http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

အဝေးပြေးလမ်းမှာ နာနာဘာဝတွေ ရှိနေသလား

ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်နေသည့် ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
August 2, 2013
နေပြည်တော်နဲ့အတူ ပေါ်လာတဲ့ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးပေါ်မှာယာဉ်မတော်တဆမှုတွေနဲ့ ကြုံကြိုက်တဲ့အခါ ခါတိုင်းတော့ အိပ်ငိုက်တဲ့ယာဉ်မောင်းသူ၊ စနစ်မကျတဲ့ လမ်းမကြီး ဖောက်လုပ်ရေး ဆောင်ရွက်ခဲ့သူ တို့ကို မကြာခဏ အပြစ်ပုံကြပါတယ်။

အခုတော့ အပြစ်ဖို့စရာတခု ထပ်တိုးလာပါပြီ။ အဲဒါကတော့ မကောင်းဆိုးဝါးတွေ၊ နာနာဘာဝတွေ ဖြစ်ပါတယ်။

ရွှေလီဦး အဝေးပြေးကားအသင်း ယာဉ်မောင်းတဦးဖြစ်တဲ့ စိုင်းဘခိုင်ကတော့ အမြန်လမ်းမကြီးပေါ် ပုံမှန်ဖြတ်သန်းနေကြဖြစ်တဲ့ ကားသမားတချို့ဟာ ပရလောကသူ၊ ပရလောကသား တို့နဲ့ မတွေ့ချင်ဘဲ တွေ့ခဲ့ရတယ်လို့ ဧရာဝတီကို အခုလို ပြောပြပါတယ်။

“အသိ ကားသမားတချို့ကတော့ နာနာဘာဝတွေရဲ့ နှောင့်ယှက်တာကို ခံရတယ်လို့တော့
 သိရတယ်၊ ကိုယ်တိုင်တော့ မကြုံဖူးသေးပါဘူး၊ အမြန်လမ်းပေါ်မောင်းရင်တော့
 တော်တော်လေး ဂရုစိုက်ပြီးတော့ မောင်းနေရတယ်။ အန္တရာယ်ကင်းအောင်” လို့ စိုင်းဘခိုင်က ဆိုပါတယ်။

မတော်တဆဖြစ်တဲ့ယာဉ်အများစုကတော့ သတ်မှတ်တဲ့အရှိန်ထက် ပိုပြီးမောင်းနှင်ကြတယ်၊ ဒါကြောင့် သူကတော့ အန္တရာယ်ကင်းအောင် သတ်မှတ်နှုန်းနဲ့ပဲ မောင်းတယ်လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ မသဲစုတို့မိသားစု သင်္ကြန်ဝန်းကျင် ခရီးထွက်တဲ့ညက ရန်ကုန်- မန္တလေး အမြန်လမ်းမှာ ကြုံခဲ့ရတာကလည်း ထူးခြားနေပါတယ်။ သူပြောပြတာက ဒီလိုပါ။

“ ကျမတို့ရဲ့ ကားရှေ့မှာ ဆိုင်ကယ် နှစ်စီးက နီးလိုက် ဝေးလိုက်နဲ့ မောင်းနေတာတွေ့ရတယ်၊ ကားသမားကတော့ သူတို့ကို ကျော်လည်း မတက်ဘူး၊ ပုံမှန်အတိုင်းပဲ ဖြည်းဖြည်းမောင်းနေတာ။ ကျမ အမေကတော့ ဘုရားစာရွတ်နေတယ်၊
 ဒါပေမဲ့ ကျမ အဲ့ဒါကို မတွေးမိဘူး၊ နောက်တော့ ဆိုင်ကယ်တွေက ၂မိုင်လောက် ပါလာပြီး ရုတ်တရက်ပျောက်သွားတော့မှ နာနာဘာဝတွေ နှောင့်ယှက်မှန်း သိရတာ”လို့ မသဲစုက ပြောတယ်။

အွန်လိုင်းလူမှုကွန်ရက်ဖြစ်တဲ့ Facebook မှာ အမြန်လမ်းမကြီးနဲ့ ပတ်သက်ပြီး သရဲခြောက်ခံရတယ် ဆိုတဲ့အကြောင်း အတည် အခန့် ရေးသားမှု၊ နောက်ပြောင်ရေးသားမှု၊ သရုပ်ဖော်ပုံတွေနဲ့ ရေးသားမှုတို့ကို တွေ့ရမှာပါ။

ဒီလမ်းကြီးဟာ ပရလောကသူ ပရလောကသားတို့ မြူးတူး ကခုန်တဲ့နေရာ တကယ်ပဲ ဖြစ်နေပုံရတယ်လို့ ယူဆသူတချို့ ရှိနေပါတယ်။ ဒါ့အပြင် နေပြည်တော်အမြန်လမ်းမကြီးကို ဖောက်တုန်းက ဂမ္ဘီရအစီအမံတွေ တလွှဲတချော်
 သုံးခဲ့မိတာများ ရှိလေမလားလို့ အတွေးပွားသူတွေလည်း ရှိပါတယ်။

အာဏာပိုင်တို့ဘက်ကလည်း အမြန်လမ်းမပေါ်မှာ ထူးခြားဆန်းပြားဖြစ်ရပ်ဆန်းများ ရှိနေကြောင်း ယုံကြည်နေပုံရပါတယ်။

အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်ကတော့ ခရီးသွားပြည်သူတွေ အန္တရာယ်ကင်း ဖို့အတွက်ကို အဓိက ရည်ရွယ်ပြီးတော့ မိုင်တိုင် အပိုင်းခြားအလိုက် တာဝန်ယူပြီး ဆရာတော်ကြီး တွေကို ပင့်ဖိတ်ကာ ပရိတ်တရားတွေ လစဉ်၊ အပတ်စဉ် ပုံမှန်ရွတ်ဆိုမှုတွေ လုပ်တယ်လို့ ဧရာဝတီကိုပြောပါတယ်။

“ နိုင်ငံတော်က အဓိပတိဆရာတော်ကြီးတွေကို ပင့်ဖိတ်ပြီးတော့ ပုံမှန် ပရိတ်တရားတွေ ရွတ်ဖြစ်ပါတယ်၊ လမ်းပြုပြင်ထိန်းသိမ်းရေး စခန်းတွေရှိတဲ့ နေရာတွေအလိုက် တာဝန်ယူပြီး လတိုင်း လုပ်ကြတယ်၊ အန္တရယ်ကင်းအောင်ပေါ့” လို့ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က ပြောပါတယ်။

ဇူလိုင် ၂၈ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ခရီးသွား ပြည်သူတွေ ဘေးကင်းစေဖို့အတွက် အမြန်လမ်းမကြီး တလျှောက် ပရိတ် တရားတော်တွေ ရွတ်ဖတ်ခဲ့တယ်လို့ ဖော်ပြထားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်းရှိန်ရဲ့ စီစဉ်မှုနဲ့ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အမြန်လမ်းမကြီး စတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၀၉ ခုနှစ် မတ်လကနေ ၂၀၁၃ ဧပြီလ အထိ လမ်းပေါ်မှာ ယာဉ်အစီးရေ စုစုပေါင်း ၁၁၀၀၀၀၀ ကျော် ဖြတ်သန်းသွားလာခဲ့ပြီး ယာဉ်မတော်တဆမှု ၄၃၂ မှု၊ သေဆုံးသူ ၂၁၆ ဦး၊ ထိခိုက်ဒဏ်ရာ ရသူ ၆၇၈ ဦး ရှိခဲ့ပါတယ်။ အဲဒီအထဲကမှ ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၃၀၅ မှု၊ ယာဉ်ချွတ်ယွင်းမှု ၁၁၀ မှု၊ ခရီးသည် ပေါ့ဆမှု ၂ မှုနဲ့ တခြား အကြောင်းအရာ တွေကြောင့်က ၁၁ မှုဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မေစစ်ပိုင်
ဧရာဝတီ

အရှင်မွေး နေ့ချင်းကြီး

Friday, Augest 02, 2013
အရှင်မွေးတော့နေ့ချင်းကြီး ဆိုသ လိုပင်ထင်ပါ့။ ကော့မှူးမြို့နယ်ထဲကို
စတင်ဝင်လိုက်ကတည်းက ဗဟိုလမ်းမကြီး ၏ ခင်းကျင်းထားမှုကပင် လမ်းတစ်လျှောက် လုံးအနေအထားနှင့် ကွာဟ သွားခဲ့သည်။ ဘေးဝဲယာ လမ်းသွယ်များပင် ကွန်ကရစ် လမ်းအသီးသီးဖြင့်တင့်တယ်လှပနေခဲ့၏။ ”ဦးခင်ရွှေကောင်းမှုတွေထင်တယ်” ဟု အတူပါလာသော ရုံးက ဂျူနီယာ သတင်းထောက်က ပြော၏။”အင်း” ဟု တစ်ခွန်းတည်းသာ သူ့ကိုပြန်ဖြေဖြစ်သည်။ ၂ဝ၁၂ခုနှစ် ဧပြီလကကျင်းပခဲ့သော ကြားဖြတ်ေ ရွးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကော့မှူးမြို့နယ်မဲဆန္ဒနယ်မှ ပြည်

သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နေ ရာဝင်ရောက်ယှဉ်ပြိုင် အရွေးခံပြီးနောက် ပိုင်း ကော့မှူးမြို့နယ်သည် နေ့ချင်းဆိုသ လိုဖီးလိမ်ပြင်ဆင်ပြုပြင်လိုက်သော တော သူမအလှမယ်လေး သဖွယ်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာကျော် ငြိမ်းချမ်းရေးနိုဗယ် ဆုရှင်တစ်ယောက်ဖြစ်တာကြောင့်လည်း သူမို့ လိုအပ်သည်ဆိုလျှင် ကူညီပေးချင်ကြသူများကလည်း ဒုနှင့်ဒေးပင်မဟုတ်လား။ မည်သို့ပင်ဖြစ်ဖြစ် ကော့မှူးမြို့နယ်သည် ဒေါ်အောင်ဆန်းစုကြည် အမတ်ဖြစ်လာ ပြီးနောက်ပိုင်း ဒေသခံများနှင့် တွေ့ဆုံရန် လာရောက်ခဲ့သည့် အကြိမ်ပေါင်း ၁၂ ကြိမ် အတွင်း ရုပ်ဝတ္ထုပိုင်း၌ များစွာဖွံ့ဖြိုးလာ သည်ဟု ဆိုရမည် ဖြစ်၏။

ထို့အတူ ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်ကဖြစ်သည်။ ဂျပန်နိုင်ငံ ဟီးနိုးကုမ္ပဏီ မှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်း ထားသော ရွေ့လျားစာကြည့်တိုက်ဘတ်(စ်) ကား ၂စီး (လောလောဆယ် တွင် တစ်စီး သာရောက်ရှိ လည်ပတ်နိုင်သေးခြင်းဖြစ် သည်)ဖြင့်လည်ပတ် မည့် ရွေ့လျားစာကြည့် တိုက်လုပ်ငန်းကို ကော့မှူးမြို့နယ် ပြန် ဆက် ( ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေး)ရုံးတွင် စတင်ဖွင့်လှစ်ခဲ့ ပြန်သည်။ ယင်းသည် မြန်မာနိုင်ငံ၌ ပထမဦး ဆုံးသော ရွေ့လျားစာကြည့် တိုက်တစ်ခု ဖြစ်ပြီး ယခင် ပြန်ဆက် ရုံးစာကြည့်တိုက် အား သိန်း ၆ဝဝ အကုန်အကျခံ ပြုပြင်မွမ်းမံစာအုပ်စာတမ်းများဖြည့်စွက်ပြီး နောက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ (ကုန် ကျခံနိုင်မှု မှန်းချက် သိန်း ၃ဝဝဝ ထားရှိ ကြောင်းသိရသည်)ရွေ့လျားစာကြည့်တိုက်အတွက်အထူးသီးသန့် အသုံးပြုနိုင်ရန် အမေရိကန် ဒေါ်လာ ၄ဝဝဝဝ အကုန်အကျခံပြုပြင် ထားသော ဟီးနိုးကားဖြင့် ကော့မှူးမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၂၁ ရွာကို အ လှည့်ကျစနစ်ဖြင့် သွားရောက်မည့် လုပ် ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။ နေ့စဉ် ၃ ကြိမ် ၃ နေရာသို့သွားရောက်မည်ဖြစ်ပြီး လူထု ၅၈ဝဝဝ ထိ ရောက်ရှိ ဝန်ဆောင် မှုပေးနိုင်မည်ဖြစ်ကာ ကော့မှူးမြို့နယ်အ တွင်းရှိ ကျောင်းသားကျောင်းသူပေါင်း ၁၁ဝဝဝ ထံ ရောက်ရှိ သွားမည် ဖြစ်သည်။

ရွေ့လျားစာကြည့်တိုက်သည် ကလေး ငယ်များအတွက် အထူးရည်ရွယ် ထားခြင်း ဖြစ်ပြီး စာအုပ်ပေါင်း ၁၅ဝဝဝ၊ အမျိုးအ စားပေါင်း ၁၂ဝ ကျော်ဖြင့် စတင်လည် ပတ်သွားမည်ဖြစ်သည်။ ယင်းသည် ရွေ့ လျားစာကြည့်တိုက် လုပ်ငန်းဆိုင်ရာ ရည် မှန်းချက်များဖြစ်၏။ ”ကားတစ်စီး အခန်း တစ်ခန်းမှာအခြေပြုပြီးတော့ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံးအနှံ့မှာ ပညာဗဟုသုတ တိုးပွားရေးအတွက် လုပ်နိုင်မယ်ဆိုရင် မြို့နယ်လေး တစ်ခုကနေ စင်မြင့်တစ် ခုရောက်အောင်လို့ ကျွန်မတို့ ပြုစုပျိုး ထောင် လိုက်တာဖြစ်ပါတယ်” ဟု ဒေါ်အောင် ဆန်းစုကြည်က ရွေ့လျား စာကြည့်တိုက် နှင့်ပတ်သက်ပြီးသူ၏ ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့ လျားစာကြည့်တိုက် ဖွင့်လှစ်ခြင်းနှင့် ဗဟို စာကြည့်တိုက် မွမ်းမံပြင်ဆင်လှူဒါန်းခြင်း အခမ်းအနားသို့ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ခဲ့ပြီး ဇေကမ္ဘာဦးခင်ရွှေ၊ မြန်မာ နိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး၊ ဒေါ်ဥမ္မာ မိုးမြင့် အစရှိသူတွေလည်း တက်ရောက် ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနား တွင် ဒေါ်အောင် ဆန်းစုကြည် က ၁၂ မိနစ်ကြာ အမှတ်တရ စကား ပြောကြားခဲ့ပြီး ရွေ့လျား စာကြည့် တိုက်ကြောင့် စာပေဖတ်ရှုလေ့လာခွင့်ရ ရှိမည့် အခွင့်အရေး ကို ပြည့်ပြည့်ဝဝအသုံး ချရန် လိုအပ်ကြောင်း ဒေသခံများကို တိုက်တွန်း ပြောကြားခဲ့သည်။

နှစ်ပေါင်း ၅ဝ နီးပါးကာလအတွင်း မြန်မာနိုင်ငံ၏ ပညာရေးသည် များစွာနိမ့် ကျသွားခဲ့ပြီး လေ့လာဖတ်ရှုကိုးကားစရာ စာကြည့်တိုက်များလည်း ရှားပါးသွားခဲ့သည်။ ယခင်ပြန်ကြားရေးဝန်ကြီးဟောင်း ဗိုလ်မှူးချုပ်ကျော်ဆန်း (ယခုသမဝါယမ ဝန်ကြီးဦးကျော်ဆန်း) လက်ထက် မြန်မာ နိုင်ငံအနှံ့ စာကြည့်တိုက်တွေ ဖွင့်လှစ်ခဲ့ သော်လည်း
ဟန်ပြစာကြည့်တိုက်များသာ ဖြစ်ခဲ့ပြီး ဒေသခံများ၏ လှိုက်လှိုက်လှဲလှဲ စာပေဖတ်ရှုချင်စိတ်ကို ပံ့ပိုးပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ယခု ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်း ရွေ့ လျားစာကြည့်တိုက် ဖွင့်လှစ်ခဲ့သည့် နေရာသည်လည်း ယခင်က ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးရုံးက ဖွင့်လှစ်ထား သည့်

မြို့နယ်စာကြည့်တိုက် တစ်ခုဖြစ်ပြီး မှုန်မှိုင်း ခြောက်ကပ်စွာ ရှိနေခဲ့ခြင်းဖြစ် ကြောင်း ကော့မှူးမြို့နယ် မကျည်းကန် အခြေခံ မူလတန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဦးရီဌေးက ပြောသည်။ မှုန်မှိုင်းသည်ဖြစ်စေ။ လင်းရှင်းရှု ချင်စဖွယ်ဖြစ်စေ အဆိုပါရွေ့လျားစာကြည့် တိုက် ရေရှည်အောင်မြင်ရန် အဓိက စိန် ခေါ်ချက် သည် ဒေသခံပြည်သူ များ၏ ပူး ပေါင်းပါဝင်မှုပင်ဖြစ်သည်။ ဒေသခံပြည် သူများ ပူးပေါင်းပါဝင်မှု မရှိလျှင် ရွေ့လျား စာကြည့်တိုက် လည်း ရေရှည် ရပ်တည် နိုင်ရန် ခက်ခဲမည်မှာ အသေအချာပင်ဖြစ် သည်။ အထူးသဖြင့် ရွေ့လျားစာကြည့် တိုက်သည် ကလေးငယ်များကို ဦးတည် ထားသဖြင့် ကလေးငယ်များ အမှန် တကယ်ပါဝင် လာပါ့ မလားဆိုသည်က လည်း စိန်ခေါ်ချက်တစ်ခု ပင် ဖြစ်သည်။ လွယ်လင့်တကူ ရယူဖတ်ရှုခွင့်ရှိမည်ဆို လျှင်တော့ ကလေးငယ်များ စာကြည့် တိုက်သို့ရောက် ရှိလာမည်မှာသေချာသည်။

”လာမှာပါ ။ အန်တီတို့ စာကြည့် တိုက်မဖွင့်ခင် ပြင်ဆင်နေကတည်းက လာဖတ်ကြတဲ့ ကလေးတွေရှိတယ်” ဟု ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်း ရွေ့လျား နှင့် ဗဟိုစာကြည့်တိုက်မှူး ဒေါ်ခင်နှင်းဦးက မှတ်ချက်ပြု၏ ။ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းလည်ပတ်နိုင်ရန်အတွက် ဂျပန်နိုင်ငံအခြေစိုက် Society for Support Burma အဖွဲ့မှ ထောက်ပံ့ကူညီပေးထားခြင်းဖြစ် ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈ဝဝဝဝ ဖြင့် ၃နှစ်ထောက်ပံ့သွားရန် ရှိကြောင်း အဆိုပါအဖွဲ့မှ မစ်နာဆူရှီမီ လာရှိကာ၏ ပြောကြား ချက်အရသိရသည်။

ထိုအရာများသည် ရင်းနှီးမြှုပ်နှံမှု များပင်ဖြစ်သည်။ လွန်ခဲ့သော နှစ် ၅ဝက နိုင်ငံအတွက် ဆုံးရှုံးနစ်နာခဲ့မှုများကို ယခုမျိုးဆက် အား ပြုစု ပျိုးထောင်ခြင်း ဖြင့် သာ ပြန်လည်တည်ဆောက် အစားထိုး နိုင်မည်ဖြစ် သည်။ ကော့မှူးမြို့နယ် ၂၁ရွာ အတွင်းရှိ လူပေါင်း ၅၈ဝဝဝ၊ ကျောင်း သူ ကျောင်းသားပေါင်း ၁၁ဝဝဝ အနက် ၅ဝ ရာခိုင်နှုန်း ရွေ့လျား စာကြည့်တိုက်ကို အ သုံးပြုလာမည်ဆိုလျှင် ယင်းသည် လက္ခ ဏာကောင်းတစ်ခုပင် ဖြစ်သည်။ သို့ မဟုတ်လျှင် …

”ကျွန်တော်တို့ဆီက စာကြည့်တိုက် တော်တော်များများ ကတော့ ကောက်ရိုးမီး ဖြစ်သွားတာများတယ်။ ကျွန်တော်တို့က တော့ အဲဒီလိုအဖြစ်မခံနိုင်ဘူး။ ”ကျွန်တော်စိုးရိမ်တာက လူထုဆီ ကပူပေါင်း ပါဝင်မှုမရှိမှာကိုပဲ။ လူထုဆီက ပူးပေါင်းပါဝင်မှုရှိပြီဆို အားလုံး အောင် မြင်ပြီ။ အဲဒါဖြစ်အောင်လည်း ကျွန်တော် တို့ လှုံ့ဆော်မှုလုပ်ငန်းတွေလုပ်သွားမယ်” ဟု ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ပရော ဂျက် ဒါရိုက်တာဒေါက်တာ သန့်သော် ကောင်းက ပြောသည်။

နိုင်ငံတိုးတက်ရေးအတွက် ရည် ရွယ်ပြီး ရွေ့လျားစာကြည့် တိုက်ကို ဒေါ်အောင်ဆန်းစုကြည်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သူပြောခဲ့သော အမှတ်တရ စကားအရ သိခွင့် ရသည်။ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေး ခရီးစဉ်စတင်ကတည်းက ပင် အရပ်သားအစိုးရပုံစံထဲ၊ လွှတ်တော် နိုင်ငံရေးထဲ ဝင်ရောက်ခဲ့ကြပြီး နေရာ အသီးသီးတွင် တာဝန်အသီးသီးယူခဲ့ကြ သူများ၊ ပြည်ထောင်စု လွှတ်တော်ထိုင်ခုံ များတွင် ဝင်ရောက်နေရာယူခွင့်ရခဲ့သူများ အားလုံးနီးပါးသည်လည်း ယင်းအခြေ အနေ၏ အစကနဦး တွင် နိုင်ငံတိုးတက် ဖွံ့ဖြိုးရေးဟူသောစကားကို တွင်တွင်ကျယ် ကျယ်ပြောကြားခဲ့ကြခြင်း ဖြစ်သည်။

၂ဝ၁ဝ ခုနှစ် အထွေထွေရွေး ကောက်ပွဲ၊ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲကာလများက မဲဆန္ဒနယ်အသီး သီးရှိ ပြည်သူ များကို မစားရ ဝခမန်းပေး ခဲ့သော ကတိများအတွက် မည်သူတွေ မည်မျှ အကောင်အထည်ဖော်နိုင်ပြီလဲဆို သည်က မေးကြည့်စရာပင် လိုမည်မထင် ပေ။ လွှတ်တော်၌ တင်သွင်းအ ဆိုပြုသော မေးခွန်း အဆိုများအား စောင့်ကြည့်လေ့ လာလျှင်လည်း မိမိကိုယ်စားလှယ်သည် မိမိမဲဆန္ဒနယ်ကို မည်မျှအကျိုးပြုသည် လဲဆိုသည်မှာ လည်း မေးကြည့်စ ရာပင် လိုမည် မထင်ပေ။ သို့သော် ထိုသို့အကျိုးပြုနိုင်ရန်မှာ လည်း နောက် ခံပံ့ပိုးပေးမည့် အရာများ စွာလိုအပ်သည်ဆိုသည်က အမှန်တရား တစ်ခုပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစု ကြည်မို့ ပံ့ပိုးချင်သူ များကြောင့် ကော့မှူး မြို့နယ်သည် တောသူမ လှလှကလေး ဖြစ်လာ ခဲ့ခြင်း ဖြစ်သည်။ သို့သော် နွေ အခါ ဖုန်ထူသော ဝါးသင်္ခရွာကလေး သည် မိုးအခါ ဗွက်ထနေတုန်းပင် ဖြစ် သည်။ အခြားသော တောင်တန်းဒေသများ မဆိုထားဘိ အစိုးရရုံးစိုက်ရာ ပထမ မြို့ တော်အဖြစ် ခေါ်ဝေါ်နေကြပြီဖြစ် သည့် နေပြည်တော်ကောင်စီ နယ်မြေ ကွန်ကရစ် မြို့တော်အနီး ရွာများပင်လျှင် လျှပ်စစ်မီး ကို လင်းလင်းချင်းချင်း မရရှိသေးပေ။

သူမို့ဖြစ်သည်ဟု ဆိုလျှင်ရ ကောင်း သော်လည်း ယခုအချိန်သည် အမှန် တကယ်သာ ပြည်သူ့အတွက် တိုင်းပြည် အတွက် အကျိုးရှိသောလုပ်ငန်း များကို လုပ်ကိုင်မည်ဆိုလျင် ပံ့ပိုးထောက်ကူမှု သည် လွယ်လင့် တကူဖြစ် ပေါ်လာမည်ဟု ထင်မိသည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့ လျားစာကြည့်တိုက်ကားများ ကော့မှူး မြို့လေးမှာ အစတည်ပြီး မြန်မာနိုင်ငံ အနှံ့မောင်းနှင်သွားရောက်မှုဖြစ်ပေါ်လာ ချိန်နှင့်အတူ အခြားသော ပုဂ္ဂိုလ်များ၏ အခြားသော ( ပြည်သူအတွက် အမှန် တကယ်အကျိုးဖြစ်စေေ သာ) မောင်း နှင်မှုများလည်း ရေရှည်ထာဝရ ပေါ် ပေါက်စေချင်မိသည်။ တိတိကျကျဆိုရလျင် မြန်မာနိုင်ငံ အနှံ့ဒေသများစွာ အရှင်မွေးလို့ နေ့ချင်း ကြီးဖြစ် စေချင်မိသည်က အမှန်ပင် ဖြစ်သည်။
Popular Myanmar News Journal

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဟုတ်ပါ့မလား မောင်ကာဠု

ဒီရက်ပိုင်းတွေမှာ တိုင်းပြည်အ တွက်မင်္ဂလာရှိတဲ့သတင်းတွေကို ကြား နေရတယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ် ရပ်စဲရေးသဘောတူ လက်မှတ် ရေးထိုး ပြီးရင် နိုင်ငံရေးကိစ္စဆွေးနွေးတော့မယ် ဆိုတဲ့သတင်း။ အဲဒီလိုနိုင်ငံရေးကိစ္စတွေ ဆွေးနွေးတဲ့အခါမှာ ဒေါ်အောင်ဆန်း စုကြည်ကို ပါဝင်စေချင်တယ် ဆိုပြီး အ ပစ်ရပ်အဖွဲ့နှစ်ဖွဲ့က သဘောထားထုတ် ပြန်တယ်ဆိုတဲ့သတင်း၊ အပစ်ရပ်တိုင်း ရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ အားလုံးနဲ့ နိုင်ငံရေးဆွေးနွေးတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ဆွေးနွေးမယ်လို့ အစိုးရဘက်က ပြောတယ်ဆိုတဲ့ သတင်းတွေပါ။

တိုင်း ပြည်ကောင်းဖို့လုပ်တဲ့ ကိစ္စ၊ လုပ်မယ့် ကိစ္စမျိုးကို ဘယ်အဖွဲ့အစည်းကပဲ လုပ် လုပ် ကြိုဆိုကြရမှာပဲ မဟုတ်လား။ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံးလို့ ပြောနိုင်တဲ့ ပြည်တွင်းစစ်ဖြစ်ခဲ့တာ အခု ဆိုရင် ၆၅ နှစ်တောင် ကျော်ခဲ့ပါပြီ။ အဲဒီ သက်တမ်းရှည်ပြည်တွင်းစစ်ကို ချုပ်ငြိမ်းဖို့ ကြိုးစားအားထုတ်မှုမှန်သမျှ ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြရမှာပါ။ ပြည်သူလူထုကြီးရော၊ လက်နက် ကိုင်တိုက်ခဲ့တဲ့ ဘက်နှစ်ဖက်စလုံးပါ တကယ်ဝမ်းသာရမယ့် အခြေအနေမျိုး ရောက်လာရလာအောင် ရိုးရိုးသားသား လုပ်ကြဖို့ပဲ လိုပါလိမ့်မယ်။

ရိုးသားဖို့လိုမယ်လို့ ပြောရတာ ဟာ မရိုးမသားလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတိတ်သမိုင်းတွေရှိခဲ့လို့ပါ။ အဲဒီအတိတ်ဆိုးတွေကို သင်ခန်းစာယူ ပြီးအကောင်းဆုံး လုပ် ကိုင်နိုင်ကြလိမ့် မယ်လို့ မျှော်လင့်ထားပါတယ်။ အတိတ် ဆိုးကိုနမူနာယူမှာ မဟုတ်တော့ဘူးလို့ ပါယုံကြည်ထားပါရစေခင်ဗျာ့။

စစ်ပွဲမှာ အမှန်တရားကျဆုံး

ပြည်တွင်းစစ် ဖြစ်ခဲ့တဲ့ ၆၅ နှစ် ကျော်ကာလအတွင်း စစ်ကြောင့်ဆုံးရှုံး ကျဆုံးသွားရတာတွေထဲမှာ လူ့အသက် တွေ၊ ပစ္စည်းဥစ္စာတွေ၊ တိုင်းပြည်ဘဏ္ဍာ တွေသာမကဘဲ အမှန်တရားနဲ့ လွတ် လပ်မှုကလည်းထိပ်ဆုံးကပါတယ်လို့ ဆို ကြပါတယ်။ အဲဒီပြည်တွင်းစစ်ကြောင့် ရှင်သန်ကြီးမားပြီး တန်ခိုးထွားလာခဲ့ တာကတော့အာဏာရှင်စနစ်နဲ့ အာဏာ ပြဗိုလ်ကျရမ်းကားတဲ့ ဓလေ့စရိုက်တွေပဲ ဖြစ်ပါတယ်။ အဲဒီ့ အာဏာရှင်စနစ် ကြောင့်ပဲ ဒီမိုကရေစီရောလူ့ အခွင့်အ ရေးပါ ဆိတ်သုဉ်းမျိုးတုံးတော့မ လိုလို ဖြစ်ခဲ့ရတယ်။ ဒီကနေ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး တည်ဆောက် နိုင်ဖို့ကိစ္စမှာ တိုင်းရင်းသား လူမျိုးစု ပြဿနာဖြေရှင်းရေးဟာ ထိပ်ဆုံးနေရာ မှာ ရောက်နေတာကို ငြင်းမရပါဘူး။

ငြိမ်းချမ်းရေးမရှိရင် ဒီမိုကရေစီရှင်သန် ဖွံ့ဖြိုးရေးဟာ အာမခံချက်မရှိနိုင်ပါဘူး။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရှင်သန်ရေး ဟာလည်း တိုင်းရင်းသားတွေနဲ့ သွေး စည်းညီညွတ်ရေးမရှိဘဲ မဖြစ်နိုင်ပါဘူး။ သွေးစည်း ညီညွတ်ဖို့ဆိုတာကလည်း တန်းတူအခွင့် အရေးမရှိရင် စိတ်ချပြီး ရေရှည်ခံတဲ့အာမခံချက် မဖြစ်နိုင်ပါဘူး။

ကျွန် မဟုတ်ဘူး၊ တန်းတူ

ဒီကနေ့ ကျွန်တော်တို့ တိုင်းပြည် ကို ‘ပြည်ထောင်စုမြန်မာနိုင်ငံ’လို့ ခေါ် နေနိုင်တာဟာ ၁၉၄၇ တုန်းက ချုပ်ဆို ခဲ့တဲ့ ပင်လုံစာချုပ်ကြောင့် ဖြစ်ပါတယ်။ အင်္ဂလိပ်လက်အောက်မှာ ကျွန်ဖြစ်ခဲ့ ကြတော့ အဲဒီကျွန်ဘဝက လွတ်မြောက် ဖို့အတွက် အတူတကွ လက်တွဲတိုက်ပွဲ ဝင်ခဲ့ကြတဲ့ သမိုင်းရဲ့ကွင်းဆက်လို့ ပြော ရင်ရမှာပါ။အင်္ဂလိပ်လက်အောက် မကျ ရောက်ခင် ရှေ့ပိုင်းကာလတွေ တုန်းက ဆိုရင် တိုင်းရင်းသားလူမျိုးစုတွေဟာ သီးခြားလွတ်လပ်တဲ့ လူမျိုးတွေလို့ဆို ကြပါတယ်။

ရခိုင်နဲ့မွန်လူမျိုးတွေဆိုရင် မြန်မာဘုရင်လက်အောက်ကို မကျ ရောက်ခင်က ကိုယ့်ထီးကိုယ့်နန်းကိုယ့် ကြငှန်းနဲ့ ကိုယ့်အင်ပါယာတွေနဲ့ ဖြစ်ခဲ့ ကြတာဟာလည်း သမိုင်းမှာ အထင်အ ရှားရှိခဲ့ကြပါတယ်။ ရှမ်းက စော်ဘွား၊ ချင်းတွေကချင်တွေကလည်း သူ့ဒေသ ဆိုင်ရာအုပ်ချုပ်ရေးစနစ်တွေနဲ့ သီးခြားစီနေခဲ့ကြတာပါ။ ပင်လုံစာချုပ် ချုပ်ဆို ရမယ့်အခြေအနေ ရောက်လာတဲ့အခါ ဗိုလ်ချုပ်(ဦး)အောင်ဆန်းရဲ့ ဖိတ်ခေါ် ကမ်းလှမ်းချက်ကို ယုံကြည်လက်ခံပြီး ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြ တာလို့တိုင်းရင်း သားတွေဘက်က ဆိုကြ တယ်။

အဲဒီကာလမှာ ဦးအောင်ဆန်းပြော ခဲ့တဲ့ စကားကိုတိုင်းရင်းသားခေါင်း ဆောင်တွေက ကိုးကားပြောလေ့ရှိပါ တယ်။ အဲဒါကတော့ -”ခင်ဗျားတို့ တောင်ပေါ်သားတွေ ကို အင်္ဂလိပ်ကျွန်ဘဝမှာ မနေစေချင် သလို ဗမာလူမျိုးတို့ရဲ့ ကျွန်ဘဝမှာလည်း မနေစေရဘူး။ တန်းတူရည်တူဆက်ဆံပါ့ မယ်။ ဗမာတစ်ကျပ်ရရင်ရှမ်းလည်းတစ် ကျပ်ရစေရမယ်”ဆိုတဲ့စကားပါပဲ။ ဗိုလ်ချုပ်အောင် ဆန်းကို ယုံလို့ ပင်လုံစာချုပ်မှာ လက် မှတ်ရေးထိုးခဲ့ကြတာတဲ့။

ဘယ်လူမျိုး၊ ဘယ်ပုဂ္ဂိုလ်ကမှ လက်နက်နဲ့တိုက်ခိုက် သိမ်းပိုက်ပြီး ကျွန်ပြုလိုက်လို့ ဒီနိုင်ငံဒီ နယ်နိမိတ်ထဲမှာ နေထိုင်ကြတာမဟုတ် ပါဘူးတဲ့။ ဘိုးဘွားအစဉ်အဆက် နေ ထိုင်ပိုင်ဆိုင်ခဲ့တဲ့ နယ်မြေဒေသအသီး သီးကနေ မိမိတို့သဘောဆန္ဒအလျောက် ပူးပေါင်းပါဝင်ပြီး ဒီပြည်ထောင်စုနိုင်ငံ ကြီးကို ထူထောင်ခဲ့ကြတာတဲ့။ ဒါ ကြောင့် ဒီပြည်ထောင်စုကြီး ရဲ့အချုပ် အခြာ အာဏာတည်မြဲရေး၊ လွတ်လပ် ရေး အဓွန့်ရှည်တည်တံ့ရေးဆိုတဲ့ တာ ဝန်တွေဟာ လူမျိုးတစ်မျိုး၊ လူတန်းစား တစ်ရပ်တည်းရဲ့ တာဝန်မဟုတ်ဘဲနဲ့ တိုင်းရင်းသား လူမျိုးအားလုံးက တန်း တူရည်တူဆောင်ရွက်ရမယ့်တာဝန် ဖြစ် ပါသတဲ့။

တာဝန်ယူမှုမှာ တန်းတူရည် တူ ရှိဖို့လိုသလို အခွင့်အရေး ရရှိမှု အပိုင်းမှာလည်း တန်းတူရည်တူရှိဖို့ လို အပ်တယ်။ အခွင့်အရေးလည်း မရှိ၊ တာဝန်ယူပိုင်ခွင့်မရှိတဲ့ ဘဝဟာ ကျွန် ဘဝပါပဲတဲ့။ ဒီစကားတွေက လက်ခံနိုင်တဲ့ စကား၊ လက်ခံသင့်ကြတဲ့သဘောထား တွေလို့ ယူဆပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဒီမိုကရေစီဘက်တော်သားလို့ ခံယူထား သူတွေအတွက် စဉ်းစားတိုင်းတာစရာ ‘စံပေတံ’တစ်မျိုးလည်း ဖြစ်ပါလိမ့်မယ်။

အရေးကြီးတာက

ကျွန်တော်တို့တိုင်းပြည်ကို စစ် မှန်တဲ့ငြိမ်းချမ်းရေးရအောင် လုပ်ပေး မယ့် အဆုံးအဖြတ်ပေးမယ့်သူတွေက ဘယ်သူတွေလဲ။ အစိုးရကလွဲလို့ ဘယ် သူရှိမှာလဲလို့ လည်း မေးစရာဖြစ်နိုင်ပါ တယ်။ ဒီကနေ့ခေတ်မှာတော့ အစိုးရ ရော လွှတ်တော်မှာပါ တာဝန်ရှိတယ်လို့ ပြောရမယ်ထင်ပါတယ်။ အဲဒါတွေထက် အရေးကြီး တာက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆုံးဖြတ်လုပ်ပိုင်ခွင့် တွေ ရထားတဲ့ စစ်တပ်(တပ်မတော်)က ပိုလို့တောင် အခရာကျတယ်ဆိုပြီး ပြော လာတဲ့သူ ရှိရင်လည်း သဘောတူဖို့ ဝန် မလေးကြောင်းပါ ခင်ဗျာ့။

ပြီးတော့ မဟာလူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့လူ မျိုးရေးဝါဒတွေကလည်း ငြိမ်းချမ်းရေး အတွက် အတား အဆီးတွေဖြစ်နေ တာ ကြောင့် အဲဒါတွေကိုလည်း ဖယ်ရှားထား နိုင်ရေးက အရေးကြီးပါသေးတယ်။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း တွေနဲ့ ပြည် တွင်းစစ်ဖြစ်ခဲ့ရတဲ့ အဓိက အကြောင်းရင်းက နိုင်ငံရေးပြဿနာ ဖြစ်ပြီး အဲဒီနိုင်ငံရေးပြဿနာရဲ့ အရေး ကြီးတဲ့အပိုင်းက နိုင်ငံရေးတန်းတူရပိုင် ခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် လို့ ဆိုကြပါ တယ်။ ဒီနိုင်ငံရေးပြဿနာကို ရှင်းပြကြရမှာပါ။

ပူးပေါင်းနေတဲ့ ဖက်ဒရယ်

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ရှမ်း၊ ချင်း၊ ကချင်တိုင်းရင်းသားတွေက ”လွတ်လပ် ရေးရပြီးသည့်နောက် မြန်မာပြည်ထောင် စုမှ ကျွန်ုပ်တို့ခွဲထွက်လိုလျှင် ကျွန်ုပ်တို့ သဘောကျသည့်အချိန်တွင် ခွဲထွက်နိုင် ခွင့်ရှိစေရမည်”ဆိုတဲ့ တောင်းဆိုချက်ကို ဗိုလ်ချုပ်အောင်ဆန်းက မကန့်ကွက်ဘဲ ထောက်ခံခဲ့ တယ်လို့ဆိုပါတယ်။ ၁၉၄၇ မေလက ကျင်းပတဲ့ ဖဆပလပဏာမ ပြင်ဆင်မှုညီလာခံကြီးမှာ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် ဦးစီးရေးဆွဲခဲ့တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း ၁၂ မှာ ခွဲထွက်နိုင်ခွင့်ကို အတိ အလင်းပြဋ္ဌာန်းပေးခဲ့တယ်။

၁၉၄၇ ဖွဲ့ စည်းပုံအခြေခံဥပဒေရဲ့ အခန်း ၁ဝ မှာလည်း ခွဲထွက်နိုင်တဲ့ အခွင့် အရေး တွေကို ပြဋ္ဌာန်းပေးခဲ့တယ်လို့ ဆိုပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သဘော တူခဲ့ကြတုန်းက ပြည်ထောင်စုစနစ် ဖြစ်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ကျ ဆုံး သွားပြီးနောက်ပိုင်းမှာ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉၄၇ ဟာ ”အမည်နာမအားဖြင့် ပြည်ထောင်စုလို့ ခေါ်ပေမယ့် အနှစ်သာရမှာတော့ တစ် ပြည်ထောင် စနစ် ပဲဖြစ်တယ်”လို့ ရေးဆွဲ သူတွေထဲမှာပါခဲ့တဲ့ ဦးချန်ထွန်းကိုယ် တိုင်က ဝန်ခံခဲ့ပါသတဲ့။

အဲဒါကြောင့် လည်း တိုင်းရင်းသားလူမျိုးတွေက တန်း တူရည်တူအခွင့် အရေး ရဖို့ ပြည်ထောင် စုစစ်စစ်ဖြစ်ဖို့အတွက် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးကို ဆွေးနွေးတိုက်တွန်းခဲ့ကြတယ်။

အဲဒီ အခြေအနေမှာ ဗိုလ်ချုပ်ကြီးနေဝင်းက ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ အ ကြောင်းပြချက်နဲ့ ၁၉၆၂ မတ်လမှာ အာဏာသိမ်းခဲ့တယ်။ သူ့လက်ထက် က ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လည်းတစ်ပြည်ထောင်စနစ်ပါပဲတဲ့။ တိုင်းရင်းသား လူမျိုးစုတွေ ဘက် က ပြောခဲ့တဲ့ ပြည်ထောင်စု စစ်စစ်ဖြစ် ရေးဆိုတဲ့ ဖက်ဒရယ်မူဟာ ခွဲထွက်ရေး မဟုတ်ဘူးလို့ ၁၉၆၂ကတည်းက ပြောခဲ့ ကြတာရှိပါတယ်။

အခုအချိန်မှာတော့ ဖက်ဒရယ်ကို ခွဲထွက်ရေးလို့ဘာသာပြန် တဲ့ခေတ်က ကုန်သွားပါပြီ။ သုံးနေတဲ့ သူရှိရင်လည်း ခေတ်နောက်ကျတဲ့သူ ဖြစ်နေပါပြီ။ ဒီကနေ့ပြောနေတဲ့ ဖက် ဒရယ်စနစ်ဆိုတာ နိုင်ငံရေးတန်းတူခွင့် နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံချက် ခိုင် မာတဲ့ပြည်ထောင်စုစနစ်ဖြစ်ပါတယ်။ သီးခြားစီ ခွဲထွက်သွားရေးမဟုတ်ဘဲ တန်းတူသွေးစည်းညီညွတ်စွာ ပေါင်း စည်းရေးပဲ ဖြစ်ပါတယ်။

မောင်အရင်လို မဟုတ်တော့ဘူး

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရဖြစ်လာတဲ့ လက်ရှိပြည်ခိုင်ဖြိုးအစိုးရ လက်ထက်ရဲ့ အခုနောက်ပိုင်းကာလမှာ အရင်စစ်အစိုးရလက်ထက်တွေနဲ့ မတူ တဲ့ အပြောင်းအလဲတွေ ရှိလာတယ်။ အရင်အစိုးရတွေက အာဏာသိမ်းစစ် အစိုးရတွေဖြစ်ပြီး အခုအစိုးရက ဖွဲ့ စည်းပုံနောက်ခံနဲ့ရွေးကောက်ပွဲနဲ့ တက် လာတာကြောင့်ဆိုတာ မပြောဘဲနဲ့ သိ ကြပြီးသားပါ။ ပြီးတော့ ဒီမိုကရေစီ စကားကို တွင်တွင်ကျယ်ကျယ်ပြောလာ ပြီး ကမ္ဘာကြီးနဲ့လမ်းဖွင့်ဖို့ အနောက် အုပ်စုနဲ့ လက်ဆွဲနှု တ်ဆက်ရင်းမိတ်ဖက် ဆက်ဆံရေးတွေ ထူထောင်ဖို့ အစွမ်း ကုန်ကြိုးစားနေတဲ့ကာလ။

အစိုးရရည် မှန်းချက်တွေလည်း အေ တ်ာကြီး ပေါက် မြောက်နေတဲ့ အချိန်မျိုးမှာ ပြည်တွင်းနဲ့ နိုင်ငံတကာက တစ်လျှောက် လုံး ဝေဖန် ထောက်ပြခဲ့ တဲ့ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်း ချမ်းရေး ပြဿနာ ကို တစ်ဆင့်ပြီးတစ်ဆင့် ကိုင်တွယ်လာတာ လည်း ဖြစ်ပါတယ်။ ဒါကို ကြိုဆိုကြရ မှာပါ။

ငြိမ်းချမ်းဖို့ဆိုရင်

ဒီကနေ့ခေတ်မှာ ပြည်တွင်းငြိမ်း ချမ်းရေးရဖို့ဆိုရင် တိုင်းရင်းသား လူမျိုး တွေရဲ့နိုင်ငံရေးတန်းတူခွင့်ကို ခိုင်မာတဲ့ အာမခံချက်နဲ့ သက်သေပြနိုင်မှဖြစ်မှာ ပါ။ နိုင်ငံရေးပြဿနာ ကို ကျေလည် အောင်ဖြေရှင်းနိုင်ပြီဆိုရင် စစ်ရေးကိစ္စ နဲ့ဆက်စပ်နေတဲ့ နောက်ဆက်တွဲပြဿ နာတွေကိုလည်း တဖြည်းဖြည်းဖြေရှင်း လို့ရနိုင်ပါလိမ့်မယ်။

နိုင်ငံရေးတန်းတူ ခွင့်ကို အာမခံချက်ပေးနိုင်မယ့် ခိုင်မာ တဲ့သက်သေပြချက်ကတော့ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကို ပုံဖော်ပြဋ္ဌာန်းထား တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပဲ ဖြစ်တယ်လို့ လက်ခံသတ်မှတ်ထားကြ တယ်။ အဲဒီလိုဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးဆွဲရေးနဲ့ ငြိမ်းချမ်း ရေးဟာ အရေးကြီးတဲ့ကွင်းဆက်တစ်ခု လို့ပြောရမှာပါ။ ငြိမ်းချမ်းရေးနဲ့ ဒီမိုက ရေစီရေးဆိုတာကလည်း ရင်ချင်းဆက် အမြွှာ (ဒါမှမဟုတ်)ဒင်္ဂါးပြားရဲ့ ခေါင်း နဲ့ပန်း။

ဟုတ်ပါ့မလား မောင်ကာဠုရေ

ကျွန်တော်က ငြိမ်းချမ်းရေး အ ကြောင်းတွေးနေတဲ့အချိန်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ‘ငါမသေခင် တိုင်းပြည်ငြိမ်းချမ်းရေးရတာ မြင်သွား ချင်တယ်”ဆိုတဲ့ စကားကို သတိရမိ လိုက်တယ်။ တိုင်းပြည်ငြိမ်းချမ်းစေချင် တဲ့ဆန္ဒတွေပြင်းပြစွာနဲ့ အားထုတ်လုပ် ကိုင်ရင်း ငြိမ်းချမ်းရေးကို မမြင်ခဲ့ရဘဲ ကွယ်လွန်သွားခဲ့ကြသူတွေ တိုင်းပြည်မှာ ဘယ်လောက်တောင်ရှိခဲ့ပါပြီလဲ။

စာဖတ် သူတွေနဲ့ ကျွန်တော်လည်း ငြိမ်းချမ်းရေး ရချင်သူတွေထဲမှာ ထိပ်ဆုံးကပါနေလိမ့် မယ်ထင်တယ်။ ကျွန်တော်တို့ ကတော့ တိုင်းပြည် ငြိမ်းချမ်းရေးရတာကို မြင်ရမှာ သေချာ ပါတယ်လို့ ပြောရင် ‘ဟုတ်ပ့ါမလား မောင်ကာဠုရေ’လို့များ ပြောဦးမှာလားခင်ဗျာ့။

နောင်ကျော်
(၂၄-၇-၂ဝ၁၃)
Popular Myanmar News Journal

ဆိုလည်းဆိုခဲ မြဲလည်းမြဲစေ

၂၀၁၃ ခုနှစ်မကုန်မီ နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးမည်ဟု ပြောကြား ထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ကတိကဝတ်နှင့် ဇူလိုင်လ ၂၃ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသား ၇၃ ဦး ထပ်မံ လွှတ်ပေးလိုက်သည့် အစိုးရ၏ ဆောင်ရွက်ချက်အပေါ် ကုလသမဂ္ဂ အပါအဝင် ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအဝိုင်း များက နှစ်လိုစွာ ကြိုဆိုကြကြောင်း သတင်းများအရ သိရသည်။ အပြုသဘောဆောင်သော အဆိုပါပြုပြင် ပြောင်းလဲရေးဖြစ်စဉ်များက နိုင်ငံအဝန်း အပစ်အခတ်ရပ်စဲရေး နှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ပိုမိုအားကောင်း ခိုင်မာလာစေမည် ဖြစ်သကဲ့သို့ ရှေ့ဆက်မည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းအတွက်လည်း အားလုံး ပူးပေါင်းပါဝင်သော အရွေ့တစ်ခုကို ဖန်တီးစွမ်းဆောင် နိုင်ကြလိမ့်မည် ဟုလည်း မျှော်လင့်နိုင်သည်။

ပြီးခဲ့သည့် ဇွန် ၄ ရက်နေ့က ထုတ်လွှင့်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အသံလွှင့် မိန့်ခွန်း၌လည်း တည်ဆဲပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ ပုဒ်မ ၄၀၁ ပါ ပြဋ္ဌာန်းချက်များကို နိုင်ငံရေးလက်နက်တစ်ခု အနေနှင့် အသုံးပြုရန် ရည်ရွယ်ချက် မရှိကြောင်းနှင့် ကျင့် ၄၀၁(၁)အရ လွတ်မြောက်ပြီးသူ များအား ယင်းပုဒ်မဖြင့် ထပ်မံအရေးယူ အပြစ်ပေးမည် မဟုတ်ကြောင်းလည်း လူသိရှင်ကြား အတိအလင်း ကတိကဝတ်ပြုထားခဲ့သေးရာ အစိုးရ နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ များအကြား၌ အတိုင်းအတာတစ်ခုအထိ အမြင်ရှင်းရှင်း ကြည်ကြည်လင်လင် ယုံကြည်မှု တည်ဆောက်နိုင်ကြပြီ ဟုလည်း စိတ်နှလုံးပေါ့ပါး ဝမ်းမြောက်မိခဲ့ရသေး၏။

အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံဆဲ အကျဉ်းသားများကို ကျင့် ၄၀၁(၁) အရ ပြစ်ဒဏ်လွတ် ငြိမ်းသက်သာခွင့် (Remission) ပြုခဲ့ရာ ယခုအကြိမ်အပါအဝင် ခုနစ်ကြိမ် ရှိခဲ့ပြီဖြစ်ပြီး အကျဉ်းသား ၂၈,၆၁၈ ဦး လွတ်မြောက်စေခဲ့ပြီး ဖြစ်သည်။ ယင်းတို့အနက် နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် ပါဝင်ခဲ့သည်။ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ၁၆၂ ဦး ကျန်ရှိနေသေးကြောင်း ကိုလည်း လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက ဆိုသည်။ တစ်ဖန် ဤ ၂၀၁၃ အကုန်တွင် အကျဉ်းထောင်များ အတွင်း၌ နိုင်ငံရေး အကျဉ်းသား တစ်ဦးတစ်ယောက်မျှ မရှိစေရဘဲ လွှတ်ပေးမည်ဟု နိုင်ငံတော် သမ္မတက ပဋိညာဉ် ပြုထားသေးရာ ခေတ်အဆက်ဆက် အစိုးရများနှင့် လူထု အကျိုးဆောင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ များအကြားက ပဋိပက္ခများနှင့် “တစောင်းစေးနှင့် မျက်ချေး” ပမာ ဖြစ်နေခဲ့ကြသည့် ရှုထောင့်အမြင် မတူညီမှုများကို ပြည်ဖုံးကားချ ရင်ကြားစေ့နိုင်ခဲ့ပြီ ဟု ဆိုလောက်ဖွယ် ဖြစ်လာခဲ့သည်။

သို့ရာတွင် ဆိုခဲ့ပါ သမ္မတကြီးက လက်နှင့် ရေးသမျှ ခြေနှင့်လိုက်၍ ဖျက်နေသည့်ပမာ တရားဥပဒေစိုးမိုးရေး အကြောင်းပြ ရှေ့နောက် မညီသော “ကျားကျားမီးယပ်” အရေးယူမှုများ ကိုလည်း နားမချမ်းသာဖွယ် ဟောတစ်မျိုး၊ ဟောတစ်မျိုးကြားနေ၊ သိနေကြရ ပြန်သည်။

လက်ပံတောင်းတောင် အရေး အခင်းတွင် တာဝန်ရှိသူအသီးသီး တို့သည် ပြစ်မှုဆိုင်ရာဥပဒေ၊ အခန်း (၄) ကင်းလွတ်ရမြဲ အချက်များပုဒ်မ (၇၉) ပြဋ္ဌာန်းချက်ပါ “ဥပဒေအရ ပြုပိုင်သူက သော်လည်းကောင်း၊ ဥပဒေကို အယူအဆ လွဲခြင်းကြောင့်မဟုတ်ဘဲ အကြောင်းခြင်းရာကို အယူအဆ လွဲခြင်းကြောင့် ဥပဒေအရ ပြုပိုင်သည်ဟု သဘောရိုးနှင့် ယုံကြည်သူက လည်းကောင်း ပြုလုပ်လျှင် ထိုသို့ပြုလုပ်မှုသည် ပြစ်မှုမမြောက်” ဟူသော အကာအကွယ် အောက်၌ ရေခဲနှင်းဆောင်း ရှိနေကြချိန်တွင် လက်ပံတောင်းတောင် အရေး တက်ကြွလှုပ်ရှားခဲ့သူ များအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့က ပိုက်စိပ်တိုက် ဖမ်းဆီးခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်း၊ တရားခံပြေး ကြေညာခြင်း၊ ရုံတင်တရားစွဲခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်း များကို အရေးတကြီး စီမံချက်ကြီးတစ်ခုနှယ် တက်သုတ်ရိုက်၍ ဝိုင်းပတ်ပိတ်ဆို့ စီမံဆောင်ရွက်လျက် ရှိသည်။ အလားတူပင် နိုင်ငံအနှံ့အပြား ၌လည်း အလုပ်သမားအရေး၊ တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ များကို နှီးနွှယ်ရာ ဥပဒေ တစ်မျိုးမျိုးဖြင့် ရမယ်ရှာလျက် ဖမ်းဆီးအရေးယူနေခြင်း ကိုလည်း တိုး၍ တိုး၍ ဆောင်ရွက်ကြဆဲ။

လတ်တလော သတင်းကြီးနေသည့် ရုပ်ပျက်ဆင်းပျက်ဖြစ်မှု တစ်ခုမှာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကိုယ်တိုင်က ဆိုင်းငံ့ထားသည်ဟု တရားဝင် ပြောဆိုထားသည့် ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေပုဒ်မ ၁၇(၂၀) ဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်း ခံထားရသော Generation Wave (GW) အတွင်းရေးမှူး ဦးဝေဖြိုးအောင်ကို ပြည်မြို့နယ် တရားရုံးက ဒဏ်ငွေသုံးသောင်းကျပ် ပေးဆောင်စေရန် သို့မဟုတ် ထောင်ဒဏ်သုံးလ ကျခံစေရန် ဇူလိုင်လ ၂၆ ရက်နေ့က အမိန့် ချမှတ်လိုက်သည့်ဖြစ်စဉ် ဖြစ်သည်။ ဥပဒေ တစ်ရပ်သည် ဆိုင်းငံ့ထားစဉ် ကာလအတွင်း ဥပဒေအာဏာသက်ရောက်မှု ကင်းမဲ့နေ သည့်အတွက် ထိုသို့အသက်မဝင်သော ဥပဒေပြဋ္ဌာန်းချက်ကို အထောက်အထားပြု၍ တရားစီရင်နိုင်သလော၊ တရားစီရင်ရေးမဏ္ဍိုင်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်က ဝင်ရောက်စွက်ဖက်၍ လွှမ်းမိုးခြယ်လှယ်နိုင်သလော၊ ဥပဒေအထက်တွင် မည်သူမျှ မရှိစေရဟူသော မူသဘောတရားသည် ကြားကောင်းရုံ ဟန်ရေးပြစကား သက်သက်ပေလော။ တိတိပပ စေ့ငု ဆင်ခြင်ကြည့်စရာ ဥပဒေရေး အယိမ်းအယိုင်တွေ လက်ကြားရေယိုရှိနေ သည်ကား ငြင်း၍မရ။
ဆိုရလျှင် အစိုးရအဖွဲ့အတွင်း အထက်အောက် စည်းနှောင်မှု (Chain of command) နှင့် ထိန်းကွပ်မှု (Check, recheck, countercheck-control System)၊ ပြည်ထောင်စုဝန်ကြီးဌာန အချင်းချင်းအကြား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှု (Coordination & Cooperation) မညီမညွတ်ဖြစ်နေသည်ကား အထင်အရှားပင်။

နိုင်ငံတော်သမ္မတ အပါအဝင် အပြုသဘောဆောင် အပြောင်းအလဲ များကို ဖော်ဆောင်လိုသူ များက တခုတ်တရ ဖန်တီးထုဆစ်နေသည့် ဒီမိုကရေစီ အခင်းအကျင်းများကို အုပ်ချုပ်ရေးမဏ္ဍိုင် အဖွဲ့အစည်းအချို့က တရားဥပဒေစိုးမိုးရေး ခေါင်းစဉ်ဖြင့် ရည်ရွယ်ချက်ရှိရှိ ကတ်ဖဲ့တိုက်၍ တရွတ်သီထိုး ဆန့်ကျင်ဖီလာ ပြုနေသည်မှာ ပေါ်လွင်နေသည်။ ဤဝိရောဓိ ဖြစ်စဉ်များသည် နာတာရှည် ကြုံတွေ့ခံစားခဲ့ကြရသည့် ပြည်တွင်းပဋိပက္ခများ ရပ်စဲရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ ဖော်ဆောင်ရေး အပါအဝင် ၂၀၁၅ ခုနှစ် မတိုင်မီ လက်ရှိအစိုးရအဖွဲ့က ဆောင်ရွက်ပေးပါမည်ဟု ကတိကဝတ်ပြုထားသည့် အရေးအရာပေါင်း များစွာ တို့အပေါ်တွင် တန်ပြန် အကျိုးသက်ရောက်မှုများ ပေါ်ပေါက်လာစေ နိုင်သည်ကို အလေးအနက် သတိမူကြရန်လိုပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် အုပ်ချုပ်ရေးမဏ္ဍိုင်ရှိ ဌာန၊ အဖွဲ့ အစည်းအသီးသီး တို့သည် တည်ဆဲ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ အခန်း (၃) ပုဒ်မ ၅၇ ပါ “နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတ များသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်”၊ ပုဒ်မ ၅၈ ပါ “နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်” ဟူသော ပြဋ္ဌာန်းချက်များကို လျစ်လျူရှုရန် မသင့်။ “တစ်ရုံးတစ်ထုံး” ငါတကော ကောခဲ့ကြခြင်းဖြင့် နိုင်ငံနှင့် နိုင်ငံသားတို့ဘဝ ဤအခြေအထိ တွင်းဆုံးကျ ခဲ့ကြရသည် ကိုလည်း မျက်ခြည်မပြတ်သင့်။

နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ မျက်နှာဖြစ်သကဲ့သို့ နိုင်ငံတော် သမ္မတ၏ ကတိကဝတ်နှင့် လူသိရှင်ကြား နုတ်ထွက်စကား များသည်လည်း “ဆိုခဲစေမြဲစေ”၊ လူရိုသေရှင်ရိုသေ ဖြစ်စေဖို့ ဝိုင်းဝန်း ထိန်းသိမ်းပေးကြရန် မှာလည်း အုပ်ချုပ်ရေးမဏ္ဍိုင်တွင် အမှန်တကယ် တာဝန်ရှိနေပါကြောင်း တိုက်တွန်း လိုပေသည်။
ဇေယျမင်းသျှင်
The Voice Weekly

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တကယ်ပါဝင်ခွင့်ရပြီလား

Published on July 25, 2013 by တိုင်းကျော် 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်တွေထဲမှာ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီချင်ပါတယ်ဆိုပြီး တကြိမ်မက ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီလို ပါဝင် ကူညီဖို့ဆိုတာဟာ သက်ဆိုင်သူတွေ ဖိတ်ခေါ်မှုရှိမှ ဖြစ်မှာပါလို့လည်း ရှင်းပြခဲ့ပါတယ်။ ခုဆိုရင် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပစ်အခတ်ရပ် လက်မှတ်ထိုးတာနဲ့ ဆွေးနွေးမှုတွေ လုပ်နေတာ ကာလ အတန်ကြာပါပြီ။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ ပြည်သူလူထုကရော၊ အရပ်ဘက်အဖွဲ့အစည်းတွေကပါ ဆန္ဒရှိကြပေမယ့် တကယ့် ကာယကံရှင်တွေဆီက ဖိတ်ခေါ်တာမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရသေးပါဘူး။
ဒါပေမယ့် ပြီးခဲ့တဲ့ဇူလိုင် ၁၇ ရက်နေ့မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်စေလိုကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အာရ်စီအက်စ်အက်စ်/ အက်စ်အက်စ်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့ရဲ့ ပူးတွဲ ထုတ်ပြန်ကြေညာချက်တခု ထွက်ပေါ်လာပါတယ်။ အလားတူ ဇူလိုင် ၂၀ ရက်နေ့က ကျင်းပတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ငြိမ်းချမ်းရေးကိစ္စ တင်ပြဆွေးနွေးပွဲ ကျင်းပအပြီး လုပ်ငန်းကော်မတီရဲ့ ဒုဥက္ကဋ္ဌ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဒီနေ့ကစပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါလို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ပြည်တွင်းထုတ် ပုဂ္ဂလိကသတင်းစာတွေကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် စတင်ပါဝင်လာပြီဆိုပြီး ရေးကြသားကြပါတယ်။ ဒီလို ပြောဆိုမှုတွေ ဘယ်လောက် မှန်ကန်သလဲဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
\ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း မီဒီယာတွေကို ပြောခဲ့တဲ့ စကား တိတိကျကျကတော့ “နိုင်ငံရေးဆွေးနွေးပွဲတွေ တက်တဲ့အခါ ကော်မတီတွေ ပါတာပေါ့။ ဦးသိန်းဇော် ကော်မတီ၊ ဦးမောင်ဦးရဲ့ ကော်မတီ၊ ဦးဌေးဦးရဲ့ ကော်မတီ၊ ဦးအောင်ကိုရဲ့ ကော်မတီ၊ အဲဒီ ကော်မတီတွေ ပါဖို့ လိုအပ်တယ်လေ။ အဲဒီ ကော်မတီတွေထဲမှာ Rule of Law ဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည် လုပ်ထားတဲ့ ကော်မတီပေါ့နော်။ Rule of Law လည်း ပါဝင်သင့်တာပေါ့။ ချန်ထားလို့ မရဘူး။ နယ်မြေဒေသတွေမှာ Rule of Law ဖြစ်မှပဲ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ ပိုပြီး ခိုင်မာလာမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်လည်း ပါမှာပဲလေ။ ပါအောင်ပဲ ဒီနေ့တောင် အစည်းအဝေး လာတက်ပြီပဲ။ နောက်ပိုင်းကိစ္စတွေကို ပူးပေါင်းဆောင်ရွက်သွားမယ်” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းရဲ့ အဲဒီ ပြောစကားကို အဓိပ္ပာယ် ဖော်နိုင်ဖို့အတွက် အစိုးရက ငြိမ်းချမ်းရေးကို ဘယ်လို အကောင်အထည်ဖော်နေသလဲဆိုတာ အရင် ကြည့်ဖို့ လိုပါတယ်။ လက်ရှိ သမ္မတကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ” ဆိုတာ ဖွဲ့ထားပါတယ်။ အဖွဲ့ဝင် စုစုပေါင်း ၁၁ ယောက် ပါဝင်ပေမယ့် ၉ ယောက်ဟာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီလို့ ခေါ်တဲ့ ကာလုံ အဖွဲ့ဝင်တွေ ဖြစ်နေပါတယ်။ ပြောရရင် ငြိမ်းချမ်းရေးကိစ္စကို ကာလုံက ကိုင်တွယ်နေတယ် ဆိုတဲ့ သဘောပါ။ အဲဒီ အောက်မှာမှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဆိုတာ ဖွဲ့စည်းထားပါတယ်။ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဋ္ဌ၊ တပ်မတော်ဒုကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော် တို့ ၃ ယောက်က ဒုဥက္ကဋ္ဌတွေအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်တွေအဖြစ် ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ စစ်တိုင်းမှူးတွေနဲ့ လွှတ်တော်အမတ်တွေ စုစုပေါင်း ၅၂ ယောက်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒီလောက် အရေအတွက်များများနဲ့ ဖွဲ့စည်းထားတာတောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်တနေရာမှာမှ ထည့်မထားသလို အန်အယ်လ်ဒီပါတီဝင် တယောက်တလေတောင် မပါပါဘူး။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ သူအနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်စေဖို့ ဆန္ဒရှိတယ်လို့ အပြင်မှာ ပြောပေမယ့် ကာလုံအစည်းအဝေးအပါအ၀င် ဘယ် တရားဝင်အစည်းအဝေးမှာမှ တောင်းဆိုခဲ့ဖူးတာတော့ မဟုတ်ပါဘူး။ ဒါဆိုရင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောတာ ဘာအဓိပ္ပာယ်ပါလဲ။ လက်ရှိ အစိုးရရဲ့ အစီအစဉ်အရ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးပွဲကြီး ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ အဲဒါ ပြီးသွားရင် နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲကြီးတခု စတင်ဖို့လည်း ရှိနေပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ အစိုးရ၊ စစ်တပ်၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ အရပ်ဘက်အဖွဲ့၊ ပညာရှင်တွေနဲ့ ရပ်မိရပ်ဖတွေ စသဖြင့် ဘက်ပေါင်းစုံက ပါဝင်မယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ လွှတ်တော်ကော်မတီတခုရဲ့ တာဝန်ရှိသူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းမယ်ဆိုတဲ့ သဘောလောက်ပါပဲ။ လူ ၄၀၀၊ ၅၀၀ ဒါမှမဟုတ် ညောင်နှစ်ပင်ညီလာခံလို ထောင်ဂဏန်းအရေအတွက်ရှိတဲ့ သူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရမယ် ဆိုတဲ့ သဘောပါ။
ဒီဆွေးနွေးပွဲကြီး ရှိနေပေမယ့်လည်း အစိုးရနဲ့ အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေ ဆက်ပြီး ဆောင်ရွက်ဖို့ အများကြီး ကျန်နေပါသေးတယ်။ ဒီဖြစ်စဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီမှာလည်း မပါ၊ လုပ်ငန်းကော်မတီမှာလည်း သူ့ကို ထည့်မထားတဲ့အတွက် ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ အဲဒီ ကော်မတီ ၂ ခုထဲမှာ တရားဝင် ပါဝင်ခွင့်ရမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ် ပါဝင်ခွင့်ရပြီလို့ ဆိုနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

DVB မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။

ဒုသမ္မတပဲ ဖြစ်မယ်ဆိုရင် မတရားဘူး

“ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြောင်းလို့ ကျွန်မက ဒုသမ္မတပဲ ဖြစ်မယ်ဆိုရင် မတရားဘူးလို့ ပြောရမှာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြောင်းပြီးလို့ရှိရင် ဘယ်သူပဲ ဖြစ်ဖြစ် ပြည်သူက ရွေးချယ်တဲ့သူကို ကျွန်မတို့လက်ခံမှာပါ” ဟု လွှတ်တော်တွင် ဒုတိယအင်အားကြီးပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ မိမိအနေဖြင့်မူ နိုင်ငံအကျိုး ရှေးရှု၍ ရှေ့ဆက် လျှောက်လှမ်းသွားမည် ဟုလည်း ၄င်းက ပြောခဲ့သည်။

ဇူလိုင်လ ၂၅ ရက်နေ့ထုတ် ပြည်သူ့ခေတ် သတင်းဂျာနယ်ပါ
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီးပါက ၂၀၁၅ တွင် မည်သူသမ္မတဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် လက်ခံမည်” သတင်းမှ ကောက်နုတ်ချက်

[ ဤကဏ္ဍတွင် ကောက်နုတ်ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]
The Voice Weekly

မမေ့ရက်နိုင် ၁၉ ဇူလိုင်


နှစ်ပေါင်း ၂၀ ခန့် အာဇာနည်နေ့နှင့် ပတ်သက်သည့် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲများ လုံးဝ မရှိခဲ့သည့်အတွက် အာဇာနည် ပုဂ္ဂိုလ်များနှင့် အာဇာနည်နေ့အပေါ် ကျောင်းသား လူငယ်များ၏ ခံစားချက်၊ အလေးထားမှု များ လျော့ပါးခဲ့သည်။ ထို့ကြောင့် ကချင်ပြည်နယ် မိုးညှင်း ဒီဂရီကောလိပ်မှ သမိုင်းအဓိက နောက်ဆုံးနှစ်ကျောင်းသား မောင်နိုင်လင်းထိုက်၏ အာဇာနည် ချစ်စိတ်ကို ဂုဏ်ပြုသောအားဖြင့် ၎င်းရေးသားထားသည့် ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။
(အယ်ဒီတာ)

အာဇာနည်ဆိုသည်မှာ မြန်မာ အဘိဓာန်၌ ‘လူသာမန်တို့ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲ သာလွန်၍ အများအကျိုးအတွက် အသက်ကို စွန့်လွှတ်နိုင်သူ’ ဟု အဓိပ္ပာယ် ဖွင့်ဆိုပါသည်။ မြန်မာနိုင်ငံတွင် နေ့ထူးနေ့မြတ်များကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်၍ ဆိုင်ရာ နေ့အသီးသီး၏ သမိုင်းအကြောင်းကို အမျိုးသားရေး အသိယှဉ်၍ ဟောပြောကြလေ့ ရှိပါသည်။ နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့၌ ကျရောက်သော အာဇာနည်နေ့တွင် ကာလအတန်ကြာ မတူညီသော အမြင်ရှိသူတို့ ကြားဝယ် မျက်နှာငယ်ခဲ့ရသည်ကတော့ ငြင်းမရနိုင်ပေ။ လုပ်ရပ်တွင် သက်ဝင်နေသော စေတနာများကို အများ သိကြသည့်အတွက် သီးခြား သက်သေ မပြလိုပေ။ အပြောင်းအရွှေ့ကြားမှ (၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်သည်မှ စ၍ ခံစားခဲ့ရသော ကျေနပ်မှု ပီတိမှာ အများနှင့် ထပ်တူ ကျလိမ့်မည်ဟု ထင်ပါသည်။ အာဇာနည်နေ့သည် မှေးမှိန် ပျောက်ကွယ်စေရန် စီမံ ဆောင်ရွက်နိုင်သောနေ့ မဟုတ်ပါ။

နိုင်ငံတော် တည်ဆောက်ရေး၏ အရေးကြီးသော အခန်းကဏ္ဍတိုင်းကို ဒီမိုကရေစီ စနစ်အတိုင်း ဗိုလ်ချုပ်ကဲ့သို့ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မည့်သူအား ပညာရပ်ဝန်းမှ မွေးထုတ်ပေးနိုင်ရေး ပျောက်ကွယ်ခဲ့ရသည်နှင့် တစ်ပြိုင်နက် ယနေ့ခေတ် လူငယ်များသည် ပျောက်သောလမ်းမှာ စမ်းတဝါးဝါး ဖြစ်ခဲ့ကြရတော့သည်။ အင်အား ကြီးမားသော မူးယစ်ဆေးဝါး လှိုင်းဒဏ်များကြား ဘဝ အိပ်မက်တို့ ဝေဝါးခဲ့ကြရသည်။ အားကောင်းမောင်းသန် ပညာရေး စီမံကိန်းများအကြား နွမ်းလျ အိမ်ပြန်ခဲ့ရသည့် နေ့ရက်များက အစီအရီ။ စီးပွားရေး ပန်းတိုင်များကြား ပြည်ပသို့ လျင်လျင်မြန်မြန် ရောက်ရှိ သွားကြရတော့သည်။ အာဇာနည်ကို မွေးဖွားရန် ကြိုးပမ်းသူများသည်လည်း ဖျက်ချခဲ့ကြရတော့သည့်အတွက် တိုင်းပြည်ချစ်သော ပြည်သူများ အကြားဝယ် မျှော်တလင့်လင့်နှင့် အသက်ရှင်ရင်း သမိုင်းရွေ့ခဲ့ရသည်ကတော့ လက်ခံရမည်သာ။

ယခုအခါ ပြည်သူ တစ်ဦးချင်း၏ စွမ်းဆောင်ရည် ပြည့်ဝမှု၊ နိုင်ငံကြီးသား ပီသမှု၊ ခွင့်တူညီမျှ ဝါဒ ဖြူစင်မှုများနှင့်အတူ အမျိုးသားရေး စိတ်ဓာတ်ကို မှန်မှန်ကန်ကန် မွေးမြူကြရန် အထူး လိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ အခြေအနေ အရပ်ရပ်သည် ပုဂ္ဂိုလ်စွဲ ရှာဖွေခြင်းထက် တစ်ဦးချင်းစီတွင် အာဇာနည် စိတ်ဓာတ် ကိန်းဝပ်ရန် လိုပါသည်။ ဗိုလ်ချုပ်သည် အာဇာနည်အဖြစ် စတင် မွေးဖွားလာသည် မဟုတ်ဘဲ ဖြတ်သန်းခဲ့ရသော သမိုင်းများကသာ အာဇာနည်အဖြစ် မွေးဖွားစေခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှု၌ ညီညွတ်စွာ လိုက်ပါခဲ့ကြကာ ၁၉၄၀ တွင် ဖွဲ့စည်းခဲ့သော ဗမာ့ ထွက်ရပ်ဂိုဏ်းနှင့် ဂျပန်ပြည်သို့ လျှို့ဝှက် သွားရောက် စစ်ပညာ သင်ကြားခဲ့ကြသော ရဲဘော် သုံးကျိပ် သမိုင်းတို့သည် အမျိုးသား စည်းလုံးမှု၏ အစ၊ ညီညွတ်မှု၏ နိဒါန်း ဖြစ်သည်။ ထို့ကြောင့် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့၌ မြန်မာ့ တပ်မတော်၏ သန္ဓေ (B.I.A) ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို မွေးထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ မတူညီသော ပစ္စုပ္ပန် အခြေအနေ အသီးသီး ဖြစ်ကြသော်လည်း အချိန်အခါနှင့် လိုက်လျော ညီညွတ်စွာ ပြည်သူ တစ်ဦးချင်းစီ၌ သမိုင်း တည်ဆောက်နိုင်ရေး၊ အမျိုးသား နိုင်ငံရေး အသိစိတ်ဓာတ် ရှင်သန် သက်ဝင် ထက်မြက်နိုင်ရေးသည် ပန်းတိုင်အဖြစ် တူညီမျှစွာ လှမ်းချီကြရန် လိုပါသည်။

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရဲဘော် ရဲဘက်များအပေါ် သစ္စာရှိမှု၊ ဇွဲရှိမှု၊ အပင်ပန်းခံနိုင်မှု၊ အတ္တ မာန ကင်းမဲ့မှုများကို စံထား ကြိုးစားကြရန် လိုသည်။ ခံစား နားလည်မှုတန်ဖိုး အမြင့်ဆုံး ဗိုလ်ချုပ်အောင်ဆန်းအား ပမာပြု၍ ပစ္စုပ္ပန် သမိုင်းဘီးအား ဟန်ချက်ညီညီ လှည့်ဖို့ရန်အတွက် အားလုံးတွင် တာဝန်ရှိပါသည်။ တိုတိုပြတ်ပြတ် အပြောနှင့် စိတ်မချနိုင်စွာ မိန့်ခြွေခဲ့သော ဗိုလ်ချုပ်၏ မိန့်ခွန်းများသည် ကိုယ်စီကိုယ်ငှ အမျိုးသားနိုင်ငံရေး အသိစိတ်ဓာတ် ရှင်သန်ထက်မြက် နေစေရေးပင် ဖြစ်သည်။ အခြေအနေနှင့် အချိန်အခါကို လိုက်၍ ပြတ်သားသည့် ပြောင်းလဲမှု တစ်ရပ်အဖြစ် အကူအညီလို၍ တောင်းလိုက်သည့် ဂျပန်တို့၏ မနှစ်မြို့ဖွယ် ဖက်ဆစ် ဝါဒအား ပြန်လည် တွန်းလှန် တိုက်ခိုက်ရန် ဝန်မလေးခဲ့သော ရှင်းလင်း ပြတ်သားသည့် ဗိုလ်ချုပ် လမ်းစဉ်သည် ယနေ့အချိန်တွင် သတိပြုမိကာ အတုယူသင့်လှသည်။

နိုင်ငံခေါင်းဆောင်တို့မည်သည် စည်းရုံးရေး သဘောကို နားလည်ကြသည်။ နိုင်ငံရေးသမား အမျိုးမျိုး ရှိသည့်အနက် သမိုင်းလှသော နိုင်ငံရေးသမားသည် ရှား၏။ မှန်ကန်သော သမိုင်း အမြင်ကို ရဲရဲဝံ့ဝံ့ ပေးပြီး စည်းရုံးခဲ့သည့် နိုင်ငံရေးသမားကား မြန်မာပြည်၌ သာ၍ပင် ရှား၏။ ယင်းတို့တွင်မှ အသုံးဝင် တန်ဖိုးကို ကျော်လွန်၍ မြတ်နိုး စံထား တန်ဖိုးထားရသည့် ဗိုလ်ချုပ်ကဲ့သို့ ပုဂ္ဂိုလ်မျိုးသည် သားစဉ် မြေးဆက်အထိ တန်ဖိုးရှိနေဦးမည် ဖြစ်သည်။ ဗိုလ်ချုပ်ဟုဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းမှန်း သိကြ၏။ နိုင်ငံရေး လုပ်ငန်းစဉ် အဆင့်ဆင့် ရိုးသားခဲ့သည်။ ရှုထောင့် အသီးသီးကို လက်တွေ့ကျကျ ရှုမြင် သုံးသပ်နိုင်သည်။ သမိုင်း အလှည့်အပြောင်းကို မျက်ခြည်ပြတ် မခံခဲ့သူဖြစ်သည်။ ယင်းမှတစ်ဆင့် လက်ရှိ နိုင်ငံတော် အစိုးရ၊ တိုင်းရင်းသား အသီးသီး၊ ပါတီ အသီးသီးနှင့် အဖွဲ့အစည်း အစုစု အရပ်ရပ်တို့သည် ကိုယ်စီ ကိုယ်ငှ တာဝန်ခံမှု၊ တာဝန်ယူသည့် စိတ်ဓာတ်ဖြင့် အကူးအပြောင်း ဒဏ်ကို ကြံ့ကြံ့ခံကာ လှည့်စားမှုမပါ၊ နိုင်ငံရေး သီလ အပြည့်ဖြင့် ရှေ့ဆက်နိုင်ကြရန် လိုပါသည်။ ရောက်အောင် သွားရမည့် ပန်းတိုင်သို့ စနစ်ဟောင်းမှ အငွေ့အသက်များ၊ အသားအမျှင်များအား တတ်နိုင်သရွေ့ ခွာချကြရန် လိုသည်။

နိုင်ငံတော် အစိုးအနေနှင့် လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသော တိုင်းရင်းသားအရေး၊ လက်ရှိ စိန်ခေါ်မှု ရှိနေဆဲ ပြည်သူ့ အကျိုးပြု မူဝါဒ သက်ဝင် ရှင်သန်ရေးတို့အား ကိုင်တွယ်ရာ၌ အခြေအနေ အရပ်ရပ်ကို ထည့်သွင်း စဉ်းစားလင့်ကစား သမိုင်းဝင်သည့် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရ၊ ဒီမိုကရေစီ အစိုးရ ဖြစ်ရေးသည်သာ၍ အရေးကြီးသည်။ ၁၉၄၇ ဇန်နဝါရီ၌ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ နန်းရင်းဝန် အက်တလီနှင့် တွေ့ဆုံစဉ်က ကြုံတွေ့ခဲ့ရသော အခက်အခဲများ၊ အင်္ဂလန်မှ ပြန်လာပြီး လွတ်လပ်ရေး၏ ရောင်နီဦး တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ဖော်ညွှန်းသော ပင်လုံ ညီလာခံ မီးရှူး ထွန်းညှိခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့် သမိုင်း စိန်ခေါ်မှုများကြားမှ မွေးဖွားလာသော ပြည်ထောင်စုနေ့။ ဗိုလ်ချုပ်၏ နှလုံးသားဝယ် လွတ်လပ်သော မြန်မာနိုင်ငံ၊ အချုပ်အခြာပိုင်သော မြန်မာနိုင်ငံ ဖြစ်ပေါ်စေရေး ရင့်သန်နေသည့် မျိုးချစ်စိတ်ဓာတ်တို့ကို တွေ့သူတိုင်း မြင်ကြ၏။ မြင်သူတိုင်း သိကြ၏။

နိုင်ငံရေး ဖြစ်စဉ်တွင် ပါဝင်ကြသော ပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ စိတ်အား ထက်သန်မှု၊ ဖြောင့်မတ် တည်ကြည်မှု၊ နိုင်ငံရေး သီလရှိမှုတို့သည် နိုင်ငံ တည်ဆောက်ရေး၏ စံ ပေတံများ ဖြစ်သည်။ နိုင်ငံရေး လိပ်ပြာလုံမှုကို အဆိုပါ စံနှုန်း စံထားများဖြင့် တိုင်းတာနိုင်သကဲ့သို့ ဖြတ်သန်းခဲ့ရသည့် သမိုင်း တာဝန်များအပေါ် ကျေပွန်စွာ ထမ်းဆောင်ခဲ့မှုတို့ဖြင့်လည်း အကဲဖြတ်နိုင်သည်။ ယနေ့အခါ ဇူလိုင် ၁၉ ရက်နေ့၌ ကျရောက်မည့် သမိုင်းဝင် အာဇာနည်နေ့သည် ပြည်သူတို့၏ ရင်မှာဖြစ်သော အားအင်ဖြင့် သမိုင်းဝင်ခဲ့သည်ဆိုလျှင် မှန်ပါလိမ့်မည်။ ကြာခဲ့ပြီဖြစ်သော ၁၉၄၇ ဇူလိုင် ၁၉ သည် နှစ်ကာလ ကြာလာသည်နှင့် အမျှ ပြည်သူတို့၏ နှလုံးသားထဲ၌ အုန်းအုန်းကျွတ်ကျွတ် လှိုက်လှိုက်လှဲလှဲ ရှိမှုတို့သည် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ကျဆုံးလေပြီးသော အာဇာနည် ပုဂ္ဂိုလ်တို့၏ လုပ်ရပ် သမိုင်းမှ သက်ဝင် ရှင်သန်နေခြင်းပင် ဖြစ်ပါလိမ့်မည်။ ဂဠုန် ဦးစောတို့၏ ပက်စက်သော အကြံအစည်၊ ယုတ်မာသော လုပ်ရပ်တို့သည် မြန်မာ့ သမိုင်းတွင် အမည်းစက် စွန်းထင်းခဲ့ရသလို နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်တွင် တိုင်းတာမရသော ဆုံးရှုံးမှုကြီးလည်း ဖြစ်သည်။ ယင်းမှ နိုင်ငံရေး သင်ခန်းစာ ယူတတ်ကြ၍ စေတနာမှန်သော ရုန်းထွက်မှုများဖြင့် နိုင်ငံသစ်ဆီ တက်လှမ်း ချီတက်သင့်လှပေသည်။

သေသောသူ ကြာလျှင် မေ့သောသူများတွင် အာဇာနည် ပုဂ္ဂိုလ်ကြီးများ မပါဝင်ပါ။ အာဇာနည်နေ့၏ အနှစ်သာရကို ယနေ့ အခြေအနေနှင့် မှန်မှန်ကန်ကန် ရှုမြင် သုံးသပ်ပြီး တိုင်းပြည် အကျိုး၊ နိုင်ငံ အကျိုးကို သယ်ပိုး ဆောင်ရွက်ကြရန် လိုပါသည်။ သမိုင်း အမှန်ကို မှတ်တမ်းတင်၍ အနာဂတ်ကို မီးမောင်းထိုးပြရန် ပျက်ကွက်ခြင်းဖြင့် သမိုင်းကို သစ္စာမဲ့သူများ အဖြစ်မှ ရှောင်လွှဲနိုင်ကြရန် လိုပါသည်။ မြန်မာ့ တပ်မတော်၏ ဖခင် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသည့် ကျဆုံးလေပြီးသော သမိုင်းဝင် အာဇာနည် မျိုးချစ် သူရဲကောင်း ပုဂ္ဂိုလ်အပေါင်းတို့ကို (၁၉) ဇူလိုင်တွင် အသိဝင်ကာ ဉာဏ်ယှဉ်သော အမျိုးသား နိုင်ငံရေး ချစ်စိတ် စေတနာဖြင့် တိုင်းပြည် ကောင်းရာ ကောင်းကြောင်း၊ တိုးတက်ရာ တိုးတက်ကြောင်းများကို ဝိုင်းဝန်း ပုံဖော် ညှိနှိုင်းနိုင်ကြရန် ဆုမွန်ကောင်း တောင်း၍ (၆၆) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုလိုက်ရပါသည်။
နိုင်လင်းထိုက် (မိုးညှင်းဒီဂရီကောလိပ်)
The Voice Weekly

ဗမာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်ကြီး ဘယ်ရောက်နေပါသလဲ

မူလအစကတည်းက ယဉ်ယဉ် ကလေးပါ။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် နေ့ တပ်မတော်က တိုင်းပြည်အာဏာ သိမ်းစကပင် တပ်မှူးညီလာခံများ အ ကြိမ်ကြိမ် လျှို့ဝှက်လုပ်ကိုင်ပြီး ရန်ကုန် တက္ကသိုလ်ကျောင်းသား သမဂ္ဂကို ဖြို ခွင်းရန်ဆိုသည့် ဆုံးဖြတ်ချက်ကို ချမှတ် ပြီးဖြစ်ပါသည်။ ထိုစဉ်က အာဏာ သိမ်း တော် လှန် ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင်က နောက်တွင်တက္ကသိုလ် ကျောင်းသားများသည် မြေအောက်နဲ့ ဆက်သွယ်နေကြတယ်။

ရန်ကုန် တက္က သိုလ် သမဂ္ဂအဆောက်အအုံ ဟာလည်း မြေအောက်သွေးထိုးလှုံ့ဆော်မှုကြောင့် တက္ကသိုလ်ကျောင်းအာဏာပိုင်များ နှင့် အစိုးရကိုပုန်ကန်ရန် လှုံ့ဆော်ရာ အ ဆောက် အအုံဖြစ်တယ်။ ကြာရှည်ခွင့် မပြုနိုင်လို့ ဖြိုခွဲလိုက်ရကြောင်း၊”ဓားဓား ချင်း လှံလှံချင်း”လို့ ပြောကြားခဲ့ပါသည်။

ဘယ်လိုစကားများပါလိမ့်၊ အာ ဏာသိမ်းတပ်မတော်ကြီး က မောင်းပြန် သေနတ်မျိုးစုံနဲ့ ချိန်တွယ်ပစ်ခတ်ပြီး တက္ကသိုလ်ကျောင်းသားများ ကလောင် တံနဲ့လက် သီးဆုပ် အော်ဟစ်နေရုံမျှနှင့် ဓားဓားချင်းလှံလှံချင်းလို့ ကြိမ်းဝါးခဲ့ပုံမှာ အံ့သြကုန်နိုင်ဖွယ်ရာပင်။အာဏာသိမ်းပြီး တိုင်းသူပြည် သားများကို လှည့်စားလိုသည့် အစီအ စဉ်တစ်ရပ်အနေနှင့် ၁၉၆၂ ခုနှစ်၊ဇူလိုင် လ ၁၉ ရက်နေ့ ၁၅ နှစ်မြောက် အာ ဇာနည်နေ့ အကြီးအကျယ်အထိမ်းအ မှတ် ပြပွဲကြီးကိုရန်ကုန်မြို့၊ ဦးဝိစာရ လမ်း၊ အင်ဗွိုင်းခန်းမ(ယခုတပ်မတော် ခန်းမ)တွင် ကျင်းပ၍ ပြည်သူလူထုအား လှည့်စားအယုံသွင်းခဲ့ပါသည်။

အဲဒီလိုကျင်းပရာမှာတော့ ကျွန် တော်တို့ရဲ့မျိုးချစ်ခေါင်းဆောင်ကြီး ဗ မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ကြေးရုပ်ပုံတူကြီးကို တ ခမ်းတနား ဝင်ဝင်ချင်းတွေ့နိုင်အောင် ပြသထားခဲ့သည့်အတွက် ပြည်သူပြည် သား ရဟန်းရှင်လူအများက ပြပွဲဝင်ဝင် ချင်း ဦးညွှတ်အလေးပြုခဲ့ကြရသည်။

”ဗမာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆန်း ပုံတူကြေးရုပ်ကြီး ခုဘယ် ချောင်ထိုးထားပါသလဲ”ပုံတူကြေးရုပ်ကြီးသတင်းကို ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ ထုတ် ‘အထောက်တော်’၊ ‘ယုဝတီ’ စ သည့်သတင်းစာများတွင် ဓာတ်ပုံနှင့် တကွ သတင်းထုတ်ပြန်ခဲ့ သည်ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။

”ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေး ရုပ်သစ်ကြီးတစ်ခုကို တပ်မတော်မော် ကွန်းတိုက်မှ တာဝန်ယူ၍ ပြုလုပ်ခဲ့ရာ ယခုအခါ လုံးဝပြီးပြီဖြစ်၍ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် တနင်္ဂနွေနေ့မှစတင် လျက်၊ ရန်ကုန်မြို့ဦးဝိစာရလမ်း အာဇာ နည်ကြီးများ အတ္ထုပ္ပတ္တိပြခန်း (အင်ဗွိုင်း ခန်းမဆောင်) တွင် ပြည်သူလူထုအား ပြသမည်ဖြစ်သည်။ ကြေးရုပ်ကြီးမှာ အမြင့် ၈ ပေ ၂ လက်မရှိပြီး အလေးချိန် ၁ တန်ခန့်ရှိသည်။

ကြိုးပမ်းသွန်းလုပ်

ကြေးရုပ်ကြီးကို ကြေးမသွန်း လောင်းမီ၌ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်မှူး ချုပ်အောင်ကြီးနှင့် အိန္ဒိယပြည်ရှိ မြန်မာသံအမတ်ကြီး ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည်တို့ကိုယ်တိုင် အကြိမ်ကြိမ် ကြည့်ရှုစစ်ဆေးပြီးမှ အတည်ပြုခဲ့ ကြောင်း၊ ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ဗိုလ်ချုပ် ကတော်ဒေါ် ခင်ကြည် တို့၏ ညွှန်ကြားအကြံပေးချက်များအတိုင်း ရာဇဝင်အထောက်အထား မှန်ကန်မှု အချိုးအစားကျနမှုများ ရှိစေရန်အ တွက် တပ်မတော်မော်ကွန်းတိုက်မှူး ဒုဗိုလ် မှူးကြီးမောင်ဘိုနှင့် တပ်မတော် မော်ကွန်းတိုက် သုတေသနအရာရှိချုပ် ဗိုလ်ကြီးသန်းကြွယ်တို့ အကြိမ်ပေါင်း မြောက်မြားစွာ ကြိုးပမ်းပြုပြင်သွန်း လုပ်စေခဲ့ပါသည်။

ပန်းပုဆရာကြီးဦးဟန်တင်

ဤဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ကြီးသွန်းလုပ်သူမှာ နာမည်ကျော်ပန်းပု ဆရာကြီး ဦးဟန်တင်ဖြစ်ပြီး ရန်ကုန် တစ်ဖက်ကမ်း ဒလမြို့ရှိ ဧရာဝတီ သင်္ဘောကျင်း၌ သွန်းလုပ်ခဲ့ပါသည်။ ဤကြေးရုပ်ကြီးမှာ နောင်အခါတွင် တိုး ချဲ့ဆောက်လုပ်မည့်တပ်မတော် မော် ကွန်းတိုက်တွင်ထားရှိရန် ရည်ရွယ်ခဲ့ သော်လည်း လူထုဖခင်ဗိုလ်ချုပ် ၏ကြေး ရုပ်ဖြစ်သည့်အားလျော်စွာ ပြည်သူလူထုများမြင်တွေ့နိုင်မည့် နေရာ၌ထားရှိ မည်ဟု သိရှိရပါသည်။

လုပ်ခငွေ ၂၅ဝဝဝိ/- ကျပ်

ဗိုလ်ချုပ်၏ကြေးရုပ်မှာ ဗမာ့ကာ ကွယ်ရေးတပ်မတော် စစ်သေနာပတိ ဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ထမ်း ဆောင်နေချိန်က စစ်ဝတ်စုံနှင့်အဆင့်အ တန်းများ တပ်ဆင်ဖော်ပြကာ ပြုလုပ် ထားခြင်းဖြစ်သည်။ ကြေးရုပ်ကြီး သွန်း လုပ်ခငွေကျပ် ၂၅ဝဝဝ ကုန်ကျသည်ဟု သိရှိရပါသည် ဟူ၍ သတင်းစာများတွင် ပါရှိသည်ကို မှတ်ယူသိမ်းဆည်းထားခဲ့ ပါသည်။အဆိုပါ ဗမာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကြီး ထု လုပ်သည့်အခါ အနီးကပ်ကြီးကြပ် ပေးသည့် တပ်မတော်မော် ကွန်းတိုက်မှူး ဒုဗိုလ်မှူးကြီး မောင်ဘို၊ တပ်မတော် မော်ကွန်းတိုက်သုတေသနအရာရှိချုပ် ဗိုလ်ကြီးသန်းကြွယ်၊ အနီးကပ်လာ ရောက်ကြည့်ရှု အတည်ပြုပေးခဲ့သော ဗိုလ်ချုပ်ကတော် အမေဒေါ်ခင်ကြည် လည်းမရှိတော့ပါ။

၁။ ဒီတော့ ”ယခု ဖခင်ဗိုလ်ချုပ်အောင် ဆန်း ကြေးရုပ်ကြီးဘယ်မှာလဲ”။ ဂျပန် တော်လှန်ရေးအစ စစ်ထွက်ခဲ့သော တော်လှန်ရေးပန်းခြံရဲ့ ချုံပုတ်တစ်နေရာ မှာ နေပူမိုးရွာမရှောင် နေနေရရှာပါ သည်ဟုထင်ပါသည်။

၂။ ဘာဖြစ်လို့ စတုတ္ထမြန်မာနိုင်ငံ ထူထောင်သူကြီး၏ ရုပ်တုကို နေပြည်တော် စစ်ရေးပြကွင်းမှ ပထမ၊ ဒုတိယ၊ တတိ ယ မြန်မာနိုင်ငံထူထောင်သူများနှင့် ဘာလို့မ ထားနိုင်ရတာလဲ။

၃။ ဒီလိုဆို အမေရိကန်နိုင်ငံ ”ရက် ရှမော” (MT RUSHMORE) မှာရှိတဲ့ အမေရိကန်သမ္မတ ၄ ဦးရုပ်တုလိုမျိုး

(က) လွတ်လပ်ရေးကိုအရယူပေးခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း

(ခ) ဒီမိုကရေစီ စတင်လျှောက်လှမ်းခဲ့သူ ဦးနု

(ဂ) ဆိုရှယ်လစ်လမ်းစဉ် ချမှတ်လျှောက်လှမ်းခဲ့သူ ဗိုလ်ချုပ်ကြီးနေဝင်း

(ဃ) မြန်မာ့လူ့ဘောင်ကို ကပြောင်းက ပြန်ဖြစ်စေခဲ့သူ ဗိုလ်ချုပ်မှူးကြီးတို့ရဲ့
ရုပ်တုကြီးများကိုလည်းတွဲလျက် မြန်မာပြည်၏ တောင်မြင့်တစ်ခုခုမှာ
နောင် လာနောက်သားများအတွက် သမိုင်း မှတ်တမ်းတွင်ရစ်စေရန် ထုလုပ်ထားစေ ချင်ပါသည်။
ခင်မောင်သိန်း
Popular Myanmar News Journal

မာလာလာ သို့မဟုတ် ပညာတိုက်ပွဲ သူရဲကောင်း

သူမ နာမည် အပြည့်အစုံက မာလာလာ ယူဆပ်ဇိုင်ယာ ဖြစ်သည်။ သို့သော် တစ်ကမ္ဘာလုံးကတော့ သူ့ကို မာလာလာဟုသာ ချစ်စနိုး ခေါ်ကြသည်။ ၁၉၉၇ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့တွင် မွေးဖွားသဖြင့် ယခုဆိုလျှင် အသက် ၁၆ နှစ် ပြည့်ခဲ့ပြီ။ ကလေး တစ်ယောက်မျှသာ ရှိသေးသော်လည်း မကြာသေးမီ သူမ အသက် ၁၆ နှစ် ပြည့်မြောက်သည့်နေ့တွင် ကုလသမဂ္ဂသို့ တက်ပြီး စကားပြောခွင့် ရသည်။ ကုလသမဂ္ဂ၏ အထူး ဧည့်သည်တော်ကြီးများသာ ထိုင်ရလေ့ရှိသော အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဘေးတွင် ထိုင်ခွင့်ရပြီး ကမ္ဘာ့ ခေါင်းဆောင်များနှင့် တစ်တန်းတည်းထားကာ ဆက်ဆံခြင်း ခံခဲ့ရသည်။ အဘယ်ကြောင့်နည်း။

မာလာလာသည် ပါကစ္စတန် အနောက်မြောက်ပိုင်း ခီဘာပတ်တွန်ခဝါ ပြည်နယ်၊ ဆွပ်ဒေသအတွင်းရှိ မင်ဂိုရာ မြို့ငယ်လေးတစ်ခုတွင် မွေးဖွားခဲ့သော သာမန် မိန်းကလေး တစ်ဦးသာ ဖြစ်သည်။ ဆွပ်တောင်ကြား ဒေသတွင် တာလီဘန်တို့ စိုးမိုးလျက်ရှိပြီး အမျိုးသမီးများ ကျောင်းတက်ခွင့်ကို ပိတ်ပင်ထားရာ ဒေသတွင် သူမ လူဖြစ်လာရခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ် အစောပိုင်း၊ မာလာလာ အသက် ၁၂ နှစ်သမီး အရွယ်တွင် ဘီဘီစီ ဘလော့ဂ်သို့ တာလီဘန်တို့ အုပ်စိုးမှုအောက်တွင် နေထိုင်ရသော အမျိုးသမီးတို့ ဘဝအကြောင်း အမည်ဝှက်ဖြင့် ရေးသား ပေးပို့လိုက်သည်။ တာလီဘန်တို့ အုပ်စိုးမှုအောက်တွင် အမျိုးသမီးတို့သည် ပညာသင်ကြားခွင့် မရသဖြင့် အမျိုးသမီးများ ပညာသင်ကြားခွင့်ရရေးကို သူမ အမြင်ဖြင့် စာရေးကာ ပေးပို့လိုက်ခြင်း ဖြစ်သည်။

နောက်နှစ် နွေရာသီတွင် နယူးယော့ခ်တိုင်းမ် သတင်းစာကြီးက ဖြစ်ရပ်မှန် မှတ်တမ်းတင် ရုပ်ရှင် ဇာတ်လမ်းတိုလေး တစ်ခုကို သူမကို အခြေပြုပြီး လာရိုက်သွားသည်။ ထိုဒေသသို့ သတင်းအဖွဲ့က ခက်ခဲစွာ လာရောက်ပြီး စွန့်စား ရိုက်ကူးသွားသည့် သတင်းတိုလေးအား ကမ္ဘာသို့ ထုတ်လွှင့် ပြသ လိုက်ခြင်းကြောင့် မာလာလာနှင့် ပါကစ္စတန်နိုင်ငံ တာလီဘန်တို့ လက်အောက်တွင် နေထိုင်ရသည့် အမျိုးသမီးတို့ အခွင့်အရေးများ ဆုံးရှုံးနေခြင်းကို ကမ္ဘာက သိရှိသွားတော့သည်။ ထိုမှတ်တမ်း ရုပ်ရှင် လေးကြောင့် မာလာလာကို လူသိများသွားခဲ့သည်။ သတင်း မီဒီယာနှင့် ရုပ်သံ ဌာနများကလည်း လာရောက်ပြီး စုံစမ်း မေးမြန်းကာ သတင်း မီဒီယာများတွင် ရေးသား ဖော်ပြခဲ့ကြသည်။

အမျိုးသမီးများနှင့် ကလေးသူငယ်များဆိုင်ရာ ပညာသင်ခွင့်အတွက် သူမ လှုပ်ရှားမှုများကို ကမ္ဘာက အသိအမှတ်ပြုသည့်အနေဖြင့် ဒက်စ်မွန်တူးတူး ပေးအပ်သည့် နိုင်ငံတကာ ကလေးများ ငြိမ်းချမ်းရေးဆုအတွက် လျာထားခြင်း ခံရသလို၊ ငြိမ်းချမ်းရေး နိုဗယ်ဆုများလည်း ပေးရန် လျာထားခြင်း ခံရသည်။ ကမ္ဘာ့သမိုင်းတွင် အသက်အငယ်ဆုံး ထိုဆုများကို လျာထားခြင်းခံရသူ လည်း ဖြစ်သည်။ ပါကစ္စတန်နိုင်ငံ၏ အမျိုးသား လူငယ် ငြိမ်းချမ်းရေးဆုကိုလည်း ပထမဦးဆုံး ရရှိခဲ့သည်။

၂၀၁၂ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် မာလာလာနှင့် သူငယ်ချင်းများ ကျောင်းမှ အိမ်သို့ပြန် လာသည့် ဘတ်စ်ကားကို တာလီဘန်တို့သည် ရပ်ခိုင်းပြီး မာလာလာ၏ ဦးခေါင်းနှင့် လည်ပင်းတို့ကို သေနတ်ဖြင့် ပစ်ကာ လုပ်ကြံ သတ်ဖြတ်ခဲ့သည်။ ဦးခေါင်း သေနတ် ဒဏ်ရာကြောင့် သတိမေ့သွားပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားသို့ ရောက်ခဲ့သည်။ ပါကစ္စတန် ဆေးရုံမှ တစ်ဆင့် အခြေအနေ စိုးရိမ်ရသောကြောင့် ဗြိတိန်နိုင်ငံ၊ ဘာမင်ဟမ်ရှိ ‘ကွင်းအဲလိဇဘက်’ ဆေးရုံကြီးသို့ ပေးပို့လိုက်ရသည်။ အောက်တိုဘာ ၁၂ ရက်နေ့တွင် ပါကစ္စတန်ရှိ အစ္စလာမ္မစ် ဘာသာရေး ခေါင်းဆောင် ၅၀ သည် သူမကို သတ်ရန် အားထုတ်ခဲ့သည့် တာလီဘန်တို့ကို အစ္စလာမ် ဓမ္မသတ်နှင့် ဆန့်ကျင်သူများဟု ကြေညာခဲ့သည်။ တာလီဘန်တို့ကလည်း မာလာလာကို မသေမချင်း ထပ်လုပ်ကြံမည့်အပြင် သူမ၏ ဖခင်ကိုပါ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။

ယခင် ဗြိတိန် ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ယခု ကုလသမဂ္ဂ ပညာရေး အထူး သံတမန်အဖြစ် တာဝန် ထမ်းဆောင်နေသော ဂေါ်ဒန်ဘရောင်းကလည်း ကုလသမဂ္ဂ၏ ပန်ကြားလွှာတွင် မာလာလာ၏ အမည်ကို ၂၀၁၅ ခုနှစ်တွင် ကလေးများအားလုံး ကျောင်းသို့ရောက်ရန် လှုံ့ဆော်သည့် ဆောင်ပုဒ် အဖြစ် သုံးရန် တင်ပြခဲ့သည်။ ထိုဆောင်ပုဒ်မှာ "I am Malala" ဖြစ်သည်။ ထိုဆောင်ပုဒ်ကို ပါကစ္စတန် သမ္မတ အဆစ်အလီဇာဒါရီထံ ဂေါ်ဒန်ဘရောင်းက လာမည့် နိုဝင်ဘာလတွင် လွှဲပြောင်း ပေးအပ်မည် ဖြစ်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း ဇူလိုင်လ ၁၂ ရက်နေ့ (မာလာလာ မွေးနေ့) ကို ‘မာလာလာနေ့’ အဖြစ် ကျင်းပရန် ကြေညာခဲ့သည်။ အဓိက ဦးတည်ချက်မှာ ကလေးများအတွက် ပညာရေး ပန်းတိုင် မပျောက်ရေးကို ဦးတည် လုပ်ဆောင်ကြရန် ဖြစ်သည်။

၂၀၁၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ TIME မဂ္ဂဇင်း မျက်နှာဖုံးတွင် ကမ္ဘာကို အလွှမ်းမိုးဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းဝင်အဖြစ် မာလာလာကို ဂုဏ်ပြု ဖော်ပြခဲ့သည်။ သူမကို ဂုဏ်ပြုသည့် ဆောင်းပါးကိုလည်း ယင်းမဂ္ဂဇင်းတွင် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၏ သမီးဖြစ်သူ ချဲလ်ဆီးလ်ကလင်တန် က ရေးသားခဲ့သည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ မာလာလာ ၁၆ နှစ်ပြည့် မွေးနေ့တွင် ပြန်လည် ကျန်းမာလာသည့် မာလာလာကို ကုလသမဂ္ဂ လူငယ် ညီလာခံ၌ တက်ရောက် မိန့်ခွန်း ပြောကြားခွင့် ပြုခဲ့သည်။ (မိန့်ခွန်း အပြည့်အစုံကို ၁၅.၇.၂၀၁၃ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။)

ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ ဆရာ အသစ်များ၊ ကျောင်းများ၊ စာအုပ်များ ရရှိရေးအတွက် ထောက်ပံ့ရန်နှင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ကလေးတိုင်း ကျောင်းတက်ခွင့်ရရေး၊ ပညာသင်ခွင့် ရရေးကို တိုက်တွန်း တောင်းဆိုခဲ့သည်။

မာလာလာကို ဖခင်ဖြစ်သူ ဇီယာအူဒင်ယူဆပ် ဇိုင်ယာက အိမ်တွင် ခိုးပြီး ပညာ သင်ကြားပေးခဲ့သည်။ သူ့ဖခင်သည် ကဗျာဆရာ တစ်ယောက်ဖြစ်ပြီး၊ ကျောင်း တစ်ကျောင်းလည်း ဖွင့်ထားသည်။ သူသည် ပညာရေးနှင့် ပတ်သက်ပြီး အစဉ်အလာကို ဆန့်ကျင်သော တက်ကြွသည့် လှုပ်ရှားသူ တစ်ဦးလည်း ဖြစ်သည်။ သူ့ ကျောင်းအမည်မှာ ခူရှာလ် ပြည်သူ့ကျောင်း ဖြစ်သည်။ မာလာလာသည် ဆရာဝန် ဖြစ်ချင်သော်လည်း ဖခင်က နိုင်ငံရေးသမား ဖြစ်စေချင်ခဲ့သည်။ သို့ဖြစ်ရာ ညမအိပ်မီ သမီးနှင့် နှစ်ယောက်သား နိုင်ငံရေး အကြောင်းများကို ညဥ့်နက်သည်အထိ ပြောဆို ဆွေးနွေး ငြင်းခုံခဲ့ကြသည်။

၂၀၀၈ ခုနှစ်လောက်တွင် မာလာလာ ကိုယ်တိုင်က အမျိုးသမီးများ ပညာသင်ကြားခွင့် ရရှိရေးအတွက် စတင် ပြောကြားလာခဲ့သည်။ သူမဖခင်က ပတ်ရှ်ဝါမြို့ရှိ သတင်းဌာန တစ်ခုသို့ ခေါ်သွားပြီး သမီးကို စကားပြောစေခဲ့ခြင်း ဖြစ်သည်။

“တာလီဘန်တွေက ကျွန်မဆီကနေ ပညာ သင်ကြားပိုင်ခွင့်ကို သိမ်းပိုက်ထားလို့ ရသလား” ဆိုသည့် သူမ၏ ရဲရဲတောက် ပြောကြားမှုများသည် သတင်းစာများနှင့် ရုပ်မြင်သံကြားများတွင် ဖော်ပြခြင်း ခံလိုက်ရပြီး ဒေသ တစ်လုံးသို့ ပျံ့နှံ့သွားကာ တာလီဘန်တို့ကိုလည်း စိန်ခေါ်လိုက်သလို ဖြစ်သွားခဲ့ သည်။

၂၀၀၉ ခုနှစ်တွင် မာလာလာသည် ဘီဘီစီ အူရ်ဒူ အစီအစဉ်သို့ စာတစ်စောင် ရေးပို့လိုက်သည်။ ဘီဘီစီ သတင်းထောက် အဘဒူဟိုင်ကာကာအား မာလာလာ၏ ဖခင်က တာလီဘန်တို့ လက်အောက် ရှိ အမျိုးသမီးတို့၏ ပညာ သင်ကြားရသည့် ဘဝကို စာဖြင့် ရေးသား ပေးပို့ရန် ဖိတ်ခေါ်ခိုင်းခဲ့သည်။

ထိုစဉ်က တာလီဘန် စစ်ရေး ခေါင်းဆောင်မှာ မော်လာနာဖာဇ် လူလာ ဖြစ်သည်။ မော်လာနာသည် ဆွပ် တောင်ကြား ဒေသကို သိမ်းပိုက်ပြီး စိုးမိုးနေသူလည်း ဖြစ်သည်။ သူက ရုပ်မြင်သံကြား ကြည့်ခွင့်၊ သီချင်း နားထောင်ခွင့်၊ မိန်းကလေးများ ပညာ သင်ကြားခွင့်နှင့် မိန်းကလေးများ ဈေးဝယ် ထွက်ခွင့် တို့ကိုပါ ပိတ်ပင် တားမြစ်ခဲ့သည်။ ပြည်သူများကို ခြိမ်းခြောက်သည့် အနေနှင့် ခေါင်းဖြတ်ထားသည့် ရဲများ၏ အလောင်းများကို မြို့လယ်ရှိ ကွက်လပ်တွင် ချိတ်ဆွဲ ပြသထားခဲ့သည်။

မာလာလာ ဖခင်ကျောင်းမှ အီရှာဆိုသူက ဘီဘီစီထံ စာ တစ်စောင် ရေးရန် သဘောတူခဲ့သော်လည်း မိဘများက တာလီဘန်တို့ သတ်ဖြတ်မည်ကို စိုးရိမ်သဖြင့် အစီအစဉ် ပျက်သွားခဲ့ရသည်။ ထို့ကြောင့် မာလာလာက ဘီဘီစီထံ စာရေးရန် သဘောတူလိုက်ပြီး စာရေးပေးခဲ့ခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့တွင် မာလာလာ၏ စာကို ဘီဘီစီ အူရ်ဒူပိုင်း အစီအစဉ်ကို လွှင့်ထုတ် ဖတ်ပြခဲ့သည်။ ဆွပ်နယ်တွင် တာလီဘန်တို့သည့် ကျောင်းတက်နေသည့် အမျိုးသမီးများကို လိုက်လံ တားမြစ်ခဲ့သည့်အပြင် မာလာလာ တက်နေသည့် ကျောင်းကိုလည်း ပိတ်လိုက်တော့သည်။

၂၀၀၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် တာလီဘန်တို့က မင်ဂိုရာ၌ မည်သည့် မိန်းကလေးမှ ကျောင်း မတက်ရ အမိန့် ထုတ်လိုက်သည်။ ထို့ပြင် အမျိုးသမီး ကျောင်းပေါင်း ၁၀၀ ခန့်ကိုလည်း ဗုံးများဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ မာလာလာ တက်နေသည့် ကျောင်းမှ ကျောင်းအုပ်ကြီးကလည်း ကျောင်းသူများကို ကျောင်းလာလျှင် ကျောင်းဝတ်စုံ ဝတ်မလာဘဲ သာမန် ဝတ်စုံများဖြင့်သာ လာကြ ရန် ပြောခဲ့သည်။ မာလာလာက ထိုအကြောင်းနှင့် ပတ်သက်ပြီး “သမီးကတော့ သမီးအကြိုက်ဆုံး ပန်းရောင် ဝတ်စုံလေးကို ဝတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အခြား မိန်းကလေးတွေလည်း ကျောင်းကို အဝတ်အစား အမျိုးမျိုးတွေနဲ့ ရောက်လာကြတယ်။ ကျောင်းက ကျောင်းနဲ့ မတူတော့ဘူး အိမ်လို ဖြစ်သွားတယ်” ဟု သူ့ ဘလော့ဂ်တွင် ရေးသားခဲ့သည်။

မာလာလာသည် ၂၀၀၉ ခုနှစ်မှ စတင်ပြီး အမျိုးသမီးများ ပညာသင်ကြားခွင့်ရရေးကို သူမ၏ ဘလော့ဂ်မှ လည်းကောင်း၊ ကျောင်းများ ဒေသများ အတွင်းသို့ လှည့်လည် သွားလာ၍ လည်းကောင်း ဟောပြော စည်းရုံး လှုပ်ရှားခဲ့သည်။ သူမအတွက် ဖခင်ကသာ နောက်မှ မားမားမတ်မတ် ရပ်တည် ပေးပြီး လှုပ်ရှားမှုတိုင်းတွင် လိုက်ပါ ကူညီခဲ့သည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် မာလာလာသည် ‘စစ်နှင့် ငြိမ်းချမ်းရေး အစီရင်ခံစာ အဖွဲ့’ တွင် ပါဝင်ခွင့် ရခဲ့သည်။ ထိုပရောဂျက်သည် သတင်း မီဒီယာ သင်တန်း တစ်ခုဖြစ်ပြီး ပါကစ္စတန်နိုင်ငံ အတွင်းရှိ ကျောင်းပေါင်း ၄၂ ကျောင်းနှင့် ပတ်သက်ပြီး လေ့လာ သုံးသပ် ဆွေးနွေးခဲ့ကြသည်။ သူတို့ ဆန်းစစ်ချက်များကို ပြည်တွင်းထုတ် သတင်းစာများတွင် ဖော်ပြခွင့်များ ရရှိခဲ့သည်။ ထိုသင်တန်းတွင် တက်ရောက်သည့် အမျိုးသမီးများထဲ၌ မာလာလာသည် အငယ်ဆုံးနှင့် အတက်ကြွဆုံး ဖြစ်ခဲ့သည်။

သူ့ဖခင်က မျှော်မှန်းနေသည်မှာ မာလာလာ ဖောင်ဒေးရှင်းတစ်ခု ထောင်ပြီး ဆင်းရဲသည့် မိန်းကလေး များကို ကျောင်း ပို့ပေးနိုင်ရေး ဆောင်ရွက်ရန် ဖြစ်သည်။ မာလာလာကလည်း ဖော်ဒေးရှင်းတစ်ခု ထူထောင်နိုင်ရန် အပြင်းအထန် ကြိုးစားနေပြီး ၂၀၁၂ ဧပြီလတွင် အမျိုးသမီးများ ပညာရေးအတွက် ဗီဒီယို အစီအစဉ် တစ်ခုကို ထုတ်လွှင့်ခဲ့သည်။

နောက်ပိုင်းတွင် မာလာလာကို မီဒီယာများက အလေးပေးလာပြီး ကမ္ဘာက သိလာသည်ကို စိုးရိမ် ထိတ်လန့်လာသည့် တာလီဘန်များက သေနတ်ဖြင့် ပစ်ခတ်ပြီး လုပ်ကြံ သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ကြ သည်။ သို့ဖြစ်ရာ သူမအိမ်သို့ စာများ ပို့ကာ ခြိမ်းခြောက်ခြင်း၊ Facebook ပေါ်တွင် သူမအကြောင်းနှင့် ပတ်သက်ပြီး လုပ်ကြံ ရေးသားချက်များ တင်ခြင်း စသည်တို့နှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် အမျိုးသမီးများ ပညာသင်ခွင့် ရရေးကို မည်သည့် အကြောင်းပြချက်နှင့်မျှ မရပ်နားရန် ဆုံးဖြတ်ချက် ပိုမို ခိုင်မြဲစေခဲ့သည်။

ခြိမ်းခြောက်တိုင်း မကြောက်သည့် မာလာလာကို တာလီဘန်တို့က အကြမ်းဖက် သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ကြောင်း ကြေညာလိုက်သည်။

တစ်နေ့ ပါကစ္စတန် ဆွပ်တောင်ကြားတွင် ဘတ်စ်ကား တစ်စီး မောင်းလာနေသည်။ ထိုကားပေါ်တွင် စာမေးပွဲဖြေပြီး ပြန်လာသည့် ကျောင်းသားလေးများ ပါလာကြသည်။ ကားကို မျက်နှာဖုံးစွပ် လက်နက်ကိုင် သူပုန်များက ရပ်ခိုင်းပြီး ကားပေါ် တက်လာခဲ့ကြသည်။ သေနတ် ကိုင်ထားသည့် တစ်ယောက်က “ဘယ်သူ မာလာလာလဲဟေ့” ဟု အော်ပြောလိုက်သည်။ ပြီးလျှင် “ပြောရင်ပြော မပြောရင် အားလုံးကို ပစ်သတ်မယ်” ဟုလည်း အော်လိုက်သည်။ မာလာလာက သူမဖြစ်ကြောင်း မတ်တတ်ထပြီး ပြောလိုက်သည်။ တာလီဘန် သူပုန်တွေက သူမ မျက်နှာကို သေနတ်ဖြင့် တစ်ချက် ပစ်လိုက်သည်။ ပြီးတော့ လည်ပင်းကို နောက်တစ်ချက် ထပ်ပစ်လိုက်ပြန်သည်။ နောက်တစ်ချက် ပခုံးကို ထပ်ပစ်လိုက်သည်။ ပစ်ခတ်မှုတွင် အခြား မိန်းကလေး နှစ်ဦးကိုလည်း ကျည်တွေ ထိကုန် သည်။ ထိုတိုက်ခိုက်မှု အကြောင်းကို မာလာလာအား ပစ်ခတ်စဉ် ထိခိုက်ခဲ့သော ရီရာ့ဇ်နှင့် ရမ်ဇမ် ဆိုသည့် မိန်းကလေး နှစ်ဦးက ဒဏ်ရာရနေသည့် ကြားမှ သတင်းထောက်များကို ပြောပြနေခြင်း ဖြစ်သည်။

သေနတ် ဒဏ်ရာများဖြင့် မေ့မြောနေသော မာလာလာကို ပတ်ရှာဝါ စစ်ဆေးရုံကြီးသို့ ရဟတ်ယာဉ် ဖြင့် ချက်ချင်း ခေါ်ဆောင်သွားခဲ့သည်။ ဦးနှောက်ကို ထိထားသည့် အပိုင်းမှ လွဲပြီး ခွဲစိတ် ကုသပေး ခဲ့သည်။ ကျည်ဆန်က ခေါင်းကို ဖောက်ထွက်သွားခြင်း ဖြစ်သည်။ သုံးနာရီအကြာ ခွဲစိတ်ပြီး လည်ပင်း နှင့် ပခုံးထဲမှ ကျည်များကို ထုတ်ခဲ့ရသည်။

ခွဲစိတ်မှုများ မလုပ်မီ အချိန်အထိ စိတ်ဓာတ် ခိုင်မာလှသော မာလာလာသည် လက်နှင့် ခြေထောက် များကို လှုပ်နိုင်ခဲ့သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးစတွင်လည်း ဆရာကို စကားပြောသွားခဲ့ သေးသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် မာလာလာကို ပါကစ္စတန် စစ်ဆေးရုံကြီးမှ ဗြိတိန်သို့ ပို့ဆောင် ကုသရန် ဆုံးဖြတ်ခဲ့ကြသည်။ အောက်တိုဘာ ၁၇ ရက်နေ့တွင် မာလာလာ မေ့မြောနေပြီး ဦးနှောက် မပျက်စီးရန် ကုသဖို့ လိုကြောင်း အဲလိဇဘတ် ဆေးရုံကြီးက ကြေညာခဲ့သည်။ ၂၆ ရက်နေ့ တွင် အခြေအနေ ပြန်ကောင်းလာသည်။ နိုဝင်ဘာ ၈ ရက်နေ့တွင် အခြေအနေ ကောင်းလာသဖြင့် ခုတင်ပေါ် ထိုင်ပြီး ဓာတ်ပုံ အရိုက်ခံနိုင်ခဲ့သည်။

မာလာလာသည် အမျိုးသမီးများ ပညာ သင်ကြားခွင့်ရရေး၊ ကျောင်းနေအရွယ် ကျောင်းသားတိုင်း ပညာ သင်ကြားခွင့် ရရေးကို စိတ်ဓာတ် ခိုင်မာစွာဖြင့် ဆက်လက် လုပ်ဆောင်နေခဲ့သည်။ သေလောက်သည့် ဒဏ်ရာများဖြင့် မိန်းမောနေခဲ့သည့်တိုင် သူမ စိတ်ကူးထဲတွင် ကလေးတွေကို စာတွေ သင်နေသည်။ အမျိုးသမီးတွေကို ကျောင်း ပို့နေသည်။

မာလာလာသည် ယခုမှ အသက် ၁၆ နှစ်သာ ရှိသေးသည်။ အသက် ၁၆ နှစ်အရွယ် ကလေး တစ်ယောက်၏ လှုပ်ရှား ဆောင်ရွက်ခဲ့မှုများကား အံ့သြစရာပင်။ လူတစ်ယောက် တစ်ခါသာ သေသည်ဟု ဆိုပါသည်။ သူမသည် တကယ်တော့ တစ်ခါ သေခဲ့ပြီးပြီ။ မသေမီ အားလုံးအတွက် ပညာရေးကို ဟစ်ကြွေး ပေးခဲ့သည်။

“ကျွန်မ မာလာလာ” ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျောင်းနေအရွယ် ကလေးတိုင်းကို ကျောင်းပို့ပေးခဲ့ သည်။ သူမ နောက်တစ်ကြိမ် ပြန်နိုးထလာသည်။ ယခုတစ်ကြိမ် သူမ ကြွေးကြော်ချက်က ကြက်သီးထစရာ ဖြစ်သည်။

“ကလေး တစ်ယောက်၊ ဆရာ တစ်ယောက်၊ စာအုပ် တစ်အုပ်နဲ့ ကလောင် တစ်ချောင်းဟာ ကမ္ဘာကြီး ကို ပြောင်းလဲနိုင်ပါတယ်” ဟူ၍ ဖြစ်သည်။
Wikipedia နှင့် အင်တာနက်ပေါ်မှ အချက်အလက်များကို ရယူ ရေးသားပါသည်။
(အယ်ဒီတာတစ်ဦး)
The Voice Weekly

လက်နှစ်ဖက် အကူအညီ လိုသည်

မြူခိုးများဝေကာ ထင်ရှူးပင်များ၊ ကျောက်စိမ်းတံတိုင်းသဖွယ် စိမ်းစိုနေသော တောင်တန်းများ ဝိုင်းရံ ထားသည့် အဆင့်မြင့် တိုက်တာ အဆောက်အအုံတို့၏ မြို့ပြ လမ်းမသည် မိုးဖွဲများအောက်တွင် တိတ်ဆိတ် ခြောက်ကပ်နေသည်။ မြူဆိုင်းနေသည့် တောင်ကုန်းများတွင် စေတီတော်တို့သည် ရွှေရောင် ဝင်းပြောင်နေသကဲ့သို့ ခရစ်ယာန် ဘုရားကျောင်း အဆောက်အအုံများကလည်း ရဲတိုက်ကြီး သဖွယ် ရှိနေသည်။

ခရစ်ယာန် ဘုရားကျောင်း အဆောက်အအုံတည်ရှိရာ တောင်ကုန်း ကမ်းပါးယံကို ကျောထောက် နောက်ခံပြုကာ ရှည်မျောမျော တည်ဆောက်ထားသည့် အဆောက်အအုံဟောင်းတွင် အအေးဓာတ် ကြောင့် အမျိုးသမီးအချို့ အနွေးထည်ကိုယ်စီ ဝတ်လျက် မီးဖိုချောင် အလုပ်များ လုပ်ကိုင်နေပြီး သက်ကြီးရွယ်အို အချို့မှာလည်း အခန်းတွင်းရှိ မီးလင်းဖိုဘေးတွင် ထိုင်နေကြသည်။ ကလေးငယ် အချို့ကလည်း တရုတ်ရိုးရာ ဒီဇိုင်းဆင်ထားသည့် အဆောက်အအုံမုခ်ဝတွင် ဆော့ကစားနေကြသည်။

ယင်းမြင်းကွင်းမှာ မြန်မာနိုင်ငံ အရှေ့မြောက်ဖျားပိုင်းဒေသတွင် နယ်ခြားစောင့်တပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာခဲ့ရသူများကို နယ်စပ်မြို့ တစ်ခုဖြစ်သော ပန်ဝါမြို့၏ အခြေခံပညာ အလယ်တန်းကျောင်းဟောင်းတွင် စောင့်ရှောက်ထားသည်ကို ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ဝန်းကျင်၌ မြင်တွေ့ရခြင်း ဖြစ်သည်။

အဆိုပါ ဒုက္ခသည်များ၏ ခေါင်းဆောင်ဖြစ်သူက စုဝေးရန် အသိပေးလိုက်ရာ လူကြီးလူငယ်များသည် စာသင်ကျောင်းဟောင်းရှေ့ရှိ ကွက်လပ်တို့ ရောက်ရှိလာကြသည်။ ထိုဒုက္ခသည်များတွင် အအေးဒဏ် ကို အန်တုကာ အင်္ကျီ အပြာရောင် လက်ရှည်အပါး ဝတ်ဆင်ထားသည့် အသက် ၄၀ ဝန်းကျင်အရွယ် ဦးလဂွေဆော်ဘောက်သည် မျက်လုံး တစ်ဖက်တည်းကိုသာ အားကိုးပြီး ခန္ဓာကိုယ် တစ်စောင်း အနေအထားဖြင့် ဖြည်းညင်းစွာ လျှောက်လာသည်။ ထိုအမျိုးသားသည် မျက်လုံးတစ်ဖက် မမြင်ရရုံ သာမက လက်နှစ်ဖက်သည်လည်း တုံးတိ ပြတ်နေသည်။ ယင်းသို့ဖြစ်ရခြင်းမှာ မွေးရာပါ မဟုတ်။

၂၀၁၂ ခုနှစ် ဧပြီလတွင် ကေအိုင်အေမှ ကချင်အထူးဒေသ (၁) နယ်မြေဖြစ်သော တရုတ်-မြန်မာ နယ်ခြား မိုင်တိုင်အမှတ် (၆) နှင့် (၇) ဧရိယာကို ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် ကျေးရွာ လုံခြုံရေး အတွက် ပြည်သူ့စစ်အဖြစ် တာဝန်ယူကာ ကင်းစောင့်နေချိန် ကေအိုင်အေမှ ပစ်လိုက်သည့် ကရာလာ KRL (ကေအိုင်အေက ထုတ်သည့် သေနတ်ထိပ်တွင် လောင်ချာကျည်ကဲ့သို့ သုံးနိုင်သည့်အပြင် လက်ပစ်ဗုံးကဲ့သို့ သုံးနိုင်သော မိုင်းကျည်) မှန်၍ အထက်ပါအတိုင်း ဖြစ်သွားခြင်းဖြစ်သည်။

ထိုကာလက ကေအိုင်အေဌာနချုပ် လိုင်ဇာဒေသတစ်ဝိုက်ရှိ ရှေ့တန်း တပ်စခန်းများကို တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေချိန်တွင် ကေအိုင်အေက နယ်ခြားစောင့်တပ် လက်ခံထားသော ကချင်အထူး ဒေသ (၁) ကို ပြန်လည် ထိုးစစ်ဆင်ကာ နယ်ခြား မိုင်တိုင် အမှတ် (၆) ကို သိမ်းယူခဲ့သည်။ သို့သော် ဒေသခံ ပြည်သူ့စစ်များက ပြန်လည် တိုက်ခိုက်ခဲ့သည့်အပြင် တပ်မတော်ကလည်း ရဟတ်ယာဉ် အသုံးပြုခဲ့ကာ တိုက်ခိုက်ခဲ့သည့်အတွက် ယင်းနေရာကို ပြန်လည် သိမ်းယူခဲ့သည်။

နောက်ပိုင်းတွင် သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်ခဲ့ကြပြီး ၂၀၁၃ နှစ်ဆန်းပိုင်းတွင် တိုက်ပွဲများ ငြိမ်သက်ခဲ့ကာ ဇူလိုင် ပထမအပတ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့၏ ရှေ့တန်း စခန်းတို့မှာ နီးကပ်စွာ ရှိနေပြီး ကျေးရွာများတွင်လည်း ဒေသခံများက လက်နက်ကိုင်ကာ လုံခြုံရေး ယူထားသည် ကို တွေ့ရသည်။

ကချင် အထူးဒေသ (၁) နယ်မြေ အတွင်းတွင် ၂၀၁၂ခုနှစ် ဧပြီနှင့် ဇွန်လတို့တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူနှင့် ကျဆုံးသူ စာရင်းကို နှစ်ဦး နှစ်ဖက်မှ မသိရသော်လည်း ဦးလဂွေဆော်ဘောက်ကဲ့သို့ပင် ဒေသခံများ အပါအဝင် တပ်မတော်၊ ကေအိုင်အေ၊ နယ်ခြားစောင့်တပ် တို့မှ တိုက်ပွဲတွင် ဒဏ်ရာရကာ ခန္ဓာချွတ်ယွင်းရသူများ ရှိသကဲ့သို့ ကျဆုံးသွားသူများလည်း ရှိနေသည်။

ယင်းတိုက်ပွဲများကြောင့် အစားအသောက် ခက်ခဲပြီး ဒုက္ခရောက်ကြရသည်မှာ နယ်ခြား မိုင်တိုင် (၆) အနီးရှိ ဦးလဂွေဆော်ဘောက်တို့ နေထိုင်သော လဂွေကျေးရွာနှင့် ဖရဲကျေးရွာတို့ ဖြစ်သည်။ ယင်းကျေးရွာတို့မှ ဒေသခံတို့သည် ပန်ဝါမြို့သို့ တိမ်းရှောင်လာကြပြီး အဆိုပါ စာသင်ကျောင်းဟောင်း တွင် လူဦးရေ ၁၀၀ ကျော် ခိုလှုံလျက်ရှိသည်။ ဦးလဂွေဆော်ဘောက်မှာလည်း ဒဏ်ရာရရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်ချုံးမြို့တွင် ဆေးကုသမှု ခံယူပြီးနောက် မိသားစုရှိရာ စာသင်ကျောင်း ဟောင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။

“ကေအိုင်အေက သုံးတဲ့ သေနတ်က ပြောင်းမှာ မိုင်းတပ်ပြီး ပစ်လို့ရတယ်။ ကျွန်တော့် သေနတ်ဒင်မှာ မှန်ပြီ ကွဲသွားတာ။ အသားတွေက ပဲ့ထွက်ကုန်တယ်။ ဒါကြောင့် လက်ဖြတ်လိုက်ရတယ်။ မျက်လုံး တစ်ဖက် ထိတယ်။ ခေါင်းမှာလည်း ဒဏ်ရာတွေ ရတယ်။ လေးလလောက် ကုလိုက်ရတယ်” ဟု ဦးလဂွေဆော်ဘောက်က ဒဏ်ရာ ရခဲ့စဉ်က အခြေအနေကို ပြန်လည် ပြောပြသည်။

ဦးလဂွေဆော်ဘောက် တိုက်ပွဲတွင် ဒဏ်ရာ ရရှိသွားသည့်အတွက် ထိန်းချုံး ဆေးရုံတွင် ဆေးကုသမှု စရိတ်ကို ကချင် အထူးဒေသ (၁) အဖွဲ့က ကူညီပေးခဲ့သည့်အပြင် အစိုးရကလည်း ထောက်ပံ့ကြေး အဖြစ် ငွေကျပ် ခုနစ်သိန်းကို ပေးအပ်ခဲ့သည်။

ခန္ဓာကိုယ် ချွတ်ယွင်းသွားသော ဦးလဂွေဆော်ဘောက်သည် ဇနီး၊ အရွယ် မရောက်သေးသည့် သမီး ငါးယောက်တို့နှင့် လာရောက် နေထိုင်ကာ စစ်ဘေးရှောင် ဒုက္ခသည်များနှင့်အတူ အခက်အခဲများကို ဖြတ်သန်းလာသည်မှာ တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။

သမီး ငါးယောက်အနက် သုံးယောက်မှာ မူလတန်းတွင် ပညာ သင်ကြားနေပြီး ယင်းသမီးများအတွက် ပညာရေးစရိတ်များအပြင် ၎င်း၏ ကျန်းမာရေးအတွက် အကူအညီများ လိုအပ်လျက် ရှိသည်။ သို့သော် လိုအပ်နေသော အကူအညီများထက် သူ့အလိုချင်ဆုံး အရာတစ်ခုကို တုန်ယင်သော လေသံဖြင့် အောက်ပါအတိုင်း ရင်ဖွင့် ပြောဆိုသည်။

“ထမင်းစားနိုင်ဖို့ လက်အတုလိုချင်တယ်”

မျက်လုံးတစ်ဖက် ဆုံးရှုံးသော်လည်း တစ်ဖက်ကို အသုံးပြုကာ သွားနိုင်သေးသော်လည်း ၎င်းမှာလက် နှစ်ဖက်လုံး ဆုံးရှုံးသွားရာ ဘာတစ်ခုမျှ လုပ်ကိုင်မရသည့်အတွက် စိတ်ထဲတွင် အလိုမကျဖြစ်မှုကို လည်း ခံစားနေရပြီး လက်အတု တစ်စုံကိုသာ လိုချင်နေခြင်းလည်း ဖြစ်သည်။

လက်နှစ်ဖက် မရှိဘဲ လုပ်ကိုင် စားသောက်နိုင်ခြင်း မရှိတော့သည့် ၎င်းအတွက် အစိုးရက ထိခိုက်မှု ထောက်ပံ့ကြေး ငွေကျပ် ခုနစ်သိန်း ပေးထားပြီး ဖြစ်သော်လည်း ထိုငွေကြေးနှင့် လက်ရှိအခက်အခဲပင် ဖြေရှင်းမရနိုင်သေးသောကြောင့် အငြိမ်းစား ပင်စင်လစာ သဘောမျိုး နိုင်ငံတော်၏ လစဉ် ရေရှည် ထောက်ပံ့မှုမျိုး ရလိုကြောင်းကိုလည်း ဦးလဂွေဆော်ဘောက်က ပြောပြသည်။

သူသည် တိုက်ပွဲကြောင့် ခန္ဓာကိုယ် ချွတ်ယွင်းကာ ဒုက္ခ အခက်အခဲများကို ရင်ဆိုင်နေရသော်လည်း လူမျိုးစုအပေါ် စိတ်အစွဲကတော့ ပြင်းထန်နေဆဲ ဖြစ်သည်။ လက်ရှိ ဒုက္ခိတ ဖြစ်သွားရခြင်းကိုလည်း ‘ငါတို့နယ်မြေ၊ ငါတို့ လူမျိုးစုအတွက် ကာကွယ်ပြီးဖြစ်တာ’ ဟု လည်း လေသံပြင်းပြင်းဖြင့် ဆိုသည်။

သို့သော် ယင်းတိုက်ပွဲများတွင် ကေအိုင်အေနှင့် ဒေသခံ ပြည်သူ့စစ်များ တိုက်ခိုက်ခြင်းသည် ကချင်လူမျိုးထဲမှ လူမျိုးစုများ အချင်းချင်း တိုက်ခိုက်သကဲ့သို့ တပ်မတော်နှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်း၍ ကေအိုင်အေနှင့် တိုက်ခိုက်ခြင်းသည်လည်း တစ်နိုင်ငံတည်း တစ်ရေတည်းသောက်နေ သည့် တိုင်းရင်းသား ညီအစ်ကို အချင်းချင်း တိုက်ခိုက်ကြခြင်းသာ ဖြစ်သည်။

တိုက်ပွဲတို့၏ ရလဒ် ဆိုးကျိုးမှာ နှစ်ဖက် တပ်သားများနှင့် ဒေသခံများ အသက် ဆုံးရှုံးရသည့်အပြင် ဦးလဂွေဆော်ဘောက်ကဲ့သို့ လူ့သက်တမ်းတစ်လျှောက် ဒုက္ခ ကြုံတွေ့ရတော့မည့် ခန္ဓာကိုယ် ဆုံးရှုံး ထိခိုက်သူ များလာခြင်းနှင့် ဒေသတွင်း စီးပွားရေး၊ ပညာရေး နှောင့်နှေးမှုများ၊ လမ်းပန်းဆက်သွယ်ရေး များ ပျက်စီးခြင်းနှင့် စစ်ဘေး တိမ်းရှောင်သူများ ဒုက္ခရောက်နေခြင်းတို့ပင် ဖြစ်သည်။

စစ်ဘေး တိမ်းရှောင်သူများ နေထိုင်သော စာသင်ကျောင်းဟောင်း၏ မည်းမှောင်နေသော အခန်း အတွင်း မီးလင်းဖိုဘေးရှိ ခုတင်ပေါ်တွင် ငေးငိုင် ထိုင်နေသည့် ဦးလဂွေဆော်ဘောက် အနီးတွင် သမီး ငါးယောက်တို့ ဆော့ကစားနေကြသည်။ သစ်ကိုင်းသားလောင်ကျွမ်းနေသော မီးလင်းဖိုကိုကြည့်လျက် ‘လက်နှစ်ဖက် မရှိတဲ့အတွက် ဘာမှ လုပ်လို့မရဘူး။ လက်အတု လိုချင်တယ်ဗျာ’ ဟု ၎င်းက စိတ်အား ငယ်စွာ ပြောဆိုလျက် ဆော့ကစားနေသော သမီးငယ်ကို ရင်ခွင်ထဲ ခေါ်ယူလိုက်သည်။

အုံ့မှိုင်းနေသော ကောင်းကင်ထက်မှ ဇူလိုင်မိုးဖွဲတို့သည် ပင်လယ်ရေ မျက်နှာပြင်ထက် အမြင့်ပေ ရှစ်ထောင်ခန့်ရှိသော ပန်ဝါမြို့ကို အအေးဓာတ်တို့ လွှမ်းခြုံလျက် ရှိသည်။ လူတိုင်း အနွေးထည် ကိုယ်စီဖြင့် သွားလာနေသည့် ညနေပိုင်း အချိန်တွင် မည်းမှောင်သော အခန်းထဲမှ ဦးလဂွေ ဆော်ဘောက်တစ်ယောက် အင်္ကျီအပါး လက်ရှည် ဝတ်ကာ ထွက်လာပြီး အအေးဒဏ်ကို အန်တုလျက် ရှိသည်။ ထိုကဲ့သို့ပင် လက်နှစ်ဖက် နတ္ထိနှင့် မျက်လုံးတစ်ဖက် ပိတ်ထားရသည့် ဒုက္ခ အခက်အခဲများကို အန်တုရဦးမည် ဖြစ်သည်။
မင်းထက်စံ
The Voice Weekly





သခွတ်ပင်ရွာမှ အမေ့လျော့ခံလူစွမ်းကောင်းများ

ဓာတ်ပုံ- Chosun Ilbo သတင်းစာ
လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်ကဖြစ်သည်။ အချိန်ကား ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ ကိုစိုးငြိမ်းသည် သခွတ်ပင်ရွာမှ ရွာသားတစ်ဦးဖြစ်သည်။

ရာသီဥတုသာယာသော ထိုနေ့၏မနက် ၇ နာရီခန့်တွင် ရန်ကုန်မြစ်ဝနားရှိ သခွတ်ပင်ရွာမှ အသက် ၂၁ နှစ်အရွယ် ကိုစိုးငြိမ်းတစ်ယောက် နေ့စဉ်လုပ်ငန်းဖြစ်သော ငါးရှာရန်အတွက် မြစ်အတွင်းသို့ ထွက်ခွာရန်ပြင်ဆင်နေသည်။ ရေလုပ်သားလေးသည် မကြာမီ မိနစ်ပိုင်းအတွင်း သူ့ဘ၀အတွက် ကြီးမားသည့် အလှည့်အပြောင်းတစ်ခု ကြုံရတော့မည်ကို သူလုံးဝထင်မထားခဲ့။

လှော်တက်နှင့်ပိုက်ကွန်ကို လှေပေါ်တင်ကာ မြစ်ထဲသို့ထွက်လာခဲ့ပြီးနောက် ဒေသရိုးရာအစဉ်အလာအတိုင်း ဘေးကင်းရေး၊ ငါးများများ ဖမ်းမိရေးအတွက် စောင့်ရှောက်သူများအား ရည်စူးပြီး ဘိလပ်ရေပုလင်း၊ ဘဲဥတို့ကိုလှေဦးတွင်တင်ကာ ပသလိုက်သည်။

ပူဇော်ပသခံရသူများ၏ ဆောင်မမှုကြောင့် ဟုတ်၊ မဟုတ် သူမသိ။ ဟုတ်သည်ဆိုပါကလည်း တောင်းသည့်ဆုနှင့် ရသည့်ဆု မတူခဲ့။ ထိုနေ့တွင် သူရည်ရွယ်သလို ငါးများတော့ မဖမ်းမိခဲ့ဘဲ ရန်ကုန်ရှိ အာဇာနည်ဗိမာန်သို့ လာရောက် ဖောက်ခွဲခဲ့သည့်မြောက်ကိုရီးယားသူလျှိုနှစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။

သူ၏လှေငယ်သည် နန်းတော်ငူဟုခေါ်တွင်သည့် ချောင်းဝသို့ရောက်လာသောအခါတွင် မျက်နှာစိမ်းလူနှစ်ယောက်မှာ ကမ်းစပ်တွင်ထိုင်နေရာမှ ကြောက်လန့်တကြီးဖြင့် ချုံပုတ်ထဲသို့ ပြေးဝင်သွားခဲ့သည်။

ပိုက်တားနေစဉ်တွင် အဆိုပါမျက်နှာစိမ်းနှစ်ဦးချုံပုတ်ထဲမှ ပြန်ထွက်လာပြီး လှေနံရံကိုကိုင်ကာ သူနေထိုင်ရာသခွတ်ပင်ရွာသို့ ပို့ပေးရန် သူတစ်ခါမှမကြားဖူးလေသော ဘာသာစကားတစ်ခုဖြင့်ပြောသည်။

မျက်နှာစိမ်းများကိုကူညီရန်အတွက် သူ၏အတွေးထဲတွင် တွေဝေမှုများဖြင့် ပြည့်နေခဲ့သည်။

ဧည့်သည်နှစ်ဦး၏ ရုပ်ပုံမှာ တရုတ်မျက်နှာပေါက်ဖြစ်နေပြီး သူတစ်ခါမှမကြားဖူးသော ဘာ သာစကားကြောင့် ၄င်းတို့မှာ သင်္ဘောပျက်ကာ ပင်လယ်ဝရှိ သူတို့ရွာနားရောက်လာသူများလားဟု သူတွေးမိသည်ဟုဆိုသည်။ သို့သော်လည်း ပုဆိုးကိုယ်စီဝတ်ထားသော ထိုနှစ်ဦးကြောင့် ရေမျောကမ်းတင်တွေများလားဟူသော အတွေးသည်လည်းေ၀၀ါးခဲ့ရသည်။

မျက်နှာစိမ်းနှစ်ဦး၏ သွင်ပြင်လက္ခဏာမှာ သူ့အဖို့ ထူးဆန်းနေခဲ့သည်။ နှစ်ယောက်စလုံးက ဧရာမလွယ်အိတ်ကြီးများ ကိုယ်စီလွယ်ထားကြပြီး အိတ်ထဲသို့လည်း လက်တစ်ဖက်စီအမြဲတမ်း ထည့်ထားကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ကိုစိုးငြိမ်းနှင့် နောက်ထပ်ရောက်လာသော ရွာမှအဖော်တစ်ဦးတို့သည် ဧည့်သည်နှစ်ဦးအားလှေပေါ်ခေါ် တင်လာရန် ဆုံးဖြတ်လိုက်ကြသည်။ ပဟေဠိဆန်သောဧည့်သည်နှစ်ဦး လှေပေါ်သို့ စတက်သည်နှင့် သူ့ထံသို့နောက်ထပ် အတွေးတစ်ခု ထပ်မံရောက်လာရန်အကြောင်းဖန်လာ
ခဲ့သည်။ ထိုအတွေးတစ်ခုကား မြန်မာ့အသံမှ အဆက်မပြတ်ကြေညာနေသော လွတ်မြောက်နေသေးသည့် အာဇာနည်ကုန်းဗုံးခွဲနေသူ များအကြောင်းပင်။

သာမန်အချိန်တွင် နေ့လယ်ခေတ္တနားလေ့ရှိသော မြန်မာ့အသံသည် အခုတစ်လော မရပ်မနားထုတ်လွှင့်နေသည်။ ရေဒီယိုမှထုတ်လွှင့်သည့် တောင်ကိုရီးယားခေါင်းဆောင်ချန်ဒူးဝှမ်နှင့် ၄င်း၏အစိုးရအဖွဲ့ သွားရောက်မည့် အာဇာနည်ကုန်းတွင် အောက်တိုဘာ ၉ ရက်က ချိန်ကိုက်ဗုံးပေါက်ကွဲသည့် သတင်းသည် သခွတ်ပင်ရွာသား၏နားထဲတွင်စွဲနေသည်။ ထိုပေါက်ကွဲမှုကြောင့် လူ ၂၀ ကျော်သေဆုံးကာ ၅၀ နီးပါး ဒဏ်ရာရခဲ့သည်။ ထိုအထဲတွင် တောင်ကိုရီးယား အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများလည်း အပါအ၀င်ဖြစ်သည်။

ဧည့်သည်နှစ်ဦးမှာ နားလည်ရခက်ပြီး လျှို့ဝှက်လွန်းသောကြောင့် ပထမအတွေးများထက် ဖောက်ခွဲရေးသမားများ ဖြစ်နိုင်သည်ဆိုသော သူ့အတွေးမှာ ပိုမိုခိုင်မာလာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် လူစိမ်းနှစ်ဦးကို ရွာခေါ်သွားပြီး ရဲကင်းထံပို့ရန် ဆုံးဖြတ်လိုက်တော့သည်။

လှေပေါ်တွင်ကား စနစ်တကျလေ့ကျင့်ထားသည့် မြောက်ကိုရီးယားတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူနှစ်ဦးနှင့် တံငါရွာမှ ရွာသားလေး
နှစ်ဦးတည်း။

ဒေါသကြီးသည့် အာဏာရှင် ကြီးဦးနေ၀င်း၏ အစိုးရကို တစ်ပတ်ရိုက်ကာ မြန်မာပြည်ထဲဝင်ကာ ဗုံးဖောက်ခဲ့သည့် သူလျှိုနှစ်ယောက်ကို တံငါရွာမှ ရွာသားလေးနှစ်ဦးက ရဲလက်အပ်ရန်အတွက် လှေပေါ်တင်ကာ တစ်ပတ်ရိုက်ခေါ်လာနိုင်ခဲ့ပြီ။ အတိတ်ကိုတွေးတိုင်း စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နှက်နေသည်ဟု ကိုစိုးငြိမ်းက သူ၏အတွေ့အကြုံများကို ပြန်ပြောပြသည်။

“နောက်ပိုင်းပြန်တွေးကြည့်တော့ ကိုယ့်ကိုယ်ကိုယ် မိုက်ရူးရဲ ဆန်ခဲ့ပါလားလို့တောင် တွေးမိတယ်။ အဲဒီတုန်းကတော့ ဒီကောင်တွေကို ရအောင်ဖမ်းမယ်ဆိုတဲ့ အတွေးပဲရှိခဲ့တယ်။ သူတို့ဆီမှာက သေနတ်တွေလည်းပါတယ်။ အဲဒါတွေပြပြီး ပင်လယ်ထဲလိုက်ပို့ခိုင်းလည်းပို့ရ မှာပဲ”

ဆိုင်ရာပိုင်ရာကို ပူဇော်ပသထားသော ဘိလပ်ရည်နှင့် ဘဲဥပြုတ်များဖြင့် ကိုစိုးငြိမ်းတို့က လှေပေါ်တွင် ဧည့်သည်များအား ဧည့်ခံလိုက်သည်။ ၄င်းတို့ကလည်း ကိုစိုးငြိမ်းတို့ကို ၂၅ ကျပ်တန်တစ်ရွက်စီ ထုတ်ပေးသည်။ ကိုစိုးငြိမ်းတို့ပိုက်ဆံယူရန်ငြင်းဆန်သော်လည်း ဧည့်သည်များက ငြင်းလေပိုပေးလေလုပ်ကာ ၂၅ ကျပ်တန် တစ်ရွက်ပြီးတစ်ရွက်ထုတ်ခဲ့သည်။

နောင်တွင်မှ ဗိုလ်ကြီးကင်မင်ချူးဟု သိရသည့်သူက ပေါ့ပေါ့းပါးပါးနှင့် ရယ်ရယ်မောမောရှိခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း နောက်တစ်ယောက်ဖြစ်သည့် ဗိုလ်ကြီးဆင်ကီချူးဟုဆိုသူတစ်ယောက်ကတော့ ကျောက်ရုပ်လိုမရယ်မပြုံးနှင့် လှေပေါ်လိုက်လာခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုစိုးငြိမ်းတစ်ယောက် သူစိမ်းနှစ်ယောက်ကို လှေပေါ်ခေါ်တင်ခဲ့မိပြီဖြစ်သည်။ လမ်းတစ်လျှောက် အရာရာကို သတိကြီးစွာထားတတ်သည့် သူတို့နှစ်ဦးကို လှည့်ကွက်တစ်ခုသုံးရန် ကိုစိုးငြိမ်နှင့် သူ၏အဖော်တို့က လှေပေါ်မှာပင် တိုင်ပင်လိုက်ကြသည်။

ကိုစိုးငြိမ်းက ဗိုက်အောင့်ချင်ယောင်ဆောင်ကာ ကမ်းပေါ်တက်မည်။ ပြီးနောက် ရဲသွားခေါ်မည်။ အဖော်လုပ်သူက ပုံမှန်အတိုင်း
ခေါ်လာရန်ဖြစ်ပြီး ရဲနှင့် တွေ့တော့မှ ကျန်တာဆက်လုပ်ရန်ဖြစ်သည်။ ကိုစိုးငြိမ်းတစ်ယောက် ကမ်းပေါ်တစ်ယောက်တည်းတက်ရန် ကြိုးစားတော့ ဧည့်သည်နှစ်ယောက် လှေပေါ်တွင် ပြာပြာသလဲ ဖြစ်သွားခဲ့သည်။

“ဗိုက်နာတယ်ပြောတော့ ဆေးပြားတွေပေးတယ်။ မဟုတ်ဘူး အခင်းသွားချင်တဲ့ပုံစံပြတော့မှ မသက်မသာနဲ့ သွားဖို့ပြောတယ်။ ကျွန်တော်လည်း တစ်ခါတည်း ကမ်းပေါ်တက်ပြေးပြီး ကျေးရွာကောင်စီနဲ့ရဲဆီသွား အကြောင်းကြားတော့တာပဲ” ဟု ကိုစိုးငြိမ်းက
ပြောသည်။ ဦးစိုးညွန့်သည် သခွတ်ပင်ရွာမှ ကျေးရွာကောင်စီအတွင်းရေးမှူး ဖြစ်သည်။

သခွတ်ပင်ကျေးရွာကောင်စီ ၏ အတွင်းရေးမှူး ဦးစိုးညွန့်ထံ ထိုနေ့မနက်ခင်းတွင် ကိုစိုးငြိမ်းနှင့် ကျေးရွာရဲကင်းမှ ရဲတပ်ကြပ်ကြီးတို့ ပေါက်ချလာခဲ့သည်။ အမူအရာထူးခြားနေသော ၄င်းတို့နှစ်ဦးက နိုင်ငံခြားသားများအကြောင်းပြောကာ စစ်ဆေးရန်အတွက် ဦးစိုးညွန့်ကိုလာခေါ်ကြသည်။

သူတို့သုံးယောက် ထွက်လာခဲ့ပြီး ရွာလယ်လမ်းရောက်တော့ မုန့်ဆိုင်တစ်ဆိုင်တွင် မုန့်ဝယ်စားနေသော ကင်မင်ချူး၊ ဆင်ကီချူး တို့နှစ်ယောက်နှင့် ဦးစိုးညွန့်တို့ တည့်တည့်တိုးခဲ့သည်။ ဒူးယားစီးကရက်ခဲလျက် လွယ်အိတ်ထဲ လက်အမြဲထည့်ထားသော သူစိမ်းနှစ်ဦးကိုရှာဖွေရန်အတွက် ဦးစိုးညွန့်တစ်ယောက် ပြင်ဆင်လိုက်သည်။

ပြုံးပြုံးရွှင်ရွှင်ပြောဆိုလေ့ရှိသည့် ကင်မင်ချူးတစ်ယောက်တော့ သူ့လွယ်အိတ်ကိုအရှာခံသော်လည်း ဆင်ကီချူးတစ်ယောက်ကတော့ သူ့လွယ်အိတ်လည်း အရှာမခံသလို စကားလည်းမပြောခဲ့ဟု ဦးစိုးညွန့်က သူ၏ အတွေ့အကြုံကိုပြန်ပြောပြသည်။

“အဲဒီအချိန်မှာကတည်းက သူတို့ဖောက်ခွဲထွက်ဖို့ လုပ်တယ်ထင်တယ်။ ဒါပေမဲ့ ကလေးတွေ အနီးမှာရှိလို့လားတော့မသိဘူး။ ကလေးတွေကို ဂိုး...ဂိုး (Go...Go) လို့မောင်းထုတ်တယ်။ အဲဒီအချိန်မှာ ဒေါ်လာတွေလည်း သူတို့ဆီကရှာတွေ့တော့ တရားမ၀င်
ငွေကြေးဆိုပြီး ရဲကင်းကိုခေါ်စစ်ဖို့လုပ်ကြတယ်”

ရဲကင်းဆီသို့ သွားရာလမ်းသို့ မြောက်ကိုရီးယားသားနှစ်ဦး၊ ဦးစိုးညွန့်၊ ရဲတပ်ကြပ်ကြီးနှင့် သူ၏တပ်သားသုံးဦးတို့ထွက်လာခဲ့ကြသည်။

အသက်သုံးဆယ် မတိမ်းမယိမ်းသာရှိသေးသည့် ဦးစိုးညွန့်နှင့် ရဲတပ်ကြပ်ကြီးတို့သည် ဧည့်သည်နှစ်ဦးအား ရွာအစွန်ရှိ ရဲကင်းထဲတွင် စစ်ဆေးရန်ပြင်ဆင်လိုက်ကြသည်။ လေတိုက်တိုင်း ဟစိဟစိဖြင့် လှုပ်ခါရမ်းနေသည့် သွပ်ပြားများဖြင့်ကာရံထားသော အဆိုပါရဲကင်းကို အပြင်မှ ရဲသုံးယောက်က သေနတ်ဖြင့် အသင့်အနေအထားပြင်ဆင်ကာ ၀ိုင်းရံထားသည်။

ရယ်ရယ်မောမောနေတတ်သည့် ကင်မင်ချူး၏လွယ်အိတ်ကို ရဲတပ်ကြီးကစစ်ဆေးခဲ့ပြီး ဆင်ကီချူး၏လွယ်အိတ်ကို ဦးစိုးညွန့်က ရှာဖွေရန်ပြင်ဆင်လိုက်သည်။ ကင်မင်ချူးက အရှာခံသော်လည်း ဆင်ကီချူးက ငြင်းဆန်ပြန်သည်။ စိတ်မြန်လက်မြန်ရှိသည့် လူငယ်အတွင်းရေးမှူးက ဆင်ကီချူး၏အိတ်ထဲ အတင်းနှိုက်ရှာဖွေရန် ကြိုးစားလိုက်သည်။

ထိုစဉ် အခြေအနေက ရုတ်ခြည်းပြောင်းလဲသွားသည်။ ဆင်ကီချူးက သူ၏အိတ်ကို နောက်သို့လွှဲလိုက်ပြီး အိတ်ထဲမှ အရာတစ်ခုနှိုက်ကာ အပြင်ရှိရဲ တပ်သားများထံ ဦးစိုးညွန့်ခေါင်းပေါ်မှကျော်ကာ ပစ်ခွဲလိုက်သည်။ ထိုအရာဝတ္ထုသည် ပေါက်ကွဲသွား ပြီး ရဲကင်းတစ်ခုလုံး မီးခိုးလုံးများ ဖုံးအုပ်သွားခဲ့သည်။ ခဏတာ အချိန်အတွင်း ဆုံးဖြတ်ချက်တစ်စုံတစ်ရာကို ဦးစိုးညွန့် ခပ်မြန်မြန်ချလိုက်သည်။

သွပ်ပြားအပေါက်မှတစ်ဆင့် ရဲကင်းအပြင်ဘက်သို့ တိုးထွက်လိုက်သည်။ သူ့နောက်သို့ တစ်စုံတစ်ယောက် ပြေးလိုက်လာခဲ့သော်လည်း မည်သူမှန်းသတိမထားမိ။ ရဲကင်းထဲတွင်တော့ သေနတ်သံအချို့ကျန်ရစ်ခဲ့သည်။

အချိန်အနည်းငယ်ကြာတော့ ရဲကင်းဆီ သူတစ်ခေါက် ပြန်သွားတော့ လူလေးယောက်မှာ သွေးအိုင်ထဲလဲနေခဲ့သည်။ လေးယောက်အနက် ရဲတပ်ဖွဲ့ဝင်သုံးယောက်က အသက်ရှင်နေခဲ့သော်လည်း သူ့ကို စကားမပြောလိုသည့် ဆင်ကီချူးတစ်ယောက်ကတော့ မည်သူ့ကိုမှလည်း စကားမပြောနိုင်တော့။

ဒါဆို သူ့နောက်သို့ပြေးလိုက်ခဲ့သူမှာ ကင်မင်ချူးဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။

ဗုံးပေါက်ကွဲသံများကြောင့် ကိုစိုးငြိမ်း၊ သူ၏အဖော်သူငယ်ချင်းနှင့် ရွာသားများရဲကင်းဆီသို့ အပြေးရောက်လာကြသည်။ ဒီလောက်ဆိုလျှင် ထွက်ပြေးသွားသူမှာ မြောက်ကိုရီးယားသူလျှိုဖြစ်မှာ သေချာသလောက်ရှိပြီဖြစ်သည်။

အာဇာနည်ကုန်းဗုံးဖောက်ခွဲခဲ့သည့် ဗိုလ်မှူးအဆင့်ရှိ ဇင်မိုကို အောက်တိုဘာ ၁၀ ရက်ညပိုင်းတွင် ညောင်တန်းဆိပ်ကမ်းအနီး ပုစွန်တောင်ချောင်းအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။

ခဏတာအချိန်လေးအတွင်းတွင် သခွတ်ပင်ရွာသည် ဟောလိဝုဒ်စစ်ကားများလိုဖြစ်သွားခဲ့သည်။ ရွာ၏ကောင်းကင်ထက်တွင် ရဟတ်ယာဉ်များ ပျံသန်းနေပြီး တပ်မတော်သားများလည်း ရဟတ်ယာဉ်ပေါ်မှဆင်းသက်လာကြသည်။ ရေတပ်သင်္ဘောများကလည်း ပိတ်ဆို့ကာ ကင်မင်ချူးကို ရှာဖွေနေကြသည်။

ထိုနေ့နှင့် ညဘက်တစ်ညလုံး သူ့ကို တောနင်းရှာဖွေသည့် ရာနှင့်ချီသောလူများအား ကင်မင်ချူးတစ်ယောက် လှည့်စားနိုင်ခဲ့သည်။
သို့သော် နောက်တစ်နေ့ မနက်တွင်တော့ ဒိုက်များအကြား ပုန်းအောင်းနေသောသူ့ကို ရှာဖွေတွေ့ရှိသွားတော့သည်။

“သူ့ကိုတွေ့တော့ အရပ်သားတွေဖယ်ပြီး တပ်ကပဲအရှင်ဖမ်းဖို့ ကြိုးစားတယ်။ အဲဒီမှာ ရဲဘော်လေးတွေ သူ့ဝင်လုံးဖို့ကြိုးစားတုန်း ဗုံးဖောက်လိုက်လို့ သုံးယောက်လောက်သေသွားတယ်” ဟု ဦးစိုးညွန့်ကပြောသည်။

အဆိုပါဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာအစိုးရက နိုဝင်ဘာလအတွင်း မြောက်ကိုရီးယားနှင့် သံတမန်အဆက်အသွယ်ဖြတ် တောက်လိုက်သည်။

အရှင်ဖမ်းမိခဲ့သူနှစ်ဦးကို ရုံးတင်စစ်ဆေးချိန်တွင် ကင်မင်ချူးက ၀န်ခံထွက်ဆိုခဲ့သော်လည်း ဇင်မိုက ၀န်ခံခြင်း/ငြင်းဆန်ခြင်း မပြုခဲ့ကြောင်း ထိုစဉ်ကထုတ်ဝေသည့် အစိုးရပိုင်သတင်းစာများက ရေးသားကြသည်။

နောက်ပိုင်းတွင် ကြားသိရသမျှ သတင်းများအနက် ဇင်မိုကို သေဒဏ်ပေးခဲ့ပြီး ကင်မင်ချူးကို ချုပ်နှောင်ထားခဲ့ကြောင်း အင်းစိန် ထောင်တွင် ထိန်းသိမ်းခဲ့ရသူများကပြောသည်။

“ကင်မင်ချူးပုံကတော့ စိတ်ဓာတ်ကျတဲ့ပုံတော့မပေါ်ဘူး။ ဒါပေမဲ့ မိသားစုကိုတွေ့ချင်တဲ့ကိစ္စကိုတော့ ပြောတယ်။ မြန်မာပြည်က လူတွေက သူ့ရန်သူမဟုတ်ဘူး။ သူတို့သေတာ ၀မ်းနည်းတယ်လို့လည်းပြောတယ်။ သူ့ကြောင့် သူ့မိသားစု ဒုက္ခရောက်နိုင်တယ်လို့လည်း ပြောတာကြားဖူးတယ်” ဟု ၁၉၉၀ ပြည့်နှစ်များအတွင်းက သူတွေ့ခဲ့သော ကင်မင်ချူး၏ပုံစံကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောသည်။

လွန်ခဲ့သော နှစ် ၃၀ က ဦးခိုင်မောင်ရည်သည် တက်ကြွလှုပ်ရှားသည့် ကျောင်းသားတစ်ဦးအဖြစ် အင်းစိန်အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံခဲ့ရပြီး သူနေထိုင်ရာအဆောင်မှ ကင်မင်ချူးအား မကြာခဏမြင်တွေ့ရပြီး အထက်ပါသတင်းစကားများကိုလည်း အကျဉ်းထောင်အမှုထမ်းများမှ တစ်ဆင့်ကြားသိရကြောင်း ၄င်းကပြောသည်။

အချိန်ဟူသော ကာလတရား က ရွှေ့ပြောင်းလာခြင်းနှင့်အတူ လွန်ခဲ့သည့်အနှစ် ၃၀ က ဖြစ်ပွားခဲ့သည့် ထိုအရာများကို အတိတ် တွင်ချန်ခဲ့ပြီဖြစ်သည်။

ဒေါသကြီးသော အာဏာရှင်ကြီးဦးနေ၀င်းလည်း မရှိတော့။ ကိုစိုးငြိမ်းလည်း တံငါအလုပ်စွန့်လွှတ်ခဲ့သလို ဦးစိုးညွန့်လည်း ကောင်စီထဲတွင်မပါတော့။

ထို့အတူ တစ်ချိန်က စွန့်စားခဲ့သော ကိုစိုးငြိမ်း၏ လုပ်ရပ်များသည်လည်း ယခုအခါ စာရွက်ပေါ်တွင်သာ မှတ်တမ်းတင်ထားသည် ထက်မပိုခဲ့။

အကြောင်းက “သိမ်းခံရတဲ့ ကျွန်တော့်မိသားစုဆွေမျိုးတွေ လယ်ပြန်ရဖို့ ဟိုတစ်လောကလျှောက်တော့ ကျွန်တော်တို့ တစ်ချိန်က တိုင်းပြည်ကို အလုပ်အကြွေးပြုခဲ့ပါတယ်။ ငဲ့ညှာပါဦးဆိုပြီး ဂုဏ်ပြုစာရွက်နဲ့တွဲ တင်တယ်။ ဒါတွေလာမပြောနဲ့။ ဟိုတုန်းကနဲ့ ခုက အကန့်တွေ တစ်ကန့်စီလို့ပြောပြီး ပြန်လွှတ်လိုက်တယ်” ဟု ဦးစိုးငြိမ်းက စိတ်မကောင်းစွာဆိုလေသည်။
ထွန်းခိုင်
7Day News Journal



ဝိုင်းတော်သား တစ်ဦး၏ ဂျပန်တွင် အစွန်းရောက် မွတ်ဆလင် အကြမ်းဖက် ဆူပူမှုတွေ ဘာ့ကြောင့် မရှိသနည်း

ဂျပန်နိုင်ငံမှာ လောလောဆယ် မွတ်ဆလင်၂၀၀,၀၀၀ လောက်ရှိပြီး ဂျပန် ဥပဒေနှင့်အညီ နေရကြောင်း၊ ဂျပန်စကား ပြောရပြီး ဘာသာရေးကိစ္စကို အိမ်မှာပဲ လုပ်ခွင့်ရှိကြောင်း၊ ဂျပန်ရောက် မွတ်ဆလင်တွေဟာ ဂျပန်နိုင်ငံသားပိုင် ကုမ္ပဏီတွေမှာ အလုပ်လုပ်တာ မဟုတ်ဘဲ နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေမှာပဲ လုပ်ကြရကြောင်း၊ တိုင်းရင်းသားကုမ္ပဏီ အများစုက မွတ်ဆလင်ဆိုရင် အလုပ် မပေးကြောင်း၊ မွတ်ဆလင်တွေ ဂျပန်တွင် အိမ်ငှားရ မလွယ်ကြောင်း၊ အကယ်၍ မွတ်ဆလင် မိသားစု ကိုယ့်အိမ်ဘေး ရောက်လာတာနဲ့ အားလုံးက စောင့်ကြည့်ကြကြောင်း၊ ဂျပန် အမျိုးသမီးတစ်ဦး မွတ်ဆလင်နှင့်ယူလျှင် အကြဉ်ခံရကြောင်း၊ အာရဖီ မဒရပ်စာခေါ် အဖွဲ့အစည်းမျိုးကို ဂျပန်၌ ဖွဲ့ခွင့် မပေးကြောင်း၊ မွတ်ဆလင်တွေကို နိုင်ငံသား ဖြစ်ခွင့်မပေးတဲ့ နိုင်ငံဆိုလို့ ကမ္ဘာပေါ်တွင် ဂျပန်တစ်နိုင်ငံ တည်းသာ ရှိတဲ့အပြင် အမြဲတမ်း နေထိုင်ခွင့် (PR) ကိုတောင် မပေးကြောင်း သိရပါတယ်။
Freelance ဂျာနယ်လစ် Mohamed Juber က စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်မှု နောက်ပိုင်း ဂျပန် အပါအဝင် တိုင်းပြည် အတော် များများကို ခရီး လှည့်လည်ပြီးနောက် အစ္စလာမ် အစွန်းရောက်သမား တွေ ဂျပန်ကို ဒုက္ခမပေးနိုင်ဘူးလို့ သုံးသပ်ခဲ့ကြောင်း သိရပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ထုတ် News Watch ဂျာနယ်ပါ
‘ဝိုင်းတော်သား တစ်ဦး၏ ဂျပန်တွင် အစွန်းရောက် မွတ်ဆလင် အကြမ်းဖက် ဆူပူမှုတွေ ဘာ့ကြောင့် မရှိသနည်း’ ဆောင်းပါးမှ ကောက်နုတ်ချက်
The Voice Weekly

ချင်းတောင်ပေါ်က ပန်းရိုင်း

ကလေး၊ ဇူလိုင် ၆။
အချိန်က မနက် သုံးနာရီ။ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးကို ဆက်သွယ်ထားသည့် အဆင်းအတက်၊ အကွေ့အ၀ိုက်များလှသောတီးတိန် – ကလေး ကားလမ်းမှာ လျှပ်စစ်မီး အလင်းရောင် အလျဉ်းမရှိ။ပျို့အန်လာမည့် ရောင်နီကို မျှော်လင့်ရင်း အမှောင်ထုက ကြီးစိုးနေဆဲပင် ဖြစ်သည်။

အလင်းရောင်အားနည်းပြီးကြမ်းတမ်းသော ခရီးလမ်းပေါ်တွင် အပျိုဖော်ဝင်စ မိန်းမငယ် ၃
ဦးခြေလျှင်ခရီးဖြင့် မနားတမ်း တရွေ့ရွေ့ ဆင်းလာနေသည်။ မိုင်အရှည်အားဖြင့်၂၁ မိုင်ရှည်သည်။

သစ်ခွပန်းပလိုင်းလေးကို ကျောပိုးလွယ်ပြီး လက်ထဲမှာလည်းပွင့်နေဆဲသစ်ခွပန်းပင်တွေကို
ခပ်ဖွဖွဆုပ်ကိုင်ထားသည့် ကောင်မလေးများကိုမြင်လိုက်ရုံဖြင့် ချင်းတိုင်းရင်းသူလေးများဆိုသည်ကို သိပြီးသားဖြစ်၏။

ရိုးရာ ပလိုင်းလေးများကို ခေါင်းအားဖြင့် သယ်မ ထားကြသည်။လက်ထဲတွင်လည်း သစ်ခွပန်းကလေးများ ကိုယ်စီ ကိုင်ထားကြသည်။ သူတို့၏မျှော်လင့်ချက်က ကလေးမြို့ပေါ်တွင် သစ်ခွပန်းများ ရောင်းရန်ဖြစ်သည်။

ဈေးရောင်းသည့် အချိန်တွင် တစ်စုတစ်စည်းထဲ**ရောင်းကြခြင်းမဟုတ်။ တစ်ဦးချင်း လမ်းခွဲကာ
ကလေးမြို့ထဲတွင်**လှည့်လည်ရောင်းကြခြင်းဖြစ်သည်။

သူတို့အထဲမှ အသက်အငယ်ဆုံး ကလေးမလေးမှာ အသက်(၁၄)နှစ်ဝန်းကျင်အရွယ်ခန့်ရှိပေမည်။ အဖြူ၊**အပြာ၊ အ၀ါနှင့် ရောင်စုံသစ်ခွပန်းစည်းများက သူ့ကျောပေါ်ရှိ**ပလိုင်းထဲတွင် ပြည့်နေသည်။

ကလေးမြို့သို့ရောက်သည့်အချိန်ကား မနက် ၇ နာရီ ရှိချေပြီ။ နေ၏ အလင်းရောင် ထွက်သည်နှင့်ပူစပ်စပ် နေရောင်က ကျလေသည်။ ခေါင်းဆောင်းစရာမပါသာ ချင်းတိုင်းရင်းသူကလေးမှာချွေးများစို့၍ မောပမ်းနွမ်းလျပုံပေါ်နေ၏။

ချင်းတောင်ပေါ်မှခူးလာပြီး တကူးတက လာရောင်းသည့် သစ်ခွပန်းလေးများကိုတစ်စုံတစ်ယောက်များ ၀ယ်လေမလားဟူသည့် မျှော်လင့်ချက်သမ်းနေသောအကြည့်များ သူမ၏မျက်ဝန်းတွင်ပြေးလွှားနေသည်။

“သူတို့ကဗမာစကား သိပ်မတက်ကြဘူးလေ။ မြို့ပေါ်မှာ တစ်လမ်းဝင် တစ်လမ်းထွက်လျှောက်သွားနေတာ။ ၀ယ်ချင်တဲ့သူက ခေါ်တော့မှ သူတို့ သစ်ခွပန်းကိုရောင်းကြတယ်”ဟု ကလေးမြို့မှ အသက် ၅၀ ကျော်ခန့်ရှိ အမျိုးသမီး တစ်ဦးကပြောသည်။

အချိန်ကား နေ့လယ်(၁၁)နာရီခွဲခန့်ရှိနေပြီ။နေအပူရှိန်က ပို၍ အားကောင်းလာသည်။ မြို့ထဲတွင်
လှည့်လည်ရောင်းနေဆဲဖြစ်သည်။

“ပန်းက နှစ်စီးကို ငါးရာပါ”ဟု ချင်း အသံဝဲ၀ဲကလေးဖြင့် ထိုကလေးမက ဗမာလို ပြောသည်။

သစ်ခွပန်း ဆယ့်နှစ်မျိုးခန့်ပါရှိပေသည်။ ပန်းများသည် အကြီး အသေး၊ အရောင်အသွေး မျိုးစုံလှသည်။ နှစ်ပင်ခန့်ကို တစ်စည်းသတ်မှတ်သည်။ အပင်ကြီးသည့် ပန်းများကို တစ်ပင်တည်းဖြင့် တစ်စည်းသတ်မှတ်သည်။

တောင်ပေါ်တွင် ပွင့်သည့် ပန်းများဖြစ်သည့်အတွက် ငွေရင်းစိုက်ထုတ်ရန်မလို။သို့သော်
သစ်ပင်အမြင့်ကြီးများထိပ်တွင် တွယ်ကပ်ပေါက်နေတတ်သော သစ်ခွပန်းများကို စွန့်စားခူးယူခဲ့ကြရသည်။

နှစ်စီးကိုငါးရာဟုဆိုသော် ထိုကလေးမတွင် ပါလာသည့် ပန်းစည်းများအားလုံး၏ တန်ဖိုးမှာကျပ် ခုနှစ်ထောင်မှ တစ်သောင်း ၀န်းကျင်ခန့်သာရှိပေမည်။

နေမွန်းတည့်ချိန်သို့ ရောက်လုနီးပြီ။ပုလိုင်းထဲတွင် ပန်းများက ထက်ဝက်ပင် မကျိုးလှသေး။
မောပန်းနွမ်းလျမှုနှင့်အတူ ဆာလောင်မွတ်သိပ်ခြင်းတို့က ပေါင်းဖက် နှိပ်စက်နေဟန်တူ၏။

“အခု ချိန်ထိ ထမင်းမစားရသေးဘူး”ဟု သူမ၏ ဗမာလိုပြောလိုက်သည့် အသံက ၀ဲသည့်အပြင် ရှက်စိတ်နှင့် သိမ်ငယ်စိတ်ကလေးများ ရောထွေးနေသည်။

သို့သော် နောက်ထပ်ပွင့်အန်လာသည့် စကားလုံးများထဲတွင်သူမ၏စိတ်ခွန်အားများကို ထိတွေ့ခွင့်ရလိုက်သည်။ ၉ တန်းအောင်ပြီးကျောင်းနားထားရသည်ဟု ဆိုသော်လည်း နောက်နှစ်တွင် ကျောင်းပြန်တက်မည့်ရည်မှန်းချက်က ခိုင်မာနေသည်။

မန္တလေးဟု ဆိုသော မြန်မာနိုင်ငံ၏တတိယမြို့တော်ကြီးတွင် ၁၀ တန်းပြန်တက်ရန်အတွက် စိတ်အားထက်သန်နေသည်။ မိသားစု စားဝတ်နေရေးအတွက် သူ့ပုခုံးထက်မှာ သူနိုင်သမျှထမ်းနေခြင်းလည်းဖြစ်၏။

ကျောင်းပညာဆက်သင်ယူဖို့ စိတ်ထက်သန်မှုပြင်းပြနေသောသစ်ခွပန်းရောင်းသူလေးကဲ့သို့  ပညာရေးနှင့် မိသားစုစားဝတ်နေရေးအတွက်ရုန်းကန်နေကြရသည့် လူငယ်လူရွယ်ပေါင်းချင်းတောင်တန်းကြီးပေါ်တွင်မည်မျှရှိမည်ကို မခန့်မှန်းနိုင်တော့ပေ။

ယခုလိုမိုးရာသီတွင် ချင်းတောင်တစ်ခုလုံး ညှို့မှိုင်းအုံ့ဆိုင်းပြီး မိုးက သည်းသည်းထန်ထန်ရွာသွန်းတတ်ပေသည်။ထိုကဲ့သို့ မိုးရွာလျှင် ချင်းတောင်ကိုပြန်တက်ရမည့် အပြန်ခရီးက ခက်ခဲပင်ပန်းလှပေမည်။

သို့သော် ချင်းတောင်တန်းကြီးအိပ်တန်းမ၀င်ခင် ၂၁ မိုင်ဝေးသော အိမ်ပြန်လမ်းကို ခရီးနှင် ရပေဦးတော့မည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

ညောင်မြစ်တူးရင် ပုတ်သင်ပေါ်မို့ တူးဝံ့ရဲသလားမောင်တို့ရေ

Thursday, July 4, 2013










ဒီပစ္စည်းတွေ မှောင်ခိုလမ်းက ၀င်ဖို့ဆိုရင် အဲဒီလမ်းတစ်လျှောက်က

သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ကော မဆိုင်ဘူးလားပေါ့

သေချာတာတစ်ခုကတော့ မှောင်ခိုဟေ့ဆိုရင်

အာဏာပိုင်မပါဘဲနဲ့တော့ မရဘူးဆိုတာ

စီးပွားရေးသမားတိုင်း သိပြီးသားပါ . . .

ဟိုးတလောက မြန်မာနဲ့အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း တမူးမြို့မှာ တရားမ၀င် ကုန်သွယ်မှုအပြင် တခြားတခြားသော ပြစ်မှုတွေနဲ့ မြို့နယ် ရဲအာဏာပိုင်တွေကို နေပြည်တော်ဗဟို ရဲဌာနချုပ် ကနေ ၀င်ရောက်ဖမ်းဆီးခဲ့တဲ့ သတင်းတွေ ကြားရ၊ သိရ၊ ဖတ်ရတော့ ၀မ်းသာမိတာ အမှန်ပါပဲ။

တမူးမြို့ဆိုတာ မှောင်ခိုပစ္စည်းတွေနဲ့ ပတ်သက်ရင် တကယ့်ကို အထူးအဆန်း ဒေသတစ်ခုလို့တောင် ကျွန်တော် ဆိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အလုပ်ကိစ္စတစ်ခုနဲ့ တမူးမြို့ကို ရောက်ခဲ့တုန်းက တမူးမြို့ရဲ့တစ်ဖက်ခြမ်း အိန္ဒိယနိုင်ငံဘက်က မိုရေးမြို့ကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ မှောင်ခိုပစ္စည်းနဲ့ မေးမြန်းရာကနေ ငိုအားထက် ရယ်အားသန်ဖြစ်ရပ်လေး တစ်ခုကို ပြန်ပြောင်းသတိရခဲ့မိပါတယ်။

အိန္ဒိယနိုင်ငံဆိုတာ စတီးလ်အိမ်သုံးပစ္စည်းနဲ့ပတ်သက်လာရင် နာမည်ရထားတဲ့ နိုင်ငံတစ်ခုပါ။ မြန်မာနိုင်ငံသားတွေကလည်း တရုတ်ထုတ် စတီးလ်ပစ္စည်းတွေထက် အိန္ဒိယနိုင်ငံထုတ်တဲ့ စတီးလ်ပစ္စည်းကို အကြိုက်တွေ့ကြပါတယ်။ အကြိုက်တွေ့မယ်ဆိုရင်လည်း တွေ့စရာလေ။ ဘာလို့လဲဆိုရင် အိန္ဒိယထုတ် စတီးလ်ပစ္စည်းတွေဟာ ကြာရှည်ခံတဲ့အတွက်ကြောင့်ပဲ။ ဒါပေမဲ့လည်း မိုရေးမြို့က စတီးလ်လက်ကားဖြန့်နေတဲ့ ဆိုင်တစ်ခုမှာ စတီးလ်ပေါင်းအိုးဝင်ဝယ်ရင်း စတီးလ်ဈေးကွက်အကြောင်း စုံစမ်းမေးကြည့်တဲ့အခါမှာတော့။

““အစ်ကိုရာ . . .အခုက အိန္ဒိယပစ္စည်းတွေက တော်တော်လေးကို အရောင်းကျလာတယ်ဗျ။ ဘာလို့လဲဆို တော့ တရုတ်က ပစ္စည်းတွေကို အိန္ဒိယ တံဆိပ်ကပ်ပြီး ဈေးကွက်ထဲ သွင်းလာကြတယ်လေ။ သွင်းလာတဲ့ သူတွေကလည်း အိန္ဒိယဘက်က မဟုတ်ဘူးဗျ။ မြန်မာနဲ့ တရုတ်ဘက်က ကုန်သည်တွေလေ။ ပစ္စည်းကလည်း ဈေးသက်သာ၊ တံဆိပ်ကြည့်တော့လည်း အိန္ဒိယထုတ်ဆိုတော့ လူတွေက အ၀ယ်လိုက်ကုန်ကောလေ။ ဒီတော့ အိန္ဒိယထုတ်တွေ ရောင်းအားကျကုန်ကောဗျ။ မိုရေးဘက်က လူတွေကတော့ အိန္ဒိယထုတ်ကိုသိကြတော့ ပစ္စည်းအမှန်ကိုပဲ သုံးကြတယ်။ ဒါပေမဲ့ တမူးဘက်အခြမ်းနဲ့အထဲက လာတဲ့ကုန်သည်တွေကတော့ အဲဒါကိုမသိဘဲ ဈေးသက်သာတဲ့ တံဆိပ်ကပ် တရုတ်ဟာတွေကိုပဲ အ၀ယ်များကြတယ်ဗျ””ဟု မိုရေးမြို့က အိမ်သုံးစတီးလ်ပစ္စည်းတွေရောင်းတဲ့ ကိုစိုးမင်း (မြန်မာအမည်ခံထားသူ)က ပြောပြပါတယ်။

ထူးဆန်းအံ့ဖွယ်တစ်ခုက အဲဒီလိုတုပ ပစ္စည်းတွေအပြင် တရားဝင်တင်သွင်းခွင့်ရထားပါရဲ့နဲ့ အောက်လမ်း(မှောင်ခို)ကနေ ၀င်နေတဲ့ ပစ္စည်းတွေတောင်တွေ့ခဲ့ရတယ်။ အဲဒီပစ္စည်းတွေထဲမှာဆိုရင် မြန်မာပြည်ကို တစ်ဦးတည်းကိုယ်စားလှယ် တင်သွင်းခွင့်ရထားတဲ့ပစ္စည်းတွေပေါ့။ မကြာခဏဆိုသလို တစ်ဦးတည်းဖြန့်ချိပိုင်ခွင့်ရထားပြီးဖြစ်တဲ့၊ တရားဝင်တင်သွင်းခွင့်ပေးထားတဲ့ ပစ္စည်းတွေတောင် နယ်စပ်တွေကနေ ၀င်လာလို့ ဖမ်းဆီးလိုက်ရတဲ့သတင်းတွေက နိုင်ငံပိုင်သတင်းစာတွေမှာ တွေ့ရမှာပါလေ။ အနီးစပ်ဆုံးပြောရရင် တစ်နိုင်ငံလုံးကိုအဓိက ပစ္စည်းဖြန့်ပါတယ်ဆိုတဲ့ မင်္ဂလာဈေးကိုတောင် တရားဝင် တင်သွင်းခွင့်ရရှိထားတဲ့၊ တစ်ဦးတည်း ဖြန့်ချိခွင့်ရတဲ့ပစ္စည်းတွေဟာ မှောင်ခိုလမ်းကြောင်းကနေ ၀င်နေတာ ကြည့်သောသူမြင်၏ပါပဲ။

မကြာသေးခင်ကလည်း ကိုရီးယားနိုင်ငံက အလှပြင်ပစ္စည်းတင်သွင်းခွင့် တရားဝင်ရထားတဲ့ကုမ္ပဏီတစ်ခုက အဲဒီပစ္စည်းကိုပဲ အောက်လမ်းကနေ၀င်လာလို့ ရောင်းချခဲ့တဲ့ စတိုးဆိုင်တစ်ခုကိုရေးကြီးခွင်ကျယ်လုပ် တရားစွဲတဲ့သတင်းတစ်ခု ကြားလိုက်မိပါသေးတယ်။ ဖြစ်ပုံကပစ္စည်းထုတ်တာက ကိုရီယား၊ အောက်လမ်းက ၀င်လာတဲ့ပစ္စည်းကကိုရီးယားကနေ ထိုင်း၊ အဲဒီကတစ်ဆင့် မြန်မာပြည်ထဲ ၀င်လာတဲ့ပစ္စည်း။ အဲဒီစတိုးဆိုင်က ရောင်းလိုက်မိတဲ့ပစ္စည်း တန်ဖိုးက ဒေါ်လာ ၁၀၀ဖိုးတောင် မရှိပါဘူး။ ဒါပေမဲ့ အဲဒီတစ်ဦးတည်း ကိုယ်စားလှယ်ပါ ဆိုတဲ့ ကုမ္ပဏီကကနဦး ကြိုတင်ဖိအားပေးတဲ့အနေနဲ့ ရောင်းပေးလိုက်တဲ့ ဒေါ်လာ ၁၀၀ ဖိုးကို သူတို့စီက ပြန်ဝယ်၊ ပြီးရင်တစ်လကို ဒေါ်လာ ၁၀၀၀ ဖိုး မကုန်ကုန်အောင်ရောင်း၊ မကုန်ရင် နင်တို့စိုက် ဆိုတဲ့အပေါက်ချိုးပါလေကောဗျာ။ နောက်ဆုံးတော့ တရားရုံးကိုရောက်ကြသည်ပေါ့။ နောက်ထပ် ထူးဆန်းတာ တစ်ခု ထပ်ပြောရရင် အခု စတိုးဆိုင်လေးက ရောင်းတဲ့ပစ္စည်းမျိုး (မှောင်ခိုပစ္စည်း)က မင်္ဂလာဈေးမှာ ၀င်ဖမ်းမယ်ဆိုရင် တောင်ပုံရာပုံတောင် ရှိတယ်ဆိုပဲ။ ထားချေတော့။

ဒါဆိုရင် ဒီပစ္စည်းတွေက ဘာကြောင့်များ တရားဝင်တင်သွင်းခွင့်ရထားပါရဲ့နဲ့ မှောင်ခိုလမ်းကြောင်းကနေ ၀င်လာသလဲဆိုတာဟာ မေးခွန်းထုတ်ရတော့မှာပေါ့။ ပစ္စည်းတွေကပဲ အစစ်မဟုတ်လို့လား၊ ဒါမှမဟုတ် တရားဝင်လမ်းကြောင်းကနေ တင်လာရင် အခွန်ကိစ္စများနေလို့များလား၊ . . . လားပေါင်းများစွာ ရှိနေပါတယ်။ နောက်တစ်ခု ထပ်တိုးစဉ်းစားကြည့်မယ်ဗျာ။ ဒီပစ္စည်းတွေ မှောင်ခိုလမ်းက ၀င်ဖို့ဆိုရင် အဲဒီလမ်း တစ်လျှောက်က သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ကော မဆိုင်ဘူးလားပေါ့။ သေချာတာတစ်ခုကတော့ မှောင်ခိုဟေ့ဆိုရင် အာဏာပိုင်မပါဘဲနဲ့တော့ မရဘူးဆိုတာ စီးပွားရေးသမားတိုင်း သိပြီးသားပါ။ ဒီတော့လည်း ဒီတော့ပဲလို့ ပြောရတော့မယ်။

ဒါနဲ့ နောက်တစ်ခုက မှောင်ခိုပစ္စည်းတွေနဲ့ ပတ်သက်လို့ စားသုံးသူဘက်က ကြည့်မယ်ဆိုရင် တရားမ၀င် ပစ္စည်းဖြစ်နေပေမယ့် ဒီအရည်အသွေး၊ ဒီတံဆိပ်နဲ့ ပစ္စည်းမှန်ကန်တယ်ဆိုရင် ဈေးသက်သာတာကို ရွေးတတ်တာတော့ မဆန်းပါဘူးဆိုတာကိုတော့ ထည့်တွက်ရဦးမှာပေါ့လေ စီးပွားရေးသမားတို့ရယ်လို့ပဲ ပြောရတော့မယ်။ ဒါကြောင့်ပဲလားတော့မသိ၊ တရုတ်ကြီးက ဈေးပေါပေါနဲ့ အိန္ဒိယပစ္စည်းတွေ ထုတ်ပေး နေရော့သလားလို့တောင် မေးလိုက်ချင်မိပါရဲ့။

ထားချေဦးတော့။ မှောင်ခိုကိစ္စတွေနဲ့ ပတ်သက်လို့ ဇာတ်လမ်းတွေက အမျိုးမျိုးရယ်မို့ ကျွန်တော်ထပ်ကို မပြောချင်တော့တာ။ ကိုယ်တိုင်တောင် မှောင်ခိုပစ္စည်းလားလို့ ထင်လာမှာစိုးလို့လေ။

လက်ရှိမှာ အစိုးရက Mobile Team (ရွေ့လျားစစ်ဆေးရေးအဖွဲ့)တွေနဲ့ မှောင်ခိုလမ်းကြောင်းနဲ့ ဆက်စပ်မှုတွေကို ဖမ်းဆီးနှိမ်နင်းနေတာ တွေ့ရတော့ဝမ်းသာမိပါရဲ့နော်။ တမူး၊ ကလေး စတဲ့ မြို့တွေအပြင် အခုဆိုရင် ပျော်ဘွယ်မြို့ကိုပါ စစ်ဆေးနေတယ်လေရဲ့။ ဒါက မြန်မာပြည်ရဲ့ အနောက်ခြမ်းပေါ့နော်။ ဒါဆိုရင် အရှေ့ခြမ်းကောဗျာ။ မူဆယ်၊ တာချီလိတ်၊ မြ၀တီ၊ ဘုရားသုံးသူ၊ကော့သောင်း အားပါးပါးအများကြီးနော်။ နောက်တစ်ခုက မှောင်ခိုပစ္စည်းနဲ့အတူ မူးယစ်ဆေးဝါးတင်သွင်းနေတာလည်း မကြာခဏဆိုသလို ဖမ်းမိတဲ့ သတင်းက ပါနေကြပေါ့လေ။ KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ဗိုလ်မှူးကြီးတိုက်ဂါးကတော့ ပြောလေရဲ့။ ဒီမူးယစ်ဆေးဝါးရဲ့ တရားခံက ဘယ်သူဆိုတာပေါ့။ ကဲ ကဲ . . . ဒါလည်းထားချေဦးဗျာ။

ထားရတာတွေ များလာတော့လည်း ဘာပြောရမှန်းတောင် မသိတော့ပါလား။

အင်း . . .ကျွန်တော်လည်း တမူးမြို့က အိန္ဒိယလား၊ တရုတ်လားမသိတဲ့ ပစ္စည်းကနေ လျှောက်စဉ်းစား လိုက်တာ ရန်ကုန်က မှောင်ခိုပစ္စည်းနဲ့ အမှုကိစ္စတွေ၊ နောက်ဆုံးတော့ မြန်မာပြည် အရှေ့ဘက်ခြမ်းက မှောင်ခိုလမ်းကြောင်းကော မူးယစ်တွေကောပါကုန်ပြီ။ မဖြစ်ချေတော့ဘူး။ စာဖတ်သူတို့ မျက်စိလည်ကုန်တော့ ချေမယ်။ ပြောချင်တာကို တိုက်ရိုက်ပဲ ပြောလိုက်တော့မယ်။ အမြစ်မရှိရင် အကိုင်းအခက် မသန်ဘူးဆိုတာကို သိပြီးသားဖြစ်မှာမို့ ဘယ်ကိုင်းတွေ ဘယ်လိုချိုင်ချိုင် အမြစ်ဖြစ်တဲ့ ပတ်သက်သူတွေကို မဖယ်ရှားနိုင်ရင် တော့ဖြင့် လူမွှေယောက်ျား၊ မင်းစေများ ပြည်သူ့မီးပွားများပါပဲ။
အောင်ထွန်းလင်း
Myanmartandawsint Newspaper

ဘူတာဈေးကလေး

ကျွန်တော်တို့ မန္တလေးမြောက်ပြင် နယ်ဘက်မှာ ထူးထူးခြားခြား ဈေးကလေးတစ်ခု ရှိပါသည်။ ဈေးကလေးအတွင်းမှ
Thursday, July 4, 2013
ဈေးသည်များ၏ ရောင်းချပုံမှာ သာမန် ဈေးတစ်ဈေး၏ ရောင်းချပုံနှင့် အတူတူပင်ဖြစ်သော်လည်း ဈေးကလေး ခင်းကျင်းထားပုံမှာ ထူးခြားသည်ဟု ဆိုနိုင်ပါသည်။

ထိုဈေးကလေးမှာ အိုးဘို ဘူတာအနီးတွင်ရှိသော ဘူတာဈေးကလေး ဖြစ်ပါသည်။ ဘူတာဈေးကလေးအလည်တွင် မီးရထားသံလမ်းရှိပြီး ဈေးသည်များသည် မီးရထားသံလမ်းပေါ်မှာ ဈေးဗန်းကလေးများကို ခင်းကာရောင်းချကြပါသည်။ တနိုင်စာ အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်သော ဈေးဗန်းကလေးများသည် သံလမ်းပေါ်မှာ အစီအရီ ရှိပါသည်။

ဂွေးတောက်ရွက်နုနုကလေးများ ထည့်ထားသော ဈေးဗန်းကလေးတွေ၊ အဝေရာရွက်၊ ကင်းပုံသီး၊ ငရုတ်သီး စိမ်းထည့်ထားသော ဈေးဗန်းကလေးတွေ၊ ငါးဇင်စပ်၊ ငါးစင်ရိုင်း၊ ငါးခုံးမစသော ငါးပေါက်စကလေးတွေ ထည့် ထားသော ဈေးဗန်းကလေးတွေ၊ မန်ကျည်းသီး စိမ်းနုနုကလေးတွေ ထည့်ထားသော ဈေးဗန်းကလေးတွေ၊ ဆူးပုပ်ကြီး၊ သရက်သီး၊ နှမ်းဖတ်ချဉ် ထည့်ထားသော ဈေးဗန်းကလေးတွေ၊ အစီအရီရှိပါသည်။ ဈေးသည် ကလေးများသည် တချို့က ဇလီဖါးတုံးများပေါ်တွင် ထိုင်လျက်၊ တချို့က သံလမ်းပေါ်တွင် ထိုင်လျက်ရောင်းချနေကြပါသည်။ သံလမ်း၏ ဝဲယာဘက်တွင်တော့ နေရာအတည် တကျခင်းကျင်းရောင်းချနေကြသော ဈေးသည်တွေ ရှိပါသည်။ စဥ့်တီတုံးခုတ်ဓါးနှင့် ငါးများကို အကျအနတင်ကာ ရောင်းချနေသော ဈေးသည်များ၊ ဝက်သား၊ အမဲသားသည်များ၊ ကြက်သားသည်များသည် သံလမ်း၏ အနောက်ဘက်မှာ ရှိနေကြပါသည်။

ငါးကြင်းတစ်ကောင်ကို အကြေးလှန်နေပုံ ခုတ်ဓါးဖြင့် ''ဒုံး''ကနဲ ပိုင်းချလိုက်ပုံ၊ ချိန်ခွင်ထဲသို့ ဆတ်ကနဲထည့် လိုက်ပုံ၊ ''သာတယ်နော်'' ဟုပြောကာ ဈေးဝယ်ကို ထည့်ပေးလိုက်ပုံတို့ကို မြင်နိုင်ပါသည်။ ကြက်သားသည်က အတောင်ပံသပ်သပ်၊ လည်ချောင်းသပ်သပ်၊ ခြေထောက်သပ်သပ်ခွဲကာ သီးသန့်စီ ရောင်းချနေပုံ၊ ရင်အုပ်နှင့် ပေါင်သားတို့ကို ဈေးကောင်းကောင်းနှင့်

ရောင်းချနေပုံတို့ကိုလည်း တွေ့နိုင်ပါသည်။ စဥ့်တီတုံး၊ ဓါးနှင့်သူတို့ လက်မှာ သွေးတွေ ပေကျံနေပါသည်။

သူတို့လက်မှာ တစ်ခါတရံ လက်ကောက်တွေ ဝတ်ထားတတ်တာ တွေ့ရတတ်ပါသည်။ အမဲသားဆိုင်အောက်မှာ ဈေးခွေးတစ်ကောင်က ငြိမ်ငြိမ်သက်သက်ဝပ်ကာ စဥ့်တီတုံးပေါ်မှ အမဲရွတ်ကို မျှော်နေပါသည်။ ဝက်သားဆိုင်က အမြဲ လူစည်နေလေ့ရှိသည်။ ကျွန်တော်သည် ဘူတာဈေးကလေး၏ မြောက်ဘက်စွန်းစွန်း ''အိုးဘို'' ဘူတာဟူသော ဆိုင်းဘုတ်အနီး ဆိုင်ခန်းခုံနှင့် အကျအန ဝက်သားဆိုင်မှာ မကြာမကြာ ဝယ်ယူလေ့ ရှိပါသည်။ နေမြင့်လျှင် သူ့ဆိုင်မှ ဝက်သား မရတော့ပါ။ တစ်ခါတရံ ဆွမ်းကျွေး၊ ဘုံလောင်းတို့မှ ပိသာချိန် များများ ဝယ်ယူသွားပြန်လျှင်လည်း ကျွန်တော်တို့ဖို့ မကျန်တော့ပါ။ ဘူတာဈေးကလေးထဲမှာ ဝယ်ယူလို့ အကောင်းဆုံးကတော့ သံလမ်းပေါ်မှ ငါးသည်ကလေးများ ဖြစ်ပါသည်။

သူတို့သည် ငါးပေါက်စကလေးများကို အပုံကလေးတွေ ပုံထားတတ်သည်။ တစ်ပုံကို ဘယ်၍ဘယ်မျှနှင့် ရောင်းချတတ်သလို အလေးချိန်ခွင်နှင့်လည်း ချိန်တွယ် ရောင်းချတတ်ကြပါသေးသည်။ သူတို့သည် ဝယ်လို့ကောင်းသော ငါးသည်ကလေးများဖြစ်သဖြင့် ကျွန်တော် ရံဖန်ရံခါ ဝယ်ယူလေ့ ရှိပါသည်။ သံလမ်းပေါ်သို့ တက်လိုက်သည်နှင့် ရောင်းချနေသော သူတို့ မျက်နှာကလေးများကို တွေ့ရပါတော့သည်။ ''ဝယ်ပါ ဦးအစ်ကိုကြီးရဲ့'' ဟုလည်း ပြောတတ်ကြသေးသည်။

နေအတန်မြင့်၍ ဈေးကွဲစပြုချိန်ရောက်ပြီဆိုလျှင် သူတို့အသံစာစာ ကလေးများက ပို၍ ညံလာလေ့ရှိပါသည်။ မည်သို့ဖြစ်ပါစေ ဒီကနေ့ ရောင်းမကုန်ခဲ့သော ငါးဇင်ရိုင်းများသည် နောက်တစ်ရက် နှစ်ရက်တွင် ငါးကလေးခြောက်များအဖြစ် သူတို့ဈေးဗန်းထက်သို့ ပြန်လည်၍ ရောက်ရှိလာလေ့ ရှိပါသည်။ ကျွန်တော်သည် ငါးသည် ကလေးများထံမှ ငါးဇင်ရိုင်းခြောက် ကလေးများကို ဝယ်ယူခဲ့ဖူးပါသည်။

ထို့အတူ ဂွေးတောက်ရွက်နုနုကလေးများ၊ မန်ကျည်းရွက် နုနုကလေးများကိုလည်း သံလမ်းပေါ်မှ ဈေးသည် ကလေးများထံမှ ဝယ်ခဲ့ဖူးပါသည်။

၁ဝ နာရီထိုးပြီးချိန်လောက်တွင် ဘူတာ ဈေးကလေးထဲမှ သံလမ်းအတိုင်း မြောက်ဘက်ထဲမှ မတ္တရာရထား ဝင်လာပေပြီ။ ရထားသည် ဥသြသံရှည်ကိုဆွဲကာ မှန်မှန်ကြီး ခုတ်မောင်းဝင်လာခြင်း ဖြစ်သည်။ ရထား ခုတ်မောင်းဝင်လာသံကို ကြားလိုက်ရပြီဆိုလျှင် သံလမ်းပေါ်မှ ဈေးသည်ကလေးများသည် သူတို့၏ ဈေး ဗန်းများကို မယူကာ သံလမ်းပေါ်မှ ဆင်းကြ ရှောင်ကြတိမ်းကြပါသည်။

ဘူတာဈေးကလေးထဲမှာ ကျွန်တော် ဈေးဝယ်နေချိန်ရထား ခုတ်မောင်းဝင်းလာသည်ကို ကြုံခဲ့ဖူးပါသည်။ ကျွန်တော်သည် ဈေးကလေး အလယ်သံလမ်းအတိုင်း ခုတ်မောင်းဝင်လာသောရထားကို ကြည့်နေမိပါသည်။

ကျွန်တော့နံဘေးတွင် ခြေထောက်သုံးချောင်းနှင့် ဈေးခွေးသည် သိမှုတစ်ခုဖြင့် ငေးစိုက်ကြည့်နေပါသည်။ ရထားသည် သံလမ်းအတိုင်း တဂျုံးဂျုံးတဂျက်ဂျက် ခုတ်မောင်းကာ ဟိုတစ်ဖက်သို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားပါသည်။ ရထားက ဈေးကလေးကို လွန်သွားပြီဆိုသည်နှင့် သံလမ်းပေါ်မှာ ဈေးဗန်း ကလေးများ ဈေးသည်ကလေးများ ပြန်လည် ရောက်ရှိလာပြန်ပါသည်။ သံလမ်းပေါ်မှ ဈေးသည် ကလေးများသည် သူတို့ပြော လက်စစကားကို ဆက်ပြောကြသည်။ သူတို့ လုပ်လက်စအလုပ်ကို ဆက်လုပ်ကြသည်။

(ငါးသည်ကလေးများက ငါးဇင်းရိုင်းပေါက် ကလေးများ၏ ဆူတက်ကို ဖဲ့နေကြသည်။) စွန်တာနီပဲသည် ကလေးက ပဲအခွံညှစ်လက်စကို ဆက်ညှစ်နေကြသည်။ သည်ဈေးကလေး အလယ်ခေါင်လောက်တွင် သံလမ်းမောင်း ခုလုပ်ခုံဟောင်းတစ်ခုရှိပြီး ¤င်းသံလမ်း မောင်းခုလုပ်ခုံအနီးတွင် နို့ထမင်းသည် တစ်သည် ရှိပါသည်။ နို့ထမင်းသည် အတော်ပင် ကြီးမားသော ဒန်အိုးကြီးတစ်လုံးဖြင့် နို့ထမင်းများကိုထည့်ကာ ကျိုလာပါသည်။ သူ့နို့ထမင်းမှာ နို့စိမ်းရောင်လဲ့လဲ့ သမ်းနေပြီး အလွန်ဆိမ့်ပါသည်။ နို့ထမင်းဝယ်သူကို ထန်းလျှက်ရည် ထုပ်ကလေးများ ထည့်ကာပေးတတ်ပါသည်။ ထန်းလျှက်ရည် မကြိုက်လျှင် သကြားထုပ် ကလေးများ ထည့်ပေးပါသည်။

ကျွန်တော်သည် ဘူတာ ဈေးကလေးထဲသို့ နို့ထမင်းဝယ်ရန်သက်သက်ဖြင့်လည်း မကြာမကြာ ရောက်ခဲ့ဖူး ပါသည်။ နို့ထမင်းသည်သည် သံလမ်းမောင်းခလုတ် ခုံဟောင်းအောက် အနောက်ဘက်ဘေးတွင်ရှိပြီး သူနှင့်မျက်နှာချင်းဆိုင်တွင် ပန်းသည် ရှိပါသည်။ ပန်းသည်သည် သူ့ပန်းများကို စိမ်းစို လန်းဆန်းနေစေရန် ပြင်ဆင်၍ ခင်းကျင်းထားပါသည်။ ဆောင်းတွင်းပိုင်းဆိုလျင် သူ့ဆိုင်မှ ဂန္ဒမာပွင့်ဖြူ လှလှကြီးများကို ကျွန်တော်ဝယ်ယူလေ့ရှိပါသည်။ သည်ပန်းဆိုင်နှင့် မျက်စောင်းထိုးလောက်တွင် ဒန်အိုး ဒန်ခွက်ပန်းကန်၊ ဇလုံ၊ ရေခွက်စသော သတ္တုနှင့် စတီးပစ္စည်းရောင်းသောဆိုင် ရှိပါသည်။ ဆိုင်ရှင်မှာ ကုလားလင်မယားဖြစ်ပြီး သူတို့ဆိုင်မှ ဒန်အိုးဒန်ခွက်များကို ဝယ်ချင်လာအောင် ပြောဆိုကာ ရောင်းချလေ့ရှိပါသည်။ ကျွန်တော်သည် သူတို့ဆိုင်မှ သတ္တုရေဖလားနှစ်လုံး ဝယ်ယူ အသုံးပြုခဲ့ဖူးပါသည်။

ဒန်အိုးဒန်ခွက်နှင့် ကပ်လျက်တွင် မိုးကာစကလေးခင်းကာ မြေပဲဆံ၊ မြေထောက်ပဲ၊ ပဲနီကျား၊ ပဲရာဇာ စသည် တို့ရောင်းသော ဈေးသည်တစ်ဦး ရှိပါသည်။ ဈေးသည်မှာ အတော်ပင် အသက်အရွယ်ရနေပြီဖြစ်သော အမေကြီးတစ်ယောက် ဖြစ်ပါသည်။ ထိုအမေကြီးမှာ မွန်မွန်ရည်ရည်နှင့် သန့်သန့်ပြန့်ပြန့် ရှိသည်။ ဆင်းရဲနွမ်းပါးပုံ ရသော်လည်း ကြည်ကြည်လင်လင် ရှင်းရှင်းသန့်သန့် ရှိပါသည်။ ကျွန်တော်သည် ထိုဈေးသည် အမေကြီးကို စိတ်ထဲမှ ခင်မင်မိသဖြင့် သူ့ဆိုင်မှ မြေပဲဆံ၊ မြေထောက်ပဲတို့ ဝယ်ယူခဲ့ဖူးပါသည်။

ဘူတာဈေးကလေးသည် မန္တလေးမြို့ အစွန်တွင် တည်ရှိပါသည်။ မန္တလေးမြို့ မြောက်ပြင် အိုးဘိုရပ်သည် ဈေးကလေး၏ အနီးဝန်းကျင်ရပ်ကွက် ဖြစ်ပါသည်။ ဘူတာ ဈေးကလေးသို့ သွားမည်ဆိုလျှင် ၇၆ လမ်းအတိုင်း ၁ လမ်း ၂ လမ်းကို ဖြတ်သန်းလိုက်လျှင် ရောက်ရှိနိုင်ပေပြီ။ ဤနေရာတွင် ၁ လမ်း ၂ လမ်းဟု သုံးနှုန်းထားသော်လည်း လမ်းညွှန်အမှတ်အသားပြ မှတ်တိုင် မရှိပါ။ (သို့ရာတွင်) ၂ လမ်း ကျုံးထောင့်မှ ရေတွက်ကြည့် ပါက ဘူတာဈေးကလေး အနီးဝန်းကျင်သည် ၁ လမ်း ၂ လမ်း ဖြစ်သည်မှာ သေချာပါသည်။) သည်ဈေး ကလေး သည် လက်လုပ်လက်စား မိသားစုများ၊ လစာ အသင့်အတင့်ရသော ဝန်ထမ်းမိသားစုများ လာရောက်ဝယ်ယူကြရာ ဈေးကလေး ဖြစ်ပါသည်။

တနင်္ဂနွေ ဥပုသ်နှင့် လကုန်ရက်များဆိုလျင် ဈေးကလေးဟာ ပို၍ စည်ကားလေ့ ရှိပါသည်။ သည်ဈေးကလေး သို့ ပေဦးပေါ်ဖျား သစ်သီးများ နောက်ကျပြီးမှ ဝင်ရောက်လာလေ့ ရှိပါသည်။ မရမ်းသီး ပေါ်စချိန်ဆိုလျင် သည်ဈေးကလေးထဲမှာ မတွေ့ရ။ အင်ဥပေါ်စဦးအချိန်ဆိုလျှင် သည်ဈေးကလေးထဲမှာ မတွေ့ရ။ သည်ဈေး ကလေးထဲသို့ မရမ်းသီးများ ဝင်ရောက်လာပြီဆိုလျှင် မရမ်းသီးများမှာ ကြီးကြီးရင့်ရင့်ကြီးများ ဖြစ်နေကြပြီ။ သည်ဈေးကလေးထဲသို့ အင်ဥများ ဝင်ရောက်လာပြီဆိုလျှင် အခွံများ မာကျောစပြုနေပေပြီ။ သည်ဈေးကလေး ထဲသို့ ပုရစ်များ ဝင်ရောက်လာပြီဆိုလျှင် ပုရစ်များမှာ ပေါင်းထားသော ရက်လွန်ပုရစ်များ ဖြစ်နေပေပြီ။ သည်ဈေးကလေးထဲမှာ ဝယ်လို့ အကောင်းဆုံးကတော့ ငါးပေါက်စ ကလေးတွေပါပဲ။

ငါးသည်ကလေးတစ်ယောက်ရဲ့ ဈေးဗန်းထဲမှာ မြစ်ငါးတွေ တဖြတ်ဖြတ် ခုန်နေတာကို ကြိမ်ဖန်များစွာ ကျွန်တော် မြင်တွေ့ခဲ့ဖူးပါသည်။ မှန်ပါသည်။ လက်ထဲမှာ ငွေကြေးအသင့်အတင့်ရှိယုံဖြင့် တစ်နေ့စာ ဟင်းချက်စရာကို မြိန်မြိန်ယှက်ယှက် ရနိုင်အောင်ဝယ်ယူနိုင်သည်မှာလည်း သည် ဘူတာဈေးကလေးပင် ဖြစ်ပါသည်။ ဟော ''အိမ်နောက်ဖေးရထားသံလမ်းမှ ရထား ဝင်ရောက်လာသံကို ကြားရပြီ။ ဘူတာဈေး ကလေးထဲက ငါးသည်ကလေးရေ ဒီနေ့ ရောင်းလို့ ကောင်းပါစ''။
နေမျိုး
Mizzima - News in Burmese

လိုရာဆွဲရေးသော ဟန်နာဘိခ်ျ ဆောင်းပါးနှင့် နောက်ဆက်တွဲ ပြဿနာများ

ဇူလိုင် ၁ ရက်နေ့ထုတ်ဝေဖြန့်ချိမည့် တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးဖြစ်သည့် The Face of Buddhist Terror  ဆောင်းပါးနှင့်ပတ်သက်၍ အစိုးရကဖွဲ့စည်းလိုက်သော အရေးပေါ်ကာလစီမံ ခန့်ခွဲရေးဗဟိုကော်မတီ ၁/၂ဝ၁၃မှနေ ၍ ထိုစာအုပ်ကို ပိတ်ပင်ကြောင်း ကြေ ညာလိုက်ပါသည်။ ထိုကြေညာချက်တွင် ‘အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟို ကော်မတီ၏ လုပ်ငန်းတာဝန်နှင့်အညီ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ ထပ်မံမဖြစ်ပွားအောင် ကာကွယ်နိုင်ရန် ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁ ရက်နေ့ ထုတ် တိုင်းမ်မဂ္ဂဇင်းအတွဲ-၁၈၂၊ အမှတ်-၁ ပါ The Face of Buddhist Terror  ဆောင်းပါးကို ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော်အတွင်း မူရင်း စာစောင်နှင့် ဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်ဝေခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်းမလုပ်ရန် အများပြည်သူအကျိုးငှာ ကြေညာလိုက်သည်” ဟု ထုတ်ပြန်ကြေညာချက်ကို ဖတ်လိုက်ရသည်။

တိုင်းမ်မဂ္ဂဇင်းတွင် ထိုဆောင်းပါးကို ရေးသူမှာ ဟန်နာဘိခ်ျဆိုသော Time သတင်းထောက်ဖြစ်၏။ ထိုအမျိုးသမီးသည် မြန်မာနိုင်ငံသို့လာရောက်ပြီး သူမစွပ်စွဲရေး သားသောအရှင်ဝီရသူနှင့်လည်း တွေ့ဆုံခဲ့သည်။မြန်မာပြည်တွင် ဖြစ်ပွားသောဘာသာရေးနွယ်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို မေးမြန်းခြင်း၊ ကိုယ်တိုင်လေ့ လာခြင်းများ ပြုလုပ် သည်လည်း ဖြစ်နိုင်ပါသည်။ သို့သော် ဟန်နာဘိခ်ျရေးသားချက်သည် မိမိလိုရာဆွဲ၍ ရေးသားသောဆောင်းပါးဖြစ်သည်။ ဘာသာရေးအမြင်မတူမှု၊ ကွဲပြားမှုများကို ဘာသာရေးအကြမ်းဖက်မှုအ ဖြစ်ကောက်ချက်လွဲချကာ ရေးသားခြင်း ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု အစိုးရက အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီကိုပင်ဖွဲ့ကာပြဿနာများ မဖြစ်ပွားအောင်၊ ကြီးသည့်အမှုငယ် အောင်၊ ငယ်သည့်အမှုပပျောက်အောင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုရပေ မည်။ တိုင်းပြည်တွင် ထိုကဲ့သို့လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ မဖြစ်ပွား အောင် ကာကွယ်ခြင်းသည် ကောင်း သည့် အပြုအမူဖြစ်ပါသည်။ သို့သော် ထိုသို့ ကော်မတီ များဖွဲ့၍ ကာကွယ် တားဆီးမှုသည် -

(၁)    ပြဋ္ဌာန်းထားသော ဥပဒေများအ တိုင်း အပိုအလိုမရှိ အတိအကျဆောင် ရွက်နိုင်ရမည်၊
(၂)    လူ့အခွင့်အရေးကို လေးစားလိုက် နာခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းရှိရ မည်၊
(၃)    သတင်းဌာနများ၊ သတင်းစာများ၊ ဂျာနယ်များနှင့်သတင်းသမားများ၏ လွတ်လပ်ခွင့်ကိုပါ ထိပါးနှောင့်ယှက် ခြင်း မဖြစ်စေရ၊
(၄)    လူတစ်ဦးချင်းနှင့် ပြည်သူတစ်ရပ် လုံး၏ လွတ်လပ်စွာရေးသားခြင်း၊ လွတ် လပ်စွာ ဖတ်ရှုလေ့လာခြင်းစသော လွတ်လပ်ခွင့်များကို ဟန့်တားပိတ်ပင် ခြင်းမရှိစေရ၊
(၅)    နိုင်ငံသားများ၏ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးများကို ဟန့်တား နှောင့်ယှက်ခြင်းမရှိစေရ

ဆိုသောအချက်များကို အလေးအနက်ထားပြီး ကာကွယ်ရပေလိမ့်မည်။ ထိုအခြေအနေများနှင့်ပတ်သက်ပြီး ဇွန် လ ၂၅ ရက် ပြည်သူ့လွှတ်တော်အစည်း အဝေးခေတ္တရပ်နားချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က မီဒီယာများကို ပြောပြ သည့် ”ဘာသာတရားကို ကာကွယ်တာ ဟာ အဓိကယုံကြည်မှုပဲ။ ဒီဘာသာကို လိုက်စားသူတွေရဲ့ ယုံကြည်မှုက ခိုင်မာ ရင်ဘယ်အရာကမှ၊ ဘယ်သူကမှ လာ လှုပ်လို့မရပါဘူး” ဆိုသော ပြောကြား ချက်ကို အလေးအနက်ထားသုံးသပ်ဖို့ လိုပါသည်။

စင်စစ်အားဖြင့် ဘာသာတ ရားတိုင်းသည် မည်သည့်ဘာသာမဆို အကြမ်းဖက်မှု၊ အနိုင်အထက်ပြုကျင့်မှု၊ စစ်ခင်းမှု၊ လူသားအချင်းချင်းသတ်ဖြတ် မှုကို ဆန့်ကျင်ကြ သည်ချည်းဖြစ်သည်။ ဘယ်ဘာသာကမှ လူသတ်ဖို့ မတိုက် တွန်းပေ။ လူသားကို ကယ်တင်ရန်သာ တိုက်တွန်း၏။ ထိုကဲ့သို့ လေးနက်သော တရားများ ဘာသာတိုင်းတွင် ရှိပါလျက် လူသားအချင်းချင်း ဘာသာမတူရုံမျှနှင့် သတ်ဖြတ်ဖို့၊ သုတ်သင်ရှင်းလင်းဖို့ နှိုး ဆော်လာမည်ဆိုလျှင် ထိုနှိုးဆော်သူသည် မိမိကိုးကွယ်သောဘာသာကို ဆန့်ကျင်သည့်အကြမ်းဖက်သမားများ၊ တိတ္ထိများသာဖြစ်ပေလိမ့်မည်။

ယခုတိုင်းမ်မဂ္ဂဇင်းတွင်ရေးသား လိုက်သော ဟန်နာဘိခ်ျ၏ ကောက် ချက်များမှာ အလွဲလွဲအမှားမှား ဖြစ်နေ ပါသည်။ အကြမ်းဖက်မှုကို (လုံးဝ) ဆန့် ကျင်တားမြစ် ထားသော ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာကို ပြန့်ပွားအောင် ကြိုးပမ်း သည့် သံဃာတော်များ၊ ဗုဒ္ဓဘာသာဝင်  များကို အကြမ်းဖက်သမားများအဖြစ် သဘော သက်ရောက်အောင် ရေးသား လိုက်ခြင်းဖြစ်သည်။ သူမသည် ဗုဒ္ဓဘာ သာကိုလည်း မလေ့လာဖူး၊ ဗုဒ္ဓဘာသာ ၏ သဘောတရားကိုလည်း မသိပေ။ သူမအမြင်ကျဉ်းကျဉ်းဖြင့် ရေးသားခြင်း ဖြစ်ကာ မှားယွင်းသော ရှုထောင့်ဖြင့် ဖြစ်ပျက်နေသောအဖြစ်များကို ကောက် ချက်ချနေသည်မှာ သူမ၏အသိ ရေချိန် နှင့် ပညာရေချိန် နိမ့်ကျလှသည်မှာ ပေါ်လွင်နေ၏။ ဆိုရလျှင် အရှင်ဝီရသူ ၏ တရားများနှင့်မျိုးစောင့်ဥပဒေကြမ်း ကဲ့သို့သော အချက်များကို အပေါ်ယံ သုံးသပ်ပြီး ယုတ္တိနှင့် ကင်းမဲ့လှသော အကြမ်းဖက်သမားအဖြစ် စွပ်စွဲလိုက် သည်မှာလည်း တစ်ဖက်စောင်းနင်းနိုင် လွန်းလှလေသည်။ အရိုးရှင်းဆုံး ပြော ရလျှင် အရှင်ဝီရသူသည် ဗုဒ္ဓသားတော်၊ ရဟန်းတစ်ပါးဖြစ်နေရုံဖြင့် မည်သည့် နည်းနှင့်မျှ အကြမ်းဖက်သမားမဖြစ်နိုင် တော့ပေ။ ဗုဒ္ဓသားတော်သည် အကြမ်း ဖက်ခံရသူ သာ ဖြစ်ချင်ဖြစ်နိုင် သည်။ မေတ္တာ၊ ကရုဏာနှင့် သည်းခံခြင်းတရား ကို သေသည်အထိ စွဲကိုင်သည့် ရဟန်း တစ်ပါးဖြစ်သောကြောင့် သူ့ကိုအကြမ်း ဖက်ချင် လျှင်သာ ဖြစ်နိုင်သည်။ အကြမ်း ဖက်သမားတော့ မဖြစ်နိုင်ပေ။

ဟန်နာဘိခ်ျ၏ ကောက်ချက်များ တွင် (က) ယခုဖြစ်ပွားနေသော ကချင် စစ်ပွဲကို ခရစ်ယာန်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ၏ စစ်ပွဲဟု ကောက် ချက်ချခြင်း၊ (ခ) သီရိလင်္ကာတွင် ပြည် နယ်ခွဲထွက်ခွင့် တောင်းဆိုတိုက်ပွဲဝင် သည့် တမီလ်ကျားအဖွဲ့နှင့် သီရိလင်္ကာ အစိုးရတို့ကြား ပြည်တွင်းစစ်ကို ဗုဒ္ဓဘာ သာနှင့် ဟိန္ဒူတို့၏စစ်ပွဲဟု တစ်လွဲ ကောက်ချက်ချခြင်း၊ (ဂ) ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ယခုအချိန်ထိ တိုက်ပွဲ ဖြစ်ပွားနေသော မူဆလင်သူပုန်များ၏ ပြဿနာမှာ မူဆလင်ဘာသာကိုးကွယ် သူများ၏ ပြည်နယ်ခွဲထွက်ရေး တောင်း ဆိုသော နိုင်ငံရေးပြဿနာဖြစ်ပါလျက် မူဆလင်နှင့်ဗုဒ္ဓဘာသာစစ်ပွဲအဖြစ် မှား ယွင်းစွာ ဘာသာရေးကို စွဲယူကောက် ချက်ချခြင်းတို့ကို ကြည့်ခြင်းအားဖြင့် ဟန်နာဘိခ်ျမှားယွင်းကြောင်း ထင်ရှား လှပါသည်။ သတင်းထောက်တစ်ဦး၊ တိုင်းမ် မဂ္ဂဇင်းလိုမဂ္ဂဇင်းတစ်စောင်တွင် တာဝန် ယူရေးသားနေသူဖြစ်ပါလျက် မြန်မာနိုင်ငံအပါအဝင် သူမ ဖော်ပြ လိုက်သောနိုင်ငံများရှိ ပြည်တွင်းစစ်များ၊ တိုင်းရင်းသားလူမျိုးစုပြဿနာများကို သုံး သပ် ကောက်ချက် ချရာတွင် ဘာသာ ရေးကွဲပြားမှုတစ်ခုတည်းဖြင့် ကောက် ချက်ချလိုက်ခြင်းမှာ သူမ၏ နိုင်ငံရေး အမြင်မရှိခြင်း၊ အားနည်း လွန်းခြင်း ကို ဖော်ပြ ရာရောက်လေသည်။

ထိုပြဿနာ များမှာ သူမ သုံးသပ်သလို ဘာသာရေး ပြဿနာများမဟုတ်ကြောင်း နားလည် ဖို့လို၏။ ယနေ့ကမ္ဘာတွင် ဖြစ်ပွားနေသော အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲ၊ အစ္စရေး-အာရပ်ပဋိပက္ခစသော ပြဿနာအရပ်ရပ် မှာ ဘာသာရေးမတူ၍ ဖြစ်ပွားနေခြင်း မဟုတ်၊ အီရတ်ကို မူဆလင်ဘာသာဝင် များနေသောနိုင်ငံဟူ၍ တိုက်ခိုက်သော ခရူးဆိပ်စစ်ပွဲ မဟုတ်ပေ။ အီရတ်မှ အာဏာရှင်ကိုအကြောင်းပြကာ အမေရိ ကန်က ရေနံလိုချင်သောကြောင့် ကျူးကျော်သောစစ်ပွဲ ဖြစ်လေသည်။ အာဖဂန်စစ်ပွဲမှာလည်း အကြမ်းဖက် သမား အိုစမာဘင်လာဒင်ကို လက်စား ချေလိုမှုအကြောင်းပြကာ အာဖဂန် နစ္စတန်နှင့် ပါကစ္စတန်တို့အပေါ် အမေရိကန်၏ သြဇာအာဏာလွှမ်းမိုး နေမှုနှင့် သူ၏ စစ်အင်အား ဖြန့်ကြက် လိုမှုအပေါ် အခြေခံသော စစ်ပွဲဖြစ် သည်။ ဘာသာရေးနှင့် ဘာမှမဆိုင်ပေ။ ဟန်နာဘိခ်ျ၏ ကောက်ချက်ကိုသာ လက်ခံရလျှင် ကမ္ဘာစစ်ပွဲအားလုံးမှာ ဘာသာရေးကြောင့် ဖြစ်သော စစ်ပွဲများ ချည်း ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ထိုဆောင်းပါးမျိုးကို အယ်ဒီတာက လေ့ လာ အကဲဖြတ်မှုမရှိဘဲ ပွဲဆူစေလိုသည့် သဘော၊လူကြိုက်များနိုင်သည့် သတင်း တစ်ပုဒ်အဖြစ် နာမည်ကြီးလိုမှုနှင့် ထည့်သွင်းလိုက်သည့်အတွက် အလွန် စိတ်ပျက်ဖို့ ကောင်းပါသည်။ ဗုဒ္ဓဘာ သာဝင်များမှာ ထိုသို့ သွေးထိုးရုံဖြင့် သွေးဆူမည့်လူများ မဟုတ်ကြ။

တိုင်းမ် မဂ္ဂဇင်းက မရေးခင်ကတည်းက ထိုသို့ သွေးဆူအောင်လုပ်သည့် အဖျက်သမား အုပ်စုကား ရှိခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ သားများ၊ တိုင်းရင်းသားလူမျိုးစုများ၊ ဗုဒ္ဓဘာသာဝင်များက ထိုပြဿနာကို ရှေ့တန်းမတင်ကြ။ ဘာသာရေးပဋိပက္ခ ဟုလည်း မသတ်မှတ်ကြ။ အရေးကြီး သည်မှာ ပွဲလန့်တုန်း ဖျာခင်းလိုသော၊ ငြိမ်းချမ်းသာ ယာသော နိုင်ငံသစ်တည် ထောင်နေမှုကို မလိုလားသော အဖျက်သမားအုပ်စုကို အရေးယူရန်သာ ဖြစ်ပါသည်။

သို့သော် ယခု အစိုးရဖွဲ့စည်းလိုက် သည့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ တိုင်းမ်မဂ္ဂဇင်း ဇူလိုင် ၁ ရက်နေ့ထုတ် စာစောင်ကို ပိတ်ပင် ခြင်းမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်ခြင်းဖြစ်၍ လက်မခံ နိုင်ပေ။ တစ်ချိန်တည်းတွင် ထိုဆောင်း ပါးပါ တိုင်းမ်မဂ္ဂဇင်းမူရင်းစာစောင် သို့ မဟုတ် မိတ္တူကို လက်ဝယ်ထားရှိခြင်းကို လည်း မည်သူမျှ မပြုလုပ်ရ။ ဆိုလိုသည် မှာ လေ့လာဖတ်ရှုခြင်း၊ မိမိ၏မိတ်ဆွေ များကို ပေးကမ်းခြင်းများအား တားမြစ် ပိတ်ပင် လိုက်ခြင်း၊ ပြည်သူလူထု၏ ဒီမို ကရေစီအခွင့်အရေးများကို တားမြစ် လိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ တားမြစ် ပိတ်ပင်ခြင်းကို လက်မခံနိုင်ပေ။ အရေး ကြီးသည် မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသကဲ့သို့ မိမိဘာသာကို အလေး အနက် သက်ဝင်ယုံကြည်ဖို့သာ အဓိက ဖြစ်ပါသည်။ သက်ဝင် ယုံကြည်မှု လေးနက် လျှင် လေးနက် သလောက်လည်း ဘာသာရေး အဓိကရုဏ်းများ မဖြစ် ပွားအောင် ထိန်းသိမ်းကာကွယ်နိုင် ပါသည်။ လေးနက်လျှင်လေးနက်သ လောက် အကြမ်းဖက်မှုများကို သည်းခံ ခွင့်လွှတ်နိုင်ပါသည်။ ခြင်္သေ့စာ အကျွေး ခံရသော ခရစ်ယာန်ဘာသာဝင်များ သည် သည်းခံခွင့်လွှတ်ခြင်း ကြီးစွာဖြင့် ယေရှုခရစ်၏ သည်းခံစွန့်လွှတ်မှုကို နှလုံးသွင်းကာ အသက်စွန့်လွှတ်သွား သည့် နမူနာကို ကြည့်ရုံဖြင့် မိမိဘာ သာကို ယုံကြည် သက်ဝင်မှု ရှိသူများ သည် မည်သို့မျှ အကြမ်းဖက် ဆူပူမှု ပြုလုပ်မလာနိုင်ပေ။

ယခုအရေးပေါ် ကာလ စီမံခန့်ခွဲ ရေး ဗဟိုကော်မတီ၏ ကြေညာချက် သည် ယခင်စစ်အစိုးရကာလက လူထု အပေါ် မယုံကြည်မှု၊ ချုပ်ချယ်ကန့်သတ် မှုမျိုးနှင့် မကွာခြားလှပေ။

ထိုကဲ့သို့ စာအုပ်များ မဖတ်ရ။ မဖြန့်ချိရ။ လက် ဝယ်မထားရှိရ ဆိုသော ပုဒ်ထီး၊ ပုဒ်မ များ၊ ပိတ်ပင်တားဆီးချက်များမှာ ပြည် သူများအတွက် နှစ်ပေါင်း ၅ဝ ကျော် ကြာအောင် ရိုးအီနေပေပြီ။ ထိုသို့ တား ဆီးကန့်သတ်ချက်များကိုလည်း ပြည်သူ လူထုမှာ နားခါးလှပေပြီ။ မိမိ၏အသိ တရားနှင့် မိမိ၏ ယုံကြည်ချက်သာ ပြတ်သားလျှင် ထိုဆောင်းပါးတစ် စောင်ကြောင့် အယူလွဲသွားစရာ၊ သွေး ဆူသွားစရာ အကြောင်းမရှိပေ။ ထိုကဲ့ သို့ မသိနားမလည်သော သူများ၏ ဆောင်းပါး ကို ခြေခြေမြစ်မြစ် ပြန်ချေပ ခြင်း၊ ထိုကဲ့သို့ ဗုဒ္ဓဘာသာ အကြောင်း မသိဘဲ ရေးသူများကို ပြန်လည် ချေပ ခြင်းနှင့် ဗုဒ္ဓဘာသာတွင် ထိုကဲ့သို့ မရှိ ခြင်းကို အချက် အလက် များဖြင့် ပြန်တုံ့ ပြန်ခြင်းသာလျှင် မှန်ကန်သည်ဟု ထင် မြင်မိပါသည်။
ထက်မြက်
Popular Myanmar News Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com