http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရှမ်းပြည်နယ်တွင် တိုက်ပွဲများအဆုံးသတ်ရေး ကြိုးစားမည်ဟု သမ္မတကတိပြု

ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်၌ ပြန်လည်ဖြစ်ပွားနေ သည့် တိုက်ပွဲများအဆုံးသတ်ရေးအတွက်ကြိုးစားသွားမည်ဟု နိုင်ငံတော်သမ္မတက ကတိပြုပြောကြားလိုက်သည်။

နိုင်ငံတော်သမ္မတက နိုင်ငံရေးပါတီများနှင့် ယနေ့တွေ့ဆုံစဉ် အထက်ပါအတိုင်း ကတိပြုပြောကြားခဲ့ခြင်းဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကပြောသည်။

နိုင်ငံတော်သမ္မတက တိုက်ပွဲများ ဆက်လက်မဖြစ်စေရေးအတွက် ဆောင်ရွက်ရာတွင် ၎င်းတစ်ဦးတည်းလုပ်ရုံဖြင့် မပြီးကြောင်းပြောကြားခဲ့ ပြီး အားလုံးပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ကြောင်းဦးခွန်ထွန်းဦးက ပြောသည်။

နေပြည်တော်တွင် မေလ ၅ ရက်က ပြုလုပ်သည့်နိုင်ငံရေးပါတီ အချို့နှင့်တွေ့ဆုံပွဲအတွင်း သမ္မတက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်များကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ အောင်မြင်မှုအချို့ရခဲ့ပြီး နောက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သောကြောင့် ဒေသခံများက နယ်မြေငြိမ်းချမ်းမှုပျက်ပြားမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။

“လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့က ပြဿနာဖြစ်နေတာ။ ခံရတာကကြားကပြည်သူ။ တပ်တစ်ခုထဲတင်မရဘူး။အခြားလက်နက်ကိုင်တွေကလဲ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မှာ။ တစ်ချို့ နေရာတွေမှာကတပ်ကြောင့်မဟုတ်ဘဲ အခြားလက်နက်ကိုင်တွေကြောင့် ထွက်ပေးရတာလဲရှိတယ်”ဟု သီပေါ မြို့နယ်မှ အမည်မဖော်လိုသူဒေသခံ တစ်ဦးကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရတပ်နှင့် (SSPP\SSA) တို့ ဧပြီလ နောက်ဆုံးပတ်နှင့် မေလဆန်းများအတွင်းက တိုက်ပွဲအချို့ပြန်လည်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

SSPP\SSA နှင့်အစိုးရတို့ကြား ၂၀၁၁ခုနှစ် ဇန်န၀ါရီလတွင် အပစ် အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးခဲ့ကြသော်လည်း နှစ် ဘက်လက်နက်ကိုင်အဖွဲ့များကြား ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲအချို့ ဖြစ်ပေါ်ခဲ့သည်။

ရှမ်းပြည်နယ်အတွင်း အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့်အစိုးရတပ်ဖွဲ့ဝင်များကြားဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် နေရပ်ကိုစွန့်ခွာထွက်ပြေးနေရသော ဒုက္ခသည်များရာချီရှိနေသည်။
 7Day News Journal

ကျေးရွာ ခြောက်သောင်းကျော်အတွက် သားဖွားဆရာမများ လိုအပ်



မြန်မာနိုင်ငံတွင် ရွာပေါင်း ခြောက်သောင်းကျော်အတွက် သားဖွားဆရာမများ လိုအပ်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက် တာသိန်းသိန်းဌေးက ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ အရန်သားဖွားများသည် ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းအဆင့် မဟုတ်သေးသော်လည်း သားဖွားဆရာမများ
လိုအပ်သလောက်မရသေး၍ ဆက် လက် မွေးထုတ်လျက်ရှိကြောင်း မေလ ၅ ရက်က ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမ များနေ့အခမ်းအနားတွင် ဒေါက်တာသိန်းသိန်းဌေးက ပြောကြားသည်။

ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းဆိုသည်မှာ ဆရာဝန်၊ သူနာပြု၊ လက်ထောက်ကျန်းမာရေးမှူး၊ ကျန်းမာရေးဆရာမ၊ သားဖွားဆရာမများကိုဆိုလိုပြီး ကမ္ဘာပေါ်တွင် မိခင်ကလေးစောင့်ရှောက်မှုလုပ်ငန်းများအားလုံး လက်လှမ်းမီနိုင်စေရန် သားဖွားဆရာမ သုံးသိန်းခွဲခန့် အမှန်တကယ်လိုအပ်လျက်ရှိ၍ မြန်မာနိုင်ငံတွင်လည်း သားဖွားဆရာမ တိုးမြှင့်ခန့်ထားရန် လိုအပ်ကြောင်းဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်အထိ သားဖွားဆရာမ ၂၀၀၄၄ ဦး လေ့ကျင့်သင်ကြားမွေးထုတ်ပြီး ဖြစ်သော်လည်း လက်ရှိအခြေအနေမှာ ၉၉၃၂ ဦးကိုသာ ခန့်ထားနိုင်သေးသည့်အတွက် မြန်မာနိုင်ငံတွင် ရွာပေါင်း ခြောက်သောင်းကျော်အတွက် သားဖွားဆရာမများ လိုအပ်လျက်ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ သားဖွားဆရာမတွေလိုအပ်သလောက်မရသေးခင် အရန်သားဖွားဆရာမများကို ဆက်လက်မွေးထုတ်လျက်ရှိဆဲပဲ ဖြစ်တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ အရန်သား ဖွားဆရာမများဟာ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းအဆင့်ထဲ မပါဘူးဆိုတာ သတိထားရမှာဖြစ်ပါ တယ်”ဟု ဒုဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးက ပြောသည်။

ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်း ၁၀ ရာခိုင်နှုန်းတိုးမြှင့်သည် နှင့်အမျှ မိခင်သေဆုံးမှု ၅ ရာခိုင်နှုန်း လျော့ကျစေကြောင်းနှင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံတို့တွင်လည်း သားဖွားဆရာမများအင်အားကို တိုးမြှင့်ခဲ့သောကြောင့် ၁၀ နှစ်အတွင်း မိခင်သေဆုံးမှုထက်ဝက်ကျဆင်းခဲ့ကြောင်းလည်း ယင်းက ပြောကြားခဲ့သည်။
7Day News Journal

ရပ်ကွက်တွင်းအရက်သိုလှောင်ခြင်းမှာ လိုင်စင်စည်းကမ်းဖြင့် သိုလှောင်ခြင်း


May 7, 2013
မင်္ဂလာဒုံမြို့နယ်၊ ထောက် ကြံ့ဈေးရပ်ကွက်၊ ငုရွှေဝါလမ်း တွင် အရက်ဆီများနှင့် အရက် များကို ဂိုဒေါင်ဖြင့် သိုလှောင် ထားသော အိမ်တစ်အိမ်ကို စိစစ် ဆောင်ရွက်ပေးပါရန် ဟော့နယူး ဂျာနယ်တွင် အယ်ဒီတာထံ ပေးစာပါရှိလာကြောင်း သိရသည်။

အဆိုပါငုရွှေဝါလမ်းတွင် ယစ်မျိုးလုပ်ငန်းလုပ်ကိုင်သူမှာ တစ်ဦးတည်းသာရှိပြီး ပေးစာတွင် ဖော်ပြထားသော ဓာတ်ပုံမှာ အဆိုပါလုပ်ငန်းရှင်၏ နေအိမ် ပုံလည်းမဟုတ်ကြောင်း သိရသည်။ ယင်းပေးစာနှင့်ပတ်သက် ၍ မေ ၄ ရက်တွင် အဆိုပါ အိမ်သို့ ရဲ၊ စည်ပင်၊ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ၀င် ရောက်စစ်ဆေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။

၎င်း ယစ်မျိုးလုပ်ငန်းမှာ ရန်ကုန်မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၏ FL-6 လိုင်စင်ကို တရားဝင် ရယူကာ ဆောင်ရွက်နေသော လုပ်ငန်းဖြစ်ပြီး မြို့နယ်မီးသတ် ဦးစီးဌာန၊ စည်ပင်လုပ်ငန်းလိုင် စင်၊ ခွင့်ပြုချက်များလည်း ရရှိပြီးဖြစ်ကာ ပတ်ဝန်းကျင်နေ အိမ်များ၏ ထောက်ခံချက်များ ဖြင့် ယစ်မျိုးလိုင်စင်ရယူပြီး ဆောင်ရွက်နေသော လုပ်ငန်းဖြစ် ပါကြောင်းသိရသည်။ ထို့ပြင် အဆိုပါ နေအိမ်တွင်အရက်ချက် သည့်လုပ်ငန်းလည်း လုပ်ကိုင် ဆောင်ရွက်ခြင်းမရှိသည်ကို စစ်ဆေးရေး အဖွဲ့များကစစ်ဆေး တွေ့ရှိပြီးဖြစ်သဖြင့် ပေးစာပါ အချက်များမှာ မှားယွင်းနေ ကြောင်း သိရသည်။
ခြေမြန်တော်
The Hot News

ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ထောင်၃ လကျ

May 7, 2013
၂-၅-၂၀၁၃ နေ့က ပန်းတ နော်မြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၀ဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့ခေါင်းဆောင် ကိုနေမျိုးဇင်အား ထောင်ဒဏ် ၃ လချမှတ်လိုက်ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ လွန်ခဲ့သော တစ် လကျော်ခန့်က ပန်းတနော်မြို့ နယ်တွင်ပြုလုပ်ခဲ့သည့် လူထု ဟောပြောပွဲတစ်ခု၌ ပြည်သူ့ရဲ များ ခြစားမှုကင်းရှင်းရန် လိုအပ် ကြောင်း ထည့်သွင်းပြောဆိုခဲ့ သည့်အတွက် ပန်းတနော်အပိုင် ဒေါင့်ကြီးကျေးရွာစခန်းမှူး ဦး ထွန်းထွန်းက တရားလိုလုပ်ကာ ကိုနေမျိုးဇင်ကို တရားစွဲဆိုခဲ့ပြီး ပန်းတနော်မြို့နယ် တရားရုံး တရားသူကြီးဒေါ်ခင်နှောင်းရွှေမှ စွဲချက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုအတွက် ဒေါင့် ကြီးကျေးရွာနှင့် ရွာနီးချုပ်စပ် ဒေသခံများအားလုံးက သက် သေထွက်ဆိုရန် အသင့်ရှိသော် လည်း ကိုနေမျိုးဇင်က ရွာကို ၀န် ထုပ်ဝန်ပိုးမဖြစ်စေလိုသဖြင့် သက်သေမခေါ်ဘဲ ကိုယ်တိုင် ထွက်ဆိုခဲ့သည်ဟုသိရသည်။ ကို နေမျိုးဇင်၏ ကွန်ရက်အဖွဲ့ဝင် ကိုခင်ကျော်က “တရားသူကြီးက အမှုကိုစစ်ဆေးပြီး အမိန့်ချတဲ့ ပုံစံက ထူးတော့ထူးတယ်ဗျ ဒဏ် ငွေနှစ်သောင်း မပေးဆောင်ပါ က ထောင်ဒဏ် ၃ လကျခံဆိုတဲ့ နေရာမှာ ဒဏ်ငွေကိုပဲ ဆောင် စေချင်ပုံရတယ် သူ့ပုံစံက ညွှန် ကြားချက်တစ်ခုခုကို လိုက်နာ နေရပုံမျိုးပဲ”ဟုပြောသည်။

၎င်းကဆက်လက်ပြီး “ကို နေမျိုးဇင်က သေသေချာချာ အပြင်ကို မှာလိုက်ပါတယ်။ သူ အခုလို ထောင်ဒဏ်ကိုရွေးချယ် လိုက်တာဟာ တရားရေးမဏ္ဍိုင် ဖြောင့်မတ်တည်ကြည်စေချင်လို့ ပါတဲ့”ဟုပြောသည်။
လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူတစ်ဦးဖြစ်သည့် ကိုဇာနည်မှ“ထရန်စေရှင်နယ်ပီး ရီးယပ်လို့ခေါ်တဲ့ ကူးပြောင်းရေး ကာလမှာ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေအားကောင်းနေဖို့ လိုတယ်။ ဒီအဖွဲ့အစည်းတွေကို အစိုးရက လက်တွဲရမယ့်အစား အခုလို ပုဒ်မတွေတပ်ပြီး အရေး ယူနေတာကတော့ အသွင်ကူး ပြောင်းရေးမစစ်မှန်နိုင်တော့ဘူး” ဟု ပြောသည်။MDCF အဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်က လည်း ယင်းကိစ္စနှင့်ပတ်သက်၍ “ကိုနေမျိုးဇင် အခုလို အရေးယူ ခံလိုက်ရတာဟာ လက်ရှိဖြစ်နေ တဲ့အပေါ်မှာ လွတ်လပ်စွာ ဝေဖန်သုံးသပ်ခွင့်မရှိတဲ့သဘော ပဲဗျ။ ဒီမိုကရေစီစနစ်မှာ ဝေဖန် မှုဆိုတာရှိရမှာပဲဗျ။ ၀န်ကြီးဌာန အသီးသီးမှာလည်း အဂတိလိုက် စားမှုတွေရှိနိုင်တာပဲလေ။ ဒါကို အရှိတရားတစ်ခုအနေနဲ့လက်ခံ ပြီး အဂတိလိုက်စားမှုတွေ တစ် နိုင်ငံလုံးကင်းစင်အောင် တာဝန် ရှိသူအားလုံးက ၀ိုင်းလုပ်ပေးရ မယ်လို့မြင်ပါတယ်”ဟု ပြော သည်။

ယခုလို ကိုနေမျိုးဇင်ကို အရေးယူလိုက်သည့်အတွက် ပန်းတနော်မြို့နယ်ရှိ ဒေသခံ များက (၇)ရက်နှင့် (၈)ရက်များ တွင် ဆန္ဒပြတောင်းဆိုသွားရန် စည်းကမ်းချက်များနှင့်အညီ ခွင့် ပြုမိန့်တင်သော်လည်း သက်ဆိုင် ရာက ခွင့်မပြုကြောင်း သတင်း ရရှိသည်။
ဇော်မြင့်
The Hot News

ဘာသာရေးလွတ်လပ်ခွင့်ကို အစဉ်လေးစားကူညီမယ်လို့ သမ္မတ ဦးသိန်းစိန်ပြော

2013-05-07
မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လွပ်ခွင့် နဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ အစဉ်လေးစား ကာကွယ်ပေးသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင် အစီရင်ခံစာ နဲ့ပတ်သက်ပြီး မနေ့ညနေပိုင်းက တိုင်းပြည်ကို ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သမ္မတ ဦးသိန်းစိန်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပြဿနာ နဲ့ပတ်သက်ပြီး လက်ရှိအခြေအနေကို လက်တွေ့ကျတဲ့နည်းလမ်းတွေနဲ့ ကိုင်တွယ် ဖြေရှင်းပြီး၊ အနာဂတ်မှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့၊ သမိုင်းဆိုးမွေတွေထဲက ရုန်းထွက်ပြီး အနာဂတ်ကိုရှေးရှုတဲ့ အဖြေတွေကို ရှာဖွေကြရမှာဖြစ်ကြောင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အလွဲသုံးပြီး အမုန်းတရားကိုလှုံ့ဆော်တဲ့ အပြောအဆိုတွေ၊ ပေါ်ပေါက်ခဲ့ တဲ့ ပဋိပက္ခတွေရဲ့ ဇစ်မြစ်တွေကိုလစ်လျူရှုပြီး ဗုဒ္ဓဘာသာနဲ့ မူဆလင်ကြား က ပဋိပက္ခအဖြစ် ရှုမြင်ပုံဖော်နေတာတွေဟာ ပဋိပက္ခ ကို ပိုမိုကြီးထွားစေခဲ့ကြောင်း သမ္မတ ဦးသိန်းစိန်  ကပြောကြားခဲ့ပါတယ်။

ပထမဆုံးဆောင်ရွက်ရမယ့်အချက်ဟာ တရားဥပဒေစိုးမိုးရေး အစီအမံတွေချမှတ်ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရားမ၀င် ဆက်လက်ဝင်ရောက်လာသူတွေကို ဟန့်တားရေး၊ ထိထိရောက်ရောက် အရေးယူရေး၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတွေအတွက် ရေတို၊ရေရှည် စီမံချက်တွေနဲ့ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လိုအပ်တဲ့ နိုင်ငံတကာအကူအညီတွေရယူသွားမှာဖြစ်သလို၊ ပြန်လည် တည်ဆောက်ရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့ အစည်း တွေကိုလည်း အကူအညီပေးသွားမှာဖြစ်ကြောင်း၊ အရင်က နိုင်ငံတကာအဖွဲ့တချို့ရဲ့ လုပ်ကိုင်နည်း အမှားတွေ ကြောင့် ပြဿနာ ပိုရှုပ်ခဲ့တာလည်း မငြင်းနိုင်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းမှာ မူလကရောက်ရှိနေကြတဲ့ အစ္စလာမ် ဘာသာကိုးကွယ်သူတွေအပေါ် လူသားချင်းစာနာတဲ့ အနေနဲ့ သူတို့ရဲ့အခြေခံရပိုင်ခွင့် အခွင့်အရေး တွေကို လက်တွေ့ ကျကျ ဆောင်ရွက်ပေးသွားမှဖြစ်သလို၊ ရခိုင်တိုင်းရင်းသားတွေရဲ့ ခံစားချက် နဲ့ လိုလားချက်တွေကိုလည်း လုံးဝလျစ်လျူရှုမှာမဟုတ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။
RFA Burmese

ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲ ၀မ်ကောင်းရပ်ကွက်၌ ပြုလုပ်

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ သာရေး/နာရေး ဓမ္မာရုံတွင် ကျောင်းနေရွယ် ကလေးသူငယ်များအား သင်တန်းပေးနေသောလျှက်ရှိသော နွေရာသီအခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း၏ သင်တန်းဆင်းပွဲ နှင့် ဆုပေးပွဲကို မေလ(၆)ရက်နေ့ ည(၇)နာရီက ပြုလုပ်ကျင်းပခဲ့ကြကြောင်း သိရှိရသည်။




ဆံပင်ညှပ်ပေးနေသူအား သေနတ်သမားတစ်ဦးမှ ပစ်ခတ်သွားရာ ပွဲချင်းပြီးသေ


Monday, May 06, 2013
ယနေ့ ည(၇)နာရီခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း (အများအခေါ် ပုံလို့လမ်းဆုံဟုလည်းခေါ်သည်) ဆန်ဆိုင်းလမ်းဆုံ ငုဝါ ကားရေဆေးခုံ မျက်စောင်းထိုးရှိ ဆံသဆိုင်တွင် အမည်မသိသူ လူတစ်ဦးမှ ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး ဆံပင်ညှပ်ပေးနေသူအား သေနတ်ဖြင့်(၃)ချက် ပစ်သွားရာ ဆံပင်ညှပ်ပေးနေသူမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အသက်(၃၂)အရွယ်ရှိ စိုင်းလုံးရှဲန်သည် ၎င်း၏ ဆိုင်သို့ လာရောက်ဆံပင်ညှပ်လိုသူအား ညှပ်ပေးနေစဉ်အတွင်း အမည်မသိ အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် အနားကပ်၍ (၃)ချက်ပစ်ခတ်ကာ ဆိုင်ကယ်ဖြင့်ပင် မောင်းပြေးသွားခဲ့ပြီးနောက် စိုင်းလုံးရှဲန်သည် ဦးခေါင်းအနောက်ဖက်နှင့် နားထင်အထက် အပြင် ကျောဘက်တို့တွင်လည်း သေနတ်မှန်၍ ညှပ်လက်စ ကတ်ကြေးကိုင်လျှက်ဖြင့် မှောက်လျှက်သား ပွဲချင်းပြီးသေဆုံးနေသည်ကို တွေ့ရှိရသည်။

သေဆုံးသူ၏ အကြောင်းအရာနှင့်ပတ်သက်၍ ၎င်း၏ အနီးအနားဝန်းကျင်၏ ပြောဆိုချက်အရ "ဆိုင်ဖွင့်တာ နှစ်လလောက်ပဲ ကြာသေးတယ်၊ ဒါတောင် သင်္ကြန်အတွင်း ဆိုင်ပိတ်ပြီး ကျိုင်းတုံဘက်ကို ဘုန်းကြီးသွားဝတ်နေတာ၊ သူသွားဝတ်တဲ့ နေရာကလည်း ကျိုင်းတုံမြို့ထဲမှာမဟုတ်ဘူး၊ တောထဲမှာလို့လည်းပြောတယ်၊ ဘုန်းကြီးထွက်ပြီး ဒီကို ပြန်ရောက်တာ မကြာသေးဘူး၊ ရက်ပိုင်းပဲ ရှိသေးတာ၊ ဆိုင်ကိုတော့ မနေ့ကမှ ဖွင့်တယ်၊ ဒီနေ့ လုပ်ကြံခံရတယ်ဆိုတော့ စဉ်းစားစရာပဲ"ဟု သိရသည်။

အခုလို သေဆုံးသွားတာနဲ့ပတ်သက်၍"သူ့မှာ နက်နက်ရှိုင်းရှိုင်း အကြောင်းအရာတွေ ရှိမယ်လို့ထင်တယ်ဗျ၊ တာချီလိတ်မှာက တော်ရုံကိစ္စတွေဆိုရင် သေနတ်နဲ့ဖြေရှင်းတယ်ဆိုတာ မကြားဖူးဘူး၊ ခုက လူငယ်ဆိုတော့ လူငယ်ကိစ္စလား အခြားကိစ္စလား ဆိုတာကိုတော့ စဉ်းစားစရာပဲဗျ၊ ဘာပဲဖြစ်ဖြစ် မြို့လယ်ခေါင်မှာ ဒီလိုဖြစ်သွားတယ်ဆိုတော့ ကိုယ့်ကိုကိုယ် မလုံခြုံတော့သလိုခံစားလိုက်ရတယ်"ဟု အခင်းဖြစ်ရာနေရာသို့ လာရောက်ကြည့်ရှု့သူ အမျိုးသားတစ်ဦးမှလည်း ပြောကြားသွားသည်။

လာရောက်ပစ်ခတ်သူအား ရုတ်တရက် မြင်တွေ့လိုက်ရသူတစ်ဦးမှလည်း " ဆိုင်ထဲမှာ သေနတ်သံ သုံးချက်ကြားရတော့ ကျွန်တော်တို့ ထင်တာက ကလေးတွေ ဗျောက်ဖောက်နေကြတယ်လို့ ထင်တာ၊ သွားကြည့်လိုက်တော့ ဆံပင်ညှပ်ဆရာ သေနေတာကို တွေ့လိုက်ရတယ်၊ သွားမကြည့်ခင် အသံကြားကြားချင်း ဆိုင်ပြင်ကို ထွက်ကြည့်လိုက်တာ ဆံပင်ညှပ်ဆိုင်ထဲကနေ ဦးထုပ်ဆောင်းထားတဲ့ လူတစ်ယောက် အေးအေးဆေးဆေးထွက်လာပြီး ကျွန်တော်တို့ဘက်ကို တစ်ချက်ကြည့်သွားပြီး ဆိုင်ကယ်နဲ့ မောင်းထွက်သွားတာကိုတွေ့လိုက်ရတယ်၊ အဲ့ဒီလူပုံစံအတိုင်းပဲ ဒီရက်ပိုင်းက ဒီနေရာကို ဝှေ့လည် ဝှေ့လည် လုပ်နေတာကိုတော့ သတိထားမိတယ်"ဟု ပြောကြားလာသည်။

ဆံပင်ညှပ်ခံနေသူမှာ အနီးအနား၏ ပြောဆိုချက်အရ ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးသွားခဲ့သည်ဟုလည်း သိရသည်။
Tachileik Online News

သွေးလန့်သူများ မကြည့်ရ










ပထမအကြိမ် အာခါလူငယ် နှီးနှောဖလှယ်ပွဲ

Tuesday, May 07, 2013
တာချီလိတ်မြို့ရှိ ဇန်းမွန်အာခါဟိုတယ်၌ ပထမအကြိမ် အာခါလူငယ်နှီးနှောဖလှယ်ပွဲကို ဧပြီလ(၅)ရက်နေ့ နံနက်(၉)နာရီမှ ညနေ(၃)နာရီထိ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပွဲသို့ အာခါတိုင်းရင်းသားခေါင်းဆောင်များဖြစ်သည့် ဦးအာဇေး၊ ဦးအာမဲ၊ ဦးမင်းညို နှင့် အကြီးအကဲများ တက်ရောက်လာခဲ့ကြပြီး ယခုလို အာခါလူငယ်နှီးနှောဖလှယ်ပွဲပြုလုပ်ခြင်းအတွက် ၎င်းတို့မှ အဖွင့်အမှာစကားနှင့် အားပေးစကား ပြောကြားသွားပြီးနောက် တက်ရောက်လာခဲ့ကြသော အာခါတိုင်းရင်းသား လူငယ် မောင်မယ်များမှ အာခါလူမျိုးတိုးတက်ရေးအတွက် လူငယ်များအချင်းချင်း အုပ်စုအလိုက် အပြန်အလှန် နှီးနှောဖလှယ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ နှီးနှောဖလှယ်ရာမှာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အပြင် အသိပညာဗဟုသုတများရရှိရန်အတွက် ခရီးထွက်၍ လေ့လာခြင်း၊ အာခါရိုးရာယဉ်ကျေးမှု မပပျောက်စေရန် ကာကွယ်ထိန်းသိမ်းခြင်း၊ အာခါလူငယ်များ တစ်ယောက်နှင့်တစ်ယောက် နားလည်မှုရှိပြီး အချင်းချင်း စည်းလုံးညီညွှတ်မှုရှိစေရန်အပြင် တစ်ယောက်နှင့်တစ်ယောက် အနစ်နာခံတတ်စေခြင်း၊ မိမိတို့ တတ်သိထားသော နည်းပညာများကို အပြန်အလှန်ဖလှယ်ခြင်း နှင့် မိမိတို့ထက် တတ်သိနားလည်သော လူကြီးများ၏ လမ်းညွှန်မှုများကို နာခံတတ်စေခြင်း စသည့် အကြောင်းအရာများကို အပြန်အလှန် နှီးနှောဖလှယ်ခဲ့ကြကြောင်း သိရသည်။

ယခုလို အာခါလူငယ်နှီးနှောဖလှယ်ပွဲနှင့်ပတ်သက်၍ " လာမဲ့ အာခါနှစ်သစ်ကူးအတွက် လူငယ်တွေ အားလုံး အားတဲ့အချိန် (၁၁)လပိုင်းကုန်ခါနီးလောက်ပေါ့ လူငယ်တွေ တိုက်တိုက်ဝန်းဝန်း ပါဝင်သွားနိုင်အောင်နဲ့ ကဏ္ဍတစ်ခုခုဦးဆောင်သွားဖို့အခုလို ထပ်တွေ့ဖို့ရှိပါသေးတယ်၊ ပြီးတော့ ဒီတစ်ခါလုပ်ရင် အာခါလူငယ်ကော်မတီဖွဲ့ဖြစ်အောင် ဖွဲ့ဖို့အတွက်လည်း အစီအစဉ်တွေရှိသေးတယ်”ဟု အဆိုပါပွဲမှ အာခါတိုင်းရင်းသူ တစ်ဦးက ပြောသည်။
Tachileik Online News
 Photo by: Tun Lay








အငြင်းပွားနယ်မှ တပ်များ အိန္ဒိယနှင့် တရုတ်တို့ရုတ်သိမ်း

အငြင်းပွားနယ်မှ တပ်များ အိန္ဒိယနှင့် တရုတ်တို့ရုတ်သိမ်း
နယူးဒေလီ၊ မေ ၆။
တရုတ်တပ်များနှင့် အိန္ဒိယတပ်များသည် နှစ်နိုင်ငံနယ်စပ်အနီး အငြင်းပွားနယ်မြေမှ
စတင်ဆုတ်ခွာနေကြပြီဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။

လွန်ခဲ့သည့် လကစတင်၍ အိန္ဒိယစစ်သားများကို နယ်မြေကျော်ဝင်လာသော တရုတ်စစ်သားများနှင့်
မျက်နှာချင်းဆိုင်တွင် စခန်းများ ဆောက်လုပ် စခန်းချရန်အမိန့်ပေးခဲ့ကြောင်း သိရသည်။

၎င်းနောက်နှစ်နိုင်ငံ ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး တနင်္ဂနွေနေ့တွင်မှ  တပ်များကို
နှုတ်သိမ်းရေးသဘောတူညီခဲ့ကြသည်။

တရုတ်နှင့် အိန္ဒိယတို့သည် ဟိမဝန္တာတောင်တန်းနယ်မြေများတွင်
နယ်မြေအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီး ၁၉၆၂ တွင် စစ်ပွဲငယ်တစ်ပွဲ လည်း ဖြစ်ပွားခဲ့သည်။

နှစ်ဦးနှစ်ဖက်တင်းမာမှုများ ရံဖန်ရံခါဖြစ်ပွားပြီး
နယ်စပ်အရေးဆွေးနွေးမှုများစွာရှိခဲ့သော်လည်း အောင်မြင်မှုမရှိသေးပေ။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဆာယိအက်ကဘာရတ်ဒင်က အိန္ဒိယနှင့်တရုတ်သည်
တပ်များနှုတ်ဖယ်ရေးကို သဘောတူညီထားကြပြီးဖြစ်ကြောင်း ဘီဘီစီကို ပြောကြားသည်။

နယ်ခြားစောင့်တပ်အကြီးအကဲများတွေ့ဆုံပွဲမှ  သဘောတူညီတစ်ခုခိုင်မာစွာချမှတ်နိုင်ခဲ့ကြောင်း ၎င်းက
ဆက်လက်ပြောကြားသည်။

အိန္ဒိယအရာရှိများက ဧပြီ ၁၅ရက်မှ စတင်၍ တရုတ်တပ်များသည် ကက်ရှမီးယားနယ်အရှေ့ပိုင်းရှိ လာဒက်ရှ်
ဒက်ဆန်တောင်ကြားတွင် အိန္ဒိယပိုင်နက်မြေအတွင်း ခြောက်မိုင်ခန့်ကျူးကျော်ဝင်ရောက်ကြောင်း
စခန်းချကြောင်း စွပ်စွဲခဲ့သည်။တရုတ်ဘက်မှ ၎င်းအဆိုကို ငြင်းဆိုခဲ့ သည်။

ယခု တပ်ရုတ်သိမ်းခြင်းများသည် တရုတ်ဝန်ကြီးချုပ် အိန္ဒိယသို့မလာမီ တရုတ်သို့ လာရောက်မည့်
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်မတိုင်မီ တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံကို မေလ ၉ ရက်တွင် သွားရောက်မည်ဖြစ်ပြီး
တရုတ်ဝန်ကြီးချုပ်သည် ၎င်း၏ ပထမဆုံးနိုင်ငံခြား ခရီးစဉ်အဖြစ် မေ ၂၀ တွင် အိန္ဒိယသို့
လာရောက်မည်ဖြစ်ကြောင်း သိရသည်။
Ref:BBC
မြန်မာ့ခေတ်

အတူရှင်တွဲ နေထိုင်လိုသူများ မကွေးကျောင်းတိုက်၌ ဆွေးနွေး

ရန်ကုန်၊ မေ ၆။
ပြီးခဲ့သော ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား ပဋိပက္ခများတွင် ဘာသာရေးကွဲပြားခြား နားမှုများ၏ အားနည်းချက်များ ပါဝင်နေပြီး ဘာသာနှစ်ခုကြားငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် လိုအပ်လာသောကြောင့် နှစ်ခုသော ဘာသာဝင်များအားလုံးအတွက်ကိုယ်စားမပြုကြသော်လည်း  ငြိမ်းချမ်းရေးသို့ ဦးတည်သော ဆွေးနွေးပွဲတစ်ခုအား ဆရာတော်ဦးဝီရသူနှင့်ဒိုင်းမွန်းရွှေကြည်တို့က မကွေးကျောင်းတိုက်တွင် ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝှမ်းရှိ တိုင်းရင်သားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရန်အတွက်ရည်ရွယ်သည်ဟု မကွေးကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။

ယင်းဆွေးနွေးပွဲတွင် ပြည်တွင်း နေမူဆလင်တွေသည် ရိုဟင်ဂျာ၊ ဘင်္ဂါလီနဲ့ မကွဲရခြင်းကိစ္စကို
ရှင်းရှင်း လင်းလင်းသိချင်ကြာင်း ဆရာတော် ဦးဝီရသူမှ ဒိုင်းမွန်းရွှေကြည်အား မေးမြန်းသောအခါ
၎င်းတို့သည် ရိုဟင်ဂျာများအား လုံးဝကန့်ကွက်ချုံ့ချကြောင်း ပြောကြားသည်။

“ဘာသာတူ တာနဲ့ အကုန်တူလို့ မရပါဘူး။ ဘာသာတူတာတစ်ခုတည်းနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ အစ္စလာမ်နိုင်ငံပေါင်း၅၆နိုင်ငံကို တံခါးမရှိ ဓားမရှိ သွားလို့မရပါဘူး”ဟု ဒိုင်းမွန်းရွှေကြည် က ပြောကြားသည်။ ယင်းအပြင် အစ္စလာမ် ဘာသာဝင်များ၏ မြန်မာမဆန်သော ဝတ်စား ဆင်ယင်မှုများကိုလည်း ကန့်ကွက်ကြောင်း၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်ရန် အတွက်လည်း အသက်နှင့်လဲ၍ ကာကွယ်သွားမည်ဖြစ်ကြောင်းဆက်လက် ပြောကြားသည်။

ထိုသို့ ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ ယဉ်ကျေးမှုနှင့် မကိုက်ညီသော နေထိုင်မှုစရိုက်များ၊ အတင်းအဓမ္မလက်ထပ် ထိန်းများခြင်းကိစ္စများ၊ ဝတ်စားဆင်ယင်မှုများနှင့် အစ္စလာမ်ဘာသာ ဝင်ဖြစ်ယုံမျှနှင့် ပြည်တွင်းနေ မြန်မာနိုင်ငံသား မူစလင်များသည် ရိုဟင်ဂျာ၊ဘင်္ဂါလီများနှင့် ကွဲပြားစွာတည်ရှိမနေခြင်း တို့ကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
AT
မြန်မာ့ခေတ်

NLDမှ အများပိုင်ခြံခတ် ရွာသားများနှင့်ပဋိပက္ခဖြစ်

ရွှေပြည်သာ၊ မေ ၆။
ယမန်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ ကျေးရွာတွင် မြေပြန်လည်ရရှိရေးပြုလုပ်သော အဖွဲ့သည် NLDမှ ဟုဆိုကာ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က အိုးအိမ်မှ သိမ်းထားသောမြေအပါအဝင် ကျေးရွာရှိ အများပြည်သူပိုင် ပန်းခြံမြေအား အကွက်ချ ခြံစည်းရိုး ခတ်လိုက်သောကြောင့်ရွာသားများနှင့် ပဋိပက္ခ ဖြစ်ပွားပြီး ရွှေပြည်သာ ရဲစခန်းတွင် ခေါင်းဆောင်သူ နှစ်ဦးအားထိမ်းသိမ်းထားရကြောင်း သိရသည်။

“သူတို့က NLDအလံတွေထောင်၊ ဗိုလ်ချုပ်ပုံတွေ၊ အမေစုပုံတွေကိုထောင်ပြီး ပေ ၂၀x၆၀ မြေကွက်တွေ
ချနေတာ။ NLDပါတီဝင်က တစ်ယောက်တည်း ပါတာပါ။ အဲ့ဒီမြေတွေကို ရောင်းစားဖို့ လုပ်နေလို့
ရွာသားတွေနဲ့ ပြဿနာ တက်နေတယ်လို့ ရပ်ကျေးက အကြောင်းကြားတာနဲ့ လိုက်သွားပြီး
မှတ်တန်းတွေတော့ ရိုက်ထားတယ်။ ရွှေပြည်သာ NLDက ရဲရဲတောက်သိန်းအောင်နဲ့ အမှန်တရားဖော်ထုတ်ရေးအဖွဲ့က ကိုကိုနိုင်တို့ကို ရွှေပြည်သာ ရဲစခန်းက ခေါ်သွားပါတယ် ” ဟု မြောက်ပိုင်းခရိုင် NLDတာဝန်ခံ
ဦးရန်နိုင်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

ရွှေပြည်သာမှ NLD အဖွဲ့ဝင် တစ်ဦးဖြစ်သော ဦးသိန်းအောင်သည် ရွှေပြည်သာ ၁၈ရပ်ကွက်မှ NLD
အဖွဲ့ဝင်များအား ဝါးတစ်ရာ ကျေးရွာတွင် မကြောက်တရား ဟောပြောပွဲရှိသည်ဟုဆိုကာ
ခေါ်သွားပြီးနောက် အမှန်တရားဖော်ထုတ်ရေး အဖွဲ့မှ ကိုကိုနိုင်နှင့် ပူးပေါင်း၍ ယခင်
အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသော ဧကဝက်ခန့်ရှိသောမြေနှင့် ကျေးရွာရှိ အများပြည်သူပိုင်
ပန်းခြံမြေအား ခြံစည်းရိုး ခတ်လိုက်သောကြောင့် ကျေးရွာသားများနှင့် ပြဿနာဖြစ်ပွားခဲ့သည်ဟု
ရွှေပြည်သာ၁၈ရပ်ကွက်မှ NLDပါတီဝင်တစ်ဦးက ပြောကြားသည်။

ထိုသို့ ပြဿနာဖြစ်ပွားသောကြာင့် ယင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဥက္ကဋ္ဌအပါအဝင်
ရပ်မိရပ်ဖများ၊ ထိုမြေများခြံစည်းရိုးခတ်သော ဦးကိုကိုနိုင်၊ ဦးသိန်းအောင်တို့နှင့် အဆိုပါမြေကိစ္စအား
ဆွေးနွေးကြရာ ပြေလည်မှု မရရှိဘဲ ၎င်းကျေးရွာသားများက မကျေမနပ်ဖြစ်ပွားကာ
ဘုန်းတော်ကြီးကျောင်းသို့ တစ်ရွာလုံးဝိုင်းထားသောကြောင့် ရွှေပြည်သာ ရဲစခန်းမှ မြို့နယ်မှူးနှင့်
မြို့နယ်NLDမှ တာဝန်ရှိသူများက သွားရောက်ဖြေရှင်းခဲ့ပြီး မြေကွက်များ အကွက်ချ၍
ခြံစည်းရိုးခတ်သော ဦးဆောင်သူနှစ်ဦးအား ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ရွှေပြည်သာ မြို့နယ်ဥက္ကဋ္ဌ
ဒေါက်တာစိန်ဝင်းက ပြောကြားသည်။

ယင်းကိစ္စအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ အဆင့်ဆင့်တင်ပြထားပြီး ဖြစ်သောကြာင့် NLDပါတီ
နာမည်အသုံးချမှုအား အရေးယူရန်နှင့် ပတ်သက်၍ ဗဟိုမှချမှတ်သည့် အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကဆက်လက် ပြောကြားသည်။
အောင်သိုက်
 မြန်မာ့ခေတ်

ကလောမြေပြိုမှု သေဆုံးသူဦးရေ နှစ်ဆကျော်နိုင်

ရွှေတွင်း (ဓာတ်ပုံ - thevelvetrocket.com)
07.05.2013
ကလောမြို့နယ် ရွှေတွင်းရေကြီးမှုကြောင့် သေဆုံးသူ ဦးရေဟာ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ အနည်းဆုံး ၁၈ ဦးထိ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာပေမဲ့ တကယ်တမ်း သေဆုံးသူဟာ ဒီထက်မက များနိုင်ကြောင်း ဒေသခံတွေက ပြောပါ တယ်။ လောလောဆယ်မှာတော့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေ ကို ရွှေတူးဖော်ရာ လုပ်ကွက်အတွင်းကို ၀င်ခွင့်မပေးတာကြောင့် အတိအကျ သတင်းရရှိဖို့လည်း အခက်အခဲတွေ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က စုံစမ်းပြီး သတင်းပေးပို့ထားပါတယ်။

မေလ ၁ ရက်နေ့ သန်းခေါင်ချိန်လောက်မှာ မိုးများပြီး ရေကြီးခဲ့တာကြောင့် ကလောမြို့နယ် ရွှေတောင်ကြား ရွှေတူးဖော်ရေး လုပ်ကွက်မှာ ရွှေတူးဖော်ရေး လုပ်သားအနည်းဆုံး ၁၈ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

“၁၆ ဦးက ကျနော်တို့ ကလောမြို့နယ်တွင်းမှာ သေဆုံးသူပေါ့ ၁၆ ဦး။ အဲ့ဒါပဲ ကျနော်တို့ ရထားတယ်ခင်ဗျ။ ဒါပေမဲ့ ကြားထဲမှာ ၂ ဦးကျန်သေးတယ်ဆိုတော့ ၂ ဦးက ဒီဘက်ကို မသယ်လာတော့ဘူး။ ၂ ဦးကို ဟိုမှာပဲ သင်္ဂြိုဟ်မယ်ဆိုတဲ့ အနေအထားမျိုး။ ဘာလို့လဲဆိုတော့ ရက်က အတော်ကြာသွားပြီလေ။ ၁ ရက်နေ့ကတည်းက ဖြစ်တာဆိုတော့ ဒီဘက်သယ်လာဖို့က အခက်အခဲ ဖြစ်နေတယ် အဲ့ဒါကြောင့်။”

ဒါကတော့ ကလောမြို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ဦးသိန်းဇော် ပြောသွားတာဖြစ်ပါတယ်။ ဒဏ်ရာရသူကတော့ ကလောဆေးရုံမှာ ၃ ယောက်နဲ့ တောင်ကြီးဆေးရုံမှာ ၄ ယောက် ရှိတယ်လို့ ပြောပါတယ်။

လောလောဆယ်မှာ သေဆုံးသူ စုစုပေါင်း ၁၈ ယောက်သာ စာရင်းရရှိပေမဲ့ အမှန်တကယ် သေဆုံးသူဟာ ၄၀၊ ၅၀ လောက်ရှိမယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြောင်း ဦးသိန်းဇော် က အခုလို ဆက်ပြောပါတယ်။

“ဒီက လုပ်ကွက်မှာ လုပ်သားအားလုံး ၄ သောင်းကျော်လောက်ရှိပါတယ်။ အဲ့တော့ ရေကြီးမှုဖြစ်သွားတဲ့အချိန်မှာ ရွာသားတွေ ပြောတာက တကျင်း တကျင်းကို ဆင်းနေတဲ့ လုပ်သားတွေက ၁၀ ဦးရှိတယ်။ ၁၅ ဦးရှိတယ်။ ညဘက် ဆင်းနေတဲ့ဟာတွေလည်း ရှိတယ်။ ကျင်းတော်တော်များများက ထိသွားတာကိုး။ ရွာသားတွေ အပြောအရက အနည်းဆုံး ၄၀၊ ၅၀ လောက်ရှိမယ်။ ကျနော်တို့က အခုက စုံစမ်းလို့လည်း မရဘူးဗျာ။”

သေဆုံးသူစာရင်းဟာ ကလောမြို့နယ်အတွင်း သယ်ယူလာတဲ့ စာရင်းပဲဖြစ်ပြီး သာစည်မြို့နယ်ဘက်က ရွှေတူးဖော်ရေး လုပ်ကွက်က သေဆုံးမှုစာရင်းကိုတော့ မသိရသေးကြောင်းနဲ့ ရေနစ်မြုပ်ခဲ့တဲ့ ရွှေတူးဖော်ရေး လုပ်ကွက်အတွင်းကို ပြင်ပက ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေနဲ့ သတင်းမီဒီယာအဖွဲ့တွေကို ကုမ္ပဏီ အာဏာပိုင်တွေက ၀င်ရောက်ခွင့် မပေးကြောင်း ဦးသိန်းဇော် က ပြောပါတယ်။

အခြားဒေသခံ ကူညီရေးဆောင်ရွက်သူတယောက်လည်း သေဆုံးသူဦးရေကို အခုလို ခန့်မှန်းပါတယ်။

“အာရှကမ္ဘာမြေကုမ္ပဏီ လက်အောက်က ရွှေတောင်ကြားလုပ်ကွက်ထဲမှာ အင်းပေါင်း ၂၃ အင်းရှိတယ်။ အဲ့ဒီနေ့က အင်းပေါင်း ၂၃ အင်းမှာ မတော်တဆ ထိခိုက်မှုဖြစ်သွားပြီးတော့ ၄ အင်းကတော့ ကယ်ဆယ်တော့ လုံးဝ လွတ်တယ်ပေါ့နော်။ ကျန်တဲ့အင်းတွေကတော့ အဲ့လိုမျိုး နွံတွေ၊ သဲတွေ အကုန်ပြည့်သွားတယ်ဆိုတော့ အဲ့ဒီအချိန်မှာ အကုန်လုံး အလုပ်လုပ်နေတယ်ဆိုရင် အဲ့ဒီအင်းထဲမှာရှိတဲ့သူ အကုန်လုံးကတော့ လစ်မှာပဲဗျ။ အဲ့လိုမျိုး။ ဖြစ်တာက သူတို့ ည ၁ နာရီခွဲနဲ့ ၂ နာရီကြားထဲမှာ ဖြစ်တာဆိုတော့ အဲ့ဒီအချိန်က အလုပ်လုပ်နေတဲ့ အချိန်ကြီးဗျ။ အလုပ်လုပ်နေတဲ့ အချိန်ကြီးမှာ ၂၃ အင်းရှိတဲ့အထဲမှာ ၄ အင်း လွတ်တယ်ဆိုတော့ ၁၉ အင်းပေါ့ဗျာ။ ၁၉ အင်း၊ တကျင်းကို ၁၀ ယောက်နှုန်းနဲ့ပဲ တွက်ပါဦး။ အနည်းဆုံးတော့ ၁၀၀ ကျော်မှာပေါ့ အဲ့လိုမျိုး။”

သူပြောတဲ့ အင်း ဆိုတာကတော့ ရွှေတွင်းတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ကလောမြို့နယ်အတွင်းက ရွှေတွင်းတွေဟာ အနည်းဆုံး ပေ ၃၀၀ ကျော်လောက် နက်ပြီး မြေအောက်မှာ လှိုင်ခေါင်းတွေနဲ့ ရွှေတူးဖော်နေတာ ဖြစ်ပါတယ်။ ဒီတွင်းထဲကို ဆင်းပြီး ရွှေတူးမယ်ဆိုရင် မြေပြင်ပေါ်က အောက်ဆီဂျင် ရယူပြီးမှသာ လုပ်ကိုင်နိုင်တာ ဖြစ်ပါတယ်။

ရွှေတွင်းလုပ်ငန်းမှာ လုပ်ကိုင်သူအများစုဟာ ဒေသခံ ကလောနယ်သားတွေထက် မြန်မာပြည်အလယ်ပိုင်းဒေသက လာရောက် လုပ်ကိုင်သူတွေက အများစုဖြစ်ပါတယ်။ ဒါကြောင့် ပျောက်ဆုံးသူစာရင်း ရယူဖို့ အခက်အခဲရှိတာ ဖြစ်တယ်လို့ ဒေသခံကူညီသူတွေက ပြောပါတယ်။

ကလောမြို့နယ်အတွင်းက ရွှေတောင်ကြား ရွှေတူးဖော်ရေးလုပ်ကွက်ဟာ ရှေးယခင်ခေတ်ကတည်းက တပိုင်တနိုင် တူးဖော်ထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ အခုလို ရွှေတူးဖော်ရေး ကုမ္ပဏီတွေက အင်နဲ့အားနဲ့ လုပ်ကိုင်လာတာတော့ တနှစ်ကျော်ကျော်သာ ရှိသေးတာ ဖြစ်ပါတယ်။
ကိုမိုးဇော်
VOA

ကိုရဲမင်းဦးကို တရားစွဲမှု မခိုင်လုံကြောင်း ရှေ့နေပြော

May 6, 2013
ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ (အထွေထွေအတွင်းရေးမှူး) ကိုရဲမင်းဦးကို တရားစွဲဆိုမှုဟာ ခိုင်လုံမှုမရှိဘူးလို့ ကိုရဲမင်းဦးရဲ့ ရှေ့နေက ပြောပါတယ်။

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးကို ဒီနေ့ သာကေတမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။

ဒီကနေ့ ရုံးချိန်းမှာ တရားလိုကို စစ်ဆေးပေမယ့် တရားလိုဘက်က ခိုင်လုံတဲ့ သက်သေ မရှိဘဲ ကိုရဲမင်းဦးကို တရားစွဲဆိုထားတယ်လို့ သူရဲ့ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။

ကိုရဲမင်းဦး

“သူတို့ စွဲတဲ့အမှုက သက်သေကြည့်တော့ တရားလိုကိုယ်တိုင်က ကိုယ်တိုင်သိတာမရှိဘူး။ သူများပြောလို့ တရားစွဲရတယ်။ သက်သေတွေကြည့်တော့လည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးပိုင်းကလူတွေပါတယ်။ ဆိုလိုတာက ကိုရဲမင်းဦးက သွေးထိုးလှုံ့ဆော်တယ်ဆိုရင် လှုံ့ဆော်ခံရတဲ့ အများပြည်သူက သက်သေပါရမယ်။ အဓိက အရေးကြီးတဲ့အချက်က တရားလို မြို့နယ်ရဲမှူးလာပြောသွားတာက ကိုရဲမင်းဦးဟာ သွေးထိုးလှုံ့ဆော်တယ်သာပြောတယ်၊ သူဟာ ဘာစကားတွေပြောသွားလို့လဲ၊ ဘယ်ဘာသာနဲ့ ဘယ်ဘာသာဖြစ်တာလဲဆိုတာလည်း ပြောမသွားဘူး။ ဘာသာအမည်တောင် ထွက်ဆိုမသွားဘူး။ နောက် ကိုရဲမင်းဦးဟာ ဘယ်လိုစကားအသုံးအနှုန်းနဲ့ သွေးထိုးလှုံ့ဆော်သလဲ ဆိုတာလည်း ရဲမှူးက မထွက်နိုင်ဘူး။ သွေးထိုးလှုံ့ဆော်တဲ့ဆောင်ရွက်မှုတွေက ဘာတွေလဲဆိုတာလည်း ထွက်ဆိုမသွားနိုင်ဘူး။ လက်ရှိ သူ့ထွက်ချက်အရဆိုရင်တော့ ကိုရဲမင်းဦးအမှုဟာ ခိုင်လုံမှုမရှိဘူးလို့ ပြောရမယ်။”

ဒါ့အပြင် ကိုရဲမင်းဦးကို တရားစွဲဆိုတာဟာ အခင်းဖြစ်ပွားပြီး ၂ လလွန်မှာ တရားစွဲဆိုတဲ့အတွက်လည်း ဒါဟာ ရိုးသားမှုမရှိဘူးလို့လည်း ရှေ့နေဦးကျော်ဟိုးက ပြောပါတယ်။

“ဖေဖော်ဝါရီလမှာဖြစ်တယ်၊ တရားစွဲတော့ ဧပြီမှာ။ ဒါက မဖြစ်သင့်ဘူး။ တကယ်ပြစ်မှုကျူးလွန်တယ်ဆိုရင် အခင်းဖြစ်ပြီး သိပ်မကြာခင် စွဲဆိုရမှာပေါ့။ အခုက ဧပြီလကျမှ၊ အခုအစစ်ခံနေတဲ့ တရားလို မြို့နယ်ရဲမှူးကို တိုင်းရဲတပ်ဖွဲ့ရုံးက ရဲမှူး မြင့်မောင်ကနေ ကိုရဲမင်းဦးဟာ ပြစ်မှုကျူးလွန်တယ်လို့လာပြောလို့ သူက တရားရုံးမှာလာတိုင်တယ်၊ တရားစွဲတယ်။ ဆိုလိုတာက ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘူး ဒါက။”

ဒီကနေ့ ရုံးချိန်းမှာ အများပြည်သူနဲ့ဆိုင်တဲ့တရားရုံးမှာ ရုံးထုတ်စစ်ဆေးပေမယ့် အများပြည်သူ ၀င်ရောက်နားထောင်ခွင့်မရှိဘူးလို့ တရားခွင်ကို သွားရောက်ခဲ့တဲ့ ရခိုင်အမျိုးသားကွန်ယက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်က ပြောပါတယ်။

ကိုရဲမင်းဦးကို  ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်က ဗုဒ္ဓဘာသာတရားပွဲတွေမှာ သွေးထိုး လှုံ့ဆော်တယ်ဆိုတဲ့ စွဲချက်နဲ့ ပြီးခဲ့တဲ့ ဧပြီလက ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ကိုရဲမင်းဦးကို မတ် ၂၅ ရက်ညက သူနေထိုင်ရာ ဗဟန်းမြို့နယ်ထဲက ဘုန်းကြီးကျောင်းကနေ အမည်မသိအရပ်ဝတ် ၂ ဦးက ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။
ကိုရဲမင်းဦးရဲ့အမှုကို လာမယ့် မေလ ၂၀ ရက်နေ့မှာ ထပ်မံချိန်းဆိုထားပါတယ်။
နော်နိုရင်း
DVB

သားဖွားဆရာမ အရေအတွက် ၇ ဆမြှင့်ရန် လိုအပ်နေ

May 6, 2013
မြန်မာနိုင်ငံမှာ ကလေးနဲ့မိခင်သေဆုံးမှု လျော့ကျရေးအတွက် သားဖွားဆရာမတွေဟာ အဓိကကျပြီး လုံလောက်မှုမရှိသေးဘူးလို့ ကျန်းမာရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်သိင်္ဂီမြင့် က ပြောပါတယ်။

“မိခင်၊ ကလေး ကျန်းမာရေးမှာ သားဖွားဆရာမက အဓိကပါ။ ရွာတွေမှာဆိုရင် သူတို့က အဓိက ဆောင်ရွက်တဲ့သူတွေပါ။ သူတို့ကိုပဲ ကျမတို့ အားကိုးရတာ။ အဲတော့ သူတို့ အဓိကအလုပ်က သားဖွားခြင်းအတတ်ပညာပေါ့။ သူတို့ကို ဘက်စုံသားဖွားဆရာမလို့လည်း ခေါ်ပါတယ်။ တခြားအလုပ်တွေလည်း လုပ်တယ်။ အဓိကလုပ်တဲ့ ဒီသားဖွားခြင်း အတတ်ပညာမှာ သူတို့က တကယ်စွမ်းစွမ်းတမံဆောင်ရွက်မယ်ဆိုရင် အမေသေနှုန်း၊ ကလေးသေနှုန်းတွေ ကျမှာပါ။”

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တနိုင်ငံလုံးက ကျေးရွာပေါင်း ၆ သောင်းကျော်အတွက်  ကျေးရွာ ၁ ရွာမှာ သားဖွားဆရာမ ၁ ဦး ထားပေးရန် စီစဉ်ပေမယ့် လက်ရှိမှာ ကျေးရွာ ၇ ရွာကို ၁ ဦးသာ ထားရှိပေးနိုင်သေးတယ်လို့ ဆိုပါတယ်။

“သားဖွားဆရာမတော့ တော်တော်များများက လုပ်ချင်ကြပါတယ်။ အဓိကက မွေးထုတ်ပေးနိုင်တယ် လိုသလောက် မခန့်ပေးနိုင်သေးတာပေါ့။ နှစ်စဉ်တော့ သားဖွားဆရာမတွေကို အလုပ်တော့ ခန့်နေတယ်။ ဒါပေမယ့် တွင်တွင်ကျယ်ကျယ် မခန့်နိုင်သေးတာပေါ့။”

ဝန်ကြီးဌာနက တနိုင်ငံလုံးအတွက် သားဖွားဆရာမအယောက် ၂ သောင်း မွေး ထုတ်ပေးထားပေမယ့် ၉ ထောင်သာ လုပ်ငန်းခွင်မှာ တာဝန်ထမ်းနေကြတယ်လို့ ပြောပါတယ်။

၂၀၁၀ မှာ ထုတ်ပြန်ခဲ့တဲ့ တရားဝင်အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ကလေး မွေးဖွားရင်း မိခင်သေဆုံးနှုန်းဟာ ကလေးအရှင်မွေးနှုန်း ၁ သိန်း မှာ မိခင် ၂၀၀ သေဆုံးခဲ့တယ်လို့ ဒေါက်တာဒေါ်သိင်္ဂီမြင့်က ဆိုပါတယ်။

လက်ရှိအချိန် နိုင်ငံရဲ့ကလေးမွေးဖွားရင်း မိခင်သေဆုံးနှုန်းဟာ ကျဆင်းနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းလိုဒေသတွေအပြင် အပူပိုင်းဒေသတွေမှာ မိခင်သေဆုံးနှုန်းတွေ များပြားနေသေးတယ်လို့ ဆိုပါတယ်။

၁၉၉၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ အဲ့ဒီအချိန်မှာ ကလေးမွေးဖွားရင်း မိခင်သေဆုံးနှုန်းဟာ ကလေးအရှင်မွေး ၁ သိန်းမှာ ၅၀၀ ကျော်အထိရှိခဲ့တယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ သားဖွားဆရာများနေ့ကို နေပြည်တော်မှာ မနေ့က ပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအစီအစဉ်က တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
DVB

မဲခေါင်သစ်တောပြုန်းတီးမှု WWF စိုးရိမ်

မဲခေါင်မြစ် (File photo)
07.05.2013
မြန်မာနိုင်ငံလည်းအပါအ၀င်ဖြစ်တဲ့ မဟာမဲခေါင်ရပ်ဝန်းဒေသမှာရှိတဲ့ အစိုးရတွေအနေနဲ့ ဒေသတွင်းမှာ ကျန်ရှိနေသေးတဲ့ သစ်တောတွေ ကာကွယ်ထိန်းသိမ်းရေးကို တိုးပြီး မလုပ်သွားဘူးဆိုရင်၊ လာမယ့် ဆယ်စုနှစ် ၂ ခုအတွင်း သစ်တောတွေ ဆက်ပြီး ပြုန်းတီးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ WWF လို့ခေါ်တဲ့ ကမ္ဘာ့ တောရိုင်းသဘာဝ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခုလို သစ်တောပြုန်းတီးမှု အန္တရာယ်ကို ကာကွယ်ဖို့ အစိုးရခေါင်းဆောင်ပိုင်းကလည်း ထိထိရောက်ရောက် ပူးပေါင်းပါဝင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံထဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ FREDA အဖွဲ့အစည်းက ပြောပါတယ်။ ဒီအကြောင်း အသေးစိတ်ကိုတော့ ကိုကျော်သိင်္ခက တင်ပြထားပါတယ်။

မဟာမဲခေါင်ဒေသမှာ တစတစ ကြီးမားလာတဲ့ သစ်တောပြုန်းတီးမှုတွေကြောင့် လာမယ့်ဆယ်စုနှစ် ၂ ခုအတွင်းမှာဆိုရင် အဲ့ဒီဒေသတွင်းမှာ ကျန်ရှိနေသေးတဲ့ သစ်တောတွေရဲ့ ၃ ပုံ ၁ ပုံ ထပ်ပြီး ပြုန်းတီးနိုင်တယ်လို့ WWF ကမ္ဘာ့တောရိုင်းသဘာဝ စောင့်ရှောက်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ အခုလို ဖော်ပြထားတာပါ။

မဲခေါင်ဒေသကို သဘာဝတောရိုင်း တိရစ္ဆာန်နဲ့ ဇီဝမျိုးကွဲတွေ အများစုရှိတဲ့ဒေသအဖြစ် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းနဲ့ ကမ္ဘာ့တောရိုင်း သဘာဝ စောင့်ရှောက်ရေးအဖွဲ့တို့က သတ်မှတ်ထားတာပါ။ မဲခေါင်ဒေသတွင်းမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နဲ့ ဗီယက်နမ် နိုင်ငံတို့ပါဝင်တာ ဖြစ်ပါတယ်။

WWF က အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ အထူးသဖြင့်       မဲခေါင်မြစ်အောက်ပိုင်းတလျှောက်မှာရှိတဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နဲ့ ဗီယက်နမ် နိုင်ငံတွေက သစ်တောပြုန်းတီးမှု အခြေအနေတွေကို အဓိက ဖော်ပြထားတာပါ။ အဲ့ဒီဒေသတွေဟာ ၁၉၇၃ ခုနှစ်မှာ သစ်တော ၇၀ ရာခိုင်နှုန်းလောက် ဖုံးလွှမ်းနေခဲ့ပေမဲ့ ၂၀၀၉ ခုနှစ်မှာဆိုရင် ၂၀ ရာခိုင်နှုန်းပဲ ရှိတော့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲ့ဒီကာလတွေအတွင်း မြန်မာနိုင်ငံမှာတော့ တနိုင်ငံလုံး သစ်တောပမာဏရဲ့ ၂၄ ရာခိုင်နှုန်း ပြုန်းတီးသွားပြီလို့ အစီရင်ခံစာက ဆိုပါတယ်။ အာဏာပိုင်တွေအနေနဲ့ သစ်ခိုးထုတ်သူတွေကို ပြတ်ပြတ်သားသား အရေးယူတာမျိုး မရှိသလို၊ မြေသိမ်း၊ ယာသိမ်းပြီး အဲ့ဒီလို သိမ်းဆည်းထားတဲ့ မြေတွေမှာ သစ်ပင် ပြန်ပြီး စိုက်ပျိုးတာတွေ မရှိတာကလည်း သစ်တောတွေ ပြုန်းတီးရတဲ့ အဓိက အကြောင်းအရင်းထဲမှာ ပါတယ်လို့ မြန်မာနိုင်ငံထဲက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး NGO အဖွဲ့အစည်းတခုဖြစ်တဲ့ FREDA ရဲ့ ဥက္ကဋ္ဌ ဦးအုန်း က ဗွီအိုအေကို ပြောပါတယ်။

“လူတွေရဲ့ အကျင့်စာရိတ္တကို အရင် ပြုပြင်ရမှာ။ အရေးယူစရာရှိရင်လည်း ပြတ်ပြတ်သားသား အရေးယူရမှာ။ အဲ့ဒါမှ ရပ်တန့်သွားမှာ။ ခေါင်းဆောင်လုပ်တဲ့ကောင်က သစ်ခိုးပြီး၊ ပျဉ်းကတိုးခိုးပြီးတော့ ရောင်းစားတယ်။ အာဏာရှိတဲ့သူ ပိုက်ဆံရှိတဲ့သူတွေကလည်း မြေကြီးတွေ တောင်းထားတယ်။ ဧက သောင်းနဲ့သိန်းနဲ့။ အဲ့တော့ အဲ့ဒီဟာတွေကို အပြတ်အသတ်ကို ၀န်ကြီးဌာနကရော ပြည်သူလူထုကရော အော်မှ ဒါရပ်မှာ။ သစ်တွေ ရောင်းဝယ်ခွင့်ပြုလို့ရှိရင် အခွန်တော် ဘယ်လောက်ပေးမလဲ။ ဒါတွေပါ ကြပ်မတ်ပေးရမှာ။”

လာမယ့် ၂၀၃၀ ခုနှစ်ကျရင် မဲခေါင်ရပ်ဝန်းဒေသအတွင်း သဘာဝပတ်ဝန်းကျင်နဲ့ သားရိုင်းတိရစ္ဆာန်တို့ရဲ့ ဂေဟစနစ် ထိခိုက်ပျက်စီးနိုင်တဲ့ အရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့တောရိုင်း သဘာဝ စောင့်ရှောက်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ နှစ်ပိုင်းခွဲပြီး ခန့်မှန်းတွက်ချက်ထားပါတယ်။

ပထမတခုကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း လေ့လာခဲ့တဲ့ အချက်အလက် တွေအရ သစ်တောတွေ အဆမတန် ခုတ်လှဲနေတာတွေနဲ့ ၂၀၃၀ ခုနှစ်မှာ သစ်တော ပြုန်းတီးမှု အခြေအနေနဲ့ ပက်သက်ပြီး ခန့်မှန်းတွက်ချက်ထားတာပါ။ ဒုတိယ တခုကတော့ အခုလို သစ်တောတွေ အဆမတန် ခုတ်လှဲနေတာတွေကို ဆင်ဆင်ခြင်ခြင် လုပ်မယ်ဆိုရင်တော့ ၂၀၃၀ ခုနှစ်မှာ သစ်တောပြုန်းတီးမှုရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို ပြန်ပြီး အဖတ်ဆယ်နိုင်မယ်ဆိုပြီး ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာတော့ အခုလို သစ်တောတွေ အဆမတန် ခုတ်လှဲနေတာတွေက အစိုးရနဲ့ ကန်ထရိုက် ယူထားသူတွေနဲ့ အစိုးရပိုင်းကိုယ်တိုင်က ပါဝင်ပတ်သက်နေတာ ဖြစ်တဲ့အကြောင်းနဲ့ သစ်တောပြုန်းတီးမှုတွေ မဖြစ်အောင် အစိုးရက ပြည်သူတွေနဲ့ လက်တွဲလုပ်ဆောင်မှ အောင်မြင်နိုင်မယ်လို့လည်း FREDA ရဲ့ ဥက္ကဌ ဦးအုန်းက ပြောပါတယ်။

“ဒါတွေလုပ်နေကြတဲ့ အဖွဲ့ကလည်း အစိုးရနဲ့ သစ်ကုန်သည်တွေ လုပ်နေတာ။ ပြည်သူလူထုအတွက် မပါဘူး။ ပြည်သူလူထုအတွက်ကို အစိုးရက စဉ်းစားပြီးတော့ ပြည်သူလူထုနဲ့ ဒိုးတူဘောင်ဘက် တောတွေ ပြန်သိမ်း ရင်တော့ အောင်မြင်ပါလိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။”

WWF ကမ္ဘာ့တောရိုင်း သဘာဝ စောင့်ရှောက်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ လာမယ့်အနှစ် ၅၀ အတွင်း မဲခေါင်ဒေသမှာ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးနိုင်ကြောင်း ထောက်ပြပြောဆိုထားပေမဲ့လည်း၊ ဒေသတွင်းမှာ သဘာဝသံယံဇာတကြွယ်ဝမှုတွေက ဆက်ပြီးရှိနေဆဲဖြစ်ကြောင်းနဲ့ ကမ္ဘာပေါ်မှာ အစားအသောက်၊ ရေ နဲ့ အပင်ကနေထွက်တဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေ ထုတ်လုပ်မှုနှုန်း အမြင့်ဆုံး ဒေသထဲမှာ မဟာမဲခေါင်ဒေသလည်း ဆက်ပြီး ပါဝင်နေဆဲဖြစ်တဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
VOA Burmese

အိမ်ဖော်မလေးမျက်နှာကိုကျဉ်ပွေ့နဲ့ထုတဲ့ အိမ်ရှင်အမျိုးသမီးကို ထိရောက်ပြင်းထန်စွာ အရေးယူရန်

May 6, 2013
အိမ်၌ ခိုင်းစေရန် လခတစ် လကျပ် (၃၀၀၀၀)ဖြင့် ခေါ်ယူ ထားခြင်းခံရသော နွမ်းပါးအိမ် ဖော်မိန်းကလေးတစ်ဦးအား တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက် အိမ်အမှတ်(၄၉)၊ ၄ လွှာနေ အိမ်ရှင်အမျိုးသမီးဖြစ်သူ တင်တင်ရီမှ နေ့စဉ်ဆိုသလို ညှင်းဆဲမှုများပြုလုပ်ခဲ့ပြီး အလုပ် ကိုအကြောင်းပြ၍ အိမ်ဖော်ဖြစ်သူ မတင်တင်ထွေး အသင်(၁၈) နှစ်အား အိမ်ရှင်ဒေါ်တင်တင်ရီမှ ရိုက်ပုတ်နှိပ်စက်ခဲ့ရာ အိမ်ဖော် ဖြစ်သူမတင်တင်ထွေးမှာ နှုတ် ခမ်းကွဲ၊ ဘယ်ညာမျက်လုံးညိုမဲစွဲ၊  ညာမျက်လုံးဖူးရောင်၊ ဘယ်မျက် လုံးသွေးခြေဥသည့်အပြင် အခြား သော ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့သည့်အတွက် ယင်းအိမ်ရှင် အမျိုးသမီးအား စံနမူနာအဖြစ် ပြင်းထန်ထိရောက်စွာ အရေးယူ ရန်လိုကြောင်း တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ် လဲ့လဲ့ဝင်းဆွေကဆိုသည်။

““ကျွန်မနေပြည်တော်မှာ ရောက်နေတုန်း ဒီအိမ်ဖော်မလေး ကို အိမ်ရှင်အမျိုးသမီးက မတရား ရိုက်ပုတ်ညှင်းဆဲတာကိုသိရပြီး သက်ဆိုင်ရာတွေနဲ့ အမြန်ဆက် သွယ်ပြီး အဲဒီအိမ်ဖော်မလေးကို ကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်။ ကျွန်မသိရသလောက် ဒီအိမ်ဖော် မလေးကို အိမ်ရှင်အမျိုးသမီးက ငွေတစ်ထောင်ခိုးတယ်၊ ရေမချိုး ဘူး၊ ပန်းကန်မဆေးဘူး၊ တံမျက် စဉ်းမလှဲဘူးစတဲ့ အကြောင်းပြ ချက်တွေနဲ့ ရိုက်နှက်ခဲ့တာ သိရ သလောက် ဒီကလေးစရောက်တဲ့ နေ့ကစပြီး နှိပ်စက်တာ၊ ကလေး ကို ကယ်ဖို့တာမွေစခန်းကတာဝန် ရှိသူတွေသွားတော့လည်း အိမ် ရှင်အမျိုးသမီးက တံခါးလုံးဝမဖွင့် ပေးဘဲ တံခါးဖွင့်တဲ့အခါ နှိပ်စက် ခံထားရတဲ့ အိမ်ဖော်မလေးက တာဝန်ရှိသူတွေဆီပြေးပြီး အကူ အညီတောင်းတာကိုတောင် အိမ် ရှင်အမျိုးသမီးက လက်နဲ့ကာ ထားသေးတယ်။ ဒီကိစ္စကို တာဝန် ရှိသူတွေအနေနဲ့ ထိရောက်စွာ အရေးယူဖို့လိုပါတယ်။ ဒီအမျိုး သမီးကို ထိထိရောက်ရောက် အရေးယူတာက စံနမူနာ တစ်ခု ဖြစ်သွားရင် ဒီလို အဓမ္မညှင်းဆဲ မှုတွေ လျာ့သွားနိုင်ပါတယ်””ဟု လွှတ်တော်တရားဥပဒေစိုးမိုးရေး ကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်းဆွေ ကဆိုသည်။

အဆိုပါ အိမ်ဖော်မလေးအား အိမ်ရှင်အမျိုးသမီးမှ မတရားညှင်းဆဲမှုနှင့်ပတ်သက်၍အရေး ယူဆောင်ရွက်ထားရှိမှု အခြေအနေအား တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမြင့်၊ စခန်းမှူး ရဲအုပ်ကျော် ကျော်ခိုင်တို့အား Hot News  မှ တွေ့ဆုံမေးမြန်းခဲ့ရာတွင်လည်း ယင်းအမျိုးသမီးအား အချုပ်တွင်း ထိန်းသိမ်းထားကြောင်း၊ စခန်းမှ ပုဒ်မ-၂၉၄၊ ၃၂၆၊ ၃၂၅၊ ၄၃၂ (ပ)၁၈၅/၁၃ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ နှိပ်စက်ခံရ သော အိမ်ဖော်အမျိုးသမီးလေး၏ ပြောပြမှုအရ အိမ်ရှင်ဖြစ်သူမှာ အလုပ်မလုပ်သည်ကို အကြောင်းပြ၍ ငရုတ်ကျည်ပွေ့ဖြင့် မျက်နှာသို့ထုကြောင်း၊ ဓားဦး ချွန်ဖြင့် ထိုးဆွမှုပြုကြောင်း၊ မိန်းမအင်္ဂါစပ်အားလည်း ဆေးလိပ်မီးနှင့်ထိုးထားကြောင်း၊ ရင်ဘက်နှင့် ကျောအားလည်း ကျည်ပွေ့ဖြင့်ထုကြောင်း သိရှိခဲ့သည်။
ခန့်ခန့်(ဒဿနိက)
The Hot News

နောင် ၁၀ နှစ်အထိဒေါင်ဒေါင်မြည်မဲ့ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး အလားအလာ

အသက် ၆၈ နှစ်ပြည့်တော့မည်ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မှာ နောင် ၁၀ နှစ်ခန့်အထိ ကျန်းမာရေးအတွက် စိတ်ချရကြောင်း ၎င်း၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းက အာမခံပြောကြားသည်။

“အရမ်းကျန်းမာတယ်။ အရမ်း နေကောင်းတယ်။ နောက်ထပ် ၁၀ နှစ်လောက်အထိတော့ တာဝန်ယူလို့ ရတယ်။ ဥပမာ- ကင်ဆာတို့လိုမျိုးသွေးတိုး၊ ဆီးချိုတို့လိုမျိုးဘာမှမဖြစ်ဘူး”ဟု ဒေါက်တာတင်မျိုးဝင်းက မေ ၂ ရက်တွင် ပြောကြားခဲ့သည်။

ထို့အပြင် ဒေါက်တာတင်မျိုးဝင်းက “အန်တီ့ကို ဆေးတစ်ခုပေးရင် တချို့ရှိတယ်မဟုတ်လား။ အဲဒါ ဘာဆေးလဲဘယ်တော့မှမမေးဘူး။ အစ်မ ဒါလေးသောက်လိုက်ပါဦးဆို သောက်တယ်။ ဒါလေး စားလိုက်ပါ ဦးဆိုစားတယ်။ ဘာရှောင်ပါဦးဆို ရှောင်တယ်။ ကုသရတာ စိတ်အချမ်းသာဆုံးလူနာကတော့ အန်တီစုပဲ”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၂ ဧပြီလက ကျင်းပခဲ့သော ကြားဖြတ်ရွှေးကောက်ပွဲကာလအတွင်း ပါတီစည်းရုံးရေးခရီးစဉ်များဆက်တိုက်သွားခဲ့ခြင်းကြောင့် ခရီးစဉ်အတွင်း မူးဝေအော့အန်ပြီး အကြောဆေးသွင်းရသည် အထိဖြစ်ခဲ့သည်။

ထိုသို့ဖြစ်ရခြင်းမှာ အနားယူချိန်နည်းပြီး အလုပ်အလွန်အကျွံလုပ်ခြင်း၊ ရာသီဥတုပူခြင်းတို့ အပြင် အသက်အရွယ်ကြောင့်လည်းပါကြောင်း ဒေါက်တာမျိုးဝင်းက ထိုအချိန်ကပြောဖူးသည်။

သို့သော် ဒေါက်တာမျိုးဝင်း မိသားစု ဆရာဝန်အဖြစ် တာဝန်ယူပြီး နှစ် ၂၀ ကျော်ကာလတစ် လျှောက်လုံးကျန်းမာရေးပြဿနာကြီးကြီးမားမားမရှိခဲ့ဘဲ အကြီးစားအော်ပရေးရှင်းတစ်ခုသာ ၂၀၀၃ ခု နေအိပ်အကျယ်ချုပ်ကာလ အတွင်းက ပြုလုပ်ခဲ့ရသည်။ လာမည့် ၂၀၁၅ ဇွန် ၁၉ ရက်တွင် အသက် ၆၈ နှစ်ပြည့်မည့်

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အင်န်အယ်လ်ဒီပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အလားအလာအကောင်းဆုံးပါတီကြီး တစ်ခုအဖြစ်ရှိနေသည်။
7Day News Journal

မီးသတ်စခန်း ဖျက်ဆီးသူတွေ အရေးယူပေးဖို့ တောင်းဆို

2013-05-06
မန္တလေးတိုင်း၊ မတ္တရာမြို့ရဲ့ မြောက်ဘက် ၆  မိုင်အကွာမှာရှိတဲ့ တံငါ(မြောက်)ကျေးရွာအုပ်စု မီးသတ်တပ်ဖွဲ့စခန်း မနေ့ညက ဖျက်ဆီးခံလိုက်ရတဲ့အတွက် ဒေသခံ ရွာသူ၊ ရွာသား ၁၀၀ ကျော်က အဲဒီစခန်းရှေ့မှာ ဒီကနေ့ မနက်ပိုင်းက သွားရောက်စုဝေးပြီး ဖျက်ဆီးသူတွေကို အရေးယူပေးဖို့  ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အဲဒီမီးသတ်စခန်းကို ကျေးရွာစိုက်ပျိုးရေးနဲ့ ကုန်ထုတ်သမ၀ါယမအသင်းလီမိတက် ဒါရိုက်တာ အပါအ၀င် ၇ ဦးက မနေ့ည ၁၂ နာရီလောက်က လာရောက်ဖျက်ဆီးခဲ့တာဖြစ်ကြောင်း ရွာသားတွေက ပြောပါတယ်။

အခုလို ဆန္ဒပြခဲ့ရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်တဲ့ တံငါမြောက်ရွာသား ဦးနေ၀င်းက RFA ကို အခုလို ပြောပါတယ်။

"မနေ့ညက ညကြီးအချိန်မတော်မှာ သမအသင်းဒါရိုက်တာတွေက အများပိုင်မီးသတ်ရုံးကို လာရောက်ဖျက်ဆီးပါတယ်ခင်ဗျ၊ ကျေးရွာကို စော်ကားသလိုဖြစ်နေတဲ့အတွက် ကျနော်တို့က ဥပဒေအတိုင်း တရားစွဲပေးဖို့ ဒီမှာတောင်းဆိုတာပါ"

ဒီဆန္ဒပြတောင်းဆိုမှုကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းပေးခဲ့ပြီး၊ သဘောတူညီချက်အရ ကျေးရွာမီးသတ်တပ်ဖွဲ့က တရားလိုပြုလုပ်ကာ အများပြည်သူပိုင် မီးသတ်စခန်း ဖျက်ဆီးသူတွေကို အရေးယူပေးဖို့ မတ္တရာမြို့နယ် ရဲစခန်းမှာ ဒီကနေ့မှာ တပြိုင်တည်း အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီမီးသတ်အဆောက်အဦးနေရာဟာ ၁၉၈၆ ခုနှစ်မတိုင်ခင်က ကျေးရွာနွားစားကျက်မြေဖြစ်ခဲ့ပြီး ၁၉၈၆ခုနှစ်မှာ သမ၀ါယမ၀န်ကြီးဌာနက စုပေါင်းဘုံလယ်ယာမြေအဖြစ် တခြားမြေတွေနဲ့အတူ သိမ်းယူခဲ့ပြီး၊ နောက်ပိုင်းအဲဒီမြေနေရာမှာ ကျေးရွာမီးသတ်စခန်းကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနေရာကို ပြန်လည်ရယူဖို့အတွက် သမ၀ါယမအသင်းက လာရောက်ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။
RFA Burmese

ဦးဘရန်ရှောင် အမှု တရားလို စစ်ဗျူဟာမှူး မလာ၍ ရုံးချိန်း ပြန်ပေး

တနင်္လာနေ့၊ မေလ ၀၆ ရက် ၂၀၁၃ ခုနှစ်
ချင်းမိုင်(မဇ္စျိမ)။   ။ သမီးဖြစ်သူ သေဆုံးမှုနှင့် ပတ်သက်၍ မမှန်မကန် စွပ်စွဲသည်ဟုဆိုကာ တရားစွဲခံထားရသူ ဦးဘရန်ရှောင်၏ အမှု တနင်္လာနေ့ ရုံးချိန်းသို့ တရားလို အစိုးရ စစ်ဗျူဟာမှူး တရားရုံးသို့ လာရောက်ခြင်း မရှိခဲ့၍ စစ်ဆေးခြင်းမရှိဘဲ ရုံးချိန်းသာ ပြန်ပေးခဲ့ရသည်ဟု ရှေ့နေ ဒေါ်ရွက်နုအောင် က ပြောသည်။

ဖခင်ဖြစ်သူ ဦးဘရန်ရှောင်ကို မမှန်မကန် လိမ်လည်ရေးသား စွပ်စွဲသည်ဟု ဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁၁ ဖြင့် တရားစွဲဆိုခဲ့သော တရားလို ဒု စစ်ဆင်ရေးမှူး ဗိုလ်မှူး ဇာနည်လင်းပိုက် နယ်ပြောင်းရွှေ့သွားသဖြင့် ရုံးချိန်းကို မေလ ၂၀ ရက်နေ့သို့ ထပ်မံ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

“တရားလို မလာလို့ ဆိုပြီး ရုံးပြန်ချိန်းလိုက်ပါတယ်။ တရားလိုက တပ်ပြောင်းသွားပါတယ်။ မုံရွာဘက်ကို
ရောက်သွားလို့ပါ။ ဆင့်စာတော့ ထုတ်ထားပါတယ်။ ဒါပေမယ့် မရောက်ဘူး ဖြစ်သွားလို့ပါ။ နောက်ထပ် ဆင့်စာ ထပ်ပြီးတော့ ထုတ်ပါမယ်လို့ ပြောပါတယ်” ဟု ဒေါ်ရွက်နုဝါ က ပြောသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် အုပ်စု (၁) ဆွတ်ငိုင်ယန် ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် နဝမတန်းကျောင်းသူ မဂျာဆိုင်းအိမ်အား ပစ်ခတ်ခဲ့သော တပ်ဖွဲ့အား စုံစမ်းစစ်ဆေး အရေးယူပေးရန် သမ္မတ ဦးသိန်းစိန်၊ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေး ကော်မရှင် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တို့ထံ ဖခင်ဖြစ်သူက ပြီးခဲ့သည့်နှစ်
အောက်တိုဘာလ ၁ ရက်နေ့က တိုင်ကြားခဲ့သည်။

အခင်းဖြစ်ပွားသည့်နေ့က မဂျာဆိုင်းအိန် အပါအဝင် ကျောင်းသူ လေးဦးတို့က ကျောင်းအပြန်တွင် ပစ်ခတ်သံများကြောင့် လမ်းဘေးတနေရာတွင် ပုန်းအောင်နေစဉ် အားလုံး ထွက်လာရန် ခြိမ်းခြောက်သဖြင့် ထွက်လာစဉ် မဂျာဆိုင်းအိန်၏ တင်ပါးအောက်တွင် ကျည်ဆံထိမှန် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဖခင်ဖြစ်သူက မဇ္စျိမကို ပြောဆိုခဲ့သည်။

ထို့ပြင် တိုင်ကြားစာတွင် အင်အား ၈၀ ခန့်ပါဝင်သော ခလရ ၃၈၉ စစ်ကြောင်းသည် အခင်းဖြစ်သည့်နေ့
က မှော်ဝမ်းရပ်ကွက်တွင် နားနေခဲ့ပြီး ညနေပိုင်း ၄ နာရီခန့်တွင် ရွာပြင်ထွက်ရန် ပြင်ဆင်နေစဉ် ပေါက်ကွဲသံ ကြားသဖြင့် KIO ဟု ထင်မှတ်ကာ ယင်းရွာအတွင်း ပရမ်းပတာ ပစ်ခတ်ခဲ့သည်ဟု ဦးဘရန်ရှောင်၏ တိုင်စာတွင် ပါရှိသည်။

မတ်လ ၁၁ ရက်နေ့က ပုဒ်မ ၂၁၁ ဖြင့် ဦးဘရန်ရှောင်အား တရားစွဲဆိုပြီးနောက် ဧပြီလ ၈ ရက်နေ့က ဖားကန့်မြို့နယ် တရားရုံးက ကျပ်ငွေ ၆ သိန်းဖြင့် အာမခံ ပေးခဲ့သည်။

ဦးဘရန်ရှောင်အတွက် မန္တလေးတိုင်း အထက်တန်း ရှေ့နေများ ဖြစ်သော ဒေါ်ရွက်နုဝါနှင့် ဦးရွှေလှ တို့ အပါအဝင် ရှေ့နေ ၄ ဦးက လိုက်ပါ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
Mizzima - News in Burmese

ဆုထူးပန်ရွှေကျင်ဆရာတော်ကြီး၏ အန္တိမဈာပန လာရောက်ဖူးမျှော်သူများ

ဆုထူးပန်ရွှေကျင်ဆရာတော်ကြီး၏
အန္တိမဈာပန တပည့် ၊ ဒကာ ၊ဒကာမများ
သောင်းချီ၍ ဖူးမျှော်ပို့ဆောင်

May 6, 2013
နိုင်ငံတော်ထေရ၀ါဒ ဗုဒ္ဓ သာသနာပြုသြ၀ါဒါစရိယ၊ ရန်ကုန်မြို့ ဆုထူးပန်ရွှေကျင် ကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘုရားကြီး အဂ္ဂမဟာ ဂန္တ၀ါစကပဏ္ဍိတ၊ အဂ်္ဂမဟာ ပဏိ္ဏတဘဒ္ဒန္တသလ္လာပဏ္ဍိတ သက်တော်(၇၅)၊ သိက္ခာတော် (၅၅)မှာ ပြီးခဲ့သည့် ၂၉-၄-၂၀၁၃ (တနင်္လာနေ့)၌ ဘ၀နတ်ထံပျံ လွန်တော်မူခဲ့ပြီး ပျံလွန်သည့်နေ့ မှစကာ အနိ္တမအဂ်္ဂိဈာပနပူဇာ ကျင်းပသည့် မေလ(၅)ရက်ထိ ဆရာတော်ကြီး၏ ရုပ်ကလာပ် တော်အား လာရောက်ဖူးမျှော် ကြသည့် တပည့်ဒကာ၊ ဒကာ မများ အထူးစည်ကားများပြားခဲ့ ပြီး ဈာပနသဘင်ကျင်းပသည့်နေ့ ၌မူ သောင်းချီသော ဒကာများက လိုက်ပါဖူးမျှော်ပို့ဆောင်ခဲ့ကြ သည်။

““ဆရာတော်ဘုရားကြီးမျာက အရမ်းကိုချစ်ခင်ကြည်ညိုတဲ့သူ တွေ တစ်နိုင်ငံလုံးပဲ။ ဆရာတော် ကြီးအပါးမှာ တပည့်အဖြစ် ဦး ဇင်းခစားလာတာကြာပြီ ဆရာ တော်ကြီးမှာ ဘယ်လိုဂုဏ်အင် တွေ၊ ကြည်ညိုဖွယ်ရာတွေ ရှိသ လဲဆိုတော့ ဦးဇင်းမြင်တာကို ပြောတာပေါ့နော်။ ဆရာတော် ကြီးမှာ စွဲမြဲစွာမှတ်ထင်ခြင်း၊ မိမိ လိုလားသည်များအား အောင် မြင်ပြီးမြောက်အောင် ဓိဋ္ဌာန်ခြင်း၊ မှန်ရာကိုသာပြောဆိုခြင်း၊ စိတ် တည်ငြိမ်မှုရှိခြင်း၊ ကြိုတင်စီမံ ခန့်ခွဲနိုင်ခြင်း၊ စရဏနှင့် ဓာနတွဲ ဖက်၍ လုပ်ဆောင်ခြင်း စတဲ့ ကြည်ညိုဖွယ်ရာအချက်တွေ ရှိ တယ်။ ပြီးတော့ ဆရာတော်ကြီး ဟာအလွန်ကိုပဲ အလှူအတန်း ရက်ရောတဲ့ ဘုရားသားတော် တစ်ပါးပါ””ဟု ဆုထူးပန်ရွှေကျင် ဆရာတော်ကြီး၏ တပည့် သံဃာ တော်တစ်ပါးမှ ဆရာတော်ကြီး၏ ထူးခြားဂုဏ်အင်များအား မြွက် ဟပြောဆိုသွားခဲ့သည်။

ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော် (၇) ရက် ကြာသပတေးနေ့၌ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ယင်း မာပင်မြို့နယ်၊ မင်းကန်ကြီးကျေး ရွာ၌ ခမည်းတော်ဦးသာရွှန်း၊ မယ်တော်ဒေါ်သိန်းကြွယ်တို့မှ ဖွားမြင်သန့်စင်တော်မူခဲ့ပြီး ၁၃၁၄ ခုနှစ်၊ နယုန်လပြည့်ကျော်(၅) ရက်၌ ယင်းမာပင်မြို့နယ်၊ တမာ ပင်ခွကျေးရွာ၊ ဗောဓိဝေယံ ကျောင်းဆရာတော်ကြီးဘဒ္ဒန္တ ပဏ္ဍစ္စာဘိသီရိကို ဥပဇ္ဈာယ်ပြု လျက် မိဘနှစ်ပါးတို့၏ ပစ္စယာ နုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ် သို့ စတင်ရောက်ရှိတော်မူခဲ့ပြီး သက်တော် (၇၅)၊ သိက္ခာတော် (၅၅) ဘ၀နတ်ထံပျံလွန်တော်မူ သည်အထိ သာသနာတော်အကျိုး  များအား စွမ်းစွမ်းတမံထမ်း ဆောင်ခဲ့ပြီး နိုင်ငံတော်မှလည်း ဆရာတော်ကြီးအား မြန်မာ သက္ကရာဇ် ၁၃၆၃ ၌ အဂ္ဂမဟာ ဂန္တ၀ါစကပဏ္ဍိက၊ ၁၃၆၇ ခုနှစ်၌ အဂ္ဂမဟာပဏ္ဍိတ စသည့်ဘွဲ့တံ ဆိပ်တော်များ ဆက်ကပ်ခဲ့သည်။
ခန့်ခန့်(ဒဿနိက)
The Hot News

ဆီးရီးယားသူပုန်တွေ အဆိပ်ငွေ့သုံးကြောင်း ကုလပြော

အငြင်းပွား စရာ မလိုတဲ့ သက်သေ အထောက် အထားတွေ လို့တော့
ပြောလို့ မရသေးကြောင်း မစ် Ponte က ပြော

6 မေလ 2013
ဆီးရီးယား သူပုန်တွေ ဓာတု လက်နက်သုံးတယ် ဆိုတဲ့ အထောက် အထားတွေ တွေ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာ စုံစမ်း စစ်ဆေးရေး အရာရှိ Carla del Ponte က ပြောကြားလိုက်ပါတယ်။

ဓာတု လက်နက် ဒဏ်ကို ခံခဲ့ ရသူတွေနဲ့ ဆရာဝန်တွေကို မေးမြန်းရာ၊ သံသယ ဖြစ်စရာတွေ ပိုတိုးများ လာနေကြောင်း ဒါပေမယ့် အငြင်းပွား စရာ မလိုတဲ့ သက်သေ အထောက် အထားတွေ လို့တော့ ပြောလို့ မရသေးကြောင်း မစ် Ponte က ပြောပါတယ်။

ဆီးရီးယား အတိုက် အခံတွေ ဟာ အာရုံကြောကို ထိခိုက် စေတဲ့ အဆိပ်ငွေ့ တွေကို အသုံး ပြုခဲ့ တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လို့ အစိုးရ တပ်ဖွဲ့တွေ ကနေ ဓာတု လက်နက်တွေ သုံးနိုင်ဖွယ် ရှိသလား ဆိုတာကိုတော့ မသိရ သေးကြောင်း သူက ပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ ကတော့ သမ္မတ အာဆတ်ကို သစ္စာ ခံသူတွေဟာ အခုလို ဓာတု လက်နက်တွေ သုံးနိုင်ဖွယ် ရှိတယ်လို့ ပြောကြားထား ပါတယ်။

အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှု

ဆီးရီးယား နိုင်ငံ ကတော့ တနဂင်္နွေညက အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု နဲ့ ပတ်သက်ပြီး နောက်ထပ် အသေးစိတ် အချက် အလက်တွေကို ထုတ်ဖေါ် ပြောကြား ပါတယ်။

ဒမာ့စကက်စ် အနီးက ဂျမရာယာ သုတေသန စင်တာကို ထိမှန် ခဲ့တာ အပြင်၊ အစ္စရေး တို့ဟာ ဒုံးကျည် တွေနဲ့ လက်ဘနွန် နယ်စပ် အနီးက အဆောက် အဦးတွေနဲ့ ဆီးရီးယား စစ်ဖက် ဆိုင်ရာ လေဆိပ် တခုကိုလည်း ပစ်ခတ် ခဲ့တယ်လို့ ဆီးရီးယား အစိုးရက ပြောပါတယ်။

ဒီ့အတွက် သေဆုံး ဒဏ်ရာ ရရှိသူ အတော် များများ ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်လောက် အရေ အတွက် ဆိုတာ ကိုတော့ ထုတ်ဖေါ် ပြောကြား ခြင်း မရှိပါ။

ဆီးရီးယား အတိုက် အခံတွေကို လိုလားတဲ့ ဝက်ဘ် ဆိုဒ် တခုမှာတော့ အစိုးရ စစ်သား ၁၅ ဦး သေဆုံး သွားတယ်လို့ ဖေါ်ပြပါတယ်။

လက်ဘနွန်က ဟက်ဇ်ဘိုလာ ပျောက်ကျားတွေ အတွက် အီရန်လုပ် ဒုံးတွေ ပို့ဆောင်ဖို့ လုပ်နေတာကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက် ခဲ့တယ် ဆိုတာ ကိုတော့ ဆီးရီးယား ဘက်က ငြင်းဆိုလိုက်ပါတယ်။

အစ္စရေး တို့ရဲ့ လေကြောင်း တိုက်ခိုက်မှုဟာ စစ် ဆင်နွှဲတဲ့ လုပ်ရပ် ဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။ ကုလသမဂ္ဂ ကတော့ ဆီးရီးယား ပဋိပက္ခ အရှိန်မြင့် လာ နေတဲ့ အပေါ် သတိပေး ပြောကြားလိုက် ပါတယ်။
BBC Burmese

မိတ္ထီလာ ဘုန်းကြီးကို သတ်မှုနဲ့ မွတ်ဆလင် ၇ဦးကို စွဲချက်တင်

တရားခံ ၆ယောက် အနေနဲ့ သေဒဏ် (သို့) တသက်တကျွန်း
ကျခံရဖွယ် ရှိတယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြော

6 မေလ 2013
မိတ္ထီလာမြို့မှာ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတပါးကို သတ်ခဲ့မှုနဲ့ အစ္စလာမ် ဘာသာဝင် ၇ဦးကို ဒီကနေ့ စွဲချက် တင်လိုက်ပါတယ်။

အဲဒီ ဆရာတော် ဦးသောဘိတ အသတ်ခံခဲ့ရမှုဟာ ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေ အကြား ဘာသာရေး အဓိကရုဏ်းရဲ့ အဓိက အကြောင်းရင်းတွေထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအမှုကို ရှေ့နေကွန်ယက်က ရှေ့နေဦးသိန်းသန်းဦး အပါအဝင် ရှေ့နေ ၅ဦးက တရားခံတွေရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေပါတယ်။

ဖမ်းထားတဲ့ ၇ယောက်ထဲက ၆ယောက်ကို စွဲချက်တင်လိုက်ပြီး ညီညီနိုင်ဆိုတဲ့ တယောက်ကိုတော့ အသက် ၁၆နှစ် မပြည့်သေးတာကြောင့် တရားစွဲတဲ့ အဖွဲ့က အမှုကို တရားရှင် ရုပ်သိမ်းလိုက်ပြီး ၁၉၉၃ခုနှစ် ကလေးသူငယ် ဆိုင်ရာ အက်ဥပဒေ အရ ကလေးသူငယ် တရားရုံးမှာ ဆက်ပြီး အမှု ရင်ဆိုင်ရမယ်လို့ ပြောပါတယ်။

အခု စွဲချက် တင်ခံရသူ ၆ဦးကတော့ အမှုမြောက်လို့ စီရင်ချက်ချခံ ရမယ်ဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ သေဒဏ် ဒါမှမဟုတ် တသက်တကျွန်း ကျခံ ရနိုင်ဖွယ် ရှိပြီး ကလေးသူငယ် အက်ဥပဒေအရ လျှော့ပေါ့ စဉ်းစားပေးတဲ့ ညီညီနိုင်ကတော့ အမြင့်ဆုံး ပြစ်ဒဏ် ၇နှစ်ထက် ပိုပြီး ကျနိုင်ဖွယ် မရှိဘူးလို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ အဓိကရုဏ်း အတွင်းမှာ လူ၄၀ ကျော် သေဆုံးခဲ့ရပြီး ဒီအဓိကရုဏ်းမှာ ပါဝင်ပတ်သက်သူ ၇၀ ကျော်ကို သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးနေပါတယ်။

အဓိကရုဏ်း စဖြစ်ပွားစေခဲ့တဲ့ နယူးဝိန့် စိန်ရွှေဆိုင်က ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ နှစ်ယောက်နဲ့ ဝန်ထမ်းတယောက်ကို ဧပြီလ ဒုတိယအပတ်တုန်းက ထောင်ဒဏ် ၁၄နှစ်စီချမှတ်ခဲ့ပါတယ်။

အခု ဆရာတော် ဦးသောဘိတ အသတ်ခံခဲ့ရတဲ့ အမှုကိုတော့ လာမယ့် မေလ ၈ ရက်နေ့မှာ တရားခံတွေကို စစ်ဆေးမှာဖြစ်ပြီး မကြာခင်မှာ စီရင်ချက်ချနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

ဒီအမှုမှာ ရဲအလိုရှိတာ ၁၁ယောက် ဖြစ်ပေမယ့် ၄ယောက်က ထွက်ပြေး တိမ်းရှောင်နေတာကြောင့် ၇ယောက်ကိုပဲ ရုံးတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။
BBC Burmese

ဧရာဝတီမြစ်ကမ်းနား သောင်ပြင်ရှိ အဆောက်အဦအား ဖျက်သိမ်းရန် ဆန္ဒဖော်ထုတ်မည်

ပြည်၊ မေ ၆။
ပြည်မြို့ အနောက်ဘက်ရှိ ဧရာဝတီမြစ် ကမ်းနားသောင်ပြင်ပေါ်တွင် ဆောက်လုပ်ထားသော အဆောက်အဦအားဖျက်သိမ်းရန်အတွက် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးမှ ဦးဆောင်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်စီတန်းလှည့်လည်ခွင့်ပြုရန် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ယနေ့ လျှောက်ထားစာပေးပို့ခဲ့ကြောင်း သိရသည်။

“အဆောက်အဦးရှိနေတဲ့အတွက် မြစ်ပြင်ရဲ့အလှကို ဖုံးကွယ်ထားသလို ခံစားရတယ်။ အနောက်ဘက်ကမ်းက သစ်တောနဲ့ ဘုရားစေတီတွေကိုလည်း မမြင်ရတော့ဘူး။ သဲသောင်ကို မြေဖို့ပြီး ဆောက်ထားတော့ ရေစီးကြောင်းကိုပါ ပြောင်းသွားနိုင်တယ်”ဟု ဦးမြင့်အေးက ပြောကြားသည်။

ယင်းအဆောက်အဦအား စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးလှမိုး(ခ)ဦးထိုင်ထိုင်မှ ပိုင်ဆိုင်ပြီး
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၁၉၉၆-၉၇ခုနှစ်က ဂရန်ချထားပေးခဲ့ကြောင်း သိရသည်။

လာမည့် မေလ(၁၇)ရက်နေ့၊ နံနက်(၉)နာရီ မှ(၁၁)နာရီ အထိ ခန့်မှန်း လူအင်အား(၅၀)နှင့်(၁၀၀)၀န်းကျင် ဆန္ဒဖော်ထုတ်မည်ဖြစ်ပြီး ဆိုင်းဘုတ်၊ ဗီနိုင်းပိုစတာများ အသင့်ပြုလုပ်ထားပြီးဖြစ်ကြောင်း၊ အကျီ င်္ဆင်တူများဖြင့် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ဧရာဝတီချစ်သူများ ကွန်ယက် (ပြည်ခရိုင်) အနေဖြင့် ယခုအဆောက်အဦး မဆောက်လုပ်မီ လူငါးရာကျော်စုပေါင်း လက်မှတ်ထိုး ကန့်ကွက်မှု ပြုလုပ်ပြီး
နိုင်ငံတော်သမ္မတ၊ သက်ဆိုင်ရာ ၀န်ကြီးဌာန များနှင့် ပြည်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဦးဝင်းမြင့် တို့ထံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။
ကိုရေခဲ(ပြည်)
မြန်မာ့ခေတ်

တောင်ကိုရီးယားသမ္မတနဲ့ အိုဘားမား တွေ့ဆုံမည်

အမေရိကန်ပြည်ထောင်စုကိုရောက်လာတဲ့ တောင်ကိုရီးယားသမ္မတ Park Geun-hye (၅ မေ ၂၀၁၃)
07.05.2013
အင်္ဂါနေ့မှာတော့ တောင်ကိုရီးယား သမ္မတ ပခ့် ဂွန် ဟေး (Park Geun-hye) ဟာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ သမ္မတအိမ်ဖြူတော်မှာ နှစ်ဘက် ထိပ်သီးဆွေးနွေးပွဲ လုပ်ဖို့ရှိပါတယ်။ မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တာကြောင့်၊ မြောက်ကိုရီးယားကိစ္စအပေါ် ဘယ်လို ပူးပေါင်းကိုင်တွယ်ကြမလဲဆိုတာကို အလေးပေး ဆွေးနွေး မယ်လို့ မျှော်လင့်ရပါတယ်။

မြောက်ကိုရီးယားဘက်က ပြုမူလာတဲ့ စိန်ခေါ်ချက်တွေအပေါ်မှာ ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်ပြည်ထောင်စုအနေ နဲ့ တောင်ကိုရီးယားနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်လို့ သမ္မတအိမ်ဖြူတော် ပြောခွင့်ရသူ ဂျေး ကာနေး (Jay Carney) က ပြောပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စကိုလည်း ဆွေးနွေးမှာဖြစ်ပြီး၊ အမေရိကန်နဲ့ တောင်ကိုရီးယား ဆက်ဆံရေးဟာ အလွန်တရာကို အရေးကြီးတဲ့ ဆက်ဆံရေး ဖြစ်တယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရသူက ပြောသွားပါတယ်။

တောင်ကိုရီးယားလူမျိုး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နဲ့ တောင်ကိုရီးယားသမ္မတ ပခ့် ဂွန် ဟေး (Park Geun-hye) တို့အကြား တနင်္လာနေ့တုန်းက ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေးအတွင်းမှာလည်း မြောက်ကိုရီးယားကိစ္စက အဓိက လွှမ်းမိုးခဲ့ပါတယ်။

မြောက်ကိုရီးယားဘက်က ရန်စမှုအပေါ်မှာ တောင်ကိုရီးယားသမ္မတသစ်ရဲ့ တုံ့ပြန်မှုဟာ ခိုင်ခိုင်မာမာရှိတယ်။ ဒါပေမဲ့ အတိုင်းအတာ ရှိတယ်ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ချီးကျူးလိုက်ပါတယ်။

တောင်ကိုရီးယားသမ္မတ မစ္စစ် ပခ့် ဟာ အမေရိကန် ပြည်ထောင်စုကို ၅ ရက်ကြာခရီး စတင်ရောက်ရှိနေပြီး၊ နယူးယောက်အပြင် ၀ါရှင်တန်ဒီစီနဲ့ ကယ်လီဖိုးနီးယား ပြည် နယ်တို့ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေကို လျော့ပါးသွားစေဖို့နဲ့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းစေဖို့အတွက် သူ့အနေနဲ့ ကူညီ ဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ရခိုင်ပဋိပက္ခ ပြေလည်အောင် ဖြေရှင်းသွားဖို့ သမ္မတဦးသိန်းစိန် ကတိပြု

သမ္မတဦးသိန်းစိန် (ဓာတ်ပုံ - မြန်မာသမ္မတရုံးဝပ်ဆိုဒ်)
06.05.2013
လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို အလွဲသုံးစား လုပ်ပြီး အမုန်းတရားပွားစေ တဲ့ ပြောဆိုမှုတွေဟာ ပဋိပက္ခတွေကို ပိုကြီးထွားစေတာမို့ သတိပြုရှောင်ရှားဖို့  သမ္မတ ဦးသိန်းစိန်က ရခိုင်ပဋိပက္ခဆိုင်ရာ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြည်သူကို ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခရဲ့ အခြေခံဟာ လူဦးရေ ပေါက်ကွဲမှု မြင့်မား တဲ့ အိမ်နီးချင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတာနဲ့ ဒေသတွင်း လူထုရဲ့ လူမှု စီးပွား အခြေအနေ နိမ့်ကျမှုရဲ့ နောက်ဆက်တွဲ ကျဉ်းမြောင်းတဲ့ အမြင်ရှိမှုတွေက အဓိက ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲက နယ်မြေ တည်ငြိမ်အေးချမ်းရေးနဲ့ ပဋိပက္ခတွေ ထပ်မဖြစ်စေဖို့အတွက် အဓိကကျတဲ့ တရားဥပဒေ စိုးမိုးရေး အစီအမံတွေကို ချမှတ်ဆောင်ရွက်ဖို့ ပထမဦးဆုံး လုပ်ဆောင်မယ်လို့ သမ္မတက ပြောပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာ နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကို သုံးပြီး ထိရောက်စွာ အရေးယူမှာ ဖြစ်သလို ပျက်စီးဆုံးရှုံး နစ်နာရသူတွေအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကိုပါ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း ပဋိပက္ခတွေ ထပ်မတိုးလာစေ ဖို့အတွက် တရားမ၀င် ဆက်လက် ၀င်ရောက်လာသူများ ဟန့်တားရေးနဲ့ ထိရောက် စွာအရေးယူတာတွေအပြင် လုံခြုံရေး အစီအမံတွေကို ချမှတ်သွားမယ်လို့လည်း ပြော ဆိုခဲ့ပါတယ်။

အနာဂတ်မှာ အပြန်အလှန် လေးစားမှုနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပြီး  နိုင်ငံသား တဦးချင်းစီရဲ့ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုနဲ့ ပတ်သက်ပြီး လက်ရှိ အစိုးရအဖွဲ့က အစဉ်လေးစား အကာကွယ် ပေးသွားမှာဖြစ်ကြောင်းလည်း အလေးထား ပြောကြားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

အဘိုး က မွေးကင်းစမြေး ဖြစ်သူအား ရောင်းချမှု

May 6, 2013
အန်္ဒိယနိုင်ငံမြောက်ပိုင်း၊ ပန်ဂျပ်ပြည်နယ်၊လူဒီယားနားမြို့မှ အသက် ၄၇ နှစ်အရွယ်ရှိဖာ ရောက်ခန်အား မွေးကင်းစမြေး ဖြစ်သူအား ရောင်းချမှုဖြင့် ရဲများကဖမ်းဆီးခဲ့သည်။

ဖာရောက်ခန်သည်သမီးဖြစ် သူတက်ရောက်မီးဖွားခဲ့သော ဆေးရုံမှ ယာယီဝန်ထမ်းနှစ်ဦး၏ အကူအညီဖြင့် မွေးကင်းစမြေး ယောက်ျားလေးအားခိုးယူပြီး ဖေ့စ်ဘွတ်ခ်တွင်ရူးပီးလေးသောင်း ငါး ထောင်ဖြင့်ရောင်းချရန်စီစဉ်ခဲ့သည်။

ကလေးရောင်းချမှုတွင်ပါဝင် ပတ်သက်နေသူအားလုံးအားဖမ်း ဆီးထားပြီး ကလေးအားဝယ်ယူ သည့်လုပ်ငန်းရှင်တစ်ဦးအားလည်း စစ်ကြောမေးမြန်းမှုများပြုလုပ်နေ ကြောင်း လူဒီယားနားရဲစခန်းမှ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောကြားလိုက်သည်။

ကလေးအားရဲများက ကယ်တင်လိုက်ပြီး အိမ်ထောင်နှင့် ကွဲကွာနေသည့်မိခင်ဖြစ်သူ နိုရီခန်၏လက်သို့ပြန်လည်အပ်နှံခဲ့ သည်။ နိုရီခန်သည်ကလေး ပျောက်ဆုံးမှု အတွက်ဖခင်ဖြစ်သူ အားတိုင်ကြားခဲ့သူလည်းခဲ့သူ လည်းဖြစ်သည်။

ကလေးခိုးယူရာတွင်ပါဝင် ပတ်သက်သူ (၃) ဦးအား တရား စွဲဆိုထားပြီး ပြစ်မှုထင်ရှားပါက ၎င်းတို့အနေနှင့် ထောင်ဒဏ် (၇) နှစ်ထိပြစ်ဒဏ်ကျခံရဖွယ်ရှိသည်။

၂၀၁၁ ခုနှစ်အတွင်းက လူပေါင်း ၅၀၀၀ကျော်ပါဝင်သော ကလေးခိုးဂိုဏ်း ၈၁၅ ဂိုဏ်းတို့က ကလေးများအားခိုးယူပြီးပြည့်တန် ဆာအဖြစ်သော်လည်းကောင်း၊ သူတောင်းစားများအဖြစ်သော် လည်းကောင်း အိန်္ဒိယနိုင်ငံ တစ်ဝှမ်းတွင် ခိုင်းစေခဲ့ကြောင်း ရဲတပ်ဖွဲ့ကတရားရုံးတွင်သက်သေ ခံခဲ့သည်။
Source: DailyChilli
ဥက္ကာအောင် The Hot News

MIC ဥက္ကဋ္ဌ ရာထူး အပြောင်းအလဲဖြစ်ပေါ်

Tuesday, 07 May 2013
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌရာထူး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ ဦးစိုးသိန်း (ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး) အစား ဦးဝင်းရှိန် (ပြည်ထောင်စုဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန) အား ပြောင်းလဲခန့်အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကောင်မရှင်အပေါ် ဝေဖန်မှုများရှိနေပြီးနောက်ပိုင်း ယခုကဲ့သို့ ကော်မရှင်ဥက္ကဋ္ဌရာထူး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကောင်မရှင်ဥက္ကဋ္ဌရာထူး အပြောင်းအလဲနှင့် ပတ်သတ်၍ မည်သည့်အတွက်ကြောင့် ဆိုသည်ကိုမူ အသေးစိတ် မသိရှိရသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းများ အတွင်းက လွှတ်တော်အနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ဆောင်ရွက်မှုများ၊ လုပ်ထုံးလုပ်နည်းနှင့် ညီမညီ လွှတ်တော်မှ စောင့်ကြည့်လျက်ရှိကြောင်း၊ လွှတ်တော်ကော်မတီ တာဝန်ရှိသူများက ပြောကြားထားခဲ့သည်။

MIC ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရမည့် ဦးဝင်းရှိန်သည် ၂၀၁၂ ခုနှစ်အတွင်းတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြိးဌာန ဒုတိယ၀န်ကြီးအဖြစ်မှ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်တာဝန်ပေးခြင်း ခံထားရသူဖြစ်သည်။
Eleven Media Group

မြန်မာ့လယ်သမားတွေဘ၀ မြှင့်တင်ရေး အမေရိကန်ထံက အကူအညီတောင်းခံ

လယ်သမားတွေရဲ့ဘ၀ကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ရေးဆွဲနေတဲ့ ဥပဒေသစ်ဟာ အခုလပိုင်းအတွင်း ပြီးစီးတော့မှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

ရန်ကုန်မြို့မှာ ဒီကနေ့ပြုလုပ်တဲ့ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှာ အခုလိုပြောကြားခဲ့တာပါ။

ဒီပွဲကို အမေရိကန်အစိုးရရဲ့ ထောက်ပံ့ကူညီရေးအဖွဲ့ USAID က ဦးဆောင်ကျင်းပတာဖြစ်ပြီး လယ်သမားဘ၀တွေ မြှင့်တင်ပေးနိုင်မယ့် ဥပဒေပြဌာန်းနိုင်ဖို့အတွက် USAID အနေနဲ့လည်း လိုအပ်တာတွေကို ဝိုင်းဝန်းအကြံဉာဏ်ပေးဖို့နဲ့ နည်းပညာပိုင်းဆိုင်ရာတွေကိုပါ အကူညီတွေပေးဖို့ သူရဦးရွှေမန်းက ဖိတ်ခေါ်လိုက်ပါတယ်။

ဒီကနေ့ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦး၊ အမေရိကန်သံအမတ်ကြီး Derek Mitchell ဒဲရစ်မယ်ချယ်နဲ့ USAID အဖွဲ့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
RFA Burmese

လုံခြုံရေးစိုးရိမ်မှုကြောင့် Aerosmith အင်ဒိုနီးရှားပွဲစဉ်ပျက်

အမေရိကန်ပြည်ထောင်စု Massachusetts ပြည်နယ်
Allston မြို့မှာ သူ့ပရိသတ်ကို ဖျော်ဖြေနေတဲ့
Aerosmith ၀ိုင်းတော်သားများ (၅ နိုဝင်ဘာ ၂၀၁၂)
06.05.2013
အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို ရည်ရွယ်ပြီး ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်နေတာကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးအရေးယူခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံမှာ ဖျော်ဖြေဖို့ ပြင်ဆင်ထားတဲ့ Aerosmith အဖွဲ့ရဲ့ တေးဂီတဖျော်ဖြေပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ တေးဂီတဖျော်ဖြေပွဲကိစ္စ တိုက်ရိုက် ဆက်နွယ်မှု ရှိ မရှိ ဆိုတာကတော့ မသဲကွဲပါဘူး။ ဒါပေမဲ့ ပွဲလုံခြုံရေးအတွက် စိုးရိမ်တာကြောင့် အခုလို ဖျော်ဖြေပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ ဂီတပွဲ စီစဉ်သူ အစ္စမာယာ လစ်ဖ် (Ismaya Live) က ပြောပါတယ်။

အမေရိကန် ရော့ခ် တေးဂီတအဖွဲ့ရဲ့ ဖျော်ဖြေပွဲကို အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ အခုလာမယ့် စနေနေ့ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး၊ လက်မှတ် ၁ သောင်းခွဲနီးပါး ရောင်းချ ထားပြီးပြီ ဖြစ်တယ်လို့ ပွဲစီစဉ်ရေးအဖွဲ့ ပြောခွင့်ရသူ ဟယ်လ်မီ ဆတ်ဂါရာ (Helmi Sugara) က ပြောပါတယ်။

တေးဂီတဖျော်ဖြေပွဲ ဖျက်သိမ်းတဲ့အကြောင်း ကြေညာချက်နဲ့အတူ Aerosmith အဖွဲ့ရဲ့ တောင်းပန်ချက်ကို ထည့်သွင်း ဖော်ပြထားပါတယ်။ သူတို့အဖွဲ့ကို နှစ်သက်အားပေးကြတဲ့ အင်ဒိုနီးရှားနိုင်ငံက ပရိသတ်ကြီးနဲ့ တနေ့တော့ ပြန်ဆုံကြဖို့ မျှော်လင့်ထားပါကြောင်း Aerosmith အဖွဲ့က ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ မူဆလင်တွေအပေါ် ပြုမူဆက်ဆံမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်နေသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တဲ့အကြောင်း သူတို့ထံကနေ ဖောက်ခွဲရေးပစ္စည်းတွေ သိမ်းဆည်း ရမိခဲ့တဲ့အကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

လူအနည်းဆုံး ၂၀ ယောက် သေဆုံး၊ ရာနဲ့ချီပြီးဒဏ်ရာရ

ရဲက ရာဘာကျည်ဆန်တွေနဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းနေစဉ် (၅ မေ ၂၀၁၃)
 6.05.2013
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka မြို့တော်မှာ ဘာသာရေးစော်ကားမှု ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား တနင်္ဂနွေနေ့ည တညလုံး အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ လူအနည်းဆုံး ၂၀ ယောက် သေဆုံးကာ ရာနဲ့ချီပြီးတော့ ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ဘာသာရေးစော်ကားမှုအပေါ် ဆန့်ကျင်တဲ့ ဥပဒေတရပ် ပြဌာန်းပေး ဖို့ တောင်းဆိုနေခဲ့ကြပြီး၊ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကို ခဲတွေနဲ့ စတင်ပစ်ပေါက် တိုက်ခိုက်ခဲ့ကြပါတယ်။ ရဲက ရာဘာကျည်တွေနဲ့
ပြန်ပြီးတော့ ပစ်ခတ်ခဲ့ပါတယ်။

အာဏာရ Awami League ပါတီ ဌာနချုပ် အဆောက်အဦးရဲ့အနီးမှာ လက်လုပ်ဗုံး ၁၅ လုံးထက်မနည်း ပေါက်ကွဲခဲ့တယ်လို့ ဒေသခံ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ဒေါသကြီးနေတဲ့ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ လမ်းတွေပေါ်မှာ စုဝေးနေကြပြီး၊ ဈေးဆိုင်တွေ၊ မော်တော်ယာဉ်တွေကို မီးတင် ရှို့ခဲ့ကြပါတယ်။ ညဘက်ကောင်းကင်ယံမှာ မီးတောက်တွေ မီးခိုးလုံးတွေ လွင့်တက်နေတာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုမှာ တွေ့မြင်ကြရပါတယ်။

ဒါကာမြို့တော်က လမ်းတော်တော်များများ ပိတ်ထား ရပါတယ်။ ဆန္ဒပြသူတွေဟာ တနင်္လာနေ့ မနက်ပိုင်းမှာ လူစုကွဲသွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com