http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ယနေ့ (3-17-2013) online ပေါ်မှ သတင်းဓါတ်ပုံများ,



































































မှောင်ခိုသယ်လာသည့် ပုပ်သိုးနေသောအသားတုများဖမ်းဆီးရမိ

စားသုံးသူအကာအကွယ်ပေးရေး၊ တရားမ၀င်ကုန်သွယ်မှုတား ဆီးထိန်းချုပ်ရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်သွက်လက်ရေး စသည့်ရည်မှန်းချက်ဖြင့် ဆောင်ရွက်နေသော (Mobile Team) အဖွဲ့(၂) သည် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ စစ်တောင်းတံတား အဟောင်း အသစ်ဆုံရာ၊ ညောင်ခါးရှည် ဒိုက်ဦးသွား မဟာဗျူဟာလမ်းဆုံ၌ တာဝန်ထမ်းဆောင်နေစဉ် ကရင်ပြည်နယ် မြ၀တီမြို့ ကုန်သွယ်ရေးဇုန်ကိုရှောင်ကွင်း၍
ဦးသန်းဇော် ဦးမောင်းနှင်လာသည့် န/———ယာဉ်ပေါ်မှ အသားတု (၁၆၂၇)ကီလို၊
ဦးစိုးပိုင်မောင်းနှင်လာသည့် ဗ/———ယာဉ်ပေါ်မှ အသား တု(၈၀၅)ကီလို၊
ဦးမောင်ကျော်နှင်လာသည့် အ/———-ယာဉ် ပေါ်မှ (၁၀၉၀)ကီလို၊
ဦးကျော်ဟိန်းမောင်းနှင်လာသည့် ၈ဆ/———-ယာဉ်ပေါ်မှ(၇၅၀)ကီလို၊  
စုစုပေါင်း(၄၂၇၂)ကီလိုတို့ကို ဂျူတီမဆောင်ဘဲ စစ်ဆေးတွေ့ရှိသဖြင့် သိမ်းဆည်း၍ အကောက် ခွန်ဥပဒေအရ အရေးယူခဲ့သည်။

အဆိုပါအသားတုများမှာ နေပူရှိန်လွန်ကဲမှုကြောင့် ပုတ်သိုးနေပြီဖြစ်၍ ပြည်သူလူထုစားသုံးရန် မသင့်သောကြောင့် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးစန်းနွယ်ဝင်းဦးဆောင်သော (Mobile Team) အဖွဲ့(၂) ၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် မတ်လ(၁၃)ရက်တွင် ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

အသားတုများသယ်ဆောင်လာသောယာဉ်(၄)စီးအနက်  ၈ဆ/——–မောင်းနှင်သူ ဦးကျော်ဟိန်းမှာ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရကြောင်းလည်း  (Mobile Team) အဖွဲ့(၂)မှ ဒုတိယ ညွှန်ကြားရေးမှူးဦးမင်းအောင်အေးက ပြောကြားသည်။

နယ်စပ်ကုန်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးစန်းနွယ်ဝင်း ဦးဆောင်သော (Mobile Team) အဖွဲ့(၂)သည် စတင်တာဝန်ထမ်းဆောင်သည် (၂၀.၂. ၂၀၁၃)မှ(၁၅.၃.၂၀၁၃)အထိ ငွေပေါင်း(၂၃၂၂၂ ၆၀၃၈၂)ကျပ်ကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ်အပ်နှံခဲ့ပြီးဖြစ်ကြောင်း (Mobile Team ) အဖွဲ့(၂)မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ဝေါ၀င်းမောင်
The Hot News

မြန်မာပြည်အတွင်းတရုတ်အတွက် လုပ်ကွက်နည်းသွားခြင်းက သတင်းဆိုးတစ်ခုမဟုတ်ကြောင်း ကွန်မြူနစ်ပါတီပိုင်သတင်းစာမှဆို

မြန်မာနိုင်ငံအတွင်းယခင်က ထက်စာလျှင် တရုတ်နိုင်ငံအတွက်  နေရာမှာ နည်းသည်ထက်နည်း သွားခြင်းက တရုတ်နိုင်ငံအတွက်  သတင်းဆိုးတစ်ခုမဟုတ်ကြောင်း  တရုတ်ပြည်သူ့ကွန်မြူနစ်ပါတီပိုင်  People’s Daily သတင်းစာက တာဝန်ရှိသူတစ်ဦးဖြစ်သူညွှန်ကြား  ရေးမှူးချုပ် Mr Cao  Huan Rong မှ ပြောကြားသွားသည်။

“ကျွန်တော်တို့သတင်းစာဟာ  ဖွံ့ဖြိုးဆဲနိုင်ငံတွေအကြောင်းလို ရေးရင်အပြုသဘောဆောင်ပြီး  အကောင်းမြင်တဲ့ဘက်ကပဲရေးပါ တယ်။ ဖွံ့ဖြိုးဆဲဆိုတာနဲ့ သူနိုင်ငံ ရဲ့ စစ်ပွဲတွေ၊ အခက်အခဲ၊ ဒုက္ခ တွေကို အမြန်ဆုံးပြေငြိမ်းဖို့ကို ရည်ရွယ်ပြီးတော့ကို ရေးသားပါ တယ်။ မြန်မာသမ္မတကြီးဦးသိန်းစိန် ပြောခဲ့တဲ့ နိုင်ငံတော်အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆို တာနဲ့ ခြစားမှုတွေကို တိုက်ဖျက်  မယ်ဆိုတာတွေကိုလည်း တရုတ် နိုင်ငံအနေနဲ့ ကြိုဆိုပါတယ်။ ဦးသိန်းစိန်ဦးဆောင်ပြီး သယံဇာတ ပေါကြွယ်ဝတဲ့ ဒီလိုနိုင်ငံကြီးမှာ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်  မှုတွေလုပ်နေတဲ့အတွက် တရုတ်   ဟာမြန်မာနိုင်ငံထဲမှာ နေရာနည်း  သထက်နည်းသွားပါပြီ။ ဒါဟာ တရုတ်နိုင်ငံအတွက် သတင်းဆိုး တစ်ခုမဟုတ်ပါဘူး။ တရုတ်နိုင်ငံ  အနေနဲ့လည်း မြန်မာနိုင်ငံအပေါ်  အတ္တမရှိ၊ ဖောက်ပြန်မယ့်စိတ်လုံး ၀မရှိပါဘူး”ဟု Mr. Cao Huan Rong မှ ပြောကြားသွားသည်။

တရုတ်ကွန်မြူနစ်ပါတီပိုင် People ‘s Daily စသည်ဂျာနယ် နှင့် သတင်းစာ ၂၅ မျိုးထုတ်ဝေ ပြီး နိုင်ငံ၌ အင်အားအကြီးဆုံးဖြစ်   ကာ နေ့စဉ်စောင်ရေ ၂၈ သိန်းရှိ ပြီး ၂၀၁၃ နှစ်လယ်လောက်၌ သိန်း ၃၀ ထိရောက်လာနိုင်ကြောင်း   ယင်းကခန့်မှန်းပြောဆိုသည်။ အဆိုပါ People ‘s Daily သတင်း စာအနေဖြင့် ဌာနခွဲ ၃၂ ခုနှင့် ပြည်ပဌာနခွဲ ၄၀ ကျော်ရှိပြီး ဂျပန်၊ အမေရိကန်နှင့် ဥရောပ တိုက်များ၌ နေ့စဉ်စောင်ရေ ၃ သိန်းထိရှိ သတင်းစာအပြင် Online သတင်း  Website လည်း ရှိကာ ကမ္ဘာပေါ်၌ New York Time Website ပြီးလျှင်အကြီးဆုံး Website တစ်ခုဖြစ်သည်။
ခန့်ခန့်(ဒဿနိက)
The Hot News

တပ်မတော်က ကလေးစစ်သားများ ထပ်မံ နုတ်ထွက်ခွင့်ပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
မြန်မာ့တပ်မတော် အတွင်းရှိ အရွယ် မရောက်သေးဘဲ စစ်မှုထမ်းရန် စုဆောင်းခံရသော ကလေး ၂၄ ဦးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် တရားဝင် နုတ်ထွက်ခွင့် ပြုခဲ့ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF) က ထုတ်ပြန်သည်။

တပ်မတော်သည် ကလေးစစ်သား ပပျောက်ရေး အတွက် ကုလသမဂ္ဂ နိုင်ငံအဆင့် လုပ်ငန်းအဖွဲ့နှင့် ၁၈ လကြာ ဆောင်ရွက်မည့် စီမံကိန်းကို ၂ဝ၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် သဘောတူညီ ခဲ့ပြီးနောက် တပ်မတော်အတွင်းက ထပ်မံ နုတ်ထွက်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။ "လုပ်ငန်းစီမံချက် ကာလမှာ နုတ်ထွက်ခွင့် ပေးတဲ့ လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ မျှော်လင့်တယ်"ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် မစ္စတာ ဘာထရန်ဘန်ဘယ်လ်က ပြောကြားသည်။

အလားတူ တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်း တွေကလည်း ၁၈ နှစ်အောက် အရွယ်မရောက် သေးသည့် ကလေးများကို နုတ်ထွက်ခွင့် ပြုပေးရန် တောင်းဆိုကြောင်း ကုလသမဂ္ဂ နိုင်ငံအဆင့် လုပ်ငန်းအဖွဲ့ ပူးတွဲသဘာပတိ နှင့် ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး မစ္စတာ အရှုပ်နီဂမ်က ထပ်လောင်း ပြောကြားသည်။

ဗြိတိန်အခြေစိုက် Child Soldier International အဖွဲ့ကြီးက မြန်မာ့ တပ်မတော်နှင့် နယ်ခြားစောင့်တပ် တို့တွင် ကလေးစစ်မှုထမ်း ပပျောက်ရေး လက်တွေ့ အကောင်အထည် ဖော်မှု အားနည်းကြောင်း အစီရင်ခံစာ ကို ဇန်နဝါရီလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယခုလက်ရှိတွင် မြန်မာနိုင်ငံ သည် အခြား နိုင်ငံ ၁၄ နိုင်ငံနှင့် အတူ ကလေးသူငယ် အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက် ကျူးလွန်သော လက်နက်ကိုင် တပ်ဖွဲ့များ သို့မဟုတ် လက်နက်ကိုင် အဖွဲ့အစည်းများ ရှိနေသည့် နိုင်ငံအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က သတ်မှတ် ထားသည်။

မြန်မာ့တပ်မတော်သည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် တပ်ရင်း တပ်စခန်း များရှိ ကလေး စစ်သား ၄၂ ဦးကို မိဘများထံ ပြန်လည် အပ်နှင်း ခဲ့ပြီး ၂၀၀၆ ခုနှစ်က စတင်ကာ စစ်မှုထမ်း ကလေး ၅၂၀ ကျော်ကို နုတ်ထွက် ခွင့်ပြုပြီး ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့က တရားဝင် ထုတ်ပြန်သည်။
The Voice Weekly

တုံရွာသားများ သူတို့ကြောင့် တုံးသွားရော့သလား


နေပူဖုံထူသော ချင်းတွင်း အနောက်ခြမ်း၊ မတ်လအတွင်း တစ်ရက်။ ဆန္ဒပြနည်းပေါင်းစုံဖြင့် နာမည်ကျော်သော ဆည်တည်းရွာအနီး အိမ်တစ်အိမ်သည် မိုဘိုင်းလ်များ၊ တက်ဘလက်များ၊ ကင်မရာများဖြင့် အလုပ်များလျက် ရှိသည်။ ထိုတိုက်ခံ နှစ်ထပ်အိမ်အနောက်ဘက်တွင် Sky Net ဂြိုလ်တုလိုင်းကို တပ်ဆင်ထားရာ တစ်ကမ္ဘာလုံးနှင့် တိုက်ရိုက်ချိတ်ဆက် ထားသကဲ့သို့ဖြစ်သည်။ ထိုရွာသည် လက်ပံတောင်း အနီးတစ်ဝိုက်တွင် ရှားရှားပါးပါး လျှပ်စစ်မီးရသော ကျေးရွာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် မုံရွာမြို့ မရောက်မီ နှစ်နာရီခန့် အလိုတွင် ထိုအိမ်အောက်ထပ်မှ လူတစ်ဦး ဖုန်းတစ်လုံးဖြင့် အောက်ပါအတိုင်း ခပ်သွက်သွက် ညွှန်ကြားလျက်ရှိသည်။

"ဦးသိန်းကိုပြောထား။ ဒေသခံက အော်သင့်ရင် အော်ပေးလိုက်။ တောင်ပေါ် မှာ ဖုန်းဘယ်သူ ကိုင်ထားလဲ။ ဆိုင်းဘုတ်တွေ ပြီးသွားပြီလား တကယ်လို့ အဲဒီဘက်ကို ဒေါ်စုလမ်းကြောင်း မတော်တဆ ဖြတ်ရင် လူထုကို ကြွေးကြော်သံ တင်ပေးလိုက်၊ ပုဒ်မ ၁၄၄ ရုပ်ဖို့၊ သံဃာတွေကို မီးလောင်ဗုံး တရားခံ ဖော်ထုတ်ဖို့၊ ကော်မရှင် အလိုမရှိ၊ စီမံကိန်း ရုပ်သိမ်းရေး .... ဒါပဲ တင်ပေးလိုက်" "ရွှေညဝါကို ဆည်တည်းကို ရွှေ့ထား"၊ "အဖြူ လေးယောက်ကို တောင်ပေါ်က ပြန်ဆွဲ ချခဲ့တော့" စသည်တို့ ဖြစ်သည်။

ယင်းကဲ့သို့ဖုန်းဖြင့် ညွှန်ကြား နေသူသည် ထိုဒေသဇာတိ မဟုတ်ဘဲ ရန်ကုန်မှလာသူ တစ်ဦးဖြစ်ပြီး ၄င်းနှင့် အတူ အနည်းဆုံးငါးဦးမှ ၁၀ ဦးခန့် ပါလာကြကာ ထိုဒေသတစ်ဝိုက်တွင် ယမန် နှစ် အတွင်းကပင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု ဆည်တည်းရွာ ဒေသခံ တစ်ဦးက ပြောပြသည်။ လက်ပံတောင်းတောင် ဒေသခံ များ၏ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော် မှုမှာ ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် စတင်ခဲ့ပြီး ထိုစဉ်က တောင်းဆိုမှုများ ကို တရုတ်ကုမ္ပဏီ ဝမ်ပေါင်ရုံးဝင်း၏ ဝင်ပေါက်တွင် ဝက်မှေးရွာမှ ဦးဆောင် ၍ ဒေသခံတောင်သူ ၁၀၀ ခန့်ဖြင့်စတင် ခဲ့ကြသည်။ ဆန္ဒထုတ်ဖော်သူ အားလုံး မှာ အမျိုးသမီးများသာ ဖြစ်ကြသည်။

ထိုအချိန်က ဒေသခံများ၏ လက်ထဲတွင် ဆိုင်းဘုတ်များ၊ ဗီနိုင်းများ မပါရှိသေးပေ။ ၄င်းတို့ခံစား နေရသည့် လယ်ယာမြေများပေါ်တွင် စွန့်ပစ်မြေများ လာမပစ်ရေး၊ ယာမြေ များပေါ်တွင် စက်ရုံ၊ အလုပ်ရုံ အဆောက် အအုံများ မဆောက်ရေး၊ ဝက်မှေးရွာ ဟောင်းမှ ချိတ်ပိတ်ထားသော ဘုန်းတော်ကြီး ကျောင်းနှင့် စာသင်ကျောင်း ပြန်ဖွင့်ပေးရေး၊ ယင်းသို့ညှိနှိုင်းစဉ် အချိန် အတွင်း စီမံကိန်း ရပ်ဆိုင်းထားရေး စသည့်အချက် များသာဖြစ်ကြသည်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက် နေ့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ချက်များကို တုံ့ပြန်သည့်အနေနှင့် ကျေးရွာပိုင် ယာမြေများပေါ်၌ မကျူးကျော်ရ ဆိုသည့် လှုပ်ရှားမှုတွင် ကြေးနီစီမံကိန်း ဒေသခံများ အပြင် ရန်ကုန်မှကွန်ရက် အဖွဲ့ဝင်များပါ လက်ပံတောင်း အရေးတွင် ပါဝင်လာကြသည်။

ယင်းနောက် ၂၀၁၂ စက်တင် ဘာလ ၁၀ ရက်နေ့တွင် မုံရွာမြို့ရှိ ဆုတောင်းပြည့်ဘုရားသို့ ဆုတောင်းရန် ရောက်ရှိလာသည့် လက်ပံတောင်းတောင် ဒေသခံအမျိုးသမီး ၁၂ ဦး သုံးရက်ကြာ မုံရွာမြို့ပေါ်တွင် မုံရွာအာဏာပိုင်များက ဖမ်းဆီးလိုက်ကြသည်။

ရက်သတ္တပတ် အနည်းငယ် အကြာတွင် ဝမ်ပေါင်ကုမ္ပဏီအနီး အခေါင်းသုံးလုံး မီးရှို့ဆန္ဒပြမှု၊ အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် ဆည်တည်းကျေးရွာ သုသာန် တွင် သေဆုံးပြီးသူများမှ ပြန်လည်နိုးထလာသည့် ပါဖော့မာန့်များ ပြုလုပ်ခဲ့ကြသည်။ အောက်တိုဘာလအတွင်းပင် မြန်မာ့စီးပွားရေးဦးပိုင်နှင့် ဒေသခံများ ဆားလင်းကြီး ရဲစခန်းတွင် အပြန် အလှန် အမှုဖွင့်ခဲ့ပြီး ဦးပိုင်က အခေါင်းမီးရှို့မှုတွင် ပါဝင်သူ ၁၆ ဦးကို ပုဒ်မ သုံးခုဖြင့် အမှုဖွင့်ခဲ့ကြသည်။
ထို့နောက် ချင်းတွင်းမြစ်အတွင်း မီးမျှောပွဲများ၊ ဆည်တည်းရွာ ပြည်သူ့ ညီလာခံ စသည့် ဆန္ဒထုတ်ဖော်ပွဲများကို ရန်ကုန်ကွန်ရက် အဖွဲ့ဝင်များ၏ ဦးဆောင်မှုများဖြင့် ပြုလုပ်ခဲ့ကြသည်။
ယင်းကဲ့သို့ ဆန္ဒပြမှုများအပြင် ယခုနှစ်အတွင်း နိုင်ငံရေးအရ တိုက်ခိုက်မှုများဖြစ်သည့် သမ္မတကို တရားစွဲဆိုခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ကို ဆန္ဒပြခြင်းတို့ အထိ လက်ပံတောင်း တောင်၏ နောက်ကွယ်မှ ပေါ်ထွက် လာခဲ့ရာ ထိုပြဿနာသည် လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ထွန်းသစ်စ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ခြိမ်းခြောက်လာ ဖွယ်ရှိလာသည်။ စီမံကိန်း ဆက်လုပ်သင့်သည်ဟု ၂၀၁၃ မတ်လ ၁၄ ရက်တွင် အကြံပြုခဲ့သည့် ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေးအတွက် အဓိကကန့်ကွက်နေသော တုံရွာ သပိတ်စခန်းသို့ ဝင်ရောက်ကာ အောက်ပါအတိုင်း ရှင်းပြခဲ့သည်။

"စီမံကိန်းကို ရပ်လိုက်မယ်ဆိုရင် အကျိုးဆက်က ဘာဖြစ်မယ်ဆိုတာ သေသေချာချာ ဂဃဏန ထောက်မပြ ပါဘူး။ အကျိုးဆက်ကတော့ ပျက်စီးတဲ့ မြေကတော့ ပျက်စီးတဲ့အတိုင်း ဖြစ်မှာပါ။ လယ်ယာမြေမရှိတဲ့သူက မရှိတဲ့အတိုင်းဖြစ်မှာပါ။ တခြားဘာမှ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးက ယုံကြည်မှု အများကြီး ကျသွားမှာပါ။ ကမ္ဘာမှာ ဆိုလို့ရှိရင် ဒီနိုင်ငံဟာ စီးပွားရေးအရ စာချုပ်ချုပ်ပြီး အလုပ်လုပ်သင့်တဲ့ နိုင်ငံ မဟုတ်ဘူးလို့ အများကဒီလိုပဲ သုံးသပ်မှာပါ။ ကျွန်မတို့အနေနဲ့ ကိုယ့်ရဲ့ အိမ်နီးချင်းနိုင်ငံတွေ နဲ့တောင် အဆင်ပြေအောင် မနေတတ်တဲ့နိုင်ငံ ဖြစ်သွားမှာပါ။ ကျွန်မတို့အနေနဲ့ ဒီကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ အပြုသဘော ဆောင်တဲ့ ဘက်က ကိုင်တွယ်ပါတယ်။ အပြစ်ရှာဖို့လည်း မဟုတ်ပါဘူး။ အပြစ် ဖို့ဖို့လည်း မဟုတ်ပါဘူး။ တရားခံ ရှာဖို့လည်း မဟုတ်ပါဘူး။ ဒီကိစ္စဟာ နောင်ကျလို့ရှိရင် ကျွန်မတို့ အတွက် ဘယ်လိုအကျိုးဖြစ်အောင် လုပ်ရမလဲ။ ဆိုတဲ့အမြင်နဲ့ လုပ်တာ" ဟု တုံရွာ သပိတ်စခန်းတွင် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ကော်မရှင်၏အစီရင်ခံစာကို တင်းတင်းမာမာ တုံ့ပြန်ကာ စီမံကိန်းရပ် ဆိုင်းရန်သာ ပြောဆိုနေကြသည့် သပိတ် စခန်းကို ဦးဆောင်နေသူမှာ ဒေသခံတစ်ဦး မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည် ရှင်းပြနေခြင်းကိုပင် လက်မခံဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက် ကြတော့သည်။

"နိုင်ငံရေးလုပ်တယ်ဆိုတာ လူကြိုက်များအောင် လုပ်တာမဟုတ်ဘူး။ နိုင်ငံ့အတွက် ကောင်းစေချင်တယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်တယ်ဆိုရင် အမုန်းခံ ရဲရမယ်"

ယခု ကန့်ကွက်မှုများသည် ရန်ကုန်မှ လာရောက်သူတစ်စုက အမာခံဖြစ်ပြီး ထိုသူတို့နှင့် အတူ ရုပ်သံမီဒီယာသမား တစ်ဦးသည်လည်း ထိုရွာတွင် လပေါင်းများစွာ နေထိုင်လျက်ရှိကာ ၂၀၁၃ ခုနှစ် မတ်လ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ ထွက်လာချိန်တွင် အချိန်ကိုက်လှုပ်ရှား မှုများကို စတင်သည်ဟု ဒေသခံများက ဆိုသည်။

လက်ပံတောင်း တင်းမာမှုများ၏ နောက်ကွယ်တွင် ရန်ကုန်အခြေစိုက် ကွန်ရက်တစ်ခု၊ ရွာခံအချို့နှင့် ပြည်တွင်းတွင် နေရာမရသည့် ပြည်ပ နေသူအချို့ ပါဝင်သည်ဟုလည်း Online သတင်းများက မှတ်ချက်ပြုကြသည်။ ထိုလှုပ်ရှားမှုများကို ဒေါ်အောင်ဆန်းစုကြည် ၏ အောက်ပါစကားဖြင့် ချိန်ထိုးကြည့် စေချင်ပါသည်။

"နိုင်ငံရေးလုပ်တယ်ဆိုတာ လူကြိုက်များအောင် လုပ်တာမဟုတ်ဘူး။ နိုင်ငံရေးလုပ်တယ် ဆိုတာ နိုင်ငံ့အတွက် ကောင်းစေချင်လို့ လုပ်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လုပ်တာမျိုး ဖြစ်ရမယ်။

နိုင်ငံ့အတွက် ကောင်းစေချင်တယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်တယ်ဆိုရင် အမုန်းခံ ရဲရမယ်။ တချို့ကိစ္စတွေက အားလုံး သဘောတူမှာ မဟုတ်ဘူး။"

ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းတောင် စီမံကိန်းအတွင်း မတ်လ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ နှစ်ရက်ခန့် အစီရင်ခံစာနှင့် ပတ်သက်၍ ရွာ ၁၀ ရွာကျော်ခန့်ရှိ ဒေသခံများကို တစ်နေ့ကုန် လိုက်ရှင်းပြခဲ့သည်။ အများစုမှာ ကော်မရှင်၏ အစီရင်ခံစာ ကို မဖတ်မိကြဘဲ စီမံကိန်းဆက်လုပ်မည်၊ မြေသိမ်းလိမ့်မည်ဟု နားလည်ကာ ကန့်ကွက်နေကြခြင်း ဖြစ်သည်။
ထိုကန့်ကွက်မှုနှင့် ပတ်သတ်၍ နေပြည်တော်တွင် The Voice Weekly က ဒေါ်အောင်ဆန်းစုကြည်ကို သီးသန့် မေးမြန်းရာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အတွက် ဆန္ဒပြကန့်ကွက်သူ များ၏ နောက်ကွယ်တွင် ကြိုးကိုင်သူများရှိကြောင်း မှတ်ချက်ပေးခဲ့သည်။

"နိုင်ငံရဲ့ အနာဂတ်အတွက် အကောင်းဆုံး အဖြေကို ရှာပြီး လုပ်ခဲ့တာပါ။ အများကြိုက်မှာ၊ မကြိုက်မှာ သြဘာပေးမှာ မပေးမှာကို မစဉ်စားပါဘူး။ သဘော မတူမယ့်သူတွေ ရှိမယ်ဆိုတာ အစကတည်းက သိပါတယ်။ မီးလောင်ဗုံး ဆိုတာလည်း မဟုတ်ဘူး။ Smoke ဗုံး၊ မီးခိုးဗုံးကို မီးလောင်ဗုံးလို့ ပြောရမယ်ဆိုရင် အမေ မပြောနိုင်ဘူး။ အမေ ဒါကိုကိုယ်တိုင် ထုတ်တဲ့စက်ရုံမှာ သွားစမ်းပြီးသွားပြီ" ဟု ဒေါ်အောင်ဆန်းစုကြည်က မုံရွာခရီးစဉ်မှ အပြန်တွင် ပြောကြားခဲ့သည်။

လွန်ခဲ့သော ၂ နှစ်က စွန့်ပစ် မြေဇာများ ယာမြေများပေါ်တွင် မပုံရေးမှ စတင်ခဲ့သော လက်ပံတောင်း ပဋိပက္ခသည် ယခုအခါတွင် ကော်မရှင် က စီမံကိန်းဆက်လုပ်၍ မြေယာ လျော်ကြေးများကို ကာလပေါက်ဈေး ဖြင့် ပေးပါမည် ဆိုသောအခါတွင်လည်း တောင်ကြီးကိုပဲ လိုချင်သည့် စီမံကိန်း ကို ရပ်ပါ ဟူသည်အထိ ပြဿနာကို လက်ပံတောင်းတောင်အနောက်က လူများက ပြောင်းထားလိုက်ပြီ ဖြစ်သည်။

မတ်လ ၁၃ ရက် နေ့က ဖြေရှင်း ပေးရန်ရောက်လာသော ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အော်ဟစ်ရှုံ့ချသည်။ ဆဲဆိုသည်။ ပြီးခဲ့ သည့် ရက်ပိုင်းအတွင်းက သမ္မတကို တရားစွဲသည်။ ထိုမတိုင်မီ မုံရွာမြို့ကြီး တွင်ပင် မမြင်ဘူး၊ မကြားဘူးသော သင်္ချိုင်းအတွင်း သရုပ်ပြ ဆန္ဒပြမှုတွေ အထိ ဆက်တိုက် ဆောင်ရွက်ခဲ့ကြသည်။ ထိုသူတို့သည် လွန်ခဲ့သော နှစ် ၅၀ ကျော်က အယူဝါဒ မှိုင်းမိသကဲ့သို့ တစ်ဖက်ပိတ်လမ်း၏ အန္တရာယ်ပိုင်း သို့ပင် ရောက်လုနီးပါး ဖြစ်ခဲ့သည်။ ပညာအခြေခံအားဖြင့် အားနည်းသူ များကို ထိုသို့ဖြစ်လာစေရန် လုပ်နေသူမှာ အများအပြားမဟုတ်။ အရေအတွက် အနည်းငယ်သော စည်းရုံးလှုံ့ဆော် နေသူများက အဓိကဖြစ်သည်။

ထိုသူတို့သည် မြန်မာ တစ်နိုင်ငံလုံးက သိချင်နေကြသည့် လက်ပံတောင်းတောင် ပဋိပက္ခနောက်ကွယ်က ဇာတ်လိုက်များ ဖြစ်သည်။ ထိုသူတို့သည် ထိုဒေသအတွက် မည်မျှ အကျိုးဆောင်နိုင်မည်ကို မသိသော်လည်း သန်း ၆၀ သော မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူတို့ ၏ ထွန်းသစ်စ အနာဂတ်ကိုပါ မှုန်မှိုင်း မှိန်ဖျော့သွားစေခြင်းငှာ မလုပ်သင့်။ ထိုသူတို့သည် ....။
(The Voice Weekly သတင်းအဖွဲ့)

ရခိုင်-ဘင်္ဂါလီပဋိပက္ခ ဖြစ်ပွားပြီးနောက် ဒေသခံ သုံးပုံတစ်ပုံမှာ အခြားဒေသများသို့ သွားရောက်လုပ်ကိုင်နေကြရ

ရခိုင်ပြည်နယ်၌ ရခိုင်-ဘင်္ဂါလီ ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရှားပါးလာမှုကြောင့် ဒေသခံ သုံးပုံတစ်ပုံမှာ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေရကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝေသာထွန်းက ပြောကြားသည်။               

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် မတ် ၁၅ ရက်က ပြုလုပ်ခဲ့သည့် "ရခိုင်အမျိုးသား ကွန်ရက်၏ နှစ်ပတ်လည်နေ့နှင့် လူထုတွေ့ဆုံပွဲ" အခမ်းအနား၌  ဦးဝေသာထွန်းက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ရခိုင်တွေဟာ တိုင်းရင်းသားထဲမှာဆို ဒုတိယ အနိမ့်ကျဆုံးပါပဲ။ စီးပွားရေးကအစ အဘက်ဘက်က နိမ့်ကျနေတယ်။ စာပေနဲ့ ယဉ်ကျေးမှုကလည်း တဖြည်းဖြည်း ဆုတ်ယုတ်နေတာကို တွေ့ရတယ်။ ကိုယ့်ဒေသမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးတဲ့အတွက်ကြောင့် ရခိုင်လူမျိုးအတွက် သုံးပုံမှာတစ်ပုံလောက်က ရေကြည်ရာ မြက်နုရာ သွားရောက် အလုပ်လုပ်ကိုင်နေရတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုး အခွင့်အရေးကြုံတုန်းမှာ ကိုယ့်ဒေသကို တိုးတက်အောင် မလုပ်နိုင်ဘူးဆိုရင်  နိမ့်ကျတဲ့ အနေအထားကနေ ရုန်းထွက်ဖို့ မလွယ်ဘူး" ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်၌ ဒေသခံ အများစုသည် ရေလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်နေကြပြီး ရခိုင်-ဘင်္ဂါလီ ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်တိုင်းရင်းသားများအတွက် အလုပ်အကိုင်ရှားပါးမှု ပိုမိုဖြစ်ပွားလာပြီး အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေရခြင်း ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝေသာထွန်းက ဆက်လက်ပြောကြားခဲ့သည်။   

ထို့နောက် ရခိုင်အမျိုးသား ကွန်ရက်မှ ဥက္ကဋ္ဌ ကိုတင်ထူးအောင်ကလည်း "ဒီကိစ္စက အရင်ကတည်းက ဖြစ်နေတာပါ။ ဒါပေမယ့် အကြမ်းဖက်မှု ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ပိုဆိုးလာတာပေါ့။ ဒီပြဿနာတွေဟာ လက်ရှိအစိုးရရဲ့ စီမံအုပ်ချုပ်မှုတွေ လွဲမှားနေလို့ပဲ ဖြစ်ပါတယ်။ ဒါကို အစိုးရအနေနဲ့ အလေးထား ဆောင်ရွက်ဖို့ လိုတယ်။ နောက်ပြီး ရခိုင်ဒေသမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးတာမျိုး၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်တာမျိုး၊ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရဲရဲဝင့်ဝင့် တောင်းဆိုတာမျိုးတွေ လုပ်သင့်တယ်လို့ ထင်ပါတယ်" ဟု ပြောသည်။

၂၀၁၂ ခုနှစ် ဇွန်လတွင် တစ်ကြိမ်၊ အောက်တိုဘာလတွင် တစ်ကြိမ် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ဌာနေရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီတို့အကြား အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၆၇ ဦး၊ ဒဏ်ရာရသူ ၂၂၃ ဦးရှိခဲ့ပြီး အိုးအိမ်နှင့် အခြားအဆောက်အအုံပေါင်း ၁၀၁၀၀ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အဆိုပါ ပဋိပက္ခဖြစ်စဉ်ကြောင့် ဒုက္ခရောက်နေကြရသည့် လူဦးရေ တစ်သိန်းကျော်သာမက ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ပြည်သူ ၃၂ သိန်းမှာလည်း စိတ်ချလုံခြုံမှုမရှိဘဲ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ကူးသန်းရောင်းဝယ်မှု လုပ်ငန်းများအားလုံး ရပ်ဆိုင်းသည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး ပဋိပက္ခဖြစ်စဉ် ဖြစ်ပေါ်ခဲ့ခြင်း မရှိသော ရခိုင်ကျေးရွာများနှင့် ဘင်္ဂါလီကျေးရွာအချို့တွင်လည်း ကူးသန်းရောင်းဝယ်မှု ရပ်ဆိုင်းခဲ့ခြင်းကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။

မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် ချင်းပြည်နယ်သည် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးမှု ဒုတိယ အနိမ့်ကျဆုံးနေရာတွင် ရှိနေကြောင်း သိရသည်။
Eleven Media Group

ပန်းပဲချောင်းရေ တိုက်စားမှုကြောင့် တောင်ငူမြို့နယ် နတ်စင်ကုန်းကျေးရွာ ရွာလုံးကျွတ် ပြောင်းရွှေ့ရဖွယ်ရှိ

ပန်းပဲချောင်း တိုက်စားမှုကြောင့် ကမ်းပါးများပြိုကျနေသည့် နတ်စင်ကုန်းကျေးရွာ
Sunday, 17 March 2013
တောင်ငူမြို့၊ ပန်းပဲချောင်းရေ တိုက်စားမှုကြောင့် ချောင်းကမ်းပါး ပြိုကျသဖြင့် ကညင်မြောင်ကျေးရွာအုပ်စု၊ နတ်စင်ကုန်းကျေးရွာမှာ နှစ်စဉ်ရွှေ့ပြောင်းရလျှက်ရှိပြီး ကညင်မြောင်အုပ်စု မူလွန်ကျောင်းမှာလည်း ကမ်းပါးနှင့် ကိုက် ၆၀ ခန့်အကွာသို့ ရောက်ရှိလာရာ လာမည့်မိုးရာသီတွင် ရွာလုံးကျွတ် ပြောင်းရွှေ့ရဖွယ်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

"ကမ်းပါးပြိုလို့ ရေလမ်းကြောင်းပြောင်းပြီး ရွာဘက်ကိုဦးတိုက်လာတော့ ရွာသားတွေစုပေါင်းပြီး ချောင်းကို ဖြောင့်ဖို့ကြိုးစားသေးတယ်။ လူအင်အားနဲ့ လုပ်ရတာဆိုတော့ မအောင်မြင်ဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြတာ ဘယ်သူမှလာပြုပြင်ပေးတာ မရှိဘူး" ဟု နတ်စင်ကုန်းကျေးရွာနေ ဦးကြည်မောင်မှ ပြောကြားသည်။

တောင်ငူမြို့နယ် ကညင်မြောင်ကျေးရွာအုပ်စု နတ်စင်ကုန်းကျေးရွာသည် မူလက အိမ်ခြေ ၂၀၀ ၀န်းကျင်ခန့် ရှိခဲ့ပြီး ချောင်းရေတိုက်စားမှုကြောင့် အိမ်ခြေအများစုမှာ ရွှေ့ပြောင်းသွားခဲ့ရကြောင်း၊ လတ်တလောတွင် အိမ်ခြေ ၆၀ ကျော်ခန့်နှင့် စာသင်ကျောင်းသာ ကျန်ရှိတော့ကြောင်း၊ ယင်းတို့မှာလည်း ချောင်းရေဦးတိုက်ဖြစ်လာသောကြောင့် လာမည့်မိုးရာသီကာလများတွင် ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကာ ရွာလုံးကျွတ် ရွှေ့ပြောင်းရဖွယ် ရှိနေကြောင်း သိရှိရသည်။
Eleven Media Group

လက်ပတောင်းအရေး ကြိုးကိုင်သူတစ်ဦး၏ အသံဖိုင်..


ဦးသိန်းကို လွဲပေးလိုက် .... ရွာသားတွေကို ကြွေးကြော်သံတွေ သင်ပေးထားလိုက် .... အဖွားကြီးကို လွတ်ထားလိုက် .... အဖွားကြီးကို ပြောရင် ပုဂ္ဂိုလ်ရေးတွေ မပါစေနဲ့။ ကျေးဇူးတင်ပါတယ် နတ်ကတော် ဟန်ဝင်းအောင်ရယ် ။ အဖွားကြီးကို လွတ်ပေးတာ ကိုလည်း ကျေးဇူးတင် ပါတယ် ။ ဒါပေမယ့် နင်တို့တတွေ မီးကုန်ယမ်းကုန် သွေးထိုးထားတော့ ရွာသားတွေလည်း ခံစားချက်အရ ပုဂ္ဂိုလ်ရေးတွေ ပါကုန်တာပေါ့။ ကြိုးကိုင်လို့ ကြိုးကိုင်တယ်လို့ ပြောတာ .... ဆီလောင်းလို့ ဆီလောင်းတယ်လို့ ပြောတာ နာစရာတော့ မရှိပါဘူးလေ ....
FB-အဂ္ဂမဟာ ဒီမိုဖက်တီး

မြန်မာကျေးလက်အမျိုးသမီး ၆ ဦး အိန္ဒိယနိုင်ငံ barefoot collage လျှပ်စစ်အင်ဂျင်နီယာ ပညာသင်ယူခွင့်ရ


Mar 16, 2013
မြန်မာကျေးလက်အမျိုးသမီး ၆ ဦးကို နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်အင်ဂျင်နီယာပညာသင်ယူဖို့ အိန္ဒိယနိုင်ငံ barefoot collage က ရွေးချယ်ခေါ်ယူလိုက်ပါတယ်။ ဒီသတင်းကို ဒေါ်ခင်မင်းဇော်က ပေးပို့ထားပါတယ်။
ရိုက်ကူး ကိုဆန်
DVB TV News

လျှပ်စစ်မီး၊ လမ်းနှင့် ဖုန်းဆက်သွယ်ရေး ကောင်းမွန်စေရန်ဒေါ်အောင်ဆန်းစုကြည်အား ကံပေါက်ရွာသားများတာင်းဆို


ထားဝယ်၊ မတ် ၁၇။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ထားဝယ်မြို့၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသသို့ ရောက်ရှိစဉ် ရွာသား များက လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်နှင့် ဖုန်းဆက်သွယ်ရေး အဆင်ပြေစေရန်တို့ အတွက် တောင်းဆိုခဲ့ကြကြောင်းသိရသည်။

“လျှပ်စစ်မီးကိုအပြင် ပုဂ္ဂလိကဆီက ၀ယ်သုံးရတယ်။တစ်ယူနစ်ကို ၇၀၀ လောက်ပေးရတယ်”ဟု ကံပေါက်ကျေးရွာတွင်နေထိုင်သော ကိုသုတက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ခရီးစဉ်အတွင်းကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး စသည့် ကိစ္စရပ်များကို အဓိကထား ပြော ကြားသွားကြောင်း သိရသည်။

အဆိုပါ ကံပေါက်ဒေသအတွင်း မြန်မာ့ ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းနှင့် ၁၉၉၅ ခုနှစ်ကတည်းက ပူးပေါင်းကာအလုပ်လုပ် ကိုင်နေသည့် ပြင်သစ် ကုမ္ပဏီ တစ်ခု ဖြစ်သောတိုတယ်မြန်မာ ကုမ္ပဏီက ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွက် စီစဉ်မှုများ ပြုလုပ်ပေးသည်ဟု သိရ သည်။ တိုတယ်မြန်မာ ကုမ္ပဏီမှ ခင်းပေးထားသော လမ်းများမှာ ကတ္တရာလမ်းနှင့် မြေနီလမ်းများဖြစ်ပြီး နွေရာသီနှင့် ဆောင်းရာသီ ကာလများတွင် မြေနီလမ်းများမှ မြေနီမှုန်များသည်ကျန်းမာရေး အလွန် ထိခိုက်နိုင်သည်ဟု သိရသည်။

ဖုန်းနှင့် ဆက်သွယ်ရန်အတွက်လည်း CDMA ဖုန်းလိုင်းတစ်လိုင်းသာ ရှိပြီး အခြားဖုန်းလိုင်းများ မရှိကြောင်း ရွာသားများက ပြောကြားသည်။ “ဖုန်းက ဆက်လို့တော့ရတယ်။ ဒါပေမယ့် လိုင်းကကောင်းကောင်းမကြားရဘူး။ တစ်ခါတစ်လေလည်းကောင်းပါတယ်”ဟု ရွာသားတစ်ဦးက ပြောကြားသည်။

ရေဖြူမြို့နယ်၊ ကန်ဘောက်ဒေသအတွင်း ရွာပေါင်း၂၅ ရွာရှိပြီး အိမ်ခြေပေါင်း ၃၀၀၀ ခန့်ရှိကြောင်း သိရသည်။
ဟိန်းသူ
The Myanma Age

တနင်္ဂလာနေ့တိုင်းပိတ်ရန် ယုဇနပလာဇာ ဈေးသူ/သားများ ဆန္ဒထုတ်ဖော်

ရန်ကုန်၊ မတ် ၁၇။
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ယုဇနပလာဇာတွင်ဆိုင်ခန်းများ တနင်္လာနေ့တိုင်း ပိတ်ခွင့်ပေးရန် အလုပ်ရှင်များနှင့်အလုပ်သမား များမှ တောင်းဆို ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ရာတွင် ၈၈မျိုးဆက်ကျောင်းသားများမှ လာရောက် အားပေးစကားပြောကြား၍ ဈေးအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလမှ စတင်ပြီး ယုဇနပလာဇာအား ပိတ်ရက်မရှိဖွင့်မည်ဟု အုပ်ချုပ်ရေး ကော်မတီက စာပို့အကြောင်းကြားခဲ့သောကြောင့် ယခု ကဲ့သို့ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်းနှင့်၈၈မျိုးဆက် ကျောင်သားများ လာရောက်ခဲ့သောကြောင့် ပိုမိုအားတက်လာပြီး မိမိတို့ လိုအပ်သည် များ ရရှိနိုင်လိမ့်မည်ယုံကြည်ကြောင်း ဟု ယုဇနပလာဇာ မြေညီထပ်မှ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

"တခြားနေ့တွေ ပိတ်လို့ရတယ်ဆိုပေမယ့် တနင်္ဂလာနေ့ကအရင်တည်းက ပိတ်ခဲ့တာလေ။ အဲလိုပဲ ပြန်ပိတ်ပေးစေချင်တယ်။"ဟု မြေညီထပ်မှ အထည်ဆိုင်ပိုင်ရှင် တစ်ဦးကပြောကြားသည်။

ယုဇနပလာဇာကို တနင်္လာနေ့တိုင်း ပုံမှန် ဆိုင်ခန်းများ ပိတ်ခွင့်ပေးပါက မိသားစုနှင့် တစ်ပတ်တစ်ခါ အားလပ်ရက်ရနိုင်ကြောင်း၊ယခုကဲ့သို့ ပိတ်ရက်မရှိ ဖွင့်မည်ဆိုပါက အလွန်ပင်ပန်းပြီး မိသားစုနှင့်နေရန်လည်း အချိန်ပေးနိုင်တော့မည် မဟုတ်ကြောင်း၊ယခင်ကကဲ့သို့ပြန်လည်ပိတ် ပေးရန် သက်ဆိုင်ရာသို့ စာရေးအကြောင်းကြားခြင်းများ
လည်းရှိကြောင်း၊ ယခုကဲ့သို့ ၈၈မျိုးဆက် ကျောင်းသားများ လာရောက်ခဲ့သည့် အတွက် လည်း ပိုမိုအောင်မြင်မှု ရရှိနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဆက်လက်ပြောကြားသွားခဲ့သည်။
ဝေယံ
The Myanma Age






ငြိမ်းချမ်းရေးအတွက် သုံးစွဲနေသော ငွေကြေးများ ပွင့်လင်းမြင်သာမှုရှိရန်

Sunday, March 17, 2013
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးလျက်ရှိနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် သုံးစွဲနေသော ငွေကြေးများ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်အချို့နှင့် နိုင်ငံရေးလေ့လာသူများကဝေဖန်ထောက်ပြပြောဆိုခဲ့ပါသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းထားသည့် Myanmar Peace Center (MPC) မှ အဓိကထားလုပ်ဆောင်နေပြီး အဆိုပါအဖွဲ့ကို နော်ဝေနှင့် ဥရောပသမဂ္ဂ (EU) တို့မှ ငွေကြေးထောက်ပံ့မှုများ ပေးအပ်ထားသည်။

လက်ရှိ အခြေအနေများအရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်နိုင်ငံတော်မှ ငွေကြေးစိုက်ထုတ် သုံးစွဲခြင်းထက် နိုင်ငံတကာ အလှူရှင်များ၏ ထောက်ပံ့မှုအပေါ် ရပ်တည်၍ လုပ်ဆောင်နေခြင်းဖြစ်သဖြင့် ငွေကြေးသုံးစွဲမှု အပိုင်းတွင် ပွင့်လင်းမြင်သာမှု မရှိပါကနောင်တွင်အရှုပ်အရှင်း ဖြစ်လာနိုင်ကြောင်း နိုင်ငံရေး ဆောင်းပါးများရေးသားနေသူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါသည်။

"ကျွန်တော့်အမြင်ကတော့၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အစိုးရကပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ကို ဖွဲ့စည်းပြီး လုပ်နေတာဖြစ်တဲ့အတွက် အတိမ်းအစောင်း အမှားအယွင်း ရှိခဲ့ရင် အစိုးရမှာလည်း တာဝန်ရှိမှာပါ။ အဓိကကတော့ ငွေရေးကြေးရေးအပိုင်း ပွင့်လင်းမြင်သာမှုက အရေးကြီးတယ်လို့ မြင်ပါတယ်။ နော်ဝေ၊ အီးယူနဲ့ အခြားနိုင်ငံတွေက ငြိမ်းချမ်းရေးအတွက် ငွေကြေးအထောက်အပံ့ပေးတယ်ဆိုရင် Myanmar Peace Center ကို ပေးတာမဟုတ်သလို၊ အစိုးရကဖွဲ့တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ကိုလည်း ပေးတာ မဟုတ်ပါဘူး။ တကယ်တော့ တိုင်းပြည်နဲ့ ပြည်သူကို ပေးတာပါ။ တိုင်းပြည်နဲ့ ပြည်သူကိုယ်စား၊ အစိုးရက ဖွဲ့တဲ့အဖွဲ့၊ ဒါမှမဟုတ်အခြား အဖွဲ့အစည်းတွေက အဲဒီငွေကြေးတွေကို ရယူသုံးစွဲတာပါ။ သူတို့အနေနဲ့ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် ရငွေ၊ သုံးငွေစာရင်း ရှင်းဖို့လိုတယ်။ အများပြည်သူသိအောင် ပိုချပြဖို့ လိုတယ်။ အဲဒီလို မလုပ်နိုင်ဘူးဆိုရင် ရှေ့လျှောက်ရှင်းရမယ့် အရှုပ်တွေ ပိုများလာမယ် ထင်ပါတယ်" ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အဓိကကူညီနေသည့် အဖွဲ့အစည်းများမှာ နော်ဝေမှ ဦးဆောင်ဖွဲ့စည်းခဲ့သော Peace Donor Support Group (PDSG)၊ Myanmar Peace Support Initiative (MPSI) အဖွဲ့တို့ဖြစ်ကြပြီးဂျပန် နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းကလည်း တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ထောက်ပံ့ကူညီမှုများ လုပ်ဆောင်လျက် ရှိသည်။

Peace Donor Support Group (PDSG) အဖွဲ့ကို နော်ဝေနိုင်ငံမှ ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုအဖွဲ့တွင် သြစတြေးလျ၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်တို့ ပါဝင်ခဲ့ကာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ထောက်ပံ့မည်ဟု ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ကတိပြု ပြောဆို ထားပါသည်။ နော်ဝေနိုင်ငံကပင် ဦးဆောင်ဖွဲ့စည်းထားသော Myanmar Peace Support Initiative (MPSI) အဖွဲ့အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် ထောက်ပံ့ရန် စီစဉ်ထားကြောင်း ၂၀၁၂ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့သော သတင်းများအရ သိရသည်။

နီပွန်ဖောင်ဒေးရှင်းသည် Myanmar Peace Center (MPC) ၏ အကူအညီဖြင့် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များအတွက် ၂၀၁၂ ခုနှစ် တစ်နှစ်တည်းမှာပင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့အပြင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သို့လည်း ကူညီမှုများပြုလုပ်ထားပါသည်။

"အခုလောလောဆယ်ပေါ့။ ကျွန်တော်တို့ UNFC နဲ့ နီပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်ဖို့ လက်မှတ်ထိုးထားတာ ရှိတယ်။ ဒီအဖွဲ့က အစည်းအဝေးတွေ၊ ခရီးစဉ်တွေ၊ တိုင်ပင်နှီးနှောတာတွေတော့ အကူအညီ ပေးပါတယ်။ သူ့နိုင်ငံမှာ ခေါ်ယူပြီး အစည်းအဝေးတွေ လုပ်ပေးတာတွေ ရှိပါတယ်။ သို့သော် နော်ဝေတို့၊ ဥရောပ အထောက် အပံ့တွေကတော့ Myanmar Peace Center ကို အဓိကထားပြီး သွားတယ်လို့ သိရတယ်။ ထူးဆန်းတာက နေပြည်တော်အစိုးရဘက်က တစ်ပြားမှ မထုတ်ဘူး။ သူ့ရဲ့ ဘတ်ဂျက်တစ်ခုလုံးမှာ ငြိမ်းချမ်းရေး လုပ်ငန်းအတွက် ဘတ်ဂျက်ဘယ်လောက် လျာထားတယ်ဆိုတာ မရှိဘူး။ ဒါကို သူတို့ကိုယ်တိုင်လည်း ၀န်ခံတယ်" ဟု UNFC ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဥက္ကဋ္ဌဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြောသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ပထမပတ်အတွင်းက ပြုလုပ်ခဲ့သော MPC ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည့် EU ဥက္ကဋ္ဌ José Manuel Barroso က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် MPC သို့ ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ ၉ သိန်း ထောက်ပံ့ထားပြီး၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၅ သန်း ထောက်ပံ့မည်ဟု ကတိပြုခဲ့သည်။

"လက်ရှိအချိန်မှာတော့ ဒီအဖွဲ့ရဲ့ ငွေကြေးသုံးစွဲမှု အခြေအနေတွေက ပွင့်လင်းမြင်သာမှု မရှိသေးဘူးလို့ပဲ ပြောရမှာပေါ့။ ထုတ်ပြန်မှုတွေတော့ လုပ်သင့်ပါတယ်။ အသေးစိတ် မဟုတ်တောင် အကြမ်းဖျင်း ထုတ်ပြန်တာမျိုးတွေ ရှိသင့်ပါတယ်" ဟု ဧရာဝတီသတင်းဌာနမြန်မာနိုင်ငံရုံးခွဲ တာဝန်ခံ ကိုရဲနည်က ပြောပါသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့်လည်း MPC ၏ လုပ်ဆောင်မှုများကို လေ့လာစောင့်ကြည့်နေကြောင်းနှင့် ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်ပြီး ရှင်းလင်းမှု ရှိထားပါက ပိုကောင်းမည်ဟု ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးမိုးစိုင်းလက ပြောသည်။

"ကျွန်တော်တို့လည်း ဒီအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို လေ့လာစောင့်ကြည့် နေတယ်။ ငွေကြေးပိုင်းကိုတော့ ရှင်းရှင်းလင်းလင်း လုပ်ထားသင့်တယ်။ အဲဒါတွေ လုပ်ထားရင်တော့ ကောင်းတာပေါ့။ မဟုတ်ရင် နောင်တစ်ချိန်မှာ ဒီငွေကြေးတွေကို ခုတုံးလုပ်ပြီး သုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ဖြစ်ကောင်း၊ ဖြစ်လာနိုင်တယ်" ဟု ဦးမိုးစိုင်းလက ပြောသည်။

"ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်သွားရင်တော့ ဘာမှ မဖြစ်နိုင်ပေမဲ့ မအောင်မြင်ဘူးဆိုရင် အဲဒါကို အကြောင်းပြုပြီး အောက်ခြေမှာ အရှုပ်အရှင်းတွေ ရှိလာနိုင်တယ်" ဟု ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) အနေဖြင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့ တွေ့ဆုံနိုင်ရန်အတွက် ခုနစ်ကြိမ်ခန့် ဖန်တီးပေးခဲ့ပြီး ထိုသို့ ဖန်တီးမှုများအတွက် ငွေကျပ် သိန်းနှစ်ထောင်ကျော် သုံးစွဲခဲ့ကြောင်း၊ ယင်းငွေကြေးများကို PCG အဖွဲ့ဝင်များက စိုက်ထုတ်ခဲ့ခြင်းဖြစ်ကာ အစိုးရ၊ KIO နှင့် ပြည်သူများထံမှ မည်သည့်ငွေကြေးမျှ ရယူခဲ့ခြင်းမရှိဟု ဦးလမိုင်ဂွမ်ဂျာက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက MPC အဖွဲ့ဝင် ဒါရိုက်တာတစ်ဦးက တစ်လလျှင် လစာငွေ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ဖြင့် တစ်နှစ်စာအတွက် အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ ပေးရန် တောင်းခံခဲ့သည်ဆိုသော သတင်းများ Facebook ၌ ပျံ့နှံ့ခဲ့ပြီး ထိုသတင်း မှန်ကန်မှုမရှိကြောင်း ကာယကံရှင်က ငြင်းဆိုခဲ့သည်။ သို့သော် ထိုအချိန်မှစတင်ပြီး MPC ၏ ဖွဲ့စည်းပုံနှင့် ၀န်ထမ်းများအတွက် အသုံးပြုသော အသုံးစရိတ်များအပေါ် မေးခွန်းထုတ်မှုများ ပေါ်ပေါက်ခဲ့ပါသည်။

စတင်တည်ထောင်ချိန်မှ စတင်ပြီး လက်ရှိအချိန်အထိ MPC မှ ရရှိခဲ့သောနိုင်ငံတကာ ထောက်ပံ့ကြေးငွေ မည်မျှရှိကြောင်းနှင့် ၀န်ထမ်းအသုံးစရိတ်များအပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အသုံးစရိတ်များ မည်မျှရှိမည်ဆိုသည်ကို MPC အုပ်ချုပ်ရေးပိုင်းကို မေးမြန်းခဲ့သော်လည်း ၎င်းတို့အနေဖြင့် တရားဝင်ဖြေကြားရန် အစီအစဉ်မရှိကြောင်းပြန်လည်ဖြေကြားခဲ့သည်။

"ကျွန်တော်တို့က ရုံးလုပ်ငန်းပဲ လုပ်တာဆိုတော့ သတင်းထုတ်ပြန်မှု အားလုံးက သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကပဲ ပြောခွင့်ရှိတယ်ဗျ။ ကျွန်တော်တို့ကို ပြောခွင့်ပေးမထားပါဘူး။ နိုင်ငံတော်ကလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာအားလုံးကို သမ္မတရုံးကနေ လုပ်တဲ့အတွက် ကျွန်တော်တို့ တစ်ဦးချင်းစီအနေနဲ့ ပြောပြခွင့်မရှိပါဘူး" ဟု MPC ၏ အုပ်ချုပ်ရေးတာဝန်ခံ ဦးကျော်စိုးလှိုင်က ပြောသည်။

MPC ၏ ထောက်ပံ့ငွေကြေး ရရှိမှု၊ လည်ပတ်သုံးစွဲငွေ အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ထံ မေးမြန်းခဲ့သော်လည်း ခရီးလွန်နေသဖြင့် ပြန်လည်ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။ အခြားတစ်ဖက်တွင်လည်း MPC ၏ ရပ်တည်မှုနှင့် ပတ်သက်၍မေးခွန်းထုတ်စရာများ ရှိနေကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်သည်။

"သူတို့ရဲ့ တရားဝင်မှုက တစ်ဝက်တစ်ပျက်ပဲ။ တိုင်းပြည်တစ်ပြည်ရဲ့ တရားဝင်လမ်းကြောင်းပြောရင် လွှတ်တော်ကို ဖြတ်ရတယ်။ စုံစမ်းရေး ကော်မရှင်တစ်ခု၊ ဘာလေးပဲ ဖွဲ့ဖွဲ့၊ အစိုးရကဖွဲ့တဲ့ကော်မရှင်တစ်ရပ်က အစုအဖွဲ့တစ်ရပ်က သူ့ရဲ့လုပ်ပိုင်ခွင့်နဲ့လွှတ်တော်ကို တင်တယ်။ ပြဋ္ဌာန်းဥပဒေနဲ့ တင်တယ်။ လွှတ်တော်က အတည်ပြုလိုက်ရင်တော့ ပိုခိုင်မာတာပေါ့။ အခု MPC ကိုကျတော့ သမ္မတကြီးရဲ့ အထူးဒီဂရီပေါ့။ အထူးအမိန့်နဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ ပထမပိုင်းလောက်မှာ သူက အကျိုးဆောင် ကြားနေ၊ ဟိုဘက်လည်း မပါဘူး။ ဒီဖက်လည်း မပါဘူး။ အဲဒီ role ကို ပြတယ်။ ဒါပေမဲ့ လုပ်ရင်းလုပ်ရင်းနဲ့ မပြနိုင်တော့ဘူး။ ဘက်တစ်ဘက်ကို ပါသွားတယ်။ ပါသွားတော့ အခု MPC ဆိုရင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်အဖြစ် ထည့်လိုက်တယ်။အရင်ကတော့ ကြားမှာနေသလို လုပ်တယ်။ အခုတော့ ရှင်းသွားပြီ" ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် KIO တို့၏ ဆွေးနွေးပွဲတွင်ဆွေးနွေးပွဲအတွက် ကုန်ကျစရိတ်၊ နေရာထိုင်ခင်း စိုက်ထုတ်ပြီး စီစဉ်ပေးခဲ့သည့် တရုတ်နိုင်ငံက ကြားဝင်စွက်ဖက်မှုများ ရှိခဲ့သဖြင့် နိုင်ငံတကာ အထောက်အပံ့များဖြင့် လုပ်ဆောင်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြားသူများ ၀င်ရောက်စွက်ဖက်မှု ရှိလာနိုင်ကြောင်း သုံးသပ်မှုများ ရှိခဲ့ပါသည်။

"ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အစိုးရဘတ်ဂျက်ထဲမှာ မရှိတာကတော့ မသင့်တော်ဘူး ထင်တယ်။ ကိုယ့်နိုင်ငံ ငြိမ်းချမ်းရေးအတွက် ကိုယ့်ဘက်က ငွေကြေးစိုက်ထုတ်မှုလည်း ရှိသင့်တယ် ထင်ပါတယ်။ ငြိမ်းချမ်းရေးအတွက် နိုင်ငံခြား အထောက်အပံ့ ငွေကြေးကို လက်ခံတဲ့နေရာမှာ နှောင်ကြိုးမဲ့ဖို့ လိုပါတယ်။ နောက်ထောက်ပံ့ငွေရဲ့နောက်မှာ Political & Personal Benefit တွေ မရှိနေဖို့လည်း လိုပါတယ်။ နောက်ထောက်ပံ့ငွေပေးလို့ လုပ်ငန်းစဉ်မှာ ၀င်စွက်ဖက် မယ်။ ခြယ်လှယ်မယ် ဆိုတာမျိုးကတော့ မသင့်တော်ဘူး ထင်ပါတယ်။ ကျွန်တော်တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လွတ်လွတ်လပ်လပ်နဲ့ ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ လုပ်နိုင်ဖို့ လိုပါတယ်" ဟု ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်ခဲ့သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သော Myanmar Peace Center (MPC) ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ဦးဆောင်ခဲ့ပြီးပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးစိုးသိန်း၊ ဦးခင်ရီတို့လည်း ပါဝင်ခဲ့ကာ ဒေါက်တာ ကျော်ရင်လှိုင် (Myanmar Egress)၊ ဦးလှမောင်ရွှေ (Myanmar Egress)၊ ဦးအောင်နိုင်ဦး (Vahu Development Institute) ၊ ဒေါက်တာမင်းဇော်ဦးနှင့် ဦးကျော်စိုးလှိုင် (Myanmar Egress) တို့က အဓိက အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့သည်။

ဓာတ်ပုံ - မတ်လ ၁၁ ရက်နေ့ ရွှေလီဆွေးနွေးပွဲတွင် KIO ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့်အတူ တွေ့ရသော MPC အဖွဲ့ဝင်များ (ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး၊ ဦးအောင်နိုင်ဦး၊ဒေါက်တာကျော်ရင်လှိုင်)
Eleven Media Group

တောင်ဒဂုံ သစ္စာ(ရုပ်/သံ)


Mar 16, 2013
ကျနော် အပိုမပြောပါဘူး ဒါဟာ တောင်ဒဂုံ ၁၀၄ ရပ်ကွက်က ပြည်သူတွေရဲ့ အမျိုးဘာသာသာသနာ စောက်ရှောက်တဲ့ စိတ်တွေပါ မိမိတို့ ဘာသာဟာ တခြားဘာသာကို မစော်ကားခဲ့ပါဘူး အေးငြိမ်းလှတဲ့ ဗုဒ္ဓဘာသာလူမျိုးတွေအနေနဲ့ မိမိတို့ရဲ့ အမျိုးဘာသာ သာသနာကို စော်ကားထိပါးလာခဲ့မယ်ဆိုရင်လည်း အမြဲအသင့်ရှိကြပါတယ်။
ဒီတောင်ဒဂုံ ပြည်သူတွေရဲ့ သစ္စာကတော့ ....

၁။ အမျိုးဘာသာ သာသနာ သစ္စာရှိပါမည်။
၂။ ဘာသာတူရာဆိုင်မှာသာ ဈေးဝယ်ယူပါမည်။
၃။ ဘာသာတူရာအချင်းချင်းသာ ဖူးစာရွေးပါမည်။

အဲ့ဒီလို သစ္စာဆိုခဲ့ကြတဲ့ တောင်ဒဂုံပြည်သူတွေရှိကြသလိုမျိုး တစ်နိုင်ငံလုံးအနေနဲ့ မိမိတို့အမျိုးဘာသာသာသနာအပေါ်မှာ သစ္စာရှိကြရင် လူမျိုးခြားတွေ ဘယ်တော့မှ အနိုင်ကျင့်တာ မခံ ကြရတော့ပါဘူး။
မိမိတို့ အသိနောက်မှာ သတိတွေကပ်ပီး အမျိုးဘာသာသာသနာ အတွက် ကျရာတာဝန် ထမ်းရွက်ကြပါစို့
FB-WhiteSkull HumanRight

ဗုဒ္ဓစင်တာ လန်ဒန်မြို့ တွင် တည်ဆောက်မည်

(ဗုဒ္ဒသာသနံ စီရံတိဌတု)
*ကျပ်သန်းပေါင်း ၃သောင်းကျော်တန်ဖိုးရှိ ဗုဒ္ဓစင်တာ လန်ဒန်မြို့ တွင် တည်ဆောက်မည်
(ရန်ကုန်၊ မတ် ၉)

မြန်မာငွေ ကျပ်သန်းပေါင်း ၃သောင်း၆ရာကျော် ကုန်ကျမည့် ဥရောပ- မြန်မာ ဗုဒ္ဓစင်တာကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် ပထမဦးဆုံး စတင်တည်ထောင်မည် ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက Voice Weekly သို့မိန့်ကြားသည်။

အရှေ့တောင်အာရှတွင် ထေရဝါဒ အများဆုံးကိုးကွယ်သည့် မြန်မာနိုင်ငံ၏ ဘာသာတရားနှင့် ယဉ်ကျေးမှုများကို ဥရောပနိုင်ငံသားများကို ဖြန့်ဖြူးရန် ဥရောပခေတ်လက်ရာ ရှေးဟောင်း အဆောက်အအုံ တစ်ခုပါဝင်ပြီး မြေနေရာအကျယ် ၂ဧကခွဲရှိသည့် အဆိုပါ ဗုဒ္ဓစင်တာကို တည်ထောင်လိုခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်၊
“မြန်မာတွေဆောက်တဲ့ အကြီးဆုံး ဥရောပသာသနာပြု ဗုဒ္ဓစင်တာဖြစ်လာမယ်၊ ဘာသာ၊ ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ သင်တန်းတွေပေးသွားမယ်” ဟု ဆရာတော်က ရှင်းလင်း မိန့်ကြားသည်။

အဆိုပါ မြန်မာဗုဒ္ဓစင်တာကို မြန်မာလူမျိုးများ၏ အလှူငွေများဖြင့် တစ်နှစ်အတွင်း အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး မြေနေရာ ၁ပေပတ်လည်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် စတာလင်ပေါင် ၅၀၀နှုန်းဖြင့် အလှူခံနေပြီး မြန်မာနိုင်ငံသားများ လှူဒါန်းမည် ဆိုပါက မြေနေရာ၁ပေ ပတ်လည်ကို ၅သောင်းကျပ် ဖြင့် လှူဒါန်းနိုင်ကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားရေး အသင်းထံမှ စုံစမ်းသိရှိရသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သည် တစ်နှစ်လျှင် ကမ္ဘာလှည့် ခရီးသွား လူဦးရေ ၁၇သန်းခန့် လာရောက်လည်ပတ်ကြပြီး ဗုဒ္ဓစင်တာကြီး ပြီးစီးသွားပါက ကမ္ဘာလှည့် ခရီးသွားများ လာရောက်လေ့လာမှုများ ရှိလာနိုင်ကြောင်း လန်ဒန်မြို့တော်တွင် ဗုဒ္ဓဘာသာဝင် အနည်းငယ်သာရှိပြီး ခရစ်ယာန်ဘာသာဝင် များပြားကြောင်း၊ သို့သော် မည့်သည့်ဘာသာမှ မကိုးကွယ်သည့် လူငယ်များလည်း များပြားလာနေကြောင်း ဆရာတော်က သုံးသပ်မိန့်ကြားသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အပါအဝင် အိုင်ယာလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ် စသည့် ဥရောပ ၁၀နိုင်ငံ တို့တွင် မြန်မာ ဘုန်းတော်ကြီးကျောင်းများ ရှိကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာသနာ ထွန်းကား ပြန့်ပွားရေးအသင်း ဥက္ကဌ ဆရာဦးနေအုပ် (စိန်ပေါလ်) က ဆိုသည်။(News:The Voice)

Photo:Buddha Center at Taiwan
(Photo from internet)

ဒေါ်အောင်ဆန်းစုကြည် ယနေ့မနက် ကံပေါက်ဒေသသို့ ရောက်ခဲ့ကြောင်း


ဒေါ်အောင်ဆန်းစုကြည်သည့် ယနေ့မနက်ကိုးနာရီတွင် TOTAL ကုမ္ပဏီ၏ အစီအစဉ်ဖြင့် ကံပေါက်ဒေသသို့ ရောက်ခဲ့ကြောင်း Dawei Watch သတင်းထောက်က သတင်းပေးပို့သည်။
ထိုနောက် TOTAL ကုမ္ပဏီ၏ ခန်းမဆောင်တွင် ကုမ္ပဏီတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယခုအချိန်တွင် တိုတယ်ကုမ္ပဏီ၏ လူမှုစီးပွားစီမံချက်များရှိသည့် မိကျောင်းလောင်းကျေးရွာ စိုက်ပျိုးရေးခြံသို့ သွားရောက်နေသည်။
Dawei Watch

နိင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ပညာရေးကင်းရှင်းကြောင်းထောက်ခံချက် မလိုတော့

ရန်ကုန်-မတ်၁၇
နိင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ပညာရေးကင်းရှင်းကြောင်းထောက်ခံချက်ကို မတ်၁၈ရက်မှစတင်၍ရယူတင်ပြရန်မလိုတော့ကြောင်း
ပညာရေးဝန်ြ့ကီးဌာန၊အဆင့်မြင့်ဦးစီးဌာန(အောက်မြန်မာပြည်)
ကကြေညာချက်ထုတ်ပြန်သည်။
ပညာရေးဝန်ကြီဌာနဒုဝန်ကြီးဦးအေးကြူက အဆင့်မြင့်ပညာတွေတတ်ပြီးနိင်ငံခြားထွက်တဲ့သူတွေအတွက်ဒါကအလုပ်ရှုပ်နေသလိုဖြစ်နေတယ်။ဒါကြောင့်ဖျက်သိမ်းလိုက်တာပါဟုပြောသည်။
Popular Myanmar News Journal

၈၈မျိုးဆက်များ၏ ထိုင်းနိုင်ငံခရီးစဉ်

၁၇၊၃၊၂ဝ၁၃ ၊ ၈၈မျိုးဆက်ခေါင်းဆောင်များဖြစ်ကြသော ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို၊ကိုဂျင်မီ၊ကိုအံ့ဘွယ်ကျော်၊ကိုထွန်းမြင့်အောင်နှင့်ကိုကျော်ဇောတို့သည် ယနေ့နံနက် ၇းဝဝ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ လေ့လာရေးခရီး ထွက်ခွာသွားကြသည်။

ကိုကိုကြီးဦးဆောင်သော ၈၈မျိုးဆက်များသည် ထိုင်းနိုင်ငံတောင်ပိုင်းဒေသ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်းကောင်း၊ မဟာချိုင်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေများကိုလည်းကောင်း လေ့လာကြမည်ဖြစ်သည်။ အဆိုပါ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် လည်း တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ကြမည်ဖြစ်သည်။ ထို့နောက် နံနက် ၈းဝဝ တွင် ၈၈မျိုးဆက်များဖြစ်ကြသော ကိုဇော်ဇော်မင်း၊ ကိုဗသက်အောင်၊ ကိုလှိုင်ဝင်းဆွေ၊ မမီးမီးနှင့် မယဉ်ယဉ်ဝိုင်းတို့သည်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန် ထွက်ခွာသွားကြသည်။

၎င်းတို့သည် ထိုင်းနိုင်ငံ၊မဲဆောက်မြို့တွင်ကျင်းပမည့် အသွင်ကူးပြောင်းရေးကာလ တရားမျှတရေး အလုပ်ရုံဆွေးနွေးပွဲကို ၁၈၊၃၊၂ဝ၁၃ နေ့မှ ၂၃၊၃၊၂ဝ၁၃ နေ့အထိ တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။

ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာကြမည့် ၈၈မျိုးဆက်များ လေယာဉ်မထွက်ခွာမီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမှတ်တရ...




လက်ကျန်နိုင်ငံရေး အကျဉ်းသားစာရင်း ပြုစုနိုင်ဖို့ ကြိုးပမ်း

အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းကို မေလကုန်လောက်မှာ အားလုံးစိစစ်နိုင်တော့မှာဖြစ်တယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီအဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

ဒီကနေ့ မတ်လ ၁၆ ရက် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က မြန်မာငြိမ်းချမ်းရေးစင်တာမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီအဖွဲ့ဝင်တွေ ဆွေးနွေးခဲ့ကြပြီး လာမယ့်မေလကုန်လောက်မှာ စာရင်းထုတ်ပြန်နိုင်မယ်လို့ မျှော်လင့်ကြောင်းပြောခဲ့တာပါ။

လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီရဲ့ စိစစ်ထားချက်စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသား ၄၀၀ လောက် အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတယ်ဆိုတာ လေ့လာတွေ့ရှိရတယ်လို့ ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

အခုလို လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း စိစစ်ရာမှာ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရသူဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ စာရင်းပြုစုထားတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီကနေ့တွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရှေ့နေချုပ်၊ နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဦးဆောင်ပြီး အဖွဲ့ဝင်တွေအဖြစ် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဥာဏ်ဝင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးခွန်ထွန်းဦး၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)၊ နိုင်ငံရေးအကျဉ်းသားများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ်စတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေ၊ အကျဉ်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
RFA Burmese

HIV ပိုးတွေ့ပြီး ချက်ချင်းကုသလျင် AIDS ပပျောက်နိုင်

 

HIV ရောဂါပိုး ကူးစက်ခံရသူတွေကို အလျင်အမြန် ဆေးဝါးကုသမှုပေးနိုင်ရင် AIDS ရောဂါဖြစ်ပေါ်စေတဲ့ ပိုးမွှားတွေ ပျောက်ကင်းစေတဲ့အထိ ဖြစ်နိုင်တယ် ပြင်သစ် သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။

အခု အသစ် ရှာဖွေ တွေ့ရှိလိုက်တဲ့ သုတေသန အသစ်ကိုတော့ PLoS Pathogens ဆိုတဲ့ ဂျာနယ်မှာ ဖော်ပြထားတာပါ။ အမေရိကန်နိုင်ငံမှာ မိခင်ဝမ်းတွင်းမှာကတည်းက HIV ရောဂါပိုး ရှိနေတဲ့ မွေးကင်းစ ကလေးငယ်လေးတဦးကို မွေးပြီးပြီးချင်း နာရီပိုင်းအကြာမှာ ဆေး ကုသမှု ပေးလိုက်ရာက ရောဂါပိုး လုံးဝ ပျောက်ကင်းသွားတဲ့အကြောင်း အခုလ အစောပိုင်းတုန်းက ကြေညာအပြီး ဒီသုတေသန ထွက်လာတာပါ။

ပြင်သစ်သုတေသီတွေက အရွယ်ရောက်ပြီးသူ ဝေဒနာရှင် ၁၄ ဦးကို ရောဂါပိုး ကူးစက်ပြီးပြီးချင်း ကုသမှုပေးခဲ့ကြတာပါ။ ဒါပေမယ့် အဲဒီ လူနာတွေဟာ နောက်ဆုံးမှာ ဆေးမသောက်တော့ဘဲ (၇) နှစ် နေခဲ့ကြပါတယ်။ လူနာတွေမှာ ရောဂါ ပြန်ဖြစ်လာတဲ့ လက္ခဏာ မတွေ့ရဘူးလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ပုံမှန်အားဖြင့်တော့ ဆေးမသောက်ပဲ နေလိုက်ရင် HIV ရောဂါပိုးဟာ ပြန်ထလာလေ့ ရှိပါတယ်။

ရောဂါကို စောကုသလိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးတွေ သိုလှောင်ထားလို့ မရတော့တဲ့အပြင် ရောဂါပိုးသန္ဓေပါ ပြောင်းသွားတယ်လို့ သုတေသီတွေက ပြောပါတယ်။ ရောဂါကို စောစီးစွာ အလျင်အမြန် ကုသလိုက်ခြင်းရဲ့ အကျိုးက ကိုယ်ခံအားကိုပါ ထိန်းသိမ်းထားရာ ရောက်တယ်လို့ ဆိုပါတယ်။
VOA Burmese Fan Page

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com