http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လားရှိုးမြို့ နန်းဟေဝန်ဥယျာဉ်တွင် အမျိုးသမီးတစ်ဦး၏ အလောင်းတွေ့ရှိ

လားရှိုး ၊ ဇူလိုင် ၎
ရှမ်းပြည်နယ် လားရှိးမြို့တွင် အလုပ် ရှာမည်ဟု နေအိမ်ကထွက်သွားသော အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို သုံးရက်အကြာတွင် မြို့လယ် နန်းဟေဝန်ဥယျာဉ်တွင် ထိုးသွင်းဒဏ်ရာ များဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ ကြောင်း လားရှိုးမြို့ မြို့မ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူမှာ လားရှိုးမြို့၊ ရပ်ကွက် (၁၀)၊ နယ်မြေ(၈) သစ္စာလမ်းနေ မမိုးဆွေဦးဖြစ်ပြီး ဇူလိုင် ၂ ရက်နေ့က အလုပ်ရှာမည် ဟုဆိုကာ နေအိမ်က ထွက်ခွာသွားခဲ့ရာမှ ပြန်မရောက်လာ သဖြင့် လိုက်လံရှာဖွေ စုံစမ်းနေခဲ့ကြောင်း၊ ရှာမတွေ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရုံးတွင် တိုင်ကြားထားသည်ဟု သေဆုံးသူ၏ ဖခင် ဖြစ်သူ ဦးချစ်ဆွေက ထွက်ဆိုကြောင်း လားရှိုးခရိုင်ရဲတပ်ဖွဲ့စခန်း ခရိုင်အထူးမှုခင်း နှိမ်နှင်းရေးအဖွဲ့မှ သိရှိရသည်။

မမိုးဆွေဦးတွင် လည်ပင်းယာဘက်၌ ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲယာရင်အုံ တို့တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ကျောတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေခြင်းဖြစ်ပြီး နေအိမ်က ထွက်သွား စဉ် ဝတ်ဆင်ထားသည့် ဆွဲကြိုးနှင့် လက်စွပ် မှာ ပျောက်ဆုံးခြင်းမရှိကြောင်း၊ ဆေးစစ် ချက်များအရ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ထားခြင်း မရှိကြောင်း အဆိုပါအဖွဲ့မှ အရာရှိ တစ်ဦးက ရှင်းပြသည်။

နန်းဟေဝန်ဥယျာဉ်မှာ လားရှိုးမြို့၏ မြို့လယ်တွင် တည်ရှိသည့်အပြင် မြို့မ ရဲတပ်ဖွဲ့စခန်း နှင့်လည်း နီးကပ်စွာ တည်ရှိ သည်။

ယင်းအမှုကို မြို့မရဲစခန်းက (ပ) ၃၃၈/၁၃ ပြစ်မှုပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး ပြစ်မှုကျူးလွန်သူကို ရှာဖွေနေကြောင်း မြို့မရဲတပ်ဖွဲ့စခန်း ထံမှ သိရှိရသည်။
The Voice

ကျောင်းဆရာမနှင့် ကျောင်းသူ တစ်ဦးအား တိုက်ခိုက် လုယက်မူနှင့် ပတ်သက်၍ သင်္ကာမကင်းသူ သားဖ နှစ်ဦးကို ကျောက်တော်တွင် ရဲက ဖမ်းဆီး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ယမန်နေ့ (ဇူလိုင်လ ၃ ရက်) နေ့က ကျောင်းဆရာမ တစ်ဦးနှင့် မူလတန်းကျောင်းသူ တစ်ဦးအား တိုက်ခိုက် လုယက်မူ တစ်ခု ဖြစ်ပွားခဲ့ရာ ယခုအခါ ၎င်း မူခင်းနှင့် ပတ်သက်ပြီး သင်္ကာမကင်းသူ သားဖနှစ်ဦးကို ရဲက ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူ (၂) ဦးမှာ အခင်း ဖြစ်ပွားရာ ကျောက်တော်မြို့နယ် ပီချောင်းဝရှိ မြင်းဂန်းကျေးရွာနှင့် တစ်ဘက်ကမ်းရှိ ပီစိရွာမှ ဖြစ်ကြောင်း ကျောက်တော်မြို့နယ် ရဲမြို့နယ်မှူး ရဲမှူး တင်မောင်က အတည်ပြု ပြောကြားသည်။

“ ပြစ်မူကို စုံစမ်းဖေါ်ထုတ်နေတုန်း ဖြစ်ပါတယ်။ အခု ပီစိ မူဆလင်ရွာက သားဖ နှစ်ဦးဖြစ်တဲ့ စန်းမောင်နဲ့ မာမောက်ချေတို့ သားအဖကို ဖမ်းထားပါတယ်။ အခု သင်္ကာမကင်းတဲ့ အတွက် ဖမ်းဆီးထားတာ ဖြစ်တဲ့ အတွက် ပြစ်မူ ကျူးလွန်တယ်လို့တော့ မှတ်ယူလို့ မရဘူး။ အခု စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် အခု ဖမ်းဆီးခံထားရတဲ့ သူနှစ်ဦးနဲ့ ပတ်သက်ပြီး ဒီထက် ပိုမပြောလို့ မရပါဘူး” ဟု ဆိုသည်။

ယခုအခါ အဆိုပါ အမူနှင့် ပတ်သက်ပြီ ကျောက်တော်အမူမှတ် (ပ) ၈၀ / ၂၀၁၃ ပြစ်မူ ပုဒ်မ (၃၈၂) နဲ့ အမူဖွင့်ထားကြောင်း ရဲမှူးက ဆက်လက် ပြောဆိုသည်။

အခင်းဖြစ်ပွားစဉ်နှင့် ပတ်သက်ပြီး သူက ယခုလို ပြောသည်။

“ ဖြစ်တာ ၂၀၁၃ ဇူလို်င်လ ၃ ရက်နေ့ ညနေ ၈ နာရီခွဲခန့် အချိန်၊ ကျောက်တော်မြို့နယ် နဂါရာ အုပ်စု မြင်းဂန်းရွာမှာ စပါးတောင်းနဲ့ စာပြနေတဲ့ ဆရာမ မဆန်းဆန်းနွယ် (၂၀) နှစ် ဖ ဦးသိန်းမောင်နဲ့ လေးတန်းကျောင်းသူ မသန်းနွယ် (ဖ) ဦးကျော်သိန်းဦးတို့နှစ်ဦးဟာ စာပြပြီး တဲ့နောက် အဲဒီကလးမလေးကို အိမ်ပြန်လိုက် အပို့မှာ မသန်းနွယ်က နောက်ဖေး သွားချင်လို့ မသန်းနွယ် အိမ်နောက်ဖေး ကိုက် ၃၀ အကွာကို လိုက်ပို့တယ်။ အဲဒီက အပြန်မှာ လူနှစ်ဦးက တစ်ယောက်စီ ဖမ်းချုပ်ပြီး ချောင်းနားကို ခေါ်သွားတယ်။ နားကပ်တွေကို ဖြုတ်ပြီး ယူသွားပါတယ်။ ဖြစ်စဉ်က ဒါပါဘဲ” ဟု ပြောသည်။

အဆိုပါ အခင်း ဖြစ်ပွားပြီးနောက် အဆိုပါ အမျိုးသမီး နှစ်ဦးအား ရိုက်ပုတ်ပြီး ရေထဲသို့ ပစ်ချထားခဲ့သည်။ ကျေးရွာသားများက အသံကြားသဖြင့် နောက်ပိုင်းတွင် လိုက်လံ ရှာဖွေရာ ရေကမ်းစပ်မှ တွေ့ရှိပြီး သူမတို့နှစ်ဦးအား ကယ်တင်ကာ ကျောက်တော် ဆေးရုံသို့ ချက်ချင်း တင်ပို့ခဲ့ရသည်ဟု သိရသည်။

ယခုအခါ သူမတို့နှစ်ဦးစလုံး ကျောက်တော် ဆေးရုံတွင် တက်ရောက် ဆေးကုသနေရသည်ဟု ရဲမှူးက အတည်ပြု ပြောကြားသည်။
နိရဉ္စရာသတင်းဌာန

အချုပ်ခန်းအတွင်း ချောင်းဆိုးပျောက်ဆေးသွင်းသူ အမျိုးသမီးကို ထောင် တစ်လချ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်တရားရုံးတွင် ဇူလိုင် ၃ ရက်နေ့ ၃ နာရီ ၂၀ မိနစ်က အချုပ်တရားခံ တစ်ဦးအား ခွင့်ပြုချက်မရဘဲ ချောင်းဆိုးပျောက်ဆေးများ ပေးသွင်းသူ အမျိုးသမီးကို ဇူလိုင်လ ၄ ရက်နေ့ နေ့လယ်ပိုင်းက ထောင်ဒဏ် တစ်လချမှတ်ခဲ့ကြောင်း မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
...
လှိုင်သာယာမြို့နယ် ဒိုင်စုကျေးရွာ ပိတောက်ရွှေဝါလမ်းနေ ကိုညီညီထွန်း (၂၇ နှစ်) ကို လှိုင်သာယာမြို့နယ် တရားရုံး ဒုတိယ မြို့နယ်တရားသူကြီး(၂) ရုံးခန်းတွင် ပြစ်မှုကြီးအမှတ်၂၃၅၄/၁၂၊ ပြစ်မှုပုဒ်မ- ၃၇၉ ဖြင့် ရုံးထုတ်စစ်ဆေးပြီး တရားရုံးအချုပ်ခန်းသို့ ပြန်ပို့စဉ် လှိုင်သာယာမြို့နယ် (၅) ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်အိအိထွန်း(၃၅ နှစ်) က တာဝန်ရှိသူများ၏ ခွင့်ပြုချက်မရဘဲ သခွားမွှေး ချောင်းဆိုးပျောက်ဆေး (Dextromentro Phen) ၄၅ လုံးခန့် လျှို့ဝှက်ပေးသွင်းခြင်းကို စစ်ဆေး တွေ့ရှိသဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

"ရုံးမှာစစ်ဆေးပြီးလို့ အချုပ်ခန်းကို ခေါ်လာတုန်း လမ်းမှာစကားပြောရင်း လက်ထဲ ထည့်ပေးလိုက်တာ၊ ဘာတွေလဲ မေးလို့ ခုလို စစ်ဆေးတွေ့ရှိရတာပါ။ သူရဲ့ အမျိုးသားက အချုပ်ခန်း ထဲမှာပါ။ ဒီဆေးကို လူကြုံ ထည့်ပေးလိုက်တာ ဖြစ်နိုင်တယ်" ဟု တာဝန်ကျ ရဲအရာရှိက ရှင်းပြသည်။

တားမြစ်ပစ္စည်းများ လျှို့ဝှက် ပေးသွင်းသူ ဒေါ်အိအိထွန်းကို ရဲအရေးမပိုင်မှု အမှတ်စဉ် ၄/ ၁၃၊ အကျဉ်းထောင်အက် ဥပဒေပုဒ်မ-၄၂ဖြင့် အမှုဖွင့်ခဲ့ပြီး ဇူလိုင်လ ၄ ရက်နေ့တွင် ထောင်ဒဏ်တစ်လ အမိန့်ချမှတ် ခဲ့ကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းမှ စုံစမ်းသိရှိရသည်။

"ဒီ Dextromentro Phen ချောင်းဆိုးပျောက်ဆေး အများကြီး သောက်မယ်ဆိုရင် ဆေးအာနိသင်က ဘိန်းမည်း ဒါမဟုတ် အိပ်ဆေးနဲ့ အာနိသင် တူတယ်။ ဦးနှောက်မှာ ရှိနေတဲ့ အသက်ရှူတဲ့ နေရာနဲ့ နှလုံးခုန်တဲ့ နေရာကို တာဝန်ယူတဲ့ ဧရိယာတွေကို ပိတ်လိုက်တာကြောင့် သတိ မေ့မြောနိုင်ပြီး အသက်ရှူ ရပ်နိုင်တယ်။ နှလုံးရပ်လို့ သေနိုင်ပါတယ်" ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ဆေးအာနိသင် ကို ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် တရားရုံးတွင် ဇွန်လ၂၀ ရက်က အချုပ်ခန်းအတွင်းမှ တရားခံကို အရက်နှင့် ကော်ဖီ ရောနှောထားသည့် ရေသန့်ဘူး ပေးပို့သူကို ရဲအရေးမပိုင်မှု အမှတ်စဉ် ၇၉/၁၃၊ အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ အရ ထောင်ဒဏ်တစ်လ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သန်လျင်မြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

ငွေကြေးများဖေါသီစွာ သုံးစွဲနေသူ ဆေးသုတ်သမားအား မသင်္ကာစစ်ဆေးရာမှ သိန်းနှစ်ရာကျော်ခိုး မှုပေါ်ပေါက်

ရန်ကုန်၊ ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် ခိုးမှုများနှင့်ပတ်သက်၍ သတင်းစုံစမ်းခဲ့ရာ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက် နေချစ်ဦး၊ ၂၆ နှစ်၊ (ဘ)ဦးမောင်ချစ် သည်တစ်နေ့လျင် ငွေကျပ် ၃၀၀၀ခန့်ရရှိသော ဆေးသုတ် သည့်ကျပန်းအလုပ်ကိုလုပ်ကိုင်နေရာမှ ဆက်လက် လုပ်ကိုင်ခြင်းမရှိတော့ဘဲ စားသောက်ဆိုင်များတွင် အမေရိကန်ဒေါ်လာများအား ကိုင်ဆောင်သုံးစွဲခြင်း၊ လက်ကိုင်ဖုန်းများဝယ်ယူခြင်းစသည့် ငွေကြေးများ ဖောသီစွာသုံးစွဲလျက်ရှိကြောင်း သတင်းရရှိ မသင်္ကာသဖြင့် စောင့်ကြည့်စုံစမ်းလျက်ရှိစဉ် ကော့ကရိတ် မြို့သို့ တိမ်းရှောင်သွားကြောင်းသတင်းအရ လိုက်လံဖမ်းဆီးခဲ့ရာ၂၁.၆.၂၀၁၃ရက်နေ့တွင်ကော့ကရိတ်မြို့၊ (၆)ရပ်ကွက်ရှိ ရတနာပုံစားသောက် ဆိုင်တွင်ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအား စစ်ဆေးရာ၂၀၁၃ခုနှစ် ဧပြီလအတွင်း၌ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ တက္ကသိုလ်ရိပ်မွန်အိမ်ယာတွင် ဆေးသုတ်သည့်အလုပ်အား လုပ်ကိုင်နေစဉ်အတွင်းက ထမင်းစား နားချိန်များတွင် အပေါ်ထပ်ရှိတိုက်ခန်းများသို့ တက်ရောက် လေ့လာနေခဲ့ရာမှ အခန်းတစ်ခန်းတွင်လူနေထိုင်ခြင်းမရှိကြောင်း သိရသောကြောင့် ၂၀၁၃ ခုနှစ် မေလအတွင်း နေ့လည်ပိုင်းတွင် အဆိုပါအခန်းသို့ နောက်ဘက်အရေးပေါ်လှေခါးမှ တက်ရောက်ကာ ရေချိုးခန်းပြူတင်းပေါက်သံပန်း တွင်တပ်ဆင်ထားသောမူလီများအား ၀က်အူလှည့်ဖြင့်ဖြုတ်၍ ၀င်ရောက်ခဲ့ကြောင်း၊ အိပ်ခန်းအတွင်းရှိ LEECO အမျိုးအစား မီးခံသေတ္တာအား ၎င်း၏နေအိမ်သို့ခိုးယူသယ်ဆောင်သွားပြီး သံဖြတ်လွှဖြင့် တိုက်ဖြတ်ကာ မီးခံသေတ္တာအတွင်းရှိ မြန်မာငွေ၊ အမေရိကန်ဒေါ်လာနှင့် ရွှေထည်ပစ္စည်းမျိုးစုံ၊ စုစုပေါင်းတန်ဘိုး ကျပ်(၂၀၅၂၅၀၀၀)ခန့်အား ခိုးယူခဲ့ကြောင်းပေါ်ပေါက်ပြီး သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရမိသဖြင့် ဗဟန်းမြို့မရဲစခန်း(ပ)၂၄၉/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ ဖြင့်အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
ရဲဇာနည်

အီးယူအခွန် အထူးသက်သာခွင့် ရေထွက်လုပ်ငန်းရှင်များ မခံစားရသေး

အီးယူ၏ အခွန်အထူးသက်သာခွင့် (GSP) ကိုရေထွက်လုပ်ငန်းရှင်များ ယနေ့ အထိအကျိုးခံစားမှု မရရှိသေးကြောင်း ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။

အီးယူနိုင်ငံများက အခွန်အထူး သက်သာခွင့် (GSP) ကို ဇွန် ၁၂ ရက် နေ့တွင် ပေးခဲ့ပြီး ရေထွက်ပစ္စည်း ထုတ်လုပ်တင်ပို့သူများအနေဖြင့် ရက်ပေါင်း ၂ဝ ဝန်းကျင်ကြာသည်အထိ ယခင် အခွန်နှုန်းထားအတိုင်း ရေထွက်ကုန် ပစ္စည်း ဝယ်ယူသည့်နိုင်ငံမှ ပေးနေရ ကြောင်းသိရသည်။

အဏ္ဏဝါဒေဝီ အအေးခန်းစက်ရုံမှ ဒေါ်တိုးနန္ဒာတင်က ''အီးယူက GSP ပေးတယ်ဆိုတာ စာရွက်ပေါ်မှာပဲရှိသေးတယ်။ တကယ်တမ်းဘာမှ ရသေးတာ မဟုတ်ဘူး။ GSP မရသေးရင်တော့ ဘာအကျိုးအမြတ်မှ ရှိမှာမဟုတ်သေး ဘူး''ဟု ပြောသည်။

အီးယူနိုင်ငံများသို့ ရေထွက်ပစ္စည်း တင်ပို့မည်ဆိုပါကဝယ်ယူသည့်နိုင်ငံ အခွန်ပေးဆောင်ပြီး ဝယ်ယူရကြောင်း၊ ကုန်ကြမ်းအတိုင်းတင်ပို့ပါက အခွန် ၁၃ ဒသမ ၇ ရာခိုင်နှုန်းနှင့် ပြုပြင်ထုတ်လုပ် ပြီး တင်ပို့ပါက အခွန် ၂ဝ ရာခိုင်နှုန်း ပေးရကြောင်း အီးယူလုပ်ငန်းကော်မတီ မှသိရသည်။

အီးယူလုပ်ငန်းကော်မတီမှ တာ ဝန်ရှိသူတစ်ဦးက '' GSP ခံစားခွင့်အခု ထိမရသေးတာက အီးယူ ၂၇ နိုင်ငံက ပါလီမန်တွေအကုန်လုံး လက်ခံဖို့အ တွက် အချိန်ယူနေသေးတယ်လို့ ကြား ပါတယ်။ ဟိုဘက်က ဆိပ်ကမ်းအာဏာ ပိုင်ကလည်း သူတို့ဆီကို ဘာညွှန်ကြား ချက်မှ မရသေးတဲ့အတွက် အခွန်ကို အရင်အတိုင်းကောက်ခံနေ တယ်လို့ ပြောတယ်''ဟု ပြောသည်။

ရေထွက်ကုန်ပစ္စည်းထုတ်လုပ် တင်ပို့ ရောင်းချသည့် အအေးခန်းစက် ရုံ ၁၃ ရုံမှာ EU Approval ရရှိထား ပြီးဖြစ်သော်လည်း စက်ရုံ ၅ ရုံခန့်ကသာ ရေထွက်ကုန်ပစ္စည်း တင်ပို့ကြောင်း၊ ယခုအချိန်တွင် ငါးကုန်ကြမ်းရရှိမှုနည်းပါးခြင်းကြောင့် တင်ပို့မှုလျော့ကျသွား ကြောင်း GFTI အအေးခန်းစက်ရုံမှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးညွန့်က ပြောသည်။

''အီးယူနိုင်ငံက Buyer တွေ ကျွန်တော်တို့ဆီက ရေထွက်ပစ္စည်းဝယ် ရင်အခွန်ပေးနေရတော့ ဝယ်ယူမှုအတိုင်း အတာဟာသူများနိုင်ငံတွေလောက် မရဘူး။ ကျွန်တော်တို့များများ တင်ပို့ နိုင်မှ နိုင်ငံခြားဝင်ငွေရရှိမှုဟာလည်း တိုးလာမယ်''ဟု ရေထွက်ပစ္စည်း ထုတ် လုပ်တင်ပို့ရောင်းချသူများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
EU Approval ရရှိပြီး တင်ပို့မှု မရှိသော စက်ရုံများမှာ အီးယူဈေးကွက် မဟုတ်ဘဲ အခြားဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။
ထက်ထက်မိုးမြင့်
Popular Myanmar News Journal

ညောင်မြစ်တူးရင် ပုတ်သင်ပေါ်မို့ တူးဝံ့ရဲသလားမောင်တို့ရေ

Thursday, July 4, 2013










ဒီပစ္စည်းတွေ မှောင်ခိုလမ်းက ၀င်ဖို့ဆိုရင် အဲဒီလမ်းတစ်လျှောက်က

သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ကော မဆိုင်ဘူးလားပေါ့

သေချာတာတစ်ခုကတော့ မှောင်ခိုဟေ့ဆိုရင်

အာဏာပိုင်မပါဘဲနဲ့တော့ မရဘူးဆိုတာ

စီးပွားရေးသမားတိုင်း သိပြီးသားပါ . . .

ဟိုးတလောက မြန်မာနဲ့အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း တမူးမြို့မှာ တရားမ၀င် ကုန်သွယ်မှုအပြင် တခြားတခြားသော ပြစ်မှုတွေနဲ့ မြို့နယ် ရဲအာဏာပိုင်တွေကို နေပြည်တော်ဗဟို ရဲဌာနချုပ် ကနေ ၀င်ရောက်ဖမ်းဆီးခဲ့တဲ့ သတင်းတွေ ကြားရ၊ သိရ၊ ဖတ်ရတော့ ၀မ်းသာမိတာ အမှန်ပါပဲ။

တမူးမြို့ဆိုတာ မှောင်ခိုပစ္စည်းတွေနဲ့ ပတ်သက်ရင် တကယ့်ကို အထူးအဆန်း ဒေသတစ်ခုလို့တောင် ကျွန်တော် ဆိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အလုပ်ကိစ္စတစ်ခုနဲ့ တမူးမြို့ကို ရောက်ခဲ့တုန်းက တမူးမြို့ရဲ့တစ်ဖက်ခြမ်း အိန္ဒိယနိုင်ငံဘက်က မိုရေးမြို့ကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ မှောင်ခိုပစ္စည်းနဲ့ မေးမြန်းရာကနေ ငိုအားထက် ရယ်အားသန်ဖြစ်ရပ်လေး တစ်ခုကို ပြန်ပြောင်းသတိရခဲ့မိပါတယ်။

အိန္ဒိယနိုင်ငံဆိုတာ စတီးလ်အိမ်သုံးပစ္စည်းနဲ့ပတ်သက်လာရင် နာမည်ရထားတဲ့ နိုင်ငံတစ်ခုပါ။ မြန်မာနိုင်ငံသားတွေကလည်း တရုတ်ထုတ် စတီးလ်ပစ္စည်းတွေထက် အိန္ဒိယနိုင်ငံထုတ်တဲ့ စတီးလ်ပစ္စည်းကို အကြိုက်တွေ့ကြပါတယ်။ အကြိုက်တွေ့မယ်ဆိုရင်လည်း တွေ့စရာလေ။ ဘာလို့လဲဆိုရင် အိန္ဒိယထုတ် စတီးလ်ပစ္စည်းတွေဟာ ကြာရှည်ခံတဲ့အတွက်ကြောင့်ပဲ။ ဒါပေမဲ့လည်း မိုရေးမြို့က စတီးလ်လက်ကားဖြန့်နေတဲ့ ဆိုင်တစ်ခုမှာ စတီးလ်ပေါင်းအိုးဝင်ဝယ်ရင်း စတီးလ်ဈေးကွက်အကြောင်း စုံစမ်းမေးကြည့်တဲ့အခါမှာတော့။

““အစ်ကိုရာ . . .အခုက အိန္ဒိယပစ္စည်းတွေက တော်တော်လေးကို အရောင်းကျလာတယ်ဗျ။ ဘာလို့လဲဆို တော့ တရုတ်က ပစ္စည်းတွေကို အိန္ဒိယ တံဆိပ်ကပ်ပြီး ဈေးကွက်ထဲ သွင်းလာကြတယ်လေ။ သွင်းလာတဲ့ သူတွေကလည်း အိန္ဒိယဘက်က မဟုတ်ဘူးဗျ။ မြန်မာနဲ့ တရုတ်ဘက်က ကုန်သည်တွေလေ။ ပစ္စည်းကလည်း ဈေးသက်သာ၊ တံဆိပ်ကြည့်တော့လည်း အိန္ဒိယထုတ်ဆိုတော့ လူတွေက အ၀ယ်လိုက်ကုန်ကောလေ။ ဒီတော့ အိန္ဒိယထုတ်တွေ ရောင်းအားကျကုန်ကောဗျ။ မိုရေးဘက်က လူတွေကတော့ အိန္ဒိယထုတ်ကိုသိကြတော့ ပစ္စည်းအမှန်ကိုပဲ သုံးကြတယ်။ ဒါပေမဲ့ တမူးဘက်အခြမ်းနဲ့အထဲက လာတဲ့ကုန်သည်တွေကတော့ အဲဒါကိုမသိဘဲ ဈေးသက်သာတဲ့ တံဆိပ်ကပ် တရုတ်ဟာတွေကိုပဲ အ၀ယ်များကြတယ်ဗျ””ဟု မိုရေးမြို့က အိမ်သုံးစတီးလ်ပစ္စည်းတွေရောင်းတဲ့ ကိုစိုးမင်း (မြန်မာအမည်ခံထားသူ)က ပြောပြပါတယ်။

ထူးဆန်းအံ့ဖွယ်တစ်ခုက အဲဒီလိုတုပ ပစ္စည်းတွေအပြင် တရားဝင်တင်သွင်းခွင့်ရထားပါရဲ့နဲ့ အောက်လမ်း(မှောင်ခို)ကနေ ၀င်နေတဲ့ ပစ္စည်းတွေတောင်တွေ့ခဲ့ရတယ်။ အဲဒီပစ္စည်းတွေထဲမှာဆိုရင် မြန်မာပြည်ကို တစ်ဦးတည်းကိုယ်စားလှယ် တင်သွင်းခွင့်ရထားတဲ့ပစ္စည်းတွေပေါ့။ မကြာခဏဆိုသလို တစ်ဦးတည်းဖြန့်ချိပိုင်ခွင့်ရထားပြီးဖြစ်တဲ့၊ တရားဝင်တင်သွင်းခွင့်ပေးထားတဲ့ ပစ္စည်းတွေတောင် နယ်စပ်တွေကနေ ၀င်လာလို့ ဖမ်းဆီးလိုက်ရတဲ့သတင်းတွေက နိုင်ငံပိုင်သတင်းစာတွေမှာ တွေ့ရမှာပါလေ။ အနီးစပ်ဆုံးပြောရရင် တစ်နိုင်ငံလုံးကိုအဓိက ပစ္စည်းဖြန့်ပါတယ်ဆိုတဲ့ မင်္ဂလာဈေးကိုတောင် တရားဝင် တင်သွင်းခွင့်ရရှိထားတဲ့၊ တစ်ဦးတည်း ဖြန့်ချိခွင့်ရတဲ့ပစ္စည်းတွေဟာ မှောင်ခိုလမ်းကြောင်းကနေ ၀င်နေတာ ကြည့်သောသူမြင်၏ပါပဲ။

မကြာသေးခင်ကလည်း ကိုရီးယားနိုင်ငံက အလှပြင်ပစ္စည်းတင်သွင်းခွင့် တရားဝင်ရထားတဲ့ကုမ္ပဏီတစ်ခုက အဲဒီပစ္စည်းကိုပဲ အောက်လမ်းကနေ၀င်လာလို့ ရောင်းချခဲ့တဲ့ စတိုးဆိုင်တစ်ခုကိုရေးကြီးခွင်ကျယ်လုပ် တရားစွဲတဲ့သတင်းတစ်ခု ကြားလိုက်မိပါသေးတယ်။ ဖြစ်ပုံကပစ္စည်းထုတ်တာက ကိုရီယား၊ အောက်လမ်းက ၀င်လာတဲ့ပစ္စည်းကကိုရီးယားကနေ ထိုင်း၊ အဲဒီကတစ်ဆင့် မြန်မာပြည်ထဲ ၀င်လာတဲ့ပစ္စည်း။ အဲဒီစတိုးဆိုင်က ရောင်းလိုက်မိတဲ့ပစ္စည်း တန်ဖိုးက ဒေါ်လာ ၁၀၀ဖိုးတောင် မရှိပါဘူး။ ဒါပေမဲ့ အဲဒီတစ်ဦးတည်း ကိုယ်စားလှယ်ပါ ဆိုတဲ့ ကုမ္ပဏီကကနဦး ကြိုတင်ဖိအားပေးတဲ့အနေနဲ့ ရောင်းပေးလိုက်တဲ့ ဒေါ်လာ ၁၀၀ ဖိုးကို သူတို့စီက ပြန်ဝယ်၊ ပြီးရင်တစ်လကို ဒေါ်လာ ၁၀၀၀ ဖိုး မကုန်ကုန်အောင်ရောင်း၊ မကုန်ရင် နင်တို့စိုက် ဆိုတဲ့အပေါက်ချိုးပါလေကောဗျာ။ နောက်ဆုံးတော့ တရားရုံးကိုရောက်ကြသည်ပေါ့။ နောက်ထပ် ထူးဆန်းတာ တစ်ခု ထပ်ပြောရရင် အခု စတိုးဆိုင်လေးက ရောင်းတဲ့ပစ္စည်းမျိုး (မှောင်ခိုပစ္စည်း)က မင်္ဂလာဈေးမှာ ၀င်ဖမ်းမယ်ဆိုရင် တောင်ပုံရာပုံတောင် ရှိတယ်ဆိုပဲ။ ထားချေတော့။

ဒါဆိုရင် ဒီပစ္စည်းတွေက ဘာကြောင့်များ တရားဝင်တင်သွင်းခွင့်ရထားပါရဲ့နဲ့ မှောင်ခိုလမ်းကြောင်းကနေ ၀င်လာသလဲဆိုတာဟာ မေးခွန်းထုတ်ရတော့မှာပေါ့။ ပစ္စည်းတွေကပဲ အစစ်မဟုတ်လို့လား၊ ဒါမှမဟုတ် တရားဝင်လမ်းကြောင်းကနေ တင်လာရင် အခွန်ကိစ္စများနေလို့များလား၊ . . . လားပေါင်းများစွာ ရှိနေပါတယ်။ နောက်တစ်ခု ထပ်တိုးစဉ်းစားကြည့်မယ်ဗျာ။ ဒီပစ္စည်းတွေ မှောင်ခိုလမ်းက ၀င်ဖို့ဆိုရင် အဲဒီလမ်း တစ်လျှောက်က သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ကော မဆိုင်ဘူးလားပေါ့။ သေချာတာတစ်ခုကတော့ မှောင်ခိုဟေ့ဆိုရင် အာဏာပိုင်မပါဘဲနဲ့တော့ မရဘူးဆိုတာ စီးပွားရေးသမားတိုင်း သိပြီးသားပါ။ ဒီတော့လည်း ဒီတော့ပဲလို့ ပြောရတော့မယ်။

ဒါနဲ့ နောက်တစ်ခုက မှောင်ခိုပစ္စည်းတွေနဲ့ ပတ်သက်လို့ စားသုံးသူဘက်က ကြည့်မယ်ဆိုရင် တရားမ၀င် ပစ္စည်းဖြစ်နေပေမယ့် ဒီအရည်အသွေး၊ ဒီတံဆိပ်နဲ့ ပစ္စည်းမှန်ကန်တယ်ဆိုရင် ဈေးသက်သာတာကို ရွေးတတ်တာတော့ မဆန်းပါဘူးဆိုတာကိုတော့ ထည့်တွက်ရဦးမှာပေါ့လေ စီးပွားရေးသမားတို့ရယ်လို့ပဲ ပြောရတော့မယ်။ ဒါကြောင့်ပဲလားတော့မသိ၊ တရုတ်ကြီးက ဈေးပေါပေါနဲ့ အိန္ဒိယပစ္စည်းတွေ ထုတ်ပေး နေရော့သလားလို့တောင် မေးလိုက်ချင်မိပါရဲ့။

ထားချေဦးတော့။ မှောင်ခိုကိစ္စတွေနဲ့ ပတ်သက်လို့ ဇာတ်လမ်းတွေက အမျိုးမျိုးရယ်မို့ ကျွန်တော်ထပ်ကို မပြောချင်တော့တာ။ ကိုယ်တိုင်တောင် မှောင်ခိုပစ္စည်းလားလို့ ထင်လာမှာစိုးလို့လေ။

လက်ရှိမှာ အစိုးရက Mobile Team (ရွေ့လျားစစ်ဆေးရေးအဖွဲ့)တွေနဲ့ မှောင်ခိုလမ်းကြောင်းနဲ့ ဆက်စပ်မှုတွေကို ဖမ်းဆီးနှိမ်နင်းနေတာ တွေ့ရတော့ဝမ်းသာမိပါရဲ့နော်။ တမူး၊ ကလေး စတဲ့ မြို့တွေအပြင် အခုဆိုရင် ပျော်ဘွယ်မြို့ကိုပါ စစ်ဆေးနေတယ်လေရဲ့။ ဒါက မြန်မာပြည်ရဲ့ အနောက်ခြမ်းပေါ့နော်။ ဒါဆိုရင် အရှေ့ခြမ်းကောဗျာ။ မူဆယ်၊ တာချီလိတ်၊ မြ၀တီ၊ ဘုရားသုံးသူ၊ကော့သောင်း အားပါးပါးအများကြီးနော်။ နောက်တစ်ခုက မှောင်ခိုပစ္စည်းနဲ့အတူ မူးယစ်ဆေးဝါးတင်သွင်းနေတာလည်း မကြာခဏဆိုသလို ဖမ်းမိတဲ့ သတင်းက ပါနေကြပေါ့လေ။ KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ဗိုလ်မှူးကြီးတိုက်ဂါးကတော့ ပြောလေရဲ့။ ဒီမူးယစ်ဆေးဝါးရဲ့ တရားခံက ဘယ်သူဆိုတာပေါ့။ ကဲ ကဲ . . . ဒါလည်းထားချေဦးဗျာ။

ထားရတာတွေ များလာတော့လည်း ဘာပြောရမှန်းတောင် မသိတော့ပါလား။

အင်း . . .ကျွန်တော်လည်း တမူးမြို့က အိန္ဒိယလား၊ တရုတ်လားမသိတဲ့ ပစ္စည်းကနေ လျှောက်စဉ်းစား လိုက်တာ ရန်ကုန်က မှောင်ခိုပစ္စည်းနဲ့ အမှုကိစ္စတွေ၊ နောက်ဆုံးတော့ မြန်မာပြည် အရှေ့ဘက်ခြမ်းက မှောင်ခိုလမ်းကြောင်းကော မူးယစ်တွေကောပါကုန်ပြီ။ မဖြစ်ချေတော့ဘူး။ စာဖတ်သူတို့ မျက်စိလည်ကုန်တော့ ချေမယ်။ ပြောချင်တာကို တိုက်ရိုက်ပဲ ပြောလိုက်တော့မယ်။ အမြစ်မရှိရင် အကိုင်းအခက် မသန်ဘူးဆိုတာကို သိပြီးသားဖြစ်မှာမို့ ဘယ်ကိုင်းတွေ ဘယ်လိုချိုင်ချိုင် အမြစ်ဖြစ်တဲ့ ပတ်သက်သူတွေကို မဖယ်ရှားနိုင်ရင် တော့ဖြင့် လူမွှေယောက်ျား၊ မင်းစေများ ပြည်သူ့မီးပွားများပါပဲ။
အောင်ထွန်းလင်း
Myanmartandawsint Newspaper

မ-ဟ-န အပေါ်တွင် သာသနာရေးဝန်ကြီး ရှိမနေ

နေပြည်တော်၊ Thursday, July 4
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မဟန)၏ အပေါ်တွင် သာသနာရေးဝန်ကြီး ရှိနေကြောင်းမှာ ယခုအချိန်တွင် မဟုတ်မှန်ကြောင်း၊ သာသနာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ သြ၀ါဒကို ခံယူ၍ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်က မြန်မာသံတော်ဆင့်သို့ပြောသည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က ““သာသနာရေးဝန်ကြီးဌာနနဲ့ မညှိဘဲနဲ့တော့။ အခုတော့ အဲလိုမဟုတ်ဘူး။ အရင်ကတော့ ဟုတ်ချင်ဟုတ်မယ်။ သို့သော်လည်း ကျွန်တော်က ဆရာတော်ကြီး တွေကိုလည်းသြ၀ါဒခံယူပြီးတော့ လုပ်တာဖြစ်တဲ့အတွက် ဆရာတော်ကြီးတွေက ၀န်ကြီးပြောတာ လိုက်လုပ်ရမှာ မဟုတ်တဲ့အတွက်။ ကျွန်တော်ကတော့ ဆရာတော်ကြီးတွေ သြ၀ါဒခံယူပြီးတော့မှလုပ်တယ်။ ဟိုတုန်းကတော့ ဆရာတော်တွေက ၀န်ကြီးခိုင်းတာတွေလိုက်လုပ်နေရတယ်။ ဟိုတုန်းက ဖြစ်ခဲ့တာတွေရှိကောင်းရှိမယ်။ ကျွန်တော်ကတော့ မစွပ်စွဲပါဘူး။ အခု မဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီး တွေကလည်း အလွန်ရိုးတဲ့ ပုဂ္ဂိုလ်တွေဗျ။  အဲတော့ သံဃမဟာနာယကဆိုတာက သံဃာတွေဂိုဏ်းအားလုံးကို အုပ်ချုပ်တဲ့အခါမှာ သီလ၊ သမာဓိ၊ သိက္ခာသုံးရပ်၊ ဂုဏ်သုံးရပ်ရှိရပါတယ်။ ကနေ့ကျွန်တော်တို့ ဆောင်ရွက်နေ တာသည် သာသနာရေးကိစ္စနဲ့စပ်လျဉ်းလို့ အခမ်းအနားလုပ်တာကအစ အခမ်းအနားအစီအစဉ်ကအစ မဟာနာယကဆီကို တင်ပြရတယ်။

မဟာနာယကသဘောထားတင်ပြရတယ်။ ဟိုတုန်းကတော့ ကျွန်တော် တို့က ရေစက်ချတာကို အရင်လုပ်လိုက်တယ်။ အမှန်က သူ့အစဉ်အလာက လုပ်ငန်းတွေအားလုံးပြီးတော့မှ ရေစက်ချရတာ။ ဆိုတော့ ရွှေတိဂုံမှာ ကျွန်တော် လုပ်ခဲ့တာ အဲဒီအတိုင်းပဲ။ ထီးတင်ပွဲလုပ်တယ်။ နောက်သုံးပတ်ကြာတော့မှ ငြမ်းတွေဖျက်ပြီးတော့ အနေကဇာတင်တယ်။ အနေကဇာတင်ပြီးတော့မှ နေ့လယ် ၂ နာရီမှာ မဟာပါသဏလိုဏ်ဂူထဲမှာ သံဃာအပါး ၅၀၀၀ နဲ့ ရေစက်ချတယ်။  အဲဒီအတိုင်း ရွှေတိဂုံဘုရားက အစဉ်အလာအတိုင်းလုပ်ခဲ့တယ်။ လူကြီးတွေက မဏ္ဍပ်ထဲကို နှစ်ခါပြန်ဝင်ရမှာစိုးလို့ လှူဖွယ်ဝတ္ထုကပ်ပြီး တစ်ခါတည်းရေစက်ချလိုက်တယ်။ အဲဒါကိုအစဉ်အလာမဟုတ်တဲ့အတွက် ကျွန်တော်တို့သာသနာရေးဆိုင်ရာ ကိစ္စများသည် မဟာနာယက ဆရာတော်ကြီးများရဲ့ သြ၀ါဒအတိုင်း ဆောင်ရွက်လျက်ရှိပါတယ်ဆိုပြီးတော့ ပြောလိုပါတယ်””ဟု မြန်မာသံတော်ဆင့်သို့ပြောသည်။

ယခင်သာသနာရေးဝန်ကြီးဌာန ၀န်ကြီးများအနေဖြင့် သံဃမဟာနာယကအဖွဲ့သို့ လွှမ်းမိုးခြယ်လှယ်ခြင်းများရှိခဲ့ ကြောင်း ကျမ်းဂန်တတ်ဆရာတော်အချို့က ဝေဖန်ပြောကြားမှုများလည်းရှိသည်။  ထိုကဲ့သို့ သာသနာရေး ၀န်ကြီးဌာနများအဆက်ဆက် မဟနအပေါ် လွှမ်းမိုးမှုများ ရှိခဲ့ခြင်းစပ်လျဉ်း၍ မန္တလေး မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကေသရာဘိဝံသက ““အမှန်က သာသနာရေး ၀န်ကြီးဌာနဆိုတာ မဟာနာယကရဲ့ လက်အောက်မှာရှိရမှာ။ အခုဟာကပြောင်းပြန်ဖြစ်နေတယ်။ မဟာနာယကက သာသနာရေးဝန်ကြီးရဲ့ လက်အောက်မှာဖြစ်နေတယ်။ သူတို့သဘောတူမှလုပ်ရမယ် ဆိုတဲ့အနေအထားမျိုး ဖြစ်နေတယ်”” ဟု မြန်မာသံတော်ဆင့်သို့ ပြောခဲ့သည်။
Myanmartandawsint Newspaper

ကော်ရှူခြင်း ကာကွယ်ရန်

နေပြည်တော်၊ ဇူလိုင် ၎
လူငယ်များအကြား ဓလေ့စရိုက်တစ်ခု ဖြစ်လာသည့် ကော်ရှူ သုံးစွဲခြင်းကို တားဆီးရေးအတွက် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ များက အလေးထား ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ပေးပို့သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထီးချိုင့် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးစိုးက လူငယ်အချို့ ကော်ရှူသုံးစွဲခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနက ဥပဒေ ပေါ်ထွက်ရေး ဆောင်ရွက်သွားမည့် အစီအစဉ် ရှိ မရှိ မေးမြန်းရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အထက်ပါအတိုင်း ဖြည့်စွက် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထီးချိုင့် မဲဆန္ဒနယ်မှ ဦးစိုးစိုး၏ မေးခွန်းသည် နိုင်ငံနှင့် နိုင်ငံသားများ အတွက် လွန်စွာ အရေးကြီးပြီး အလေးထားရမည့် ကိစ္စတစ်ရပ် ဖြစ်ကြောင်း၊ အမျိုးသားရေး ကိစ္စရပ် တစ်ခုလည်း ဖြစ်ကြောင်း၊ ယင်းအတွက် ဤမေးခွန်းကို အခြေပြုကာ လွှတ်တော် ဥက္ကဋ္ဌအနေနှင့် နိုင်ငံတော် သမ္မတထံ သဝဏ်လွှာ ရေးသားပေးပို့မည့်အပြင် အစိုးရအဖွဲ့ထံသို့လည်း အကြောင်းကြားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ကော်ရှူသုံးစွဲခြင်း ဓလေ့သည် ကျောင်းသား လူငယ်များအထိ ပျံ့နှံ့လာသောကြောင့် ဝန်ကြီးဌာနများ ၊ပြည်သူများနှင့် လုပ်ငန်းရှင်များက ပူးပေါင်း ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ပြီး အဆိုပါ ကိစ္စရပ်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ဥပဒေတစ်ရပ် အမြန်ဆုံး ရေးဆွဲသွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဆိုသည်။

ကော်ရှူခြင်း ဓလေ့မှာ လူငယ်များအကြား ပျံ့နှံ့နေသော်လည်း လူကြီးများ ကျယ်ကျယ်ပြန့်ပြန့် မသိရှိသေးကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာရေးနှင့် သက်ဆိုင်သည့်အတွက် ကျန်းမာရေး ပညာရှင်၊ ဓာတုဗေဒ ပညာရှင်များ ကိုယ်တိုင် လက်တွေ့ လေ့လာသင့်သည့် ကိစ္စဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကော်ရှူခြင်းမှာ အိမ်ခြေမဲ့ ကလေးများနှင့် လမ်းပျော် ကလေးများတွင် အဖြစ်များသည့်အတွက် ကျောင်းနေအရွယ် ကလေး ကျောင်းအပ်ရေး ကို ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကလေးများ စိတ်ဓာတ် ကျဆင်းသည့်အခါ ကော်ရှူပြီး မူးယစ်စေသည့်နည်းဖြင့် ဖြေရှင်းသည့်အတွက် စောင့်ကြည့် ကာကွယ်ရမည်ဖြစ်ကြောင်း ကော်ရှူသည့် ကလေးငယ်များအကြောင်း ကိုယ်တိုင် လေ့လာ ရေးသားခဲ့သည့် မန္တလေး ဆေးတက္ကသိုလ်မှ တတိယနှစ် ကျောင်းသူ မယဉ်ယဉ်နှောင်းက ပြောကြားသည်။

ကော်ရှူ သုံးစွဲမှု သတင်းရသည့် မြို့နယ်များတွင် ကျောင်းသားများ ကော်ရှူသုံးစွဲပါက ဆရာ၊ ဆရာမများက မိဘများကို ခေါ်ယူ တွေ့ဆုံကာ ဆွေးနွေး ညှိနှိုင်းခြင်း၊ ကျောင်းသားများအတွင်း ကင်းထောက်များ ထားရှိကာ စောင့်ကြပ် ကြည့်ရှုခြင်း၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ စခန်းများမှ တာဝန်ရှိသူများက ကော်ရှူသူများကို ခေါ်ယူ တွေ့ဆုံ ပညာပေး ဆုံးမခြင်း၊ သင်္ဘောဆေး ပစ္စည်း အရောင်းဆိုင်များက ပါဝင် ပူးပေါင်း ဆောင်ရွက်ခြင်း စသည့်တို့ကို လုပ်ဆောင်ခြင်းဖြင့် ထိန်းချုပ် နိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဆိုသည်။
The Voice Weekly


အီဂျစ်သမ္မတ မော်စီကို ဖြုတ်ချဖမ်းဆီး၊ ဥပဒေခုံရုံး တရားသူကြီးကို ကြားဖြတ် သမ္မတတင်

ကိုင်ရို၊ ဇူလိုင် ၎
အီဂျစ် လက်ရှိ နိုင်ငံရေး အကျပ်အတည်းများ ပြေလည်စေရန်အတွက် ရာထူးမှ နုတ်ထွက်ပေးရန် စစ်တပ်က သမ္မတ မိုဟာမက် မော်စီကို ၄၈ နာရီ အချိန်ပေးခဲ့ပြီးနောက် သမ္မတက ငြင်းဆန်ခဲ့ရာ ၎င်းကို ရာထူးမှ ဖြုတ်ချခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းထားကာ လက်ရှိ အခြေခံဥပဒေခုံရုံး တရားသူကြီးကို ကြားဖြတ် သမ္မတအဖြစ် ဇူလိုင်လ ၄ ရက်နေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုစေမည်ဖြစ်ကြောင်း AFP သတင်း တစ်ရပ်က ဖော်ပြထားသည်။

သမ္မတမော်စီ လက်အောက်တွင် ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ် အဗ္ဗဒယ် ဖာတာ အယ်စီစီက သမ္မတကို ရာထူးမှ ဖြုတ်ချလိုက်သည့် ကြေညာချက်ကို အစိုးရ ရုပ်သံတွင် ကြေညာသွားခဲ့ပြီး ရဲတပ်ဖွဲ့ ကလည်း မော်စီ၏ အနီးကပ် နိုင်ငံရေး အကူများနှင့် မွတ်ဆလင် ညီနောင်များအဖွဲ့ ခေါင်းဆောင်ပိုင်းများကို ဝိုင်းထားကြောင်းလည်း ယင်းသတင်းအရ သိရသည်။

အီဂျစ် အခြေခံဥပဒေခုံရုံး အကြီးအကဲ တရားသူကြီးချုပ် အဒီလီအယ်မန်ဆောကို ကြားဖြတ်အစိုးရ သမ္မတအဖြစ် သမ္မတ ရွေးကောက်ပွဲသစ် တစ်ခု ထပ်မလုပ်ခင်အချိန်အထိ စစ်တပ်က ခန့်အပ်ထားသည်။

မွတ်ဆလင် ညီနောင်များ အဖွဲ့အစည်း၏ ခေါင်းဆောင်ပိုင်း ၃၀၀ခန့် ကိုလည်း ဖမ်းဝရမ်းများ ထုတ်ထားသည်ဟု အစိုးရ မီဒီယာက သတင်း ထုတ်ပြန်ထားသည်။

အစ္စလာမ်မစ်ဝါဒီ သမ္မတကို မထောက်ခံကြသည့် ဆန္ဒပြသူများက စစ်တပ်က မော်စီကို ဖြုတ်ချလိုက်သည့် သတင်းကြောင့် မီးကုန်ယမ်းကုန် အောင်ပွဲခံလျက်ရှိပြီး မီးရှူးမီးပန်းများ ပစ်ဖောက် ခြင်း၊ ကားဟွန်းများ အဆက်မပြတ် တီးခြင်းတို့ကို ပြုလုပ်နေကြသည်။

သမ္မတမော်စီကို ထောက်ခံသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အလက်ဇန်ဒရီယာတွင် ထိပ်တိုက် တွေ့ခဲ့ကြလေရာ မော်စီကို ထောက်ခံသူ ခုနစ်ဦး သေဆုံးသွားကြောင်း လက်နက်ကိုင်တပ်ဖွဲ့ အရာရှိများက ပြောကြားသည်။

တောင်ပိုင်းပြည်နယ် မင်ယာဒေသတွင်လည်း မော်စီကို ထောက်ခံသူ များက အစ္စလာမ္မစ်ဝါဒီ မလိုလားသူများကို တိုက်ခိုက်ခဲ့ရာ လူသုံးဦး သေဆုံးသွားခဲ့သေးသည်။

နှစ်ဖက် အင်အားစုများ ထိပ်တိုက်တွေ့ကာ အဓိကရုဏ်းများ ဖြစ်ခဲ့သောကြောင့် အနည်းဆုံး လူ၅၀ဦး သေဆုံးသွားခဲ့သည်ဟု AFP သတင်းက ဖော်ပြထားသည်။

မိုဟာမက် မော်စီကို ထောက်ခံသည့် ထောင်ပေါင်းများစွာသော အင်အားစုများက မြို့တော် ကိုင်ရို မြောက်ပိုင်းတွင် စခန်းချ သပိတ်မှောက်လျက်ရှိကြပြီး စစ်တပ်က သမ္မတကို ရာထူးချကာ ဖမ်းဆီးထား ကြောင်း အမိန့် ထုတ်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ရုပ်သံလိုင်းများက အဆိုပါ သပိတ် စခန်းများကို တိုက်ရိုက် ထုတ်လွှင့် တင်ဆက်နေမှုများ ရပ်တန့်သွားခဲ့သည်။

ယခုဖြစ်ရပ်အတွက် အလွန် စိုးရိမ်မိကြောင်း မော်စီနှင့် ၎င်းကို ထောက်ခံသူများကို လက်လွတ်စပယ် ဖမ်းဆီးခြင်းများ မလုပ်သင့်ကြောင်း အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက် အိုဘားမားက ပြောဆိုသွားသည်။

ပြီးခဲ့သည့် မေလက ဝါရှင်တန် အစိုးရက အတည်ပြုပေးထားသော အီဂျစ် တပ်မတော်သို့ စစ်ရေး အကူအညီ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖိုးကို ပြန်လည် ဆန်းစစ်မည်ဖြစ်ကြောင်းလည်း အိုဘားမားက ဆိုထားသည်။
The Voice Weekly



အရေပြားထိခိုက်နိုင်သောကြောင့် Kanebo ထုတ်ကုန်အချို့ ပြန်သိမ်းမည်

ရန်ကုန်၊ ဇူလိုင် ၎
ဂျပန်အလှကုန် Kanebo က အာရှဈေးကွက် အတွင်းရှိ ၎င်းတို့၏ အလှကုန်အချို့သည် အရေပြား ထိခိုက်မှု ရှိသောကြောင့် ဟုဆိုကာ ပြန်လည်သိမ်းယူမည် ဖြစ်ကြောင်း ဇူလိုင်လ ၄ ရက်နေ့တွင် ကြေညာသည်။

ယင်းအလှကုန်များ ထုတ်လုပ်သည့် Kanebo Cosmetics Inc.၊ Lissage Ltd. နှင့် E’quipe, Ltd. ကုမ္ပဏီတို့မှ ထုတ်လုပ်ထားသော အလှကုန်ပစ္စည်း အချို့တွင် အရေပြားကို ထိခိုက်စေသော ဓာတုပစ္စည်း တစ်မျိုးဖြစ်သည့် Rhododenol 4-(4-hydroxyphenyl)-2-butanol ဝင်နေခြင်း ဖြစ်ကြောင်း ယင်းကြေညာချက်အရ သိရသည်။

မြန်မာနိုင်ငံ အပါအဝင် ထိုင်း၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဖြန့်ချိထားသော အလှကုန်များကို ပြန်လည် သိမ်းယူသွားမည်ဟု ကြေညာခြင်း ဖြစ်သည်။

ပြန်လည်သိမ်းယူမည့် ကုန်ပစ္စည်းများတွင် Kanebo BLANCHIR SUPERIOR၊ Suisai၊ TWANY၊ IMPRESS၊ AQUALEAF၊ LISSAGE၊ E’quipe နှင့် SUQQU အမှတ်တံဆိပ် အသားဖြူကရင်မ်များ၊ ကိုယ်ခန္ဓာလိမ်း အလှဆီများ အပါအဝင် ထုတ်ကုန် ၅၄ မျိုးကို ပြန်လည် သိမ်းယူမည် ဖြစ်သည်။

အသုံးပြုသူ အချို့က အဆိုပါ အလှကုန်များ သုံးစွဲပြီးနောက် အရေပြားပေါ်တွင် အဖြူကွက်များ၊ အရောင်ပြောင်းမှုများ ဖြစ်ပေါ် လာကြောင်း အကြောင်း ကြားလာသောကြောင့် ပြန်လည် စုံစမ်းပြီး ယခုကဲ့သို့ ထုတ်ပြန်ခဲ့ကြောင်း ဂျပန်အခြေစိုက် ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ကြေညာခဲ့သည်။

ဂျပန်ဈေးကွက် တစ်ခုတည်းတွင်ပင် ဆိုင်ခွဲပေါင်း ၁၅,၀၀၀ မှ ကုန်ပစ္စည်း လေးသိန်းခွဲခန့် ပြန်လည် သိမ်းယူရမည်ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် Kanebo ထုတ်ကုန်များ ဖြန့်ချိနေသော Ever Seiko ကုမ္ပဏီသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

“Kanebo တော့သုံးတယ်။ အခုချိန်အထိတော့ ဘာမှမဖြစ်ဘူး။ ဒီအတိုင်းဆိုရင် ပြောင်းသုံးရမယ်နဲ့ တူတယ်” ဟု လက်ရှိ Kanebo ကုမ္ပဏီထုတ် KATE အလှကုန် ပစ္စည်းများ သုံးစွဲနေသူ ဒေါ်လွင်လွင်အောင်က ဆိုသည်။

Rhododenol 4-(4-hydroxyphenyl)-2-butanol ဓာတုဗေဒ ပစ္စည်းသည် အသားဖြူစေရန် အလှကုန်များတွင် အသုံးပြုသော ပစ္စည်းဖြစ်ပြီး အရေပြား အရောင်ဖြစ်စေသော မယ်လနင်ဆဲလ်များကို အရောင်မပြောင်းလဲအောင် ကာကွယ်ပေးကာ နေပူထဲသို့ ထွက်ပါက အသားမည်းခြင်းကို ကာကွယ်ပေးကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောကြားသည်။

ကြာရှည်သုံးစွဲပါက အရေပြားကို ထိခိုက်စေသော ယင်းဓာတုဗေဒပစ္စည်းကို Kanebo ကုမ္ပဏီက အသားဖြူစေရန် အဓိကထား ထုတ်လုပ်သော အလှကုန်များတွင် ၂၀၀၈ ခုနှစ်မှ စတင်သုံးစွဲခဲ့သည်။
The Voice Weekly

ကြက်သွန်နီ ဈေးတက်၍ တောင်သူများ ဈေးကွက် စောင့်ကြည့်

မန္တလေး၊ ဇူလိုင် ၎
စားဖိုချောင်သုံး သီးနှံ တစ်မျိုးဖြစ်သည့် ကြက်သွန်နီ ဈေးအနည်းငယ် မြင့်တက်လာသဖြင့် ကြက်သွန် စိုက် တောင်သူများက ဈေးကွက်အတွင်းသို့ မရောင်းသေးဘဲ ဆက်လက် ထားရှိကာ ဈေးကွက် စောင့်ကြည့်နေကြကြောင်း မန္တလေးမြို့တော် အခြေစိုက် ကြက်သွန်ပွဲရုံများနှင့် ကြက်သွန်စိုက် တောင်သူများထံမှ စုံစမ်း သိရှိရသည်။

“တောင်သူတွေက ကြက်သွန်နီ ဈေးကောင်းတယ်ဆိုရင် ထုတ်မရောင်းကြဘူး။ လှောင်ထားကြတယ်။ ဈေးထပ် တက်ဦးမလားဆိုပြီး စောင့်ကြတာ။ အခုချိန်က ဈေးတက်တုန်း တောင်သူတွေက ထုတ်မ ရောင်းတော့ ဈေးကွက်ထဲမှာ ပစ္စည်းတော့ သိပ်မရှိဘူး” ဟု မန္တလေးမြို့တော် ကိုင်းတန်းဈေးရှိ ကြက်သွန် ပွဲရုံပိုင်ရှင် တစ်ဦးက ဆိုသည်။

လက်ရှိ ဈေးကွက်တွင် ကြက်သွန်နီ အဓိက ထွက်ရှိရာ ဒေသဖြစ်သော မြင်းခြံနယ်နှင့် မုံရွာနယ်ထွက် ကြက်သွန်နီ ဈေးနှုန်းများမှာ တစ်ပိဿာလျှင် ၅၀ ကျပ်ခန့် ဈေးတက်နေပြီး အရောင်းအဝယ် အေးနေ ကြောင်း မန္တလေးမြို့တော် အခြေစိုက် ကြက်သွန်ပွဲရုံ လုပ်ငန်းရှင်များက ပြောကြားသည်။

“ဧပြီလက တစ်ပိဿာ ၄၀၀ ဝန်းကျင်လောက်ပဲ ရှိတယ်။ ခုက ၅၀၀ ကျပ် ဝန်းကျင် ရှိနေတယ်။ ဈေးများ ထပ်တက်ဦးမလား တောင်သူတွေက စောင့်နေတုန်းပဲ” ဟု အောင် ကြက်သွန်ပွဲရုံ လုပ်ငန်းရှင်က ဆိုသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ကြက်သွန်နီ တစ်ပိဿာလျှင် ၈၀၀ ကျပ်ခန့်ထိ ဈေးမြင့်တက် ခဲ့ဖူးသဖြင့် ယခုနှစ်တွင်လည်း တောင်သူများမှာ ထုတ်မရောင်းသေးဘဲ ဈေးကွက် စောင့်ကြည့် နေခြင်းဖြစ်ကြောင်း ကုန်သည် အချို့က သုံးသပ် ပြောကြားသည်။

“ဘာ့ကြောင့် ဈေးကောင်းနေလဲ မပြောတတ်ပါဘူး။ ဈေးကောင်းပေမယ့် အရောင်းအဝယ် မကောင်းဘူးဆိုတာက နယ်ဘက်တွေ အဝယ်မလိုက်လို့ပါ။ မတ္တရာတို့၊ ပြင်ဦးလွင်တို့ကလည်း ကြက်သွန် ထွက်ကြတော့ အဲဒီဘက်ကလည်း အဝယ် မလာတော့ဘူး}} ဟု အောင်ကြက်သွန်ပွဲရုံ လုပ်ငန်းရှင်က ဆိုသည်။

လက်ရှိ မန္တလေးမြို့တော် ကြက်သွန်နီ ဈေးကွက်သို့ မြင်းခြံနယ်နှင့် မုံရွာနယ်တို့မှ ကြက်သွန်နီများသာ အဝင်ရှိပြီး မြန်မာနိုင်ငံ အထက်ပိုင်း မြစ်ကြီးနား၊ ရွှေဘို၊ လက်ပံလှ၊ သပိတ်ကျင်းနယ်တို့သို့ အဓိက တင်ပို့ ရောင်းချရကြောင်း ကြက်သွန်နီ ပွဲရုံ လုပ်ငန်းရှင်များက ပြောကြားသည်။

“နယ်တွေကို သိပ်မရောင်းသေးတာက ကြက်သွန်ဈေး ကောင်းဦးမလား စောင့်နေသေးတာ။ အခုလက်ရှိ ဈေးနှုန်းတွေက အရင်းတောင် မကျေသေးဘူး။ တောင်သူတွေကလည်း ဈေးကို အားမရ သေးဘူး။ အဲဒါကြောင့် ထုတ်မရောင်းသေးဘဲ စောင့်နေတာ” ဟု မြင်းခြံနယ်တွင် ကြက်သွန်ဧက ၃၀ စိုက်ပျိုးထားသည့် တောင်သူ ဦးမိုးဇော်က ဆိုသည်။

နှစ်စဉ် ကြက်သွန်ရာသီ ကုန်ခါနီးသည့် သြဂုတ်လခန့်တွင် အရောင်းအဝယ်ပါးလေ့ရှိသည့် ကြက်သွန်နီ ဈေးကွက်သည် ယခုနှစ်တွင် သင်္ကြန်ပြီးချိန်မှစကာ လက်ရှိအထိ အရောင်းအဝယ် ပါးနေကြောင်း ကိုင်းတန်းဈေးရှိ ပွဲရုံ လုပ်ငန်းရှင်များက ပြောကြားသည်။

“ကြက်သွန် အထွက်နှုန်းက မနှစ်ကနဲ့ ယှဉ်ရင် ၂၀ ရာခိုင်နှုန်းလောက်တောင် များသေးတယ်။ ဒါပေမဲ့ မရောင်းသေးပါဘူး။ ခု လက်ရှိဈေးလည်း မကြိုက်သေးဘူး။ ကိုယ့်နယ် အထိုင်မှာကို တစ်ပိဿာ ၅၀၀ လောက်ရမှကို ဖြစ်မှာ။ ရာသီကုန်ဖို့ကလည်း လိုသေးတယ်ဆိုတော့ နောက်နှစ်လလောက်တော့ စောင့်ကြည့်ဦးမယ်” ဟု မြင်းခြံခရိုင် တောင်သာမြို့နယ် ဘုရားလှ ကျေးရွာမှ ကြက်သွန်စိုက်တောင်သူ ဦးနိုင်မြင့်က ဆိုသည်။

လက်ရှိ ကြက်သွန်နီ ပေါက်ဈေးမှာ မြင်းခြံ ကြက်သွန်နီ တစ်ပိဿာ ထိပ်စ ၄၈၀ ကျပ်၊ အလတ် ၄၅၀ ကျပ်၊ အလတ်သေး ၄၀၀ ကျပ်၊ မုံရွာ ကြက်သွန်နီ အောက်စ ၃၆၀ ကျပ်၊ အကြီး ၄၂၀ ကျပ်၊ ရှယ် ၄၅၀ ကျပ် ရှိကြောင်း မန္တလေး ကုန်စည် ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
The Voice Weekly

တက္ကသိုလ်ဝင်တန်းကျရှုံးသူ ဆယ်ကျော်သက်တစ်ဦး ကြိုးဆွဲချသေဆုံး

ဥက္ကံ၊ ဇူလိုင် ၎
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ဘုရင့်နောင် ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ဇူလိုင်လ ၃ ရက် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးခဲ့သူ အသက် ၁၇ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ဥက္ကံမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

သေဆုံးသူသည် နေအိမ်ထုပ်တန်းတွင် ပုခက်ကြိုးကို အသုံးပြု၍ ကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်ပြီး မိသားစုဝင်များနှင့် မည်သည့် ပြဿနာမှ မရှိကြောင်း ဖခင်ဖြစ်သူက ရှင်းပြသည်။

အမျိုးသမီးငယ် ကြိုးဆွဲချ သေဆုံးမှုကို သေမူသေခင်း အမှတ် ၅/၂၀၁၃ ဖြင့် စစ်ဆေးလျက် ရှိကြောင်း ဥက္ကံမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ဥက္ကံမြို့နယ်တွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင် ၃ ရက်နေ့အထိ ကြိုးဆွဲချ သေဆုံးသူ သုံးဦးအထိ ရှိကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
The Voice Weekly

ဟောင်ကောင်သရုပ်ဆောင် မေရီယန်း မုံရွာတွင် AIDS ပညာပေးဇာတ်လမ်း ရိုက်ကူး

မုံရွာ၊ ဇူလိုင် ၎
ဟောင်ကောင်နိုင်ငံမှ သရုပ်ဆောင်မေရီယန်းမှာ မုံရွာမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးလက် ကျန်းမာရေးဌာနများတွင် ဇူလိုင်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ မိခင်မှသန္ဓေသား ကလေးငယ်ကို HIV ရောဂါ ကူးစက်မှု ကာကွယ်တားဆီးရေး ပညာပေးဇာတ်လမ်းကို ရိုက်ကူးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ခုခံအားကျဆင်းမှုနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မင်းသမီးက ဇူလိုင်လ ၁ ရက်နေ့မှာ ရောက်တာပါ။ မုံရွာမြို့ပေါ်မှာ စက်မှုဇုန် ရပ်ကွက်နဲ့ ထတောအင်းစပ်တွေမှာ ရိုက်ကူးရေးတွေ လုပ်ပါတယ်၊ ဝေဒနာ ခံစားနေရတဲ့ လူနာတွေနဲ့ ကလေးတွေကို အားပေးတဲ့ ဇာတ်လမ်းကိုလည်း ကိုယ်တိုင် တွေ့ဆုံပြီး ရိုက်ကူးတယ်။ မုံရွာ ဒေသန္တရဆေးခန်းက ကိုယ်ဝန်ဆောင် မိခင်ကနေသန္ဓေသား မကူးအောင် ကာကွယ်ပေးတဲ့ ဌာနမှာလည်း ရိုက်တယ်။ နောက် မုံရွေးနဲ့ကြေးမုံက ကျေးလက်ကျန်းမာရေး ဌာနတွေမှာလည်း သွားပြီး ရိုက်ကူးခဲ့တယ်” ဟု ဟောင်ကောင်သရုပ်ဆောင် မုံရွာသို့ ရောက်ရှိစဉ် လိုက်ပါ ကူညီခဲ့ရသည့် ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

ဟောင်ကောင်သရုပ်ဆောင် မေရီယန်းမှာ ဇူလိုင်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် ရိုက်ကူးမှုများ ပြုလုပ်ခဲ့ပြီး ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ကလေးငယ်တစ်ဦးအတွက် စက်ဘီးတစ်စီး ဝယ်၍ လက်ဆောင် ပေးခဲ့ကြောင်း အင်းစပ်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ယခုရိုက်ကူးခဲ့သည့် အစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်း၍ P.M.C.T စီမံချက်အတွက် ရိုက်ကူးခြင်း ဖြစ်ပြီး ရရှိလာသည့် ရန်ပုံငွေများကို မိခင်မှသားသမီးသို့ HIV ပိုး မကူးစက်ရေး လုပ်ငန်းများ ဆောင်ရွက်သည့် အခါတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
The Voice Weekly

ခြေထောက် လေးချောင်းပါ ကလေးငယ်ကို ယခုလ ဒုတိယပတ်အတွင်း ရန်ကင်း ကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသမည်

မိခင်နှင့်အတူ တွေ့ရှိရသည့် ခြေလေးချောင်းပါ ကလေးငယ် (ဓာတ်ပုံ-ဧရာဝတီ ဖောင်ဒေးရှင်း)
Thursday, 04 July 2013
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှ မွေးရာပါ ခြေထောက် လေးချောင်းပါ သုံးလခွဲအရွယ် ကလေးငယ်ကို ယခုလ ဒုတိယပတ် အတွင်း ရန်ကင်း ကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသ သွားမည်ဖြစ်ကြောင်း ရန်ကင်း ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ခွဲစိတ်ကုသရန် အတွက် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ထားပြီး ခွဲစိတ်ကုသမှုကို ရန်ကုန်နှင့် ရန်ကင်း ကလေးဆေးရုံကြီးမှ ကလေးခွဲစိတ် အထူးကု ဆရာဝန်ကြီးများ၊ အရိုးအထူးကု ဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကု ဆရာဝန်ကြီးများ စသည့် ဆေးပညာရှင်များ စုပေါင်း လုပ်ဆောင်မည်ဖြစ်ပြီး ခွဲစိတ်ကုသမည့် ရက်ကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း သိရသည်။

ခြေထောက် လေးချောင်းပါ ကလေးငယ်အား ခွဲစိတ်ကုသရာတွင် ပိုနေသည့် ခြေထောက် နှစ်ချောင်းကို အဓိက ဖယ်ထုတ်မည်ဖြစ်ပြီး ခွဲစိတ်ကုသပြီး နောက်ပိုင်း လမ်းလျှောက်နိုင်ရန်၊ ကျင်ကြီးကျင်ငယ် သွားနိုင်ရန် ခွဲစိတ်မည် ဖြစ်ကြောင်း သိရသည်။

လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ထားပြီး ခွဲစိတ်ကုသမှုကို ရန်ကုန်နှင့် ရန်ကင်း ကလေးဆေးရုံကြီးမှ ကလေးခွဲစိတ် အထူးကု ဆရာဝန်ကြီးများ၊ အရိုးအထူးကု ဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကု ဆရာဝန်ကြီးများ စသည့် ဆေးပညာရှင်များ စုပေါင်း လုပ်ဆောင်မည်ဖြစ်ပြီး ခွဲစိတ်ကုသမည့် ရက်ကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း သိရ...

ယင်းကလေးငယ်အား ခွဲစိတ်ကုသရန် အတွက် မေ ၁၂ ရက်က ရှမ်းပြည်နယ်မှ ရန်ကင်း ကလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းကလေးငယ်အား ခွဲစိတ်ရာတွင် လိုအပ်သည့် ခွဲစိတ်အထောက်အကူပြု စက်ကိရိယာ ပစ္စည်းများ၊ ကုန်ကျမည့် ကုန်ကျစရိတ်များ အားလုံးကို နိုင်ငံတော်နှင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ တာဝန်ယူ လုပ်ဆောင်ပေးမည်ဖြစ်ပြီး လက်ရှိ မခွဲစိတ်မီ ကလေးငယ်နှင့် သူ၏မိသားစုအတွက် အထွေထွေ ကုန်ကျစရိတ်များကို ဧရာဝတီ ဖောင်ဒေးရှင်းမှပင် တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

သုံးလခွဲအရွယ် မွေးရာပါ ခြေထောက် လေးချောင်းပါ ကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး ယင်းကလေးငယ်ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လုံမြို့ တောင်ဘက်ရှိ ၄၅ မိုင် အကွာ ကျေးရွာတစ်ရွာတွင် အဖဦးခွန်စံဒွေး၊ အမိဒေါ်နန်းနောင်းနောင့်တို့မှ မွေးဖွားခဲ့ခြင်းဖြစ် ကာ မွေးချင်းလေးဦး ရှိကြောင်း သိရသည်။
Eleven Media Group

ရန်ကုန်မြို့ရှိ ယာဉ်ကြောပိတ် ငါးနေရာတွင် စည်းကမ်းမဲ့ယာဉ်များကို စတင်အရေးယူ

ရန်ကုန်၊ ဇူလိုင် ၎
ရန်ကုန်မြို့တွင်းရှိ ယာဉ်ကြော ပိတ်ဆို့မှု အများဆုံးနေရာ ငါးနေရာတွင် ဇူလိုင်လ ၄ ရက်နေ့မှစ၍ စည်းကမ်းမဲ့ယာဉ်များကို အရေးယူမှုများ စတင်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့ခွဲမှူး ဦးသာဌေးက The Voice သို့ ပြောကြားသည်။

ယာဉ်ထိန်းတပ်ဖွဲ့ အခြေပြုရာ နေရာများတွင် တပ်ဖွဲ့ဝင်အင်အား ၃၀ ထပ်တိုး၍ စတင်စမ်းသပ် အရေးယူ ဆောင်ရွက်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရန်ကုန်မြို့တော်တွင် ယာဉ်ကြော ရှုပ်ထွေး၊ ပိတ်ဆို့သည့်နေရာ ၁၈ နေရာရှိပြီး စမ်းသပ်ဆောင်ရွက်သည့်နေရာ ငါးနေရာမှာ အနော်ရထာ-ဗိုလ်ဆွန်ပက်လမ်း၊ အနော်ရထာ-ဗိုလ်အောင်ကျော်လမ်း၊ မဟာဗန္ဓုလလမ်းပေါ်ရှိ သိမ်တော်ကြီး အနီးတဝိုက်၊ ဗညားဒလလမ်းပေါ် ယုဇန ပလာဇာရှေ့နှင့် ဟံသာဝတီ အဝိုင်းတို့ ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထံမှ စုံစမ်းသိရှိရသည်။

“ဖြူနီကျားမှာ ရပ်တဲ့ယာဉ်တွေ၊ တစ်လမ်းမောင်းမှာ ညာဘက်ကပ်ရပ်တဲ့ ယာဉ်တွေ၊ ပြီးတော့ အသံချဲ့စက်နဲ့ အော်ပြီး ယာဉ်တွေကို တားနေတာတွေ့တယ်။ သက်ဆိုင်ရာက ကြပ်မတ် လုပ်ဆောင်နေတုန်း ခဏပဲ။ ပြီးရင် စည်းကမ်းမဲ့ လုပ်ကြတာပါပဲ။ အဲ့ဒီလို အမြဲလုပ်နိုင်ရင်တော့ ကောင်းတာပေါ့” ဟု ယာဉ်များကို ဖမ်းဆီး အရေးယူနေသည်ကို တွေ့ရှိရသူတစ်ဦးက ဆိုသည်။

လူကူးမျဉ်းကျား ရေးဆွဲခြင်း၊ လူကူးမျဉ်းကျားတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲများ၊ မြို့တော်စည်ပင်နှင့် မထသ အပါအဝင် NGO အဖွဲ့အစည်းများ ပူးပေါင်း၍ ၂၀၁၃ ခုနှစ် မေလ ၆ ရက်နေ့မှ ၁၂ ရက်နေ့ထိ ပြုလုပ်ခဲ့ပြီး ယာဉ်အန္တရာယ် ကင်းရှင်းရေး ရက်သတ္တတစ်ပတ် လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြောင်း မထသ (ဗဟို) က တရားဝင် ထုတ်ပြန်ထားသည်။
The Voice Weekly

သူရဦးရွှေမန်း လွှတ်တော်နာယကဖြစ်လျှင် အခြေခံဥပဒေပြင်ရေး ပိုအဆင်ပြေနိုင်

ရန်ကုန်၊ ဇွန် ၎
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ လာမည့်သြဂုတ်  ၁ ရက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ကို လွှဲပြောင်းရယူပြီးနောက် ပြည်ထောင်စုလွှတ်တော်တွင်သာ ဆွေးနွေးဆုံးဖြတ်နိုင်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စနှင့်ပတ်သက်၍ ပိုမိုအဆင်ပြေနိုင်မည့် အလားအလာရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်အသိုင်း အ၀ိုင်းက သုံးသပ်ပြောဆိုကြသည်။

ယင်းသို့ သုံးသပ်ပြောကြားမှုမှာ လက်ရှိပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်သည် စည်းကမ်းအတိုင်း စည်းစနစ်ကျကျ ဆောင်ရွက်တတ်သူဖြစ်ပြီး သူရဦးရွှေမန်းမှာ စည်းရုံးရေးနည်းလမ်းဖြင့် ဆောင်ရွက်တတ်သူဖြစ်သောကြောင့်ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန်ဟူသော ကြွေးကြော်ချက်ဖြင့် လွှတ်တော်တွင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မှ ၀င်ရောက်ခဲ့သော NLD ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဖြိုးမင်းသိန်းကပြောကြားသည်။

““ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကဏ္ဍဟာ ပြည်ထောင်စုလွှတ်တော်မှာမှ ပါဝင်လာမှာဖြစ်တဲ့အတွက် ဒီအခြေအနေပေါ်မှာ စည်းရုံးရေးပုံစံနဲ့ သိမ်သိမ်မွေ့မွေ့ကိုင်တွယ်ဖို့ လိုအပ်လိမ့်မယ်လို့ထင်တယ်။ ဒါကြောင့်မို့ ဥက္ကဋ္ဌဦးရွှေမန်းလက်ထက်မှာ ဖွဲ့စည်းပုံ အခြေခံဥ ပဒေ ပြင်ဆင်ရေးအတွက် အကောင်းဆုံးသယ်ဆောင်ပေးသွားမယ် လို့ မျှော်လင့်ပါတယ်”” ဟုပြောသည်။

လွှတ်တော်ပြင်ပ နိုင်ငံရေးအသိုင်းအ၀ိုင်းနှင့် နိုင်ငံရေးလေ့လာစောင့်ကြည့်သူများကမူ သူရဦးရွှေမန်း ပြည်ထောင်စုလွှတ်တော်နာယက ဖြစ်လာသော်လည်း ၂၀၁၅ ခုနှစ်ရွေး ကောက်ပွဲမတိုင်မီ ထူးခြားသည့်ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်မှုဖြစ်ပေါ်ရန် အလားအလာနည်းကြောင်း သုံးသပ်ကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အခြားလွှတ်တော်ကိုယ်စားလှယ်များကလည်း ထောက်ခံပြောကြားမှုရှိပြီး လွှတ်တော်အတွင်း စွမ်းဆောင်ရည်မြင့်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော ဦးသိန်းညွန့်က  ““ပါတီအသီးသီးရဲ့ ရပ်တည်ချက်ပေါ်မူတည်ပြီး ကြည့်ရဦးမယ်။ ဒါကြောင့် တွက်တဲ့အခါမှာ လူပုဂ္ဂိုလ် ဆိုင်ရာအပိုင်းကို တွက်ရမှာဖြစ်သလို ပါတီအသီးသီးရဲ့ ရပ်တည်ချက်နဲ့လည်း ယှဉ်တွဲပြီး အကဲဖြတ် ဖို့လိုမယ်””ဟု ပြောကြားသည်။

ထို့ပြင်သူရဦးရွှေမန်း၏ မကြာမီကမှ ၂၀၁၅ ၌ သမ်္မတဖြစ်ရန်ဆန္ဒရှိကြောင်းပြောဆိုထားသူဖြစ်၍ ယခု ကာလသည် အာဏာရပါတီဖြစ်သလို လွှတ်တော်တွင်း ကိုယ်စားလှယ်အများဆုံးရထားသည့် ပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်သည့် သူရဦးရွှေမန်းမှာ ယခုကဲ့သို့ ပြည်ထောင်စုလွှတ်တော်နာယကဖြစ်လာချိန်တွင် ၎င်း ၏ခေါင်းဆောင်မှု၊ စွမ်းဆောင်မှုနှင့် အရည်အချင်းကို ပြည်သူအားလုံး စောင့်ကြည့်ရတော့မည်ဖြစ်ကြောင်း ဦးသိန်းညွန့်က သုံးသပ်ပြောကြားသည်။

သူရဦးရွှေမန်း၏ လွှတ်တော်အတွင်း ဆုံးဖြတ်ဆောင်ရွက်ချက်များကြောင့် လက်ရှိနိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် မကြာခဏထိပ်တိုက် ၀ိဝါဒကွဲပြားမှုဖြစ်ပေါ်လျက်ရှိကြောင်း သုံးသပ်ပြောကြားမှုများလည်းရှိ ရာ ၎င်းပြည်ထောင်စုလွှတ်တော်နာယက တာဝန်ထမ်းဆောင်ရသောအခါ လွှတ်တော်နှင့် အစိုးရဆက်ဆံရေးအပေါ် ပိုမိုသဘောကွဲလွဲမှုအရှိန်ဝင်သွားနိုင်ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်မှုများလည်းရှိသည်။

ယင်းသုံးသပ်မှုများအပေါ် သူရဦးရွှေမန်းအနေဖြင့် လွှတ်တော်၏ဆောင်ရွက်ရမည့် ၀တ္တရားအတိုင်းသာ အစိုးရအဖွဲ့နှင့် သဘောကွဲသည့်အခါများ၌ ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းပြည်ထောင်စု လွှတ်တော်နာယကဖြစ်ချိန်တွင် အစိုးရလွှတ်တော်များ အပြန်အလှန် ထိန်းကျောင်းမှုများရရှိကာ လွှတ်တော်၏ အခန်းကဏ္ဍ ပိုမိုအသက်ဝင်လာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အများစုက သဘောထားတူညီစွာ ပြောကြားကြသည်။

သူရဦးရွှေမန်းသည် အစိုးရအဖွဲ့နှင့် သဘောထားကွဲလွဲမှု မြင့်မားသည်ဟု သုံးသပ်ပြောကြားကြသော် လည်း နိုင်ငံတော်သမ္မတ အပါအ၀င် လက်ရှိအစိုးရအဖွဲ့ဝင် အားလုံးသည် ယခင်နအဖအစိုးရ လက်ထက်က သူရဦးရွှေမန်းထက် ရာထူးအဆင့်နိမ့်များတွင်သာ တာဝန်ထမ်းဆောင်ခဲ့ရသူများဖြစ်ပြီး သူဦးရွှေမန်းနှင့် သမ္မတဦးသိန်းစိန်အပါအ၀င် ယခုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးအများစုမှာ စစ်အာဏာရှင်အုပ်စုဝင် ဗိုလ်ချုပ်ကြီးများနှင့် တပ်မတော်အဆင့်မြင့် အရာရှိဟောင်းကြီးများပင် ဖြစ်သည်။ သူရဦးရွှေမန်းသည် နအဖ အစိုးရလက်ထက် တပ်မတော်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (ကြည်း၊ ရေ၊ လေ) များထက် ရာထူးကြီးသည့် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်ပြီး အမြင့်ဆုံးအာဏာပိုင်အဖွဲ့စည်းဖြစ်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)တို့ပြီးလျှင် နံပါတ် ၃ အဆင့်ရှိသည့် ဗိုလ်ချုပ်ကြီးဖြစ်သည်။
 Myanmartandawsint Newspaper

ဆီးဂိမ်းအတွက် အချိုရည်ဗူး ငါးသိန်း ထောက်ပံ့

နေပြည်တော်၊ ဇူလိုင် ၅။
လာမည့် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲအတွက် 100 Plus မှ ဒေါ်လာ
ခြောက်သောင်းနှင့် အချိုရည်ဗူး ငါးသိန်းခွဲကို ထောက်ပံ့ ပေးအပ်မည်ဖြစ်ကြောင်း  100 Plusမှ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Graham Limက ပြောကြားသည်။

“ကျွန်တော်တို့ အခုလိုလက်တွဲရတာ ဂုဏ်ယူပါတယ်။ အားကစားဝန်ကြီးဌာနတွေနဲ့အတူ ရေရှည်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဂျူနီယာ ကစားသမားတွေရဲ့ အရေအသွေးတွေ တက်လာအောင် လုပ်ပေးဖို့လဲရှိတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်အားကစားနည်းတွေက အလားအလာရှိလည်းဆိုတာ လေ့လာပြီး ကမ္ဘာအလည်မှာ မြန်မာနိုင်ငံအတွက် ဖော်ထုတ်ပေးသွားမှာပါ”၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာအားကစားဝန်ကြီးဌာနမှ ၂၁ကြိမ်မြောက် ဆီးဂိမ်းအတွက် ကုမ္ပဏီ(၁၂)ခုနှင့် ချုပ်ဆိုပြီးဖြစ်ကြောင်း၊ 100 Plus အချိုရည်မှ စပွန်စာပေးသော အချိုရည်များအား အားကစားသမားများအတွက် လေးသောင်းခန့် ရှိပြီးဖြစ်ပြီး တစ်ရက်လျှင် အချိုရေးဗူး တစ်ထောင့်ငါးရာခန့် အသုံးပြု၍ ဆီဂိမ်းပြီးသည်အထိ လုံလောက်သော ပမာဏဖြစ်ကြောင်း အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ပြောကြားသည်။

ဆီးဂိမ်းအားကစားရုံများနှင့် ပတ်သက်၍ အဆောက်အဦးများအတွက် ဝဏ္ဏသိဒ္ပ္ဓိအားကစားကွင်းနှင့်
ဇေယျာသီရီ အားကစားကွင်းများသည် ၉၅%နှုန်း ပြီးစီးနေပြီဖြစ်ပြီး အခြားအားကစာရုံးများကို
လာမည့် သြဂုတ်လတွင် ပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း အားကစားဝန်ကြီးဌာနမှ သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

ရခိုင်တိုင်းရင်းသား အမျိုးသမီးများဘ၀ လုံခြုံမှုမရှိဟု RWU ပြော

ရခိုင်အမျိုးသမီးများ ရခိုင်ပြည်မှာနေပြီး ဘ၀လုံခြုံမှုမရှိဘူးဟု ဘင်္ဂလားဒေ့ခ်ျနိုင်ငံအခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံး(RWU)၏ သတင်းနှင့် ပြန်ကြားရေး(ယာယီတာဝန်ခံ) စောခင်အေးလွင်က ပြောကြားသည်။

ဇွန်လ ၂၉ ရက်နေ့က တောင်ကုတ်မြို့မှ အမျိုးသမီးငယ်တစ်ဦး သံတွဲတွင် သားမယားအဖြစ် ပြုကျင့်ခံလိုက်ရသည့် ဖြစ်ရပ်က သက်သေပြလိုက်ပြီဖြစ်ကြောင်း စောခင်အေးလွင်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ ကျမတို့ ရခိုင်အမျိုးသမီးတွေ ကိုယ့်ရခိုင်ပြည်မှာနေပြီးတော့ လုခြုံရေးမရှိဘူးဆိုတာကို ဒီဖြစ်ရပ်တွေက သက်သေပြနေပါပြီ။ အစိုးရအနေနဲ့ သေချာတဲ့နေရာချထားပေးတာတွေ အပါအ၀င် ရခိုင်နယ်မြေ မဆုံးရှုံးစေရေးအတွက် သတိကြီးစွာထားပြီး အလုပ်လုပ်ဖို့လိုတဲ့အကြောင်း ပြောချင်ပါတယ်။ ” ဟူ သူက ပြောသည်။

၂၀၁၂ ခုနှစ် မတ်လ (၂၈)ရက်နေ့က ရမ်းဗြဲမှ မသီတာထွေး မဒိန်းကျင့်ခံရမှုနှင့် ယခုနှစ် ဇွန်လ ၂၉ ရက်နေ့က တောင်ကုတ်မှ မစုစုမွန် မဒိန်းကျင့်ခံရမှုများမှာ ကြိုတင်ကြံစည်မှုတစ်ခုအဖြစ် RWU အနေဖြင့် သုံးသပ်ကြောင်း စောခင်အေးလွင်က ပြောဆိုသည်။

“ ၂၀၀၆ ခုနှစ်မှာ ရသေ့တောင်မြို့နယ် ကံပြင်ကျေးရွာက အမျိုးသမီးငယ် (၆) ဦးမှာ မယူတောင်တန်းထဲတွင် မဒိမ်းကျင့်ခံခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ်တုန်းကလည်း မောင်တောမြို့နယ်က အသက် (၄၀)ကျော် အမျိုးသမီးတဦး မောင်တောဒေသခံ မူဆလင်တွေရဲ့ မဒိမ်းကျင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ်မှာလည်း ရသေ့တောင့်မြို့နယ် ကိုးတင်ကောက်ကျေးရွာက အမျိုးသမီးငယ်(၂)ဦးကို အုပ်စုလိုက် မဒိမ်းကျင့်တာကို ခံခဲ့ရပါတယ်။ ” ဟု စောခင်အေးလွှင်က ဆက်ပြောသည်။

ရခိုင်ပြည်ရှိ ဒေသခံ ရခိုင်တိုင်းရင်သား အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ ရခိုင်အမျိုးသမီးများအစည်းအရုံးမှ ရခိုင်အမျိုးသမီးများအား မူဆလင်များမှ မဒိန်းကျင့်စော်ကားမှုမှာ လွန်ခဲ့သောနှစ်များတွင်လည်း ဖြစ်ပွားခဲ့ပြီး အသက်သေဆုံးမူးများလည်း ရှိနေခြင်း၊ ဤသို့ဖြစ်နေခြင်းမှာ တိုင်းပြည်လုံခြုံရေးကို ခြိမ်းခြောက်နေခြင်းဖြစ်ပြီး ရခိုင်ပြည်လုံခြုံရေးကို မျက်ခြည်မပြတ်စောင့်ကြည့်ရန်နှင့် မဒိန်းမူကျူးလွန်သူများအား ထိရောက်စွာအရေးယူရန် စသည့်အချက်သုံးချက်ကို ဇူလိုင်လ ၃ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ရခိုင်တိုင်းရင်းသား အမျိုးသမီးများအား ဘင်္ဂလီများမှ မဒိန်းကျင့်နေခြင်းနှင့် ပတ်သက်၍ “ ရခိုင်တိုင်းရင်းသား အမျိုးသမီးတွေကို ဘင်္ဂလီတွေက မဒိန်းကျင့်တာဟာ ရခိုင်အမျိုးတွေရဲ့ စိတ်ထဲမှာ ဘင်္ဂလီတွေကို ကြောက်လာအောင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ ခြိမ်းခြောက်နေတာဖြစ်တယ်၊ ဒီလို မဒိန်းကျင့်မှုတွေ မဖြစ်ပေါ်ရအောင် ရခိုင်တမျိုးသားလုံးမှာ တာဝန်ရှိသလို အုပ်ချုပ်သူ အစိုးရမှာလည်း တာဝန်ရှိပါတယ်။ ” ဟု ရသေ့တောင်မြို့နယ် အာရက္ခဖောင်ဒေးရှင်းမှ ဒေါ်စိုးစိုးဌေးက ပြောသည်။

မစုစုမွန်အား အဓမ္မပြုကျင့်သည့် ဘင်္ဂလီနှစ်ဦးကို သံတွဲရဲစခန်းတွင် တရားစွဲဆိုထားပြီး ၄င်းတို့ပြစ်မှုကျူးလွန်သည့် သက်သေခံပစ္စည်းများကို ဓါတုဗေဒဌာနသို့ စစ်ဆေးရန်ပို့ထားကာ ယင်းဌာနမှပြန်လည်ပို့ပေးပြီးမှာသာ ထိုသူတို့ကို တရားစီရင်ရန် ရုံးထုတ်ပေးမည်နှင့် အဆိုပါအမှုအား ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ၀ိုင်းဝန်းပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေမှ တာဝန်ရှိသူ ကိုစိန်ချစ်ကပြောသည်။
မိုးဇော်
Arakan Times

ဆဲဗင်းဂျူလိုင် အခမ်းအနားတွေ တစ်နိုင်ငံလုံးအနှံ့ ကျင်းပဖို့ပြင်ဆင်နေ

၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ နံနက်အာရုဏ်တက်ချိန်တွင် စစ်အစိုးရရဲ့ ဗုံးခွဲဖျက်ဆီးခြင်းခံရသော ကျောင်းသားသမဂ္ဂ အဆောက်အဦးပုံ
photo: Internet
2013-07-04    
လာမယ့် ၅၁ နှစ်မြောက် ဆဲဗင်းဂျူလှိုင် အခမ်းအနားတွေကို ၂ဝဝ၇ မျိုးဆက်ကျောင်းသားတွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တက္ကသိုလ်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ကျင်းပသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့က တက္ကသိုလ်တွေထဲမှာ အဓိကကျင်းပနိုင်ဖို့ သက်ဆိုင်ရာအာဏာပိုင်တွေဆီက ခွင့်ပြုချက်ရရှိအောင် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တ.က.သ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုစည်သူမောင်က RFA ကို ပြောပါတယ်။

မြို့တော်တော်များများမှာ ဆဲဗင်းဂျူလိုင် အခမ်းအနားတွေကို ကျင်းပသွားမှာဖြစ်ပြီး မန္တလေးမြို့မှာတော့ ခရိုင် ၅ခု  စုပေါင်းပြီး ပြပွဲပြိုင်ပွဲတွေ စကားရည်လုပွဲတွေ ကျင်းပသွားမယ်လို့ ဗ.က.သ များအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် မဖြိုးဖြိုးအောင်က ပြောပါ တယ်။

ပြီးခဲ့တဲ့နှစ်က ဆဲဗင်းဂျူလိုင် အခမ်းအနားတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ကျင်းပခွင့် မပေးခဲ့တဲ့အတွက် နေရာအခက်အခဲတွေရှိခဲ့ပြီး အခမ်းအနားမကျင်းပမီ တစ်ရက်အလိုမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းသား ၂၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်တပ်က အာဏသိမ်းခဲ့ပြီးနောက် တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေကို ဇူလိုင်လ ၇ရက်နေ့မှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ တည်ရှိတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကိုလည်း ဗုံးခွဲဖြိုချခဲ့ပါတယ်။

အဲဒီနေ့ကို အစွဲပြုပြီး  ၇ ဂျူလိုင် အခမ်းအနားတွေ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
RFA (မြန်မာပိုင်း)

Snowden ခိုလှုံခွင့် လျှောက်လွှာ ပြင်သစ် ပယ်ချ

Snowden နိုင်ငံရေးခိုလူံခွင့် လျောက်ထားတဲ့ နိုင်ငံများ
05.07.2013
ထောက်လှမ်းရေးဌာနဝန်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့ အမေရိကန်အစိုးရက ရာဇဝတ်မှုနဲ့ အလိုရှိနေတဲ့  Edward Snowden ရဲ့ နိုင်ငံရေးခိုလှုံခွင့်လျောက်ထားချက်ကို ပြင်သစ်အစိုးရက ပယ်ချလိုက်ပါတယ်။  ဥပဒေကြောင်းအရရော သူ့ရဲ့အခြေအနေအရပါ သူ့ရဲ့ နိုင်ငံရေး ခိုလှုံခွင့်လျောက်ထားချက်ကို လက်မခံနိုင်ကြောင်း ပြင်သစ်ပြည်ထဲရေး ဝန်ကြီးဌာနက ကြာသပတေးနေ့က ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

တချိန်တည်းမှာပဲ ရုရှနိုင်ငံ မော်စကိုက Sheremetyevo လေဆိပ်မှာရှိတဲ့ ခရီးသည်တွေ ခေတ္တနားနေတဲ့ နေရာမှာ ရောက်နေတာ ၁၁ရက်ကြာနေပြီဖြစ်တဲ့ Snowden ကို လိုလားမှုမရှိတဲ့ အရိပ်လက္ခဏာတွေပါ တွေ့နေရပါတယ်။ Snowden အနေနဲ့ သူသွားမယ့် နေရာ တစ်နေရာရာကို ရွေးချယ်ဖို့အတွက် လိုအပ်နေပြီလို့ ရုရှဒုတိယနိုင်ငံရေးဝန်ကြီး Sergei Ryabkov က ကြာသပတေးနေ့မှာ ပြောကြားလိုက်ကြောင်း ရိုက်စ်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဒီလိုပြောကြားတာဟာ Snowden အမြန်ဆုံးထွက်ခွာသွားဖို့အတွက် တိုက်တွန်းခဲ့တဲ့ ရုရှသမ္မတ Vladimir Putinနဲ့လည်း တသဘောတည်းဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

အမေရိကန် လွတ်လပ်ရေးနေ့ အခမ်းအနားတွေ ကျင်းပ

အမေရိကန်နိုင်ငံတွင်း လွတ်လပ်ရေးဆင်နွှဲနေကြစဉ်။ ( ဇူလိုင်လ ၄ရက်)
05.07.2013
ဇူလိုင်လ ၄ ရက်နေ့မှာကျရောက်တဲ့ အမေရိကန် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို အမေရိကန်ပြည်ထောင်စုတ၀ှမ်း ကျင်းပ ဆင်နွှဲခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က နယူးယောက်မြို့မှာ ပြင်းထန်တဲ့ စန္ဒီမုန်တိုင်း တိုက်ခတ်ခံခဲ့ရပြီးတဲ့နောက် ပိတ်ထားခဲ့တဲ့ နယူးယောက်မြို့ရဲ့ အထင်ကရ The Statue of Liberty လွတ်လပ်ခြင်း အထိမ်းအမှတ် ကျောက်ရုပ်ကြီးကိုလည်း အများပြည်သူ လာရောက် ကြည့်ရှုနိုင်အောင် လွတ်လပ်ရေးနေ့မှာ ပြန်လည် ဖွင့်ပေးခဲ့ပါတယ်။ သမ္မတအိုဘားမား ကလည်း လွပ်လပ်ရေးကြေညာ စာတမ်းပါ အချက်တွေ အတိုင်း နိုင်ငံသားတွေ ဆက်လက် နေထိုင်သွားကြဖို့ လွတ်လပ်ရေးနေ့မှာ တိုက်တွန်းခဲ့ပါတယ်။ လွတ်လပ်ရေးနေ့မှာ အမေရိကန်တ၀ှမ်းက လွတ်လပ်ရေး အခမ်းအနားတွေ အကြောင်းကိုတော့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

ဇူလိုင်လ ၄ ရက်နေ့ဟာ ဗြိတိသျှလက်အောက်နေ အမေရိကန် လွတ်လပ်ရေးရယူခဲ့တဲ့ (၂၃၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်တာကြောင့်မိုလို့ အမေရိကန်ပြည်ထောင်စုတ၀ှမ်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ကြာသပတေးနေ့က စည်စည်ကားကား ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေ အနေနဲ့ ဒီလိုနေ့မျိုးမှာ မီးရှူးမီးပန်းတွေ၊ အလှပြ စီတန်းလှည့်လည်မှုတွေ၊ စင်မြင့်ဖျော်ဖြေမှုတွေနဲ့ အပြင်ထွက် ပျော်ပွဲစားတာတွေ လုပ်လေ့ရှိကြတာပါ။ အမေရိကန်ပြည်သူတွေ လွတ်လပ်ရေးနေ့ အခမ်းအနားကို ဆင်နွှဲနေကြချိန်မှာ အမေရိကန်သမ္မတ ဘရက်အိုဘားမားကလည်း လွပ်လပ်ရေးကြေညာ စာတမ်းပါ အချက်တွေအတိုင်း နိုင်ငံသားတွေ ဆက်လက် နေထိုင်သွားကြဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

“၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ မျိုးချစ်ပုဂ္ဂိုလ်တစုက ကျနော်တို့ဟာ တန်းတူညီမျှခွင့်၊ လွတ်လပ်စွာတွေးခေါ်ခွင့်၊ ကိုးကွယ်ခွင့် နဲ့ လွတ်လပ်စွာ နေထိုင်ခွင့်ရှိတဲ့သူတွေ ဖြစ်တယ်ဆိုပြီး ကြေညာခဲ့ကြတာဖြစ်ပါတယ်။ ကျနော်တို့ဟာ ကိုလိုနီ လက်အောက်ခံတွေ မဟုတ်တော့ဘူး၊ ကျနော်တို့ရဲ့ ကံကြမ္မာကို ဘယ်သူကမှ ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ။ ကျနော်တို့ကိုယ်တိုင်သာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ် ဆိုတာကို တကမ္ဘာလုံးသိအောင် ကြေညာလိုက်တဲ့ ကြေညာချက်ပဲဖြစ်ပါတယ်။”

ဒီလွတ်လပ်ရေးနေ့မှာပဲ မနှစ်က လူတွေသေဆုံးတဲ့အထိ ထိခိုက်ပျက်စီးမှုတွေဖြစ်ခဲ့ရတဲ့ စန္ဒီ မုန်တိုင်းကြောင့် ပိတ်ထားခဲ့ရတဲ့ နယူးယောက်မြို့က အထင်ကရ The Statue of Liberty လွတ်လပ်ခြင်းအထိမ်းအမှတ် ကျောက်ရုပ်ကြီးကိုလည်း အများပြည်သူ ကြည့်ရှုနိုင်အောင် တရားဝင် ပြန် ဖွင့်ပေးခဲ့ပါတယ်။ စန္ဒီမုန်တိုင်းကြောင့် ရေလွှမ်းခဲ့ရတဲ့ ဒီကျောက်ရုပ်ကြီးရှိရာ Liberty ကျွန်းမှာ ကြာသပတေးနေ့က ကြယ်ပွင့်တွေ၊ ရောင်စုံအလံတွေနဲ့ အလှဆင်ထားပေမဲ့၊ တချို့နေရာတွေကို သွားလာမှုတွေ ပိတ်ထားဆဲဖြစ်ပြီး၊ ဖယ်ရီသင်္ဘောတွေ အဓိက သွားလာ ဆိုက်ကပ်တဲ့နေရာကိုတော့ ဖွင့်ထားပေးပါတယ်။ ဒီကျွန်းငယ်လေးရှိရာကို ထွက်ခွာတဲ့ နယူးယောက်မြို့လယ် Manhattan အရပ်က Battery Park ပန်းခြံမှာ စောင့်ဆိုင်းနေကြတဲ့ လူတန်းကြီးကလည်း အရှည်ကြီးဖြစ်နေတာပါ။

“ကျနော့်အတွက်တော့ နယူးယောက်မြို့ကို ပထမဆုံး လာလည်တဲ့ခရီးပါ။ ဇူလိုင်လ ၄ ရက်နေ့မှာ The Statue of Liberty ကျောက်ရုပ်ကြီးကို သွားကြည့်ရတာ တကယ့်ကို ပျော်စရာကောင်းလိမ့်မယ်လို့ ထင်ပါတယ်။”

အမြင့်ပေ ၃၀၅ ပေရှိတဲ့ ခန့်ညားထည်ဝါတဲ့ The Statue of Liberty ကျောက်ရုပ်ကြီး ရှိရာကို လွတ်လပ်ရေးနေ့မှာ သွားရောက်ကြည့်ဖို့ အတွက် သင်္ဘောဆိပ်မှာ တန်းစီနေတဲ့ Rick Perkins ပြောသွားတာပါ။ ဒီလို သွားကြမယ့်လူအုပ်ထဲ Boy Scouts လို့ခေါ်တဲ့ အမေရိကန် ကင်းထောက်လူငယ်အဖွဲ့တွေလည်း ပါပါတယ်။ အမေရိကန်နိုင်ငံရဲ့ မူရင်းသမိုင်း နေရာတွေကို လေ့လာနိုင်ဖို့အတွက် Boy Scouts အဖွဲ့ခေါင်းဆောင်တွေက အခုလို လူငယ်တွေကို ခေါ်လာတာပါ။

“သူတို့တွေရဲ့ ဘိုးဘွားဘီဘင်တွေဟာ တခြားနိုင်ငံတွေကနေ ဒီနေရာကို၊ Ellis ကျွန်းကို၊ အခု Statue of Liberty ရှိတဲ့နေရာကို လာခဲ့ကြတဲ့သူတွေပါ။ အမေရိကန်ပြည်ထောင်စုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သူတို့တွေ ပြည့်ပြည့်၀၀ နားလည်အောင် လုပ်ပေးနိုင်ဖို့ပါပဲ။”

အင်ဒီယားနား ပြည်နယ်က လူငယ်ကင်းထောက်အဖွဲ့ခေါင်းဆောင် Dick Greiese ပြောသွားတာပါ။

အခုလို လွတ်လပ်ရေးနေ့မှာ The Statue of Liberty ကျောက်ရုပ်ကြီး ရှိရာကို သွားရောက်ခဲ့ကြသူတွေ အများအပြား ရှိခဲ့သလိုပဲ၊ အမေရိကန်ကန်ပြည်ထောင်စုမြို့တော် ၀ါရှင်တန်ဒီစီမှာတော့ လွှတ်တော်အဆောက်အဦးအနီး The National Mall လို့ခေါ်တဲ့ အမျိုးသားရင်ပြင် ကွင်းပြင်ကျယ်ကြီးထဲမှာ စုဝေးဆင်နွှဲကြပါတယ်။

နံမည်ကျော် အဆိုတော်တွေရဲ့ စင်မြင့်ဖျော်ဖြေပွဲတွေအပြီးမှာတော့ လှပတဲ့ မီးရှူးမီးပန်းတွေ အများအပြား ကောင်းကင်မှာ ပစ်ဖောက်ပြီး ဆင်နွှဲကြတာဖြစ်ပါတယ်။ ဒီလိုပဲ တခြား ပြည်နယ်တွေ၊ အရပ်ဒေသတွေမှာလည်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို စည်းစည်းကားကား ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ခုလို လွတ်လပ်ရေးနေ့ လူစုလူဝေး နဲ့ဆင်နွှဲမှုတွေကို အနှောက်အယှက်ပေးတဲ့ ဘယ်လို အကြမ်းဖက် ခြိမ်းခြောက်မှုမျိုးမှ မရှိခဲ့ဘူးလို့လည်း အမေရိကန်လုံခြုံရေး အရာရှိတွေက ပြောပါတယ်။
မခင်ဖြူထွေး
ဗွီအိုအေ (မြန်မာပိုင်း)

KNU တပ်မဟာ ၇ ကုမ္ပဏီထောင်

မြဝတီကနေ ကေအန်ယူ ကုန်သွယ်ရေး လုပ်မယ်
4 ဇူလိုင်လ 2013
နှစ် ပေါင်း ၆ဝ ကျော် အစိုး ရနဲ့ လက် နက် ကိုင် တိုက် ခိုက် လာခဲ့ တဲ့ ကရင် အမျိုးသား အစည်း အရုံး ကေ အန် ယူ တပ် မဟာ ၇ ဟာ မြန် မာ အစိုး ရ ဆီမှာ တရား ဝင် ကု မ္ပဏီ ထောင် ပြီး ပို့ကုန် သွင်း ကုန် နဲ့ ခရီး သွား လုပ်ငန်း တွေ လုပ် ကိုင် ဖို့ ကြာသပတေးနေ့က ရုံး ခန်း ဖွင့် လှစ် လိုက် ပါပြီ။

ကေ အန် ယူ တပ် မဟာ ၇ က မိုး ကို စံ ဆိုတဲ့ အမည် နဲ့ မြ ဝတီ မြို့ အမှတ် ၂ဝ၁ ၊ သီရိ မင်္ဂ࿿ လာ လမ်း ကုန်းမြင့် သာ ရပ် ကွက် မှာ ရုံး ခန်း ဖွင့်လှစ် လိုက် တာ ဖြစ် ပါတယ် ။

မြန်မာ အစိုး ရသစ် နဲ့ အပစ် အခတ် ရပ်စဲ ရေး သဘော တူ ထား တဲ့ လက် နက် ကိုင် အဖွဲ့တွေ ထဲ မှာ တရား ဝင် ကု မ္ပဏီ ထောင် ပြီး လုပ် ငန်း စတာ က ဒါ ပထ မ ဆုံးလို့ ပြော ရမှာပါ ။

လတ် တလော ပစ်မှတ် ထားတဲ့ ခရီး သွား လုပ်ငန်းကို မစနိုင်သေး ပေမယ့် မြန်မာ အစိုး ရ က ထိုင်း နယ် စပ် က တဆင့် မွန် နဲ့ ကရင် ပြည် နယ် ကို ခ ရီး သွားလုပ် ငန်း တွေ မကြာမီ ခွင့် ပြု ဖို့ ရှိ တာ ရယ်၊ ဒီနှစ် မြန်မာနိုင်ငံ မှာ ကျင်းပဖို့ ရှိ တဲ့ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ မှာ နယ် စပ်က ဝင်လာမယ့် ခရီး သွား တွေ ကို ခွင့် ပြု ဖို့ ရှိတာတွေ ရယ် ကြောင့် ပြင်ဆင်တဲ့ အနေနဲ့ အခု လို မြ ဝတီ မှာ ဖွင့် တာ လို့ မိုး ကို စံ ကု မ္ပဏီ ပြော ပါတယ်။

ကေ အန် ယူ တပ် မဟာ ၇ အလား တူ တပ် မဟာ အချို့ လည်း ကု မ္ပဏီတွေ ဖွဲ့ ဖို့ ပြင်ဆင်နေ ပါတယ်။

မြန်မာနိုင်ငံ ရင်း နှီး မြုပ်နှံ မှု ကော် မ ရှင် မှာ အခြား တိုင်းရင်း သား လက် နက် ကိုင် အဖွဲ စည်း တွေ ဖြစ် တဲ့ ရှမ်း မွန် နာဂ စတဲ့ အဖွဲ တွေ လည်း ကု မ္ပဏီ ဖွဲ့ ပြီး စီး ပွား ရေး လုပ် ဖို့ လျှောတ်ထား ပြင်ဆင်နေတယ် လို့ စီး ပွား ရေး လုပ် ငန်း ရှင်တွေက ဆို ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

မွတ်ဆလင် ညီနောင်များ အစိုးရသစ်မှာ မပါ

စစ်အာဏာ သိမ်းမှု အဆုံးသတ်ဖို့ မွတ်ဆလင် ညီနောင်များ တောင်းဆို
4 ဇူလိုင်လ 2013
ကြားဖြတ် အစိုးရသစ်မှာ ပါဝင်ဖို့ အီဂျစ် သမ္မတသစ် ဖိတ်ကြားချက်ကို မွတ်ဆလင် ညီနောင်များ အဖွဲ့က ပယ်ချ ခဲ့ပါတယ်။
အီဂျစ်ဟာ အာဏာရှင်နိုင်ငံ ဖြစ်နေပြီ၊ ဒါကြောင့် ရွေးကောက်ခံ သမ္မတ မိုဟာမက် မော်စီကို ဖြုတ်ချတဲ့ စစ်အာဏာ သိမ်းမှုကို အမြန်အဆုံးသတ်ဖို့လည်း မွတ်ဆလင် ညီနောင်များ အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က တောင်းဆို ခဲ့ပါတယ်။

သမ္မတ မော်စီကို ပြုတ်ကျ စေချင်တဲ့ ပြည်သူ အများစု ဆန္ဒ အရ စစ်တပ်က ဆောင်ရွက်ခဲ့ပြီး နောက်ထပ် နိုင်ငံရေး ဖြစ်စဉ်တွေမှာ စစ်တပ် ဆက်ပြီး မပါ ဖို့ မျှော်လင့်ကြောင်း အီဂျစ် အတိုက်အခံ ခေါင်းဆောင် Mohamed El Baradei က ဘီဘီစီကို ပြောပါတယ်။

သောကြာ နေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကြီးတွေ ဆင်နွှဲဖို့လည်း မွတ်ဆလင် ညီနောင်များ အဖွဲ့က တောင်းဆို ထားပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဈေးကွက်မှာ ၂၀၁၆ ခုနှစ်အထိ တစ်နှစ်လျှင် ဒေါ်လာသန်း နှစ်ထောင်သာ တန်သည်ဟုဆို

Thursday, 04 July 2013
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဈေးကွက် မှာ ၂၀၁၆ ခုနှစ်အထိ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်သာ တန်မည်ဟု စင်ကာပူနိုင်ငံ၏ အကြီးဆုံး ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီကြီးဖြစ်သည့် DBS Vickers က ခန့်မှန်းလိုက်သည်။

အဆိုပါ ခန့်မှန်းချက်မှာ မြန်မာနိုင်ငံသား ဖုန်းသုံးသူ တစ်ဦးက တစ်လလျှင် အသုံးပြုမည့် ဖုန်းပြောခကို အမေရိကန် ဒေါ်လာ ငါးဒေါ်လာဖြင့်သာ အခြေတည်၍ တွက်ချက်ထားခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးကို ဖုန်းပျံ့နှံ့နှုန်း ၅၅ ရာခိုင်နှုန်းထားကာ တွက်ချက် ခန့်မှန်းထားခြင်းဖြစ်သည်။

သို့သော် တစ်နိုင်ငံလုံး ဖုန်းပျံ့နှံ့မှုနှုန်းမှာ ရာခိုင်နှုန်း ၇၀ အထိ တိုးတက်လာပါက မြန်မာ့ဆက်သွယ်ရေး ဈေးကွက်သည် ၂၀၁၆ အထိ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံအထိ တန်ကြေးရှိလာမည်ဟု ခန့်မှန်းထားသည်။

ဆက်သွယ်ရေး လိုင်စင်အတွက် တင်ဒါဆွဲသူတွေက ကျွန်တော်တို့ မျှော်မှန်းတာထက် ပိုပေးပြီး ကမ်းလှမ်းခဲ့တယ်လို့ ထင်ပါတယ်။ ပြန်ရမယ့် အကျိုးအမြတ်က ကြာရှည်စောင့်ရမှာ ဖြစ်သလို ကနဦးပိုင်းမှာ လုပ်ငန်းလည်ပတ်မှု စတင်ဖို့ ဆုံးရှုံးတာတွေကိုလည်း သည်းခံနိုင်ရမှာ ဖြစ်ပါတယ်...

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လိုင်စင်ရရှိသည့် ကုမ္ပဏီနှစ်ခုမှ တစ်ခုဖြစ်သည့် Ooredoo ကုမ္ပဏီက ၁၅ နှစ်စာ လိုင်စင် သက်တမ်းအတွက် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံအထိ ရင်းနှီးမြှုပ်နှံမည်ဟု ဆိုထားသည်။

''ဆက်သွယ်ရေး လိုင်စင်အတွက် တင်ဒါဆွဲသူတွေက ကျွန်တော်တို့ မျှော်မှန်းတာထက် ပိုပေးပြီး ကမ်းလှမ်းခဲ့တယ်လို့ ထင်ပါတယ်။ ပြန်ရမယ့် အကျိုးအမြတ်က ကြာရှည်စောင့်ရမှာ ဖြစ်သလို ကနဦးပိုင်းမှာ လုပ်ငန်းလည်ပတ်မှု စတင်ဖို့ ဆုံးရှုံးတာတွေကိုလည်း သည်းခံနိုင်ရမှာ ဖြစ်ပါတယ်'' ဟု DBS Vickers ၏ Equity Research မှ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ Tan Ai Teng က သုံးသပ်သည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လိုင်စင်ရရှိရန် ငွေကြေးမြောက်မြားစွာ ပေးခဲ့ရသည်ဟု အခြားသူများက စိုးရိမ်မှုများ ရှိနေသော်လည်း Ooredoo ကုမ္ပဏီကမူ လေးနှစ်အတွင်း လုပ်ငန်းစတင် နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု Channel News Asia သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။ Telenor နှင့် Ooredoo ကုမ္ပဏီတို့ကို ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ပေးနေသော စင်ကာပူစတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် Nera Tel ကုမ္ပဏီ၏ ရှယ်ယာများကမှာ ဇွန် ၂၈ ရက်တွင် သုံးရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း သိရသည်။
Eleven Media Group

ဘူတာဈေးကလေး

ကျွန်တော်တို့ မန္တလေးမြောက်ပြင် နယ်ဘက်မှာ ထူးထူးခြားခြား ဈေးကလေးတစ်ခု ရှိပါသည်။ ဈေးကလေးအတွင်းမှ
Thursday, July 4, 2013
ဈေးသည်များ၏ ရောင်းချပုံမှာ သာမန် ဈေးတစ်ဈေး၏ ရောင်းချပုံနှင့် အတူတူပင်ဖြစ်သော်လည်း ဈေးကလေး ခင်းကျင်းထားပုံမှာ ထူးခြားသည်ဟု ဆိုနိုင်ပါသည်။

ထိုဈေးကလေးမှာ အိုးဘို ဘူတာအနီးတွင်ရှိသော ဘူတာဈေးကလေး ဖြစ်ပါသည်။ ဘူတာဈေးကလေးအလည်တွင် မီးရထားသံလမ်းရှိပြီး ဈေးသည်များသည် မီးရထားသံလမ်းပေါ်မှာ ဈေးဗန်းကလေးများကို ခင်းကာရောင်းချကြပါသည်။ တနိုင်စာ အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်သော ဈေးဗန်းကလေးများသည် သံလမ်းပေါ်မှာ အစီအရီ ရှိပါသည်။

ဂွေးတောက်ရွက်နုနုကလေးများ ထည့်ထားသော ဈေးဗန်းကလေးတွေ၊ အဝေရာရွက်၊ ကင်းပုံသီး၊ ငရုတ်သီး စိမ်းထည့်ထားသော ဈေးဗန်းကလေးတွေ၊ ငါးဇင်စပ်၊ ငါးစင်ရိုင်း၊ ငါးခုံးမစသော ငါးပေါက်စကလေးတွေ ထည့် ထားသော ဈေးဗန်းကလေးတွေ၊ မန်ကျည်းသီး စိမ်းနုနုကလေးတွေ ထည့်ထားသော ဈေးဗန်းကလေးတွေ၊ ဆူးပုပ်ကြီး၊ သရက်သီး၊ နှမ်းဖတ်ချဉ် ထည့်ထားသော ဈေးဗန်းကလေးတွေ၊ အစီအရီရှိပါသည်။ ဈေးသည် ကလေးများသည် တချို့က ဇလီဖါးတုံးများပေါ်တွင် ထိုင်လျက်၊ တချို့က သံလမ်းပေါ်တွင် ထိုင်လျက်ရောင်းချနေကြပါသည်။ သံလမ်း၏ ဝဲယာဘက်တွင်တော့ နေရာအတည် တကျခင်းကျင်းရောင်းချနေကြသော ဈေးသည်တွေ ရှိပါသည်။ စဥ့်တီတုံးခုတ်ဓါးနှင့် ငါးများကို အကျအနတင်ကာ ရောင်းချနေသော ဈေးသည်များ၊ ဝက်သား၊ အမဲသားသည်များ၊ ကြက်သားသည်များသည် သံလမ်း၏ အနောက်ဘက်မှာ ရှိနေကြပါသည်။

ငါးကြင်းတစ်ကောင်ကို အကြေးလှန်နေပုံ ခုတ်ဓါးဖြင့် ''ဒုံး''ကနဲ ပိုင်းချလိုက်ပုံ၊ ချိန်ခွင်ထဲသို့ ဆတ်ကနဲထည့် လိုက်ပုံ၊ ''သာတယ်နော်'' ဟုပြောကာ ဈေးဝယ်ကို ထည့်ပေးလိုက်ပုံတို့ကို မြင်နိုင်ပါသည်။ ကြက်သားသည်က အတောင်ပံသပ်သပ်၊ လည်ချောင်းသပ်သပ်၊ ခြေထောက်သပ်သပ်ခွဲကာ သီးသန့်စီ ရောင်းချနေပုံ၊ ရင်အုပ်နှင့် ပေါင်သားတို့ကို ဈေးကောင်းကောင်းနှင့်

ရောင်းချနေပုံတို့ကိုလည်း တွေ့နိုင်ပါသည်။ စဥ့်တီတုံး၊ ဓါးနှင့်သူတို့ လက်မှာ သွေးတွေ ပေကျံနေပါသည်။

သူတို့လက်မှာ တစ်ခါတရံ လက်ကောက်တွေ ဝတ်ထားတတ်တာ တွေ့ရတတ်ပါသည်။ အမဲသားဆိုင်အောက်မှာ ဈေးခွေးတစ်ကောင်က ငြိမ်ငြိမ်သက်သက်ဝပ်ကာ စဥ့်တီတုံးပေါ်မှ အမဲရွတ်ကို မျှော်နေပါသည်။ ဝက်သားဆိုင်က အမြဲ လူစည်နေလေ့ရှိသည်။ ကျွန်တော်သည် ဘူတာဈေးကလေး၏ မြောက်ဘက်စွန်းစွန်း ''အိုးဘို'' ဘူတာဟူသော ဆိုင်းဘုတ်အနီး ဆိုင်ခန်းခုံနှင့် အကျအန ဝက်သားဆိုင်မှာ မကြာမကြာ ဝယ်ယူလေ့ ရှိပါသည်။ နေမြင့်လျှင် သူ့ဆိုင်မှ ဝက်သား မရတော့ပါ။ တစ်ခါတရံ ဆွမ်းကျွေး၊ ဘုံလောင်းတို့မှ ပိသာချိန် များများ ဝယ်ယူသွားပြန်လျှင်လည်း ကျွန်တော်တို့ဖို့ မကျန်တော့ပါ။ ဘူတာဈေးကလေးထဲမှာ ဝယ်ယူလို့ အကောင်းဆုံးကတော့ သံလမ်းပေါ်မှ ငါးသည်ကလေးများ ဖြစ်ပါသည်။

သူတို့သည် ငါးပေါက်စကလေးများကို အပုံကလေးတွေ ပုံထားတတ်သည်။ တစ်ပုံကို ဘယ်၍ဘယ်မျှနှင့် ရောင်းချတတ်သလို အလေးချိန်ခွင်နှင့်လည်း ချိန်တွယ် ရောင်းချတတ်ကြပါသေးသည်။ သူတို့သည် ဝယ်လို့ကောင်းသော ငါးသည်ကလေးများဖြစ်သဖြင့် ကျွန်တော် ရံဖန်ရံခါ ဝယ်ယူလေ့ ရှိပါသည်။ သံလမ်းပေါ်သို့ တက်လိုက်သည်နှင့် ရောင်းချနေသော သူတို့ မျက်နှာကလေးများကို တွေ့ရပါတော့သည်။ ''ဝယ်ပါ ဦးအစ်ကိုကြီးရဲ့'' ဟုလည်း ပြောတတ်ကြသေးသည်။

နေအတန်မြင့်၍ ဈေးကွဲစပြုချိန်ရောက်ပြီဆိုလျှင် သူတို့အသံစာစာ ကလေးများက ပို၍ ညံလာလေ့ရှိပါသည်။ မည်သို့ဖြစ်ပါစေ ဒီကနေ့ ရောင်းမကုန်ခဲ့သော ငါးဇင်ရိုင်းများသည် နောက်တစ်ရက် နှစ်ရက်တွင် ငါးကလေးခြောက်များအဖြစ် သူတို့ဈေးဗန်းထက်သို့ ပြန်လည်၍ ရောက်ရှိလာလေ့ ရှိပါသည်။ ကျွန်တော်သည် ငါးသည် ကလေးများထံမှ ငါးဇင်ရိုင်းခြောက် ကလေးများကို ဝယ်ယူခဲ့ဖူးပါသည်။

ထို့အတူ ဂွေးတောက်ရွက်နုနုကလေးများ၊ မန်ကျည်းရွက် နုနုကလေးများကိုလည်း သံလမ်းပေါ်မှ ဈေးသည် ကလေးများထံမှ ဝယ်ခဲ့ဖူးပါသည်။

၁ဝ နာရီထိုးပြီးချိန်လောက်တွင် ဘူတာ ဈေးကလေးထဲမှ သံလမ်းအတိုင်း မြောက်ဘက်ထဲမှ မတ္တရာရထား ဝင်လာပေပြီ။ ရထားသည် ဥသြသံရှည်ကိုဆွဲကာ မှန်မှန်ကြီး ခုတ်မောင်းဝင်လာခြင်း ဖြစ်သည်။ ရထား ခုတ်မောင်းဝင်လာသံကို ကြားလိုက်ရပြီဆိုလျှင် သံလမ်းပေါ်မှ ဈေးသည်ကလေးများသည် သူတို့၏ ဈေး ဗန်းများကို မယူကာ သံလမ်းပေါ်မှ ဆင်းကြ ရှောင်ကြတိမ်းကြပါသည်။

ဘူတာဈေးကလေးထဲမှာ ကျွန်တော် ဈေးဝယ်နေချိန်ရထား ခုတ်မောင်းဝင်းလာသည်ကို ကြုံခဲ့ဖူးပါသည်။ ကျွန်တော်သည် ဈေးကလေး အလယ်သံလမ်းအတိုင်း ခုတ်မောင်းဝင်လာသောရထားကို ကြည့်နေမိပါသည်။

ကျွန်တော့နံဘေးတွင် ခြေထောက်သုံးချောင်းနှင့် ဈေးခွေးသည် သိမှုတစ်ခုဖြင့် ငေးစိုက်ကြည့်နေပါသည်။ ရထားသည် သံလမ်းအတိုင်း တဂျုံးဂျုံးတဂျက်ဂျက် ခုတ်မောင်းကာ ဟိုတစ်ဖက်သို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားပါသည်။ ရထားက ဈေးကလေးကို လွန်သွားပြီဆိုသည်နှင့် သံလမ်းပေါ်မှာ ဈေးဗန်း ကလေးများ ဈေးသည်ကလေးများ ပြန်လည် ရောက်ရှိလာပြန်ပါသည်။ သံလမ်းပေါ်မှ ဈေးသည် ကလေးများသည် သူတို့ပြော လက်စစကားကို ဆက်ပြောကြသည်။ သူတို့ လုပ်လက်စအလုပ်ကို ဆက်လုပ်ကြသည်။

(ငါးသည်ကလေးများက ငါးဇင်းရိုင်းပေါက် ကလေးများ၏ ဆူတက်ကို ဖဲ့နေကြသည်။) စွန်တာနီပဲသည် ကလေးက ပဲအခွံညှစ်လက်စကို ဆက်ညှစ်နေကြသည်။ သည်ဈေးကလေး အလယ်ခေါင်လောက်တွင် သံလမ်းမောင်း ခုလုပ်ခုံဟောင်းတစ်ခုရှိပြီး ¤င်းသံလမ်း မောင်းခုလုပ်ခုံအနီးတွင် နို့ထမင်းသည် တစ်သည် ရှိပါသည်။ နို့ထမင်းသည် အတော်ပင် ကြီးမားသော ဒန်အိုးကြီးတစ်လုံးဖြင့် နို့ထမင်းများကိုထည့်ကာ ကျိုလာပါသည်။ သူ့နို့ထမင်းမှာ နို့စိမ်းရောင်လဲ့လဲ့ သမ်းနေပြီး အလွန်ဆိမ့်ပါသည်။ နို့ထမင်းဝယ်သူကို ထန်းလျှက်ရည် ထုပ်ကလေးများ ထည့်ကာပေးတတ်ပါသည်။ ထန်းလျှက်ရည် မကြိုက်လျှင် သကြားထုပ် ကလေးများ ထည့်ပေးပါသည်။

ကျွန်တော်သည် ဘူတာ ဈေးကလေးထဲသို့ နို့ထမင်းဝယ်ရန်သက်သက်ဖြင့်လည်း မကြာမကြာ ရောက်ခဲ့ဖူး ပါသည်။ နို့ထမင်းသည်သည် သံလမ်းမောင်းခလုတ် ခုံဟောင်းအောက် အနောက်ဘက်ဘေးတွင်ရှိပြီး သူနှင့်မျက်နှာချင်းဆိုင်တွင် ပန်းသည် ရှိပါသည်။ ပန်းသည်သည် သူ့ပန်းများကို စိမ်းစို လန်းဆန်းနေစေရန် ပြင်ဆင်၍ ခင်းကျင်းထားပါသည်။ ဆောင်းတွင်းပိုင်းဆိုလျင် သူ့ဆိုင်မှ ဂန္ဒမာပွင့်ဖြူ လှလှကြီးများကို ကျွန်တော်ဝယ်ယူလေ့ရှိပါသည်။ သည်ပန်းဆိုင်နှင့် မျက်စောင်းထိုးလောက်တွင် ဒန်အိုး ဒန်ခွက်ပန်းကန်၊ ဇလုံ၊ ရေခွက်စသော သတ္တုနှင့် စတီးပစ္စည်းရောင်းသောဆိုင် ရှိပါသည်။ ဆိုင်ရှင်မှာ ကုလားလင်မယားဖြစ်ပြီး သူတို့ဆိုင်မှ ဒန်အိုးဒန်ခွက်များကို ဝယ်ချင်လာအောင် ပြောဆိုကာ ရောင်းချလေ့ရှိပါသည်။ ကျွန်တော်သည် သူတို့ဆိုင်မှ သတ္တုရေဖလားနှစ်လုံး ဝယ်ယူ အသုံးပြုခဲ့ဖူးပါသည်။

ဒန်အိုးဒန်ခွက်နှင့် ကပ်လျက်တွင် မိုးကာစကလေးခင်းကာ မြေပဲဆံ၊ မြေထောက်ပဲ၊ ပဲနီကျား၊ ပဲရာဇာ စသည် တို့ရောင်းသော ဈေးသည်တစ်ဦး ရှိပါသည်။ ဈေးသည်မှာ အတော်ပင် အသက်အရွယ်ရနေပြီဖြစ်သော အမေကြီးတစ်ယောက် ဖြစ်ပါသည်။ ထိုအမေကြီးမှာ မွန်မွန်ရည်ရည်နှင့် သန့်သန့်ပြန့်ပြန့် ရှိသည်။ ဆင်းရဲနွမ်းပါးပုံ ရသော်လည်း ကြည်ကြည်လင်လင် ရှင်းရှင်းသန့်သန့် ရှိပါသည်။ ကျွန်တော်သည် ထိုဈေးသည် အမေကြီးကို စိတ်ထဲမှ ခင်မင်မိသဖြင့် သူ့ဆိုင်မှ မြေပဲဆံ၊ မြေထောက်ပဲတို့ ဝယ်ယူခဲ့ဖူးပါသည်။

ဘူတာဈေးကလေးသည် မန္တလေးမြို့ အစွန်တွင် တည်ရှိပါသည်။ မန္တလေးမြို့ မြောက်ပြင် အိုးဘိုရပ်သည် ဈေးကလေး၏ အနီးဝန်းကျင်ရပ်ကွက် ဖြစ်ပါသည်။ ဘူတာ ဈေးကလေးသို့ သွားမည်ဆိုလျှင် ၇၆ လမ်းအတိုင်း ၁ လမ်း ၂ လမ်းကို ဖြတ်သန်းလိုက်လျှင် ရောက်ရှိနိုင်ပေပြီ။ ဤနေရာတွင် ၁ လမ်း ၂ လမ်းဟု သုံးနှုန်းထားသော်လည်း လမ်းညွှန်အမှတ်အသားပြ မှတ်တိုင် မရှိပါ။ (သို့ရာတွင်) ၂ လမ်း ကျုံးထောင့်မှ ရေတွက်ကြည့် ပါက ဘူတာဈေးကလေး အနီးဝန်းကျင်သည် ၁ လမ်း ၂ လမ်း ဖြစ်သည်မှာ သေချာပါသည်။) သည်ဈေး ကလေး သည် လက်လုပ်လက်စား မိသားစုများ၊ လစာ အသင့်အတင့်ရသော ဝန်ထမ်းမိသားစုများ လာရောက်ဝယ်ယူကြရာ ဈေးကလေး ဖြစ်ပါသည်။

တနင်္ဂနွေ ဥပုသ်နှင့် လကုန်ရက်များဆိုလျင် ဈေးကလေးဟာ ပို၍ စည်ကားလေ့ ရှိပါသည်။ သည်ဈေးကလေး သို့ ပေဦးပေါ်ဖျား သစ်သီးများ နောက်ကျပြီးမှ ဝင်ရောက်လာလေ့ ရှိပါသည်။ မရမ်းသီး ပေါ်စချိန်ဆိုလျင် သည်ဈေးကလေးထဲမှာ မတွေ့ရ။ အင်ဥပေါ်စဦးအချိန်ဆိုလျှင် သည်ဈေးကလေးထဲမှာ မတွေ့ရ။ သည်ဈေး ကလေးထဲသို့ မရမ်းသီးများ ဝင်ရောက်လာပြီဆိုလျှင် မရမ်းသီးများမှာ ကြီးကြီးရင့်ရင့်ကြီးများ ဖြစ်နေကြပြီ။ သည်ဈေးကလေးထဲသို့ အင်ဥများ ဝင်ရောက်လာပြီဆိုလျှင် အခွံများ မာကျောစပြုနေပေပြီ။ သည်ဈေးကလေး ထဲသို့ ပုရစ်များ ဝင်ရောက်လာပြီဆိုလျှင် ပုရစ်များမှာ ပေါင်းထားသော ရက်လွန်ပုရစ်များ ဖြစ်နေပေပြီ။ သည်ဈေးကလေးထဲမှာ ဝယ်လို့ အကောင်းဆုံးကတော့ ငါးပေါက်စ ကလေးတွေပါပဲ။

ငါးသည်ကလေးတစ်ယောက်ရဲ့ ဈေးဗန်းထဲမှာ မြစ်ငါးတွေ တဖြတ်ဖြတ် ခုန်နေတာကို ကြိမ်ဖန်များစွာ ကျွန်တော် မြင်တွေ့ခဲ့ဖူးပါသည်။ မှန်ပါသည်။ လက်ထဲမှာ ငွေကြေးအသင့်အတင့်ရှိယုံဖြင့် တစ်နေ့စာ ဟင်းချက်စရာကို မြိန်မြိန်ယှက်ယှက် ရနိုင်အောင်ဝယ်ယူနိုင်သည်မှာလည်း သည် ဘူတာဈေးကလေးပင် ဖြစ်ပါသည်။ ဟော ''အိမ်နောက်ဖေးရထားသံလမ်းမှ ရထား ဝင်ရောက်လာသံကို ကြားရပြီ။ ဘူတာဈေး ကလေးထဲက ငါးသည်ကလေးရေ ဒီနေ့ ရောင်းလို့ ကောင်းပါစ''။
နေမျိုး
Mizzima - News in Burmese

ဖျားနာသဖြင့် ဆေးသောက်ရာ ပါးစပ်မှ အမြှုပ်များထွက်ပြီး သေဆုံး

Thursday, July 4, 2013
အမျိုးသမီးတစ်ဦးသည် ဖျားနာနေသဖြင့် ဆေးသောက်ရာ ပါးစပ်မှ အမြှုပ်များ ထွက်လာပြီး သေဆုံးခဲ့မှုတစ်ခု မင်္ဂလာဒုံမြို့နယ်တွင် ဇူလိုင် ၁ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက မှုခင်းသတင်း ထုတ်ပြန်သည်။

သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ် မမော်မော်သန်းဖြစ်ပြီး သူမသည် မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်းရွာ တွင်နေထိုင် သူဖြစ်သည်ဟု ရဲဌာနက မှတ်တမ်းတွင် အတည်ပြုထားသည်။

မမော်မော်သန်းသည် အဖျားတက်နေသဖြင့် အမျိုးအမည်မသိသော ဆေးကို သောက်လိုက်ပြီး မကြာမီ ပါးစပ်မှ အမြှုပ် များ ထွက်လာကြောင်း မျက်မြင်သက်သေများ၏ ထွက်ဆိုချက်ကို ရဲဌာနက မှတ်တမ်းတင် ထားသည်။

ထိုသို့ဖြစ်နေသည်ကို တွေ့ရှိသူများက ချက်ချင်းပင် မင်္ဂလာဒုံမြို့နယ် ပုလဲဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဆက်လက်ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မမော်မော်သန်း သေဆုံးရခြင်း အကြောင်းရင်းမှန်ကို သိရှိရန် အလောင်းကို ဆေးရုံ၌ စစ်ဆေးလျှက်ရှိပြီး ရဲအုပ်မြင့်အောင်က အမှုကို တာဝန်ယူကိုင်တွယ်နေသည်ဟု ဆိုသည်။

မင်္ဂလာဒုံရဲစခန်းကလည်း အမှုကို သေမှုသေခင်းအမှတ်စဉ် ၁၁/၁၃ ဖြင့် ဖွင့်လှစ်ထားပြီး ဆက်လက်စုံစမ်း မှုများ လုပ်ဆောင်နေသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese

လွန်ခဲ့တဲ့ ဆယ်စုနှစ် ကမ္ဘာ့အပူဆုံးအဖြစ် စံချိန်တင်

04.07.2013
ကမ္ဘာတလွှားအတွက်  ဆယ့်ရှစ်ရာစုနှစ် အလယ်လောက်ကစပြီး  အပူချိန်ကို  မှတ်တမ်းတင် ခဲ့ရာမှာ၊  အခု နှစ်ဆယ်ရာစုနှစ်ထဲက  ပထမ ဆယ်စုနှစ်ကုန်ပိုင်း ကာလဟာ  အပူနွေးဆုံးအဖြစ် စံချိန်တင်ခဲ့တယ်လို့ ကုသသမဂ္ဂက ပြောပါတယ်။

၂၀၀၈ ခုနှစ်ထဲမှာဆိုရင် အိန္ဒိယ သမုဒ္ဒရာမြောက်ပိုင်းမှာ  လူအသေအပျောက် အများဆုံးလို့ စံချိန်တင်ရတဲ့  နာဂစ်ဆိုင်ကလုံး မုန်တိုင်းဟာ မေလအစော ပိုင်းမှာ မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တာမို့  လူပေါင်း  ၁ သိန်း ၃ သောင်း ၈ ထောင်ကျော် သေဆုံးပျောက်ဆုံးခဲ့ရသလို လူပေါင်း ၈ သန်းကို ဒုက္ခရောက်စေပြီး အိုးအိမ် ထောင်ပေါင်းများစွာ ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့  ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့  ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဂျနီဗာအခြေစိုက် WMO လို့ခေါ်တဲ့ ကမ္ဘာ့ မိုးလေဝဿအဖွဲ့ကြီးက ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာထဲမှာပဲ   ဒီဆယ်စုနှစ်အတွင်းမှာဆိုရင် ၂၀၀၈ ခုနှစ်ကလွဲလို့ ကျန်နှစ်တွေဟာ  အပူဆုံး ဆယ်နှစ်ထဲစာရင်းမှာ ဝင်နေတယ်လို့ ဖော်ပြထားပြီး ၂၀၁၀ ကို အပူဆုံးနှစ်အဖြစ် စံတင်ထားပါတယ်။

WMO က သူတို့တိုင်းထွာရရှိတဲ့  အပူချိန်၊ မိုးရေချိန်ပမာဏတွေနဲ့ အတူ ကမ္ဘာတဝှမ်းက  ဆိုးဝါးတဲ့ သဘာဝဒဏ်ခံရမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဟာရီကိန်းလေမုန်တိုင်းတွေ၊  ဆိုးရွားတဲ့ ရေကြီးမှုတွေနဲ့ မိုးခေါင်ရေရှားမှုတွေကို ဖော်ပြထားပြီး ၂၀၁၀ ဆယ်စုနှစ်ကုန်ပိုင်းကို စိုထိုင်းဆ အများဆုံး နှစ်တွေအဖြစ်လည်း စစ်တမ်းထုတ်ခဲ့ပါတယ်။

တချို့ဒေသတွေမှာ တွေ့ရတဲ့ ပြင်းထန်တဲ့ ရာသီဥတု ရိုက်ခတ်မှုတွေဟာ သဘာဝ အခြေအနေ အပြောင်းအလဲတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝှမ်း ရာသီဥတုပြောင်းလဲတဲ့ ဒဏ်ကိုခံနေရတာဟာ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု များလာတာကြောင့်ဖြစ်ပြီး ဒါဟာ သဘာဝပတ်ဝန်းကျင်ကိုရော သမုဒ္ဒရာတွေအတွက်ပါ ဆိုးရွားတဲ့ အနေထားတွေကို ဖြစ်စေတယ်လို့ WMO ရဲ့ အထွေထွေ အတွင်းရေးမှူး Michel Jarraud ကပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

စည်ပင်ပန်းခြံအတွင်း မိန်းကလေးတစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံးနေ

လားရှိုး၊ ဇူလိုင် ၄။
ယနေ့နံနက် ၉နာရီအချိန်တွင် လားရှိုးမြို့ စည်ပင်ပန်းခြံအတွင်း၌ ၁၆နှစ်အရွယ် မိန်းကလေးတစ်ဦး
ဓားဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရသည်။

၎င်းမိန်းကလေးသည် စည်ပင်ပန်းခြံအတွင်းရှိ အုတ်ခုံဘေးတွင် ရင်အုပ်တစ်နေရာကို ဓါးဖြင့်အထိုးခံထားရကြောင်း ရဲများက ယင်းအလောင်း သယ်ထုတ်စဉ် တွေ့မြင်ခဲ့ရသော ဒေသခံတစ်ဦးက ပြောကြားသည်။ ယင်းအလောင်းအား ရဲများက လားရှိုးပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ခွဲစိတ်စစ်ဆေးရန်
ပို့ဆောင်ထားကြောင်း သိရသည်။


အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရပ်ကွက်(၁)၊ မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်ကြည်စိုးနိုင်အား
မေးမြန်းရာ သေဆုံးသူ မိန်းကလေးသည် အသက်(၁၆)နှစ်အရွယ်ဖြစ်ကြောင်း၊ အသေးစိတ်သတင်း
အချက်အလက်များကို အထက်အမိန့် မရသေး၍ ထုတ်ပြန်၍ မရသေးကြာင်း၊ သတင်းဓာတ်ပုံပင် ရိုက်ခွင့် မပြုနိုင်ကြောင်း ဖြေကြားသည်။

၎င်းမိန်းကလေးသည် လားရှိုးမြို့၊ ရပ်ကွက်(၁၀)၊ နယ်မြေ(၈)၊ သစ္စာလမ်းတွင် နေထိုင်သော
မမိုးဆွေဦးဖြစ်ပြီး သေဆုံးမှုနှင့် ပတ်သက်၍ အဘယ့်ကြောင့် သေဆုံးသွားသည် ကိုလားရှိုးမြို့ ခံလူထုများက သိချင်နေကြသော်လည်း သက်ဆိုင်ရာ ရဲစခန်းမှ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
ထွန်းထွန်း။
မြန်မာ့ခေတ်

တရုတ်ဈေးနှိမ်၍ သီဟိုဠ်စေ့ ဈေးကောင်းမရ

ပုသိမ်၊ ဇူလိုင် ၃
ပြည်ပပို့ကုန် သီဟိုဠ်စေ့မှာအမေရိကန်ဒေါ်လာဈေး မြင့်တက်နေသော် လည်း အဓိကဝယ်လက် တရုတ်ဈေးနှိမ်သဖြင့် သီဟိုဠ်စိုက် တောင်သူများနှင့် ပွဲရုံများ ဈေးကောင်းမရဘဲ အခွံခွာပြီး သီဟိုဠ်စေ့ တစ်ပိဿာလျှင် ယခင်အတိုင်း ကျပ်တစ်သောင်းဝန်းကျင်သာ ရရှိကြောင်း သီဟိုဠ်စိုက် တောင်သူများနှင့် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့သာ အဓိကတင်ပို့ပြီး ထိုင်းနှင့် ထိုင်ဝမ်တို့သို့လည်း အနည်းငယ် တင်ပို့ကြောင်း၊ ပြည်တွင်းဈေးကွက် နည်းကာ တရုတ်နှစ်သစ်ကူး ကာလများတွင်သာ ပြည်တွင်း ဝယ်လိုအား မြင့်တက်လေ့ ရှိကြောင်း ပုသိမ်မြို့မှ သရဖူသီဟိုဠ်စေ့ ထုတ်လုပ်ရေး လုပ်ငန်းရှင် ဦးအံ့ကျော်က ပြောကြားသည်။

ဖေဖောဝါရီလဆန်းပိုင်း သီဟိုဠ်သီးများ ရင့်မှည့်ချိန်တွင် အစေ့ခြွေ၍ နှစ်ရက်ခန့် နေလှန်းကာ အခွံပါ သီဟိုဠ်စေ့များကို တစ်ပိဿာလျှင် ကျပ် ၁၅၀၀ မှ ၁၇၀၀ ခန့်ဖြင့် ပုသိမ်မြို့သို့ တင်ပို့ရောင်းချကြောင်း ရေကြည်မြို့နယ် ညောင်မှော်ကျေးရွာအုပ်စု သရက်ပင်မောင်နှမ သီဟိုဠ်ခြံ လုပ်ငန်းရှင် ဦးလှခင်က ပြောဆိုသည်။

သီဟိုဠ်ပင်သည် စတင်စိုက်ပျိုးချိန်မှ ၂ နှစ်သက်တမ်းခန့် ကြာမြင့်ချိန်တွင် အသီး စသီးသော်လည်း စီးပွားဖြစ် မထွက်ရှိဘဲ ခုနစ်နှစ်အရွယ်မှသာစံတင် စီးပွားဖြစ် ထုတ်ယူနိုင်ပြီးယင်းမှ အပင်သက် နှစ် ၅၀ ခန့်အထိ စီးပွားဖြစ် သီဟိုဠ်စေ့ ထုတ်ယူရရှိကြောင်း သီဟိုဠ်စိုက် တောင်သူများထံမှ သိရသည်။
သာပေါင်းမြို့မှ ထွက်ရှိသော သီဟိုဠ်စေ့မှာ အရွယ်အစားကောင်းပြီး ဈေးကောင်း ရရှိကာ ချောင်းသာ၊ ငွေဆောင်ဘက်မှ သီဟိုဠ်စေ့မှာ ဈေးကောင်းမရကြောင်း ဦးအံ့ကျော်က ပြောကြားသည်။

သီဟိုဠ်စေ့များကို မိုးမမိစေဘဲ လေးရက်ခန့် နေလှန်းထားပြီးမှ မီးဖြင့်ပြုတ်၍ အခွံခွာရကြောင်း၊ သီဟိုဠ်စေ့အခွံကို လောင်စာအဖြစ် အသုံးပြုရန် တစ်တင်းခွဲ တစ်အိတ်လျှင် ၇၀၀ ကျပ်ခန့်ဖြင့် ရောင်းချ၍ရကြောင်း သီဟိုဠ်စံ ထုတ်လုပ်သည့် လုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

တောင်ငူခရိုင် ကလေး ၁၀၀ ကျော် သွေးလွန်တုပ်ကွေးဖြစ် သုံးဦးသေဆုံး

တောင်ငူ၊ ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် လူ ၁၀၀ ကျော် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ရောဂါပိုးမွှားမှတစ်ဆင့် ကူးစက်တက်သော ပိုးမွှားနှိမ်နှင်းရေးအဖွဲ့ (ရ-ပ-က-န) က ထုတ်ပြန်သော အစီအရင်ခံစာအရ သိရှိ ရသည်။

တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်နှင့် ဖြူးမြို့နယ်တို့တွင် ဇွန်လပထမပတ်က သွေးလွန်တုပ်ကွေးရောဂါဖြင့် ခရိုင်ဆေးရုံကြီးတွင် ကလေးငယ် ၁၀၀ ဦးကျော် တက်ရောက် ကုသခဲ့ပြီး ဇွန်လ ဒုတိယပတ်တွင် ဆေးရုံတက်ရောက် ကုသသူ လူနာ ၄၀ ခန့် ရှိခဲ့ကြောင်း၊ ဇွန်လ ၂၄ ရက်နေ့ တစ်ရက်တည်းတွင် အဆိုပါရောဂါဖြင့် အသက်ငါးနှစ်အရွယ်၊ ရှစ်နှစ်အရွယ်နှင့် လေးနှစ်အရွယ် ကလေးငယ်သုံးဦးတို့ သေဆုံးခဲ့ကြောင်း အဆိုပါ အစီအရင်ခံစာအရ သိရှိရသည်။

“တူမလေးကို ဆရာဝန်က သွေးလွန်တုပ်ကွေး သံသယရှိလို့ တောင်ငူဆေးရုံ တင်တာ ဆေးရုံထဲ ခြေချစရာ မရှိတော့ပါဘူး။ လူနာစောင့် ထိုင်ခုံတွေနဲ့တောင် ကလေးတွေကို ထားရတယ်” ဟု တောင်ငူမြို့နယ် ခပေါင်းကျေးရွာအုပ်စု ဆားကျင်းကျေးရွာတွင် နေထိုင် သူ ဒေါ်ချိုက ပြောကြားသည်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်လာရခြင်းကြောင့် ဇွန်လအတွင်း အခြေခံပညာကျောင်းပေါင်း ၃၂ ကျောင်းတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်း၊ အဘိတ်စ်ဆေးခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း တောင်ငူခရိုင် ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာဒေါ်ခင်မေသွင်က ပြောကြားသည်။
Photo: တောင်ငူခရိုင် ကလေး ၁၀၀ ကျော် သွေးလွန်တုပ်ကွေးဖြစ် သုံးဦးသေဆုံး တောင်ငူ၊ ဇူလိုင် ၃ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် လူ ၁၀၀ ကျော် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ရောဂါပိုးမွှားမှတစ်ဆင့် ကူးစက်တက်သော ပိုးမွှားနှိမ်နှင်းရေးအဖွဲ့ (ရ-ပ-က-န) က ထုတ်ပြန်သော အစီအရင်ခံစာအရ သိရှိ ရသည်။ တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်နှင့် ဖြူးမြို့နယ်တို့တွင် ဇွန်လပထမပတ်က သွေးလွန်တုပ်ကွေးရောဂါဖြင့် ခရိုင်ဆေးရုံကြီးတွင် ကလေးငယ် ၁၀၀ ဦးကျော် တက်ရောက် ကုသခဲ့ပြီး ဇွန်လ ဒုတိယပတ်တွင် ဆေးရုံတက်ရောက် ကုသသူ လူနာ ၄၀ ခန့် ရှိခဲ့ကြောင်း၊ ဇွန်လ ၂၄ ရက်နေ့ တစ်ရက်တည်းတွင် အဆိုပါရောဂါဖြင့် အသက်ငါးနှစ်အရွယ်၊ ရှစ်နှစ်အရွယ်နှင့် လေးနှစ်အရွယ် ကလေးငယ်သုံးဦးတို့ သေဆုံးခဲ့ကြောင်း အဆိုပါ အစီအရင်ခံစာအရ သိရှိရသည်။ “တူမလေးကို ဆရာဝန်က သွေးလွန်တုပ်ကွေး သံသယရှိလို့ တောင်ငူဆေးရုံ တင်တာ ဆေးရုံထဲ ခြေချစရာ မရှိတော့ပါဘူး။ လူနာစောင့် ထိုင်ခုံတွေနဲ့တောင် ကလေးတွေကို ထားရတယ်” ဟု တောင်ငူမြို့နယ် ခပေါင်းကျေးရွာအုပ်စု ဆားကျင်းကျေးရွာတွင် နေထိုင် သူ ဒေါ်ချိုက ပြောကြားသည်။ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်လာရခြင်းကြောင့် ဇွန်လအတွင်း အခြေခံပညာကျောင်းပေါင်း ၃၂ ကျောင်းတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်း၊ အဘိတ်စ်ဆေးခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း တောင်ငူခရိုင် ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာဒေါ်ခင်မေသွင်က ပြောကြားသည်။
The Voice Weekly

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com