာတွေ မလုပ်တာလို့ သိရတယ်။

စွမ်းရဲ့ လူမှုကွန်ရက် facebook စာမျက်နှာမှာတော့ ပြဿနာဖြစ်ပြီးပြီးချင်း သူ့မိခင်က ပွဲမှာ ပျက်ဆီးသွားတဲ့ ကားအတွက် လင်ခရူဆာကားတစီး ပြန်ဝယ်ပေးခဲ့တယ်လို့ ဧပြီ ၈ ရက်နေ့က ရေးတင်ထားတာ တွေ့ရတယ်။ စွမ်းဇာနည်က စွမ်း ဇာတ်သဘင်မှာ ခေါင်းဆောင်မင်းသား အဖြစ် ဦးဆောင်ပြီး ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် အဖြစ်ပါ အနုပညာ လှုပ်ရှားမှုတွေ လုပ်ကိုင် နေပါတယ်။

စွမ်းဇာနည်ဆိုတာ အရင်ကလည်း ပရိသတ်နဲ့ ပဋိပက္ခဖြစ်ခဲ့ဖူးတဲ့ အတွက် သဘင်အစည်းအရုံးက ဇာတ်ကပြ ဖျော်ဖြေခွင့် ပိတ်ပင်ခြင်း ခံခဲ့ရဖူးတဲ့သူ ဖြစ်ပါတယ်။ အခု ဖြစ်သွားတဲ့ ကိစ္စမှာတော့ ၂၀၁၃ မှာ အသစ်ဖွဲ့စည်းထားတဲ့ သဘင်အစည်းအရုံးက စွမ်းဇာတ်သဘင်ကို ပိတ်ပင်ခြင်း ပြုမှာမဟုတ်တဲ့ အကြောင်း သဘင်အစည်းအရုံး ဗဟို အဖွဲ့ဝင် ဦးအေးချမ်းဆီက သိရ ပါတယ်။

စွမ်းဇာနည် ဇာတ်အဖွဲ့ ဖျော်ဖြေပွဲကို ကြည့်ဖူးသူတွေကတော့ စွမ်းဇာနည်ဟာ စတိတ်ရှိုး ဆိုရာမှာကော၊ စင်ပေါ်ကနေ ပရိသတ်ကို ပြောဆိုရာမှာပါ မယဉ်ကျေးတဲ့ အကြောင်း၊ ကြည့်ရှုသူ လူငယ်တွေ အနေနဲ့ သူ့အပေါ် မကျေမနပ် ဖြစ်နိုင်တယ်၊ ပြဿနာ များနိုင်တယ် ဆိုတဲ့အကြောင်း ဝေဖန်ကြပါတယ်။
နဒီထိုက်
ဧရာဝတီ သတင်းဌာန

ရခိုင်ပြည်နယ်တွင် ပဋိပက္ခ အချိန်မရွေးထပ်ဖြစ်နိုင် ဟု ကော်မရှင်အစီရင်ခံ

ရန်ကုန်၊ ဧပြီ ၂၉
ပဋိပက္ခကြောင့် လူပေါင်း ၁၉၀ ကျော် သေဆုံးခဲ့သော ရခိုင်ပြည်နယ်တွင် အချိန်မရွေး ပဋိပက္ခ ထပ်မံဖြစ်ပွားနိုင်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ တရားဥပဒေစိုးမိုးရေး အကြံ ပြုချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခ ထပ်မံမဖြစ်ပွားရေး အတွက် နယ်စပ်အပါအဝင် လုံခြုံရေးအင်အားများ တိုးမြှင့်ရန် အကြံပြု ထားကြောင်း ကော်မရှင်အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ပြောကြား သည်။

ရခိုင်ပြည်နယ်အတွင်းရှိ တပ်မတော်၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန၊ တရားစီရင်ရေးဌာန၊ အထွေထွေအုပ်ချုပ်ရေး၊ အကျဉ်းဦးစီးဌာန၊ ရှေ့နေချုပ်ရုံး စသည်တို့တွင် ဖွဲ့စည်းပုံအင်အားနှင့် လက်ရှိအင်အား ကွာဟနေခြင်းကြောင့် ပဋိပက္ခဖြေရှင်းရေး၊ တရား ဥပဒေစိုးမိုးရေး ဖော်ဆောင်ရေး၊ တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရေး တို့တွင် မအောင်မြင်ရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လုံခြုံရေးနှင့် ဥပဒေပြုရေးတို့ကို ဖွဲ့စည်းပုံ အင်အားနှင့်အညီ အပြည့်အဝ ဖြည့်ဆည်း ပေးသင့်ကြောင်း ကော်မရှင် အစီရင်ခံစာတွင် ပါရှိသည်။

လုံခြုံရေးအင်အားကို ရုတ်တရက် မလျှော့သင့်သည့်အပြင် လုံခြုံရေးတာဝန် ယူထားသော တပ်မတော်၊ ရဲတပ်ဖွဲ့၊ သတင်းနှင့် ထောက်လှမ်းရေး၊ နယ်စပ်ဒေသ လူဝင်မှု စိစစ်ရေး ကွပ်ကဲမှုဌာနချုပ် (နစက) အင်အား တို့ကို နှစ်ဆတိုးမြှင့်ရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
"ဒေသခံတွေကို မေးကြည့်တဲ့အခါ စစ်သားတွေ ပြန်ထွက်သွားမှာကို စိုးရိမ်နေကြတာ တွေ့ရတယ်" ဟု ဒေါက်တာ ကျော်ရင်လှိုင်က ဆိုသည်။

အစီရင်ခံစာတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်း အမြန်ဆုံး အကောင်အထည်ဖော် လုပ်ဆောင်ရန် အကြုံပြုထားပြီး နိုင်ငံသားဖြစ်ခွင့် ရရှိသူများကို နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးရန် အကြံပြုထားကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုကြီးက ပြောကြားသည်။

လတ်တလောတွင် အတူမနေထိုင်ဘဲ သီးခြားစီဖြစ်နေသော လူ့အဖွဲ့အစည်း နှစ်ခု ငြိမ်းချမ်းစွာ အတူနေထိုင်ရေး အတွက် အချိန်ယူပြီး လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ လူ့အဖွဲ့အစည်းနှစ်ခု လုံးက သဘောထား ပျော့ပျောင်းသော ခေါင်းဆောင်များကို အလုပ်ရုံ ဆွေးနွေးပွဲများ လုပ်ကာ အဖြေရှာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၄င်းကသုံးသပ်သည်။

ယင်းအပြင် အစီရင်ခံစာတွင် ဒုက္ခသည်များ၏ ရင်ဆိုင်နေရသော အခက် အခဲများ၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ လူ့အဖွဲ့အစည်းနှစ်ခု သဟဇာတဖြစ်ရေး ကိစ္စများ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စများနှင့် လုပ်ဆောင်သင့်သော အချက်များကို အကြုံပြု တင်ပြထားသည်။

လူပေါင်း ၂၀၀၀ ကျော်ကို တွေ့ဆုံမေးမြန်းချက် များကို အခြေခံကာ အစီရင်ခံ တင်ပြထားသည့် စာမျက်နှာ ၁၈၃ မျက်နှာ ပါဝင်သော ရခိုင်ပြည်နယ် ပဋိပက္ခ အစီရင်ခံစာကို နှစ်ကြိမ် နောက်ဆုတ်ခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ထံသို့ အစီရင်ခံခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော ပဋိပက္ခကြောင့် လူပေါင်း ၁၉၂ ဦးသေဆုံး ပြီး ဒဏ်ရာ ရရှိသူ ၂၆၅ ဦးနှင့် လူတစ်သိန်းကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ကော်မရှင်က ဆိုသည်။
The Voice Weekly

အင်းဝခေတ် ဗုဒ္ဓဆင်းတုများ မကြာခဏပျောက်ဆုံး

ရွှေဘို၊ ဧပြီ
ရွှေဘိုမြို့နယ် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ အေဒီ ၁၇ ရာစု အင်းဝခေတ် ဗုဒ္ဓဆင်းတုတော်များ မကြာခဏ ခိုးယူခံနေရကြောင်း ရှေးဟောင်း ဆင်းတုတော်များ ထိန်းသိမ်းစောင့်ရှောက်မှုများ ဆောင်ရွက်လျက် ရှိသည့် ရွှေဘို မြို့နယ် ကျောက်မြောင်းမြို့နယ်ခွဲ မခေါက်ကျေးရွာ နန်းဦးကျောင်းတိုက် ဆရာတော်ဦးကုဏ္ဍလက မိန့်ကြားသည်။

သင်္ကြန်ကာလမတိုင်မီက မခေါက်ကျေးရွာ ရွှေတောင်ဦးစေတီရှိ ရှေးဟောင်း ဆင်းတုတော် ခုနစ်ဆူ ရှိသည့်အနက် ခြောက်ဆူ ခိုးယူခံခဲ့ရပြီး တစ်ဆူကို ဦးခေါင်းတော်ပြတ်သွား သည့်အတွက် စွန့်ပစ်ထား ခံခဲ့ရကြောင်း ဆရာတော်ဦးကုဏ္ဍလက မိန့်ကြားသည်။

"ဘုရားတွေကို ရေလမ်းက သယ်ပုံရတယ်။ တောင်ပေါ်ကနေ ရေစပ်ထိ ဆွဲချလာတဲ့အရာတွေ တွေ့ရ တယ်။ ရှေးဟောင်းပစ္စည်း နိုင်ငံခြား ထုတ်မယ်ဆိုရင် သာမန်အဖွဲ့အစည်း နဲ့ လုပ်လို့မရဘူး။ ဒါတွေ ဖော်ထုတ်ဖို့ ဆိုရင် သက်ဆိုင်ရာအဖွဲ့အစည်း တော်တော်များများ လိုအပ်တယ်" ဟု ဆရာတော် ဦးကုဏ္ဍလက မိန့်ကြားသည်။

ယင်းမတိုင်မီ လွန်ခဲ့သည့် ရှစ်လခန့်က ရွှေဘိုမြို့နယ် ရွှေတိုက် ကျေးရွာ ရွှေခြင်္သေ့ ကျောင်းတိုက်ရှိ ဆင်းတုတော်နှစ်ဆူနှင့် ဝက်လက် မြို့နယ် ရှားကွဲကျေးရွာ၊ ရေဂမိုး ကျေးရွာ၊ ငါးဘတ်ချောင်းကျေးရွာရှိ ဆင်းတုတော်များနှင့် မန္တလေးတိုင်း ဒေသကြီး ခက်သင်းကျေးရွာရှိ ဆင်းတုတော်များ ခိုးယူခံခဲ့ရကြောင်း ရှေးဟောင်းဆင်းတုတော် ထိန်းသိမ်း စောင့်ရှောက်ရေး အစည်းအဝေးပွဲသို့ တက်ရောက်လာသည့် ရွှေဘိုဒေသခံ ကျောင်းထိုင် ဆရာတော်များထံမှ စုံစမ်းသိရှိရသည်။

"ဘုန်းဘုန်းတို့ ခတ်ထားတဲ့ သော့ကို ဖျက်ဆီးပြီး ဘုရားနှစ်ဆူ ခိုးသွားတယ်။ ပျောက်သွားတဲ့ ဘုရား တွေတော့ ပြန်ရတဲ့ အတွက် နောက်ထပ် မပျောက်အောင် ဘယ်လို လုပ်ရမလဲဆို စိတ်ပူနေရတယ်" ဟု ရွှေဘို မြို့နယ် ရွှေတိုက်ကျေးရွာ ရွှေခြင်္သေ့ ကျောင်းတိုက်ဆရာတော် ဦးဝိစိတ္တက မိန့်ကြားသည်။

ရှေးဟောင်းဆင်းတုတော် ထိန်းသိမ်းရေးအတွက် ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ရွှေဘိုမြို့နယ် ကျောင်းမြောင်းမြို့နယ်ခွဲ ဓမ္မရက္ခိတ လက်ရွေး ကျောင်းကြီးတိုက်တွင် ရှေးဟောင်းဆင်းတုတော် ထိန်းသိမ်းရေးစောင့်ရှောက်ရေး အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ရာ ကျောက်မြောင်းမြို့နယ် အတွင်းရှိ ကျောင်းထိုင် ဆရာတော် အပါး ၃၀ ခန့် တက်ရောက်ခဲ့ကြောင်း ယင်းပွဲစီစဉ်သူများက ပြောကြား သည်။

"ဝက်လက်နယ် ရေဂမိုးရွာက ဘုရား နှစ်ဆူ ၄ လပိုင်း ၃ ရက်နေ့က ပျောက်သွား တော့ သစ်ဆိပ်ရဲစခန်းကို သွားတိုင်တာကို ဘုရားပျောက်တာနဲ့ ပတ်သက်ပြီး သူတို့ မစွမ်းဆောင်နိုင်ဘူး။ ငွေကြေး အကုန်အကျ များတယ်။ ဒါကိုရှာဖို့ဆိုတာက အလွန်ခက်ခဲ တယ်လို့ ရဲစခန်းတာဝန်ရှိသူက ပြန်ပြော လိုက်တယ်။ တာဝန်ရှိသူတွေကို အားကိုးလို့ မရရင် ဘုန်းဘုန်းတို့က ဘယ်သူ့သွားအားကိုး ရမလဲ" ဟု ဝက်လက်မြို့နယ် ရေဂမိုးကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးအာစရက မိန့်ကြားသည်။

ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့နယ် ခွဲအတွင်းမှ ယခုနှစ်အတွင်း ရှေးဟောင်း ဆင်းတုတော် ခြောက်ဆူသာ ပျောက်ဆုံး စာရင်းဖွင့်ထားပြီး ယင်းဆင်းတုတော်များ နှင့် ပတ်သက်၍ စုံစမ်းမှုများ ဆောင်ရွက် လျက်ရှိကြောင်း ရွှေဘိုမြို့နယ်ခွဲ ကျောက်မြောင်း ရဲတပ်ဖွဲ့စခန်းရှိ ဒုရဲအုပ်ထွန်းလင်းခိုင်က ပြောကြားသည်။ ဧရာဝတီမြစ်ကြောင်းရှိ အခြား မြို့နယ်များရှိ ဆင်းတုတော် ပျောက်ဆုံး စာရင်းကိုမူ သိရှိခြင်းမရှိကြောင်း ၄င်းက ဆိုသည်။
The Voice Weekly

ဆန်းဒါးလန်းမန်နေဂျာ ဒီကာနီယိုက ပရိသတ်အားတောင်းပန်

1.5.13
ဆန်းဒါးလန်းမန်နေဂျာ ပေါ်လိုဒီကာနီိယိုသည် တနင်္လာနေ့တွင်ကစားခဲ့သော ပရီမီယာလိဂ်ပွဲစဉ်တွင် အက်စတွန်ဗီလာအား အဝေးကွင်းတွင် (၆)ဂိုး(၁)ဂိုးဖြင့် ရှုံးခဲ့သည့်အတွက် ပရိသတ်များအား တောင်းပန်ကြောင်း သိရသည်။

ဆန်းဒါးလန်းသည် ဗီလာနှင့်ပွဲမတိုင်ခင်နှစ်ပွဲတွင် နယူးကာဆယ်နှင့် အဲဗာတန်အသင်းတို့ကိုအနိုင်ရခဲ့သည်။သို့သော် ဗီလာနဲ့ပွဲတွင်မူ ဂိုးအပြတ်အသတဖြင့်ရှုံးခဲ့ခြင်းကြောင့် ဆန်းဒါးလန်းသည် (၃၅)ပွဲတွင် (၃၇)မှတဖြင့် အဆင့်(၁၅)မှာရှိနေပြီး ဗီလာနှင့်နယူးကာဆယ်တို့ကလည်း (၃၇)မှတ်ဖြင့် ရမှတ်တူနေသော်လည်း ဂိုးကွာခြားချက်အရ ဗီလာကအဆင့်(၁၆)၊နယူးကာဆယ်ကအဆင့်(၁၇)တွင် ရပ်တည်လျှက်ရှိသည်။
အသင်းအားလုံးသည် တန်းဆင်းဇုနနှင့်အထက်(၅)မှတ်အကွာတွင် ရှိနေကြောင်း သိရသည်။ထို့ကြောင့် ဆန်းဒါးလန်းမန်နေဂျာဒီကာနီယိုက "လက်ခံနိုင် စရာမရှိတဲ့ရလဒ်နဲ့ရှုံးခဲ့လို့ ကျွန်တော်တို့တောင်းပန်ပါတယ်၊ အဲဒီနေ့က ဗီလာကစားတာကြမ်းပါတယ်၊ ဒါပေမယ့်သူတို့က အနိုင်နဲ့ထိုက်တန်ပါ တယ်"ဟု ပြောကြားခဲ့ကြောင်း သိရသည်။
SkyNet TV Browser

အပူဒဏ်ကြောင့် ငါးနှင့်ကြက်များသေဆုံး

အပူရှိန်မြင့်မားနေသောကြောင့် ရေတာရှည်နှင့် မြင်းခြံမြို့တို့တွင် မွေးမြူရေးငါးနှင့် ကြက်အချို့ သေဆုံးမှုများရှိနေကြောင်း ဒေသခံမွေးမြူရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဇီးဖြူကုန်းကျေးရွာရှိ ငါးမွေးကန်များတွင် ဧပြီတတိယပတ်မှစတင်၍ တစ်ပိဿာခန့်ရှိ ငါးကြီးများ နေ့စဉ်သေဆုံးနေပြီး တစ်နေ့လျှင် ပိဿာ ၃၀ ခန့်အထိရှိရာ ငွေကြေးအနေဖြင့် နေ့စဉ်ကျပ်တစ်သိန်းခွဲခန့် ဆုံးရှုံးမှုရှိကြောင်း ဒေသခံ ငါးမွေးမြူရေးလုပ်ငန်းရှင် ဦးအောင်စိုးကပြောသည်။

အလယ်ပိုင်းဒေသ မြင်းခြံမြို့ရှိ ကြက်ခြံအချို့တွင်လည်း အပူချိန်မြင့်တက်၍ ရုတ်တရက်သေဆုံးသောရောဂါ (Heat Stroke) ဖြင့် ကြက်အချို့သေဆုံးမှုဖြစ်နေပြီး နေ့လယ်ဘက်တွင် ကြက်ခြံများပေါ်သို့ ရေမောင်းတင်၍ အပူဒဏ်
သက်သာရန် ပြုလုပ်ပေးနေရကြောင်း ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သော ဦးအုန်းလှိုင်က ပြောသည်။

“ဒီရက်ပိုင်း တရုတ်က ကြက်တုပ်ကွေး ကောလာဟလကြောင့် ကြက်သားဈေးရော၊ ကြက်ဥဈေးပါ ကျတယ်။ မီးမလာလို့ ရေမောင်းတင်ရပြန်တော့လည်း ကုန်ကျစရိတ်တွေ ပိုများတယ်။ ၂၀၁၀ တုန်းကလို တစ်ခြံလုံး ဆုံးရှုံးမှုမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်” ဟု ၎င်းကဆိုသည်။

၂၀၁၀ ပြည့်နှစ်က အိမ်နီးချင်း နိုင်ငံများမှ ပျံ့နှံ့လာသော ကြက်ငှက်တုပ်ကွေးရောဂါ ဗိုင်းရပ်စ် H5N1 ကို မြင်းခြံမြို့ရှိ ကြက်မွေးမြူရေးခြံတစ်ခြံတွင် စတင်တွေ့ရှိခဲ့သောကြောင့် အဆိုပါခြံမှ ကြက်များအားလုံးကို မြေမြှုပ်ရှင်းလင်းပစ်ရသော ဖြစ်စဉ်ရှိခဲ့ဖူးသည်။

“အပူချိန်အရမ်းမြင့်လာပြီဆိုရင် လျှော့ချနိုင်တဲ့ နည်းလမ်းကတော့ ပတ်ဝန်းကျင်ကနေ ဖန်တီးပေးရမှာပါ။ အရိပ်ရဖို့နဲ့ လေ၀င် လေထွက်ကောင်းအောင် ဂရုစိုက်နိုင်ပါမှ ဆုံးရှုံးမှုနည်းမှာပါ” ဟု တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန မြင်းခြံမြို့နယ် ဦးစီးအရာရှိကပြောသည်။
7Day News Journal

ဗျူဟာအခင်းအကျင်းများနဲ့ ဖုန်းဈေးကွက်လုပွဲ

ရန်ကုန်၊ ဧပြီ- ၂၉
မြန်မာနိုင်ငံတွင် လာမည့် ဇွန်လ၂၇ ရက်၌ ဆန်ခါတင်ရွေးချယ်ထားသော မိုဘိုင်းဖုန်းကုမ္ပဏီ ၁၂ ခုထဲမှ နှစ်ခုကို လုပ်ပိုင်ခွင့်အတွက် ရွေးချယ်တော့မည်ဖြစ်ပါသည်။

ထူးခြားမှုတစ်ခုမှာ မကြီးမားလှသော ဆဲလ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်သည့် Digicel Group Ltd သည်လည်း ကုမ္ပဏီကြီးများနှင့် အပြိုင်လေလံဆွဲနိုင်မည့် ဆန်ခါတင်စာရင်းတွင် ပါဝင်လာခြင်း ဖြစ်သည်။

ကမ္ဘာ့ဆဲလ်ဖုန်း သုံးစွဲသူအရေအတွက် စာရင်းတွင် အဆင့် ၆၅ သာ ပေါက်နေသည့် ကုမ္ပဏီငယ်တစ်ခုအတွက် ကုမ္ပဏီကြီးများနှင့်အပြိုင် လေလံဆွဲနိုင်မည့် ဆန်ခါတင်စာရင်းတွင် ပါဝင်နိုင်စေရန် Digicel သည် ၂၀၀၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို လေ့လာခဲ့ပြီး ၂၀၁၂ နှစ်ဆန်းကပင် စတင်ဝင်ရောက်ခဲ့သည်။

Digicel ၏ ဗျူဟာမှာ ၎င်းဝင်ရောက်လိုသည့် နိုင်ငံအတွင်း ကြိုတင်ရင်းနှီးမှုရယူခြင်းဖြစ်သည်။ Digicel သည် မြန်မာနိုင်ငံထဲသို့ စောလျင်စွာ ခြေစုံပစ်ဝင်ရောက်ရာတွင် ၀န်ထမ်းများကို ငှားရမ်းနေခဲ့ရုံသာမက ပြည်တွင်းအားကစားပွဲများကို ရန်ပုံငွေထောက်ပံ့ခြင်း၊ ဆဲလ်တာ ၀ါတိုင်စိုက်ထူမည့် ဒေသများအတွက် မြေနေရာငှားရမ်းရေး အကြိုညှိနှိုင်းမှုများ ပြုလုပ်နေပြီး လက်ကားရောင်းချမည့် စီးပွားဖက်များနှင့်လည်း သဘောတူညီချက်များ လက်မှတ်ရေးထိုးနေပြီဖြစ်ကြောင်း စင်ကာပူမှလာသော ရိုက်တာသတင်းတွင် ဖော်ပြသည်။

Digicel Group Ltd ၏ စီးပွားရေးဗျူဟာ အလုပ်ဖြစ်၊ မဖြစ် မသိရသေးသော်လည်း ကာရီဘီယန်နှင့် ပစိဖိတ်ကျွန်းစုတစ်ဝိုက် ပြင်ပတွင် လူသိနည်းသော Digicel သည် သာမန်အားဖြင့် သတိနှင့် ရင်းနှီးမြှုပ်နှံလေ့ရှိသည့် ဆက်သွယ်ရေးလုပ်ငန်းလောကကို အတော်လေး လှုပ်ခါသွားစေခဲ့သည်။

ကုမ္ပဏီကြီးများသည် Digicel ကို လျှော့မတွက်သင့်ကြောင်း အာရှဆက်သွယ်ရေးလုပ်ငန်းများတွင် ၂၅ နှစ်ကျော် အကြံပေး လုပ်ကိုင်နေသည့် ဟောင်ကောင်အခြေစိုက် စီးပွားရေး အကြံပေး ရော်ဂျာဘာလိုက မှတ်ချက်ချပြောဆို သည်။

Digicel ကုမ္ပဏီသည် ဈေးကွက်များကို ကြိုတင်ဝင်ရောက် ရင်းနှီးသည့်နည်းအားဖြင့် ဒေသခံများကို ၎င်းတို့၏ ကုမ္ပဏီအမည်နှင့် ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်လေ့ရှိရာ မြန်မာနိုင်ငံတွင်လည်း မြန်မာအစိုးရက တင်ဒါခေါ်ယူရန်
ပြင်ဆင်နေစဉ်မှာပင် Digicel က မြန်မာပြည်တွင်းတွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံနေခဲ့သည်။

စီးပွားရေးလောကအတွင်း အောင်မြင်ရမည်ဟူသော ယုံကြည်ချက်ဖြင့် ၀င်ရောက်သော်လည်း အလုပ်မဖြစ်ခဲ့လျှင်မူ ပြန်လည်ဆုတ်ခွာသောသာဓက ရှိခဲ့ဖူးသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် Digicel ကုမ္ပဏီလိုင်စင်ရခဲ့စဉ်က
ကုမ္ပဏီ တစ်ခုတည်းထားရန်အကြံပြုချက်ကို ကမ္ဘောဒီးယားအစိုးရက လက်မခံဘဲ လိုင်စင်နှစ်ခုချပေးခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံမှုအရ တွက်ခြေမကိုက်သောကြောင့် ရရှိပြီး လိုင်စင်ကိုပြန်အပ်ခဲ့ဖူးသည်။

သို့သော် မြန်မာနိုင်ငံတွင်မူ ကမ္ဘာ့မိုဘိုင်းဖုန်းအနည်းဆုံးနိုင်ငံဖြစ်နေသဖြင့် သန်း ၆၀ သော လူထုဈေးကွက်က ဆဲလ်ဖုန်းဈေးကွက်များအတွက် အလားအလာကြီးမားသော ဈေးကွက်ဖြစ်နေသည်။ တစ်ပြည်လုံးအတိုင်းအတာအားဖြင့် ၄ ရာခိုင်နှုန်းသာရှိသော မိုဘိုင်းဖုန်းကို မြန်မာအစိုးရက လာမည့် ၂၀၁၅-၂၀၁၆ခုနှစ်တွင် ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုနေသည်။

လက်ရှိဆန်ခါတင်ကုမ္ပဏီ ၁၂ ခု စာရင်းတွင် Digicel အပါအ၀င် Vodafonel China Mobile Ldt Telenor ASA တို့နှင့် အခြား ကုမ္ပဏီကြီးများ ပါဝင်သော်လည်း အချို့ကုမ္ပဏီကြီးများဖြစ်သည့် တောင်ကိုရီးယား SK Telecom Co Ltd နှင့် အီဂျစ်မှ Orascom telecom Holding SAE တို့ မှာမူ ဆန်ခါတင်စာရင်းတွင် မပါဝင်ခဲ့ကြပေ။

Digicel ကုမ္ပဏီသည် အမေရိကန်သူဌေးကြီး ဂျော့ခ်ျဆိုးရော့စ်ပိုင်သည့် Quantum Strategic Partners နှင့် မြန်မာပိုင် Yoma Stategic Holdings တို့နှင့် ပူးပေါင်းပြီး လိုင်စင်လျှောက်ထားခဲ့သည်။
7Day News Journal

ကျောင်းကောင်စီများ ပြန်လည်ဖွဲ့စည်းမည်


ရန်ကုန်၊ ဧပြီ-၂၅
အခြေခံပညာကျောင်းများတွင် ခေတ်စနစ်နှင့်အညီ ဒီမိုကရေစီဆိုင်ရာ အတွေးအခေါ်၊ အပြုအမူ၊
အလေ့အကျင့်များ ရရှိစေရန် ကျောင်းကောင်စီများကို ဇူလိုင်လအတွင်း အပြီးဖွဲ့စည်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

စာသင်ခန်းနှင့် ကျောင်းဝင်းတွင်း ဒီမိုကရေစီလုပ်ငန်းများ ဖော်ဆောင်နိုင်ရန် ကျောင်းကောင်စီများကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကျောင်းကောင်စီအတွင်းရေးမှူးနှင့် အသင်းခေါင်းဆောင်များကို ကျောင်းသား၊ ကျောင်းသူများ၏ သဘောဆန္ဒနှင့် ရွေးချယ်သွားရမည်ဖြစ်သည်။

“ကျောင်းကောင်စီမှာ အတွင်းရေးမှူးတို့ အသင်း (၅)သင်း ခေါင်းဆောင်တို့ ကျောင်းသား ကိုယ်စားလှယ်တွေရှိလာမယ်။ ဒီစနစ်ကို ပြန်ပြီးတော့ အားဖြည့်တာပါ။ အရင်ကလည်း ရှိခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအသင်းတွေရဲ့ လှုပ်ရှားမှုက သိပ်ပြီးအသက်မ၀င်ခဲ့ဘူး။ အခုက ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းလာအောင် ဆောင်ရွက်တာပါ” ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောင်းကောင်စီကို ဖွဲ့စည်းမည်ဖြစ်သလို အလောင်းဘုရား၊ ဘုရင့်နောင်၊ ကျန်စစ်သား၊ ဗန္ဓုလနှင့် အနော်ရထာ အသင်း(၅)သင်းကို အားကောင်းမောင်းသန်ဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့တုန်းကတော့ အသင်းလေးသင်းရှိခဲ့တယ်။ အခုက အနော်ရထာအသင်း ထပ်တိုးတာပေါ့။ အသင်းတွေက ဖွဲ့ထားပေမယ့် လှုပ်ရှားမှုတွေ သိပ်မလုပ်ဖြစ်ခဲ့ဘူး။ အသင်းဝင်ပြီး နာမည်ကပ်ထားရုံ သပ်သပ်ပဲရှိခဲ့တာပါ။ အခု လှုပ်ရှားမှုကောင်းကောင်းနဲ့ ဖွဲ့စည်းဆောင်ရွက်မယ်ဆိုရင် ၀မ်းသာစရာပါ။ အသင်းအဖွဲ့နဲ့ လုပ်ကိုင်တဲ့ဓလေ့လေးတွေ ပြန်ရလာတာပေါ့” ဟု အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

အခြေခံပညာကျောင်းများတွင် ယခင်က အသင်းလေးသင်း ဖွဲ့စည်း၍ ကျောင်းသန့်ရှင်းရေး၊ အားကစားလှုပ်ရှားမှုတို့တွင် အပြိုင်အဆိုင်ဖြင့် လှုပ်ရှားဆောင်ရွက်မှု ကောင်းမွန်ခဲ့သော်လည်း နောက်ပိုင်းတွင် စာမေးပွဲစနစ် အခြေခံသော ပညာရေးစနစ်ကြောင့် အသင်းဖွဲ့စည်းမှုနှင့် လှုပ်ရှားဆောင်ရွက်မှုများ အားနည်းသွားခဲ့ကြခြင်းဖြစ်သည်။
7Day News Journal

အင်လေးကန်စပ်တွင် မြေဖို့သောဟိုတယ်ကို တားမြစ်

ရန်ကုန်၊ ဧပြီ-၂၅
အင်းလေးကန်စပ်တွင် ကန်မြေဖို့နေခြင်းအား ရပ်ဆိုင်းထားရန် ရွှေဟင်္သာဟိုတယ်ကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က ဧပြီ ၂၅ ရက်တွင် ရုံးတွင်းအကြောင်းကြားစာပို့ကာ တားမြစ်ခဲ့ကြောင်း ညောင်ရွှေမြို့နယ်အုပ်ချုပ်မှူးရေးရုံးမှ သတင်းရရှိသည်။

အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကန်ရေပြင် မကျဉ်းမြောင်းရန်အတွက် လူကြီးမင်းတို့၏ ဟိုတယ်မှ မြေဖို့ဆောင်ရွက်နေခြင်းကို ချက်ချင်းရပ်ဆိုင်းထားရန် အကြောင်းကြားပါကြောင်း ဟိုတယ်ပိုင်ရှင်ဦးလှရွှေအား လိပ်မူပြီး လွဲစာများကို မြို့နယ် အာဏာပိုင်များမှတစ်ဆင့် အင်းလေးကန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးအပါအ၀င် သက်ဆိုင်သည့် ဌာနဆိုင်ရာများကို အကြောင်းကြားစာ ပို့ထားကြောင်း ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

“အုပ်ချုပ်ရေးဘက်က တိုင်စာပို့ထားလို့ ယာယီတားတာပါ” ဟု ညောင်ရွှေအုပ်ချုပ်ရေးမှူးက ပြောသည်။ ရွှေဟင်္သာဟိုတယ် အသစ်တည်ဆောက်ရေးအတွက် ယခု မြေဖို့နေသော နေရာသည် မိုးရာသီတွင် ကန်ရေပြင်ဖြစ်ပြီး နွေရာသီတွင် ကန်စပ်ဖြစ်ပေါ်လျက်ရှိသည်။ မြေဖို့နေခြင်းမှာ အချိန်ကြာမြင့်နေပြီး ဒေသခံ အင်းစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အပါအ၀င် သက်ဆိုင်သည် ဌာနဆိုင်ရာ ရှစ်ခုကို အကြောင်းကြားစာ ပေးပို့ခဲ့ပြီး နောက်တစ်ပတ်အတွင်း ထိုစာထွက်ပေါ်လာခြင်းဖြစ်သည်။

“ဟိုတယ်ခရီးဝန်ကြီး လာတုန်းက မြေမဖို့ဖို့ ပြောသွားတယ်။ ဒါပေမဲ့လည်း ဖို့နေတော့ ဌာနဆိုင်ရာကနေတစ်ဆင့် အကြောင်းကြားစာပို့တာပါ။ မလိုက်နာဘူးဆိုရင် ဆန္ဒပြဖော်ထုတ်ဖို့ စိတ်ကူးထားတယ်။ သူတို့ အဲဒီလိုမျိုးလုပ်
နေကြရင် အင်းသားတွေက ကန်ထိန်းသိမ်းဖို့ကြတော့ ငါတို့ကိုကျတော့ပြောနေပြီး သူတို့ထင်သလို လုပ်နေတယ်လို့ မြင်ကြလိမ့်မယ်” ဟု အင်းစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဖြစ်သူကပြောသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က ကန်မြေဖို့နေခြင်းနှင့်ပတ်သက်ပြီး ဟိုတယ်ခရီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် နှုတ်စကားဖြင့် ကန်ထိခိုက်မည့် လုပ်ရပ်များ မလုပ်ကြရန် ပြောကြားခဲ့သော်လည်း ကန်မြေဖို့မှုကို ရပ်ဆိုင်းထားခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။
7Day News Journal

ရခိုင် အစီရင်ခံစာဟာ ပြည့်စုံမှု မရှိကြောင်း AI အဖွဲ့ကြီးက ဝေဖန်

အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် ( USCIRF) ရဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာမှာ မြန်မာ၊ အီဂျစ်၊ အီရန်၊ ဆော်ဒီအာရေဗျ နဲ့ တခြားနိုင်ငံတွေမှာ ဘာသာရေး လွတ်လပ်မှုဆိုင်ရာ ပြဿနာတွေရှိနေကြောင်း ဖော်ပြထားပါတယ်။

၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မှာ ဇွန်လ ကစတင်ပြီး ဘာသာရေး လူမျိုးရေး အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူ(၂၀၀) ကျော် သေဆုံးခဲ့ရကြောင်း၊ နိုင်ငံရေး စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ ပေါ်ပေါက်ခဲ့ပေမယ့် ဘာသာရေးလွတ်လပ်မှုဆိုင်ရာ ချိုးဖေါက်မှုတွေ တိုးပွားလာတဲ့အတွက် စိုးရိမ်ဖွယ်အခြေအနေမှာရှိနေကြောင်း ဖော်ပြထားပါတယ်။

အလားတူ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( AI ) ကလည်း ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော်မတီ ရဲ့ အစီရင်ခံစာဟာပြည့်စုံလုံလောက်မှုမရှိဘဲ၊ ရိုဟင်ဂျာ မူဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် ကိုင်တွယ် ဖော်ပြမထားတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက် ပေါ်ပေါက် လာဖွယ်ရှိတယ်လို့ ရေးသားထားပါတယ်။

အစီရင်ခံစာပါတချို့အချက်တွေဟာ အပြုသဘောဆောင်ပေမယ့် ချို့ယွင်းချက်တွေ အတော်များများတွေ့ရကြောင်း၊ လူ့အခွင့်အရေးချိုးဖော်က်ခဲ့သူတွေနဲ့ပတ်သက်ပြီး အရေးယူမစုံစမ်းဘဲနဲ့ လုံခြုံရေးတပ်ဖွဲ့တွေတိုးချဖို့ တိုက်တွန်းထားတာဟာ ချိုးဖောက်မှုတွေပိုပြီး ဖြစ်လာစေနိုင်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အာရှတိုက်ဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး အစ္စဘယ်လာ အာရာဒန် က ပြောပါတယ်။
RFA Burmese

မွန်ဂိုလီးယားက ဒီမိုကရေစီ ညီလာခံကို အမေရိကန် အားရ

မွန်ဂိုလီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ သတ္တမအကြိမ်မြောက် ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆိုင်ရာ ၀န်ကြီးများအဆင့် ညီလာခံဟာ အကျိုးရလဒ်တွေ အများအပြားရရှိခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ဖြစ် ကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

Community of Democracies (CD) လို့ ခေါ်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ရဲ့ ၀န်ကြီးများအဆင့် ညီလာခံ ကို (၂) နှစ် တစ်ကြိမ် ကျင်းပနေရာမှာ ဒီနှစ် အတွက် အလှည့်ကျဥက္ကဌ အဖြစ်တာဝန်ယူတဲ့ မွန်ဂိုလီးယားနိုင်ငံ ရဲ့ မြို့တော် အူလန်းဘာတာ မြို့မှာ ဧပြီလ ၂၇ ရက်နေ့ကနေ ၂၉ ရက်အနေ့အထိကျင်းပခဲ့ပါတယ်။

ဒီညီလာခံကို အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေး နိုဘဲဆုရှင်တွေဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ယီမင်နိုင်ငံသူ တာဝပ် ကော ကာမာ တို့အပါအ၀င် နိုင်ငံပေါင်း (၁၁၀) ၀န်းကျင်က ကိုယ်စားလှယ်တွေ နဲ့အတူ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဘန်းစ်လည်း တက်ရောက်ခဲ့ပါတယ်လို့ ကြေညာချက်မှာဖေါ်ပြပါတယ်။

ညီလာခံမှာ ကမ္ဘာတ၀ှမ်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နဲ့ တိုးတက်ခိုင်မာရေးအတွက် ဘယ်လိုဘယ်ပုံ ကူညီပံ့ပိုးပေးကြမလဲ ဆိုတာ ဆန်းစစ်ခဲ့ကြပါတယ်။

ပွင့်လင်းတဲ့အစိုးရ၊ နိုင်ငံရေးအပြောင်းအလဲတွေ၊ အမျိုးသမီး နဲ့ဒီမိုကရေစီ၊ အရပ်ဘက်အဖွဲ့အစည်းတွေအတွက်အန္တရာယ်များ စတဲ့ အကြောင်းအရာတွေ အပြင်၊ ဒီမိုကရေစီ ပညာပေးလုပ်ငန်း၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး၊ အာရပ်နွေဦး ရဲ့ သင်္ခန်းစာတွေနဲ့ ပြဿနာ တွေ၊ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များနှစ်ဖြစ်တဲ့ ၂၀၁၅ အလွန်မှာ ဒီမိုကရေစီ ရဲ့နေရာ၊ အင်တာနက် နဲ့ ပုံနှိပ် မီဒီယာ စတဲ့ အမျိုးအမည် စုံလင်လှတဲ့ အကြောင်းအရာတွေကို ဆွေးနွေးနိုင်ခဲ့ပါတယ်။

ဒါ့ပြင် ဒီနှစ် ညီလာခံဟာ ကမ္ဘာတ၀ှမ်း ဒီမိုကရေစီ တိုးတက်ရေး နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပိုမို အားကောင်း လာရေး အတွက် မှတ်တိုင်သစ်တစ်ခုအဖြစ် မှတ်ယူရမှာဖြစ်ကြောင်း လည်း အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။
RFA Burmese

ဖုန်းလေးတစ်ခါဆက်ယုံဖြင့် ဆေးကုနိုင်တော့မည်

သုခကုသိုလ်ဖြစ်ဆေးခန်း၏ လူနာတိုကင်စနစ်အား တယ်လီဖုန်းဖြင့်သာ လက်ခံပါတော့မည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝဝ၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ ကျန်ရစ်သူ မိသားစုတို့၏ သောကပရိဒေဝမီးများကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေသိမ့်ပေးခဲ့ရင်း ၂ဝဝ၃ ခုနှစ် ကာလ တစ်ခုသို့ ရောက်ရှိချိန်တွင် သေရေး(နာရေး) ကိစ္စရပ်များကို အကူအညီပေးခဲ့ကြသကဲ့သို့ ကျန်ရစ်သူ (ရှင်သူ) များအတွက်လည်း တတ်စွမ်းသ၍ ဝိုင်းဝန်းကူညီလိုကြသဖြင့် ပထမ နှစ်ပတ်လည်အခမ်းအနား၌ ဆေးကူညီမှုကော်မတီတစ်ရပ်အား တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ၂ဝဝ၃ ခုနှစ်၊ ဧပြီလ (၇) ရက် ကမ္ဘာ့ကျန်းမာရေးနေ့ မှစတင်ကာ ချို့တဲ့နွမ်းပါး၍ ခွဲစိတ်မွေးဖွားရန် လိုအပ်သော ကိုယ်ဝန်ဆောင်မိခင်များ (နှစ်သက်ကယ်တင် ရသောကုသိုလ်)နှင့် မြောက်ဥက္ကလာပဆေးရုံ၊ အင်းစိန်ဆေးရုံ၊ စံပြဆေးရုံ၊ ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ)ဆေးရုံ၊ တောင်ဥက္ကလာပ(မိခင်နှင့်ကလေး)ဆေးရုံ၊ ရန်ကုန်အနောက်ပိုင်း(ကြည့်မြင်တိုင်)ဆေးရုံ စသည့် ပြည်သူ့ ဆေးရုံကြီး (၆) ရုံတို့တွင် မည်သည့်ရောဂါ ဝေဒနာမဆို ကျား/မမရွေး၊ ကုသရန်လိုအပ်သော ချို့တဲ့နွမ်းပါး လူနာများအတွက် ခွဲခန်းစရိတ်အချို့အား ထောက်ပံ့ကူညီပေးသည့်အပြင် ၂ဝ၁ဝ ခုနှစ်၊ မတ်လတွင် ကလေးဆေးရုံနှင့် နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတို့အား ထပ်မံတိုးချဲ့ကာ ဆေးကူညီမှုများ ယနေ့ အချိန်ထိ ပံ့ပိုးပေးလျှက်ရှိပြီး ၂ဝဝ၇ ခုနှစ်၊ မတ်လ (၂) ရက် တောင်သူလယ်သမားနေ့တွင် “သုခကုသိုလ် ဖြစ်ဆေးခန်း” အား သင်္ဃန်းကျွန်းမြို့နယ်၊ ဗြဟ္မဝိဟာရကျောင်းတိုက်တွင်း၌ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး အများပြည်သူတို့၏ ကျန်းမာရေးအား အထွေထွေရောဂါကု ဆရာဝန်ကြီးများအပြင်၊ အရိုးအကြော၊ အရေ ပြား၊ ကင်ဆာ၊ သားဖွားမီးယပ်၊ နား - နှာခေါင်း - လည်ချောင်း၊ သွားနှင့်ခံတွင်း၊ ခွဲစိတ်၊ ကလေးအထူးကု ဆရာဝန်များတို့မှ အလှည့်ကျ ကုသိုလ်ဖြစ် စမ်းသပ်ကုသပေးလျှက်ရှိပါသည်။

ယခင် သင်္ဃန်းကျွန်းမြို့နယ်ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ ဆေးဝါးကုသကြသော လူနာဦးရေ နည်းပါးခြင်းတို့ကြောင့် တိုက်ရိုက်ကုသမှုစနစ်ဖြင့် စတင်ခဲ့သော်လည်း သင်္ဃန်းကျွန်းမြို့နယ်မှ မြောက်ဒဂုံမြို့နယ်သို့ ၂ဝဝ၉ ခုနှစ်၊ ဇူလိုင်လ၌ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရာတွင် လူနာဦးရေ အဆမတန် များပြားလာခြင်းကြောင့် တစ်ရက်ကြိုတင်၍ တိုကင်ယူတန်းစီစနစ် ပြုလုပ်ခဲ့ရာတွင် နေရာပွဲစားများ၊ နေရာရောင်းချမှုများ၊ အုပ်စုဖွဲ့အနိုင်ကျင့်မှုများ၊ ညအချိန်မတော် တိုကင်ရရှိရေးအတွက် ညအိပ်တန်းစီ စောင့်ဆိုင်းရာတွင် အရွယ်အရောက် အမျိုးသမီးများလည်း ပါဝင်ခဲ့ရာတွင် တိုကင်တန်းစီသည့် အမူးသမား များတို့၏ အနှောင့်အယှက်ရန်များ၊ လက်နက်ကိရိယာများဖြင့် ခြိမ်းခြောက်မှုများ၊ မော်တော်ယာဉ်လိုင်း ကား များ မှားယွင်း၍ စီးနင်းမှုများ အစရှိသည့် အမျိုးမျိုးသော အနှောင့်အယှက်များ အန္တရာယ်များတို့ ရင်ဆိုင်ကြုံတွေ့ရကြောင်း လူနာများတို့၏ ပြောကြားချက်များကြောင့် သိရှိခဲ့ရသည်။

ထို့ကြောင့် ၇.၅.၂ဝ၁၃ ရက်နေ့ (အင်္ဂါနေ့)မှစတင်၍ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ဆေးဝါးလာ ရောက်၍ ကုသလိုကြသော လူနာများတို့သည် တိုကင်တန်းစီ စောင့်ဆိုင်းရန်မလိုတော့ချေ။ တယ်လီဖုန်း နံပါတ် ဝ၉ - ၈၅ဝ ၁၆၅၆ သို့ ဆက်သွယ်၍ တစ်ရက်ကြိုတင် တိုကင်ယူခြင်းအား လက်ခံဆောင်ရွက်မည် ဖြစ်သည်။ ကုသိုလ်ဖြစ် ဆရာဝန်ကြီးများတို့မှ တာဝန်ယူ စမ်းသပ်ကြည့်ရှုနိုင်မည့် လူနာအရေအတွက်သာ လက်ခံမည်ဖြစ်ပြီး ရဟန်းသံဃာများ၊ သီလရှင်များနှင့် အသက် (၇၅) နှစ်အထက် လူပုဂ္ဂိုလ်များတို့သည် လည်း တယ်လီဖုန်းဖြင့်သာ တိုကင်ယူဆောင်ရမည်ဖြစ်သည်။ တယ်လီဖုန်းဖြင့် တိုကင်ယူရာတွင် ပြသ မည့်လူနာ၏ အမည်၊အသက်၊ မှတ်ပုံတင်အမှတ် နေရပ်လိပ်စာ(အပြည့်အစုံ)တို့အား ပြောကြားရမည် ဖြစ်သည်။ တိုကင်လက်ခံချိန်သည် နံနက် (၉းဝဝ) နာရီမှ (၁၁းဝဝ) နာရီ အထိသာဖြစ်သည်။ တယ်လီဖုန်း တစ်ကြိမ်လျှင် (သို့) တစ်ခါလျှင် လူနာတစ်ဦးသာ လက်ခံသွားမည် ဖြစ်သည့်အပြင် ၄င်းလူနာသည် တစ်ပါတ်လျှင် ရောဂါဝေဒနာတစ်မျိုး တစ်ကြိမ်သာ ပြသခွင့်ပြုမည်ဖြစ်သည်။ တယ်လီဖုန်းဖြင့် တိုကင်ယူ ထားသည့် လူနာသည် မိမိတို့လာရောက်ပြသရမည့် နေ့ရက်၊ အချိန်တွင် သန်းခေါင်စာရင်း (မူရင်း/မိတ္တူ)၊ မှတ်ပုံတင် (မူရင်း/ မိတ္တူ)၊ ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံစာ (သို့) ဧည့်စာရင်း (မူရင်း)တို့အား တစ်ပါးတည်း ယူဆောင်လာရန်လိုအပ်ပေသည်။ လူနာများသည် ဆရာဝန်ဖြင့် မပြသမှီ တစ်ရက်အတွက် သာကြိုတင်၍ တယ်လီဖုန်းဖြင့် တိုကင်ယူရမည်ဖြစ်ပြီး နှစ်ရက်၊ သုံးရက်အတွက် ကြိုတင်၍ တိုကင်ယူ ဆောင်ခြင်းအား လက်ခံမည်မဟုတ်ပေ။ လူနာအချင်းချင်း ကိုယ်ချင်းစာနာစိတ်မရှိသော လူအချို့တို့၏ လူ့ကျင့်ဝတ်များ ဖောက်ဖျက်သည့်အတွက်ကြောင့် ယခုကဲ့သို့ စည်းကမ်းများချမှတ် ပြုလုပ်ရခြင်းဖြစ်သည်။

သုခကုသိုလ်ဖြစ်ဆေးခန်းတွင် စေတနာရှင် ဆရာဝန်များတို့၏ အကြံပြုမေတ္တာရပ်ခံမှုကြောင့် တိုကင်တန်းစီ စနစ်အားဖျက်သိမ်းကာ တယ်လီဖုန်းဖြင့် တိုကင်လက်ခံမှု (စမ်းသပ်)အဖြစ် ပြုလုပ်မည် ဖြစ်သည်။ စမ်းသပ်မှုအောင်မြင်ခဲ့ပါက ဆေးဝါးကုသရာတွင် နေပူမိုးရွာ၌ ညအိပ်စောင့်ဆိုင်း၍ တိုကင်ယူ ခြင်းမှ ကင်းဝေးပြီး တယ်လီဖုန်း တစ်ချက်ဆက်သွယ်ပြီး မိမိတို့၏ ရောဂါဝေဒနာများအား ကုသနိုင်မည် ဖြစ်သည်။ သို့ရာတွင် လူနာများတို့သည် သုခကုသိုလ်ဖြစ်ဆေးခန်းမှ ချမှတ်ထားရှိသည့် စည်းကမ်းချက် များအား စနစ်တကျလိုက်နာခြင်းဖြင့် ဆေးဝါးကုသကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)

Ricin အဆိပ်ပါ စာပို့သူ တရားရုံးထုတ်မည်

29.04.2013
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ အထက်လွှတ်တော် အမတ် တဦးတို့ဆီကို အဆိပ်ပါတဲ့စာတွေ ပေးပို့မှုနဲ့ စွပ်စွဲခံခဲ့ရတဲ့ အမျိုးသားကို တနင်္လာနေ့က ပြည်နယ်တရားရုံးတခုမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

အယ်ဗာရက် ဒက်ရှ်ကာ (Everett Dutschke) ဟာ စာတွေထဲမှာ ricin အဆိပ်ပါတဲ့ ဇီဝဗေဒ လက်နက် အသုံးပြုမှုနဲ့ စွပ်စွဲခံထားရတာပါ။

အကျဉ်းရုံး ကြားနာစစ်ဆေးမှု တခုအတွင်း သူ့အပေါ် စွပ်စွဲချက်တွေကို နားလည်တဲ့အကြောင်း ဒက်ရှ်ကာ က တရားသူကြီးကို ပြောခဲ့ပြီးတော့ ကြာသပတေးနေ့ နောက်တကြိမ် စစ်ဆေးမှု မတိုင်ခင်အထိ အာမခံ မပေးဖို့ အမိန့် ချမှတ်ခဲ့ပါတယ်။

တကယ်လို့ အပြစ်ရှိတယ်ဆိုရင် သူဟာ ထောင်ဒဏ် တသက် ချမှတ်ခံရမှာ ဖြစ်ပါ တယ်။ ricin အဆိပ်ကို ရှူရှိုက်မိမယ်၊ မျိုချမိမယ်၊ ဆေးထိုးမိမယ်ဆိုရင် အဲ့ဒီလူဟာ သေတဲ့အထိ ဖြစ်နိုင်ပါတယ်။

Mississippi ဒေသခံဖြစ်တဲ့ ဒက်ရှ်ကာ ကတော့ ပြီးခဲ့တဲ့သီတင်းပတ် သူ့ကိုဖမ်းမိခဲ့တဲ့အချိန်တုန်းက ricin အဆိပ်အကြောင်း သူဘာမှ နားမလည်ပါဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

၁၂၃ကြိမ်မြောက်မေးဒေးနေ့အခမ်းအနား ကျင်းပလျက်ရှိ

ရန်ကုန်၊ မေ ၁။
ယနေ့ ကျရောက်သော အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် (၁၂၃) ကြိမ်မြောက် အလုပ်သမားဗဟိုပြု ( မေဒေး) အလုပ်သမားနေ့ အခမ်းအနားကို ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသစ်အနီးရှိရှိ နန်းထိုက်တော်ဝင် စားသောက်ဆိုင်ခန်းမ၌ အလုပ်သမားဦးရေ ၁၀၀၀ ကျော်ခန့်ဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

“မိမိရရှိနေတဲ့ ခံစားနေတဲ့ အလုပ်သမား အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံတကာ အလုပ်သမားခေါင်းဆောင်တွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ဒီပွဲကို ကျင်းပရခြင်း ဖြစ်တယ်”ဟု အလုပ်သမားရေးရာ ဆောင်ရွက်သူ ရှေ့နေဦးဌေးမှ ပြောကြားသည်။
ရည်မွန်
The Myanmar Age



ပြန်လည်နိုးထလာမည့် မြန်မာပြည်က သေမင်းတမန်ရထားလမ်း

ဓာတ်ပုံ- AFP
ဒုတိယ ကမ္ဘာစစ်အတွင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်တို့ကို ဆက်သွယ်ထားသော သေမင်းတမန်ရထားလမ်းကို မြန်မာနိုင်ငံက ပြန်လည်ပြုပြင် ဖွင့်လှစ်ရန် လေ့လာတိုင်းတာမှုများ ပြုလုပ်နေပြီဖြစ်သည်။

နှစ်ပေါင်း ၇၀ နီးပါး အသုံးပြုခြင်း မရှိသော ရထားလမ်းကို ပြန်လည်ပြုပြင်လိုသည့် ရည်ရွယ်ချက်မှာ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များကို ဆွဲဆောင်ရန်နှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်သည်။

“သေမင်းတမန် ရထားလမ်းကို အမှီပြုပြီး အိမ်နီးချင်းနိုင်ငံတွေက ခရီးစဉ်တွေ ကြော်ငြာနေတာ ကြာပြီ။ မြန်မာနိုင်ငံမှာက အခုမှစပြီး ခရီးစဉ်ရောင်းရမှာ နောက်တောင်ကျနေပြီ။ ဒီရထားလမ်းမှာ သေဆုံးခဲ့တဲ့ သူတွေရဲ့ မိသားစုဝင်တွေကလည်း လာကြည့်ချင်ကြတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌဦးဖြိုးဝေရာဇာက ပြောသည်။

အိမ်နီးနားချင်း ထိုင်းနိုင်ငံကမူ အဆိုပါ ရထားလမ်းကို အသုံးချ၍ ခရီးသွားလုပ်ငန်းမှ ၀င်ငွေရရှိနေသည်မှာ ရာစုနှစ်အတော်ကြာ ရှိနေပြီဖြစ်သည်။ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှ ၁၂၈ ကီလိုမီတာ ဝေးကွာသော အဆိုပါ နေရာကို ခရီးစဉ်အမျိုးမျိုးဖြင့် ကမ္ဘာတစ်ဝန်းမှ ခရီးသည်များ လာရောက်လည်ပတ်လျက်ရှိသည်။

“အဲဒီရထားလမ်းကို သွားချင်ရင် ထိုင်းဘက်က သွားရတာက ပိုအဆင်ပြေတယ်။ ခရီးသွားကုမ္ပဏီတွေက ဘန်ကောက်ကနေ တစ်ညအိပ် နှစ်ရက်ခရီးတွေ စီစဉ်ပေးတယ်။ လမ်းတွေလည်း ကောင်းတယ်။ အဲဒီမှာ အမှတ်တရဆိုင်တွေ ပြတိုက်တွေ ထိုင်းနိုင်ငံက အကုန်လုပ်ထားပေးတယ်။ မြစ်တစ်လျှောက်လှေစီးလို့လည်း ရတယ်။ ရထားလည်း စီးလို့ရတယ်”ဟု မကြာသေးမီက ထိုဒေသသွားရောက်လည်ပတ်ခဲ့သော ဒေါ်တင်စန်းက ပြောသည်။

ခရီးသွားများ စိတ်ဝင်စားသော နေရာဟုဆိုသော်လည်း ထိုနေရာကား ပျော်စရာရွှင်စရာ အလည်အပတ် ခရီးမျိုးမဟုတ်ဘဲ စစ်၏ ဆိုးကျိုးအနိဋ္ဌာရုံနှင့် အသက်ပေးခဲ့ကြသူများအတွက် သံဝေဂရစရာ အမှတ်တရ ပြန်ပြောင်းလေ့လာနိုင်သည့် ခရီးစဉ်မျိုးသာ ဖြစ်သည်။

၁၉၄၂ ခုနှစ် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံမှတစ်ဆင့် ၀င်ရောက်လာသော ဂျပန်တပ်များက အရှေ့တောင်အာရှမှ ၎င်းတို့တပ်များကို စားနပ်ရိက္ခာပို့ရန်အတွက် မလက်ကာ ရေလက်ကြားနှင့် မုတ္တမပင်လယ်ကို အသုံးပြုခဲ့ကြသည်။ သို့သော် မဟာမိတ်တပ်များက အဆိုပါလမ်းကြောင်းကို တိုက်ခိုက်လာသောအခါ ဂျပန်စစ်တပ်အတွက် လမ်းကြောင်းသစ်တစ်ခုရှာရန် လိုအပ်လာခဲ့သည်။

အဆိုပါ လမ်းကြောင်းသစ်က မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်အကြား ၂၅၈ မိုင်ရှည်သော ရထားလမ်းဖောက်လုပ်ရန် ဖြစ်လာခဲ့သည်။

အဆိုပါ ရထားလမ်းကို အမြန်ဆုံးဖောက်လုပ်နိုင်ရန်အတွက် မြန်မာနှင့် အရှေ့တောင်အာရှနိုင်ငံများမှ လူတစ်သိန်းရှစ်သောင်းကို ချွေးတပ်ဆွဲခဲ့သကဲ့သို့ မဟာမိတ်စစ်သုံ့ပန်း ခြောက်သောင်းကိုလည်း ရထားလမ်းဖောက်လုပ်ရာတွင် ခိုင်းစေခဲ့သည်။

စစ်သုံ့ပန်းများကို ထိုင်းနှင့်မြန်မာ နှစ်နေရာခွဲကာ အပြိုင်ဖောက်လုပ်စေခဲ့ရာ ၁၉၄၃ ခုနှစ် အောက်တိုဘာလတွင် ရထားလမ်းနှစ်ခုဆုံဆည်းအောင် ဖောက်လုပ်နိုင်ခဲ့သည်။ သို့သော်လည်း ရထားလမ်းဖောက်လုပ်စဉ်က ဂျပန်တပ်များ၏ နှိပ်စက်မှု၊ ရောဂါဘယနှင့် အစာရေစာ ငတ်မွတ်ခေါင်းပါးမှုတို့ကြောင့် အာရှသားကိုးသောင်းကျော်နှင့် မဟာမိတ် စစ်သုံ့ပန်း ၁၆၀၀၀ သေဆုံးခဲ့ရသည်။

ထို့ကြောင့် သေမင်းတမန် ရထားလမ်းဟု နာမည်ဆိုးနှင့် ကမ္ဘာကျော်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဖြစ်အပျက်ကို ဒါရိုက်တာဒေးဗစ်လန်းက The Bridge on the River Kwai အမည်ဖြင့် ၁၉၅၇ ခုနှစ်က ရုပ်ရှင်ရိုက်ကူးခဲ့ရာ အော်စကာထူးချွန်ဆု ခုနစ်ဆုပင် ဆွတ်ခူးရရှိခဲ့သည်။

ယခု အဆိုပါ ရထားလမ်းပေါ်တွင် ထိုင်းနိုင်ငံက ရေအားလျှပ်စစ်စက်ရုံတစ်ခု ပိတ်ဆို့တည်ဆောက်ထားသဖြင့် မူလကဲ့သို့ ထိုင်း၊ မြန်မာ တောက်လျှောက်တစ်ဆက်တည်း ပြန်ဖြစ်ရန် လွယ်ကူသည့် အခြေအနေ မရှိချေ။

ထို့အပြင် မြန်မာနိုင်ငံက ရထားခင်း ဇလီဖားတုံးများနှင့် တချို့နေရာများက လူနေအိမ်ခြေများ ရော်ဘာစိုက်ခင်းများကြား တိမ်မြုပ်ပျောက်ကွယ်နေပြီ ဖြစ်သည်။

“ဒါပေမဲ့ အဲဒီဒေသမှာ ထိုင်းဘက်ကို ဘုရားသုံးဆူဘက်က အပြန်အလှန် ကုန်တွေအတော်များများ တင်ပို့နေတာတွေ့တယ်။ သေချာစနစ်တကျ လုပ်ပေးမယ်ဆိုရင် သံဖြူဇရပ်က နယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးလာဖို့ရှိတယ်” ဟု ဒေါ်တင်စန်းက ဆိုသည်။

သေမင်းတမန် ရထားလမ်းကို ပြန်လည်ဖောက်လုပ်၍ ခရီးသွားလုပ်ငန်းနှင့် နယ်စပ်ဒေသဖွံ့ဖြိုးအောင် လုပ်ဆောင်မည်ဆိုသည့် သတင်းကမူ ဒေသခံများအတွက် သတင်းကောင်းတစ်ခုပင် ဖြစ်သည်။

အဆိုပါ ရထားလမ်းဖြင့် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်မှု နိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံနှင့် ကုန်သွယ်စီးဆင်းမှု မြန်ဆန်လာစေနိုင်သကဲ့သို့ လာရောက်လည်ပတ်မည့် ခရီးသည်များကြောင့် ဒေသခံများအတွက်
အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေနိုင်သည်။

ထို့ကြောင့် ပြန်လည်နိုးထလာမည့် သေမင်းတမန် ရထားလမ်းပေါ်တွင် အတိတ်က မှားယွင်းသော လုပ်ရပ်များကို နားလည်သင်ခန်းစာယူနိုင်သလို ဒေသခံများ၏ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း မျှော်လင့်ချက်ရောင်ခြည်များ သမ်းလာပြီဖြစ်သည်။
ထားထားမြင့်
7Day News Journal

ဥက္ကံမြို့မှာ ပထမဆုံးအကြိမ် ပဋိပက္ခဖြစ်ပွား(ရုပ်/သံ)

ဒီကနေ့ဧပြီလ ၃ဝ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ဈေးအတွင်း အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင် ကိုရင်တစ်ပါးတို့ မတော်တဆတိုက်မိပြီး သပိတ်ပြုတ်ကျရာက စတင်ခဲ့တဲ့ ပဋိပက္ခကြောင့် ဥက္ကံမြို့မှာရှိတဲ့ ဗလီတစ်လုံး၊ နေအိမ်နဲ့ ဆိုင်ခန်း ၅ဝ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။
ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ ဥက္ကံမြို့မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး၊ ဒေသတည်ငြိမ်အေးချမ်းမှုရှိစေဖို့ ဧပြီလ ၃ဝ ရက်နေ့ ညနေ ၅ နာရီကစတင်လို့ ဥက္ကံမြို့ကို ပုဒ်မ (၁၈၈) အမိန့်ထုတ်ပြန်လိုက်ကြောင်း ဥက္ကံမြို့နယ် အုပ်ချုပ်ရေးမှူးက လိုက်လံကြေငြာနေပါတယ်။ ဥက္ကံမြို့ဒေသ ပြန်လည်တည်ငြိမ်းအေးချမ်းမှုရှိစေဖို့အတွက် ရန်ကုန်တိုင်းရဲမှူးကြီး သူရဝင်းနိုင်က လုံခြုံရေးလုပ်ငန်းတွေကို စီမံဆောင်ရွက်မှုတွေပြုလုပ်နေပြီး ဒေသခံတပ်ရင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
အလားတူ ဥက္ကံမြို့ပတ်ဝန်းကျင်က မြို့နယ်တွေကိုလည်း တည်ငြိမ်မှုရှိစေဖို့အတွက် ရန်ကုန်တိုင်းအတွင်းက ရဲတပ်ဖွဲ့ဝင်တွေသွားရောက်ပြီး လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
RFA Burmese

လင်းစဒေါင်းအနီးယာဉ်တိုက်မှုဖြစ်ကားသမားတစ်ဦးထွက်ပြေး

ရန်ကုန်၊ ဧပြီ ၃၀။
ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင် ကမ်းနားလမ်းရှိ လင်းစဒေါင်း မှတ်တိုင်းအနီးတွင် ယနေ့ည ၉နာရီခန့်တွင် ၄ခ/၂၁၄၁ ဆယ်ဘီးကားတစ်စီးနှင့် AA-9977တက္ကဆီကားတို့ မျက်နှာချင်းဆိုင် တိုက်မိရာ တက္ကဆီကားလေး၏ ဘယ်ဖက်ခေါင်းကြေမွသွားကာ ကားမောင်းသူ ဘယ်ခြေထောက်နာနေပြီးပွန်းပဲ့ဒဏ်ရာ အနည်းငယ် ရရှိသွားကြောင်း၊ ဆယ်ဘီးကား မောင်းနှင်သူ ထွက်ပြေးသွားကြောင်း ဒဏ်ရာရှိသူ ကိုခင်ဇော်က ပြောကြားသည်။

တက္ကဆီကားသည် ဗိုလ်တစ်ထောင်ဖက်မှ ဘယ်ဖက်ယာဉ်ကျော အတိုင်းမောင်းနှင်လာခြင်းဖြစ်ပြီး မျက်နှာချင်းဆိုင် မောင်းနှင်လာသော ဆယ်ဘီးကားသည် ဘယ်ဖက်ယာဉ်ကျောသို့ဝင်၍ တိုက်မိခဲ့ခြင်းဖြည်ဟု
သိရသည်။

“မျက်စိနဲ့တော့ မမြင်လိုက်ဘူး။ ဝုန်းဆိုကြားတာနဲ့ ထွက်ကြည့်ကြတာ။ ခုကြည့်ရတဲ့အနေအထားအရ ကားကြီးက လမ်းမှားထားတာကို တွေ့ရတယ်လေ။ ပြီးတော့ကားမောင်းတဲ့သူကချက်ချင်းထွက်ပြေးသွားတာဆိုတော့ ကားကြီးမှားတာဖြစ်နိုင်ပါတယ်”ဟု ဗိုလ်တစ်ထောင် (၁)ရပ်ကွက်ဥက္ကဋ္ဌနှင့်အတူ လာရောက်ကြည့်ရူသူက ပြောကြားသည်။

ယာဉ်တိုက်မှုဖြစ်ပြီး ရဲတစ်ဦးရှိနေသော်လည်း တစ်နာရီခန့် အကြာယာဉ်ထိမ်းရဲများ ရောက်ရှိလာပြီး လာရောက် ကြည့်ရှုသူများနှင့် တက္ကဆီကားသမားအား စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြာင်း သိရသည်။ ဆက်လက်၍ အမှုဖွင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟုလည်း၎င်းတို့ကပြောကြားလျက်ရှိသည်ဟု သိရသည်။
AT
The Myanma Age

လွှတ်တော်ကိုယ်စားလှယ်များ ကိုယ့်မြို့နယ်ကို မလုပ်ပေးလျှင် လိုက်လံပြုလုပ်ပေးမည်ဟု ဦးသိန်းညွန့်ဆို

ရန်ကုန်၊ ဧပြီ ၃၀။
သင်္ကန်းကျွန်းမြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်သည် တာမွေမြို့နယ်ရာပြည့်ဈေးတွင် ဖြစ်ပွားလျက်ရှိ သည့် ဈေးသူ ဈေးသားများ၏ စိုးရိမ်မှုများနှင့် စပ်လျဉ်း၍ ၎င်းထံသို့ စာတင်ထားမှုကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ တာဝန်ကျင့်ဝတ်နှင့် အညီ ယင်းမြို့နယ်၏လွှတ်တော်ကိုယ်စားလှယ် အသီးသီးက ဦးဆောင်ပြုလုပ်ပေးခြင်း မရှိမှသာ ၎င်းကလိုက်လံပြုလုပ်ပေးမည်ဖြစ်ကြောင်း ဧပြီ ၃၀ရက်နေ့ နေ့လည် ၂နာရီတွင် အမျိုးသားဒီမိုကရက်တစ်ပါတီသစ် ရုံးချုပ်၌တွေ့ဆုံစဉ် ပြောကြားချက်အရ သိရသည်။

“ကျွန်တော့်အနေနဲ့က သက်ဆိုင်တဲ့မြို့နယ်က လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးက ပြုလုပ်ပေးခြင်း မရှိမှသာပြုလုပ်ပေး ရမှာဖြစ်ပါတယ်။အဲဒါ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့ ကျင့်ဝတ်လိုမျိုးလို့
ပြောနိုင်ပါတယ်။ ပြီးတော့ အခုခင်ဗျားတို့ကလည်း သက်ဆိုင်ရာ မြို့နယ်က လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဦးကိုအကူအညီတောင်းပါ။ သူတို့မလုပ်ပေးမှသာ ကျွန်တော်လုပ်ပေးလို့ အဆင်ပြေမှာပါ”ဟု ၎င်းက ပြောသည်။

ဈေးသူဈေးသားများက လက်ရှိပိုင်ဆိုင်သည့် ဆိုင်ခန်းအရေအတွက်ဖြင့် ပြန်လည်ရရှိစေရန် လိုကြောင်းနှင့်
လာမည့် မေလ ၁ရက်နေ့တွင် ချက်ခြင်းဖယ်ရှားပေးရန် အဆင်မပြေသည့်အတွက် တစ်လနီးပါးခန့်
အချိန်ပေးစေလိုကြောင်းတို့အား ပြောကြားခဲ့ရာ ယင်းသို့ ရက်ရွှေ့ပြောင်းခြင်းနှင့် စပ်လျဉ်း၍လည်း
တာမွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်
ဒေါ်လဲ့လဲ့ဝင်းဆွေက ရန်ကုန်မြို့တော် စည်ပင်သာယာရေးသို့ ရက်ပေါင်း ၁၀ရက် နောက်ဆုတ်ပေးရန်
စာတင်ထားကြောင်း သားငါးတန်းမှ ဈေးသည်များ၏ ပြောပြချက်အရ သိရသည်။

“အခုလက်ရှိ ဖြစ်နေတာက ပြောင်းပေးမယ် မပြောင်းပေးဘူးလို့ မပြောဘူး။ ဆိုင်သိမ်းဖို့ကိုတော့ တလလောက်အချိန်ပေးဖို့ ပြောတယ်။ လက်မခံဘူး။ အဲဒါနဲ့ ဒေါ်လဲ့လဲ့ဝင်းဆွေက ဆယ်ရက် နောက်ဆုတ်ပေးဖို့မြို့တော်စည်ပင်က ဌာနမှူးကိုပြောထားတယ်လို့ သူ့အဖွဲ့ က ပြောတာသိရတယ်။ ဒါပေမယ့် ဒီနေ့
ဒုဌာနမှူးကလာကြည့်ပြီး အဲဒီကိစ္စပြောတော့ အဲဒါက တရားမဝင်ဘူးလို့ ပြန်ပြောသွားတယ်”ဟုသားငါးတန်းမှ ဝက်သားရောင်းသူ ဒေါ်ချိုချိုမြင့်က ပြောကြားသည်။

ထို့ပြင် ရာပြည့်ဈေး၏ ဈေးခေါင်းရုံးမှလည်း မေလ ၁ရက်နေ့တွင် မည်သည့် အကြောင်းအရင်းနှင့်မှဖယ်ရှားခြင်း မရှိပါက ဈေးအား သံစည်းကြိုးများဖြင့် ဝန်းရံကာ စစ်တပ်နဲ့ ဝိုင်းခိုင်းမည်ဆိုသည့် ခြိမ်းခြောက်စကားများလည်း ပြောဆိုကြောင်း သိရှိရပြီး လက်ရှိဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာများနှင့် ဆက်သွယ်ကာ အဆင်ပြေအောင် ပြုလုပ်ပေးသွားမည်ဖြစ် ကြောင်းနှင့် ရက်တိုးအဖြစ် ၁၀ရက် ထပ်တိုး ရန် ပြုလုပ်ပေးမည် ဖြစ်ကြောင်းတို့အား ဦးသိန်းညွန့်မှ ပြောကြားသည်။
TMA
The Myanma Age

ဝင်ရောက် ကျူးကျော်နေထိုင်သည်ဟုဆိုကာ ရွာသားများအား တရားစွဲဆို

ရန်ကုန်၊ ဧပြီ ၃၀။
ရန်ကုန်နေပြည်တော် အမြန်ကားလမ်းမကြီးဘေးရှိ ကလီထော် အနောက်ကျေးရွာမှ ရွာသူရွာသားများအား
ဝင်ရောက်ကျူးကျော်နေထိုင်သူများ ဟုဆိုကာ ဒေသဆိုင်ရာအာဏာပိုင်များက အတင်းအဓမ္မဖယ်ရှားခိုင်းနေသည်ဟု သိရသည်။

အဆိုပါဥယျဉ်ခြံမြေများတွင် နေထိုင်နေသော ရွာသူရွာသားများမှာ ဘိုးဘွားအစဉ်အဆက် ရာသီပေါ်သီးနှံများကို စိုက်ပျိုးလုပ်ကိုင် နေထိုင် လာခဲ့သည်ဟု သိရသည်။

ယခုအခါအဆိုပါရွားသားများ ဘိုးစဉ်ဘောင်ဆက်နေထိုင်လုပ် ကိုင်လာသော မြေအကျယ်အ၀န်း (၈၅) ဧကအားရန်ကုန်တိုင်းဒေသကြီး အစိုး ရဌာနတစ်ခုမှ ၀န်ထမ်းဟုဆိုသူ တစ်ဦးနှင့် အပေါင်းပါများက ၎င်းတို့ပိုင်ဆိုင်သည်ဟုဆိုကာ ရွာသူရွာသားများအနက် အချို့ကို ငွေပေး ကာ ပြောင်းရွှေ့စေခဲ့သည်ဟု အဆိုပါရွာ သားတစ်ဦးကပြောကြားသည်။

“ကျွန်တော်က မြေစာရင်းရုံးကိုလည်း နှစ်စဉ်အခွန်ပေးဆောင်ခဲ့တယ်။ မနှစ်က နိုဝင်ဘာလမှာ ရန်ကုန်ဌာနဆိုင်ရာကဆိုတဲ့ အပေါင်းပါတွေ ရောက်လာပြီး ကျွန်တော်တို့ ရွာသားတွေ ဘိုးစဉ်ဘောင်ဆက်
နေထိုင်လုပ်ကိုင်လာတဲ့ ဥယျဉ်ခြံမြေတွေကို ကျူးကျော်ရှင်းလင်းပြီး ခြံစည်းရိုး တိုင်တွေကို လာစိုက်ပါတယ်။ ဒါကိုရွာသားတွေက မခံနိုင်ဖြစ်ပြီး ဝိုင်းမေးတဲ့အခါ ဒီမြေကို သူတို့ပိုင်တယ်။ ဖယ်ပေးပါ မဖယ်ပေးရင်
ဖမ်းဆီး ထောင်ချမယ်လို့ ခြိမ်းခြောက်ခဲ့သည်”ဟု ဆိုသည်။

အဆိုပါအငြင်းပွါး မြေအကျယ် (၈၅)ဧကအတွင်း နေထိုင်နေကြသူစုစုပေါင်း မိသားစု(၄၅)စုလောက်ရှိပြီး
ဘိုးဘွား စဉ်ဆက်လယ်လုပ်ကိုင်လာ သူ ရွာသားတစ်ဦးကလည်း “ကျွန်တော့်မိဘလက်ထက်ကတည်းက ဒီနေရာမှာ လယ်လုပ်လာတာပါ။ အခု ကျွန်တော့်အသက်(၄၀)ရှိပြီ အရင် မ. ဆ.လ လက်ထက်ကတည်းက လယ်စိုက်ပြီး တာဝန်ကျေစပါးပေးသွင်းခဲ့ရပါတယ်။ အခုအချိန်ထိလည်း လုပ်ကိုင်နေဆဲပါ။၂၀၁၁ ခုနှစ်မှာ ကျွန် တော့်လယ်ကိုသီးစားပိတ် တာခံရပါတယ်။ နှစ်နှစ်တာကလ သီးစားပိတ်တယ်လို့ဆိုပြီး အခုမှ ဒေသခံတွေအကုန်လုံးကိုဦးဝင်းမောင်ပါ (၆)ဦး က သက်ဆိုင်ရာအာဏာပိုင်တွေဆီကနေ တဆင့် စာထုပ်ပြီး ဖယ်ခိုင်းတာဖြစ်ပါတယ်”ဟုလက်ရှိအချိန်ထိ လယ်ယာလုပ်ကိုင်နေသူ ရွာသား တစ်ဦးက ပြောကြားသည်။

အဆိုပါ သီးစားသွင်းခြင်း ပိတ်ပင်ခံရခြင်းကို ဒေသဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးမှလူကြီးပိုင်မြေယာ အရှုပ်အရှင်းရှိသည်ဟုဆိုကာ ပိတ်ပင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ အဆိုပါရွာသားများအား ကျေးရွာအုပ်ချုပ်ရေးမှူးမှ ၂-၃-၂၀၁၃ ရက်နေ့တွင် စာဖြင့်ဌာနပိုင်မြေအတွင်း ဝင်ရောက်နေထိုင်ခြင်းအား အမြန်ဆုံးဖယ်ရှားပေးပါရန် အကြောင်းကြားလာသည်ဟု သိရသည်။

ယင်းအပြင် ရွာသားတစ်ဦးချင်းကိုလည်း တရားစွဲဆိုမှုတွေ လုပ်နေပြီး အဆိုပါကိစ္စကြောင့်ရွာသူရွာသားများအနေဖြင့် မကျေနပ်ကြကြောင်း၊ ရွာသူရွာသားများအနေဖြင့် အဆိုပါနေရာတွင်နေထိုင်လုပ်ကိုင်စား သောက်လာခဲ့ကြသည်မှ ဘိုးဘွားစဉ်ဆက်ကပင်ဖြစ်ကြောင်း၊  မြေစာရင်း ဌာနသို့နှစ်စဉ်ငွေပေးသွင်းမှု မှတ်တမ်းများလည်း ရှိသည့်အတွက် လျှော်ကြေးမည်မျှပင်ပေးပေးပြောင်းရွေမပေးနိုင်ကြောင်း ပြောကြားသည်။

မိမိတို့အနေဖြင့် မိဘများလက်ထက်ကတည်းက စိုက်ပျိုးလုပ်ငန်းဖြင့်သာ လုပ်ကိုင်စားသောက်လာခဲ့ရတာမို့ အခုလိုမျိုးအတင်း အဓမ္မ နေရာပြောင်းရွှေ့ခိုင်းသည့်အတွက် မိမိတို့အနေဖြင့် အခြားလုပ်ငန်းလုပ်ကိုင်ဖို့ဆိုတာမဖြစ်နိုင်သည့်အတွက် ဖယ်မပေးနိုင်ကြောင်း ရွာသားများက ပြောကြားသည်။
မြင့်ကျော်
The Myanma Age

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com