http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပြင်ဦးလွင်တွင် ရုပ်ရှင်စတူဒီယိုဆောက်ရန် မြေဧက ၃၀ ရရှိဟုဆို

ရန်ကုန်၊ ဇွန်၎
မြန်မာ့ ရုပ်ရှင်ဇာတ်ကားများ၏ အရည်အသွေး တိုးတက်မှုအတွက် အထောက်အပံ့ပေးနိုင်မည့် ရုပ်ရှင်စတူဒီယိုတစ်ခု တည်ဆောက် ရန် ပြင်ဦးလွင်မြို့တွင် မြေဧက ၃၀ ရရှိအောင် နိုင်ငံတော်သမ္မတရုံးဝန်ကြီး နှစ်ဦးက ဆောင်ရွက်ပေးခဲ့သည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးလူမင်းက The Voice သို့ ပြောကြားသည်။

“ဇွန်လ ၂ ရက်နေ့က ကိုယ်တို့ ရုပ်ရှင်လောကရဲ့ လိုအပ်ချက်တွေ ကို ဆွေးနွေးအပြီးမှာပဲ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ချက်ချင်း ဆက်သွယ်ပြီး စတူဒီယို ဆောက်ဖို့အတွက် ပြင်ဦးလွင်မှာ မြေဧက ၃၀ ရအောင် ကူညီ ဆောင်ရွက်ပေးခဲ့တာပါ။ ကိုယ်တို့တစ်သက်လုံးမှာ စတူဒီယိုနဲ့ မရိုက်ခဲ့ရပါဘူး။ လမ်းဘေး လက်ဖက်ရည်ဆိုင်လေးမှာ ရိုက်ရင်တောင် မျက်နှာငယ်ငယ်နဲ့ ရိုက်ခဲ့ရတာပါ။ ဆိုင်ရှင်တွေရဲ့ ငြိုငြင်တာတွေလည်း ခံရတယ်” ဟု ရုပ်ရှင် စတူဒီယိုများ မရှိမှုကြောင့် ရိုက်ကူးရေးပိုင်းတွင် အခက်အခဲများ ကြုံတွေ့ရပုံကို ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရာတွင် စတူဒီယိုများ မရှိခြင်းကြောင့် အသံ ဖမ်းယူမှုအပိုင်းတွင် အားနည်းမှုများရှိကြောင်း ဒါရိုက်တာ မင်းထင် ကိုကိုကြီးက ဆိုသည်။

မြန်မာ့ရုပ်ရှင်လောက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဟူသည့် ခေါင်းစဉ်ဖြင့် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်အစည်းအရုံးနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စီမံကိန်းများ ချမှတ်ကာ စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သရုပ်ဆောင် လူမင်းက ပြောကြားသည်။
The Voice Weekly

ရေစကြို အထက်တန်းကျောင်းခွဲ စာသင်ဆောင် ပြိုကျ

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ရေလှံကျေးရွာ အထက် တန်းကျောင်းခွဲ၏ ကျောင်းဆောင် ပြိုကျ၍ ကျောင်းသူကျောင်းသား ၁၂ ဦးနှင့် ကျောင်းသားမိဘတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ကျောင်းအုပ် ဆရာကြီး ဦးအောင်မြိုင်က ပြောကြားသည်။

ဇွန်လ ၃ ရက်နေ့ နံနက် ၈နာရီ မိနစ် ၃၀ တွင် ကျောင်းအစည်းအဝေးအပြီး ပဉ္စမတန်း ကျောင်းဆောင် စင်္ကြံပေါ်သို့ ကျောင်းသား ကျောင်းသူ ၂၀ ခန့် တက်ရောက်စဉ် လျှောက်တန်းပြုတ်ကျ၍ အောက်ခင်း ပျဉ်များပြိုကျ ခဲ့ရာ ကျောင်းသူ ၁၁ ဦး ၊ ကျောင်းသား တစ်ဦးနှင့် ကျောင်းသား မိဘတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ဒဏ်ရာ ရရှိခဲ့သည့် ပဉ္စမတန်း ကျောင်းသူ ကျောင်းသားများ၏ အတန်းပိုင် ဆရာမ ဒေါ်ရီရီမြင့် က ပြောကြားသည်။

ဒဏ်ရာရသည့် ကျောင်းသား ကျောင်းသူ ၁၃ ဦးအနက် လက်ကျိုးသွား သည့် ကျောင်းသူတစ်ဦး၊ ကျောင်းသားမိဘတစ်ဦးနှင့် ကျောင်းသား တစ်ဦး ကို ရေစကြို ဆေးရုံ၌ အရေးပေါ် တင်ထားပြီး ကျန်ကျောင်းသူ ကျောင်းသား များကို ၎င်းတို့၏ မိဘများက ပြန်လည် ခေါ်ယူသွားပြီဖြစ်ကြောင်း ဒဏ်ရာ ရသူများကို ဆေးရုံသို့ လိုက်ပါ ပို့ဆောင်ပေးသူ အထက်တန်းပြ ဆရာ ဦးမြင့်စိုးက ပြောကြားသည်။

အဆိုပါ ပြိုကျခဲ့သည့် ကျောင်းဆောင် ဆောက်လုပ်ထားသည်မှာ နှစ် ၄၀ ခန့် ကြာမြင့်ပြီဖြစ်၍ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်က ပြန်လည်တည်ဆောက် ခွင့် လျှောက်ထားခဲ့ရာ ယခုအချိန်ထိ ဆောက်လုပ်ခွင့် ပြန်ကျလာခြင်း မရှိသေးဟု ကျောင်းအုပ်ဆရာကြီး ဦးအောင်မြိုင်က ပြောကြား သည်။
The Voice Weekly

မူဆယ် တရားရုံးအချုပ်မှ ထွက်ပြေးသူများကို ပစ်ဖမ်းရင်း ရဲတဦးသေဆုံး

မူဆယ် တရားရုံးမှ ထွက်ပြေးသူ ၃ ဦးကို ရဲက လိုက်လံရှာဖွေနေဆဲ ဖြစ်သည် (ဓာတ်ပုံ – Renaud EGRETEAU )
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် မူဆယ်ခရိုင် တရားရုံးအချုပ်မှ ထွက်ပြေးသည့် လူသတ်မှုဖြင့် တရားရင်ဆိုင် နေရသူများကို ရဲများက သေနတ်ဖြင့် ပစ်ဖမ်းရာမှ ရဲတပ်သားတဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့တွင် လူသတ်မှု ဖြစ်ခဲ့၍ ဖမ်းဆီးခံထားရသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပန်းဆေး ပြည့်သူ့စစ် ခေါင်းဆောင်) ပန်းဆေး ဦးကျော်မြင့်၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေး အပါအဝင် ၅ ဦးအား တရားရုံး အချုပ်တွင် ရုံးထုတ်ရန် စီစဉ်နေစဉ် ဖြစ်ပွားခဲ့ကြောင်း၊ ရဲများကို အမှုဖြစ်နေသူ ၅ ဦးက တွန်းတိုက် ထွက်ပြေး သဖြင့် ရဲက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တရားခံ ၂ ဦးနှင့် ရဲတပ်သား တဦး ထိမှန်သွားကြောင်း၊ သေနတ် ကျည်ဆံ ထိမှန်ခဲ့သည့် ရဲတပ်သားမှာ သေဆုံးသွားခဲ့ပြီး လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက် သွားကြောင်း မူဆယ်မြို့ ရဲစခန်းမှ တာဝန်မှူး ဒု ရဲအုပ် ဘရန်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
“ထွက်ပြေးတဲ့ တရားခံ ၅ ဦးထဲက ၂ ဦးကို ပြန်ဖမ်းမိတယ်။ လွတ်သွားသူတွေကို ရဲတွေက လိုက်ဖမ်းနေပါတယ်။ တရုတ်ပြည် ဘက်ကို ထွက်သွား တာလားတော့မသိဘူး။ တရုတ်အစိုးရ ဘက်ကိုလည်း အကူအညီ တောင်းထားပါတယ်။ ရဲတပ်သား တဦး ကတော့ သေနတ်မှန်ပြီး သေသွားပြီ။ တရားခံ ၂ ဦးလည်း သေနတ်မှန်လို့ မူဆယ် ဆေးရုံမှာ တင်ထားတယ်” ဟု သူက ဆိုသည်။
တရားခံများ ထွက်ပြေးမှုကြောင့် မူဆယ်မြို့ လုံခြုံရေးကို ယခင်ကထက် ပို၍ ယူထားကြောင်း၊ တရားခံများကိုလည်း လိုက်လံ ရှာဖွေနေကြောင်း၊ ထိုနေ့တွင် တာဝန်ကျနေသည့် ရဲတပ်သားများကို အချုပ်ထဲတွင် ထိန်းသိမ်းထားသည် ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း အဆိုပါ တာဝန်မှူးက ဆက်ပြောသည်။
ဖေဖော်ဝါရီ ၆ ရက်နေ့က ရှမ်းပြည်နယ်နေ့ ပွဲဈေးတန်းတွင် နမ့်ခမ်းဒေသခံ ငွေနဂါး သောက်ရေသန့် ပိုင်ရှင်၏သား၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရှမ်းပြည် အစိုးရ သတ္တုတွင်း ၀န်ကြီးဌာန ၀န်ကြီး ဦးအိုက်ပေါင်း၏မြေး စိုင်းအိုက်လိန်နှင့် အဖွဲ့အား ပန်းဆေး ဦးကျော်မြင့်၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အဖွဲ့က ဓားဖြင့် ၀င်ခုတ်ရာမှ စိုင်းအိုက်လိန် သေဆုံးပြီး ၎င်း၏ သူငယ်ချင်းဖြစ်သူ စိုင်းလှိုင်းပန်မှာ ဓားဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း၊ ထို့ကြောင့် လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် ၅ ဦးကို မူဆယ်ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်
မူဆယ်ဒေသခံ စိုင်းအိုက်က “အရင်က အဲဒီအမှု ရုံးချိန်းဆိုရင် မူဆယ်ကရော၊ နမ့်ခမ်းကရော ပြည်သူတွေ အားလုံးနီးပါး လာ နားထောင်ကြတယ်။ အရင် ရုံးချိန်းတိုင်းက သောကြာနေ့မှာ လုပ်တာ၊ အခုတပတ် ရုံးချိန်းက အင်္ဂါ နေ့မှာဆိုတော့ ပြည်သူတွေလည်း မသိဘူး။ တရားရုံးမှာ ရုန်းရင်းဆန်ခတ် ဖြစ်မှပဲ ပြည်သူတွေ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ ၂ ဦးသည် တရုတ်ပြည်ဘက်သို့ ထွက်ပြေးသွားသည်ဟု ယူဆရကြောင်း၊ ထိုကိစ္စကြောင့် လက်ရှိ မူဆယ်မြို့တွင် ရှုပ်ထွေးနေကြောင်း၊ တရားခံများကို ပြန်လည် မဖမ်းမိပါက ပြည်သူများ ဆူပူမှုဖြစ်လာနိုင်ကြောင်း၊ ရဲများလည်း လုံခြုံရေး တင်းကျပ်ကာ တရားခံကို ရှာဖွေနေကြောင်း စိုင်းအိုက်က ဆိုသည်။
“ဒီအမှုက ရပ်ထားတာကြာပြီ။ မူဆယ်မြို့မှာ လုံခြုံရေးအရ ပြည်နယ် တရားရုံးကို ပြောင်းပေးဖို့ အထက်ကို တင်ပြထားတယ်။ဒါပေမယ့် အထက်က ဘာမှ အကြောင်းမကြားလို့ ဒီတပတ်မှာ တရားရုံး ထုတ်လိုက်ရတာပါ။ တာဝန်ကျတဲ့ ရဲသားတွေလည်း အချုပ်ထဲ ရောက်နေတယ်လို့ ကြားတယ်။ တရားခံ ထွက်ပြေးရင်တော့ အချုပ်ချက်ချင်း ၀င်ရပါတယ်” ဟု မူဆယ်မြို့ ခရိုင် တရားရုံးမှ ရှေ့နေတဦးက ဧရာဝတီသို့ ပြောသည်။
လက်တလော အခြေအနေအရ သေနတ်ပစ် ခံထိခဲ့သည့် တရားခံ ၂ ဦးမှာ ဆေးရုံတင်ထားရပြီး အခြေအနေ ဆိုးနေကြောင်း၊ လူသတ် တရားခံများသည် ထွက်ပြေးရန် ကြိုတင် ကြံရွယ်ထားပုံရကြောင်း၊ ထွက်ပြေးသွားသည့် တရားခံ ၃ ဦးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ရှာဖွေနေကြကြောင်း ရှေ့နေက ဆိုသည်။
လူသတ် တရားခံများကို မတ်လဆန်းပိုင်တွင် နမ့်ခမ်းမြို့နယ် ရဲစခန်းမှ မူဆယ်ခရိုင် ရုံးသို့လွှဲပြောင်း လိုက်ကြောင်း၊ တရားခံ ဘက်က လားရှိုးမြို့မှ ရှေ့နေ တဦးအား ငှားရမ်းထားကြောင်း သိရသည်။
ထွက်ပြေး လွတ်မြောက်နေသည့် တရားခံ လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ ၂ ဦးအား အမြန်ဆုံး ရှာဖွေ ဖမ်းဆီးပေးရန်နှင့် ၎င်းအမှုကို တရားမျှတစွာ ဆောင်ရွက်ပေးရန် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ပြည်သူများက တောင်းဆို ထားကြကြောင်း မူဆယ် ဒေသခံများက ပြောသည်။
Irrawaddy

ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ထိုးဆင်းသော်လည်း ဗဟိုဘဏ် သတ်မှတ်နှုန်း မကျ

ပုဂ္ဂလိက ငွေလဲကောင်တာ တစ်ခုတွင် နိုင်ငံခြားငွေကြေး ရောင်းဝယ်နေသည်ကို တွေ့ရစဉ်
Wednesday, 05 June 2013
အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၉၃၈ ကျပ်အထိ ပြန်လည်ကျဆင်း ခဲ့သော်လည်း ဗဟိုဘဏ်မှ သတ်မှတ်သည့် Reference Exchange Rate မှာ ပြန်လည်ကျဆင်းမှု မရှိဘဲ အမြင့်ဈေး၌ ငြိမ်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ ပြင်ပဈေးကွက်တွင် မေ ၂၃ ရက်က တစ်ဒေါ်လာ ၉၆၁ ကျပ်အထိ မြင့်တက်ခဲ့ရာမှ ယခုအခါ ဇွန် ၄ ရက်က တစ်ဒေါ်လာ ၉၃၈ ကျပ်သာ ရှိသည့်အတွက် တစ်ဒေါ်လာ ၂၃ ကျပ်အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။ ဗဟိုဘဏ် သတ်မှတ်နှုန်းမှာမူ ဇွန် ၄ ရက်က ၉၄၅ ကျပ်၌ပင် ရှိနေဆဲဖြစ်ပြီး ပြင်ပဈေးကွက် ပေါက်ဈေးထက်ပင် တစ်ဒေါ်လာ ၇ ကျပ် မြင့်တက်လျက် ရှိသည်။ ပုဂ္ဂလိကဘဏ် အချို့မှလည်း ဗဟိုဘဏ်မှ သတ်မှတ်သည့်နှုန်းအပေါ် အမြတ်တင်၍ ရောင်းရမည့်အစား ပြင်ပဈေးကွက် အခြေအနေမှန်အတိုင်း လိုက်၍ ဗဟိုဘဏ်ဈေးထက်ပင် တစ်ကျပ်လျော့ကာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပုဂ္ဂလိက ငွေလဲကောင်တာများ၌လည်း ဗဟိုဘဏ် သတ်မှတ်နှုန်းထက် တစ်ဒေါ်လာ ၃ ကျပ်နှိမ့်ကာ ၉၄၂ ကျပ်ဖြင့် လဲလှယ်ပေးလျက် ရှိသည်ဟု သိရသည်။ ပြင်ပဈေးကွက်တွင် ဈေးကွက်အတွင်း အမှန်ဝယ်လိုအား၊ နိုင်ငံတကာ ရွှေဈေးပြန်တက်ချိန် နိုင်ငံတကာ ငွေကြေးဈေးကွက် အတွင်းရှိ ဒေါ်လာတန်ဖိုးများဖြင့် ချိန်ညှိကာ ဒေါ်လာလဲနှုန်း ကျဆင်းသော်လည်း ဗဟိုဘဏ်မှ သတ်မှတ်သည့်နှုန်းမှာ မေ ၂၉ ရက်ကတည်းက စတင်သတ်မှတ်ခဲ့သည့် တစ်ဒေါ်လာ ၉၄၅ ကျပ်နှုန်း၌ပင် ရှိနေသေးကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးမှာလည်း တစ်အောင်စလျှင် ၁၄၁၀ အမေရိကန် ဒေါ်လာနှင့် အထက်၌ ရှိနေပြီး နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးမှာလည်း တည်ငြိမ်လျက် ရှိသည်။

ဗဟိုဘဏ်မှ သတ်မှတ်နှုန်း မကျသော်လည်း ဈေးကွက်အတွင်း အမှန်ဝယ်လိုအားနှင့် ရောင်းလိုအား၊ နိုင်ငံတကာ ဈေးကွက်ရှိ အမေရိကန်ဒေါ်လာ တန်ဖိုးတို့အပေါ် မူတည်၍ တစ်ဒေါ်လာ ကျပ် ၉၀၀ ၀န်းကျင်အထိ ဆက်လက်ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြသည်။

တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် -၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ် မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။
EMG

မြန်မာဘောလုံးအသင်း စင်္ကာပူအသင်းအား ရှုံးနိမ့်

ရန်ကုန်၊ ဇွန် ၄။
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် စင်္ကာပူနိုင်ငံလက်ရွေးစင် ဘောလုံးအသင်းတို့၏ ခြေစမ်းပွဲကို ယနေ့ညနေ (၅း၀၀) နာရီတွင် သုဝဏ္ဏ ဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့ရာ
မြန်မာအသင်းသည် စင်္ကာပူအသင်း၏ ပထမပိုင်းသွင်းဂိုး နှစ်ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့သည်။

“ မြန်မာအသင်းအနေနဲ့ အခုလာမယ့်ဆီးဂိမ်းမှာ ကြံ့ခိုင်မှုရောနည်းစနစ်ပါ အကောင်းဆုံးပေါင်းစပ်ကစားသွားဖို့ ပြင်ဆင်နေပါတယ်။ အခုဒီပွဲမှာ ရှုံးသွားပေမယ့်လည်း ကစားသမားတွေအကောင်းဆုံး ကစားသွားတာတွေ့ရလို့ ကျေနပ်ပါတယ်။ ပယ်နာတီလွဲတာက ဖြစ်တတ်တဲ့ကိစ္စဆိုတော့ အပြစ်မပြောလိုပါဘူး။ ဒီထက်ပို လေ့ကျင့်ကြိုးစားဖိုတော့ လိုပါတယ်” ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြ ပက်ဆောင်ဟွာက ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သီဟ
မြန်မာ့ခေတ်




ယခင်နေရပ်သို့ မပြန်ချင်သည့် စစ်ဘေးရှောင်များအတွက် နေအိမ်များစီစဉ်လျက်ရှိ

ဝိုင်းမော်၊ ဇွန် ၅။
ကချင်ပြည်နယ်ရှိ ယခင်နေထိုင်ခဲ့သည့်ဒေသသို့ မပြန်ချင်သည့် စစ်ဘေးရှောင်ပြည်သူများအတွက်
ဝိုင်းမော်မြို့နယ်ရှိ ပ.လ.န (၄)ကျေးရွာ အုပ်စုအတွင်းရှိ ရွာသစ်ကျေးရွာ၌ အိမ်ခြေအလုံးရေ
၂၀၃လုံးခန့်အား ဖေဖော်ဝါရီလပိုင်းမှစတင်၍ ဆောက်လုပ်ပေးလျက်ရှိကြောင်း ကချင် ပြည်နယ်
လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဘောက်ဂျာ၏ ပြောကြားချက်အရ သိရသည်။

“အခုလက်ရှိ ပ.လ.န(၄)ကျေးရွာအုပ်စုက ရွာသစ်ကျေးရွာဆိုပြီး မပြန်ချင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အဲဒီမှာ အိမ်၂၀၀လုံး ဆောက်လုပ်ပေးနေပါတယ်။ ပြီးတော့ အစိုးရဝန်ထမ်းတွေအတွက်လည်း တစ်အိမ်ကို ၈သိန်းနဲ့ အရစ်ကျရောင်းချဖို့ ရှိပါတယ်။ နောက်ပြီး ဒီ အိမ်တွေက
၉ပေပတ်လည် နှစ်ခန်းပါရှိပါတယ်။ ကျန်တဲ့ အိမ်သုံးလုံးကတော့ စစ်ဘေးရှောင် ပြည်သူအတွက် ဖြစ်ပါတယ်”ဟု တာဝန်ယူ ဆောက်လုပ်ပေးနေသည့် ကေဇင်ဆောက်လုပ်ရေးကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ ၉ပေပတ်လည်နှစ်ခန်းပါပြီး မြေအကျယ် ပေ၄၀ ပေ၆၀ တကွက်အား တန်ဖိုးအနေဖြင့်
၈သိန်းသတ်မှတ်ထားပြီး ယခင်နေထိုင်ခဲ့သည့် အရပ်ဒေသသို့ မပြန်ချင်သည့် စစ်ဘေးရှောင်ပြည်သူများအား အခမဲ့ပေးနေသွားမည်ဖြစ်ကြောင်း သိရပြီး အစိုးရဝန်ထမ်းများအတွက် သတ် မှတ်ဈေး ၈သိန်းအား အရစ်ကျစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆောက်လုပ်ပေးရာတွင် အစိုးရဝန်ထမ်းများအတွက်လည်း အရစ်ကျစနစ်ဖြင့် ရောင်းချသွားရန်လည်း စီစဉ်ထားကြောင်း ဒေါ်ဘောက် ဂျာ၏ ပြောကြားချက်အရ သိရသည်။

ယခုလက်ရှိအချိန်တွင် ပြီးခဲ့သည့် ၂၀၁၁ခုနှစ် ၆လပိုင်း ၁၅ရက်နေ့မှ ၂၀၁၃ခုနှစ် ၅လပိုင်း ၂၇ရက်နေ့အထိ ကချင်ပြည်နယ်အတွင်း စစ်ဘေး ရှောင်ဒေသခံများစာရင်းအရ ၃၈၅၄၀ရှိကြောင်း လူမှုရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရပြီး အဆိုပါ ကျေးလက်အိမ်ရာ တည်ဆောက် ရေးလုပ်ငန်းအား ယခုနှစ် ၂လပိုင်း ၁ရက်နေ့မှစတင်ဆောက်လုပ်ရာ ပြီးစီးသတ်မှတ်ရက်အဖြစ် ၃လပိုင်း ၃၁ရက်နေ့ သတ်မှတ်ထားသော်လည်း ၆လပိုင်းလဆန်းအထိ အိမ်ခြေအလုံးရေ ၂၀၀ခန့်သာ ပြီးစီးလျက် ရှိကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။
TMA
မြန်မာ့ခေတ်

မန္တလေးတက္ကသိုလ် အပါအ၀င် အထက်မြန်မာပြည်ရှိ တက္ကသိုလ် ၂၃ ခုအား ပြင်ဆင်တိုးချဲ့ရန် တင်ဒါခေါ်

 
Wednesday, 05 June 2013
ပြင်ဆင်တိုးချဲ့ရန် စီစဉ်နေသည့် မန္တလေး တက္ကသိုလ်ကို တွေ့ရစဉ်

မန္တလေးတက္ကသိုလ် အပါအ၀င် အထက်မြန်မာပြည်ရှိ တက္ကသိုလ် ၂၃ ခုအား ပြင်ဆင်တိုးချဲ့ရန်အတွက် တင်ဒါခေါ်ကာ မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) မှ သိရသည်။

ပြင်ဆင် တိုးချဲ့ရာတွင် အဆင့်မြင့်ပညာ ဦးစီးဌာန(အထက်မြန်မာပြည်)နှင့် မန္တလေး တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ စစ်ကိုင်းပညာရေး တက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ မြစ်ကြီးနား တက္ကသိုလ်၊ မုံရွာစီးပွားရေး တက္ကသိုလ်၊ မန္တလေး အဝေးသင်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ ကလေးတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ဗန်းမော်တက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ ရေနံချောင်း ဒီဂရီကောလိပ်၊ မြင်းခြံ ဒီဂရီကောလိပ်၊ မိုးညှင်း ဒီဂရီကောလိပ်နှင့် မန္တလာကောလိပ်တို့ဖြစ်ကြောင်း သိရသည်။

မန္တလေး တက္ကသိုလ်တွင် အင်းဝ Theatre စာသင်ခန်းမ အကြီးစား ပြင်ဆင်ခြင်း၊ ခြောက်လမ်းသွား လမ်းမကြီး ကတ္တရာခင်းခြင်း အပါအ၀င် အခြားပြင်ဆင်ခြင်း လုပ်ငန်းပေါင်း ၁၁ ခုကို ပြင်ဆင်လုပ်ကိုင်ရမည် ဖြစ်သည်။ တောင်ကြီးတက္ကသိုလ်၌ ၀န်ထမ်းအိမ်ရာ၊ သိပ္ပံသုတေသန အဆောက်အဦ တည်ဆောက်ခြင်း အပါအ၀င် လုပ်ငန်းသုံးခုအတွက် တင်ဒါခေါ်ယူထားကြောင်း သိရသည်။

စစ်ကိုင်းပညာရေး တက္ကသိုလ်တွင် ပြင်ဆင်တိုးချဲ့မည့် လုပ်ငန်းပေါင်း ရှစ်ခု၊ မကွေးတက္ကသိုလ်တွင် တည်ဆောက်မည့် လုပ်ငန်းငါးခု၊ မုံရွာတက္ကသိုလ်တွင် တည်ဆောက်ရေးလုပ်ငန်း ငါးခု၊ မြစ်ကြီးနား တက္ကသိုလ်တွင် လုပ်ငန်းရှစ်ခု၊ မုံရွာစီးပွားရေး တက္ကသိုလ်တွင် လုပ်ငန်းခြောက်ခု၊ မန္တလေး အဝေးသင်တက္ကသိုလ်တွင် ပြင်ဆင်တည်ဆောက်ရမည့် လုပ်ငန်းတစ်ခု၊ ရတနာပုံ တက္ကသိုလ်တွင် လေးခု၊ ပခုက္ကူ တက္ကသိုလ်တွင် ငါးခု၊ မိတ္ထီလာ တက္ကသိုလ်တွင် ခုနစ်ခု၊ မိတ္ထီလာ စီးပွားရေး တက္ကသိုလ်တွင် ၁၀ ခု၊ ကျောက်ဆည် တက္ကသိုလ်တွင် ငါးခု၊ ကလေးတက္ကသိုလ်တွင် ရှစ်ခု၊ လွိုင်ကော်တက္ကသိုလ်တွင် နှစ်ခု၊ လားရှိုးတက္ကသိုလ်တွင် ငါးခု၊ ဗန်းမော်တက္ကသိုလ်တွင် နှစ်ခု၊ ရွှေဘိုတက္ကသိုလ်တွင် ကိုးခု၊ စစ်ကိုင်းတက္ကသိုလ်တွင် ငါးခု၊ ရေနံချောင်း ဒီဂရီကောလိပ်တွင် ခြောက်ခု၊ မြင်းခြံ ဒီဂရီကောလိပ်တွင် ငါးခု၊ မိုးညှင်း ဒီဂရီကောလိပ်တွင် ငါးခုနှင့် မန္တလာကောလိပ်တွင် တစ်ခုတို့အတွက် ပြင်ဆင်တိုးချဲ့ရန် တင်ဒါခေါ်ထားခြင်း ဖြစ်သည်။

တင်ဒါတင်သွင်းလိုသည့် နိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် မိမိတင်သွင်းလိုသော လုပ်ငန်းအတွက် သတ်မှတ်ထားသည့် တင်ဒါအာမခံကြေး ပေးသွင်းကာ ဇွန် ၁၀ ရက် နောက်ဆုံးထားကာ အဆင့်မြင့် ပညာဦးစီးဌာန (အထက်မြန်မာပြည်)ရုံးချုပ်၊ မန္တလေးသို့ တင်သွင်းရမည် ဖြစ်သည်။
EMG

မြွေရေခွံအိတ်အားခေါင်းတွင်စွပ်လျှက် သေဆုံးနေသော ဆရာဝန်၏ နောက်တွဲ သတင်း

စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ဓမ္မာရုံလမ်းရှိ၊ ဟိုတယ်တွင် ၂.၆.၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန်က လာရောက်တည်းခိုနေသော မောင်စိုင်းဘိုဘိုထွန်း၊ ၂၇နှစ်၊ (ဘ)ဦးစောထွန်းဖ၊ ဆရာဝန် အား ၃.၆.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်တွင် ဟိုတယ်မှတည်းခိုခန်းခရှင်းရန်အတွက်
ဖုန်းဆက်ခြင်း၊ အပြင်မှတံခါးခေါက်ခြင်းများပြုလုပ်ခေါ်သော်လည်း မရသဖြင့် ဟိုတယ်မန်နေဂျာမှ ရဲစခန်းသို့ အကြောင်းကြားခဲ့၍ သော့ပိုနှင့်ဖွင့်ကာဝင်ရောက်စစ်ဆေးရာ အခန်းတံခါးအား အတွင်းမှဆက်တီခုံနှင့် ကာပိတ်ထားသည်ကိုတွေ့ရှိရပြီး မောင်စိုင်းဘိုဘိုထွန်းမှာ ခုတင်ပေါ်တွင်စောင်ခြုံကာမြွေရေခွံအိတ်အားခေါင်းတွင်စွပ်လျှက် ပြင်ပဒဏ်ရာမရှိဘဲသေဆုံး နေကြောင်းစစ်ဆေးတွေ့ရှိခဲ့ရပါသည်။ ၎င်း၏အခန်းအတွင်းအားစစ်ဆေးရာ ATC စာတမ်းပါပန်းရောင် ဆေးပြား(၄)ပြား၊ အဖြူရောင်ဆေးပြား (၂)ပြားတို့အားကြမ်းပြင်ပေါ်တွင်ပြန့်ကျဲလျက်တွေ့ရှိရသဖြင့် ၎င်းဆေးပြားများအား စစ်ဆေးပေးနိုင်ရေးဓါတုဗေဒ၀န်ရုံးသို့ ပို့အပ်ထားရှိပြီး စမ်းချောင်းမြို့မရဲစခန်းတွင် သေမှုသေခင်း ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

အခြေခံနှင့်အဆင့်မြင့် အင်္ဂလိပ်ဆရာ၊ ဆရာမများ အဆင့်မြှင့်တင်ရေး စင်ကာပူကူညီမည်

ရန်ကုန်၊ ဇွန် ၃
မြန်မာနိုင်ငံရှိ အခြေခံနှင့် အဆင့်မြင့်ပညာရေး ကဏ္ဍရှိ အင်္ဂလိပ်ဘာသာပြ ဆရာများ၏ ဘာသာရပ် ဆိုင်ရာ အဆင့်မြှင့်တင်ရေး အတွက် စင်ကာပူနိုင်ငံ တမားဆက် ဖောင်ဒေးရှင်းနှင့် အရှေ့တောင်အာရှ ဒေသဆိုင်ရာ ပညာရေးဝန်ကြီးဌာနများ အဖွဲ့အစည်း (SEAMEO) တို့ ပူးပေါင်း ကူညီမည်ဖြစ်ကြောင်း SEAMEO မှ ဒါရိုက်တာ Ms. TaySorHar က ပြောကြားသည်။

အဆင့်မြင့်ပညာ ဦးစီးဌာနနှင့် ပညာရေး ကောလိပ်တို့မှ အင်္ဂလိပ်စာဆရာ၊ ဆရာမ ဦးရေ ၅၀ ကို စင်ကာပူနိုင်ငံတွင် ငါးပတ်ကြာ အင်္ဂလိပ်စာ စွမ်းရည်မြှင့် သင်တန်း ပို့ချရန် စီစဉ်လျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ထို့အပြင် သင်တန်းသို့ မစေလွှတ်ခင် ရန်ကုန်တက္ကသိုလ်နယ်မြေရှိ အင်္ဂလိပ် ဘာသာစကား အမျိုးသားဗဟိုဌာနတွင် သင်တန်း နှစ်ပတ်ကြာ ပို့ချမည်ဖြစ်ရာ တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် ဇွန်လ ၃ ရက်နေ့တွင်စတင်ပြီး ပညာရေးကောလိပ်ဆရာ၊ ဆရာမများအတွက် စက်တင်ဘာလ ၃၀ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“တက္ကသိုလ်တွေဘက်က ဆရာ ဆရာမ၂၅ ယောက်၊ ပညာရေးကောလိပ်က ဆရာ ဆရာမ၂၅ ယောက် နှစ်သုတ်ပိုင်းပြီး သင်တန်းပေးမှာ” ဟု ရန်ကုန်တက္ကသိုလ်မှ ဆရာမတစ်ဦးက ပြောကြား သည်။

ထို့အပြင် စင်ကာပူနိုင်ငံသို့ သွားရောက် သင်ကြားမည့် ဆရာ၊ ဆရာမများသည် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိပါက ဆင့်ပွား သင်တန်းများ ပို့ချသွားရန် စီစဉ်လျက်ရှိကြောင်း အထက်ပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာနမှ ဆရာ ဆရာမများအတွက် အင်္ဂလိပ်စာ အဆင့်မြှင့်တင်ရေး သင်တန်းများကို အခြေခံပညာရေးတွင် ဗြိတိန်ကောင်စီ အကူအညီဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အဆင့်မြင့်ပညာရေး တွင် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တက္ကသိုလ်၊ ကောလိပ်တို့က သင်တန်းများ ကမ်းလှမ်းလျက် ရှိသည်။
The Voice Weekly


ဆိုင်ကယ်များ သူခိုးအား ဖမ်းဆီးရမိ

မြောက်ဥက္ကလာပ ၂.၆.၂၀၁၃
၂.၆.၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနမှ တပ်ဖွဲဝင်များသည် မြောက်ဥက္ကလာပမြို့နယ်၊ ၁ ရပ်ကွက်၊ ဘုမ္မလမ်းတွင် ANBO 125 အမျိုးအစား ကြက်သွေးရောင်ဆိုင်ကယ်တစ်စီးအား လိုက်လံရောင်းချနေသူ ချစ်မြတ်နိုးအောင် ၊ ၂၀နှစ်၊
(ဘ)ဦးကျော်အောင် မရမ်းကုန်းမြို့နယ်နေသူအား မသင်္ကာဖွယ်တွေ့ရှိ၍ ခေါ်ယူစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှ ခိုးယူလာသည့်ဆိုင်ကယ်ဖြစ်ကြောင်းစစ်ဆေး ပေါ်ပေါက်သဖြင့် သိမ်းဆည်းပြီး မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ) ၄၄၂/၂၀၁၃ ပုဒ်မ ၃၇၉(မဆ)/၅၄ ဖြင့်အမှုဖွင့်အရေး ယူခဲ့ပါသည်။

တရားခံချစ်မြတ်နိုးအောင်အားဆက်လက်စစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး သာဂရမြို့မှဆိုင်ကယ် တစ်စီး နှင့်ဆွာမြို့မှ ဆိုင်ကယ်တစ်စီးတို့အားခိုးယူရောင်းချထားခဲ့ကြောင်း ပေါ်ပေါက်သဖြင့် သိမ်းဆည်းပြီး မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် ထပ်မံအမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

လှိုင်သာယာမြို့နယ်တွင် ကြာဇံစက်ရုံ ၀ါယာရှော့ဖြစ်မီးလောင်


လှိုင်သာယာ ၄.၆.၂၀၁၃
၎.၆.၂၀၁၃ ရက်နေ့ ၁၈၄၅ အချိန် လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ (၂)၊ ဦးရေပေါလမ်း၊ အကွက်အမှတ် (၅၄)ရှိ ဦးရဲသူအောင်၊ လသာမြို့နယ်နေသူပိုင်ဆိုင်သော ဟောင်ကောင် ကြာဇံစက်ရုံဝင်း အတွင်းရှိ အလုပ်သမားအိပ်ဆောင်၌ ၀ါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ အလုပ်သမား အိပ်ဆောင်(၂) ဆောင်၊တဲ(၂)လုံးနှင့်မီးစက်(၂)လုံး၊ ကြာဇံထုတ်လုပ်ရာတွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ
လောင်ကျွမ်းခဲ့ပြီး အဆိုပါမီးလောင်ရာသို့ မီးသတ်ယာဉ်(၁၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁၀)စီးတို့ ရောက်ရှိမီးငြိမ်းသတ်ခဲ့သဖြင့် ၁၉၁၅ အချိန် မီးငြိမ်းသွားခဲ့ပါသည်။

အခင်းဖြစ်မီးလောင်ရာသို့ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးမြင့်ဦး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဦးထိန်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးနှင့် အဖွဲ့တို့မှရောက်ရှိစစ်ဆေးခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသတတင်းရရှိပါသည်။
Yangon Police

အစိုးရ စစ်ဆင်ရေးများ TNLA ဒေသ၌ ပြင်းထန် လာနေ

TNLA စစ်သင်တန်း ဆင်းပွဲ ကျင်းပစဉ်
5.6.2013
ယနေ့ ဇွန်လ ၄ ရက် ညနေပိုင်း ၅နာရီ ၂၀ မိနစ် အချိန်တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၂၅၆ နှင့် အစိုးရ တပ်ဖွဲ့တို့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် အထက် မန်လွယ် ကျေးရွာနှင့် တောင်ကျော် ကျေးရွာ ကြားရှိ တောင်ကုန်း ပေတွင် နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား နေကြောင်း TNLA တပ်ရင်းမှူး တစ်ဦက ဆိုပါ သည်။

“ ဖြစ်တာက ခမရ ၃၂၄ နဲ့ ခမရ ၅၀၂ တပ်ဖွဲ့တွေနဲ့ဖြစ်တယ်။ သူတို့က အင်အား တစ်ရာ ကျော်မယ်။ ပြီးခဲ့တဲ့မေလ ၂၉ ရက် နေ့တုန်း ကလည်း နမ့်ဆန်မြို့အနီး အိုမ်ဝါရ်နဲ့ ပန်ယမ်းရွာ အနီးမှာ တိုက်ပွဲ ဖြစ်ခဲ့လို့ အစိုးရဖက်က ၆ ဦး ထက်မနဲ ကျပြီး အများအပြား ဒါဏ်ရာ ရခဲ့တယ်။ ဒါကြောင့် ငွန်ဆိုင်း ပြည်သူ့စစ် ထွန်းမြတ်လေး အဖွဲ့ကို ခေါ်ပြီးတော့ ဘာမှ မဆိုင်တဲ့ ပန်ယမ်း ရွာက အသက် ၈၀ကျော် တာအိုက်အေးကို သေနတ်နဲ့ ပစ်တဲ့ အပြင် တစ်အိမ်လုံး ကိုပါ သေနတ်နဲ့ မွှေနှောက်ပြီး ပစ်ခဲ့တယ်” ဟု ဆိုပါသည်။

အလားတူ အင်အား (၁၀၀) ကျော်ခန့် ရှိသည့် အစိုးရ တပ်များသည် နမ့်ခမ်းမြို့ဖက်မှ TNLA တပ်ရင်း ၁၁၂ရှိရာ ကွတ်စိုင်နှင့် နမ့်ခမ်း မြို့နယ် အစပ်သို့ထပ်မံ အင်အားဖြည့်ရန် ချီတက် ခဲ့သည်ဟု TNLA က ဆိုပါသည်။

ထို့အပြင် အင်အား ၁၀၀ကျော် ရှိသည့်အစိုးရ တပ်ဖွဲ့များသည်TNLA တပ်ရင်း ၄၇၈ ရှိရာ နမ့်ခမ်း-မန်တုံ အစပ် ဘက်သို့ ယမာန်နေ့ ကတည်းက ထပ်မံနေရာ ယူထားသလို ကချင်ပြည်နယ် မန်ဝိန်းကြီး ဘက်ကိုလည်း အင်အား၂၀၀ကျော် ခန့် တပ်ဖြန့် ထားသည်ဟု ဆိုပါသည်။

အစိုးရ တပ်များသည် KIO နှင့် စတင် ဆွေးနွေးစဉ် ကတည်းက TNLA တပ်များအား စတင် ထိုးစစ် ဆင်ခဲ့ ပါသည်။ ထိခိုက် ကျဆုံးမှု များသည်နှင့် အတူ တိုက်ပွဲ များလည်း ပြင်းထန်လာ နေရာက ယနေ့ အချိန်တွင် ကွတ်ခိုင်၊ နမ့်ဆန်နှင့် နမ့်ခမ်း ဒေသမှ TNLA တပ်များကို သုံးဖက် သုံးတန်မှ ၀ိုင်းဝန်း စစ်ဆင် လာခဲ့ခြင်း ဖြစ်ပါသည်။

အစိုးရ တပ်များသည် KIO နှင့်ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်အရှိန် လျှော့ချရေး နားလည်မှု ရလာသည်နှင့် တအာင်း ဒေသရှိ KIA တပ်မဟာ (၄) ၌လည်း တိုက်ပွဲများ ကျဲသွား ခဲ့ပါသည်။ သို့သော် TNLA အား ပိုမို စစ်ဆင် လာခဲ့ ပါသည်။ ဤသည် အစိုးရ တပ်များ၏ ကျင့်သုံးနေကျ သွေးခွဲမှု စစ်ဆင် ရေးမျိုးပင် ဖြစ်ပါသည်။

TNLA သည် အစိုးရနှင့် အပစ်ရပ်ထားခြင်း မရှိသေးသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် ဖြစ်ပါသည်။ ထို့နည်းတူ TNLA သည် KIA နှင့် စစ်ရေး မဟာမိတ် ဖြစ်သဖြင့် စစ်ဖက် ရေးရာများတွင် ပူးပေါင်း ဆောင်ရွက်ဆဲ ဖြစ်ကြောင်း TNLA က ဆိုပါသည်။
ရွှေဟင်္သာ

ခန္ဓာကိုယ် တခု ခေါင်းနှစ်လုံးနဲ့ မိန်းခလေး (ရုပ်/သံ)

The Burma Post သို့ လာလည်ကြသူများအားလုံးကို မြင်ဖူးစေချင်ပါတယ်။ ခန္ဓာကိုယ် တခု ခေါင်းနှစ်လုံးနဲ့ မိန်းခလေး
Myanmar Journal မှ ကူးယူဖေါ်ပြလိုက်တာပါ။

တူရကီ ဆန္ဒပြမှု မျက်ရည်ယိုဗုံးသုံး လူစုခွဲ


တူရကီနိုင်ငံ အီစတန် ဘူလ် မြို့မှာ အစိုးရ ဆန့်ကျင်ဆန္ဒ ပြမှု ၄ ရက်မြောက်နေ့ မှာ ဝန်ကြီးချုပ်ရုံး ကို ချီတက်ဆန္ဒ ပြဖို့ ကြိုးစားသူတွေ ကို ရဲ က မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက်တွေ အသုံးပြုပြီး လူစုခွဲ လိုက်ပါတယ်။

အင်ကာရာ မြို့တော် မှာ လည်း ဒီကနေ့ နဲ့ မနက်ဖန် ဗုဒ္ဓဟူးနေ့တွေမှာ တူရကီရဲ့ အဓိက အလုပ်သမား သမဂ္ဂ တခု ကပါ ပါဝင်ပူးပေါင်းလှုပ်ရှားမယ့် အစီအစဉ် မတိုင်မီ အကြမ်းဖက်ဆန္ဒ ပြမှုတွေ ပေါ်ပေါက် ခဲ့ပါတယ်။

အဆိုပါ ပြည်သူ့ အလုပ်သမား သမဂ္ဂ (KESK) က အစိုးရ ရဲ့ အင်အားသုံး ဆန္ဒပြမှု ကို ပြင်းပြင်း ထန်ထန် ပြစ်တင် လိုက်ပါတယ်။

ဆန္ဒပြသူ ရာပေါင်း များစွာ ထိခိုက်ဒဏ်ရာ ရကြတဲ့ အနက် တယောက် ကတော့ ကား နဲ့ တိုက်မိရာ က သေဆုံးသွားပါတယ်။
ဘီဘီစီ

နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်မယ်လို့ သမ္မတပြော

Tuesday, June 4, 2013
အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေအားလုံး မကြာခင် ပြန်လွှတ်တော့မယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ပြည်သူလူထုကို လစဉ်ပြောနေကျမိန့်ခွန်းဖြစ်တဲ့ ဒီနေ့ညနေ ၄ နာရီ ရေဒီယိုမိန့်ခွန်းထဲမှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။

“ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မျှ အကျဉ်းထောင်ထဲမှာ ရှိနေစေလိုခြင်းမရှိပါ၊ သို့သော်လည်းပဲ အရင်ခေတ်အဆက်ဆက်က ရှုပ်ထွေးခဲ့တဲ့ ရာဇဝတ်မှုနဲ့ နိုင်ငံရေးပြစ်မှု မကွဲပြားတဲ့ကိစ္စရပ်တွေ စိစစ်ဆောင်ရွက်နေရတဲ့အတွက် အချိန်ယူလုပ်ဆောင်နေရတာဖြစ်ပါတယ်၊ အခုအခါမှာ ဒီကိစ္စတွေကို ရှင်းလင်းနိုင်ဖို့အတွက် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို ကျယ်ပြန့်တဲ့ပါဝင်မှုနဲ့ဖွဲ့စည်းပြီး ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် မကြာခင်မှာ အမှန်တကယ်ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအားလုံး လွတ်မြောက်တော့မှာဖြစ်ပါတယ်”

ဒါ့အပြင် နိုင်ငံရေးနဲ့ အကျဉ်းကျခံရသူတွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်လို့ ပုဒ်မ ၄၀၁ကို နိုင်ငံရေးလက်နက်အနေနဲ့ အသုံးချအရေးယူတာမျိုးလုပ်ဖို့မရှိကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ရာဇ၀တ်ပြစ်မှုနဲ့ နိုင်ငံရေးပြစ်မှုတွေ မကွဲပြားတဲ့အတွက် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကိုဖွဲ့စည်းပြီး အချိန်ယူကာ ဆက်လက်စိစစ်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလ ၁၇ ရက်နေ့က နိုင်ငံရေးအကျဉ်းသား ၂၃ ယောာက်ကို လွှတ်ပေးလိုက်ပြီးနောက် အကျဉ်းထောင်တွေထဲမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၀၀ နီးပါးလောက် ကျန်နေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ စာရင်းတွေအရ သိရပါတယ်။
RFA Burmese

မလေးရှားတွင် မြန်မာတဦး ထပ်မံ တိုက်ခိုက် သတ်ဖြတ်ခံရ

အခင်းဖြစ်ပွားရာတွင် စစ်ဆေးနေသည့် မလေးရှားရဲများ (ဓာတ်ပုံ – New Straights Times)
June 4, 2012
မလေးရှားနိုင်ငံ၊ ကမ်ပွန် ဘာရု အမ်ပန်အရပ်၊ ကားရေဆေးလုပ်ငန်း စင်တာအနီးတွင် အသက် ၂၀ အရွယ် မြန်မာ အမျိုးသားတဦး ထပ်မံ တိုက်ခိုက် သတ်ဖြတ်ခံရကြောင်း သိရသည်။
လွန်ခဲ့သည့် တနင်္ဂနွေနေ့ ညပိုင်းက အမည်မသိ လက်နက်ကိုင် လူတစုက တိုက်ခိုက်ခံခဲ့ရ၍ သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးသူ ရဲများကို ကိုးကားပြီး New Straights Times သတင်းတပုဒ်က ဖော်ပြသည်။
သေဆုံးသွားသူ မြန်မာနိုင်ငံသားသည် ကားရေးဆေး လုပ်ငန်းစင်တာတခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ၄င်း၏ အိပ်ခန်းတွင် တခြား မြန်မာ ၇ ဦးနှင့်အတူ အိပ်နေစဉ် လူအုပ်စုတစုက အခန်းကို ချိုးဖောက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုမှ လွတ်မြောက်ရန် ထွက်ပြေးခဲ့သော်လည်း ထိုလူအုပ်စုက သူ့ကို ဖမ်းမိပြီး အကြိမ်ကြိမ် ရိုက်နှက်ခြင်းကြောင့် သေဆုံးသွားရခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းက ဆိုသည်။
ယင်း မြန်မာနိုင်ငံသား၏ အလောင်းအား ကားရေဆေး လုပ်ငန်းအနီး၌ ယမန်နေ့ နံနက် ၉ နာရီခန့်တွင် ပြည်သူတဦးက မြင်တွေ့ခဲ့ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ ဖြစ်ကြောင်းနှင့် အလောင်းကို မာလာယ တက္ကသိုလ် ဆေးပညာဌာန (University Malaya Medical Centre) သို့ စစ်ဆေးရန် ပို့ထားကြောင်း သိရသည်။
အမ်ပန် ဂျာယာ ရဲဋ္ဌာန ဒု အကြီးအကဲ Md Nazri Zawawi က ပြောရာတွင် သေဆုံးသူ၏ ရင်ဘတ်၊ ကျောကုန်း၊ လည်ပင်း၊ နံရိုးများတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ တွေ့ရှိရကြောင်း၊ သေဆုံးသူ၏ အခန်းဖော် ၂ ဦးလည်း ဒဏ်ရာများ ရခဲ့ကြောင်း ပြောဆိုထားသည်။
“ဒီ တိုက်ခိုက်မှုဟာ ဗန်ကား ၂ စီးနဲ့ လာရောက်ခဲ့တဲ့ မြန်မာနိုင်ငံက အုပ်စုတစုကပဲ လုပ်ခဲ့တယ်လို့ ကျနော်တို့ ယုံကြည်နေကြပါတယ်” ဟု သူက New Straights Times သို့ ပြောသည်။
မလေးရှား ရဲတပ်ဖွဲ့အနေဖြင့်လည်း အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အပူတပြင်း ကြိုးစားဖော်ထုတ်နေကြောင်း သူက ဆက်လက်ပြောသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ဆာလာရမ်းအရပ်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို အမည်မသိ လူအုပ်စုက မေလ ၃၀ ရက်နှင့် ၃၁ ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့၍ မြန်မာနိုင်ငံ ၂ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရခဲ့သည့်အတွက် မလေးရှားရှိ မြန်မာနိုင်ငံသားများ စိုးရိမ်ပူပန်နေကြသည်။
သေဆုံးသူများသည် လည်ပင်းကို ဓားဖြင့်လှီးသတ်ခံရခြင်း ဖြစ်ပြီး လူသတ်တရားခံများကို ယခုထိ စုံစစ်ဆဲဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ အမည်မဖော်လိုသူ မြန်မာနိုင်ငံသား တဦးက ပြောသည်။
တိုက်ခိုက်မှုများကြောင့် စိုးရိမ်နေကြသည့် မြန်မာနိုင်ငံသား တချို့သည် ကပုန်း မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြကြောင်း၊ မြန်မာသံရုံး အနေဖြင့် ယနေ့အထိ ဆက်သွယ် အကူအညီပေးမှု မရှိသေးကြောင်း သိရသည်။
မြန်မာ ၂ ဦးသေဆုံးသော ပထမအကြိမ် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ အစိုးရပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနက တယ်လီဖုန်းနှင့် မေးမြန်းခန်းတွင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်က အခင်းဖြစ်နေရာနှင့် ပတ်သက်၍လည်း ထည့်သွင်း ပြောဆိုခဲ့သည်။
“အဲဒီဈေးနေရာက ဒုစရိုက်သမားတွေ ကျက်စားတဲ့နေရာပါ၊ မူယစ်ဆေးဝါး ရောင်းဝယ်မှု၊ လူသတ်မှု စတဲ့ ဒုစရိုက် နယ်မြေဆိုတော့ ရဲတွေကလည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှု မရှိတဲ့နေရာပါ” ဟု သူက ဆိုသည်။
အဆိုပါ မေးမြန်းခန်းတွင် သံအမတ်ကြီး ဦးတင်လတ်၏ ဖြေကြားမှုသည် မည်သည့်တာဝန်ယူမှုမျှ မရှိသည်ကို ဖော်ညွှန်းခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာများ တိုက်ခိုက်ခံရပြီး သေဆုံးမှု ၂ ကြိမ် သတင်းထွက်ပေါ်ခဲ့သော်လည်း ၎င်းတို့ သိရှိရသလောက် ပျောက်ဆုံးနေသူများမှာ ၇ ဦးခန့်ရှိကြောင်း မလေးရှားရောက် မြန်မာတဦးက ပြောသည်။
“အခု မြန်မာ အလောင်းတွေ့တယ် ဆိုတာ ၂ ခုပဲ သတင်းတွေက ရေးနေကြတာ၊ ကျနော်တို့ သိရသလောက် ပျောက်နေ တာတွေချည်းပဲ အနည်းဆုံး ၇ ဦးလောက်ရှိသေးတယ်” ဟု သူက ဆက်ပြောသည်။
မလေးရှားရောက် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရမှုသည် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော မိတ္ထီလာ၊ လာရှိုး ပဋိပက္ခများနှင့် ဆက်စပ်နိုင်ကြောင်း၊ ဆာလာရမ်း အရပ်၌ မြန်မာများ မနေရဲအောင် လုပ်ဆောင်ခြင်းဟု ထင်မြင်ကြောင်း ယမန်နေ့က ဧရာဝတီ၏ ဆက်သွယ်မေးမြန်းမှုတွင် ကပုန်း နာရေး ကူညီမှုအသင်းမှ ကိုဝင်းအောင်က မှတ်ချက်ပေးထားသည်။
ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဆာလာရမ်းဆေးရုံ၌ တက်ရောက်ကုသနေသူ မြန်မာအလုပ်သမား ထွန်းမော်သိန်း၊ ကိုကိုမောင်နှင့် စောဘာဘလူးဂေးတို့မှာ စိုးရိမ်စရာ မရှိကြောင်းနှင့် အဆိုပါ ဒဏ်ရာရသူများကို သံအမတ်ကြီး ဦးတင်လတ်နှင့် သံရုံးအမှုထမ်းများက သွားရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် အဆိုပါဆေးရုံတွင် မြန်မာ ၅ ဦး၊ ၆ ဦးခန့် တက်ရောက်ကုသခဲ့ပြီး ဒဏ်ရာသက်သာ၍ ဆေးရုံမှ ဆင်းသွားခဲ့သည်ဟု သံအမတ်ကြီးနှင့်အဖွဲ့ သိရှိရကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနကို ကိုးကား၍ အစိုးရသတင်းစာက ရေးသားထားသည်။ 
Irrawaddy

အမှုဖွင့်တိုင်ကြားခြင်းမရှိ၍ အရေးမယူသောလူကြီးသားဆိုသူများ၏အမှု

ရန်ကုန်၊ ဇွန် ၄။
ယခုလ ၂ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ဖြစ်ပွားခဲ့သော တက္ကစီ ကားသမား တစ်ဦးအား လူကြီးသားဟုဆိုသူ လူငယ်လေးဦးက ဦးဝိစာရ အဝိုင်းအနီး၌ ဝိုင်းဝန်းထိုးကြိတ်မှုအား ကာယကံရှင်မှ အမှုဖွင့် တိုင်ကြားခြင်း မရှိ၍ အရေး မယူနိုင်သေးကြောင်း  စမ်းချောင်းရဲစခန်းမှ မြန်မာ့ခေတ် သို့ ပြောကြားသည်။

“သူ ဒီလိုဒီအကြောင်း ဖြစ်တယ်ဆိုပြီး ရောက်လာတယ်။ အဲဒါဆိုလဲ အမှုဖွင့်မလားဆိုတော့ အမှုမဖြစ်ချင်ဘူး ဆိုတာနဲ့ မှတ်တမ်းတွေ ဘာတွေယူပြီး လက်မှတ် ထိုးသွားတယ်”ဟု ဒုရဲအုပ် ဇော်မျိုးသန့်က ၎င်းကိစ္စနှင့် ပတ်သက်၍ ပြောကြားသည်။

ထို့အပြင် တက္ကစီကားသမား အနေဖြင့် ယခုအမှုဖွင့် တိုင်ကြားလျှင်လည်း ရဲစခန်းသို့ လာရောက်၍ အမှုဖွင့် တိုင်းကြားနိုင်ကြောင်းနှင့် ၎င်းတို့ အနေဖြင့် တရားဥပဒေအတိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဆက်လက် သိရသည်။

တက္ကစီကားသမား ကိုဝင်းနောင်သည် အလုံ၌ ခရီးသည် နှစ်ယောက်အား တင်၍ မောင်းလာစဉ် မြေနီကုန်းမီပွုင့် အရောက် အရှေ့၌ ရပ်ထားသော ယာဉ်အမှတ် ၉ဂ/၉၁၂၄ကားသည် ပွိုင့်မီးစိမ်းနေသော်လည်း မထွက်သောကြောင့် အနောက်မှ ကားများက ဟွန်းတီး၍ ထိုကားအား ရှောင်မောင်းသွားကြရာ ၎င်းလည်းအများနည်းတူ ရှောင်မောင်းစဉ် နောက်မှ လိုက်လာ၍  တက္ကဆီအား ရပ်ခိုင်း၍ လှမ်းထိုးကြောင်း၊ ၎င်းအနေဖြင့် မောင်းပြေးသော်လည်း ဦးဝိစာရမီးပွိုင့် အရောက်တွင် မီသွားပြီးနောက် ဝိုင်းထိုးကြရာ ခရီးသည် နှစ်ဦးပါ အထိုးခံရခြင်းဖြစ်ကြောင်း တက္ကဆီ ကားသမားထံမှ သိရသည်။

“ဦးနဲ့သားတို့နဲ့ ဘာရန်ငြိုးမှ မရှိဘဲ။ နောက်ကကားတွေ ဟွန်းတီးသွားတာပါလို့ ပြောတော့ ငါတို့ကို
ဘာထင်နေလဲ လူကြီး သားသမီးတွေကွ တိုင်ချင်ရာတိုင်လို့ ပြောတယ်”ဟု ကိုဝင်းနောင်က ပြောကြားသည်။

ယင်းကိစ္စအား စမ်းချောင်း ရဲစခန်းသို့ သွားရောက် တိုင်ကြားသော်လည်း အမှုဖွင့် အရေးယူ၍
မရသေးကြောင်းနှင့် သက်ဆိုင်သူများအား ရှာဖွေတွေ့ရှိမှသာ တရားရုံးသို့ တင်ပြဆောင်ရွက်သွားမည်ဟု ရဲစခန်းမှ တက္ကစီ ကားသမားသို့ ပြောကြားခဲ့ကြောင်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

ဝိုင်းစုခိုင်သိန်းက သူ့ကို တကယ်ချစ်တယ်တဲ့လား

အဆိုတော် သရုပ်ဆောင် ၀ိုင်းစုခိုင်သိန်းရဲ့ လက်ရှိ အချစ်ရေး အခြေအနေကတော့ တည်ငြိမ်နေတယ်လို့ သိရပါတယ်။ သူတို့  ချစ်သူ သက်တမ်း ၃ နှစ်ရှိပါပြီတဲ့။
  
“၀ိုင်းစုရဲ့ ချစ်သူနဲ့ အချစ်ရေးက အဆင်ပြေပါတယ်၊ ချစ်သူ သက်တမ်းက သုံးနှစ်လောက်ရှိပါပြီ။ တခါတလေ စိတ်အခန့်မသင့်လို့ ရန်ဖြစ်တဲ့ အချိန်လည်း ရှိတာပဲ။ သူကပဲ အမြဲအလျှော့ပေးပါတယ်။ လက်ထပ်ဖို့လည်း သူ့ဘက်က ၀ိုင်းစုရဲ့ သဘောအတိုင်းပါပဲ” လို့ ဝိုင်းစုခိုင်သိန်းနဲ့ ဧရာဝတီ ရိုက်ကွင်းတခုမှာ ဆုံစဉ် ပြောခဲ့ပါတယ်။
သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်း (ဓာတ်ပုံ – ယွန်း)
သူက အခု လောလော ဆယ်တော့ အနုပညာ အလုပ်တွေပဲ လုပ်ချင်ပါသေးတယ်လို့ အသက် ၂၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းက ဆိုပါတယ်။
“သူ့ကိုလည်း ၀ိုင်းစု တကယ် ချစ်ပါတယ်။ သူကလည်း ၀ိုင်းစုဖြစ်ချင်တာ အားလုံးကို လိုက်လျောပေးတယ်၊ အိမ်ထောင်ရေး ဆိုတာတော့ တယောက်နဲ့ တယောက် နားလည်မှုနဲ့ လက်တွဲကြဖို့ လိုအပ်တယ်၊ သည်းခံဖို့လည်း လိုပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဝိုင်းစုခိုင်သိန်းရဲ့ အမြင်ကတော့ မိန်းကလေး တယောက်ဟာ အသက် ၂၈ နှစ် အရွယ်မှာ အိမ်ထောင်ပြုသင့်တယ်လို့ ဆိုပါတယ်။
“ကလေးလည်း ယူမှာဆိုရင် အဲဒီအရွယ်က အကောင်းဆုံးပဲလို့ ၀ိုင်းစုထင်တယ်” လို့ သူက ဆိုပါတယ်။
ဝိုင်းစုခိုင်သိန်းဆိုတာ နာမည်ကျော် မင်းသားတယောက်နဲ့ အချစ်ရေးမှာ ကံခေခဲ့သူ အဖြစ် အများက သိထားကြတာပါ။ လက်ရှိ အချိန်မှာ တည်ငြိမ်နေပြီ ဖြစ်တဲ့ ဒီအဆိုတော် မင်းသမီးရဲ့ တကယ်ချစ်ပါတယ် ဆိုတဲ့သူကို သူ့ပရိသတ် သိရဖို့ သူပြောခဲ့သလို မိန်းကလေးတယောက် အိမ်ထောင်ပြုသင့်တဲ့ အရွယ်ဖြစ်တဲ့ ၂၈ အထိ စောင့်ကြရဦးမယ်ဆိုရင် ဧရာဝတီ ပရိသတ်ကို နောက်ထပ် ၄ နှစ်ပဲ စောင့်လို့ ပြောလိုက်ပါရစေ Irrawaddy

ကလေးမွေးဖွားနှုန်း ထိန်းချုပ်သည့် ဒေသန္တရ အမိန့်အား ထောက်ခံ ဆန္ဒပြပွဲ (ရုပ်/သံ)

ရခိုင်တပြည်နယ်လုံးရှိ ဘင်္ဂလီကုလားများအား ဘူးသီးတောင်၊ မောင်တောကဲ့သို့ ဒေသန္တရ အမိန့်ထုတ်ပြန်ပေးရန် ဇွန်လ ၄ ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်သော ပြည်နယ်အစိုး၏ မောင်တောခရိုင်အတွင်း ကလေးမွေးဖွားနှုန်း ထိန်းချုပ်သည့် ဒေသန္တရ အမိန့်အား ထောက်ခံ ဆန္ဒပြပွဲ မှ တောင်းဆိုလိုက်သည်။
ဇင်ကီး (သတင်း)
Arakan Times

တရုတ် ကြက်သား စက်ရုံမီး လူ ၁၁၉ ဦး သေဆုံး

ထွက်ပေါက် တခါးတွေမှာ သော့ခတ် ထားတာ တွေ ပိတ်ဆို့ နေတာတွေ တွေ့ရ တယ်လို့ ဆိုပါတယ်
3 ဇွန်လ 2013
တရုတ် နိုင်ငံ အရှေ့ မြောက်ပိုင်းက ကြက်သား ထုတ်တဲ့ စက်ရုံ တခုမှာ မီးလောင်မှု ဖြစ်ပွား ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၁၁၉ ယောက် သေဆုံး သွားခဲ့ ပြီး တခြား လူ ၅၀ ကျော် ဒဏ်ရာ ရရှိသွား တယ်။

ဂျီလင်း ပြည်နယ်မှာ ဖြစ်ပွား ခဲ့တာ ဖြစ်ပြီး၊ သေဆုံးသူ အများစုဟာ မီးလောင် နေတဲ့ အဆောက် အဦးတွေ ထဲမှာ ပိတ်မိ နေခဲ့တာကြောင့် ဖြစ်ပါတယ်။ လူပေါင်း ၁ ရာလောက် ကတော့ စက်ရုံ ကနေ ထွက်ပြေး လွတ်မြောက် နိုင်ခဲ့ တယ်လို့ ရှင်ဝှာ သတင်း ဌာနက ပြောပါတယ်။

ထွက်ပြေး လာနိုင်ခဲ့ သူတွေ ပြောတာ ကတော့ ထွက်ပေါက် တခါးတွေမှာ သော့ခတ် ထားတာတွေ ပိတ်ဆို့ နေတာတွေ တွေ့ရ တယ်လို့ ဆိုပါတယ်။ အမိုး နီးယား ဓာတ်ငွေ့ ယိုစိမ့်မှု ကနေ မီးစလောင်တာ ဖြစ်နိုင် တယ်လို့ ယူဆရ ပါတယ်။

တရုတ် နိုင်ငံမှာ အလုပ် သမားတွေ အနေနဲ့ အဆိပ်သင့် စေတဲ့ ဓါတု ပစ္စည်းတွေ ကိုင်တွယ် အသုံးပြု တာက အစ လုပ်ငန်းခွင်နဲ့ ဆိုင်တဲ့ နာမကျန်း ဖြစ်တာ အဆုံး အလုပ် သမားတွေ ဘေးကင်း လုံခြုံမှု ရှိရေး စည်းမျဉ်း စည်းကမ်း ထောင်ပေါင်း များစွာကို တရုတ် ဗဟို အစိုးရက ရေးဆွဲ ချမှတ်ထား တာပါ။

ဒါပေမယ့် လက်တွေ့မှာ ဒီစည်းမျဉ်းတွေ အတိုင်း လိုက်နာ ဆောင်ရွက် တာမျိုး မရှိပဲ ဒေသခံ အာဏာပိုင် တွေနဲ့ စက်ရုံ ပိုင်ရှင် တွေက အမြတ် ရရေး ကိုပဲ ရှေ့တန်း တင်လေ့ ရှိကြပါတယ်။

ဗဟို အစိုးရ က ဒါကို ပြောင်းပစ်ဖို့ ကြိုးပမ်း ဆောင်ရွက် နေရာမှာ ပြီးခဲ့တဲ့ ၅နှစ် အတွင်း လုပ်ငန်းခွင် မတော် တဆ ဖြစ်ရပ်တွေ သုံးပုံ တပုံ လျော့ကျ သွားခဲ့ တယ်လို့ ဒုတိယ ဝန်ကြီးချုပ်ဟောင်း ကျန် တိဂျန် က ပြောသွားပါတယ်။

ဒါပေမယ့်လည်း တရုတ် နိုင်ငံရဲ့ လူထု ဘေးကင်း လုံခြုံရေး ဗျူရို ဌာန ကတော့ ၂၀၁၀ ခုနှစ် ကနဲ့ နှိုင်းယှဉ်ရင် ၂၀၁၁ ခုနှစ်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် တွေမှာ မီးလောင်မှု နှုန်း ၆ ရာခိုင်နှုန်း နီးပါး တိုးလာပြီး စိုက်ပျိုးရေး စက်ရုံတွေ မှာလည်း ၉ ရာခိုင်နှုန်း နီးပါး တိုးလာ ကြောင်းနဲ့ စက်ရုံ ပိုင်ရှင်တွေဟာ လျှပ်စစ်နဲ့ အပူ ဓါတ်အား ပေးရာမှာ စိတ်မချ ရတဲ့ နည်းတွေ သုံးပြီး ဘေးကင်း လုံခြုံရေး ဆိုင်ရာ စည်းမျဉ်း တွေကို လိုက်နာဖို့ ပျက်ကွက် နေကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင် မတော်တဆ ဖြစ်ရပ်တွေအတွက် အလုပ်ရုံ ပိုင်ရှင်တွေကို အပြစ်ပေးတာမျိုးလည်း မရှိသလောက် ရှားပါးတာကြောင့်လည်း အခုလို ဖြစ်ရပ်တွေ မကြာခဏ ဖြစ်နေတာလို့ ဝေဖန် ပြောဆိုမှုတွေ ရှိနေပါတယ်။
ဘီဘီစီ

ပညာရေးပေါ်လစီသစ် NLD တင်သွင်းမည်

နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ရန်ကုန်မှာ ပြုလုပ်နေစဉ် (၃ ဇွန် ၂၀၁၃)
03.06.2013
မြန်မာနိုင်ငံမှာ အမျိုးသားပညာရေး မူဝါဒတစ်ရပ် အရေးတကြီး လိုအပ်နေပြီး အဲ့ဒီမူဝါဒဟာ နိုင်ငံသားတွေကိုယ်တိုင် လိုလားတဲ့ အမျိုးသားပညာရေး မူဝါဒဖြစ်ဖို့ လိုအပ်တယ်လို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်နေသူတွေက ပြောလိုက်ပါတယ်။ ဒါ့အပြင် ပညာရေးကဏ္ဍမှာ သက်ဆိုင်ရာ ဒေသအလိုက် လွတ်လပ်စွာ လုပ်ပိုင်ခွင့် ပေးဖို့ တောင်းဆိုကြသလို၊ တိုင်းရင်းသား လူမျိုးစုအသီးသီးရဲ့ ကိုယ်ပိုင် ဘာသာစကားနဲ့ ပညာသင်ယူခွင့် ရဖို့ကိုလည်း တိုက်တွန်းပြောဆိုကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

စစ်တပ်ကနေ အာဏာရှင်စနစ်နဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့ မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ အမျိုးသားပညာရေး မူဝါဒဆိုတာ မရှိခဲ့ဘဲ အာဏာရှင်စိတ်ကြိုက် ပညာရေးစနစ်သာ ရှိခဲ့တာကြောင့် နှစ်ပေါင်းများစွာ ပညာရေး နိမ့်ကျခဲ့တဲ့အတွက် ဒီကနေ့လို နိုင်ငံရေး အပြောင်းအလဲကာလမှာ တိုင်းရင်းသားအားလုံးနဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်တစ်ရပ် လိုအပ်နေပြီလို့ ပြောသူကတော့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာသိန်းလွင်ပါ။

“အမျိုးသား ပညာရေး မူဝါဒကို ကျနော်တို့က ဒီ တစုံတယောက်က ရေးဆွဲတဲ့ဟာမျိုး မဟုတ်ဘဲနဲ့ ပညာရေးမှာ လက်တွေ့ပါဝင်တဲ့ ဒေသအသီးသီးမှာရှိတဲ့ ကျနော်တို့ နိုင်ငံသားတွေကိုယ်တိုင်က ပေးအပ်တဲ့ အကြံဥာဏ်အပေါ်မှာ ရေးဆွဲတဲ့ အမျိုးသား ပညာရေး မူဝါဒ လိုအပ်တယ်။ ဒါကြောင့် ကျနော်တို့ ဒီ အမျိုးသားပညာရေး မူဝါဒက ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးစနစ် အပြောင်းအလဲမှာ အရေးကြီးတာ ဖြစ်ပါတယ်။ ဆောင်ရွက်ခဲ့တဲ့ ပညာရေးကိစ္စတွေ မှန်သမျှက မူဝါဒ တိတိကျကျ မရှိဘဲနဲ့ အာဏာရှိတဲ့သူက သူ့စိတ်ကြိုက် သူ့ နှုတ်အမိန့်နဲ့ လုပ်ခဲ့တဲ့ဟာတွေက ကျနော်တို့ အလွဲလွဲ အမှားမှားတွေ ဖြစ်ခဲ့တယ်ဆိုတာ ကျနော်တို့ အားလုံး သိကြပါတယ်။”
“အဲ့ဒါကြောင့် ကျနော်တို့က ပညာရေး မူဝါဒ တစ်ရပ်ရှိရင် အဲ့ဒီ ပညာရေး မူဝါဒကို အခြေခံပြီးတော့ ပညာရေးဥပဒတစ်ရပ် ပြဌာန်းဖို့၊ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ပါ။ ဘယ်သူ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ ဘယ်သူ ပုဂ္ဂိုလ်နဲ့ မသက်ဆိုင်စေဘဲနဲ့ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ ပညာရေးကိစ္စ ကဏ္ဍအသီးသီးမှာ ဥပဒေအတိုင်း ဆောင်ရွက်ဖို့၊ ပညာရေး ကဏ္ဍမှာလည်း ဥပဒေ စိုးမိုးဖို့ အဲ့ဒီရည်ရွယ်ချက်နဲ့ ကျနော်တို့ အမျိုးသားပညာရေး မူဝါဒကို အခြေခံပြီးတော့ အမျိုးသားပညာရေးဥပဒေ ဖြစ်လာဖို့အတွက် ကျနော်တို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။”

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ဆောင်နေတဲ့အဖွဲ့တွေက နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံတစ်ခုကို ရန်ကုန်မြို့မှာ ကျင်းပဖို့ ပြင်ဆင်နေပြီး အဲ့ဒီညီလာခံနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုကို တနင်္လာနေ့က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပခဲ့ချိန်အတွင်း ဒေါက်တာသိန်းလွင်က အဲ့ဒီလို ပြောခဲ့တာပါ။ သူကိုယ်တိုင်က ညီလာခံဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဒေါက်တာသိန်းလွင်ပြောသွားတဲ့ အမျိုးသားပညာရေးဥပဒေ ၆ လအတွင်း ပေါ်ထွက်လာဖို့ ကြိုးစားနေကြပြီး၊ ဥပဒေပြဌာန်းပြီးတဲ့ နောက် ၃ နှစ်အတွင်း မြန်မာ့ပညာရေး သိသိသာသာ တိုးတက်လာဖို့ မျှော်လင့်ထားကြပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေကို ဖော်ဆောင်နေတာနဲ့အညီ ပညာရေးကို ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး ဒေသဆိုင်ရာအလိုက် တန်ဖိုးထားမှုတွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီနည်းလမ်းနဲ့ လိုက်လျောညီထွေဖြစ်မယ့် ဒေသအလိုက် လွတ်လပ်စွာ လုပ်ပိုင်ခွင့် ပေးဖို့ကိုလည်း တောင်းဆိုကြပါတယ်။

“ဒေသဆိုင်ရာ လွတ်လပ်ခွင့်မှာ ကျမတို့ စီမံခန့်ခွဲခွင့်တွေ၊ လွတ်လပ်ခွင့်တွေ ရှိရပါမယ်။ ဘာလို့ ပြောရသလဲဆိုတော့ ကျမတို့ အခု ဗဟိုချုပ်ကိုင်မှုရှိတဲ့ စီမံခန့်ခွဲမှုမှာဆိုရင် ကျောင်းဆရာ၊ ဆရာမခန့်ထားရေး၊ ပြောင်းရွှေ့ရေးကအစ ဗဟိုကပဲ ချုပ်ကိုင်ထားတဲ့အခါမှာ ဥပမာ - ဗမာဆရာမတစ်ယောက်ကို ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ထားတဲ့အခါ သူတို့မှာ ဘာသာစကား အခက်အခဲကို စတင် ကြုံတွေ့ရပြီးတော့ ဒီကျောင်းသားတွေကို သင်ယူမှုမှာလည်း စတင် အခက်အခဲ ဖြစ်ရတယ်။ ဒါက ကျမ အနိမ့်ဆုံးပြနိုင်တဲ့ ဥပမာပါ။ တခြားသော ကျမတို့ အခက်အခဲတွေ ရှိပါတယ်။ ကျောင်းသားတွေရဲ့ သင်ယူမှုနဲ့ ဒေသခံတွေရဲ့ ပြဿနာနဲ့ လိုအပ်ချက်တွေကို ဖြေရှင်းမပေးနိုင်တဲ့ ပညာရေး ချုပ်ကိုင်မှုတွေ ရှိနေသမျှ ကာလပတ်လုံး ကျမတို့နိုင်ငံမှာ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုဆိုတာ အလှမ်းဝေးနေဦးမှာပါ။ ဒါကြောင့် ကျမတို့က ဒေသဆိုင်ရာ ပညာရေး လွတ်လပ်ခွင့်တွေ လိုပါတယ်လို့ ကျမ ပြောတာပါ။”

စဉ်းစားတွေးခေါ်သော စာသင်ခန်းများအဖွဲ့က ဒေါ်သူသူမာ ပါ။ ဒီနေရာမှာ တိုင်းရင်းသားဒေသခံတွေအနေနဲ့ သူတို့ကိုယ်ပိုင်ဘာသာစကားနဲ့ ပညာသင်ကြားခွင့်ရဖို့က အရေးကြီးတယ်ဆိုတာကို ထောက်ပြ ပြောဆိုတာလည်းရှိပါတယ်။

လူမျိုးမပျောက်ဖို့အတွက် မိခင်ဘာသာစကားကို ပြောတတ်၊ ရေးတတ်၊ ဖတ်တတ်နိုင်ဖို့က အရေးကြီးတယ်လို့ ပြောသူက ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်ဟောင်းဆောင်းပါ။

“စစ်တမ်းကောက်မယ်ဆိုရင် ကိုယ့်ရဲ့ မိခင်ဘာသာစကားကို ရေးတတ်၊ ဖတ်တတ်တဲ့သူက ၁၀ ရာခိုင်နှုန်းလောက်တောင် မရှိနိုင်ပါဘူး။ ၁၀ ရာခိုင်နှုန်း မရှိနိုင်တဲ့အပြင် တချို့ကတော့ မပြောတတ်တော့တဲ့ ကလေးတွေ ရှိပါတယ်။ အဲ့တော့ ကိုယ့်ရဲ့ မိခင် ဘာသာစကား၊ ကိုယ့်ရဲ့ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု ဘာသာစကားကို မပျောက်ပျက်ဖို့၊ ဆက်လက်ထိန်းသိမ်းဖို့အတွက်ကို ကျမတို့ရဲ့ တိုင်းရင်းသား ဘာသာစကားကို ကျမတို့ရဲ့ သင်ရိုးညွှန်းတမ်းထဲမှာ ကျောင်းချိန်ပြင်ပ မဟုတ်ပါဘူး။ ကျောင်းချိန်အတွင်းမှာ ကိုယ့်ဒေသလွတ်လပ်ခွင့်နဲ့အတူ သင်ကြားခွင့်ကို ကျမတို့ တောင်းဆိုနေတာဖြစ်ပါတယ်။”

ဇွန်လ ၈ ရက်နဲ့ ၉ ရက် နှစ်ရက်ကြာကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံဟာ မြန်မာနိုင်ငံမှာ တစ်ကြိမ်မှ မရှိဘူးသေးတဲ့ ညီလာခံတစ်ခုဖြစ်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။ ညီလာခံအတွင်း အခု ပြောခဲ့ကြတဲ့အကြောင်းအရာတွေ အပါအ၀င် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနဲ့ မူဝါဒတစ်ရပ် ပေါ်ထွက်လာရေးအတွက် အကြောင်းအရာမျိုးစုံကို ဆွေးနွေးကြဖို့ ရှိပါတယ်။

ပညာရေးဆိုင်ရာ ပညာရှင်ပေါင်း ၈၀ ကျော်ကို ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားထားပြီး၊ ဆွေးနွေးသူ ၇၀၀ ကျော်တို့က ဒေသအသီး သီးမှာ ဆွေးနွေးပြီး ရယူထားတဲ့ အကြံဉာဏ်တွေပေါ်မှာ အခြေခံပြီးတော့ ပညာရေးမူဝါဒ မူကြမ်းတစ်ရပ်ကို ရေးဆွဲပြီးတော့ ပြည်သူ့လွှတ်တော်ဆီ တင်သွင်းသွားမယ်လို့ ရည်ရွယ်ထားကြပါတယ်။
ကိုကျော်ကျော်သိန်း
ဗွီဗအိုအေ


အစိုးရအပြင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Medeleine Albright နဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ဆုံစဉ် (၃ ဇွန် ၂၀၁၃)
03.06.2013
မြန်မာနိုင်ငံကို ၅ ရက်ကြာ အလည်ပတ်ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်း အောဘရိုက် (Medeleine Albright) ဟာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က အတည်ပြု ပြောဆိုပါတယ်။ မက်ဒလင်း အောဘရိုက် (Medeleine Albright) ဟာ နေပြည်တော်မှာ ရှိနေစဉ်အတွင်း မြန်မာအစိုးရက အရာရှိတွေနဲ့လည်း တွေ့မှာဖြစ်ပါတယ်။

မနေ့က တိုင်းရင်းသားပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေမှာ NDI အမေရိကန် အမျိုးသားဒီမိုကရေစီအဖွဲ့က ကူညီလုပ်ဆောင်ပေးနိုင်မယ့် ကိစ္စတွေကို လေ့လာဖို့ ရောက်ရှိနေတဲ့ NDI ဥက္ကဌလည်းဖြစ်၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်းလည်းဖြစ်တဲ့ မက်ဒလင်း အောဘရိုက် (Medeleine Albright) ဟာ မနေ့က ဇွန်လ ၂ ရက်နေ့မှာ ဘာသာရေးနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ဒီကနေ့တော့ နေပြည်တော်မှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

နေပြည်တော်မှာ ရှိနေစဉ်အတွင်း မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံတာအပါအ၀င် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံမှာ ဖြစ်တဲ့အကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးလည်းဖြစ်၊ မိတ္ထီလာမြို့ ကိုယ်စားပြု ပြည်သူ့လွှတ်တော် အမတ်တစ်ဦးလည်းဖြစ်တဲ့ ဦးဝင်းထိန်က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

မနေ့က တိုင်းရင်းသားပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာတော့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိစ္စအပါအ၀င် ၂၀၁၅ ရွေးကောက်ကိစ္စတွေကို မက်ဒလင်း အောဘရိုက် (Medeleine Albright) က စိတ်ဝင်တစား မေးမြန်းခဲ့တယ်လို့ အဲ့ဒီတွေ့ဆုံပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ALD ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးကျော်မြင့် က ဗွီအိုအေကို ပြောပါတယ်။

“မက်ဒလင်း အောဘရိုက် (Medeleine Albright) က သူက ဘာပြောလဲဆိုတော့ ငြိမ်းချမ်းရေးပေါ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ သူ သိချင်တယ်ပေါ့နော်။ နောက်တစ်ချက်က PR စနစ်၊ PR စနစ်ကို သဘောကျ မကျပေါ့။ နောက်တစ်ချက်က ၂၀၁၅ မှာ ရွေးကောက်ပွဲ ၀င် မ၀င်ပေါ့လေ။ အကြမ်းမျဉ်းကတော့ အဲ့ဒီလောက် မှတ်မိလိုက်တယ်။ သူတို့က တိုင်းရင်းသားပါတီတွေ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ သဘောထား ဘာရှိသလဲ ဒါတွေကို သူ သိချင်တယ်။”

ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကိစ္စမှာ တိုင်းရင်းသားတွေနဲ့ အစိုးရအကြား ချဉ်းကပ်ပုံခြင်း မတူတာကိုလည်း သူတို့ဘက်က တင်ပြ ဆွေးနွေးခဲ့ကြတယ်လို့ ဦးကျော်မြင့်က ဆက်ပြောပါတယ်။

“တိုင်းရင်းသားတွေအနေနဲ့ကတော့ နိုင်ငံရေး ဖြေရှင်းမှုတစ်ခုပေါ့ အဲ့ဒါ လိုအပ်တယ်။ အစိုးရဘက်က ပြောတာကတော့ သူတို့က တိုင်းနဲ့ပြည်နယ် ဟိုဟာလေ ပြည်နယ်အဆင့်ကနေ ပြည်ထောင်စုအဆင့်ဆွေးနွေး၊ နောက် လက်နက်ချ ပါတီထောင် ပြီးတော့ ပါလီမန်ထဲ ၀င်ပေါ့။ အဲ့ဒီလို အဆင့်ဆင့် လုပ်ထားတာကိုး။ တိုင်းရင်းသားတွေဘက်ကကျတော့ နိုင်ငံရေးအဖြေတစ်ခုရအောင် အရင်လုပ်ပါ။ လုပ်ပြီးတော့မှ သွားချင်တယ်။ အဲ့ဒီသဘောတွေကို ပြောကြတာပေါ့လေ။”

၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးကိစ္စကို မေးမြန်းရာမှာလည်း သူတို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုအပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံက ဘယ်လိုနေမယ်မှန်း မသိတော့လေ အဲ့ဒါ နည်းနည်းစောမယ်ပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ့်ကိစ္စတွေ ပြင်ရဦးမယ်ကိုး။ အစိုးရကလည်း လွှတ်တော်မှာ ပြင်မယ့် ကော်မတီတွေ ဘာတွေ ဖွဲ့ထားတော့ ဘာတွေ ဖြစ်ကြဦးမလဲ မသိဘူး။”

PR လို့ခေါ်တဲ့ အချိုးကျ မဲစံနစ်အပေါ် တိုင်းရင်းသားပါတီတွေရဲ့ အမြင်သဘောထားကို မက်ဒလင်း အောဘရိုက် (Medeleine Albright) က မေးတဲ့အခါ တိုင်းရင်းသားပါတီအများစုက သဘောမတူတဲ့အကြောင်း ပြန်လည် တုန့်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

“PR စနစ်ကို ဒီက တိုင်းရင်းသားပါတီတွေရဲ့ သဘောထားပေါ့လေ။ အဲ့ဒါလေးလဲ သိချင်တယ်လို့ အဲ့ဒီအပေါ်မှာပဲ ပြောကြပါတယ်။ သူကလည်း အချိန်က သိပ်မရဘူး။ အဓိကကျတာလေးတွေပဲ ပြောလိုက်ရတာ။ PR စနစ်ကိုတော့ သဘောမတူတဲ့သူ များတယ်။”

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်း အောဘရိုက် (Medeleine Albright) ဟာ မြန်မာနိုင်ငံကို မေလ ၃၁ ရက်နေ့က ဇွန်လ ၅ ရက်နေ့အထိ အလည်အပတ် ရောက်ရှိနေတာပါ။ မနေ့က တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတာအပြင် တခြား ဘာသာရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။

နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်း အောဘရိုက် (Medeleine Albright) အနေနဲ့ မနက်ဖြန် အင်္ဂါနေ့မှာတော့ ပြည်လမ်း ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေကို မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။

မက်ဒလင်း အောဘရိုက် (Medeleine Albright) ဟာ သူ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၉၅ ခုနှစ်တုန်းက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အလည်ရောက်လာခဲ့တာဖြစ်ပြီး၊ အဲ့ဒီအချိန်တုန်းက နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရှားရှားပါးပါး တွေ့ဆုံခွင့် ရခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
ကိုဇော်ဝင်းလှိုင်
ဗွီအိုအေ

လေးနှစ်သက်တမ်းစာချုပ်ဖြင့် ချဲလ်ဆီး ကို ဒုတိယအကြိမ်ကိုင်တွယ်မည့် မော်ရင်ဟို

ဂျိုစေး မော်ရင်ဟို သည် ချဲလ်ဆီးနည်းပြသစ်အဖြစ် အတည်ပြုခဲ့ပြီး လေးနှစ်သက်တမ်း စာချုပ်ဖြင့် အသင်းအား ဒုတိယအကြိမ် ကိုင်တွယ်မည်ဖြစ်သည်။ အသက် 50 အရွယ် မော်ရင်ဟို သည် ရီးရဲလ်မက်ဒရစ် အသင်းမှ ထွက်ခွာလာခဲ့ပြီး ရာဖေးလ် ဘင်နီတက်ဇ် ၏ နေရာတွင် အစားထိုး တာဝန်ယူ
ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပေါ်တူဂီ နည်းပြ သည် ချဲလ်ဆီးအသင်းအား ပထမအကြိမ် ကိုင်တွယ်စဉ်က ပရီးမီးယားလိဂ် ဖလား ကို နှစ်နှစ်ဆက်တိုက် ရယူပေးနိုင်ခဲ့သူဖြစ်သည်။

 “အရင်ကနဲ့ မတူနဲ့အနေအထားကို ကူညီဖို့ အတွက် 2004 ခုနှစ်တုန်းက လို ပေးခဲ့တဲ့ ကတိမျိုး အတိအကျ ထပ်ပေးပါတယ် ကျနော်ဟာ ခင်များတို့ထဲက တစ်ယောက်ပါပဲ။ ဘောလုံးလောကမှာ
ကျနော့် နည်းပြ ဘဝမှာ အရေးပါတဲ့ ဖြတ်သန်းမှု နှစ်ခု ရှိပါတယ် ။ အဲ့ဒါက အင်တာနဲ့ ချဲလ်ဆီးပါ။
ချဲလ်ဆီး က ကျနော့် အတွက် ပိုပြီးအရးကြီးပါတယ် ” ဟု မော်ရင်ဟို ကပြောခဲ့သည်။ လာမည့် ဇွန်လ ( 10 ) ရက်နေ့တွင် မော်ရင်ဟို သည် စတမ်းဖိုဒ့် ဘရစ်ခ်ျတွင် တရားဝင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကာ ၄င်းနှင့်အတူ နည်းပြ အဖွဲ့ဝင် သုံးဦးဖြစ်သည့် ရာအူး ဖရီယာ ၊ ဆေလ်ဗီနို လော်ရို နှင့် ဂျိုစေး မိုရက်စ် တို့ကိုပါ ခေါ်လာမည်ဖြစ်သည်။

ချဲလ်ဆီးအသင်း၏ အလုပ်အမှုဆောင်အကြီးအကဲဖြစ်သူရွန် ဂေါ်လေး ကလည်း မော်ရင်ဟို နှင့်ပက်သက်ပြီး “ ပရီးမီးယားလိဂ်မှာ သူဟာ ကြီးမားတဲ့ပုံရိပ်တွေ ရှိနေဆဲပါ ဒီမှာရှိတဲ့လူတွေအားလုံးက သူနဲ့ လက်တွဲပြီး နောက်တစ်ကြိမ် အလုပ်ထပ်လုပ်ချင်နေကြတာပါ …”ဟု ပြောကြားသွားခဲ့သည်။
Nmz
SkyNet TV Browser

ထိုင်း ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လေးကြိမ်မြောက် လာရောက်မည်


ရန်ကုန်၊ ဇွန် ၃
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ဘဏ္ဍာငွေ ရှာဖွေနေသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာသည် ဇွန်လ ပထမပတ်အတွင်း မြန်မာနိုင်ငံသို့ လေးကြိမ်မြောက် လာရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူများက The Voice သို့ ပြောကြားသည်။

အဆိုပါ ခရီးစဉ်တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာနှင့် အတူ ထိုင်း ထိပ်တန်း စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ ပါဝင်မည် ဖြစ်ပြီး ထိုင်း-မြန်မာ ရင်းနှီး မြုပ်နှံမှု ဆိုင်ရာများ ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာနှင့် ထိုင်း ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် အဖွဲ့သည် ဇွန်လ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်၌ စီးပွားရေး ဆိုင်ရာ ဖိုရမ်တစ်ခု ပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UNFCCI) ထံမှ သိရှိရသည်။

ထိုင်းဝန်ကြီးချုပ်သည် ဇွန်လ ၅ ရက်နေ့မှ ၇ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်မည် ဖြစ်ကြောင်းလည်း အစိုးရ နှင့် နီးစပ်သူများက ဆိုသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာ၏ ယခု ခရီးစဉ်သည် မြန်မာနိုင်ငံသို့ လေးကြိမ်မြောက် လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် နှစ်ကြိမ် လာရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း လာရောက်စဉ်တွင် အီတာလျံ-ထိုင်းကုမ္ပဏီ က အကောင်အထည် ဖော်လျက်ရှိသော ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက် ဆိပ်ကမ်း စီမံကိန်း တည်နေရာသို့ သွားရောက် လေ့လာခဲ့သည်။

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွင်း၌ တတိယအများဆုံး ရင်းနှီးမြုပ်နှံမှု ပြုလုပ်ထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။
 The Voice Weekly

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်း


 June 03, 2013
ဇွန်လ(၃)ရက်နေ့ ည (၇)နာရီခန့်မှ (၈)နာရီဝန်းကျင်အထိ မိုးနှင့်လေအတူ သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် တာချီလိတ်မြို့တွင် ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်သည့် ရေအနည်းငယ် တက်လာမှုများနှင့် သစ်ကိုင်းကျိုးမှု အနည်းငယ် ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရသည်။





ပုန်းထွန်ရပ်ကွက် ကားလမ်းပေါ်နှင့် တာလော့ဈေးအတွင်း ရေအနည်းငယ်တက်လာမှုများရှိခဲ့ပြီး မိုးတိတ်သွားပြီးနောက် မကြာမီမှာ ရေများ ပြန်လည်ကျသွားသည်ကိုလည်း တွေ့ရှိရသည်။ မိုးနှင့်လေအတူ ရွာသွန်းမှုကြောင့် သစ်ပင်များ သစ်ကိုင်းများ ကျိုးကျမှုမှာ အနည်းငယ်မျှသာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။





တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းသည့် အခါတိုင်း၌ ပုန်းထွန်၊ တာလော့၊ ဆန်ဆိုင်း(ခ) နှင့် မယ်ခေါင်ရပ်ကွက်တို့မှာ မိုးရေများကြောင့် ရေတက်လာမှုများ ကြုံလေ့ရှိကြောင်း သိရသည်။
Tachileik

ညောင်ရွှေမြို့နယ် ကန်ပဲ့ကျေးရွာက လယ်သမားတွေ ဆန္ဒထုတ်ဖော် (ရုပ်/သံ)

Jun 4, 2013 ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးမှာ တည်ဆောက်မယ့် ဟိုတယ်ဇုံစီမံကိန်းအတွက် လယ်မြေတွေ သိမ်းဆည်းခံထားရတဲ့ ညောင်ရွှေမြို့နယ် ကန်ပဲ့ကျေးရွာက လယ်သမားတွေဟာ သူတို့ရဲ့လယ်ယာမြေတွေမှာ ပြည်လည်ထွန်ယက် စိုက်ပျိုးတဲ့ ဆန္ဒထုတ်ဖော်မှုတစ်ခုကို ဇွန်လ(၂)ရက်နေကပြုလုပ်ခဲ့ကြပါတယ်။
ဒေါ်ညိုမာသက် တိုက်ရိုက် သတင်းပေး ပို့ထားပါတယ်။

DVB TV News

ကိုကာကိုလာ မြန်မာပြည် မိတ်ဆက်

ကိုကာကိုလာ မြန်မာနိုင်ငံသို့ မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ကိုကာကိုလာ စက်ရုံမှာ ကျင်းပ။ Coca Cola CEO ဥက္ကဌ Muhtar A. Kent, အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Madeleine Albright, အမေရိကန် သံအမတ်ကြီး Derek Mitchell နဲ့ ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ တို့ တက်ရောက်။
DVB TV News







မြွေရေခွံအိတ် ခေါင်းတွင်စွပ်လျှက် သေဆုံးနေသော ဆရာဝန်တစ်ဦး စမ်းချောင်းမြို့နယ်မှ ဟိုတယ်တစ်ခုတွင်တွေ့

Tuesday, June 4, 2013
ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့ နယ် ဟိုတယ်တခုမှာ စောင်ခြုံကာ မြွေရေခွံအိတ်အား ခေါင်းတွင် စွပ်လျှက် ဆရာဝန်တဦး သေဆုံးနေကြောင်း သိရှိရပါသည်။

သေဆုံးသူမှာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း မြောက်ရပ်ကွက်၊ ဓမ္မာရုံလမ်းရှိ၊ ဟိုတယ်တွင် ၂.၆.၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန်က လာရောက် တည်းခိုနေသော မောင်စိုင်းဘိုဘိုထွန်း၊ ၂၇နှစ်၊ (ဘ)ဦးစောထွန်းဖ၊ ဖြစ်တယ်လို့  ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါသည်။

သေဆုံးသူသည် ဆရာဝန် ဆရာဝန်တဦး ဖြစ်ပြီး  ၃.၆.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်တွင် ဟိုတယ်မှ တည်းခိုခန်းခ ရှင်းရန်အတွက် ဖုန်းဆက်ခြင်း၊ အပြင်မှ တံခါးခေါက်ခြင်းများ ပြုလုပ်ခေါ်သော်လည်း
မရသဖြင့် ဟိုတယ်မန်နေဂျာမှ ရဲစခန်းသို့ အကြောင်းကြားခဲ့၍ သော့ပိုနှင့်ဖွင့်ကာဝင်ရောက်စစ်ဆေးရာ အခန်းတံခါးအား အတွင်းမှဆက်တီခုံနှင့် ကာပိတ်ထားသည်ကိုတွေ့ရှိရပြီး မောင်စိုင်းဘိုဘိုထွန်းမှာ ခုတင်ပေါ်တွင်စောင်ခြုံကာ မြွေရေခွံအိတ်အား ခေါင်းတွင်စွပ်လျှက် ပြင်ပဒဏ်ရာမရှိဘဲသေဆုံး နေကြောင်းစစ်ဆေးတွေ့ရှိခဲ့ရပါသည်။

၎င်း၏အခန်းအတွင်းအားစစ်ဆေးရာ ATC စာတမ်းပါပန်းရောင် ဆေးပြား(၄)ပြား၊ အဖြူရောင်ဆေးပြား (၂)ပြားတို့အားကြမ်းပြင်ပေါ်တွင်ပြန့်ကျဲလျက်တွေ့ရှိရသဖြင့် ၎င်းဆေးပြားများအား စစ်ဆေးပေးနိုင်ရေးဓါတုဗေဒ၀န်ရုံးသို့ ပို့အပ်ထားရှိပြီး စမ်းချောင်းမြို့မရဲစခန်းတွင် သေမှုသေခင်း ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။
သစ်ထူးလွင်

သေကြောင်းကြံဖို့ အကျဉ်းကျ ထိုင်ဝမ်သမ္မတဟောင်း ကြိုးစား

ထောင်ဒဏ် နှစ် ၂၀ ကျခံနေရတဲ့ ထိုင်ဝမ်သမ္မတဟောင်း (၆ ဇန်န၀ါရီလ ၂၀၁၂)
03.06.2013
ထိုင်ဝမ်မှာ အကျဉ်းချခြင်း ခံနေရတဲ့ သမ္မတဟောင်း ချမ်ရွှေဗြန်း (Chen Shui-bian) ဟာ သူ့ကိုယ်သူ သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

ထိုင်ဝမ်အလယ်ပိုင်းမှာရှိတဲ့ ထိုင်ချွန်း အကျဉ်းထောင်မှာ တနင်္ဂနွေနေ့ညက အခုလို သေကြောင်းကြံဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ထိုင်ဝမ်တရားရေး ၀န်ကြီးဌာနက ဒီကနေ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူဟာ မျက်နှာသုတ်ပုဝါကို အသုံးပြုပြီး သေကြောင်းကြံဖို့ ကြိုးစားခဲ့တာမှာ အကျဉ်းထောင်အတွင်း ရေချိုးခန်းအစောင့်တွေက ဟန့်တားနိုင်ခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မျက်နှာသုတ်ပုဝါကို ဘယ်ပုံဘယ်နည်း အသုံးပြုခဲ့တယ် ဆိုတာကိုတော့ အသေးစိတ် ဖော်ပြထားခြင်းမရှိပါဘူး။ သူဟာ အကျဉ်းထောင်ဆေးရုံမှာ ရောက်ရှိနေပြီးတော့ အခုအခါ စိတ်တည်ငြိမ်မှု ရှိနေတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

မစ္စတာ ချမ်ရွှေဗြန်း ဟာ ထိုင်ဝမ်ရဲ့ သမ္မတအဖြစ် ၂၀၀၀ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ လက်ရှိမှာ အဂတိလိုက်စားတဲ့ ပြစ်မှုတွေနဲ့ ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရတာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ထိုင်းတွင် ကျောက်တောင်ပြို၊ မြန်မာအလုပ်သမား ၂ ဦး သေဆုံး

ထိုင်းနိုင်ငံ အနောက်ပိုင်း ဖစ်ခ်ျပူရီခရိုင်က ကျောက်ခွဲလုပ်ငန်းတခုမှာ ကျောက်တောင်ပြိုကျပြီး  မြန်မာအလုပ်သမားတွေ သေကျေ ဒဏ်ရာရခဲ့ပါတယ်။

ဖစ်ချပူရီခရိုင် ခေါဝ်ယွဲ့မြို့နယ် နောင်ချွန်းဖွန်းရပ်ကွက်က ဖစ်ခ်ျဆုမ်ထောန်း ကျောက်ခွဲလုပ်ငန်းမှာ ဇွန် ၃ ရက်နေ့ မနက်ပိုင်းက မြေပြိုမှုဖြစ်ပွားပြီး လူ ၆ ဦးဒဏ်ရာရကာ ၃ ဦး သေဆုံးခဲ့တယ်လို့ နယ်မြေ ၇  သတ္တုတွင်းနဲ့ အခြေခံစက်မှုလုပ်ငန်းဌာန ညွှန်ကြားရေးမှူး နိုင်းဆုမ်ဆပ် ဟွန်ကရစင် က ထိုင်းသတင်းဌာနကို ပြောပါတယ်။

သေဆုံးသူ ၃ ဦးအနက် ကရိန်းကားမောင်းနှင်သူ ထိုင်းအမျိုးသား နိုင်းဆူဝိချတ် အသက် ၅၀ ရဲ့ အလောင်းကိုပဲ တွေ့ရှိပြီး  ကျန်တဲ့ မြန်မာအလုပ်သမား ကိုနိုင် ၂၈ နှစ်နဲ့ ကိုယု ၁၇ နှစ်တို့ကိုတော့ ကျောက်ခဲပုံတွေကြားမှာ ကြိုးစားရှာဖွေနေတုန်းပဲလို့ ဆိုပါတယ်။

ဒဏ်ရာရသူ ၆ ဦးမှာ ဒဏ်ရာပြင်းထန်တဲ့ ၄ ဦးကို ဘန်ကောက် ဖရကျွမ်ကောက်ဆေးရုံကို ပို့ဆောင်ထားကြောင်း၊ မြန်မာအလုပ်သမား ၂ ဦးပါဝင်ကြောင်း နိုင်းဆုမ်ဆပ်က ပြောပါတယ်။

ကျောက်တုံးကျောက်ခဲနဲ့ မြေစာတွေဟာ  ပစ်ကပ်ကား ၃ စီး၊ ဆယ်ဘီးကား ၄ စီးနဲ့ ကရိန်းကား ၃ စီးပေါ်ကိုလည်း   ပြိုကျဖုံးလွှမ်းသွားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပုဂ္ဂလိကပိုင် အဲဒီကျောက်ခွဲလုပ်ငန်းမှာ ကျောက်ဖြိုခွဲမှုနည်းလမ်း မှန်ကန်မှုမရှိတာကို လွန်ခဲ့တဲ့လပိုင်းက စစ်ဆေးတွေ့ရှိခဲ့ပြီး ပြုပြင်ဆောင်ရွက်ဖို့ သတိပေးခဲ့ပေမယ့် လုပ်ငန်းရှင်က မလိုက်နာတဲ့အပြင်  ဒီမတိုင်ခင်ညက မိုးသည်းထန်တဲ့အတွက် ခုလို ထိခိုက်မှုဖြစ်ပွားခဲ့ရတာလို့ ညွှန်မှူး နိုင်းဆုမ်ဆပ်က ပြောပါတယ်။

တောင်ပြိုမှုဖြစ်ပွားရာနေရာကို ဖစ်ချပူရီခရိုင်ဝန် လာရောက် စစ်ဆေးသွားပြီး လောလောဆယ် အဲဒီနေရာကို အန္တရာယ်ရှိဇုန်အဖြစ် ကြေညာထားတယ်လို့ သည်နေရှင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။
ဒီဗွီဘီ

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com