http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင် ဂွမ်ဂျူးလူ့အခွင့်အရေးဆု လက်ခံ(ရုပ်/သံ)

၂၀၀၉ ခုနှစ်အတွက် “ဂွမ်ဂျူးလူ့အခွင့်အရေးဆု" ပေးအပ်ချီးမြှင့်ပွဲ ၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်သည် တောင်ကိုရီးယားနိုင်ငံရှိ The May 18 Memorial Foundation အဖွဲ့မှ ချီးမြှင့်သော ၂၀၀၉ ခုနှစ်အတွက် “ဂွမ်ဂျူးလူ့အခွင့်အရေးဆု" ကို တောင်ကိုရီးယားနိုင်ငံတွင် ကိုယ်တိုင်လက်ခံရယူခဲ့သည်။
88 Generation Students

၎ မွှာပူး သထုံဆေးရုံကြီးမှာမွေး

(၁၇.၅.၂၀၁၃)
ဒီကနေ့ မနက်(၁၁း၃၀)လောက်က..သထုံဆေးရုံကြီးမှာ မွေးဖွားပေးလိုက်တဲ့ (၄)မွှာပူးကလေးတွေပါ။ မိဘတွေကတော့ ပေါင်မြို့နယ် ဖလပ်၊ ၀တ်ကြီးကျေးရွာမှာနေတဲ့ ဦးမြင့်ထွေး၊ ဒေါ်မြသီတာဖြစ်ပါတယ်။
လက်လုပ်လက်စားတွေမို့ မိဘနှစ်ပါဖြစ်ပါတယ်။ ချို့တဲ့ကြတဲ့ မိဘတွေဖြစ်တာကြောင့် အကူအညီတော့ လိုအပ်တညအမှန်ဖြစ်ပါတယ်။
ယခုအခါ ဆေးရုံပေါ်မှာ ကလေးတွေရော မိခင်ပါ ကျန်းမာရေးစောင့်ရှောက်မှုကို အထူးခံယူနေပါတယ်။ ခလေတွေရဲ့ ကျန်းမာရေးနဲ့ မိခင်ရဲ့ ကျန်းမာရေးအတွက် အကူအညီတွေလဲလိုအပ်နေပါတယ်။
Fb-သက်ဦး

ဒေါ်လာတန်ဖိုး မြင့်တက်မှုကြောင့် ဆေးဝါးတင်သွင်းမှု အထိနာ

May 17, 2013
ပြည်တွင်းမှာ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လို့ ပြည်ပသွင်းကုန်အမယ်တွေထဲမှာ ဆေးဝါးတင်သွင်းမှု အထိနာဆုံးပါလို့ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။

အသင်းရဲ့အတွင်ရေးမှူး ဦးဇော်မိုးခိုင်က “ဒေါ်လာတန်ဖိုးတက်လို့ ဆေးဝါးဈေးနှုန်းလည်း လိုက်တက်တာက ကောင်းတဲ့လက္ခဏတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဆေးဝါး import လုပ်နေတဲ့ ကုမ္ပဏီတွေအားလုံးက ဒေါ်လာနဲ့ တင်သွင်းနေရတာဖြစ်လို့ သူတို့ကိုတော့ အပြစ်သွားပြောလို့ မရဘူး။ ဒါကြောင့် ဒေါ်လာတန်ဖိုး တက်လာတာက ကျနော် တို့ ဆေးဝါးရောင်းချတဲ့ ဈေးကွက်အပေါ်မှာတော့ အထိဆုံးပါပဲ” လို့ ပြောပါတယ်။

ပြည်တွင်သုံး ဆေးဝါးတွေရဲ့ ဆယ်ပုံကိုးပုံကို ပြည်ပကနေ တင်သွင်းနေတာဖြစ်လို့ ဒေါ်လာဈေး အတက်အကျပေါ် မူတည်ပြီး ဆေးဝါးဈေးနှုန်းတွေကလည်း အတက်အကျရှိနေတာပါ။

ဒီအတွက်ကြောင့် နိုင်ငံခြားဆေးဝါးတင်သွင်းရောင်းချနေတဲ့ ဆေးဝါးကုမ္ပဏီကြီး ၅ ခုက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆေးအမျိုးအမည် တခုအပေါ် ၄ ဒဿမ ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ ဈေးတက်သွားတာပါ။ ဆေးအမယ်ပေါ်မူတည်ပြီး ခံနိုင်ရည်ရှိတဲ့  ဆေးအမယ် ဆိုရင်တော့ ဈေးမတက်ဘဲ ဆက်ရောင်းပေးနေတယ်လို့ သိရပါတယ်။

အရင်ဈေးဟောင်းနဲ့ ၀ယ်ထားတဲ့ကုမ္ပဏီတွေရဲ့လက်ထဲမှာလဲ လက်ကျန်ရှိသေးလို့ ဈေးမတက်သေးဘဲ အရင်နှုန်းထားနဲ့ဘဲ ဆက်ရောင်းနေကြတယ်လို့ ဦးဇော်မိုးခိုင်က ပြောပါတယ်။

တကယ်လို့  ဒေါ်လာဈေးက ပြန်မကျဘဲ လက်ကျန်ကုန်ပစ္စည်း ပြတ်လတ်ရင်တော့ ဆေးဈေးနှုန်းတွေ တက်နိုင်သလို ဒေါ်လာဈေး ဆက်တက်ရင်တော့ ဆေးဝါးတင်သွင်းတာ လျော့ကျမယ့် အခြေအနေ ရှိပါတယ်။

ဦးဇော်မိုးခိုင်က “ဒေါ်လာဈေးတွေ တက်တဲ့ချိန်မှာ တင်သွင်းတဲ့သူက သူ့လက်ထဲမှာ stock အများကြီး မကျန်အောင် သတိထားပြီးတော့ တင်သွင်းမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒေါ်လာဈေးပြန်ကျခဲ့ရင် အရင် အမြင့်ဈေးနဲ့ဝယ်ခဲ့တာကို ဈေးမြင့်နဲ့ ပြန်ရောင်းဖို့က မလွယ်ဘူး။ ပြီးတော့ မြန်မာပြည်မှာက ဒေါ်လာဈေးကျရင် ဆေးဈေးနှုန်းပါ လိုက်မချတဲ့ကုမ္ပဏီက မရောင်းရဘူး။ ဒါကြောင့် ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီတွေက အရင်ဝယ်တဲ့ stock level လောက်တော့ ထားချင်မှထားတော့မှာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

နိုင်ငံခြားဆေးမျိုးစုံရောင်းဝယ်တဲ့ဈေးကွက်မှာ  အိန္ဒိယနိုင်ငံထုတ် ဆေးဝါးတွေက ၃၀ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးတင်သွင်းနေပြီး ထိုင်း၊ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ပြင်သစ်နဲ့ ဥရောပစတဲ့ နိုင်ငံတွေကနေလည်း တင်သွင်းနေပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်က မြန်မာနိုင်ငံက ပြည်ပကနေ နိုင်ငံခြားဆေးဝါးမျိုးစုံ အမေရိကန်ဒေါ်လာ သန်း၂၀၀ ကျော်ဖိုး တင်သွင်းခဲ့ပါတယ်။
သိုက်ဇင်
DVB TV News

၁၃ နှစ်ကြာ သိမ်းယူပြီး မစိုက်ပျိုးတဲ့ လယ်မြေကို လယ်သမားတွေ မိုးစပါးစိုက်ပျိုးဖို့ ခုတ်ထွင်ရှင်းလင်း

May 17, 2013
မအူပင်မြို့နယ် မလက်တိုကျေးရွာ အုပ်စုထဲက လယ်သမားတွေဟာ ၁၃ နှစ်ကြာ သိမ်းယူခံထားရပြီး မစိုက်ပျိုးဘဲ ထားတဲ့ လယ်မြေတွေကို မိုးစပါးစိုက်ပျိုးဖို့ အတွက် ခုတ်ထွင် ရှင်းလင်းနေကြပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါတင်ဆက်။
DVB TV News
ရိုက်ကူး ကိုရန်နိုင်၊ လွင်မှိုင်း

ရှမ်းပြည်ကလော ရှိ ရွှေတွင်း လုပ်ငန်းခွင်အန္တရာယ် စိုးရွံ့၍ လုပ်သားရာကျော် နှုတ်ထွက်

ရန်ကုန် မေ ၁၇
ရှမ်းပြည်နယ် ကလောမြို့တွင် ဖြစ်သော မုန်တိုင်းဒဏ်ကြောင့် ရွှေတွင်း လုပ်သား သေဆုံးခဲ့ပြီး နောက် လုပ်သား ၁၂၀ လုပ်ငန်းမှ နှုတ်ထွက်ခဲ့ကြကြောင်း အာရှကမ္ဘာမြေ စက်မှုနှင့် သတ္တုတူးဖော်ရေးလုပ်ငန်း ကုမ္ပဏီ မှ ဥက္ကဌ ဦးမြင့်ဦးက ပြောသည်။ “သဘာဝအန္တရာယ် နဲ့ကြုံရပြီး ၊ သူတို့မျက်စိရှေ့မှာ လူသေတာတွေလည်း မြင်ရတဲ့အတွက် လူသဘာဝ အရ ဒီနေရာမှာမလုပ်ချင်တော့လို့ ထွက်ကြတာ” ဟု ၄င်းက ဆက်ပြောသည်။

မေ လ ၂ ရက်နေ့ နံနက်စောပိုင်းတွင် တိုက်ခိုက်ခဲ့သော မုန်တိုင်းကြောင့် တွင်းပြိုခြင်း ၊ သစ်ပင်ပိခြင်း တို့ကြောင့် ၁၇ ဦး သေဆုံးပြီး ၊ ဒဏ်ရာ ရရှိသူ ၈ ဦးခန့် ရှိခဲ့ကြောင်းြ့ပည်တွင်းမီဒီယာ အချို့၌ ဖော်ပြခဲ့ကြောင်း သတင်းများတွင် လူရာကျော်သေဆုံးသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ကုမ္ပဏီမှ ငြင်းဆိုသည်။

“ဖြစ်စဉ်က တစ်နာရီလောက်ပဲကြာတယ် ၊ ၁၂ ခွဲကနေ ၄၅ မိနစ် လောက်ထိပဲ မုန်တိုင်းဒဏ်ကို ၁၅ မိနစ်လောက်ပဲ ခံရတာ ၊ သေဆုံးရတာ အများစုက သစ်ပင်ပိသေတာပါ” ဟု ဦးမြင့်ဦးက ပြောသည်။
မုန်တိုင်းတိုက်ခတ်နေစဉ်ချိန်တွင် ၄င်းလည်း လုပ်ငန်းခွင်တွင်ရောက်ရှိနေ၍ မုန်တိုင်းဒဏ်ခံရသော်လည်း အသက်ဘေးမှလွတ်မြောက်လွတ်ခဲ့ပြီး ၊ လက်ရှိ သေဆုံးသူ ၁၇ ဦး အတွက် အာရှကမ္ဘာမြေ မှ လျော်ကြေးငွေ အဖြစ် အရာရှိတစ်ဦးကို သိန်း ၂၀ နှင့် ကျန်ဝန်းထမ်းများကို ၁၀ သိန်း စီပေးခဲ့ကြောင်း ၊ Golden Star Inn ကုမ္ပဏီမှ သေဆုံးသူ ၈ ဦးအတွက် ၁၃ သိန်းနှင့် Royal Star ကုမ္ပဏီမှ သေဆုံးသူ ၁ ဦးအတွက် သိန်း ၂၀ နှင့် ကျန်အရပ်သား များအတွက် ၂ သိန်းပေးခဲ့ကြောင်း သိရသည်။
ခိုင်နွယ်ဦး
Popular Myanmar News Journal

အာရှခြေစစ်ပွဲဝင် မြန်မာအမျိုးသမီးဘောလုံးအသင်း မေလ(၁၈)ရက်နေ့တွင် ရန်ကုန်မြို့မှ ထွက်ခွါမည်

" အာရှခြေစစ်ပွဲဝင်မယ့် လက်ရွေးစင် အမျိုးသမီးအသင်းအနေနဲ့ ကိုယ့်နိုင်ငံအတွက် အစွမ်းကုန် ကြိုးစားပေးဆပ်ကြမယ်ဆိုတာ ယုံကြည်ပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ အခုယှဉ်ပြိုင်ရမယ့် အသင်းတွေဟာ ခြေစွမ်းအရ ကွာခြားမှုမရှိတဲ့အသင်းတွေပါ။

ဒါကြောင့် စိတ်ဓာတ်ပိုင်း အသာစီးရနေဖို့လိုပါတယ်။ ဘယ်အသင်းကိုဖြစ်ဖြစ် နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အစွမ်းကုန် ကြိုးပမ်းအားထုတ် ရင် ခြေစစ်ပွဲ မအောင်စရာမရှိပါဘူး။ ဒီခြေစစ်ပွဲဟာ ၂၀၁၅ အမျိုးသမီး ကမ္ဘာ့ဖလားကိုသွားနိုင်မယ့် အခွင့်အရေးလည်း ရှိနေပါ တယ်။ တိုင်းပြည်အတွက် ဒီအခွင့်အရေးကို ရအောင်ဆုပ်ကိုင်နိုင်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။" ဟု MFF ဥက္ကဋ္ဌ ဦးဇော်ဇော် က၂၀၁၄ အာရှဖလားခြေစစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအား မေ၁၇ရက်နေ့ (၂း၀၀)နာရီက တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားကို MFF ရုံးချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်နှင့် အဖွဲ့ချုပ်ဌာနခွဲတာဝန်ခံများ၊ အမျိုးသမီးဘောလုံးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စံပယ်ကြည်၊အတွင်းရေးမှူး ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ် ကုမာဒါနှင့်ကစားသမားများ တက်ရောက်ခဲ့ကြသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် ပါလက်စတိုင်းနိုင်ငံ တွင် သွားရောက်ကစားရမည်ဖြစ်ရာ မတူညီသည့် စားသောက်နေထိုင်မှုနှင့်ရာသီဥတုအခြေအနေတို့ကို ဂရုတစိုက်ရှိကြစေရေး အတွက်လည်း တိုက်တွန်းမှာကြားခဲ့သည်။ ယင်းနောက် အမျိုးသမီးဘောလုံးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စံပယ်ကြည်မှလည်း ဆက်လက် အားပေးစကားပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် ပါလက်စတိုင်း နိုင်ငံတွင် ၂၀၁၄ အာရှခြေစစ်ပွဲ အုပ်စု(D)ပွဲစဉ်များ ယှဉ်ပြိုင်ကစား ရန် မေလ(၁၈)ရက်နေ့တွင် ရန်ကုန်မြို့မှ ထွက်ခွါမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ်များအဖြစ် မေလ(၂၁)ရက်နေ့တွင် အိန္ဒိယ၊ မေလ(၂၃)ရက်နေ့တွင် အိမ်ရှင် ပါလက်စတိုင်း၊ မေလ (၂၅)ရက်နေ့တွင် တရုတ်(တိုင်ပေ)အသင်းများနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး အုပ်စု(ပထမ)တစ်သင်းသာ ခြေစစ်ပွဲအောင်မည်ဖြစ်သည်။
Popular Journal

ပုဒ်မ(၄ဝ၁)အား လုံးဝမရှိသင့်ကြောင်း ကိုနေမျိုးဇင် ပြောကြား

မအူပင်၊ မေ ၁၇။
မအူပင်အကျဉ်းထောင်မှ ယနေ့မွန်းလွဲ (၁)နာရီခွဲခန့် အချိန်ခန့်က လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့်
ပြန်လည်လွတ်မြောက်လာသော ကိုနေမျိုးဇင် က ၎င်းအား ပြစ်ဒါဏ်ကျစေခဲ့သော ပုဒ်မ(၄ဝ၁)နှင့် ပတ်သက်၍လုံးဝ မရှိသင့်ကြောင်း မြန်မာ့ခေတ်သို့ ပြောကြားသည်။

ပုဒ်မ(၄ဝ၁)နှင့် ပတ်သက်၍ လုံးဝမရှိသင့်ကြောင်း၊ အဆိုပါ ပုဒ်မ(၄ဝ၁)ဖြင့် လွှတ်လာသူများ အားလုံးကိုလည်း
အကြွင်းမဲ့ လွတ်ပေးသင့် ကြောင်း၊ အာဏာရှင်ခေတ်ကို ဝေဖန်ဆန့်ကျင်၍ ချမှတ်ခံခဲ့ရသော ပြစ်ဒါဏ်များကို
ဒီမိုကရေစီ ကူးပြောင်းနေသည့် ကာလသို့ ယူဆောင်မလာ သင့်တော့ကြောင်း ၎င်းက ပြောကြားသည်။

၎င်းအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့် ပတ်သက်၍လည်း “အရမ်း ဝမ်းသာပါတယ်၊ တိုင်းပြည်အတွက်
တစ်ထောင့်တစ်နေရာက လုပ် နိုင်တဲ့သူတွေကို အကျဉ်းထောင်ထဲမှာ ထားတာထက် အားလုံးနဲ့ ပူးပေါင်းလက်တွဲလုပ်တာက
တိုင်းပြည်အတွက် ပိုကျိုးရှိတာပေါ့”ဟု ဆို သည်။

ကိုနေမျိုးဇင်အား ရဲဝန်ထမ်းများကို အသရေဖျက်မှု ပုဒ်မ (၅ဝဝ) ဖြင့် ဒဏ်ငွေနှစ်သောင်း ပေးဆောင်ရန်
ပန်းတနော် တရားရုံးက မေ ၂ ရက် တွင် အမိန့်ချမှတ်ခဲ့ပြီး ပေးဆောင်ရန် ငြင်းဆန်ခဲ့သောကြောင့်
ထောင်ဒဏ်သုံးလ ပြစ်ဒဏ်ကို ပြောင်းလဲချမှတ်ရာမှ မအူပင် အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီး ၎င်း၏
ဆွေမျိုးများက မေ ၇ ရက်တွင် ပန်းတနော် တရားရုံးသို့ ဒဏ်ငွေကျပ်နှစ်သောင်း
သွားရောက်ပေးဆောင် ခဲ့သော် လည်း ပုဒ်မ(၄ဝ၁)ဖြင့် ထောင်ဒါဏ်ခြောက်နှစ် ထပ်မံချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ကိုနေမျိုးဇင်အား ယင်းသို့ ပုဒ်မ(၄ဝ၁)ဖြင့် ထောင်ဒါဏ်ချမှတ်ခဲ့စဉ်က နိုင်ငံရေးအကျဉ်းသားဟောင်း
အများစုက ၎င်းပုဒ်မ အပေါ် ဝေဖန် ပြောဆိုမှုများ ရှိခဲ့ကြသည်။

ယနေ့ မေလ (၁၇) ရက်နေ့တွင် မအူပင်ထောင်မှ လွတ်မြောက်လာသော ကိုနေမျိုးဇင် အပြင် အခြား
အကျဉ်းထောင်များမှလည်း နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်
လွတ်ပေးနေကြောင်း သိရပြီး လက်ရှိအချိန်အထိ အင်းစိန်ထောင်မှ(၁ဝ)ဦး အပါအဝင်
စုစုပေါင်း (၂၃)ဦး လွတ်မြောက်လာပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ သိရသည်။
ထက်နောင်နောင်
မြန်မာ့ခေတ်

NLD ရုံးကို ပအို့ဝ်ပြည်သူ့စစ်အဖွဲ့ လက်နက်ဖြင့်ဝိုင်း

ရန်ကုန်၊ မေ ၁၆
လယ်ယာမြေ သိမ်းဆည်းထားမှုဖြင့် အငြင်းပွားနေသော တောင်ကြီးမြို့နယ် မြွေတော်နန်းဟောင်း ကျေးရွာအုပ်စု မောက်စံကျေးရွာရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးကို ပအို့ဝ်ပြည်သူ့ စစ်တပ်ဖွဲ့များက လက်နက် အပြည့်အစုံဖြင့် ဝိုင်းရံထားကြောင်း ယင်းဒေသခံများက မေလ ၁၆ ရက်နေ့တွင် The Voice သို့ ဆက်သွယ်ပြောကြားသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က နယ်မြေငြိမ်းချမ်းမှု မရှိ၍ လယ်ယာမြေ လုပ်ကိုင်ခြင်းမရှိသည့် မြေများကို ပအို့ဝ် အမျိုးသား အဖွဲ့ချုပ်က တပ်စခန်းနယ်မြေ အဖြစ် သိမ်းယူထားရာ တောင်သူ လယ်သမား များက ဘိုးဘွားပိုင် လယ်ယာမြေနေရာများ ဖြစ်သည့်အတွက် လယ်ယာမြေ လုပ်ကိုင်ရန် ပြန်လည် တောင်းဆိုသဖြင့်NLD ပါတီက ဝင်ရောက်လုပ်ဆောင်ပေးရာက ယခုကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ၄င်းတို့၏ အဆိုအရ သိရသည်။
"မေ ၁၄ ရက်နေ့က ရွာသားနှစ်ယောက်ကို ဖမ်းတယ်။ ၁၅ရက်နေ့မှာ ရွာသားတွေ မကြောက်ဖို့ NLD က ဟောပြောတယ်။ ဟောပြောပွဲကို ရွာသားတွေ တော်တော်တက်တယ်။ ညဦးပိုင်းမှာတော့ ပအို့ဝ်ပြည်သူ့စစ် အယောက် ၃၀ လောက် NLD ဥက္ကဋ္ဌ ဦးထွတ်မောင်အိမ်ကို ဝိုင်းထားတယ်" ဟု ယင်းဒေသခံတစ်ဦး ဖြစ်သူ ဦးခွန်ထွန်းစိန်က ဆိုသည်။

ပအို့ဝ်ပြည်သူ့စစ် တပ်ဖွဲ့က ယင်းကဲ့သို့ လုပ်ဆောင်ခြင်းကို တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်တို့ထံ အကြောင်းကြား ထားသော်လည်း အခြေအနေ ထူးခြားမှုမရှိကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

မြွေတော်နန်းဟောင်း ကျေးရွာ အုပ်စုတစ်ဝိုက်တွင် ပအို့ဝ်ပြည်သူ့စစ်တပ် စခန်းများ မကြာခဏ စခန်းချလေ့ရှိသော ကြောင့် ရွာသားများက မှားယွင်းပြောဆို ခြင်းသာဖြစ်ပြီး NLD ရုံးကို ဝိုင်းခြင်းမှာ မဖြစ်နိုင်ကြောင်း ပအို့ဝ်အမျိုးသား အဖွဲ့ချုပ် မှ ဦးခွန်ထွန်းဖေက ပြောကြားသည်။
"ရွာသားတွေက လယ်ယာပိုင်ဆိုင်ကြောင်း အထောက်အထားရှိရင် တရား ဥပဒေအတိုင်း ဆုံးဖြတ်တာ လက်ခံမယ်လို့ ပြောထားပြီးသားကို လယ်သမားတွေက တပ်ပိုင်နက်ထဲ လယ်ထွန်မယ်ဆိုပြီး ဝင်လာလို့ ပြဿနာမဖြစ်အောင် ထိန်းသိမ်းလိုက်တာပါ" ဟု ၄င်းကဆိုသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်၏ တပ်စခန်း နယ်မြေအဖြစ် လယ်ယာမြေများကို ဧက ထောင်ချီ သိမ်းယူထားကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။
The Voice Weekly

မွေးရာပါ ခြေလေးချောင်းနှင့် ကလေးငယ် ပကတိ ကျန်းမာသည်အထိ ကုသပေးမည်

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့နယ်မှ မွေးရာပါ ခြေလေးချောင်း ပါရှိသည့် (၃)လခွဲ အရွယ် ကလေးငယ် (မိန်းခလေး)အား လိုအပ်သည့် ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ရန်နှင့် ပကတိ ကျန်းမာလာသည် အထိ ဆေးကုသမှုများ ဆက်လက် ပြုလုပ်နိုင်ရန် အတွက် ဧရာဝတီ ဖောင်ဒေးရှင်းမှ အလုံးစုံ တာဝန်ယူ ပံ့ပိုးပေးသွားမည် ဖြစ်သည်။ ပင်လုံမြို့ တောင်ဘက် (၄၅)မိုင်ခန့် အကွာ ရွာလေးတစ်ရွာမှ အဘ ဦးခွန်စံဒွေး၊ အမိ ဒေါ်နန်းနောင့်နောင့်တို့၏ စတုတ္ထမြောက် သမီးငယ်သည် မွေးဖွားစဉ်ကတည်းက ခြေထောက်လေးချောင်း ပါရှိနေသဖြင့် ပြည်နယ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အစီအစဉ်များဖြင့် ရန်ကုန်မြို့၊ ရန်ကင်း ကလေးဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူနေခြင်း ဖြစ်သည်။

ထိုကလေးငယ်အား ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ရန် အတွက် တာဝန်ရှိ ဆရာဝန်၊ ဆရာမများ အနေဖြင့် တတ်ကျွမ်းသည့် ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးကာ လိုအပ်သည့် ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။ ထို့အတူ ဆေးရုံအုပ်ကြီးနှင့် တကွ တာဝန်ကျ ဆရာဝန်၊ ဆရာမများ၊ ဧရာဝတီ ဖောင်ဒေးရှင်းက အဖက်ဖက်မှ တာဝန်ယူပံ့ပိုးပေးလျက်ရှိသည်။

ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် အဆိုပါ ကလေးငယ် ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူရမည့် ကာလများအတွင်း နေထိုင် စားသောက်ရေးနှင့် လိုအပ်ချက် ကုန်ကျစရိတ် မှန်သမျှအား အလုံးစုံ ပံ့ပိုးပေးသွားမည် ဖြစ်ကာ ကလေးငယ် ပကတိ ကျန်းမာလာသည့် အထိ တာဝန်ယူ စောင့်ရှောက် ပေးသွားမည်ဖြစ်သည်။ ရန်ကင်းကလေးဆေးရုံကြီး၏ အလှူရှင် ဖြစ်သည့် ဧရာဝတီ ဖောင်ဒေးရှင်း တည်ထောင်သူ ဦးဇော်ဇော်ကလည်း မေလ ၁၆ရက်နေ့ မွန်းလွဲပိုင်းက ကလေးငယ်အား သွားရောက်ကြည့်ရှုကာ ကလေးမိဘများအား စိတ်မပူရန်နှင့် လိုအပ်သည့် ကုသမှုများ ပြုလုပ်နိုင်ရန်အတွက် အဖက်ဖက်မှ ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း အားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူနေသည့် အခြား ကလေးများအားလည်း လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ကာ ချို့တဲ့ လူနာများအား လိုအပ်သည့် ခွဲစိတ်ကုသခြင်းနှင့် ဆေးကုသမှုများ ခံယူနိုင်ရန်အတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ဧရာဝတီဖောင်ဒေးရှင်းသည် ပြီးခဲ့သည့် မတ်လ (၁၆)ရက်နေ့က ပြုလုပ်ခဲ့သည့် ရန်ကင်းကလေးရုံကြီး (၂)နှစ်ပြည့် အခမ်းအနားတွင် ဆေးကုသဆောင်များအလိုက် ဆေးကုသစရိတ် မတည်အလှူငွေ စုစုပေါင်း ကျပ်သိန်း(၈၀၀)ကို မတည်ပေးခဲ့ကာ ချို့တဲ့လူနာများအား အခမဲ့ဆေးကုသမှုများ ခံယူနိုင်ရန်အတွက် ထောက်ပံ့ပေးလျက်ရှိသည်။
Ayeyarwady Foundation

မူဆယ်မှာ ပေါက်ကွဲမှုကြောင့် လူတစ်ဦးသေ

 
မူဆယ် မေလ ၁၇
မူဆယ်မြို့ သစ်တောရုံးလမ်း ၀န်ထမ်းအိမ်ရာ ခြံစည်းရိုးဘေးက အမှိုက်ပုံအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ မူဆယ်ဒေသခံတွေထံက သိရပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သတ်ပြီး မူဆယ်မြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ "သက်ဆိုင်ရာကို ဆက်လက်တင်ပြ လုပ်ဆောင်နေကြောင်း " ဖြေကြားပါတယ်။

ယနေ့ မေလ ၁၇ ရက် မနက် ၈နာရီ ၁၅ မိနစ်ခန့်ကလည်း မူဆယ်မြို့ မိုးလုံလေလုံ အားကစားရုံ အရှေ့ဘက် အုတ်နံရံ အနီးမှာလည်း မပေါက်ကွဲသေးတဲ့ မိုင်းတစ်လုံးတွေ့ရှိခဲ့သေးတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
The Modern News Journal

အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိလာသူများ

http://picasion.com/i/1TjEu/
ဝေယံ /ဓါတ်ပုံ ၊အာင်နိုင်စိုး(ကစ္ဆပ)
ရန်ကုန် မေ ၊၁၇
ယနေ့တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အချို့မှ အကျဉ်းသား ၂၃ ဦးလွှတ်ပေးခဲ့ပြီး ရန်ကုန် အင်းစိန်ထောင်မှ အကျဉ်းသား ၁၀ ဦးနှင့် အကျဉ်းသူ ၁ ဦး လွတ်မြောက်လာကြောင်းသိရသည်။
Popular Myanmar News Journal

မြန်မာပြုပြင်ပြောင်းလဲရေး အမေရိကန်ထောက်ပံ့ကူညီမည်

အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် ( နိုဝင်ဘာလ ၁၉၊ ၂၀၁၂၊ ရန်ကုန်မြို့။)
17.05.2013
မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ပိုပြီးအားကောင်းလာဖို့နဲ့ အစိုးရအုပ်ချုပ်မှုအပါအ၀င် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ စွမ်းရည်မြင့်တက်လာဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ အကူအညီအထောက်အပံ့တွေ ပေးသွားဖို့ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်း လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ စိန်ခေါ်ချက်တွေ ရှိနေပြီး၊ အဲဒီအထဲ အောက်ခြေပိုင်းမှာ ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း အမေရိကန်တာဝန်ရှိသူတွေက ယူဆပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့အပြင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ပိုပြီး ခိုင်မာအားကောင်းလာဖို့နဲ့ အခြားတဖက်မှာ တိုင်းပြည်တွင်း စီးပွားရေး လူမှုရေး လူမှုအကြပ်အတည်းတွေကို ဖြေရှင်းကူညီနိုင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံကို အထောက်အပံ့တွေ ပေးသွားဖို့ ပြင်ဆင်ထားတယ်လို့ အမေရိကန် တာဝန်ရှိသူတွေ ပြောသွားတာပါ။

မနေ့တုန်းက အမေရိကန်အောက်လွှတ်တော်မှာပြုလုပ်တဲ့ ၂၀၁၄ ခုနှစ်အတွက် အရှေ့အာရှရေးရာ အသုံးစရိတ်ဆိုင်ရာ ကြားနာပွဲပြုလုပ်ရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့အာရှဆိုင်ရာ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Joseph Yun နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ USAID ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှုး Nisha Biswal တို့ ထွက်ဆိုကြရာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အကူအညီပေးရေးကိစ္စတွေကို ဖြေရှင်းချက် ပေးသွားကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲမှုတွေအတွက် အဓိကထားပြီး အကူအညီတွေပေးသွားမှာဖြစ်တယ်လို့ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်းက ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းက သမိုင်းဝင် နိုင်ငံရေးနဲ့စီးပွားရေးအသွင်ကူးပြောင်းမှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထောက်ခံအားပေးနေပါတယ်။ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးလေးစားလိုက်နာမှုရှိလာရေး၊ လူ့အဖွဲ့အစည်း အားကောင်းခိုင်မာလာရေး၊ မြန်မာပြည်သူတွေအတွက် ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိတဲ့ အစိုးရအုပ်ချုပ်မှုဖြစ်လာစေရေးအတွက် အဓိကထားရည်ရွယ်ပြီး ကူညီဆောင်ရွက်နေပါတယ်။”

အာရှ ပစိတ်ဖိတ်ဒေသတွင်း ဒီမိုကရေစီဖွံဖြိုး တိုးတက်လာရေးအတွက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အထောက်အကူပေးရေးကို အဓိက အလေးပေးဆောင်ရွက် သွားမယ်လို့ မစ္စတာယွန်းက ပြော ပါတယ်။ နိုင်ငံခြားရေးဌာနရဲ့ အရှေ့အာရှဒေသအတွက် ပြီးခဲ့တဲ့ ၂၀၁၂ ဘဏ္ဍာရေးအသုံးစရိတ်ထက်၊ အခု ၂၀၁၄ ခုနှစ် အသုံးစရိတ်မှာ ၇.၁ ရာခိုင်နှုန်း လွှတ်တော်ကို တိုးမြင့် တောင်းခံထားတာပါ။ USAID က Ms.Biswal ကတော့ လက်ရှိ အပြောင်းအလဲမှာ ထိပ်ပိုင်းမှာ နိုင်ငံရေးအရ ပိုင်းဖြတ်ချက်ရှိရှိ ဆောင်ရွက်တာကို တွေ့ရပေမယ့်၊ အောက်ခြေပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတာကြောင့် ဒီအတွက် လိုအပ်သလို အကူအညီတွေပေးဖို့လိုမယ်လို့ မြင်ပါတယ်။

“ကျန်နေတဲ့ အဓိကကျတဲ့ စိန်ခေါ်ချက်တခုကတော့ ထိပ်ပိုင်းမှာ အပြောင်းအလဲအတွက် စိတ်ဆန္ဒပြင်းပြပြီး၊ လုပ်နိုင်စွမ်းရည်တွေလည်း ရှိနေပေမယ့်လို့၊ အောက်ခြေပိုင်းမှာ တော်တော်လေး ပြဿနာတစုံတရာရှိပါသေးတယ်။ ဒီအခြေအနေတွေကို စောင့်ကြည့်ြ့ပီးတော့၊ လုပ်နိုင် စွမ်းရည်တွေကို မြင့်တင်ပေးဖို့လိုပါတယ်။”

USAID အနေနဲ့ အကူအညီတွေပေးဖို့ သုံးသပ်စဉ်းစားတဲ့နေရာမှာ သမတအိုဘားမားရဲ့ ရန်ကုန်ရောက်တုန်း မြန်မာနိုင်ငံဆိုင်ရာ ပြောကြားချက် မူဝါဒကို အခြေခံပြီးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဒီနေရာမှာတော့ အစိုးအုပ်ချုပ်ရေးပိုင်းကိုရော အောက်ခြေ လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေကိုပါ အကူအညီပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ Ms. Biswal က ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ သမ္မတအိုဘားမား မြန်မာပြည် သွားတုန်းက မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုကြားမှာ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်မှုတွေအတွက် လက်တွဲဆောင်ရွက်မယ် ဆိုပြီး ကြေညာခဲ့ပါတယ်။ ဒီ မူဝါဒကိုအခြေခံပြီး ကျမတို့ ဆောင်ရွက်နေတာပါ။ အဲဒီအတွက် မြန်မာနိုင်ငံဖက်က နိုင်ငံရေးအရ စိတ်ပိုင်းဖြတ်မှုနဲ့ အတူ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ လုပ်ဖို့ လိုပါတယ်။ ဒီအတွက် လုပ်နိုင်စွမ်းရည်တွေရှိလာဖို့ အမေရိကန်ပြည်ထောင်စုဖက်က နည်းနာဆိုင်ရာ အကူအညီတွေ ပေးပါတယ်။ အရေးကြီးတဲ့ အစိုးရအုပ်ချုပ်မှုပိုင်းက လုပ်နိုင်စွမ်းရည်တွေ မြင့်တက်လာဖို့ ကူညီရုံတင်မဟုတ်ပဲ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အသင်းအပင်း အဖွဲ့အစည်းတွေမှာ စွမ်းရည်မြင့်တက်လာဖို့လည်း ကူညီမှာပါ။ ဒီအတွက် ကူညီဆောင်ရွက်သွားရမယ့် လုပ်ငန်းစဉ်တွေကို ချမှတ်ရေးဆွဲနေပါတယ်။ ဒါကြောင့် လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ဘယ်လို ကူညီနိုင်မလဲ၊ စွမ်းရည်မြင့်လုပ်ငန်းတွေကို ဘယ်လို လုပ်နိုင်မလဲဆိုတာကို သုံးသပ်ပြင်ဆင်နေပါတယ်။ နိုင်ငံရေးပါတီတွေပဲဖြစ်ဖြစ်၊ တရားရေးစနစ်နဲ့  ဥပဒေစိုးမိုးမှု ခိုင်မာအာေးကာင်းလာဖို့ပဲဖြစ်ဖြစ် နည်းနာဆိုင်ရာအကူအညီတွေ ပေးသွားမှာပါ။”

မြန်မာနိုင်ငံက လက်ရှိ အပြောင်းအလဲတွေနဲ့ပတ်သက်လို့ လွှတ်တော် အမတ်တွေက မေးမြန်းကြရာမှာတော့ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးယွန်းက မြန်မာနိုင်ငံအပြောင်းအလဲအတွက် တွန်းအားဖြစ်စေခဲ့တဲ့ အချက်နှစ်ချက်ရှိမယ်လို့ သူ့အမြင်ကို အခုလို ပြောသွားပါတယ်။

“မြန်မာနိုင်ငံဟာ မိမိဖာသာ ပြောင်းလဲမှုလုပ်လာတဲ့ကိစ္စမှာ အခြေခံအားဖြင့် အကြောင်း နှစ်ချက်ရှိမယ်လို့ ကျနော် ယူဆပါတယ်။ တချက်ကတော့ နိုင်ငံရေးစီးပွားရေးနောက်ကျကျန်ခဲ့တဲ့အခြေအနေပါ။ သူ့ပတ်ဝန်းကျင်နိုင်ငံတွေမှာ ရှိနေသလို စီးပွားရေးအလားအလာကောင်းတွေ ဆုံးရှုံးနေတယ်လို့ သူ သဘောပေါက်လာပုံရပါတယ်။ ဒုတိယအချက်ကတော့ ဆယ်စုနှစ်တွေနဲ့ချီပြီး သူဟာ နိုင်ငံရေးအရ အထီးကျန်ခဲ့ ပါတယ်။ ခေါင်းဆောင်မှုပြောင်းလဲလာတဲ့အချိန်မှာပဲ သူတို့အနေနဲ့ အဲလို အထီးကျန်နေတာမျိုး ဆက်မဖြစ်သင့်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။ ဒီနှစ်ချက်ကြောင့် ပြောင်းလဲမှုတွေလုပ်လာတယ်လို့ ယူဆပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အခုလို အကူအညီပေးရေးတွေ တိုးမြင့်ဆောင်ရွက်ဖို့ရှိနေသလိုပဲ၊ အခြားတဖက်မှာလည်း စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်မှုတွေ လုပ်လာပါတယ်။ အမေရိကန်ပြည်ထောင်စုက ယခင် မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ချက် အတော်များများကို ယာယီဆိုင်းငံထားပြီး၊ အမေရိကန် ရင်းနှီးမြုပ်နှံမှုတွေ မြန်မာနိုင်ငံမှာ လုပ်နိုင်ဖို့လည်း နိုင်ငံခြားရေးဌာနက ကမကထ လုပ်ပေးတာတွေ အတော်များများတွေ့ရပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ဟာလည်း မကြာခင် ရက်ပိုင်းအတွင်းမှာ ၀ါရှင်တန်ဒီစီကို လာရောက်ဖို့ရှိပြီး သမ္မတအိုဘားမားနဲ့ လာမယ့် တနင်းလာနေ့မှာ တွေ့ဆုံမှာဖြစ် ပါတယ်။ အဲဒီ ခရီးစဉ်အတွင်းမှာလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ အထူးသဖြင့် စီးပွားရေးအရ လက်တွဲဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ကို ဆွေးနွေးကြလိမ့်မယ် လို့ မျှော်လင့်ရပါတယ်။
ကိုသားညွန့်ဦး
VOA Burmese

ဒေးဗစ်ဘက်ခမ်း ဘောလုံးကစားသမားဘဝမှအနားယူပြီ

http://picasion.com/i/1TjD0/
အသက် ၃၈ နှစ်အရွယ်ရှိ ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းသည် ပီအက်စ်ဂျီအသင်းနှင့် ပြင်သစ်လီဂူးချန်ပီယံဆုယူအပြီးတွင် ကစားသမားဘဝမှအနားယူလိုက်ပြီဖြစ်ကြာင်း မေလ ၁၆ ရက်နေ့က ကြေငြာခဲ့သည်။
မတူညီသောနိုင်ငံလေးနိုင်ငံရှိအသင်းများနှင့် ချန်ပီယံဆုဖလားများကို ရယူနိုင်ခဲ့သည့် ပထမဆုံးအင်္ဂလန်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့သူ ဒေးဗစ်ဘက်ခမ်းသည် ကစားသမားဘဝတစ်လျှောက် ဆုဖလားပေါင်း ၂ဝ ကျော် ရယူနိုင်ခဲ့သည်။
Popular Journal

EU နိုင်ငံများအား ရင်းနှီးမြှုပ်နှံခွင့်ပေးပါက မြန်မာနိုင်ငံအရေးသည် စိုးရိမ်ဖွယ်ရှိကြောင်း

May 17, 2013
မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျော့လာတာ နှင့်အမျှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များလည်း ၀င်ရောက်လာခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် EU နိုင်ငံ များအား ရင်းနှီးမြှုပ်နှံခွင့်ပေးပါက မြန်မာနိုင်ငံအရေးသည် စိုး ရိမ်ဖွယ်ရှိကြောင်း မလေးရှား အောက်လွှတ်တော်အမတ် Charles Santiagoက ပြောကြားသည်။

““မြန်မာနိုင်ငံကသမ္မတ ဦး သိန်းစိန်က EU နိုင်ငံတွေကိုသွား တဲ့အခါမှာ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့အတွက် EU ကို ကမ်းလာ တယ်။ အဲဒါ မြန်မာနိုင်ငံအတွက် မကောင်းဘူး။ ဘာလို့လည်းဆို တော့ EU နိုင်ငံတွေက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အပြည့်အ၀ကာကွယ်ပေးထား တယ်။ နောက်ပြီး စီးပွားရေးလုပ် ငန်းရှင်တွေက သူတို့ရဲ့ လုပ်ငန်း ထိခိုက်တယ်ဆိုရင် အစိုးရတောင် ပြန်ပြီးတော့ တရားစွဲဆိုပိုင်ခွင့် သူတို့မှာရှိတယ်။ နောက်ပြီး သူတို့လုပ်ငန်းရှင်တွေက အစိုးရ ထက်တောင် ပိုပြီးတော့အားကောင်းတယ်။ အစိုးရက သူတို့ နဲ့ဆိုရင် အားနည်းတယ်။ သူတို့က အစိုးရကို တရားစွဲတယ်ဆို။ သူတို့က နိုင်ခဲ့တာကြီးပဲ။ ဥပမာဆိုရင် မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းစတဲ့ အစိုးရတွေကို EU က လုပ်ငန်းရှင်တွေကနေပြီး တရားစွဲတယ်။ စွဲတဲ့အခါ တိုင်းမှာလည်း အစိုးရတွေက ရှုံး တာကြီးပဲ အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပုံစံမျိုးနဲ့ သူတို့ကို ရင်းနှီး မြှုပ်နှံခွင့်ပေးလို့မရဘူး””ဟု ပြော ကြားခဲ့သည်။

““EU ကို ရင်းနှီးမြှုပ်နှံခွင့် ပေးမယ်ဆိုရင် မြန်မာအစိုးရဟာ တရားစွဲခံရဖို့ရှိတယ်။ တခြား ဟာတွေကိုမပြော မြန်မာနိုင်ငံ က စီးကရက်ဘူးတွေမှာရေးထား တယ်””ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်သည်။ အဲဒါ မြန်မာ နိုင်ငံကလူတွေအတွက် ကောင်းသောဟာကို ထုတ်ထားတာ ဆေးလိပ်ဘူးတွေကို ကြည့်တိုင်း ဒီစာသားတွေကို တွေ့ရမယ်။ အဲတော့ ဆေးလိပ်သောက်နှုန်းဟာ တဖြည်းဖြည်း လျော့ကျ သွားမယ်။ အဲတော့ အစိုးရဘက် ကကြည့်မယ်ဆိုရင်ကောင်းတယ်။ လုပ်ငန်းရှင်တွေဘက်ကြည့်ရင် မကောင်းဘူး။ သူတို့ရဲ့ စီးပွားရေး ကို ထိခိုက်တယ်။ အဲဒီတော့ သူတို့က တရားစွဲမှာ။ အဲဒါ ဥပမာပြောပြတာ သူတို့က တရားစွဲတယ်ဆိုရင် မြန်မာနိုင်ငံ က တရားရုံးမှာ တရားစွဲမှာ မဟုတ်ဘူး။ နိုင်ငံတကာ တရားရုံး မှာ တရားစွဲမှာမဟုတ်ဘူး။ နိုင်ငံတကာတရားရုံးမှာ တရားစွဲမှာ နောက်တစ်ခုက အဲဒီမှာ ရှေ့နေ တစ်ယောက်ငှားတယ်ဆိုရင် ဒေါ်လာသန်း ၅၀ လောက် ကုန်တယ်။

EU ကလုပ်ငန်းရှင်တွေက သူတို့အကျိုးစီးပွားထိခိုက်တယ်ဆိုရင် အစိုးရတောင် တရားစွဲတဲ့ သူမျိုးတွေ မစွဲဘဲနဲ့နေတဲ့လူမရှိဘူး။ ဒါကြောင့် EU က နိုင်ငံတွေကို ရင်းနှီးမြှုပ်နှံခွင့်ပေးမယ်ဆိုရင် သေချာစဉ်းစားသင့်တယ်။ သူတို့က မြန်မာနိုင်ငံကို ရင်းနှီး မြှုပ်နှံလာပေမဲ့ သူတို့က အစိုးရ နဲ့သဘောတူညီချက်စာချုပ်တွေ ချုပ်မှာပဲ။ သူတို့က မြန်မာနိုင်ငံက သယံဇာတတွေကိုကြိုက်တယ်။ နောက်ပြီး လုပ်ခလစာ အရမ်းပေါတဲ့လူတွေကို အရမ်း ကြိုက်တယ်။ သူတို့ကို ရင်းနှီးမြှုပ် နှံခွင့်ပေးတာနဲ့ လက်ပံတောင်း လိုကိစ္စတွေထပ်ပေါ်လာမှာပဲဟု ပြောကြားခဲ့သည်။
ဖြိုးအောင်
The Hot News

မြန်မာက လူသေ အလောင်း ၂၄ လောင်း ဘင်္ဂလာဒေခ်ျ့ရေပြင်တွင် ရှာဖွေ တွေ့ရှိ

အလောင်းတွေကို ကြည့်နေကြတဲ့ ဒေသခံ ဘင်္ဂလီ အမျိုးသားတွေ ( ဓါတ်ပုံ- The Daily Ittefaq)
Friday, May 17, 2013
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက် ပင်လယ်ကမ်းခြေ တလျှောက် ရေထဲမှာ မျောပါလာတဲ့ လူသေ အလောင်း ၂၄ လောင်းကို ဘင်္ဂလာဒေခ်ျ့ရဲက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

သူတို့ရဲ့ ကိုယ်ပေါ်က မြန်မာကျပ်ငွေ (၄) သောင်းကို ရှာဖွေတွေ့ရှိတဲ့ အတွက် သူတို့ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး မြန်ဘက်ကနေ ဘင်္ဂလာဒေခ်ျ့ ရေပြင်ထဲကို မျောပါလာတဲ့ အလောင်းတွေ ဖြစ်တယ်လို့ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တွေက ပြောပါတယ်။

အလောင်းတွေဟာ မနေ့က တက်ကနက်မြို့နယ် နတ်မြစ်ကမ်းခြေ ဘာဟာချရ ( Bahachara) နဲ့ ဆားပြင် ( Sabrang) အကြား မျောပါနေတာကို တွေ့တဲ့ အတွက် ရွာသားတွေက ဘင်္ဂလာ အာဏာပိုင်တွေကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

တက်ကနက်ရဲအဖွဲ့က သွားရောက် ဆယ်ယူရာမှာ မနေ့က အလောင်း ၂၂ လောင်းကို တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီး ရှာဖွေရာမှာ အလောင်း (၂) လောင်းကို ထပ်မံ တွေ့ရှိခဲ့ အတွက် အခုအချိန်ထိ စုစုပေါင်း အလောင်း ၂၄ လောင်းကို ရှာဖွေ ရရှိခဲ့ပြီ ဖြစ်တယ်လို့ ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူတွေက သတင်းဌာနတွေကို ထုတ်ဖေါ် ပြောဆို ပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ အလောင်းတွေထဲမှာ ကလေး ၁၁ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ကျန်တာတွေကတော့ အမျိုးသားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ အခု ဆယ်ယူရရှိခဲ့တဲ့ အလောင်းတွေဟာ မေလ ၁၃ ရက်နေ့က ပေါက်တောမြို့နယ် ငှက်ချောင်း မူဆလင် ဒုက္ခသည် စခန်းကနေ ဖရုံကာကျွန်းမှာရှိတဲ့ အနောက်ရဲ မူဆလင်ရွာကို မဟာစင် မုန်တိုင်း အန္တရာယ်ကို ရှောင်ကွင်းဖို့ သွားရာကနေ စက်လှေနစ်ရာမှာ ပါဝင်သွားခဲ့တဲ့ သူတွေလို့ ခန့်မှန်း ရပါတယ်။

နစ်သွားတဲ့ စက်လှေမှာ မူဆလင် ဒုက္ခသည် ၁၃၈ ယောက်ပါဝင်ပြီး ၄၃ သာ အသက်ရှင် ကျန်ရစ်ကာ ၉၅ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ဒီအလောင်းတွေကို မြန်မာဘက်ကို လွှဲမှာလား၊ ဘင်္ဂလာဒေခ်ျ့မှာ သဂြိုလ်မှာလားဆိုတာကိုတော့ ခုလောလောဆယ်မှာ သဲကွဲစွာ မသိရသေးဘူးလို့ တက်ကနက် ဒေသခံ တစ်ဦးက နိရဉ္စရာကို ပြောပါတယ်။
နိရဉ္စရာ

မုန်တိုင်းကြောင့်မသေ လှေမှောက်သေဆုံးခဲ့သူများ

မဟာစင် မုန်တိုင်း စိုးရိမ်သလောက် အန္တရာယ် မကျရောက်ခဲ့
17 မေလ 2013
တနင်္လာနေ့က မုန်တိုင်းရန်ကို ကြောက်ရွံ့ပြီး လှေစီးရွှေ့ပြောင်းခဲ့သူ မွတ်ဆလင် ရိုဟင်ဂျာ ၁၃၈ ယောက်ပါဝင်တဲ့ လှေမှောက်ပြီး ၉၅ ယောက် ပျောက်ဆုံးခဲ့ပါတယ်။

လှေနဲ့ အတူပါခဲ့ပြီး အသက်မသေ ကျန်ရစ်သူတဦးနဲ့ ဘီဘီစီက သီးသန့် အင်တာဗျူး မေးမြန်းခွင့် ရခဲ့ပါတယ်။

အစိုးရ အာဏာပိုင်တွေက မသွားဖို့ တားတဲ့ ကြားက သူတို့က မုန်တိုင်းရန်ကို ကြောက်ရွံ့သလို မြန်မာ အာဏာပိုင်တွေ ၊ စစ်တပ်အဖွဲ့အစည်းတွေကို မယုံကြည်လို့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ထွက်ခွာ သွားခဲ့ကြတာ ဖြစ်ပါတယ်။

လှေနဲ့ အတူ ရိုဟင်ဂျာ ၁၃၈ ယောက်ပါပြီး ၄၃ ယောက် သာ အသက်ရှင်ခဲ့ပါတယ်။

ည ၁၀ နာရီမှာ လှေစတင် ထွက်ခွာပြီး သူတို့ ထွက်ခွာပြီး ၂ နာရီကျော်အကြာမှာ ကျောက်ဆောင်တခုကို တိုက်မိခဲ့ပါတယ်။ တိုက်မိတဲ့ အချိန်မှာ ကမ်းခြေနဲ့ ပေ ၅၀ဝ ကျော်ကွာဝေးတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ကျောက်ဆောင်နဲ့ တိုက်မိချိန်မှာ လှေကွဲအက်ပြီး ၅ မိနစ်အတွင်းမှာပဲ လှေ နစ်မြုပ်ခဲ့ပါတယ်။

လူကြီးတချို့က ရေချိုထည့်တဲ့ ဂါလံပုံးတွေကို ကိုင်ပြီး ရေကူးခဲ့ပါတယ်။ အများစု အသက်သေဆုံးခဲ့ကြပါ တယ်။
ဘီဘီစီ


FEC သမားများ ဒေါ်လာဘက် လှည့်လာ၍ ဒေါ်လာဈေး မြင့်တက်လာ

Thursday, May 16, 2013
ရန်ကုန် (မဇ္ဈိမ)။   ။ ဗဟိုဘဏ် ငွေလဲနှုန်း မြင့်တက်မှုနှင့်အတူ ကိုင်တွယ်သူများ ဒေါ်လာဘက် လှည့်ကိုင် လာသဖြင့် ဒေါ်လာဈေးနှုန်းများ မြင့်တက်လာကြောင်း ငွေကြေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

“မေလဆန်းက စတင်ပြီး ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းတွေ မြင့်တက်ခဲ့သလို နိုင်ငံခြားငွေလဲ စင်တာတွေရဲ့ ဒေါ်လာ ရောင်းဈေး-ဝယ်ဈေးတွေလည်း မြင့်တက်ခဲ့ပါတယ်။ ဒေါ်လာဈေး တက်ရတဲ့ အဓိက အကြောင်းရင်းတွေက အစိုးရက FEC တွေ ပြန်သိမ်းတဲ့အတွက် FEC ကိုင်တွယ်သူ အများစုက ဒေါ်လာဘက် လှည့်လာတာကြောင့်ပါ။ ဒေါ်လာ သုံးစွဲသူတွေ များလာတဲ့အတွက် ငွေဈေး တက်လာတာပါ” ဟု အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်လွင်ရွှေ က ပြောသည်။

မေလ ၁၆ ရက်နေ့ နံနက်တွင် ငွေလဲစင်တာများ၏ ဒေါ်လာ ရောင်းဈေးမှာ ၉၃၆ ကျပ်ဖြစ်ပြီး ဝယ်ဈေးမှာ ၉၂၆ ကျပ် ဖြစ်ခဲ့သည်။

“မေ ၁၄ ရက်မှာ ဒေါ်လာ ရောင်းဈေး ၉၁၆ ကျပ်ဖြစ်ပြီး ဝယ်ဈေးက ၉၀၆ ကျပ် ဖြစ်ပါတယ်။ မေ ၁၅ ရက်မှာ ရောင်းဈေး ၉၂၅ ကျပ် ဖြစ်ပြီး ဝယ်ဈေးက ၉၁၅ ကျပ် ဖြစ်ခဲ့ပါတယ်” ဟု သိမ်ဖြူလမ်း ငွေလဲစင်တာ တခုမှ တာဝန်ရှိသူတဦးက ဆိုသည်။

သိမ်ဖြူလမ်းရှိ ပုဂ္ဂလိက ငွေလဲစင်တာများ၏ ဒေါ်လာ ပေါက်ဈေးများမှာ မေလ ၁၂ ရက်တွင် ရောင်းဈေး ၉၀၈ ကျပ်နှင့် ဝယ်ဈေးမှာ ၈၉၈ ကျပ် ဖြစ်သည်။ မေလ ၁၃ ရက်တွင် ရောင်းဈေး ၉၁၀ ကျပ်နှင့် ဝယ်ဈေး ၉၀၀ ကျပ် ဖြစ်ခဲ့သည်။

“ဒေါ်လာဈေး တက်ရင် ပို့ကုန်သမားတွေအတွက် အဆင်ပြေပါတယ်။ သွင်းကုန် လုပ်ငန်းသမားတွေ အထိနာပေမယ့် တနည်းအားဖြင့် ပဲ၊ ဆန်နဲ့ လယ်ယာထွက် ကုန်ပစ္စည်းတွေ၊ ရေထွက် ကုန်ပစ္စည်းတွေ စတဲ့ ပို့ကုန် လုပ်ငန်းသမားတွေ ဈေးနှုန်းကိုက်တော့ ပို့နိုင်ကြမယ်။ အစိုးရ အနေနဲ့ ပို့ကုန် တက်အောင် ဆွဲတင်တာလားလို့တော့ စဉ်းစားစရာရှိတယ်” ဟု ရေထွက်ပို့ကုန် လုပ်ငန်းရှင် ဦးတင်အောင် က သုံးသပ်သည်။

ယခင်နှစ် ဇွန်လအတွင်းကလည်း ၁ ဒေါ်လာလျှင် ကျပ် ၉၀၀ ခန့်အထိ မြင့်တက်မှု ရှိခဲ့ပြီး ပြန်လည် ကျဆင်းခဲ့သည်။
ခင်မျိုးသွယ်
Mizzima - News in Burmese

မိုင်းဆက်မြို့တွင် မြန်မာ့လေကြောင်းမှ လေယာဉ်တစ်စီး ပြေးလမ်းချော်

16.5.13,Thursday
မြန်မာ့လေကြောင်းမှ လေယာဉ်ခရီးစဉ်အမှတ်၆၄၅ (MA -16) အမျိုးအစားလေယာဉ်သည် ဟဲဟိုးမြို့မှ မိုင်းဆက်မြို့သို့ ပျံသန်းလာရာ ယနေ့ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန် မိုင်းဆက်လေဆိပ်
သို့ ဆင်းသက်စဉ်တွင် ဘရိတ်စနစ်ချို့ယွင်းပြီး ပြေးလမ်းသို့ ကျော်သွားကာ လမ်းချော်ပြီး လေယာဉ်တောင်ပံထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါလေယာဉ်ပေါ်တွင် ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၅၀ ဦးပါရှိပြီးခရီးသည် ၂ ဦး ဒဏ်ရာရရှိကာ မိုင်းဆက်မြို့ ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုများ ပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။
SkyNet TV Browser

ပုလဲပရဟိတဖောင်ဒေးရှင်း အလှူတော်ပွဲ

http://picasion.com/i/1Tj5x/
ဓါတ်ပုံ - ဇော်ဇော်
မန္တလေး၊ မေ ၁၆ ။
ပုလဲပရဟိတဖောင်ဒေးရှင်း အလှူတော်ပွဲမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ နိုင်ငံကျော် အနုပညာရှင်များ တက်ရောက်ခဲ့ကြည်။
မန္တလေးမြို့၊ မဟာမင်းထင်တိုက် မိုးကုတ်ရိပ်သာကျောင်း ပဓါန နာယကဆရာတော် ဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တပညာဝံသ (ပုလဲဆရာတော်) တည်ထောင်တဲ့ ပုလဲပရဟိတ ဖောင်ဒေးရှင်း သို့ ဆွမ်းခံကြို/ပို့ ယာဉ်နဲ့ အသက်ကယ်လေအောက်စီဂျင်) အိုးများ လှူဒါန်းခြင်း အခမ်းအနား ကို မေလ ၁၆ ရက် နံနက်ပိုင်းက မိုးကုတ်ရိပ်သာကျောင်း မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး သစ်တော၊ သတ္ထု၊ သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့် နှင့် တကွ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ မေသန်းနု၊ မိုးယုစံ ၊ ချမ်းမီမီကို စတဲ့ နိုင်ငံကျော် အနုပညာရှင်များ တက်ရောက် ဂါရ၀ပြု အားပေးခဲ့ကြပါတယ်။ အလှူရှင်များ ရဲ့ အလှူဒါနကောင်းမှုအစုစု တို့ အတွက်ကိုလည်း ကပ္ပိရကာရက အဖြစ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တစ်ချို့နဲ့အတူ အနုပညာရှင်များ က လက်ခံပေးခဲ့ကြပါတယ်။
အလှူရှင်တွေရဲ့ ကောင်းမှုအတွက် မြို့ခံပြည်သူအပေါင်းက သောင်းသောင်းဖျဖျ အားပေး ကြတဲ့ ဒီအခမ်းအနား မှာ နိုင်ငံကျော်အနုပညာရှင်တွေဘက်ကလည်း တတ်စွမ်းတဲ့ အနုပညာတွေ နဲ့ ပြန်လည် သီဆိုဧည့်ခံ ဖျော်ဖြေပေးခဲ့ကြပါသေးတယ်။
အခမ်းအနားအပြီးမှာတော့ အလှူရှင် မိသားစုဝင်များရဲ့ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်ပေးဝေကာ အလှူရှင် မိသားစုဝင်များ နဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ပြီး အခမ်းအနားကို အောင်မြင်စွာနဲ့ ရုပ်သိမ်းခဲ့ ပါတယ်။
အဆိုပါ အလှူတော် အခမ်းအနား မှာ ကျပ် ၈၇ သိန်းခန့် တန်ဖိုးရှိ အောက်စီဂျင် (၅၉)ဘူး နဲ့ ဆွမ်းခံ ကြို/ ပို့ ယာဉ် (ယာနဒါန) အသုံးပြုရန် ကျပ်(၂၁၅)သိန်း တန်ဖိုးရှိ ကင်တာ အမျိုးအစား ထရပ်ကား တစ်စီး တို့ကို အလှူရှင်များက အသီးသီး လှူဒါန်းခဲ့ကြတယ် လို့ သိရပါတယ်။
“ အခုဆိုရင် အောက်စီဂျင်ဘူး အလုံးပေါင်း (၄၀၀)နီးပါး ရှိပြီ ” လို့ ပုလဲ ဆရာတော်က မြန်မာဓိက ကို မိန့်ကြားပါတယ် ။ “ အလုံးရေ များတော့ ကုန်ကျစရိတ်လည်း ပိုများတာပေါ့ ဒါပေမယ့် လူနာတွေ အတွက် လောက်ငှ အောင်ကတော့လိုနေဆဲပဲ ” လို့ ဆရာတော်က ဆက်လက် မိန့်ကြားပါတယ်။
ပုလဲ ပရဟိတရဲ့ ဇနသုခ ရေအလှူတော် စီမံကိန်း ၊ သားမျှော် မိခင် စီမံကိန်း ၊ အခုလို အသက်ကယ်(လေ)အောက်စီဂျင် စီမံကိန်း အပါအဝင် စီမံကိန်း (၆) ရပ် လုပ်ငန်းတွေ ကို အစဉ် တစိုက် လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဆရာတော်အနေနဲ့ ''နောက်ထပ်ပြီးတော့လည်း မြန်မာပြည် အရပ်ရပ်အသင်းခွဲတွေ ထပ်မံထားရှိဖို့ ရည်ရွယ်ချက်ရှိ ကြောင်း နဲ့ လက်ရှိအနေနဲ့လည်း ကျောက်ဆည်၊ ပြင်ဦးလွင်စတဲ့ မြို့တွေမှာ အသင်းခွဲတွေ အသင့် ထားရှိပြီးဖြစ်ကြောင်း'' ဆရာတော် ရဲ့ မိန့်ကြားချက်အရ သိရပါတယ်။
ခင်ဘုန်းဝေဇော်
မြန်မာဓိက

ရခိုင် ကျေးရွာများမှာ မုန်းတိုင်းအန္တရာယ်ကြောင့် ဘုန်းကြီးကျောင်းများသို ပြောင်းရွေ့

ရခိုင် ကျေးရွာများမှာ မုန်းတိုင်းအန္တရာယ်ကြောင့် ဘေးလွတ်ရာ ဘုန်းကြီးကျောင်းများသို့ ပြောင်းရွေ့နေထိုင်လျှက်ရှိကြသည်။
ဓာတ်ပုံ - အောင်နေမျိုး စစ်တွေမှ ပေးပို့သည်။
Popular Myanmar News Journal
http://picasion.com/i/1TiZP/

စစ်ကိုင်းတိုင်းအစိုးရနဲ့ လက်ပံတောင်းဒေသခံများ တွေ့ဆုံ

2013-05-16
လက်ပံတောင်းတောင် ဒေသခံ (၅၀) ကျော်နဲ့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က တာဝန်ရှိသူတွေဟာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်၊ သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက် တို့ဟာ တုံရွာဒေသခံဦးစိုးဝင်း အိမ်မှာ ဒေသခံတွေနဲ့ အလွတ်သဘော ဆွေးနွေးခဲ့ကြတာလို့ သိရပါတယ်။

ဒေသခံတွေက မုံရွာခရိုင် ဆားလင်းကြီးမြို့အတွင်းမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ရုပ်သိမ်း ပေးရေး၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေး၊ ဒေသခံတွေကို အကူအညီပေးနေတဲ့ ကွန်ယက်အဖွဲ့ဝင်တွေကို ဖမ်းဝရမ်းထုတ်ထားတဲ့ ကြေညာချက်တွေ ပြန်ရုပ်သိမ်းပေးရေး စတဲ့အချက်တွေကို ဆွေးနွေးပွဲမှာ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရုပ်သိမ်းပေးရေးအတွက် တောင်းဆိုဆန္ဒပြမှုတွေကို ဒီရက်ပိုင်းအတွင်း ရပ်ဆိုင်းထားပြီး စစ်ကိုင်းတိုင်း နယ်စပ်ရေးရာဝန်ကြီးရဲ့ အကြောင်းပြန်မှုအပေါ်မှာ မူတည်ပြီး စဉ်းစားသွားမယ်လို့ သိရပါတယ်။
RFA Burmese

ဆိုင်ကလုန်း မဟာဆန်ကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ငါးဦးသေ

စစ်တကောင်း၊ မေ ၁၄။
ဆိုင်ကလုန်းမဟာဆန်သည် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတမ်းမြေနိမ့်ဒေသများအတွင်း သို့ ကြာသပတေးနေ့တွင်
ဝင်ရောက်ပြီး လူထောင်ပေါင်း များစွာ မုန်တိုင်းဒဏ်ခံ အမိုးအကာများအတွင်း တွင်ခိုနေရပြီး
မုန်တိုင်းကြောင့် လူငါးဦးသေဆုံးခဲ့ပြီဖြစ်သည်။

လေတိုက်နှုန်းသည် တနာရီလျှင် မိုင် ၆၀နှုန်းဖြင့် ကမ်းစပ်မှ ဝင်ရောက်တိုက်ခတ်လာပြီး လှိုင်းအမြင့်သည် ၇ ပေခန့်ထိ မြင့်တက်သည်ဟု ခန့် မှန်းထားပြီး  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ် လာဖွယ်ရှိသည်။

မီဒီယာများကလည်း လူငါးဦးသေဆုံးပြီဖြစ်ကြောင်း ၊ သစ်ပင်တစ်ချို့လဲကျပြီး တဲများထောင်ပေါင်းများစွာ ပြိုကျသည်။

“ထိခိုက်ခံရနိုင်တဲ့ လူတွေအများစုကို ပြောင်းပေးခဲ့တယ်” ဟု ကမ်းရိုးတမ်းပိုင်း အုပ်ချုပ်ရေးမှူး
မိုဟာမက်အက်ဘဒူလာက ပြောကြားသည်။ မုန်တိုင်းဒဏ်ခံအဆောက်အဦးများဆီသို့ လူ ၁သန်းခန့်
သွားရောက်ခိုလှုံခဲ့ကြကြောင်း “ တချို့က သူတို့အိမ်ကို စွန့်ခွာဖို့ ငြင်းဆန်ကြတဲ့ အတွက်
အတင်းအကြပ်လုပ်ခဲ့ရတယ်” ဟု ၎င်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်တွင် လွန်ခဲ့သည့်မုန်တိုင်းများကြောင့် လူပေါင်းများစွာသေဆုံးခဲ့ရရာ မုန်တိုင်းဒဏ်ခံအဆောက်အဦး ၁၄၀၀ကျော်ရှိသည်။

သို့သော် မြန်မာနိုင်ငံတောင်ပိုင်းနယ်စပ်တလျှောက် တွင် လူအများခိုနေရသည့် တဲများနှင့် စခန်းများတွင်
သစ်များနှင့် ပြုလုပ်ခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်းမဟာဆန်သည် ဘင်္ဂလားပင်လယ်အော်တဝိုက်တွင်ရွေ့လျားလာခဲ့ပြီး
ဘင်္ဂလားဒေ့ရှိတောင်ပိုင်းကမ်းခြေ ကက်ပူပါရာတွင် ပထမဆုံးတိုက်ခတ်ခဲ့ပြီး မြန်မာနိုင်ငံ အနီးအရှေ့မြောက်ပိုင်းရှိ ကမ်းစပ်နှစ်ခုသို့ရောက်လာသောအခါ အားပျော့သွားသည်။

မျက်မြင်သက်သေများအဆိုအရ ဘင်္ဂလားဒေ့ရှ် မြေနိမ့်ဒေသများတွင် ရေခါးထိတက်လာပြီး မုန်တိုင်းကြောင့် သစ်ပင်များ အမြစ်ကျွတ်သည်အထိ ဖြစ်ပြီး အိမ်များလည်း ပျက်စီးကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်သို့လာရောက်သည့်လမ်းတွင် မုန်တိုင်းသည် သီရိလင်္ကာနိုင်ငံကို ကျော်ဖြတ်လာခဲ့ရာ အနည်းဆုံး လူ ၇ဦးသေဆုံးကာ ၃၈၈၁ဦး အိုးမဲ့အိမ်မဲ့ဖြစ်ရသည်။
Ref:Reuters
မြန်မာ့ခေတ်

လူ သန္ဓေသားလောင်း ပုံတူမျိုးပွားပြီ

သန္ဓေသားကို ကလေး ဖြစ်ဖို့ထိ ဖန်တီးဖို့ မရည်ရွယ်
15 မေလ 2013
လွန်ခဲ့တဲ့ ၁၅ နှစ်က ပုံတူ မျိုးပွား နည်းပညာနဲ့ သိုးမလေး ဒေါ်လီကို မွေးထုတ် ခဲ့ပြီးနောက် ဒီနည်းပညာနဲ့ပဲ ပထမဆုံး လူ သန္ဓေသားကို ဖန်တီး နိုင်ခဲ့ပြီလို့ အမေရိကန် သိပ္ပံ ပညာရှင် တစုက ပြောကြား လိုက်ပါတယ်။

သန္ဓေသားလောင်းက အနုဆုံး အဆင့်မှာပဲ ရှိပါသေးတယ်။ ဒီသန္ဓေသားကို ကလေး တယောက် ဖြစ်ဖို့ထိ ဖန်တီးဖို့ မရည်ရွယ်ဘူးလို့ သိပ္ပံ ပညာရှင်တွေက သတိထား ပြောနေကြပါတယ်။

ဒီနည်းပညာနဲ့ ဆဲလ်မျိုးစုံ အသွင် ကူးပြောင်းနိုင်တဲ့ ပင်မဆဲလ်တွေ ဖန်တီး ထုတ်လုပ်ဖို့ ရည်ရွယ်ထားပြီး ဒီနည်းနဲ့ ဆေးပညာကို တခေတ်ပြောင်း တော်လှန် နိုင်တော့မယ်လို့ ယုံကြည် မျှော်လင့် နေကြတာ ဖြစ်ပါတယ်။

ဒီအင်အေ ဖယ်ထားတဲ့ မျိုးဥ ထဲကို အရွယ်ရောက်ပြီးသား ဆဲလ် တခုကနေ ပြောင်းလဲယူခဲ့တယ်လို့ သြရီဂွန် ပြည်နယ်က သိပ္ပံ ပညာရှင်တွေက ဆိုပါတယ်။

မအောင်မြင်တဲ့ မျိုးဥတွေကိုသုံးပြီး သန္ဓေသား ပင်မဆဲလ်တွေတည်ဆောက်ဖို့ အသုံးပြုခဲ့ပါတယ်။

ဒီပင်မဆဲလ်တွေကနေ ခန္ဓာကိုယ် အနှံ့အပြားက ဆဲလ်ပေါင်းစုံကို ဖန်တီးယူခဲ့တာ ဖြစ်ပါတယ်။

ဒီဆဲလ်တွေကို ပျက်စီးတဲ့ အသားတစ်ရှူးစတွေကို အစားထိုးရာမှာနဲ့ ရောဂါကုသရာတွေမှာ သုံးဖို့လဲတောင်းဆို နေကြပါတယ်။
ဘီဘီစီ

ဖိလစ်ပိုင် မြို့တော်ဝန် ခေါင်းပန်းလှန် ရွေး

ဖိလစ်ပိုင်နိုင်ငံ ရွေးကောက်ပွဲမြင်ကွင်း
16.05.2013
 ဖိလစ်ပိုင်နိုင်ငံ San Teadoro မြို့မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ မြို့တော်ဝန်ရွေးကောက်ပွဲအတွင်း ကိုယ်စားလှယ်လောင်းနှစ်ဦးစလုံး မဲအရေအတွက် အတူတူရခဲ့ကြတဲ့အတွက် ခေါင်းပန်းလှန်ပြီးတော့ အဆုံးအဖြတ် ပေးလိုက်ကြပါတယ်။

Mindoro Oriental ပြည်နယ်အတွင်းက San Teodoro ဆိုတဲ့ လယ်ယာလုပ်ကိုင်စားကြတဲ့ အဲ့ဒီ့မြို့ကလေးမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ ရလာဒ်ကို ခေါင်းပန်း ၅ကြိမ်စီလှန်ပြီး ခေါင်း အများဆုံးရတဲ့သူကို အနိုင်ပေးလိုက်တာဖြစ်ပါတယ်။ လက်ရှိအာဏာရပါတီ Liberal ပါတီကိုယ်စားလှယ်လောင်း Marvic Feraren က ပြိုင်ဖက်ကိုယ်စားလှယ်လောင်း Boyet Py ကို အနိုင်ရသွားပါတယ်။

ဒါပေမဲ့ ပထမတစ်ကြိမ် ခေါင်းပန်းလှန်တဲ့အခါ အဖြေက တိုက်နေသေးတဲ့အတွက် ဒုတိယအကြိမ် ထပ်ပြီး ခေါင်းပန်းလှန်ခဲ့ကြရတာပါ။

အဆုံးသတ်မှာတော့ ထွက်လာတဲ့အဖြေကို ကိုယ်စားလှယ်လောင်း နှစ်ဦးစလုံးက လက်ခံပြီး လက်ဆွဲ နှုတ်ဆက်ခဲ့ကြပါတယ်။  အခုလိုခေါင်းပန်းလှန်ပြီး အဆုံးအဖြတ်ပေးတဲ့ ရလာဒ်ကို လက်ခံကြောင်း ဖိလစ်ပိုင် ရွေးကောက်ပွဲ ဥပဒေမှာ ပြဌာန်းထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

နမ့်ခမ်းဒေသခံစစ်ရှောင်သူ ၃၀၀ ကျော် နေရပ်ပြန်လာ

2013-05-16
ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSAတပ်တွေနဲ့ မြန်မာအစိုးရတပ်တွေအကြား တရုတ်မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ် အနီးမှာ ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် တရုတ်ပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေထဲက လူဦးရေ (၃၀၀) ကျော်ဟာ မနေ့ကစပြီး နေရပ်ပြန်လာနေကြတယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲကြောင့် အိုးအိမ်ဆုံးရှုံး သူတွေနဲ့ သက်ကြီးရွယ်အိုတွေကတော့ လတ်တလော ပြန်မလာနိုင်သေးဘူးလို့ နမ့်ခမ်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းကျော်အုန်းက RFA ကို ပြောပါတယ်။

" မနေ့ကတော့ ကောင်းပါတယ်၊ တော်တော်လာကြတယ်၊ သွားရေးလာရေးအခက်အခဲရှိတဲ့ အသက်ကြီးတဲ့သူတွေတော့ နောက် နှစ်ရက်သုံးရက်မှ လာကြမှာပါ၊ မနေ့က ပြန်လာတာက ၃၀၀ ကျောက်လောက်ပေါ့"

ပြီးခဲ့တဲ့ မေလ(၉)ရက်နေ့က တရုတ်မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ်မှာရှိတဲ့ ကျေးရွာ (၄)ရွာက ဒေသခံ (၂၀၀၀) ကျော်လောက်ဟာ တရုတ်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါ။

နေရပ်ပြန်ရောက်လာသူတွေကို အစိုးရစစ်တပ်က ဆန်တွေဝေပေးပြီး မြို့ပေါ်ကဒေသခံတွေကလည်း လိုအပ်တဲ့ပစ္စည်းတွေ ကူညီပေးနေတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်တဲ့ကျေးရွာတွေက ပျက်စီးဆုံးရှုံးမှုတွေကို အစိုးရစစ်တပ်နဲ့ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတချို့က တာဝန်ရှိသူတွေ နေ့စဉ် သွားရောက်စစ်ဆေးနေပြီး လက်ရှိစာရင်းအရ နောင်ခမ်းရွာမှာ ငွေကျပ် ၁၅၇ သိန်းကျော် လျော်ကြေးပေးဖို့ အထက်ကိုတင်ပြထားတယ်လို့လည်း ဆိုပါတယ်။
Photo: နမ့်ခမ်းဒေသခံစစ်ရှောင်သူ ၃၀၀ ကျော် နေရပ်ပြန်လာ 2013-05-16 ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSAတပ်တွေနဲ့ မြန်မာအစိုးရတပ်တွေအကြား တရုတ်မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ် အနီးမှာ ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် တရုတ်ပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေထဲက လူဦးရေ (၃၀၀) ကျော်ဟာ မနေ့ကစပြီး နေရပ်ပြန်လာနေကြတယ်လို့ သိရပါတယ်။ ဒီတိုက်ပွဲကြောင့် အိုးအိမ်ဆုံးရှုံး သူတွေနဲ့ သက်ကြီးရွယ်အိုတွေကတော့ လတ်တလော ပြန်မလာနိုင်သေးဘူးလို့ နမ့်ခမ်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းကျော်အုန်းက RFA ကို ပြောပါတယ်။

"မနေ့ကတော့ ကောင်းပါတယ်၊ တော်တော်လာကြတယ်၊ သွားရေးလာရေးအခက်အခဲရှိတဲ့ အသက်ကြီးတဲ့သူတွေတော့ နောက် နှစ်ရက်သုံးရက်မှ လာကြမှာပါ၊ မနေ့က ပြန်လာတာက ၃၀၀ ကျောက်လောက်ပေါ့" ပြီးခဲ့တဲ့ မေလ(၉)ရက်နေ့က တရုတ်မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ်မှာရှိတဲ့ ကျေးရွာ (၄)ရွာက ဒေသခံ (၂၀၀၀) ကျော်လောက်ဟာ တရုတ်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါ။ နေရပ်ပြန်ရောက်လာသူတွေကို အစိုးရစစ်တပ်က ဆန်တွေဝေပေးပြီး မြို့ပေါ်ကဒေသခံတွေကလည်း လိုအပ်တဲ့ပစ္စည်းတွေ ကူညီပေးနေတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်တဲ့ကျေးရွာတွေက ပျက်စီးဆုံးရှုံးမှုတွေကို အစိုးရစစ်တပ်နဲ့ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတချို့က တာဝန်ရှိသူတွေ နေ့စဉ် သွားရောက်စစ်ဆေးနေပြီး လက်ရှိစာရင်းအရ နောင်ခမ်းရွာမှာ ငွေကျပ် ၁၅၇ သိန်းကျော် လျော်ကြေးပေးဖို့ အထက်ကိုတင်ပြထားတယ်လို့လည်း ဆိုပါတယ်။
RFA Burmese

ဆန္ဒပြသူများ ဖွင့်ပွဲနှင့် အခမ်းအနားများသို့ မလာရဟု ပြည်မြို့ NLD ထုတ်ပြန်

ပြည်၊ မေ ၁၆။
ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ NLD ရုံးရှေ့သို့ လာရောက်ဆန္ဒပြသူများသည်
ပြည်မြို့နယ် NLDအလုပ်အမှုဆောင် အဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ရုံးဖွင့်ပွဲများနှင့်
အခမ်းအနားများသို့ တက်ရောက်ပိုင်ခွင့် မရှိကြောင်း မေလ(၁၅)ရက်နေ့ နေ့စွဲဖြင့် သတင်း
ထုတ်ပြန်ခဲ့ကြောင်း NLD ပြည်မြို့နယ်ဥက္ကဋ္ဌ က မြန်မာ့ခေတ်သို့ ပြောကြားသည်။

“ဗဟိုက ပုဂ္ဂိုလ်တစ်ဦးနဲ့ တိုင်းက တာဝန်ရှိတဲ့သူတစ်ဦးကို မေးမြန်းပြီး သဘောတူညီချက်နဲ့ လုပ်တာပါ။
အဖြေမှန်၊မမှန်ဆိုတာ ရက်အနည်း ငယ်အတွင်း ပေါ်လာပါလိမ့်မယ်။ ဆန္ဒပြရာမှာပါတဲ့ ပါတီဝင်အားလုံးကို
ရည်ညွန်းပြီး ထုတ်တာပါ”ဟု NLD ပြည်မြို့နယ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြားသည်။

ရုံးဖွင့်ပွဲများ၊ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားများသာ မတက်ရောက်ရန် တားမြစ်ခြင်းဖြစ်ကြောင်း၊
ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်း မဟုတ် ကြောင်း၊ NLD ပါတီအဖြစ် ထုတ်ပယ်ခြင်းကို
ဗဟိုမှသာလုပ်ဆောင်နိုင်ကြောင်း၊ မြို့နယ်မှ မလုပ်ဆောင်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

NLD ခရိုင် ဥက္ကဋ္ဌဟောင်း ဦးကျော်ဆန်းက “တိုင်းနဲ့ဗဟိုကို ခုတုံးလုပ်ပြီး ဒီစာကို တစ်ယောက်တည်းသဘောနဲ့
ထုတ်ဝေတယ်။ ဗဟိုကို စုံစမ်းကြည့်တော့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကိုယ်တိုင်က ဗဟိုကလုပ်တာ မဟုတ်ပါဘူး။ ဒီစာကိစ္စ ရှင်းလင်းပေးပါမယ်လို့ ဖုန်းနဲ့အကြောင်းပြန်ကြားတယ်”ဟု မြန်မာ့ခေတ်သို့ ပြောကြားသည်။

NLD ပါတီဝင် ငါးဆယ်ကျော်သည် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က ဗဟိုညီလာခံတက်ရောက်သူ ဒေါက်တာခင်မောင်ဝင်း၊ ဦးသန်း(၀က်ထီးကန်)၊ ဦးအံ့မောင်(ရဘဲ)တို့ သုံးဦးအား ကန့်ကွက်ကြောင်း NLDပါတီမြို့နယ်ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“ရပ်ကျေး ညီလာခံမှာတောင် ကန့်ကွက်ခံရပြီး မြို့နယ်ညီလာခံ တက်သွားတယ်။ မြို့နယ်ညီလာခံမှာ
တစ်ခါထပ်ပြီး ကန့်ကွက်တယ်။ လက်ဝါး ချင်းရိုက် အတည်ပြုပြီး အတင်းစီစဉ်သွားတယ်။ ဒီပုဂ္ဂိုလ်တွေ
ဗဟိုညီလာခံတက်မှာကို မလိုလားလို့ ဆန္ဒဖော်ထုတ်ခဲ့တာပါ”ဟု န၀င်း ရပ်ကွက် NLD ကော်မရှင် အတွင်းရေးမှူး ဦးကျော်ကျော်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

ဆန္ဒပြသူများထဲမှ အချို့မှာ ပါတီစတင်ထူထောင်ချိန်မှစ၍ NLD ပါတီအပေါ် သစ္စာရှိစွာ
တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကြောင်း၊ ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရပြီး မိမိကိုယ်ကျိုးမကြည့်ဘဲ
အများကောင်းစားရေးအတွက် အနစ်နာခံ ဆောင်ရွက်သူများလည်း ပါဝင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“၂၀၁၅ ပါတီအောင်နိုင်ရေးက သိပ်ကို အရေးကြီးပါတယ်။ ဒီလိုစာထုတ်လိုက်တာဟာ ပါတီအတွင်း စည်းရုံးမှု
ပျက်ပြားစေနိုင်တယ်။ NLD ကို ထောက်ခံတဲ့ ပြည်သူများအနေနဲ့လည်း ထင်ယောင်ထင်မှား ဖြစ်စေနိုင်တယ်။
ဒါဟာလျော်ကန်သင့်မြတ်တဲ့ အလုပ်မဟုတ်ပါဘူး”ဟု NLD ဆံတော်လူငယ်အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ကိုမင်းမင်းထွန်းက ဆိုသည်။

ပါတီအတွင်းစည်းလုံးညီညွတ်မှု မရှိခြင်းကြောင့် NLD ပါတီရုံးရှေ့တွင် ဆန္ဒလာရောက်ပြသသူ
ပါတီဝင်များအား ရပ်ကျေးရုံးဖွင့်ပွဲများ၊ ဆိုင်းဘုတ်တင်ပွဲများ မလာရောက်ရန် တံဆိပ်ခတ်နှိပ်
စာပို့ခြင်းသည် လုံးဝဘောင်မဝင်ကြောင်းနှင့် ဒီမိုကရေစီနည်းလမ်းမကျကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မောင်ရေခဲ(ပြည်)
မြန်မာ့ခေတ်

အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ စက်ရုံ တာဝန်ရှိသူတွေအကြား အခြေအတင်(ရုပ်/သံ)

ပျဉ်းမနားမြို့ အမှတ် ၂ နဲ့ ၃၊ သကြားစက်ရုံမှာ စက်ရုံဝန်ထမ်း ၇ ဦး အလုပ်ထုတ်ခံရတဲ့ကိစ္စ၊ အခြေခံလစာ နည်းပါးတဲ့ကိစ္စတွေနဲ့ ပတ်သတ်ပြီး အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ စက်ရုံ တာဝန်ရှိသူတွေအကြား အခြေအနေ တင်းမာနေပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။ RFA Burmese

မဟာစင် မုန်တိုင်း မြန်မာ ကနေ ကွေ့ထွက်သွား

ပိုင်ဆိုင် သမျှ ပစ္စည်းတွေကိုသယ်၊ ကလေးတွေကို ခေါ်ပြီး မုန်တိုင်းကို ရှောင်ပြေး ခဲ့ကြ
16 မေလ 2013
မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဟာ မေလ ၁၆ ရက် ကြာသပတေးနေ့ ညနေက ဘင်္ဂ္လားဒေ့ရှ် နိုင်ငံ စစ်တကောင်း ဒေသကို ဖြတ်ကျော် ပြီး ကုန်းတွင်း ပိုင်းကို ဝင်ရောက် သွားခဲ့ ပါတယ်။

ဆိုင်ကလုန်း မုန်တိုင်းရဲ့ အကြွင်း အကျန် အနေနဲ့ ဘင်္ဂ္လားဒေ့ရှ်၊ အိန္ဒိယနဲ့ မြန်မာ နိုင်ငံ နယ်စပ် ဘက်မှာ ကုန်းတွင်း မုန်တိုင်း အဖြစ် ဆက်လက် တည်ရှိ နေတယ်လို့ မိုးလေဝသနဲ့ ဇလ ဗေဒ ဦးစီးဌာနက ပြောပါတယ်။

အဲဒီ မုန်တိုင်းက အရှေ့မြောက် ဘက်ကို ဆက်လက် ရွေ့လျား သွားပြီး တဖြည်းဖြည်း အားလျော့ ပျက်ပြယ် သွားမယ်လို့ လည်း ခန့်မှန်းထား ပါတယ်။

အများ အားဖြင့် ကုန်းတွင်း မုန်တိုင်းတွေဟာ ၂၄ နာရီ ကနေ ၃၆ နာရီလောက် အထိ ကုန်းတွင်းပိုင်းမှာ ရှိနေ တတ်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

ကုန်းတွင်း မုန်တိုင်းဟာ ပင်လယ်ပြင်မှာ ရှိနေတဲ့ မုန်တိုင်းလောက် ဘေးအန္တရာယ် မရှိဘဲ ရေငွေ့တွေ စုပြီး မိုးရွာ တာသာ ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလ ဗေဒ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဘီဘီစီကို ပြောပါတယ်။

ကုန်းတွင်း မုန်တိုင်းကြောင့် မိုးများ နိုင်ပြီး မိုးမကြိုက်တဲ့ အပင်တွေ ထိခိုက် နိုင်တာ၊ တောင်ပေါ်မှာ မိုးရွာတဲ့ အတွက် မြေပြိုတာ၊ တောင်ပေါ် ကားလမ်းတွေ ပျက်စီးတာ တွေ အပြင် တောင်ကျ ရေတွေ အလုံး အရင်းနဲ့ ဆင်း လာပြီး ရုတ်တရက် ရေကြီးတဲ့ အန္တရာယ်တွေ ရှိနိုင်တယ်လို့ လည်း သူက ပြောပါတယ်။

လေတိုက်နှုန်း အားဖြင့် ကုန်းတွင်း မုန်တိုင်းက တစ်နာရီကို ၃၅ မိုင် လောက်သာ တိုက်ခတ် နိုင်တဲ့ အတွက် အိမ်တွေ အမိုး အကာ ပျက်စီးတာ မရှိနိုင်ဘဲ လူသေကြေတာ လည်း မရှိနိုင်ဘူးလို့ ဆိုပါတယ်။

မဟာစင် မုန်တိုင်း အားပျော့ သွားပေမဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် တို့မှာ မိုးသည်းထန် နိုင်တယ်လို့ မိုးလေ ဝသနဲ့ ဇလ ဗေဒဦးစီးဌာနက ခန့်မှန်းထား ပါတယ်။
ဘီဘီစီ

ကချင်ဒုက္ခသည်စခန်းများ ရိက္ခာခေါင်းပါး

လိုင်ဇာအနီးက ကချင်ဒုက္ခသည်စခန်းမြင်ကွင်း။
16.05.2013
ကချင်ပြည်နယ်တွင်းက စစ်ပြေးဒုက္ခသည် စခန်းတွေမှာ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပြီး သောက်သုံးရေ ပြတ်လပ်မှုတွေ နဲ့ကြုံနေရပါတယ်။ မိုးဦးကာလ စခန်းတွင်း နေစရာ အခက်အခဲတွေ လည်း ကြုံနေရ သလို ဒုက္ခသည်တွေထဲမှာ ဝမ်းပျက် ဝမ်းလျော၊ ကျန်းမာရေး ပြဿနာတွေ ပေါ်ပေါက်နေ ပြီး အကူအညီတွေဟာလည်း  မရသလောက် နည်းပါး လာနေပါတယ်။ ကချင် လက်နက်ကိုင်တပ် နဲ့ မြန်မာစစ်တပ်ကြားလည်း ဒီရက်ပိုင်းအတွင်း ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုးဘက်မှာ စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။ သတင်းအသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုထိန်းချုပ်ရာ နယ်မြေတွေတင်မဟုတ်ဘဲ အစိုးရထိန်းချုပ်ရာနယ်မြေတွေမှာ ရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက်ပါ အခုချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကချင်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ကြုံနေရပြီးတော့ မိုးဦးလေဦး ကာလမှာ နေစရာအခက်အခဲတွေနဲ့ပါ ကြုံနေရတယ်လို့ ဒေသတွင်းမှာ ကချင်အရေး လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ ကချင်ပြည်နယ် NDF ပါတီဥက္ကဌ ဒေါ်ဘောက်ဂျာက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“သူတို့ရဲ့ အဖြစ်သဘောမိုးထားတဲ့ အမိုးအကာတွေက အကုန်လွင့် သွားတယ်။ နေရာတိုင်းမှာ အဲ့ပြဿနာတွေကဖြစ်နေတယ်။ ဒီရာသီမှာကျတော့ အကူးအပြောင်းကာလမှာ ကျန်းမာရေးကလည်း နဂိုကမှ အာဟာရကလည်း မပြည့်စုံတဲ့ အခါကျတော့ အာဟာရချို့တဲ့ တဲ့ အတွက် နောက်ဆက်တွဲပြဿနာတွေ က ကျန်းမာရေးပြဿနာတွေဖြစ် လာတယ်။ သူတို့မှာ အားရှိတဲ့အစားအစာတွေက သိပ်မစားရဘူးလေ။ ထမင်းလောက်ပဲစားရတယ်။ တခြားအလုပ်ကလည်း အပြင်မှာ သွားလုပ်ဖို့က သူတို့မှာ သိပ်မလွယ်လှဘူး။ အဲ့လို ဖြစ်တဲ့အခါကျတော့ အဓိကကတော့ ကျန်းမာရေးအတွက် အရမ်းလိုအပ် တယ်။ နေရာတိုင်းမှာ ရောဂါတွေဖြစ်တာ များတယ်ပေါ့နော်။”

ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ ဇိုင်းအောင် ဒုက္ခသည်စခန်းအပါအဝင် ဒုက္ခသည်စခန်း လေးဆယ်ကျော်နဲ့ အစိုးရထိန်းချုပ်ရာ နယ်မြေတွေဖြစ်တဲ့ မြစ်ကြီးနားမြို့နားက ဒုက္ခသည်စခန်းတွေမှာလည်း စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေပြီး ဆေးဝါးပြတ်လပ်မှုတွေနဲ့ကြုံနေရ တယ်လို့ ကချင်သတင်းစဉ် အယ်ဒီတာချုပ် ကိုနော်ဒင်းကပြောပါတယ်။

“ ကေအိုင်အိုဒုက္ခသည်စခန်းနော်၊ ဝိုင်းမော်မြို့နယ် ဒုက္ခသည်စခန်း တရုတ်နယ်စပ်အနီး ဇိုင်းအောင် ဒုက္ခသည်စခန်းဆိုရင်လည်း ဝမ်းပျက်၊ ဝမ်းလျှော၊ နှာစေး၊ ချောင်းဆိုး၊ အဲ့တာတွေက မိုးတွင်းစလာပြီ၊ မိုးလည်း ရွာနေပြီဆိုတော့ အကြီးအကျယ်ဖြစ်နေတာတွေ့ရတယ်။ သို့သော်လည်းပဲ ဆေးဝါးတွေက ကုန်နေတယ်နော်။ ထပ်ပြီးမှ လည်း ဆေးဝါးကူညီတဲ့ အဖွဲ့လည်း မရှိသေးဘူးဆိုတော့ အခြေအနေက အတော်လေး ဆိုးနေတာတွေ့ရတယ်။ အဲ့ဒီ့ဇိုင်းအောင်ဒုက္ခသည် စခန်းတင် မဟုတ်ပါဘူး။ ဒီကေအိုင်အိုထိန်းချုပ်တဲ့ဒေသမှာရှိတဲ့ စုစုပေါင်း ဒုက္ခသည်စခန်းက လေးဆယ်ကျော်လောက်ရှိတယ်။ အဲ့ဒီ့စခန်းတွေအားလုံးဟာ အဲ့လိုမျိုး ပြဿနာတွေ တကယ်ပဲ အရေးပေါ်ကို လိုအပ်နေတယ်ဆိုတာ ကျနော်တို့တွေ့ရပါတယ်။”

အခုအချိန်ဟာ ရာသီဥတုကလည်း ဆိုးဝါးနေတဲ့အချိန် စခန်းထဲက ဒုက္ခသည်တွေ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောနဲ့ ဖျားနာနေတဲ့ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ဆေးဝါး၊ အသုံးအဆောင် ပစ္စည်းနဲ့ ရိက္ခာတွေ အထူးလိုအပ်နေတယ်လို့ ကိုနော်ဒင်းက ပြောပါတယ်။  စခန်းတွေရှိရာကို သွားတဲ့လမ်းကြောင်းတွေမှာလည်း ပိတ်ဆို့ ဟန့်တားမှုတွေရှိတာမို့  ဒုက္ခသည်တွေဆီကို လိုအပ်နေတဲ့ လူသားချင်း စာနာမှု အထောက်အပံ့ပစ္စည်းတွေကို ကုလသမဂ္ဂအပါအဝင် NGO အဖွဲ့အစည်းတွေနဲ့ ပြည်တွင်း အလှူရှင်တွေဆီကလည်း ပို့ဆောင်ပေးဖို့ အခက်အခဲတွေနဲ့ကြုံနေရ တယ်လို့ သိရပါတယ်။  စစ်ပြေးဒုက္ခသည်တွေအတွက် အကူအညီပေးမှုတွေ နည်းလာလို့ အခုလို ရိက္ခာပြတ်လပ်မှုတွေနဲ့ကြုံ လာရတာဖြစ်တယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

“ကူတဲ့သူကလည်း သိပ်များများစားစားတော့မဟုတ်ဘူး၊ တနိုင်တပိုင်၊ သူတို့ရပ်ရွာက တတ်နိုင်သလောက်၊ အဲ့လိုမျိုး ကောက်ပြီးတော့ ပေးကြတယ်။ အဲ့လောက်ပဲ ကူနိုင်တာပါ။ ဒုက္ခသည်က တစ်သိန်းကျော်တယ်လေ။ တနေရာမှာ ကြည့်နိုင်ရင်လည်း မကြည့်နိုင်တဲ့နေရာက ပိုများတယ်။ ပင်လယ်ပြင်ထဲမှာ ရေတပုံးလောင်း လိုက်သလိုပါပဲ၊ ဘာမှ ထိရောက်မှုတော့ မရှိဘူး။ ဒီလိုင်ဇာဘက်မှာ UN တို့ ဘာတို့ ဝင်လာတာကလည်း တစ်ခေါက်၊ နှစ်ခေါက်လောက်ပဲ။ ဒါတောင် လိုင်ဇာပတ်ဝန်းကျင်မှာမို့လို့၊ တခေါက်၊ နှစ်ခေါက်လောက် ဝင်လာတာ။ တခြားနေရာတွေမှာတော့ မရောက်နိုင်ဘူး။ ပြီးတော့လည်း ကြက်ခြေနီပေါ့နော်။ သူတို့တွေ လာတာတောင်မှ လမ်းမှာ နည်းမျိုးစုံနဲ့ တားဆီးခံနေရတာတွေရှိတယ်။ ဒါကြောင့် ဒုက္ခသည်စခန်းထဲကို ရောက်လာဖို့က အတော်ခက်ခဲပါတယ်။”

ကချင်ပြည်နယ်ထဲမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တရုတ်မြန်မာနယ်စပ်အပါအဝင် ကချင်လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ဒုက္ခသည်စခန်းတွေရော၊ မြန်မာစစ်တပ် ထိန်းချုပ်မှု လက်အောက်နယ်မြေမှာ ရှိနေတဲ့ စခန်းတွေမှာဆိုရင်  အပါအဝင် ဒုက္ခသည်ဦးရေဟာ တစ်သိန်းခွဲကျော်နေပြီဖြစ်ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုနဲ့ မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံတွင်းမှာ တွေ့ဆုံကြဖို့ ပြီးခဲ့တဲ့ ဧပြီလကစပြီး  တိတိကျကျ ရက်သတ်မှတ်နိုင်ခြင်းမရှိသေးဘဲ နှောင့်နှေးနေဆဲဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုးဘက်မှာ ကချင်တပ်နဲ့ မြန်မာစစ်တပ်ကြား ပြန်ပြီး စစ်ရေးတင်းမာမှုတွေရှိလာနေပါတယ်။

အခုဖြစ်နေဆဲ ကချင်စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေး ဖို့  နှစ်ဖက်စလုံးက အမှန်တကယ် ယုံကြည်မှု တည်ဆောက်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်ကြဖို့ကို ကချင့်အရေးလှုပ်ရှားသူတွေနဲ့ ဒေသခံပြည်သူတွေက လိုလားနေတာဖြစ်ပါတယ်။
မဆုမွန်
VOA Burmese

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးကိုသွားရောက်

2013-05-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ရွေးကောက်ခံနယ်မြေ ကော့မှူးမြို့ကို ဒီကနေ့မနက်ပိုင်းက သွားရောက်ခဲ့ပါတယ်။

အဲဒီလို သွားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်ဒေသခံတွေရဲ့အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးဖို့အတွက် ဒေသခံတွေနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကိုလည်း သွားရောက်ပြီး ပါတီဝင်တွေနဲ့တွေဆုံကာ ပါတီရေးရာကိစ္စရပ်တွေကိုဆွေးနွေးခဲ့ပါတယ်။

ဆက်လက်ပြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးရုံးမှာ ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်ကိုသွား ရောက်ကြည့်ရှုခဲ့ပါတယ်။

ဒီကနေ့ ခရီးစဉ်အတွင်း ကော့မှူးမြို့နယ်မှာရှိတဲ့ မြို့သစ် တောင်ချောင်လမ်းသစ်ဖောက်လုပ်ထားတဲ့ အခြေအနေနဲ့ လက်ခုပ်ကျေးရွာမှာရှိတဲ့ အသစ်ပြုပြင်ထားတဲ့ မူလတန်းကျောင်းကိုလည်းသွားရောက် ကြည့်ရှုခဲ့ပါတယ်။
RFA Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com