http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရန်ကင်း ၈ရပ်ကွက်ထဲက လမ်းနဲ့မလွတ်တဲ့ ဆိုင်ခန်းတွေ စည်ပင်က ဝင်ရောက်ဖျက်စီး

ရန်ကင်းမြို့နယ် ၈ရပ်ကွက်ထဲက စည်ပင်ဝန်ထမ်းအိမ်ရာဘေးက စည်ပင်လမ်းကို တိုးချဲ့ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ လမ်းဘေးက ဆိုင်ခန်းတွေကို မြို့တော်စည်ပင် ဇူလိုင် ၃ရက်နေ့မှာ မြေတူးစက်တွေနဲ့ စတင်ဖျက်စီးခဲ့ပါတယ်။

Kamayut Media

ကွန်ပျူတာမောက်စ်ကို တီထွင်ခဲ့သူ ကွယ်လွန်ရှာ

ကယ်လီဖိုးနီးယား၊ ဇူလိုင် ၎
ကွန်ပျူတာမောက်စ်ကို တီထွင်ခဲ့သူ ဒေါက်ဂလပ်စ် အန်ဂျဲလ်ဘတ် သည် ဇူလိုင် ၃ ရက်ညက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ သူ၏နေအိမ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။

သူ၏ တီထွင်မှုသည် ကွန်ပျူတာလောက၀ယ် ကြီးစွာသောပြောင်းလဲမှုဖြစ်စေခဲ့သဖြင့် ဆုငွေများချီးမြှင့်ခံခဲ့ရသည်။ သူ၏ ပထမဆုံးသော ကွန်ပျူတာမောက်စ် နမူနာပုံစံကို ၁၉၆၃ ခုနှစ်ကတည်းက တင်ပြခဲ့ပြီး၊ ယင်းမှာ သစ်သားဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကွန်ပျူတာမောက်စ်(mouse) ဆိုသည်မှာ အသုံးပြုသူ၏ရွေးချယ်မှုကိုလက်ဖြင့်လုပ်ဆောင်သောကိရိယာ(Manually Operated User Selection Equipment)ဆိုသည့် အင်္ဂလိပ်ဝေါဟာရကို အတိုကောက်ပြုထားခြင်းဖြစ်သည်။

မစ္စတာ ဒေါက်ဂလပ်စ် အန်ဂျဲလ်ဘတ် သည် ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ်ရှိနေပြီဖြစ်ကြောင်းသိရသည်။
PP
ref: CNN, Popular Myanmar News Journal

လိုရာဆွဲရေးသော ဟန်နာဘိခ်ျ ဆောင်းပါးနှင့် နောက်ဆက်တွဲ ပြဿနာများ

ဇူလိုင် ၁ ရက်နေ့ထုတ်ဝေဖြန့်ချိမည့် တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးဖြစ်သည့် The Face of Buddhist Terror  ဆောင်းပါးနှင့်ပတ်သက်၍ အစိုးရကဖွဲ့စည်းလိုက်သော အရေးပေါ်ကာလစီမံ ခန့်ခွဲရေးဗဟိုကော်မတီ ၁/၂ဝ၁၃မှနေ ၍ ထိုစာအုပ်ကို ပိတ်ပင်ကြောင်း ကြေ ညာလိုက်ပါသည်။ ထိုကြေညာချက်တွင် ‘အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟို ကော်မတီ၏ လုပ်ငန်းတာဝန်နှင့်အညီ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ ထပ်မံမဖြစ်ပွားအောင် ကာကွယ်နိုင်ရန် ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁ ရက်နေ့ ထုတ် တိုင်းမ်မဂ္ဂဇင်းအတွဲ-၁၈၂၊ အမှတ်-၁ ပါ The Face of Buddhist Terror  ဆောင်းပါးကို ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော်အတွင်း မူရင်း စာစောင်နှင့် ဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်ဝေခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်းမလုပ်ရန် အများပြည်သူအကျိုးငှာ ကြေညာလိုက်သည်” ဟု ထုတ်ပြန်ကြေညာချက်ကို ဖတ်လိုက်ရသည်။

တိုင်းမ်မဂ္ဂဇင်းတွင် ထိုဆောင်းပါးကို ရေးသူမှာ ဟန်နာဘိခ်ျဆိုသော Time သတင်းထောက်ဖြစ်၏။ ထိုအမျိုးသမီးသည် မြန်မာနိုင်ငံသို့လာရောက်ပြီး သူမစွပ်စွဲရေး သားသောအရှင်ဝီရသူနှင့်လည်း တွေ့ဆုံခဲ့သည်။မြန်မာပြည်တွင် ဖြစ်ပွားသောဘာသာရေးနွယ်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို မေးမြန်းခြင်း၊ ကိုယ်တိုင်လေ့ လာခြင်းများ ပြုလုပ် သည်လည်း ဖြစ်နိုင်ပါသည်။ သို့သော် ဟန်နာဘိခ်ျရေးသားချက်သည် မိမိလိုရာဆွဲ၍ ရေးသားသောဆောင်းပါးဖြစ်သည်။ ဘာသာရေးအမြင်မတူမှု၊ ကွဲပြားမှုများကို ဘာသာရေးအကြမ်းဖက်မှုအ ဖြစ်ကောက်ချက်လွဲချကာ ရေးသားခြင်း ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု အစိုးရက အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီကိုပင်ဖွဲ့ကာပြဿနာများ မဖြစ်ပွားအောင်၊ ကြီးသည့်အမှုငယ် အောင်၊ ငယ်သည့်အမှုပပျောက်အောင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုရပေ မည်။ တိုင်းပြည်တွင် ထိုကဲ့သို့လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ မဖြစ်ပွား အောင် ကာကွယ်ခြင်းသည် ကောင်း သည့် အပြုအမူဖြစ်ပါသည်။ သို့သော် ထိုသို့ ကော်မတီ များဖွဲ့၍ ကာကွယ် တားဆီးမှုသည် -

(၁)    ပြဋ္ဌာန်းထားသော ဥပဒေများအ တိုင်း အပိုအလိုမရှိ အတိအကျဆောင် ရွက်နိုင်ရမည်၊
(၂)    လူ့အခွင့်အရေးကို လေးစားလိုက် နာခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းရှိရ မည်၊
(၃)    သတင်းဌာနများ၊ သတင်းစာများ၊ ဂျာနယ်များနှင့်သတင်းသမားများ၏ လွတ်လပ်ခွင့်ကိုပါ ထိပါးနှောင့်ယှက် ခြင်း မဖြစ်စေရ၊
(၄)    လူတစ်ဦးချင်းနှင့် ပြည်သူတစ်ရပ် လုံး၏ လွတ်လပ်စွာရေးသားခြင်း၊ လွတ် လပ်စွာ ဖတ်ရှုလေ့လာခြင်းစသော လွတ်လပ်ခွင့်များကို ဟန့်တားပိတ်ပင် ခြင်းမရှိစေရ၊
(၅)    နိုင်ငံသားများ၏ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးများကို ဟန့်တား နှောင့်ယှက်ခြင်းမရှိစေရ

ဆိုသောအချက်များကို အလေးအနက်ထားပြီး ကာကွယ်ရပေလိမ့်မည်။ ထိုအခြေအနေများနှင့်ပတ်သက်ပြီး ဇွန် လ ၂၅ ရက် ပြည်သူ့လွှတ်တော်အစည်း အဝေးခေတ္တရပ်နားချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က မီဒီယာများကို ပြောပြ သည့် ”ဘာသာတရားကို ကာကွယ်တာ ဟာ အဓိကယုံကြည်မှုပဲ။ ဒီဘာသာကို လိုက်စားသူတွေရဲ့ ယုံကြည်မှုက ခိုင်မာ ရင်ဘယ်အရာကမှ၊ ဘယ်သူကမှ လာ လှုပ်လို့မရပါဘူး” ဆိုသော ပြောကြား ချက်ကို အလေးအနက်ထားသုံးသပ်ဖို့ လိုပါသည်။

စင်စစ်အားဖြင့် ဘာသာတ ရားတိုင်းသည် မည်သည့်ဘာသာမဆို အကြမ်းဖက်မှု၊ အနိုင်အထက်ပြုကျင့်မှု၊ စစ်ခင်းမှု၊ လူသားအချင်းချင်းသတ်ဖြတ် မှုကို ဆန့်ကျင်ကြ သည်ချည်းဖြစ်သည်။ ဘယ်ဘာသာကမှ လူသတ်ဖို့ မတိုက် တွန်းပေ။ လူသားကို ကယ်တင်ရန်သာ တိုက်တွန်း၏။ ထိုကဲ့သို့ လေးနက်သော တရားများ ဘာသာတိုင်းတွင် ရှိပါလျက် လူသားအချင်းချင်း ဘာသာမတူရုံမျှနှင့် သတ်ဖြတ်ဖို့၊ သုတ်သင်ရှင်းလင်းဖို့ နှိုး ဆော်လာမည်ဆိုလျှင် ထိုနှိုးဆော်သူသည် မိမိကိုးကွယ်သောဘာသာကို ဆန့်ကျင်သည့်အကြမ်းဖက်သမားများ၊ တိတ္ထိများသာဖြစ်ပေလိမ့်မည်။

ယခုတိုင်းမ်မဂ္ဂဇင်းတွင်ရေးသား လိုက်သော ဟန်နာဘိခ်ျ၏ ကောက် ချက်များမှာ အလွဲလွဲအမှားမှား ဖြစ်နေ ပါသည်။ အကြမ်းဖက်မှုကို (လုံးဝ) ဆန့် ကျင်တားမြစ် ထားသော ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာကို ပြန့်ပွားအောင် ကြိုးပမ်း သည့် သံဃာတော်များ၊ ဗုဒ္ဓဘာသာဝင်  များကို အကြမ်းဖက်သမားများအဖြစ် သဘော သက်ရောက်အောင် ရေးသား လိုက်ခြင်းဖြစ်သည်။ သူမသည် ဗုဒ္ဓဘာ သာကိုလည်း မလေ့လာဖူး၊ ဗုဒ္ဓဘာသာ ၏ သဘောတရားကိုလည်း မသိပေ။ သူမအမြင်ကျဉ်းကျဉ်းဖြင့် ရေးသားခြင်း ဖြစ်ကာ မှားယွင်းသော ရှုထောင့်ဖြင့် ဖြစ်ပျက်နေသောအဖြစ်များကို ကောက် ချက်ချနေသည်မှာ သူမ၏အသိ ရေချိန် နှင့် ပညာရေချိန် နိမ့်ကျလှသည်မှာ ပေါ်လွင်နေ၏။ ဆိုရလျှင် အရှင်ဝီရသူ ၏ တရားများနှင့်မျိုးစောင့်ဥပဒေကြမ်း ကဲ့သို့သော အချက်များကို အပေါ်ယံ သုံးသပ်ပြီး ယုတ္တိနှင့် ကင်းမဲ့လှသော အကြမ်းဖက်သမားအဖြစ် စွပ်စွဲလိုက် သည်မှာလည်း တစ်ဖက်စောင်းနင်းနိုင် လွန်းလှလေသည်။ အရိုးရှင်းဆုံး ပြော ရလျှင် အရှင်ဝီရသူသည် ဗုဒ္ဓသားတော်၊ ရဟန်းတစ်ပါးဖြစ်နေရုံဖြင့် မည်သည့် နည်းနှင့်မျှ အကြမ်းဖက်သမားမဖြစ်နိုင် တော့ပေ။ ဗုဒ္ဓသားတော်သည် အကြမ်း ဖက်ခံရသူ သာ ဖြစ်ချင်ဖြစ်နိုင် သည်။ မေတ္တာ၊ ကရုဏာနှင့် သည်းခံခြင်းတရား ကို သေသည်အထိ စွဲကိုင်သည့် ရဟန်း တစ်ပါးဖြစ်သောကြောင့် သူ့ကိုအကြမ်း ဖက်ချင် လျှင်သာ ဖြစ်နိုင်သည်။ အကြမ်း ဖက်သမားတော့ မဖြစ်နိုင်ပေ။

ဟန်နာဘိခ်ျ၏ ကောက်ချက်များ တွင် (က) ယခုဖြစ်ပွားနေသော ကချင် စစ်ပွဲကို ခရစ်ယာန်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ၏ စစ်ပွဲဟု ကောက် ချက်ချခြင်း၊ (ခ) သီရိလင်္ကာတွင် ပြည် နယ်ခွဲထွက်ခွင့် တောင်းဆိုတိုက်ပွဲဝင် သည့် တမီလ်ကျားအဖွဲ့နှင့် သီရိလင်္ကာ အစိုးရတို့ကြား ပြည်တွင်းစစ်ကို ဗုဒ္ဓဘာ သာနှင့် ဟိန္ဒူတို့၏စစ်ပွဲဟု တစ်လွဲ ကောက်ချက်ချခြင်း၊ (ဂ) ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ယခုအချိန်ထိ တိုက်ပွဲ ဖြစ်ပွားနေသော မူဆလင်သူပုန်များ၏ ပြဿနာမှာ မူဆလင်ဘာသာကိုးကွယ် သူများ၏ ပြည်နယ်ခွဲထွက်ရေး တောင်း ဆိုသော နိုင်ငံရေးပြဿနာဖြစ်ပါလျက် မူဆလင်နှင့်ဗုဒ္ဓဘာသာစစ်ပွဲအဖြစ် မှား ယွင်းစွာ ဘာသာရေးကို စွဲယူကောက် ချက်ချခြင်းတို့ကို ကြည့်ခြင်းအားဖြင့် ဟန်နာဘိခ်ျမှားယွင်းကြောင်း ထင်ရှား လှပါသည်။ သတင်းထောက်တစ်ဦး၊ တိုင်းမ် မဂ္ဂဇင်းလိုမဂ္ဂဇင်းတစ်စောင်တွင် တာဝန် ယူရေးသားနေသူဖြစ်ပါလျက် မြန်မာနိုင်ငံအပါအဝင် သူမ ဖော်ပြ လိုက်သောနိုင်ငံများရှိ ပြည်တွင်းစစ်များ၊ တိုင်းရင်းသားလူမျိုးစုပြဿနာများကို သုံး သပ် ကောက်ချက် ချရာတွင် ဘာသာ ရေးကွဲပြားမှုတစ်ခုတည်းဖြင့် ကောက် ချက်ချလိုက်ခြင်းမှာ သူမ၏ နိုင်ငံရေး အမြင်မရှိခြင်း၊ အားနည်း လွန်းခြင်း ကို ဖော်ပြ ရာရောက်လေသည်။

ထိုပြဿနာ များမှာ သူမ သုံးသပ်သလို ဘာသာရေး ပြဿနာများမဟုတ်ကြောင်း နားလည် ဖို့လို၏။ ယနေ့ကမ္ဘာတွင် ဖြစ်ပွားနေသော အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲ၊ အစ္စရေး-အာရပ်ပဋိပက္ခစသော ပြဿနာအရပ်ရပ် မှာ ဘာသာရေးမတူ၍ ဖြစ်ပွားနေခြင်း မဟုတ်၊ အီရတ်ကို မူဆလင်ဘာသာဝင် များနေသောနိုင်ငံဟူ၍ တိုက်ခိုက်သော ခရူးဆိပ်စစ်ပွဲ မဟုတ်ပေ။ အီရတ်မှ အာဏာရှင်ကိုအကြောင်းပြကာ အမေရိ ကန်က ရေနံလိုချင်သောကြောင့် ကျူးကျော်သောစစ်ပွဲ ဖြစ်လေသည်။ အာဖဂန်စစ်ပွဲမှာလည်း အကြမ်းဖက် သမား အိုစမာဘင်လာဒင်ကို လက်စား ချေလိုမှုအကြောင်းပြကာ အာဖဂန် နစ္စတန်နှင့် ပါကစ္စတန်တို့အပေါ် အမေရိကန်၏ သြဇာအာဏာလွှမ်းမိုး နေမှုနှင့် သူ၏ စစ်အင်အား ဖြန့်ကြက် လိုမှုအပေါ် အခြေခံသော စစ်ပွဲဖြစ် သည်။ ဘာသာရေးနှင့် ဘာမှမဆိုင်ပေ။ ဟန်နာဘိခ်ျ၏ ကောက်ချက်ကိုသာ လက်ခံရလျှင် ကမ္ဘာစစ်ပွဲအားလုံးမှာ ဘာသာရေးကြောင့် ဖြစ်သော စစ်ပွဲများ ချည်း ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ထိုဆောင်းပါးမျိုးကို အယ်ဒီတာက လေ့ လာ အကဲဖြတ်မှုမရှိဘဲ ပွဲဆူစေလိုသည့် သဘော၊လူကြိုက်များနိုင်သည့် သတင်း တစ်ပုဒ်အဖြစ် နာမည်ကြီးလိုမှုနှင့် ထည့်သွင်းလိုက်သည့်အတွက် အလွန် စိတ်ပျက်ဖို့ ကောင်းပါသည်။ ဗုဒ္ဓဘာ သာဝင်များမှာ ထိုသို့ သွေးထိုးရုံဖြင့် သွေးဆူမည့်လူများ မဟုတ်ကြ။

တိုင်းမ် မဂ္ဂဇင်းက မရေးခင်ကတည်းက ထိုသို့ သွေးဆူအောင်လုပ်သည့် အဖျက်သမား အုပ်စုကား ရှိခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ သားများ၊ တိုင်းရင်းသားလူမျိုးစုများ၊ ဗုဒ္ဓဘာသာဝင်များက ထိုပြဿနာကို ရှေ့တန်းမတင်ကြ။ ဘာသာရေးပဋိပက္ခ ဟုလည်း မသတ်မှတ်ကြ။ အရေးကြီး သည်မှာ ပွဲလန့်တုန်း ဖျာခင်းလိုသော၊ ငြိမ်းချမ်းသာ ယာသော နိုင်ငံသစ်တည် ထောင်နေမှုကို မလိုလားသော အဖျက်သမားအုပ်စုကို အရေးယူရန်သာ ဖြစ်ပါသည်။

သို့သော် ယခု အစိုးရဖွဲ့စည်းလိုက် သည့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ တိုင်းမ်မဂ္ဂဇင်း ဇူလိုင် ၁ ရက်နေ့ထုတ် စာစောင်ကို ပိတ်ပင် ခြင်းမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်ခြင်းဖြစ်၍ လက်မခံ နိုင်ပေ။ တစ်ချိန်တည်းတွင် ထိုဆောင်း ပါးပါ တိုင်းမ်မဂ္ဂဇင်းမူရင်းစာစောင် သို့ မဟုတ် မိတ္တူကို လက်ဝယ်ထားရှိခြင်းကို လည်း မည်သူမျှ မပြုလုပ်ရ။ ဆိုလိုသည် မှာ လေ့လာဖတ်ရှုခြင်း၊ မိမိ၏မိတ်ဆွေ များကို ပေးကမ်းခြင်းများအား တားမြစ် ပိတ်ပင် လိုက်ခြင်း၊ ပြည်သူလူထု၏ ဒီမို ကရေစီအခွင့်အရေးများကို တားမြစ် လိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ တားမြစ် ပိတ်ပင်ခြင်းကို လက်မခံနိုင်ပေ။ အရေး ကြီးသည် မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသကဲ့သို့ မိမိဘာသာကို အလေး အနက် သက်ဝင်ယုံကြည်ဖို့သာ အဓိက ဖြစ်ပါသည်။ သက်ဝင် ယုံကြည်မှု လေးနက် လျှင် လေးနက် သလောက်လည်း ဘာသာရေး အဓိကရုဏ်းများ မဖြစ် ပွားအောင် ထိန်းသိမ်းကာကွယ်နိုင် ပါသည်။ လေးနက်လျှင်လေးနက်သ လောက် အကြမ်းဖက်မှုများကို သည်းခံ ခွင့်လွှတ်နိုင်ပါသည်။ ခြင်္သေ့စာ အကျွေး ခံရသော ခရစ်ယာန်ဘာသာဝင်များ သည် သည်းခံခွင့်လွှတ်ခြင်း ကြီးစွာဖြင့် ယေရှုခရစ်၏ သည်းခံစွန့်လွှတ်မှုကို နှလုံးသွင်းကာ အသက်စွန့်လွှတ်သွား သည့် နမူနာကို ကြည့်ရုံဖြင့် မိမိဘာ သာကို ယုံကြည် သက်ဝင်မှု ရှိသူများ သည် မည်သို့မျှ အကြမ်းဖက် ဆူပူမှု ပြုလုပ်မလာနိုင်ပေ။

ယခုအရေးပေါ် ကာလ စီမံခန့်ခွဲ ရေး ဗဟိုကော်မတီ၏ ကြေညာချက် သည် ယခင်စစ်အစိုးရကာလက လူထု အပေါ် မယုံကြည်မှု၊ ချုပ်ချယ်ကန့်သတ် မှုမျိုးနှင့် မကွာခြားလှပေ။

ထိုကဲ့သို့ စာအုပ်များ မဖတ်ရ။ မဖြန့်ချိရ။ လက် ဝယ်မထားရှိရ ဆိုသော ပုဒ်ထီး၊ ပုဒ်မ များ၊ ပိတ်ပင်တားဆီးချက်များမှာ ပြည် သူများအတွက် နှစ်ပေါင်း ၅ဝ ကျော် ကြာအောင် ရိုးအီနေပေပြီ။ ထိုသို့ တား ဆီးကန့်သတ်ချက်များကိုလည်း ပြည်သူ လူထုမှာ နားခါးလှပေပြီ။ မိမိ၏အသိ တရားနှင့် မိမိ၏ ယုံကြည်ချက်သာ ပြတ်သားလျှင် ထိုဆောင်းပါးတစ် စောင်ကြောင့် အယူလွဲသွားစရာ၊ သွေး ဆူသွားစရာ အကြောင်းမရှိပေ။ ထိုကဲ့ သို့ မသိနားမလည်သော သူများ၏ ဆောင်းပါး ကို ခြေခြေမြစ်မြစ် ပြန်ချေပ ခြင်း၊ ထိုကဲ့သို့ ဗုဒ္ဓဘာသာ အကြောင်း မသိဘဲ ရေးသူများကို ပြန်လည် ချေပ ခြင်းနှင့် ဗုဒ္ဓဘာသာတွင် ထိုကဲ့သို့ မရှိ ခြင်းကို အချက် အလက် များဖြင့် ပြန်တုံ့ ပြန်ခြင်းသာလျှင် မှန်ကန်သည်ဟု ထင် မြင်မိပါသည်။
ထက်မြက်
Popular Myanmar News Journal

ဂျက်ကီချန်း၏ အက်ရှင် ဇာတ်ကားသစ် Police Story 2013

Police Story ဇာတ်လမ်းတွဲ များ၏ ဆဋ္ဌ မမြောက် ”Police Story 2013” ကို ဒီဇင်ဘာ လ၌ ရုံတင်ပြသမည် ဖြစ်ကြောင်း သိရသည်။ ၄င်းဇာတ်ကား၌ ကမ္ဘာကျော် မင်းသား ဂျက်ကီ ချမ်း၊ လျိုရီ၊ ကျင်းထျန် စသည့် နာမည်ကြီး သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင်ထားပြီး ဒီဇင်ဘာ ၂၄ ရက်တွင် ရုံတင် ပြသမည်ဖြစ် ကြောင်း ပရိသတ် များ လက်ခံ အားပေးမည် ဟု မျှော်မှန်းထားကြောင်း Sohu သတင်း ဝက်ဘ်ဆိုက် တွင် ဖော်ပြ ထားသည်။

Police Story 2013ကို ဒါရိုက်တာ တင်းဆန်က ရိုက်ကူးခြင်းဖြစ်ကာ ဂျက်ကီချန်းနှင့် ”Little Big Soldier” ရုပ်ရှင် ဇာတ်ကား၌ လက်တွဲ လုပ်ကိုင်ခဲ့ဖူးပြီး ချန်း သဘောကျသည့် ဒါရိုက်တာ တစ်ဦးဖြစ်သည်။

၎င်းဇာတ်ကားတွင် အရက်ဆိုင်ပိုင်ရှင် လျိုရီက ဆိုင်သို့ လာရောက်သူများအား ပြန်ပေး ဆွဲခြင်းဖြစ်ပြီး ၄င်းတို့ထဲတွင် ရာဇဝတ်မှု ဆိုင်ရာ ရဲအရာရှိ ဂျက်ကီချန်းနှင့် ၄င်း၏ သမီးဖြစ်သူ ကျင်းထျန် ပါဝင်ကြောင်း အခက်အခဲ များအား ရင်ဆိုင်ကျော်လွှား ရပုံတို့ကို ရိုက်ကူးထားသည့် အက်ရှင် စွန့်စားခန်း ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။
သိင်္ဂီဝင်း
Ref: Yahoo
Popular Myanmar News Journal

မြန်မာင်ငံသား ၃ ဦး ဘတ် သန်း ၅၀ ခန့် တန်ဖိုးရှိသည့် ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးမိ

ယမန်နေ့က ဖမ်းမိထားသည့် ဘိန်းဖြူများနှင့် ပတ်သက်ပြီး ထိုင်း အာဏာပိုင်များက ရှင်းလင်းနေစဉ် (ဓာတ်ပုံ – dailynews.co.th)
July 3, 2013
မြန်မာ နိုင်ငံသား ၃ ဦးကို ဘတ် သန်း ၅၀ ခန့် တန်ဖိုးရှိသည့် ထိုင်း-မြန်မာ နယ်စပ်တွင် ထိုင်း အာဏာပိုင်များက ယမန်နေ့က ဖမ်းဆီးလိုက်သည်။

မလေးရှားနိုင်ငံသို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းဝယ်ရေး လုပ်ကိုင်နေသည်ဟု ယူဆရသော ယင်းဘိန်းဖြူ သယ်ယူလာသူများသည် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင်၊ မယ်ဆိုင်မြို့နယ်အတွင်းရှိ တည်းခိုခန်း တခုတွင်နားနေစဉ် သတင်းအရ ထိုင်းအာဏာ ပိုင်များက ၀င်ရောက် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဖမ်းခံရသူများသည် မြန်မာနိုင်ငံသားများ ဖြစ်ပြီး အသက် ၂၈ နှစ် အရွယ် အမျိုးသမီး တဦး၊ ၃၀ အရွယ် အမျိုးသား တဦးနှင့် ၁၆ နှစ် အရွယ် အမျိုးသား တဦးတို့ ဖြစ်ကြောင်း၊ ဘိန်းဖြူ ၈.၅ ကီလိုဂရမ်နှင့် ခရီးသွားအိတ်တို့ကို သက်သေခံ ပစ္စည်းများအဖြစ် ဖမ်း ဆီးရမိကြောင်း ထိုင်းသတင်းများက ဆိုသည်။

စစ်ဆေး တွေ့ရှိချက်များ အရ ယင်း ဘိန်းဖြူများကို မလေးရှားနိုင်ငံသို့ မယ်ဆိုင် လေဆိပ်မှ တဆင့် ပို့ဆောင်ရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု သိရကြောင်း ထိုင်းအခြေစိုက် မန်နေဂျာ အွန်လိုင်း သတင်းဝက်ဘ်ဆိုက်တွင် ယနေ့ ရေးသားထားသည်။

ထိုင်း မူးယစ်ဆေးဝါး နှိမ်နှင်းရေး အဖွဲ့မှ တာဝန်ရှိသူ တဦးက“ဘိန်းဖြူတွေဟာ ဈေးကွက်အထိ ရောက်သွားမယ် ဆိုရင် ၅၉ သန်း ကျော် ရမှာဖြစ်တယ်၊ ဒါကြောင့် ကွင်းဆက် တရားခံတွေကို ဖမ်းဆီးနိုင်ဖို့လည်း ဆက်လုပ်သွားမယ်”ဟု ပြောကြောင်း မန်နေဂျာ အွန် လိုင်း တွင် ပါရှိသည်။

ဖမ်းဆီးခံထားရသည့် ၃ ဦးကို ထိုင်း ဥပဒေအရ မည်သို့ အရေးယူဆောင်ရွက်မည်ကို သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။ သို့သော် ထိုင်း ဥပဒေအရ မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်၍ ပြစ်မှု ထင်ရှားပါက သေဒဏ် သို့မဟုတ် တသက် တကျွန်း ပစ်ဒဏ် ကျနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကက်မြို့နယ်တွင် စိတ်ကြွဆေးပြား၊ ဆေးခြောက်၊ အိုက်စ် (ICE)ဟု ခေါ်သည့် မူးယစ်ဆေးဝါးများနှင့်အတူ အသက် ၂၅ နှစ်အရွယ် ဇော်ကိုကိုအောင်ကိုလည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။

ဇော်ကိုကိုအောင်ထံမှ ဆေးခြောက် ၃.၅၀ ဂရမ် ၄၅ ထုပ်၊ အိုက်စ် ၀.၄၅ နှင့် ၀.၅၀ ဂရမ် စုစုပေါင်း ၃၄ ထုပ်၊ စိတ်ကြွဆေးပြား(ခေါ်) ရာဘ ၅၈ လုံးတို့ကို သိမ်းဆည်း ရမိထားကြောင်း သိရသည်။

ဇွန် ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးနေ့တွင် ထိုင်း အစိုးရက ဘတ်ငွေ သန်းပေါင်း ၁၀၀၈၀ ခန့် တန်ဖိုးရှိသည့် ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါး ၃.၃ တန်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုင်း အစိုးရ အနေနှင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသော်လည်း မြန်မာအစိုးရက မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ၁၉၉၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ သတ်မှတ်ထားသော်လည်း ၂၀၁၉ အထိ ပြန် လည် ရွှေ့ဆိုင်း ထားသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနှင့် မြန်မာ အစိုးရကလည်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် တို့မှ ဖမ်းဆီးရမိသည့် ကျပ်ငွေ သိန်း ၄၄၀၇၀ ကျော် တန်ဖိုးရှိသော မူးယစ်ဆေးဝါး ၁၅ မျိုးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
သန်းထိုက်ဦး
ဧရာဝတီ

ဝက် သေဆုံးမှုများသဖြင့် မှော်ဘီရှိ ဝက်ခြံပိုင်ရှင်များ အရှုံးပေါ်

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ချောင်းနဘေးရှိ ဝက်မွေးမြူရေးခြံတခြံမှ ဝက်တကောင်ကို ဆွဲယူလာစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
July 4, 2013
မှော်ဘီမြို့နယ်ရှိ ကျေးရွာတချို့တွင် ဝက်အများအပြား သေဆုံးသဖြင့် ဝက်မွေးမြူရေး ခြံပိုင်ရှင်များ အရှုံးပေါ်နေကြကြောင်း သိရသည်။

မှော်ဘီမြို့နယ် ညောင်နှစ်ပင်ဇုန်၊ ၉၁ နှင့် ၃၃ တပ်အနီးရှိ ကျေးရွာများမှ ဝက်မွေးမြူရေး ခြံတချို့တွင် မွေးထားသည့် ဝက်များ သေဆုံးမှု ရှိနေကြောင်း၊ အဆိုပါ သတင်းကြောင့် မှော်ဘီမြို့အတွင်းရှိ စီးပွားဖြစ် ဝက်မွေးမြူရေး ခြံများနှင့် ညောင်နှစ်ပင်ဇုန် အတွင်းမှ ဝက်မွေးမြူသူများမှာ ဝက်ကန်ထရိုက်များ ထံသို့ အရှုံးခံကာ ပြန်လည် ရောင်းချနေကြကြောင်း ညောင်နှစ်ပင် ကျေးရွာနေ ဝက်မွေးမြူရေး ခြံပိုင်ရှင် ဦးခင်မောင်မြင့်က ပြောပြသည်။

“သားခွဲဝက်လေးတွေက သေတာများတာဗျ၊ တချို့ ခြံတွေကတော့ အကောင်ကြီးတွေလည်း သေကြတယ်။ ကျန်းမာရေး အတွက်ကတော့ တိမွေးကု ဌာနက ဆရာဝန်လေး တယောက်တော့ ဆေးလာကုပေး၊ ကြည့်ပေးတာမျိုး လုပ်နေတာတွေ ရှိပါတယ်” ဟု သူက ရှင်းပြသည်။

ပြီးခဲ့သည့်လပိုင်းက ဝက်တပိသာလျှင် ၃၁၀၀ ကျပ် ရခဲ့သော်လည်း လက်ရှိတွင် ကတ္တားဈေး ၂၇၀၀ ကျပ်သာ ရတော့ကြောင်း၊ ဝက်တကောင်လျှင် ပိဿာ ၄၀၊ ၅၀ ကျော် ရှိသည့်အတွက် ငွေများစွာ အရှုံးပေါ်ကြကြောင်း သိရသည်။

တချို့ တနိုင်တပိုင် မွေးမြူသူများသည် ဝက်သေဆုံးသည့် သတင်းကြောင့် ၎င်းတို့ ဝက်များကို ရောင်းချသော်လည်း ဝယ်မည့်သူ မရှိသဖြင့် အခက်တွေ့နေရကြောင်း တနိုင်တပိုင် ဝက်မွေးသူ တဦးက ဆိုသည်။

မှော်ဘီမြို့နယ် တိုးချဲ့ ၄ ရပ်ကွက် ၁၅၀၀ ကွက်ရှိ တပိုင်တနိုင် ဝက်မွေးမြူသည့် အိမ်မှ ဝက် ၂ ကောင်မှာ ဝက်နားရွက်ပြာ ရောဂါဖြင့် သေဆုံးခဲ့ပြီး တိုက်ကြီးမြို့နယ် အတွင်းတွင်လည်း ဝက်တချို့ အဆိုပါ ရောဂါဖြင့် သေဆုံးသည်ဟု သိရကြောင်း မှော်ဘီမြို့နယ် NLD အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုရန်မျိုးအောင်က ဧရာဝတီသို့ ပြောသည်။

“အခုဖြစ်တာက အိမ်မှာမွေးတဲ့ ဝက်တွေမှာ ဖြစ်သွားတာပါ။ အများကြီး သေတာတော့မဟုတ်ဘူး။ စီးပွားဖြစ်မွေးမြူထားတဲ့ အိမ်တွေမှာတော့ မဖြစ်ပါဘူး။ အခု ရောဂါဖြစ်တဲ့ ခြံတွေကလည်း စီးပွားဖြစ် ခြံတွေနဲ့ ဝေးတော့ မကူးစက်နိုင်တော့ ပြဿနာ မရှိဘူး” ဟု ကိုရန်မျိုးအောင်က ရှင်းပြသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ ဒုညွန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးက ဝက်နားရွက်ပြာ ရောဂါသည် ၂၀၁၁ ခုနှစ် တွင်သာ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဖြစ်ပွားမှု မရှိသကဲ့သို့ ဌာနမှ တရားဝင် အတည်ပြု၍ မရသည့် ကိစ္စများ ရှိသည့်အတွက် ရောဂါကို ထိန်းချုပ်ထားနိုင်ကြောင်း ပြောပြသည်။

“တကယ်သာ ဖြစ်တယ်ဆိုရင် ရောဂါ ကူးစက်နှုန်း အရမ်းမြန်တယ်။ သေတိုင်းတော့ ဝက်နားရွက်ပြာ မဟုတ်ဘူး၊ ဌာနက တရားဝင် မသိတာကိုတော့ အတည်ပြုလို့တော့ မရဘူး” ဟု ဒေါက်တာအောင်ကြီးက ဆိုသည်။

ဝက်မွေးမြူရာတွင် ဇီဝလုံခြုံမှု စနစ် မြှင့်တင်သည့်အနေဖြင့် သန့်ရှင်းသည့် အစားအစာကျွေးရန်၊ ဝက်ခြံအနီး ဝက်သား မစားရန်၊ ခြံအနီး လူစိမ်းမလာရန်၊ ကာကွယ်ဆေး ထိုးရန်တို့ လိုအပ်ကြောင်း၊ ဝက်နားပြာ ရောဂါလက္ခဏာ ပြသည့်ဝက်သည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်း၊ အစာမစားခြင်းများ ဖြစ်ပြီး နေ့တွင်းချင်း သေဆုံးနိုင်ကြောင်း၊ ထို့ကြောင့် ရောဂါဖြစ်သည့် ဝက်မှ ပိုးများ ကူးစက်ပျံ့ပွားမှု မရှိစေရန် သေသည့်ဝက်ကို ကျင်းနက်နက် တူးကာ မြှုပ်သင့်ကြောင်း၊ ဝက်နားရွက်ပြာ ရောဂါကြောင့် သေဆုံးသည့် ဝက်၏ အသားကို စားမိသည့် လူ၊ တိရစ္ဆာန်သည် စားသည့်ပမာဏပေါ် မူတည်ကာ ရောဂါပြင်းထန်နိုင်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးက ရှင်းပြသည်။

အဆိုပါ ကိစ္စနှုင့် ပတ်သက်၍ မှော်ဘီမြို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသို့ ဖုန်းဆက်မေးမြန်းသော်လည်း ဖြေကြားမည့်သူ မရှိပေ။
မေစစ်ပိုင်
ဧရာဝတီ

ဂျပန် JCB ကတ်မြန်မာ၌ အသုံးပြုရေး သဘောတူလတ်မှတ်ထိုး (5 photos)

ရန်ကုန် ဇူလိုင် ၎
ဂျပန်နိုင်ငံ၏ တစ်ခုတည်းသော Payment ကတ်ဖြစ်သည့် JCB ကတ်များအား မြန်မာနိုင်ငံ၌ အသုံးပြုနိုင်ရေးအတွက် JCB နှင့် Myanmar Payment Union ( MPU )တို့ အကြား Master License Agreement သဘောတူစာချုပ် လတ်မှတ်ရေးထိုးပွဲ ကို ယနေ့ နံနက် က ချက်ထရီယမ် ဟိုတယ်၌ ကျင်းပခဲ့သည် ။

ထိုသဘောတူစာချုပ်အရ JCB Card များဖြင့် မြန်မာနိုင်ငံအတွင်း ရှိ ATM ငွေထုတ်စက်များ၌ စက်တင်ဘာလ မှ စတင်ကာ ငွေထုတ် ယူနိုင်ခြင်း အပါအ၀င် ငွေကြေးဆိုင်ရာ ကိစ္စရပ်များ ကို ဆောင်ရွက်နိုင်မည် ဖြစ်သည် ဟု သိရသည်။

JCB ကတ်အား နိုင်ငံပေါင်း ၁၉၀ ကျော်တွင်အသုံးပြုလျက် ရှိပြီး အသုံးပြု သူ သန်းပေါင်း ( ၈၀ ) ကျော် ရှိကြောင်းထပ်မံသိရသည်။

JCB နှင့် MPU အကြား JCB ကတ်မြန်မာနိုင်ငံ ၌ အသုံးပြုရေးသဘောတူ စာချုပ် လတ်မှတ်ရေးထိုးပွဲသို့ ဂျပန်သံအမတ် ၊ မြန်မာနိုင်ငံ ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် ၊ MPU နှင့် JCB တို့မှ တာဝန်ရှိသူ များတက်ရောက် ခဲ့ကြကြောင်း သိရသည်။
သူရထွန်း
Popular Myanmar News Journal


လပတ်စာမေးပွဲ မဖြေနိုင်၍ ဆယ်တန်းကျောင်းသား ပိုးသတ်ဆေးသောက်သေဆုံး

တောင်ငူ၊ ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို့နယ် အုတ်ကျင်းကျေးရွာတွင် ဇူလိုင် လ ၂ ရက် ညနေ ၃ နာရီ ၃၀ မိနစ်က တက္ကသိုလ်ဝင်တန်း ကျောင်းသားတစ်ဦး လပတ်စာမေးပွဲ မဖြေဆိုနိုင်၍ ပိုးသတ် ဆေးသောက်ပြီး သေဆုံးခဲ့ကြောင်း ဖြူးမြို့နယ် ရဲစခန်း ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ကျောင်းသားသည် ဖြူးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဒသမတန်းတွင် ပညာသင်ကြားနေသူ ဖြစ်ပြီး ၎င်းအိမ်၏ ဘုရားစင်ရှေ့တွင် ပိုးသတ်ဆေးတစ်မျိုး (အမည်မသိ) ကိုသောက်၍ ပါးစပ်မှ ပိုးသတ်ဆေးနံ့များထွက်ကာ လူးလိမ့်နေသဖြင့် မိခင်နှင့် ကျေးရွာသားများက ဖြူးဆေးရုံသို့ တင်ပို့စဉ် လမ်း၌ သေဆုံးခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

“သား လပတ်စာမေးပွဲ မဖြေနိုင်လို့ အဆိပ်သောက်တယ်။ သားကို ခွင့်လွှတ်ပါလို့လည်း ပြောသွားတယ်” ဟု သေဆုံးသူ၏မိခင် ဒေါ်ခင်လှက ရှင်းပြသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၇/၂၀၁၃ ဖြင့်အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၂ ရက်နေ့အထိ တောင်ငူခရိုင်အတွင်း လူသေဆုံးမှုပေါင်း ၇၄ မှု ဖြစ်ပွားခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly

သမ္မတဦးသိန်းစိန် ဥရောပခရီးစဉ် ဇူလိုင်၁၄ တွင်စမည်

ရန်ကုန်၊ ဇူလိုင် ၃
မြန်မာနိုင်ငံကို ကုန်သွယ်မှုအထူး အခွင့်အရေး (GPS-Generalized Scheme of Preferences) ပြန်လည် ပေးအပ်ထားသော ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၁၄ ရက်နေ့တွင် စတင်သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီဝင် ဦးလှမောင်ရွှေက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများဖြစ်သော ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သို့ ဇွန်လ ၁၄ ရက်နေ့မှ စတင်ကာ ရက်သတ္တတစ်ပတ်နီးပါး သွားရောက်မည် ဖြစ်ကြောင်း ၎င်းကဆက် လက်ပြောကြားသည်။

အဆိုပါ ခရီးစဉ်သည် ဗြိတိန်နှင့် ပြင်သစ်အစိုးရက ဖိတ်ကြားထားသောကြောင့် သွားရောက်သည့် ချစ်ကြည်ရေး ခရီးစဉ် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဇွန်အတွင်းတွင် ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချတ်သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းရန် ဆွေးနွေးခဲ့ကြသည်။

ဥရောပသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံသို့ ပြည်တွင်းထွက်ကုန် ပစ္စည်းများကို တင်ပို့နိုင်မည့် ပို့ကုန် အထူးသက်သာခွင့် (GSP) အခွင့်အရေးကို ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ဇွန်လ ၁၂ရက်နေ့တွင် ပြန်လည် ပေးအပ်ထားသည်။

သမ္မတဦးသိန်းစိန်သည် ယခုနှစ် မတ်လအတွင်း ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ နော်ဝေစသည့် ဥရောပနိုင်ငံ ခုနစ်နိုင်ငံသို့ ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့သည်။

ယင်းဥရောပ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်သည် ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Jose Manuel၊ ဥရောပကောင်စီ ဥက္ကဋ္ဌ Van Pompuy တို့နှင့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ဥရောပသမဂ္ဂက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် ယူရိုသန်း ၁၅၀ ထောက်ပံ့မည်ဟု ကတိပြုထားသည်။

ဥရောပသမဂ္ဂသည် ထင်သာမြင်သာ ရှိလှသည့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့် အနေနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးနှင့် နိုင်ငံရေး၊ ဘဏ္ဍာရေး ပိတ်ဆို့မှုအားလုံး (လက်နက် အရောင်းအဝယ်မှအပ) ကို အပြည့်အဝ ရုပ်သိမ်းကြောင်း ဧပြီလ ၂၂ရက်နေ့တွင် ကျင်းပသော EU နိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေးတွင် ကြေညာထားသည်။
The Voice Weekly

မြစ်ဆုံစီမံကိန်း အကောင်အထည် ဖော်ရေး လုပ်ငန်းများ ရပ်ဆိုင်း၊ စက်ပစ္စည်း၊ ယာဉ်ယန္တရားမျိုးစုံ ၁၂၀၀ ကျော် ပြန်ပိုပြီးကြောင်း ဒုတိယ၀န်ကြီး ပြော

ဧရာဝတီမြစ်ဆုံ တစ်နေရာအား ၂၀၁၂  ခုနှစ် မတ်လက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
Thursday, 04 July 2013
လက်ရှိအချိန်တွင် မြစ်ဆုံစီမံကိန်း အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းအားလုံး ရပ်ဆိုင်းထားကြောင်းနှင့် တရုတ်နိုင်ငံမှ စက်ပစ္စည်း၊ ယာဉ်ယန္တရားမျိုးစုံ ၁၂၄၀ ကို ယခုအခါ ပြန်လည်ပေးပို့ခဲ့ပြီးဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က ဇူလိုင် ၃ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ကချင်ပြည်နယ်၊ အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ "မြစ်ဆုံစီမံကိန်းမှ ပြောင်းရွှေ့ခံထားရသော ဒေသခံများအတွက် အနာဂတ် စီမံကိန်းများ၊ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအတွက် ချုပ်ဆိုထားသော စာချုပ်စာတမ်းပါ အကြောင်းအရာများကို သိရှိလိုပါကြောင်း" မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်လည်ဖြေကြားရာတွင် ဒုတိယ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က "လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် နိုင်ငံတော်သမ္မတကြီး၏ ၃၀.၉.၂၀၁၁ ရက်တွင် လွှတ်တော်များသို့ သ၀ဏ်လွှာပေးပို့သည့် အချိန်မှစ၍ ယခုအချိန်အထိ မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော် တည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်းများအားလုံး ရပ်ဆိုင်းထားခဲ့ပါတယ်။ စီမံကိန်း ရပ်ဆိုင်းထားခြင်းကြောင့် မြစ်ဆုံစီမံကိန်းမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့် စက်ပစ္စည်း၊ ယာဉ်ယန္တရားမျိုးစုံ ၁၂၄၀ ကိုလည်း ယခုအခါ ပြန်လည်ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ချုပ်ဆိုထားသော စာချုပ်ပါ အချက်အလက်များကို အခြေခံ၍ ဒေသခံ ပြည်သူများအတွက် အစီအမံများကို နဂိုမူလ အနေအထားထက် မနိမ့်ကျသော အစီအမံများဖြင့် စီမံဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ယခုအခါ စီမံကိန်း ရပ်ဆိုင်းထားမှုကြောင့် ဒေသခံများရဲ့ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနဲ့ စပ်လျဉ်းပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်" ဟု ဖြေကြားသည်။

မြစ်ဆုံစီမံကိန်း တည်ဆောက်ခဲ့ခြင်းaကြာင့် တည်ဆောက်ရေး လုပ်ငန်းခွင် ဧရိယာအတွင်း ကျရောက်သည့် တန်ဖဲ၊ မြစ်ဆုံ၊ ခပါး၊ ဒေါင်ပန်းနှင့် ကျိန်ခရန် ကျေးရွာငါးရွာအတွက် မလိယန် စံပြကျေးရွာနှင့် အောင်မြင်သာ စံပြကျေးရွာသစ်နှစ်ရွာကို တည်ဆောက်ပေးခဲ့သော်လည်း လက်တွေ့အခြေအနေတွင် အဆိုပါကျေးရွာ မြေများသည် စိုက်ပျိုးရေး လုပ်ကိုင်၍ မရသောကြောင့် ဒေသခံများသည် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း ဒေါ်ဒွဲဘူက သတင်းထောက်များကို ပြောကြားသည်။
Eleven Media Group

ကျန်းမာရေး ၀န်ကြီးဌာနနှင့် ပြင်သစ်နိုင်ငံ အခြေစိုက် MDM-F တို့ ပူးပေါင်း၍ မြို့နယ် ၂၁ မြို့နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ဆောင်မည်

ကျန်းမာရေးဝန်ထမ်း တစ်ဦးမှ ကလေးငယ်အား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Thursday, 04 July 2013
ကျန်းမာရေး ၀န်ကြီးဌာနနှင့် ပြင်သစ်နိုင်ငံ အခြေစိုက် လူမှုရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Medicines Du Monde France (MDM-F) တို့ ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအနက် ခုခံကျ ကာလသားရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ၊ ပြည်သူလူထု အခြေပြု မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ စသည်တို့ လုပ်ဆောင်ပေးမည်ဖြစ်ပြီး ယင်းလုပ်ငန်းများကို ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ၀ိုင်းမော်မြို့များ၊ ရန်ကုန်တိုင်းဒေသကြီးရှိ အလုံ၊ လှိုင်၊ မရမ်းကုန်း၊ ကမာရွတ်၊ လှိုင်သာယာ၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ မင်္ဂလာတောင်ညွန့်၊ ကျောက်တံတား၊ မင်္ဂလာဒုံ၊ စမ်းချောင်း၊ တာမွေ၊ ပုဇွန်တောင်၊ သန်လျင်၊ မြောက်ဥက္ကလာပမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် စုစုပေါင်း မြို့နယ်၂၁ မြို့နယ်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယင်းလုပ်ငန်းများ လုပ်ဆောင်ရန် ကျန်းမာရေး ၀န်ကြီးဌာနနှင့် Medicines Du Monde France (MDM-F) တို့ နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရန် စီစဉ်လျက်ရှိပြီး စီမံကိန်းကာလမှာ သုံးနှစ်သတ်မှတ် ထားကြောင်းနှင့် စီမံကိန်းကာလအတွင်း တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းချီသုံးစွဲ သွားမည်ဟု ကနဦး သတင်းအချက်အလက်များအရ သိရသည်။ 

ပြင်သစ်နိုင်ငံ အခြေစိုက် Medicines Du Monde France (MDM-F) အဖွဲ့သည် နိုင်ငံတကာ လွတ်လပ်သော လူသားချင်းစာနာ ထောက်ထားခြင်းကို အခြေခံသည့် ကျန်းမာရေးဆိုင်ရာ အကူအညီများ ပေးနေသော အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံပေါင်း ၅၀ ကျော်နှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
Eleven Media Group

ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်း

ဓါတ်ပုံ Ministry of Construction

ဓါတ်ပုံ Ministry of Construction

ဓါတ်ပုံ Ministry of Construction
ဇူလိုင်လ (၃)
၂၀၁၃ ခုနှစ် ဇူလိုင်လ (၃)ရက်နေ့ (၁၂း၁၅)အချိန်ခန့်တွင် ယာဉ်မောင်း ဦးသန်းဦး (၅၇)နှစ် မောင်းနှင်လာသော Land Cruiser အဖြူရောင် ၂ဃ/---- သည် ရန်ကုန် - မန္တလေး အမြန်လမ်း (အပြန်လမ်း) မိုင်တိုင်အမှတ် ၁၉၄/၀ တွင် အရှိန်လွန်ကာ လမ်းဘေးရှိ Guard Post တိုင်များနှင့် Barrier တုံးများအား ၀င်တိုက်၍ အင်ပင်သာ Under Pass အောက်သို့ ကျရောက်တိမ်းမှောက်သွားခဲ့ပါသည်။

ယာဉ်မောင်းနှင့်အတူ ဒေါက်တာ အောင်မြင့် (၆၈)နှစ် ၊ ဒေါက်တာ မြအောင် (၆၇)နှစ်၊ ဒေါက် တာ အောင်မြတ်စိုး (၆၁)နှစ်၊ ဒေါက်တာ ကျော်စိုး (၅၁)နှစ် စုစုပေါင်း အမျိုးသား(၅)ဦး လိုက်ပါလာပြီး ထိခိုက်ဒဏ်ရာရသူများအား ရန်ကုန် - မန္တလေးအမြန်လမ်း ပြုပြင်ထိန်းသိမ်းရေး အဖွဲ့ နှင့် လေကြောင်း ရန်ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်အား ပန်းတင် ရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
FB စမ်းချောင်း ကိုကိုကြီး

သံတွဲပဋိပက္ခ အမြန်ဆုံးစုံစမ်းဖော်ထုတ်ရန် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ တိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၃
အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရသည်ဟုဆိုကာ ပဋိပက္ခများ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် အခြေအနေမှန်များကို အမြန်ဆုံး စုံစမ်းဖော်ထုတ်ပြီး ပွင့်လင်းမြင်သာစွာ အရေး ယူပေးရန် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) က ကြေညာချက် တစ်စောင်ကို ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဘာသာပေါင်းစုံက ဘာသာရေး ခေါင်းဆောင်များအနေနှင့် သက်ဆိုင်ရာ ဘာသာဝင်များအား တရားဥပဒေကို လေးစား လိုက်နာရေး၊ ဒေသတွင်း တည်ငြိမ် အေးချမ်းရေး၊ ဥပဒေဘောင် အတွင်း ငြိမ်းချမ်းစွာဖြင့် ဘာသာတရား အဆုံးအမတို့ကို လိုက်နာ ကျင့်ကြံ နေထိုင်ရေး အသိပညာပေး စည်းရုံး ထိန်းသိမ်း စောင့်ရှောက် ရန် မေတ္တာရပ်ခံ တိုက်တွန်းကြောင်း ယင်းကြေညာချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ရဟန်း၊ ရှင်၊ လူ ပုဂ္ဂိုလ်များနှင့် ဘာသာပေါင်းစုံမှ မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား အားလုံးအနေနှင့် အပြန်အလှန် နားလည်မှု၊ ကိုယ်ချင်းစာတရား၊ သည်းခံမှု၊ စည်းကမ်းရှိမှုတို့ဖြင့် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးတို့ကို ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ကြောင်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) က တိုက်တွန်းထား သည်။

တောင်ကုတ်မြို့မှ အမျိုးသမီးငယ် တစ်ဦး ဇွန်လ ၃၀ ရက်နေ့က သံတွဲမြို့တွင် မုဒိမ်းကျင့်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ ယင်းနေ့ ညနေတွင် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ မီးရှို့ခံခဲ့ရသည်အထိ ပဋိပက္ခ အရှိန်မြင့်လာသဖြင့် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ကို ထုတ် ပြန်ခဲ့ရကြောင်း၊ ဇွန်လ ၁ ရက်နေ့တွင် လည်း မီးရှို့မှု တစ်ကြိမ် ထပ်မံ ဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရှိရသည်။

“ဒီနေ့တော့ ဘာမှ မဖြစ်တော့ဘူး။ အခြေအနေ အေးအေးဆေးဆေး ဖြစ်သွားပြီ” ဟု သံတွဲမြို့ ဒေသခံ တစ်ဦးဖြစ်သူ ဦးသိန်းဇံက ဇူလိုင်လ ၃ ရက်နေ့ ည ၈ နာရီကျော်တွင် ပြောကြားသည်။

သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို အစပြုစေခဲ့သည့် တောင်ကုတ်မြို့သူကို မုဒိမ်းကျင့်ခဲ့သည်ဟု ယူဆရသူ တစ်ဦးနှင့် အခြား တစ်ဦးကို ဖမ်းဆီးထားပြီး အမူဖွင့် အရေးယူနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

သံဃာတော်အပါး ၁၅၀၀ကျော်၏ ထောက်ခံမှုဖြင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ဇွန်လ ၂၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ရွာမ ပရိယတ္တိစာသင်တိုက် (အင်းစိန်)၊ နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ က တာဝန်ယူထားသည်။
The Voice Weekly

သီလဝါ အထူး စီးပွားရေးဇုန်နည်းတူ နစ်နာကြေးရလိုကြောင်း သီလဝါဆိပ်ကမ်း နယ်မြေ ဒေသခံများ တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၃
သီလဝါ အထူး စီးပွားရေးဇုန်အတွင်းရှိ ဖယ်ရှားပေးရမည့် ဒေသခံများနည်းတူ ပြန်လည် နေရာချထားရေး၊ လူမှုဘဝ ထိခိုက် နစ်နာမှုအတွက် လျော်ကြေးငွေနှင့် အလုပ်အကိုင် ရရှိရေးတို့ ဆောင်ရွက်ပေးရန် သီလဝါဆိပ်ကမ်း တည်ဆောက်ရေး နယ်မြေ အတွင်းရှိ ဒေသခံများက တောင်းဆိုကြသည်။

ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်သော ယင်းဒေသခံများသည် သီလဝါ ဆိပ်ကမ်း တည်ဆောက်နိုင်ရန် ပြောင်းရွှေ့ပေးနိုင်သော်လည်း ကုန်းတွင်းပိုင်းတွင် ပြန်လည် နေရာချထားပေးပါက ငါးဖမ်းလုပ်ငန်း ဆက်လက် လုပ်ကိုင်ရန် မဖြစ်နိုင်ကြောင်း ဘေးပေါက်ရွာ ကိုယ်စားလှယ် ဦးအေးထွန်းက ဆိုသည်။

“ပြောင်းပေးရမယ်ဆိုရင် ရေလုပ်သားတွေ ကမ်းနဲ့ဝေးပြီး ကုန်းပေါ်ရောက်မယ်။ အလုပ်လက်မဲ့ ဖြစ်မယ်။ ဒါကြောင့် အသက်မွေး ဝမ်းကျောင်းနိုင်ဖို့အတွက် ပြန်လည် ထူထောင်ပေးစေလိုပါတယ်” ဟု ၎င်းက တောင်းဆိုသည်။

သီလဝါဆိပ်ကမ်း တည်ဆောက်ရေးအတွက် ယင်းနယ်မြေအတွင်းရှိ ဒေသခံများကို ၁၉၉၅ ခုနှစ်က လျော်ကြေးငွေ ပေးပြီးဖြစ်ကြောင်း၊ ထို့အပြင် ဆိပ်ကမ်း တည်ဆောက်ရေးနှင့် သီလဝါ အထူး စီးပွားရေးဇုန် သည် သဘော သဘာဝချင်း မတူသည်ကို ဒေသခံများ နားလည်ရန် လိုကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် အထွေထွေ မန်နေဂျာ ဦးကျော်မြင့်က ရှင်းပြသည်။

“သီလဝါဇုန်လို လျော်ကြေးတောင်းလို့တော့ မဖြစ်ပါဘူး။ တောင်းဆို ထားတာတွေကို အထက်ကို တင်ပြပြီး နောက်တစ်ပတ်မှာ ထပ်တွေ့ ပါမယ်။အလုပ်အကိုင် ရရှိရေးကိုလည်း ညှိနှိုင်း ဆောင်ရွက်ပေးပါမယ်” ဟု ဦးကျော်မြင့်က ဆိုသည်။

ဆိပ်ကမ်း တည်ဆောက်ရေးအတွက် ဖယ်ရှားပေးရမည်ဆိုပါက ဖယ်ရှားပေးနိုင်သော်လည်း နေစရာ မြေတစ်ကွက်ဖြင့် မလုံလောက်ဘဲ နေထိုင်ရန် အိမ်ဆောက် စရိတ်၊ ပြောင်းရွှေ့ စရိတ်နှင့် ဖယ်ပေး လိုက်ရသော မြေနေရာအတွက် ဒေသ ပေါက်ဈေးအတိုင်း လျော်ကြေး ပေးစေလိုကြောင်း ဘေးပေါက်ရွာမှ ဦးတင်အုန်းက ဆိုသည်။

သီလဝါဆိပ်ကမ်း တည်ဆောက်မည့် မြေကွက်အမှတ် ၂၂ မှ ၂၆ အတွင်းတွင် လူနေထိုင်မှုမရှိဘဲ စင်ကာပူကုမ္ပဏီ Wilmar က ကောက်ပဲသီးနှံ ကုန်တင်ကုန်ချ တံတား တည်ဆောက်နေသော မြေကွက် အမှတ် ၂၀ တွင်သာ လူနေထိုင်ခြင်းဖြစ်ပြီး ယင်းဒေသခံများ၏ ကန့်ကွက်မှုကြောင့် လုပ်ငန်း ဆက်လက် ဆောင်ရွက်ရန် နှောင့်နှေးလျက်ရှိကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် မြို့ပြ အင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားသည်။

ဂျပန်နိုင်ငံ၏ ချေးငွေ ယန်းဘီလီယံ ၂၀ နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က တာဝန်ယူ တည်ဆောက်မည့် သီလဝါ ဆိပ်ကမ်းသည် မြေကွက်အမှတ် ၂၂ မှ ၂၆ အထိဖြစ်ပြီး အကွက် တစ်ကွက်သည် ၃၇ ဧက (အကျယ် ၂၀၀ မီတာ၊ အရှည် ၇၅၀ မီတာ) ကျယ်ဝန်းပြီး တည်ဆောက်ရေး ပထမအဆင့်ကို အမှတ် ၂၅ နှင့် ၂၆ တို့တွင် ၂၀၁၅ ခုနှစ်အမီ တည်ဆောက်သွားမည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။

သီလဝါဆိပ်ကမ်းကို မြေကွက် ၃၇ ကွက် အကွက်ချထားကာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များက BOT စနစ်ဖြင့် စက်သုံးဆီ တံတားများ တည်ဆောက်လျက်ရှိပြီး ကောက်ပဲ သီးနှံနှင့် အထွေထွေ ကုန်တင် ကုန်ချ တံတားများကိုလည်း ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများက BOT စနစ်ဖြင့် တည်ဆောက်လျက် ရှိသည်။
The Voice Weekly

နန်းခင်ဇေယျာကို ရှမ်းပြည်နယ်အစိုးရ ဂုဏ်ပြု

Thursday, July 4, 2013
ဇွန်လ ၃ ရက်တွင် ကျရောက်သည့် မြန် မာအမျိုးသမီးများနေ့ အခမ်းအနားကို တောင် ကြီးမြို့တွင် ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် မစ္စအင်တာနက် ဆုရှင် နန်းခင်ဇေယျာကို ရှမ်းပြည်နယ်အစိုး ရက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ထူးချွန်အမျိုးသမီးအဖြစ် နန်းခင်ဇေယျာကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းဖြစ်သည်။ အခမ်းအနားတွင် ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေကလည်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်လည်း တက်ရောက်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရ၏ ဂုဏ်ပြုခြင်းခံရသူ နန်းခင်ဇေယျာက တောင်ကြီးမြို့ မိဘမဲ့အမျိုးသမီး သင်တန်းကျောင်း သို့ သွားရောက် မည်ဟုလည်းဆိုသည်။ ဇွန်လအတွင်းက အဒေါ်ဖြစ်သူ၏ ရိုက်နှက်ခြင်းခံရကာ မိဘမဲ့ အမျိုးသမီးသင်တန်းကျောင်းသို့ ရောက်ရှိ နေသည့် မသက်ထားခင်ကိုလည်း တွေ့ဆုံမည်ဟု ဆိုသည်။

''အဓိကကတော့ သူ့ကို အားပေးချင်တယ်။ အပြစ်မဲ့တဲ့ ကလေးငယ်လေးကို စိတ်ဓာတ်ခွန်အားတွေ တက်လာအောင် အားပေးသွားမယ်။ ဒီလို ရိုက်ခံခဲ့တာ ကြားသိရ ရချင်းကတည်းက စိတ်ထဲမှာလုံးဝမကောင်းပါဘူး'' ဟု သူကဆိုသည်။

မသက်ထားခင်သည် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် နယ်မြေ ၅ တွင် နေထိုင်သည့် အသက် ၇ နှစ် အရွယ် မိဘမဲ့ ဖြစ်သည်။ ဇွန်လအတွင်းက အဒေါ်ဖြစ်သူ၏ ရိုက်နှက်ခြင်းခံခဲ့ရခြင်းကြောင့် တောင်ကြီးမြို့ လူမှုဝန်ထမ်းဦးစီးဌာနက မိဘမဲ့အမျိုးသမီးသင်တန်းကျောင်းသို့ ပို့ဆောင်ထားခြင်း ဖြစ်သည်။
ဂျွန်ချစ်ငြိမ်း
Mizzima - News in Burmese

ဘဟားမားစ်သို့ တစ်ကိုယ်တည်း အပန်းဖြေခရီးထွက်လာသည့် မိုင်လီ

မိုင်လီဆိုင်းရပ်စ်တစ်ယောက် ဘဟားမားစ်သို့ တစ်ကိုယ်တည်း အပန်းဖြေခရီး ထွက်လာခြင်းကြောင့် သူမ၏ အချစ်ရေးအပေါ် မေးခွန်းများ ပိုမို ထွက်ပေါ်လာခဲ့သည်။ လီယမ်ဟမ်းဆွော့သ်နှင့် ဆက်ဆံရေး မပြေမလည် ဖြစ်နေကြောင်း ခန့်မှန်းမှုများ အားကောင်းနေချိန်တွင် မိုင်လီသည် ချစ်သူမပါဘဲ ဘဟားမားစ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

လေယာဉ်ဖြင့် ရောက်ရှိလာသည့် မိုင်လီသည် လီယမ်မပါဘဲ လူအများရှေ့ ထွက်လာခဲ့သည်မှာ ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ချေ။ အသက်(၂၀)အရွယ် အဆိုတော် မင်းသမီးသည် မကြာသေးမီက လီယမ်နှင့်အတူ ရုပ်ရှင် ထွက်ကြည့်ခဲ့သော်လည်း လပေါင်း အတော်ကြာကြာအတွင်း ယင်းသည် နှစ်ဦးတွဲလျှက် မြင်ရသည့် ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။

လီယမ် အနေဖြင့် အလုပ်ကိစ္စများ ရှိနေသည့်တိုင် နှစ်ဦးအတူ ချိန်းဆိုပြီး အဆင်ပြေမည့် အချိန်မျိုးတွင် မိုင်လီ အနေဖြင့် အပန်းဖြေခရီး မထွက်သည့် အကြောင်းရင်းကို အမျိုးမျိုး ထင်ကြေးများ ဖြစ်ပေါ်နေသည်။
မျက်မြင်များကမူ သမပိုင်းဇုန်ရှိ လှပသော ‎#Resort လေးတွင် မိုင်လီသည် သက်တောင့်သက်သာပင် ရှိနေဟန် တွေ့ရကြောင်း ပြောဆိုခဲ့သည်။

မိုင်လီသည် ပြီးခဲ့သည့် သီတင်းပတ်ကလည်း မီယာမီတွင် အလန်းစား ရေကန်ဘေး ပါတီတစ်ခုကို ဆင်နွှဲခဲ့သေးသည်။ မိုင်လီနှင့် လီယမ်တို့သည် ဇွန်လ (၁၇)ရက်နေ့က ဟောလီးဝုဒ်ရှိ အာ့ခ်လိုက် ရုပ်ရှင်ရုံတွင် Man of Steel ဇာတ်ကားကို အတူထွက်၍ ကြည့်ခဲ့ဖူးပြီး ယင်းသည် နှစ်ဦးအတူ တွေ့ရသည့် နောက်ဆုံးအကြိမ် ဖြစ်သည်။ လတ်တလောတွင် ဩစတြေးလျ ရုပ်ရှင်မင်းသားသည် ကနေဒါတွင် ‎Cut ‎Bank ဇာတ်ကားကို ရိုက်ကူးလျှက်ရှိသည်။
Planet Myanmar Network

သရုပ်ဆောင်ရဲတိုက် အမြန်လမ်းမပေါ်တွင် ဆေးခြောက်နှင့်ဖမ်းမိ

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဇွန်န၀ါရီလ(၄) ရက်နေ့ နံနက် (၃)နာရီခန့်တွင် သရုပ်ဆောင် ရဲတိုက်ကို ဆေးခြောက် တစ်ကျပ်သားနှင့်အတူ ဖမ်းမိထားကြောင်း ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး ရဲစခန်းမှ တာဝန်ရှိသူ က NewsWatch(စောင့်ကြည့်)သတင်းဂျာနယ်ကို ပြောကြားသည်။

၎င်းကို သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးခဲ့ရာ ဆိုက်ကယ်တစ်စီးနှင့် ဆေးသုံးထားသည်ကိုတွေ့ ရှိရပြီး၊ ဆေးခြောက်တစ်ကျပ်သားလက်ဝယ်တွေ့ရှိမှုကြောင့် မူးယစ် ပ၄/၂၀၁၃ ဖြင့် အမှုဖွင့် အရေး ယူဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ငြိမ်းချမ်းမေ
News Watch Journal

ရှမ်းပြည်နယ် တောင်ပိုင်းတွင် တပ်မတော်နှင့် UWSA တို့ တင်းမာမှု ဖြစ်ပေါ်နေ

၂၀၁၃ ခုနှစ်၊ မတ် ၂၇ ရက်က (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့စဉ် (Photo:AFP)
Thursday, 04 July 2013
ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ တာချီလိတ်ခရိုင်၌ တပ်မတော်နှင့် ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့အကြား တင်းမာမှု ဖြစ်နေသော်လည်း တိုက်ပွဲဖြစ်ပွားနိုင်ခြေ နည်းပါးကြောင်း စစ်ရေးအကဲခတ်များက The Daily Eleven သို့ ဇူလိုင် ၃ ရက်တွင် ပြောကြားပါသည်။    

ပြီးခဲ့သည့် မေလအတွင်းက မိုင်းယွန်းမြို့နယ်ခွဲရှိ UWSA ပိုင် ရော်ဘာခြံ တစ်ခြံကို လာရောက်သိမ်းပိုက်သည့် အချိန်မှစ၍ နှစ်ဖက်တပ်များအကြား စစ်ရေးတင်းမာခဲ့ကြောင်းနှင့် ယခုလပိုင်းအတွင်း ရှမ်းပြည်နယ် တောင်ပိုင်းတွင်ရှိသော UWSA တပ်စခန်းများကို စာရင်းပြုစု တင်ပြရန်နှင့် တပ်စခန်းအချို့ ဆုတ်ခွာပေးရန် တပ်မတော်ဘက်မှ တောင်းဆိုမှုများ ရှိခဲ့သည့်အတွက် တင်းမာမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် မိုင်းတုံမြို့နယ်၌ရှိသော UWSA ၏ လွယ်ကောင်းမူ စခန်းကို တပ်မတော်မှ ဆုတ်ခွာခိုင်းထားပြီး UWSA ဘက်မှ ဆုတ်ခွာရန် ငြင်းဆန်ထားသဖြင့် ဇွန်လကုန်ပိုင်းမှ စတင်ကာ ထိုစခန်းကို တပ်မတော်မှ ၀ိုင်းထားဆဲဖြစ်ကြောင်း UWSA ၏ ပြင်ပဆက်ဆံရေးဌာန ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းက ဇူလိုင် ၂ ရက်တွင် ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

"ပြီးခဲ့တဲ့ ဇွန်လအကုန်ပိုင်းကနေ ကနေ့အထိ တစ်ပတ်လောက်ရှိပြီး၊ ၀ိုင်းခံထားရ ဆဲပါ။ မဆုတ်တဲ့ စခန်းတွေ အားလုံးကို ၀ိုင်းတယ်။ တိုက်တော့ မတိုက်ဘူး။ ကျွန်တော်တို့ ခေါင်းဆောင်တွေကလည်း ဒီကိစ္စကို ဖြေရှင်းပေးဖို့ ကျိုင်းတုံမြို့ကို ရောက်နေတယ်။ အစိုးရဘက်ကတော့ ဖြေရှင်းပေးမယ်လို့ အကြောင်းပြန်ထားပေမယ့် ယခုအထိ ဘာမှမဖြေရှင်း ပေးသေးပါဘူး" ဟု ဦးဆမ်ခွန်း၏ ပြောကြားချက်ကို ရွှေဟင်္သာသတင်းတွင် ဖော်ပြထားသည်။

တပ်မတော်နှင့် UWSA တို့အကြား ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်၍ နှစ်ဖက်စလုံးသို့ The Daily Eleven မှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

သို့သော် တရုတ်-မြန်မာ နယ်စပ်နှင့် ထိုင်း-မြန်မာ နယ်စပ်တွင်ရှိနေသော စစ်ရေးအကဲခတ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုအချို့မှ တာဝန်ရှိသူများက တပ်မတော်နှင့် UWSA အကြား တင်းမာမှုများ ရှိနေသည့်တိုင် တိုက်ပွဲဖြစ်နိုင်ခြေ မရှိကြောင်း သုံးသပ်ပြောဆို ကြပါသည်။

"သူတို့ကြားမှာ ပြဿနာ ရှိနေတာကတော့ တော်တော်ကြာပါပြီ။ အစိုးရဘက်ကလည်း မထိခလုတ်၊ ထိခလုတ် လုပ်တာတွေ ရှိထားပါတယ်။ အခုချိန်က မိုးတွင်းဖြစ်နေတဲ့အတွက် တိုက်ပွဲဖြစ်ဖို့ သိပ်မလွယ်ပါဘူး။ နောက်ပြီး နိုင်ငံတကာက စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ မူးယစ်ဆေးကိစ္စကို အကြောင်းပြုပြီး ဖိအားပေးတာတွေ ရှိလာနိုင်ပါတယ်" ဟု တရုတ်-မြန်မာ နယ်စပ်တွင် နေထိုင်နေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ရင်းနှီးမှုရှိသူ ဦးအောင်ကျော်ဇောက ပြောကြားသည်။

တပ်မတော်နှင့် UWSA အကြား တင်းမာမှု ဖြစ်ပေါ်ရသည့် နောက်ခံအကြောင်းရင်း တစ်ရပ်မှာ UWSA ၏ "၀" တောင်ပိုင်းဒေသကို အစိုးရမှ ပြန်လည်ထိန်းချုပ်လိုသည့် ပြင်ဆင်မှုများကြောင့်ဟု စစ်ရေးအကဲခတ်များက ပြောကြားသည်။

UWSA အနေဖြင့် မြောက်ပိုင်းဌာနချုပ် ပန်ဆိုင်းတွင် အခြေစိုက် လှုပ်ရှားခဲ့ရာမှ ၁၉၉၄-၉၅ ခုနှစ်များအထိ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လှုပ်ရှားခဲ့သော ခွန်ဆာတပ်များကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ် ခွန်ဆာလက်နက်ချပြီးချိန်တွင် တာချီလိတ်၏ အနောက်တောင်ဘက်မှ ကယားပြည်နယ် အစပ်ထိ ဒေသများသို့ မြောက်ပိုင်းဌာနချုပ် ပန်ဆိုင်းမှ "၀" များအား ပြောင်းရွှေ့နေထိုင် စေခဲ့ရာမှ "၀" တောင်ပိုင်းဒေသ ပေါ်လာခဲ့ခြင်း ဖြစ်သည်။

"ခွန်ဆာ လက်နက်ချပြီးတော့ ပန်ဆိုင်းမှာ ရှိနေတဲ့ "၀" တွေကို တောင်ပိုင်းကို ရွှေ့ခိုင်းတယ်။ ၈၀၀၀၀ လောက် ရွှေ့ခိုင်းပေမယ့် ၉၀၀၀၀ နီးပါးလောက် တောင်ပိုင်းကို ရောက်သွားတယ်။ အဲဒီမှာ တရုတ်ဘက်က လူတချို့လည်း ပါလာတာပေါ့ဗျာ။ ဒေသက ရာသီဥတု၊ နယ်မြေအခြေအနေ ဆိုးရွားတာကြောင့်ရယ်၊ နောက်ပြီး တိုက်ပွဲကာလမှာ ကျဆုံးခဲ့ရတာတွေကြောင့် "၀" ဘက်က လေးငါးထောင်လောက် အသက်ဆုံးရှုံးပြီးမှ တောင်ပိုင်းကို ရခဲ့တယ်။ အဲဒီတော့ "၀" တွေဘက်က တောင်ပိုင်းကို လွယ်လွယ်နဲ့ ပြန်မပေးချင်ဘူးပေါ့ဗျာ" ဟု ဦးအောင်ကျော်ဇောက ပြောကြားသည်။


ရှမ်းပြည်နယ် အတွင်းရှိ "၀" တောင်ပိုင်းဒေသ (အ၀ါရောင်ခြယ်ထားသည့်) ဖော်ပြသည့် မြေပုံ
"၀" မြောက်ပိုင်း ပန်ဆန်းနှင့် "၀" တောင်ပိုင်းတို့ နှိုင်းယှဉ်ပါက "၀" တောင်ပိုင်းတွင် UWSA ၏ တပ်မဟာ ငါးခုရှိနေပြီး စစ်သည်အင်အား ၁၉၀၀၀ ကျော် ရှိနေကြောင်း သိရှိရပါသည်။

သို့ရာတွင် ၂၀၁၁ ခုနှစ် ၀န်းကျင်က တပ်မတော်မှ တိုးချဲ့ဖွဲ့စည်းခဲ့သော ခိုလမ်စစ်ဌာနချုပ် (သို့မဟုတ်) အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ "၀" မြောက်ပိုင်းနှင့် "၀" တောင်ပိုင်းတို့ အကြားတွင် ရှိနေသဖြင့် ဒေသနှစ်ခု ချိတ်ဆက်မှုကို အဆက်အသွယ် ဖြတ်နိုင်သည့် အခြေအနေရှိကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။ ထို့အပြင် မိုင်းဖြတ်မြို့တွင် စကခ ၁၈၊ မိုင်းဆတ်မြို့တွင် စကခ ၁၄၊ မိုင်းပန်တွင် စကခ ၁၇၊ ကျိုင်းတုံတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ လားရှိုးတွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တောင်ကြီးတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တို့ ရှိနေသဖြင့် တပ်မတော်နှင့် UWSA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည် ဆိုပါက နှစ်ဖက်စစ်အင်အားများအရ တိုက်ပွဲပြင်းထန်နိုင်ခြေ ရှိသည့်အတွက် လက်ရှိအခြေအနေများကြောင့် တိုက်ပွဲဖြစ်နိုင်ခြေ နည်းပါးရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ စစ်ရေးအကဲခတ်များက ပြောကြားခဲ့သည်။

"ဒါတွေအားလုံးက တပ်မတော်ရဲ့ အစီအမံတွေပါပဲ။ တစ်နှစ်ပတ်လုံး စစ်ဆင်ရေးကို ဘယ်အချိန်မှာ ဘာလုပ်ရမလဲ။ ရေရှည်လုပ်မလား။ ရေတိုလုပ်မလားဆိုတဲ့ စီမံချက်တွေ သူတို့မှာ ရှိထားပြီးသားပါ။ အခုလည်း RCSS/SSA နဲ့ အပေးအယူတည့်နေတဲ့ အချိန်မှာ "၀" နဲ့ တင်းမာသယောင် ဖြစ်လာတာပါ။ RCSS ကို တိုက်တုန်းကလည်း "၀" ရဲ့ အကူအညီနဲ့ တိုက်ခဲ့သလို အခု RCSS နဲ့ ပြေလည်နေချိန်မှာ "၀" ကို တိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာပါ။ တစ်ဖက်မှာ တောင်ပိုင်း "၀" နဲ့အဆင်မပြေ ဖြစ်နေတဲ့ အချိန်မှာ ရှမ်းပြည်တောင်ပိုင်း တပ်မတော်ရဲ့ အခြေအနေကိုလည်း စောင့်ကြည့်နေရမှာပါ။ ကစားပွဲ တစ်ခုလိုပါပဲ။ ဒါပေမဲ့ "၀" ဆိုတာက အစိုးရရဲ့ စီမံကိန်းကြီးတွေထဲက တစ်ဖွဲ့ဖြစ်တာကြောင့် ကြီးကြီးမားမား ဖြစ်လာလိမ့်မယ်လို့ မထင်ပါဘူး" ဟု ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့တွင် နေထိုင်နေသော ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့၏နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက The Daily Eleven သို့ ပြောကြားခဲ့သည်။

ကျိုင်းတုံနှင့် တာချီလိတ်မြို့တို့ရှိ UWSA ဆက်ဆံရေး ရုံးများကို ပိတ်လိုက်ကြောင်း ဇူလိုင် ၃ ရက် ညပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။
Eleven Media Group

တစ်နှစ်အတွင်း မြန်မာဘက်မှ ၀င်ရောက်လာသူ ၃၀၀၀ ကျော်ကို ဘင်္ဂလာက နှင်ထုတ်ခဲ့


၃ ဇူလိုင် ၂၀၁၃
မောင်တောမြို့နဲ့ မျက်နာချင်းဆိုင် မှာ တည်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့နိုင်ငံ တက်ကနက်မြို့ အခြေစိုက် အမှတ် (၄၂) BGB တပ်ရင်းက တနှစ်အတွင်း မြန်မာဘက်က ခိုးဝင်လာသူ လူပေါင်း ၃၃၀၆ ဦီးကို သူတို့ တပ်ရင်း အနေနဲ့ မြန်မာဘက်ကို ပြန်လည် နှင်ထုတ်ခဲ့တယ်လို့ ပြောပါတယ်။
တပ်ရင်း ထူထောင်တဲ့ ၁၁ နှစ်မြောက်ပြည့်နေ့ အခမ်းအနားမှာ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ကာမ်မရုလ် ဟာဆန်က သတင်းထောက်တွေကို ရှင်းလင်း ပြောကြားရာမှာ ခုလို ထည့်သွင်း ပြောကြားတာ ဖြစ်လို့ ဒီနေ့ထုတ် ကော့စ်ဘဇား နယူးစ်မှာ ဖေါ်ပြပါတယ်။

“ ဒီအရေအတွက်ဟာ ၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက် ကနေ ၂၀၁၃ ခုနှစ်ဇွန်လ ၃၀ရက်နေ့အထိ ဖြစ်တယ်” လို့ သူက ပြောပါတယ်။

အခု မြန်မာဘက်ကို အတင်းမောင်းထုတ်ခံရသူ ၃၃၀၆ ဦးဟာ မြန်မာဘက်ကနေ သူတို့နိုင်ငံကို တရားမ၀င် ၀င်ရောက်လာတဲ့ မွတ်ဆလင်တွေ ဖြစ်တယ်။ စုစုပေါင်း ဖမ်းဆီးမိသူ အရေအတွက် က ၃၃၁၆ ဦးဖြစ်တယ်။ အဲဒီထဲက ၁၀ ဦးကိုတော့ ရဲလက်ကိုအပ်ပြီး အမှုဖွင့် တရားစွဲဆိုခဲ့တယ်လို့ သူက ဆိုပါတယ်။

မလေးရှားကို လှေနဲ့ တရားမ၀င်သွားတဲ့သူ စုစုပေါင်း ၁၇၃ ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီအထဲမှာ လူပွဲစား ၈ ဦး ပါဝင်တယ်လို့ ပြောပါတယ်။ အဲဒီအထဲက ၉၁ ဦးက တရားမစွဲဆိုနိုင်ခင်မှာ ထွက်ပြေး လွတ် မြောက်သွားကြတယ်လို့ ပြောပါတယ်။

တနှစ်အတွင်း မြန်မာနဲ့ နယ်စပ်က တဆင့် ဖမ်းဆီးရမိတဲ့ တရားမ၀င် (မှောင်ခို) ပစ္စည်း တန်ဖိုးက တာကာ ၂၃ ကုဋေ ခုနှစ်သန်း ခြောက်သိန်း ရှသ်သောင်း ကိုးထောင် ခြောက်ရာ ရှစ်ဆယ် (မြန်မာကျပ်ငွေ ကုဋေ ၂၃၀ ကျော်) ဖိုးရှိပြီး အမူပေါင်း ၁၃၅၄ ကို တရား စွဲဆိုနိုင်ခဲ့တယ်လို့ ပြောပါတယ်။ မှောင်ခိုသမား ၁၃၅ ယောက်ဖမ်းမိခဲ့တယ်လို့ ပြောပါတယ်။

သေနတ် ၇ လက် အပါအ၀င် လက်လုပ် သေနတ် ၅ လက်နဲ့ အခြားလက်နက် ပစ္စည်း မျိုးစုံ ၆ မျိုးကိုလည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

စိတ်ကြဆေးပြား အပါအ၀င် မူးယစ်ဆေးဝါး ၁၄ ကုဋေ ငါးသန်း ရှစ်သောင်း ကိုးထောင်ကိုးရာဖိုး ဖမ်းဆီး မိပြီး အဲဒီအထဲမှာ စိတ်ကြွဆေးပြား ၄၈၃၆၃၃၊ အရက်မျိုးစုံ ၃၇၃၂၄ ပုလင်း၊ ဖန်စီဒိုင် ၂၁၈ ပုလင်း၊ ချက်အရင် ၁၅၅၉ လီတာ၊ ဆေးခြောက် ၆၅ ကီလိုနဲ့ ဘိမ်း ၂၀၈ ကီလို တို့ ဖြစ်ပါတယ်။
နိရဉ္စရာ
မောင်အေး

ကျောက်တော်မြို့နယ်တွင် ရခိုင်မိန်းကလေးနှစ်ဦး ကုလားတိုက်ခိုက်ခံရ၊ ဆေးရုံရောက်

၀၄ ဇူလိုင်လ ၂၀၁၃
ကျောက်တော်မြို့နယ် ပီချောင်းဝရှိ မြင်းဂန်းကျေးရွာမှ မိန်းကလေးနှစ်ယောက်ကို ရွာကမ်းစမ်တွင် ပိုက်လာချသူ ကုလားများက ရိုက်နှုက်တိုက်ခိုက် လုယက်ခဲ့ကြသောကြောင့် ကျောက်တော်မြို့ ဆေးရုံသို့ ရောက်နေကြရာ အနက်တစ်ဦးမှာ သတိမရသေးပေ။

ကျူရှင်ပြသည့်ဆရာမငယ် တစ်ဦးဖြစ်သည့် ဆန်းဆန်း (၂၀-နှစ်) နှင့် ၄င်း၏ တပည့်မ သန်းနွယ် (၁၂) နှစ်တို့သည် ယမန်နေ့ ညရှစ်နာရီခန့်တွင် စာပြအပြီး နောက်ဖေးနောက်ဖီသွားရန် ရွာ၏ မြစ်ကမ်းစပ်သို့ တင်လာခဲ့ကြသည်။

၎င်းတို့နှစ်ယောက်အား မြစ်ကမ်းတွင် ပိုက်ချနေသူ ကုလားနှစ်ဦးက ဖမ်းချုပ်ပြီး တုတ်များဖြင့်ရိုက်နှုက်ခြင်း၊ ရေထဲသို့ ခေါင်းနှစ်၍ သတ်ရန်ကြိုးစားခြင်း၊ နားရွက်များမှ နားတောင်းများကို ဆွဲဖြတ်ယူခြင်းတို့ပြုခဲ့ကြသည်။

မိန်းကလေးနှစ်ဦးက အော်ဟစ်ခဲ့ကြသော်လည်း ရွာထဲတွင် ဗွီဒီယိုပြသည့် အသံဖြင့် ဆူညံနေခြင်း၊ ကြားလိုက်သူများကလည်း ကမ်းတစ်ဖက် ကုလားရွာမှ အော်သံဟုသာ အမှတ်မှားကြခြင်းတို့ကြောင့် ဖြစ်ဖြစ်ချင်း ရွာသားများက မကယ်တင်နိုင်လိုက်ခဲ့ကြပေ။

တိုက်ခိုက်ခြင်းခံရသော မိန်းကလေးနှစ်ဦးအား စက်လှေဖြင့် ဆေးရုံသို့လိုက်ပို့ရာ ယနေ့ မနက် အာရုံမတက်မီ (၂) နာရီမှ ကျောက်တော်ဆေးရုံသို့ရောက်ရှိကြသည်။
ဆန်းဆန်း (၂၀-နှစ်)မှာ ယခုအချိန် (မနက် ၆:၂၀) အထိ သတိမရသေးချေ။

သန်းနွယ် (၁၂-နှစ်)၏ မျက်စိများမှာ ဖူးယောင်နေပြီး၊ နားတောင်ဆွဲဖြုတ်ခံရသောကြောင့် နားရွက်များပဲ့နေသည်။

မုဒိမ်းပြုကျင့်ခြင်းခံရမှုရှိမရှိကို ဆေးရုံလာပို့သော မိသားစုဝင်များက ပြောကြားခြင်းမရှိပေ။

မြင်းဂန်းရွာနှင့် တစ်ဖက်တစ်ကမ်းတွင် ပီစိ (ကုလား)ရွာ နှင့် နိတင် (ကုလား)ရွာ တို့ရှိကြသည်။

သောင်းကြွယ်
Share Arakan News

သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုးအား ဗဟန်းတရားရုံးမှ ထောင်ဒဏ်သုံးလ တစ်ရက်နှင့် ငွေဒဏ်ခြောက်သိန်းချမှတ်ခံရ

ပြစ်ဒဏ်ချမှတ်ခြင်း ခံရသော သရုပ်ဆောင် မင်းအုပ်စိုးအား တရားရုံးမှ အထွက်တွင် တွေ့ရစဉ်
Thursday, 04 July 2013
သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုးအား ဗဟန်းမြို့နယ် တရားရုံးမှ ဇူလိုင်လ ၃ ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

အမိန့်ချမှတ်ခဲ့သော အမှုများမှာ ပုဒ်မ ၆ (၁) ကျူးလွန်မှု မြောက်သဖြင့် သုံးလနှင့် ဒဏ်ငွေသုံးသိန်း၊ ပုဒ်မ ၄၃၅ ကျူးလွန်မှု မြောက်သဖြင့် ထောင်ဒဏ်တစ်ရက်နှင့် ဒဏ်ငွေသုံးသိန်း ချမှတ်ခဲ့ကြောင်း ဗဟန်းမြို့နယ် တရားရုံးမှ စုံစမ်းသိရှိရသည်။

သရုပ်ဆောင် မင်းအုပ်စိုးသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တာမွေမြို့နယ် ဖိုးစိန်လမ်းအတွင်း အရက်သေစာ သောက်စားမူးယစ်ကာ လမ်းအတွင်းရှိ သစ်ပင်အား မီးရှို့ခြင်း၊ လာရောက်မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား ဆဲဆိုခြင်း၊ လုံခြုံရေး လုပ်ဆောင်ရန် ရောက်ရှိလာသော တာမွေရဲစခန်းမှ ရဲကားကို လက်သီးဖြင့် ထိုးခြင်းတို့ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် တရားစွဲဆို ခံထားရခြင်း ဖြစ်သည်။

တရားစွဲဆို ခံရသော အမှုများမှာ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ မူးယစ်မှု၊ မီးရှို့မှု၊ ၀တ္တရားနှောင့်ယှက်မှု စသည့်အမှုများဖြင့် သက်ဆိုင်ရာ ရဲစခန်းမှ တရားစွဲဆိုထားခြင်း ဖြစ်သည်။

သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုးသည် အရက်သေစား သောက်စားကာ ပြစ်မှုများကို ကျူးလွန်ခဲ့သော်လည်း တမင်ရည်ရွယ်ချက် မရှိပဲ ကျူးလွန်ခြင်းဖြစ်ကြောင်း တရားလို/ပြ သက်သေများကို စစ်ဆေးရာတွင် တွေ့ရှိရသဖြင့် ယင်းကဲ့သို့ ပြစ်ဒဏ်များကိုသာ ချမှတ်ခဲ့ကြောင်း တရားခွင်တွင် တရားသူကြီး၏ ပြောကြားမှုများအရ သိရှိရသည်။

ယခင် အမှုများဖြစ်သည့် မူးယစ်မှု၊ ၀တ္တရားနှောင့်ယှက်မှုတို့မှာ ယခင်လများတွင် တရားရုံးမှ ဒဏ်ကြေးငွေများအဖြစ် စုစုပေါင်း ၅၅၀၀၀ ကို ကျခံပြီးပြီဖြစ်ကြောင်း သိရှိရသည်။

သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုး ဗဟန်းတရားရုံးတွင် တရားရင်ဆိုင်သည့် ကာလမှာ တစ်နှစ်ခွဲခန့် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။
Eleven Media Group

အာဇာနည်နေ့တွင် အထိမ်းအမှတ်အဖြစ် ဥသြဆွဲသံ ပြန်လည်ထုတ်လွှင့်ပေးရန် အစီအစဉ် မရှိသေး


Thursday, 04 July 2013
အများပြည်သူ ၀င်ရောက်ကြည့်ရှု လေ့လာခွင့် ဇွန် ၁ ရက်မှ စတင်ခွင့်ပြုခဲ့သည့် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန် (ဓာတ်ပုံ-ကျော်ထင်)

အာဇာနည်နေ့တွင် အာဇာနည်များကို အောက်မေ့သည့် အထိမ်းအမှတ်အဖြစ် ဥသြဆွဲသံ ပြန်လည်ထုတ်လွှင့်ပေးရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အစီအစဉ် မရှိသေးကြောင်း ဇူလိုင် ၃ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ပြောကြားသည်။

"မြန်မာနိုင်ငံမှာ အာဇာနည်နေ့တွင် ဥသြဆွဲ၍ ယာဉ်၊ လူများရပ်တန့် ဂုဏ်ပြုသည့် အစီအစဉ်ကို ပြန်လည်ဆောင်ရွက်မည် ဆိုပါက ရရှိလာမည့် အကျိုးကျေးဇူးနှင့် ပြည်သူအချို့အတွက် အဆင်မပြေမှုများကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ပြည်သူလူထု သဘောထားအမြင်ကို အခြေခံထား စဉ်းစားဆောင်ရွက် သင့်သည့်ကိစ္စ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် (၆၆) နှစ်မြောက် အာဇာနည်နေ့မှစ၍ ဥသြဆွဲသံ ပြန်လည်ထုတ်လွှင့်ပေးရေးနှင့် စပ်လျဉ်းသည့်မေးခွန်းအား လောလောဆယ် အစီအစဉ် မရှိသေးပါ" ဟု ဦးပိုက်ထွေးက ပြောကြားသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ကျဆုံးခဲ့သော အာဇာနည်များကို လွမ်းဆွတ်အမှတ်ရသည့် အနေဖြင့် ဇူလိုင် ၁၉ ရက်၊ မနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥသြဆွဲသံကို ၁၉၆၁ -၆၂ ခုနှစ်ကကဲ့သို့  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ပြန်လည်ထုတ်လွှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိဆိုသည့် မေးခွန်းအပေါ် ပြန်ကြားရေး ဒုတိယ၀န်ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ထို့ပြင် ဒုတိယ၀န်ကြီးက ကမ္ဘာပေါ်ရှိ အာဇာနည်နေ့ ကျင်းပသော နိုင်ငံများကို လက်လှမ်းမီသရွေ့ ရှာဖွေကြည့်ရာတွင်လည်း ၁၆ နိုင်ငံရှိကြောင်း တွေ့ရပြီး အဆိုပါ နိုင်ငံများတွင်လည်း အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဥသြဆွဲခြင်း၊ ယာဉ်၊ လူများအနေဖြင့် ဥသြသံကြားပါက ရပ်တန့်အလေးပြုခြင်းတို့ ဆောင်ရွက်ခြင်း မရှိကြောင်း၊ နိုင်ငံ၏ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခြင်း၊ အာဇာနည် ဗိမာန်တွင် လွမ်းသူ့ပန်းခွေ ချခြင်းတို့သာ ရှိပါကြောင်း ဖြေကြားသည်။

ယင်းကဲ့သို့ ပြန်ကြားရေး ၀န်ကြီးဌာနမှ အစီအစဉ် မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်းအပေါ် ဦးသိန်းညွန့်က "အာဇာနည်နေ့မှာ အာဇာနည်တွေကို လွမ်းဆွတ်အမှတ်တရ ဥသြဆွဲတာကို လူတော်တော်များများ၊ ကျွန်တော်နဲ့ တစ်သဘောတည်း ရှိမယ်လို့ ထင်ပါတယ်။ ဒါကြောင့် အဲဒါကို ပြည်ထောင်စုအစိုးရရဲ့ အကြီးအမှူးဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီးက အာဇာနည်နေ့ မတိုင်ခင် ပြန်လည်စဉ်းစား သုံးသပ်ဖို့ လိုပြီထင်ပါတယ်။ သမ္မတကြီးက ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲတာကို ပြန်လည်ခွင့်ပြုပေးလိုက်ရင် အာဇာနည်တွေကို ချစ်မြတ်နိုးတဲ့ ပြည်သူတွေကလည်း သမ္မတကြီးကို ပိုလေးစားပြီး သမ္မတကြီးဘက်ကို ပိုမိုရပ်တည် ပေးကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ပြောကြားသည်။
Eleven Media Group

ဝ တပ်စခန်းကို ဆုတ်ခွာဖို့ အစိုးရတပ် အမိန့်ပေး

2013-07-03      
ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် အတွင်းမှာရှိတဲ့ UWSA  ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က စခန်းတစ်ခုကို အစိုးရတပ်ဖက်က ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့ရာမှာ UWSA ဖက်က ဆုတ်ပေးခြင်းမရှိတဲ့အတွက် အစိုးရတပ်တွေ UWSA စခန်းကို ဝိုင်းထားပြီး စစ်ရေးတင်းမာမှု ဖြစ်ပေါ်နေတယ်လို့ နယ်စပ်သတင်းတွေအရ သိရပါတယ်။

အစိုးရတပ်တွေ ဝိုင်းထားတဲ့ ဝ တပ်စခန်းကတော့ ရှမ်းပြည်တောင်ပိုင်း တာချီလိတ်ခရိုင် မိုင်တုံမြို့နယ်မှာရှိတဲ့ လွိုင်ကောင်းမူး တပ်စခန်းဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့တွေ စစ်ရေးတင်းမာမှုရှိနေကြောင်း UWSA ကပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က အတည်ပြုပြောဆိုပါတယ်။

“တပ်က ဒီမသွားရ၊ ဟိုမသွားရနဲ့ ပိတ်ဆို့မှုလေးတွေ နည်းနည်းရှိနေတယ်”

ရှမ်းပြည်နယ် သံလွင်မြစ်အရှေ့ခြမ်းက ထိုင်းမြန်မာနယ်စပ် ပုံကျင်အခြေစိုက် အစိုးရတပ်ရဲ့ စစ်ဗျူဟာမှူးကနေပြီး ဇွန်လ ၂၇ ရက် ကြာသပတေးနေ့က သူ့နယ်မြေအတွင်းမှာရှိတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ တပ်စခန်းအကြီး၊ အငယ် စာရင်းအားလုံးပြုစုပေးဖို့  တောင်းဆိုခဲ့ပြီး ဝ တပ်စခန်းတချို့ကိုလည်း ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဝ တပ်ဖွဲ့က သူတို့စခန်းဆုတ်ခွာပေးဖို့ ငြင်းဆိုခဲ့ရာ သံလွင်မြစ် တာ့ဆန်းတံတားကနေတဆင့် လက်နက်ကြီးမျိုးစုံအပါအဝင် အစိုးရတပ်ဖက်က စစ်ကားအစီး ၂ဝ နဲ့တပ်တွေ ရောက်ရှိလာပြီး မိုင်တုံမြို့နယ်တောင်ဖက် ၁ဝ မိုင်ခန့်အကွာမှာရှိတဲ့ UWSA တပ်စခန်းကို ယနေ့အချိန်ထိ ဝိုင်းထားလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ ဝ တပ်ဖွဲ့ဝင်တွေရဲ့ သွားလာမှုတွေကို အစိုးရတပ်ဖက်က ကန့်သတ်ထားပြီး နှစ်ဖက်တင်းမာမှုတွေရှိလာတဲ့အတွက် နေပြည်တော်ကို တင်ပြထားတယ်လို့ ဦးအောင်မြင့်က ဆက်ပြောပါတယ်။

"လွန်ခဲ့တဲ့အပတ်က နေပြည်တော်ကိုတင်ထားတယ်၊ တိတိကျကျအဖြေတော့ မရသေးဘူး၊ တွေ့ဆုံဆွေးနွေးမယ်လို့လည်း ကြားနေရတယ်၊ ဒါကတော့ ဆွေးနွေးပြီးတော့မှ ပြောလို့ရမယ့် ကိစ္စတွေပါ"


UWSA နယ်မြေအတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစလို့ စစ်ရေးသတိရှိကြဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့သိရပြီး လောလောဆယ် ဆက်ဆံရေးရုံးတွေ ပိတ်ထားလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကိုတော့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပန်ဆန်းဌာနချူပ်ကိုခေါ်ပြီး အစည်းအဝေး ထိုင်နေတာသာဖြစ်တယ်လို့ ပြောဆိုပါတယ်။ WSA ဝ တပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ် မေလမှာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကနေ ခွဲထွက်ခဲ့ပြီး နဝတ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
RFA (မြန်မာပိုင်း)

လယ်သမားအခွင့်အရေး ကာကွယ်ပေးဖို့ ၈၈ မျိုးဆက်တွေ တိုက်တွန်း

03.07.2013
တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးတွေ နစ်နာဆုံးရှုံးနေတဲ့အတွက် လယ်သမား အခွင့်အရေး ကာကွယ်ရေး ဥပဒေတစ်ရပ် ပြဌာန်းပေးဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက တိုက်တွန်းလိုက်ပါတယ်။ ဇွန်လ ၃၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ တောင်သူလယ်သမားများရဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းကို ပြည်သူအများ သိရှိ လေ့လာ အကြံပြုနိုင်ဖို့ဆိုပြီးတော့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အခုလို တိုက်တွန်းလိုက်တာပါ။

ဒီဥပဒေကြမ်းမှာ လယ်သမားတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးမယ့် ပြဌာန်းချက်တွေ မပါဘူးလို့လည်း ထောက်ပြကြပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

တောင်သူလယ်သမားများ၏ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းမှာ ချေးငွေကိစ္စ၊ ဈေးကွက်နဲ့ ဈေးနှုန်းကိစ္စ၊ စက်မှု လယ်ယာကိစ္စတွေပဲပါတာကြောင့် ဒါတွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဘဏ်လုပ်ငန်းရှင်တွေ၊ စက်မှုလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေနဲ့ အကျိုးစီးပွား နွယ်နေတဲ့ ရည်ရွယ်ချက်တွေကိုပဲ တွေ့ရတယ်လို့ ၈၈ မျိုးဆက်အဖွဲ့က ထောက်ပြပါတယ်။

လယ်သမားတွေအတွက် အထူးလိုအပ်တဲ့ မြေယာပိုင်ဆိုင်မှုကိစ္စ၊ မြေယာသိမ်းမှုတွေ မဖြစ်အောင် ဘယ်လို အကာအကွယ်ပေးမလဲဆိုတဲ့ အရေးအကြီးဆုံးကိစ္စတွေ မပါသလို မြေယာပိုင်ဆိုင်မှုအပိုင်းမှာ မတရား သိမ်းဆည်းခံရတဲ့ ဘေးက ကင်းဝေးအောင် ဆိုတဲ့ ရည်ရွယ်ချက်မျိုး ဒီဥပဒေကြမ်းထဲမှာမပါဘူးလို့လည်း ပြောပါတယ်။

ဒီကနေ့ တောင်သူလယ်သမားတွေဟာ သူတို့ရဲ့အခွင့်အရေးတွေ နစ်နာဆုံးရှုံးမှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ ရန်ကုန်မြို့၊ ၈၈ မျိုးဆက်ရုံးခန်းမှာ ဗုဒ္ဓဟူးနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ၈၈ မျိုးဆက်အဖွဲ့ရဲ့ လယ်သမားအရေး တာဝန်ခံ ကိုထွန်းမြင့်အောင်က ပြောခဲ့ပါတယ်။

“လယ်ယာမြေ မတရား သိမ်းဆည်းခံရမှုကိစ္စတွေဟာ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်ကတည်းက ရှိခဲ့တာ ဒီကနေ့ အချိန်ထိလည်း ဒီပြဿနာတွေကို ပြေလည်အောင် မဖြေရှင်းပေးနိုင်သေးပါဘူး။ လွှတ်တော်မှာ လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာတွေကို ဖြေရှင်းပေးဖို့အတွက် စုံစမ်းရေးကော်မရှင်ဆိုတာ ဖွဲ့ထားပါတယ်။ အဲ့တော့ ကော်မရှင်က စုံစမ်းတယ်။ ကော်မရှင်က စုံစမ်းနေတုန်းမှာ ခက်တာက လယ်သမားတွေက လယ်မစိုက်ရဘဲနဲ့ ထမင်းငတ်နေရတဲ့ အခြေအနေ စိုက်နေတယ်။ ဒါကိုလည်း ကျနော်တို့ အကြိမ်ကြိမ် ပြောတယ်။ ဒီအတွက်ကိုလည်း အဖြေရှာနိုင်ဖို့အတွက် ကျနော်တို့ တင်ပြတယ်။ ဒါပေမဲ့ အကောင်အထည် ပေါ်မလာဘူး။”

အခုထုတ်ပြန်လိုက်တဲ့ ဥပဒေမူကြမ်းကို ရေးဆွဲစဉ်ကာလတုန်းက စစ်မှန်တဲ့ လယ်သမား ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ မပါဝင်ဘဲ ရေးဆွဲခဲ့တယ်လို့ မူကြမ်းရေးဆွဲရေး ညှိနှိုင်းဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့တဲ့ ကိုမျိုးအောင်က ပြောပါတယ်။

ဒါ့အပြင် မူကြမ်းရေးဆွဲဖို့ ပြင်ဆင်ကြချိန်တုန်းက လယ်သမားအခွင့်အရေး ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စပြီးလုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ခေါင်းစဉ်ပြောင်းသွားခဲ့တယ်လို့ ကိုမျိုးအောင်က ပြောပါတယ်။

“စီးပွားရေးလုပ်ငန်းရှင်တွေ တော်တော်များများကနေပြီးတော့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးဥပဒေ မဟုတ်ဘဲနဲ့ ဒီခေါင်းစဉ်ကို ပြောင်းချင်ပါတယ်ဆိုပြီးတော့ ထပြောတယ်။ ဒါဟာ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို မြှင့်တင်တာလား။ အခွင့်အရေးကို မဟုတ်ပါဘူးဆိုပြီးတော့ အဲ့လိုမျိုးနဲ့ လုပ်ငန်းရှင် သုံး - လေးယောက်ကနေ ထ ပြောပါတယ်။ အဲ့ဒီအချိန်မှာပဲ ဒီခေါင်းစဉ်အပေါ်မှာ မကျေမလည်နဲ့ပေါ့ ဘာဆုံးဖြတ်မယ်ဆိုတာ မသိဘဲနဲ့ ဒီပွဲကြီးက ပြီးသွားတယ်။ အဲ့ဒါ သေချာတာ ပြောနိုင်တာကတော့ တောင်သူလယ်သမား ကိုယ်စားလှယ်တွေ တယောက်မှ မပါဘူး။”

လယ်သမားအခွင့်အရေးကို ကာကွယ်တဲ့ ဥပဒေတွေ ပြဌာန်းပေးရမယ်လို့ ၂၀၀၈ အခြေခံဥပဒေမှာ ပါသလို ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်တဲ့ဥပဒေဆိုတာလည်း ရှိခဲ့ဖူးပေမဲ့ ၂၀၁၂ ခုနှစ် မြေယာဥပဒေကြောင့် အလိုလိုပျက်သွားခဲ့တာပါ။ ဒါကြောင့်လည်း အခု ကြေညာထားသလို အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ဆိုတာမျိုးကိုလည်း ပြဌာန်းဖို့လိုပေမဲ့ ဒီ့မတိုင်ခင်မှာ အခွင့်အရေး ကာကွယ်တဲ့ဥပဒေကို အရင်ပြဌာန်းပါလို့ ၈၈ မျိုးဆက်ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုထွန်းမြင့်အောင်က တိုက်တွန်းပါတယ်။

“လယ်သမားတွေရဲ့ ဘ၀လုံခြုံမှု၊ လယ်သမားတွေရဲ့ အကျိုးစီးပွား၊ အခွင့်အရေးကို ကာကွယ်ပေးထားတာ မရှိဘဲနဲ့ လယ်သမား အကျိုးစီးပွား မြှင့်တင်ရေးဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာကိုလည်း ကျနော်တို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ အဲ့တော့ လယ်သမား အကျိုးစီးပွား မြှင့်တင်ရေးဆိုတာကို ကျနော်တို့ ကန့်ကွက်စရာ မရှိပါဘူး။ ဒီ့ရဲ့ရှေ့မှာ လယ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့ဥပဒေ ထုတ်ပြန်ဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာကို ကျနော်တို့ အတိအလင်း ပြောချင်ပါတယ်။ အကြိမ်ကြိမ်လည်း ပြောခဲ့ပါတယ်။ အဲ့တော့ အခု ထုတ်ခဲ့တာကတော့ လယ်သမား အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေပဲ ဖြစ်နေတယ်။”

လယ်သမားအစစ်အမှန်တွေပါဝင်တဲ့ လယ်သမားသမဂ္ဂတွေ ပေါ်လာဖို့ လိုအပ်ပြီး လယ်သမားသမဂ္ဂတွေကို လွတ်လပ်စွာ ဖွဲ့စည်း လှုပ်ရှားခွင့်ပေးမှ တိုင်းပြည် တည်ဆောက်ရေး ကိစ္စတွေမှာ လယ်သမားတွေအားလုံး ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း ၈၈ မျိုးဆက်အဖွဲ့က ပြောပါတယ်။
ကိုကျော်ကျော်သိန်း
ဗွီအိုအေ (မြန်မာပိုင်း)

စနိုဒန်ကြောင့် လေယာဉ်ဆင်းခိုင်းမှု Austria ကို Bolivia ဝေဖန်

Vienna လေဆိပ်မှာ ဇူလိုင်လ ၃ ရက်နေ့က Bolivia သမ္မတ လိုက်ပါလာတဲ့ လေယာဉ် ဆင်းသက်ခဲ့ရစဉ်
03.07.2013
Bolivia သမ္မတ လိုက်ပါလာတဲ့ လေယာဉ်မှာ အမေရိကန်က အလိုရှိနေတဲ့ တရားခံပြေး အက်ဝပ် စနိုဒန် (Edward Snowden) ပါလာတယ်လို့ သံသယရှိတဲ့အတွက် လမ်းကြောင်းပြောင်းခဲ့တဲ့အပေါ် Austria နိုင်ငံကို Bolivia က ဝေဖန် ပြောဆိုလိုက်ပါတယ်။

Austria က အမေရိကန်နိုင်ငံရဲ့ ဖိအားကြောင့် သမ္မတ အီဗို မိုရဲလ်စ် (Evo Morales) ကို ပြန်ပေးဆွဲပြီးခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ Bolivia နိုင်ငံ ကိုယ်စားလှယ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။ Mr. Morales ဟာ Vienna မှာ ၁၂ နာရီကြာ ခဏရပ်နားပြီး ဗုဒ္ဒဟူးနေ့က Bolivia နိုင်ငံအပြန်မှာ Austria တာဝန်ရှိသူတွေက သူ့လေယာဉ်ကို ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

Mr. Morales ဟာ မော်စကို ထိပ်သီး အစည်းအဝေးကနေ Bolivia နိုင်ငံကို အပြန် လမ်းမှာ အရင်လက ဟောင်ကောင်ကနေ ထွက်ပြေးပြီး မော်စကို နိုင်ငံတကာလေဆိပ်မှာ ရောက်နေချိန်နဲ့ တိုက်ဆိုင်ခဲ့ပြီး အခုဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်နဲ့ ပေါတူဂီတို့က သူတို့နိုင်ငံ လေပိုင်နက်တွေကို ဖြတ်သန်းခွင့်ပေးဖို့ ငြင်းဆန်ခံခဲ့ရပြီး နောက်ဆုံး Austria မှာ ဆင်းသက်ခဲ့တဲ့ အဲ့ဒီလေယာဉ်မှာ စနိုဒန် ကို တင်ဆောင်မလာဘူးလို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ တကယ်လို့ အက်ဝပ် စနိုဒန် ကသာ ခွင့်တောင်းမယ်ဆိုရင် ခိုလှုံခွင့်ပေးမယ်လို့ Bolivia သမ္မတ Mr. Morales က ပြောဆိုလိုက်ပါတယ်။

အမေရိကန်အစိုးရက အလိုရှိနေတဲ့ အက်ဝပ် စနိုဒန် ကို သယ်ဆောင်လာတယ်ဆိုတဲ့ မသင်္ကာဖွယ်ရာ သတင်းတွေကြောင့် Bolivia သမ္မတ Evo Morales  ရဲ့ လေယာဉ် ထွက်ခွာအပြီး ၁၂ နာရီအကြာမှာ လေယာဉ်လမ်းကြောင်းပြောင်းပြီး Austria နိုင်ငံကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

စနိုဒန်လိုက်လာတယ် ဆိုတဲ့သတင်းဟာ လုပ်ကြံမှု ဖြစ်တယ်လို့ Bolivia နိုင်ငံခြားရေး ၀န်ကြီး David Choquehuanca က ပြောပါတယ်။  အခုလို Austria နိုင်ငံမှာ လေယာဉ်ဆင်းလိုက်ရတဲ့အတွက် Bolivia ခေါင်းဆောင်ရဲ့ အသက်အန္တရာယ် ရှိစေတယ်လို့လည်း သူကပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

အီဂျစ်စစ်တပ် တိုင်းပြည်အာဏာကိုထိန်းချုပ်

04.07.2013
အီဂျစ်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပြီး
နောက်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရတဲ့ သမ္မတကို စစ်တပ်က ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ 

အီဂျစ်ရဲ့ အခြေခံ ဥပဒေကို ဆိုင်းငံ့လိုက်ပြီး၊ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးရဲ့ အကြီးအကဲကို ကြားဖြတ်အစိုးရ ခေါင်းဆောင်အဖြစ် တာဝန် ပေးအပ် လိုက်ကြောင်း  အီဂျစ်စစ်ဦးစီးချုပ် အက်ဒဲလ် ဖာတာ ခါလေ အယ်လ် စီစီ (Abdul Fatah Khalil Al-Sisi) က ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက ထုတ်လွှင့်ခဲ့တဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ကြေညာသွားပါတယ်။

သမ္မတ မိုဟာမက် မော်စီ (Mohamed Morsi) ရာထူးက ဆင်းပေးရေး အတိုက်အခံတွေက အကြီးအကျယ် တောင်းဆိုမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် လူထုရဲ့ ဆန္ဒအရ စစ်တပ်က ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းလည်း မစ္စတာ အယ်လ် စီစီ က  ပြောပါတယ်။

စစ်တပ်ရဲ့ အဲဒီလို ဆောင်ရွက်ချက်ဟာ အပြည့်အဝ အာဏာသိမ်းတာ ဖြစ်တယ်လို့ ရုပ်မြင်သံကြားမိန့်ခွန်း ထုတ်လွှင့်သွားပြီးတဲ့နောက်မှာ မစ္စတာ အယ်လ် စီစီ က Twitter လူမှုကွန်ယက်မှာ ကြေညာချက် ထုတ်ပါတယ်။

ဒီ စစ်တပ်ရဲ့ လုပ်ရပ်ကို အီဂျစ်နိုင်ငံသားတွေ အားလုံး ပယ်ချကြဖို့၊ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ရှိကြဖို့ မစ္စတာ မော်စီ က တိုက်တွန်းခဲ့ပါတယ်။ အီဂျစ်ရဲ့ ကြားဖြတ်အစိုးရ ခေါင်းဆောင်သစ်ဟာ အခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ အကြီးအကဲ အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ အဒ်လီ မန်ဆွာ (Adli Mansour) ဖြစ်ပါတယ်။ သူက ဒီကနေ့ ကြာသပတေးနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုမှာလည်း ဖြစ်ပါတယ်။

စစ်တပ်က ထောက်ခံတဲ့ လမ်းပြမြေပုံသစ်ရဲ့ တစိတ်တဒေသအဖြစ် သမ္မတနဲ့ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်သုံးသပ်မယ့် အဖွဲ့ကို ဖွဲ့စည်းဖို့နဲ့ အမျိုးသား ရင်ကြားစေ့ရေး ကော်မတီ ဖွဲ့စည်းဖို့တွေ ပါဝင်ပါတယ်။ အဲဒီလမ်းပြမြေပုံကို နိုင်ငံရေးအဖွဲ့မျိုးစုံက ထောက်ခံကြတယ်လို့ မစ္စတာ အယ်လ်စီစီ က ပဲ ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

နိုင်ငံပေါင်း ၂၁ နိုင်ငံသို့ စနိုးဒန် နိုင်ငံရေးခိုလှုံခွင့် တောင်းခံ

နယူးယောက်၊ ဇူလိုင် ၂
အမေရိကန် အမျိုးသားလုံခြုံရေး အဖွဲ့ (NSA) ၏ လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သူ အက်ဒ်ဝပ်စနိုးဒန် သည် နိုင်ငံပေါင်း ၂၁ သို့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံလွှာများ ပေးပို့ခဲ့ကြောင်း ထိပ်တန်း လျှို့ဝှက်ချက်ကြီးများကို ဖွင့်ချ ထုတ်ဖော်လေ့ရှိသည့် ကမ္ဘာကျော် ဝီကီလိခ်စ် (Wikileaks) အဖွဲ့ က သတင်း ထုတ်လိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့ကစ၍ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရှရီမီယေဗို လေဆိပ်တွင် ရောက်ရှိနေသည်ဟု ယူဆရသည့် စနိုးဒန်သည် တောင်အမေရိကနိုင်ငံ များနှင့် ဥရောပသမဂ္ဂ နိုင်ငံများသာမက အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သို့ပါ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားစာများ ပေးပို့ခဲ့သည် ဟု ဝီကီလိခ်စ်က ဆိုသည်။


“စာရွက်စာတမ်းများကို ကြည့်ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုတွင် အက်ဒ်ဝပ်စနိုးဒန် အနှောင့်အယှက်များနှင့် ကြုံတွေ့ ရမည့် အန္တရာယ်များကို တွေ့ မြင်ရသည်။ နိုင်ငံရေးခိုလှုံခွင့် လျှောက်လွှာများ ကို မော်စကိုမြို့ ရှိ ကောင်စစ်ဝန်ရုံးမှ တစ်ဆင့် သက်ဆိုင်ရာ နိုင်ငံသံရုံးများသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်” ဟု စနိုးဒန်အတွက် နိုင်ငံရေး ခိုလှုံခွင့်ရရှိအောင် ကြိုးပမ်းလုပ်ဆောင်ပေး လျက်ရှိသည့် ဝီကီလိခ်စ်က အင်္ဂါနေ့တွင် သတင်းထုတ်လိုက်သည်။

စနိုးဒန်သည် အီကွေဒေါနှင့် အိုက်စလန် နိုင်ငံများသို့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားပြီး ဖြစ်ပြီး ယင်းနိုင်ငံများက ခိုလှုံခွင့်ပေးအပ်သင့်၊ မသင့် စဉ်းစားနေပုံရ ကြောင်း ဝီကီလိခ်စ်က ဆိုသည်။

တနင်္လာနေ့ အစောပိုင်းက ထုတ်ပြန်လိုက်သော ဝီကီလိခ်စ်၏ သတင်းတွင်မူ နိုင်ငံရေးခိုလှုံခွင့် ရရှိရန် ကြိုးပမ်းချက်များကို အမေရိကန်သမ္မတ အိုဘားမားအုပ်ချုပ်ရေး အဖွဲ့ကလိုက်လံ ပိတ်ဆို့ဟန့်တားလျှက် ရှိ သည်ဟု စနိုးဒန်က ပြောကြားကြောင်း ဖော်ပြခဲ့သည်။
အီကွေဒေါနိုင်ငံ အစိုးရကမူ စနိုးဒန်၏ အမှုကိစ္စနှင့် ပတ်သက်၍ အမေရိကန်ပြည် ထောင်စု၏ ဖိအားပေးမှု မှန်သမျှကို လက်သင့်ခံမည် မဟုတ်ကြောင်း ထုတ်ဖော်ပြော ဆိုထားသည်။
ရက်ပိုင်းအကြာတွင် အမေရိကန် ဒုတိယသမ္မတ ဂျိုးဘီဒင်က အီကွေဒေါနိုင်ငံ အနေနှင့် စနိုးဒန်၏ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားမှုကို ပယ်ချပေးရန် ပြောဆိုသည်။

ရုရှားနိုင်ငံ သမ္မတဗလာဒီမာပူတင် က "အကယ်၍ စနိုးဒန်အနေနှင့် ရုရှားတွင် နေထိုင်လိုသည် ဆိုပါက မိမိတို့၏ အမေရိကန် မိတ်ဆွေများအား ထိခိုက်မည့်လုပ်ရပ်မျိုး လုပ်ကိုင် ဆောင်ရွက်နေမှုများကို မဖြစ်မနေ ရပ်ဆိုင်းရမည်" ဟု တနင်္လာနေ့တွင် ထုတ်ဖော် ပြောဆိုလိုက်သည်။

အမေရိကန်သမ္မတ အိုဘားမားက စနိုးဒန်ကိစ္စနှင့် ပတ်သက်၍ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုမှ အဆင့်မြင့် ပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးလျက် ရှိသည်ဟု အတည်ပြုပြောဆိုသည်။

ယခုကဲ့သို့ အမေရိကန်အစိုးရ၏ ထိပ်ပိုင်းလျှို့ ဝှက်ချက်များကို ဖွင့်ချရခြင်းမှာ အမျိုးသားလုံခြုံရေး အေဂျင်စီ၏ စောင့်ကြည့်လေ့လာမှုဆိုင်ရာ လုပ်ဆောင်ချက် များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ကန့်သတ်ချက်များကို ကျော်လွန်လျက်ရှိသည်ဟု ယူဆမိသောကြောင့် ဖြစ်သည်ဟု စနိုးဒန်က ဆိုသည်။
The Voice Weekly

အနုပညာရှင်များကြားက မူးယစ်ဆေးပြဿနာ

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
မကြာသေးမီရက်ပိုင်းအတွင်းက နာမည်ရသရုပ်ဆောင်မင်းသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား တစ်ရာကျော်နှင့်အတူ ဖမ်းဆီးလိုက်သည့်သတင်းမှာ ပရိသတ်အတွက် အထူးအဆန်းမဟုတ်တော့ပါ။ အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးပြဿနာ ရောထွေးနေမှုများမှာ ပရိသတ်များနှင့် ရင်းနှီးနေပြီဖြစ်သည်။

“တချို့ရုပ်ရှင်ထုတ်လုပ်ရေး တိုက်တွေမှာ စိတ်ကြွဆေးတွေကို ဧည့်ခန်းမှာ ပန်းကန်နဲ့ချထားပြီ ဧည့်ခံနေတာ။ မကင်းနိုင်တဲ့သူအများစုက အ၀င်အထွက်လုပ်တော့ လူစည်တယ်။ ရိုက်ကွင်းမှာဆိုလည်း မင်းသား၊ မင်းသမီးကို ဆေးဝယ်ပေးချင်တဲ့၊ ဆေးသယ်ပေးချင်တဲ့သူတွေ တစ်ပုံကြီး၊ ပွဲတော်ကြီးလိုဖြစ်နေတာ”

ယနေ့ အနုပညာလောကအတွင်း ကြီးကြီးမားမားစိမ့်ဝင် နေရာယူထားသည့် စိတ်ကြွရူးသွပ်ဆေးဝါးများ၏ အခန်းကဏ္ဍမြင်ကွင်းကို အမည်မဖော်လိုသည့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဖွင့်ဟပြောဆိုလိုက်ခြင်းဖြစ်သည်။

သို့သော် ၁၉၈၈ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့ပေါ်၌ ဘိန်းကို အလွယ်တကူဝယ်ယူရရှိနိုင်သည့် ကာလတုန်းက သုံးစွဲသည့် အနုပညာရှင်အများစုမှာ ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်မှုမရှိသလောက် နည်းပါးခဲ့ကြောင်း ယင်းကာလကို ဖြတ်သန်းခဲ့ဖူးသူ ဒါရိုက်တာဝိုင်းက ဆိုသည်။

ယနေ့ခေတ်တွင်မူ သုံးစွဲရုံသာမက ကိုယ်တိုင်ရောင်းဝယ်ဖောက်ကားသည့် အနုပညာရှင်အချို့ ရှိလာပြီဖြစ်သည်။ ၎င်းတို့သည် ငွေကြေးရလိုမှုတစ်ခုအပြင် ဆေးကို စည်းရုံးသိမ်းသွင်းသည့် လက်နက်တစ်ခုသဖွယ် သုံးစွဲလာသည်မှာ အနုပညာလောကအတွက် အန္တရာယ်ဖြစ်လာကြောင်း မူးယစ်ဆေးဝါးသံသရာထဲက ယတိပြတ် ရုန်းထွက်ခဲ့ပြီး ယခုနာမည်ကြီး ဒါရိုက်တာတစ်ဦးအဖြစ် ပြန်လည်ရပ်တည်နေသူ ဒါရိုက်တာဝိုင်းက ပြောသည်။

နာမည်ရသရုပ်ဆောင်အချို့၊ အဆိုတော်အချို့၊ ဒါရိုက်တာ အချို့ ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံရချိန်တွင် ပရိသတ်များကြားထိပင် သိရှိနေသည့် ဆေးဝါးရောင်းဝယ်မှုများနှင့် ပတ်သက်နေသော အနုပညာရှင်များ ဖမ်းဆီးခံရမှုသတင်းများ မတွေ့ရသေးသည်ကို မူးယစ်ဆေးဝါးတားဆီး ကာကွယ်နှိမ်နင်းရေးအဖွဲ့ (ရန်ကုန်)မှ ဒုတိယရဲမှူးကြီး ခင်မောင်သိန်းက အဖြေပေးပါသည်။

“သိသိကြီးနဲ့ မဖမ်းဘူးဆိုတာ ဘယ်တော့မှမရှိဘူး။ သိရင်တောင်မှ သူဘယ်ဟိုတယ်မှာ သုံးနေတာလဲ။ In Position ဖြစ်နေလား ကြည့်ပြီးမှ လုပ်ရတယ်။ ဘယ်သူကတော့ သတင်းကျော်ဇောမှုရှိတယ်ဆိုတာ ပြောလို့မရဘူး။ ရှိတာကတော့ အနည်းနဲ့အများရှိကြတယ်။ စောင့်ကြည့်နေတယ်။ ကိုယ့်ဘက်က သေချာပိုင်နိုင်ရင် အနုပညာရှင်မကလို့ ဘာကြီးပဲဖြစ်နေဖြစ်နေ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်တယ်ဆိုရင် ပြတ်ပြတ်သားသား အရေးယူတာပါပဲ”

သို့သော် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များသည် ကျော်ဇောသတင်း ရထားတိုင်းလည်း ၀င်ရောက်ဖမ်းဆီးရန်မှာမူ အခက်အခဲအတားအဆီးများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

“သရုပ်ဆောင်တွေထဲလည်း သုံးတာရှိပါတယ်။ ဒါပေမဲ့ သေသေချာချာ Position ရှိမှ အရေးယူလို့ရမှာ။ သတင်းတက်လာတာနဲ့ အိမ်ပေါ်တက်ပြီး ဖမ်းဟယ်ဆီးဟယ်လုပ်လို့မရဘူး။ မမိရင် သိက္ခာချတယ်။ ကျင့်ဝတ်ချိုးဖောက်တယ်လို့ ဖြစ်လာနိုင်တယ်။ ဥပဒေက ရှိသေးတယ်” ဟု အဆိုပါ ရဲမှူးကြီးက ပြောသည်။

မအိပ်မနေ လန်းဆန်းတက်ကြွစွာဖြင့် အနုပညာအလုပ်များ လုပ်ကိုင်နိုင်ပြီး ဆန်းသစ်သော စိတ်ကူးများ၊ အတွေးအခေါ်များ ထွက်ပေါ်နိုင်သည်ဟူသည့် ယူဆချက်များကြောင့် နီးစပ်ရာအနုပညာရှင်အချို့ ဟိုတယ်ကဲ့သို့သော အခန်းများအတွင်း အုပ်စုဖွဲ့၍ ဆေးဝါးမှီဝဲခြင်းများရှိသည်။ နာမည်ကျော် အနုပညာရှင်များကို ဆေးဝါးများ အခမဲ့ပံ့ပိုးပေးခြင်း၊ အလွယ်တကူရှာဖွေပေးနိုင်ခြင်းတို့ဖြင့် စည်းရုံးထားနိုင်ပါက လုပ် ငန်းအဆင်ပြေနိုင်မည်ဟု ယူဆ ကြသည့် ထုတ်လုပ်ရေးတိုက်အ ချို့က ယင်းနည်းလမ်းကို သုံးစွဲကြ သည်ဟု ဆိုကြသည်။

“အနုပညာရှင်အချင်းချင်းလည်း ရောင်းတယ်။ အပြင်ကလူတွေကလည်း နာမည်ကြီးတစ်ယောက်နဲ့ ချိတ်ထားရင် သူနဲ့ဆက်စပ်တဲ့ သူတွေနဲ့ ချိတ်မိသွားပြီး အရောင်းအ၀ယ်တွေဖြစ်ကြတယ်။ ဒီလူတွေကို အာဏာပိုင်တွေက အရေးယူတယ်၊ လာစစ်တယ်လို့ မကြားဖူးဘူး။ သူတို့ဟာ အင်မတန်လွတ်လပ်စွာနဲ့ လုပ်ချင်ရာ လုပ်နိုင်နေကြတယ်” ဟု အမည်မဖော်လိုသူ ဒါရိုက်တာတစ်ဦးက ပြောသည်။

“တချို့ဆေးရောင်းသူတွေက သူတို့လိုအင်ဆန္ဒအတွက် စပေးသုံးတုန်းက ပိုက်ဆံပေးစရာ မလိုဘူး။ နောက်ပိုင်းကျတော့ ရောင်းရော။ မူးယစ်ဆေးဝါးသုံးစွဲပြီးရင် နောက်ဆက်တွဲလိင်ကိစ္စတွေပါ ပါလာကုန်တယ်။ အခုဟာက အနုပညာရှင်အချင်းချင်းကိုပဲ ရောင်းတာမဟုတ်ဘဲ လူတကာကို ရောင်းနေတာ” ဟု ယင်းဒါရိုက်တာက ပြောသည်။ အနုပညာရှင်အချို့သည် မူးယစ်စေပြီး စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို မှီဝဲသုံးစွဲမှ ဖန်တီးထုတ်လုပ်သည့် အနုပညာထုတ်ကုန်များ အရည်အသွေး တောက်ပြောင်ထူးချွန်သည်ဟု တလွဲယူဆချက်မှာ ဆေးဝါးနွံထဲမှ ရုန်းမထွက်နိုင်သည့် အဓိကအချက်ဖြစ်နေကြောင်း မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးစီမံချက် ဒါရိုက်တာ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးဒေါက်တာလှဌေးက ဆိုပါသည်။

“အရင်ခေတ်က ဘိန်းက သုံးပြီးရင် ငြိမ်တော့ အကျခေတ်ပေါ့။ အခုက အကြွခေတ်။ များသောအားဖြင့် မအိပ်မနေနဲ့ ဖျော်ဖြေရေးလိုင်းသွားတဲ့ ကလေးတွေက စိတ်ကြွဆေးတွေကို တလွဲသုံးစွဲကြတယ်။ အဆိုတော် ကောင်လေးတစ်ယောက်ဆို ဒါသုံးလို့ ပိုဆိုနိုင်တယ်လို့ပြောတယ်။ ဒါတော်တော်လေး လွဲမှားတယ်။ ရှိသမျှခွန်အားကို တစ်ထိုင်တည်းနဲ့ သုံးတဲ့အတွက် ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအရ ရုတ်တရက်သေဆုံးတဲ့ ဖြစ်ရပ်တွေ အခုနောက်ပိုင်းများလာတာ တွေ့နိုင်တာပဲ” ဟု ဒေါက်တာလှဌေးကပြောသည်။

အနုပညာရှင်များအကြား ကျန်းမာရေးမကောင်းသဖြင့် ဆေးဝါးကုသရသည်ဟုဆိုကာ ဆေးလွန်သွားသဖြင့် ကုသမှုခံယူရသည့် သတင်းများကလည်း ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံတွင် အာဏာပိုင်များက ဖမ်းဆီးမှုများရှိသလောက် လက်လှမ်းမီ အလွယ်တကူရနိုင်သည့် ဆေးဝါးမှာလည်း အဆိုပါ WY စာတန်းပါ ဆေးပြားများ ဖြစ်နေကြောင်း တားဆီးနှိမ်နင်းရေးကို လုပ်ဆောင်နေသည့် ဒေါက်တာလှဌေးက ဆိုသည်။ ရုပ်ရှင်ရိုက်ကွင်းအချို့တွင်ပင် တရားဝင်သဖွယ် လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားသုံးစွဲမှုများ ရှိနေပြီး အာဏာပိုင်များ၏ ဖမ်းဆီးအရေးယူမှုမှာ အားနည်းနေကြောင်း ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဆိုသည်။

“မူးယစ်ဆေးဝါးအပေါ်ထားတဲ့ တစ်ဦးချင်းရဲ့ ခံယူချက်ပေါ်မူတည်ပြီး ကွဲပြားသွားတာပါ။ ဒါပေမဲ့ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်က အားလုံးသိပြီးဖြစ်တဲ့အတိုင်းပဲ တော်တော်လေး ကြီးမားပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် မသုံးစွဲသင့်ပါဘူး” ဟု အကယ်ဒမီထွန်းအိန္ဒြာဗိုက ပြောကြားသည်။

တိုင်းပြည်ကို ပြန်လည်ထူထောင်နေသည့် ကာလတွင် လူ့စွမ်းအားအရင်းအမြစ်များထဲမှ အဓိကအရေးပါသည့် လူငယ်ထု၏ အသက်အန္တရာယ်ကို ဆိုးရွားစွာ ခြိမ်းခြောက်လာနေသော စိတ်ကြွရူးသွပ်ဆေးဝါးကို အမြစ်ဖြတ်သုတ်သင်ရန် အစိုးရတွင် တာဝန်အပြည့်အ၀ရှိကြောင်း ဒါရိုက်တာရီဇော်က ပြောသည်။

“လွယ်လွယ်နဲ့ ၀ယ်မရဘူးဆို ဘယ်သူမှ သုံးမနေဘူး။ တိုင်းပြည်ပြန်ထူထောင်မယ့်အချိန်မှာ ပညာတတ်တွေ စွမ်းအားအရင်းအမြစ်တွေ နည်းရတဲ့အထဲ မူးယစ်ဆေးဖျက်ဆီးခံနေရတာ ၀မ်းနည်းဖို့ ကောင်းပါတယ်။ အစိုးရမှာလည်း သူ့အကျပ်အတည်းနဲ့ သူရှိမှာပါ။ ဒါပေမဲ့ ဒီဆေးဝါးပြဿနာကိုတော့ အရေးပေါ်စီမံချက်တစ်ခု အနေနဲ့ နှိမ်နင်းသင့်ပါပြီ” ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်တွင်းရှိ မူးယစ်ဆေးဝါးကိစ္စများကို အုပ်ချုပ်ရေးပိုင်းက လျစ်လျူရှုထားပြီး အရေးမယူကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများသည် လွန်ခဲ့သည့် သုံးနှစ်ကထက် ပိုမိုများပြားလာနေကြောင်း မေလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် ဒီချုပ်ဗဟိုဦးစီးအစည်းအဝေးတွင် ပြောကြားထားသည်။

တရားဝင်ဈေးကွက်ကြီးသဖွယ် အနုပညာသမားများ၏ စွမ်းအားများးကို ခြိမ်းခြောက်ဖြိုဖျက်သော မူးယစ်ဆေးဝါးများ၏ အန္တရာယ်ကို မိမိတို့၏ ကိုယ်ပိုင်အသိခံယူချက်တို့ဖြင့်သာ တွန်းလှန်ရမည် ဖြစ်သည်။ ပရိသတ်များ ချစ်ခင်အားပေးသည့် အနုပညာရှင်ဖြစ်လာရန်အတွက် မူးယစ်ဆေးဝါးသုံးစွဲရန် မလိုပါ။ မူးယစ်ဆေးဝါး မှီဝဲရန် မလိုပါ။ ပင်ကိုအရည်အသွေးကို မှတ်ကျောက်တင်နိုင်သည့် အနုပညာဝမ်းစာပြည့်ဝသော ပါရမီရှင်များကိုသာ ပရိသတ်ကတောင့်တသည်။ မူးယစ်ဆေးအကူအညီကြောင့် အောင်မြင်ကျော်ကြားပြီး ကျန်းမာချမ်းသာစွာဖြင့် အသက်ရှည်ရပ်တည်နိုင်သော အနုပညာရှင် မရှိသေးပါ။ ရှိမည်လည်း မဟုတ်ပါ။ “အနုပညာရှင် ကျွန်တော့်လူနာတွေ ဆုံးပါးသွားကြတာ တော်တော်တောင်ကြာသွားပါပြီ”ဟု လမ်းလွဲသွားသူ ကြွေလင့်အနုပညာရှင်အချို့အကြောင်း ဆရာဝန်ကြီးဒေါက်တာလှဌေး၏ မှတ်ချက်က ယနေ့ မူးယစ်ဆေးဝါးနွံထဲက ရုန်းမထွက်နိုင်သေးသော အနုပညာရှင်အချို့အတွက် မှတ်သားစရာပင် ဖြစ်ပါသည်။
နွေဦး
7Day News Journal

ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ခြိမ်းခြောက်ခြင်း၊ ငွေကြေးတောင်းခံခြင်း၊ လက်နက်ပြ ငွေတောင်းခြင်းများ ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် ပြောကြား

Wednesday, 03 July 2013
ပြည်သူ့စစ် တပ်ဖွဲ့ဝင်များသည် ပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ငွေကြေးတောင်းခံခြင်း၊ မှောင်ခိုပစ္စည်းများ သယ်ဆောင်ရာတွင် လက်နက်ပြ ငွေကြေးတောင်းခံခြင်း ပြုလုပ်၍ အားပေးကူညီသည့် အပြုအမူများ အပါအ၀င် ဥပဒေချိုးဖောက်မှုများ ရှိနေသည်ဟု ဒေသခံများထံမှ သိရကြောင်း ဦးစိုင်းသီဟကျော်က ဇူလိုင် ၂ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

"မိုင်းရယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြည်သူ့စစ်အဖွဲ့ မည်မျှရှိ၍ ဖွဲ့စည်းသည့် အခြေခံရမည့် မူရှိပါသလား၊ ပြည်သူ့စစ် အဖွဲ့ဝင်အား အမှုဖွင့်လျှင် ရဲစခန်းမှ အရေးယူနိုင်ရန် စစ်တပ်၏ ညွှန်ကြားချက်စောင့်ပြီးမှ အရေးယူရသည် ဆိုသည်မှာ တည်ဆဲသီးခြားဥပဒေ ရှိပါသလား" ဟူသော မေးခွန်းမေးမြန်းရာတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းရှိ အချို့ပြည်သူ့ စစ် တပ်ဖွဲ့ဝင်များမှာ ပြည်သူ့ဆန္ဒမပါဘဲ ဖွဲ့စည်းထားကြောင်း၊ အဖွဲ့ဝင်များသည် ပြည်သူများအား ငွေကြေးကောက်ခံမှုများ ရှိနေကြောင်း၊ အရက်သေစာ သောက်စားမူးယစ် ရမ်းကားမှုများရှိကြောင်း၊ လိုင်စင်မဲ့ကားများ မောင်းနှင်မှုများ ရှိနေကြောင်းနှင့် ပြည်နယ်အစိုးရအား တင်ပြခြင်း၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့သော်လည်း တပ်ဖွဲ့ဝင်ဖြစ်သောကြောင့် တပ်မတော်၏  ညွှန်ကြားချက်ရှိမှသာ အရေးယူနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တစ်စုံတစ်ရာ အရေးယူခဲ့ခြင်း မရှိကြောင်း ပြည်သူများထံမှ သိရသည်ဟု ဦးစိုင်းသီဟကျော်က မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြည်သူ့စစ်အဖွဲ့ပေါင်း ၅၀၃၅ ဖွဲ့ ရှိကြောင်း၊ ပြည်သူ့စစ် အဖွဲ့ဝင်သည် ဥပဒေကို ကျူးလွန်၍ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားလာပါက ရဲစခန်းမှ သက်ဆိုင်ရာနယ်မြေခံ တိုင်းစစ်ဌာနချုပ် တပ်ရင်းတပ်ဖွဲ့များကို အသိပေး၍ နိုင်ငံတော်၏ တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် တပ်မတော်၏ ညွှန်ကြားချက် ရယူပြီးမှ အရေးယူသည့် သီးခြားဥပဒေ မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဗိုလ်မှူးချုပ် အောင်သော်က ပြန်လည်ဖြေကြားသည်။
Eleven Media Group

သမီးရည်းစားကိစ္စ နောက်ပြောင်ရာမှ လူသတ်မှုဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၂
ရွှေပြည်သာမြို့နယ် (၅) ရပ်ကွက် ရွှေဘုန်းရှိန်လမ်းတွင် ဇူလိုင်လ ၁ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်က သူငယ်ချင်းနှစ်ဦး သမီးရည်းစားကိစ္စ နောက်ပြောင် အငြင်းပွားရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

အသက် ၁၈ နှစ်အရွယ်ရှိ မောင်သူရ (ခ) ဇွဲနောင်ဖြိုးနှင့် အသက် ၂၂ နှစ်အရွယ် မောင်ရဲနောင် တို့သည် ရွှေဘုန်းရှိန်လမ်းတွင် သမီးရည်းစား ကိစ္စဖြင့် အငြင်းပွားရာမှ မောင်ရဲနောင်က အရှည် သုံးလက်မခွဲခန့်ရှိ ခလုတ်ဓားဖြင့် ထိုးသဖြင့် မောင်သူရ (ခ) ဇွဲနောင်ဖြိုးတွင် ဝဲရင်အုပ်ဘေးတွင် ထိုး သွင်းဒဏ်ရာ တစ်ချက် ရရှိကာ အင်းစိန် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး သွားခဲ့ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးက The Voice သို့ ပြောသည်။

“သူတို့က သူငယ်ချင်းတွေပါ။ သူငယ်ချင်း၏ ချစ်သူကို မင်း ကောင်မလေး ငါလိုက်မယ်ဆိုပြီး စရင်းနောက်ရင်းက အခုလို ဖြစ်သွားတာပါ” ဟု အမှုစစ် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

မောင်သူရ (ခ) ဇွဲနောင်ဖြိုးနှင့် မောင်ရဲနောင်တို့သည် ရွှေပန်းထိမ်ဆိုင် တစ်ခုတွင် အလုပ် လုပ်ကိုင်ကြ သူ သူငယ်ချင်းများ ဖြစ်ပြီး အလုပ်မှအပြန် သူငယ်ချင်း နှစ်ဦး အပြန်အလှန် စနောက်ရာမှ ယခုကဲ့သို့ လူသတ်မှု အထိပါ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြား သည်။

လူသတ်မှု ကျုးလွန်သည်ဟု တိုင်ကြားခံရသူ မောင်ရဲနောင်ကို မိနစ် ၃၀ အကြာတွင် ရပ်ကွက် နေထိုင်သူများနှင့် ရဲတပ်ဖွဲ့ဝင်တို့က ပူးပေါင်း ဖမ်းဆီးခဲ့ကြောင်း အဆိုပါ အမှုကို စစ်ဆေးသည့် ရဲအရာရှိက ရှင်းပြသည်။

ဓားဖြင့် ထိုးသူဟု စွပ်စွဲခံရသူ မောင်ရဲနောင်ကို (ပ) ၄၇၈/၁၃၊ ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း ရွှေပြည်သာမြို့နယ် ရဲစခန်းမှ စုံစမ်း သိရှိရသည်။
The Voice Weekly

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com