http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာနိုင်ငံသားများအား တရားဥပဒေကြောင်းအရ အကာအကွယ်ပေးရန် မလေးရှားရောက် မြန်မာများ တောင်းဆို


Saturday, 08 June 2013
မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများအား တရားဥပဒေကြောင်းအရ အကာအကွယ်ပေးရန် မလေးရှားရောက် မြန်မာများက ဇွန် ၆ ရက်က တောင်းဆိုခဲ့သည်။

မြန်မာလူမျိုးများအား အကာအကွယ် အပြည့်အ၀ပေးရန်အတွက် မလေးရှားဆိုင်ရာ မြန်မာသံရုံးရှေ့တွင် မလေးရှားရောက် မြန်မာများက ဇွန် ၆ ရက်တွင် ဆန္ဒပြရန် ပြုလုပ်ခဲ့သည်။ သို့သော် အဓိကရုဏ်များ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ မလေးရှားရဲများက ဆန္ဒပြခွင့် မပြုခဲ့ကြောင်း၊ လူငါး ဦးကိုသာ ၎င်းတို့ ပြောကြားလိုသည်များကို ပြောကြားခွင့် ပြုခဲ့ကြောင်း၊ ထို့နောက် မလေးရှားရဲချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မလေးရှားဆိုင်ရာ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြလိုသူများက အချက်ခြောက်ချက်ပါ တောင်းဆိုစာကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးထံ ပေးပို့ခဲ့ကြောင်း၊ စာကို မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတရုံးသို့ လည်းကောင်း၊ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ လည်းကောင်း၊ နိုင်ငံတကာ သတင်းဌာနများသို့ လည်းကောင်း၊ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့သို့ လည်းကောင်း၊ မလေးရှားရဲတပ်ဖွဲ့သို့ လည်းကောင်း အသီးသီး ပေးပို့ခဲ့ကြောင်း သိရသည်။

ထိုတောင်းဆိုစာတွင် ယနေ့အထိ မြန်မာနိုင်ငံသားများအား ကြိုတင်ကြံစည်ပြီး နေရာအနှံ့တွင် အကြောင်းမဲ့ ရန်ရှာသတ်ဖြတ်ခြင်းများနှင့် ပတ်သက်၍ မြန်မာသံအမတ်ကြီး ဦးတင်လတ်၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး၊ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန် ကြီး ဦးရဲထွဋ်တို့၏ တရားဝင်ထုတ်ပြန်ချက်များသည် မှားယွင်းကြောင်းနှင့် လက်ရှိအခြေအနေမှန်ကို ထုတ်ပြန်ပေးရန် တညီတညွတ်တည်း တောင်းဆိုလိုက်သည်ဟု ဖော်ပြထားသည်။

ထို့နောက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်က မှားယွင်းကြောင်း ၀န်ခံတောင်းပန်ပေးရန်၊ မလေးရှားရောက် မြန်မာနိုင်ငံသားတို့အား ဥပဒေကြောင်းအရ ကာကွယ်ပေးရန်၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်အား ရာထူးမှ ရပ်ဆိုင်းပေးရန်၊ သေဆုံးသူများ မည်သူမည်ဝါ ဖြစ်ကြောင်းကို တရားဝင် ထုတ်ပြန်ပေးရန်၊ ကျန်ရစ်သူ မိသားစုများအား ကူညီထောက်ပံ့ပေးရန်၊ ဒဏ်ရာရရှိသောကြောင့် ဆေးရုံတွင် တက်ရောက်ကုသနေရသူများအား တရားဝင် ကျန်းမာရေးနှင့် ဆေးဝါးစောင့်ရှောက်မှု အပြည့်အ၀ပေးရန်၊ ယခုဖြစ်စဉ်မှ ထွက်ပြေးလွတ်မြောက် လာသူများအား တရားဥပဒေကြောင်းအရ လုံခြုံမှု အပြည့်အ၀ ပေးရန်တို့လည်း ပါဝင်သည်။
Eleven Media Group

မြန်မာ့ဆက်သွယ်ရေး မဲဆွယ်ပွဲ

နောက်ဆုံးအဆင့်သို့ ဝင်ပြိုင်ခွင့်ရှိသည့် ကုမ္ပဏီပေါင်း ၁၂ ခုတွင် Vodafone နှင့် China Mobile ကုမ္ပဏီကြီးများအဖွဲ့က နုတ်ထွက်သွားပြီဖြစ်ရာ မြန်မာ့ဆက်သွယ်ရေးလိုင်စင် နှစ်နေရာလုပွဲတွင် နိုင်ငံတကာနာမည်ကျော် ဆက်သွယ်ရေးကုမ္ပဏီကြီး ၁၁ ခု အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအတွက် ရွေးချယ်မည့် နှစ်နေရာကို လာမည့်ဇွန်လ ၂၇ ရက်နေ့တွင် ကြေညာတော့မည်ဖြစ်ရာ အဆိုပါ ကုမ္ပဏီကြီး ၁၁ ခုမှာလည်း လူထုအား ရရှိနိုင်ရေး ခြေလှမ်းသွက်သွက်ဖြင့် လှုပ်ရှားလာကြသည်။

အထူးခြားဆုံးနှင့် ထင်ပေါ်မှု အရှိဆုံးမှာ Digicel

ဂျာမေကာ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Digicel သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရရှိရေး ရန်ကုန်မြို့အတွင်း အင်နှင့်အားနှင့် ကြော်ငြာမှုများကို ပြုလုပ်လျက်ရှိသည်။

ယင်းလုပ်ဆောင်မှုများ ကြောင့်ပင် ၎င်းတို့မှာ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် တစ်နေရာအတွက် မြန်မာလူထုအကြား ရေပန်းအစားဆုံး၊ ထင်ကြေးအပေးခံရဆုံး ကုမ္ပဏီတစ်ခု ဖြစ်လာသည်။

လိုင်စင်ရသည်နှင့် တစ်ပြိုင်နက် တည်ဆောက်ရေးလုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်သွားမည် ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့တွင် 4G စနစ်သုံး မိုဘိုင်းလ်ဖုန်းများကို ဖြန့်ချိသွားမည်ဖြစ်ကာ ယင်းသို့ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ ဝန်ထမ်းများ ခေါ်ယူလျက်ရှိကြောင်း၊ စုစုပေါင်း ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း Digicel ကုမ္ပဏီဥက္ကဋ္ဌ Mr. Denis O’Brien က ပြောကြားလိုက်သည်။

Digicel ကို တစ်ချိန်က တပ်မတော်အစိုးရ အတိုက်အခံများကို အထောက်အပံ့များစွာ ပေးခဲ့သော အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ်က နောက်ခံပြုထားပြီး မြန်မာနိုင်ငံ ရိုးမကုမ္ပဏီအုပ်စုနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ကြေညာထားပြီးဖြစ်သည်။
Digicel သည် လိုင်စင်ရရန် အခွင့်အလမ်းသာသည့်အပြင် လိုင်စင်ရလျှင် ဘာလုပ်ပေးမည်ဆိုသည့် ကတိစကားများနှင့် ဈေးကွက်ထိုးဖောက်မှုကို ယခုရက်ပိုင်းအတွင်း အပြင်းအထန် ပြုလုပ်လျက်ရှိသည်။

မျှတရင်ရရမယ်ဆိုသည့် MICTDC

“လိုင်စင်ရကိုရမယ်။ မရရင် ဘာလို့တင်မှာလဲ။ အစိုးရနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကို မျှမျှတတ ရွေးချယ်ဖို့တစ်ခုပဲ ကျွန်တော်တို့ တောင်းဆိုထားတယ်။ မမျှမတလုပ်ရင်လည်း ပြန်တုန့်ပြန် သွားမှာပါ” ဟု ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်က MICTDC ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းဦး ဖြစ်သည်။

ပြည်တွင်း အိုင်တီကုမ္ပဏီအများစု ပေါင်းစည်းထားသည့် အများပိုင်ကုမ္ပဏီ MICTDC (Myanmar ICT Development Company) နှင့် ဂျပန်ကုမ္ပဏီကြီးနှစ်ခု ဖြစ်သည့် KDDI၊ Sumitomo၊ မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးနှင့် အိုင်တီကုမ္ပဏီ A1 Construction တို့ ပူးပေါင်းထားသည့် အဖွဲ့မှာ လှုပ်ရှားမှု နည်းသည့်အတွက် လူသိနည်းနေသေးသည့် အဖွဲ့တစ်ခုဖြစ်သော်လည်း ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် နှစ်နေရာအတွက် ကုမ္ပဏီများစာရင်း တင်သွင်းမှု ပိတ်လိုက်ပြီး နာရီပိုင်းအကြာ ထုတ်ပြန် ပြောကြားလိုက်သည့် ဦးသိန်းဦး၏စကားကြောင့် အိုင်တီသမားများ၊ မီဒီယာများကို သတိထားမိ စေခဲ့သည်။

A1 Construction ကုမ္ပဏီသည် ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် အိုင်တီလုပ်ငန်းများ ဆောက်ရွက် လျက်ရှိကာ ရတနာပုံ Fiber Optic Cable စက်ရုံကို တည်ထောင်ထားသည့်အပြင် မြန်မာနိုင်ငံ ဆက်သွယ်ရေး ကွန်ရက်တွင် လက်ရှိ အသုံးပြုနေသည့် မြေအောက်ဖိုက်ဘာ ကေဘယ်လ်များ ချထား ခြင်းကို အဓိက ဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်သည်။
ထို့ပြင် Sumitomo Corporation သည် မြန်မာနိုင်ငံ၏မြို့ ကြီးသုံးမြို့တွင် 4G ကွန်ရက်တည်ဆောက် ရန် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လတ်တစ်လောစာချုပ် ချုပ်ဆိုထားသည့် ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေး အခြေခံအဆောက်အဦ များကို တာဝန်ယူ တည်ဆောက်လျက် ရှိသည်။
“ကျွန်တော်တို့ကလုပ်မယ်ဆို ဖြစ်အောင်လုပ်ပါမယ်။ဒီက MICTDC နဲ့ A1 တို့ကလည်း အတွေ့အကြုံ နဲ့ ကျွမ်းကျင်မှုတွေ အပြည့်ရှိပြီးသားဆိုတော့ လိုင်စင်ရဖို့ပဲ တွေးထားပါတယ်။ လက်ရှိမှာလည်း Sumitomo က မြန်မာ့ဆက်သွယ်ရေးကဏ္ဍအတွက် အရေးပါတဲ့ စီမံကိန်းတွေကို စတင် တည်ဆောက်နေပါပြီ” ဟု KDDI အမှုဆောင်အရာရှိချုပ် Mr. Hidehiko Tajima က ပြောကြားသည်။

ယင်းအပြင် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး ထောက်ပံ့မှုများနှင့် ဂျပန်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်တို့မှာ မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်လိုသည့် ဂျပန်ကုမ္ပဏီများ အတွက် အထောက်အပံ့ ကောင်းများဖြစ်ရာ ကမ္ဘာကျော် ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် KDDI၊ Sumitomo တို့နှင့် ပူးပေါင်းထားသည့် MICTDC မှာ ယင်းကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းဦး ပြောသကဲ့သို့ပင် စိတ်ချရသည့် အနေအထား ဖြစ်နေသည်။
သို့သော်ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်နှစ်နေရာ ရရှိရေးမှာ ထင်သလောက်မလွယ်။

အင်အားကြီး Telenor

မြန်မာ့ ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် အရေးပါသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ထောက်ပံ့နေသည့် နော်ဝေနိုင်ငံမှ Telenor Group သည်လည်း လိုင်စင်ရရေးအတွက် လျော့တွက်မရသည့်ကုမ္ပဏီ တစ်ခုဖြစ်နေသည်။

Telenor Group မှာ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၉၉ ရာခိုင်နှုန်းအထိ ရရှိစေမည်။ တယ်လီဖုန်း SIM ကတ် များကို အခမဲ့ပေးမည်။ ဖုန်းခေါ်ဆိုခများကိုလည်း အသက်သာဆုံးဖြစ်စေရန် ဖန်တီးပေးမည် ဆိုသည့် ကတိစကားများဖြင့် လိုင်စင်လုပွဲသို့ ဝင်လာခြင်းဖြစ်ပြီး ပြည်တွင်း မီဒီယာများ တွင် အင်တိုက်အားတိုက် ကြော်ငြာနိုင်ခြင်းကြောင့် မြန်မာလူထုအကြား ရေပန်းစားနေသည့်ကုမ္ပဏီ တစ်ခုလည်းဖြစ်သည်။

တစ်မိနစ်လျှင် ကျပ် ၃၀ ဝန်းကျင်ခန့်ဖြင့် ဖုန်းပြောဆိုနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကာ ဒေသခံမြန်မာ လူမျိုး ဝန်ထမ်းဦးရေကို ၉၉ ရာခိုင်နှုန်းအထိ ခန့်အပ်သွားမည်ဖြစ်ကြောင်း Telenor Group ၏ အာရှ ဒေသ လုပ်ငန်းများဆိုင်ရာ အကြီးအကဲ Mr. Sigve Brekke က ကတိပြု ပြောကြားထားသည်။

အခြားယှဉ်ပြိုင်ဘက်များ

အာဖရိကတိုက်၏ အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သော MTN (Dubai) ဦးဆောင်သည့် M1 Telecom၊ Amara Communications တို့ ပါဝင်သည့် အဖွဲ့မှာလည်း အင်အားကောင်းကောင်းနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်တစ်နေရာ ရရှိရေးအတွက် ယှဉ်ပြိုင်နေသည့်အဖွဲ့ ဖြစ်ပြီး ပြည်တွင်း မီဒီယာများတွင် ကြော်ငြာများ ထည့်သွင်းမှုကြောင့် လတ်တစ်လော လူသိများလာခဲ့သည်။
“MNT အနေနဲ့ ဘာတွေလုပ်ခဲ့တယ် ဘာတွေလုပ်နိုင်တယ်ဆိုတာ ပြောပြီးပါပြီ။ အဲ့ဒီအတွက် လိုင်စင် တစ်နေရာက ကျွန်တော်တို့အတွက်ပဲ ဖြစ်ပါလိမ့်မယ်။ စကားပုံတစ်ခုထဲက လိုပဲ လက်တွေ့လုပ်ထားတာ ဘာမှမရှိဘဲ အိပ်မက်တွေအများကြီး ပေးနေကြတာတွေ ကိုတော့ တင်ဒါကော်မတီ အနေနဲ့ သေချာ သုံးသပ်နိုင်ဖို့ လိုပါတယ်” ဟု MTN Group ၏ အထွေထွေမန်နေဂျာ Simphiwe Cele က ပြောကြားသည်။

ယင်းသို့ပင် အိန္ဒိယနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းတွင် ဦးဆောင်နေသည့် Bharti Airtel သည်လည်း နောက်ဆုံးအဆင့် ယှဉ်ပြိုင်သည့်အဖွဲ့များအတွင်း ပါဝင်ခဲ့ပြီး အခြားအဖွဲ့ပေါင်း ၁၁ ဖွဲ့နှင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။
Bharti Airtel သည် လက်ရှိအိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သိရီလင်္ကာနှင့် အာဖရိကတိုက် နေရာအချို့တွင် ဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ အင်အားကောင်းသည့် ဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။
သို့သော်၎င်းတို့မှာ မြန်မာနိုင်ငံ ဈေးကွက်အတွင်း လှုပ်ရှားမှုများ မရှိသလောက်ဖြစ်နေ၍ ဦးစားပေး စာရင်းမှ ဖယ်ထားခံရနိုင်သည်ဟုလည်း ခန့်မှန်း ပြောဆိုနေကြသည်။

ကျန်ရှိနေသည့် SingTel၊ Royal Myanmar Transport Co. (KBZ) နှင့် M-Tel တို့ပေါင်းထားသည့် အဖွဲ့တွင်လည်း စင်ကာပူအခြေစိုက် အားကောင်းသည့် ဆက်သွယ်ရေးကုမ္ပဏီဖြစ်သော SingTel ပါဝင်နေသည်ဖြစ်ရာ အလားအလားရှိသည်ဟု ဆိုနိုင်သည်။

ရွေးချယ်ပုံနှင့် လတ်တလော အခြေအနေ

ဆက်သွယ်ရေး တင်ဒါကော်မတီက ယှဉ်ပြိုင်သည့် အဖွဲ့ဆယ့်တစ်ခုမှ တင်ဒါပေးအပ်မည့် အဖွဲ့နှစ်ခု ကိုရွေးချယ်ရာတွင် နည်းပညာကျွမ်းကျင် နိုင်နင်းမှုအတွက် ၆၇ မှတ် နှင့် ငွေကြေး ရင်းနှီးမြှုပ်နှံနိုင်မှု အထူးသဖြင့် တစ်ဆယ့်ငါးနှစ်စာ လိုင်စင်ကြေးအတွက် အများဆုံး ၃၃ မှတ်အထိ ပေးထားကာ ယင်း နှစ်ချက်ပေါ်တွင် အခြေခံ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရာ အဆိုပါ ၁၁ ဖွဲ့တွင် အင်အားကြီးအဖွဲ့များသာ ရရှိမည့် အနေအထားဖြစ်သည်။

“တင်ဒါကော်မတီအနေနဲ့ကတော့ တစ်ရာ ရာခိုင်နှုန်းမျှတပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ လုပ်ငန်းစဉ်တွေနဲ့ မြန်မာ ပြည်သူတွေအတွက် အကောင်းဆုံး လုပ်ပေးနိုင်မယ့် နည်းပညာနဲ့ ငွေကြေးမှာလည်း အင်အား အကြီးဆုံးသူကိုပဲ ရွေးချယ်သွားမှာပါ။ ဒီတင်ဒါဟာ နိုင်ငံ့ဂုဏ်သိက္ခာနဲ့လည်း သက် ဆိုင်နေပါတယ်” ဟု ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် တင်ဒါရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင် က ပြောကြားသည်။

သို့သော်အများစုမှာ အင်အားကြီး ကုမ္ပဏီများဖြစ်နေသဖြင့် မည်သည့်အဖွဲ့ လိုင်စင်ရမည်ဆိုသည်မှာ ခန့်မှန်းရ ခက်ခဲသည့်အနေအထားဖြစ်ပြီး ကုမ္ပဏီကြီးများအနေနှင့်လည်း လိုင်စင်နှစ်နေရာတွင် တစ် နေရာရရှိရေး အားကုန်ထုတ် ယှဉ်ပြိုင်ရမည့် အနေအထား ဖြစ်လာသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်မှု အနေအထားသည် လွန်စွာ နိမ့်ကျလျက်ရှိပြီး လူဦးရေသန်း ၆၀ ခန့်တွင် ၁၀ ရာခိုင်နှုန်းနီးပါးသာ မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်သေးသည်။
သို့ဖြစ်ရာ ပြည်ပမှလာရောက်ပြီး ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် အခွင့်အလမ်း ကောင်းများ ရရှိနိုင်သည့်နေရာ တစ်နေရာဟုလည်း ဆိုနိုင်သည်။

ကမ္ဘာ့ဆက်သွယ်ရေး ဈေးကွက်တွင် နောက်ဆုံးလက်ကျန် ဈေးကွက်ကြီးအဖြစ် သတ်မှတ်ရသည် အထိ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဈေးကွက်ကြီးကြီးမားမား ကျန်ရှိနေသေးခြင်း ကပင် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများအတွက် မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရရေး အပြိုင်ကြဲနေကြခြင်း ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမှုများဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်မှာ သေချာလှသည်။
အစိုးရကတန်ဖိုးနည်း SIM ကတ်များကို ငွေကျပ် ၁၅၀၀ ဖြင့် ဧပြီလကတည်းက မဲဖောက်ပြီး ရောင်းချ ပေးနေသော်လည်း ဖုန်းကတ်ရပြီး ဖုန်းဝယ်သုံးနိုင်မည့် အရေးအတွက် အခက်တွေ့နေသူတွေများ လှသည်။
ဖုန်းကတ်မဲပေါက်ပြီးမှ ဖုန်းမဝယ်နိုင်သည့် သူများအတွက် ထီပေါက်ပြီး ထီလက် မှတ်ပျောက်သလို ဖြစ်နေသည်ဟု ဆိုသူများပင်ရှိနေသည်။

ယင်းအခြေအနေကို ဆဝါးမိသည့် ပုဂ္ဂလိကကုမ္ပဏီများ လုပ်ပိုင်ခွင့်ရသွားလျှင် မြန်မာ့ဆက်သွယ်ရေး အနေအထားကို သုံးသပ်ကာ ပြုပြင် ပြောင်းလဲလိုက်ပါက မြန်မာနိုင်ငံသည် ဆက်သွယ်မှုအဖွံ့ဖြိုး အတိုးတက်ဆုံး နိုင်ငံဘဝ ရောက်သွားနိုင်သည်ဟု စီးပွားရေးပညာရှင်များက လေ့လာသုံးသပ် ကြ သည်။

အနိမ့်ဆုံးဝန်ဆောင်မှုနှင့် မြင့်မားသော ဝန်ဆောင်စရိတ် ကောက်ခံနေသည့် မြန်မာ့ဆက်သွယ်ရေး MPT အတွက်လည်း နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီများနှင့် အပြိုင် ယှဉ်ပြိုင်ရမည့် အနေအထားမှာ အခြေအနေ ကောင်းလှသည်တော့ မဟုတ်။
သို့သော်ဈေးကွက်တွင် ဆက်လက် အသက်ဆက်ရေး MPT ၏ မူဟောင်းများကို စွန့်လွှတ်ရမည်မှာ သေချာသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်နှစ်နေရာ အတွက် အပြိုင်လုနေသည့် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီကြီး ၁၁ ခုအနက် တင်ဒါအောင်မြင်သူ နှစ်ဦးကို ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာပြီးသည့်နောက် စက်တင်ဘာလမတိုင်မီ လိုင်စင်ချထားပေးရန် အပြီးသတ်စာချုပ်
ချုပ်ဆို ဆောင်ရွက်သွားမည် ဖြစ်သည်။
ယင်းမှာ အားလုံးနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်နေ၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် နှစ်နေရာ မည်သူတို့ ရရှိသွားမည်ဆိုသည်မှာ ကမ္ဘာကရော မြန်မာနိုင်ငံသားများကပါ စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
“ဥရောပကတစ်ခု အာရှကတစ်ခု ရစေချင်တယ်။ အနောက်ဘက်ကဆို Telenor နဲ့ Digicel ရှိတယ်။ အာရှမှာဆို ကာလကြာရှည် မိတ်ဖက်တွေဖြစ်ခဲ့တဲ့ ဂျပန်ကို ရစေချင်တယ်။ အဲ့ဒီ နှစ်ခုရမယ်ဆို အရည်အသွေးနဲ့ CSR ကိစ္စတွေမှာ တော်တော်စိတ်ချရနိုင်တယ်” ဟု စင်ကာပူနိုင်ငံ အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေး ကုမ္ပဏီကြီးမှ အိုင်တီဌာန တာဝန်ခံ ဒေါ်ပန်းမြတ်ဖြိုးက ပြောကြားသည်။

မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်း အတွက် ရင်ခုန်စရာကောင်းသည့် အခြေအနေတစ်ခုသို့ မကြာမီ ရောက်လာတော့မည် ဖြစ်သည်။ လူတိုင်းနှင့် သက်ဆိုင်နေသည့် အတွက်လည်း စိတ်ဝင်စားစွာ စောင့်ကြည့် နေခဲ့ကြသည်။

ဆုံးဖြတ်ချက်ချရန် ရက်သတ္တပတ် အနည်းသာလိုတော့ချိန် ကုမ္ပဏီများမှာ ကမ္ဘာ့နောက်ဆုံး ဆက်သွယ်ရေး ဈေးကွက် ဝေစုရရေး အပြိုင် မဲဆွယ်နေကြပြီဖြစ်သည်။ ဇွန်လ ၃ ရက်နေ့တွင် ပိတ်လိုက်ပြီးနောက် မဲဆွယ်ပွဲများ အပြိုင်လာတော့မည်။
ပန်းပန်မည့်သူကား မကြာမီ အဖြေထွက်တော့မည်။
“ကျွန်တော်တို့ MPT နဲ့ပြိုင်မယ်။ သာသူစားစတမ်းပေါ့” ဟု KDDI အကြီးတန်း မန်နေဂျာက ဆိုလေ သည်။

နောက်ဆုံးအဆင့်ယှဉ်ပြိုင်မည့် ကုမ္ပဏီ၁၁ခု
(1) KDDI Corporation + Sumitomo Corporation + MICTDC + A1 Construction
(2) Digicel Group + Quantum Strategic Partners + YSH Finance
(3) Telenor Mobile Communications
(4) SingTel + Royal Myanmar Transport Co. (KBZ) + M-Tel
(5) MTN (Dubai) + M1 Telecom + Amara Communications
(6) Bharti Airtel
(7) Axiata Group
(8) France Telecom Orange + Marubeni Corporation
(9) Millicom International Cellular
(10) Qtel (“Ooredoo”)
(11) Viettel Group

ကျာ်ဆန်းမင်း၊ နော်ကိုကို
The Voice Weekly

 

ရဲကားတစ်စီးပေါ်မှ အကောက်ခွန်မဲ့ အိမ်သုံးဆေးဝါးများ တွေ့ရှိ

ကလေး၊ ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ကိုင်းကျေးရွာတွင် ဇွန်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရဲတပ်ဖွဲ့ဝင်တစ်ဦး မောင်းနှင်လာသော ရဲကားပေါ်မှ တရားမဝင် အကောက်ခွန်မဲ့ အိမ်သုံးဆေးဝါးပစ္စည်း များကို ဖမ်းဆီးရမိကြောင်း ကလေးဝမြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မျိုးသန်းက ပြောကြားသည်။

တမူးမြို့မှ မန္တလေးမြို့သို့ သွားရောက်မည့် ရဲတပ်ကြပ်ကြီး မျိုးသန့် မောင်းနှင်လာသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တံဆိပ်ပါ တမူးခရိုင် ရဲတပ်ဖွဲ့ပိုင် ဟိုင်းလပ်ယာဉ်အပြာရောင် (ယာဉ်အမှတ်-၇ခ/၁၆၃၅) ပေါ်မှ အိန္ဒိယနိုင်ငံထုတ် အကောက်ခွန်မဲ့၊ လိုင်စင်မဲ့ အိမ်သုံးဆေးဝါးများဖြစ်သော OXYPED တံဆိပ်ပါ အစာအိမ်ဆေးပြား ၂၃၀၄ ဘူး (ခြောက်ဖာ)ကို တွေ့ရှိခဲ့ကြောင်း ၄င်းက ပြောကြားသည်။

ယင်းအပြင် ယာဉ်မောင်း ဦးမျိုးမြင့် မောင်းနှင်လာသော Super Custom ယာဉ် (ယာဉ်အမှတ်-၈ဈ/၂၀၆၄) သည် ကလေးဝဆိပ်ကမ်း၊ ကူးတို့မှတစ်ဆင့် ကိုင်းကျေးရွာဘက်သို့ ဖြတ်ကူးစဉ် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကားများပေါ်မှ သင်းခွေချပ်အရေခွံ အစိုကိုးအိတ်၊ အလေးချိန် ၄၅ ပိဿာနှင့် တံဆိပ်ပါ မျက်စဉ်းခပ်ဆေးရည်ဆေး ၁၄ ဖာတို့ကို တွေ့ရှိခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အဆိုပါအမှုများအတွက် ကလေးဝမြို့ နယ် အကောက်ခွန်ဦးစီးဌာနက တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်း၊ လိုင်စင်မဲ့ အိမ်သုံး ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။
မြတ် (ကလေး)
The Voice Weekly

Microsoft ကုမ္ပဏီ ပြည်တွင်းဈေးကွက်သို့ စဝင်


ရန်ကုန်၊ ဇွန် ၇
ကမ္ဘာ့ အကြီးဆုံး Software ထုတ်လုပ်သူအဖြစ် သတ်မှတ် ခံထားရသည့် Microsoft ကုမ္ပဏီ၏ ထိပ်တန်း ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ပြည်တွင်း နည်းပညာ ကုမ္ပဏီတစ်ခုဖြစ် သည့် MIT နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ ဈေးကွက်သို့ စတင် ဝင်ရောက်ပြီ ဖြစ်ကြောင်း ဇွန်လ ၆ ရက်နေ့တွင် Microsoft က အတည်ပြု ကြေညာသည်။

Microsoft ကုမ္ပဏီ၏ Corporate Vice President ဖြစ်သူ Dan’1 Lewin ဦးဆောင်သည့် အဖွဲ့သည် နေပြည်တော်တွင် ကျင်းပသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ တက်ရောက် ရန် မြန်မာ နိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်ပြီး ၎င်း၏ ခရီးစဉ်အတွင်း MIT ကို မိတ်ဖက်အဖြစ် ခန့်အပ်ကြောင်း ကြေညာခြင်းဖြစ်သည်။

ပြည်တွင်း၌ Software ရေးဆွဲခြင်း နှင့် နည်းပညာ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် MIT (Myanmar Information Technology Co.,Ltd) ကို Microsoft ၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး ဈေးကွက်ဖွံ့ ဖြိုးမှုမိတ်ဖက် (Market Development Partner) သစ် အဖြစ် ရွေးချယ်လိုက်ကြောင်း အရှေ့တောင်အာရှဒေသ အထွေထွေ မန်နေဂျာ Jamie Harper က ပြောကြားသည်။

Microsoft ကပြည်တွင်းသို့ တရားဝင် ဝင်ရောက်လာပြီ ဖြစ်သဖြင့် Microsoft ထုတ်ကုန်များအတွက် နည်းပညာ အထောက်အပံ့များ ရရှိနိုင်မည် ဖြစ်ကြောင်း အိုင်တီပညာရှင် ဦးဇော်မင်းဦးက ပြောကြားသည်။
“အထူးသဖြင့် Microsoft Software တွေကို ဈေးသက်သက်သာသာနဲ့ တရားဝင် အသုံးပြုလာ နိုင်မယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

MIT သည် မြန်မာနိုင်ငံရှိ အစိုးရ ဌာနများ၊ ကျန်းမာရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍများတွင် နည်းပညာ ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိပြီး ဝန်ထမ်းပေါင်း ၃၀၀ ကျော်ရှိသည့် ပြည် တွင်းကုမ္ပဏီကြီး တစ်ခုဖြစ်သည်။
 
The Voice Weekly

သပိတ်ကျင်းတွင် ရွှေတွင်းပြိုကျ၍ လူနှစ်ဦးသေဆုံး

မန္တလေး၊ ဇွန် ၇
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်တွင် ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က အောင်မေတ္တာရှင် ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်ပိုင် ရွှေလုပ်ကွက်(အင်း)အတွင်း အလုပ်လုပ်နေစဉ် မြေပြိုကျ၍ အင်းအတွင်းသို့ လူနှစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

သေဆုံးသူ အင်းလုပ်သားနှစ်ဦးသည် သပိတ်ကျင်းမြို့ ချောင်းကြီးကျေးရွာ နှင့် ကလောမြို့နယ် မြင်းတောက်ကျေးရွာ တွင် နေထိုင်သူများဖြစ်ပြီး အင်းအမှတ်(၆)၊ အင်းအနက် ၆၀ ပေ၊ အင်းအကျယ် ၄ ပေ ပတ်လည်ရှိ အင်းအတွင်း အလုပ်လုပ်နေစဉ် မြေပြိုကျ၍ အင်းအတွင်း သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။

ယင်းအမှုကို သပိတ်ကျင်းမြို့နယ် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၃ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"အခုက မိုးရာသီဖြစ်တဲ့အတွက် အင်းအသား မခိုင်တာတွေ၊ နောက်မြေသားက မာကျောမှု အားနည်းတာရယ်၊ မိုးရွာထား တာတို့ကြောင့် အင်းအတွင်းမြေပြိုတာတို့ ဖြစ်တယ်"ဟု ရမည်းသင်း မိုးထိမိုးမိဒေသမှ ရွှေတူးဖော်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အလားတူ မေလ ၁၆ ရက်နေ့ ကလည်း ရမည်းသင်းမြို့နယ် မိုးထိမိုးမိရွှေတူး ဖော်ရေး ဒေသတွင် အင်းအတွင်းပြုတ်ကျ၍ သေဆုံးသွားသည့်ဖြစ်စဉ် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံသိရသည်။
 
The Voice Weekly

အကျင့်ပျက်ခြစားနေတဲ့ မြေစာရင်း ၀န်ထမ်းများကို အမြန်ဆုံး အရေးယူပေးစေလို

ပဲခူးမြို့နယ်၊ ဂုံမနီ ကျေးရွာတွင် ယခင်က အမြောက်တပ်မြေ အဖြစ် အသုံးပြုမည်ဟု သိမ်းထား ခဲ့သော မြေများကို ယခုအခါတွင် အသုံးမပြုတော့ပဲ တိုင်းမြေစာရင်း ဦးစီးဌာမှ ၄င်းမြေနေရာကို စိုက်ပျိုးမြေအဖြစ် ပြန်လည် အသုံးပြု နိုင်ရန် အတွက် နေရာများ ချထားခဲ့ပါသည်။ 

ထိုသို့ချထားခဲ့ရာတွင် မြေစာရင်းဌာနမှ ကျန်ရှိခဲ့သော (မြေပုံပါဧက(၂၀၀)နေရာအား) ယခင် လယ်သမားများကို ပြန်လည် ပေးအပ်ခြင်းမရှိပဲ ကျေးရွာဥကဌဟောင်း ဦးအောင်သန်း၊ မြေပွဲစားဆိုသူ မလွင်နှင့် ပွဲစားများ ပူးပေါင်းပြီး တိုင်းမြေစာရင်းဦးစီးဌာနမှ (၅-၇-၂၀၁၃)နေ့တွင် ၄င်းဧက(၂၀၀)အား စရံငွေ သိန်း(၅၀၀)ယူပြီး (၁၀၅)မြေပုံထုတ်ပေးမည်ဆိုပြီးအရောင်းအ၀ယ်ပြုလုပ်ခဲ့ပါသည်။

 ထိုသို့ ပြုလုပ်နေသည်ကို ကျွန်တော်တို့ ကျေးရွာသားတွေအနေဖြင့် လက်ပိုက်ကြည့် ပြီးတော့ပဲ နေခဲ့ရ ပါသည်။ 

နိုင်ငံတော်ရဲ့ ပလပ်မြေတွေကို ယခုလို အရောင်းအ၀ယ် ပြုလုပ်မှုသည် တရားဥပဒေကို မလေးစား ရာ ရောက်နေပါသည်။ ထိုသို့ မတရားပြု လုပ်နေမှုကို ထိရောက်စွာ အရေးယူပေး ပါရန် တင်ပြအပ်ပါသည်။  
သစ်ထူးလွင်
(ဂုံမနီကျေးရွာသားများ)
စိုက်ပျိုးမြေ အဖြစ် ပြန်လည် အသုံးပြုနိုင်ရန် ချထားပေး နိုင်သည့် အခြေအနေပြ မြေပုံနှင့် ကျေးရွာသူ /သားများ လက်မှတ်
 

သံဃာတော်ကို ယာဉ်ပေါ်မှဆင်းခိုင်းသည့် ယာဉ်နောက်လိုက်ကို ယာဉ်လိုက်ခွင့် တစ်လပိတ်

ရန်ကုန်၊ ဇွန် ၇
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အနောက်ပိုင်းခရိုင် ယာဉ်လိုင်းအမှတ် ၂၄၅ ဘီအမ်ယာဉ်တွင် လိုက်ပါစီးနင်းသည့် သံဃာတော်တစ်ပါးကို ထိုင်ခုံမရှိဟုဆိုကာ ကားပေါ်မှဆင်းခိုင်းသည့် ယာဉ်နောက် လိုက်ကို ဇွန်လ ၇ ရက်မှစ၍ ယာဉ်လိုက်ခွင့် တစ်လ ပိတ်သိမ်းလိုက်ကြောင်း မထသ (ဗဟို) တွဲဖက်အတွင်းရေးမှူး ဦးမောင်မြို့ က The Voice သို့ ပြောကြားသည်။

မေလ ၂၃ ၇က်နေ့က ဆူးလေမှ တောင်ဥက္ကလာပ ပင်းယမှတ်တိုင်သို့ စီးနင်းရန် ယာဉ်ပေါ်တက်လာသော သံဃာတော် တစ်ပါးကို ယာဉ်နောက်လိုက်က ထိုင်ခုံမရှိဟု ပြော၍ ကားပေါ်မှ ဆင်းခိုင်းသည့်အပြင် ထိုင်နေသူများ ထံမှလည်း ယာဉ်စီးခကောက်ပြီး ဖြစ်သဖြင့် ဖယ်ခိုင်း၍မရတော့ ဟုဆိုသောကြောင့် ကားပေါ်မှဆင်းခဲ့ရကြောင်း ကာယကံရှင် သံဃာတော်ကိုယ်တိုင် မထသ (ဗဟို) သို့ တိုင်ကြားစာအရ သိရသည်။
"ဘုန်းကြီးကတော့ ခေါ်ပြီး ဆုံးမဖို့ပဲ စာထဲမှာ မိန့်ထားပေမယ့် အပြစ်ရှိတယ် ဆိုတာ စစ်ဆေးပြီးလို့ ဒီနေ့ပဲ ပြစ်ဒဏ်ချတယ်၊ ဒီထက်ကြမ်းတမ်းစွာ ဆဲဆိုရင် အပြီးထုတ်ပယ်တဲ့အထိ ပြစ်ဒဏ်ပေးပါ တယ်" ဟု ဦးမောင်မြို့ကရှင်းပြသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း သံဃာတော်တစ်ပါးကို ကားပေါ်မှ ဆင်းခိုင်းသဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ယာဉ်လိုက်ခွင့်တစ်လ ပိတ်သိမ်းခဲ့သော်လည်း အဆိုပါ သံဃာတော်၏ တောင်းဆိုမှုကြောင့် ခုနစ်ရက်သာ ပိတ်သိမ်းခဲ့ကြောင်း မထသ(ဗဟို)ထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly

အမျိုးသမီးတဦးကို ဆဲမှုနဲ့ဖမ်းချုပ်ပြီး အာမခံပေးဖို့ ပိုက်ဆံတောင်း

(ငပုတော) ဇွန်လ ၈ ရက်၊
အမျိုးသမီးတဦးကို ဆဲမှုနဲ့ဖမ်းချုပ်ပြီး အာမခံပေးဖို့အတွက် ငပုတောမြို့နယ် ရဲစခန်းက ငွေကျပ် ၂ သောင်းခွဲတောင်းခံခဲ့တဲ့ဖြစ်ရပ် ယခုလ ၄ ရက်နေ့က ငပုတောမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

ငပုတောမြို့ ရွှေဝါထွန်းရပ်ကွက်မှာနေတဲ့ မကျော့ခိုင်ကို သူ့ရဲ့ခဲအို(အစ်မယောက်ျား) ဖြစ်တဲ့ ကိုဖုန်းကျော်က ဆဲဆို၊ ခြိမ်းခြောက်၊ ရမ်းကားတာတွေလုပ်တဲ့အပြင် ကိုယ်ထိလက်ရောက် ရိုက်နှက်တဲ့အတွက် မကျော့ခိုင်ဟာ ငပုတောရဲစခန်းကို ယခုလ ၂ ရက်နေ့ ညနေပိုင်းက သွားရောက် တိုင်တန်းခဲ့ကြောင်း သိရပါတယ်။

မကျော့ခိုင်ရဲ့တိုင်တန်းမှုကြောင့် ကိုဖုန်းကျော်ကို အဲဒီ ၂ ရက်နေ့ ညပိုင်းမှာပဲ ငပုတောရဲစခန်းက လာရောက်ဖမ်းဆီးသွားခဲ့ပြီး နောက်တရက်မှာ မကျော့ခိုင်ကို စစ်ဆေးစရာ ရှိတယ်ဆိုပြီး ငပုတောရဲစခန်းက ခေါ်ပါတယ်။

“ကျမကို စစ်စရာရှိလို့ လာပါဦးဆိုတော့ သွားလည်းသွားရော မနက် ၉ နာရီလောက်မှာ ကျမကိုအချုပ်ထဲကို ဖမ်းထည့်ထားလိုက်တယ်။ အချုပ်ထဲကိုထည့်တော့ အာမခံယူရမယ်လို့ ပြောတယ်။ အာမခံယူဖို့ ၃ သောင်းခွဲပေးရမယ်ပြောတော့ ကျမမိတ်ဆွေတယောက်က လိုက်ညှိုပေးတော့ ၂ သောင်းခွဲပဲ ပေးရတယ်။ အဲဒါ ကလေးတွေအတွက် ကျောင်းစရိတ်နဲ့ ထီးတွေ ဖိနပ်တွေဝယ်ပေးဖို့ စုထားတဲ့ပိုက်ဆံတွေကို အာမခံအတွက် ပေးလိုက်ရတယ်”လို့ ကာယကံရှင် မကျော့ခိုင်က Myanmar News Now ကို ပြောပါတယ်။

လိုက်ပါကူညီပေးခဲ့တဲ့ ကိုကျော်မင်းထွန်းကလည်း အခုလို ရှင်းပြပါတယ်။

“ကျနော်က ရွှေဝါထွန်းရပ်ကွက်မှာ ကန်တူးနေတော့ သူတို့လင်မယားရောက်လာပြီး အာမခံအတွက် ၃ သောင်းခွဲတောင်းတယ်ဆိုပြီး လာပြောတယ်။ ဒါဆို ကျနော်လိုက်ညှိပေးမယ်ဆိုပြီး နယ်ထိန်းခေါင်းဆောင် ကိုအေးဆန်းနဲ့ သွားညှိတယ်။ သူက ညီလေးရေ ရေဖိုး၊ မီးဖိုးရယ် စာရွက်စာတမ်းကြေးရယ် နောက် ဒုရဲအုပ် နန်းဆွေ (ရဲစခန်းမှ တာဝန်ရှိသူတဦး) ကိုပေးဖို့က ၁ သောင်း။ အားလုံးပေါင်း ၃ သောင်းခွဲပေးရမယ်လို့ ပြောတယ်။ ညှိတဲ့နေရာက စခန်းအပေါ်ထပ်မှာပါ။ နောက်ဆုံး အဆင်ပြေအောင်ညှိတော့ ၂ သောင်းခွဲပဲ ပေးခဲ့ရတယ်။ ငွေကတော့ ကိုအေးဆန်းလက်ထဲပဲ ထည့်ခဲ့ရတယ်”လို့ သူက ပြောပါတယ်။

မကျော့ခိုင်ကို ဖမ်းချုပ်တာကတော့ သူ့ခဲအို ကိုဖုန်းကျော်ကို ပြန်ဆဲလို့ ကိုဖုန်းကျော်က ဆဲဆိုမှုနဲ့ အပြန်အလှန်အမှုဖွင့်ထားတဲ့အတွက် ခုလိုဖမ်းချုပ်ရတာဖြစ်ကြောင်း ရဲကပြောတယ်လို့ မကျော့ခိုင်က ဆိုပါတယ်။

မကျော့ခိုင်ဟာ ဆဲဆိုမှုတခုတည်းနဲ့ပဲ ငပုတောရဲစခန်းက အချုပ်ခန်းထဲမှာ နံနက် ၉ နာရီကနေ ၁၁ နာရီခန့်အထိ ၂ နာရီနီးပါး ချုပ်နှောင်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဥပဒေပုဒ်မ ၂၉၄ ဆဲဆိုမှု ဆိုတာ အာမခံမယ့်လူရှိရင် တရားခံလို့ယူဆရသူကို လွှတ်ပေးလို့ရတဲ့ အာမခံပေးလို့ရတဲ့ပုဒ်မဖြစ်ပြီး အာမခံမယ့်လူမရှိခဲ့ရင်တောင် ကိုယ်တိုင် ခံဝန်နဲ့ အာမခံယူလို့ရတဲ့ ပြစ်မှုမျိုးပဲဖြစ်ပါတယ်။

ကိုဖုန်းကျော်ကို အမှုဖွင့်နိုင်ဖို့အတွက် မကျော့ခိုင်တို့မိသားစုဟာ အခုလ ၅ ရက်နေ့က ငပုတောရဲစခန်းမှာ သွားရောက်အမှုဖွင့်ခဲ့ရာမှာ အမှုဖွင့်ပေးဖို့အတွက် မနက် ၁၀ နာရီကနေ နေ့လည် ၂ နာရီအထိ ၄ နာရီကျော်ကြာအောင် စောင့်ဆိုင်းခဲ့ရကြောင်း သိရပါတယ်။

“ကလေးမလေးတွေက အမှုဖွင့်ဖို့ကို မနက် ၁၀ နာရီလောက်ကတည်းက ရဲစခန်းနားမှာ တ၀ဲလည်လည်ဖြစ်နေတာ နေ့လည် ၂ နာရီကျော်လောက်ကျမှပဲ အမှုဖွင့်လို့ရတယ်လို့ ပြောတယ်။ အမှုဖွင့်ဖို့ စောင့်နေတာ သူတို့ခမျာ နေ့လည်စာတောင် ငတ်ကြတယ်။ ဒါတွေဟာ မဖြစ်သင့်တဲ့ကိစ္စတွေလို့ မြင်ပါတယ်။ ပြည်သူပေးတဲ့လစာကိုစားနေတဲ့ ပြည်သူ့ရဲတွေအနေနဲ့ ပြည်သူအတွက် မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် အလုပ်လုပ်ပေးရမယ့်တာဝန်ရှိပါတယ်။ အာမခံရဖို့ ငွေပေးခဲ့ရတယ်ဆိုတာသာ တကယ်မှန်ခဲ့ရင်တော့ ဒါဟာ ပြည်သူကို ခြိမ်းခြောက်ပြီး ငွေညှစ်တဲ့ အကျင့်ပျက်ခြစားတဲ့လုပ်ရပ်ပါပဲ”လို့ ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ပြောပါတယ်။

ကိုဖုန်းကျော်ဟာ မကျော့ခိုင်ကိုရော ညီမဖြစ်သူ မနန်းမော်ကိုရော ဆဲဆိုရမ်းကားတဲ့အတွက် ညီအစ်မ ၂ ဦးစလုံးက ကိုဖုန်းကျော်ကို ရဲစခန်းမှာအမှုဖွင့်ထားပြီး ကိုဖုန်းကျော်က မကျော့ခိုင်ကို ဆဲမှုနဲ့ ပြန်လည်အမှုဖွင့်ထားကြောင်း သိရပါတယ်။ 
သစ်ထူးလွင်

ရထားတွဲလမ်းချော်

မန္တလေး- မြစ်ကြီးနား တွဲချိတ်ဖို့ ရှန်တိန်ပြုလုပ်နေစဉ် ညနေ ၄နာရီ ၀န်းကျင်က ရထားခေါင်း အမှတ် DD519 ဟာ တွဲဆိုင်းက ပြုတ်ထွက်ပြီး လမ်းအဆုံးမှာ သံလမ်းထိပ်ရှိ အိမ်ကို ၀င်တိုက် ရပ်ဆိုင်း သွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရှိရပါတယ်။
DVB TV News
သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ




ယနေ့ခေတ် သမ၀ါယမ စနစ်လည်း ခြစားမှုများရှိနေ


June 7, 2013
သမ၀ါယမ ၀န်ကြီးဌာန သမ၀ါယမ ဦးစီးဌာနက လူသုံးကုန်ပစ္စည်းနှင့် လုပ်ငန်းသုံးပစ္စည်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေး ရာတွင် အောက်ခြေ အဆင့် မှ တာဝန်ခံများနှင့် နီးစပ်သူများသာ ၀ယ်ယူခွင့်ရရှိကြကြောင်း ဝေဖန်ပြောဆိုမှုများ ရှိနေသည်။



ဇွန်လ ၂ ရက်နေ့က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များကို အပ်ချုပ်စက်၊ ဆိုက္ကား၊ လယ်ယာသုံးပစ္စည်းများ နှင့် မော်တော်ကား များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးမှုတွင် ရန်ကုန်မြို့ခံ အများစုက မသိရှိကြကြောင်း ပြောဆိုသည်။
ရန်ကုန် မင်္ဂလာဈေးတွင် ဖွင့်လှစ်ထားသော သမ၀ါယမ ဘဏ် (CB ဘဏ်) (ဓာတ်ပုံ – CB ဘဏ် ၀က်ဘ်ဆိုက်)
“ဘယ်အချိန်က ရောင်းလိုက်တယ် ဆိုတာလည်း မသိဘူး။ ရပ်ကွက်ထဲက ဘယ်တာဝန်ရှိသူမှလည်း ကြေညာတာမျိုး မရှိဘူး။ ၀ယ်လာတဲ့သူတွေ ၀ယ်ပြီးတော့မှ ကြားရတာ။ ကိုယ်လိုချင်လို့ ဘယ်မှာ သွားဝယ်ရမယ်မှန်းလဲ အခုထိ မသိသေးဘူး”ဟု သင်္ဃန်း ကျွန်းမြို့နယ် ဦးစံဖေ ရပ်ကွက် ဒေသခံ မ၀ါဝါက ဧရာဝတီသို့ ပြောသည်။

ပြည်သူများကို အကြောင်းကြားရန် အဆင့်ဆင့် ညွှန်ကြားခဲ့သော်လည်း ငွေပေးသွင်းမှုများနှင့် ပတ်သက်ပြီး တာဝန်ယူရ မည် ဆိုသည့် အချက်များဖြင့် အကြောင်းကြားခြင်းဖြစ်ကြောင်း၊ တချို့ရပ်ကွက်များတွင် ထိုအချက်များကြောင့် ပြည်သူများကို အသိပေး အကြောင်းကြားခြင်းမျိုး မပြုလုပ်ခဲ့ကြကြောင်း ရန်ကုန်မြို့တွင်းရှိ သမ၀ါယမ ဦးစီးဌာန ရပ်ကွက်တာဝန်ခံ တချို့က ပြောသည်။

ထိုသို့ ရောင်းချရာတွင် ခွဲတမ်းဖြင့် ရောင်းချခြင်းမျိုးဖြစ်ကြောင်း၊ မြို့နယ်မှ ညွှန်ကြားရာတွင်လည်း ရပ်ကွက်တာဝန်ခံများက အာမခံ ပေးနိုင်သူများကိုသာ လျှောက်လွှာတင်ခိုင်းသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှ ဆယ်အိမ်မှူးများကို တာဝန်ခံခိုင်းကာ ဒေသခံပြည်သူများကို အသိပေးရန် ပြောခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက်မှ ရပ်ကွက် သမ၀ါယမ တာဝန်ခံ ဦးစိန်မောင်ဌေး က ဧရာဝတီ သို့ ရှင်းပြသည်။

“ဆယ်အိမ်မှူးတွေကိုလည်း ကျနော် ပြောခဲ့ပါတယ်။ ဒါပေမယ့် မြို့နယ်ရုံးက လျှောက်လွှာတင်တဲ့သူတွေကို ခေါ်တော့ ၂၁ ဦးပဲ လာ တယ်။ ဒါ့ကြောင့် ကျနော်တို့ ရပ်ကွက်က ၂၁ လုံးရတယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာ ၃၆ ရပ်ကွက်ရှိပေမယ့် ကျန်တဲ့ ၇ လုံးကိုပဲ တခြား ရပ်ကွက်တွေကို ခွဲပေးတယ်။ မရတဲ့ ရပ်ကွက်တွေ တပုံကြီးပဲ”ဟု ဦးစိန်မောင်ဌေးက ဆိုသည်။

သို့ရာတွင် ရပ်ကွက် ဆယ်အိမ်မှူးများအနေဖြင့်လည်း တာဝန်ခံရမည်ဆိုသည့် အချက်ကြောင့် တကယ်လို့များ သွင်းရမည့်ငွေကို ဆက်မသွင်းလျှင် ပြဿနာဖြစ်ပေါ်လာမည့်အရေးအတွက် စိုးရိမ်မှုများ ရှိနေကြောင်း၊ လိုချင်သူများအားလုံးကို လောက်ငစွာပေးနိုင် လျှင် ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်း၊ မပေးနိုင်လျှင်လည်း ၁၅၀၀ ကျပ်တန် မိုဘိုင်းဖုန်း ရောင်းချသကဲ့သို့ ပွင့်လင်းမြင်သာစွာ ကြေ ညာပြီးမှ ပေးလျှင် အငြင်းပွားဖွယ်ရာများ ဖြစ်လာမည်အဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

သမ၀ါယမ ၀န်ကြီးဌာနမှ အရစ်ကျရောင်းချပေးခဲ့သော အပ်ချုပ်စက်တွင် တရုတ်နိုင်ငံလုပ်ဆိုလျှင် ကျပ် ၇ သောင်း၊ အိန္ဒိယ နိုင်ငံ လုပ်ဆိုလျှင် ကျပ် ၈ သောင်း ၅ ထောင်ကို ၁၂ လ အရစ်ကျစနစ်ဖြင့် ရောင်းချခဲ့ကြောင်း၊ လယ်ယာသုံးစက်ကိရိယာ ၂၀၉ မျိုးကို ပထမအရစ် ၂၀ ရာခိုင်နှုန်းပေးသွင်းပြီး ကျန်ငွေများကို ၃၆ လ အရစ်ကျပေးသွင်းမှုစနစ်ဖြင့် ရောင်းချခဲ့ကြောင်း၊ ProBox Taxi များကို ကျပ် ၁၀၅ သိန်း သတ်မှတ်၍ ပထမအရစ် ၂၀ ရာခိုင်နှုန်းပေးသွင်းပြီး ကျန်ငွေများကို ၅ နှစ်၊ ၃ နှစ် စသဖြင့် အရစ်ကျပေးသွင်း စနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

“သမ၀ါယမရဲ့ ငွေချေးတာတွေကိုတော့ ကျနော်ကြိုဆိုတယ်။ ဒါပေမယ့် အခုဆိုရင် ဆိုက္ကားဆိုရင်လည်း တပ်ဆင်ထားတဲ့ ပစ္စည်း တွေနဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်တာကို ကြားရတယ်။ အပ်ချုပ်စက်လည်း တကယ်ဝယ်သုံးနိုင်တဲ့လူတွေရဲ့ လက်ထဲပဲရောက် တယ်။ မော်တော်ကားတွေမှာလည်း ကြားရတာပဲ”ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြော သည်။

သမ၀ါယမစနစ်သည် လက်ရှိ ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးနေချိန်တွင် အလုပ်မဖြစ်တော့သည့် စနစ်တခုဖြစ်သောကြောင့် ဖျက်သိမ်းသင့်နေပြီ ဖြစ်ကြောင်း၊ ၁၉၆၂ ခုနှစ်နောက်ပိုင်း အချိန်ကတည်းက ဖွဲ့စည်းခဲ့သော ထို သမ၀ါယမ စနစ်တွင် ရိုးသားမှု၊ ပွင့် လင်းမြင်သာမှု မရှိခဲ့ကြောင်း၊ ယခုကဲ့သို့ အရစ်ကျစနစ်ဖြင့် ရောင်းချပေးသည် ဆိုသည်မှာလည်း ၀န်ကြီးဌာန ရှင်သန် ရပ်တည်ရေး အတွက်သာ ပြုလုပ်ခြင်းမျိုးဟု ထင်မြင်မိကြောင်း လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်ကလည်း ဧရာဝတီ သို့ ပြောသည်။

“အဓိက ပြောချင်တာက အပေါ်က မူဝါဒချမှတ်တာတွေကိုပဲ။ အောက်ခြေ ၀န်ထမ်းဆိုတာက ခိုင်းရင် ခိုင်းတဲ့အတိုင်းလုပ်မှာပဲ။ အပေါ်က ဒါကိုသိရမှာ။ မဖြစ်နိုင်တဲ့လမ်းတွေကို ဖန်တီးနေတာ။ အဲဒါကြောင့်လဲ အခုလို မမှန်မကန်လုပ်ရပ်တွေ ဖြစ်ပေါ်လာတာ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဇွန်လ ၂ ရက်နေ့က ကျင်းပသော သမ၀ါယမ ၀န်ကြီးဌာန၏ ပွဲသို့ တက်ရောက်လာသူများ အကျိုးရှိရန် အရစ်ကျစနစ်ဖြင့် ရောင်းချပေးသည့် သဘောမျိုးဖြစ်ကြောင်း၊ ထိုပွဲသို့ တက်ရောက်ရန် လူတဦးလျှင် ၁၅၀၀ ကျပ်ပေးပြီးခေါ်ယူသည်ဟုပင် ကြားရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

သိုရာတွင် ပြည်သူလူထုအနေဖြင့် သမ၀ါယမ အသင်းသားဟုဆိုရာတွင် ယခင်အချိန်များက ရှိနေပြီးသော သမ၀ါယမ အသင်းသား များ(ကင်းကွာအသင်းသား) နှင့် ယခုနောက်ပိုင်း အစုရှယ်ယာအပြည့် ၀င်ထားသော အသင်းသားကို ကွဲပြားမှုမရှိသောကြောင့် ထင်ယောင်ထင်မှားဖြစ်နိုင်ကြောင်း သမ၀ါယမ ၀န်ကြီးဌာန၏ သတင်းနှင့်ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမြင့်အောင် က ဧရာဝတီသို့ ရှင်းပြသည်။

ယခု အရစ်ကျစနစ်သည် ပထမဆုံး ပြန်လည်ပြုလုပ်သော အသင်းသားများအတွက် ရောင်းချပေးမှုဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ယခုထက် ပိုမိုလုပ်ကိုင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

အရစ်ကျစနစ်ဖြင့်ရောင်းချရာတွင် အသင်းသားဖြစ်ရမည်ဖြစ်ကြောင်း၊ အသင်းရှယ်ယာအစုကိုလည်း အပြည့်ဝင်ထားသူ ဖြစ်ရန် လိုအပ်ကြောင်း၊ ထိုအချက်များကို ရပ်ကွက်တာဝန်ခံများအနေဖြင့် စိစစ်ရသောကြောင့် ယခုလို အမြင်လွဲမှားမှုများ ဖြစ်ရကြောင်း ၎င်းက ဆိုသည်။

“သမ၀ါယမ ၀န်ကြီးဌာနရဲ့ အသင်းငယ်တွေက သတ်မှတ်ထားတဲ့ ရှယ်ယာကို အပြည့်ထည့်ထားမှ ရမှာ။ ဥပမာ အသင်းတခုက ရှယ်ယာ ကျပ် ၁ သောင်း သတ်မှတ်ထားရင် ၅ ထောင်ပဲ ထည့်ရသေးတဲ့သူတွေ မရဘူး။ ဟိုတုန်းက အသင်းသားတွေ ဆိုတာ ရှယ် ယာပြည့်မပြည့် မသိနိုင်ဘူးလေ”ဟု ၎င်းက ပြောဆိုသည်။

သမ၀ါယမ ၀န်ကြီးဌာန၏ လက်အောက်တွင် အသင်းခွဲများစွာရှိပြီး အသင်း၏ထုတ်ကုန်ပေါ်မူတည်၍ အသင်းရှယ်ယာစု ငွေကြေးနှုန်းထား ကွဲပြားကြောင်း ဗိုလ်မှူးမြင့်အောင် က ဆိုသည်။

ထိုသို့ အသင်းရှယ်ယာ ကိစ္စများနှင့် ပတ်သက်ပြီး ပြည်သူလူထုအတွင်း သိရှိနားလည်နိုင်မှု မရှိသေးကြောင်း၊ သမ၀ါယမ အသင်း၏ ဖွဲ့စည်းပုံနှင့် အကြောင်းအရာများကို ရှင်းပြမည့်တာဝန်ခံများလည်း မရှိကြောင်း ရန်ကုန်မြို့ခံများက ဝေဖန် ထောက်ပြကြသည်။
စနေလင်း
ဧရာဝတီ

နွမ်းပါးသူနှင့် အရေးပေါ်လူနာ အစိုးရက အခမဲ့ ကုသနေပြီ

ပုံပါ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံသည် လူနာများကို လူမျိုး၊ ဘာသာ၊ အဆင့်အတန်း မရွေး အခမဲ့ ကုသပေးနေသော ဆေးရုံဖြစ်သည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
June 7, 2013
ရံပုံငွေနည်းပါးသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြုပြင်ပြောင်းလဲမှုများစတင်လိုက်သည့် နောက် တွင် မြန်မာနိုင်ငံ မှ ပြည်သူ့ဆေးရုံကြီးများတွင် ဆင်းရဲနွမ်းပါးသော လူနာများအ တွက် ဆေးဝါးများအခမဲ့ ပေးနေပြီဖြစ်သည်။ ယခင်က ကျင့်သုံးခဲ့သော ကုသမှုခံယူရာတွင် အသုံးပြုသည့် ဆေးနှင့် ဆေးပစ္စည်း များအတွက် လူနာဖက်မှ ကျခံရသည့် စနစ်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

ဆေးနှင့် ဆေးပစ္စည်းများ ၀ယ်ယူနိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာန၏ အထူး အရန်ငွေထဲမှ အသုံးစရိတ်ချထားပေးခဲ့သည့်အတွက် ယခုနှစ်ဆန်းပိုင်းမှစ၍ အစိုးရပိုင် ပြည်သူ့ဆေးရုံများတွင် ယခုကဲ့သို့ ပေးလာနိုင်ခြင်းဖြစ်ကြောင်း ကျန်းမာရေးအရာရှိတဦးက ဧရာဝတီသို့ပြောသည်။ လွန်ခဲ့သော နှစ်များစွာ အတွင်းတွင် ကုသမှု စရိတ်ကြီးမြင့်ခြင်းသည် မြန်မာနိုင်ငံမှ လူအများစုအတွက် ဆေးရုံတက်ရောက်မှု ခံယူနိုင်ရန် အတားအဆီး တခုလို ဖြစ်နေခဲ့သည်။

“တိုင်းပြည်မှာ နိုင်ငံရေးနဲ့ စီးပွားရေးသာမကပါဘူး ကျန်းမာရေးကဏ္ဍမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်” ဟု ရန်ကုန်မြို့ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ ဒေါက်တာဇော်ထွန်းက ပြောသည်။ ယခုကဲ့သို့ ဆေးဝါးများဝယ်ယူရန် ဘတ်ဂျက်ရှိလာခြင်းသည် ကျန်းမာရေးဝန်ကြီးဌာနအတွက် ဘတ်ဂျက်တိုးမြင့်ရရှိလာသောကြောင့်ဟုလည်း သူက ထပ်ပြောသည်။

“အရင်ကဆိုရင် အစိုးရက ဆေးနဲ့ ဆေးပစ္စည်းတွေကို ကိုယ်တိုင်ဝယ်တယ်၊ ပြီးတော့မှ ဆေးရုံတွေကို ခွဲဝေပေးတယ်။ ဆေးရုံတွေမှာ ဆေးဝယ်ဖို့ ကိုယ်ပိုင်ဘတ်ဂျက်မရှိဘူး။ ဒါကြောင့် လူနာတွေ ကိုယ့်ဆေးကိုယ်ဝယ် သုံးရတယ်။ အခုတော့ ကျနော်တို့ ဆေးနဲ့ ဆေးပစ္စည်းတွေကို ၀ယ်နိုင်ပါပြီ။ မတတ်နိုင်တဲ့ လူနာတွေကိုလည်း လွတ်လွတ်လပ်လပ် ပေးနိုင်ပါပြီ။ အဓိကအနေ နဲ့တော့ ဆင်းရဲနွမ်းပါးသူတွေနဲ့ အရေးပေါ်လူနာတွေ အတွက်ပါ” ဟု သူကပြောပြသည်။

ချထားပေးသည့် ဘတ်ဂျက်သည် ဆေးရုံ၏ အရွယ်အစားပေါ်တွင် မူတည်၍ ကွဲလွဲမှုရှိသည်ဟု ဒေါက်တာဇော်ထွန်းက ဆိုသည်။ ကုတင် ၃၀၀ ရှိသော စံပြဆေးရုံသည် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွက် ကျပ်ငွေ သန်း၁၂၀ ရရှိခဲ့သည်။ ၂၀၁၃ ဖေဖော်ဝါရီ လမှစတင်၍ ဆင်းရဲနွမ်းပါးသော လူနာများအတွက် ဆေးနှင့် ဆေးပစ္စည်းများ အခမဲ့ ဝေငှ ပေးနိုင်ခဲ့ ပြီး နောက်ပိုင်းတွင် ပို၍ပေးနိုင်လာခဲ့သည်ဟု သိရသည်။

ဒေါက်တာဇော်ထွန်းက “ဧပြီလအထိ ကျနော်တို့ လူနာအားလုံး နီးပါးကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်” ဟုပြောသော်လည်း အသေးစိတ် အချက်အလက်များကို ရုတ်တရက် မပြောနိုင်သေးပါ။ ပြီးတော့မှ “ကျနော်တို့ရဲ့ လူနာ ငါးဆယ်ရာခိုင်နှုန်း လောက်ကို ထောက်ပံ့နိုင်ခဲ့ပါတယ်” ဟု ဆက်ပြောသည်။

ယခုဆိုလျှင် ဆေးကုသမှုခံယူရန် လူနာများ ပိုမိုရောက်ရှိလာကြသည်ဟုလည်း သူကဆိုသည်။ ဆေးရုံ ကုတင်ပြည့်မှုနှုန်း ကလည်း ၁၂၈ ရာခိုင်နှုန်းမှ ၁၄၃ ရာခိုင်နှုန်း အထိတိုးတက်သွားသည်ဟု သိရသည်။

သို့သော်လည်း ပြည်သူအများစုသည် အစိုးရ၏ ကျန်းမာရေးထောက်ပံ့မှု အစီအစဉ်ကို သတိမပြုမိကြသေးကြောင်း ရန်ကုန်မြို့လယ်ရှိ ကုသိုလ်ဖြစ်ဆေးရုံ တခု၏ အဆိုအရသိရသည်။

“လူနာတွေက ဒီအကြောင်း မသိကြဘူး၊ အင်းစိန်ပြည်သူ့ဆေးရုံမှာ အခမဲ့ကုသပေးတဲ့ အစီအစဉ်တွေစနေပြီ။ ဒါပေမယ့် အင်းစိန်က လူနာတွေက ကျမတို့ဆီကိုလာနေကြတုန်းပဲ။သူတို့ မသိဘူးလေ။ ကျမတို့က ပြောပြေပေးဖို့လိုတယ်” ဟု မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံမှ တာဝန်ရှိသူ မစန္ဒီကပြောပြသည်။ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံသည် လူနာများကို လူမျိုး၊ ဘာသာ၊ အဆင့်အတန်း မရွေး အခမဲ့ ကုသပေးနေသော ဆေးရုံဖြစ်သည်။

အသက် ၂၃ နှစ်ရှိပြီဖြစ်သော မစန္ဒီသည် ပြီးခဲ့သော အောက်တိုဘာလက အလုပ်သင်အဖြစ် မြောက်ဥက္ကလာပ အစိုးရဆေးရုံတွင် ဆေးဝါးအခမဲ့ပေးအပ်ခြင်း အစီအစဉ်များကို လေ့လာခဲ့သူဖြစ်သည်။ ငွေကြေးထောက်ပံ့ မှုများကို ဇန်န၀ါရီလတွင် စတင်ခဲ့သည်ဟု သူကဆိုသည်။

မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ၏ ခွဲစိတ်ကုသဆောင်တွင် ရောက်နေသော အသက် ၄၁ နှစ်အရွယ် ဟာရွန်ဘီက အကုန်အကျ များလွန်းသည့်အတွက် သူ့ အနေဖြင့် တခါမျှ ဆေးရုံမသွားခဲ့ဖူးပါဟု ဆိုသည်။ ယခုအခါတွင် အူကျသည့် ရောဂါကို ခွဲစိတ်ကုသမှုခံယူရန် ဆေးရုံသို့ သူရောက်နေသည်။ ယခင်က နေမကောင်းဖြစ်ပါက အိမ်သုံးဆေးတွေ လောက်ပဲ ၀ယ်သောက်ပြီး ကိုယ့်ဖာသာကိုယ် ကုသသည်ဟုလည်း သိရသည်။ “ကျနော်မှ မတတ်နိုင်တာ” ဟု အလုပ်ကြမ်း သမားတယောက်ဖြစ်သည့် ဟာရွန်ဘီကပြောသည်။ သူ့ဝင်ငွေက တရက်ကို ၅၀၀၀ ကျပ်ရှိပြီး မြန်မာနိုင်ငံ၏ ပျမ်းမျှ တနေ့ ၀င်ငွေထက်များသည်။

ထိုကုသိုလ်ဖြစ်ဆေးရုံကို ရောက်ရှိနေကြသော အခြားလူနာများကလည်း အစိုးရဆေးရုံများသို့ မရောက်ဖူးကြောင်း ပြောကြသည်။ ရောဂါ ဖြစ်လျှင် ဆေးဆိုင်တွေမှာ ဆေးဝယ်သောက်၍ ဖြစ်စေ ရပ်ကွက်ထဲက ဆေးခန်းမှာပဲဖြစ်စေ သူတို့ ကုသကြသည်။

မွတ်စလင် ဆေးရုံ၏ ခွဲစိတ်မှုဌာန အကြီးအကဲ ဒေါက်တာတင်မျိုးဝင်းကလည်း သူတို့၏ ကုသိုလ်ဖြစ်ဆေးရုံသို့ အစိုးရဆေးရုံသို့သွားရန် ငွေကြေးမတတ်နိုင်သည့် လူနာတွေ အစုလိုက်အပြုံလိုက် ရောက်လာနေကြဆဲဖြစ်သည်ဟု ပြောသည်။ သူက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန်လည်းဖြစ်သည်။ ခွဲစိတ် ဆောင်တွင် လူနာများလွန်းသည့် အတွက် တနေ့လျှင်ခွဲစိတ်မှု ၁၀ ကြိမ်မှ ၁၅ ကြိမ်အထိပြုလုပ်ပေးနေရသည် ဟုလည်း သိရသည်။

“သဘောတရား အရဆိုရင် ခွဲစိတ်ဆရာဝန် တယောက်ဟာ တနေ့ကို အကြီးစားခွဲစိတ်မှု ၅ ကြိမ်လောက်ပဲ လုပ်သင့်တယ်” ဟု သူက ဧရာဝတီသို့ ယခင်လအတွင်းကပြောပြခဲ့သည်။

ကုသိုလ်ဖြစ်ဆေးရုံသည် အရေးကြီးပြီး ရှုပ်ထွေးသော နှလုံး၊ ဦးဏှောက် နှင့် ကျောက်ကပ် စသောခွဲစိတ်မှုများ ဆိုလျှင်တော့ အခြားဆေးရုံကြီးများသို့ လွှဲပြောင်းပေးနေရသည်။ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ၏ ခွဲစိတ်ကုသဆောင်တွင် ကုတင် ၂၅ လုံး ရှိသည်။ ထိုဆေးရုံ၏ တဦးတည်းသော ခွဲစိတ်ကုဆရာဝန်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းက အခမဲ့ကုသရေး အစီ အစဉ်များကို တစိတ်တပိုင်း စတင်နေပြီဖြစ်သည့် အစိုးရပိုင် ရန်ကုန် ဗဟိုအမျိုးသမီး ဆေးရုံကြီးသို့ လူနာများ လွှဲပြောင်းပေးနိုင်ရန် ကြိုးစားနေသည်ဟု ဆိုသည်။ သို့သော် အခြားဆေးရုံများတွင်လည်း အခမဲ့ ကုသရေး အစီအစဉ် များ စတင်နေပြီ ဆိုသည်ကို သူ သတိမထားမိပါဟု ပြောသည်။

“လူနာတွေက တခြားဆေးရုံတွေကို သွားဖို့ မတတ်နိုင်ကြဘူး၊ ရန်ကုန်ဆေးရုံကြီးမှာဆို ဒီလိုမဟုတ်ဘူး၊ ကုန်ကျစရိတ် အားလုံးကို လူနာက ကျခံရတယ်။ ကိုယ့်ဆေးကိုယ် ၀ယ်ရမယ်။ ခွဲစိတ်မှုလုပ်မယ်ဆိုရင် ဂွမ်းတွေ ပတ်တီးတွေက အစ ကိုယ့်ဖာသာဝယ်ရမယ်” ဟု ဒေါက်တာတင်မျိုးဝင်းကပြောပြသည်။

စံပြဆေးရုံ အတွင်းနှင့် အပြင်ဖက်တွင် အခမဲ့ကုသမှု အစီအစဉ်နှင့် ပတ်သက်၍ ကြေညာထားခြင်း မရှိကြောင်း ဒေါက်တာ ဇော်ထွန်းက ပြောသည်။ မဂ္ဂဇင်း၊ သတင်းစာနှင့် ဂျာနယ်များတွင် အခမဲ့ကျန်းမာရေးဝန်ဆောင်မှုများ အကြောင်း ရေးသား ဖော်ပြခဲ့ကြပြီးဖြစ်ကာ လူနာတွေလည်း ပိုမိုရောက်လာသည့်အတွက် ကြေညာရန် မလိုအပ်တော့ဟု သူကဆိုသည်။

နောက်တပတ်ထဲတွင် နေပြည်တော်သို့ သွား၍ ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာဖေသက်ခင်နှင့် တွေ့ဆုံကာ ဆေးရုံအတွက် ဆေးဝါးနှင့် အသုံးအဆောင်များဝယ်ယူရန် ဘတ်ဂျက်ကိစ္စ ဆွေးနွေးမည်ဟု ကျန်းမာရေး အရာရှိ တဦးက ပြောသည်။ နောက်လာမည့် ဘဏ္ဍာရေး နှစ်တွေ ဘတ်ဂျက်ပိုရရန်လည်း သူက မျှော်လင့်နေသည်။

“ဇွန်လ ၁၄ရက်နေ့မှာ တနိုင်ငံလုံးက ကျန်းမာရေးအရာရှိတွေ အကုန်လုံး နေပြည်တော်မှာ တွေ့ဆုံပြီးတော့ ဘတ်ဂျက် ကိစ္စဆွေးနွေးကြပါမယ်” ဟု သူကပြောပြသည်။

လူနာ အားလုံးအတွက် ဆေးဝါး အခမဲ့ ပေးနိုင်သည့် အခြေအနေသို့ ရောက်လာရန် ဖြစ်နိုင် မဖြစ်နိုင် မသေချာကြောင်း သူ ကဆိုသည်။ သို့သော်လည်း ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံတွင် ကျန်းမာရေး အာမခံစနစ်ကို ကျင့်သုံးနိုင် ရန် လေ့လာဆန်းစစ်မှုများ ပြုလုပ်နေသည်ဟု သူက ထပ်ပြောသည်။

“မြန်မာနိုင်ငံမှာ ခုထိ အဲဒီစနစ် မရှိသေးဘူးလေ၊ ၀န်ကြီးကတော့ လုပ်ဖို့ အစီအစဉ်ရှိတယ်၊ ကျန်းမာရေးအာမခံစနစ်ကို ဘယ်လိုတည်ထောင်မယ်ဆိုတာကို လေ့လာနေကြပြီလို့ ပြောပါတယ်” ဟု သူကဆိုသည်။

ပြည်သူ့ဆေးရုံများ အတွက် ဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရန် ဘတ်ဂျက်ချထားပေးခြင်းသည် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တွန်းအားများပိုမို များပြားလာခဲ့ခြင်းကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ်သည် ခွင့်ပြုသုံးစွဲငွေ နည်းပါးလွန်းသည့်အတွက် ဆယ်စု နှစ် များစွာကထဲက ပျက်စီးယိုယွင်းခဲ့ရသည်ဟု ကျွမ်းကျင်သူများက ပြောကြသည်။ ယခင် စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ် က ကျန်းမာရေးစောင့်ရှောက်မှုအတွက် သုံးစွဲငွေသည် လူတဦးချင်းစီအတွက် အမေရိကန် တဒေါ်လာထက် နည်းသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ မှတ်တမ်းအချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးအသုံးစရိတ်တွင် ပြည်သူများ၏ ကိုယ်ပိုင်ငွေမှ ကျခံရခြင်းက အဓိကဖြစ်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၀၈-၀၉ ခုနှစ် အမျိုးသားအဆင့် စာရင်းများအရ သိရသည်။ အဆိုပါ စာရင်း အချက်အလက် များအရဆိုလျှင် ပြည်သူများ၏ ကျန်းမာရေး ကုန်ကျစရိတ်၏ ၁၀ ရာခိုင်နှုန်း ကိုသာ ကျန်းမာရေးဝန်ကြီးဌာနက ကျခံပေးခဲ့ ပြီး ပြည်သူလူထု၏ ကိုယ်ပိုင်ငွေက ၈၂ မှ ၈၅ ရာခိုင်နှုန်း ပါဝင်နေခဲ့သည်။ ကျန်ရာနှုန်း အနည်းငယ်ကို အခြားဝန်ကြီးဌာန များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ထောက်ပံ့ပေးခဲ့ရသည်။

ကျန်းမာရေးဝန်ကြီးဌာနက ၂၀၃၀ ခုနှစ်တွင် အားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်ရည်ရွယ်ချက်ထားပြီး မြန်မာ့ကျန်းမာရေးဆိုင်ရာမျှော်မှန်းချက် (Myanmar Health Vision 2030) အမည်တွင်သည့် နှစ် ၃၀ စီမံကိန်းချမှတ်၍ ဆောင်ရွက်နေပါသည်ဟု ဆိုသည်။

သို့သော်လည်း ရလဒ် ကောင်းများ ရဖို့လိုပါသည်ဟု ယမန်နှစ်က မြန်မာနိုင်ငံမှ ဆေးရုံများကို လာရောက်လေ့လာခဲ့သည့် ထိုင်းနိုင်ငံတွင်းရှိ မြန်မာရွှေ့ပြောင်း ဒုက္ခသည်စခန်းများတွင် ဆယ်နှစ်ကျော် လုပ်ကိုင်ခဲ့သူ ပြည်သူ့ကျန်းမာရေးသုတေသီ Dr. Vit Suwanvanichikij ကဆိုသည်။ မြန်မာနိုင်ငံ၏ လက်ရှိကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို သူက “ကမ္ဘာပေါ်တွင် ပုဂ္ဂလိက အဆန်ဆုံး ကျန်းမာရေးစနစ်” ဟု သရုပ်ဖော်ဖွင့်ဆိုခဲ့၏။

ယခုအခါတွင် အစိုးရက ကျန်းမာရေးအသုံးစရိတ်ကို တိုးမြှင့်လိုက်သည် ဆိုသော်လည်း စုစုပေါင်း အသုံးစရိတ်၏ ၃ ရာခိုင်နှုန်းသာ ရှိသေးသည်။ ဒေါက်တာ တင်မျိုးဝင်းနှင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများကတော့ ထိုမျှသောပမာဏ သည် “လုံးဝ မလုံလောက်ပါ” ဟု မှတ်ချက်ပေးကြပါသည်။
ဆမန်သာ မစ်ရှယ်
ဧရာဝတီ

မွတ်စလင် ဒုက္ခသည်တွေ နေရာပြောင်းရွှေ့ ဖို့ ငြင်းဆန်

စစ်တွေမြို့က မွတ်စလင် ဒုက္ခသည်စခန်းပုံ
photo: RFA/ Min Thein Aung
2013-06-07  
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်နောက်ပိုင်း စစ်တွေမြို့ အနောက်ဘက် ဒုက္ခသည်စခန်းတွေ မှာ ရွှေ့ပြောင်းနေထိုင်ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေ ကို ပေါက်တောမြို့နယ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ စီစဉ်ရာမှာ မပြောင်းလိုကြပဲ ငြင်းဆန်နေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အတည်ပြုပြောကြား ပါတယ်။

စစ်တွေမြို့နားမှာ ဒုက္ခသည်စခန်းပေါင်း ၈ ခုဝန်းကျင်ရှိပြီး သဲချောင်းကျေးရွာအနီး ပေါက်တော ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို ပေါက်တောမြို့ မှာ ပြန်လည်နေရာချထားပေဖို့ စီစဉ်နေတာလို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အခုလို ပြောပါတယ်။

"ပို့မယ်ဆိုတဲ့အခါမှာ လူထုရဲ့သဘောထားကို ယူရတယ်၊ ခုနကပြောသလို  ပေါက်တောကလူတွေ က ပေါက်တောကို ပြန်ပါမယ်လို့ ပြောပြီးတော့ ကျနော်တို့က  သူတို့အတွက် နေရာချ၊ ချပြီးတော့ရှိရင် တဲဆောက်မယ့်နေရာတွေ  လုပ်ပြီးတဲ့အခါကျတော့ ရွေ့မယ်လို့သွားပြောတဲ့အခါကျတော့ မရွေ့တော့ဘူး၊  ကျနော်တို့ကတော့ နဂိုအစီအမံကတော့ အဲဒီလိုပါ၊ သူ့မြို့နယ်ကလူ  သူ့မြို့နယ်ပြန်သွားပေါ့၊ ကျနော်တို့က လည်း ပို့မယ့်အစီအစဉ်တော့ရှိတယ်၊  အခုထိတော့ အဲလိုဖြစ်နေတယ်"

စစ်တွေမြို့နားက ဒုက္ခသည်တွေကို မူရင်းမြို့နယ်မှာ ပြန်လည်နေရာချထားပေးဖို့အတွက် ဒုက္ခသည်တွေနဲ့ ကြိုတင်ဆွေးနွေး သဘောတူညီခဲ့တယ်လို့ဆိုပါတယ်။ ပေါက်တောမြို့နယ်ဘက်က ပြောင်းရွှေ့လာတဲ့ ဒုက္ခသည်တွေဟာ စစ်တွေမြို့နားက စခန်းတွေမှာ ယာယီခိုလှုံနေကြတာဖြစ်ပြီး အခုလမကုန်မီ ဒုက္ခသည်တွေ အားလုံး အမိုးအကာအောက် ရောက်ရှိရေးအတွက် ပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက်နေတာလို့ သိရပါတယ်။
RFA Burmese

ကမ္ဘာမှာ ဝင်ဆံ့ ခဲ့တဲ့ စီးပွားရေး ဖိုရမ် ပြီးဆုံး

စီးပွားရေး ညီလာခံ နောက်ဆုံးနေ့မှာ သမ္မတ ဦးသိန်းစိန် ဆွေးနွေးခဲ့
7 ဇွန်လ 2013
မြန်မာ နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ စီးပွားရေး ညီလာခံကြီး ဟာ မြန်မာ နိုင်ငံ အတွက် အကျိုးရှိတဲ့ ဆွေးနွေးပွဲကြီး အဖြစ် သမ္မတ ဦးသိန်းစိန်က ညီလာခံ နောက်ဆုံးနေ့ ဆွေးနွေးပွဲ တစ်ခုမှာ ပြောခဲ့ ပါတယ်။

နှစ်ပေါင်း ၂၀ ကျော် ကြာအောင် အထီးကျန် နေခဲ့တဲ့ မြန်မာ နိုင်ငံဟာ အခုမှ ကမ္ဘာ့ မိသားစု ဝင် နိုင်ငံ တစ်နိုင်ငံ ပြန်ဖြစ်လာပြီ ဖြစ်လို့ ဝမ်းသာစရာကောင်းတယ်လို့လည်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များဆင်းရဲသားတွေ ဘဝမြှင့်ဖို့ ဦးသိန်းစိန်ပြောကမ္ဘာ့စီးပွားရေး ဖိုရမ် ဓာတ်ပုံများ
မြန်မာ နိုင်ငံမှာ ကြုံရတဲ့ အခက် အခဲ တွေထဲမှာ လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုက အဓိက ဖြစ်ကြောင်းနဲ့ လောလောဆယ်မှာ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲ ထားနိုင်ပြီ ဖြစ်ကြောင်းလည်း သမ္မတက ပြောခဲ့ တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံမှာ အရင်းအနှီး၊ နည်းပညာနဲ့ လူ့စွမ်းအား ရင်းမြစ် ဖွံ့ဖြိုးဖို့ လိုအပ် နေတာတွေကို ဝန်ခံ ပြောဆိုခဲ့ပြီး ပြည်ပက ရင်းနှီး မြှုပ်နှံမှုတွေ ဝင်လာရင်တော့ ဒီလိုအပ်ချက်တွေ ရလာနိုင်တဲ့ အတွက် တိုင်းပြည် အနာဂတ်မှာ မျှော်လင့်ချက်တွေ ရှိလာနိုင် တယ်လို့ လည်း ဦးသိန်းစိန်က ပြောခဲ့ ပါတယ်။

စီးပွားရေး ညီလာခံ တက်ရောက် လာကြတဲ့ ပညာရှင်တွေ၊ နိုင်ငံ့ ခေါင်းဆောင် တွေက မြန်မာ နိုင်ငံ ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှု တွေနဲ့ အခက် အခဲတွေကို ထောက်ပြ ခဲ့ကြ ရာမှာ မြန်မာ နိုင်ငံအတွင်း ပြောင်းလဲမှု တွေရဲ့ အသီးအပွင့် တွေကို အခြခံ လူတန်းစား အားလုံး အထိ ခံစားခွင့် ရရှိအောင် လုပ်ဆောင်ဖို့ ဆိုတာလည်း ပါဝင်ပါတယ်။

သမ္မတ ဦးသိန်းစိန် ကတော့ အများ ပြည်သူ အကျိုး အတွက် အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းပြီး စီမံကိန်းတွေ လုပ်ဆောင် နေကြောင်းနဲ့ တိုင်းပြည် ချမ်းသာရေးထက် ပြည်သူ အများ ဆင်းရဲတွင်းက ရုန်းထွက်နိုင်အောင် အဓိက ဆောင်ရွက်နေတယ်လို့ လည်း ထည့်သွင်း ပြောသွားခဲ့ ပါတယ်။

မြန်မာ နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ စီးပွားရေး ညီလာခံကြီးမှာ နိုင်ငံပေါင်း ၅၅ နိုင်ငံက ကိုယ်စားလှယ် တစ်ထောင်လောက် တက်ရောက် ခဲ့ပြီး ခရီးသွားလုပ်ငန်း ဆိုင်ရာ အပါအဝင် သဘောတူညီချက် တချို့ လက်မှတ် ရေးထိုး နိုင်ခဲ့ ပါတယ်။
BBC Burmese

Smart ဗီဇာ အတွက် အာဆီယံ ၄ နိုင်ငံ သဘောတူ

အာဆီယံ ၁ဝ နိုင်ငံအတွင်း ပြည်ဝင်ခွင့်ဗွီဇာ တခုတည်းနဲ့လည်ပတ်နိုင်မယ့် အစီအစဉ် စတင်မယ်
7 ဇွန်လ 2013
ခရီးသွား လုပ်ငန်း မြှင့်တင်ရေး အတွက် အလွယ်တကူ သွားလာ နိုင်မယ့် ဗီဇာမျိုး ထုတ်ပေး နိုင်ရေးတွက် မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် တို့ လက်မှတ် ရေးထိုး လိုက်ကြ ပါတယ်။

၎ နိုင်ငံ ခရီးသွား မြှင့်တင် ရေးမှာ သဘော တူညီချက် အခေါ် ကတော့ Smart Visa ဖြစ်ပြီ ဆိုတဲ့ ခရီးသွား လာရေး လွယ်ကူမှု ရှိအောင် လမ်းစ ရှာဖွေ လုပ်ကိုင် သွားဖို့ သဘောတူ ခဲ့တာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အသင်း ဥက္ကဌ ဦးအောင်မြတ်ကျော်က ပြောပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များအာရှ-ပေါအောက် ဖိုရမ် စတင်အမေရိကန်မှာ နိုင်ငံတကာ ကျောင်းသားတွေ အပေါ် ဗီဇာ စီစစ်တင်းကျပ်ဆိုက်ရောက်ဗီဇာ ဒီနေ့က စပြီး ထုတ်ပေးဆက်စပ်အကြောင်းအရာများအာဆီယံ
မြန်မာ၊ လော၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် နိုင်ငံတို့ ၄ နိုင်ငံ ကို ဗီဇာ တခုတည်းနဲ့ သွားနိုင်မယ့် အစီ အစဉ် ကိုလည်း အခုနှစ် အတွင်းမှာ စနိုင် မယ်လို့ မြန်မာ နိုင်ငံ ဟိုတယ်နဲ့ ခရီးသွား ဝန်ကြီး ဌာနက ပြောတဲ့ အကြောင်း ဦးအောင်မြတ်ကျော်က ပြောပါတယ်။

အစပိုင်း မှာတော့ အဲ့ဒီ ၄ နိုင်ငံက နိုင်ငံသား တွေကို အရင်ဆုံး ခွင့်ပြုမှာ ဖြစ်ပြီး နောက်ပိုင်း အခြေတည် လာပြီး ဆိုရင်တော့ ကမ္ဘာလှည့် ခရီးသည်တွေ ကိုပါ ခွင့်ပြု သွားမယ် လို့ဆိုပါတယ်။

၂ဝ၁၅ ခုနှစ် က စပြီး အာဆီယံ ၁ဝ နိုင်ငံ အတွင်း ပြည်ဝင်ခွင့် ဗွီဇာ တခုတည်းနဲ့ လည်ပတ် နိုင်မယ့် အစီ အစဉ်ကို စတင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အတွက် (ADB) အာရှ ဖွံ့ဖြိုးရေး ဘဏ် နဲ့ နော်ဝေ အစိုးရတို့ က အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ကူညီ သွားမှာ ဖြစ်ပြီး နောက် လာမယ့် ၇ နှစ် အတွင်း ကမ္ဘာလှည့် ခရီးသည် ၇ သန်းခွဲ လာရောက် လည်ပတ် နိုင်မယ်လို့ ခန့်မှန်းထား ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက မြန်မာ နိုင်ငံကို လာရောက် လည်ပတ်တဲ့ ခရီးသည် အားလုံးပေါင်း ၁ သန်းခွဲ ရှိပြီး ကျော်ရှိပြီး ရန်ကုန် လေဆိပ်က ဝင်လာသူက ၆ သိန်းကျော် ရှိပါတယ်။

အခုနှစ် မှာတော့ တစ်လချင်း အလိုက် တဝက်ကျော် ပိုများ လာတယ်။ ဒါကြောင့် အခုနှစ် ကုန်ပိုင်း အထိ ဆိုရင် ရန်ကုန်က ဝင်လာတဲ့ ခရီးသည် ၁ သန်းကျော် ရှိမယ် လို့ ခန့်မှန်း ပြောဆို နေကြ ပါတယ်။
BBC Burmese

ခြောက်နှစ်အရွယ်ယောကျာ်းလေး၏ ဝမ်းဗိုက်အတွင်းမှ သန္ဓေသားကို အောင်မြင်စွာခွဲထုတ်

ဝမ်းဗိုက်တွင် ဖြစ်ပေါ်ခဲ့သည့် သန္ဓေ သားကို ခွဲစိတ်အပြီးတွေ့ရစဉ်  ဓာတ်ပုံ - ရဲနောင် (ဖယ်ခုံ)

ကမ္ဘာတွင် ထူးခြားဖြစ်စဉ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံမှ အသက်ခြောက်နှစ် အရွယ်ယောကျာ်းလေးတစ်ဦး၏ ဝမ်းဗိုက်အတွင်းတွင်ရှိသော သန္ဓေ သားကို ရန်ကုန်တွင် အောင်မြင်စွာခွဲ စိတ်ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်သည် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း မြို့နယ် တောင်ကုန်းကျေးရွာတွင် နေထိုင်လျက် ရှိ သည့် မောင်--- ၏ဝမ်းဗိုက်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ် ပြီး အဆိုပါသန္ဓေသားကို မေ ၂၈ရက်က ခွဲစိတ်ထုတ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီးကလေးငယ်၏ မိခင်ဖြစ်သူက ''ဒီကလေးကို ကိုယ်ဝန်ဆောင် တုန်းက ဆရာဝန်က အမြွှာဖြစ် နိုင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ မွေးတော့ တစ်ယောက် တည်းပဲ။ ကလေးကိုမွေးတုန်းက မသိဘူး။ ဒီနှစ် မတ်လလောက်ကမှ ဘဲဥ လောက် အရွယ်အလုံးက ဗိုက်အပြင်ကို စူထွက်လာတယ်။ ကင်ဆာထင်ပြီး စိုးရိမ်ပြီး တော့ ရန်ကုန်တက် လာခဲ့ပါတယ်။ အပြင်ဆေးခန်းမှာ ပြတော့ ဓာတ်မှန်ရိုက်ပြီး စိုးရိမ် ရတယ်ဆိုလို့ ခွဲစိတ်ဖို့စီစဉ်ဆောင် ရွက်ခဲ့တာပါ။ ခွဲလိုက် တော့ မျက် လုံး၊ နှာခေါင်း နဲ့ ခြေလက်လေး တွေပါတဲ့ ကလေးလို့ ယူဆနိုင်တဲ့ ဟာကိုတွေ့တာပါပဲ''ဟု ပြောသည်။

ယင်းကဲ့သို့ခွဲစိတ်ရန်အတွက် ဆေးကုသမှုမှာ မေ၁၃ရက်မှစ၍ ၂၂ရက်ကြာရှိခဲ့ပြီး မေ၂၈ရက် တွင်ခွဲစိတ်ခဲ့ကာ ကလေးငယ်မှာ ဇွန်၅ရက်တွင် ဆေးရုံမှဆင်းခဲ့ ကြောင်းသိရသည်။ ကလေးကို ခွဲစိတ်ချိန်မှာ မွန်းလွဲ၁နာရီခွဲတွင် စတင်ခွဲစိတ်ခဲ့ပြီး ညနေ ၆နာရီတွင်ခွဲခန်းမှ ထွက်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ ကလေးငယ် အားခွဲစိတ်ခဲ့သူ ကလေးခွဲစိတ်အထူးကုဆရာဝန် ကြီးက ''ဒီကလေးကို ကျွန်မခွဲစိတ် ပေးခဲ့တယ်။ ကင်ဆာလိုမျိုးဆန်းတဲ့ အလုံးလဲမဟုတ်ပါဘူး။ ရိုးရိုး အလုံး တစ်ခုပါပဲ။ သန္ဓေသားမ ဟုတ်လို့ နင်0x081အကျှုည်ငအက လို့ပြော လို့မရပါဘူး။ ဒီလိုကလေးမျိုးပုံ မျိုးတွေက မကြာခဏလာတတ် ပါတယ်''ဟု ပြောသည်။ 

ကလေးငယ်၏ ဖခင်မှာ ဦးမိုးဇော်ဦးနှင့် မိခင်မှာ ဒေါ်အေး အေးသင်းဖြစ်ပြီး ကလေးမှာ မွေး ချင်းမောင်နှမသုံးဦးတွင် အငယ် ဆုံးဖြစ်ပြီး ယခုနှစ်တွင် အ. မ.က ကွင်းညား တောတွင် ပထမတန်း တက်ရောက်သင်ကြားမည်ဖြစ်ကြောင်းသိရသည်။ရန်ကင်းကလေးဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင် မြင့်လွင် က''သန္ဓေသား ဘဝမှာ နင်0x081အကျှုည်ငအက လို့ခေါ်တဲ့ နောက် သန္ဓေသားဖြစ်တယ်လို့ ယူဆလို့ ရ တယ် သန္ဓေသားလုံးဖြစ်နိုင်တယ်။ လူတော့မဖြစ်ဘူး။ လူရုပ်လုံး တော့ မပေါ်ဘူးပေါ့။ တခိျု့ ဆို ကလေးပုံ မပီဝိုးတဝါး ပေါ်တာမျိုး ရှိတယ်။ အဲဒီလိုမျိုးဖြစ်နိုင်တယ်'' ဟု ပြောသည်။

ယင်းဖြစ်စဉ်က မြန်မာ့ဆေး ပညာလောကတွင် ထူးခြားသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး လူငါးသိန်း တွင် တစ်ဦးနှုန်းဖြစ်နိုင်ခြေရှိ ကြောင်း သိရသည်။  နိုင်ငံတကာတွင်လည်း အ လားတူဖြစ်စဉ်များဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်မှာ ၂၀၀၃ခုနှစ်တွင် အသက်ခုနစ်နှစ်ရှိ ၄င်း၏ဝမ်းဗိုက် မှာကြီးထွားလာ၍ ကျောင်းဆရာ ဝန်က ဆေးရုံသို့ပို့ခဲ့သည်။ ခွဲစိတ် မှုပြုလုပ်ခဲ့ရာ အမြွှာပူးယောကျာ်း လေးနှစ်ဦးပါသော အရည်အိတ် ကို တွေ့ရသည်။ ၄င်းမှာ ဤ ကလေး၏ဝမ်းထဲ၌ ကပ်ပါးအဖြစ် တည်ရှိနေခဲ့သည်။ သန္ဓေမှာ အ တော်ကြီးထွား နေသည်။ ဆံပင် များ ပေါက်နေ၍ လက်ခြေများ စုံနေပြီး ခေါင်းနှင့် မျက်နှာများ ဖြစ်ပေါ်နေပြီဖြစ်သည်။ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ခုနှစ် အတွင်း အလား တူဖြစ်ရပ်မျိုး ရှစ်ခုဖြစ်ပွားခဲ့သည်။
နန်းသီတာဝင်း ၊ အောင်သူ
Yangon Media Group

စစ်တပ်ဆက်နွယ် ရင်းနှီးမြှုပ်နှံမှုအပေါ် ဒေါ်စုအမြင်

ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားနေစဉ်။
07.06.2013
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် အဓိက အကန့်အသတ်နှစ်ခုဟာ တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံ အဆောက်အအုံပိုင်းဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ ဒါ့အပြင် စစ်ဘက်နဲ့ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်း တွေမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ လုပ်ဆောင်သင့်တာကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် အဲဒီလိုပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ကဏ္ဍစုံ အပြောင်းအလဲတွေ လုပ်လာခဲ့ပြီးတဲ့နောက်ပိုင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို လမ်းဖွင့် ပေးထားပေမဲ့လည်း စီးပွားရေး လုပ်ငန်းတွေ ပေါပေါများများ မတွေ့ရသေးတာဟာ လက်တွေ့ ရင်းနှီးမြှုပ်နှံတာထက် လေ့လာစုံစမ်းတာက ပိုများနေသေးတာကြောင့်ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ လာလည်ကြ ပေမဲ့လည်း ရင်းနှီးမြှုပ်နှံမှုက လိုက်မလာတာကိုတွေ့ရမယ်လို့ ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံဖို့ သူတို့တွေ ဘာ့ကြောင့် တွန့်ဆုတ်ကြတာလဲ ဆိုတာအပေါ် သူတွေ့ရတဲ့ကိစ္စရပ်နှစ်ခုကို အခုလိုပြောခဲ့ပါတယ်။

"သူတို့ရဲ့စိုးရိမ်ချက်ကို အခု ကျမတွေ့ရတာက အခြေခံအားဖြင့် တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံအဆောက်အအုံပိုင်းပါ ပဲ။ ဒီနှစ်ခုဟာ တကယ့်ရင်းနှီးမြှု့ပ်နှံမှုတွေအတွက် အတားအဆီးတွေပါပဲ။ ဟုတ်ပါတယ်၊ သူတို့က ဒီကိုလာပြီး အခုအချိန်ဟာ ရင်းနှီးမြှုပ်နှံဖို့အတွက် အကောင်းဆုံးအချိန် ဟုတ်ရဲ့လားဆိုတာ ကြည့်ပါတယ်။ ဒီနိုင်ငံမှာ ကြီးမားတဲ့ဖြစ်နိုင်ခြေတွေ ရှိနေတယ်၊ ကြီးမားတဲ့အလားအလာတွေ ရှိနေတယ်ဆိုတာ သူတို့ သေချာပေါက်တွေ့ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အလုံးအရင်းနဲ့ ၀င်မလာသေးပါဘူး။ သူတို့ဟာ တရားဥပဒေစိုးမိုးရေး အခြေအနေပေါ်မှာလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ ပြီးတော့ အခြေခံ အဆောက်အအုံ အားနည်းတာကလည်း အရမ်းကို ကြီးမားနေပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို စစ်ဘက်နဲ့ စစ်ဗိုလ်ချုပ်တွေနဲ့နီးစပ်တဲ့ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက နှစ်ပေါင်းများစွာ ချုပ်ကိုင်လာခဲ့တာပါ။ ရင်းနှီးမြှုပ်နှံဖို့လိုအပ်တဲ့ ငွေအရင်းအနှီး အလုံးအရင်းဟာ သူတို့တွေ့လက်ထဲမှာပဲ ရှိနေတာကြောင့်လည်း ဒီကနေ့အချိန်လို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို လမ်းဖွင့်ပေးလိုက်ချိန်မှာ စစ်ဘက်နဲ့ ခရိုနီတွေပဲ လက်ဝါးကြီးအုပ်သွားမလားလို့ စိုးရိမ်တာတွေကရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ကုန်ထုတ်လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ သတင်းမီဒီယာမှာပဲဖြစ်ဖြစ် ဘယ်လိုရင်းနှီးမြှုပ်နှံတယ်ဆိုတာကို ကြည့်ရမှာဖြစ်တယ်လို့ပြောပြီး စစ်ဘက်နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်ကို အခုလိုရှင်းပြပါတယ်။

"စစ်ဘက်နဲ့ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံတဲ့တချိန်တည်းမှာ ဒီမိုကရေစီနည်းကျ အဖွဲ့အစည်းကောင်းဖြစ်လာစေမယ့် အကျိုးအတွက် စစ်တပ်ကို မျက်စိဖွင့်ပေးရပါမယ်။ ဒါဟာ သင်ယူခြင်း-သင်ပြခြင်း လုပ်ငန်းစဉ်ဖြစ်သင့်ပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

၂၀၁၃ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဇွန်လ ၇ ရက် သောကြာနေ့က မြန်မာနိုင်ငံသားတွေ အလုပ်အကိုင် ရရှိရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပင်တိုင်ဆွေးနွေးသူတစ်ဦးအဖြစ် ပါဝင်ပြီး ရင်းနှီးမြှုပ်နှံ မှုကိစ္စ၊ အလုပ်အကိုင် အခွင့်အလန်း ဖန်တီးရေးကိစ္စ၊ အသက်မွေးဝမ်းကျောင်း ပညာရေးကိစ္စ၊ ကျွမ်းကျင်လုပ်သား မွေးထုတ်ရေးကိစ္စတွေကို ဆွေးနွေး ပြောဆိုခဲ့တာပါ။ ရင်းနှီးမြှုပ်နှံမှုဟာ နိုင်ငံတ၀န်းက လူထုအားလုံးအတွက် အကျိုးဖြစ်ထွန်းဖို့ အဓိကကျပြီး ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ သူတို့အကျိုးအမြတ်ကိုရော သူတို့လာပြီးရင်းနှီးမြှုပ်နှံတဲ့ တိုင်းပြည်ရဲ့အကျိုးအမြတ်ကိုရော နှစ်ခုစလုံး ကို အမြင့်ဆုံးဖြစ်အောင် လုပ်ရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးသူအားလုံးက ကျွမ်းကျင်လုပ်သား အများအပြား မွေးထုတ်ရေးကိစ္စမှာ ပညာရေးကဏ္ဍကို ပြုပြင် ပြောင်းလဲဖို့၊ ကလေးငယ်တွေ အာဟာရပြည့်ဝအောင်လုပ်ဖို့၊ လက်မှတ်ရရုံ သက်သက် ကျောင်းသင်ပညာရေးကိုသာ လိုက်မနေဘဲ အဆင့်မြင့် ၀င်ငွေကောင်း အလုပ်အကိုင်တွေရစေမယ့် အသက်မွေးဝမ်းကျောင်း ဘာသာရပ်သင် ပညာရေးကိုလည်း ထွန်းကားအောင်လုပ်ဖို့ အရေးကြီးတယ်ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ကိုကျော်ကျော်သိန်း
ဗီအိုအေ

ခွဲစိတ်ခန်းသုံးပစ္စည်း ၀မ်းဗိုက်တွင်းကျန်ရစ်

Friday, June 7, 2013

ဧရာဝတီတိုင်း ဟသာင်္တခရိုင် မယ်ဇလီကုန်းမြို့နယ် တိုက်နယ်ဆေးရုံတွင် ကလေးမွေးဖွားပြီးဗိုက်ထဲတွင် ကြိုးခွေကျန်ရစ်ခဲ့တာနဲ့ ပက်သက်ပြီး ခွဲစိတ်ဆရာဝန်က တာဝန်ယူမှုမရှိဘူးလို့ ကာယကံရှင်ရဲ့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။

ဆေးရုံမှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ၁ ဦး ကလေးမွေးဖွားပြီး ဗိုက်ထဲမှာ ကြိုးခွေကျန်ရစ်ခဲ့တာကို တိုယ်နယ်ခွဲစိတ်ဆရာဝန်တွေက ပေါ့လျော့စွာဆုံးဖြတ်ပြီး တာဝန်ယူခြင်းမရှိကြောင်းနဲ့ အခုတိုက်နယ် ဆေးရုံအပြင် ရန်ကုန်ဆေးရုံမှာပါ ၃ ကြိမ် ထပ်မံခွဲစိတ်ခဲ့ရတယ်လို့ ခင်ပွန်းဖြစ်သူ ဦးဘုန်းလင်းသူက ပြောပါတယ်။

ဒီလိုမျိုးကိစ္စတွေက ဖြစ်လေ့ဖြစ်ထရှိပြီး ဖြစ်ရပ်တချို့မှာ ၆ လက်မခန့်အရှည်ရှိတဲ့ ခွဲစိတ်ခန်းသုံးကိရိယာ (ဖော့ဆက်) ကျန်ခဲ့တာမျိုးတောင်ရှိပြီး အသက်ဆုံးရှုံးမှုတွေ ကြုံကြရတာပါ။

ဒီခွဲစိတ်မှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆေးရုံကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ကာယကံရှင်တွေက ရန်ကုန်မြို့ ၃၆ လမ်းက မြန်မာဂျာနယ်လစ်ကွန်ယက်ရုံးမှာ ဇွန် ၈ ရက် ညနေ ၄ နာရီက ၆ နာရီအထိ သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။  
ဒီဗွီဘီ

ခရိုင်ရဲတပ်ဖွဲ့မှူး၏ ကားပေါ်မှ တရားမ၀င်ကုန်ပစ္စည်းများဖမ်းမိ

ကလေး၊ ဇွန်  ၇ ။
ကလေးဝမြို့ ဆိပ်ကမ်း၊ ဇက်ပေါ်တွင် တမူးခရိုင်ရဲတပ်ဖွဲ့မှူး၏ကားနှင့် စူပါကာစတန်ကား ၈ဈ/၂၀၃၆ပေါ်မှ တရားမ၀င် ကုန်ပစ္စည်းများကို ဇွန်လ ငါးရက်နေ့ နံနက် ဆယ်နာရီခန့်က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က သတင်းရလို့ အဖွဲ့စုံ စောင့်ဖမ်းခဲ့တာပါ။ ကလေးဝမြို့က ရဲဌာနကိုတောင် သတင်း
မပို့ခဲ့ပါဘူး။ ရဲကိုသတင်းပေးလိုက်ရင် လမ်းကြောင်း ပြောင်းသွားမှာစိုးလို့ပါ။ တမူးခရိုင်ရဲမှူးရဲ့ကားကို ရဲတပ်ကြပ်ကြီး တစ်ဦးက မောင်းလာတာပါ။ အခုတမူးခရိုင် ရဲမှူးရဲ့ ကားကိုမောင်းတဲ့ ယာဉ်မောင်း တပ်ကြပ်ကြီးနဲ့ စူပါကာစတန်ကား ယဉ်မောင်း နှစ်ယောက်ကို သစ်တောဦးစီးဌာနနဲ့ အကောက်ခွန် ဦးစီးဌာနက တရားစွဲထားပါတယ်”ဟု ခရိုင် Mobile Teamမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းပစ္စည်းများအား ကလေးဝမြို့မှ မြို့မိမြို့ဖများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တော ဦးစီးဌာနနှင့် ရဲသတင်းတပ်ဖွဲ့မှ တာဝန်ရှိ ၀န်ထမ်းများ စုပေါင်းပြီး ဇက်ပေါ်တွင်ပင် ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပါဝင်ဖမ်းဆီးသူများထံမှ သိရသည်။

တမူးခရိုင်ရဲမှူး၏ ကားသည် အပြာရောင် ဟိုင်းလတ်ကား ၇ခ/၁၆၅၃ဖြစ်ပြီး ကားပေါ်တွင် ကာလတန်ဖိုး ကျပ်၁၁သိန်းခွဲဖိုးရှိ သင်းခွေချပ်အခွံ ၄၅ပိဿာကို လည်းကောင်း၊ ကာလတန်ဖိုး ကျပ် ၁၁သိန်း ၂သောင်း လေးထောာင့် ရှစ်ရာ့ငါးဆယ် တန်ဖိုးရှိ Eye drops , Ear Drops နှင့် ကာလတန်ဖိုး
ကျပ်(၃၈၀၁၆၀၀ိ/-)တန်ဖိုးရှိ Oxyped ဆေးဝါးများ စုစုပေါင်း ကျပ်သိန်း ၈၀နှင့် ခုနှစ်သောင်းခြောက်ထောင့် လေးရာ့ငါးဆယ်ကျပ် တန်ဖိုးရှိသည့် တရားမ၀င် ကန့်သတ်ထားသော ဆေးဝါးများနှင့် သစ်တောထွက် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း ကလေးမြို့ ပြန်/ဆက်ဦးစီးဌာနမှ ပြောကြားသည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

ဦးဝီရသူ- (၄၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ကျောက်ဆည်မြို့မှာ သွေးလှူဒါန်းပွဲ ကျင်းပ

၂၆-၆-၂ဝ၁၃- ရက်နေ့တွင် သက်တော် (၄၅)နှစ် ပြည့်တော့မည်ဖြစ်သော ဦးဝီရသူ၏ မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းပွဲကို ဦးဝီရသူ၏ဇာတိဖြစ်သော ကျောက်ဆည်မြို့၊ မင်းကုန်းမဟာ စာသင်တိုက်မှာ ကျင်းပမည် ဖြစ်သည်။
ဦးဝီရသူ ၂ဝဝ၁-ခုနှစ်ကတည်းက တည်ထောင်ထားသော ပါရမီပျိုးခင်း သွေးလှူအသင်း ပြန်လည်လှူဒါန်းနေပြီ ဖြစ်ရာ ယခု ကျောက်ဆည်မြို့မှာ ကျင်းပမည့် အကြိမ်သည် ပဉ္စမအကြိမ်ဖြစ်ကြောင်း သိရသည်။
သွေးလှူရှင်များအား အားဆေး၊ အအေးနှင့် မေတ္တာလက်ဆောင်များ၊ အကျွေးအမွေးများကို ဦးဝီရသူကိုယ်တိုင် လှူဒါန်းလေ့ရှိပြီး၊ ယခုအခါ သွေးလှူဒါန်းပွဲ ကြွရောက်လာသော ဧည့်ပရိတ်သတ်မှန်သမျှကို ဒေါ်တင်ဌေး- ဖြူသီ လက်ဖက်ပွဲရုံက လ္ဘက်ရည်၊ ပလာတာတို့ဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။
သွေးလှူဒါန်းလိုသော ဒါနဥပပါရမီရှင်များ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါပြီ။
၂၆-၆-၂ဝ၁၃- မနက် (၇းဝဝ မှ ၁၂းဝဝ) နာရီမှာ လှူဒါန်းကြမည် ဖြစ်သည်။

ဆက်သွယ်ရန်- မင်းကုန်းကျောင်း- 066-50016
ဦးဝိစာရိန္ဒ- 09-402755991
Wira Thu
ဦးသီဟ- 09-402505498
။ 09-444044882
ဒေါ်တင်ဌေး- 066-50454
။ 09-402748001
ဒေါ်မြင့်ရီ- 09-2054895
Wira Thu






တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအား အွန်လိုင်းတွင် ကြည့်ရှုနိုင်

http://moemyanmar.net/ တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။ သတင်းများအရ အောင်စာရင်းထွက်မည့် မနက်(၁၂)နာရီတွင် စတင်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ပို့ဆောင်ရေးသတင်းဂျာနယ်

မုဒိန်းမှု၏ ၅၀ ရာခိုင်နှုန်းနီးပါး အရွယ်မရောက်သေးသူများ ဖြစ်နေ

Friday, June 07, 2013
ဇန်န၀ါရီလ ကနေ မေလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မုဒိမ်းမှု ၆၁ မှု ဖြစ်ပွားခဲ့ရာမှာ ၅၀ ရာခိုင်နှုန်းနီးပါးရှိတဲ့ ၂၉ မှုဟာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်များ အဓမ္မပြုကျင့်ခံရမှု ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီ အရေအတွက်အရ အမျိုးသမီး ၂ ယောက် အဓမ္မ ပြုကျင့်ခံရရင် ၁ ယောက်ဟာ အရွယ်မရောက်သေးသူ ဖြစ်နေတဲ့အတွက် အလွန်စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ရောက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက
ပြောပါတယ်။

အဓမ္မပြုကျင့်ခံရသူ ၆၁ မှုမှာ အသက် ၁၀ နှစ်အောက် ၇ ယောက် ပါဝင်နေတဲ့အတွက် ဒါဟာလည်း ၁၁ ရာခိုင်နှုန်းကျော်မို့ အတော်မြင့်
မားတဲ့နှုန်းလို့ သူက ထောက်ပြပါတယ်။ ခုလို ဖြစ်ရတာဟာ အရွယ်
မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ မိန်းကလေးတွေဟာ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို အပြည့်အ၀မရရှိတဲ့အတွက် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါတွေကို ကာကွယ်ဖို့အတွက် လွှတ်တော်အမတ်တွေရော၊ အမျိုးသမီးတွေနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေကပါ လှုပ်ရှားမှုတွေ လုပ်ရတော့မယ်လို့ သူက ဆိုပါတယ်။
DVB

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် သရုပ်ဆောင်လူမင်းအား ရွေးချယ်

ရန်ကုန်၊ ဇွန် ၇။
ယနေ့  ဇွန်လ ၇ ရက်နေ့ နံနက် ၁၁နာရီတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ဥက္ကဋ္ဌဦးဇင်ဝိုင်း နှုတ်ထွက်သည့် ကိစ္စနှင့် ပတ်သတ်၍ အရေးပေါ် သတင်းစာရှင်းလင်းပွဲအနေဖြင့် ပြုလုပ်ခဲ့ပြီး ရုပ်ရှင်အစည်းအရုံး၌ ဥက္ကဋ္ဌအသစ်ဖြစ် ဦးလူမင်းအား တင်မြှောက်ခဲ့ကြောင်း သိရသည်။
မြန်မာ့ခေတ်
ဓာတ်ပုံ- ပြည့်လျှံ







ကချင်စစ်ပွဲ ကျည်ဆန်ခွံများဖြင့် သွန်းလောင်းထားသည့် ငြိမ်းချမ်းရေး ဆုတောင်းပြည့် ကြေးဆင်းတုတော် လိုင်ဇာသို့ ပင့်ဆောင်ပူဇော်မည်


ကချင်စစ်ပွဲမှ ကျည်ဆန်ခွံများဖြင့် သွန်းလုပ်ထားသော
ငြိမ်းချမ်းရေး ဆုတောင်းပြည့် ကြေးဆင်းတုတော်အား တွေ့ရစဉ်

Friday, 07 June 2013
ကချင်စစ်ပွဲမှ ရရှိခဲ့သည့် ကျည်ဆန်ခွံများဖြင့် သွန်းလောင်းထားရှိသည့် ငြိမ်းချမ်းရေး ဆုတောင်းပြည့် ကြေးဆင်းတုတော်ကို လိုင်ဇာမြို့သို့ ပင့်ဆောင်ပူဇော်သွားမည် ဖြစ်ကြောင်း ဘုရားဖြစ်မြောက်ရေး အကျိုးတော်ဆောင် သံဃာအဖွဲ့မှ စုံစမ်းသိရှိရသည်။

မနောဝိမုတ္တိရသ ငြိမ်းချမ်းရေး ဆုတောင်းပြည့်ဘွဲ့တော်ရ ကြေးဆင်းတုတော်ကို ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လမ်းလျှောက်အဖွဲ့မှ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများ၌ နှစ်ဖက်တပ်များ အသုံးပြုခဲ့သော ကျည်ဆန်ခွံများကို ကောက်ယူကာ ၂၀၁၃ ခုနှစ် ဧပြီ ၁၉ ရက်တွင် မန္တလေးမြို့ မဟာမုနိဘုရားကြီး ဗောဓိပင်စောင်တန်းရှိ ဦးဖဲ ကြေးသွန်းဘုရားဆိုင်တွင် ကြေးဆင်းတုတော် သွန်းလောင်းရန် အပ်နှံထားရှိခဲ့ပြီး ယခုအခါ သွန်းလောင်းပြီးစီးပြီဖြစ်၍ မကြာမီ လိုင်ဇာမြို့သို့ ပင့်ဆောင် ပူဇော်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

''ဆင်းတုတော်ကိုတော့ ကြေးသွန်းဆိုင်ကနေ ဘုရားကြီး ရေတော်တိုက်မှာ ပင့်ဆောင်ထားပါတယ်။ ဘုရားဖြစ်မြောက်ရေး အကျိုးတော်ဆောင် သံဃာအဖွဲ့ရဲ့ အစီအစဉ်အတိုင်း ဆောင်ရွက်သွားမှာပါ'' ဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လမ်းလျှောက်အဖွဲ့မှ နာယက ဦးဝင်းချိုက ပြောကြားသည်။

''ကြေးဆင်းတုတော်ကို မန္တလေးမှာ အနေကဇာတင်ပြီး ပူဇော်ခံထားရှိဦးမှာပါ။ လိုင်ဇာမြို့မှာရှိတဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး မြေနေရာရပြီဆိုမှ ဘယ်လို အပူဇော်ခံ ထားရှိသွားမယ်ဆိုတာ သိရမှာ။ ပူဇော်ခံထားရှိတဲ့ ရည်ရွယ်ချက်က အဲ့ဒီမှာရှိတဲ့ ပြည်သူ၊ ပြည်သားတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအပြင် မြန်မာတစ်ပြည်လုံးကနေ ကမ္ဘာတစ်ဝန်းလုံး ငြိမ်းချမ်းစေချင်တဲ့ သဘောနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်'' ဟု ဘုရားဖြစ်မြောက်ရေး အကျိုးတော်ဆောင် သံဃာအဖွဲ့မှ ဆရာတော် ဦးဝိသုတက မိန့်ကြားသည်။

ကြေးဆင်းတုတော်၏ ဉာဏ်တော်မှာ ပလ္လင်အပါအ၀င် ၂၇ လက်မနှင့် အလေးချိန် မှာ ၁၁ ပိဿာရှိပြီး ဓမ္မစင်္ကြာ တရားဦးဟောကြားနေသည့် ဓမ္မစက္ကမုဒြာဟန် ဖြစ်ကြောင်း၊ ဇွန် ၉ ရက်၌ မန္တလေးမြို့တွင် ကျင်းပမည့် ကချင်စစ်ပွဲ နှစ်နှစ်ပြည့် အခမ်းအနားတွင်လည်း အပူဇော်ခံ ထားရှိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Eleven Media Group

အပစ်အခတ် ရပ်စဲရေး စာချုပ်ပါအချက်များ လုပ်ဆောင်ပေးရန် အစိုးရနှင့် KNU တွေ့မည်

ရန်ကုန်၊ ဇွန် ၆
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့ သဘောတူထား သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး စာချုပ်ပါ သဘောတူညီချက် များကို အစိုးရက ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အစိုးရနှင့် KNU အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း KNU အဖွဲ့၏ အတွင်းရေးမှူး (၁) ဖဒို စောသီဘွဲ့က The Voice သို့ ပြောကြားသည်။

ယင်းသို့ အစိုးရနှင့် တွေ့ဆုံရန် ရှိသော်လည်း ဆွေးနွေးပွဲ ပြုလုပ်မည့် ရက်ကိုမူ ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ပြည်တွင်းမှာ အပြောင်းအလဲတွေ ဖြစ်နေပေမယ့် ကျွန်တော်တို့နဲ့ အစိုးရကြား ယုံကြည်မှု တည်ဆောက်နေ ရတုန်းပဲ၊ ရှေ့ဆက် လုပ်ရမှာတွေ ကျန်သေးတယ်၊ အစိုးရက သဘောတူညီချက် အားလုံး ဆောင်ရွက် မပေး နိုင်သေးဘူး” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

KNU နှင့် အစိုးရတို့သည် ကရင်ပြည် ဘားအံမြို့တွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ပထမဆုံးအကြိမ် အပစ်အခတ် ရပ်စဲရေး အတွက် လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ နှစ်ဖက်တပ်များ ပြန်လည်နေရာ ချထားရေး၊ တပ်မတော်က ကရင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေး၊ တတိယနိုင်ငံ များရှိ ဒုက္ခသည် စခန်းများမှ ကရင်အမျိုးသားများ နေရပ် ပြန်နိုင်ရေး၊ နှစ်ဖက်တပ်များ ကလေး စစ်သားအသုံး မပြုရေး အပါဝင်အချက် ၁၁ ချက်ကို သဘော တူခဲ့ကြသည်။

“အဲ့ဒီအချက်တွေ အများကြီးထဲက ဒေသဖွံ့ဖြိုးရေးတို့၊ စာသင်ကျောင်းတွေ ဖွင့်ပေးဖို့၊ ကရင် ဒုက္ခသည်တွေ မြန်မာပြည် ပြန်လာဖို့ အစိုးရက မလုပ်ပေးနိုင်သေးဘူး” ဟု KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က ပြောကြားထားသည်။

အစိုးရနှင့် KNU တို့ကြား ယခုလ အတွင်း တွေ့ဆုံမည် ဖြစ်သော်လည်း ဆွေးနွေးမည့် အကြောင်းအရာကို မသိရသေးကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ ပဋိပက္ခ ဖြေရှင်းရေး ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြောကြားသည်။

KNU နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့သည် ၂၀၁၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးရှိ လက်နက်ကိုင် တပ်ဖွဲ့အားလုံးနှင့် အပစ်အခတ် ရပ်စဲရန်နှင့် လက်နက်ကိုင် အားလုံးပါဝင်သော ဆွေးနွေးပွဲ တစ်ရပ် ကျင်းပရန် သဘောတူ လက်မှတ် ရေးထိုးထားပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ကျင်းပနိုင်ဖွယ် ရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် KNU တို့သည် ပြည်နယ်အဆင့် တစ်ကြိမ် ပြည်ထောင်စုအဆင့် နှစ်ကြိမ် လက်မှတ်ရေး ထိုးထားသည်။
The Voice Weekly

မလေးရှားတွင် ခေါ်ယူစစ်ဆေးခံနေရသော မြန်မာ ၁၀၀၀ ကျော်အထိ ရှိနေပြီး အထောက်အထား မခိုင်လုံသူများ ထောင်ကျခံရဖွယ်ရှိ

The Star သတင်းဌာန၏ ၀က်ဘ်ဆိုက်တွင် ဇွန် ၆ ရက်က သတင်းကို ဖော်ပြထားပုံ

Friday, 07 June 2013
ဇွန် ၅ ရက် မလေးစံတော်ချိန် နံနက် ၁၁ နာရီခန့်မှစ၍ မြန်မာအများအပြား နေထိုင်သော အမ်ပန်း၊ ချရတ်၊ ဆလာရန်း ဒေသများတွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဇွန် ၆ ရက်တွင် မြန်မာလူမျိုး ၁၀၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း မလေးရှား သတင်းဌာန တစ်ခုဖြစ်သော The Star တွင် ဖော်ပြထားသည်။

The Star သတင်းဌာနက မလေးရှား၌ ယခုဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြဿနာများနှင့် ဆက်စပ်နေကြောင်း ကွာလာလမ်ပူ ဒုတိယရဲချုပ်အာမာဆင်းက ပြောကြားခဲ့သည်။ ခေါ်ဆောင်သွားသူများအား ဖမ်းဆီးထားခြင်း မဟုတ်ဘဲ အထောက်အထား ခိုင်လုံမှု ရှိမရှိကို စစ်ဆေးနေခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ကိုကျော်ဦးက ''အခု ဖမ်းထားတဲ့လူတွေမှာ အထောက်အထား မရှိတဲ့ လူ ၉၀၀ ကျော်လောက်ရှိတယ်။ သူတို့ကို ထောင်လေးလကနေ ခြောက်လလောက်အထိ ချနိုင်တယ်။ သူတို့ကို ထောင်ချလို့ လွတ်ရက်စေ့ရင် မြန်မာပြည်ပြန်ဖို့ လေယာဉ်လက်မှတ် ၀ယ်ပေးရမယ်။ မ၀ယ်ပေးနိုင်ရင်တော့ သူတို့ကို ထိန်းသိမ်းရေးစခန်းကို ပို့လိမ့်မယ်။ ထိန်းသိမ်းရေးစခန်းမှာ လာရွေးမယ့်လူ မပေါ်မချင်း နေရာမှာပဲ တချို့ဆိုရင် တစ်နှစ်ကျော်လောက် နေရတယ်။ နောက်ဆုံး UN လက်မှတ်ထုတ်ပေးမှပဲ ထွက်ခွင့်ရသွားတာ'' ဟု Eleven Media Group သို့ ပြောပြသည်။

မလေးရှားနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်သူများအနက် မြန်မာနိုင်ငံမှ စာရွက်စာတမ်း အပြည့်အစုံနှင့် သွားရောက်လုပ်ကိုင်သူများ ရှိသလို မလေးအစိုးရ၏ 6D program ဖြင့် အထောက်အထား စာရွက်ရရှိခဲ့ကြသူများ ရှိပြီး ၎င်းပရိုဂရမ်တွင် လျှောက်ထားသော်လည်း မလေးအစိုးရမှ အသိအမှတ် မပြုသူများလည်း ရှိကြောင်းကို မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူဖြစ်သည့် ကိုကျော်မိုးဦးက ''ဒီလောက်လူတွေ အများကြီး မိသွားတယ်ဆိုတာက ကျွန်တော် ထင်တယ်။ တချို့က 6D program လုပ်တုန်းက မှတ်ပုံတင်ဖို့ လျှောက်ထားတယ်။ သူတို့ကိုယ် သူတို့တော့ တရားဝင် မှတ်ပုံတင်ထားတယ်လို့ ထင်တယ်၊ ဒါပေမဲ့ မလေးအစိုးရက လုပ်ထားတဲ့ စာရင်းတွေမှာ သူတို့နာမည် မတွေ့ဘူး။ ဒါကြောင့် သူတို့က တရားမ၀င်ဖြစ်သွားတယ်။ အရင်တုန်းက ဒီလိုမျိုးဖမ်းရင် ပိုက်ဆံပေးရင် ပြန်လွှတ်တယ်။ တချို့ဆိုရင် အဖမ်းခံရရင် စာရွက်မရှိဘူးလို့ ပြောလိုက်တယ်။ စာရွက်ရှိတယ်ဆိုရင် သူဌေးကိုယ်တိုင် လာရွေးရတယ်။ သူဌေးတွေက သိပ်ပြီးလာရွေးပေးတာမျိုး မရှိတော့ သူတို့က ပိုက်ဆံပဲပေးလိုက်တာမျိုးပေါ့။ အခုဖမ်းတာက ပိုက်ဆံပေးလို့ မရဘူးလို့ မလေးမှာကျန်ခဲ့တဲ့ ကျွန်တော့်မိတ်ဆွေက ပြောတယ်'' ဟုThe Daily Eleven သို့ ပြောပြသည်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးကလည်း ''အကြမ်းဖက်တာက ဘင်္ဂါလီတွေလို့ ကြားတယ်။ သူတို့လူမှားပြီး မလေးတစ်ယောက်က သတ်လိုက်တဲ့အထဲ ပါသွားတယ်။ ဒါကြောင့် မလေးအစိုးရက အသည်းအသန် ဖမ်းနေတာလို့လဲ ကြားပါတယ်။ ဘင်္ဂါလီတွေက မလေးထဲကို ခိုးဝင်နေတာ တစ်နေ့ကို အယောက် ၃၀ လောက်ရှိတယ်တဲ့။ အဲဒါတွေကို ပြန်စစ်ထုတ်နေတာလို့လည်း ကြားတယ်'' ဟု ပြော ဆိုသည်။

မြန်မာအစိုးရက သတိထောက်လွှာပေးအပ်ပြီး နောက်ပိုင်းတွင် မလေးရှားရဲများက မြန်မာများကို အပြင်းအထန် ဖမ်းဆီးပြီး အထောက်အထားမဲ့ မြန်မာများအား ပြစ်ဒဏ်ချမှတ်မည်ဟု ပြောကြားခဲ့ရာ မလေးရှားရှိ မြန်မာအသိုင်းအ၀ိုင်းက မြန်မာအစိုးရ အနေနှင့် မြန်မာလူမျိုးတို့အား ပိုမိုကာကွယ် စောင့်ရှောက်ရန် လိုအပ်ကြောင်း ပြောကြားနေကြသည်။

မလေးရှားနိုင်ငံတွင် တရားဝင်စာရင်းများအရ မြန်မာလူမျိုးများ ၃ သိန်းမှ ၅ သိန်းအထိ ရှိနေသည်ဟု ဆိုသော်လည်း ခန့်မှန်းမှုများအရ မလေးရှား၌ မြန်မာလူမျိုး ၂ သန်းအထိ ရှိနိုင်ကြောင်း သိရသည်။

မလေးရှိ ထိန်းသိမ်းရေး စခန်းများတွင် အစားအသောက်၊ အနေအထိုင် ဒုက္ခရောက်ကြရသည်ဟု ထိန်းသိမ်းရေး စခန်းများသို့ ရောက်ရှိခဲ့သူများက ဆိုသည်။
Eleven Media Group

လောလောဆယ် အိမ်ထောင်ပြုဖို့ မစဉ်းစား သေးဘူး

သရုပ်ဆောင် အဆိုတော် ချစ်သုဝေကို “သုံးပါးသွားလေး
ကချင်ပြီ” ဇာတ်ကား ရိုက်ကွင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)

June 7, 2013
အဆိုတော် သရုပ်ဆောင် ချစ်သုဝေက အလုပ်တွေ လောဘကြီးနေပြီး ကျောင်းပြန်တက်ဖို့ ကြိုးစားနေတဲ့ အတွက် လောလောဆယ် အိမ်ထောင်ပြုဖို့ မစဉ်းစား သေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။



လတ်တလောမှာ ဒါရိုက်တာနေပိုင်၊ သရုပ်ဆောင် အောင်ရဲလင်းတို့နဲ့အတူ “သုံးပါးသွားလေး ကချင်ပြီ” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပြီး ဒီဇာတ်ကားမှာ နယ်က တက်လာတဲ့ ကောင်မလေး တယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ ချစ်သုဝေက သူ့ကိုယ်သူ ထရီဇာလို့ သုံးနှုန်းတတ်ပါသေးတယ်။

“ထရီဇာ အိမ်ထောင်ရေးကို မစဉ်းစားသေးဘူး။ အခု လောလောဆယ်မှာ အလုပ်တွေပဲ လောဘကြီးပြီး လုပ်နေတယ်။ နောက်ပြီး ကျောင်းပြန် တက်ချင်နေတယ် စာတွေ ပြန်ကျက်ချင်နေတယ်၊ ဒါကြောင့် စာတွေ ပြန်လေ့လာနေတယ်” လို့ ချစ်သူဝေက ဟြေပါတယ်။

မိန်းကလေး တယောက်က အသက်အစိတ်မှာ အိမ်ထောင်ပြုသင့်တယ်လို့ လူတွေက သတ်မှတ်ကြပေမယ့် ချစ်သုဝေက သူ့အသက် အစိတ်ကျော်သွားပြီ ဖြစ်တဲ့အတွက် အိမ်ထောင် မပြုရတော့ဘူးလား၊ လက်မထပ် ရတော့ဘူးလား၊ ဟိုင်းသွား ပြီလား၊ ဒါတွေက သတ်မှတ်ချက်တွေပါလို့ ဆိုလာပါတယ်။

ချစ်သူ့ဝေက “လက်ရှိအချိန်ကိုပဲ စဉ်းစားတယ်၊ အနာဂတ်ကို ဘယ်တော့မှ ကြိုမတွေးဘူး၊ အတိတ်မှာ ဖြစ်ခဲ့တာတွေ ပြန်ကြည့်ရင်လည်း အမှား ကင်းတယ်တော့ မဟုတ်ပေမယ့် အမှားနည်းနိုင်သမျှ နည်းတယ်လို့ ဟြေနိုင်တယ်။ နောင်တ ရစရာတွေလည်း နည်းနိုင်သမျှ နည်းတာကောင်းတယ်” လို့ လည်း သူ့ဒဿနကို ဖွင့်ဟပါတယ်။

သူက ခရစ်ယာန်ဘာသာဝင် တဦးဖြစ်လို့ ဘုရားသခင်ကို အရမ်းယုံကြည်တယ်၊ ဒါကြောင့် အိမ်ထောင်ရေးကို ကြိုမတွေးဘူး၊ ဘုရားရဲ့ အလိုတော်အတိုင်းပဲ၊ ကိုယ်တွေးတိုင်းလည်း ဖြစ်ချင်မှ ဖြစ်တာပါလို့ ဆက် ဟြေပါတယ်။

“မိန်းကလေး တယောက်က လက်ထပ်သင့်တဲ့ အရွယ်၊ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ဆိုတာတော့ ရှိပါတယ်။ အိမ်ထောင် ပြုရမယ်လို့တော့ မဟုတ်ပါဘူး၊ အခုလက်ရှိ အချိန်မှာတော့ ပျော်သလိုနေပါတယ်၊ စိတ်ချမ်းသာအောင်နေပါတယ်၊ အကောင်းဆုံး ဖြစ်အောင် နေတယ်၊ မနက်ဖြန်မှာ လာမေးရင် နောက်တမျိုး ဖြစ်ချင်လည်းဖြစ်မယ်၊ ရှေ့ရေးတွေကို လာမေးရင် သိပ်မသိဘူး၊ အနာဂတ် ဆိုတာလည်း ကောင်းတာလေးတွေ လုပ်ရင် ကောင်းတဲ့ အကျိုးတွေ ခံစားရမှာပဲ” လို့ ဟြေပါတယ်။

ချစ်သုဝေရဲ့ ချစ်သူ ဘယ်သူဆိုတာ ပရိသတ်က သိပြီး ဖြစ်တဲ့အတွက် ချစ်သုဝေတယောက် အခုအချိန်မှာ ကွယ်လွန်သူ အဆိုတော် ထူးအိမ်သင်ရဲ့ “ဘာသာမတူတာ ဘာအကြောင်းလဲ … တို့တော့ ဒါတွေ နားမလည်” ဆိုတဲ့ သီချင်း စာသားလေးကိုများ ညည်းနေမလားလို့ ဝင်တွေးပေး နေကြမလားဘဲ။
မြတ်သူအောင်
ဧရာဝတီ 

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com